← Chapters

ပင်မခန္ဓာ ပေါ်ထွက်လာခြင်း

Vol. 162 Ch. 2426

ပင်မခန္ဓာ ပေါ်ထွက်လာခြင်း

Vol. 162 Ch. 2426

လင်းလောသည် သွေးမက်မွန်ပင်ကို လုံးဝစိတ်ဝင်စားခြင်း မရှိပေ။

သို့သော်လည်း ဆူဇီမို၏ ထူးခြားသော အမူအရာကို တွေ့မြင်သောအခါ သူမက မည်သည့်စကားမှ မဆိုတော့ဘဲ ဘေးကနေ တိတ်တဆိတ်စောင့်ကြည့်နေ၏။

သူက ဣန္ဒြေပျက်ယွင်းသွားသည်ဆိုတာကို နားလည်သိရှိသွားပြီး ဆူဇီမိုက မျက်လုံးနှစ်ဖက်ကို မှိတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။ သိပ်မကြာခင် သူ၏ အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သူသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသော်လည်း အဲဒါကို လုံးလုံးလျားလျား အတည်မပြုရသေးပေ။

ဆူဇီမိုက မေးလိုက်၏။

“ခေါင်းဆောင်တပ်မှူးကျန့်… စောစောက ခင်ဗျားပြောတဲ့ လူပုံစံမက်မွန်စိတ်ဝိညာဉ်ဆိုတာ ဘာလဲ… အဲဒါက မက်မွန် အင်မော်တယ်ပျိုးပင်ကို ဘယ်လို နောက်တစ်ဖန် အသွင်ပြောင်းလဲစေခဲ့တာလဲ”

ကျန့်ရွှမ်ယိုက ပြောလိုက်၏။

“သမိုင်းတစ်လျှောက်မှာ မက်မွန်ပင်တွေရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာကြောင့် သူတို့က လူပုံသဏ္ဌာန်အဖြစ် အသွင်ပြောင်းလဲနိုင်တာ မရှိသလောက် ရှားတယ်… အဲဒါက သူတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်နဲ့ မဆိုင်ဘူး”

“ဒါပေမဲ့ ဒီမက်မွန်ပင်ကတော့ အခွင့်အလမ်းတချို့ကို ရရှိထားပြီး ဓမ္မတာအိုကို အမွေဆက်ခံထားတယ်… အဲဒါက လူတစ်ယောက်အဖြစ် စိတ်ရှိသလို အသွင်ပြောင်းလဲနိုင်သေးတယ်… အဲဒါကြောင့်ပဲ မြို့တော်ရှင်က သူ့ကို မက်မွန်ပင်စိတ်ဝိညာဉ်လို့ ခေါ်ဆိုတာပဲ”

လင်းလောသည် ထိုစကားကို ကြားသောအခါ တဖြည်းဖြည်း တုံ့ပြန်၍ မျက်မှောင်ကြုတ်လိုက်၏။ သူမက မနေနိုင်ဘဲ ပြောလိုက်၏။

“ဒီမက်မွန်က အသိစိတ်ကို ရရှိပြီး လူသားအဖြစ်တောင်မှ အသွင်ပြောင်းလဲနိုင်တယ်ဆိုတော့ သူက လူသားတစ်ယောက်နဲ့ မကွာခြားတော့ဘူးပေါ့”

“စုန့်ရွှမ်က သူ့ရဲ့သွေးကို အသုံးချပြီး တခြားမက်မွန်ပင်တွေကို အားဖြည့်ပျိုးထောင်ပေးတာကတော့ ရက်စက်ရာကျလွန်းမနေဘူးလား”

“ဟဲဟဲ”

ကျန့်ရွှမ်ယိုက ရယ်မော၍ အထင်အမြင်သေးသော အမူအရာဖြင့် ပြောလိုက်၏။

“အဲ့ဒီ မက်မွန်ပင်က နိမ့်ကျတဲ့ အဆင့်အတန်းနဲ့ အောက်ဘုံလောကကနေ တက်လှမ်းလာခဲ့တာပဲ… သူ့ကို ဒီအခွင့်အရေးပေးထားတယ်ဆိုတာ မြို့တော်အရှင်က သူ့ကို မြင့်မြင့်မားမား သတ်မှတ်ထားတယ်ဆိုတာပဲ… အဲဒါက သူ့ကို မြို့တော်အရှင်ပေးတဲ့ အခွင့်အရေးတစ်ခုပဲ”

ထိုနေရာရောက်တွင် ဆူဇီမိုက ဆက်လက်၍ သံသယမရှိတော့ပေ။

သွေးမက်မွန်ပင်အကြောင်း စုန့်ရွှမ် တစ်ခါပြောခဲ့သည်ကို သူကြားခဲ့ရ၏။ ထိုအချိန်တုန်းက သူသည် အဲဒါနဲ့ပတ်သက်ပြီး များစွာမစဉ်းစားခဲ့ပေ။ ယခု ကျန့်ရွှမ်ယိုက ဤအကြောင်းကို ထပ်မံပြောဆိုချိန်မှာ သူက ထောင်ယောင်ကို တွေးမိလာခဲ့ပြီဖြစ်သည်။

ထောင်ယောင်သည် သိုင်းတာအိုပင်မခန္ဓာထက်အရင် အထက်ဘုံသို့ တက်လှမ်းသွားခဲ့၏။

သို့သော်လည်း ဤနှစ်များမှာ သူ၏ မည်သည့်သတင်းမှ ရောက်ရှိမလာခဲ့ပေ။ မည်သို့ပင်ဆိုစေ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးက အရမ်းကို ကြီးမားကျယ်ပြန့်လွန်း၏။

ဒါ့အပြင် ကောင်းကင်ဘုံကမ္ဘာသည် မဟာလောကသုံးထောင်ထဲမှ တစ်ခုသာလျှင်ဖြစ်၏။

ထောင်ယောင်သည် သားရဲမျိုးနွယ်ဝင်ဖြစ်သောကြောင့် မဟာအရိုင်းကမ္ဘာသို့ တက်လှမ်းသွားဖို့ ဖြစ်နိုင်သည်ဟု ဆူဇီမိုက တစ်ခါတွေးမိခဲ့၏။

သို့သော်လည်း ယခုအခါ သူသည် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက်တွေးမိသွား၏။

ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ပေးထားသည့် အင်မော်တယ်မက်မွန်ပင်တစ်ပင် ရှိလေသည်။ ဤအင်မော်တယ်မဟာနယ်မြေမှာ မက်မွန်ပင်များသည် နေရာတိုင်းမှာ ပေါက်ရောက်နေပြီး ထောင်ယောင်က ဤနေရာသို့ လမ်းညွှန်ခံရကာ ရောက်ရှိလာဖို့ ဖြစ်နိုင်ခြေရှိလေသည်။

ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ထောင်ယောင် တက်လှမ်းလာနိုင်သည့် ဖြစ်နိုင်ခြေက ပို၍ မြင့်မားလေသည်။

“ဆိုတော့ အောက်ဘုံလောကက တက်လှမ်းလာတဲ့သူတွေက နိမ့်ကျတယ်ပေါ့”

လင်းလော၏ အမူအရာက အေးစက်လာခဲ့၏။

လင်းလော၏ မိဘများက အောက်ဘုံလောကကနေ တက်လှမ်းလာသူများဖြစ်သည်ကို ကျန့်ရွှမ်ယိုက ယခုတင် အမှတ်ရသွားသည့်အလား… သူက မျက်ခုံးအနည်းငယ်ပင့်ကာ ရှင်းပြလိုက်၏။

“ငါ စကားပြောမှားသွားတာ”

“မြို့တော်အရှင်က အင်မော်တယ်မက်မွန်ပျိုးပင်တွေကို အားဖြည့်ပျိုးထောင်ဖို့အတွက် သူ့ရဲ့သွေးကို သုံးတယ်ဆိုတာ အောက်ဘုံလောကကနေ တက်လှမ်းလာတယ်ဆိုတဲ့ သူ့ရဲ့ သရုပ်သကန်တစ်ခုတည်းကြောင့် မဟုတ်ဘူး… ပိုပြီးတော့ အရေးကြီးတာက အဲ့ဒီ မက်မွန်စိတ်ဝိညာဉ်ကို မိစ္ဆာမဟာနယ်မြေလူတစ်ယောက်က ပိုင်ဆိုင်တာမလို့ပဲ”

“မိစ္ဆာမဟာနယ်မြေက လူတစ်ယောက်လား”

လင်းလောက မျက်မှောင်ကြုတ်လိုက်၏။

ကျန့်ရွှမ်ယိုက ပြောလိုက်၏။

“မကြာသေးခင် နှစ်တွေတုန်းက မိစ္ဆာမဟာနယ်မြေမှာ အထီးကျန်သိုင်းသခင်လို့ခေါ်တဲ့ ပကတိမိစ္ဆာတစ်ဦး ပေါ်ထွက်လာခဲ့တယ်… မင်းတို့ အဲဒါကိုကြားဖူးကြလား”

“ကျွန်မ ကြားဖူးတယ်”

လင်းလောက ခေါင်းညိတ်ပြလိုက်၏။

မိစ္ဆာမဟာနယ်မြေမှ တိုက်ပွဲသတင်းသည် လွန်ခဲ့သည့် နှစ်တစ်ထောင်က ကောင်းကင်ဘုံကမ္ဘာမှာ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း ကောင်းကင်ဘုံကပ်ဘေးဆယ်ခုနှင့်အတူ သူက သန်မာသော မိစ္ဆာတစ်သန်းစစ်တပ်ကို တစ်ယောက်တည်း ချေမှုန်းဖျက်ဆီးပြီး အန္တိမပကတိမိစ္ဆာအပါအဝင် ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်မှ ပကတိမိစ္ဆာလေးဦးကို သတ်ဖြတ်ခဲ့သည်ဟူသော ကောလာဟလများကို ယုံကြည်သည့်သူများက မရှိသလောက်နီးပါးပင်။

သတင်းအချက်အလက်တိုင်းသည် အလွန်တရာ ချဲ့ကားပြောဆိုထားပုံရပြီး ကောင်းကင်ဘုံကမ္ဘာ၏ ပုံမှန်အသိသညာထက် ကျော်လွန်နေခဲ့ပြီဖြစ်သည်။

ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် ကောင်းကင်ဘုံကပ်ဘေးကိုးခုကို ဆွဲဆောင်နိုင်ခြင်းသည် ရှေးဟောင်းမဟာဧကရာဇ်များ၏ အကန့်အသတ် ဖြစ်နေခဲ့လေပြီ။ ဒသမမြောက် ကောင်းကင်ဘုံကပ်ဘေးတစ်ခုဆိုတာ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။

ခဏမျှ ဆွေးနွေးပြောဆိုပြီးနောက် ကျင့်ကြံသူများစွာသည် ထိုအကြောင်းကို မေ့လျော့သွားပြီး မည်သူကမှ စိတ်ထဲမှာ ထည့်မှတ်မထားတော့ပေ။

ကျန့်ရွှမ်ယိုက ဆက်ပြောလိုက်၏။

“သူက အထီးကျန်သိုင်းသခင်နဲ့ တူညီတဲ့နေရာကနေ လာခဲ့ပြီး သူက အဲဒီလူရဲ့ တာအိုကလေးငယ်ဖြစ်ခဲ့ဖူးတယ်လို့ မက်မွန်စိတ်ဝိညာဉ်က ကိုယ်တိုင်ဝန်ခံထားတယ်”

“ရှေးဟောင်းခေတ်ကတည်းက အင်မော်တယ်နဲ့ မိစ္ဆာတွေဆိုတာ အမြဲတမ်း ပြဒါးတစ်လမ်း သံတစ်လမ်းပဲ… မြို့တော်အရှင်က သူ့ကိုသတ်ဖြတ်ရမယ့်အစား အဲဒီတာအိုကလေးငယ်ရဲ့ သွေးကိုပဲ အသုံးပြုထားတယ်ဆိုတာ မြို့တော်အရှင်ရဲ့ သနားညှာတာမှုကို ပြပြီးနေပြီ”

ဘေးတစ်ဖက်မှာ ဆူဇီမိုသည် အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီး ရုတ်တရက်မေးလိုက်၏။

“သွေးမက်မွန်ပင်က ဘယ်နေရာမှာ ရှိတာလဲ”

“ဘာလို့လဲ… မင်းစိတ်ဝင်စားသွားပြီလား”

ကျန့်ရွှမ်ယိုက ပြောလိုက်၏။

“ဒီနေ့တော့ မရတော့ဘူး… ဒီနေ့အတွက် သွေးမက်မွန်စားသောက်ပွဲက ပြီးဆုံးသွားပြီ… မင်းတို့ တစ်ချက်ကြည့်ဖို့အတွက် မနက်ဖြန်ကျရင် ငါခေါ်သွားပေးမယ်”

“ကောင်းပြီလေ”

ဆူဇီမိုက ပြန်ဖြေပြီး လှည့်ထွက်သွား၏။

သူသည် သူ့အခန်းထဲသို့ ပြန်လည်ရောက်ရှိလာသည့်အချိန်မှာ သူ၏ အမူအရာက အေးစက်နေပြီး သူ၏ မျက်လုံးများက လျှံထွက်လာလုနီးပါး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။

ဆူဇီမို၏ အမူအရာကို တွေ့မြင်သောအခါ လင်းလောက တုန်လှုပ်သွား၏။

ဆူဇီမို ဤကဲ့သို့ ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ထားသည်ကို သူမ တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

လင်းလောက ခဏမျှစဉ်းစားတွေးတောပြီး မေးလိုက်၏။

“ဘာလို့လဲ… ရှင်က အဲ့ဒီမက်မွန်စိတ်ဝိညာဉ်နဲ့ သိလို့လား”

“အင်း”

ဆူဇီမိုက ပြန်ဖြေပြီး ထပ်မံ၍ ရှင်းမပြမနေပေ။ သူက သူ၏ ကုတင်ရှိရာသို့ သွားပြီး တင်ပျဉ်ခွေထိုင်ကာ အတွေးနက်စွာဖြင့် မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။

အစကတော့ သူ၏ အစီအစဉ်သည် အခြေအနေမဟန်တော့ဘူးဆိုပါက ဂိုဏ်းချုပ် သူ့အား ပေးထားသည့် ပို့ဆောင်ရေးကျောက်တံဆိပ်ပြားကို အသုံးပြုကာ လင်းလောနှင့်အတူ ဤနေရာကနေ ထွက်သွားဖို့ဖြစ်၏။

သို့သော် ယခု ထောင်ယောင်က အကျဉ်းချခံထားရပြီး ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ကြုံတွေ့နေရသည်ကို သူသိထားပြီဖြစ်ကာ သူက ထွက်သွားနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း မနက်ဖြန် သွေးမက်မွန်စားသောက်ပွဲမှာ ဧည့်ခံကျင်းပပေးမည့် စုန့်ရွှမ်နှင့်အတူ ပကတိအင်မော်တယ်များစွာ သေချာပေါက်ရှိနေပေမည်။

သူက ထောင်ယောင်ကို တွေ့မြင်နိုင်ပြီဆိုလျှင်တောင် သူ့အနေဖြင့် ထိုသူကို ကယ်တင်ဖို့က ခက်ခဲပေလိမ့်မည်။ သူ့အနေဖြင့် စုန့်ရွှမ်နှင့် အခြားသော ပကတိအင်မော်တယ်များ၏ စောင့်ကြည့်နေသော အကြည့်များအောက်မှာ လင်းလောနှင့် ထောင်ယောင်နှင့်အတူ ထွက်ခွာသွားဖို့က ပို၍ပင် မဖြစ်နိုင်တော့ပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့် ၅ ကောင်းကင်အင်မော်တယ်တစ်ဦးသာဖြစ်၏။ ဤကဲ့သို့သော အခြေအနေအောက်မှာ သူ၏ ခွန်အားက အကန့်အသတ်ရှိနေသည်။

ဒါ့အပြင် သူသည် ထောင်ယောင်ကို ကယ်တင်ချင်ရုံသာမက သူသည် ထိုသူအတွက် လက်စားချေပေးချင်လေသည်။

သိုင်းတာအိုပင်မခန္ဓာ ပေါ်ထွက်လာမှသာလျှင် ဤနေရာမှာရှိသော အခြေအနေကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။

ပုံမှန်အခြေအနေမှာဆိုလျှင် အစစ်အမှန်ခန္ဓာနှစ်ခုသည် တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်ပေးခြင်းမရှိဘဲ သီးခြားကျင့်ကြံနေကြ၏။

အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မရေမတွက်နိုင်သော အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာကို သတိပေးဖို့ တစ်ခါမှ မတွေးခဲ့ပေ။

သို့သော်လည်း ဤကိစ္စက ထောင်ယောင်နှင့် ပတ်သက်နေပြီး အလွန်တရာ အရေးကြီးလေသည်။ ဆူဇီမိုသည် ပေါ့ပေါ့ဆဆ မပြုလုပ်နိုင်ဘဲ ဝေးကွာလွန်းသော မိစ္ဆာမဟာနယ်မြေရှိ သိုင်းတာအိုပင်မခန္ဓာကို လှမ်းခေါ်လိုက်၏။

မိစ္ဆာမဟာနယ်မြေ ထျန်ဟွမ်ဂိုဏ်းမှာ…

“ဟမ့်”

သူကျင့်ကြံသော လျှို့ဝှက်အခန်းထဲမှာ သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးထဲကနေ ဂမ္ဘီရအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီးနောက် လျင်မြန်စွာ ပျက်ပြယ်ကာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

“ထောင်ယောင် တစ်ခုခုဖြစ်နေတာလား”

သိုင်းတာအိုပင်မခန္ဓာက မတ်တတ်ထရပ်ပြီး တံခါးကို တွန်းဖွင့်လိုက်၏။

ဤနှစ်များအားလုံးမှာ သူသည် သိုင်းတာအိုခန္ဓာကို ပုံသွင်းနေခဲ့ပြီး တံခါးပိတ်ကျင့်ကြံခြင်းမှာ အရေးကြီးဆုံးအခိုက်အတန့်ကို ရောက်ရှိနေခဲ့၏။ အစစ်အမှန်သိုင်းတာအိုပခန္ဓာကို အဆင့်မြင့်ကျွမ်းကျင်မှု ရရှိသည့်အထိ သူက ကျင့်ကြံနိုင်တော့မည်ဖြစ်၏။

သို့သော်လည်း ထိုသတင်းကို လက်ခံရရှိသောအခါ သိုင်းတာအိုပင်မခန္ဓာက လုံးဝ တွေဝေတုံ့ဆိုင်းမနေဘဲ အဆင့်ချိုးဖျက်တက်လှမ်းနိုင်မည့် သူ၏ အခွင့်အရေးကို လက်လွှတ်ကာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့၏။

သူ၏ ရင်ထဲမှာ ထောင်ယောင်၏ အရေးပါမှုက သိသာထင်ရှားလေသည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာ ထိုညမှာ တျဲယွဲ့သည် သူ၏ ဓမ္မတာအိုကို သင်ကြားပေးစဉ် ကျင့်ကြံရေးလောကသို့ ဝင်ရောက်ခဲ့သည်မှာ ဆူဇီမိုတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။ ထောင်ယောင်ကလည်း ဓမ္မတာအိုကို အမွေဆက်ခံပြီး ဇူဖန်၏ ဝိညာဉ်နှင့်အတူ အသိစိတ်ရရှိလာခဲ့၏။

ထောင်ယောင်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူ၏ မိတ်ဆွေဟောင်းတစ်ယောက်သာမက ကျင့်ကြံရေးလောကသို့ သူခြေချသည်ကို မြင်တွေ့ခဲ့ရသည့် ဆွေမျိုးတစ်ဦးဖြစ်ပြီး အထက်ဘုံသို့ မတက်လှမ်းခင်အထိ သူနှင့် အဖော်ပြုပေးခဲ့၏။

ဆူဇီမိုသည် ထောင်ယောင်ကို သေချာပေါက် ထိခိုက်ခံစားခွင့်မပေးလိုပေ။

“သခင် ဘာများဖြစ်လို့လဲ”

လျှို့ဝှက်အခန်း၏ ဝင်ပေါက်ဝမှာ သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်လိုစိတ်ကို ကောင်းကင်ဘုံဝံပုလွေက အာရုံခံမိသွားပြီး နိုးထလာကာ အလိုလိုမေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ဖုန့်စန်းထျန်၏ တံခါးပိတ်ကျင့်ကြံရာ လျှို့ဝှက်အခန်းဘက်သို့ တစ်ချက်ကြည့်ပြီးနောက် သူ့ကို နှိုးခြင်းမရှိဘဲ ခဏမျှ စဉ်းစားတွေးတောလိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ပေးပို့လိုက်သော သတင်းအချက်အလက်အရ လန့်ဖုန်းမြို့တော်မှာ ပကတိအင်မော်တယ်များစွာ ရှိသော်လည်း အဲဒီမှာ အင်မော်တယ်ဘုရင်များ မရှိပေ။

ဖုန့်စန်းထျန်က လိုက်ပါလာပြီး အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားကို ထုတ်ဖော်မည်ဆိုလျှင် နန်းတော် ၁၂ခုမှ အင်မော်တယ်ဘုရင်ပညာရှင်များကို သတိထားမိသွားစေဖို့ အခွင့်များလေသည်။

ထိုအချိန်ကျလျှင် အခြေအနေက ထိန်းချုပ်ဖို့အတွက် ပို၍ပင် ခက်ခဲလာပေလိမ့်မည်။

“ငါအပြင်သွားမလို့”

သိုင်းတာအိုပင်မခန္ဓာက ထိုသို့ပြောရင်း အဝေးတစ်နေရာသို့ ပြေးထွက်သွား၏။

သိပ်မကြာခင် သူက ထျန်ဟွမ်ဂိုဏ်း၏ ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာပြီး အဲဒါကို အသက်သွင်းလိုက်၏။ သိပ်မကြာခင် သူသည် မိစ္ဆာမဟာနယ်မြေနှင့် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ နယ်စပ်သို့ ရောက်ရှိလာခဲ့၏။

မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေများအကြား ပို့ဆောင်ရေးဝင်္ကပါများကို ချိတ်ဆက်ထားလေသည်။ လူတစ်ယောက်မှာ ဂိုဏ်းတံဆိပ်ပြားတစ်ခုရှိပြီး ၎င်းအပေါ် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ကို ခတ်နှိပ်လိုက်သည်နှင့် သူတို့က လွတ်လပ်စွာ ပို့ဆောင်ခံရနိုင်၏။

သိုင်းတာအိုပင်မခန္ဓာကတော့ သူသည် မိစ္ဆာမဟာနယ်မြေမှ လာပြီး လန့်ဖုန်းမြို့တော်၏ ပို့ဆောင်ရေးဝင်္ကပါသို့ တိုက်ရိုက်မဆင်းသက်နိုင်ပေ။ သူက ဤနေရာသို့ အရင်ရောက်ရှိလာပြီး လန့်ဖုန်းမြို့တော်သို့ ခြေလျင်သွားရောက်ရပေမည်။

All Chapters