တင်းမာလာသော အခြေအနေ
Vol. 162 Ch. 2429
“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က စာကြမ်းပိုးလေး… ငါ နင့်ကို အခြေခံဗဟုသုတတချို့ ပြောပြမယ်”
နတ်မိမယ်နန်းယန်က ရယ်မောကာ ပြောဆိုလိုက်၏။
“ပကတိဧကနယ်ပယ်ကို ဝင်ရောက်ခါစ အထီးကျန်သိုင်းသခင်ကို မပြောနဲ့… သမိုင်းတစ်လျှောက်မှာ အရင်အန္တိမ ပကတိမိစ္ဆာတွေတောင်မှ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေကို ရောက်လာပြီး ထင်တိုင်းကျဲ ပြုမူရဲခဲ့တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး”
ဘေးမှာရှိသော မြို့တော်အရှင်ကူလျှိုက ရုတ်တရက် အေးစက်စွာ ဝင်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က သေချင်နေတာ မဟုတ်သရွေ့ပေါ့”
ထိုစဉ်မှာပင် ခန်းမ၏ အပြင်ဘက်ကနေ လေးနက်သော အသံတစ်သံက ထွက်ပေါ်လာ၏။
“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က သူ့ကို အလုပ်ကျွေးပြုနေတဲ့ တာအိုကလေးငယ်တစ်ယောက်အတွက် လန့်ဖုန်းမြို့တော်ကို ရောက်လာမယ်ဆိုရင် သူက တကယ့်ကို မှန်ကန်ဖြောင့်မတ်တဲ့သူပဲ”
ထိုအသံကို ကြားသောအခါ လင်းလောက ရင်တစ်ချက်ထိတ်သွားပြီး စိတ်လှုပ်ရှားတက်ကြွလာ၏။ သို့သော်လည်း သူမ၏ မျက်နှာပေါ်မှာ ဝမ်းသာမှုနှင့် စိုးရိမ်ပူပန်မှုက ရောထွေးနေသည်။
လူတိုင်းက လှမ်းမျှော်ကြည့်ရှုလိုက်ပြီး အရပ်ရှည်ရှည်နှင့် ဗလတောင့်တောင့် အမျိုးသားတစ်ယောက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ကြရ၏။ သူ၏ ဆံပင်ရှည်က ကခုန်နေပြီး သူက ခြေလှမ်းတိုင်းမှာ သူရဲကောင်းဆန်သော အော်ရာတစ်ခုကို ထုတ်ဖော်ပေးနေ၏။
အဲဒါသည် လင်းလော၏ အစ်ကို လင်းလေဖြစ်လေသည်။
ဆူဇီမိုက စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်၏။
ဂျစ်… ဂျစ်…
အမျိုးသားက သူ၏ လက်ထဲရှိ နက်မှောင်၍ သိပ်သည်းလေးလံသော လှံပုဆိန်ကို တရွတ်တိုက်ဆွဲလာခဲ့၏။ လှံပုဆိန်၏ ထက်ရှသော ထိပ်ဖျားက မြေကြီးကို ပွတ်တိုက်ပြီး စူးရှသော အသံတစ်သံနှင့်အတူ မီးပွားများက စင်ထွက်နေ၏။
အမျိုးသားက စီးပိုးခြယ်လှယ်သော အော်ရာတစ်ခုနှင့်အတူ လှံပုဆိန်ကို တရွတ်တိုက်ဆွဲလာစဉ် ခန်းမထဲမှာရှိသော ပကတိအင်မော်တယ်ပညာရှင်များစွာက ထိုအော်ရာမှာ မှင်တက်၍ နေရာမှာပင် အေးခဲတောင့်တင်းသွားကြ၏။
စုန့်ရွှမ်နှင့် အခြားသော မြို့တော်အရှင်လေးဦးမှာသာ တည်ငြိမ်သော အမူအရာများ ရှိနေကြ၏။ တကယ်ဆို သူတို့၏ မျက်လုံးထဲတွင် အူမြူးအားရမှုနှင့် စိတ်လှုပ်ရှားမှု တစ်စွန်းတစ်စပင် ရှိနေ၏။
“အစ်ကို”
လင်းလောက အော်ခေါ်ပြီး ရှေ့သို့ တက်လှမ်းသွားချင်၏။ သို့သော်လည်း သူမသည် စွမ်းအားကြီးမားသော စိတ်ဝိညာဉ်အသိစိတ်တချို့ကြောင့် နေရာမှာပင် ရုတ်တရက် အေးခဲတောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ပေ။
“လင်းလေ… မင်းလာတာ တော်တော်နောက်ကျတာပဲ… ငါတို့စောင့်နေတာ တော်တော်ကြာသွားပြီ”
ဟုန်ရှန်က ရယ်မောပြောဆိုလိုက်၏။
သခင်လေးလန်ထန်က သူ၏ ကျောက်စိမ်းယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်းပြီး ပြုံး၍ပြောလိုက်၏။
“ညီအစ်ကိုလင်း… မင်းက ငါတို့ နောက်ဆုံးတွေ့ခဲ့တဲ့ အရင်မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်တွေ့ဆုံပွဲမှာထက်တောင် ပိုပြီးတော့ သန်မာလာတဲ့ပုံပဲ”
“မင်းတို့တွေ ဘာလုပ်နေကြတာလဲ”
စုန့်ရွှမ်နဲ့ အခြားသူများ၏ အပြုအမူကို အာရုံခံမိသွားပြီး လင်းလေ၏ အကြည့်က အေးစက်လာကာ သူ၏ အမူအရာက တည်တံ့လာခဲ့၏။
စုန့်ရွှမ်က ရယ်မောပြောဆိုလိုက်၏။
“လင်းလေ… ငါက မင်းကို စေတနာနဲ့ သွေးမက်မွန်စားသောက်ပွဲကို ဖိတ်ခေါ်ခဲ့တယ်… ဒါတောင် မင်းက သတ်တော့ဖြတ်တော့မယ့်ပုံစံနဲ့ မဟူရာဆန်းကြယ် တိုက်ပွဲလှံပုဆိန်ကို တရွတ်တိုက်ဆွဲပြီး ဝင်လာတယ်… မင်းဘာလုပ်နေတာလဲပဲ ငါတို့က မေးရမှာ”
“ငါက ငါ့ညီမကို အိမ်ပြန်ဖို့ လာခေါ်တာပဲ”
လင်းလေ၏ လေသံက ပြတ်သားနေပြီး သတ္တုချင်းထိခတ်သံကဲ့သို့ ခိုင်မာနေ၏။
“အစ်ကို… ဒီမှာ သူလဲရှိတယ်”
လင်းလောက ထိုသို့ပြောရင်း သူမ၏ အကြည့်က ရွေ့လျားသွားကာ ဆူဇီမိုကိုပါ ကယ်တင်ဖို့ လင်းလေကို အချက်ပြနေ၏။
လင်းလေက သူ၏ မျက်ဝန်းထောင့်ကနေ ဆူဇီမိုကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
သူသည် ဤတစ်ခေါက်မှာ နောက်ထပ်လူတစ်ယောက်ကို မပြောနှင့်… လင်းလောကိုပင် ကယ်တင်နိုင်ပါ့မလား မသိရပေ။
မောင်နှမနှစ်ယောက်က စိတ်ချင်းဆက်နေ၏။ သူမသည် လင်းလေ၏ တွေဝေတုံ့ဆိုင်းမှုကို ဖတ်မိနိုင်သည့်အလား လင်းလောက အလောတကြီး ပြောလိုက်၏။
“သူ… သူကလည်း အောက်ဘုံလောကကနေ လာခဲ့တာပဲ… သူက ကျွန်မကို ကယ်တင်ပေးခဲ့တယ်”
လင်းလေက နှုတ်ဆိတ်နေပြီး ကန့်ကွက်ပြောဆိုခြင်း မရှိပေ။ သို့သော်လည်း သူက တခြားအရာကို တွေးနေ၏။
စောစောက သူက တစ်ချက်ဝေ့ကြည့်ခဲ့စဉ် ဆူဇီမိုဟုခေါ်သော ကျင့်ကြံသူက အဆင့် ၅ ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်သည်ကို သူပြောနိုင်သည်။
လင်းလော၏ အစွမ်းအစအရ သူမသည် နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများနှင့်အတူ သူမကို ကယ်တင်ဖို့အတွက် အဆင့် ၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ဘာကြောင့်လိုအပ်ပါ့မလဲ။
လင်းလောက လိမ်ညာပြောဆိုနေသည်ဟု လင်းလေက ယုံကြည်လိုက်၏။
သို့သော်လည်း သူမသည် ကိစ္စများကို ဖုံးကွယ်ဖို့အတွက် လိမ်ညာပြောဆိုရလောက်အောင် ဤလူကို စိုးရိမ်ပူပန်နေပုံထောက်လျှင် သူမနှင့် ဤလူ၏ ဆက်ဆံရေးက ဘာဖြစ်မလဲ။
ဖြစ်နိုင်တာက…
အတွေးတစ်ခုက လင်းလေ၏ စိတ်ထဲသို့ ဖျတ်ခနဲဝင်ရောက်လာပြီး သူက စူးစမ်း၍ ငြင်းဆန်လိုသောအကြည့်ဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။
ဤလူသည် အလွန်တရာအားနည်းပုံရပြီး သူ၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးကလည်း အတော်လေးသာမန်သာ ဖြစ်လောက်၏။ သူ၏လကျင့်ကြံမှုနယ်ပယ်က မြင့်မားခြင်း မရှိဘဲ သူက ဘယ်နေရာကြည့်ကြည့် သာမန်သာဖြစ်၏။
သူ၏ ထင်မြင်ချက်အရ ဤလူသည် သူ့ညီမနှင့် ထိုက်တန်ဖို့ ဝေးကွာလွန်းလေသည်။
ဒါ့အပြင် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် ဤနေရာသို့ ရောက်လာပြီး ကပ်ဘေးတစ်ခုကို ဖြစ်စေတော့မည်ဟု ဆူဇီမိုက စုန့်ရွှမ်နှင့် အခြားသူများကို ယခုတင် ခြိမ်းခြောက်နေသည်ကို လင်းလေက ကြားခဲ့ရ၏။
ဤအပြုအမူသည် တရားမျှတသယောင် ထင်ရသော်လည်း အဲဒါက ကလေးဆန်လွန်းနေ၏။
မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် တာအိုကလေးငယ်တစ်ယောက်အတွက် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရှိ လန်ု့ဖုန်းမြို့တော်ကို ဘာကြောင့်လာရောက်တိုက်ခိုက်ရမှာလဲ။
အထီးကျန်သိုင်းသခင်က ဤနေရာသို့ ရောက်ရှိလာမည်ဆိုလျှင်တောင် သူသည် ကပ်ဘေးတစ်ခုကို ဆောင်ကြဉ်းလာဖို့နေနေသာ… ခန်းမထဲရှိ ပကတိအင်မော်တယ်များကိုပင် ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
ဤကောင်လေး၏ ကျင့်ကြံမှုနယ်ပယ်က မြင့်မားခြင်း မရှိဘဲ သူက အစွမ်းမထက်ပေ။ ဒါတောင် သူက စိတ်ကြီးဝင်နေပြီး မဆင်မခြင်နှင့် ကလေးဆန်လွန်းနေ၏။
အဲဒါသည် ဆူဇီမိုအပေါ် လင်းလေ၏ ပထမဆုံးထင်မြင်ချက်ဖြစ်၏။
လင်းလောက ဤကောင်လေးအား ဘယ်လောက်ထိ ခုခံကာကွယ်ပေးလိုနေသည်ကို သူတွေ့ရသောအခါ ဆူဇီမိုအပေါ် လင်းလေ၏ ထင်မြင်ချက်က ထပ်မံ၍လျော့ကျသွား၏။
“အိမ်ကိုပြန်ဖို့ လောမနေပါနဲ့”
နတ်မိမယ်နန်းယန်က ပြုံးပြလိုက်၏။
“သွေးမက်မွန်တွေက အဆင်သင့်ဖြစ်နေပြီ… အဲဒါကို တရားဝင်စတင်ဖို့အတွက် ကျွန်မတို့က ရှင်ရောက်အလာကို စောင့်နေတာပဲ… သွေးမက်မွန်စားသောက်ပွဲပြီးမှ ပြန်မယ်ဆိုရင်လည်း နောက်မကျသေးပါဘူး”
စားသောက်ပွဲမှာ ပကတိအင်မော်တယ်များစွာက သွေးမက်မွန်များကို စတင်၍ မြည်းစမ်းနေကြပြီဖြစ်၏။
“ဘာသွေးမက်မွန်စားသောက်ပွဲလဲ… ငါစိတ်မဝင်စားဘူး”
လင်းလောက အေးစက်စွာ ပြန်ပြောပြီး စုန့်ရွှမ်ကို စိမ်းသက်နေသော အမူအရာဖြင့် ကြည့်လိုက်၏။
“ငါ့ညီမကို လွှတ်ပေး”
“ဘာလို့လဲ”
စုန့်ရွှမ်၏ အမူအရာက တည်တံ့လာပြီး သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။ သူ၏ လေသံကလည်း အေးစက်လာခဲ့၏။
“လန့်ဖုန်းမြို့တော်ရဲ့ မြို့တော်အရှင်အနေနဲ့ ငါက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ပကတိအင်မော်တယ်ပညာရှင်တွေ အများကြီးနဲ့ စားသောက်ပွဲတစ်ခုကို မင်းကို ဖိတ်ခေါ်နေတာ… ဒါတောင်မင်းက ဒီမှာမနေချင်တော့ဘူးလား ညီအစ်ကိုလင်း”
“လင်းလေ… မင်းက တော်တော်မောက်မာနေတာပဲ… ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မင်းတကယ်ပဲ ထင်နေတာလား”
ကူလျှိုက အေးစက်စွာ အော်ငေါက်လိုက်ပြီး သူ့လက်ထဲရှိ ကျောက်စိမ်းပန်းကန်ပြားကို မြေပြင်ပေါ်သို့ ပစ်ဆောင့်ချကာ အဲဒါကို ကြေမွသွားစေ၏။
စားသောက်ပွဲမှာ ရှိသော ပကတိအင်မော်တယ်ပညာရှင်များစွာကလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လာပြီး စွမ်းအားကြီးမားသော အော်ရာများကို ထုတ်လွှတ်လိုက်ကြ၏။ သူတို့သည် သူတို့၏ သိုလှောင်အိတ်များပေါ် လက်များတင်ပြီး စိမ်းသက်သောအကြည့်များနှင့်အတူ လင်းလေကို စိုက်ကြည့်နေကြ၏။
ချက်ချင်းပင် တင်းကျပ်လေးလံမှုက ခန်းမကို လွှမ်းခြုံလာခဲ့၏။
စဉ်းစားကြည့်၍ မရနိုင်သော ဖိအားတစ်ခုက လင်းလေအပေါ် ကျဆင်းလာ၏။
လင်းလေ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိသော်လည်း သူက မဟူရာဆန်းကြယ်တိုက်ပွဲလှံပုဆိန်ကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
လက်ရှိအခြေအနေသည် သူတွေးထင်ထားသည်ထက် ပို၍ပင် အန္တရာယ်များနေ၏။
သူက စုန့်ရွှမ်တစ်ယောက်တည်းနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူက ကြောက်ရွံ့ထိတ်လန့်နေလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤနေရာမှာ စုဝေးရောက်ရှိနေသော မြို့တော်အရှင်ငါးဦးနှင့်အတူ သူတို့က ပူးပေါင်းလိုက်မည်ဆိုလျှင် သူက သူတို့ကို သေချာပေါက် ယှဉ်နိုင်တော့မည် မဟုတ်ပေ။
ဒါ့အပြင် ဤနေရာမှာ ထောင်နှင့်ချီသော အခြားပကတိအင်မော်တယ်ပညာရှင်များလည်း ရှိနေ၏။
သူသည် သိပ်သည်းပြင်းထန်သော ဖိအားကို ခံနိုင်ရည်မရှိဘဲ ယာယီအားဖြင့် ခြေတစ်လှမ်းဆုတ်ပေးရပေလိမ့်မည်။
လင်းလေက အသံပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြောလိုက်၏။
“ငါက သွေးမက်မွန်စားသောက်ပွဲကို တက်ရောက်ပေးနိုင်တယ်… ဒါပေမဲ့ မင်းတို့တွေက လင်းလောကို လွှတ်ပြီး ငါ့ဘေးနားကို ခေါ်ထားခွင့်ပေးရမယ်”
“အဲ့လိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ”
စုန့်ရွှမ်က ရယ်မောပြောဆိုလိုက်၏။
“ညီအစ်ကိုလင်း… မင်းက နောက်ဆုံးအချိန်မှာ မင်းစကားကို မင်းမတည်ဘဲ ညီမလင်းလောနဲ့အတူ ထွက်ခွာဖို့အတွက် ပို့ဆောင်ရေးကျောက်စိမ်းအဆောင်တစ်ခုလို ရတနာတစ်ခုကို ထုတ်ဖော်လိုက်မယ်ဆိုရင် ငါတို့တွေက မင်းကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး”
လင်းလေက တိတ်တဆိတ် ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
အစကတော့ သူသည် ပို့ဆောင်ရေးကျောက်စိမ်းအဆောင်ကို ဆုတ်ဖြဲကာ လင်းလောနှင့်အတူ အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ပြန်သွားဖို့ တကယ်ပင် စိတ်ကူးရှိခဲ့၏။ ထိုသို့ဖြင့် သူသည် စုန့်ရွှမ်နှင့် အခြားသူများနှင့် ငြိတွယ်နေစရာလိုတော့မည် မဟုတ်ပေ။
သို့သော်လည်း စုန့်ရွှမ်နှင့် အခြားသူများက သူ့စိတ်ကို ဖတ်မိပုံရပြီး သူ့ကို မည်သည့်အခွင့်အရေးမှ မပေးပေ။
လင်းလေက လေးနက်သောအသံဖြင့် မေးလိုက်၏။
“သွေးမက်မွန်စားသောက်ပွဲက ဘယ်အချိန်မှာ ပြီးဆုံးမှာလဲ”
“အဲဒါက ပြောဖို့တော့ ခက်တယ်”
စုန့်ရွှမ်က ရယ်ပြုံးကာ ပြောလိုက်၏။
“အဲဒါက မင်းအပေါ်မှာ မူတည်နေတယ် ညီအစ်ကိုလင်း”
“မင်းဘာပြောချင်တာလဲ”
လင်းလေက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
စုန့်ရွှမ်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။
“တိုက်ပွဲဘုရင်က ဒဏ်ရာအပြင်းအထန်ရထားပြီး အင်မော်တယ်ဘုရင်မ လင်းလုံက သူ့ကို စောင့်ရှောက်ပေးနေတယ်လို့ ငါကြားတယ်…. အခုဆိုရင် တိုက်ပွဲနိုင်ငံက အတွင်းပိုင်းရော အပြင်ပိုင်းရော ဒုက္ခရောက်နေပြီး လဲပြိုကျတော့မယ့်ဆဲဆဲအခြေအနေမှာ ရှိနေတယ်… ငါကလည်း စိုးရိမ်ပူပန်မိတာပေါ့.”
“တိုက်ပွဲနိုင်ငံကို ဒီအကျပ်အတည်းကနေ ကျော်လွှားနိုင်ဖို့ ငါ့မှာ အကြံပြုစရာတစ်ခုရှိတယ်”
လင်းလေက စုန့်ရွှမ်ကို တိတ်တဆိတ်ဖြင့်သာ ကြည့်နေ၏။
စုန့်ရွှမ်က ဆက်ပြောလိုက်၏။
“ငါ့မှာ ငယ်ရွယ်သေးတဲ့ ညီတစ်ယောက်ရှိတယ်… သူက အဆင့်-၄ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်နေပြီ.. သူ့ကို ပြိုင်စံရှားတစ်ယောက်လို့ ဆိုနိုင်တယ်… မင်းရဲ့ညီမကလည်း ငါ့ညီနဲ့ သက်တူရွယ်တူပဲ.. သူတို့ရဲ့ ကျင့်ကြံမှု့နယ်ပယ်တွေကလည်း မတိမ်းမယိမ်းမှာ ရှိတယ်.. ငါတို့တွေက သူတို့ကို တာအိုလက်တွဲဖော်တွေအဖြစ် ပေါင်းစပ်ပေးလိုက်ရင် မကောင်းဘူးလား… အဲ့ဒါဆိုရင် နတ်ဖက်တဲ့ စုံတွဲတစ်တွဲ ဖြစ်သွားမှာပဲ”
“တိုက်ပွဲဘုရင်နဲ့ အင်မော်တယ်ဘုရင်မလင်းလုံက အလုပ်များလွန်းလို့ သူတို့ရဲ့ နေရာကနေ ထွက်ခွာလာနိုင်မှာ မဟုတ်ဘူး… ဒါပေမဲ့ အစ်ကိုကြီး အဖအရာဆိုတဲ့အတိုင်း ညီအစ်ကိုလင်း… မင်းက မင်းညီမကို ငါ့ညီနဲ့ တာအိုလက်တွဲဖော်တွေ ဖြစ်လာဖို့ သဘောတူပေးလိုက်တာနဲ့ ဒီလက်ထပ်ပွဲပြီးပြီးချင်း မင်းတို့တွေက ပြန်သွားလို့ ရပြီ”
“သိပ်ကောင်းတဲ့အကြံအစည်ပဲ”
ဟုန်ရှန်က လက်ခုပ်တီး၍ ပြုံးလိုက်၏။
“သူတို့နှစ်ယောက်ကို ရွှေစုံတွဲတစ်တွဲလို့ ဆိုရမယ်… သူတို့တွေက တကယ့်ကို လိုက်ဖက်ညီတဲ့ စုံတွဲပဲ… ဒီလိုမျိုး မဟာမိတ်ဖွဲ့လက်ထပ်မင်္ဂလာပွဲနဲ့ဆိုရင် တိုက်ပွဲနိုင်ငံက ညီအစ်ကိုစုန့်ရဲ့ အလုံးစုံထောက်ပံ့မှုကို ရရှိနိုင်တော့မှာပဲ”