ကပ်ဘေး
Vol. 162 Ch. 2428
ရွှမ်ဖူမြို့၏ မြို့တော်အရှင် ဟုန်ရှန်က ထိုသည်ကို တွေ့မြင်သွားသောအခါ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာ၏။ ထောင်ယောင်က တစ်မူထူးခြားသည်ဆိုတာကို နားလည်သိရှိသွားပြီး သူက ရုတ်တရက်ပြောလိုက်၏။
“ညီအစ်ကိုစုန့်… သွေးမက်မွန်ပင်က ရင့်မှည့်နေပြီ… ဒီမက်မွန်စိတ်ဝိညာဉ်က ခင်ဗျားအတွက် အသုံးမတည့်တော့ဘူး ဆိုမှတော့ ခင်ဗျား အဲဒါ ကျုပ်ကို ပေးပါလား”
“တကယ်တော့ ကျုပ်က အဲဒါအတွက် ရတနာတွေနဲ့ လဲလှယ်ယူမှာပါ… ညီအစ်ကိုစုန့် ခင်ဗျား ဘာလိုချင်လဲဆိုတာအပေါ် မူတည်တယ်”
စုန့်ရွှမ်က ညင်သာစွာ ပြုံးလိုက်၏။
“ညီအစ်ကိုဟုန်ရှန်… ဒီမက်မွန်စိတ်ဝိညာဉ်က ရှားရှားပါးပါးအရာပဲ… သူ့ရဲ့ ပါရမီနဲ့အလားအလာကလည်း ထိပ်တန်းအဆင့်မှာရှိတယ်… အဲဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ… ငါက အဲဒါကို တခြားတစ်ယောက်လက်ထဲ ဘယ်လိုလုပ်ထည့်ပေးနိုင်ပါ့မလဲ”
စုန့်ရွှမ်၏ ပြတ်သားသော လေသံကိုကြားသောအခါ ဟုန်ရှန်က ရယ်မော၍ ထပ်မံ၍ မပြောဆိုတော့ပေ။
စုန့်ရွှမ်က ထိုင်ခုံများမှာ ထိုင်နေကြပြီဖြစ်သော ပကတိအင်မော်တယ်ထောင်ချီကို လှည့်ကြည့်လိုက်၏။ သူက အသံကိုမြှင့်ပြီး ပြောလိုက်လေသည်။
“တာအိုရောင်းရင်းတို့… သွေးမက်မွန်အရေအတွက်က အကန့်အသတ်ရှိတယ်… ငါစိတ်တော့မကောင်းပါဘူး… ဒါပေမဲ့ ငါတို့က သွေးမက်မွန်ကို မျှဝေပြီး ယူရလိမ့်မယ်”
“မြို့တော်အရှင်စုန့်… ခင်ဗျားက တော်တော်ကြင်နာတတ်တာပဲ”
“ကျေးဇူးတင်ပါတယ် မြို့တော်အရှင်”
ထောင်နဲ့ချီသော ပကတိအင်မော်တယ်များက ပြန်လည်ပြောဆိုလိုက်ကြ၏။
စုန့်ရွှမ်က လက်ယက်ခေါ်လိုက်ပြီး ကျောက်စိမ်းလင်ပန်းများကို သယ်ဆောင်ထားသည့် အမျိုးသမီးငယ်တစ်အုပ်စုက ခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြ၏။
လင်ပန်းများအပေါ်မှာ လှီးဖြတ်ထားသော သွေးမက်မွန်သီးများ ရှိနေ၏။ အသီး၏ မျက်နှာပြင်က သွေးများဖြင့် ပြည့်နှက်နေပြီး အရည်က စေးကပ်နေသော သွေးနီရောင်ဖြစ်၏။ သို့သော်လည်း အဲဒါက ကြွယ်ဝသော မွှေးရနံ့နှင့် အသက်ဓာတ်အားကို ဖြာထုတ်ပေးနေ၏။
ပကတိအင်မော်တယ်များသည် လင်ပန်းပေါ်ရှိ သွေးမက်မွန်သီးများကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး သူတို့၏ အကြည့်များက တောက်လောင်ပြင်းပြနေ၏။
သာမန်အင်မော်တယ်မက်မွန်ပင်တစ်ပင်၏ အသီးများကပင် ကျင့်ကြံသူတစ်ယောက်၏ ဘဝသက်တမ်းကို မြှင့်တင်ပေးနိုင်၏။
ဤကဲ့သို့သော ဗီဇကွဲသွေးမက်မွန်က ပို၍သိသာထင်ရှားသော စွမ်းအင် စွမ်းအင်အထောက်အပံ့ကို သေချာပေါက်ဖြစ်စေပေလိမ့်မည်။
ဆူဇီမို၏ အမူအရာက အေးစက်လာပြီး သူက အသံတိတ်နေ၏။
လင်းလောက သွေးမက်မွန်များကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
ထိုသွေးမက်မွန်များသည် ပိန်ပိန်ပါးပါးကောင်လေး၏ သွေးကနေ မွေးဖွားပေါ်ထွက်လာခြင်း ဖြစ်သည်ကို တွေးမိချိန်မှာ သူမက ရွံရှာစက်ဆုပ်လာပြီး သူမ၏ မျက်လုံးထဲတွင် ငြင်းဆန်လိုသည့် အကြည့်တစ်ခုက ပေါ်ထွက်လာ၏။
“မင်းတို့လေးယောက် ဘာမှမပူနဲ့”
စုန့်ရွှမ်က ဟုန်ရှန်၊ သခင်လေးလန်ထျန်နှင့် အခြားနှစ်ယောက်ကို ကြည့်ပြီး ပြုံးပြလိုက်၏။
“ငါတို့ရဲ့ ပတ်သက်ဆက်နွယ်မှုနဲ့ဆိုရင် မင်းတို့လေးယောက်က သွေးမက်မွန်တစ်လုံးအပြည့်ကို မြည်းစမ်းခွင့်ရကြလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် ညီအစ်ကိုစုန့်”
သခင်လေးလန်ထျန်က သူ့၏ ယပ်တောင်ကို ဟန်ပါပါခတ်လိုက်၏။
ဟုန်ရှန်က စိတ်မရှည်နိုင်စွာဖြင့် သူ့၏ နှုတ်ခမ်းကို လျှာဖြင့်သပ်နေ၏။
နတ်မိမယ်နန်းယန်က ညင်သာစွာ ပြောလိုက်၏။
“အစ်ကိုစုန့်… ဒီနေ့ ရှင်က ကျွန်မတို့တွေကို ယုံကြည်ပေးတဲ့ကိစ္စအတွက် ကျွန်မတို့က သေချာပေါက် အတတ်နိုင်ဆုံးဆောင်ရွက်ပေးပါ့မယ်”
“တာအိုရောင်ရင်းတို့… မင်းတို့ကို ငါမိတ်ဆက်ပေးမယ်… ဒီမိန်းကလေးက တိုက်ပွဲဘုရင်နဲ့ အင်မော်တယ်ဘုရင်မ လင်းလုံရဲ့သမီး၊ လင်းလီရဲ့ညီမ လင်းလောပဲ”
စုန့်ရွှမ်က အပြုံးတစ်ခုနှင့်အတူ လင်းလောကို လက်ယပ်ခေါ်လိုက်၏။
“လက်စသတ်တော့ သူက ဒီမိသားစုက လာတာကိုး… အဲဒါကြောင့် သူက ဒီလိုမျိုး တစ်မူထူးခြားတဲ့အော်ရာကို ပိုင်ဆိုင်ထားတာပဲ”
နတ်မိမယ်နန်းယန်က ညင်သာစွာပြုံး၍ ချီးကျူးလိုက်၏။
“ဒါပေါ့… သူက တကယ့်ကိုအချောအလှတစ်ဦးပဲ”
သခင်လေးလန်ထျန်ကလည်း ညင်သာစွာ ခေါင်းညိတ်လိုက်၏။
ဟုန်ရှန်က သွားဖြီးပြလိုက်၏။
“ဆိုတော့ သူက လင်းလီရဲ့ညီမပေါ့… အဲဒါကြောင့် သူ့ကိုကြည့်ရတာ ရင်းနှီးနေပါတယ်လို့… ပြောရမယ်ဆိုရင် ငါက မင်းရဲ့အစ်ကိုကိုတောင်မှ သတိရလာပြီ”
ကျန်ရှိနေသော ထန်ယုံမြို့တော်၏ မြို့တော်အရှင် ကူလျှိုက နှုတ်ဆိတ်နေပြီး မည်သည့်စကားမှ မဆိုပေ။ သူက မှင်သေသေအမူအရာတစ်ခုနှင့်အတူ လင်းလောကိုသာ ခေါင်းမော့၍ ကြည့်လိုက်၏။
မြို့တော်အရှင်များက သူမကို ချီးကျူးနေသော်လည်း သူမကို သူတို့ ကြည့်သည့်ပုံက ထူးဆန်းနေသည်ကို လင်းလောက အာရုံခံမိနိုင်၏။
“မင်္ဂလာပါ မြို့တော်အရှင်တို့”
လင်းလောက သူမ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
မည်သို့ပင်ဆိုစေ သူတို့က ယခုအချိန်ထိ အတိုက်အခံ မဖြစ်ကြသေးဘဲ အပေါ်ယံမှာ ဝတ်ကျေတန်းကျေ ပြောဆိုဆက်ဆံရပေမည်။
နတ်မိမယ်နန်းယန်၏ အကြည့်က ဆူဇီမို၏ မျက်နှာပေါ် ရောက်ရှိသွားပြီး သူမက မေးလိုက်၏
“ဒီလူငယ်လေးက ဘယ်သူလဲ… ငါ သူ့ကိုဘာလို့ လုံးဝမမှတ်မိတာလဲ”
“သူက…”
ရုတ်တရက် သူသည် ဆူဇီမို၏ အမည်ကို အခုချိန်ထိ မသိသေးကြောင်း စုန့်ရွှမ်က သတိထားမိသွား၏။ သို့သော်လည်း သူက အဲဒါကို သိရဖို့လည်း စိတ်ဝင်စားခြင်း မရှိပေ။
ခဏမျှ ရပ်တန့်ပြီးနောက် သူက သာမန်ကာလျှံကာ ပြောလိုက်၏။
“သူက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က အတွင်းဂိုဏ်းတပည့်တစ်ယောက်ပဲ”
“အို….”
နတ်မိမယ်နန်းယန်က ပြုံးလိုက်၏။
“အဲဒါကြောင့် သူက စာကြမ်းပိုးတစ်ယောက်လို ဖြစ်နေတာကိုး… အဲဒီနေရာမှာ သူက အေးစက်စက်အမူအရာနဲ့ မတ်တတ်ရပ်နေပြီး ငါတို့ကိုတောင်မှ နှုတ်မဆက်ဘူး”
မြို့တော်အရှင်များသည် ဆူဇီမိုက အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်သည်ကို ထောက်လှမ်းမိလာကြပြီဖြစ်ပြီး သူ့ကို အလေးအနက်ထားခြင်း မရှိပေ။
လင်းလောက မနေနိုင်ဘဲ မေးလိုက်၏။
“ကျွန်မအစ်ကိုက အခုထိ ဒီကို မရောက်သေးဘူးလား”
“မကြာခင် ရောက်တော့မှာပါ”
စုန့်ရွှမ်က ညင်သာစွာပြုံးလိုက်၏။
“မပူပါနဲ့… ဒီနေ့ သွေးမက်မွန်စားသောက်ပွဲကို မင်းရဲ့အစ်ကို ရောက်လာမှပဲ တရားဝင်စတင်မယ်… တကယ်တော့ မင်းနဲ့မင်းအစ်ကိုက ငါဒုက္ခသုက္ခခံပြီး ပြုစုပျိုးထောင်ထားတဲ့ ဗီဇကွဲသွေးမက်မွန်တွေကို မြည်းစမ်းခွင့်ရမယ်”
“ကျွန်မ အဲဒါကို မစားချင်ဘူး”
လင်းလောက မျက်မှောင်ကြုတ်လိုက်၏။
ထိုစဉ်မှာပင် အစေခံမိန်းကလေးတစ်ဦးက သွေးမက်မွန်အလုံးလိုက်တချို့ကို စုန့်ရွှမ်နှင့်အခြားသူများထံ ယူဆောင်လာခဲ့ပြီဖြစ်၏။
ဟုန်ရှန်က သွေးမက်မွန်တစ်လုံးကို အရင်ဆုံးယူပြီး ပြုံးပြလိုက်၏။
“မိန်းကလေး… ဒီသွေးမက်မွန်က လောကမှာ ရှားရှားပါးပါးရတနာတစ်ခုပဲ… မင်း အဲဒါကို စားမယ်ဆိုရင် မင်းက ကျင့်ကြံမှုနယ်ပယ်အသေးတစ်ခုကိုတောင် တက်လှမ်းသွားနိုင်လောက်တယ်”
“အဲ့လိုဆိုရင်တောင် ကျွန်မ အဲဒါကို မစားချင်ဘူး”
လင်းလော၏ လေသံက ပြတ်သားနေပြီး သူမ၏ မျက်နှာက ခုခံငြင်းဆန်မှုဖြင့် ပြည့်နှက်နေ၏။
သခင်လေးလျန်ထျန်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး လှောင်ရယ်လိုက်ကြ၏။
ဟုန်ရှန်က မနေနိုင်ဘဲ လောဆော်လိုက်၏။
“ညီအစ်ကိုစုန့်… လင်းလောကို ထပ်ပြီးစောင့်မနေနဲ့တော့… ငါတို့ အဲဒါကို အရင်စားရအောင်”
အစက ဘေးမှာ အသံတိတ်နေသော ဆူဇီမိုက ရုတ်တရက် အေးစက်စွာဖြင့် စကားထပြောလိုက်၏။
“ခင်ဗျားတို့တွေ အဲဒါကို မစားကြဖို့ ကျုပ်အကြံပေးလိုက်မယ်”
ရုတ်တရက် ထွက်ပေါ်လာသော ထိုအသံက တည်ငြိမ်အေးချမ်း၍ မြူထူးရွှင်ပျနေသော ပတ်ဝန်းကျင်မှာ အနည်းငယ် နားကြားပြင်းကတ်စရာကောင်းနေပုံရသည်။
အစက ဆူညံနေသော ခန်းမက တဖြည်းဖြည်းငြိမ်သက်သွား၏။
လူတိုင်းက လှည့်ကြည့်လာကြ၏။ ထောင်နှင့်ချီသော ပကတိအင်မော်တယ်ပညာရှင်များ၏ အကြည့်များက စဉ်းစားကြည့်၍ မရနိုင်သော စွမ်းပကားတစ်ခုနှင့်အတူ ဆူဇီမိုအပေါ် ဆင်းသက်ရောက်ရှိလာ၏။
“စောစောက မင်းဘာပြောလိုက်တာလဲ… ငါ အဲဒါကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး”
ဟုန်ရှန်က မျက်ခုံးပင့်လိုက်ပြီး သူက ဆူဇီမိုကို စိုက်ကြည့်ပြီး စိမ်းသက်သော လေသံဖြင့် မေးလိုက်၏။
ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် စကားကို တစ်လုံးချင်းပြောလိုက်၏။
“ခင်ဗျားတို့တွေ အဲဒီသွေးမက်မွန်ပင်ကို မထိကြတာ အကောင်းဆုံးဖြစ်လိမ့်မယ်… မဟုတ်ရင်တော့ ခင်ဗျားတို့တွေက ကပ်ဘေးတစ်ခုနဲ့ သေချာပေါက်ကြုံတွေ့ရတော့မယ်”
သခင်လေးလန်ထျန်နှင့် အခြားသူများသည် ဆူဇီမို တည်ငြိမ်နေပုံကို တွေ့မြင်သောအခါ သူတို့က ရုတ်တရက် မလုံမလဲနှင့် မအီမသာ ခံစားလာရ၏။
စုန့်ရွှမ်က ယိမ်းယိုင်သွားခြင်း မရှိဘဲ မှင်သေသေဖြင့် မေးလိုက်၏။
“ဘာကပ်ဘေးလဲ… ကျေးဇူးပြုပြီး ရှင်းပြပါဦး”
ဆူဇီမိုက ပြောလိုက်၏။
“ဒီသွေးမက်မွန်ပင်က ဟိုမက်မွန်စိတ်ဝိညာဉ်ရဲ့ သွေးကနေ မွေးဖွားလာတာလို့ ငါကြားထားတယ်… အဲဒီမက်မွန်စိတ်ဝိညာဉ်က မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်ကို အလုပ်အကျွေးပြုနေတဲ့ တာအိုကလေးငယ်တစ်ယောက်ပဲ”
“အဲ့တော့…”
စုန့်ရွှမ်က ဆက်မေးလိုက်၏။
ဆူဇီမိုက စုန့်ရွှမ်ကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲဒါကြောင့် အထီးကျန်သိုင်းသခင်က အဲဒါကို သေချာပေါက်ခွင့်ပြုမှာ မဟုတ်ဘူး… သူက ဒီနေရာကို သေချာပေါက်ရောက်လာပြီး ခင်ဗျားတို့နဲ့ စာရင်းရှင်းလိမ့်မယ်… အဲဒီသွေးမက်မွန်ကို စားတဲ့ ဘယ်သူမဆို ချမ်းသာရာရမှာ မဟုတ်ဘူး”
ခန်းမက ခေတ္တခဏ တိတ်ဆိတ်ငြိမ်သက်သွား၏။
ထို့နောက် ပိုမိုကျယ်လောင်သော ရယ်သံများက ပေါက်ကွဲထွက်ပေါ်လာ၏။
“ဟားဟားဟားဟား….”
“ငါက ရယ်ရလွန်းလို့ သေတော့မှာပဲ… သူက ကပ်ဘေးတစ်ခုလို့ဆိုတုန်းက သူ့ရဲ့လေသံအရ အဲဒါက ဘာများလဲလို့ ငါက စဉ်းစားနေတာ… သူက မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်ကို ပြောနေတာပဲ… တကယ့်သောက်ခွေးမှပဲ”
“အထီးကျန်သိုင်းသခင်ဆိုတဲ့ကောင်က ဘယ်လို ဘယ်လိုကြွားလုံးထုတ်ရမလဲ ကောင်းကောင်းသိတယ်… သူက ပကတိဧကနယ်ပယ်ကို ဝင်ရောက်ရုံနဲ့ ဒသမမြောက်ကပ်ဘေးကို ဖြတ်ကျော်ခဲ့ရတယ်လို့တောင်မှ ပြောဆိုခဲ့သေးတယ်”
“အမှန်ပဲ… ယန်ကျစ်နဲ့ တခြားသူတွေက မိစ္ဆာဘုရင် ကောင်းကင်ဘုံအမျက်ဒေါသကြောင့် သေဆုံးခဲ့ရတာဖြစ်မယ်… သူတို့က သူ့ရဲ့လက်ထဲမှာ သေသွားစရာ ဘာအကြောင်းမှ မရှိဘူး”
ခန်းမထဲမှာ ပကတိအင်မော်တယ်များစွာက ပြုံးရွှင်စွာဖြင့် ဆွေးနွေးပြောဆိုနေကြ၏။ သူတို့၏ အမူအရာများက ပေါ့ပါးနေပြီး လုံးဝကို တည်ငြိမ်နေကြ၏။
ဟုန်ရှန်က မျက်လုံးစွေကြည့်ပြီး သွေးမက်မွန်ကို ကိုက်လိုက်၏။ သူ၏ ပါးစပ်က သွေးများဖြင့် ပြည့်နှက်သွားပြီး သူက ကျိန်ဆဲလိုက်၏။
“အထီးကျန်သိုင်းသခင်တဲ့လား… သောက်ခွေးပဲ.. ဟမ့်.. အဓိပ္ပာယ်မရှိတာ… သူက ငါ့ကို လာရှာရဲမယ်ဆိုရင် ငါက သူ့ကို သေအောင်ဖြတ်ရိုက်ပစ်မယ်”
နတ်မိမယ်နန်းယန်ကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ အဲဒါက မှားယွင်းသော သတိပေးချက်တစ်ခု ဖြစ်ခဲ့၏။ သူမသည် စောစောက အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ကြောင့် ခြောက်လှန့်ခံရလုနီးပါးဖြစ်ခဲ့သည်ကို တွေးမိသည့်အခါ သူမက သူမကိုယ်သူမ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။
“ဟီး ဟီး ဟီး”
စုန့်ရွှမ်ကလည်း ရယ်မော၍ ဆူဇီမိုကို သရော်တော်တော် အကြည့်တစ်ခုဖြင့် ကြည့်ကာ သူ့၏ ခေါင်းကို ခါယမ်းလိုက်၏။
“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က တပည့်ဂိုဏ်းသားတွေ အားလုံးက အခုလိုမျိုးပဲ အသိဉာဏ်နုံနဲ့ပြီးတော့ စိတ်ကြီးဝင်နေကြတာလား”
“ငါတို့ ဘယ်နေရာမှာရှိနေလဲ မင်းသိလား”
ဆူဇီမို ပြန်မဖြေနိုင်ခင်မှာပင် စုန့်ရွှမ်က အော်ငေါက်ပြောဆိုလိုက်၏။
“မင်းခြေချထားတာက လန့်ဖုန်းမြို့တော်ပဲ… အဲဒါက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်မြို့တော်ငါးမြို့ထဲက တစ်မြို့ပဲ”
“အခုအချိန်မှာ အင်မော်တယ်မက်မွန်စားသောက်ပွဲကို ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် ပြိုင်ပွဲနဲ့အတူ ကျင်းပနေတယ်… မြို့တော်အရှင်ငါးယောက်က ပကတိအင်မော်တယ်ထောင်ချီကို စုစည်းပြီး ဒီနေရာကို ထိန်းသိမ်းစောင့်ရှောက်နေတယ်… ကောင်းကင်အင်မော်တယ်တွေရဲ့ အရေအတွက်ဆိုတာ ပြောနေစရာတောင် မလိုဘူး… အထီးကျန်သိုင်းသခင်က ဘယ်လောက်ပဲ ရဲတင်းရဲတင်း… သူက လန့်ဖုန်းမြို့တော်ကို ခြေလှမ်းဝက်တောင် ချရဲမှာ မဟုတ်ဘူး”