← Chapters

မြို့တော်အရှင်ငါးဦး

Vol. 162 Ch. 2427

မြို့တော်အရှင်ငါးဦး

Vol. 162 Ch. 2427

မြို့တော်အရှင်၏ ဂေဟာမှာ ဆူဇီမိုနှင့် လင်းလောသည် ကိုယ်စီပြဿနာများ ရှိနေပြီး သူတို့က တစ်ညလုံး မည်သည့်စကားမှ မပြောကြပေ။

နောက်မနက်၌ အပြင်ဘက်မှာ ခြေသံများ ထွက်ပေါ်လာ၏။

ဆူဇီမိုနှင့် လင်းလောသည် အကြည့်ချင်းဖလှယ်ပြီး မတ်တတ်ထရပ်ကာ တံခါးကို တွန်းဖွင့်လိုက်၏။ ဝင်ပေါက်ဝမှာ မတ်တတ်ရပ်နေသည်ကား ကျန့်ရွှမ်ယိုနှင့် သူ၏ ဦးဆောင်မှုအောက်မှ အင်ပါယာတပ်ဖွဲ့စစ်သားတစ်အုပ်စုဖြစ်၏။

“မင်းတို့နှစ်ယောက် ငါ့နောက်က လိုက်ခဲ့ကြ”

ကျန့်ရွှမ်ယိုက ထိုသို့ပြောပြီး ရှေ့ကနေ ဦးဆောင်သွား၏။

ဆူဇီမိုနှင့် လင်းလောက နောက်ကနေ လိုက်ပါလာပြီး မြို့တော်အရှင်ဂေဟာကို ခဏကြာဖြတ်လျှောက်ပြီးနောက် ကြီးမားသော နန်းတော်တစ်ခုရှေ့သို့ ရောက်ရှိလာကြ၏။ နန်းတော်၏ တည်ဆောက်ထားသောပုံစံက အနည်းငယ်ထူးဆန်းနေ၏။ အလယ်မှာ အတော်အတန်ကျယ်ဝန်းသည့် နေရာလွတ်တစ်ခု ရှိနေ၏။ အပြင်ကနေ ကြည့်လျှင် နန်းတော်၏ အလယ်မှာ အင်မော်တယ်မက်မွန်ပင်တစ်ပင်၏ ထိပ်ဖျားပေါ်ထွက်နေသည်ကို တွေ့မြင်နိုင်လေသည်။

ကျန့်ရွှမ်ယို၏ ဦးဆောင်မှုအောက်မှာ ဆူဇီမိုနှင့် လင်းလောက ခန်းမထဲသို့ ဝင်ရောက်လာကြ၏။

ခန်းမက ဆူညံ၍ လူစည်ကားနေ၏။ တစ်ချက်ကြည့်ရုံဖြင့် ကျင့်ကြံသူထောင်ချီက စုဝေးရောက်ရှိနေပြီး ဆွေးနွေးပြောဆိုနေကြ၏။

ဒါ့အပြင် ထိုကျင့်ကြံသူထောင်ချီမှာ စွမ်းအားကြီးမားသော အော်ရာများရှိနေပြီး သူတို့အားလုံးက ပကတိအင်မော်တယ်ပညာရှင်များ ဖြစ်ကြသည်။

ဤတစ်ခေါက် သွေးမက်မွန်စားသောက်ပွဲအတွက် စုန့်ရွှမ်သည် မြို့တော်ငါးမြို့မှ ပကတိအင်မော်တယ်အများစုကို ဖိတ်ခေါ်ခဲ့ပြီး အဲဒါက အတော်လေးခမ်းနားသည့် မြင်ကွင်းတစ်ခုဖြစ်၏။

ပကတိအင်မော်တယ်ပညာရှင်ထောင်ချီက ခန်းမထဲမှာ ရှိနေကြ၏။ သူတို့က ဘာမှမပြုလုပ်လျှင်တောင် သူတို့သည် စွမ်းအားကြီးမားသည့် မမြင်ရသော အော်ရာတစ်ခုကို စုဖွဲ့ထား၏။

ဤကဲ့သို့သော အခြေအနေအရ မည်သည့်ကောင်းကင်အင်မော်တယ်မဆို ဤနေရာကို ရောက်ရှိလာပါက စိုးရိမ်ထိတ်လန့်မှုကို မလွဲမသွေ ခံစားရပေလိမ့်မည်။

ကျန့်ရွှမ်ယို၏ နောက်ဘက်မှ ကောင်းကင်အင်မော်တယ်များဖြစ်သော အင်ပါယာတပ်ဖွဲ့စစ်သားများက စိုးရိမ်ထိတ်လန့်နေသော အမူအရာများဖြင့် ရှေ့သို့ လုံးဝတက်လှမ်းမလာရဲကြပေ။

ကျန့်ရွှမ်ယိုက ကြိတ်၍ လှောင်ရယ်လိုက်ပြီး သူ၏ နောက်ဘက်မှာ ရှိသော ဆူဇီမိုနှင့် လင်းလောကို လှည့်ကြည့်လိုက်၏။ သူတို့နှစ်ယောက် အရှက်ရသွားသည်ကို သူက တွေ့မြင်လို၏။

သို့သော်လည်း ရလဒ်က သူ့ကို စိတ်ပျက်သွားစေ၏။

လင်းလော၏ အမူအရာက တည်ငြိမ်နေသည်။ ဤကဲ့သို့သော အစုအဖွဲ့တစ်ခုက ဤမိန်းကလေးငယ်ကို မဖိနှိမ်နိုင်သည့်အလားပင်။

ကျန့်ရွှမ်ယိုက အဲဒါနှင့်ပတ်သက်၍ တွေးမိသွား၏။

မည်သို့ပင်ဆိုစေ လင်းလောသည် အင်မော်တယ်ဘုရင်တစ်ပါး၏ သမီးဖြစ်ပြီး သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ဖူး၏။ ထို့ကြောင့် သူမသည် အတွေ့အကြုံရှိ၍ ဗဟုသုတကြွယ်ဝလေသည်။ သူမမှာ သန်မာသော စိတ်စွမ်းအားတစ်ခုနှင့် တည်ငြိမ်သော တာအိုနှလုံးသားတစ်ခု ရှိနေမည်မှာ နားလည်လက်ခံ၍ ရနိုင်၏။ သူ့ကို စဉ်းစားရခက်သွားစေသည်မှာ ဆူဇီမိုကလည်း တည်ငြိမ်၍ ဣန္ဒြေရခြင်းပင်။

ဤကောင်လေးသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ဖြစ်သော်လည်း သူက အဆင့် ၅ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်၏။ အပြင်ဂိုဏ်းတပည့်တစ်ယောက်က ဤကဲ့သို့သော အခြေအနေကို ဘယ်လိုကိုင်တွယ်နိုင်မှာလဲ။

လူအုပ်ကြီး၏ ရှေ့မှာ လူငါးယောက်က မတ်တတ်ရပ်နေ၏။

သူတို့ထဲမှ တစ်ယောက်က လန့်ဖုန်းမြို့တော်၏ မြို့တော်အရှင် စုန့်ရွှမ်ဖြစ်လေသည်။

ကျန့်ရွှမ်ယိုက ဆူဇီမိုနှင့်လင်းလောကို ဦးဆောင်ကာ ခေါ်သွား၏။ လူအုပ်ကြီးကို ဖြတ်ကျော်လာပြီး အင်မော်တယ်မက်မွန်ပင်ပေါ်ရှိ မက်မွန်သီးများက သွေးကြောများနှင့်အတူ ဖွဲ့တည်လာခဲ့ပြီဖြစ်ပြီး ထူးဆန်းသောပုံစံဖြင့် အနည်းငယ် ယိမ်းနွဲ့နေသည်ကို သူကတွေ့ မြင်လိုက်၏။

“ညီအစ်ကိုစုန့်… မင်းရဲ့ကျေးဇူးနဲ့ ငါက ဒီတစ်ခေါက် ဗီဇကွဲ သွေးမက်မွန်ကို မြည်းစမ်းခွင့်ရပြီ”

သူတို့ငါးယောက်ကြားတွင် ဘယ်ဘက်မှာရှိသော တစ်ယောက်က အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့မှာ ပခုံးထောက်ဆံပင် ရှိကာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ခေါက်ယပ်တောင်တစ်ချောင်းကို ဟန်ပါပါခတ်ပြီး ရယ်မောပြောဆိုလိုက်၏။

“ကိစ္စမရှိဘူးလေ”

စုန့်ရွှမ်က ပြောလိုက်၏။

“ကျုပ်က ဒီလိုမျိုး အရည်အသွေးမြင့်မားတဲ့အရာတစ်ခုကို တစ်ယောက်တည်း ဘယ်ခံစားပါ့မလဲ… ကျုပ်ပထမဆုံးတွေးမိတာက ခင်ဗျားတို့ လေးယောက်ပဲ”

အခြားသော လေးယောက်က ပြုံး၍ ကျေးဇူးတင်ကြောင်း သူတို့၏ အမူအရာကို ထုတ်ဖော်ပြသလိုက်ကြ၏။

လင်းလောက ဆူဇီမိုထံ အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“သူတို့လေးယောက်က ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ကျန်တဲ့မြို့တော်လေးမြို့က မြို့တော်အရှင်တွေပဲ”

“ဘယ်ဘက်အစွန်က အပြာရောင်ဝတ်လူက ချုံဟွားမြို့တော်ရဲ့ မြို့တော်အရှင်ပဲ… လူတွေက သူ့ကို သခင်လေးလန်ထျန်လို့ ခေါ်ကြတယ်”

“ဘယ်ဘက်က အရပ်မြင့်မြင့်နဲ့ တစ်ယောက်ကတော့ ရွှမ်ဖူမြို့တော်ရဲ့ မြို့တော်အရှင် ဟုန်ရှန်ပဲ”

“အလယ်က လူကတော့ စုန့်ရွှမ်… စုန့်ရွှမ်ရဲ့ ညာဘက်ဘေးက အမျိုးသမီးက ကျန့်ကျူးမြို့တော်ရဲ့ မြို့တော်အရှင် နတ်မိမယ်နန်းယန်”

“ညာဘက်အစွန်က ပိန်ပိန်ပါးပါးနဲ့လူကတော့ ထန်ယုံမြို့တော်ရဲ့ မြို့တော်အရှင် ကူလျှို”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူထင်တာ မမှားဘူးဆိုလျှင် မြို့တော်အရှင်ငါးဦးသည် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အသန်မာဆုံး ပကတိအင်မော်တယ်ငါးဦး ဖြစ်ပေလိမ့်မည်။

သူတို့ငါးယောက်၏ နေရာယူထားပုံအရ စုန့်ရွှမ်က ခေါင်းဆောင်ဖြစ်ပေလိမ့်မည်။

ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ မြို့တော်အရှင်ငါးဦးက စုဝေးမိနေကြသည်။

ဆူဇီမိုနှင့် လင်းလောသည် ကျန့်ရွှမ်ယို အနောက်ကနေ လိုက်ပါသွားပြီး ပကတိအင်မော်တယ်တစ်အုပ်စုကို ဖြတ်ကျော်ပြီးနောက် ရှေ့သို့ ဆက်တက်လာကြ၏။

ယခု သူတို့က နီးကပ်လာသောအခါ မြင်ကွင်းများကို ပို၍ရှင်းလင်းစွာ တွေ့မြင်လာရ၏။

ဆူဇီမို၏ အကြည့်က မြို့တော်အရှင်ငါးဦးကို ဖြတ်ကျော်သွား၏။ ခန်းမ၏ အလယ်မှာ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူထားပြီး လူတစ်ယောက်ကို ချိန်းကြိုးများဖြင့် ကျောက်တိုင်မှာ တင်းကျပ်စွာ တုပ်နှောင်ထား၏။

ထိုသူက သူ၏ ဦးခေါင်းကို ငုံ့ထားပြီး သူ၏ ဖိုသီဖတ်သီ ဆံပင်များက သူ၏ မျက်နှာကို အုပ်မိုးထား၏။ ဆူဇီမိုသည် တစ်ချက်ကြည့်ရုံဖြင့် ထိုသူက ထောင်ယောင်ဆိုတာကို မှတ်မိသွား၏။

ထောင်ယောင်သည် အောက်ဘုံလောကမှာထက် ပို၍ပိန်ပါးလာခဲ့၏။ သူက အရိုးများကို ထုတ်ထားသည့် အိတ်တစ်အိတ်နှင့်တူနေပြီး မည်သည့်အရောင်အသွေးမှ မရှိဘဲ သူ၏ အသားအရေက ဖြူဖျော့နေ၏။ သူ့ကို တုပ်နှောင်ထားသော ချိန်းကြိုးများကပင် သူ၏ လက်မောင်းလုံးထက် ပို၍တုတ်ခိုင်နေ၏။

သူသည် ဤနှစ်များမှာ ဘယ်လောက်များပြားသည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် နာကျင်မှုများကို တွေ့ကြုံခံစားခဲ့ရသလဲ စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။

ထောင်ယောင်သည် လောကရှိ ကျင့်ကြံသူများအားလုံးနှင့် ကွဲပြားခြားနားလေ၏။

သူကျင့်ကြံမှု၏ ဤအဆင့်ထိ ထောင်ယောင်၏ လက်များက မည်သည့်သွေးနှင့်မှ မစွန်းထင်းခဲ့ပေ။

သူသည် မည်သည့်သက်ရှိကိုမှ မသတ်ဖြတ်ခဲ့ဖူးပေ။

ထောင်ယောင်သည် အစကတည်းက မူကွဲတစ်ခု ဖြစ်ခဲ့၏။

သူသည် လူသားများကို မသတ်ဖြတ်ခဲ့ဖူးဘဲ သူ၏ ခန္ဓာကိုယ်က ကမ္မဖြင့် စွန်းထင်းခြင်း ခံမထားရပေ။

တစ်ယောက်ယောက်က ထောင်ယောင်အပေါ် အနီရောင်ကြာပန်းကြမ္မာမီးကို ထုတ်ဖော်မည်ဆိုလျှင်တောင် အဲဒါက သုံးစားရလိမ့်မည် မဟုတ်ပေ။

ဤကဲ့သို့ နူးညံ့သိမ်မွေ့သော စိတ်နှလုံးသားနှင့် အပြစ်ကင်းစင်သည့် ကလေးတစ်ယောက်သည် ယခုအချိန်မှာ ဤကဲ့သို့သော နာကျင်မှုကို တွေ့ကြုံခံစားနေရ၏။

ထို့နောက် ချက်ချင်းပင် ဆူဇီမိုသည် နောက်ထပ်မြင်ကွင်းတစ်ခုကို တွေ့မြင်သွားရပြီး သူ၏ မျက်လုံးထဲရှိ အေးစက်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒနှင့်အတူ ဆတ်ခနဲ တုန်ယင်သွား၏။

ခန်းမ၏ အလယ်မှာ ရှိသော အင်မော်တယ်မက်မွန်ပင်သည် သေးသွယ်သော သစ်ကိုင်းများကို ကျောက်တိုင်ဆီသို့ ဆန့်ထုတ်ပြီး ထောင်ယောင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထား၏။

သစ်ကိုင်းတစ်ကိုင်းချင်းစီက ထောင်ယောင်၏ သွေးကို အငမ်းမရ ဝါးမြိုနေပြီး သွေးဆာရက်စက်သော ဂူပိုးကောင်များနှင့် တူနေ၏။

ထောင်ယောင်က သတိလစ်နေခဲ့ပြီဖြစ်၏။ ထိုအခိုက်အတန့်မှာ သူသည် ကျောက်တိုင်ပေါ်မှာ ချုပ်နှောင်ခံထားရပြီး သူ၏ ခန္ဓာကိုယ်က သတိလက်လွတ်ဖြင့် တွန့်လိမ်နေ၏။

လင်းလောနှင့်ထောင်ယောင်သည် တစ်ယောက်ကိုတစ်ယောက် မသိခဲ့ကြလျှင်တောင် သူမသည် ထိုမြင်ကွင်းကို တွေ့မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။

ဆူဇီမိုထံမှ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသွားပြီး လင်းလောက ထိတ်လန့်သွားကာ သူ၏ လက်ကို ကပျာကယာ ဖမ်းဆွဲလိုက်၏။

ဆူဇီမိုက မျက်ထောင့်နီဖြင့် လှည့်ကြည့်လိုက်၏။

လင်းလောသည် သူ၏ မျက်လုံးများကို ကြည့်ပြီး မဆင်မခြင် မပြုမူဖို့ သူ့ကို ညင်သာစွာ ခေါင်းခါပြနေ၏။

ဆူဇီမိုက ရှေ့သို့ မဆင်မခြင် ထိုးတက်သွားပြီး သူ၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်မည်ဆိုလျှင် သူသည် စုန့်ရွှမ်၏ အဝတ်စကို မထိနိုင်ခင်မှာပင် နေရာမှာတင် သတ်ဖြတ်ခံရပေလိမ့်မည်။

ထောင်နဲ့ချီသော ပကတိအင်မော်တယ်ပညာရှင်များထဲမှ မည်သည့်တစ်ယောက်မဆို ဆူဇီမိုကို သတ်ဖြတ်နိုင်၏။

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ကြိုးစားနေ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထောင်ယောင်ကို တကယ်ပင် မကယ်တင်နိုင်ပေ။ သူသည် သိုင်းတာအိုပင်မခန္ဓာ ရောက်ရှိအလာကိုသာ စောင့်ဆိုင်းရပေမည်။

သိုင်းတာအိုပင်မခန္ဓာသည် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ဝင်ရောက်လာပြီးနောက် အမြန်နှုန်းအပြည့်ဖြင့် လန့်ဖုန်းမြို့တော်သို့ အပြင်းနှင်လာမည်ဆိုလျှင်တောင် သူက အချိန်တစ်ခု ယူရပေလိမ့်မည်။

“ဟမ့်”

ဆူဇီမိုက သူ၏ သတ်ဖြတ်လိုစိတ်ကို ရုတ်သိမ်းလိုက်သော်လည်း စုန့်ရွှမ်၏ အာရုံခံစိတ်က အလွန်တရာ ထက်ရှ၏။ သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား လှည့်ကြည့်လိုက်လေ၏။

မည်သည့်အရာကိုမှ မတွေ့ရှိရသည့်အခါ စုန့်ရွှမ်က တစ်ဖက်သို့ လှည့်ပြီး သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ အော်ငေါက်လိုက်၏။

“ကဲ… တော်လောက်ပြီ… ဒီမက်မွန်စိတ်ဝိညာဉ်ကို သေတဲ့အထိ စုပ်ယူမနေနဲ့”

အင်မော်တယ်မက်မွန်ပင်က စုန့်ရွှမ်ပြောသည့်အရာကို နားလည်ပုံရ၏။ သူက အလိုမကျသော်လည်း သူ၏ သစ်ကိုင်းများကို ဖြည်းဖြည်းချင်း ပြန်လည်ရုတ်သိမ်းလိုက်၏။

ချက်ချင်းပင် ထောင်ယောင်၏ ခန္ဓာကိုယ်ပေါ်မှာ သွေးသံရဲရဲအပေါက်များက ပေါ်ထွက်လာ၏။

သို့သော်လည်း သူ၏ ကိုယ်ကာယက သန်မာပြီး သူ၏ မျိုးဆက်သွေးက တစ်မူထူးခြားလေသည်။

သိပ်မကြာခင် သွေးသံရဲရဲအပေါက်များက သွေးခဲသွားပြီး သွေးထွက်ခြင်းက ရပ်တန့်သွားလေသည်။

All Chapters