အခန်း (၁၀၈၁-၁၀၈၃)
Vol. 73 Ch. 1081-1083
အဆတစ်ရာစနစ် စာစဥ်(၇၃)
အခန်း(၁၀၈၁)
"ကောင်းကင်စိတ်ဝိညာဥ် ခန္ဓာကိုယ်က သန္ဓေနတ်ဘုရား ခန္ဓာကိုယ်လောက် အဆင့်မမြင့်ပေမယ့် လူတစ်သန်းမှာ တစ်ယောက်ပဲရှိတဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ပဲ"
"ကောင်းကင်စိတ်ဝိညာဥ် ပိုင်ဆိုင်တဲ့ သူတွေက သာမန်သူတွေထက် စိတ်ဝိညာဥ် ပိုမို အားကောင်းပြီး စိတ်ဝိညာဥ် ကျင့်ကြံမှုတွေမှာလည်း အတော်လေး ထူးချွန်ကြတယ်.. သူတို့တွေက လူတစ်ယောက်ရဲ့ စိတ်ကို အလွယ်တကူ ထိန်းချုပ်နိုင်တဲ့ စိတ်ဝိညာဥ်စွမ်းအားတွေနဲ့ မွေးဖွားလာကြတယ်.. ဒီကောင်မလေးရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သာမန် နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူကို စိတ်စွမ်းအား တစ်ခုတည်းနဲ့ ကျွန်ပြုနိုင်လောက်တယ်"
သွေးမြစ်က လေးနက်စွာ ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့နှစ်ထောင်ပေါင်း များစွာက ရှန်းဝူတိုက်ကြီးမှာ ကောင်းကင်စိတ်ဝိညာဥ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ ထိပ်တန်း ကျင့်ကြံသူတစ်ယောက် ရှိခဲ့ဖူးတယ်.. သူက စိတ်ဝိညာဥ်စွမ်းအား တစ်ခုတည်းနဲ့ ကြယ်လေးပွင့် သူတောင်စင်နယ်မြေက နတ်သန္ဓေအင်ပါယာ ဆယ်ပါးကိုတောင် ကျွန်ပြုခဲ့ဖူးတယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အသက်ရှူပင် ရပ်မတတ် ဖြစ်သွားခဲ့သည်။
စိတ်ဝိညာဥ်စွမ်းအား တစ်ခုတည်းဖြင့် နတ်သန္ဓေအင်ပါယာဆယ်ပါးကို ကျွန်ပြုနိုင်သည် ဆိုပုံထောက်လျှင် ကောင်းကင်စိတ်ဝိညာဥ် ခန္ဓာကိုယ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း သိသာနေ၏။
"ဖုန်းချင်းရီ.. ဒီနေ့တော့ ကောင်းကင်စိတ်ဝိညာဥ် ခန္ဓာကိုယ်ရဲ့ အမြင့်ဆုံးနတ်စွမ်းအင်နဲ့ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ဖြစ်တဲ့ ရှင့်ကို သင်ခန်းစာပေးမယ်"
ခန်းမထဲတွင် သာယာနာပျော်ဖွယ်အသံက လေးနက်စွာ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် မုန့်ရွှယ်ရွှယ်၏ မျက်ဝန်းနက်ထဲကနေ အလွန် ထူးဆန်းသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"ကောင်းကင်မျက်လုံး"
မုန့်ရွှယ်ရွှယ်က ဖုန်းချင်းရီကို စူးစိုက်ကြည့်လိုက်ရာ မမြင်နိုင်သော ထူးဆန်းသည့် စွမ်းအားတစ်ခုသည် သူမ၏ မျက်လုံးထဲကနေ ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။
စိတ်နှလုံးကို တုန်လှုပ်စေပြီး ဝိညာဥ်ကို နွမ်းလျစေသည့် ထူးဆန်းသည့် စွမ်းအားတစ်ခုသည် ခန်းမတစ်ခုလုံးကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့၏။
ခန်းမထဲရှိ အင်ပါယာအဆင့် ပါရမီရှင် အများအပြားသည်ပင် ခန္ဓကိုယ်တစ်ခုလုံး ရေခဲကန်ထဲကို ရောက်ရှိသွားသကဲ့သို့ ဖြူဖျော့သွားခဲ့၏။
"ကောင်းကင် စိတ်ဝိညာဥ် ခန္ဓာကိုယ်ရဲ့ အထွတ်အထိပ် မှော်စွမ်းအားပါလား"
ဖုန်းချင်းရီက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
လင်ရှီမြို့တော်သည် စိတ်ဝိညာဥ် တိုက်ခိုက်ရေး အပိုင်းတွင် ထူးချွန်ပြီး ဆန်းကြယ်သော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်၏။
သူ့ရှေ့မှ မုန့်ရွှယ်ရွှယ်သည် ကောင်းကင်စိတ်ဝိညာဥ် ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်ပြီး သူတော်စင်မြို့တော် ငါးမြို့မှ ကျင်းပပြုလုပ်သော သိုင်းပြိုင်ပွဲတွင် ဖုန်းချင်းရီသည် မုန့်ရွှယ်ရွှယ်၏ ကောင်းကင်မျက်လုံး စွမ်းရည်ကြောင့် အတော်လေး ဆုံးရှုံးမှုများ ရှိခဲ့သည်။
သူက မုန့်ရွှယ်ရွှယ်ကို အနိုင်ယူနိုင်ခဲ့သော်လည်း သူ၏ ဝိညာဥ်ထိခိုက်ခဲ့ရ၍ ပြန်လည် ကောင်းမွန်လာရန် လချီ ကုသခဲ့ရ၏။
ယခုအခါတွင် မုန့်ရွှယ်ရွှယ်၏ ကောင်းကင်မျက်လုံးကို ထပ်မံ ရင်ဆိုင်ရသည် ဖြစ်ရာ ဖုန်းချင်းရီသည် နတ်ဝိညာဥ်ဘုရင် အဆင့်ကို ထိုးဖောက်ပြီးသား ဖြစ်နေလျှင်ပင် မပေါ့ဆရဲပေ။
"မုန့်ရွှယ်ရွှယ် မင်းသာ နတ်ဝိညာဥ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ရင် ဒီကောင်းကင်မျက်လုံးစွမ်းရည်က ငါ့ကို အနိုင်ယူဖို့ ဖြစ်နိုင်လောက်တယ်.. ဒါပေမယ့် မင်းရဲ့ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့် ခွန်အားလောက်နဲ့ ဆိုရင်တော့ ကောင်းကင်စိတ်ဝိညာဥ်ရဲ့ အထွတ်အထိပ် စွမ်းအင်တွေကို ထုတ်သုံးရင်တောင် ငါ့ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
ဖုန်းချင်းရီက အေးစက်စက် ရေရွတ်လိုက်သည်။
သူက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်၏ စိတ်ဆန္ဒဖြင့် လေထဲတွင် ဝိညာဥ်ဘီလူး တစ်ကောင်ကို ချက်ချင်း ဖွဲ့စည်းလိုက်ပြီး မုန့်ရွှယ်ရွှယ်၏ ကောင်းကင်မျက်လုံး စွမ်းအားကို ပိတ်ဆို့လိုက်သည်။
တစ်ချိန်တည်းမှာပင် သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ လေထဲတွင် အပြာရောင်လေဓား များစွာ စုစည်းလာခဲ့ပြီး ဆယ်ပေခန့် ရှည်သော အပြာရောင်လက်ဝါး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် အပြာရောင်လက်ဝါးသည် မုန့်ရွှယ်ရွှယ် ဆီသို့ ကျရောက်လာခဲ့၏။
ဖုန်းချင်းရီ၏ လက်ဝါးအောက်တွင် မုန့်ရွှယ်ရွှယ်၏ ပုံရိပ်သည် မီတာအနည်းငယ် အကွာသို့ လွင့်စင်သွားခဲ့သည်။
သူမ၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့၏။
သူမက ဖုန်းချင်းရီကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ရှင်.. ရှင်က တကယ်ပဲ စိတ်ဝိညာဥ်ကာကွယ်ရေး ကျင့်စဥ်ကို လေ့ကျင့်ထားတာလား"
"အမှန်ပဲ မုန့်ရွှယ်ရွှယ်.. ငါ့ရဲ့ စိတ်ဝိညာဥ်ကာကွယ်ရေး ကျင့်စဥ်က မင်းအတွက် အထူး ပြင်ဆင်ထားတာပဲ"
ဖုန်းချင်းရီက ဧကရာဇ်တစ်ပါး ကဲ့သို့ ခန်းမထဲရှိ လူများကို အထင်သေးစွာ ကြည့်လိုက်သည်။
"ပကတိအင်ပါယာ တစ်ပိုင်းရဲ့ သွေးအဆီအနှစ်က ငါ့ရဲ့ အပိုင်ပဲ.. ငါနဲ့ ပကတိအင်ပါယာတစ်ပိုင်း သွေးအဆီအနှစ် အတွက် ဘယ်သူ ယှဥ်ပြိုင်ချင်သေးလဲ.. ပြိုင်ချင်တယ်ဆို ရှေ့ထွက်လာလို့ရပြီ"
ဖုန်းချင်းရီ၏ စိန်ခေါ်သောအသံကို ကြားလျှင် ခန်းမ တစ်ခုလုံးသည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
ရှောင်ကျင့်ယွင်နှင့် တစ်ခြားသူများ၏ မျက်နှာထက်တွင် မကျေမနပ် အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ယခုအခါတွင် ဖုန်းချင်းရီသည် နတ်ဝိညာဥ်ဘုရင် အဆင့်ကို ထိုးဖောက်ပြီး တစ်ယောက်ထဲဖြင့်ပင် သူတို့အားလုံးကို ဖိနှိပ်ထားခဲ့သည်။
သို့ဖြစ်ရာ သူတို့အနေဖြင့် ပကတိအင်ပါယာတစ်ပိုင်း သွေး အဆီအနှစ် အတွက် ဖုန်းချင်းရီကို မည်ကဲ့သို့ ပြိုင်ဆိုင်နိုင်ပါမည်နည်း။
"ဟားဟား ဖုန်းချင်းရီ.. ပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးစွမ်းအားကို မင်းအပိုင်လို့ ပြောချင်ရင် ငါသဘောတူမတူ မင်းအရင်မေးရမယ်.. စိတ်မကောင်းပါဘူး ဒိီပကတိအင်ပါယာတစ်ပိုင်း သွေးအဆီအနှစ်က ငါကျန်းချန်ရဲ့ အပိုင်ပဲ ဖြစ်ရမယ်"
ထိုအချိန်မှာပင် ခန်းမထဲ၌ ခပ်ထေ့ထေ့ ရယ်သံတစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။
အခန်း(၁၀၈၁)ပြီး၏။
အခန်း(၁၀၈၂)
ကျန်းချန်၏ ခပ်ထေ့ထေ့ စကားသံကြောင့် ခန်းမထဲရှိလူတိုင်း၏ အကြည့်သည် ကျန်းချန် ဆီသို့ ရောက်ရှိသွားခဲ့သည်။
ဖုန်းချင်းရီသည် နတ်၀ိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး သူတစ်ယောက်တည်းနှင့်ပင် သူတော်စင်မြို့တော် လေးမြို့၏ အစွမ်းထက်ဆုံး ပါရမီရှင်များကို ဖိနှိပ်နိုင်ခဲ့သည်။
ဆိုရလျှင် အင်ပါယာ အမွေအနှစ်နယ်မြေထဲတွင် မည်သူမျှ သူ့ကို ယှဥ်နိုင်ခြင်း မရှိသလောက်ပင်။
ဤကောင်လေးက ဖုန်းချင်းရီနှင့်အတူ ပကတိအင်ပါယာတစ်ပိုင်း သွေးအဆီအနှစ် အတွက် ယှဥ်ပြိုင်ချင်နေခဲ့သည် ဖြစ်ရာ ဤကောင်လေးသည် ဦးခေါင်းကို မြင်းအကန်ခံရခြင်းဖြစ်နိုင်သည်ဟုပင် သူတို့ ထင်ခဲ့ကြသည်။
"ကျန်းချန်.. ဖုန်းချင်းရီက အခု နတ်ဝိညာဥ်ဘုရင် အဆင့်ကို ထိုးဖောက်ပြီးသွားပြီ အခုဒီနေရာမှာ ဘယ်သူမှ သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး.. မင်းသေချင်နေတာလား.. မိုက်ရူးရဲမဆန်စမ်းနဲ့"
ကျန်းချန်၏ အပြုအမူကိုမြင်လျှင် ရှောင်ရှင်းယာသည် ကျန်းချန်ကို အလျင်အမြန် အော်ဟစ် တားဆီးလိုက်သည်။
ဖုန်းချင်းရီ၏ ခွန်အားသည် အလွန်ပင် အားကောင်းပြီး ရှောင်ကျင့်ယွင်နှင့် သူတို့ လေးယောက်လုံးကိုပင် အလွယ်တကူ အနိုင်ယူသွားခဲ့သည်။
ထို့ကြောင့် ကျန်းချန်၏ ယခု အပြုအမူသည် ကိုယ့်သေတွင်းကိုယ်တူးနေသည်နှင့် မခြားပေ။
ရှောင်ရှင်းယာ ငယ်စဥ်က ရှောင်တုလီ၏ ကျေးဇူးကို ခံယူခဲ့ဖူးသည်။
ကျန်းချန်က ရှောင်တုလီ၏ တစ်ဦးတည်းသော တပည့် ဖြစ်ရာ ကျန်းချန် အလဟဿ သေဆုံးမည်ကို ရှောင်ရှင်းယာသည် ရပ်ကြည့်မနေနိုင်ခဲ့ပေ။
"မိုက်ရူးရဲဆန်လွန်းတာပဲ"
ရှောင်ကျင့်ယွင်က မထီမဲ့မြင်ပြုံး၍ ရေရွတ်လိုက်သော်လည်း စကားများစွာ မပြောခဲ့ပေ။
ကျန်းချန်သည် ကောင်းကင်လောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့် ဖြစ်သည်။
ယခုအခါတွင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ ယန်ဒီမြို့တွင် သူ၏ အားအကောင်းဆုံး ပြိုင်ဘက်ပင် ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
ထို့ကြောင့် သဘာဝကျစွာပင် သူသည် ဖုန်းချင်းရီ၏ လက်ထဲတွင် ကျန်းချန် သေဆုံးသွားမည်ကို ဆန္ဒရှိခဲ့သည်။
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ရှောင်ရှင်းယာကို ပြန်ဖြေလိုက်၏။
"သူတို့က ဖုန်းချင်းရီရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ အရမ်းကိုအမှိုက်ဆန်နေလို့ပဲ.. ငါ့ကို သူတို့လို အသုံးမကျဘူး ထင်နေတာလား"
ကျန်းချန်၏ စကားကိုကြားလျှင် ရှောင်ကျင့်ယွင်နှင့် အခြားသုံးဦး၏ မျက်နှာများသည် အကျည်းတန်သွားခဲ့သည်။
ထိုအချိန်တွင် မုန့်ရွှယ်ရွှယ်၏ လှပသော မျက်လုံးတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
"စေတနာနဲ့ သတိပေးတာကို နားမလည်ဘူးပဲ.. သူက ဒီလောက်တောင် သေချင်နေမှတော့ ဘာလို့ သူ့ကို စိတ်ပူပေးနေရတာလဲ"
ရှောင်ယွိထုံက မဲ့ပြုံးပြုံးကာ အေးစက်စက် ပြောလိုက်သည်။
ကျန်းချန် ပြောသလိုပင် သူတို့သည် အမှိုက်ဆန်နေပါသလော။
ဆိုရလျှင် ရှောင်ကျင့်ယွင်နှင့် သူတို့လေးဦးသည် သက်ဆိုင်ရာ သူတော်စင် မြို့တော်များမှ အစွမ်းထက်ဆုံး အင်ပါယာအဆင့် ပါရမီရှင်များ ဖြစ်ကြ၏။
ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်သည့် ရှောင်ကျင့်ယွင်နှင့် မုန့်ရွှယ်ရွှယ်တို့ကို မပြောနှင့် ဝူကျိီယွင်နှင့် လဲ့ရှင်းယန်တို့နှင့်ပင် ကျန်းချန်သည် မယှဥ်နိုင်သေးပေ။
ကျန်းချန်က ဤမျှလောက် မောက်မာသော စကားများကို ပါရမီရှင်လေးဦး ရှေ့တွင် ပြောဆိုရဲသော သတ္တိအား မည်သည့်နေရာက ရရှိခဲ့မှန်း ရှောင်ယွိထုံ အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
ထိုအချိန်တွင် ဖုန်းချင်းရီသည် ကျန်းချန်ကို စူးစိုက်၍ ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးများသည် မရည်ရွယ်ဘဲ ကျဥ်းမြောင်းသွားခဲ့၏။
"ကျန်းချန်.. မင်းရွှယ်မင်ကျောင်းဆောင် အထိလာပြီး ပကတိ အင်ပါယာတစ်ပိုင်း သွေးအဆီအနှစ် အတွက် ငါနဲ့ ယှဥ်ပြိုင်ဖို့ သတ္တိရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
"ဟားဟား တစ်ခြားသူတွေက မင်း ဖုန်းချင်းရီကို ကြောက်ချင် ကြောက်လိမ့်မယ်.. အဲဒိီထဲမှာ ငါတော့မပါဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"မင်းက ငါ့ရဲ့လက်ထဲက အရှုံးသမား တစ်ယောက်ပဲ.. ငါက ဘာလို့ ဒီကို မလာရဲရမှာလဲ"
"ဘာ.."
"ဘယ်လို.."
"ဒီကောင်က ဖုန်းချင်းရီကို အရှုံးသမားလို့ ပြောလိုက်တာလား .. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျန်းချန်၏ စကားကိုကြားလျှင် လူတိုင်း၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"ဟမ့်.. အဲဒီနေ့က အသက်စွမ်းအင်တွေကို ထုတ်ဖော်ခွင့် မရတဲ့ ဝိညာဥ်သတ္တုမိုင်းတွင်း နယ်မြေထဲမှာမို့သာ မင်းအခုထိ အသက်ရှင်နေနိုင်တာပဲ.. မဟုတ်ရင် မင်း အဲဒီနေရာမှာ ကတည်းက သေသွားလောက်ပြိီ"
ဖုန်းချင်းရီ၏ မျက်လုံးများက အေးစက်နေခဲ့သည်။
"အင်ပါယာ အမွေအနှစ်နယ်မြေ မပြီးဆုံးခင် မင်းကို ရှင်းပစ်ဖို့ ငါတွေးထားခဲ့ပေမဲ့ မင်းကိုယ်တိုင် ငါ့ဆီ ရောက်လာလိမ့်မယ်လို့တော့ ငါမထင်ထားခဲ့ဘူး"
ဝိညာဥ်သတ္တုမိုင်းတွင်း နယ်မြေတွင် ကျန်းချန်သည် ရုပ်ပိုင်းဆိုင်ရာ တာအို ဆဋ္ဌမအဆင့် ခွန်အားကို အသုံးပြုပြီး သူ့ကို အနိုင်ယူခဲ့သည်။
ယခု စတုတ္ထထပ်တွင် သူ၏ အသက်စွမ်းအင်များသည် ထိုအခါက ကဲ့သို့ ကန့်သတ်မခံရတော့ပေ။
ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်၏။
ဆိုရလျှင် သူ၏ လက်ရှိခွန်အားဖြင့် ထိုကောင်လေးကို ရှင်းပစ်ရန်မှာ ပုရွက်ဆိတ် တစ်ကောင်ကို နင်းချေသလောက်ပင် မခက်ခဲတော့ပေ။
"လခွမ်း တကယ်ကြီးလားဟ"
ဖုန်းချင်းရီ၏ စကားကိုကြားလျှင် လူတိုင်း အံ့အားသင့်သွားကြသည်။
ဖုန်းချင်းရီသည် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ရှုံးနိမ့်ခဲ့ပါသလော။
"မင်းက မင်းကိုယ်မင်း အတော်လေး အထင်ကြီးနေတာပဲ"
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့သည်။
"မင်း ငါနဲ့ စာရင်းရှင်းချင်တယ် ဆိုရင် မင်းမှာ အဲဒီလို စွမ်းရည်မရှိမှာ ငါစိုးရိမ်မိတယ်"
အခန်း(၁၀၈၂)ပြီး၏။
အခန်း(၁၀၈၃)
"ကျန်းချန် မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
ဖုန်းချင်းရီက အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်နေခဲ့၏။
တစ်ခဏအတွင်းမှာပင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်၏ အရှိန်အဝါသည် ခန်းမတစ်ခုလုံးကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။
သူက သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး ရှောင်ကျင့်ယွင် အပါအဝင် ပါရမီရှင် လေးဦးကို တစ်ဦးထဲဖြင့်ပင် ချေမိုးနိုင်စွမ်း ရှိသည်။
သို့တိုင် သူ၏ရှေ့မှ ကျန်းချန်သည် သူ့ကို မျက်လုံးထဲတွင်ပင် ထည့်ထားပုံ မရပေ။
ထို့ကြောင့် ပြဿနာကို တည်ငြိမ်စွာ ရင်ဆိုင်လေ့ရှိသော ဖုန်းချင်းရိီသည် ဤအချိန်တွင် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ပြီး လုံး၀ ဒေါသထွက်နေခဲ့သည်။
ဖုန်းချင်းရီ တိုက်ခိုက်ရန် ပြင်နေစဥ်မှာပင် သူ၏ အနောက်မှ ဖုန်းဝူချွယ်သည် ရှေ့သို့ တက်လှမ်းလာခဲ့သည်။
"ဒီကောင့်လောက်ကတော့ စီနီယာအစ်ကို မလိုအပ်ပါဘူး.. ကျွန်တော်နဲ့တင် လုံလောက်တယ်"
စကားဆုံးသည်နှင့် ဖုန်းဝူချွယ်၏ ခန္ဓာကိုယ်သည် လေပြင်းနှင့်အတူ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က ဖုန်းဝူချွယ် ပျောက်ကွယ်သွားသည့် နေရာကို ထီမထင်ဟန်ဖြင့် ကြည့်လိုက်သည်။
သူက လက်ဝါးရိုက်ချက်ကို လေထဲသို့ ခပ်ဖွဖွ ရိုက်ထုတ်လိုက်၏။
နောက်ထပ် တစ်ခဏမှာပင် ထူးဆန်းသော စွမ်းအားတစ်ခုသည် ကျန်းချန်ဆီကနေ ပျံ့နှံ့သွားခဲ့ပြိီး ကျန်းချန်၏ အရှေ့ ဆယ်မီတာ ပတ်လည်ရှိ နေရာလွတ်ကို ချက်ချင်း တောင့်တင်းခိုင်မာသွားစေခဲ့သည်။
ထိုအချိန်မှာပင် ဖုန်းဝူချွယ်၏ ပုံရိပ်သည် ကျန်းချန်နှင့် သုံးပေအကွာ၌ ထွက်ပေါ်လာခဲ့၏။
"နေရာလွတ် အေးခဲခြင်းပါလား.. ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ၏ ခန္ဓာကိုယ်က အနည်းငယ်မျှပင် လှုပ်ရှားနိုင်စွမ်း မရှိတော့သည်ကို ဖုန်းဝူချွယ် ခံစားမိလိုက်သည်။
ထိုအခိုက်အတန့်တွင် ဖုန်းဝူချွယ်၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
"ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့်လောက်လေးနဲ့ ငါ့ရှေ့မှာ လေလုံးထွားရဲတယ် သွားစမ်း"
ကျန်းချန်က ဖုန်းဝူချွယ်ကို ခက်ထန်စွာ ကြည့်လိုက်ပြီး သူ၏ လက်ဖဝါးကို ညှစ်လိုက်ရာ ပတ်၀န်းကျင်ရှိ နေရာလွတ်များသည် ချက်ချင်းပင် ကြေမွသွားခဲ့သည်။
မကြာမီမှာပင် ဖုန်းဝူချွယ်သည် ပါးစပ်ကနေ သွေးကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မီတာအနည်းငယ် အကွာသို့ လွင့်စင်သွားခဲ့သည်။
ကျန်းချန်က ဖုန်းဝူချွယ်ကို အလွယ်တကူပင် ဒဏ်ရာအပြင်းအထန်ရရှိအောင် လုပ်ဆောင်လိုက်သည်ကို မြင်လျှင် ဖုန်းချင်းရီသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"နေရာလွတ်အေးခဲခြင်း စွမ်းရည်"
"မင်း.. မင်းလည်း နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်သွားတာလား"
----------------
"ဒီကောင်လေးက တကယ်ပဲ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်သွားပြီလား.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် နယ်ပယ်ကို တစ်ကွက်တည်းနဲ့ အနိုင်ယူပြဖို့က နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူတွေပဲ လုပ်ဆောင်နိုင်မှာ ငါစိုးရိမ်မိတယ်"
"................"
သူတို့ မျက်စိရှေ့မှ မြင်ကွင်းကို မြင်လျှင် ခန်းမထဲရှိ သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင်များသည် အံ့သြမှင်တက်သွားခဲ့ကြသည်။
သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင်များသည် ဖုန်းချင်းရီက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ပထမဆုံး ထိုးဖောက်ခဲ့သည့် ပထမဆုံး ပုဂ္ဂိုလ် ဖြစ်လာသည်ကို အနည်းငယ်မျှပင် မအံ့သြခဲ့ပေ။
သို့သော် မည်သူမျှ မထင်မှတ်ထားသည်မှာ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့သည့် ပုဂ္ဂိုလ်သည် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့် မုန့်ရွှယ်ရွှယ်နှင့် ရှောင်ကျင့်ယွင်တို့ မဟုတ်သလို သူတော်စင်မြို့တော်ငါးမြို့မှ အင်ပါယာအဆင့် ပါရမီရှင်များလည်း မဟုတ်ဘဲ နာမည် မထင်ရှားသော အညတရကောင်လေး တစ်ယောက် ဖြစ်နေခဲ့ခြင်းပင်။
အထူးသဖြင့် ယန်ဒီမြို့မှ ပါရမီရှင်များ ဖြစ်ကြသည့် ရှောင်ကျင့်ယွင်တို့ လူစုသည် အချိန်အတော်ကြာ မှင်တက်နေခဲ့ကြသည်။
သူတို့က ကျန်းချန်၏ အသေးစိတ် အချက်အလက်များကို တခြားသူများထက်ပင် ပိုမို သိရှိထားခဲ့ကြ၏။
လွန်ခဲ့သည့် ခြောက်လက ယန်ဒိီမြို့ကို ကျန်းချန် ဝင်ရောက်စဥ်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် ပထမအဆင့်တွင်သာ ရှိသေး၏။
ခြောက်လ အတွင်းမှာပင် ဤလူငယ်သည် သိုင်းသခင်နယ်ပယ် ပထမအဆင့်ကနေ သိုင်းသခင်နယ်ပယ်ဆဋ္ဌမအဆင့်အထိ တိုးတက်လာခဲ့ပြီး တိုက်ပွဲဝင် စွမ်းရည်တွင်လည်း ယန်ဒီမြို့ရှိ ထိပ်တန်း ပါရမီရှင်များနှင့်ပင် ရင်ဆိုင်နိုင်ခဲ့သည်။
သို့သော်လည်း ၎င်းမှာ ကြောက်စရာကောင်းသော အရာ မဟုတ်သေးပေ။
ကြောက်မက်ဖွယ် အကောင်းဆုံးအရာမှာ အင်ပါယာ အမွေအနှစ် နယ်မြေထဲသို့ မဝင်ရောက်မီ သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်တွင်သာ ရှိနေခဲ့ခြင်း ဖြစ်၏။
ယခုအခါ အင်ပါယာ အမွေအနှစ်နယ်မြေ ဖွင့်လှစ်ပြီး ဆယ်ရက် မပြည့်မီမှာပင် ကျန်းချန်သည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမ အဆင့်ကနေ နတ်ဝိညာဥ်ဘုရင် နယ်ပယ် ပထမအဆင့် ကျင့်ကြံသူအဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင် ဖြစ်သည်။
"ဒါ ဒါက တကယ်ကို မယုံနိုင်စရာပဲ"
" ဘာလဲ မင်းတစ်ယောက်ပဲ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခွင့်ရှိတယ် ထင်နေတာလား"
ကျန်းချန်က ပတ်ဝန်းကျင်မှ အံ့သြတုန်လှုပ်နေသော အကြည့်များကို ဂရုမစိုက်ခဲ့ပေ။
သူက ဖုန်းချင်းရီကို မဲ့ပြုံးပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါက နတ်ဝိညာဥ်ဘုရင် နယ်ပယ်လေးပဲလေ.. ငါ မတော်တဆထိုးဖောက်မိသွားတာ ဘာမှားသွားလို့လဲ"
အခန်း(၁၀၈၃) ပြီး၏။