အခန်း (၁၀၈၄-၁၀၈၆)
Vol. 73 Ch. 1084-1086
အခန်း(၁၀၈၄)
"နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို မတော်တဆ ထိုးဖောက်မိသွားတယ် ဟုတ်လား"
ကျန်းချန်၏ စကားများကို ကြားလျှင် လူတိုင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် တုန်ယင်သွားခဲ့သည်။
ယနေ့ ရှန်းဝူတိုက်ကြီးတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သည် အင်အားကြီးမားသူ ဖြစ်လာသည့် လက္ခဏာ ဖြစ်သည်။
ထိုမျှသာမက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သို့ ရောက်လျှင် ဝိညာဥ်သည် အမြင့်ဆုံးအဆင့်ထိ မြင့်တက်လာခဲ့ပြီး နတ်ဝိညာဥ် စိတ်ဆန္ဒကို စုစည်းနိုင်သဖြင့် သက်တမ်းသာ နှစ်ထောင်ပေါင်း များစွာ အထိ သိသိသာသာ တိုးမြင့်လာမည် ဖြစ်၏။
ခန္ဓာကိုယ် ပျက်စီးသွားခဲ့လျှင်ပင် ဝိညာဥ် မသေဆုံးသရွေ့ ဝိညာဥ်သည် လောကတွင် ဆက်လက် ရှင်သန်နိုင်မည်ဖြစ်သည်။
သိုင်းသခင်နယ်ပယ် အထွတ်အထိပ်အဆင့်နှင့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သည် မျဥ်းတစ်ကြောင်းသာ ခြားနားသော်လည်း ၎င်းသည် ကျော်လွှားရန် မဖြစ်နိုင်သော ချောက်တစ်ခု ကဲ့သို့ ဖြစ်၏။
ရှန်းဝူတိုက်ကြီးတွင် သိုင်းသခင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိသော်လည်း အများစုမှာ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို မထိုးဖောက်နိုင်ခဲ့ကြပေ။
သို့သော်လည်း သူတို့ရှေ့မှ လူငယ်ကမူ မတော်တဆ ထိုးဖောက်မိသွားသည်ဟု ဆိုနေခဲ့၏။
ထိုစကားသည် သူတို့ကို အတော်လေး စိတ်ဓာတ်ကျစေခဲ့သည် ဆိုလည်းမမှားပေ။
"ဟမ့်.. မင်းနတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်တာ ငါ့ကို အမှန်တကယ်ပဲ အံ့အားသင့်စေပါတယ်.. ဒါပေမဲ့မင်းထိုးဖောက်နိုင်ခဲ့ရင်တောင် မင်းကို သတ်နိုင်ပါသေးတယ်"
ဖုန်းချင်းရီက ကျန်းချန်ကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လူသတ်ငွေ့များ ပျံ့နှံ့နေခဲ့၏။
သူ့ရှေ့မှ ကောင်လေးသည် သူ ဖုန်းချင်းရီကိုပင် အလွန်အမင်းမနာလို ဖြစ်စေလောက်သည်အထိ ပါရမီ ထူးချွန်သည်။
ထိုကြောင့် ဖုန်းချင်းရီသည် မည်သည့် အတားအဆီးပင် ရှိနေပါစေ၊ မရရအောင် ကျော်ဖြတ်၍ ကျန်းချန်ကို ဤနေရာတွင် သတ်ဖြတ်ပစ်မည်ဟု တိတ်တဆိတ် ဆုံးဖြတ်ချက် ချထားလိုက်သည်။
စကားဆုံးသည်နှင့် ဖုန်းချင်းရီ၏ လက်ထဲတွင် အပြာရောင်ဓားရှည် တစ်လက်သည် ရုတ်တရက် ပေါ်လာခဲ့၏။
သူက ထိုဓားရှည်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်များသည် လေထုထဲတွင် အပြာရောင်လင်းယုန်ကြီး အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
"ကောင်းကင်လင်းယုန်ဓားသိုင်း"
ဖုန်းချင်းရီက အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင်လင်းယုန်ကြီးသည် စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ ကြီးမားသော အတောင်ပံများဖြင့် အပြာရောင်လေပြင်းများကို ဖန်တီးကာ ကျန်းချန်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။
"ဖုန်းချင်းရီ.. မင်းငါနဲ့ ရင်ဆိုင်မယ်ဆိုရင် ဓားမသုံးသင့်ဘူး.. ငါနဲ့ ဓားစွမ်းရည်ချင်း ယှဥ်မယ်ဆိုရင် မင်းနည်းနည်း နုနေသေးမှာ ငါစိုးရိမ်မိတယ်"
စကားဆုံးသည်နှင့် ကျန်းချန်သည် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး သူ၏ ဦးခေါင်း အထက်တွင် ဓားစွမ်းအား တစ်ခုကို စုစည်းလိုက်သည်။
"ပိုင်းဖြတ်စမ်း"
ကျန်းချန်က ကြုံးဝါးလိုက်ပြီး လက်ဟန်တချို့ကို ထုတ်ဖော်လိုက်သည်နှင့် ချက်ချင်းဆိုသလို လေထဲကနေ ဓားရိပ်များစွာထွက်ပေါ်လာခဲ့ပြီး အပြာရောင် လင်းယုန်ကြီးကို ပြင်းထန်စွာ ခုတ်ပိုင်းပစ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် အပြာရောင် လင်းယုန်ကြီးသည် အပိုင်းပိုင်း ဖြစ်သွားခဲ့၏။
ဖုန်းချင်းရီ၏ တိုက်ခိုက်မှုကို ဖြိုခွဲပြီးနောက်တွင် ကျန်းချန်သည် မဟာအဆင့် ဓားစိတ်ဆန္ဒကို ထုတ်ဖော်လိုက်ရာ ချက်ချင်းဆိုသလို ဧရာမ ဓားတစ်လက်သည် လေထုထဲတွင် စုစည်းသွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုဧရာမဓားသည် လေထုကို ထိုးဖောက်ကာ ဖုန်းချင်းရီ၏ ဦးခေါင်းဆီသို့ သက်ဆင်းလာခဲ့သည်။
ဖုန်းချင်းရီက ချက်ချင်းဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး မဟာအဆင့်လေဆန္ဒ စွမ်းအားကို အမြင့်ဆုံးအထိ ထုတ်ဖော်ကာ ဆယ်ပေခန့် အကွာအဝေးသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။
ဖုန်းချင်းရီ၏ တုံ့ပြန်မှုက မြန်ဆန်သော်လည်း ကျန်းချန်၏ မဟာအဆင့် ဓားစိတ်ဆန္ဒ၏ အဖျားခတ်မှုကို ရင်ဆိုင်လိုက်ရသည်။
သူ၏ အဝတ်အစားများက ပြင်းထန်သော ဓားစွမ်းအင်ကြောင့် စုတ်ပြတ်သတ်သွားခဲ့ပြီး နဖူးပေါ်ရှိ ဆံပင်များပင် ဓားစွမ်းအင်၏ ဖြတ်တောက်ခံလိုက်ရကာ မျက်နှာထက်တွင်လည်း ခြစ်ရာတစ်ခု ဖြစ်ပေါ်နေခဲ့၏။
ဖုန်းချင်းရီက အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
ကျန်းချန်၏ မဟာအဆင့် ဓားစိတ်ဆန္ဒသည် သူ၏ မဟာအဆင့် လေစိတ်ဆန္ဒထက် ပိုမို အားကောင်းနေ၍ သူ့အတွက်ကာကွယ်ရန် မဖြစ်နိုင်ခဲ့ပေ။
အကယ်၍ သူသာ အစောပိုင်းက အနည်းငယ် နှောင့်နှေးနေခဲ့လျှင် ကျန်းချန်၏ဓားဖြင့် အပိုင်းပိုင်း ဖြတ်ခံရလိမ့်မည်မှာ သေချာသလောက်ပင်။
ဖုန်းချင်းရီကို ဓားကွက်တစ်ကွက်တည်းဖြင့် နောက်ဆုတ်စေခဲ့ပြီးနောက်တွင် ကျန်းချန်သည် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"ဖုန်းချင်းရီ.. မင်းလို သူတော်စင်မြို့တော် ငါးမြို့ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ် အစွမ်းက ဒီလောက်ပဲလား"
"ကျန်းချန်.. မာန်တက်မနေနဲ့ ငါ့ရဲ့စစ်မှန်တဲ့ ခွန်အားကို မင်းအမြင်ကျယ်အောင် ပြသပေးမယ်"
ဖုန်းချင်းရီ၏ မျက်လုံးများက ရုတ်တရက် ခက်ထန်သွားခဲ့ပြီး အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"ရှန်းဖုန်း အင်ပါယာသွေးစွမ်းအား.. ဖွင့်စမ်း"
ဖုန်းချင်းရီက အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ သွေးစွမ်းအားကို ထုတ်လွှတ်လိုက်ရာ အလွန် ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါသည် ဖုန်းချင်းရီကို ဗဟိုပြု၍ ခန်းမထဲတွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
အခန်း(၁၀၈၄)ပြီး၏။
အခန်း(၁၀၈၅)
ဖုန်းချင်းရီက သူ၏ခန္ဓာကိုယ်အတွင်းရှိ အင်ပါယာသွေးစွမ်းအားကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စွမ်းအင်များ ပြည့်လျှံလာခဲ့သည်။
သူက အင်ပါယာ သွေးစွမ်းအား ပါဝင်သော လက်သီးတစ်လုံးကို ကျန်းချန်ဆီသို့ တိုက်ရိုက် ပစ်သွင်းလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်သည် လေထုကိုပင် တုန်ခါစေခဲ့ပြီး ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် မျက်စိဖြင့် မြင်နိုင်သော နေရာလွတ် အက်ကြောင်းများကိုပင် ကျန်ရစ်စေခဲ့၏။
"မင်းရဲ့သွေးစွမ်းအားက သူတော်စင်မြို့တော် ငါးမြို့ရဲ့ ပါရမီရှင်တွေကို ဖိနှိပ်နိုင်ပေမဲ့ ငါ့အတွက်တော့ မလုံလောက်သေးဘူး"
ကျန်းချန်က ဖုန်းချင်းရီကို လှောင်ပြောင်လိုက်သည်။
သူက ချက်ချင်းဆိုသလို နဂါးပြာသန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားကို အမြင့်ဆုံးအထိ ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်က လက်သီးချက်ကို ထုတ်ဖော်လိုက်၏။
လက်သီးမှထွက်ပေါ်လာသော အသက်စွမ်းအင်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏အရှေ့၌ ဆယ်ပေကျော်ရှည်လျားသော အပြာရောင် နဂါးတစ်ကောင် အဖြစ် ချက်ချင်းပင် စုစည်းသွားခဲ့သည်။
ထိုနဂါးသည် ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်လိုက်ပြီး လက်သည်း ကုတ်ချက် တစ်ချက်တည်းဖြင့်ပင် ဖုန်းချင်းရီ၏ လက်သီးစွမ်းအင်ကို အလွယ်တကူ ချေမှုန်းပစ်လိုက်သည်။
ထိုအခါ ဖုန်းချင်းရီသည် မျက်နှာအမူရာ ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်ထဲရှိ ငွေရောင်ဓားရှည်ကို ဆက်တိုက် ဆိုသလို ဝှေ့ယမ်းလိုက်၏။
ထို့နောက်တွင် အပြာရောင်လေစွမ်းအား သုံးခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး အပြာရောင်နဂါး ဆီသို့ ရောက်ရှိသွားခဲ့သည်။
"ဝုန်း.. ဝုန်း.. ဝုန်း"
အပြာရောင် လေစွမ်းအား သုံးခုနှင့် အပြာရောင်နဂါးသည် ထိပ်တိုက် ဆုံမိသွားကြပြီး ကြောက်မက်ဖွယ်ကောင်းသောလေလှိုင်းကြီးသည် ခန်းမ တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်။
ရှောင်ကျင့်ယွင် ကဲ့သို့ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်များပင် ဤလေလှိုင်း၏ အင်အားကြောင့် အနည်းငယ် နောက်ဆုတ်ခဲ့ရသည်။
သိုင်းသခင်နယ်ပယ် နဝမအဆင့်ဖြစ်သည့် အင်ပါယာအဆင့်ပါရမီရှင်အချို့ ဆိုလျှင် လေလှိုင်း၏ ဖိအားအောက်၌ မျက်နှာများပင် ဖြူဖျော့သွားခဲ့ကြ၏။
"ဒီနှစ်ယောက်ရဲ့ တိုက်ပွဲဝင်စွမ်းရည်က တကယ်ကို ကြောက်စရာပဲ.. ဖုန်းချင်းရီက ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်ကတည်းက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူကို အနိုင်ယူနိုင်ခဲ့တယ်.. အခု နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့်ကို ထိုးဖောက်သွားပြီ ဆိုတော့ သူ့ရဲ့ တိုက်ပွဲဝင်စွမ်းရည်က နတ်ဝိညာဥ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူအောက် မနိမ့်ကျလောက်ဘူး.. ယန်ဒီမြို့မှာ ဖုန်းချင်းရီကို ယှဥ်နိုင်တဲ့ ပါရမီရှင်တစ်ယောက် ပုန်းအောင်းနေလိမ့်မယ်လို့ တကယ် ထင်မထားမိဘူး"
"........."
ကျန်းချန်သည် ဖုန်းချင်းရီနှင့် ရင်ဆိုင်ရာတွင် အခြေအနေဆိုးဆိုးရွားရွား မဖြစ်ဘဲ ဖုန်းချင်းရီကိုပင် အပေါ်စီးကနေ တိုက်ခိုက်နေသည့် အရိပ်အယောင်များကို မြင်တွေ့ရလျှင် ရှောင်ရှင်းယာနှင့် ရှောင်ယွိထုံတို့ မောင်နှမသည် အချင်းချင်းကြည့်မိကာ မချိပြုံး ပြုံးလိုက်ကြသည်။
ကျန်းချန်က နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့်မှန်း သူတို့အားလုံး သိထားကြသည်။
ကျန်းချန်သည် ယန်ဒီမြို့ကို ဝင်ရောက်ပြီးနောက်တွင် နတ်ဆိုးဆန်သောပါရမီကို ပြသခဲ့ကာ စံချိန်မှတ်တမ်းများကို ချိုးဖျက်ပြီး သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့် ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်ကို ရရှိခဲ့၏။
သို့သော်လည်း ရှောင်ရှင်းယာနှင့် အခြားသူများသည် ကျန်းချန်ကို သူတို့၏ ပြိုင်ဘက်အဖြစ် မသတ်မှတ်ထားခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ယန်ဒီမြို့သို့ ကျန်းချန် ဝင်ရောက်လာသောအချိန်သည် အလွန်ပင် တိုတောင်းလွန်းပြီး ကျန်းချန်နှင့် သူတို့ကြားတွင် ကျော်ဖြတ်ရန် မဖြစ်နိုင်သော ကွာဟချက်တစ်ခု ရှိနေသည်ဟု ထင်ခဲ့သောကြောင့်ပင်။
သို့သော်လည်း ကျန်းချန်သည် ဤခြောက်လအတွင်း မကျော်ဖြတ်နိုင်ဟု ထင်ရသော ကွာဟချက်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီး မည်သူမှ မထင်မှတ်ထားလောက်အောင်ပင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့၏။
ဤကဲ့သို့ ကြောက်မက်ဖွယ် ပါရမီသည် သူ၏ ဆရာဖြစ်သူ နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီထက်ပင် ပို၍ နတ်ဆိုးဆန်လှ၏။
"မင်း.. မင်းရဲ့ သွေးစွမ်းအားက ဘာသွေးစွမ်းအားလဲ"
ဖုန်းချင်းရီက ခြေသုံးလှမ်း နောက်ဆုတ်သွားခဲ့ရသည်။
ကျန်းချန်ကို လှမ်းကြည့်နေသည့် သူ၏ မျက်ဝန်းတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
သူတို့ ရှန်းဖုန်းမြို့တော်၏ အင်ပါယာ သွေးစွမ်းအားသည် အခြား သူတော်စင်မြို့တော် လေးမြို့၏ အင်ပါယာသွေးစွမ်းအားထက် များစွာ သာလွန်သည်။
ဤအင်ပါယာ သွေးစွမ်းအားကြောင့်ပင် သူသည် သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင်တပည့် အားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန်ပင် နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာခဲ့၏။
သို့သော်လည်း ယခုအခါတွင် သူ၏ အင်ပါယာ သွေးစွမ်းအားသည် သူ့ရှေ့မှ ကောင်လေး၏ လျှို့ဝှက်နက်နဲသော သွေးစွမ်းအားကြောင့် ဖိနှိပ်ခံခဲ့ရသည်။
"ငါ့ရဲ့ သွေးစွမ်းအားက ဘယ်လို သွေးစွမ်းအားမျိုးလဲ ဆိုတာသိဖို့ မင်းက အရည်အချင်း မပြည့်မီဘူး.. ဒါပေမဲ့ မင်းရဲ့ ဝှက်ဖဲက အင်ပါယာသွေးစွမ်းအား ဆိုရင်တော့ ဒီပြိုင်ပွဲမှာ မင်းရှုံးနိမ့်သွားပြီ"
ကျန်းချန်က ပေါ့ပါးစွာပြုံး၍ ပြောလိုက်ပြီး ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"ဂျိမ်း"
တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ကနေ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် မိုးကြိုးတိမ်တိုက်များ ထူထပ်စွာ ဖြစ်ပေါ်လာကာ မိုးကြိုးလျှပ်စီး အလင်းရောင်များဖြင့် တလက်လက်တောက်ပနေသော ငွေရောင်ဓားရှည်များသည် လေဟာနယ်ထဲတွင် ချက်ချင်း ဆိုသလို စုစည်းသွားခဲ့သည်။
အခန်း(၁၀၈၅)ပြီး၏။
အခန်း(၁၀၈၆)
ကောင်းကင်၌ မိုးကြိုးလျှပ်စီး အလင်းများဖြင့် တောက်ပနေသော ဓားအလင်း ထောင်ပေါင်းများစွာသည် လှည့်ပတ်နေခဲ့ပြီး လေထဲတွင် နဂါးငွေ့တန်းကဲ့သို့ ဓားကွန်ရက် တစ်ခု ဖြစ်လာခဲ့ကာ ဖုန်းချင်းရီ၏ တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်။
"ဒါက ဘယ်လိုတိုက်ကွက်ကြီးလဲ"
ဖုန်းချင်းရီ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က မဟာအဆင့် ဓားစိတ်ဆန္ဒနှင့် မိုးကြိုးဆန္ဒကို တစ်ချိန်တည်းတွင် ထုတ်ဖော်ကာ ပေါင်းစပ်၍ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
"ဖျက်ဆီးလို့မရနိုင်တဲ့ လေဒိုင်းကာ စုစည်းစမ်း"
သူ၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နေသော မိုးကြိုးဓားကွန်ရက်နှင့် ရင်ဆိုင်ရသောအခါတွင် ဖုန်းချင်းရီ၏ မျက်နှာသည် လေးနက်သွားခဲ့သည်။
သူက ခန္ဓာကိုယ်ရှိ စွမ်းအင်များကို စုစည်းလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို လေဟာနယ်ထဲတွင် လေးလံသော အရာဝတ္ထုတစ်ခုအား မတင်နေသကဲ့သို့ ဖြည်းဖြည်းချင်း အပေါ်သို့မြှင့်တင်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဖုန်းချင်းရီ၏ ပတ်ပတ်လည်တွင် ပေ တော်တော်များများအထိ လေပြင်းများက တိုက်ခိုက်လာခဲ့၏။
ထို့နောက်တွင် အပြာရောင် လေစွမ်းအား တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
အဆုံးသတ်တွင် ထိုအပြာရောင်လေစွမ်းအားသည် သူ၏ ခေါင်းအထက်တွင် ကြီးမားသော အပြာရောင်လေဒိုင်းကာအဖြစ် စုစည်းသွားခဲ့သည်။
ထိုအပြာရောင် လေဒိုင်းကာသည် နှစ်မီတာမှ သုံးမီတာ အထိ ထူထဲပြီး သူ့ဆီသို့ လျင်မြန်စွာ သက်ဆင်းလာသောမိုးကြိုးဓားကွန်ရက်ကို ကောင်းကင်နံရံ တစ်ခုကဲ့သို့ ပိတ်ဆို့ထားလိုက်သည်။
"ဂျိန်း.. ဂျိန်း.."
မိုးကြိုးလျှပ်စီး ဓားအလင်းများသည် အပြာရောင် လေဒိုင်းကာပေါ်သို့ မိုးသီးမိုးပေါက်များ ကျဆင်းလာသည့်နှယ် သက်ရောက်လာခဲ့၏။
ထို မိုးကြိုးလျှပ်စီးဓားအလင်းများ၏ တိုက်ခိုက်မှု အောက်တွင် အပြာရောင်လေဒိုင်းကာ၏ ချောမွေ့သော မျက်နှာပြင်သည် ချက်ချင်းဆိုသလို အပေါက်များဖြင့် ပြည့်နှက်သွားခဲ့သည်။
သို့သော်လည်း မိုးကြိုးဓားကွန်ရက်၏ မိုးကြိုးဓားအလင်း ထောင်ပေါင်းများစွာကိုမူ ခုခံနိုင်ခဲ့၏။
"ကျန်းချန်.. ငါ့ရဲ့ ဖျက်ဆီးမရနိုင်တဲ့ လေဒိုင်းကာ နည်းစနစ်က ရှန်းဖုန်းမြို့တော်ကို တည်ထောင်ခဲ့တဲ့ အင်ပါယာရှန်းဖုန်း ကိုယ်တိုင် တီထွင်ထားတဲ့ သိုင်းပညာတစ်ခုပဲ.. မင်းက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ရင်တောင် ငါ့ရဲ့ အပြာရောင်လေဒိုင်းကာကိုတော့ ဘယ်တော့မှ ထိုးဖောက်နိုင်မှာ မဟုတ်ဘူး"
ဖုန်းချင်းရီက အေးစက်စက် ပြုံးလိုက်သည်။
သူ၏ မျက်နှာထက်တွင် ဂုဏ်ယူသော အမူအရာများ ပြည့်နှက်နေခဲ့၏။
"ဟုတ်လို့လား"
ကျန်းချန်က မထီတရီဟန်ဖြင့် ရေရွတ်လိုက်ပြီး သွေးနဂါးဓားကို ထုတ်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင် ခန်းမထဲရှိ လေထု အပူအချိန်သည် ရုတ်တရက် မြင့်တက်လာခဲ့ပြီး မတူညီသော အရောင်အသွေးရှိသည့် မီးလျှံများသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။
ထိုထူးဆန်းသောမီးလျှံများသည် သွေးနဂါးဓားကို ကိုင်ဆောင်ထားသော ကျန်းချန်၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေရင်း ဆယ်ပေခန့်ရှည်လျားသော ဧရာမ မီးလျှံဓားတစ်လက် အဖြစ် ချက်ချင်းဆိုသလို စုစည်းသွာခဲ့သည်။
ထိုဧရာမ မီးလျှံဓားသည် နေကိုပင် ထိုးဖောက်ကာ ကမ္ဘာကြီးကိုပင် နှစ်ပိုင်းဖြတ်ပစ်တော့မည့်အလား ဖြစ်နေခဲ့၏။
"ဖုန်းချင်းရီ.. ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို တတ်မြောက်ထားတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး.. မင်းရဲ့လိပ်ခွံကို ငါ ဓားကွက်တစ်ကွက်တည်းနဲ့ ဘယ်လို ချေမှုန်းမလဲဆိုတာ စောင့်ကြည့်နေလိုက်"
"မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်း"
ကျန်းချန်၏ အေးစက်စက် ကြုံးဝါးသံက ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ထို့နောက်တွင် ဧရာမ မီးလျှံဓားသည် လေထဲကနေ ဥက္ကာခဲ ကျဆင်းလာသကဲ့သို့ ပြင်းထန်သောစွမ်းအားဖြင့် ဆင်းသက်ကာ အပြာရောင်လေဒိုင်းကာ ပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဝုန်း.."
ကမ္ဘာမြေကိုပင် တုန်လှုပ်စေသော ပေါက်ကွဲသံသည် ခန်းမထဲတွင် ထွက်ပေါ်လာခဲ့၏။
ဖုန်းချင်းရီ၏ ဦးခေါင်းအထက်ရှိ နှစ်မီတာမှ သုံးမီတာအထိထူထဲသော လေဒိုင်းကာသည် ဧရာမ မီးလျှံဓား၏ ဓားချက်ဖြင့် တိုက်ရိုက်ပင် နှစ်ပိုင်းကွဲသွားခဲ့သည်။
"ဖူး.."
ဖုန်းချင်းရီက ပါးစပ်ကနေ သွေးများ အန်ထုတ်လိုက်ရ၏။
သူ၏ ခန္ဓာကိုယ်ကလည်း ဧရာမ မီးလျှံဓား၏ ကြွင်းကျန်ရစ်သော ဓားစွမ်းအင် ထိမှန်ကာ ဆယ်မီတာ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
"ဖုန်းချင်းရီ ရှုံးနိမ့်သွားပြီဟ"
ထိုမြင်ကွင်းကိုကြည့်ကာ ခန်းမတစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
သူတို့အားလုံးက သွေးနဂါးဓားကို ကိုင်ဆောင်၍ ဝင့်ကြွားစွာရပ်နေသော ကျန်းချန်ကို မှင်တက်၍ ငေးကြည့်နေခဲ့ကြသည်။
ဖုန်းချင်းရီသည် သူတော်စင်မြို့တော် ငါးမြို့၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သည်။
၎င်းက တစ်ဦးတည်းဖြင့်ပင် မရေမတွက်နိုင်သော ပါရမီရှင်များကို ဖိနှိပ်နိုင်ခဲ့သော်လည်း ယခုအခါတွင် နာမည်ပင် မထင်ရှားသော ကောင်လေး တစ်ယောက်၏ လက်အောက်၌ ရှုံးနိမ့်သွားခဲ့ရ၏။
"ဒါ.. ဒါက တကယ်ကို မယုံကြည်နိုင်စရာပဲ.. ဧကရာဇ်အဆင့် သိုင်းပညာရပ်ပါလား.. မင်း.. မင်း ယန်ဒီမြို့ကနေ ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်ကို ဆက်ခံရရှိခဲ့တယ်လား"
ဖုန်းချင်းရီက သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ရင်းပြောလိုက်သည်။
သူက ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့၏။
သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"ဘာလဲ မင်းတစ်ယောက်ပဲ ဧကရာဇ်အဆင့်သိုင်းပညာရပ်အမွေအနှစ်ကို ရရှိနိုင်တယ်လို့ ထင်နေတာလား"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ခနဲ့လိုက်သည်။
"ဖုန်းချင်းရီ.. မင်းငါ့ကို ရှုံးနိမ့်သွားပြီ ပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်က အခု ငါ့အပိုင်ပဲ"
"ဟမ့်.. ကျန်းချန် မင်းအပျော်မစောနဲ့ဦး ငါက မင်းဒီလောက်အထိ လွယ်လွယ်ကူကူ အနိုင်ယူနိုင်မဲ့သူ မဟုတ်ဘူး"
ဖုန်းချင်းရီ၏ မျက်လုံးများက လေးနက်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ အေးစက်စက်အသံသည် ခန်းမတစ်ခုလုံးတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။
"မင်းတကယ်ပဲ သေချင်နေမှတော့ ငါဖုန်းချင်းရီက င့ါရဲ့ တကယ့် ဝှက်ဖဲကို ပြသပေးမယ်"
အခန်း(၁၀၈၆)ပြီး၏။