← Chapters

အခန်း (၁၀၉၀-၁၀၉၂)

Vol. 73 Ch. 1090-1092

အခန်း (၁၀၉၀-၁၀၉၂)

Vol. 73 Ch. 1090-1092

အခန်း(၁၀၉၀)

"အချိန်နှင့်အာကာသဓားနယ်မြေ စုစည်းစမ်း"

ကျန်းချန်က အေးစက်စက်‌ ရေရွတ်လိုက်ရာ ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များသည် ချက်ချင်းဆိုသလို အပြာရောင်ဓားနယ်မြေ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖုန်းချင်းယာ၏ ပုံရိပ်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။

"ဓားနယ်မြေရဲ့စွမ်းအားပါလား.. ဒါ့အပြင် အချိန်နိယာမ တစ်စိတ်တစ်ဒေသတောင် ပါဝင်နေသေးတယ်.. မင်း..မင်းမှာဘယ်လိုလုပ်ပြီး ဒီလို ကျင့်စဥ်မျိုး ရှိနေရတာလဲ"

အပြာရောင်ဓားနယ်မြေ အတွင်းရှိ ထူးဆန်းသော စွမ်းအားကို ခံစားမိလျှင် ဖုန်းချင်းယာ၏ မျက်နှာ အမူအရာသည် အဆုံးသတ်၌ သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏မျက်လုံးများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ဓားနယ်မြေ ပိုင်နက်စွမ်းအားသည် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများသာ အသုံးပြုသော စွမ်းအားဖြစ်သည်။

ထို့အပြင် နိယာမ၏ စွမ်းအားသည်လည်း အင်ပါယာအဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်၏။

ဤကောင်လေးက ဓားနယ်မြေ၏ ပိုင်နက်စွမ်းအားကို တတ်မြောက်ထားရုံသာမက အချိန်နိယာမ၏ စွမ်းအင် တစ်စိတ်တစ်ဒေသကိုပင် နားလည်နေလိမ့်မည်ဟု ဖုန်းချင်းယာ မထင်ထားခဲ့ပေ။

ဆိုရလျှင် နိယာမစွမ်းအားများတွင် အချိန်၏ နိယာမသည် ဒဏ္ဍာရီထဲတွင် အနက်နဲဆုံး နိယာမစွမ်းအား ဖြစ်သည်။

ရှေးခေတ်ကာလများ၌ပင် ရှန်းဝူတိုက်ကြီးတွင် အချိန်နိယာမကို ကျွမ်းကျင်သော ပကတိအင်ပါယာ အလွန်ပင်နည်းပါး၏။

သို့သော်လည်း နတ်ဝိညာဥ်ဘုရင် အဆင့်ကို မကြာသေးခင်ကမှ ထိုးဖောက်ခဲ့သည့် လူငယ်လေးသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်စဥ်ကို တတ်မြောက်နေခဲ့သည်။

ဖုန်းချင်းယာသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဤကဲ့သို့ နတ်ဆိုးဆန်လွန်းသော ပါရမီရှင်ကို မမြင်ဖူးခဲ့ပေ။

နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို မကြာသေးခင်ကမှ စတင် ထိုးဖောက်ခဲ့သော ကျင့်ကြံသူတစ်ဦးသည် နတ်သန္ဓေအင်ပါယာ တစ်ပါးသာ ထုတ်သုံးနိုင်သည့် စွမ်းအားမျိုးကို တတ်ကျွမ်းနေခဲ့သည်။

ယင်းမှာ တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလား။

သူ၏ ဝိညာဥ်ကိုယ်ပွားက ဤထူးဆန်းသော ဓားနယ်မြေအောက်တွင် လျင်မြန်စွာ ပြိုကွဲလာသည်ကို ခံစားမိလျှင် ဖုန်းချင်းယာသည် စိတ်နှလုံးထဲကနေ ထိတ်လန့်သွားခဲ့သည်။

သူ၏ ဝိညာဥ်ကိုယ်ပွားသည် သိုင်းသခင်နယ်ပယ် အထွတ်အထိပ် အဆင့်သာ ရှိသည်။

သို့ဖြစ်ရာ သိပ်မကြာမီမှာပင် ဓားနယ်မြေထဲကနေ လုံးဝ ပျောက်ကွယ်သွားဖွယ် ရှိ၏။

ဖုန်းချင်းယာက ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ဘဲ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကာ အင်ပါယာပိုင်နက် စွမ်းအားကို အစွမ်းကုန် ထုတ်သုံးလိုက်၏။

တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ် လေဓားများသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ချက်ချင်းဆိုသလို စုစည်းသွားခဲ့သည်။

"ဓားမုန်တိုင်းတိုက်ခိုက်စမ်း"

ဖုန်းချင်းယာက ကြုံးဝါးလိုက်သည်နှင့် ထိုကြောက်မက်ဖွယ်လေဓားများသည် ဓားမုန်တိုင်း အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး အပြာ‌ရောင် ဓားနယ်မြေကို အရှိန်အဟုန်ဖြင့် တိုက်ခတ်သွားခဲ့သည်။

"ချွမ်.. ချွမ်.."

ဓားမုန်တိုင်းက အပြာရောင်ဓားနယ်မြေ ပေါ်သို့ ကျရောက်သွားသော်လည်း ဓားခတ်သံများသာ ထွက်ပေါ်လာခဲ့ပြီး အပြာရောင် ဓားနယ်မြေကို ဖြိုခွဲနိုင်ခြင်း မရှိခဲ့ပေ။

ရှန်းဝူတိုက်ကြီး၏ နာမည်ကျော် နတ်သန္ဓေအင်ပါယာ တစ်ပါးအနေဖြင့် ဖုန်းချင်းယာ၏ ခွန်အားသည် တိုင်းတာ၍ မရလောက်အောင် မြင့်မားသည်။

သိုင်းသခင်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ဝိညာဥ်ကိုယ်ပွား ဖြစ်နေလျှင်ပင် သာမန် နတ်ဝိညာဥ်ဘုရင် နယ်ပယ် အစောပိုင်းအဆင့်ကို အလွယ်တကူ သတ်ဖြတ်နိုင်ရင် လုံလောက်၏။

သို့သော် ကျန်းချန်သည် သာမန် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ မဟုတ်ခဲ့ပေ။

ယခုအခါတွင် ကျန်းချန်သည် အချိန်နှင့်အာကာသ ဓားနယ်မြေကို ဆယ်ပုံတစ်ပုံ နီးပါးအထိ ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် တိမ်တိုက်ဝါးမျို နည်းစနစ်ကို အသုံးပြုထား၍ နတ်ဝိညာဥ်ဘုရင် သတ္တမအဆင့် သို့မဟုတ် နတ်ဝိညာဥ်ဘုရင်နှောင်းပိုင်းအဆင့် ပင်လျှင် လက်ရှိအချိန်တွင် သူ့ကို အနိုင်ရနိုင်မည် မဟုတ်ပေ။

ဖုန်းချင်းယာ၏ ဝိညာဥ်ကိုယ်ပွားသည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် သတ္တမအဆင့်စွမ်းအားကို ထုတ်သုံးနိုင်ခြင်း မရှိသည်ဖြစ်ရာ အချိန်နှင့်အာကာသ ဓားနယ်မြေကို မည်ကဲ့သို့ ဖောက်ထွင်းနိုင်ပါမည်နည်း။

ခန္ဓာကိုယ် အစစ်အမှန်နှင့် ဝိညာဥ်ကိုယ်ပွားများတွင် စွမ်းအင် ကန့်သတ်ချက်များ ရှိကြသည်။

ဖုန်းချင်းယာသည် အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေကို မထိုးဖောက်နိုင်ခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ သူ၏ စွမ်းအားသည် တဖြည်းဖြည်း ယုတ်လျော့လာခဲ့၏။

ထို့အပြင် အချိန်နှင့်အာကာသ ဓားနယ်မြေ၏ တိုက်စားမှုကြောင့် တစ်ခဏအတွင်းမှာပင် ဖုန်းချင်းယာ၏ ဝိညာဥ်ကိုယ်ပွားသည် အလွန်တရာ မှိန်ဖျော့သွားခဲ့သည်။

သူက အစွမ်းကုန် ကြိုးစားခဲ့ပြီး အချိန်နှင့်အာကာသ ဓားနယ်မြေ အတွင်း ရုန်းကန်ခဲ့သော်လည်း အဆုံးသတ်တွင် အချိန်နှင့်အာကာသ ဓားနယ်မြေကို မထိုးဖောက်နိုင်ခဲ့ပေ။

ဤသို့ဖြင့် ဖုန်းချင်းယာ၏ ဝိညာဥ်ကိုယ်ပွားသည် တဖြည်းဖြည်း မှုန်ဝါးလာခဲ့ပြီး အစိမ်းရောင် အလင်းစ အဖြစ်သို့ ပြောင်းလဲကာ လေထဲမှာပင် အစအန မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

ခန်းမထဲတွင်မူ ဖုန်းချင်းယာ၏ အေးစက်စက် ရေရွတ်လိုက်သော စကားသံသာ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။

"သိပ်ကို အစွမ်းထက်တဲ့ အချိန်နဲ့အာကာသ ဓားနယ်မြေပါလား.. ကျန်းချန်.. မင်းငါ့ရဲ့ ဝိညာဥ်ကိုယ်ပွားကိုတောင် သတ်ရဲတယ်.. ငါမင်းကို ကောင်းကောင်းမှတ်ထားမယ်"

အခန်း(၁၀၉၀)ပြီး၏။

အခန်း(၁၀၉၁)

ဖုန်းချင်းယာ၏ ကိုယ်ပွားက အစိမ်းရောင်အလင်းစ အဖြစ်သို့ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားသည်ကို မြင်လျှင် ခန်းမတစ်ခုလုံးသည် ရုတ်ခြည်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လူတိုင်းက ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် တအံ့တသြ ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာသည်အထိ မှင်တက်နေခဲ့ကြသည်။

ဖုန်းချင်းယာသည် ရှန်းဖုန်းမြို့စား ဖြစ်ပြီး ကျုံးကျိုးကုန်းမြေတွင် ကြာပန်းနတ်ဘုရားဧကရာဇ်ဟု‌ ကျော်ကြားသော နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်သည်။

ဤသည်က ဝိညာဥ်ကိုယ်ပွားတစ်ခု ဖြစ်နေလျှင်ပင် သူထုတ်သုံးလိုက်သော စွမ်းအားသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် အစောပိုင်းအဆင့်ကို ချေမှုန်းရန်ပင် လုံလောက်၏။

သို့သော်လည်း ကျန်းချန်သည် ဖုန်းချင်းယာ၏ ဝိညာဥ်ကိုယ်ပွားကို ပြင်းထန်သော ဓားကွက်တစ်ကွက်တည်းဖြင့်ပင် ရှုံးနိမ့်စေခဲ့သည်။

ယင်းမှာ အလွန် ကြောက်စရာကောင်းသော စွမ်းရည်ပင် မဟုတ်ပါလား။

"မဖြစ်နိုင်ဘူး.. ဒါလုံးဝမဖြစ်နိုင်ဘူး"

ဖုန်းချင်းရီက လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပြီး မျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။

"အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. ရွှယ်မင်ကျောင်းဆောင်ရဲ့ စတုတ္ထထပ်ကနေ ချက်ချင်းပျောက်ကွယ်သွားကြ.. ဒီလိုမှ မဟုတ်ရင်တော့ သနားခြင်း အလျဥ်းမရှိဘဲ သတ်ပစ်ရလိမ့်မယ်"

ဖုန်းချင်းယာ၏ ဝိညာဥ်ကိုယ်ပွားကို ဓားကွက် တစ်ကွက်တည်းဖြင့် ရှင်းပစ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် ဖုန်းချင်းရီကို လှည့်ပင်မကြည့်ဘဲ ခန်းမထဲကို မျက်လုံးဝေ့ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အမိန့်ပေးလိုက်သော အသံသည် ခန်းမထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

ယခုအခါတွင် တိမ်တိုက်ဝါးမျို နည်းစနစ်ကို အသုံးပြုထားသောကြောင့် သူရှေ့မှ လူများနှင့် အချိန်မဖြုန်းချင်ခဲ့ပေ။

ကျန်းချန်သည် တိမ်တိုက်ဝါးမျို နည်းစနစ်၏ စွမ်းအား မပျောက်ကွယ်ခင် သူ့ရှေ့မှ လူများအားလုံးကို ဤနေရာမှမောင်းထုတ်ပြီး ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကို ရယူရမည် မဟုတ်ပါလား။

ထိုသို့ မဟုတ်လျှင် တိမ်တိုက်ဝါးမျို နည်းစနစ်၏ တုံ့ပြန်မှုကြောင့် အားနည်းနေသော အချိန်သို့ ရောက်ရှိသည်နှင့် နောက်ဆက်တွဲ ပြဿနာများမှာ စိတ်ကူး၍ပင် မရနိုင်ပေ။

"သွားကြစို့.."

မုန့်ရွှယ်ရွှယ်က သူမ၏လှပသော မျက်ဝန်းလေးများဖြင့် ကျန်းချန်ကို လေးလေးနက်နက် စူးစိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် လင်ရှီမြို့မှ တပည့်များကို ဦးဆောင်ကာ ရွှယ်မင်ကျောင်းဆောင် စတုတ္ထထပ်ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း ဝူကျီယွင်နှင့် လဲ့ရှန်းယန်တို့ အပါအဝင် အခြားသူများသည် ချက်ချင်း မထွက်သွားကြသေးပေ။

သူတို့က ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကို စိတ်ကူးယဥ်ဆဲ ဖြစ်သည်မှာ ထင်ရှားနေ၏။

"ကျန်းချန်.. မင်းအစွမ်းထက်တာကို ငါဝန်ခံတယ် မင်းက နတ်သန္ဓေအင်ပါယာ တစ်ပါးရဲ့ ဝိညာဥ်ကိုယ်ပွားကိုတောင် ဓားကွက် တစ်ကွက်တည်းနဲ့ သတ်ဖြတ်နိုင်တယ်.. ဒါပေမဲ့ အဲဒီ ဓားကွက်အတွက် မင်းပေးဆပ်လိုက်ရတဲ့ တန်ဖိုးကလည်း မနည်းလှဘူး.. မင်းရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင် ဘယ်လောက်ထိ ကျန်နေသေးလဲတော့ ငါမသိဘူး.. မင်းရဲ့လက်ရှိ အခြေအနေနဲ့ ပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်ကို မျိုချနိုင်မယ်လို့ထင်လား"

ဖုန်းချင်းရီက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခနဲ့လိုက်သည်။

ကျန်းချန်၏ အစောပိုင်းက ဓားချက်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်၏ စွမ်းအားကို ကျော်လွန်နေပြီဖြစ်၍ အသက်စွမ်းအင် အများအပြား အသုံးပြုရမည်မှာ သေချာသည်။

ထို့အပြင် ကျန်းချန်သည် လျှို့ဝှက်နည်းစနစ်ဖြင့် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ထားသည်ဖြစ်ရာ ထိုနည်းစနစ်၏ ဘေးထွက်ဆိုးကျိုးသည် မကြာမီတွင် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

သူတို့သာ ပူးပေါင်းလက်တွဲ၍ တိုက်ခိုက်လိုက်လျှင် ကျန်းချန်ကို အချိန်တစ်ခဏ ဆွဲထားနိုင်မည် ဖြစ်သည်။

အချိန်တန်၍ လျှို့ဝှက်နည်းစနစ်၏ စွမ်းအား ပြီးဆုံးသွားသည်နှင့် ကျန်းချန်ကို ရှင်းလင်းရန်မှာ လွယ်ကူသွားတော့မည်မဟုတ်ပါလော။

"ငါအပိုစကားတွေ မပြောချင်ဘူး"

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

"မင်းမှာ အသက်ငါးရှိုက်စာ အချိန်ပဲ ကျန်တော့တယ်"

"အားလုံး အတူတူတိုက်ကြစို့.."

ဖုန်းချင်းရီ၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

သူက ချက်ချင်းဆိုသလို ရှန်းဖုန်းမြို့တော်မှ အင်ပါယာအဆင့် ပါရမီရှင် လေးဦးနှင့်အတူ ကျန်းချန် ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

"ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ.."

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး ခမ်းနားထည်ဝါသော ဘုရင့်စိတ်ဆန္ဒကို ထုတ်ဖော်လိုက်ရာ ခန်းမထဲရှိ ပါရမီရှင် များစွာ၏ ဝိညာဥ်များသည် တုန်လှုပ်သွားခဲ့သည်။

"ရွှစ်.. ရွှစ်.. ရွှစ်.."

ကျန်းချန်က သူ၏ လက်ထဲမှ သွေးနဂါးဓားဖြင့် လေထဲတွင် ဓားချက်ငါးချက်ကို ထုတ်ဖော်လိုက်သည်။

ရှန်းဖုန်းမြို့တော်မှ အင်ပါယာအဆင့် ပါရမီရှင် ငါးဦးတွင် ဖုန်းချင်းရီနှင့် ဖုန်းဝူချွယ်တို့မှ လွဲလျှင် ကျန်သုံးဦးသည် သိုင်းသခင်နယ်ပယ် အထွတ်အထိပ် အဆင့်တွင်သာ ရှိသည်။

ထို့ကြောင့် ၎င်းတို့သည် ကျန်းချန်၏ ဓားချက်ကို ခုခံရန်ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်နှစ်ပိုင်း ပြတ်ထွက်သွားခဲ့သည်။

ဖုန်းချင်းရီနှင့် ဖုန်းဝူချွယ်တို့ပင် ကျန်းချန်၏ ဓားစွမ်းအင်ကြောင့် ပေအနည်းငယ် အကွာအဝေးအထိ ဆုတ်ခွာလိုက်ရသည်။

ဤမြင်ကွင်းသည် ဝူကျီယွင်နှင့် လဲ့ရှင်းယန် တို့ကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။

ရှန်းဖုန်းမြို့တော်၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးသည် ကျန်းချန်ကို ပူးပေါင်း၍ ဝိုင်းရံ တိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် ရှုံးနိမ့်ခဲ့ပြီး သုံးဦး သတ်ဖြတ်ခံလိုက်ရသည်။

ဖုန်းချင်းရီ၏အစောပိုင်းက မှန်းဆချက်သည် အနည်းငယ် မှားယွင်းနေခဲ့သည်။

တိမ်တိုက်ဝါးမျိုးနည်းစနစ်၏ စွမ်းအားမကုန်ဆုံးသရွေ့ ကျန်းချန်သည် လုံးဝအားမနည်းဘဲ နတ်ဘုရားကဲ့သို့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားနေဆဲ ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေတွင် ကျန်းချန်ကို တိုက်ခိုက်သည်မှာ ကိုယ့်သေတွင်းကိုယ် တူးနေသည်နှင့် ဘာမှမခြားနားပေ။

အခန်း(၁၀၉၁)ပြီး၏။

အခန်း(၁၀၉၂)

"အားလုံးပဲ ပကတိအင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်က ငါတို့ ယန်ဒီမြို့ရဲ့အပိုင် ဖြစ်သွားခဲ့ပြီ မင်းတို့ ကိုယ့် အသိစိတ်နဲ့ ကိုယ် ထွက်သွားကြမလား ဒါမှမဟုတ် ငါက မင်းတို့ကို မောင်းထုတ်ပေးရမလား"

ထိုအချိန်တွင် ရှောင်ကျင့်ယွင်သည် ပြုံးပြုံးရယ်ရယ်ဖြင့် ပြောလိုက်သည်။

အစောပိုင်းတွင် ဖုန်းချင်းရီသည် သူတို့လေးဦးကို တစ်ဦးတည်းဖြင့် ချေမှုန်းလိုက်သည့် အခိုက်အတန့်တွင် ရှောင်ကျင့်ယွင်သည် ပကတိအင်ပါယာ တစ်ပိုင်း၏ သွေးအဆီအနှစ်ကို ရရှိရန် မျှော်လင့်ချက် မရှိတော့ဟု ထင်မြင်ခဲ့သည်။

သို့သော်လည်း ကျန်းချန်က ရုတ်တရက် ထွက်ပေါ်လာပြီး ဖုန်းချင်းရီကိုပင် ဖိနှိပ်နိုင်လိမ့်မည်ဟု ရှောင်ကျင့်ယွင် မထင်ထားခဲ့ပေ။

ထို့အပြင် ကျန်းချန်သည် ရှန်းဖုန်းမြို့စား ဖြစ်သည့် ကြာပန်းနတ်ဘုရားဧကရာဇ် ဖုန်းချင်းယာ၏ ဝိညာဥ်ကိုယ်ပွားကိုပင် ဖျက်ဆီးပစ်ခဲ့သည်။

ယခုအခါတွင် ကျန်းချန်က သူတော်စင်မြို့တော် လေးမြို့၏ ပါရမီရှင်များကို မောင်းထုတ်နေခဲ့ပြီ ဖြစ်ရာ ‌ရှောင်ကျင့်ယွင်သည် ဝေစုရရှိရန် ရည်ရွယ်ချက်ဖြင့် ကျန်းချန်ဘက်ကနေ ဝင်ရောက် ထောက်ခံလိုက်သည်။

ဤအချိန်တွင် ဝူကျီယွင်နှင့်လဲ့ရှင်းယန်တို့သည် ကျန်းချန်က ရှန်းဖုန်းမြို့တော်၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးကို အနိုင်ယူလိုက်သောကြောင့် မှင်တက်နေခဲ့ကြသည်။

ထို့ကြောင့် သူတို့သည် ကျန်းချန်၏ ရှေ့တွင် ဆက်လက်ရှိနေရန် မဝံ့ရဲ့တော့ပေ။

သူတို့အားလုံးက သူတို့၏ လူများကို ဦးဆောင်ကာ ရွှယ်မင်ကျောင်းဆောင်၏ စတုတ္ထထပ်ကနေ အလျင်အမြန်ထွက်ခွာသွားကြသည်။

ဖုန်းချင်းရီနှင့် ဖုန်းဝူချွယ်တို့ပင် အထိတ်တလန့်ဖြင့် စတုတ္ထထပ်ကနေ ထွက်ပြေးခဲ့ကြ၏။

"ညီလေးကျန်းချန်.. ဖုန်းချင်းရီကို အနိုင်ယူပြီး သူတော်စင်မြို့တော်ငါးမြို့ရဲ့ နံပါတ်တစ်ပါရမီရှင် ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်.."

လူတိုင်း ထွက်ခွာသွားပြီးနောက်တွင် ရှောင်ကျင့်ယွင်သည် ပြုံးပြုံးရယ်ရယ်ဖြင့် ကျန်းချန်ကို နှုတ်ဆက်လိုက်သည်။

ကျန်းချန်က ရှောင်ကျင့်ယွင်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

"မင်းက ထွက်မသွားဘဲ ဒီမှာဘာလုပ်နေတာလဲ"

"ဂျူနီယာညီလေးကျန်းချန် ဒီပကတိအင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်ကို ဒီလောက် နှစ်တွေကြာတဲ့အထိ ဘယ်သူမှမရယူနိုင်သေးဘူး.. ငါတို့အားလုံးက ယန်ဒီမြို့ရဲ့ တပည့်တွေပဲလေ မတော်တဆ အမှားအယွင်းတွေ ဖြစ်မလာအောင် မင်းကိုကူညီဖို့ ငါတို့ ဒီနေရာမှာပဲ ရှိနေသင့်တယ် မဟုတ်လား"

ရှောင်ကျင့်ယွင်က ပြုံး၍ ပြောလိုက်သည်။

စကားပြောနေရင်း သူ၏မျက်လုံးထဲတွင် ကောက်ကျစ်သောအရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။

ယခုအခါတွင် ကျန်းချန်၏ ခွန်အားသည် သူ့ထက် အဆများစွာ သာလွန်နေချေပြီ။

ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ် အတွက် ကျန်းချန်နှင့် ယှဥ်ပြိုင်ရန် မဖြစ်နိုင်တော့ပေ။

သူ့အနေဖြင့် ဤမျှအထိ ကျန်းချန်ကို အောက်ကျို့၍ ပြောဆိုနေရသည့် ရည်ရွယ်ချက်မှာ ဤနေရာတွင် ရှိနေခွင့်ရရန်ဖြစ်သည်။

အကြောင်းအရင်းမှာ ကျန်းချန်သည် အစောပိုင်းက လျှို့ဝှက်နည်းစနစ်များကို အသုံးပြုထားခဲ့သောကြောင့်ပင်။

ထိုလျှို့ဝှက်နည်းစနစ်များ ပျောက်ကွယ်သွားသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်သည် ဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ရပြီး အားနည်းသောအ ခြေအနေကို ‌ရောက်ရှိသွားလိမ့်မည် ဖြစ်၏။

ထိုအချိန်သို့‌ ရောက်လျှင် သူသည် ကျန်းချန်၏ လက်ထဲကနေ ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ် ကို အလွယ်တကူ လုယူနိုင်လိမ့်မည် မဟုတ်ပါလား။

"ငါ့ကို ကူညီပေးဖို့လား ဝမ်းနည်းပါတယ် ငါမလိုအပ်ဘူးး"

ကျန်းချန်က မထီတရီဟန်ဖြင့် ပြောလိုက်သည်။

"ရှောင်ကျင့်ယွင် ငါမင်းကို အပိုစကားတွေ မပြောချင်ဘူး.. မင်းလည်း ဒီနေရာကနေ သွားလိုက်လို့ရပြီ"

"ကျန်းချန်..ငါကမင်းကိုစေတနာနဲ့ကူညီပေးချင်ပေမဲ့ မင်းကငါ့ရဲ့စေတနာကို စော်ကားနေတယ်.."

"မင်းက တကယ်ပဲ ငါ့ကို စေတနာနဲ့ကူညီမလို့လား.."

ကျန်းချန်က အေးစက်စက်ပြုံးလိုက်သည်။

"ရှောင်ကျင့်ယွင်.. မင်းငါ့ကို ငတုံးများမှတ်နေလား မင်းစိတ်ထဲမှာ ဘာတွေစဥ်းစားနေလဲဆိုတာ ငါမသိဘူး မထင်နဲ့"

"ကျန်းချန်.. မင်း.. "

ရှောင်ကျင့်ယွင်၏ မျက်နှာထက်တွင် ‌ဒေါသအရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

ရှောင်ကျင့်ယွင်၏ စကားမဆုံးမီမှာပင် ကျန်းချန်သည် သူ၏ လက်ထဲမှ သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သောဓားစွမ်းအင်သည် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

ထိုဓားစွမ်းအင်က ရှောင်ကျင့်ယွင်ကို ထိမှန်သွားပြီး ရှောင်ကျင့်ယွင်သည် နှုတ်ခမ်းထောင့်ကနေ သွေးများ စီးကျလာခဲ့သည်။

"ကျန်း.. ကျန်းချန် မင်းငါ့ကို တိုက်ခိုက်ရဲတယ်"

ရှောင်ကျင့်ယွင်က သူ၏ ဆောက်တည်ရာမရသော စိတ်ကို အတင်းအကြပ် တည်ငြိမ်‌အောင် ထိန်းချုပ်လိုက်သည်။

သူ၏စိတ်နှလုံးထက်တွင် အလွန်တရာ ကြောက်ရွံ့နေခဲ့၏။

ကျန်းချန်က ရှောင်ကျင့်ယွင်၏ စကားကို လျစ်လျူရှုလိုက်ပြီး သူ၏လက်ထဲမှ သွေးနဂါးဓားကို ပင့်မြှောက်လိုက်သည်။

ထိုအချိန်တွင် ရှောင်ကျင့်ယွင်ကို ကြည့်နေသည့် ကျန်းချန်၏မျက်လုံးများတွင် လူသတ်‌ငွေ့များ ထွက်ပေါ်လာခဲ့သည်။

"ရှောင်ကျင့်ယွင် မင်းကို ငါ နောက်ဆုံး အခွင့်အ‌ရေး တစ်ကြိမ်ထပ်ပေးမယ်.. ချက်ချင်း ငါ့ရှေ့ကနေ ပျောက်ကွယ်သွားစမ်း ငါမင်းကို မသတ်ရဲဘူးလို့ မထင်နဲ့"

အခန်း(၁၀၉၂)ပြီး၏။

All Chapters