အခန်း (၁၀၉၃-၁၀၉၅)
Vol. 73 Ch. 1093-1095
အခန်း(၁၀၉၃)
ကျန်းချန်၏ သတ်ဖြတ်လိုစိတ်များ ပါဝင်သော အရှိန်အဝါဖြင့် လွှမ်းခြုံခံလိုက်ရလျှင် ရှောင်ကျင့်ယွင်၏ တစ်ကိုယ်လုံးသည် ရေခဲခန်းထဲ ရောက်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
သူသာ စကားအနည်းငယ် ထပ်ပြောမိလျှင် ကျန်းချန်သည် သူ့ကို သနားညှာတာခြင်း အလျဥ်းမရှိဘဲ ဓားတစ်ချက်တည်းဖြင့်ပင် အဆုံးသတ်ပစ်လိမ့်မည်ဟု သူခံစားမိခဲ့သည်။
"ကောင်းတယ်.. သိပ်ကောင်းတယ်.. ကျန်းချန်.. မင်းကနှလုံးသားမရှိဘူးလို့ပဲ ငါမှတ်ထားလိုက်မယ်"
ရှောင်ကျင့်ယွင်က သူ၏ဒေါသကို အတင်းအကြပ် ထိန်းချုပ်လိုက်ပြီး ခန်းမထဲကနေ ချာခနဲ လှည့်ထွက်သွားခဲ့သည်။
"ဂျူနီယာညီလေးကျန်းချန်.. နှလုံးလောင်ကျွမ်း ဓားအင်ပါယာရှောင်တုလီက ယန်ဒီမြို့က ပါရမီရှင်များစွာကို ဘာကြောင့် မျက်စိထဲ မထည့်လဲဆိုတာ အရင်က ငါနားမလည်ခဲ့ဘူး.. အခုတော့ ငါနားလည်သွားခဲ့ပြီ.. အကြောင်းအရင်းက မင်းရဲ့ပါရမီကို ယန်ဒီမြို့ရဲ့ ဘယ်တပည့်ကမှ ယှဥ်မရလို့ပဲ"
"ရှောင်ကျင့်ယွင်က ရည်ရွယ်ချက်မမှန်ကန်ဘူးဆိုပေမဲ့ သူပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ အမှန်ပဲ.. ဒီပကတိအင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်ကို ရဖို့က မလွယ်ကူလောက်ဘူး မင်းကံကောင်းဖို့ ငါမျှော်လင့်ပါတယ်"
ရှောင်ရှင်းယာက ကျန်းချန်ကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက်တွင် အသက်ကို ခပ်ပြင်းပြင်းရှူကာ ရှောင်ယွိထုံနှင့် အတူ ခန်းမထဲကနေ ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့သည်။
ရှောင်ရှင်းယာတို့ နှစ်ဦးထွက်ခွာသွားပြီးနောက်တွင် ရွှယ်မင်ကျောင်းဆောင်၏ စတုတ္ထထပ်၌ ကျန်းချန် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
ချက်ချင်း ဆိုသလိုပင် သူ၏အကြည့်က ခန်းမ၏ အနက်ရှိုင်းဆုံးနေရာရှိ ပကတိအင်ပါယာတစ်ပိုင်း၏သွေးအဆီအနှစ်ဆီသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် သတိကြီးစွာဖြင့်ရှေ့သို့ တိုးလာခဲ့၏။
အင်ပါယာ အမွေအနှစ်နယ်မြေကို သူတော်စင်မြို့တော် ငါးမြို့သည် နှစ်ထောင်ပေါင်းများစွာ အကြာကပင် ရှာဖွေတွေ့ရှိခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း အင်ပါယာ အမွေအနှစ်နယ်မြေကို နှစ်တစ်ရာတွင် တစ်ကြိမ်သာ ဖွင့်လှစ်ခဲ့သည်။
သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင်များစွာသည် ဤနေရာသို့ ဝင်ရောက်ခဲ့ကြသော်လည်း မည်သူကမှ ပကတိအင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကို ယူဆောင်သွားနိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ကျန်းချန်သည် တကူးတက တွေးနေစရာပင် မလိုဘဲ ဤပကတိ အင်ပါယာတစ်ပိုင်း၏သွေးအဆီအနှစ်ကို ရယူရန်က မလွယ်ကူမှန်း ကောင်းစွာသိခဲ့သည်။
ထို့ကြောင့် ကျန်းချန်က သတိကြီးစွာထား၍ သွေးကန်ဆီသို့ တစ်လှမ်းချင်းသာ ချဥ်းကပ်သွားခဲ့သည်။
သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် သွေးအဆီအနှစ်၏ ဖိအားသည် တိုးမြင့်လာသည်ကို သူခံစားမိခဲ့သည်။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်ထားသည့် အခြေအနေတွင် ရှိနေ၍ သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် တတိယအဆင့်သို့ပင် ရောက်ရှိနေခဲ့၏။
ထို့အပြင် သူက နဂါးပြာသန္ဓေခန္ဓာကိုယ်၏ သွေးစွမ်းအားကိုပါ ထုတ်ဖော်ထားခဲ့သည်။
ထို့ကြောင့် ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ဖိအားသည် ကျန်းချန်အတွက် မည်သည့် ခြိမ်းခြောက်မှုကိုမှ မဖြစ်ပေါ်စေခဲ့ပေ။
သွေးကန်နှင့်ဆယ်ပေခန့်အကွာသို့ ရောက်ရှိလာသောအခါတွင် ကျန်းချန်သည် ပကတိအင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ် ဖိအားများက ရုတ်ခြည်းဆိုသလို တိုးမြင့်လာခဲ့သည်ကို အဆုံးသတ်တွင် ခံစားမိခဲ့သည်။
သူ့အတွက် ခြေလှမ်းတစ်လှမ်း လှမ်းရန်အတွက်ပင် များစွာပို၍ ခက်ခဲလာခဲ့၏။
"ဒီပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်က တကယ်ကို ထူးခြားတာပဲ.. သိုင်းသခင်နယ်ပယ် အထွတ်အထိပ်ကျင့်ကြံသူ တစ်ဦးအနေနဲ့ ဒီသွေးကန်နားကို ချဥ်းကပ်မိတယ်ဆိုရင် ဒီသွေးဖိအားရဲ့ အောက်မှာ တိုက်ရိုက် ပေါက်ကွဲပြီး သေဆုံးသွားနိုင်တယ်"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။
ဤပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကို သွေးကန်ထဲကနေ မည်သူကမှ မယူဆောင်သွားနိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
အကြောင်းအရင်းမှာ သွေးကန်၏အနားကို ချဥ်းကပ်ရုံဖြင့်ပင် သိုင်းသခင်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးသည် ပေါက်ကွဲပြီး သေဆုံးရမည် ဖြစ်သောကြောင့်ပင်။
ရှင်းလင်းစွာဆိုရလျှင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများ အတွက်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲလိမ့်မည်ဖြစ်၏။
"တိမ်တိုက်ဝါးမျို နည်းစနစ်ရဲ့ စွမ်းအားက သိပ်မကြာခင် ကုန်ဆုံးတော့မှာ ဆိုတော့ မကုန်ဆုံးခင် ငါ ပကတိအင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်ကို ရအောင်ယူမှဖြစ်မယ်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏စွမ်းအားများကို အကုန်အစင် ထုတ်သုံးလိုက်တော့သည်။
နတ်ဝိညာဥ်ဘုရင်နယ်ပယ်၏ ဘုရင့်စိတ်ဆန္ဒ၊ နဂါးပြာသန္ဓေခန္ဓာကိုယ်၏ သွေးစွမ်းအား၊ မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ် စသည့် အရာအားလုံးကို အမြင့်ဆုံးအဆင့်အထိ ထုတ်သုံးလိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် ခန်းမ၏ ကြမ်းပြင်ကို ခြေတစ်ချက်ဆောင့်နင်းလိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို လေးညှို့မှပစ်လွှတ်လိုက်သည့် မြှားတစ်စင်းကဲ့သို့ သွေးကန်၏ အလယ်ဗဟိုရှိ ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ဆီသို့ ပျံသန်းသွားခဲ့သည်။
သွေးကန်ထဲရှိ ပကတိအင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်သည် ရွှေရောင်အလင်းများဖြင့် တောက်ပနေခဲ့ပြီး ၎င်းထံမှ မမြင်နိုင်သော သွေးဖိအားသည် အရပ်မျက်နှာ အားလုံးသို့ ရိုက်ခတ်နေခဲ့၏။
စွမ်းအားအပြည့်အဝကို ထုတ်ဖော်ထားသော ကျန်းချန်ပင်လျှင် သွေးဖိအား၏ ရိုက်ခတ်မှုအောက်တွင် ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်များ မတည်မငြိမ် ဖြစ်လာခဲ့ပြီး ခန္ဓာကိုယ် ပေါက်ကွဲတော့မည့်အလား ခံစားခဲ့ရသည်။
"အချိန်နဲ့အာကာသ ဓားနယ်မြေ စုစည်းစမ်း"
ကျန်းချန်က သူ၏ သွားများကို အံကြိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အချိန်နှင့်အာကာသ ဓားနယ်မြေကို ထပ်မံ အသုံးပြုကာ ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်မှ သွေးဖိအားကို အချိန်နှင့်အာကာသ ဓားနယ်မြေ၏ အတားအဆီးဖြင့် ခုခံလိုက်သည်။
ဤနည်းအားဖြင့် ကျန်းချန်သည် ပကတိ အင်ပါယာ တစ်ပိုင်း၏ သွေးအဆီအနှစ် နံဘေးသို့ ရောက်ရှိလာနိုင်ခဲ့ပြီး သွေးအဆီအနှစ်ကို လှမ်းယူလိုက်သည်။
အခန်း(၁၀၉၃)ပြီး၏။
အခန်း(၁၀၉၄)
ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ် စွမ်းအားသည် စိတ်ကူး၍ပင် မရလောက်အောင် ကြီးမားလှသည်။
ကျန်းချန်သည် စွမ်းအားအပြည့်အဝကို ထုတ်ဖော်ထားသည့်တိုင် သွေးအဆီအနှစ်၏ ဖိအားအောက်တွင် မခံမရပ်နိုင်အောင် ဖြစ်ခဲ့ရ၏။
ဤသွေးအဆီအနှစ်၏ အနားတွင် အနည်းငယ် အချိန်ကြာကြာနေမိလျှင် သူ၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားနိုင်သည်ဟု သူခံစားခဲ့ရသည်။
ပကတိအင်ပါယာ တစ်ပိုင်း၏ သွေးအဆီအနှစ်က နှစ်ထောင်ပေါင်းများစွာ ကြာအောင် အဘယ်ကြောင့် ဤနေရာတွင် တည်ရှိနေခဲ့ပြီး သူတော်စင် မြို့တော်ငါးမြို့မှ ပါရမီရှင်များစွာသည် အဘယ်အကြောင်းကြောင့် မယူဆောင်နိုင်ခဲ့သည်ကို အဆုံးသတ်တွင် သူနားလည်သွားခဲ့သည်။
အင်ပါယာအမွေအနှစ် နယ်မြေထဲကို ဝင်ရောက်ခဲ့ကြသော သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင်များသည် သိုင်းသခင်နယ်ပယ် အဆင့်တွင်သာ ရှိကြသည်၊။
အင်ပါယာ အမွေအနှစ်နယ်မြေထဲတွင် နတ်ဝိညာဥ်ဘုရင်အဆင့်ကို ထိုးဖောက်ရန် အခွင့်အရေး ရရှိခဲ့လျှင်ပင် ၎င်းတို့၏ ခွန်အားသည် ဖုန်းချင်းရီနှင့် တန်းတူလောက်သာ ရှိမည်ဖြစ်သည်။
ထိုကဲ့သို့သော အင်အားလောက်သည် ပကတိအင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ် အနားကို ချဥ်းကပ်ရန် မလုံလောက်ပေ။
ကျန်းချန်၏ ခန့်မှန်းချက်အရဆိုလျှင် သူတော်စင်မြို့တော် ငါးမြို့၏ လူငယ်ပါရမီရှင်များကို မပြောနှင့်၊ ဝါရင့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများ ရောက်ရှိလာခဲ့လျှင်ပင် ပကတိအင်ပါယာ တစ်ပိုင်း၏ သွေးအဆီအနှစ်ကို ရယူရန် လွယ်ကူမည် မဟုတ်ပေ။
သာမန်အားဖြင့် ပကတိအင်ပါယာ တစ်ပိုင်း၏ သွေးအဆီအနှစ်သည် အလွန်ပင် စွမ်းအားကြီးမားသောကြောင့် ဝါးမျိုရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ကျန်းချန်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် အဆတစ်ရာစနစ်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ သူ၏ ခန္ဓာကိုယ်သည် သာမန်လူများနှင့် လုံးဝပင် ကွဲပြားခြားနားနေခဲ့သည်။
ထို့ကြောင့် သူ့အတွက် ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကို မျိုချရန် မည်သည့် အခက်အခဲမှမရှိပေ။
အဆတစ်ရာစနစ်ကို ပိုင်ဆိုင်လာပြီးနောက်တွင် ကျန်းချန်သည် မည်မျှပင် ပြင်းထန်သောစွမ်းအင် ဖြစ်၊ အလွယ်တကူ မျိုချနိုင်ကြောင်း သိရှိခဲ့သည်။
ထို့ကြောင့်လည်း မည်သည့်ဆေးလုံး အမျိုးအစားကို မဆို ကျန်းချန်သည် ဂျယ်လီကဲ့သို့ ဝါးစားနိုင်ခဲ့ခြင်းပင်။
သူက ရွှယ်လင် သိဒ္ဓိစမ်းရေ ကဲ့သို့ ကောင်းကင်နှင့်မြေကြီး၏ ရတနာကိုပင် ရေသောက်သကဲ့သို့ သောက်သုံးနိုင်ခဲ့သည်။
ကျန်းချန်က ပကတိအင်ပါယာ တစ်ပိုင်း၏ သွေးအဆီအနှစ်ကို မျိုချရန် ဆုံးဖြတ်လိုက်သည်။
ဤသည်ကပင် သူ့အတွက် ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကို ရယူနိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။
ထိုသို့မဟုတ်လျှင် အင်ပါယာ အမွေအနှစ်နယ်မြေထဲက ထွက်သည်နှင့် အင်အားကြီးသူများ၏ လုယက်ခြင်းကို ခံရလိမ့်မည်မဟုတ်ပါလော။
ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကို တစ်လုတ်တည်းဖြင့် မျိုချလိုက်ပြီးနောက်တွင် ခန်းမထဲတွင် ပြန့်ကျဲနေသော ကြောက်မက်ဖွယ် သွေးဖိအားများသည် အဆုံးသတ်တွင် လေထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ခန်းမထဲရှိ ဖိအားများသည် ရုတ်တရက် လျော့ကျသွားခဲ့၏။
ကျန်းချန် ခန့်မှန်းထားသည့် အတိုင်းပင် ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကို မျိုချပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်၌ မည်သည့်ဆိုးကျိုးမှ မဖြစ်ပေါ်လာခဲ့ပေ။
သိပ်မကြာခင်မှာပင် သာယာနာပျော်ဖွယ်ကောင်းသော သတိပေးသံများသည် ဆက်တိုက်ဆိုသလို ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က ပကတိအင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်ကို ဝါးမျိုပြီး သင့်ရဲ့ သွေးစွမ်းအားကို ဆယ်ဆ တိုးမြှင့်စေခဲ့ပါတယ်"
"ဒင်.. သင့်ရဲ့ နဂါးပြာသန္ဓေခန္ဓာကိုယ်က အစစ်အမှန်နဂါးခန္ဓာကိုယ် အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ"
"ဒင်.. သင်က သဘာဝလွန်စွမ်းရည် ဖြစ်တဲ့ နဂါးမီးလျှံကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"
သူ၏စိတ်ထဲမှ သတိပေးသံများကို ကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် ဝမ်းသာသော အရိပ်အယောင်များသည် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ဤပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကို ပေါင်းစပ်လိုက်ခြင်းဖြင့် ကျန်းချန်၏ သွေးစွမ်းအားသည် နောက်ဆုံးတွင် ထပ်မံ ပြောင်းလဲလာခဲ့ပြီး အစစ်အမှန်နဂါးခန္ဓာကိုယ် အဖြစ် မြှင့်တင်နိုင်ခဲ့သည်။
ထို့အပြင် အစစ်အမှန် နဂါးခန္ဓာကိုယ် အဖြစ် မြှင့်တင်ပြီးနောက်တွင် သူသည် သဘာဝလွန်စွမ်းရည် တစ်ခုကိုပါ တိုက်ရိုက် နားလည်သွားခဲ့သည်။
ယေဘုယျအားဖြင့် ကောင်းကင်စိတ်ဝိညာဥ် ခန္ဓာကိုယ်ကဲ့သို့ အထူးခန္ဓာကိုယ်များမှ လွဲလျှင် ဒဏ္ဍာရီလာ သန္ဓေနတ်ဘုရားခန္ဓာကိုယ်သာ သွေးနှင့်သက်ဆိုင်သည့် သဘာဝလွန်စွမ်းရည်များကို နိုးထနိုင်ခြေ ရှိသည်။
ဤသည်ကပင် ကျန်းချန်၏ ယခုတစ်ကြိမ် ပြောင်းလဲလာသော အစစ်အမှန် နဂါးခန္ဓာကိုယ်သည် သန္ဓေနတ်ဘုရားခန္ဓာကိုယ် နီးပါး အဆင့်မြင့်ကြောင်း ဖော်ပြနေခဲ့၏။
"အစစ်အမှန် နဂါးခန္ဓာကိုယ်နဲ့ နဂါးမီးလျှံစွမ်းရည်"
"အစောပိုင်းက ပင်ပန်းတာတွေအားလုံး တန်ဖိုးရှိသွားခဲ့ပြီ.."
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
အဆုံးသတ်တွင် သူ၏ ဖြူဖျော့နေသော မျက်နှာထက်၌ ကျေနပ်ပီတိဖြစ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
အစစ်အမှန် နဂါးခန္ဓာကိုယ်၏ သွေးစွမ်းအားသည် ယခင်နဂါးပြာသန္ဓေခန္ဓာကိုယ်၏ သွေးစွမ်းအားထက် များစွာပို၍ အစွမ်းထက်သည်။
ထိုထက်ပို၍ အရေးကြီးသည်မှာ သူသည် သွေးနှင့်သက်ဆိုင်သော သဘာဝလွန်စွမ်းရည် တစ်ခုကို နိုးထနိုင်ခဲ့ခြင်း ဖြစ်၏။
သူ၏ခန့်မှန်းချက်အရ သွေးနှင့် သက်ဆိုင်သော သဘာဝလွန်မှော်စွမ်းရည်သည် အချိန်နှင့်အာကာသ ဓားနယ်မြေထက် သာလွန်မည် မဟုတ်သော်လည်း များစွာ နိမ့်ကျနေမည်တော့ မဟုတ်ပေ။
သူ၏ လက်ရှိခွန်အားဖြင့် အပြည့်အဝ အသုံးပြုလိုက်လျှင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ကျင့်ကြံသူများပင် ခံနိုင်ရည်ရှိမည် မဟုတ်ဟု သူ ခန့်မှန်းခဲ့သည်။
ယခုအခါတွင် အချိန်နှင့်အာကာသ ဓားနယ်မြေ အပြင် သူ့တွင် နောက်ထပ် အစွမ်းထက်သော ဝှက်ဖဲတစ်ခုကို ပိုင်ဆိုင်လာခဲ့ပြီဖြစ်၏။
အခန်း(၁၀၉၄)ပြီး၏။
အခန်း(၁၀၉၅)
အင်ပါယာ သွေးအဆီအနှစ်ကို မျိုချပြီးနောက်တွင် ကျန်းချန်ထုတ်ဖော်ထားသည့် တိမ်တိုက်ဝါးမျို နည်းစနစ်၏ စွမ်းအားသည် ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ဒဏ်အပြည့် ရရှိထားသောခန္ဓာကိုယ်သည် တစ်ခဏအတွင်း ပို၍ပင် အားနည်းသွားခဲ့သည်။
ကျန်းချန်က သွေးကန်၏ အနီးသို့ ဖြည်းညင်းစွာ ရွေ့လျားသွားခဲ့ပြီး ကန်နံဘေးတွင် ခြေချိတ်၍ ထိုင်ချလိုက်သည်။
ထို့နောက် ကျန်းချန်က သူ၏ ဒဏ်ရာများကို ကုသရန် စတင် ကျင့်ကြံတော့မည့် အချိန်တွင် ခန်းမထဲကနေ အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး မင်းက တကယ်မဆိုးဘူးပဲ.. နောက်ဆုံးတော့ ဆရာသခင် ချန်ထားရစ်ခဲ့တဲ့ သွေးအဆီအနှစ်ကို နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်မှာ တစ်စုံတစ်ယောက်က ရယူနိုင်ခဲ့ပြီ"
အသံက ခန်းမထဲတွင် ပဲ့တင်ထပ်နေခဲ့ရာ ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဘယ်သူလဲ.. ဘယ်သူစကားပြောနေတာလဲ"
ရွှယ်မင်ကျောင်းဆောင်၏ စတုတ္ထထပ်တွင် အခြားလူတစ်ယောက် ပုန်းအောင်းနေမည်ဟု သူ မထင်ထားခဲ့ပေ။
သူက စိတ်ထဲမှ ထိတ်လန့်မှုကို အတင်းအကြပ် ထိန်းချုပ်လိုက်ပြီး ခန်းမတစ်ခုလုံးကို ဝေ့ဝိုက်၍ ကြည့်လိုက်သော်လည်း စကားပြောနေသူ၏ အရှိန်အဝါကို မခံစားမိခဲ့ပေ။
ယင်းက ကျန်းချန်ကို ပို၍ပင် သတိကြီးစွာ ရှိစေခဲ့သည်။
လက်ရှိအချိန်တွင် သူသည် အားနည်းသော အခြေအနေတွင် ရှိနေခဲ့သည်။
ယခုအခါ ခန်းမထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အင်အားကြီးမားသည့် ကျင့်ကြံသူတစ်ဦး ရှိနေသည်ဖြစ်ရာ ဤအခြေအနေသည် သူ့အတွက် အလွန်ဆိုးရွားသည်ဟု ဆိုရပေမည်။
"ဟားဟား.. ကောင်လေး ဒီလောက်ထိ မထိတ်လန့်ပါနဲ့.. ငါမင်းကို ဒုက္ခပေးဖို့ မရည်ရွယ်ပါဘူး.. ငါသာ မင်းကို တိုက်ခိုက်ချင်ရင် ရွှယ်မင်ကျောင်းဆောင်ထဲမှာ မင်းအခုထိ အသက်ရှင်နေဦးမယ်လို့ ထင်လား"
ရယ်မောသံနှင့်အတူ လေထု တုန်ခါမှုသည် ရုတ်တရက် ခန်းမထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်၏အရှေ့တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် ဝိညာဥ်ကဲ့သို့ စုစည်း၍ ပေါ်လာခဲ့သည်။
ကျန်းချန်က ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ပုံရိပ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ ပုံသဏ္ဌာန်သည် အလွန် ရိုးရှင်းသော်လည်း အလွန် လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ကျန်းချန် အစောပိုင်းက ရင်ဆိုင်ခဲ့ရသော ကြာပန်းနတ်ဘုရားဓားဧကရာဇ် ဖုန်းချင်းယာ၏ ဝိညာဥ်ကိုယ်ပွားပင် ထိုကဲ့သို့ အရှိန်အဝါမျိုး ကျန်းချန်ကို မခံစားစေခဲ့ပေ။
"မင်း.. မင်းဘယ်သူလဲ"
ထိုစကားကိုကြားလျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်ကို ပြုံး၍ ကြည့်ကာပြောလိုက်သည်။
"ကောင်လေး မင်းက ငါ့ခန္ဓာကိုယ်ပေါ်မှာ ရပ်နေပြီး ငါဘယ်သူလဲလို့ မေးနေတာလား"
ထိုစကားကိုကြားလျှင် ကျန်းချန်၏မျက်လုံးများသည် လင်းလက်သွားခဲ့သည်။
သူက တစ်စုံတစ်ရာကို ရုတ်တရက် စဥ်းစားမိလိုက်ပြီး တအံ့တသြ ပြောလိုက်သည်။
"မင်း.. မင်းက ရွှယ်မင်ကျောင်းဆောင်ရဲ့ ဝိညာဥ်လား"
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားသောအမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"အမှန်ပဲ.. ငါ့နာမည်က ရွှယ်ယဲ့.. ဒီရွှယ်မင်ကျောင်းဆောင်ရဲ့ ဝိညာဥ်ဆိုလည်း မမှားဘူးပေါ့"
"တကယ်ပဲ ရွှယ်မင်ကျောင်းဆောင်ရဲ့ဝိညာဥ် ဖြစ်နေတာကိုး"
ကျန်းချန်က စိတ်ထဲကနေ ကြိတ်၍ သက်ပြင်းချလိုက်သည်။
ရှန်းဝူတိုက်ကြီးတွင် အချို့သော အဆင့်မြင့် ရတနာများသည် အဆင့်အတန်း တစ်ခုအထိ ကြီးထွားလာနိုင်ပြီး လက်နက်ဝိညာဥ်များကို အလွယ်တကူ မွေးဖွားပေးနိုင်သည်။
ရွှယ်မင်ကျောင်းဆောင်သည် သူတော်စင်ရွှယ်မင် သန့်စင်ထားသော ပကတိ အင်ပါယာတစ်ပိုင်း လက်နက်ဖြစ်ရာ ဝိညာဥ်မွေးဖွားပေးနိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
သို့သော် ရွှယ်မင်ကျောင်းဆောင်၏ ဝိညာဥ်က လူအသွင်အဖြစ် ပြောင်းလဲနိုင်ပြီး ရွှယ်မင်ကျောင်းဆောင်ထဲတွင် ကိုယ်ထင်ပြလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ခဲ့ပေ။
သူတော်စင်ရွှယ်မင် သန့်စင်ထားသော လက်နက်သည် အလွန်ပင်အစွမ်းထက်သည်ဟု ဆိုရပေမည်။
"စီနီယာရွှယ်ယဲ့ ဖြစ်နေတာကိုး.. စီနီယာရွှယ်ယဲ့ ရောက်လာတာ ဘာအတွက်လဲ သိပါရစေ"
လူလတ်ပိုင်းအရွယ်အမျိုးသားက မည်သူမှန်း သိရှိသွားပြီးနောက်တွင် ကျန်းချန်သည် ပြန်လည် တည်ငြိမ်သွားခဲ့သည်။
သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရွှယ်မင်ကျောင်းဆောင်၏ ဝိညာဥ်ဖြစ်နေ၍ သူ့ကို ထိခိုက်အောင် လုပ်မည်မဟုတ်ပေ။
ဆိုရလျှင် ရွှယ်ယဲ့သည် ရွှယ်မင်ကျောင်းဆောင်၏ ဝိညာဥ် ဖြစ်သည်။
သို့ဖြစ်၍ ရွှယ်မင်ကျောင်းဆောင်ထဲမှ အရာအာလုံးနီးပါးသည် ရွှယ်ယဲ့၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့၏။
ရွှယ်ယဲ့သာ အမှန်တကယ် သူ့ကို ထိခိုက်အောင် လုပ်ချင်သည်ဆိုလျှင် လက်ချောင်းလေးကို အသာအယာ လှုပ်ရှားရုံမျှဖြင့် သူ့အနေဖြင့် သေဆုံးသွားနိုင်ပေသည်။
သူ့ကို အမှန်တကယ် သတ်ချင်သည်ဆိုလျှင် ရွှယ်ယဲ့ အနေဖြင့် ဒုက္ခခံပြီး ဤနေရာတွင် ပေါ်လာစရာ အကြောင်းမရှိပေ။
ကျန်းချန်၏ မေးခွန်းကိုကြားလျှင် ရွှယ်ယဲ့သည် အပိုစကား မပြောတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
"ငါမင်းကို လာရှာရတဲ့ အကြောင်းအရင်းက အရမ်းကို ရိုးရှင်းတယ် မင်းနဲ့ အပေးအယူ တစ်ခုလုပ်ချင်လို့ပဲ"
အခန်း(၁၀၉၅)ပြီး၏။