သူက ကလေးပဲ ရှိသေးတယ်
Vol. 6 Ch. 528
စုန့်ချွဲသည် ပိုင်ရှောင်ချန်းနှင့် စတွေ့ခဲ့သည့် ပထမဆုံးနေ့နှင့် ထိုကတည်းက ဖြစ်ပျက်လာခဲ့သော အရာမှန်သမျှကို ပြန်တွေးလိုက်မိသည်။ ပိုင်ရှောင်ချန်းသည် ဖျောက်ဖျက်၍မရသော ကံဆိုးမိုးမှောင်တိမ်တိုက်ကြီးပမာ သူ့အပေါ်တွင် အမြဲတမ်းရစ်ဝဲနေခဲ့လေသည်။
မြေခဓားကမ္ဘာချောက်မှာရှိခဲ့စဥ် ပိုင်ရှောင်ချန်းက သူ၏ကောင်းကင်စီးကြောင်း စွမ်းအင်ကို လုယူခဲ့သည်။ ထို့နောက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သွေးသခင်နေရာကို ခိုးယူပြန်သည်။ ထို့နောက် ခေါင်းဆောင်ငယ်ဆိုသော မြင့်မြတ်သည့်ဘွဲ့ဂုဏ်ထူးကို လက်ဝါကြီးအုပ်သည်။ အကြိမ်တိုင်း စုန့်ချွဲမှာ လိမ်လည်အနိုင်ယူခံနေရသည်ဟု ခံစားခဲ့ရလေသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းကို ရောက်လာပြီးနောက် သူသည် တခြားလူများထက် သာနိုင်ရန်အတွက်နှင့် အားခဲ၍ တတ်နိုင်သမျှ ပြင်းပြင်းထန်ထန် တစ်ယောက်တည်း ကြိုးစားခဲ့ရသည်။
ဧရာမစစ်သင်္ဘောကြီးပေါ်တွင်လည်း ထိုနည်းတူပင်။ ထို့နောက် အစိမ်းသပ်သပ်ဖြစ်နေသော နယ်မြေသို့ ရောက်ပြီးနောက်တွင် ထင်ပေါ်ကျော်ကြားလာရန် မျှော်လင့်ချက်များဖြင့် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံး၌ ပိုင်ရှောင်ချန်းကို မြေကြီးပေါ်တွင် ဒူးထောက်စေကာ သူ့ခြေထောက်အောက်တွင် နင်းခြေပစ်ရန် မျှော်လင့်နေခဲ့သည်။
ဤအခိုက်အတန့်မှာပင် ပိုင်ရှောင်ချန်း၏ မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးကာ ငေါက်ငမ်း၍ ရင်ဘတ်ပေါ် ခြေထောက်ဖြင့်နင်းနေသည့် မြင်ကွင်းကို သူ တွေးကြည့်နေမိသည်။
" အခုကစပြီး မင်းငါ့ကို တွေ့တိုင်း ပြားပြားဝပ်နေစေရမယ်"
သို့သော် ထိုအခြင်းအရာသည် သူ့၏အိပ်မက်ထဲတွင်သာ ဖြစ်နိုင်တော့သည်။ စုန့်ချွဲသည် ထပ်မံနင်းခြေခံလိုက်ရသည်ဟု ခံစားနေရပြီး အနည်းငယ်မျှမဟုတ်ဘဲ ကောင်းကင်တုန်ခါ၍ အုတ်အော်သောင်းနင်းဖြစ်စေသည့် ရာထူးဖြစ်သော စစ်ဦးစီးမှူးတစ်ယောက်၏ နင်းခြေခြင်းခံလိုက်ရလေသည်။
သူ့အတွေးစများက ထိုနေရာသို့ရောက်သွားသည်ဝယ် သောကများနှင့် ခံပြင်းခြင်းတို့ကြောင့် ပါးပြင်တွင် မျက်ရည်များ တလိမ့်လိမ့်စီးကျလာတော့သည်။
စုန့်ချွဲ၏ မျက်နှာပေါ်ရှိ မျက်ရည်များကို မြင်ရသောကြောင့် အလန့်တကြားဖြစ်သွားသော ပိုင်ရှောင်ချန်းက လှည့်၍ မာန်မဲလိုက်သည်။
" ခင်ဗျားတို့ ဘာလုပ်တာတုံး။ သတ်ချင်ဖြတ်ချင်စိတ်တွေ လျော့ကြ။ ဒါက ကျုပ်ရဲ့ ချစ်တူလေးပဲ။ သူတို့ လန့်အောင် ခြောက်နေကြတာလား။ သူက ကလေးပဲ ရှိသေးတယ် "
ထို့နောက် သူက လှည့်ပြီး စုန့်ချွဲကို နွေးနွေးထွေးထွေး ကြည့်ကာ လှမ်း၍ ဆံပင်ကိုပင် ဖွလိုက်သေးလေသည်။
ပိုင်ရှောင်ချန်းက သူ့အား ကလေးဟုခေါ်သည်ကို ကြားလိုက်သောအခါ စုန့်ချွဲ၏ လည်ပင်းနှင့်မျက်နှာပေါ်တွင် သွေးကြောများထောင်လာတော့သည်။
" ပိုင်ရှောင်ချန်း "
သူက ဟိန်းဟောက်လိုက်၏။ ထို့နောက် သူ့ပါးစပ်မှ သွေးများပန်းထွက်သွားကာ မြေပေါ်ပုံလဲ၍ သတိလစ်သွားတော့သည်။
ဤသည်မှာ အမှန်တကယ်ဆိုရလျှင် ပိုင်ရှောင်ချန်းရှိနေစဥ် သူသတိလစ်သွားသော ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်က ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ ကုံမြို့တော်မှာ ဖြစ်ပေသည်။
နောက်တစ်နေ့မနက်တွင် စုန့်ချွဲနိုးလာ၏။ သူက ဘေးဘီဝဲယာကို တင်းမာခက်ထန်စွာ ကြည့်ပြီးနောက် အံတင်းတင်းကြိတ်၍ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် တံခါးမှ သူထွက်လိုက်သည်နှင့် သူ့လမ်းပေါ်တွင် ကျင့်ကြံသူသုံးဦးပေါ်လာလေသည်။ ခေါင်းဆောင်နေရာရှိ တစ်ယောက်သည် သူရှိရာဘက်သို့ အေးစက်စက်အကြည့်ဖြင့် ကြည့်နေသည့် ကျောက်လုံဖြစ်သည်။
" စစ်ဦးစီးမှူး တံခါးပိတ်ကျင့်ကြံနေတယ်။ သူမသွားခင် မင်းကို စစ်မှုထမ်းဖို့ အမိန့်ပေးခဲ့တယ်။ အခုကစပြီး မင်းက စစ်ဦးစီးမှူး ရဲ့ ကိုယ်ရံတော်အစောင့်တွေထဲက တစ်ယောက်ပဲ။ ဒီတာဝန် မင်းလက်ခံရမယ်"
စုန့်ချွဲ၏နှုတ်မှ ဒေါသတကြီး တောက်ခေါက်သံ ထွက်ပေါ်လာသည်။
" ကိုယ့်အဆင့်ကိုယ် သိထား စုန့်ချွဲ "
ကျောက်လုံက ဆက်ပြောသည်။
" တခြားတပ်ဖွဲ့မှာဆိုရင် မနေ့က မင်းရဲ့ ရိုင်းပြမှုကြောင့် နေရာမှာတင် သုတ်သင်ခံလိုက်ရမှာ။ စစ်ဦးစီးမှူးက အရင်ကအချိန်တွေကို ထောက်ထားပြီး မင်းကို သက်ညှာပေးလိုက်တာ။ မင်းကို အပြစ်မပေးရုံတင်မကဘူး ငါ့လက်အောက်က သူ့ရဲ့ ကိုယ်ရံတော်တပ်သားအဖြစ် ခန့်အပ်ပြီး ချီးမြှင့်လိုက်သေးတယ်။ အခုကစပြီး စစ်ဦးစီးမှူးကိုမလေးမစားလုပ်တာတွေကို ငါဘယ်လိုမှ သည်းခံမှာမဟုတ်တော့ဘူး "
" မင်း ဒီအတိုင်းဆက်ပြီး စိတ်ကြီးဝင်နေမယ်ဆိုရင်တော့ စစ်ဦးစီးမှူး အတွက် ငါမင်းကို သေအောင်လုပ်ပစ်မယ် "
ကျောက်လုံသည် သူ့စကား၏ နောက်ဆုံးအပိုင်းနှင့်ပတ်သက်၍ ပိုင်ရှောင်ချန်းကို မေးမြန်းထား၏။ သူတို့နှစ်ယောက်ကြား၌ အထူးဆက်ဆံရေးတစ်ခုရှိကြောင်း သူသိသည် မဟုတ်ပါလော။ သို့သော် ပိုင်ရှောင်ချန်း၏ ကိုယ်ရံတော်တပ်ဖွဲ့ ခေါင်းဆောင်အနေနှင့် နုနယ်စဥ် အညွန့်ချိုးထားမှပို၍ကောင်းသော ကိစ္စအနည်းငယ်ရှိလေသည်။ အကယ်၍ စုန့်ချွဲသာ သူ့အတွက် မည်သည့်အရာက ကောင်းမွန်လဲဆိုသည်ကို မသိခဲ့လျှင် ကျောက်လုံအနေဖြင့် သူ့ကိုသေမင်းလက်ထဲ အပ်လိုက်နိုင်ခြင်းကြောင့် ပိုင်ရှောင်ချန်း၏ အမျက်ရှခံရမည်မှာ အသေအချာပင်။
ယခုထက်ထိ နှစ်များစွာ ပိုင်ရှောင်ချန်း၏နောက်လိုက် လုပ်နေခဲ့သောကြောင့် ပိုင်ရှောင်ချန်း၏ ဘုန်းတန်ခိုးအာဏာနှင့် ဂုဏ်ကျက်သရေတို့အပေါ် သူ့တာဝန်ရှိသည်ဟု သူက သတ်မှတ်ထားပြီး ၄င်းနှင့်ပတ်သက်၍ မည်သည့် နှောင့်ယှက်စော်ကားခြင်းတစ်ခုကိုမှ သည်းခံမည်မဟုတ်ပေ။
စုန့်ချွဲသည် ကျောက်လုံ၏မျက်လုံးများရှိ သတ်ဖြတ်လိုစိတ်များကို မြင်ရပြီး သူ့ကိုယ်ထဲသို့တိုင် ခြိမ်းခြောက်နေသော သတ်ဖြတ်လိုစိတ်များကို အာရုံရလိုက်လေသည်။
စောစောက ကျောက်လုံ ပြောလိုက်သောအရာမှန်သမျှသည် ခြိမ်းခြောက်ရုံ၊ သို့မဟုတ် ချဲ့ကားပြောနေခြင်းမဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။
နောက်ထပ်လဝက်ကုန်ဆုံးသွားပြီး စိတ်မပါသော်လည်း စုန့်ချွဲသည် ပိုင်ရှောင်ချန်း၏ ကိုယ်ရံတော်တပ်သားတစ်ဦးအဖြစ် နေသားကျလာတော့သည်။
ထိုလဝက်အတွင်း ပိုင်ရှောင်ချန်းသည် သူ၏ ထာဝရအသက်ရှည်နည်းသိုင်းပညာရပ်ကို တည်ငြိမ်အောင်လုပ်ရင်း အချိန်များကုန်ဆုံးနေလိုက်သည်။ ထိုအချိန်တွင် သူက အပြင်အားကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံနှစ်ခုလုံးတွင် အထွတ်အထိပ်သို့ ရောက်နေလေပြီ။ အရေးအကြီးဆုံးမှာ သူသည် သူ့ပတ်လည်ရှိ ကမ္ဘာကြီးကိုနှေးသွားစေသော မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် လှုပ်ရှားခြင်း စွမ်းရည်နှင့် ပို၍ အသားကျလာခဲ့သည်။
တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် သူ၏ တပ်မှူးကြီးများထံမှ နောက်ဆုံးရ စစ်မှုရေးရာ လျှောက်လဲတင်ပြချက်များကိုသိရန် အမှတ်သုံး တပ်ဖွဲ့ရှိ သူ၏သီးသန့်အခန်းသို့ ဦးတည်လိုက်လေသည်။
စစ်ဦးစီးမှူး တစ်ဦး ဖြစ်သည့်အတွက်ကြောင့် တင်ပြချက်များကို အလွန် ဂရုတစိုက်နားထောင်ရမည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းသိလေသည်။ နောက်ဆုံးတင်ပြသူမှာ ကျောက်လုံဖြစ်ပြီး မကြာသေးမီက မဟာတံတိုင်းကြီးအတွင်းနှင့် အမှတ်သုံးတပ်ဖွဲ့အတွင်း ဖြစ်ပွားခဲ့သော အရာမှန်သမျှကို ရှင်းပြလေသည်။
လှပကြော့ရှင်းသော လျှိုလီသည် ပိုင်ရှောင်ချန်း၏ နောက်တွင် ပခုံးကို နှိပ်နယ်ပေးရင်း ရပ်နေလေသည်။ ယခုအချိန်ထိ သူမက နှစ်များစွာကြာအောင် ပိုင်ရှောင်ချန်း၏ ကိုယ်ရံတော်တစ်ယောက်ဖြစ်ခဲ့ပြီး တကယ်တမ်းဆိုရလျှင် သူမမှာ အေးစက်စက်နေတတ်သော အကျင့်ရှိသည်။ သို့သော် ပိုင်ရှောင်ချန်း ပင်ပန်းနေသည့်အချိန်တိုင်း သူ့ကို နှိပ်နယ်ပေးရန် တွေဝေတွန့်ဆုတ်ခြင်း မရှိပေ။
" အခုအထိ သင်္ချိုင်းပျက်ကြီးထဲမှာ ဂူပေါက်တစ်ရာကျော် ရှာတွေ့ထားပါတယ်။ တစ်ပေါက်စီက ကြောက်စရာကောင်းတဲ့ အရိုးစုကြီးတွေနဲ့ ပြည့်နေတယ်။ အဲဒီမှာ နတ်အဆင့်သားရဲဝိညာဥ်နှစ်ကောင်တွေ့ခဲ့ပြီး သူတို့ကြောင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တစ်ကောင်ကို ကျွန်တော်တို့ဖက်က ရပြီး နောက်တစ်ကောင်ကိုတော့ မြေရိုင်းဒေသက အနိုင်ရသွားပါတယ်"
" လွန်ခဲ့တဲ့ လဝက်လောက်က နောက်ထပ်သတင်းအသစ်တွေ ရောက်လာခဲ့ပါတယ်။ ဂူပေါက်ရာကျော်ရှိတဲ့ သင်္ချိုင်းပျက်ကြီးအောက်မှာ နောက်ထပ် ကြောက်စရာနေရာကြီးတစ်ခုရှိပြီး အခုထက်ထိ ဘယ်သူမှ ဘယ်လိုဝင်ရမှန်း မဆုံးဖြတ်ရသေးပါဘူး "
ထို့နောက် ကျောက်လုံက တင်ပြချက်ကို နိဂုံးချုပ်လိုက်သည်။ သူက အလေးအနက်မဟုတ်သောဟန်ဖြင့် နောက်ထပ်တစ်ခု ထပ်မံပြောကြားလိုက်သည်။
" ကိုယ်ရံတော်တပ်သားအသစ် စုန့်ချွဲက ကျေနပ်စရာကောင်းအောင် တာဝန်ထမ်းဆောင်နေပါတယ်။ ဒါပေမဲ့ သူက ပြောရဆိုရခက်ပြီး တစ်ခါတစ်ခါ အမိန့်တွေကို လိုက်နာဖို့ ငြင်းဆန်နေတယ်။ ဒါကြောင့် ကျွန်တော် သူ့ကို မြေရိုင်းဒေသက သချိုင်းပျက်ထဲကို လွှတ်ကြည့်ဖို့ စီစဥ်နေတာ"
ပိုင်ရှောင်ချန်းက ခေါင်းခါ၍ ပြုံးလိုက်သည်။
" နေ... နေ.. ။ သူ့ကို တကယ် ဒုက္ခရောက်အောင် ဘာမှ မလုပ်နဲ့။ ငါက သူ့ဦးလေးလေ၊ မင်းသိတယ်မလား။ ပြီးတော့ တစ်ခါတလေ ကလေးတွေ ခေါင်းမာတာ ပုံမှန်ပါပဲ။ ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ၊ ငါ ရက်အနည်းငယ်လောက် ကမ္ဘာမြို့တော်ကို ခရီးသွားမလို့ ကြံရွယ်နေတယ်။ အခု ငါက အမှတ်သုံးအဖွဲ့ရဲ့ စစ်ဦးစီးမှူး ဆိုတော့ ငါတို့ရဲ့တပ်ဖွဲ့ထဲကို လက်ရွေးစင်လူသစ် နည်းနည်းပါးပါးလောက် စစ်မှုထမ်းဖို့ ခေါ်ရမှာက ငါ့တာဝန်ပဲ "
အမှန်တွင် ပိုင်ရှောင်ချန်းသည် ဤသည်ကို လွန်ခဲ့သော အချိန်အနည်းငယ်ထဲက ကြံရွယ်နေခဲ့ခြင်းဖြစ်သည်။ စုန့်ချွဲကို တွေ့ဆုံခဲ့ပြီးနောက် သူ့ကို သိသည့်လူများ၏ မျက်နှာများရှိ မျက်လုံးများ ပြူးထွက်လာကြသည်ကို မြင်တွေ့ခွင့်ရရန် အာသီသ ပြင်းပြလာတော့သည်။
ကျောက်လုံမှာ ချက်ချင်းပင် စိုးရိမ်လာပြီး ပိုင်ရှောင်ချန်း စိတ်ပြောင်းအောင် ကြိုးစားဖျောင်းဖျရန်ပင် တွေးလိုက်မိသည်။ သို့သော်လည်း နောက်ဆုံး၌ သဘောတူလိုက်ရကာ ပိုင်ရှောင်ချန်း ဘေးအန္တရာယ်ကင်းကြောင်း သေချာစေရန် အထူးပြင်ဆင်ချက်များ သွားလုပ်လိုက်လေသည်။
ခရီးစဥ်တွင် အမှတ်သုံးတပ်ဖွဲ့တစ်ခုလုံးကို ခေါ်သွားရန် မဖြစ်နိုင်သော်လည်း ကျောက်လုံအနေဖြင့် စုစုပေါင်း တပ်သားငါးထောင်ခန့်ရှိ တပ်ရင်းငါးရာနှင့်တကွ တပ်မှူးကြီး ငါးဦးကို ရွေးချယ်ရန် လုပ်ပိုင်ခွင့်အာဏာရှိလေသည်။
ရက်အနည်းငယ်ကြာသော် ပိုင်ရှောင်ချန်းသည် ပိုင်လင်းကို ကျောက်စိမ်းပေလွှာကတစ်ဆင့် တပ်သားစုဆောင်းခြင်းအတွက် ကမ္ဘာမြို့တော်သို့ သွားရန် ခွင့်ပြုချက်တောင်းခံသော တောင်းဆိုချက်တစ်ခု ပေးပို့လိုက်လေသည်။ စစ်ဦးစီးမှူး တစ်ယောက်က ယခုကဲ့သို့မြို့တော်မှ ထွက်ခွာသည်မှာ အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်ရာ စစ်သေနာပတိချုပ်တစ်ယောက်က ခွင့်ပြုလက်မှတ်ထိုးပေးရလေသည်။
ကျောက်စိမ်းပေလွှာရှိ တောင်းဆိုချက်ကို ဖတ်လိုက်သည်နှင့် ပိုင်လင်းသည် ပိုင်ရှောင်ချန်းက သူမည်မျှ အံ့သြဖွယ်ကောင်းကြောင်း သူ၏ပြိုင်ဘက်များသိသွားစေရန် ကြွားလုံးထုတ်ရန်ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်လေသည်။ အမှတ်တကယ်ဆိုရလျှင် ပိုင်ရှောင်ချန်းသာလျှင် ထိုသို့သော အရာမျိုးလုပ်သည့်လူမဟုတ်ပေ။ တပ်မှူးကြီးများစွာပင်လျှင် တစ်ပုံစံတည်းလုပ်ကြလိမ့်မည်ဖြစ်သည်။
သူသိသော ပိုင်ရှောင်ချန်း၏ စရိုက်အကြောင်းစဥ်းစားလိုက်ရင်း ပိုင်လင်းသည် တောင်းဆိုချက်ကို ချက်ချင်းသဘောတူသင့်သည်ဟု ဆုံးဖြတ်လိုက်လေသည်။ အမှန်တွင် သူက ပိုင်ရှောင်ချန်းကို သတင်းအချက်အလက်တချို့ပင် ပေးပို့လိုက်သေးသည်။ ရှောင်ရှားရမည့် အရာများအကြောင်း သတိပေးချက်အနည်းငယ် ပေးလိုက်သည်သာမက သူ၏ရည်မှန်းချက်များ အောင်မြင်စေရန် နည်းနည်းပါးပါး သင်ပေးလိုက်လေသည်။ ပိုင်ရှောင်ချန်းမှာ အစတွင် အံ့သြသွားသော်လည်း ပိုင်လင်းကမည်မျှ အတွေ့အကြုံရှိကြောင်း သဘောပေါက်လိုက်လေသည်။
" ငါတို့က အခုရှေ့တန်းမှာ တိုက်ပွဲဝင်နေရတာဆိုတော့… "
ပိုင်လင်းက ပြောသည်။
" ကမ္ဘာမြို့တော်က လူတွေက မင်းကို ချီးကျူးစကားတွေ နဲ့ လက်ဆောင်တွေ ပေးဖို့တောင် အဆင့်သင့်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ သိပ်မလွန်စေနဲ့ "
သူက အနည်းငယ် အကြံပေးလိုက်ပြီး နောက်ဆုံးတွင် ပိုင်ရှောင်ချန်း၏တောင်းဆိုချက်ကို သဘောတူလိုက်လေသည်။
နောက်ထပ် နှစ်ရက်ကုန်လွန်သွားပြီး မဟာတံတိုင်းမြို့တော်၏ ဂိတ်တံခါးများ ပွင့်လာကာ အနက်ရောင် စစ်ဝတ်တန်ဆာများနှင့် ကျင့်ကြံသူထောင်ပေါင်းများစွာက ကောင်းကင်တံတားပင်လယ်ရှိရာဘက်သို့ ဟိတ်ဟန်အပြည့်ဖြင့် ထွက်ခွာလာကြတော့သည်။ သူတို့အားလုံး၏ အလယ်ဗဟိုမှာ ပိုင်ရှောင်ချန်း ရှိနေပေသည်။
သူက ရွှေရောင်သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြောက်စရာကောင်းနေလေသည်။ သူက လက်မောင်းကို ဂုဏ်ယူစွာ ဝှေ့ယမ်းလိုက်ရင်း သူ့လူများကို ချီတက်စေလိုက်၏။
ကျောက်လုံနှင့် လျှိုလီက သူ့ကို ခြံရံထားပြီး သူတို့နှင့်အတူ မနာလိုမရှုစိမ့်နိုင်အောင် ဖြစ်နေသော စုန့်ချွဲလည်း ရှိလေသည်။ တပ်မှူးကြီးများက တပ်သားများအား ကြပ်မတ်ထားသော ပုံစံဖြင့် လေထဲမှ ပျံသန်းနေရန် စီမံထားပြီး အန္တရာယ်နှင့် ပက်ပင်းမတိုးရအောင် ရှေ့ပြေးတပ်များအား ရှေ့သို့ ကြိုလွှတ်ထားလေသည်။ ပိုင်ရှောင်ချန်းကို ကာကွယ်ရန်နှင့် သူတို့လမ်းကို နှောင့်ယှက်မည့်အရာမှန်သမျှကို ချေမှုန်းရန် အရာအားလုံး ပြင်ဆင်ထားလေသည်။
အတန်ငယ်ဝေးသောနေရာမှပင် ထိုအဖွဲ့ကြီးမှ ထုတ်လွှတ်နေသော ကောင်းကင်တုန်ခါ၍ မြေပြင်တို့ အက်ကွဲစေလုမတတ် သတ်ဖြတ်လိုသော အငွေ့အသက်များကို သတိပြုနိုင်သည်။
စုန့်ချွဲသည် သူ့ပတ်လည်ရှိ တပ်သားများကို လှည့်ပတ်ကြည့်ကာ အတန်ငယ်စိတ်လှုပ်ရှားနေလေသည်။ မကြာသေးမီက မဟာတံတိုင်းရှိကျင့်ကြံသူများအကြောင်းကို ပို၍ကောင်းစွာ နားလည်လာခဲ့ပြီး ဤကဲ့သို့ အဖွဲ့မျိုးက သူ့ကို မျက်စိတစ်မှိတ်အတွင်းမှာပင် သုတ်သင်ပစ်နိုင်သည်ကို သဘောပေါက်သွားလေရာ စိတ်ပျက်သွားသည်။ သူတို့၏ ခြေရာကိုပင် ရပ်တန့်အောင် သူ လုပ်နိုင်လိမ့်မည်မဟုတ်ပေ။
သူ့ကို ပို၍ ခံရခက်စေသည်မှာ တစ်ဖွဲ့လုံးက ပိုင်ရှောင်ချန်းပေးသည့် မည်သည့် အမိန့်ကိုမဆို ခုန်ပေါက်၍ နာခံနေမည်ဖြစ်သောကြောင့်ပင်။
တပ်မှူးကြီး အနည်းငယ် အပါအဝင် ငါးထောင်သော ထိုအဖွဲ့ကြီးအတွင်းမှာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် ရှိလေသည်။ အမှတ်သုံးတပ်ဖွဲ့တစ်ခုလုံး၏ တစ်ဝက်ခန့်ရှိပြီး မဟာတံတိုင်းမြို့တော်၏ အပြင်ဘက် သူတို့ သွားသည့်နေရာတိုင်းရှိ ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များ၊ အပင်များသည် ကြောက်လန့်တုန်ရီသွားမည်သာဖြစ်ပြီး အနားပင် ကပ်ဝံ့ကြမည်မဟုတ်ပေ။
ထူးခြားဆန်းကြယ်သော မြေရိုင်းတိမ် များပင်လျှင် မဟာတံတိုင်းမြို့တော်မှ ကျင့်ကြံသူငါးထောင်ရှေ့တွင် ပေါ်လာရဲမည်မဟုတ်ပေ။
ထို့ကြောင့် သူတို့လမ်းကြောင်းကို ပိတ်ဆို့တားဆီးသည့် အနှောင့်အယှက်တစ်ခုတစ်လေပင် မရှိလေရာ ကမ္ဘာမြို့တော်နှင့် နီးသထက် နီးလာလေတော့သည်။