← Chapters

အားကျောက်၏ဘဝသစ်

Vol. 4 Ch. 32

အားကျောက်၏ဘဝသစ်

Vol. 4 Ch. 32

အေးစက်သောနေ့ရက်များသည် တရက်ပြီးတရက် ကုန်လွန်သွား၏။ သို့သော် အသွင်ယူထားသည့် ရဲများနှင့်ပြည့်တန်ဆာများမှာကား "မိုးချုပ်တွင်အလုပ်ဝင်၍ မိုးလင်းလျင်အိပ်"သည့် လုပ်ရိုးလုပ်စဥ်အတိုင်း အချိန်ကို ကုန်လွန်စေကြလေသည်။ ၎င်းတို့သည် လမ်းထိပ်သို့ အတူတကွ ထွက်လာကြပြီး ဖောက်သည်များကို အတူတူ ဆွဲဆောင်ကြ၏။ သို့သော် ဦးတည်ရာဖောက်သည်များမှာ အတော်လေး ကွဲပြားကြလေသည်။ အသွင်ယူရဲမေများ၏ ဖောက်သည်များမှာ ၎င်းတို့၏ လင်ယောကျ်ားများဖြစ်ပြီး ပြည့်တန်ဆာမိန်းကလေးများ၏ ဖောက်သည်များကတော့ မည်သူမည်ဝါမှန်းမသိကြသော သူစိမ်းများ ဖြစ်ကြ၏။ သို့သော် တခြားလူများ၏အမြင်တွင် သူတို့အားလုံးကို အတူတူဟုပင် ထင်ရသည်။ မည်သူက အသွင်ယူရဲမေဖြစ်ပြီး မည်သူက ပြည့်တန်ဆာဟုတ်မဟုတ်ကို မည်သို့ခွဲနိုင်မည်နည်း။

"အင်စပက်တာကျန်း မြို့တော်ရဲဌာနချုပ်က မြို့လုံးကျွတ်ပူးပေါင်းပါဝင်ရေးအစီအစဉ်တစ်ခု ဆောင်ရွက်ဖို့ရှိတယ်တဲ့ ဒါကြောင့် ပြင်ပရေးရာရုံးက ကျွန်မတို့အနေနဲ့ တယောက်ယောက်လွှတ်ပေးနိုင်မလား မေးနေတယ်"

လျူနင်းက ကျန်းကျင်းခိုင်၏ ရုံးခန်းထဲသို့ဝင်လာပြီး အထက်ပါအတိုင်း မေးလိုက်၏။ ဝေစင်းပြန်ရောက်လာသော်လည်း သူမ၏ တာဝန်များကို လျူနင်းက ကူညီဆောင်ရွက်နေဆဲပင်။ ကျန်းကျင်းခိုင်အနေနှင့် ဝေစင်း၏ စိတ်ပိုင်းဆိုင်ရာကြောင့် တတ်နိုင်သလောက် သက်သာသောတာဝန်များကိုသာ ယူစေလေသည်။

"အင်း ကျုပ် သိပြီးပြီ ကျုပ်တို့ ဝေစင်းကို လွှတ်လိုက်ကြမယ်"

အထက်ပါအတိုင်း ဆုံးဖြတ်ပြီး ကျန်းကျင်းခိုင် ထွက်ခွာသွား၏။ မထွက်ခါမီ လျူနင်း၏ လက်ထဲရှိ လမ်းကြားတာဝန်ကျဇယားကို ကြည့်ကာ

"ဝေစင်းကို လမ်းကြားတာဝန်ကျဇယားထဲ မထည့်နဲ့အုံးနော် သူမကို နည်းနည်း အနားယူခွင့်ပေးလိုက်" ဟု ပြောခဲ့သေး၏။

လျူနင်း ခေါင်းညိတ်လိုက်သည်။ သူမကိုယ်တိုင်သည်လည်း အတွေ့အကြုံရင့်ရဲတစ်ဦးဖြစ်၍ ကျန်းကျင်းခိုင်၏ ရည်ရွယ်ချက်က်ို နားလည်ထားသည် မဟုတ်ပါလား။

"ဟေ့ ဝေဝေ အင်စပက်တာကျန်းက ပြောတယ် မြို့လုံးကျွတ်ပူးပေါင်းပါဝင်ရေးအစီအစဉ်အတွက်ပြင်ပရေးရာဌာနကို ကူညီဖို့ နင်သွားရမယ်တဲ့"

သူတို့အတူတကွ အလုပ်လုပ်သော စားပွဲသို့ပြန်ရောက်သောအခါ လျူနင်းက ဝေစင်းအား နွေးထွေးစွာ ပြောလိုက်၏။

"ဒါဆို ငါ လမ်းကြားထဲမှာ မသွားရတော့ဘူးပေါ့"

ဝေစင်း၏ အသံမှာ စိတ်ပျက်သံပေါက်နေလေသည်။

"ဟယ် အရူးမလေး"

လျူနင်းက ဝေစင်း၏နှာခေါင်းကို ချစ်စနိုးနှင့် ညှစ်လိုက်၏။

"ဒါ အင်စပက်တာကျန်းက နင့်ကို ဂရုစိုက်တာဟ တွေးကြည့်စမ်းပါ နင် တီဗီမှာ ပါလာမယ် နာမည်ကြီးလာမယ် ကြည့် အင်စပက်တာကျန်း နင့်အတွက် ဘယ်လောက်စဥ်းစားပေးထားသလဲဆိုတာ ဒါကို ဘာကြောင့် လမ်းကြားထဲ ပြန်သွားချင်နေရတာလဲ အဲဒီမှာ ကြောက်စရာကြီး"

"အင်း နင်ပြောတာမှန်ပါတယ်"

ဝေစင်း ပြုံးလိုက်၏။ ကျန်းကျင်းခိုင် သူမကို ဂရုစိုက်ကြောင်းသိရ၍ သူမ ကျေနပ်သည်။ မည်သည့်အကြောင်းကြောင့် ဂရုစိုက်သည်ဖြစ်စေ အကြောင်းပြချက်များကို သူမဂရုမစိုက်။

ထိုအတောအတွင်း အားကျောက်သည်လည်း အလုပ်တခု ရသွားခဲ့၏။ မူကြိုဆရာမအလုပ်ပင် ဖြစ်သည်။ ဤအလုပ်သည် ယခင်လုပ်ခဲ့သည့်အလုပ်ထက် ဝင်ငွေနည်းသော်လည်း သူမအဖို့ စိတ်ချမ်းသာစရာကောင်းလှ၏။ ကလေးများနှင့် တစ်နေကုန်အချိန်ဖြုန်းရခြင်းက သူမ၏ စိတ်နှလုံးကို သန့်ရှင်းပျိုပြစ်သွားစေသည်ဟု သူမ ခံစားရသည် မဟုတ်ပါလား။ ဤသို့နှင့် သူမ အလွန်ပျော်ရွှင်နေလေသည်။

"အစ်မယင် ကျွန်တော်ဆွဲတဲ့ပုံ လှလား"

လေးနှစ်သားကလေးတစ်ဦးက အားကျောက်ထံ ပြေးလာပြီး မေးလိုက်၏။

"ကြိုက်တာပေါ့သားရဲ့"

အားကျောက်က ကလေး၏ ဦးခေါင်းကို ပွတ်သပ်ရင်း ဖြေလိုက်၏။

"ဟယ် ဒါ အစ်မပုံလား"

"ဟုတ်တယ်

ထို့နောက် ကလေးက အားကျောက်နားကပ်ပြီး တီးတိုးပြောလိုက်၏။ "အစ်မယင်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် အဖေက မေမေထက် အစ်မယင်က ပိုလှတယ်တဲ့ဗျ"

အားကျောက် တခစ်ခစ်နှင့် ရယ်မောလိုက်၏။

"ခစ် ခစ် ဒါကို အစ်မတို့ကြားထဲမှာပဲ ထားနော် ဟုတ်ပြီ သားကို ကြယ်တပွင့်ပေးမယ် ကဲ ကဲ သူငယ်ချင်းတွေနဲ့ သွားဆော့ချည်တော့"

"ဒါနဲ့ ယင်ယင်ရေ ကျောင်းမှာ အနုပညာသင်တန်းတစ်ခု ထပ်ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ် မင်း ပိုပြီး အလုပ်များလာတော့မယ်"

မူကြိုကျောင်းအုပ်အစ်မလီက အားကျောက်အနီးသို့ ရောက်လာပြီး ပြောလိုက်သည်။

"ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်အစ်မလီ"

အားကျောက် ပြန်ဖြေလိုက်၏။ မှန်ပါသည်။ အားကျောက်၏ နာမည်အရင်းမှာ ယင်ကျီးယွမ် ဖြစ်၏။ သူမ နာမည် လင်းအားကျောက် လုံးဝမဟုတ်ချေ။

"စိတ်မပူနဲ့သိလား ကျောင်းက လစာတိုးပေးဖို့ စီစဉ်ပေးမယ်"

အစ်မလီက အားကျောက်ကို အားပေးစကား​ပြောလိုက်၏။ အားကျောင်သည် အလုပ်အလွန်ကြိုးစားပြီး လစာနည်းစေကာမူ တခါမှမငြီးငြူဖူး၍ လူတိုင်းက သူ့အား ခင်မင်ကြ၏။

"ကျေးဇူးတင်ပါတယ်အစ်မလီ"

အားကျောက်က ကျေနပ်ဟန်ဖြင့် ဖြေလိုက်သည်။

"ကလေးတွေနဲ့ တစ်နေကုန် ဆော့နေရတာ ကျွန်မ အရမ်းကြိုက်တယ်လေ"

"အင်း တစ်နေ့မှာ မင်း မိခင်ကောင်းတစ်ယောက် ဖြစ်လာမှာ သိလား"

အထက်ပါအတိုင်းပြောပြီး အစ်မလီက ပြုံးရင်းထွက်ခွာသွား၏။

ညနေစောင်းသည်နှင့် အားကျောက်သည် နောက်ဆုံးကလေးကို အိမ်ပြန်လွှတ်ပြီး စာသင်ခန်းကို သော့ခတ်ကာ အိမ်ပြန်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ထိုအချိန်မှာပင် ကားအကောင်းစားတစီး သူမအနီးသို့ ရောက်လာပြီး ကားမောင်းလာသူက နှုတ်ဆက်လာ၏။

"အစ်မယင် လမ်းကြုံလိုက်အုံးမလား"

ကားမောင်းလာသူလူငယ်က ​မေးလိုက်၏။ ကားအကောင်းစား မောင်းလာသူဖြစ်၍ သူ့မိဘများ ငွေကြေးချမ်းသာမည်မှာ သေချာနေသည်။

"မလိုပါဘူးရှင် ကျေးဇူးတင်ပါတယ် ဒါနဲ့ ရွှီကျင်းကို လာကြိုတာလား"

အားကျောက်က လူငယ်အား ပြုံးပြရင်း မေးလိုက်လေသည်။

"အိုး သူလား ၊ ဒီနေ့ သူ့အားလပ်ရက်လေ"

လူငယ်က တွန့်ဆုတ်တွန့်ဆုတ်ဟန်ပန်နှင့် ပြောလိုက်သည်။

"ဒီနားမှာ အလုပ်ကလေးတခုရှိလို့လာတာ ခင်ဗျားကို တွေ့တာနဲ့"

"အော် အဲလိုလား မလိုက်တော့ပါဘူးရှင် ကျွန်မကလမ်းလျှောက်ရတာ ပိုကြိုက်တယ်လေ"

အထက်ပါအတိုင်းပြောပြီး အားကျောက် ပြန်လာခဲ့၏။

"လူငယ် စိတ်ဆိုးနေ၏။

"လင်ဟုန်းပင်ရဲ့ ဆွဲဆောင်မှုကို ခံနိုင်တဲ့မိန်းမ ရှိသေးတာလား တွေ့ကြသေးတာပေါ့ကွာ"

စိတ်ဆို၍သာ ကြုံးဝါးလိုက်သော်ငြား သူ့အနေနှင့် နောက်ထပ်ကြိုးစားရန် အခွင့်အရေးမရှိတော့ကြောင်း ကောင်းကောင်းသိနေ၏။

မြို့တော်၏ ညသည် အားကျောက်၏ မျက်လုံးထဲတွင် အထူးလှပနေ၏။ သူမသည် လမ်းမီးများနှင့် ရောင်စုံနီယွန်ဆိုင်းဘုတ်များကို ငေးရင်း လမ်းလျှောက်နေလေသည်။ မကြာမီ သူမ ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်သို့ ရောက်လာ၏။

"ဦးလေးကိုင် လက်ဖြစ်ခေါက်ဆွဲတပွဲ"

အားကျောက် ဆိုင်ထဲဝင်လာပြီး လှမ်းမှာလိုက်သည်။

"ရမယ် သမီးရေ"

ဦးလေးကိုင်တယောက် မီးဖိုထဲမှ ထွက်လာပြီး အားကျောက်ကို ကြိုဆိုလိုက်၏။

"ဒီနေ့ စောနေပါလား"

"ဟုတ်တယ် ဦးလေးကိုင် ဒီနေ့ စောစောဆင်းလိုက်တယ် ဒါနဲ့ ဦးလေးကိုင် အချိုတည်းဖို့ မုန့်လေးတွေလဲ ပေးအုံးနော်"

"ရမယ် ရမယ်"

ဦးလေးကိုင်တယောက် အားကျောက်၏စားပွဲကို သုတ်ပြီး မီးဖိုထဲသို့ ပြန်ဝင်သွား၏။

သူမ၏စားပွဲတွင် ထိုင်နေစဉ်မှာပင် တခြားစားပွဲမှ စုံတွဲတစ်တွဲကို အားကျောက် မြင်လိုက်သည်။ ကြည့်နေရင်းနှင့် သူမ၏စိတ်သည် တမျိုးတဖုံ ဖြစ်လာ၏။

"ပါးစပ်ပိတ်ထားစမ်း မင်းပါးစပ်ကနေ စကားအကောင်း တခွန်းမှကိုမထွက်ဘူး"

"ဟေ့ ဦးရဲကြီး ရှင် အရင်က မူကြိုဆရာလား ဒါကြောင့် ကျွန်မကို ကလေးလို ဆက်ဆံနေတာလား"

တွေးရင်းနှင့် အားကျောက်၏ နှုတ်ခမ်းမှာ တဖြည်းဖြည်း ပြုံးယောင်သန်းလာ၏။ အံ့သြစရာကောင်းသည်မှာ သူမကိုယ်တိုင် မူကြိုဆရာမဖြစ်လာခဲ့ခြင်းပင်။

"ဘာတွေတွေးနေတာလဲ တယောက်တည်းလဲ ပြုံးစိစိနဲ့"

ဦးလေးကိုင်က အစားအသောက်များ ယူလာရင်း မေးလိုက်၏။

"ဘာမှမဟုတ်ဘူး ဦးလေးကိုင်ကိုတွေ့ရတာ ဝမ်းသာလို့"

အားကျောက်က ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ဒါဆို မင်းကို ပြောစရာရှိတယ် ဒါပေမယ့် စိတ်မဆိုးဖို့ ကတိပေးမှ ပြောမယ်"

ဦးလေးကိုင်က မပြောခင် ကတိအရင်တောင်းလိုက်၏။ အားကျောက် ခေါင်းညိတ်မှ သူ ဆက်ပြောလိုက်သည်။

"တနေ့က ကျုပ် ကျန်းကျင်းခိုင်ကို မေးကြည့်တယ် သူကလဲ မင်းအပေါ် ခံစားချက်ရှိနေပါသတဲ့လေ"

"ဟာ ဘာတွေလဲဦးလေးကိုင် ဦးလေးကို ဘယ်သူက မေးခိုင်းလို့လဲ"

အားကျောက် နှုတ်ခမ်းစူပြီး ထအော်လိုက်သည်။ သူမတကိုယ်လုံးသည်လည်း ခုံတွင် ထိုင်လိုက်ထလိုက် ဖြစ်နေ၏။

"ကောင်မလေး လုပ်စရာရှိတာ မြန်မြန်လုပ်နော် ကျန်းကျင်းခိုင်ဆိုတဲ့ကောင်လေးက လူကောင်းလေး"

ဦးလေးကိုင် စနောက်ပြီး ကျန်ဖောက်သည်များဆီ ထွက်သွား၏။

"အို၊ စိတ်ရှုပ်လိုက်တာ..."

အားကျောက် ရေရွတ်လိုက်၏။ သို့သော် သူမမျက်နှာ ရဲရဲနီနေလေသည်။

စားပြီးသည်နှင့် အား​ကျောက်က ပိုက်ဆံကိုခေါက်ဆွဲပန်းကန်အောက်တွင် ထားခဲ့ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်၏။ တံခါးဝအရောက်တွင် ကြံ့ခိုင်သော ယောက်ျားတစ်ဦ ဝင်လာပြီး

"ဦးလေးကိုင် ခေါက်ဆွဲပွဲကြီးတစ်ပွဲ ငံပြာရည်အပိုတစ်ခွက် မုန့်ချိုတွေရောပဲ" ဟု လှမ်းမှာလိုက်၏။

အားကျောက် ထိုယောကျ်ားကို တစ်စက္ကန့်မျှ ဖြတ်ခနဲကြည့်ပြီး ဆိုင်ထဲမှ လျင်မြန်စွာ သုတ်ခြေတင်ခဲ့လေသည်။ လူ့ဘဝသည် လူများကို လှည့်စားတတ်ပုံရသည်။ ချစ်မိသူနှင့်ဘေးချင်းကပ်ယှဥ်မိသည့်တိုင် သူမကို သူ မမှတ်မိနိုင်ပဲ ဖြစ်နေ၏။

အားကျောက်သည် ခပ်သွက်သွက် လျှောက်နေ၏။ လမ်းကြားနှင့်နီးသည့် သူမ၏အိမ်သို့ ရောက်ခါနီးတွင် သူမ အတွေးတစ်ခု ဝင်လာခဲ့သည်။ ထိုအခါ သူမက ရှေ့ဆက်မသွားတော့ပဲ ယခင်တိုက်ခန်းဟောင်းဆီသို့ ပြန်လှည့်လိုက်၏။ ထိုအချိန်တွင် ထို ယောက်ျားသည် ခေါက်ဆွဲဆိုင်မှ ​ထွက်လာပြီး လမ်းကြားဆီသို့ အရှိန်ပြင်းစွာ ပြေးသွားခဲ့သည်။ သို့သော် သူတို့နှစ်ဦး နောက်တစ်ကြိမ် လွဲချော်သွားပြန်၏။

မိနစ်အနည်းငယ်အတွင်း ကံကြမ္မာသည် ကျန်းကျင်းခိုင်ကို အခွင့်အလမ်းနှစ်ခု ပေးခဲ့၏။ သို့သော် သူ မည်သည့်အခွင့်အရေးကိုမျှ မယူနိုင်ခဲ့။ သူ့စိတ်ထဲတွင် အားကျောက်သည် ကျစ်ဆံမြီးနှင့် ကောင်မလေး ဖြစ်နေဆဲပင်။ သူ့ဘေးနားမှဖြတ်သွားသည့် ဆံပင်တိုတိုနှင့် မိန်းကလေးကို အားကျောက်မှန်း သူ မည်သို့ သိနိုင်မည်နည်း။

"အင်စပက်တာ ဒီည စောစောနေပါလား"

စောင့်ကြည့်ရေးအခန်းရှိရဲတစ်ဦးက ကျန်းကျင်းခိုင်ကိုမြင်သည်နှင့် ဖုန်းဆက်လိုက်၏။

"မြန်မြန်လုပ်စမ်း ၁၀မ်ိနစ်အတွင်းက မှတ်တမ်းတွေ ကြည့်ချင်တယ်"

ကျန်းကျင်းခိုင် အမိန့်ပေးလိုက်သည်။

"မိန်းမတစ်ယောက် လမ်းကြားထဲဝင်လာတာ ရှိမရှိ ကြည့်စမ်း"

"၁၀ အတွင်း လမ်းကြားထဲ ဘယ်မိန်းကလေးမှ ဝင်မလာဘူး အင်စပက်တာ"

ရဲက ကင်မရာထဲမှ ပုံရိပ်များကိုကြည့်ရင်း ပြန်ဖြေလိုက်သည်။

ကျန်းကျင်းခိုင်သည် မှတ်တမ်းများကို ပြန်လည်စစ်ဆေးလိုက်၏။ ထိုအခိုက်မှာပင် သူသည် လမ်းကြားရှေ့မှ ဖြတ်သန်းသွားသော ပုံရိပ်တခုကို မြင်လိုက်ရသည်။ ထိုပုံရိပ်ကို သူ ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ဗီဒီယိုသည် မှုန်ဝါးနေသော်လည်း... အားကျောက်နှင့် တူနေလေသည်။

ကျန်းကျင်းခိုင် စိတ်ပျက်သွား၏။

All Chapters