ယုတ်မာပက်စက်သူ
Vol. 4 Ch. 34
အားကျောက်တယောက် ယွမ်ယွမ်၏အဖေနှင့် ဆုံတွေ့မိချိန်တွင် ဖန်းလီနာ ပျောက်ဆုံးနေကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ အချိန်မှာ ည၁နာရီထိုးသွားလေပြီ။ ထိုညမှာပင် ဖန်းလီနာ၏ မိသားစုက လူပျောက်တိုင်ကြားခဲ့၏။ သို့သော် ဤမျှလူဦးရေထူထပ်သောမြို့တွင် ညသန်းခေါင်ကြီး ပျောက်ဆုံးနေသော အမျိုးသမီးတဦးကို မည်သို့ရှာဖွေမည်နည်း။
နောက်တနေ့မနက်တွင် ဖြစ်သည်။ ဝေစင်းအား သူတို့တွေ့ရှိခဲ့သည့်နေရာမှပင် နောက်ထပ်အမျိုးသမီးတဦး ရှိနေပြန်၏။ ထိုအမျိုးသမီးမှာ တခြားသူမဟုတ်။ ဖန်းလီနာပေတည်း။
"သေစမ်း ငါ့အိမ်နားမှာ နောက်တမှုထပ်ဖြစ်ပြန်ပြီလားဟ"
အားတောက် ကျိန်ဆဲလိုက်သည်။
"ကဲ ကဲ သွားကြည့်ရအောင်ဟေ့"
နောက်ဆုံးတကြိမ်ကဲ့သို့ပင် ဖန်းလီနာ၏ ဘေးနား၌ လူငယ်၂၀ကျော်ခန့် ဝိုင်းအုံလျက်ရှိသည်။ အားမင်က ဖန်းလီနာ၏ ဘေးတွင် ဒူးထောက်ပြီး သူမကို စမ်းသပ်နေ၏။ ထို့နောက် သူက ပြောလိုက်သည်။
"အစ်ကိုတောက် ဒီမိန်းမရဲ့ကိုယ်ခန္ဓာက အေးစက်နေတာပဲဗျ"
"ဟေ သူ သေသွားပြီလား"
ဘေးဘီဝဲယာကို ပြူးတူးပြဲတဲနှင့်ကြည့်ပြီး အားတောက်က မေးခွန်းထုတ်လိုက်သည်။
"အားကျောက်ကို မြန်မြန်သွားခေါ်စမ်းကွာ ဒီမိန်းမ ဘယ်သူလဲ သူ့ကိုမေးရအောင်"
ထိုအချိန်တွင် အားတောက်၏လူငယ်များသည် ထိုမိန်းမ ရဲမဟုတ်သလို ပြည့်တန်ဆာလည်း မဟုတ်ကြောင်း အတည်ပြုထားပြီး ဖြစ်သည်။
အားလုံ သူ့ကိုလာနှိုးပြီး ရေမြောင်းဆီသို့ ဆွဲခေါ်နေသည့်အချိန်ထိ အားကျောက် နဝေတိမ်တောင် ဖြစ်နေသေးသည်။
"ဘာကိစ္စ စောစောစီးစီး လာနှိုးနေတာလဲ ငါ ညနှစ်နာရီထိ မအိပ်ရသေးဘူးဆိုတာ နင်တို့ မသိဘူးလား"
သူမ အထက်ပါအတိုင်း တဗြစ်ဗြစ်တတောက်တောက် ပြောဆိုရင်း လိုက်ပါလာလေသည်။
အားကျောက်ကို မြင်တော့မှ ဒေါသထွက်ပြီး စူပုတ်နေသည့် အားတောက်၏ မျက်နှာ ပြေလျော့သွားလေသည်။ သူက အားကျောက်ကို ငြင်သာသောလေသံဖြင့် မေးလိုက်၏။
"အားကျောက်ရေ ဒီတယောက်ကို ကြည့်စမ်းပါအုံး မင်းများ သူ့ကို မှတ်မိသလား"
"မပြောတတ်ဘူး"
အားကျောက် ဒူးထောက်ထိုင်ချလိုက်ပြီး ဖန်းလီနာကို သေသေချာချာ ကြည့်လိုက်သည်။
"ကျွန်မ သိတဲ့သူတော့မဟုတ်ဘူး"
ထိုအချိန်မှာပင် ဖန်းလီနာ၏ ရင်ဘတ်ရှိ ကြိုးရာများကို အားကျောက် သတိထားမိသွား၏။ သူမတကိုယ်လုံး နတ်ပူးသကဲ့သို့ တုန်ယင်သွားလေသည်။
အားကျောက်၏ မူမမှန်သောပုံစံကို မြင်သည်နှင့် အားတောက်က မေးလိုက်သည်။
"အားကျောက် ဘာဖြစ်တာလဲ မင်း အဆင်ပြေရဲ့လား"
"အစ်ကို ကျွန်မ သူ့ကို သတ်ပစ်ချင်တယ် လူမဆန်တဲ့ ဒီတိရိစ္ဆာန်ကို သတ်ပစ်ချင်တယ်"
အားကျောက် သံကုန်အော်ဟစ်လိုက်လေသည်။ အားမင်ပါဝင်ကူတော့မှ သွေးရူးသွေးတန်း ရုန်းကန်နေသော အားကျောက်ကို သူတို့ ထိန်းချုပ်နိုင်တော့သည်။
"ဘာတွေဖြစ်နေတာလဲ ကျုပ်ကို ပြောစမ်းပါ"
"သူ့ကို ဒီလိုဖြစ်အောင်လုပ်တဲ့ခွေးကောင် လွန်ခဲ့တဲ့နှစ်လလောက်ကလဲ ကျွန်မကို ဒီလိုလုပ်ခဲ့ဖူးတယ်"
ပြောပြီးသည်နှင့် အားကျောက်သည် ချုံးပွဲငိုချလိုက်တော့၏။
"ခွေးမသား အဲဒီကောင်တော့သေပြီ"
အားတောက် ကြုံးဝါးလိုက်၏။
"ပြောစမ်းပါ အဲဒီကောင် ဘယ်သူလဲ ကျုပ်ကို ပြောစမ်းပါ"
"အဲဒီကောင်ဟာ အင်တာနက်ကဖေးထဲမှာ ဆေးလိပ်သောက်လို့ ကျွန်မတို့ မောင်းထုတ်လိုက်တဲ့ကောင်ပဲ"
အားကျောက် ရှင်းပြလိုက်၏။
"ဟေ့ကောင်တွေ အားလုံးနားထောင်ကြစမ်း ဒီခွေးမသား အားကျောက်ကို နာကျင်အောင်လုပ်ခဲ့တယ်"
အားတောက်၏ အသံမှာ ကြောက်စရာကောင်းနေ၏။ သူ့မျက်လုံးများမှာ မျက်လုံးအိမ်အတွင်းမှ ကျွတ်ထွက်မယောင် ပြူးကျယ်နေလေသည်။ သူ့တကိုယ်လုံးမှာ ဒေါသကြောင့် တုန်ယင်လျက်ရှိသည်။
ထို့နောက် သူ အမိန့်ပေးလိုက်၏။
"အဲဒီကောင်ကို ရအောင်ရှာကြစမ်း သူ့ကို အရှင်လိုချင်တယ် ခွေးမသားကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပစ်မယ်"
"ဟုတ်ကဲ့ အစ်ကိုတောက်"
ဖန်းလီနာဘေးတွင် ဝိုင်းအုံနေကြသောလူငယ်များ ပြိုင်တူအော်လိုက်ကြ၏။ ထို့နောက် သူတို့ အလျှိုလျှို ထွက်ခွာသွားကြလေသည်။
ဘာမှစိတ်မပူနဲ့အားကျောက် ဒီခွေးမသား အသက်ဘယ်ကထွက်ရမှန်းမသိအောင် ဖြစ်သွားစေရမယ်"
အားတောက် ကတိပေးလိုက်၏။ ထို့နောက် သူ အတောမသတ်အောင် ငိုကြွေးနေသော အားကျောက်ကို နူးညံ့သောအသံနှင့် ပြောလိုက်၏။
"ကဲ လာ လာ အိမ်ထဲဝင်ရအောင်"
ထိုအချိန်တွင် အားကျောက်က သတိပေးလိုက်လေသည်။
"အစ်ကို ရဲတွေကို ခေါ်လိုက်ပါ သူ မသေသေးဘူး ရဲတွေ တခုခု ကူညီကောင်းကူညီနိုင်ပါလိမ့်မယ်"
သိပ်မကြာမှီ ရဲများရောက်လာ၏။ အမည်မသိ သတင်းပေးသူကို ထုံးစံအတိုင်း ရဲများ ရှာမတွေ့ကြချေ။ သူတို့သည် ဖန်းလီနာကို ဒေါက်တာဝမ်ရှိနေသည့် မြူနီစပယ်ဆေးရုံကို ချက်ချင်းပင် ပို့ဆောင်လိုက်ကြလေသည်။
"မိန်းကလေး ဘယ်လိုနေသေးလဲ ဒေါက်တာဝမ်"
သတင်းကြားသည်နှင့် ဆေးရုံက်ို သုတ်ခြေတင်ရောက်လာသည့် ကျန်းကျင်းခိုင်က မေးလိုက်ခြင်း ဖြစ်သည်။
"သူ့အသက်ကိုကယ်ဖို့ အတော်လေးခက်ခက်ခဲခဲ ကြိုးပမ်းလိုက်ရတယ်"
ဒေါက်တာဝမ်က စိတ်မကောင်းဟန်ဖြင့် ခေါင်းခါရင်း ရှင်းပြလိုက်၏။
"သူ့ရဲ့ဆီးလမ်းကြောင်း ပျက်စီးသွားတယ် လူယုတ်မာက ဒဏ်ရာတွေထဲ ဆားရည်တွေလောင်းချလိုက်တောင် မျိုးပွားအင်္ဂါတွေ အကြီးအကျယ် ထိခိုက်ကုန်တယ်"
"ဒီတော့ အမှုဖြစ််စဥ်က"
"အားကျောက် ဝေစင်းတို့ရဲ့ဖြစ်စဥ်နဲ့ အတူတူပဲ အင်စပက်တာကျန်း မင်း ဒီလူယုတ်မာကို ခုထိ မဖမ်းနိုင်သေးဘူးလား"
"ကော်မရှင်နာယောက် ဆောင်ရွက်နေပါတယ် ဒေါက်တာဝမ်"
ကျန်းကျင်းခိုင်က ရှင်းပြလိုက်သည်။
"ဒါပေမဲ့ မှုခင်းဆေးအဖွဲ့က သက်သေတွေ ရှာတွေ့ဖို့ဟာ ပိုအရေးကြီးနေတယ် ပြီးတော့ ဒီလိုအမှုက ကျွန်တော့လုပ်ပိုင်ခွင့်ထဲမပါဘူးဖြစ်နေတယ် ဒါကြောင့် ဝေစင်းအမှုနဲ့တခြားအမှုတွဲဖိုင်တွေကို တခြားစုံစမ်းရေးအဖွဲ့တဖွဲ့လက်ထဲ ကျွန်တော်တို့ လွှဲပေးလိုက်ရတယ်လေ"
"တရားဥပဒေရဲ့စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ လုပ်ကိုင်တဲ့ လူအဖွဲ့အစည်းထဲမှာ နေထိုင်ရတာဟာ သဘောကျစရာကောင်းတယ်ဆိုတာ မင်းလဲသိပါတယ် ဒါပေမဲ့ ဒီလို လူယုတ်မာတကောင် စည်းမျဥ်းစည်းကမ်းတွေရဲ့အားနည်းချက်ကြောင့် လွတ်မြောက်နေတာကတော့ မခံချင်စရာကောင်းလှတယ်"
ရုံးခန်းဆီသို့လျှောက်လာရင်း ဒေါက်တာဝမ်က စကားဆက်လိုက်ပြန်သည်။
"ဒီလိုအမှုမျိုးကနေ မှုခင်းဆေးဘက်ဆိုင်ရာသက်သေတွေ များများစားစားမရမှာကိုတော့ ကျွန်မ စိတ်ပူတယ် ခု အကြမ်းဖက်ခံရသူမိန်းကလေးရဲ့မျိုးပွားအင်္ဂါတွေဆိုရင် ဆိုးဆိုးဝါးဝါး လောင်ကျွမ်းကုန်တယ်လေ ဒီတော့ မျိုးရိုးဗီဇဆိုင်ရာသက်သေတွေရဖို့ဆိုတာ ကံကောင်းပါစေလို့ ဆုတောင်းရတော့မဲ့ပုံပဲ"
မီးလျံအား စာရွက်နှင့်ဖုံး၍မရဟူသော စကားပုံရှိ၏။ ။ယခုလည်း ဤအတိုင်းပင်။ သိပ်မကြာမှီ ဒေသခံမီဒီယာများအနေနှင့် သူတို့မြို့တွင် ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို သိရှိသွားတော့သည်။ ထူးဆန်းသည်မှာ မီဒီယာများ အမှုနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းရန် မြို့နယ်ရဲတပ်ဖွဲ့ရုံးချုပ်သို့ သွားရောက်ခဲ့ရာတွင် ရဲတပ်ဖွဲ့၏ ပြင်ပဆက်ဆံရေးအရာရှိအားလုံး လမ်းကြားထဲတွင် တာဝန်ကျနေခြင်းပင်။ အဆိုးဆုံးမှာကား မီဒီယာများ၏မေးခွန်းကို ဖြေကြားရန် တာဝန်ကျသူမှာ ပြင်ပဆက်ဆံရေးဌာနကို ယာယီရောက်လာသည့် ရဲအရာရှိဝေစင်း ဖြစ်နေခြင်းပင်။
"ဟ ဟ...ဒီမိန်းမက ရဲလားဟ"
လူတစ်ယောက် တီဗီကြည့်ရင်း ဝေစင်းကိုမြင်သည်နှင့် အံ့သြစွာ ရေရွတ်လိုက်သည်။
ထို့နောက် သူ ခေါင်းအုံးအောက်မှ ဝေစင်း၏ ဖုန်းကို ထုတ်ယူလိုက်၏။ ဖုန်းထဲတွင် ဝေစင်းအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သည့် ဓာတ်ပုံနှင့် ဗီဒီယိုများစွာ သိမ်းဆည်းထားသည်။ ထိုလူသည် အနှီ ဓာတ်ပုံနှင့် ဗီဒီယိုများ ကြည့်ရသည်ကို အလွန်နှစ်သက်သူတဦး ဖြစ်နေ၏။ ဓာတ်ပုံများကိုပြန်ကြည့်ရင်း စိတ်ဆန္ဒပြင်းပြလာသလို သူ ခံစားလိုက်ရသည်။ သူ ဝေစင်း၏ ဓာတ်ပုံကို နမ်းရှုပ်ရင်း ပြောလိုက်သည်။
"နင်နဲ့တော့ နောက်တစ်ပွဲ နွှဲလိုက်ချင်သေးတယ်ကွာ"
ထိုလူသည် အလွန်အမင်းဆန္ဒလွန်ကဲသည့် စရိုက်လက္ခဏာမျိုး ရှိသူဖြစ်သည်။ အကယ်၍ ဖန်းလီနာသာ ထိုညနေ လမ်းကြားထဲမှ ဖြတ်မသွားခဲ့လျင် သူမသည် မိသားစုနှင့်အတူ ပျော်ရွှင်သောဘဝတွင် ဆက်လက်ရှင်သန်နိုင်ပေလိမ့်မည်။ တကယ်တော့ သူ ထိုသို့လုပ်ရသည့်အကြောင်းမှာ အားကျောက်နှင့် အင်တာနက်ကဖေးဆိုင်ပိုင်ရှင်တို့အား လက်စားချေလို၍ပေတည်း။
ဤအမျိုးသမီးများအပေါ် အကြမ်းဖက်သည့်အခါတိုင်း သူ စိတ်သက်သာရသွား၏။ ထိုအခါ အင်တာနက်ကဖေးဆိုင်တွင် သူ အရှက်ရခဲ့ခြင်းအပေါ် ပြန်လည်လက်စားချေသလို ခံစားရစေသည်။ အားကျောက်အပေါ် အကြမ်းဖက်ရင်း ရလာသည့် ခံစားချက်မျိုးဆိုလျင် သူ အထူးပင် နှစ်သက်မိ၏။ ။ ဤသို့နှင့် အနှီကျေနပ်မှုကိုရှာဖွေရင်း သူသည် နောက်ပြန်ဆုတ်မရသော ခရီးတခုကို ဆက်လျှောက်မိနေတော့သည်။
"ဝေစင်း...မင်းအတွက် စာတစ်စောင်ရောက်နေတယ်"
ဝန်ထမ်းတစ်ယောက်က ဝေစင်း၏စားပွဲပေါ်တွင် စာတစ်စောင်ချထားပြီး ထွက်သွား၏။
ဝေစင်း စာကိုကောက်ယူပြီး ပေးပို့သူလိပ်စာကို ကြည့်လိုက်သည်။ လိပ်စာမှာ မြို့တွင်းတနေရာရာမှ လိပ်စာဖြစ်သည်။ စာထဲတွင် စာရွက်ပါးတစ်ရွက်နှင့် ထုပ်ထားသည့် မန်မိုရီကတ်တစ်ခုကို တွေ့ရ၏။ စာရွက်တွင် ဘာမှရေးမထားချေ။ ဝေစင်း၏ စိတ်ထဲတွင် မကောင်းသောအငွေ့အသက်တစ်ခုကို ခံစားလိုက်ရလေသည်။ သို့သော် သူက မန်မိုရီကတ်ဖတ်စက်ထဲသို့ မန်မိုရီကတ်ကို ထည့်လိုက်၏။
ဝေစင်း၏ နားကြပ်ထဲမှ ငြီးငြူသံများ ထွက်လာ၏။ ကွန်ပျူတာဖန်သားပြင်ပေါ်တွင်ကား ဝေစင်းနှင့် အကြမ်းဖက်သမားတို့၏ အကြမ်းဖက်မှုဗီဒီယိုကို ပြသနေလေသည်။ ဝေစင်း ရုန်းကန်တိုင်း ထိုလူသည် သူ့မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်၏။
ဝေစင်း၏ မျက်ဝန်းထဲမှ မျက်ရည်များ တလဟော စီးကျလာလေသည်။
ထိုစဥ်...
"ဝေစင်း...ဒေသခံကျောင်းတစ်ကျောင်းက ပြည်သူ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ရှင်းပြဖို့ ဧည့်ပါမောက္ခတစ်ယောက်လိုနေတယ် မင်းများစိတ်ဝင်စားမလားလို့"
လုပ်ဖော်ကိုင်ဖက်တဦးက ရုံးခန်းထဲ လှမ်းဝင်လာပြီး သူမကို မေးလိုက်လေသည်။
"အင်း ကောင်းသားပဲ"
ဝေစင်း ကပျာကယာ မျက်ရည်သုတ်ပြီး မန်မိုရီကတ်ကို ဖြုတ်ကာ အံဆွဲထဲထည့်၍ သော့ခတ်ထားလိုက်သည်။
ထိုနေ့တနေ့ခင်းလုံး ဝေစင်းတယောက် ကျောင်းသားများကို စာသင်ရင်း အချိန်ဖြုန်းနေ၏။ ကျောင်းသားအများအပြားက သူမကို မေးခွန်းများ မေးကြ၏။ သူမကလည်း မအားမလပ်အောင် ပြန်ဖြေရလေသည်။ မည်သို့ဆိုစေ ဝေစင်း တော်တော်ပျော်နေသည်ကတော့ အမှန်ပင်။
ရုံးသို့ပြန်ရောက်သည်နှင့် လုပ်ဖော်ကိုင်ဖက်တဦးက ဝေစင်းကို ပြောလာပြန်သည်။
"ဟေ့ ဝေစင်း ကော်မရှင်နာ မင်းကို ရှာနေတယ် ကြည့်ရတာ တနေ့က သတင်းထောက်တွေမေးခွန်းကို မင်းဖြေသွားတာကောင်းလို့ ချီးကျူးမလို့နဲ့တူတယ် မပြန်ခင် ကော်မရှင်နာရုံးက်ို သွားလိုက်အုံး"
"ဟုတ်လား ကျေးဇူးပဲ ကျွန်မသွားတွေ့လိုက်မယ်"
ဝေစင်း ခုံမှထရပ်ပြီး ကော်မရှင်နာရုံးကိုသွားရန် ခြေလှမ်းပြင်လိုက်သည်။ ထိုစဥ် ထိုလုပ်ဖော်ကိုင်ဖက်ကပင် ထပ်မေးပြန်၏။
"ဒါနဲ့ ဝေစင်း မင်း မန်မိုရီကတ်ဖတ်တဲ့စက်များ တွေ့မိသလား"
"မသိဘူးလေ ကျွန်မအံဆွဲထဲ ကြည့်ကြည့်ပေါ့"
တနေ့လုံး လုပ်ငန်းခွင်တွင် ပျော်ရွှင်ကာ မန်မိုရီကတ်အတွင်းရှိ မသတီဖွယ်အရာများကို မေ့ပျောက်နေသည့် ဝေစင်း နှစ်ခါပင်မစဥ်းစားပဲ ပြန်ဖြေလိုက်သည်။