← Chapters

ဝေစင်းသေဆုံးသွားခြင်း

Vol. 4 Ch. 35

ဝေစင်းသေဆုံးသွားခြင်း

Vol. 4 Ch. 35

နာရီဝက်အကြာတွင် ကော်မရှင်နာအခန်းထဲမှ ဝေစင်း ပြန်ထွက်လာ၏။ သူမ၏ မျက်နှာမှာ ဝင်းပနေလေရာ သူမ၏လုပ်ဖော်ကိုင်ဖက် မလိမ်မှန်း သိသာနေသည်။

"ဘယ်လိုလဲ ကော်မရှင်နာယောက်က အလုပ်ကောင်းကောင်းလုပ်တဲ့အတွက် ချီးကျူးလိုက်တယ်မလား"

သူမ၏ လုပ်ဖော်ကိုင်ဖက်က မေးလိုက်သည်။

"ဟုတ်တယ် ဝမ်းသာလိုက်တာ ဒါနဲ့ ခုနကမေးတာ မန်မိုရီကတ်ဖတ်စက်ကို တွေ့သွားပြီးလား"

သူမ၏ အံဆွဲထဲတွင် မန်မိုရီကတ်ဖတ်စက်က ယခုတိုင်ရှိနေသေး၍ ဝေစင်းက မေးလိုက်ခြင်း ဖြစ်သည်။

"တွေ့တယ် တွေ့လို့ပဲ သတင်းဌာနကိုတောင် ပေးလိုက်ပြီ ကဲ ကဲ အလုပ်လုပ်လိုက်အုံးမယ် နောက်မှစကားပြောကြတာပေါ့"

"အင်း အင်း အဲဒါဆို သွားပြီ ဂရုစိုက်အုံးနော်"

နှုတ်ဆက်စကားပြောပြီးသည်နှင့် ဝေစင်းက သူမ၏ မန်မိုရီကတ်ဖတ်စက်ကို စစ်ဆေးလိုက်၏။ တော်သေးသည်။ မန်မိုရီကတ်ကား စက်ထဲတွင် ရှိနေဆဲပင်။

ထို့နောက် ဝေစင်းသည် ကတ်နှင့်စက်က်ိုယူကာ အခန်းသို့ပြန်လာခဲ့လေသည်။ အခန်းသို့ပြန်ရောက်သည်နှင့် သူမက စက်ကို ကွန်ပျုတာနှင့်ချိတ်ကာ မန်မိုရီကတ်အတွင်းရှိ ဖိုင်ကို ဖွင့်လိုက်သည်။ သို့သော် ကတ်ထဲတွင် မည်သည့်အကြမ်းဖက်မှုဗီဒီယိုမှ ရှိမနေချေ။ ထိုအစား သတင်းစာရှင်းလင်းပွဲဗီဒီယိုသာ ရှိနေ၏။ သွားပြီ။ သူမကား စက်မှားယူခဲ့ချေပြီတကား။ အမှားကို သဘောပေါက်သွားသည်နှင့် အခန်းတခုလုံး ချာချာလည်သွားသလို သူမ ခံစားလိုက်ရသည်။ သူမမျက်လုံးအစုံမှ မျက်ရည်များ သွင်သွင်စီးကျလာ၏။ သူမ၏ နားထဲတွင်လည်း "တွေ့တယ်လေ တွေ့လို့ပဲ သတင်းဌာနကိုတောင် ပေးလိုက်ပြီ"ဟူသော လုပ်ဖော်ကိုင်ဖက်၏ အသံကို ပြန်လည်ကြားယောင်လာလေသည်။

မန်မိုရီကတ်ကို ရသွားသူမှာ ဝုရွှီပင်းအမည်ရှိ သတင်းထောက်တဦး ဖြစ်သည်။ သူကား ဖန်းလီနာအမှုအင်တာဗျူးတွင် သတင်းစာရှင်းလင်းပွဲသို့ လာခဲ့သူ ဖြစ်၏။ ရဲတပ်ဖွဲ့အနေနှင့် အသုံးဝင်မည့် အချက်အလက်များ ပေးမည်မဟုတ်သည်ကို သူ သိသော်လည်း သာမာန်အချက်အလက်များကိုတော့ ရနိုင်လောက်သည်ဟု သူ ယူဆထား၏။ ထိုအခါ ဝေစင်း၏ လုပ်ဖော်ကိုင်ဖက်က ဝုရွှီပင်းတောင်းဆိုထားသော အချက်အလက်များကို မန်မိုရီကတ်ထဲသို့ ကူးပေးကာ ဌာနချုပ်အတွင်း၌သာ ကြည့်ခွင့်ပြုခဲ့၏။

သို့သော် ဝူရွှီပင်းတွင် ကိုယ်ပိုင်မန်မိုရီကတ်ဖတ်စက် ပါမလာပဲ ဖြစ်နေ၏။ သတင်းမှာလည်း ညနေပိုင်းတွင် လက်စသတ်ရမည့်အခြေအနေ ဖြစ်နေသည်။ ထို့ကြောင့် ဝေစင်း၏လုပ်ဖော်ကိုင်ဖက်က ကတ်ဖတ်စက်ကိုပါ ငှားရမ်းပေးခဲ့ရလေသည်။ သူတို့နှစ်ဦးလုံး မေ့သွားသည့်မှာကား စက်ထဲတွင် မန်မိုရီကတ်တခု ပါလာခြင်းပင်။

ငှားထားသောတိုက်ခန်းသို့ ပြန်ရောက်သောအခါ ဝေစင်း၏ မန်မိုရီကတ်ကို ဝုရွှီပင်း တွေ့သွား၏။ ကတ်အတွင်းရှိ ထိတ်လန့်စရာ ဓာတ်ပုံများ၊ ဗီဒီယိုများက သူ့အား စိတ်လှုပ်ရှားစေခဲ့လေသည်။ သူ့အတွေ့အကြုံအရ အရေးကြီးသော သက်သေအထောက်အထားများ ပါဝင်နေသည့် မန်မိုရီကတ်ကို ရဲတပ်ဖွဲ့က သူ့အား ပေးမိခြင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။ ဤကတ်ကိုသာ ရုပ်သံဌာနကို ပေးလိုက်ပါက သူ့အနေနှင့် မမျှော်မှန်းနိုင်သော အခွင့်အလမ်းများ ရရှိလာပေလိမ့်မည်။

ထို့နောက် သူ ငြိမ်သက်စွာ ထိုင်ရင်း စဥ်းစားနေ၏။ ဗီဒီယိုများတွင် ပါဝင်နေသူမှာ ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများကို ပင်တိုင်ဖြေကြားခဲ့သည့် ရဲအရာရှိအမျိုးသမီးတစ်ဦးဖြစ်မှန်း သူ ကောင်းကောင်းမှတ်မိနေသည်။ ရဲအရာရှိအမျိုးသမီးတဦး ပျောက်ဆုံးသွားသည်ကို သူ ကြားဖူးသော်လည်း ဝေစင်းနှင့်ပတ်သက်ကြောင်း သူ မသိ။ ယခုတော့ မန်မ်ိုရီကတ်အတွင်းရှိဗီဒီယိုများက အားလုံးကို ရှင်းလင်းသွားစေခဲ့လေပြီ။

ယခုတော့ ဝုရွှီပင်းအနေနှင့် တစုံတခုကို မဖြစ်မနေ ဆုံးဖြတ်ရပေတော့မည်။ ဤသတင်းကို ထုတ်ပြန်လိုက်ပါက သူ တစ်ညတည်းနှင့် နာမည်ကျော်တဦး ဖြစ်လာပေလိမ့်မည်။သို့သော် ဝေစင်းကိုတော့ ထာဝရဒုက္ခရောက်သွားစေပေလိမ့်မည်။ သူသည် ကွန်ပျူတာရှေ့တွင် ကြာမြင့်စွာ ထိုင်ပြီး စဥ်းစားနေ၏။ နောက်ဆုံတော့ သူ၏ကျင့်ဝတ်နှင့် ညှာတာစိတ်က လောဘစိတ်ကို အနိုင်ယူသွားတော့သည်။ဝုရွှီပင်းသည် ကမ္ဘာကျောက်သတင်းထောက်တဦး ဖြစ်ချင်မှ ဖြစ်လာပေလိမ့်မည်။ သို့သော် လူကောင်းတယောက်ဖြစ်ကြောင်းတော့ သက်သေပြနိုင်ခဲ့ပြီဟု ဆိုနိုင်သည်။

ကံဆိုးရှာသော ဝေစင်းသည် လူကောင်းတဦးနှင့် တွေ့ဆုံခဲ့၏။ သို့သော် သူမအနေနှင့် နောက်တနေ့နေထွက်ချိန်ကို ဘယ်သောအခါမှ မြင်တွေ့နိုင်ခြင်းမရှိတော့။

"မနက်စောစော ရောက်လာပါလား မစ္စတာဝု"

ဝုရွှီပင်းကို မြင်သည်နှင့် ဝေစင်း၏ရုံမှ တယောက်က နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါဗျာ ဒါနဲ့ ဒီနှစ်ယောက် ဘယ်အချိန်လောက်ဆိုရင် ရုံးကိုရောက်တတ်သလဲဗျ"

ဝုရွှီပင်းက ဝေစင်းတို့၏ စားပွဲက်ို လက်ညိုးထိုးပြီး မေးလိုက်၏။

"ဝေစင်းက ပုံမှန်ဆိုရင် မနက်စောစော ရောက်လေ့ရှိတယ် ဒါပေမဲ့ ဒီနေ့တော့ အလုပ်များရှိနေသလားမသိဘူး ဒါမှမဟုတ် မနေ့ညက ဂျူတီကျလို့ နောက်ကျနေတာလဲ ဖြစ်နိုင်တယ်"

"အော် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

ဝုရွှီပင်းက ပြောလိုက်သည်။ တခနအကြာ သူက စိတ်ပူလာဟန်ဖြင့် မေးလိုက်ပြန်၏။

"သူ့ဖုန်းများ ရနိုင်မလားမသိဘူးဗျ"

"သူ့ ဖုန်းနံပါတ် ဟုတ်လား"

ထိုရဲက ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေက ဟောဟိုနံရံပေါ်က ဘုတ်ပြားပေါ်မှာ စာရင်းပြုစုထားတာရှိတယ် အဲဒီမှာ ရှိကောင်းရှိလိမ့်မယ်"

"ဟုတ်လား ကျေးဇူးအများကြီးတင်ပါတယ်ဗျာ"

ဝုရွှီပင်း အတော်လေး ဝမ်းသာသွား၏။ ထို့နောက် သူ ဘုတ်ပြားပေါ်မှ နံပါတ်ကို ကူးပြီး ဖုန်းခေါ်လိုက်လေသည်။ ဖုန်းသံမည်နေသည့်အချိန်တွင် သူ့တကိုယ်လုံး ပူစပ်ပူလောင်ဖြစ်နေသကဲ့သို့ ဝုရွှီပင်း ခံစားနေရ၏။

ဖုန်းသည် အကြာကြီး အသံမြည်နေ၏။ သို့သော် တဖက်မှ ပြန်လည်ဖြေကြားခြင်းမရှိ။

"ဒါနဲ့ အရာရှိဝေတယောက် ဘယ်မှာများ နေသလဲမသိဘူးဗျ"

ဝုရွှီပင်းက အလောသုံးဆယ် မေးလိုက်ပြန်သည်။ သူ့နဖူးတွင်တော့ ချွေးများ ယိုစီးစပြုနေခဲ့လေပြီ။

"ဒီမှာ ဘာတွေဖြစ်နေကြတာဘဲ အရာရှိဝေတယောက်ရော ခုချိန်ထိ သတင်းလာမပို့သေးပါလား"

ကော်မရှင်နာယောက်က ပြင်ပရေးရာဌာနသို့ ဝင်လာပြီး မေးလိုက်ခြင်း ဖြစ်သည်။

"ကော်မရှင်နာ အတော်ပဲ ဆရာ ကျွန်တော်နဲ့ မြန်မြန်လိုက်ခဲ့မှဖြစ်မယ် အရာရှိဝေတယောက် ဆိုးဆိုးရွားရွားဖြစ်နေပြီလို့ ကျွန်တော် ထင်နေတယ်"

ဝုရွှီပင်းတယောက် ယောက်ထန်းယု၏ လက်က်ို လှမ်းဆွဲပြီး အလောသုံးဆယ်နှင့် ပြောလိုက်သည်။ ကော်မရှင်နာယောက် ရောက်လာခြင်းကြောင့် ဝေစင်းကို အချိန်မီ ရှာတွေ့နိုင်တော့မည်ဟု သူ ခံစားလိုက်ရ၏။

"မင်း ဘာတွေပြောနေတာလဲ ပြောစရာရှိရင် ကျုပ်ရုံးခန်းမှာ လာပြောလို့ရတယ်"

ဤလူငယ် တစုံတရာကို ရှာတွေ့သွားကြောင်း ယောက်ထန်းယု သိလိုက်၏။ ထိုအရာသည် လူကြားထဲတွင် မပြောသင့်သည့်အရာဟုလည်း သူ အာရုံရမိလေသည်။

"ကော်မရှင်နာယောက် သူတို့ မနေ့က အမှားကြီးတခု လုပ်မိသွားတယ်"

ရုံးခန်းသို့ရောက်သည်နှင့် ဝုရွှီပင်းက မန်မိုရီကတ်ဖတ်စက်ကို ယောက်ထန်းယုလက်ထဲ ထည့်ပေးပြီး ပြောလိုက်သည်။

"အရာရှိဝေ ဒုက္ခရောက်နေမှာကို ကျုပ် တော်တော်စိတ်ပူနေပြီ"

ယောက်ထန်းယု ဘာမှမပြောသေးပဲ စက်ကို ကွန်ပျုတာနှင့် ချိတ်လိုက်သည်။ သိပ်မကြာမီ ဝုရွှီပင်း ဘာကိုဆိုလိုနေမှန်း ယောက်ထန်းယု သဘောပေါက်သွား၏။

"လာ ကျုပ်တို့ ရဲမေအိပ်ဆောင်ကို မြန်မြန်သွားကြည့်ရအောင်"

မန်မိုရီကတ်ဖတ်စက်ကို အံဆွဲထဲထည့်ကာ သော့ခတ်လိုက်ပြီး ယောက်ထန်းယုက ဝုရွှီပင်းကိုခေါ်ကာ အပြင်သို့ ပြေးထွက်လိုက်လေသည်။

သို့သော် ဝေစင်းကား ကုတင်ပေါ်တွင် အသက်ပျောက်လျက်ရှိလေပြီ။ သူမ အိပ်ဆေးများအလွန်အကျွန်သောက်ကာ ကိုယ့်ကိုယ်ကို သတ်သေသွားခြင်း ဖြစ်သည်။ သနားစရာမိန်းကလေးသည် ကမ္ဘာလောကကြီးကို ထာဝရစွန့်ခွာသွားချေပြီတကား။ အချိန်အနည်းငယ်သာ စောင့်ခဲ့ပါက သူမ သေကောင်းမှသေပေလိမ့်မည်။ သို့သော်....

သိပ်မကြာမှီ ဝေစင်း၏ အိပ်ဆောင်သို့ ကျန်းကျင်းခိုင် ဒရောသောပါနှင့် ရောက်ချလာ၏။ ဝေစင်း၏ အခန်းထဲတွင် ကျန်းကျင်းခိုင်၊ ယောက်ထန်းယုနှင့် ဝုရွှီပင်းတို့သည် သူမ၏ အလောင်းကို နေသားတကျဖြစ်အောင် နေရာချပေးကြ၏။ အခန်းဝတွင်တော့ ဒါဇင်နှင့်ချီသော ရဲများ ရှိနေကြသည်။ သို့သော် ယောက်ထန်းယု၏ တင်းကြပ်သောအမိန့်ကြောင့် မည်သူမှ အခန်းထဲသို့ ဝင်မလာရဲ။ အခန်းဝတွင်သာ နှုတ်ဆိတ်လျက် ရှိနေကြလေသည်။

ဝေစင်း၏ ပုံစံမှာ ငြိမ်းချမ်းစွာ အိပ်ပျော်နေသကဲ့သို့ ရှိသည်။ သို့သော် သူမ၏ နှုတ်ခမ်းထောင့်တွင် စွန်းထင်းနေသည့် အိပ်ဆေးအကြွင်းအကျန်များနှင့် ခရမ်းရောင်သန်းနေသည့်ပါးပြင်တို့က မသေမီ ဝေစင်းတယောက် အပြင်းအထန် နာကျင်ခံစားသွားရရှာသည်ဟူသော မတူညီသည့်ပုံပြင်တပုဒ်ကို ပြောပြနေသကဲ့သို့ ရှိလေသည်။

ဝေစင်း၏ လက်ထဲတွင် လှပသည့်လက်ရေးနှင့် ရေးသားထားသောစာရွက်အပိုင်းအစ ရှိနေ၏။

"အားကျောက် ပြန်လာတယ် သူမ ကံကောင်းပါစေ"

ချစ်ခြင်းတရားနှင့်ပတ်သက်လျင် မိန်းကလေးများတွင် ဆဌမအာရုံ ရှိကြသည့်ဟန်ပင်။ အားကျောက်အပေါ် ကျန်းကျင်းခိုင်၏ ခံစားချက်ကို ဝေစင်းခမျာ ရှေးမွန်မဆွကတည်းက သိထားပုံရသည်။ သို့သော် ထိုအကြောင်းကို သူမ တကြိမ်မှ မဖွင့်ဟခဲ့ချေ။

နောက်ဆုံးတွင် ယောက်ထန်းယု၏ အမိန့်သံထွက်ပေါ်လာသည်။

"မင်းတို့တွေ သူ့ကို အပြင်ထုတ်သွားကြတော့"

ဝေစင်းသည် ကိုယ့်ကိုယ်ကိို သတ်သေသွားခြင်း ဖြစ်သည်။ ထို့ကြောင့် မူဝါဒအရ ရဲဌာနအနေနှင့် သူမအား အခမ်းအနားနှင့် အသုဘချပိုင်ခွင့် မရှိ။ သို့သော် သူမ၏ အသုဘသို့ ရဲဌာနမှ လုပ်ဖော်ကိုင်ဖက်တိုင်း တက်ရောက်ကြလေသည်။ များပြားလှသောရဲများ သင်္ချီုင်းတွင် ပြည့်နှက်နေ၏။ ထိုအထဲတွင် ယောက်ထန်းယုကိုယ်တိုင် ပါဝင်နေလေသည်။ မြို့တော်ရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုကာကွယ်ရန် ကိုယ့်ကိုယ်ကို အဆုံးမဲ့စွန့်လွှတ်ခြင်းနှင့် စွန့်လွှတ်ခဲ့သော ရဲအရာရှိမလေး ဝေစင်းက်ို သူတို့အားလုံး လက်တင်အလေးပြုခဲ့ကြ၏။

ဝေစင်းကား တိတ်ဆိတ်ငြိမ်သက်သောတနေရာတွင် ထာဝရလဲလျောင်းနေခဲ့လေပြီ။ သို့သော် သူမ၏ စွန့်လွှတ်ခြင်းမှာ အချည်းနှီးမဟုတ်။ ရဲဌာနချုပ်အနေနှင့် သူမ၏ စတေးမှုကို ထာဝရ အသ်ိအမှတ်ပြုနေလိမ့်မည်သာတည်း။

All Chapters