အမှတ်တမဲ့တွေ့ဆုံခြင်း
Vol. 4 Ch. 38
ကျန်းကျင်းခိုင်သည် "ထိပ်ပြောင်ဝံပုလွေ ပြန်ပေါ်လာကတည်းက စိတ်မငြိမ်မသက်ဖြစ်လာ၏။ လမ်းကြားတွင် လူသတ်မှုများ ဆက်လက်ဖြစ်ပွားခြင်းမရှိပဲ ငြိမ်သက်နေ၏။ သို့သော် သူ့စိတ်ထဲတွင် ကား ပို၍ပို၍ မတည်မငြိမ်ဖြစ်လာလေသည်။
ဝေစင်း ကွယ်လွန်ခဲ့သည်မှာ တစ်ပတ်ပြည့်ခဲ့လေပြီ။ ကျန်းကျင်းခိုင်သည် ယနေ့မနက်တွင် သူမ၏ဂူသို့ သွားရောက်ဂါရဝပြုရန် ဆုံးဖြတ်လိုက်၏။ သေဆုံးသွားသော သနားစရာမိန်းကလေးအကြောင်းတွေးမိသောအခါ သူ့စိတ်ထဲတွင် အပြစ်ရှိသလို ကျန်းကျင်းခိုင် ခံစားရလေသည်။ သူ့ဇနီးနှင့်သမီးလေး ဆုံးပါးသွားကတည်းက မိန်းမတစ်ယောက် ထိခိုက်နာကျင်ရသည်ကို သူ မကြည့်ရက်တော့။
နွေဦးရာသီဖြစ်သော်လည်း တောင်ကြောများပေါ်မှ တိုက်ခတ်လာသောလေမှာ အေးစက်နေဆဲပင်။ကျန်းကျင်းခိုင်သည် ပန်းစည်းကိုကိုင်ပြီး ဝေစင်း၏အုတ်ဂူဆီသို့ တဖြည်းဖြည်းချည်းကပ်လာ၏။ အုတ်ဂူအနီးတွင် ဆံပင်ခပ်တိုတိုနှင့် ဘောင်းဘီရှည်ဝတ်ထားပြီး မျက်မှန်အနက်ကြီးတပ်ထားသော မိန်းကလေးတစ်ဦး ရှိနေသည်။ သူမသည် ခေါင်းငုံ့လျက်ရှိသည်။ ဆံပင်များက တမျက်နှာလုံးကို ဖုံးအုပ်ထားသဖြင့် ကျန်းကျင်းခိုင်အနေနှင့် သူမ၏မျက်နှာကို မြင်နိုင်စွမ်းမရှိ။ သို့သော် သူမကိုယ်ဟန်မှာ သူနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေသလို သူ ခံစားရသည်။
အကယ်၍ သူမသာ အားကျောက်ဖြစ်နေလျှင်...
လူဟာသည်မှာ ဤအတိုင်းပင်။ နေ့စဉ်ညစဥ် အိပ်မက်မက်နေသူကို မျက်စိရှေ့တွင် ရုတ်တရက်တွေ့လိုက်ရလျှင် ယုံမှားသံသယဝင်တတ်ကြ၏။ သို့သော် ကျန်းကျင်းခိုင်ကို ထိုအတွက် အပြစ်တင်၍ မဖြစ်ချေ။ လမ်းဘေးပြည့်တန်ဆာဘဝက ထင်တိုင်းကြဲခဲ့သည့် အားကျောက်နှင့် ယခုတွေ့နေရသည့် သိမ်မွေ့သောမိန်းကလေးတို့ကြားတွင် ကွာဟမှုကြီးမားလှသည် မဟုတ်ပါလား။
ကျန်းကျင်းခိုင်သည် သူယူလာသည့်ပန်းများကို ဝေစင်း၏အုတ်ဂူရှေ့တွင် ထားလိုက်ပြီး အားကျောက်ဘေးတွင် တိတ်တဆိတ်ရပ်နေလိုက်သည်။ အားကျောက်ထံမှ သင်းပျံ့သောမွှေးရနံ့များ သူ့နှာခေါင်းထဲသို့ တိုးဝင်လာ၏။ ထိုရနံ့တို့သည် အလွန်နှစ်သက်ဖွယ်ကောင်းနေပြီး ရင်းနှီးသယောင်ယောင် စိမ်းသယောင်ယောင် ဟိုမရောက်ဒီမရောက် ခံစားချက်မျိုးကိုပေးနေသည်။ အားကျောက်နှင့်အတူရှိနေစဥ် ပိုးသတ်ထားသောရနံ့ကိုသာ ရှူနေရသောကြောင့် ထိုခံစားချက်မျိုး ရနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အားကျောက်ကတော့ ယခုထိ ကျန်းကျင်းခိုင်ကို မမြင်သေးချေ။ သူမ ဝေစင်းအတွက် မျက်စေ့မှိတ်ကာ ဆုတောင်းနေ၏။ ဆုတောင်းပြီးချိန်တွင် ကျန်းကျင်းခိုင်တယောက် လမ်းပိတ်ကာ မတ်တပ်ရပ်နေကြောင်း သူမ တွေ့လိုက်ရသည်။
"ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါရှင်"
အားကျောက် သိမ်မွေ့စွာ တောင်းဆိုလိုက်သည်။ သူမ၏စကားသံမှာ တည်ငြိမ်နေ၏။သို့သော် တဒိန်းဒိန်းနှင့် ရင်ခုန်နေသည်ကိုတော့ သူမ ထိန်းမရပဲ ဖြစ်နေ၏။
"အားကျောက်..."
သူမ၏အသံကိုကြားသည်နှင့် ကျန်းကျင်းခိုင် အထက်ပါအတိုင်း ရေရွတ်လိုက်၏။ဟဤအသံသည် သူနှင့် အလွန်ရင်းနှီးနေသော်လည်း တစ်ခုခုပျောက်ဆုံးနေသလို သူ ခံစားလိုက်ရလေသည်။
"အားကျောက် ဟုတ်လား ရှင်လူမှားနေပြီရှင့်"
အားကျောက်က ယဥ်ယဥ်ကျေးကျေးပင် ငြင်းပယ်လိုက်သည်။
"အော် ဟုတ်လား"
ခေါင်းည်ိတ်ပြလိုက်သော်လည်း ယခုတိုင် ကျန်းကျင်းခိုင် လမ်းမဖယ်သေးချေ။
"မိန်းကလေး မင်းဟာ ကျုပ်သူငယ်ချင်းတယောက်နဲ့ တော်တော်တူတယ် သူဟာ ကျုပ်စုံစမ်းနေတဲ့အမှုတစ်ခုရဲ့ အရေးကြီးတဲ့ သက်သေတစ်ယောက်လည်းဖြစ်နေတယ် ကျေးဇူးပြုပြီး သက်သေခံကတ်ပြားများ ပြပေးနိုင်မလား"
သူက ရဲအထောက်အထားကတ်ပြားကို ပြရင်း ပြောလိုက်၏။
"အော် ဟုတ်ကဲ့... ကောင်းပါပြီရှင်"
အာကျယ်က စိတ်မရှည်ဖြစ်လာဟန် ဆောင့်ကြီးအောင့်ကြီးနှင့် ဖြေလိုက်၏။ သူမ မည်သို့မည်ပုံ ခံစားနေရသည်ကိုတော့ သူမကိုယ်တိုင် တိတိကျကျ မသိရှာ။ ဤထုံအအရဲကြီး သူမကို မမှတ်မိသည်မှာလည်း စိတ်တိုစရာကောင်းနေ၏။ ထို့နောက် အားကျောက်သည် သူမ၏အိတ်ကပ်ထဲမှ သက်သေခံကတ်ကိုထုတ်ကာ ကျန်းကျင်းခိုင်အား ပြလိုက်၏။ သူမ၏လက်သည်းများသည် သန့်ရှင်းသပ်ယပ်စွာ ညှပ်ထား၏။ ယခင် ရောင်စုံလက်သည်းများနှင့်ကား တခြားစီပင်။
ကျန်းကျင်းခိုင်တယောက် အားကျောက်၏လက်ကိုကြည့်ပြီး စိတ်ပျက်သွား၏။ တကယ်ပင် သူမသည် အားကျောက် မဟုတ်လေသလော။ သက်သေခံကတ်ပြားပေါ်တွင်တော့ ယင်ကျီးယွမ် ဟူသောအမည်ကို ရှင်းလင်းစွာ မြငနေရ၏။ သက်သေခံကတ်ပြားမှာလည်း အတုမဟုတ်။ တကယ့်အစစ်ပင်။ သူ ကတ်ပြားကို အားကျောက်ထံ ပြန်ပေးပြီး မေးလိုက်၏။
"ဘာအလုပ်များလုပ်ပါသလဲ"
"ဒီမေးခွန်းကို ဖြေဖို့လိုအပ်လို့လားရှင့်"
အားကျောက် စိတ်မရှည်ဟန်ဖြင့် ကတ်ပြားကို ဆွဲယူလိုက်၏။ မျက်မှန်ကြီးများကြောင့် ကျန်းကျင်းခိုင်အနေနှင့် သူမ၏ လှည့်စားတတ်သော မျက်လုံးများကို မည်သို့မှ မမြင်နိုင်ရှာ။
"ဟေ့ ကျန်းကျင်းခိုင်"
ထိုစဥ် ယောက်ထန်းယု၏အသံ နောက်မှထွက်ပေါ်လာ၏။
"အိုး မိန်းကလေးယင် မင်းလဲ ဝေစင်းကို လာကြည့်တာလား"
"ဟုတ်ကဲ့ရှင့်"
အားကျောက်က ယောက်ထန်းယုကို မှတ်မိဟန်ဖြင့် ယဥ်ကျေးစွာ ပြန်ဖြေလိုက်၏။
"အန်ကယ်ယောက်ကိုး သူက ကျွန်မရဲ့သူငယ်ချင်းလေ"
"ဒါနဲ့ မင်းတို့နှစ်ယောက်..."
သူတို့နှစ်ယောက် တွဲလျက်ရှိနေခြင်းကို ယောက်ထန်းယု အံ့သြသွားဟန် ပေါ်သည်။ ထို့နောက် သူက ပြောလိုက်ပြန်၏။
"ဟုတ်ပြီ မိတ်ဆက်ပေးရအုံးမယ် သူက ကျုပ်အောက်က အတော်ဆုံးစုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်အင်စပက်တာကျန်းကျင်းခိုင်တဲ့ ဒါကတော့ ကျုပ်မြေးရဲ့ မူကြိုဆရာမ ယင်ကျီးယွမ်လို့ ခေါ်တယ်"
"အိုး ဟုတ်လား တောင်းပန်ပါတယ် မိန်းကလေးယင် ကျုပ်မေးခွန်းတွေကြောင့် အနှောင့်အယှက် ဖြစ်သွားမယ်ထင်တယ်"
ကျန်းကျင်းခိုင်က တောင်းပန်လိုက်၏။ ယောက်ထန်းယု၏စကားကြောင့် သူ့ရှေ့ရှိမိန်းကလေး အားကျောက် ဟုတ်မဟုတ် စဥ်းစားရန်မလိုတော့။
"အားမနာပါနဲ့ရှင်"
အားကျောက်က ကျန်းကျင်းခိုင်ကို ပြုံးပြရင်း နှစ်သိမ့်လိုက်၏။
"အင်စပက်တာကျန်းက ကိုယ့်အလုပ်ကို လုပ်တဲ့သဘောပါပဲ"
ပြောသာ ပြောလိုက်ရသော်လည်း သူမ၏စိတ်ထဲတွင် "အရှုံးသမား အရူး အပေါ " ဟု ကျန်းကျင်းခိုင်အား ကြိတ်၍ကျိန်ဆဲနေလေသည်။
"တာဝန်အရ လုပ်နေတယ်ဆိုပါလား"
ကျန်းကျင်းခိုင်၏မျက်နှာကိုကြည့်ရင်း ယောက်ထန်းယု စနောက်လိုက်သည်။
"ဖြစ်နိုင်တာက... မိန်းကလေးယင် အရမ်းလှလို့ ဒီကောင် ရူးကြောင်ကြောင်ဖြစ်သွားတာနေမယ်"
"ကော်မရှင်နာ မဟုတ်တာတွေဗျာ"
ကျန်းကျင်းခိုင် ရှက်အမ်းအမ်းအမူအရာနှင့် ကန့်ကွက်လိုက်သည်။
"ခစ်ခစ်"
အားကျောက် ပါးစပ်က်ို လက်ဖြင့်အုပ်ပြီး ရယ်လိုက်၏။သူမ၏ပုံစံမှာ ယဥ်ကျေးသည့်မိသားစုမှ ဆင်းသက်လာသည့် အမျိုးသမီးကောင်းလေးသဖွယ်ပင်။
"အန်ကယ်ယောက် ဒါကြီးကတော့ အလွန်အမင်း ချီးမွမ်းရာရောက်သွားပြီ အင်စပက်တာကျန်းလို ယောကျာ်းမျိုးက ကျွန်မကို ဂရုစိုက်ပါ့မလားရှင် ပြီးတော့ ဒီနေရာက ဝေစင်းရဲ့ နောက်ဆုံးအနားယူရတဲ့နေရာဖြစ်နေတယ် ဒီလိုနေရာမှာ ဒီလိုစကားတွေ မပြောသင့်ပါဘူးလေ"
"မှန်တယ် မိန်းကလေးယင်ပြောတာ မှန်တယ်"
ယောက်ထန်းယု သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့အနေနှင့် အားကျောက်၏ ဝေဖန်မှုကို မကျေမနပ်ဖြစ်ရမည့်အစား ပို၍ပင် နှစ်သက်သွားသေး၏။ သူမသည် ယဉ်ကျေးပြီး အသိပညာရှိကာ ဂုဏ်သိက္ခာလည်းရှိပေသည်။ သူ့အမြင်တွင် သူမသည် မိန်းမကောင်းလေးတဦးပင်။
အားကျောက်သည် ယောက်ထန်းယုနှင့် ကျန်းကျင်းခိုင်တို့ကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး လှေကားထစ်များအတိုင်း ဆင်းသွား၏။ ကျန်းကျင်းခိုင်ကား အားကျောက်ကို လိုက်ကြည့်နေလေသည်။ မြေပြင်သို့အရောက်တွင် ကြံ့ခိုင်သော ယောက်ျားတစ်ဦး သူမကို လာကြို၏။ ထိုယောက်ျား၏ခြေထောက်များတွင် စစ်သုံးဘွတ်ဖိနပ်ကြီးများ စီးထားကြောင်း သူ သတိထားမိလိုက်သည်။
"တယ်လဲကြည့်လှပါလားကွ"
ယောက်ထန်းယုက ကျန်းကျင်းခိုင်က တီးတိုးပြောလိုက်သည်။
"မင်းသဘောကျရင် ပြန်ရောက်တဲ့အခါ ကျောင်းအုပ်လီကို ပြောပြီး ဇာတ်လမ်းစလို့ရတယ် မိန်းကလေးယင်ကတော့ တကယ့်ကို မိန်းမကောင်းလေးပဲကွ"
ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်ရသည်။
ကားပေါ်အရောက်တွင် ကားမောင်းလာသော ကျန်းကျင်းခိုင်က ယောက်ထန်းယုက်ို မေးလိုက်ပြန်သည်။
"ဒါနဲ့လေ ကော်မရှင်နာ မိန်းကလေးယင်ဟာ ကလေးတွေစာပြနေတာ တော်တော်ကြာပြီလား"
"မင်းကတော့ တကယ့်ကောင်ပါပဲကွာ"
ကျန်းကျင်းခိုင်၏ ရည်ရွယ်ချက်ကို မသိသော ယောက်ထန်းယု ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
"သူ စာပြတာဘယ်လောက်ကြာပြီလဲ ငါလဲမသိဘူးကွ အိမ်ပြန်ရောက်မှ မိန်းမကို ပြန်မေးရမယ် ဘာလဲ မင်းက သူ့ကို တကယ်ပဲကြိုက်သွားတာလား ဒါမှမဟုတ် တခုခုပဲလား"
"ဟဲ ဟဲ ကျွန်တော်..."
ကျန်းကျင်းခိုင် မချိပြုံးပြုံးလိုက်သည်။ သူ မည်သို့တွေးနေမည်ကို ယောက်ထန်းယုအား သူ မရှင်းပြတတ်။ သူမသည် အားကျောက်သာဟုတ်ပါက သူသဘောကျမည်မှာ အမှန်ပင်။ သို့သော် ယောက်ထန်းယု နားလည်အောင် သူ မည်သို့ပြောရမည်နည်း။ တဖက်တွင်လည်း သူမကို သူ သံသယဝင်နေပြန်၏။
"ဟိုဟာလေ....ကျွန်တော်...သူ့အထောက်အထားက နည်းနည်းသံသယရှိစရာများ ဖြစ်နေသလားလို့"
"မင်းရည်ရွယ်ချက်က ပိုပြီးသံသယဖြစ်စရာကောင်းနေတာကွ"
ယောက်ထန်းယု စိတ်တိုလာ၏။
"မင်းက ကျုပ်ကိုပါ သံသယရှိနေသလား ကဲ မင်းဒီနေ့ ဌာနကိုမသွားနဲ့ အိမ်ပြန်ပြီး အနားယူ ဒါအမိန့်ပဲ ကြားလား"
ကျန်းကျင်းခိုင် စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်သည်။ ရုံးကိုမသွားလျင် သူ ဘယ်သွားရမည်နည်း။ သူဘာလုပ်ရမည်နည်း။ မိသားစုအားဆုံးရှုံးပြီးကတည်းက အလုပ်သည်သာ သူ့ဘဝဖြစ်လာခဲ့သည်မှာ ကြာခဲ့ပေပြီ။ အားကျောက်နှင့်တွေ့ဆုံပြီး သူ့ဘဝတွင် အနည်းငယ် လှုပ်ခတ်သွားသေး၏။ ယခုတော့ သူမပါ ပျောက်ကွယ်သွားပြန်ချေပြီ။ တဘဝလုံး အထီးကျန်နေရမည့် ကံပါလာသလားဟုပင် သူ တခါတရံ စဥ်းစားမိ၏။
တကယ်တော့ ပြီးခဲ့သည့် ငါးနှစ်အတွင်း ကျန်းကျင်းခိုင်ကို စိတ်ဝင်စားသော မိန်းကလေးများမှာ မနည်းလှ။ သူ၏မိတ်ဆွေများကလည်း မိန်းကလေးများစွာနှင့် မိတ်ဆက်ပေးခဲ့သော်လည်း သူ့မျက်လုံးကို မည်သူမျှ ဖမ်းစားနိုင်ခြင်းမရှိ။အတိအကျ ပြောရလျင် ကျန်းကျင်းခိုင်သည် သူ့နှလုံးသားတံခါးကို ကိုယ်တိုင်သော့ခတ်ထားခြင်းပင်။ သို့သော် အားကျောက်နှင့် ပတ်သက်လျင် သူ လက်မလွှတ်နိုင်ပဲ ဖြစ်နေ၏။ ဤသည်မှာပင် ကံကြမ္မာ၏ အစီအစဥ်ပေလော။
ထို့နောက် ကျန်းကျင်းခိုင်သည် ယောက်ထန်းယုကို အိမ်ပြန်ပို့ပြီး စူပါမားကတ်သို့သွားကာ ဈေးဝယ်၏။ ပေါင်မုန့်၊ ဝက်အူချောင်းအနည်းငယ်၊ စည်သွပ်ဘူးများနှင့် ရေဘူးနှစ်ဘူးကို ဝယ်ယူပြီး ကျူအန်းအိမ်ယာသို့ သူ တိုက်ရိုက်ပင် မောင်းလာခဲ့သည်။ ဤယနေ့ ရုံးမတက်ရလျင် ဤနေရာမှာပင် သူ အလုပ်လုပ်တော့မည်။ ထို့နောက် သူသည် ထိုင်ခုံကို နောက်သို့လှန်ချပြီး စတီရာယင်ပေါ် ခြေတင်ထားလိုက်သည်။ သူ့မျက်လုံးအစုံကမူ အားကျောက်တိုက်ခန်း၏ ပြတင်းပေါက်များကို စိုက်ကြည့်လျက်ရှိသည်။
သို့သော် သိပ်မကြာခင် ကျန်းကျင်းခိုင်တယောက် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်သွားတော့သည်။ ထိုအချိန်တွင် မိန်းကလေးတဦးသည် ပြတင်းပေါက်မှနေ၍ အိပ်ပျော်နေသော ကျန်းကျင်းခိုင်ကို စိုက်ကြည့်လျက်ရှိသည်။ ထို့နောက် သူက အားရပါးရ ရယ်မောလိုက်၏။
"ဘယ်လောက်တောင် အလိုက်တဲ့လူလဲဆိုတာကွာ"