ကြောင်နှင့်ကြွက်
Vol. 4 Ch. 39
နေဝင်ဆည်းဆာချိန်ရောက်လေပြီ။ ကျန်းကျင်းခိုင်တယောက် အိပ်မက်ထဲမှ လန့်နိုးလာ၏။ အိပ်ယာကနိုးသည်နှင့် အားကျောက်၏ ပြတင်းပေါက်ကို သူ လှမ်းကြည့်လိုက်သည်။ ဘာမှထူးခြားမှုမရှိ။ ထိုအခါ သူက ပျင်းရိငြီးငွေ့ဟန်ဖြင့် ဖုန်းကို ထုတ်ကြည့်လိုက်၏။ ညနေ ၆နာရီထိုးခါနီးလေပြီ။ စာတိုးအများအပြားလည်း ဝင်ထား၏။
"အင်း... ဘာမှသုံးမရတဲ့စာတွေ"
အထက်ပါအတိုင်း ရေရွတ်ပြီး စာတိုများကို ဖျက်ပစ်ရန် သူ စဥ်းစားလိုက်၏။ ထိုစဥ် စာတိုတစောင်က သူ့ကို ဆွဲဆောင်လိုက်လေသည်။
ဦးရဲကြီး ရှင်အိပ်နေတဲ့ပုံစံက ရယ်ချင်စရာကြီး...
"အားကျောက်"
ကျန်းကျင်းခိုင် ဝုန်းခနဲ ထထိုင်လိုက်သည်။ ကနဦးက ရှိနေခဲ့သည့် အိပ်ချင်စိတ်များ ယခုတော့ လုံးဝပျောက်ကွယ်သွားလေပြီ။ သူ စာပို့ထားသောဖုန်းနံပါတ်ကို ခေါ်ကြည့်သေး၏။ အသံသွင်းစနစ်သို့သာ ဖုန်းကဝင်သွားလေသည်။ ထိုအခါ သူက အားကျောက်၏ ပြတင်းပေါက်ကို ထပ်ကြည့်လိုက်ပြန်သည်။ ထူးထူးခြားခြား ဘာမှမရှိ။ နောက်ဆုံးတော့ သူ မနေနိုင်တော့ပဲ အားကျောက်၏အခန်းသို့ တက်လာပြီး လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်လေသည်။
"ဟယ်လို ဦးရဲကြီးရေ ကျွန်မကိုချစ်ရင် ၁ကိုနှိပ်ပါ မချစ်ဘူးဆိုရင် ၂ ကိုနှိပ်ပါ"
အင်တာကွန်းမှ အားကျောက်၏အသံ ထွက်ပေါ်လာ၏။
"တယ် ဒီမိန်းကလေး"
ကျန်းကျင်းခိုင် ကျိန်ဆဲလိုက်၏။ ထို့နောက် သူက ၁ကိုနှိပ်ရန်ဟန်ပြင်လိုက်သော်လည်း မနှိပ်တော့ပဲ ၂ကိုပြောင်းနှိပ်လိုက်လေသည်။
"သေလိုက်ပေါ့"
အင်တာကွန်းထဲမှ အားကျောက်၏ကျိန်ဆဲသံကို သူ ကြားလိုက်ရ၏။
"ဟားဟားဟား"
ကျန်းကျင်းခိုင် အားရပါးရ ရယ်မောလိုက်၏။ သို့သော် အသံကြောင့် သူ စိတ်ပျက်သွားသည်မှာ အမှန်ပင်။ တဖန် သူက ၁ကိုပြောင်းနှိပ်လိုက်ပြန်၏။
"ကျွန်မ သေလိုက်တော့မယ်"
အားကျောက်၏ အသံ ထွက်ပေါ်လာပြန်၏။ ၁ကိုနှိပ်သည်ဖြစ်စေ၊ ၂ကိုနှိပ်သည်ဖြစ်စေ အဖြေမှန်ကား ရှိပုံမရ။
"မိန်းကလေး အခုချက်ချင်းထွက်လာစမ်း"
ကျန်းကျင်းခိုင် မနေနိုင်တော့ပဲ ထအော်လိုက်တော့သည်။
"မင်းအထဲမှာရှိနေတာငါသိတယ်နော်"
ဤတစ်ကြိမ်တွင် ကျန်းကျင်းခိုင်၏ ခန့်မှန်းချက်မှာ မှားယွင်းနေ၏။ တကယ်တော့ အားကျောက်တယောက် တိုက်ခန်းမှ ထွက်ခွာသွားပြီ ဖြစ်သည်။ သို့သော် ခပ်ဝေးဝေးကိုသွားခြင်းတော့မဟုတ်။ အကယ်၍ ကျန်းကျင်းခိုင်သာ ဘေးဘီဝဲယာကိုကြည့်မိပါက မိန်းကလေးတဦး သူ့ကိုချောင်းကြည့်နေကြောင်း သတိထားမိကောင်းထားမိပေလိမ့်မည်။
"ဟူး"
ကျန်းကျင်းခိုင် သက်ပြင်းတချက်ရှည်လျားစွာချလိုက်ပြီး ကားဆီသို့ စိတ်ပျက်လက်ပျက်နှင့် လျှောက်သွားလေသည်။ ကျန်းကျင်းခိုင်ကို ငေးကြည့်ရင်း အားကျောက်တယောက် သူ့ရင်ခွင်ထဲသို့ ပြေးဝင်လိုစိတ်ပေါ်လာ၏။ သို့သော် သူမ မလုပ်မိချေ။ သူမ ကြောင်နှင့်ကြွက်လုပ်တမ်းကစားရသည်ကို နှစ်သက်နေ၏။ တဖက်တွင်လည်း နောက်ကျောမလုံသည့် ခံစားချက်တခုက အားကျောက်ကို တားဆီးနေလေသည်။ နောက်ဆုံးတွင် သူမချစ်နေသောသူ စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားသည်ကို ငေးကြည့်နေရရှာလေသည်။
ထို့နောက် ကျန်းကျင်းခိုင်သည် ကားကို ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်သို့ မောင်းလာခဲ့၏။
"ဦးလေးကိုင် ခေါက်ဆွဲတပွဲ ပြီးတော့ မုန့်ချိုလေးနည်းနည်း"
စားပွဲတလုံးတွင် ဝင်ထိုင်ရင်း ကျန်းကျင်းခိုင် လှမ်းမှာလိုက်၏။
"လာပြီ"
အသံနှင့်အတူ အသက်ကြီးကြီး မိန်းမတစ်ဦး မီးဖိုချောင်မှ ထွက်လာ၏။
"ဦးလေးကိုင် သူ့ကလေးမင်္ဂလာဆောင်ရှိလို့ ရွာကိုခနပြန်သွားတယ် သူမရှိတုန်း ကျွန်မက ဆိုင်ကို ခနကြည့်ပေးနေတာ"
မိန်းမကြီးက ပြုံးပြုံးရွှင်ရွှင်နှင့် ရှင်းပြလိုက်၏။
"အဒေါ်မာရေ ခေါက်ဆွဲတပွဲပေးပါ"
မိန်းကလေးတစ်ဦး၏အသံ ကျန်းကျင်းခိုင်နောက်ကျောမှ ထွက်ပေါ်လာသည်။ အသံသည် ရွှင်လန်းကြည်လင်နေ၏။ ဤအသံသည် သူတောင့်တခဲ့သော အသံများဖြစ်လေသလား။
အသံကိုကြားသည်နှင့် ကျန်းကျင်းခိုင် စိတ်လှုပ်ရှားကြီးစွာနှင့် လှည့်ကြည့်လိုက်ရာ အသံရှင်မှာ ယင် ကျီးယွမ်ဖြစ်နေကြောင်း သူ တွေ့လိုက်ရသည်။
"အိုး အင်စပက်တာကျန်း ရှင်လဲရောက်နေတာလား"
ကျန်းကျင်းခိုင်ကိုမြင်သည်နှင့် အားကျောက် ခပ်တည်တည်နှင့် မေးလိုက်သည်။ ကြည့်ရသည်မှာ ကျန်းကျင်းခိုင်၏ရဲကား အပြင်တွင်ရပ်ထားသည်ကို သူမ မမြင်သည့်ပုံ ပေါက်နေ၏။
"အော် မိန်းကလေးယင်ပါလား မင်းလဲခေါက်ဆွဲကြိုက်သလား"
ကျန်းကျင်းခိုင်က မေးလိုက်၏။ ထိုအချိန်တွင် သူ့ခေါင်းတခုလုံး မူနောက်လာသည်ဟု သူ ခံစားလိုက်ရသည်။ သူသည် အနားယူသင့်နေပြီလား။ လမ်းလျှောက်နေသောမိန်းကလေးတိုင်းကိုသာ အားကျောက်ဟု မြင်နေပါက ခက်ရချေတော့မည်။
"ကျွန်မ ခနထိုင်လို့ရမလား"
အားကျောက်က ခေါင်းကိုငဲ့ပြီး စိတ်လှုပ်ရှားနေသည့် ကျန်းကျင်းခိုင်ကို မေးလိုက်သည်။
"အိုး ဟုတ်ကဲ့ ထိုင်ပါ"
"ဒါနဲ့ အင်စပင်တာကျန်းရဲ့နာမည်အပြည့်အစံက ဘာများလဲရှင့်"အားကျောက်က စကားစလိုက်၏။
"ကျန်းကျင်းခိုင်"
စိတ်မသက်မသာဖြစ်နေဟန်ဖြင့် ကျန်းကျင်းခိုင်က ဖြေလိုက်၏။ ဤမိန်းကလေးသည် အားကျောက်မဟုတ်ပဲ ယင်ကျီးယွမ်သာဖြစ်နေသည်ကို ကျန်းကျင်းခိုင် သေချာပေါက် လက်ခံလိုက်ရတော့မည့်ဟန်ပင်။ သို့သော် ဘာကြောင့်မှန်းမသိ ဤမိန်းကလေးကို အားကျောက်ဟု သူ ခံစားနေရဆဲပင်။
"ကျန်းကျင်းခိုင်ပါ မိန်းကလေး"
အားကျောက်သည်ခေါင်းကို အနည်းငယ်ငုံ့ပြီး ကျန်းကျင်းခိုင်၏နာမည်ကို အလွတ်ရအောင် ကြိုးစားနေဟန်ရှိသည်။ ထို့နောက် သူမက မေးလိုက်ပြန်၏။
"ဝေစင်းက ရှင့်လုပ်ဖော်ကိုင်ဖက်လား ဒါနဲ့ ကျွန်မ ရှင့်ကို ဘယ်လိုခေါ်ရမလဲဟင် အင်စပက်တာ"
"ဟုတ်တယ် ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်တွေ"
ကျန်းကျင်းခိုင် ခေါင်းညိတ်ရင်းပြန်ဖြေလိုက်၏။
"ကျုပ်က မင်းထက် အသက်ကြီးတယ်ဆိုတော့ အစ်ကိုကျန်းလို့ ခေါ်လို့ရတယ်"
"ဟုတ်ကဲ့"
အားကျောက်က ခေါင်းညိတ်လိုက်သည်။ သူမစိတ်ထဲတွင်လည်း အရူးကြီး...ဘာလို့ ဦးလေးကျန်းလို့ မခေါ်ခိုင်းတာလဲဟု တွေးမိပြီး ရယ်ချင်စိတ်ပေါက်လာ၏။
"ဟာ အစ်ကိုကျန်း စားလေ ဘာလို့မစားတာလဲ"
အားကျောက်၏အသံမှာ အလွန်နူးညံ့နေလေသည်။
"အော် ဟုတ်သားပဲ စားပြီ စားပြီ"
အားကျောက်၏စကားကြောင့် ကျန်းကျင်းခိုင် ကယောင်ကတန်းနှင့် ခေါက်ဆွဲများကို ပလုတ်ပလောင်း စားသောက်လိုက်၏။
"ခစ် ခစ် အစ်ကိုကျန်း ဒီလောက်များများကြီးစားတော့ ခေါက်ဆွဲနင်နေအုံးမယ်"
ရှက်ရွံ့နေသော ကျန်းကျင်းခိုင်ကိုကြည့်ရင်း အားကျောက် ရယ်မောလိုက်၏။
ရှင်ဟာ အတီးအတပေမဲ့ ချစ်စရာတော့ကောင်းသား...
"အိုး ရပါတယ် ကျုပ် စားနိုင်တယ်"
ကျန်းကျင်းခိုင် ယောင်ဝါးဝါးနှင့် ပြောလိုက်၏။ အားကျောက်ရှိနေခြင်းကြောင့် သူ့တွင် စိတ်မသက်မသာဖြစ်နေရကြောင်း မည်သိို့ရှင်းပြမည်နည်း။ လှပသောမိန်းကလေးတဦးနှင့် အတူထိုင်နေရခြင်းကြောင့် ပျော်ရွှင်နေသင့်သည် မဟုတ်ပါလား။
"ကျေးဇူးတင်ပါတယ်အဒေါ်မာ"
ယခုမှရောက်လာသော စားစရာများကို လက်ခံပြီး အားကျောက်က ကျန်းကျင်းခိုင်ကိုကြည့်ကာ စိတ်မကောင်းဟန်ဖြင့် ပြောလိုက်ပြန်သည်။
"အစ်ကိုကျန်း ဗိုက်ဆာနေပေမဲ့ ကျွန်မစားတာကိုလဲ စောင့်ပါအုံးရှင့်"
"ငါ... အား... အား" ဟု ထိုအမြည်းသည် နောက်ဆုံးတွင် သူစားနေသောခေါက်ဆွဲများကြောင့် နင်သွားသည်။
ထို့နောက် သူတို့နှစ်ဦး မအီမလည် ခံစားချက်ကိုယ်စီနှင့် ညစာစားကြ၏။ ညစာပြီးသွားသည်နှင့် ကျန်းကျင်းခိုင်က အားကျောက်အတွက် သူ ရှင်းပေးရန် အတင်းအကျပ် ပြောလေသည်။ ထို့နောက် သူတို့နှစ်ဦး ခေါက်ဆွဲဆိုင်မှ အတူတကွ ထွက်လာကြ၏။
"အစ်ကိုကျန်း ကျွန်မ အိမ်ပြန်တော့မယ် ဒါနဲ့ ရှင် ဒီညနက်အထိ အလုပ်လုပ်အုံးမှာလား"
အားကျောက်က ကျန်းကျင်းခိုင်ကို မေးလိုက်၏။
"ကျုပ်လား မလုပ်တော့ပါဘူးကွာ"
ကျန်းကျင်းခိုင် ပြန်ဖြေလိုက်၏။
"မင်းလဲ ဂရုစိုက်နော်"
"အင်း... ကျွန်မအိမ်က ဒီကနေ အတော်လေးဝေးတယ်ရှင့်"
အားကျောက်က ရှက်တက်တက်ပုံစံဖြင့် ပြောလိုက်သည်။ သို့သော် သူမ၏စိတ်ထဲတွင် ကျန်းကျင်းခိုင်ကို ကျိန်ဆဲနေလေသည်။
အရူးကြီး...သူများကို အိမ်ပြန်လိုက်ပို့တော့ သေသွားမှာမို့လို့လား...
"အင်း...ကျုပ်..."
ကျန်းကျင်းခိုင် ဘာပြောရမှန်းမသိပဲ မအူမလည် ဖြစ်နေ၏။ သူ့ကိုကြည့်ရသည်မှာ တံတွေးနင်နေသည့်ပုံပင်။
"ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးပါလား အစ်ကိုကျန်း"
အားကျောက်က မျက်တောင်ပုတ်ခပ်ပုပ်ခတ်လုပ်ရင်း မေးလိုက်၏။
"ဟာ လိုက်ပို့ရမှာပေါ့ ကျုပ် လိုက်ပို့ပါ့မယ်"
အားကျောက် ပေါ်တင်တောင်းဆိုလိုက်တော့မှ ကျန်းကျင်းခိုင် သဘောတူလိုက်လေသည်။
ဒါဆို ရှင်က ကျွန်မအမေးကို စောင့်နေတာပေါ့လေ တွေ့ကြသေးတာပေါ့...
စိတ်ထဲကသာ အထက်ပါအတိုင်း တွေးမိသော်လည်း ပါးစပ်ကတော့
"ဒါဆို သွားကြရအောင်လေ အစ်က်ိုကျန်း"
ဟုပြောလိုက်သည်။
"ခနလေး ကျုပ်ကားက ဒီဖက်မှာ"
ကျန်းကျင်းခိုင် ရဲကားကို ညွှန်ပြလိုက်၏။
"ရဲကားလား"
ကားကိုကြည့်ပြီး အားကျောက် ပြုံးစေ့စေ့ ဖြစ်သွား၏။
"ကျွန်မရှေ့မှာထိုင်ပြီး ရှင်က နောက်မှာထိုင်မယ်ဆိုရင် ဘယ်လိုနေမလဲ"
"မင်း...ဟားဟား မင်းက ကားမောင်းတတ်လို့လား"
ကျန်းကျင်းခိုင် ရယ်မောလိုက်သည်။
"မတတ်ဘူးလေ"
အားကျောက်က ရဲကားကို စိတ်ဝင်တစားနှင့် ကြည့်နေ၏။
"ရဲကားထဲ ဘယ်တော့မှ မဝင်ဖူးဘူး ရုပ်ရှင်တွေထဲမှာတော့ မကောင်းတဲ့လူဆိုးတွေ နောက်ခန်းမှာထိုင်ကြတာကို မြင်ဖူးတယ်"
ထိုသို့ပြောပြီး သူမက ကျန်းကျင်းခိုင်ကို ရှက်ကိုးရှက်ကန်းနှင့် ပြုံးပြလိုက်လေသည်။
"ဒါဆို ကျုပ်က ရှေ့မှာထိုင်မယ် ဒီတစ်ခါတော့ မင်းကို လူဆိုးလို့ ယူဆလိုက်မယ်"
ကျန်းကျင်းခိုင် အလိုက်သင့် ပြန်ပြောလိုက်၏။ သူ့ဘေးရှိ မိန်းကလေးသည် အားကျောက်မဟုတ်ပဲ မူကြိုဆရာမ ယင်ကျီးယွမ်ဖြစ်ကြောင်း သေချာသွားပြီဖြစ်၍ ကျန်းကျင်းခိုင် စိတ်အနည်းငယ် ပေါ့သွား၏။
"မဖြစ်ဘူး ကျွန်မ လူဆိုးမဖြစ်ချင်ပါဘူး ရှေ့မှာ ရှင်နဲ့အတူ ထိုင်လို့ရမလား"
"အင်း အင်း ကဲ တက်ပါ"
ကျန်းကျင်းခိုင် ယာဥ်မောင်းထိုင်ခုံဆီသွားရင်း ပြောလိုက်၏။ အားကျောက်ကား ပြုံးစေ့စေ့နှင့် အောက်ပါအတိုင်း အတွေးပေါက်နေလေသည်။
ဒီလူကြီး ငါ့ကို ပွေ့သွားပြီး ထိုင်ခိုင်းရင် ကောင်းမှာပဲ....