← Chapters

အခန်း (၁၇၁၁-၁၇၁၅)

Vol. 69 Ch. 1711-1715

အခန်း (၁၇၁၁-၁၇၁၅)

Vol. 69 Ch. 1711-1715

အပိုင်း (၁၇၁၁)

ရန်ကိုင်သည် ဖန်ကျန်းပြောသည့် ဇာတ်လမ်းအား သေချာ နားစိုက်ထောင်နေခဲ့သည်။

ဇာတ်လမ်းမှာ ဤသို့ဖြစ်၏။

ဤကျွန်းပေါ်သို့ ရောက်လာသည့်နေ့တွင်၊ ခပ်ပိန်ပိန်နှင့်လူ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည့် လူအနည်းစုမှလွဲ၍ ကျန်လူ အားလုံးသည် မြို့ဆီသို့ ပြန်လည် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

အရိပ်ဝိဥာဉ်ကျွန်း၏ လူဦးရေမှာ အလွန်ကိုမှ နည်းလှသည်။ ထို့ကြောင့် လူအများကြီး ရုတ်တရက် ရောက်လာသည့်အခါ ကျွန်းသခင်သည် ထိုလူအားလုံးကို သူ့လက်အောက်သို့ သိမ်းသွင်းရန် လုပ်ဆောင်တော့သည်။

လူတစ်ဦးသည် မည်မျှပင် ကြီးမြတ်နေစေကာမူ အခြေအနေ မဟန်သည့်အခါ ဆန္ဒမရှိလျှင်ပင် ဦးညွှတ်သင့်သည့်အခါ ဦးညွှတ်ရပေသည်။ ထို့ကြောင့် ဖန်ကျန်းနှင့် ချန်မိုတို့သည်လည်း ကျွန်းသခင်၏အမိန့် နာခံရုံမှတစ်ပါး အခြားလုပ်စရာ မရှိခဲ့ပေ။

သိုရာတွင် ပင်လယ်နတ်ဘုရားနန်းတော်မှ ရှန်းအောင်ကမူ ထိုကဲ့သို့ မဟုတ်ဘဲ ကျွန်းသခင်အား ပြန်၍ အံတုချင်သည်။ ထို့အတွက်ကြောင့် ကျွန်းအား အုပ်ချုပ်နေသည့် လူများသည် သူ့အား တစ်ကိုယ်တည်း ခွဲထားလိုက်လေသည်။ ယနေ့ထိတိုင် ရှန်းအောင် မည်ကဲ့သို့ ဖြစ်နေသလဲဆိုသည်ကို ချန်မိုနှင့် ဖန်ကျန်းတို့ နှစ်ဦးစလုံး မသိကြချေ။ သူအနှိပ်စက်ခံနေရသည်မှာ ဖြစ်နိုင်ချေ အများဆုံးဖြစ်သည်။

လက်ကျန် လူအားလုံးမှာမူ အဖွဲ့ ဆယ်နှစ်ဖွဲ့ခွဲပြီး အရိပ်ဝိဥာဉ်ကျွန်း၏ ကျင့်ကြံသူများ၏ ဦးဆောင်မှုဖြင့် အသီးသီးသော တာဝန်များကို လုပ်ဆောင်ကြရတော့လေသည်။

ချန်မို၊ ဖန်ကျန်းနှင့် အခြားသူများမှာ ပင်လယ်ပြင်၍ အရိပ်ကောင်းကင်ကြာပန်းကို လာထွက်ရသည်။ အချို့ အဖွဲ့များမျာ သတ္တုများ သွားတူးကြရပြီး အချို့မှာ အရိပ်ဝိဥာဉ်ကျွန်း၌ နေကာ လက်တိုလက်တောင်း ကိစ္စများကို ဆောင်ရွက်ပေးကြရလေသည်။

အရိပ်ဝိဥာဉ်ကျွန်းတွင် ပိတ်မိနေသည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ၏ ဘဝမှာ အတော့်ကိုမှ ဆိုးရွားလှပေသည်။ ရောက်ကတည်းက ကောင်းကောင်း မနေရဘဲ သေခြင်းရှင်ခြင်း အန္တရာယ်များနှင့်သာ နပန်းလုံးနေရ၏။ အထူးသဖြင့် အရိပ်ကောင်းကင်ကြာပန်းအား ထွက်ရှာသည့် အခါတွင် ဖြစ်၏။ အရိပ်ကောင်းကင်ကြာပန်းအား ရှာနေစဉ် အတောအတွင်း သူတို့ မယှဉ်ပြိုင်နိုင်သည် ပင်လယ်သားရဲ တစ်ကောင်နှင့်သာ သွားတွေ့ပါက တစ်ဖွဲ့လုံး ကိစ္စချောပေပြီ။

သို့သော်လည်း သူတို့ သေသေရှင်ရှင် မည်သူမှ ဂရုမစိုက်ကြ။ အရိပ်ဝိဥာဉ်ကျွန်းသို့ ရောက်လာသူတိုင်းသည် ဤအန္တရာယ်ကို မဖြစ်မနေ ကြုံတွေ့ကြရပေလိမ့်မည်။ ဤနေရာသို့ ရောက်သည် ဆိုပါက ကျွန်းသခင် မင်ယွဲ့အား အပြည့်အဝ သစ္စာရှိပြီးမှသာလျှင် အရိပ်ဝိဥာဉ်ကျွန်းထဲ ဝင်နိုင်မည်ဖြစ်ကာ အရိပ်ကောင်းကင် ဆေးလုံးများကို သောက်သုံးနိုင်ပေလိမ့်မည်။

မင်းယွဲ့ အနေဖြင့် ကျွန်းအား ထိန်းချုပ်နိုင်ခြင်းမှာ သူ့ခွန်အား သက်သက်ကြောင့်တင် မဟုတ်ဘဲ အရိပ်ကောင်းကင်ဆေးလုံးများကို ထိန်းချုပ်ထားနိုင်သည့် အတွက်ကြောင့်လည်း ပါပေသည်။

“ကျုပ်ဒီရောက်ပြီး တွေ့တဲ့လူတိုင်း ကာယခွန်အား အရမ်း ကောင်းတဲ့လူတွေချည်းပဲ။ အကုန်လုံး အရိပ်ကောင်းကင် ဆေးလုံးတွေကို သောက်ပြီးသားလူတွေနဲ့ ထင်တာပဲ၊ ဂိုဏ်းချုပ်ရန်” ရန်ကိုင်၏ စိုးရိမ်ပူပန်ခြင်း အရှင်းမရှိသည့် အမူအရာကို မြင်သော် ဖန်ကျန်းသည် လှေဆီသို့ နည်းနည်း ခပ်လှန့်လှန့်ဖြင့် လှမ်းကြည့်ရင်း သတိပေးလိုက်လေသည်။

သို့သော်လည်း လှည့်ကြည့်လိုက်သည့်အခိုက် မြင်လိုက်သည့် မြင်ကွင်းကြောင့် ဖန်ကျန်း ကြောင်သွားခဲ့လေသည်။

အစောပိုင်းက ပင်လယ်ပြင်ထက် လမ်းလျှောက်နေသော လူအိုကြီးသည် ဘယ်အချိန်ကတည်းကမှန်းမသိ သင်္ဘော ဦးပိုင်းပေါ် ရောက်နေခဲ့လေသည်။

သူအမှင်သက်ရဆုံးမှာ အစောပိုင်းက သူတို့အား အထက်စီးဖြင့် ဆက်ဆံနေခဲ့သော သွားခေါတို့အုပ်စုသည် လူအိုကြီးအား ဖြူဖတ်ဖြူလျော် မျက်နှာများဖြင့် ကြောက်လန့်စွာ စိုက်ကြည့်နေကြခြင်းပင်။ မည်သူမှ လူအိုကြီးအား သူတို့ လှေပေါ်မှ မောင်းမထုတ်ရဲသည့်အပြင် လူအိုကြီးရှေ့၌ သူတို့ အားလုံး အသက်ပင်ရဲရဲ မရှူရဲကြပေ။

ထိုလူအိုကြီး မည်သူများနည်း။ ရန်ကိုင်နှင့် မကြာခင်က တွေ့လာသည့် မိတ်ဆွေတစ်ဦးများလား၊ ဖန်ကျန်း လူအိုကြီး၏ ဇာစ်မြစ်ကို တွေးကြည့်နေခဲ့သည်။

“လူအိုကြီးရှ၊ အဲ့ကောင်တွေ ကျုပ်မိတ်ဆွေတွေကို အနိုင်ကျင့်ထားတဲ့ပုံပဲ” ရန်ကိုင်က ရှဟူကို လှမ်းအော်ပြောလိုက်၏။

တကယ်တော့ ဖန်ကျန်းတို့သည် ရန်ကိုင်၏ မိတ်ဆွေများ မဟုတ်ကြချေ။ သူ့မိတ်ဆွေများဟု ပြောလိုက်ရခြင်းမှာ ထိုလူ အားလုံးသည် အရိပ်ကြယ်မှ လာကြသည့် ကျင့်ကြံသူများ ဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ထိုလူများသည် သူ့စီမံမှုအောက်တွင် ရှိနေသည့် လူများ ဖြစ်ကြပေသည်။

ထို့အပြင် ပင်လယ်နတ်ဘုရားနန်းတော်နှင့် ပင်လယ်ကျောင်းတော်မှ လူများနှင့် ပက်သက်၍ သူ့တွင် အခြား အစီအစဉ်များ ရှိနေသေးသဖြင့် ထိုလူများကို ဤနေရာတွင် အသေမခံနိုင်ချေ။

ထိုစကားကို ကြားသည့်အခါ ရှဟူက ပြုံးလျက် “အနိုင်ကျင့်ခံရတာလား။ ဒါဆို သူတို့ကို ငါပြန်ပြီး အနိုင်ကျင့်ပေးရတာပေါ့”

ပြောပြီးသည်နှင့် ရှဟူသည် လက်သီးကို တင်းတင်းဆုပ်၍ သွားခေါနှင့် သူ့လူများ ရှိနေသည့်ဘက်သို့ ထိုးချလိုက်လေ၏။

ဆယ်မီတာကျော် အကွာလောက်မှ ထိုးလိုက်ခြင်း ဖြစ်သော်ငြား လက်သီးချက်မှ ထွက်ပေါ်လာသည့် ဖိအားကြောင့် သွားခေါနှင့် သူ့လူအားလုံး တဘုန်းဘုန်းဖြင့် တစ်စစီ ပေါက်ကွဲထွက်ကုန်ကြလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ဖန်ကျန်း၊ ချန်မိုနှင့် အခြားသူအားလုံး မှင်သက်ကုန်ကြလေ၏။

သူတို့ ဘာမှ ပြန်မလုပ်နိုင်သော အရိပ်ဝိဥာဉ်ကျွန်းမှ ကျင့်ကြံသူများသည် လူအိုကြီး၏ လက်သီးတစ်ချက်ကြောင့် နောက်ဘဝပြောင်းသွားကုန်ကြရ၏။ ထိုလူကြီး မည်မျှပင် သန်မာလိုက်လေသနည်း။

အရိပ်ဝိဥာဉ်ကျွန်းသို့ ရောက်ပြီးနောက်ပိုင်း ခွန်အားဆိုသည့် အဓိပ္ပါယ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းသွားလေတော့သည်။ ဤနေရာတွင် အခြား မည်သည့်နေရာနှင့်မှ မတူဘဲ ကာယ ခွန်အားကိုသာ ခွန်အားအဖြစ် သတ်မှတ်သော နေရာဖြစ်သည်။ ထို့ကြောင့် လူအိုကြီးအနေဖြင့် ထိုသို့လုပ်နိုင်ဖို့ရာ သူ့ခွန်အားသည် အလွန်ကိုမှ မှင်သက်စရာကောင်းသည့် အဆင့်တစ်ခုသို့ ရောက်နေရပေလိမ့်မည်။

“ဂိုဏ်းချုပ်ရန်… အဲ့စီနီယာက… ဘယ်သူလဲဟင်” ဖန်ကျန်းသည် လူအိုကြီးအား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေရင်း ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။ ချန်မိုနှင့် အခြားသူများသည်လည်း ထိတ်လန့်နေသည့် အကြည့်ဖြင့် ရန်ကိုင်အား ကြည့်လာခဲ့သည်။

“လူအိုကြီးရှရဲ့ နာမည်အပြည့်အစုံက ရှဟူတဲ့။ အဲ့နာမည်ကို ခင်ဗျားကြားဖူးလား” ရန်ကိုင်က ပြုံးလျက် ဖန်ကျန်းအား ပြန်မေးလိုက်လေသည်။

“ရှဟူ” ဖန်ကျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏကြာမျှ မျက်မှောင်ကြီးကြုတ်လျက် စဉ်းစားနေပြီးနောက် ရုတ်တရက် အလန့်တကြား ထအော်လေသည် “ပင်လယ်ကျောင်းတော်ရဲ့ အရင် ဒုကျောင်းတော်သခင်လား”

“မင်းကလည်း ပင်လယ်ကျောင်းတော်ကလား” ရှဟူက ဖန်ကျန်းအားကြည့်၍ မေးလိုက်၏။

ဖန်ကျန်းသည် ရှဟူဆီသို့ အလျင်အမြန် ပြေးသွားပြီး ပင်လယ်ထဲခုန်ထွက်၍ ချက်ချင်း ဒူးထောက်က “ရောင်နီကျွန်းရဲ့ ကျွန်းသခင် ဖန်ကျန်း ဂိုဏ်းတူဦးလေးရှကို နှုတ်ဆက်ပါတယ်”

“မင်းက ရောင်နီကျွန်းရဲ့ ကျွန်းသခင်လား” ဖန်ကျန်း… ထိုနာမည်အား ရန်ကိုင် ပြောသည်ကို ရှဟူ ကြားဖူးပေသည်။ ယခု ဖန်ကျန်းကိုယ်တိုင် သူ့နာမည်ကို ပြောလာမှ ဖန်ကျန်း မည်သူမှန်း ရှဟူ သိသွားတော့သည်။ ပြုံးလျက် ရှဟူက ပြောလိုက်လေ၏ “အခုလိုတွေ လုပ်နေစရာ မလိုဘူး။ ထတော့”

“ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းတူဦးလေး” ဖန်ကျန်း အလွန်ကို စိတ်လှုပ်ရှားနေခဲ့လေသည်။ လက်နှစ်ဖက်ကို ပွတ်၍ ဆက်ကာ ပြောလေ၏ “ဂိုဏ်းတူဦးလေးကို တပည့် လေးစားနေတာ ကြာပြီ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်(၃၀၀)လောက်တုန်းက ဂိုဏ်းတူဦးလေး ရုတ်တရက် ပျောက်သွားတယ်တဲ့။ အဲ့တုန်းက ပင်လယ်ကျောင်းတော် တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားတာ။ ဂိုဏ်းတူဦးလေးကို ဒီနေရာမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”

ရှဟူက အကျယ်ကြီး အော်ရယ်မောလျက် “မင်းက တကယ်ကို ဖားတတ်တာပါလားကွ”

ရှဟူ စကားကြောင့် ဖန်ကျန်း မျက်နှာ နီသွားခဲ့၏။ သို့သော် အရမ်းရှက်သွားခြင်း မရှိဘဲ ပြုံးလျက်သာ အခြားသော ကျင့်ကြံသူများကို လက်ညိုးထိုး၍ “ဂိုဏ်းတူဦးလေး။ အဲ့လူတွေက ပင်လယ်ကျောင်းတော်ရဲ့ တပည့်တွေလေ”

ရှဟူသာ ထိုကျင့်ကြံသူများကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်၍ “ကောင်းတယ်၊ ကောင်းတယ်၊ နှစ်သုံးရာ ကြာပြီးတဲ့ နောက်မှတော့ ငါ့မိသားစုကို ပြန်တွေ့ခွင့်ရပြီပေါ့။ မင်းတို့အားလုံး စိတ်ပူမနေနဲ့။ ဒီလူအိုကြီး ဒီမှာ ရှိနေသရွေ့ ဘယ်သူမှ မင်းတို့ကို ထိခိုက်အောင် မလုပ်စေရဘူး”

ထိုစကားကို ကြားသည့်အခါ ပင်လယ်ကျောင်းတော်မှ တပည့်များအားလုံး စိတ်လှုပ်ရှားသွားကြလေသည်။

အနာဂတ် မရေရာ၊ မသေချာသည့် အခြေအနေနှင့် ရင်ဆိုင်နေရစဉ် သူတို့၏ ယခင် ဒုကျောင်းသခင် ရုတ်တရက်ကြီး ပေါ်လာပြီး အရိပ်ဝိဥာဉ်ကျွန်းမှ ကျင့်ကြံသူများကို လက်သီး တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ကာ သူတို့အား ဆိုးရွားသော ကံကြမ္မာဆိုးမှ ကယ်ဆယ်ပေးသွားခဲ့လေရာ သူတို့အားလုံး မပျော်ဘဲ ဘယ်နေကြမည်နည်း။

ချန်မိုနှင့် ပင်လယ်နတ်ဘုရားကလန်မှ ကျင့်ကြံသူများ မှာတော့ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေကြလေသည်။

ကံကောင်းစွာဖြင့် ဖန်ကျန်းသည် သူတို့အား မေ့မထားခဲ့ပေ။ ဖန်ကျန်းသည် ချန်မိုတို့အုပ်စုအား ညွှန်ပြ၍ “ဂိုဏ်းတူဦးလေးရှ၊ ဒါက ပင်လယ်နတ်ဘုရားကလန်ရဲ့ ဗိုလ်ချုပ်ချန်မိုလေ။ သူတို့လည်း ကျုပ်တို့နဲ့အတူ ဒီကို ရောက်လာတာ။ ဒီနေရာကို ရောက်လာကတည်းက ကျုပ်တို့ သူတို့အပေါ် အတော်လေး မှီခိုခဲ့ရတယ်”

ဖန်ကျန်းသည် ချန်မိုတို့အား မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ဘဲ အမှန်ကို ပြောဆိုနေခြင်း ဖြစ်သည်။ ကာယခွန်အားပိုင်း၌ ပင်လယ်နတ်ဘုရားကလန်မှ ကျင့်ကြံသူများသည် လူသား ကျင့်ကြံသူများထက် အများကြီး ပိုအားကောင်းပေသည်။ ထို့ကြောင့် ရှန်းအောင်သည် ဤနေရာသို့ ရောက်စဉ်က ပင်လယ်နတ်ဘုရားကလန်မှ ကျင့်ကြံသူများကို တစ်ယောက်နှင့်အများ မရှုံးစတမ်း ယှဉ်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“အင်း” ရှဟူသည် ခပ်ပြတ်ပြတ်သာ ခေါင်းညိတ်လိုက်သည်။ ရှန်းအောင်နှင့် သူ့အဖွဲ့သည် ပင်လယ်ကျောင်းတော်မှ ဖြစ်သည့် အတွက် ရှဟူအနေဖြင့် သူတို့အား ကာကွယ်ပေးမည် ဖြစ်သော်ငြား ပင်လယ်နတ်ဘုရားကလန်ကိုလည်း ကာကွယ်ပေးလိမ့်မည်ဟု မဆိုလိုချေ။ သူသည် အစကတည်းက ပင်လယ်နတ်ဘုရားကလန်မှ လူများကို ကြည့်မရခြင်း ဖြစ်သည်။ ဒုကျောင်းသခင် ဖြစ်စဉ်ကလည်း သူ့လက်တွင် ပင်လယ်နတ်ဘုရားကလန်မှ ကျင့်ကြံသူများ၏ သွေးများ စွန်းထင်းခဲ့ဖူးပေသည်။

ပင်လယ်နတ်ဘုရားကလန်မှ ကျင့်ကြံသူများကို ဂရုမစိုက်သော်ငြား ရန်ကိုင်အောက်တွင် ကူးခတ်နေသော လင်းပိုင်းလေးအား လှမ်းကြည့်ပြီးနောက် ရုတ်တရက် ပြုံး၍ “ကောင်းပြီလေ။ ဒါဆို အတူတူ သွားကြတာပေါ့။ အခု လောလောဆယ် ပင်လယ်ကျောင်းတော်နဲ့ ပင်လယ်နတ်ဘုရား ကလန်ကြားက ရန်ငြိုးတွေကို ယာယီ မေ့ထားလိုက်ဦး။ ဒီကနေ ထွက်သွားနိုင်မယ့် အခွင့်အရေး ရလာတဲ့အခါကျမှပဲ အဲ့အကြောင်းကို ဆွေးနွေးကြတာပေါ့”

“ဂိုဏ်းတူဦးလေးရှကို ကျေးဇူးအများကြီး တင်ပါတယ်” ဖန်ကျန်း သက်ပြင်းချမိလိုက်သည်။ ယခင်ရက်များအတွင်း ချန်မိုတို့ဆီမှ အကူအညီများ ရယူထားသဖြင့် သူတို့အလှည့်ကျ ပြန်ကူပေးနိုင်သော်ငြား မကူညီသည့်အခါ၊ တစ်ဖက်လူ၏ ကျေးဇူးကို မသိတတ်ရာ ကျသွားပေလိမ့်မည်။ ထိုအခါ ယခု ကိစ္စသည် ဖန်ကျန်းအတွက် ကိုယ်တွင်းနတ်ဆိုးသဖွယ် ဖြစ်လာပေလိမ့်မည်။

ချန်မိုအနေဖြင့် ရှဟူ သူတို့အား ဘာကြောင့် ကူညီရန် ဆုံးဖြတ်လိုက်သလဲ ဆိုသည်ကို နားမလည်သော်ငြား ကျေးဇူးတင်စကားတော့ ပြောလိုက်ပေသေးသည်။

ပင်လယ်နတ်ဘုရားကလန်နှင့် ပင်လယ်ကျောင်းတော်မှ ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး လှေပေါ်သို့ တက်ကြ၏။ ချန်မို၏ အကြည့်စူးစူးအောက်တွင် ရန်ကိုင်သည်လည်း လှေပေါ်သို့ လိုက်တက်လိုက်သည်။ လင်းပိုင်လေးကမူ ရေထဲတွင် ကူးခတ်ရင်းဖြင့်သာ သူတို့နောက်သို့ လိုက်လာကြလေသည်။

သူသာ လင်းပိုင်လေးပေါ်တွင် ဆက်ထိုင်နေလျှင် ချန်မို သူ့အား တကယ်ကြီး တိုက်ခိုက်တော့မည်ဟု ခံစားနေရသည်။

ဤစားဖို့၊ ဆော့ဖို့သာ တတ်သော လင်းပိုင်လေသည် ပင်လယ်နတ်ဘုရားကလန်၏ မင်းသမီးလေး ဖြစ်သည်ဆိုသော အချက်ကို ရန်ကိုင် အနည်းငယ် မယုံကြည်နိုင် ဖြစ်နေသည်။

ရန်ကိုင် ဘာတွေးနေလဲ ဆိုသည်ကို နားလည်သည့်အလား ချန်မိုက ရှင်းပြလိုက်လေသည် “မင်းသမီးလေး၏ အခုမှ ငါးနှစ်ပဲ ရှိသေးတာ။ ရှင်တို့ လူသားအယူနဲ့ဆို ငါးနှစ်သား ကလေးလေး တစ်ယောက်နဲ့ အတူတူပဲ။ မင်းသမီးလေးက လူသား အသွင်လည်း ပြောင်းနိုင်သေးတာ မဟုတ်ဘူး။ တစ်ချိန်လုံး ဆော့ဖို့ပဲ သိတာ။ အခုလည်း ပင်လယ်နတ်ဘုရားနန်းတော်က လစ်ထွက်သွားလို့ လိုက်ရှာနေရတာ။ ဒီကို ရောက်နေမယ်လို့ မထင်ထားဘူး”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“ဘာပဲဖြစ်ဖြစ်၊ မင်းသမီးလေးကို ပြန်ခေါ်လာပေးတဲ့အတွက် ကျေးဇူးအများကြီး အများကြီးတင်ပါတယ်” ချန်မိုက ရုတ်တရက် ပြောလိုက်သည်။ ရန်ကိုင် အံ့အားသင့်သွား၏။ သူအံ့အားသင့်လို့ မပြီးသေးခင်မှာပဲ ချန်မိုက ဆက်၍ ပြောလိုက်၏ “ဒါပေမယ့် မင်းသမီးလေးရဲ့ ဂုဏ်သိက္ခာကို စော်ကားခဲ့တဲ့ လုပ်ရပ်ကိုတော့ လုံးဝ မေ့မှာ မဟုတ်ဘူး။ ရှင်တစ်နေ့ အဲ့အတွက် ကျိန်းသေ ပြန်ပေးဆပ်ရလိမ့်မယ်”

“ခင်ဗျား ကြိုက်သလိုသာလုပ်” ရန်ကိုင်သည် ချန်မို ပြောသည့်စကားကို လျစ်လျုသာရှုထားလိုက်သည်။

ဖန်ကျန်းကမူ ရှဟူအား သူဘာလုပ်ရန် စီစဉ်ထားလဲ ဆိုသည့်အကြောင်း မေးမြန်းနေခဲ့သည်။ ယခုလေးတင် အရိပ်ဝိဥာဉ်ကျွန်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်လာခဲ့သဖြင့် အရိပ်ဝိဥာဉ်ကျွန်းသို့ နောက်တစ်ကြိမ် ပြန်သွားပြီး ကျွန်ဘဝ ပြန်ရောက်မည့် အဖြစ်မျိုးတော့ မလိုချင်ပေ။

သို့သော်လည်း ရှဟူသည် အရိပ်ဝိဥာဉ်ကျွန်းသို့ သွားရန် စီစဉ်နေကြောင်း ကြားသိလိုက်ရသည့်နောက်တွင် ဖန်ကျန်း ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။

“ကြောက်သွားတာလား” ရှဟူသည် ဖန်ကျန်း၏ အမူအရာကို ကြည့်ရင်း ရယ်မောလိုက်လေသည်။

ဖန်ကျန်းကမူ ချက်ချင်း ခေါင်းခါလျက် “တပည့် မကြောက်ပါဘူး။ တပည့် စိုးရိမ်တာက တပည့်ရဲ့ လက်ရှိ ခွန်အားနဲ့ ဂိုဏ်းတူဦးလေးကို ဘာအကူအညီ များများစားစားမှ မပေးနိုင်မှာကိုပဲ။ ဒါပေမယ့် ဂိုဏ်းတူဦးလေးက ဆုံးဖြတ်ထားမှတော့ တပည့်လည်း သေရမယ်ဆိုရင်တောင် တပည့် တတ်စွမ်းသလောက် ဂိုဏ်းတူဦးလေးကို ကူညီပေးပါ့မယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၁၂)

ထိုစကားကို ကြားသည့်အခါ ရှဟူက ရယ်မောလျက် “မင်းတို့ ဝင်ပါစရာမလိုဘူး။ အရိပ်ကောင်းကင်ဆေးလုံး မသောက်ရသေးဘဲနဲ့ သွားမယ်ဆိုရင် မင်းတို့အားလုံး ကိုယ်သေတွင်း ကိုယ်တူးနေသလိုပဲ ဖြစ်နေမှာ။ မင်းတို့ အကုန်လုံး ပုန်းပြီးတော့ပဲ စောင့်ကြည့်နေ။ ငါနဲ့ ရန်ကိုင်ပဲ သွားမယ်”

“ဂိုဏ်းချုပ်ရန်လား” ဖန်ကျန်း မျက်ခုံးပင့်သွားပြီး မယုံသင်္ကာဖြင့် “ဂိုဏ်းချုပ်ရန်က တကယ် အားကောင်းတာတော့ ဟုတ်ပါတယ်။ တပည့်တောင် သူ့ကို မနိုင်ဘူး။ ဒါပေမယ့်… သူက အခုလေးတင်မှ အရိပ်ဝိဥာဉ်ကျွန်းကို ရောက်တာလေ။ ဂိုဏ်းတူဦးလေးကို ဘယ်လိုလုပ်ပြီး ကူညီပေးနိုင်မှာလဲ”

ရန်ကိုင် အားကောင်းမှန်း ဖန်ကျန်း သိပေသည်။ သို့ရာတွင် ဤနေရာသည် အရိပ်ဝိဥာဉ်ကျွန်းဖြစ်သည်။ အဆုံးမဲ့သမုဒ္ဒရာ မဟုတ်။ အပြင်လောကတွင် အားကောင်းသည့် ကျင့်ကြံသူ တစ်ဦးသည် ဤနေရာတွင်လည်း အားကောင်းလိမ့်မည်ဟု မဆိုလိုပေ။

ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်လာသည့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုပါက သူတို့၏ ကျင့်ကြံခြင်း မည်မျှပင် မြင့်မားနေပါစေ အရှုံးပေးရုံသာ တတ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် သူနှင့် ရန်ကိုင်ပဲ သွားမည်ဟု ရှဟူပြောသည့် စကားကို ကြားသည့်အခါ ဖန်ကျန်း စိတ်ပူသွားခဲ့ခြင်း ဖြစ်သည်။

ရှဟူက ပြုံးလျက် “မင်းဘာသိလို့လဲ။ ငါ့တောင် သူ့ကို မနိုင်တာ သူငါ့ကို ဘယ်လိုလုပ်ပြီး မကူညီပေးနိုင်ရမှာလဲ”

“ဂိုဏ်းတူဦးလေးက သူ့ကို မနိုင်ဘူး” ဖန်ကျန်း ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ ရန်ကိုင်သည် သူ့အား ဖော်ရွေစွာ ပြန်ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

“မယုံသင်္ကာမဖြစ်နဲ့။ လွန်ခဲ့တဲ့ တစ်လလောက်ကပဲ ငါသူနဲ့ လက်ရည်စမ်းထားတာ။ အဲ့တုန်းက သူ့လက်ဝါးတစ်ချက်နဲ့တင် ငါလွင့်ထွက်သွားတာ၊ ဘာမှ ပြန်မလုပ်နိုင်ဘူး။ အခုသာ ဆိုရင်တော့…” ရှဟူ ဆက်ပြောပြမနေတော့ချေ။

ထိုစကားကို ကြားသည့်အခါ ဖန်ကျန်း အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေသည်။

အကုန်လုံးသည် အရိပ်ဝိဥာဉ်ကျွန်းသို့ တစ်ချိန်တည်း ရောက်လာကြခြင်း ဖြစ်သည်။ သို့သော်လည်း နှစ်လ၊ သုံးလခန့် ကြာပြီးနောက်တွင် ဖန်ကျန်းနှင့် ချန်မိုတို့၏ ခွန်အားမှာ အနည်းငယ်မျှလောက်သာ တိုးတက်လာခဲ့သော်လည်း ရန်ကိုင်ကမူ ဤနေရာတွင် နှစ်ပေါင်းသုံးရာကြာအောင် နေထိုင်လာခဲ့သော ဖန်ကျန်း၏ ဂိုဏ်းတူဦးလေးကို အနိုင်ယူနိုင်သည်အထိ အစွမ်း ထက်လာခဲ့လေသည်။

ဒီကောင် မွန်းစတားလားကွာ

လှေသည် သိပ်မကြီးလှ၊ သို့သော် ပင်လယ်ပြင်ထဲ ကောင်းစွာ ရွက်လွင့်သွားလာနိုင်၏။ လင်းပိုင်လေးသည်လည်း သူတို့နောက်သို့ လိုက်လာခဲ့လေသည်။ ငါးရက်ကြာပြီးနောက်တွင် အရိပ်ဝိဥာဉ်ကျွန်းကို သူတို့ လှမ်းမြင်လာရသည်။

“မင်းတို့အားလုံး ဒီမှာစောင့်နေ။ ငါ့ကိစ္စပြီးသွားရင် မင်းတို့ကို လာပြန်ခေါ်မယ်” ရှဟူသည် ထိုစကားပြောပြီး ဖန်ကျန်းဆီ အရိပ်ကောင်းကင်ဆေးတစ်ပုလင်း ပစ်ပေးလိုက်လေသည် “တစ်ယောက် တစ်လုံးစီ သောက်ထားလိုက်ကြ”

ဖန်ကျန်းလည်း ဆေးပုလင်းကို စိတ်လှုပ်ရှားစွာ လက်ခံယူထားလိုက်သည်။

ဤနေရာသို့ ရောက်ပြီးကတည်းက အရိပ်ကောင်းကင် ဆေးလုံးကို သောက်ချင်နေခဲ့ခြင်း ဖြစ်သည်။ ဤနေရာရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ် အလွန် အားကောင်းနေရခြင်းမှာ ဤဆေးလုံးများကြောင့်မှန်း သူသိသည်။

ဆေးလုံးကို လိုချင်လျှင် အရိပ်ဝိဥာဉ်ကျွန်းထဲသို့ တရားဝင် ဝင်ခွင့်ရအောင် လုပ်ရပေမည်။ ထို့နောက်တွင် ကျွန်းသခင်မှ ခိုင်းသည့် တာဝန်ကို ပြီးမြောက်အောင် လုပ်ပြီးမှသာ ဆေးလုံးအချို့ ရနိုင်ပေလိမ့်မည်။ သို့သော် ထိုကဲ့သို့ လုပ်နိုင်ရန် အချိန်အကြာကြီး လိုအပ်သလို လုပ်ဆောင်ရမည့် တာဝန်မှာလည်း အလွန်ကိုမှ အန္တရာယ်များလှသည်။ တာဝန်းများ ပြီးမြောက်၍ ဆေးလုံးများ ရလာမည်ဆိုလျှင်ပင် နည်းနည်းလောက်သာ ရမည် ဖြစ်သလို ဆေးလုံး၏ အရည်အသွေးမှာလည်း အလွန်ကိုမှ နိမ့်ကျပေလိမ့်မည်။

ဖန်ကျန်းသည် ဆေးပုလင်းအဖုံးကိုဖွင့်၍ ပင်လယ်ကျောင်းတော်မှ တပည့်များကို တစ်ဦးလျှင် တစ်လုံးကျစီ ဝေပေးလိုက်လေသည်။

ထိုအခြင်းအရာကိုကြည့်ရင်း ချန်မိုစိတ်ထဲ အားကျစိတ်တို့ ဖြစ်ပေါ်လာဲ့သည်။ သို့သော် အားကျရုံသာ တတ်နိုင်၏။ ထိုစဉ် သူမဆီသို့ တစ်ခုခု တိုးဝင်လာနေသည်ကို သတိပြုမိလိုက်သဖြင့် ချက်ချင်းပဲ လက်ဖြင့် လှမ်းဖမ်းလိုက်ရာ ဆေးပုလင်းတစ်ပုလင်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ကြည့်လိုက်တော့မှ လှမ်းပစ်လိုက်သည့်လူမှာ ရန်ကိုင် ဖြစ်နေမှန်း တွေ့လိုက်ရသည်။ ရန်ကိုင်က ပြုံးလျက် “နင်တို့လည်း တစ်ယောက်တစ်လုံးစီ သောက်ထားလိုက်”

ချန်မိုက မျက်တောင်လေးခတ်လျက် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံကာ “ဒီအကြွေးကို ငါနောက်ကျရင် ပြန်ပေးမယ်”

“အဲ့ကျတော့မှ ပြောတာပေါ့” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ရှဟူနောက်သို့ လိုက်သွားလေသည်။

လင်းပိုင်လေးကမူ ရန်ကိုင်အား ဂရုစိုက်ပါဟု ပြောနေသည့် အလား လှမ်း၍ အော်ဟစ်နေခဲ့သည်။

ချန်မိုအား အရိပ်ကောင်းကင်ဆေးလုံး တစ်ပုလင်း ပေးလိုက်ခြင်းမှာ ပေးချင်လွန်းသည့်အတွက်ကြောင့် မဟုတ်။ သူမပေးလျှင်ပင် လင်းပိုင်လေးသည် ချန်မိုတို့အတွက် သူ့ဆီမှ လာတောင်းမည်မှန်း ရန်ကိုင် သိနေသည်။

ထို့အပြင် သူလက်ရှိ ပိုင်ဆိုင်ထားသည့် အရိပ်ကောင်းကင် ကြာပွင့်အားလုံးနီးပါးကို လင်းပိုင်လေးသည် ကျေးဇူးကြောင့် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အရိပ်ကောင်းကင်ကြာပွင့် တစ်ဝက်လောက်ကို လင်းပိုင်လေး၏ အပိုင်ဟု ပြော၍ရသည်။ ကြာပန်းတစ်ဝက်လောက်နှင့် ယှဉ်သော် အရိပ်ကောင်းကင် ဆေးပုလင်း တစ်ပုလင်းလောက်သည် ရန်ကိုင်အတွက် ဘာမှ မဟုတ်ချေ။

ရှဟူသည် ရန်ကိုင်ကိုစောင့်ရင်း ဖြည်းဖြည်းချင်း သွားနေ၏။

ရန်ကိုင် သူ့ဘေးသို့ ရောက်လာသည့်အခါ ရှဟူက အလေးအနက် အမူအရာဖြင့် “ရန်ကိုင်၊ ငါဒီတစ်ကြိမ် ဒီကို ပြန်လာတာ ဟိုခွေးကောင် မင်ယွဲ့ကို သတ်ချင်လို့ပဲ။ ကျွန်းပေါ်မှာ မင်ယွဲ့က အားအကောင်းဆုံး ဆိုပေမယ့် အားမနည်းတဲ့ လူတွေလည်း ရှိတယ်။ ငါမင်ယွဲ့နဲ့ တိုက်ခိုက်နေတဲ့အချိန် မင်းသူတို့ကို တားထားပေးဖို့ ငါတောင်းဆိုချင်တယ်”

“ရတယ်၊ ကိစ္စမရှိဘူး” ရန်ကိုင်က အလျင်စလို သဘောတူလိုက်၏ “မင်းယွဲ့ကို အနိုင်ယူမယ်လို့ လူအိုကြီး ယုံကြည်ချက်ရှိလား”

ရှဟူက ချက်ချင်း ပြန်မဖြေသေးဘဲ ခဏလောက် စဉ်းစားပြီးနောက် “ခြောက်ဆယ်ရာခိုင်နှုန်းလောက်တော့ သေချာတယ်။ နှစ်တစ်ရာလောက် ကြာသွားပြီဆိုပေမယ့် အဲ့အဆင့်နိမ့် ဆေးလုံးတွေနဲ့ မင်းယွဲ့ရဲ့ခွန်အား ဒီလောက်ကြီး တိုးတက်လာလိမ့်မယ်လို့ ငါမထင်ဘူး”

“အဲ့ဒါဆို လူအိုကြီးရှ အနိုင်ယူနိုင်ပါစေဗျာ” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။

ရှဟူ စိတ်ဓါတ်တက်ကြွနေခဲ့သည်။ ရန်ကိုင် သန့်စင်ထားသည့် အရိပ်ကောင်းကင်ဆေးလုံးများကို သောက်ပြီးသည့် အချိန်မှစ၍ အချိန် အတော်ကြာသည်အထိ ငြိမ်သက်နေခဲ့သည့် သူ့ခွန်အားသည် တဖြည်းဖြည်းချင်း စတင် တိုးတက်လာနေခဲ့၏။ ရန်ကိုင် တိုးတက်သည့်နှုန်းကဲ့သို့ မမြန်သော်ငြား အခြားသူများနှင့် ယှဉ်လိုက်လျှင် အတော့်ကိုမှ မြန်နေပေသေးသည်။

ရန်ကိုင် ဖော်စပ်ထားသည့် အရိပ်ကောင်းကင်ဆေးလုံးများနှင့် ယှဉ်လိုက်သော် သူယခင်သောက်ခဲ့သည့် ဆေးလုံးများသည် အမှိုက်သာသာ သာ ဖြစ်သွားတော့သည်။ အရည်အသွေးသာ နိမ့်ရုံတင်မဟုတ်ဘဲ သန့်စင်ရန်လည်း အတော့်ကိုမှ ခက်ခဲလှ၏။ ထို့အပြင် ထိုအဆင့်နိမ့် ဆေးလုံးများကို သောက်ပါများလျှင် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သေးသည်။ ရေတိုတွင် သိပ်မသိသာသော်ငြား ရေရှည်တွင်တော့ တဖြည်းဖြည်း သိသာလာပေလိမ့်မည်။

မင်ယွဲ့တွင် သူ့မှာကဲ့သို့ အဆင့်မြင့် ဆေးလုံးများ မရှိသဖြင့် မင်ယွဲ့ တိုးတက်နှုန်းသည် သူတိုးတက်သည့်နှုန်းလောက် မမြန်ဟု လူအိုကြီးရှ ယုံကြည်သွားသည်။

မကြာမီ ရန်ကိုင်တို့နှစ်ဦး အရိပ်ဝိဥာဉ်ကျွန်းပေါ်သို့ ရောက်လာခဲ့လေသည်။ ကျွန်းအလယ်ရှိ မြို့ဆီသို့ မော့ကြည့်ရင်း အရှိန်တင်လိုက်ကြ၏။

တစ္ဆေမြို့သည် အရိပ်ဝိဥာဉ်ကျွန်းပေါ်ရှိ တစ်ခုတည်းသော မြို့ဖြစ်သည်။ အရိပ်ဝိဥာဉ်ကျွန်းပေါ်သို့ ရောက်လာသည့် လူအားလုံး ဤမြို့တွင်သာ နေကြပေသည်။ ဤမြို့အား မည်သည့် အချိန်က တည်ထောင်ခဲ့လည်း မသိရသော်ငြား မြို့နံရံပေါ်တွင် ထိုးထွင်းထားသော ရှေးဟောင်း ကနုတ်လက်ရာများသည် အချိန်ကာလ ကြာညောင်းမှုကို ဖော်ပြနေခဲ့သည်။

တစ္ဆေမြို့တွင် အာဏာအရှိဆုံးမှာ မြို့သခင် မင်ယွဲ့ဖြစ်ပြီး သူ့နောက်တွင် ကျွန်း၏ နေ့တဒူဝ ကိစ္စများနှင့် အရိပ်ကောင်းကင် ဆေလုံးများကို အသွားအလာကို ထိန်းချုပ်ထားသည့် သူ့လက်အောက်ငယ်သားများ ရှိနေသည်။

အရိပ်ဝိဥာဉ်ကျွန်းတွင် နေထိုင်သူများသည် အရိပ်ကောင်းကင် ဆေးလုံးများကို လိုချင်လျှင် မင်ယွဲ့၏ ဥပဒေကို လိုက်နာရသည်။

ဂိတ်ပေါက်ဝတွင် သံကြပ်ကာအင်္ကျီ ဝတ်ဆင်ထားသော ကျင့်ကြံသူ ငါးဦးသည် မြို့ထဲသို့ ဝင်ချည်ထွက်ချည် လုပ်နေသော ကျင့်ကြံသူများကို စစ်ဆေးနေခဲ့သည်။ ပင်လယ်မှ ပြန်လာသူများသည် သူတို့ ရရှိလာသည့် အကျိုးအမြတ်များ၏ တစ်ဝက်တိတိကို အစောင့်များဆီ ပေးပြီးမှ မြို့ထဲသို့ ဝင်ခွင့်ရပေသည်။

အဖိုးအတန်ဆုံး အရိပ်ကောင်းကင်ကြာပန်းများကိုလည်း ပေးရပေသည်။ သိမ်းထာသည်ကို ရှာတွေ့သွားခဲ့လျှင် အလွန်ကိုမှ ပြင်းထန်သော ပြစ်ဒဏ်ကို ခံကြရ၏။

ပင်လယ်မှ ပြန်ရောက်လာသည့် ပင်ပန်းနွမ်းနယ်သော ကျင့်ကြံသူများသည် မြို့ပြင်ဂိတ်ပေါက်ဝတွင် တန်းစီကာ စောင့်နေကြလေသည်။

ကျင့်ကြံသူများစွာမှာ ဒဏ်ရာများ ရထားကြပြီး အချို့မှာ လက်များ၊ ခြေများပင် ပြတ်နေကြသည်။ ပင်လယ်သားရဲများကြောင့် သူတို့အားလုံး ယခုကဲ့သို့ ပုံဆိုးပန်းဆိုး ဖြစ်နေရခြင်းပင် ဖြစ်၏။

မြို့ထဲဝင်ရန် စောင့်ဆိုင်းနေသော ကျင့်ကြံသူများ၏ ပိုင်ဆိုင်ပစ္စည်းများကို စစ်ဆေးနေစဉ်မှာပဲ လူအုပ်ကြီးထံမှ ရုတ်ရုတ်ရုတ်ရုတ် အသံများ ထွက်ပေါ်လာသဖြင့် အစောင့် မျက်မှောင်ကြုတ်သွားပြီး ဆူပူတော့မည်အပြု ရုတ်တရက် တစ်ခုခုကို သတိပြုမိလိုက်သည့်အလား အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်လေသည်။

လူနှစ်ယောက်သည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် တစ္ဆေမြို့ဆီသို့ လာနေခဲ့သည်။ နှစ်ယောက်စလုံးမှာ မြန်လွန်းလှသဖြင့် သူတို့၏နောက်တွင် ပုံရိပ်များပင် ကျန်ရစ်ခဲ့လေသည်။

အစောင့်ခေါင်းဆောင် ထိတ်လန့်သွားပြီး ချက်ချင်းပဲ သူ့အပေါင်းအပါများကို ပြင်ဆင်ထားရန် အချက်ပြလိုက်လေ၏။ သူတို့၏ မှော်ရတနာများကို အဆင့်သင့် ထုတ်ထားပြီး‌နောက် ချက်ချင်းပဲ မြို့ဝင်ပေါက်ကို ပိတ်ဆို့လိုက်လေသည်။

လူနှစ်ယောက် သူတို့နှင့် မီတာတစ်ရာအကွာခန့်သို့ ရောက်လာသည့်အခါ အစောင့်ခေါင်းဆောင်က အော်ပြောလိုက်၏ “ဘယ်သူလဲ၊ ချက်ချင်း ရပ်လိုက်စမ်း”

“ထွက်သွားစမ်း” ထိုလူနှစ်ယော်က်သည် တစ်ချက်ကလေးမှ မရပ်တန့်ဘဲ အစောင့်များကို ဖြတ်ကျော်၍ တစ္ဆေမြို့ထဲသို့ ပြေးဝင်သွား၏။ ထိုအဖြစ်အပျက်ကြောင့် ဂိတ်ပေါက်ဝ၌ စောင့်ဆိုင်းနေသည့် လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်လေသည်။

အရိပ်ဝိဥာဉ်ကျွန်းတွင် ကျင့်ကြံသူတိုင်း မြို့သခင်မင်ယွဲ့ ချမှတ်ထားသည့် ဥပဒေကို မပျက်မကွက် လိုက်နာကြရသည်။ လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာအတွင်း မြို့ထဲသို့ အတင်းအကြပ် တိုးဝင်သည့်လူတစ်ဦးမှ မရှိချေ။ ထိုလူနှစ်ဦးသည်သာ ပထမဆုံးဖြစ်သည်။

လူအုပ်ကြီးစိတ်ထဲ အစောပိုင်းက အဖြစ်အပျက်ကြောင့် အတွေးမများနိုင်သေးခင်မှာပဲ မိုးချိန်းသံမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့လေသည်။ အသံ ထွက်ပေါ်လာသည့် အရပ်သို့ လှည့်ကြည့်လိုက်သည့်အခါ အစောင့်ခေါင်းဆောင်၏ ခန္ဓာကိုယ် တစ်ခုလုံး တစ်စစီ ပေါက်ကွဲထွက်သွားသည်ကို မြင်တွေ့လိုက်ရ၏။

ဂိတ်ပေါက်ဝ၌ တန်းစီစောင့်နေသည့် လူအုပ်ကြီးတစ်ခုလုံး ခြေဖျားလက်ဖျားများ အေးစက်ကုန်ကြသည်။ အစောင့်ခေါင်းဆောင် မည်ကဲ့သို့ တိုက်ခိုက်ခံလိုက်ရမှန်း မည်သူ တစ်ဦးတစ်ယောက်မှ မသိလိုက်ပါချေ။

တစ်ချိန်တည်းတွင် မိုးယံထိတိုင် ပဲ့တင်ထပ်သည့် ဒေါသတကြီး အော်ဟစ်သံတစ်သံ မြို့တွင်းမှ ထွက်ပေါ်လာခဲ့၏ “မင်ယွဲ့၊ မင်းအခုချက်ချင်း ထွက်လာခဲ့စမ်း”

ထိုအော်ဟစ်သံကြောင့် လူပေါင်းများစွာ၏ မျက်နှာများ ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့လေသည်။

သို့သော်ငြား လောကကြီးတစ်ခုလုံး ဗြောင်းသတ်နေလျှင် ပျော်နေသည့် လူများစွာလည်း ရှိကြစမြဲကိုး။ ခဏအကြာတွင် လူများစွာတို့သည် တဖြည်းဖြည်း စိတ်လှုပ်ရှားလာပြီး အသံ ထွက်ပေါ်လာရာဆီသို့ တိုးကပ်သွားကြည့်ကြလေသည်။ ကျွန်းသခင်မင်ယွဲ့၏ နာမည်ကို မည်သူကများ တိုက်ရိုက်‌ အော်ခေါ်ရဲရလဲ ဆိုသည်ကို ထိုလူများကို သိချင်နေမိသည်။

တစ္ဆေမြို့တော်ကြီးတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်လာပြီး ကျင့်ကြံသူများစွာတို့သည့် ရှဟူ ရှိနေသည့် နေရာဆီသို့ အပြေးအလွှား သွားကြလေတော့သည်။ တစ်ခဏအတွင်း ရှဟူ ရှိနေသည့် နေရာအနီးသို့ လူနှစ်ထောင်မက ရောက်ရှိလို့ လာခဲ့လေသည်။

ရှဟူက တစ္ဆေမြို့၏ အဓိကလမ်းမပေါ်တွင် လက်နောက်ပစ်၍ ထူးမခြားနားဟန်ဖြင့် ရပ်နေခဲ့သည်။

ရန်ကိုင်ကမူ ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်လုပ်ရင်း ရှဟူနောက်၌ ရပ်နေခဲ့၏။

တစ္ဆေမြို့သည် အတော်လေးကို သပ်ရပ်လှသည်။ ခမ်းနား ကြီးကျယ်ခြင်း မရှိသော်ငြား ဤဖုန်းဆိုးမြေနေရာမျိုးတွင် ဤကဲ့သို့ မြို့တစ်ခု တည်ဆောင်နိုင်သည်မှာ အတော်လေး တော်သည်ဟု ပြောရမည်။

လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ပစ္စည်းအမျိုးမျိုး‌ ရောင်းချနေသည့် ဈေးဆိုင်တန်းများ ရှိကြသည်။

သို့ရာတွင် လက်ရှိအချိန်၌ ထိုဆိုင်တန်းအားလုံး ပိတ်ထားကုန်ကြလေပြီ။ ရှဟူ၏ အော်သံကို ကြားပြီးသည့် အချိန်မှစ၍ မည်သူမှ ဆိုင်မဖွင့်တော့ချေ။

လူအုပ်ကြီးသည် ရှဟူနှင့် ရန်ကိုင်ကို လက်ညိုး တထိုးထိုး လုပ်ရင်း တီးတိုးဆွေးနွေးနေကြသည်။ အချို့သည် ရန်ကိုင်တို့ ဒုက္ခရောက်ပြီဟုတွေးလျက် ကြိတ်ပျော်နေကြသလို အချို့မှာမူ သူတို့အား ဂရုဏာသက်နေကြသည်။ ဘာဖြစ်ဖြစ် ဂရုမစိုက်သည့် လူများလည်း ရှိနေကြပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၁၃)

“ကျွန်းသခင်ရဲ့ အာဏာကို လာစိန်ခေါ်ရဲတယ်လား။ သေလိုက်ပေတော့ အရူးအိုကြီး” ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါတို့ ဖြာထွက်နေသည့် လူတစ်ယောက်သည် လမ်းအဆုံးမှ ရှဟူဆီသို့ ပြေးဝင်လာခဲ့လေသည်။ ထိုလူသည် ယခုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ကျွန်းသခင်အား ဖားယားချင်နေသည့်ပုံပင်။

အရိပ်ဝိဥာဉ်ကျွန်း၏ စည်းမျဉ်းစည်းကမ်းများသည် အလွန်ကိုမှ တင်းကြပ်လှသဖြင့် ပြဿနာ ဖြစ်သည်ဆိုသည်မှာ ရှားသည်။ ထို့ကြောင့် မင်ယွဲ့၏ လက်အောက်ငယ်သားများသည် သူတို့၏ သစ္စာရှိမှုကို ဖော်ပြနိုင်မည့် အခွင့်အရေး မရကြချေ။ ယနေ့သည် ရှဟူကို အနိုင်ယူကာ မင်ယွဲ့၏ မျက်နှာသာပေးမှုကို ရယူနိုင်မည့် အကောင်းဆုံးနေ့ ဖြစ်ပေသည်။

သူတို့သာ မင်ယွဲ့ကို ကျေနပ်အောင် လုပ်နိုင်လျှင် အရိပ်ကောင်းကင်ဆေးပုလင်း တစ်ပုလင်းလောက်တော့ အလွယ်တကူ ရနိုင်ပေလိမ့်မည်။

ထို့ကြောင့် ရှဟူ၏ အော်သံကို ကြားလိုက်သည်နှင့် ထိုလူ ချက်ချင်း ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။

ပြေးလာနေရင်း ဆေးဘားဓါးကြီး တစ်ချောင်းကို ထုတ်လိုက်၏။ သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါ၊ ထွားကြိုင်းသည့် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သော်၊ သူ့ပုံစံသည် နည်းနည်းလေးမှ မညှာတာဘဲ သတ်ဖြတ်မည့် ပုံစံမျိုး ပေါက်နေလေသည်။

ရှဟူကမူ ကျွန်းအလယ်ခေါင်ရှိ အမြင့်ဆုံး အဆောက်အဦးကိုသာ ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့သည်။

သူကြည့်နေသည့် အရပ်ဆီမှလည်း အကြည့်တစ်ခုသည် ရှဟူ၏ အကြည့်ကို ထိပ်တိုက် ပြန်ကြည့်နေခဲ့သည်။ ထိုအကြည့် နှစ်ခုကြား မမြင်နိုင်သော မီးပွင့်များ ဖြစ်ပေါ်လာခဲ့ရာ အရိပ်ဝိဥာဉ်ကျွန်း၏ အပူချိန်သည် ရုတ်ချည်း ထိုးကျသွားသည့်နှယ် လူအုပ်ကြီးတစ်ခုလုံး အနည်းငယ် တုန်ရီသွားခဲ့လေသည်။

လူထွားကြီးကမှု ထိုပြောင်းလဲမှုကို သတိမပြုမိဘဲ ရှဟူဆီသို့သာ ပြေးဝင်လာနေသည်။ ရှဟူနှင့် ဆယ်မီတာအကွာသို့ အရောက်တွင် သူ့ဆေးဘားဓါးဖြင့် ရှဟူအား ပိုင်းချလိုက်လေသည်။

ထိုအခါမှသာ ရှဟူသည် မည်သူ သူ့ဆီ ပြေးဝင်လာနေလဲ ဆိုသည်ကို လှည့်ကြည့်လာ၏။

ရှဟူ၏ အကြည့်ကို ခံစားမိလိုက်သည့်အခိုက် လူထွားကြီးသည် သက်ပြင်းတစ်ရှိုက် ရှူသွင်းလိုက်ပြီး ကြောက်ရွံ့မှုတို့သည် သူ့မျက်နှာထက် အတိုင်းသား ထွက်ပေါ်လာခဲ့လေသည်။ တဟုန်းဟုန်း တောက်လောင်နေသည့် မီးတောက်ကဲ့သို့သော သူ့အရှိန်အဝါသည် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး အော်ပြောတော့မည့် စကားလုံးများလည်း လည်ချောင်းဝ၌ တစ်ဆို့သွားခဲ့လေသည်။

တုန်တုန်ရီရီဖြင့် ပြန်ဆုတ်ရင်း ရှဟူအား မယုံကြည်နိုင်သည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ရင်း တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေသည် “ကျွန်း… ကျွန်းသခင်ရှလား”

ရှဟူကို ထိုလူထွားကြီး မှတ်မိသွားသည်။

ရှဟူက အေးစက်စက် အမူအရာဖြင့် ပြုံးလျက် “ကျိုးအန်းလား၊ မတွေ့လိုက်တာ နှစ်တစ်ရာလောက် ကြာသွားတာတောင် မင်းက ဒုံယိမ်းဒုံယိမ်းပါလား”

ကျိုးအန်းဟုခေါ်သည့် လူထွားကြီးက ရှဟူအား စိုက်ကြည့်၍ ချက်ချင်း ပြန်ပြောလိုက်လေသည် “ဒီကျိုး တိုးတက်လာလာ၊ မလာလာ၊ ခင်ဗျား ကိစ္စမဟုတ်ဘူး။ ပြီးတော့ ခင်ဗျားကကော ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ ကျွန်းသခင်ရှ”

“ငါသေသွားပြီလို့ မင်ယွဲ့ မင်းတို့ကို ပြောတာလား” ရှဟူက ကျိုးအန်းအား အရူးတစ်ယောက်နှယ် စိုက်ကြည့်ရင်း “အဲ့ဒါကို မင်းတို့ ယုံတယ်ပေါ့။ သောက်ရူးတွေ၊ ငါမသေရုံတင် မဟုတ်ဘူး၊ အေးအေးဆေးဆေးကို နေနေရတာ။ ငါဒီနေ့ရောက်လာတာ အဲ့မင်ယွဲ့ခေါင်းကို ယူပြီး ငါ့ဒေါသကို ဖြေဖျောက်ဖို့ပဲ”

ကျိုးအန်း အနည်းငယ် လန့်သွားခဲ့သည်။ သို့သော် ရဲဆေးတင်၍ “ဒီနှစ်တွေအတွင်းမှာ ကျွန်းသခင်မင်ယွဲ့ရဲ့ ခွန်အား မတိုးတက်လာဘူးလို့ ခင်ဗျား ထင်နေတာလား။ အရင် နှစ်တစ်ရာတုန်းကတောင် သူ့ကို မနိုင်ခဲ့တာ အခုကော နိုင်မယ် ထင်လို့လား။ တိုက်မနေနဲ့တော့၊ လက်လျှောက်လိုက်တော့။ လက်လျှော့ပြီး ဒီကျိုးနဲ့ ကျွန်းသခင်ကို လိုက်တွေ့လိုက်၊ အဲ့ဒါဆို သူခင်ဗျားကို ခွင့်လွှတ်ပေးရင် ပေးလိမ့်မယ်။ မဟုတ်ရင်တော့…”

“မဟုတ်ရင်တော့ ဘာဖြစ်လဲ”

“ကျွန်းသခင် မင်ယွဲ့က ခင်ဗျားကို တစ်ကြိမ် အနိုင်ယူပြီးသွားပြီ။ နောက်တစ်ကြိမ် ထပ်အနိုင်ယူဖို့ကလည်း သူ့အတွက် ဘာမှ မခက်ဘူး” ကျိုးအန်းက ပြန်ပြော၏။

ရှဟူက ဝါးလုံးကွဲ အော်ရယ်မောလျက် “သောက်ရူး။ အဲ့တုန်းက အဲ့သစ္စာဖောက် ငါ့ကို အနိုင်သွားတာ အဆိပ် သုံးခဲ့လို့ ဆိုတာ မင်းမသိဘူးလား။ ဒါပေမယ့် အခုတစ်ကြိမ်ကော သူအဲ့လို လုပ်နိုင်ဦးမယ် ထင်နေသေးတာလား”

ရှဟူသည် ကျိုးအန်းကို ဂရုမစိုက်တော့ဘဲ အဆောက်အဦးဘက်သို့ လှည့်၍ “မင်ယွဲ့၊ မင်းက ငါခေါ်နေတာကို ဆင်းမလာရဲမှတော့ ငါကပဲ လာပေးရတာပေါ့”

ပြောပြီးသည်နှင့် ရှဟူသည် ဒူးနှစ်ချောင်းကို ကွေးကာ အားစိုက်လိုက်ပြီးနောက်၊ မီတာရာပေါင်းများစွာအမြင့်သို့ ခုန်တက်ကာ အဆောက်အဦးဆီသို့ တောင်ပံဖြန့်ကာ ပျံသန်းနေသည့် ခွန်တစ်ကောင်နှယ် ပျံဝဲတက်သွားလေသည်။

“အိမ်မက်မက်နေလိုက်” အော်ဟစ်သံများစွာနှင့်အတူ အနီရောင် အရှိန်အဝါကို ထုတ်လွှတ်နေသည့် ကျင့်ကြံသူများစွာတို့သည် ရှဟူအား တားဆီးရန်အတွက် လူအုပ်ထဲမှ ခုန်ထွက်လာခဲ့လေသည်။

သူတို့၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် အနီရောင် အလင်းသည် သူတို့၏ ခန္ဓာကိုယ် မည်မျှ အားကောင်းကြောင်း ပြသသည့် လက္ခဏာ ဖြစ်ပေသည်။ ထိုအလင်းရောင် အားကောင်းလေ သူတို့၏ ခန္ဓာကိုယ် ပိုအားကောင်းလေပင်။

ရန်ကိုင် ယခင်က ကြုံတွေ့ခဲ့သည့် လူများသည် ထိုကဲ့သို့ အနီရောင်အလင်း ထုတ်လွှတ်နိုင်ရန်အတွက် အလွန်ကိုမှ အားနည်းလှ၏။ ထို့ကြောင့် အနီရောင်အလင်းကို ရန်ကိုင် မမြင်ဖူးခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှဟူ မည်သူမှန်း သိပြီးနောက် အရိပ်ဝိဥာဉ်ကျွန်းမှ ပညာရှင်များအားလုံး ငြိမ်မနေတော့ဘဲ စတင် လှုပ်ရှားလာကြလေတော့သည်။

ရှဟူကမူ ထိုလူအားကို လျစ်လျုရှု၍ အဆောက်အဦး တည့်တည့်ကိုသာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့်နေ၏။

ရှဟူ သူတို့အား အရေးမစိုက်သည်ကိုမြင်သော် ထိုလူများ ပျော်သွားကြပြီး ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို တတ်စွမ်းသလောက် ထိန်းချုပ်၍ ရှဟူအား သူတို့၏ အကောင်းဆုံး တိုက်ကွက်များဖြင့် တိုက်ခိုက်ရန် ပြင်လိုက်လေသည်။

သို့သော် သူတို့၏ တိုက်ကွက်များကို မထုတ်ဖော်ရသေးခင်ပဲ လူငယ်လေးတစ်ဦးသည် ရှဟူ၏ နောက်ဘက်တွင် တိတ်တဆိတ် ထွက်ပေါ်လာခဲ့လေသည်။ ထိုလူငယ်လေးသည် လေထဲတွင် ပျံနေသလို ဝဲနေခဲ့ခြင်း ဖြစ်သည်။

ပညာရှင်ပေါင်းများစွာ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်ငြား လူငယ်လေးသည် မျက်နှာတစ်ချက် ပျက်မသွားဘဲ ပြုံးမြဲပြုံးလျက် လက်သီးချက်များကိုသာ တစ်ချက်ပြီးတစ်ချက် ပြန်လည် ပစ်လွှတ်လိုက်သည်။

လက်သီးချက်များသည် မိုးသီးမိုးပေါက်များနှယ် ထွက်ပေါ်လာခဲ့လေသည်။

ထိုလက်သီးချက်များအောက်ဝယ် အနီရောင်အလင်း ဖြာထွက်နေကြသော ကျင့်ကြံသူအားလုံး၏ တိုက်ခိုက်မှုများ ပျက်စီးသွားကြရပြီး ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားသူများမှာ ပေါက်ကွဲထွက်၊ လွင့်ထွက်သွားသူများမှာလည်း လွင်စင်ထွက် ဖြစ်ကုန်ကြလေသည်။

ဘုန်း… ဘုန်း… ဘုန်း…

လွင့်စင်ထွက်လာသည့် ခန္ဓာကိုယ်များကြောင့် အဆောက်အဦးများ ပြိုကျကုန်ပြီး မြေပြင်ထက် အက်ကြောင်းများ ထွက်ပေါ်လာကုန်ကြ၏။ ပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း သွေးညှီနံ့များဖြင့် ပြည့်နှက်လာလေတော့သည်။ အသက်ရှင်သူများမှာ အသက်သာ ရှင်နေခြင်း ဖြစ်ကြပြီး သေလူများနှင့် မခြားတော့ချေ။ အကုန်လုံးမှာ သေခါနီးဆဲဆဲ ဖြစ်နေကြလေပြီ။

ထိုမြင်ကွင်းကြောင့် အောက်ဘက်တွင် ရပ်နေသော ထောင့်နှင့်ချီသည့် လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွား၏။

ရှဟူအား တားဆီးရန် ကြိုးစားခဲ့သည့် လူများသည် အရိပ်ဝိဥာဉ်ကျွန်းပေါ်တွင် နာမည်ကျော်ကြားကြသည့် ပညာရှင်များ ဖြစ်ကြပေသည်။ အပြင်လောကကြီးတွင် ထိုလူများ မည်မျှ သန်မာသလဲ ဆိုသည်ကို သူတို့ မသိကြသော်လည်း အရိပ်ဝိဥာဉ်ကျွန်းတွင်မူ ထိုလူများသည် အားအကောင်းဆုံး လူအယောက် တစ်ရာထဲတွင် ပါဝင်ပေသည်။

ထိုလူများသည် မင်ယွဲ့၏ သစ္စာရှိ လက်အောက်ငယ်သားများ ဖြစ်ကြသည်။

သို့ရာတွင် လူငယ်လေးနှင့် တစ်ကြိမ်သာ တိုက်ခိုက်ရသေးသော်ငြား ထိုနာမည်ကျော် ပညာရှင်အားလုံး သေသူကသေ၊ ဒုက္ခိတ ဖြစ်သူကဖြစ် ဖြစ်ကုန်ကြလေပြီ။

ထိုလူငယ်လေး မည်သူများနည်း။ ဘာကြောင့် သူတို့ သူ့အား တစ်ခါမှ မမြင်ဖူးရသနည်း။

ထိုလူငယ်လေးနှင့် ယှဉ်လိုက်သော် ရှဟူကို လူတော်တော်များများ သိကြ၏။ ကျိုးအန်းသည်သာ ရှဟူကို သိခြင်းမဟုတ်ဘဲ ရပ်ကြည့်နေကြသည့် လူအုပ်ထဲရှိ လူများစွာတို့သည်လည်း ရှဟူကို သိကြပေည်။

တစ်ယောက်စကား တစ်ယောက်နား ပြန့်သွားရာမှ အရိပ်ဝိဥာဉ်ကျွန်း အလယ်ခေါင်တွင် ဖြစ်ပျက်နေသည့် အကြောင်းကို အရိပ်ဝိဥာဉ်ကျွန်းပေါ်ရှိ ကျင့်ကြံသူအားလုံး သိသွားကြလေသည်။ အစောပိုင်းက ဂိတ်ပေါက်ကို ဖြတ်ပြီး ပြေးဝင်လာသည့် လူမှာလည်း မည်သူမှန်း သူတို့အားလုံး သိသွားကြသည်။ ကျွန်းသခင်ဟောင်းနှင့် လက်ရှိ ကျွန်းသခင် တိုက်ခိုက်သည့် တိုက်ပွဲသည် တစ်သက်တွင် တစ်ကြိမ်ပင်လျှင် မြင်ရခဲသည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ ထိုကဲ့သို့သော တိုက်ပွဲကို မည်သူမှ လက်မလွှတ်ချင်ကြချေ။

သို့သော်လည်း လူငယ်လေး ထုတ်ပြသည့် ခွန်အားကို မြင်ပြီးနောက် ကျွန်းသခင်နှစ်ဦး တိုက်ခိုက်သည့် တိုက်ပွဲကို ကြည့်လိုသော်ငြား မည်သူမှ ရှဟူနောက်သို့ မလိုက်ရဲတော့ပေ။ မင်းယွဲ့၏ အခြားသစ္စာရှိ လက်အောက်ငယ်သားများသည်လည်း ငြိမ်နေကြသည်။ သူတို့ အပေါင်းအပါများ၏ နာနာကျင်ကျင် အော်ဟစ်သံများကို ကြားနေသည့်တိုင် မလှုပ်ရှားရဲကြပေ။ ရန်ကိုင်အား စိတ်ညစ်အောင် လုပ်မိပြီး သူတို့ပါ အသတ် ခံရမည်ကို လန့်နေကြ၏။

ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လျက် ပြုံးကာ ပြောလိုက်၏ “လူအိုကြီးရှက မင်ယွဲ့ကို စိန်ခေါ်တော့မှာ။ ခင်ဗျားတို့ ကြည့်ချင်ရင် ခပ်ဝေးဝေးကနေ ကြည့်လို့ရတယ်။ ဒါပေမယ့် ဝင်ရှုပ်ဖို့ ကြိုးစားရင်တော့ ဒီရန်ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့နော်”

သာမန်အခြေအနေမျိုးတွင် ရန်ကိုင်သာ ထိုကဲ့သို့ သွားပြောပါက လူအုပ်ကြီး၏ ပြန်လည် လှောင်ပြောင် ပြစ်တင်ပြောဆိုခြင်းကိုပင် ခံရပေဦးမည်။ သို့သော်လည်း သူထုတ်ပြထားသည့် ခွန်အားကြောင့် မည်သူမှ သူ့အား ခွန်းတုန့်မပြန်ရဲခဲ့ချေ။

မည်သူမှ သူ့အား စိန်မခေါ်ရဲခဲ့။ တိုက်ပွဲကိုသာ ကြည့်လိုခြင်း ဖြစ်သည့်အတွက် ခပ်ဝေးဝေးမှ ကြည့်ရလျှင်ပင် သူတို့အတွက် အဆင်ပြေပေသည်။ အကုန်လုံးသည် ကျွန်းသခင်နှစ်ဦးတွင် မည်သူက ပို၍ သန်မာသလဲ ဆိုသည်ကို သိချင်နေကြသည်။

ကျွန်းအလယ်ခေါင်တွင် ရုတ်တရက် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားလာလေသည်။ မိုင်ပေါင်းများစွာ ဝေးကွာသည့်တိုင် တိုက်ပွဲ ဖြစ်ပွားနေရာမှ ထွက်ပေါ်လာသော ဖိအားကို ခံစားနေရ၏။ မိုးချိန်းသံမျှ ကျယ်လောင်သော ပေါက်ကွဲသံများကိုလည်း ကြားနေရ၏။

ရန်ကိုင်သည် ခဏကြာမျှ ရပ်နေပြီးနောက် ရုတ်တရက် စည်းတစ်ကြောင်း ဆွဲလိုက်၏။ လူအုပ်ကြီး အနေဖြင့် ထိုစည်းကို မကျော်လွန်သည့် နေရာအထိ သွားနိုင်ပေသည်။ ကျော်လာလျှင်တော့ သူ့မဆိုး မဆိုသင့်တော့ချေ။ စည်းကို တားပြီးနောက် ရန်ကိုင်သည် လူအုပ်ကြီးကို ဂရုစိုက်မနေတော့ဘဲ တိုက်ပွဲ ဖြစ်နေရာဆီသို့ ထွက်သွားလေသည်။

သူထွက်သွားသည့်တိုင် မည်သူမှ စည်းကို မကျော်ရဲခဲ့ဘဲ အဝေးမှသာ တိုက်ပွဲကို ရပ်ကြည့်နိုင်ကြ၏။ အကုန်လုံးစိတ်ထဲ ကြိမ်မနိုင်ခဲမရ ဖြစ်နေသော်ငြား စိတ်ရှည်ရှည်ဖြင့် ကြည့်ရုံသာ တတ်နိုင်၏။

ရန်ကိုင်သည် မိုင်ပေါင်းများစွာကို တစ်ခဏအတွင်း ဖြတ်ကျော်လာခဲ့ပြီး တိုက်ပွဲကွင်းပြင်ဆီသို့ ရောက်လာလေ၏။

အဆောက်အဦးကြီး၏ အောက်ခြေတွင် သွေးစွန်းနေသည့် အလောင်းများ ပြန့်ကျဲနေသည်။

အချို့ကျင့်ကြံသူများသည် ခပ်ဝေးဝေးတွင် ရပ်၍ တိုက်ပွဲကို ကြည့်လိုက်၊ ရန်ကိုင်ကို ကြည့်လိုက် လုပ်နေကြသည်။

မည်သူမှ တိုက်ပွဲအား ဝင်မရှုပ်ရဲကြချေ။ ဤနေရာသို့ ရောက်လာပြီးနောက်တွင် ရှဟူသည် သတိပေးသည့် အနေဖြင့် လူအချို့ကို ချက်ချင်း သစ်ပစ်ခဲ့သည်။ ရှဟူ၏ ခွန်အားကို မြင်ပြီးနောက် မည်သူမှ ရှဟူအား စိန်မခေါ်ရဲတော့ချေ။

ယနေ့တွင် ရှဟူနှင့် တိုက်ခိုက်နိုင်သူဆို၍ မင်ယွဲ့သာ ရှိတော့သည်။

ရန်ကိုင်သည် တိုက်ပွဲအား ကြည့်နေသူများကို အာရုံစိုက်မနေဘဲ မင်ယွဲ့ကိုသာ လှမ်းကြည့်လိုက်သည်။

မင်ယွဲ့သည် သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ပညာရှိစာတတ် ပုဂ္ဂိုလ်တစ်ဦးမှ ပေးစွမ်းသည့် အရှိန်အဝါကို ပေးစွမ်းနေကာ ကြည်လင်ကောင်းကင်ဂိုဏ်းမှ မိုယုကို မြင်လိုက်ရချိန် ခံစားရသည့် ခံစားချက်နှင့် တူပေသည်။ သို့သော် သူ့ကာယ ခွန်အားသည် မိုယုထက် အဆပေါင်းများစွာ ပိုအားကောင်းပေသည်။

မင်ယွဲ့၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အနီရောင် အလင်းသည် အလွန်ကိုမှ သိပ်သည်းလှသည်။ သူလက်သီးတစ်ချက် ထိုးလိုက်တိုင်း လေထုပင် တုန်ခါသွားရ၏။

ရှဟူ၏ ခွန်အားသည်လည်း သူ့အောက် မနိမ့်ကျ။ ရန်ကိုင် ရောက်လာသည့် အချိန်တွင် သူတို့ နှစ်ဦးသည် တိုက်ကွက်ပေါင်း များစွာ တိုက်ခိုက်ပြီးသွားကြလေပြီ။ တိုက်ပွဲကြောင့် မြေပြင်ထက် အက်ကွဲကြောင်းများ၊ တွင်းပေါက်များစွာ ဖြစ်ပေါ်နေခဲ့၏။ အဆောက်အဦးများစွာလည်း ပျက်စီး နေကုန်လေပြီ။ ကျွန်းတွင် အကြီးဆုံးဖြစ်သည့် မင်ယွဲ့နေသည့် အဆောက်အဦးသည်ပင် တံတိုင်းများ ပြိုကျကုန်ကာ အဆောက်အဦးတစ်ခုလုံး အချိန်မရွေး ပြိုကျတော့မလို ဖြစ်နေ၏။

တိုက်ပွဲကို ကြည့်ရင်း ရန်ကိုင် မျက်ခုံးပင့်မိလိုက်သည်။

ရှဟူသည် မင်ယွဲ့အား သူ၏ အကြီးမားဆုံး ရန်သူအဖြစ် သဘောထားသည်။ မင်ယွဲ့အကြောင်း ပြောတိုင် ဒေါသသံ မပါသည့် အခါဆို၍ မရှိ။

လွန်ခဲ့သော သုံးလခန့်ကသာဆိုလျှင် ရှဟူ အနေဖြင့် မင်ယွဲ့၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ချေ။ သူတို့ စတွေ့စဉ်က ခွန်အားဖြင့်သာ မင်ယွဲ့ကို လာတိုက်ခိုက်မည်ဆိုပါက ရှဟူအနေဖြင့် အသက် တစ်ရာရှိုက်စာကျော်လောက်သာ ခုခံနိုင်ပေလိမ့်မည်။

သို့သော်လည်း လွန်ခဲ့သည့် သုံးလအတွင်း ရှဟူသည် ရန်ကိုင် ဖော်စပ်ထားသည့် အရိပ်ကောင်းကင်ဆေးလုံးများစွာကို သောက်သုံးခဲ့ပြီး တစ်ဆို့နေသည့် သူ့ကာယခွန်အားမှာလည်း ပြန်လည် တိုးတက်လာခဲ့ရ၏။

နှစ်ဦးသားကြားရှိ တိုက်ပွဲမှာ အလွန်ကိုမှ ကြမ်းတမ်း၏။ နှစ်ဦးစလုံးသည် ဒဏ်ရာရမည်ကိုပင် ဂရုမစိုက်ကြဘဲ တစ်ဖက်လူအား တိုက်ခိုက်နိုင်ဖို့ကိုသာ အာရုံထားနေကြသည်။

ဤကဲ့သို့သော တိုက်ခိုက်ဟန်သည် အားကောင်းသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် လူများအတွက် အသင့်တော်ဆုံး ဖြစ်ပေသည်။ သူတို့၏ အားကောင်းသော ခန္ဓာကိုယ်ကြောင့် ဒဏ်ရာရသွားလျှင်ပင် တိုက်ခိုက်နိုင်စွမ်းအပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် ဤကဲ့သို့သော တိုက်ခိုက်ဟန်ကို သုံး၍ အားကောင်းသော ရန်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူး၏။

သို့ရာတွင် တိုက်ခိုက်နေသည့် လူနှစ်ဦးစလုံး အားကောင်းသော ခန္ဓာကိုယ် အသီးသီးကို ပိုင်ဆိုင်ထားကြသည့် အခါ ဤကဲ့သို့သော တိုက်ခိုက်ဟန်သည် မည်သူမှ ပို၍ကြာကြာ တောင့်ခံနိုင်သလဲ ဟူသည့် ပြိုင်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဒဏ်ရာများများ ရသည်ကို ခံနိုင်သည့်၊ သက်လုံ ပို၍ ကောင်းသည့် ကျင့်ကြံသူသည် နောက်ဆုံးတွင် အနိုင်ရပေလိမ့်မည်။

လောလောဆယ်တွင်တော့ ရှဟူဘက်မှ အသာစီး ရနေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၁၄)

“မင်ယွဲ့၊ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မင်းတစ်ခါမှ မထင်ထားဖူးဘူးမလား။ အရင်နှစ်တွေက အကြွေးကို ဒီလူအိုကြီး ဘယ်တော့မှ မမေ့ဘူးကွ။ ဒီနေ့ ဒီနေရာက မင်းသေရမယ့်နေရာပဲ” ရှဟူသည် မင်ယွဲ့နှင့် တိုက်ခိုက်နေရင်း အော်ပြောလိုက်၏။ လျှပ်စီးတမျှ လျင်မြန်သည့် လက်သီးချက်များသည် မင်ယွဲ့၏ ခံစစ်အား မဖြစ်နိုင်သော နေရာမှ ထိုးဖောက်၍ မင်ယွဲ့၏ ရင်ဘတ်ကို သွားရောက် ထိမှန်လေသည်။

ထိုလက်သီးချက်ကြောင့် မင်ယွဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အနီရောင်အလင်း ရုတ်တရက် တုန်ခါသွား၏။ သို့သော် ခဏအတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မင်ယွဲ့သည် ရှဟူ၏ ပခုံးအား သူ့ဓါးဖြင့် ခုတ်ချလိုက်သည်။ ထိုဓါးချက်ကြောင့် ရှဟူ နာကျင်စွာ ညည်းတွားမိသွားသည်။

“ရှင်းရှင်းပြောရရင် ခင်ဗျား ဒီနေ့အထိ အသက်ရှင်ဦးမယ်လို့ ကျုပ်တကယ်ကို မထင်ထားတာ” မင်ယွဲ့က အေးအေးဆေးဆေး လေသံဖြင့် ပြန်ပြောလိုက်သည် “ဒါပေမယ့် ခင်ဗျားရဲ့ ခွန်အား ဒီလောက် တိုးတက်လာမယ်လို့ ကျုပ်ပိုပြီး မထင်ထားဘူး။ ခင်ဗျား အခွင့်အရေးကောင်းကောင်းတွေ ကြုံထားရတာပဲ”

ရှဟူက အကျယ်ကြီး အော်ရယ်မောလျက် “အခွင့်အရေးကောင်းတွေ ရတာ မဟုတ်ဘူး။ ကံကောင်းပြီး မိတ်ဆွေကောင်းတစ်ယောက်ကို ရလိုက်ရုံပဲ”

ထိုစကားကို ကြားသည့်အခါ မင်ယွဲ့ မျက်မှောင်ကြုတ်သွားပြီး ရှဟူနှင့် တိုက်ခိုက်နေရင်း ရန်ကိုင်ဆီ လှမ်းကြည့်လိုက်လေသည်။

ရှဟူ ပြောသည့် မိတ်ဆွေကောင်းဆိုသည့်လူမှာ ရန်ကိုင်မှန်း မင်ယွဲ့ ချက်ချင်း နားလည်လိုက်သည်။

“မင်းယွဲ့၊ မင်းငါ့ပြိုင်ဘက် မဟုတ်တော့ဘူးကွ။ တစ်စစီ ဖြစ်ဖို့သာ ပြင်ထားပေတော့” ရှဟူသည် တိုက်ခိုက်နေရင်း ဆက်၍ အော်ပြောလိုက်သည်။ ယုံကြည်ချက်အပြည့်ဖြင့် ထိုကဲ့သို့ အော်ပြောနေသော်ငြား ဤအတိုင်း နည်းစနစ်မပါဘဲ ထိုကြိတ်နေရုံဖြင့် မင်ယွဲ့ကို အနိုင်ယူနိုင်မည် မဟုတ်မှန်း ရှဟူ သိသည်။ ထို့ကြောင့် မင်ယွဲ့ တိုက်ပွဲပေါ် သေသေချာချာ အာရုံမစိုက်နိုင်အောင် စကားစစ်ထိုးနေခြင်း ဖြစ်သည်။

“ခင်ဗျား ပြောတဲ့အတိုင်း လုပ်နိုင်မလား ဒီကျွန်းသခင် ကြည့်ရသေးတာပေါ့” မင်ယွဲ့ကမူ ရှဟူအား မျက်လုံးထဲ မထည့်သည့်အလား ထူးမခြားနား လေသံဖြင့် ပြန်ပြောလိုက်၏။

တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေသည်။ အသားစများ၊ သွေးစက်များ အဆက်မပြတ် ဖြာထွက်နေသည်။ အရိုးကျိုးသံများပင် ထွက်ပေါ်နေ၏။

ထိုရိုးရှင်းပြီး ရက်စက်ကြမ်းတမ်းသည် တိုက်ပွဲသည် ကြည့်နေသူများအား ရင်တုန်ပန်းတုန် ဖြစ်စေ၏။ တိုက်ပွဲအား ကြည့်နေသော မင်ယွဲ့၏ လက်အောက်ငယ်သားများပင် မင်ယွဲ့ ခွန်အားကုန် ထုတ်သုံးသည်ကို တစ်ခါမှ မမြင်ဖူးချေ။ ထို့ကြောင့် ယနေ့တွင် သူကျွန်းသခင် ဖြစ်လာရခြင်းမှာ အကြောင်းမဲ့ မဟုတ်မှန်း မင်ယွဲ့က သက်သေပြနေလေပြီ။ သူ့တိုက်ပွဲ စွမ်းရည်သည် ဘက်တူများထက် အများကြီး သာပေသည်။

ရန်ကိုင်ပင်လျှင် တိုက်ပွဲအား စိတ်ဝင်တစား ကြည့်နေမိသည်။

သူ့ခန္ဓာကိုယ်သည် မင်ယွဲ့နှင့် ရှဟူထက် ပိုအားကောင်းသည်ဟု ယုံကြည်နေသည့်တိုင် ဤတိုက်ပွဲသည် သူ့တိုက်ပွဲစွမ်းရည်ကို ပိုမို အစွမ်းထက်လာအောင် သွေးပေးနိုင်မည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ မင်ယွဲ့နှင့် ရှဟူတို့သည် ခန္ဓာသန့်စင်ခြင်းတွင် အဆင့်တစ်ခု ရောက်ထားသော အလွန်ကိုမှ အားကောင်းသည့် ကျင့်ကြံသူများ မဟုတ်ကြပေလော။

ဤကဲ့သို့သော ခန္ဓာကိုယ်ခွန်အားချင်း ယှဉ်ပြိုင်သည့် တိုက်ပွဲမျိုးကို မြင်တွေ့ဖို့ဆိုရာ သိပ်မလွယ်လှချေ။ ရှဟူနှင့် မင်ယွဲ့ကြားရှိ တိုက်ပွဲသည် ပိုပို၍ ကြမ်းတမ်းလာနေသော်ငြား နှစ်ဖက်စလုံး အသာစီးမရသေးချ။

တိုက်ခိုက်နေရင်း နှစ်ဦးစလုံးသည် ရံဖန်ရံခါ အရိပ်ကောင်းကင်ဆေးလုံးများကို ထုတ်သောက်ကာ ကုန်ဆုံးသွားသော ကာယခွန်အားကို ပြန်လည် ဖြည့်တင်းကြ၏။

မင်ယွဲ့သာ ရှုံနိမ့်သွားလျှင် ဘာတွေ ဆက်ဖြစ်မလဲ တွေးရင်း မင်ယွဲ့၏ လက်အောက်ငယ်သားများ စိတ်ပူနေကြသည်။ မင်ယွဲ့ကို သွားကူညီပေးချင်ကြသော်ငြား ထိုကဲ့သို့ မလုပ်ရဲကြ။ ထို့ကြောင့် ရန်ကိုင်ကို သွားတိုက်ခိုက်ရန်သာ ရှိတော့သည်။

သို့သော်လည်း ရန်ကိုင်က သူ့အား လာတိုက်ခိုက်သည့် လူနှစ်ဦးအား တစ်ချက်တည်း အမှောင်သိပ်ပြလိုက်သဖြင့် ရန်ကိုင်အား သွားတိုက်ခိုက်ရမည့် သူတို့၏ အတွေးများကို ဘေးဖယ်ထားလိုက်ရတော့သည်။

သူတို့အချင်းချင်းကြားရှိ ခွန်အားမှ သိပ်မကွာခြားလှချေ။ အကုန်လုံး အတူတူနီးပါးလောက်သာ အားကောင်းကြ၏။

ရန်ကိုင်မှ သူတို့အဖွဲ့ထဲရှိ လူနှစ်ဦးကို ပုရွတ်ကို နင်းချေသလို နင်းခြေပြသည်ကို မြင်ပြီးနောက် ရန်ကိုင်နှင့် သူတို့ကြား မည်မျှ ခွန်အားကွာခြားချက် ကြီးမားသလဲ ဆိုသည်ကို နားမလည်စရာ အကြောင်း မရှိတော့ချေ။

ရန်ကိုင်နှင့် မင်ယွဲ့၏ လက်အောက်ငယ်သားများကြားရှိ တိုက်ပွဲသည် စပြီးပြီးခြင်းကို ပြီးဆုံးသွားခဲ့သဖြင့် မင်ယွဲ့နှင့် ရှဟူကြားရှိ တိုက်ပွဲအား အကျိုးသက်ရောက်ခြင်း မရှိခဲ့ပေ။ သို့သော် ရန်ကိုင်၏ ခွန်အားကို မြင်ပြီးနောက် မင်ယွဲ့သည် ရန်ကိုင်ကို ပို၍ အာရုံစိုက်လာခဲ့သည်။

ရှဟူသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မင်ယွဲ့အား ပိုပြီး ဖိတိုက်လေသည်။

မျှခြေဖြစ်နေသော တိုက်ပွဲသည် တဖြည်းဖြည်း မင်ယွဲ့ဘက်သို့ အလေးသာလာခဲ့လေသည်။

ရှဟူ၏ အရှိန်အဝါမှာလည်း ပို၍ အားကောင်းလာ၏။ တစ်ချိန်တည်းတွင် သူ့ဆီမှ ဖြာထွက်နေသော အနီရောင် အလင်းမှာလည်း ပို၍ အားကောင်းလာပြီး မင်ယွဲ့အား ဖြည်းဖြည်းချင်း ဖိနှိပ်လာလေတော့သည်။

မင်ယွဲ့ တဖြည်းဖြည်း အောက်စည်း ရောက်လာနေသည်ကို မြင်သော် သူ့လက်အောက်ငယ်သားများ မျက်နှာပျက်ကုန်ကြ၏။ တိုက်ပွဲသည် မင်ယွဲ့ဘက်ကို အလေးသာမနေခဲ့ပေ။ လက်ရှိ အခြေအနေသည် သိပ်မသိသာသေးသော်ငြား ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ရှုံးနိမ့်မည့်လူမှာ မင်ယွဲ့သာ ဖြစ်သွားပေလိမ့်မည်။

ရှဟူ ဤမျှလောက်တောင် အားကောင်းသည်လား။ အကုန်လုံး သူတို့မျက်လုံးသူတို့ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ရန်ကိုင်သည်လည်း သက်ပြင်းတစ်ချက် ချလိုက်၏။ ရှင်းရှင်းပြောရလျှင် မင်ယွဲ့နှင့် ရှဟူတို့၏ ခွန်အားမှာ အတူတူလောက်သာ ရှိသည်။ သူတို့ နှစ်ယောက် စတိုက်စဉ်က မည်သူ နိုင်မည်လဲ ဆိုသည်ကိုပင် ရန်ကိုင် မပြောနိုင်ခဲ့ချေ။ သို့သော်ငြား အဖြစ်အပျက်လေး တစ်ခုကြောင့် ရှဟူသည် အထက်စီးသို့ ရောက်သွားခဲ့ရသည်။

ရန်ကိုင် ထင်ထားသကဲ့သို့ပင် အချိန်ကြာလာသည်နှင့် မင်ယွဲ့သည် ပိုပို၍ အောက်စည်းသို့ ရောက်လာနေခဲ့သည်။ ဆယ်ချက်လောက်တွင် ရှဟူက ရှစ်ချက်လောက် တိုက်ခိုက်နေပြီး မင်ယွဲ့ကမူ နှစ်ချက်လောက်သာ ပြန်တိုက်ခိုက်နိုင်နေခဲ့သည်။ အဆက်မပြတ် ခုခံနေရာလေရာ မင်ယွဲ့ အားကုန်ပြီး ရှုံးသွားဖို့ရာ အချိန်သာ လိုတော့ပေသည်။

နောက်ဆုံးတွင် မင်ယွဲ့၏ တိုက်ကွက်များထဲ ဟာကွက် တစ်ကွက် ထွက်ပေါ်လာခဲ့သည်။ ရှဟူသည် ထိုအချက်ကို အခွင့်ကောင်းယူ၍ မင်ယွဲ့အနီးသို့ကပ်ကာ အကျယ်ကြီး အော်ပြောလိုက်၏ “မင်ယွဲ့”

ထိုအော်သံထဲ နှစ်ပေါင်းများစွာကြာအောင် သူမြိုသိပ်ထားရသည့် ဒေါသတို့ ကိန်းအောင်းနေပုံရ၏။ ရှဟူ၏ အရှိန်အဝါ ရုတ်ချည်း ထိုးတက်လာပြီး မင်ယွဲ့၏ ထိုးချက်ကို ရှောင်၍ သူ့နှလုံးတည့်တည့်ကို ပြန်ထိုးချလိုက်လေသည်။

အနိုင်ရလဒ်သည် လက်တစ်ကမ်းသာ ဝေးကွာတော့သည်။

ရှဟူ၏ မျက်နှာသည် အောင်နိုင်သူအပြုံး ထွက်ပေါ်လာ၏။

သေခြင်းတရားနှင့် လက်တစ်ကမ်းသာ ဝေးကွာတော့သော်ငြား ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိ။ လှောင်ပြုံးပင်ပြုံးလျက် အေးစက်စက် လေသံဖြင့် “ရှဟူ၊ ဒီကျွန်းသခင် ဘယ်လောက် အားကောင်းလဲ ဆိုတာကို ခင်ဗျား သေချာ နားမလည်သေးတာပဲ”

ရှဟူ ရင်ထိတ်သွားခဲ့၏။ သူ့ခေါင်းထဲ အချက်ပေး ခေါင်းလောင်းသံတို့ အဆက်မပြတ် မြည်ဟည်းသွား၏။ သူ့လက်သီးကို ပြန်ရုတ်တော့မည်အပြု၊ မင်ယွဲ့၏ ခန္ဓာကိုယ်မှ သူတော်စင်ချီများ ပေါက်ကွဲထွက်လာပြီး မှိန်ကျခါစ ပြုနေသော သူ့အရှိန်အဝါသည် ရုတ်ချည်း ပြန်အားကောင်းလာခဲ့သည်။ ထို့နောက်တွင် သူတော်စင်ချီ အကာအရံတစ်ခု ထွက်ပေါ်လာပြီး ရှဟူ၏ လက်သီးကို တားဆီးသွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ရှီစွမ်းအင်ပါ ထွက်ပေါ်လာခဲ့သည်။

မင်ယွဲ့၏ ရှီစက်ကွင်းထဲသို့ ရောက်သည်နှင့် ရှဟူ လှုပ်ရှားအားလုံး နှေးကွေးသွားတော့သည်။ ရှဟူ ကောင်းကောင်း မလှုပ်ရှားနိုင်တော့သည်ကို အခွင့်ကောင်းယူ၍ မင်ယွဲ့သည် ရှဟူ၏ ရင်ဘတ့်တည့်တည့်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဘုန်း…

ရှဟူ သွေးအဆက်မပြတ် အန်လျက် လေထဲသို့ လွင့်ပျံထွက်သွားခဲ့လေ၏။

ဒယိမ်းဒယိမ်ဖြင့် မတ်တပ်ရပ်လိုက်နိုင်ပြီးနောက်တွင် သူ့ဆီမှ ဖြာထွက်နေသော အနီရောင်အလင်းမှာ အလွန်ကိုမှ မှိန်ကျနေပြီ ဖြစ်သလို သူ့အသားအရေမှာလည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေခဲ့လေပြီ။

ထီမထင်ဟန်ဖြင့် ရပ်နေသော မင်ယွဲ့ကို ကြည့်ရင်း ရှဟူမှ အက်ရှရှလေသံဖြင့် အော်ပြောလိုက်ပြီး “ဘယ်လိုလုပ်ပြီး မင်း…”

“သူတော်စင်ချီကို သုံးနိုင်တာလဲလား” မင်ယွဲ့က ယဲ့ယဲ့လေး ပြုံးလျက် “အရိပ်ဝိဥာဉ်ကျွန်းမှာ ကိုယ်ပိုင် လောကနိယာမတွေ ရှိပြီးသား။ ဘယ်သူမှ ဒီနေရာမှ သူတော်စင်ချီ သုံးလို့မရဘူး။ ဒါပေမယ့်… ဒီကျွန်းသခင်က အဲ့နိယာမတွေကို ကျော်လွှားပြီးသွားပြီ။ ဒါကြောင့် ခင်ဗျားက သူတော်စင်ချီ သုံးလို့ မရပေမယ့် ကျုပ်က သုံးလို့ ရနေတာ”

“မဖြစ်နိုင်ဘူး” ရှဟူက မယုံကြည်ဟန်ဖြင့် ပြန်အော်ဟစ်လိုက်၏။

“ဒီကျွန်းသခင်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” မင်ယွဲ့က သေချင်းနီနေသည့် ရှဟူအား လှောင်ပြုံးပြုံးလိုက်လေ၏။ ထိုသို့ ပြောနေရင်းမှ သူ့စွမ်းအားကို ထုတ်ပြလိုက်လေသည်။

မင်ယွဲ့ဆီမှ တန်ခိုးရှင်တတိယအဆင့်၏ ယှဉ်ပြိုင်နိုင်သော သူတော်စင်ချီ အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရှဟူ မှင်သက်သွားလေ၏။

ကာယခွန်အားပိုင်းတွင် သူနှင့် မင်ယွဲ့သည် လက်ရည်တူလောက် ရှိသည်။ သူကပင် ပိုသာချင်လျှင် ပိုသာသော်ငြား မင်ယွဲ့သာ သူတော်စင်ချီကို သုံးနိုင်ပါက ရှဟူ အနေဖြင့် မည်သို့မှ မင်ယွဲ့၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ချေ။

ရှဟူသည် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား သူ့ပါးစပ်ထဲမှ မည်သည့် စကားလုံးမှ ထွက်မလာခဲ့ချေ။

တဖြည်းဖြည်း အရှိန်အဟုန် မြင့်မားလာနေသော တိုက်ပွဲသည် မီးစာကုန်သွားသည့် မီးတိုင်နှယ် ချက်ချင်း ရပ်တန့်သွားခဲ့သည်။ မင်ယွဲ့ သူတော်စင်ချီအား သုံးနိုင်မှန်း သိပြီးနောက်တွင် ရှဟူ လုံးဝ မျှော်လင့်ချက် မဲ့သွားတော့၏။

ထိုစဉ် သူ့ပခုံး တစ်ယောက်ယောက်မှ လာပုတ်သည်ကို ခံစားမိလိုက်သဖြင့် လှည့်ကြည့်လိုက်ရသည် ရန်ကိုင်သည် မည်သည့် အချိန်ကတည်းကမှန်းမသိ သူ့ဘေးနားသို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

“ရန်ကိုင်…” ရှဟူက ခြောက်ကပ်ကပ်လေသံဖြင့် “ငါမင်းကိုပါ ဒုက္ခရောက်အောင် လုပ်မိသွားပြီ”

အခြေအနေကို သူမှားယွင်းတွက်ချက်မိသွားခဲ့သည်။ လက်စားချေရန် လာခဲ့သော်ငြား အဆုံးတွင်တော့ သေရမည့်လူမှာ သူသာ ဖြစ်နေခဲ့သည်။ သူနှင့်အတူ ရန်ကိုင်ကိုပါ ဆွဲချမိသွားသေး၏။

သူတော်စင်ချီကို အသုံးပြုနေနိုင်မှဖြင့် အရိပ်ဝိဥာဉ်ကျွန်း၌ မင်ယွဲ့အား မည်သူကများ အနိုင်ယူနိုင်ဦးမည်နည်း။

“အဲ့လောက်ကြီး စိတ်ပူမနေနဲ့။ ခဏလေး နားနေလိုက်၊ ကျုပ်ကိုင်တွယ်လိုက်မယ်” ရန်ကိုင်သည် ကြောက်လန့်ခြင်း အရှင်း မရှိသည့် အမူအရာဖြင့် ယဲ့ယဲ့လေးသာ ပြုံးနေခဲ့သည်။

ရန်ကိုင် စကားကို ကြားသည့်အခါ ရှဟူ မျက်ခုံးပင့်သွား၏။ ရန်ကိုင်တွင် လက်ရှိ မင်ယွဲ့ကို အနိုင်ယူနိုင်သည့် ဝှက်ဖဲများ ရှိနေလေသလား။ သို့သော် သူတော်စင်ချီ သုံးနိုင်သည့် မင်ယွဲ့ကို မည်သည့် ဝှက်ဖဲကများ အနိုင်ယူနိုင်မှာမို့နည်း။ သို့ရာတွင် ရန်ကိုင်က တည်ငြိမ်နေမြဲ တည်ငြိမ်နေသဖြင့် ရှဟူလည်း ဘာမှ မမေးတော့ဘဲ ခေါင်းသာညိတ်၍ နောက်ဆုတ်နေလိုက်လေသည်။

မင်ယွဲ့သည် ရန်ကိုင်ကို မတားဘဲ စိတ်ဝင်တစားဖြင့်သာ ကြည့်နေသည်။ ထိုလူငယ်လေးသည် နည်းနည်းလေးမှ ကြောက်လန့်မှုမရှိဘဲ သူ့အား ပြန်ကြည့်နေသည်ကို မြင်သော် မင်ယွဲ့က ပြုံးလျက် “ဘာလို့ ငါ့လက်အောက် မဝင်တာလဲ။ မင်းသာ ငါ့လက်အောက်ဝင်မယ်ဆို ငါမင်းကို ဒုကျွန်းသခင်ရာထူး ပေးလို့ရတယ်”

မင်ယွဲ့၏ လက်အောက်ငယ်သားများအားလုံး ရန်ကိုင်အား အားကျစွာ ကြည့်လိုက်ကြသည်။

ဒုကျွန်းသခင်ရာထူးသည် အဆင့်အတန်း အလွန်မြင့်သည့် ရာထူးတ်စခု ဖြစ်သည်။ အရိပ်ဝိဥာဉ်ကျွန်းတွင် မင်ယွဲ့ ကျွန်းသခင် ဖြစ်လာသည့် အချိန်မှစ၍ ဒုကျွန်းသခင်ရာထူးကို မည်သူမှ ရယူနိုင်ခဲ့ခြင်း မရှိသေးချေ။ မင်ယွဲ့သည် မည်သူ့ကိုမှ ဒုကျွန်းသခင် ရာထူး ပေးရန် မစဉ်းစားထားသည့်အလား။ သို့သော်ငြား မင်ယွဲ့ကို ကြောက်သည့်အတွက် မည်သူမှ သွားအထွန့်မတက်ခဲ့ကြချေ။

သို့သော်လည်း ယနေ့တွင် မင်ယွဲ့သည် သူကျွန်းသခင် ဖြစ်လာသည့် အချိန်မှစ၍ မည်သူ့ကိုမှ မပေးဖူးသော ရာထူးကို ရန်ကိုင်အား ပေးနေခဲ့လေရာ သူတို့ အားမကျဘဲ ဘယ်နေမည်နည်း။

“စိတ်မဝင်စားဘူး”

သို့ရာတွင် ရန်ကိုင် စကားကြောင့် အကုန်လုံး အံ့အားသင့်သွားခဲ့လေသည်။

ဒုကျွန်းသခင် ရာထူးလောက်ကို ရန်ကိုင် အနေဖြင့် မည်သို့များ စိတ်ဝင်စားမည်နည်း။ သူသည် အရိပ်ကြယ်၏ ကြယ်သခင် ဖြစ်သည်။ အရိပ်ဝိဥာဉ်ကျွန်းသည် ကိုယ်ပိုင် လောကနိယာမများကို ပိုင်ဆိုင်ထားသည့်တိုင် အရိပ်ကြယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲ။ တစ်နည်းအားဖြင့် ဤကျွန်းသည် ရန်ကိုင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပေသည်။ ဒုကျွန်းသခင် ရာထူးကို လက်ခံလိုက်ရခြင်းသည် သူ့အဆင့်အတန်းကိုပင် နိမ့်ကျသွားစေဦးမည်။

မင်ယွဲ့က မျက်ခုံးပင့်လျက် “အဲ့ဒါက ဒီကျွန်းသခင် အတွက်တော့ နည်းနည်း စိတ်ပျက်စရာပဲ”

ရန်ကိုင်က ရယ်မောလျက် “ခင်ဗျား ပိုပြီးတော့တောင် စိတ်ပျက်ရဦးမှာ”

“မင်းဒီကျွန်းသခင်ကို ဆန့်ကျင်ချင်နေတာလား” မင်ယွဲ့က ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

“ဘာမှပြောနေစရာ မလိုဘူး။ အစကတည်းက ကျုပ်တို့ နှစ်ယောက်က လမ်းကြောင်းတူတဲ့လူတွေ မဟုတ်ဘူး”

မင်ယွဲ့က မျက်မှောင်ကြုတ်၍ သက်ပြင်းချလျက် “အဲ့လို ဆိုမှတော့ ငါမင်းကို သတ်ရတော့မှာပေါ့”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က ဝါးလုံးကွဲ အော်ရယ်မောလျက် လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်လေ၏ “ကျုပ်ကိုသတ်ဖို့… ခင်ဗျားမှာ အဲ့လို အရည်အချင်း ရှိလို့လား။ လူအိုကြီးရှ ပြောသွားတဲ့တစ်ချက်က လုံးဝကို မှန်နေတာပဲ”

“ဘာမှန်တာလဲ” မင်ယွဲ့နှင့် ရှဟူတို့ နှစ်ဦးစလုံး ပြိုင်တူ မေးလိုက်ကြသည်။

“ခင်ဗျားလို လူတစ်ယောက် အရိပ်ဝိဥာဉ်ကျွန်းရဲ့ နိယာမတွေကို ကျော်လွှာနိုင်တယ်ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၁၅)

လောကနိယာမများကို ကျော်လွှားရန် အလွန်ကိုမှ ခက်ခဲသည်။ ကြယ်သခင်ဖြစ်သည့် ရန်ကိုင်ပင်လျှင် လောကနိယာမများကို မကျော်လွှားနိုင်သေးရာ မင်ယွဲ့ကဲ့သို့ ကျင့်ကြံသူတစ်ယောက်က မည်သို့များ ကျော်လွှားနိုင်မည်နည်း။

ထို့ကြောင့် မင်ယွဲ့သည် သူတော်စင်ချီကို အသုံးပြုနိုင်ရန် အတွက် ထူးခြားသည့် နည်းလမ်းတစ်ခုခုကို အသုံးပြုနေသည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်၏။ မင်ယွဲ့ သုံးနေသည့် နည်းလမ်းကို ရန်ကိုင် တော်တော်လေး သိချင်နေမိသည်။

ရန်ကိုင်၏ စကားကြောင့် မင်ယွဲ့မျက်နှာ မဲ့သွား၏။ သို့သော် ထိတ်လန့်သွားခြင်း မရှိဘဲ မျက်မှောင်ကြုတ်၍သာ “မင်းက ကျွန်းသခင်လည်း မဟုတ်ဘဲနဲ့ ဒီကျွန်းသခင် ဒီက လောကနိယာမတွေကို မကျော်လွှားနိုင်ဘူးလို့ မင်းဘယ်လိုလုပ်ပြီး ဒီလောက် သေချာနေတာလဲ”

“သိကို သိနေတာ” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြုံးပြလိုက်သည်။

ရန်ကိုင်၏ သဘောထားကို သိလိုက်သည့်နောက်တွင် မင်ယွဲ့မျက်နှာ မှုန်ကုတ်သွားလေတော့သည်။ ဖော်ဖော်ရွေရွေ လုပ်ပြမနေတော့ဘဲ အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့၍ “ဒီကျွန်းသခင် ဒီက လောကနိယာမတွေကို ကျော်လွှားနိုင်နိုင်၊ မနိုင်နိုင်၊ ဒီကျွန်းသခင် သူတော်စင်ချီကို အသုံးပြုနိုင်တာတော့ အမှန်တရားပဲ။ ကောင်လေး၊ သေဖို့ ပြင်ထားလိုက်တော့”

“လုပ်နိုင်မှကြွားတဲ့” ရန်ကိုင်က လှောင်ပြောင်လိုက်ပြီးနောက် အော်ပြောလိုက်လေ၏ “ထွက်လာလိုက်တော့”

သူ့စကားသံ ဆုံးသွားသည်နှင့် စူးရှသည့် ငှက်အော်သံတစ်သံ ထွက်ပေါ်လာခဲ့၏။ မီးတောက်များဖြင့် ဖွဲ့စည်းထားသာ ဧရာမ ငှက်ကြီးတစ်ကောင်သည် ရန်ကိုင်၏ ခန္ဓာကိုယ်ထဲမှ အပြင်သို့ ပျံထွက်လာခဲ့လေသည်။

မီးငှက်မှ ၎င်း၏ တောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် ကောင်းကင်တစ်ဝက်လောက် အမှောင်ကျသွားပြီး ပြင်းထန်သည့် အပူဓါတ်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။

အကုန်လုံးသည် အလွန်ကိုမှ ပြင်းထန်သည့် အပူဓါတ်အား ထုတ်လွှတ်နေသည့် မီးငှက်ကြီးကို စိုက်ကြည့်မိလိုက်ကြသည်။ ထိုမီးငှက်ကို မြင်သည်နှင့် မင်ယွဲ့၏ အမူအရာသည်လည်း လေးနက်တည်ကြည်သွားခဲ့လေသည်။ မီးငှက်သည် သူတော်စင်ချီဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ စစ်မှန်သော မီးဓါတ်၊ ပြင်းထန်သော မိုးကြိုးဓါတ်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မီးငှက်၏ ခန္ဓာကိုယ်တစ်လျှောက်တွင် တဖျက်ဖျက် လက်နေသော လျှပ်ပန်းလျှပ်နွယ်များ ရှိနေခဲ့လေသည်။

မိုးကြိုး၊ မီးတောက်နဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိလား သူ့ကိုယ်သူ အတော်လေး ဗဟုသုတကြွယ်ဝသူဟု သတ်မှတ်ထားသော်လည်း မီးငှက်၏ ဇာစ်မြစ်ကို မင်ယွဲ့ အဖြေမရှာနိုင်ခဲ့ချေ။

မင်ယွဲ့ စိတ်ပူစရာ ကိစ္စများမှာ ထိုမျှနှင့်ပင် အဆုံးမသတ်သေးချေ။ လျို့ယန် ပေါ်လာပြီးနောက်တွင် ရန်ကိုင်သည် ကျောက်တုံးလူသားလေး တစ်ဦးကိုပါ ထပ်မံ ဆင့်ခေါ်လိုက်သည်။ ကျောက်တုံးလူသားသည် အနက်ရောင် တုတ်ချောင်းတစ်ချောင်းကို ၎င်း၏ ပခုံးတက် ထမ်းထားခဲ့၏။ အရွယ်နှင့်မလိုက်သော တုတ်ချောင်းအား ထမ်းထားသည့် ကျောက်တုံးလူသား၏ ပုံစံမှာ အတော့်ကိုမှ ရယ်စရာ ကောင်းနေ၏။

သို့သော် ကျောက်တုံးလူသားသည် အပြင်သို့ ရောက်သည်နှင့် မာန်သွင်းအော်ဟစ်လိုက်၏။ ထို့နောက် တစ်မီတာမျှပင် မရှိတတ်သော သူ့ခန္ဓာကိုယ်ကြီးသည် ရုတ်ချည်း မီတာများစွာမက မြင့်မားလာပြီး ဧရာမကျောက်ဘီလူးကြီး အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။

သူ့ပခုံးထက်တွင် ထမ်းထားသည့် အနက်ရောင် တုတ်ချောင်းမှာလည်း ပို၍ ထူထည်းရှည်မြောလာခဲ့လေသည်။

ရုတ်တရက် ထွက်ပေါ်လာသည့် မီဂငှက်နှင့် ကျော်ကဘီလူးကြီးကို ကြည့်ရင်း အကုန်လုံး တုန်တုန်ရီရီဖြစ်သွားခဲ့သည်။ မင်းယွဲ့သည်လည်း ရန်ကိုင်အား ထိတ်လန့်တုန်လှုပ်၊ မှင်သက်နေသည့် အမူအရာဖြင့် ကြည့်နေ၏။

“သူ့ကိုသတ်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။

လျို့ယန်သည် စူးရှစွာ အော်မြည်လျက် မင်ယွဲ့ဆီသို့ ထိုးဆင်းသွားသည်။ တစ်ချိန်တည်းတွင် ၎င်း၏ ပါးစပ်ကိုဟ၍ လျှပ်စီးမီးဘောလုံး တစ်လုံးကို ပစ်လွှတ်လိုက်၏။

မင်ယွဲ့သည် ထိုလျှပ်စီးမီးဘောလုံးကို ထိပ်တိုက် မရင်ဆိုင်ရဲသည့်အတွက် လှုပ်ရှားမှုပညာရပ်ကို သုံး၍ အလျင်စလို တိမ်းရှောင်လိုက်သည်။

ဘုန်း… မင်ယွဲ့ ယခင် ရပ်နေခဲ့သည့် နေရာ၌ ဧရာမ အက်ကြောင်းကြီဂတစ်ခု ဖြစ်ပေါ်လာခဲ့၏။

မီးငှက်၏ တိုက်ခိုက်မှုကိုရှောင်ပြီး အသက်ပင် ကောင်းကောင်း မရှူနိုင်သေးခင်မှာပဲ တဝုန်းဝုန်း ခြေသံများကို မင်ယွဲ့ ကြားလိုက်ရပြန်သည်။

တလှမ်းပြီးတလှမ်း လှမ်းလာနေသော ရှောင်ရှောင်၏ ခြေထောက်ကြီးများသည် မြေပြင်အား စစ်ဗုံကို တီးခတ်နေသလို တဒုန်းဒုန်း ထုရိုက်နေ၏။ မင်ယွဲ့နှင့် မီတာနှစ်ဆယ် အကွာခန့်သို့ အရောက်တွင် ရှောင်ရှောင်သည် သူကိုင်ထားသည့် အနက်ရောင် တုတ်ချောင်းကို လွှမ်းရမ်း ရိုက်ချလိုက်သည်။

အလွန်ကိုမှ လေးလံလှသော အနက်ရောင်တုတ်ချောင်းသည် ရှောင်ရှောင်လက်ထဲတွင် အရုပ်လေးတစ်ရုပ်နှယ် ပေါ့ပါးနေ၏။ တုတ်ချောင်းကို လွှဲရမ်းရာမှ ထွက်ပေါ်လာသော လွှဲအားကြောင့် သူ့ကိုယ်သူပင် လေထဲ လွင့်ပါသွားတော့မလို မင်ယွဲ့ ခံစားလိုက်ရ၏။

မင်ယွဲ့မျက်နှာ ဖြူလျော်သွားပြီး ခြေထောင့်ပုံစံ ဒိုင်းတစ်ခုကို အလျင်စလို ထုတ်ယူလိုက်သည်။ ခြောက်ထောင့်ပုံစံ ဒိုင်းသည် လျင်မြန်စွာ လည်ပတ်လာခဲ့၏။ ထိုဒိုင်းသည် တန်ခိုးရှင် အလယ်အလတ်အဆင့် ဒိုင်းတစ်ခု ဖြစ်လေရာ သာမန်တန်ခိုးရှင် အဆင့် ပညာရှင်အဖို့ ထိုဒိုင်းကို ချိုးဖျက်ရန် မလွယ်ကူချေ။

သို့တိုင် မင်ယွဲ့သည် စိတ်မအေးနိုင်ဘဲ ဒိုင်းကို ထုတ်ပြီးသည့်တိုင် အလျင်စလို နောက်သို့ ဆုတ်လိုက်သေး၏။

ဘုန်း…

အနက်ရောင်တုတ်ချောင်းသည် ခြောက်ထောင့်ပုံစံဒိုင်းကို သွားရောက် ထိမှန်လေသည်။ တုတ်၏ ရိုက်ချက်အောက်တွင် ဒိုင်းတစ်ခုလုံး တစစီ ဖြစ်သွားခဲ့သည်။ အနက်ရောင်တုတ်ချောင်းကို နည်းနည်းလေးမှ မတားဆီးနိုင်ခဲ့။ အနက်ရောင်တုတ်ချောင်းသည် ဒိုင်းကို ဖျက်စီးပြီးနောက်တွင် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် မင်ယွဲ့အား ဆက်လက် ထိမှန်လေသည်။

ကံကောင်းစွာဖြင့် မင်ယွဲ့သည် ထိုကဲ့သို့ ဖြစ်မည်ဟု အစကတည်းက ခန့်မှန်းပြီးသားပင်။ ထို့ကြောင့် သူ့အား တည့်တည့် လာမမှန်အောင် တိမ်းရှောင်လိုက်နိုင်၏။ သို့သော် တုတ်ချောင်းဆီမှ ထွက်ပေါ်လာသည့် အားလှိုင်း၏ အဖျား ရိုက်ခတ်မှုကြောင့် သူ့အသား ပြတ်ရှထွက်ကုန်ပြီး အဝတ်အစားများလည်း စုတ်ပြဲကုန်ရလေသည်။

ထိုအားလှိုင်းကိုမူ သူမရှောင်တိမ်းနိုင်ခဲ့ပေ။

တဝုန်းဝုန်း လျှပ်စီးသံများ၊ မီးတောက်များနှင့်အတူ မင်ယွဲ့ ပတ်ပတ်လည်တစ်ခုလုံး ငရဲခန်းတစ်ခုနှယ် ပြောင်းလဲသွား၏။ အရိပ်ဝိဥာဉ်ကျွန်းတစ်ခုလုံးပင် ထိုစွမ်းအားအောက် စတင် တုန်ခါလာခဲ့သည်။

ပြင်းထန်သော မီးတောက်နှင့် လျှပ်စီးများကြား ဝါးမြိုခံနေရသည့် မင်ယွဲ့ကို ကြည့်ရင်း သူ့လက်အောက်ငယ်သားများ မစဉ်းစား မတွေးတောနိုင်အောင် ဖြစ်နေခဲ့လေသည်။ အကုန်လုံးသည် နှင်းမုန်တိုင်းထဲသို့ ရောက်နေသည့်နှယ် တဆတ်ဆတ် တုန်ရီနေခဲ့၏။

ရှဟူပင်လျှင် ထိုမြင်ကွင်းကိုကြည့်ရင်း ထိတ်လန့်မှုကြောင့် တုန်ရီနေ၏။

ယခုမှပဲ သူနှင့်တိုက်ခိုက်စဉ်က ရန်ကိုင် သူ့ခွန်အားကုန် ထုတ်မသုံးခဲ့မှန်း ရှဟူ နားလည်သွားတော့သည်။ ရန်ကိုင်သာ ထိုအချိန်ကတည်းက မီးငှက်နှင့် ကျောက်တုံးရုပ်သေးရုပ်ကို ထုတ်သုံးခဲ့မည်ဆိုလျှင် ယခုအချိန်အထိ သူအသက်ရှိနေတော့မည် မဟုတ်ချေ။

ကျောက်တုံးရုပ်သေးရုပ်ဖြစ်စေ၊ မီးငှက်ဖြစ်စေ၊ နှစ်ကောင်စလုံးသည် သူ့အား ချေမွဖြစ်နိုင်သည်။ သူတို့ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံထားသော အားကောင်းလှသည့် ခန္ဓာကိုယ်များသည် ထိုသက်ရှိနှစ်မျိုး ရှေ့တွင် ဘာဆိုဘာမှ မဟုတ်တော့ချေ။

ကံကောင်းစွာဖြင့် သူနှင့်ရန်ကိုင်ကြားရှိ ဆက်ဆံရေး အရမ်းကြီး မဆိုးရွားသွားခဲ့သည်မှာ ကံကောင်းသွားသည်။

ထိုစဉ်ကအကြောင်း ပြန်စဉ်းစားမိလိုက်သည့် အချိန်တွင် ရှဟူစိတ်ထဲ တွေးကြောက်မိသွားသလို ရန်ကိုင်ကိုလည်း‌ ကျေးဇူးတင်မိသွားသည်။

သို့သော်လည်း… ရန်ကိုင်၏ ဇာတ်မြစ်က ဘာများနည်း။ ထိုခွန်အားနှင့်ဆိုပါက အရိပ်ကြယ်တစ်ခုလုံးကို သူသိမ်းပိုက်လို့ ရနေပြီ မဟုတ်လော။ ရန်ကိုင်၏ နောက်ခံအကြောင်း ဖန်ကျန်းကို မေးကြည့်ရမည်ဟု ရှဟူ တွေးလိုက်လေသည်။

ထိုသို့ ဆုံးဖြတ်လိုက်ပြီးနောက် တိုက်ပွဲအား တစ်ဖန် အာရုံပြန်စိုက်လိုက်သည်။ သို့သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရှဟူ မှင်သက်သွားခဲ့၏။

မင်းယွဲ့သည် ယခုထိတိုင် မသေသေးချေ။ မီးငှက်နှင့် ကျောက်တုံးရုပ်သေးရုပ်၏ ရိုက်ချက်ကို ခံလိုက်ရသော်ငြား အားသာ နည်းသွားခဲ့သည်။ မင်ယွဲ့ မည်ကဲ့သို့ လုပ်လိုက်မှန်း ရှဟူ နားမလည်။ သူသာ မင်ယွဲ့နေရာတွင် ဆိုပါက ဆယ်ခါမက အသက်ပျောက်နေပြီးလောက်ပေပြီ။

ရန်ကိုင်လည်း ထိုအချက်ကို ရှာတွေ့ပေသည်။ သို့သော် အံ့အားသင့်သွားရမည့်အစား ပို၍သာ စိတ်ဝင်စားသွားခဲ့သည်။

ခဏအကြာတွင် မီးတောက်မီးလျှံများနှင့် လျှပ်ပန်းလျှပ်နွယ်များ ပျောက်ကွယ်သွားခဲ့ပြီး အမောတကော အသက်ရှူနေသည့် မင်ယွဲ့ ပြန်ပေါ်လာခဲ့သည်။

လက်ရှိ မင်ယွဲ့ပုံစံသည် ကျွန်းသခင်တစ်ဦးနှင့် လားလားမျှ မတူတော့။ အဝတ်အစားများ စုတ်ပြတ်နေပြီး ဆံပင်မှာလည်း ဖိုသီဖတ်သီ ဖြစ်နေကာ မီးလောင်ကျွမ်းရာများမှာလည်း ခန္ဓာကိုယ် အနှံ့တွင် ရှိနေခဲ့သည်။ အားကောင်းလှသော သူ့ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် မင်ယွဲ့ ဆယ်ခါပြန် သေပြီးလောက်ပေပြီ။

သို့သော်လည်း မင်ယွဲ့အနေဖြင့် ရပ်နေ၍ ရန်ကိုင်အား ငေးကြောင်ကြည့်နေရုံသာ တတ်နိုင်သည်။ ပြန်မတိုက်နိုင်ခဲ့။ သူ့လက်ထဲတွင် တစ်ခုခုကို ဆုပ်ကိုင်ထားခဲ့သည်။

ရန်ကိုင်၏ အကြည့်သည် မင်ယွဲ့ ကိုင်ထားသည့် အရာဆီသို့ ရောက်လာခဲ့သည်။ မင်ယွဲ့ ကိုင်ထားသည်မှာ အခြားမဟုတ်၊ တံဆိပ်ပြားတစ်ခု ဖြစ်သည်။ ထို့အပြင် ထိုတံဆိပ်ပြားကို သူရင်းရင်းနှီးနှီး သိနေသလို ခံစားနေရ၏။ တံဆိပ်ပြားဆီမှလည်း ဧကရာဇ်အရှိန်အဝါကို ခံစားနေရသည်။

ကြယ်ဧကရာဇ် တံဆိပ်ပြားလား ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ မင်ယွဲ့တွင် ကြယ်ဧကရာဇ် တံဆိပ်ပြားတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ယခုမှပဲ မင်ယွဲ့ သူတော်စင်ချီကို သုံးနိုင်ခြင်းမှာ ကြယ်ဧကရာဇ်တံဆိပ်ပြားကြောင့်မှန်း ရန်ကိုင် နားလည်သွား၏။ လျို့ယန်၏ တိုက်ခိုက်မှုကို ခုခံလိုက်နိုင်ခဲ့ခြင်းမှာလည်း ထိုတံဆိပ်ပြား ကျေးဇူးကြောင့်သာ ဖြစ်ပေသည်။

ဒီနေရာကြီးကလည်း ယန်ယန်နဲ့ ပက်သက်နေသေးတာလား ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

တုန့်ဆိုင်းမနေတော့ဘဲ ရန်ကိုင်သည် မင်ယွဲ့ဆီသို့ ပြေးသွားပြီး တစ်ဖက်လူ၏ ရင်ဘတ်ဆီ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။

မင်ယွဲ့သည် လျှို့ယန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ပြီးနောက် အဆုံးသတ်သို့ ရောက်နေသည့် မြှားတစ်စင်းနှယ် ဖြစ်နေလေပြီ။ ထို့ကြောင့် ရန်ကိုင် သူ့အား လာတိုက်ခိုက်သည်ကို မြင်သော်လည်း နည်းနည်းလေးမှမ ခုခံနိုင်ခဲ့ချေ။

မင်ယွဲ့၏ ခန္ဓာကိုယ် နောက်သို့ လွင့်ထွက်သွား၏။ ရန်ကိုင်သည် မင်ယွဲ့ဆီမှ ကြယ်ဧကရာဇ်တံဆိပ်ပြားနှင့် သိုလှောင်လက်စွပ်ကို သွားယူလိုက်သည်။

ထို့နောက် ထိုကြယ်ဧကရာဇ်တံဆိပ်ပြားကို စတင် စစ်ဆေးတော့သည်။ မင်ယွဲ့၏ ကြယ်ဧကရာဇ်တံဆိပ်ပြားသည် သူ့တွင် ရှိနေသည့် ကြယ်ဧကရာဇ် တံဆိပ်ပြားနှင့် အတူတူပင်။

တံဆိပ်ပြားထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်သည့်အခါ တံဆိပ်ပြားသည် အရိပ်ဝိဥာဉ်ကျွန်း၏ တစ်နေရာရာနှင့် တစ်နည်းတစ်ဖုံ ဆက်သွယ်နေသည်ကို တွေ့ရှိလိုက်ရလေသည်။

ရန်ကိုင်လည်း ထိုနေရာဆီသို့ ခေါင်းမော့ကြည့်လိုက်၏။

“လူအိုကြီးရှ၊ ဒီက ကိစ္စတွေကို ခင်ဗျားပဲ ကိုင်တွယ်လိုက်။ ကျုပ် တစ်ခုခုကို သွားစုံစမ်းလိုက်ဦးမယ်” ပြောပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။

ရှဟူသည် အံ့အားသင့်နေသော်ငြား ဘာမှ ပြန်မပြောဘဲ မင်ယွဲ့၏ လက်အောက်ငယ်သားများဘက်သို့ လှည့်၍သာ သွားပေါ်အောင် ပြုံးပြလိုက်လေသည်။

ထိုလူများလည်း ယခုမှ အသိပြန်ဝင်လာကြသည်။ ချက်ချင်း ထိတ်လန့်တကြား ထအော်ကြလေတော့၏ “ကျွန်းသခင်ရှ၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါဗျာ။ လွန်ခဲ့တဲ့ နှစ်တစ်ရာ ဖြစ်ခဲ့တာတွေက မင်ယွဲ့ ကျုပ်တို့ကို တွန်အားပေးလို့ပါ။ ကျုပ်တို့ လုပ်ချင်လို့ လုပ်တာ မဟုတ်ပါဘူး”

“ဟဲဟဲ၊ မင်းတို့ လုပ်ချင်လို့ဖြစ်ဖြစ်၊ တွန်းအားပေးခံရလို့ပဲ ဖြစ်ဖြစ်၊ မင်းတို့ လုပ်ခဲ့တာက လုပ်ခဲ့တာပဲ။ မင်းတို့ လုပ်ခဲ့တာတွေ အတွက် ပြန်ပေးဆပ်ရမှာကလည်း ပေးဆပ်ရမှာပဲ။ နှစ်တစ်ရာ ရှိသွားပြီ။ မင်းတို့ မင်ယွဲ့နဲ့ပေါင်းပြီး ငါ့ကို လုပ်ကြံတာ။ ငါကံကောင်းသွားလို့ပေါ့၊ မဟုတ်ရင် ဘယ်တော့မှ ပြန်ပြီး လက်စားချေနိုင်မှာ မဟုတ်ဘူး။ အပိုတွေ ပြောမနေတော့။ မင်းတို့အားလုံး သေလိုက်ပေတော့”

ပြောပြီးသည်နှင့် ရှဟူသည် တုန်ရီနေသည့် ကျင့်ကြံသူများဆီ ခုန်ဝင်သွားလေသည်။ အသက် ဆယ်ရှိုက်စာအတွင်း မင်ယွဲ့၏ လက်အောက်ငယ်သားအားလုံး အသတ်ခံလိုက်ရလေ၏။

လက်စားပြန်ချေပြီးသွားသည့်နောက်တွင် မင်ယွဲ့သည် မတ်တပ်ရပ်၍ ကောင်းကင်ပေါ်သို့ မော့ကာ အသံအကျယ်ကြီး အော်ဟစ်လိုက်လေသည်။

အရိပ်ဝိဥာဉ်ကျွန်းပေါ်ရှိ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများသည် အသံ ထွက်ပေါ်လာရာဆီသို့ ခံစားချက်မျိုးစုံ ရောပြွမ်းနေသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

အရိပ်ဝိဥာဉ်ကျွန်းဆီသို့ ပြောင်းလဲမှုများ ရောက်လာတော့မည်မှန်း အကုန်လုံး သိလိုက်ကြသည်။

ထိုအချိန်အတွင်း ရန်ကိုင်သည် အရိပ်ဝိဥာဉ်ကျွန်းပေါ်ရှိ တစ်နေရာဆီသို့ ရောက်လာခဲ့သည်။ ရောက်လာပြီးသည့်နောက် မင်ယွဲ့ဆီမှ ရလာာသည့် ကြယ်ဧကရာဇ်တံဆိပ်ပြားသည် ရန်ကိုင် လက်မှ ရုန်းထွက်ပြေးချင်နေသည့်အလား စတင် တုန်ခါလာတော့သည်။

ဤနေရာသည် အချိန်များစွာကတည်းက စွန့်ပစ်ထားခံရသည့် နေရာတစ်ခုနှင့်တူ၏။ တဲအိမ် သေးသေးလေးများသည် ဟိုတစ်စ ဒီတစ်စ ရှိနေခဲ့သည်။ ရန်ကိုင်သည် ထိုနေရာအား သင်္ကာမကင်း အမူအရာဖြင့် ဝေ့ကြည့်လိုက်လေသည်။

ဤနေရာသည် အနည်းငယ် ထူးဆန်းသည်ဟု ခံရသော်ငြား ဘာက ထူးဆန်းနေမှန်း မဆုံးဖြတ်နိုင်ခဲ့ပေ။

ခဏလောက် စဉ်းစားပြီးနောက်တွင် ကြယ်ဧကရာဇ် တံဆိပ်ပြားကို လွှတ်ပေးလိုက်၏။

ကြယ်ဧကရာဇ်တံဆိပ်ပြားသည် သူ့လက်ထဲမှ ပျံထွက်သွားပြီး လေထဲ ဝိုက်ကာ ပျံသန်းနေပြီးနောက် တစ်ခုသော နေရာဆီသို့ ပျံသန်းသွားကာ ထိုနေရာတွင် ဝဲနေလေသည်။ ထို့နောက်တွင် များစွာသော အနက်ရောင် အစက်အပျောက်များ ထိုနေရာတစ်ဝိုက် စတင် ထွက်ပေါ်လာခဲ့၏။

ထိုအနက်ရောင် အစက်ပေါက်များဆီမှ အားကောင်းသော လေဟာနယ်စွမ်းအင်လှိုင်းများနှင့်အတူ ပရမ်းပတာ ဖြစ်နေသော ဗလနတ္ထိတို့ ထွက်ပေါ်လာခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်၏ အမူအရာ ရုတ်ချည်း တည်ကြည်လေးနက်သွား၏။

All Chapters