← Chapters

အခန်း (၁၇၁၆-၁၇၂၀)

Vol. 69 Ch. 1716-1720

အခန်း (၁၇၁၆-၁၇၂၀)

Vol. 69 Ch. 1716-1720

အပိုင်း (၁၇၁၆)

ထိုအနက်ရောင် အစက်အပျောက်များသည် ဟင်းလင်းပြင် အက်ကွဲကြောင်းများနှင့် ဆင်တူပေသည်။ ထိုအရာများသည် ဤနေရာတွင် အမြဲရှိနေသလို ထင်ရသည်။ သာမန် အမြင်ဖြင့် သတိမပြုမိခြင်းသာ။ ကြယ်ဧကရာဇ်တံဆိပ်ပြား ပေါ်လာသည့် အခါတွင်တော့ ထိုအရာများလည်း ထွက်ပေါ်လာတော့၏။

ထိုအနက်ရောင် အစက်များ၏ ပုံစံမှာ ကြယ်ဧကရာဇ် တံဆိပ်ပြားနှင့် ပုံစံတူပင်။

ထိုအနက်ရောင် အစက်ကိုးစက်သည် လေထဲတွင်ဝဲလျက် အချင်းချင်း ဆက်သွယ်သွားပြီး ရန်ကိုင် နားမလည်နိုင်သော အစီအရင်တစ်ခုကို ဖြစ်ပေါ်လာစေခဲ့လေသည်။

ကိုးဆိုသည့် ဂဏန်း… တစ်ချိန်က ကြယ်ဧကရာဇ် တံဆိပ်ပြား ကိုးခုကို ဖန်တီးခဲ့သည်ဟု ယန်ယန်မှ သူ့အား ပြောခဲ့သည်။ ထိုကိုးဆိုသည့် ဂဏန်းနောက်ကွယ် မည်သို့သော ဆန်းကြယ်မှုများ ရှိနေသလဲ ရန်ကိုင် နားမလည်သေးပေ။

သို့သော်လည်း ထိုကိုးဂဏန်းသည် ယခု အဖြစ်အပျက်နှင့် တစ်ခုခု ပက်သက်နေလိမ့်မည်မှန်း ရန်ကိုင် သိသည်။

အတိတ်တွင် မြင်ခဲ့၊ ကြားခဲ့သည့် အကြောင်းအရာများကို ပြန်ဆက်စပ်ကြည့်လိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ တဖြည်းဖြည်း အတွေးနက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ယန်ယန် ဘာကို ဆိုလိုချင်လဲ ဆိုသည်ကိုလည်း စတင် အဖြေထုတ်လေသည်။

အရိပ်ဝိဥာဉ်ကျွန်းသည် ကျိန်းသေ ယန်ယန်နှင့် ဆက်စပ်၏။ ယခု အဖြစ်အပျက်သည် အကောင်းအဆုံး သက်သေ ဖြစ်သည်။ မဟုတ်လျှင် ဤနေရာ၌ ကြယ်ဧကရာဇ်တံဆိပ်ပြားပုံစံ ဟင်းလင်းပြင်အက်ကွဲကြောင်း ကိုးခု ရှိနေလိမ့်မည် မဟုတ်ပေ။

ရန်ကိုင် အတွေးထဲ နစ်မြောနေစဉ် သူမကြာသေးခင်ကမှ ရထားသည့် ကြယ်ဧကရာဇ်တံဆိပ်ပြားသည် အပေါက်တစ်ပေါက်ထဲသို့ ပျံသန်းသွားကာ အပေါက်ထဲသို့ အံဝင်ခွင်ကျ ဝင်သွားခဲ့လေသည်။

ခဏကြာ တွေးနေပြီးနောက်တွင် ရန်ကိုင်သည် သူပိုင်ဆိုင်ထားသည့် ကြယ်ဧကရာဇ်တံဆိပ်ပြား လေးခုကို ထုတ်ယူလိုက်၏။

ကြယ်ဧကရာဇ်တံဆိပ်ပြား လေးခုတွင် တစ်ခုကို ကွေ့ဇူဆီမှ လက်ဆောင်ရခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လှိုင်းနီကြယ်ပေါ်၌ လော့ဟိုင်နှင့် တိုက်ခိုက်ရင်း ထိုတံဆိပ်ပြားကို ထုတ်သုံးလိုက်ရ၏။ ကြယ်ဧကရာဇ်တံဆိပ်ပြားထဲရှိ စွမ်းအား မရှိတော့သော်ငြား တံဆိပ်ပြားကတော့ ကျန်ရှိနေပေသေးသည်။

ဒုတိယတစ်ခုကို သဲမီးတောက်နယ်မြေထဲတွင် ရခဲ့ပြီး တတိယတစ်ခုကိုမူ ရီရှီယွင်ဆီမှ ရခဲ့သည်။ နောက်ဆုံး တစ်ခုကိုတော့ ကြယ်ဧကရာဇ်တောင်ဆီမှ ရခဲ့ပေသည်။ လက်ရှိ ရန်ကိုင်တွင် ကြယ်ဧကရာဇ်တံဆိပ်ပြား ငါးခုတိတိ ရှိနေခဲ့လေပြီ။

ကျန်ရှိနေသေးသော တံဆိပ်ပြား လေးခုအနက် တစ်ခုသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၌ ရှိနေမှန်း ရန်ကိုင်သိသည်။ ကျန်သုံးခု မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကိုတော့ သူမသိပါချေ။

အပြင်သို့ ထုတ်ယူလိုက်သည်နှင့် ကြယ်ဧကရာဇ်တံဆိပ်ပြား လေးခုသည် တဆတ်ဆတ် တုန်ခါလာပြီး ရန်ကိုင် လက်ထဲမှ လွတ်မြောက်ရန် ကြိုးစားတော့လေသည်။ ရန်ကိုင်လည်း လွှတ်ပေးလိုက်၏။

သူထင်ထားသည့်အတိုင်းပင်၊ တံဆိပ်ပြား လေးခုစလုံးသည် အက်ကွဲကြောင်းများဆီသို့ ပျံသန်းသွားပြီး ထိုထဲသို့ အံဝင်ခွင်ကျ ဝင်သွားခဲ့သည်။

ထို့နောက် ကြယ်ဧကရာဇ်တံဆိပ်ပြား ငါးခုဆီမှ တလက်လက် အလင်းရောင်တို့ ဖြာထွက်လာပြီး ဆန်းကြယ်သော စွမ်းအား တစ်ရပ်ပါ ဖြာထွက်လာခဲ့ကာ ရန်ကိုင်ကိုပါ လွှမ်းခြုံသွားခဲ့၏။

သူ့ကိုယ်ထဲတွင် ရှိနေသော သူတော်စင်ချီသည် တစ်စုံတစ်ခု၏ နှိုးဆွခြင်း ခံလိုက်ရသည့်အလား လျင်မြန်စွာ စတင် လည်ပတ်လာခဲ့သည်။

ထိုလွမ်းမောတသဖွယ်ရာ ခံစားချက်ထဲ စီးမြောရင်း ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ ယခု မင်ယွဲ့သည် သူပိုင်ဆိုင်ထားသည့် ကြယ်ဧကရာဇ်တံဆိပ်ပြားကြောင့် သူတော်စင်ချီအား အသုံးပြုနိုင်ခြင်း ဖြစ်သည်ကို ရန်ကိုင်လုံးဝ အတည်ပြုလိုက်နိုင်ခဲ့လေပြီ။

ရန်ကိုင် မသိသည်ကား ကြယ်ဧကရာဇ်တံဆိပ်ပြားသည် အစကတည်းက မင်ယွဲ့တွင် ရှိနေခြင်းလား၊ သို့မဟုတ် ဤနေရာဆီသို့ ရောက်လာပြီးမှ ကြယ်ဧကရာဇ်တံဆိပ်ပြားကို မင်ယွဲ့ ရလိုက်ခြင်းလား ဆိုသည်ကိုပင်။

မင်ယွဲ့မှာ သေသွားပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် အဖြေကို မသိနိုင်တော့ချေ။

လှံတစ်ချောင်းနှယ် ဖြောင့်ဖြောင့်ရပ်လျက် ရန်ကိုင်သည် မျောလွင့်နေသည့် စီရင်ကွက်ကို သေချာ စိုက်ကြည့်နေသည်။ အသိစိတ်ကို ဖြန့်ကျက်ကြည့်လိုက်သည့်အခိုက် သူ့အသိစိတ် စုပ်ယူသွားခြင်း ခံလိုက်ရကြောင်း တွေ့ရှိလိုက်ရသည်။

စီရင်ကွက်၏ နောက်ကွယ်တွင် ပို၍ ကျယ်ပြောသော ကမ္ဘာကြီး တစ်ခု ရှိနေခဲ့သည်။ ထိုလောကကြီးသည် ရန်ကိုင် ရောက်ခဲ့သည့် ကြယ်စီရင်စုထဲရှိ မည်သည့်နေရာထက်မဆို ပို၍ စွမ်းအင်ပေါကြွယ်ဝ၏။ ထိုနေရာရှိ ကျင့်ကြံသူများမှာ ဤနေရာရှိ ကျင့်ကြံသူများထက် ပို၍ အားကောင်းမည်မှာလည်း သံသယရှိစရာ မလိုချေ။

ထိုခံစားချက်ထဲ ခဏတာ စီးမြောနေပြီးနောက်မှ သူ့ကိုယ်သူ ပြန်ရုန်းထွက်လာလိုက်၏။

ထိုလောကကြီး မည်သည့်ပုံစံ ရှိသလဲ ဆိုသည်ကို သိချင်မိသော်ငြား သူမည်သို့ပင် စစ်ဆေးစေကာမူ ပုံမဖော်နိုင်ခဲ့ဘဲ ကောင်းကင်စိတ်အာရုံဖြင့်သာ စစ်ဆေးနိုင်ခဲ့သည်။

ကျွန်းအလယ် အပြင်ဘက်တွင် ရှဟူသည် လက်ပိုက်လျက် အတွင်းထဲသို့ လှမ်းကြည့်နေခဲ့သည်။

ဤနေရာသို့ ရန်ကိုင် ဘာကြောင့် ဝင်သွားမှန်း သူမသိ။ သို့သော် ရန်ကိုင် ဝင်သွားခဲ့သည်မှာ တစ်လ ရှိနေခဲ့လေပြီ။ ထိုအတောအတွင်း အရီပ်ဝိဥာဉ်ကျွန်းသည် သူ့လက်အောက်သို့ လုံးဝ ကျရောက်သွားခဲ့သည်။ သူ့အား သစ္စာဖောက်ခဲ့သည့် ကျင့်ကြံသူအားလုံးကိုလည်း ရှင်းထုတ်ပစ်ပြီးသွားခဲ့လေပြီ။ ကျန်ရှိတော့သည်မှာ သူ့အား သစ္စာရှိသည့် လူများသာ။

ရှဟူသည် အရိပ်ဝိဥာဉ်ကျွန်း၏ ကျွန်းသခင် ပြန်ဖြစ်လာခဲ့လေပြီ။ ယနေ့တွင် ဖန်ကျန်း၊ ချန်မိုနှင့် ရှန်အောင်းတို့သည့် ရှဟူအား လာတွေ့လေသည်။

ရှန်းအောင်သည် အသတ်ခံရခြင်းမရှိချေ။ အကျဉ်းချခံရပြီး ထိုင်အနှိပ်စက်ခံနေရခြင်းသာ ရှိသည်။ အရိပ်ကောင်းကင် ဆေးလုံးများကို မသောက်ထားသည့်တိုင် ရှန်းအောင်သည် အလွန်ကောင်းမွန်သော တိုက်ပွဲစွမ်းရည်ကို ထုတ်ဖော် ပြသနိုင်ခဲ့သည်။ ထို့ကြောင့် အရိပ်ကောင်းကင်ဆေးလုံးသာ သောက်လိုက်လျှင် သူမည်မျှ အားကောင်းလာမည်လဲ ဆိုသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ထိုကဲ့သို့ အလားအလာ ရှိသည့်အတွက်ကြောင့် မင်ယွဲ့သည် ရှန်းအောင်ကို သတ်ရန်အတွက် လက်တွန့်နေခဲ့ခြင်း ဖြစ်သည်။ မူလ အစီအစဉ်မှာ ရှန်းအောင်က စိတ်ပြောင်းလာသည်အထိ အကျဉ်းချကာ ထိုင်နှိပ်စက်ဖို့ပင်။ သို့သော်လည်း သူ့အစီအစဉ် အားလုံး အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။

မင်ယွဲ့ သေသွားပြီးနောက်တွင် ရှန်အောင်လည်း ပြန်လွတ်လာခဲ့လေသည်။

သူတို့သုံးယောက် အနီးကပ်လာသည်နှင့် ရှောင်ရှောင်နှင့် လူအသွင်ယူထားသည် လျှို့ယန်တို့သည် သူတို့အား ခက်ထန်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကြသည်။

ရှောင်ရှောင်နှင့် လျှို့ယန်တို့၏ ကောင်းကင်စိတ်အာရုံ၏ ထောက်လှမ်းမှုကို ကြုံလိုက်ရသည်နှင့် သုံးယောက်စလုံး တောင့်တင်းကုန်ကြပြီး ရှေ့ဆက်မတိုးရဲကြတော့ချေ။

“ငါတို့ဒီကို ဘာမကောင်းတဲ့ ရည်ရွယ်ချက်နဲ့မှ လာခဲ့တာ မဟုတ်ဘူး” ရှဟူက အလျင်အမြန်ပဲ လက်ဆီးဆုပ်ကာ ပြောပြလိုက်သည်။

ရှောင်ရှောင်သည် သူတို့အား စိုက်၍သာ ကြည့်နေပြီး အချိန်မရွေး တိုက်ခိုက်မည့်ဟန် ပြင်ထားသည်။ လျှို့ယန်ကမူ ရှဟူအား အေးစက်စွာ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ ခက်ထန်သည့် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရှဟူ အနည်းငယ် ရှက်သွားခဲ့၏။

သူသည် အဆုံးမဲ့သမုဒ္ဒရာ၏ ထိပ်သီး ပညာရှင်များထဲမှ တစ်ဦးဖြစ်သည်။ အရိပ်ဝိဥာဉ်ကျွန်းတွင် နှစ်ပေါင်းသုံးရာမျှ အရိပ်ကောင်းကင်ဆေးလုံးများကို သောက်သုံး၍ လေ့ကျင့်လာပြီးနောက် ယခင်ထက် ပို၍ အားကောင်းလာသည်ဟု ယုံကြည်လာခဲ့သည်။ သို့တိုင် ရန်ကိုင်၏ လက်အောက်ငယ်သား နှစ်ဦးကိုတော့ မယှဉ်နိုင်သေးချေ။

ပြောစရာမလိုအောင်ပင် ကျောက်တုံးရုပ်သေးရုပ်သည် ရုပ်ခန္ဓာမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်း၏။ သူတော်စင်ချီကို အသုံးမပြုနိုင်ဘဲနှင့် ရှဟူ ဆယ်ယောက် ပေါင်းပြီး တိုက်ခိုက်မည်ဆိုလျှင် ကျောက်တုံးရုပ်သေးရုပ်ကို အနိုင် ယူနိုင်လိမ့်မည် မဟုတ်မှန်း ရှဟူ ကောင်းကောင်း သိသည်။

လူအသွင်ယူထားသည့် အမျိုးသမီး၏ ခွန်အားဆိုလျှင် ပိုလို့ပင် ဆိုးသေးသည်။ မီးတောက်များ၊ မိုးကြိုးစွမ်းအင်များနှင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခံရမည့် အရေးသည် ကျောက်တုံးရုပ်သေးရုပ်နှင့် ရင်ဆိုင်ရသည်ထက် ပို၍ ဖိအား များသေး၏။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး မည်မျှ သန်မာသည်ကို သူမသိသည့်တိုင် ထိုအမျိုးသမီးရှေ့ ရောက်သည်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူရှေ့သို့ ရောက်သလို ခံစားလိုက်ရ၏။

ရှောင်ရှောင်နှင့် လျှို့ယန်တို့ကို ရှင်းပြပေးပြီးနောက်တွင် ဖန်ကျန်းနှင့် အခြားသူများဘက်သို့လှည့်၍ မေးလိုက်လေသည် “ဘာကိစ္စလဲ”

“ရှန်းအောင်နဲ့ ဗိုလ်ချုပ်ချန်မိုတို့က ဂိုဏ်းချုပ်ရန်ကို ကျေးဇူးတင်ချင်လို့ပါ” ဖန်ကျန်းက လေးလေးစားစား ပြောလိုက်၏။

“ငါနားလည်ပြီ” ရှဟူက ခေါင်းညိတ်လိုက်ပြီး ချန်မိုနှင့် ရှန်းအောင်တို့ဘက်သို့လှည့်၍ ပြုံးကာ “ငါထင်တာတော့ မင်းတို့ စောင့်ရတော့မယ်နဲ့ တူတယ်။ မင်းတို့ မြင်တဲ့အတိုင်း ဒီနေရာကို ဘယ်သူမှ ဝင်လို့မရဘူး။ ရန်ကိုင် ထွက်လာတဲ့အထိ စောင့်မှပဲ ရလိမ့်မယ်”

“အဲ့ဒါဆို စောင့်ကြတာပေါ့” ရှန်းအောင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

သူပြန်လွတ်လာနိုင်ခြင်းမှာ ရန်ကိုင်ကြောင့်မှန်း သိလိုက်ရသည့်နောက်တွင် ရှန်းအောင်သည် ရန်ကိုင်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်မိသွားလေသည်။ ရှဟူကမူ ရှန်းအောင်၏ စကားကို သိပ်ပြီး အလေးအနက် မထားတော့ပေ။

ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော် ကြားရှိ ရန်ကြွေးတို့မှာ အလွယ်တကူ ပြေပျောက်သွားနိုင်မည့် ရန်ကြွေးများ မဟုတ်ချေ။

ရှဟူသည် ထိုချက်ကို သေချာ နားလည်ပေသည်။ ရှန်းအောင်၏ ဂရုမစိုက်ဟန်ကို ဂရုမစိုက်တော့ဘဲ စိတ်ဝင်တစားဖြင့်သာ မေးလိုက်၏ “ဒါနဲ့၊ အရင်ရက်တွေတုန်းက အရိပ်ဝိဥာဉ်ကျွန်းကို ရှင်းလင်းရေး လုပ်နေလို့ သေချာ မမေးဖြစ်လိုက်ဘူး။ ဖန်ကျန်း၊ ရန်ကိုင်ရဲ့ ဇာစ်မြစ်ကဘာလဲ”

ထိုမေးခွန်းကိုကြားသော် ရှန်းအောင်နှင့် ချန်မို တို့သည်လည်း စိတ်ဝင်စားသွားကြသည်။

အားကောင်းသူကို လေးစားကြသည်မှာ ကျင့်ကြံသူတိုင်း ဖြစ်ကြသည်။ ချန်မိုနှင့် ရှန်းအောင်တို့သည် ပင်လယ်နတ်ဘုရား နန်းတော်၏ ဗိုလ်ချုပ်များ ဖြစ်ကြသော်ငြား ရန်ကိုင်နှင့် ယှဉ်လိုက်သည့်အခါ တစ်ခုခု ကင်းမဲ့နေသလို ခံစားနေရ၏။

တစ်ချိန်လုံး ပင်လယ်ပြင်ထဲတွင်သာ နေသည့်အတွက် ကုန်းတွင်းပိုင်း ကိစ္စများကို အနည်းအကျဉ်းလောက်သာ သိထားသည်။ ထို့ကြောင့် ရန်ကိုင်၏ နောက်ခံအကြောင်းကို သိချင်မိကြခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်ရန်က… အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ” ဖန်ကျန်းက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“အထက်စကြာဝဠာဂိုဏ်းလား” ရှဟူက မျက်မှောင်ကြုတ်၍ ပြောလိုက်၏ “အဲ့လိုဂိုဏ်မျိုး ငါတစ်ခါမှ မကြားဖူးပါလား”

ဖန်ကျန်းက ခါးသက်စွာပြုံးလျက် “ဂိုဏ်းတူဦးလေးက လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က ပျောက်ကွယ်သွားခဲ့တာ။ ဒီတော့ အထက်စကြာဝဠာဂိုဏ်းကို မကြားဖူးတာ ဘာမှ မထူးဆန်းဘူး။ အထက်စကြာဝဠာဂိုဏ်းကို လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကမှ တည်ထောင်ထားတာကိုး”

“ဆယ်ငါ့းနှစ်… ဆယ့်ငါးနှစ်ဆိုတော့ အဲ့လောက် သက်တမ်း မရင့်သေးဘူးပဲ” ရှဟူက ရယ်သွမ်းသွေးလျက် “ဒါပေမယ့် ရန်ကိုင်လို ဂိုဏ်းချုပ်တစ်ယောက် ရှိနေတာဆိုတော့ အချိန်သာ အလုံအလောက်ပေးလိုက်ရင် ကျိန်းသေ ကောင်းကင်တိုက်ပွဲ အစည်းအရုံးနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်း အဆင့်လောက် ရောက်လာမှာ”

“ဂိုဏ်းတူဦးလေး…” ဖန်ကျန်းက ရယ်ရခက်ငိုရခက် လေသံဖြင့် “မိုးကြိုးမုန်တိုင်းဂိုဏ်းနဲ့ ကောင်းကင်တိုက်ပွဲ အစည်းအရုံးတို့ ပျက်စီးသွားပြီ”

“ပျက်စီးသွားပြီ” ရှဟူက အလန့်တကြား အော်မေးလိုက်၏။

“ဟုတ်တယ်။ အဲ့ဂိုဏ်းနှစ်ဂိုဏ်းစလုံးကို ဂိုဏ်းချုပ်ရန်ရဲ့ ကောင်းကင်တိုက်ပွဲအစည်းအရုံးကို ဖျက်စီးပစ်လိုက်တာ”

ထိုစကားကို ကြားလိုက်သည့်အခိုက် ရှဟူ သက်ပြင်း ရှိုက်လိုက်ပြီး ချ န်မိုနှင့် ရှန်းအောင်တို့ နှစ်ဦးစလုံး ထိတ်လန့်တကြား အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

လက်တလော ကုန်းတွင်းပိုင်း အခြေအနေအကြောင်း သိပ်မသိသော်ငြား မိုးကြိုးမုန်ုတိုင်ဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးသည် ကုန်းတွင်းပိုင်းကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ကြီးစိုးလာသည့် အင်အားစုကြီးများ ဖြစ်မှန်း ချန်မိုနှင့် ရှန်းအောင်တို့ နှစ်ဦးစလုံး သိထားကြသည်။

“ကြယ်ဧကရာဇ်တောင်ကိုလည်း သူပဲ ဖျက်စီးလိုက်တာ” ဖန်ကျန်းက ဆက်၍ ပြောလိုက်၏။

“ဘယ်လို” ယခုတစ်ခါတော့ ရှဟူ လုံးဝ ထိတ်လန့်သွား၏ “ကြယ်ဧကရာဇ်တောင်တောင် ဖျက်စီးခံလိုက်ရတာလား”

“ဟုတ်တယ်လည်း ပြောရမယ်၊ မဟုတ်ဘူးလို့လည်း ပြောရမယ်။ ကြယ်ဧကရာဇ်တောင်က ပညာရှင် အများစုက အထက်စကြာဝဠာဂိုဏ်းထဲ ဝင်သွားကြတာ။ ဒါကြောင့် အခုလောလောဆယ် အထက်စကြာဝဠာဂိုဏ်းက အရိပ်ကြယ်မှာ အားအကောင်းဆုံး ဂိုဏ်းလို့တောင် ပြောလို့ရနေပြီ”

“ငါတို့ ပင်လယ်ကျောင်းတော်နဲ့ ယှဉ်လိုက်ရင်ကော” ရှဟူက မေးကြည့်လိုက်သည်။

“သွားယှဉ်လို့မရဘူး” ဖန်ကျန်းက အမှန်အတိုင်း ပြောလိုက်၏ “ပင်လယ်ကျောင်းတော်နဲ့ အထက်စကြာဝဠာဂိုဏ်း ရှိနေတဲ့နေရာက ကုန်းနဲ့မြေဆိုတာ တစ်ခုနဲ့တစ်ခု သိပ်ပြီး အဆက်အစပ် မရှိဘူး။ ပြီးတော့ အထက်စကြာဝဠာဂိုဏ်းရဲ့ ဠာနချုပ်က သဲမီးတောက်နယ်မြေထဲမှာ ရှိနေတာ။ ဘယ်သူမှ သူတို့ ဠာနချုပ်ကို သွားမတိုက်ခိုက်နိုင်ဘူး”

ရှဟူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။

သဲမီးတောက်နယ်မြေအကြောင်း သူကြားဖူးပေသည်။ ထိုနေရာသည် အရိပ်ကြယ်၏ တားမြစ်နေရာ သုံးခုအနက် တစ်ခု ဖြစ်ပေသည်။ ပုံမှန်အားဖြင့် မည်သူမှ ထိုထဲသို့ မဝင်နိုင်ချေ။ သို့သော်လည်း အထက်စကြာဝဠာဂိုဏ်းသည် ထိုထဲတွင်ပင် သူတို့၏ ဠာနချုပ်ကို တည်ဆောက်လိုက်သေးသည်။ မည်ကဲ့သို့များ ဖြစ်နိုင်မည်နည်း။

ရှဟူသာ မှင်သက်နေရုံမက ချန်မိုနှင့် ရှန်းအောင်တို့သည်လည်း မယုံကြည်နိုင် ဖြစ်နေကြလေသည်။

ရှဟူနှင့် ပင်လယ်နတ်ဘုရားနန်းတော်မှ ဗိုလ်ချုပ်နှစ်ဦး ထိတ်လန့်နေသည်ကို သူနားလည်ပေသည်။

ဤသတင်းကို ကြားလိုက်ချိန် အရိပ်ကြယ်မှ မည်သူကများ မထိတ်လန့်ဘဲ နေမည်နည်း။ ဤသတင်း အဆုံးမဲ့သမုဒ္ဒရာသို့ ရောက်လာချိန် ပင်လယ်ကျောင်းတော်၏ ခေါင်းဆောင်များလည်း အံ့အားသင့်သွားကြသည်။ ရန်ကိုင် အဆုံးမဲ့သမုဒ္ဒရာဆီသို့ နယ်များ ချဲ့လာဦးမည်လား ဆိုသည့်အကြောင်းကို တွေးရင် ကျောင်းတော်၏ ခေါင်းကြီးများ အချိန်အတော်ကြာအောင် စားမဝင် အိပ်မပျော် ဖြစ်ခဲ့ကြလေသည်။

သို့သော်လည်း အချိန်အတော်ကြာအောင် လေ့လာပြီးနောက် ရန်ကိုင်တွင် ထိုကဲ့သို့ ရည်မှန်းချက်မရှိကြောင်း နားလည်လိုက်၏။ ထိုအခါမှပဲ ကျောင်းတော်၏ ခေါင်းကြီးပိုင်းများ စိတ်သက်သာရာ ရသွားခဲ့ကြသည်။

ရန်ကိုင် ပင်လယ်ကျောင်းတော်အား ကုန်သွယ်မည့် အစီအစဉ် လာရောက်ကမ်းလှမ်းစဉ်က ကျောင်းတော်မှ ပညာရှင်များ သဘော မတူခဲ့သေးကြခြင်းမှာ ရန်ကိုင်၏ သဘောထားကို သေချာ နားမလည်သေးသောကြောင့် ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၁၇)

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် ရှဟူသည် ရန်ကိုင်၏ နောက်ခံအကြောင်း သေချာအောင် နောက်တစ်ကြိမ် ထပ်မေးကြည့်သည်။ ဖန်ကျန်းသည်လည်း သူသိထားသမျှကို မချွင်းမချန် တင်ပြလိုက်၏။

ဖန်ကျန်း ပြောသည်ကို နားထောင်ပြီးနောက် ရှဟူ၏ အမူအရာ ပိုပို၍ လေးနက်တည်ကြည်သွားခဲ့သလို ရှန်းအောင်နှင့် ချန်မိုတို့သည်လည်း ထိတ်လန့်အံ့အားသင့်နေသည့် အမူအရာဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ရုတ်တရက် ကျွန်းအလယ်ဆီမှ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြီး လူတစ်ယောက် အပြင်သို့ ထွက်လာခဲ့လေသည်။

ရန်ကိုင်ပင် ဖြစ်သည်။

ရန်ကိုင် ထွက်လာသည်ကို မြင်လိုက်သည့်အခိုက် ရှဟူ၊ ရှန်းအောင်နှင့် ချန်မိုတို့အားလုံး ကြောင်သွားခဲ့ကြသော်ငြား ချက်ချင်း လက်သီးဆုပ် နှုတ်ဆက်၍ ရှဟူက ပြုံးကာ မေးလိုက်၏ “အကျိုးအမြတ်တွေ ရလာတာလား”

“နည်းနည်းပါးပါးပေါ့” ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှောင်ရှောင်နှင့် လျို့ယန်ကို ပြန်ခေါ်လိုက်လေသည်။

မင်ယွဲ့ သူတော်စင်ချီနှင့် ရှီအား အသုံးပြုနိုင်သည်ကို မြင်ပြီးနောက်တွင် ကျွန်းအလယ်ခေါင် နေရာ၌ လျှို့ဝှက်ချက် တစ်ခုခု ရှိနေလိမ့်မည်ဟု ရှဟူ ကောက်ချက်ချလိုက်သည်။

ကျွန်းအလယ်ခေါင်သည် ရန်ကိုင်အား ရှဟူ ပြောဖူသည့် နေရာဖြစ်သည်။ ထိုနေရာတွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေမှန်း သူသိသော်လည်း မည်သည့် လျှို့ဝှက်ချက်မှန်းတော့ မသိခဲ့ချေ။

ထိုလျှို့ဝှက်ချက်သည် မင်ယွဲ့အား သူတော်စင်ချီကို အသုံးပြုနိုင်အောင် လုပ်ပေးနိုင်သည့် အကြောင်းအရင်း ဖြစ်လောက်၏။ ယခု ရန်ကိုင်မှ သူအကျိုးကျေးဇူးအချို့ ရလာသည်ဟု ပြောလာသည်ကို ကြားသော် ရှဟူ ချက်ချင်းပဲ ကောက်ချက်ချလိုက်နိုင်၏။

“သူတော်စင်ချီကို သုံးနိုင်တာက ဘာမှမဟုတ်ဘူး” ရန်ကိုင်က ခေါင်းညိတ်၍ “အဓိကက ဒီက ဘယ်လိုထွက်သွားရမလဲ ရှာတွေ့သွားခဲ့တာပဲ”

“ဘယ်လို” ရှဟူ ထိတ်လန့်အံ့အားသင့်သွားခဲ့သည်။

ဖန်ကျန်းနှင့် အခြားသူများလည်း ရန်ကိုင်၏ စကားကို ကြားကြားချင်း တုန်လှုပ်သွားခဲ့သော်ငြား ချက်ချင်းပဲ ပျော်သွားကြပြီး ပြန်မေးလိုက်လေသည် “တကယ်ကြီးလား”

“တကယ်ပြောနေတာ” ရန်ကိုင်က ခေါင်းညိတ်၍ “အဲ့အကြောင်းကို ပြောချင်လို့ ကျုပ်အပြင်ထွက်လာခဲ့တာ။ ခင်ဗျားတို့ ပြန်ချင်တယ်ဆိုရင် ပြင်ထားပေတော့။ နောက် ရက်နည်းနည်းလောက်ကြာရင် ကျုပ်ထွက်တော့မှာ

“ဂိုဏ်းချုပ်ရန်…” ဖန်ကျန်းက ရန်ကိုင်အားကြည့်၍ မေးလိုက်၏ “အပြင်ကို လူဘယ်လောက်လောက် ခေါ်သွားနိုင်လဲ သိလို့ရမလား”

“အကုန်လုံးကို ခေါ်သွားလို့ရတယ်” ရန်ကိုင်က ပြန်ပြောလိုက်၏ “ဒါပေမယ့်…”

“ဒါပေမယ့် ဘာလဲ” ရန်ကိုင်၏ နောက်ဆက်တွဲ စကားကြောင့် ဖန်ကျန်း စိတ်ပူသွား၏။

“ပင်လယ်ကျောင်းတော်နဲ့ ပင်လယ်နတ်ဘုရားနန်းတော်က လူတွေကိုတော့ အလကား ခေါ်သွားပေလို့ ရပေမယ့် အခြား လူတွေကိုတော့… သူတို့ ဒီက ထွက်သွားချင်ရင် ကျုပ်ကို အရိပ်ကောင်းကင်ကြာပန်းတွေကို ကူခူးပေးရမယ်လို့”

ကြားကြားချင်း အံ့အားသင့်သွားခဲ့သော်လည်း ဖန်ကျန်းသည် ချက်ချင်းပဲ ပြုံးလျက် “ဂိုဏ်းချုပ်ရန် တကယ် အကြံပိုင်တာပဲ”

ဤသတင်းသာ ပြန့်သွားခဲ့လျှင် အရိပ်ဝိဥာဉ်ကျွန်းတွင် ပိတ်မိနေသည့် ကျင့်ကြံသူအားလုံး ချက်ချင်းပဲ ပင်လယ်ထဲသို့ ထွက်ကာ အရိပ်ကောင်းကင်ကြာပန်းများကို ရှာကြပေလိမ့်မည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အခကြေး နည်းနည်း ကောက်ရုံပါပဲ”

“ရန်ကိုင်၊ မင်းဒီကနေ ဘယ်အချိန်ထွက်သွားမှာလဲ” ရှဟူက လှမ်းမေးလိုက်သည်။

“တစ်လကြာရင်”

“ကောင်းပြီ” ရှဟူက ခေါင်းညိတ်လိုက်ပြီး “အဲ့ဒါဆို ဒီအကြောင်းကို အကုန်လုံးသိအောင် သွားကြေညာလိုက်မယ်။ ငါတို့ ပင်လယ်ကျောင်းတော်က တပည့်တွေ အတွက်ကတော့ ဒီကနေ အပြင်ပြန်ရောက်ရင် ငါမင်းကို သင့်တင့်လောက်မယ့် လျော်ကြေးပြန်ပေးမယ်”

“အဲ့လိုဆိုမှတော့ ကျုပ်ဘက်က ငြင်းလို့ ဘယ်ဖြစ်ပါ့မလဲ” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်၏။

“ငါတို့ ပင်လယ်နတ်ဘုရားနန်းတော်ကလည်း ဂိုဏ်းချုပ်ရန်ကို လျော်ကြေးပြန်ပေးပါ့မယ်” ရှန်းအောင်ကလည်း အလျင်အမြန် ဝင်ပြောလိုက်သည်။

ရန်ကိုင်သည် ရှန်းအောင် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းသာ ညိတ်ပြလိုက်၏။ ဘာမှတော့ ပြန်မပြောခဲ့ပေ။

ထိုသတင်းသည် တောမီးနှယ် အရိပ်ဝိဥာဉ်ကျွန်းသို့ တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်း ထွက်လာသည့်နောက်တွင် ဆယ်ယောက်၌ ကိုးယောက်လောက်က ယုံကြည်ချင်း မရှိကြချေ။ တစ်ယောက်ယောက်ကမှ စနောက်လိုက်သည့် ဟာသ တစ်ခုဟုသာ ယုံကြည်နေကြသည်။ အရိပ်ဝိဥာဉ်ကျွန်းကသာ တကယ်ကြီး ထွက်သွားနိုင်မည်ဆိုလျှင် သူတို့ အနေဖြင့် ဤနေရာ၌ နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေခဲ့လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ဤကဲ့သို့သော သတင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည့်အခါ မည်သူမှ မယုံကြခြင်း ဖြစ်သည်။

ရှဟူကိုယ်တိုင် ရှေ့ထွက်ပြီး အာမခံလိုက်သည့် အခါမှသာ အရိပ်ဝိဥာဉ်ကျွန်းရှိ ကျင့်ကြံသူများ ယုံသွားတော့သည်။

မကြာခင်မှာပင် အရိပ်ဝိဥာဉ်ကျွန်းပေါ်ရှိ ကျင့်ကြံသူအားလုံးသည် ပင်လယ်ထဲသို့ထွက်ကာ အရိပ်ကောင်းကင်ကြာပန်းများကို စတင် ရှာဖွေကြတော့လေသည်။ အရိပ်ဝိဥာဉ်ကျွန်းတစ်ခုလုံး ဗလာဟောင်းလောင်းကြီး ဖြစ်သွားခဲ့၏။

အရိပ်ဝိဥာဉ်ကျွန်းမှ မိုင်ပေါင်း သောင်းနှင့်ချီအကွာ၌၊ ရန်ကိုင်သည် ရေထဲ ကူးခတ်နေသော လင်းပိုင်လေးပေါ်တွင် ထိုင်နေခဲ့သည်။

အရိပ်ဝိဥာဉ်ကျွန်းမှ ကျင့်ကြံသူများ အရိပ်ကောင်းကင် ကြာပန်းများကို ရှာဖွေနေချိန် ရန်ကိုင်လည်း ငြိမ်ငြိမ်မနေခဲ့ပေ။ တကယ်တော့ အရိပ်ကောင်းကင်ကြာပန်းသည် များများရှိလေ ပိုကောင်းလေ ဆိုသည့် ရတနာတစ်ခု မဟုတ်လော။ ထို့ကြောင့် ရှဟူမှ သတင်းအကြောင်း ရှေ့ထွက်ပြီး အာမခံသည့်အချိန်၌ ရန်ကိုင်သည် လင်းပိုင်လေးကိုရှာကာ ပင်လယ်ပြင်ထဲသို့ အရိပ်ကောင်းကင်ကြာပန်း ရှာပုံတော် ထွက်လေသည်။

ထို့အတွက်ကြောင့် အရိပ်ကောင်းကင်ကြာပန်းများစွာ ရန်ကိုင် ရရှိခဲ့ရသည်။

အရိပ်ဝိဥာဉ်ကျွန်းနှင့် အလွန်ဝေးကွာသည့် နေရာသို့ ကျင့်ကြံသူများ လာလေ့မရှိကြချေ။ ထို့ကြောင့် ဤနေရာတွင် အရိပ်ကောင်းကင်ကြာပန်းများကို ပိုတွေ့ရလေသည်။

အရိပ်ကောင်းကင်ဆေးလုံး ရာနှင့်ချီကို သောက်ပြီးနောက် ရန်ကိုင်၏ ခွန်အားသည် ဤနေရာသို့ စရောက်စဉ်ကထက် အများကြီး ပိုမြင့်မားလာခဲ့လေသည်။ ထို့ကြောင့် ယခင်က သူ့အား ပြဿနာ နည်းနည်းပါးပါး ပေးခဲ့သော ပင်လယ်သားရဲများသည် ယခုမူ သူ့ရှေ့ လုံးဝ ကူကယ်ရာ မဲ့ကုန်ကြလေသည်။

ခပ်ဝေးဝေးသို့ သွားလေသွားလေ ပင်လယ်ကြာပန်းများကို ရန်ကိုင်တို့ ပိုပိုတွေ့လာရလေပင်။

တစ်လပြည့်ခါနီးသည့် အချိန်တွင်တော့ လင်းပိုင်လေးအား ကျွန်းဆီသို့ ပြည့်လှည့်လာခိုင်းလိုက်၏။

ကျွန်းဆီသို့ ပြန်ရောက်လာသည့် အချိန်တွင် ထောင်နှင့်ချီသော ကျင့်ကြံသူများသည် သူ့အား ကြိုတင် စောင့်ဆိုင်းနေကြလေပြီ။

ကံမကောင်းစွာဖြင့် တစ်လဆိုသော အချိန်သည် လူတိုင်းအတွက် အရိပ်ကောင်းကင်ကြာပန်းကို ရှာတွေ့နိုင်သည့် အချိန် မဟုတ်ခဲ့ချေ။ အချို့မှာ အရိပ်ကောင်းကင်ကြာပန်းများ ရှာတွေ့ခဲ့သော်လည်း အချို့မှာမူ တစ်ပွင့်ပင် ရှာမတွေ့ခဲ့ချေ။ ထိုလူများသည် ရန်ကိုင်မှ သူတို့အပြင် ခေါ်ထုတ်မသွားမည်ကို စိုးရိမ်သည့်အတွက် ပူပန်ကြောင့်ကြနေသည့် အမူအရာဖြင့် ရပ်စောင့်နေကြလေသည်။

ရှဟူ၊ အခြားသူများနှင့် သွားတွေ့ပြီး အခြေအနေကို သဘောပေါက်သွားသည့်နောက်တွင်၊ ရန်ကိုင်သည် ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများကို သူ့အစား အရိပ်ကောင်းကင်ကြာပန်းများ စုဆောင်းပေးရန် တောင်းဆိုလိုက်လေသည်။

အရိပ်ကောင်းကင်ကြာပန်းများကို ပေးလိုက်ပြီးနောက် ကျင့်ကြံသူများသည် သတ်မှတ်ထားသည့် နေရာဆီသို့ ပျော်ရွှင်စွာ လျှောက်သွားကြသည်။

လူခွဲ့ဖို့ရာ တစ်ရက်လောက်သာ အချိန်ယူလိုက်ရသည်။

ယခုဆိုလျှင် အရိပ်ဝိဥာဉ်ကျွန်းရှိ လူထုကြီးသည် နှစ်ပိုင်း ကွဲနေခဲ့လေပြီ။ အရိပ်ကောင်းကင်ကြာပန်းကို ပေးနိုင်သည့် အဖွဲ့နှင့် မပေးနိုင်သည့်အဖွဲ့ပင်။ မပေးနိုင်သည့် အဖွဲ့ဝင် အရေအတွက်မှာ သိပ်မများလှပဲ ခုနှစ်ရာ၊ ရှစ်ရာလောက်သာ ရှိပေသည်။

ရန်ကိုင်သည် အရိပ်ကောင်းကင်ကြာပန်း မပေးနိုင်သည့် လူအုပ်ကြီးရှေ့တွင် ရပ်နေခဲ့သည်။ ထိုလူများ၏ ပူပန် စိုးရိမ်နေသည့် အမူအရာကို မြင်သော် ပြုံးလျက် အသံ ကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “ကြောက်မနေနဲ့။ အရိပ်ကောင်းကင်ကြာပန်း မပေးနိုင်လည်း ကိစ္စမရှိသေးဘူး။ ဒီရန် ခင်ဗျားတို့ကို အခြားအခွင့်အရေးတစ်ခု ထပ်ပေးမယ်”

“ညီလေး၊ ဒီကနေ ထွက်သွားဖို့ အရိပ်ကောင်းကင်ကြာပန်း အပြင် ငါတို့ ဘာလုပ်ပေးရမလဲ သိလို့ရမလား” အသက် နည်းနည်း ကြီးနေသည့် ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။

အကုန်လုံးသည် ရန်ကိုင်အား စိုးရိမ်တကြီး ကြည့်နေကြသည်။ မဖြစ်နိုင်သည့်၊ ခက်ခဲလှသည့် တောင်းဆိုမှုမျိုး ရန်ကိုင် လုပ်လာမည်ကို သူတို့ စိုးရိမ်နေကြ၏။

“ခင်ဗျားတို့ထဲက အချို့မှာ အားကောင်းတဲ့ နောက်ခံတွေ ရှိမှာ အသေအချာလောက်ပဲ။ ဒီတော့ ဒီကနေ ထွက်သွားပြီးရင် ခင်ဗျားတို့ နောက်ကွယ်က အင်အားစုတွေကို လျော်ကြေးပေးခိုင်းပေါ့။ အဲ့လို မလုပ်နိုင်ဘူး ဆိုရင်လည်း ဒီရန် လက်အောက်ငယ် ဆယ်နှစ် အလုပ် လာလုပ်လို့ရတယ်။ အဲ့လိုဆို ခင်ဗျားတို့ ဒီကနေ ထွက်သွားခွင့်ရပြီ”

ထိုစကား ထွက်လာသည်နှင့် လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့သည်။ အချို့မှာ စိုးရိမ်နေကြသော်ငြား အများစုမှာမူ အတော်လေး ပျော်ရွှင်နေခဲ့ကြလေသည်။

ရန်ကိုင် ထင်သည့်အတိုင်းပင် ကျန်နေသည့် ကျင့်ကြံသူ အများစုသည် အားကောင်းသော နောက်ခံများမှ လာကြခြင်း ဖြစ်သည်။ သူတို့သာ အပြင်ပြန်ရောက်သည်နှင့် လျော်ကြေး နည်းနည်းပါးပါးလောက် ပေးဖို့ရာ ဘာမှ ကိစ္စမရှိတော့ချေ။

လျော်ကြေးမပေးနိုင်လျှင်ပင် အလုပ်သမား သွားလုပ်ခြင်းသည်လည်း အရမ်းကြီးတော့ မဆိုးလှချေ။ ရန်ကိုင်သည် ယုတ်ညစ်သည့် လူတစ်ယောက်ပုံမပေါ်။ မဟုတ်လျှင် သူတို့အား ဤကဲ့သို့ အခွင့်အရေးမျိုး ပေးလာလိမ့်မည် မဟုတ်ချေ။ သူတို့ လုပ်ရမှာဆို၍ ဤနေရာမှ မြန်မြန် ထွက်သွားဖို့သာ ဖြစ်သည်။

ဤသောက်စုတ်သောက်ပြတ် နေရာကြီးမှ ထွက်သွားနိုင်ဖို့ရာ ရန်ကိုင် လက်အောက်တွင် ဆယ်နှစ်လောက် အလုပ်လုပ်ရခြင်းသည် တကယ်ကို တန်သည့် လဲလှယ်မှုတစ်ခု ဖြစ်သည်။

“မင်းတို့ သဘောတူတယ်ဆို ကျွန်းသခင်ရှဆီသွားပြီး မင်းတို့ရဲ့ ဝိဥာဉ်အမှတ်အသားကို ချန်ရစ်ခဲ့လိုက်။ သဘောတူထားတဲ့အတိုင်း လုပ်ပြီးသွားပြီဆိုတာနဲ့ ခင်ဗျားတို့ရဲ့ ဝိဥာဉ်အမှတ်အသားကို ပြန်ပေးမယ်” ရန်ကိုင်က အော်ပြောလိုက်၏။

ချက်ချင်းပဲ လူတစ်ဝက်လောက်သည် လူအိုကြီးရှဆီသို့ ပြေးသွားလေသည်။ ကျန်တစ်ဝက်သည် ခဏလောက် တုန့်ဆိုင်း တွေဝေနေသော်လည်း အဆုံးတွင် သူတို့၏ ကံကြမ္မာကို လက်ခံလိုက်သည့်အလား ရှဟူဆီသို့ ထွက်သွားကြလေသည်။

ရန်ကိုင်သည် ရှဟူအား ထိုအကြောင်းကို ကြိုပြောထားပြီးပြီး ဖြစ်သည့်အတွက် ရှဟူလည်း သူ့တပည့်များကို ကြိုတင် ပြင်ဆင်ထားခိုင်းလေသည်။ ကျင့်ကြံသူများ ရောက်လာသည်နှင့် ပင်လယ်ကျောင်းတော်၏ တပည့်များသည် ကျောက်စိမ်းပြားများကို ထုတ်၍ ထိုကျင့်ကြံသူများ၏ ဝိဥာဉ် အမှတ်အသားကို ကျောက်စိမ်းပြားထဲ ထိုးထွင်းခိုင်းတော့၏။

ဝိဥာဉ်အမှတ်အသား ရှိနေပြီဖြစ်နေပြီ ဖြစ်သည့်အတွက် ထိုလူများ သူတို့၏ သဘောတူညီချက်အား ချိုးဖောက်မည်ကို ရန်ကိုင် စိတ်ပူစရာ မလိုတော့ချေ။

ရှဟူသည် လူအုပ်ကြီးထဲမှ တိုးထွက်၍ ရန်ကိုင်ဆီသို့သွားကာ မဲ့ပြုံးပြုံးလျက် မေးလိုက်၏ “ဂိုဏ်းချုပ်ရန်ရဲ့ ဂိုဏ်းက အရင်းအမြစ်တွေ လိုအပ်နေတာလား”

“ခြင်ရဲ့အသားကလည်း အသားပဲလေ”

ရှဟူသည် ရန်ကိုင်အား တွေးတွေးဆဆဖြင့် ကြည့်လိုက်ပြီး အဓိပ္ပါယ်ပါပါ ပြုံးလိုက်လေသည်။

ရန်ကိုင် ဘာကြံနေသလဲ သူနားလည်ပေသည်။

ရန်ကိုင်သည် အစကတည်းက ဤလူအားလုံးကို အပြင်သို့ ခေါ်သွားရန် စဉ်းစားထားခြင်း ဖြစ်သည်။ မဟုတ်လျှင် ယခုကဲ့သို့ အခွင့်အရေးမျိုး ပေးနေလိမ့်မည် မဟုတ်ချေ။

ရန်ကိုင်ယခုကဲ့သို့ လုပ်ရခြင်းမှာ သူ့အထင်အရ အကြောင်းအရင်း နှစ်ခုရှိသည်။ ဤနေရာရှိ ကျင့်ကြံသူအားလုံးကို အပြင်သို့ ထုတ်ပစ်ချင်သည်။ သို့သော် အလကားတော့ ထုတ်မပေးနိုင်ချေ။ ထို့ကြောင့် အရိပ်ကောင်းကင်ကြာပန်းများ ရှာခိုင်းလိုက်၏။ မရှာနိုင်သည့် လူများကိုလည်း အခြား ရွေးချယ်စရာများ ပေးလိုက်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။

ထိုသို့ လုပ်ရခြင်းမှာ ရန်ကိုင်တွင် ဤနေရာမှ ထွက်သွားပြီးနောက် ဤနေရာသို့ ပြန်လာနိုင်သည့် နည်းလမ်း ရှိနေသည့်အတွက်ကြောင့် ဖြစ်လောက်သည်။ တစ်နည်းအားဖြင့် ဆိုရသော် ရန်ကိုင်သည် ဤနေရာကို သူ့အပိုင်အဖြစ် သဘော ထားထား၏။ ထို့ကြောင့် ဤနေရာရှိ လူများအားလုံးကို အပြင်သို့ ခေါ်ထုတ်သွားလိုခြင်း ဖြစ်သည်။

ထိုအကြောင်းကို စဉ်းစားမိသော် ရှဟူ အသက်ရှူသံ မြန်ဆန်လာခဲ့သည်။

လက်ရှိတွင် ရန်ကိုင်၌ အရိပ်ကောင်းကင်ကြာပန်းများစွာ ရှိနေသည်။ ထိုမျှနှင့် မကျေနပ်နိုင်သေးပါကာ အနာဂတ်တွင် ဤနေရာသို့ ပြန်လာပြီး အရိပ်ကောင်းကင်ကြာပန်းများကို ထပ်မံ ရှာဖွေနိုင်ပေသေးသည်။

ဤနည်းဖြင့်သာဆိုပါက အထက်စကြာဝဠာဂိုဏ်းသည် အချိန်တိုအတွင် အားကောင်းသည့် အင်အားစုကြီးတစ်ခု ဖြစ်လာမည်မှာ သံသယရှိစရာ မလိုတော့ချေ။

ရှဟူ ဘာတွေးနေလဲ ရန်ကိုင် မသိသော်ငြား သူ့အကြံအစဉ်အား အနည်းအပါးတော့ ရိပ်မိသွားပြီမှန်း ရန်ကိုင် ယုံကြည်နေသည်။ သို့သော် သူ့ဘက်မှ သွားပြီးတော့တော့ အတည်ပြုမနေခဲ့ပေ။ သူ့တွင်သာ ဤနေရာမှ ထွက်သွားချင်လျှင် သွားနိုင်သည့် စွမ်းရည် ရှိသဖြင့် စည်းမျဉ်းများကို သူ့စိတ်ကြိုက် သတ်မှတ်၍ ရပေသည်။

နောက်ဆုံး လက်ကျန် လူရှစ်ရာကိစ္စကို ရှင်းပြီးနောက် အရိပ်ဝိဥာဉ်ကျွန်းမှ ကျင့်ကြံသူအားလုံး စတင် ထွက်ခွာရန် ပြင်ဆင်ကြတော့လေသည်။

အကုန်လုံး ရန်ကိုင်အား ကြည့်နေကြသည်။ ရန်ကိုင် မည်သည့် နည်းလမ်းကိုသုံး၍ သူတို့အား ဤနေရာမှ ထုတ်သွားမလဲ ဆိုသည်ကို မျှော်လင့်နေကြသည်။

ရှဟူသည်ပင်လျှင် ချွင်းချက်မဟုတ်။

ရန်ကိုင်သည် ယုံကြည်ချက်အပြည့်ဖြင့် ပြောခဲ့သလို သူတို့စိတ်ထဲ ရန်ကိုင် ပြောသည့်စကားကိုလည်း သံသယ မရှိသော်ငြား နောက်ဆုံး အခိုက်အတန့်သို့ ရောက်လာသည့်အခါ သူတို့စိတ်ထဲ အနည်းငယ် စိတ်ပူလာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၁၈)

အကုန်လုံးသည် ရန်ကိုင်အား မျှော်လင့်တကြီး၊ စိုးရိမ်တကြီး ကြည့်နေကြသည်။ ရန်ကိုင်ကမူ မျက်လုံးပိတ်၍သာ ငြိမ်သက်စွာ ရပ်နေ၏။ သို့သော်လည်း သန့်စင်သိပ်သည်းလှသည့် စိတ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်မှ အပြင်သို့ စီးထွက်နေခဲ့သည်။

ရန်ကိုင်ဆီမှ ဖြာထွက်လာသော စိတ်စွမ်းအားကို ခံစားမိလိုက်သည့်အခိုက် အကုန်လုံး ဖြူဖတ်ဖြူလျော် ဖြစ်သွားကြ၏။

သိပ်သည်းလှသော စိတ်စွမ်းအင်များသည် ဟင်းလင်းပြင်ထဲသို့ ထိုးဖောက်စီးဝင်သွားကုန်ကြလေသည်။

ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျင့်ကြံထားသည့် အတွက် သူ့အဖို့ ဤနေရာမှ ထွက်သွားလိုလျှင် ဟင်းလင်းပြင်ကို ထိုးခွဲသည့်နည်းလမ်းသည် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ သို့သော်လည်း ထိုနည်းလမ်းသည် အရိပ်ဝိဥာဉ်ကျွန်းမှ ထွက်သွားရန်အတွက် မသင့်လျော်ချေ။ အရိပ်ဝိဥာဉ်ကျွန်းသည် သီးခြားလောကကြီး တစ်ခု ဖြစ်သည့်အတွက် ဤနေရာတွင် ကိုယ်ပိုင် လောကနိယာမ အတားအဆီးများရှိသည်။ အရိပ်ကြယ်ကို အာရုံမခံနိုင်လျက်နှင့် ဟင်းလင်းပြင်ကို ထိုးခွဲ၍သွားမည်ဆိုလျှင် အရိပ်ကြယ်သို့ မရောက်ဘဲ အရိပ်ဝိဥာဉ်ကျွန်းထဲရှိ အခြား တစ်နေရာသို့သာ ပြန်ရောက်ပေလိမ့်မည်။

သို့ရာတွင် ယခုအချိန်၌ သူသည် အရိပ်ဝိဥာဉ်ကျွန်း၏ လောကနိယာမများကို ထိတွေ့နိုင်ပြီ ဖြစ်သည့်အတွက်ကြောင့် သူတော်စင်ချီကို သုံးကာ အရိပ်ကြယ်၏ တည်နေရာကို အာရုံခံနိုင်လေပြီ။ ရန်ကိုင်ည် အရိပ်ကြယ်၏ ကြယ်သခင်တစ်ပါး မဟုတ်လေလော။

ရန်ကိုင် ရုတ်တရက် မျက်လုံး ပြန်ပွင့်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ဆီမှ လေဟာနယ်စွမ်းအားတို့ တရဟော စီးထွက်လာပြီး သူ့လက်ဖြင့် အရှေ့တည့်တည့်ရှိ လေဟာနယ်ကို ဖမ်းဆုပ်လိုက်၏။

ရေထဲကျသွားသည့် တုတ်တစ်ချောင်းနှယ် ရန်ကိုင်၏ လက်နှစ်ချောင်းသည် ဟင်းလင်းပြင်ထဲသို့ တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး ရင်သက်ရှုမော ဖြစ်ကုန်ကြလေသည်။ ရန်ကိုင်၏ လက်နှစ်ဖက် ဘာကြောင့် ရုတ်တရက်ကြီး ပျောက်ကွယ်သွားရသလဲ ဆိုသည်ကို သူတို့ မစဉ်းစားတတ်နိုင်အောင် ဖြစ်နေခဲ့သည်။

ခဏအကြာတွင် ရန်ကိုင် မာန်သွင်းအော်ဟစ်လိုက်၏။

သူ့လက်နှစ်ဖက်ကို ဘေးဘက်သို့ ဆွဲဆန့်လိုက်သည့်အခါ၌ ရှေ့တည့်တည့်ရှိ ဗဟာနတ္ထိဟင်းလင်းပြင်သည် စုတ်ပြဲသွားသော အဝတ်စတစ်ခုနှယ် ကွဲထွက်လာခဲ့ကာ အနက်ရောင် အက်ကြောင်း တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေသည်။

အက်ကြောင်းသည် တဖြည်းဖြည်း ကြီးမားလားသည်နှင့် အမျှ ၎င်းဆီမှ ဖြာထွက်နေသော ပရမ်းပတာ ဖြစ်နေသည့် အရှိန်အဝါတို့မှာလည်း ပိုပို၍ ပြင်းထန်လာခဲ့လေသည်။

အက်ကွဲကြောင်း၏အကျယ် မီတာ သုံးဆယ်လောက် ရောက်သည့် အခါတွင်တော့ ရန်ကိုင်သည် ဟင်းလင်းပြင်အား ဆုပ်ကိုင်ထားသည့် သူ့လက်နှစ်ဖက်ကို လွှတ်လိုက်တော့၏။

သို့သော် သူ့ဆီမှ ဖြာထွက်နေသည့် ဟင်းလင်းပြင် စွမ်းအင်ကြောင့် အက်ကွဲကြောင်းသည် ပြန်ပိတ်သွားခြင်း မရှိပေ။ နောက်ဆုံးတွင် အရိပ်ဝိဥာဉ်ကျွန်းနှင့် အရိပ်ကြယ်အား ဆက်သွယ်ထားသည့် ဟင်းလင်းပြင်လှိုဏ်ခေါင်းတစ်ခု စတင် ဖြစ်ပေါ်လာခဲ့လေပြီ။

ထိုမြင်ကွင်းကိုကြည့်ရင်း ရှဟူ မှင်သက်နေမိ၏။

လွန်ခဲ့သော တစ်လခန့်က သူ့တွင် ဤနေရာမှ ထွက်သွားနိုင်သည့် နည်းလမ်းရှိသည်ဟု ရန်ကိုင် ပြောစဉ်က ရှဟူ ရန်ကိုင်အား လုံးဝ သံသယမဝင်ခဲ့ချေ။ ရန်ကိုင် မည်သို့သော နည်းလမ်းသုံး၍ ဤနေရာမှ ထွက်သွားမလဲ ဆိုသည်ကို သူမသိခြင်းသာ။

သို့သော် ယနေ့တွင် ရန်ကိုင် သုံးမည့်နည်းလမ်းကို သူလုံးဝ နားလည်သွားခဲ့လေပြီ။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် လေဟာနယ်တာအိုကို အလွန် အဆင့်မြင့်သည်အထိ ကျင့်ကြံထားနိုင်မှန်းကိုလည်း နားလည်သွားတော့သည်။

ကြယ်စီရင်စုကြီး တစ်ခုလုံးကို ထည့်စဉ်းစားလျှင်ပင် မည်သူမှ ရန်ကိုင်ကဲ့သို့ မလုပ်နိုင်လောက်ချေ။ ဒဏ္ဏာရီလာ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများပင်လျှင် ရန်ကိုင် ယခု လုပ်သွားသလို မလုပ်နိုင်လောက်ဟု ရှဟူ ယုံကြည်နေသည်။

“ခင်ဗျားတို့ဒီမှာ ဘယ်လောက်ကြာကြာ နေချင်သေးတာလဲ။ ခင်ဗျားတို့ပဲ ထွက်သွားချင်နေကြတာ မဟုတ်ဘူလား”

ထိုအခါမှ ရှဟူ အသိပြန်ဝင်လာခဲ့သည်။ ချက်ချင်းပဲ သူ့လက်ကို ဝှေ့ရမ်း၍ အော်ပြောလိုက်၏ “အားလုံး၊ ငါ့နောက် လိုက်ခဲ့ကြ”

ပြောပြီးသည်နှင့် ရန်ကိုင် ဖန်တီးထားသည့် လေဟာနယ် လိုဏ်ခေါင်းထဲသို့ ခုန်ဝင်သွားလေသည်။

ပင်လယ်ကျောင်းတော်မှ တပည့်များသည်လည်း အနီးကပ် လိုက်သွားကြသည်။

ထို့နောက်တွင်တော့ ပင်လယ်နတ်ဘုရားနန်းတော်မှ တပည့်များ အလှည့်သို့ ရောက်၏။ ချန်မိုသည် ရန်ကိုင်နားမှ ဖြတ်သွားစဉ် သူ့အား ခေါင်းတစ်ချက် ညိတ်ပြသွားပြီး လင်းပိုင်လေးသည် မြန်မြန်လိုက်လာပါဟု ပြောနေသည့် အလား အမြီးလေးကို တဖျတ်ဖျတ်ခတ်၍ အဆက်မပြတ် အော်မြည်သံ ပြုသွားသည်။

ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများအလှည့် ပြီးသည့်အခါ၊ အခြားသော ကျင့်ကြံသူများ အလှည့်သို့ ရောက်လေသည်။

ရန်ကိုင် ဖန်တီးထားသည့် ဟင်းလင်းပြင်လိုဏ်ခေါင်းသည် မီတာသုံးဆယ်ကျော် ကျယ်သည့်အတွက် လူပေါင်းများစွာ တစ်ပြိုင်တည် ဝင်လျှင်ပင် ကိစ္စမရှိချေ။ ထို့ကြောင့် လူပေါင်း ထောင်နှင့်ချီ ရှိသော်လည်း လက်ဖက်ရည် ခွက်တစ်ဝက်စာ အတွင်း အရိပ်ဝိဥာဉ်ကျွန်းမှ ထွက်ခွာသည့် ခရီးစဉ် ပြီးဆုံးသွားခဲ့လေသည်။ နောက်ဆုံးတွင် ရန်ကိုင် တစ်ဦးသာ ကျန်ရစ်တော့လေသည်။

မည်သူမှ မကျန်ရစ်တော့မှန်း သေချာအောင် စစ်ဆေးပြီးနောက် ရန်ကိုင်လည်း ဟင်းလင်းပြင် လိုဏ်ခေါင်းထဲသို့ ဝင်သွားလေ၏။ မကြာမီတွင် ပင်လယ်ပြင်ပေါ်၌ ရန်ကိုင် ပေါ်လာခဲ့လေသည်။

ပင်လယ်လေပြေ၏ သင်းရနံ့ကို ခံစားနေစဉ်မှာပဲ ကျင့်ကြံသူပေါင်းများစွာ၏ ဝမ်းသာတကြီး အော်ဟစ်သံများကို ကြားလိုက်ရ၏။

အရိပ်ဝိဥာဉ်ကျွန်းသို့ ရောက်ပြီး အချိန်မှစ၍ ထိုနေရာမှ ဘယ်တော့မှ ထွက်မလာနိုင်တော့ဟု ထင်ခဲ့ရသည်။ သူတို့ တစ်ဘဝလုံးကို မင်ယွဲ့ လက်အောက်တွင်သာ အလုပ်လုပ်ရင်း ကုန်ဆုံးရတော့မည်ဟု ထင်ခဲ့သည်။ သို့သော် တစ်နေ့တွင် အရိပ်ကြယ်သို့ ပြန်လာနိုင်လိမ့်မည်ဟု သူတို့ မည်သို့များ ထင်ထားပါမည်နည်း။

ထို့ကြောင့် ရန်ကိုင် ထွက်လာသည်ကို မြင်သည့်အခါ ကျင့်ကြံသူများစွာသည် သူ့အား ကျေးဇူးတင်စကား လာပြောကြလေသည်။

ရန်ကိုင် သူတို့အား အခကြေးတောင်းသည် ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ၊ သူတို့အား ထိုဖုန်းဆိုးနယ်မြေမှ လွတ်မြောက်အောင် လုပ်ပေးခဲ့သည့်အတွက် သူတို့စိတ်ထဲ ရန်ကိုင်အား အမှန်တကယ်ကို ကျေးဇူးတင်မိသည်။

“ရန်ကိုင်” ရှဟူသည် ရန်ကိုင်ဆီသို့ အမြန်ပြေးလာ၏။ ရန်ကိုင် အဆင်ပြေနေမှန်း သိလိုက်ရမှပဲ စိတ်သက်သာရာ ရသွားခဲ့သည်။

ရန်ကိုင်သည် ရှဟူအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ဟင်းလင်းပြင်လိုဏ်ခေါင်းဘက်သို့ လက်ဆန့်ထုတ်လိုက်၏။ ပွင့်နေသော ဟင်းလင်းပြင်လိုဏ်ခေါင်းသည် တဖြည်းဖြည်း ပြန်ပိတ်သွားခဲ့လေသည်။

ဟင်းလင်းပြင်လိုဏ်ခေါင်း မရှိတော့သဖြင့် ရန်ကိုင်မှအပ မည်သူမျှ အရိပ်ဝိဥာဉ်ကျွန်းသို့ ပြန်သွားနိုင်တော့လိမ့်မည် မဟုတ်ပေ။

“ဒီနေရာက ဘယ်နေရာလဲ” ရန်ကိုင်က မေးလိုက်၏။

“ဖန်ကျန်းနဲ့ ပင်လယ်နတ်ဘုရားကလန်ကလူတွေ သွားစစ်ဆေးကြည့်နေတယ်” ရှဟူက ပြန်ပြောလိုက်၏။

ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ငြိမ်သက်စွာ ရပ်စောင့်နေလိုက်သည်။

တစ်နာရီခန့်အကြာတွင် ဖန်ကျန်းနှင့် ချန်မိုတို့ ဝမ်းသာပျော်ရွှင်စွာ ပြန်လာကြလေသည်။

“ဂိုဏ်းတူဦးလေး၊ ဒီနေရာက အဆုံးမဲ့သမုဒ္ဒရာပဲ။ ကျုပ်တို့က ဠာနချုပ်အရှေ့ဘက်မှာရှိတဲ့ ကျောက်ခုံနက်ကျွန်းနဲ့ မိုင်တစ်သောင်းအကွာမှာ ရောက်နေတာ” ဖန်ကျန်းက စိတ်လှုပ်ရှားနေသည့် လေသံဖြင့် တင်ပြလိုက်သည်။

“ကောင်းတယ်” ရှဟူက ပြုံးလျက် “ဒီလူအိုကြီး အိမ်ကို ပြန်မရောက်တာ နှစ်တစ်ရာလောက်တောင် ရှိနေပြီ။ ရန်ကိုင် ငါမင်းကို တကယ် ကျေးဇူးတင်တယ်ကွာ”

ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် “အဲ့လောက်ကြီး ယဉ်ကျေးနေစရာမလိုပါဘူး လူအိုကြီးရှ။ ကျုပ်ကို တကယ် ကျေးဇူးတင်တယ်ဆိုရင် တစ်ခုလောက်ပဲ ကတိပေး”

“ပြောသာပြောလိုက်။ ငါ့ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းမျဉ်းကို မလွန်ဆန်ရသရွေ့ ငါလုပ်ပေးမယ်” ရှဟူက ပြန်ပြောလိုက်၏။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “ဘာမှ ဒီလောက်ကြီး မဟုတ်ပါဘူး။ ခင်ဗျားတို့ ပင်လယ်ကျောင်တော်နဲ့ အထက်စကြာဝဠာဂိုဏ်းကြားမှ ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုလောက် တည်ဆောက်ချင်လို့။ ကုန်တွင်းပိုင်းက ပစ္စည်းတွေနဲ့ ပင်လယ်ပိုင်းက ပစ္စည်တွေက အရမ်း ကွာတယ်လေ။ အရင်တစ်ခါ ကျွန်းသခင်ဖန်နဲ့ ပြောကြည့်တုန်းက ခင်ဗျားတို့ ပင်လယ်ကျောင်းတော်က အင်တင်တင် လုပ်နေလို့”

ထိုစကားကြားသည့်အခါ ဖန်ကျန်း ရှက်သွားခဲ့လေသည်။

“အဲ့လိုဆိုရင်တော့ ဘာမှ တွေးနေစရာမလိုဘူး။ ငါသဘောတူတယ်။ ကုန်ပစ္စည်းတွေ ဖလှယ်တာ နှစ်ဖက်စလုံး အတွက် အကျိုးအမြတ်ရှိတာပဲကို။ ပင်လယ်ကျောင်းတော်ကလည်း ငြင်းမှာမဟုတ်ဘူး။ ဠာနချုပ်ကို ပြန်ရောက်ရင် ငါကြည့်ပြောလိုက်မယ်”

“အဲ့ဒါဆို လူအိုကြီးရှကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ပြုံးလိုက်၏။

ရှဟူသည် ပင်လယ်ကျောင်းတော်၏ ဒုကျောင်းသခင် ဖြစ်ခဲ့ဖူးသည်။ နှစ်သုံးရာလောက် ပျောက်ကွယ်သွားခဲ့သော်ငြား သူ့အဆင့်အတန်းနဲ့ ရာထူးသည် ယခင်အတိုင်း ရှိနေသေးဆဲ။ သူက သဘောမှဖြင့် ဘာမှ ပြဿနာ မရှိတော့ချေ။

“ဂိုဏ်းချုပ်ရန်၊ ကျွန်မတို့ ပင်လယ်နတ်ဘုရားနန်းတော် ကကော ဒီကိစ္စမှာ ပါလို့ရလား” ချန်မိုက ရုတ်တရက် ဝင်မေးလာ၏။

“ပါချင်တာလား” ရန်ကိုင် ချန်မိုအား အံ့ဩတကြီး ကြည့်လိုက်၏။

“ဒါပေါ့။ ပင်လယ်ပိုင်းက ပစ္စည်းတွေကို စုဆောင်းတဲ့ နေရာမှ ကျွန်မတို့ ပင်လယ်နတ်ဘုရားနန်းတော်က ပင်လယ်ကျောင်းတော် ထက်တောင် သာသေးတယ်။ ဂိုဏ်းချုပ်ရန်က ပင်လယ်ကျောင်းတော်နဲ့ ကုန်သွယ်ချင်မှတော့ ကျွန်မတို့ ပင်လယ်နတ်ဘုရားနန်းတော်နဲ့ ဆိုရင်လည်း ဘာကိစ္စမှ မရှိဘူးမလား”

“မရှိပါဘူး။ ဗိုလ်ချုပ်ချန်မိုက ကမ်းလှမ်းလာမှတော့ ကျုပ် အထက်စကြာဝဠာဂိုဏ်းက ဝမ်းပန်းတသာနဲ့ လက်ခံပေးရမှာပေါ့” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည်။

“အဲ့ဒါဆိုရင်တော့ အဲ့ကိစ္စက ပြီးသွားပြီ။ ဒါပေမယ့် ကုန်ပစ္စည်းတွေကို ဘယ်လို အလဲအလှယ် လုပ်ကြမှာလဲ”

ရှဟူကလည်း ခေါင်းညိတ်လိုက်သည်။ ပင်လယ်ပိုင်းနှင့် ကုန်းတွင်ပိုင်း ကုန်သွယ်ရေး ပြတ်လပ်နေခြင်းမှာ ကုန်ပစ္စည်းများကို တစ်နေရာမှာ တစ်နေရာသို့ သယ်ပို့ရာတွင် ကြုံတွေ့ရသည့် ပြဿနာကြောင့် ဖြစ်သည်။

“အဲ့ကိစ္စကိုတော့ စိတ်ပူမနေနဲ့။ ခင်ဗျားတို့ အင်အားစု နှစ်ခုနဲ့ အထက်စကြာဝဠာဂိုဏ်းကြားမှ ဟင်းလင်းပြင်အစီအရင် တစ်ခု ကျုပ်ခင်းကျင်းပေးမယ်။ အဲ့ဒါဆို သယ်ပို့ရေး ကိစ္စက လုံးဝ ပြဿနာ မရှိတော့ဘူး” ရန်ကိုင်က ရှင်းပြလိုက်သည်။

ချန်မိုနှင့် ရှဟူတို့ နှစ်ဦးစလုံး ကြောင်သွားခဲ့လေသည်။ သို့သော် အစောပိုင်းက ရန်ကိုင် လုပ်ပြသွားသည့် ကိစ္စကို ပြန်စဉ်းစားမိသော် ရန်ကိုင် ထိုကဲ့သို့ လုပ်နိုင်ကြောင်း ယုံကြည်သွား၏။

“အဲ့လိုဆိုမှတော့ ဂိုဏ်းချုပ်ရန် ရောက်လာမှာကို ဒီဗိုလ်ချုပ် စောင့်နေပါ့မယ်” ချန်မိုက ပြုံး၍ ပြောလိုက်သည်။

“ဒီလူအိုကြီးလည်း သတင်းကောင်းကို စောင့်နေရတာပေါ့” ရှဟူကလည်း ပြောလိုက်သည်။

သူတို့ စကားပြောနေစဉ် အတောအတွင်း ကျင့်ကြံသူများစွာ ပြန်သွားကုန်ကြလေပြီ။ ပင်လယ်နတ်ဘုရားနန်းတော်နှင့် ပင်လယ်ကျောင်းတော်သည် စကားနည်းနည်း ပြောပြီးနောက် ရန်ကိုင်အား နှုတ်ဆက်ကာ သူတို့၏ ဠာနချုပ် အသီးသီးဆီသို့ ပြန်သွားကြလေ၏။

လင်းပိုင်လေးကမူ ရန်ကိုင်နားမှ ထွက်မသွားချင် ဖြစ်နေ၏။ နောက်ဆုံးတွင် ရန်ကိုင်က ချော့မြူနှစ်သိမ့်လက်ဆောင် အနေဖြင့် အရိပ်ကောင်းကင်ဆေးပုလင်း နည်းနည်းလောက် ပေးလိုက်ရ၏။

တစ်နာရီခန့်အကြာတွင် ရန်ကိုင်အား အခကြေး မပေးရသည့် ကျင့်ကြံသူ ရှစ်ရာခန့်သာ ကျန်ရစ်တော့သည်။ အကုန်လုံးသည် ရန်ကိုင် ဘာဆက်လုပ်မလဲ ဆိုသည်ကို စောင့်ဆိုင်းနေကြသည်။

“အထက်စကြာဝဠာဂိုဏ်းကိုတော့ ခင်ဗျားတို့ဘာသာပဲ သွားလိုက်ပေတော့။ အဲ့ရောက်ရင် တစ်ယောက်ယောက် ခင်ဗျားတို့ လုပ်ရမယ့် တာဝန်တွေကို ခွဲပေးလိမ့်မယ်။ မိသားစုတွေနဲ့ ဆက်သွယ်ချင်တဲ့ လူတွေလည်း သွားဆက်သွယ်လို့ ရတယ်။ လုံလောက်တဲ့ တန်ကြေး ပေးပြီးသွားပြီဆိုရင် ခင်ဗျားတို့ရဲ့ ဝိဥာဉ် အမှတ်အသားတွေကို ပြန်ပေးမယ်” ရန်ကိုင်က ပြောလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်ရန်” ရာနှင့်ချီသော လူအုပ်ကြီးက လက်သိးဆုပ်၍ ပြန်ပြောလေသည်။

ရန်ကိုင်သည် ခေါင်းတစ်ညိတ် ညိတ်ပြလိုက်ပြီးနောက် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

အရိပ်ကြယ်သို့ ပြန်ရောက်လာပြီးနောက်တွင်း ကြယ်စွမ်းအားကို ပြန်လည် အသံဒးပြုလာနိုင်လေပြီ။ ထို့ကြောင့် မိုင်ပေါင်းသောင်းနှင့်ချီအား မျက်စိတစ်မှိတ်အတွင်း ရန်ကိုင် ဖြတ်သွားလာနိုင်၏။

နာရီဝက် မရှိတတ်သေးခင်မှာပင် သဲမီးတောက်နယ်မြေ အပြင်ဘက်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

ရင်းနှီးနေသည့် မြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ပြုံးမိသွဦး၏။ အပြင်လောကကြီး မည်မျှ အံ့ဩဖွယ်ရာကောင်းစေကာမူ စိတ်ရော ကိုယ်ရော ပင်ပန်းနွမ်းနယ်နေချိန် အိမ်ကို ပြန်ရခြင်းသည် ထာဝရ အကောင်းဆုံး ဖြစ်ပေသည်။

တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားပြီးနောက်တွင် အထက်စကြာဝဠာဂိုဏ်း အတွင်းပိုင်း၌ ပြန်ပေါ်လာခဲ့၏။

အခြားလူများကို အလန့်တကြား မဖြစ်စေရအောင် ရန်ကိုင်သည် သူပြန်ရောက်ကြောင်းကို မည်သူ့ကိုမှ ပေးမသိခဲ့။ ရောက်သည့်အခါ သူ့မိဘများဆီ အရင်သွားလည်သည်။ ထို့နောက် လက်ရှိ အရိပ်ကြယ် အခြေအနေအကြောင်း သိရအောင် အကြီးအကဲများနှင့် သွားတွေ့၏။

အလောင်းဝိဥာဉ်ဂိုဏ်းမှ အမြတ်ပြတ် သုတ်သင်ခံလိုက်ရပြီ ဖြစ်ပြီး အခြားဂိုဏ်းများမှာ ပြန်လည် တည်ဆောက်ဆဲ အခြေအနေ၌ ရှိနေ၏။ ယခု အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်ရှိ အင်အားစုများ၏ ထိပ်သီး အင်အားစုများအနက် တစ်ခု ဖြစ်လာခဲ့လေပြီ။

အရိပ်လခန်းမတွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့် ချင်းတုန်သာ မရှိလျှင် အားအကောင်းဆုံး အင်အားစုဆိုသည့် ဂုဏ်ပုဒ်ကို အထက်စကြာဂိုဏ်းကသာ ပိုင်ဆိုင်သွားပေလိမ့်မည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေသည့် အရိပ်လခန်းမ အနေဖြင့် အထက်စကြာဝဠာဂိုဏ်းနှင့် တစ်တန်းတည်း ရပ်တည်နိုင်သည်မှာ သဘာဝသာ ဖြစ်သည်။

ထို့အပြင် အထက်စကြာဝဠာဂိုဏ်းနှင့် မဟာမိတ် ဖွဲ့ချင်သော အင်အားစုများစွာလည်း ရှိကြပေသည်။ ရီရှီယွင်သည် ဂိုဏ်းချုပ်အစား ထိုတောင်းဆိုချက်အားလုံးကို လက်ခံထား၏။

ရှင်းရှင်းပြောရလျှင် လက်ရှိ အထက်စကြာဝဠာဂိုဏ်းသည် ကြယ်ဧကရာဇ်တောင်ထက် ခွန်အားအရကော ဂိုဏ်သတင်းအရပါ သာလွန်သွားခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၁၉)

ရီရှီယွင် ရှိနေသည့်အတွက် အထက်စကြာဝဠာဂိုဏ်း၏ ကိစ္စများကို ရန်ကိုင် အာရုံစိုက်စရာ သိပ်မလိုခဲ့ချေ။ သူမရှိလျှင်ပင် ရီရှီယွင်သည် အထက်စကြာဝဠာဂိုဏ်းကို သူမဘာသာ ကောင်းကောင်း ထိန်းကျောင်းထားနိုင်ပေသည်။

အကြီးအကဲများနှင့် ဆွေးနွေးပြီးသည့်နောက် သူ့စီနီယာမမလေးကို သွားတွေ့၏။

အရိပ်ဝိဥာဉ်ကျွန်းတွင် အရိပ်ကောင်းကင်ကြာပန်း သောင်းနှင့်ချီကာ ရခဲ့သည်။ ထိုမျှများပြားလှသော ကြာပန်းများကိုသာ ဆေးထိုင်ဖော်စပ်ရမည်ဆိုပါက ရန်ကိုင် အတွက် အချိန်အများကြီး ဆုံးရှုံးရပေလိမ့်မည်။

သို့သော် သူ့စီနီယာမမလေးကတော့ မတူ။ သူ့စီနီယာ မမလေးအတွက် ဆေးဖော်စပ်ခြင်းသည် ကျင့်ကြံခြင်း ဖြစ်သည်။

အရိပ်ကောင်းကင်ကြာပန်းများနှင့် ဆေးလုံးများကို အပြင်လောကကြီးတွင် ရှာမတွေ့နိုင်ပေ။ ကြာပန်းများနှင့်တကွ ဆေးညွှန်းကိုပါ မြင်ပြီးနောက်တွင် ရှနင်းချန်သည် ချက်ချင်းပဲ တံခါးပိတ်ကျင့်စဉ်ဝင်သွားတော့သည်။

မကြာခင် အချိန်အတောအတွင်း အထက်စကြာဝဠာဂိုဏ်း၌ ခန္ဓာသန့်စင်ဆေးလုံးများစွာ ထွက်ပေါ်လာတော့မည်ကို ရန်ကိုင် မြင်ယောင်မိနေလေပြီ။ ထိုဆေးလုံးများနှင့်ဆိုပါက အထက်စကြာဝဂိုဏ်း၏ ခွန်အား မြေကြီးလက်ခတ်မလွဲ တိုးတက်လာပေတော့မည်။

သို့ရာတွင် ဆေးလုံးများကို တပည့်တိုင်းဆီသို့ ဝေပေးရန် မစီစဉ်ထားချေ။ အရိပ်ကောင်းကင်ကြာပန်း တစ်သောင်းကျော် ရှိသော်လည်း ဆေးလုံးအဖြစ် ဖော်စပ်လိုက်မည်ဆိုလျှင် ဆေးလုံး ခုနှစ်သောင်း၊ ရှစ်သောင်းလောက်သာ ရပေလိမ့်မည်။

ထိုပမာဏလောက်လေးကို တပည့်အားလုံးဆီသို့ အလကား ဝေပေး၍ မဖြစ်တော့ချေ။

ထို့ကြောင့် တန်ခိုးရှင်အဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူများကို ဝေပေးမည့် ဆေးလုံးအနည်းငယ်အမှအပ ကျန်ဆေးလုံးများကို ဂိုဏ်းအတွက် အကျိုးဆောင်ပေးသော တပည့်များအား အနည်းငယ်မျှစီ ဆုအဖြစ်ပေးရန် ဆုံးဖြတ်ထားသည်။

ဤသည်မှာ ကနဦး အစီအစဉ်သာ ရှိသေးသည့်အတွက် နောက်ဖြစ်လာမည့် အခြေအနေပေါ် မူတည်၍ ပြင်စရာရှိလျှင်လည်း ပြင်ရပေမည်။ သို့သော် ထိုကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ရန် မစဉ်းစားထားဘဲ ရီရှီယွင် လက်ထဲသို့သာ ထည့်ပေးရန် စဉ်းစားထားသည်။

ကြာပန်းနှင့် ဆေးညွှန်းကို ရှနင်းချန်ဆီ ပေးပြီးနောက်တွင် ယန်ယန် အိပ်စက်နေသည့် သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်ဆီသို့ ထွက်ခွာလာခဲ့လေသည်။

အိမ်၏ဒုတိယထပ်သို့ ရောက်ရောက်သည့် သူ့ဝိဥာဉ်သည် ယန်ယန်၏ အသိစိတ်ပင်လယ်ထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရ၏။

ယခင်တစ်ကြိမ်က တွေ့သလိုပင် ယန်ယန်၏ နာမ်ဝိဥာဉ်သည် သူ့ရှေ့တည့်တည့်တွင် တင်ပင်ခွေ ထိုင်နေခဲ့သည်။

“နင်အင်းဆက်ဧကရာဇ်ကို လိုက်သတ်နေတယ်လို့ ရီရှီယွင် ပြောတယ်။ အခြေအနေ ဘယ်လိုရှိလဲ” ယန်ယန်က မေး၏။

“ကြယ်သခင် ဖြစ်နေပြီပဲဟာကို၊ ဘယ်လိုဖြစ်မယ်ထင်လဲ” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် ပြန်ပြောသည်။

“ဒီတော့ သူသေသွားပြီပေါ့” ယန်ယန်က ခေါင်းတညိတ်ညိတ် လုပ်ရင်း သက်ပြင်းတစ်ချက်ချလျက် “အင်းဆက်ဧကရာဇ်လို လူတစ်ယောက် နင့်လက်ထဲ သေသွားတဲ့ အကြောင်းကိုသာ သူ့ရန်သူတွေကြားရင် တကယ် ယုံနိုင်ကြမှာ မဟုတ်ဘူး”

ရန်ကိုင် တွေးသည်ကမူ အင်းဆက်ဧကရာဇ် အားကောင်းသည်မှာ လွန်ခဲ့သော နှစ်တစ်သောင်းခန့်ကသာလျှင် ဖြစ်ပြီး ယခု မဟုတ်ချေ။ တန်ခိုးရှင်ဘုရင်အဆင့်သို့ မရောက်သေးလျက်နှင့် အရိပ်ကြယ်ပေါ်တွင် ရန်ကိုင်နှင့် တိုက်ခိုက်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူခြင်းသာ ဖြစ်သည်။

ရန်ကိုင် အနေဖြင့် အင်းဆက်ဧကရာဇ်ကို သတ်နိုင်ခဲ့ခြင်းမှာလည်း ယန်ယန်မှ အရိပ်ကြယ်၏ ကြယ်အမြူတေကို ရန်ကိုင်ဆီ ပေးခဲ့သည့် အတွက်ကြောင့်သာ ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် သူ့လက်ရှိစွမ်းရည်ဖြင့် အင်းဆက်ဧကရာဇ်ကို မည်သို့မှ သတ်နိုင်လိမ့်မည် မဟုတ်ပေ။

အင်းဆက်ဧကရာဇ်၏ ထွက်ပြေးသည့် နည်းလမ်းသည် တကယ်ကို နက်နဲလွန်းသည်။ တန်ခိုးရှင်ဘုရင်အဆင့်ပင်လျှင် သူ့အား လိုက်မသတ်နိုင်သည်ကို ကြည့်လျှင် သိနိုင်၏။

“နင်ဒီတစ်ကြိမ် အချီကြီး မြတ်လာတဲ့ပုံပဲ၊ ဟုတ်တယ်မလား” ယန်ယန်က ယဲ့ယဲ့လေးပြုံးလျက် “အင်းဆက်ဧကရာဇ်ဆီမှ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်မလား”

“ဘာမှဒီလောက်မရှိဘူး၊ ပစ္စည်းကောင်းဆိုလို့ ဒီဆေးဘားနဲ့ လက်ကောက်ပဲ တွေ့တယ်”

ဝိဥာဉ်ဖျက်ဆေးဘားဓါးနှင့် လက်ကောက်သည် သူ့တွင်ရှိသည့် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးနှင့် ကမ္ဘာငယ်လေး ကဲ့သို့သော ဧကရာဇ်အဆင့် မှော်ရတနာများ ဖြစ်ကြသည်။ ဝိဥာဉ်ဖျက်ဆေးဘားဓါးသည် စိတ်ဝိဥာဉ်ကို တိုက်ခိုက်နိုင်သည့် တိုက်ခိုက်ရေး အမျိုးအစား လက်နက်တစ်မျိုး ဖြစ်သည်။ သို့ရာတွင် ဆေးဘားဓါးမှာ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်နေသည့်အတွက် ရန်ကိုင် အနေဖြင့် ကောင်းကောင်း မထိန်းချုပ်နိုင်ဘဲ တဖြည်းဖြည်းချင်းသာ သန့်စင်နေရသည်။

ဆေးဘားဓါး၏ အသုံးဝင်ပုံကို သိသော်ငြား လက်ကောက်၏ အသုံးဝင်ပုံကိုတော့ ရန်ကိုင် လုံးဝ စဉ်းစားမရချေ။

“အင်းဆက်လက်ကောက်ပါလား” ယန်ယန် မျက်ခုံးပင့်သွား၏။

“အင်းဆက်လက်ကောက်လို့ ခေါ်တာလား”

“ဟုတ်တယ်။ အင်းဆက်ဧကရာဇ်သုံးတဲ့ မှော်ရတနာတွေ အကုန်လုံးက နားမည်ကြီးတွေချည်းပဲ။ ဒါပေမယ့် ဝိဥာဉ်ဖျက် ဆေးဘားဓါးနဲ့ အင်းဆက်လက်ကောက်က နာမည်အကြီးဆုံးပဲ”

“အို၊ အင်းဆက်လက်အောက်ကို ဘယ်လိုသုံးရတာလဲ” ရန်ကိုင် စိတ်ဝင်စားသွား၏။

“သုံးလို့ရတဲ့နည်းလမ်း အများကြီးရှိတယ်” ယန်ယန်က ပြုံးလျက် “ဒီလက်ကောက်က ဘယ်အင်းဆက်တွေကို ဖြစ်ဖြစ် ဖိနှိပ်ချုပ်နှောင်ပစ်လို့ရတယ်။ မွန်းစတားသားရဲလေးတွေကိုတောင် သက်ရောက်မှုရှိတယ်။ အဲ့ဒါတင် မဟုတ်သေးဘူး။ အင်းဆက်တွေကို ဒီလက်ကောက်ထဲမှ မွေးထားမယ်ဆိုရင် အဲ့အင်းဆက်တွေက အရမ်း ကြောက်စရာကောင်းသွားရော။ ဒီထဲမှာ မွေးထားတဲ့ အင်းဆက်တွေကိုသာ အပြင်ကို လွှတ်ပေးလိုက်ရင် ကြယ်စီရင်စုတစ်ခုလုံး ကုန်ပြီပဲ”

ရန်ကိုင်က အံ့ဩတကြီး အမူအရာဖြင့် “ဒီအင်းဆက်လက်အောက်ထဲမှာ အင်းဆက်တွေ ရှိတာလား”

ယန်ယန်က ရယ်သွမ်းသွေးလျက် “အဲ့မှာမရှိရင် အင်းဆက်ဧကရာဇ်က သူ့အင်းဆက်တွေကို ဘယ်နားမှာ ထားမယ်လို့ နင်ထင်လဲ။ သူ့ကိုယ်ထဲမှာလို့ ထင်နေတာလား။ အင်းဆက်ဧကရာဇ်မွေးထားတာ အင်းဆက် တစ်မျိုးတည်း မဟုတ်ဘူး။ အမျိုးအစား အများကြီးပဲ။ အချို့ အင်းဆက်တွေဆို မျိုးတုန်းပျောက်ကွယ်သွားပြီလို့တောင် ပြောကြတာ။ သူ့ရဲ့ ဒီအင်းဆက်လက်ကောက်ကြောင့်တောင် ငါတော်တော်လေး ဒုက္ခရောက်ခဲ့ရသေးတယ်”

နားထောင်ရင်းနားထောင်းရင်း အင်းဆက်လက်ကောက်ကို ရန်ကိုင် ပို၍ စိတ်ဝင်စားလာခဲ့လေသည်။

“စိတ်ဝင်စားသွားတာလား”

“နည်းနည်းပေါ့” ရန်ကိုင်က ပြုံးလျက် “ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ နောက်ဆုံးကျရင် ကိုယ့်ကိုယ်ပဲ မှီခိုရမှာပဲ။ ဒီလို အင်းဆက်တွေကို ထိန်းချုပ်တဲ့ နည်းလမ်းက အဓိက ကျင့်စဉ်အဖြစ် ကျင့်လို့ကောင်းတဲ့နည်းလမ်း မဟုတ်ဘူး။”

ယန်ယန်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “တာအိုပေါင်း သုံးထောင်ရှိတယ်။ အင်းဆက်တွေကို ထိန်းချုပ်တာ အဲ့ထဲက နည်းလမ်းတစ်ခုပဲ။ အဲ့ဒါကြောင့်သာမဟုတ်ရင် အင်းဆက်ဧကရာဇ် ဆိုတာ ဘယ်တာ့မှ ရှိလာခဲ့မှာ မဟုတ်ဘူး။ နင်လျှောက်နေတဲ့ လမ်းကြောင်းက အင်းဆက်ဧကရာဇ်နဲ့ မတူလို့သာ နင့်စိတ်ထဲ အဲ့လို ထင်နေတာ”

“ငါတို့ လမ်းကြောင်းက မတူတာလား…” ရန်ကိုင် အတွေးနက်သွား၏။

ယန်ယန်က ရယ်ရယ်မောမောဖြင့် “နင့်အတွက် အဲ့အကြောင်းတွေတွေးဖို့ စောသေးတယ်။ တန်ခိုးရှင်ဘုရင်အဆင့်ကို အရင်ရောက်အောင်သာ ကြိုးစား။ အဲ့အဆင့်ရောက်ရင် နင်ပိုပြီး သိလာလိမ့်မယ်”

“တန်ခိုးရှင်ဘုရင်အဆင့်အပေါ်မှာ အခြား ပိုမြင့်တဲ့ အဆင့်တွေ ရှိသေးတာလား” ရန်ကိုင်က ရုတ်တရက် မေးလိုက်၏။

“ရှိတာပေါ့”

“နင်ကကော ဘယ်အဆင့်မှာလဲ” ရန်ကိုင်သည် ယန်ယန်အား မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်၍ မေးလိုက်သည်။

“ငါကလား၊ အဲ့အဆင့်ရဲ့ အထက်မှာရှိတာ” ယန်ယန်က ပြန်ပြော၏။

ရန်ကိုင် တိတ်သွားလေသည်။ ယန်ယန် ပြောပုံအရ တန်ခိုးရှင်ဘုရင်အဆင့် အထက်တွင် နောက်တစ်ဆင့်ရှိပြီး ထိုအဆင့်အထက်တွင် နောက်တစ်ဆင့် ရှိသေး၏။

ထိုအကြောင်းကို မသိစဉ်အခါက သူ့စိတ်ထဲ ဘာမှသိပ်မရှိ။ သီပြီးသည့်နောက်ပိုင်းတွင်တော့ သူ့ကိုယ်သူ တောင်အောက်တွင် ရပ်၍ တောင်ပေါ်သို့ မော့ကြည့်နေရသလို ခံစားလာရသည်။

သူလျှောက်ရမည့် လမ်းကြောင်းသည် အဆုံးမဲ့၏။ သိုင်းတာအိုသည်လည်း အထွဋ်အထိပ်ဟူ၍ မရှိ။

ယန်ယန်သည် ဘာမှ ဆက်မပြောတော့ဘဲ ရန်ကိုင်ကိုသာ စောင့်ကြည့်လေ့လာနေ၏။ သူမပြောသည့် အကြောင်းကို ကြာပြီးနောက် ရန်ကိုင်သည် စိတ်ဓါတ်ကျမသွားရုံမက ပို၍ပင် စိတ်ဓါတ်တက်ကြွလာသည်ကို မြင်လိုက်ရလေသည်။

ယန်ယန်က နှုတ်ခမ်းလေးကွေးလျက် ပြုံးကာ “နင့်စိတ်ဓါတ်ကတော့ ချီးကျူးစရာပဲ”

ရန်ကိုင်က ပြန်ပြောလေ၏ “ငါကျင့်ကြံလာတာ နှစ်နဲ့ချီနေပြီ။ အဆင့်တွေကို တစ်ဆင့်ချင်း ဖြတ်ကျော်လာခဲ့ရတယ်။ ဒါပေမယ့် အဲ့လို ကြိုးစားခဲ့တာတောင် ဒီလောက်ပဲ ရောက်သေးတယ် ဆိုပေမယ့် အနာဂတ်က ဘယ်လိုပဲ ခက်ခဲနေပါစေ အဆုံးသတ်ကို မရောက်သရွေ့ ဆက်ပြီးတော့ လျှောက်လှမ်းနေရဦးမှာပဲ”

ယန်ယန်က သူမ၏ပါးစပ်ကိုအုပ်လျက် ရယ်မောရင်း “ငါနင့်ကို အလားအလာရှိတဲ့ လူငယ်လေးလို့ ခေါ်သင့်လား”

“နင့်သဘောပဲ” ရန်ကိုင်က ပခုံးတွန့်လျက် “နင့်ကိုယ်သူ အိုကြီးအိုမတစ်ယောက်လို့ ခေါ်ခံရမှာကို မကြောက်ရင်ပေါ့”

ယန်ယန် မျက်နှာ ချက်ချင်း မဲ့သွားပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

“ဒါနဲ့ ဒီအင်းဆက်လက်အောက်ကို ငါသုံးလို့ရလား” ရန်ကိုင်က မေးလိုက်သည်။

“မသုံးတာ ပိုကောင်းလိမ့်မယ်” ယန်ယန်က အလေးအနက် အမူအရာဖြင့် “ဒီထဲက အင်းဆက်တွေက အရမ်း ကြမ်းကြုတ်တာ။ အခု နင့်ခွန်အားနဲ့သာ သူတို့ကို သွားလွှတ်ပေးလိုက်ရင် နင်ဘယ်လိုမှ ထိန်းချုပ်လို့နိုင်မှာ မဟုတ်ဘူး။ အင်းဆက်ဧကရာဇ်တောင် ဒီအင်းဆက်လက်ကောက်သုံးပြီး နင့်ကို တိုက်ခိုက်ခဲ့လို့လား”

ရန်ကိုင်က ခေါင်းခါလျက် “နှစ်တစ်သောင်းအဆိပ်မိစ္ဆာ အင်းဆက်တစ်မျိုးကိုပဲ သူသုံးသွားတယ်။ အခြား ဘာအင်းဆက်မှ သုံးမသွားဘူး”

“အင်းဆက်ဧကရာဇ်တောင် မသုံးရဲတာ နင်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ တန်ခိုးရှင်ဘုရင်အဆင့် ရောက်အောင် အရင် ကျင့်ကြံလိုက်ဦး။ အဲ့ကျမှ သုံးရင်သုံး”

“ငါနားလည်ပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ သူ့အတွင် အခြားနည်းလမ်းများစွာ ရှိနေသေးသဖြင့် အင်းဆက်လက်ကောက်ကို မသုံးရလည်း ကိစ္စမရှိပါချေ။

ထို့နောက်တွင်မူ ရန်ကိုင်သည် အရိပ်ဝိဥာဉ်ကျွန်းအကြောင်း ပြောလိုက်သည်။ ထိုကိစ္စနှင့်ပက်သက်၍၊ အရိပ်ဝိဥာဉ်ကျွန်းကို သူမကိုယ်တိုင် ချိတ်ပိတ်ခဲ့ကြောင်း ယန်ယန်က ပြန်ပြော၏။

ဘာကြောင့် ချိတ်ပိတ်ခဲ့ရသလဲ ဆိုသည်ကိုတော့ ပြောမပြခဲ့ပေ။

“ငါပြောချင်တာက အရိပ်ဝိဥာဉ်ကျွန်းထဲမှာ တံခါးတစ်ခု ရှိတယ်ဆိုတာပဲ။ အဲ့တံခါးကို ဖွင့်ချင်တယ်ဆိုရင် ကြယ်ဧကရာဇ် တံဆိပ်ပြား ဆယ်ခုစလုံးကို ရထားဖို့လိုလိမ့်မယ်။ အဲ့တံခါးနောက်မှာ ဘာရှိလဲဆိုတာကတော့ ဖွင့်ပြီးတဲ့တစ်နေ့ နင်သိလာလိမ့်မယ်”

ယန်ယန်နှင့် စကားပြောပြီးနောက် နှင်းရေခဲတောင်သို့ ရန်ကိုင် သွားလေသည်။

နှင်းရေခဲတောင်သည် ထောင်ထွတ်ရှစ်ဆယ့်တစ်လုံးအနက် တစ်လုံးအပါအဝင် ဖြစ်ပေသည်။ နှင်းရေခဲတောင်၏ အောက်တွင် ရေခဲဓါတ်စွမ်းအင် ချီကျောကြီးတစ်ခု ရှိပေသည်။ ထို့ကြောင့် နှင်းရေခဲတောင် ပတ်ပတ်လည်ဝန်းကျင်သည် အလွန်ကိုမှ အေးစက်ချမ်းစိမ့်လှသည်။ အပူချိန်မှာ အလွန်ကိုနိမ့်ကာ ဆယ့်နှစ်ရာသီပတ်လုံး နှင်းများကျဆင်းနေတတ်သည်။

ထိုအခြေအနေမှာ စုယန်ရောက်ပြီးနောက်ပိုင်း ပို၍ သိသာလာသည်။

စုယန် ရောက်ပြီးသည့်အချိန်မှစ၍ နှင်းရေခဲတောင်၏ အအေးဓါတ်သည် ပို၍ ပြင်းထန်လာသည်။ အားနည်းသည့် ကျင့်ကြံသူများဆိုလျှင် နှင်းရေခဲတောင်အနီးသို့ပင် မကပ်နိုင်တော့ဘဲ အားကောင်းသည့် သူများဆိုလျှင်လည်း အအေးဓါတ်ကို ခုခံရန်အတွက် သူတော်စင်ချီကို အဆက်မပြတ် လှည့်ပတ်ထားရသည်။

သို့ရာတွင် ထိုကဲ့သို့သော ပတ်ဝန်းကျင်သည် စုယန်အတွက် အလွန်ကိုမှ နေလို့ကောင်းသည့်နေရာတစ်မျိုး ဖြစ်သည်။

နှင်းရေခဲတောင်တွင် စုယန်နှင့်တကွ ရေခဲဂိုဏ်း၏ အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသော ချင်းယ၊ ချင်းယွယ်နှင့် ချင်းဟောင်တို့လည်း နေထိုင်နေကြ၏။

ရန်ကိုင်သည် နှင်းရေခဲတောင်၏ အနောက်တောင်ဘက်သို့ တည့်တည့် တန်းသွား၏။ ထိုနေရာရှိ မြေပြင်သည် ရေခဲလွှာတို့ဖြင့် ဖုံးလွှမ်းနေ၏။

အနောက်တောင်ဘက်ထောင့်ရှိ နှင်းဖုံးနေသော သစ်ပင်အောက်တွင်၊ နှစ်တစ်သောင်းရေခဲကျောက်စိမ်းပေါ်၌ စုယန် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ သူတော်စင်ချီဖြင့် ဖွဲ့စည်းထားသော အဖြူရောင်တောင်ပံတစ်စုံသည် သူမ၏ ကျောပြင်မှ ပြန့်ကားထွက်နေ၏။ လက်ရှိတွင် စုယန်သည် ထူးဆန်းသော ချိတ်တံဆိပ်များကို ဖော်ဆောင်နေပြီး ရေခဲနှလုံးသားတောင်ကြားမှ ရလာသော နှင်းခဲဓါးသည် သူမရှေ့တွင် ဝဲနေခဲ့လေသည်။ စုယန် အသက်တစ်ချက် ရှူသွင်းလိုက်တိုင်း အနီးအနားဝန်းကျင်ရှိ အအေးစွမ်းအင်များ သူမကိုယ်ထဲသို့ စီးဝင်လာပြီး ကျောဘက်မှ ဖြာထွက်နေသော တောင်ပံတစ်စုံသည်လည်း တဖျက်ဖျက် လှုပ်ခါသွား၏။

စုယန်အား ဗဟိုပြု၍ မီတာတစ်ထောင် ပတ်ပတ်လည်သည် မည်သည့်အရာကိုမဆို အေးခဲသွားစေနိုင်လောက်သည့် အအေးဓါတ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုစက်ကွင်းမှာ စုယန်၏ ရှီစက်ကွင်းသာ ဖြစ်လေသည်။ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ခါနီးနေသည့် ရှီစွမ်းအင်ပင် ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၂၀)

ရန်ကိုင်မှ လေဟာနယ်စွမ်းအင်အား သူ့ရှီစွမ်းအင်ထဲသို့ ပေါင်းထည့်လိုက်သကဲ့သို့ စုယန်သည်လည်း အအေးစွမ်းအင်ကို သူမ၏ ရှီစွမ်းအင်ထဲသို့ ပေါင်းထည့်နေခြင်း ဖြစ်သည်။ ခဏမျှ စောင့်နေလိုက်သော်လည်း စုယန်၏ ကျင့်ကြံခြင်း ပြီးဆုံးမည့်ပုံ မပေါ်သေးသဖြင့် ရန်ကိုင်လည်း နေရာတစ်ခုရှာပြီး တင်ပလင်ခွေ ထိုင်ကာ လေထဲ မျဉ်းကြောင်းများသာ ထိုင်ဆွဲနေလိုက်တော့သည်။

အပျင်းပြေလက်ပျောက် ကြုံသလို မျဉ်းကြောင်းများ ထိုင်ဆွဲနေခြင်းမဟုတ်ဘဲ စည်းစနစ်ကျကျဖြင့် အစီအရင်တစ်ခုကို အကြမ်းဖျင်း ပုံဖော်ကြည့်နေခြင်း ဖြစ်သည်။

ခဏကြာအောင် ဆွဲနေပြီးနောက် မျက်မှောင်ကြုတ်လျက် ဆွဲထားသည့် မျဉ်းကြောင်းများကို ဖျက်ပစ်ကာ အသစ် ပြန်ဆွဲ၏။

သူဆွဲရန် ကြိုးစားနေသည့် အစီအရင်မှာ ဟင်းလင်းပြင် အစီအရင်ကို တည်ဆောက်ရာတွင် အခြေခံဖြစ်သည့် အစီအရင် တစ်ခုဖြစ်သည်။ ထိုအစီအရင်အား အခြားသော ပစ္စည်းများနှင့် ပေါင်းစပ်လိုက်သည့်အခါ ဟင်းလင်းပြင်အစီအရင် ဖြစ်လာ၏။

ထိုအစီအရင်ကို ယခုလေးတင် ယန်ယန်ဆီမှ သင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဟင်းလင်းပြင် အစီအရင်ကို တစ်ခါမှ မဆွဲဖူးသဖြင့် အစပိုင်း၌ သိပ်ပြီး အဆင်ပြေမနေခဲ့ပေ။

သို့ရာတွင် ရန်ကိုင်သည် မည်သူမှ ပိုင်ဆိုင်ထားခြင်း မရှိသော အားသာချက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ လေဟာနယ်တာအို၌ ကျွမ်းကျင်ထားခြင်းပင်။ ထို့ကြောင့် သူ့အတွက် ဟင်းလင်းပြင် အစီအရင်ကို သေချာ ဆွဲသားတတ်ရန်သာ လိုတော့သည်။ ကံကောင်းစွာဖြင့် ယန်ယန်သည် အစီအရင်ရေးရာအပိုင်းတွင် အဆင့်မြင့် ဆရာတစ်ပါး ဖြစ်နေခဲ့သည်။

ဤသို့ဖြင့် စုယန်ကိုစောင့်ရင်း အစီအရင်ကို ထိုင်ဆွဲကြည့်နေလိုက်ရာ အချိန်မည်မျှကြာလို့ ကြာသွားမှန်းပင် ရန်ကိုင် မသိတော့ချေ။ အစီအရင်ဘယ်နှစ်ခု ဆွဲခဲ့လို့ ဆွဲခဲ့မှန်းကိုတော့ မမှတ်မိတော့။ သို့ရာတွင် နောက်ဆုံး၌ စိတ်တိုင်းကျသည့် အစီအရင်တစ်ခုကို အောင်မြင်စွာ ရေးဆွဲနိုင်လိုက်လေသည်။ ဆွဲပြီးသည်နှင့် အစီအရင်ထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။

တဝီဝီ မြည်သံနှင့်အတူ အစီအရင်သည် တဖျက်ဖျက် တောက်ပလာပြီး စတင် လည်ပတ်လာခဲ့သည်။ လေဟာနယ် စွမ်းအင်လှိုင်းတို့သည် အစီအရင်ဆီမှ စတင် ဖြာထွက်လာ၏။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ပျော်ရွှင်စွာ ပြုံးမိလိုက်သည်။

လေဟာနယ်တာအိုကို ကျွမ်းကျင်ထားခြင်းသည် ဟင်းလင်းပြင် အစီအရင်အား ဆွဲသားရာတွင် အလွန်ကိုမှ အကူအညီ ပေးနိုင်ပေသည်။ ဟင်းလင်းပြင်အစီအရင် မဟုတ်ဘဲ အခြားသော အစီအရင်တစ်ခုသာဆိုလျှင် ယခုထက် နှစ်ဆခန့် အချိန် ပိုယူရနိုင်၏။

အခြေခံအစီအရင်ကို ဆွဲတတ်သွားပြီဖြစ်သဖြင့် သင့်တင့်သော ပစ္စည်းများကိုသုံး၍ နေရာတစ်ခုတည်ဆောက်ကာ အစီအရင်အား ထိုပေါ်တွင် ခင်းကျင်းရန်သာ ကျန်တော့သည်။

ရန်ကိုင် အသက်တဝကြီး ရှူထုတ်လိုက်သည်။

“ဒါဟင်းလင်းပြင် အစီအရင်လား” ထိုစဉ် စုယန်၏အသံ သူ့ဘေးမှ ထွက်ပေါ်လာခဲ့သည်။

အသံကြားသဖြင့် မော့ကြည့်လိုက်ရာ စုယန်သည် ဘယ်အချိန်ကတည်းကမှန်းမသိ သူ့ဘေးသို့ တိတ်တိတ်လေး ရောက်နေကြောင်း တွေ့လိုက်ရသည်။

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်၍ စုယန်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပြောလိုက်၏ “နင့်ကျင့်ကြံတာ ဘယ်လိုနေလဲ”

“ရှီကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ပြီးသွားပြီ” စုယန်က ရန်ကိုင်ပေါ်မှီလျက် ယဲ့ယဲ့လေးပြုံးရင်း ပြောလိုက်သည် “အဓိကက ဂျူနီယာမောင်လေးပေးတဲ့ နယ်ပယ်ကျောက်တုံးတွေကြောင့်ပဲ။ အဲ့ကျောက်တုံးတွေကြောင့်သာ မဟုတ်ရင် ဒီလောက် မြန်မြန်နဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်မှာမဟုတ်ဘူး”

“နယ်ပယ်ကျောက်တုံးတွေ လိုရင်ပြောနော်။ ငါ့မှာ အများကြီး ကျန်သေးတယ်” ရန်ကိုင်က ပြုံးကာ ပြန်ပြောသည်။

“အင်း၊ ဒါနဲ့ ရုတ်တရက်ကြီး လာလည်တာ ဘာကိစ္စရှိလို့လဲ”

“ဘာကိစ္စမှ မရှိဘူး။ ဒီအတိုင်း မတွေ့ရတာကြာလို့ လာတွေ့တာ” ရန်ကိုင်က ပြုံးရင်း ပြန်ပြော၏။

စုယန်သည် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင် ရင်ခွင်ထဲ သက်သောင့်သက်သာ အနေထားဖြင့် လဲလျောင်းနေလိုက်သည်။ ရန်ကိုင်လည်း ဘာစကားမှမပြောဘဲ စုယန်ကို ဖက်ထားရင်း ကောင်းကင်ပေါ်သို့သာ မော့ကြည့်နေသည်။

အလျင်မပြတ် ကျဆင်းနေသော နှင်းမိုးစက်များအောက်ဝယ် ငွေရောင်သစ်ပင်အောက်၌ ထိုင်နေသော ရန်ကိုင်နှင့်စုယန်တို့ စုံတွဲသည် အမှန်တကယ်ကို ငြိမ်သက်အေးချမ်းသော ကဗျာရသကို ပေးစွမ်းနေလေသည်။

ခဏအကြာတွင် ခပ်လှမ်းလှမ်း၌ ချင်းယ ပေါ်လာခဲ့သည်။ သို့သော် ထိုမြင်ကွင်းကို မြင်ပြီးနောက် ပြုံး၍သာ ပြန်ထွက်သွား၏။

လဝက်ကြာပြီးနောက်တွင် အဆုံးမဲ့သမုဒ္ဒရာ၊ ကျောက်နက်ကျွန်း…

ကျောက်နက်ကျွန်းသည် အဆုံးမဲ့သမုဒ္ဒရာထဲရှိ အကြီးဆုံး ကျွန်းသုံးကျွန်းအနက် တစ်ကျွန်းအပါအဝင်ဖြစ်ပြီး ပင်လယ်ကျောင်းတော်၏ ဠာနချုပ် တည်ရှိရာနေရာလည်း ဖြစ်ပေသည်။

ဂိုဏ်းတစ်ဂိုဏ်း၏ ဠာနချုပ်ဖြစ်သည့်အတွက် အစောင့်မှာ အလွန် တင်းကြပ်သည်။ ရန်ကိုင်သည် ပျံသန်းလာပြီးနောက်တွင် ကျောက်နက်ကျွန်း၏ အစွန်အဖျားပိုင်း၍ ဆင်းလိုက်သည်။

ချက်ချင်းဆိုသလို ကျင့်ကြံသူတစ်အုပ် သူ့အား ချက်ချင်း လာဝိုင်းလေသည်။ ရန်ကိုင်အား သတိကြီးကြီးထားကြည့်ရင်း အော်မေးလိုက်၏ “ဘယ်သူလဲ၊ မင်းရဲ့နာမည်ကိုပြောစမ်း”

ဧည့်သည့်တစ်ယောက်အဖြစ် လာသည်မို့ ပြဿနာ မရှာချင်သည့်အတွက် လက်သီးဆုပ်၍သာ ပြန်ပြောလိုက်သည် “အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရန်ကိုင်၊ စီနီယာရှနဲ့ သဘောတူထားတာရှိလို့ လာတွေ့ပါတယ်။ ကျေးဇူးပြုပြီး စီနီယာရှကို ကျုပ်ရောက်နေကြောင်း အကြောင်းကြားပေးပါ”

“အထက်စကြာဝဠာဂိုဏ်း ဂိုဏ်းချုပ်”

“ဘိုးဘေးရှကို လာတွေ့တာလား”

ထိုကျင့်ကြံသူများသည် အချင်းချင်း တီးတိုးပြောနေပြီးနောက် ရန်ကိုင်ဆီသို့ လှမ်းကြည့်သည်။ အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်တူသူသည် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့်ပင် စစ်ဆေးကြည့်လေသည်။

သို့သော်လည်း သူမည်သို့ပင် ကြိုးစားစေကာမူ ရန်ကိုင်၏ ခွန်အားကို မစူးစမ်းနိုင်ခဲ့ပေ။ ရန်ကိုင်သည် သူ့ထက် အများကြီး ပိုအားကောင်းသည့် ကျင့်ကြံသူတစ်ဦး ဖြစ်မည်မှန်း သိလိုက်သည့်နောက် ချက်ချင်း အလေးအနက် အမူအရာဖြင့် ပြန်ပြောလေသည် “ဂိုဏ်းတူဦးလေးရှကို တွေ့ချင်တာဆိုတော့ သူနဲ့ ရင်းနှီးတဲ့လူတစ်ဦး ဖြစ်လောက်မှာပေါ့။ ဒါပေမယ့် ဂိုဏ်းတူဦးလေးရှက ဂိုဏ်းကို ပြန်ရောက်တာ သိပ်မကြာသေးတော့ တော်တော်လေး အလုပ်ရှုပ်နေတယ်။ သူ့ကို တွေ့ရဖို့က သိပ်ပြီး မသေချာဘူး”

“ကိစ္စမရှိဘူး။ ကျုပ်ဒီမှာ စောင့်နေမယ်” ရန်ကိုင်က ပြန်ပြောသည်။

အဖွဲ့ခေါင်းဆောင်သည် အခြား အဖွဲ့သားများကို ရန်ကိုင်အား ဧည့်ခံထားရန် အမိန့်ပေးလိုက်ပြီးနောက် ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ကာ အကြောင်းကြားလိုက်လေသည်။

မကြာမီ ဆက်သွယ်ရေးမှော်ရတနာမှ ပြန်စာ ရောက်လာ၏။ ပြန်စာကိုဖတ်ပြီးနောက် အဖွဲ့ခေါင်းဆောင်၏ အမူအရာ အနည်းငယ် ထူးဆန်းသွားလေသည်။ ထို့နောက်တွင် ရန်ကိုင်ဘက်သို့ လှည့်၍ ဒီမှာ ခဏလောက် စောင့်နေပေးပါ။ ဂိုဏ်းချုပ်ရန်ကို ကြိုမယ့်လူ ခဏနေရင် ရောက်လာပါလိမ့်မယ်”

ရန်ကိုင် မျက်ခုံးပင့်သွားသည်။ သို့သော် ခေါင်းသာ ညိတ်လိုက်၏ “ကောင်းပြီလေ”

ဤခရီးသည် ချောမွေ့တော့မည် မဟုတ်မှန်း ရန်ကိုင် သိနေလေပြီ။ သူ့အား လာတွေ့မည့် လူမှာလည်း ရှဟူ မဟုတ်လောက်ပေ။

ရှဟူသာဆိုလျှင် သူလာမှန်းသိသည်နှင့် သူ့အား ဤနေရာ၍ ရပ်စောင့်နေခိုင်းလိမ့်မည် မဟုတ်ချေ။ သူ့လူများကိုလည်း သူ့အား နွေးထွေးစွာ ကြိုဆိုရန် အမိန့်ပေးထားပေလိမ့်မည်။

ကြည့်ရသလောက် ပင်လယ်ကျောင်းတော်ထဲ ပဋိပက္ခများ ဖြစ်နေပုံရ၏။ သို့သော်လည်း ထိုကိစ္စသည် သူနှင့်မဆိုင်ပေ။ သူသည် ဤနေရာသို့ ရှဟူနှင့် သဘောတူထားသည့် ကိစ္စကို အပြီးသတ်ရန်သာ ရောက်လာခြင်း ဖြစ်သည်။ တကယ်တော့ ဤကိစ္စသည် အထက်စကြာဝဠာဂိုဏ်း၏ တိုးတက်ရေးကိုလည်း အတော်လေး သက်ရောက်နိုင်သည်ကိုး။

ရန်ကိုင် ထင်ထားသည့်အတိုင်းပင်၊ ဆယ့်ငါးမိနစ်ပင် မရှိတတ်သေးခင်မှာပဲ တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဖွဲ့ ရောက်လာခဲ့သည်။ သို့သော် ထိုအဖွဲ့ထဲ၌ ရှဟူ ပါမလာခဲ့ပေ။

အဖွဲ့ခေါင်းဆောင်မှာ အသားညိုညိုနှင့် တန်ခိုးရှင် တတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေသာ လူအိုကြီး တစ်ဦး ဖြစ်သည်။ ရန်ကိုင်နှင့် မီတာအနည်းငယ်ခန့် အကွာ၌ ရပ်လိုက်ပြီးနောက် လူအိုကြီးက လက်သီးဆုပ်၍ “အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်များလား မသိဘူး”

“ဟုတ်ပါတယ်။ ကျုပ်ပါပဲ။ ခင်ဗျားက…” ရန်ကိုင်က လက်သီးဆုပ်၍ ပြန်မေးလိုက်သည်။

“ဒီလူအိုကြီးက ပင်လယ်ကျောင်းတော်ရဲ့ တတိယ ကျောင်းသခင် ချီယွင်ဟိုင်ပါပဲ” လူအိုကြီးက ပြန်ပြော၏။

“ကျောင်းသခင်ချီပေါ့” ရန်ကိုင် မျက်ခုံးပင့်သွားသည်။ ပင်လယ်ကျောင်းတော်နှင့် သိပ်ပြီး အဆက်အသွယ် မရှိသော်ငြား ပင်လယ်ကျောင်းတော်တွင် ကျောက်သခင်သုံးဦးရှိမှန်းတော့ သိပေသည်။ ချီယွင်ဟိုင်သည် ကျောင်းသခင်သုံးဦးအနက် တစ်ဦး ဖြစ်၏။

“ဂိုဏ်းချုပ်ရန်၊ ကျုပ်တို့ ဂိုဏ်းတူဦးလေးရှကို တွေ့ချင်လို့ဆို”

“ဟုတ်တယ်။ ဒီရန် စီနီယာရှနဲ့ သဘောတူညီချက်တစ်ခု လုပ်ထားလို့။ စီနီယာရှ…”

“ဂိုဏ်းတူဦးလေးက ပျောက်နေတာ နှစ်သုံးရာတောင် ရှိနေပြီ။ ပြန်ရောက်တာ မကြာသေးဘူးဆိုတော့ စိတ်ရောကိုယ်ရော ပင်ပန်းနေတာ။ အားပြန်ဖြည့်နေတာ အခုထိ အပြင်ကို ထွက်မလာသေးဘူး။ ဒါကြောင့် ဂိုဏ်းချုပ်ရန် အခုတစ်ကြိမ် သူနဲ့ မတွေ့နိုင်လောက်ဘူး” ချီယွင်ဟိုင်က ဖြတ်ပြောလိုက်သည် “ဂိုဏ်းချုပ်ရန်က အဝေးက လာရတာဆိုတော့ စိတ်မရှိရင် ခဏလောက် နားသွားလေ။ ဒီလူအိုကြီးက အဆုံးမဲ့သမုဒ္ဒရာမှာ နေတာဆိုပေမယ့် ဂိုဏ်းချုပ်ရန်နဲ့ အထက်စကြာဝဠာဂိုဏ်း အကြောင်းကိုတော့ ကြားဖူးတယ်။ ဒါပေမယ့် တစ်ခါမှ တွေ့ခွင့်မရဘူး။ ဂိုဏ်းချုပ်ရန် အမောပြေလေး ကျုပ်တို့ ပင်လယ်ကျောင်းတော်မှာ ဝင်နားသွားဖို့ မျှော်လင့်ပါတယ်”

ဖိတ်ခေါ်နေသော်ငြား သူ့လေသံသည် နွေး‌ထွေးခြင်း မရှိသလို အေးစက်ခြင်း ရှိမနေခဲ့ပေ။ ထို့ကြောင့် ဝတ်သဘောအရသာ ရန်ကိုင်အား ဖိတ်ခေါ်နေခြင်းဖြစ်ပြီး အမှန်တကယ် ဖိတ်ခေါ်နေခြင်း မဟုတ်မှန်း သိနိုင်သည်။

ရန်ကိုင်သည် ချီယွင်ဟိုင်အား ကြည့်လျက် အပြုံးမဟုတ်သည့် အပြုံးဖြင့် “ထူးတော့ ထူးဆန်းသား။ ကျုပ် လူအိုကြီးရှနဲ့ နောက်ဆုံးအကြိမ် တွေ့တုန်းက သူအကောင်းကြီးပါ။ အခုကျမှ ဘယ်လိုလုပ်ပြီး အားကုန်နေရတာလဲ။ ပြီးတော့ ဒီအချိန် ကျုပ်လာတွေ့မယ်လို့ သဘောတူညီချက် လုပ်ထားတာ။ ဒါကြောင့်ပဲ ဒီဂိုဏ်းချုပ် ရောက်လာခဲ့တာ။ ကျုပ်တစ်ခုလောက် မေးလို့ရမလား ကျောင်းသခင်ချီ၊ အခု လူအိုကြီးက ကျုပ်ကို လာမတွေ့တာ သူ့ကိုယ်တိုင်က မတွေ့ချင်လို့လား”

ချီယွင်ဟိုင်၏ မျက်လုံးထဲ အကြည့်တစ်ချက် ဖြတ်ပြေးဿွား၏။ ရန်ကိုင်မေးသည့် မေးခွန်ကို ချက်ချင်း ပြန်မဖြေဘဲ ခြိမ်းခြောက်သည့် လေသံဖြင့် “ဂိုဏ်းချုပ်ရန် ဘာပြောချင်နေတာလဲ”

“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်နဲ့ လူအိုကြီးရှ လုပ်ထားတဲ့ သဘောတူညီချက်က နှစ်ဖက်စလုံးအတွက် အကျိုးရှိတာကိုတောင် ခင်ဗျားတို့က ငြင်းတယ်ဆိုတော့ ကိစ္စမရှိပါဘူးလေ။ အဆုံးမဲ့သမုဒ္ဒရာမှာ ခင်ဗျားတို့ အင်အားတစ်ခုတည်း ရှိတာမှ မဟုတ်တာ”

“မင်း ပင်လယ်ကလန်နဲ့ ပူးပေါင်းရဲတယ်လား” ရန်ကိုင် ပြောသည့်စကားကို ခဏမျှ စဉ်းစားပြီးနောက် ချီယွင်ဟိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။

“ကျုပ်ဘာသာ ပူးပေါင်းတာ ဘာဖြစ်လဲ” ရန်ကိုင်က လှောင်ပြောင်ဟန်ဖြင့် “ခင်ဗျားတို့ရဲ့ အခြေအမြစ်မရှိတဲ့ စကားတွေနဲ့ ကျုပ်ကို အပုပ်ချဖို့ လာမကြိုးစားနဲ့။ နှုတ်ဆက်ပါတယ်” (ဒီနေရာမှာ ပူးပေါင်းတယ်ဆိုတဲ့ အသုံးအနှုန်းက သစ္စာဖောက်တွေနဲ့ ပူးပေါင်းသလိုပါပဲ။ ရန်ကိုင်ကို လူသားမျိုးနွယ်ကို သစ္စာဖောက်တဲ့ သစ္စာဖောက်တစ်ယောက်လို ပြောလိုက်တာပါ)

ရန်ကိုင် အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။ ယခင်တစ်ကြိမ် လာစဉ်က သူ့အား ရောင်နီကျွန်းတွင် ရက်အကြာကြီး ထိုင်စောင့်ခိုင်းခဲ့သည်။ ယခုတစ်ကြိမ် သဘောတူညီချက် လုပ်ထားသဖြင့် ကိုယ်တိုင် ရောက်လာသည့် အခါတွင်လည်း မောင်းထုတ်ရန် ကြိုးစားနေပြန်သေး၏။ တတိယကျောင်းသခင်ကိုပင် စေလွှတ်ပြီး မောင်းထုတ်ရန် ကြိုးစားနေသည်ကို ကြည့်လျှင် သူတို့၏ သဘောထားကို မြင်တွေ့နိုင်ပေသည်။

ပင်လယ်ကျောင်းတော်က မပူးပေါင်းချင်မှဖြင့် ရန်ကိုင်ကလည်း တောင်းပန်တိုးလျှိုးပြီး ပူးပေါင်းနေမည် မဟုတ်ချေ။

“ပင်လယ်ကလန်နဲ့ ပူးပေါင်းရဲတာတောင် ဒီကနေ ထွက်သွားချင်သေးတယ်ပေါ့။ ကောင်လေး၊ ဒီနေ့ ကျောက်နက်ကျွန်းကနေ ထွက်သွားဖို့ မစဉ်းစားတော့နဲ့” ဒေါသတကြီး အော်ဟစ်သံနှင့်အတူ သက်လတ်ပိုင်းလူကြီး တစ်ဦးပေါ်လာပြီး ချီယွင်ဘေးတွင် ရပ်လိုက်လေသည်။

ရန်ကိုင် ဘာမှ မပြောရသေးခင်မှာပင် နောက်ထပ် အသံတစ်သံ ထပ်မံ ထွက်ပေါ်လာ၏ “ရန်ကိုင်က ငါ့ဧည့်သည်ကွ။ ဘယ်ကောင်သူ့ကို ရိုင်းပြရဲတာလဲ”

ထိုအသံကို ကြားသည့်အခါ ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်၏။ သူထင်ထားသည့် အတိုင်းပင် လူအိုကြီးရှသည် တစ်စုံတစ်ဦး၏ စနက်ကြောင့် သူနှင့် လာမတွေ့နိုင်ခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေသည် ရန်ကိုင် မျှော်လင့်ထားသည်ထက် ပို၍ ရှုပ်ထွေးနေလေပြီ။ အခြားသူများ၏ ကိစ္စထဲ ခေါင်းတိုး မဝင်ချင်သည့်အတွက် ရှဟူ ဘာပြောမည်လဲကိုသာ ငြိမ်သက်စွာ စောင့်ကြည့်နေလိုက်၏။

မကြာမီ ရှဟူ ပေါ်လာပြီး ရန်ကိုင် ဘေးနားတွင် လာရပ်သည်။ ထို့နောက် ချီယွင်ဟိုင်နှင့် သက်လတ်ပိုင်းလူကြီးအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ချီယွင်ဟိုင်သည် ရှဟူနှင့် အကြည့်ချင်း မဆိုင်ရဲသော်ငြား သက်လတ်ပိုင်းလူကြီးကမူ ရှဟူအား အကြောက်အလန့် ကင်းကင်းဖြင့် ပြန်၍ စိုက်ကြည့်လိုက်လေသည်။

All Chapters