← Chapters

အခန်း (၁၇၂၁-၁၇၂၅)

Vol. 69 Ch. 1721-1725

အခန်း (၁၇၂၁-၁၇၂၅)

Vol. 69 Ch. 1721-1725

အပိုင်း (၁၇၂၁)

ရှဟူနှင့် သက်လတ်ပိုင်းလူကြီးသည် တစ်ဦးကိုတစ်ဦး စူးရဲစွာ စိုက်ကြည့်နေကြသည်။ ပင်လယ်ကျောင်းတော်မှ လူများမှာတော့ အသက်ပင် ရဲရဲမရှုရဲကြဘဲ ကြောက်ကြောက်လန့်လန့်ဖြင့်သာ ရပ်ကြည့်နေကြ၏။

အချိန်အတော်ကြာသွားသည့်နောက်တွင် ရှဟူက သက်ပြင်းချ၍ သက်လတ်ပိုင်းလူကြီးကို ကြည့်ကာ ပြောလိုက်၏ “ဟွိုက်အန်း၊ ရန်ကိုင်က ငါ့ဧည့်သည်၊ သူ့ကို ငါကိုယ်တိုင်ပဲ ဧည့်ခံမယ်။ မင်းတို့ ပြန်သွားလိုက်ပေတော့”

ရှဟူ ပြောသည်ကိုကြားပြီး သက်လတ်ပိုင်းလူကြီး မည်သူမှန်း ရန်ကိုင် ချက်ချင်း နားလည်သွားလေသည်။

သက်လတ်ပိုင်းလူကြီးသည် ပင်လယ်ကျောင်းတော်၏ ပထမကျောင်းသခင် ကျန်းဟွိုက်အန်း ဖြစ်ပေသည်။

ကောင်းကင်ကံကြမ္မာမြို့၏ လေလံပွဲတွင် ကျန်းဟွိုက်အန်း ဆိုသည့်နာမည်ကို သူကြားဖူး၏။ ကျန်းဟွိုက်အန်းသည် အလွန်တရာ များပြားသော ငွေပမာဏကိုသုံး၍ သူဖော်စပ်ထားည့် တန်ခိုးရှင်အခြေတည်ဆေးလုံးတစ်လုံးကို ဝယ်ခဲ့သည်။

နောက်ပိုင်းကျမှ ကျန်းဟွိုက်အန်းသည် ထိုဆေးလုံးကို သူ့သားအတွက် ဝယ်ခဲ့ခြင်းဖြစ်ကြောင်း ဝေကုချန်းဆီမှ ပြန်၍ ကြားသိရ၏။

သို့သော်လည်း ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် ကျန်းဟွိုက်အန်းကို လူကိုယ်တိုင် မြင်ဖူးခြင်း ဖြ်စသည်။

ကျန်းဟွိုက်အန်းသည် တန်ခိုးရှင်တတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေသည့် ပညာရှင်တစ်ဦး ဖြစ်သည်။ သို့ရာတွင် သူ့အရှိန်အဝါသည် ချင်းတုန် တန်ခိုးရှင်တတိယ အဆင့် ပညာရှင်တစ်ဦး ဖြစ်စဉ်က အရှိန်အဝါထက် အများကြီး ပိုပြီး သိပ်သည်းပေသည်။

ထို့အပြင် ထိုလူသတ္တိမှာလည်း မသေးလှ။ ကျန်းဟွိုက်အန်းနှင့် ရှဟူကြား မည်သည့် ပြဿနာများ ရှိသလဲ သူမသိသော်ငြား သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာတော့ ကောင်းမွန်းခြင်း မရှိသည်မှာ အထင်းသားပင်။

ကျန်းဟွိုက်အန်းက ပြုံး၍ ပြန်ပြော၏ “ဂိုဏ်းတူဦးလေး ပြောတာ နည်းနည်းမှားနေတယ်။ ဂိုဏ်းချုပ်ရန်က ဂိုဏ်းတူဦးလေးရဲ့ ဧည့်သည်ဆိုပေမယ့် သူက ပင်လယ်ကလန်နဲ့ ပူးပေါင်းချင်တဲ့လူ။ ဒီတော့ ဂိုဏ်းတူတူလေး ရပ်မကြည့်တာကို ဂိုဏ်းတူဦးလေး အပြစ်မပြောသင့်ဘူး။ ပင်လယ်ကလန်နဲ့ ကျုပ်တို့ ပင်လယ်ကျောင်းတော်ကြားမှာ ဘယ်လိုရန်ငြိုးတွေ ရှိလဲ ဆိုတာကို ဂိုဏ်းတူဦးလေးလည်း သိတာပဲ။ နှစ်တိုင်းနှစ်တိုင်း သူတို့ကြောင့် ကျုပ်တို့ဂိုဏ်းက တပည့်တွေ အများကြီး သေရတယ်။ ပင်လယ်ကလန်က ဒီအဆုံးမဲ့သမုဒ္ဒရာမှာ ပင်လယ်ကျောင်းတော်ရဲ့ အကြီးမားဆုံး ရန်ဘက်လို့ ပြောရင်တောင် မမှားဘူး။ ဒီတော့ ဂိုဏ်းတူဦးလေး ဘေးဖယ်ပြီး ဒီကိစ္စကို ဂိုဏ်းတူတူလေး လက်ထဲ လွှဲပေးလိုက်သင့်တယ်။ စိတ်မပူနဲ့။ ဒီကိစ္စကို ဖြေရှင်းပြီးသွားရင် ဂိုဏ်းတူဦးလေး စိတ်ကျေနပ်လောက်မယ့် အဖြေကို ဂိုဏ်းတူတူလေး ပေးပေးမယ်”

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ကျန်းဟွိုက်အန်းနှင့် ရှဟူကြားရှိ အတွင်းရေး ပဋိပက္ခထဲတွင် သူမတော်တဆ ဝင်ပါမိလိုက်ပြီမှန်း နားလည်လိုက်လေပြီ။

တစ်ဂိုဏ်းတည်းမှာတောင် ပြဿနာတွေက ပေါင်းစုံပါလား ရန်ကိုင် ကြိတ်၍ သက်ပြင်းချလိုက်၏။

“ဟွိုက်အန်း၊ မင်းဒီလို လုပ်ရမှ ဖြစ်မှာလား” ရှဟူမျက်နှာ မှုန်ကုတ်သွားခဲ့လေသည်။

“ဂိုဏ်းတူတူလေးက ပင်လယ်ကျောင်းတော်ရဲ့ အကျိုးစီးပွားအတွက် လုပ်နေတာ” ကျန်းဟွိုက်အန်းက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည် “ကျုပ်ကို ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ ဂိုဏ်းတူဦးလေး”

ရှဟူသည် ကျန်းဟွိုက်အန်းအား စူးရဲစွာ စိုက်ကြည့်နေသည်။ သူ့လက်ထဲ သူ့တော်စင်ချီ စုဝေးမည့် အရိပ်အယောင်များပင် ထွက်ပေါ်လာခဲ့သည်။ ထိုအချက်ကို သတိပြုမိလိုက်သော်လည်း ကျန်းဟွိုက်အန်းသည် နည်းနည်းလေးမှမကြောက်။ ရှဟူနှင့် တိုက်ခိုက်ချင်နေသည့်အလား စိတ်အားထက်သန်နေသည့် အရိပ်အယောင်များပင် သူ့မျက်လုံးထဲ ထွက်ပေါ်လာခဲ့၏။

“လူအိုကြီးရှ၊ ဘာတွေ ဖြစ်နေတာလဲ” ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

ရှဟူက ရန်ကိုင်ဘက်သို့လှည့်၍ သက်ပြင်းချလျက် “ငါ့မင်းကိုတောင် အားနာမိသွားပြီ။ ငါမင်းကို ဒီအရှုပ်ထွေးထဲ မတော်တဆ ဆွဲသွင်းလိုက်သလို ဖြစ်သွားတယ်”

“ဒီလောက်ကြီးလည်း ဖြစ်မနေစမ်းပါနဲ့ဗျာ” ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်၏။

“ခဏလောက်စောင့်၊ ဒီကိစ္စကို ရှင်းပြီးမှ မင်းနဲ့ စကား ပြန်ပြောမယ်” ရှဟူက ပြောလိုက်သည်။

“ကောင်းပြီလေ” ရန်ကိုင်သည် ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ရပ်ကြည့်နေလေ၏။

ရှဟူသည် ကျန်းဟွိုက်အန်းဘက်သို့လှည့်၍ “ဟွိုင်အန်း၊ ဒီနှစ်တွေအတွင်းမှာ မင်းက ငါတို့ ပင်လယ်ကျောင်းတော်ရဲ့ အတော်ဆုံး ပါရမီရှင်တွေထဲက တစ်ယောက်ပဲ။ ဒါပေမယ့် မင်းက အရမ်း အမြင်ကျဉ်းလွန်းတယ်။ နှစ်တွေအများကြီး ကြာသွားလို့ ဂိုဏ်းချုပ်ရာထူးကိုလည်း ရထားတော့ မင်းပိုပြီး မြင်တတ်လာမယ်လို့ ထင်ခဲ့တာ။ ငါတကယ် မှားသွားတယ်။ ကြည့်ရတာ နှစ်တွေ ဘယ်လောက်ပဲကြာကြာ၊ ကျန်းဟွိုက်အန်း ဆိုတဲ့လူက ကျန်းဟွိုက်အန်းပဲ ဖြစ်နေဦးမှာပဲ။ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”

ပင်လယ်ကျောင်းတော်၏ ပညာရှင်များရှေ့တွင် ရှဟူ၏ ပြစ်တင်ပြောဆိုခြင်း ခံရသည့်အတွက် ကျန်းဟွိုက်အန်းမျက်နှာ မှုန်ကုတ်သွားခဲ့လေသည် “ဂိုဏ်းတူဦးလေး စိတ်ပူနေစရာ မလိုဘူး။ ကျုပ်ကိစ္စ ကျုပ်ဘာသာ ဖြေရှင်းလို့ရတယ်”

ရှဟူက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “လူတစ်ယောက်ရဲ့ အခြေအနေက ပြောင်းလဲသွားနိုင်ပေမယ့် သဘာဝကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ငါဂိုဏ်းကနေ နှစ်သုံးရာလောက် ပျောက်သွားတယ်။ ဂိုဏ်းချုပ်ရန် ကူညီလို့ပဲ ပြန်လာနိုင်ခဲ့တာ။ နှစ်သုံးရာအတွင်း ဂိုဏ်းအတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး ဆိုတော့ ဂိုဏ်းကို တိုးတက်အောင်ဆိုပြီး အခွင့်အရေးတစ်ခု ယူလာခဲ့တယ်။ ဒါပေမယ့် ငါက ဒီအခွင့်အရေးကို သုံးပြီး ပထမကျောင်းသခင် ရာထူးကို လုယူဖို့ ကြံနေတယ်လို့ မင်းက ထင်နေတယ်။ ရှင်းရှင်းပြောရရင် ဒီကျောင်းသခင် ရာထူးကို ငါလုံးဝ ဂရုမစိုက်ဘူးကွ”

ရှဟူ ပြောသည်ကို နားထောင်ရင်း ကျန်းဟွိုက်အန်း အမူအရာ အနည်းငယ် မဲ့သွားခဲ့လေသည်။ ရပ်ကြည့်နေသည့် ရန်ကိုင်လည်း ယခုမှပဲ အခြေအနေကို နားလည်သွားတော့သည်။

ရှဟူ ပြန်ရောက်လာခြင်းသည် သူ့ရာထူးကို ထိခိုက်နိုင်သည်ဟု ကျန်းဟွိုက်အန်း ထင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ရှဟူကို ဖိနှိပ်နိုင်ရန်အတွက် ရှဟူ၏ အစီအစဉ်ကို လိုက်လံ အနှောင့်အယှတ် ပေးနေခြင်း ဖြစ်သည်။

ပင်လယ်ကလန်နှင့် ပူးပေါင်းသည့် အတွက်ကြောင့် ဆိုသည်မှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။ ထိုအကြောင်းပြချက် မရှိလျှင် ပင်လယ်ကျောင်းတော်သည် အခြား အကြောင်းပြချက် တစ်ခုခုရှာပြီး ရန်ကိုင်၏ ကမ်းလှမ်းချက်ကို ငြင်းဆိုဦးမည်သာ။

ရှဟူသည် ကျန်းဟွိုက်အန်းနှင့် ရာထူးဂုဏ်အရှိန်အဝါအတွက် မယှဉ်ပြိုင်ချင်ချေ။ အရိပ်ဝိဥာဉ်ကျွန်း၌ နှစ်သုံးရာ ပိတ်မိနေပြီးနောက် ရာထူးဂုဏ်အရှိန်အဝါများကို စိတ်မဝင်စားတော့။ သိုင်းတာအို လမ်းကြောင်းတွင် ပို၍ မြင့်မြင့် လျှောက်လှမ်းနိုင်ရေးကိုသာ စိတ်ဝင်စားတော့သည်။

သို့သော်လည်း ကျန်းဟွိုက်အန်းသည် ပင်လယ်ကျောင်းတော်၏ ပထမကျောင်းသခင် ဖြစ်နေသည့် အတွက် ရှဟူအနေဖြင့် သူ့ဆုံးဖြတ်ချက်ကို မကြိုက်လျှင်ပင် ပြတ်ပြတ်သားသားကြီး ငြင်း၍မရ ဖြစ်နေသည်။

ယခု ကျန်းဟွိုက်အန်းသည် ရန်ကိုင်ကိုပါ ခြိမ်းခြောက်လာသဖြင့် ရှဟူလည်း ရပ်ကြည့်မနေနိုင်တော့ဘဲ ရှေထွက်ရတော့သည်။

ရန်ကိုင်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။ အခြေအနေကို သူအကြမ်းဖျင်း နားလည်လာခဲ့လေပြီ။

“ဒီလူအိုကြီး မင်းကို နောက်ဆုံးအကြိမ် အခွင့်အရေးပေးမယ်။ ဂိုဏ်းချုပ်ရန်ကို တောင်းပန်လိုက်။ ဒီကိစ္စ ဘယ်တုန်းကမှ မဖြစ်ခဲ့သလို ငါသဘောထားလိုက်မယ်။ အခုကစပြီး မင်းဘာသာ ပထမကျောင်းသခင် ဖြစ်ချင်ဖြစ်၊ ငါဂရုမစိုက်ဘူး။ ငါဒီကနေ ထွက်သွားမယ်။ ဘယ်တော့မှ ပြန်မလာတော့ဘူး” ရှဟူသည် ကျန်းဟွိုက်အန်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

သို့သော်လည်း ရှဟူစကားကြောင်း ကျန်းဟွိုက်အန်း၏ မျက်လုံးထဲ ဒေါသရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။

ရှဟူသည် သူ့အသက်နှင့် အဆင့်အတန်းကို အားကိုးပြီး သူ့အား အမိန့်ပေးသည့် လေသံဖြင့် ပြောနေသည်ကို ကျန်းဟွိုက်အန်း တကယ် ကြည့်မရချေ။ ရှဟူ ပြောသည့် အတိုင်းသာ ရန်ကိုင်ကို တောင်းပန်ရမည်ဆိုပါက ပထမ ကျောင်းသခင်ဆိုသည် သူ့ဂုဏ်သိက္ခာ ဘယ်ရောက်သွားမည်နည်း။ သူသည် ရှဟူ၏ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သည်ဟုသာ အကုန်လုံး အထင် ရောက်သွားကြပေလိမ့်မည်။

“ဂိုဏ်းတူဦးလေးက ပင်လယ်ကျောင်းတော်မှာ စီနီယာ အကျဆုံး လူတစ်ယောက်ပဲ။ ဂိုဏ်းတူတူလေး ဂိုဏ်းတူဦးလေးကို အမြဲ လေးစားခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ တကယ်ကို စိတ်ပျက်မိသွားပြီ။ ပင်လယ်ကျောင်းတော်ရဲ့ အကြီးအကဲချုပ် တစ်ယောက် ဖြစ်နေတာတောင် ပင်လယ်ကျောင်းတော်ရဲ့ အခြေအနေကို ဂရုမစိုက်ဘဲ အပြင်လူ တစ်ယောက်ကို သွားတောင်းပန်ဖို့ ဒီကျောင်းသခင်ကို လာအမိန့်ပေးနေတယ်။ ဂိုဏ်တူဦးလေးကို ဒီကျောင်သခင် အခွင့်အရေးတစ်ခု ပေးမယ်။ ဒီကိစ္စက ခေါင်းရှောင်နေလိုက်။ အဲ့လိုဆို ဂိုဏ်းတူဦးလေးကို စီနီယာ တစ်ယောက်အဖြစ် ဂိုဏ်တူတူလေး ဆက်လေးစားနေဦးမှာ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ ဂိုဏ်းတူတူလေးကို ရိုင်းလို့ဆိုပြီး လာအပြစ်မတင်တော့နဲ့”

“ကြည့်ရတာ ဘာမှ ပြောနေဖို့ မလိုတော့ဘူးပဲ” ရှဟူ သက်ပြင်းချလိုက်၏။

သူပြန်လာလိုက်သည်နှင့် ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အစောကြီးကတည်းကသာ သိခဲ့လျှင် ပြန်မလာဘဲ အခြား တစ်နေရာ တစ်ခုခုတွင်သာ သွားနေလိုက်ပါသည်။

“ဂိုဏ်းတူဦးလေးက ဒီကျောင်းသခင်နဲ့ ပင်လယ်ကျောင်းတော်ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားတာလား” ကျန်းဟွိုက်အန်းသည် မျက်လုံးမှေးစဉ်း၍ ရှဟူအား စိုက်ကြည့်လိုက်သည်။

ရှဟူကမူ ဘာမှပြန်မပြောဘဲ ကျန်းဟွိုက်အန်းကိုသာ စိုက်ကြည့်နေ၏။

“အဲ့လိုဆိုမှတော့ ဂိုဏ်းတူတူလေးလည်း ယဉ်ကျေးနေလို့ မရတော့ဘူးပေါ့” ကျန်းဟွိုက်အန်းက ရုတ်တရက် အမိန့်ပေးလိုက်၏ “အစီအရင်ကို အသက်သွင်းလိုက်တော့”

သူ့စကားသံ ဆုံးသွားသည်နှင့် ကျောက်နက်ကျွန်းကြီး တစ်ခုလုံး စတင် တုန်ခါလာခဲ့လာသည်။ ထို့နောက်တွင် အလင်း အကာအရံတစ်ခုသည် ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။

အလွန်ကိုမှ သိပ်သည်းလှသော ရေဓါတ်စွမ်းအင်တို့ ကျောက်နက်ကျွန်းဆီ စုဝေးလာကြသည်။ တစ်ချိန်တည်းတွင် မရေမတွက်နိုင်အောင်း များပြားလှသော ရေဓါတ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် သားရဲများ လျင်မြန်စွာ ဖြစ်ပေါ်လာကြ၏။

တစ်ချိန်တည်းတွင် ရင်ထိတ်ဖွယ်ရာ အရှိန်အဝါတစ်ရပ် ပေါက်ကွဲထွက်လာခဲ့လေသည်။

ရှဟူ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွား၏။ ထိတလန့်အံ့အားသင့်နေသည့် လေသံဖြင့် “ရေလှိုင်းပြာအစီအရင်၊ ဒီတော့ မင်းက ဒီအစီအရင်သုံပြီး ငါ့ကို တိုက်ခိုက်ဖို့ ကြံနေတာပေါ့”

ကျန်းဟွိုက်အန်းကမူ ပြုံး၍သာ ပြန်ပြော၏ “ဂိုဏ်တူဦးလေးကို ရည်ရွယ်ထားတာ မဟုတ်ဘူး။ ဂိုဏ်းတူဦးလေးက ပင်လယ်ကျောင်းတော် အဖွဲ့အသား တစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး ဂိုဏ်းတူဦးလေးကို အစီအရင်နဲ့ တိုက်ခိုက်လို့ ဖြစ်ပါ့မလဲ”

ပြောပြီးသည်နှင့် ကျန်းဟွိုက်အန်းသည် ရန်ကိုင်အား လှမ်းကြည့်လိုက်လေသည်။

“ဒီအစီအရင်ကိုသုံးပြီး ကျုပ်ကို တိုက်မယ်ပေါ့” ရန်ကိုင်သည် သူ့ကိုယ်သူ လက်ညိုးထိုး၍ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ကျန်းဟွိုက်အန်းက အေးစက်စက် အမူအရာဖြင့် ပြုံးလျက် “ဂိုဏ်းချုပ်ရန်က အရမ်းအားကောင်းလို့ ကောင်းကင်တိုက်ပွဲ အစည်းအရုံး၊ မိုးကြိုးမုန်တိုင်းဂိုဏ်းနဲ့ ကြယ်ဧကရာဇ်တောင်ရဲ့ ခေါင်းဆောင်တွေတောင် ဘာမှပြန်မလုပ်နိုင်ဘူးလို့ ကြားထားတယ်။ ဒီတော့ ဒီကျောင်းသခင်ကလည်း ဂိုဏ်းချုပ်ရန်ကို ဘယ်လိုလုပ်ပြီး လျှော့တွက်ရဲပါ့မလဲ”

“ကျောင်းသခင်ကျန်းက အရမ်း ယဉ်ကျေးနေတာပဲ။ အဲ့ဒါတွေ အကုန်လုံးက အပြင်လူတွေက ချဲ့ပြောထားတာတွေလေ”

“ဟန့်၊ ဂိုဏ်းချုပ်ရန်က အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ ဘာလို့ ကိုယ့်ဘာသာ အေးအေးဆေးဆေး မနေဘဲ ပင်လယ်ကျောင်းတော်ရဲ့ အရေးကိစ္စမှာ ဝင်စွက်ဖက်ချင်တာလဲ။ ဒါပေမယ့် ဂိုဏ်းချုပ်ရန်က ပင်လယ်ကလန်နဲ့ ပူးပေါင်းရဲတယ် ဆိုမှတော့ ဒီကျောင်းသခင်ကိုလည်း အပြစ်မတင်နဲ့တော့ပေါ့” ကျန်းဟွိုက်အန်းသည် သူအနိုင်ယူရမည်ဟု ယုံကြည်နေသည့် အလား ရန်ကိုင်အား အထက်စီးလေသံဖြင့် ပြောလိုက်၏။

“ရန်ကိုင် အခု ထွက်သွားတော့” ရှဟူက ရုတ်တရက် အော်ပြောလိုက်သည် “ရေလှိုင်းပြာအစီအရင်က ဒီအနီးအနားက ရေဓါတ်စွမ်းအင်တွေကို ဆွဲယူပြီး တိုက်ခိုက်တာ။ အစီအရင်ကို အသက်သွင်းလိုက်ပြီ ဆိုတာနဲ့ တန်ခိုးရှင်ဘုရင်အဆင့်အောက်က ဘယ်သူမှ ခုခံနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်းအရည်အချင်းနဲ့ဆို ထွက်သွားဖို့က ကိစ္စမ၇ှိဘူး။ မင်းအရင်သွားနဲ့။ ဒီလူအိုကြီး မင်းအတွက် အချိန်ဆွဲထားပေးမယ်”

“ဂိုဏ်တူဦးလေး ဆိုတဲ့အတိုင်းပါပဲလား၊ ရေလှိုင်းပြာ အစီအရင်ကို ကောင်းကောင်း နားလည်ထားတာပဲ။ ဒါပေမယ့် ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို အပြင်လူတစ်ယောက်ကို ဂိုဏ်းတူဦးလေး တကယ်ကြီး ပြောပြနေတာလား” ကျန်းဟွိုက်အန်းက လှောင်ပြောင်လိုသံဖြင့် ရှဟူအား ပြောလိုက်သည်။

“ငါပြောပြီးသွားပြီ။ ငါမင်းနဲ့ မပြိုင်ချင်ပါဘူးဆို၊ ဒါပေမယ့် မင်းက အရမ်း အမြင်ကျဉ်းလွန်းတယ်။ မင်းဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ပင်လယ်ကျောင်းတော်ကြီး တစ်ခုလုံး မင်းလက်ထက်မှာ နိမ့်ကျသွားလိမ့်မယ်”

“လူအိုကြီးရှ၊ တည်တည်ငြိမ်ငြိမ် နေစမ်းပါ” ရန်ကိုင်သည် ရှဟူ၏ ပခုံးကို တည်တည်ငြိမ်ငြိမ်ဖြင့် ပုတ်လိုက်သည်။

“မင်း…မင်း” ရှဟူက ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့် လေသံဖြင့် “အစီအရင်ကို အသက်သွင်းလိုက်ပြီဆိုတာနဲ့ မင်းပိုစောင့်နေလေ၊ အစီအရင်က ပိုပြီး စွမ်းအင် စုနိုင်လေပဲ။ မင်းသာ ဆက်ပြီး တုန့်ဆိုင်းနေရင် ထွက်သွားလို့ ရတော့မှာ မဟုတ်ဘူးနော်”

“ဘာလို့ ထွက်သွားရမှာပဲ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အစီအရင်လေးတစ်ခုပဲ မဟုတ်ဘူးလား”

“ဘယ်လို…ဘယ်လို…” ရှဟူ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ သို့သော်လည်း ရန်ကိုင်၏ လုံးဝကို အရေးမစိက်သည့် အမူအရာကိ မြင်သော် ရှဟူလည်း ဘာမှ ဆက်ပြောမနေတော့ဘဲ “အဲ့လိုဆိုမှတော့ ငါမင်းကို ဆက်ပြီး မပြောတော့ဘူး။ ဒါပေမယ့် ဂရုတော့စိုက်ဦး”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၂၂)

“အင်း” ရန်ကိုင်သည် ခေါင်းညိတ်၍ အနည်းငယ် မှုန်ကုတ်ကုတ် အမူအရာဖြင့် “အခုလိုမျိုး ဆက်ဆံခံရတာ သိပ်ပြီးတော့ ခံစားလို့ မကောင်းဘူး။ လူအိုကြီးရှ၊ ကျုပ်သူ့ကို သတ်လို့ရလား”

ထိုစကားကို ကြားသည့်အခါ ရှဟူက သက်ပြင်းချလျက် “မသတ်နဲ့ဦး ဂိုဏ်းချုပ်ရန်၊ သူ့ကို ဒီလူအိုကြီးကိုယ်တိုင် စာရင်း ရှင်းလိုက်မယ်”

“အဲ့လိုဆိုမှတော့လည်း အဲ့လိုပဲပေါ့”

“ဒီကျောင်းသခင်ကို သတ်ချင်တာလား။ ကြည့်ရသေးတာပေါ့” ကျန်းဟွိုက်အန်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

ရန်ကိုင်၏ တည်ငြိမ်နေသည့်ပုံစံသည် ကျန်းဟွိုက်အန်းအား အလွန်ကိုမှ စိတ်ညစ်စေသလို စိတ်မသက်မသာလည်း ဖြစ်စေ၏။ ရေလှိုင်းပြာအစီအရင်ကိုပင် မကြောက်ရလေအောင် ရန်ကိုင်တွင် မည်ကဲ့သို့သော ဝှက်ဖဲရှိနေမည်မှန်း သူမသိ။ ရန်ကိုင်သည် တန်ခိုးရှင်အထွဋ်အထိပ်အဆင့်ကို ကျော်လွန်နေသည့် ပညာရှင် တစ်ဦး ဖြစ်သည်ဟုလည်း ကောလဟာလများ ထွက်ထားသေး၏။

ဒါပေမယ့် သူဘယ်လောက်ပဲ အားကောင်းအားကောင်း ငါတို့ အစီအရင်ထက်တော့ အားမကောင်းနိုင်လောက်ပါဘူး ထိုသို့ စဉ်းစားမိလိုက်သည့်အခါ ကျန်းဟွိုက်အန် အတော်လေး တည်ငြိမ်သွား၏။ ရန်ကိုင်အား အထင်အမြင်သေးသည့် အမူအရာဖြင့် ပြန်၍ စိုက်ကြည့်နေလိုက်လေသည်။

အချိန်ကြာလာသည်နှင့် ရေလှိုင်းပြာအစီအရင်မှ ဖြာထွက်နေသည့် အစီအရင်၏ စွမ်းအားမှ ပို၍ အားကောင်းလာ၏။ အစီအရင်မှ ဖြာထွက်လာသည့် ဖိအားကြောင့် ရှဟူပင်လျှင် ဖြူဖတ်ဖြူလျော် ဖြစ်သွားရသည်။

ရန်ကိုင်ကမူ နည်းနည်းလေးမှ စိတ်ပူဟန်မပြဘဲ အစီအရင်ကိုသာ စိတ်အေးလက်အေး အမူအရာဖြင့် စိုက်ကြည့်နေ၏။

လက်ဖက်ခွက်တစ်ဝက်စာ ကြာပြီးသည့်နောက်တွင် ရေလှိုင်းပြာအစီအရင်၏ စွမ်းအားသည် အထွဋ်အထိပ်သို့ ရောက်ရှိသွားလေသည်။

တဝုန်းဝုန်း ရိုက်ခတ်နေသော လှိုင်းသံများမှာ ပို၍ ကျယ်လောင်လာသည်။ ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော မရေမတွက်နိုင်သည့် သားရဲများနှင့် လက်နက်များကို ကြည့်ရင်း အကုန်လုံး စိတ်မသက်မသာ ဖြစ်လာခဲ့ကြသည်။

လက်ရှိ အစီအရင်၏ စွမ်းအားသည် အထွဋ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ရန်ကိုင်အနေဖြင့် ထွက်ပြေးချင်လျှင်ပင် ပြေးနိုင်တော့မှန်း သိထားသည့်အတွက် ကျန်းဟွိုက်အန်း လုံးဝကို တည်ငြိမ်သွားလေတော့သည်။

သူတို့ဂိုဏ်း၏ အစီအရင်ကို ပင်လယ်ကျောင်းတော်၏ မရေမတွက်နိုင်သော မျိုးဆက်များမှ အဆင့်ဆင့် ပြုပြင်မွမ်းမံခဲ့ခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်ရန်၊ ခင်ဗျားက ဂိုဏ်းတူဦးလေးရှရဲ့ ဧည့်သည်မို့လို့ ခင်ဗျားသာ မတိုက်ဘဲ လက်လျှော့လိုက်မယ်ဆိုရင် ဒီကျောင်းသခင် ခင်ဗျားအသက်ကို ချမ်းသာပေးလို့ရတယ်။ ဘယ်လိုထင်လဲ” ကျန်းဟွိုက်အန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ရန်ကိုင်အား ပြောလိုက်သည်။

“လက်လျှော့ဖို့၊ ဘာလို့ လက်လျှော့ရမှာလဲ” ရန်ကိုင်က ခေါင်းခါရင်း ပြုံးလျက် ပြန်ပြောလိုက်လေသည် “ကျုပ်ဒီကို ရိုးရိုးသားသားနဲ့ လာခဲ့တာ။ ဒါပေမယ့် အခုလိုမျိုး ဆက်ဆံရမယ်လို့ မထင်ထားဘူး။ လူအိုကြီးရှကြောင့်သာ မဟုတ်ရင် ခင်ဗျားရဲ့ ပင်လယ်ကျောင်းတော်ကို တစ်ခါတည်း ရှင်းထုတ်ပစ်လိုက်ပြီ”

“ငါ့ပင်လယ်ကျောင်းတော်ကို ရှင်းထုတ်နိုင်မယ် ထင်တယ်ပေါ့။ မင်းကို ဘယ်သူ အဲ့သတ္တိပေးတာလဲ” ကျန်းဟွိုက်အန်းက ဒေါသတကြီး ပြန်အော်ဟစ်လေသည် “မင်းမှာ အဲ့လို အရည်အချင်း ရှိတယ် ထင်တယ်ပေါ့”

ရန်ကိုင်သည် ကျန်းဟွိုက်အန်းအား အဓိပ္ပါယ်ပါပါ ပြုံးလျက် စိုက်ကြည့်နေပြီးနောက် စကားတစ်ခွန်း ပြောလိုက်၏ “ပျက်စီးလိုက်စမ်း”

သူ့စကားသံ ဆုံးသွားသည်နှင့် အထွဋ်အထိပ်စွမ်းအားသို့ ရောက်နေပြီဖြစ်သော ရေလှိုင်းပြာအစီအရင်ထဲရှိ သားရဲများနှင့် လက်နက်များအားလုံး တဝုန်းဝုန်းနှင့် ပေါက်ကွဲထွက်ကုန်လေ၏။

ကျောက်နက်ကျွန်းအား လွှမ်းခြုံထားသော အကာအရံပင်လျှင် အက်ကြောင်းများနှင့် ပြည့်လာပြီးနောက် တစ်စစီ ပျက်စီသွားလေသည်။ ပင်လယ်ကျောင်းတော်၏ ဂိုဏ်းအစီအရင် တစ်မုဟုတ်ချည်း ပျက်စီးသွားလေပြီ။

ရန်ကိုင် ပြောလိုက်သည့် စကားတစ်ခွန်းသည် တစ်လောကလုံး၏ အမိန့်အာဏာကို သယ်ဆောင်ထားသည့်နှယ်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရှဟူ မှင်သက်နေခဲ့သည်။ စကားပင် မပြောနိုင်တော့။ သူ့ရှေ့ရှိလူသည် ရန်ကိုင်များပင် ဟုတ်လေရဲ့လား မယုံကြည်နိုင်ဟန်ဖြင့်သာ စိုက်ကြည့်နေမိ၏။

တတိယကျောင်းသခင် ချီယွင်ဟိုင်ဆိုလျှင် ပို၍ပင် ထိတ်လန့်နေကာ တုန်တုန်ရီရီပင် ဖြစ်နေခဲ့သည်။

ပင်လယ်ကျောင်းတော်၏ အခြား ပညာရှင်များသည်လည်း မျက်လုံးအပြူး၊ ပါးစပ်အဟောင်းသား ဖြစ်နေကြလေ၏။

“ဘာဖြစ်သွားတာလဲ” ခဏအကြာမှသာ ကျန်းဟွိုက်အန်း ပြန်အသိဝင်လာခဲ့သည်။ အသိဝင်လာသည်နှင့် ချက်ချင်းပဲ ချီယွင်ဟိုင်ဘက်သို့လှည့်၍ အော်မေးလိုက်‌လေသည် “အစီအရင်ကို ထိန်းချုပ်နေတဲ့ တပည့်တွေ ဘာဖြစ်သွားတာလဲ။ ဘာလို့ အစီအရင် ရပ်သွားတာလဲ”

အစီအရင် ရုတ်တရက် ရပ်တန့်သွားခြင်းမှာ အစီအရင်ကို ထိန်းချုပ်နေသည့် တပည့်များ တစ်ခုခု ဖြစ်သွားသည့် အတွက်ကြောင့်ဟု ကျန်းဟွိုက်အန်း ထင်နေခြင်း ဖြစ်သည်။ ရန်ကိုင်ကြောင့် ရပ်သွားသည်ဟုတော့ မထင်ခဲ့။

ချီယွင်ဟိုင်သည် ဆက်သွယ်ရေးမှော်ရတနာကို အလျင်အမြန် ထုတ်ယူ၍ အစီအရင်အား ထိန်းချုပ်နေသည့် တပည့်များကို အကြောင်းအရင်း လှမ်းမေးလေသည်။ ခဏအကြာ၍ ကျန်းဟွိုက်အန်းဘက်သို့ လှည့်၍ ရှင်းပြလိုက်သည် “ပထမ ကျောင်းသခင်၊ တပည့်တွေ ရပ်လိုက်တာ မဟုတ်ဘူးတဲ့။ ဘာလို့မှန်းမသိဘူး။ သူ့ဘာသာ အလိုလို ရပ်သွားတာတဲ့”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ကျန်းဟွိုက်အန်းသည် တုန်ရီနေသည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား ကြောက်လန့်တကြား လှမ်းကြည့်လိုက်သည်။

ရန်ကိုင်က ပြုံးဖြီးလျက် “အချိန်ဖြုန်းမနေနဲ့။ မိုင်တစ်သိန်း ပတ်လည်အတွင်းမှာရှိနေတဲ့ မိုးမြေစွမ်းအင်တွေ အကုန်လုံး ကျုပ်လက်အောက်မှာ ရောက်နေပြီ။ ကျုပ်ခွင့်ပြုချက်သာ မရရင် ခင်ဗျား ဂုဏ်ယူနေရတဲ့ အစီအရင်ကလည်း အမှိုက်သာသာပဲ ဖြစ်နေမှာ”

“မဟုတ်တုတ်ကတွေ” ကျန်းဟွိုက်အန်းက ဒေါသတကြီး ပြန်အော်ပြော၏ “မင်းတန်ခိုးရှင်ဘုရင် ဖြစ်နေရင်တောင် ဒီလောက်အကျယ်ကြီးကို ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒီကျောင်းသခင်ကို အရူးလို့ ထင်နေတာလား”

ရန်ကိုင်ကမူ ရယ်သွမ်းသာသွေးလျက် သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။

ရန်ကိုင်သည် ဖြည်းဖြည်းချင်းသာ လက်မြှောက်နေသော်ငြား သူ့လက် မြောက်တက်လာသည်နှင့် ကျောက်နက်ကျွန်း တစ်ဝိုက်ရှိ ပင်လယ်ရေပြင်ဟာလည်း စတင် ဆူပွက်လာခဲ့ကာ ဧရာမ ရေပူးပေါင်းကြီးများသည် ရေမျက်နှာပြင်ပေါ်သို့ အဆက်မပြတ် ပေါ်ထွက်လာ၏။

ရေနက်ကျွန်းတစ်ဝိုက်တွင် ဧကရာမ ဝဲကတော့ကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ဝုန်း… ဝုန်း… ဝုန်း…

မီတာပေါင်းများစွာ မြင့်မားလှသော ရေထုသည် ဝဲကတော့များအတွက်မှ ပေါက်ကွဲထွက်လာခဲ့လေသည်။ ကမ္ဘာလောကကြီးတစ်ခုလုံး တုန်ခါလာသည့်အလား မြေပြင်သည် စတင် လှုပ်ခါလာခဲ့သည်။

ရေနက်ကျွန်းတစ်ဝိုက်ရှိ ပင်လယ်ရေပြင်သည် ယခင်ထက် အနည်းငယ် နိမ့်ကျသွားခဲ့လေသည်။

ပေါက်ကွဲထွက်လာသော ရေထုကြီးသည် ကောင်းကင်ထက်သို့ ရောက်သည်နှင့် မိုးပြာနဂါးများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ ရေနဂါးများမှာ အလွန်ကိုမှ အသက်ဝင်လှကာ မိုးပြာရောင် ကြေးခွံများကိုလည်း သေသေချာချာ လှမ်းမြင်နေရလေသည်။

မျက်တောင်တစ်ခတ်အတွင်း ကျောက်နက်ကျွန်းတစ်ဝိုက်တွင် ပင်လယ်ရေဖြင့် ဖွဲ့စည်းထားသော ရေနဂါးများ ရာပေါင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။ ထို‌ရေနဂါးများသည် ကျောက်နက်ကျွန်းဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားပြီး ပင်လယ်ကမ်းခြေနှင့် မီတာအနည်းငယ်ခန့် အကွာသို့ ရောက်မှသာ ရပ်တန့်သွားခဲ့သည်။

ချက်ချင်းဆိုသလို ရေနက်ကျွန်းတစ်ခုလုံးအား ရာပေါင်းများစွာ ရေနဂါးများကာ ဝိုင်းရံထားလိုက်ကြသည်။ ထိုရေနဂါးအားလုံးသာ ရုတ်ချည်း ပြေးဝင်လာခဲ့လျှင် ရေနက်ကျွန်းတစ်ခုလုံး ကျိန်းသေ ပျက်စီးသွားရပေလိမ့်မည်။

ထိုအဖြစ်အပျက်အားလုံး၏ လက်သည်ဖြစ်သော ရန်ကိုင်ကမူ သူ့လက်ကိုသာ ဖြည်းဖြည်းချင်း မြှောက်ထား၏။ သူတော်စင်ချီ သို့မဟုတ် အခြားသော စွမ်းအင်တစ်မျိုးမျိုးကို နည်းနည်းလေးမှ သုံးမထားခဲ့ချေ။

ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး အလန့်တကြား ထအော်မိကြသည်။ ရေနဂါများစွာ၏ ရုတ်ချည်း ဝိုင်းထားခြင်း ခံလိုက်ရသည့်အခိုက် ပင်လယ်ကျောင်းတော်၏ တပည့်များ ထိတ်လန့်ချောက်ခြားကုန်ကြ၏။ ဘာတွေ ဖြစ်နေလဲ သူတို့ မသိကြ။ သို့သော်လည်း ကြောက်မက်ဖွယ်ရာ ဖိအားအောက်၌ အကုန်လုံး လဲပြိုကုန်သည့်လူကလဲပြို မြင်မြင်ရာအရပ်သို့ ဝရုန်းသုန်းကား ထွက်ပြေးသူကထွက်ပြေး ဖြစ်ကုန်ကြလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ကျန်းဟွိုက်အန်း တုန်တုန်ရီရီ ဖြစ်နေသည်။ ရန်ကိုင် မည်ကဲ့သို့ ဤသို့ဖြစ်အောင် လုပ်လိုက်လဲ သူမသိ။ ရန်ကိုင်အား မွန်းစတားတစ်ကောင်ကို ကြည့်နေသလိုသာ စိုက်ကြည့်နေလေ၏။

ပင်လယ်ကျောင်းတော်အား အဆုံးမဲ့သမုဒ္ဒရာမှ ဖယ်ရှားပစ်နိုင်သည် ဆိုသော ရန်ကိုင်၏စကားကို မည်သူမှ သံသယမဝင်တော့ချေ။

“မဖြစ်နိုင်ဘူး။ ဒီကျောင်းသခင် မယုံဘူး။ မင်းပုံရိပ်ယောင် ပညာရပ် တစ်ခုခုကို ထုတ်သုံးလိုက်တာပဲ ဖြစ်ရမယ်” ကျန်းဟွိုက်အန်းသည် ယခုထိတိုင် လက်မလျှော့သေးဘဲ ရန်ကိုင်ဘက်သို့လှည့်၍ အော်ပြောလိုက်လေ၏ “ဂိုဏ်းချုပ်ရန်က ပုံရိပ်ယောင်ပညာရပ်တစ်ခုခုကို လေ့ကျင့်ထားတာကိုး။ ဒီကျောင်းသခင်တောင် အရူးလုပ်ခံရခါနီးနီးပဲ”

“တကယ်ကို ခေါင်းမာနေတဲ့ အရူးပဲ” ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ရေနဂါးအားလုံးကို ကျွန်းဟွိုက်အန်းဆီသို့ စေလွှတ်လိုက်လေသည်။

လေထဲတွင် ဝဲနေသော ရေနဂါးများသည် ဆယ်မီတာ အရှည်ရှိသော ရေလှံများအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းဟွိုက်အန်းဆီသို့ တိုးဝင်သွားလေသည်။

ကျန်းဟွိုက်အန်းသည် မာန်သွင်းအော်ဟစ်၍ သူတော်စင်ချီကို အရူးအမူး လှည့်ပတ်ကာ သူ့ရှေ့တည့်တည့်၌ ဒိုင်းတစ်ခုကို ဖန်တီးလိုက်လေသည်။

သို့သော်ငြား သူ့မည်သို့ပင် ကြိုးစားပါစေ၊ ရေလှံများသည် သူဖန်တီးထားသည့် ဒိုင်းအား တစ်မုဟုတ်ချည်း ထိုးဖောက်ကာ သူ့ဆီသို့ ဆက်လက် တိုးဝင်လာခဲ့လေသည်။

ထိုအခါမှပဲ သူမြင်နေရသည့် အရာအားလုံးသည် ပုံရိပ်ယောင် မဟုတ်ဘဲ အစစ်အမှန် ဖြစ်နေမှန်း ကျန်းဟွိုက်အန်း နားလည်သွားတော့သည်။

သို့သော်လည်း သူနားလည်လိုက်သည့် အချိန်သည် အရမ်းကို နောက်ကျနေလွန်းနေခဲ့လေပြီ။

ရေလှံများသည် ကျန်းဟွိုက်အန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့၏။ ကျန်းဟွိုက်အန်း မျက်လုံးအပြူသားဖြင့် နောက်ပြန် လဲကျသွားခဲ့လေသည်။

သို့သော်လည်း ရှဟူ၏ တောင်းဆိုချက်ကြောင့် ရန်ကိုင်သည် ကျန်းဟွိုက်အန်းအား မသတ်ခဲ့ချေ။ သို့ပင်လျှင် ထိုတိုက်ကွက်ကြောင့် ကျန်းဟွိုက်အန်း သေခါနီး ဖြစ်သွား၏။ ချက်ချင်းသာ မကုတ်သလျှင် သူ့ကျင့်ကြံခြင်း လုံးဝကို လျောကျသွားပေလိမ့်မည်။

“စကားတစ်ခွန်းနဲ့ လောကကြီးကို နာခံလာအောင် လုပ်နိုင်တယ်။ အတွေးတစ်ချက်နဲ့ တောင်ကိုပြို၊ ပင်လယ်ရေကို ဆူပွက်အောင် လုပ်နိုင်တယ်… ရန်ကိုင်၊ မင်းအရိပ်ကြယ်ရဲ့ ကြယ်အမြူတေကို သန့်စင်လိုက်တာလား” ရှဟူသည် တုန်ရီနေသည့် လေသံဖြင့် ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်၏။

“ဘယ်လို” ချီယွင်ဟိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ရန်ကိုင်အား မယုံနိုင်ဟန် အထင်သားဖြင့် လှမ်းကြည့်လိုက်လေသည်။

ကြယ်အမြူတေကို သန့်စင်ခြင်းသည် ဒဏ္ဏာရီထဲတွင်သာ ရှိသည့်အရာ ဖြစ်သည်။ ကျင့်ကြံသူတစ်ဦး ကြယ်အမြူတေကို သန့်စင်လိုက်သည်နှင့် ထိုလူသည် ထိုကြယ်၏ ကြယ်သခင် ဖြစ်လာကာ အရာအားလုံးကို သူ့စိတ်ဆန္ဒအတိုင်း ထိန်းချုပ်လာနိုင်ပေလိမ့်မည်။

ထိုမယုံကြည်နိုင်စရာကြီးကို ချီယွင်ဟိုင် လုံးဝ မယုံကြည်ချင်ချေ။ အကြောင်းမှာ ကြယ်အမြူတေကို သန့်စင်ရန် အတွက် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်ဟု ပြောထားသည့် အတွက်ကြောင့် ဖြစ်သည်။

သို့သော် ချွင်းချက်အနေဖြင့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ရောက်နေပြီး ကံကောင်းကာ ကြယ်အမြူတေကို သန့်စင်နိုင်ခဲ့သည့် လူများလည်း ရှိပေသည်။ သို့သော်လည်း တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သည်ပင် အရိပ်ကြယ်မှ ကျင့်ကြံသူများအတွက် အလွန် ဝေးကွာသော အဆင့်တစ်ခု ဖြစ်နေသေးသည်။

ရန်ကိုင်သည် တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးရာ ကြယ်အမြူတေကို သူမည်ကဲ့သို့များ သန့်စင်ခဲ့သနည်း။

သို့သော်ငြား သာမန် တန်ခိုးရှင်ဘုရင်အဆင့်ပင်လျှင် ရန်ကိုင် လုပ်ပြသွားသလို မလုပ်နိုင်ချေ။ ကြယ်သခင်သည်သာ ကျင့်ကြံခြင်း ကြယ်တစ်လုံး၏ နိယာမများကို အမိန့်ပေးခိုင်းစေနိုင်ကာ မိုးမြေစွမ်းအင်ကို စိတ်ရှိသလို ထိန်းချုပ်နိုင်ပေသည်။

“လူအိုကြီးရှက တကယ် အမြင်စူးရှတာပဲ။ ဟုတ်တယ်။ ကျုပ် ကြယ်အမြူတေကို သန့်စင်ထားတာ” ရန်ကိုင်က ပြုံးလျက် အမှန်အတိုင်း ဝန်ခံလိုက်သည်။

ချီယွင်ဟိုင်စိတ်ထဲ မငြီးတွားဘဲ မနေနိုင်အောင် ဖြစ်သွား၏။ ရုတ်တရက် သူ့တစ်ဘဝလုံး နောင်တရနေတော့မည့် အလုပ် တစ်ခုကို လုပ်မိလိုက်သလို ခံစားလိုက်ရလေသည်.

အရိပ်ကြယ်ပေါ်တွင် အရိပ်ကြယ်၏ ကြယ်သခင်ကို တိုက်ခိုက်ရန် ကြိုးစားခြင်းထက် ရူးမိုက်သည့် အလုပ်များ ရှိလေဦးမည်လား။

“ငါထင်တဲ့အတိုင်းပဲ” လူအိုကြီးရှက သက်ပြင်းချလျက် “ရူးမိုက်လိုက်တာ”

ကျန်းဟွိုက်အန်း၏ ရှေရှည်အား မမြင်တတ်မှုကို အပြစ်တင်နေခြင်း ဖြစ်သည်။ အစက ရန်ကိုင်နှင့် သူ့ကြားရှိ ဆက်ဆံရေးမှာ အတော်လေး ကောင်းသည်ဟု ပြော၍ရသည်။ သို့သော် ယခုအဖြစ်အပျက်ပြီးနောက်ပိုင်း ရန်ကိုင်သည် ပင်လယ်ကျောင်းတော်ကို သိပ်ပြီး အမြင်ကြည်တော့လိမ့်မည် မဟုတ်ချေ။ ထိုအချက်သည် ပင်လယ်ကျောင်းတော်၏ တိုးတက်မှုအပေါ် ဆိုးရွားသည့် အကျိုးသက်ရောက်မှုများ ဖြစ်လာစေနိုင်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၂၃)

ကျောက်နက်ကျွန်းပေါ်ရှိ တစ်နေရာရာတွင် ရန်ကိုင် တင်ပလင်ခွေ ထိုင်နေခဲ့သည်။

ခြေသံသဲ့သဲ့ကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ပင်လယ်ကျောင်းတော်၏ တတိယကျောင်းသခင် ဖြစ်သည့် ချီယွင်ဟိုင်သည် ကျင့်ကြံသူတစ်ဖွဲ့နှင့်အတူ ရောက်နေကြောင်း တွေ့လိုက်ရသည်။

ရန်ကိုင် သူ့ဆီ လှမ်းကြည့်လာသည့်အခါ ချီယွင်ဟိုင်သည် အလျင်အမြန် ခေါင်းငုံ့လိုက်လေသည်။

ရန်ကိုင်သည် အရိပ်ကြယ်၏ ကြယ်သခင် ဖြစ်ကြောင်း သိသွားသည့်နောက်တွင် ချီယွင်ဟိုင် နည်းနည်းလေးမှ မမောက်ရဲတော့ချေ။ သူ့ကျင့်ကြံခြင်းသည် ရန်ကိုင်ကဲ့သို့ပင် တန်ခိုးရှင်တတိယအဆင့် ဖြစ်သော်လည်း ကြယ်သခင် ဖြစ်သော ရန်ကိုင်အား ချီယွင်ဟိုင် အယောက်တစ်ထောင် ရှိလျှင်ပင် ပြန်ယှဉ်တိုက်နိုင်လိမ့်မည် မဟုတ်ချေ။

ချက်ချင်းပဲ ချီယွင်ဟိုင်သည် သူ့အမှားများကို ဝန်ချတောင်းပန်တော့လေသည်။

ကျန်းဟွိုက်အန်းသည် ရန်ကိုင်ကြောင့် ဒုက္ခိတ ဖြစ်သွားသည့် အတွက် လတ်တလောတွင် ပင်လယ်ကျောင်းတော်၏ ကျောင်းသခင်ရာထူးသည် လစ်လပ်နေခဲ့သည်။ ထို့ကြောင့် ရှဟူသည် ချီယွင်ဟိုင်၏ ကြောက်တတ်သော စရိုက်ကို အားမလိုအားမရဖြစ်သော်လည်း ပင်လယ်ကျောင်းတော်၏ ရှေ့ရေးအတွက် မျှော်တွေးကာ ချီယွင်ဟိုင်အသက်ကို ချမ်းသာပေးရန် ရန်ကိုင်အား တောင်းဆိုရတော့လေသည်။

“ဂိုဏ်းချုပ်ရန် တောင်းဆိုထားတဲ့ လူတွေနဲ့ ပစ္စည်းတွေကို ကျုပ်ယူလာခဲ့ပါပြီ” ချီယွင်ဟိုင်သည် ရန်ကိုင်နှင့် ငါးမီတာ အကွာတွင်ရပ်၍ လေးလေးစားစားဖြင့် ပြောလိုက်သည်။

ရန်ကိုင်သည် မျက်ခုံးပင့်လျက် ချီယွင်ဟိုင်နောက်တွင် ရပ်နေသော လူငါးဦးကို လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်၍ လက်ဆန့်ကာ “အဲ့ပစ္စည်းတွေပေး”

“ဟုတ်ကဲ့” ချီယွင်ဟိုင်သည် ချက်ချင်းပဲ ရန်ကိုင် လက်ထဲသို့ သိုလှောင်လက်စွပ်တစ်ကွင်း ထည့်ပေးလိုက်လေသည်။

သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်ပြီး သူ့တောင်းဆိုထားသည့် ပစ္စည်းအားလုံး ရှိနေမှန်း တွေ့ရပြီးသည့်နောက် ခေါင်းညိတ်၍ “ခင်ဗျား သွားလို့ရပြီ။ ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းတာ ခုနှစ်ရက်၊ ရှစ်ရက်လောက် ကြာမယ်လို့ လူအိုကြီးရှကို ပြောလိုက်။ ဒီက ကိစ္စကို စိတ်ပူစရာမလိုဘူးလို့၊ ကိုယ့်ဘာသာ ပင်လယ်ကျောင်းတော်ရဲ့ အတွင်းရေး ကိစ္စတွေကိုပဲ ဂရုစိုက်လို့လည်း ပြောလိုက်ဦး”

ကျန်းဟွိုက်အန်း ဒုက္ခိတဖြစ်သွားသဖြင့် ပင်လယ်ကျောင်းတော်အတွင်း ဂယက် ရိုက်နေပေလိမ့်မည်။ ရှဟူသည် ပင်လယ်ကျောင်းတော်၏ အုပ်ချုပ်ရေး ကိစ္စများ၌ ဝင်မပါချင်သော်လည်း လက်ရှိတွင် သူသာ ထိုကဲ့သို့ လုပ်နိုင်သဖြင့် ဝင်မပါချင်လျှင်ပင် ဝင်ပါရတော့သည်။

“အခုလို စဉ်းစားပေးတဲ့အတွက် ဂိုဏ်းချုပ်ရန်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ဂိုဏ်းချုပ်ရန် ပြောတာကို ဂိုဏ်းတူဦးလေးရှဆီ ကျိန်းသေ ပြန်ပြောလိုက်ပါမယ်”

“အင်း”

ချီယွင်ဟိုင်သည် ရန်ကိုင်နားတွင် အချိန်ကြာကြာ မနေရဲသည့်အလား အလျင်အမြန်ပဲ ပြန်ထွက်သွားလေ၏။

သူထွက်သွားပြီးနောက်တွင် ကျန်လူခြောက်ဦးအား ရန်ကိုင် လှမ်းကြည့်လိုက်သည်။ ခြောက်ယောက်အနက်တွင် သုံးယောက်သည် အမျိုးသားများ ဖြစ်ကြပြီး ကျန်သုံးဦးသည် အမျိုးသမီးများ ဖြစ်ကြလေသည်။ ထူးခြားသည်မှာ အသက်ကြီးသည့် လူသည် အတော့်ကို ကြီးနေပြီး အသက်ငယ်သည့် လူများမှာမူ အလွန်ကို ငယ်နေခြင်းပင်၊ ကြည့်ရသလောက် အသက်နှစ်ဆယ်ထက်ပင် ငယ်နေ၏။ ခြောက်ယောက်စလုံးမှာတော့ သိပ်ပြီး သန်မာခြင်း မရှိကြဘဲ အားအကောင်းဆုံးသည် တန်ခိုးရှင်ပထမအဆင့်သို့ ရောက်ထားပြီး အားနည်းဆုံးသည် သူတော်စင်တတိယအဆင့်သို့သာ ရောက်ထား၏။

ထိုခြောက်ဦးကို ကြည့်နေစဉ်အတွင်း ထိုလူခြောက်ဦးသည်လည်း ရန်ကိုင်အား ပြန်ကြည့်နေသည်။

တကယ်တော့ သူတို့ရှေ့တွင် ထိုင်နေသည့် ဤလူငယ်လေးသည် အရိပ်ကြယ်၏ ကြယ်သခင်တစ်ပါး မဟုတ်လေလော။ တစ်နည်းဆိုရသော် ထိုလူငယ်လေးသည် သူတို့ နေထိုင်နေသည့် ကျင့်ကြံရေးကြယ်၏ အရှင်သခင်တစ်ပါး ဖြစ်၏။

သူတို့အား ဤနေရာသို့ ခေါ်မလာစဉ်က ရန်ကိုင်ပေးသည့် အမိန့်များကို တသဝေမတိမ်း လိုက်နာရန် ချီယွင်ဟိုင်မှ သူတို့အား သေချာ သတိပေးထားခဲ့သည်။ ရန်ကိုင်အား ရန်စမိပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဟုလည်း ပြောထား၏။

ခြောက်ယောက်အနက် အသက်အကြီးဆုံးဖြစ်သည့် လူအိုကြီးက လက်သီးဆုပ်၍ “ဂိုဏ်းချုပ်ရန်၊ ကျုပ်တို့ ခြောက်ဦးက ပင်လယ်ကျောင်းတော်မှာ အထူးချွန်ဆုံး အစီအရင် ပညာရှင်တွေပါ”

“ကောင်းပြီ” ရန်ကိုင်က ခေါင်းညိတ်၍ “ဒီကို ခေါ်မလာခင်ကတည်းက ဘာလုပ်ရမလဲဆိုတာ ချီယွင်ဟိုင် ခင်ဗျားတို့ကို ပြောပြထားပြီးသားမလား”

“ဂိုဏ်းချုပ်ရန်ကို ဟင်းလင်ပြင်အစီအရင် ကူညီ ခင်းကျင်းပေးဖို့ တတိယကျောင်းသခင်က ကျုပ်တို့ကို ပြောထားပါတယ်” လူအိုကြီဂက ပြန်ပြောလိုက်သည်။

“အင်း ခင်ဗျားတို့ နားလည်ထားမှတော့ ကျုပ်ဘာမှ ထပ်ပြောမနေတော့ဘူး။ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို ခင်ဗျားတို့ ပင်လယ်ကျောင်းတော်က အကုန် ပေးထားပြီးသွားပြီ။ အဲ့ပစ္စည်းတွေကို သန့်စင်ပြီး အစီအရင် ခင်းကျင်းဖို့ပဲ လိုတော့တာ။ အဲ့လောက်တော့ ခင်ဗျားတို့ လုပ်တတ်တယ်မလား”

ရန်ကိုင်သည် အထက်စီးဆန်ပြီး ကြီးနိုင်ငယ်ညင်း လုပ်တတ်သည့် လူတစ်ဦးမဟုတ်မှန်း သိလိုက်ရသည့်နောက် လူအိုကြီး စိတ်သက်သာရာ ရသွားခဲ့လေသည်။ ထို့ကြောင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “သန့်စင်တဲ့ နည်းလမ်းသာ ရှိမယ်ဆိုရင် ကျိန်းသေ ဂိုဏ်းချုပ်ရန် စိတ်မပျက်စေရပါဘူး”

“ကောင်းတယ်” ရန်ကိုင်က ပြုံးလိုက်ပြီး ထိုခြောက်ယောက်ကို သူ့နားခေါ်ကာ မည်သို့သော ပစ္စည်းများကို မည်ကဲ့သို့ သန့်စင်ရမည်၊ မည်ကဲ့သို့ ပုံသွင်းရမည်ကို သေချာ ရှင်းပြတော့လေသည်။

ထိုခြောက်ယောက်သည် အစီအရင်ပိုင်းတွင် အနည်းဆုံး ရန်ကိုင်ထက် ပိုကျွမ်းကျင်ကြပေသည်။ ခဏမျှ ရှင်းပြပြီးနောက် ဘာလုပ်ရမည်လဲ ဆိုသည်ကို သူတို့အားလုံး နားလည်သွားကြ၏။

ထို့နောက်တွင် ရန်ကိုင်သည် ပင်လယ်ကျောင်းတော်မှ ပြင်ဆင်ပေးထားသော ပစ္စည်းများကို တစ်ခုချင်း ထုတ်ယူ၍ အမျိုးအစား ခွဲလိုက်၏။ ပြီးနောက်တွင် ချီယွင်ဟိုင် ခေါ်လာသည့် ခြောက်ယောက်ကို စတင် သန့်စင်ခိုင်းလေသည်။

ရန်ကိုင်သည် အဓိက အလုပ်အများစုကို သူကိုယ်တိုင်သာ လုပ်သွား၏။ ထိုလူခြောက်ဦးကို ခေါ်လာခိုင်းခြင်းမှာ အခြားသော အသေးစား ကိစ္စများကို လုပ်ခိုင်းရန်အတွက်သာ ဖြစ်လေသည်။

ထိုခြောက်ယောက် ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းသည့် နည်းလမ်းအား သိသွားမည်ကို ရန်ကိုင် စိတ်မပူပေ။ ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းသည့် အခြေခံ အစီအရင်သည် သူ့လက်ထဲတွင်သာ ရှိသည်။ ထိုအစီအရင်ကိုသာ မသိလျှင် ဟင်းလင်းပြင်အစီအရင်ကို မည်သို့မှ ခင်းကျင်းနိုင်လိမ့်မည် မဟုတ်ချေ။

ငါးရက်ကြာပြီးနောက်တွင် ဆယ်မီတာ အချင်းဝက်ရှိသော ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းပြီးသွားခဲ့၏။

သူတို့ ခင်းကျင်းထားသည့် အစီအရင်သည် အဓိက မြို့ကြီးများတွင်ရှိသော ဟင်းလင်းပြင် အစီအရင်များနှင့် အနည်းငယ် ကွဲပြား၏။ ဤအစီအရင်သည် အခြားသော ဟင်းလင်းပြင် အစီအရင်များနှင့် ယှဉ်လျှင် ပို၍ ရိုးရှင်းပေသည်။

ရန်ကိုင် ခင်းကျင်းထားသည့် ဟင်းလင်းပြင် အစီအရင်သည် မိုင်သန်းပေါင်းများစွာကို သွားလာနိုင်ပြီး တစ်ကြိမ်လျှင် လူငါးဆယ် တစ်ပြိုင်တည်း သွားနိုင်ပေသည်။

အခြေခံတည်ဆောက်ပုံကို ခင်းကျင်းပြီးသွားပြီ ဖြစ်သဖြင့် တကယ့် အစီအရင်ကို သူကိုယ်တိုင် ထိုးထွင်းရန်သာ ကျန်တော့၏။ ပင်လယ်ကျောင်းတော်မှ ခြောက်ယောက်သည် ချက်ချင်း ထွက်မသွားသေးဘဲ ရန်ကိုင် ခင်းကျင်းနေသည်ကိုသာ ငြိမ်သက်စွာ ရပ်ကြည့်နေကြသည်။

ကံမကောင်းစွာဖြင့် သူတို့ မည်သို့ပင် ကြည့်နေပါစေ အကျိုးရှိသည့် မည်သည့် သတင်းအချက်ကိုမှ မရခဲ့ပေ။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် အစီအရင်ထဲ ခေါက်တုံ့ခေါက်ပြန် သွားလာနေရင်း ဆန်းကြယ်ရှုပ်ထွေးသော အင်းကွက်များကို ရေးထွင်းနေခဲ့သည်။

တေဇောဓါတ်အသိစိတ်ပင်လယ်ကြောင့် ပစ္စည်းများပေါ်တွင် အင်းကွက်များ ရေးထွင်းဖို့ရာ ရန်ကိုင်အတွက် အတော်လေး လွယ်ကူနေ၏။

ဤသို့ဖြင့် နာရီဝက်ခန့်အကြာတွင် အစီအရင် ထိုးထွင်းသည့် ဖြစ်စဉ်တစ်ခုလုံး ပြီးဆုံးသွားခဲ့လေသည်။

“ပြီးသွားပြီလား” လူအိုကြီးက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည်။

“ပြီးသွားပြီ။ သူတော်စင်သလင်းကျောက် ထည့်လိုက်တာနဲ့ စသုံးလို့ရပြီ” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။

ခြောက်ယောက်စလုံး ရန်ကိုင်အား အံ့ဩတကြီးကြည့်ရင်း သက်ပြင်းရှိုက်လိုက်ကြသည်။

အရိပ်ကြယ်ပေါ်တွင် ဟင်းလင်းပြင် အစီအရင်များအား ခင်းကျင်းသည့်နည်းလမ်း ပျောက်ဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့လေပြီ။ ထို့ကြောင့် ယနေ့ထိတိုင် ရန်ကိုင်မှအပ မည်သူမှ ဟင်းလင်းပြင် အစီအရင်များကို ခင်းကျင်းနိုင်ခဲ့ခြင်း မရှိကြဘဲ အများဆုံး ပြန်ပြင်ရုံလောက်သာ တတ်နိုင်ကြ၏။

သို့သော်လည်း ရှေးခေတ်အချိန်များတွင်ပင် ဟင်းလင်းပြင် အစီအရင်တစ်ခုအား ဤမျှ မြန်မြန် ခင်းကျင်းနိုင်သည့် လူရှိသည့် အကြောင်း တစ်ခါမှ မကြားဖူးခဲ့ပေ။

သမိုင်းမှတ်တမ်းများထဲ၌ ပြောထားသည်မှာ ဟင်းလင်းပြင် အစီအရင်တစ်ခုအား ခင်းကျင်းရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်သည်ဟု ပြောထားသည်။ နှစ်အနည်းငယ်အတွင်း ပြီးစီးအောင် ခင်းကျင်နိုင်သည်ဆိုပါက အတော်လေး မြန်သည်ဟု ပြော၍ရသည်။ သို့သော်လည်း ယနေ့တွင် သူတို့သည် ဟင်းလင်းပြင်အစီအရင်တစ်ခုကို ငါးရက်တည်းနှင့် ပြီးစီးအောင် ခင်းကျင်သွားနိုင်ခဲ့သည်။

ပညာရှင်ခြောက်ယောက် မယုံကြည်နိုင်ဟန်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့စိတ်ထဲ အနည်းငယ်လည်း ဂုဏ်ယူမိနေလေ၏။ တကယ်တော့ ဤဟင်းလင်းပြင် အစီအရင်ကို ခင်းကျင်းခဲ့သူများထဲတွင် သူတို့လည်းပါသည် မဟုတ်လေလော။

“ဂိုဏ်းချုပ်ရန်၊ ဒီလူအိုကြီး စမ်းကြည့်လို့ရမလား” လူအိုကြီးက စိတ်လှုပ်ရှားစွာ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မေးလိုက်လေသည်။

ဟင်းလင်းပြင်အစီအရင်အား ပထမဆုံး စမ်းကြည့်ခြင်းဖြင့် မည်သည့်အကျိုးအမြတ်မှ မရနိုင်သော်လည်း ဤသည်မှာ သူ့အတွက် အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။

“ခဏနေဦး” ရန်ကိုင်သည် ရယ်သွမ်းသွေး၍ သိုလှောင်လက်စွပ်ထဲမှ ထူးဆန်းသော ပစ္စည်းအချို့ကို ထုတ်ယူကာ စတင် အရည်ဖျော်တော့သည်။

ရန်ကိုင်၏ သူတော်စင်ချီအောက်တွင် ပစ္စည်းများထဲရှိ အညစ်အကြေးများမှာ လျင်မြန်စွာ ဖယ်ရှားခံလိုက်ရပြီး တိုကင်ပြား တစ်ပြားအဖြစ်သို့ တဖြည်းဖြည်း ပုံစံဝင်သွားခဲ့သည်။

တိုကင်းပြားတွင် သာမန်တိုကင်ပြားတစ်ပြားနှင့် ဘာမှ မထူးခြားချေ။ ထူးခြားသည့်အချက်ဆို၍ တိုကင်ပြားပေါ်တွင် ရေးထိုးထားသော “စကြာဝဠာ” ဟူသည့် စလုံးသာ ဖြစ်သည်။

ရန်ကိုင်သည် ထိုကဲ့သို့သော တံဆိပ်ပြားခြောက်ခုကို ဖန်တီးခဲ့ပြီး အစီအရင်ပညာရှင် ခြောက်ယောက်အား တစ်ဦးလျှင် တစ်ပြားစီ ဝေပေးလိုက်လေသည်။

ခြောက်ယောက်သည် တံဆိပ်ပြားအား သေချာ စစ်ဆေးကြည့်လေသည်။

လူအိုကြီးသည် တစ်ခုခုအား တွေးမိသွားသည့်အလား စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် “ဂိုဏ်းချုပ်ရန်၊ ဒါက…”

ရန်ကိုင်သည် သူတို့အား အဖိုးတန်သည့်အရာ တစ်ခုခု ပေးလိုက်သည်ဟု လူအိုကြီး အထင်လွဲနေခြင်း ဖြစ်သည်။

“ဒါတွေက ဖြတ်သန်းရေး တံဆိပ်ပြားတွေ။ ဒီတံဆိပ်ပြားတွေ မရှိဘဲ အစီအရင်ကို သွားသုံးတယ် တစ်ခါတည်း ဟင်းလင်းပြင်ထဲ ရောက်ပြီး ဘယ်တော့မှ ပြန်မလာနိုင် ဖြစ်သွားလိမ့်မယ်” ရန်ကိုင်က ရှင်းပြလိုက်လေသည်။

ထိုစကားကို ကြားလိုက်သည့်အခိုက် ခြောက်ယောက်စလုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ယခုမှပဲ ထိုတံဆိပ်ပြား ခြောက်ခုအား ရန်ကိုင်ဘာကြောင့် ဖန်တီးခဲ့မှန်း နားလည်တော့သည်။

လူအိုကြီးက ချက်ချင်းပဲ လက်သီးဆုပ်၍ “ဂိုဏ်းချုပ်ရန်က တကယ်ကို အသေးစိတ်တာပဲ။ ဒီလူအိုကြီး တကယ်ကို အထင်ကြီးသွားပြီ။ ဒီတံဆိပ်ပြားတွေနဲ့သာဆိုရင် အခြား ကျင့်ကြံသူတွေ ဒီဟင်းလင်းပြင်အစီအရင်ကို သုံးပြီး ကျုပ်တို့ အင်အားစုတွေထဲ ကျူးကျော်လာမယ့် အန္တရာယ်ကို ဖယ်ရှားလို့ရသွားပြီ”

ယခုမှပဲ ရန်ကိုင် ထိုတံဆိပ်ပြားများအား သန့်စင်ခဲ့ရသည့် အကြောင်းအရင်းကို ကျန်ငါးယောက် နားလည်သွားတော့သည်။

ဟင်းလင်းပြင်အစီအရင်များသည် သွားလာရေးအတွက် အဆင်ပြေသော်လည်း ရန်သူများသည် ဟင်းလင်းပြင်အစီအရင်ကို ထိန်းချုပ်သွားနိုင်ခဲ့ပါက သူတို့၏ ဠာနချုပ်ထဲသို့ တိုက်ရိုက် ကျူးကျော်လာနိုင်ပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင် သန့်စင်ခဲ့သည့် ဖြတ်သန်းရေး တံဆိပ်ပြားသည် ထိုပြဿနာကို အလွယ်တကူ ဖြေရှင်းသွား၏။

ဖြတ်သန်းရေးတံဆိပ်ပြားမရှိဘဲ ဤဟင်းလင်းပြင်အစီအရင်ကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် ပြုံးသာပြုံးလိုက်ပြီး ဘာမှ ထပ်ပြောမနေခဲ့ပေ။ သူ့လက်ကိုဝှေ့ရမ်းလျက် ထိုခြောက်ယောက်အား သူတော်စင်ချီဖြင့် လွှမ်းခြုံကာ ဟင်းလင်းပြင်အစီအရင်ပေါ်တွင်ရပ်လျက် ပြောလိုက်သည် “ဒီအစီအရင်ကို သုံးလို့ရမရ စမ်းကြည့်တာပေါ့”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၂၄)

ပင်လယ်နတ်ဘုရားနန်းတော်၏ အစီအရင်ပညာရှင် ခြောက်ဦး ဘာမှပြန်မပြောရသေးခင်မှာပင် ရန်ကိုင်သည် အစီအရင်ကို အသက်သွင်းလိုက်လေသည်။

ချက်ချင်းပဲ ဟင်းလင်းပြင်အစီအရင် စတင် အသက်ဝင်လာခဲ့သည်။ အစီအရင်ပညာရှင် ခြောက်ယောက်စလုံး အလေးချိန်မရှိသည့် ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရ၏။ ခြောက်ယောက်စလုံး မတုန့်ပြန်နိုင်သေးခင်မှာပင် သူတို့ရှေ့ရှိ မြင်ကွင်းအားလုံး ပြောင်းလဲသွားခဲ့သည်။

လှည့်ပတ်ကြည့်ခိုက်သည့်အခိုက် မီးကျွမ်းထားသော မြေပြင်နှင့် မီးဓါတ်စွမ်းအင်တို့ဖြင့် ပြည့်နေသော ပတ်ဝန်းကျင်ကို တွေ့လိုက်ရသည်။

ဤနေရာသည် သူတို့ နေထိုင်သည့် အဆုံးမဲ့သမုဒ္ဒရာနှင့် လုံးဝ မတူချေ။

ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူတို့ ခြေထောက်အောက်၌ ပင်လယ်ကျောင်းတော်တွင် ခင်းကျင်းခဲ့သည့် ဟင်းလင်းပြင် အစီအရင်နှင့် ဆင်တူသော အစီအရင်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရ၏။ ဘေးပတ်ဝန်းကျင်တွင်မူ နန်းတော်ထဲ ဝင်ချေထွက်ချေဖြင့် အလုပ်ရှုပ်နေသော ကျင့်ကြံသူများစွာ ရှိနေခဲ့သည်။

ထိုကျင့်ကြံသူအားလုံးသည် သူတို့ရင်ဘတ်တွင် စကြာဝဠာ ဟူသော တံဆိပ်အား ထိုးထွင်းထားသည့် ဆင်တူဝတ်ရုံကို ဝတ်ဆင်ထားကြပေသည်။

အထက်စကြာဝဠာဂိုဏ်းရဲ့ တပည့်တွေပါလား ခြောက်ယောက်စလုံး သူတို့ အထက်စကြာဝဠာဂိုဏ်းသို့ ရောက်လာပြီးမှန်း နားလည်လိုက်ကြသည်။

ဟင်းလင်းပြင်အစီအရင် ရုတ်တရက် အသက်ဝင်လာသည့် အတွက် တပည့်များ နိုးနိုးကြားကြား ဖြစ်သွားပြီး လာစစ်ဆေးကြ၏။ ရန်ကိုင် ဖြစ်နေမှန်း သိလိုက်သည့်နောက် ချက်ချင်းပဲ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ကြလေသည်။

ရန်ကိုင်က လက်ဝှေ့ရမ်း၍ “ငါဒီဟင်းလင်းပြင်အစီအရင်ကို စမ်းကြည့်နေတာ။ မင်းတို့လုပ်စရာရှိတာ ဆက်လုပ်နှင့်ကြ”

“ဟုတ်ကဲ့” တပည့်များလည်း လုပ်စရာရှိသည်များကို ပြန်လုပ်ကြရန် အသီးသီး ပြန်ထွက်သွားကြလေသည်။

ရန်ကိုင်သည် ဤဟင်းလင်းပြင်အစီအရင်အား ရန်သူများ သဲမီးတောက်နယ်မြေထဲသို့ တိုက်ရိုက်ဝင်လာနိုင်မည်ကို စိုးရိမ်သည့်အတွက် သဲမီးတောက်နယ်မြေ၏ အပြင်ဘက်တွင် တည်ဆောက်ထားခဲ့သည်။

ဤဟင်းလင်းပြင်အစီအရင်သည် အထက်စကြာဝလာဂိုဏ်းနှင့် အပြင်လောကကြီးကို ဆက်သွယ်ပေးထားသည့်အရာ ဖြစ်သည့်အတွက်ကြောင့် အထက်စကြာဝဠာဂိုဏ်းအတွက် အတော်လေးကို အရေးပါသည်ဟု ပြော၍ရသည်။

အထက်စကြာဝဠာဂိုဏ်းမှ အခြားသော မြို့ကြီးများဆီသို့ ချက်ချင်း သွားလာနိုင်စေရန်အတွက် ရန်ကိုင်သည် အရိပ်ကြယ်ရှိ အဓိကမြို့ကြီးများတွင် ဟင်းလင်းပြင်အစီအရင်များ သွားခင်းကျင်းရန်ပင် စဉ်းစားထားသည်။

ဤအရာသည် အထက်စကြာဝဠာဂိုဏ်း၏ အနာဂတ် တိုးတက်ရေးအတွက် အဓိကအချက် ဖြစ်ပေသည်။

“ဂိုဏ်းချုပ်” အထက်စကြာဝဠာဂိုဏ်းသား တစ်ဦးသည် ချက်ချင်း ထွက်မသွားသေးဘဲ ရန်ကိုင်ရှေ့တွင် လေးလေးစားစား လက်သီးဆုပ်လျက် ရပ်နေခဲ့သည်။

“ဘာကိစ္စရှိလို့လဲ”

“ဂိုဏ်းချုပ်ပြန်လာလို့ရှိရင် လွန်ခဲ့တဲ့ တစ်လတုန်းက အရိပ်လခန်းမက အကြီးအကဲချင်းက ဂိုဏ်းချုပ်နဲ့ ဆွေးနွေးစရာ ရှိလို့ အရိပ်လခန်းမကို လာခဲ့ဖို့ အကြောင်းကြားတယ်လို့ အကြီးအကဲချုပ်က ပြောခိုင်းထားလို့ပါ”

“ငါသိပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်၏။

ပြောပြီးနောက်တွင် ထိုတပည့်သည် အခြားတပည့်များ အတိုင်း လုပ်စရာရှိသည့် ကိစ္စများကို သွားပြန်လုပ်လေသည်။

ချင်းတုန် သူ့အား ဘာကြောင့်ရှာနေလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း အရေးကြီးသည့် ကိစ္စအတွက် မဟုတ်သည်မှာ သေချာပေသည်။ မဟုတ်လျှင် အကြောင်းကြားမည့်အစား သူ့အား လူကိုယ်တိုင် လာရှာပေလိမ့်မည်။ ထို့အပြင် လက်ရှိ ချင်းတုန်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက် အရိပ်ကြယ်ပေါ်တွင် သူ့အား ခြိမ်းခြောက်နိုင်သည့်အရာဆို၍ များများစားစား မရှိတော့ချေ။

အရေးသိပ်မကြီးသည့်အတွက် လက်ရှိ ကိစ္စများပြီးမှသာ အရိပ်လခန်းမဆီသွားပြီး ချင်းတုန်နှင့် သွားတွေ့ရန် ဆုံးဖြတ်လိုက်၏။

ဟင်းလင်းပြင်အစီအရင်ကို စမ်းသပ်ပြီးနောက် ရန်ကိုင်သည် အစီအရင်ပညာရှင် ခြောက်ဦးနှင့်အတူ ကျောက်နက်ကျွန်းဆီသို့ ပြန်လာခဲ့လေသည်။

အစီအရင်ပညာရှင် ခြောက်ဦးမှာတော့ သိပ်ပြီး မကျေနပ်သေးသည့်ပုံပင်။

လူအိုကြီးသည် ရန်ကိုင်အား လေးစားတကြီးဖြင့် ကြည့်၍ “ဂိုဏ်းချုပ်ရန်၊ ဒီလူအိုကြီး အသက်ရှင်လာတဲ့ ကာလပတ်လုံး ဟင်းလင်းပြင်အစီအရင်တွေ အများကြီး သုံးခဲ့ဖူးတယ်။ သုံးခဲ့ဖူးတဲ့ ဟင်းလင်းပြင်အစီအရင်တွေ အကုန်လုံး အဝေးကြီးသွားရလေ ဘေးထွက်ဆိုးကျိုး ပိုခံရလေချည်းပဲ။ ဒါပေမယ့် ဂိုဏ်းချုပ်ရန် ခင်းကျင်းထားတဲ့ ဟင်းလင်းပြင်အစီအရင်ကျတော့ ဒီလောက် အဝေးကြီး သွားရတာတောင် မူးဝေတာလောက်ပဲ ခံစားရတယ်။ ဒီလူအိုကြီး ဂိုဏ်းချုပ်ရဲ့ ပါရမီကို တကယ် လေးစားမိသွားပြီ”

အခြားငါးယောက်သည်လည်း ထောက်ခံသဘောတူဟန်ဖြင့် ပြိုင်တူ ခေါင်းညိတ်လိုက်ကြ၏။

ဟင်းလင်းပြင်အစီအရင်မှာ သွားလာရေးအား လွယ်ကူစေသည့် ပစ္စည်းများ ဖြစ်ကြသော်ငြား အလွန်ဝေးကွာသော နေရာများသို့ သွားခြင်းသည် ခန္ဓာကိုယ်ကို အလွန်ကိုမှ ဝန်ပိစေပေသည်။ ရုပ်ခန္ဓာကိုယ်သာ ဝန်ပိစေခြင်း မဟုတ်ဘဲ စိတ်ဝိဥာဉ်ကိုပါ ဝန်ပိစေခြင်း ဖြစ်သည်။

ထို့ကြောင့် အားနည်းသည့် ကျင့်ကြံသူများသည် ဟင်းလင်းပြင်အစီအရင်များသုံး၍ ခရီးအဝေးကြီး မသွားရဲကြပေ။ ကံအလွန်ဆိုးလျှင် ဟင်းလင်းပြင်အစီအရင်ဖြင့် ခရီးဝေးသွားခြင်းသည် ကျင့်ကြံသူတစ်ဦး၏ အသိစိတ်ပင်လယ်ကိုပင် ပျက်စီးသွားစေနိုင်ပေသည်။ ခရီးတို ဟင်းလင်းပြင်အစီအရင်များကိုပင်လျှင် မကြာခဏ အသုံးပြုရန် မသင့်တော်ချေ။

အစီအရင်ပညာရှင် ခြောက်ဦးစလုံးသည် ဟင်းလင်းပြင် အစီအရင်များကို တစ်ကြိမ်မက သုံးဖူးကြသူများ ဖြစ်သဖြင့် ထိုအကြောင်းကို ကောင်းကောင်း နားလည်ထားကြသည်။

သို့သော်လည်း ရန်ကိုင် ခင်းကျင်းလိုက်သည့် ခရီးဝေးသွား ဟင်းလင်းပြင်အစီအရင်သည် မည်သည့် ဘေးထွက်ဆိုးကျိုးကိုမှ မဖြစ်စေဘဲ မူးဝေးခြင်းလောက်ကိုသာ ဖြစ်စေ၏။ တစ်နည်းဆိုရသော် ရန်ကိုင် ခင်းကျင်းထားသည့် ဟင်းလင်းပြင် အစီအရင်သည် ရှေးခေတ်အချိန်အခါများမှ ကျန်ခဲ့သည့် ဟင်းလင်းပြင် အစီအရင်များထက် အများကြီး သာသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

ထို့ကြောင့် အစီအရင်ပညာရှင် ခြောက်ဦးစလုံး ရန်ကိုင်အား ယခင်ကထက်ပင် ပို၍ လေးစားသွားကြလေသည်။

ရန်ကိုင်ကမူ ပြုံးလျက်သာ ပြန်ပြောလိုက်၏ “ဒါက ဘာမှ သိပ်မဟုတ်ပါဘူး။ ခင်ဗျားတို့လက်ထဲက ဖြတ်သန်းရေး တံဆိပ်ပြားတွေကို လူအိုကြီးရှကို ပေးလိုက်ဦးနော်။ အခု ပင်လယ်ကျောင်းတော်က ကိစ္စက ပြီးသွားပြီဆို ကျုပ်လည်း သွားတော့မယ်။ ကုန်သွယ်မယ့် ကိစ္စကိုတော့ လူအိုကြီးရှကိုပဲ အထက်စကြာဝဂိုဏ်းဆီသို့ တစ်ယောက်ယောက် လွှတ်ပြီး အကြီးအကဲချုပ်နဲ့ ဆွေးနွေးလိုက်လို့”

“ဂိုဏ်းချုပ်ရန် သွားတော့မလို့လား။ နည်းနည်းလောက်တောင် ဆက်မနေတော့ဘူးလား” လူအိုကြီးက ရန်ကိုင်အား ခဏလောက် ထပ်ခေါ်ထားရန် ကြိုးစားလိုက်၏။

“မနေတော့ဘူး။ ကျုပ် ပင်လယ်နတ်ဘုရားနန်းတော်ဆီ သွားရဦးမယ်” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး အစီအရင် ပညာရှင် ခြောက်ဦးရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်နှင့် အစီအရင်များအကြောင်း ထပ်ဆွေးနွေးခွင့် မရသည့်အတွက် အစီအရင်ပညာရှင် ခြောက်စလုံး နောင်တရမိသွားကြသည်။ သို့သော်လည်း ထိုကိစ္စအပေါ် ထိုင်တွေးပြီး ဝမ်းနည်းမနေဘဲ ကျောက်နက်ကျွန်းအလယ်သို့ ချက်ချင်းပြန်ကာ ရန်ကိုင် ပေးသွားသည့် ဖြတ်သန်းရေး တံဆိပ်ပြားများကို ရှဟူဆီ သွားပေးကြလေသည်။

ပင်လယ်နတ်ဘုရားနန်းတော်သည် ပင်လယ်မျိုးနွယ်စုဝင်များ သီးသန့်ဖြင့်သာ ဖွဲ့စည်းထားသော ပင်လယ်ကျောင်းတော်နှင့် ယှဉ်ပြိုင်နိုင်သည့် အဆုံးမဲ့သမုဒ္ဒရာ၏ အင်အားစုတစ်ခု ဖြစ်၏။

တကယ့်တကယ်တွင် ပင်လယ်နတ်ဘုရားကလန် ပိုင်ဆိုင်ထားသည့် ပညာရှင်အရေအတွက်သည် ပင်လယ်ကျောင်းတော်ထက် ပိုများပေသည်။

အင်အားစုနှစ်ခုကြား အချင်းများသည့် ကိစ္စများ ရှိကြသော်ငြား အင်အားစုနှစ်ခုစလုံးသည် တိုက်ပွဲကြီး မဆင်နွဲချင်သည့်အတွက် တကယ့်တိုက်ပွဲ တစ်ခါမှ မဖြစ်ပွားခဲ့ချေ။

ပင်လယ်နတ်ဘုရားနန်းတော်၏ ဠာနချုပ်သည် ပင်လယ်ရေအောက်ထဲရှိ တစ်နေရာရာတွင် တည်ရှိကာ အားကောင်းသော အစီအရင်များ၊ လှပသော ရေအောက် နန်းတော်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားလေသည်။

အခြားသူများအတွက် ပင်လယ်နတ်ဘုရားနန်းတော်၏ ဠာနချုပ်ကို ရှာရန်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်နှင့် တူပေသည်။ ပင်လယ်ကျောင်းတော်ပင် ပင်လယ်နတ်ဘုရား နန်းတော်၏ ဠာနချုပ် မည်သည့်နေရာတွင် ရှိသလဲ မသိချေ။

သို့သော်လည်း ရန်ကိုင်အတွက်တော့ ထိုကိစ္စသည် ရိုးရှင်းသည့် ကိစ္စတစ်ခုသာ ဖြစ်ပေသည်။

ကျောက်နက်ကျွန်းမှ ထွက်လာပြီးနောက် တစ်ရက်အတွင်း ပင်လယ်နတ်ဘုရားနန်းတော်၏ ဠာနချုပ်ရှေ့သို့ ရန်ကိုင် ရောက်လာခဲ့လေသည်။

ဤနေရာတွင်တော့ မည်သည့် ပြဿာနှင့်မှ မကြုံခဲ့ရပေ။ ပင်လယ်နတ်ဘုရားကလန်သည် လူသားမျိုးနွယ်စုဝင်များကို အထင်သေးသော်ငြား အားကောင်းသော ကျင့်ကြံသူများကိုတော့ လေးစားပေ၏။

ရန်ကိုင်သည် သူတို့ လေးစားထိုက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

ထို့အပြင် ပင်လယ်ကလန်၏ မင်းသမီးလေးဖြစ်သော လင်းပိုင်လေးသည်လည်း ရန်ကိုင်အပေါ် အလွန်ကိုမှ ရင်းနှီးနေသေး၏။

ချန်မို၊ ရှန်းအောင်နှင့် အခြားသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည်လည်း ရန်ကိုင်အပေါ် အသက်ကြွေး တင်ထားသေးလေသည်။

ထို့ကြောင့် ပင်လယ်ကလန်နှင့် ဆက်ဆံရေးတစ်ခု တည်ထောင်ရသည်မှာ ပင်လယ်ကျောင်းတော်တုန်းကထက် ပိုလွယ်ပေသည်။

ပင်လယ်ကလန်သို့ ရောက်သည်နှင့် ရန်ကိုင်သည် ပင်လယ်ကလန်၏ ဘုရင်ဖြစ်သော၊ လင်းပိုင်လေး၏ အဖေ ဖြစ်သည့် လင်ပိုင်ရေနဂါးကလန်၏ ခေါင်းဆောင် ဖြစ်သော လဲ့ခုန်နှင့် ချက်ချင်း တွေ့ခွင့်ရလိုက်သည်။ နည်းနည်းပါးပါး လက်ရည်ဖလှယ်ကြည့်ပြီးနောက် ရန်ကိုင်၏ ခွန်အားကို လဲ့ခုန် နားလည်သွားခဲ့သည်။ ထို့နောက် ရန်ကိုင် ပြောသည့် ကမ်းလှမ်းချက်ကို အလျင်အမြန်ပဲ သဘောတူလိုက်၏။

ပင်လယ်ကျောင်းတော်တွင်ကဲ့သို့ပင်၊ ရန်ကိုင်သည် သူ့အား လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးရန် တောင်းဆိုလိုက်၏။ ထို့နောက် ရက်အနည်းငယ်အတွင်း ဟင်းလင်းပြင်အစီအရင် တစ်ခုကို တည်ဆောက်ပြီး ဖြတ်သန်းရေး တံဆိပ်ပြားများကို ဖန်တီးပေးလိုက်၏။

ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်ထဲ၌ ဟင်းလင်းပြင်အစီအရင်များ တည်ဆောက်ပြီးသွားပြီ ဖြစ်သဖြင့် လက်ရှိတွင် ရန်ကိုင်သည် ဆန္ဒရှိသည့်အချိန်တိုင်း ပင်လယ် အရင်းအမြစ်များစွာကို ရယူနိုင်လေပြီ။

ကုန်သွယ်ရေး အရင်းအမြစ်ကြီး ရှိနေသဖြင့် နောက်ပိုင်းတွင် အထက်စကြာဝဠာဂိုဏ်းသားများ အနေဖြင့် ကျင့်ကြံရေးအတွက် အရင်းအမြစ်များ အလုံအလောက် မရှိမည်ကို ဘယ်တော့မှ စိုးရိမ်စရာ လိုတော့လိမ့်မည် မဟုတ်ချေ။ ဤသည်မှာ အရိပ်ကြယ်ပေါ်ရှိ အခြားသော မည်သည့် ဂိုဏ်းကမှ ပိုင်ဆိုင်ထားခြင်း မရှိသည့် အားသားချက် တစ်ခု ဖြစ်ပေသည်။

ရန်ကိုင်သည် ပင်လယ်နတ်ဘုရားကလန်တွင် ကြာကြာနေရန် မစဉ်းစားထားသည့်အတွက် ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းပြီးသည်နှင့် လဲ့ခုန်ကို နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။

သို့သော်လည်း သူမသွားရသေးခင်မှာပင် လင်းပိုင်လေးသည် ဓါတ်လုံးလေးတစ်လုံးကို ကိုက်လျက် သူ့ဆီသို့ ကူးခတ်လာပြီး သူ့အား လာပေး၏။

ထိုဓါတ်လုံးသည် လက်သီးဆုပ်အရွယ်ရှိပြီး ပင်လယ်ရေကဲ့သို့ မိုးပြာရောင်တောက်နေ၏။ အရွယ်အစားမှာ သိပ်မကြီးသော်ငြား ကိုင်ကြည့်လိုက်မှပဲ အလွန်လေးမှန်း သိလိုက်ရသည်။ ထို့အပြင် ဓါတ်လုံးအတွင်းမှ လှိုင်းရိုက်သံများကို ကြားနေရပြီး အလွန် သိပ်သည်းလှသော ရေဓါတ်စွမ်းအင်များကို ခံစားနေရ၏။

ထိုဓါတ်လုံးကို မြင်ပြီးနောက် လဲ့ခုန်၊ ချန်မိုနှင့် ရှန်းအောင်တို့ အားလုံး အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့လေသည်။

အခြားသူများမှာလည်း ရန်ကိုင်အား စိုးရိမ်နေသည့် အမူအရာများဖြင့် ကြည့်လာကြသည်။

“ဒါကို… ငါလက်မခံနိုင်ဘူး” ရန်ကိုင်က ပြုံးလျက် ဓါတ်လုံးအား လင်းပိုင်လေးဆီသို့ ပြန်တွန်းပို့ပေးလိုက်၏။

ထိုဓါတ်လုံး ဘာဓါတ်လုံးလဲ ဆိုသည်ကို သူမသိသော်ငြား ပင်လယ်ကလန်သားများ၏ အမူအရာကို ကြည့်ရုံဖြင့် ဤဓါတ်လုံးသည်အတွက် အတော်လေး အဖိုးတန်သည့်အရာ တစ်ခု ဖြစ်မှန်း သိနိုင်ပေသည်။ ယခုလေးတင် ပင်လယ်ကလန်နှင့် ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု တည်ဆောက်ပြီးရုံတင် ရှိသေး၊ ဤကဲ့သို့သော လက်ဆောင်ကြီးတစ်ခုကို အလျင်စလို လက်ခံလိုက်ခြင်းသည် ပင်လယ်ကလန်သားများကို မပျော်မရွှင် ဖြစ်သွားစေနိုင်ပေသည်။

ထိုဓါတ်လုံးကို ရန်ကိုင် လက်မခံရခြင်းမှာ သူ့အား ပေးလာသည့်လူသည် လင်းပိုင်လေး ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။ လင်းပိုင်လေး၏ စိတ်သည် ကလေးတစ်ယောက်၏ စိတ်သာ ရှိသေးသည့်အတွက် ပင်လယ်ကလန်တစ်ခုလုံး၏ ဆန္ဒကို ကိုယ်စားမပြုနိုင်သေးချေ။

ဓါတ်လုံးကို ပေးလာသည့်လူမှာ လဲ့ခုန်သာ ဖြစ်နေခဲ့လျှင် ရန်ကိုင် အမှန်တကယ် ဝမ်းပန်းတသာဖြင့် လက်ခံလိုက်ပေမည်။

ရန်ကိုင် ငြင်းလိုက်သည်ကိုမြင်မှပဲ ပင်လယ်ကလန်သားများ စိတ်သက်သာရာ ရသွားခဲ့ကြ၏။

လင်းပိုင်လေးကမူ လက်မလျှော့သေးဘဲ အဆက်မပြတ် အော်ဟစ်ရင်း ဓါတ်လုံးကို ရန်ကိုင်ဆီသို့ တွန်းပို့နေခဲ့သည်။

သူမယူနိုင်ဘူးဟု ရန်ကိုင်မှ ပြောနေသော်လည်း လင်းပိုင်လေးကမူ လုံးဝ လက်မလျှော့။ မကြာမီတွင် လင်းပိုင်လေးသည် စတင် ငိုယုလာသဖြင့် ရန်ကိုင်လည်း အကြပ်ရိုက်သွားပြီး လဲ့ခုန်ဘက်သို့ အကြည့် လှည့်ရတော့လေသည်။

လဲ့ခုန်သည်လည်း လင်းပိုင်လေးအား စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူလည်း မတတ်နိုင်တော့ဘဲ ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏ “ကျုပ်သမီးက ဂိုဏ်းချုပ်ရန်ကို အရမ်း ခင်နေတာဆိုတော့ ဂိုဏ်းချုပ်ရန် သူ့လက်ဆောင်ကို ကျေးဇူးပြုပြီး လက်ခံပေးလိုက်ပါ။ ဂိုဏ်းချုပ်ရန်သာ လက်မခံရင် သူအရမ်းကို ဝမ်းနည်းနေတော့မှာ။ ပြီးတော့ ဂိုဏ်းချုပ်ရန်က သူ့အသက်သခင် ကျေးဇူးရှင်ဆိုတော့ ဂိုဏ်းချုပ်ရန် ငြင်းနေစရာ မလိုပါဘူး”

ခဏမျှ မျက်မှောင်ကြုတ်နေပြီးနောက် ရန်ကိုင်က ပြန်မေးလိုက်လေ၏ “ဒါဘာဓါတ်လုံးလဲ သိလို့ရမလား”

“ဒါက ကျုပ်တို့ ပင်လယ်နတ်ဘုရားနန်းတော်ရဲ့ ရတနာတွေက တစ်ခုဖြစ်တဲ့ ပင်လယ်နတ်ဘုရားဓါတ်လုံးပဲ။ ဒီဓါတ်လုံးက ဂိုဏ်းချုပ်ရန်အတွက် သိပ်အသုံးမဝင်လောက်ဘူး ဆိုပေမယ့် ရေဓါတ်ကျင့်စဉ်ကို ကျင့်ကြံထားတဲ့ ကျင့်ကြံသူတွေ အတွက်တော့ အရမ်း အသုံးဝင်တယ်။ ဒါက ပင်လယ် အရင်းအမြစ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒါကြောင့် ဒီထဲမှာ ပါတဲ့ ရေဓါတ်စွမ်းအင်က အရမ်းသန့်စင်ရုံတင်မဟုတ်ဘူး၊ လုံးဝကို သုံးမကုန်နိုင်လောက်အောင်လည်း များသေးတယ်။ အဲ့ပင်လယ်နတ်ဘုရားဓါတ်လုံးကို လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မွေးနေ့လက်ဆောင်အဖြစ် ကျုပ်သမီးကို ပေးခဲ့တာ။ သူ့အပိုင် ဖြစ်နေပြီဆိုမှတော့ ဂိုဏ်းချုပ်ရန်ကို သူပေးချင်လည်း သူသဘောပဲပေါ့” လဲ့ခုန်က ရှင်းပြလိုက်လေသည်။

“ပင်လယ်အရင်းအမြစ်” ရန်ကိုင်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွား၏ “ဒါက ဒီရန်အတွက် တကယ်ကို အသုံးဝင်တာဆိုတော့ ဒီရန်လည်း ငြင်းမနေတော့ပါဘူး”

လဲ့ခုန်လည်း ပြုံးကာ ခေါင်းညိတ်လိုက်၏။

ပင်လယ်ကလန်၏ အခြား အဖွဲ့ဝင်များသည်လည်း အခြေအနေသည် ဤအတိုင်းအတာထိ ရောက်နေသည့်အတွက် ဘာမှမတတ်နိုင်ဘဲ သဘောတူရုံတတ် တတ်နိုင်ကြတော့သည်။

“ဒါပေမယ့် ဒီပင်လယ်နတ်ဘုရားဓါတ်လုံးက ဒီရန်အတွက် အရမ်း အဖိုးတန်လွန်းနေတယ်။ ဒီလိုလုပ်မလား၊ ဒီဓါတ်လုံးအတွက် ခင်ဗျားတို့ ပင်လယ်နတ်ဘုရားကလန်ကို တန်ခိုးရှင်အဆင့် အရိပ်ကောင်းကင်ဆေးလုံး အလုံးငါးရာ ဒီရန် ပြန်ပေးမယ်။ နန်းတော်သခင်လဲ့ခုန် ဘယ်လိုထင်လဲ”

“တန်ခိုးရှင်အဆင့် အရိပ်ကောင်းကင်ဆေလုံး အလုံးငါးရာ” လဲ့ခုန်း၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့၏။

အခြား ပင်လယ်ကလန်အဖွဲ့သားများလည်း ချက်ချင်း စိတ်လှုပ်ရှားလာကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၂၅)

အရိပ်ကောင်းကင်ဆေးလုံးများသည် မည်သို့သော ဆေးလုံးများ ဖြစ်သလဲဆိုသည်ကို ရှန်းအောင်နှင့် ချန်မိုဆီမှ ပင်လယ်ကလန်မှ ပညာရှင်များ သိထားပြီးကြလေပြီ။ အရိပ်ကောင်းကင်ဆေးလုံးများသည် အလွန်ကိုမှ အဖိုးတန်သည့် ဆေးလုံးများဖြစ်မှန်း သိထားကြသော်လည်း ထိုဆေးလုံးများကို ဖော်စပ်ရန် လိုအပ်သည့် အဓိကဆေးအမယ်ကို အရိပ်ဝိဥာဉ်ကျွန်းတွင်သာ ရနိုင်၏။ ထို့ကြောင့် ထိုဆေးလုံးကို သူတို့ လိုချင်လျှင်ပင် မရနိုင်ကြပေ။

လင်းပိုင်လေးတွင် နည်းနည်းရှိပေသည်။ သို့သော် အများကြီး မဟုတ်။ ထိုအနည်းငယ်သည် ရန်ကိုင်မှ သူ့အား လက်ဆောင် ပေးထားခြင်း ဖြစ်သည့်အတွက် သူမအပိုင် ဖြစ်သည်ဟု ပြော၍ ရပေသည်။

မည်သူကများ ပင်လယ်ကလန် မင်းသမီးလေး၏ ဆေးလုံးများကို သွားယူချင်မည်နည်း။ လဲ့ခုန်ပင်လျှင် သူမဆီမှ ဆေးလုံးတစ်လုံးသာယူပြီး ခဏလေ့လာကြည့်ပြီးနောက် သူမအား ပြန်ပေးလိုက်လေသည်။

ယခု ရန်ကိုင်သည် သူတို့အား ဆေးလုံး အလုံးငါးရာ ပေးလာမည်ဟု ပြောလာသည်။ ဆေးလုံးငါးရာ ဆိုသည်မှာ သူတို့ ပင်လယ်နတ်ဘုရားကလန် တစ်ခုလုံးအတွက်ပင် အတော့်ကိုမှ များပြားသည့် ပမာဏဟု ပြော၍ရသည်။ ထိုတန်ခိုးရှင်အဆင့် အရိပ်ကောင်းကင်ဆေးလုံး အလုံးငါးရာနှင့်သာဆိုပါက ပင်လယ်နတ်ဘုရားနန်းတော်၏ ပညာရှင်ပေါင်းများစွာ သူတို့၏ ကာယခွန်အားကို သိသိသာသာ မြှင့်တင်နိုင်ပေလိမ့်မည်။

ရန်ကိုင်မှ ပင်လယ်နတ်ဘုရားဓါတ်လုံးအတွက် တန်ခိုးရှင် အဆင့် အရိပ်ကောင်းကင်ဆေးလုံး အလုံးငါးရာ ပြန်ပေးမည်ဟု ပြောလာသည်ကို ကြားသည့်အခါ လဲ့ခုန် အလွန်ကိုမှ ဝမ်းသာသွား၏။

“ဟုတ်တယ်” ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

တန်းခိုရှင်အဆင့် အရိပ်ကောင်းကင်ဆေးလုံး အလုံး ငါးရာသည် အလွန်များပြားသော ပမဏ ဖြစ်သော်လည်း အထက်စကြာဝဠာဂိုဏ်းအတွက်တော့ ဘာမှ မပြောပလောက်သည့် ပမာဏ ဖြစ်သည်။ အရိပ်ဝိဥာဉ်ကျွန်းမှ ပြန်ယူလာသည့် အရိပ်ကောင်းကင်ကြာပန်းအားလုံးကို ရှနင်းချန်ဆီ ပေးထားပြီးသွားလေပြီ။ ထိုကြာပန်းများဖြင့် အရိပ်ကောင်းကင် ဆေးလုံးများစွာကို သူမ‌ ဖော်စပ်နိုင်ပေလိမ့်မည်။

လဲ့ခုန်က ချောင်းဟန့်၍ “အဲ့လောက် အများကြီး ကျုပ်တို့ ဘယ်လိုလုပ်ပြီး လက်ခံလို့ ဖြစ်ပါ့မလဲ”

“ကျွန်းသခင်လဲ့ သဘောမတူရင် ဒီရန်စိတ်ထဲ ပင်လယ်နတ်ဘုရားဓါတ်လုံးကို လက်ခံရတာကို စိတ်မသက်မသာ ဖြစ်နေရမှာပေါ့”

ထိုအခါ လဲ့ခုန်လည်း ခေါင်းညိတ်လိုက်လေ၏ “အဲ့လိုဆိုမှတော့ ဒီလဲ့ခုန်လည်း ယဉ်ကျေးမနေတော့ပါဘူး။ ဒီဘုရင် သဘောတူတယ်။ ကျုပ်တို့ ပင်လယ်နတ်ဘုရားနန်းတော်နဲ့ အထက်စကြာဝဠာဂိုဏ်းကြား ဆက်ဆံရေး ထာဝရ တည်မြဲပါစေ”

“ကောင်းပြီ။ လာမယ့်ရက်ပိုင်းအတွက် တစ်ယောက်ယောက် လွှတ်ပြီး ဆေးလုံးငါးရာကို ပို့ခိုင်းလိုက်မယ်” ရန်ကိုင်က ပင်လယ်ကလန်သားများအား လက်သီးဆုပ်၍ “ဒါဆို ဒီရန် သွားပါတော့မယ်”

ယခုတစ်ကြိမ် ရလိုက်သည့် ပင်လယ်နတ်ဘုရားဓါတ်လုံးသည် ရန်ကိုင်အတွက် အလွန် အသုံးဝင်ပေသည်။ မည်သည့် ရေဓါတ်ကျင့်စဉ်ကိုမှ ကျင့်ကြံထားခြင်း မရှိသော်လည်း သူကျင့်ကြံထားသော ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီသည် ဒြပ်ကြီးငါးမျိုးမှ အထွဋ်အထိပ်ရတနာများကို လိုအပ်၏။

ဒြပ်ကြီးငါးပါးအနက်တွင် ရန်ကိုင် စိတ်မပူရဆုံးမှာ မီးဓါတ် ရတနာပင်ဖြစ်သည်။ နေမီးလျှံအမြူတေထဲတွင် ပါဝင်သော စွမ်းအင်သည် အလွန်ကိုမှ များပြားလွန်းလှသဖြင့် အချိန်တိုအတွင်း ထိုရတနာ ကုန်ဆုံးသွားမည်ကို စိတ်ပူနေစရာ မလိုချေ။

သို့သော်လည်း အခြားသော ဒြပ်ကြီးလေးပါးအတွက် ရတနာများကိုတော့ ရန်ကိုင် စိတ်ပူနေရပေသည်။

မိုးကြိုးသစ်သား၊ ယင်နေကြာရေစင်၊ ဆန်းယင်ရွှေနှင့် ဒြပ်ပြယ်သဲတို့မှာ ကုန်သလောက် ဖြစ်နေကြလေပြီ။

သူယခု ရလိုက်သည့် ပင်လယ်နတ်ဘုရားဓါတ်လုံးသည် ယင်နေကြာရေစင်ကို အစားထိုးနိုင်သည့် ရတနာတစ်ခု ဖြစ်သည်။

ပင်လယ်နတ်ဘုရားဓါတ်လုံးသည် ပင်လယ်အရင်းအမြစ်မှ ဖြစ်လာခြင်း ဖြစ်သည့်အတွက် ယင်နေကြာရေစင်ထက်ပင် ပို၍ အဆင့်မြင့်သည့် ရေဓါတ်ရတနာတစ်မျိုး ဖြစ်သည်ဟု ပြော၍ရ၏။ ထို့ကြောင့် ပင်လယ်ဓါတ်လုံးအနေဖြင့် ရန်ကိုင်၏ လိုအပ်ချက်အား မကိုက်ညီနိုင်စရာ အကြောင်းမရှိချေ။ ထို့အပြင် ပင်လယ်နတ်ဘုရား ဓါတ်လုံးထဲတွင် ပါဝင်သော စွမ်းအင်သည် ယင်နေကြာရေစင်ထဲတွင် ပါဝင်သော စွမ်းအင်ထက် အများကြီး ပိုများပေသည်။

ပင်လယ်နတ်ဘုရားဓါတ်လုံးကို ရလိုက်ပြီ ဖြစ်သည့်အတွက် ရန်ကိုင်အနေဖြင့် အချိန်အတော်ကြာသည်အထိ အဆင့်မြင့် ရေဓါတ်ရတနာတစ်မျိုးမျိုးကို လိုက်ရှာစရာ မလိုတော့ချေ။

သို့သော်လည်း လက်ရှိ အခြေအနေအရ ရန်ကိုင်အဖို့ အခြားသော ဒြပ်ကြီးသုံးမျိုး၏ အဆင့်မြင့် ရတနာများကို လိုက်ရှာရန် မခက်ပါချေ။ သူလုပ်စရာရှိသည်ဆို၍ အမိန့် ထုတ်လိုက်ရုံပင်။ သို့ရာတွင် ပင်လယ်နတ်ဘုရားဓါတ်လုံးနှင့် ယှဉ်ပြိုင်နိုင်သော ရတနာမျိုး ရလိမ့်မည်ဟုတော့ အာမခံချက် မရှိပါချေ။

အထက်စကြာဝဠာဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ရန်ကိုင်သည် ရီရှီယွင်နှင့် သွားတွေ့ကာ ပင်လယ်နတ်ဘုရား နန်းတော်နှင့် သူလုပ်ထားသည့် သဘောတူညီချက်အကြောင်း ပြောပြလိုက်ပြီး ရှနင်းချန်ဆီမှ တန်ခိုးရှင်အဆင့် အရိပ်ကောင်းကင်ဆေးလုံး အလုံးငါးရာယူ၍ တစ်ယောက်ယောက် လွှတ်ကာ ပင်လယ်နတ်ဘုရားကလန်ဆီသို့ သွားပို့ပေးရန် ပြောလိုက်လေသည်။

နောက်နှစ်လအတွင်း ရန်ကိုင်သည် အမျိုးမျိုးသော နာမည်ကျော် မြို့ကြီးများသို့ ပတ်သွားကာ ဟင်းလင်းပြင် အစီအရင်များကို လိုက်လံ ခင်းကျင်းလေသည်။

နှစ်လကြာပြီးနောက်တွင် အထက်စကြာဝဠာဂိုဏ်း အပြင်ဘက်ရှိ ဟင်းလင်းပြင်အစီအရင်သည် အရိပ်ကြယ်ပေါ်ရှိ နေရာအားလုံးနီးပါးနှင့် ဆက်သွယ်ထားပြီးနေခဲ့လေပြီ။ ယခု တပည့် တစ်ယောက်ယောက်သည့် မြို့ကြီး တစ်မြို့မြို့ဆီသို့ သွားလိုလျှင် အချိန်ကုန်ခံနေစရာ မလိုတော့ဘဲ ဟင်းလင်းပြင် အစီအရင်မှတစ်ဆင့် ချက်ချင်း သွားနိုင်လေပြီ။

ဤကဲ့သို့ အဖြစ်အပျက်မျိုး အရိပ်ကြယ်ပေါ်တွင် တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးချေ။ ဤနည်းလမ်းအရ အထက်စကြာဝဠာဂိုဏ်း အနေဖြင့် အရိပ်ကြယ်တစ်ဝှမ်းရှိ အခြေအနေကို ဖမ်းဆုပ် ကိုင်တွယ်နိုင်ရုံမက နေရာပေါင်းစုံမှ အရင်းအမြစ်များကိုလည်း အချိန်တိုအတွင်း ဝယ်ယူနိုင်ပေလိမ့်မည်။ ရန်ကိုင်၏ နောက်ဆုံး ပန်းတိုင်သည် ကောင်းကင်ကံကြမ္မာမြို့ ဖြစ်ပေသည်။

ဟင်းလင်းပြင်အစီအရင် ခင်းကျင်းသည့် ကိစ္စပြီးသွားမှ ချင်းတုန်နှင့်တွေ့ရန် စီစဉ်ထားသည့်အတွက် နောက်ဆုံးမြို့မှာ ကောင်းကင်ကံကြမ္မာမြို့ ဖြစ်နေရခြင်း ဖြစ်သည်။

ယနေ့တွင် ကောင်းကင်ကံကြမ္မာမြို့ဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ မကြာသေးခင်ကမှ စစ်ဖြစ်သွားခဲ့သည့် မြို့မြင်ကွင်းကို အထက် ကောင်းကင်ပေါ်မှ ငုံကြည့်ရင်း အတိတ်ကို ရန်ကိုင် ပြန်လွမ်းဆွတ် သတိရမိသွားသည်။

အရိပ်ကြယ်သို့ စရောက်လာစဉ်က သူသည် ဘာမှမဟုတ်သည် သူတော်စင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးသည်။ သို့သော် လွန်ခဲ့သော နှစ်များအတွင်း အရိပ်ကြယ်၏ အထွဋ်အထိပ်ပညာရှင်တစ်ဦး ဖြစ်လာသည်အထိ ကျင့်ကြံနိုင်ခဲ့သည်။ အထက်စကြာဝဠာဂိုဏ်းဟူသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာရန်အတွက် အရာအားလုံး စတင်ခဲ့သည့် နေရာမှာ ကောင်းကင်ကံကြမ္မာမြို့၏ အပြင်ဘက်တွင် ရှိနေသော နဂါးလိုဏ်ဂူတောင်ဆိုသည့်နေရာ ဖြစ်သည်။

တဖြည်းဖြည်းနှင့် ရန်ကိုင်သည် ထိုအတိတ် အကြောင်းအရာများကို မနေ့တစ်နေ့က ဖြစ်ပျက်သွားသည့် အကြောင်းအရာများအလား ပြန်စဉ်းစားမိလာသည်။

ထိုသို့ စဉ်းစားမိလိုက်သည့်နောက် ပြုံးလျက် ဖြည်းဖြည်းချင်း ခေါင်းရမ်း၍ မြို့သခင်စံအိမ်သို့ ပျံသန်းသွားလိုက်လေသည်။

အလောင်းဝိဥာဉ်ဂိုဏ်း၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည့်နောက်တွင် ကောင်းကင်ကံကြမ္မာမြို့သည် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသော်လည်း အချိန်အကြာကြီး ပြန်လည် တည်ဆောက်ပြီးသည့် နောက်ပိုင်းတွင် ကောင်းကင်ကံကြမ္မာမြို့သည် တစ်ဖန်ပြန်လည် စည်ကားသက်ဝင်လာခဲ့လေပြီ။

ဖေးကျီတုသည် ယခင်အတိုင်း ကောင်းကင်ကံကြမ္မာမြို့၏ မြို့သခင် ဖြစ်နေဆဲပင်။ ယနေ့ ဖေးကျီတုအား တွေ့လိုက်ချိန် ဖေးကျီတုသည် သူ့ယခင် ကျင့်ကြံခြင်းဖြစ်သည့် တန်ခိုးရှင်တတိယ အဆင့်သို့ ပြန်ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။

ဖေးကျီတု တန်ခိုးရှင်တတိယအဆင့် ပြန်ရောက်သွားသည့် အတွက် ရန်ကိုင်လည်း သူ့အတွက် ပျော်ပေသည်။ ရန်ကိုင်ကို မြင်လိုက်သည့်နောက် ဖေးကျီတု ပို၍ စိတ်လှုပ်ရှားသွား၏။ ရန်ကိုင်၏ လာရင်းအကြောင်းအရင်းကို သိပြီးနောက် စိတ်ရှိသလိုသာလုပ်ဟု ရန်ကိုင်အား စိတ်ကြိုက်လုပ်ခွင့် ပေးလိုက်လေသည်။

ရန်ကိုင်လည်း ကိန်းကြီးခန်းကြီး လုပ်မနေဘဲ ကောင်းကင်ကံကြမ္မာမြို့ထဲတွင် ချက်ချင်းပဲ ဟင်းလင်းပြင် အစီအရင်တစ်ခု သွားခင်းကျင်းလေသည်။

နှစ်ရက်ကြာပြီးနောက်တွင် ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းလို့ ပြီးသွားခဲ့သည်။

ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းဖန် များလာသည့် အတွက် အစီအရင်တစ်ခု တစ်ခုအား ခင်းကျင်းသည့် အမြန်နှုန်းမှာလည်း ပိုပို၍ မြန်လာခဲ့လေသည်။

အလင်းတစ်ချက်လက်သွားပြီး ဖေးကျီတုသည် ဟင်းလင်းပြင် အစီအရင်ပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။ မကြာမီ ဟင်းလင်းပြင် အစီအရင်ပေါ်တွင် ပြန်ပေါ်လာပြီး ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည် “ငါတကယ်ကြီး အထက်စကြာဝဠာဂိုဏ်း ရောက်သွားတယ်ဟ။ ဒီလိုသာဆို နောက်ပိုင်း ငါတို့ဂိုဏ်းနှစ်ဂိုဏ်း ချက်ချင်း ဆက်သွယ်လို့ရပြီ”

ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်လေသည် “ဒါနဲ့၊ စီနီယာ၊ လူအိုကြီးချင်း လာနေပြီလား”

ရန်ကိုင် ချင်းတုန်အကြောင်းကို မေးသည့်အခါ ဖေးကျီတု၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့လေသည်။ ခေါင်းညိတ်၍ “သူရောက်နေတာကြာပြီ။ မင်းဟင်းလင်းပြင်အစီအရင် ခင်းကျင်းရင်း အလုပ်ရှုပ်နေလို့ မင်းကို မပြောသေးတာ။ မင်းသူ့ကို မြန်မြန် သွားတွေ့သင့်တယ်။ တစ္ဆေအိုကြီးချင်းကို ကြည့်ရတာ သူဖြေရှင်းမရတဲ့ ပြဿနာတစ်ခုခုနဲ့ ကြုံနေရတဲ့ပုံပဲ”

“လူအိုကြီးချင်း ဖြေရှင်းမရတဲ့ ပြဿနာ” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ မည်သို့သော ပြဿနာမျိုး ကြုံနေရသည့် အတွက် ချင်းတုန်ပင်လျှင် မဖြေရှင်းနိုင်ရသလဲ ဆိုသည်ကို ရန်ကိုင် မစဉ်းစားတတ်အောင် ဖြစ်သွားခဲ့လေသည်။

ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းနေစဉ်အတွင် ရန်ကိုင်သည် ဖေးကျီတုအား အရိပ်လခန်းမဆီ လှမ်းအကြောင်းကြားပေးရန် ပြောထားခဲ့ချေ။ နှစ်ရက်ဆိုသော အချိန်သော ချင်းတုန်အဖို့ ဤနေရာကို တစ်ကြိမ်မက ခေါက်တုန့်ခေါက်ပြန် သွားလာရန်အတွက် လုံလောက်ပေသည်။

ဆက်၍ တုန့်နှေးမနေတော့ဘဲ ရန်ကိုင်သည် ချင်းအိုကြီးနှင့် ချက်ချင်း သွားတွေ့လေသည်။

မြို့သခင်ခန်းမထဲတွင် လူသုံးယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုလူသုံးယောက်မှာ မျက်နှာစိမ်းများ မဟုတ်ဘဲ ရန်ကိုင် ရင်းနှီးပြီးသား ချင်းတုန်၊ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သာ ဖြစ်ကြပေသည်။

ရန်ကိုင်ကို မြင်သော် ချင်းတုန်၏မျက်လုံးများ တောက်ပသွားပြီး ခါးသက်စွာပြုံးလျက် “ကြည့်ရတာ မင်းငါ့ကို လုံးဝ မမေ့သွားသေးဘူးပဲ”

“တောင်းပန်ပါတယ် ချင်းအိုကြီးရေ၊ အရမ်းကြီး အရေးမကြီးဘူးထင်လို့ ကျုပ်ကိစ္စတွေ အရင် ရှင်းနေလိုက်တာ။ ဒီနှစ်လလုံး ကျုပ်အရိပ်ကြယ်ပေါ် ပြေးလွှားရင်း အလုပ် ရှုပ်နေခဲ့တာ” ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ပြုံးလိုက်လေသည်။ ချင်းတုန် ဤမျှ စိတ်ပူနေမှန်း သိခဲ့လျှင် အစောကြီးကတည်းက ကောင်းကင်ကံကြမ္မာမြို့သို့ လာခဲ့လိုက်ပါသည်။

ချင်းတုန်က မဲ့ပြုံးပြုံးလျက် “အရမ်းကြီးတော့လည်း အရေးမကြီးပါဘူး။ မဟုတ်ရင် အကြောင်းမကြားတော့ဘဲ ငါကိုယ်တိုင် အထက်စကြာဝဠာဂိုဏ်းဆီ လာခဲ့မှာ”

ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည်လည်း ရန်ကိုင်အား အလျင်အမြန် နှုတ်ဆက်လိုက်ကြလေသည်။

ရန်ကိုင်လည်း ဖော်ရွေစွာ ပြန်နှုတ်ဆက်လိုက်ပြီး သူတို့ နှစ်ဦးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါ နှစ်ယောက်စလုံး နောက်တစ်ဆင့်သို့ ချိုးဖျက်ခါနီး ဖြစ်နေမှန်း တွေ့ရှိလိုက်ရလေသည်။

အရိပ်လခန်းမ၏ ပါရမီအရှိဆုံ တပည့်နှစ်ဦး ဆိုသည့်အတိုင်းပင်။ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ပြီး ဆယ်နှစ်ပင် မကြာသေးခင်မှာပဲ နောက်တစ်ဆင့်သို့ ထပ်ချိုးဖျက်ရန် အဆင်သင့် ဖြစ်နေကြလေပြီ။ ရှင်းရှင်းပြောရလျှင် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့၏ အရည်အချင်းအရ သူတို့ အနေဖြင့် ဤမျှ မြန်မြန် တိုးတက်မလာသင့်ချေ။ ထို့ကြောင့် ဖြစ်နိုင်သည်မှာ မကြာသေးခင်က အလောင်းဝိဥာဉ်ဂိုဏ်းနှင့် တိုက်ပွဲကြောင့် ဤမျှ မြန်မြန် တိုးတက်လာခဲ့ရခြင်းသာ ဖြစ်လောက်ပေသည်။

သေရေးရှင်ရေး အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့် အခါမှပဲ ကျင့်ကြံသူတစ်ဦး၏ အမြင့်ဆုံး အလာအလာကို မြင်တွေ့နိုင်ပေသည်။

ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည့် လွန်ခဲ့သော စစ်ပွဲအတွင်း သေရေးရှင်ရေး အခြေအနေများကို ကြုံတွေ့ခဲ့ရသဖြင့် သူတို့၏ ကျင့်ကြံခြင်းမှာလည်း အတော်လေး တိုးတက်ခဲ့ရသည်။

ရန်ကိုင်သည် ဝေကုချန်း၊ တုန်ရွှမ်းအာတို့နှင့် စကား ပြောနေစဉ် ချင်းတုန်နှင့် ဖေးကျီတုသည် ဝင်မရှုပ်ဘဲ ဘေးတွင် ထိုင်၍သာ သူတို့အား ပြုံးကာ ကြည့်နေ၏။

စကားကောင်းကောင်း ပြောပြီးတော့မှပဲ ရန်ကိုင်သည် ချင်းတုန်ဘက်သို့လှည့်၍ ပြောလိုက်လေသည် “ဒါနဲ့ ကျုပ်နဲ့ ဘာကိစ္စ ဆွေးနွေးချင်တာလဲ လူအိုကြီးချင်း။ စီနီယာဖေးဆီက ကြားတာတော့ ခင်ဗျား ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခုနဲ့ ကြုံနေရတယ်ဆို”

ချင်းတုန်၏ အမူအရာ တဖြည်းဖြည်း လေးနက်သွား၏။ ခေါင်းညိတ်၍ “ဟုတ်တယ်။ ငါအခု တကယ်ကို ကူကယ်ရာ မဲ့နေတာ။ ဒါကြောင့်ပဲ မင်းဆီက အကူအညီ လာတောင်းတာ”

“ဘာကိစ္စလဲ”

“မင်းကြည့်ကြည့်လိုက်” ချင်းတုန်သည် ပြန်မဖြေဘဲ သူ့နယ်ပယ်စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။

နယ်ပယ်သည် တန်ခိုးရှင်ဘုရင်အဆင့်များသာ ပိုင်ဆိုင်ထားသည့် ရှီမှ အသွင်ပြောင်းလာသည့် စွမ်အားတစ်မျိုး ဖြစ်ပေသည်။

ချင်းတုန်သည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကသာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ထားခြင်း ဖြစ်သည့်အတွက် သူ့နယ်ပယ်စွမ်းအားမှာ အရမ်းကြီး အားကောင်းခြင်း မရှိသေးချေ။ သို့ပင်လျှင် သူ့နယ်ပယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည့်အခိုက် လောကကြီးတစ်ခုလုံး တုန်ခါသွားမလို ဖြစ်သွားခဲ့လေသည်။

ကံကောင်းစွာဖြင့် သူ့နယ်ပယ်အား မည်သူ့ကိုမှ ပစ်မှတ်ထား ဦးတည်ထားခြင်း မရှိဘဲ ဝေကုချန်းနှင့် အခြားသူများ ထိခိုက်မည်ကို စိုးရိမ်သည့်အတွက်ပင် သူ့စွမ်းအားကို ထိန်းချုပ်ထားသေး၏။ ထို့ကြောင့် နယ်ပယ်စက်ကွင်းအတွင်း ရှိနေစဉ်အတွင်း သူတော်စင်ချီ လှည့်ပတ်နှုန်း နှောင့်နှေးသွားရုံမှ အပ အခြား မည်သည့် အန္တရာယ်နှင့်မှ ကြုံရခြင်းမရှိပေ။

ရန်ကိုင်လည်း ချင်းတုန် ပြောသည့်အတိုင်း ကြည့်ကြည့်၏။ မကြာမီ မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သေချာ စစ်ဆေးကြည့်လိုက်လေသည်။

ရန်ကိုင် မျက်နှာအမူအရာကို မြင်လိုက်သည့်အခိုက် ရန်ကိုင် တစ်ခုခုကို ရှာတွေ့သွားပြီမှန်း ချင်းတုန် နားလည်လိုက်၏။ ထို့ကြောင့် ရန်ကိုင် အခြေအနေကို ပို၍ သေချာ လေ့လာနိုင်စေရန် သူ့နယ်ပယ်စွမ်းအားကို ဆက်လက် ထုတ်လွှတ်ထားလိုက်သည်။

ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကိုင် သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေသည်။

“မင်းက အရိပ်ကြယ်ရဲ့ ကြယ်သခင်ဆိုတော့ တစ်ခုခုတော့ သိလောက်မှာပေါ့၊ ဟုတ်တယ်မလား” ချင်းတုန်သည် သူ့နယ်ပယ်ကို ပြန်ရုတ်သိမ်းပြီး မေးလိုက်သည်။

ဖေးကျီတု၊ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့မှာတော့ မည်သည့် ထူးဆန်းသည့် အရာကိုမှ ရှာမတွေ့ခဲ့သဖြင့် ကြောင်တောင်တောင် ဖြစ်နေကြလေသည်။ သူတို့ အမြင်တွင် ချင်းတုန်၏ နယ်ပယ်သည် မည်သည့် ပြဿနာမှမရှိဘဲ ယခင်အတိုင်း အားကောင်းမြဲ အားကောင်းနေဆဲပင်။

“ဒီက လောကနိယာမတွေက ခင်ဗျားကို… ငြင်းပယ်နေတာ” ရန်ကိုင်က သင်္ကာမကင်း အမူအရာဖြင့် ပြောလိုက်သည်။

“မင်းပြောနိုင်တယ်ပေါ့” ချင်းတုန် သက်ပြင်းချလိုက်သည်။

“ဘယ်လို” ဖေးကျီတု ထိတ်လန့်သွားခဲ့လေသည် “တစ္ဆေအိုကြီးချင်းကို အရိပ်ကြယ်ရဲ့ လောကနိယာမတွေက ငြင်းဆန်းနေတာလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” ချင်းတုန်က ခါးသက်စွာ ပြုံးလျက် ခေါင်းခါရင်း “လောကနိယာမတွေသာ ငြင်းမနေရင် ဒီလူအိုကြီး အလကားသက်သက် မိုးကြိုးပစ်ချခံရမယ် ထင်လား”

All Chapters