← Chapters

အခန်း (၁၇၂၆-၁၇၃၀)

Vol. 70 Ch. 1726-1730

အခန်း (၁၇၂၆-၁၇၃၀)

Vol. 70 Ch. 1726-1730

အပိုင်း (၁၇၂၆)

“ခင်ဗျား မိုးကြိုးပစ်ခံရတာလား အကြီးအကဲချင်း” ရန်ကိုင်က အံ့အားသင့်တကြီး မေးလိုက်ည်။

“ဟုတ်တယ်” ချင်းတုန်က ခေါင်းညိတ်လိုက်၏ “ဘာမှ ဖြစ်မသွားပေမယ့် မိုးကြိုးဒဏ်က လျှော့တွက်လို့တော့မရဘူး”

ဖေးကျီးတုလည်း အံ့ဩတကြီးဖြင့် ပြောလိုက်လေသည် “ငါက မင်းကျင့်စဉ်တစ်ခုခုကျင့်ရင်း မိုးကြိုးဓါတ်ကို ဆွဲငင်လိုက်သလို ဖြစ်သွားလို့ မိုးကြိုးပစ်ချခံရတယ် ထင်နေတာ”

“ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရမှာလဲ” ချင်းတုန် ရယ်ရခက်၊ ငိုရခက် အမူအရာဖြင့် “အရိပ်လခန်းမမှာ ဘယ်လို ကျင့်စဉ်တွေရှိလဲ မင်းလည်း သိတာပဲ။ ဘယ်ကျင့်စဉ်ကများ မိုးကြိုးဓါတ်ကို ဆွဲငင်နိုင်လို့လဲ။ ပြီးတော့ ငါဘာကျင့်စဉ်ကိုမှလည်း ကျင့်ဖို့ မလိုသေးဘူး။ ငါ့ကျင့်ကြံခြင်းကိုပဲ တည်ငြိမ်အောင် အရင် လုပ်ရဦးမှာ”

“အရင်အကြိမ်က မြေမီးတောက်ကော” တုန်ရွှမ်းအာက ဝင်မေးလိုက်လေသည်။

“ဘာမြေမီးတောက်လဲ” ဖေးကျီတုက နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။

တုန်ရွှမ်းအာက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လျက် “လွန်ခဲ့တဲ့ နှစ်လတုန်းက ဆရာကျင့်ကြံနေတုန်း မြေကြီးတောက်ကြီး ရုတ်တရက် ပေါ်လာတယ်လေ”

“အဲ့လို ဖြစ်သွားသေးတာလား” ဖေးကျီတု ထပ်မံ အံ့ဩရပြန်သည်။

“အဲ့ဒါငါ့ကို အရိပ်ကြယ်ရဲ့ လောကနိယာမတွေက ငြင်းပယ်နေလို့ ဖြစ်တာ” ချင်းတုန်က မကျေမနပ်ဖြင့် ငြီးတွားလိုက်လေသည် “ငါအရိပ်ကြယ်ကို ပြန်ရောက်ကတည်းက အဲ့လိုမျိုးတွေ ခဏခဏ ကြုံနေရတာ။ အဲ့ဒါတွေကြောင့် ဘာဒဏ်ရာမှ မရဘူးဆိုပေမယ့် ကောင်းကောင်း ကျင့်ကြံလို့ကို မရတော့ဘူး။ အဲ့ဒါတင် မဟုတ်သေးဘူး။ လေပေါ် ပျံနေပြီ ဆိုရင်လည်း ဘယ်ကနေမှန်းမသိ လေပြင်းတွေ ဗြုန်းစားကြီး ကောက်တိုက်လာပြန်ရော။ လေပြင်းတွေကလည်း ရိုးရိုး မဟုတ်ဘူး။ ငါ့စိတ်စွမ်းအင်ကိုပါ တိုက်စားပစ်တဲ့ လေပြင်းတွေ။ အဲ့ဒါကြောင့် အခုနောက်ပိုင်း အရမ်းကြီး မြင့်မြင့် မပျံရဲတော့ဘူး။ ပျံမယ်ဆိုရင်တောင် ခဏလောက်ပဲ ပျံရဲတော့တယ်”

“မိုးကြိုးပစ်ခံရတယ်။ မြေမီးတောက် ပေါ်လာတယ်။ လေပြင်းတိုက်ခံရတယ်…” ရန်ကိုင်က ရေရွတ်လိုက်၏ “ခင်ဗျား ဘဝက တော်တော်လေး ခက်ခဲနေတာပဲ အကြီးအကဲချင်း”

ရန်ကိုင် စကားကိုကြားသည့်အခါ ချင်းတုန်လည်း ငြီးတွားမိလိုက်သည်။

ထိုကဲ့သို့ အဆက်မပြတ် နှောင့်ယှတ်ခံနေရသည်မှာ အလွန်ကိုမှ စိတ်ညစ်ဖွယ်ကောင်းလှသည်။ ဤရက်များအတွင်း ချင်းတုန် တံခါးပိတ်ကျင့်စဉ် မဝင်သေးသည်မှာ ကံကောင်းသွား၏။ သူသာ ကျင့်စဉ်ဝင်နေစဉ် အတောအတွင်း အနှောင့်ယှတ်ခံရလျှင် ကျင့်ကြံခြင်းလမ်းကြောင်း သွေဖီသည့် ပြဿနာများနှင့်ပင် ကြုံရလာနိုင်သည်။ ထိုသို့သာ ဖြစ်သွားလျှင် တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်နေလျှင်ပင် ကောင်းကောင်းကြီးကို ဒုက္ခရောက်ရပေလိမ့်မည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဖေးကျီတု မယုံကြည်နိုင် ဖြစ်နေခဲ့သည် “ငါမြို့သခင်ဖြစ်တာ ကြာပြီ။ ဒါပေမယ့် အခုလိုမျိုး ကြားဖူးတာ ပထမဆုံးပဲ”

“ငါ့အတွက်လည်း ပထမဆုံးပဲ” ချင်းတုန်က သက်ပြင်း အမောကြီး ချလိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ “ရန်ကိုင်၊ မင်းက ကြယ်သခင်ဆိုတော့ ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး ဘာလေးများ မင်းမှာ မရှိဘူးလား”

ဘယ်အချိန် မိုးကြိုးပစ်ခံရမလဲ၊ ဘယ်အချိန် မြေမီးတောက် ပေါ်လာပြီး သူ့အား လောင်ကျွမ်းမလဲကို မသိရသဖြင့် ချင်းတုန် အဖို့ စိတ်အေးအေးဖြင့် တံခါးပိတ်ကျင့်စဉ် မဝင်နိုင် ဖြစ်နေ၏။ ထို့ကြောင့် ရန်ကိုင် အဖြေရှာတွေ့နိုင်ပါစေဟုသာ သူ့စိတ်ထဲ ကြိတ်၍ ဆုတောင်းနေရတော့သည်။

သို့သော်လည်း သူစိတ်ပျက်သွားရသည်မှာ ရန်ကိုင်တွင်လည်း အဖြေ ရှိမနေခြင်းပင် “အရိပ်ကြယ်ရဲ့ လောကနိယာမတွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုပေမယ့် သူတို့ကို ကျုပ်ပြောင်းလဲဖို့ ကျုပ်လည်း မတတ်နိုင်ဘူး လူအိုကြီးချင်းရေ”

ထိုစကားကို ကြားသည့်အခါ ချင်းတုန် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်၏။

ခန်းမတစ်ခုလုံး တစ်ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်ထားခြင်းသည် အရိပ်လခန်းမအတွက် သတင်းကောင်း တစ်ခု ဖြစ်သော်ငြား လောကနိယာမများမှ ချင်းတုန်အား ငြင်းပယ်နေသည်မှာတော့ သတင်းဆိုးတစ်ခု ဖြစ်နေခဲ့လေ၏။

ခဏအကြာတွင် ချင်းတုန်က ရုတ်တရက် ပြောလိုက်၏ “ကြည့်ရတာ ဒီကနေ ထွက်သွားဖို့ပဲ ရှိတော့တယ်နဲ့ တူတယ်”

“တစ္ဆေအိုကြီးချင်း၊ မင်းအရိပ်ကြယ်ကနေ ထွက်သွားဖို့ လုပ်နေတာလား” ဖေးကျီတု ထိတ်လန့်သွားခဲ့သည်။

ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည်လည်း ချင်းတုန်အား အထိတ်တလန့်ဖြင့် ကြည့်လိုက်ကြသည်။

“ဟုတ်တယ်။ မထွက်သွားရင် တောက်လျှောက်ကို ပြဿနာတွေနဲ့ ကြုံနေရတော့မှာ။ ဘယ်တော့မှ ကောင်းကောင်း ကျင့်ကြံနိုင်တော့မှာ မဟုတ်ဘူး” ချင်းတုန်က ယဲ့ယဲ့လေး ပြုံးလျက် “တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ပြီးမှ တစ်သက်လုံး ဒီအဆင့်မှာပဲ တစ်နေရမှာမျိုး ငါမကြုံချင်ဘူး။ ဒီထက် ပိုမြင့်တဲ့ အဆင့်တွေကို ငါရောက်ချင်သေးတယ်”

“မင်းအသက်နဲ့ အဲ့ရည်မှန်းချက်တွေကို မစွန့်နိုင်သေးဘူးပေါ့” ဖေးကျီတုက မဲ့ပြုံးပြုံးလိုက်လေသည်။

“ဖေးအိုကြီး၊ မင်းကော တန်ခိုးရှင်အဆင့်မှာပဲ တစ်သက်လုံး တစ်နေချင်လား” ချင်းတုန်က ပြန်မေးလိုက်သည်။

“ဘာလို့ တစ်နေရမှာလဲ” ဖေးကျီတုက နှာခေါင်းရှုံ့လျက် “အရင်တစ်ကြိမ်တုန်းက ငါ့ကျင်ကြံခြင်း လျော့ကျသွားလို့သာ မဟုတ်ရင် ငါလည်း တစ်ခါတည်း မင်းနဲ့ အရိပ်ကြယ်ကနေ ထွက်သွားတယ်။ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်မရောက်ကတော့ တစ်ကဏ္ဍပေါ့”

“ရေတွေက အမြင့်ကနေ အနိမ့်ကို စီးသလို ငါတို့ လူတွေကလည်း ပိုမြင့်တဲ့ အဆင့်တွေဆီ တက်လှမ်းချင်တာပဲ”

“ဆုံးဖြတ်ပြီးမှတော့ မင်းဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး။ အရိပ်လခန်းမက ကိစ္စတွေကိုတော့ စိတ်ပူမနေနဲ့။ ငါဂရုစိုက်ထားလိုက်မယ်”

“ရန်ကိုင်၊ ဒီကနေ ထွက်သွားဖို့ဆိုရင် ငါမင်းကို အားကိုးမှပဲ ရလိမ့်မယ်” ချင်းတုန်သည် ရန်ကိုင်အား ကြည့်လိုက်၏။

“သွားဖို့ကတော့ ပြဿနာ မဟုတ်ပါဘူး” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “တကယ်တော့ ကျုပ်လည်း လူအိုကြီးချင်း ဖြစ်ချင်တာနဲ့ ကိုက်ညီတဲ့ အစီအစဉ်တစ်ခုကို အကောင်အထည် ဖော်ဖို့ လုပ်နေတာ”

“အို၊ ဘာအစီအစဉ်လဲ” ချင်းတုန်က အံ့အားသင့်တကြီး ပြန်မေး၏။

“ကမ္ဘာခြင်း ဟင်းလင်းပြင်အစီအရင်တစ်ခု တည်ဆာက်ဖို့ စဉ်းစားနေတာ”

“ကျင့်ကြံရေး ကြယ်တွေကို ဆက်သွယ်နိုင်တဲ့ ဟင်းလင်းပြင် အစီအရင်ကို ပြောချင်တာလား” ချင်းတုန်နှင့် ဖေးကျီတုတို့ နှစ်ဦးစလုံး ရန်ကိုင်အား အလွန်အမင်း အံ့အားသင့်နေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်၏ “ဟုတ်တယ်။ အရိပ်ကြယ် ကြယ်စီရင်စုထဲကနေ ကွဲထွက်နေတာ တော်တော် ကြာနေပြီ။ အခု ကြယ်စီရင်စုထဲ ပြန်ပေါင်းစည်းဖို့ အချိန်ပဲ။ ကျုပ်စီစဉ်ထားတဲ့ အတိုင်းသာ လုပ်နိုင်မယ်ဆိုရင် တန်ခိုးရှင်အထွဋ်အထိပ်ကို ရောက်နေတဲ့ ကျင့်ကြံသူတိုင်း တန်ခိုးရှင်ဘုရင်အဆင့်ရဲ့ နက်နဲဆန်းကြယ်မှုတွေကို လွတ်လွတ်လပ်လပ် လေ့လာလို့ရပြီ”

ချင်းတုန်နှင့် ဖေးကျီတုတို့ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းပင် ပြန်မပြောနိုင် ဖြစ်နေခဲ့သည်။

အချိန်အတော် ကြာသွားသည့်အခါမှပဲ ချင်းတုန်က မေးလိုက်၏ “မင်းတကယ် အဲ့လိုလုပ်နိုင်တာလား”

“စမ်းကြည့်ရမှာပေါ့” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အနည်းဆုံးတော့ ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းဖို့က အဲ့လောက် ပြဿနာမရှိဘူးလို့တော့ ထင်တာပဲ”

“ဒါပေမယ့် အဲ့ဟင်းလင်းပြင်အစီအရင်ကနေ အခြား ကျင့်ကြံကြယ်တွေ ငါတို့ အရိပ်ကြယ်ကို ကျူးကျော်လာရင်ကော။ အဲ့ဒါဆို ပြဿနာ မများနိုင်ဘူးလား” ချင်းတုန်က စိုးရိမ်တကြီး ပြန်မေး၏။

“ဟဲဟဲ၊ အဲ့ဒါကိုတော့ စိတ်ပူနေစရာ မလိုဘူး” ဖေးကျီတုက ရယ်မော၍ စကြာဝဠာ ဟူသော နာမည် ထိုးထွင်းထားသည့် တံဆိပ်ပြားအချို့ကို ထုတ်ပြရင်း ရှင်းပြလိုက်လေသည် “ဒါတွေ မရှိဘဲနဲ့ ရန်ကိုင် ခင်းကျင်းထားတဲ့ ဟင်းလင်းပြင်အစီအရင်ကို သူတို့ သုံးနိုင်မှာ မဟုတ်ဘူး”

“အဲ့ဒါ ဘာကြီးလဲ” ချင်းတုန် နားမလည်ခဲ့ပေ။

“ဖြတ်သန်းရေး တံဆိပ်ပြားပဲ” ဖေးကျီတုက ချက်ချင်း ရှင်းပြလိုက်သည်။ ဖြတ်သန်းရေး တံဆိပ်ပြား၏ ရည်ရွယ်ချက်ကို နားလည်သွားသည့်နောက် ချင်းတုန်က သက်ပြင်းချလျက် “ရန်ကိုင်၊ အစကတည်းက မင်းအခုလိုလုပ်ဖို့ စဉ်းစားထားတားလား”

“ဆိုပါစို့။ အရိပ်ကြယ်ပေါ်မှာ ဟင်းလင်းပြင်အစီအရင်တွေ လိုက်ခင်းကျင်းတယ် ဆိုတာကလည်း အဲ့ဒါကို ခင်းကျင်နိုင်ဖို့ ကြိုတင် လေ့ကျင့်ထားတဲ့ သဘောပဲ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

သူ့နောက်ဆုံး ပန်းတိုင်သည် အရိပ်ကြယ်အား ကြယ်စီရင်စုကြီးနှင့် ဆက်သွယ်နိုင်သော ဟင်းလင်းပြင်အစီအရင် တစ်ခုကို တည်ဆောက်ဖို့ပဲ။ ထိုအစီအစဉ်မှာ စိတ်ကူးယဉ် သက်သက်မဟုတ်ဘဲ သူတွေးထားခဲ့သည်မှာ ကြာပြီဖြစ်သည့် အစီအစဉ်တစ်ခု ဖြစ်သည်။

လက်ရှိ အနေအထားဖြင့် အရိပ်ကြယ်မှ ကြယ်စီရင်စုထဲရှိ နာမည်ကျော် ကျင့်ကြံရေးကြယ်များသို့ သွားရန် အလွန်အမင်း အချိန်ယူရနိုင်သော်ငြား ကြယ်များကြား ကူးသန်းသွားနိုင်သော ဟင်းလင်းပြင်အစီအရင် တစ်ခုကိုသာ တည်ဆောက်နိုင်ပါက ထိုပြဿနာကို အလွယ်တကူ ဖြေရှင်းသွားနိုင်ပေလိမ့်မည်။

လတ်တလောအနေဖြင့် အထက်စကြာဝဠာဂိုဏ်းတွင် တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေသည့် ကျင့်ကြံသူပေါင်းများစွာ ရှိပေသည်။ ဂိုဏ်းချုပ် ဖြစ်သည့်အလျောက် ရန်ကိုင်အနေဖြင့် ဂိုဏ်း၏ နောင်ရေးအတွက် အစီအစဉ်များ လုပ်ထားရပေမည်။ သူကိုယ်တိုင်ပင်လျှင် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေပြီး မနှောင်းသော အချိန်အတွင်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန်အတွက် အရိပ်ကြယ်မှ ထွက်ခွာရဦးမည် မဟုတ်လေလော။

ထို့အပြင် ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းခြင်းသည် လေဟာနယ်စွမ်းအားကို ကျင့်ကြံသည့် နည်းလမ်းတစ်မျိုးလည်း ဖြစ်လေသည်။

ယခင်ရက်များအတွင်း လေဟာနယ်စွမ်းအားအပေါ် သူ့နားလည်မှု ပို၍ တိုးတက်လာကြောင်း ရန်ကိုင် ခံစားမိနေ၏။ ထိုကဲ့သို့ သူ့အတွက် အကျိုးရှိသည့် အလုပ်တစ်ခုကို မည်ကဲ့သို့ စွန့်ပစ်နိုင်မည်နည်း။

“မင်းအဲ့လို အကောင်းအထည်ဖော်ဖို့ လုပ်နေမှန်း သိလိုက်ရပြီဆိုမှတော့ ဒီလူအိုကြီး စိတ်အေးသွားပြီ။ မင်းကြယ်သခင် တစ်ပါး ဖြစ်လာတာ ငါတို့ အရိပ်ကြယ် ကောင်းချီးပေးခံရတာပဲ” ချင်းတုန်က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။

“အဲ့ဒါဆို ကျုပ်နဲ့ အခု လိုက်ထွက်မလား။ ဒါမှမဟုတ် ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းပြီးတော့မှပဲ ထွက်မလား”

ချင်းတုန်က ခဏလောက် စဉ်းစားလိုက်၏။ ပြီးမှပဲ “အခုလောလောဆယ်တော့ မထွက်သေးဘူး။ ဒီမှာပဲ ခဏ နေလိုက်ဦးမယ်။ မင်းဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းပြီးတော့မှပဲ ထွက်တော့မယ်။ ငါအခု အရိပ်လခန်းမမှာ လုပ်စရာကိစ္စ နည်းနည်း ရှိသေးတယ်”

“အဲ့ဒါဆို သတင်းကောင်းကို စောင့်နေလိုက်တော့” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်၏။

ချင်းတုန်နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ကောင်းကင်ကံကြမ္မာမြို့တွင် ဆက်မနေတော့ဘဲ အထက်စကြာဝဠာဂိုဏ်းဆီသို့ ပြန်လေ၏။

အကြီးအကဲများကို ဆင့်ခေါ်ပြီးနောက် သူ့အစီအစဉ်ကို ရှင်းပြလိုက်သည်။ သူ့အစီအစဉ်ကို ကြားလိုက်သည့်အခိုက် ရီရှီယွင်နှင့် အခြား အကြီးအကဲအားလုံး စိတ်လှုပ်ရှားသွားကြလေ၏။

ပြောစရာမလိုအောင်ပင် ရီရှီယွင်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ အလွန်ကိုမှ ချိုးဖျက်ချင်နေသည့်သူ ဖြစ်သည်။ ယခင်အကြိမ်က ယန်ယန်ကို စောင့်ရှောက်ရန် အတွက်ကြောင့်သာ အထက်စကြာဝဠာဂိုဏ်း၌ နေရစ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်သာ ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင်တစ်ခု တည်ဆောက်နိုင်ပါက သူမအနေဖြင့် အရိပ်ကြယ်၏ အချုပ်အနှောင်မှ အချိန်မရွေး ရုန်းထွက်ကာ တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားနိုင်ပေလိမ့်မည်။

ရန်ရှုကျုနှင့် အခြားသူများလည်း ထိုကဲ့သို့ တွေးထားကြ၏။ ယခင်အကြိမ်က ကံမကောင်းအကြောင်းမလှသဖြင့် သွေးအကျဉ်းထောင်အတွင်း၌ တန်ခိုးရှင်ဘုရင်အဆင့်သို့ မချိုးဖျက်နိုင်ခဲ့သော်လည်း သူ့တို့တွင် အခွင့်အရေး မရှိတော့ဟု မဆိုလိုချေ။ သူတို့ လုပ်ရမည်မှာ ကြိုးစားကြည့်ရန်ပင်။ ကြိုးစားကြည့်လို့ မအောင်မြင်လျှင်ပင် နောင်တရစရာအကြောင်း မရှိချေ။

“အကုန်လုံးက သဘောတူတယ်ဆိုမှတော့ ဒီဂိုဏ်းချုပ်လည်း အဲ့အစီအစဉ်ကို အကောင်အထည် ဖော်ရတော့တာပေါ့” ရန်ကိုင်က ပြုံးဖြီးလျက် “ဒါပေမယ့် မစခင် ပစ္စည်းနည်းနည်းစုဖို့ လိုလိမ့်မယ်”

“ဘာတွေ လိုတာလဲ” ရီရှီယွင်က မေးလိုက်သည်။

“လေဟာနယ်သလင်းကျောက်တွေ” ရန်ကိုင်၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့သည်။ “ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းတဲ့ နေရာမှာ အရေးအကြီးဆုံးပစ္စည်းက လေဟာနယ် သလင်းကျောက်ပဲ။ အစီအရင်နှစ်ခုကြားက အကွာအဝေးပေါ်ကို မူတည်ပြီး လိုအပ်တဲ့ လေဟာနယ်သလင်းကျောက် ပမာဏက ကွဲပြားသွားလိမ့်မယ်။ အခု ခင်းကျင်းမယ့် အစီအရင်က ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင်ဆိုတော့ လေဟာနယ်သလင်းကျောက် များများရနိုင်လေ ပိုကောင်းလေပဲ”

“နားလည်ပြီ” ရီရှီယွင် ခေါင်းညိတ်လိုက်၏။

လက်ရှိ အထက်စကြာဝဠာဂိုဏ်း၏ ဂုဏ်သတင်းအရ ကုန်ကြမ်းပစ္စည်းများကို စုဆောင်းရန်အတွက် သိပ်မခက်လှချေ။ မေးစရာရှိသည်မှာ လေဟာနယ်သလင်းကျောက် ဘယ်လောက် များများ သူတို့ ဝယ်ယူနိုင်မည်လဲ ဆိုသည်သာ ဖြစ်သည်။

တကယ်တော့ လေဟာနယ်သလင်းကျောက်များသည် အလွန်ကိုမှ ရှားပါးလှပြီး ရှာတွေ့ထားသည့် လေဟာနယ် သလင်းကျောက် အများစုမှာလည်း သိုလှောင်လက်စွပ်များ သွန်းလုပ်ရာ၌ အသုံးပြုလိုက်သဖြင့် ကုန်သွားကုန်ကြ၏။

ရန်ကိုင်သည် နဂါးလိုဏ်ဂူတောင်အောက်တွင် လေဟာနယ် သလင်းကျောက်တွင်းကြီးတစ်တွင်း ရှာတွေ့ခဲ့ဖူးပေသည်။ သို့သော် ရှာတွေ့သည့် လေဟာနယ်သလင်းကျောက်များမှာ သူ့လေဟာနယ်စွမ်းအားကို မြှင့်တင်ရာ၌ သုံးလိုက်သဖြင့် ကုန်သွားခဲ့လေပြီ။

လွန်ခဲ့သော လများအတွင်း ရန်ကိုင် ခင်းကျင်းခဲ့သည့် ဟင်းလင်းပြင်အစီအရင်များ၌ အသုံးပြုခဲ့သော လေဟာနယ် သလင်းကျောက်များကို သူသွားရောက်ခဲ့သည့် ဂိုဏ်းအသီးသီးမှ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

“သုံးလ၊ သုံးလကြာရင် အရိပ်ကြယ်ကနေ ကျုပ်ထွက်မယ်။ အဲ့အချိန်အတွင်း လေဟာနယ်သလင်းကျောက် များများ ရှာပေးနိုင်ဖို့ ကျုပ်မျှော်လင့်တယ်”

“ဟုတ်ကဲ့” အကြိးအကဲအားလုံး ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပဲ လေဟာနယ်သလင်းကျောက်များကို ရှာဖွေရန်အတွက် အလျင်အမြန် ထွက်သွားကြလေသည်။

အကြီးအကဲများ ထွက်သွားပြီးနောက် ရန်ကိုင် အားလပ်ချိန် အချို့ ရလာလေသည်။ သူ့မိဘများနှင့် အချိန်အချို့ ဖြုန်းပြီးနောက် စုယန်နှင့် ရှနင်းချန်ကိုခေါ်ကာ အရိပ်ကြယ်အနှံ့ ခရီးထွက်လေ၏။

နောက်ဘယ်အချိန် အားမည်မှန်းမသိသဖြင့် သူ့စီနီယာအစ်မ နှစ်ယောက်အား ထိုသုံးလအတွင်း တောက်လျှောက် အဖော်ပြုပေးခဲ့၏။

ထိုသုံးလသည် ရန်ကိုင်အတွက်လည်း အလွန်ကိုမှ ကောင်းမွန်သော အခိုက်အတန့်လေးတစ်ခု ဖြစ်ခဲ့ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၂၇)

“ဒါအရင်က ဖန်သွေးရောင်ဂိုဏ်း တည်ရှိခဲ့တဲ့ နေရာလား” စုယန်သည် အောက်ဘက်ရှိ တောင်စဉ်တောင်ဆက်တန်းအား ငုံ့ကြည့်ရင်း မေးလိုကသ်ည်။

“ဟုတ်တယ်” သူမဘေးတွင် ရပ်နေသော ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည်။ ကြယ်သခင်တစ်ပါး ဖြစ်သည့် သူ့အတွက် မိုင်သောင်းနှင့်ချီ ရှည်လျားသော ဤတောင်တန်းအား စစ်ဆေးရန် ဘာမှ သိပ်မခက်ပါချေ။ “ကြည့်ရတာ ဖန်သွေးရောင်ဂိုဏ်းက အလောင်းဝိဥာဉ်ဂိုဏ်းနဲ့ တိုက်ပွဲမှာ သိပ်ပြီး မခံလိုက်ရဘူးပဲ။ သူတို့ ဠာနချုပ်က ငါအရင်တစ်ခါ လာတုန်းကနဲ့ အတူတူပဲ။ ဘာမှ မပြောင်းသွားဘူး”

ရှနင်းချန်သည် အဝေးတစ်နေရာသို့ လှမ်းကြည့်၍ ပြောလိုက်သည် “အရိပ်ကြယ်ပေါ်က မိုးမြေစွမ်းအင်က ထုန်းရွှမ်းလောကကြီးထက် အများကြီး သာတယ်နော်။ ငါတို့ သွားလိုက်တဲ့ နေရာတိုင်းက ထုန်းရွှမ်လောကကြီးထက် အမြဲတမ်း မိုးမြေစွမ်းအင် ပိုသိပ်သည်းနေတာချည်းပဲ”

ပြောရင်း အနည်းငယ် ဝမ်းနည်းလာသည့်ပုံပင်။

ရန်ကိုင်သည် အရိပ်ကြယ်၏ ကြယ်သခင်ဖြစ်သလို သူမသည် ထုန်းရွှမ်လောကကြီး၏ ကြယ်သခင် ဖြစ်သည်။ ကြယ်သခင်တိုင်း အတွက် သူတို့ သန့်စင်ထားသည့် ကြယ်တိုင်းသည် သူတို့၏ အကောင်းဆုံး အပေါင်းအဖော်များ ဖြစ်ကြပေသည်။

ထုန်းရွှမ်လောကကြီး၏ ညိုးလျော်နေသည့် အရှိန်အဝါသည် သူမအား အနည်းငယ် စိတ်ဓါတ်ကျစေမိ၏။

“ကြယ်သခင်နဲ့ ကျင့်ကြံရေးကြယ်တွေက တိုက်ရိုက် ဆက်စပ်တယ်လေ။ စီနီယာမမလေး ကြိုးစားကျင့်ကြံဖို့ပဲ လိုတယ်။ အဲ့ဒါဆို ထုန်းရွှမ်လောကကြီး တစ်နေ့ကျ ပြန်ပြီး စည်းပင်သာယာ ဝပြောလာလိမ့်မယ်” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည်။

“ဟုတ်တယ်နော်” ရှနင်းချန် ခေါင်းညိတ်လိုက်၏။

“သွားကြရအောင်၊ ဂိုဏ်းချုပ်ကုန်း ငါတို့ ရောက်လာတာကို သတိထားမိသွားပြီ” ရန်ကိုင်သည် အမျိုးသမီးနှစ်ဦး၏ လက်ကို ကိုင်၍ အောက်သို့ ဆင်းသွားလေသည်။

သူတို့ အရိပ်ကြယ်အနှံ့ လိုက်ပတ်နေသည်မှာ သုံးလတင်းတင်း ပြည့်ခါနီးနေလေပြီ။

လွန်ခဲ့သော သုံးလအတွင်း ရန်ကိုင်တို့ သုံးယောက်သည် အရိပ်ကြယ်ပေါ်ရှိ ကျော်ကြားသည့် နေရာတိုင်းလိုလိုအား လှည့်ပတ်ကြည့်သည်။ ရိုးရာအစားအစာ၊ ဝတ်စားဆင်ယင်ပုံကို လိုက်အတွေ့အကြုံယူသည်။ အဆုံးမဲ့သမုဒ္ဒရာကြီး၏ ခမ်းနားသော တဝုန်းဝုန်း ရိုက်ခတ်နေသည့် လှိုင်းလုံးများနှင့် သဲကန္တာရများ၏ ရင်သက်ရှုမောဖွယ်ရာ တိတ်ဆိတ်လှသည့် အလှတရားကိုလည်း လိုက်ခံစား၏။ ထို့အတွက်ကြောင့် ကျော်ကြားသော တောင်တန်းများ၊ မြစ်ပြင်များလိုလိုတွင် သူတို့၏ ခြေရာများ ထင်ကျန်ရစ်နေခဲ့တော့သည်။

သုံးလတာကာလ ခရီးသည် သူတို့သုံးဦးစလုံး၏ ရင်ထဲဝယ် အလှပဆုံးသော အမှတ်တရတစ်ခု ဖြစ်လာမည်မှာ မလွဲမသွေပင်။

ဖန်သွေးရောင်ဂိုဏ်းသည် ရန်ကိုင် နောက်ဆုံး ရွေးထားသည့် နေရာ ဖြစ်သည်။

ဤနေရာသို့ လာရခြင်းမှာ ရှုခင်းကြည့်ရန် ဖြစ်သလို ကုန်းအောင်ဖုဆီမှ တစ်ခုခု တောင်းဆိုစရာရှိသည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။

ကုန်းအောင်ဖုသည် ဖန်သွေးရောင်ဂိုဏ်း၏ လက်ကျန် အသက်ရှင်ကျန်ရစ်သူများကို ဦးဆောင်လျက် အထက်စကြာဝဠာဂိုဏ်းထဲ ဝင်ခိုလှုံခဲ့ပြီး သူမ ကိုယ်တိုင်သည် အထက်စကြာဝဠာဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်လာသော်ငြား အလောင်းဝိဥာဉ်ဂိုဏ်း ပျက်စီးသွားသည့်နောက်တွင် ရန်ကိုင်သည် သူမအား ဖန်တောင်တန်းဆီသို့ ပြန်ခွင့်ပေးလိုက်လေသည်။

ကျင့်ကြံသူတစ်ဦးအတွက် ဘိုးဘေးတို့ ထားရစ်ခဲ့သည့် အမွေအနှစ်မှာ မည်မျှ အဖိုးတန်သလဲ ဆိုသည်ကို ရန်ကိုင် ကောင်းကောင်း နားလည်ပေသည်။

ဤသည်မှာ အရိပ်ကြယ်ပေါ်တွင် အထက်စကြာဝဠာဂိုဏ်း ဆိုသည့် ဂိုဏ်းကို သူထူထောင်ထားသည်နှင့် တူပေသည်။ ကုန်းအောင်ဖုသည် အစစအရာရာ ပိုမို သာလွန်သော အထက်စကြာဝဠာဂိုဏ်းတွင် နေနေရလျှင်ပင် ဖန်သွေးရောင်ဂိုဏ်းကိုတော့ ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် အထက်စကြာဝဠာဂိုဏ်းထဲသို့ ကုန်းအောင်ဖု ဝင်လာစဉ်ကတည်းက၊ သူမသာ ဆန္ဒရှိလျှင် တစ်နေ့ကျ ဖန်သွေးရောင်ဂိုဏ်းကို ပြန်တည်ထောင်နိုင်သည်ဟု ရန်ကိုင်မှ သူမအား ကတိပေးခဲ့သေးသည်။

ကုန်းအောင်ဖုသည်လည်း ရန်ကိုင်အား အလွန် ကျေးဇူးတင်သွားသည်။ သူမ တပည့်များကိုခေါ်ပြီး ဖန်တောင်တန်းဆီသို့ ပြန်လာကာ ဖန်သွေးရောင်ဂိုဏ်းကို ပြန်လည် တည်ထောင်ခဲ့သော်လည်း ဖန်သွေးရောင်ဂိုဏ်းသည် အထက်စကြာဝဠာဂိုဏ်း၏ လက်အောက်ခံ ဂိုဏ်းတစ်ဂိုဏ်း အဖြစ် နေရစ်မည်ဟု ပြောသွား၏။

ဖန်သွေးရောင်ဂိုဏ်းသည် အထက်စကြာဝဠာဂိုဏ်း၏ ပထမဆုံး လက်အောက်ခံ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့သည်။

စုယန်၊ ရှနင်းချန်တို့နှင့်အတူ ဤနေရာသို့ ရောက်လာစဉ် ကုန်းအောင်ဖုကို သူရောက်နေကြောင်း လှမ်းအကြောင်းကြားလိုက်၏။

ဖန်သွေးရောင်ဂိုဏ်း၏ အဓိက တောင်ထွတ်ဆီသို့ ရောက်သည့်အခါ သူတို့အား ကုန်းအောင်ဖုမှ ဦးဆောင်သည့် ကျင့်ကြံသူတစ်သိုက်က စောင့်ကြိုနေကြောင်း တွေ့လိုက်ရသည်။

တိုက်ယွမ်သည် သူမ၏ ယခင် ကျောက်ပေါက်မာများ ပေါက်နေသည့် မျက်နှာအတိုင်း ရှိနေဆဲ။

သူမတို့ နှစ်ဦး၏ နောက်တွင် ဖန်သွေးရောင်ဂိုဏ်း၏ အကြီးအကဲများနှင့် ယင်စုတျယ်အပါအဝင် လက်ရွေးစင် တပည့်များ ရှိနေခဲ့သည်။

ရန်ကိုင် ရောက်လာသည်ကိုမြင်သော် အကုန်လုံး ဦးညွှတ် အလေးပြုလိုက်ကြလေသည်။

“လက်အောက်ငယ်သား ကုန်းအောင်ဖု ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ကတော်တို့ကို နှုတ်ဆက်ပါတယ်” ကုန်းအောင်ဖုက အလျင်အမြန် ပြောလိုက်သည်။

“ဒီမှာ အကုန်လုံးက အချင်းချင်းတွေပဲ။ ဂိုဏ်းချုပ်ဖု အခုလို ယဉ်ကျေးနေစရာ မလိုဘူး” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်ချိန် စုယန်ကမူ ဂိုဏ်းချုပ်ကတော်ဟူသော သူမ၏ ဂုဏ်ပုဒ်ကို ပြုံးလျက် ဂုဏ်ယူစွာ ခံယူလေသည်။ ရှနင်းချန်မှာမူ ယခင်အတိုင်း ဂိုဏ်းချုပ်ကတော်ဟူသော စကားကို ကြားလိုက်ချိန် လည်တိုင်တစ်လျှောက် နာသီးလေးများအထိ နီတက်သွားခဲ့၏။

နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် စီနီယာမမလေးသည် ယခင်အတိုင်း အရှက်ကြီးနေဆဲပင်။

“အစ်မတိုက်ယွမ်၊ မတွေ့တာတောင် ကြာပြီနော်” ရန်ကိုင်သည် တိုက်ယွမ်အား လှမ်းနှုတ်ဆက်လိုက်သည်။ အခြားသူများ သိမည်မဟုတ်သော်ငြား သူမ၏ ကျောက်ပေါက်မာ ပေါက်နေသော မျက်နှာအောက်ဝယ် အလွန်လှပသော မျက်နှာလေး ရှိသည်ကို ရန်ကိုင် သိပေသည်။

တိုက်ယွမ်၏ ကိုယ်လုံးကိုယ်ပေါက်သည် တကယ်ကို ရင်သွေးကြွဖွယ်ကောင်းလှသော်ငြား ပုံဆိုးဆိုး သူမ၏ မျက်နှာမှာ သူမ၏အလှကို ပြန်ဖျက်နေခဲ့၏။ ရန်ကိုင်နှင့် တိုက်ယွမ်သည် မတူညီကွဲပြားသော လောကနှစ်ခုတွင် နေနေသော လူများဟုပင် ပြော၍ရသည်။ ရန်ကိုင်သည် အထက်အာကာယံတွင် ကူးခတ် သွားလာနေသော နဂါးတစ်ကောင်ဟု ပြောရမည်ဆိုလျှင် တိုက်ယွမ်သည် မြေပြင်ထက် တွားသွားနေသော ပုရွက်ဆိတ် တစ်ကောင်ဟုသာ ပြောရပေမည်။ ထိုသို့ ဖြစ်သည်ကို ရန်ကိုင် ဘာကြောင့် တိုက်ယွမ်အား အရမ်း အရေးစိုက်နေလဲ ဆိုသည်ကို မည်သူမှ နားမလည်နိုင် ဖြစ်နေ၏။

ရန်ကိုင်က လာနှုတ်ဆက်သည့်အခါ တိုက်ယွမ်သည် ပြန်၍ ခေါင်းညိတ်ပြလိုက်၏။

ကုန်းအောင်ဖုက ပြုံးလျက် အလျင်အမြန် ပြောလိုက်၏ “အရင်လတွေတုန်းက ဂိုဏ်းချုပ်ရန် အရိပ်ကြယ်အနှံ့ လိုက်ပတ်နေတယ်လို့ အကြီးအကဲရီက ပြောတယ်။ ဂိုဏ်းချုပ်ရန် အခွင့်အရေး အသစ်တွေ ရှာတွေ့ပြန်ပြီလား”

“ကျုပ်တို့က ဒီအတိုင်းပဲ လျှောက်ပတ်နေတာ။ ဘယ်လိုလုပ်ပြီး အခွင့်အလမ်းတွေ ရှာတွေ့ရမှာလဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြော၏။

“ဂိုဏ်းချုပ်နဲ့ ဂိုဏ်းကတော် နှစ်ယောက်က တကယ်ကို နတ်ဖက်တဲ့ စုံတွဲတွေပဲ”

ရန်ကိုင်သည် စုယန်နှင့် ရှနင်းချန်အား လှည့်ကြည့်လိုက်၏။ သုံးယောက်စလုံး ပြိုင်တူ ပြုံးလိုက်ကြလေသည်။

ကုန်းအောင်ဖုသည် ဝတ်သဘောအရ ပြောနေခြင်းဖြစ်မှန်း သိကြသော်လည်း မည်သူမှ သူမ၏စကားကို စိတ်ထဲ မထားချေ။

“ဒါနဲ့ ဂိုဏ်းချုပ်ဒီကို ဘာလို့ ရောက်လာလဲ သိလို့ရမလား။ ရှုခင်းတွေ ကြည့်ဖို့ဆိုရင် ကျွန်မ ချက်ချင်းပဲ စီစဉ်ပေးလို့ရတယ်။ ဖန်တောင်တန်းမှာ အရမ်းလှတဲ့ ရှုခင်းတွေ အများကြီးပဲ”

“မဟုတ်ဘူး။ ကျုပ်ဒီကို ရှုခင်းကြည့်ဖို့ ရောက်လာတာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါ၍ “အကြီးအကဲကုန်းဆီ တစ်ခုခု တောင်းဆိုချင်လို့ လာခဲ့တာ”

“ဂိုဏ်းချုပ် ဘာများ တောင်းဆိုချင်တာလဲ” ကုန်းအောင်ဖုက ပြုံး၍ “ဂိုဏ်းချုပ်ကြောင့်သာ မဟုတ်ရင် ဖန်သွေးရောင်ဂိုဏ်း ပျောက်ကွယ်သွားတာ ကြာနေပြီ။ အဲ့အတွက်တောင် ဂိုဏ်းချုပ်ကို ပြန်ပြီး ကျေးဇူးမဆပ်ရသေးဘူး။ ဂိုဏ်းချုပ် လိုအပ်တာရှိရင် ပြောလေ။ ကျွန်မ တတ်နိုင်တဲ့အပိုင်းကဆို အကောင်းဆုံး ကူညီပေးမယ်”

ရန်ကိုင်က ခေါင်းညိတ်၍ “ကျုပ်ဒီကို ပုံရိပ်တစ်ထောင်ဖန် နည်းနည်းလောက် လိုချင်လို့ ရောက်လာတာ။ အလောင်းဝိဥာဉ်ဂိုဏ်းနဲ့ တိုက်ပွဲမှာ ခင်ဗျားတို့ ပုံရိပ်တစ်ထောင်ဖန်တောင် ဘာမှ မထိခိုက်သွားဘူးမလား”

“ပုံရိပ်တစ်ထောင်ဖန်” ကုန်းအောင်ဖုက မျက်ခုံးပင့်လျက် “ပုံရိပ်တစ်ထောင်ဖန်ကတော့ ဘာမှဖြစ်မသွားဘူး။ ဒါပေမယ့် ဂိုဏ်းချုပ်တောင်းဆိုတာက နည်းနည်းတော့ ခက်လိမ့်မယ်။ အရင်လတွေတုန်းက ကျွန်မတို့ စုထားတာ နည်းနည်းလောက်ပဲ ရသေးတယ်။ လက်သီးဆုပ် နှစ်ဆုပ်၊ သုံးဆုပ်စာလောက်ပဲ ရှိဦးမယ်။ အဲ့လောက်က ဂိုဏ်းချုပ်အတွက် လောက်ပါ့မလား”

“အဲ့လောက်ကတော့ မရဘူး” ရန်ကိုင် ရယ်ချင်စိတ်ကို မနည်း အောင့်အည်းနေရသည်။

“အဲ့ဒါဆို… တိုက်ယွမ်ကိုပဲ ထပ်သွားယူခိုင်းရမှာပေါ့” ကုန်းအောင်ဖုက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်သည်။

ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်း၌ တိုက်ယွမ် တစ်ဦးသည်သာ ပုံရိပ်တစ်ထောင်ဖန်ကို ထုတ်ယူနိုင်စွမ်း ရှိပေသည်။

ထို့ကြောင့် ဖန်သွေးရောင်ဂိုဏ်းသည် ပုံရိပ်တစ်ထောင် ဖန်တောင် ကဲ့သို့သော ရတနာကြီးကို ပိုင်ဆိုင်ထားသည့်တိုင် အပြည့်အဝ အသုံးချနိုင်ခြင်း မရှိချေ။

“တပည့် အများကြီး တူးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရန်ကိုင်မှာတော့ နည်းလမ်းရှိလိမ့်မယ်လို့ ထင်တယ်” တိုက်ယွမ်က ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ရန်ကို နင်ဘယ်လိုတွေ ပြောနေတာလဲ။ ဂိုဏ်းချုပ်ကို ဘယ်လိုလုပ်ပြီး နာမည်တပ်ခေါ်ရဲတာလဲ” ကုန်းအောင်ဖုက တိုက်ယွမ်အား လှမ်းအော်ဟစ်လိုက်လေသည်။

တိုက်ယွမ်အား ဆူနေသော်ငြား ကုန်းအောင်ဖု၏ အကြည့်သည် ရန်ကိုင်ဆီသို့သာ ရောက်နေခဲ့သည်။ ရန်ကိုင် ဒေါသမထွက်သွားမှန်း တွေ့လိုက်ရမှပဲ စိတ်အေးသွားခဲ့၏။

“ရတယ် ဘာမှမဖြစ်ဘူး။ ကျုပ် အစ်မတိုက်ယွမ်နဲ့ သိလာတာကြာပြီ။ အရင်ကလည်းက အခုအတိုင်းပဲ ခေါ်ကြတာ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။

တိုက်ယွမ်ကမူ အံကြိတ်၍သာ ရန်ကိုင်အား ဒေါသတကြီး ကြည့်လိုက်လေသည်။

အလောင်းဝိဥာဉ်ဂိုဏ်း ထကြွမသောင်းကျန်းစဉ်က သူမနှင့် ရန်ကိုင်သည် အဆင့်တူများသာ ဖြစ်ကြသော်ငြား ယခုမူ ထိုသကောင့်သားသည် သူမ၏ ဆရာကိုပင် အမိန့်ပေးနိုင်စွမ်း ရှိနေခဲ့လေပြီ။

“အခုလို နားလည်ပေးတဲ့အတွက် ဂိုဏ်းချုပ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ လက်အောက်ငယ်သား တိုက်ယွမ်ကို ကောင်းကောင် မသင်ကြားပေးလိုက်လို့ပါ” ကုန်းအောင်ဖုက ဦးညွှတ်၍ ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်၏ “ဂိုဏ်းချုပ်ရန်မှာ ပုံရိပ်တစ်ထောင်ဖန်ကို တူးနိုင်တဲ့ နည်းလမ်း ရှိတာလား”

“ရှိတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆိုရင် ကိစ္စမရှိတော့ဘူး။ ဂိုဏ်းချုပ် တူးချင်သလောက် တူးသွားလို့ရတယ်။ ကျွန်မတို့ တူးမယ်ဆိုရင်တောင် အခု လောလောဆယ် ပုံရိပ်တစ်ထောင်ဖန်တွေကို ဘယ်နေမှာ သုံးမယ်ဆိုတာ စဉ်းစားရသေးတာ မဟုတ်ဘူး။ ဂိုဏ်းချုပ်၊ ကျွန်မနောက် လိုက်ခဲ့ပေးပါ”

ကုန်းအောင်ဖုသည် ချက်ချင်းပဲ သဘောတူ၍ ရန်ကိုင်အား ဦးဆောင် ခေါ်သွားလေသည်။

ရန်ကိုင်၊ စုယန်နှင့် ရှနင်းချန်တို့သည်လည်း သူမနောက်သို့ အလျင်အမြန် လိုက်သွားကြလေသည်။

ဖန်သွေးရောင်ဂိုဏ်း၏ ကျင့်ကြံသူများသည် ရန်ကိုင် မည်သည့်နည်းလမ်းကိုသုံး၍ ပုံရိပ်တစ်ထောင်ဖန်အား တူးမည်လဲ ဆိုသည်ကို အတော်လေး သိချင်နေကြသည့်အတွက် လိုက်ကြည့်ကြလေသည်။

“နင်တကယ်ရူးတာပဲ” ယင်စုတျယ်သည် လူအုပ်ကြီးကို တိုးဝှေ့၍ တိုက်ယွမ်နားသို့ တိုးကပ်ကာ ပြောလိုက်၏ “ဂိုဏ်းချုပ်က နင့်ကို သူနဲ့ အောင်သွယ်တော် လုပ်ပေးနေတာကို ဘာလို့ ငြင်းလိုက်တာလဲ”

“မငြင်းလို့ ဘာလုပ်ရမှာလဲ။ သူ့ရင်ခွင်ထဲ ပစ်ဝင်ရမှာလား” တိုက်ယွမ်က ပြန်ပြော၏။

ယင်စုတျယ် ခဏတာ ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။ ခဏလောက် စဉ်းစားပြီးနောက် ရယ်သွမ်းသွေး၍ “ငါသာဆိုရင် အဲ့လိုပဲ လုပ်မှာ။ သူက အရိပ်ကြယ်မှာ အားအကောင်းဆုံးပဲဟာကို။ သူလို လူတစ်ယောက်ကို တမင်တကာ ချဉ်းကပ်တာ ဘာရှက်စရာရှိမှာမို့လို့လဲ”

“ပြောရတာက လွယ်တာပေါ့။ ဒါပေမယ့် သူ့ဘေးက မိန်းကလေး နှစ်ယောက်ကို နင်မမြင်တာလား” တိုက်ယွမ်က ယင်စုတျယ်အား အထင်တသေး ကြည့်လိုက်၏။

စုယန်နှင့် ရှနင်းချန်အကြောင်း ပြန်စဉ်းစားမိလိုက်သော် ယင်စုတျယ် လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားလေ၏။ သူမ ကိုယ်တိုင်ပင် ထိုအမျိုးသမီးနှစ်ဦးရှေ့၌ နိမ့်ကျသလို ခံစားရ၏။

စုယန်သည် အားကောင်းပြီး အေးစက်သည့် အရှိန်အဝါကို မသိလိုက်မသိဘာသာ ထုတ်လွှတ်နေ၏။ သူမရှေ့တွင် ရပ်နေရသည်မှာ သူမအတွက်ပင် အလွန်ကို ဖိအားများလှသည်။ စုယန် ရပ်နေသည့်အတွက် ယဉ်စုတျယ်လည်း ရန်ကိုင်အား သွားမပြာရဲတော့ချေ။

ဟိုရိုးရှင်းသိမ်မွေ့သည့် ဇာပဝါဝတ်ထားသော အမျိုးသမီးကမူ မြင့်မြတ်သည့် အရှိန်အဝါတစ်မျိုးမျိုးကို ပေးစွမ်းနေ၏။ အမျိုးသမီး နှစ်ဦးစလုံးသည် သူမအား သိမ်ငယ်စိတ် ဝင်စေမိသည်။

“ဘာပဲဖြစ်ဖြစ်၊ ဂိုဏ်းချုပ် ပျော်ဖို့က အဓိကပဲလေ” ယင်စုတျယ်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။

“ငါနင့်နဲ့ ပြိုင်ငြင်းမနေချင်ဘူး” တိုက်ယွမ်သည် ယင်စုတျယ်အား မျက်နှာသေဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းခါ၍ လူအုပ်ကြီးနောက် လိုက်သွားလေသည်။

“တုံးလိုက်တဲ့ စီနီယာအစ်မ၊ ရုပ်ဆိုးမ” ယင်စုတျယ်သည် တိုက်ယွမ်အား မကျေမနပ်ဖြင့် ကြည့်ရင်း ကျိန်ဆဲလေသည်။

တိုက်ယွမ်ကမူ မကြားချင်ယောင်သာ ဆောင်နေ၏။

ပုံရိပ်တစ်ထောင်ဖန်တောင်သည် အလွန်ကိုမှ ကြီးမားလှသော ပုံရိပ်တစ်ထောင်ဖန်ကျောက်တုံးကြီး ဖြစ်လေသည်။ ဤကျောက်တုံးကြီးသည် ပုံရိပ်တစ်ထောင်ဖန်အလင်းကိုလည်း ထုတ်လွှတ်နိုင်၏။

ပုံရိပ်တစ်ထောင်ဖန်အလင်းသည် ဒြပ်ကြီးငါးပါးကိုသာမက စိတ်ဝိဥာဉ်ကိုပင် ဖိနှိပ်နိုင်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ယွမ်မှ ရန်ကိုင်အား ပေးခဲ့သည့် ပုံရိပ်တစ်ထောင်ဖန်လုံးမှာ ပုံရိပ်တစ်ထောင်ဖန် အပိုင်းအစများကို နှစ်ပေါင်းများစွာကြာအောင် စားသုံးခြင်းမှ ဖြစ်ပေါ်လာသည့်အရာ ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် မွန်းစတားသားရဲ တစ်ကောင်၏ မွန်းစတားအမြူတေနှင့် တူပေသည်။ ထိုပုံရိပ်တစ်ထောင်ဖန်လုံးကို ရန်ကိုင်မှ သန့်စင်ခဲ့ပြီး သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ပေါင်းစပ်ခဲ့သည်။

ထို့အပြင် ပုံရိပ်တစ်ထောင်ဖန်သည် ပုံစံမျိုးမျိုးသို့ ပြောင်းလဲနိုင်သော စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ပုံရိပ်တစ်ထောင်ဖန်အား မှော်ရတနာ သွန်းလုပ်ရာတွင် ထည့်သွင်းအသုံးပြုမည်ဆိုပါက ရလာသည့် မှော်ရတနာသည် အမျိုးမျိုးသော ပုံစံအသွင်သို့ ပြောင်းလဲနိုင်သည်ဟု ကောလဟာလများ ရှိပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၂၈)

ပုံရိပ်တစ်ထောင်ဖန် ပမာဏများစွာသုံး၍ တည်ဆောက်ထားသော အထက်စကြာဝဠာဂိုဏ်း၏ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် အံ့မခန်း ခုခံရေးစွမ်းရည်များကို ပိုင်ဆိုင်ထားရုံမက တပ်ဆင်ထားသော အစီအရင်များကို အသုံးပြု၍ ဥက္ကာခဲတစ်ခုအသွင်လည်း ပြောင်းလဲ၍ ရပေသည်။

ယန်ယန်သည်သာလျှင် ထိုကဲ့သို့သော ကြယ်သင်္ဘောမျိုးကို တည်ဆောက်နိုင်ပေလိမ့်မည်။ ကြယ်စီရင်စုထဲရှိ မည်သည့် ပန်းပဲပညာရှင်မှ ပုံရိပ်တစ်ထောင်ဖန် ပမာဏများစွာကို သုံး၍ ထိုကဲ့သို့သော ကြယ်သင်္ဘောမျိုး တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပေ။

ကျောက်တုံးရုပ်သေးရုပ်သည် အမျိုးမျိုးသော ရှားပါး သတ္တုများအား ဝါးမြိုပြီး အသန့်စင်ဆုံး သတ္တုများအဖြစ်သို့ ပြန်လည် သန့်စင်ပစ်နိုင်သည့် မွေးရာပါစွမ်းရည်ကို ပိုင်ဆိုင်ထား၏။ ပုံရိပ်တစ်ထောင်ဖန်ဟာလည်း သတ္တု တစ်မျိုးသာ ဖြစ်သဖြင့် ကျောက်တုံးရုပ်သေးရုပ်အဖို့ ထိုအရာကို ဝါးမြိုရန် ပြဿနာ မရှိပေ။

နယ်ပယ်ကျောက်တောင်ပင်လျှင် ကျောက်တုံးရုပ်သေးရုပ် ဝါးမြိုလိုက်သည့်အတွက်ကြောင့် ဟောင်းလောင်းပြီး ဖြစ်သွားခဲ့ရာ ပုံရိပ်တစ်ထောင်ဖန်ကကော မည်သို့များ ကျောက်တုံး ရုပ်သေးရုပ်၏ ကိုက်ချက်ကို ခုခံနိုင်မည်နည်း။

အားလုံး၏ အံ့အားသင့်နေသည့် အကြည့်အောက်မှာပင်၊ ရှောင်ရှောင်သည် ပုံရိပ်တစ်ထောင်ဖန်တောင်ဆီသို့ ကွတကွတဖြင့် လျှောက်သွားလိုက်ပြီး ၎င်း၏ပါးစပ်ကိုဟ၍ စတင် ကိုက်ဝါးတော့လေသည်။

ဂျွတ်…ဂျွတ်… ဂျွတ်…

တဂျွတ်ဂျွတ် မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ကျောက်တုံးရုပ်သေးရုပ်သည် အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် ပုံရိပ်တစ်ထောင်ဖန်တောင်အတွင်းသို့ လိုဏ်ခေါင်း တစ်ခု တူးသွားလေသည်။ နှစ်ပေါင်းများစွာကြာအောင် တည်ရှိလာသော ပုံရိပ်တစ်ထောင်ဖန်တောင်သည် ကျောက်တုံး ရုပ်သေးရုပ်ကြောင့် တစ်ခဏအတွင်း အစိတ်အပိုင်းအကြီးကြီး ဆုံးရှုံးလိုက်ရ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ဖန်သွေးရောင်ဂိုဏ်းမှ ကျင့်ကြံသူများ ကြက်သေသေနေခဲ့ကြလေသည်။

မကြာမီ ရှောင်ရှောင်၏ ခန္ဓာကိုယ်သည် ပုံရိပ်တစ်ထောင်ဖန်တောင်၏ အတွင်းပိုင်းသို့ ရောက်သွား၏။ မည်သူမှ ရှောင်ရှောင်ကို မတွေ့ရတော့သော်လည်း တဂျွတ်ဂျွတ် ကိုက်ဝါးသံများသည် ရှောင်ရှောင် ပုံရိပ်တစ်ထောင်ဖန်များကို ဆက်၍ ကိုက်ဝါးနေကြောင်း သက်သေပြနေခဲ့သည်။

“ဂိုဏ်းချုပ်၊ ဒီအသက်ရှိနေတဲ့ ရုပ်သေးရုပ်မှာ အဲ့လို မှော်ဆန်တဲ့ စွမ်းရည်ရှိတာလား” ကုန်းအောင်ဖုက အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။

ရှောင်ရှောင်ကို သူမသိပေသည်။ နဂါးလိုဏ်ဂူတောင်နှင့် တိုက်ပွဲတွင် ရှောင်ရှောင်သည် ကျောက်ဘီလူးကြီး အသွင်သို့ ပြောင်း၍ အနက်ရောင်တုတ်ချောင်းကို‌ ဝှေ့ရမ်းကာ တိုက်ခိုက်ခဲ့သည် မဟုတ်ပေလော။

ကျောက်တုံးရုပ်သေးရုပ်သည် အလွန် အားကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားရုံမက ပုံရိပ်တစ်ထောင်ဖန်ကို အလွယ်တကူ ဝါးစားပစ်နိုင်သည့် မှော်ဆန်ဆန် စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားဦးမည်ဟု မထင်ထားခဲ့ချေ။

“ဟဲဟဲ၊ သူ့လို သက်ရှိမျိုးက အရမ်းရှားတယ်။ အရင်တုန်းက ဒီလို ကိစ္စမျိုးတွေ ကြုံရပြီဆို သူကပဲ ကူညီပေးခဲ့တာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။ အသေးစိတ်တော့ ရှင်းပြမနေခဲ့ချေ။ ထို့နောက် ဆက်၍ ပြောလိုက်၏ “ကျုပ် ပုံရိပ်တစ်ထောင်ဖန် အများကြီး လိုတယ်…”

“ဂိုဏ်းချုပ် လိုချင်သလောက် ယူသွားပါ။ တစ်တောင်လုံး တူးယူသွားလည်း ဘာမှမဖြစ်ပါဘူး” ကုန်းအောင်ဖုက ချက်ချင်းပဲ ပြန်၍ ပြောလိုက်သည်။

“အဲ့လောက်ကြီးတော့ မလိုပါဘူး” ရန်ကိုင်က ရယ်ချင်စိတ်ကို ချုပ်တည်းရင်း “ပုံရိပ်တစ်ထောင်ဖန်တောင်က အကြီးကြီးပဲ။ ကျုပ်က သူ့ရဲ့ တစ်ရာခိုင်းနှုန်းလောက်ကိုပဲ လိုတာ”

“ဒီတူးနှုန်းနဲ့ဆို အဲ့လောက်ရဖို့ နှစ်ရက်သုံးရက်လောက် ကြာဦးမှာ။ ဂိုဏ်းချုပ် စိတ်မရှိရင် ကျွန်မတို့ဆီမှာ ခဏလောက် လာနားလိုက်လေ။ နှစ်ရက်ကြာတော့မှပဲ ဒီက အခြေအနေကို တစ်ချက် လာပြန်စစ်ဆေးကြည့်ပေါ့”

“အင်း။ အဲ့အတိုင်းပဲ လုပ်ကြတာပေါ့” ရန်ကိုင် ခေါင်းညိတ်လိုက်၏။

ကုန်းအောင်ဖုသည် ရန်ကိုင်၊ စုယန်နှင့် ရှနင်းချန်တို့အား ဖန်သွေးရောင်ဂိုဏ်း၏ အဓိက တောင်ထွတ်ဆီ ဦးဆောင် ခေါ်သွားပြီး သူတို့အတါက် အကောင်းဆုံး နန်းတော်တစ်လုံးကို ပြင်ဆင်ပေးလိုက်လေသည်။

စားပွဲသောက်ပွဲကိုတော့ ပြင်ဆင်ပေးမနေခဲ့ချေ။ ရန်ကိုင် ထိုကဲ့သို့သော အရာများကို စိတ်မဝင်စားမှန်း ကုန်းအောင်ဖု သိသည်။ ရန်ကိုင်၏ နေ့တဒူဝ ဝေယျာဝစ္စ ကိစ္စများကို ဆောင်ရွက်ရန်အတွက် အစေခံအချို့ကို ထားရစ်ခဲ့ပြီး ရန်ကိုင်အား လုံးဝ မလိုအပ်လျှင် သွားမနှောင့်ယှတ်ရန်လည်း သေချာ မှာကြားခဲ့ပေသည်။

သုံးရက်ကြာပြီးနောက်တွင် အကုန်ဆုံး အဆင်သင့် ဖြစ်သွား၏။ လွန်ခဲ့သည့် သုံးရက်လုံးလုံး ရှောင်ရှောင်သည် ပုံရိပ်တစ်ထောင်ဖန်များကို တောက်လျှောက် ဝါးမြိုခဲ့သည့် အတွက် သူ့ဝမ်းဗိုက်လေးပင် သိသိသာသာ ဖောင်းကားလာ၏။

ရန်ကိုင်သည် ရှောင်ရှောင်ဝါးမြိုထားသည့် ပုံရိပ်တစ်ထောင်ဖန်းများကို ထွေးထုတ်ခိုင်းကာ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်၏။ ထို့နောက် ကုန်းအောင်ဖုကို နှုတ်ဆက်၍ ထွက်ခွာလာခဲ့လေသည်။

မထွက်သွားခင် တန်ခိုးရှင်အဆင့် မှော်ရတနာအချို့နှင့် တန်ခိုးရှင်အဆင့် ဆေးလုံးအချို့ကိုအား ဖန်သွေးရောင်ဂိုဏ်း အတွက် ချန်ရစ်ခဲ့လိုက်လေသည်။

ဤသည်မှာ ပုံရိပ်တစ်ထောင်ဖန်အများကြီးကို ယူသွားသည့် အတွက် အလျော်အစားသဘော ပြန်ပေးခြင်း ဖြစ်သည်။ တန်ခိုးရှင်အဆင့် မှော်ရတနာများဖြစ်စေ၊ တန်ခိုးရှင်အဆင့် ဆေးလုံးများဖြစ်စေ၊ နှစ်ခုစလုံးသည် အရိပ်ကြယ်၌ အလွန် အဖိုးတန်သည့် အရာများ ဖြစ်ကြသည်. ထို့ကြောင့် ကုန်းအောင်ဖုသည် ထိုအရာများကို ဝမ်းမြောက်ဝမ်းသာ လက်ခံယူထားလိုက်လေသည်။

ဆယ်ရက်ကြာပြီးနောက်၊ အထက်စကြာဝဠာဂိုဏ်းထဲ၌…

အစည်းအဝေးခန်းမ အပြင်ဘက်ရှိ အဓိကမြေကွက်လပ်၌ ဟင်းလင်းပြင်အစီအရင်သစ်တစ်ခု ရှိနေခဲ့လေ၏။

ဤဟင်းလင်းပြင်အစီအရင်သည် ရန်ကိုင် ယခင်က ခင်းကျင်းခဲ့သည့် ဟင်းလင်းပြင်အစီအရင်များနှင့် အနည်းငယ် ကွာခြားပေသည်။ အဓိက ကွာခြားချက်မှာ အရွယ်အစားနှင့် အရှိန်အဝါပင် ဖြစ်သည်။ လက်ရှိ ဟင်းလင်းပြင်အစီအရင်၏ အရွယ်အစားမှာ ရန်ကိုင် ယခင် ခင်းကျင်းခဲ့သည့် အစီအရင်များ၏ အရွယ်အစားထက် ပိုသေးသော်ငြား အရှိန်အဝါမှာတော့ ပို၍ အားကောင်း၏။

ဤအစီအရင်သည် ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်တစ်ခု ဖြစ်ပေသည်။ အရိပ်ကြယ်၏ အပြင်ဘက်မှ စကြာဝဠာဂိုဏ်းဆီသို့ ဦးတည်မည့် အစီအရင်လည်း ဖြစ်၏။

သူယခင်က လုပ်ခဲ့သည့်နည်းတူ ယခု အခြားသော ကြယ်တစ်လုံးပေါ်တွင် ဟင်းလင်းပြင်အစီအရင်တစ်ခု သွားခင်းကျင်းရန် လိုအပ်လေပြီ။ သို့မှသာ ကြယ်နှစ်လုံးကြား အပြန်အလှန်သွားလာရေး လမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

ဤအစီအရင်နှင့်ဆိုပါက အထက်စကြာဝဠာဂိုဏ်းတွင် ဟင်းလင်းပြင်အစီအရင် နှစ်ခု ရှိလာခဲ့လေပြီ။

တစ်ခုသည် အထက်စကြာဝဠာဂိုဏ်း၏ အပြင်ဘက်တွင် ခင်းကျင်းထားသည့် ဟင်းလင်းပြင်အစီအရင်ဖြစ်ပြီး အရိပ်ကြယ် တစ်ခုလုံးနှင့် ဆက်သွယ်ထား၏။ နောက်တစ်ခုမှာ အထက်စကြာဝဠာဂိုဏ်း အတွင်းပိုင်းထဲတွင် ဖြစ်ပြီး ကြယ်စီရင်စုထဲရှိ ကြယ်တစ်လုံးနှင့် ဆက်သွယ်ရန် စီစဉ်ထားသည့် ဟင်းလင်းပြင်အစီအရင် ဖြစ်သည်။

လွန်ခဲ့သည့်သုံးလအတွင်း အထက်စကြာဝဠာဂိုဏ်းသည် လေဟာနယ်သလင်းကျောက်များကို အသည်းအသန် ရှာဖွေခဲ့သော်ငြား စုစုပေါင်းမှ နှစ်ထောင်ခန့်သာ ရရှိခဲ့သည်။

ထိုလေဟာနယ်သလင်းကျောက်များသည် လက်ရှိ အရိပ်ကြယ်တစ်ခုလုံးမှ ထောက်ပံ့ပေးနိုင်သည့် လေဟာနယ် သလင်းကျောက် အားလုံးနီးပါးကို ကိုယ်စားပြုနေသည်။ အသစ်အသစ်သော လေဟာနယ်သလင်းကျောက်တွင်းများကို ထပ်မံရှာမတွေ့လျှင် မနှောင်းသော အနာဂတ်တွင် အရိပ်ကြယ်၌ လေဟာနယ်သလင်းကျောက် ပြတ်လပ်မှုများ ဖြစ်လာနိုင်၏။ သို့သော်လည်း နှစ်ထောင်ခန့်သော လေဟာနယ်သလင်းကျောက်များဖြင့်သာ ဆိုပါက ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင် သုံးလေးခုလောက်ကိုပင် တည်ဆောက်နိုင်ပေသည်။

လုပ်စရာအချို့ကို လတ်စသတ်ပြီး မိသားစုဝင်များ၊ မိတ်ဆွေများနှင့် စကားပြောပြီးနောက် သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်သို့သွားကာ ယန်ယန်နှင့် ခဏ သွားစကားပြော၏။ ထို့နောက် ကြယ်လွန်းပျံကိုထုတ်ကာ ကြယ်စီရင်စုထဲသို့ ထွက်လာလိုက်လေသည်။

အထက်စကြာဝဠာဂိုဏ်းထဲတွင် သောင်းနှင့်ချီသော လူများသည် ကောင်းကင်ယံထက် တဖြည်းဖြည်း သေးကာ ပျောက်ကွယ်နေသော အလင်းစက်လေးအား မော့ကြည်နေ၏။

“အဆင်ပြေပါစေ” စုယန်နှင့် ရှနင်းချန်တို့သည် သူတို့ နေထိုင်သည့် တောင်ထွတ်အသီးသီးပေါ်တွင် ရပ်၍ ရန်ကိုင်အား ဆုတောင်းပေးလိုက်ကြသည်။

……

အရိပ်ကြယ်မှ မိုင်သန်းပေါင်းများစွာ ဝေးကွာသည့် နေရာတစ်ခုတွင်… ကြမ်းတမ်းစွာ တိုက်ခတ်နေသည့် အာကာသ လေပြင်များကြောင့် အာကာသမုန်တိုင်းများ ဖြစ်ပေါ်နေခဲ့၏။ များပြားလွန်းလှသော ပရမ်းပတာ ရွေ့လျားနေသည့် ဂြိုလ်သိမ်ဂြိုလ်မွှားများမှာလည်း ထိုအာကာသမုန်တိုင်းများထဲ လွင့်မျောပါနေခဲ့ကြ၏။

ဤနေရာသည် အရိပ်ကြယ်နှင့် ကြယ်စီရင်စုကြီးအား ပိုင်းခြားထားသည့် အကာအရံတစ်ခု ဖြစ်၏။ အရိပ်ကြယ်မှ ကျင့်ကြံသူမှ ကျင့်ကြံသူများကမူ ဤနေရာကို သေခြင်းတရားဇုံဟု ခေါ်ကြသည်။

မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသော သေခြင်းတရားဇုံသည် ခြံစည်းရိုးတစ်ခုနှယ် အရိပ်ကြယ်မှ မည်သူ့ကိုမှ အခြားနေရာသို့ သွား၍မရအောင်၊ ကြယ်စီရင်စုထဲမှ အခြားသူများကိုလည်း အရိပ်ကြယ်သို့ လာမရအောင် တားဆီးထားလေသည်။

ဤပြဿနာလောက်သာ ဆိုလျှင်တော့ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများ ဤနေရာသို့ လာရဲကြပေသည်။ အရိပ်ကြယ်သည် အတော်လေးကို ချောင်ကျသည့် နေရာတွင် ရှိနေသော်ငြား ကြယ်စီရင်စုကြီးတစ်ခုလုံးကို လိုက်ပတ် ကြည့်ရှုကာ အခွင့်အရေးရှာနေကြသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှာလည်း တစ်ယောက်စ၊ နှစ်ယောက်စ အမြဲတစေ ရှိနေတတ်သည် မဟုတ်ပေလော။

သို့သော်လည်း သေခြင်းတရားဇုံးတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် ကြောက်ရသည့် စွမ်းအားတစ်မျိုး ရှိနေ၏။

ဧကရာဇ်ဖိအားပင်…

ဧကရာဇ်ဖိအားသည်သာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို ဤနေရာသို့ မလာရဲအောင် တားဆီးထားနိုင်၏။

ယခင်တစ်ခါက တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော၏ အကာအကွယ်ကိုသုံး၍ သေခြင်းတရားဇုံကို ဖြတ်ကျော်ခဲ့သော်ငြား ယခုတစ်ကြိမ်တွင်တော့ တစ်ယောက်တည်း လာခဲ့ခြင်း ဖြစ်သည့် အတွက် ကိုယ့်အားကိုယ်ကိုးရန်သာ ရှိတော့ပေသည်။

သေခြင်းတရားဇုံ မည်ကဲ့သို့ ဖြစ်ပေါ်လာခဲ့သလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား ယန်ယန် ပြောပြခဲ့သည့် ဇာတ်လမ်းများကို နားထောင်ပြီးနောက် ဤနေရာသည် ယန်ယန်နှင့် အင်းဆက်ဧကရာဇ်ကြားမှ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာရမှန်း ခန့်မှန်းမိသွားခဲ့သည်။

ထို့ကြောင့် ဤနေရာတစ်ခုလုံး ဧကရာဇ်ဖိအားတို့ဖြင့် ပြည့်နေခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် ဧကရာဇ်ဖိအားမှာ ကြောက်မက်ဖွယ် ကောင်းသော်ငြား ရန်ကိုင်သည် ဧကရာဇ်ဖိအားကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းမဟုတ်။ ဧကရာဇ်ဥယျာဉ် ဖွင့်စဉ်အခါက ဧကရာဇ်ဥယျာဉ်မှ ဖြာထွက်နေသော ဧကရာဇ်ဖိအားကို သုံး၍ပင် လေဟာနယ်စွမ်းအင်ကို သူ့ရှီစွမ်းအင်ထဲသို့ ပေါင်းထည့်ခဲ့သေး၏။

ဧကရာဇ်ဖိအားကို ရင်ဆိုင်ရမည်ဆိုပါက မည်သူ့ထက်ကို မဆို ရန်ကိုင်သည် သူ့ကိုယ်သူ ပိုယုံကြည်ချက် ရှိပေသည်။

ရန်ကိုင်သည် အဘက်ဘက်မှ သူ့ဆီသို့ တိုးဝင်နေသော ဂြိုလ်သိမ်ဂြိုလ်မွှားများကို ရှောင်ရှားရင်း သေခြင်းတရားဇုံထဲသို့ ပြေးဝင်သွားလေသည်။

မမြင်နိုင်သော အာကာသလေပြင်းများသည် ဓါးသွားများနှယ် သူ့အား ဖြတ်တောက်ရန် ကြိုးစားခဲ့သော်ငြား သတ္တုချင်း ထိခတ်သံတို့သာ ထွက်ပေါ်လာခဲ့ရသည်။ ငါးရောင်ခြယ် အလင်းတန်းတို့ ရန်ကိုင်ဆီမှ ဖြာထွက်လာပြီး သံချပ်ကာ အင်္ကျီ တစ်ခုနှယ် ရန်ကိုင်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေ၏။

အရိပ်ကောင်းကင်ကြာပန်းများကို အဆက်မပြတ် သောက်သုံးခဲ့မှုကြောင့် ရန်ကိုင်၏ ခန္ဓာကိုယ်သည် အလွန်ကိုမှ အားကောင်းသည့် အဆင့်ထိ ရောက်နေခဲ့လေပြီ.

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို လက်တွန့်အောင် လုပ်နိုင်သော အာကသလေပြင်းများသည် ရန်ကိုင်အား မည်သည့် ဒဏ်ရာမှရအောင် မလုပ်နိုင်ခဲ့ချေ။ သူ့အား ရံဖန်ရံခါ လာမှန်သည့် ဂြိုလ်သိမ်ဂြိုလ်မွှားများမှာလည်း တစ်စစီသာ ပျက်စီးသွားကြရ၏။

ရန်ကိုင်သည် အာကာသမုန်တိုင်းများထဲသို့ အကြောက်အလန့်မရှိ ပြေးဝင်သွားပြီး အချိန်အတော် ကြာပြီးသည့်နောက်တွင် အာကာသမုန်တိုင်း၏ အခြား တစ်ဖက်မှ ပြန်ထွက်လာခဲ့သည်။

ရန်ကိုင်သည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် အတားအဆီး အားလုံးကို ဖြတ်ကျော်သွားလေသည်။

သေခြင်းတရားဇုံထဲတွင် ယှတ်သိုင်းနေသော ဧကရာဇ်ဖိအားသည်ပင် ရန်ကိုင်အား ဘာမှမလုပ်နိုင်ချေ။ ထို့အစား ရန်ကိုင်သည် ဧကရာဇ်ဖိအားထဲ ကိန်းအောင်းနေသော ဆန်းကြယ်နက်နဲသည့် သဘောတရာများကိုပင် လေ့လာနေလိုက်သေး၏။

ဤသို့ လေ့လာခြင်းသည် နယ်ပယ်ကျောက်တုံးထဲရှိ စွမ်းအင်များကို စုပ်ယူခြင်းထက် ပိုပြီး အကျိုးရှိပေသည်။

ရန်ကိုင်၏ရှီသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေလေပြီ။ သူတော်စင်ချီနှင့် စိတ်စွမ်းအင်မှာလည်း တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦး စုဆောင်းနိုင်သည့် အကန့်အသတ်သို့ ရောက်နေလေပြီ။

အရိပ်ကြယ် လောကနိယာမများ၏ ဖိနှိပ်ထားခြင်း ခံရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အစောကြီးကတည်းက တန်ခိုးရှင် ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနေလေပြီ။

ထိုသို့ သွားနေရင်းမှ မကြာခင် ပြဿနာတစ်ခုနှင့် ရန်ကိုင် ကြုံလာရလေသည်။ သေခြင်းတရားဇုံထဲတွင် ဧကရာဇ်ဖိအားကို လေ့လာရသည်မှာ တကယ်ကို ရှားပါးသည့် အခွင့်အရေးတစ်ရပ် ဖြစ်သော်လည်း ဧကရာဇ်ဖိအားသည် သူနားလည်နိုင်သည့် အကန့်အသတ်ထက်ကို ကျော်လွန်နေကာ အလွန်ကိုမှ နက်နဲဆန်းကြယ်နေ၏။ နယ်ပယ်ကျောက်တုံးထဲရှိ စွမ်းအင်များကဲ့သို့ မဟုတ်ချေ။

စဉ်းစားကြည့်လိုက်သည့်နောက် အကြောင်းအရင်းကို နားလည်သွားခဲ့လေသည်။

သူသည် လက်ရှိတွင် တန်ခိုးရှင်တတိယအဆင့်တွင် ရှိနေ၏။ တန်ခိုးရှင်အဆင့်အထက်တွင် တန်ခိုးရှင်ဘုရင်အဆင့်ရှိပြီး တန်ခိုးရှင်ဘုရင်အဆင့်ထက်တွင် နောက်တစ်ဆင့် ရှိနေသေးကာ ထိုအဆင့်၏ အထက်တွင်မှ ယန်ယန် ရောက်နေသည့်အဆင့် လာသည်။

တန်ခိုးရှင်အဆင့်လေးဖြင့် သူ့ထက် အဆင့်ကြီးအများကြီး ပိုမြင့်မားသော အဆင့်မှ ဧကရာဇ်ဖိအားကို နားလည်နိုင် ကြိုးစားခြင်းမှာ သူ့ကိုယ်သူ အရမ်း အထင်ကြီးနေခြင်း ဖြစ်သည်။

လက်ရှိ ရန်ကိုင် လုပ်နေသည့်ပုံစံမှာ လေးဘက်ထောက်ပင် မသွားတတ်သေးသော မွေးကင်းစကလေးတစ်ဦး မတ်တပ်ရပ် လမ်းလျှောက်ရန် ကြိုးစားနေသည်နှ့်ပင် တူပေသေးသည်။

သေခြင်းတရားဇုံထဲရှိ ဧကရာဇ်ဖိအားကို တန်ခိုးရှင်ဘုရင် အဆင့်သို့ ရောက်လာမှသာ လာလေ့လာကြည့်လျှင် ပိုကောင်းပေလိမ့်မည်။

ထိုသို့ စဉ်းစားပြီးနောက်တွင် ရန်ကိုင်သည် ဆက်၍ အချိန်ဖြုန်းမနေတော့ဘဲ မြန်နိုင်သမျှ မြန်မြန် သွားတော့၏။

ကြယ်မြေပုံ ရှိထားသည့်အတွက် ကြယ်စီရင်စုထဲ လမ်းလျှောက်မည်ကို စိုးရိမ်စရာ မလိုချေ။ ကြယ်မြေပုံ၏ အကူအညီဖြင့် အရိပ်ကြယ်နှင့် အမျိုးမျိုးသော ကြယ်များကြားရှိ အကွာအဝေးကို ခန့်မှန်းနိုင်ကာ အန္တရာယ်ကင်းသည့် လမ်းကြောင်းများကိုလည်း ရွေးချယ်နိုင်ပေသည်။

ရက်ပေါင်းများစွာကြာပြီးနောက်တွင် ရန်ကိုင်သည် ရေခဲတမျှ အေးစက်သော ကြယ်တစ်လုံးပေါ်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

ကြယ်စီရင်စုထဲတွင် မိုးမြေစွမ်းအင် သို့မဟုတ် လောကနိယာမများ မရှိသည့် ကြယ်သေများစွာ ရှိပေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ကြယ်သေအချို့သည် ကျင့်ကြံရေးကြယ်တစ်လုံး ပြန်ဖြစ်လာနိုင်သော်လည်း ထိုကဲ့သို့သော ကိစ္စများသည် သူတို့ကဲ့သို့များ ကျင့်ကြံသူများ တွေးနိုင်သည့် အလွန်တွင် ရှိနေ၏။ သို့ရာတွင် ကြယ်သေ အများစုမှာတော့ ယခင်အတိုင်းသာ ရှိနေတတ်ကြ၏။

ကြယ်သေပေါ်သို့ ရောက်ပြီးနောက်တွင် ရန်ကိုင်သည် ချက်ချင်း မနားသေးဘဲ ပတ်ဝန်းကျင်ကို အရင် စစ်ဆေးကြည့်၏။

မည်သည့် သက်ရှိမှမရှိမှန်း အတည်ပြုပြီးနောက်တွင် တောင်ကြားတစ်ခု၌ သူ့ပထမဆုံး ဟင်းလင်းပြင်အစီအရင်ကို စတင် ခင်းကျင်းလေသည်။

ဤဟင်းလင်းပြင်အစီအရင်သည် အရိပ်ကြယ်နှင့် ကြယ်စီရင်စုကြီးကို ဆက်သွယ်ပေးမည့် ပထမဆုံး ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင်တစ်ခု ဖြစ်လာပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၂၉)

ရန်ကိုင်သည် ရှောင်ရှောင်အား သွားချင်သည့်နေရာသွား ဟူသော သဘောဖြင့် လွှတ်ထားပေးလိုက်သည်။

ကြယ်သေများပေါ်သို့ရောက်တိုင်း ရန်ကိုင် ဤကဲ့သို့ လုပ်တတ်သည်။ ရှောင်ရှောင်ကို လွှတ်ပေးထားလိုက်ခြင်းဖြင့် ရှောင်ရှောင်မှ ရှားပါးသည့် သတ္တုအချို့ ရှာတွေ့နိုင်ပေသည်။

တကယ်လည်း ရှာတွေ့ခဲ့ဖူးပေသည်။ သို့သော် ရှောင်ရှောင် ရှာတွေ့သည့် သတ္တုများမှာ အတော်လေးကို နည်းပါးလှသဖြင့် ရန်ကိုင်လည်း ထိုသတ္တုများ၏ အဆီအနှစ်အား ရှောင်ရှောင်ကိုသာ သန့်စင်ခိုင်းလိုက်လေ၏။

သတ္တုများ၏ အဆီအနှစ်ကို စုပ်ယူခြင်းဖြင့် ရှောင်ရှောင်သည် ပို၍ အားကောင်းလာနိုင်ပေသည်။

ရှောင်ရှောင်သည် ရန်ကိုင်၏ မြင်ကွင်းမှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ အမျိုးမျိုးသော ပစ္စည်းများကိုထုတ်၍ ဟင်းလင်းပြင်အစီအရင်ကို စတင် ခင်းကျင်းတော့လေသည်။

သူရွေးချယ်လိုက်သော တောင်းကြာသည် သိပ်မကျဉ်းလှ။ အပေါ်စီးမှ ငုံ့ကြည့်လိုက်လျှင် ဧရာမကျဉ်းပေါက်ကြီး တစ်ပေါက်နှင့်ပင် တူသေး၏။

ရန်ကိုင်သည် တောင်ကြားထဲ တော်ရုံတတ်ရုံ လူမမြင်နိုင်သည့် နေရာတစ်ခုရှာပြီးနောက် ယူလာသော သတ္တုများကို အရည်ဖျော်ကာ ပုံစသွင်းတော့လေသည်။

ထိုအရာများသည် ဟင်းလင်းပြင်အစီအရင်၏ အခြေခံ အစိတ်အပိုင်းများ ဖြစ်လာပေလိမ့်မည်။ ထိုအရာများကို သေချာ သန့်စင်ပြီး နေရာချထားပြီးသည်နှင့် လေဟာနယ်စွမ်းအားကို သုံး၍ အစီအရင်ကို ထိုးထွင်းကျန်သာ ကျန်ပေလိမ့်မည်။ အစီအရင် ထိုးထွင်းသည့် ဖြစ်စဉ်လည်း ပြီးသွားပါက ဟင်းလင်းပြင် အစီအရင် ခင်းကျင်းသည့် ဖြစ်စဉ်လည်း ပြီးပေပြီ။

ပထမဆုံးအကြိမ် မဟုတ်သည့်အတွက် ရန်ကိုင်အနေဖြင့် သိပ်ပြီး အချိန်မယူခဲ့ရပေ။ သို့သော်လည်း ကူညီမည့်လူ မရှိဘဲ တစ်ယောက်တည်း လုပ်ရသည့်အတွက် ယခင်ထက်တော့ နည်းနည်း ပိုကြာပေသည်။

ဆယ်ငါးရက်ကြာပြီးနောက်တွင် ဟင်းလင်းပြင်အစီအရင်ကို ရန်ကိုင် ခင်းကျင်ပြီးသွားခဲ့သည်။ အစီအရင်၏ အရွယ်အစားသည် သေးငယ်ရုံမက ကျောက်ဆောင်တစ်ခု၏ အောက်ခြေတွင်လည်း ရှိနေသည့်အတွက် သေချာသာ လိုက်မရှာလျှင် တော်ရုံတန်ရုံဖြင့် သတိပြုမိရန် မဖြစ်နိုင်ချေ။

သို့သော်လည်း ဤမျှလောက်ဖြင့် ဆိုပါက ဟင်းလင်းပြင်အစီအရင်ကို အခြားသူများ ရှာတွေ့သွားနိုင်ပေးသည်။

ရန်ကိုင်သည် သူတော်စင်ချီကိုသုံး၍ ဟင်းလင်းပြင်အစီအရင်ကို ကျောက်တုံးတစ်တုံး အသွင်သို့ ပြောင်းလဲပစ်လိုက်၏။

ယခုဆိုလျှင် ဟင်းလင်ပြင်အစီအရင်သည် အစီအရင်နှင့် မတူတော့ဘဲ ကျောက်တုံးကြီးတစ်တုံး ဖြစ်နေခဲ့လေပြီ။ သေချာ စစ်ဆေးမှသာ မတူကွဲပြားမှုများကို သတိပြုမိပေလိမ့်မည်။

အရိပ်ကြယ်မှ မထွက်လာခင် ဖန်သွေးရောင်ဂိုဏ်းသို့ သွားပြီး ပုံရိပ်တစ်ထောင်ဖန်များ သွားတောင်းခဲ့ရခြင်းမှာ ဤအကြောင်းကြောင့် ဖြစ်သည်။ ပုံရိပ်တစ်ထောင်ဖန်သည် ပုံစံ အမျိုးမျိုးသို့ ပြောင်းလဲနိုင်သည် မဟုတ်ပေလော။

ဤနေရာသည် မည်သည့် ကျင့်ကြံသူမှ ရောက်လာမည် မဟုတ်သည့် ကြယ်သေတစ်လုံး ဖြစ်သော်ငြား အနာဂတ်ကို ပုံသေပြော၍မရချေ။ အကယ်၍ တစ်ယောက်ယောက်သာ ဤနားမှ ဖြတ်သွားစဉ် ဤနေရာ၌ လာနားခဲ့ပါက ပြဿနာ တက်သွားနိုင်ပေသည်။

သို့သော်လည်း ပုံရိပ်တစ်ထောင်ဖန်နှင့်သာ ဆိုပါက ပြသနာမရှိတော့ချေ။ ပုံရိပ်တစ်ထောင်ဖန်သည် ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်သည့်အတွက် ကောင်းကင်စိတ်အာရုံကို သုံး၍ အသေးစိတ် မလေ့လာနိုင်လျှင် ပုံရိပ်တစ်ထောင်ဖန်ကို သုံး၍ အစီအရင်မှ ပြောင်းလဲထားသည့် ကျောက်တုံးနှင့် သာမန် ကျောက်တုံးကို ခွဲခြားရန် အလွန်ခက်ပေသည်။

ထို့အပြင် ပုံရိပ်တစ်ထောင်ဖန်ကြောင့် အစီအရင်သည် ယခင်ထက် ပို၍ မာကျောသွားသည်။ သာမန် ဥက္ကာခဲတစ်လုံးလောက် တိုက်ခံရရုံဖြင့် ပျက်စီးရမည့် အရေးနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ချေ။

အစီအရင်အား ထပ်ခါထပ်ခါ ပြန်စစ်ဆေးကြည့်ပြီး မည်သည့် ပြဿနာမှ မရှိမှန်း သေချာတော့မှပဲ ရန်ကိုင် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။

အားလုံး ပြင်ဆင်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်အား အခြေခံအုတ်မြစ်အပေါ်တွင် စတင် ခင်းကျင်းကာ လေဟာနယ်စွမ်းအင်ကို ထည့်သွင်းတော့၏။

စက်ဝိုင်းပုံစံအစီအရင် တဝီဝီ မြည်လာလေသည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်၏။ ဟင်းလင်းပြင်အစီအရင် အခုလို ဖြစ်သွားရခြင်းမှာ အထက်စကြာဝဠာဂိုဏ်း၌ သူခင်းကျင်းထားသည့် ဟင်းလင်းပြင် အစီအရင်နှင့် အောင်အောင်မြင်မြင် ချိတ်ဆက်သွားသည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော် အစီအရင်မှတစ်ဆင့် အထက်စကြာဝဠာဂိုဏ်းဆီသို့ ရောက်နိုင် မရောက်နိုင်ကိုတော့ စစ်ဆေးကြည့်ရပေဦးမည်။

ပုံမှန်အားဖြင့် စစ်ဆေးမည့်လူဟာလည်း သူသာ ဖြစ်ပေသည်။ ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားသဖြင့် မတော်တဆ တစ်ခုခုဖြစ်လျှင် လေဟာနယ်ကို ဆုတ်ဖြဲ၍ ဟင်းလင်းပြင်ထဲမှ ထွက်ပြေးလာနိုင်ပေသည်။

ထို့ကြောင့် ရှောင်ရှောင်အား ပြန်ခေါ်လိုက်လေ၏။ တစ်ရက်လောက် ကြာမှသာ ရှောင်ရှောင် ပြန်ရောက်လာသည်။

သူနှင့်ရှောင်ရှောင်ကြားရှိ ထူးခြားသော စိတ်ဝိဥာဉ်ချင်း ချိတ်ဆက်ထားမှုကြောင့်သာ မဟုတ်လျှင် ရှောင်ရှောင် တစ်ခုခု ဖြစ်နေပြီဟုပင် ရန်ကိုင် ထင်မိမည်သာ။

ဤမျှ နောက်ကျနေရသလားဟု ရှောင်ရှောင်ကို အပြစ်တင်တော့မည်အပြု ရန်ကိုင်၏ အကြည့်သည် ရှောင်ရှောင်၏ ဖောင်းဖောင်းလေး ဖြစ်နေသည့် ဗိုက်ဆီသို့ ရောက်သွား၏။ ရှောင်ရှောင်၏ ဗိုက်ဖောင်းနေရခြင်းမှာ လွန်ခဲ့သည့် လဝက်အတွင်း သတ္တုများစွာကို ရှောင်ရှောင် ဝါးမြိုခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့သည်။

ဤတစ်နှစ်အတွင်း ကြယ်သေများစွာသို့ ရန်ကိုင် ရောက်ခဲ့ဖူးပေသည်။ သို့သော်လည်း မည်သည့် ကြယ်သေပေါ်တွင်မှ အဖိုးတန်ပစ္စည်းများကို ရှာမတွေ့ခဲ့ပေ။

သို့သော်လည်း ရှောင်ရှောင်၏ ဖောင်းနေသော ဗိုက်အရ ဤကြယ်သေတွင် မည်သည့် မိုးမြေစွမ်းအင်မှ မရှိသော်လည်း သတ္တုရိုင်းကတော့ ကျိန်းသေ ကြွယ်ဝပေလိမ့်မည်ဟု ပြောနေသည်။

ထို့အပြင် ရှောင်ရှောင်သည် သာမန် သတ္တုရိုင်းလောက်ကို စိတ်ဝင်စားတတ်သူမဟုတ်။

“မင်းတူးထားတဲ့ သတ္တုတွေကို ထွေးထုတ်ပြပါဦး။ ငါတစ်ချက်ကြည့်ကြည့်ရအောင်” ရန်ကိုင်က ရှောင်ရှောင်ကို ပြောလိုက်၏။

ရှောင်ရှောင်သည် ခေါင်းကုတ်လျက် သူတူးယူထားသော သတ္တုများကို ထွေးထုတ်တော့လေသည်။ သူဝါးမြိုထားသည့် သတ္တုများမှာ တစ်မျိုးတည်း မဟုတ်ဘဲ အမျိုးအစား အမျိုးမျိုး ရှိကြသည်။ သတ္တုများမှာ တောက်လျှောက် ထွက်လာနေရာ မကြာမီ ရန်ကိုင်ရှေ့တွင် တောင်တစ်လုံးနှယ် ပုံထပ်သွားခဲ့လေသည်။

သတ္တုများကို ထွေးထုတ်ပြီးနောက် ရှောင်ရှောင်သည် အပြစ်ကင်းစင်သည့် အမူအရာဖြင့် သူ့ဗိုက်ကို ပွတ်သပ်လိုက်၏။

“ဒါက…” သူ့ရှေ့ရှိ သတ္တုပုံကြီးကိုကြည့်ရင်း ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။ လက်ဆေးဇလုံအရွယ် ငွေရောင်သတ္တုတစ်တုံးကို ကောက်ယူ စစ်ဆေးကြည့်ပြီးနောက် အံ့အားသင့်နေသည့် လေသံဖြင့် “ငွေကောင်းကင်သတ္တုပါလား”

ရန်ကိုင်သည် ယခင်ကကဲ့သို့ ဘာမှမသိသည့် တောကြိုအုံကြားမှ လူတစ်ယောက် မဟုတ်တော့ချေ။ ကြယ်စီရင်စုထဲ နှစ်ပေါင်းများစွာ လှည့်လည်သွားလာပြီးနောက် ဗဟုသုတ အတော်လေး ကြွယ်ဝလာခဲ့လေပြီ။ ကြယ်စီရင်စုထဲရှိ ပစ္စည်းအားလုံးကို သိသည်ဟု မပြောရဲသော်ငြား ပစ္စည်းအများစုကိုတော့ မြင်သည်နှင့် တန်အမျိုးအစား ခွဲနိုင်လာလေပြီ။

ဤလက်ဆေးဇလုံအရွယ် ငွေရောင်သတ္တုသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ငွေကောင်းကင်သတ္တုဖြစ်ပေသည်။ ပန်းပဲသွန်းလုပ်ရာတွင် ဤသတ္တုနည်းနည်းကို ထည့်သွင်း အသုံးပြုမည်ဆိုပါက ရရှိလာမည့် မှော်ရတနာသည် ပို၍ ကြုံနိုင်၊ဆန့်နိုင်မည်ဖြစ်ကာ လွယ်လွယ်နှင့် ပျက်စီးတော့လိမ့်မည် မဟုတ်ချေ။

ကြက်ဥတစ်လုံးအရွယ် ငွေကောင်းကင်သတ္တုသည် အနည်းဆုံး အဆင့်မြင့် သူတော်စင်သလင်းကျောက် တစ်သိန်းလောက်တန်ပေသည်။

တစ်နည်းဆိုရသော် ဤလက်ဆေးဇလုံအရွယ် ငွေရောင်သတ္တုသည် သူတော်စင်သလင်းကျောက် သန်းပေါင်းများစွာ တန်ပေသည်။

ငွေကောင်းကင်သတ္တုကြောင့် အံ့ဩမပြေသေးခင်မှာပင် ရန်ကိုင်၏ အကြည့်သည် ရွှေရောင်တောက်နေသည့် သတ္တုတုံကြီးဆီသို့ ထပ်ရောက်သွားပြန်လေသည်။

“ဥက္ကာခဲအမြူတေ”

“ငါးရောင်ခြယ်သဲ”

“ဖီးနစ်ပြာမျက်ရည်သံ”

“များလိုက်တဲ့ သူတော်စင်သလင်းကျောက်တွေ”

ရန်ကိုင်သည် သူ့ရှေ့ရှိ သတ္တပုံကြီးကို စစ်ဆေးရန် ပေါ်ပေါ်လာသော သတ္တုများကြောင့် ထပ်ခါတဲလဲလဲကို အံ့အားသင့်နေရလေသည်။

သူ့ရှေ့ရှိ သတ္တုပုံကြီး၏ တန်ဖိုးကို တွက်ကြည့်ရင်း ရှောင်ရှောင်၏ ဤကြယ်သေပေါ်၌ လဝက်ကြာအောင် ကြိုးစားအားထုတ်မှုသည် အရိပ်ကြယ်ပေါ်ရှိ အလယ်အလတ်အဆင့် မိသားစုတစ်ခုလုံး၏ တန်ကြေးနှင့် ယှဉ်နိုင်ကြောင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရလေသည်။

သူ့ရှေ့ရှိ သတ္တပုံကြီးထဲတွင် တန်ခိုးရှင်အဆင့် သတ္တုများသာ မဟုတ်ဘဲ တန်ခိုးရှင်ဘုရင်အဆင့် သတ္တုများပင် ပါပေသည်။ ရန်ကိုင် နားမလည်နိုင်အဖြစ်ရဆုံးမှာ ရှောင်ရှောင် ပြန်သယ်လာသည့် မြောက်မြားလှသော သူတော်စင်သလင်းကျောက်များကိုပင်။

ဤကြယ်သေပေါ်တွင် အဖိုးတန် သတ္တုရိုင်းများ ရှိနေသည်ကို ရန်ကိုင် နားလည်နိင်ပေသည်။ သို့သော်လည်း မိုးမြေစွမ်းအင် မရှိသည့် ကြယ်သေပေါ်တွင် မည်သို့များ သူတော်စင်သလင်းကျောက်များ ရှိနေရသနည်း။

သူတော်စင်သလင်းကျောက်များသည် မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝသည့် ကျင့်ကြံရေးကြယ်ပေါ်တွင်သာ ရှိသည့် အရာများ ဖြစ်ကြသည်။

စဉ်းစားနေရင်းမှ သူ့စိတ်ထဲ အတွေးတစ်ချက် ဝင်လာ၏။ ချက်ချင်းပဲ ရှောင်ရှောင်ဘက်သို့လှည့်၍ မေးလိုက်လေသည် “မင်းဒါတွေကို ဘယ်ကနေ ရလာတာလဲ။ ငါ့ကို အဲ့နေရာဆီ ခေါ်သွားပေး”

ရှောင်ရှောင်သည် ချက်ချင်းပဲ မြေကြီးထဲ တွင်းတူးသွားလေသည်။

ရန်ကိုင် ဟင်းလင်းပြင်အစီအရင် ခင်းကျင်းထားသည့် တောင်ကြားနှင့် မိုင်တစ်သောင်းအကွာတွင် ဧရာမ တွင်းပေါက်ကြီး တစ်ပေါက် ရှိနေခဲ့သည်။

ဟင်းလင်းပြင်အစီအရင်ကို မခင်းကျင်းစဉ်က ပတ်ပတ်လည် မိုင်းသုံးသိန်းပတ်လည်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ခဲ့ရာတွင် ဤတွင်းပေါက်ကြီးကို သတိပြုမိခဲ့သော်ငြား သိပ်ပြီး အာရုံမစိုက်ခဲ့ချေ။ ရှောင်ရှောင်သည် ဤတွင်းပေါက်ကြီးဆီမှ ပစ္စည်းကောင်းများကို ရှာတွေ့လာခဲ့ခြင်း ဖြစ်သည်။

တွင်းပေါက်ကြီးမှာ အလွန်ကိုမှ နက်လှ၏။ အောက်သို့ ဆင်းနေစဉ်အတောအတွင်း လေပြင်များ သူ့အား တဖြန်းဖြန်း လာရောက်ရိုက်ခတ်သည်။ သို့သော်လည်း ထိုမျှလောက်သော လေပြင်းသည် ရန်ကိုင်အတွက် ပြဿနာ မဟုတ်ချေ။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် တွင်းပေါက်၏ ပုံပန်းသွင်ပြင်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။

မီတာ သုံးထောင့်ခန့် ဆင်းလာပြီးနောက်တွင် လိုဏ်ဂူ၏ အောက်ခြေသို့ ရောက်လာခဲ့လေသည်။

မြေပြင်ပေါ်သို့ ခြေခိုင်ခိုင် ရပ်ပြီးနောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် အလွန်ကိုမှ အံ့အားသင့်သွားခဲ့လေသည်။

ဤမြေအောက်လိုဏ်ခေါင်းသည် သူထင်ထားသကဲ့သို့ ဟောင်းလောင်းဖြစ်နေသည့် လိုဏ်ခေါင်းတစ်ခု မဟုတ်ချေ။ ဤနေရာသည် သူ့ကောင်းကင်စိတ်အာရုံဖြင့်ပင် အပြည့်အဝ မစစ်ဆေးကြည့်နိုင်သည့် ဧမရာမြေအောက် လိုဏ်ဂူကြီးတစ်ခု ဖြစ်ပေသည်။

ဤနေရာရှိ လေသည် အနည်းငယ် ခြောက်သွေ့သော်ငြား အသက်ရှူလို့တော့ ရပေသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်နောက် ပျက်စီးပြိုကျနေသော အဆောက်အဦးတန်းကြီးကို တွေ့ရှိလိုက်ရသည်။

ဤနေရာသည် အပျက်အစီးပုံကြီးတစ်ခု ဖြစ်နေခဲ့လေသည်။

အဆောက်အဦးများကို ပုံစံကို ကြည့်ရသလောက် ဤအဆောက်အဦးများသည် လွန်ခဲ့သည့် နှစ်ပေါင်း သောင့်နှင့်ချီက တည်ဆောက်ခဲ့သည့် အဆောက်အဦးများ ဖြစ်လောက်မည်မှန်း ရန်ကိုင် ခန့်မှန်းမိလိုက်လေသည်။

အဆောက်အဦးများ၏ အထားအသိုအရ ဤနေရာသည် တစ်ချိန်က ဂိုဏ်းတစ်ဂိုဏ်း၏ ဠာနချုပ် ဖြစ်ခဲ့ဟန်တူ၏။

“ငါသိသွားပြီ…” သူထင်ထားသည့်အတိုင်းပင်။

ရှောင်ရှောင်မှ သူတော်စသလင်းကျောက်များ ပြန်သယ်လာသည်ကို တွေ့ပြီးနောက် ရန်ကိုင် အချက်ချင်းပဲ အကြောင်းအရင်းနှစ်ခုကို စဉ်းစားမိလိုက်သည်။

တစ်ခုမှာ ဤကြယ်သေသည် ကျင့်ကြံရေး ကြယ်တစ်လုံး အဖြစ်သို့ ပြောင်းလဲခါနီးနေသည့် ကြယ်တစ်လုံးဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ကြယ်သေတစ်လုံးပေါ်တွင် သူတော်စင်သလင်းကျောက်များ ပေါ်လာစရာအကြောင်း မရှိချေ။ တစ်နည်းဆိုရသော် ဤကြယ်သေပေါ်တွင် ကိုယ်ပိုင် လောကနိယာမများမှာ ဖြစ်ပေါ်ခါနီးနေလေပြီ။

သို့သော်လည်း ဤနေရာတွင် လောကနိယာမများ ဖြစ်ပေါ်တော့မည့် အရိပ်အယောင်တစ်ခုကိုပင် ရန်ကိုင် မတွေ့ရ။ ထို့ကြောင့် ထိုဖြစ်နိုင်ချေသည် အတော့်ကိုမှ ဖြစ်နိုင်ခဲလှသည်။

နောက်တစ်ချက်မှာ ဤကြယ်သေသည် တစ်ချိန်က ကျင့်ကြံရေး ကြယ်တစ်လုံးဖြစ်ခဲ့ပြီး ပြောင်းလဲမှုတစ်ခုခုကြောင့် လောကနိယာမများ ပျက်စီးသွားပြီး ကြယ်သေတစ်လုံး အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။

ပြင်ပအကူအညီတစ်ခုခုသာ မရှိလျှင် နောက်နှစ်ပေါင်းများစွာအကြာ၌ ထုန်းရွှမ်လောကကြီးသည်လည်း ကြယ်သေတစ်လုံး ဖြစ်လာပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၃၀)

အရာအားလုံးသည် မွေးဖွားပြီး အိုမင်းကာ သေဆုံးကြရမည်မှာ လောကဓမ္မတာသာ ဖြစ်သည်။ ကြယ်များသည်လည်း ချွင်းချက် မဟုတ်ပေ။

ဤကြယ်ဘာကြောင့် ကြယ်သေတစ်လုံး အဖြစ်သို့ ပြောင်းလဲသွားရလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း တစ်ချိန်က ဤကြယ်သည် အရင်းအမြစ်များ ပေါကြွယ်ဝခဲ့သည့် ကြယ်တစ်လုံး ဖြစ်မှန်းတော့ ပြောနိုင်ပေသည်။ သူ့ရှေ့ရှိ အဆောက်အဦးပျက်များသည် တစ်ချိန်က ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဠာနချုပ် ဖြစ်ခဲ့သည်မှာ သေချာသလောက် ရှိသည်။

သူ့အား တစ်ခုခုမှာ လာဆွဲနေသည်ကို သတိပြုမိသဖြင့် လှည့်ကြည့်လိုက်ရာ ရှောင်ရှောင်မှ သူ့အား လိုက်လာရန် အချက်ပြနေကြောင်း တွေ့လိုက်ရသည်။ ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ရှောင်ရှောင်နောက်သို့ လိုက်သွားလေသည်။

သွားနေစဉ်အတွင်း ရန်ကိုင်သည် နည်းနည်းလေးမှ သတိလျော့ပေါ့ခြင်း မရှိခဲ့ချေ။ သို့သော်လည်း ခဏကြာအောင် သွားနေပြီးနောက် ထိုမျှ သတိထားနေစရာ မလိုမှန်း သိလိုက်ရသည်။ အကြောင်းမှာ အဆောက်အဦးပျက်များထဲ၌ အကောင်းအတိုင်း ရှိနေသေးသော အစီအရင်များ ရှိနေလျှင်ပင် ထိုအစီအရင်များ အသက်ဝင်လာနိုင်မည် မဟုတ်သည့် အတွက် ဖြစ်၏။

အကြောင်းမှာ ဤကြယ်သေပေါ်တွင် မိုးမြေစွမ်းအင် မရှိသောကြောင့် ဖြစ်ပေသည်။ မိုးမြေစွမ်းအင် မရှိဘဲနှင့် အစီအရင်များ လုံးဝ အသက်ဝင်လာနိုင်မည် မဟုတ်။

မကြာမီ ရှောင်ရှောင်နောက် လိုက်ရင်းမှ သတ္တုရိုင်းများ၊ ကျောက်စိမ်းဆေးပုလင်းများနှင့် အခြားသော ပစ္စည်းများစွာ တောင်နှယ် ပုံထပ်နေသည့် ဂိုဒေါင်တစ်လုံးရှေ့သို့ ရောက်လာခဲ့လေသည်။

ကျောက်စိမ်းပုလင်းများသည် ဆေးပုလင်းများ ဖြစ်ကြသည်။

ဆေးပုလင်းအချို့ကို ကောက်ဖွင့် စစ်ဆေးကြည့်ပြီးနောက် ဆေးလုံးများမှာ ပျက်စီးနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဆေးပင်များကိုပါ တွေ့လိုက်ရသေးသော်ငြား ဆေးပင်များမှာလည်း ညိုးလျော်ပြီး ခြောက်သွေ့နေကုန်ကြလေပြီ။ အသုံးမဝင်ကြတော့။

သူတော်စင်သလင်းကျောက်များစွာလည်း ရှိနေပေသည်။ သို့သော်လည်း ကောင်းကောင်း သိုလှောင်ထားခြင်း မရှိသည့် အတွက် သလင်းကျောက်ထဲတွင် မည်သည့် စွမ်းအင်မှ မကျန်ရစ်တော့ပေ။ ရှောင်ရှောင် ယူလာသည့် သူတော်စင်သလင်းကျောက်များသည် သုံး၍ရသေးသော နောက်ဆုံး လက်ကျန် သလင်းကျောက်များ ဖြစ်သည့်ပုံပင်။

ဂိုဒေါင်ထဲတွင် အသုံးဝင်သည့် ပစ္စည်းဆို၍ သတ္တုရိုင်းများသာ ရှိတော့သည်။

သတ္တုရိုင်းများသည် အလွန်ကိုမှာ ကြာရှည်ခံအသုံးဝင်၏။ ကောင်းကောင်း မထိန်းသိမ်းထားလျှင်ပင် အချိန်အတော်ကြာသည်အထိ ပျက်စီးသွားခြင်း မရှိကြပေ။

ဂိုဒေါင်ထဲရှိ သတ္တုရိုင်းပမာဏသည် ရှောင်ရှောင် ယူလာသည့် ပထမထက် အဆပေါင်းများစွာ ပိုများပေသည်။

ရန်ကိုင်သည် ထိုသတ္တုရိုင်းအားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီးနောက်‌ ရှောင်ရှောင်ကိုခေါ်ကာ အနီးအနား တစ်ဝိုက်ကို လိုက်လံ စူးစမ်းစစ်ဆေးကြည့်လေသည်။

တစ်ရက်ကြာပြီးနောက်တွင် အပျက်အစီးနယ်မြေ တစ်ခုလုံးကို စစ်ဆေးလို့ ပြီးသွားခဲ့သည်။

ကံမကောင်းစွာဖြင့် အဖိုးတန်ပစ္စည်း များများစားစား ထပ်မရတော့ချေ။ ရှောင်ရှောင် ခေါ်သွားသည့် ဂိုဒေါင်ထဲတွင်သာ အချီကြီး ရလိုက်ခြင်း ဖြစ်သည်။ အပျက်အစီးနယ်မြေထဲ သိုလှောင်လက်စွပ်အချို့ ကောက်ရသော်ငြား မိုးမြေစွမ်းအင်၏ ထောက်ပံ့ပေးမှု မရှိတော့သည့်အတွက် ထိုသိုလှောင်လက်စွပ် အားလုံးမှာ ပျက်စီးနေကုန်ကြလေပြီ။

သို့သော်လည်း အချက်တစ်ချက်ကို ရန်ကိုင် ရှာတွေ့ခဲ့သည်။ ဤမြေအောက်လိုဏ်ခေါင်းနှင့် ယှဉ်လိုက်လျှင် သူတို့ရှေ့ရှိ အပျက်အစီးနယ်မြေသည် ရေခဲတောင်၏ အဖျားလောက်သာ ရှိသေးသည် ဆိုသည်ကိုပင်။ မြေအောက်လိုဏ်ခေါင်းသည် အလွန်တရာကိုမှ ကျယ်ပြောလှသည့် လဟာပြင်ကြီး တစ်ခု ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဆက်၍ စူးစမ်းကြည့်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။

အဆောက်အဦးပျက်များကို ဖြတ်ကျော်၍ နေ့ဝက်ကြာအောင် ပျံသန်းလာပြီးနောက်တွင် တောင်တန်းတစ်ခုရှေ့သို့ ရောက်လာခဲ့၏။ သို့သော်ငြား တောင်များပေါ်တွင် များစွာသော လိုဏ်ခေါင်းများ ရှိနေကြောင်း တွေ့လိုက်ရလေသည်။

ရှောင်ရှောင်သည် ထိုတောင်တန်းများ၏ အတွင်းပိုင်းသို့ သွားစစ်ဆေးကြည့်ချင်နေသည့်ပုံ ပေါက်နေသဖြင့် ရန်ကိုင်က ရှောင်ရှောင်ဘက်သို့လှည့်၍ မေးလိုက်လေသည် “အဲတောင်ထဲမှာ သတ္တုရိုင်းတွေ ရှိနေတာလား”

ကျောက်တုံးရုပ်သေးရုပ်များသည် သတ္တုရိုင်းများကို အာရုံခံရာတွင် အလွန် ထူးချွန်ပေသည်။ အဖိုးတန်သည့် သတ္တုများကိုဆိုလျှင် ပို၍ပင် အာရုံခံနိုင်သေးသည်။ မြွေများသည် အသားနံ့ကို အာရုံခံနိုင်သလို ကျောက်တုံးရုပ်သေးရုပ်များတွင်လည်း သတ္တုရိုင်းများကို အာရုံခံနိုင်သည့် အထူးအနံ့ခံအာရုံတစ်မျိုး ပါရှိပေသည်။

ရန်ကိုင်၏ မေးခွန်းကိုကြားသော် ရှောင်ရှောင်သည် အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆို သွားကြည့်တာပေါ့” ရန်ကိုင်သည် ရယ်မောလျက် သူတော်စင်ချီဖြင့် ရှောင်ရှောင်ကို ရစ်ပတ်၍ တောင်တန်းထဲသို့ ပျံသန်းသွားလေသည်။

မကြာမီ မိုင်တွင်းတစ်ခုထဲမှ ရန်ကိုင်၏ အသံ ထွက်ပေါ်လာခဲ့သည် “မိုးမြေဖျက်သလင်းကျောက်လား”

ဤနေရာတွင် သတ္တုတွင်းရှိနေပြီး ထိုသတ္တုတွင်းသည် အလွန်ကိုမှ အဖိုးတန်သည့် သတ္တုတစ်မျိုးဖြစ်သော မိုးမြေဖျက် သလင်းကျောက်တွင်းကြီး ဖြစ်နေခဲ့သည်။

မိုးမြေဖျက်သလင်းကျောက်များကို မှော်ရတနာများ သန့်စင်ရာတွင် အသုံးမပြုနိုင်ချေ။ အကြောင်းမှာ မိုးမြေဖျက် သလင်းကျောက်များသည် မိုးမြေစွမ်းအင်နှင့် အလွန်ကိုမှ ဓါတ်မတည့်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ မိုးမြေဖျက် သလင်းကျောက်ကိုသုံး၍ မှော်ရတနာ ပြုလုပ်လိုက်မည် ဆိုပါက ထိုမှော်ရတနာကို မည်သည့် ကျင့်ကြံသူမှ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။

ထိုသို့ဖြစ်သည့်တိုင် မိုးမြေဖျက်သလင်းကျောက် အလွန် အသုံးဝင်ရခြင်းမှာ ထိုသတ္တုများကို အစီအရင်တစ်မျိုး တည်ဆောက်ရာတွင် အသုံးပြုသည့် အတွက်ကြောင့် ဖြစ်ပေသည်။ မိုးမြေဖျက်သလင်းကျောက်ကိုသုံး၍ တည်ဆောက်ထားသော အစီအရင်တစ်မျိုးသည် ကျင့်ကြံသူများအား သူတော်စင်ချီကို အသုံးမပြုနိုင်အောင် လုပ်နိုင်ပေသည်။ တစ်နည်းဆိုရသော် ထိုအစီအရင်ထဲသို့ ရောက်သွားသည်နှင့် ကျင့်ကြံသူများသည် သူတော်စင်ချီကို အသုံးပြုနိုင်တော့မည် မဟုတ်ဘဲ ကာယခွန်အား သက်သက်ကိုသာ အသုံးပြုနိုင်တော့ပေလိမ့်မည်။ အရိပ်ဝိဥာဉ်ကျွန်းထဲသို့ ရောက်သွားသလိုပင် ဖြစ်သည်။

မိုးမြေဖျက်သလင်းကျောက်သည် မိုးမြေဖျက်အစီအရင်၏ အစီအရင်အမြူတေ ဖြစ်ပေသည်။

သူတော်စင်ချီအား အသုံးမပြုနိုင်သည့် ကျင့်ကြံသူအား ကျင့်ကြံသူဟု ခေါ်နိုင်ဦးမည်လော။ အရိပ်ဝိဥာဉ်ကျွန်း၏ ကျင့်ကြံသူများသည် အရိပ်ကောင်းကင်ဆေးလုံးများကို သုံး၍ သူတို့၏ ခန္ဓာကိုယ်ကို ပိုမိုအားကောင်းလာအောင် ကျင့်ကြံနိုင်၏။ သို့သော်လည်း ကျင့်ကြံသူတိုင်းတွင် အရိပ်ကောင်းကင်းဆေးလုံး မရှိကြသလို ကျင့်ကြံသူတိုင်းဟာလည်း ခန္ဓာကိုယ်ကို အားကောင်းအောင် ကျင့်ကြံထားသူများ မဟုတ်ကြချေ။

မိုးမြေဖျက်အစီအရင်သည် ကျင့်ကြံသူတိုင်းအတွက် သေမင်းထောင်ချောက်တစ်ခု ဖြစ်ပေသည်။ ထိုအစီအရင်ထဲသို့ ရောက်သွားမည်ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် ကောင်းကောင်း ဒုက္ခရောက်နိုင်ပေသည်။

ထိုအစီအရင်သည် အတော့်ကိုမှ အားကောင်းသော်ငြား မိုးမြေဖျက်သလင်းကျောက်များသည် အလွန်ကိုမှ ရှားပါးလှ၏။ သို့သော်လည်း ကံကောင်းထောက်မပြီး ဤနေရာတွင် မိုးမြေဖျက်သလင်းကျောက်တွင်းကြီး၏ လာတွေ့သည်။ ထို့အပြင် သလင်းကျောက်တွင်းမှာလည်း အတော်လေးကိုမှ ကြီးသည့် သလင်းကျောက်တွင်းကြီး ဖြစ်နေသည်။

သတ္တုတွင်းများကို အကြမ်းဖျင်း သုံးမျိုးသုံးစား ခွဲနိုင်သည်။ အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့် ဟူ၍ပင်။

ယေဘုယျအားဖြင့် အဆင့်မြင့် သတ္တုတွင်းတစ်တွင်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်းအတွက်ပင် အလွန်ကိုမှ အဖိုးတန်လှသည်။ ဤနေရာတွင် အဆင့်မြင့် သတ္တုတွင်းတစ်တွင်းကို လာတွေ့လိမ့်မည်ဟု ရန်ကိုင် တကယ် မထင်ထားခဲ့ပေ။

ရှောင်ရှောင်သည် ဤနေရာသို့ ရောက်ကတည်းက သတ္တုရိုင်းများကို စတင် ဝါးမြိုနေခဲ့၏။ ရှောင်ရှောင်ကိုကြည့်ရင်း ရန်ကိုင်လည်း တုန့်ဆိုင်းမနေဘဲ မိုးမြေဖျက်သလင်းကျောက်များကို အပြေးအလွှား သွားတူးလေသည်။

မိုးမြေဖျက်သလင်းကျောက်တွင်းကြီး ဖြစ်နေသည့်အတွက် ဤနေရာတွင် သူတော်စင်ချီကို ကောင်းကောင်း မသုံးနိုင်သော်ငြား ရန်ကိုင်၏ ကာယခွန်အားသည် ပေါ့သေးသေး မဟုတ်သည့်အတွက် သူတ္တုတူးသည့်နှုန်းသည် အတော်လေးမြန်သည်ဟု ပြော၍ရသည်။

တစ်ရက်အတွင်း မိုးမြေဖျက်သလင်းကျောက် အတုံးငါးရာခန့် ရန်ကိုင် တူးလိုက်နိုင်၏။ ရှောင်ရှောင် မည်မျှ တူးလိုက်နိုင်သလဲ ဆိုသည်ကိုတော့ စဉ်းစားနေစရာပင်မလို၊ အလွန်များပြားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

မိုးမြေဖျက်သလင်းကျောက် အတုံးငါးရာသည် ဂိုဏ်းလေး တစ်ဂိုဏ်းလုံးကို လွှမ်းခြုံထားနိုင်သော အစီအရင်ကို ခင်းကျင်းရန် အတွက် လုံလောက်ပေသည်။ သို့သော်ငြား မည်သည့်ဂိုဏ်းမှ ရူးမိုက်ပြီး မိုးမြေဖျက်အစီအရင်ကို ထိုကဲ့သို့ သွားခင်းကျင်းလိမ့်မည် မဟုတ်ချေ။ ထိုသို့သာ ခင်းကျင်းလိုက်လျှင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။ ဂိုဏ်းထဲရှိ မည်သူမှ ကျင့်ကြံလို့ ရတော့လိမ့်မည် မဟုတ်။ မိုးမြေစွမ်းအင်ကို ပိတ်ပင်တားဆီးသည့် အစီအရင်ဆိုကာမှ ထိုအစီအရင်ကို ဂိုဏ်းတစ်ခုလုံးအား လွှမ်းခြုံလိုက်မှဖြင့် ဂိုဏ်းသားများအဖို့ မိုးမြေစွမ်းအင်ကို မည်သို့များ အာရုံခံနိုင်တော့မည်နည်း။

မိုးမြေဖျက်အစီအရင်များကို အချို့သော နေရာများ၊ ဥပမာအားဖြင့် တားမြစ်နေရာများ၊ ထောက်ချောက်ဆင်လိုသည့် နေရာများတွင် ခင်းကျင်းခြင်းသည် အကောင်းဆုံး ဖြစ်၏။

ရှောင်ရှောင်နှင့် ရန်ကိုင်တို့ အားကြိုးမာန်တက်ဖြင့် တူးနေသော်ငြား မိုးမြေဖျက်သလင်းကျောက်များမှာ နည်းနည်းလေးမှ လျော့ကျသွားသည့်ပုံမပင်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ဤနေရာတစ်ခုလုံးကို အပြီးတူးပစ်ရန်မှာ အချိန်တိုအတွင်း ပြီးမြောက်နိုင်သည့်ကိစ္စ တစ်ခု မဟုတ်ချေ။

ဤသတ္တုတွင်းတစ်ခုလုံးကို တူးပစ်လိုလျှင် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ ထိုကဲ့သို့ တွေးမိလိုက်သည့်နောက် ဆက်ပြီး တူးမနေတော့ဘဲ ရှောင်ရှောင်ကိုခေါ်ကာ တောင်တန်း၏ အတွင်းပိုင်းကို ဆက်လက် စစ်ဆေးကြည့်လေသည်။

တစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်နှင့် ရှောင်ရှောင်သည် အခြား တောင်တစ်လုံးဆီသို့ ရောက်လာခဲ့သည်။ တောင်ထဲသို့ ဝင်လာပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် အံ့အားသင့်တကြီး ရေရွတ်မိလိုက်လေသည် “ပတ္တရာကျောက်စိမ်း”

ပတ္တရာကျောက်စိမ်းသည် ဝိဥာဉ်ကို အားဖြည့်ပေးနိုင်သည့် သတ္တုရိုင်းတစ်မျိုး ဖြစ်သည်။

ပတ္တရာကျောက်စိမ်းသည် အစိမ်းရင့်ရောင်ရှိပြီး ထိုပတ္တရာကျောက်စိမ်းကို သူတော်စင်ချီ သို့မဟုတ် မိုးမြေစွမ်းအင်ဖြင့် အသက်သွင်းလိုက်မည် ဆိုပါက ကျောက်စိမ်းသည် ကျင့်ကြံသူ၏ ဝိဥာဉ်နှင့် စိတ်စွမ်းအင်ကို အားဖြည့်ပေးနိုင်သော စွမ်းအင်ဖျော့ဖျော့တစ်မျိုးကို ထုတ်လွှတ်ပေးပေလိမ့်မည်။

ဤကျောက်စိမ်းသည် ဝိဥာဉ်ကြာပန်းနှင့် တူသော အာနိသင်ကို ပေးစွမ်းနိုင်သော်ငြား ဝိဥာဉ်ကြာပန်းလောက်တော့ ဝိဥာဉ်ကို အားဖြည့်ပေးရာတွင် ကောင်းမွန်ခြင်း မရှိချေ။

ဝိဥာဉ်ကြာပန်းသည် ကျင့်ကြံသူတစ်ဦး၏ အသိစိတ်ပင်လယ်ထဲတွင် တည်ရှိနိုင်ပြီး ထိုကျင့်ကြံသူ၏ ဝိဥာဉ်ကို အဆက်မပြတ် အားဖြည့်ပေးနိုင်သည်။ ရန်ကိုင်၏ဝိဥာဉ်သည် သာမန် အဆင့်တူကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေရခြင်းမှာ ဝိဥာဉ်ကြာပန်း၏ နှစ်ပေါင်းများစွာ အားဖြည့်ပေးမှုကြောင့် ဖြစ်သည်။

သို့သော်လည်း ဝိဥာဉ်ကြာပန်းများသည် အလွန်ကိုမှ ရှားပါးလှသော ထွတ်မြတ်လောကရတနာများ ဖြစ်ကြလေရာ အလွယ်တကူရှာတွေ့ရန် လုံးဝ မဖြစ်နိုင်ချေ။ ဝိဥာဉ်ကြာပန်း ဆိုသည့် အရာများသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် အလွန်လိုချင်သည့် အရာများ ဖြစ်ကြသည် မဟုတ်လေလော။

ပတ္တရာကျောက်စိမ်းမှာမူ ထိုကဲ့သို့ မဟုတ်။ ပတ္တရာကျောက်စိမ်းမှာ ဝိဥာဉ်ကြာပန်းလောက် အစွမ်း မထွက်သော်ငြား ကျင့်ကြံသူတစ်ဦး၏ ဝိဥာဉ်ကို အားဖြည့်ပေးရာတွင် အလွန်အသုံးဝင်သည့် သတ္တတစ်မျိုး ဖြစ်နေသေးသည်။ ပတ္တရာကျောက်စိမ်းများသည် ဈေးကွက်ထဲတွင် ရံဖန်ရံခါ ပေါ်လာလေ့ရှိသော်ငြား ပေါ်လာသည့်အခါတိုင်း ကျင့်ကြံသူပေါင်းများစွာသည် ထိုကျောက်စိမ်းကို ဝယ်ယူနိုင်ရန် အတွက် အလုအယက် ကြိုးစားကြလေသည်။

ဤနေရာတွင် ထိုသတ္တုများရှိနေသည့် မိုင်းတွင်းကြီး ရှိနေခဲ့သည်။

ဟိုတစ်စဒီတစ်စ ပြန့်ကျဲပုံထောက်လျှင်တော့ ဤသတ္တုတွင်းသည် အလယ်အလတ် မရှိတတ်ရှိတတ် သတ္တုတွင်း တစ်တွင်း ဖြစ်လောက်ပေသည်။

ရန်ကိုင် မှင်သက်နေစဉ် ရှောင်ရှောင်သည် ပတ္တရာကျောက်စိမ်းများကို တူးကာ စတင် ဝါးမြိုနေလေပြီ။

ရန်ကိုင်လည်း ပတ္တရာကျောက်စိမ်းအချို့ကို သွားတူလိုက်ပြီးနောက် ရှောင်ရှောင်ကိုခေါ်ကာ တောင်းတန်းကို ဆက်လက် လေ့လာလေသည်။

သူမမျှော်လင့်ဘဲ ရောက်လာခဲ့သော ကြယ်သေပေါ်တွင် အလွန်ကိုမှ အဖိုးတန်သည့် သတ္တရိုင်းတွင်းများ ရှိနေခဲ့၏။

သုံးရက်ကြာပြီးနောက်တွင် ဖီးနစ်ပြာမျက်ရည်သံ သတ္တုတွင်းကို ထပ်တွေ့ပြန်၏။

တစ်လကြာပြီးနောက်တွင် မိုင်းတွင်း စုစုပေါင်းရှစ်တွင်းကို တွေ့ခဲ့ပြီး တစ်တွင်းမှာ သူတော်စင်သလင်းကျောက်တွင်း ဖြစ်ပေသည်။

တစ်လကြာအောင် စူးစမ်းပြီးနောက် ရန်ကိုင် ရပ်တန့်လိုက်၏။ ဆက်စူးစမ်းနေစရာ မလိုတော့ချေ။ တစ်လကြာ စူးစမ်းထားသည့် ရလဒ်အရ ဤကြယ်သေသည် တစ်ချိန်က သတ္တုကြယ်တစ်လုံး ဖြစ်ခဲ့သည်ဟု ရန်ကိုင်အား ပြောနေခဲ့သည်။

ကျင့်ကြံရေးကြယ်များတွင် ကိုယ်ပိုင် လောကနိယာမများ ရှိကြသည်။ မိုးမြေစွမ်းအင်အားလုံးသည် အကြမ်းဖျင် တူညီသော်ငြား မသိသာလှသော ကွဲပြားချက်အချို့တော့ ရှိပေသည်။

ထိုကွဲပြားချက်များကြောင့် ကျင့်ကြံရေးကြယ်များပေါ်တွင် ဖြစ်ပေါ်လာသည့် သဘာဝသယံဇာတများလည်း ကွဲပြားသွားရ၏။

အချို့ကြယ်များသည် ဆေးပင်များ စိုက်ပျိုးရာတွင် အလွန် အသုံးဝင်သဖြင့် ဆေးပင်ကြယ်ဟု ခေါ်ဆိုကြသည်။

ဆေးပင်ကြယ်ပေါ်တွင် ပုံမှန်အားဖြင့် နှစ်တစ်ရာလောက် ကြာအောင် စိုက်ပျိုးရသော ဆေးပင်တစ်ပင်ကို နှစ်ငါးဆယ်၊ သုံးဆယ်၊ ယုတ်ဆွဆုံး ဆယ်နှစ်လောက်နှင့်ပင် စိုက်ပျိုးနိုင်၏။

အချို့ကြယ်များသည် သာမန် ကျင့်ကြံရေးကြယ်များထက် တွင်းထက်သယံဇာတများ ပို၍ ပေါကြွယ်ဝသည်။ ထိုကဲ့သို့သော ကြယ်မျိုးကို သတ္တုကြယ်ဟု ခေါ်ပေသည်။ သတ္တုကြယ်များတွင် အမျိုးမျိုးသော သတ္တုများကို ပေါများစွာ ရှာတွေ့နိုင်သည်။

ကြယ်စီရင်စုထဲရှိ အားအကောင်းဆုံးသော အင်အားစုများသည် သတ္တုကြယ်နှင့် ဆေးပင်များကို အရေအတွက် တစ်ခုအထိ ထိန်းချုပ်ထားကြသည်။ ဥပမာ ပြရသော် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းသည် ဆေးပင်ကြယ်နှင့် သတ္တုကြယ် တစ်လုံးမက ပိုင်ဆိုင်ထားကြပေသည်။ ထို့ကြောင့်သာလျှင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ကြယ်စီရင်စုထဲ အလွန်ကိုမှ နာမည်ကျော်ကြားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ရခြင်း ဖြစ်သည်။

ရန်ကိုင် မမျှော်လင့်ဘဲ ခြေချမိလိုက်သော ဤကြယ်သေသည် သတ္တုကြယ်တစ်လုံး ဖြစ်နေခဲ့သည်။ ထို့အပြင် ရှာတွေ့ထားသည့် သတ္တုများ၏ အရည်အသွေးနှင့် ပမာဏအရ သတ္တုကြယ်များတွင်ပင် အဆင့်မြင့်သည့် သတ္တုကြယ်များထဲ ပါသည့် သတ္တုကြယ်တစ်လုံး ဖြစ်သည်။

ယခု လုပ်ဖို့လိုသည်မှာ ဤနေရာကို တိုးတက်အောင်လုပ်ရန်ပင်။

အထက်စကြာဝဠာဂိုဏ်းသာ ဤကြယ်ကို ထိန်းချုပ်နိုင်လျှင် အနာဂတ်တွင် ပိုမို တိုးတက်လာမည်မှာ မလွဲမသွေပင်။ ထိုအကြောင်း တွေးမိလိုက်သည်နှင့် ရန်ကိုင် စိတ်လှုပ်ရှားလာ၏။

ချက်ချင်း တုန့်ဆိုင်းမနေဘဲ သူတော်စင်သလင်းကျောက် မိုင်းတွင်း အပြင်ဘက်၌ တောင်ကြားထဲရှိ ဟင်းလင်းပြင် အစီအရင်နှင့် ဆက်သွယ်ထားသော ဟင်းလင်းပြင်အစီအရင် တစ်ခုကို စတင် ခင်းကျင်းလေသည်။

ကမ္ဘာခြားဟင်းလင်းပြင်အစီအရင် မဟုတ်သည့်အတွက် တစ်ရက်အတွင်း ပြီးသွားခဲ့လေသည်။ သူတော်စင်သလင်းကျောက် ထည့်သွင်း၍ အစီအရင်အား အသွင်းလိုက်ပြီးနောက် တောင်ကြားဆီသို့ ပြန်လာခဲ့သည်။

တုန့်ဆိုင်းမနေဘဲ သူတော်စင်သလင်းကျောက်များကို ထုတ်ကာ သူ့ခြေထောက်အောက်ရှိ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် ချက်ချင်းပဲ အစီအရင်ကို အသက်သွင်းကာ အရိပ်ကြယ်သို့ ပြန်လာခဲ့၏။

All Chapters