← Chapters

အခန်း (၁၇၃၁-၁၇၃၅)

Vol. 70 Ch. 1731-1735

အခန်း (၁၇၃၁-၁၇၃၅)

Vol. 70 Ch. 1731-1735

အပိုင်း (၁၇၃၁)

ရန်ကိုင် ပန်းတစ်ရာတောင်သို့ ရောက်လာသည့်အခါ လင်းယွင်အားလေးအား သင်ကြားပြသပေးနေသည့် ရီရှီယွင် ကြောင်သွားခဲ့လေသည်။ ရန်ကိုင် ဘာမှ ပြန်မပြောရသေးခင်မှာပင် မယုံသင်္ကာဖြင့် မေးလိုက်လေသည် “ဂိုဏ်းချုပ် ဘာလို့ ဒီလောက် အစောကြီး ပြန်လာတာလဲ။ အန္တရာယ်တစ်ခုခုနဲ့ ကြုံရလို့လား”

သူမ အံ့ဩချင်လည်း အံ့ဩချင်စရာပင်။ ယခင်တစ်ခါ ရန်ကိုင် အရိပ်ကြယ်မှ ထွက်သွားစဉ်က ရှစ်နှစ်ကြာမြင်ခဲ့သည်။ ရန်ရှုကျုနှင့် အခြားသူများ ပြန်ပြောပုံအရ အရိပ်ကြယ်သည် အလွန်ကိုမှ ချောင်ကျပြီး အခြားသော ကျင့်ကြံရေးကြယ်များနှင့် အလွန် ဝေးကွာသည့်အတွက် အနီးဆုံး ကျင့်ကြံရေးကြယ်သို့ ရောက်ရန်ပင် တစ်နှစ်ကျော် ကြာမြင့်ကြောင်း သိရသည်။

သို့သော်ငြား ရန်ကိုင် ထွက်သွားသည်မှာ တစ်နှစ်လောက်သာ ရှိပေသေးသည်။ ဘာကြောင့် ဤမျှ မြန်မြန် ပြန်လာရသနည်း။

“သတ္တုကြယ်တစ်လုံးတွေ့လို့လေ” ရီရှီယွင်ကို ပြန်ဖြေရင်း လင်းယွင်အာကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။

တိုက်တန်ခွန်အား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ဤကလေးမလေးသည် အသက် ဆယ်ငါးနှစ်သာ ရှိသေးသော်ငြား သူမ၏ ခန္ဓာကိုယ်သည် နှစ်ရာပေါင်းများစွာ အသက်ရှင်လာသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်နှင့် ယှဉ်နိုင်နေပြီ ဖြစ်ကြောင်း အံ့အားသင့်စွာ ရန်ကိုင် တွေ့ရှိလိုက်ရလေသည်။

သူမ၏ ခန္ဓာကိုယ်လေးမှာ သေးသေးသွယ်သွယ်လေး ဖြစ်သော်ငြား ထိုခန္ဓာကိုယ် ပေါက်စလေးထဲ ကိန်းအောင်းနေသော ခွန်အားမှာတော့ မတွေးရဲလောက်စရာပင်။

ယခင်တစ်ကြိမ် ကြည်လင်ကောင်းကင်ဂိုဏ်းတွင် တွေ့ရသည်နှင့်စာလျှင် လင်းယွင်အာသည် အရပ်အနည်းငယ် ပိုရှည်လာပြီး ခန္ဓာကောက်ကြောင်းမှာလည်း စတင်၍ အသက်ဝင်လာနေခဲ့လေပြီ။ ပို၍ ရှည်လျားလာသော ခြေတံရှည် သွယ်သွယ်လေးများနှင့် ဆံထုံးထုံးထားသော သူမပုံစံမှာ သူရဲကောင်းမယ်လေး တစ်ဦးနှင့်ပင် တူနေ၏။

ရန်ကိုင် သူမအား ကြည့်နေသည်ကိုမြင်သော် လင်းယွင်အာသည် ဂိုဏ်းချုပ်ဦးလေးဟု ပါးနပ်စွာ ပြန်၍ နှုတ်ဆက်လိုက်လေသည်။

ရန်ကိုင်လည်း ခေါင်းပြန်ညိတ်ပြလိုက်လေသည်။

“သတ္တုကြယ်လား” ရီရှီယွင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့လေသည်။

သူမတစ်ဘဝလုံး အရိပ်ကြယ်တွင် နေလာခဲ့ရသည့်အတွက် ကြယ်စီရင်စုကြီးထဲသို့ တစ်ခါမှ မရောက်ဖူးသော်လည်း သတ္တုကြယ်သည် မည်သို့သော ကြယ်ဖြစ်သလဲ ဆိုသည်ကိုတော့ မသိဘဲ မနေပါချေ။

သတ္တုကြယ်သည် ကြွယ်ဝချမ်းသာခြင်းနှင့် တောက်ပသော အနာဂတ်ကို ကိုယ်စားပြုပေသည်။ အထူးသဖြင့် ဂိုဏ်းတစ်ဂိုဏ်း အတွက်ပင်။

“အဆင့်မြင့်သတ္တုကြယ်လား” ရီရှီယွင်က ထပ်မေး၏။

“ခင်ဗျား ထင်ထားတာထက် ပိုပြီး အဆင့်မြင့်တယ်” ရန်ကိုင်က အလေးအနက် ပြန်ပြောလိုက်၏ “တစ်လလောက်ပဲ ရှာလိုက်တာတောင် မိုင်းတွင်းရှစ်တွင်းတွေ့နေပြီ။ အဆင့်မြင့်ကနေ အဆင့်နိမ့်အထိ အကုန်ပါတယ်။ မိုးမြေဖျက်သလင်းကျောက် မိုင်တွင်းရယ်၊ ဖီးနစ်ပြာမျက်ရည်သံ မိုင်းတွင်းရယ်၊ ပတ္တရာကျောက်စိမ်း မိုင်းတွင်းရယ်၊ နှင်းရေခဲကြေး မိုင်းတွင်းရယ်၊ ရေတိမ်တိုက်သံမဏိ မိုင်းတွင်းရယ်နဲ့ သူတော်စင် သလင်းကျောက် မိုင်းတွင်းတွေပဲ”

“အများကြီးပဲ” ပုံမှန်အားဖြင့် အလွန်ကိုမှ တည်ငြိမ်နေတတ်သည့် ရီရှီယွင်သည် ရန်ကိုင် ပြောပြသွားသည့် နာမည်ကိုကြားပြီးနောက် မျက်ခုံးပင့်သွားကာ မျက်တောင်များ တဖျက်ဖျက် လှုပ်လာခဲ့လေသည်။

“အဲ့ဒါတွေကတောင် ရေခဲတောင်ရဲ့ အဖျားလောက်ပဲ ရှိသေးတာနော်”

“အဲ့မှာ အန္တရာယ်တွေရှိလား”

“မရှိဘူး။ အဲ့ဒါက ဘာမိုးမြေစွမ်းအင်မှမရှိတဲ့ ကြယ်သေကြီး” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “အဲ့မှာ အန္တရာယ် ရှိနေရင် ကျုပ်ဒီကို ပြန်လာမှာမဟုတ်ဘူး။ တစ်လလောက် ရှာလိုက်သေးတယ်။ ဘာသက်ရှိမှမတွေ့ဘူး။ အန္တရာယ်ရှိတဲ့ ဟာတွေ ဆိုရင်တော့ ပိုတောင်ဝေးသေး”

“ဂိုဏ်းချုပ်က…” ရီရှီယွင်သည် ရန်ကိုင်အား တောက်ပသည့် မျက်ဝန်းအစုံဖြင့် ကြည့်လိုက်သည်။

“ဟုတ်တယ်။ အဲ့ကိုလူတွေလွှတ်ပြီး မိုင်းတူးမလားလို့” ရန်ကိုင်က ပြုံးဖြီးလျက် “ဒါပေမယ့် အထက်စကြာဝဠာဂိုဏ်း အတွက်တောင် အဲ့သတ္တုကြယ်က တော်တော်လေး ကြီးတယ်။ ကျုပ်တို့ ရင်းနှီးတဲ့ ဂိုဏ်းတွေကိုလည်း ဒီအကြောင်း ပြောပြလိုက်ရင် ကောင်းမလားလို့”

“ဂိုဏ်းချုပ်က အဲ့လိုလုပ်ချင်မှတော့ ကျွန်မလည်း ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့် ကျွန်မတို့နဲ့ ပူးပေါင်းနိုင်မယ့်ဂိုဏ်းက သိပ်များများစားစားမရှိဘူး။ ပြီးတော့ သူတို့ကိုလည်း မိုင်းတူးခွင့်ပေးသင့်တယ်။ သူတို့ တူးလာတဲ့ သတ္တုတွေရဲ့ သုံးဆယ်၊ လေးဆယ် ရာခိုင်နှုန်းလောက်ကို အထက်စကြာဝဠာဂိုဏ်းဆီ အခွန်အဖြစ် ပြန်ပေးပေါ့။ အဲ့လို လုပ်နိုင်ဖို့ဆိုရင် ကျွန်မတို့ အဲ့ဘက်မှာ ကောင်းကောင်း ခြေကုပ်ယူထားနိုင်မှ ဖြစ်မှာ”

“ဟုတ်တယ်။ အကြီးအကဲချုပ်က တကယ် အသေးစိတ်တာပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် အရိပ်လခန်းမကိုတော့…”

“အရိပ်လခန်းမကတော့ ချွင်းချက်ပေါ့” ရီရှီယွင်က ပြုံးလျက် ပြောလိုက်သည်။ ရန်ကိုင်နှင့် ချင်းတုန် အလွန် ရင်းနှီးကြောင်း သူမ သိပေသည်။

“ကောင်းပြီလေ။ အခုကိစ္စကိုတော့ အကြီးအကဲချုပ် လက်ထဲပဲ ထည့်ထားလိုက်မယ်။ ကျုပ် ဖြတ်သန်းရေး တံဆိပ်ပြား နည်းနည်း ထပ်လုပ်လိုက်ဦးမယ်” စကားပြောပြီးသွားသည်နှင့် ရန်ကိုင် ချက်ချင်းပ ြန်ထွက်သွားလေသည်။

သတ္တုကြယ်သို့ လူအများကြီးကို ခေါ်သွားရမည် ဖြစ်သည့်အတွက် အထူး ဖြတ်သန်းရေး တံဆိပ်ပြားများကို သန့်စင်ရန် လိုအပ်လာလေပြီ။

အထူး ဖြတ်သန်းရေးတံဆိပ်ပြား အခုငါးဆယ်ကို သန့်စင်ဖို့ရာ အတော်လေး အချိန်ကြာသွားခဲ့လေသည်။

ထိုကဲ့သို့သော ဖြတ်သန်းရေးတံဆိပ်ပြားသည် သူယခင် သန့်စင်ခဲ့သည့် ဖြတ်သန်းရေးတံဆိပ်ပြားများနှင့် တကယ်ကို ကွာခြားပေသည်။ ဤဖြတ်သန်းရေးတံဆိပ်ပြားသည် ရန်ကိုင် ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်ဆီသို့ လူငါးဆယ်ကို တစ်ပြိုင်တည်း ပို့ပေးနိုင်သည်။ ထို့အပြင် ထိုဖြတ်သန်းရေး တံဆိပ်ပြားများကို သန့်စင်ရာ၌ တံဆိပ်ပြားထဲတွင် သူနှင့် ရီရှီယွင်၏ သူတော်စင်ချီကိုသာ တုန့်ပြန်မည့် အစီအရင် တစ်မျိုးကို ထည့်သွင်းထားလိုက်သည်။ ထို့ကြောင့် တစ်ယောက်ယောက်သာ ထိုဖြတ်သန်းရေးတံဆိပ်ပြားကို အသုံးပြုလိုလျှင် သူ သို့မဟုတ် ရီရှီယွင်မှ ကူညီပေးမှ ရပေလိမ့်မည်။

ဤနည်းလမ်းသည် ကရိကထ များသော်ငြား ဤအထူး ဖြတ်သန်းရေး တံဆိပ်ပြားသာ ရန်သူလက်ထဲသို့ မတော်လို့ ရောက်သွားခဲ့လျှင် ဖြစ်လာနိုင်သည့် ပြဿနာများကို တားဆီးပေးနိုင်ပေသည်။

ဤအထူး ဖြတ်သန်းရေးတံဆိပ်ပြားများသည် ပို၍ သန့်စင်ရ ခက်သဖြင့် ရန်ကိုင်အဖို့ ထိုတံဆိပ်ပြားများကို သန့်စင်ရန်အတွက် ဆယ်ခန့်ရက် အချိန်ယူလိုက်ရလေသည်။

တံဆိပ်ပြားများကို သန့်စင်ပြီးနောက် စုယန်၊ ရှနင်းချန်တို့နှင့် သွားတွေ့သော်ငြား နှစ်ယောက်စလုံး တံခါးပိတ်ကျင့်စဉ် ဝင်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

ရန်ကိုင်လည်း သူတို့အားတွေ့ရန် အရမ်းကြီး အလျင် လိုမနေသည့်အတွက် သွားမနှောင့်ယှတ်တော့ချေ။ ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းပြီးသွားပြီ ဖြစ်သဖြင့် ထိုအစီအရင်မှ ဤနေရာသို့ အချိန်မရွေး ပြန်လာနိုင်ပေသည်။

ချင်းတုန်သည် သတင်းကြားပြီးနောက် လက်ရွေးစင် တစ်ဖွဲ့ကိုခေါ်ကာ အထက်စကြာဝဠာဂိုဏ်းသို့ ရောက်လာ၏။

ရီရှီယွင် ပြောသည့်အကြောင်းကို အတော်လေး စိတ်ဝင်စားသည့်အလား သူနှင့်အတူ လူအယောက်တစ်ထောင် ခေါ်လာခဲ့သည်။ ပြန်လည်တည်ဆောက်ဆဲ အရိပ်လခန်းမ အတွက် လူတစ်ထောင်ဆိုသော ပမာဏသည် အတော်လေး များသည့် ပမာဏ ဖြစ်ပေသည်။

အထက်စကြာဝဠာဂိုဏ်းသို့ ရောက်လာပြီး ကြယ်သေ အကြောင်း ရန်ကိုင် ရှင်းပြသည်ကို နားထောင်ပြီးနောက်တွင် ချင်းတုန်သည် ချက်ချင်း ပြန်၍ ပြောလိုက်လေသည် “ဒါဆို ဘာလို့ စောင့်နေဦးမှာလဲ။ သွားကြမယ်လေ။ ငါတို့သာ အဲ့သတ္တုရိုင်းတွေ အကုန်လုံးကို တူးထုတ်နိုင်ရင် လုံးဝချမ်းသာပြီပဲ”

“ချင်းအိုကြီး၊ ခင်းဗျား ကြည့်ရတာ အရိပ်ကြယ်ကနေ အရမ်း ထွက်သွားချင်နေတဲ့ပုံပဲနော်” ရန်ကိုင်က ပြုံးလျက် လှမ်းပြောလိုက်သည်။

ချင်းတုန် တစ်ချက် ကြောင်သွားခဲ့သည်။ ထို့နောက် သည်းလှိုက်အူလှိုက် ရယ်မောလိုက်လေသည် “မထွက်သွားချင်လို့လည်း ရမလားကွာ။ နေ့တိုင်းလိုလိုကို မိုးကြိုးပစ်ချခံနေရတာကိုးကွ။ အချိန်ကြာလေကြာလေ ဒီက လောကနိယာမတွေက ငါ့ကို ပိုပြီး ငြင်းဆန်လာလေပဲ။ အစကတော့ နောက်ထပ် နှစ်နည်းနည်းလောက် ထပ်နေဦးမလို့ပဲ။ ဒါပေမယ့် အခွင့်အရေးက ရောက်လာပြီဆိုမှတော့ တစ်ခါတည်း အသုံးချရတော့မှာပေါ့။ ရန်ကိုင်၊ မင်းစိတ်ချထားလိုက်။ သတ္တုကြယ်ကို ငါစောင့်ကြည့်ထားလိုက်မယ်။ အခြားလူတွေ အဲ့ကြယ်ကို လာလုမှာ မင်းစိတ်ပူစရာ မလိုဘူး”

“အဲ့လိုဆိုရင် ကျုပ်စိတ်အေးရပြီ” ရန်ကိုင်က ခေါင်းညိတ်၍ လက်ဝှေ့ရမ်းကာ ပြောလိုက်လေသည် “အချိန်ဆွဲနေလည်း ဘာမှ ထူးတာ မဟုတ်ဘူးဆိုတော့ သွားကြတာပေါ့”

အထက်စကြာဝဠာဂိုဏ်း၏ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ရှေ့တွင် လူနှစ်ထောင် စုဝေးနေကြလေသည်။

လူနှစ်ထောင်အနက် တစ်ဝက်မှာ အရိပ်လခန်းမမှ ဖြစ်ပြီး ကျန်တစ်ဝက်မှာ အထက်စကြာဂိုဏ်းမှ ဖြစ်သည်။

အများစုမှာ သူတော်စင်ဘုရင်အဆင့်များ ဖြစ်ကြပြီး အနည်းငယ်သည်သာ တန်ခိုးရှင်အဆင့်များ ဖြစ်ကြသည်။ မိုင်းတူခြင်းအလုပ်ကို သူတော်စင်၊ သူတော်စင်ဘုရင်များဖြင့် လုပ်၍ရသော်ငြား လုံခြုံရေးအတွက် ပညာရှင်အချို့တော့ လိုအပ်ပေသေးသည်။

လူအယောက်ငါးဆယ်စီ တစ်ဖွဲ့ဖွဲ့ပြီး အဖွဲ့ခေါင်းဆောင်တိုင်းသည် ရီရှီယွင်မှ ပေးထားသည် ဖြတ်သန်းရေး တံဆိပ်ပြားများကို ကိုင်ဆောင်ထားကြသည်။ ချင်းတုန်တို့ အဖွဲ့သည့် အန္တရာယ်ရှိမရှိ စူးစမ်းရန်အတွက် ထောက်လှမ်းရေး အဖွဲ့အဖြစ် ပထမဆုံး ထွက်သွားကြသည်။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက်တွင် လူနှစ်ထောင်စလုံး ရွှေ့ပြောင်းလို့ ပြီးသွားခဲ့လေသည်။

အေးစက်စက်၊ ခြောက်ကပ်ကပ် ကြယ်သေပေါ်ရှိ တောင်ကြားတစ်ခုထဲတွင် လူနှစ်ထောင် ပေါ်လာခဲ့သည်။ ခြောက်ကပ်ကပ် ပတ်ဝန်းကျင်ကြီးကို ကြည့်ရင်း လူတိုင်း အနည်းနှင့်အများဆိုသလို စိုးရိမ်စိတ် ဝင်မိကြ၏။

နောက်ဆုံးအသုတ်နှင့်အတူ ရန်ကိုင် ထွက်လာသည်ကို မြင်သော် ချင်းတုန်သည် သူ့ဆီသို့ အမြန် လျှောက်သွားပြီး မေးလိုက်လေသည် “မင်းပြောတဲ့ ကြယ်သေက ဒီနေရာလား”

“ဟုတ်တယ်”

“ငါကြည့်ရတာ ဘာမှ သိပ်မရှိဘဲ ခြောက်ကပ်ကပ်ကြီးလိုပဲ” ချင်းတုန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်လေ၏ “ကြယ်သေပဲဟာကို၊ ခြောက်ကပ်ကပ်ပဲ ဖြစ်နေမှာပေါ့။ ဒါပေမယ့် အပြင်ပန်းကိုကြည့်ပြီး သွားဆုံးဖြတ်လို့ မရဘူး။ တကယ့် ဆန်းကြယ်မှုတွေဆိုတာ ဒီကြယ်သေရဲ့ ဒီနေရာမှာ ရှိနေတာ”

ပြောပြီးသည်နှင့် ရန်ကိုင်သည် မြေကြီးအား မေးထိုးပြလိုက်လေသည်။

“မြေအောက်လား”

“ဟုတ်တယ်၊ ကျုပ်နောက်လိုက်ခဲ့” ရန်ကိုင်သည် အားလုံးအား သူ့နောက်လိုက်လာရန် ပြောကာ ရှေ့ဆုံး ဦးဆောင် ထွက်သွားလေသည်။

လူနှစ်ထောင်သည် ပတ်ဝန်းကျင်ကို သတိကြီးကြီးထားရင်း ရန်ကိုင်နောက်သို့ လိုက်လာခဲ့လေသည်။

သို့သော်လည်း ဤနေရာတွင် သတိထားစရာ ဘာမှ မရှိမှန်း သတိပြုမိပြီးနောက် အကုန်လုံး တဖြည်းဖြည်း စိတ်အေးလက်အေး ဖြစ်သွားကြလေသည်။

မိုးမြေစွမ်းအင် မရှိသည့်အတွက် ဤနေရာတွင် သူတို့အား အန္တရာယ်ပေးနိုင်သည့်အရာ သိပ်များများစားစား မရှိချေ။

တစ်နာရီခန့်ကြာပြီးနောက်တွင် ရန်ကိုင်သည် ယခင်က ခုန်ဆင်းသွားခဲ့သည့် တွင်းပေါက်ကြီးဆီသို့ ရောက်လာခဲ့၏။ လူနှစ်ထောင်သည် ရန်ကိုင်ဆင်းသွားသည့် လမ်းအတိုင်း လိုက်ဆင်းလာကြသည်။

မကြာမီ အားလုံးရှေ့ အဆောက်အဦးပျက်များ ထွက်ပေါ်လာခဲ့လေသည်။

ထိုအဆောက်အဦးပျက်များအကြောင်း ရန်ကိုင်၏ မှန်းဆချက်များကို နားထောင်ရင်း ချင်းတုန်နှင့် ရီရှီယွင်တို့ အလိုလို သက်ပြင်းချမိလိုက်ကြသည်။

မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် တဖြည်းဖြည်း သေဆုံးခြင်းတို့သည် ကြယ်များပင် မလွတ်မြောက်နိုင်သော လောကဓမ္မတာ ဖြစ်လေသည်။ အကုန်လုံးသည် ထိုလောက ဓမ္မတာကို မဖြစ်မနေ လိုက်နာရမည်ဆိုလျှင် ကျင့်ကြံသူများလည်း ကောင်းကင်၏ အလိုဆန္ဒကို ဆန့်ကျင်နိုင်မည်လော။ တစ်နေ့နေ့ တစ်ချိန်ချိန်၌ သူတို့အားလုံး လက်တစ်ဆုပ်စာ ပြာပုံဘဝသို့ ပြောင်းလဲသွားနိုင်သည်မှာ ဖြစ်နိုင်၏။ လက်ရှိ အရိပ်ကြယ်တွင် အလွန်ကိုမှ အားကောင်းနေသော အထက်စကြာဝဠာဂိုဏ်းသည်လည်း တစ်နေ့နေ့တွင် ပျက်သုဉ်းပြီး သမိုင်းကြောင်းထဲ မေ့လျော့ပျောက်ကွယ်သွားခံရနိုင်သည်မှာလည်း ဖြစ်နိုင်သည်။

ထိုအနိစ္စတရားအကြောင်းကို တွေးတောရင်း ခေါင်ဆောင်နှစ်ဦး၏ အမူအရာ သိပ်မကောင်းကြတော့ချေ။

“ကျုပ်စဉ်းစားထားတာကတော့၊ ဒီနေရာမှာ စခန်းတစ်ခု တည်ဆောက်မယ်။ နေရာတစ်ခုရှိနေပြီဆိုတော့ နည်းနည်း ပြင်ဆင်ပြီး သန့်ရှင်းလိုက်ရင် နေလို့ရမယ် ထင်တာပဲ။ ဒီကနေ မိုင်းသွားတူး။ ပြီးရင်း ပြန်လာ။ ပြီးရင် ပြန်သွား၊ အဲ့လိုမျိုးပေါ့။ ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ” ရန်ကိုင်က သူ့ရှေ့ရှိ အဆောက်အဦးပျက်များကို ညွှန်ပြရင်း မေးလိုက်သည်။

“ပြဿနာမရှိဘူး” ချင်းတုန်က ခေါင်းညိတ်လိုက်သည်။

“အကြီးအကဲချုပ်ကော” ရန်ကိုင်က ရီရှီယွင်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။

“ကျွန်မလည်း ကန့်ကွက်စရာ မရှိပါဘူး”

“ဒါပေမယ့် အဆောက်အဦးဆောက်ဖို့ လိုတဲ့ ပစ္စည်းတွေကကော” ချင်းတုန် မျက်မှောင်ကြုတ်သွား၏။

ရီရှီယွင်က ရယ်မောလျက် ပြုံးကာ “ကျွန်မတို့ ယူလာတယ်။ ဂိုဏ်းချုပ်က ဒီအစီအစဉ်ကို အစကတည်းက စဉ်းစားထားတာမိုလို့ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို ကျွန်မတို့ ပြင်ဆင်ထားတယ်”

“အဲ့လိုဆိုမှတော့ ဒီလူအိုကြီး အလုပ်ရှုပ်ခံနေစရာ မလိုတော့ဘူးပေါ့” ချင်းတုန်းက ရယ်ရယ်မောမောဖြင့် အားလုံးဘက်သို့လှည့်၍ “အရိပ်လခန်းမက တပည့်တွေ၊ အထက်စကြာဝဂိုဏ်းက မင်းတို့ရဲ့ ရောင်းရင်းညီအစ်ကို မောင်နှမတွေကိုကူညီပြီး အိမ်တွေ ဆောက်ပေးလိုက်ကြဦး။ ဒီနေရာက အခုကနေစပြီး ငါတို့ ယာယီနားနေမယ့် စခန်းပဲ”

ချက်ချင်းပဲ အရိပ်လခန်းမတပည့်များ စတင် အလုပ်လုပ်ကြတော့လေသည်။

နှစ်ပေါင်းများစွာကြာအောင် စွန့်ပစ်ထားခံရသော အပျက်အစီး နယ်မြေသည် ရုတ်တရက် လူပေါင်းများစွာဖြင့် လှုပ်ရှား အသက်ဝင်လာခဲ့လေသည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်တစ်ခုကို စတင် ခင်းကျင်းလေ၏။

ဤနေရာသည် အဓိကစခန်းဖြစ်သဖြင့် အပြင်ဘက်တွင် ဆက်သွယ်နိုင်မည့် ဟင်းလင်းပြင်အစီအရင်တစ်ခု ဤနေရာတွင် ရှိနေရန် လိုအပ်ပေသည်။ ဤနေရာရှိ အစီအရင်အား အထက်စကြာဝဠာဂိုဏ်းရှိ အစီအရင်နှင့်ဖြစ်စေ၊ တောင်ကြားထဲရှိ အစီအရင်နှင့်ဖြစ်စေ၊ ဆက်သွယ်ထားရန် လိုအပ်သည်။

ဤနည်းဖြင့် သတ္တုများကို သယ်ယူပို့ဆောင်ရာတွင် အလွန်ကို အချိန်ကုန် သက်သာသွားပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၃၂)

ဆယ်ရက်ကြာပြီးနောက်တွင် မူလက အပျက်အစီးနယ်မြေ ဖြစ်ခဲ့သောနေရာ၍ အသစ်ဆက်ဆက် ဆောက်လုပ်ထားသော အဆောက်အဦးများစွာ ရှိနေခဲ့လေပြီ။ ဤနေရာသည် သူတို့အားလုံး ရေရှည်နေကြမည့် နေရာဖြစ်သည့်အတွက် တပည့်များသည် အဆောက်အဦးများ ဆောက်လုပ်ကြရာ၌ အတတ်နိုင်ဆုံး ကြိုးစားထားကြလေသည်။

အဆောက်အဦးများ၏ ပုံစံမှာ သူတို့ ဂိုဏ်းထဲရှိ အဆောက်အဦးများနှင့် ခပ်ဆင်ဆင်ပင်။ ထို့ကြောင့် ဤနေရာ၌ နေရသော်ငြား သူတို့ဂိုဏ်းတွင် နေနေရသလို ခံစားရနိုင်၏။ ကွာခြားသွားသည့် အချက်ဆို၍ မိုးမြေစွမ်းအင် မရှိသည့် အချက်သာ ရှိပေသည်။

သို့ရာတွင် မိုးမြေစွမ်းအင်အစား သူတော်စင်သလင်ကျောက်ကို သုံး၍ အစားထိုး ကျင့်ကြံနိုင်၏။

အပျက်အစီးနယ်မြေ၏ လမ်းထောင်များတွင် ညလင်း ကျောက်တုံးများ ချိတ်ဆွဲထားကြသဖြင့် မူလက မှောင်မိုက် မည်းမှောင်နေခဲ့သော လမ်းများသည် တစ်ဖန် အလင်းရောင်ဖြင့် ပြန်လည် တောက်ပလာခဲ့လေသည်။

ရန်ကိုင်သည် သူရှာဖွေတွေ့ရှိထားသည့် မိုင်းတွင်းရှစ်တွင်း၏ တည်နေရာကို ရီရှီယွင်နှင့် ချင်းတုန်တို့အား ပြောပြလိုက်သည်။ သတ္တုများအား မည်ကဲ့သို့ တူးဖော်မည်လဲဆိုသည့် ကိစ္စနှင့် ပက်သက်၍မူ သူတို့ဘာသာ စဉ်းစားကြပေလိမ့်မည်။ ရန်ကိုင် အနေဖြင့် ခေါင်းရှုပ်ခံကာ လိုက်၍ စဉ်းစားနေစရာ မလိုပေ။

လူအင်အား မလုံလောက်လျှင်လည်း ဟင်းလင်းပြင်အစီအရင်ကို သုံး၍ အရိပ်ကြယ်မှ အချိန်မရွေး လူများ ထပ်ခေါ်၍ ရပေသည်။ ရန်ကိုင် သူတို့အတွက် အားလုံး ပြင်ဆင်ထားပြီးသွားလေပြီ။

ထိုမျှသာလျှင် မဟုတ်သေးဘဲ ရန်ကိုင်သည် စခန်း တည်ဆောက်ခြင်း ပြီးစီးသွား၍ တပည့်များ မိုင်းစတူးသည်နှင့် မိုင်းတစ်သန်းပတ်လည်အတွင်းတွင် ဟင်းလင်းပြင်အစီအရင် များစွာကို ခင်းကျင်ခဲ့လေသည်။

ထိုအစီအရင်များနှင့် ဆိုပါက တပည့်များအဖို့ တစ်နေရာမှ တစ်နေရာသို့သွားရန် ပို၍ လွယ်ကူသွားလေပြီ။

တစ်လကြာပြီးနောက်တွင် စရန်ထွက်ရန်အတွက် ရန်ကိုင် အဆင်သင့် ဖြစ်နေလေပြီ။

သူ၏ မူလရည်ရွယ်ချက်မှာ အရိပ်ကြယ်နှင့် ကျင့်ကြံရေးကြယ် တစ်လုံးကြား ဆက်သွယ်ရေးတစ်ခု တည်ဆောက်ရန်ပင်။ သတ္တုကြယ်ကို တွေ့ရှိလိုက်ခြင်းမှာ မတော်တဆ တွေ့ရှိမှု တစ်ခုသာ ဖြစ်သည်။

ယခု သတ္တုကြယ်ရှိ ကိစ္စများကို စီမံပြီးသွားပြီ ဖြစ်သဖြင့် သူ့ခရီးကို ဆက်၍ နှောင့်နှေးနေစရာ မလိုတော့ချေ။

အပျက်အစီးနယ်မြေကြီးထဲ ရပ်ရင်း ရန်ကိုင်သည် ရှောင်ရှောင်ကို ဆင့်ခေါ်လိုက်လေသည်။

အရိပ်ကြယ်သို့ ရောက်ပြီးစကတည်းက ရန်ကိုင်သည် ရှောင်ရှောင်ကို တောက်လျှောက် လွှတ်ထားပေးခဲ့ခြင်း ဖြစ်သည်။ သတ္တုများစွာဖြင့် ပေါကြွယ်ဝသော ဤနေရာသည် ရှောင်ရှောင် အတွက် သုခဘုံ ဖြစ်လေသည်။ သတ္တုများကို ဝါးမြိုခြင်းဖြင့် ရှောင်ရှောင်သည် ပို၍ အားကောင်းလာသည်။ ထူးခြားသော ဂုဏ်သတ္တိရှိသည့် သတ္တုတစ်မျိုးမျိုးကို ဝါးမြိုနိုင်ခဲ့လျှင် ထိုသတ္တုနှင့် ဆက်စပ်သော စွမ်းရည် အမျိုးအစား အသစ်များကိုပင် ရနိုင်သေးသည်။

သူ့ချော်ရည်အကာအကွယ်သည် အကောင်းဆုံး ဥပမာ ဖြစ်သည်။ ထိုအရာမှာ နေမီးလျှံအမြူတေကို ဝါးမြိုလိုက်ရင်းမှ ရှောင်ရှောင် ရရှိလိုက်သည့် စွမ်းရည်အသစ်တစ်ခု ဖြစ်သည်။

ထိုအကာအကွယ်ကို ထုတ်လွှတ်လိုက်နိုင်သည်နှင့် မည်သူမဆို ရှောင်ရှောင်နှင့် ဆယ်မီတာအကွာအတွင်းသို့ ချဉ်းကပ်ရန် အလွန်ကိုမှ ခဲယဉ်းသွားလေ၏။ ချော်ရည် အကာအကွယ်ဆီမှ ဖြာထွက်နေသော အပူစွမ်းအင်သည် တန်ခိုးရှင်အဆင့် ပညာရှင်များကိုပင် ပြန်ဆုတ်သွားအောင် တွန်းအားပေးနိုင်ပေသည်။

သတ္တုကြယ်တစ်လုံး ဖြစ်သည့်အတွက် သတ္တုများစွာဖြင့် ပေါကြွယ်ဝနေမည် ဖြစ်သည့်အတွက်ကြောင့်လည်း ရန်ကိုင်သည် ရှောင်ရှောင်ကို လွှတ်ပေးထားလိုက်ခြင်း ဖြစ်သည်။

ရန်ကိုင်၏ ခေါ်သံကိုကြားသည့်အခါ ရှောင်ရှောင်သည် မြေကြီးတစ်လျှောက် တွင်းတူးပြီး ပြန်လာခဲ့လေသည်။ တစ်နာရီ ကြာပြီးနောက် ရှောင်ရှောင် ပြန်ရောက်လာခဲ့သည်။

သို့သော်လည်း ရှောင်ရှောင်ပုံစံကို မြင်ပြီးနောက် ရန်ကိုင် အနည်းငယ် စိတ်ပူသွားခဲ့သည်။

ရှောင်ရှောင်သည် သူမ၏ နိမ့်ကျသော ဥာဏ်ရည်ကြောင့် အနည်းငယ် တုံးအအပုံစံပေါက်သည်။ သူ့မျက်နှာ အမူအရာကို ကြည့်ရုံဖြင့် ထိုအချက်ကို သိနိုင်ပေသည်။ သို့သော်လည်း လက်ရှိ သူ့ပုံစံသည် ထို့ထက်ပင် ပိုဆိုးနေသေး၏။ ပုံမှန်ဆိုလျှင် အနည်းငယ် တောက်တောက်ပပ ဖြစ်နေသည့် သူ့မျက်လုံးများဆိုလျှင် လုံးဝကို မှေးမှိန်နေခဲ့သည်။

သူ့ဆီ လမ်းလျှောက်လာနေသည့် အခါတွင်ပင် ရှောင်ရှောင်သည် အရက်မူးနေသည့်အလား ဒယီးဒယိုင် ဖြစ်နေခဲ့လေသည်။

ရှောင်ရှောင်ပုံစံကို မြင်ပြီး ရှောင်ရှောင်သည် မစားသင့်သည့် သတ္တုတစ်မျိုးမျိုးကို သွားစားလိုက်လေသလားဟုပင် ရန်ကိုင် တွေးမိသွားခဲ့သည်။ သို့သော် သေချာ စစ်ဆေးကြည့်ပြီးနောက် ရှောင်ရှောင်၏ ခန္ဓာကိုယ် အခြေအနေသည် လုံးဝကို အကောင်းအတိုင်း ရှိနေကြောင်း တွေ့လိုက်ရလေသည်။

ထို့အပြင် ရှောင်ရှောင်ဆီမှ… ထူးခြားသော စွမ်းအင်တစ်မျိုး ဖြာထွက်နေသည်ကိုပင် ရန်ကိုင် ခံစားမိလိုက်သည်။

ထိုကဲ့သို့သော စွမ်းအားကို သူရင်းရင်းနှီးနှီး သိနေသည်။ ထိုစွမ်းအားသည် အရိပ်ကြယ်၏ ကြယ်အမြူတေကို သန့်စင်ပြီးနောက် သူခံစားလိုက်ရသည့် လောကနိယာမများပင် ဖြစ်လေသည်။

“လောကနိယာမစါမ်းအား” ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ရှောင်ရှောင်အား နောက်တစ်ကြိမ် သေချာ ထပ်မံ စစ်ဆေးတော့လေသည်။

အချိန်အတော်ကြာအောင် စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေသည်။

ရှောင်ရှောင်နှင့် ပက်သက်၍ အားလုံး ပုံမှန်ပင်။ သို့သော် လက်ရှိ ရှောင်ရှောင်၏ ခန္ဓာကိုယ်သည် လောကနိယာမစွမ်းအား တစ်ပိုင်းတစ်စကို ထုတ်လွှတ်နေခဲ့လေပြီ။ သူထုတ်လွှတ်သည့် စွမ်းအားမှာ အရိပ်ကြယ်၏ လောကနိယာမ စွမ်းအားနှင့် ယှဉ်လိုက်လျှင်တော့ အဆပေါင်းများစွာ အားနည်းနေသေး၏။

သို့သော် လောကနိယာမများမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် လက်လှမ်းမမီသော လောကနိယာမများသာ ဖြစ်ကြပေသည်။

သူသိချင်နေသည်မှာ ရှောင်ရှောင်၏ ခန္ဓာကိုယ်မှ ဘာကြောင့် လောကနိယာမ စွမ်းအားကို ထုတ်လွှတ်နေရသလဲ ဆိုသည်ကိုပင်။

သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် အဖြေတစ်ခုကို ရန်ကိုင် စဉ်းစားမိသွား၏ “မင်းဒီကြယ်သေရဲ့ ကြယ်အမြူတေကို ဝါးမြိုပြီး သန့်စင်ပစ်လိုက်တာလား။ ဒီကြယ်သေမှာ ကြယ်အမြူတေ ရှိသေးတယ်ပေါ့”

ရှောင်ရှောင်သည် ဘာမှနားမလည်သည့် အမူအရာဖြင့် ရန်ကိုင်အား မော့ကြည့်လာသည်။ ထို့နောက် ခြေတစ်လှမ်းလှမ်းရန် ပြင်လိုက်သည်။ သို့သော် ခြေတစ်လှမ်းပင် မလှမ်းနိုင်သေးခင်မှာပင် ဖင်ထိုင်လျက် လဲကျသွားလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့လေသည်။ လက်ရှိ ရှောင်ရှောင်နှင့် ပက်သက်၍ မည်သည့် ပြဿနာမှ မရှိချေ။ ရှောင်ရှောင် ယခုကဲ့သို့ပုံစံမျိုး ဖြစ်နေရခြင်းမှာ သူဝါးမြိုထားသည့် ကြယ်သေ၏ အမြူတေကို အပြည့်အဝ မသန့်စင်နိုင်သေးသည့်အတွက် သူ့ခွန်အားကိုပါ မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်သည်။ ထိုအချက်ကို နားလည်လိုက်သည့်နောက်တွင် ရန်ကိုင်လည်း အခြားဘာမှ လုပ်မနေတော့ဘဲ ကမ္ဘာငယ်လေးထဲသို့သာ‌ ရှောင်ရှောင်ကို ပြန်ခေါ်လိုက်လေသည်။

သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးသည် ရန်ကိုင်အတွက် အလွန်ကိုမှ အံ့အားသင့်စရာ ဖြစ်နေသေး၏။

ဤကြယ်သေတွင် ကြယ်အမြူတေ ရှိနေဦးမည်ဟု ရန်ကိုင် တကယ်ကို မထင်ထားခဲ့ချေ။

ကြယ်သေတစ်ခု အဖြစ်နေဖြင့် ကြယ်အမြူတေ ရှိနေခြင်းမှာ လုံးဝ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်သည်။ အကြောင်းမှာ မိုးမြေစွမ်းအင် မရှိဘဲ လောကနိယာမများ ရှိမလာနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက် သေသွားပြီး သူတို့၏ ခန္ဓာကိုယ်ပုပ်သိုးကာ အဆီအနှစ်လည်း တစ်စတစ်စ ပျောက်ကွယ်သွားပြီး အရိုးဖြူများသာ ကျန်ရစ်ခဲ့သည်နှင့် တူပေသည်။

သို့သော် ချွင်းချက်ဆိုသည်မှာတော့ ရှိစမြဲပင်။

သူခန့်မှန်းကြည့်ရသလောက် ဤကြယ်သေသည် ယခင်က အလွန်ကိုမှ မိုးမြေစွမ်းအင်တို့ဖြင့် သိပ်သည်းကြွယ်ဝခဲ့သော ကျင့်ကြံရေးကြယ်တစ်လုံး ဖြစ်ခဲ့လောက်သည်။ အမျိုးမျိုးသော အကြောင်းများကြောင့် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ကြယ်အမြူတေ စွမ်းအင်အချို့မှာ ကျန်ရစ်ခဲ့လေ၏။

ရှောင်ရှောင်သည် မြေကြီးထဲ အနက်ကြီးတူးပြီး ကျန်ရစ်နေသည့် ကြယ်အမြူတေ အချို့ကိုတွေ့ကာ ဝါးမြိုခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ သူ့အတွက် ကံကောင်းမှုတစ်ခုပင် ဖြစ်သည်။ တကယ့် ကြယ်အမြူတေသာ ဆိုလျှင်တော့ ရှောင်ရှောင် အနေဖြင့် လုံးဝ သန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။

ရှောင်ရှောင် ကြယ်အမြူတေကို ဝါးမြိုသန့်စင်လိုက်သည့် ပုံစံမှာ ရန်ကိုင်မှ အရိပ်ကြယ်၏ ကြယ်အမြူတေကို သန့်စင်ပြီး ကြယ်သခင်တစ်ပါး ဖြစ်လာသည့် လမ်းကြောင်းနှင့် လုံးဝ ကွဲပြားပေသည်။ ကြယ်သခင်နှင့် ကျင့်ကြံရေး ကြယ်တို့၏ ကံကြမ္မာမှာ ဆက်စပ်နေသည်။ ရန်ကိုင် ကြယ်သခင် ဖြစ်လာသော်ငြား အရိပ်ကြယ်၏ ကြယ်အမြူတေသည် ဆက်၍ တည်ရှိနေသေးသည်။ သူတို့ကြား ရန်ကိုင်အား အရိပ်ကြယ်၏ စွမ်းအားအချို့ကို သုံးစေနိုင်သော ဆန်းကြယ်သည့် ဆက်သွယ်ချက် ဖြစ်လာခြင်းသာ။

ရှောင်ရှောင်ကမူ ဤကြယ်၏ ကြယ်အမြူတေကို တိုက်ရိုက် ဝါးမြိုပစ်လိုက်ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ဤကြယ်၏ ကြယ်အမြူတေသည် လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ အရိပ်ကြယ်၏ ကြယ်အမြူတေကဲ့သို့ ဆက်ပြီး တည်ရှိနိုင်တော့မည် မဟုတ်ချေ။

ရှောင်ရှောင် အဆင်ပြေနေသဖြင့် ရန်ကိုင်လည်း ဆက်ပြီး စိတ်ပူမနေတော့ပေ။ ချင်းတုန်နှင့် ရီရှီတို့ဖြင့် စကားပြောပြီးနောက် သတ္တုကြယ်မှ ထွက်ခွာလာခဲ့လေသည်။

ကြယ်စီရင်စုထဲ ခရီးသွားရသည်မှာ အလွန်ကိုမှ ပျင်းရီငြီးငွေ့စရာ ကောင်းလှသည်။ အထူးသဖြင့် မည်သည့် ကျင့်ကြံရေးကြယ်မှ မရှိသော ဤကဲ့သို့နေရာမျိုးတွင် ဖြစ်သည်။

ကြယ်မြေပုံမှတစ်ဆင့် သူနှင့် အနီးဆုံးသော ကျင့်ကြံရေးကြယ်သို့ ရောက်ရန် အနည်းဆုံး တစ်နှစ်ခန့် လိုသေးကြောင်း ရန်ကိုင် သိထားသည်။

ရန်ကိုင်သည် ခဏသွားလိုက်၊ ဂြိုလ်သိမ်းများပေါ် ခဏဝင်နားကာ ကျင့်ကြံလိုက်လုပ်ရင်း ကြယ်စီရင်စုအား ဖြတ်သန်းသွားလာနေခဲ့သည်။

ကြယ်သေများကို တွေ့လျှင် ထိုကြယ်သေများပေါ် ဆင်ကာ အကျိုးအမြတ်များလည်း ရှာကြည့်သေးသည်။

သို့သော် ကြယ်သေများသည် ကြယ်သေများသာ ဖြစ်ကြသည်။ ကြယ်သေများစွာကို ရှာဖွေခဲ့သည်တိုင် အကျိုးအမြတ် များများစားစား မရခဲ့ချေ။ သတ္တုကြယ်ကို ရှာတွေ့ခဲ့ခြင်းမှာ အလွန်ကိုမှ ကံကောင်းသည့် အတွက်ကြောင့်ဟုသာ ပြောရပေလိမ့်မည်။

ထိုကဲ့သို့ အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ထပ်ဖြစ်တော့မည် မဟုတ်ချေ။

ပြောရပြောရသော်ငြား ရန်ကိုင်သည် သူဆင်းခဲ့သည့် ကြယ်သေတစ်လုံးပေါ်တွင် သတ္တုကြယ်ဆီသို့ ဦးတည်နေသော ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းခဲ့လိုက်သေးသည်။

ထိုအချိန်အတောအတွင်း ရှောင်ရှောင်မှာမူ ကမ္ဘာငယ်လေး အတွင်း၍သာ မလှုပ်မယှတ် အိပ်စက်နေခဲ့လေသည်။ သို့သော် ရှောင်ရှောင်၏ ခန္ဓာကိုယ်ပေါ်မှ မသန့်စင်သည့် မဲနက်နေသော ကျောက်ရည်များ တစ်စတစ်စ ထွက်လာနေသည်ကို ရန်ကိုင် သတိပြုမိသည်။ ထိုကျောက်ရည်များသည် ယခုဆိုလျှင် ကျောက်ခွံကြီးတစ်ခုနှယ် ရှောင်ရှောင်အား ဖုံးလွှမ်းနေခဲ့လေပြီ။

ကျောက်တုံးရုပ်သေးရုပ်တွေလည်း ဆင့်ကဲပြောင်းလဲနိုင်တာလား ရှောင်ရှောင် နိုးလာသည့်နောက်တွင် မည်ကဲ့သို့ ပြောင်းလဲသွားမလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။

ရက်ပေါင်းများစွာကြာအောင် ကျင့်ကြံပြီးနောက်တွင် အတားအဆီးတစ်ခုနှင့် ရန်ကိုင် စကြုံရလေတော့သည်။

ထိုအတားအဆီးသည် သူ့အား တန်ခိုးရှင်ဘုရင်အဆင့်သို့ မရောက်အောင် တားဆီးထားသည့် အတားအဆီး ဖြစ်သည်။ ထိုအတားအဆီးကို ဖြတ်ကျော်နိုင်မှသာလျှင် တန်ခိုးရှင်ဘုရင် အဆင့်သို့ ရောက်နိုင်ပေလိမ့်မည်။

လက်ရှိ အနေအထားဖြင့် ကျင့်ကြံရေးကြယ် တစ်လုံးလောက် ရှာပြီး ထိုကြယ်ပေါ်တွင် နှစ်ဝက်၊ တစ်နှစ်လောက် တံခါးပိတ် ကျင့်ကြံလိုက်လျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေသည်။

တစ်နေ့သ၌… ရန်ကိုင်သည် ရှောင်ရှောင်၏ အခြေအနေကို စစ်ဆေးကြည့်နေ၏။

ရှောင်ရှောင် မလှုပ်မယှတ် ဖြစ်နေသည်မှာ နှစ်အတော် ကြာနေပြီ ဖြစ်သဖြင့် ရန်ကိုင်သည် ရံဖန်ရံခါ သူ့အား သွား၍ စစ်ဆေးကြည့်ရလေသည်။ သို့ရာတွင် ယခုတစ်ကြိမ် စစ်ဆေးကြည့်သည့် အခါ၍ ကျောက်ခွံအတွင်းမှ စွမ်းအင်လှိုင်း အချို့ ဖြာထွက်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ရှောင်ရှောင် မကြာခင် နိုးလာတော့မည့်ပုံပင်။

ထို့ကြောင့် ရန်ကိုင်လည်း ရှောင်ရှောင် နိုးလာမည့်အချိန်ကို စောင့်ရန်အတွက် ခဏနားနေရန် နေရာတစ်ခု လိုက်ရှာလေ၏။ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်ပြီးနောက် အနားအနီးရှိ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးဆီ တန်းသွားလိုက်လေသည်။

ဤဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်သည် အတော်လေးကို ကျယ်ကာ နည်းနည်းလေးမှ လှုပ်ရှားနေခြင်း မရှိဘဲ လုံးဝကို ငြိမ်သက်တိတ်ဆိတ်နေခဲ့သည်။ ဤနေရာသည် ခဏတာ အနားယူရန်အတွက် အကောင်းဆုံးနေရာ ဖြစ်ပေသည်။

သို့သော်လည်း ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်သို့ ချဉ်းကပ်လာစဉ် ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။

ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ် အတွင်း၌ ပုန်းအောင်းနေသော အရှိန်အဝါများစွာ ရှိနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထိုလူများသည် အတတ်နိုင်ဆုံး ပုန်းအောင်းနေကြသော်လည်း အကုန်လုံးသည် တန်ခိုးရှင်အဆင့်များချည်း ဖြစ်နေကြသည်။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် သူတို့ထက် အများကြီး ပိုအားကောင်းသည့်အတွက်ကြောင့်သာ ထိုလူအုပ်ကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။

သူ့ကံ အတော်ဆိုးလှပါလားဟု ရန်ကိုင် တွေးမိသွား၏။ ထိုအရှုပ်ထုပ်ထဲ ဝင်မပါချင်သည့်အတွက် ထိုနေရာမှ အလျင်အမြန် ပြန်ထွက်ခွာလာလိုက်လေသည်။

သို့သော်လည်း သူပြန်လှည့်ရုံတင်ရှိသေး ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်အတွင်းမှ သူ့ဆီသို့ အလင်းတန်းတစ်ခု တိုးဝင်လာသည်ကို သတိပြုမိလိုက်လေသည်။

ထိုတိုးကပ်လာနေသော အလင်းတန်းဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ်ကို ရန်ကိုင် ခံစားနေရသည်။ အလင်းတန်သည် အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် ရန်ကိုင်ဆီသို့ တိုးဝင်လာနေခဲ့လေသည်။

“တန်ခိုးရှင်ဘုရင်အဆင့်” ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ထဲ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ပုန်းအောင်းနေကြောင်း သိလိုက်ရချိန် ရန်ကိုင် မျက်နှာပျက်သွားလေ၏။ သူပင်လျှင်ပင် ဤနေရာ၌ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေမှန်း မသိခဲ့ချေ။

သူလက်ရှိ ခွန်အားအရ တန်ခိုးရှင်အဆင့်များကြား ပြိုင်ဘက်ကင်း ဖြစ်သော်လည်း တန်ခိုးရှင်ဘုရင်အဆင့်နှင့်တော့ သွားယှဉ်မရသေးချေ။

တန်ခိုးရှင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့်သည် လုံးဝကို ကမ္ဘာခြားနေသည့် အဆင့်နှစ်ခု ဖြစ်သည်။ ထို့ကြောင့် ကြယ်စီရင်စုထဲရိ ပညာရှင်များစွာတို့သည် တန်ခိုးရှင်တတိယ အဆင့်တွင်သာ တစ်နေပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ မည်သို့မှ မတက်ရောက်နိုင်ခြင်း ဖြစ်သည်။

ပုန်းအောင်နေသည့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်သည် ရန်ကိုင်အား တစ်ကွက်တည်းဖြင့် အသေသတ်ချင်နေသည့်ပုံပင်။

သို့သော် ရန်ကိုင်၏ ခွန်အားကို သူအထင်သေးလွန်းသွားခဲ့သည်။ တိုးဝင်လာနေသည့် အလင်းတန်းသည် အလွန်ကိုမှ အားကောင်းသော်လည်း ရန်ကိုင် မရင်ဆိုင်နိုင်သည့် အရာမျိုးမဟုတ်ချေ။ ရန်ကိုင်သည် မာန်သွင်း အော်ဟစ်၍ ရွှေရောင်သွေးမျှင်များစွာကို ထုတ်လွှတ်ကာ ဒိုင်းတစ်ခုအဖြစ်သို့ သိပ်သည်းစေလျက် သူ့ရှေ့တွင် ပိတ်ကာထားလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၃၃)

ဘုန်း…

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရန်ကိုင် သွေးပွက်ပွက်အန်ထွက်ကာ နောက်သို့ လွင့်ပျံထွက်သွားလေသည်။

ရွှေရောင်သွေးမျှင်များဖြင့် ဖန်တီးထားသော ဒိုင်းသည် ရွှေရောင်အလင်းတန်းအား လုံးဝ မတားဆီးနိုင်ခဲ့ချေ။

သို့သော်လည်း ထို့အတွက်ကြောင့် သူဘာဖြင့် တိုက်ခိုက်ခံလိုက်ရသလဲ ဆိုသည်ကို သေချာ မြင်သွားရသည်။

သူ့အား တိုက်ခိုက်လိုက်သည့်အရာမှာ လုံးပတ် ကလေးလက်မောင်းအရွယ်ရှိသော သုံးမီတာကျော် အရှည်ရှိသည့် ရွှေရောင်တလက်လက် တောက်ပနေသော လှံရှည်တစ်ချောင်း ဖြစ်သည်။

တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာပင်…

လှံရှည်အား ရွှေရောင်ဒိုင်းမှ ရပ်တန့်နိုင်ခဲ့သော်ငြား ၎င်းဆီမှ ဖြာထွက်နေသော ထက်ရှသည့် အရှိန်အဝါကို တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် ရန်ကိုင်၏ အသားများ ပေါက်ထွက်သွားရ၏။ နာကျင်မှုကြောင့် ရန်ကိုင် မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့လာခဲ့သည်။

သူ့နေရာ၌ သာမန် တန်ခိုးရှင်တတိယအဆင့် တစ်ဦးသာ ဆိုလျှင်တော့ လုံးဝကို အသက်ပျောက်သွားခဲ့လေပြီ။ သူပင်လျှင် အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့သည့် အတွက်ကြောင့်သာ အနည်းငယ်လောက်ပဲ ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။

အရိပ်ကြယ်မှ ထွက်လာခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ ပထမဦးဆုံး အခြားကြယ်မှ ကျင့်ကြံသူကို တွေ့ဖူးခြင်း ဖြစ်သည်။ သို့ရာတွင် တွေ့တွေ့ခြင်းမှာပင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးမှ သူ့အား တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာဖြင့် တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ပေ။

ရန်ကိုင်အား တိုက်ခိုက်ပြီးနောက်တွင် လှံရှည်သည် လာရာ လမ်းကြောင်းအတိုင်း ပြန်လှည့်သွားပြီး ဂြိုလ်သိမ်ကြီး တစ်လုံးပေါ်၌ ရပ်နေသော သက်လတ်ပိုင်းလူကြီး၏ လက်ထဲသို့ ပြန်ရောက်သွား၏။

သက်လတ်ပိုင်းလူကြီး၏ ခက်ထန်သည့် အမူအရာရှိပြီး အပြာရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ့ဆီမှ ဖြာထွက်နေသော ကျောချမ်းဖွယ်ရာ အရှိန်အဝါသည် မည်သူ့ကိုမှ သူ့အနားသို့ ချဉ်းကပ်မလာအောင် တားဆီးနေခဲ့သည်။

သက်လတ်ပိုင်းလူကြီးသည် ထိုတိုက်ကွက်ဖြင့် ရန်ကိုင်အား မသတ်နိုင်ခဲ့သည့်အပေါ် အတော်လေး အံ့အားသင့်နေသည့်ပုံပင်။

“စိတ်ဝင်စားစရာပဲ။ ငါတို့ ရှိနေတာကို အာရုံခံနိုင်ရုံတင် မဟုတ်ဘူး။ ငါ့တိုက်ကွက်ကိုတောင် အသက်ရှင်လျက် ခုခံနိုင်သေးတယ်” သက်လတ်ပိုင်းလူကြီးသည် ကြမ်းကြုတ်စွာ ပြုံးလျက် ရန်ကိုင် ထွက်ပြေးသွားသည့်ဘက်သို့ ကြည့်ရင်း မေးလိုက်လေသည် “မင်းတို့ သူဘယ်သူလဲ သိလား”

ထိုလူကြီးနားတွင် တန်ခိုးရှင်အဆင့် ပညာရှင် အယောက်နှစ်ဆယ် ရှိနေခဲ့သည်။ အကုန်လုံးသည် တန်ခိုးရှင် တတိယအဆင့်ချည်းများ ဖြစ်ကြသည်။ သက်လတ်ပိုင်းလူကြီး၏ မေးခွန်းကိုကြားသော် အကုန်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းခါပြလိုက်လေ၏။

“မင်းတို့ မသိဘူးဆိုတော့ ဒီအတိုင်း ဖြတ်သွားဖြတ်လာ တစ်ယောက်ပဲပေါ့” သက်လတ်ပိုင်းလူကြီးက ခဏတာ စဉ်းစားပြီးနောက် “ဒါပေမယ့် ဒီကိစ္စက အရမ်း အရေးကြီးတယ်။ နည်းနည်းလေးမှ အတိမ်းအစောင်းခံလို့ မဖြစ်ဘူး။ သူက ဖြတ်သွားဖြတ်လာ တစ်ယောက်ဆိုရင်တောင် ငါတို့ သူ့ကို လုံးဝ အလွတ်ပေးလို့ မဖြစ်ဘူး”

“ဆရာ တိုက်ခိုက်လိုက်တာကို ခံလိုက်ရတယ်ဆိုမှတော့ သူအသက်ရှင်နိုင်ပါဦးမလား” တစ်ယောက်ယောက် မေးလိုက်၏။

အစောပိုင်းက သက်လတ်ပိုင်းလူကြီး၏ တိုက်ကွက်ကို သူတို့လည်း မြင်ပေသည်။ ထိုတိုက်ကွက်ကို အသက်ရှင်လျက် ခုခံနိုင်မည်ဟု သူတို့ထဲက မည်သူမှ ယုံကြည်ချက် မရှိကြ။ တစ်ဖက်လူ မည်သူမှန်း သူတို့ မသိရသော်ငြား ထိုလူသည် တန်ခိုးရှင်အဆင့်သာ ရှိသေးသည်။ ထို့ကြောင့် သူ့အနေဖြင့် သက်လတ်ပိုင်းလူကြီး၏ တိုက်ကွက်မှ မည်သည့်နည်းနှင့်မှ အသက်ရှင်စရာအကြောင်း မရှိချေ။

“သတိဆိုတာ ပိုတယ်မရှိဘူးကွ။ ကျန်းဖုနဲ့ လျိုတုန်း၊ သူ့အလောင်းကို ငါ့ဆီ ပြန်သယ်လာခဲ့” သက်လတ်ပိုင်းလူကြီးက အမိန့်ပေးလိုက်လေသည်။ သူ့တိုက်ခိုက်သည်ကို ခံလိုက်ရပြီးနောက် ရန်ကိုင်သည် သေအံ့ဆဲဆဲ လူတစ်ယောက်သာ ဖြစ်သွားပြီဟု သက်လတ်ပိုင်းလူကြီး ထင်နေခြင်း ဖြစ်သည်။

“ဟုတ်ကဲ့” တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူနှစ်ဦးသည် သူတို့၏ ကြယ်လွန်းပျံအသီးသီးကိုထုတ်ကာ ချက်ချင်းပဲ ရန်ကိုင် ထွက်ပြေးသွားသည့်ဘက်သို့ လိုက်သွားကြလေသည်။

ရန်ကိုင် တိုက်ခိုက်ခံလိုက်ရသည့် နေရာမှ မိုင်သုံးထောင် အကွာခန့်ရှိ လွင့်မျောနေသော ဂြိုလ်သိမ်တစ်ခုပေါ်တွင်၊ ရန်ကိုင်သည် တင်ပလင်ခွေထိုင်လျက် သူထွက်ပြေးလာသည့် လမ်းကြောင်းဆီသို့ ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် ဘာကြောင့် သူ့အား တိုက်ခိုက်လိုက်သလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း တစ်ဖက်လူ၏ ပုန်းလျှိုးကွယ်လျှိုး အပြုအမူအရ တစ်စုံတစ်ဦးကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြံနေသည်မှာ သေချာပေသည်။ ရန်ကိုင်သည် ဖြတ်သွားဖြတ်လာတစ်ဦး ဖြစ်လျှင်ပင် သူတို့၏ အစီအစဉ်ကို အနှောင့်အယှတ် ပေးနိုင်ပေသည်။

တစ်နည်းဆိုရသော်ငြား တစ်ဖက်လူသည် မျက်မြင်သက်သေကို နှုတ်ပိတ်ပစ်ရန်အတွက် သူ့အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် သူထွက်ပြေးမည်ဆိုလျှင်ပင် တစ်ဖက်လူသည် သူ့အား အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ တစ်ယောက်ယောက် သူ့နောက်သို့ လိုက်လာလိမ့်မည်ဟု ရန်ကိုင် သေချာသိနေသည်။

ထို့အကြောင်းကြောင့်သာ ရန်ကိုင်သည် အလျင်စလို ထွက်မသွားသေးဘဲ ဤနေရာတွင် ထိုင်စောင့်နေခဲ့ခြင်း ဖြစ်သည်။

အလကားသက်သက် အကြောင်းမရှိဘဲ တိုက်ခိုက်ခံရသည်ကို ရန်ကိုင် မည်ကဲ့သို့‌ ကျေနပ်နိုင်မည်နည်း။ တစ်ဖက်လူ၏ တိုက်ခိုက်မှုမှာ ကြောက်စရာကောင်းသော်ငြား သူ့အား တိုက်ခိုက်ခဲ့သည့်လူမှာ တန်ခိုးရှင်ဘုရင် ပထမအဆင့်သာ ရှိသေးကြောင်း ရန်ကိုင် သတိပြုမိသည်။

သူသည် လော့ဟိုင်ကိုပင် သတ်လာခဲ့သူတစ်ဦးဖြစ်ရာ တန်ခိုးရှင်ဘုရင် ပထမအဆင့်လေးတစ်ဦးကို ဘာကြောင့်များ ကြောက်နေရမည်နည်း။ ကြယ်ဧကရာဇ်တံဆိပ်ပြားကြောင့် လော့ဟိုင်ကို သတ်နိုင်ခဲ့သည် ဆိုသော်ငြား အခြေအနေ မဟန်လျှင်ပင် သူ့အနေဖြင့် ချက်ချင်း ထွက်ပြေးနိုင်ပေသည်။

လော့ဟိုင်သည် လပေါင်းများစွာကြာအောင် သူ့အား တောက်လျှောက် လိုက်ဖမ်းခဲ့သော်လည်း ဖမ်းမမိခဲ့ချေ။ ဤတန်ခိုးရှင်ဘုရင် ပထမအဆင့်သည် လော့ဟိုင်ထက် ပို၍ မြန်မည်လား။

ရန်ကိုင် ထင်ထားသည့်အတိုင်းပင်၊ လက်ဖက်ရည် ခွက်တစ်ဝက်စာ ကြာပြီးနောက်တွင် အလင်းတန်းနှစ်ခု အဝေး တစ်နေရာမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်း နှစ်ခု ပျံသန်းလာနေသည့် အမြန်နှုန်းအရ ထိုလူနှစ်ဦးသည် ကျိန်းသေ တန်ခိုးရှင်တတိယအဆင့် ပညာရှင်များ ဖြစ်သည်။

ရန်ကိုင် မဲ့ပြုံးပြုံးလိုက်၏။ သို့သော် အလင်းတန်းနှစ်ခု သူ့အနီးသို့ ရောက်လာသည့်အခါ ထိတ်လန့်တုန်လှုပ်သွားဟန် ဆောင်လျက် ချက်ချင်း ဂြိုလ်သိမ်ပေါ်မှ ခုန်ဆင်းကာ ကြယ်လွန်းပျံကိုထုတ်၍ အခြားတစ်ဖက်သို့ ပျံပြေးလေ၏။

သို့သော်လည်း အရမ်းကြီး မြန်မြန်မပြေးခဲ့။ ဒဏ်ရာ ရထားဟန်ဆောင်လျက် လမ်းဆုံးသို့ ရောက်နေသော မြှားတစ်စင်းနှယ် ဖြည်းဖြည်းချင်းသာ ပျံသန်းလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ကျန်းဖုနှင့် လျိုတုန်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ပြီး ရန်ကိုင်နောက်သို့ အေးအေးဆေးဆေးသာ လိုက်ကြလေသည်။ ကြောင်နှင့်ကြွက် ဂိမ်းကစားသလို တစ်ဖက်လူအား ဖြည်းဖြည်းချင်း နှိပ်စက်ပြီးမှ သတ်ပစ်ရန် စဉ်းစားနေသည့်ပုံပင်။

ပျံသန်းနေစဉ် အတောအတွင်း ရန်ကိုင်သည် ရန်သူများ သူ့နောက်သို့ လိုက်မှီလာမည်ကို စိုးရိမ်နေသည့်အလား နောက်သို့ စိုးရိမ်တကြီး လှည့်ကြည့်လှည့်ကြည့် လုပ်ပြ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ကျန်းဖုနှင့် လျိုတုန်းတို့ မဲ့ပြုံးပြုံးလိုက်ကြသေည်။ တစ်နာရီခန့်ကြာပြီး အတော်ဝေးဝေးသို့ ပျံသန်းလာပြီးပြီဟု ထင်သည့်အခါမှပဲ ရန်ကိုင်သည် ရုတ်တရက် ရပ်လိုက်ပြီး နောက်သို့ ပြန်လှည့်လိုက်သည်။

ကျန်းဖုနှင့် လျိုတုန်းတို့သည်လည်း ရန်ကိုင်နှင့် မီတာ သုံးရာအကွာတွင် ရပ်လျက် သူ့အား လှောင်ပြုံးပြုံးကာ ကြည့်လိုက်ကြ၏။

အရပ်ရှည်ရှည်နှင့် ကျန်းဖုက ရန်ကိုင်အား ကြည့်လျက် “ကောင်လေး၊ မင်းက မဆိုးဘူးပဲကွ။ စီနီယာလီရဲ့ ဝိဥာဉ်ဖျက်လှံနဲ့ တိုက်ခိုက်ခံရတာတောင် ဒီအထိ ထွက်ပြေးနိုင်သေးတယ်။ ငါတကယ် အထင်ကြီးသွားပြီ”

“စီနီယာလီ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ မကြာခဏ ချောင်းဆိုးပြနေရင်း ပြန်၍ မေးလိုက်လေသည် “ကျုပ် ခင်ဗျားတို့နဲ့ ဘာရန်ငြိုးမှ ရှိတာလည်းမဟုတ်ဘူး။ ဘာလို့ ကျုပ်ကို တိုက်ခိုက်တာလဲ”

ကျန်းဖုသည် လက်စွပ်တစ်ကွင်းဖြင့် ဆော့ကစားရင်း အေးစက်စက်ပြုံးလျက် “ငါတို့ကြားမှ ရန်ငြိုးမရှိတာ မှန်တယ်။ ဒါပေမယ့် မင်းကိုယ်ကကို ကံဆိုးပြီး အဲ့နေရာကို ဖြတ်သွားတာကိုးကွ။ ဟဲဟဲ၊ စီနီယာလီက သူ့အစီအစဉ် နှောင့်ယှတ်ခံရတာကို အမုန်းဆုံးပဲဆိုတာ မင်းသိလား”

“ဘာအစီအစဉ်လဲ” ရန်ကိုင်က ပြန်မေး၏။

သူ့ဘေးနားတွင် ရပ်နေသော လျိုတုန်းက ဖြတ်ပြောလိုက်၏ “ကောင်လေး၊ သေရတော့မှာကိုတောင် အေးအေးဆေးဆေး မသေဘဲ သောက်မေးခွန်းတွေ မေးနေနိုင်သေးတယ်ပေါ့”

“သေရတော့မှာမို့လို့ မေးနေတာလေ။ အနည်းဆုံးတော့ ဘာမှ မသိဘဲ သေလိုက်ရတာမျိုး မဖြစ်တော့ဘူးပေါ့” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၏။

“ဘာလို့ သေရတာလဲ နားလည်သွားချင်တယ်‌ပေါ့” ကျန်းဖုသည် လှောင်ပြုံးပြုံးလျက် ရန်ကိုင်အား ကြည့်လိုက်၏။

“ဟုတ်တယ်”

“ငါမပြောနိုင်တာတော့ မဟုတ်ဘူး။ မင်း…” ကျန်းဖု ပြောလို့ မပြီးသေးခင်မှာပင် လျိုတုန်းက ဖြတ်ပြောလိုက်လေသည်။

“အပိုတွေတော်ပြီ။ လုပ်စရာရှိတာ မြန်မြန် လတ်စသတ်လိုက်တော့။ ငါတို့ သူ့အလောင်းကို စီနီယာလီဆီ မြန်မြန် ပြန်ယူသွားရမယ်”

“ဟုတ်တယ်” ကျန်းဖုသည် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်လက်ရှိ သိုလှောင်လက်စွပ်အား လှမ်းကြည့်လိုက်သည် “စီနီယာရဲ့ တိုက်ကွက်ကနေ အသက်ရှင်နိုင်တယ်ဆိုတော့ ဒီကောင် ပေါ့သေးသေးတော့ မဟုတ်ဘူး။ သူ့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိလောက်တယ်။ ငါတို့ တစ်ယောက်တစ်ဝက် ခွဲယူကြမလား”

“အေး ယူကြမယ်” လျိုတုန်းက ခေါင်းညိတ်လိုက်သည်။

စီနီယာလီသည် ရန်ကိုင်၏ အလောင်းကို ပြန်ယူလာရန်သာ ပြောသွားသည်။ ရန်ကိုင် ကိုယ်ပေါ်ရှိ ရတနာများအကြောင်း တစ်ခွန်းမှ ပြောမသွားချေ။ ထို့အပြင် စီနီယာလီ၏ အဆင့်အတန်းအရ သူတို့ဆီမှ ပစ္စည်းများကို ပြန်လုယူလိမ့်မည် မဟုတ်ဟု ကျန်းဖုနှင့် လျိုတုန်း ယုံကြည်နေကြသည်။

“ကျုပ်ပစ္စည်းတွေ လိုချင်တာလား” ရန်ကိုင်က ပြုံးဖြီးလိုက်ပြီးနောက် ရုတ်တရက် အေးစက်စက် လေသံဖြင့် “အဲ့ဒါဆိုရင် ခင်ဗျားတို့ အသက်နဲ့ လဲရမှာနော်”

“သောက်ရူးကောင်” လျိုတုန်းက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း ချက်ချင်းပဲ မျက်လုံး အပြူးသားဖြင့် ရန်ကိုင် ရပ်နေရာဆီသို့ လှမ်းကြည့်လိုက်လေ၏။ သို့ရာတွင် ရန်ကိုင် ရပ်နေရာ၌ မည်သူမှ ရှိမနေခဲ့ချေ။

ဘယ်အချိန်ကတည်းကမှန်းမသိ ရန်ကိုင်သည် သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ရုတ်တရက် သူ့လည်တိုင်တစ်လျှောက် အေးစက်သွားသလို လျှိုတုန်း ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် ကျန်းဖု၏ အလန့်တကြား အော်ဟစ်သံကိုလည်း ကြားလိုက်ရလေသည် “အစ်ကိုလျို၊ ရှောင်လိုက်”

လျိုတုန်းသည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ ရန်ကိုင် မရှိတော့ကတည်းက တစ်ခုခု မှားယွင်းနေမှန်း သိလိုက်၏။ ရှောင်ဖု၏ သတိပေးသံကို ကြားလိုက်ချိန် ဘာကိုမှ စဉ်းစားမနေဘဲ သူတော်စင်ချီကို အဆုံးစွန်ထိ လှည့်ပတ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။

သို့သော်လည်း ထိတ်လန့်ဖွယ်ရာကောင်းသော ရှီစွမ်းအင် တစ်မျိုးကြောင့် သူ့သူတော်စင်ချီကို ကောင်းကောင်း လှည့်ပတ်၍ မရတော့ချေ။ ထိုမျှသာလျှင် မဟုတ်သေးဘဲ လေဟာနယ်တစ်ခုလုံး အေးခဲနေသည့်အလား သူတစ်ကိုယ်လုံး လှုပ်မရတော့ပေ။

ဤမျှအားကောင်းသောရှီ ဤလောကကြီး၌ တကယ် ရှိသလား။ တစ်ကိုယ်လုံး အေးစက်စက် ဖြစ်လာခဲ့သည်။ ကြောက်ရွံ့မှုကို ဖိနှိပ်ရင်း ရှီကို ထုတ်လွှတ်၍ တစ်ဖက်လူ၏ ရှီကို ခုခံရန် ကြိုးစားသည်။

ဤတိုက်ပွဲသည် တန်ခိုးရှင်အဆင့် ပညာရှင်များကြား ပုံမှန် တိုက်ပွဲတစ်ခုဖြစ်သည်။ ရှီသာ အားကောင်းလျှင် တိုက်ပွဲ၏ အခြေအနေကို အထက်အောက်ပြောင်းပြန် လှန်ပစ်နိုင်ပေသည်။

သို့သော်လည်း အမှန်တရားသည် လျိုတုန်းအား ပို၍ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ သူထုတ်လွှတ်လိုက်သော ရှီသည် နေရောင်ထဲရောက်သွားသည့် နှင်းပွင့်လေးနှယ် တစ်မုဟုတ်ချည်း အငွေးပျံ ပျောက်ကွယ်သွားလေသည်။

ထိုစဉ် သူ့လည်တိုင်တစ်ချောင် အေးစက်သွားသလို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်ရာ ခေါင်းမပါသည့် အလောင်းတစ်ခု ဟင်းလင်းပြင်ထဲ ရပ်နေသည်ကို တွေ့လိုက်ရ၏။ ခေါင်းပြတ်နေသည့် လည်တိုင်ဆီမှ သွေးစိမ်းရှင်ရှင်တို့သည် ရေတံခွန်တစ်ခုနှယ် ဖြာထွက်နေခဲ့သည်။

ထိုလူ၏ အဝတ်အစား၊ ခန္ဓာကိုယ်ပုံစံနှင့် လက်တွင် ဝတ်ထားသော လက်စွပ်သည် သူ့နှင့် တစ်ထေရာတည်း ဆင်တူ၏။

ငါသေသွားပြီလား

ချွေးစေးတို့ လျိုတုန်း၏ နဖူးထက် တတောက်တောက် ကျဆင်းလာခဲ့သည်။ မကြာမီ သူ့မြင်ကွင်းတစ်ခုလုံး အမှောင် ဖုံးသွားခဲ့လေသည်။

“မင်းရှင်းပြလို့ရပြီလား” ရန်ကိုင် ပြန်ပေါ်လာသည့်အခါ၌ ကျန်းဖုနှင့် ဆယ်မီတာအကွာသို့ ရောက်နေခဲ့လေ၏။

ရန်ကိုင်သည် ရွှေရောင်သွေးမျှင်ကို လက်ချောင်းထိပ်တွင် ဆော့ကစားရင်း ကျန်းဖုးအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ကာ မေးလိုက်လေသည်။

ဖြစ်ပျက်သွားသည့် အဖြစ်အပျက်ကြောင့် ကျန်းဖု တုန်ုတုန်ရီရီ ဖြစ်နေသည်။ တစ်ကိုယ်လုံးဟာလည်း အလောင်း ခန္ဓာကိုယ်နှယ် အေးစက်စက် ဖြစ်နေသည်။

သူနှင့် လက်ရည်တူဖြစ်သော လင်းတုန်သည် လူငယ်လေး၏လက်၌ ဘာမှ ပြန်မလုပ်နိုင်ဘဲ အသတ်ခံလိုက်ရ၏။ ကျန်းဖု ကိုယ်တိုင်သည်လည်း ရွှေရောင် အလင်းတစ်ချက်ကိုသာ မြင်လိုက်ရပြီး ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားသွားသလဲ ဆိုသည်ကို လုံးဝ မမြင်လိုက်ရပေ။

ဤလောကကြီးတွင် ဤမျှ အားကောင်းလှသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူ တကယ်ကြီး ရှိသလော။

စီနီယာလီပင် သူတို့အား ဤမျှ အလွယ်တကူ သတ်နိုင်ပါ့မလား။ မသတ်နိုင်လောက်ပေ။

စဉ်းစားရင်းစဉ်းစားရင်း ကျန်းဖု ပို၍ လန့်လာသည်။ ပုတီးစေ့ခန့်အရွယ်ရှိသော ချွေးသီးတို့သည် နဖူးထက် ဝေ့သီလာကြ၏။ မျက်နှာပြင်ဟာလည်း သွေးမရှိတော့သည့် အလား ဖြူဖတ်ဖြူလျော် ဖြစ်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၃၄)

“ဟိုကောင်က သိပ်မပါးနပ်ဘူးကွ။ ဒါကြောင့် သေသွားရတာ” ရန်ကိုင်သည် ကျန်းဖုအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ ရန်ကိုင် ပုံစံကိုကြည့်ရင်း ကျန်းဖု ပို၍ ချွေးစေးများ ပျံလာခဲ့လေသည်။

ထွက်ပြေးချင်သော်လည်း ထွက်ပြေးရဲသည့်သတ္တိ မရှိ။

သူထွက်ပြေးရန် ကြိုးစားလျှင်ပင် ဤနတ်ဆိုးလက်မှ မည်သို့မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ဟု သူ့မသိစိတ်က ပြောနေသည်။

“မင်းငါ့ကို ပြောပြပေးမယ်လို့ မျှော်လင့်တယ်” ရန်ကိုင်သည် ကျန်းဖုအား စိုက်ကြည့်ရင်း ဆက်၍ ဖိအားပေးကာ မေးလိုက်သည်။

ကျန်းဖုသည် ကြောက်ကြောက်လန့်လန့်ဖြင့် တံတွေးတစ်လုတ် မျိုချလိုက်ပြီးနောက် ပြန်၍ မေးလေသည် “ငါပြောပြရင် မင်းငါ့ကို လွှတ်ပေးမှာလား”

“မင်းဘယ်လိုထင်လဲ” ရန်ကိုင် ပြံးလျက် ပြန်မေး၏။

ကျန်းဖု၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ အဆုံးတွင် မရှိမဲ့ရှိမဲ့သတ္တိလေးကို စုစည်း၍ ပြန်ပြောလိုက်၏ “မလွှတ်ပေးမှတော့ ငါဘာလို့ ပြောပြနေရဦးမှာလဲ။ ပြောပြော မပြောပြော သေရမှာကိုပဲ”

“မင်းဘာနာကျင်မှုမှ မခံစားလိုက်ရဘဲ သေသွားအောင် ငါလုပ်ပေးလို့ရတယ်” ရန်ကိုင်က ပြုံးမြဲပြုံးဆဲ အမူအရာဖြင့် ပြန်ပြောလိုက်၏။

ရန်ကိုင်၏ အပြုံးသည် ကျန်းဖုအတွက် ငရဲကြီးရှစ်ထပ်မှ တက်လာသည့် သေမင်း၏အပြုံးနှယ် ချောက်ခြားဖွယ် ကောင်းလွန်းလှသည်။

“ငါစဉ်းစားကြည့်လိုက်ဦးမယ်” ကျန်းဖုသည် တံတွေး အနိုင်နိုင်မျိုချရင်း ဟိုကြည့်ဒီကြည့်လုပ်လျက် ထွက်ပြေးနိုင်မည့် နည်းလမ်းတစ်ခုခုများ ရှိနေမလား ရှာကြည့်လေသည်။

ရန်ကိုင်သည် ခဏကြာအောင် စောင့်ကြည့်နေပြီးနောက် သူ့လက်ကို ရုတ်တရက် လှုပ်လိုက်၏။ ထိုအခြင်းအရာကို မြင်သည့်အခါ ကျန်းဖုသည် အလန့်တကြား ထအော်၍ အလျင်စလို ရှောင်တိမ်းရန် ကြိုးစားလိုက်လေသည်။

သို့သော်လည်း သူမရှောင်နိုင်သေးခင်မှာပင် အားကောင်းသော ရှီစွမ်းအင်သည် သူ့တစ်ကိုယ်လုံးအား လှုပ်မရအောင် လာရောက် ရစ်ပတ်ချုပ်နှောင်လေသည်။

ကျန်းဖု၏ မျက်ဆံများ အပ်တစ်ချောင်းနှယ် ကျုံ့ဝင်သွားပြီး အလန့်တကြား အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ့ဘယ်ဘက်လက်၏ လက်ချောင်းထိပ်များသည် အလွန်ကိုမှ ထက်ရှသော ဓါးတစ်ချောင်းဖြင့် ခုတ်ဖြတ်ခြင်း ခံလိုက်ရသည့်အလား တိတိရိရိ ပြတ်နေကြောင်း တွေ့လိုက်ရလေသည်။ နီရဲရဲ သွေးများသည် လက်ချောင်းထိပ်မှ တရဟော စီးကျနေခဲ့၏။

ဤနာကျင်မှုသည် တိုက်ပွဲများစွာအား တိုက်ခိုက်လာသော ကျန်းဖုအတွက် ဘာမှမဟုတ်ပါချေ။ ကျန်းဖုအား အမှန်ကတယ် ကြောက်လန့်သွားစေသည်မှာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို နည်းနည်းလေးမှ ပြန်မခုခံနိုင်သည့် အချက်ပင်။

နှစ်ယောက်စလုံးမှာ တန်ခိုးရှင်တတိယအဆင့်များသာ ဖြစ်ကြသော်လည်း တစ်ဖက်လူရှေ့တွင် သူသည် လူကြီးရှေ့သို့ ရောက်နေသော သုံးနှစ်သားကလေးတစ်ဦးကဲ့သို့ ဖြစ်နေသည်။

ရွှေရောင်အလင်း နောက်တစ်ကြိမ် ထပ်လက်သွားပြန်သည်။

နာကျင်မှုကြောင့် ကျန်းဖုမျက်နှာ တစ်ချက် ထပ်မဲ့သွား၏။ သူ့ဘယ်ဘက်လက်၏ လက်ချောင်းထိပ်များ ထပ်မံ ဖြတ်တောက်ခံလိုက်ရပြန်လေပြီ။

ရန်ကိုင်သည် ဘာမှဆက်မပြောတော့ဘဲ ရွှေရောင်သွေးမျှင်ကို ထိန်းချုပ်၍သာ ကျန်းဖု၏ လက်ချောင်းများမှ အသားကို တစ်လွှာချင်း ဖြတ်တောက်ပစ်နေခဲ့လေသည်။

အဆက်မပြတ် ဖြတ်တောက်ခံနေရလေရာ မကြာမီတွင် ကျန်းဖု၏ ဘယ်ဘက်လက်ဝါးတစ်ခုလုံး ကုန်သွားပြီး လက်ဖဝါး မရှိတော့သော လက်မောင်းရင်းကြီး တစ်ခုသာ ကျန်ရစ်တော့၏။ ရန်ကိုင်ကမူ ရပ်တန့်မည့် အရိပ်အယောင် မပြသေးဘဲ ကျန်းဖု၏ အသားတစ်လွှာချင်းစီကို ဆက်၍ ဖြတ်တောက်နေခဲ့သည်။

ကျန်းဖုအား ပို၍ ကြောက်လန့်သွားစေသည်မှာ သူ့အား နှိပ်စက်ရင်း ရန်ကိုင် ပြောနေသော စကားများပင်။ ရန်ကိုင်သည် ကျန်းဖု၏ အသားများကို ဖြတ်တောက်နေရင်း “မင်းဘယ်လက် ပြီးရင် ညာလက်ကို ဖြတ်မယ်၊ ပြီးရင် ဘယ်ခြေထောက်၊ ညာခြေထောက်တွေကို ဆက်ဖြတ်မယ်။ စိတ်မပူနဲ့… ဒီကျင့်ကြံခြင်း အဆင့်နဲ့ မင်းမှာ ခြေလက်တွေ မရှိတော့ရင်တောင် မသေနိုင်သေးဘူး။ ပြီးတော့ ငါကလည်း မင်းကို လွယ်လွယ်ပေးသေမှာ မဟုတ်ဘူး။ မင်းနှလုံး တတိတိနဲ့ ဖြတ်တောက်ခံရပြီး သေသွားခဲ့ရသည့် ခံစားချက်ကို ငါမင်းကို ပေးခံစားမှာ”

အဆုံးတွင် ကျန်းဖုလည်း ဆက်၍ နှုတ်ပိတ်မိနေနိုင်တော့ဘဲ ချက်ချင်း အော်ပြောလိုက်လေသည် “ငါပြောမယ်၊ ငါပြောမယ်၊ မင်းဘာသိချင်တာလဲပြော”

တဖြည်းဖြည်း နှိပ်စက်ခံရပြီးမှ နာကျင်မှုကို တစိမ့်စိမ့် ခံစားရင်း သေသွားရခြင်းနှင့် နာကျင်မှုမရှိဘဲ သေသွားရခြင်းသည် လုံးဝ မတူညီသော အရာနှစ်ခုဖြစ်သည်။ သူ့တစ်ကိုယ်လုံး တစ်စစီ ဖြတ်တောက်ခံနေရသည်ကို အသက်ရှင်လျက် ထိုင်ကြည့်နေရသည့် ခံစားချက်ကို ကျန်းဖု ဆက်၍ မခံစားနိုင်တော့ချေ။ ထိုအကြောင်းကို တွေးကြည့်လိုက်ရုံဖြင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့သည်။

ရန်ကိုင်သည် လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး ကျန်ဖုအား ကြည့်၍ ရယ်သွမ်းသွေးကာ “အစကတည်းက ငါမေးတာကို ပြောလိုက်ရင် မင်းအခုလိုတောင် ခံစားနေစရာမလိုဘူး။ အခုတော့ ကြည့်ပါဦး”

ကျန်းဖုက အံကြိတ်၍ ပြန်ပြောလေ၏ “နိုင်တဲ့သူကဘုရင် ရှုံးတဲ့လူက လူဆိုးပဲ။ ပြော၊ မင်းဘာသိချင်တာလဲ”

“ဒီလိုမှပေါ့။ မင်းဘယ်သူလဲ” ရန်ကိုင်သည် လိုရင်းကို တန်းမေးလိုက်လေသည်။

“ငါက ဓါးအဖွဲ့အစည်းက”

“ဓါးအဖွဲ့အစည်း” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။

ဓါးအဖွဲ့အစည်းသည် ကျင့်ကြံရေးကြယ်ပေါင်းများစွာကို ထိန်းချုပ်ထားသော ကြယ်စီရင်စုကြီး၏ ထိပ်တန်းအဆင့် အင်အားစုတစ်ခု ဖြစ်သည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းလောက် မကြီးမားသော်ငြား အထင်သေးသင့်သည့် အင်အားစုတစ်ခုတော့ မဟုတ်ချေ။

ယခင်ကလည်း ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူများကို ရန်ကိုင် တွေ့ခဲ့ဖူးပေသည်။ သို့သော် ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ဖြစ်သည်။ သူသိသလောက် ကြယ်စီရင်စုထဲ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းနှင့် ဓါးအဖွဲ့အစည်းအပြင် ခရမ်းကြယ်ဟုခေါ်သော မဟာအင်အားစုတစ်ခုလည်း ထပ်ရှိသေး၏။ စွန့်ပစ်တွင်းမြေနှင့် ကြယ်တာရာစီးကြောင်းဟု ခေါ်သော အင်အားစုတို့လည်း အပါအဝင် ဖြစ်ကြသည်။

“မင်းတို့ ဒီမှာပုန်းပြီး ဘယ်သူ့ကို ချောင်းတိုက်ခိုက်ဖို့ လုပ်နေကြတာလဲ” ရန်ကိုင်က ထပ်မေးလိုက်သည်။

ကျန်းဖုသည် ခဏတာ တုန့်ဆိုင်းနေပြီးနောက် အံကြိတ်၍ “ဓါးအဖွဲ့အစည်းကလူကိုပဲ”

ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့သည်။

ကျန်းဖုက အလျင်အမြန် ရှင်းပြလိုက်လေသည် “ငါလိမ်နေတာ မဟုတ်ဘူး။ ငါတို့ တိုက်ခိုက်ဖို့လုပ်နေတာ ငါတို့ ရန်သူပဲ။ ဓါးအဖွဲ့အစည်းကပဲ ဆိုပေမယ့် ဓါးအဖွဲ့အစည်းထဲမှာပဲ အဖွဲ့တွေအများကြီး ရှိတယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ကျန်းဖု၏ မျက်လုံးအရ သူလိမ်နေခြင်း မဟုတ်မှန်း ရန်ကိုင် ပြောနိုင်ပေသည်။

ဓါးအဖွဲ့အစည်းကဲ့သို့ အင်အားစုကြီးတွင် အတွင်းရေး ပဋိပက္ခများ ရှိသည်မှာ သဘာဝသာ ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့ ချောင်းမြောင်တိုက်ခိုက်ရန် ကြိုးစားသည်မှာတော့ အနည်းငယ် လွန်ပေသည်။

“အသေးစိတ်ပြော” ရန်ကိုင်က ဆက်၍ မေးလိုက်လေသည်။

ပြောပြပြီးသွားပြီ ဖြစ်သဖြင့် ကျန်းဖုလည်း သူသိသလောက် အကုန် ပြောပြလိုက်လေသည်။

ဓါးအဖွဲ့အစည်းတွင် အဖွဲ့ပေါင်းများစွာရှိသည့်အနက် အဖွဲ့ နှစ်ဖွဲ့သည် အင်အားအကောင်းဆုံး ဖြစ်သည်။ တစ်ဖွဲ့ကို လက်ရှိ အဖွဲ့အစည်းခေါင်းဆောင်မှ ဦးဆောင်ပြီး ကျန်အဖွဲ့ကို ဒုခေါင်းဆောင်မှ ဦးဆောင်သည်။ ထိုအဖွဲ့နှစ်ဖွဲ့သည် နှစ်ပေါင်းများစွာ ကြာသည်အထိ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

ကျန်းဖု ပြောခဲ့သော စီနီယာလီ၏ တကယ့်နာမည်မှာ လီမင်ဟိုင်ဖြစ်ပြီး ဒုခေါင်းဆောင်အဖွဲ့မှ ဖြစ်ပေသည်။

သူတို့ ချောင်းမြောင်းတိုက်ခိုက်မည့်လူမှာ အဖွဲ့အစည်း ခေါင်းဆောင်အဖွဲ့၏ တက်သစ်စကြယ်ပွင့်ဖြစ်သော အဖွဲ့အစည်းခေါင်းဆောင် ကုချန်းယွင်၏ တိုက်ရိုက် မျိုးဆက်လည်း ဖြစ်သည့် ကုကျန်းရှင်ပင် ဖြစ်သည်။

“တက်သစ်စကြယ်ပွင့်၊ တိုက်ရိုက်မျိုးဆက် ဆိုရင်တောင် တန်ခိုးရှင်ဘုရင်အဆင့်ကို လွှတ်ပြီး တိုက်ခိုက်ရလောက်တဲ့အထိ မလိုဘူးလားလို့” ရန်ကိုင်သည် ကျန်းဖုအား အံ့အားသင့်တကြီး ကြည့်လျက် ပြန်မေးလိုက်လေသည် “အဲ့ကောင် ဘာတွေ ထူးခြားနေလို့ မင်းတို့သူ့ကို ဒီလောက် ကြောက်နေရတာလဲ”

ကျန်းဖုက ခါးသက်စွာပြုံးလျက် “သာမန် တန်ခိုးရှင်အဆင့် ဆိုရင်တော့ ဂရုစိုက်မနေပါဘူး။ ဒါပေမယ် သခင်လေးက မဟာဓါးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့လူပဲ။ သူအခု တန်ခိုးရှင် တတိယအဆင့်ကို ရောက်နေပြီ။ သူသာ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်သွားရင် ဒုခေါင်းဆောင်အဖွဲ့အတွက် မျှော်လင့်ချက် မရှိတော့ဘူး။ ဒါကြောင့် သူအားကောင်းမလာခင် သူ့ကို ရှင်းပစ်ဖို့ လုပ်တာ”

“မဟာဓါးခန္ဓာကိုယ်” ရန်ကိုင်က မေးစေ့ကိုပွတ်လျက် “အထူးခန္ဓာကိုယ် တည်ဆောက်ပုံတစ်မျိုးပေါ့။ အဲ့ခန္ဓာကိုယ်ကို ဘာတွေ ဒီလောက် ကြောက်ဖို့ကောင်းလို့လဲ”

“သခင်လေးက အခုမှ အသက်ခြောက်ဆယ်ပဲ ရှိသေးတယ်။ ဒါတောင် တန်ခိုးရှင်တတိယအဆင့်ကို ရောက်နေပြီ။ အဲ့ဒါ ကြောက်ဖို့ကောင်းတာ မဟုတ်ရင် ဘာလဲ” ကျန်းဖုက အလေးအနက် အမူအရာဖြင့် “မင်းအသက်ကလည်း အဲ့လောက် မကြီးလောက်ဘူး၊ ဟုတ်တယ်မလား။ ဒါပေမယ့် မင်းတောင် သခင်လေးနဲ့တွေ့ရင် လွယ်မှာ မဟုတ်ဘူး”

“တကယ်လား” ရန်ကိုင် ရယ်သွမ်းသွေးလိုက်သည်။

တန်ခိုးရှင်တတိယအဆင့်ကို အသက်ခြောက်ဆယ်ဖြင့် ရောက်နိုင်သည်မှာ တကယ်ကို ချီးကျူးစရာ ကောင်းပေသည်။ သို့သော် ရန်ကိုင်သည် ယခုမှ အသက်ငါးဆယ်သာ ရှိသေး၏။ ကုကျန်းရှင်ထက် ဆယ်နှစ်ပင် ပိုငယ်သေးသည်။

ကျင့်ကြံသူများ ကျင့်ကြံကြသည့်အခါ အချိန်ကုန်လို့ ကုန်သွားမှန်းကို သတိမပြုမိကြသဖြင့် သူတို့ အသက်ကိုလည်း အဲ့လောက် အရမ်းကြီး ဂရုမစိုက်ကြချေ။

“မင်းပြောတာသာ အမှန်ဆိုရင် အဲ့သခင်လေးဆိုတဲ့လူကို ငါတော်တော်လေး စိတ်ဝင်စားသွားပြီ” ရန်ကိုင်က ရယ်ပြုံးပြုံးလျက် ပြောလိုက်သည်။

ကျန်းဖုသည် ရန်ကိုင်အား ဝေ့ကြည့်လိုက်ပြီး ခေါင်းညိတ်၍ “မင်းတို့လိုလူတွေ တစ်နေ့မဟုတ် တစ်နေ့တော့ တွေ့ကြမှာပဲ… ဒါပေမယ့် အဲ့လို တွေ့နိုင်ဖို့ကလည်း သခင်လေး ဒီတစ်ကြိမ် အလစ်ချောင်း တိုက်ခိုက်ခံရတာကနေ အသက်ရှင်လျက် လွတ်မလွတ်အပေါ် မူတည်သေးတယ်။ ငါသိတာအကုန်လုံး မင်းကို ပြောပြီးသွားပြီ”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကျန်းဖုအား ကြည့်လိုက်သည်။

“လုပ်ပေတော့” ကျန်းဖုက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။ သို့သော် ရန်ကိုင်ကမူ နည်းနည်းလေးမှ မလှုပ်ရှားခဲ့။ ထို့အစား ကျန်းဖုသည် သူ့အသိစိတ်တစ်ခုလုံး ဝေဝါးလာသလိုသာ ခံစားလိုက်ရလေသည်။

ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းပင် သူမသိလိုက်ပါချေ။

ရန်ကိုင်သည် ကျန်းဖုနှင့် လျိုတုန်းတို့၏ သိုလှောင်လက်စွပ်ကို ယူပြီး ထိုနှစ်ယောက်၏ ခန္ဓာကိုယ်ကို နတ်ဆိုးမီးတောက်ဖြင့် မီးရှို့ပြာချပစ်လိုက်သည်။ ခဏမျှ စဉ်းစားနေပြီးနောက် ကြယ်လွန်းပျံကိုထုတ်၍ လာရာ လမ်းကြောင်းအတိုင်း ပြန်လှည့်လာခဲ့လေသည်။

ပြဿနာ ရှာရသည်ကို မကြိုက်သော်ငြား ထိုလီမင်ဟိုင် ဆိုသည့်လူသည် စကားတစ်ခွန်းပင် မပြောဘဲ အနားမှ ဖြတ်သွားသည် ဟူသော အကြောင်းပြချက်ဖြင့် သူ့အား သတ်ရန် ကြိုးစားခဲ့သည်။ အလကားသက်သက် အတိုက်ခံရသည်ကို ရန်ကိုင်လည်း ငြိမ်ခံမနေနိုင်ပါချေ။

သူလည်း နည်းနည်းပါးပါးတော့ ဝင်ပျော်ပေးရပေမည်။ လီမင်းဟိုင်အား သတ်နိုင်သည့် အခွင့်အရေး ရလျှင်တော့ ပို၍ပင် ကောင်းသည်ဟု‌ ပြောရမည်။

ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ထဲတွင် လီမင်ဟိုင် ဦးဆောင်သည့် ကျင့်ကြံသူအုပ်သည် အချိန်မရွေး ခုန်အုပ်မည့် သားရဲများနှင့် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေကြသည်။

အချိန်အတော်ကြာသွားသည့်နောက် တစ်ယောက်ယောက်က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည် “ကျန်းဖုနဲ့ လျိုတုန်းတို့ ဘာလို့ ပြန်မလာသေးတာလဲ၊ ဒီကောင်တွေ ဟိုကောင့်ကို မသတ်နိုင်တာတော့ မဟုတ်ပါဘူးနော်”

“အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရတာများလား”

“ဒီနားမှာ ဘာအန္တရာယ်ရှိမှာမို့လို့လဲ။ သူတို့ နှစ်ယောက်ကို ဟိုကောင် ပြန်သတ်လိုက်တာလို့ မင်းပြောချင်နေတာမလား”

“ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်နိုင်မှာ။ စီနီယာလီ လက်ကတောင် အဲ့ကောင် ကံကောင်းလို့ လွတ်သွားတာ။ ဒီလောက် ဒဏ်ရာကြီးနဲ့ ကျန်းဖုနဲ့ လျိုတုန်းကို သူဘယ်လိုလုပ်ပြီး ပြန်တိုက်ခိုက်နိုင်မှာလဲ။ ဒါပေမယ့် ဒီကောင်တွေသွားတာ တော်တော် ကြာပြီ။ စီနီယာလီ၊ ကျုပ်တို့ လိုက်သွားရမလား” လူတစ်ယောက်က လီမင်ဟိုင်ကို မေးလိုက်သည်။

“မလိုဘူး။ ဒီလောက်လေးတောင် မလုပ်နိုင်ရင် အဲ့ကောင်တွေ အသက်ရှင်နေလို့ ဘာထူးဦးမှာလဲ။ မဆင်မခြင် မလုပ်နဲ့။ တစ်ရက်၊ နှစ်ရက်လောက်ဆို သခင်လေးရဲ့ ကြယ်သင်္ဘော ဒီနားက ဖြတ်သွားတော့မှာ”

“ဟုတ်ကဲ့”

နည်းနည်းပါးပါး ပြောဆိုဆွေးနွေးပြီးနောက် လီမင်ဟိုင်တို့ အဖွဲ့ ပြန်တိတ်သွားခဲ့လေသည်။

ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်သည် အတော်လေး ကြီးသည့်အတွက် ပုန်းရကွယ်ရ အဆင်ပြေပေသည်။ ထို့ကြောင့် ကုကျန်းရှင်အား ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် ဤနေရာကို လီမင်ဟိုင်တို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ရန်ကိုင် ခိုးကြောင်ခိုးဝှက်နှင့် ရောက်လာသည်ကိုလည်း မည်သူမှ သတိမထားမိခြင်း ဖြစ်သည်။ လက်ရှိတွင် ရန်ကိုင်သည် လီမင်ဟိုင်တို့အဖွဲ့နှင် မိုင်တစ်ရာ အကွာခန့်တွင် ရှိနေခဲ့သည်။ ရန်ကိုင်သည် ဂြိုလ်သိမ်ကြီး တစ်လုံး၏ နောက်တွင် ပုန်းလျက် လီမင်ဟိုင် ရှိနေသည့် အရပ်ဆီသို့ အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

သူ့လက်ရှိ ခွန်အားအရ လီမင်ဟိုင်တို့အား ပြေးဝင် တိုက်ခိုက်နိုင်ပေသည်။ လီမင်ဟိုင်ကို မသတ်နိုင်လျှင်ပင် သူ့လက်အောက်ငယ်သားအချို့ကို သတ်ပြီး အေးအေးဆေးဆေး ပြန်ဆုတ်လာဖို့ရာ ပြဿနာ မရှိပါချေ။

သို့သော်လည်း ထိုသို့မလုပ်ရခြင်းမှာ သူ့အား ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သူမှာ လီမင်ဟိုင် ဖြစ်သည့်အတွက် လီမင်ဟိုင်နှင့်သာ စာရင်းရှင်းလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။

လီမင်ဟိုင်တို့ စောင့်နေသလို ရန်ကိုင်သည်လည်း စောင့်နေခဲ့၏။ လီမင်ဟိုင်တို့သည် သူတို့၏ သခင်လေးအား အလစ်ချောင်းတိုက်ရန် ကြံစည်နေသလို ရန်ကိုင်သည်လည်း လီမင်ဟိုင်အား ချောင်းမြောင်းသတ်ဖြတ်နိုင်ရန် ကြံနေလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၃၅)

ရန်ကိုင်သည် ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးထဲရှိ တစ်နေရာ၌ သူ့အရှိန်အဝါကို ကောင်းစွာဖုံးကွယ်၍ ပုန်းအောင်းနေ၏။ တစ်ဖက်လူသည် တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်နေလျှင်ပင် သူ့အား အာရုံခံနိုင်လိမ့်မည် မဟုတ်ဟု ရန်ကိုင် ယုံကြည်နေသည်။

လက်ရှိ အချိန်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်သည် ရှောင်ရှောင်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။

ရှောင်ရှောင်ကို အခြေအနေကို စစ်ဆေးရန်အတွက် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ထဲသို့ ခေတ္တနေစရာရှာရန် ရောက်လာခဲ့သော်ငြား လီမင်ဟိုင်၏ ချောင်းမြောင်း တိုက်ခိုက်မှုကြောင့် ပြန်၍ ထွက်ပြေးခဲ့ရသည်။ ယခုမှပဲ ရှောင်ရှောင်အား သေချာ စစ်ဆေးနိုင်တော့သည်။

စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် ပျော်သွားခဲ့လေသည်။

ရှောင်ရှောင်အား လွှမ်းခြုံထားသော ကျောက်ခွံပေါ်တွင် အက်ရာများ ထွက်ပေါ်နေခဲ့လေပြီ။ ထိုအရာမှာ မကြာခင် ရှောင်ရှောင် အပြင်သို့ ထွက်လာတော့မည်ဟု‌ ပြောနေသည့် အရိပ်အယောင်များ ဖြစ်ကြသည်။

သို့သော်ငြား ကျောက်တုံးရုပ်သေးရုပ်၏ ဆင့်ကဲ ပြောင်းလဲမှုသည် သိသာထင်ရှားသော အဖြစ်အပျက်များကို ဖြစ်လာစေနိုင်သည်။ သူသာ ဤနေရာတွင် ဆက်နေလျှင် လီမင်ဟိုင် သူကို သတိပြုမိသွားနိုင်ပေသည်။

ထို့ကြောင့် ရန်ကိုင်လည်း ရှောင်ရှောင်နှင့်အတူ ကမ္ဘာငယ်လေးထဲသို့သာ ဝင်လာရတော့လေသည်။

ရန်ကိုင်သည် သူ့ရှေ့ရှိ ကျောက်တုံးကြီးကို ကြည့်ရင်း ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

မကြာမီ ကျောက်တုံးမျက်နှာပြင်တစ်ခုလုံး အက်ရာများဖြင့် ပြည့်နှက်သွားပြီး ရှောင်ရှောင်အထဲမှ ခုန်ထွက်လာခဲ့လေသည်။

ရှောင်ရှောင်၏ ခန္ဓာကိုယ်သည် ရန်ကိုင်ရှေ့သို့ ပြုတ်ကျလာခဲ့၏။ ရှောင်ရှောင်၏ ယခင်က မှိုင်းတိုင်းတိုင်း ဖြစ်နေသော မျက်လုံးများသည် ယခုအခါ အသိဥာဏ်ရှိသည့် လူတစ်ဦး၏ မျက်လုံးများနှယ် တောက်ပနေခဲ့သည်။

ရန်ကိုင် သူ့အား ကြည့်နေသည်ကိုမြင်သော် ရှောင်ရှောင် ပြန်ပြုံးပြလိုက်သည်။

ရန်ကိုင်သည် မေးစေ့ကိုပွတ်ရာင်း ကောင်းကင်စိတ်အာရုံဖြင့် ရှောင်ရှောင်ကို စစ်ဆေးကြည့်လိုက်၏။

“ဘာမှမပြောင်းသွားဘူး” အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် ရန်ကိုင်သည် သင်္ကာမကင်း လေသံဖြင့် ရေရွတ်လိုက်လေသည်။

ကျောက်ခွံထဲမှ ပြန်ထွက်လာပြီးနောက်တွင် ရှောင်ရှောင် တစ်ခုခု ပြောင်းလဲသွားလိမ့်မည်ဟု ရန်ကိုင် ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့အရမ်း မျှော်လင့်ထားလိုက်သည့်ပုံပင်။ ကြယ်သေပေါ်ရှိ သတ္တုများကို ဝါးမြိုပြီးနောက်တွင် ရှောင်ရှောင် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သတ္တုများ၏ အဆီအနှစ်ကို စုပ်ယူပြီးနောက် ရှောင်ရှောင် သိသိသာသာ ပို၍ အားကောင်းလာ၏။

ဤသည်မှာ ကျင့်ကြံသူတစ်ဦးမှ ကျင့်ကြံရန်အတွက် ဆေးလုံးများကို သောက်သုံး၍ သူတို့၏ ခွန်အားကို မြှင့်တင်သည်နှင့် တူပေသည်။ ထိုတစ်ခုမှလွဲ၍ အခြား ဘာပြောင်းလဲမှု ကြီးကြီးမားမားမှ မရှိခဲ့ပေ။

ရှိလျှင်ပင် ရှိသည့်အရာမှာ ပို၍ တောက်ပလာသော ရှောင်ရှောင်၏ မျက်လုံးများသာ ဖြစ်လေသည်။ ဆိုလိုသည်ကား ရှောင်ရှောင်၏ ဥာဏ်ရည်သည် ပို၍ မြင့်မားလာခဲ့လေပြီ။ သို့သော် လူသား တစ်ဦး၏ အသိဥာဏ်အဆင့်ထိတော့ မရောက်သေးပေ။

“အကောင်းကြီးပြကြည့်စမ်း” ရန်ကိုင်က ပြောလိုက်၏။

ရှောင်ရှောင်သည် ရန်ကိုင်၏ အမိန့်အတိုင်း ချက်ချင်းပဲ ကျောက်ဘီလူးကြီးအဖြစ်သို့ အသွင်ပြောင်းလိုက်လေသည်။

“မင်းရဲ့ ချောရည်အကာအကွယ်ကော” ရန်ကိုင် ထပ်မေးလိုက်သည်။

ရှောင်ရှောင်၏ ခန္ဓာကိုယ်ထက် ချစ်ချစ်တောက် ပူလောင်သော ချော်ရည် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဒါလည်း ဘာမှသိပ်မပြောင်းဘူး” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ သူ့စိတ်ထဲသိပ်၍ နားမလည်နိုင် ဖြစ်နေခဲ့သည်။ တကယ်တော့ ကြယ်အမြူတေ တစ်စိတ်တစ်ပိုင်းကို စုပ်ယူပြီးလျှင် ရှောင်ရှောင် အနေဖြင့် အရမ်းကြီး မပြောင်းလဲသွားလျှင်ပင် အနည်းငယ်တော့ ပြောင်းလဲသွားသင့်သည် မဟုတ်လော။

ကြယ်အမြူတေကို ဝါးမြိုထားသည့် ရှောင်ရှောင်၏ ပုံစံမှာလည်း ပုံမှန်ထက်ကို သိသားလွန်းနေသည်။ ကြယ်အမြူတေကို စုပ်ယူပြီးနောက် ပုံမှန် နေနေသကဲ့သို့ပင် မနေနိုင်တော့ဘဲ ကြယ်အမြူတေကို စုပ်ယူပြီးပြီးချင်း စွမ်းအင်များကို ချေဖျက်ပစ်ရန်အတွက် ချက်ချင်း အသွင်ပြောင်းလဲခြင်း ဖြစ်စဉ်ကို စတင် ပစ်လိုက်ရသည်။

သို့ရာတွင် နောက်ဆုံးရလဒ်သည် သူမျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။

မစဉ်းစားတတ်တော့သည့်အဆုံး ရန်ကိုင်လည်း ဆက်ပြီး စဉ်းစားမနေတော့ချေ။ နောက်မှ ပြန်ဆန်းစစ်ကြည့်လျှင်လည်း နောက်မကျသေးသည့်အတွက် ရှောင်ရှောင်အား ပုံမှန်အတိုင်း ပြန်နေရင် အမိန့်ပေးလိုက်ပြီးနောက် ကမ္ဘာငယ်လေးထဲမှ ထွက်လာခဲ့လိုက်သည်။

အပြင်သို့ ပြန်ရောက်သည်နှင့် တစ်ခုခု ပြောင်းလဲနေမှန်း ရန်ကိုင် သတိပြုမိလိုက်၏။

မိုင်တစ်ရာခန့်အကွာတွင် ရှိနေသော လီမင်ဟိုင်တို့ အဖွဲ့သည် ယခင်ကထက်ပင် ပို၍ ပုန်းလျှိုးကွယ်လျှိုး လုပ်နေသည်။ မည်သို့သော ပညာရပ်ကို ထပ်သုံးထားလဲမသိ၊ ရန်ကိုင်ပင်လျှင် သူတို့အား အတော်လေး ထောက်လှမ်းရ ခက်သွား၏။

ထို့အပြင် ခပ်ဝေးဝေး တစ်နေရာဆီမှ ကြယ်သင်္ဘောတစ်စင်း ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ကိုလည်း တွေ့လိုက်ရသည်။

ထိုကြယ်သင်္ဘောသည် ဓါးအဖွဲ့အစည်း သခင်လေး၏ ကြယ်သင်္ဘော ဖြစ်ပေသည်။

သခင်လေးဆိုသည့်လူ ရောက်လာသည်မှာ တကယ် မြန်ပေသည်။ လီမင်ဟိုင်ဆိုသည့်လူ သူ့အား တုန့်ဆိုင်းခြင်းမရှိ တိုက်ခိုက်ခဲ့သည်မှာ အထူးအဆန်းမဟုတ်တော့။ သူတို့၏ အစီအစဉ် စတင်မည့် အချိန်သည် အလွန်ကိုမှ စောလွန်းသဖြင့် မစတင်ခင် မည်သည့် အတိမ်းအစောင်းမှ မဖြစ်စေလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။

အဆုံးတွင်မူကား လီမင်ဟိုင်သည် ရန်ကိုင်အား မသတ်နိုင်ခဲ့သည့်အပြင် အန္တရာယ်တစ်ခုကိုပါ လက်ယပ် ဖိတ်ခေါ်မိလိုက်လေသည်။ လီမင်ဟိုင်သာ ထိုအကြောင်းကို သိခဲ့လျှင် မည်ကဲ့သို့ ဖြစ်သွားမလဲ ဆိုသည်ကို ရန်ကိုင် သိချင်မိသည်။

ကြယ်သင်္ဘော သူတို့ ပုန်းနေသည့် နေရာသို့ ရောက်လာရန် အများဆုံး တစ်နာရီလောက်သာ ကြာပေတော့မည်။ ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလျက် နောက်ဘာဆက်ဖြစ်မလဲ ဆိုသည်ကို မျှော်လင့်တကြီး စောင့်မျှော်နေလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ထဲ၌ ပုန်းအောင်းနေသူများ ပို၍ ငြိမ်သက်တိတ်ဆိတ်လာကြသည်။

မကြာမီတွင် ဓါးအဖွဲ့အစည်း သခင်လေး၏ ကြယ်သင်္ဘောသည် အခြား ကြယ်သင်္ဘောများနှင့်အတူ လာနေကြောင်း တွေ့ရှိလိုက်ရသည်။ ဓါးအဖွဲ့အစည်း သခင်လေး စီးလာသည့် ကြယ်သင်္ဘောသည် အလယ်တွင် ရှိနေပြီး အခြားသော ကြယ်သင်္ဘောများထက် အနည်းငယ် ပိုကြီးကာ အရှည် မီတာသုံးရာခန့် ရှိပေသည်။ ဘယ်နှင့် ညာဘက်တွင်မူ နှစ်ရာမီတာခန့် အရှည်ရှိသော ကြယ်သင်္ဘောတစ်စင်းစီ ရှိနေသည်။

အကွာအဝေးမှာ တော်တော်လေး လှမ်းနေသဖြင့် ကြယ်သင်္ဘောများ၏ အဆင့်ကို ရန်ကိုင် မပြောနိုင်သော်ငြား တန်ခိုးရှင်အဆင့်ထက် နိမ့်မည် မဟုတ်မှာတော့ သေချာသည်။

ဓါးအဖွဲ့အစည်းသည် တကယ်ကို မဟာ အင်အားစုတစ်ခု ဖြစ်ပေသည်။ အရိပ်ကြယ်တွင် တန်ခိုးရှင်အဆင့် ကြယ်သင်္ဘောများမှာ အလွန်ကိုမှ အဖိုးတန်သော ယာဉ်များ ဖြစ်ကြသော်ငြား ဓါးအဖွဲ့အစည်းကမူ သူတို့၏ သခင်လေး စီးရန်အတွက်ပင် တစ်ခါတည်း သုံးစီး စေလွှတ်နိုင်သည်။

သို့ရာတွင် ထိုသုံးစီးမှာ ယန်ယန် ဆောက်လုပ်ထားသော ကြယ်သင်္ဘောနှင့် အတော်လေး ကွဲပြားပေသည်။ ရှင်းရှင်း ပြောရလျှင် ထိုကြယ်သင်္ဘောများသည် ပင်လယ်ကူးသင်္ဘောများနှင့် ပိုတူပေသည်… အထူးသဖြင့် အလယ်တွင် ရှိနေသော ကြယ်သင်္ဘောပင်။ သင်္ဘာဦးထိပ်မှာ အတော်လေး ချွန်ပြီး ကိုယ်ထည်မှာ ရှည်မျောမျောဖြစ်ကာ သင်္ဘောတစ်စင်းလုံးသည် ဓါးတစ်ချောင်းနှင့်ပင် တူနေသည်။

သင်္ဘောကုန်းပတ်ပေါ်တွင် ခေါက်တုန့်ခေါက်ပြန် သွားလာနေသော ကျင့်ကြံသူများ ရှိနေသည်။

ကြယ်သင်္ဘောသုံးစင်သည် ပုန်းကွယ်နေသော အန္တရာယ်ကို သတိမပြုမိဘဲ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ထဲသို့ ရွက်လွှင့်လာနေ၏။ မိုင်ငါးဆယ်လောက်သာ ဝေးတော့သည့် အချိန်တွင် လီမင်ဟိုင်တို့ စတင် လှုပ်ရှားလေတော့သည်။

မိုင်တစ်ရာအကွာတွင် ရှိနေသော ရန်ကိုင်ပင်လျှင် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်အတွင်းမှ အားကောင်းသော စွမ်းအင်လှိုင်းများ နေရာပေါင်းစုံမှ ပေါက်ကွဲထွက်လာသည်ကို သတိပြုမိပေသည်။

ချက်ချင်းဆိုသလို အဖြူရောင်အလင်းတန်းများစွာတို့သည် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ် အတွင်းမှ ရုတ်တရက် ပေါ်လာပြီး လျှပ်စီးတန်းများနှယ် ကြယ်သင်္ဘောသုံးစင်းဆီသို့ တိုးဝင်သွာလေ၏။

ထိုအခါမှပဲ သူတို့ ချောင်းမြောင်းတိုက်ခိုက်ခံရပြီမှန်း ကြယ်သင်္ဘောသုံးစင်းပေါ်တွင် ရှိနေသူများ နားလည်လိုက်ကြ၏။ ချက်ချင်းပဲ သူတို့၏ အကာအကွယ်မှော်ရတနာ အသီးသီးကို ထုတ်၍ ကြယ်သင်္ဘောအား တတ်စွမ်းသလောက် ကာကွယ်ကြလေတော့သည်။

ကြယ်သင်္ဘောသုံးစင်း၏ တုန့်ပြန်မှုမှာ နှေးမနေခဲ့ချေ။

ချက်ချင်းပဲ စွမ်းအင်အကာအကွယ်တစ်ခု ထွက်ပေါ်လာပြီး ကြယ်သင်္ဘောသုံးစင်းကို လွှမ်းခြုံသွားခဲ့သည်။ တစ်ချိန်တည်းတွင် တိုးဝင်လာနေသော အလင်းတန်းများကို မထိရလေအောင် ချက်ချင်း လမ်းကြောင်းပြောင်းရန် ကြိုးစားလေသည်။

သို့သော်လည်း လီမင်ဟိုင်တို့အဖွဲ့သည် အစကတည်းက ယခု အခိုက်အတန့်အတွက် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုမှာ ကြယ်သင်္ဘောသုံးစင်းလုံး မရှောင်နိုင်လောက်အောင် ချိန်သားကိုက် ဖြစ်နေခဲ့သည်။

ဧရာမဆူနာမီလှိုင်းလုံးကြီးမှ ပင်လယ်ကူးသင်္ဘောအား လာရောက်ရိုက်ခတ်သည့်နှယ် အဖြူရောင် အလင်းတန်းများသည် ကြယ်သင်္ဘောသုံးစင်းအား လာရောက် ထိမှန်လေသည်။

မျက်စိကျိန်းမတတ် အလင်းတန်းများ ထွက်ပေါ်လာပြီး ဘယ်ဘက်တွင် ရှိနေသော ကြယ်သင်္ဘော၏ အကာအရံ ချက်ချင်း ပျက်စီးသွားခဲ့သည်။ အလင်းတန်းများသည် ကြယ်သင်္ဘော၏ ကိုယ်ထည်အား ဆက်လက် ဖောက်ထွက်သွားခဲ့လေသည်။ ဘုန်း… ဆိုသော မြည်သံကြီးနှင့်အတူ ကြယ်သင်္ဘောတစ်စင်းလုံး ပေါက်ကွဲထွက်သွားခဲ့၏။

ကြယ်သင်္ဘောပေါ်တွင် ရှိနေသူအားလုံး မည်သူမှ အသက် မရှင်နိုင်ခဲ့ချေ။

ညာဘက်တွင် ရှိနေသော ကြယ်သင်္ဘောမှာတော့ ပိုကံကောင်းသည်ဟု ပြောရမည်။ အကာအကွယ်ဒိုင်းမှာ အလျင်အမြန် ပျက်စီးသွားခဲ့သော်ငြား ဘယ်ဘက်သင်္ဘောထက်တော့ အခြေအနေ ပိုကောင်းပေသည်။

ကြယ်သင်္ဘောမှာ အဖြူရောင်အလင်းတန်း နှစ်စင်း၏ ထိမှန်ခြင်း ခံလိုက်ရသော်ငြား ဘယ်ဘက်တွင် ရှိနေသော ကြယ်သင်္ဘောကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့ခြင်း မရှိချေ။

သေဘေးမှ လွတ်မြောက်လာပြီးနောက် ကြယ်သင်္ဘောပေါ်၌ ရှိနေသူများသည် ချက်ချင်း ရန်သူများကို ရှာဖွေကြတော့သည်။ ဘယ်ဘက်တွင် ရှိနေသော ကြယ်သင်္ဘော၏ ဖြစ်အင်ကို မြင်ပြီးနောက် အကုန်လုံး၏ စိတ်ထဲ ကြောက်စိတ်နှင့် ဒေါသတို့ တစ်ပြိုင်တည်း ဖြစ်ပေါ်လာခဲ့လေသည်။

ကြယ်သင်္ဘောသုံးစင်းအနက်တွင် အလယ်၌ ရှိနေသော ကြယ်သင်္ဘောသည်သာ အတော်လေး အခြေအနေကောင်းသည်ဟု ပြော၍ရသည်။

အခြားကြယ်သင်္ဘောနှစ်စင်းထက် ပို၍ တိုက်ခိုက်ခဲ့ခဲ့ရသော်ငြား ကြယ်သင်္ဘော၏ အဆင့်မှာ ဘေးဘက်တွင် ရှိနေသော ကြယ်သင်္ဘောနှစ်စင်းထက် ပိုမြင့်သဖြင့် အကာအကွယ်မှာလည်း ပို၍ မာကျောကြံခိုင်သည်။ ထို့ကြောင့် အလင်းတန်းများ လာရောက်ထိမှန်သည့်အခါ အကာအကွယ်မှာ လုံးဝ ပျက်စီးသွားခြင်းမရှိဘဲ အရောင်သာ မှိန်ကျသွားခဲ့၏။

အသက်ရှင်ကျန်ရစ်သူများ အသိပြန်မဝင်နိုင်သေးခင်မှာပင် လီမင်ဟိုင်တို့အဖွဲ့ ပြေးဝင်လာကြလေသည်။

အလင်းတန်းများကို ပစ်လွှတ်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်း လှုပ်ရှားလိုက်ကြခြင်း ဖြစ်သည်။ အသက်ရှင်သူများ ရှေ့သို့ရောက်သည်နှင့် လက်နက်အသီးသီးကိထုတ်၍ စတင် တိုက်ခိုက်ကြလေသည်။

မှိန်ကျနေသော အကာအကွယ်သည် တစ်မုဟုတ်ချည်း ပျက်စီးသွားခဲ့သည်။

“လီမင်ဟိုင်၊ ခင်ဗျားကိုး” အလယ်ရှိ ကြယ်သင်္ဘောဆီမှ လူငယ်လေးတစ်ဦး၏ ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည် “ဒီသခင်လေးကို တိုက်ခိုက်ရဲတဲ့ အကျိုးဆက်ကို ခင်ဗျား မသိတာလား”

“သခင်လေးကို တိုက်ခိုက်ရင် ကြုံရမယ့် အကျိုးဆက်ကို ဒီလူအိုကြီး ကောင်းကောင်း နားလည်တာပေါ့” လီမင်ဟိုင်က နည်းနည်းလေးမှ ကြောက်ရွံ့ဟန်မပြဘဲ ထူးမခြားနားဟန်ဖြင့် ပြန်၍ ပြောလိုက်သည် “ဒီလူအိုကြီး ကိုယ်တိုင်ကလည်း ဓါးအဖွဲ့အစည်းရဲ့ အကြီးအကဲတစ်ယောက်ပဲဟာကို၊ ဘာလို့ အဲ့အကြောင်း မသိရမှာလဲ။ ဒါပေမယ့် အဲ့ဘာမဟုတ်တဲ့ စည်းမျဉ်းတွေနဲ့ ဒီလူအိုကြီးကို ခြိမ်းခြောက်လို့ရမယ် ထင်နေရင်တော့ သခင်လေး မှားသွားပြီ”

“ကောင်းတယ်၊ ကောင်းတယ်၊ အဲ့လိုဆိုမှတော့ ဒီသခင်လေးရဲ့ ဒေါသကို ခံယူဖို့ ပြင်ထားပေတော့ပေါ့” ထိုအော်ပြောသံနှင့်အတူ ကုကျန်းရှင် သင်္ဘောကုန်းပတ်ပေါ်သို့ ထွက်လာခဲ့လေသည်။ လူငယ်လေးသည် ရဲရင့်ပြီး သူရဲကောင်းဆန်သည့် ရုပ်သွင်နှင့် ဓါးသွား တစ်ချောင်းနှယ် ထက်ရှသော အကြည့်ကို ပိုင်ဆိုင်ထား၏။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူကို ရင်ဆိုင်နေရသည့်တိုင် နည်းနည်းလေးမှ ကြောက်ရွံ့ဟန်မပြဘဲ ဓါးတစ်ချောင်းကဲ့သို့သော ဖြောင့်တန်းစွာ ရပ်နေခဲ့သည်။

ကုကျန်းရှင် ဘယ်နှင့်ညာဘက်တွင် အမျိုးသမီး တစ်ဦးစီ ရှိနေခဲ့သည်။ ဘယ်ဘက်ရှိ အမျိုးသမီးမှာ အရပ်ရှည်ကာ သရေယိုစရာ ကိုယ်လုံးကိုယ်ပေါက်နှင့် အရည်ရွှန်းလဲ့နေသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထား၏။ ညာဘက်ရှိ အမျိုးသမီးမှာမူ သေးသေးသွယ်သွယ်၊ ချစ်စဖွယ် မျက်နှာထားနှင့် ခါးထိ ဖြာကျနေသော ပိတုန်းရောင် ဆံကေသာကို ပိုင်ဆိုင်ထားသည့် မိးန်မငယ်လေး တစ်ဦး ဖြစ်သည်။ အမျိုးသမီးနှစ်ဦးသည် လုံးဝကို ကွဲပြားသော ရုပ်သွင်နှင့် စိတ်နေစရိုက်ကို ပိုင်ဆိုင်ထားသည်။ သို့သော် နှစ်ဦးစလုံးသည်လည်း တန်ခိုးရှင်ဘုရင်အဆင့်ကို ရင်ဆိုင်နေရသည့်တိုင် နည်းနည်းလေးမှ ကြောက်ရွံ့မနေခဲ့ပေ။

All Chapters