← Chapters

ခေါက်ဆွဲဆိုင်မှတွေ့ဆုံပွဲ

Vol. 5 Ch. 41

ခေါက်ဆွဲဆိုင်မှတွေ့ဆုံပွဲ

Vol. 5 Ch. 41

တကယ်တော့ ကျန်းကျင်းခိုင်မရောက်ခင်ကတည်းက အားကျောက်တယောက် ဆိုင်ထဲတွင် ရောက်နှင့်နေပြီးသားပင်။ သို့သော် ပျင်းရိငြီးငွေ့စွာ စောင့်ဆိုင်နေခြင်းမျိုးတော့မဟုတ်။ ထုံးစံအတိုင်း စားနေကျအစားအသောက်များကို မှာကြားထား၏။ တခြားနေ့များနှင့် မတူသည်မှာ သူမစောင့်နေသောသူ သေချာပေါက်ရောက်လာမည်ဟု အားကျောက် ယုံကြည်ထား၏။ ထို့ကြောင့် သူမက ခေါက်ဆွဲကို စိတ်အေးလက်အေးနှင့် စားသောက်နေလေသည်။

ဆိုင်ဝရောက်သည်နှင့် အထဲတွင် အားကျောက်ရှိနေသည်ကို သူမ မြင်လိုက်ရ၏။

"အော် မိန်းကလေးယင်လဲ ဒီမှာရှိနေတာကိုး"

ကျန်းကျင်းခိုင် အံ့သြသင့်ဟန်ဆောင်ရင်း မေးလိုက်လေသည်။

"ဟုတ်ကဲ့ရှင့်အရာရှိကျန်း ရှင်လဲဒီကို မကြာခန လာတတ်သလား အရင်က မတွေ့ဖူးပါဘူး"

အားကျောက်က ပြုံးပြရင်း ဖြေလိုက်၏။ ထိုသို့ပြုံးလိုက်စဥ် သူမ၏ပါးချိုင့်လေးများ ရိပ်ခနဲ ထင်သွားလေသည်။

"ကျုပ်က ညနက်မှပဲ လာလေ့ရှိတယ်"

ကျန်းကျင်းခိုင် ပြန်ဖြေလိုက်သည်။ ထို့နောက် အားကျောက်စားပွဲရှိ ထိုင်ခုံတခုံကို လက်ညိုးနှင့် ညွှန်လိုက်၏။။ အားကျောက်က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်မှ ကျန်းကျင်းခိုင်က ထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။ သူတို့နှစ်ဦးစလုံးသည် ခေါက်ဆွဲဆိုင်တွင် ဆုံမိကြရန် တိတ်တဆိတ်မျှော်လင့်ထားကြ၏။ သို့သော် တကယ်တမ်းတွေ့ကြသောအခါ မတော်တဆ ဆုံမိသည့်နှယ် သရုပ်ဆောင်နေကြပြန်သည်။ အချစ်ဟူသည် ဤမျှချိုမြိန်ပြီး ရှက်အားပိုစေလေသလား။

"အစ်ကိုကျန်း စားလေ ဘာလို့မစားတာလဲ"

အားကျောက်က ခေါက်ဆွဲစားနေရင်း ခေါင်းမော့ပြီး မေးလိုက်၏။ ထိုအခါ သူမကို စိုက်ကြည့်နေသော ကျန်းကျင်းခိုင်ကို မြင်လိုက်၍ သူမ ရှက်သွားလေသည်။

"အော် ဟုတ်သားပဲ.. စားမယ် စားမယ်"

ကျန်းကျင်းခိုင် ကမူးရှုးထိုးနှင့် ခေါက်ဆွဲများကို ပလုပ်ပလောင်းစားလိုက်၏။

"အစ်ကိုကျန်းက ခေါက်ဆွဲကြိုက်မဲ့ပုံပဲနော်"

ကျန်းကျင်းခိုင် စားနေသည်ကိုကြည့်ရင်း အားကျောက် နူးညံ့စွာ မေးလိုက်သည်။

"တကယ်လား ဟုတ်တယ် မင်းပြောတာ မှန်ပါတယ်"

ဟန်မပျက်စားသောက်ရင်း အားကျောက်၏မေးခွန်းကို ကျန်းကျင်းခိုင် ဖြေလိုက်၏။

"ကျုပ်နဲ့သိတဲ့မိန်းကလေးတစ်ယောက်... သူက ခေါက်ဆွဲကြိုက်တယ် ဒါနဲ့ပဲ ကျုပ်လဲ ကြိုက်သွားတယ်ပဲ ဆိုပါတော့"

ဟီဟီ... သူ ငါ့ကို ချစ်နေတယ်..ငါ့ရဲ့ ခွေးသာသာဘဝကိုတောင် သူ ချစ်တယ်တဲ့...

ကျန်းကျင်းခိုင်၏အဖြေကြောင့် အားကျောက် ဝမ်းသာလွန်းလို့ ပြုံးမိလေသည်။

ဒါဆို သူ ဒီကိုတစ်ချိန်လုံးလာနေတာက ငါ့ကြောင့်ပဲပေါ့.. ဒါပေမယ့် ငါ မသိချင်ယောင်ဆောင်ထားလိုက်အုံးမယ်...

"ရှင်ပြောနေတာ ရှင့်ရဲ့ဇနီးများ ဖြစ်နေမလား"

"မဟုတ်ဘူး"

"ဇနီးမယား"ဟူသောစကားလုံးကိုကြားသည်နှင့် ကျန်းကျင်းခိုင်၏မျက်နှာမှာ ရုတ်တရက်ဖြူဖတ်ဖြူရော်ဖြစ်သွားလေသည်။ အားကျောက်၏စကားက စုကျင်းနှင့်သမီးလေးကို အမှတ်ရသွားစေသည် မဟုတ်ပါလား။ သူတို့၏ အမှတ်တရပုံရိပ်များကား သူ့နှလုံးသားကို အမြဲနာကျင်နေစေတော့မည်တည်း။

"ဘာဖြစ်သွားတာလဲအရာရှိကျန်း ကျွန်မမေးခွန်းကြောင့် စိတ်ညစ်သွားတာလား"

ကျန်းကျင်းခိုင်၏ အမူအရာကြောင့် အားကျောက် တုန်လှုပ်သွားလေသည်။ စုကျင်းအကြောင်းကို မသိရှာ၍ တစ်ခုခုမှားပြောမိမည်ကို သူမ ကြောက်နေ၏။ ယခင်စိတ်ထားအရသာဆိုလျင် ကျန်းကျင်းခိုင်၏ ဒုတိယဇနီးဖြစ်ရလျင်ပင် သူမအတွက်ပြဿနာမရှိချေ။ ယခုလည်း ကျန်းကျင်းခိုင်သာ လက်ခံလျင် သူမ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မည်သာ။ ပြည့်တန်ဆာအဖြစ်ရှင်သန်ခဲ့ပြီး အမှန်တကယ်ချစ်ရသူတဦးနှင့် ဆုံမိသည့်နောက်တွင် ကမ္ဘာကြီး ဘယ်လိုမြင်မြင် သူမ ဂရုမစိုက်တော့။ ပထမဇနီးနှင့် ဒုတိယဇနီးကြားတွင် ဘာတွေများ ကြီးကြီးမားမား ကွာခြားနေသနည်း။ သူမ တကယ်လိုချင်သည်မှာ ချစ်ရသူနှင့် အတူရှိနေရန်ပင်။

"ဘာမှမဖြစ်ဘူးကွာ မင်းရဲ့စကားကြောင့် အတိတ်ကို သတိရသွားလို့ပါ"

အားကျောက်၏ အမူအရာကိုကြည့်ရင်း ကျန်းကျင်းခိုင် သနားသွားလေသည်။

"ကျုပ်ဇနီး ဆုံးသွားပါပြီ... လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ဆိုပါတော့"

စုကျင်းသေဆုံးပြီးကတည်းက သူမ သေသွားကြောင်း ကျန်းကျင်းခိုင် ပထမဆုံးအကြိမ် ဝန်ခံလိုက်ခြင်းပင်။ ယခင်ကတော့ သူမသည် သူ့နှလုံးသားထဲတွင် ရှင်သန်နေသေးသည်ဟု သူ ထင်ခဲ့၏။

"တောင်းပန်ပါတယ်ရှင် ကျွန်မကြောင့် ရှင် စိတ်မကောင်းဖြစ်သွားရပြီ"

အားကျောက် ကြမ်းပြင်ကိုစိုက်ကြည့်ရင်းပြောလိုက်၏။ သူမ၏ နှလုံးခုန်သံကို သူမ ခံစားမိနေလေသည်။ စိတ်လှုပ်ရှား၍လား သို့မဟုတ် ဝမ်းသာ၍ပေလား။

နှစ်ယောက်စလုံး ခေတ္တနှုတ်ဆိတ်သွားကြ၏။ နောက်ဆုံးတော့ အားကျောက်က ခေါင်းပြန်​မော့ပြီး မေးလိုက်ပြန်သည်။

"ဒါဆို... ရှင့်ကို ဒီခေါ်လာတဲ့သူက ချစ်သူလား ဒါမှမဟုတ် သူငယ်ချင်းပဲလား"

ကျန်းကျင်းခိုင်၏ နှလုံးသားထဲတွင် ဘာတွေရှိနေမှန်း အားကျောက် သိချင်နေ၏။

"အင်း... သူငယ်ချင်းလို့ဆိုရမလားပဲ"

ကျန်းကျင်းခိုင် စဥ်းစဥ်းစားစားနှင့် ဖြေလိုက်သည်။

"ဒါပေမယ့်... သူ... မင်းနဲ့တော်တော်ကြီးကိုတူနေတယ်"

ပြောရင်းနှင့် သူက အားကျောက်၏ မျက်နှာကို အနီးကပ်ကြည့်လိုက်၏။ တူသည်မှ တကယ်တူပေသည်။ သူမ ပြုံးလိုက်စဥ် ပေါ်လာတတ်သည့် ပါးချိုင်းလေးများသည်ပင် ထပ်တူကျနေ၏။ သို့သော် အားကျောက်၏ မျက်လုံးများက ပို၍မည်းနက်သည်ဟု ထင်ရသည်။ သူ့ရှေ့ရှိ မိန်းကလေး၏ မျက်လုံးများကမူ ပိုမိုဖျော့တော့ပြီး အပြာရောင်သန်းနေသည်။

"ဘာလို့ ကျွန်မကိုဒီလိုကြည့်နေတာလဲ..."

အားကျောက်၏မျက်နှာက ရဲခနဲ ဖြစ်သွားပြန်သည်။ ကျန်းကျင်းခိုင်သည် သူမထံတွင် ကွာခြားချက်များရှာနေကြောင်း သူမ သိနေ၏။

"တောင်းပန်ပါတယ်ကွာ"

စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ကျန်းကျင်းခိုင် ဇွန်းကိုကောက်ကိုင်ပြီး စွပ်ပြုတ်ကိုမြည်းလိုက်၏။

"ဒါပေမဲ့ ကျုပ်သူငယ်ချင်းရဲ့မျက်လုံးတွေက မင်းနဲ့သိပ်မတူဘူး သူက အနက်ရောင်ပိုသန်းသလိုပဲ"

သူ့ရှေ့ရှိ မိန်းကလေးသည် အားကျောက်မဟုတ်ဟူသောအတွေးက ကျန်းကျင်းခိုင်၏စိတ်ထဲတွင် ပို၍ခိုင်မာလာသည်။

"တကယ်လား"

နီရဲနေသောမျက်နှာနှင့် အားကျောက် ခေါင်းမော့ပြီးမေးလိုက်၏။

"ဒါနဲ့ အစ်ကိုကျန်း ရှင့်ကိုကြည့်ရတာ သူ့ကို တော်တော်ချစ်ခဲ့မဲ့ပုံပဲနော်"

"ဟုတ်တယ် ချစ်ခဲ့တယ်"

ကျန်းကျင်းခိုင် တလေးတနက်ပင် ခေါင်းညိတ်ပြလိုက်သည်။ ဤမေးခွန်းနှင့်ပတ်သက်၍ အားကျောက် (သို့) ယင်ကျီးယွမ်ကို လိမ်ညာနေရန် မလိုအပ်ဟု သူ ထင်၏။

"သူမနာမည်က ဘာတဲ့လဲဟင်"

အားကျောက်၏အသံမှာ နူးညံ့သိမ်မွေ့လှသည်။ ကျန်းကျင်းခိုင် ဘာဖြေမည်ကို သူမ သိနေ၏။ သို့သော် ထိုအဖြေကိုစောင့်နေချိန်တွင် သူမ ရင်တုန်နေလေသည်။ မိန်းကလေးများ အနှီချိုမြိန်မှုမျိုးအတွက် အသက်ရှင်နေကြလေသလားဟု မေးခွန်းထုတ်ရပေလိမ့်မည်။

"အားကျောက်တဲ့"

ကျန်းကျင်းခိုင်က သူမကိုကြည့်ရင်း ဖြေလိုက်သည်။ ဤမိန်းကလေးနဲ့အတူရှိနေသည့်အချိန်တိုင်း ဘာကြောင့်မှန်းမသိ သူ စိတ်ရှုပ်ထွေးကုန်၏။ သူမသည် အားကျောက် သို့မဟုတ် ယင်ကျီးယွမ်မှန်း သူ မခွဲတတ်တော့။ လက္ခဏာများက သူမသည် အားကျောက်မဟုတ်ဟု ပြောပြနေ၏။ သို့သော် သူ့ခံစားချက်များကမူ သူမသည် အားကျောက်ဟု ညွှန်းဆိုနေလေသည်။

ကျန်းကျင်းခိုင်သာ အားကျောက်ကိုစိတ်မဝင်စားပါက ဤမိန်းကလေး မည်သူမည်ဝါမှန်း ရှာဖွေရန်မှာ မခက်လှ။ သို့သော် သူသည် အားကျောက်ကို ချစ်နေခဲ့၏။ ထို့ကြောင့် စာရွက်စာတမ်းများဖြင့်သက်သေပြသည်ထက် အလိုလိုသိစိတ်နှင့် ဆင်ခြင်တုံတရားကိုသာ ပိုမိုယုံကြည်လိုနေခဲ့လေသည်။ ယင်ကျီးယွမ်သာ အားကျောက်မဟုတ်ကြောင်း စာရွက်စာတမ်းများဖြင့် သက်သေပြနိုင်ခဲ့ပါက ကျန်းကျင်းခိုင်၏အိပ်မက် သေဆုံးသွားမည်ဖြစ်သည်။ သို့သော် အားကျောက် တကယ်ပင် ပြန်ရောက်လာခဲ့သည်လား။ သို့ဆိုလျင် သူမဘယ်မှာနည်း။ ရှုပ်ထွေးသောအတွေးများ ကျန်းကျင်းခိုင်၏ ဦးနှောက်ထဲသို့ လှိုင်းလုံးကြီးများပမာ တိုးဝင်လာလေသည်။

"သူ အခု ဘယ်မှာလဲ အစ်က်ိုကျန်း"

ကျန်းကျင်းခိုင်၏မျက်နှာပေါ်ရှိ ဝမ်းနည်းဖွယ်အမူအရာကိုမြင်လို၍ အားကျောက် ဆက်မမေးနိုင်တော့။ သူမအနေနှင့် အမှန်တရားကိုပြောပြလို၏။ သို့သော် ထိုသို့ ပြောပြရမည်ကိုလည်း သူမ ကြောက်ရွံ့နေလေသည်။

"မသိဘူး" ကျန်းကျင်းခိုင် ဝမ်းနည်းဟန်ဖြင့် ရယ်မောလိုက်၏။

"သူ ထွက်သွားပြီ ပြန်လာချင်မှပြန်လာတော့မယ်"

"တကယ်လား"

ကျန်းကျင်းခိုင်၏စကားကိုနားထောင်ရင်း ဤလူ၏ပြင်းပြသောချစ်ခြင်းမေတ္တာကို အားကျောက် ရှင်းရှင်းလင်းလင်းပင် ခံစားမိလေသည်။ ဤအရာသည် သူမအစကတည်းက လိုချင်ခဲ့သည့်အရာမဟုတ်ပါလား။ ယခုတော့ ထိုအဖြေကို သူမ ရပေပြီ။ သို့သော် သူမ ဝမ်းမြောက်ဝမ်းသာဖြစ်နေခြင်းမရှိ။ ထိုအစား အသက်ရှုမဝသလိုသာ ခံစားနေရ၏။

"ကဲ ကဲ ထားလိုက်ပါတော့ကွာ ကျုပ်တို့သွားကြရအောင် အဒေါ်မာရေ ရှင်းမယ်ဗျို့"

စကားပြောခြင်းကိုရပ်တန့်ပြီး ကျန်းကျင်းခိုင်ဘငွေထုတ်ရှင်းလိုက်သည်။ အားကျောက်အတွက် ဒုတိယအကြိမ်မြောက် ငွေရှင်းပေးခြင်းပင်။

ခေါက်ဆွဲဆိုင်အပြင်သို့ရောက်သည်နှင့် ကျန်းကျင်းခိုင်က သူ့ဘေးတွင်ရပ်နေသော အားကျောက်ကို မေးလိုက်သည်။

"အိမ်ပြန်မှာလား"

အေးမြမြလေကိုရှုရင်း စိတ်အာရုံတခုလုံး ရှင်းလင်းသွားသည်ဟု ကျန်းကျင်းခိုင် ခံစားလိုက်ရ၏။ သူ့အနေနှင့် ဤတကြိမ်သည် ယင်ကျီးယွမ်ကို အားကျောက်အဖြစ်တွေးမြင်သည့် နောက်ဆုံးအကြိမ်ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။

"မဟုတ်ဘူးအစ်ကိုကျန်း"

အားကျောက် ခေါင်းခါပြလိုက်၏။

"သင်တန်းတခုသွားဖို့ရှိတယ် ကျွန်မကို မူကြိုကျောင်း လိုက်ပို့ပေးလို့ရမလား"

အားကျောက်က ကျန်းကျင်းခိုင်ကို မျှော်လင့်တကြီးကြည့်ရင်း မေးလိုက်၏။

"ရပါတယ်ကွာ"

ကျန်းကျင်းခိုင်် ခေါင်းညိတ်လိုက်၏။ အားကျောက်မဟုတ်သည့်တိုင် ချစ်စရာကောင်းသော အမျိုးသမီးငယ်၏ တောင်းဆိုမှုကို သူ့အနေနှင့် ငြင်းပယ်ရန် အကြောင်းမရှိ။

ကျန်းကျင်းခိုင် ကားကို မူကြိုကျောင်း၏ အဝင်မုခ်ရှေ့တွင် ရပ်လိုက်သည်။ အားကျောက်၏ စကားသံ ထွက်ပေါ်လာ၏။

"အစ်ကိုကျန်း သင်တန်းက ၈နာရီခွဲမှာပြီးမယ် ကျွန်မကိုလာကြိုပေးပါလား ပြီးတော့ ရှင့်အနေနဲ့ စိတ်ကူးထဲမှာ အခုကစပြီး ကျွန်မကို အားကျောက်လို့ခေါ်လို့ရပါတယ်"

ထို့နောက် သူမက အဖြေမစောင့်ပဲ ကျောင်းထဲသို့ ပြေးဝင်သွားလေသည်။ တဖန် သူမက ကျောင်းထဲမှနေ၍ ကျန်းကျင်းခိုင်ကို ထပ်မံအော်ပြောလိုက်ပြန်သည်။

အစ်ကိုကျန်း ကျွန်မကိုလာကြိုဖို့ မမေ့နဲ့နော်"

ကျန်းကျင်းခိုင်တယောက် အားကျောက်ကို လက်မြှောက်ပြီး နှုတ်ဆက်လိုက်သည်။ ဤမိန်းကလေးကို မည်သို့ငြင်းပယ်ရမည်မှန်း သူ မသိ။ မည်သို့ဆိုစေ သူမကိုမြင်မိသောအခါ အားကျောက်လား၊ ယင်ကျီးယွမ်လားဟူသည့် မေးခွန်းကိုပင် သူ ထပ်မံမေးမြန်းမိပြန်သည်။

အားကျောက်၏ အရိပ်သည် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။ ထိုအခါ သူက ကားကို ကျူအန်းအိမ်ယာသို့ မောင်းလာခဲ့လိုက်သည်။ ထို့နောက် စီးကရက်တစ်လိပ်ကိုမီးညှိပြီး အားကျောက်၏ပြတင်းပေါက်ကို ကျန်းကျင်းခိုင် ငေးမောနေ၏။ သို့သော် တိုက်ခန်းတစ်ခန်းလုံး မှောင်ပိန်းနေလေသည်။

အိပ်မက်များသည် တခါတရံတွင် ပျော်ရွှင်စရာများနှင့် ချိုမြိန်နိုင်စေသလို တခါတရံတွင် ဝမ်းနည်းစရာနှင့် ခါးသက်စေနိုင်၏။ သို့သော် ကျန်းကျင်းခိုင်၏အိပ်မက်ကတော့ ရှုပ်ထွေးမှုများ၊ စိတ်ရှုပ်စရာများဖြင့် ပြည့်နှက်နေသည်။ အမှန်တရားပျောက်ဆုံးနေသည်ဟု ကျန်းကျင်းခိုင် ခံစားနေရ၏။ သူသည် အိပ်မက်လောကကြီးထဲတွင် နေထိုင်လို၏။ သို့သော် တဖက်တွင် ထိုသို့နေထိုင်ရမည်ကိုလည်း ကြောက်ရွံ့နေပြန်သည်။ သူ့အနေနှင့် ယင်ကျီးယွမ်ကို အားကျောက် ဖြစ်စေလို၏။ တရက်တွင် အားကျောက် ပြန်ရောက်လာမည်ကိုလည်း သူ ကြောက်နေမိပြန်သည်။

All Chapters