← Chapters

ငါ့အဖေကလီကန်း

Vol. 5 Ch. 42

ငါ့အဖေကလီကန်း

Vol. 5 Ch. 42

အချိန်များ စက္ကန့်နှင့်အမျှ ကုန်လွန်နေ၏။ ၈:၂၀အရောက်တွင် ကျန်းကျင်းခိုင်၏ နှိုးစက်သံ မြည်လာလေသည်။ ထိုအခါကျမှ ကျန်းကျင်းခိုင်သည် အားကျောက်၏ပြတင်းပေါက်မှ မျက်နှာလွှဲလိုက်သည်။

အင်း... မိန်းကလေးယင်ခေါ်ထားတဲ့အချိန်တောင် နီးနေပြီ...

အဆိုပါအတွေးဝင်လာသည်နှင့် သူ ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသေး၏။ အတန်ကြာမှ သူ ကားစက်နှိုးပြီး မောင်းထွက်လာခဲ့လေသည်။

မူကြိုရှိ အားကျောက်၏ သင်ခန်းစာအချိန်မှာ ပြီးဆုံးခါနီးပေပြီ။ ကလေးများအား လာကြိုရန် မိဘများ၊ အုပ်ထိန်းသူများ ကျောင်းရှေ့တွင် တန်းစီလျက်ရှိကြသည်။ အားကျောက်သည် ကလေးတစ်ယောက်ချင်းစီကို မိဘများထံ သေသေချာချာ အပ်နှံပြီး ကျောင်းရောက်ကြောင်း လက်မှတ်ထိုးခိုင်းလေသည်။ ဖန်းလီနာကို ဖမ်းဆီးတိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် အားကျောက်၏ ကြိုတင်ကာကွယ်မှုတချို့ပင်။ အကြမ်းဖက်သမားမှာ အားတောက်လက်ချက်ကြောင့် အသက်ပျောက်သွားပေပြီ။ သို့သော် ဤအဖြစ်အပျက်မျိုး နောက်တခါ ပြန်မဖြစ်ဟု မည်သူမှ အာမမခံနိုင်ချေ။

ကိစ္စဝိစ္စများ အားလုံးပြီးချိန်တွင် အချိန်မှာ ည၈နာရီခွဲပေပြီ။ အားကျောက်သည် ကျောင်းအရှေ့တံခါးမှ ထွက်လာလေသည်။ သို့သော် ကျန်းကျင်းခိုင်၏ကားကို သူ ရှာမတွေ့ပဲ ဖြစ်နေ၏။ ထိုအခါ သူက အိတ်ထဲမှ ဖုန်းကို ထုတ်ကြည့်ပြန်သည်။ ည၈:၃၀ပင် ကျော်နေပေပြီ။ သူ ကျောင်းနံရံကို မှီရင်း တီးတိုးပြောလိုက်သည်။

"အင်း... ဦးရဲကြီးရဲ့စိတ်ထဲမှာ ငါဟာ အားကျောက်နေရာကို အစားမထိုးနိုင်သေးဘူးဆိုတဲ့သဘောပဲပေါ့လေ"

၎င်းကို ပျော်ရမည်လား၊ ဝမ်းနည်းရမည်လား အားကျောက် မပြောတတ်တော့။

တကယ်တော့ ကျန်းကျင်းခိုင်မှာ ကျောင်းနားသို့ ရောက်နေခဲ့ပေပြီ။ ကျောင်းနဲ့ မဝေးလှသော လမ်းသွယ်လေးအတွင်းဝယ် သူက ကားကို ရပ်ထားလိုက်ခြင်း ဖြစ်သည်။ ယင်ကျီးယွမ်၏ ချဉ်းကပ်မှုကို လက်ခံလိုက်ခြင်းသည် အားကျောက်ကို သစ္စာဖောက်ရာရောက်စေသည်ဟု သူ ခံစားနေရ၏။ သူ တကယ်ချစ်ရသူမှာ အားကျောက်ပင် မဟုတ်ပါလား။

"မိန်းကလေးယင်တို့ ကျောင်းဆင်းပြီလား"

အကောင်းစားကားကြီးတစ်စီးက အားကျောက်အနီးတွင် ရပ်လိုက်သည်။ ကားထဲမှ လီဟုန်းပင်က ခေါင်းပြူရင်း ပြောလိုက်၏။

"ကျွန်တော် လိုက်ပို့ပေးမယ်လေ"

"ဟော ဘယ်သူများလဲလို့ ကြည့်စမ်းပါအုံး"

အားကျောက်က ကျောင်းနံရံကို မှီရင်း သရော်သံနှင့် ပြောလိုက်သည်။

"ရွှေမင်းသားလေးပါလား ဒါနဲ့ ရှင်က ချွေကျင်းနဲ့ အတူ ရှိနေရမှာမဟုတ်ဘူးလား"

"အိုး မဟုတ်ရပါဘူးဗျာ ကျွန်တော် မိန်းကလေးယင်ကို အမြဲတမ်းသဘောကျခဲ့တယ်ဆိုတာ မိန်းကလေးယင် သိပါတယ်"

ပြောရင်းနှင့် သူက ခရီးသည်ထိုင်ခုံမှ နှင်းဆီပန်းစည်းကြီးတစ်စည်းကို ကောက်ယူလိုက်၏။ ကြည့်ရသည်မှာ ကြိုတင်ပြင်ဆင်ထားသည့်ပုံပင်။

"တကယ်လား"

အားကျောက် ပြုံးပြလိုက်၏။ သူမ၏ပါးချိုင့်လေးများက အတွင်းသို့ ခွက်ဝင်သွားလေသည်။

"ကျေးဇူးတင်ပါတယ် မင်းသားလေးရှင့်"

အားကျောက်၏အသံမှာ နူးညံ့လှပေသည်။

"ကျေးဇူးတင်စရာမလိုပါဘူးဗျာ ရပါပြီ မိန်းကလေးယင် ရပါပြီ"

အားကျောက်၏ စွဲမက်ဖွယ်အမူအရာကြောင့် လီဟုန်းပင် တံတွေးပင် မြိုချလိုက်ရသည်။ လိင်မှုကိစ္စကျွမ်းကျင်သူ မိန်းကလေးတစ်ယောက်အဖို့ ညစ်တီးညစ်ပတ်တွေးနေသူ လူငယ်တယောက်ကို ဖျားယောင်းသိမ်းသွင်းရန်မှာ လွယ်ကူလှသည် မဟုတ်ပါလား။

"ဒါပေမယ့် ပန်းစည်းကိုတော့ ကျွန်မ ငြင်းရလိမ့်မယ် မင်းသားလေးရေ"

အားကျောက်၏ မျက်နှာပေးမှာ ချက်ချင်းပြောင်းသွား၏။

"ရှင် ချွေကျင်းဆီ ပြန်သွားတာပိုကောင်းလိမ့်မယ် ကျွန်မ သူ့ကို ပြန်တိုင်လိုက်မှာနော်"

"ဟားဟား..."

အားကျောက်၏စကားကြောင့် လီဟုန်းပင် ရယ်မောလိုက်သည်။ တကယ်တော့ အားကျောက်သည် လီဟုန်းပင်၏မျက်နှာပြောင်တိုက်နိုင်မှုကို လျော့တွက်မိခြင်းပင်။ လီဟုန်းပင်သည် အားကျောက်ကို ပြင်းပြင်းပြပြ တပ်မက်နေ၏။ သူမကို မရမချင်း သူ ရပ်လိမ့်မည်မဟုတ်ချေ။

"တကယ်လား"

အားကျောက် မသိမသာဖြင့် နံရံတွင် ခြေထောက်တစ်ဖက်ကို ကွေးထားလိုက်သည်။ လီဟုန်းပင်လို မနူးမနပ်လူငယ်များ၏ အကြမ်းဖက်မှုကို ခုခံရသည်မှာ အတော်ပင် လွယ်ကူလှ၏။ ထို့နောက် အားကျောက်က ရယ်မောရင်း ကလိလိုက်ပြန်သည်။

"မင်းသားလေး မိုးကောင်းကင်က ရှင့်ကို မျက်နှာချောချောလေး ပေးထားတယ် ဒါကို ရှင်က မိန်းကလေးတွေကို မြူဆွယ်ဖို့ပဲ အသုံးချနေတာလား"

လီဟုန်ပင်ကား ဘာပြောပြော ဂရုစိုက်တော့မည့်ပုံမပေါ်တော့ချေ။ သူ အားကျောက်ဆီသို့ တိုးဝင်လာ၏။ သို့သော် လီဟုန်းပင်၏ အော်သံကြီးသာ ထွက်ပေါ်လာလေသည်။ သူ့လက်နှင့် ပေါင်ခွကြားကို ကိုင်ပြီး မတ်တပ်ရပ်ရန် သူ ကြိုးစားနေ၏။ အားကျောက်က လီဟုန်းပင်၏ ခွကြားကို ကန်ထည့်လိုက်သည်မှာ ရှင်းနေပေသည်။

"မင်း...မင်း...ခွေးမ"

လီဟုန်းပင်သည် အားကျောက်ကို ပျစ်ပျစ်နှစ်နှစ်ပင် ဆဲဆိုနေ၏။ အားကျောက်မှာလည်း လီဟုန်းပင်ကို ကျောမပေးရဲပဲ ဖြစ်နေလေသည်။ ဒေါသကြီးနေသော သူဌေးသားတဦး ဘာမဆိုလုပ်နိုင်သည်ကို သူမ သိထားသည် မဟုတ်ပါလား။

ခပ်လှမ်းလှမ်းရှိ ကျန်းကျင်းခိုင်သည်လည်း အဖြစ်အပျက်ကို အတိုင်းသား မြင်နေရသည်။ ထိုအခါ သူက ရဲကားပေါ်မှဆင်းကာ အားကျောက်နှင့် လီဟုန်းပင် ရှိရာသို့ ပြေးသွားလိုက်သည်။ သို့သော် မီတာ၂၀လောက်အကွာတွင် လီဟုန်းပင်က တစခန်းပြန်ထလာပြန်၏။

"ခွေးမ တွေ့ကြသေးတာပေါ့"

ပြောပြောဆိုဆို လီဟုန်းပင်က အားကျောက်ကို ခုန်အုပ်လိုက်၏။ အာကျောက်က ဘေးကို ခုန်ရှောင်လိုက်လေရာ လီဟုန်းပင် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်သွားပြန်သည်။ မည်သို့ဆိုစေ ကျန်းမာသန်စွန်းသော လူငယ်တစ်ယောက်ကို ရှောင်တိမ်းရသည်မှာ မလွယ်လှချေ။ ထိုအချိန်မှာပင် နောက်ထပ်လူတစ်ယောက် ခုန်ထွက်လာပြီး လီဟုန်းပင်ကို ဇက်ပိုးအုပ်ကာ အောက်ပိုင်းကို ခြေထောက်နှင့် ကန်လိုက်လေသည်။

"အား"

လီဟုန်းပင် မြေကြီးပေါ် လဲကျသွား၏။ ထိုလူက လီဟုန်းပင်၏ ဗိုက်ကို ခြေထောက်နှင့် အားရပါးရ ကန်ထည့်လိုက်ပြန်သည်။

"အားမင် ရပ်လိုက်တော့"

လီဟုန်းပင်ကို လက်သီးနှင့် ထပ်ရွယ်နေသည့် ထိုလူကို အားကျောက် အထိတ်တလန့်နှင့် ဟန့်တားလိုက်သည်။

"ရပ်လိုက်တော့ ရှင် သူ့ကို သတ်မိတော့မယ်"

"ခွေးမသားကြီး မင်းသိလား ငါ့အဖေ ဘယ်သူလဲဆိုတာ မင်းသိလား"

မြေပြင်ဝယ် လဲနေသည့် လီဟုန်းပင် ငိုယိုရင်း ဆဲဆိုနေလေသည်။

"ငါ့အဖေက လီကန်းကွ"

"လီကန်း ဟုတ်လား မင်းအဖေက လီကန်းလား"

အားမင်က လီဟုန်းပင်က်ို ပါးတချက်ထပ်ရိုက်ရင်း လှောင်လိုက်လေသည်။

"ဟားဟား ဒါဆို ငါ့အဖေက ချင်တီဟွမ်ကွ(တရုတ်ပြည်၏ ပထမဆုံးဧကရာဇ်)"

"အား"

ရိုက်ချက်ကြောင့် လီဟုန်းပင်၏ သွားသုံးချောင်း ပြုတ်သွား၏။ လီကန်းဟူသောစကားက အားမင်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိချေ။ လီကန်း မည်သူမည်ဝါမှန်းပင် အားမင် မသ်ိ။

"ဘာတွေဖြစ်နေတာလဲ"

ထိုစဥ် ရဲကားတစီးရောက်လာပြီး ရဲနှစ်ဦး ကားပေါ်မှဆင်းလာရင်း မေးလိုက်လေသည်။

ရဲများ ရောက်လာသည်ကို မြင်သည်နှင့် လီဟုန်းပင် ဝမ်းသာသွား၏။

"ကျေးဇူးပဲ...ဆရာတို့... သူ... သူ...ကျွန်တော့ကို"

သို့သော် သွားကျိုးသွား၍ သူ စကားမပီပဲ ဖြစ်နေရှာသည်။

"မဟုတ်ဘူးရှင့် သူ ကျွန်မကို ကိုယ်ထိလက်ရောက်စော်ကားလို့ ဒီတယောက်က ကျွန်မကို ဝင်ကယ်တာ"

ရဲနှစ်ဦးနှင့် အားမင်အကြားသို့ အားကျောက် ဝင်ရပ်ပြီး အော်လိုက်သည်။ ထိုအချိန်ထိ အားမင်၏ ခြေထောက်တဖက်က လီဟုန်းပင်ဗိုက်ပေါ်တွင် ရှိနေဆဲပင်။ ရဲများ ဘာပြောပြော သူ့ကိစ္စမဟုတ်ချေ။ သေနတ်သာမပါလျင် ဤရဲများကိုပါ သူ လှဲသိပ်နိုင်သည် မဟုတ်ပါလား။

"မိန်းကလေးပြောတာအမှန်ပဲ"

ထိုနေရာသို့ ယခုမှရောက်လာသော ကျန်းကျင်းခိုင်က သူ့သက်သေခံကတ်ပြားကို ထုတ်ပြရင်း ဝင်ပြောလိုက်သည်။

"ကျုပ် အကုန်မြင်လိုက်တယ် မိန်းကလေးတယောက်အတွင် ယောကျာ်းနှစ်ယောက်ရန်ဖြစ်ကြတယ်ဆိုတာ ထုံးစံပဲလေ"

လီကန်းကို ကျန်းကျင်းခိုင် ကောင်းကောင်းသိထား၏။ အားမင်သာ ရဲစခန်းရောက်သွားပါက ဒုက္ခရောက်သွားပေလိမ့်မည်။

"ဟုတ်သလား"

ရဲနှစ်ဦးက လီဟုန်းပင်ကို လှည့်မေးလိုက်ပြန်သည်။

"တကယ်ပဲ အဲဒီအတိုင်း ဖြစ်ခဲ့တာလား"

"ဟုတ်...ဟုတ်ပါတယ်"

အားမင်၏ ခြေထောက်က ပို၍အားစိုက်လာသဖြင့် လီဟုန်းပင် ကမန်းကတန်း သဘောတူလိုက်ရသည်။

"အထင်မှားကြတာပါ...ကျွန်တောတို့အားလုံး... သူငယ်ချင်းတွေပါပဲ"

"မင်းကလဲ ခြေထောက်ကို ဖယ်လိုက်တော့"

ကျန်းကျင်းခိုင်က အားမင်ကို ကြည့်ပြီး ပြောလိုက်ပြန်သည်။

"အချင်းချင်းတွေပဲ ဒီလောက်ကြီး ပြင်းပြင်းထန်ထန် ရိုက်နှကနေစရာမှ မလိုတဲ့ဟာကို မင်းတို့နှစ်ယောက်က သူငယ်ချင်းတွေဆိုတော့ သိပ်မကြာဘူး ပြန်တည့်သွားကြလိမ့်မယ်"

ထိုအခါကျမှ အားမင်က လီဟုန်းပင်ဗိုက်ပေါ်မှ သူ့ခြေထောက်ကို ဖယ်ပေးလိုက်လေသည်။

"မင်း အမှုဖွင့်ချင်သေးလား"

ရဲများက လီဟုန်းပင်ကို ထပ်မံမေးမြန်းလိုက်ပြန်၏။

"မဖွင့်တော့ပါဘူးဗျာ အချင်းချင်းတွေပဲကို"

လီဟုန်းပင် မပီကလာပီကလာနှင့် ပြောလိုက်၏။ အမှုဖွင့်လျင် သူပါ အမှုတွဲတွင် ရောပေါသွားနိုင်သည် မဟုတ်ပါလား။

"ဟုတ်ပြီလေ ဒါဆိုလဲ ကျွန်တော်တို့ကို ခွင့်ပြုပါအုံး"

ထို့နောက် ရဲနှစ်ဦးသည် ကျန်းကျင်းခိုင်ကို အလေးပြုပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။

All Chapters