ကိုယ်ရံတော်အားမင်
Vol. 5 Ch. 43
" မင်း တကယ်ပဲအဆင်ပြေရဲ့လား"
ရဲနှစ်ဦး ထွက်ခွာသွားသည်နှင့် လီဟုန်းပင်ကို ကျန်းကျင်းခိုင်က မေးလိုက်၏။
"ဆေးရုံသွားဖို့လိုမလား"
သူသည် အားကျောက်နှင့်အားမင်တို့ကို အကာအကွယ်ပေးခဲ့သော်ငြား သူကိုယ်တိုင်မှာ ရဲတစ်ဦးဖြစ်နေဆဲပင်။ ယနေ့ သူ ပြုမူခဲ့သည့်ပုံစံမှာ ရဲလုပ်ထုံးလုပ်နည်းနှင့် ဆန့်ကျင်နေလေသည်။
"မလိုပါဘူးဗျာ ကျေးဇူးတင်ပါတယ်"
လီဟုန်းပင် ပါးစပ်ကို လက်ဖြင့်အုပ်ရင်း ပြန်ဖြေဖာလိုက်သည်။
"ကျွန်တော် ကားမောင်းနိုင်ပါသေးတယ်"
သူက ကားဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်၏။ လီဟုန်းပင်ကား အချိုးပြေသွားလေပြီ။ ကံမကောင်းအကြောင်းမလှစွာပင် သူသည် အားကျောက်ကို လက်ဖျားနှင့်မထိနိုင်သေးခင် ပယ်ပယ်နယ်နယ် အရိုက်ခံလိုက်ရသည် မဟုတ်ပါလား။
လီဟုန်းပင်ထွက်ခွာသွားပြီးနောက် ကျန်းကျင်းခိုင်က အားကျောက်နှင့် အားမင်တို့ကို ပြန်ကြည့်လိုက်သည်။ သူ စကားပြောရန် ပါးစပ်ဟလိုက်ချိန်မှာပင် အားကျောက်က သူနှင့် အားမင်ကြားသို့ ဖြတ်ခနဲဝင်လာပြီး ပြောလိုက်၏။
"ကျေးဇူးပါအစ်ကိုကျန်း ကျွန်မတို့ကို ခုလို ကူညီပေးတာကျေးဇူးတင်ပါတယ်"
"ရပါတယ်ကွာ"
အားမင်ကို တစေ့တစောင်းကြည့်ရင်း ကျန်းကျင်းခိုင်က ခေါင်းည်ိတ်ပြလိုက်၏။ ဤလူငယ်သည် အလွန်ရန်လိုဟန်ရှိပြီး ကျွမ်းကျွမ်းကျင်ကျင်တိုက်ခိုက်နိုင်ပုံမှာလည်း ထိပ်ပြောင်ဝံပုလွေနှင့် ဆင်တူနေ၏။ ထိုသို့တွေးမ်ိပြီး ကျန်းကျင်းခိုင် ရင်တုန်သွား၏။ မဆီမဆိုင် ထိပ်ပြောင်ဝံပုလွေကို သူ ဘာကြောင့် တွေးမိရလေသနည်း။ တဖန် သူထပ်မံသတိထားမိသည်မှာ အားမင်၏ ခြေထောက်တွင် စီးထားသော တိုက်ခိုက်ရေးဘွတ်ဖိနပ်များပင် ဖြစ်သည်။ ထိုဘွတ်ဖိနပ်မျိုးကို အထူးတပ်ဖွဲ့ဝင်များသာ ဝတ်ဆင်ခွင့်ရှိ၏။ ထို့ကြောင့် ဤလူငယ်သည် ထိပ်ပြောင်ဝံပုလွေကဲ့သို့ပင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်နိုင်သည်ဟု သူ ယူဆမိလေသည်။
"ကျေးဇူးပါပဲ အစ်ကိုကျန်း"
အားမင်ကလည်း အားကျောက်ကဲ့သို့ပင် ကျန်းကျင်းခိုင်ကို ကျေးဇူးတင်စကားပြောလိုက်၏။ အားမင်သည် ရန်လိုသော်လည်း ရိုင်းစိုင်းသူမဟုတ်။ သို့မဟုတ်လျင် အာတောက်က သူ့ကို အားကျောက်အား စောင့်ရှောက်ရန် အဘယ်ကြောင့် စေလွှတ်နေမည်နည်း။
"ကျုပ်တို့ အရင်တုန်းက တွေ့ဖူးတယ်ထင်တယ်"
အားမင်၏ မျက်နှာကို အာရုံစိုက်ကြည့်ရင်း ကျန်းကျင်းခိုင်က မေးလိုက်သည်။
"မနေ့က ရဲသုသာန်မှာ မိန်းကလေးယင်နဲ့အတူပါလာတာ မင်းပဲမဟုတ်လား"
"ဟုတ်တယ်"
အားကျောက် အတင်းကာရော ဝင်ဖြေလိုက်ပြန်၏။ အားမင် စကားမှားသွားမည်ကို သူမ အကြီးအကျယ် စိတ်ပူနေသည် မဟုတ်ပါလား။
"ဒီက အစ်ကိုကျန်းက အထူးတပ်ဖွဲ့က ဗိုလ်ကြီးလေ ဘယ့်နှယ့်လဲ ကြားရတာ အရမ်းမိုက်နေတယ်မလား"
အားကျောက်က အထက်ပါအတိုင်း မိတ်ဆက်ပေးဟန်ပြုပြီး အားမင်ကို အချက်ပြနေ၏။ စကားမမှားစေရန် သတိပေးနေခြင်းပင်။
"ဟာ ဟုတ်တာပေါ့ မိုက်တယ် အရမ်းမိုက်တယ်"
အားကျောက်၏ အချက်ပြမှုကို နားလည်သော အားမင်က အလိုက်သင့်ဝင်ပြောလိုက်၏။
"ဒါဆို... မင်းအခု အိမ်ပြန်မှာလား... ညီမလေး"
အားမင်သည် အာကျောက်ကို " "အစ်မကျောက်" ဟုသာ အမြဲခေါ်လေ့ရှိသော်လည်း အကင်းပါးသူတဦး ဖြစ်သည်။ ထို့ကြောင့် ကျန်းကျင်းခိုင်မှ အာကျောက်ကို မိန်းကလေးယင်ဟု သုံးနေကြောင်း သူ သတိထားမိ၏။ထိုအခါ သူက အားကျောက်ကို ညီမလေးဟု အလိုက်သင့်ခေါ်လိုက်တော့သည်။ တကယ်လည်း အားမင်သည် အားကျောက်ထက် အသက်အနည်းငယ် ပိုကြီးဟန်ပေါ်ပေသည်။
"ကျွန်မ မပြန်သေးဘူး အစ်ကိုမင် နည်းနည်းလျှောက်သွားလိုက်အုံးမယ် အစ်ကိုမင်ပဲ အရင်ပြန်နှင့်လိုက်ပါ ကျွန်မကို အစ်ကိုကျန်း လိုက်ပို့ပေးပါလိမ့်မယ်"
"ဒါဆိုလဲ ကောင်းပြီလေ ကျုပ် ပြန်နှင့်တော့မယ်"
အားမင်က ထိုသို့ပြောပြီး ကျန်းကျင်းခိုင်စကားအပြန်ကို မစောင့်တော့ပဲ ထွက်ခွာသွား၏။
"ကျွန်မတို့လဲ သွားကြရအောင်လေအစ်ကိုကျန်း"
အားမင် ထွက်ခွာသွားသည်နှင့် အားကျောက်၏ ပုံစံမှာ ယဥ်ကျေးပျူငှာသော မူကြိုဆရာမလေးအဖြစ် ချက်ချင်းပြောင်းလဲသွားလေသည်။ သူမ၏မျက်နှာမှာ အနည်းငယ်နီမြန်းနေ၏။ သူမက ကျန်းကျင်းခိုင်ကို ဂရုစိုက်ဟန်ဖြင့် ကြည့်နေလေသည်။
"ကောင်းပါပြီကွာ"
ဖြေသာဖြေလိုက်ရသည်။ ကျန်းကျင်းခိုင် ခေါင်းအတော်ပင် ရှုပ်နေ၏။ အားမင်ဆိုသူ၏ တိုက်ခိုက်ပုံမှာ ထိပ်ပြောင်ဝံပုလွေနှင့် တူညီနေသည်။ သူနှင့် ထိပ်ပြောင်ဝံပုလွေတို့၏ ဆက်နွယ်မှုကား အဘယ်နည်း။ အားမင်သည် ယင်ကျီးယွမ်နှင့်အတူ သုသာန်သို့သွားခဲ့သည်။ ဘာရည်ရွယ်ချက်ပေနည်း။ ရဲတစ်ဦးအနေဖြင့် ကျန်းကျင်းခိုင် မစဥ်းစားပဲ မနေနိုင်။
"အစ်ကိုကျန်း ဘာတွေတွေးနေတာလဲ သွားကြရအောင်လေ"
ပြောပြောဆိုဆို အားကျောက်က ကျန်းကျင်းခိုင်၏ လက်ကိုလှမ်းချိတ်လိုက်သည်။ သူမသည် သာမာန်အားဖြင့်လည်း ရှက်တတ်သူမဟုတ်ချေ။
"ဟာ မိန်းကလေးယင်"
သို့သော် ကျန်းကျင်းခိုင်ကတော့ အာကျောက်လောက် စိတ်နောက်ကိုယ်ပါ လိုက်လုပ်နိုင်စွမ်းမရှိ။ သူ့နှလုံးသားတွင် အားကျောက်တစ်ဦးတည်းသာ ရှိ၏။သူ့ရှေ့တွင် ရပ်နေသူမှာလည်း အားကျောက်မဟုတ်။ ယင်ကျီးယွမ်သာ ဖြစ်လေသည်။
"ဟွန့် ရှင်က လက်ချိတ်တာ ရှက်တယ်ပေါ့ ဟုတ်လား"
ကျန်းကျင်းခိုင်၏ အမူအရာကြောင့် အားကျောက် ဒေါသထွက်ဟန်ပြုလိုက်သည်။
"ကျွန်မသာ အားကျောက်ဆိုရင်ရော ရှင် ရှက်နေအုံးမှာပဲလား"
စိတ်ဆိုးဟန်သာဆောင်လိုက်ရသည်။ အားကျောက်တယောက် အကြီးအကျယ် ပျော်ရွှင်နေ၏။
"အင်း ဟုတ်တယ်လို့ပြောရမှာပဲ"
ချစ်ရေးချစ်ရာတွင် ကျန်းကျင်းခိုင်သည် အူရိုင်းလေးပမာ ဖြစ်နေ၏။ အထက်ပါအဖြေမျိုးကို အားကျောက်လုံးဝမဟုတ်သော တခြားမိန်းကလေးတဦးသာ ဖြေလိုက်မိပါက အဆိုပါမိန်းကလေးသည် အကြီးအကျယ် ဒေါသထွက်သွားပေလိမ့်မည်။ သို့သော် ကျန်းကျင်းခိုင်သည် မ်ိန်းမတို့မာယာကို လုံးဝနားမလည်သူတဦး ဖြစ်နေ၏။
"ကောင်းပါပြီရှင် ကောင်းပါပြီ"
အားကျောက်က ချိတ်ထားသောလက်ကို ပြန်ဖြုတ်ရင်း ပြောလိုက်ပြန်သည်။
"အစ်ကိုကျန်း ရှင့်နှလုံးသားထဲကသူအကြောင်း ကျွန်မကို ပြောပြပါလား အားကျောက်ဆိုတာ ဘယ်သူလဲ"
မေးခွန်းမေးလိုက်ချိန်ဝယ် အားကျောက်၏ မျက်နှာတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေ၏။ မိန်းမများသည် စူးစမ်းလိုစိတ်ရှိသော သတ္တဝါများသာ ဖြစ်ကြသည်။ ပြိုင်ဘက်မှာ ၎င်းတို့ကိုယ်တိုင်ဖြစ်နေခဲ့လျင်ပင် မိန်းမများသည် အချစ်ရေးပြိုင်ဘက်နှင့်ပတ်သက်လျင် စူးစမ်းလိုစိတ်ရှိကြသည်မှာ ဓမ္မတာပင်။
"အာ..."
ကျန်းကျင်းခိုင်၏မျက်နှာတွင် ရှက်ရွံ့ဟန်ပေါ်လာသည်။ သူသည် အားကျောက်ကို ချစ်သော်လည်း ကျန်မိန်းကလေးတစ်ဦးရှေ့တွင် မိမိချစ်နေသူမှာပြည့်တန်ဆာတစ်ဦးဖြစ်ကြောင်း ဝန်ခံရန် ခက်နေသည်မဟုတ်ပါလား။
"အိုး အစ်ကိုကျန်းက သူ့အကြောင်းပြောဖို့ခက်နေတာလား ဒါဆိုလဲ ရပါတယ်ရှင်"
ကျန်းကျင်းခိုင်၏ အမူအရာကြောင့် အားကျောက် အနည်းငယ်စိတ်ပျက်သွားသည်။ သို့သော် သူမ ဘာမှမတတ်နိုင်။
"ကဲပါ မိန်းကလေးယင်အကြောင်းပဲ ပြောကြရအောင်"
အားကျောက် စိတ်ပျက်သွားမှန်း မြင်နေသော်လည်း အကြောင်းရင်းကို ကျန်းကျင်းခိုင် မသိ။
"ကျွန်မအကြောင်းလား ဘပြောစရာရှိမှာလဲရှင်"
အားကျောက် ခေါင်းငုံ့ပြီး တွေးတွေးဆဆဟန်ဖြင့် ဖြေလိုက်လေသည်။
"ကျွန်မက ကောလိပ်မှာ အနုပညာမေဂျာနဲ့ ကျောင်းတက်တယ် ဘွဲ့ကိုတော့ အွန်လိုင်းကနေပြီးပဲ ယူလိုက်တယ်လေ ပြီးတော့ ဒီမှာ မူကြိုဆရာမဖြစ်လာတယ်ပဲ"
သူမ၏အသံမှာ တိုးလှသော်လည်း ကျန်းကျင်းခိုင် ကောင်းစွာ ကြားနေရသည်။သို့သော် သူမကောလိပ်ထွက်ပြီးနောက် မူကြိုဆရာမဖြစ်မီ နှစ်နှစ်အတွင်း ဘာလုပ်နေခဲ့သည်ကို မေးရန်တော့ သူ မတွေးမိချေ။ အကြောင်းမှာ သူ စကားလွှဲလိုက်ခြင်းသည် အားကျောက်အကြောင်း မပြောလိုသောကြောင့်သာဖြစ်နေသည် မဟုတ်ပါလား။ ယင်ကျီးယွမ် ကောလိပ် ဘယ်နှစ်နှစ်တက်ခဲ့သည်ဖြစ်စေ၊ မူကြိုဆရာမလုပ်နေသည်ဖြစ်စေ သူ့အတွက် အရေးမကြီး။
"အိုး ဒါနဲ့ မင်းက ပုံဆွဲတာ အရမ်းတော်တယ်ဆို"
ကျန်းကျင်းခိုင် စကားဆက်လိုက်ပြန်သည်။ ဤတကြိမ်တွင်လည်း သူက စကားအဖြစ် မေးလိုက်သည့်သဘောမျှသာ ဖြစ်သည်။ ယင်ကျီးယွမ်သည် အနုပညာသင်ကြားသူဖြစ်၍ ပုံဆွဲတတ်မည်မှာ သေချာနေ၏။
"ကျွန်မလား နည်းနည်းပါးပါးပါရှင်"
မည်သို့ဆိုစေ အားကျောက်ကတော့ ဝမ်းသာသွားပြန်၏။
"အစ်ကိုကျန်း ရှင် ကျွန်မရဲ့စတူဒီယိုကို တရက်လောက် လာလည်ပါလား"
"လာရမှာပေါ့ ကျုပ်က အနုပညာရှင်တွေကို လေးစားတယ် ပန်းချီဆွဲတာကိုလည်းသဘောကျတယ်"
ဤစကားကတော့ ကျန်းကျင်းခိုင် အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။ မျက်မြင်သက်သေများ၏ဖော်ပြချက်များကို အခြေခံ၍ သံသယရှိသူပုံတူကို ရေးဆွဲနိုင်သည့် အနုပညာရှင်များကို သူ အလွန်လေးစား၏။ သို့သော် ဤစကား၏ နောက်ကွယ်တွင် နောက်ထပ်ရည်ရွယ်ချက်တခုလည်း ရှိနေ၏။ လူဆိုသည်မှာ စိတ်ပျော်ရွှင်နေစဉ် အာရုံစူးစိုက်မှု လျော့နည်းသွားတတ်သည် မဟုတ်ပါလား။ ထို့နောက်တွင်မှ သူက အဓိကမေးခွန်းကို အစပျိုးလိုက်၏။
"မင်းနဲ့အားမင်ကိုကြည့်ရတာ အရမ်းရင်းနှီးနေသလိုပဲ ဒါနဲ့ သူ့ကိုကြည့်ရတာ စစ်မှုထမ်းဟောင်းနဲ့တူနေတယ်"
"အင်း ဟုတ်တယ် ဒါပေမဲ့ ကျွန်မတို့က အင်တာနက်ကဖေးမှာ တွေ့တာလေ"
အားကျောက်က ပြောလိုက်၏။
"သူ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်းတယောက်ပဲလေ သူ့ကို တချို့က ရက်ပ်တာ(ဒိုင်နိုဆောမျိုးကွဲတမျိုး)လို့ ခေါ်ကြတယ်"
"တကယ်လား"
ကျန်းကျင်းခိုင် အံ့သြသင့်သွားဟန်ဆောင်လိုက်သည်။
"သူ့လှုပ်ရှားမှုတွေကို ကျုပ်တွေ့လိုက်တယ် သူ ဒါတွေအားလုံးကို စစ်တပ်ထဲမှာ သင်ခဲ့တာလား"
"ကျွန်မဘယ်လိုလုပ်သိမလဲ ကျွန်မ စစ်သားမှမလုပ်ဖူးတာ"
အားကျောက်က လမ်းဘေးပန်းပင်များကို ဆော့ကစားရင်း ပြောလိုက်သည်။ သူမ၏ပုံစံမှာ ကလေးဆန်လှ၏။ မိန်းကလေးသဘာဝပေတည်း။
"ဒါဆို ထိပ်ပြောင်ဝံပုလွေဆိုတဲ့ လူတစ်ယောက်နာမည်ကို မင်း ကြားဖူးသလား သူလည်း အရင်က အထူးတပ်ဖွဲ့ဝင်ဖြစ်ဖူးတယ်လေ သိပ်သန်မာတဲ့လူလို့ဆိုကြတာပေါ့"
ကျန်းကျင်းခိုင်က အမှတ်တမဲ့ဟန်ဖြင့် မေးလိုက်၏။ တဖက်တွင်လည်း သူက အားကျောက်၏ တုံ့ပြန်ပုံကို ကြည့်နေလေသည်။
ကျန်းကျင်းခိုင်၏စကားကြောင့် အားကျောက် တွေသွား၏။ သို့သော် သူမသည် ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်လိုက်လေသည်။
"ကျွန်မ တခါမှ မကြားဖူးပါလား"
အားကျောက်သည် ထိပ်ပြောင်ဝံပုလွေအကြောင်းကို ပါးစပ်မှသာငြင်းသော်လည်း သူမ၏ အမူအရာကတော့ တစုံတရာကို ဖော်ပြနေ၏။ သူမ ချက်ချင်းနှုတ်ဆိတ်သွားသည်မှာ သိသာလှပေသည်။
အားကျောက်၏ ပြောင်းလဲမှုကို ကျန်းကျင်းခိုင်ကလည်း သတိထားမိလိုက်လေသည်။ ယခုတော့ သူ့တွင် ယင်ကျီးယွမ်နှင့် ဆက်လက်တွေ့ဆုံရန် အကြောင်းပြချက်တစ်ခု ရှိလာပြီဖြစ်သည်။ သူမတွင် ထိပ်ပြောင်ဝံပုလွေနှင့် ပတ်သက်သော သဲလွန်စတစ်ခု ရှိနေ၏။ ထို့ကြောင့် ထိပ်ပြောင်ဝံပုလွေအား ဖမ်းဆီးရန် လမ်းကြောင်းကို ဤမိန်းကလေးနှင့်ပင် စတင်ရပေလိမ့်မည်။