လူသစ်
Vol. 5 Ch. 44
အားကျောက်တယောက် ထိပ်ပြောင်ဝံပုလွေအကြောင်း မပြောလိုမှန်းသိသည်နှင့် သူ ချက်ချင်းပင် စကားလွှဲလိုက်၏။ သိပ်မကြာခင် အားကျောက်တယောက် ပြန်လည်စိတ်ကြည်သွားလေသည်။ ထို့နောက် သူတို့နှစ်ယောက်သည် စကားတပြောပြော ရယ်ရယ်မောမောနှင့် လျှောက်လာကြရာ အတော်ပင် ခရီးပေါက်လာခဲ့၏။ အတန်ကြာမှ အားကျောက်က မျက်ကလဲဆန်ပြာနှင့် ခြေလှမ်းရပ်ပြီး ပြောလိုက်သည်။
"ဟယ် အစ်ကိုကျန်း ရှင် ကျွန်မကို ဘယ်ခေါ်လာတာလဲ"
အားကျောက်က သူတို့ရောက်နေသော ပတ်ဝန်းကျင်ကို လက်ညိုးထိုးပြီး ပြောလိုက်၏။ တကယ်လည်း မြင်ကွင်းမှာ သူတို့နှင့် အစိမ်းသက်သက် ဖြစ်နေလေသည်။
"မင်းကိုခေါ်လာတာ ဟုတ်လား"
ပတ်ဝန်းကျင်ကို ဘေးဘယ်ညာကြည့်ပြီး ကျန်းကျင်းခိုင် ပြောလိုက်၏။
"ကျုပ်က မင်းနောက်လိုက်လာတာလေကွာ"
သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးဟန်များ အတိုင်းသား ပေါ်လွင်နေသည်။ တကယ်တော့ သူတို့နှစ်ယောက် စကားတပြောပြောနှင့် အချိန်လွန်သွားခြင်းပင်။ တဖက်တွင် နှစ်ယောက်လုံး အတွေးပွားနေသည်လည်း အကြောင်းတရပ်အဖြစ် ပါနေ၏။
"ကောင်းပြီလေ ဘာဖြစ်ဖြစ်ပေါ့ အစ်ကိုကျန်းက ကျွန်မကို အိမ်ပြန်ပို့ပေးဖို့ အကြွေးကျန်နေတုန်းပဲဟာကို"
ပြောပြောဆိုဆို သူမက ကျန်းကျင်းခိုင်အနီးသို့ တိုးကပ်လိုက်လေသည်။ အားကျောက်ဆီမှ မွှေးကြိုင်သင်းပျံ့သောရနံ့များက ကျန်းကျင်းခိုင်၏ နှာဖျားဝကို လာရောက်ကျီစယ်နေ၏။ ကျန်းကျင်းခိုင်သည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သော ယောကျာ်းကောင်းတစ်ဦး ဖြစ်သည်။ သို့သော် ယောကျာ်းဟူသည် ယောကျာ်းသာ ဖြစ်၏။ ချစ်ရသူနှင့် တထေရာတည်းတူနေသည့် မိန်းကလေးတစ်ဦး မိမ်ိအနားသို့ရောက်နေသောအခါ ဆန္ဒကို ထိန်းချုပ်ရန်အလွန်ခက်ပေသည်။ မှောင်မိုက်သောညကလည်း ထိုဆန္ဒကို ပံ့ပိုးနေသည် မဟုတ်ပါလား။
နောက်ဆုံးတော့ ကျန်းကျင်းခိုင်တယောက် အားကျောက်ကို အားရပါးရကြီး ပွေ့ဖက်မိတော့သည်။ အားကျောက်သည် ငြင်းဆန်ခြင်းမပြုသလို ရုန်းကန်ခြင်းလည်းမရှိ အတိုင်းသား အလိုက်သင့်ရှိနေ၏။ ဤအရာကိုပင် သူမ ရက်ပေါင်းများစွာ လိုချင်နေခဲ့သည် မဟုတ်ပါလား။ အားကျောက်သည် ကျန်းကျင်းခိုင်၏ ရင်ခွင်တွင် မျက်နှာအပ်ထား၏။ ထို့နောက် သူမက တိုးညှင်းသောလေသံနှင့် ပြောလိုက်သည်။
"အစ်ကိုကျန်း အားကျောက်ကိုမချစ်ပဲ ကျွန်မကိုပဲ ချစ်ပါလားဟင်"
စကားဆုံးသည်နှင့် သူမ၏မျက်ဝန်းအစုံမှ မျက်ရည်များ စီးကျလာ၏။ အတိတ်ကာလမှ အားကျောက်ကို ကျန်းကျင်းခိုင် မေ့သွားပြီး ပစ္စုပ္ပါန်ယင်ကျီးယွမ်ကို ရာသက်ပန်ချစ်သွားလျင် ကောင်းလေစွဟု သူမ အကြီးအကျယ် တောင့်တမိနေရှာသည်။ ပြည့်တန်ဆာတယောက်က်ိုမှ ချစ်မိလေခြင်းဟူသော ဝန်ထုပ်ဝန်ပိုးအား ရာသက်ပန်ထမ်းပိုးနေရမည့် ကျန်းကျင်းခိုင်၏ အဖြစ်ကို သူမ မလိုလားပါ။ ထိုအဖြစ်မျိုးသည် ပြင်းပြစွာ နာကျင်ရသည် မဟုတ်ပါလား။
သို့သော် ကျန်းးကျင်းခိုင်ကတော့ အားကျောက်၏ တောင်းဆိုချက်ကို မလိုက်လျောနိုင်ချေ။ သူသည် အားကျောက်က်ို မချစ်ပဲမနေနိုင်သလို ယင်ကျီးယွမ်ကိုလည်း မချစ်နိုင်။ သူသည် စိတ်အပြောင်းအလဲ မြန်တတ်သူမျိုး မဟုတ်။ အားကျောက်ကို သူ ရိုးသာစွာ ချစ်သွားမိခြင်း ဖြစ်သည်။ ထို့ကြောင့် သူ သစ္စာရှိနေအုံးမည်သာ။
အားကျောက်တယောက် ကျန်းကျင်းခိုင်ထံမှ အဖြေရအောင် မစွမ်းဆောင်နိုင်ခဲ့ရှာ။ သို့သော် ဘာဖြစ်သွားသနည်း။ သူမကိုဖက်ထားသည့်ဤလူသည် တစ်နေ့တွင် သူမ၏ပိုင်ဆိုင်မှုဖြစ်လာမည်မဟုတ်ပါလား။ သို့သော် သူမလိုချင်သည်မှာကျန်းကျင်းခိုင်၏အချစ်ကို အားကျောက်အတွက်မဟုတ်ပဲ လက်ရှိ သူမအတွက်သာ ရလိုနေခြင်း ဖြစ်သည်။ အားကျောက်သည် ကျန်းကျင်းခိုင်၏ရင်ဘတ်ပေါ်တွင် ခေါင်းအပ်ထား၏။ တဒိန်းဒိန်းခုန်နေသည့် နှလုံးခုန်သံကို သူမ အတိုင်းသား ကြားနေရသည်။ ထိုအသံကို သူမ သဘောကျ၏။ ထိုအသံသည် သူမကို လုံခြုံမှုပေးသည်ဟု ခံစားရပေသည်။
သူတို့နှစ်ဦးသည် အတိုင်းသား အချိန်အတော်ကြာအောင် ဖက်လျက်သား ရှိနေကြ၏။ နောက်ဆုံးတွင် ကျန်းကျင်းခိုင်က စကားစပြောလိုက်သည်။
"မိန်းကလေးယင် ကျုပ်အနေနဲ့ အားကျောက်ကိုပဲ ချစ်တယ်ဆိုတာ မင်း သိပါတယ်နော်"
“သိပါတယ် ဒါပေမဲ့ ... ကျွန်မကို ကတိပေးပါ... အားကျောက်ပြန်မလာခင်အထိ ကျွန်မကို သူ့လိုပဲ သဘောထားပေးပါ"
အားကျောက်၏အသံမှာ ငိုသံပေါက်နေခဲ့ပေပြီ။ သူမ ဘာကြောင့်ငိုချင်နေရသည်ကို သူမကိုယ်တိုင် နားမလည်ပဲ ဖြစ်နေ၏။ အမှန်တော့ သူမ ပျော်နေသင့်သည်မဟုတ်ပါလား။
“ဒါပေမယ့်...”
ကျန်းကျင်းခိုင် တစုံတခုပြောရန် ဟန်ပြင်လိုက်၏။ သို့သော် အားကျောက်၏ မျက်ရည်ဝဲနေသော မျက်လုံးများကို မြင်သည်နှင့် စကားလုံးများအားလုံးကို ကြိတ်မှိတ်မျိုချလိုက်ရတော့သည်။
အားကျောက်သည် မျက်ရည်များကို ချုပ်တီးထားဟန်ဖြင့် တုန်ယင်စွာ ပြောလိုက်ပြန်၏။
"ဘာပဲဖြစ်ဖြစ် အစ်ကိုကျန်း... ကျွန်မ ရှင့်ကိုချစ်တယ် ဒီအတောအတွင်းမှာ ကျွန်မကို အားကျောက်လို့ပဲ မှတ်ယူထားပေးပါ... သူ ပြန်လာတာနဲ့ ကျွန်မ ထွက်သွားပေးပါ့မယ်"
စကားဆုံးသည်နှင့် သူမ ကိုယ့်ကိုယ်ကို ထိန်းချုပ်မရတော့ပဲ အားရပါးရ ငိုချလိုက်လေသည်။
“ အေး... ကောင်းပါပြီကွာ"
ကျန်းကျင်းခိုင်သည် ငိုကြွေးနေသော အားကျောက်၏ကျောကို ပွတ်သပ်ပေးလျက်ရှိသည်။ တချိန်တည်းမှာပင် ဤမိန်းမလေးအပေါ် သူ နှစ်သက်စိတ်တစ်မျိုး ဖြစ်ပေါ်လာ၏။ သို့သော် ထိုခံစားချက်သည် သူ၏နှလုံးသားကို ပြောင်းလဲနိုင်လောက်အောင် မသန်မာလှချေ။ မည်သို့ဆိုစေ တခုခုကို ယုံကြည်နေရခြင်းက ဘာမှမရှိခြင်းထက်စာလျင် ပိုကောင်းသည်မှာ အမှန်ပင်။ ထို့ကြောင့် သူ အားကျောက်၏ တောင်းဆိုချက်ကို လက်ခံလိုက်၏။
သူတို့နှစ်ဦးသည် ဤပုံဤနည်းအတိုင်း တစ်ဦးကိုတစ်ဦး ဖက်လျက်သားရှိနေကြ၏။ ယောက်ျားလေးသည် မိန်းကလေးကို လက်နှင့်ပွေ့ဖက်ထားပြီး မိန်းကလေးမှာမူ ယောက်ျားလေး၏ရင်ဘတ်ပေါ်တွင် ခေါင်းမှီလျက် ရှိသည်။ လမ်းသွားလမ်းလာများ၊ ပြူးပြဲကြည့်နေသူများအားလုံးကို သူတို့ ဂရုမစိုက်ကြတော့။ ဤအခိုက်အတန့်ဝယ် ကမ္ဘာကြီးသည် သူတို့နှစ်ဦးတည်းအတွက်သာ ဖြစ်နေတော့၏။ မေးစရာရှိသည်မှာကား သူတို့၏နှလုံးသားများထဲတွင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု ခံစားချက်နှစ်ရပ်အနက် ဘယ်ခံစားချက်က ပိုများသနည်းဟူ၍ပင် ဖြစ်လေသည်။
နောက်တစ်နေ့မနက်တွင် ကျန်းကျင်းခိုင်တယောက် ရုံးကို မပျက်မကွက်ပင် ရောက်လာခဲ့သည်။ အားကျောက်ကို အိမ်ပြန်ပို့ပြီးချိန်တွင် ညအတော်နက်နေလေပြီ။ သို့သော်၎င်းမှာ သူ့အတွက် ပြဿနာမဟုတ်။ ကျန်းကျင်းခိုင်လိုလူစားမျိုးအတွင် အိပ်ရေးပျက်ခြင်းမှာ ဘာမှမဆန်းလှတော့။
"အက်စပက်တာ ကျန်း လက်ထောက်ခရိုင်ရဲတပ်ဖွဲ့မှုးဝူက ရှင့်အတွက် လက်ထောက်တယောက် ထပ်ခန့်ပေးလိုက်ပါတယ်"
လျူနင်းက လူငယ်တဦးကို ကျန်းကျင်းခိုင်၏ ရုံးခန်းသို့ ခေါ်လာရင်း ပြောလေသည်။
"ခုမှသင်တန်းဆင်းလာတဲ့ လူရှောက်ချိန်ပါရှင့်"
"ရှောက်ချိန်လား"
ကျန်းကျင်းခိုင်က အသိအမှတ်ပြုသည့်ဟန်ပန်ဖြင့် ပြောလိုက်သည်။
"မင်္ဂလာမနက်ခင်းပါ အင်စပက်တာကျန်း"
အထက်ပါအတိုင်း အော်ဟစ်ပြီး လူသစ်က ကျန်းကျင်းခိုင်ကို အလေးပြုလိုက်၏။
"အေး အေး ဝင်လာခဲ့"
ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို အခန်းထဲသို့ ဝင်လာရန် ခေါ်လိုက်၏။
"လူရှောက်ချိန်..."
ကျန်းကျင်းခိုင် သူ့ဘာသာသူ ပြောရင်း လူငယ်၏ မှတ်တမ်းဖိုင်ကို လှန်ကြည့်လိုက်သည်။
"အင်း.. မင်းက စစ်ချွမ်ပြည်နယ်ကနဲ့တူတယ် ပြီးတော့ 'လူ' မျိုးနွယ်ဝင် ဟုတ်တယ်နော်"
ပြောရင်းနှင့် ကျန်းကျင်းခိုင်က လူရှောက်ချိန်၏မျက်နှာကို အကဲခတ်သလို ကြည့်လိုက်၏။
"ဟုတ်ကဲ့ခင်ဗျာ"
လူရှောက်ချိန်က တက်ကြွစွာ ပြန်ဖြေလိုက်သည်။
"လူမျိုးနွယ်စုဟာ ကျွန်တော့်ဇာတိတော့ အဓိက မျိုးနွယ်စုကြီးတစ်စုပါပဲခင်ဗျ"
"ဟုတ်ပြီ"
ကျန်းကျင်းခိုင်က ခေါင်းညိတ်ရင်း ဆက်ပြောလိုက်ပြန်သည်။
"မင်းရဲ့မှတ်တမ်းအရ ရဲတပ်ဖွဲ့ကျောင်းမှာ အမှတ်ကောင်းကောင်းရခဲ့တယ်ဆိုတာ ကျုပ်မြင်တယ် ဘာလို့ ဘေကျင်းမှာ တာဝန်မကျတာလဲ ဘာလို့ ဒီမှာ လာပြီး တာဝန်ထမ်းဖို့ ရွေးချယ်တာလဲ"
"ဆရာ ကျွန်တော်..."
လူရှောက်ချိန် စကားမဆုံးခင်မှာပင် ကျန်းကျင်းခိုင်က စိတ်မရှည်ဟန်ဖြင့် ခေါင်းတချက်ရမ်းပြီး မှတ်တမ်းဖိုင်ကို စားပွဲပေါ် ပစ်ချလိုက်သည်။
"ဟေ့ ဒါ ရဲတပ်ဖွဲ့ကျောင်းမဟုတ်ဘူးကွ ဒါကြောင့် တအားကြီး ပုံစံကျနေစရာမလိုပဲ သက်တောင့်သက်သာနေပါ စကားပြောရင်လဲ ပုံမှန်အတိုင်းပဲ ပြောလို့ရပါတယ်ကွ"
"ဟဲ ဟဲ .. ဟုတ်ကဲ့ အက်စပက်တာကျန်း"
လူရှောက်ချိန်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
"ခုံယူပြီးထိုင် ငုတ်တုတ်ကြီးရပ်မနေနဲ့"
ထို့နောက် ကျန်းကျင်းခိုင်က စီးကရက်ဘူးကို ထုတ်ယူကာ လူရှောက်ချိန်ဆီသို့ ပစ်ပေးလိုက်ပြန်သည်။
"စီးကရက်သောက်မလား ပြီးရင် မင်းနဲ့ပတ်သက်ပြီး အသုံးဝင်တာတခုခု ပြောစမ်းပါအုံးကွာ"
"ဟုတ်ကဲ့ အက်စပက်တာ"
လူရှောက်ချိန် ခေါင်းတချက်ကုတ်ပြီး ကျန်းကျင်းခိုင်နှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထ်ိုင်လိုက်၏။
"ကျွန်တော့်မှာ ညီမတစ်ယောက်ရှိတယ် အင်စပက်တာ သူက ဒီမြို့မှာ အလုပ်လုပ်နေတယ် ကျွန်တော် ဒီကိုလာရတဲ့ အဓိကအကြောင်းရင်းက သူ့ကြောင့်ပါပဲ ကျွန်တော်ကျောင်းတက်နေတုန်း ကျွန်တော့်မိသားစုရဲ့ ကုန်ကျစရိတ်တွေ ကျောင်းစရိတ်တွေကို ညီမကပဲ ပေးခဲ့တာပေါ့ သူ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်အတွက် အများကြီး စွန့်လွှတ်ခဲ့ရတယ် အင်စပက်တာ"
ပြောရင်းနှင့် လူရှောက်ချိန် မျက်ရည်ဝဲလာ၏။
"တကယ်လား မင်းမှာ အရမ်းကောင်းတဲ့ညီမလေး တစ်ယောက်ရှိတာပဲ"
ကျန်းကျင်းခိုင် သက်ပြင်းချရင်း ဆက်မေးသည်။
"ဒီတော့ သူ ဘာလုပ်သလဲ"
"ဒီမြို့က ဟိုတယ်တစ်ခုမှာ အလုပ်လုပ်တယ်လို့တော့ ကြားဖူးတယ်.."
လူရှောက်ချိန်က အနည်းငယ်တုံ့ဆိုင်းသွား၏။
"ကြားဖူးတယ် ဟုတ်လား"
လူရှောက်ချိန်၏ အဖြေကြောင့် ကျန်းကျင်းခိုင် အံ့သြသွားလေသည်။
"မင်းက ဘယ်လိုအစ်ကိုတုန်းဟ မင်းညီမလေး ဘယ်မှာအလုပ်လုပ်နေတယ်ဆိုတာတောင် မင်းမသိဘူးလား မင်း ဘယ်တုန်းက ဒီရောက်လာတာလဲ"
"မနေ့ညကပါခင်ဗျာ"
လူရှောက်ချိန်က ပြန်ဖြေလိုက်သည်။
"မင်းကို ခွင့်သုံးရက်ပေးလိုက်မယ် မင်းညီမလေးကို သွားရှာပြီး သူနဲ့ခနနေလိုက် ဟုတ်ပြီလား"
ကျန်းကျင်းခိုင်က အမိန့်ပေးလိုက်၏။
"သုံးရက်ပြည့်ရင် မနက် ၈နာရီခွဲအတိ ကျုပ်ရုံးခန်းကို လာခဲ့ နားလည်ပြီလား"
"ဟုတ်ကဲ့ ဆရာ"
လူရှောက်ချိန်က သတိဆွဲရင်း အားရပါးရ အော်လိုက်၏။
"ကျုပ် ခုနက ဘာပြောခဲ့သလဲ ဒါရဲတပ်ဖွဲ့သင်တန်းကျောင်းမဟုတ်ဘူးလို့"
ပြောရင်းနှင့် ကျန်းကျင်းခိုင် အားရပါးရ ရယ်မောလိုက်လေသည်။ ရဲတိုင်းသည် တစ်ချိန်က ဤသို့ပင် ရဲဘဝကို စတင်ခဲ့ကြသည် မဟုတ်ပါလား။ တဖန် သူက တစုံတရာကို သတိရဟန်ဖြင့် မေးလိုက်ပြန်သည်။
"ဟေ့.. မင်းညီမလေးကို ဒီမြို့ကြီးထဲမှာ ဘယ်လိုလုပ်ပြီးရှာမလဲ မင်းမှာ သူ့လိပ်စာကောရှိရဲ့လား"
".. ကျွန်တော့်မှာ လိပ်စာတခုတော့ရှိတယ် အင်စပက်တာ"
ထို့နောက် လူရှောက်ချိန်က သူ၏အိတ်ကပ်ထဲမှ စာတစ်စောင်ထုတ်ယူကာ ရိုသေစွာ လှမ်းပေးလိုက်သည်။
ကျန်းကျင်းခိုင် စာကိုယူပြီး လိပ်စာကို ကြည့်လိုက်ရာ မျက်လုံးပြူးသွားတော့သည်။ စာအိတ်ပေါ်တွင် ကျူးယုပင်မှတဆင့် လူရှောင်မေအား ပေးရန် ဟု ရှင်းရှင်းလင်းလင်း ရေးထားသည် မဟုတ်ပါလား။ ကျန်းကျင်းခိုင်၏မျက်နှာတခုလုံး ဖြူဖတ်ဖြူလျော် ဖြစ်သွား၏။ ထို့နောက် သူက စာအိတ်ကို လူရှောင်ချိန်လက်ထဲ ပြန်ကမ်းပေးလိုက်သည်။
"ဒါနဲ့ ရှောက်ချိန် ကျုပ် ခုမှသတိရသွားလို့ မင်းကိုခိုင်းစရာတခုရှိတယ်ကွ ဒီတော့ မင်းညီမလေးနဲ့ အလုပ်ပြီးမှတွေ့လိုက်ပေါ့ ဒီနေ့ ရုံးချုပ်မှာ အစည်းအဝေးတခုရှိတယ် ဒါပေမယ့် ကျုပ်က မအားဘူးဖြစ်နေတယ် ဒီတော့ မင်းက ကျုပ်အစား သွားပေးလိုက်ကွာ ဟုတ်ပြီလား"
"ဟုတ်ကဲ့ဆရာ ညွှန်ကြားချက်အတိုင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါမယ်"
လူရှောက်ချိန် သတိဆွဲရင်း ထပ်အော်လိုက်ပြန်သည်။
"မင်း ထပ်လုပ်ပြန်ပြီလား"
ကျန်းကျင်းခိုင် ပြုံးရင်း ပြောလိုက်၏။ သို့သော် ဤတကြိမ်တွင် သူ့အပြုံးမှာ အားလျော့လှပေသည်။
"အခုသွားတော့ ညနေရောက်ရင် အစည်းအဝေးနဲ့ပတ်သက်ပြီး အသေးစိတ် အစီရင်ခံစာကို ကျုပ်လိုချင်တယ်"
ထို့နောက် သူက လူရှောက်ချိန် ထွက်သွားရန် လက်ပြလိုက်လေသည်။