← Chapters

ရှောက်မေ၏အစ်ကို

Vol. 5 Ch. 45

ရှောက်မေ၏အစ်ကို

Vol. 5 Ch. 45

လူရှောက်ချိန်ထွက်သွားသည်ကိုကြည့်နေရင်း ကျန်းကျင်းခိုင်တယောက်သက်ပြင်းတချက် ရှည်လျားစွာ ချလိုက်၏။ တကယ်တော့ ဤကမ္ဘာကြီးသည် ကျဥ်းမြောင်းလှချေသည်တကား။ လူသစ် လူရှောက်ချိန်သည် ပထမဆုံး လူသတ်မှု၏ သားကောင် လူရှောက်မေ၏ အစ်ကိုဖြစ်နေခြင်းမှာ အံ့သြစရာပင်။ ထို့နောက် ကျန်းကျင်းခိုင်သည် ခေတ္တစဉ်းစားပြီးနောက် ခရိုင်ခွဲရဲတပ်ဖွဲ့မှုးဝူကျွန်းထံ အကြံတောင်းရန် ဆုံးဖြတ်လိုက်သည်။

ကျန်းကျင်းခိုင် ရှင်းပြသည်ကို နားထောင်ပြီးနောက် ဝူကျွန်း၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သောအရိပ်အယောင်များ ပေါ်ပေါက်လာသည်။

"ကျင်းခိုင် ပြသနာက ဒီကောင်လေး ရှောက်ချိန်ကို ကော်မရှင်နာကိုယ်တိုင်ရွေးထားတာကွ ဒါပေမယ့် မင်းပြောတဲ့အတိုင်းဆိုရင် သူဟာ အခုအချိန်မှာ မင်းရဲ့လက်ထောက်လုပ်ဖို့ မသင့်တော်ဘူး အမှုအတွက်လဲ သိပ်မကောင်းဘူး"

"ဒါဆို ကော်မရှင်နာနဲ့ တိုင်ပင်ပြီး လူရှောက်ချိန်ကို တခြားဌာနတစ်ခု ပြောင်းပေးလိုက်ရင်ကောင်းမလား"

ကျန်းကျင်းခိုင်က မေးလိုက်သည်။

"ကျွန်တော်ကတော့ သူ့အတွက် ကြီးမားတဲ့စိတ်ဒဏ်ရာဖြစ်သွားမှာကို စိုးရိမ်နေတယ်"

"ကော်မရှင်နာက ခုလောလောဆယ်မှာ ပြည်နယ်ညီလာခံတက်နေတယ်"

ဝူကျွန်းက ပြန်ဖြေလိုက်သည်။

"သူမသွားခင် လူရှောက်ချိန်ကို ဒီကိုပို့ဖို့စီစဉ်ခဲ့တာကွာ ပြီးတော့ လူသစ်ကို ဂရုစိုက်ဖို့လဲ မှာခဲ့သေးတယ်"

"ဒါပေမယ့် ခုအတိုင်းဆိုရင်..."

ကျန်းကျင်းခိုင် ဘာဆက်ပြောရမှန်းပင် မသိတော့။

"သူ တော်တော်ကို ငယ်သေးတယ်"

"သူ ဒီလောက်လဲ မငယ်ပါဘူးကွာ"

ဝူကျွန်းက ကျန်းကျင်းခိုင်ကို ကြည့်ရင်း ပြောလိုက်၏။

"မင်းလည်း သူ့အရွယ်တုန်းက ဒီလိုပဲလေကွာ"

သူ သက်ပြင်းချရင်း ဆက်ပြောပြန်သည်။

"ဒီလိုလုပ်ကြရအောင် မင်းက သူ့ကို အမှန်အတိုင်းသာ ပြောလိုက်တော့ သူ့တုန့်ပြန်မှုကိုကြည့်ပြီး ဆုံးဖြတ်ကြမယ်"

"ကောင်းပါပြီ ကျွန်တော် ကြည့်လုပ်လိုက်ပါမယ်"

ကျန်းကျင်းခိုင်က ခေါင်းညိတ်ပြလိုက်သည်။ လူရှောက်ချိန်သည် မိသားစုတွင် အဖြစ်ဆိုးတစ်ခုကြုံဖူးသော ပထမဆုံးရဲအရာရှိမဟုတ်။ သို့သော် သူ့အခြေအနေမှာ အလွနမနုနယ်နေ၏။ ပထမဆုံးအနေနှင့် သူ အလုပ်စဝင်သည့်ပထမနေ့မှာပင် သူ့အစ်မသေဆုံးကြောင်း သူ သိရပေလိမ့်မည်။ ဒုတိယအနေနှင့် သူ့အစ်မသည် ဖခင်မဲ့မိသားစုအား ထောက်ပံ့ရန် ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးကြောင်း သိရပေလိမ့်မည်။ လူရှောက်ချိန်တယောက် ဤအချက်များကို လက်ခံမည်၊ မလက်ခံမည်ကို ကျန်းကျင်းခိုင် မသိချေ။

အလုပ်ပြီးသည်နှင့် လူရှောက်ချိန်သည် ခရိုင်လက်ထောက်ရဲဌာနသို့ ပြန်ရောက်လာ၏။ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် မှတ်တမ်းများကို ယူဆောင်ရင်း ကျန်းကျင်းခိုင်၏ရုံးခန်းသို့ လာခဲ့လေသည်။

"အင်စပက်တာကျန်း ဒီမှာ ကျွန်တော်ရေးထားတဲ့ အစည်းအဝေးမှတ်တမ်းတွေပါ"

"ဟာ ကောင်လေး မင်းလက်ရေးလက်သားက တကယ်ကောင်းတာပဲ"

ကျန်းကျင်းခိုင် မှတ်တမ်းများကို လှန်ကြည့်ရင်း ချီးမွမ်းလိုက်သည်။

"ဒါနဲ့မင်းမှာ ညဘက် ဘာအစီအစဥ်တွေရှိသေးလဲ"

"ဘာမှမရှိပါဘူးအင်စပက်တာ"

လူရှောက်ချိန်က ပြန်ဖြေလိုက်၏။

"ကောင်းပြီ"

ကျန်းကျင်းခိုင်က စားပွဲပေါ်မှ မှတ်တမ်းများကိုချရင်း ပြောလိုက်သည်။

"ဒါဆို သွားကြမယ် ကျုပ်က မင်းကို ညစာကျွေးမယ်"

"အင်စပက်တာကျန်း ကျွန်တော်..."

ကျန်းကျင်းခိုင်က သူ့ကို တာဝန်တစ်ခုခုပေးမည်ဟု လူရှောက်ချိန် ထင်ထားခဲ့၏။ ညစာစားရန်ခေါ်လိမ့်မည်ဟု သူ ထင်မထားချေ။

"ဘာတွေတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာတုန်း လာကွာ သွားကြမယ် ကျုပ်က လူတွေကို ညစာစားဖို့ခေါ်တတ်တဲ့သူမဟုတ်ဘူး ကျုပ် စိတ်ပြောင်းမသွားခင် မြန်မြန်လုပ်ကွာ ကောင်လေး"

"ဟုတ်ကဲ့အင်စပက်တာ... ဒါဆိုလဲ ညစာကို ကျွန်တေည် ကျွေးပါရစေ"

လူရှောက်ချိန်က အားနာဟန်ဖြင့် ပြောလိုက်၏။

"ဟားဟား၊ မင်းမှာ ပိုက်ဆံရောရှိလို့လားကွာ"

ကျန်းကျင်းခိုင် ရယ်မောလိုက်၏။

"စိတ်မပူနဲ့ မင်းလစာရတဲ့အခါကျတော့ ကျုပ်ကိုပြန်ကျွေးပေါ့ကွာ"

ထို့နောက် သူ လူရှောက်ချိန်၏ ရင်ဘတ်ကို ခပ်ဆတ်ဆတ်လေး ထိုးလိုက်သည်။

"သွားမယ် သွားမယ်"

"ဟုတ်ကဲ့ အင်စပက်တာ"

ကျန်းကျင်းခိုင်၏ ထိုးချက်ကြောင့် လူရှောက်ချိန်သည် နောက်သို့အနည်းငယ်လန်သွား၏။ သို့သော် သူတို့ကြားတွင် ရင်းနှီးမှုတိုးပွားလာသည်ဟု သူ ခံစားရလေသည်။

အင်စပက်တာကျန်းက အစ်ကိုကြီးတယောက်လိုပါပဲလား...

ဤအတိုင်းပင် လူရှောက်ချိန် တွေးမိနေ၏။

သိပ်မကြာမှီ သူတို့နှစ်ယောက် စားသောက်ဆိုင်ငယ်တစ်ခုသို့ ရောက်ရှိလာကြသည်။ သူက သီးသန့်စားပွဲတလုံးကို ရွေးချယ်ပြီး လူရှောက်ချိန် လာထိုင်ရန် အချက်ပြလိုက်သည်။

"မင်း ပုံမှန်ဆိုရင် ဘာတွေစားတတ်လဲ"

ကျန်းကျင်းခိုင်က မီနူးစာရွက်ကို လူရှောက်ချိန်ထံ ပစ်ပေးရင်း မေးလိုက်၏။

"ရပါတယ်အင်စပက်တာကျန်း"

လူရှောက်ချိန်က ပြုံးရင်းနှင့် ဖြေလိုက်သည်။

"ကျွန်တော်က အကုန်စားတယ် အင်စပက်တာ"

"ကောင်းတယ် ဒါဆို အသားကြော်နဲ့ ဘီယာပဲ လုပ်ကြမယ်"

ကျန်းကျင်းခိုင်က မီနူးပင် မကြည့်တော့ပဲ ပြောလိုက်၏။

"အသားကြော် ၁ဝ ချောင်း အာလူးကြော်နဲ့ အချဉ်ရည်များများ အသားကြော်မှာ ငရုတ်သီးမှုန့်များများထည့်ပေးပါ ပြီးတော့ ဘီယာ၂ပုလင်း"

သိပ်မကြာမီ စားပွဲထိုးက အစားအစာများနှင့် ဘီယာ ယူလာ၏။ နှစ်ယောက်သား စားသောက်ပြီး စကားစမြည်ပြောကြလေရာ နာရီဝက်ခန့်အချိန်ကုန်သွားလေသည်။ ဘီယာကုန်သွားသည်နှင့် ကျန်းကျင်းခိုင်က ဘီယာထပ်မှာလိုက်ပြန်၏။

"ရှောက်ချိန်၊ မင်းကဘာကြောင့် ရဲဖြစ်ချင်တာလဲ"

ကျန်းကျင်းခိုင် နည်းနည်းတော့ မူးနေခဲ့လေပြီ။ သို့သော် စိတ်ကြည်နေဆဲပင်။ သူက လူရှောက်ချိန်၏ ဖန်ခွက်ကို ထပ်ဖြည့်ပေးပြီး သူ၏ဖန်ခွက်ကိုလည်း ဖြည့်လိုက်ပြန်သည်။

"အမှန်တရားပြောရရင် ရဲသင်တန်းကျောင်းက အခမဲ့လေ အင်စပက်တာ ပြီးတော့ ထောက်ပံ့ကြေးပါရသေးတယ်"

လူရှောက်ချိန်က ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်၏။

"ဒါဆို မင်းညီမ..."

ကျန်းကျင်းခိုင် တစုံတခုမေးရန် ဟန်ပြင်လိုက်၏။ လူရှောက်ချိန်က စကားဆက်ပြောလိုက်လေသည်။

"ဘေကျင်းမှာ နေထိုင်စရိတ်က မသေးလှဘူး အင်စပက်တာ"

လူရှောက်ချိန် ရှက်ဟန်ဖြင့် ခေါင်းငုံ့ရင်း ဖြေလိုက်သည်။

"ဒါကြောင့် လစာကုန်သွားတိုင်း သူ့ဆီက ထပ်ယူရတယ်"

"အင်း ရဲတစ်ယောက်ရဲ့ မိသားစုဝင်ဖြစ်ရတာက မလွယ်လှဘူး"

ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို အားပေးစကားပြောလိုက်သည်။

"ကဲ ကဲ သောက်ကြရအောင်"

"အင်စပက်တာ ကျွန်တော်... ကျွန်တော် တစ်ခုခုများ မှားပြောမိလို့လား"

မူလကထက် ပို၍လေးနက်လာဟန်ရှိသော ကျန်းကျင်းခိုင်၏မျက်နှာကိုကြည့်ရင်း လူရှောက်ချိန် စိတ်ပူသွားဟန်ရှိသည်။

"ဟား ဟား မဟုတ်ပါဘူးကွာ"

ပြောရင်းနှင့် ကျန်းကျင်းခိုင် ဘီယာကို ဂွတ်ခနဲ မော့ချလိုက်လေသည်။

"ရဲတစ်ယောက် အထူးသဖြင့် စုံထောက် ဒါမှမဟုတ် မူးယစ်ရဲတစ်ယောက်ဟာ သူ့မိသားစုဝင်တွေကို အန္တရာယ် ဖြစ်စေနိုင်တယ်ဆိုတာ မင်းသိလား"

"ဟုတ်ကဲ့ ကျွန်တော်နားလည်ထားပါတယ်"

လူရှောက်ချိန်၏အဖြေမှာ ရှင်းလင်းပြတ်သားနေ၏။

"ကျွန်တော် ဒီအလုပ်ကို ရွေးချယ်တဲ့အခါ ဖြစ်လာနိုင်တာတွေအတွက် ကြိုပြီးပြင်ဆင်ထားပါတယ်"

ပြောသာပြောလိုက်ရသည်။ လူရှောက်ချိန်ခမျာ ကိုယ့်စကားကို ကိုယ်တိုင်ပင် အပြည့်အဝ ယုံကြည်ဟန်မတူ။ မိသားစုဝင်တစ်ဦး၏ အသက်ဆိုသည်မှာ ပေါ့ပေါ့ဆဆ ပြောစရာမဟုတ်ချေ။

"ကောင်းတယ်ကွာ မင်းက ကျုပ် ငယ်ငယ်တုန်းကလို စိတ်ဓာတ်ခိုင်မာသားပဲ"

ကျန်းကျင်းခိုင်က ရယ်မောပြီး ပြောလိုက်သည်။

"ဒါဆို မင်းရဲ့မိသားစုဝင်တစ်ယောက်ဟာ မင်းဖြေရှင်းနေတဲ့အမှုကြောင့် သေဆုံးသွားတယ်ဆိုပါစို့ မင်းဝမ်းနည်းမှာလား"

လူရှောက်ချိန်က စက်ဆန်ဖွယ်ကောင်းစွာ ခေါင်းခါပြလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် ၎င်းမှာ မဟုတ်ကြောင်း သိနေ၏။ ကျန်းကျင်းခိုင်ကလည်း မယုံချေ။

"ကောင်းတယ်"

ကျန်းကျင်းခိုင် မျက်နှာကြက်ကို မော့ကြည့်ရင်း စကားဆက်လိုက်ပြန်သည်။

"ကျုပ်တို့ဖြေရှင်းနေတဲ့အမှုကြောင့် ကျုပ်တို့ရဲ့မိသားစုဝင်တစ်ယောက် ဆုံးရှုံးသွားရတာဟာ အရမ်းနာကျင်စရာကောင်းတယ်ကွ ဒါက ကျုပ်တို့ရဲ့ရွေးချယ်မှုတွေကို ထာဝရနောင်တရစေတယ် ကျုပ်ရဲ့ဇနီး ပြီးတော့ ကျုပ်ရဲ့သမီး....လွန်ခဲ့တဲ့ ၅ နှစ်တုန်းက..."

ထို့နောက် ကျန်းကျင်းခိုင်သည် အတိတ်မှ ဝမ်းနည်းဖွယ်ရာများအား လူရှောက်ချိန်ကို မခြွင်းမချန် ပြောပြလိုက်တော့သည်။

"အင်စပက်တာကျန်း ကျွန်တော်..."

ကျန်းကျင်းခိုင်၏စကားကိုနားထောင်ရင်း လူရှောက်ချိန် စိတ်မကောင်းဖြစ်သွား၏။ ကျန်းကျင်းခိုင်၏ နှလုံးသားထဲမှ နာကျင်မှုကို သူ ခံစားမိပေသည်။ သူက ကျန်းကျင်းခိုင်ကို နှစ်သိမ့်ရန် စဥ်းစားလိုက်၏။ သို့သော် ကျန်းကျင်းခိုင်ကသာ သူကို ပြန်လည်နှစ်သိမ့်ပေးနေတော့သည်။

"ဟား ဟား ထားလိုက်ပါကွာ အားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ တခုပဲရှိတယ်ကွ အဲဒါက ဘာလဲဆိုတော့ ကျုပ်တို့အတွက် သေဆုံးသွားတဲ့ မိသားစုဝင်တွေဟာ ကျုပ်တို့ဆက်ရှင်သန်ဖို့ လိုလားကြတယ်ဆိုတာကို အမြဲသတိရနေဖို့ပဲ"

"မှန်ပါတယ် အင်စပက်တာကျန်း"

လူရှောက်ချိန် ခေါင်းညိတ်လိုက်၏။

"အနာဂတ်မှာ အလားတူအခြေအနေမျိုးကြုံရရင် ဘာလုပ်ရမလဲဆိုတာ ကျွန်တော် သိသွားပြီ"

"ကောင်းတယ် ဒါနဲ့ မင်းမှာ ညီမတစ်ယောက်ရှိတယ်လို့ ပြောခဲ့တယ်မလား"

"ဟုတ်ကဲ့ အင်စပက်တာ"

သူ့ညီမအကြောင်းကြားသည်နှင့် လူရှောက်ချိန် စိတ်ဓာတ်တက်ကြွလာ၏။ ကနဦးစကားဝိုင်း၏ ခေါင်းစဥ်မှာ အလွန်လေးနက်ပြီး စိတ်ညစ်စရာကောင်းနေသည် မဟုတ်ပါလား။

"ကောင်းပြီ မင်းညီမအကြောင်း ကျုပ်ကို ပြောပြစမ်းပါအုံး"

ထိုအချိန်တွင် ကျန်းကျင်းခိုင်မှာ ရေချိန်အတော်ကိုက်နေခဲ့လေပြီ။ လူရှောက်ချိန်ကား ဟန်ပင်မပျက်သေး။

ဒီစစ်ချွမ်ပြည်နယ်သားတွေ တယ်သောက်နိုင်တာပဲကိုး...

ကျန်းကျင်းခိုင် အထက်ပါအတိုင်း တွေးလိုက်မိ၏။

လူရှောက်ချိန်က သက်ပြင်းချရင်း စကားစလိုက်လေသည်။

"ကျွန်တော်တို့အဖေက ဆုံးသွားတာကြာပြီ အင်စပက်တာ အမေကလည်း ကျန်းမာရေး မကောင်းဘူးကျွန်တော်ကအကြီးဆုံးသား ညီမလေးလူရှောက်မေက ဒုတိယ သူ့အောက်မှာ ညီမလေးနဲ့ ညီငယ်လေးတစ်ယောက်ရှိသေးတယ် ဒါကြောင့် ကျွန်တော်တို့မိသားစုက အရမ်းဆင်းရဲတယ် ညီမလေးရှောက်မေကကျောင်းမတက်ရဘူး သိုးကျောင်း ပေါင်းပင်နှုတ်ရင်းနဲ့ပဲ အသက်မွေးရတယ် တရက်မှာတော့ ရွာနီးချုပ်စပ်က သူငယ်ချင်းတွေနဲ့ မြို့ကြီးတွေမှာ ပိုက်ဆံရှာမယ်ဆိုပြီး လိုက်သွားခဲ့တယ် အဲ့ဒီအချိန်ကစပြီး သူ အိမ်ပြန်မလာတော့ဘူး ဒါပေမယ့် တစ်လတစ်ခါတော့ ပိုက်ဆံပြန်ပို့ပေးတတ်တယ်"

ဤနေရာအရောက်တွင် လူရှောက်ချိန်က သူ့ဖန်ခွက်ရှိလက်ကျန်ဘီယာကို အပြတ်ရှင်းလိုက်၏။

"သူ ဒီပိုက်ဆံတွေရဖို့ ဘယ်လောက်ပင်ပန်းခဲ့မယ်ဆိုတာ ကျွန်တော်သိတယ်"

"မင်းပြောတာမှန်တယ်"

ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို ဘီယာတစ်ခွက်ထပ်ဖြည့်ပေးရင်း ပြောလိုက်သည်။

"မင်းမှာ နှလုံးသားရှိတယ် မင်းညီမ ဘယ်လောက်ပင်ပန်းခဲ့မလဲဆိုတာကို စာနာတတ်တယ်"

"ဒါကြောင့် ကျွန်တော် ကျောင်းပြီးတာနဲ့ ဒီမြို့ကိုလာဖို့ တောင်းဆိုခဲ့တာပါအင်စပက်တာ"

လူရှောက်ချိန်က ပြုံးရင်းဖြေလိုက်၏။

"ကျွန်တော်ညီမကို ဂရုစိုက်ရမယ် မိသားစုကို ထောက်ပံ့ရမယ် နောင်တစ်ချိန် ပိုက်ဆံလုံလောက်ရင် အမေ ညီလေးနဲ့ ညီမလေးတို့ကို ဒီခေါ်လာပြီး အတူနေမယ် ဒါဆို ကျွန်တော်တို့မိသားစု အတူတူ နေနိုင်ပြီ"

"ကောင်းတယ် ကောင်းတယ်"

ကျန်းကျင်းခိုင် စီးကရက်တလိပ်ထုတ်ပြီး မီးညှိလိုက်၏။ နီကိုတင်းဓာတ်က သူ့အား နိုးကြားလာစေရန် ကူညီပေးသည် မဟုတ်ပါလား။

"ဒါနဲ့ အင်စပက်တာ ကျွန်တော် မေးချင်တာတစ်ခုရှိတယ် ဒီစာအိတ်ပေါ်က လိပ်စာကို အင်စပက်တာများ သိမလားလို့"

ကျန်းကျင်းခိုင် ဘာမှမပြောပဲ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ အားတင်းရင်း ပြောလိုက်လေသည်။

"မင်းညီမ ဆုံးသွားပြီလို့ ကျုပ်ပြောရင် မင်းယုံမလား"

All Chapters