← Chapters

ရှောက်မေသေဆုံးသည့်သတင်း

Vol. 5 Ch. 46

ရှောက်မေသေဆုံးသည့်သတင်း

Vol. 5 Ch. 46

ကျန်းကျင်းခိုင်၏ပါးစပ်မှ အထက်ပါစကားလုံးများ ထွက်လာသည်နှင့် အခန်းတွင်းရှိ လေထုသည်ပင် ထိုင်းမှိုင်းသွားသကဲ့သို့ ထင်ရသည်။ လူရှောက်ချိန်သည် ကျန်းကျင်းခိုင်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေ၏။ သို့သော် ကျန်းကျင်းခိုင်၏ပုံစံက ခိုင်မာလှပေရာ လူရှောက်ချိန် ငြင်းချက်ထုတ်ရန်ပင် ခက်လှသည်။

"ဒါ... ဒါမဖြစ်နိုင်ဘူး"

သို့သော် လူရှောက်ချိန်က ခေါင်းကိုသွက်သွက်ခါရင်း ငြင်းဆန်လိုက်၏။

"ဒီနေ့ပဲ ဖုန်းထဲမှာ အမေက ပြောတယ် ညီမလေးက ယွမ်၃၀၀၀ငွေလွှဲပေးထားတယ်တဲ့ ကျွန်တော့ကိုလဲ ညီမလေးကိုရှာပြီး ငွေအများကြီး မပို့ဖို့ ပြောခိုင်းလိုက်တယ်"

"ဒီတော့ မင်းညီမရဲ့အကောင့်က ငွေဆက်လွှဲနေတယ်ပေါ့ ဟုတ်လား"

ကျန်းကျင်းခိုင် စိတ်လှုပ်ရှားလွန်း၍ အမူးပင်ပြေသွား၏။

"လွန်ခဲ့တဲ့လေးလအတွင်း ဆက်တိုက်လွှဲနေတာလား"

"ဟုတ်တယ် ဒီကြားထဲ ရပ်သွားတာမျိုးလုံးဝမရှိဘူး"

လူရှောက်ချိန်၏ လေသံက ခိုင်မာလှပေသည်။ သို့သော် သိပ်မကြာမီ သူ့မျက်နှာတွင် စိတ်ညစ်မှုများ ပြန်လည်ပေါ်ပေါက်လာပြန်သည်။

"ဒါပေမယ့်... အမေကပြောတယ်... ညီမလေးဆီက စာမရတာ လေးလတောင်ကြာသွားပြီတဲ့"

"မှန်တယ် မင်းညီမအတွက် စာရေးပေးနေတဲ့သူ သေသွားတာ ၃လတောင်ကြာသွားပြီ သူ သေသွားတဲ့ပုံစံကလဲ မင်းညီမသေသွားတာနဲ့ တပုံစံတည်းပဲ"

"တကယ်လား..."

လူရှောက်ချိန် တကိုယ်လုံး တုန်ယင်လာ၏။

"ဒါပေမယ့်... ငွေလွှဲ...ငွေလွှဲနေတာကျတော့"

"ကျုပ် စစ်ဆေးတွေ့ရှိရသလောက် ပြောရရင် ဒီငွေတွေကို မင်းညီမရဲ့သူငယ်ချင်းတစ်ယောက်က လွှဲပေးနေတာပဲ"

ကျန်းကျင်းခိုင် အမှန်အတိုင်းပင် ဖြေလိုက်၏။ ယခင်က အားကျောက်၏တောင်းဆိုမှုကို လက်ခံခဲ့မိသည်ကိုပင် သူ များစွာနောင်တရမိလေသည်။ အကယ်၍ ရှောက်မေ၏မိသားစုသာ ရှောက်မေသေဆုံးသွားကြောင်း စောစောသိခဲ့လျှင် အားကျောက်လည်း ဒုက္ခရောက်ခဲ့မည်မဟုတ်ပေ။

"ကျွန်တော့ညီမရဲ့သူငယ်ချင်းဆိုတာ..."

လူရှောက်ချိန် ဝမ်းနည်းနေရင်းကပင် မေးလိုက်သည်။

"သူ့နာမည်က အားကျောက်များလား အင်စပက်တာ"

"အားကျောက်ကို မင်း သိနေတာလား"

ကျန်းကျင်းခိုင် အံ့သြသင့်သွား၏။

"ဟုတ်တယ် ဒီနှစ်စပိုင်းတုန်းက ကျွန်တော့ညီမဆီက စာတစောင်လာတယ် စာထဲမှာ ဓာတ်ပုံတစ်ပုံလဲပါတယ်"

လူရှောက်ချိန်က ခေါင်းညိတ်ရင်း ​ရှင်းပြလိုက်၏။

"ဓာတ်ပုံထဲမှာ သူအပြင် တခြားမိန်းကလေးတစ်ယောက်ပါတယ် စာထဲမှာရေးထားတာကတော့ အဲဒီမိန်းကလေးက သူ့ရဲ့သူငယ်ချင်းအားကျောက်လို့ခေါ်တယ်တဲ့"

"အားကျောက်နဲ့ပတ်သက်ပြီး တခြားပြောမိတာတွေ ရှိသေးလား"

ကျန်းကျင်းခိုင် ပို၍စိတ်ဝင်စားလာ၏။

"အားကျောက်က ဒီမြို့ခံမိန်းကလေးဖြစ်ပြီး ကျွန်တော့ညီမကိုအရမ်းဂရုစိုက်တယ်လို့ပဲ​ စာထဲမှာပါတယ် အင်စပက်တာ"

ပြီးမှ လူရှောက်ချိန်က တစုံတခုက်ို သတိရဟန်ဖြင့် ပြောလိုက်သည်။

"အော် ဒါနဲ့ သူကပြောသေးတယ် အားကျောက်ဟာ ပန်းချီဆွဲတာအရမ်းတော်တယ်တဲ့ အင်စပက်တာ"

"ပန်းချီဆွဲတာအရမ်းတော်တယ်ဟုတ်လား"

ကျန်းကျင်းခိုင်၏မျက်လုံးထဲတွင် ယင်ကျီးယွမ်၏ပုံရိပ်ကို မြင်ယောင်လာလေသည်။

"ဟုတ်တယ် ကျောင်းအားလပ်ရက် အိမ်မှာရှိနေတုန်း ဒီစာရောက်လာတာ ကျွန်တော် ကောင်းကောင်းမှတ်မိနေတယ် အင်စပက်တာ"

အားကျောက်နှင့်ယင်ကျီးဟွမ်တို့တွင် တူညီသည့်အချက်တစ်ချက်ထပ်ရှိနေသည်ကို ကျန်းကျင်းခိုင် ထပ်မံသိရှိရပြန်ချေပြီတည်း။ နှစ်ဦးစလုံးသည် ပန်းချီဆွဲတတ်ကြ၏။

"မင်း အဲဒီမိန်းကလေးမျက်နှာကိုမှတ်မိသေးလား"

လူရှောက်ချိန် ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်လေသည်။

"ဖုန်းထဲမှာ ရှိအုံးမလားမသိဘူး ပြန်ရှာကြည့်ရအုံးမယ် အင်စပက်တာ"

"ကောင်းပြီ အချိန်ရရင် ဒီဓာတ်ပုံကို ရှာထား မှုခင်းဖြေရှင်းရာမှာ အကူအညီဖြစ်နိုင်တယ်"

"ဒါနဲ့ ကျွန်တော့ညီမ... ကျွန်တော့ညီမတကယ်သေသွားပြီလား..."

လူရှောက်ချိန်က နောက်ဆုံးတစ်ကြိမ်အနေနှင့် ထပ်မေးလိုက်ပြန်သည်။ သူ၏ညီမ သေသွားသည်ကို ယခုအချိန်ထိ သူ လက်မခံနိုင်သေးပေ။

ကျန်းကျင်းခိုင် လက်ကာပြီးတားလိုက်သည်။

"မင်သေသေချာချာသိရအောင် ကျုပ်တို့ ရဲစခန်းကို ပြန်သွားကြမယ်"

လူရှောက်ချိန်၏မျက်နှာမှာ ယနေ့ညမှ သဲသဲကွဲကွဲမသိရလျင် ညအိပ်မပျော်မည်မှာ သေချာနေ၏။ ထိုအခိုက်မှာပင် ကျန်းကျင်းခိုင်၏ဖုန်းမည်လာသည်။ ဖုန်းခေါ်ဆိုသူမှာ တခြားသူမဟုတ်။ ယင်ကျီးယွမ်ပေတည်း။

"ဟယ်လို ကျီးယွမ်"

ကျန်းကျင်းခိုင် ပြန်ထူးလိုက်၏။ ယာယီချစ်သူဖြစ်သွား၍ ယင်ကျီးယွမ်အား မိန်းကလေးယင်ဟု သူ ခေါ်ဝေါ်စရာမလိုတော့။

"အင်း ကျွန်မပါ ဘာလုပ်နေလဲ အရာရှိကြီး"

အားကျောက်၏အသံမှာ မြူးထူးနေ၏။

"ကျွန်မတော့ ညနက်ထိ အလုပ်လုပ်နေရတယ် တစ်ယောက်ယောက်များ လာကြိုပေးရင် ကောင်းမှာပဲ"

"ညနက်ထိ ဟုတ်လား"

ကျန်းကျင်းခိုင် အံ့သြသင့်သွား၏။

"နောက်ထပ်အတန်းရှိသေးတာလား"

"ဟုတ်တယ် ရှင်ကမှမထောက်ပံ့တာ ဒီတော့ ကျွန်မကိုယ်တိုင် ရှာရတာပေါ့ရှင်"

အားကျောက်က ငြီးငြူဟန်ပြုရင်း စနောက်လိုက်သည်။

"ဒါမှမဟုတ် အစ်ကိုကျန်း...ရှင့်လစာ ကျွန်မကိုအပ်မလား"

"ဟား ဟား မင်းကို လက်ထပ်ဖို့တောင် သဘောမတူရသေးဘူးလေကွာ"

ကျန်းကျင်းခိုင်ကလည်း ပြန်လည်စနောက်လိုက်၏။

"ဒီည ကားမောင်းလို့မရဘူး တက္ကစီခေါ်ပြီး မင်းဆီ အရင်လာခဲ့မယ် ဒါပေမယ့် မင်းကိုအိမ်ပြန်ပို့ခင် ရဲစခန်းကို ခနဝင်စရာရှိသေးတယ် ရမလား"

"ရပါတယ်ရှင် ဒါပေမဲ့ ရှင်က ကျွန်မကို ရဲစခန်းဘာလို့ခေါ်တာလဲ ကျွန်မ ပြစ်မှုကျူးလွန်ထားတာလဲ မဟုတ်ပဲနဲ့ ဒါပေမယ့် ရပါတယ် ကိစ္စမရှိဘူး သွားကြမယ်"

"ဟား ဟား ဟုတ်ပြီ မနောက်နဲ့တော့ ကျုပ်ဘေးမှာ လုပ်ဖော်ကိုင်ဖက်တယောက် ရှိတယ်ကွ"

ကျန်းကျင်းခိုင်က ရယ်မောရင်း ပြောလိုက်သည်။

"အိုကေ ခနနေတွေ့မယ်နော်"

အားကျောက် ဖုန်းချသွား၏။

"အင်စပက်တာ ဒါ ဆရာ့ချစ်သူလား"

ကျန်းကျင်းခိုင်၏စိတ်အခြေအနေကို မေးမြန်းရန် လိုအပ်သည်ဟုခံစားရ၍ လူရှောက်ချိန်က မေးလိုက်ခြင်းပင်။

"ဟုတ်တယ်"

ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ကျန်းကျင်းခိုင်သည် အားကျောက်ကို မူလတန်းကျောင်းရှေ့တွင်ဝင်ခေါ်ပြီး သုံးဦးသား ရဲစခန်းသို့ ချီတက်ခဲ့ကြ၏။ ကားထဲတွင် ကျန်းကျင်းခိုင်က အားကျောက်နှင့်လူရှောက်ချိန်ကိုမိတ်ဆက်ပေး၏။ သို့သော် လူရှောက်ချိန်နှင့်ရှောက်မေ၏ဆက်နွှယ်မှုကိုတော့ တမင်ချန်ထားခဲ့လေသည်။ သူ့ရည်ရွယ်ချက်မှာ အားကျောက်အား အငိုက်ဖမ်းရန်ပင်ဖြစ်သည်။

ရဲစခန်းရောက်သည်နှင့် ကျန်းကျင်းခိုင်သည် လူရှောင်ချိန်နှင့်အားကျောက်တို့ကို ရဲစခန်း၏ရေခဲတိုက်သို့ ခေါ်သွားလေသည်။ ထိုနေရာသည် သီးခြားအဆောက်အဦးတစ်ခုဖြစ်သည်။ အစောင့်များက ကျန်းကျင်းခိုင်ကိုမြင်သည်နှင့် လူစိမ်းများကိုမစစ်ဆေးတော့ပဲ ရှောက်မေ၏အလောင်းကိုထုတ်ပေးလိုက်၏။

ရှောက်မေ၏သွေးပျက်ဖွယ်အလောင်းကိုမြင်သည်နှင့် လူရှောက်ချိန်တယောက် ထိန်းချုပ်မရတော့ပဲ ငိုကြွေးရှာတော့သည်။ အရိုးပေါ်အရေပြားမျှသာ ဖုံးအုပ်လျက်ရှိသောအလောင်းသည် ရှောက်မေဖြစ်ကြောင်း မြင်နိုင်ရန်မလွယ်ကူသော်လည်း လူရှောက်ချိန်ကတော့ ညီမငယ်၏သေဆုံးမှုကိုလက်ခံလိုက်လေပြီ။ အလောင်းကိုကြည့်ရင်း ညီမငယ်၏နာကျင်ဖွယ်အဆုံးသတ်ကိုတွေးမိသောအခါ သူ့နှလုံးသားတခုလုံး ဆွဲဆုတ်ခံရသကဲ့သို့ ရှိ၏။

အားကျောက်ကိုယ်တိုင်လည်း နာကျင်မှုကို ခံစားရသည်သာ။ သို့သော် သူမသည် သာမန်မိန်းကလေးများကဲ့သို့ ကြောက်တတ်သူမဟုတ်။ ထိုထက်ပိုသည်မှာကား အားကျောက်အနေနှင့် ရှောက်မေ၏အလောင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ပေ။ တဖက်တွင်လည်း သူမသည် ညဏ်ထက်သော မိန်းကလေးဖြစ်သည်။ ထို့ကြောင့် ရေခဲတိုက်ရောက်သည်နှင့် မည်သို့သရုပ်ဆောင်ရမည်ကို ချက်ချင်းသဘောပေါက်ထားပြီး ဖြစ်သည်။

သူမ၏ တကိုယ်လုံး အနည်းငယ် တုန်ယင်နေ၏။ သူမက ကျန်းကျင်းခိုင်၏ရင်ဘတ်ထဲတွင်မျက်နှာဝှက်ထားပြီး ရှောက်မေအလောင်းကိ ထပ်မကြည့်တော့။ ကျန်းကျင်းခိုင်အဖို့ကား နောက်တကြိမ် အလိမ်မိသွားခြင်းပင်။

"ကျီးယွမ် အပြင်ကိုထွက်ကြရအောင် ရှောက်မေကို သူ့အစ်ကိုနဲ့ ခနထားခဲ့လိုက်မယ်"

ကျန်းကျင်းခိုင်က အားကျောက်၏မျက်နှာကို​ ကြည့်ရင်းပြောလိုက်၏။ ထိုအချိန်တွင် အားကျောက်သည် မျက်လုံးများမှိတ်ထားပြီး မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေလေသည်။ ဤလက္ခဏာများမှာ ကြောက်ရွံ့ခြင်းကြောင့် ဖြစ်လာသည်ဟု ကျန်းကျင်းခိုင် ယူဆလိုက်၏။

"ဟုတ်ကဲ့"

အားကျောက် တုန်ရီစွာ ပြန်ဖြေလိုက်၏။ ထို့နောက် သူတို့နှစ်ယောက် ရေခဲတိုက်မှ ထွက်လာခဲ့ကြလေသည်။

All Chapters