ယင်နှင့်ယန်
Vol. 5 Ch. 47
လေသည် အသော့လေး တိုက်ခတ်နေ၏။ အားကျောက်မှာ ကျန်းကျင်းခိုင်ကို ဖက်လျက်သားနှင့်ပင် ရှိလေသည်။ သူမသည် သူ့ကို တင်းတင်းကျပ်ကျပ်ပင် ဖက်ထား၏။ တကယ်တော့ အားကျောက် မျက်လုံးမှိတ်ထားရခြင်း၏ အကြောင်းရင်းမှာ ကြောက်၍မဟုတ်ပဲ မျက်ရည်မထွက်အောင် ထိန်းထားလို၍သာဖြစ်မှန်း ကျန်းကျင်းခိုင်ကား မသိလိုက်ချေ။ မှန်ပေသည်။ တကယ်တော့ အားကျောက် ငိုသင့်၏။ သို့သော် သူမ မငိုပဲ တင်းခံထားခဲ့လေသည်။
မည်သို့ဆိုစေ အားကျောက်သည် သဏ္ဍာန်လုပ်သရုပ်တူနိုင်ခဲ့၏။ သူမ၏ အယောင်ဆောင်ဘဝကို ဆွဲဆန့်နိုင်ခဲ့၏။ ကျန်းကျင်းခိုင်သည်လည်း အားကျောက်၏ ပုံစံကို ကြောက်နေသည်ဟုပင် ထင်သွားခဲ့၏။ သူမသည် ကျွမ်းကျင်သောသရုပ်ဆောင်တစ်ဦးဖြစ်လေရာ ဘယ်အချိန်တွင် ရပ်တန့်ရမည်ကို ကောင်းကောင်းသိထားပြီး ဖြစ်သည်။
“သက်သာလာပြီလား”
ကျန်းကျင်းခိုင်က နူးညံ့စွာမေးလိုက်သည်။ သို့သော် သူ့အသံတွင် နူးညံ့မှုနှင့်အတူ အားမာန်များလည်း ပါဝင်နေ၏။
အားကျောက်သည် ကျန်းကျင်းခိုင်၏ရင်ဘတ်ထဲတွင် မျက်နှာဝှက်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။
“ကျွန်မကြောက်နေတယ်"
“မကြောက်ပါနဲ့ ကျုပ် ရှိနေသားပဲ”
ကျန်းကျင်းခိုင်က သူမ၏ဆံပင်တိုလေးများကို သပ်ရင်းနှစ်သိမ့်ပေးလိုက်လေသည်။ ယခုအချိန်တွင် ယင်ကျီးယွမ်သည် အားကျောက်ဖြစ်ရမည်ဟု သူ ပိုမိုယုံကြည်လာ၏။ သူ့စိတ်ထဲတွင်လည်း ယင်ကျီးယွမ်ကို အားကျောက်သာ ဖြစ်သွားစေချင်နေသည်။ လူတိုင်းသည် ချစ်ရသူကို ဂုဏ်သိက္ခာရှိသော အလုပ်တစ်ခု ရှိစေချင်ကြသည်မှာ ဓမ္မတာပင်။
လူရှောက်ချိန်သည် ရှောက်မေ၏ အလောင်းရှေ့တွင် အချိန်အတော်ကြာအောင် ငိုနေခဲ့၏။ နောက်ဆုံးတွင် အစောင့်များက မနေနိုင်တော့ပဲ သူ့ကို ထွက်ခွာပေးပါရန် မေတ္တာရပ်ခံရတော့သည်။ ကျန်းကျင်းခိုင်နှင့်အားကျောက်တို့မှာမူ တယောက်ကိုတယောက်ဖက်ရင်း ဤအတိုင်းပင် ရှိနေကြ၏။ သူသည် အားကျောက်ကိုချစ်၏။ သူမ နှင့်ယင်ကျီးယွမ်ကိုလည်း တစ်ယောက်တည်းဖြစ်စေလို၏။ ထို့ကြောင့် သူဖက်ထားသောမိန်းမသည် အားကျောက်သာဖြစ်လိုက်ပါတော့ဟု ဆုတောင်းနေမိတော့သည်။
“ကျေးဇူးတင်ပါတယ်အင်စပက်တာ"
လူရှောက်ချိန်က မျက်ရည်သုတ်ရင်း ပြောလိုက်၏။
“ရပါတယ်ကွာ"
ကျန်းကျင်းခိုင် သူ့အာရုံကို လူရှောက်ချိန်ဘက်သို့ ပြောင်းလိုက်သည်။
လူရှောက်ချိန်က မျက်ရည်များစီးကျရင်း ပြောလိုက်ပြန်၏။
"အင်စပက်တာကျန်း ကျွန်တော့ကို ဒီမှာပဲ တညလောက်ပေးအိပ်ဖို့ အစောင့်တွေကို တချက်လောက် ပြောပေးပါလား ကျွန်တော် ညီမလေးရဲ့ဝိညာဥ်နဲ့ အချိန်ဖြုန်းချင်သေးလို့ပါ"
ထိုသို့ ပြောနေစဥ်မှာပင် လူရှောက်ချိန်၏မျက်လုံးမှ မျက်ရည်များ ထိမ်းမနိုင်သိမ်းမရပဲ တလဟောကျလာပြန်၏။
“အင်း ကျုပ် ဘာများလုပ်ပေးနိုင်မလဲ ကြည့်လိုက်မယ်လေ”
ထို့နောက် ကျန်းကျင်းခိုင်က အားကျောက်ကို ခေတ္တထားခဲ့ပြီး အစောင့်များနှင့် သွားရောက်ဆွေးနွေးနေလေသည်။ အားကျောက်မှာမူ သူတို့ကို ကျောခိုင်းပြီး မျက်ရည်များကို ခိုးသုတ်လျက်ရှိသည်။
အစောင့်များနှင့် ညှိုနှိုင်းပြီးနောက် ကျန်းကျင်းခိုင် ပြန်လာ၏။ ထို့နောက် သူတို့နှစ်ယောက်သည် ရဲစခန်းမှ ထွက်လာခဲ့ကြလေသည်။ အပြင်သို့ရောက်သည်နှင့် အားကျောက်က ပြောလိုက်ပြန်သည်။
“အစ်ကိုကျန်း ဒီညအိမ်မပြန်ပဲ ကျွန်မနဲ့အတူ တညလောက် အချိန်ဖြုန်းပါလား"
“ဒါ... သင့်တော်မလား”
ကျန်းကျင်းခိုင် တွန့်ဆုတ်ဆုတ်ဟန်ဖြင့် ပြောလိုက်၏။
"မင်းအိမ်က...”
“ကျွန်မက တစ်ယောက်တည်းနေတာလေ”
အားကျောက် လေသံမျှနှင့် ဖြေလိုက်၏။
“ကျေးဇူးပြုပြီး ကျွန်မနဲအချိန်ဖြုန်းပေးပါအစ်ကိုကျန်းရယ်.. ကျွန်မ... ကျွန်မ ကြောက်နေတယ်ရှင့်...”
“အင်း... ကောင်းပြီလေ”
ကျန်းကျင်းခိုင်က ခေတ္တစဉ်းစားပြီးနောက် သူမ၏ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။ နောက်ဆုံးတော့ အားကျောက်နှင့် ယင်ကျီးယွမ်တို့ တဦးနှင့်တဦး တူသည်ထက်တူလာနေကြောင်း သူ တွေ့နေရ၏။ သူတို့တွင် ကွဲပြားလောက်သည်ဟု ထင်ခဲ့သည့် တစ်ခုတည်းသောအရာ၊ အနုပညာစွမ်းရည်သည်ပင် ယခုအခါ နှစ်ဦးစလုံးတွင် တူညီနေသည် မဟုတ်ပါလား။
“တကယ်ပေါ့ အစ်ကိုကျန်း သဘောတူတယ်ပေါ့နော်”
အားကျောက်၏မျက်လုံးများထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်လျှမ်းနေ၏။
"ကောင်းလိုက်တာ ဒါဆို ကျွန်မတို့ တနေရာသွားပြီး အောင်ပွဲခံရအောင်"
“ဟေ အရမ်းနောက်ကျနေပြီ ဘယ်သွားအုံးမလို့လဲ”
ကျန်းကျန်းခိုင်က ကန့်ကွက်လိုက်သည်။
“ဟုတ်ပါပြီရှင်... ဒါပေမယ့် အိမ်ပြန်ရောက်ရင် အစ်ကိုကျန်းက တီဗီ လုမကြည့်ရဘူးနော်"
အားကျောက်က ကျန်းကျင်းခိုင်၏လက်ကို ချိတ်ထားပြီး ဝမ်းသာအားရနှင့် ပြောနေလေသည်။
“ဟားဟား... ဟုတ်ပါပြီဗျာ မင်းအိမ်ဆိုတော့ မင်းစည်းကမ်းပေါ့"
ကျန်းကျင်းခိုင်သည်လည်း အားကျောက်နည်းတူပင် ပျော်လာ၏။ ဤမိန်းကလေး ဘာလှည့်ကွက်သုံးပြီး ဘာတွေလုပ်အုံးမည်ဆိုသည်ကို သူ သေချာမသိသော်လည်း လက်ရှိအချိန်တွင် သူသည် အားကျောက်နှင့်အတူရှိနေသည်ဟုပင် ခံစားနေရလေသည်။
“ဟုတ်ပြီ ဒီမှာပါရှင် ကျွန်မရဲ့အိမ်”
အားကျောက်နှင့်ကျန်းကျင်းခိုင်တို့သည် သူမ၏ အခန်းဟောင်းလေးဆီသို့ ရောက်ရှိလာကြသည်။ အားတောက်မှလွဲ၍ ကျန်းကျင်းခိုင်သည် အားကျောက် အိမ်ခေါ်လာသည့် တဦးတည်းသော ယောကျာ်းလေးပင်။
“ဒီအိမ်လေးက တကယ့်ကို သပ်ရပ်သန့်ရှင်းနေတာပဲ”
အိမ်ထဲရောက်သည်နှင့် အားကျောက်က ချီးမွမ်းလိုက်သည်။ ဤအိမ်သည် ကျူအန်းအိမ်ရာမှ တိုက်ခန်းထက် အရွယ်အစားအားသေးငယ်သော်ငြား ကျန်းကျင်းခိုင်အဖို့တော့ နေရာနှစ်မျိုးလုံးတွင် တူညီသောအရာအတော်များများရှိနေကြောင်း သတိပြုမိ၏။ အတွင်းပိုင်း အလှဆင်မှုများတွင် အနုပညာဆန်သော အငွေ့အသက်များ ပါဝင်နေသည်။ မူလက ကျန်းကျင်းခိုင်သည် ကျူအန်းအိမ်ရာ၏ အနုပညာဆန်ဆန်အလှဆင်မှုများသည် ယခင်ပိုင်ရှင်၏ အလှဆင်မှုများဖြစ်သည်ဟု ထင်ခဲ့၏။ ယခုတော့ ထိုအလှဆင်မှုများသည် သူ့ရှေ့ရှိ ဤမိန်းကလေး၏ လက်ရာဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့ပြီဖြစ်သည်။
“တကယ်လား... အစ်ကိုကျန်းက ကြိုက်တယ်ပေါ့"
ဖိနပ်များကို ချွတ်ပြီး တံခါးနားရှိ ဖိနပ်စင်ပေါ်တွင် သပ်သပ်ရပ်ရပ်ထားရင်း အားကျောက်က မေးလိုက်၏။ ထို့နောက် သူမ အိပ်ခန်းထဲသို့ ဝင်သွား၏။
"ကျုပ် နည်းနည်းကြည့်လို့ရမလား”
ကျန်းကျင်းခိုင်က အားကျောက် ကြားသာစေရန် လှမ်းမေးလိုက်၏။
“ရပါတယ်ရှင်"
အားကျောက်၏အသံ အိပ်ခန်းထဲမှ ထွက်ပေါ်လာလေသည်။
"ကျွန်မ အခုအဝတ်လဲနေတယ် ဒါကြောင့် အိပ်ခန်းကလွဲရင် ဘယ်နေရာမဆို ကြည့်လို့ရပါတယ်ရှင်"
“ဟုတ်ပြီ သိပါပြီဗျာ"
ကျန်းကျင်းခိုင် ရယ်မောရင်း ပြောလိုက်၏။ သူသည် အိမ်တစ်ဝိုက် လှည့်ပတ်ကြည့်ရှုသည်။ ကြည့်ရသည်မှာ အားကျောက်သည် ကျန်းကျင်းခိုင် တစ်နေ့ ဤအိမ်သို့ လာမည်ကို ကြိုတင်သိထားဟန်တူသည်။ ဖိနပ်စင်ပေါ်တွင် အသစ်စက်စက် အမျိုးသားစီးညှပ်ဖိနပ်တရံရှိနေခြင်းက ၎င်းကို သက်သေပြနေ၏။ ထို့ကြောင့် ကျန်းကျင်းခိုင် သတိထားမိနိုင်မည့်အရာမှန်သမျှကို သူမ ဖွက်ထားပြီး ဖြစ်သည်။
“ပြီးပြီ ရှင့်အလှည့်”
အားကျောက် ရေချိုးခန်းထဲမှ ထွက်လာရင်း ပြောလိုက်၏။ အိပ်ခန်းထဲဝင်သည်နှင့် သူမက ချက်ချင်းအိပ်ယာပေါ်ထိုင်ပြီး တီဗွီဖွင့်လိုက်သည်။
"အစ်ကိုကျန်း မြန်မြန်လုပ်ပါဆိုနေ ဘာလို့ဒီမှာရပ်နေတာတုန်း”
“ဟုတ်ပါပြီကွာ"
ကျန်းကျင်းခိုင်အဖို့ အားကျောက်၏စကားအတိုင်း လိုက်လုပ်ရုံမှအပ တခြားမရှိတော့။ မကြာမီ ရေချိုးခန်းထဲမှ ရေသံများ ထွက်လာ၏။
အားကျောက်သည် အိပ်ယာပေါ်ထိုင်ပြီး ရေချိုးခန်းထဲမှအသံများကို သေသေချာချာ နားထောင်လိုက်၏။ ကျန်းကျင်းခိုင် တကယ်ပင် ရေချိုးနေပေပြီ။ ထိုအခါ သူမသည် အိပ်ယာမှ တိတ်တဆိတ်ထပြီး ဖွက်ထားသည့် မျက်ကပ်မှန်များကို ထုတ်ယူလိုက်သည်။ ထို့နောက် မျက်ကပ်မှန်အသစ်ကို ပြောင်းတပ်လိုက်၏။ ဤနည်းအားဖြင့် သူမမျက်လုံး အရောင်ပြောင်းသွားခြင်းပင်။ ကျန်းကျင်းခိုင် ရေချိုးခန်းမှ ထွက်လာချိန်တွင် အားကျောက်က မျက်ကပ်မှန်အသစ် ပြောင်းတပ်ထားပြီး ဖြစ်သည်။
“ဟုတ်ပြီ လာလေ အစ်ကိုကျန်း"
အားကျောက်က သပ်သပ်ရပ်ရပ်ခင်းထားသော အိပ်ရာခင်းကို ပုတ်ပြပြီး ပြောလိုက်သည်။
“ကျွန်မက ဘယ်ဘက် ရှင်က ညာဘက် မြန်မြန်လာပါဆိုနေ ဒီမှာ ကြယ်တာရာစစ်ပွဲစတော့မယ်ရှင့်"
“မင်း... သေချာလို့လား”
ကျန်းကျင်းခိုင် တုံ့ဆိုင်းနေ၏။ သူ့စိတ်ထဲတွင် အားကျောက်နှင့် ယင်ကျီးယွမ် သီးခြားလူနှစ်ယောက်စီ ဖြစ်နေမည်ကို စိုးရိမ်နေ၏။ ထိုသို့ဖြစ်နေခဲ့လျင် သူ ယင်ကျီးယွမ်နှင့် အတူအိပ်မိကြောင်း အားကျောက်ကို မည်သို့ရှင်းပြမည်နည်း။
“ဘာတွေစောင့်နေတာလဲ... ကျွန်မက ရှင့်ကို အိပ်ယာထဲအထိ ပို့ပေးနေရအုံးမှာလား”
အားကျောက်က ချစ်စဖွယ်အမူအရာနှင့် ပြောလိုက်၏။
"မြန်မြန်လာပါရှင့် ကျွန်မက ရှင့်ကို ကိုက်မစားပါဘူးနော် ပြီးတော့... ကျွန်မ ဓမ္မတာအချိန်လည်း ရောက်နေတယ်ရှင့် ဘာမှစိတ်ပူမနေနဲ့"
“တကယ်လား”
နောက်ဆုံးတော့ ကျန်းကျင်းခိုင် အိပ်ယာထဲရောက်လာ၏။ သူ အိပ်ယာထဲရောက်သည်နှင့် အားကျောက်က သူ့ဘေးသို့ ကပ်လာပြီး သူ၏ရင်ဘတ်ပေါ်တွင် ခေါင်းတင်လိုက်သည်။
"အစ်ကိုကျန်း ကျွန်မတို့ ဖက်ထားလို့ရမလားဟင်”