သူ့ဘေးနားက မိန်းကလေး
Vol. 5 Ch. 48
တီဗီတွင် ဘာတွေပြနေမှန်း ကျန်းကျင်းခိုင် လုံးဝစိတ်မဝင်စား။ သူ့အာရုံများအားလုံးသည် သူ့ရှေ့ရှိ မိန်းကလေးထံတွင်သာ ရှိနေ၏။ နုပျိုသော၊ လှပသော၊ အားကျောက်နှင့်တထပ်တည်းတူညီသော အနှီမိန်းကလေးသည် သူ့ရင်ခွင်ထဲတွင် အိပ်မောကျလျက်ရှိချေပြီ။ သူမ၏ အသက်ရှုသံကို နားထောင်ရင်း တကယ်ပင် အိပ်ပျော်သွားပြီမှန်း ကျန်းကျင်းခိုင် သိနေ၏။ သူကိုယ်တိုင်ကလည်း ဤအနေအထားကို နှစ်ခြိုက်နေပေသည်။ တခုတည်းသောပြသနာမှာ သူ့ရင်ခွင်ထဲရှိ မိန်းကလေးသည် အားကျောက်ဟုတ်မဟုတ်ကို ကျန်းကျင်းခိုင် ရာနှုန်းပြည့် မသေချာပဲ ဖြစ်နေခြင်းပင်။
ထိုနေ့ညက ကျန်းကျင်းခိုင် တညလုံး အိပ်မပျော်ရှာ။ အိပ်ပျော်နေသော မိန်းကလေး၏ ရှုမောဖွယ်အဆင်းသည် သူ့ကို တညလုံး နိုးကြားအောင် ပြုလုပ်နေ၏။ သူသည် မိန်းကလေး၏မျက်နှာကို အနုပညာလက်ရာတခုကို ကြည့်နေသလို တညလုံး စိုက်ကြည့်လျက်ရှိသည်။ ဤမျက်နှာသည် သူရင်းနှီးသောမျက်နှာ၊ တချိန်က သူနမ်ဖူးသောမျက်နှာ ဖြစ်သည်။ ယခုလည်း သူမ၏ပါးပြင်ကို သူ နမ်းလိုစိတ်ပေါက်နေ၏။ သို့သော် ထိုအနမ်းမှ တစုံတရာကို ဦးတည်သွားမည်ကိုတော့ သူ ကြောက်လှသည်။
အိုး... ထားလိုက်ပါတော့ကွာ...
အတွေးများနှင့် ရှုပ်ရှက်ခတ်နေရင်း ကျန်းကျင်းခိုင်က ဖက်ထားသောလက်က်ို ဖြေလျော့လိုက်၏။ အသက်သုံးဆယ့်ငါးနှစ်အရွယ်၊သူသည် စိတ်ကူးယဉ်မှုများကို လက်တွေ့ကျအောင် ဇာတ်လမ်းဖန်တီးရမည့်အစား လက်လျှော့လိုက်ရမည်ကဲ့သို့ ဖြစ်နေ၏။ သို့သော် အားကျောက် သို့မဟုတ် ယင်ကျီးယွမ်၏ အိပ်ယာပေါ်တွင် အိပ်နေရသည်ကပင် ဇာတ်လမ်းတပုဒ် ဖြစ်နေခဲ့ပြီဟု ဆိုနိုင်ပေသည်။
ထိုအချိန်တွင် အားကျောက်ကား ဘယ်အရာကိုမှာ အတွေးပွားနေဟန်မရှိ။ သူမသည် ကျန်းကျင်းခိုင်ကို ချစ်မြတ်နိုး၏။ ထို့ကြောင့် သူ့ရင်ခွင်ထဲတွင် အပူအပင်ကင်းမဲ့စွာ အိပ်မောကျနေလေသည်။ ကျန်းကျင်းခိုင်သည် ဘယ်အခြေအနေတွင်မဆို သူမကို ကာကွယ်ပေးမည်မှန်း အားကျောက် ကောင်းကောင်းသိထား၏။ တဖက်တွင်လည်း သူမသည် ပင်ပန်းနေ၏။ တကယ်ကြီး ပင်ပန်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် စိတ်ချလုံခြုံ သော ရင်ခွင်ကျယ်ကြီးတွင် သူက မှေးစက်နားခိုရန် လိုအပ်နေပေသည်။ ထိုအခါ သူမသည် ဘာကိုမှတွေးမနေတော့ပဲ စိတ်ချလက်ချပင် အိပ်ပစ်လိုက်တော့သည်။ သူမ အိပ်ပျော်နေပုံမှာ နှစ်လိုဖွယ်ရာ ကောင်းလှချေသည်တကား။
မိုးစင်စင်လင်းလာ၏။ ကျန်းကျင်းခိုင်သည် ခေါင်းအုံးကိုမှီကာ အိပ်ငိုက်လျက်ရှိသည်။ သိပ်မကြာမီ အားကျောက် နိုးလာပြီး အကြောအချဥ်များဆန့်တန်းကာ ကျန်းကျင်းခိုင်က်ို ငေးမောနေ၏။
"နိုးပြီလား"
ကျန်းကျင်းခိုင်ကလည်း ယခုမှ အိပ်ယာက နိုးလာဟန်ဖြင့် မေးလိုက်သည်။
"ဟုတ်ကဲ့"
အားကျောက်က မေးစေ့ကို လက်နှစ်ဖက်ဖြင့်ထောက်ပြီး ကျန်းကျင်းခိုင်ကို စနောက်လိုက်၏။
"အစ်ကိုကျန်းက အတော်လေးကို အမိန့်နာခံတတ်တာပဲနော်"
"ဘာတွေပြောနေတာလဲ"
ကျန်းကျင်းခိုင် ခေါင်းရှုပ်သွား၏။
"ကျွန်မ ဓမ္မတာလာနေတယ်လို့ ပြောတာ ရှင် ယုံသွားတာလား"
အားကျောက်၏ပုံစံမှာ ပြုံးစေ့စေ့နှင့် ဖြစ်လေသည်။
"အဲတာ ကျွန်မ လိမ်နေတာ"
"... ဒီမိန်းကလေးကတော့ကွာ ဒီပုံစံနဲ့ဆို မင်း ယောကျာ်းရမှာ မဟုတ်ဘူး"
ကျန်းကျင်းခိုင် နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။
"ယောကျာ်းမရဘူး ဟုတ်လား"
ပြောရင်းနှင့် အားကျောက်က ကျန်းကျင်းခိုင်၏ ဘေးနားတွင် ဒူးထောက်ထိုင်လိုက်လေသည်။
"အိုး... ဒါဆို ကျွန်မနဲ့ အိပ်ပြီးတာတောင် အစ်ကိုကျန်းက တာဝန်မယူနိုင်တော့ဘူးလို့ ပြောလိုက်တာပေါ့လေ"
ထို့နောက် အားကျောက်က နှုတ်ခမ်းကိုစူထားလိုက်လေသည်။
"ကျုပ်..."
ကျန်းကျင်းခိုင် ဘာပြောရမှန်းမသိပဲ ဖြစ်နေ၏။ မှန်သည်။ သူသည် အားကျောက်နှင့်အတူ အိပ်ခဲ့သည်မှာ အမှန်ပင်။ သို့သော် အိပ်သည်မှလွဲ၍ တခြားဘာမှဖြစ်ခဲ့သည်မဟုတ်။ ထို့ပြင် ကျန်းကျင်းခိုင်သည် တာဝန်ယူမှုရှိသူဖြစ်လေရာ ထိုစကားမျိုးကို အလွယ်တကူပြောရန် ခက်ပေသည်။
"အံမလေးတော်...ကျွန်မက ရှင့်ကိုနောက်နေတာပါနော်"
အားကျောက်ကက ကျန်းကျင်းခိုင်၏နှာခေါင်းကို ညှစ်ပြီး စကားပြောင်းလိုက်၏။
"ဒါနဲ့ အစ်ကိုကျန်းက အားကျောက်ကို တကယ်ချစ်နေတာလား...တကယ်လို့... တကယ်လို့ တစ်နေ့မှာ သူက ရှင့်ကိုလိမ်နေတယ်ဆိုတာ သိသွားရင်... ရှင် သူ့ကိုဒေါသထွက်မှာလား"
"ဘယ်တော့မှ မထွက်ဘူး"
ကျန်းကျင်းခိုင်က ခေါင်းခါပြလိုက်သည်။ သူ့အကြည့်မှာ မျှော်လင့်ချက်ကင်းမဲ့နေသောအကြည့်ဖြစ်သည်။ လူတစ်ယောက်၏အကြည့် ထိုသို့ဖြစ်နေလျင် ထိုသူ မလိမ်မှန်း သိနိုင်၏။ အားကျောက်သည် နှစ်နှစ်ကြာ ပြည့်တန်ဆာဘဝကို ဖြတ်သန်းခဲ့သူဖြစ်လေရာ ယောက်ျားများ၏ မျက်လုံးကို ဖတ်တတ်နေခဲ့လေပြီ။ ဤအတိုင်းဆိုလျင် ကျန်းကျင်းခိုင်၏ ရင်ထဲတွင် အားကျောက်တယောက်တည်းသာ ရှိဟန်ပေါ်နေ၏။
"ဟုတ်ပါပြီ ဒါနဲ့ မနက်စာအဘာစားချင်လဲ အစ်က်ိုကျန်းစားချင်တာ ပြင်ပေးမယ်လေ"
"ဘာဖြစ်ဖြစ်ရပါတယ်ကွာ"
ကျန်းကျင်းခိုင် ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။ တစ်ညလုံး မအိပ်ရသေးသော်လည်း သူအဖို့မှာ အင်အားပြည့်ဝနေသလိုပင်။ သူသည် မအိပ်မနေ အလုပ်လုပ်ရန်ဘလေ့ကျင့်ထားသူဖြစ်သည့်အပြင် သူ့ဘေးနားမှ မိန်းကလေးကလည်း အလွန်ဆွဲဆောင်နေသည် မဟုတ်ပါလား။
"ဘာဖြစ်ဖြစ် ဟုတ်လား ရေခဲသေတ္တာထဲမှာ 'ဘာဖြစ်ဖြစ်'ဆိုတဲ့ဟင်း ရှိမရှိကြည့်လိုက်အုံးမယ်"
အားကျောက်က သူ့ဆံပင်တိုနှံ့နှံ့ကို လက်ဖြင့်သပ်ရင်း ပြောလိုက်၏။
ကျန်းကျင်းခိုင်က အားကျောက်(ကျီးယွမ်)၏ နောက်ကျောကိုကြည့်ရင်း တွေးမိပြန်၏။
ဒီမိန်းကလေး အရင်က ဆံပင်ရှည်ရှည် ထားဖူးသလားပဲ... မဟုတ်ရင် ဆံပင်ကို ဒီလိုဖြီးတဲ့အကျင့်ဘာလို့ရှိနေရမှာလဲ...သူ့ဆံပင်က တိုတိုလေးပဲကို...
ထို့နောက် သူ အမှတ်တမဲ့နှင့် မေးလိုက်သည်။
"ကျီးယွမ်... မင်းဆံပင်က အမြဲတမ်း ဒီလိုခပ်တိုတိုပဲလား"
"အင်း... ဟုတ်တယ်လေ"
အားကျောက်က အနည်းငယ် တုံ့ဆိုင်းပြီးမှ ဖြေလိုက်သည်။ သူမ သတိမထားမိသည်မှာကား မကြာခန ဆံပင်သပ်တတ်သည့်အကျင့်ကြောင့် ယခင်က သူမ ဆံပင်ရှည်ထားဖူးမှန်း သိသာနေခြင်းပင်။
"ဟုတ်ပြီ"
ကျန်းကျင်းခိုင် ပြန်ပြောလိုက်သည်။
"မင်းက ဆံပင်ရှည်ရှည်နဲ့ဆိုရင် ပိုလှမလားလို့ပါ"
အားကျောက် လိမ်နေမှန်းသိသော်ငြား သူက ထပ်စမ်းချင်နေသေး၏။
"တကယ်လား"
အားကျောက်က မီးဖိုချောင်ထဲတွင် အလုပ်လုပ်ရင်း ပြန်ပြောလိုက်သည်။
"ဆံပင်ရှည်က အရမ်းဂရုစိုက်ရတယ်ရှင့် ဒါပေမယ့် ရှင်ကြိုက်ရင် ကျွန်မက ရှည်ရှည်လေးထားပေးမယ်လေ"
ထို့နောက် သူမက ထပ်မေးလိုက်ပြန်၏။
"မှန်မှန်ပြောစမ်း အားကျောက် အရင်က ဆံပင်ရှည်ရှည်နဲ့ ဖြစ်ရမယ် ဟုတ်တယ်မလား"
"ဟဲ ဟဲ ဘာလို့သူ့ကို ထည့်ပြောနေရတာလဲ"
ကျန်းကျင်းခိုင် ပြုံးစေ့စေ့နှင့် ပြန်မေးလိုက်၏။
မနက်စာစားပြီးသည်နှင့် ကျန်းကျင်းခိုင်က အားကျောက်ကို မူကြိုကျောင်းအရောက်ပို့ပြီး ရဲစခန်းသို့ ထွက်လာခဲ့၏။ လမ်းတွင် သူ ယင်ကျီးယွမ်အကြောင်းအား စဥ်းစားနေမိလေသည်။ တကယ်တော့ သူ့စိတ်ထဲတွင် ယင်ကျီးယွမ်နှင့်အားကျောက်သည် တယောက်တည်းဟု ယုံကြည်နေခဲ့လေပြီ။
သို့သော် သူ့ကို ခေါင်းရှုပ်စေသောအချက်မှာ အားကျောက်နှင့်ယွမ်ကျီးယွမ်၏ မျက်လုံးအရောင် ကွဲပြားနေခြင်းပင်။
"ဒါမှမဟုတ် အားကျောက်ရဲ့မျက်လုံးအရောင်ကို ငါပဲ အမှတ်မှားနေသလားမသိဘူး"
ကျန်းကျင်းခိုင် ကိုယ့်ကိုယ်ကိုပင် ဇဝေဇဝါ ဖြစ်လာတော့သည်။
ရဲစခန်းရောက်သည်နှင့် လူရှောက်ချိန် တံခါးခေါက်ပြီးဝင်လာ၏။
"အင်စပက်တာကျန်း ရှာခိုင်းတဲ့ဓာတ်ပုံကို ကျွန်တော် ယူလာပါပြီ အရည်အသွေးကောင်းရဲ့လား ကြည့်ပါအုံး"
"မဆိုးဘူး မင်းတော်တယ်"
ကျန်းကျင်းခိုင် ဓာတ်ပုံကိုကြည့်ရင်းပြောလိုက်၏။
"ရှောက်ချိန် ဒီနေ့အားရင် အနားယူလိုက်ပါ ညီမတယောက်ကို ဆုံးရှုံးရတာ မလွယ်ဘူး မင်း စိတ်ဒဏ်ရာရသွားမှာ စိတ်ပူရတယ်"
"ကျွန်တော် အဆင်ပြေပါတယ် အင်စပက်တာ"
လူရှောက်ချိန် ခေါင်းခါပြလိုက်၏။
"ကျွန်တော် ဒီအမှု ဖြေရှင်းတဲ့နေရာမှာ ကူညီချင်ပါတယ် ဒါမှ ကျွန်တော့်ညီမကိုသတ်တဲ့ခွေးကောင်ကို ဖမ်းမိမယ်မလား အင်စပက်တာ"
"အေး... ကောင်းတယ်"
ကျန်းကျင်းခိုင် သက်ပြင်းချရင်း မေးလိုက်ပြန်သည်။
"မင်းကွန်ပျူတာထဲက ဖိုင်က အရည်အသွေးကောင်းသလား ကျုပ် အားကျောက်မျက်လုံး ဘာအရောင်လဲဆိုတာ သေသေချာချာ သိချင်တယ်"
"ဟုတ်ကဲ့ အင်စပက်တာ သူရဲ့မျက်လုံးတွေက အမည်းရောင်ပါပဲ ကျွန်တော် အသေအချာမြင်ဖူးပါတယ်"
လူရှောက်ချိန်က ပြန်ပြောလိုက်၏။
"ဒါနဲ့ အင်စပက်တာအတွင်း ကျွန်တော်တခုလောက်ပြောအုံးမယ် စိတ်တော့မဆိုးနဲ့နော် အင်စပက်တာရဲ့ချစ်သူဟာ အားကျောက်နဲ့ အရမ်းတူနေတယ်လို့ မထင်မိဘူးလား..."
"ဟုတ်လား"
ကျန်းကျင်းခိုင်က သဘောကျဟန်ဖြင့် လူရှောက်ချိန်ကို လှမ်းကြည့်လိုက်၏။
ဒီကောင်လေး မဆိုးဘူး...သတိလက်လွတ်မနေတတ်ဘူးပဲ...
"ဟီး.. ကျွန်တော် စွက်ဖက်မိပါတယ်"
လူရှောက်ချိန် အားနာသွားဟန်ဖြင့် ခေါင်းကုတ်ရင်းပြောလိုက်၏။
"ဒါပေမယ့် ဓာတ်ပုံအတိုင်းသာဆိုရင်တော့ သူတို့နှစ်ယောက်က တစ်ယောက်တည်းလိုပဲ အင်စပက်တာ"
"ကျုပ်လည်း ဒီလိုပဲတွေးမိတယ် ကဲ ဒစ်ဂျစ်တယ်ဖိုင်ကို ယူခဲ့စမ်းကွာ သူတို့ရဲ့မျက်လုံးအရောင်တွေကို တချက်ပြန်စစ်ရအောင်"
"ဟုတ်ကဲ့အင်စပက်တာ"
သိပ်မကြာမီ ရှောက်မေနှင့်အားကျောက်တို့၏ ဓာတ်ပုံပါသောမန်မိုရီစတစ်ကို ကိုင်ပြီး လူရှောက်ချိန် ပြန်ဝင်လာ၏။ ကျန်းကျင်းခိုင်က စတစ် ကို ကွန်ပျူတာထဲထည့်ပြီး ပုံကိုချဲ့ကာ အားကျောက်၏မျက်လုံးများကို သေသေချာချာကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ တကယ်ပင် အနက်ရောင်ဖြစ်နေ၏။
"မျက်လုံးအရောင်ကလွဲရင် သူတို့နှစ်ယောက်က တစ်ယောက်တည်းလိုပဲ"
ထို့နောက် သူက လူရှောက်ချိန်ကို ထပ်ပြောလိုက်သည်။
"မင်းပြောခဲ့တယ်မလား လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက တစ်စုံတစ်ယောက်ဟာ မင်းမိသားစုကို လစဉ်ပိုက်ဆံလွှဲပေးနေတယ်ဆိုတာလေ"
"ဟုတ်ကဲ့ အင်စပက်တာ သူ ကျွန်တော့ရဲ့ညီမရဲ့ဘဏ်အကောင့်ကိုသုံးပြီး ပိုက်ဆံလွှဲနေတာပါ"
လူရှောက်ချိန်က ခိုင်ခိုင်မာမာပင် ဖြေလိုက်၏။
"ကောင်းပြီ ဒီသဲလွန်စနောက်ကို ကျုပ်တို့ လိုက်ကြည့်ရအောင်"
ကျန်းကျင်းခိုင်က မော်နီတာပေါ်မှဓာတ်ပုံကိုကြည့်ရင်း ပြောလိုက်သည်။
"ဒီအကောင့်ကို ဘယ်အချိန် ဘယ်နေရာမှာ အသုံးပြုပြီး မင်းမိသားစုဆီ ပိုက်ဆံလွှဲခဲ့တယ်ဆိုတာ ရှာကြည့် ဘဏ်မှာ ဒီအချက်အလက်တွေရှိလိမ့်မယ် ပြီးရင် စီစီတီဗွီမှတ်တမ်း ရှိရင်လည်း ရှာကြည့်"
"ဟုတ်ကဲ့ အင်စပက်တာကျန်း ကျွန်တော်အခုပဲသွားလုပ်ပါမယ်"
ထို့နောက် လူရှောက်ချိန်တယောက် အခန်းထဲမှ ထွက်ခွာသွားလေသည်။