ကျီးယွမ်နှင့်ချိန်းတွေ့ခြင်း
Vol. 5 Ch. 49
နေ့လည်စာစားချိန်တွင် ချွေကျင်းနှင့်အားကျောက်တို့နှစ်ယောက် လမ်းဆုံတွင် မျက်နှာချင်းဆိုင် ဆုံမ်ိကြ၏။ ချွေကျင်း၏ မျက်နှာကိုမြင်သည်နှင့် သူမ စိတ်မပျော်မှန်း သိသာလှသည်။ သို့သော် သူမ စိတ်ဆင်းရဲရခြင်း၏ အကြောင်းရင်းမှာ အားကျောက်ကို လီဟုန်းပင် နှောင့်ယှက်ခြင်းကြောင့် ရက်ရက်စက်စက် အရိုက်ခံလိုက်ရခြင်းမှန်း သူမ မသိချေ။ လီဟုန်းပင်ကဲ့သို့ မျက်နှာများသူသည် ချွေကျင်းအား အမှန်အတိုင်း ပြောပြလိမ့်မည်မဟုတ်မှန်း အားကျောက် ကောင်းကောင်းသိထား၏။ သို့သော် သူမ၏ချစ်သူအကြောင်း ချွေကျင်းအားတိုက်ရိုက်မေးမြန်းရန်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူမ လုပ်ဆောင်နိုင်သည့်တခုတည်းသောအရာမှာ ချွေကျင်း၏ရှေ့တွင် ရူးချင်ယောင်ဆောင်နေရခြင်းပင်။
"ကျီးယွမ်ရေ ကျွန်မရည်းစားကို တစ်ယောက်ယောက်က ရိုက်လိုက်တယ်သိလား"
အားကျောက်ကို လမ်းဆုံတွင် မြင်သည်နှင့် ချွေကျင်းက မိန်းကလေးတို့သဘာဝအတိုင်း ရင်ဖွင့်လိုက်၏။ မူကြိုကျောင်းတွင် အားကျောက်သည် ကြင်နာတတ်သူဟု လူသိများ၏။ မူကြိုဆရာများစွာသည် သူမထံတွင် လာရောက်ရင်ဖွင့်လေ့ရှိကြသည် မဟုတ်ပါလား။ မိန်းကလေးသဘာဝကား ဤအတိုင်းသာ။ ယောကျာ်းများနှင့်မတူသည်မှာ မိန်းကလေးများသည် သူတို့၏လျှို့ဝှက်ချက်များကို စိတ်ထဲတွင် သိမ်းထားရန် အလွန်ခက်တတ်ကြ၏။
"တကယ်လား ဒဏ်ရာများသလား"
အားကျောက် ဟန်ဆောင်၍မေးလိုက်သည်။
"ဟုတ်တယ်"
ချွေကျင်းက ပြန်ဖြေလိုက်သည်။
"နံရိုးတွေ အတော်များများ ကျိုးကုန်တယ်လေ"
"ဟယ် တကယ်ကြီးလား"
အားကျောက် တကယ်ပင် အံ့သြသင့်သွား၏။ ထိုညက အဖြစ်အပျက်ကို ပြန်သတိရသွားသော်လည်း အားမင်က လီဟုန်းပင်၏နံရိုးများကို ကန်ခဲ့ကြောင်း သူမ မမှတ်မိတော့။
"ဟုတ်တယ် တကယ်ကြီး သူလေ...ဟုန်းပင်...အဲဒီညက လူတယောက်အလုခံနေရလို့ ဝင်ကယ်တာတဲ့လေ အဲဒါကို..."
လီဟုန်းပင် မည်မျှရဲရင့်ကြောင်းကို ချွေကျင်းက အားကျောက်ကို တမျှော်တခေါ်ကြီး ပြောပြနေတော့သည်။
"ဝိုး ရှင့်ရည်းစားက တကယ် သတ္တိကောင်းတာပါလား"
အားကျောက်က ဇာတ်လမ်းကို နားထောင်ရင်း ဝေဖန်လိုက်၏။ သူမအနေနှင့် အဖြစ်မှန်ကို ပြောပြရန် စိတ်မဝင်စားချေ။ အနှီမျက်နှာများသူ သူမထံမှ ဝေးဝေးနေသရွေ့ ကျန်တာဘာဖြစ်ဖြစ် အားကျောက် ဂရုမစိုက်။ အချို့မိန်းကလေးများသည် ပင်ကိုယ်ကပင် လှည့်စားခံရသည်ကို ကြိုက်တတ်ကြသည် မဟုတ်ပါလား။ ထို့ပြင် ရိုးရိုးသားသားပြောရလျှင် သူမအနေနှင့် ချွေကျင်းအား စာနာစိတ်ပင်မရှိ။ အကြောင်းမှာ ချွေကျင်းသည် သူမ၏ ငယ်ဘဝကို များစွာ သတိရစေ၏။ အခြေခံအားဖြင့် သင်သည် လွန်ခဲ့သောနှစ်များစွာက အားကျောက်နှင့် ယနေ့ ချွေကျင်းတို့ကို တစ်ခုတည်းသောစကားလုံးဖြင့် ဖော်ပြနိုင်၏။ ထိုစကားလုံးမှာ "အရူး"ဟူသော စကားလုံးပင် ဖြစ်သည်။
"ဒါပေမယ့် သူဒဏ်ရာများတယ် ကျွန်မ ဘာလုပ်ရမလဲဟင်"
ချွေကျင်းက အားကျောက်ကို စိုးရိမ်တကြီးနှင့် မေးလိုက်၏။
"အင်း သူဆေးကုသမှုခံယူသင့်တာပေါ့"
အားကျောက်က ပြုံးပြရင်း ပြောလိုက်၏။
"စိတ်မပူနဲ့ ဒီလိုလုပ်ကြည့်ရအောင် ကျွန်မမနက်ဖြန်ညနေပိုင်းသင်တန်းချိန်တွေကို ယူပေးလိုက်မယ် ဒါဆို မင်းသူ့ကိုသွားပြီး ဂရုစိုက်နိုင်ပြီ"
လီဟုန်းပင်ကို အလွန်ရွံရှာမုန်းတီးသည့်တိုင် သူဆေးရုံတက်နေရခြင်းအတွက် အပြစ်မကင်းဟုတော့ အားကျောက် ခံစားနေရသည်။ ထ်ိုခံစားချက်ကို ပျောက်ကင်းသွားစေရန် တခုတည်းသောလုပ်ဆောင်နိုင်သည့်အရာမှာ ချွေကျင်းကို ကူညီခြင်းသာ ဖြစ်သည်။
"ဒါပေမယ့် ကျွန်မ စိတ်မကောင်းဘူး ဖြစ်နေတယ်"
ချွေကျင်းက ရှက်ရွံ့အားနာဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မကြောင့် ရှင် အမြဲတမ်းအလုပ်ပိုနေရတယ်"
"ဘာမှအားနာမနေနဲ့ သွားမှာသာသွားစမ်းပါ"
အားကျောက်က ပြုံးပြရင်း နှစ်သိမ့်လိုက်၏။
"ဒါပေမယ့် သူနဲ့အမြဲတမ်းရှေ့ဆက်ဖို့ဆုံးဖြတ်ထားရန် သူ့ကိုမျက်ခြေမပြတ်စေနဲ့ သိလား"
နေ့လည်စာစားပြီးနောက် အားကျောက်က ကျန်းကျင်းခိုင်၏ဖုန်းကို ခေါ်လိုက်သည်။
"အစ်ကိုကျန်း ညနေအားလား"
"အားမယ်ထင်တယ် ဘာရှိလို့လဲ"
ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။
ကျန်းကျင်းခိုင် အားကြောင်းကြားသည်နှင့် ရုတ်တရက် သူမ၏မျက်နှာပူလာသည်ကို ခံစားလိုက်ရ၏။
"ဒါဆို ကျွန်မကိုလာကြိုပြီး ပျော်စရာနေရာတခုကို ခေါ်သွားပေးနော် အစ်ကိုကျန်း"
"ကောင်းပါပြီဗျာ"
အားကျောက်၏ဖိတ်ခေါ်မှုကို ကျန်းကျင်းခိုင် လျင်မြန်စွာ လက်ခံလိုက်သည်။ လက်ရှိတွင် သူသည် အားကျောက်နှင့် ချိန်းတွေ့ရန် အလွန်စိတ်အားထက်သန်နေသည်မဟုတ်ပါလား။ သူမနှင့်အနီးကပ်နေသည်နှင့်အမျှ ယင်ကျီးယွမ်နှင့် အားကျောက်သည် တဦးတည်းမှန်း သူ သက်သေပြနိုင်လာပေလိမ့်မည်။ တကယ်တော့ ကျန်းကျင်းခိုင်သည် သူ့လုပ်ဖော်ကိုင်ဖက်များအား ယင်ကျီးယွမ်၏နောက်ခံအချက်အလက်များကို စစ်ဆေးရန် မှတ်ပုံတင်ဌာနသို့ တောင်းဆိုပြီးဖြစ်သည်။
အလုပ်မဆင်းမီလေးမှာပင် လူရှောက်ချိန် ဌာနသို့ ပြန်ရောက်လာ၏။ ခရီးရောက်မဆိုက်ပင် သူက ကျန်းကျင်းခိုင်၏ ရုံးခန်းသို့သွားပြီး တင်ပြလိုက်သည်။
"အင်စပက်တာကျန်း ကျွန်တော် ရှောက်မေရဲ့အကောင့်ကို စစ်ဆေးပြီးပြီ ငွေလွှဲမှုတစ်ခုကို တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှီဂတ်စီမြို့က လုပ်ခဲ့တာပဲ ကျန်တာတွေကတော့ ဒီမြို့ကပါ"
"ရှီဂတ်စီ ဟုတ်လား"
ကျန်းကျင်းခိုင် မျက်မှောင်ကုတ်သွားသည်။ အားကျောက် တိဘက်ကို ရောက်ဖူးကြောင်း သူ သိရှိထား၏။
"စိတ်ဝင်စားဖို့ကောင်းတယ်အင်စပက်တာ ဒီငွေလွှဲမှုတွေက ရှောက်မေကိုယ်တိုင် မလုပ်တာတော့ သေချာတယ် ရှောက်မေဟာ ဒီမြို့ကနေ ဘယ်ကိုမှ မရောက်ဖူးဘူး တိဘက်ဆိုဝေးရောပေါ့"
လူရှောက်ချိန်က ခိုင်ခိုင်မာမာပင် ပြောလိုက်သည်။
"ဒါ... အဓိပ္ပာယ်ရှိတယ်"
ကျန်းကျင်းခိုင် ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။ သို့သော် အားကျောက် တိဘက်သို့ရောက်ဖူးကြောင်းကိုတော့ သူ မပြောပဲထားလိုက်၏။
"စီစီတီဗွီမှတ်တမ်းတွေ ရခဲ့သလား"
"ဘဏ်က သူတို့ရဲ့စီစီတီဗွီမှတ်တမ်းတွေကို စစ်ဆေးနေပါတယ်အင်စပက်တာ ဒါပေမယ့် ဒီနေ့တော့ မရနိုင်သေးဘူး"
လူရှောက်ချိန်က ဖြေလိုက်သည်။
"ဟုတ်ပြီ"
ထို့နောက် ကျန်းကျင်းခိုင်က ခနစဉ်းစားပြီး လိပ်စာတခုကို ချရေးလိုက်သည်။
"ရော့ မနက်ဖြန် အိမ်ထောင်စုမှတ်ပုံတင်ဌာနကို သွားပြီး ဒီလိပ်စာရဲ့ပိုင်ရှင်ကို ရှာပေးပါလို့ သူတို့ကို ပြောလိုက်"
"ဟုတ်ကဲ့အင်စပက်တာ"
လူရှောက်ချိန် ဝမ်းသာအားရနှင့် သဘောတူလိုက်၏။ ထို့နောက် သူက ကျန်းကျင်းခိုင် အလုပ်ဆင်းရန် ဟန်ပြင်နေသည်ကိုကြည့်ရင်း မေးလိုက်၏။
"အလုပ်ဆင်းတော့မလို့လား အင်စပက်တာ"
"ဟုတ်တယ်ကွ ကျုပ်ရည်းစားနဲ့ ချိန်းထားတာရှိလို့"
ကျန်းကျင်းခိုင် ပြုံးပြရင်း ပြန်ဖြေလိုက်သည်။
"နောက်ထပ်ဘာရှိအုံးမလဲ"
"ဟိုဟာလေ...အင်စပက်တာ..ဒီညနေမှာ ကျွန်တော် လမ်းကြားထဲ စောင့်ကြည့်ချင်ပါတယ်"
ထိုသို့ပြောနေရင်းနှင့်ပင် လူရှောက်ချိန်၏မျက်နှာ နီးမြန်းလာ၏။ သူသည် သူ့ညီမ၏အလုပ်အကိုင်အကြောင်း သိထားပြီးပြီ မဟုတ်ပါလား။ သို့သော် ဘာဖြစ်သနည်း။ ပညာတတ်မဟုတ်သော သာမာန်အမျိုးသမီးငယ်တစ်ဦးအတွက် မိသားစုကို ထောက်ပံ့ရန် ရွေးချယ်စရာ သိပ်များများစားစား မရှိ။
"ကောင်းပြီ သွားလိုက်ပါ"
ကျန်းကျင်းခိုင် သဘောတူလိုက်၏။
"ညပိုင်းမှာအေးတယ် ဒါကြောင့် အဝတ်ထူထူဝတ် ဘေးကင်းအောင်နေ ဟုတ်ပြီလား"
ထို့နောက် သူ ရုံးခန်းမှ ထွက်လာခဲ့၏။ လူရှောက်ချိန်၏တောင်းဆိုမှုသည် ကွယ်လွန်သူဝေစင်းကို သတိရသွားစေသည်။ ဝေစင်းတယောက် ကောင်းကင်ဘုံတွင် ပျော်ရွှင်နေမည်ဟု ကျန်းကျင်းခိုင် မျှော်လင့်နေမိလေသည်။
၅ နာရီတွင် မူကြိုကျောင်း၏ကားပါကင်သို့ ကျန်းကျင်းခိုင် ရောက်လာ၏။ နာရီဝက်စောပြီး သူ ရောက်လာခြင်း ဖြစ်သည်။ သူ့အနေနှင့် ယင်ကျီးယွမ်၏ ပတ်ဝန်းကျင်၊ အထူးသဖြင့် အနုပညာစတူဒီယိုကို လေ့လာလိုစိတ်ရှိနေ၏။ ထိုနေရာမှတဆင့် အားကျောက်နှင့်ယင်ကျီးယွမ်သည် တယောက်တည်းဖြစ်ကြောင်း ညွှန်ပြနိုင်မည့် အထောက်အထားတချို့ ရှာတွေ့ရန် သူ မျှော်လင့်ထားသည် မဟုတ်ပါလား။
"ဟယ်လို ကျီးယွမ် ကျုပ်ရောက်ပြီ"
ကျောင်းတံခါးဝမှနေ၍ ကျန်းကျင်းခိုင် ဖုန်းခေါ်လိုက်လေသည်။
"ဟယ် ဒီလောက်တောင် စောပြီးလာတာလား"
အားကျောက်၏အသံမှာ ရွှင်မြူးနေလေသည်။
"ဒါပေမယ့် ကျွန်မ မပြီးသေးဘူးရှင့်"
သူမ တစ်စက္ကန့်မျှ တုံ့ဆိုင်းပြီးနောက် ဆက်ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး ကျွန်မ ထွက်လာပြီး ရှင့်ကိုလာကြိုမယ်လေ ရှင် ကျွန်မရဲ့စတူဒီယိုကို ဝင်ကြည့်ပေါ့ မကောင်းဘူးလား"
"သိပ်ကောင်းတာပေါ့ကွာ"
ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။ နတ်ဘုရားများသည်ပင် သူ့အတွက် ကူညီပေးနေရော့သလား။
"ဒါဆို ကျွန်မထွက်လာတော့မယ်၊"
သုံးမိနစ်အတွင်း အားကျောက် မူကြိုကျောင်းထဲမှ ပြေးထွက်လာသည်။ ထို့နောက် သူမသည် အနုပညာစတူဒီယိုသို့ ကျန်းကျင်းခိုင်နှင့်လက်ချိတ်ပြီး လျှောက်သွားလေသည်။ အားကျောက်ဖြစ်စေ ယင်ကျီးယွမ်ဖြစ်စေ ဤအမျိုးသားသည် နောက်ဆုံးတွင် သူမ၏ခင်ပွန်းဖြစ်လာမည်ဖြစ်၍ သူမအနေနှင့် ဘာကိုမှ ရှက်နေစရာမလိုတော့။
"ကဲ ရောက်ပါပြီရှင် ဒါကတော့ ကျွန်မရဲ့စတူဒီယိုပါ!"
အားကျောက်က ကျန်းကျင်းခိုင်ကို ပထမထပ်ရှိ စာသင်ခန်းတစ်ခုသို့ ခေါ်ဆောင်သွား၏။
"ဒီမှာ ညနေပိုင်းတွေဆိုရင် ကျွန်မက ကလေးတွေကို ပန်းချီသင်ပေးတာပေါ့
"အိုး အရမ်းလှတဲ့နေရာပါလား"
"အစ်ကိုကျန်း တကယ်သဘောကျလို့လား"
ကျန်းကျင်းခိုင်၏စကားကြောင့် အားကျောက် ပီတိဖြာသွားလေသည်။ ထို့နောက် သူမက ပန်းချီဆွဲသည့်ခုံတွင် ထိုင်ရင်း ကျန်းကျင်းခိုင်က်ို ပြောလိုက်ပြန်၏။
"ပန်းချီကားက ပြီးတော့မှာ အစ်ကိုကျန်း ရှင် အဲဒီမှာ ခနလေးထိုင်ပြီး စောင့်ပေးပါလား"
"ရတာပေါ့"
ကျန်းကျင်းခိုင် ပန်းချီကားကို ကြည့်ရင်း ပြောလိုက်သည်။ အားကျောက်သည် အလွန်တော်သော ပန်းချီဆရာဖြစ်ကြောင်းကိုတော့ သူဝန်ခံရပေလိမ့်မည်။ စုတ်ချက်တစ်ချက်စီတိုင်းတွင် ပန်းချီကားပေါ်ရှိ လူပုံသည် အသက်ဝင်လာ၏။
"မင်း ပုံတူဆွဲရတာ ကြိုက်တယ်ပေါ့ ကျုပ်ကိုလဲ ပုံတူတစ်ချပ်လောက် ဆွဲပေးပါလား" J
ကျန်းကျင်းခိုင် နောက်လိုက်၏။
"ဟုတ်တယ် ပုံတူတွေအပြင် မြို့ပြရှုခင်းတွေလည်း ဆွဲရတာ ကြိုက်တယ် ရှင်က ပုံတူဆွဲချင်တာလား ဆွဲပေးမှာပေါ့ရှင် ဒါပေမယ့် ကျွန်မကိုလက်ထပ်ရမယ်"
ထို့နောက် အားကျောက်တယောက် ပန်းချီဆက်ဆွဲနေလေသည်။
"ဟား ဟား ပုံတူက စျေးကြီးလှချည်လား"
ကျန်းကျင်းခိုင် ရယ်မောရင်း ပြန်ပြောလိုက်၏။
"မင်းနဲ့လက်ထပ်ရင် အားကျောက်က ဘယ်လိုဖြစ်သွားမလဲ"
ထိုအခါကျမှ သူ ယင်ကျီးယွမ်၏ ထူးခြားချက်ကို သတိပြုမိတော့၏။ သူမသည် အားကျောက်ကို သူ့ချစ်သူအဖြစ် ရည်ညွှန်းသောအခါတိုင်း မနာလိုမဖြစ်ချေ။ ၎င်းမှာ မိန်းကလေးတဦးအတွက် ပုံမှန်အပြုအမူ မဟုတ်။
"သူ့ကိုမေ့လိုက်ပါတော့ရှင် သူဟာ ရှင့်ထက် ပိုကောင်းတဲ့သူတစ်ယောက်နဲ့ တွေ့မယ်လို့ ကျွန်မ သိနေတယ် ပြီးတော့ သူ ပုန်းနေတယ်မဟုတ်လား ရှင့်ဆီကနေလေ"
"အိုး အားကျောက် ပုန်းနေမှန်း မင်း ဘယ်လိုလုပ်သိနေတာတုန်း"
ကျန်းကျင်းခိုင် စကားအစ်လိုက်သည်။
"အစ်ကိုကျန်းပဲ ပြောပြတာလေ မမှတ်မိတော့ဘူးလား"
အားကျောက်က ပြန်ဖြေလိုက်သည်။
"အဲဒီနားက စင်ပေါ်မှာ ကျွန်မရဲ့အရင်က လက်ရာတွေရှိတယ် ရှင် စိတ်ဝင်စားရင် သွားကြည့်လို့ရတယ် ကျွန်မ နည်းနည်းကြာအုံးမယ်ထင်တယ်"
"ရပါတယ်ကွာ အေးဆေးလုပ်ပါ"
ကျန်းကျင်းခိုင်က အလိုက်အထိုက် ပြန်ပြောလိုက်၏။ တကယ်တော့ အားကျောက် ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ထိုလက်ရာများကို သူ သေချာပေါက် ကြည့်ရပေလိမ့်မည်။ ဤနေရာသို့ ရောက်ရှိလာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၎င်းကြောင့်ပင် မဟုတ်ပါလား။