← Chapters

မည်သူမည်ဝါမှန်းဖော်ထုတ်နိုင်ပြီ

Vol. 5 Ch. 50

မည်သူမည်ဝါမှန်းဖော်ထုတ်နိုင်ပြီ

Vol. 5 Ch. 50

စင်ပေါ်တွင် အားကျောက်၏ ပန်းချီကားများသာမက ကျောင်းသားများ၏ လက်ရာများလည်း ရှိနေ၏။ ကျန်းကျင်းခိုင်ကား ကလေးများ၏ပန်းချီများကို လုံးဝစိတ်မဝင်စား။ သူသည် အားကျောက်သိမ်းဆည်းထားသည့် ပန်းချီကားများထဲမှ တစ်ချပ်ကို အထူးဂရုတစိုက် ရှာဖွေနေသည်။

"ကျီးယွမ် ဒီမှာ ဘာဆွဲထားတာလဲ နန်းတော်တစ်ခုလား"

ကျန်းကျင်းခိုင် မေးလိုက်၏။

"နန်းတော်" အားကျောက် လှည့်ကြည့်ရင်း ရယ်မောလိုက်သည်။

"ဟားဟား.. တောသားကြီးတစ်ယောက်လို မပြောနဲ့လေအစ်ကိုကျန်းရဲ့ အဲဒါ တာရှီလွန်ပိုဘုန်းကြီးကျောင်းလေ"

"တာရှီလွန်ပိုကျောင်းတော်လား မင်း တိဘက်ကိုသွားဖူးတာလား"

ကျန်းကျင်းခိုင် ကြိတ်ပြုံးရင်း စကားအစ်လိုက်ပြန်သည်။

အဖြေပေါ်သွားပြီနဲ့တူတယ်.. ငါ့ကိုတောသားကြီးဆိုပဲ...ဦးရဲကြီးလို့ခေါ်ရင်ကောင်းမှာပဲ...

"ဟုတ်တယ်.. ရောက်ဖူးတယ်လေ..."

အားကျောက် လွှတ်ခနဲ ပြောမိ၏။ ပြီးမှ သူမ စကားမှားသွားမှန်း သူ့ကိုယ်သူ သတိထားမိလိုက်လေသည်။

"မကြာသေးခင်က သွားဖူးတာပါ"

အထက်ပါအတိုင်း ပြောပြီး အားကျောက် စုတ်တံကို ပန်းချီကားပေါ် ဖိ၍ ဆွဲလိုက်၏။

ငါ့စကားမှားသွားပြီနဲ့တူတယ်...ဒီရဲကြီး ငါ့ကို လှည့်စားတာပဲ...

"တကယ်လား အားကျောက်လည်း တိဘက်သွားပြီးပြန်လာတာ သိပ်မကြာသေးဘူးပဲ"

ကျန်းကျင်းခိုင်က အောက်ကလိအာနိုင်သော အသံနှင့် ပြောလိုက်ပြန်သည်။

မင်းဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မလဲကြည့်လိုက်အုံးမယ်...

"ဟုတ်လား"

အားကျောက်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ကျန်းကျင်းခိုင်ထံ တဖြည်းဖြည်း ချည်းကပ်လာ၏။

"သူလဲ ရှီဂတ်စီကို ရောက်ဖူးတာလား"

"ရှီဂတ်စီလား"

ကျန်းကျင်းခိုင် နဝေတိမ်တောင် ဖြစ်သွား၏။ တာရှီလွန်ပိုကျောင်းတော်သည် ရှီဂတ်စီတွင် တည်ရှိကြောင်း သူမသိ။

"မသိဘူးမလား"

အားကျောက်က ပြောရင်း ကျန်းကျင်းခိုင်၏မျက်နှာပေါ်တွင် စုတ်တံနှင့် မျဥ်းတကြောင်းဆွဲပြီး ထွက်ပြေးသွားတော့သည်။

"ဟေ့ ဟေ့..ဒါဘာလုပ်တာလဲ"

ကျန်းကျင်းခိုင် ပန်းချီကားကိုချပစ်ခဲ့ပြီး အားကျောက်ကို နောက်မှလိုက်ဖမ်းလိုက်၏။ မူကြိုကျောင်းမှဆရာမတဦးအနေနှင့် အားကျောက်သည် သူမ၏စတူဒီယိုတွင် စိတ်ထင်တိုင်းကြဲရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သိပ်မကြာခင် သူမကို ကျန်းကျင်းခိုင် ဖမ်းမိသွားတော့သည်။

"အစ်ကိုကျန်း.. နောက်တစ်ခါမလုပ်တော့ဘူး.. လွှတ်ပါတော့"

အားကျောက် တောင်းပန်နေရှာသည်။

"လွှတ်ပေးရမယ် ဟုတ်လား...မရပါဘူး... ကျုပ်ကလဲ မင်းမျက်နှာပေါ် ပြန်ဆွဲမှာပဲ"

ကျန်းကျင်းခိုင်ကား အလျှော့မပေးချေ။

"ရှင်ကြီးနော်...အဓိပ္ပါယ်မရှိတာ.. ကျွန်မက မိန်းကလေးလေ...မိန်းကလေးတယောက်မျက်နှာပေါ် ဒီလိုတွေဆွဲလို့ ဘယ်ဖြစ်မလဲရှင့်"

အားကျောက်က နှုတ်ခမ်းစူကာ စိတ်ဆိုးဟန်ဖြင့် ပြောလိုက်သည်။

"ဟုတ်လား.. အားကျောက်ကတော့ မိန်းကလေးတွေကို လျှော့မတွက်နဲ့လို့ ပြောဖူးတယ်"

ယခုတိုင် ရုန်းကန်နေဆဲအားကျောက်ကို ကြည့်ရင်း ပြုံးစေ့စေ့နှင့် ကျန်းကျင်းခိုင်က ပြောလိုက်သည်။

"ဘုရားရေ...လာပြန်ပြီလား အားကျောက်...ကျွန်မ ရှင့်အားကျောက်ကို မုန်းတယ်"

ပါးစပ်ကသာ မကျေနပ်ကြောင်းပြောနေသော်လည်း သူမ၏မျက်နှာမှာ ပြုံးရွှင်နေ၏။

"ကောင်းပြီလေ ကျွန်မမျက်နှာပေါ်မှာ ရှင့်ကို ဆွဲခွင့်ပေးမယ်"

အထက်ပါအတိုင်းပြောရင်း အားကျောက်က ကျန်းကျင်းခိုင်လက်မှ လွတ်မြောက်ရန် ရုန်းကန်လိုက်ပြန်သည်။ သို့သော် ကျန်းကျင်းခိုင်ကား လွှတ်မပေးချေ။ ဤသို့နှင့် သူတို့နှစ်ယောက်သည် ရုန်းရင်းကန်ရင်းနှင့် သင်ပုန်းနှင့်ကျောကပ်မိသွားတော့သည်။

"အစ်ကိုကျန်း လွှတ်ပါတော့ ကျွန်မ နာနေပြီရှင့်"

"ကောင်းပြီ"

အားကျောက်ထံမှ နာနေပြီဟူသောအသံထွက်လာ၍ ကျန်းကျင်းခိုင် အလျော့ပေးလိုက်၏။ ဤတကြိမ်တွင်လည်း သူ အလိမ်မိသွားပြန်သည်။ နောက်ဆုံးတကြိမ် ဆေးရုံတက်စဥ်က အားကျောက် မည်မျှဆိုးသွမ်းခဲ့သည်ကို သူ မေ့သွားပုံရလေသည်။

"ဟီဟီ.. ပျော်စရာကြီး"

ကျန်းကျင်းခိုင် ရုတ်တရက် လွှတ်ပေးလိုက်သည်နှင့် အားကျောက်သည် စုတ်တံနှင့် ကျန်းကျင်းခိုင်၏မျက်နှာကိုဆွဲပြီး ထွက်ပြေးပြန်သည်။

"မင်းတော့လား"

ဤမျှ ပြောင်ချော်ချော်နိုင်သောမိန်းကလေးကို ကျန်းကျင်းခိုင် ဘာလုပ်ရမှန်းပင် မသိတော့။ နောက်ဆုံးတော့ သူက ကျန်းကျင်းခိုင်လက်ထဲမှ စုတ်တံကို လုယူရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်မှာပင် အားကျောက်သည် ခြေချော်ပြီး သင်ပုန်းကြီးနှင့် ဝင်တိုက်မိတော့သည်။ ကံဆိုးစွာပင် သင်ပုန်းဖျက်သည် သူမ၏ခေါင်းပေါ်သို့ ပြုတ်ကျလာ၏။ သူမ၏မျက်နှာတခုလုံးမှာလည်း ဖွေးဖွေးဖြူသွားတော့သည်။

ကျန်းကျင်းခိုင် အားကျောက်ကို ကမန်းကတန်းဆွဲထူရင်း ပြောလိုက်၏။

"တွေ့လား ကံဘယ်လောက်ဆိုးနေသလဲဆိုတာ ကျောက်သင်ပုန်းကတောင် မင်းကို ဒုက္ခပေးနေပြီ"

"အား...ရှင်က ဆူပဲဆူနေတယ် ကျွန်မမျက်လုံးထဲဖုန်ဝင်နေပြီ.. ဘာမှမြင်ရတော့ဘူး"

အားကျောက် အထက်ပါအတိုင်းအော်ဟစ်ပြီး မျက်လုံးအစုံကို ပွတ်သပ်နေ၏။

"မပွတ်နဲ့.. ကျုပ် လေနဲ့မှုတ်ထုတ်ပေးမယ်"

မြေဖြူမှုန့်များကြောင့် အားကျောက်၏မျက်လုံး ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် ကျန်းကျင်းခိုင်က စိုးရိမ်တကြီး ပြောလိုက်သည်။

"မလိုပါဘူး ကျေးဇူးတင်ပါတယ်"

အားကျောက် မျက်နှာနီနီနှင့် ငြင်းဆန်လိုက်၏။ သို့သော် သူမ ဘယ်လိုမှ ကျန်းကျင်းခိုင်လက်မှ မလွတ်မြောက်နိုင်တော့။ ကျန်းကျင်းခိုင်၏ မျက်နှာသည် သူမနှင့် အလွန်နီးကပ်စွာ ရှိနေလေသည်။ အားကျောက် မျက်လုံးအစုံကို မှိတ်ထား၏။ သူမ ကျန်းကျင်းခိုင် လေနှင့်မှုတ်မည်ကို မကြောက်။ သူမမျက်လုံးအရောင်ပြောင်းသွားခြင်း၏လျှို့ဝှက်ချက်အား ကျန်းကျင်းခိုင် တွေ့သွားမည်ကိုသာ စိတ်ပူနေလေသည်။

"စိတ်မပူပါနဲ့ကွ ကျုပ် ဂရုစိုက်ပြီးလုပ်ပေးမှာပါ"

ကျန်းကျင်းခိုင်၏အသံမှာ အလွန်နူးညံ့နေ၏။ သူ့စိတ်ထဲတွင်လည်း အားကျောက်၏မျက်လုံးကို အနီးကပ်ကြည့်ခွင့်ရတော့မည်ဟု တွေးတောနေလေသည်။

"ဟုတ်"

အားကျောက် မတတ်သာတော့ပဲ ခေါင်းညိတ်လိုက်ရသည်။ မျက်လုံးထဲတွင် မြေဖြူမှုန့်များနှင့် ပြည့်နှက်နေလေရာ တကယ်တော့ သူမ နေမထိထိုင်မသာ ဖြစ်နေခဲ့လေပြီ။ ထိုအခါ ကျန်းကျင်းခိုင်သည် အားကျောက်၏မျက်လုံးထဲမှ မြေဖြူမှုန့်များကို လေနှင့်မှုတ်ပေးလိုက်လေသည်။ ထိုအခါကျမှ ပုံမှန်နေရာတွင်မရှိတော့ပဲ နေရာရွေ့နေသော မျက်ကပ်မှန်ကို သူ တွေ့လိုက်ရသည်။

"ဒီမှာဘာလဲမသိဘူး တခုခုရှိနေတယ်"

အားကျောက်၏မျက်လုံးကို အနီးကပ်စိုက်ကြည့်ရင်း ကျန်းကျင်းခိုင်က ပြောလိုက်သည်။

"ရှင်က တော်တော်ဆိုးတာပဲ မိန်းကလေးတွေ မျက်ကပ်မှန်တပ်တာ တခါမှမတွေ့ဖူးဘူးလား ခနဖယ်အုံး ကျွန်မ သန့်ရှင်းရေးသွားလုပ်လိုက်အုံးမယ်"

ရေချိုးခန်းမှ ပြန်လာသောအခါ အကျော်၏မျက်လုံးများသည် ပုံမှန်အတိုင်း အနက်ရောင် ဖြစ်နေခဲ့လေပြီ။ သူမ၏ မျက်ကပ်မှန်မှာ မြေဖြူမှုန့်များ ပေကျံနေ၍ သန့်ရှင်းရေးလုပ်ပြီးသည့်တိုင် ဝတ်ရသည်မှာ မည်သို့မှ အဆင်မပြေတော့။ စတူဒီယိုသို့ ပြန်ရောက်သည်နှင့် ကျန်းကျန်းကိုင်က အားကျောက်ကို ပြေးဖက်ရင်း ပြောလိုက်သည်။

"ပြစမ်း မင်းမျက်လုံးတွေ ဘယ့်နှယ်လဲ နာနေသေးလား"

"တော်ပါ ကျွန်မ ရှင့်ကို မကြည့်ချင်ပါဘူး ရှင်က တော်တော်ဆိုးတဲ့ရဲကြီး"

ပြောပြောဆိုဆို သူမက ကျန်းကျင်းခိုင်၏ရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်လေသည်။

ထိုအခါ ကျန်းကျင်းခိုင်က အားကျောက်၏ နားအနီး တိုးတိုးကပ်ပြောလိုက်သည်။

"မင်းလိမ်တယ်.. မင်းကိုဖမ်းပစ်သင့်တာ"

"ကျွန်မ မလိမ်ပါဘူး.. ကျွန်မနာမည်အစစ်က ယင်ကျီးယွမ်ပဲလေ....အစ်ကိုကျန်း.. ကျွန်မကိုမထားခဲ့ပါနဲ့နော်...ကျွန်မကို မထားခဲ့ပါနဲ့"

ပြောရင်းနှင့် အားကျောက်၏အသံသည် တုန်ယင်လာ၏။ ထို့နောက် သူမ၏မျက်ဝန်းမှ မျက်ရည်များ စီးကျလာလေသည်။

"မထားခဲ့ပါဘူးကွာ...ဘယ်တော့မှမထားခဲ့ပါဘူး...မင်းသာ ထွက်မပြေးတော့နဲ့နော်"

ထို့နောက် သူက အားကျောက်၏ပါးပြင်က်ို ငြင်သူစွာ နမ်းရှိုက်လိုက်လေသည်။

"အဲဒါရှင့်ကြောင့်.. ရှင်ကမှ ကျွန်မကို စကားမပြောတော့တာ"

အားကျောက်က ကျန်းကျင်းခိုင်၏ ရင်ဘတ်ကို လက်သီးဆုပ်နှင့်ထုပြီး အထက်ပါအတိုင်း ပြောနေလေ၏။

"ကျုပ် တောင်းပန်ပါတယ်ကွာ"

ကျန်းကျင်းခိုင်က အားကျောက်ကို ပို၍ဖက်ထားလိုက်၏။

"အစ်ကိုကျန်း.. ကျွန်မ ရှင့်ကိုချစ်တယ်"

အားကျောက် တိုးတိုးလေးပြောလိုက်လေသည်။

All Chapters