← Chapters

အခန်း (၁၇၄၆-၁၇၅၀)

Vol. 70 Ch. 1746-1750

အခန်း (၁၇၄၆-၁၇၅၀)

Vol. 70 Ch. 1746-1750

အပိုင်း (၁၇၄၆)

“နင်ဘာပြောလိုက်တယ်” လော့လန်က ခေါင်းခါလျက် ကုကျင်းရှန်အား စူးရဲစွာစိုက်ကြည့်လျက် “နင့်ဒေါ်လေးလန်က နှစ်တွေအများကြီး အသက်ရှင်လာတာ… ဟုတ်လား။ နင်ငါ့ကို အိုနေပြီလို့ ပြောချင်တာလား”

“အာ…” ကုကျန်းရှင်သည် ရှက်ကိုရှက်ကန်း အမူအရာဖြင့် ခေါင်းကိုကုတ်လျက် အလေးအနက်အမူအရာဖြင့် ခေါင်းစဉ်ပြောင်းရန် ကြိုးစားလိုက်လေသည် “ပြီးတော့ ကျုပ်လေ့လာကြည့်ရသလောက် သူလေဟာနယ်စွမ်းအားကို သုံးပြီး လီမင်ဟိုင်ကို တိုက်ခိုက်ခဲ့တာ”

လော့လန်၏ အာရုံသည် ကုကျန်းရှင် ပြောလိုက်သည့် စကားပေါ်သို့ ပြန်ရောက်သွားခဲ့သည် “လေဟာနယ်စွမ်းအား၊ အဲ့စွမ်းအားကို သူသုံးနိုင်တာလား”

“သုံးနိုင်တာထက်ကို ပိုတယ်” ရန်ကိုင် လီမင်ဟိုင်အား တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်ကြည့်ရင်း ကုကျ်နးရှင်က ပြောလိုက်လေသည် “သူ့အဆင့်က တော်တော်လေး မြင့်နေပြီ။ လေဟာနယ်စွမ်းအားကို ဓါးသွားအဖြစ်တောင် ဖန်တီးပြီးတော့ တိုက်ခိုက်လိုက်သေးတယ်။ အဲ့ဒါကြောင့်ပဲ လီမင်ဟိုင်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဟင်းလင်းပြင်ထဲ ပျောက်သွားခဲ့ရတာ”

လော့လန် သက်ပြင်းရှိုက်မိသွားလေသည်။

“ရှင်းရှင်းပြောရရင် ကျုပ်သူနဲ့ပဲ မိတ်ဆွေဖြစ်ချင်တယ်၊ လုံးဝ ရန်သူ မဖြစ်ချင်ဘူး။ ဒါကြောင့် ဒေါ်လေးလန် နောက်ပိုင်း သူ့ကို သေချာအာရုံစိုက်ပေးပါလို့”

“စိတ်မပူနနဲ့။ သူမိုင်တစ်သောင်း မြေနေရာတစ်ခု လိုချင်တနေတာမလား။ နောက်ပိုင်း သူနဲ့ တွေ့နိုင်မယ့် အခွင့်အရေးတွေ အများကြီး ထပ်ရှိလာဦးမှာ” လော့လန်၏ မျက်ဝန်းလှလှလေးများထဲ ထူးဆန်းသည့် အလင်းရောင်တို့ တဖျက်ဖျက် တောက်ပသွားခဲ့သည်။ ထို့နောက် ဆက်၍ ပြောလိုက်လေသည် “အခု၊ သူ လီမင်ဟိုင်နဲ့ ဘယ်လို တိုက်ခိုက်ခဲ့လဲဆိုတာ ငါ့ကို သေချာပြန်ပြောပြ။ ငါအရမ်း သိချင်နေပြီ”

…

တစ်ရက်ကြာပြီးနောက်တွင် လော့လန်ဆီမှ ဆင့်ခေါ်စာ ရောက်လာခဲ့သည်။ မြေနေရာအကြောင်း ဆွေးနေရန် အချိန် ရောက်လာပြီမှန်း ရန်ကိုင် သိလိုက်၏။

သတင်း လာပို့သူနောက် လိုက်လာရင်း မိုးပြာသစ်ပင် နန်းတော်၏ ခန်းမများကို ဖြတ်ကျော်လာပြီးနောက် ပုံမှန်အတိုင်း ဝတ်စားဆင်ယင်ထားသည့် ကုကျန်းရှင်နှင့် တွေ့၏။ ကုကျန်းရှင်သည် ပြုံးလျက် ရန်ကိုင်အား လက်ယပ်ခေါ်လိုက်၏။

လက်ဝဲနှင့် လက်ယာဓါးအစေခံနှစ်ဦးသည် သူနှင့်အတူ ရပ်နေခဲ့လေသည်။

“ရောင်းရင်းကု” ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။

“ရောင်းရင်းရန် နေရတာ အဆင်ပြေလား” ကုကျန်းရှင်က မေးလိုက်သည်။

“အဆင်ပြေတာပေါ့” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“တော်သေးတာပေါ့၊ ရောင်းရင်းရန် နေရထိုင်ရတာ အဆင်မပြေမှာကို စိတ်ပူနေတာ”

“အင်း၊ ငါ့ကို စီနီယာလော့ ခေါ်လိုက်တာလား”

“ဟုတ်တယ်” ကုကျန်းရှင်က ပြုံးလျက် “ငါ့နောက်လိုက်ခဲ့”

စင်္ကြန်လမ်းအတိုင်း လျှောက်သွားလိုက်ရာ မကြာမီ အလင်းအကာအရံတစ်ခုဖြင့် ကာရံထားသော နေရာတစ်ခုဆီသို့ ရောက်လာခဲ့သည်။ အလင်းအကာအရံ၏ မျက်နှာပြင်ထက် အစဉ်မပြတ် ရွေ့လျားနေသော အင်းအမှတ်အသားလေးများစွာ ရှိနေခဲ့လေသည်။

ကကျန်းရှင်သည် အလင်းအကာအရံဆီသို့ လျှောက်ဝင်သွားပြီးနောက် လက်ဝဲနှင့် လက်ယာ ဓါးအစေခံ နှစ်ဦးကို ပြောလိုက်လေသည် “နင်တို့နှစ်ယောက် ဒီမှာကျန်ခဲ့။ ဝင်လာဖို့လုပ်တိုင်းကို သတ်ပစ်လိုက်”

“ဟုတ်ကဲ့” လင်းယွဲ့နှင့် အန်ရှင်းသည် ဝင်ပေါက်တွင် ရပ်စောင့်နေလိုက်ကြလေသည်။ ထို့နောက် ကုကျန်းရှင်သည် ရန်ကိုင်နှင့်အတူ အလင်းအကာအရံထဲသို့ ဖြတ်ကျော် ဝင်ရောက်သွားလေသည်။

နန်းတော်တစ်ခုလုံး ပကတိ တိတ်ဆိတ်နေ၏။ အလယ်ရှိ စက်လုံးကြီးတစ်လုံးမှလွဲ၍ နန်းတော်ထဲ ဘာဆိုဘာမှမရှိပေ။

ထိုစက်လုံးသည် မီတာနှစ်ဆယ်ကျော်အချင်းရှိပြီး မျက်နှာတစ်ခုလုံးအား ပုံမှန်မဟုတ်သော ပုံစံကွက်များဖြင့် ဖုံးလွှမ်းထားခဲ့သည်။ အချို့မှာ အဝါရောင်ရှိပြီး အချို့မှာ အပြာရောင်ဖြစ်ကာ အချို့မှာ အစိမ်းရောင် ဖြစ်နေ၏။

အနီးကပ် ကြည့်ကြည့်လိုက်သည့်နောက် ထိုစက်လုံးသည် နာရီလက်တံအတိုင်း ဖြည်းဖြည်းချင်း လည်နေသည်ကို တွေ့လိုက်ရသည်။

လော့လန်သည် စက်လုံးနားတွင် ရပ်နေကာ သူတို့အား စောင့်နေခဲ့သည်။ ရန်ကိုင်နှင့် ကုကျန်းရှင် ဝင်လာသည်ကို မြင်သည့်အခါ ပြုံးလျက် “မောင်လေး ရောက်လာပြီလား”

“စီနီယာလော့” ရန်ကိုင်သည် လောကဝတ်အတိုင်း အလျင်စလို နှုတ်ဆက်လိုက်သည်။ သို့ရာတွင် သူ့အာရုံမှာတော့ စက်လုံးပေါ်တွင်သာ ရှိနေခဲ့လေသည်။

လော့လန်နှင့် ကုကျန်းရှင်သည် စက်လုံး ဘာလဲဆိုသည်ကို ရှင်းမပြသေးဘဲ ရန်ကိုင်ကိုသာ စိုက်ကြည့်နေခဲ့သည်။

မကြာမီတွင် ရန်ကိုင်က နားလည်သွားဟန်ဖြင့် လော့လန်နှင့် ကုကျန်းရှင်ဘက်လှည့်၍ “ဒါက မိုးပြာသစ်ပင်ကြယ်ရဲ့ အသေးစား ပုံစံလား”

“အမှန်ပဲ” လော့လန်က ပြုံးလျက် “ဒါက မိုးပြာသစ်ပင်ကြယ်ရဲ့ ပုံစံတူ အသေးစားလေးပဲ။ ဒါကို ဖန်တီးဖို့ အတွက် မိုးပြာသစ်ပင်ကြယ်ရဲ့ ပတ်ဝန်းကျင်တွေကို လိုက်စစ်ဆေး၊ မြေအကျယ်တွေကို လိုက်တိုင်း၊ ပြီးရင် အမျိုးအစားတွေခွဲ၊ အဲ့လိုမျိုး နှစ်တစ်ရာလောက်ကြာအောင် လုပ်လိုက်ရတယ်”

“စီနီယာပြောတဲ့ မြေပုံဆိုတာ ဒါကို ပြေတာာလား” ရန်ကိုင်က ပြန်မေးလိုက်သည်။

“အသေအချာပဲ” ကုကျန်းရှင်က ပြုံးလျက် ခေါင်းညိတ်ကာ “ဒေါ်လေးလန် မနေ့ကပြောတဲ့ မြေပုံက ဒါကို ပြောနေတာ။ ဒါကြောင့်ပဲ ရောင်းရင်းရန်ကို ဒီနေ့အထိ စောင့်ခိုင်းလိုက်တာ”

“ဒါနဲ့ဆိုရင် ကိစ္စတော်တော်များများ အဆင်ပြေသွားပြီ” ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့် ရေရွတ်လိုက်သည်။ စက်လုံးကို လှည့်ပတ်ကြည့်ပြီးနောက် မကြာခင်တွင် စက်လုံးပေါ်ရှိ အရောင်များမှာ ဘာကို ကိုယ်စားပြုမှန်း နားလည်သွားခဲ့လေသည်။

အဝါရောင်သည် လွင်ပြင်များကို ကိုယ်စားပြုပြီး အပြာရောင်သည် ရေထုကို ကိုယ်စားပြင်ကာ အစိမ်းရောင်သည် သစ်တောကို ကိုယ်စားပြုပေသည်။

သဲကန္တာရ၊ နွံ့အိုင် စသည်တို့ဖြင့် ဆက်စပ်နေသော အရောင်များလည်း ထပ်ရှိနေပေသေးသည်။

ထို့အပြင် စက်လံဒးပေါ်တွင် မြို့လေးများနှင့် ဆင်တူသော အမှတ်အသားများ ရှိနေခဲ့သည်။ ထိုနေရာများသည် မိုးပြာသစ်ပင်ကြယ်ပေါ်ရှိ မြို့များ၏ တည်နေရာများ ဖြစ်ကြသည်။ ဤနေရာဖြင့် ဆိုပါက သူလိုချင်နေသည့် မြေနေရာကို ရှာဖွေရန် ပို၍ လွယ်ကူသွားလေပြီ။

ရန်ကိုင် စက်လုံးကို ကြည့်နေစဉ် လော့လန်က စက်လုံးအကြောင်း ရှင်းပြလိုက်သည်။ ရန်ကိုင် ထင်ထားသလိုပင် အရောင် အသီးသီးသည် နေရာအသီးသီးကို ကိုယ်စားပြုသည်။ အရောင် အနုအရင့်ပေါ် တူတည်၍ ထိုနေရာရှိ မိုးမြေစွမ်းအင် သိပ်သည်းပုံမှာလည်း ကွဲပြားသွားသည်။

အရောင်နုလျှင် မိုးမြေစွမ်းအင် ကျဲပြားမည်ဖြစ်ပြီး အရောင်ရင့်လျှင်တော့ မိုးမြေစွမ်းအင် သိပ်သည်းမည် ဖြစ်သည်။

စက်လုံးအကြောင်း အကျဉ်းချုံး ရှင်းပြပြီးနောက်တွင် လော့လန်က ပြောလိုက်လေသည် “မောင်လေး လိုချင်နေတဲ့ မိုင်တစ်သောင်းမြေနေရာအတွက်တော့ ဒီဘုရင်မ ရွေးပေးထားတာတွေ ရှိတယ်။ ဒါက မောင်လေးအတွက် သင့်တော်မယ်လို့ ဒီဘုရင်မ သင့်တော်မယ်လို့ ထင်တဲ့ နေရာတွေပဲ။ မောင်လေး မကြိုက်ဘူးဆိုရင် အခြားနေရာတွေကို လိုက်ရွေးလို့လည်း ရတယ်”

ရန်ကိုင်က လက်သီးဆုပ်၍ “ဒါဆိုရင် ဂျူနီယာကို တစ်ချက်လောက် ပြကြည့်ပေးပါလား ဏီနိယာ”

“မောင်လေး ယဉ်ကျေးနေစရာ မလိုပါဘူး” လော့ဟန်က ပြုံးလျက် သူမလက်ကို ဆန့်ထုတ်ကာ စက်လုံးကို တစ်နေရာသို့ ရောက်အောင် လှည့်လိုက်သည်။ ထို့နောက် ထိုနေရာကို ညွှန်ပြ၍ “ဒါက ဒီဘုရင်မ ပထမဆုံး ရွေးထားတဲ့ နေရာပဲ။ အဲ့နေရာက တွင်းထွက်ပစ္စည်းကော၊ မိုးမြေစွမ်းအင်ကောပါ ကြွယ်ဝတယ်။ နေရာတစ်ခုလုံးကို တောင်တွေ၊ မြစ်တွေနဲ့ ဝန်းရံထားတာ။ အနားမှာ မြို့တစ်မြို့လည်း ရှိတယ်။ မောင်လေး ယူမယ် ဆိုရင်တော့ အဲ့မြို့က မောင်လေးရဲ့ လက်အောက်ကို ရောက်သွားလိမ့်မယ်”

“မြို့ရှိတာလား၊ အဆင်ပြေပါ့မလား” ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့်‌ မေးလိုက်သည်။

သူသည် အရမ်းကြီး မခေါင်၊ မခြောက်ကပ်သည် မြေနေရာ တစ်ခုခုလောက်ကိုသာ လိုချင်ခြင်းဖြစ်သည်။ သူထိန်းချုပ်နိုင်မည့် မြို့တစ်မြို့ကိုတော့ တစ်ခါမှ မျှော်လင့်ထားခြင်း မရှိပေ။

“ဘာမှမဖြစ်ဘူး။ မြို့လေးတစ်မြို့ပဲဟာကို” ကုကျန်းရှင်က ပြုံးလျက် ပြန်ပြောသည်။

“ဟုတ်တယ်။ မိုးပြာသစ်ပင်ကြယ်ပေါ်မှာ မြို့တွေက သောင်းနဲ့မချီရင်တောင် အနည်းဆုံး ထောင်နဲ့ချီရတယ်။ မြို့လေး တစ်မြို့လောက်ကို ဆုံးရှုံးလိုက်ရတာ ဘာမှမဟုတ်ဘူး” လော့လန်က ပြုံးလျက် ပြောလိုက်သည်။

“အဲ့ဒါကို မကြိုက်ရင် ဒီနေရာ ဆိုရင်ကော” လော့လန်က စက်လုံးကိုလှည့်၍ အခြားတစ်နေရာကို ထပ်ပြလိုက်သည် “ဒီနေရာက တကယ် မဆိုးဘူး။ ဒီဘုရင်မကိုယ်တိုင် အဲ့နေရာကို ရောက်ဖူးတယ်။ အဲ့နေရာက ရှုခင်းတွေက တကယ် လာတာ”

ရန်ကိုင် စိတ်ဝင်စားပုံမပြသည်ကို မြင်သော် လော့လန်သည် ချက်ချင်းပဲ နောက်တစ်နေရာကို မိတ်ဆက်ပေးလိုက်လေသည်။

ခုနှစ်နေရာကို ပြပြီးသည်နှင့် ရန်ကိုင် ဘာမှ မပြောသေးပေ။

လော့လန် ရွေးပေးထားသည့် နေရာအားလုံးသည် မိုးမြေစွမ်းအင် သိပ်သည်းပြီး နေရထိုင်ရ အတော်လေး အဆင်ပြေမည့် နေရာများ ဖြစ်ကြသည်။

သို့သော်လည်း ရန်ကိုင်သည် ထိုနေရာတစ်ခုကိုမှ မကြိုက်သဖြင့် ရန်ကိုင် မည်သို့သော မြေနေရာကိုများ လိုချင်နေသလဲ ဟူ၍ လော့လန် ခေါင်းစားသွားရသည်။

“စီနိယာလော့၊ ပင်လယ်နဲ့နီးတဲ့ တစ်နေရာလောက် ပြပေးလို့ရမလား” နောက်ထပ် နောက်တစ်နေရာတစ်ခု ထပ်ပြတော့မည်ကို မြင်သော် ရန်ကိုင်က အလျင်အမြန် ပြောလိုက်လေသည်။

“ပင်လယ်” လော့လန်က မျက်ခုံးပင့်လျက် “ဒီတော့ မောင်လေးက ပင်လယ်နားမှာ နေချင်တာပေါ့။ ဒါဆို ဒီနေရာ ဆိုရင်ကော”

…

နာရီဝက်ကြာပြီးနောက်တွင် ရန်ကိုင်သည် နန်းတော်ထဲမှ ကျေနပ်နေသည့် အမူအရာဖြင့် ထွက်လာခဲ့သည်။

နည်းနည်းပါးပါး ထပ်လိုက်ကြည့်ပြီးနောက် အဆုံးတွင် အမွှာငါမန်းကျွန်းဟူသော နေရာကို ရွေးချယ်လိုက်သည်။

အမွှာငါးမန်းကျွန်းအား တစ်ကျွန်းတည်းဟု ပြော၍ရသလို နှစ်ကျွန်းဟုလည်း ပြော၍ရသည်။ အပေါ်မှတစ်ကြည့်လျှင် ကျွန်းနှစ်ကျွန်း ဆက်နေသည်ကို မြင်တွေ့နိုင်သည်။ ဘေးဘက်မှ ကြည့်လျှင်တော့ ကျွန်းပုံစံသည် ငါးမန်းနှစ်ကောင် ပြိုင်တူ ကူးခတ်လာနေသည်နှင့် တူသွား၏။

ထို့ကြောင့်ပင် အမွှာငါးမန်းကျွန်းဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

ထိုနေရာသည် ရန်ကိုင်၏ လိုအပ်ချက်များနှင့် အတော့်ကိုမှ ကိုက်ညီသည့် နေရာတစ်ခုဖြစ်သည်။ အကျယ်အကဝန်းမှာလည်း မိုင်တစ်သိန်းဖြစ်ပေသည်။

ထို့အပြင် အမွှာငါးမန်းကျွန်းဆီမှ မိုင်ငါးသိန်းအကွာခန့်တွင် အလယ်အလတ်အဆင့် ပင်လယ်မြို့တစ်မြို့ ရှိနေခဲ့သည်။

ဤကျွန်းသည် မိုးပြာသစ်ပင်ကြယ်ပေါ်တွင် အတော့်ကို ချောင်ကျသည့် ကျွန်းတစ်ကျွန်းဖြစ်သဖြင့် ရန်ကိုင် ဘာကြောင့် ဤကျွန်းကို ရွေးချယ်ခဲ့မှန်း လော့လန်နှင့် ကုကျန်းရှင်တို့ လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။ အမွှာငါးမန်းကျွန်း၏ အားသာချက်ဆို၍ မိုးမြေစွမ်းအင် ကြွယ်ဝသည့် အချက်သာ ရှိသည်။

သို့သော် ရန်ကိုင်က ဤကျွန်းကိုသာ လိုချင်နေသဖြင့် ကုကျန်းရှင်နှင့် လော့လန်လည်း ဘာမှ ထပ်မပြောခဲ့ပေ။

ဤသို့ဖြင့် အမွှာငါးမန်းကျွန်းသည် ယခုအချိန်မှစ၍ ရန်ကိုင်၏ ပိုင်နက် ဖြစ်လာခဲ့သည်။ ဓါးအဖွဲ့အစည်းကိုသာ ကုကျန်းရှင် ဦးဆောင်သည့် အဖွဲ့မှ ထိန်းချုပ်ထားသရွေ့ အမွှာငါးမန်းကျွန်းသည် ရန်ကိုင်၏ အပိုင် ဖြစ်နေပေလိမ့်မည်။

ဤသည်မှာ ကုကျန်းရှင်မှ ရန်ကိုင်အား ပေးထားသည့်ကတိ ဖြစ်ပေသည်။

ထိုမျှလောက်ကိုတော့ ရန်ကိုင် အရမ်းကြီး ဂရုစိုက်မနေခဲ့ပေ။ ယခု ဤနေရာသည် သူ့အပိုင် ဖြစ်လာခဲ့ပြီ ဖြစ်သဖြင့် တစ်ယောက်ယောက်သာ ဤနေရာကို သူ့ဆီမှ လာလုချင်လျှင် အကျိုးဆက်များကို သေချာ ချင့်ချိန်သင့်ပေသည်။

နောက်တစ်နေ့တွင် ရန်ကိုင်သည် လော့လန်နှင့် ကုကျန်းရှင်ကို နှုတ်ဆက်၍ အမွှားငါးမန်းဆီသို့ ထွက်ခွာလာခဲ့သည်။

မိုးပြာသစ်ပင်နန်းတော် အပြင်ဘက်တွင်၊ ကုကျန်းရှင်သည် အနည်းငယ် အပြစ်မကင်းသည့် အမူအရာဖြင့် “ရောင်ရင်းကုရေ၊ မင်းကို ငါကိုယ်တိုင် လိုက်မပို့နိုင်တော့ဘူးကွာ။ ဒီတစ်ကြိမ် ကိစ္စတစ်ခုကြောင့် ဒီကို ရောက်လာတာ။ ပြီးတော့ အခုက အဲ့ကိစ္စကို အဆုံးသတ်ရဖို့ အချိန်သိပ်မကျန်တော့ဘူး”

“ရတယ် ကိစ္စမရှိဘူး။ ငါ့ဘာသာပဲ အမွှာငါးမန်းကျွန်းကို သွားလိုက်မယ်။ ပြီးတော့ စီနီယာလော့ ပေးထားတဲ့ တံဆိပ်ပြားလည်း ရှိနေတာပဲ။ ဒါဆိုရင် သွားရလာရတာ ကိစ္စ မရှိလောက်တော့ပါဘူး” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။

ကုကျန်းရှင်က ခေါင်းညိတ်လိုက်သည် “အဲ့ဒါတော့ ဟုတ်တယ်”

ထို့နောက် ဆန်းကြယ်စွာပြုံးလျက် ထပ်ပြောလိုက်သည် “ဒါပေမယ့် ရောင်းရင်းရန်၊ လူအချို့က အမွှာငါးမန်းကျွန်းဆီ မင်းနဲ့အတူ သွားချင်လို့တဲ့ကွ။ မင်းမငြင်းဘူးမလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၄၇)

“ကျုပ်နဲ့ အတူသွားချင်လို့ ဟုတ်လား။ ဘယ်သူကလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤအကြောင်း မည်သူကမှ သူ့အား အသိပေးမထားခဲ့ပေ။

ကုကျန်းရှင်သည် ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။ ရန်ကိုင်သည် ကုကျန်းရှင် ကြည့်ရာအတိုင်း လိုက်ကြည့်လိုက်ရာ ရင်းနှီးနေသည့် မျက်နှာသုံးခုကို မြင်လိုက်ရလေသည်။

“သခင်လေးရန်” ယွဲ့ရှီသည် ရန်ကိုင်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။

“အစ်ကိုရန်” ဟဲကျောင်နှင့် ဟဲမြောင်တို့သည် ရန်ကိုင်အား ပြိုင်တူ အော်ခေါ်လိုက်ကြသည်။

ရန်ကိုင်က ကုကျန်းရှင်အား လှမ်းကြည့်လိုက်ရာ ကုကျန်းရှင်က ပခုံးသာတွန့်ပြလျက် “ငါသူတို့ကို ဓါးအဖွဲ့အစည်းကနေ ထုတ်လိုက်ပြီ။ သူတို့က အခု ငါနဲ့ မဆိုင်တော့ဘူး”

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။

“ပြီးတော့ သူတို့ ဘာဆက်လုပ်မလဲမေးတော့ မင်းနောက်ကို လိုက်ချင်တယ်တဲ့။ မင်းသူတို့ကို ခေါ်ချင်မလားမသိဘူး” ကုကျန်းရှင်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

“ကျေးဇူးပဲ ရောင်းရင်းကု” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ကုကျန်းရှင် သူ့အတွက် လုပ်ပေးနေမှန်း ရန်ကိုင် နားလည်သည်။ ရန်ကိုင် အားကောင်းသည်မှာ မှန်သော်လည်း သူသည် တစ်ယောက်တည်း ဖြစ်သည်။ မိုးပြာသစ်ပင်ကြယ်၌ တစ်ယောက်တည်း သွားလာရာတွင် ရန်ကိုင် ကိုယ်တိုင် ကိုင်တွယ်၍ အဆင်မပြေသည့် ကိစ္စများ ရှိလာနိုင်စမြဲပင်။ ထိုကဲ့သို့သော အခါမျိုးတွင် လက်အောက်ငယ်သားများ ရှိခြင်းသည် တကယ်ကို အသုံးဝင်ပေသည်။

ယွဲ့ရှီ၊ ဟဲမြောင်နှင့် ဟဲကျောင်တို့၏ အကူအညီနှင့် ရန်ကိုင်အနေဖြင့် သိပ်၍ အရေးမပါသော ကိစ္စများကို သူကိုယ်တိုင် လိုက်လုပ်နေစရာမလိုဘဲ ထိုသုံးဦးဆီ လက်လွှဲထားနိုင်ပေသည်။ သူကိုယ်တိုင် လုပ်ရန် အဆင်မပြေသည့် ကိစ္စများကိုလည်း ထိုသုံးယောက်အား လုပ်ခိုင်းနိုင်ပေသည်။

ထို့အပြင် ရန်ကိုင်နောက်သို့ လိုက်ခြင်းသည် ယွဲ့ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့ အတွက်လည်း အဆင်ပြေပေသည်။ သူတို့အနေဖြင့် ဓါးအဖွဲ့အစည်းထဲ၌ ကသိကအောက်ဖြစ်ဖြစ်နှင့် ဆက်၍ နေစရာ မလိုတော့ချေ။ ရန်ကိုင် ပြောခဲ့သလိုပင် ချင်းဝူဟွေနှင့် ကိစ္စကို ဖြေရှင်းပြီးနောက် ယွဲ့ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့အဖို့ အဖွဲ့အစည်းထဲတွင် ဆက်နေရန် အတော်လေး ခဲယဉ်းသွားပေပြီ။ သူတို့ မည်သည့်နေရာသို့ သွားပါစေ အများသူငှာ၏ အတင်းပြောခြင်း ခံရပေလိမ့်မည်။

ယခု ဓါးအဖွဲ့အစည်းမှ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည့်အတွက် ထိုကိစ္စကို ဆက်ပြီး စိတ်ပူနေစရာ မလိုတော့။

ကုကျန်းရှင်သည် ပါးနပ်သည့်လူတစ်ဦး ဖြစ်သည့်အတွက် ရန်ကိုင် သူ့အပေါ် အထင်အမြင်ကောင်းတစ်ရပ် ကျန်ရစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့သည်။

သူ့အတွက် လုပ်ဆောင်ပေးခြင်း ဖြစ်သည့်အတွက် ရန်ကိုင်လည်း ငြင်းနေစရာအကြောင်း မရှိချေ။

“သခင်လေးရန်သာ ကျွန်မတို့ကို နေစရာတစ်ခုခု ပေးမယ်ဆိုရင် ဒီယွဲ့ရှီ သခင်လေးကို အကောင်းဆုံး ခစားပေးပါ့မယ်” ယွဲ့ရှီက အလျင်အမြန် ပြောလိုက်လေသည်။

“ကျွန်မတို့လည်း ဆန္ဒရှိပါတယ်” ညီအစ်မနှစ်ဦးက ပြိုင်တူ ပြောလိုက်ကြသည်။

“ကောင်းပြီလေ။ အဲ့ဒါဆို အခုကနေစပြီ ငါ့နောက်လိုက်ခဲ့ကြပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်လေး” ယွဲ့ရှီက ကျော့ရှင်းစွာ ဦးညွှတ်လိုက်သည်။

“မောင်လေး…” ဘေးတွင်ရပ်နေသည့် လော့လန်က ဝင်ပြောလာသည် “မောင်လေး တောင်းထားတဲ့ လေဟာနယ် သလင်းကျောက်တွေက အများကြီး စုလို့မရသေးဘူး။ ဒါပေမယ့် ဒီသခင်မ တတ်နိုင်သလောက်တော့ ထပ်စုပြီး မောင်လေးဆီ ပို့ပေးလိုက်မယ်။ အဲ့ဒါ အဆင်ပြေလား”

“ပြေပါတယ်။ စီနီယာကိုပဲ အားကိုးမယ်နော်”

အမွှာငါးမန်းကျွန်းကို ရွေးချယ်ပြီးနောက်တွင် ကုကျန်းရှင်နှင့် လော့လန်အား လေဟာနယ်သလင်းကျောက် ရနိုင်သလောက် စုဆောင်းပေးရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် ထိုအရာများမှာ အလွန်ကိုမှ ရှားပါးလှဿည့်အတွက် လော့လန်သည်ပင် အချိန်တို အတွင်း အများကြီး မစုဆောင်းနိုင်ခဲ့ချေ။ သို့သော်လည်း သူမက ကတိပေးထားသည့်အတွက် အနှေးနှင့်အမြန်တော့ ရလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေခဲ့သည်။

ထို့နောက်တွင် ရန်ကိုင်သည် ယွဲ့ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့ကို ခေါ်ကာ ကြယ်လွန်းပျံနှင့်အတူ မိုးပြာသစ်ပင်နန်းတော်မှ ထွက်ခွာလာခဲ့လေသည်။

ရန်ကိုင် ထွက်သွားသည်ကို ကြည့်နေပြီးနောက်တွင် ကုကျန်းရှင်တို့အားလုံး နန်းတော်ထဲသို့ ပြန်ဝင်သွားကြလေ၏။

မိုးပြာသစ်ပင်ယ်ကြယ်ပေါ်ရှိ ဟင်းလင်းပြင်အစီအရင်များကို အသုံးပြုခဲ့သည့်တိုင် အမွှာငါးမန်းကျွန်းဆီသို့ရောက်ရန် လဝက်ခန့် အချိန်ယူလိုက်ရသည်။

လော့လန် ပေးထားသည့် တံဆိပ်ပြား ရှိနေသည့်အတွက် အဓိကမြို့ကြီးများရှိ ဟင်းလင်းပြင်အစီအရင်များကို အလွယ်တကူ အသုံးပြုခွင့် ရခဲ့ပေသည်။

လော့လန်ပေးထားသည့် လမ်းကြောင်းအတိုင်း အမျိုးမျိုးသော ဟင်းလင်းပြင် အစီအရင်များကို ဖြတ်ကျော်လာပြီးနောက် လဝက်ခန့် အကြာ၌ အမွှာငါးမန်းကျွန်းဆီသို့ ရောက်လာခဲ့သည်။

အမွှာငါးမန်းကျွန်းသည် ချောင်ကျသည့်နေရာတစ်ခု ဖြစ်သော်ငြား ထိုနေရာတွင် အခြားနေရာများဆီ ဆက်သွယ်ထားသည့် ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေခဲ့၏။ ရန်ကိုင်တို့ ရောက်လာသည့်အခါ ထိုနေရာကို စောင့်ကြပ်နေသည့် အစောင့်တစ်ဖွဲ့ ရောက်လာပြီး ရန်ကိုင်အား မျက်လုံးဝေ့ကြည့်၍ စစ်ဆေးကြည့်ပြီးနောက် “ခရီးသွားတို့၊ အမွှာငါးမန်းကျွန်းဆီ ဘာလာလုပ်တာလဲ သိလို့ရမလား”

ထိုလူသည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသလို အခြားသော အစောင့်များမှာလည်း သိပ်၍ မသန်မာကြချေ။

ဤလူများကို ကြည့်ရသလောက် အမွှာငါးမန်းကျွန်းရှိ ကျင့်ကြံသူများ၏ ပျမ်းမျှခွန်အားမှာ သိပ်မြင့်မားသည့်ပုံမရ။

ရန်ကိုင်သည် အစောင့်၏ မေးခွန်းကို ပြန်မဖြေဘဲ တံဆိပ်ပြား တစ်ခုကိုသာ ထုတ်ပေးလိုက်သည်။

“ဒါဘာလဲ” အစောင့်ခေါင်းဆောင်က နားမလည်နိုင်ဟန်ဖြင့် တံဆိပ်ပြားကို ကြောင်ကြည့်နေခဲ့သည်။

“ခင်ဗျား မသိဘူလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏ “မသိလည်း ကိစ္စမရှိဘူး။ ခင်ဗျားတို့ ကျွန်းသခင် သိတယ်။ ကျုပ်ကို သူ့ဆီ ခေါ်သွားပေး”

ရန်ကိုင်၏ မေးခွန်းထုတ်ဟန်ကြောင့် အစောင့်ခေါင်းဆောင် အံ့အားသင့်သွားခဲ့သည်။ တံဆိပ်ပြား ဘာကို ကိုယ်စားပြုလဲ ဆိုသည်ကို မသိသော်ငြား ရန်ကိုင်တွင် အားကောင်းသော နောက်ခံ တစ်ခု ရှိလိမ့်မည်မှန်းတော့ ချက်ချင်း သိသွားခဲ့သည်။

ချက်ချင်းပဲ သင်္ကာမကင်း အမူအရာဖြင့် “ကျွန်းသခင်က ကျုလျန်ပဲ၊ ရောင်းရင်းတို့ ဘယ်ကလာလဲ၊ ဘာလို့ ကျွန်းသခင်နဲ့ တွေ့ချင်လဲ သိလို့ရမလား”

ရန်ကိုင် ပြန်မဖြေခင်မှာပဲ ယွဲ့ရှီက အေးစက်စက် လေသံဖြင့် ဝင်ပြောလိုက်လေသည် “ငါတို့ သခင်လေးရဲ့ အဆင့်အတန်းကို နင်သိဖို့ အရည်အချင်း မမှီသေးဘူး။ ကျွန်းသခင်ဆီကိုသာ မြန်မြန် ခေါ်သွားပေး”

တစ်ချိန်တည်းတွင် သူမ၏ ရှီစွမ်းအင်ကိုပါ အနည်းအကျဉ်း ထုတ်ပြလိုက်သည်။ ထိုအခါမှပဲ အစောင့်အမူအရာ ပြောင်းသွားပြီး ယခု ရောက်လာသည့် လူများသည် သူသွားရန်စနိုင်သည့်လူများ မဟုတ်မှန်း ချက်ချင်း နားလည်သွားကာ အလျင်အမြန် ဦးညွှတ်၍ ကျွန်းသခင်ဆီ ခေါ်သွားပေးတော့လေသည်။

ဤသည်မှာ အားကောင်းသော လက်အောက်ငယ်သားများ ရှိခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ ယွဲ့ရှီ၏ ကိုယ်စားဝင်ပြောပေးခြင်းသည် ရန်ကိုင်၏ အဆင့်အတန်းကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားကာ မလိုလားအပ်သော မေးခွန်းများကို ရပ်တန့်သွားစေလိုက်နိုင်၏။

ရန်ကိုင်က ယွဲ့ရှီအား ချီးကျူးသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်ရာ ယွဲ့ရှီက ပြန်၍သာ ပြုံးပြလေသည်။

အမွှာငါးမန်းကျွန်းသခင်၏ ခွန်အားမှ သိပ်မြင့်မားခြင်း မရှိဘဲ တန်ခိုးရှင်ပထမအဆင့်သာ ရှိပေသေးသည်။ ဤကဲ့သို့သော ချောင်ကျသည့် ကျွန်းလေးတစ်ကျွန်းပေါ်တွင် အားကောင်းသော ကျင့်ကြံသူများ ရှိလေ့ရှိထ မရှိပေ။

ရန်ကိုင်မှ တံဆိပ်ပြားနှင့် လော့လန် ရေးပေးလိုက်သည့် စာကို ပြလိုက်ပြီးနောက် ကျုလျန်သည် ရန်ကိုင်အား ဤကျွန်း၏ ပိုင်ရှင်အဖြစ် ချက်ချင်း အသိအမှတ်ပြုလိုက်လေသည်။

အမွှာငါးမန်းကျွန်းအား အလုပ်ရှုပ်ခံစရာမလိုဘဲ လွယ်ကူစွာ ထိန်းချုပ်လိုက်နိုင်သဖြင့် ရန်ကိုင် အတော်လေး ကျေနပ်သွားခဲ့သည်။

“ခင်ဗျား ကျွန်းသခင်ပဲ ဆက်လုပ်နှင့်။ ဒီက ကိစ္စတွေ ကျုပ်ဝင်ပါမှာ မဟုတ်ဘူး။ ခင်ဗျားတို့ မကိုင်တွယ်နိုင်တဲ့ ကိစ္စတွေ ရှိရင် မိန်းကလေးယွဲ့ဆီ အကြောင်းကြားလိုက်။ သူကျုပ်ကို အကြောင်းကြားလိမ့်မယ်”

“ကျုပ်နားလည်ပြီ” ရန်ကိုင်သည် မာနကြီးမောက်မာသည့် လူတစ်ဦးမှန်း မသိလိုက်သည့်နောက် ကျုလျန် အတော်လေး စိတ်သက်သာရာ ရသွားခဲ့လေသည်။

“ကျွန်းသခင်ကျု…”

“ကျုပ်က လက်အောက်ငယ်သားတစ်ယောက်ပါပဲ”ကျုလျန်က အလျင်အမြန် ပြန်ပြောလိုက်သည် “ကျုပ်ကို ကျုလျန်လို့ပဲ ခေါ်ပါ သခင်လေး”

ရန်ကိုင်က ခေါင်းညိတ်၍ “ကောင်းပြီ။ အမွှာငါမန်းကျွန်း အခြေအနေ ကျုပ်ကို တစ်ချက်လောက် ပြောပြပါဦး”

“ဟုတ်ကဲ့” ကျုလျန်သည် ခဏလောက် စဉ်းစားပြီးနောက် စတင် ရှင်းပြလေသည် “ငါးမန်းကျွန်းက မိုင်တစ်သိန်းလောက် ကျယ်တယ်။ မိုးမြေစွမ်းအင်က အတန်အသင့်ဆိုပေမယ့် ဘာအဖိုးတန် သယံဇာတမှ မရှိဘူး။ အဲ့ဒါကြောင့်ပဲ ကုန်ပစ္စည်း ရောင်းဝယ်ရတာ နည်းနည်း ပြဿနာရှိတယ်။ အခု လက်ရှိတော့ ဒီမှာ စုစုပေါင်း လူနှစ်သိန်းလောက်ရှိတယ်။ ကျင့်ကြံသူတွေရဲ့ ပျမ်းမျှကျင့်ကြံခြင်းကတော့ သိပ်ပြီး မမြင့်ဘူး။ ပါရမီ သိပ်မပါဘူးဆိုပေမယ့် ဒီလက်အောက်ငယ်သားက အမွှာငါးမန်းကျွန်းမှာ အားအကောင်းဆုံး ကျင့်ကြံသူပါပဲ။ ကျုပ်အပြင် ဒုကျွန်းသခင်နဲ့ အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ နောက်ထပ် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူ နှစ်ဦးလည်း ရှိပါသေးတယ်။ အမွှာငါးမန်းကျွန်းက ကိစ္စတွေကို စီမံဖို့ အကြီးအကဲကောင်စီတစ်ခုလည်း ရှိပါတယ်…”

“အမွှာငါးမန်းကျွန်းရဲ့ အရှေ့ဘက် မိုင်ငါးသိန်းအကွာမှာ ဟင်းလင်းပြင်အစီအရင်နဲ့ ဆက်သွယ်ထားတဲ့ မြို့တစ်မြို့ရှိတယ်။ ဒီပတ်ပတ်လည်မှာ အမွှာငါးမန်းကျွန်းလိုပဲ အခြားကျွန်းတွေလည်း ရှိတယ်။ ကျွန်းတွေကြားက ဆက်ဆံရေးကတော့ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ ပုံမှန်အားဖြင့် တစ်ကျွန်းနဲ့တစ်ကျွန်း သိပ်ပြီး အဆက်အသွယ် မရှိကြဘူး။ ဒီမှာနေရင် ကြုံရတဲ့ အဓိက အန္တရာယ်ကတော့ ပင်လယ်သားရဲတွေပဲ။ နှစ်တိုင်းလိုလို ပင်လယ်သားရဲအုပ် လာတိုက်တာ ခံရလို့ အသက်တွေ အများကြီး ဆုံးရှုံးရတယ်။ ဒါပေမယ့် ဆရာ ရောက်လာပြီဆိုတော့ အမွှာငါးမန်းကျွန်းက နောက်ပိုင်း ပိုပြီး ငြိမ်းချမ်းလာတော့မှာပါ”

ရှင်းပြနေရင်း ကျုလျန်သည် ရန်ကိုင်အား ဖားယားလိုက်သည်။ ရန်ကိုင်ကတော့ စိတ်ထဲ ထားမနေခဲ့ပေ။

ကျုလျန်က ဆက်၍ ပြောလေသည် “အမွှာငါးမန်းကျွန်းနဲ့ အခြားကျွန်းတွေကနေ အဓိကထွက်တဲ့ပစ္စည်းက ပင်လယ်သားရဲတွေရဲ့ မွန်းစတားအမြူတေပဲ။ နှစ်တိုင်းနှစ်တိုင်း ရေခြားမြေခြားကျင့်ကြံသူတွ အမွှာငါးမန်းကျွန်းဆီလာပြီး ပင်လယ်သားရဲတွေကို လာအမဲလိုက်လေ့ရှိတယ်..”

နာရီဝက်ကြာအောင် မေးမြန်းပြီးနောက် အမွှာငါးမန်းကျွန်း၏ အကြမ်းဖျင်းအခြေအနေကို ရန်ကိုင် နားလည်သွားခဲ့လေသည်။

အကျဉ်းချုံးရသော် ဤကျွန်း၏ လက်ရှိ အခြေအနေနှင့် ပက်သက်၍ အတော်လေး ကျေနပ်မိကာ သူလုပ်ချင်နေသည့် အစီအစဉ်ကို အကောင်အထည် ဖော်ရန်အတွက် အဆင်ပြေသည့် နေရာတစ်ခုဖြစ်ကြောင်းလည်း တွေ့ရှိလိုက်ရသည်။

သို့သော်လည်း ထိုအစီအစဉ်ကို အကောင်အထည် မဖော်ခင် သင့်တော်သည့်နေရာတစ်ခု အရင် ရှာရပေမည်။

ဤကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။

ကျုလျန်ကို ပြန်လွှတ်လိုက်ပြီးနောက် ယွဲ့ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့အား တာဝန်အချို့ပေးလိုက်သည်။ ထို့နောက် ကြယ်လွန်းပျံကိုထုတ်၍ အမွှာငါးမန်းကျွန်း၏ မြေနေရာကို စစ်ဆေးရန်အတွက် တစ်ယောက်တည်း ထွက်လာခဲ့သည်။

အမွှာငါးမန်းကျွန်းအား ရှစ်ရက်ကြာသည်အထိ စစ်ဆေးခဲ့ရသည်။

အဆုံးတွင် ပင်လယ်နှင့်နီးသော အရှေ့တောင်ဘက်ရှိ မြေနေရာတစ်ခုကို ရွေးချယ်ခဲ့သည်။ ထိုနေရာနှင့် ပက်သက်၍ အရေးအကြီးဆုံးမှာ ထိုနေရာသည် အတော်လေးကို ကျယ်ဝန်းပြီး ကျင့်ကြံသူ အရောက်အပေါက် သိပ်မရှိသည့် နေရာတစ်ခု ဖြစ်သည့် အချက်ပင်။

ထို့နောက် ရန်ကိုင်သည် ကျုလျန်အား သွားရှာကာ နန်းတော်တစ်လုံး တည်ဆောက်ရန်အတွက် လူရှာပေးရန် ပြောလိုက်သည်။

ရန်ကိုင်သည် အခြားသူများအား အလကား အလုပ်မလုပ်ခိုင်းခဲ့ဘဲ အခကြေးအနေဖြင့် သူတော်စင်သလင်းကျောက်များ ပေးချေခဲ့သည်။

ကျုလျန်သည် ထိုကဲ့သို့သော ရွှေရောင်အခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်ခံမည်နည်း။ ရန်ကိုင်မှ အခကြေး မပေးလျှင်ပင် ရန်ကိုင် တောင်းဆိုသည့်အတိုင်း ဖြစ်မြောက်ရန် အတတ်နိုင်ဆုံး ကူညီပေးဦးမည်သာ။

အမွှားငါးမန်းကျွန်းပေါ်တွင် လူနှစ်သိန်းခန့် ရှိပေသည်။ ထို့ကြောင့် ကျုလျန်သည် လူတစ်ထောင်လောက်ကိုခေါ်ကာ ရန်ကိုင် ပြောထာသည့်နေရာ၌ နန်းတော်တစ်လုံး စတင် ဆောက်လုပ်လေသည်။

ကျင့်ကြံသူများ၏ ကြိုးစားအားထုတ်မှုကြောင့် တစ်လအတွင်း ဆယ်မိုင်မက ကျွယ်ဝန်းသော နန်းတော်ကြီးတစ်လုံး ဆောက်လုပ် ပြီးစီးသွားခဲ့လေ၏။

ကျုလျန်သည် ပရိဘောဂ ပစ္စည်းများအတွက် လိုအပ်သည့်ငွေကို သူ့အိတ်ထဲမှပင် စိုက်ထုတ်ပေးခဲ့သည်။

နန်းတော်ပြီးစီးသွားသည့်နောက်တွင် ရန်ကိုင်သည် ယွဲ့ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့ကိုခေါ်ကာ ထိုနေရာသို့‌ ပြောင်းလာခဲ့သည်။

နန်းတော်သည် အလွန်ကျယ်ပြီး အတော့်ကို တိတ်ဆိတ်လှ၏။

ဤနေရာတွင် ဤကဲ့သို့သော နန်းတော်တစ်လုံး ရန်ကိုင် ဘာကြောင့် ဆောက်ခဲ့လဲ ဆိုသည်ကို ယွဲ့ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့ နားမလည်ကြချေ။ နားမလည်သည့်တိုင် မေးရမည့် တာဝန်မှာ သူတို့ အလုပ်မဟုတ်သဖြင့် တိတ်တိတ်လေးသာ နေနေကြလေ၏။

ထိုညတွင် ရန်ကိုင်သည် ယွဲ့ရှီတို့ သုံးဦးကို သူ့အခန်းသို့ ဆင့်ခေါ်လိုက်သည်။

“သခင်လေး ဘာအမိန့်ပေးစရာရှိလို့ပါလဲ” ယွဲ့ရှီက မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ အရင်ထိုင်လိုက်” ရန်ကိုင်က ပြောလိုက်သည်။

အကုန်လုံး ထိုင်ခံကိုယ်စီဖြင့် ထိုင်ပြီးနောက်တွင် ရန်ကိုင်က စပြောလိုက်သည် “ခင်ဗျားတို့က ကျုပ်နောက်ကိုလိုက်ဖို့ ရွေးချယ်ခဲ့တာဆိုတော့ ကျုပ်လည်း ခင်ဗျားတို့ကို မမျှမတ ဆက်ဆံလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျုပ် အခု ခင်ဗျားတို့ကို ပြောချင်တာက ကျုပ်က အထက်စကြာဝဠာဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ ဂိုဏ်းဠာနချုပ်က အရမ်း ဝေလံခေါင်သီတဲ့ ကျင့်ကြံရေးကြယ်တစ်လုံးပေါ်မှာ ရှိနေတာ။ ခင်ဗျားတို့ အထက်စကြာဝဠာဂိုဏ်းထဲ ဝင်ချင်လား”

ဆရာတပည့်သုံးဦးသည် အကြည့်ချင်း ဖလှယ်ပြီးနောက် ချက်ချင်းပဲ ခေါင်းညိတ်လိုက်ကြလေသည် “ဝင်ချင်ပါတယ်”

“အဲ့ဒါဆို အခုအချိန်ကစပြီ ခင်ဗျားတို့ သုံးယောက်စလုံး အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းသားတွေ ဖြစ်သွားပြီ” ရန်ကိုင်က ပြုံးလျက် ပြောလိုက်၏ “ဂိုဏ်းဠာနချုပ်ကို ပြန်ဖို့က အရမ်းဝေးတာ ဆိုတော့ အချိန်တိုအတွင်းတော့ ခင်ဗျားတို့ အဲ့ကို ရောက်နိုင်ဦးမှာ မဟုတ်သေးဘူး။ ဒါပေမယ့် စိတ်မပူနဲ့၊ တစ်နေ့ကျ ကျုပ်ခင်ဗျားတို့ကို အဲ့ဆီ ခေါ်သွားပေးမယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၄၈)

ထို့နောက် ရန်ကိုင်သည် ယွဲ့ရှီ၊ ဟဲမြောင်နှင့် ဟဲကျောင်တို့အား သူတို့အသုံးပြုသည့် သိုင်းပညာရပ်များ အကြောင်း မေးမြန်းလေသည်။

သုံးယောက်စလုံးသည် သူတို့ လေ့ကျင့်ထားသော သိုင်းပညာရပ်များအကြောင်း မချွင်းမချန် ရှင်းပြလိုက်သည်။

ကျင့်စဉ်များနှင့်ပက်သက်သော် ရန်ကိုင် အနေဖြင့် သူတို့အား အကြံဥာဏ် များများစားစား မပေးနိုင်ချေ။ သူတို့ဘာသာပဲ ကျင့်ကြံရမှ ရပေလိမ့်မည်။ မှော်ရတနာများနှင့် ပက်သက်၍မူ ကပ်စေးနဲမနေခဲ့ချေ။

ယွဲ့ရှီတွင် တန်ခိုးရှင်အဆင့်မှော်ရတနာနှစ်ခု ရှိပေသည်။ သို့ရာတွင် နှစ်ခုစလုံးမှာ အဆင့်နိမ့် မှော်ရတနာများ ဖြစ်သည့် အတွက် သူမ၏ တိုက်ပွဲစွမ်းအားကို သိပ်ပြီး မြှင့်တင်ပေးနိုင်ခြင်း မရှိချေ။

ရန်ကိုင်သည် ငှက်မွှေးဝိဥာဉ်မြှားနှင့် တစ္ဆေတိမ်တိုက် အစီအရင် ထည့်သွင်းထားသော အစီအရင်ပြားကို ယွဲ့ရှီဆီ ပေးလိုက်လေသည်။

သူ့ခွန်အား တိုးတက်လာသည်နှင့်အမျှ ထိုမှော်ရတနာ နှစ်ခုသည် သူ့အတွက် သိပ်အသုံးမဝင် ဖြစ်လာခဲ့သည်။

ငှက်မွှေးဝိဥာဉ်မြှားမှာ အားကောင်းသော်ငြား တစ်ပြိုင်တည်း နှစ်ကြိမ်သာ အသုံးပြုနိုင်ပြီး အားပြန်ဖြည့်ရသည်။ သို့မှသာ နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်ပေလိမ့်မည်။

လက်ရှိ ရန်ကိုင်၏ ခွန်အားအရ တန်ခိုးရှင်တတိယအဆင့် ပညာရှင်များကို ရင်ဆိုင်ရာ၌ ထိုမှော်ရတနာများကို သုံးနေစရာ မလိုတော့ချေ။ ထိုမှော်ရတနာများသည် တန်ခိုးရှင်ဘုရင်အဆင့်များကို ထိခိုက်အောင်မှ မလုပ်နိုင်လေဘဲ။

ထို့ကြောင့် ယွဲ့ရှီဆီ ပေးလိုက်ခြင်း ဖြစ်သည်။

တစ္ဆေတိမ်တိုက်အစီအရင် တံဆိပ်ပြား အတွက်လည်း အတူတူပင်။

မှော်ရတနာနှစ်ခုသည် ရန်ကိုင်အတွက် သိပ်ပြီး အသုံး မဝင်တော့သော်ငြား ယွဲ့ရှီသာ သေသေချာချာ သုံးတတ်လျှင် သူမ၏ တိုက်ပွဲစွမ်းအားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်သည်။ ထိုမှော်ရတနာနှစ်ခုနှင့်ဆိုလျှင် ယွဲ့ရှီအနေဖြင့် တန်ခိုးရှင် ပထမအဆင့်နှင့်ပင် တန်ခိုးရှင်တတိယအဆင့် ပညာရှင်များကို ယှဉ်တိုက်နိုင်ပေလိမ့်မည်။

မှော်ရတနာနှစ်ခုကို ရလိုက်သည့်အခါ ယွဲ့ရှီ အလွန် ပျော်သွားခဲ့သည်။

ချင်းဝူဟွေ၏ ထောက်ခံမှုဖြင့် ကုကျန်းရှင်နောက်သို့ လိုက်ခဲ့သော်ငြား ဤကဲ့သို့သော မှော်ရတနာများ ရဖို့ရာ တစ်ခါမှ အိမ်မက်မမက်ခဲ့ဖူးချေ။ ရန်ကိုင်၏ ကြွယ်ဝချမ်းသာမှုနှင့် ရက်ရောမှုသည် သူမအား အတော့်ကို အံ့အားသင့်စေခဲ့သည်။

ဟဲမြောင်နှင့် ဟဲကျောင်တို့ကိုတော့ မည်သည့် မှော်ရတနာမှ ထပ်ပေးမနေခဲ့ချေ။ သူတို့နှစ်ဦးတွင် ချင်းဝူဟွေ ပေးထားသည့် တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာ နှစ်ခုရှိနေသည်။

သူတို့သာ ထိုမှော်ရတနာနှစ်ခုကို အတူ ပေါင်းစပ်ပြီး တိုက်ခိုက်နိုင်မည်ဆိုလျှင် တန်ခိုရှင်အဆင့်မြင့် မှော်ရတနာ တစ်ခု၏ စွမ်းအားနှင့် တူညီသော စွမ်းအားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

မှော်ရတနာများ အများကြီး ရှိနေခြင်းသည် မိမိ၏ တိုက်ပွဲစွမ်းအားကို ပိုမို တိုးတက်လာစေနိုင်သည်ဟု မဆိုလိုပေ။

ထို့အစား တန်ခိုးရှင်အခြေတည်ဆေးလုံး နှစ်လုံးကိုသာ ဟဲမြောင်နှင့် ဟဲကျောင်တို့အား ပေးလိုက်သည်။ လက်ရှိ အခြေအနေအရ မှော်ရတနာများကို ရယူရမည့်အစား တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်နိုင်ရန် ကြိုးစားခြင်းသည် သူတို့အတွက် အသင့်တော်ဆုံး ဖြစ်သည်။

ထို့အပြင် ရန်ကိုင်သည် ဆရာတပည့်သုံးဦးအား သူတော်စင် သလင်းကျောက် အများကြီး ထပ်ပေးလိုက်သေးသည်။

ထို့နောက်တွင် ရန်ကိုင် ဤနေရာသို့ မရောက်လာခင် တည်ဆောက်ခဲ့သော ဟင်းလင်းပြင်အစီအရင်နှင့် ဆက်သွယ်မည့် ဟင်းလင်းပြင်အစီအရင်တစ်ခုကို စတင် တည်ဆောက်တော့သည်။

ဟင်းလင်းပြင်အစီအရင်ကို တည်ဆောက်ရန်အတွက် နန်းတော်၏ အတွင်းကျဆုံးနေရာကို ရွေးချယ်ခဲ့၏။

ပစ္စည်းအားလုံးကို သတ်မှတ်ထားသည့်အတိုင်း အစီအစဉ်အတိုင်း နေရာချပြီးနောက်တွင် အစီအရင်ကို စတင် ထိုးထွင်းကာ လေဟာနယ် စွမ်းအားကို အစီအရင်ထဲ ထည့်သွင်းတော့လေသည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် ဟင်းလင်းပြင်အစီအရင်ကို တည်ဆောက်ပြီးသွားခဲ့လေသည်။

ဟင်းလင်းပြင်အစီအရင် ပြီးသည်နှင့် သူ့လက်ထဲရှိ လေဟာနယ်သလင်းကျောက်အားလုံးလည်း ကုန်သွားခဲ့လေ၏။

ကောင်းကင်စိတ်အာရုံဖြင့် ယွဲ့ရှီ၊ ဟဲမြောင်နှင့် ဟဲကျောင်တို့အား စစ်ဆေးကြည့်ပြီးနောက် သုံးယောက်စလုံး တံခါးပိတ်ကျင့်စဉ် ဝင်နေသေးကြောင်း တွေ့လိုက်ရသည့်အခါ ခေါင်းညိတ်၍ ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်လေ၏။

မျက်တောင်တစ်ခတ်အတွင်း သတ္တုကြယ်ပေါ်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

ရန်ကိုင် ရှာတွေ့ခဲ့သည့် မြေအောက်အပျက်အစီးနယ်မြေသည် ကျင့်ကြံသူပေါင်းများစွာဖြင့် အသက်ဝင်စည်ကားနေသည်။

ထိုနေရာတွင် အထက်စကြာဝဠာဂိုဏ်းနှင့် အရိပ်လခန်းမမှ တပည့်များတင်မဟုတ်ဘဲ ကြည်လင်ကောင်းကင်ဂိုဏ်း၊ ဖန်သွေးရောင်ဂိုဏ်း စသည့် အထက်စကြာဝဠာဂိုဏ်းနှင့် ရင်းနှီးသော တပည့်များကိုပါ တွေ့လိုက်ရသဖြင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။

“ဂိုဏ်းချုပ်ရန်လား” ရန်ကိုင် ထိုတပည့်များကို ကြည့်နေစဉ်မှာပဲ မလှမ်းမကမ်းမှ အံ့အားသင့်နေသည့် အသံတစ်သံ ထွက်လာခဲ့သည်။

လှည့်ကြည့်လိုက်ရာ သူ့နာမည်ကို လှမ်းခေါ်လိုက်သည့် လူမှာ ကြည်လင်ကောင်းကင်ဂိုဏ်းမှ မိုယုဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“စီနီယာမိုလား” ရန်ကိုင်က ပြုံးလျက် ပြန်နှုတ်ဆက်လိုက်သည်။

“တကယ်ကြီး ဂိုဏ်းချုပ်ရန်ကိုး” မိုယု ဝမ်းသာသွားပြီး ရန်ကိုင်ဆီသို့ အလျင်အမြန် လမ်းလျှောက်လာလျက် “လူမှားသွားတယ်ထင်နေတာ တကယ်ကြီး ဂိုဏ်းချုပ်ရန် ဖြစ်နေတာကိုး။ ဂိုဏ်းချုပ်ရန် ဘယ်ကနေ ပြန်လာတာလဲ”

“မိုးပြာသစ်ပင်ကြယ်က” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဂိုဏ်းချုပ်ရန်က တကယ် အံ့ဩဖို့ကောင်းတာပဲ” မိုယုက လေးစားတကြီးဖြင့် “ဂိုဏ်းချုပ်ရန်ကြောင့်သာ မဟုတ်ရင် ကျုပ်တို့ အားလုံး အရိပ်ကြယ်မှာပဲ ထာဝရ ပိတ်မိနေမှာ။ ဒါပေမယ့် အခုတော့ အခြား ကျင့်ကြံရေးကြယ်တွေဆီ လွတ်လွတ်လပ်လပ် သွားလို့ရပြီ။ အခုလို ဖြစ်သွားတာ အရိပ်ကြယ်မှာ မပျော်တဲ့လူ မရှိလောက်ဘူး”

“ဟဲဟဲ” ရန်ကိုင်လည်း ရယ်မောလိုက်လေသည်။

မိုယုပြောသည်မှာ အမှန်ပင်။ လေဟာနယ်တာအိုကို နားလည်သဘောပေါက်ခြင်း မရှိဘဲနှင့် ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်များကို တည်ဆောက်ဖို့ရာ မဖြစ်နိုင်ချေ။ ကြယ်စီရင်စုထဲတွင် ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်အချို့ ရှိသော်ငြား ထိုအရာများမှာ ရှေးခတ်က ကျန်ရစ်ခဲ့သည့် အရာများ ဖြစ်ကြသည်။ ကြာနေပြီ ဖြစ်သည့်အတွက်ကြောင့် ထိုကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်များမှာ ရန်ကိုင် ခင်းကျင်ထားသည့် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်များကဲ့သို့ တည်ငြိမ်ခြင်း မရှိတော့ချေ။

ထို့အတွက်ကြောင့် တကယ်သာ မလိုအပ်လျှင် မည်သူမှ ထိုကမ္ဘာခြားဟင်းလင်းပြင် အစီအရင်များကို မသုံးကြပေ။

“ဂိုဏ်းချုပ်ရန် အခုပြန်လာတာ အကြီးအကဲချုပ်ကို ရှာဖို့လား” မိုယုက ထပ်မေးလိုက်သည်။

“ဟုတ်တယ်။ အကြီးအကဲချုပ်နဲ့ အခြားလူတွေ ဘယ်မှာလဲ”

“လိုက်ခဲ့။ ကျုပ်ခေါ်သွားပေးမယ်” မိုယုက ပြောလိုက်သည်။

အထက်စကြာဝဠာဂိုဏ်း၏ အားကောင်းလာမှုကြောင့် အရိပ်ကြယ်ရှိ ဂိုဏ်းပေါင်းများစွာသည် အထက်စကြာဝဠာဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ချင်လာသည်။ အထက်စကြာဝဠာဂိုဏ်းနှင့် အရိပ်လခန်းမသည် အရိပ်ကြယ်ကြီးတစ်ခုလုံးအား မွှေနှောက်သောင်းကျန်းခဲ့သည့် အလောင်းဝိဥာဉ်ဂိုဏ်းအား ဖြိုခွဲခဲ့သူများ ဖြစ်ကြသည်။ ကြည်လင်ကောင်းကင်ဂိုဏ်းသည် အထက်စကြာဝဠာဂိုဏ်းနှင့် ရင်းနှီးသည့်အတွက် ဤနေရာသို့ လာခွင့်ရခဲ့လေသည်။

မကြာမီ အခြေအနေ အရပ်ရပ်အတွက် အမိန့်များ ပေးနေကြသော ရီရှီယွင်နှင့် ချင်းတုန်တို့ကို ရန်ကိုင် မြင်လိုက်ရ၏။

မိုးပြာသစ်ပင်ကြယ်ပေါ်တွင် မိုင်တစ်သိန်းအကျယ်ရှိသော ကျွန်းတစ်ကျွန်း ရန်ကိုင်မှ ပိုင်ဆိုင်ထားကြောင်း သိရသည့်နောက် အကုန်လုံး အလွန် စိတ်လှုပ်ရှားသွားကြလေသည်။

သူတို့ အနေဖြင့် နောက်နောင် အရိပ်ကြယ်တွင် ပိတ်မိနေစရာ မလိုတော့ချေ။ တန်ခိုးရှင်အဆင့်၏ အကန့်အသတ်များကို ချိုးဖျက်ကာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနိုင်တော့မည် ဖြစ်သည်။

အထူးသဖြင့် ရီရှီယွင်… သူမသည် ဤနေ့ဤရက်သို့ ရောက်လာရန် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

“အကြီးအကဲချုပ် ဘယ်အချိန် သွားဖို့ စဉ်းစားထားလဲ” ရန်ကိုင်က မေးလိုက်သည်။

သို့ရာတွင် ထူးဆန်းစွာပင် ရီရှီယွင်က ခေါင်းခါလိုက်၏ “အခု လောလောဆယ်တော့ ငါသွားဦးမှာ မဟုတ်ဘူး”

တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရန်ကိုင်က ပြန်၍ မေးလိုက်သည် “ယန်ယန်ကြောင့်လား”

“ဟုတ်တယ်” ရီရှီယွင်က ပြုံးလျက် “ငါသာ တန်ခိုးရှင်ဘုရင် အဆင့်ကို ရောက်သွားရင် အရိပ်ကြယ်မှာ နေလို့ အဆင်ပြေတော့မှာ မဟုတ်ဘူး။ ဂိုဏ်းချုပ်ချင်းက ဥပမာပဲ။ ဒါကြောင့် သူနိုးလာတော့မှပဲ သွားတော့ဖို့ လုပ်ထားတာ”

“ကျုပ်သိပြီ” ရန်ကိုင် ဘာမှ ဆက်ပြောမနေတော့ချေ။

ရီရှီယွင်သည် ယန်ယန်အတွက် အများကြီး လုပ်ပေးခဲ့သည်။ ယခင်က ယန်ယန် အတွက်ကြောင့် ရန်ကိုင်နှင့်အတူ မလိုက်ခဲ့ဘဲ အရိပ်ကြယ်၌ နေခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း အလားတူ ဆုံးဖြတ်ချက်ကိုပင် ထပ်ချခဲ့သည်။

“ကောင်းပြီလေ အဲ့ဒါဆို “ရန်ကိုင်က ပြုံးလျက် “ဘာပဲဖြစ်ဖြစ် အကြီးအကဲချုပ်အတွက်ကတော့ ကိစ္စမရှိပါဘူး။ အကြီးအကဲချုပ်က ဘယ်အချိန် သွားပြီးချိုးဖျက်ချိုးဖျက် တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ဖို့ ခက်တာမှ မဟုတ်တာ”

“ဂိုဏ်းချုပ်က ကျွန်မကို အရမ်း အထင်ကြီးနေတာပဲ” ရီရှီယွင်က ရယ်မောလျက် “တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ဖို့ ဆိုတာ ခေတ်အဆက်ဆက်က ကျင့်ကြံသူတွေရဲ့ အိမ်မက်ပဲ။ ဒါပေမယ့် လူတိုင်း တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်လို့လား။ မရောက်ဘူးလေ။ တန်ခိုးရှင်အဆင့်မှာပဲ တစ်နေတဲ့လူတွေ အများကြီးပဲ။ ကျွန်မအတွက်လည်း တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ဖို့ လွယ်မှာ မဟုတ်ဘူး”

“ဘာပဲဖြစ်ဖြစ်၊ ကျုပ်ဒီတစ်ကြိမ် ပြန်လာတာ ဒီအကြောင်း ပြောချင်လို့ပဲ” ရန်ကိုင်က ချင်းတုန်ဘက်သို့လှည့်၍ “ခင်ဗျားတို့ကော မိုးပြာသစ်ပင်ကြယ်ဆီ ဘယ်အချိန်သွားမှာလဲ။ သွားမယ့်အချိန်ကို ခင်ဗျားတို့ပဲ ကြည့်ကြပ်ပြီးတော့ စီစဉ်လိုက်တော့”

“အင်း။ မင်းစိတ်ပူမနေနဲ့။ အချိန်တန်ရင် အကြီးအကဲရီရယ်၊ မိုယုရယ်၊ ငါရယ် အတူတူ လာခဲ့မယ်” ချင်းတုန်က သည်းလှိုက်အူလှိုက် ရယ်မောရင်း “ဒီလို အခွင့်အရေးကြီးကို လက်လွှတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်သွားလို့ အရိပ်ကြယ်ကို မလာနိုင်တော့ဘူးဆိုရင်တောင် ဘာဖြစ်မှာမို့လို့လဲ။ ဟင်းလင်းပြင်အစီအရင်တွေ ရှိနေတာပဲ။ ငါတို့ ကြိုက်တဲ့အချိန် ဒီကို ပြန်လာလို့ရတယ်”

“ကောင်းပြီလေ။ ခင်ဗျားအဲ့ကိုသွားရင် တစ်ယောက်ယောက် ခင်ဗျားတို့ကို စောင့်နေလိမ့်မယ်” ရန်ကိုင်က ခေါင်းညိတ်၍ “ဒါနဲ့ ခင်ဗျားတို့ မိုင်းတူးနေတာကြာပြီ။ လေဟာနယ်သလင်းကျောက် မိုင်းတွင်းလေး ဘာလေးများ တွေ့ကြလား”

“မတွေ့ဘူး” ချင်းတုန်က ခေါင်းခါ၍ “ငါတို့ သုံးယောက် လိုက်ပတ်ရှာကြည့်ပြီးသွားပြီ။ သတ္တုတွင်းတွေ အများကြီး တွေ့ခဲ့ပေမယ့် လေဟာနယ်သလင်းကျောက် တွင်းတစ်တွင်းကိုမှ မတွေ့ခဲ့ဘူး”

ထိုအတွက်ကြောင့် ရန်ကိုင် အံ့အားသင့်မနေခဲ့ပေ။ ဤအတိုင်း ခေါင်းထဲ ပေါ်လာသဖြင့် မေးလိုက်ခြင်းသာ။

ရန်ကိုင်သည် သတ္တုကြယ်တွင် အကြာကြီးမနေဘဲ စကားစမြည် နည်းနည်းပါးပါး ထပ်ပြောပြီးနောက် ဟင်းလင်းပြင် အစီအရင်မှတစ်ဆင့် မိုးပြာသစ်ပင်ကြယ်ဆီသို့ ပြန်လာခဲ့၏။

ခရီးသည် နေ့တစ်ဝက်သာ ကြာခဲ့သည်။ သူပြန်ရောက်သည့် အချိန်တွင် ယွဲ့ရှီ၊ ဟဲမြောင်နှင့် ဟဲမြောင်တို့ နှစ်ဦးစလုံး တံခါးပိတ်ကျင့်စဉ် ဝင်နေကြသေး၏။

ကျုလျန်သည် ရန်ကိုင်နှင့် မိတ်ဆက်ပေးရန်အတွက် အကြီးအကဲအချို့ကို ခေါ်လာခဲ့သည်။ ရန်ကိုင်သည် အမွှာငါးမန်းကျွန်း၏ ခေါင်းဆောင် ဖြစ်သွားပြီ ဖြစ်သည့်အတွက် အကြီးအကဲများအနေဖြင့် အနည်းဆုံး သူတို့ ခေါင်းဆောင်ကို သိထားသင့်ပေသည်။

ရန်ကိုင်သည် ထိုတန်ခိုးရှင်ပထမအဆင့်များနှင့် စကား နည်းနည်းပါးပါး ပြောပြီးနောက် အကုန်လုံးကို ပြန်လွှတ်လိုက်၏။

သူစောင့်နေသည်မှာ ဓါးအဖွဲ့အစည်းမှ သတင်းစကားပင်။ ဓါးအဖွဲ့အစည်းကဲ့သို့ အဖွဲ့အစည်းတစ်ခု အနေဖြင့် လေဟာနယ် သလင်းကျောက်များကို မစုဆောင်းနိုင်စရာအကြောင်း လုံးဝ မရှိချေ။ သူ့တွင်သာ လေဟာနယ်သလင်းကျော်က အလုံအလောက် ရှိလျှင် နောက်ထပ်သော ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်များကို ထပ်မံ ခင်းကျင်းနိုင်ပေလိမ့်မည်။

ထုန်းရွှမ်လောကကြီးတွင် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်တစ်ခု မဖြစ်မနေ ခင်းကျင်းရပေမည်။ ကံမကောင်းစွာဖြင့် လေဟာနယ်သလင်းကျောက်နှင့် ပက်သက်သော သတင်း ယခုထိ ရောက်မလာသေးချေ။

နှစ်လခန့် ကြာပြီးနောက်မှသာ သတင်းစကား ရောက်လာခဲ့သည်။ ယွဲ့ရှီသည် ရန်ကိုင်ဆီသို့ ရောက်လာပြီး တင်ပြလေ၏ “ဓါးအဖွဲ့အစည်းက တစ်ယောက်ယောက် ရောက်နေပါတယ်”

ရန်ကိုင်လည်း စိတ်လှုပ်ရှားစွာ ချက်ချင်း ထရပ်၍ တစ်ဖက်လူတွင် လေဟာနယ်သလင်းကျောက် မည်မျှ ပါလာမလဲ တွေးရင်း အလျင်အမြန် သွားတွေ့လေသည်။

လော့လန်သည် သူ့လက်အောက်ငယ်သားတစ်ဦးကို စေလွှတ်လိုက်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား သူမကိုယ်တိုင် ရောက်လာလိမ့်မည်ဟုတော့ ရန်ကိုင် မထင်ထားခဲ့ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၄၉)

“စီနီယာလော့ ဘာလို့ လူကိုယ်တိုင် ရောက်လာတာလဲ”

လော့လန်အား နန်းတော်ထဲသို့ ဖိတ်ခေါ်ကာ ထိုင်စေပြီးနောက် ရန်ကိုင်က မေးလိုက်လေသည်။

“မောင်လေးက သခင်လေးရဲ့ သူငယ်ချင်းပဲဟာကို ဒီသခင်မ ကိုယ်တိုင်လာတာ ဘာထူးဆန်းလို့လဲ” လော့လန်က နှုတ်ခမ်းလေး ကွေးလျက်ပြုံးကာ ပြန်ပြောလိုက်သည် “ဘာလဲ၊ ဒီသခင်မကို မကြိုဆိုတာလား”

“ဘယ်ကသာ။ စီနီယာကိုယ်တိုင် ရောက်လာတာ ကျုပ်အတွက် ဂုဏ်တောင်ရှိသေးတယ်” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

လော့လန်ကဲ့သို့ လူတစ်ဦး ရှုခင်လေး ကြည့်ရန်အတွက် သူ့ဆီသို့ လူကိုယ်တိုင် ရောက်လာသည်ကိုတော့ သူလုံးဝ မယုံသည်မှာ အမှန်ဖြစ်သည်။

ကုန်သွယ်ရေး အတွက်ဆိုလျှင်လည်း သူမ၏ လက်အောက်ငယ်သားများကို စေလွှတ်လိုက်၍ ရသည်။ ဘာကြောင့်များ လူကိုယ်တိုင် လာနေရဦးမည်နည်း။

သူမတွင် အခြား ရည်ရွယ်ချက်တစ်ခုခု ရှိနေသည့် အတွက်ကြောင့်သာ လူကိုယ်တိုင် ရောက်လာခြင်း ဖြစ်သည်။ သို့ရာတွင် လော့လန် ကိုယ်တိုင်က ထုတ်မပြောသေးသဖြင့် ရန်ကိုင်ကလည်း မမေးခဲ့ပေ။

“ဒီနေရာက တော်တော်လေး တိတ်ဆိတ်တာပဲနော်” လော့လန်က ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်ရင်း ပြောလိုက်သည်။ ဆယ်မိုင်ပတ်ပတ်လည် တစ်ဝိုက်တွင် ရန်ကိုင်၊ ယွဲ့ရှီ၊ ဟဲမြောင်နှင့် ဟဲကျောင်တို့သာ ရှိသည်။ အမျိုးသမီး သုံးဦးမှာ တံခါးပိတ်ကျင့်စဉ် ဝင်နေကြသဖြင့် ဤနေရာ၌ ရန်ကိုင် တစ်ဦးသာ နေနေသည်ဟု ထင်ရ၏၊

သာမန် အခြေအနေမျိုးတွင် နန်းတော်သည် လုံးဝဥဿုံ တိတ်ဆိတ်နေတတ်သည်။

“နန်းတော်ကို စောင့်ရှောက်ဖို့ အစေခံတွေ ကျုလျန်ကို ဘာလို့ မရှာခိုင်းတာလဲ” လော့လန်က မေးလိုက်သည်။

ရန်ကိုင်က ရယ်သွမ်းသွေး၍ “ကျုပ်တစ်ယောက်တည်းနဲ့တင် လုံလောက်နေပါပြီ။ အစေခံတွေလာလည်း အပိုပဲ ဖြစ်နေမှာ”

“ဟုတ်တယ်နော်။ တိတ်ဆိတ်ငြိမ်းချမ်းမှုက တကယ်ကို အကောင်းဆုံးပဲ” လော့လန်က ပြုံးလျက် ရုတ်တရက် ပြောလိုက်၏ “ရော့… မောင်လေး တောင်းထားတဲ့ လေဟာနယ် သလင်းကျောက်တွေ။ အတတ်နိုင်ဆုံးတော့ ရှာခဲ့တာပဲ။ ဒါပေမယ့် လေဟာနယ်သလင်းကျောက်တွေက အရမ်း ရှားတာဆိုတော့ အခု ရတဲ့ ပမာဏက မောင်လေးအတွက် လောက်ပါ့မလားမသိဘူး”

ပြောရင်း လော့လန်သည် ရန်ကိုင်ဆီသို့ သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ပေးလိုက်လေသည်။

ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် မျက်မှောင် ကြုတ်သွားခဲ့လေ၏။

ရန်ကိုင်၏ အမူအရာကို သေချာ စောင့်ကြည့်နေသော လော့လန်သည် ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်ကို မြင်သော် အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည် “ဒီသခင်မပဲ အထင်မှာလားတာလား။ ငါသိသလောက် သိုလှောင်လက်စွပ်ထဲက လေဟာနယ်သလင်းကျောက် တော်တော် များပါတယ်။ အဲ့ဒါတောင် မောင်လေးအတွက် မလောက်ဘူးလား”

ရန်ကိုင်က မျက်မှောင်ကြုတ် ခေါင်းညိတ်၍ “တကယ် မလောက်သေးဘူး”

လော့လန်က အလေးအနက် အမူအရာဖြင့် ပြန်မေးလိုက်သည် “လေဟာနယ်သလင်းကျောက်တွေ အများကြီး ရှာပြီး ဘာလုပ်မလို့လဲ။ ဒါတွေကို သိုလှောင်လက်စွပ်တွေ လုပ်တဲ့ နေရာကလွဲပြီး သုံးမယ့်နေရာမှ မရှိတာ”

ရန်ကိုင်သည် လော့လန်၏ အမေးကို ရယ်သာရယ်လိုက်ပြီး ပြန်မဖြေခဲ့ချေ။

လော့လန်သည် ရန်ကိုင် ပြန်မဖြေချင်မှန်းသိသော် “ဒီသခင်မ သိချင်လို့ပါ။ မဖြေနိုင်ရင်လည်း ဘာမှမဖြစ်ဘူး။ မောင်လေး နည်းနည်းလောက် ဆက်ပြီး စောင့်နိုင်မယ်ဆိုရင်တော့ ပင်မကြယ်ကို ဆက်သွယ်ပေးလို့ရတယ်”

“ဘယ်လောက်ကြာမှာလဲ” ရန်ကိုင်က ပြန်မေး၏။

“လေဟာနယ်သလင်းကျောက်တွေကို ရှာဖို့ အချိန်က ယူရဦးမယ်။ ရှာပြီးသွားရင်လည်း ဒီကို ပို့ဖို့ အချိန်ယူရဦးမယ် ဆိုတော့ အနည်းဆုံး တစ်နှစ်လောက်တော့ ကြာလိမ့်မယ်။ ဒါပေမယ့် သူတို့ဆီမှာလည်း အများကြီး ရှိမယ်လို့တော့ အာမ မခံနိုင်ဘူးနော်”

“အဲ့ဒါဆို ထားလိုက်တော့” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

လော့လန် ယူလာသည့် လေဟာနယ်သလင်းကျောက်မှာ များသော်လည်း ရန်ကိုင်အတွက်တော့ များသည့်အထဲ မပါချေ။ သူမ ယူလာသည့် ပမာဏသည် အများဆုံးမှ ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်တစ်ခု ခင်းကျင်းဖို့အတွက်သာ လုံလောက်ပေလိမ့်မည်။

ထုန်းရွှမ်လောကကြီးနှင့် အရိပ်ကြယ်ကို ဆက်သွယ်လိုလျှင် အနည်းဆုံး ကမ္ဘာခြားဟင်းလင်းပြင် အစီအရင် နှစ်ခုသုံးခုခန့် ခင်းကျင်းရန် လိုအပ်ပေသည်။

“လေဟာနယ်သလင်းကျောက်တွေက အခြားသတ္တုတွင်းတွေကနေ အရံတွင်းထွက်တွေအဖြစ်ပဲ ဖြစ်ပေါ်လို့ တော်တော်ရှားနေတာ။ ဒါပေမယ့် လေဟာနယ် သလသင်းကျောက်တွေ ထွက်တဲ့ လေဟာနယ် အက်ကွဲကြောင်းတွေ အများကြီးရှိတဲ့ နေရာတစ်ခု ဒီသခင်မ သိတယ်” လက်ရှိ ပြောနေသည့် အကြောင်းအရာနှင့် မပက်သက်သော်ငြား ဆက်စပ်သည့် အကြောင်းအရာ တစ်ခုအကြောင်းကို လော့လန်က ရုတ်တရက် ပြောလာ၏ “မောင်လေး ကိုယ်တိုင် အဲ့မှာ သွားရှာချင်လား”

ရန်ကိုင်က လော့လန်အား မျက်လုံးမှေးစဉ်းလျက် စိုက်ကြည့်နေပြီးနောက် ရယ်သွမ်းသွေးလျက် “ဒီတော့ ဒါက စီနီယာကိုယ်တိုင် ရောက်လာရတဲ့ အကြောင်းပြချက်ပေါ့”

လော့လန်က ပြုံးလျက် “မောင်လေး သိသွားပြီဆိုမှတော့ ဒီသခင်မလည်း မဖုံးကွယ်ထားတော့ပါဘူး”

“လေဟာနယ်သလင်းကျောက်တွေထွက်တဲ့ ဟင်းလင်းပြင် အက်ကွဲကြောင်းတွေ ရှိတဲ့နေရာကို စီနီယာသိတာလား” ရန်ကိုင်က မေးလိုက်သည်။

“ဟုတ်တယ်” လော့လန်က ခေါင်းညိတ်လိုက်သည် “မောင်လေး အဲ့ကို သွားချင်လား”

“မသွားချင်သေးဘူး ဆိုရင်ကော” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

လော့လန်သည် အံ့အားသင့်သွားဟန်မရဘဲ ရယ်မော၍သာ “အင်း… အဲ့မှာ လေဟာနယ်သလင်းကျောက်တွေအပြင် လေဟာနယ်သားရဲတွေပါ ရှိတာနော်”

“လေဟာနယ်သားရဲ” ရန်ကိုင်သည် လော့လန်ကို စိုက်ကြည့်ရင်း သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် ပြန်မေးလိုက်လေသည် “ကျုပ်လေဟာနယ်တာအိုမှာ ကျွမ်းကျင်တယ်ဆိုတာကို စီနီယာ သိနေတယ်ပေါ့။ ကုကျန်းရှင် ပြောတာလား”

“မောင်လေးသာ လေဟာနယ်တာအိုကို မကျွမ်းကျင်ထားရင် ဒီသခင်မကိုယ်တိုင် ဘာလို့ ရောက်လာရတော့မှာလဲ” လော့လန်က ပြုံးလျက် “မောင်လေး သခင်လေးရှေ့မှာ သွားသုံးကတည်းက အခုလို ဖြစ်မယ်လို့ မျှော်လင့်ထားသင့်တာပေါ့၊ ဟုတ်တယ်မလား။ ဒါပေမယ့် မောင်လေး စိတ်မပူနဲ့။ ဒီအကြောင်းကို ဒီသခင်မနဲ့ ဒီသခင်မပဲသိတာ၊ ဘယ်သူမှ သိတာမဟုတ်ဘူး”

“အခြားသူတွေသိလည်း ကိစ္စမရှိပါဘူး” ရန်ကိုင်က ပခုံးတွန့်လျက် “ကျုပ်သာ ဒီအကြောင်း သတင်းပြန့်သွားမှာ ကြောက်လန့်နေရင် လေဟာနယ်စွမ်းအားကိုသုံးပြီး လီမင်ဟိုင်ကို သတ်ခဲ့မှာ မဟုတ်ဘူး”

ရန်ကိုင်၏ စကားကြောင့် လော့လန် ကြောင်သွားခဲ့ပြီး ခါးသက်စွာသာ ပြုံးလိုက်နိုင်လေသည်။

ရန်ကိုင် ပြောလိုက်သည့် စကားကြောင့် သူမ စီစဉ်ထားသည့် စာကြောင်းအားလုံး အသုံးမဝင်တော့သလို ခံစားလိုက်ရသဖြင့် စိတ်ထဲ အနည်းငယ် အောက်သက်သက် ဖြစ်မိသွားလေ၏။

ခဏလောက် စဉ်းစားနေပြီးနောက် အလေးအနက် လေသံဖြင့် ပြန်၍ ပြောလိုက်သည် “မောင်လေးက လေဟာနယ်စွမ်းအင်ကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားတာဆိုတော့ လေဟာနယ်သားရဲရဲ့ မွန်းစတားအမြူတေက မောင်လေးအတွက် ဘယ်လောက် အဖိုးတန်လဲ သိမှာပေါ့။ အဲ့လေဟာနယ်ထဲ စိတ်ကြိုက်သလို သွားလာလို့ရတဲ့ သားရဲတွေက ရှေးခေတ်ကတည်းက မျိုးတုန်း ပျောက်ကွယ်သွားပြီလို့ ပြောနေကြတာ။ မောင်လေးသာ အဲ့လေဟာနယ်သားရဲရဲ့ မွန်းစတားအမြူတေကို ရလိုက်ရင် မောင်လေးရဲ့ လေဟာနယ်စွမ်းအင်က နောက်တစ်ဆင့်ကို ထပ်တက်သွားလိမ့်မယ်။ ပြီးတော့ အဲ့မှာ မောင်လေး လိုနေတဲ့ လေဟာနယ်သလင်းကျောက်တွေ အများကြီးလည်း ရှိနေသေးတယ်။ ဒီသခင်မ ထင်တာမှန်ရင် မောင်လေး လေဟာနယ်သလင်းကျောက်တွေကို ရှာနေတာ လေဟာနယ် စွမ်းအင်ကို ကျင့်ကြံဖို့မလား”

ရန်ကိုင်သည် လော့လန်၏ စကားကို ငြင်းလည်း မငြင်းသလို ဝန်လည်း ဝန်မခံဘဲ ပြန်၍သာ မေးလိုက်လေသည် “စီနီယာ ပြောတဲ့နေရာက ဘယ်မှာရှိတာလဲ”

ရန်ကိုင် စိတ်ဝင်စားလာသည်ကိုမြင်သော် လော့လန်၏ မျက်နှာ တောက်ပသွားခဲ့လေ၏။ သို့သော် ချက်ချင်း ပြန်မဖြေသေးဘဲ ပြန်၍သာ မေးလိုက်လေသည် “တန်ခိုးရှင်ဘုရင် အဆင့်ရဲ့ အထက်မှာ နောက်တစ်ဆင့် ရှိသေးတယ်လို့ပြောရင် မောင်လေး ယုံမှာလား”

“ယုံတာပေါ့” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ရန်ကိုင်က တုန့်ဆိုင်းခြင်းမရှိသည့် အဖြေကြောင့် လော့လန် ကြောင်သွားခဲ့သည်။

“သိုင်းတာအိုမှာ အထွဋ်အထိပ်ဆိုတာ မရှိဘူးလို့ တစ်ယောက်ယောက် ကျုပ်ကို ပြောဖူးတယ်။ တန်ခိုးရှင်ဘုရင် အဆင့် ဆိုတာက ကျုပ်တို့ ကျင့်ကြံသူတွေရဲ့ နောက်ဆုံး ပန်းတိုင်တစ်ခု မဟုတ်လောက်ဘူး” ရန်ကိုင်က ရှင်းပြလိုက်၏။

“အဲ့လိုကိုး” လော့လန် ပြုံးလိုက်၏။ စိတ်သက်သာရာလည်း ရမိသွားသည်။ ရန်ကိုင်သည် လျှို့ဝှက်ချက်ကြီးတစ်ခုကို သိထားသည်ဟု ထင်ခဲ့သော်ငြား ရန်ကိုင်၏ အဖြေသည် သူ့ထင်မြင်ယူဆချက် တစ်ခုသာ ဖြစ်နေခဲ့လေသည်။

သူမ မသိသည်ကား ရန်ကိုင်သည် ထိုအကြောင်းကို အမှန်အကန် သိထားသည်ဟူသော အချက်ပင်။ သို့ရာတွင် သူ့အနေဖြင့် ထိုအကြောင်းကို လျှောက်ပြောနေလိမ့်မည် မဟုတ်ချေ။

လော့လန်က ထပ်ပေါင်းပြောလိုက်သည် “တန်ခိုးရှင်ဘုရင် အဆင့်ရဲ့ အထက်မှာ နောက်တစ်ဆင့် ရှိသေးလား၊ မရှိဘူးလား ဆိုတာကို ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် ဒဏ္ဏာရီလာ ကြယ်တာရာကောင်းကင် မဟာဧကရာဇ်ရဲ့ ခွန်အားက တန်ခိုးရှင် ဘုရင်အဆင့်တွေထက်ကို အများကြီး သာနေတယ်။ ဒီတော့ တန်ခိုးရှင်ဘုရင်အဆင့်တွေက တန်ခိုးရှင်ဘုရင်အဆင့်အထက်မှာ နောက်တစ်ဆင့် ရှိတယ်လို့ ထင်လာကြရော။ ပြီးတော့ ငါတို့ အခု နေနေတဲ့ ကြယ်စီရင်စုအပေါ်မှာ နောက်ထပ် ပိုအဆင့်မြင့်တဲ့ နေရာတစ်ခု ရှိနေနိုင်သေးတယ်”

“ဘာလို့လဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဘာလို့လဲဆိုတော့ ဒီသခင်မပြောတဲ့နေရာက အဲ့အဆင့်မြင့် နယ်မြေကနေ ပြတ်ပြီး လွင့်ထွက်လာတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပဲ” လော့လန်က အလေးအနက် အမူအရာဖြင့် “ငါတို့ကတော့ အဲ့နေရာကို ကမ္ဘာပျက်လို့ခေါ်တယ်။ အဲ့နေရာက မိုးမြေစွမ်းအင်နဲ့ လောကနိယာမတွေက ဒီနေရာနဲ့ သိပ်မတူဘူး။ အဲ့ဒါတင်မဟုတ်သေးဘူး။ အဲ့နေရာမှာ အခွင့်အလမ်းတွေ အများကြီးလည်း ရှိသေးတယ်။ ကျင့်ကြံခြင်းနဲ့ ဆိုင်တဲ့ အခွင့်အလမ်းတွေကို မပြောရင်တောင် အဲ့ကနေ အချို့လူတွေ ပြန်ယူလာတဲ့ ဆေးပင်တွေနဲ့ သတ္တုတွေက တန်ခိုးရှင်ဘုရင် အဆင့်ထက် ပိုမြင့်တဲ့ဟာတွေချည်းပဲ။ အဲ့ဒါတွေနဲ့ဆို တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံခြင်းကို အလွယ်တကူ မြှင့်တင်လို့ရပြီ။ ငါတို့ တန်ခိုးရှင်ဘုရင်အဆင့်တွေ အတွက် ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ဆိုတာ အရမ်းခက်တယ်။ ဒါပေမယ့် အဲ့နေရာက ပစ္စည်းကောင်းတစ်ခုခု ရလိုက်မယ်ဆိုရင်တော့ နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ အခွင့်အရေး ရှိလာနိုင်တယ်”

“ကမ္ဘာပျက်” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဟုတ်တယ်။ အဲ့က မိုးမြေနိယာမတွေက ငါတို့ ကျင့်ကြံသူတွေအတွက် ပိုပြီး အဆင်ပြေတယ်”

“အဲ့နေရာက ခင်ဗျား ကျုပ်ကို သွားစေချင်တဲ့ နေရာပေါ့”

“ဟုတ်တယ်” လော့လန် ခေါင်းညိတ်လိုက်သည်။

“ခင်ဗျား ပြောသလိုသာဆို တံခါးပိတ်ကျင့်စဉ် ဝင်နေတဲ့ တန်ခိုးရှင်ဘုရင်တတိယအဆင့်တောင် အပြင်ထွက်လာပြီး အဲ့နေရာမှာ နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ မကြိုးစားနိုင်ဘူးလား”

“မရဘူး” လော့လန်က ပြုံးလျက် “အဲ့နေရာက အစိတ်အပိုင်းလေး တစ်ခုပဲ။ ပြီးတော့ ကြယ်စီရင်စုထဲမှာ ရှိနေတာ။ တန်ခိုးရှင်ဘုရင်တတိယအဆင့်တွေကို နောက်တစ်ဆင့် တက်အောင် မလုပ်ပေးနိုင်ဘူး။ ပြီးတော့ ဒီကြယ်စီရင်စုထဲမှာ တန်ခိုးရှင်ဘုရင်တတိယအဆင့်တွေ ဘယ်လောက်ရှိမယ် နင်ထင်လို့လဲ။ အများစုက အရေးကြီးတာ ဘာမှမဖြစ်သရွေ့ ဘယ်တော့မှ ထွက်လာမှာမဟုတ်တဲ့ မွန်းစတားအိုကြီးတွေပဲ”

“ဒါပေမယ့် တန်ခိုးရှင်ဒုတိယအဆင့်တွေတော့ ရှိမယ်မလား”

“ရှိနိုင်တယ်” လော့လန်‌ ခေါင်းညိတ်လိုက်သည်။

“တန်ခိုးရှင်ဘုရင်အဆင့်တွေတောင် သွားတာက ဘာလို့ ကျုပ်ကို သွားစေချင်တာလဲ။ ကျုပ်က အခု တန်ခိုးရှင်တတိယ အဆင့်ပဲ ရှိသေးတာ။ ကျုပ်သာ သွားလိုက်ရင် ကိုယ့်သေတွင်း ကိုယ်တူနေသလို ဖြစ်နေမှာပေါ့” ရန်ကိုင်က ပြန်ပြော၏။

“မောင်လေးက တန်ခိုးရှင်တတိယအဆင့် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သာမန် တန်ခိုးရှင်တတိယအဆင့်မှ မဟုတ်တာ” လော့လန်က ပြန်မေးလိုက်သည် “တန်ခိုးရှင်ဘုရင် အဆင့်ကို သတ်နိုင်တဲ့ တန်ခိုးရှင်တတိယအဆင့်အကြောင်း ဒီသခင်မှ တစ်ခါမှ မကြာဖူးဘူး။ ချောင်းတိုက်လို့ဆိုပြီး လာမပြောနဲ့နော်။ ချောင်းတိုက်တိုင်းသာ သေရမယ်ဆိုရင် အဲ့လူ တန်ခိုးရှင်ဘုရင်အဆင့် မဟုတ်လို့ပဲ။ အဲ့ဒါအပြင်ကိုမှ အဲ့နေရာရောက်ရင် မောင်လေးဆီက အထူးတလည် အကူအညီ တောင်းစရာရှိတယ်”

“ကျုပ်အကူအညီလိုတာလား” ရန်ကိုင်က လော့လန်အား စိုက်ကြည့်လျက် ဖြည်းဖြည်းချင်း မေးလိုက်လေသည် “လေဟာနယ်စွမ်းအားနဲ့ ပက်သက်တာလား”

“ဟုတ်တယ်” လော့လန်က ခေါင်းညိတ်လိုက်သည် “အဲ့ကမ္ဘာပျက်မှာ လေဟာနယ်အက်ကွဲကြောင်းတွေ အများကြီးပဲ။ အချို့က မြင်ရပေမယ့် အချို့ကတော့ မမြင်ရဘူး။ အဲ့ဒါတွေက ငါတို့လို တန်ခိုးရှင်ဘုရင်အဆင့်တွေအတွက်တောင် အရမ်း အန္တရာယ်များတယ်။ လေဟာနယ်အက်ကွဲကြောင်းထဲ ရောက်သွားပြီး ဘယ်တော့မှ ပြန်ပေါ်မလာတဲ့ တန်ခိုးရှင်ဘုရင် အဆင့်တွေ အများကြီးပဲ။ ဒီသခင်မ အဲ့ထဲ ရောက်သွားမှာမျိုး မဖြစ်ဘူး။ ဒါကြောင့် မောင်လေးဆီကို လာခဲ့တာ။ မောင်လေး အတွက်ကတော့ လေဟာနယ်အက်ကွဲကြောင်းတွေကို အာရုံခံဖို့ လွယ်မှာပေါ့ ဟုတ်တယ်မလား”

“ကျုပ်နားလည်ပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် ကျုပ်လို တန်ခိုးရှင်အဆင့်တစ်ယောက်ကို ခေါ်သွားလို့ ဖြစ်ပါ့မလား”

“ဘာလို့ မဖြစ်ရမှာလဲ” လော့လန်က ရယ်မောလျက် “အဲ့ကို လာခွင့်ရတဲ့ တန်ခိုးရှင်ဘုရင်အဆင့်တိုင်း သူတို့နဲ့အတူ နောက်ထပ် လူတစ်ဦးကို ခေါ်လာခွင့်ရှိတယ်။ အဲ့မှာ မောင်လေး တစ်ယောက်တည်း တန်ခိုးရှင်အဆင့် ဖြစ်နေမှာ မဟုတ်ဘူး”

“အခြား တန်ခိုးရှင်အဆင့် ကျင့်ကြံသူတွေလည်း ရှိသေးတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

“ရှိသေးတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး။ အဲ့နေရာက တန်ခိုးရှင်ဘုရင်အဆင့်တွေ အတွက်တောင် ကျင့်ကြံဖို့ သင့်တော်တဲ့ နေရာတစ်ခု ဖြစ်နေတာ တန်ခိုးရှင်အဆင့်တွေ အတွက်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ အချို့ လူတွေက အဲ့နေရာကိုသွားပြီး တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားကြတာ”

ထိုနေရာအရောက်တွင် လော့လန်က ပြောလိုက်သည် “ဒီသခင်မသိတာ ဒါအကုန်ပဲ။ မောင်လေးဆီက အကူအညီလိုလို့ ဒီသခင်မကိုယ်တိုင် ရောက်လာခဲ့တာ။ ပြီးတော့ ဒါက မောင်လေး အတွက်လည်း အခွင့်အရေးကောင်း တစ်ရပ်ပဲလေ”

“ဟုတ်တော့ ဟုတ်ပေမယ့် အန္တရာယ်လည်း များတယ်လေ”

“ဒီလောက် ငယ်ငယ်လေးနဲ့ တန်ခိုးရှင်တတိယအဆင့်ကို ရောက်နေတဲ့ အန္တရာယ်အများကြီးကို မောင်လေး ကြုံဖူးလောက်ပြီပေါ့။ နည်းနည်းလောက် ထပ်ကြုံလိုက်လို့လည်း ဘာဖြစ်သွားမှာမို့လို့လဲ” လော့လန်က ရယ်သွမ်းသွေးလျက် “ကျင့်ကြံဖို့ ရွေးချယ်လိုက်ကတည်းက အခြားသူတွေနဲ့ ပြိုင်ဖို့ ရွေးချယ်လိုက်တာပဲလေ။ ကောင်းကင်နဲ့ အခြားလူတွေ အားလုံးကို ကျော်လွှားနိုင်မှာပဲ အောင်မြင်နိုင်မှာ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၅၀)

အသက်ပြင်းပြင်းရှူလျက်၊ ခဏလောက် စဉ်းစားပြီးနောက်တွင် ရန်ကိုင်က ပြန်ပြောလိုက်သည် “ကျုပ်စဉ်းစားကြည့်လိုက်ဦးမယ်”

“ကိစ္စမရှိဘူး။ အချိန်ရှိသေးတယ်။ သေချာစဉ်းစားပြီးမှ ပြန်ပြောလို့လည်းရတယ်”

ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည် “ဒါဆိုရင် စီနီယာဒီမှာ ခဏလောက် ထပ်နေသွားလိုက်ပါလား။ သုံးရက်ကြာရင် စီနီယာကို ကျုပ်အဖြေပေးမယ်”

“ကောင်းပြီလေ။ ဒါဆို ဒီသခင်မ သုံးရက် စောင့်မယ်။ မောင်လေးက ဒီသခင်မနဲ့အတူလိုက်မယ်ဆိုရင် သွားရမယ့်ခရီးက ပိုပြီး အန္တရာယ်ကင်းမှာ သေချာတယ်”

…

သုံးရက်ကြာပြီးနောက်တွင် ရန်ကိုင်နှင့် လော့လန်သည် အမွှာငါမန်းကျွန်းဆီမှ မိုးပြာသစ်ပင်နန်းတော်ဆီသို့ ထွက်လာခဲ့လေသည်။

ရိုးရိုးသားသားပြောရလျှင် လော့လန် ပြောသွားသော လေဟာနယ်အက်ကွဲကြောင်းမှ ဖြစ်လာသည့် လေဟာနယ် သလင်းကျောက်များကို ရန်ကိုင် အရမ်းကြီး စိတ်မဝင်စားချေ။ လေဟာနယ်သလင်းကျောက်များ ရှားပါးသည်မှာ မှန်သော်လည်း အခြားသော ကျင့်ကြံရေးကြယ်များဆီ သွားပြီး ရှာကြည့်လိုက်လျှင် သူလိုအပ်သော ပမာဏကို ရနိုင်ပေလိမ့်မည်။

သူ့လက်ရှိ ဘဏ္ဏာရေးအခြေအနေအရ လိုအပ်သည့် လေဟာနယ်သလင်းကျောက်ပမာဏကို ဝယ်ယူရန် ပြဿနာ မရှိပေ။

ရန်ကိုင် စိတ်ဝင်စားသည်မှာ ဟင်းလင်းပြင်ထဲ စိတ်ကြိုက် သွားလာနိုင်သော လေဟာနယ်သားရဲများပင် ဖြစ်သည်။

ထိုဟင်းလင်းပြင်များထဲ နေထိုင်ကြသော သားရဲများသည် မျိုးတုန်းပျောက်ကွယ်သွားကုန်ကြလေပြီ။ လောလောဆယ်၌ ရန်ကိုင်၏ လေဟာနယ်တာအိုသည် နောက်တစ်ဆင့်သို့ ထပ်တက်ရန် ခက်ခဲနေခဲ့သည်။ ကမ္ဘာငယ်လေးအား ချဲ့သည့် နှုန်းမှာလည်း အတော်လေးကို နှေးနေသည်။ သို့ရာတွင် သူသာ လေဟာနယ်သားရဲ၏ အမြူတေကို ရလိုက်ပြီး ထိုအမြူတေကို စိတ်ဝိဥာဉ်ဆေးလုံး ဖော်စပ်ရာတွင်သာ သုံးနိုင်မည်ဆိုပါက သူ့လေဟာနယ်တာအိုသည် နောက်တစ်ဆင့်သို့ ထပ်တက်နိုင်ပေလိမ့်မည်။

ကမ္ဘာပျက်ထဲသို့ မည်သည့် တန်ခိုးရှင်ဘုရင်တတိယအဆင့်မှ လာမည် မဟုတ်သဖြင့် ရန်ကိုင် စိတ်ပူနေစရာ မလိုပေ။

သူ့လက်ရှိစွမ်းရည်ဖြင့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်များ လက်မှ လွတ်အောင် ထွက်ပြေးနိုင်သည်။ ထို့ကြောင့် သုံးရက်ကြာအောင် စဉ်းစားပြီးနောက် လော့လန်၏ အစီအစဉ်ကို သဘောတူလိုက်ခြင်း ဖြစ်သည်။

မထွက်လာခင် ရန်ကိုင်သည် ယွဲ့ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့အား နန်းတော်တွင် နေရစ်ခဲ့ရန် မှာခဲ့ပြီး အထက်စကြာဝဠာဟူသော စာလုံး ထိုးထွင်းထားသည့် တံဆိပ်ပြား ကိုင်ဆောင်ထားသည့် လူများ ပေါ်လာလျှင် မထိတ်လန့်ရန်၊ ထိုလူများသည် အထက်စကြာဝဠာဂိုဏ်း၏ အဖွဲ့သားများ ဖြစ်ကြောင်း ပြောပြခဲ့လေသည်။

ဆရာတပည့်အတွဲသည် သူတို့ နေထိုင်သည့် နန်းတော်ထဲ၌ မည်သို့များ တစ်ယောက်ယောက် ပေါ်လာနိုင်သလဲ ဆိုသည်ကို နားမလည်သော်ငြား ရန်ကိုင်ပြောသွားသည့်စကားအားလုံးကို ခေါင်းညိတ်သဘောတူခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရန်ကိုင်သည် လော့လန်နှင့်အတူ မိုးပြာသစ်ပင်နန်းတော်ဆီသို့ ရောက်လာခဲ့သည်။

ရန်ကိုင် နေထိုင်ရန်အတွက် အခန်းတစ်ခန်း ပြင်ဆင်ပေးပြီးနောက် ပြင်ဆင်စရာရှိသည်များကို စတင် ပြင်ဆင်လေသည်။ ယခုတစ်ကြိမ်ခရီးသည် အတော်လေး ကြာမည်ဖြစ်သဖြင့် ရှင်းစရာရှိသည့် ကိစ္စများကို တစ်ခါတည်း ရှင်းသွားရပေမည်။ ထို့အပြင် ကမ္ဘာပျက်ထဲသို့ ဝင်ရန် အတွက်ကိုလည်း ပြင်ဆင်ရပေဦးမည်။

ရန်ကိုင်ကမူ သူ့အခန်းထဲတွင်သာ တင်ပင်ခွေထိုင် ကျင့်ကြံနေခဲ့သည်။

ကုကျန်းရှင်ကိုတော့ မတွေ့ရတော့ချေ။ လော့လန် ပြောပုံအရ ကုန်ကျန်းရှင်သည် မိုးပြာသစ်ပင်ကြယ်မှ လွန်ခဲ့သော တစ်လခန့် ကတည်းက ထွက်သွားခဲ့ခြင်း ဖြစ်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ရာ မကြာမီ တစ်လ ပြည့်သွားခဲ့လေသည်။ တစ်လပြည့်ပြီးနေ့မှာပဲ လော့လန်ဆီမှ သတင်းစကား ရလိုက်သဖြင့် ချက်ချင်း တင်ပလင်ခွေထိုင် ကျင့်ကြံနေရာမှ ထွက်လာခဲ့လိုက်လေသည်။

လော့လန်သည် အခန်းအပြင်ဘက်၌ ရပ်စောင့်နေခဲ့သည်။ ရန်ကိုင် ထွက်လာသည့်အခါ ခေါင်းညိတ်ပြ၍ ရှေ့မှ ဦးဆောင်သွားလေ၏။

မိုးပြာသစ်ပင်နန်းတော် အပြင်ဘက်တွင် တန်ခိုးရှင် အလယ်အလတ်အဆင့် ကြယ်သင်္ဘောတစ်စင်း ရှိနေခဲ့သည်။ နှစ်ဦးစလုံး ကြယ်သင်္ဘောထဲ တက်ပြီးနောက် ကြယ်သင်္ဘော စတင် ထွက်ခွာလေသည်။

“ကမ္ဘာပျက်က ဒီကြယ်စီရင်စုကြီးရဲ့ ချောင်းကျတဲ့ နေရာတစ်ခုမှာ ရှိနေတာ။ ပုံမှန်ဆိုရင် အဲ့နေရာတစ်ခုလုံးကို လေဟာနယ်အက်ကွဲကြောင်းတွေနဲ့ လွှမ်းခြုံနေတာဆိုတော့ အထဲဝင်လို့မရဘူး။ ဒါမေပယ့် တစ်ချိန်မှာတစ်ခါ အဲ့လေဟာနယ် အက်ကွဲကြောင်းတွေ တည်ငြိမ်သွားတတ်တယ်။ အဲ့အချိန်ကျ တန်ခိုးရှင်ဘုရင်အဆင့်တွေ စုပေါင်းပြီး ပညာရပ်တစ်ခုနဲ့ အဲ့နေရာကို ဖွင့်လို့ရတယ်။ ငါတို့ အဲ့ကိုရောက်ပြီးရင် နည်းနည်းလောက် ထပ်စောင့်ပြီးမှ ဝင်လို့ရလိမ့်မယ်” သွားရင်း လော့လန်သည် ရန်ကိုင်အား ရှင်းပြသွားခဲ့သည်။

“အခြား ဘယ်တန်ခိုးရှင်ဘုရင်အဆင့်တွေ လာဦးမလဲ ဆိုတာကိုကော စီနီယာသိလား” ရန်ကိုင်က မေးလိုက်သည်။

“အချို့ကိုတော့သိတယ်။ အခြားသူတွေကိုတော့ မတွေ့ဖူးရင်တောင် နာမည်တော့သိတယ်။ ဒါပေမယ့် အကုန်လုံးကိုတော့ သိမှာမဟုတ်ဘူး။ ကမ္ဘာပျက်ဝင်ခွင့်က ပုံသေ သတ်မှတ်ထားတာ မဟုတ်ဘူး။ သတင်းရတဲ့လူတိုင်းက လာကြမှာဆိုတော့ ငါမသိတဲ့လူတွေလည်း ရောက်လာနိုင်တယ်” လော့လန်က အခန်းတစ်ခန်းရှေ့တွင် ရပ်ကာ ပြောလိုက်သည် “လောလောဆယ်တော့ ဒီမှာနေလိုက်ဦး။ လိုအပ်တာ တစ်ခုခုရှိရင် လာမေးလို့ရတယ်။ တစ်လလောက်ကြာရင် အဲ့နေရာကို ရောက်လိမ့်မယ်”

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး အခန်းထဲသို့ ဝင်သွားလေသည်။

အခန်းထဲသို့ ရောက်သည်နှင့် ကုတင်ပေါ် ခြေချိတ်တင်ကာ စတင် ကျင့်ကြံလေသည်။

နောက်တစ်လအတွင်း ဘာမှမဖြစ်ခဲ့။ လော့လန်သည်လည်း သူ့ဆီ ရောက်မလာခဲ့သလို မည်သည့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူကမှလည်း သူ့အား လာမနှောင့်ယှတ်ခဲ့ချေ။

တစ်လကြာပြီးနောက် တစ်နေ့တွင်၊ ကြယ်သင်္ဘော ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းတွင် လော့လန်၏ အသံကို ရန်ကိုင် ကြားလိုက်ရလေသည် “ရန်ကိုင်”

ရန်ကိုင်လည်း ချက်ချင်း ထိုင်ရာမှထ၍ အခန်းတံခါးကို ဖွင့်ကာ ထွက်လာခဲ့လေသည်။ လော့လန်အား ခေါင်းညိတ်ပြပြီးနောက် နှစ်ယောက်သား ကြယ်သင်္ဘော တံခါးပေါက်ဆီသို့ လမ်းလျှောက်သွားလေ၏။

တံခါးပွင့်သွားသည်နှင့် နှစ်ယောက်စလုံး လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပြေးထွက်သွားကြလေသည်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက်တွင် ကြယ်သင်္ဘောသည် လာရောလမ်းကြောင်းအတိုင်း ပြန်လှည့်သွားလေသည်။

ဟင်းလင်းပြင်ထဲတွင်ရပ်ရင်း ဘယ်ကြည့်ညာကြည့် လုပ်ပြီးနောက် ပြောလိုက်သည် “ငါ့နောက်လိုက်ခဲ့”

ပြောပြီးနောက် ကြယ်လွန်းပျံကိုထုတ်၍ ရှေ့မှ ဦးဆောင် သွားလေသည်။

အလင်းတန်းနှစ်ခုသည် ရှေ့ဆင့်နောက်ဆင့် ကြယ်စီရင်စုထဲ ပျံသန်းနေကြသည်။

ရန်ကိုင်သည် လမ်းခရီးတစ်လျှောက်လုံး လော့လန်နောက်မှ တိတ်တိတ်လေးသာ လိုက်လာခဲ့သည်။ အချိန်ဘယ်လောက် ကုန်လို့ ကုန်သွားပြီးမသိအောင် ကြာပြီးနောက်တွင် ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသော အရောင်တလက်လက် တောက်ပနေသည့် စက်ဝိုင်းပုံ အရာဝတ္ထု တစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ဝေးနေသည့်တိုင် ထိုအရာဆီမှ ထွက်ပေါ်နေသည့် ဟင်းလင်းပြင် စွမ်းအင်လှိုင်းများကို ရန်ကိုင် ခံစားနေရ၏။

“အဲ့ဒါက…” ရန်ကိုင်သည် လော့လန်ဘက်သို့ လှည့်၍ မေးလိုက်သည်။

“ဟုတ်တယ်။ အဲ့ဒါ ဝင်ပေါက်ပဲ” ထိုအရာဝတ္ထုကို မြင်ပြီးနောက် လော့လန်က စိတ်သက်သာရာရသွားသည့် အမူအရာဖြင့် “ငါတို့ ရောက်လာတာ စောတာပဲ။ ဝင်ပေါက်က အခုထိ မတည်ငြိမ်သေးဘူး”

“ဟုတ်တယ်။ အဲ့က ထွက်နေတဲ့ လေဟာနယ် စွမ်းအင်လှိုင်းတွေက တကယ်ကို ပရမ်းပတာ ဖြစ်နေတာ” ရန်ကိုင်က ရေရွတ်လိုက်၏။

“နင်ခံစားလို့ရတယ်လား” လော့လန်သည် ရန်ကိုင်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။

“လေဟာနယ်တာအိုကို တတ်မြောက်ထားမှတော့ မခံစားမိဘဲ နေမလား စီနီယာရဲ့” ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်၏။

လော့လန်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားပြီး “နင့်ကို ခေါ်လာတာ တကယ် မှန်သွားပြီ။ ငါဆို နင့်လို မခံစားရဘူး။ ရှေ့မှာ အန္တရာယ်ရှိတယ်လို့ပဲ ခံစားရတာ။ တန်ခိုးရှင်ဘုရင်တတိယအဆင့်တွေ ချိုးဖျက်ဝင်မယ် ဆိုရင်တောင် သူတို့ပဲ ဒုက္ခပြန်ရောက်သွားလိမ့်မယ်။ နောက်ဘာဆက်ဖြစ်ဦးမလဲ မသိဘူး။ ဒါပေမယ့် နင့်လေဟာနယ်စွမ်းအင်ကို အခြားလူတွေ ရှေ့မှာ လုံးဝ ထုတ်မပြမိစေနဲ့နော်၊ မဟုတ်ရင်…”

“ကျုပ်သိတယ်” ရန်ကိုင်က ဖြတ်ပြောလိုက်သည်။ ရန်ကိုင် မည်ကဲ့သို့ နားမလည်ဘဲ နေမည်နည်း။ အခြားလူများသည် သူလေဟာနယ်စွမ်းအင်လှိုင်းများကို အာရုံခံနိုင်ကြောင်း သိသွားခဲ့လျှင် သူသည် တန်ခိုးရှင်ဘုရင်အဆင့်အားလုံး၏ ပစ်မှတ် ဖြစ်လာပေလိမ့်မည်။

လော့လန်သည် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နှင့်အတူ ထိုနေရာသို့ ဆက်ပျံသန်းသွားလေသည်။

ထိုနေရာအနီးသို့ ရောက်လာသည်နှင့်အမျှ ရန်ကိုင် ခံစားမိသည့် လေဟာနယ်စွမ်းအင်လှိုင်းများမှာ ပို၍ သိသာ ထင်ရှားလာခဲ့သည်။ ရန်ကိုင်၏ မျက်ဝန်အစုံဟာ ဆိုလျှင်လည်း ပို၍ တောက်ပလာခဲ့လေသည်။ အစကမူ လေဟာနယ်သားရဲများကို အမဲလိုက်ချင်သည့် ရည်ရွယ်ချက် သက်သက်ကြောင့် လာခဲ့သော်ငြား ဤနေရာသို့ ရောက်ရောက်ချင်းမှာပင် အကျိုးကျေးဇူးအချို့ ရလိုက်မည်ဟု မထင်ထားခဲ့ချေ။

အခြားသူများသည် ထိုနေရာဆီမှ အန္တရာယ် အငွေ့အသက်ကို ခံစားမိကြသော်ငြား ရန်ကိုင်ကမူ လေဟာနယ်စွမ်းအား၏ အဆီအနှစ်ကို ခံစားရသည်။ ထိုနေရာရှိ ပရမ်းပတာ ဖြစ်နေသော လေဟာနယ်စွမ်းအင်လှိုင်းများသည် ရန်ကိုင်၏ လေဟာနယ် တာအိုအပေါ် ထိုးထွင်းနားလည်မှုကို ပိုမို မြင့်မားလာစေခဲ့သည်။

နာရီအနည်းငယ်ကြာပြီးနောက် ရန်ကိုင်တို့နှစ်ဦး ဝင်ပေါက် ရှေ့သို့ ရောက်လာခဲ့လေသည်။

ဝင်ပေါက်သည် ငါးမိုင်ခန့်အကျယ်ရှိပြီး ဝင်ပေါက် တစ်ခုလုံး အဖြူရောင်တောက်ပနေခဲ့သည်။ သို့ရာတွင် ဝင်ပေါက်ရှေ့၌ အနက်ရောင်အက်ကွဲကြောင်းတစ်ခု ဖျက်ခနဲ ဖျက်ခနဲ ပေါ်လာလေ့ရှိ၏။

ထိုတဖျက်ဖျက် လက်နေသော ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ဤနေရာသို့ ဝင်ချင်သည့် လူတိုင်းအား တားဆီးနေသည့် အန္တရာယ်အများဆုံးသော အကာအကွယ်တစ်ခု ဖြစ်ပေသည်။

ဝင်ပေါက်အနီးတွင် လူများစွာ စောင့်နေကြသည်။ အရမ်း အများကြီး မဟုတ်ဘဲ ခုနှစ်ယောက်၊ ရှစ်ယောက်သာ ဖြစ်သည်။ အများစုသည် အတွဲလိုက် ရှိနေကြလေသည်။

ထိုလူအားလုံးနီးပါးသည် တန်ခိုးရှင်ဘုရင်အဆင့်များ ဖြစ်မည်မှန်း သိထားသဖြင့် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်၍ အရမ်းကာရော သွားမစစ်ဆေးခဲ့ချေ။

ခပ်ခွာခွာ စောင့်နေကြသည့် သူတို့ပုံစံအရ ထိုလူများသည် အင်အားစုအသီးသီးများ ဖြစ်ကြပြီး ပူးပေါင်းထားသည့်လူများ မဟုတ်ကြောင်း သိနိုင်ပေသည်။ အချို့သည် မျက်လုံးပိတ်ကာ စောင့်နေကြချိန် အချို့ကတော့ လျှောက်ပတ်ကြည့်နေကြသည်။

ရန်ကိုင်နှင့် လော့လန်တို့ ရောက်လာသည့်အခါ အကုန်လုံး သူတို့ဘက်သို့ လှည့်ကြည့်လာကြသည်။

“အကြီးအကဲလော့က ဒီနေရာကို လာရဲတယ်လား” ခပ်လှမ်းလှမ်း တစ်နေရာမှ ခပ်အက်အက်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုစကားကို ကြားသည့်အခါ လော့လန် မျက်မှောင်ကြုတ်သွားပြီး အသံ ထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ သူမ၏ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေပြီးနောက် အလျင်အမြန် ပြန်ပြောလိုက်လေသည် “အကြီးအကဲချွေပါလား။ အကြီးအကဲချွေတောင် လာရဲတာ ဒီသခင်မက ဘာလို့ မလာရဲရမှာလဲ”

မျိုးရိုးနာမည်ချွေနှင့် ကျင့်ကြံသူက ရယ်မော၍ “ဒီချွေက အဲ့လို ပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့်… ကမ္ဘာပျက်က အရမ်း အန္တရာယ်များတ. အကြီးအကဲလော့ အထဲကနေ ပြန်မထွက်လာနိုင်မှာကို မကြောက်ဘူးလား”

“ဒီသခင်မကို စိတ်ပူနေမယ့်အစား အကြီးအကဲချွေ ကိုယ့်ကိုယ်ကို ပြန်စိတ်ပူရင် ကောင်းလိမ့်မယ်” လော့လန်က ပြန်ပြောလိုက်သည်။

နှစ်ဦးသား တွေ့သည်နှင့် ထကိုက်ကြတော့သည်ကို ထောက်ရှုကြည့်လျှင် နှစ်ယောက်သားကြား ရန်ငြိုးရန်စများ ရှိကြောင်း သိနိုင်ပေသည်။ ရန်ကိုင်သည် လော့လန်းဘေးတွင် ရပ်၍ ထိုလူ၏ အမူအရာကို သေချာ မှတ်သားနေခဲ့သည်။

လော့လန်၏ စကားကြောင့် မျိုးရိုးနာမည်ချွေနှင့် ကျင့်ကြံသူ တံတွေးသီးလုမတတ် ဖ ြစ်သွားခဲ့သည်။ သို့သော် စိတ်ပျက်သွားဟန် မပြဘဲ ပြုံးဖြီးဖြီးဖြင့်သာ “အကြီးအကဲလော့၊ ခင်ဗျားနဲ့ ကျုပ်ကြားမှာ မကျေနပ်ချက်တွေ ရှိတယ်ဆိုပေမယ့် ကျုပ်တို့ နှစ်ဦးစလုံးက ဓါးအဖွဲ့အစည်းရဲ့ အကြီးအကဲတွေပဲဟာကို။ ဘာလို့ အတူတူ မပူးပေါင်းတာလဲ။ အဲ့ဒါဆို ပိုပြီး လုံခြုံနိုင်တယ်”

“အခုလို စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါပဲ အကြီးအကဲချွေ။ ဒါပေမယ့်., ဒီသခင်မက အခုတစ်ကြိမ် တစ်ယောက်တည်း လာတာ မဟုတ်တော့ အကြီးအကဲချွေ အခြားတစ်ယောက်ကို သွားရှာသင့်တယ်” လော့လန်က ပြန်ပြောလိုက်သည်။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေ၏။ ယခုမှပဲ အကြီးအကဲချွေဆိုသူသည် ဓါးအဖွဲ့အစည်း၏ အကြီးအကဲတစ်ဦးမှန်း နားလည်သွားတော့လေသည်။

ထိုလူသည် ဓါးအဖွဲ့အစည်း၏ လက်ထောက်ဂိုဏ်းချုပ်ဘက်မှ လူဖြစ်လောက်သည်။ ထို့ကြောင့် လော့လန်နှင့် မတည့်ခြင်း ဖြစ်သည်။

မျိုးရိုးနာမည်ချွေနှင့်လူသည် ရန်ကိုင်အား ကြည့်လာခဲ့သည်။ မျက်လုံးတဖျက်ဖျက် လက်သွားပြီးနောက် ပြုံးဖြီးဖြီးဖြင့် “အကြီးအကဲလော့ ခေါ်လာတာ ဒီကောင်လေးလား။ ဘာလို့ ဒီလူအိုကြီး သူ့ကို တစ်ခါမှ မမြင်ဖူးရတာလဲ။ ဂျူနီယာ တစ်ယောက်ကို ခေါ်လာတာ… အကြီးအကဲလတော့ သူ့ကို ဒီမှာ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ခိုင်းဖို့ စီစဉ်ထားတာလား”

All Chapters