← Chapters

အခန်း (၁၇၅၁-၁၇၅၅)

Vol. 71 Ch. 1751-1755

အခန်း (၁၇၅၁-၁၇၅၅)

Vol. 71 Ch. 1751-1755

အပိုင်း (၁၇၅၁)

“ကျွန်မနဲ့သူ ဘယ်လိုပက်သက်သက်ပေါ့။ ရှင်နဲ့ ဘာဆိုင်လို့လဲ။ အကြီးအကဲချွေ၊ ရှင်က ယောကျာ်းကြီးတန်မဲ့ တော်တော် အရာရာပါတာပဲနော်” လော့လန်သည် မျိုးရိုးနာမည်ချွေနှင့် ကျင့်ကြံသူအား စက်ဆုပ်ရွံရှာဖွယ် အကြည့်ဖြင့် ကြည့်လိုက်သည်။

မျိုးရိုးနာမည်ချွေနှင့် ကျင့်ကြံသူကမူ ကြိတ်ရယ်မောလျက် “မပြောချင်ရင်လည်း မပြောနဲ့ပေါ့။ ဘယ်သူက အတင်း ပြောခိုင်းနေလို့လဲ”

ပြောပြီးသည်နှင့် ရန်ကိုင်ဘက်သို့ လှည့်၍ “ကောင်လေး၊ ကမ္ဘာပျက်ကြီးက အရမ်း အန္တရာယ်များတယ်ကွ။ မင်းတစ်ချက် သတိလွတ်လိုက်တာနဲ့ အထဲမှာ သေသွားနိုင်တယ်နော်”

ရန်ကိုင်သည် မျိုးရိုးနာမည်ချွေနှင့် ကျင့်ကြံသူအား မျက်လုံးမှေးစဉ်းလျက် အေးစက်စက် အမူအရာဖြင့်သာ ပြန်၍ စိုက်ကြည့်လိုက်ပြီး ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။

ရန်ကိုင်၏ မျက်နှာပေးကြောင့် မျိုးရိုးနာမည်ချွေနှင့် ကျင့်ကြံသူ စိတ်ထဲ ကြိတ်မနိုင်ခဲမရ ဖြစ်သွားသည်။ လော့လန် သူ့အား လူရှေ့သူရှေ့ အရှက်ခွဲသည်မှာ ကိစ္စမရှိ။ သူနှင့် လော့လန် နှစ်ဦးစလုံးသည် ဓါးအဖွဲ့အစည်း၏ အကြီးအကဲများ ဖြစ်ကြသည့် အတွက် အဆင့်တူများ ဖြစ်ကြပေသည်။ သို့သော်လည်း ရန်ကိုင်ကဲ့သို့ ဂျူနီယာတစ်ဦးက သူ့စကားကို အဖက်မလုပ်ဘဲ နေနေသည်မှာတော့ တော်တော်လေး များသွားလေပြီ။ သူ့စိတ်ထဲ ရန်ကိုင်အား တိုက်ခိုက်ချင်စိတ်တို့ ပေါ်လာခဲ့သည်။

သို့သော်လည်း ရန်ကိုင်အား ဘာမှ ထပ်မပြောနိုင်ခင်မှာပဲ အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာခဲ့လေ၏ “ရှုပ်လိုက်တာကွာ။ မင်းတို့ ဓါးအဖွဲ့အစည်းမှာ အတွင်းရေး ပဋိပက္ခတွေရှိရင် ကိုယ့်ဘာသာ မြန်မြန် ရှင်းလိုက်ကြကွာ။ ဒီမှာ လာကြီး ပုံကြီးချဲ့မနေကြနဲ့။ မင်းတို့နှစ်ယောက် တိုက်ခိုက်ဖို့ ငါဒိုင်လူကြီး လုပ်ပေးရမယ်ဆိုလည်းပြော။ ငါလုပ်ပေးမယ်။ မတိုက်ဘူးဆိုရင် တိတ်တိတ်လေးနေကြ”

ပြောလိုက်သည့်သူမ မာမာထန်ထန် မျက်နှာထားနှင့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူကြီးတစ်ဦး ဖြစ်သည်။

ထိုလူကြီး၏ စကားကိုကြားသည့်အခါ မျိုးရိုးနာမည်ချွေနှင့် ကျင့်ကြံသူရော၊ လော့လန်ပါ မျက်နှာထား ပြောင်းသွားကြ၏။

လော့လန်က ချိုသာစွာ ရယ်မောလျက် “စီနီယာလီကို အနှောင့်အယှတ် ဖြစ်သွားစေမိရင် တောင်းပန်ပါတယ်။ ကျွန်မ အဲ့လို ဖြစ်စေဖို့ မရည်ရွယ်ပါဘူး”

မျိုးရိုးနာမည်ချွေနှင့် ကျင့်ကြံသူက ပြုံးလျက် “စီနီယာလီ စိတ်ထဲထားစရာမလိုပါဘူး။ ကျုပ် အကြီးအကဲလော့နဲ့ စနောက်နေရုံပဲ”

“ဟန့်” စီနီယာလီဆိုသူသည် နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် လေသံဖြင့် “အဲ့ဒါဆို မင်းတို့ ပါးစပ်တွေ ပိတ်ထားလိုက်ကြတော့။ နားညီးတယ်”

လော့လန်နှင့် မျိုးရိုးနာမည်ချွေနှင့် ကျင့်ကြံသူတို့ နှစ်ဦးစလုံး ရှက်သွားကြသော်ငြား ဘာမှပြန်မပြောရဲခဲ့ပေ။ မျိုးရိုးနာမည်ချွေနှင့် ကျင့်ကြံသူသည် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့်သာ လှမ်း၍ စိုက်ကြည့်လိုက်သည်။

ဝင်ပေါက်ဆီသို့ ရောက်ပြီးရုံတင်ရှိသေး အကြောင်းပြချက်မရှိ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ပစ်မှတ် ဖြစ်လာခဲ့ရသဖြင့် ရန်ကိုင် အတော်လေး စိတ်အနှောင့်အယှတ် ဖြစ်နေခဲ့လေသည်။

“အဲ့လူနာမည်က ချွေဟုန်ပဲ။ လီမင်ဟိုင်နဲ့ သူက သေဖော်ရှင်ဖက် သူငယ်ချင်းတွေ။ လီမင်ဟိုင်လိုပဲ သူလည်း ဒုဂိုဏ်းချုပ်ဘက်ကပဲ။ ကမ္ဘာပျက်ထဲရောက်ရင် ငါ့နားကနေ ထွက်မသွားနဲ့။ သူငါ့ကို လာတိုက်ခိုက်ရဲမှာ မဟုတ်ဘူးဆိုပေမယ့် နင့်ကိုတော့ မတိုက်ခိုက်ရဲဘူးလို့ မဆိုလိုဘူး” လော့လန်က ရန်ကိုင်အား တိုးတိုးလေး ပြောလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်၍ မေးလိုက်လေသည် “စီနီယာလီ ဆိုတဲ့လူကကော။ စီနီယာတို့ နှစ်ယောက်စလုံး သူ့ကို ကြောက်နေကြသလိုပဲ”

“သူ့နာမည်က နီကွမ်းပဲ၊ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကလူ” လော့လန်က ပြန်ပြောလိုက်သည် “သူ့ကျင့်ကြံခြင်းက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကို ရောက်နေပြီ။ ဒါကြောင့် ငါနဲ့ ချွေဟုန်တို့ နှစ်ယောက်စလုံး သူ့ကို ဘာမှ ပြန်မပြောရဲတာ”

“အဲ့လိုကိုး” နားလည်သွားပြီးနောက် ရန်ကိုင်သည် နီကွမ်း ဆိုသူအား တစ်ချက် လှမ်းကြည့်လိုက်သည်။

ထိုသို့ကြည့်လိုက်သည့် အခိုက်တွင် ရန်ကိုင်သည် နီကွမ်း၏ ဘေးနားတွင် ရပ်နေသော လူတစ်ဦးနှင့် အကြည့်ချင်း သွားဆုံလေသည်။

ရန်ကိုင် ကြောင်သွားခဲ့လေသည်။

ထိုမျက်ဝန်းပိုင်ရှင်သည် ရန်ကိုင်အား အဓိပ္ပါယ်ပါပါ ပြုံးပြနေခဲ့သည်။

ရန်ကိုင်စိတ်ထဲ ကြိတ်၍ အော်ဟစ်ကျိန်ဆဲပစ်ချင်စိတ်များ ပေါ်လာခဲ့သည်။ နီကွမ်းဘက်သို့ မကြည့်တော့ဘဲ ချက်ချင်း အကြည့်လွှဲကာ ခေါင်းငုံ့နေလိုက်လေသည်။ မျက်နှာကိုလည်း လက်ဖြင့်အုပ်ရင်း တိုးတိုးလေး ရေရွတ်နေလိုက်၏ “နင်ငါ့ကို မမြင်ဘူး။ ဟုတ်တယ်။ နင်ငါ့ကို မမြင်ဘူး. နင်ငါ့ကို လုံးဝ မမြင်ဘူး…”

ဤသည်မှာ ကိုယ့်ကိုယ်ကို လိမ်လည်ခြင်း တစ်မျိုးပင် ဖြစ်သည်။

ဤနေရာသို့ ရောက်လာစဉ်က သူတို့ထက် စောရောက်နေသော အခြား ကျင့်ကြံသူများကို သိပ်ပြီး အာရုံမစိုက်ခဲ့ချေ။ ယခုမှပဲ နီကွမ်းဘေးနားတွင် သူ၏ မိတ်ဆွေဟောင်းကြီးတစ်ဦး ရှိနေမှန်း သိလိုက်ရသည်။

လစန္ဒနှယ် ပြစ်ချက်ကင်းစင်လှသော မျက်နှာ၊ ချို့ယွင်းချက် မရှိ ပြီးပြည့်စုံလှသော ခန္ဓာကိုယ်၊ မိန်းမသားတိုင်းအား သိမ်ငယ်စိတ်ဝင်သွားရစေလောက်အောင် ရွှန်းစိုတောက်ပသည့် နှင်းဖြူရောင် အသားအရေနှင့် မြင်သူတကာ ရီဝေမိန်းမောသွားရမည့် နှစ်လိုဖွယ်အပြုံးအား ပိုင်ဆိုင်ထားသည့် ထိုအကြင်သူသည် မိန်းမသားများကိုသာမက၊ ယောကျာ်သားချင်း အချင်းချင်းကိုပင် အကြည့်တစ်ချက်နှင့် ရာဂစိတ် နိုးကြွားလာအောင် စွမ်းဆောင်နိုင်ပေသည်။

သခင်လေးတစ်ပါး၏ ဟိတ်ဟိန်ပုံစံအတိုင်း ခေါက်ယပ်တောင်ကို ကိုင်စွဲထားသော ထိုသူသည် မွေးဖွားလာသည့် အချိန်မှစ၍ လူသူအပေါင်း၏ အထွဋ်အထိပ်တွင် ရပ်တည့်မည့်အလား မည်သည့် ပါရမီရှင်ကိုမဆို သိမ်ငယ်စိတ်ဝင်သွားအောင် လုပ်ဆောင်နိုင်ပေသည်။

ဤကဲ့သို့သော အချက်များနှင့် ပြီးပြည့်စုံသည့်လူဆို၍ တစ်ဦးသာ ရှိသည်။

ဤ ‘လူငယ်လေး…’ ဆိုသူသည် တတိယသခင်လေး ရွှယ့်ယွယ်မှလွဲ၍ မည်သူများ ဖြစ်နိုင်ဦးမည်နည်း။

ရွှယ့်ယွယ်နှင့် နောက်ဆုံးအကြိမ် တွေ့ခဲ့သည်မှာ ဧကရာဇ်ဥယျာဉ်ထဲတွင် ဖြစ်သည်။ ဧကရာဇ်ဥယျာဉ် ပိတ်ခါနီး၌ ရွှယ့်ယွယ်လက်မှ ထွက်ပြေးနိုင်ခဲ့သော်ငြား ကမ္ဘာပျက်တွင် နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကံကြမ္မာသည် တကယ်ကို ဆော့ကစားတတ်လွန်းပေသည်။

သို့သော် သေချာစဉ်းစားကြည့်လိုက်ပြန်သည့် အခါတွင်လည်း သိပ်၍ အံ့ဩစရာမရှိချေ။ ကမ္ဘာပျက်သည် အန္တရာယ်၊ အခွင့်အလမ်းများနှင့် ပြည့်နေသည့် နေရာတစ်ခုဖြစ်သည်။ ကမ္ဘာပျက်၏ တည်ရှိမှုကို ပညာရှင်ကြီးများသာ သိထားကြပြီး ကြယ်စီရင်စု၏ အဓိကအင်အားစုကြီးများအနက် တစ်ခု အပါအဝင် ဖြစ်သော ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအနေဖြင့် ကမ္ဘာပျက်အကြောင်း သိထားသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။

နီကွမ်ကဲ့သို့သော ပညာရှင်ကိုပင် စေလွှတ်ခဲ့လေရာ ရွှယ့်ယွယ်ပါ ရောက်နေသည်မှာ သိပ်ပြီး အံ့အားသင့်စရာ မရှိတော့ပေ။

ရန်ကိုင်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့သည်။ သူ့လက်ရှိ အခြေအနေကိုလည်း နားလည်သွားခဲ့သည်။

မကြာမီ သက်ပြင်းတစ်ချက်ချ၍ ခေါင်းပြန်မော့ကာ ရွှယ့်ယွယ်အား အပြုံးကြီးပြုံးပြလျက် ပြန်စိုက်ကြည့်လိုက်၏။

ရန်ကိုင်၏ တု့န်ပြန်ပုံကြောင့် ရွှယ်ယွယ် ကြောင်သွားလေ၏။ ရန်ကိုင် ဤကဲ့သို့ ပြုမူလိမ့်မည်ဟု တစ်ခါမှ မထင်ထားသည့်ပုံပင်။ နီကွမ်း သူမဘေးတွင် ရှိနေသည်ကိုပင် ထိုသကောင့်သားသည် သူမအား ပြန်၍ စိုက်ကြည့်ရဲသည်။ ရွှယ့်ယွယ်သည် ရန်ကိုင်အား စွဲမက်ဖွယ်ကောင်းသလို တစ်ချိန်တည်းတွင် အဆိပ်ပြင်းသည့် စုန်းမအကြည့်ဖြင့် ပြန်စိုက်ကြည့်လိုက်လေသည်။

ယောက်ကျာ်းယောင် ဟန်ဆောင်ထားပြီး မိန်းမတစ်ဦးကဲ့သို့ ပြုမူသည်မှာ သိပ်၍ မသင့်တော်ချေ။ မသိသည့်လူသာ ဆိုလျှင် ရွှယ့်ယွယ်၏ အကြိုက်နှင့် ပက်သက်၍ တစ်ခုခု ထူးခြားနေသည်ဟု အထင်မှားကုန်ကြပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင်ကမူ သေချာ သိထားသည်။ ထို့ကြောင့် ရွှယ့်ယွယ်၏ မတတ်သာသည့် အမူအရာကိုမြင်သော် သူ့စိတ်ထဲ ပျော်သွားခဲ့လေသည်။ ‘နင်ဘာတတ်နိုင်လည်း’ ဟူသော အမူအရာဖြင့် ပြန်၍ စိုက်ကြည့်လိုက်သည်။

ရန်ကိုင်နှင့် ရွှယ့်ယွယ်ကြားရှိ ဆက်ဆံရေးမှာလည်း ပြောရ ခက်၏။

ရန်သူဟု ပြော၍ရသလို ရန်သူလည်း မဟုတ်ပြန်။ ရန်ကိုင်မှ ရွှယ့်ယွယ်၏ လျှို့ဝှက်ချက်ကြီးကို သိသွားသည့် အတွက်ကြောင့်သာ ရွှယ့်ယွယ်မှ ထိုအနှောင့်အယှတ်ကြီးကို ရှင်းပစ်လိုခြင်းသာ။

သို့ရာတွင် ရွှယ့်ယွယ်သည် ရန်ကိုင်အား အမှန်အကန် ရှင်းပစ်ရန် တစ်ခါမှ မကြိုးစားခဲ့ပေ။ သူ့အား လူလွှတ်ပြီး သတ်ခိုင်းခဲ့သည်ဆိုသည့်တိုင် သူမလွှတ်လိုက်သည့် လူများသည် ရန်ကိုင်မှ ပြန်တိုက်ခိုက်နိုင်သည့် အတွင်းတွင်သာ ရှိသည်။

အခြားတစ်နည်းဖြင့် ပြောရသော် သူတို့ နှစ်ဦးကို မိတ်ဆွေဟုလည်း ပြော၍ရသည်။ သို့သော် သူတို့ကြား၌ သူတို့ နှစ်ဦးအား အတူလက်တွဲဖို့ရာ မဖြစ်စေနိုင်သော အကာအရံ တစ်ခု ရှိနေခဲ့သည်။

ရန်ကိုင်သည် သူမအပေါ် အကြိမ်များစွာ အသားယူခဲ့သဖြင့် ရွှယ့်ယွယ်သည် ရန်ကိုင်အား သင်ခန်းစာကောင်းကောင်းပေးကာ လက်တုန့်ပြန်ချင်သည်။ သို့ရာတွင် ရန်ကိုင်သည် သူမ အသက်ကို ကယ်ခဲ့သည့်လူလည်း ဖြစ်နေသည်။ ထိုဆန့်ကျက်ဘက် ဒွိဟဖြစ်စေသော ခံစားချက်နှစ်ခုကြောင့် ရန်ကိုင်သည် ရွှယ့်ယွယ်၏ သူငယ်ချင်းမဟုတ်၊ ရန်သူမဟုတ် ဖြစ်လာခဲ့ရလေသည်။

ရန်ကိုင်သည်လည်း ရွှယ့်ယွယ်အား မည်ကဲ့သို့ ဆက်ဆံရမလဲ အပေါ် အတော်လေး ခေါင်းရှုပ်နေခဲ့သည်။

သူမသာ သာမန်မိန်းကလေးတစ်ဦးဆိုလျှင် ကိစ္စမရှိသော်ငြား ရွှယ့်ယွယ်သည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဆက်ခံသူတစ်ဦး ဖြစ်နေသည်။ တစ်နေ့တွင် ရွှယ့်ယွယ်သည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်လာနိုင်သည်။ သို့သော် သူမသည် ယောကျာ်းမဟုတ်ဘဲ မိန်းမတစ်ဦးသာ ဖြစ်နေကြောင်း သတင်းပြန့်သွားခဲ့လျှင်တော့ ထိုရာထူးကို ဆက်ခံနိုင်တော့လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ထိုလျှို့ဝှက်ချက်ကို တတ်စွမ်းသမျှ ကာကွယ်နေရခြင်း ဖြစ်သည်။

ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ အကြည့်ချင်း ဆုံးသွားသည်ကို အနားတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ မြင်သွားပေသည်။ လော့လန်က ရန်ကိုင်အား အံ့ဩနေသည့် အကြည့်ဖြင့် ကြည့်လျက် တိုးတိုးလေး မေးလိုက်လေသည် “အဲ့ကောင်လေးကို နင်သိတာလား”

“အင်း၊ သိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

လော့လန်က အံ့အားသင့်နေသည့် လေသံဖြင့် “နင်က တကယ်ကို အဆက်အသွယ်ပေါတာပဲ”

လော့လန်သည်လည်း နာမည်ကျော် တတိယသခင်လေး ရွှယ့်ယွယ်အကြောင်း ကြားဖူးသော်ငြား တစ်ခါမှတော့ မမြင်ဖူးပေ။ ရွှယ့်ယွယ်အား မြင်မြင်ချင်း မျက်မှန်းတန်းမိခြင်းမှာ နီကွမ်း၏ ပြုမူပုံကြောင့် ဖြစ်သည်။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းတွင် တန်ခိုးရှင်အဆင့် ကျင့်ကြံခြင်းဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို ယခုကဲ့သို့ ရိုကျိုးအောင် လုပ်နိုင်သည့်လူတစ်ဦးသာ ရှိသည်။

ထို့အပြင် ရွှယ့်ယွယ်၏ ပုံစံသည် ကောလဟာလများထဲမှ အတိုင်းပင်၊ မှင်သက်ဖွယ်ရာ ရုပ်ရည်ရူပမာ၊ မိန်းမများသာမက ယောကျာ်းများပင် စွဲမက်ဖွယ်ကောင်းလောက်အောင် ချောမောလှသည်မှာ တစ်ပုံစံတည်းပင်။ လော့လန်ကဲ့သို့ပင် ပညာရှင်မျိုးပင် ရွှယ့်ယွယ်အား တစ်ကြိမ်နှစ်ကြိမ်မက ထပ်၍ ကြည့်လိုက်မိလေသည်။

“နင်တို့ မိတ်ဆွေတွေလား” လော့လန်က ထပ်မေးသည်။

“ဟဲဟဲဟဲ…” ရန်ကိုင် မည်ကဲ့သို့ ပြန်ဖြေရမလဲ မသိတော့ချေ။ ထို့ကြောင့် ခဏတာ တုန့်ဆိုင်းနေပြီးနောက်မှပဲ ပြန်၍ ပြောလိုက်၏ “ဘယ်လိုပြောရမလဲ၊ ကျုပ်နဲ့ သူကြားမှာ အရှုပ်အယှတ်အချို့ ရှိတယ်လို့ပဲ ပြောရမလား”

“အရှုပ်အယှတ်..” လော့လန် ရင်ထိတ်သွားခဲ့သည်။ ရန်ကိုင် စကားကို ကြားကြားပြီးချင်း သူမခေါင်းထဲ ပေါ်လာသည်မှာ ရန်ကိုင်နှင့် ရွှယ့်ယွယ်ကြား ရန်ငြိုးရန်စတစ်ခုခု ရှိသည်ဟူသော အတွေးပင်။ ထိုအတိုင်းသာ ဖြစ်မည်ဆိုလျှင်တော့ သူတို့၏ အခြေအနေ လုံးဝ မကောင်းတော့ပေ။

နှစ်ယောက်သား တီးတိုးပြောနေစဉ် ရွှယ့်ယွယ်နှင့် နီကွမ်းသည်လည်း တီးတိုးပြောနေခဲ့သည်။ ထို့နောက် နီကွမ်းသည် ရန်ကိုင်အား စိတ်ဝင်တစား လှည့်ကြည့်လိုက်လာခဲ့သည်။

ထိုအခြင်းအရာကို မြင်သည့်နောက် ရန်ကိုင်စိတ်ထဲ ခါးသက်သက် ခံစားလိုက်ရသည်။ ရွှယ့်ယွယ် နီကွမ်းအား ဘာပြောလိုက်လဲ သူမသိချေ။ သွေးထိုးစကားများသာ ပြောလိုက်လျှင်တော့ နီကွမ်း သူ့အား တိုက်ခိုက်လာနိုင်၏။

ထိုသို့တွေးမိလိုက်သည့်နောက် အခြေအနေ မဟန်သည်နှင့် ကမ္ဘာပျက်ကို လက်လျှော့ပြီး ချက်ချင်းထွက်ပြေးရန် လော့လန်အား တိုးတိုးလေး ပြောလိုက်သည်။

လော့လန်လည်း မည်ကဲ့သို့ သဘောမတူရဲဘဲ နေမည်နည်း။ ရန်ကိုင်အား ဤနေရာသို့ ခေါ်လာမိသည်ကိုပင် နောင်တ ရချင်မိသွားသည်။ သူမ တစ်ယောက်တည်း လာခဲ့ရလျှင် ကြုံရမည့် အန္တရာယ်မှာ ပိုများမည်ဆိုသော်ငြား ယခုကဲ့သို့ ရောက်ရောက်ချင် ပြန်ပြေးရသည့် အဖြစ်မျိုးနှင့် ကြုံရလိမ့်မည် မဟုတ်ပေ။ ချွေဟုန်ကို မကြောက်သော်ငြား နီကွမ်းကိုတော့ ကြောက်၏။ နီကွမ်းသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထိုစဉ် နီကွမ်နှင့်ရွှယ့်ယွယ်ကြားရှိ စကားပွဲ ရပ်တန့်သွားခဲ့၏။ လက်ရှိတွင် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူသည် ရန်ကိုင်အား စူးရှသည့်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။

အားကောင်းလှသော ဖိအားကို ခံစားနေရသော်ငြား တောင့်ခံရင်း ရန်ကိုင်သည် ရွှယ့်ယွယ်ကို ဆက်၍ စိုက်ကြည့်နေခဲ့သည်။

ရွှယ့်ယွယ်သည် အပြစ်ကင်းစင်သည့် အမူအရာလေးဖြင့် ယပ်တောင်ကို ဝှေ့ရမ်းလျက် သားနားခံ့ညားသည့် သခင်လေး တစ်ပါးလို ပြုမူနေပြ၏။

ရန်ကိုင်နှင့် တွေ့တိုင်း ထိုသကောင့်သားအား စိတ်ကျဉ်းကြပ်အောင် လုပ်နိုင်သည်မှာ အတော်ရှားသည်။ ထို့ကြောင့် နီကွမ်း၏ အကူအညီကို ယူရသည့်တိုင် ရန်ကိုင် ရှုံးနိမ့်သွားသည့် အမူအရာကို မြင်ရသော် ရွှယ့်ယွယ်စိတ်ထဲ အလွန်ကို ပျော်ရွှင်မိနေလေသည်။

“ကောင်လေး၊ မင်းဒီလူအိုကြီးနဲ့ အတူသွားချင်လား” နီကွမ်းက ရုတ်တရက် မေးလိုက်သည်။

ထိုစကားထွက်လာသည်နှင့် အနီးအနားတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး မှင်သက်နေသည့် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်လာခဲ့လေသည်။

တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူလေး တစ်ဦးကို နီကွမ်း ဘာကြောင့် ဖိတ်ခေါ်မှန်း သူတို့အားလုံး နားမလည်နိုင်ကြချေ။ ထို့ကြောင့် အကုန်လုံး စိတ်ရှုပ်သွားခဲ့ကြသည်။

ရန်ကိုင်သာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူဆိုလျှင်တော့ သူနှင့်အတူသွားရန် ဖိတ်ခေါ်သည်မှာ နားလည်နိုင်စရာ ရှိသေး၏။ သို့သော် ရန်ကိုင်သည် တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးသည့် ဂျူနီယာတစ်ဦး ဖြစ်သည်။ ထိုသို့သော လူတစ်ယောက်က နီကွမ်းအား မည်သို့သော အကူအညီများ ပေးနိုင်ပါမည်နည်း။

ရန်ကိုင်လည်း ဤကဲ့သို့ ဖြစ်လာလိမ့်မည် မထင်ထားခဲ့ချေ။ သူမျှော်မှန်းထားသည်မှာ ရွှယ့်ယွယ်၏ ပါးစပ်ပေါက်ဆိုးဆိုးကြောင့် နီကွမ်း သူ့အား သင်ခန်းစာ လာပေးမည်ကိုပင်။ သို့ရာတွင် နီကွမ်းမှ သူ့အား ဖိတ်ခေါ်လာသဖြင့် ရန်ကိုင်လည်း အံ့အားသင့်သွားပြီး စိတ်ထဲ မယုံသင်္ကာဖြင့် ရွှယ့်ယွယ်အား လှမ်း၍ ကြည့်လိုက်လေသည်။

ရွှယ့်ယွယ်ကမူ အောင်နိုင်သူ အပြုံးပြုံးလျက်သာ ယပ်တောင်လေး တခတ်ခတ် ခတ်ပြနေခဲ့သည်။

မုန်းစရာကောင်းလိုက်တဲ့မိန်းမ ရန်ကိုင် စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၅၂)

ခဏလောက် စဉ်းစားပြီးနောက်တွင် ရန်ကိုင်သည် နီကွမ်းဘက်သို့လှည့်၍ လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေ၏ “အခုလို ဖိတ်ခေါ်ပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဂျူနီယာရဲ့ ခွန်အားက နိမ့်ကျတော့ စီနီယာနဲ့ အတူသွားရင် စီနီယာကို ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေပါလိမ့်မယ်”

“ဟားဟား” နီကွမ်းက အသာအယာ ရယ်မောလျက် “မင်း ကိုယ့်အကြောင်းတော့ ကိုယ်သိသေးသားပဲ။ ဒါပေမယ့်… ငါက မင်းကို ဖိတ်ခေါ်မှတော့ မင်းကို ကာကွယ်ပေးဖို့ ယုံကြည်ချက် ရှိလို့ပေါ့ကွ။ ဘာလဲ၊ မင်း ငါ့ခွန်အားကို မယုံကြည်တာလား”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သလို လော့လန်၏ မျက်နှာ အမူအရာဟာလည်း ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင်က ပြုံးလျက် ဆက်၍ ပြောလိုက်လေသည် “စီနီယာရဲ့ ခွန်အားကို ဂျူနီယာ မယုံကြည်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေ့ ဂျူနီယာက စီနီယာလော့နဲ့ ရောက်လာတာဆိုတော့…”

“ယောကျာ်းမှန်ရင် တည့်တိုးပြောကွာ။ ကွေ့ပတ်ပြီး လျှောက်ပြောမနေနဲ့” နီကွမ်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ရန်ကိုင် ဆက်၍ အကြောင်းပြချက်ပေးမည်ကို စောင့်မနေတော့ဘဲ အတိအလင်း ပြောကြားလိုက်လေသည် “အဲ့လိုဆိုရင် မင်းရော၊ အကြီးအကဲလော့ရော နှစ်ယောက်စလုံး လာခဲ့ကွာ။ အကြီးအကဲလော့၊ ခင်ဗျား ဘယ်လိုထင်လဲ”

လော့လန် ကြောင်သွားခဲ့လေသည်။ ခဏတာ တုန့်ဆိုင်း တွေဝေနေပြီးနောက် ပြုံးလျက် ပြန်ပြောလိုက်သည် “စီနီယာနီက စေတနာနဲ့ ဖိတ်ခေါ်နေဆိုတော့ ငြင်းလိုက်ရင် ကျွန်မ ရိုင်းရာ ကျသွားမှာပေါ့”

ပြောပြီးသည့်နောက် ရန်ကိုင်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး နီကွမ်းဆီသို့ ပျံသန်းသွားလေသည်။

လော့လန်က သဘောတူလိုက်ပြီ ဖြစ်သဖြင့် ရန်ကိုင်လည်း သဘောမတူချင်ဘဲ တူရတော့လေသည်။

မကြာမီ ရန်ကိုင်နှင့် လော့လန်သည် နီကွမ်းနှင့် ရွှယ့်ယွယ် ရှေ့သို့ ရောက်လာခဲ့လေသည်။

ရောက်လာသူများအနက်တွင် နီကွမ်း တစ်ယောက်သာ တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးကို ခေါ်လာခဲ့ပြီး ကျန်လူ အားလုံးသည် တစ်ယောက်တည်းသာ လာခဲ့ကြသည်။ ယခု လော့လန်နှင့် ရန်ကိုင်တို့ပါ နီကွမ်းနှင့် ပူးပေါင်းလိုက်သဖြင့် သူတို့ အဖွဲ့သည် စုစုပေါင်း လူလေးယောက် ဖြစ်လာခဲ့လေသည်။

အရေအတွက်အားဖြင့် သာသော်ငြား တန်ခိုးရှင်အဆင့် ကျင့်ကြံသူနှစ်ဦးသည် ကျန်နှစ်ဦးအတွက် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာနိုင်ပေသည်။

လော့လန်နှင့် ရန်ကိုင်ကို ဖိတ်ခေါ်ပြီးနောက်တွင် နီကွမ်းသည် စကားဆက်ပြောရမည်ကို စိတ်မဝင်စားတော့သည့်အလား ဟင်းလင်းပြင်ထဲ၌ မျက်လုံးပိတ်၍သာ ပြန်ရပ်နေလိုက်လေသည်။

နီကွမ်းနားသို့ ရောက်လာပြီးနောက် လော့လန် သတိ ချပ်လိုက်သည်။ သူမ၏ ခွန်အားသည် နီကွမ်းထက် နိမ့်ကျသလို အခြား အင်အားစုတစ်ခုမှလည်း ဖြစ်နေသည်။ ထို့ကြောင့် နီကွမ်း အနားတွင် နေရသည်မှာ သူမအတွက် သိပ်၍ သက်သောင့်သက်သာ ဖြစ်မနေခဲ့ပေ။

ရန်ကိုင်ဆိုလျှင် ပို၍ပင် နေမထိထိုင်မထိ ဖြစ်နေလေသည်။ သို့ရာတွင် သူတတ်နိုင်သည့်အရာ ဘာမှမရှိသဖြင့် ဆူပုပ်ပုပ်ဖြင့်သာ တိတ်နေရုံသာ တတ်နိုင်ခဲ့သည်။

ရွှယ့်ယွယ်သည် သူမ၏ယပ်တောင်ကို ပြန်ခေါက်လိုက်ပြီး ပြုံးလျက် “အစ်ကိုရန်ကို ဒီမှာ လာတွေ့မယ်လို့ မထင်ထားဘူး။ ငါတို့ တကယ် ရေစက်ဆုံတာပါလား”

“မင်းဘာလိုချင်တာလဲ” ရန်ကိုင်က ရွှယ့်ယွယ်အား ကြည့်လျက် ယဉ်ကျေးမှုနည်းနည်းလေးမှ မရှိသည့်‌ လေသံဖြင့် “ငါအခြားယောကျာ်းတွေနဲ့ ဓါးဓါးချင်း၊ တုတ်တုတ်ချင်း ရိုက်တာကို စိတ်မဝင်စားဘူးနော်။ အဲ့ဒါကြောင့် ငါ့နား ကပ်မလာနဲ့”

ရန်ကိုင် စကားကို ကြားပြီးနောက် လော့လန် ချက်ချင်း ခေါင်းထောင်လာခဲ့သည်။ ထူးဆန်းသည့် အကြည့်ဖြင့် ရန်ကိုင်နှင့် ရွှယ့်ယွယ်အား ခေါက်တုန့်ခေါက်ပြန် ကြည့်လိုက်လေသည်။

မျက်လုံးပိတ်ပြီး တိတ်တိတ်လေး နေနေသော နီကွမ်းပင်လျှင် မျက်လုံးပြန်ပွင့်လာပြီး ရန်ကိုင်နှင့် ရွှယ့်ယွယ်အား ထူးထူးဆန်းဆန်း အမူအရာဖြင် ကြည့်လိုက်သည်။

“မင်း…” လူရှေ့သူရှေ့တွင် ဤမျှ အရှက်မဲ့သောစကားကို ရန်ကိုင် ပြောလိမ့်မည်ဟု ရွှယ့်ယွယ် မထင်ထားခဲ့ချေ။ ရှက်ရွံ့မှုကြောင့် သူမ မျက်နှာတစ်ပြင်လုံး နီမြန်းလာခဲ့ပြီး ရန်ကိုင်အား လက်ညိုးငေါက်ငေါက်ထိုးရင်း တုန်တုန်ရီရီ လေသံဖြင့် “ဘာ… ဘာ ဓါးဓါးချင်း၊ တုတ်တုတ်ချင်း ရိုက်တာလဲ”

“ဟန့်” ရန်ကိုင်က နှာခေါင်းရှုံ့လျက် ကောင်ဆိုလေးတစ်ဦး ဟန်ပန်ဖြင့် “ငါဘာပြောချင်လဲ မင်းသိပါတယ်”

ရန်ကိုင်၏ မရေရာမသေချာသော စကားကြောင့် ရွှယ့်ယွယ် ပို၍ ကူကယ်ရာမဲ့သွားခဲ့သည်။ လော့လန်နှင့် နီကွမ်းတို့ပါက ထူးထူးဆန်းဆန်း အမူအရာများဖြင့် စိုက်ကြည့်နေကြသည်ကို မြင်သော် ရွှယ့်ယွယ် ရှက်လွန်းသဖြင့် လည်တိုင်တစ်လျှောက်ထိ နီတက်သွားခဲ့လေသည်။

“ခစ်… ခစ်…ခစ်” လော့လန်သည် ရွှယ့်ယွယ် အရှက်ပြေအောင် ဘာပြောလို့ပြောပေးရမှန်း မသိသဖြင့် ရယ်သာ ရယ်ချလိုက်လေသည်။ သို့သော် သူမ၏ လုပ်ရပ်မှာ ရွှယ့်ယွယ်အား ပို၍ ရှက်သွားစေခဲ့လေသည်။

“မင်း… မင်းဒီလို မဟုတ်တုတ်ကတွေ ထပ်ပြောရဲရင် ငါမင်းကို သတ်မှာနော်” ရွှယ့်ယွယ်သည် အံကြိတ်၍ တကယ်ကြီး လုပ်မည့် ဟန်ဖြင့် ရန်ကိုင်အား ခြိမ်းခြောက်လိုက်လေသည်။

“မင်းသတ်နိုင်လို့လား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ရွှယ့်ယွယ်အား စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။

ရွှယ့်ယွယ် ထပ်၍ ဆွံ့အသွားပြန်သည်။ အံကြိတ်သံမှာ တစစ ပိုမို ကျယ်လောင်လာပြီး သူတော်စင်ချီကို ထုတ်သုံးတော့မည့် အရိပ်ယောင်များလည်း စတင် ထွက်ပေါ်လာခဲ့လေသည်။

ထိုအခြင်းအရာကိုမြင်သော် နီကွမ်းက မျက်လုံးမှေးစဉ်း၍ ဝင်ရောက် ဖျန်ဖြေရတော့၏ “ကောင်လေး၊ ငါ့ရှေ့မှာတောင် ဒီလို မဟုတ်တုတ်ကတွေ ပြောရဲတဲ့ မင်းသတ္တိက မသေးပါလား။ တတိယသခင်လေး မင်းကို စိတ်ဝင်စားတာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တော့၊ ပြဿနာ ထပ်မရှာတော့နဲ့”

ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ပခုံး တွန့်ပြလိုက်လေသည်။

နီကွမ်းက သတိပေးနေပြီ ဖြစ်သဖြင့် သူလည်း ရပ်ရတော့သည်။ တကယ်တော့ ရန်ကိုင်သည် ရွှယ့်ယွယ်မှ သူ့အား အနေရခက်အောင် လုပ်သည့်အတွက် ဒေါသထွက်သဖြင့် လက်စား ပြန်ချေနေခြင်းသာ ဖြစ်သည်။

ရန်ကိုင်အား သတိပေးပြီးနောက်တွင် နီကွမ်းသည် ဘာမှ မဖြစ်ခဲ့သည့်အလား မျက်လုံးပိတ်သွားလေ၏။

လောလန်ကမူ ရန်ကိုင်နှင့် ရွှယ်ယွယ်အား သင်္ကာမကင်း အမူအရာဖြင့် သေချာလေး စိုက်ကြည့်သွားသည်။

နာမည်ကျော် တတိယသခင်လေးသည် တကယ်ကြီး မိန်းမများကို မကြိုက်ဘဲ ယောကျာ်းများကိုသာ ကြိုက်သလော။ မဟုတ်လျှင် ဘာကြောင့် သူရှက်နေလေသနည်း။ ရန်ကိုင်နှင့် တတိယသခင်လေး ရွှယ့်ယွယ်ကြား ဘာတွေများ ဖြစ်ခဲ့သနည်း။

ထိုအကြောင်း စဉ်းစားမိလိုက်ရုံဖြင့် လော့လန် မျက်နှာ နီမြန်းသွားခဲ့လေသည်။

“ဒီကိုလာခဲ့” ရွှယ့်ယွယ်က ရုတ်တရက် ပြောလိုက်သည်။ ထို့နောက် ရှက်ရွံ့ခြင်းမရှိတော့ဘဲ အေးစက်စက် အမူအရာဖြင့် အခြားတစ်နေရာသို့ ပျံသန်းသွားလေသည်။

ရန်ကိုင်နှင့် စကားပြောလို့ကောင်းမည့် နေရာတစ်ခု သွားရှာခြင်း ဖြစ်သည်။ မတော်လို့ ရန်ကိုင်မှ ပို၍ ရှက်စရာကောင်းသော စကားများကို ထပ်ပြောလာလျှင် သူမ လုံးဝ မျက်နှာပျက်ရပေလိမ့်မည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရွှယ့်ယွယ်ကို လျစ်လျူရှုထားလိုက်ချင်သော်ငြား ဘေးနားရှိ သက်ကြားအိုကြီး နီကွမ်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ရွှယ့်ယွယ် နောက်သို့ လိုက်သွားလေသည်။

“လူငယ်လေးတွေက အမြဲတမ်း အဲ့အတိုင်းပဲ။ ကိုယ်သိကိုယ်တတ် မောက်မာနေကြတဲ့လူတွေ။ အကြီးအကဲလော့ သူတို့ကို စိတ်ထဲထားနေစရာ မလိုဘူး” သူတို့နှစ်ဦး ထွက်ပြီးနောက် နီကွမ်းက ရုတ်တရက် ပြောလိုက်သည်။

“ဟဲဟဲ၊ စီနီယာနီပြောတာ အမှန်ပဲ” လော့လန်က ဖွဖွလေး ရယ်မောလိုက်သည်။

ဝင်ပေါက်နှင့် မိုင်သုံးဆယ်အကွာခန့်သို့ ရောက်မှသာ ရွှယ့်ယွယ် ရပ်သွားခဲ့သည်။ ထို့နောက် ရှုပ်ထွေးသည့် မျက်ဝန်း အစုံဖြင့် နောက်သို့ ပြန်လှည့်ကြည့်လေသည်။ ရန်ကိုင် ရောက်လာသည်ကို မြင်သည့်နောက်တွင် ချက်ချင်း အော်မေးလိုက်လေသည် “နင်ဘာလို့ အဲ့လိုတွေ လုပ်နေတာလဲ”

“နင်ကကော ဘာလို့ ဒီလို လုပ်နေတာလဲ” ရန်ကိုင်က ပြန်မေးသည်။

“ငါအခုလိုလုပ်တာ ဘာမှားလို့လဲ” ရွှယ့်ယွယ်က အံကြိတ်၍ ပြန်ပြော၏။

“နင်ငါ့ကို မမြင်ချင်ယောင် ဆောင်လိုက်ရနေပြီပဲကို။ ဘာလို့ နင့်ဆီ လာခိုင်းတာလဲ” ရန်ကိုင်သည် မကျေနပ်ချက် အားလုံးကို ဖွင့်ထုတ်တော့လေသည်။

“ကမ္ဘာပျက် ဘယ်လောက် အန္တရာယ်များလဲ နင်မသိတာလား။ တန်ခိုးရှင်ဘုရင်အဆင့်တွေတောင် လုံခြုံတာ မဟုတ်ဘူး။ ဒီကတော့ သူအဆင်ပြေအောင် လုပ်ပေးရသေးတယ်။ တကယ်ကို ကျေးဇူးမသိတတ်တဲ့လူ” ရွှယ့်ယွယ်က ရန်ကိုင်မျက်နှာဆီ တံတွေး စင်ထွက်လုမတတ် ဒေါသတကြီး ပြန်ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် ရန်ကိုင်သည တပြုံးပြုံးဖြင့် ရွှယ့်ယွယ် မျက်နှာကို စိုက်ကြည့်နေလိုက်လေသည်။

“ဘာလဲ” ရန်ကိုင်၏ အကြည့်ကြောင့် ရွှယ့်ယွယ် နေမထိထိုင်မထိ ဖြစ်လာခဲ့ရသဖြင့် မနေနိုင်ဘဲ ပြန်၍ မေးလိုက်လေသည်။

“နင်ငါ့ကို သတ်ချင်နေတာ မဟုတ်ဘူးလား။ ဘာလို့ ငါ့လုံခြုံရေးကို လာဂရုစိုက်နေတာလဲ” ရန်ကိုင်က ပြုံးလျက် ပြောလေသည် “ငါနင့်လျှို့ဝှက်ချက်ကို သိထားတာလေ။ ငါသေသွားတာ နင့်အတွက် ပိုမကောင်းဘူးလား။ အဲ့လိုဆို နင့်လျှို့ဝှက်ချက်လည်း ဘယ်တော့မှ ပေါက်ကြားတော့မှာ မဟုတ်ဘူး။ ငါ့ကိုလည်း လိုက်ပြီး အာရုံစိုက်နေစရာ မလိုတော့ဘူး။ အခု နင့်ပုံကြည့်ရတာ နင်ငါ့ကို ကြွေနေသလိုပဲ။ နင်တကယ်ကြီး ငါ့ကို ကြွေသွားတာလား”

ထိုစကားကို ကြားသည့်အခါ ရွှယ့်ယွယ်က နှုတ်ခမ်းလေး ကွေးလျက် ပြုံးဖြီးဖြီးဖြင့် “စိတ်ကူးတွေ ယဉ်မနေနဲ့။ နင့်ကိုယ်နင် ဘာထင်နေတာလဲ။ ငါရွှယ့်ယွယ်က နင့်လို အရှက်မရှိတဲ့ လူတစ်ယောက်ကို ကြိုက်စရာလား”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး မေးစေ့ကိုပွတ်ရင်း အတွေးထဲ နစ်မြောသွားလေသည်။ ထိုအခြင်းအရာကို မြင်သော် သူမများ ရန်ကိုင်အား စိတ်ထိခိုက်သွားအောင် ပြောမိလိုက်သလား တွေးလျက် အနည်းငယ် စိုးရိမ်သွားခဲ့လေသည်။

သို့သော်လည်း ချက်ချင်းဆိုသလို ရန်ကိုင်က ရုတ်တရက် ပြန်ပြောလာခဲ့လေသည် “မိန်းမတွေက သူတို့ရဲ့ ပထမဦးဆုံး ယောကျာ်ားတွေကို အမြဲမေ့မရတာ မဟုတ်ဘူးလား”

“ဘယ်သူက ဘယ်သူ့ ပထမဦးဆုံးယောကျ်ားလဲ” ရွှယ့်ယွယ်က အံကြိတ်လျက် ဒေါသတကြီး ပြန်ပြောလေသည်။

“အရမ်းကြီးတော့ မဟုတ်ပေမယ့် အနည်းဆုံးတော့ ငါတို့ ဘာအကာအကွယ်မှမပါဘဲ…” ပြောလို့ မပြီးသေးခင်မှာပင် ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်လေ၏။

တစ်ချိန်တည်းတွင် ရွှယ့်ယွယ်၏ လက်ဆီမှ သူတော်စင်ချီတို့ ပေါက်ကွဲထွက်လာခဲ့သည်။ ကံကောင်းစွာဖြင့် ရန်ကိုင်မှ သူမလက်ကို အချိန်မှီ လှမ်းဖမ်းနိုင်ခဲ့လေသည်။

ဘုန်းဆိုသော အသံနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားခဲ့လေသည်။ သို့သော်လည်း ပြန်မဆုတ်ခဲ့ဘဲ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ရွှယ့်ယွယ်၏ လက်ကို ချုပ်နှောင်ရင်း ခန္ဓာကိုယ်ကို တစ်ပတ် လှည့်၍ အားနေသော ကျန်လက်တစ်ဖက်ဖြင့် သူမ၏ လည်ပင်းကို အခိုင်အမာ ဆွဲချုပ်ထားလိုက်လေသည်။

ရွှယ့်ယွယ်မှာ ရုန်းချင်သော်လည်း ရန်ကိုင် လှုပ်ရှားသည်မှာ အလွန်မြန်လွန်းနေခဲ့၏။

ထိုအခါမှ ရွှယ့်ယွယ်၏ အမူအရာ ပြောင်းလဲသွားပြီး တိုးတိုးလေး ပြန်မေးလိုက်လေ၏ “နင်ဘယ်ကတည်းက ဒီလောက် အားကောင်းသွားတာလဲ”

“အခြားသူတွေကို သိပ်ပြီး အထင်မသေးနဲ့ အလှလေးရဲ့” ရန်ကိုင်က သူမနားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည် “ပြီးတော့ တွေ့တာနဲ့ တိုက်ခိုက်နေရတာ နင့်အတွက် မပင်ပန်းဘူးလား”

“ငါ့ကိုလွှတ်” ရွှယ့်ယွယ်သည် သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် အော်ပြောလိုက်သည်။

သူမ၏ နားဖျားထက်ရှိ လေပူသည် သူမတစ်ကိုယ်လုံးအား ဓါတ်လိုက်နေသလို ခံစားသွားရစေသည်။ ကျောပြင်ထက် ဖိကပ်နေသော အပူဓါတ်ဟာလည်း ကြယ်သေပေါ်ရှိ သူမနှင့် ရန်ကိုင်တို့ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်လည် အမှတ်ရစေခဲ့သည်။

“ငါ့ကိုလွှတ်” ရွှယ့်ယွယ်မှာ ရုန်းကန်ပါသော်လည်း မည်သို့မှ မရုန်းနိုင်ခဲ့ချေ။ နောက်ဆုံး လေသံတိုးတိုးဖြင့် မေးလိုက်လေ၏ “တစ်ယောက်ယောက်သာ မြင်သွားရင် နင်ဒါကို ဘယ်လို ရှင်းပြမှာလဲ”

ရန်ကိုင်သည် ရွှဘ့်ယွယ်၏ နားသီးလေးများကို စိုက်ကြည့်၍ ရယ်မောလျက် “နင့်ပါးစပ်ကသာ လွှတ်လွှတ်လို့ ပြောနေတာ။ နင့်ခန္ဓာကိုယ်ကတော့ အဲ့လို မဟုတ်ပါလား”

ရန်ကိုင်၏ မရေရာမသေချာသော စကားသည် ရွှယ့်ယွယ်အား ပိုရှက်သွားစေခဲ့သည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားရင်း ပြန်ပြောလိုက်၏ “ပြဿနာမရှာနဲ့။ ငါ့ကို အခုလွှတ်ပေးလိုက်။ ငါနင့်ကို ထပ်ပြီး ပြဿနာ မရှာတော့ဘူးလို့ ကတိပေးတယ်”

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်လည်း သဘောတူလိုက်၏ “ကောင်းပြီလေ”

ရွှယ့်ယွယ်၏ တိုက်ကွက်ထဲ မည်သည့် သတ်ဖြတ်လိုစိတ်မှ ပါဝင်မနေခဲ့ချေ။ ထို့ကြောင့် ရွှယ့်ယွယ်သည် ရန်ကိုင်အား ထိခိုက်လိုစိတ်မရှိဘဲ ရန်ကိုင် ဆက်ပြောမည့် စကားကို မကြားချင်၍သာ သူ့အား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည့်အတွက် ရန်ကိုင်လည်း စိတ်ထဲ ထားမနေခဲ့ပေ။

ရန်ကိုင်လက်မှ လွတ်သွားသည်နှင့် ရွှယ့်ယွယ်သည် ချက်ချင်းပဲ ရန်ကိုင်နှင့် ခပ်ခွာခွာသို့ ဆုတ်သွားလိုက်သည်။ ထို့နောက် ရန်ကိုင်အား အစိမ်းလိုက် ဝါးစားချင်နေသည့် အကြည့်ဖြင့် ပြန်စိုက်ကြည့်လိုက်လေသည်။

ခဏကြာပြီးနောက် ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကို ပြန်ပြင်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။

“ငါ့ကိုပြော၊ နင်ဒီမှာ ဘာလာလုပ်တာလဲ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် မေးလိုက်သည်။ အစောပိုင်းက သူ၏ ပြောင်ချော်ချော် အမူအရာနှင့် တခြားစီပင်။

ရန်ကိုင်၏ ရုတ်ချည်း ပြောင်းလဲသွားသည့် ပုံစံအတိုင်း လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်ဖို့ရာ ရွှယ့်ယွယ်အတွက် အနည်းငယ် ခဲယဉ်းနေခဲ့၏။

“နီကွမ်းကို အကြောင်းမရှိဘဲ ငါ့ကို ဖိတ်ခေါ်ခိုင်းမှာမဟုတ်ဘူး။ နင်ငါ့ဆီက ဘာလိုချင်တာလဲ”

“နင့်အတွက်ပဲလို့ ပြောပြီးပြီ မဟုတ်ဘူလား။ ဘာလို့ ထပ်မေးနေသေးတာလဲ” ရွှယ့်ယွယ်က မျက်ခုံးပင့်လျက် ပြန်မေး၏။

“ဒီတော့ နင်ငါ့ကို တကယ်ကြီး ကြိုက်နေတာပေါ့” ရန်ကိုင်က ပြန်ပြောလေသည်။

“အရှက်မရှိတဲ့ကောင်”

ရန်ကိုင်က အကျယ်ကြီး အော်ရယ်မောလျက် “စနေတာကို ဒီလောက်ကြီး အတည်မယူစမ်းပါနဲ့လား”

ယခုတစ်ကြိမ်သည်တော့ ရွှယ့်ယွယ်သည် အသက်ပြင်းပြင်း ရှူသွင်းလျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည် “ဧကရာဇ်ဥယျာဉ်ထဲမှာတုန်းက ငါတို့ အပြီးမသတ်လိုက်ရတဲ့ အလဲအလှယ်ကို နင်မေ့နေတာလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၅၃)

“အလဲအလှယ်လား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏ “ဘာအလဲအလှယ်လဲ”

“နင်တကယ် မေ့သွားတာလား” ရွှယ့်ယွယ်က အထင်အမြင်တသေးဖြင့် ကြည့်လျက် “အဲ့လိုကိုး။ အဲ့မွန်းစတား ဧကရာဇ်ကြယ်က စုန်မနဲ့ ပွတ်သီးပွတ်သပ် လုပ်နေရတာနဲ့ အလုပ်ရှုပ်လွန်း‌နေတော့ ငါပြောတဲ့ အလဲအလှယ်ကိုတောင် လုံးဝ မေ့သွားတယ်ပေါ့”

ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် “သဝန်တိုနေတာလား…”

“ငါလား သဝန်တိုစရာ၊ ကိုယ့်ကိုယ်ကို အထင် သိပ်ကြီးမနေနဲ့” ရွှယ့်ယွယ်က ဒေါသတကြီး ပြန်အော်ပြောလေသည်။

“ဒါပေမယ့် သူမွန်းစတားဧကရာဇ်ကြယ်ကလာမှန်း နင်ဘယ်လိုသိတာလဲ။ ငါနင့်ကို တစ်ခါမှ မပြောပြဖူးပါဘူး။ မဟုတ်မှလွှဲရော… နင်သူ့အကြောင်း လိုက်စုံစမ်းတာလား” ရန်ကိုင်က ခေါင်းစောင်းလျက် လှမ်းမေးသည်။

“ဟန့်… လိုက်စုံစမ်းစရာလား” ရွှယ့်ယွယ်က မေးငေါ့၍ အေးစက်စက် လေသံဖြင့် “သူ့လို အရှက်မရှိတဲ့ စုန်းမမျိုးကို မြင်လိုက်တဲ့လူတိုင်း မွန်းစတားဧကရာဇ်ကြယ်ကမှန်း တန်းပြောနိုင်တယ်”

“နင်တကယ်ကြီး သူ့အကြောင်း လိုက်စုံစမ်းထားတယ်ပေါ့…” ရန်ကိုင်က ခေါင်းတညိတ်ိတည်ဖြင့် “ထားလိုက်တော့။ နင်ပြောတဲ့ အလဲအလှယ်ကို ငါပြန်မှတ်မိပြီ”

“မှတ်မိပြီပေါ့။ အဲ့ဒါဆို အဲ့ဒါ ဘယ်မှာလဲ”

“ကျောက်ပြားကို ပြောတာလား”

“ဟုတ်တယ်”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူတို့နှစ်ဦး သဘောတူထားသည်မှာ သူသာ ထိုကျောက်တုံးပြားကို ပေးလျှင် ရွှယ့်ယွယ်သည် သူတို့ နှစ်ဦးကြားရှိ ရန်ငြိုးအားလုံးကို မေ့ပစ်ပေးမည် ဟူ၍ပင်။

ထိုစဉ်ကတော့ ပြဿနာအိုးကြီးကို ရှင်းထုတ်နိုင်မည်ဟု တွေးလျက် ရန်ကိုင်လည်း သဘောတူလိုက်သည်။ သို့ရာတွင် ကျောက်တုံးပြားကို မပေးနိုင်သေးခင်မှာပင် ဧကရာဇ်ဥယျာဉ် ပိတ်သွားခဲ့သည်။ အကျိုးဆက်အနေဖြင့် ကျောက်ပြားသည် သူ့လက်ထဲတွင်သာ ကျန်ရစ်ခဲ့လေသည်။

နောက်ပိုင်းမှ ထိုကျောက်ပြားထဲတွင် ကြယ်သန့်စင်ခြင်း ပညာရပ်တစ်ခုရှိနေမှန်း ရန်ကိုင် သိသွားခဲ့ရသည်။

ထိုပညာရပ်သည် ကျင့်ကြံသူတစ်ဦးအား ကြယ်အမြူတေကို သန့်စင်ပြီး ကြယ်သခင်တစ်ယောက် ဖြစ်လာနိုင်အောင် ကူညီပေးနိုင်သည့် ပညာရပ်တစ်ခု ဖြစ်သည်။ ထိုပညာရပ်၏ အကူအညီနှင့်ပင် သူ့စီနီယာမမလေးသည် ထုန်းရွှမ်လောကကြီး၏ ကြယ်အမြူတေကို သန့်စင်နိုင်ခဲ့ပြီး ကြယ်သခင် ဖြစ်လာခဲ့သည်။

ဤပညာရပ်သည် ကြယ်စီရင်စုကြီးတစ်ခုလုံးကို သွေးချောင်းစီးသွားစေနိုင်သည့် ပညာရပ်တစ်ခု ဖြစ်ပေသည်။

ကြယ်သန့်စင်ခြင်း ပညာရပ်အကြောင်း မသိခင်က စိတ်ချမ်းသာနိုင်မည့် အရေးနှင့် အလဲအလှယ် လုပ်ခဲ့သော်ငြား ယခုမူ ဤကြယ်သန့်စင်ခြင်းပညာရပ် မည်မျှ အဖိုးတန်ကြောင်း သူသိနေခဲ့လေပြီ။ ဤမျှ တန်ဖိုးကြီးသည့် ပညာရပ်အား တစ်ဖက်လူ လက်ထဲသို့ မည့်သို့မှ အလွယ်တကူ ထည်ပေး၍ မဖြစ်ပေ။

သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာလည်း သိပ်ပြီး မရှင်းမလင်း ဖြစ်နေရာ ရန်ကိုင် အနေဖြင့် ဤပညာရပ်ကို သူမလက်ထဲသို့ လုံးဝ မထည့်ပေးနိုင်ချေ။

“အဲ့ကျောက်ပြားထဲမှာ ဘာကို မှတ်တမ်းတင်ထားလဲဆိုတာ နင်သိလား” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် မေးလိုက်သည်။

“မသိဘူး” ရွှယ့်ယွယ်က‌ ခေါင်းခါလိုက်သ်ည။

“မသိဘဲနဲ့ လိုချင်တယ်ပေါ့”

“မသိဘူးဆိုပေမယ့် အဲ့ထဲမှာ ငါ့အဖေကို တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်မယ့် လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်ဆိုတာကိုတော့ ငါသိတယ်။ ဒါကြောင့် ငါအဲ့ဒါကို ရမှဖြစ်မယ်”

“ခေါင်းဆောင်အိုင်းအောင်လား” ရန်ကိုင် မျက်ခုံးပင့်သွား၏။

ရွှယ့်ယွယ်၏ အဖေသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်ပေသည်။ ခေါင်းဆောင်အိုင်းအောင်ကို လူချင်း တစ်ခါမှ မတွေ့ဖူးသော်ငြား သူ့နာမည်ကိုတော့ ရန်ကိုင် ကြားဖူးပေသည်။ လက်ရှိ ရန်ကိုင် သိထားသည်မှာ အိုင်းအောင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သို့သော် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း နောက်ခံ ရှိနေသည့်အတွက် သူ့အား သွားအထင်သေး၍ မဖြစ်ချေ။

“ဟုတ်တယ်။ ငါ့အဖေဆီ ပြန်ပေးဖို့ အဲ့ကျောက်ပြားကို လိုချင်နေတာ။ ဒါကြောင့် ငါ့ကိုပေးလို့” ရွှယ့်ယွယ်က ရန်ကိုင်အား ကြည့်၍ ပြောလိုက်လေသည်။

“ဒီထဲမှာ နင့်အဖေ တန်ခိုးရှင်ဘုရင်တတိယအဆင့်ကို ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်တဲ့ အရာတစ်ခုခု ရှိနေတယ်လို့ နင်ဘယ်လိုလုပ်ပြီး ဒီလောက် သေချာနေတာလဲ။ ဒါဘာလဲ ဆိုတာတောင် နင်သိတာ မဟုတ်ဘဲနဲ့”

ရွှယ့်ယွယ်က ပြုံးလျက် “ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း တည်ရှိလာတာ နှစ်ပေါင်းသောင်းနဲ့ချီနေပြီ။ အခြားသူတွေ မသိတဲ့ လျှို့ဝှက်ချက်တွေကို ငါတို့ သိတယ်။ အဲ့ဒါကို နင်သိလောက်ရောပေါ့”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ရွှယ့်ယွယ် ပြောသည်မှာ မှန်ပေသည်။ ကြယ်သန့်စင်ခြင်း ပညာရပ်သည် အိုင်းအောင်အား တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်သည့် ပညာရပ်တစ်ခု ဖြစ်သည်။ အိုင်းအောင်သည် ဝါရင့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက် ကြယ်သန့်စင်ခြင်း ပညာရပ်၏ အကူအညီနှင့်ဆိုပါက ကြယ်အမြူတေကို ကျိန်းသေ သန့်စင်နိုင်ပေလိမ့်မည်။ ကြယ်အမြူတေကို သန့်စင်နိုင်ပြီဆိုသည်နှင့် ထိုကြယ်၏ ကောင်းချီးပေးမှုဖြင့် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။

သို့သော် ကြယ်အမြူတေကို သန့်စင်ရန် ကြိုးစားရင်း အခပ်မသင့်လျှင် သူ့ဝိဥာဉ် ပြန်လည်း ပျောက်ကွယ်သွားနိုင်ပေ၏။

ထိုအချက်ကို နားလည်လိုက်သည့်နောက် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်း၏ သတင်း စုဆောင်းနိုင်စွမ်းအပေါ် ရန်ကိုင် အံ့အားသင့်မိသွားခဲ့သည်။ ကြယ်သန့်စင်ခြင်း ပညာရပ်ကို ဧကရာဇ်ဥယျာဉ်ထဲရှိ ကျောက်ပြားကြီးထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။ ကျောက်ပြားကို မကွဲသွားစဉ်က ထိုကျောက်ပြားနှင့် ပက်သက်၍ မည်သည့် ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ချေ။ သို့ရာတွင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ထိုကျောက်ပြားထဲ၌ အဖိုးတန်သည့်အရာ တစ်ခုခုရှိနေမှန်း သိနေခဲ့သည်။

“ဒါကြောင့် နင်ငါ့ကို အဲ့ဒါ ပေးလို့” ရွှယ့်ယွယ်က ရန်ကိုင်အား ကြည့်လျက် “မိတ္တူဆိုရင်တောင် ကိစ္စမရှိဘူး။ အဲ့ကျောက်ပြားထဲမှာ ပညာရပ်တစ်ခုခု ရှိနေတာမလား။ အဲ့ဒါဆို မူရင်းမလိုဘူး။ မိတ္တူဆိုရင် အဆင်ပြေပြီ”

“ငါစဉ်းစားလိုက်ဦးမယ်” ရန်ကိုင်က ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

“ကိစ္စမရှိဘူး” ရွှယ့်ယွယ်က အလျင်စလို သဘောတူလိုက်၏ “ဒါပေမယ့် နင်ဆုံးဖြတ်ချက်မချခင် ငါ့နားမှ ရှိနေရလိမ့်မယ်”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “နီကွမ်း ကြည့်နေတာကို ငါထွက်ပြေးနိုင်မယ်လို့ နင်ထင်နေတာလား”

“ဘယ်သူပြောနိုင်မှာလဲ။ နင့်အတော်ဆုံး အရည်အချင်းက ထွက်ပြေးတာလေ။ ငါသာ ဂရုမစိုက်ရင် နင်ကျိန်းသေ ထွက်ပြေးမှာ” ရွှယ့်ယွယ်က နှာခေါင်းရှုံ့လျက် “ဒါကြောင့်ပဲ ဦးလေးနီကို နင့်ကို ဖိတ်ခေါ်ခိုင်းလိုက်တာ”

ထိုအကြောင်းကြောင့်ပင် ရွှယ့်ယွယ်သည် နီကွမ်းအား ရန်ကိုင်ကို သူမတို့နှင့်အတူ ခရီးသွားရန် ဖိတ်ခေါ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ရန်ကိုင်ကို မြင်လိုက်သည့်အခိုက် သူမတို့ကြားရှိ အလဲအလှယ်ကို အဆုံးသတ်ရန် အကောင်းဆုံး အခွင့်အရေးမှန်း ချက်ချင်း သိလိုက်သည့် အတွက်ကြောင့် ဖြစ်သည်။

“သဘောတူညီချက် ရသွားပြီဆိုတော့ ပြန်ကြတာပေါ့။ ဝင်ပေါက်ပွင့်ဖို့ သိပ်မလိုတော့ဘူး။ အထဲရောက်ရင်လည်း လျှောက်ပတ်ပြီး သွားမနေနဲ့ဦး” ရွှယ့်ယွယ်က သတိပေးလိုက်သည်။

“ငါသိတယ်”

မကြာမီ ဝင်ပေါက်ရှေ့သို့ ရွှယ့်ယွယ်နှင့် ရန်ကိုင်တို့ ပြန်ရောက်လာခဲ့သည်။ နီကွမ်းသည် မျက်လုံးပိတ်ထားဆဲဖြစ်ပြီး လော့လန်သည် သူ့ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူတို့ နှစ်ဦး ပြန်ရောက်လာသည်ကို မြင်သော် လော့လန်သည် ခေါင်းသာ ညိတ်ပြလိုက်ပြီး ဘာမှ ပြန်မေးမနေခဲ့ချေ။

“ရွှယ့်ယွယ်” ရန်ကိုင်က ရုတ်တရက် ရွှယ့်ယွယ်နားသို့ ကပ်ကာ ပြောလိုက်သည်။

“နင်ဘာလိုချင်လို့လဲ” ရွှယ့်ယွယ်က စိုးရိမ်နေသည့် လေသံဖြင့် မျက်မှောင်ကြုတ်၍ “အရမ်းကြီး ကပ်မလာလို့ မရဘူးလား”

ရန်ကိုင်က သူမအား ထူးထူးဆန်းဆန်း အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် မေးလိုက်လေသည် “ဒီက လူတွေကို နင်သိလား”

“အချို့ကိုသိတယ်။ အချို့ကိုတော့ မသိဘူး”

“ဒါဆို အဲ့လူကို သိလား” ရန်ကိုင်က တစ်ဖက်ဆီသို့ မေးငေါ့ပြရင်း မေးလိုက်သည်။

ရွှယ့်ယွယ်လည်း ရန်ကိုင် ညွှန်ပြသည့်အတိုင်း လိုက်၍ ကြည့်လိုက်ရာ မျက်နှာတစ်ပြင်လုံးကို အနက်ရောင်ချီဖြင့် ဖုံးကွယ်ထားသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုလူ ပတ်လည်ရှိ အနက်ရောင်ချီသည် အသက်ရှိနေသည့်အလား တွန့်လိမ်တွန့်လိမ်၊ ရွစိရွစိဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။

“ငါသူ့ကို တစ်ခါမှ မမြင်ဖူးဘူး” ထိုလူကို မြင်ပြီးနောက် ရွှယ့်ယွယ်တစ်ကိုယ်လုံး အလိုလို တုန်ရီသွားခဲ့ပြီး တိုးတိုးလေး ပြန်ပြောလိုက်၏ “ဘာလို့လဲ။ အဲ့လူက ဘာဖြစ်လို့လဲ”

“ငါ့စိတ်ထဲ သူငါ့ကို စိုက်ကြည့်နေတယ်လို့ ခံစားရလို့” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရွှယ့်ယွယ် ကြောင်သွားခဲ့သည်။ ရန်ကိုင် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု သူမ မထင်။ ရန်ကိုင်သည် အားနည်းသည့် လူတစ်ဦး မဟုတ်။ တစ်ယောက်ယောက်သာ သူအား စိုက်ကြည့်နေလျှင် မသိစိတ်အရ တစ်ယောက်ယောက် သူ့အား စိုက်ကြည့်နေမှန်း သိပေလိမ့်မည်။ ထို့ကြောင့် ထိုအနက်ရောင်ချီနှင့် မျက်နှာအား ဖုံးကွယ်ထားသော ကျင့်ကြံသူ ရန်ကိုင်အား စိုက်ကြည့်နေသည်မှာ ဖြစ်နိုင်ပေသည်။

ရွှယ့်ယွယ်လည်း ရန်ကိုင် ပြောသည်စကားကို အတည်ပြုလိုသည့်အတွက် တစ်ဖက်လူအား မသိမသာလေး‌ ချောင်းကြည့်လိုက်သည်။ ထိုအချိန်မှာပဲ အနက်ရောင်ချီ အတွင်းမှ စူးရှသည့် အော်ရယ်မောသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။

ရွှယ့်ယွယ်မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

“အဲ့လူက… အရမ်း အန္တရာယ်များတယ်။ သူ့ကို သွားရန်မစနဲ့” နီကွမ်က ရုတ်တရက် မျက်လုံးဖွင့်၍ အလေးအနက် လေသံဖြင့် ပြောလိုက်သည်။

“ဦးလေးနီ၊ အဲ့လူ ဘယ်သူလဲ သိလား” ရွှယ့်ယွယ်က မေးလိုက်သည်။

“မသိဘူး” နီကွမ်းက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည် “ငါသိတဲ့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေထဲမှာ သူနဲ့တူတဲ့လူ တစ်ယောက်မှ မရှိဘူး။ ဒါပေမယ့်… အဲ့လူ အရမ်း သန်မာမှန်းတော့ ငါသိတယ်။ ငါ့ထက် အားမနည်းဘူး”

“ဒီတော့ သူလည်း တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူပေါ့”

“သိပ်တော့မသေချာဘူး။ တိုက်ခိုက်ကြည့်မှပဲ သိလိမ့်မယ်” နီကွမ်းက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် သူ့ကို သွားရန်မစနဲ့။ သူကြည့်ရတာ နတ်ဆိုးကျင့်စဉ် တစ်မျိုးမျိုးကို ကျင့်ကြံထားတဲ့ပုံပဲ”

“နားလည်ပြီ” ရွှယ့်ယွယ် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ရန်ကိုင်အား သွားရန်မစသင့်သည် လူများကို ရန်မစမိစေရန်အတွက် ရွှယ့်ယွယ်သည် ဤနေရာတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့်များနှင့် သေချာ မိတ်ဆက်ပေးလေသည်။ ဤနေရာ၌ တန်ခိုးရှင်ဘုရင်အဆင့် ဆယ်ဦးကျော်ရှိပြီး ရှစ်ဦးကို ရွှယ့်ယွယ် သိနေခဲ့သည်။ ကျန်လူများကိုတော့ သူမ မသိချေ။

ရန်ကိုင်လည်း ထိုတန်ခိုးဘုရင်အဆင့်များ၏ မျက်နှာနှင့် နာမည်ကို သေချာမှတ်ထားလိုက်လေသည်။

လူတိုင်းသည် ဝင်ပေါက်အပြင်ဘက်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များလည်း တစ်ဦးပြီးတစ်ဦး ရောက်လာကြလေသည်။

သုံးရက်ကြာပြီးနောက်တွင် မျက်စိဖမ်းစားစရာကောင်းသော ခရမ်းရောင်အလင်းတန်းတစ်ခု ကြယ်တာရာကောင်းကင်ထဲ ထွက်ပေါ်လာခဲ့လေသည်။

ခရမ်းရောင်အလင်းတန်း ပေါ်လာသည့်အခါ နီကွမ်းက ရုတ်တရက် မျက်လုံးဖွင့်လျက် ထိုအလင်းတန်းကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်လေသည် “အဲ့ခွေးအိုကြီးလည်း ရောက်လာတာလား”

“အို၊ သူလာပြီဆိုတော့ ငါတို့ စလို့ရပြီပေါ့” နီကွမ်းက နောက်တစ်ကြိမ် ရေရွတ်လိုက်သည်။

ခရမ်းရောင်အလင်းတန်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် နီကွမ်း၏ အရှိန်အဝါကဲ့သို့ အားကောင်းလေရာ ခရမ်းရောင်အလင်းတန်းထဲမှ လူသည် တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်မည်မှာ ပြောနေစရာ မလိုချေ။ ထိုအလင်းတန်းကို မြင်လိုက်သည့်အခိုက် တန်ခိုးရှင်ဘုရင် ပထမအဆင့်များ၏ အမူအရာ အနည်းငယ်လေး ပြောင်းသွားကြ၏။ အနက်ရောင်ချီနှင့် ဝန်းရံထားသော လူတစ်ဦးသည်သာ ဘာကိုမှ ဂရုမစိုက်ဘဲ ထူးထူးဆန်းဆန်း ရယ်မောလိုက်သည်။

မကြာမီ ခရမ်းရောင်အလင်းတန်း အားလုံးရှေ့ ရောက်လာပြီး ရပ်တန့်သွားခဲ့သည်။ ခရမ်းရောင်အလင်းတန်း ပျောက်ကွယ်သွားသည့်အခါ လူနှစ်ဦး ပေါ်လာခဲ့လေသည်။

နှစ်ယောက်စလုံးသည် ခန္ဓာကိုယ်အချိုးအစား တူကြသည်။ အားကောင်းကောင်းနှင့် ခပ်ထွားထွားကြီးများ ဖြစ်ကြသည်။ ထို့အပြင် နှစ်ဦးစလုံး၏ ဆံပင်အရောင်မှာလည်း ခရမ်းရောင်သာ ဖြစ်လေသည်။

မသိလျှင် ညီအစ်နှစ်ဦးလားဟုပင် ထင်မှတ်ရသည်။

သို့ရာတွင် ထိုသို့မဟုတ်ချေ။ အကြောင်းမှာ ထိုနှစ်ဦး၏ ကျင့်ကြံခြင်းမှာ အလွန်ကို ကွာခြားနေသည့် အတွက်ကြောင့် ဖြစ်သည်။ တစ်ဦးမှာ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ဖြစ်သော်ငြား ကျန်တစ်ဦးမှာတော့ တန်ခိုးရှင်တတိယအဆင့်သာ ဖြစ်နေသည်။

ထိုနှစ်ယောက် ပေါ်လာပြီးနောက် နှစ်ယောက်စလုံးသည် လူအုပ်ကြီးအား ဝှေ့ကြည့်လိုက်ပြီး အဆုံးတွင် သူတို့၏ အကြည့်သည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူနှစ်ဦး၌ ရပ်တန့်သွားခဲ့လေသည်။

နီကွမ်းနှင့် အသစ်ရောက်လာသည့် တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ရွှယ့်ယွယ်သည် အသစ်ရောက်လာသည် တန်ခိုးရှင်တတိယ အဆင့် ကျင့်ကြံသူကို စိုက်ကြည့်နေခဲ့သည်။

နှစ်ဖက်စလုံးသည် တစ်ဖက်မှ အောက်ကျဟန်မပြဘဲ အပြန်အလှန် စိုက်ကြည့်နေကြသည်။

“ဟားဟား” ခရမ်းရောင်ဆံပင်နှင့် တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူက အော်ရယ်မောလျက် “မင်းတို့အားလုံး ငါ့ကို စောင့်နေလိုက်ရတာပဲ။ ငါရောက်လာတာ နည်းနည်း နောက်ကျသွားတယ်”

“ဘယ်သူမှ မင်းကို စောင့်မနေနဲ့။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးမနေနဲ့” နီကွမ်းက ပြန်ပြောလိုက်သည်။

“အို၊ ငါမြန်မြန် လာဖို့ ရောင်းရင်းနီ မျှော်လင့်နေတာ မဟုတ်ဘူးလား” ကျိလုန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၅၄)

“မင်းမရှိရင်တောင် ဒီဝင်ပေါက်ကို ဖွင့်လို့ရတယ်။ လူနည်းနည်း ထပ်လိုတာပဲရှိမှာ” န်ီကွမ်းက ပြောလိုက်သည် “ဒါပေမယ့် မင်းရောက်နေပြီ ဆိုမှတော့ ဆက်စောင့်နေစရာ အကြောင်းမရှိတော့ဘူး”

“စကြတာပေါ့” ကျိလုန် ပြုံးလိုက်လေသည်။

သူတို့ ပြောနေသည်ကို ကြားပြီးနောက် ထိုလူ မည်သူမှန်း ရန်ကိုင် ချက်ချင်း သိသွားခဲ့သည်။

ခရမ်းရောင်ဆံပင်နှင့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသောလူသည် ခရ်းကြယ်၏ ဂိုဏ်းချုပ် ကျိလုန် ဖြစ်ပေသည်။

ထိုအချက်ကို နားလည်သွားသည်နှင့် ကျိလုန်နှင့်အတူ ပါလာသော တန်ခိုးရှင်တတိယအဆင့်လူသည် ခရမ်းကြယ်၏ သခင်လေးဖြစ်သူ ကျိတုန် ဖြစ်မည်မှန်းကိုလည်း နားလည်သွား၏။

ကျိတုန် ဤနေရာသို့ ရောက်နေသည့်အပေါ် ရန်ကိုင် အံ့အားသင့်နေခြင်း မရှိခဲ့။ ကျိတုန်နှင့် ရွှယ့်ယွယ်သည် အဆင့်တူများ ဖြစ်ကြသည်ဟု ကုကျန်းရှင်မှ ပြောသွားသည်။

ထိုလူငယ်လေး သုံးဦးသည် ကြယ်စီရင်စုကြီး၏ နာမည်အကျော်ကြားဆုံး ပါရမီရှင်များ ဖြစ်ကြပေသည်။ အကြောင်းမှာ သူတို့ သုံးဦးသည် အမျိုးမျိုးသော မဟာ အင်အားစုများကို ကိုယ်စားပြုပြီး ထိုအင်အားစုကြီးများ၏ ဆက်ခံသူများ ဖြစ်ကြသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ထိုသုံးယောက်အောက်တွင် အခြားသော နာမည်ကျော် ပါရမီရှင်များစွာ ရှိပေသေးသည်။

ဥပမာပြရသော် စီနီယာဝူတောက်၏ တပည့်ဖြစ်သော ရှုပင်းပိုင်၊ မွန်းစတားဧကရာဇ်ကြယ်၏ ရှန်ချင်းလော့နှင့် မွန်းစတား မျိုးနွယ်စု ခေါင်းဆောင်များ၏ ဆက်ခံသူများပင်။ သို့ရာတွင် ထိုလူအားလုံးသည် သခင်လေးသုံးဦးလောက်တော့ နာမည်‌ ကျော်ကြားခြင်း မရှိကြချေ။

နှစ်ဦးသားကြား မကျေနပ်ချက်များ ရှိသည့် အတွက်ကြောင့်ပဲလား၊ ထိုသို့မဟုတ်ဘဲ လူငယ်သဘာဝ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သည့် အတွက်ကြောင့်ပဲလားမသိ၊ တွေ့သည်နှင့် ကျိတုန်နှင့် ရွှယ့်ယွယ်တို့ဆီမှ တိုက်ခိုက်လိုစိတ်တို့ တဖွားဖွား ထွက်ပေါ်လာကြလေသည်။

သို့သော် လက်ရှိအချိန်သည် တိုက်ခိုက်ရန် အချိန်ကောင်း တစ်ခု မဟုတ်သေးပေ။

ကျိလုန် ရောက်လာသည့်အတွက် ဝင်ပေါက်ကို စဖွင့်၍ ရလေပြီ။ ထို့ကြောင့် ရောက်နေသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး စတင် ပြင်ဆင်ကြတော့လေသည်။

ခဏတာမျှ ညှိနှိုင်းဆွေးနွေးပြီးနောက် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံးသည် ဝင်ပေါက်အနီးအနားတွင်း ကိုယ်စီ နေရာယူလိုက်ကြလေသည်။

“အဲ့ဒါဆို… စကြတော့မလား” ကျိလုန်သည် နီဘက်ကွမ်းဘက်သို့ လှည့်၍ မေးလိုက်သည်။

နီကွမ်းမှ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့ဆီမှ သူတော်စင်ချီတို့ ပေါက်ကွဲထွက်လာကြပြီး ရှုပ်ထွေးသော လက်ကွက်များကို ဖန်တီးလျက် ရှေ့တည့်တည်သို့ လက်ကို ဆန့်ထုတ်လိုက်၏။

နီကွမ်း၏ လက်ဖဝါးဆီမှ စွမ်းအင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဖြူရောင်စက်ဝိုင်း ဝင်ပေါက်ထဲသို့ တိုးဝင်သွားလေသည်။

ကျိတုန်သည် အကျယ်ကြီးအော်ရယ်မောလျက် နီကွမ်း လုပ်သည့်အတိုင်း သူ့သူတော်စင်ချီကို ဝင်ပေါက်ထဲသို့ ထည့်သွင်းလိုက်လေသည်။

အခြား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည်လည်း ထိုအတိုင်း လိုက်လုပ်ကြသည်။ မျက်နှာအား အနက်ရောင်ချီဖြင့် လွှမ်းခြုံထားသည့် မသင်္ကာစရာကောင်းသော တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူပင်လျှင် အကုန်လုံးအတိုင်း လိုက်လုပ်၏။

မကြာမီ တဝူဝူ မြည်သံနှင့်အတူ အဖြူရောင် အလင်းဝင်ပေါက်ထက်တွင် ရွေ့လျားသွားလာနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် စွမ်းအားတစ်မျိုးမျိုး၏ ချုပ်နှောင်ခြင်းခံလိုက်ရသည့်အလား ရပ်တန့်သွားကုန်ကြ၏။

ဝင်ပေါက်မှာမူ အဆုံးမဲ့တွင်းနက်ကြီးသဖွယ် တိုးဝင်လာသမျှ သူတော်စင်ချီအားလုံးကို အငမ်းမရ ဝါးမြိုပစ်နေခဲ့လေသည်။

ရှိနေသည့်လူအားလုံးအနက်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ဝင်ရောက်ကူညီနေကြပြီး တန်ခိုးရှင်အဆင့်သို့ ရောက်နေသည့် ရန်ကိုင်၊ ရွှယ့်ယွယ်နှင့် ကျိတုန်တို့သာ ရပ်ကြည့်နေကြသည်။

ဤသည်မှာ အထူးအဆန်းမဟုတ်။ သူတို့၏ ပါရမီ မည်မျှပင် ကောင်းကောင်း၊ သူတို့ သုံးယောက်စလုံးသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသေးသည်။ သူတို့ ဝင်ကူညီလျှင်ပင် သူတို့ထုတ်ပေးနိုင်သည့် သူတော်စင်ချီ ပမာဏသည် သမုဒ္ဒရာထဲရှိ ရေတစ်စက်နှယ်သာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် အလကား သက်သက် အားကုန်ခံမည့်အစား ကမ္ဘာပျက်ထဲသို့ ရောက်ပြီးနောက် ကြုံလာရမည့် အန္တရာယ်များအတွက် အားဖြည့်ထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။

အချိန်ကြာလာသည်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ စတင် ပင်ပန်းနွမ်းနယ်လာခဲ့ကြ၏။ ကံကောင်းစွာဖြင့် အကုန်လုံးသည် ယခုကဲ့သို့ ဖြစ်မည်မှန်း ကြိုသိထားသည့်အလား သူတော်စင်ချီ ပြန်ဖြည့်ပေးနိုင်သည့် ဆေးလုံးများ ကြိုတင် ပြင်ဆင်ထားကြလေသည်။

ဤနေရာတွင် ကျင့်ကြံခြင်း ကွာခြားမှုသည် စတင် သိသာလာခဲ့သည်။

တန်ခိုးရှင်ဘုရင် ပထမအဆင့်များ ဖြစ်ကြသော လော့လန်နှင့် ချွေဟုန်တို့ မျက်နှာထက် ချွေးသီးချွေးပေါက်များ တတောက်တောက် စီးကျလာခဲ့ပြီး ခန္ဓာကိုယ်များ ကတုန်ကရင် ဖြစ်လာကြသည်။ သို့ရာတွင် နီကွမ်းနှင့် ကျိလုန်တို့မှာတော့ အေးအေးဆေးဆေးသာ ရှိနေကြသေးသည်။

ဝင်ပေါက်ထက် ရပ်တန့်နေသော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပိုပို၍ များပြားလာခဲ့သည်။ သူတော်စင်ချီကို အဆက်မပြတ် ထည့်သွင်းပေးနေမှုကြောင့် မတည်မငြိမ် ဖြစ်နေသော ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် စတင် တည်ငြိမ်လာခဲ့ကြလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါမှပဲ ယခင်လူများ ကမ္ဘာပျက်ထဲသို့ မည်ကဲ့သို့ ဝင်ကြသလဲကို နားလည်သွားလေ၏။

သူထင်ထားသည့်အတိုင်းပင်၊ တည်ငြိမ်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများ အရေအတွက်တစ်ခုသို့ ရောက်သောအခါ နီကွမ်းက ရုတ်တရက် အော်ပြောလိုက်လေသည် “ရပြီ”

သူ့စကားသံဆုံးသွားသည်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ဝင်ပေါက်ထဲသို့ သူတော်စင်ချီ ထည့်သွင်းပေးနေသည်ကို ရပ်တန့်လိုက်လေသည်။ ထို့နောက် တည်ငြိမ်သော ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုကို ရွေးကာ ထိုဝင်ပေါက်ထဲသို့ ခုန်ဝင်သွားလေသည်။

တစ်ယောက်ယောက်မှ တည်ငြိမ်နေသော ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ထိုတည်ငြိမ်နေသော အက်ကွဲကြောင်းသည် တစ်ဖန်ပြန်လည် မတည်မငြိမ် ဖြစ်လာခဲ့လေသည်။

နီကွမ်းနှင့် လော့လန်သည် ဘေးချင်းယှဉ် ရပ်နေခဲ့သည်။ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့အား သူ့တို့ အနားသို့ ခေါ်ပြီးနောက် သူတော်စင်ချီကို ထုတ်လွှတ်ကာ အကြီးဆုံး ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ခုန်ဝင်သွားလေသည်။

ခပ်ဝေးဝေးတစ်နေရာဆီမှ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နီကွမ်းတို့ကို ဖြတ်ကျော်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ကျိလုန်၏ ရယ်မောသံ ထွက်ပေါ်လာခဲ့၏ “ရောင်းရင်းနီရေ၊ ဒီလူအိုကြီး အရင်သွားနှင့်ပြီနော်။ မင်းအထဲမှာ မသေစေနဲ့ဦး”

သူ့စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျိလုန်နှင့် ကျိတုန်သည် ဝင်ပေါက်တစ်ခုထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။

နီကွမ်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် အကြီးဆုံးသော ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ဝင်သွား၏။ ရုတ်တရက် ပတ်ဝန်းကျင် လေဟာနယ်တစ်ခုလုံး ငြိမ်သက် တိတ်ဆိတ်သွားခဲ့လေသည်။

အကုန်လုံး ပျောက်ကွယ်သွားသည့်နောက်တွင် ဝင်ပေါက်သည် စတင် တွန့်လိမ်လာပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းဟာလည်း တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာလေသည်။ ယခင်က တည်ငြိမ်နေသော နယ်မြေသည် ပို၍ပင် အန္တရာယ်များသော နေရာတစ်ခုအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲလာခဲ့၏။ ယခုပုံစံအရ အစောပိုင်းကကဲ့သို့ တန်ခိုးရှင်ဘုရင်အဆင့်များစွာ စုစည်းပြီး ဝင်ပေါက်ကို ဖွင့်ရန် ကြိုးစားလျှင်ပင် ဖွင့်နိုင်တော့မည် မဟုတ်ချေ။

ဤနေရာသို့ နောက်တစ်ကြိမ် ထပ်ဝင်ချင်လျှင် နောက်ထပ် အခွင့်အရေးတစ်ခုကို ထပ်စောင့်ရန် လိုအပ်ပေသည်။

ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ဝင်လာပြီးနောက် အဆုံးမဲ့ ချောက်နက်ထဲသို့ ကျသွားသည့်နှယ် သူ့တစ်ကိုယ်လုံး အလေးချိန် မရှိတော့သလို ခံစားလိုက်ရသည်။ ဤသည်မှာ ဟင်းလင်းပြင် ကူးပြောင်းခြင်း၏ အကျိုးရလဒ် ဖြစ်သည်။

ဤသို့ ကူးပြောင်းရာမှ ဖြစ်ပေါ်လာသော ဖိအားကို လော့လန် အနေဖြင့် အသည်းအသန် ခုခံနေရသော်ငြား ဤကဲ့သို့သော အရာမျိုးသည် ရန်ကိုင်အတွက်တော့ ဘာမှ မဟုတ်ချေ။ သူသည် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားသူ မဟုတ်ပေလော။ ထို့ကြောင့် ဤကဲ့သို့သော လေဟာနယ်စွမ်းအားဖိအားကို သူနေသားကျနေခဲ့လေပြီ.

ကူးပြောင်းခြင်း ဖြစ်စဉ်သည် အလွန်ကိုမှ မြန်ဆန်လှကာ မျက်မှောင်တစ်ခတ်လောက်သာ ကြာသွားသည်ဟု ထင်ရသည်။ ရန်ကိုင် မျက်လုံး ပြန်ပွင့်လာသည့်အခါ လုံးဝကို ခြားနားသော မြင်ကွင်းတစ်ခုက သူ့အား စီးကြို နှုတ်ဆက်နေခဲ့သည်။

ကောင်းကင်သည် မှုန်မှိုင်းနေပြီး ပရမ်းပတာ ဖြစ်နေသော စွမ်းအင်များသည် နေရာအနှံ့ ရှိနေခဲ့သည်။ နေ၊လ၊ကြယ်ဟူ၍ မရှိ။ မြေပြင်သည် ခြောက်သွေ့ပြီး ပက်ကြားအက်များဖြင့် ပြည့်နေ၏။ မြက်ပင်တစ်ပင် တစ်လေပင် ပေါက်နေခြင်းမရှိ။

အကုန်လုံး ပေါ်လာသည့် နေရာမှာ လေထဲတွင် ဖြစ်သည်။ ထို့ကြောင့် ဝင်လာပြီးသည်နှင့် ချက်ချင်း မြေပေါ်သို့ ဆင်းလိုက်ကြသည်။ လှည့်ပတ်ကြည့်လိုက်ရာ နီကွမ်း၊ ရွှယ့်ယွယ်နှင့် လော့လန်တို့ သုံးယောက်စလုံး ရှိနေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။ သို့ရာတွင် အခြား မည်သူမှ ရှိမနေခဲ့ချေ။

အကုန်လုံးသည် မတူညီသော ဟင်းလင်းပြင် အက်ကွဲကြောင်းများထဲသို့ ဝင်သွားခြင်း ဖြစ်သည့် မတူညီသော နေရာများသို့ ရောက်လာသည်မှာ အထူးအဆန်းတော့ မဟုတ်ပါချေ။

သူတော်စင်ချီကို လှည့်ပတ်ပြီး မြေပြင်သို့ ဆင်းပြီးသည့် အခါမှ နီကွမ်းနှင့်လော့လန်တို့ စိတ်သက်သာရာ ရသွားခဲ့ကြ၏။

“အန္တရာယ်များတဲ့ နေရာ ရောက်မလာတာ ကံကောင်းသွားတယ်” လော့လန်က ပြောလိုက်ရာ နီကွမ်းကလည်း သဘောတူထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ကမ္ဘာပျက်ထဲသို့ ဝင်ရသည်မှာ လွယ်ကူသည်တော့ မဟုတ်။ ဝင်လာပြီး ကြုံရမည့် အန္တရာယ်များကို မပြောသေးလျှင်ပင် ဝင်ဝင်ချင်းမှာပင် တန်ခိုးရှင်ဘုရင်အဆင့်များ၏ အသက်ကိုပင် ခြိမ်းခြောက်နိုင်သော အန္တရာယ်များလည်း ရှိနေပေသေးသည်။

အလွန်အားကောင်းသော မွန်းစတားသားရဲတစ်ကောင်နှင့် ရင်ဆိုင်တွေ့ရသည်မှအပ ဝင်ဝင်ချင်း တန်ပြီး အသက် ပျောက်သွားသည်မှာလည်း ဖြစ်နိုင်သည်။

ဤနေရာတွင် အဆင့်ကိုး မွန်းစတားသားရဲများစွာ ရှိကြပြီး အဆင့်တစ်ဆယ် မွန်းစတားသားရဲမှာတော့ အနည်းငယ် ရှိပေသည်။ ကောလဟာလများကမူ ဤနေရာတွင် ဒဏ္ဏာရီလာ အဆင့်(၁၁)နှင့် အဆင့်(၁၂) မွန်းစတားသားရဲများပင် ရှိသည်ဟု ပြောကြပေသည်။

သို့ရာတွင် ကံကောင်းစွာဖြင့် လောလောဆယ်၌ ကံကြမ္မာသည် သူတို့ဘက်၌ ရှိနေခဲ့သည်။

မြေပြင်ပေါ်သို့ ခြေချလိုက်ပြီးနောက် ဤနေရာသည် ကြယ်စီရင်စုကြီးနဲ့ လုံးဝ ကွဲပြားသည့် နေရာတစ်ခုဖြစ်ကြောင်း ရန်ကိုင် သတိပြုမိလိုက်သည်။

ဤနေရာရှိ လောကနိယာမများသည် အလွန်ကိုမှ အားကောင်းပေသည်။ သူ့သူတော်စင်ချီနှင့် စိတ်စွမ်းအင်မှာ ဘာမှ မဖြစ်သော်ငြား ရှီစွမ်းအင်မှာမူ ပြင်းပြင်းထန်ထန် ဖိနှိပ်ခြင်း ခံလိုက်ရပေသည်။ ရှီစွမ်းအင်ကို ထုတ်လွှတ်ရန် ကြိုးစားကြည့်လိုက်သည့်အခါ သူ့ရှီစွမ်းအင်သည် ယခင် တစ်ဝက်လောက်သာ အားကောင်းတော့ကြောင်း တွေ့ရှိလိုက်ရသည်။

ရန်ကိုင် လုပ်နေသည်ကို မြင်သော် ရွှယ့်ယွယ်က ပြောလိုက်လေသည် “အလုပ်ရှုပ်ခံမနေနဲ့။ အကုန်လုံး ဒီလိုပဲ။ နင့်ရှီတင် မဟုတ်ဘူး။ ဦးလေးနီရဲ့ နယ်ပယ်လည်း ဖိနှီပ်ခံထားရတယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

နီကွမ်းသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ မည်သည့် အန္တရာယ်မှ မရှိကြောင်း သေချာသွားသည့်နောက်တွင် လော့လန်ဘက်သို့ လှည့်၍ ပြောလိုက်လေသည် “အကြီးအကဲလော့၊ နောက်ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”

လော့လန် ကြောင်သွားခဲ့ပြီး မယုံသင်္ကာဖြင့် ပြန်မေးလိုက်လေသည် “စီနီယာနီ ပြောချင်တာက…”

နီကွမ်းက ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်၏ “ရှင်းရှင်းပဲပြောတော့မယ်။ ဒီလူအိုကြီး ခင်ဗျားကို ဖိတ်ခေါ်ရတဲ့ အကြောင်းအရင်းက တတိယသခင်လေးက ဟိုလူငယ်လေးကို ဖိတ်ခေါ်စေချင်လို့ပဲ။ ဒါကြောင့် ဖိတ်ခေါ်လိုက်တာ။ အကြီးအကဲလော့ကို ထည့်မစဉ်းစားလိုက်ဘူး။ ဒါပေမယ့် အခု ဒီကို ရောက်လာပြီဆိုတော့ အကြီးအကဲလော့ ဘယ်လို လှုပ်ရှားချင်လဲ၊ တစ်ယောက်တည်း လှုပ်ရှားချင်လား၊ အဖွဲ့လိုက်ပဲ လှုပ်ရှားချင်လား၊ သိဖို့ လိုလာပြီ။ ဒါပေမယ့် လူငယ်လေးကတော့ ဒီလူအိုကြီးနဲ့ပဲ လိုက်ရမှာနော်”

ရွှယ့်ယွယ် ဘာကြောင့် ရန်ကိုင်အား သူတို့နှင့်အတူ လိုက်စေချင်လဲ မသိသော်လည်း ရွှယ့်ယွယ်သည် ရည်ရွယ်ချက် မရှိဘဲ ဘယ်တော့မှ ထိုကဲ့သို့ လုပ်လိမ့်မည် မဟုတ်မှန်းတော့ သိသည်။ အကြောင်းအရင်း တစ်ခုခုကြောင့်သာ ရန်ကိုင်အား ခေါ်ထားလိုခြင်း ဖြစ်ရပေမည်။

လော့လန် အတွေးနက်သွားသည်ကို မြင်သော် နီကွမ်းက “ဒီလူအိုကြီးနဲ့ လိုက်မယ်ဆိုရင် ခင်ဗျားအတွက် ပိုပြီး လုံခြုံလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားအတွက် ဝေစု ရှိမယ်လို့တော့ အာမမခံဘူး။ ခင်ဗျား တစ်ယောက်တည်း လှုပ်ရှားမယ်ဆိုရင် ပိုပြီး အန္တရာယ်များတာ မှန်ပေမယ့် ရလာတဲ့ အကျိုးအမြတ်အားလုံးကို ခင်ဗျား တစ်ယောက်တည်း ရလိမ့်မယ်”

နီကွမ်း ပြောချင်သည်မှာ တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုခုကိုသာ ရှာတွေ့လျှင် လော့လန်သာ ထိုပစ္စည်းကို ရယူရာ၌ ကြီးကြီးမားမား မကူညီပေးနိုင်ပါက ဘာမှ ရလိမ့်မည် မဟုတ်ဘဲ အားလုံးကို သူသာ ယူမည်ဟူ၍ပင်။

“ကျွန်မ နားလည်တယ်” လော့လန်က ခေါင်းညိတ်၍ “ဒါပေမယ့် စီနီယာတို့နဲ့ပဲသွားမယ်။ ရန်ကိုင်ကို ခေါ်လာတာ ကျွန်မလေ။ ဒီတော့ သူ့ကို တစ်ယောက်တည်း ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ”

ရန်ကိုင်မပါဘဲ သူမ တစ်ယောက်တည်း မလှုပ်ရှားရဲချေ။

ရန်ကိုင် လေဟာနယ်စွမ်းအားကို တတ်ထားကြောင့် မသိထားစဉ်ကဆိုလျှင် ဤနေရာသို့ လာရန်ပင် မစဉ်းစားခဲ့ချေ။ ဤဝင်ပေါက်အကြောင်း သိထားသည်မှာ ကြာခဲ့ပြီ ဖြစ်သော်ငြား ကိုယ့်အသက်ကို တန်ဖိုးထားသည့်အတွက်ကြောင့် ဤနေရာသို့ မလာခဲ့ပေ။

ယခုတစ်ကြိမ် ဤနေရာသို့ လာခဲ့သည်မှာ လေဟာနယ် စွမ်းအားကို ကျွမ်းကျင်ထားသည့် ရန်ကိုင် ရှိနေသည့် အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင် မရှိဘဲနှင့်တော့ ထွက်သွားမည် မဟုတ်ချေ။

လော့လန်၏ ဆုံးဖြတ်ချက်ကိုကြားသော် နီကွမ်းက ပြန်ပြောလိုက်၏ “အဲ့လိုဆို အတူတူ သွားကြတာပေါ့။ ဒါပေမယ့် ဒီလူအိုကြီး သိချင်တာက အကြီးအကဲလော့ ဘာလို့ ဒီတစ်ကြိမ် လာခဲ့တာလဲ”

လော့လန်က ရန်ကိုင်အား လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းလေးကွေးကာ ပြုံးလျက် “ဘာလုပ်ချင်တာလဲ ဆိုတော့ ရေရေရာရာတော့ မရှိပါဘူး။ ဒီအတိုင်း လျှောက်ပတ်ပြီးတော့ပဲ ကောင်းတာလေးရမလား စူးစမ်းကြည့်မလို့လဲ”

လေဟာနယ်သားရဲကို ရှာရန်အတွက် ရောက်လာသည်ဟု သွားမပြောရဲချေ။ မဟုတ်လျှင် နီကွမ်း၏ ပါးနပ်မှုဖြင့် တစ်ခုခုကို နားလည်သဘောပေါက်သွားနိုင်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၅၅)

အနည်းအကျဉ်း ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် ရန်ကိုင်တို့ လေးဦးသည် နေရာတစ်ခုရှာကာ အရင် နားလိုက်ကြသည်။ ဝင်ပေါက်ကို ဖွင့်ဖို့ရာအတွက် နီကွမ်းနှင့် လော့လန်တို့သည် သူတော်စင်ချီများစွာကို အသုံးပြုခဲ့ကြသည်။ ဤကဲ့သို့သော အန္တရာယ်ပေါင်းစုံနှင့် ပြည့်နေသည့် နေရာမျိုးတွင် အမြဲတမ်း အကောင်းဆုံး အခြေအနေတွင် ရှိနေဖို့ရာသည် အလွန်ကိုမှ အရေးကြီးပေသည်။

လောလောဆယ် အနီးအနား၌ မည်သည့် အန္တရာယ်မှ မရှိသေးသဖြင့် နီကွမ်းသည် အဖွဲ့အား လျှိုမြောင်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားကာ ထိုနေရာတွင် ခေတ္တအနားယူရန် ဆုံးဖြတ်လိုက်ကြသည်။

လျှိုမြောင် အောက်ခြေတွင် လေအေးများ အဆက်မပြတ် တိုက်ခတ်နေသည်။

ရန်ကိုင်နှင့် ရွှယ်ယွယ်သည် ဝင်ပေါက်ကို ဖွင့်ရာတွင် ဝင်မဝင်ကူညီခဲ့ရသဖြင့် ခွန်အားအပြည့် အခြေအနေတွင် ရှိနေ၏။ သူတို့၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင်အဆင့်သို့ မရောက်သေးသော်ငြား အားနည်းသူများ မဟုတ်ကြပေ။ နီကွမ်းနှင့် လော့လန်တို့ အားပြည်ဖြည့်နေကြချိန် အစောင့်တာဝန်ကို သူတို့ နှစ်ဦးမှ တာဝန်ယူထားကြလေသည်။

နီကွမ်းနှင့် လော့လန်သည် တစ်ဦးနှင့်တစ်ဦး ခပ်လှမ်းလှမ်း၌ ထိုင်ကာ အားပြန်ဖြည့်နေကြသည်။ ရွှယ့်ယွယ်သည် နီကွမ်းကို စောင့်ကြပ်ပေးနေချိန် ရန်ကိုင်သည် လော့လန်ကို စောင့်ကြပ်ပေးနေ၏။

တဝှီဝှီ တိုက်ခတ်နေသော လေသံမှအပ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်။ ဤဆိတ်ငြိမ်မှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးထူးခြားခြားကို ချောက်ခြားဖွယ် ကောင်းနေခဲ့သည်။

ရွှယ့်ယွယ်သည် အနည်းငယ် တုန်လှုပ်နေဟန်ဖြင့် မကြာခဏ ဆိုသလို ဟိုကြည့်ဒီကြည့် လုပ်နေခဲ့သည်။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့် မျက်လုံးပိတ်၍သာ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေသည်။

အချိန်သည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးလာနေခဲ့သည်။ ရုတ်တရက် ရန်ကိုင် ဆတ်ခနဲ မျက်လုံး ပွင့်လာခဲ့သည်။

သူ့ကိုယ်သူ အိပ်ရစက်ရ အတော်လေးကို သက်သောင့်သက်သာ မဖြစ်သည့် ကုတင်တစ်လုံးပေါ်တွင် လဲလျောင်းနေကြောင်း တွေ့လိုက်ရသည်။ ခေါင်းမိုးသည် အပေါက်များဖြင့် ပြည့်နေသည်။ အိမ်တစ်ခုလုံးသည် ဗလာသဖွယ်ဖြစ်နေကာ စားပွဲတစ်လုံးနှင့် ထိုင်ခုံတစ်လုံးမှအပ အိမ်ထဲ ဘာမှမရှိချေ။

ဤမြင်ကွင်းကို သူအတော်လေး ရင်းနှီးနေသည်။ ထို့ကြောင့် စိတ်ထဲ မယုံသင်္ကာဖြစ်မိသွားသည်။

တစ်ခုခု မှားယွင်းနေသည်ဟု မသိစိတ်က ပြောနေ၏။ သူ့စိတ်ထဲ တစ်စုံတစ်ခုကို မေ့လျော့နေသလိုလည်း ခံစားနေရသည်။ သို့ရာတွင် စဉ်းစားကြည့်လိုက်ပြန်သည့် အခါတွင်လည်း ဘာမှစဉ်းစားမရဘဲ ခေါင်းကိုက်သည်သာ အဖတ်တင်ခဲ့သည်။

ကုတင်ပေါ်တွင် လဲမနေခင် ဘာလုပ်နေခဲ့သလဲ ဆိုသည်ကိုပင် မမှတ်မိတော့ချေ။

ခေါင်းတခါခါဖြင့် သစ်သားကုတင်ပေါ်မှထလျက် အိမ်တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ အိမ်ရှေ့တွင် ရပ်လျက် ပတ်ပတ်လည်အား တစ်ချက် လှည့်ကြည့်လိုက်သည်။

မှတ်ဥာဏ်များသည် ရေလှိုင်းသဖွယ် သူ့ခေါင်းထဲ ရုတ်တရက် တိုးဝင်လာခဲ့လေသည်။ လက်ရှိတွင် သူသည် ကောင်းကင်စံအိမ်၏ တရာမဝင်တပည့်တစ်ဦး ဖြစ်နေကြောင်း ပြန်သတိရသွားသည်။ ဤနေရာတွင် ရှိနေသည်မှာ သုံးနှစ်ပင် ကြာနေပြီ ဖြစ်သော်လည်း ဂိုဏ်း၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းနိုင်သည့်အတွက် တရားမဝင်တပည့်တစ်ဦး ဖြစ်လာရခြင်း ဖြစ်သည်။ အကျိုးဆက် အနေဖြင့် ကျင့်ကြံဖို့ရန်နှင့် အသက်ရှင်ဖို့ရာအတွက် ထူးထူးဆန်းဆန်း အလုပ်များကိုသာ လုပ်နေရလေသည်။

အိမ်အပြင်ဘက်တွင် တံမြက်စည်းတစ်ချောင်း ရှိနေသည်။ ကောင်းကင်မှာ မှိန်ပျပျသာ ရှိသေးသည်။ ရန်ကိုင်သည် တစ်ချက် ရယ်မောလျက် တံမြက်စည်းကိုကိုင်ကာ တစ်နေ့တာ လုပ်ရမည့် အလုပ်ကို စတင် လုပ်တော့သည်။

ဂိုဏ်းထဲတွင် ထောက်ပံ့ပေးရခန်းမ၊ လေ့ကျင့်ရေးခန်မ၊ သိုင်းကျမ်းဆောင်၊ စသည့် နေရာအမျိုးမျိုးသို့ ဦးတည်ထားသော လမ်းကြောင်းများစွာ ရှိနေပေသည်။ ထိုလမ်းအားလုံးတွင် ရန်ကိုင်၏ ခြေရာလက်ရာများ စွန်းကျန်ရစ်နေခဲ့သည်။ ထိုလမ်းအားလုံးကို သူကိုယ်တိုင် သန့်ရှင့်ရေး လုပ်ခဲ့ခြင်း ဖြစ်သည်။

ရောင်နီသန်းလာပြီး နေ့အလင်းရောင် ထွက်ပေါ်လာသည်နှင့် ဂိုဏ်းသား အသီးသီးတို့သည် သူ့အား စိန်ခေါ်ရန်အတွက် သူ့နား၌ စုဝေးလာခဲ့ကြလေသည်။

အဆုံးတွင် ခန္ဓာသန့်စင်ခြင်း အဆင့်လေးရှိသော ဂျူနီယာသည် သူ့အား စိန်ခေါ်ခွင့်ရသွားခဲ့သည်။ ရန်ကိုင်အား စိတ်ကြိုက်သလို နှိပ်စက်ပြီးနောက် ကိုယ်စီကိုယ်စီ အလျှိုလျှို ထွက်သွားကုန်ကြလေသည်။

မြေကြီးပေါ်တွင်လဲလျက် အမောတကော အသက်ရှူရင်း နာကျင်မှုကို အံကြိတ်တင်းခံကာ လက်သီးတင်းတင်း ဆုပ်လိုက်၏။

သူ့အကြည့်သည့် မလှမ်းကမ်းတစ်နေရာရှိ သစ်ပင်ဆီသို့ အလိုလို ရောက်သွားခဲ့သည်။

သစ်ပင်ထက်ပေါ်တွင် ပုံရိပ်တစ်ခုသည် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ မျက်နှာကို ဇာပဝါဖြင့် အုပ်ထားသည့်အတွက် သူမ မျက်နှာကို မမြင်ရချေ။ ကိုယ်လုံးကိုယ်ပေါက်မှာ သွယ်လျပြီး နဖူးထက်တွင် ကျောက်မျက်တစ်ခုကို ဝတ်ဆင်ထားသည်။

ရန်ကိုင်သည် ထိုမိန်းကလေးကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။ သူ့စိတ်ထဲ ထိုအမျိုးသမီးသည် သူ့အတွက် အလွန်အရေးပါသည်ဟု ခံစားနေရသည်။ သို့ရာတွင် ဘာကြောင့် ထိုကဲ့သို့ ခံစားရသလဲ ဆိုသည်ကိုတော့ နားမလည်နိုင်ခဲ့ပေ။

အကြည့်ချင်း ဆုံးသွားသည့် အခိုက်တွင် အမျိုးသမီးသည် ချက်ချင်းပဲ ရန်ကိုင် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအမျိုးသမီး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရန်ကိုင် ရင်ထဲ ထိုးအောင့်လာခဲ့သည်။ လက်တစ်ဖက်မှ သူ့နှလုံးကို ဆွဲဖျစ်လိုက်သည့်အလား အသက်ရှူဖို့ရာပင် ခက်ခဲလာခဲ့၏။ ခေါင်းခါရင်း ကြိုးစားပန်းစားဖြင့် မတ်တပ်ရပ်ကာ တံမြက်စည်းကို ကိုင်၍ သူနေနေသည့် အိမ်လေးဆီသို့ ပြန်လာခဲ့လေသည်။

နောက်ဆုံးတွင် အချိန်အကန့်အသတ် မပြည့်မှီ ဂိုဏ်း၏ လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ခဲ့သည့်အတွက် ကောင်းကင်စံအိမ်၏ အစစ်အမှန်တပည့်တစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့သည်။

ကောင်းကင်စံအိမ်မှ နှင်ထုတ်ခံလိုက်ရပြီ ဖြစ်သည့်အတွက် ရန်ကိုင်သည် အထုပ်အပိုးများကိုသိမ်းကာ တောင်တက်လမ်းအတိုင်း တောင်ပေါ်မှ ဆင်းလာခဲ့လေသည်။

‘ကောင်းကင်စံအိမ်’ ဟု ထိုးထွင်းထားသော တောင်ဂိတ်ဝကို ကြည့်ရင်း ရန်ကိုင့်ခေါင်းထဲ အတွေးများစွာ ဖြတ်ပြေးသွားခဲ့သည်။

လက်ရှိတွင် သူသည် အသက်ဆယ့်ငါးနှစ် ရှိနေခဲ့လေပြီ။ သို့ရာတွင် သူ့အနာဂတ်မှာမူ အမှောင်ရိပ်တို့ဖြင့် လွှမ်းခြုံနေခဲ့၏။

တောင်အောက်ခြေတွင်၊ ဓါးတစ်ချောင်းကို ကိုင်ဆွဲထားသော ရေခဲကဲ့သို့ အေးစက်စက် အမူအရာနှင့် အမျိုးသမီး ဦးဆောင်သော စီနီယာအစ်ကို၊ စီနီယာအစ်မတို့ လမ်းလျှောက်လာနေကြသည်။ ခေါင်းဆောင် အမျိုးသမီးသည် လောကိအညစ်အကြေး စွန်းထင်းခြင်း မရှိသော ပြစ်မျိုးမဲ့မထင် အလှကို ပိုင်ဆိုင်ထားသည့် ရေခဲနတ်သမီးလေးတစ်ပါးလို လှပနေသည်။ သူမ ဝတ်ဆင်ထားသော နှင်းဖြူရောင်ဝတ်ရုံထက် မြူတစ်မှုန်ပင် စွန်းထင်းခြင်းမရှိ။ လျှောက်ရင်းလျှောက်ရင်းမှ မကြာမီတွင် ရန်ကိုင် ရှေ့သို့ ရောက်လာခဲ့သည်။

ရန်ကိုင်၏ ပုံမှန်မဟုတ်သည့် အခြေအနေကို မြင်သော် ခေါင်းဆောင်အမျိုးသမီးက ရန်ကိုင်ဘက်သို့လှည့်၍ နှုတ်ခမ်းကို အသာအယာဟလျက် မေးလိုက်သည် “ဂျူနီယာမောင်လေး၊ နင်တောင်အောက် ထပ်ဆင်းဦးမလို့လား”

ရန်ကိုင်သည် အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော် တစ်ဖက်လူကို မြင်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားပြီး အလိုလို အော်ခေါ်မိလိုက်လေသည် “စုယန်…”

ထိုနာမည်ကို ခေါ်ပြီးသည်နှင့် ရန်ကိုင် တုန်လှုပ်သွားခဲ့သည်။ ကောင်းကင်စံအိမ်သို့ သူရောက်နေသည်မှာ ကြာပြီဖြစ်ပြီး ဤစီနီယာမမလေးအား အကြိမ်ပေါင်းများစွာ တွေ့ဖူးသော်ငြား သူတို့နှစ်ဦး တစ်ကြိမ်တစ်ခါမှ စကားပြောဖူးခြင်း မရှိချေ။

ဤစီနီယာမမလေးသည် ကောင်းကင်စံအိမ်၏ တပည့်များအနက် အဆင့်အမြင့်ဆုံး တပည့်တစ်ဦး ဖြစ်နေချိန် ရန်ကိုင်သည် တရားမဝင် တပည့်တစ်ဦးသား ဖြစ်နေသည်။ သူတို့ နှစ်ဦး စကားပြောရအောင် သူတို့ကြားရှိ ခွန်အားနှင့် အဆင့်အတန်း ကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားလွန်းပေသည်။

တစ်ဖက်လူ၏ နာမည်ကို အကြိမ်ပေါင်းများစွာ ခေါ်ဖူးသလို ဘာကြောင့် ရုတ်တရက် ခေါ်လိုက်မိမှန်း ရန်ကိုင် နားမလည်။ လက်ရှိသူသည် အိမ်မက်ကဲ့သို့သော အခြေအနေတစ်ခုထဲသို့ ရောက်နေသလိုလိုပင်။

စုယန်သည် မျက်မှောင်ကြုတ်သွားခဲ့သော်ငြား သူမ၏ အမူအရာမှာတော့ ယခင်အတိုင်း အေးစက်စက်ပင်။ သို့ရာတွင် သူမနောက်တွင် ရပ်နေသော စီနီယာအစ်ကို၊ အစ်မတို့မှာတော့ ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်လိုက်ကြလေသည်။

စိတ်အဆတ်ဆုံးသော စီနီယာအစ်ကိုဆိုသူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “စီနီယာအစ်မရဲ့ နာမည်က မင်းလိုကောင် ခေါ်လို့ရတဲ့နာမည် မဟုတ်ဘူး”

ထိုစကား ဆုံးသွားသည်နှင့် လက်ဝါးတစ်ချက် ရန်ကိုင်ဆီသို့ လာမှန်လေသည်။

လက်ဝါးရိုက်ချက်မှ ထွက်ပေါ်လာသော လေအားကြောင့် ရန်ကိုင် လေထဲ ကျွမ်းပစ်သွားခဲ့၏။ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာသည့်အခိုက် သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ သူ့တစ်ကိုယ်လုံ ဖုန်အလိမ်းလိမ်းနှင့် ဖြစ်ကုန်လေပြီ။

သို့ရာတွင် ရန်ကိုင်သည် နာကျင်မှုကို ဂရုမစိုက်ဘဲ မျက်မှောင်ကြုတ်လျက်သာ အတွေးနက်နေခဲ့သည်။

ဘာလို့ ဤကဲ့သို့ ဖြစ်နေမှန်းသူမသိ။ ဖြစ်ပျက်သွားသည့် အကြောင်းအရာ အကုန်လုံးသည် သူ့အတွက် ရင်းနှီးသလိုလို၊ မရင်းနှီးသလိုလို ဖြစ်နေသည်။

မွှေးပျံ့သင်းကြိုင်သော လေသင်းရနံ့လေး ရန်ကိုင်၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ ခဏအကြာ၌ သူ့ရှေ့တွင် ခြေတစ်စုံ လာရပ်နေသည်ကို တွေ့လိုက်ရလေသည်။ မော့ကြည့်လိုက်သည့်အခါ အင်မော်တယ် နတ်သမီး တစ်ပါးနှယ် ရပ်နေသော ကျော့ရှင်းတင့်တယ်သည် စုယန်ကို တွေ့လိုက်ရသည်။

“စီနီယာအစ်မ၊ သူ့ကို ဂရုစိုက်မနေနဲ့” ရန်ကိုင်အား ရိုက်လိုက်သည့် စီနီယာအစ်ကိုဆိုသူက အေးစက်စက် အမူအရာဖြင့် လှမ်းပြောလိုက်သည်။

စုယန်ကမူ သူပြောသည်ကို ဂရုမစိုက်ဘဲ ရန်ကိုင်အား ထူမပေးလိုငြား လက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်သည်။

ရန်ကိုင်သည် တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် စုယန်ကို လက်ကို လှမ်းကိုင်လိုက်လေသည်။

အစောကတည်းက ရန်ကိုင်အား အမြင်မကြည် ဖြစ်နေသော စီနီယာအစ်ကိုသည် ရန်ကိုင် စုယန်လက်အား ကိုင်လိုက်သည်ကို မြင်သော် ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်လာလေသည်။

စုယန်သည် ရန်ကိုင်အား သူမလက်ဖြင့် ဖုန်ခါပေးနေချိန် ရန်ကိုင်ကမူ ကြောင်တောင်တောင်ဖြင့် ရပ်နေသည်။ စုယန်၏ ဤသိမ်မွေ့သည့် အပြုအမူကြောင့် ရန်ကိုင် မှင်သက်နေမိ၏။

“အပြင်လောကကြီးက အရမ်း အန္တရာယ်မျာတးယ်။ မြန်မြန် ပြန်သွားပြီးရင် မြန်မြန် ပြန်လာတာ အကောင်းဆုံးပဲ။ လမ်းမှာလည်း သတိထားဦး။ သွားမယ်ဆိုရင်လည်း စောစောသွား။ နောက်ကျပြီးမှ မသွားနဲ့။ အန္တရာယ်များတယ်” စုယန်က ရန်ကိုင်အား နောက်ဆုံးတစ်ကြိမ် သေချာစိုက်ကြည့်သွားပြီးနောက် သူမ၏ အဖွဲ့သားများနှင့်အတူ ပြန်ထွက်သွားလေသည်။

တဖြည်းဖြည်း ဝေးကွာသွားသော သူမကျောပြင်ကို ကြည့်ရင်း ရန်ကိုင်ရင်ထဲ ဟာတာတာ ဖြစ်သွားသလို ခံစားလိုက်ရသည်။

အဝေးတစ်နေရာဆီမှ သူ့အား ရိုက်လိုက်သည့် စီနီယာအစ်ကို၏ လှောင်ပြောင်ထေ့ငေါ့သံ ထွက်ပေါ်လာလေသည် “”စီနီယာအစ်မ၊ အဲ့ကောင်က ဂိုဏ်းကနေ ထုတ်ခံလိုက်ရတဲ့ တရားမဝင်တပည့်ပဲ။ ဒီတစ်ကြိမ် ထွက်သွားပြီးရင် ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။ သူ့ကို ဆက်ပြီး ဂရုစိုက်မနေနဲ့”

“အဲ့လိုလား…” စုယန်၏ အသံ ထွက်ပေါ်လာခဲ့သည် “သူပြန်လာလောက်မှာပါ”

သူမ၏ ကျောပြင်သည် တဖြည်းဖြည်း ဝေးဝေးလာပြီးနောက် အဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်၏ အကြည်သည့် ထောင့်တစ်နေရာဆီသို့ ရောက်သွား၏။ ထိုနေရာတွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင် ဇာပဝါဖြင့် မျက်နှားအား လွှမ်းခြုံထားသည့် အမျိုးသမီးတစ်ဦး ရပ်နေခဲ့သည်။

လေပြင်းတစ်ချက် ဝေ့တိုက်သွားသည့်အခိုက်၊ သူမ၏ ဇာပဝါ ဘေးသို့ ရွေ့သွားခဲ့သည်။ ထို့ကြောင့် တရွေ့ရွေ့ လှုပ်နေသော သူမ၏ နှုတ်ခမ်းအစုံကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။ သူမ တစ်ခုခု ပြောနေသလိုပင်။

သို့သော် ဝေးလွန်းသဖြင့် ဘာပြောနေမှန်း ရန်ကိုင် မကြားမရ။ သူမမေးနိုင်သေးခင်မှာပင် ထိုစီနီယာအစ်မသည် သူ့မြင်ကွင်းမှ ထပ်မံ ပျောက်ကွယ်သွားပြန်လေသည်။

နောက်ဆုံးတွင်တော့… ထိုစီနီယာအစ်မသည် ရှနင်းချန် ဖြစ်သည် ဆိုသည်ကိုသာ ရန်ကိုင် သိလိုက်ရသည်။

အကြောင်းတစ်ခုခုကြောင့် ထိုနာမည်ကို သူ့တစ်ဘဝလုံး မှတ်မိနေလိမ့်မည်ဟု ခံစားလိုက်ရသည်။

ရန်ကိုင်သည် မြေကြီးပေါ် ကျနေသော အထုပ်ကို ကောက်ယူ၍ လှည့်ထွက်လာခဲ့လေသည်။

သူ့ခွန်အားသည် မြင့်မားခြင်း မရှိသလို မည်သည့် အကူအညီကိုမှ မရှာနိုင်သည့်အတွက် ရန်မိသားစု အမွေခံတိုက်ပွဲ၌ ဝင်ရောက် မယှဉ်ပြိုင်ခဲ့ပေ။ ဝင်ယှဉ်ပြိုင်လျှင်ပင် အကျိုးမဲ့ရုံသာ ရှိပေလိမ့်မည်။

အကြီးဆုံးအစ်ကိုကြီး ရန်ဝေသည် ရန်မိသားစု၏ နောက်တက်မည့် မိသားစုခေါင်းဆောင် ဖြစ်လာခဲ့သည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာပြီးနောက် ရန်ကိုင် အသက်ဆယ့်ရှစ်နှစ် ဖြစ်လာခဲ့သည်။

သူ့အဖေ ရန်ရင်ဖုန်းနှင့် သူ့အမေ တုန်စုကျုတို့သည် သူ့အတွက် မင်္ဂလာပွဲ စီစဉ်ပေးလေသည်။ တစ်ဖက်လူသည် သူ့အမေ၏ မိသားစုဘက်မှ အမျိုးသမီးတစ်ဦး ဖြစ်သည်။

ရန်ကိုင်တွင် ရွေးစရာလူများများစားစား မရှိခဲ့ချေ။ သိုင်းတာအိုလမ်းကြောင်းကို လျှောက်လှမ်းရာတွင် ဘာမှ ဖြစ်ထွန်းခြင်း မရှိခဲ့သဖြင့် မျိုုးဆက်များ ချန်ရစ်ပေးခြင်းဖြင့် ရန်မိသားစုအကျိုးကို ပြန်လည် သယ်ပိုးပေးရုံသာ တတ်နိုင်ခဲ့သည်။

ထိုအမျိုးသမီးကို လက်ထပ်လိုက်ပြီး ကလေးမွေးကာ ကလေးအဖေတစ်ဦး ဖြစ်လာခဲ့သည်။

နေ့ဘက်တွင် ရန်မိသားစုအတွက် အလုပ်လုပ်ပေးပြီး ညဘက်တွင် သူ့မိသားစုနှင့် အချိန်ဖြုန်းသည်။ သူ့မိန်းမနှင့် ကလေးများသည် သူ့စကားကို နာခံကြသလို သူ့အပေါ်လည်း လေးစားကြပေသည်။

ရန်ကိုင်၏ ဘဝကြီးသည် ငြိမ်းချမ်းသာယာနေခဲ့သည်။

သို့ရာတွင် ရန်ကိုင်၏စိတ်ထဲ တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။

သူ့ဘဝသည် ဤကဲ့သို့ ဖြစ်မနေသင့်ချေ။ သူ့အား လုံးဝ မတူညီသော လမ်းကြောင်းတစ်ခုအား လျှောက်လှမ်းစေနိုင်မည့် မဟာအခွင့်အရေးကြီးတစ်ရပ် သူရသင့်သည်ဟု ခံစားနေရသည်။

ထိုအတွေးများကို ခေါင်းထဲမှ ရှင်းထုတ်ရန် ကြိုးစားခဲ့သော်ငြား ရှင်းမပစ်နိုင်ခဲ့ဘဲ ကစော်ဖောက်ချိန်ကြာလေ ပို၍ အားကောင်းလာလေဖြစ်သည် ဝိုင်အရက်လိုသာ ဖြစ်လာခဲ့သည်။

All Chapters