← Chapters

အခန်း (၁၇၅၆-၁၇၆၀)

Vol. 71 Ch. 1756-1760

အခန်း (၁၇၅၆-၁၇၆၀)

Vol. 71 Ch. 1756-1760

အပိုင်း (၁၇၅၆)

ထို့အပြင် သူတစ်ခါမှ မတွေ့ဖူးမှန်း သေချာသော လူများကိုလည်း တွေ့ရသည်။ ထိုလူများထဲ သူနာမည်တပ်ပင် တပ်ခေါ်နိုင်လောက်အောင် ရင်းနှီးနေသော လူကြီးလူငယ် ကျားမမရွေး ပါဝင်ပေသည်။ (မှတ်မိသလိုလို မမှတ်မိသလိုလို ဖြစ်နေခြင်းကို ပြောလိုခြင်းဖြစ်သည်)

နတ်ဆိုးအိုကြီး၊ လင်းတိုင်ရှု၊ ချူလင်းရှောင်၊ ဖေးယု၊ လီဝမ်၊ ဖေးကျန်း၊ ကျန်းယန်၊ လီရုန်၊ ဟန်ဖေး၊ ရွှယ့်ယွယ်၊ ဝူရီ၊ ရီရှီယွင်၊ တိုက်ယွမ်၊ ချင်းတုန်…

ထိုလူအားလုံး၏ နာမည်များသည် ရန်ကိုင်၏ အသိစိတ်ထဲ မှတ်ကျောက်တင်ထားသလို စွဲမြဲနေခဲ့သည်။ အကုန်လုံးသည် သူ့အား တစ်ခုခုပြောချင်နေသည့်အလား သူ့အား အဆက်မပြတ် အော်ခေါ်နေသည်ဟု ရန်ကိုင် ခံစားနေရသည်။ သို့သော် သူတို့ ပြောသည်ကို သူမကြားရပေ။

နေ့ရက်များသည် တရွေ့ရွေ့ဖြင့် ကုန်လွန်လာနေခဲ့ရာ မကြာမီတွင် ရန်ကိုင်၏ဘဝသည် နေဝင်ချိန်သို့ ရောက်လာခဲ့လေသည်။

လက်ရှိ အသက်ခုနှစ်ဆယ်ရှိနေပြီ ဖြစ်သော ရန်ကိုင်တွင် သာသမီးများ၊ မြေးများ ရှိနေပြီဖြစ်ပြီး သူ့မိဘများဟာလည်း လွန်ခဲ့သော နှစ်များစွာခန့်က ကွယ်လွန်သွားခဲ့ကြ၏။ ရန်ကိုင် ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီး မပြောင်းလဲဘဲ ကျန်ရစ်သည့်အရာဆို၍ သူ့အိမ်မက်များထဲ အဆက်မပြတ် ပေါ်လာနေသော ထူးဆန်းသည့် မျက်နှာများသာ ကျန်ရစ်တော့၏။

ထိုမျက်နှာများသည် ကြည်လင်သည်ထက် ကြည်လင်လာ၏။ သူတို့၏ ဖျော့တော့တော့ အသံများဟာလည်း ယခုဆိုလျှင် ကြားရလုနီးပါး ဖြစ်လာနေခဲ့လေပြီ။

မကြာမီ အပြင်းဖျား၍ ရန်ကိုင် အိပ်ရာထဲ လဲရလေသည်။

အိပ်ရာထဲတွင် လဲလျောင်းနေရင်းမှ အပြင်ဘက်မှ အော်ငိုနေသော သူ့သားသမီးများ၊ မြေးများ၏ ငိုသံများကို ကြားနေရသည်။ သူ့အတွက် အချိန် နည်းနည်းလေးသာ ကျန်ရစ်တော့မှန်း ရန်ကိုင် နားလည်လိုက်လေသည်။

သူ့ဘဝတစ်လျှောက်လုံး မညည်းမညူဖြင့် အဖော်ပြုလာသော သူ့မိန်းမသည်လည်း ယခုဆိုလျှင် အဘွားကြီးတစ်ဦး ဖြစ်နေခဲ့လေပြီ။ သို့ရာတွင် သူ့ဘဝ၏ နောက်ဆုံး အခိုက်အတန့်၌ပင် သူ့နားမှ ထွက်မသွားဘဲ သူ့ဘေးတွင်နေကာ သူ့အား အဖော်ပြုပေးလေသည်။

ဒီဘဝကြီးက… တကယ်ကောင်းတာပဲ အချိန်ရေစီးကြောင်း၏ တိုက်စားမှုကြောင့် ဆံပင်များ မီးခိုးရောင်သန်းနေသော သူ့မိန်းမကို ကြည့်ရင်း ရန်ကိုင် တွေးလိုက်သည်။ မီးခိုးရောင်သန်းနေသော သူမ၏ ဆံပင်များကိုကြည့်ရင်း ရန်ကိုင် အားတင်း ပြုံးပြလိုက်၏။

သို့ရာတွင် အမြဲတမ်း သူ့အပေါ် လေးစားရိုသေခဲ့သော သူ့မိန်းမသည် ယခုအခါတွင်တော့ အေးစက်စက် အမူအရာဖြင့်သာ ရှိနေခဲ့သည်။

“နင်..” ရန်ကိုင်သည် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်၏။

သို့ရာတွင် ရန်ကိုင် ပြောမပြီးသေးခင်မှာပင် တစ်ဖက်လူက ဖြတ်ပြောလိုက်လေသည် “နောက်ဆုံးတော့ ငါလွတ်လပ်ရပြီ။ နင့်ကြောင့် ငါဘဝလုံး ဒုက္ခရောက်ရာကနေ လွတ်မြောက်တော့မယ်”

သူမ၏ အသံသည် အဘွားကြီးတစ်ဦး၏ အသံနှင့်မတူညီစွာ ကြည်လင်ချိုမြနေခဲ့သည်။

“နင်… နင်ဘယ်လိုတောင် ပြောရက်တာလဲ” ရန်ကိုင်သည် သူမအား ဝမ်းနည်းစိတ်ပျက်စွာကြည့်ရင်း ပြန်ပြောလိုက်သည်။

“ဒါဆို ငါဘယ်လိုပြောသင့်လဲ” တစ်ဖက်လူက လှောင်ပြောင်လိုက်လေသည် “ငါနင့်ကို ကျေးဇူးတင်ပါတယ်လို့ ပြောရမှာလဲ။ နင့်ရန်မိသားစုခွန်အားကြောင့်သာ မဟုတ်ရင် ငါနင်နဲ့ လက်ထပ်ရမှာမဟုတ်ဘူး။ နင်က သာမန်လူသားတစ်ယောက်ပဲ ရန်ကိုင်။ ရန်မိသားစုထဲမှာ မွေးလာတာကြောင့်သာ မဟုတ်ရင် နင့်ဘဝက သာမန်သေမျိုးတစ်ယောက်ထက်တောင် ဆိုးနေဦးမှာ။ ဒါတောင် ကိုယ့်ဘဝကို အဆုံးရှုံးမခံဘဲနဲ့ ငါ့ဘဝကိုပါ နင့်ဒုက္ခတွင်းထဲ ဆွဲခေါ်လိုက်သေးတယ်”

“တစ်ချိန်လုံး နင့်စိတ်ထဲမှာ ဒီလို ခံစားနေရတာပေါ့”

“ဟုတ်တယ်။ ဟိတ်ပျက်သွားလား” တစ်ဖက်လူသည် လှောင်ပြုံးပြုံးသည် မြွေဟောက်တစ်ကောင်၏ အကြည့်ဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်လေသည်။

သို့ရာတွင် ရန်ကိုင်ကမူ ရယ်မောလျက်သာ မျက်လုံး ပိတ်လိုက်လေသည်။

သူ့ဘေးတွင် ထိုင်နေသည့် အဘွားကြီး၏အပြုံး ပို၍ အေးစက်လာခဲ့သည်။

ထိုအချိန်တွင် ရန်ကိုင်က ရုတ်တရက် ရေရွတ်လိုက်၏ “တကယ်တော့ နင်ဟန်ဆောင်နေမှန်း ငါသိပြီးသား။ မဆိုးဘူး၊ နင်တကယ် ဟန်ဆောင်ကောင်းတယ်… ဒါတွေ အားလုံးက ပုံရိပ်ယောင်တွေမှန်း ငါသိပြီးသား”

“ဘယ်လို” အမျိုးသမီး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်း ထရပ်ကာ မယုံကြည်နိုင်ဟန်ဖြင့် “နင်ဘာပြောနေလဲ နင်သိလား”

“အခု ငါမသေခင်လေး စိတ်ကျေနပ်ရဆုံး အချိန်မှာ ငါ့စိတ်ချုံးချုံးကျသွားအောင် စကားနာ ထိုးချင်တာမလား” ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့သည်။ ယခင်က အားမရှိတော့ဟန် ထင်ရသော သူမျက်လုံးများသည် ယခုအခါ ထက်ရှသည့် အလင်းတို့ဖြင့် တောက်ပနေခဲ့လေ၏ “အပြင်မှာ ငိုနေတဲ့ လူတွေလည်း အတူတူပဲ။ ပြီးတာနဲ့ အထဲကို ပြေးဝင်လာပြီး ငါသေတာကို ထိုင်ကြည့်ပြီး ရီနေကြမှာ”

“နင်ဘယ်လိုလုပ်ပြီး…” အဘွားကြီး၏ အမူအရာ ဖြူလျော်သွားခဲ့လေသည်။

“ငါဘယ်လိုသိသွားတာလဲ၊ ဟုတ်လား။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကတည်းက ငါမှတ်ဥာဏ်အားလုံးကို ပြန်ရသွားတာ”

“သိနေရင် ဘာလို့ မသိချင်ယောင် ဆောင်နေတာလဲ” အဘွားကြီး မျက်နှာပျက်သွားခဲ့လေသည်။

“ဟားဟား…” ရန်ကိုင်က ပြုံးလျက် ကုတင်မှ ထထိုင်ကာ ပြောလိုက်လေသည် “ဘာလို့လဲဆိုတော့ ဒီလိုဘဝမျိုးကို တစ်ခါမှ မခံစားဖူးလို့လဲ။ ဒါပေမယ့် ဒီလိုဘဝမျိုး ခံစားလို့ရအောင် နင်က ငါ့ကို အခွင့်အရေး လာပေးမှတော့ ငါကလည်း ကောင်းကောင်း အသုံးချပေးရမှာပေါ့။ ပြီးတော့ ဒီအခိုက်အတန့်က ငါ့စိတ်ကို ပိုအားကောင်းလာအောင်သွေးဖို့ အကောင်းဆုံး အခွင့်ရေးပဲလေ”

ရန်ကိုင်စိတ်ထဲ အမြဲတစေ ပေါ်လာနေသော ရင်းနှီးသလိုလို မရင်းနှီးသလိုလို မျက်နှာများနှင့် သူတို့ သူအား ပြောရန် ကြိုးစားနေသည့် စကားများကြောင့် နောက်ဆုံးတွင် သူ့မှတ်ဥာဏ် အားလုံးကို ပြန်လည်ရရှိသွားပြီး ပုံရိပ်ယောင်တစ်ခုထဲသို့ ရောက်နေကြောင်း နားလည်လိုက်ရသည်။

သိသိချင်း ရန်ကိုင် အလွန် ထိတ်လန့်သွားခဲ့သည်။

သူဘယ်အချိန် ချုံခိုတိုက်ခိုက်လို့ တိုက်ခိုက်ခံလိုက်ရမှန်း မသိချေ။ ရန်သူ အရိပ်အယောင်ကိုပင် အာရုံမခံမိ။ နောက်ဆုံး ပုံရိပ်ယောင်ထဲသို့ မရောက်ခင် ရွှယ့်ယွယ်နှင့်အတူ နီကွမ်းနှင့် လော့လန်အား စောင့်ကြပ်ပေးနေခြင်း ဖြစ်သည်။ ထိုစဉ်ကလည်း မည်သည့် ရန်သူကိုမှ အာရုံမခံမိခဲ့ပေ။

ရန်သူအနေဖြင့် သူပင် မသိလိုက်ဘဲ သူ့အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်၊ သူ့မှတ်ဥာဏ်များနှင့် အလိုက်သင့် စီးမျောပြီး၊ သူ့အတွေးတိုင်းကို တစ်နည်းတစ်ဖုံ လွှမ်းမိုလျက် မှတ်မိသင့်သည်များကို မေ့လျော့သွားအောင် လုပ်နိုင်သည်ကို ကြည့်လျှင် တစ်ဖက်လူသည် အလွန် အားကောင်းသည့် စိတ်စွမ်းအားကို ပိုင်ဆိုင်ထားမှန်း သိသာပေသည်။ သူ့တစ်ဘဝလုံးသည် လုံးဝကို မမှတ်မိနိုင်တော့လောက်သည်အထိ ပြောင်းလဲသွားခဲ့လေသည်။

ထိုအချက်ကို နားလည်လိုက်သည့်အချိန်တွင် ရန်ကိုင် အလျင်စလို မလှုပ်ရှားခဲ့ချေ။

အရင်ဦးစွာ ရန်သူ မည်သူမှန်း မသိရသေးချေ။ ရန်သူ မည်သူမှန်း မသိဘဲ မဆင်မခြင် လှုပ်ရှားလိုက်လျှင် ဆိုးရွားသော အကျိုးဆက်များနှင့် ကြုံတွေ့ရနိုင်ပေသည်။ ဒုတိယအနေဖြင့် ဤကဲ့သို့သော ဘဝမျိုးသည် သူတစ်ခါမှ မခံစားဖူးသည့် ဘဝမျိုး ဖြစ်သည်။ ဤဘဝသည် အတော်လေးကို ကောင်းမွန်သည့် ဘဝတစ်ခုဖြစ်သည်။ တစ်လျှောက်လုံး သူ့မိန်းမအဖြစ် သရုပ်ဆောင်လာသည့်လူသည် သူ့ဘဝ၏ နောက်ဆုံး အခိုက်အတန့်ကိုပါ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပို့ဆောင်ပေးလျှင် အကောင်းဆုံး ဖြစ်သည်။

သို့သော်ငြား နောက်ဆုံးအခိုက်အတန့်တွင် ရန်ကိုင် စိတ်ချုံးချုံးကျသွားစေရန်အတွက် သူ့အဖိုးတန် အတွေ့အကြုံများကို ဖျက်စီးပစ်ရန် ကြိုးစားခဲ့သည်။

လူတစ်ဦးတွင် အသက်တစ်သက်သာ ရှိပေသည်။

ဒုတိယဘဝတစ်ခုတွင် နေထိုင်သည်ဆိုသည်မှာ အိပ်မက် တစ်ခုသာ ဖြစ်၏။ ပြန်လည်ဝင်စားခြင်းဆိုသည်မှာလည်း နားလည်းရခက်ခဲသော သိမ်မွေ့နက်နဲနေသည့် နိယာမတစ်ခု ဖြစ်ပေသည်။ ပြန်လည်ဝင်စားခြင်းသည် တကယ်ရှိသည် ဆိုလျှင်ပင် မည်သူကများ အတိတ်ကမှတ်ဥာဏ်များနှင့် ပြန်လည် ဝင်စားနိုင်မည်နည်း။ ပြန်လည်ဝင်စားတိုင်းလည်း လူဖြစ်မည်ဟု အာမခံချက်ကော ရှိလေသလော။

သို့သော်လည်း ရန်ကိုင်သည် ပြန်လည်ဝင်စားခြင်းနှင့် ဆင်တူသော အရာတစ်ခုကို ယခုတင် ကြုံတွေ့လိုက်ရသည်။

သူ့အသံဆုံးသွားချိန် အပြင်ဘက်တွင် ငိုကြွေးနေသော သူ့သားနှင့်မြေများသည် ဆက်၍ ငိုကြွေးမနေတော့ဘဲ ချောက်ခြားဖွယ်ကောင်းစွာ အော်မြည်လိုက်ကြလေသည်။

အဘွားကြီးက လှောင်ပြုံးပြုံးလျက် “ပုံရိပ်ယောင်ကို မြင်ပြီးတာနဲ့ ငြိမ်ထိုင်နေလိုက်ရုံနဲ့ ရပြီလို့ ထင်နေတာလား။ နင့်ကိုယ်နင် အရမ်း အထင်ကြီးနေတာပဲ။ နင်သာ စောစော လှုပ်ရှားလိုက်ရင် ဒီနေရာကနေ လွတ်ချင်လွတ်ဦးမယ်။ ဒါပေမယ့် အခုမှတော့ နောက်ကျလွန်းသွားပြီ။ နင့်ဝိဥာဉ် ဒီနေရာမှာ ထာဝရ ပိတ်မိတော့မှာ”

“တကယ်ကြီးလား” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် လှောင်ပြုံးပြုံးလျက် “ခင်ဗျားကျုပ်ကို တိုက်ရိုက် တိုက်ခိုက်လို့ မရဘူးလား။ ကျုပ့်မှတ်ဥာဏ်တွေကို ထိန်းချုပ်ပြီးတော့ပဲ ကျုပ်ကို လွှမ်းမိုးဖို့ ကြိုးစားလို့ရတာမလား”

သူမ၏ အားနည်းချက် အလွယ်တကူ ထုတ်ဖော်ခံလိုက်ရသည်ကို မြင်သော် အဘွားကြီး မျက်နှာပျက်သွား၏။

“ဒီမှာပဲ အဆုံးသတ်ကြတာပေါ့။ ဒါပေမယ့် အခုလို ဘဝမျိုးကို ခံစားခွင့်ပေးတဲ့အတွက် ကျုပ်ခင်ဗျားကို တကယ် ကျေးဇူးတင်တယ်။ အခုဆို တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်မယ်လို့ ကျုပ်ပိုပြီး ယုံကြည်ချက်ရှိသွားပြီး” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။

ရန်ကိုင်၏ လက်ရှိပြဿနာမှာ သူ့ခွန်အား အလွန် တိုးတက်မြန်လွန်းနေခြင်း ဖြစ်သည်။ စကျင့်ကြံသည့် အချိန်မှစ၍ ယခုအချိန်ရှိ နှစ်လေးဆယ်ပင် မရှိတတ်သေးသော်ငြား သူ့ကျင့်ကြံခြင်သးည် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ သို့သော်လည်း သူ့ခွန်အားသည် သူ့စိတ်စွမ်းအင်၊ အတွေ့အကြုံများနှင့် ထပ်တူကျရန် လိုအပ်ပေသည်။ ထိုသို့မဟုတ်လျှင် ကျင့်ကြံခြင်းလမ်းကြောင်း သွေဖယ်သည့် ပြဿနာနှင့် ကြုံတွေ့ရနိုင်ပေသည်။

ဤသည်မှာ ရန်ကိုင်၏ အားနည်းချက်ကြီး ဖြစ်ပေသည်။

သို့သော် ဤတစ်ကြိမ် အတွေ့အကြုံသည် ထိုအားနည်းချက်ကို ဖြည့်စွက်ပေးလိုက်သလို ဖြစ်သွားသည်။ အပြင်ဘက်တွင် အချိန်မည်မျှပင် ကုန်ဆုံးသွားစေကာမူ သူ့စိတ်ထဲတွင်တော့ နှစ်ခုနှစ်ဆယ် ကုန်ဆုံသွားပေသည်။ ထိုအချိန်ပမာဏသည် သူနောက်တစ်ဆင့်သို့ ချိုးဖျက်ရန် အတွက် လိုအပ်သည့် စိတ်ဓါတ်အတွေ့အကြုံကို ပေးစွမ်းသွားလေ၏။

သူ့အား ယခုလို အခွင့်အရေးမျိုး ပေးသည့်အတွက် တစ်ဖက်လူကို အမှန်တကယ် ကျေးဇူးတင်ပေသည်။

ဤတစ်ခုနှင့်ပင် ကမ္ဘာပျက်ထဲ လာရသည်မှာ တန်သွားပြီဟု ပြော၍ရသည်။ နောက်ဘာမနှ ဆက်မရတော့လျှင်ပင် ကိစ္စ မ၇ှိတော့ပေ။

ယခု ကမ္ဘာပျက်မှ အပြင်သို့ ပြန်ရောက်သည်နှင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ရန်ကြိုင် ဆုံးဖြတ်ထားပြီးလေပြီ။ မည်သည့်နေရာတွင် သွား၍ အဆင့်ချိုးဖျက်ရန် ကြိုးစားမည်လဲ ဆိုသည်နှင့် ပက်သက်၍မူ စိတ်ထဲတွင် တစ်နေရာ စဉ်းစားပြီးသားပင်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည်ဟုလည်း ယုံကြည်နေသည်။

ရန်ကိုင်မှ ထိုစကားကို ပြောလိုက်သည်နှင့် စိုးရိမ်နေသော အဘွားကြီးသည် ရုတ်တရက် တွန့်လိမ်လာပြီး ချောက်ခြားဖွယ် ကောင်းသော အနက်ရောင် သက်ရှိတစ်ကောင် အဖြစ်သို့ ပြောင်းကာ အော်မြည်လျက် ရန်ကိုင်ကို ခုန်အုပ်လေသည်။

တစ်ချိန်တည်းတွင် မြောက်မြားလှသော အနက်ရောင်ချီများသည် အခန်းအပြင်ဘက်မှ ရန်ကိုင်ဆီသို့ ဒီရေလှိုင်းသဖွယ် တိုးဝင်လာခဲ့သည်။

ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် မျက်လုံးပိတ်၍ ပြန်ဖွင့်ကာ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက် သွင်းလိုက်၏။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် ပုံရိပ်ယောင်အားလုံးကို ထိုးဖောက်မြင်နိုင်စွမ်းရှိပေသည်။

နတ်ဆိုးမျက်လုံးပေါ်လာသည်နှင့် ရန်ကိုင် နေနေသည့် အခန်းမှစ၍ ရန်မိသားစုစံအိမ်နှင့်အတူ လောကကြီးတစ်ခုလုံး တစ်စစီ ကွဲကြေသွားခဲ့လေသည်။

သူ့ဆီသို့ တိုးဝင်လာနေသော အနက်ရောင်အရိပ်များမှာမူ ရန်ကိုင်အား ထိခိုက်အောင် မလုပ်နိုင်ခဲ့ကြချေ။ ထိုအနက်ရောင် အရိပ်များသည် တိုက်ရိုက် မတိုက်ခိုက်နိုင်ကြဘဲ တစ်စုံတစ်ဦး၏ စိတ်ထဲရှိ မကောင်းသည့် စိတ်ခံစားချက်များကို ပစ်မှတ်ထားပြီးတော့သာ ထိုလူကို ပုံရိပ်ယောင်ထဲ ရောက်သွားအောင် လုပ်နိုင်ပေသည်။

အနက်ရောင်အရိပ်များသည် ရန်ကိုင်၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားကာ ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက်တွင် ပုံရိပ်ယောင်လည်း ပျက်စီးသွားကာ အစစ်အမှန်လောကဆီသို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။

မတုန့်ပြန်နိုင်သေးခင်မှာပင် သူ့နောက်မှ လေပြင်းတစ်ချက် တိုးဝင်လာသဖြင့် ရန်ကိုင်လည်း အလျင်စလို လှိမ့်ရှောင်လိုက်၏။ ခြေစုံစုံရပ်ပြီးနောက် ကြည့်ကြည့်လိုက်သည့်အခါ ပုံရိပ်ယောင်ထဲ၌ မြင်တွေ့ရသော အနက်ရောင်အရိပ်တစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ သို့ရာတွင် ဤအရိပ်သည် လူပုံစံနှင့် ဆင်တူ၏။ မျက်နှာအသွင်အပြင် မရှိခြင်းတစ်ချက်သာ။ ခြေလက်များ အကုန်ပါပေသည်။

လက်ရှိတွင် အနက်ရောင်အရိပ် ဒဏ်ရာရနေခဲ့သည်။ ရန်ကိုင်အား သူ့ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဆွဲခေါ်သွားခဲ့ရာ၌ ရန်ကိုင်မှ ထိုပုံရိပ်ယောင်ကမ္ဘာကို ဖျက်စီးလိုက်သည့်အတွက် တန်ပြန်ဘေးထွက်ဆိုးကျိုး ခံစားလိုက်ရခြင်း ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းစွာ ဟိန်းဟောက်လျက် ရန်ကိုင်ဆီသို့ ခုန်အုပ်လေသည်။

ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များကိုသုံး၍ အနက်ရောင် အရိပ်ကို ဖြတ်တောက်ပစ်ရန် ကြိုးစားလိုက်သော်ငြား အနက်ရောင်အရိပ်၏ ခန္ဓာကိုယ်ကိုသာ ဖြတ်ကျော်သွားခဲ့ပြီး အနက်ရောင်အရိပ်အား မည်သည့် ဒဏ်ရာမှ မရစေခဲ့ချေ။

သူတော်စင်ချီဖြင့် ကောင်းကင်ဖုံးလက်ကို သုံး၍ တိုက်ခိုက်ပြန်သည့် အခါ၌လည်း အတူတူပင်။

သူ့လက်ကြီးသည် အနက်ရောင်အရိပ်အား ခဏတာ တုန့်ဆိုင်းသွားစေရုံသာ လုပ်နိုင်ခဲ့သည်။

“ရွှေရောင်သွေးမျှင်က အသုံးမဝင်ဘူး။ သူတော်စင်ချီလည်း အသုံးမဝင်ဘူးဆိုတော့… ကြည့်ရတာ စိတ်စွမ်းအင်ပဲ သုံးရတော့မယ်နဲ့ တူတယ်” ပြောပြီးသည်နှင့် ရန်ကိုင်၏ မျက်လုံးထဲ ကြာဖူးတစ်ပွင့် ပေါ်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၅၇)

အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း ပညာရပ်သည် ရန်ကိုင်၏ အားအကောင်းဆုံး တိုက်ခိုက်ရေးအမျိုးအစား ဝိဥာဉ်ပညာရပ် တစ်ခု ဖြစ်သည်။

သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည့် အတွက် ရန်ကိုင်လည်း မည်သည့်တိုက်ကွက်များကို ထပ်မံ မစမ်းသပ်ရဲတော့ဘဲ သူ့ဝှက်ဖဲကို ချက်ချင်း ထုတ်သုံးရတော့၏။

ကြာပန်းပုံစံသည် လျင်မြန်စွာ ဖြစ်တည်လာခဲ့သည်။ ချက်ချင်းဆိုသလို အနက်ရောင်အရိပ်ပတ်လည်တွင် စတင် ထွက်ပေါ်လာပြီး အနက်ရောင်အရိပ်၏ ကိုယ်ပိုင်စွမ်းအားကို အစာအဖြစ်အသုံးချ၍ စတင် ဖူးဖွင့်လာတော့လေသည်။

အနက်ရောင်အရိပ်သည် ရန်ကိုင်နှင့် တစ်မီတာခန့် အကွာသို့ အရောက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး လဲကျသွားကာ အဆက်မပြတ် အော်ဟစ်ညီးတွားတော့လေသည်။

ကြာပန်းအပြည့်အဝ ဖူးပွင့်လာသည့်အချိန်၌ အနက်ရောင် အရိပ်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး အနက်ရောင်ကြာပန်း တစ်ခုသည် သူရှိနေခဲ့သည့် နေရာတွင် ကျန်ရစ်ခဲ့လေသည်။ ထိုအနက်ရောင်ကြာပန်းသည်လည်း ချက်ချင်း ပျက်စီးသွားပြီး လေနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားလေသည်။

ယခုမှပဲ အခြားသူများ၏ အခြေအနေကို ပြန်ပြီး လေ့လာကြည့်နိုင်တော့လေသည်။

လော့လန်သည် သူနှင့် အနီးဆုံးတွင် ရှိနေခြင်း ဖြစ်သည်။ ရန်ကိုင် လှည့်ကြည့်လိုက်သည့်အခိုက် လူသားပုံစံ အနက်ရောင် အရိပ်တစ်ခုသည် လော့လန်နောက်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ ထိုအနက်ရောင်အရိပ်သည် ရန်ကိုင် ယခုလေးတင် ရှင်းပစ်လိုက်သည့် အနက်ရောင်အရိပ်နှင့် အတူတူပင်။

အနက်ရောင်အရိပ်၏ နဖူးတွင် ဦးမျှင်တစ်ခုရှိနေပြီး ထိုဦးမျှင်သည် လော့လန်၏ နောက်ကျောဆီသို့ တွယ်ကပ်ထား၏။

လော့လန် မည်ကဲ့သို့သော ပုံရိပ်ယောင် လောကထဲသို့ ဆွဲခေါ်သွားခံရလဲ ရန်ကိုင် မသိသော်ငြား သူမ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ရီနေခဲ့ပြီး မျက်နှာ အမူအရာမှာလည်း အဆက်မပြတ် ပြောင်းလဲနေခဲ့လေသည်။ ပုတီးစေ့တမျှ ကြီးမားသော ချွေးသီးချွေးပေါက်တို့သည် နဖူးထက်မှ တတောက်တောက် ကျနေပြီး အသက်ရှုနှုန်းမှာလည်း ပရမ်းပတာ ဖြစ်နေခဲ့သည်။

“တစ်ကောင်မက ရှိနေတာပဲ” ရန်ကိုင် ထိတ်လန့်သွားခဲ့၏။

သူနှင့်လော့လန်ကို တိုက်ခိုက်ခဲ့သော ရန်သူသည် တစ်ကောင်တည်း ဖြစ်သည်ဟု ထင်ခဲ့သော်ငြား အမှန်တွင်မူ ထိုကဲ့သို့မဟုတ်ဘဲ ထိုထူးဆန်းသော သတ္တဝါများမှာ တစ်ကောင်မက ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။

ရွှယ့်ယွယ်နှင့် နီကွမ်းအား လှမ်းကြည့်လိုက်သည့်အခါ သူတို့၏ နောက်ဘက်တွင်လည်း အနက်ရောင်အရိပ် တစ်ကောင်စီ အသီးသီး ရှိနေကြောင်း တွေ့လိုက်ရလေသည်။

ထိုအနက်ရောင်အရိပ်များ မည်သည့်အချိန် တိုက်ခိုက်လိုက်သလဲ ဆိုသည်ကို နီကွမ်းပင် မသိလေရာ ကျန်လူများ မသိသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

ထိုစဉ် လျှိုမြောင်ထဲတွင် တိုက်ခတ်နေသော လေသံနှင့်အတူ စူးစူးဝါးဝါး အော်သံများစွာ ထွက်ပေါ်လာခဲ့လေသည်။

ရုတ်တရက် မြေပြင်ထက်ရှိ အက်ကြောင်းထဲမှ မရေမတွက်နိုင်သော လူသားပုံစံ အနက်ရောင်အရိပ်များစွာ ထွက်ပေါ်လာခဲ့လေသည်။ ပေါ်လာသည်နှင့် ထိုအနက်ရောင် အရိပ်များသည် ရန်ကိုင်း လှည့်ကြည့်လာကြသည်။

“အများကြီး ရှိနေတာပဲ” ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။

တုန့်ဆိုင်းမနေတော့ဘဲ ချက်ချင်း လော့လန်ဆီ ပြေးသွားပြီး စိတ်စွမ်းအင်အား ဆူးတစ်ချောင်းအဖြစ်သို့ စုစည်းစေလျက် သူမ နောက်ဘက်ရှိ အနက်ရောင်အရိပ်ကို ထိုးချလိုက်လေသည်။

ရန်ကိုင်၏ စိတ်စွမ်းအင်သည် အလွန်ကိုမှ အားကောင်းကာ နီကွမ်းကဲ့သို့ ပညာရှင်မျိုးအောက်ပင် နိမ့်ကျခြင်းမရှိချေ။ ထို့ကြောင့် ထိုတိုက်ခိုက်မှုဖြင့် လော့လန်အား တိုက်ခိုက်နေသော အနက်ရောင်အရိပ်အား ဒဏ်ရာရသွားအောင်လုပ်ရန် လုံလောက်ပေပြီ။ ပြင်ပြင်းထန်ထန် တုန်ခါနေပြီးနောက် အနက်ရောင်အရိပ်၏ ခန္ဓာကိုယ် မှိန်ကျလာခဲ့လေသည်။

နောက်တစ်ချက် ထပ်တိုက်ခိုက်လိုက်သည့်အခါ အနက်ရောင်အရိပ်သည် စူးစူးဝါးဝါး အော်မြည်ပြီး လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအခြင်းအရာကို မြင်မှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ ထိုအနက်ရောင်အရိပ်များသည် သူထင်ထားသလောက် အားမကောင်းကြချေ။ ထိုကောင်များကို အလွယ်တကူ သတ်ဖြတ်၍ ရပေသည်။

ပြဿနာမှာ အလွန် အရေအတွက်များနေခြင်း ဖြစ်သည်။

အနက်ရောင်အရိပ် သေသွားသည်နှင့် လော့လန်သည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း ပုံရိပ်ယောင်ထဲမှ လွတ်မြောက်လာနိုင်ခဲ့လေသည်။ မျက်လုံး ပြန်ဖွင့်လိုက်သည့် အခိုက်တွင် သူမနား၌ ရပ်နေသော ရန်ကိုင်ကို တွေ့လိုက်ရ၏။ သို့ရာတွင် ပုံရိပ်ယောင်ထဲမှ လွတ်လာလာခြင်း ဖြစ်သည့်အတွက် လော့လန် အနည်းငယ် စိတ်ရှုပ်နေခဲ့လေသည်။

ရန်ကိုင်သည် လော့လန်အား အမြန် လှမ်းအော်ပြောလိုက်လေသည် “စီနီယာလော့လန်၊ မြန်မြန်နိုးပေတော့။ မဟုတ်ရင် ခင်ဗျား သေလိမ့်မယ်နော်။ မြန်မြန်ထပြီး ဟိုကောင်တွေကို စိတ်စွမ်းအင်နဲ့ ရှင်းပစ်လိုက်တော့”

“ဘယ်သူတွေကိုလဲ” လော့လန် မျက်မှောင်ကြုတ်သွားခဲ့၏။

ရန်ကိုင် ပြောနေစရာပင် မလိုတော့။ အော်မြည်နေသော အနက်ရောင်အရိပ်များစွာသည် ရန်ကိုင်နှင့် လော့လန်ဆီသို့ ပြေးဝင်လာနေကြလေပြီ။

ထိုအခြင်းအရာကို မြင်သည့်အခါ လော့လန် အလန့်တကြား ထအော်လေသည်။ ချက်ချင်းပဲ လက်ကိုင်မဲ့ဓါးမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ထိုဓါးမြှောင်ကို ထိန်းချုပ်၍ ပြေးဝင်လာနေသည့် အနက်ရောင်အရိပ်များကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်က ဆက်၍ အော်ပြောလိုက်သည် “သူတို့ကို ထိန်းထား။ ကျုပ် စီနီယာနီကွမ်းနဲ့ ရွှယ့်ယွယ်ကို သွားနှိုးလိုက်ဦးမယ်”

“မြန်မြန်လုပ်” လော့လန်၏ နဖူးထက်မှ ချွေးသီးများ တတောက်တောက် ကျဆင်းနေခဲ့သည်။ ခဏလောက်သာ တိုက်ခိုက်ရသေးသော်ငြား လော့လန် အတော်လေးကို အခက် တွေ့ခဲ့နေခဲ့လေပြီ။ တစ်ဖက်မှ ပြေးဝင်လာသည့် အဖွဲ့အုပ်ကြီး၏ တစ်ချက်လောက် တိုက်ခိုက်ခြင်း ခံလိုက်ရသည်နှင့် သူမ လုံးဝ သွားလေပြီ။

ထို့ကြောင့် လော့လန်သည် တိုက်ခိုက်မခံရအောင် ကြိုးစားရင် အနက်ရောင်အရိပ်များကို အဆက်မပြတ် သတ်ဖြတ်လျက် နီကွမ်းနှင့် ရွှယ့်ယွယ်တို့ ရှိနေသည့် နေရာသို့ ရန်ကိုင်နှင့်အတူ ဖြည်းဖြည်းချင်း ဆုတ်သွားနေခဲ့လေသည်။ သူတို့လမ်းအား ပိတ်တားထားသည့် အနက်ရောင်အရိပ်များကို ရန်ကိုင်ကသာ ရှင်းပစ်လိုက်လေသည်။

သူ့တွင် လော့လန်ကဲ့သို့ ဝိဥာဉ်အမျိုးအစား မှော်ရတနာ မရှိသော်ငြား သူ့ဝိဥာဉ်သည် အလွန် အားကောင်းသည့်အတွက် မည်သည့် မှော်ရတနာ၏ အကူအညီမှမပါက အနက်ရောင် အရိပ်များကို ရှင်းပစ်နိုင်ပေသည်။

မကြာမီ နီကွမ်းနားသို့ ရောက်လာပြီး သူ့နောက်တွင် ရပ်နေသော အနက်ရောင်အရိပ်အား စိတ်ဝိဥာဉ်ဆူးချွန်ဖြင့် တိုက်ခိုက်လိုက်လေသည်။

နှစ်ချက်နှင့်ပင် အနက်ရောင်အရိပ် အသက် ပျောက်ကွယ်သွားခဲ့ပြီး နီကွမ်းသည် ပုံရိပ်ယောင်ထဲမှ ပြန်လွတ်လာနိုင်ခဲ့သည်။

အနက်ရောင်အရိပ် သေသွားသည်နှင့် တစ်ပြိုင်နက် နီကွမ်း ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး ကြောက်မက်ဖွယ်ဖိအားတစ်ရပ် သူ့ဆီမှ ဖြာထွက်လာခဲ့လေသည်။

ထို့နောက် ချက်ချင်း ထရပ်ကာ အော်ပြောလိုက်လေသည် “မိစ္ဆာကောင်၊ ဒီလူအိုကြီးရဲ့စိတ်ကို လာနှောက်ယှတ်ရဲတယ်လား။ ငါ့လခွမ်း၊ အောင်မြင်သွားခါနီးပဲ”

နီကွမ်း၏ အခြေအနေသည် လော့လန်ထက် အများကြီး ပိုမို ကောင်းမွန်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ အနည်းဆုံး နီကွမ်းသည် သူအလစ်အငိုက် ချောင်းတိုက်ခံလိုက်ရမှန်းကို သိနေခဲ့သည်။ ပုံရိပ်ယောင်ထဲမှ လွတ်မလာနိုင်ခြင်းမှာ ထိုပုံရိပ်ယောင်ကမ္ဘာအား ချိုးဖျက်နိုင်မည့် နည်းလမ်း ရှာမတွေ့ခဲ့သည့် အတွက်ကြောင့် ဖြစ်ပေလိမ့်မည်။

ရန်ကိုင်မှ ကူညီပေးလိုက်သည့်အခါ ပုံရိပ်ယောင်ထဲမှ ချက်ချင်း ထွက်လာနိုင်ခဲ့လေသည်။

နိးလာသည်နှင့် သူ့လက်ကို ဝှေ့ရမ်း၍ အဘက်ဘက်သို့ စွမ်းအင်လှိုင်းများ ပစ်လွှတ်လိုက်လေသည်။

“စီနီယာနီ၊ အဲ့ကောင်တွေကို သူတော်စင်ချီနဲ့ တိုက်ခိုက်လို့ မရဘူး။ စိတ်စွမ်းအင်နဲ့ပဲ တိုက်ခိုက်လို့ရတယ်” ရန်ကိုင်က အလျင်အမြန် သတိပေးလိုက်လေသည်။

“အဲ့လိုလား” အခြေအနေကို နားလည်သွားသည်နှင့် နီကွမ်းသည် ချက်ချင်းပဲ ပါးစပ်ဟ၍ အလုံးလေးတစ်လုံးကို ထွေးထုတ်လိုက်သည်။ ထိုအလုံးလေး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးကို နေရောင်ကဲ့သို့ နွေးထွေးသော အလင်းရောင်တို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။

ထိုအလုံးလေးကို ဗဟိုပြု၍ ဆယ်မီတာ ပတ်ပတ်လည်သည် သန့်စင်သော နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

ထိုနယ်မြေထဲသို့ ကျော်ဝင်လာသည့်နှင့် အနက်ရောင် အရိပ်အားလုံးသည် နေရောင်အောက်ဝယ် လျင်မြန်စွာ အရည်ပျော်ကျသွားသော နှင်းပွင့်လေးများနှယ် ခန္ဓာကိုယ်များ တွန့်လိမ်ကာ အော်ဟစ်ရင်း အငွေ့ပျံ ပျောက်ကွယ်သွားကုန်ကြလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ ချက်ချင်းပဲ ရွှယ့်ယွယ်ဆီသို့ ပြေးသွားသည် ယခင် လုပ်နည်းအတိုင်းအတိုင်း သူမ နောက်ဘက်တွင် ရပ်နေသော အနက်ရောင်အရိပ်ကို တိုက်ခိုက်လိုက်လေသည်။

ရွှယ့်ယွယ်၏ အခြေအနေသည် အားလုံးထဲတွင် အဆိုးဆုံး ဖြစ်သည်။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ သခင်လေး ဖြစ်ပြီး မြင့်မားသည့် ပါရမီကို ပိုင်ဆိုင်ထားသော်ငြား သူမ၏ အုတ်မြစ်နှင့် အတွေ့အကြုံသည် ဤနေရာတွင် ရှိနေသည့် အခြား သုံးဦးလောက် မြင့်မားခြင်း မရှိချေ။

လော့လန်သည် ပုံရိပ်ယောင်ကမ္ယာထဲမှ လွတ်လာချင်းချင်း၌ ဇဝေဇဝါ ဖြစ်နေခဲ့သော်ငြား အလျင်အမြန်ပဲ လက်ရှိ အခြေအနေကို သဘောပေါက်သွားနိုင်ခဲ့သည်။

ရှယ့်ယွယ်ကမူ ရန်ကိုင်မှ ကယ်ပြီးသည့်အခါတွင် သတိ လစ်နေခဲ့လေသည်။

သို့သော်လည်း သူမ၏ မျက်နှာအမူအရာ အလွန်ကိုမှ ထူးဆန်းလှလေသည်။ သူမ၏ နှုတ်ခမ်းလေးထက်တွင် အပြုံးတစ်ပွင့် ပွင့်လန်းနေခဲ့လေပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း အလွန်ကိုမှ သက်သောင့်သက်သာ အနေအထားဖြင့် ရှိနေသည်။ ပိတ်မိနေသည့် အိမ်မက်ကမ္ဘာထဲ အလွန်ကိုမှ ကြည်နူးဖွယ်ရာ ကောင်းသည့် အတွေ့အကြုံကို ခံစားနေသည့်ပုံနှင့်ပင် တူနေသေးသည်။

“ရွှယ်ယွယ်” ရန်ကိုင်သည် ရွှယ့်ယွယ်၏ ပခုံးပေါ် လက်တင်၍ ပြင်းပြင်းထန်ထန် လှုပ်နှိုးလိုက်သည်။

ထိုသို့ပင်လျှင် မနိုးလာသေးဘဲ နှစ်ခါ သုံးခါလောက် လှုပ်နှိုးမှသော မျက်မှောင်ကြီးကြုတ်၍ မကျေမနပ် ဖြစ်နေသည့် အမူအရာဖြင့် နိုးလာခဲ့လေသည်။ သို့သော် ရန်ကိုင် သူမရှေ့၌ ရပ်နေသည်ကို မြင်သော်ကို ရုတ်တရက်ကြီး ပြုံးလျက် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်လိုက်လေသည်။ သူမ လုပ်နေသည့် ပုံစံသည် မိန်းကလေးတစ်ယောက် လုပ်သည့် ပုံစံဖြစ်သည်။

ရွှယ့်ယွယ်ပုံစံက မိန်းကလေးတစ်ဦး ဖြစ်သော်လည်း သူမသည် ယောကျာ်းတစ်ယောက်ကဲ့သို့ ဝတ်စားထားခြင်း ဖြစ်သည်။ ယောကျာ်းပုံစံကြီးနှင့် ထိုကဲ့သို့ လုပ်နေသည်ကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲ ကြက်သီးထမိသွားသည်။ ကံကောင်းစွာဖြင့် နီကွမ်းနှင့် လော့လန်သည် အနက်ရောင် အရိပ်များကို ရှင်းလင်းရင်း အလုပ်ရှုပ်နေသဖြင့် သူမ၏ ဤပုံစံကို မြင်မသွားခဲ့ချေ။

ရွှယ့်ယွယ်က ရုတ်တရက် မေးလိုက်လေသည် “နင်နိုးလာပြီးလား”

“ငါဘာလို့နိုးရမှာလဲ၊ နိုးသင့်တာနင်” ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် ပြန်အော်ပြောလေသည် “နင်သာ မြန်မြန် နိုးသင့်နေတာ”

“ငါလား” ရွှယ့်ယွယ်သည် ရန်ကိုင်အား ကြောင်ကြည့်လိုက်၏။ ပျော်ရွှင်မှု၊ ချိုမြိန်မှုတို့ဖြင့် ပြည့်နေသော သူမ၏ မျက်ဝန်းအစုံသည် တဖြည်းဖြည်း ရီဝေဝေ ဖြစ်လာခဲ့သည်။ ခဏမျှ ကြောင်ကြည့်နေပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်တော့လေသည်။

တစ်ချက်နှင့်ပင် ရွှယ့်ယွယ် စိတ်ပျက်သွားခဲ့လေသည်။ သူမပုံစံကို ကြည့်ရသည်မှာ အိပ်မက်ကမ္ဘာထဲမှ နိုးမလာချင်သည့် ပုံနှင့်ပင် တူနေပေသည်။

“ဒီကောင်တွေက အရမ်း များလွန်းတယ်။ ငါတို့လောက်နဲ့ သတ်လို့ မနိုင်ဘူး။ မြန်မြန်ထွက်သွားကြရအောင်” ရွှယ့်ယွယ် နိုးလာသည်ကိုမြင်သော်ရနီကွမ်းက လှမ်းအော်ပြောလိုက်သည်။ ပြောနေရင်း အလင်းဖျော့ဖျော့ကို ထုတ်လွှတ်နေသော အလုံးကို ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်ပြီး အော်ပြောလိုက်လေသည် “ငါ့နောက်လိုက်ခဲ့”

“နင်တို့ အရင်သွားနှင့်။ ငါနောက်ဆုံးကနေ လိုက်ခဲ့မယ်” လော့လန်က ပြောလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ရွှယ့်ယွယ်လက်ကိုဆွဲကာ နီကွမ်းနောက်သို့‌ ပြေးလိုက်သွားလေသည်။ လော့လန်ကမူ နောက်ဆုံးမှ လိုက်လာခဲ့လေသည်။

လူလေးယောက်အဖွဲ့သည် ဤထူးဆန်းသော နေရာမှ လွတ်မြောက်ရန် အသည်းအသန် ထွက်ပြေးနေခဲ့ကြလေသည်။

သို့ရာတွင် အနက်ရောင်အရိပ်များဟာလည်း အလျှော့မပေးဘဲ သူတို့နောက်သို့ ပြေးလိုက်ကြလေသည်။ အနီးနားတွင် ရှိနေသော အက်ကွဲကြောင်းများထဲမှ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာပြီး ရူးသွပ်စွာအော်မြည်ရင်း သူတို့အား စိတ်စွမ်းအင်လှိုင်းများဖြင့် လှမ်းတိုက်ခိုက်လိုက်လေသည်။ တိုက်ခိုက်မှုများမှာ သိပ်အားမကောင်းသော်ငြား အကောင်ပေါင်း များစွာမှ တိုက်ခိုက်နေခြင်း ဖြစ်သည့်အတွက် ပျံသန်းကာ ထွက်ပြေးနေသည့် လူလေးယောက်၏ အသိစိတ်ပင်လယ်များ တုန်ခါလာပြီး အောက်သို့ ပြုတ်ကျလုမတတ် ဖြစ်ရလေသည်။

သို့ရာတွင် နီကွမ်းနှင့် လော့လန်တို့၏ တိုက်ခိုက်မှုကြောင့် မည်သည့် အနက်ရောင်အရိပ်မှ သူတို့နားသို့ ကပ်မလာနိုင်ခဲ့ချေ။

ရုတ်တရက် နောက်ဆုံးဘက်မှ လိုက်လာနေသည့် လော့လန်က ထိတ်လန့်တကြား အော်ပြောလေသည် “ဘာကြီးလဲ… အားလုံး မြန်မြန် ပြေးကြတော့”

လော့လန်၏ အလန့်တကြား အော်ဟစ်သံကို ကြားသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် ရန်ကိုင် ကျောချမ်းသွားခဲ့လေသည်။

အောက်ဘက်တွင် ရှိနေသည့် မရေမတွက်နိုင်သော အနက်ရောင်အရိပ်များသည် သူတို့အား လိုက်နေရင်း တစ်ကောင်နှင့်တစ်ကောင် စတင် ပေါင်းစပ်နေကြလေသည်။ အနက်ရောင်မိုးရေစက်များ တစ်နေရာထဲသို့ စုပြုံပြီး ကျရောက်သွားသည့်နှယ် မျက်တောင်တစ်ခတ်အတွင်း ဧရာမ အနက်ရောင်အရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ထိုအနက်ရောင် အရိပ်ကြီးသည် ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ ဆက်လက် ကြီးထွားနေခဲ့သေးသည်။

သူတို့အောက်ဘက်တွင် အနက်ရောင်ညကောင်းကင်ယံ တစ်ခု ဖြစ်ပေါ်လာသည်နှင့်ပင် တူနေပေသေးသည်။

အသက်သုံးရှိုက်စာအတွင်း အလွန်ကိုမှ ကြီးမားလှသော အနက်ရောင်အရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၅၈)

အကောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် အနက်ရောင်အရိပ်သည် ၎င်း၏ ရှည်လျားလှသော လက်နှစ်ဖက်ကို ရန်ကိုင်တို့ ထွက်ပြေးနေသည့်ဘက်သို့ ရိုက်ချလိုက်လေသည်။

ထိုတိုက်ခိုက်မှုထဲ ကိန်းအောင်းနေသော အဖျက်စွမ်းအားကို ခံစားမိသော် လော့လန်၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ နည်းနည်းလေးမှ တုန့်ဆိုင်းတွေဝေမနေဘဲ လျှာကိုကိုက်၍ သူမ၏ ဓါးပေါ်သို့ သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ ထို့နောက် ဓါးမြှောင်အား တိုးဝင်လာနေသော လက်ဆီသို့ ပစ်လွှတ်လိုက်၏။

အနက်ရောင်လက်နှစ်ဖက်သည် ဓါးမြှောင်ကြောင့် ရပ်တန့်သွားခဲ့သော်ငြား ခဏသာ ဖြစ်သည်။ ထိပ်တိုက်တွေ့အပြီး ခဏအကြာမှာပင် လော့လန်၏ဓါးမြှောင် လွင့်ထက်သွားခဲ့သည်။

အကောင်ကြီး ဖြစ်လာပြီးနောက် အနက်ရောင်အရိပ်၏ တိုက်ခိုက်မှုများသည် ယခင်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လာခဲ့လေသည်။

ဝိဥာဉ်လက်နက်များကို ကောင်းကင်စိတ်အာရုံဖြင့် ထိန်းချုပ်ထားရခြင်း ဖြစ်သည်။ ထိုလက်နက်များမှာ အလွန် အားကောင်းသော်ငြား ထိခိုက်သွားပါက အသုံးပြုသူ၏ ဝိဥာဉ်ကို ထိခိုက်နိုင်ပေသည်။ ထို့ကြောင့် သူမ၏ ဓါးမြှောင် လွင့်ထွက်သွားသည့်အခါ လော့လန်မျက်နှာ ဖြူလျော်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရလေသည်။

တန်ခိုးရှင်ဘုရင် ပထမအဆင့်ဟူသော ကျင့်ကြံခြင်းသည်ပင် အနက်ရောင်အရိပ်နှင့်အတွေ့၌ ဘာမှ မတတ်နိုင်ခဲ့ချေ။

ယခုမှပဲ အနက်ရောင်အရိပ်၏ စွမ်းအားကို လူတိုင်း သေချာ နားလည်သွားတော့သည်။

ကံကောင်းစွာဖြင့် ရန်ကိုင်တို့ လေးဦးသည် လျှိုမြောင်ပေါ်သို့ အချိန်မှီ ပြန်တက်လာနိုင်ခဲ့သည်။ ရောက်သည်နှင့် ရပ်မနေဘဲ ကောင်းကင်ပေါ်သို့ ဆက်၍ ပျံတက်သွားလေသည်။

လျှိုမြောင်အတွင်းမှ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဧရာမ အနက်ရောင် လက်ကြီးနှစ်ဖက်သည် လျှိုမြောင်ထဲမှ ရုတ်တရက် ထိုးထွက်လာပြီး ဧရာမလက်သည်းကြီးများ အသွင်သို့ ပြောင်းလဲ ရန်ကိုင်တို့ လေးဦးကို ဖမ်းချုပ်ရန် ကြိုးစားလိုက်လေသည်။

သို့သော်လည်း လက်နှစ်ဖက်သည် ရန်ကိုင်တို့ ရှိနေသည့် အမြင်သို့ မရောက်ခဲ့ဘဲ ရန်ကိုင်တို့ ရှိနေသည့် နေရာမှ မီတာ အနည်းငယ် နိမ့်သည့် နေရာတွင်သာ ရပ်တန့်သွားခဲ့လေသည်။

ထို့နောက်တွင် ဧရာမလက်ကြီးနှစ်ဖက်သည် လျှိုမြောင်ထဲသို့ ပြန်ဝင်သွားပြီး ချောက်ခြားဖွယ်ရာ အော်မြည်သံများမှာလည်း တဖြည်းဖြည်း တိုးလို့ဆိတ်ကာ ပျောက်ကွယ်သွားခဲ့လေသည်။ လောကကြီး တစ်ခုလုံးသည် ပြန်လည် ငြိမ်သက်သွားခဲ့လေသည်။

ရှေ့ဆုံးမှ ဦးဆောင်သွားနေသော နီကွမ်းက ရပ်လိုက်ပြီး လျှိုမြောင်ထဲသို့ မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်သည်။

“ဒီကောင်တွေ… လျှိုမြောင်တွေထဲကနေ ထွက်လို့မရဘူး” ရန်ကိုင်လည်း ထိုအချက်ကို သတိပြုမိလိုက်သည်။

“ဟုတ်တယ်” နီကွမ်းက ခေါင်းညိတ်လိုက်သည် “ဘာပဲဖြစ်ဖြစ်၊ အရင် ထွက်သွားတာ အကောင်းဆုံးပဲ”

ကျန်းသုံးယောက်လည်း သဘောတူလိုက်သည်။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် ရန်ကိုင်တို့ လေးဦးသည် ငြိမ်ချမ်းတိတ်ဆိတ်သည့် နေရာတစ်ခု၌ ရပ်တန့်လိုက်သည်။ ဤနေရာသည် လွင်တီးခေါင်ပြင် လွင့်ပြင်ကြီးသာ ဖြစ်သော်ငြား အနည်းဆုံး ဤနေရာ၌ မည်သည့် လျှိုမြောင်မှ ရှိမနေခဲ့ချေ။ မည်သည့် အန္တရာယ်မှ မရှိကြောင်း အတည်ပြုပြီးနောက်တွင် ထိုနေရာ၌ ခေတ္တအနားယူရန် ဆုံးဖြတ်လိုက်လေသည်။

အနက်ရောင်အရိပ်များလက်မှ လွတ်လာခဲ့သော်ငြား ယခုထိတိုင် လူတိုင်း အကြောက်မပြေသေးချေ။

ယခုတစ်ကြိမ် တိုက်ခိုက်ခံရမှုသည် တကယ်ကို ထိတ်လန့်ဖွယ်ရာကောင်းပေသည်။ လျှိုမြောင်ထဲသို့ ဝင်လာပြီးနောက် ပတ်ဝန်းကျင်ကို သေချာ စစ်ဆေးခဲ့သည်။ မည်သည့် အန္တရာယ်ကိုမှ မတွေ့ရ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးလည်း ရှိနေပါလျက်နှင့်ပင် အတိုက်ခိုက်ခံလို့ တိုက်ခိုက်ခံရမှန်းမသိ တိုက်ခိုက်ခံလိုက်ရသည်။

“အကြီးအကဲလော့၊ ခင်ဗျား ဒဏ်ရာတွေဘယ်လိုလဲ” နီကွမ်းက လော့လန်အားကြည့်၍ မေးလိုက်သည်။

“ဘာမှမဖြစ်ဘူး။ ကျွန်မဝိဥာဉ် နည်းနည်း ထိခိုက်သွားရုံပဲ” လော့လန်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။

“ကောင်းပြီ” နီကွမ်း စိတ်သက်သာရာ ရသွားခဲ့သည်။ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသည့်အတွက် ကမ္ဘာပျက်ထဲ စိတ်ကြိုက်သွားလာ၍ မရသည့်တိုင် မည်သည့် အသက်အန္တရာယ်နှင့်မှ ကြုံတွေ့ရလိမ့်မည် မဟုတ်ဟု ထင်ခဲ့သော်ငြား အစောပိုင်းက ကြုံတွေ့ခဲ့သည့် အဖြစ်အပျက် ပြီးနောက်တွင် နီကွမ်း ထိုကဲ့သို့ ထပ်မတွေးရဲတော့ချေ။

အိမ်မက်ကမ္ဘာထဲမှ ရန်ကိုင် နိုးလာနိုင်ပြီး အကုန်လုံးအား လိုက်နှိုးနိုင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့အားလုံး ထိုပုံရိပ်ယောင်ကမ္ဘာထဲ မည်မျှကြာအောင် ပိတ်မိနေမည်လဲ မည်သူမှ မပြောနိုင်ချေ။ သူတို့ ဘယ်တော့မှ နိုးမလာသည်မှာလည်း ဖြစ်နိုင်၏။

“ဦးလေးနီ၊ အဲ့ကောင်တွေက ဘာကောင်တွေလဲ” ရွှယ့်ယွယ်က အကြောက်မပြေသေးသည့် လေသံဖြင့် မေးလိုက်၏။ ပုံရိပ်ယောင်ကမ္ဘာထဲတွင် သူမ ကြုံတွေ့ခဲ့ရသည့် အရာများသည် တကယ်ကို အစစ်ဟုထင်ရသည်။ ပုံရိပ်ယောင်ကမ္ဘာထဲမှ နိုးလာပြီးသည့်တိုင် သူမကိုယ်သူမ ပုံရိပ်ယောင်ကမ္ဘာထဲတွင် ရှိနေသေးသည်ဟု ထင်နေမိသေးသည်။

“ငါမသိဘူး။ အဲ့ကောင်တွေအကြောင်း ငါတစ်ခါမှ မကြားဖူးဘူး။ အကြီးအကဲလော့၊ ခင်ဗျားရော သိလား” နီကွမ်းက လော့လန်ဘက်သို့ လှည့်မေးလိုက်သည်။

“ကျွန်မလည်း မသိဘူး”

“ကြည့်ရတာ အဲ့ကောင်တွေနဲ့ တွေ့တဲ့လူတိုင်း အကုန် သေသွားကြတဲ့ပုံပဲ။ ဒါကြောင့်ပဲ အဲ့ကောင်တွေနဲ့ ပက်သက်တဲ့ ဘာအချက်အလက်မှ မရှိတာ” နီကွမ်းက တွေးတွေးဆဆဖြင့် ပြောလိုက်သည် “ဒီကောင်တွေလက်က မလွတ်ကြတာလည်း ဆန်းတော့ သိပ်မဆန်းဘူး၊ ငါတောင် ဒီကောင်တွေ ရှိနေမှန်း မသိဘူး။ တော်တော် အပုန်းကောင်းတဲ့ကောင်တွေ။ ဒါပေမယ့် သူတို့ကို ကြည့်ရတာ မှောင်မိုက်တဲ့ မြေအောက်တွေထဲမှာပဲ အသက်ရှင်နိုင်တယ်နဲ့ တူတယ်။ ငါတို့သာ မြေအောက်ထဲ မသွားသရွေ့ ဒီကောင်တွေနဲ့ တွေ့မှာ စိတ်ပူစရာမလိုဘူး။… ဒီကောင်တွေ ပုံရိပ်ယောင်ထဲ ရောက်ပြီး အချိန်တွေအများကြီး ကုန်သွားတယ် မှတ်နေတာ။ ဘယ်ဟုတ်မလဲ၊ တစ်နာရီ၊ နှစ်နာရီလောက်ပဲ ကုန်သွားတယ်။ ဒီကောင်တွေသုံးတဲ့ နည်းလမ်းက တကယ်ကို ကြောက်မခန်းလိလိပဲ”

နီကွမ်းပြောသည်ကိုကြားသော် ကျန်သုံးဦး အသာအယာ ခေါင်းညိတ်လိုက်ကြသည်။

“အကြီးအကဲလော့၊ ခင်ဗျား ဒဏ်ရာတွေကို အရင် ပြန်ကုထားနှင့်။ ခင်ဗျား သက်သာရင် ကျုပ်တို့ သွားကြမယ်” နီကွမ်းက လော့လန်ဘက်သို့လှည့်၍ ပြောလိုက်သည်။

“အင်း။ ကျွန်မ မြန်မြန် ကုလိုက်ပါမယ်” လော့လန်က ပြန်ပြောလိုက်သည်။

သူမနှင့်နီကွမ်းသည် မိတ်ဆွေများ မဟုတ်ကြချေ။ ထို့ကြောင့် နီကွမ်းမှ သူမ ပြန်သက်သာလာမည့် အချိန်ထိ စောင့်ပေးမည်ဟု ပြောသည်ကို ကြားသည့်အခါ လော့လန် ကျေးဇူးတင်သွားခဲ့ခြင်း ဖြစ်သည်။ နီကွမ်းသည် အတူပူးပေါင်းလုပ်ဆောင်၍ရသည့် လူတစ်ဦးမှန်းလည်း လော့လန် သိသွားခဲ့သည်။

နီကွမ်းသည် သူမထက် ပိုသန်မာသည့်အတွက် သူနှင့်အတူ ပူးပေါင်းသည်မှာ သူမအတွက် မြတ်ပေသည်။

သို့သော်လည်း နီကွမ်း၏ သဘောထား ဤကဲ့သို့ ပြောင်းလဲသွားရခြင်းမှာ အနက်ရောင်အရိပ်များ၏ လက်မှ ထွက်ပြေးနေစဉ် လော့လန်သည် နောက်ဆုံးမှနေ၍ ထိုကောင်များ၏ တိုက်ခိုက်မှုကို တားဆီးပေးခဲ့သည့် အတွက်ကြောင့် ဖြစ်လောက်ပေသည်။

လော့လန်သည် ကံတော်တော်လေး ကောင်းပေသည်။ ရန်ကိုင်သည် လေဟာနယ်တာအိုကို တတ်မြောက်ထားသည့် အတွက် ကမ္ဘာပျက်အား စူးစမ်းရာတွင် ပိုမို လုံခြုံစေရန်အတွက် ရန်ကိုင်အား ဤနေရာသို့ ခေါ်လာခဲ့သည်။ အကျိုးဆက်အနေဖြင့် နီကွမ်းနှင့်ပါ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့လေသည်။ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် လော့လန် အနေဖြင့် နီကွမ်း၏ ဖိတ်ခေါ်ခြင်း ခံရစရာအကြောင်း လုံးဝ မရှိပေ။

ကုသရေးဆေးလုံးအချို့ကို သောက်ပြီးနောက် လော့လန်သည် သူမ၏ ဝိဥာဉ်ကို ပြန်လည် ကုစားလေသည်။

ရန်ကိုင်ကမူ မလှမ်းမကမ်းရှိ တစ်နေရာကိုသာ လှမ်း၍ ကြည့်နေသည်။

သူကြည့်နေသည့်ဘက်ရှိ တစ်နေရာဆီမှ လေဟာနယ် စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်ကို ရန်ကိုင် ခံစားမိနေသည်။ ထိုစွမ်းအင်လှိုင်းများအရ ထိုနေရာတွင် ပုန်းကွယ်နေသော ဟင်းလင်းပြင်အက်ကြောင်း တစ်ခုရှိနေမှန်း ရန်ကိုင် ပြောနိုင်၏။

လော့လန် ပြောသည်မှာ မှန်ပေသည်။ ကမ္ဘာပျက်ကြီးသည် လွင့်မျောနေသော မမြင်နိုင်သည့် ဟင်းလင်းပြင်အက်ကြောင်းများဖြင့် ပြည့်နေသည့် နေရာတစ်ခု ဖြစ်၏။

တစ်ယောက်ယောက်သာ မဆင်မခြင် ပြေးဝင်သွားလျှင် ထိုဟင်းလင်းပြင်အက်ကြောင်းကြောင့် နှစ်ပိုင်း ပြတ်သွားနိုင်၏။

“နင်ဘာကို ကြည့်နေတာလဲ” ရွှယ့်ယွယ်က ရန်ကိုင်နားသို့ ကပ်၍ တိုးတိုးလေး မေးလိုက်သည်။

သူပဲ အထင်မှားနေသလား မသိရာ အစောပိုင်းကတည်းက သူ့အပေါ် ရွှယ့်ယွယ်၏ သဘောထား အနည်းငယ် ပြောင်းလဲသွားသလို ရန်ကိုင် ခံစားရသည်။ ယခင်က ရွှယ့်ယွယ်သည် ကြယ်သေပေါ်တွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်ကြောင့်သာ သူ့အပေါ် အာရုံစိုက်ခြင်း ဖြစ်သည်။ ထို့အတွက် သူတို့ကြားရှိ ဆက်ဆံရေးမှာ ခင်လည်းခင်၊ မုန်းလည်းမုန်း အဖြစ်သို့ ရောက်ရှိသွားလေသည်။

သို့ရာတွင် ယခုမူ သူမ၏ အကြည့်ထဲ ယခင်က တစ်ခါမှ မကြည့်ဖူးသော ကြင်နာရိပ်တို့ ရှိနေခဲ့သည်။ အနက်ရောင်အရိပ်များ လက်မှ ထွက်ပြေးလာစဉ်ကလည်း ရွှ့်ယွယ်သည် ရန်ကိုင်၏လက်အား တွန့်ဆုတ်မှုမရှိ တင်းတင်းကြပ်ကြပ်ကို ဆုပ်ကိုင်ထားခဲ့သည်။

“ဘာမှမဖြစ်ပါဘူး” ရန်ကိုင်က ခေါင်းခါ၍ “နင်ပုံရိပ်ယောင် ကမ္ဘာထဲမှာ ဘာတွေ ကြုံတွေ့ခဲ့တာလဲ။ နင့်စိတ်ခွန်အားနဲ့ဆိုရင် အဲ့ဒါက နင့်အပေါ် ဒီလောက်ကြီး အကျိုးသက်ရောက်မှု မရှိဘူးမလား”

ရန်ကိုင်က သာမန်ကာလျှံကာ မေးလိုက်ခြင်း ဖြစ်သော်ငြား သူမေးလိုက်သည့် မေးခွန်းကို ကြားပြီးနောက် ရွှယ့်ယွယ်သည် ရှက်စရာကောင်းသည့် တစ်ခုခုကို ပြန်သတိရသွားသည့်အလား သူမ၏ မျက်နှာတစ်ပြင်လုံး နီမြန်းသွားခဲ့လေသည်။ ချက်ချင်းပဲ နှာခေါင်းရှုံ့၍ ပြန်အော်ပြောလေသည် “နင်ကိစ္စမဟုတ်ဘူး”

ရွှယ့်ယွယ်၏ ပုံစံကိုမြင်ပြီး ရန်ကိုင် တံတွေးသီးလုမတတ် ဖြစ်သွားခဲ့သည် “ငါမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့။ နင့်ဘာသာ ဘာတွေပဲကြုံကြုံ၊ ကျိန်းသေ ကောင်းမယ့် အရာတော့ မဟုတ်ဘူး”

ရွှယ့်ယွယ်မှ အံကြိတ်ပြီး သူ့အား စူးစူးရဲရဲ စိုက်ကြည့်လာသဖြင့် ရန်ကိုင် နေမထိထိုင်မထိ ဖြစ်လာပြီး မသိချင်ယောင်ဆောင်လျက် ရွှယ့်ယွယ်အား ကြည့်မနေတော့ဘဲ အခြားအရာများကိုသာ လှည့်ပတ်ကြည့်နေလိုက်လေသည်။

ထိုအခါမှပဲ နီကွမ်းသည် တိရစ္ဆာန်သားရေပြားနှင့် လုပ်ထားသော မြေပုံတစ်ခုကို မျက်မှောင်ကြီးကြုတ်လျက် ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ သူလက်ရှိ ရှိနေသည့် နေရာကို အတည်ပြုချင်နေသည့်အလား မြေပုံကိုကြည့်နေရင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို မကြာမကြာ စစ်ဆေးကြည့်လေသည်။

မြေပုံပေါ်တွင် ဘာထူးထူးခြားခြား အမှတ်အသားမှ မရှိချေ။ တစ်ခုနှင့်တစ်ခု ဖြတ်နေသော လမ်းကြောင်းများနှင့် မတူညီသော အမှတ်အသားဖြင့် မှတ်သားထား‌သော ထူးခြားသည့် နေရာ အချို့သာ ရှိနေသည်။

“နင်တို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှာ ဒီနေရာရဲ့ မြေပုံရှိတာလား” ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်လေသည်။

ရွှယ့်ယွယ်က ပြံးဖြီးဖြီးဖြင့် “အဲ့ဒါ ဘာထူးဆန်းလို့လဲ။ ဒါငါတို့လူတွေ ဒီနေရာကို ရောက်ဖူးတာ ပထမဆုံးအကြိမ်မှ မဟုတ်တာ။ မြေပုံရှိတာ သဘာဝပဲလေ။ ဒါပေမယ့် ကမ္ဘာပျက်က အရမ်းကြီးလွန်းတော့ နေရာအကုန်လုံးကို လိုက်ပြီး စူးစမ်းဖို့က မဖြစ်နိုင်သေးဘူး။ ဒါကြောင့် မြေပုံက အရင်လူတွေ ရောက်ပြီးတဲ့ နေရာအချို့ကိုပဲ မှတ်တမ်းတင်ထားတာ”

“အဲ့လိုကိုး” ရန်ကိုင် ခေါင်ညိတ်လိုက်သည် “ဒီတော့ ဒီတစ်ကြိမ် နင်တို့ ဘယ်သွားမယ် လုပ်ထားလဲ”

“ဆေးတောင်ကြားကို သွားမယ်လို့ လုပ်ထားတာပဲ။ ကြယ်စီရင်စုထဲမှာ မရှိတဲ့ ဆေးပင်တွေ အများကြီး အဲ့မှာ ရှိတယ်။ တန်ခိုးရှင်ဘုရင်အဆင့်ကို ကျော်လွန်နေတဲ့ ဒဏ္ဏာရီလာအဆင့် ဆေးပင်တွေတောင် အဲ့မှာရှိတယ်တဲ့။ အချို့ ဆေးပင်တွေကို သေရာကနေတောင် ပြန်ရှင်အောင် လုပ်နိုင်ပြီး အချို့ကတော့ ကျင့်ကြံသူတစ်ယောက်ရဲ့ သက်တမ်းကို တိုးစေနိုင်တယ်တဲ့”

သူမ ပြောသည်ကို နားထောင်ပြီး ရန်ကိုင်သည် ရွှယ့်ယွယ်အား ထူးဆန်းစွာ စိုက်ကြည့်လိုက်လေသည်။

“ဘာလဲ” ရွှယ့်ယွယ်က မျက်မှောင်ကြီးကြုတ်လျက် မယုံသင်္ကာဖြင့် ပြန်မေးလိုက်လေသည်။

“နင်ငါ့အပေါ် နည်းနည်းလေးမှ သတိမချပ်ဘူး။ ပုံမှန်နင် မဟုတ်သလိုပဲ” ရန်ကိုင်က ပြုံးလိုက်သည်။ ယခု စကားပြောရာ၌ ရွှယ့်ယွယ်သည် အလွန်ကိုမှ အရေးကြီးသည့် လျှို့ဝှက်ချက် အားလုံးကို ပြောပြသွားခဲ့သည်။

ရွှယ့်ယွယ်သည် ရင်သားကြီးကြီးနှင့် ဦးနှောက်မပါသည့် မိန်းကလေးတစ်ဦး မဟုတ်ချေ။ မဟုတ်လျှင် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ သခင်လေး မည်သို့မှ ဖြစ်လာနိုင်ခဲ့လိမ့်မည် မဟုတ်။

သို့ရာတွင် ယခုကဲ့သို့ သူ့အား မည်သည့် လျှို့ဝှက်ချက်ကိုမှ မချွင်းချန်ဘဲ ပြောပြခဲ့သည့်အပေါ် ရန်ကိုင် အတော်လေး အံ့အားသင့်နေခဲ့သည်။

ရန်ကိုင် ပြောသည်ကို ကြားပြီးနောက်တွင် ရွှယ့်ယွယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ချက်ချင်းပဲ အခြားဘက်သို့ လှည့်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည် “နင့်ကို ပြောတော့ရော ဘာဖြစ်လို့လဲ။ ဦးလေးနီရှိနေတာကို နင်ငါတို့ဆီက လာလုနိုင်မှာလား”

သူမ၏ လေသံသည် ဤအကြောင်းကို ဆက်မပြောချင်သည့် လေသံ ပေါက်နေသဖြင့် ရန်ကိုင်လည်း ဘာမှ ထပ်မေးမနေတော့ချေ။

သို့သော်လည်း စဉ်းစားကြည့်လိုက်သည့်နောက်တွင် လော့လန်၏ အပြုအမူသည် အတော်လေးကို မဆင်မခြင်နိုင်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ နီကွမ်း ဤနေရာသို့ လာရဲခြင်းမှာ သူ့ခွန်အားကြောင့် ဖြစ်သလို သေချာ ပြင်ဆင်လာခဲ့သည့် အတွက်ကြောင့်လည်း ဖြစ်သည်။ လော့လန်ကမူ ကမ္ဘာပျက်အကြောင်း ဘာမှသေချာ နားမလည်ဘဲ ရန်ကိုင် ရှိနေသည်ဟူသော အချက်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။

…

ရန်ကိုင်တို့ ထွက်သွားပြီးနောက် တစ်နာရီခန့် အကြာတွင် မြေအောက်လျှိုမြောင်ထဲသို့ လူတစ်ယောက် ရောက်လာခဲ့သည်။

ထိုလူ တစ်ကိုယ်လုံးအား အနက်ရောင်ချီဖြင့် လွှမ်းခြုံထားခဲ့လေသည်။ ထိုလူသည် အပြင်ဘက်တွင် ရှိစဉ်က ရန်ကိုင်အား အာရုံစိုက်နေသည့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်မှလွဲ၍ အခြားမဟုတ်ချေ။

လျိုမြောင်ထဲသို့ ရောက်လာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ် စစ်ဆေးကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူသွင်း၍ ရယ်မောလျက် “တကယ် တော်တဲ့ကောင်။ နှစ်လေး အနည်းငယ်လောက် မတွေ့လိုက်ရတာနဲ့ ဒီလောက် အားကောင်းလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားခဲ့ဘူး ရန်ကောင်လေးရေ”

ရန်ကိုင်သာ ထိုစကားကို ကြားလျှင် ကျိန်းသေ ထိတ်လန့်သွားပေလိမ့်မည်။ ဤထူးဆန်းသော တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်သည် ရန်ကိုင်အား သေချာသိနေခဲ့ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၅၉)

“အို…” တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်သည် ထူးဆန်းသည့် အရာတစ်ခုခုကို ရှာတွေ့လိုက်သည့်အလား မြေအောက်လျှိုမြောင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် ညစ်ကျယ်ကျယ် ရယ်မောလျက် ရေရွတ်လိုက်လေသည် “ဒီနေရာမှာ တကယ်ကြီး ဒါတွေရှိနေလား။ မင်းတို့ ဘာကောင်တွေလဲတော့မသိဘူး။ ဒါပေမယ့် ငါ့အတွက် အသုံးဝင်တယ်ဆိုမှတော့ လာခဲ့ပေတော့”

ပြောပြီးသည့်နောက် လျိုမြောင်ထဲသို့ ခုန်ဆင်သွားလေသည်။

လျိုမြောင်ထဲသို့ ခြေချမိလိုက်သည်နှင့် အက်ကြောင်းများထဲမှ မရေမတွက်နိုင်သော အနက်ရောင်အရိပ်များ ထွက်ပေါ်လာပြီး သူ့အပေါ်သို့ ခုန်အုပ်ကြလေသည်။

သို့ရာတွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်သည် ထိုကောင်များကို ကြောက်ဟန်မရဘဲ စိတ်လှုပ်ရှားနေသည့် လေသံဖြင့်ပင် “ကောင်းတယ်၊ လာကြ၊ လာကြ၊ ငါ့ဆီလာကြ”

ပြောပြီးသည်နှင့် အနက်ရောင်အလံကြီးတစ်ခုကို ထုတ်လိုက်သည်။ အနက်ရောင်အလံဆီမှ အဆက်မပြတ် အူမြည်သံများစွာ ထွက်ပေါ်နေခဲ့သည်။ ထိုအူမြည်သံများသည် အနက်ရောင်အရိပ်များ၏ အော်ဟစ်သံများကို ဖုံးလွှမ်းသွားခဲ့၏။ တစ်ချိန်တည်းတွင် အနက်ရောင်အလံဆီမှ လူသားမျက်နှာပုံစံ အရိပ်များစွာ ထွက်ပေါ်လာခဲ့လေသည်။

လက်ကွက်များကို ဖန်တီးရင်း တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်သည် အနက်ရောင်အလံထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ အော်ပြောလိုက်လေသည် “သွားစမ်း”

ချက်ချင်းဆိုသလို အနက်ရောင်အလံသည် ဧရာမပိတ်ကားချပ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ အိမ်မက်ဆိုးကို တွေ့လိုက်ရသည့်နှယ် အနက်ရောင်အရိပ်များသည် လျင်မြန်စွာ ဖိနှိပ်ဝါးမြိုခံလိုက်ရလေသည်။

အနက်ရောင်အရိပ်များကို ဝါးမြိုလိုက်ရသည့်အခါ အနက်ရောင်အလံမှ ထုတ်လွှတ်သော အရှိန်အဝါသည် အားကောင်းသည်ထက် ပို၍ အားကောင်းလာပြီး အရောင်မှာလည်း ပို၍ မဲနက်လာခဲ့သည်။

အနက်ရောင်အလံ၏ စုပ်အားသည် အနက်ရောင်အရိပ်များအား ထိတ်လန့်ချောက်ခြားသွားစေခဲ့သည်။ ထို့ကြောင့် မကြာမီ အနက်ရောင်အရိပ်များသည် အနက်ရောင် အလံ၏ ထိန်းချုပ်မှုကို ပြန်လည် တွန်းလှန်ရန်အတွက် ဧရာမအကောင်ကြီးအဖြစ်သို့ အလျင်မြန် ပေါင်းစည်းသွား၏။

ထိုအခြင်းအရာကိုမြင်သော် အနက်ရောင်ချီနှင့် လွှမ်းခြုံထားသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူက ပျော်သွားသည့်လေသံဖြင့် “မင်းတို့က ဒီလိုတောင် လုပ်နိုင်တာလား။ ငါ့ဝိဥာဉ်တစ်သောင်းအလံကတော့ စားပွဲကြီးကို ကျင်းပရတော့မှာပေါ့ ဟားဟားဟား”

ထိုသို့ ရယ်မောရင်းမှ သူ့လက်ကို ဆန့်ထုတ်၍ အနက်ရောင်အလံအား မျက်လုံးပေါင်းများစွာ ပါရှိသော ဧရာမ မျက်နှာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲစေလိုက်သည်။ ထို့အပြင် မျက်နှာပြင်ထက်တွင် သွေးများ စီးဆင်းနေသည်ဟုလည်း ထင်ရပြီး ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံတို့မှာလည်း မျက်နှာကြီးမှ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့လေသည်။

ဧရာမမျက်နှာကြီးသည် ၎င်း၏ ပါးစပ်ကြီးအား လုံးဝ ပွင့်သွားသည်အထိ ဟလိုက်သည်။ တစ်ချိန်တည်း၌ ၎င်း၏ နောက်ဘက်တွင် လူသားပုံစံပုံရိပ်တစ်ခုလည်း ဖြစ်ပေါ်လာ၏။

မရေမတွက်နိုင်သော အနက်ရောင်အရိပ်များ၏ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော အနက်ရောင်အရိပ်ကြီးသည် ရပ်စောင့်မနေဘဲ ၎င်း၏ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ တရွေ့ရွေ့ တိုးကပ်လာနေသော ဝိဥာဉ်တစ်သောင်းအလံကို တားဆီးရန် ကြိုးစားလိုက်သည်။

အနက်ရောင်အရိပ်ကြီး နှစ်ခု ထိပ်တိုက်တွေ့ရာမှ သဲများ၊ ဖုန်များ အလိမ့်လိမ့်ထွက်လာပြီး လျိုမြောင်တစ်ခုလုံလည်း ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။

သို့ရာတွင် အနက်ရောင်အရိပ်၏ ကြိုးပမ်းမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။

ဝိဥာဉ်တစ်သောင်းအလံသည် အနက်ရောင်အရိပ်၏ တိုက်ခိုက်မှုများအား ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့ဆက်သွား၍သာ ၎င်း၏ ဟထားသော ပါးစပ်ဖြင့် ကိုက်ချလိုက်သည်။ ထို့နောက် သားကောင်အား ဖမ်းမိသဖြင့် မျိုချရန် ကြိုးစားနေသည့် သားရဲ တစ်ကောင်နှယ် မျက်နှာကို အပေါ်သို့ မော့လိုက်သည်။

မျက်နှာကြီးအတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ထိုစဉ် ဝိဥာဉ်တစ်သောင်းအလံမှ ဖြစ်ပေါ်လာသော မျက်နှာထက် ကျေနပ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး မရေမတွက်နိုင်သော မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုဖြင့် လင်းလက် တောက်ပလာခဲ့သည်။

အနက်ရောင်အရိပ်ကြီးကို ဝါးမြိုပြီးနောက် လူသားတစ်ဦးကဲ့သို့ လေချဉ်ပင် တက်လိုက်လေသည်။

ဧရာမအနက်ရောင် အရိပ်ကြီး မျိုချခံလိုက်ရသည်နှင့် တစ်ပြိုင်နက် အသက်ရှင်ကျန်ရစ်နေသော အနက်ရောင်အရိပ်များသည် အနီးအနား ပတ်ဝန်းကျင်ရှိ ပက်ကြားအက်များထဲသို့ ကြောက်လန့်တကြား ဝင်ပြေးကုန်ကြလေသည်။ နောက်တစ်ကြိမ်ပြီး ပေါ်လာရဲခြင်း မရှိတော့။ ဝိဥာဉ်တစ်သောင်း အလံသည် သူတို့အတွက် သဘာဝအိမ်မက်ဆိုးမှန်း သိသွားကြကုန်လေပြီ။

ထိုအခြင်းအရာကိုမြင်သော် အနက်ရောင်ချီဖြင့် လွှမ်းခြုံနေသော တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်သည် ၎င်း၏ ဝိဥာဉ်တစ်သောင်းအလံကို ပြန်လည် ဆင့်ခေါ်လိုက်လေသည်။

“ဟဲဟဲဟဲ…” တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူသည် သူ့မှော်ရတနာကို စစ်ဆေးပြီးနောက် ရယ်မော၍ ခေါင်းတညိတ်ညိတ်လုပ်ရင်း “မဆိုးဘူး။ မဆိုးဘူး။ ရောက်ရောက်ချင်း ဒါမျိုးတန်းရတာဆိုတော့ တကယ်မဆိုးဘူး။ ကမ္ဘာပျက်ဆိုတဲ့ အတိုင်းပါပဲလား။ အစပိုင်းတောင် ဒီလောက် ရနေရင် နောက်ပိုင်းဆိုရင် ဘယ်လိုဟာတွေတောင် ရမလဲမသိဘူး”

သူ့ဘာသာ ရေရွတ်နေပြီးနောက်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူသည် အနက်ရောင်အလံကို ပြန်သိမ်းထားလိုက်ပြီး အကျယ်ကြီး အော်ရယ်မောရင်း သူ့ကိုယ်သူ အနက်ရောင်ချီဖြင့် လွှမ်းခြုံလျက် လျိုမြောင်ထဲမှ ထွက်လာခဲ့လေသည်။ ထို့နောက် ရန်ကိုင်တို့အဖွဲ့ ထွက်သွားသည့်ဘက်ဆီသို့ ထွက်သွားလေ၏။

ကမ္ဘာပျက်၏ အခြားတစ်နေရာ၌၊ ဓါးအဖွဲ့အစည်း၏ အကြီးအကဲ ချွေဟုန်သည် သူ့မှော်ရတနာဖြင့် မီတာတစ်ရာခန့် အရှည်ရှိသော တောင်ပံပါမြွေတစ်ကောင်ကို အသည်းအသန် တိုက်ခိုက်နေခဲ့လေသည်။

ကမ္ဘာပျက်ထဲသို့ ဝင်လာလာချင်းမှာပင် မွန်းစတားသားရဲ တစ်ကောင်၏ နယ်မြေထဲသို့ ဝင်လာမိသည့် သူ့ကံမှာ အတော့်ကို ဆိုးသည်ဟု ပြော၍ရသည်။

ကမ္ဘာပျက်ထဲတွင် အန္တရာယ်အများဆုံးမှာ အလွန်ကိုမှ အာရုံခံရခက်သော မမြင်ရသည့် ဟင်းလင်းပြင်အက်ကွဲကြောင်းများ ဖြစ်ကြသည်။ ဒုတိယ အန္တရာယ်အများဆုံးမှာ ကမ္ဘာပျက်ထဲရှိ မွန်းစတားသားရဲများ ဖြစ်ကြပေသည်။

ချွေဟုန် တိုက်ခိုက်နေသည့် မွန်းစတားသားရဲသည် အဆင့်တစ်ဆယ် မွန်းစတားသားရဲတစ်ကောင်ဖြစ်ပြီး တောင်ပံပါ မြွေနဂါး၏ သွေးမျိုးဆက်ကို ဆက်ခံထားသည့် မွန်းစတားသားရဲ တစ်ကောင်လည်း ဖြစ်သည်။ သို့ရာတွင် အချိန်ကြာလာပြီးနောက် လောကနိယာမများ ပြောင်းလဲသွားသည့်အတွက် မွန်းစတားသားရဲး၏ သွေးမျိုးဆက်မှာလည်း သန့်စင်ခြင်း မရှိတော့ချေ။ ယခင်သွေးမျိုးဆက်ခွန်အားနှင်သာ ဆိုပါက ချွေဟုန်အနေဖြင့် ထိုမွန်းစတားသားရဲနှင့် တွေ့တွေ့ချင်း တစ်ခါတည်း တန်းအသက်ပျောက်သွားနိုင်ပေသည်။

သို့သော်လည်း အဆင့်တစ်ဆယ်သားရဲသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော သားရဲတစ်ကောင် ဖြစ်သည်။

ကံကောင်းစွာဖြင့် ဤမွန်းစတားသားရဲ အဆင့်တစ်ဆယ်သို့ ရောက်ထားသည်မှာ သိပ်မကြာသေးသည်ကတစ်ကြောင်း၊ အဆင့်မြင့် မှော်ရတနာများကို ပိုင်ဆိုင်ထားရသည်က တစ်ကြောင်းတို့ကြောင့် ချွေဟုန်သည် ထိုမွန်းစတားသားရဲနှင့် တိုက်ခိုက်ရာတွင် မည်သည့် ပြဿနာမှ မကြုံရဘဲ အထက်စီးမှ နေ၍ပင် တိုက်ခိုက်နိုင်နေသေးသည်။

တောင်ပံပါမြွေကြီးသည် မီတာတစ်ရာကျော် အရှည်ရှိပြီး ကျောဘက်တွင် လင်းနို့တောင်ပံနှင့်တူသော တောင်ပံများရှိ၍ ရှည်လျားထက်ရှသော လျှာတစ်ချောင်းကို ပိုင်ဆိုင်ထားသည်။ မြွေကြီးသည် ချွေဟုန်၏ တိုက်ခိုက်မှုများကို လူလွန့်ကာ ရှောင်ရှားရင်းမှ ၎င်း၏လျှာကို ကြာပွတ်တစ်ချောင်းသဖွယ် အသုံးချလျက် ချွေဟုန်အား ပြန်တိုက်ခိုက်နေခဲ့သည်။

သုံးနာရီကြာတိုက်ခိုက်ပြီးနောက်တွင် ချွေဟုန်သည် ထိုတောင်ပံပါမြွေကြီး၏ ခေါင်းကို ဖြတ်တောက်လိုက်နိုင်ခဲ့သည်။ ကံမကောင်းစွာဖြင့် ချွေဟုန် ကိုယ်တိုင်သည်လည်း ဒဏ်ရာကြီးကြီးမားမား ရသွားခဲ့ရလေသည်။

သွေးသံတရဲရဲဖြင့် နေရာတွင်ရပ်၊ အမောတကော အသက်ရှူရင်းမှ ချွေဟုန်သည် ဒေါသတကြီး ကျိန်ဆဲတော့သည်။ ခဏအနားယူ၍ အားနည်းနည်း ပြန်ဖြည့်ပြီးနောက် မြွေကြီး၏ ခန္ဓာကိုယ်ကို သူ့သိုလှောင်လက်စွပ်ထဲသို့ သွားထည့်လေသည်။

လောလောဆယ် မြွေတစ်ကောင်လုံးကို ခုတ်ပိုင်းပစ်နေရန် အချိန်မရှိ။ အပြင်လောကဆီသို့ ပြန်ရောက်မှာသော မြွေကြီး၏ ခန္ဓာကိုယ်ကို သေချာကိုင်တွယ်ရပေမည်။ ဤအဆင့်တစ်ဆယ် မွန်းစတားသားရဲ၏ ခန္ဓာကိုယ်သည် အလွန် တန်ဖိုးကြီးပေသည်။ အထူးသဖြင့် ၎င်း၏ မွန်းစတားအမြူတေသည် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများ အလွန်လိုချင်သည့်အရာတစ်ခု ဖြစ်သည်။

ကျင့်ကြံသူတစ်ဦး တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်လာသည့်အခါ ကြယ်စီရင်စုကြီး၏ နိယာမများကြောင့် နောက်တစ်ဆင့်သို့ ထပ်တက်ရန် အလွန် ခဲယဉ်းလာတော့သည်။ ထို့ကြောင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် နောက်တစ်ဆင့်သို့ ချိုးဖျက်လိုလျှင် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအား နားလည်သဘောပေါက်အောင် ကြိုးစားရသည်။ သို့သော် အခြားနည်းလမ်းတစ်ခုလည်း ရှိပေသည်။ ရှားပါးရတနာများနှင့် အဖိုးတန်ဆေးလုံးများကို အသုံးပြုခြင်းပင်။

တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး နှစ်သန်းပေါင်းများစွာ ကြာသွားသည့်တိုင် နောက်တစ်ဆင့်သို့ မတက်နိုင်သည်မှာ သဘာဝသာ ဖြစ်သည်။

ထို့ကြောင့်ပင် ကြယ်စီရင်စုထဲတွင် တန်ခိုးရှင်ဘုရင်တတိယ အဆင့်များ အလွန်နည်းပါးနေရခြင်း ဖြစ်သည်။ ထို့အပြင် တန်ခိုးရှင်တတိယအဆင့် ပညာရှင်များအနက် အများစုသည် လူရှေ့သူရှေ့ ပေါ်လာလေ့မရှိတော့သော မွန်းစတားအိုကြီးများ ဖြစ်ကြပေသည်။

တောင်ပံပါမြွေကြီး၏ သွေးနံ့ကြောင့် အခြားမွန်းစတားသားရဲများ ရောက်လာမည်ကို ထိတ်လန့်သည့် အတွက် ချွေဟုန်သည် ခဏလောက် အနားယူပြီးသည်နှင့် ထိုနေရာမှ ထွက်လာခဲ့လိုက်လေသည်။ သူ့လက်ရှိ ခွန်အားဖြင့် နောက်ထပ် တိုက်ပွဲတစ်ခုကို မည်သို့မှ မတိုက်ခိုက်နိုင်ချေ။

အခြားတစ်နေရာ၌၊ ခရမ်းကြယ်၏ ဂိုဏ်းချုပ် ကျိလုန်သည် ကျိုတုန်ကို ဦးဆောင်၍ တစ်နေရာသို့ ဦးတည် သွားနေခဲ့သည်။

သူတို့ကံမှာ အတော်လေး ကောင်းသည်ဟု ပြော၍ရသည်။ ဝင်လာသည့်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့် အန္တရာယ်နှင့်မှ မကြုံရသေးချေ။ ထို့ကြောင့် စိတ်အေးအေးဖြင့် ရှေ့သို့ ဆက်သွားနေနိုင်ပေသည်။

“အဖေ၊ ဒီလောကပျက်မှာ တကယ်ကြီး အင်မော်တယ်သစ်ပင် ရှိတာလား” ကျိလုန်က သူ့အဖေကို မေးလိုက်သည်။

‘အင်မော်တယ်သစ်ပင်’ ဟူသော စကားလုံးကို ကြားသည့်အခါ ကျိလုန်၏ မျက်လုံးများ တဖျက်ဖျက် တောက်ပလာခဲ့သည်။ သူ၏ ခရမ်းရောင်ဆံပင်များသည်လည်း လေမတိုက်သည့်တိုင် တလူလူ လွင့်လာခဲ့သည်။ ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “တစ်ရာရာခိုင်နှုန်း မသေချာပေမယ့် အနည်းဆုံး (၈၀)ရာခိုင်နှုန်းတော့ သေချာတယ်။ ဒီအကြောင်းကို မင်းဦးလေးကြီး ကိုယ်တိုင် ပြောပြတာ။ သူဒီကို ဝင်လာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်(၂၀၀၀)တုန်းက အင်မော်တယ်သစ်ပင်နဲ့ ဆင်တဲ့ သစ်ပင်တစ်ပင်ကို မြင်လိုက်တယ်တဲ့။ ဒါပေမယ့် အဲ့သစ်ပင်ကို သွားယူဖို့လုပ်တဲ့အချိန်မှာ သစ်ပင်ကို စောင့်နေတဲ့ မွန်းစတားသားရဲနဲ့ တိုးပြီး ဒဏ်ရာရလာလို့ အသည်းအသန် ပြန်ထွက်ပြေးလာရတယ်။ နောက်ဆုံး အဲ့ဒဏ်ရာတွေကြောင့်ပဲ သူသေသွားခဲ့ရတယ်”

ကျိတုန်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည် “ကမ္ဘာပျက်ထဲကို ဝင်လာတုန်းက ဦးလေးကြီးက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်မလား။ အဲ့ဒါတောင် သေခါနီးဖြစ်ပြီး ပြန်ထွက်ပြေးလာရတယ်ဆိုတော့ ဘယ်လို မွန်းစတားသားရဲနဲ့ တွေ့လာခဲ့လို့လဲ”

“နတ်ငှက်တစ်ကောင်… ရှေးခေတ်ဒေါင်းတစ်မျိုးပဲ” ကျိလုန်က အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်သည်။

“နတ်ငှက်” ကျိတုန် မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

နတ်ငှက်ဟုခေါ်သော သက်ရှိများသည် အလွယ်တကူ သွားရန်စသင့်သည့် သက်ရှိများ မဟုတ်ကြချေ။ နတ်သားရဲများသည် ရက်စက်ကြမ်းကြုတ်သော စရိုက်ရှိပြီး ကမ္ဘာတုန်လုမတတ် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ ထိုကဲ့သို့သော သက်ရှိတစ်ဦးသာ ကြယ်စီရင်စုထဲသို့ ရောက်လာမည် ဆိုပါက မရေမတွက်နိုင်သော ကျင့်ကြံရေးကြယ်များ ဖျက်စီးခံကြရပေလိမ့်မည်။

ထို့နောက်တွင် ကျိလုန်က ဆက်၍ ပြောလိုက်သည် “ကြယ်စီရင်စုထဲမှာ နတ်ရေစင်သုံးမျိုးရှိတယ်။ အသက်ရေစင်၊ ဝိဥာဉ်သန့်စင်နတ်ရေစင်နဲ့ အင်မော်တယ်ရေစင်တို့ပဲ။ အဲ့သုံးခုထဲမှာ ဝိဥာဉ်သန့်နတ်ရေစင်က ရံဖန်ရံခါ ပေါ်လာလေ့ရှိတယ်။ အရမ်းကြီး မဟုတ်ရင်တောင် နှစ်ရာနဲ့ချီ၊ ထောင်နဲ့ချီရင် တစ်ခါလောက် ပေါ်လာလေ့ရှိတယ်။ အသက်ရေစင်နဲ့ အင်မော်တယ်ရေစင်တို့ကတော့ ဒဏ္ဏာရီထဲမှာပဲ ရှိတဲ့အရာတွေ။ အနည်းဆုံး အဲ့ရေစင်နှစ်မျိုးကို ရဖူးတဲ့လူ ငါတစ်ယောက်မှ မတွေ့ဖူးဘူး။ နတ်ရေစင်သုံးမျိုးက သူ့အစွမ်းနဲ့သူပဲ။ ဝိဥာဉ်သန့်နတ်ရေစင်က ဝိဥာဉ်ကို သန့်စင်ဆေးကြောပေးနိုင်တယ်။ အသက်ရေစင်သည် ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ အသက်စွမ်းအင်ကို မြှင့်တင်ပေးနိုင်တယ်။ တစ်စက်လောက် သောက်လိုက်ရုံနဲ့တင် ကိုယ့်ကိုယ်ကို ပြန်မွေးဖွားလာသလို ခံစားရအောင် လုပ်ပေးနိုင်တယ်။ ဒါပေမယ့် အဲ့နှစ်မျိုးစလုံး အင်မော်တယ်ရေစင်ကို ယှဉ်လို့မရဘူး”

“အဖေ၊ အင်မော်တယ်ရေစင်က အင်မော်တယ်သစ်ပင်နဲ့ တစ်မျိုးမျိုး ပက်သက်နေတာလား” ကျိတုန်က မေးလိုက်သည်။

“ဟားဟား၊ ဟုတ်တာပေါ့” ပုံမှန်အားဖြင့် တည်တည်ကြည်ကြည် နေလေ့ရှိသော ကျိလုန်သည် သူ့သားနှင့် စကားပြောသည့်အခါ ရွှင်ရွှင်မြူမြူး ဖြစ်နေခဲ့သည်။ ကျိတုန်သည် သူ့မျှော်လင့်ချက်များကို တစ်ခါမှ စိတ်ပျက်စေခဲ့ခြင်း မရှိဘဲ သူ့မျှော်လင့်ချက်များကို စုပုံထားသည့် သားတစ်ဦးဆိုလည်း မမှားချေ။

“ဘယ်လိုပက်သက်တာလဲ။ ကျေးဇူးပြုပြီး သားကို ပြောပြပေးပါလား” ကျိတုန်သည် သူ့အဖေအား လေးလေးစားစားဖြင့် မေးလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၆၀)

ခဏမျှ စဉ်းစားပြီးနောက်တွင် ကျိလုန်က စတင် ရှင်းပြလိုက်လေသည် “အင်မော်တယ်ရေစင်ဆိုတာ အင်မော်တယ်သစ်ပင်ရဲ့ အရွက်တွေပေါ်မှာ နှစ်ပေါင်းများစွာ ကြာအောင် စုစည်းလာတဲ့ အရည်စက်ပဲ။ အင်မော်တယ်ရေစင်ကို ပြတ်နေတဲ့ခြေလက်တွေ ပြန်ထွက်အောင်လုပ်ဖို့သုံးတာ ဖြုန်းတီးတာပဲ။ အင်မော်တယ်ရေစင်ဆိုတာ လူတစ်ယောက်ကို သေရာကနေတောင် ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့အရာမျိုး”

“သေရာကနေ ပြန်ရှင်အောင်လုပ်နိုင်တယ်” ကျိတုန် အံ့အားသင့်သွားခဲ့သည် “ရေစက်လေးတောင် အဲ့လောက်အစွမ်း ထက်နေရင် အင်မော်တယ်သစ်ပင်သာ ဆိုရင်တော့..”

“ဟန့်၊ အင်မော်တယ်သစ်ပင်ကိုသာ သန့်စင်နိုင်မယ်ဆိုရင် မဖျက်စီးနိုင်တဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ရလိမ့်မယ်။ သက်တမ်းကလည်း ကောင်းကင်တည်သလောက် ရှည်လိမ့်မယ်”

“ဘယ်လို” ထိုစကားကို ကြားလိုက်သည့်အခိုက်တွက် ကျိတုန် အလွန်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ဤအကြောင်းကို ပြောနေသည့်လူသည် သူ့အဖေ ဖြစ်နေသည့် အတွက်ကြောင့်သာ မဟုတ်ရင် အဓိပ္ပါယ်မရှိသည့် အကြောင်းအရာများဟုပင် ထင်မိသွားပေလိမ့်မည်။

“ငါသာ ထာဝရအသက်ရှည်နိုင်မယ်ဆိုရင် ဘယ်သူမှ မရောက်နိုင်တယ်တဲ့အဆင့်ကို ရောက်နိုင်လိမ့်မယ်။ အဲ့အခါကျ တန်ခိုးရှင်ဘုရင်အဆင့်ကို ဖြတ်ကျော်ပြီး မဟာဧကရာဇ် ရောက်ခဲ့တဲ့အဆင့်ကို ရောက်နိုင်ပြီ” ထိုအကြောင်းကို ပြောသည့် အခါ ကျိလုန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စိတ်လှုပ်ရှားမှု အရောင်အဝါတို့ဖြင့် တလက်လက် တောက်ပလာသလားဟုပင် ထင်မှတ်ရပေသည်။

ကျိတုန်သည် သူ့အဖေကို ငေးကြောင်ကြည့်နေသည်။ သူ့အဖေ၏ ဤပုံစံကို တစ်ခါမှမမြင်ဖူးချေ။ ထို့ကြောင့် သူ့အဖေ အင်မော်တယ်သစ်ပင်အား မည်မျှ လိုချင်နေသလဲ ဆိုသည်ကို မြင်တွေ့နိုင်ပေသည်။

“အဖေ၊ ခရမ်းကြယ်ကော ဒီအကြောင်းကို သိလား” ကျိတုန်က ထပ်မေးလိုက်သည်။

“မသိဘူး” ကျိလုန်က ခေါင်းခါလိုက်သည်။ ထို့နောက် ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့် လေသံဖြင့် “အခြားသူတွေ သိမသိတော့ မသေချာဘူး။ ဒါပေမယ့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကတော့ ကျိန်းသေသိလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်တစ်ခေါက်တုန်းက မင်းရဲ့ဦးလေးကြီးက ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ အရင်ခေါင်းဆောင်နဲ့အတူ လာခဲ့တာ။ ဒါကြောင့်ပဲ ဟိုခွေးအိုကြီး နီကွမ်းလည်း ဒီတစ်ကြိမ် ရောက်လာတာ။ သူလည်း အင်မော်တယ်သစ်ပင်ဆီ သွားဖို့ လုပ်နေတာပဲ ဖြစ်ရမယ်”

ကျိတုန်က မျက်မှောင်ကြုတ်၍ မယုံသင်္ကာဖြင့် “အဲ့လိုဆို အဖေ ဘာလို့ အခြားလူတွေကိုပါ ထပ်ခေါ်မလာတာလဲ”

ကျိလုန်က ပြုံးလျက် “ဒီလို ကိစ္စမျိုးဆိုတာ လူသိများလို့ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ လူအများကြီး ခေါ်လာလို့ အင်မော်တယ်သစ်ပင်ကို ရနိုင်ချေ များသွားတယ်ဆိုပေမယ့် နောက်ဆုံး အဲ့သစ်ပင်ကို ဘယ်လို ဝေစုခွဲမှာလဲ။ ဒီလို ရတနာမျိုးကို လိုချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုပဲ ယုံလို့ရတယ်။ ဘယ်သူ့ကိုမှ ယုံလို့မရဘူး။ ရတနာနဲ့ ပက်သက်လာရင် လူတိုင်းက မင်းနောက်ကျောကို ဓါးနဲ့ ထိုးမယ့်လူချည်းပဲ”

စဉ်းစားကြည့်နေပြီးနောက်တွင် ကျိတုန်က ခေါင်းညိတ်လိုက်လေသည် “သားနားလည်ပါပြီ”

ခရမ်းကြယ်၏ ဂိုဏ်းချုပ်ဖြစ်သော ကျိလုန်တွင် ကလေးများစွာ ရှိပေသည်။ သို့သော် ကျိလုန်ကို သူအနှစ်သက်ဆုံး ဖြစ်သည်။ သူ့ကလေးများအနက် ကျိတုန်သည် အထူးချွန်ဆုံးဖြစ်ပြီး သူအလေးပေးဆုံး ကလေးတစ်ဦးလည်း ဖြစ်ပေသည်။

ကျိတုန်လည်း ထိုအချက်ကို နားလည်ပေသည်။ ထို့ကြောင့် ကျင့်ကြံရာတွင် နည်းနည်းလေးမှ ပျင်းရိမနေရဲခဲ့ပေ။

ကမ္ဘာပျက်ထဲသို့ ယခုတစ်ကြိမ် ဝင်လာရသည်မှာ အလွန်ကိုမှ အန္တရာယ်များသော်လည်း သူ့အတွက် ကောင်းမွန်သည့် စမ်းသပ်မှု တစ်ခု ဖြစ်သည်။ သူသာ ထိုစမ်းသပ်မှုကို ဖြတ်ကျော်နိုင်လျှင် ခရမ်းကြယ်ရှိ သူ့အဆင့်အတန်းသည် အတော့်ကိုမှ တည်ငြိမ်သွားပေလိမ့်မည်။

ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက်တွင် ကျိတုန် လက်သီးတင်းတင်း ဆုပ်လိုက်လေသည်။

…

တစ်ချိန်တည်းတွင်၊ နီကွမ်း ဦးဆောင်သော ရန်ကိုင်တို့ အဖွဲ့သည် ကမ္ဘာပျက်ထဲ ရှေ့ဆက် ခရီးဆက်နေကြသည်။

အနက်ရောင်အရိပ်များနှင့် တွေ့ပြီးနောက်ပိုင်း အခြားသော အန္တရာယ်ကြီးများနှင့် ထပ်ကြုံရခြင်း မရှိတော့ချေ။ ထိုနည်းတူစွာ အကျိုးအမြတ်များလည်း မျိုးမျိုးမြတ်မြတ် မရခဲ့ပေ။

သို့ရာတွင် နီကွမ်း တစ်ခုခုအား ထုတ်လိုက်သည်ကို ရန်ကိုင် မြင်လိုက်ရသည်။

ထိုအရာမှာ ဆက်သွယ်ရေး မှော်ရတနာနှင့် တူလိုလို မတူသလိုလိုရှိသည့် ညွှန်တံပါသော မှော်ရတနာတစ်ခု ဖြစ်သည်။ နီကွမ်းသည် ထိုအရာကို လွန်ခဲ့သော နှစ်နာရီကတည်းက ထုတ်ထားခြင်း ဖြစ်ပြီး ယခုထိ ပြန်မသိမ်းသေးချေ။ သွားနေရင်း ထိုအရာကို ဟိုရွှေ့ဒီရွှေ့ လုပ်နေခဲ့သည်။

သူထိုကဲ့သို့ လုပ်လိုက်တိုင်း ညွှန်တံ၏ ဦးတည်ရာမှာလည်း ပြောင်းလဲသွားခဲ့သည်။ ညွှန်တံ၏ ဦးတည်ရာ ပြောင်းလဲသွားတိုင်း နီကွမ်းလည်း လမ်းကြောင်း ပြောင်းလေသည်။

နီကွမ်း ထိုအရာနှင့် ဘာတွေလုပ်နေမှန်း လော့လန် နားမလည်။ နီကွမ်းသည် ထိုအရာကိုသုံး၍ အန္တရာယ်များ၏ရန်မှ ရှောင်ရှားနေသည်ဟုသာ ကြိတ်၍ တွေးလိုက်သည်။ သို့သော် ထိုအရာသည် တစ်ဖက်လူ၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သဖြင့် သူမ၏ သိချင်စိတ်ကို မျိုသိပ်၍သာ ထားလိုက်လေသည်။

ရန်ကိုင်ကမူ ထိုမှော်ရတနာသည် ဟင်းလင်းပြင် အက်ကွဲကြောင်းများအား အာရုံခံနိုင်ကြောင်းကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။

မှော်ရတနာပေါ်ရှိ ညွှန်တံ တစ်နေရာရာသို့ ညွှန်လိုက်သည်နှင့် ထိုနေရာဆီမှ လေဟာနယ်စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်ကို ရန်ကိုင် အာရုံခံမိသည်။ နီကွမ်းသည် ညွှန်တံ ညွှန်ပြနေသည့်ဘက်ကို မသွားဘဲ အခြားတစ်ဖက်ကို ရှောင်ထွက်သွားလေသည်။

ဤမှော်ရတနာသည် ကမ္ဘာပျက်ကြီးထဲ သွားလာရေး လွယ်ကူစေရန် ပြုလုပ်ထားသည့် မှော်ရတနာတစ်ခု ဖြစ်သလို ဤမှော်ရတနာကို သွန်းလုပ်သူသည် လေဟာနယ်တာအို၌ ကျွမ်းကျင်သူတစ်ဦး ဖြစ်ရပေလိမ့်မည်။

သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း ရန်ကိုင် ယုံကြည်သည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ပါရမီရှင်များစွာ ပိုင်ဆိုင်ထားသည့် မဟာအင်အားစုကြီးတစ်ခု ဖြစ်သည်။ ထိုကဲ့သို့သော အင်အားစုမျိုးတွင် လေဟာနယ်စွမ်းအားကို ကျင့်ကြံထားသည့် ပါရမီရှင်အချို့ ရှိနေသည်မှာ အထူးအဆန်း မဟုတ်ချေ။

သို့ရာတွင် မှော်ရတနာ၏ တုန့်ပြန်ပုံကို ကြည့်ရင်းမှ ဤမှော်ရတနာအား သွန်းလုပ်ထားသူသည် လေဟာနယ်တာအို၌ သူ့အဆင့်သို့ မရောက်သေးမှန်း သိလိုက်လေသည်။

အကြောင်းမှာ မှော်ရတနာသည် လမ်းကြောင်းတစ်လျှောက်၌ ရှိနေသော ဟင်းလင်းပြင်အက်ကွဲကြောင်းအားလုံးကို အာရုံ မခံနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။

မှော်ရတနာမှ တုန့်ပြန်ခြင်းမရှိသည့် ဟင်းလင်းပြင် အက်ကွဲကြောင်း အချို့ကို ရန်ကိုင် တွေ့ခဲ့သည်။ ထိုကဲ့သို့ ဖြစ်သည့်အခါ နီကွမ်းများ ထိုနေရာဆီ သွားမိမလားဆိုပြီး ရန်ကိုင် တွေးကြောက်မိသွားရသည်။

ကံကောင်းစွာဖြင့် ထိုကဲ့သို့ မဖြစ်သည့်အတွက် ရန်ကိုင်သည် နီကွမ်းအား လမ်းကြောင်းပြောင်းဖို့ရာ သတိပေးရန်အတွက် သူ့လျှို့ဝှက်ချက်ကို ထုတ်ဖော်စရာ မလိုခဲ့ချေ။

တစ်ခါတစ်ရံ လေထဲ ရှင်းရှင်းလင်းလင်းကြီး မြင်နေရသော ဟင်းလင်းပြင်အက်ကွဲကြောင်းများကိုလည်း မြင်တွေ့ရတတ်၏။

ရှေ့သို့ တဖြည်းဖြည်း ဆက်သွားလာသည်နှင့်အမျှ မမြင်နိုင်သော ဟင်းလင်းပြင်အက်ကွဲကြောင်းဖြစ်စေ၊ မြင်နိုင်သည့် ဟင်းလင်းပြင်အက်ကွဲကြောင်းဖြစ်စေ၊ ထိုဟင်းလင်းပြင် အက်ကွဲကြောင်းများ၏ အရေအတွက်မှာ တဖြည်းဖြည်းနှင့် တိုးလာခဲ့သည်။

သွားနေရင်းမှ ကောင်းကင်တစ်ခုလုံးလောက်ကို ဖုံးလွှမ်းမတတ် ရှိနေသော ဧရာမဟင်းလင်းပြင် အက်ကွဲကြောင်းများကိုပင် မြင်ခဲ့ရသေးသည်။

ထိုဟင်းလင်းပြင်အက်ကွဲကြောင်းများကို မြင်သည့်အခါ ထိုထဲသို့သွားပြီး ပြေးဝင်စူးစမ်းပစ်ချင်စိတ်များ ရန်ကိုင်စိတ်ထဲ တဖွားဖွား ဖြစ်ပေါ်လာခဲ့လေသည်။

ထိုဧရာမ အက်ကွဲကြောင်းကြီးထဲ သူလိုချင်နေသည့် အရာများ ရှိလိမ့်မည်ဟု ရန်ကိုင် ကျိန်းသေ ခံစားမိနေသည်။ ဟင်းလင်းပြင် အက်ကွဲကြောင်းများမှ ဖြစ်ပေါ်လာသော လေဟာနယ် သလင်းကျောက်များ ထိုအက်ကွဲကြောင်းကြီးထဲ ရှိနေပုံရသည်။ ထို့အပြင် သူလိုချင်နေသော လေဟာနယ်တာအိုနှင့် ပက်သက်သည့် နိယာမသဘောတရားများလည်း ရှိနေပုံရသည်။ မည်သို့ပင်ဖြစ်စေ ထိုအက်ကွဲကြောင်းထဲ ဝင်သွားလျှင် သူ့အတွက် အကျိုးကျေးဇူး ကြီးကြီးမားမားရလိမ့်မည်ဟု ခံစားနေရသည်။

သို့သော် သူတစ်ယောက်တည်း လှုပ်ရှားနေခြင်း မဟုတ်သည်မှာ ဆိုးသွားသည်။ သူသည် နီကွမ်းတို့နှင့်အတူ ရှိနေခြင်း ဖြစ်သည်။ အဖွဲ့အားပစ်ကာ တစ်ယောက်တည်း ထွက်သွား၍ မဖြစ်ချေ။ မည်သို့ပင်ဖြစ်စေကာမူ ကမ္ဘာပျက်ထဲ ဤကဲ့သို့သော အခွင့်အရေးမျိုး အများကြီး ရှိနေလိမ့်မည် ဖြစ်သည့်အတွက် ရန်ကိုင်လည်း အလျင်လိုမနေခဲ့ချေ။

“ဟန်…” ဦးဆောင်သွားနေသော နီကွမ်းက ရုတ်တရက် ရပ်လိုက်ပြီး တစ်နေရာသို့ကြည့်ကာ အာမေဋိတ်သံ ပြုလိုက်သည်။

နီကွမ်းကြည့်ရာအတိုင်း လိုက်ကြည့်လိုက်ရာ မီတာ တစ်ထောင်ခန့်အကွာ၌ လူတစ်ဦး လဲနေသည်ကို တွေ့လိုက်ရသည်။

“အဲ့လူက…” လော့လန်က တိုးတိုးလေး ရေရွတ်လိုက်သည် “ကျွန်မတို့ထက် စောပြီး ဝင်လာတဲ့ တစ်ယောက်မလား”

“ဟုတ်တယ်” နီကွမ်းက အလေးအနက် အမူအရာဖြင့် ထိုလူ၏ ခန္ဓာကိုယ်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏ “သူသေနေပြီ”

ထိုစကားကို ကြားသည့်အခါ လော့လန်၏ မျက်နှာလေး ဖြူလျော်သွားခဲ့လေသည်။ ကမ္ဘာပျက်ထဲသို့ ဝင်လာသူများအနက် ရန်ကိုင်၊ ရွှယ့်ယွယ်နှင့် ကျိတုန်တို့မှအပ ကျန်လူအားလုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုလူ အားလုံးသည် သူမထက် အားနည်းခြင်း မရှိကြချေ။

သို့ရာတွင် ကမ္ဘာပျက် ပွင့်သည်မှာ နာရီပိုင်းပင် မရှိတတ်သေးသော်လည်း လူတစ်ဦး သေနေခဲ့လေပြီ။

ထိုလူ မည်ကဲ့သို့များ သေသွားခဲ့လဲ အတွေးများစရာပင်။ ထိုလူသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သို့သော် သူ့ပတ်ဝန်းကျင်တွင် တိုက်ခိုက်ထားသည့် အရိပ်အယောင် တစ်ခုမှ ရှိမနေခဲ့။ တစ်နည်းဆိုရသော် ထိုလူသည် သူလုံးဝ မခုခံနိုင်သည့် တစ်စုံတစ်ခု၏ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။

ထိုလူနေရာ၌ သူမသာ ဆိုလျှင်တော့… သူမလည်း ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ယခုကဲ့သို့ ကံကောင်းနေသည့်အပေါ် လော့လန် ကြိတ်၍ ဝမ်းသာမိသွားလေသည်။

“သွားစစ်ဆေးကြည့်မလား” ခဏလောက် စဉ်းစားပြီးနောက် ရွှယ့်ယွယ်သည် အလောင်းဘက်သို့ လက်ညိုးထိုး၍ “သူ့ဘေးနားမှာ တစ်ခုခု ရှိနေတဲ့ပုံပဲ”

ရွှယ့်ယွယ် မပြောလျှင်ပင် သေနေသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအလောင်း၏ ဘေးနားတွင် တစ်စုံတစ်ခု ရှိနေသည်ကို အကုန်လုံး သတိပြုမိပေသည်။ အလောင်းဘေးတွင် ကြက်အမောက်နှင့်တူသော ပန်းပွင့်တစ်ပွင့် ပွင့်နေခဲ့သည်။ မီတာတစ်ထောင်လောက် ဝေးကွာသည့်တိုင် ပန်းရနံ့ကို အကုန်လုံး ရနေကြသည်။

ပန်းပွင့်ဆီမှ ထွက်ပေါ်လာသော ပန်းရနံ့သည် လူတိုင်း၏ စိတ်ကို ပေါ့ပါးလန်းဆန်းသွားအောင် လုပ်ဆောင်ပေးနေခဲ့သည်။

“အဲ့ဒါဘယ်လိုပန်းမျိုးလဲ၊ မင်းတို့ သိကြလား” နီကွမ်းက လှည့်၍ မေးလိုက်သည်။

လော့လန်က ခေါင်းခါလိုက်ပြီး ရွှယ့်ယွယ်သည်လည်း သူမသိကြောင်း အမူအရာဖြင့် ပြောပြလိုက်သည်။ တကယ်တော့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ဖြစ်သော ရန်ကိုင်ပင်လျှင် ထိုဆေးပင် ဘာဆေးပင်မှန်း မသိချေ။

ဤကဲ့သို့သော ပန်းမျိုး သူတစ်ခါမှ မမြင်ဖူးချေ။ ဧကရာဇ် ဥယျာဉ်ထဲမှ ရခဲ့သော အစစ်အမှန်ဆေးပညာကျမ်းထဲတွင် မရေမတွက်နိုင်သော ဆေးညွှန်းများကိုသာလျှင် မဟုတ်ဘဲ မျိုးတုန်ပျောက်ကွယ်သွားပြီဖြစ်သော ဆေးပင်များစွာကိုလည်း မှတ်တမ်းတင်ထားသေးသည်။ ထို့ကြောင့် ဆေးပင်များနှင့် ပက်သက်သော ဗဟုသုတအရာတွင် ဤကြယ်စီရင်စုထဲ သူ့အား ယှဉ်နိုင်သည့်လူ တစ်ဦးမှ ရှိလိမ့်မည် မဟုတ်ဟု ရန်ကိုင် ယုံကြည်နေမိသည်။

သို့သော် ဤသို့သော ပန်းပင်မျိုးကိုတော့ အစစ်အမှန် ဆေးပညာကျမ်းထဲတွင်ပင် မမြင်ဖူးခဲ့ချေ။

နီကွမ်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏတာ တုန့်ဆိုင်းနေပြီးနောက် “ငါတစ်ချက် သွားကြည့်လိုက်မယ်။ မင်းတို့ ဒီမှာ စောင့်နေ”

သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိသည့်အတွက် သူ့ရှေ့၌ ရှိနေသော အခွင့်အရေးကောင်းကို လက်မလွှတ်ချင်ပေ။ ပန်းပင်သည် မည်သို့သော ပန်းပင်မျိုးပင် ဖြစ်နေစေကာမူ၊ ပန်းပင်ဘေးတွင် လဲလျက်ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ၏ အလောင်းသည်ပင် ရတနာသိုက်တစ်ခု ဖြစ်သည်။ ထိုတန်ခိုးရှင်ဘုရင်အဆင့်၏ သိုလှောင်လက်စွပ်ကိုသာ ရနိုင်မည်ဆိုလျှင် မျိုးမျိုးမြတ်မြတ် မြတ်သွားနိုင်ပေသည်။

“ကျွန်မ လိုက်ပေးရမလား” လော့လန်က မေးလိုက်သည်။

နီကွမ်းက သူမအားကြည့်ကာ ခေါင်းညိတ်၍ “ဒါဆို ခင်ဗျား သတိထားနော်”

“ကျွန်မ ကျိန်းသေ သတိထားပါမယ်” လော့လန်က ပြုံးလျက် ပြန်ပြောလိုက်ပြီးနောက်တွင် ပန်းပင်ရှိရာဆီသို့ နီကွမ်းနှင့်အတူ ဖြည်းဖြည်းချင်း တိုးကပ်သွားလေသည်။

ရန်ကိုင်နှင့် ရွှယ့်ယွယ်ကမူ ရပ်၍သာ ကြည့်ကြနေသည်။

ပန်းပွင့်နားသို့ နီကွမ်းနှင့် လော့လန်တို့ အလျင်အမြန် ရောက်ရှိလာခဲ့လေသည်။ သို့သော် အကုန်လုံး အံ့အားသင့်သွားရသည်မှာ အလောင်းဘေးနားသို့ ရောက်လာသည့်တိုင် မည်သည့် အန္တရာယ်နှင့်မှ သူတို့ မကြုံရသည့် အတွက်ကြောင့် ဖြစ်သည်။

နီကွမ်းက ဇဝေဇဝါ အမူအရာဖြင့် အလောင်းအား တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်လေသည် “ဒီလူက အလစ်အငိုက် တိုက်ခံလိုက်ရတာ။ သူ့ဂုတ်ပေါ်မှာ ကိုက်ရာနှစ်ခုရှိနေတယ်။ မြွေကိုက်ရာလိုပဲ။ သူ့လို လူတစ်ယောက်ကို ချက်ချင်း သေအောင် လုပ်နိုင်တယ်ဆိုတော့ တော်တော် အဆိပ်ပြင်းတဲ့မြွေ ဖြစ်လိမ့်မယ်”

လော့လန်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ အလောင်းသည် မှောက်လျက် လဲနေခြင်းဖြစ်သည့်အတွက် ကိုက်ရာနှစ်ခုရှိနေသည့် သူဂုတ်ကို အထင်းသား မြင်နေရလေသည်။

“အကြီးအကဲလော့၊ အလောင်းကိုယူလိုက်၊ ငါပန်းပွင့်ကို ခူးလိုက်မယ်” နီကွမ်းက အမိန့်ပေးလိုက်သည်။

“နားလည်ပြီ” လော့လန်က ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူတော်စင်ချီဖြင့် အလောင်းအား ရစ်ပတ်ကာ အလျင်အမြန် နောက်ပြန်ဆုတ်လာခဲ့သည်။

All Chapters