အခန်း (၁၇၆၁-၁၇၆၅)
Vol. 71 Ch. 1761-1765
အပိုင်း (၁၇၆၁)
မည်သည့် အန္တရာယ်ရှိမှန်း ကြိုတင်မသိရသဖြင့် လောလန်လည်း အနီးအနားတွင် အကြာကြီး မနေရဲဘဲ အလျင်အမြန် ပြန်ဆုတ်လာခဲ့လေသည်။
လော့လန်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ၏ အလောင်းကို သူတော်စင်ချီဖြင့် ရစ်ပတ်ပြီး ပြန်ဆုတ်လာနေချိန် နီကွမ်းသည် ကြက်အမောက်နှင့်တူသောပန်းကို သွားခူးလေသည်။
သို့သော်လည်း ပန်းကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
နီကွမ်းနောက်ဘက်ရှိ ပြန့်ပြူးနေသော မြေပြင်သည် ရုတ်တရက် မို့တက်လာပြီး ထိုထဲမှ တြိဂံပုံစံ မြွေခေါင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ နီကွမ်း၏ လည်ပင်အား လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ကိုက်ချလေသည်။
ဖြစ်စဉ်တစ်ခုလုံးသည် အလွန်ကိုမှ မြန်ဆန်လှသည်။ မြွေခေါင်း မြေကြီးထဲမှ ထွက်လာပြီး နီကွမ်းအား ကိုက်လိုက်သည်ကို မြင်သည့်အခါ ရွှယ့်ယွယ်မျက်နှာ ဖြူလျော်သွားပြီး အလန့်တကြား လှမ်းအော်ဟစ်သတိပေးလိုက်လေသည် “ဦးလေးနီ၊ သတိထား”
သို့ရာတွင် သူမ သတိပေးသည်မှာ နောက်ကျလွန်းနေခဲ့သည်။ မြွေခေါင်းသည် နီကွမ်း၏ လည်ပင်းကို ကိုက်ပြီးနေလေပြီ။
ရွှယ့်ယွယ်၏ အမူအရာ အပြောင်းလဲပြီး ပြောင်းလဲသွားခဲ့သည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါမှ ယခင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ မည်ကဲ့သို့ သေသွားသလဲ ဆိုသည်ကို နားလည်သွားတော့သည်။ နီကွမ်းကဲ့သို့ပင်၊ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ၏ အာရုံသည် ကြက်အမောက်နှင့် ဆင်တူသော ပန်းဆီသို့ ရောက်နေချိန် မြွေသားရဲသည် ရုတ်တရက် ချောင်းကိုက်လိုက်ခြင်း ဖြစ်သည်။
နီကွမ်း တစ်ခုခု ဖြစ်သွားမည်ကို ရွှယ့်ယွယ် စိုးရိမ်နေခဲ့သည်။ သူမ အပိုစိုးရိမ်နေခြင်း မဟုတ်။ နီကွမ်း၏ ပုံစံသည် ပန်းပေါ်တွင် အရမ်း အာရုံစိုက်နေသည့်ပုံ ပေါက်နေခဲ့သည်။
သို့သော်လည်း နီကွမ်းနှင့် နီကွမ်းပင်။ တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည့်အပြင် အစောကြီးကတည်းက ဤနေရာတွင် မြွေတစ်ကောင် ရှိနေမှန်း သိထားခဲ့လေရာ မည်ကဲ့သို့ မပြင်ဆင်ဘဲ ပန်းကို ခူးရန် ကြိုးစားမည်နည်း။ ပန်းကို ခူးရန်ကြိုးစားနေချိန် ပတ်ဝန်းကျင်ကို အဆက်မပြတ် သတိထားနေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့နောက်ကျောဘက်ကိုလည်း သေချာ အာရုံစိုက်ထားခဲ့သည်။
ထင်…
နီကွမ်း၏ လည်ပင်းထက် မီးပွင့်သွားခဲ့သည်။ မြွေကိုက်အားကြောင့် နီကွမ်းသည် ဧရာမတူကြီးဖြင့် ထုခံလိုက်ရသည့်နှယ် နောက်သို့ အလိုလို ဆုတ်သွားခဲ့သည်။
နီကွမ်းသည် မာန်သွင်းအော်ဟစ်ရင်း လေထဲ၌ပင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ လက်တစ်ဖက်ဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်ကာ ကျန်လက်တစ်ဖက်ဖြင့် ပန်းအား ခူးလိုက်လေသည်။
နီကွမ်း၏ နောက်ပြန်လက်ရိုက်ချက်သည် မြွေခေါင်းကို သွားရောက်ထိမှန်လေသည်။ ထိုရိုက်ချက်ကြောင့် မြွေသားရဲ မူးဝေသွားခဲ့ပြီး နောက်တစ်ကြိမ် ချက်ချင်း ပြန်မတိုက်ခိုက်နိုင် ဖြစ်သွား၏။
သို့သော်လည်း ပန်းအား ကိုင်မိလိုက်ချိန်၌ နီကွမ်း၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားလေသည် “ဒါက…”
ပန်းသည် ပန်းနှင့်မတူဘဲ အေးစက်စက် ချောကျိကျိ ဖြစ်နေခဲ့သည်။ ပန်းကို ကိုင်လိုက်ရသည်ဟု မခံစားရဘဲ သက်ရှိ တစ်ကောင်ကောင်ကို ကိုင်လိုက်ရသည်ဟုသာ ခံစားလိုက်ရသည်။
တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်သည်နှင့် ချက်ချင်း ပန်းကို ပြန်လွှတ်လိုက်လေသည်
ထိုစဉ် တစ်ငြိမ်လုံး ငြိမ်သက်နေခဲ့သော ပန်းသည် ရုတ်တရက် တဖျက်ဖျက် တောက်ပလာပြီး နီကွမ်း၏ လက်ဝါးဆီသို့ အစိမ်းရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်လေသည်။
ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်အလိမ်းလိမ်း ထသွားခဲ့သည်။ ထိုထဲမှ နီကွမ်း၏ နှာခေါင်းရှုံ့သံနှင့်အတူ မြွေသားရဲ၏ တရှူးရှူး နှာဟောက်သံများ ထွက်ပေါ်လာခဲ့သည်။
မကြာမီ နီကွမ်းသည် ဝိုင်းခံထားရမှာ ခုန်ထွက်လာလိုက်ပြီး အလေးအနက် အမူအရာဖြင့် လေထဲတွင်ဝဲနေလိုက်သည်။
ရန်ကိုင်တို့ မော့ကြည့်လိုက်သည့်အခိုက်တွင် သူတို့အားလုံး အံ့အားသင့်သွားခဲ့ရလေသည်။
ဖုန်များ တဖြည်းဖြည်း ငြိမ်သက်သွားချိန် သူတို့ ကြုံလိုက်ရသည့် အရာမှာ မည်သို့သော ထောင်ချောက်မှန်း အားလုံး နားလည်သွားခဲ့ကြသည်။
ကြက်အမောက်နှင့်တူသောပန်း ယခင် ရှိနေခဲ့သည့် နေရာ၌ ကလေးလက်မောင်းအရွယ်ရှိသော ဆယ်မီတာအရှည်ရှိသည့် မြွေတစ်ကောင် ရှိနေခဲ့သည်။
မြွေဆီမှ မည်သည့် အရှိန်အဝါမှ ထွက်ပေါ်နေခြင်း မရှိခဲ့။ မျက်စိဖြင့်သာ မမြင်ရလျှင် ထိုမြွေရှိလို့ ရှိမှန်းပင် သိရမည်မဟုတ်။ ထို့အပြင် မြွေ၏အမြီးတွင် ကြက်အမောက်နှင့်တူသောပန်း ရှိနေခဲ့သည်။
ပန်းဟု အကုန်လုံး ထင်နေသည့်အရာမှ ပန်းမဟုတ်ဘဲ မြွေ၏ အမြီးထိပ် ဖြစ်နေခဲ့သည်။ မြွေသည် သူ့အမြီးဖျားကို အပြင်သို့ ထုတ်ဖော်ထားပြီး ၎င်း၏ အဓိက ခန္ဓာကိုယ်ကို မြေအောက်ထဲ၌ ဖုံးကွယ်ထားခဲ့သည်။ ပန်းအား ခူးရန် ကြိုးစားသူတိုင်း မြွေ၏ တိုက်ခိုက်ခြင်း ခံရပေလိမ့်မည်။
“အမြီးသရဖူမြွေလား” နီကွမ်း၏ မျက်လုံးများ တောက်ပလာခဲ့သည်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အဆင့်မြင့် အကြီးအကဲတစ်ဦး ဖြစ်သည်နှင့်အတူ ရှေးဟောင်းမှတ်တမ်း များစွာကို ဖတ်ဖူးပေသည်။ မဟုတ်လျှင် ကြယ်စီရင်စုကြီးထဲမှ မျိုးတုန်းပျောက်ကွယ်သွားပြီ ဖြစ်သော ဤမွန်းစတားသားရဲကို သိနေလိမ့်မည် မဟုတ်ချေ။
“အမြီးသရဖူမြွေ” လော့လန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် နီကွမ်းအား လေးစားတကြီးကြည့်လျက် “အဲ့လို သားရဲအကြောင်း ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ ကောလဟာလတွေ ပြောတဲ့အတိုင်း ကမ္ဘာပျက်ထဲမှာ မျိုးတုန်းသွားတဲ့ သားရဲတွေအများကြီး ရှိနေတာပဲ”
လျှိုမြောင်ထဲတွင် တွေ့ခဲ့သည့် အနက်ရောင်အရိပ်များသည် မည်ကဲ့သို့သော သက်ရှိများ ဖြစ်သလဲဆိုသည်ကို သူတို့ မသိကြချေ။ ထိုအရာများသည် ယင်ဝိဥာဉ်များနှင့် ဆင်တူသော သက်ရှိများ ဖြစ်သည် ဟူသည်ကိုသာ သိကြသည်။ ထို့အပြင် အမြီးသရဖူမြွေအကြောင်းကိုလည်း သူတို့ တစ်ခါမှ မကြားဖူးပေ။
ကမ္ဘာပျက်သည် သူတို့အတွက်တော့ မရှာဖွေရသေးသည့် ကမ္ဘာကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။
နီကွမ်းကပြုံး၍ “အမြီးသရဖူမြွေဆိုမှတော့ စိတ်ပူစရာ မလိုတော့ဘူး။ ဒီကောင်တွေက အန္တရာယ်များတယ်ဆိုပေမယ့် အရမ်းကြီး အားကောင်းတဲ့အထဲ မပါဘူး။ ဒီကောင်တွေ အန္တရာယ်များတာ သူတို့ကို သတိပြုမိဖို့ ခက်တာနဲ့ သူတို့ရဲ့ အလစ်ချောင်း တိုက်ခိုက်မှုတွေကို ကာကွယ်ရခက်တာတွေ ကြောင့်ပဲ။ အခု သူချောင်းတိုက်တာ မအောင်မြင်တော့ဘူးဆိုတော့ ဒီကောင် သားကောင် ပြန်ဖြစ်ရမယ့်အလှည့်ပဲ…”
ပြောပြီးသည်နှင့် အမြီးသရဖူမြွေဆီ ပြေးဝင်သွားလေသည်။
မည်သည့် အားကောင်းသည့် နည်းစနစ်ကိုမှ အသုံးမပြုဘဲ လက်ချည်းသက်သက်ဖြင့် အမြီးသရဖူမြွေကို တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲကို ကြည့်နေပြီးနောက် အမြီးသရဖူမွေ၏ ခွန်အားသည် အဆင့်ကိုးမွန်းစတားသားရဲတစ်ကောင်၏ ခွန်အားလောက်သာရှိကြောင်း တွေ့ရှိလိုက်ရသည်။ ဤမျှသော ခွန်အားဖြင့် နီကွမ်း၏ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ချေ။ မြေကြီးထဲမှ နီကွမ်းအား ခုန်အုပ်လိုက်သည့် အခချိန်မှစ၍ ယခု နီကွမ်း၏ ဖမ်းဆီးခြင်း ခံလိုက်ရသည့် အချိန်ထိ အမြီးသရဖူမြွေသည် အသက်ဆယ်ရှိုက်စာသာ တောင့်ခံနိုင်ခဲ့လေသည်။ မြွေကို ဖမ်းမိလိုက်သည်နှင့် တစ်ပြိုင်နက် နီကွမ်းသည် မြွေအား တဖျတ်ဖျတ်ရိုက်ချလျက် သူ့သူတော်စင်ချီကို မြွေကိုယ်ထဲသို့ ထည့်သွင်းလိုက်လေသည်။
အက်ကွဲသံများနှင့်အတူ အမြီးသရဖူမြွေ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
နီကွမ်းသည် သူတော်စင်ချီကို လက်ညိုးထိပ်တွင် သိပ်သည်း၍ အမြီးသရဖူမြွေ၏ ဗိုက်ကိုခွဲကာ ဗိုက်ထဲမှ ပုလဲလုံးအရွယ် မြွေသည်းခြေကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ထိုမြွေသည်းခြေကို ပါးစပ်ထဲ ပစ်ထည့်ပြီး ဝါးစားလိုက်သည်။
အမြီးသရဖူမြွေ၏ သည်းခြေအကြောင်း မသိသော်လည်း နီကွမ်း၏ ပျော်ရွှင်နေသော အမူအရာအရ ထိုမြွေသည်းခြေသည် သူ့အတွက် အတော့်ကို အကျိုးရှိမှန်း သိနိုင်ပေသည်။
ထို့နောက်တွင် အမြီးသရဖူမြွေ၏ ခန္ဓာကိုယ်ကို ဘေးသို့ ပစ်ထုတ်လိုက်၏ “ဒီမြွေသားရဲမှာ ဘာအမြူတေမှာ မရှိဘူး။ သူ့မှာ အဖိုးတန်တာဆိုလို့ သည်းခြေအိတ်ပဲ ရှိတယ်။ ရှေးခေတ်က အဆိုအရတော့ ဒီမြွေသည်းခြေအိတ်တွေကို အများကြီး စားပြီးရင် အဆိပ်မျိုးစုံကို ခံနိုင်ရည်ရှိလာတယ်တဲ့။ ဒီမှာ တစ်ကောင်ပဲ ရှိတာ ဆိုးသွားတယ်… အများကြီးသာရှိရင် ကောင်းမှာ”
ပြောပြီးသည်နှင့် လော့လန်ဘေးသို့ ရောက်လာပြီး အလောင်းကို စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် သက်ပြင်းချ၍ “သူက ထုန်းလေပဲ”
“စီနီယာနီသူ့ကို သိတာလား” လော့လန်က မေးလိုက်သည်။
နီကွမ်းက ခေါင်းညိတ်ပြလိုက်လေသည် “ငါတို့ အရင်တုန်းက တွေ့ဖူးတယ်။ အရာင်းအဝယ် ကိစ္စနဲ့ ပက်သက်ပြီးတော့ပေါ့။ ဒါပေမယ့် ဟိုးအရင်တုန်းကပါ။ ဒီကောင် အဆင့်ကိုးသားရဲတစ်ကောင် သတ်လို့ သေသွားရလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး။ ကြည့်ရတာ ကမ္ဘာပျက်ထဲမှာ နည်းနည်းလေးမှ သတိလွတ်သွားလို့ မဖြစ်ဘူးနဲ့တူတယ်”
အပြင်လောကကြီးတွင်သာဆိုလျှင် မည်သည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူကများ အဆင့်ကိုးသားရဲ တစ်ကောင် သတ်လို့ သေမည်နည်း။ အဆင့်ကိုးသားရဲများသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများနှင့် အတူတူပင်။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူသာ သူတို့၏ နယ်ပယ်ကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် သာမန်တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးအဖို့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနားသို့ မည်သို့မှ တိုးကပ်သွားနိုင်လိမ့်မည် မဟုတ်ချေ။ သို့ရာတွင် ဤကမ္ဘာပျက်ထဲတွင်တော့ အဆင့်ကိုး မွန်းစတားသားရဲကိုပင် သွားလျှော့တွက်၍ မရချေ။
“ရွှယ့်ယွယ်၊ အဲ့လက်စွပ်ကိုယူလိုက်” နီကွမ်းက ပြောလိုက်သည်။
ရွှယ့်ယွယ်သည် ခေါင်းညိတ်လိုက်ပြီး ထုန်းလေ့၏ လက်ထဲမှ သိုလှောင်လက်စွပ်ကို ကောက်ယူကာ သိမ်းထားလိုက်လေသည်။
ရန်ကိုင်နှင့်လော့လန်တို့ နှစ်ဦးစလုံး ဘာမှ မပြောကြပေ။
ရန်ကိုင်၏ ခွန်အားသည် နိမ့်ကျသလို ယခုတစ်ကြိမ် တိုက်ပွဲတွင် သူကူညီပေးခဲ့သည့်အရာ ဘာမှမရှိချေ။ ထို့ကြောင့် ဝေစုရရန်အတွက် သူ့တွင် အခွင့်အရေးမရှိ။ လော့လန်အတွက်မူ အစကတည်းက နီကွမ်း သူ့အား သတိပေးပြီးသားပင်။ သူ့နောက်သို့ လိုက်မည်ဆိုပါက သူမအတွက် ဝေစုရှိလိမ့်မည်ဟု အာမခံချက်မရှိချေ။ ထို့ကြောင့် သူ့အား မမျှတဘူးဟုဆိုကာ သွားအပြစ်တင်၍မ ဖြစ်ချေ။
“သွားကြရအောင်၊ အခုကနေစပြီး အကုန်လုံး သေချာ သတိထားကြပေတော့။ ပုံမှန်မဟုတ်တဲ့ နေရာတွေဆီ လုံးဝ လျှောက်မသွားမိစေနဲ့” နီကွမ်းက သတိပေးလိုက်သည်။
“ခဏနေပါဦး” ရန်ကိုင်သည် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားပြီး ရွှေရောင်သွေးမျှင်တစ်မျှင်ကို အမြီးသရဖူမြွေဆီသို့ ပစ်လွှတ်လိုက်လေသည်။
ကျန်သုံးယောက်သည် ရန်ကိုင် ဘာများ လုပ်မလဲဟူသော အကြည့်ဖြင့် သူ့အား လှည့်ကြည့်လာကြသည်။
ရွှေရောင်သွေးမျှင်သည် အမြီးသရဖူမြွေ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက် တိုးလျလျ အသံများနှင့်အတူ အမြီးသရဖူမြွေ၏ ခန္ဓာကိုယ်သည် အပေါ်ယံ အရေပြားလွှာသာ ကျန်တော့သည်အထိ ခြောက်ကပ်လာခဲ့၏။
ခဏအကြာတွင် ရွှေရောင်နှင့်အနီရောင် ရောစပ်နေသော သွေးမျှင်သည် ရန်ကိုင်၏ လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။
နီကွမ်းသည် ရန်ကိုင်လက်ထဲရှိ ရွှေရောင်သွေးမျှင်ကို ကြည့်၍ မေးလိုက်၏ “ကောင်လေး၊ ဒါ သိုင်းပညာရပ်လား… မှော်ရတနာလား”
ရွှေရောင်သွေးမျှင်ဆီမှ ထူးဆန်ပြီး နားလည်ရခက်သည့် စွမ်းအင်လှိုင်းများကို ခံစားနေရသည်။ ရွှေရောင်သွေးမျှင်သည် မှော်ရတနာတစ်ခုနှင့် တူသော်ငြား ၎င်းဆီမှ အလွန်အားကောင်းသည့် အသက်စွမ်းအင်တို့ ဖြာထွက်နေခဲ့သည်။
“သိုင်းပညာရပ်နဲ့ မှော်ရတနာနှစ်ခုကြားပေါ့” ရန်ကိုင်က ပြုံးလျက် ဖြစ်သလို ပြန်ရှင်းပြလိုက်သည်။
ရွှေရောင်သွေးမျှင်များသည် သူ့သွေးမှ ဖြစ်တည်လာခြင်း ဖြစ်သည့်အတွက် သိုင်းပညာရပ်တစ်ခုဟု ပြော၍ရသော်လည်း ၎င်းတွင် မှော်ရတနာတစ်ခု၏ ဝိသေသလက္ခဏာများ ရှိနေသည်။ ထို့ကြောင့် ရွှေရောင်သွေးမျှင်အား သိုင်းပညာရပ်ဖြစ်သည်ဟု ပြောဖို့ရာ သိပ်မသင့်တော်သလို မှော်ရတနာတစ်ခု ဖြစ်သည်ဟု ပြောလို့လည်း မရချေ။
“ထူးဆန်းတယ်” နီကွမ်း ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ သူအသက်ရှင်လာသည့် သက်တမ်းတစ်လျှောက်လုံး ဤကဲ့သို့ ထူးဆန်းသည့် သိုင်းပညာရပ်မျိုး တစ်ခါမှ မမြင်ဖူးချေ။ သို့သော် ဤလောကကြီးသည် အလွန်ကိုမှ ကျယ်ပြောလေရာ မည်သူကများ ဤလောကကြီးထဲရှိ အကြောင်းအရာ အကုန်လုံးကို သိနိုင်မည်နည်း။ ထို့ကြောင့် ရန်ကိုင်၏ သိုင်းပညာရပ်အကြောင်း သူမသိသည်မှာ အထူးအဆန်းမဟုတ်။ ခဏလောက် စဉ်းစားပြီးနောက် နီကွမ်းက ထပ်မေးလိုက်လေသည် “ဒါက အမြီးသရဖူမြွေရဲ့ သွေးအဆီအနှစ်ကို စုပ်ယူနိုင်တယ်မလား။ အဲ့ဒါကို စုပ်ယူပြီး ဘာဖြစ်သွားမှာလဲ”
“ဟုတ်တယ်၊ စုပ်ယူနိုင်တယ်။ စုပ်ယူပြီးတော့…” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ရွှေရောင်သွေးမျှင်ကို ထိန်းချုပ်လိုက်သည်။ သူ့လက်ထဲ ဝဲနေသော ရွှေရောင်သွေးမျှင်သည် တွန့်လိမ်လာပြီး အမြီးသရဖူမြွေ တစ်ကောင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၆၂)
ထိုအကြောင်းကြောင့်ပင် ရွှေရောင်သွေးမျှင်ပညာရပ်သည် သွေးနတ်ဆိုးကျောင်းတော်သားများ လက်ထဲတွင် အစွမ်းကုန် မတောက်ပနိုင်ခြင်း ဖြစ်သည်။ ရွှေရောင်သွေးမျှင်အား ပုံစံ အမျိုးမျိုးသို့ ပြောင်းလဲနိုင်ရန်အတွက် မြောက်မြားလှစွာသော သွေးအဆီအနှစ်ကို လိုအပ်ပေသည်။ သွေးနတ်ဆိုးကျောင်းတော်ရှိ မည်သူ့တွင်မှ ထိုမျှ များပြားလှသော သွေးအဆီအနှစ်များ ရှိမနေခဲ့ပေ။
တစ်နည်းဆိုရသော် ဤနည်းစနစ်ကို တီထွင်ခဲ့သူသည် တီထွင်ရုံသာတီထွင်နိုင်ခဲ့ပြီး ဤကျင့်စဉ်ကို ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ခြင်း မရှိချေ။
ရန်ကိုင်အတွက်ကတော့ ထိုကဲ့သို့ မဟုတ်။ ဤနည်းစနစ်သည် သူ့အတွက် အထူးဖန်တီးပေးထားသလားဟုပင် မှတ်ရသည်။ ရန်ကိုင်ကိုယ်ထဲရှိ ရွှေရောင်သွေးအဆီအနှစ်သာ လုံလောက်နေသရွေ့ သူ့အနေဖြင့် ရွှေရောင်သွေးမျှင်များကို စိတ်ကြိုက် ဖန်တီးနိုင်ပေသည်။
ယခုအချိန်ထိ ရန်ကိုင် ဖန်တီးထားသော သွေးသားရဲဆို၍ စုစုပေါင်းမှ နှစ်ကောင်သာ ရှိသေးသည်။ ထိုနှစ်ကောင်မှာ မွန်းစတားဧကရာဇ်ကြယ်ပေါ်ရှိ မီထျန်း၏ မိုးကြိုးမီးတောက်ဖွတ် နှစ်ကောင်ဖြစ်ပေသည်။ လက်ရှိရန်ကိုင်အတွက် ထိုသားရဲ နှစ်ကောင်မှာ သိပ်အသုံးမဝင်သဖြင့် တိုက်ခိုက်ရာ၌ ထိုသားရဲ နှစ်ကောင်ကို မသုံးဖြစ်ချေ။
သွေးသားရဲများသည် အရေအတွက်ပမာဏ တစ်ခုအထိသို့ ရောက်သည့်အခါမှသာ အသုံးဝင်လာပေလိမ့်မည်။
အဆင့်ကိုးသွေးသားရဲ တစ်ကောင်နှစ်ကောင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို အန္တရာယ် မပေးနိုင်ချေ။ သို့သော်ငြား သွေးသားရဲများ ရာနှင့်ချီလာသည့် အခါတွင်တော့ တန်ခိုးရှင်ဘုရင်အဆင့်ပင် ထိတ်လန့်လာရပေလိမ့်မည်။
အဆင့်ကိုးသားရဲများသည် ရှာရခက်သည့်အတွက် ယခင်က သွေးသားရဲများ ဖန်တီးရန် ရန်ကိုင် မစဉ်းစားခဲ့ချေ။ သို့သော် ဤကမ္ဘာပျက်ကြီးသည် အဆင့်မြင့်သားရဲများ ကျက်စားသည့် နေရာတစ်ခုဖြစ်သည်။ ထို့အပြင် ထိုအဆင့်မြင့် သားရဲများသည် ရှေးခေတ်သွေးမျိုးဆက်များကိုပင် ပိုင်ဆိုင်ထားကြသေးသည်။ ဤနေရာသည် သွေးသားရဲများကို ဖန်တီးရန်အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်သည်။
ထို့ကြောင့် ရန်ကိုင်သည် သူ့ဝှက်ဖဲများကို မဖုံးကွယ်တော့ဘဲ အားလုံးရှေ့တွင် ထုတ်သုံးပြလိုက်ခြင်း ဖြစ်သည်။
ရန်ကိုင်ကိစ္စ ပြီးသွားသည်ကို မြင်သော် နီကွမ်းသည် ခေါင်းသာ ညိတ်ပြလိုက်ပြီး ဘာမှထပ်မေးတော့ဘဲ ဟင်းလင်းပြင် အက်ကြောင်းများကို ရှာဖွေသည့် မှော်ရတနာကို ပြန်ထုတ်၍ ထပ်မံ ခရီးဆက်လေသည်။
ကမ္ဘာပျက်ကြီးသည် အန္တရာယ်နှင့် အကျိုးအမြတ်များ ဒွန်တွဲနေသည့် နေရာတစ်ခု ဖြစ်သည်။
ဤနေရာတွင် မျိုးတုန်းပျောက်ကွယ်သွားပြီဆိုဖြစ်သော ဆေးပင်နှင့် တွင်းထွက်ပစ္စည်းများစွာရှိသလို မရေမတွက်နိုင်သော ရှေးခေတ်သားရဲများစွာလည်း ရှိပေသည်။
တန်ခိုးရှင်တတိယအဆင့် ပညာရှင်နှစ်ဦး ရှိနေခြင်းသည် အဖွဲ့အား ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော်လည်း ရန်ကိုင်တို့ အဖွဲ့သည် အတော်လေး အားကောင်းသည်ဟု ပြော၍ရသည်။
ဆေးတောင်ကြားဆီသို့သွားရင်း လမ်း၌ အဖိုးတန်ပစ္စည်းများ ရံဖန်ရံခါ တွေ့ကြရလေသည်။
ရန်ကိုင် ထင်ထားသလိုပင် ကမ္ဘာပျက်ကြီးတစ်ခုလုံးသည် အဆင့်မြင့်သားရဲများနှင့် ပြည့်နေခဲ့သည်။ မွန်းစတားသားရဲတိုင်းသည် အဆင့်ကိုးများ မဟုတ်ကြသော်ငြား အဆင့်ရှစ်ထက်နိမ့်သည့် မွန်းစတားသားရဲ တစ်ကောင်ကိုမှ ရန်ကိုင် မတွေ့ခဲ့ရချေ။
အဆင့်တစ်ဆယ် မွန်းစတားသားရဲနှစ်ကောင်ကိုလည်း တွေ့ခဲ့သေးသည်။ ထိုနှစ်ကောင်အနက် တစ်ကောင်သည် နီကွမ်းကိုပင် ထိတ်လန့်အောင် လုပ်နိုင်၏။ ထို့ကြောင့် ရန်ကိုင်တို့လည်း ထိုသားရဲကို ကွေ့ပတ်ရှောင်ကွင်းပြီးတော့သာ သွားခဲ့ရသည်။ သို့ရာတွင် ကျန်သည့်တစ်ကောင်ကိုမူ သူတို့ သတ်ပစ်နိုင်ခဲ့လေသည်။
မွန်းစတားသားရဲတစ်ကောင် အသတ်ခံရတိုင်း အဖိုးတန် အစိတ်အပိုင်းများ ဖြစ်ကြသော မွန်းစတားအမြူတေ၊ သည်းခြေအိတ်၊ လက်သည်း၊ ခြေသည်းများနှင့် သွားများကို နီကွမ်းနှင့် ရွှယ့်ယွယ်တို့ကသာ ယူသွားကြသည်။ ရံဖန်ရံခါတွင်မူ လော့လန်အား သားရဲအစိတ်အပိုင်အချို့ ပေးလေ့ရှိသည်။
ရန်ကိုင်ကမူ ဘာမှ သွားမတောင်းခဲ့ပေ။ ထို့အစား ရွှေရောင်သွေးမျှင်များကိုသုံး၍ သေသွားသည့် မွန်းစတားသားရဲများ၏ သွေးအဆီအနှစ်ကို ဝါးမြိုလေသည်။
ရက်အနည်းငယ်အတွင်း ရန်ကိုင်တွင် သွေးသားရဲ ဆယ်ကောင်မက ရှိလာခဲ့ပြီး ထိုသားရဲများအနက် တစ်ကောင်သည် အဆင့်တစ်ဆယ် သွေးသားရဲဖြစ်သည့် သံမဏိမီးတောက်တစ္ဆေပင့်ကူ ဖြစ်ပေသည်။
ဤအဆင့်တစ်ဆယ် မွန်းစတားသားရဲသည် အလွန်ကိုမှ သတ်ရခက်သည့် မွန်းစတားသားရဲ တစ်ကောင် ဖြစ်သည်။ သားရဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တငွေ့ငွေ့လောင်ကျွမ်းနေသော အဖြူရောင် မီးတောက်များဖြင့် ဝန်းရံထားသည်။ နီကွမ်း ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ၊ ရွှယ်ယွယ်၊ လော့လန်တို့ သုံးယောက်တည်းနှင့် ထိုသားရဲကို မည်သို့မှ သတ်နိုင်လိမ့်မည် မဟုတ်ချေ။
သူရထားသည့် သွေးသားရဲများအနက် ဤသွေးသားရဲသည် အားအကောင်းဆုံး သွေးသားရဲဖြစ်သည်။
သံမဏိမီးတောက်တစ္ဆေပင့်ကူအပြင်၊ ဇာမီဏီငှက်၊ ကြယ်ဘုရင်လိပ်၊ မျက်လုံးရှစ်လုံးနတ်ဆိုးဖား၊ ခရမ်းမိုးကြိုးကျားသစ်၊…. ထူးခြားပြီး အားကောင်းသော သွေးမျိုးဆက်များ ပိုင်ဆိုင်ထားသည့် ရှေးဟောင်းမွန်းစတားသားရဲ မျိုးစုံတို့သည် လက်ရှိ သူ့လက်အောက်တွင် ရှိလာခဲ့လေပြီ။
အပေါ်ယံရှပ်ကြည့်မည်ဆိုလျှင် ရန်ကိုင် ဘာမှ မရခဲ့ဘူးဟု ထင်ရသော်ငြား တကယ်တမ်းတွင် ရန်ကိုင် အများကြီး အမြတ် ထွက်ခဲ့ပေသည်။
လက်ရှိ သူရလိုက်သည်မှာ သူ့ခွန်အားကို တိုးတက်စေသည့် အရာများ ဖြစ်ကြသော်ငြား အခြားသူများ ရလိုက်သည့် အရာများမှာမူ ပြန်လည်ပြင်ဆင်ပြီးမှ အသုံးပြု၍ရမည့် ပစ္စည်းများ ဖြစ်ကြသည်။
ရက်အနည်းငယ်ကြာအောင် အတူသွားပြီးနောက်တွင် နီကွမ်းနှင့် လော့လန်တို့လည်း ထိတ်လန့်လာခဲ့ကြသည်။
ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များကို အတိုင်းအဆမရှိ ပိုင်ဆိုင်ထားလေသလားဟုပင် သူတို့ ထင်လာခဲ့ကြသည်။ အမြီးသရဖူမြွေ၏ အလောင်းကို သွေးသားရဲအဖြစ် ပြောင်းပစ်စဉ်က နီကွမ်း သိပ်ဂရုမစိုက်ခဲ့ချေ။
သို့သော်လည်း လက်ရှိ ရန်ကိုင်ပိုင်ဆိုင်ထားသည့် သွေးသားရဲ အရေအတွက်သည် သူပင် အာရုံမစိုက်ဘဲ မနေနိုင်သည့် အဆင့်ထိသို့ ရောက်လာခဲ့လေပြီ။
ထိုသွေးသားရဲများကိုသာ တစ်ပြိုင်တည်း ရင်ဆိုင်ရလျှင် သူပင် အတော်လေး ခေါင်းကိုက်ရနိုင်ပေသည်။
ထို့အပြင် ကြည့်ရသလောက်လည်း ဤသည်မှာ ရန်ကိုင်၏ အကန့်အသတ် ဟုတ်သေးသည့်ပုံမပေါ်။
ရန်ကိုင် လက်ထဲ သွေးသားရဲပေါင်းများစွာ ရှိလာသည့်အခါ မည်သို့များ ဖြစ်လေမလဲ နီကွမ်း တွေးပင် မတွေးတတ်တော့ချေ။ ထို့ကြောင့် နောက်ဆုံးတွင် ရန်ကိုင်အား သေချာအာရုံစိုက်လာခဲ့၏။
သွားနေရင်း ရန်ကိုင်အား ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲသို့ ခေါ်လို့ရမရ သိရလေအောင် ရွှယ့်ယွယ်အား ကောင်းကင်စိတ်အာရုံဖြင့် ရန်ကိုင် အကြောင်းကို မေးမြန်းကြည့်လေသည်။
ကံမကောင်းစွာဖြင့် ရွှယ့်ယွယ်သည် ရန်ကိုင့် အကြောင်းကို ဘာမှ မသိထားခဲ့ပေ။ ထို့ကြောင့် သေချာရေရာသည့် အဖြေတစ်ခု ပြန်မပေးနိုင်ခဲ့။ သို့သော် သူမကိုယ်တိုင်သည်လည်း ရန်ကိုင်အား ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲသို့ ခေါ်ချင်မိသည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ရန်ကိုင်လက်ထဲရှိ သွေးသားရဲအရေအတွက်သည် အကောင်နှစ်ဆယ်သို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်၏ သွေးသားရဲစစ်တပ်သည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေခဲ့လေပြီ။ ထို့အပြင် သွားနေရင်း မွန်းစတားသားရဲများနှင့် တွေ့သည့်အခါ ယခင်ကကဲ့သို့ နီကွမ်းနှင့် လော့လန်တို့ လှုပ်ရှားစရာမလိုတော့ချေ။ ရန်ကိုင်၏ သွေးသားရဲ စစ်တပ်ကို စေလွှတ်လိုက်ရုံနှင့်ပင် ရန်သူ မွန်းစတားသားရဲကို သတ်ပစ်နိုင်ပေသည်။
ယနေ့တွင် ရှေ့ဆုံးမှသွားနေသော နီကွမ်းသည် ရုတ်တရက် ရပ်လိုက်ပြီး မျက်မှောင်ကြုတ်၍ ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေသည်။
“ဦးလေးနီ၊ ဘာဖြစ်လို့လဲ” လှည့်ပတ်ကြည့်လိုက်သော်လည်း ဘာမှမတွေ့သဖြင့် ရွှယ့်ယွယ်သည် ဇဝေဇဝါဖြင့် နီကွမ်းကို မေးလိုက်လေသည်။
“တစ်ယောက်ယောက် လာနေတယ်” နီကွမ်း၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ချက်ချင်း တစ်ဖက်သို့ လှည့်ကြည့်လိုက်သည် “ဒီကောင်တွေ အမြန်လာနေကြတာ”
ထိုစကားကြားသည့်အခါ အခြားသူအားလုံး ချက်ချင်း သတိကပ်လိုက်ကြပြီး နီကွမ်း ကြည့်နေသည့်ဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။
မကြာမီ မိုးကုတ်စက်ဝိုင်းအောက်ဆီမှ သက်ရှိလူတစ်ဦး၏ အရှိန်အဝါကို ရန်ကိုင်နှင့်လော့လန်တို့ အာရုံခံမိလိုက်လေသည်။ ထိုလူသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူတစ်ဦးတည်း လာနေခြင်းမဟုတ်ဘဲ သူနှင့်အတူ အခြား ကျင့်ကြံသူတစ်ဦးလည်း ပါလာခဲ့လေသည်။
မကြာမီ ထိုနှစ်ဦး အားလုံးမြင်ကွင်းထဲ ပေါ်လာခဲ့သည်။
တမင်သက်သက်လား၊ တိုက်ဆိုင်ခြင်းပဲလား မသိရာ၊ ထိုနှစ်ဦး သွားနေသည့်ဘက်သည် ရန်ကိုင်တို့အဖွဲ့ ရပ်လိုက်သည့်နေရာ ဖြစ်နေခဲ့သည်။ မကြာမီ သူတို့ နှစ်ဖွဲ့ကြား အကွာအဝေး တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့လေသည်။
ထိုအခါမှ သူတို့ဆီလာနေသည့် လူနှစ်ဦး မည်သူမှန်း နီကွမ်း သိသွားတော့သည်။ နှာခေါင်းရှုံ့လျက် အေးစက်စက် အမူအရာဖြင့် “လတ်စသတ်တော့ အဲ့သူတောင်းစားနှစ်ကောင်ကိုး”
“တကယ်ကြီး သူတို့ပဲ” လော့လန်သည်လည်း မျက်ခုံး ကြုတ်သွားခဲ့သည်။
ရန်ကိုင်သည်လည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤထဲသို့ ဝင်မလာခင်က ရွှယ့်ယွယ်သည် ဝင်ပေါက်ရှေ့တွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအား ရန်ကိုင်နှင့် မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် ယခု ရောက်လာသူများကိုလည်း သူသိပေသည်။
နှစ်ယောက်အနက် တစ်ယောက်မှာ လူအိုကြီးတစ်ဦး ဖြစ်ပြီး ကျန်တစ်ဦးမှာ သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်သည်။
လူအိုကြီးမှာ ကြယ်တာရာအက်ကြောင်း၏ အကြီးအကဲ တစ်ဦးဖြစ်သော ခုန်ဖ ဖြစ်ပေသည်။
ကြယ်တာရာအက်ကြောင်းသည် ကြယ်စီရင်စုထဲတွင် မဟာအင်အားစုကြီးတစ်ခု ဖြစ်သည်။ သို့သော်လည်း အခြားသော အင်အားစုတစ်ခုဖြစ်သည့် စွန့်ပစ်ကုန်းမြေကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်အားစုတစ်ခု ဖြစ်သည်။ ထိုအင်အားစုကြီး နှစ်ခုသည် ခိုးဆိုးလုယူဓါးပြတိုက်မှုများကြောင့် ကျော်ကြားသည့် လူရမ်းအား အင်အားစုများ ဖြစ်ကြပေသည်။
ရှင်းရှင်းပြောရလျှင် ထိုအင်အားစုကြီး နှစ်ခုစလုံးသည် ဓါးပြားများ၊ လူဆိုးလူမိုက်များဖြင့် ဖွဲ့စည်းထားသည့် အင်အားစုများ ဖြစ်ကြသည်။ ဓါးအဖွဲ့အစည်း၊ ခရမ်းကြယ်နှင့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းတို့ အားလုံး ထိုအင်အားစုများကြောင့် ဒုက္ခကောင်းကောင်း ရောက်ခဲ့ကြရသည်။ ကြယ်စီရင်စုထဲသို့ စေလွှတ်လိုက်သော သူတို့၏ ကြယ်သင်္ဘောများ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြသည်မှာ ထိုအင်အားစုကြီး နှစ်ခု၏ လက်ချက်ကြောင့် ဖြစ်သည်။
မျက်မြင်သက်သေ မရှိသော်လည်း စဉ်းစားတတ်သူတိုင်း လက်သည်တရားခံမှာ ထိုအင်အားစုနှစ်ခုမှန်း သိပေလိမ့်မည်။
ထို့ကြောင့် ကြယ်တာရာအက်ကြောင်းနှင့် စွန့်ပစ်ကုန်းမြေမှ လူများသည် ကြယ်စီရင်စုကြီးတစ်ခုလုံး၏ မုန်းတီးခြင်းကို ခံရလေသည်။
ထိုအင်အားစုကြီးနှစ်ခုသည် ကြယ်သင်္ဘောများကိုသာ ဓါးပြတိုက်ကြခြင်းမဟုတ်။ အကာအကွယ်ကောင်းကောင်းမရှိသည့် ကျင့်ကြံရေးကြယ်များကိုလည်း ဝင်စီးတတ်ပြီး ဝင်စီးခံရသည့် ကြယ်ပေါ်ရှိ ကျင့်ကြံသူများကို သူ့တို့ ဠာနချုပ်သို့ ပြန်ခေါ်သွားကာ ကျွန်အဖြစ်လည်း ခိုင်းစေကြသေးသည်။
သို့ရာတွင် ထိုအင်အားစုကြီးနှစ်ခုမှာ အားနည်းသည့် အင်အားစုကြီးများ မဟုတ်ကြသည့်အတွက် အခြား အင်အားစုများ အဖို့ သူတို့အား အမြစ်ဖြတ်သုတ်သင်နိုင်ခြင်း မရှိကြချေ။
ကမ္ဘာပျက်ထဲသို့ ဝင်မလာခင် ထိုခုန်ဖဆိုသည့်လူသည် ကြယ်တာရာအက်ကြောင်းမှ ဓါးပြတစ်ဦးဖြစ်ကြောင်း ရွှယ့်ယွယ်မှ ရန်ကိုင်ကို သတိပေးခဲ့သည်။
ထိုလူအိုကြီးသည် ရင်းနှီးဖော်ရွေဟန် ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်သည့် လူတစ်ဦး ဖြစ်သည်။
လူအိုကြီးနှင့်အတူ သွားနေသော သက်လတ်ပိုင်းလူကြီးမှာ စွန့်ပစ်ကုန်းမြေမှ ရှုဝေဖြစ်ပေသည်။ သူသည်လည်း ထိုအင်အားစု၏ အကြီးအကဲတစ်ဦး ဖြစ်သည်။
ရှုဝေသည် တစ်ချိန်က ခရမ်းကြယ်၏ ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ပြီး အကြောင်းအရင်းတစ်ခုခုကြောင့် ခရမ်းကြယ်ကို သစ္စာဖောက်၍ စွန့်ပစ်ကုန်းမြေထဲ ဝင်ခဲ့သည်ဟု ကောလဟာလများ ရှိကြပေသည်။
ရှုဝေ ပုန်ကန်သည့် အချိန်တွင် သူ့လက်အောက်၌ ရှိနေသော လူအားလုံးကို သတ်ပစ်ခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် ခရမ်းကြယ်တစ်ခုလုံး ဂယက် ရိုက်သွားခဲ့သည်။ ခရမ်းကြယ်သည် ရှုဝေကို အမဲလိုက်ရန်အတွက် ပညာရှင်များကိုပင် စေလွှတ်ခဲ့သေးသည်။ ကံမကောင်းစွာဖြင့် ရှုဝေသည် သူတို့၏ ဝိုင်းရံမှုမှ ရုန်းထွက်ကာ စွန့်ပစ်ကုန်းမြေသို့ ထွက်ပြေးခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် ခရမ်းကြယ် အတော်လေး မျက်နှာပျက်သွားခဲ့ရသည်။
နှစ်ပေါင်းများစွာကြာအောင် စွန့်ပစ်ကုန်းမြေတွင် နေလာပြီးနောက်တွက် ရှုဝေသည် စွန့်ပစ်ကုန်းမြေ၏ အကြီးအကဲ တစ်ဦး ဖြစ်လာခဲ့လေသည်။
ထိုနှစ်ယောက်စလုံးသည် မကောင်းသတင်းဖြင့် ကျော်ကြားသည့်လူများ ဖြစ်ကြသည်။ သို့ရာတွင် သူတို့နှစ်ဦး ဘာကြောင့် အတူသွားနေရလဲ မည်သူမှ နားမလည်ကြချေ။ နီကွမ်းတို့ဆီ ဘာကြောင့် လာနေသလဲဆိုလျှင်တော့ ပို၍ပင် နားလည်စရာမရှိတော့။
ထိုနှစ်ဦးကို မြင်လိုက်သည့်အခါတွင် နီကွမ်းသည် ထိတ်လန့်သွားခြင်းမရှိဘဲ လှောင်ပြုံးပြုံးလျက် “ကောင်းတယ်။ အပြင်မှာတော့ လုပ်ဖို့သိပ်အဆင်မပြေလို့ မလုပ်လိုက်ရဘူး။ ဒါပေမယ့် ဒီကောင်တွေက လာသေချင်နေမှတော့ ငါကလည်း သူတို့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။ အကြီးအကဲလော့၊ သူတို့ထဲက တစ်ယောက်ကိုထိန်းထား။ ကျန်တဲ့တစ်ယောက်ကို သတ်ပြီးတာနဲ့ ကျုပ်ခင်ဗျားကို လာကူညီပေးမယ်”
“ဟုတ်ကဲ့” လော့လန်၏ မျက်နှာလေးလည်း အေးစက်စက် ဖြစ်နေခဲ့သည် “ကျွန်မတို့ ဓါးအဖွဲ့အစည်းကလည်း အဲ့နှစ်ယောက်ကို အတော်လေး အခဲမကြေ ဖြစ်နေတာ။ သူတို့က လည်လာစင်းပေးမှတော့ ကျွန်မကလည်း သူတို့ကို ဘာလို့ လွှတ်ပေးရမှာလဲ”
“မင်းတို့နှစ်ယောက် နောက်ဆုတ်နေ။ တိုက်ပွဲထဲ ဝင်မပါနဲ့” နီကွမ်းက ရန်ကိုင်နှင့် ရွှယ့်ယွယ်ကို အမိန့်ပေးလိုက်လေသည်။
ရန်ကိုင်နှင့် ရွှယ့်ယွယ်သည် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်ကြလေသည်။
တန်ခိုးရှင်ဘုရင်အဆင့်များ တိုက်ပွဲသည် အလွန်ကိုမှ ပြင်းထန်လေရာ ရန်ကိုင်အနေဖြင့် ထိုတိုက်ပွဲကြားထဲ ဝင်ပါလိုခြင်း မရှိချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၆၃)
ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ နောက်ဆုတ်ပြီးသွားရုံတင်ရှိသေး၊ ပျံသန်းလာနေသော ခုန်ဖက လှမ်းအော်ပြောလေသည် “ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက စီနီယာနီလား”
နီကွမ်းမှန်း သိသည့်တိုင် ရှောင်သွားရန် မကြိုးစားဘဲ နှုတ်ပင် နှုတ်ဆက်လိုက်လေသည်။ သူတို့ လုပ်ပုံမှာ အတော်လေးကို ပုံမှန် မဟုတ်ချေ။ သူတို့ကြောင့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း ဒုက္ခရောက်ခဲ့ရပေါင်းမနည်းချေ။ ပုံမှန်သာဆိုလျှင် နီကွမ်းနှင့် တွေ့လျှင် ချက်ချင်း ရှောင်ထွက်သွားသင့်ပေသည်။ ဘာကြောင့်များ မရှောင်ထွက်သွားဘဲ နီကွမ်းကိုပင် လာ၍ နှုတ်ဆက်နေလေသနည်း။
နီကွမ်းသည်လည်း သူတို့လုပ်ရပ်ကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ တစ်ဖက်လူ တစ်ခုခု ထူးဆန်းနေမှန်း သတိပြုမိလိုက်သည့်နောက် လော့လန်အား သတိထားရန် တိတ်တဆိတ် အချက်ပြလိုက်လေသည်။ ထို့နောက် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “ဟုတ်တယ်။ ငါနီကွမ်းပဲ”
ခုန်ဖက ရုတ်တရက် ပျော်သွားခဲ့ပြီး ချက်ချင်း အော်ပြောလိုက်လေသည် “စီနီယာနီ၊ ဒီခုန်ကို တစ်ခုလောက် ကူညီပေးပါလား။ စီနီယာနီသာ ကူညီပေးမယ်ဆိုရင် ဒီခုန် စီနီယာနီကို ကောင်းကောင်း ကျေးဇူးပြန်ဆပ်ပါ့မယ်”
“ကူညီပေးရမယ်” နီကွမ်း ကြောင်သွားခဲ့သည်။ ထို့နောက် တစ်ခုခုကို ချက်ချင်း နားလည်သွားပြီး နီကွမ်းနှင့် ရှုဝေနောက်သို့ လှည့်ကြည့်လိုက်လေသည်။ ထို့နောက် ချက်ချင်းပဲ မျက်စိပျက် မျက်နှာပျက် ဖြစ်သွားကာ အော်ဟစ်သတိပေးလိုက်လေသည် “မကောင်းတော့ဘူး”
သူရှိနေမှန်း သိသည့်တိုင် ခုန်ဖနှင့် ရှုဝေတို့ ဘာကြောင့် သူဆီ လာရဲလဲဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားလေပြီ။
ထိုနှစ်ယောက်သည် ရှေးဟောင်းသားရဲအုပ်၏ အလိုက်ခံနေရခြင်း ဖြစ်သည်။ ယခုမှပဲ ဘာဖြစ်နေလဲဆိုသည်ကို ရန်ကိုင်နှင့် အခြားသူများလည်း နားလည်သွားခဲ့သည်။
ခုန်ဖနှင့်ရှုဝေသည် သူတို့ဆီသို့ ပြေးလာကတည်းက သံသယဝင်စရာ မည်သည့်လုပ်ရပ်ကိုမှ မလုပ်ခဲ့ချေ။ သို့သော် သူတို့ပုံစံမှာ တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲထားရသည့်အလား အတော်လေးကို ဖရိုဖရဲ ဖြစ်နေသည်။ နှစ်ယောက်စလုံး ဒဏ်ရာများပင် ရထားကြသေးသည်။
စစချင်းတော့ တန်ခိုးရှင်ဘုရင်အဆင့်နှစ်ဦး ဘာကြောင့်များ ဤကဲ့သို့ ဖြစ်နေရသလဲ တွေးမိသွားသည်။ သို့သော် ခုန်ဖ၏ အကူအညီတောင်းသံကို ကြားလိုက်သည့်နောက် သူ့နောက်ဘက်မှ ရောင်စုံအလင်းတန်းတစ်ခု လိုက်လာနေသည်ကို သတိပြုမိလိုက်သည်။ ထိုရောင်စုံအလင်းမှာ အလွန်ကိုမှ တောက်ပပေသည်။ တဖြည်းဖြည်းနီးလာသည့်နောက်တွင် ထိုရောင်စုံအလင်းတန်းများသည် လိပ်ပြာနှင့်တူသော အင်းဆက်တစ်အုပ် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
ထိုလိပ်ပြာများသည် ပုံမှန်ကဲ့သို့ ပျံသန်းနေခြင်းမဟုတ်ဘဲ တာတိုတည်နေရာခုန်ကူးကာ ပျံသန်းနေခြင်းဖြစ်သည်။ သူတို့၏ တောင်ပံကို တစ်ချက်ခတ်လိုက်တိုင်း မူလနေရာမှ ပျောက်ကွယ်သွားပြီး အနည်းငယ် ဝေးကွာသည့် တစ်နေရာ၌ ပြန်ပေါ်လာသည်။ ထိုနည်းဖြင့် သူတို့နှင့် ခုန်ဖတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့လေသည်။
သူမြင်ရသလောက် ခုန်ဖနှင့်ရှုဝေတို့နောက်သို့ လိုက်နေသည့် လိပ်ပြာအရေအတွက်မှာ အနည်းဆုံး အကောင် (၁၀၀၀)လောက် ရှိပေသည်။
“အဲ့ဒါ ဘာကောင်တွေလဲ” လော့လန်မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။ ထိုလိပ်ပြာများသည် မည်သို့သော မွန်းစတားသားရဲများ ဖြစ်သည်ကို သူမ မသိသော်လည်း ခွေးပြေးဝက်ပြေး ထွက်ပြေးလာနေသော ခုန်ဖတို့ကို ကြည့်လျှင် ထိုလိပ်ပြာအုပ်သည် သွားရန်စသင့်သည် အင်ဆက်များ မဟုတ်မှန်း နားလည်လိုက်လေသည်။
“ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာတွေ” နီကွမ်းက အလျင်အမြန် ပြန်ပြောလိုက်သည် “အဲ့ကောင်တွေက မွေးကတည်းက ဟင်းလင်းပြင်စွမ်းအင်ကို သုံးနိုင်တဲ့ လိပ်ပြာတွေပဲ။ သူတို့ခန္ဓာကိုယ်တွေကလည်း သံမဏိထက်တောင် မာသေးတယ်။ သားကောင်တစ်ကောင်ကို တွေ့ပြီဆိုတာနဲ့ အုပ်လိုက် အမဲလိုက်တတ်တဲ့ သတ္တဝါတွေ။ အဲ့သားကောင်…”
သူပြောလို့ မပြီးသေးခင်မှာပင် အားလုံးရှေ့ ပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာအုပ်ကြီး ပေါ်လာခဲ့လေသည်။
ယခုမှပဲ လိပ်ပြာအရေအတွက်မှာ သောင်းနှင့်ချီရှိနေမှန်း အကုန်လုံး နားလည်သွားခဲ့ကြသည်။
သောင်းနှင့်ချီသော ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာအုပ်ကြီး ပျံသန်းလာနေသည့် မြင်ကွင်းမှာ တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။ ထိုလိပ်ပြာများ သူတို့၏ တောင်ပံများကို ခတ်လိုက်တိုင်း ဟင်းလင်းပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့လေသည်။
“ပြေးပေတော့” နီကွမ်းသည် သူတော်စင်ချီဖြင့် ရွှယ့်ယွယ်ကို ရစ်ပတ်၍ ချက်ချင်း အခြားတစ်ဖက်သို့ လှည့်ပြေးတော့လေသည်။
သူသည် လော့လန်ကဲ့သို့ ကမ္ဘာပျက်ထဲသို့ ဘာမှ မပြင်ဆင်ဘဲ ဝင်လာခဲ့သူတစ်ဦး မဟုတ်ချေ။ ထို့ကြောင့် ပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာများအကြောင်း သိပေသည်။ ခုန်ဖနှင့်ရှုဝေတို့ နောက်သို့ လိုက်နေကြသည်မှာ သားကောင်များကို အမဲလိုက်ရာတွင် လွယ်လွယ်နှင့် လက်မလျှော့တတ်သည့် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာ အုပ်ကြီးမှန်း သိလိုက်သည်နှင့် ဘာမှ စဉ်းစားမနေတော့ဘဲ ချက်ချင်း ထွက်ပြေးလေသည်။
နီကွမ်း၏ ပျာသလဲလဲ အမူအရာကိုမြင်သော် ရန်ကိုင်နှင့် လော့လန်တို့သည်လည်း နည်းနည်းလေးမှ တွေဝေမနေတော့ဘဲ လှုပ်ရှားမှုပညာရပ်အသီးသီးကို အသက်သွင်းကာ ချက်ချင်း ထွက်ပြေးကြလေသည်။
လော့လန်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် သူမ၏ အမြန်နှုန်းမှာ နိမ့်ကျခြင်းမရှိချေ။ ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ သူမထက် နိမ့်ကျသော်လည်း အမြန်နှုန်းပိုင်းနှင့် ပက်သက်လာလျှင် ရန်ကိုင်တွင် ကိုယ်ပိုင် အားသာချက်များ ရှိပေသည်။ ကာယခွန်အားနှင့် သူတော်စင်ချီ သန့်စင်နှုန်းချင်း ယှဉ်မည်ဆိုလျှင် ရန်ကိုင်သည် သာမန် တန်ခိုးရှင် အဆင့်ကျင့်ကြံသူများထက် အများကြီး သာပေသည်။ ထို့ကြောင့် ကျင့်ကြံခြင်း နိမ့်ကျနေသော်လည်း သူ့အမြန်နှုန်းမှာ လော့လန်အောက် နိမ့်ကျခြင်း မရှိပေ။
“စီနီယာနီ” ခုန်ဖက နောက်မှ လှမ်းအော်ပြောလေသည် “ကျေးဇူးပြုပြီး ဒီခုန်နှင့်ရောင်းရင်းရှုကို ကူညီပေးပါ။ ဒီခုန် တကယ် ကျေးဇူးမမေ့ပါဘူး”
ထိုစကားကို ကြားသည့်အခါ နီကွမ်း ဒေါသပုန်ထသွားပြီး ပျံသန်းနေရင်း နောက်လှည့်မကြည့်ဘဲ ပြန်အော်ပြောလေသည် “ခွေးကောင်တွေ၊ ထွက်သွားကြစမ်း၊ ငါ့နောက် ဆက်လိုက်လာနေရင် ငါမင်းတို့ကို သတ်မှာနော်”
ဘာမှမဆိုင်ဘဲ အချောင်သက်သက် ဤအရှုပ်အရှင်းထဲ ဆွဲသွင်းခံလိုက်ရသဖြင့် နီကွမ်း အလွန်ကိုမှ ဒေါသ ထွက်နေခဲ့၏။ ပိုဆိုသည်ကား ထိုခွေးသူတောင်းစားသည် အခြားဘက်သို့ ထွက်မပြေးဘဲ သူထွက်ပြေးနေသည့်ဘက်သို့သာ လိုက်လာပြီး သူ့ဆီမှ လိုက်အကူအညီ တောင်းနေခြင်းပင်။ ပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာအုပ်ကြီးကို ကြောက်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ကျိန်းသေ ပြန်လှည့်ပြီး ထိုခုန်ဖကို သတ်ပစ်ပေသည်။
ဤအခိုက်အတန့်သည် ခုန်ဖကိုသတ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။
“စီနီယာနီက တကယ်ကို ဂရုဏာကင်းမဲ့တာပဲ” ခုန်ဖ၏ အသံ အေးစက်သွားခဲ့သည်။
“မင်းတို့လိုကောင်တွေကို ဘာမှ ကြင်နာနေစရာမလိုဘူး” နီကွမ်းက အေးစက်စက် အမူအရာဖြင့် ပြန်ပြောလေသည်။
ထိုအခါ ခုန်ဖက ထူးထူးဆန်းဆန်း အမူအရာဖြင့် တပြုံးပြုံးလုပ်ရင်း ပြန်ပြောလိုက်လေသည် “စီနီယာနီက အခုလို ရက်စက်ချင်မှတော့ ဒီခုန်နဲ့ရောင်းရင်းရှုကို ရိုင်းတယ်ဆိုပြီး လာအပြစ်မတင်နဲ့ပေါ့”
ပြောပြီးသည်နှင့် ရှုဝေနှင့် အကြည့်ချင်းတစ်ချက် ဖလှယ်ကာ နီကွမ်းဆီသို့ လှမ်းတိုက်ခိုက်လိုက်ကြသည်။
အလင်းတန်းနှစ်ခုသည် ဥက္ကာခဲနှစ်စင်းပမာ နီကွမ်း ပြေးနေသည့် လမ်းကြောင်းရှေ့သို့ တိုးဝင်သွားလေသည်။ ထို့ကြောင့် နီကွမ်းလည်း မတတ်သာဘဲ အရှိန် လျော့လိုက်ရသည်။ ထို့နောက် ခုန်ဖနှင့် ရှုဝေတို့ဘက်သို့လှည့်၍ ဒေါသတကြီး အော်ဆဲလိုက်လေသည် “ခွေးသူတောင်းစားနှစ်ကောင်၊ ငါဒီနေ့ကိစ္စကို လုံးဝ မမေ့ဘူး”
“အရှက်မရှိလိုက်တာ” လော့လန်လည်း ကျိန်ဆဲလိုက်သည်။
ထိုတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးသည် နီကွမ်းနှင့် လော့လန်ကိုပါ သူတို့ ပြဿနာထဲ မရရအောင် ဆွဲခေါ်ခဲ့လေသည်။ သို့မှသာလျှင် သူတို့ ရင်ဆိုင်နေရသည့်ဖိအား သက်သာမည်ကိုး။
နီကွမ်းအား တိုက်ခိုက်လိုက်သည့်အတွက် ခုန်ဖ၊ ရှုဝေနှင့် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများကြားရှိ အကွာအဝေးမှာ အတော်လေးကို ကျဉ်းမြောင်းလာခဲ့လေသည်။
နီကွမ်းသည် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများကို ယှဉ်မတိုက်ရဲသည့်အတွက် ဒေါသတကြီး အော်ဟစ်ကျိန်ဆဲ၍ ဆက်၍သာ ထွက်ပြေးလေသည်။
ခက်ခဲသည့် အခြေအနေတစ်ခုနှင့် ကြုံရပြီမှန်း နားလည်လိုက်သည့်နောက်တွင် ရန်ကိုင် မျက်နှာ မှုန်ကုတ်သွားခဲ့လေသည်။ လက်ရှိနှုန်းအတိုင်းသာ ဆက်သွားမည် ဆိုလျှင် နီကွမ်းနှင့်လော့လန်တို့ ထိုပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများနှင့် ကျိန်းသေ တိုက်ခိုက်ကြရပေလိမ့်မည်။ ထိုအခါ သူနှင့်ရွှယ့်ယွယ်သည်လည်း ကျိန်းသေ အန္တရာယ်တွင်းထဲသို့ ရောက်သွားပေလိမ့်မည်။
ထို့အပြင် အချိန်မရွေး သူတို့အား ပြဿနာ လာရှာနိုင်သည့် ခွေးအိုကြီး ခုန်ဖနှင့် ရှုဝေတို့ပါ ရှိနေသည့်အတွက်ကြောင့် သူတို့အတွက် ပို၍ အန္တရာယ်များသွားရလေသည်။
“စီနီယာနီ ဘာလို့ အခုလို ထွက်ပြေးနေတာလဲ။ ကျုပ်တို့နဲ့ အတူပူးပေါင်းပြီး ဒီသားရဲတွေကို ရင်ဆိုင်လိုက်ရင် ပိုမကောင်ဘူးလား။ ပြီးမှ နောက်ဘာလုပ်မလဲ ဆွေးနွေးကြမယ်လေ” သူ့လှည့်ကွက် အလုပ်ဖြစ်သွားသည်ကို မြင်သော် ခုန်ဖသည် နီကွမ်းအား နောက်တစ်ကြိမ် အကူအညီ ထပ်တောင်းပြန်လေသည်။
နီကွမ်းသည် ဘာမှပြန်မပြောဘဲ စိုးရိမ်နေသည့် အမူအရာဖြင့်သာ ရွှယ့်ယွယ်အား တစ်ချက် ကြည့်လိုက်သည်။ သူတစ်ယောက်တည်းသာဆိုလျှင်တော့ ထိုပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာများကို စိတ်မပူချေ။ အဝိုင်းခံရလျှင်ပင် လွတ်အောင် ထွက်ပြေးနိုင်သေးသည်။ သို့သော် ယခုအကြိမ်၌ ဤနေရာသို့ သူတစ်ယောက်လည်း လာခြင်း မဟုတ်ချေ။ ရွှယ့်ယွယ်ပါ သူနှင့်အတူ ပါလာခဲ့ပေသည်။
ထို့ကြောင့် ရွှယ့်ယွယ်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်လေသည် “ငါတို့ လမ်းကွဲသွားရင် ကိုယ့်ကိုယ်ကို သေချာကာကွယ်နော်”
ရွှယ့်ယွယ် ခေါင်းညိတ်လိုက်သည်။
ထိုစဉ် ခုန်ဖနှင့် ရှုဝေသည် နီကွမ်းနှင့်လော့လန်အား နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ပြန်လေသည်။ နီကွမ်းတို့အား အပါခေါ်နိုင်ရန်အတွက် ယခုတစ်ကြိမ်တွင် ခုန်ဖနှင့် ရှုဝေသည် အားကုန်ထုတ်သုံးကာ တိုက်ခိက်ခဲ့လေသည်။
နီကွမ်းနှင့် လော့လန်တို့ သူတို့၏ တိုက်ခိုက်မှုကို ကာကွယ်ပြီးသည့်အချိန်တွင် ခုန်ဖနှင့် ရှုဝေတို့သည် ပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာအုပ်နဲ့ မီတာသုံးရာပင် မဝေးတော့ချေ။
“ငါကျိန်တယ်။ တစ်နေ့ကျ မင်းတို့ ခွေးသူတောင်းစား နှစ်ကောင်ကို ကျိန်းသေ အမှုန့်ကြိတ်ပစ်မယ်” ထွက်ပြေးလို့ မလွတ်မှန်းမြင်သော် နီကွမ်းသည် သူ့လက်ကို ဝှေ့ရမ်း၍ ရွှယ့်ယွယ်အား ဘေးသို့ တွန်းထုတ်လိုက်လေသည်။
“စီနီယာနီ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။ ကျုပ်တို့က ဒီအခက်အခဲကနေ ဘယ်လို လွတ်မြောက်အောင် လုပ်မလဲ ဆွေးနွေးချင်ရုံပဲကို” ခုန်ဖက ဆက်၍ ပြောလိုက်သည်။ သို့သော် နီကွမ်းသည် ရုတ်တရက် ဒေါသတကြီး အော်ဟစ်ကာ သူ့အား ပြန်လှည့်တိုက်လာသည်ကို မြင်သော် ခုန်ဖ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ခုန်ဖသည် အလန့်တကြား အော်ဟစ်ရင်း သွေးနီရောင် ဒိုင်းတစ်ခုကို ထုတ်ယူလိုက်လေသည်။
ဘုန်း…
နီကွမ်း၏ တိုက်ခိုက်မှု ဒိုင်းပေါ်သို့ ရောက်သွားခဲ့သည်။ နီကွမ်းသည် ရုတ်တရက် ဗြုန်းစားကြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်သော်လည်း သူ့တိုက်ခိုက်မှုသည် ခုန်ဖအား နောက်သို့ လွင့်ထွက်သွားစေခဲ့လေသည်။
အကျိုးဆက်အနေဖြင့် ခုန်ဖသည် ပြေးလိုက်လာနေသည့် ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာအုပ်ထဲသို့ ရောက်သွားလေ၏။
မကြာမီ ခုန်ဖရှိနေသည့် နေရာတစ်ခုလုံး ရောင်စုံလိပ်ပြာများဖြင့် လွှမ်းခြုံသွားခဲ့လေသည်။ အဆက်မပြတ် ထွက်ပေါ်လာနေသော စွမ်းအင်လှိုင်းများနှင့် ထူးဆန်းသော အော်ဟစ်သံများကြောင့်သာ ခုန်ဖ မသေသေးမှန်း သူတို့ သိနေခြင်း ဖြစ်သည်။
မကြာမီ ပုံရိပ်တစ်ခု ကောင်းကင်ပေါ်သို့ ပျံတက်လာခဲ့သည်။
ခုန်ဖသည် လိပ်ပြာအုပ်ထဲ ခဏလေးသာ ပိတ်မိလိုက်ခြင်း ဖြစ်သော်လည်း ထိုတစ်ခဏအတွင်းတွင်ပင် သူ့တစ်ကိုယ်လုံး သွေးချင်းနီသွားခဲ့လေသည်။ နှာခေါင်းတစ်ဖက် ပြတ်နေပြီး မျက်နှာဟာလည်း အပေါက်အပေါက်များဖြင့် ပြည့်နေခဲ့သည်။
မရေမတွက်နိုင်သော ပုံရိပ်ယောင်လိပ်ပြာများသည် ခုန်ဖအား အလွတ်မပေးဘဲ သူ့နောက်သို့ ပြေးလိုက်ကြလေသည်။
သူ့ထိုက်နှင့်သူ့ကံပင်။ သို့သော် သူ့ကြောင့် ဤအရှုပ်အရှင်းထဲ ဆွဲခေါ်ခံလိုက်ရသည့် နီကွမ်းနှင့် လော့လန်တို့မှာလည်း အတော့်ကို စိုးရိမ်နေခဲ့ကြသည်။ ချက်ချင်းပဲ သူတို့၏ အကာအကွယ် မှော်ရတနာများကိုထုတ်၍ ဝိုင်းထားသော ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများကို တိုက်ခိုက်ကြလေသည်။
ထင်… ထင်.. ထင်…ထင်…
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများသည် သတ္တုချင်း ထိခတ်သံများကိုသာ ထွက်ပေါ်လာစေခဲ့သည်။ လိပ်ပြားများ တစ်ကောင်ပြီး တစ်ကောင် သေသွားကြသော်လည်း သေသွားသည့် လိပ်ပြာများနေရာတွင် အသစ်အသစ်သော လိပ်ပြာများက အစားထိုး ဝင်လာသဖြင့် နီကွမ်းနှင့်လော့လန်တို့ ပြေးပေါက်ပိတ်နေခဲ့ကြလေသည်။
ရှုဝေသည်လည်း အခြေအနေ မကောင်းချေ။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူလေးဦးသည် မည်သူ့ကိုမှ အကူအညီမပေးနိုင်ဘဲ ကိုယ်အသက်ရှင်ဖို့ရာ ကျားကျုပ်ကျားခဲ ကြိုးစားနေကြရလေသည်။
နီကွမ်းနှင့် မရှိတော့သည့်နောက်တွင် ရွှယ့်ယွယ်သည် ရန်ကိုင်ဆီသို့ တိုးကပ်သွားသည်။ ရန်ကိုင်နားတွင် နေမှသာ လက်ရှိ ပြဿနာမှ အသက်ရှင်လွတ်မြောက်နိုင်ချေရှိမှန်း သူမ သိသည်။
ရွှယ့်ယွယ်လက်ထဲ လက်ကောက်တစ်ကွင်း ပေါ်လာခဲ့သည်။ သူတော်စင်ချီကို လက်ကောက်ထဲသို့ ထည့်သွင်းလိုက်သည်နှင့် လက်ကောက်သည် တစ်ကွင်းမှ နှစ်ကွင်း၊ နှစ်ကွင်းမှ လေးကွင်း၊ လေးကွင်းမှ ရှစ်ကွင်း… စသဖြင့် ရာပေါင်းများစွာသော လက်ကောက်များအဖြစ်သို့ ခွဲထွက်သွားခဲ့လေသည်။
ထိုလက်ကောက်သည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။
ရွှယ့်ယွယ်၏ အဆင့်အတန်းအရ သူမတွင် တန်ခိုးရှင်ဘုရင် အဆင့် မှော်ရတနာနှစ်ခု ရှိနေသည်မှာ အထူးအဆန်း မဟုတ်ချေ။ မရှိနေမှသာ ထူးဆန်းနေပေလိမ့်မည်။
ကံမကောင်းစွာဖြင့် သူမ၏ နိမ့်ကျသော ကျင့်ကြံခြင်းကြောင့် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို ပိုင်ဆိုင်ထားရသည့်တိုင် ထိုမှော်ရတနာသည် အဆင့်နိမ့် မှော်ရတနာတစ်ခုသာ ဖြစ်နေသည်။
သူတော်စင်ချီ၏ ထိန်းကျောင်းမှုအောက်တွင် လက်ကောက်များသည် ရန်ကိုင်နှင့် သူမဆီသို့ ပျံသန်းလာနေသော လိပ်ပြားများကို ပြေးဝင် တိုက်ခိုက်ကြလေသည်။
သို့ရာတွင် သူမ၏ တိုက်ခိုက်မှု ထင်သလောက် အလုပ်မဖြစ်သည်ကို မြင်သော် ရွှယ့်ယွယ်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်လေသည် “အဲ့ကောင်တွေက အရမ်း မာလွန်းတယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၆၄)
တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများသည် အလွန်ကိုမှ အားကောင်းပေသည်။ ရွှယ့်ယွယ်သည် တန်ခိုးရှင်အဆင့်သာ ဖြစ်လင့်ကစား သူမသည် သာမန်တန်ခိုးရှင်အဆင့် ကျင့်ကြံသူ တစ်ဦး မဟုတ်ချေ။ သို့တိုင် သူမ၏ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို အသုံးပြု၍ တိုက်ခိုက်သော တိုက်ခိုက်မှုသည် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများကို မသတ်နိုင်ခဲ့ပေ။ ထိုအချက်ကို ကြည့်လျှင် ထိုလိပ်ပြာများ မည်မျှ မာကျောကြောင်း မြင်တွေ့နိုင်ပေသည်။
ရွှယ့်ယွယ်လှုပ်ရှားလိုက်သည့် အချိန်မှာပဲ ရန်ကိုင်လည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်လေသည်။
မိုးကြိုးမီးတောက်ဖွတ်၊ အမြီးသရဖူမြွေ၊ သံမဏိမီးတောက် တစ္ဆေပင့်ကူ၊ ဇာမဏီငှက်၊ ကြယ်ဘုရင်လိပ်၊ မျက်လုံးရှစ်လုံး နတ်ဆိုးဖား၊ ခရမ်းမိုးကြိုးကျားသစ်နှင့် အခြားသော သွေးသားရဲများကို ဆင့်ခေါ်လိုက်လေသည်။ သွေးသားရဲများသည် ပေါ်လာသည်နှင့် ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့အား ဝိုင်ရံလိုက်ပြီး ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများ၏ရန်မှ ကာကွယ်ပေးလိုက်ကြလေသည်။ မကြာမီ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ ထိန်းချုပ်မှုအောက်တွင် သွေးသားရဲများသည် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကို သုံး၍ ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများကို တိုက်ခိုက်ကြတော့သည်။
သွေးသားရဲများသည် သူတို့ အသက်ရှင်စဉ်က သုံးခဲ့သော စွမ်းရည်အများစုကို အသုံးပြုနိုင်နေသေးသည်။ လှုပ်ရှားမှုများမှာ အသက်ရှင်နေစဉ်ကလောက် သွက်လက်ခြင်း မရှိတော့သော်ငြား သူတို့၏ စွမ်းအားကို သွားအထင်မသေးသင့်ပေ။
သွေးသားရဲများသည် ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့အား အားကောင်းသည့် ဒိုင်းတစ်ခုသဖွယ် ကာရံပေးထားသဖြင့် ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ ရင်ဆိုင်နေရသည့် ဖိအားမှာ အတော်လေး လျော့ကျသွားခဲ့ပေသည်။
ဝုန်း… ဝုန်း… ဝုန်း…
ပုံရိပ်ယောင်လိပ်ပြားများ၏ တောင်ပံရိုက်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ထိုလိပ်ပြာများသည် သေခြင်းအား မကြောက်ရွံ့ရုံမက သူတို့နှင့် အမျိုးအနွယ် မတူသည့် သက်ရှိများအား သတ်ဖြတ်ပစ်ချင်သည့် သားရဲအသိစိတ် တစ်မျိုးကိုလည်း ပိုင်ဆိုင်ထားကြသေးသည့်ပုံပင်။
အားကောင်းသော သွေးချီအား ထုတ်လွှတ်နေသော သွေးသားရဲများသည် ချက်ချင်းဆိုသလို ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာအုပ်ကြီး၏ ပစ်မှတ်များ ဖြစ်လာခဲ့လေသည်။ သို့တိုင် ရွှယ့်ယွယ်မှာ စိတ်မအေးနိုင်သေးဘဲ သူမ၏ မှော်ရတနာကိုသုံး၍ ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများကို တစ်ကောင်ပြီး တစ်ကောင် ဆက်၍ သတ်ဖြတ်နေပေသေးသည်။
ရန်ကိုင်သည်လည်း ငြိမ်ငြိမ်မနေခဲ့။ ရွှေရောင်သွေးမျှင်များကို သုံး၍ ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများကို တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်နေခဲ့လေသည်။
သို့သော်လည်း အချိန်ကြာလာသည့်တိုင် အခြေအနေမှာ တိုးတက်မလာသည်ကို တွေ့ရှိလိုက်ရသည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူလေးဦးသည် သူတို့ဘာသာ လိပ်ပြာများကို တိုက်ခိုက်နေကြသေးသည်။ ယခုဆိုလျှင် ပုံရိပ်ယောင်ဟင်းလင်ပြင်လိပ်ပြာများ၏ အလောင်းများမှာ တောင်နှယ် ပုံထပ်နေခဲ့လေပြီ။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
လက်ရှိအခြေအနေအရ ထိုပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများကို အပြီးပြတ် ရှင်းလင်းပစ်လို့ ရမည့်ပုံမပေါ်။ ဤအတိုင်းသာ ဆက်တိုက်ခိုက်နေမည်ဆိုလျှင် နောက်ဆုံးတွင် သူတို့သည်သာ အားကုန်ပြီး ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများ၏ အစာ ဖြစ်ကုန်ပေလိမ့်မည်။
ထို့အပြင် သွေးသားရဲများသည် ဒဏ်ရာရတတ်သည့် သက်ရှိများ ဖြစ်ကြသည်။ သွေးသားရဲများသည် ရွှေရောင်သွေးမျှင်များမှ အသွင်ပြောင်းလာသည့် သက်ရှိများ ဖြစ်ကြသည့်အတွက် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများ၏ တိုက်ခိုက်မှုကို ခံရဖန်များလာလတ်သော် သူတို့၏ အသက်စွမ်းအင်မှာ တဖြည်းဖြည်း အားနည်းသည်ထက် အားနည်းလာခဲ့လေသည်။
“ရွှယ့်ယွယ်၊ ငါတို့ ဒီနေရာက ထွက်သွားမှဖြစ်မယ်” ရန်ကိုင်က သူ့ဘေးတွင်ရပ်နေသော ရွှယ့်ယွယ်ကို တိုးတိုးလေး ပြောလိုက်သည်။
“ဒါပေမယ့် ဦးလေးနီ…” ရွှယ့်ယွယ်သည် စိုးရိမ်တကြီးဖြင့် နီကွမ်း ရှိနေသည့် နေရာသို့ လှမ်းကြည့်လိုက်သော်လည်း နီကွမ်း တစ်ကိုယ်လုံးသည် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာအုပ်ထဲ နစ်မြုပ်နေသဖြင့် သူ့ပုံရိပ်ကို မမြင်ရတော့ချေ။ အားကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသေးသည့် အတွက်ကြောင့်သာ သူအသက်ရှင်နေသေးမှန်း ပြောနိုင်ခြင်း ဖြစ်သည်။
“ဦးလေးနီရဲ့ ကျင့်ကြံခြင်းက မြင့်ပြီးသား။ သူ့ကို စိုးရိမ်နေစရာ မလိုဘူး” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည်။
“ငါတို့က ဘယ်လိုထွက်ပြေးမှာလဲ” ရွှယ့်ယွယ်က ပြန်မေးလိုက်လေသည်။
“ကြိုးစားကြည့်ရမယ်လေ။ ဒီအတိုင်း သေမှာကို ထိုင်စောင့်နေရမှာထက် စာရင် ကြိုးစားကြည့်တာက အများကြီး ပိုကောင်းတာပေါ့”
ထိုစကားကို ကြားသည့်အခါ ရွှယ့်ယွယ်က ခေါင်းညိတ်၍ အံကြိတ်ကာ “ကောင်းပြီလေ။ အဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
အစကတည်းက နီကွမ်းက ထွက်ပြေးရန် ကြိုသတိပေးထားပြီးသား ဖြစ်သဖြင့် ရွှယ့်ယွယ်လည်း တုန့်ဆိုင်းတွေဝေမနေခဲ့ချေ။
“ဒါဆို ငါနောက်လိုက်ခဲ့” ရန်ကိုင်သည် ချက်ချင်းပဲ သွေးသားရဲများကို တစ်နေရာတည်းအား စုပြုံတိုက်ခိုက်စေကာ ပုံရိပ်ယောင်လိပ်ပြာအုပ်၏ ဝိုင်းရံမှုမှ ဖောက်ထွက်ရန် ကြိုးစားလိုက်လေသည်။
“သွားမယ်” ရန်ကိုင်က လေသံတိုးတိုးဖြင့် ပြောလိုက်ပြီးနောက် ရွှယ့်ယွယ်လက်ကို ဆွဲကာ ဟာပေါက်မှ တစ်ဟုန်ထိုး ပြေးထွက်သွားလေသည်။
ချက်ချင်းဆိုသလို သွေးသားရဲများအားလုံးသည် ရွှေနီရောင် သွေးမျှင်များအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားပြီး ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ရုတ်တရက်ကြီး ပစ်မှတ်ပျောက်သွားသည့်အတွက် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများ တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြသည်။ သို့ရာတွင် မကြာမီ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့နောက်သို့ ၎င်းတို့၏ တောင်ပံများကို တဖျက်ဖျက်ခတ်၍ ပြေးလိုက်ကြလေသည်။
သေရေးရှင်ရေး အခြေအနေနှင့် ကြုံရချိန် ရန်ကိုင်လည်း သူ့ဝှက်ဖဲများကို ဝှက်မထားနိုင်တော့ဘဲ လေဟာနယ်စွမ်းအင်ကို အဆုံးစွန်ထိတင်ကာ ထုတ်သုံးရတော့လေသည်။ လေဟာနယ် စွမ်းအားကို ထုတ်သုံးလိုက်သည်နှင့် ရန်ကိုင်၏ အမြန်နှုန်းသည် ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။ ထိုအမြန်နှုန်းကြောင့် ရွှယ်ယွယ် ကြောင်အမ်းအမ်း ဖြစ်နေခဲ့၏။
မကြာမီ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူ့လေဟာနယ်စွမ်းအင်သည် ဤနေရာ၌ အကြီးအကျယ် ကန့်သတ်ထားခံရကြောင်း တွေ့ရှိလိုက်ရလေသည်။
ဟင်းလင်းပြင်တစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ပြည့်နေသည့်အတွက် လေဟာနယ်မှာ မတည်ငြိမ်တော့ချေ။ ထို့အပြင် လေဟာနယ်ပုံရိပ်ယောင်လိပ်ပြာများဟာလည်း သူတို့ ပျံသန်းနေစဉ်အတွင်း ဟင်းလင်းပြင်အား အနှောင့်အယှတ် ပေးနေသေးသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အဖို့ လေဟာနယ်စွမ်းအားကို ထုတ်သုံးရသည်မှာ သိပ်အဆင်ပြေမနေခဲ့ပေ။
ထိုအချက်ကို သတိပြုမိလိုက်သည့်နောက် ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။ သူ့အား ပိုဒေါသထွက်စေသည်မှာ လိပ်ပြာများ ဝိုင်းထားသည်မှ လွတ်မြောက်လာရုံတင်ရှိသေး တစ်ယောက်ယောက်မှ သူ့နောက်သို့ လိုက်လာနေခြင်းပင်။
စွန့်ပစ်ကုန်းမြေမှ အကြီးအကဲရှုဝေသည် သူတို့နောက်သို့ လိုက်လာနေခဲ့သည်။
ရှုဝေသည်လည်း အတော်လေး အားကုန်နေသည့်ပုံပင်။ မရေမတွက်နိုင်သော ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများသည် သူ့နောက်သို့ လိုက်လာနေကြသော်လည်း ဂရုမစိုက်ဘဲ ရန်ကိုင် နောက်သို့ သည်းကြီးမည်းကြီး လိုက်နေခဲ့သည်။ လိပ်ပြာများ၏ တိုက်ခိုက်ခြင်း ခံရသည့်တိုင် ပြန်မတိုက်ခိုက်ဘဲ အစွမ်းကုန် ရှောင်တိမ်းရန်သာ ကြိုးစားနေခဲ့သည်။
“သူဘာလုပ်ချင်နေတာလဲ” ရွှယ့်ယွယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ငါတို့ကို ငါးစားအဖြစ် အသုံးချချင်နေတာ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။ ရှုဝေသာ ရန်ကိုင်နှင့် ရွှယ်ယွယ်ကို အသုံးချ၍ ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများအား နှောင့်နှေးအောင် လုပ်နိုင်မည်ဆိုပါက သူ့အနေဖြင့် ထိုလိပ်ပြာများရန်မှ လွတ်မြောက်နိုင်ချေ ရှိပေသည်။
နီကွမ်းသည် ရှုဝေ ဘာလုပ်ချင်နေလဲ ဆိုသည်ကို မြင်သော်ငြား မတားနိုင်ခဲ့ချေ။ ပြေးပေါက်မရှိအောင် အဝိုင်းခံထားရလေရာ မည်သို့များ ရှုဝေအား သွားတားချိန် ရှိမည်နည်း။
“အရှက်မရှိတဲ့ကောင်” ရှုဝေ ဘာလုပ်ချင်နေလဲ ဆိုသည်ကို နားလည်သည့်နောက် ရွှယ့်ယွယ်သည် အံကြိတ်၍ ဒေါသတကြီး အော်ပြောလေသည်။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “သူ့လုပ်တဲ့ဟာအတွက် ကောင်းကင်က သူ့ကို အပြစ်ပေးလိမ့်မယ်။ ဒါပေမယ့် ငါတို့ကို အသုံးချချင်တယ်ဆိုရင်တော့ သူ့မှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်း အရင်ရှိဖို့ လိုလိမ့်မယ်”
ရန်ကိုင်ကတော့ ရှုဝေ၏ လုပ်ရပ်ကို ဂရုစိုက်မနေခဲ့ချေ။
အချိန်တစ်ခဏအတွင်း ရန်ကိုင်နှင့် ရွှယ့်ယွယ်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်ကွယ်သွားခဲ့လေသည်။ ရှုဝေနှင့် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာအုပ်ကြီးသည်သာ သူတို့နောက်သို့ အဆက်မပြတ် လိုက်လာနေကြ၏။
ထွက်ပြေးနေရင်း ရန်ကိုင်သည် ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်သွားသည်။
မကြာမီ ရှာချင်နေသည့်အရာကို ရှာတွေ့သွားပြီး ထိုဘက်သို့ ပြေးထွက်သွားလေသည်။
ထိုအရပ်တွင် ပုန်းကွယ်တည်ရှိနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရှိနေခဲ့လေသည်။ ရှုဝေ အနေဖြင့် သူ့ကောင်းကင်စိတ်အာရုံကို အသုံးပြုလျှင်ပင် ထိုဟင်းလင်းပြင် အက်ကွဲကြောင်းကို အာရုံခံနိုင်လိမ့်မည် မဟုတ်ဟု ရန်ကိုင် ယုံကြည်ပေသည်။
ရှုဝေသာ သူတို့နောက်သို့ အနီးကပ် လိုက်လာခဲ့လျှင် ထိုဟင်းလင်းပြင် အက်ကွဲကြောင်းနှင့် သွားတိုက်နိုင်ချေ အတော် များပေသည်။ အကျိုးဆက်အနေဖြင့် မသေလျှင်ပင် ကျိန်းသေ ဒဏ်ရာရသွားပေလိမ့်မည်။
သို့သော်လည်း ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများလည်း ဟင်းလင်းပြင်အက်ကွဲကြောင်းများကို အာရုံခံနိုင်လိမ့်မည်ဟု ရန်ကိုင် မထင်မှတ်ထားခဲ့ချေ။ ဟင်းလင်းပြင်အက်ကွဲကြောင်း ရှိနေမှန်း သိလိုက်သည့်နောက်တွင် ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများသည် ထိုနေရာကို ကွေ့ပတ်သွားလေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ထိုနေရာတွင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ရှိနေမှန်း ရှုဝေ သတိ ပြုမိသွားခဲ့လေသည်။ ထို့ကြောင့် ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများ သွားသည့်လမ်းကြောင်းအတိုင်း ထိုနေရာအား ကွေ့ပတ်သွားလေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်စိတ်ထဲ ထိုလိပ်ပြာများကို အော်ဟစ်ကျိန်ဆဲပစ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။ လိပ်ပြာများကြောင့်သာ မဟုတ်လျှင် ရှုဝေ ဒုက္ခလှလှနှင့် တွေ့နေလောက်ပေပြီ။
အချိန်ကြာလာသည်နှင့် ပုံရိပ်ယောင်လိပ်ပြာ၊ ရှုဝေနှင့် ရန်ကိုင်တို့ကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့လေသည်။
လက်ရှိတွင် ရှုဝေသည် အတော်လေး စိတ်လက် ပေါ့ပါးနေခဲ့လေပြီ။ အကြောင်းမှာ သူနှင့်ခုန်ဖနောက်သို့ လိုက်နေသည့် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများမှာ အဖွဲ့လေးများ အဖြစ်သို့ ကွဲထွက်သွားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ သူသာ ယခုနေ ပြန်တိုက်လျှင် ထိုပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာအားလုံးကို သတ်ပစ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုသို့လုပ်လိုက်လျှင် သူအတော်လေး အားကုန်သွားနိုင်သလို ဒဏ်ရာလည်း ရသွားနိုင်သည်။ ကမ္ဘာပျက်ကြီးသည် အန္တရာယ်များနှင့် ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည့်အတွက် မထင်မှတ်ဘဲ ကြုံရလာနိုင်သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်ရန်အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေရန် လိုအပ်ပေသည်။ ထို့ကြောင့် နောက်ဆုံး မဖြစ်နိုင်တော့မှသာ ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများကို ပြန်တိုက်ခိုက်ရန် စဉ်းစားထားလေသည်။
အခြားနည်းလမ်းတစ်ခုမှာ ရန်ကိုင်နှင့် ရွှယ့်ယွယ်ကို အသုံးချရန်ပင်။
ထိုလူငယ်နှစ်ဦးမှာ အလွန်ကို မြန်ပေသည်။ သို့သော်လည်း ရွှယ့်ယွယ်၏ အဆင့်အတန်းကို ပြန်စဉ်းစားမိလိုက်သည့်အခိုက် သိပ်ပြီး အံ့ဩမနေတော့ချေ။ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ အလွန် မြန်နေသည်မှာ ရွှယ့်ယွယ်ကြောင့် ဖြစ်သည်ဟု ရှုဝေ ထင်နေခြင်း ဖြစ်သည်။
သူနှင့် မိုင်အနည်းငယ်သာ ဝေးတော့သော ပုံရိပ်နှစ်ခုကို ကြည့်ရင်း ရှုဝေ၏မျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် အရိပ်ယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ချက်ချင်းပဲ လက်ကွက်များ ဖန်တီး၍ လျှို့ဝှက်နည်းစနစ်တစ်ခုကို အသက် သွင်းလိုက်လေသည်။
ရှုဝေ ခန္ဓာကိုယ်ပေါ်ရှိ မွှေးညင်းပေါက်များမှ သွေးမြူများ ထွက်ပေါ်လာခဲ့လေသည်။ သွေးမြူများ ပေါ်လာသည်နှင့် ရှုဝေ၏ အမြန်နှုန်းသည် မယုံနိုင်စရာအဆင့်သို့ ရုတ်ချည်း မြင့်တက်သွားခဲ့လေသည်။
ရန်ကိုင်နှင့် ရှုုဝေကြားရှိ အကွာအဝေးသည် ရုတ်ချည်းဆိုသလို ကျဉ်းမြောင်းလာခဲ့ပြီး နောက်ဆုံးတွင် ရှုဝေသည် ရန်ကိုင်တို့အား ကျော်တက်သွားခဲ့လေသည်။ ကျော်တက်သွားပြီးနောက်တွင် ရှုဝေသည် သူ့လက်ဝါးထက်၌ သူတော်စင်ချီကို စုစည်း၍ ရန်ကိုင်နှင့် ရွှယ့်ယွယ်အား ရိုက်ချလိုက်လေသည်။
သူ့လက်ဝါးချက်သည် ရန်ကိုင်အား သေစေနိုင်သည့် လက်ဝါးချက်မျိုး မဟုတ်ချေ။ သူ့ရည်ရွယ်ချက်မှာ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့အား ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများဆီ တွန်းပို့ရန် ဖြစ်သည်။
“ခွေးကောင်” ရွှယ့်ယွယ်သည် ဒေါသတကြီး အော်ဟစ်၍ သူမ၏ မှော်ရတနာဖြင့် ရှုဝေ၏ ရိုက်ချက်ကို တန်ပြန် တိုက်ခိုက်လေသည်။
အုန်း… ထိပ်တိုက်တွေ့ရာမှ ဖြစ်ပေါ်လာသည့် အားလှိုင်းကြောင့် ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ ဆက်မပြေးနိုင်ဘဲ ရုတ်တရက် ရပ်တန့်လိုက်ရလေသည်။
“ဟးဟား” ရှုဝေသည် အားပါးတရအော်ရယ်လျက် ရန်ကိုင်နှင့် ရွှယ့်ယွယ်အား လှည့်ကြည့်ရင်း ပြောလိုက်လေသည် “ကောင်လေးတွေ၊ အရမ်းစောစောကြီး သေမသွားကြနဲ့နော်”
“ပြေးချင်တာလား” ရန်ကိုင်၏ အမူအရာ ရုတ်ချည်း အေးစက်သွားပြီး ရှုဝေ၏ မျက်လုံးတည့်တည့်ဆီသို့ စိုက်ကြည့်လိုက်လေသည်။ ထိုအချိန်၌ ရှုဝေ၏ ဘယ်မျက်လုံးထဲ၌ ကြာဖူးတစ်ပွင့် ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၆၅)
သူ့အား ငါးစာအဖြစ် အသုံးချသွားသော ရှုဝေကို ရန်ကိုင် အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ရှုဝေအား အလွတ်ပေးရန် လုံးဝ မစဉ်းစားထားခဲ့ချေ။ ရှုဝေ သတိလက်လွတ် ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း ပညာရပ်ကို ထုတ်သုံးလိုက်လေသည်။
ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ နဂါးစိမ်းဓါးကိုပါ ဆွဲထုတ်လိုက်သည်။ ထို့နောက် ဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ ရှုဝေတည့်တည့်သို့ ခုတ်ချလိုက်လေသည်။ နဂါးဟိန်းသံနှင့်အတူ နဂါးစိမ်းတစ်ကောင် ထွက်ပေါ်လာပြီး ရှုဝေဆီသို့ ပြေးဝင်သွားလေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ရှုဝေမျက်နှာထက်ရှိ အပြုံး တောင့်တင်းသွားခဲ့လေသည်။
သူ့ကဲ့သို့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်ခြင်း ခံရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။
ချက်ချင်းဆိုသလို စိတ်စွမ်းအင်တစ်ခုမှ သူ့အသိစိတ်ပင်လယ် အတားအဆီးအား လာရောက်တိုက်ခိုက်နေသည်ကို တွေ့ရှိလိုက်ရသည်။ ကျင့်ကြံခြင်းအဆင့် ကွာခြားသည့်တိုင် ထိုစိတ်စွမ်းအင်သည် အတားအဆီးကို ချိုးဖျက်၍ သူ့အသိစိတ် ပင်လယ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။ သူ့အသိစိတ်ပင်လယ် ထဲသို့ ရောက်လာပြီးနောက် ကြာဖူးတစ်ဖူး အဖြစ်သို့ ပြောင်းလဲသွားပြီး စပွင့်ရန် ကြိုးစားတော့လေသည်။
ထို့နောက်တွင် သူ့ခေါင်းတစ်ခုလုံး ကွဲထွက်တော့မည့်နှယ် တဆစ်ဆစ် ကိုက်ခဲလာသဖြင့် ရှုဝေ ထအော်မိလိုက်လေသည်။ ဘာဖြစ်နေမှန်း သိလိုက်သည့်နောက် အသိစိတ်ပင်လယ်၏ စွမ်းအားကို သုံး၍ သူ့ဝိဥာဉ်ကို တည်ငြိမ်အောင် ပြန်လည် ကြိုးစားလိုက်သည်။
ကံကောင်းစွာဖြင့် သူ့ကျင့်ကြံခြင်းမှာ အတော်လေးကို မြင့်မားသည့်အတွက် အလစ်အငိုက် ချောင်းတိုက်ခံရသည့်တိုင် သူ့ဝိဥာဉ်ကို အချိန်မှီ တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပြီး ပွင့်ရန် ကြိုးစားနေသော ကြာဖူးကိုလည်း ဖိနှိပ်လိုက်နိုင်လေသည်။
သို့ရာတွင် ကြာဖူးကိုတော့ မဖျက်စီးနိုင်သေး။ ဖျက်စီးလိုလျှင် အတော်လေး အားစိုက်ထုတ်ရပေလိမ့်မည်။
ကြာဖူးအား ဖိနှိပ်ရုံသာ ဖိနှိပ်ထားခြင်းမှာ သူ့ဆီသို့ ပြေးဝင်လာသည့် နဂါစိမ်းကြောင့် ဖြစ်သည်။ နဂါးစိမ်းသည် သူ့ဆီသို့ ရောက်ခါနီးလေပြီ။ ထို့ကြောင့် သူ့တွင် အချိန် မရှိတော့။
သူ့တစ်ကိုယ်လုံး နဂါးပါးစပ်ထဲသို့ ရောက်တော့မည်ကို မြင်သော် ရှုဝေသည် အံကြိတ်၍ လျှို့ဝှက်နည်းစနစ်ကို ထပ်မံ ထုတ်သုံးလိုက်သည်။ သူ့ကိုယ်ပတ်လည်ရှိ သွေးမြူများမှာ ပို၍ သိပ်သည်းလာခဲ့ပြီး သူ့အမြန်နှုန်းမှာလည်း နောက်တစ်ဖန် ထပ်မံ မြင့်တက်သွားပြန်လေသည်။ ရုတ်ချည်း မြင့်တက်လာသည့် အမြန်နှုန်းကြောင့် ရှုဝေသည် နဂါးပါးစပ်အောက်မှ ပွတ်ကာသီကာလေး ရှောင်တိမ်းသွားလိုက်နိုင်ခဲ့သည်။
ပြန်ပေါ်လာသည့်အချိန်တွင် မူလနေရာမှ ဆယ်မိုင် အကွာခန့်သို့ ရောက်နေခဲ့လေပြီ။ သို့ရာတွင် သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး အသက်ရှုနှုန်းမှာလည်း ပရမ်းပတာ ဖြစ်နေခဲ့သည်။
ပထမဦးစွာ ခုန်ဖနှင့်အတူ အချိန်အကြာကြီး ထွက်ပြေးခဲ့ရ၏။ ထို့နောက်တွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများနှင့် တိုက်ခိုက်ခဲ့ရသည်။ ထိုမျှနှင့်ပင် မပြီးသေးဘဲ လျှို့ဝှက်နည်းစနစ်ကို နှစ်ကြိမ်တိုင်တိုင် အသက်သွင်းခဲ့ရသလို ရန်ကိုင်၏ အလစ်ချောင်းတိုက်ခိုက်မှုကိုလည်း ခံခဲ့ရသေးသည်။
ရှုဝေသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လျှင်ပင် ဤသည်မှာ သူ့အကန်အသတ် ဖြစ်နေလေပြီ။
ယခု ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများ၏ ဝိုင်းရံထားခြင်း ခံရသော ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့အား ပြန်စိုက်ကြည့်လျက် အော်ပြောလိုက်လေသည် “ကောင်လေး၊ အဲ့ကောင်တွေလက်မှာ သေပါစေလို့ မင်းဆုတောင်းထား။ မဟုတ်ရင် ငါမင်းကို သေတာထက်ဆိုးတာကို ခံစားရအောင် လုပ်ပစ်မှာ”
တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်လျက်နှင့် တန်ခိုးရှင်အဆင့် တစ်ဦး၏ အလစ်ချောင်း တိုက်ခိုက်ခံလိုက်ရသည်မှာ တကယ်ကို ရှက်ဖွယ်အတိပင်။ ကံကောင်းစွာဖြင့် မည်သူမှ ရှိမနေခဲ့။ မဟုတ်လျှင် လူအများကြား အလှောင်ပြောင်ခံရပေတော့မည်။ ထိုကဲ့သို့ ခြိမ်းခြောက်ပြီးနောက်တွင် ရှုဝေသည် ချက်ချင်း ထွက်ပြေးတော့လေသည်။
ထိုမျှ များပြားလှသော ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများ လက်မှ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ လွတ်လိမ့်မည်ဟု ရှုဝေ မယုံချေ။
ရန်ကိုင်နေရာ၌ သူဆိုလျှင်ပင် လက်ရှိ သူ့ခန္ဓာကိုယ် အနေအထားအရ ထိုပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများ၏ လက်မှ အသက်ရှင်လျက် လွတ်မြောက်လိမ့်မည်ဟု အာမမခံရဲပေ။ ထို့ကြောင့်သာမဟုတ်ရင် ဂျူနီယာနှစ်ဦးကို အသုံးချနေစရာ လိုလိမ့်မည် မဟုတ်။
“ဟန့်” ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရပ်လိုက်လေသည်။
ရှုဝေကြောင့် နှောင့်နှေးသွားခဲ့ရသဖြင့် သူနှင့် ရွှယ့်ယွယ်တို့ ထွက်ပြေးခွင့်မရတော့ချေ။
သူတို့အား ဝိုင်းထားသည့် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာ အရေအတွက်မှာ ယခင်ထက် နှစ်ဆမျှပင် ပိုများနေခဲ့လေပြီ။ ရှုဝေ ပျောက်ကွယ်သွားသည့်နောက်တွင် သူ့နောက်သို့ လိုက်နေသည့် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများသည် ရန်ကိုင်နှင့် ရွှယ်ယွယ်တို့ ဘက်သို့ လှည့်လာကြသည့် အတွက်ကြောင့် ဖြစ်သည်။
ရန်ကိုင်သည် သွေးသားရဲများကို ပြန်ထုတ်ကာ သူနှင့် ရွှယ့်ယွယ်ကို ဝန်းရံထားစေလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် နဂါးစိမ်းဓါးကိုသုံး၍ပါ တိုက်ခိုက်လေသည်။
ရန်ကိုင်မှာတော့ အဆင်ပြေနေသေးသော်ငြား ရွှယ့်ယွယ်မှာတော့ နဖူးထက်မှ ချွေးတောက်တောက် ကျနေသည်။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို တောက်လျှောက် အသုံးပြုဖို့ရာအတွက် သူတော်စင်ချီ အများအပြား သုံးရသည်။ သို့သော်လည်း ရပ်လိုက်၍ မဖြစ်သည့်အတွက် ဆေးလုံးများဖြင့် သူတော်စင်ချီကို ပြန်ဖြည့်ရင်း ရန်သူများကို ဆက်လက် သတ်ဖြတ်နေခဲ့လေသည်။
ယခုဆိုလျှင် ရွှယ့်ယွယ်သည် သူမ၏ မွန်းစတားဝိဥာဉ် ဖြစ်သော ရှဲ့ကျီသားရဲကိုပင် ဆင့်ခေါ်ထားလေပြီ။
ထိုမွန်းစတားဝိဥာဉ်သည် အလွန်ကိုမှ အားကောင်းကာ ရွှယ့်ယွယ်ထက် နိမ့်ကျခြင်းမရှိချေ။ ဧကရာဇ်ဥယျာဉ်ထဲတွင် ရွှယ့်ယွယ်သည် ရှန်ချင်းလော့၏ ကောင်းကင်လနတ်ဆိုးပင်ကူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက် ဤမွန်းစတားဝိဥာဉ်ကို ထုတ်သုံးခဲ့ပေသည်။
ဝှက်ဖဲများကို ထုတ်သုံးနေခဲ့သော်ငြား တိုက်ပွဲသည် သူတို့ဘက်သို့ အလေးသာမနေခဲ့။ သွေးသားရဲများ၏ အရှိန်အဝါမှာ တဖြည်းဖြည်း အားနည်းလာနေခဲ့ရာ အချိန်မရွေး ပျက်စီးတော့မည့် အရိပ်အယောင်များပင် ပြလာနေခဲ့လေသည်။
“နင်စိတ်မပူဘူးလား” ရွှယ့်ယွယ်သည် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများကို သတ်ဖြတ်ရင်း စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။
သူမမှာတော့ အလွန်ကိုမှ စိုးရိမ်နေရသော်ငြား ရန်ကိုင်ကမူ အေးအေးလူလူဖြင့်သာ ရှိနေခဲ့လေသည်။ မရေမတွက်နိုင်အောင် များပြားလှသော ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများ ဝိုင်းထားသည်ကို ခံနေရသည့်တိုင် နည်းနည်းလေးမှ စိတ်ပူသည့်ပုံမပေါ်။
“ငါဘာလို့ စိတ်ပူရမှာလဲ” ရွှေရောင်သွေးမျှင်များဖြင့် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများကို သတ်ဖြတ်နေရင်းမှ ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။
“သေမှာကို နင်မကြောက်ဘူးမလား”
“ဘာလို့မကြောက်ရမှာလဲ” ရန်ကိုင်က “သေမှာကို မကြောက်တဲ့လူ ဘယ်သူရှိလို့လဲ။ လူတိုင်းက သေမှာကို ကြောက်ကြတဲ့ လူတွေချည်းပဲ။ ဒါပေမယ့် ဆိုရိုးစကားတစ်ခွန်း ရှိတယ်လေ… သေရမယ်ဆိုရင်တောင် ပန်းမွေ့ရာထက်မှာ သေရတာက အကောင်းဆုံး သေခြင်းပဲတဲ့”
ရန်ကိုင် စကားကြောင့် ရွှယ့်ယွယ် တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်အား စိုက်ကြည့်လျက် “ဒီအခြေအနေမျိုးမှာတောင် နင်က နောက်နိုင်သေးတယ်ပေါ့”
ရန်ကိုင်သည် ခြောက်ကပ်ကပ်သာ ရယ်မောလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။
လက်ရှိအခြေအနေသည် အလွန်ကိုမှ အန္တရာယ်များဟန် ထင်ရသော်လည်း ရန်ကိုင်အတွက်တော့ ဘာမှမဟုတ်။ သူ့တွင် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများလက်မှ ထွက်ပြေးနိုင်သည့် နည်းလမ်းနှစ်ခု ရှိပေသည်။
အလွယ်ဆုံးနည်းလမ်းမှာ ကမ္ဘာငယ်လေးထဲသို့ ဝင်နေလိုက်ခြင်းပင်။ သူတို့နှစ်ဦး ပျောက်ကွယ်သွားသည်နှင့် ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများလည်း သူ့အလိုလို ပြန်ထွက်သွားကြပေလိမ့်မည်။
နောက်တစ်နည်းမှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထွက်ပြေးရန်ပင်။
ဤနေရာရှိ ဟင်းလင်းပြင်သည် ပရမ်းပတာ ဖြစ်နေသည့် အတွက် ရန်ကိုင်အဖို့ လေဟာနယ်စွမ်းအားကို သုံးရသည်မှာ သိပ်အဆင်မပြေသော်ငြား မိုင်တစ်ရာနှစ်ရာလောက်အား ခုန်ကျော်သွားရန်မှာတော့ ကိစ္စမရှိချေ။
နှစ်လမ်းနှစ်ခုစလုံးသည် တကယ်ကို အသုံးဝင်သည့် နည်းလမ်းများ ဖြစ်သည့်အတွက် ရန်ကိုင် စိတ်မပူခြင်း ဖြစ်သည်။
သို့သော်လည်း နည်းလမ်းနှစ်ခုစလုံးသည် သူ့ဝှက်ဖဲကို ထုတ်ပြရန် လိုအပ်သည်။ အထူးသဖြင့် သီးခြားလောကတစ်ခုကဲ့သို့ ဖြစ်နေသည့် ကမ္ဘာငယ်လေးပင်။ ထိုရတနာသည် အဖိုး မဖြတ်နိုင်အောင်ကို တန်ဖိုးကြီးလွန်းသည့်အတွက် ရန်ကိုင် အနေဖြင့် ထိုရတနာကို ရွှယ့်ယွယ်ရှေ့တွင် မထုတ်ပြရဲချေ။
သူမသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ သခင်လေး တစ်ဦးဖြစ်ပြီး သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာလည်း ထိုကဲ့သို့သော လျှို့ဝှက်ချက်များကို ထုတ်ပြရလောက်သည်အထိ မနီးစပ်သေးချေ။
ထို့ကြောင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်မည့် နည်းလမ်းကို ရန်ကိုင် ရှာဖွေနေခဲ့ရလေသည်။
“ရန်ကိုင်…” ရွှယ့်ယွယ်က ရုတ်တရက် သူ့အား ထပ်ခေါ်ပြန်သည်။
“ဘာလဲ” ရန်ကိုင်သည် ရွှယ့်ယွယ်အား လှည့်ကြည့်လိုက်သည်။ ယခုတစ်ကြိမ် ရွှယ့်ယွယ်သူ့အား ခေါ်သည့် လေသံသည် အနည်းငယ် ထူးဆန်းနေပေသည်။
“နင်အမြဲတမ်း ငါ့ကို မုန်းနေတာလား” ရွှယ့်ယွယ်သည် ရန်ကိုင်နှင့် အကြည့်ချင်း မဆိုင်ရဲသည့်အလား မျက်လုံးလေး ကလယ်ကလယ်လုပ်ရင်း မေးလိုက်လေသည်။
“ငါဘာလို့ နင့်ကို မုန်းရမှာလဲ” ရန်ကိုင် ကြောင်သွား၏။
“ဘာလို့လဲဆိုတော့ ငါလူလွှတ်ပြီး နင့်ကို သတ်ခိုင်းတယ်လေ… ပြီးတော့ နင့်ကိုလည်း ကြမ်းကြမ်းတမ်းတမ်း စကားတွေပြောပြီး ဖိနှိပ်ဖို့လည်း ကြိုးစားခဲ့သေးတယ်လေ” ရွှယ့်ယွယ်က လေသံတိုးတိုးဖြင့် ပြန်ပြောသည်။
“ဟားဟားဟား” ရန်ကိုင် အကျယ်ကြီး ထရယ်လေသည်။
“နင်ဘာရယ်နေတာလဲ” ရွှယ့်ယွယ်သည် မျက်မှောင်ကြီး ကြုတ်လျက် ရန်ကိုင်အား စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင်နှင့် စကားကောင်းကောင်း ပြောချင်သော်လည်း ထိုသကောင့်သားမှာ ပြောင်ချော်ချော် လုပ်နေခဲ့သည်။
ရန်ကိုင်က ရွှယ့်ယွယ်အား ပြောင်ချော်ချော်ဖြင့် ကြည့်လျက် “တတိယသခင်လေးက တကယ်ကို စိတ်ပျော့တာပဲ။ မိန်းမတွေက မိန်းမတွေပါပဲလေ”
ချက်ကောင်းကို ထိသွားသည့်အလား၊ ရွှယ့်ယွယ်သည် အံကြိတ်၍ ထအော်လေသည် “ငါမိန်းမဖြစ်တော့ကော ဘာဖြစ်လဲ။ ငါ့က မွေးကတည်းက မိန်းမပဲ။ ဘယ်တုန်းကမှ ယောကျာ်း ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး။ အမြဲတမ်းဒီလိုပဲ။ ဒီလောက် နှစ်တွေကြာသွားတာတောင် ငါဘယ်လို ခံစားရလဲ ဘယ်သူမှ စဉ်းစားမပေးကြဘူး”
ပြောပြီးသည်နှင့် သူ့မရင်ဘတ်ရှိ တစ်ခုခုကို ဆုတ်ဖြဲပစ်လိုက်လေသည်။
အလင်းတစ်ချက်လက်သွားပြီးနောက် ရန်ကိုင်ရှေ့တွင် ရပ်နေသော ရွှယ့်ယွယ်၏ ပုံစံသည် လုံးဝ ပြောင်းလဲသွားလေသည်။
လက်ရှိ ရွှယ့်ယွယ်သည် ရဲရင့်ပြီး သူရဲကောင်းဆန်သည့် ယောကျာ်းလေးတစ်ဦး မဟုတ်တော့ဘဲ ဈာန်ရထားသည့် ပုဂ္ဂိုလ်ကြီးများပင် အကြည့်တစ်ချက်နှင့် ဈာန်လျောသွားနိုင်သည့် တိုင်းဖျက်ပြည်ဖျက် အလှအား ပိုင်ဆိုင်ထားသော မိန်းမလှလေး တစ်ဦး ဖြစ်နေခဲ့လေပြီ။ ပိတုန်းရောင် ဆံကေသာသည် ရေတံခွန်နှယ် ကျောပြင်တစ်လျှောက် ဖြာစီးကျနေသည်။ တောင်မို့မို့နှစ်လုံးမှာလည်း ဝတ်ရုံများအောက်ဝယ် မြင့်မားမို့တက်ကာ မောက်ထွက်နေသည်။ ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့် ပုံစံဖြင့် အံကိုတင်းတင်းကြိတ်ထားရင်း သလင်းကျောက်နှယ် ကြည်လင်သော မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား စိုက်ကြည့်နေ၏။
သူမဝတ်ဆင်ထားသည့် ယောကျာ်းဝတ် အဝတ်များနှင့်ပါ ထပ်ပေါင်းလိုက်သော်လည်း ရွှယ့်ယွယ်သည် တစ်မူထူးခြားစွာ စွဲမက်ဖွယ်ကောင်းနေလေသည်။
ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ ခဏအကြာ၌ အံ့ဩတကြီးဖြင့် ခေါင်းကုတ်၍ “ငါဒီအတိုင်း ပြောလိုက်တာလေးကို နင်ဘာလို့ ဒီလောက်ကြီး ဖြစ်နေတာလဲ”
ရွှယ့်ယွယ်သည် ရန်ကိုင်အား ဆက်၍သာ စိုက်ကြည့်နေ၏။ သူမ မျက်လုံးထဲရှိ မုန်းလည်းမုန်း၊ ချစ်လည်းချစ်သည့် အကြည့်ကို ရန်ကိုင် တစ်မျိုးတစ်ဖုံ ရင်းနှီးကျွမ်းဝင်နေခဲ့လေပြီ။
“ဟူး…” ရန်ကိုင် ကူကယ်ရာမဲ့သွားခဲ့လေသည် “နင်ဒီလို ဆိုရင်ကော အဆင်ပြေမှာမို့လို့လား။ တစ်ယောက်ယောက်သာ နင့်ကို မြင်သွားရင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအတွက် ကောင်းမှာမဟုတ်ဘူး။ နင့်အထူးခန္ဓာကိုယ် တည်ဆောက်ပုံကိုသာ သိသွားခဲ့ရင် နင့်ကိုတောင် ပြန်ပေးဆွဲဖို့ ကြိုးစားရင် ကြိုးစားမှာ”
ရွှယ့်ယွယ်၏ အထူးခန္ဓာကိုယ် တည်ဆောက်ပုံသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက်ပင် အလွန်ကိုမှ စွဲမက်စရာကောင်းပေသည်။ နဂါးခြင်ဆီဖီးနစ်ခန္ဓာကိုယ်၏ အပျိုစင် အဆီအနှစ်သည် ယောကျာ်းသားတိုင်း လိုချင်သည် အပျိုစင်အဆီအနှစ်တစ်မျိုး ဖြစ်ပေသည်။
ရွှယ့်ယွယ်၏ အပျိုစင်ယင်စွမ်းအင်သည် အလွန်ကိုမှ ကောင်းမွန်လှသည့် ကျင့်ကြံရေးရတနာတစ်မျိုး ဖြစ်ကာ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခြင်း အဆင့်မတက်နိုင်သော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက် အလွန်ကိုမှ သရေယိုစရာကောင်းနေလေသည်။
သူမသည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ သခင်လေး ဖြစ်မည်ဆိုလျှင်ပင် စွန့်စားကာ သူမ၏ ပြန်ပေးဆွဲကြမည့် ကျင့်ကြံသူများစွာ ရှိနေပေလိမ့်ဦးမည်။
ဤလောကကြီးသည် ရူသွပ်မိုက်မဲသည့် ကျင့်ကြံသူပေါင်း များစွာဖြင့် ပြည့်နေသော လောကကြီးတစ်ခု ဖြစ်သည်။
ရွှယ့်ယွယ်သည် ဆံပင်အား ကျော့ရှင်းတင့်တယ်စွာ နောက်သို့ သပ်တင်လျက် ရန်ကိုင်အား မျက်လုံးမှေးစဉ်းကြည့်လျက် ပြောလိုက်လေသည် “အခု ဒီမှာ နင်နဲ့ငါအပြင် ဘယ်သူ ရှိသေးလို့လဲ။ ငါမိန်းမတစ်ယောက်မှန်း နင်သိထားပြီးသား။ ပြီးတော့ ငါ့အထူးခန္ဓာကိုယ်တည်ဆောက်ပုံကိုလည်း နင်သိထားတာကြာပြီ။ ဒါတောင် ငါ့ကို တစ်ခါမှ အကောက်ကြံဖို့ မကြိုးစားခဲ့ဘူး။ ဘာလဲ၊ ဒီသခင်လေး.. မဟုတ်ဘူး၊ သခင်မလေးက နင့်အတွက် နည်းနည်းလေးမှ စွဲဆောင်မှု မရှိလို့လား”
“နင်ဘာတွေပြောနေတာလဲ” ရန်ကိုင် မျက်နှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။ သူသည် မိန်းမများနှင့် ပက်သက်လာလျှင် အတော်လေး အကဲခတ်တတ်သည့် လူတစ်ဦး ဖြစ်သော်လည်း သူလုံးဝ လက်မှိုင်ချရသည့် မိန်းမများလည်း ရှိနေပေသေးသည်မှာ တကယ့် အမှန်တရား ဖြစ်သည်။
ဤကဲ့သို့သော နေရာမျိုးတွင် ရွှယ့်ယွယ်သည် သူနည်းနည်းလေးမှ ဆွဲဆောင်မှု မရှိဘူးလားဟု လာမေးနေခဲ့သည်။ ထိုမေးခွန်းကို သူမည်ကဲ့သို့ ပြန်ဖြေရမည်နည်း။
“နင့်လို အရှက်မရှိတဲ့ ယောကျာ်းတစ်ယောက်က ရှက်တတ်သေးတယ်ပေါ့” ရွှယ့်ယွယ်လည်း ရှက်သွားခဲ့သည်။ သို့သော် အနိုင်မခံအကျောမပေးသည့် ပုံစံဖြင့် ဆက်၍ ပြောလိုက်လေသည် “နင့်ဒီလောက် ရှက်တတ်လိမ့်မယ်လို့ ငါမထင်ထားဘူး။ ကြယ်သေပေါ်မှာတုန်းက အရှက်မရှိလုပ်နေတာ နင်မဟုတ်တဲ့အတိုင်းပဲ”
“အဲ့ဒါက မတော်တဆလေ” ရန်ကိုင်က ရွှယ့်ယွယ်အား ပြန်စိုက်ကြည့်လျက် “ပြီးတော့ အဲ့ဒါ ဖြစ်ပြီးသွားတာ ကြာနေပြီ။ ငါတို့ နှစ်ယောက်စလုံး အဲ့ကိစ္စကို မေ့ပစ်လိုက်တော့မယ်လို့ သဘောတူထားကြတာ မဟုတ်ဘူးလား။ ဘာလို့ ပြန်အစဖော်နေတာလဲ”
“ဘယ်သူက သဘောတူလို့လဲ၊ မေ့ပစ်လိုက်မယ်လို့ ငါဘယ်တုန်းကမှ မပြောခဲ့ပါဘူးနော်” ရွှယ့်ယွယ်၏ ရင်အစုံသည် ဒေါသကြောင့် ဖားဖိုကြီးနှယ် နှိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။
“ကောင်းပြီလေ။ ဒါဆို နင်ဘာလိုချင်တာလဲ” ရန်ကိုင်က စိတ်ပေါက်ပေါက်ဖြင့် ပြန်ပြောလိုက်သည် “လူနားလည်ရခက်အောင် လုပ်မနေနဲ့တော့။ ရှင်းရှင်းပြောလိုက်”
“ငါဘာလိုချင်လဲဟုတ်လား” ရွှယ့်ယွယ်က အံကြိတ်၍ အော်ပြောလိုက်လေသည် “ငါဘာလိုချင်တယ်လို့ နင်ထင်လဲ။ ငါလိုချင်လို့ကော ငါဘာလုပ်နိုင်မှာမို့လို့လဲ”
ဒေါသထွက်ထွက်နှင့် ရွှယ့်ယွယ်သည် သူမရင်ထဲ မြိုသိပ်ထားခဲ့ရသော မကျေနပ်ချပ်များကို ဖွင့်ထုတ်ပစ်ရန် ကြိုးစားနေသည့်အလား သုံးခွန်းဆက်တိုက် အော်ပြောပစ်လိုက်လေသည်။