ကမ္ဘာမြို့မှ အာဏာရှင်များ
Vol. 6 Ch. 529
ယခင်က ပိုင်ရှောင်ချန်းသည် ကမ္ဘာမြို့တော်မှ မဟာတံတိုင်းသို့ ခရီးထွက်လာခဲ့ချိန်တွင် ဇောင်ထျန်ကျောက်တို့အဖွဲ့နှင့် ဖြစ်ခဲ့သည်။ သူတို့ ရင်ဆိုင်ကြုံတွေခဲ့ရသည့် မယုံကြည်နိုင်ဖွယ် အန္တရာယ်များကြောင့် သူတို့အဖွဲ့လေးမှာ ခရီးစဥ်တွင် အရှိန်မတင်နိုင်ခဲ့ပေ။
သို့သော် ယခုတွင် ထိုနေရာကိုပင် သူ့အမိန့်အောက်ရှိ စစ်တပ်တစ်တပ်ဖြင့် ခရီးဆက်နေလေသည်။ ထို့ပြင် သူတို့၏အမြန်နှုန်းများ မြှင့်တင်ရန် မန္တန်အစီအရင်များ ရှိလေသည်။ ထို့ကြောင့် တစ်လအတွင်းမှာပင် ကျင့်ကြံသူငါးထောင် အဖွဲ့ကြီးသည် မိုးကုပ်စက်ဝိုင်းအောက်တွင် ထီးထီးကြီးရှိနေသော ဧရာမမြို့ကြီးတစ်မြို့ကို မြင်လိုက်ကြရ၏။
၄င်းသည် အမှောင်ထုများကြီးစိုးနေပုံရသော မြို့တော်တစ်ခုဖြစ်ပြီး ကမ္ဘာမြို့တော်က လွဲ၍ တခြားမဟုတ်ပေ။
ကမ္ဘာမြို့တော်တွင် စစ်တပ်ငါးဖွဲ့၏ ကျင့်ကြံသူများကို မဟာတံတိုင်းကြီးပြိုလဲသွားသည့် အခြေအနေမျိုးမှာ အရံတပ်အဖြစ်ရှိရန် တပ်ချထားလေသည်။ အကယ်၍ တံတိုင်းကြီးပြိုလဲသွားခဲ့လျှင် သူတို့က ကြီးမားသော တပ်အားကို အထောက်အပံ့ပေးကာ တန်ပြန်တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် စစ်ဦးစီးမှူး တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် သူ၏ ရောက်ရှိခြင်းသတင်းသည် ကမ္ဘာမြို့တော်ရှိ ခံတပ်များသို့ ကြိုတင်အကြောင်းထားပြီး ဖြစ်လေသည်။ သို့ဖြစ်လေရာ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မြို့တော်အပြင်ဘက် ငါးကီလိုမီတာ ခန့်တွင် နေရာယူစီတန်း၍ သူ့ကို ကြိုဆိုရန် စောင့်နေကြလေသည်။
ထိုမျှသာမက မြို့တော် တရားသူကြီး၊ မြို့တော်ရှိ အခြားအဓိကကျသော အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အားလုံးရောက်နေကြလေသည်။ စစ်ဦးစီးမှူးတစ်ဦးသည် လူတိုင်းက အရေးအကြီးဆုံးသတ်မှတ်ထားသော လူစားမျိုးဖြစ်သည် မဟုတ်ပါလော။ အမှန်တွင် မြို့တော် တရားသူကြီးသည် ရှင်းကုံကျစ်တာအိုဂိုဏ်းမှ တိုက်ရိုက် ခန့်အပ်ထားသူ ဖြစ်သော်လည်း သူပင်လျှင် လျစ်လျူရှုမိသော အပြုအမူတစ်ခုကြောင့် စစ်တပ်များနှင့် ရန်မုန်းမပွားလိုပေ။
ကမ္ဘာမြို့တော်ရှိ ခံတပ်၌ စစ်ဦးစီးမှူး လေးဦးရှိပြီး သူတို့အားလုံးသည်လည်း အချိုသာဆုံးပြုံးကာ ရောက်ရှိလာကြသည်။ ပိုင်ရှောင်ချန်းနှင့် ရာထူးတူသော်လည်း သူက ရှေ့တန်းကဖြစ်ရာ အဆင့်အတန်းအားဖြင့် သူနှင့် နှိုင်းယှဥ်၍မရပေ။ သူတို့သည် အုပ်ချုပ်ရေးဆိုင်ရာ စီမံကွပ်ကဲမှုစွမ်းရည်များကြောင့် ရာထူးတက်ခဲ့ကြသည်ဖြစ်သည့်အတွက် တိုက်ပွဲ၏ ခက်ထန်ကြမ်းတမ်းသော ရှေ့တန်းထက် အေးချမ်းသောကမ္ဘာမြို့တော်နှင့် များစွာပို၍ သင့်တော်လေသည်။
ထိုအခိုက်အတန့်တွင် လူတစ်ထောင်ကျော်ခန့်သည် ပိုင်ရှောင်ချန်းကို စောင့်နေကြ၏။ ထိုအထဲမှ ထက်ဝက်ခန့်သည် စစ်တပ်ငါးဖွဲ့မှဖြစ်ကြပြီး အခြားတစ်ဝက်မှာ မြို့တော် တရားသူကြီး၏ တပ်ဖွဲ့များနှင့် အခြားသော အာဏာရှိအဖွဲ့အစည်းများမှ ဖြစ်ကြသည်။
သူတို့အားလုံးက တပ်သားသစ်စုဆောင်းရန်လာသော စစ်ဦးစီးမှူး အသစ်အကြောင်း ခပ်တိုးတိုးလေသံများဖြင့် တီးတိုးပြောနေကြလေသည်။
" ဒီလူလာတာ ငါတို့အတွက် တော်တော် ဆိုးတာပဲ"
" ဟုတ်ပဗျာ။ ပုံမှန်ဆို မဟာတံတိုင်းမြို့တော်က တပ်မှူးကြီး တွေပဲ လွှတ်တာ။ ပြီးတော့ ဒီလူက ရာထူးတက်ရုံပဲရှိသေးတာ။ အရေးကြီးတဲ့ တာဝန်တွေကြောင့်မဟုတ်ရင် ဒီကိုလာမှာမဟုတ်ဘူး "
" မင်းတို့ကောင်တွေ သူ ဒီကို လူသစ်ခေါ်ဖို့ လာတယ်လို့ တကယ်ထင်နေတာလား "
မြို့တော် တရားသူကြီးသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံနှင့် သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ထင်ထားသည်နှင့် ဆန့်ကျင်၍ အတော်လေး ဝလေသည်။ သူ့မှာ ကြင်နာတတ်သော မျက်နှာရှိသော်လည်း လောလောဆယ်တွင် စိုးရိမ်မှုများဖြင့် ရှုံ့တွနေတော့သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံကို မြင့်သည်ဟု ပြောနိုင်သော်လည်း စစ်တပ်ငါးဖွဲ့နှင့် ယှဥ်လိုက်လျှင် မပြောပလောက်တော့ပေ။ ထို့အပြင် သူက ယင်ယန်ဝိညာဥ်ဆေးလုံးတစ်လုံးနှင့် အဆင့်တက်ထားခြင်းသာ ဖြစ်ပြီး ဂိုဏ်းတွင် နောက်ခံအင်အား တောင့်တင်းသောကြောင့်သာ သူ၏ လက်ရှိရာထူးကို အလွယ်တကူရထားခြင်းဖြစ်လေသည်။
ဤစစ်ဦးစီးမှူးက ကမ္ဘာမြို့တော်သို့ မည်သည့်ရည်ရွယ်ချက်ဖြင့်လာနေသည်ကို သိချင်နေလေသည်။ ကမ္ဘာမြို့တော် စစ်ဦးစီးမှူး လေးဦးတို့သည်လည်း ထိုနည်းတူ မယုံသင်္ကာဖြစ်နေပုံရသောကြောင့် သူ၏သံသယများကို ပို၍ ကြီးထွားလာစေတော့သည်။
လူတိုင်း ထိုကိစ္စရပ်အား ဆွေးနွေးငြင်းခုံနေကြချိန် ခပ်ဝေးဝေးတွင် တောက်ပသော အလင်းတန်း ကိုးခုပေါ်လာ၏။ ခပ်အုပ်အုပ် ထစ်ခြုန်းသံတစ်ခု လေထဲတွင် ပြည့်သွားရာ စုဝေးနေကြသော ကျင့်ကြံသူများသည် အလင်းများရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြပြီး မကြာမီ တပ်သားကိုးယောက် မြင်ကွင်းထဲပေါ်လာလေသည်။
သူတို့အားလုံး၌ ခံစားချက်မဲ့သော မျက်နှာများရှိပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ထုတ်လွှတ်နေလေသည်။ အမြုတေအဆင့်ကျင့်ကြံသူများသာ ဖြစ်သည့်တိုင်အောင် လျှော့တွက်၍ရသည့် လူစားမျိုး မဟုတ်မှန်း သိသာထင်ရှားနေသည်။
" ဂုဏ်အရှိန်အဝါကြီးမားတဲ့ စစ်ဦးစီးမှူး ကြီး မကြာခင် ရောက်လာတော့မယ်။ သူ့ကို လာရောက်ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂုဏ်သရေရှိ လူကြီးမင်းများနှင့် လူကြီးမင်းများခင်ဗျား "
သူတို့က မိတ်ဆက်ခြင်းများ ပြုလုပ်ပြီးသော် ကိုးယောက်အဖွဲ့ထဲမှ အနည်းငယ်က သတင်းပို့ရန် လာရာလမ်းအတိုင်းပြန်သွားပြီး ကျန်လူများက ပတ်ဝန်းကျင်ကို စစ်ဆေးရန် ကျန်ခဲ့လေသည်။
မြို့တော် တရားသူကြီး၊ စစ်ဦးစီးမှူးများနှင့် အခြားသော မြို့တော် ဌာနခေါင်းဆောင်များ၏ မျက်နှာများအပေါ်၌ အလွန်လေးနက်သောအမူအရာများကို တွေ့ရလေသည်။
နောက်ထပ် နှစ်နာရီ ကုန်လွန်သွားပြီးနောက် ပြင်းထန်သော တဂျိန်းဂျိန်း ထစ်ခြုန်းသံများကို ကြားလိုက်ရလေသည်။ စောင့်နေကြသော လူအုပ်ကြီးရှိ လူတိုင်းမှာ ကောင်းကင်တွင် လှိုင်းများအလား ပြည့်နေသော တသိမ့်သိမ့်လှုပ်ရှားမှုများကို တည်ကြည်လေးနက်သော အမူအရာများဖြင့် မော့ကြည့်လိုက်ကြ၏။
အချိန်အနည်းငယ်ကြာသော် ကောင်းကင်ကို ထိုးခွင်းသွားသည့် စူးရှချွန်ထက်သော ဓားသွားတစ်စင်းအလား ပြင်းထန်သောစွမ်းအားများထုတ်လွှတ်ရင်း တတိယတပ်ဖွဲ့၏ ရှေ့ပြေးတပ်ပေါ်လာတော့သည်။
လူတိုင်းမှာ အထင်ကြီးဖွယ်မြင်ကွင်းကြီးကြောင့် ပင့်သက်ရှိုက်လိုက်ကြသည်။
စစ်ဦးစီးမှူး လေးဦးလည်း ထိုနည်းတူပင်။ သူတို့လက်အောက်ရှိ တပ်သားများမှာ အမှတ်သုံးတပ်ဖွဲ့မှ ကျင့်ကြံသူများနှင့် ပြိုင်ဘက်မဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူတို့အားလုံးမှာ ခါးသီးစွာ ပြုံးလိုက်ကြသည်။
ရှေ့ပြေးတပ်၏ နောက်တွင် ဘယ်ညာဖြန့်၍ စီးတန်းလာသည့် လူတစ်ထောင်စီပါသော တပ်ရင်းနှစ်ဖွဲ့ရှိသည်။
သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် တဟုန်းဟုန်းတောက်နေသော တပ်ရင်းနှစ်ဖွဲ့သည် အားအင်အပြည့်ဖြင့် မြားများပစ်လွှတ်ရန် အသင့်ဖြစ်နေသည့် တင်းနေအောင်ဆွဲထားသော လေးတစ်လက်အလားပင်။ သူတို့နောက်တွင် တပ်သားများစွာဝန်းရံ၍ ကိုယ်ရံတော်တပ်ဖွဲ့ခြံရံထားသော ပိုင်ရှောင်ချန်းဖြစ်သည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်းသည် သူ၏ တလက်လက်တောက်ပနေသော ရွှေရောင်ချပ်ဝတ်တန်ဆာကြောင့် အားလုံး၏ အာရုံစိုက်ရာဖြစ်သွားတော့သည်။
စစ်တပ်ကြီး ချဥ်းကပ်လာသည်နှင့် စုရုံးနေကြသော ကျင့်ကြံသူများမှာ ပို၍ စိုးရိမ်ပူပန်ရောက်လာကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားလာပြီး ကျေနပ်မှုများဖြင့် အဆက်မပြတ် သက်ပြင်းချနေတော့သည်။
" ငါဒီနေရာကို ပထမဆုံးရောက်တုန်းက ငါ့နာမည်သိတဲ့လူ တစ်ယောက်တစ်လေတောင်မရှိဘူး။ အခုတော့ ဘယ်လိုဂုဏ်ထူး အာဏာနဲ့ပဲဖြစ်ဖြစ် လူတိုင်း ငါ့ကို လာကြိုကြရတာပဲ "
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် သူ၏လက်ရှိအဆင့်အထိရောက်အောင် အပြင်းအထန်ကြိုးစားခဲ့ရသမျှ တန်သည်ဟု ယုံကြည်သွားတော့သည်။
မြို့တော် တရားသူကြီးနှင့် အခြားကျင့်ကြံသူများထံ နီးလာသည်နှင့် ပိုင်ရှောင်ချန်းက အမိန့်တစ်ခုအော်လိုက်ရာ မြို့တော်အရာရှိများရှေ့တည့်တည့်တွင် စစ်တပ်သည် တုန့်ခနဲ ရပ်သွား၏။ ထို့နောက် ထိုနေရာအား ထောက်လှန်းရန် တပ်သားများလွှတ်လိုက်စဥ်တွင် ပိုင်ရှောင်ချန်းလက်အောက်ရှိ အခြားသော ကျင့်ကြံသူများမှာ ကမ္ဘာမြို့တော်မှ လူများကို အေးစက်စွာ စိုက်ကြည့်နေကြလေသည်။
အမှန်တကယ်တော့ ထိုသည်က မြို့တော် တရားသူကြီးအပါအဝင် လူတိုင်းကို ယခင်ကထက်ပို၍ စိုးရိမ်သွားစေတော့သည်။
အချိန်အနည်းငယ်ကြာသော် စစ်ဦးစီးမှူး ကြီးလေးဦးသည် အသက်ပြင်းပြင်းရှူပြီး လေပေါ်ပျံတက်ကာ လက်များယှက်၍ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
" တာအိုရောင်ရင်း ပိုင်.. ကျုပ်တို့ ခင်ဗျားကို စောင့်နေတာပါ"
ပိုင်ရှောင်ချန်းက အားပါတရရယ်လိုက်ပြီး ရှေ့းပြေးတပ်သားများထံ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ စစ်ဦးစီးမှူးလေးဦးအတွက် လမ်းများဖယ်ပေးလိုက်ကြလေသည်။ သူတို့က အလျင်အမြန်ပင် အနားကပ်လာကာ သူတို့ကိုယ်သူတို့ မိတ်ဆက်၍ မိတ်ဆက်လက်ဆောင်များလည်း ပေးကြလေသည်။ သူတို့အားလုံးသည် စစ်တပ်ငါးဖွဲ့၏ အဖွဲ့ဝင်များဖြစ်ပြီး အလွန် ယဥ်ကျေးပျူငှာလေရာ ပိုင်ရှောင်ချန်းမှာ အလွန်ပျော်ရွှင်နေတော့သည်။ သူက သူတို့နှင့် ဖော်ဖော်ရွေရွေ စကားစမြည်ပြောလိုက်လေသည်။
အချိန်အနည်းငယ်ကြာသော် မြို့တော် တရားသူကြီးနှင့် အခြားအရေးကြီးပုဂ္ဂိုလ်များ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သက်ပြင်းချ၍ ဂါဝရပြုနှုတ်ဆက်ရန် ပျံတက်လိုက်ကြသည်။
သူတို့သည်လည်း လက်ဆောင်များ ကပ်တိုးလေး ပေးကြလေရာ ပိုင်ရှောင်ချန်းမှာ ယခင်ထက်ပို၍ပင် ကျေနပ်ဝမ်းသာနေတော့သည်။ ထို့နောက် သူတို့က သူ့ပတ်လည်တွင် ဝန်းရံလိုက်ကြပြီး ကမ္ဘာမြို့တော်ထံ လိုက်ပါပို့ဆောင်ကြလေသည်။
" ညီလေးပိုင် ။ မင်းက တကယ့်ကို ပြီးပြည့်စုံတဲ့ လက်ရွေးစင်တစ်ယောက်ပဲကွာ။ မင်း စစ်ဦးစီးမှူး ရာထူးကို ငယ်ငယ်လေးနဲ့ရတာ ယုံတောင် မယုံနိုင်ဘူး။ မင်းရဲ့ အနာဂတ်အလားလာတွေကတော့ အကန့်အသတ်မရှိဘူးဟေ့"
" ဟုတ်ပဗျာ ။ ဂိုဏ်းမှာတုန်းက ခင်ဗျားရဲ့ အထင်ကြီးစရာ စွန့်စားခန်းတွေအားလုံး ကျုပ် ကြားနေခဲ့တာ ကြာပါပြီ စစ်ဦးစီးမှူး ပိုင်ရေ"
" ခင်ဗျားက တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ သူရဲကောင်းတစ်ဦးပဲ စစ်ဦးစီးမှူး ပိုင်။ ဒါနဲ့ စကားမစပ် ဘယ်လိုကြောင့်များ ဒီရောက်လာတာတုန်း။ ဘာအကူအညီလိုလို ကျုပ်တို့အားလုံးလုပ်ပေးနိုင်တယ်။ စကားလေးတစ်ခွန်းသာပြောလိုက် "
မြို့တော်ကို သွားသည့် လမ်းတစ်လျှောက် အရာရှိများ ၊ အရာခံများ နှင့် အခြား အရေးပါသော လူများ၏ ပါးစပ်များမှ ထွက်လာသော စကားများအားလုံးသည် ပိုင်ရှောင်ချန်းကို ပျော်ရွှင်မှုများဖြင့် ပြည့်ကြပ်သွားစေသည်။ သို့သော် သူက ပိုင်လင်းအကြံပေးထားသည့််အတိုင်း ဤနေရာအား မည်သည့်အတွက်ကြောင့်လာရလဲဆိုသည်ကို တခွန်းပင် မဟပေ။
တပ်သားများ၏ အေးစက်သော အပြုအမူများနှင့် လာရောက်သော အကြောင်းပြချက်ပြောပြရန် ပိုင်ရှောင်ချန်းငြင်းဆိုသည်တို့အပါအဝင် အရာရာတိုင်းက ပိုင်လင်းအစီအစဥ်အတိုင်း သွားနေလေသည်။ ရည်ရွယ်ချက်မှာ မြို့တော်မှ လူများအား ပို၍ စိုးရိမ်ပူပန်နေစေအောင် ပြုလုပ်ရန်နှင့် သူ့ကို ပိုများပြားသော လက်ဆောင်ပဏ္ဍာများပေးဖို့ သူတို့အား အစဖော်ပေးရန်ဖြစ်သည်။
ထိုအစီအစဥ်အတိုင်း အတိအကျဖြစ်နေလေသည်။ မြို့တော်ကို ရောက်ရောက်ချင်း ရှေ့ရှိလမ်းကြီးမှာ ရှင်းလင်းခံထားရပြီး သူ့အတွက် လမ်းကြောင်းရှင်းပေးရန် ပိတ်ဆို့ထားကြလေသည်။ သူဘေးဘီဝဲယာကြည့်လိုက်စဥ် ကမ္ဘာမြို့တော်ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် လေးစားအားကျခြင်းများ၊ မျှော်လင့်ချက်များလက်နေသည့် အမူအရာများဖြင့် သူ့အားကြည့်နေသည်ကို တွေ့ရသောအခါ ပို၍ လေးနက်စွာပင် သက်ပြင်းချလိုက်လေသည်။
သူသာအလိုရှိလျှင် အမိန့်တစ်ချက်ဖြင့် မည်သူ့ကိုမဆို ချက်ချင်းသတ်လိုက်နိုင်သည်။ သို့မဟုတ် သူသာ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို သဘောကျလျှင် သူ့ထံမှ စကားတစ်ခွန်းနှင့် အကုန်လုံးအဆင်ပြေသွားမည်ဖြစ်သည်။ သူ့လူများအား ထိုကိစ္စကို ကိုင်တွယ်ရန် စေလွှတ်လိုက်ပါက ထိုညတွင် သူမက သူ့အခန်းထဲ ရောက်လာလိမ့်မည်။
အနည်းဆုံးတော့ ပိုင်ရှောင်ချန်းသည် သူ၏ လက်ရှိရာထူးဖြင့် ထိုသို့သောအရာများ လုပ်နိုင်ကြောင်း ယုံကြည်ချက်ရှိလေသည်။
မြို့တော်ရှိ အာဏာရှိ အဖွဲ့အစည်းများက သူ့ကို နေ့စဥ်နေ့တိုင်း လက်ဆောင်ပဏ္ဍာများ ဆက်လက်ဆက်သနေသည့်ကာလအတွင်း ရက်အနည်းငယ်ကုန်ဆုံးသွား၏။ ယခုတွင် ပိုင်ရှောင်ချန်းသည် စစ်ဦးစီးမှူး အဖြစ် ရာထူးတိုးရန် မည်သည့်အတွက်ကြောင့် လူများစွာ အပြင်းအထန်တိုက်ခိုက်နေကြောင်း အပြည့်အဝနားလည်သွားတော့သည်။
မှန်ပါသည်။ သူ၏ လူသစ်စုဆောင်းရန် အစီအစဥ်ကိုလည်း မမေ့ပေ။ ကျောက်လုံက အကုန်စီစဥ်ထားလေသည်။ ဂိုဏ်းမှ သင်္ဘောပေါ်တွင် ပိုင်ရှောင်ချန်းနှင့်အတူ ပါလာသော ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များရှိ အမျိုးမျိုးသော အဖွဲ့ဝင်များကို ရှာရန် သူ့လူများစွာကို စေလွှတ်လိုက်လေသည်။ သူတို့ကို တွေ့သည့်အချိန်တိုင်း စာရင်းမှတ်၍ ထိုစာရင်းကို ပိုင်ရှောင်ချန်းအား ပေးရလေသည်။ ထို့နောက် သူ၏ခေါင်းလေးညိတ်လိုက်ရုံနှင် သူတို့မှာ စစ်မှုထမ်းလိုက်ရတော့သည်။
ရင်းနှီးသော နာမည်များအားလုံးရှာပြီးနောက်တွင်လည်း ကုန်းစွန်းဝမ်အာ သို့မဟုတ် နတ်ဆရာဟူသော ဖော်ပြချက် တစ်စုံတရာပင် မတွေ့ရပေ။ ချင်းမေ့ယွမ်ကတော့ မြေရိုင်းဒေသရှိ သူမအိမ်ကို အချိန်အတော်ကြာကတည်းက ပြန်ရောက်နေသည်ဟု ပိုင်ရှောင်ချန်း အတော်လေးသေချာနေသည်။
ကုန်းစွန်းဝမ်အာနှင့် နတ်ဆရာကိုမူ မည်သည့်နေရာသို့ရောက်နေသည်လဲ မပြောနိုင်အောင် ဖြစ်နေပြီး သူတို့ထံရောက်ရန် ကျောက်စိမ်းပေလွှာကို အသုံးပြုသည့်တိုင် အလုပ်မလုပ်ပေ။
"ကုန်းစွန်းဝမ်အာက အမြဲတမ်း အင်မတန် လျှို့ဝှက်ဆန်းကြယ်တာတော့ သူ့ကို ထားလိုက်တော့မယ်။ ဒါပေမယ့် နတ်ဆရာက ဘယ်ရောက်နေတာတုန်း "
ပိုင်ရှောင်ချန်းက လက်ဆောင်ပဏ္ဍာများလက်ခံနေသည့် အတောအတွင်း ခုနစ်ရက်ကုန်ဆုံးသွားလေသည်။ သူသည် အစီအစဥ်တကျထားရန်ပင် စိတ်မရှည်တော့၍ အိတ်ထဲသာ ပုံမှန်အတိုင်းပစ်ထည့်လိုက်လေသည်။
တစ်ညနေတွင် အထူးသဖြင့် သူက နတ်ဆရာကို ရှာရန် လူတချို့လွှတ်သင့်၊ မလွှတ်သင့် စဥ်းစားခန်းဖွင့်နေချိန် မြို့တော် တရားသူကြီးလူဝကြီး လာရောက်လည်ပတ်တော့သည်။
" ညီလေးပိုင်ရေ " သူက ရယ်မောကာ ပြော၏။
" ဒီနေ့ကတော့ မင်းရဲ့ ကံကောင်းတဲ့နေ့ပဲ"
" ဟမ် " ပိုင်ရှောင်ချန်းမှာ မြို့တော် တရားသူကြီး၏စကား အဓိပ္ပါယ်ကို လုံးဝမသိလေရာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။