← Chapters

အခန်း (၁၇၆၆-၁၇၇၀)

Vol. 71 Ch. 1766-1770

အခန်း (၁၇၆၆-၁၇၇၀)

Vol. 71 Ch. 1766-1770

အပိုင်း (၁၇၆၆)

ရွှယ့်ယွယ်၏ ယုတ္တိမတန်သည့် အပြုအမူကြောင့် ရန်ကိုင် ဒေါသထွက်သွားခဲ့သည်။

ရန်ကိုင်သည် ရွှယ့်ယွယ်အား မမှိတ်မသုံစိုက်ကြည့်ရင်း နှာခေါင်းတစ်ချက်ရှုံ့၍ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ရွှယ့်ယွယ်၏ ခန္ဓာကိုယ်လေး နောက်တွန့်သွားခဲ့လေသည်။

ထို့နောက် ရန်ကိုင်သည် ရွှယ့်ယွယ်၏ ခါးကျဉ်ကျဉ်းလေးအား ဆွဲဖက်လိုက်သည်။ သူမ၏ မှင်သက်နေသည့် အောက်မှာပင် အရည်ရွှန်းလဲ့နေသော သူမ၏ နှုတ်ခမ်းအစုံကို အားပါးတရ ဖက်နမ်းပစ်လိုက်လေသည်။ တစ်ချိန်တည်းတွင် ရွှယ့်ယွယ်၏ ခန္ဓာကိုယ်ကို သူလက်ဖြင့် အကြမ်းပတမ်း ပွတ်သပ် ကိုင်တွယ်လေသည်။

“နာတယ်၊ သူတောင်းစားရဲ့” ရွှယ့်ယွယ်သည် ရန်ကိုင်ဆီမှ အလျင်စလို ရုန်းထွက်ရန် ကြိုးစားလိုက်သော်ငြား သူမ မည်သို့ပင် တွန်းထုတ်နေစေကာမူ ရန်ကိုင်သည် ကျောက်တောင်ကြီး တစ်တောင်နှယ် တုတ်တုတ်မျှ မရွေ့ချေ။

သို့ရာတွင် နာကျင်မှုနှင့်တူ ထူးခြားသော ခံစားချက် တစ်မျိုးသည်လည်း သူမ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာခဲ့၏။

ညည်းသံလိုလို၊ အော်သံတလိုလို အသံတစ်မျိုးမျိုး သူမ၏ နှုတ်ခမ်းဖျားဆီမှ ထွက်ပေါ်လာခဲ့သည်။ ရွှယ့်ယွယ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ထုံဆေးတို့ခံလိုက်ရသည့်နှယ် ပျော့ခွေကျသွားလေသည်။

နှစ်ယောက်သား အနမ်းရေယာဉ်ကြောထဲ မျောနေကြစဉ် သွေးသားရဲများမှာတော့ ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများနှင့် အသည်းအသန် တိုက်ခိုက်နေကြလေသည်။ အချိန်အတော် ကြာသွားသည့်အခါမှပဲ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ လူချင်း ပြန်ခွာလိုက်ကြသည်။

ရန်ကိုင်သည် ရွှယ့်ယွယ်သည် အသုံးမဝင်တော့သည့် ဖိနစ်တစ်ရံအလား တစ်ချက်စောင့်ကြည့်၍ တွန်းထုတ်လိုက်၏။

ရွှယ့်ယွယ်၏ ပါးပြင်နှင့်တစ်ကွ လည်တိုင်တစ်လျှောက်လုံး နီမြန်းနေခဲ့သည်။ သူမတစ်ကိုယ်လုံး အားမရှိသလို ဖြစ်နေသဖြင့် လူချင်း ခွာလိုက်သည့်နောက် ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။ မျက်လုံးလေးမှာလည်း တောင်ကြည့်မြောက်ကြည့် ဖြစ်နေ၏။

“ကျေနပ်ပြီလား” ရန်ကိုင် နှာခေါင်းရှုံ့လိုက်လေသည်။

“နင်…” ရွှယ့်ယွယ်သည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

“ငါ… နင်ဘာဖြစ်နေတာလဲ” ရန်ကိုင်က ဒေါသတကြီး ပြန်အော်ပြောလေသည် “တစ်ချိန်လုံး ငါ့ကို တောက်လျှောက် လိုက်နှောက်ယှတ်နေတာ နင်ဘာလိုချင်နေတာလဲ”

ချက်ချင်းဆိုသလို ရွှယ့်ယွယ်၏ မျက်နှာသည် ပြိုတော့မည့် မိုးနှယ် ငိုမဲ့မဲ့ ဖြစ်လာခဲ့လေသည်။ သို့သော်လည်း မျက်ရည် မကျမိအောင် အမြန် ပြန်ထိန်းလိုက်ပြီး အသက်ပြင်းပြင်းရှုကာ အံကြိတ်၍ ပြန်ပြောလေသည် “ငါဘာဖြစ်နေလဲဟုတ်လား။ နင်ကကော ဘာဖြစ်နေတာလဲ။ ဟွန့်၊ ဘာဖြစ်ဖြစ်၊ ငါလိုချင်တာ ငါရသွားပြီ”

“အဲ့ဒါ နင်လိုချင်တာလား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် သူမအား ကြည့်လိုက်လေသည်။

“ဟုတ်တော့ရော ဘာဖြစ်လဲ” ရွှယ့်ယွယ်က သူမ၏ နှုတ်ခမ်းကို ကိုက်၍ “ဒီလောကကြီးမှာ ငါအဖေနဲ့ အဖွဲ့အစည်းက အကြီးအကဲတွေကလွဲလို့ နင်တစ်ယောက်ပဲ ငါမိန်းမမှန်း သိတာ။ မိန်းမတစ်ယောက် ဖြစ်ရတာ ဘယ်လိုနေလဲဆိုတာကို မသိရဘဲနဲ့ ငါမသေသွားချင်ဘူး”

“ဒီတော့ ငါတို့ သေရတော့မယ်လို့ နင်ထင်နေတယ်ပေါ့” ရွှယ့်ယွယ် ဘာကြောင့် ဤကဲ့သို့ အရူးတစ်ယောက်နှယ် လုပ်နေလဲ ဆိုသည်ကို နောက်ဆုံးတွင် သူနားလည်သွားခဲ့လေပြီ။

“ဟုတ်တယ်။ နင်ပဲပြောခဲ့တယ်လေ။ ပန်းမွေ့ရာထက်မှာ သေရတာက အကောင်းဆုံး သေခြင်းတစ်မျိုးပဲတဲ့။ ဒီတော့ ငါအခုလိုလုပ်တော့ ဘာဖြစ်လဲ” ရွှယ်ယွယ်က ရယ်မောလျက် “အနည်းဆုံး ငါသေသွားတယ်ဆိုရင်တောင် မိန်းမတစ်ယောက် အဖြစ်နဲ့ သေသွားနိုင်ပြီ”

“နင်တကယ်ကို ရူးနေတာပဲ” ရန်ကိုင်သည် ခေါင်းတခါခါနှင့် ပြောလိုက်လေသည်။

ရွှယ့်ယွယ်ကမူ နှာခေါင်းရှုံ့၍သာ “နင်ထင်ချင်သလိုထင်”

ပြောပြီးသည့်နောက် ရွှယ့်ယွယ်သည် အတော်လေး စိတ်လက်ပေါ့ပါးသွားဟန်ရကာ စိတ်ဓါတ်ပင် တက်ကြွလာခဲ့လေသည်။

“ငါအရင်ဆုံးပြောထားမယ်။ ဒီနေ့ ဖြစ်သွားတာတွေက နင်ငါ့ကို တွန်းအားပေးလို့နော်။ ငါဘာမှ တာဝန်ယူမှာ မဟုတ်ဘူး” ရန်ကိုင်က ရွှယ့်ယွယ်အား ကြည့်ရင်း အရှက်မရှိ ပြောလိုက်သည်။

“ဘယ်သူက နင့်ကို တာဝန်ယူခိုင်းချင်လို့လဲ” ရွှယ့်ယွယ်က နှုတ်ခမ်းဆူလျက် “နင့်မှာ မိန်းမတွေအများကြီးရှိမှန်း ငါသိပြီးသား။ ဒါပေမယ့်… ဆိုရိုးစကားဆိုတာ ရှိတယ်လေ။ ဇနီးတစ်ယောက်က ကိုယ်လုပ်တော်တစ်ယောက်ထက် နိမ့်ကျတယ်တဲ့။ ဒီတော့ ကိုယ်လုပ်တော်ကလည်း…”

“နင်က ငါထင်ထားတာထက် ပိုသိနေတာပဲ” ရန်ကိုင်က ရယ်မောနေရင်းမှ ရုတ်တရက် သက်ပြင်းချလျက် “နင့်အတွက်လည်း အတော်လေး ခက်ခဲခဲ့မှာပေါ့”

“နင်သိရင်ပြီးတော့” ရွှယ့်ယွယ်က နှုတ်ခမ်းလေးကွေးလျက် ပြန်ပြောလိုက်သည်။

ပြောပြီးသည်နှင့် ရန်ကိုင်ဆီသို့ တိုးကပ်သွားပြီး သူမလက်ကို ရန်ကိုင်ဆီသို့ ဆန့်တန်းပေးလိုက်လေသည်။

ရန်ကိုင်က သူမလက်ကိုကိုင်ရင်း ပြုံးလျက် ပြန်မေးလိုက်၏ “ဘာလဲ။ နင်က မြစ်ဝါမြစ်ဆီ ငါနဲ့အတူ သွားချင်နေတာလား”

“အခုအခြေအနေက အဲ့လို ဖြစ်နေပြီ။ နင့်မှာ ဝှက်ဖဲတွေရှိရင် မြန်မြန် ထုတ်လိုက်တော့။ မဟုတ်ရင် နင့်မိန်းမတွေ အကုန်လုံး မုဆိုးမတွေ ဖြစ်ကုန်လိမ့်မယ်။ ငါလည်း အားကုန်နေပြီ။ ဆက်မတိုက်နိုင်တော့ဘူး” ရွှယ့်ယွယ်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်၍ အားနေသည့် လက်တစ်ဖက်ဖြင့် ရွှယ့်ယွယ်၏ ခါးကျဉ်ကျဉ်လေးအား သိမ်းဆက်လိုက်သည်။ ရန်ကိုင်၏ ယုံကြည်ချက်ရှိသည့် အမူအရာကိုမြင်သော် ရွှယ့်ယွယ်၏ မျက်ဝန်းအထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့၏။

သူမ သေဖို့ ပြင်ဆင်ထားပြီးသွားလေပြီ။ သို့သော်လည်း လက်ရှိ မြင်ရသလောက် ရန်ကိုင်တွင် ဤနေရာမှ ထွက်ပြေးနိုင်မည့် ဝှက်ဖဲတစ်ခုခု ရှိနေသေးသည့်ပုံပင်။ ထို့ကြောင့် ရန်ကိုင် နောက်ဘာဆက်လုပ်မလဲ သိချင်မိသွားလေသည်။

ရန်ကိုင်သည် ရယ်မောရင်း လေဟာနယ်စွမ်းအားကို ထုတ်သုံးတော့မည်အပြု ရုတ်တရက် တစ်ခုခုကို သတိရသွား၏။

ရပ်လိုက်ပြီး ပစ္စည်းတစ်ခုကို ထုတ်လိုက်လေသည်။

ထိုအရာမှာ ဆန်းကြယ်သော ရုန်းအက္ခရာများ ထိုးထွင်းထားသည့် ရှေးဟောင်းလက်ကောက်တစ်ကွင်း ဖြစ်သည်။

လက်ကောက်ကိုကြည့်ရင်း ရန်ကိုင်သည် ပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာအုပ်ကြီးအား တစ်ချက် ဝေ့ကြည့်လိုက်၏။ ထို့နောက် လက်ကောက်ထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။

ချက်ချင်းဆိုသလို လက်ကောက်မျက်နှာပြင်ပေါ်ရှိ ရုန်းအမှတ်အသားများ စတင် လှုပ်ရှားလားပြီး ထူးခြားသော စွမ်းအားတစ်ရပ်သည် လက်ကောက်ဆီမှ ဖြာထွက်လာခဲ့လေသည်။

ထို့နောက်တွင် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ ထူးဆန်းသော စွမ်းအင်လှိုင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည့် ဟင်းလင်းပြင်ပုံရိပ်ယောင်လိပ်ပြားအားလုံးသည် လျှပ်စစ်နှင့် အတို့ခံလိုက်ရသည့်နှယ် အကြောသေကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်လေသည်။

“အဲ့ဒါဘာကြီးလဲ” ရွှယ့်ယွယ်သည် အံ့အားသင့်နေသည့် အမူအရာဖြင့် ရန်ကိုင်၏ လက်ကောက်အား ကြည့်လိုက်သည်။

ရန်ကိုင်သည် ပြန်မဖြေသေးဘဲ လက်ကောက်ထဲသို့သာ သူတော်စင်ချီကို ထည့်သွင်းနေလိုက်သည်။

နောက်ထပ်လှိုင်းတစ်လှိုင်း ထပ်ထွက်လာသော ကျန်ရှိနေသော ဟင်းလင်းပြင်ပုံရိပ်ယောင်လိပ်ပြာများ ထပ်ပြုတ်ကျပြန်လေသည်။ သူတို့အား ဝိုင်းထားသော ဟင်းလင်းပြင်ပုံရိပ်ယောင်လိပ်ပြာ တစ်ဝက်လောက်မှာ လက်ကောက်ကြောင့် အကြောသေကာ မြေပြင်ပေါ်သို့ တဖုန်းဖုန်း ပြုတ်ကျနေကုန်ပြီး ကျန်တစ်ဝက်မှာတော့ သူတို့နှင့် ခပ်ဝေးဝေးသို့ ရှောင်သွားကြလေသည်။

“ဒီလက်ကောက်က ဒီလို သုံးလို့ရတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

“ဘာကြီးလဲ” ရွှယ့်ယွယ်သည် လက်ကောက်အား အံ့ဩတကြီးကြည့်ရင်း ထပ်မေးလိုက်လေသည်။ မည်သို့သော မှော်ရတနာမျိုးဖြစ်သလဲ သိရအောင် ကောင်းကင်စိတ်အာရုံဖြင့်ပင် လက်ကောက်ကို စစ်ဆေးကြည့်လိုက်လေသည်။

“အင်းဆက်လက်ကောက်ပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည် “ဒီလက်ကောက်ကိုသုံးပြီး ရှေးဟောင်းအင်းဆက်တွေကို ထိန်းချုပ်လို့ရတယ်လို့ တစ်ယောက်ယောက် ငါ့ကို ပြောဖူးတယ်။ ဒါပေမယ့် တစ်ခါမှ မသုံးဖြစ်ဘူး။ အခုမှပဲ စသုံးဖြစ်တာ။ ဒီလောက် အသုံးဝင်မယ်လို့ မထင်ထားဘူး”

အင်းဆက်လက်ကောက်သည် ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်ကာ အင်းဆက်ဧကရာဇ်၏ ပင်မရတနာတစ်ခု ဖြစ်ပေသည်။ လက်ကောက်ထဲတွင် အမျိုးမျိုးသော ရက်စက်ကြမ်းကြုတ်သည့် အင်းဆက်မျိုးစုံကို ချိတ်ပိတ်ထားသည်ဟု ပြောသည်။ ရန်ကိုင်မှ အင်းဆက်ဧကရာဇ်ကို သတ်လိုက်သည့်နောက်တွင် အင်းဆက်လက်ကောက်သည် သူ့အပိုင် ဖြစ်လာခဲ့လေသည်။ သို့ရာတွင် သူ့ကျင့်ကြံခြင်းမှာ နိမ့်ကျနေသေးသည့်အတွက် အင်းဆက်လက်ကောက်ကို မသန့်စင်ရဲခဲ့ချေ။

ဤအင်းဆက်လက်ကောက်ကိုသုံး၍ အင်းဆက်ဧကရာဇ်သည် လူတစ်လုံးနာမည်တစ်လုံး ဖြစ်လာအောင် လုပ်ခဲ့သည်ဟု ယန်ယန်မှ ပြောပြခဲ့သည်။ အင်းဆက်လက်ကောက်မှ ထုတ်လွှတ်သော အရှိန်အဝါသည် အင်းဆက်များပေါ်တွင် ဖိနှိပ်နိုင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။ လက်ရှိ စမ်းကြည့်ရသလောက် အင်းဆက်လက်ကောက်သည် ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိသည့်ပုံပင်။

ရန်ကိုင်မှာ အင်းဆက်လက်ကောက်ကို မသန့်စင်ရသေးသည့် အတွက် အင်းဆက်လက်ကောက်၏ စွမ်းအား အစွန်းအဖျားလောက်ကိုသာ အသုံးပြုနိုင်သေးသော်လည်း ထိုမျှလောက်သည်ပင် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများကို မလှုပ်မယှတ် ဖြစ်သွားအောင် လုပ်နိုင်ပေသည်။

ဧကရာဇ်မှော်ရတနာ ဆိုသည့်အတိုင်းပင်။

သို့ရာတွင် အင်းဆက်လက်ကောက်၏ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်သည့်အတွက် ပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာများအပေါ် သူလုပ်နိုင်သည့် အရာမှာလည်း အကန့်အသတ်နှင့် ရှိနေခဲ့သည်။ ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများသည် လက်ကောက်၏ အရှိန်အဝါကို မခံနိုင်ဘဲ အကြောသေသလို ဖြစ်သွားကြသော်ငြား မည်သည့် လိပ်ပြာမှ အမှန်တကယ်‌ သေဆုံးသွားခြင်း မရှိကြသေးပေ။

လက်ရှိတွင် မြေပြင်တစ်ခုလုံး ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများဖြင့် ပြည့်နေခဲ့သည်။ လိပ်ပြာများသည် ကုန်းထရန် ကြိုးစားနေကြသော်လည်း လက်ကောက်၏ အရှိန်အဝါကို မည်သို့မှ မတွန်းလှန်နိုင်ခဲ့ချေ။ ထိုအခြင်းအရာကို မြင်သည့်အခါ ကျန်းပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာအားလုံး ရန်ကိုင်နားမှ ထွက်ပြေးကုန်ကြလေသည်။ သို့သော် အဝေးသို့ ထွက်မသွားဘဲ ခပ်လှမ်းလှမ်းတစ်နေရာမှသာ ရန်ကိုင်တို့အား စောင့်ကြည့်နေ၏။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် ထရယ်လေသည်။ သွေးသားရဲများနှင့် နဂါးစိမ်းဓါးကို ပြန်သိမ်းလိုက်ပြီး ရွှယ့်ယွယ်နှင့်အတူ အင်းဆက်လက်ကောက်ကိုကိုင်၍ ဖြည်းဖြည်းချင်း အပြင်ဘက်သို့‌ ဖောက်ထွက်ရန် ကြိုးစားလိုက်လေသည်။

သူရှေ့တိုးသွားတိုင်း ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများ နောက်သို့ ဆုတ်သွားကြသည်။ သူနှင့်အမြဲတမ်း အကွာအဝေးတစ်ခု ခြားထားကြလေသည်။ သူတို့ကြားရှိ အကွာအဝေး ကျဉ်းမြောင်းသွားသည့်အခါ ပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာများ အောက်သို့ ပြုတ်ကျကုန်လေသည်။

ရွှယ့်ယွယ်သည် ထိုမြင်ကွင်းအား အံ့အားသင့်တကြီး ကြည့်နေသည်။ ဤနည်းဖြင့် ရန်ကိုင်နှင့်ရွှယ်ယွယ်သည် မိုင်းပေါင်း ရာနှင့်ချီအကွာသို့ မည်သည့် အခက်အခဲမှ မကြုံရဘဲ ရောက်လာနိုင်ခဲ့သည်။ သို့ရာတွင် ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာအုပ်ကြီးသည် ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့နှင့် အကွာအဝေးတစ်ခုသာ ခွာနေပြီး လုံးဝထွက်သွားခြင်းတော့ မရှိခဲ့ပေ။

“စိတ်ပျက်စရာကောင်းလိုက်တဲ့ ပိုးကောင်တွေ” ဤရှေးဟောင်းအင်ဆက်များနှင့် ရင်ဆိုင်ရန် မည်မျှ ခက်ကြောင်း‌ နောက်ဆုံးတွင် ရန်ကိုင် နားလည်သွားခဲ့လေသည်။

“ဘာလို့ သတ်မပစ်လိုက်တာလဲ” ရွှယ့်ယွယ်က ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့တွင် အင်းဆက်လက်ကောက် ရှိနေပြီ ဖြစ်လေရာ ထိုပုံရိပ်ယောင် ဟင်းလင်းပြင် လိပ်ပြာများအနေဖြင့် သူတို့အား ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့ အနေဖြင့် မြေပြင်ပေါ်လဲပြီး မလှုပ်မယှတ် ဖြစ်နေသော လိပ်ပြာများကို အေးအေးဆေးဆေး သတ်ပစ်လိုက်ရုံပင်။

“အရမ်း အလုပ်ရှုပ်လွန်းတယ်” ရန်ကိုင်က ခေါင်းခါလိုက်ပြီး တစ်နေရာသို့ စိုက်ကြည့်၍ ပြောလိုက်လေသည် “အဲ့ကို သွားကြရအောင်”

ပြောပြီးသည်နှင့် ထိုနေရာဆီသို့ ရွှယ့်ယွယ်ကို ခေါ်သွား၏။

“နင်ဘာလုပ်ချင်နေတာလဲ” ရန်ကိုင် သွားနေသည့်နေရာမှာ ဟင်းလင်းပြင်အက်ကြောင်းကြီးတစ်ခုမှန်း သိသွားသည့်နောက် ရွှယ့်ယွယ် အံ့အားသင့်သွားခဲ့လေသည်။ ထိုအက်ကြောင်းသည် မီတာတစ်ထောင်ကျော်မက ရှည်လျားသည့် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်သည်။

“ဘာဖြစ်လို့လဲ။ နင်ပဲ သေဖို့ ပြင်ထားတာမဟုတ်ဘူးလား။ အခုကျမှ ကြောက်နေတာလား” ရန်ကိုင်က သူမအား ပြုံးဖြီးဖြီးဖြင့် စိုက်ကြည့်ရင်း “ကြောက်ရင် ထွက်သွားလို့ ရသေးတယ်နော်”

ရွှယ့်ယွယ်က သူမ၏ နှုတ်ခမ်းကိုကိုက်၍ “ဘယ်သူက ကြောက်လို့လဲ။ ငါလား ကြောက်ရမှာ”

ပြောပြီးသည်နှင့် သူတော်စင်ချီကို လှည့်ပတ်၍ ရန်ကိုင်အား ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ဆွဲခေါ်သွားလေသည်။

ရန်ကိုင်ကမူ ‘နင်လုပ်ချင်သလိုသာလုပ်’ ဟု ပြောနေသည့် ပုံစံဖြင့် ဘာမှပြန်မလုပ်ဘဲ ရွှယ့်ယွယ် ဆွဲခေါ်သွားသည့် နောက်သို့သာ လိုက်သွားလေသည်။

ရန်ကိုင်နှင့် ရွှယ့်ယွယ်သည် အက်ကွဲကြောင်းနားဆီသို့ လျင်မြန်စွား တိုးကပ်လာခဲ့သည်။ သို့သော် အက်ကွဲကြောင်းနားသို့ ရောက်သည့်အခါ ရွှယ့်ယွယ်၏ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ တကယ်တော့ သူတို့ရှေ့တွင် ရှိနေသည်မှာ ဧရာမအက်ကွဲကြောင်းကြီး ဖြစ်သည်။ ထိုထဲသို့သာ ဝင်သွားခဲ့လျှင် ဘာဖြစ်မည်မှန်း မည်သူမှမသိကြ။ ပြန်လမ်း ရှာမတွေ့ခဲ့လျှင် သူတို့ နှစ်ဦးစလုံး အပြင်သို့ မည်သည့်အခါမှ ပြန်ထွက်လာနိုင်လိမ့်မည် မဟုတ်ချေ။

အက်ကွဲကြောင်းထဲသို့ ဝင်ခါနီးတွင် ရွှယ့်ယွယ်သည် ရန်ကိုင်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

သို့သော်လည်း ရန်ကိုင်က ရုပ်သေကြီးဖြင့်သာ ရှိနေသဖြင့် ရွှယ့်ယွယ်သည် အံကိုကြိတ်ကာ သူ့အား အက်ကွဲကြောင်းထဲသို့ ဆွဲခေါ်သွားလေသည်။

ရန်ကိုင်နှင့်ရွှယ်ယွယ်တို့ အားလုံးမြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

သူတို့နောက်သို့ လိုက်လာနေကြသည့် ပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာများသည် အက်ကွဲကြောင်းထဲသို့ ဆက်မလိုက်ရဲကြဘဲ ပြန်လှည့်သွားကုန်ကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၆၇)

အဆုံးမဲ့အသူတရာချောက်နက်ထဲသို့ ကျသွားသည့်နှယ် ပတ်ဝန်းကျင်တစ်ခုလုံး အဆုံးမဲ့အမှောင်ထုနှင့် ဗလာနတ္ထိသာ ရှိနေခဲ့သည်။ မျက်စိမြင်ရာ နေရာတိုင်း အမှောင်ထုကြီးသာ ရှိနေသည့် ပတ်ဝန်းကျင်ကြောင့် ရွှယ့်ယွယ်သည် ရန်ကိုင် လက်မောင်းကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ရန်ကိုင်၏ ခန္ဓာကိုယ် အနီးသို့လည်း ပူးကပ်သွားလေသည်။

ဤကဲ့သို့ ချောက်ခြားဖွယ်ရာကောင်းသည့် အဖြစ်အပျက်မျိုး ရွှယ့်ယွယ် တစ်ခါမှ မကြုံဖူးချေ။ ဟင်းလင်းပြင်အက်ကြောင်းများသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက်ပင် ကြောက်မက်ဖွယ်ရာကောင်းသော်ငြား သူမကတော့ ဟင်းလင်းပြင်အက်ကြောင်းကို ရှောင်ရန်မကြိုးစားဘဲ ထိုထဲသို့ပင် ပြေးဝင်လာသေးသည်။

ရန်ကိုင်တွင် အားကိုးစရာတစ်ခုခု ရှိမရှိ သူမ မသိသော်ငြား လက်ရှိ အခြေအနေအရတော့ ရန်ကိုင် သူမအား သေတွင်းထဲသို့ တွန်းမပို့ပါစေနှင့်ဟုသာ ဆုတောင်းနေရတော့လေသည်။

ရန်ကိုင်သည် သူမအား အမှန်တကယ် စိတ်မပျက်စေခဲ့ပေ။ အမှောင်ထုကြီးထဲဝယ် ရောက်နေခဲ့သော်လည်း ရန်ကိုင်သည် ကြောက်ရွံ့ခြင်းမရှိဘဲ ရွှယ့်ယွယ်လက်ကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်လေသည်။

“ငါတို့ အခုဘာလုပ်ကြမလဲ” ရွှယ့်ယွယ်က မေးလိက်သည်။

သူတို့ အစောပိုင်းက ဝင်လာသည့် ဝင်ပေါက် ရှိလေမလား ပြန်လှည့်ကြည့်လိုက်သော်လည်း ဝင်ပေါက်ကို မတွေ့ရဘဲ အဆုံးမဲ့ အမှောင်ထုကြီးကိုသာ တွေ့ရလေသည်။ ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ခန့်မှန်းရခက်ပြီး လက်ရှိ သူတို့ ရှိနေသည့် လေဟာနယ်သည် သူတို့ ဝင်လာခဲ့သည့် ဝင်ပေါက်နှင့် တိုက်ရိုက် ဆက်သွယ်နေလိမ့်မည် မဟုတ်ချေ။ ဝင်ပေါက်သည် လက်ရှိ သူတို့ ရှိနေသည့်နေရာနှင့် မိုင်ပေါင်း ထောင်နှင့်ချီ အကွာ၌ ရှိနေသည်မှာလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် လာရာလမ်းအတိုင်း ပြန်လှည့်ဖို့ရာ မဖြစ်နိုင်တော့ပေ။

“စိတ်မပူနဲ့။ ငါ့တာဝန်ထားလိုက်” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ရွှယ့်ယွယ်ကို နှစ်သိမ့်ပေးလိုက်ပြန်သည်။

ရွှယ့်ယွယ်က ခေါင်းညိတ်လိုက်သည်။ ရန်ကိုင်၏ စကားလုံးများသည် တစ်ဖက်လူ၏စိတ်ကို တည်ငြိမ်သွားစေသည့် အရှိန်အဝါများ ပါဝင်နေသလား မသိရာ၊ ရန်ကိုင်၏ စကားကို ကြားပြီးနောက် ရွှယ့်ယွယ်သည် စိတ်ရောကိုယ်ပါ အတော်လေး တည်ငြိမ်သွားခဲ့လေသည်။

“သိပ်သည်းလိုက်တဲ့ လေဟာနယ်စွမ်းအင်လှိုင်းတွေ… ဒီမှာ တစ်ခုခု ရှိနေတဲ့ပုံပဲ။ ဒီလိုမှန်းသိရင် အစောကြီးကတည်းက ဝင်လာလိုက်ပါတယ်ကွာ” ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်က စိတ်ပျက်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ့လေဟာနယ်စွမ်းအင်ကို ဖြန့်ကျက်၍ သူ့ပတ်လည်ဟင်းလင်းပြင်ထဲရှိ ထူးခြားသော စွမ်းအင်လှိုင်းများကို ခံစားကြည့်လေသည်။

ဤသို့ ခံစားကြည့်ခြင်းသည် လေဟာနယ်တာအိုအပေါ် သူ၏ နားလည်မှုကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်ပေသည်။ ထို့ကြောင့် ဤအခွင့်အရေးကို လုံးဝ လွဲချော်၍ မဖြစ်ချေ။

ခဏအကြာ၍ ရန်ကိုင်၏ အကြည့်သည့် တစ်နေရာဆီသို့ ရောက်သွားခဲ့လေသည်။ ထို့နောက် ရွှယ့်ယွယ်ကို ဆွဲကာ ထိုနေရာဆီသို့ ဦးတည်ပျံသန်းသွားလေ၏။

ဟင်းလင်းပြင်ထဲတွင် ပရမ်းပတာ ဟင်းလင်းပြင်စီးကြောင်းများမှအပ ဘာဆိုဘာမှမရှိချေ။ သက်ရှိများလည်းမရှိ၊ အရှိန်အဝါလည်းမရှိ။ အရာအားလုံးသည် ပရမ်းပတာဖြစ်နေသည့် ဟင်းလင်းပြင်စီးကြောင်းများနှင့် ချောက်ခြားဖွယ်ရာ အမှောင်ထုကြီးသည်သာ။

ရွှယ့်ယွယ်သည် သူတင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသော ရန်ကိုင်ဆီမှ လာနေသည့် အသားချင်း အထိအတွေ့နှင့် အပူချိန်မှလွဲ၍ အခြားဘာကိုမှ မခံစားရချေ။ ဤနေရာကြီးတွင် အချိန်စီးဆင်းမှုသည်ပင် အလွန်ကိုမှ နှေးကွေးနေဟန် ထင်ရသည်။ သို့သော် စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက်တွင် ဤခံစားချက်၌ ရွှယ့်ယွယ်စတင် ပျော်မွေ့လာခဲ့လေသည်။

ယောကျာ်းတစ်ဦး၏လက်ကိုကိုင်၍ အန္တရာယ်များသော ခရီးတစ်ခုအား လျှောက်လှမ်းနေခဲ့သည်။ ထိုအကြင်ယောကျာ်းသည် သူမအား ကြုံလာသမျှ အန္တရာယ်များမှ ကာကွယ်ပေးထားသဖြင့် သူမအနေဖြင့် ဘေးကင်းကင်းဖြင့် နောက်မှ အေးအေးဆေးဆေး လိုက်နိုင်ပေသည်။ ဤကဲ့သို့သော အတွေ့အကြုံမျိုးသည် ရွှယ့်ယွယ် တစ်ခါမှ မခံစားဖူးသည့်အရာ ဖြစ်သည်။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ တတိယသခင်လေး ဖြစ်သည်နှင့်အညီ ပုံမှန်အားဖြင့် သူမသည်သာ ရှေ့ဆုံးမှ ဦးဆောင်၍ အတားအဆီးများကို ရှင်းလင်းပေးရသူဖြစ်သည်။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းထဲရှိ သူမ၏ရာထူး တည်မြဲရေးအတွက် လက်အောက်ငယ်သားများရှေ့တွင် သူမ မည်မျှထူးချွန်ကြောင်း၊ တော်ကြောင်းတတ်ကြောင်း ပြသရန် လိုအပ်သည်။ တစ်ခုခု ပြောဆိုလှုပ်ရှားတော့မည်ဆိုလျှင်ပင် ဂရုတစိုက်ဖြင့် လှုပ်ရှားပြောဆိုရသည်။

သို့သော် ဤနေရာတွင်တော့ ထိုအရာအားလုံးကို မေ့ထားကာ အပြုစုအယုယခံရသည့် ဘဝကို စိတ်ကြိုက် တဝကြီး ခံစားနိုင်ပေသည်။

သူမအတွက်လည်း မလွယ်ကူခဲ့ဟု ရန်ကိုင် ပြောခဲ့သည်။ ဖြစ်နိုင်သည်မှာ ရန်ကိုင်သည် ဘာမှ သေချာမစဉ်းစားဘဲ စိတ်ထဲ ထင်သလို ပြောလိုက်ခြင်းသာ။ သို့ရာတွင် ထိုစကားသည် သူမ အတွက်တော့ အလွန်ကိုမှ အဖိုးတန်သည့် စကားလုံးများ ဖြစ်သည်။ ထိုစကားကြောင့် ရွှယ့်ယွယ်မှာ ငိုလုမတတ်ပင် ဖြစ်သွားလေသည်။

လက်ရှိ သူမ၏စိတ်သည် အလွန်ကိုမှ ငြိမ်ချမ်းနေခဲ့သည်။ သူမစိတ်ထဲ ဤအတိုင်းသာ ထာဝရနေပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။

ယခုအချိန်ထိမှ ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို တတ်ကျွမ်းထားသည့်လူတစ်ဦး ဖြစ်ကြောင်း မသိသေးလျှင်တော့ သူမ တကယ်ကို တုံးနေသည့် အတွက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ တတိယသခင်လေးလည်း မလုပ်သင့်တော့။

သို့သော် ထိုအကြောင်းကို ထုတ်မပြောခဲ့ချေ။ ထက်မြက်သည့် မိန်းမတစ်ဦးသည် မည်သည့်အချိန်တွင် စကားပြောရမည်၊ မည်သည့် အချိန်တွင် တိတ်တိတ်နေရမည်ကို သိထားသင့်သည်။

အချိန်မည်မျှကြာလို့ကြာသွားမှန်းမသိ ကြာပြီးနောက်တွင်၊ သူမ၏ မြင်ကွင်းထဲ အလင်စက်လေးများ ပေါ်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။ ထိုအလင်စက်များသည် အလွန်ဝေးကွာသည့် နေရာတွင် တည်ရှိနေသော ကြယ်များနှယ် မှိန်ပျပျ ဖြစ်နေခဲ့သည်။

“ဟားဟား” ရန်ကိုင်က အလွန်ပျော်နေဟန်ဖြင့် အကျယ်ကြီး အော်ရယ်မောလျက် “ငါထင်ထားတဲ့အတိုင်း ဒီနေရာမှာ လေဟာနယ်သလင်းကျောက်တွေ တကယ် ရှိတာပဲ။ လော့လန် ငါ့ကို တကယ် မလိမ်ဘူးပဲ”

ထိုစကားကိုကြားသည့်အခါ ရွှယ့်ယွယ်ကြောင်သွားပြီး ပြန်၍ မေးလိုက်လေသည် “လေဟာနယ်သလင်းကျောက်တွေ၊ နင်ဒီကို လေဟာနယ်သလင်းကျောက်တွေ ရှာချင်လို့ ဝင်လာခဲ့တာလား”

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အရှိန် တင်လိုက်လေသည်။

ကြယ်များသည် အတော်လေး ဝေးကွာသည့် နေရာတွင် ရှိနေသော်ငြား ရန်ကိုင်အနေဖြင့် ထိုကြယ်များဆီသို့ ရောက်ရန် အမွှေးတိုင်တစ်ဝက်စာသာ အချိန်ယူလိုက်ရလေသည်။

ကြယ်များမှာ အတော်လေး မှိန်သော်လည်း အမှောင်ထုသာ ကြီးစိုးနေသော ဤဟင်းလင်းပြင်ထဲတွင် ၎င်းတို့သည်သာ အလင်းရောင်ပေးနိုင်သော အရင်းအမြစ်တစ်ခု ဖြစ်နေခဲ့သည်။

အနီးကပ်ကြည့်ကြည့်လိုက်သည့်အခါ လေဟာနယ်သလင်းကျောက် တစ်တုံးချင်းစီတိုင်းသည် လက်သီးဆုပ်အရွယ်ရှိပြီး ခြောက်ထောင့်ပုံစံ ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ထိုသလင်းကျောက်များသည် တောင်ကျစမ်းရေနှယ် ကြည်လင်ရှင်းတောက်နေပြီး အမျိုးမျိုးသော လေဟာနယ်စွမ်းအင်လှိုင်းတို့မှာလည်း အဘက်ဘက်သို့ ဖြာထွက်နေခဲ့လေသည်။

“ငါတွေ့ဖူးတာတွေနဲ့ သိပ်မတူဖူးဘဲ” ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့သည်။ သို့ရာတွင် ထိုသလင်းကျောက်များကို ချက်ချင်း ပြေးမကောက်သေးဘဲ စိတ်ဝင်တစားဖြင့်သာ သေချာ စောင့်ကြည့်နေလိုက်သည်။ လက်ရှိ သူ့ရှေ့တွင် ရှိနေသော လေဟာနယ်သလင်းကျောက်များသည် သူမြင်ခဲ့ဖူးသည့် လေဟာနယ်သလင်းကျောက်များနှင့် ပုံပန်းသွင်ပြင်ကော၊ စွမ်းအင်သိပ်သည်းနှုန်းပါ အတော်လေး ကွာနေခဲ့သည်။ ယခင်လေဟာနယ်သလင်းကျောက်များတွင် အတွင်းထဲ၌ တသွင်သွင် စီးဆင်းနေသော ဟင်းလင်းပြင်စီးကြောင်းများ ရှိမနေခဲ့ချေ။

“ဟုတ်တာပေါ့။ ဘယ်တူပါ့မလဲ” ရွှယ့်ယွယ်က တစ်ခုခုကို သိနေသည့်အလား ပြောလိုက်သည်။

“ဘာလို့လဲ”

“ဒါတွေက သန့်စင်တဲ့ လေဟာနယ်စွမ်းအင်ကနေ ဖြစ်လာတဲ့ လေဟာနယ်သလင်းကျောက်တွေ။ အပြင်ကဟာတွေက အခြား သတ္တုတွင်းတွေကနေ ဘေးထွက်ပစ္စည်းအနေနဲ့ တွေ့ရတဲ့ ဟာတွေပဲ။ အဲ့နှစ်ခုက လုံးဝ အရည်အသွေးမတူဘူး။ အပြင်က ဟာတွေက လေဟာနယ်စွမ်းအင် ပါတယ်ဆိုရင်တောင် အဲ့ဒါတွေထဲမှာ အညစ်အကြေးတွေကတော့ ပါနေဦးမှာပဲ။ ဒါပေမယ့် ဒီကဟာတွေက လုံးဝ သန့်စင်တဲ့ လေဟာနယ်စွမ်းအင်က ဖြစ်လာတဲ့ဟာတွေ၊ ဘာအညစ်အကြေးမှ မပါဘူး” ရွှယ့်ယွယ်က လေဟာနယ်သလင်းကျောက်တစ်တုံးကို ကောက်ယူ၍ ပြောလိုက်သည်။ သလင်းကျောက်ထဲရှိ လေဟာနယ်စွမ်းအင်စီးကြောင်းများကို ညွှန်ပြရင်း ရွှယ့်ယွယ်က ဆက်ပြောလိုက်လေသည် “ဒီမှာကြည့်၊ ဒီထဲမှာပါတဲ့ စွမ်းအင်က အတွင်းပိုင်းလေဟာနယ်ကိုတောင် သက်ရောက်မှုရှိနေတယ်။ နင်သာ ဒါတွေကို နည်းစနစ်တစ်ခုသုံးပြီး သန့်စင်လိုက်မယ်ဆိုရင် နောက်ပိုင်း ဒါတွေကို ဗုံးတွေအဖြစ် သုံးလို့ရပြီ။ ဒါတွေကို ဖောက်ခွဲပစ်လိုက်မယ်ဆိုရင် အနီးအနားပတ်လည်က ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျပျက်စီးသွားလိမ့်မယ်။ အနားမှာ ရှိနေတဲ့ဘယ်သူမှ အဲ့ထဲက လွတ်မှာမဟုတ်ဘူး”

“လေဟာနယ်သလင်းကျောက်တွေကို အဲ့လိုလည်း သုံးလို့ရတာလား” ရွှယ့်ယွယ်ပြောသည့် နည်းလမ်းကို ရန်ကိုင် စိတ်ဝင်စားသွားခဲ့သည် “နင်တို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှာ အဲ့လိုလျှို့ဝှက်ပညာရပ်တွေ ရှိတာလား”

“ရှိလောက်တယ်” ရွှယ့်ယွယ်က ခေါင်းညိတ်၍ “ဒါပေမယ့် အဲ့ပညာရပ်တွေကို ငါကြားပဲကြားဖူးတာ။ တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး”

ပြောနေရင်း လေဟာနယ်သလင်းကျောက်ကို ရန်ကိုင် လက်ထဲသို့ ထည့်ပေးလိုက်လေသည် “ပြီးတော့ ဒီလို လေဟာနယ်သလင်းကျောက်ကနေ ဖန်တီးထားတဲ့ သိုလှောင်လက်စွပ်တစ်ကွင်းရဲ့ အတွင်းလေဟာနယ်က သာမန် လေဟာနယ်သလင်းကျောက်တွေသုံးပြီး ဖန်တီးထားတဲ့ သိုလှောင်လက်စွပ်တစ်ကွင်းရဲ့ အတွင်းလေဟာနယ်ထက် အများကြီး ပိုကျယ်တယ်။ ဒါပေမယ့်… ငါထင်သလောက်ဆိုရင် ဘယ်ပန်းပဲပညာရှင်မှ ဒါတွေကိုသုံးပြီး သိုလှောင်လက်စွပ် လုပ်ရဲမှာမဟုတ်ဘူး။ လူတိုင်းက သေမှာကို ကြောက်ကြတဲ့ လူတွေချည်းပဲ”

သူမပြောနေစဉ် ဤနေရာတွင် ရှိနေသော လေဟာနယ် သလင်းကျောက်လေးတုံးကို ရန်ကိုင်မှာ ကောက်ယူလိုက်လေပြီ။

တစ်တုံးအား စစ်ဆေးကြည့်ပြီးနောက် ဤလေဟာနယ် သလင်းကျောက်ထဲ ကိန်းအောင်းနေသော လေဟာနယ်စွမ်းအားမှာ သူထင်ထားသည်ထက် အများကြီး ပိုအားကောင်းနေကြောင်း တွေ့ရှိလိုက်ရလေသည်။ သူသာ ဤကဲ့သို့သော လေဟာနယ် သလင်းကျောက် အတုံးနှစ်ဆယ်လောက် ရလိုက်လျှင် ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင်တစ်ခု တည်ဆောက်ရန် လုံလောက်ပေပြီ။ ထို့အပြင် ထိုကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ဖြင့် သွားနိုင်သည့် အကွာအဝေးမှာလည်း သူယခင် ခင်းကျင်းခဲ့သော ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင်များထက် အများကြီး ပိုသာပေလိမ့်မည်။

“ဒီလို လေဟာနယ်သလင်းကျောက်တွေကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလို့မရဘူး။ ဒါတွေကို နင်ဘယ်လို ယူသွားမှာလဲ” ရွှယ့်ယွယ်က မေးလိုက်သည်။

ရွှယ့်ယွယ်ပင် သတိပေးနေစရာမလို။ ထိုပြဿနာကို ရန်ကိုင် ရှာတွေ့ပြီးနေလေပြီ။

လေဟာနယ်သလင်းကျောက်ကို သိုလှောင်လက်စွပ် ထည့်သိမ်းရန် ကြိုးစားလိုက်သော်လည်း ထည့်၍ မရကြောင်း တွေ့ရှိလိုက်ရလေသည်။ လေဟာနယ်သလင်းကျောက်ထဲ ပါဝင်နေသော စွမ်းအားသည် လေဟာနယ်သလင်းကျောက်ကို သိုလှောင်လက်စွပ်ထဲသို့ ထည့်မရအောင် တားဆီးနေခဲ့သည်။

ခဏလောက် စဉ်းစားပြီးနောက် ကမ္ဘာငယ်လေးထဲသို့ ထည့်ကြည့်ရန် ကြိုးစားလိုက်သည်။ ကမ္ဘာငယ်လေးထဲသို့တော့ ထည့်၍ ရပေသည်။

ထိုအခါမှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ ကမ္ဘာငယ်လေးသည် အလွန်ကိုမှ အဆင့်မြင့်သည် တည်ရှိမှုတစ်ခု ဖြစ်သည်။ ထိုအရာသည် ကိုယ်ပိုင်နိယာမများ ပိုင်ဆိုင်ထားသော ကမ္ဘာငယ်တစ်ခုကို ချိတ်ပိတ်ထားသည့် ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤလေဟာနယ်သလင်းကျောက်များကို သိမ်းဆည်းရာတွင် မည်သည့် ပြဿနာမှ မကြုံရခြင်း ဖြစ်သည်။

ရွှယ့်ယွယ်သည် ခဏတာလောက် အံ့အားသင့်နေပြီးနောက် ရယ်မောလျက် “နင့်မှာ လျှို့ဝှက်ချက်တွေ အများကြီး ကျန်နေသေးတာပဲ”

“နင်အခုငါ့ကို ပိုစိတ်ဝင်စားလားပြီလား” ရန်ကိုင်က ပြန်မေးလိုက်ရာ ရွှယ့်ယွယ်က နှာခေါင်းရှုံ့၍ “နင်ကိုယ်နင် သိပ်ပြီး အထင်ကြီးမနေနဲ့”

“ငါ့မှာ လျှို့ဝှက်ချက်တွေအများကြီးပဲ… ငါပြောနိုင်တဲ့ အချိန်ကျရင် ပြောနိုင်တဲ့ဟာကို ပြောပြမယ်” ရန်ကိုင်က အလျင်အမြန် ပြန်ပြောလိုက်သည်။

ရွှယ့်ယွယ်က ဖြည်းဖြည်းချင်း ခေါင်းခါ၍ “မလိုဘူး။ ငါ့ကို မိန်းမအစစ်တစ်ယောက်ကို ဆက်ဆံပေးမယ့်လူတစ်ယောက် ရှိနေရင် လုံလောက်ပြီ”

ရွှယ့်ယွယ် ပြောသည်ကိုကြားသော် ရန်ကိုင်က ပြုံးလိုက်ပြီး သူမ လက်ကိုင်ကိုင်၍ ရှေ့ဆက်သွားလေသည်။

တစ်နာရီကြာပြီးနောက်တွင် နောက်ထပ် ကြယ်အသစ်များ ထပ်ပေါ်လာပြန်လေသည်။

ဤအနည်းအတိုင်း သွားနေလိုက်ရာ ရက်အနည်းငယ် ကြာပြီးနောက်တွင် လေဟာနယ်သလင်းကျောက် တစ်ရာနီးပါး ရန်ကိုင် စုမိလာခဲ့သည်။ ဤဟင်းလင်းပြင်အက်ကြောင်းသည် ၎င်း၏ သိပ်သည်းလှသော လေဟာနယ်စွမ်းအားကြောင့် လေဟာနယ်သလင်းကျောက်များစွာကို ထုတ်လုပ်ပေးနိုင်၏။

ရွှယ့်ယွယ်သည် မည်သည့် အထွန့်တက်စကားမှမဆိုဘဲ ရန်ကိုင်နောက်သို့ ငြိမ်သက်စွာသာ လိုက်ပါခဲ့သည်။

ပုံမှန်အားဖြင့် အန္တရာယ်များကြောင့် နာမည်ကျော်သော ကမ္ဘာပျက်ကြီးသည် သူတို့နှင့် လာလားမျှ မဆိုင်သည့်အလား။ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ ရှိနေသည့် လက်ရှိ ကမ္ဘာကြီးသည် အလွန်ကိုမှ ငြိမ်သက်တိတ်ဆိတ်ငြိမ်းချမ်းနေလေသည်။

ယနေ့တွင်၊ ရန်ကိုင်သည် ရွှယ့်ယွယ်ကိုခေါ်ပြီး လေဟာနယ် သလင်းကျောက်များကို ရှာနေစဉ်၊ ရွှယ့်ယွယ်က ရန်ကိုင်ကို ရုတ်တရက် ပြောလိုက်လေသည် “ရန်ကိုင်၊ အဲ့ကိုကြည့်ကြည့်”

“ဘာဖြစ်လို့လဲ” ရန်ကိုင်လည်း ရွှယ့်ယွယ် ညွှန်ပြရာဆီသို့ လှမ်းကြည့်လိုက်သည့်အခိုက် ချက်ချင်း မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့လေသည် “အများကြီးပဲ”

ရွှယ့်ယွယ် ညွှန်ပြနေသည့်ဘက်တွင် အစုလိုက်အပြုံလိုက် ရှိနေသော အလင်းစက်များကို မြင်တွေ့လိုက်ရလေသည်။ ဤနေရာ၌ ရက်ပေါင်းများစွာကြာအောင် ရှိနေပြီးနောက်တွင် ထိုအလင်းစက်များသည် လေဟာနယ်သလင်းကျောက်များကို ကိုယ်စားပြုမှန်း ရန်ကိုင် သိနေခဲ့လေပြီ။

စုဝေးနေသည့် အလင်းစက်အရေအတွက်မှာ အခုတစ်ရာမက ရှိပေသည်။ အနည်းဆုံး ထောင့်နှင့်မချီလျှင် ရာနှင့်တော့ချီ၏။

“ဟားဟားဟား၊ ငါတို့တော့ပွပြီ” ရန်ကိုင်သည် ပျော်ရွှင်စွာ အော်ရယ်မော၍ ရွှယ့်ယွယ်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ မျက်နှာအား တစ်ချက် နမ်းရှုံ့ပစ်လိုက်လေသည်။

အကြမ်းပတမ်း အဆက်ဆံခံလိုက်ရသည့်အတွက် ရွှယ့်ယွယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ထို့နောက် နှုတ်ခမ်းကိုကိုက်၊ ပါးကိုသုတ်၍ ရန်ကိုင်အား ဒေါသတကြီး ကျိန်ဆဲလေသည် “နင်အရှက်မရှိတဲ့ကောင်”

ရန်ကိုင်ကမူ ဘာမှပြန်မပြောဘဲ ရွှယ့်ယွယ်လက်ကိုဆွဲကာ သူမညွှန်ပြသည့်ဘက်ဆီသို့သာ ပြေးထွက်သွားလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၆၈)

လေဟာနယ်သလင်းကျောက်များ စုပြုံနေသည့်ပုံစံမှာ အဆုံးမဲ့ဟင်းလင်းပြင်ကြီးထဲ ကြောင်လိမ်လှေကားတစ်ခု တည်ရှိနေသလို ဖြစ်နေခဲ့သည်။ ထိုအရာကြီး၏ အလယ်တွင်တော့ ကြောက်မက်ဖွယ်ရာကောင်းသည့် လေဟာနယ်စွမ်းအင်များ ရှိနေခဲ့လေသည်။

ရန်ကိုင်နှင့်ရွှယ့်ယွယ်သည် အလေးအနက် အမူအရာဖြင့် လေဟာနယ်သလင်းကျောက်ပေါင်းများစွာ စုပေါင်းရာမှ ဖြစ်ပေါ်လာသော ခရုပတ်လမ်းကြောင်းကြီးကို ကြည့်နေခဲ့သည်။

လေဟာနယ်သလင်းကျောက် အများကြီးရှိမည် အထင်ဖြင့် ဤနေရာသို့ ပြေးလာခဲ့ခြင်း ဖြစ်သော်လည်း ရောက်သည့်အခါမှသာ တစ်ခုခု ထူးခြားနေမှန်း သတိပြုမိလိုက်သည်။

ထူးခြားနေသည်မှာ အခြားမဟုတ်ဘဲ လေဟာနယ်သလင်းကျောက် ကိုယ်တိုင်သာ ဖြစ်သည်။ သို့ရာတွင် မည်သည့် စွမ်းအားကြောင့်များ လေဟာနယ်သလင်းကျောက်များ ဤသို့သောပုံစံအတိုင်း တည်ရှိနေသလဲ ဆိုသည်ကိုတော့ သူမပြောနိုင်ခဲ့ပေ။

လေဟာနယ်စွမ်းအားကို မကျွမ်းကျင်သော ရွှယ့်ယွယ်ပင်လျှင် ထိုခရုပတ်လမ်းကြောင်း၏ အလယ်ဗဟိုမှ ဖြာထွက်နေသော အန္တရာယ်များသည့် အရှိန်အဝါကို ခံစားမိနေသည်။ သူမကိုယ်သူမ အဆုံးမဲ့အသူရာချောက်နက်ကြီးအား ကြည့်နေရသလို ခံစားနေရသည်။

လက်ရှိတွင် သူတို့သည် ဟင်းလင်းပြင်ထဲတွင် ရပ်နေသော်ငြား ခရုပတ်လမ်းကြောင်း၏ အလယ်ဗဟိုသည် ဟင်းလင်းပြင်ကြီးကိုပင် ဝါးမြိုပစ်နိုင်သော ထူးခြားသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။

“ရန်ကိုင်…” ရွှယ့်ယွယ်က ရန်ကိုင်နားနား ကပ်ပြောလိုက်သည် “ငါစိတ်ပူနေတယ်”

“နင်တင်မဟုတ်ဘူး၊ ငါလည်း အတူတူပဲ” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည်။ ဤသည်မှာ မသိစိတ်အရ အလိုလို ကြောက်ရွံ့စိတ်တစ်မျိုးဖြစ်သည်။ ဤခရုပတ်လမ်းကြောင်းမှ ဖြာထွက်နေသည့် စွမ်းအားကို လုံးဝ အထင်မသေးသင့်ပေ။

“ဒါပေမယ့် ဒါက… ငါတို့အတွက် တော်တော်လေး အသုံးဝင်မှာ”

“ဒါဆို နင်ဘာလုပ်ဖို့ စဉ်းစားထားလဲ” ရွှယ့်ယွယ်က ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။

ခဏလောက် မျက်မှောင်ကြုတ်၍ စဉ်းစားပြီးနောက် ရန်ကိုင်က ရွှယ့်ယွယ်လက်ကိုပုတ်၍ ပြန်ပြောလိုက်လေသည် “ငါကို အဲ့လေဟာနယ်သလင်းကျောက်တွေ အရင်ကောက်ပေး”

ရွှယ့်ယွယ်သည် ရန်ကိုင်အား သေသေချာချာ တစ်ချက် စိုက်ကြည့်လိုက်သည် ထို့နောက် ခေါင်းညိတ်၍ “ကောင်းပြီ”

ပြောပြီးသည့်နောက် ခရုပတ်လမ်းကြောင်းထဲမှ ဘေးသို့ ချော်ထွက်နေသည့် ပြန့်ကျဲနေသော လေဟာနယ် သလင်းကျောက်များကို လိုက်ကောက်လေသည်။

ရန်ကိုင်ကမူ ခရုတ်ပတ်လမ်းကြောင်း၏ အလယ်ကိုသာ အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

ခဏအကြာတွင် ကောင်းကင်စိတ်အာရုံအား ခရုပတ် လမ်းကြောင်း၏ အလယ်ဆီသို့ ဖြန့်ကျက်လိုက်လေသည်။

သို့ရာလည်း စမ်းပြီးပြီးချင်းမှာပင် ခရုပတ်လမ်းကြောင်း၏ အလယ်ဆီမှ အလွန်ချောက်ခြားဖွယ်ရာကောင်းသည့် ဆွဲအား တစ်ရပ် ဖြာထွက်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ ထိုဆွဲငင်အားသည် ရန်ကိုင် ကြုံဖူးသမျှ ဆွဲအားများထဲတွင် အားအကောင်းဆုံးဖြစ်ကာ သူ့ကောင်းကင်စိတ်အာရုံပင် နည်းနည်းလေးမှ ခုခံချိန်မရဘဲ တစ်ခါထဲ ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။

ထိုမျှသာလျှင် မဟုတ်သေးဘဲ၊ အဝေးတွင် ရပ်နေသည့် သူ့ခန္ဓာကိုယ်သည်ပင် မမြင်နိုင်သော လက်တစ်ဖက်၏ ဆွဲယူခြင်း ခံလိုက်ရသည့်အလား ခရုပတ်လမ်းကြောင်း အလယ်ဗဟိုဆီသို့ အလိုလို မျောပါသွားလေသည်။ ခဏအတွင်းတွင် ရန်ကိုင်သည် ခရုတ်ပတ်လမ်းကြောင်း၏ အလယ်ဗဟိုဆီသို့ ရောက်လာခဲ့၏။

“ရန်ကိုင်” ထိုအခြင်းအရာကို မြင်သည့်အခါ ရွှယ့်ယွယ် ထိတ်လန့်သွားပြီး ရန်ကိုင်အား အလျင်စလို လှမ်းခေါ်လေသည်။ သို့သော် မည်သည့် ပြန်ထူးသံမှ မကြားခဲ့ရချေ။

ရန်ကိုင်သည် ခရုပတ်လမ်းကြောင်း၏ အလယ်ဗဟိုတွင် မလှုပ်မယှတ် ရပ်နေသည်ကို ရွှယ့်ယွယ် မြင်နေရသည်။ သူမ မည်သို့ပင် ခေါ်နေစကာမူ နည်းနည်းလေးမှ မတုန့်ပြန်ခဲ့။ အပြင်လောကကြီး တစ်ခုလုံးနှင့် အဆက်ပြတ်သွားသလားဟုပင် ထင်ရသည်။

ရန်ကိုင် မတော်တဆ တစ်ခုခုနှင့် ကြံနေရပြီမှန်း သိလိုက်သည့်နောက် ရွှယ့်ယွယ် ဘာကိုမှ မဆင်မခြင် မလုပ်ရဲတော့ချေ။ ရပ်စောင့်ကြည့်ရင်းဖြင့်သာ ရန်ကိုင် ဘာမှ မဖြစ်ပါစေနှင့်ဟု ကြိတ်ဆုတောင်းနေရတော့သည်။

……

အရာအားလုံးသည် အဆက်မပြတ် လည်ပတ်နေကြသည်။ သူ့ဝိဥာဉ်ရော၊ ခန္ဓာကိုယ်ပါ အစဉ်မပြတ် လည်ပတ်နေသော စွမ်းအားထဲ တစ်စစီ ဆုတ်ဖြဲခံနေသလို ခံစားနေရသည်။ အလွန်ကိုမှ ပြင်းထန်သည့် နာကျင်မှုကြောင့် ပါးစပ်ဟ၍ အသံကုန် အော်ဟစ်ပစ်လိုက်ချင်သော်လည်း သူမည်မျှပင် ကြိုးစားစေကာမူ သူ့ခန္ဓာကိုယ်သည် မလှုပ်မယှတ်ဖြင့်သာ ရှိနေခဲ့သည်။

ခရုပတ်လမ်းကြောင်း၏ အလယ်ဗဟိုသို့ ဆွဲခေါ်သွားခံလိုက်ရသည့်နောက်တွင်၊ အလွန်ပြင်းထန်သော ဝဲဂယက်စွမ်းအားကို ရန်ကိုင် ခံစားမိလာခဲ့သည်။ သူ့တစ်ကိုယ်လုံး အလွန်ကိုမှ အားကောင်းသော ဝဲဂယက်တစ်ခုထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ ဆွဲအားမှာ ပြင်းလွန်းသဖြင့် နည်းနည်းမျှပင် မခုခံနိုင်တော့ဘဲ ကြိတ်၍ တောင့်ခံနေရသည့် ဘဝသို့ ရောက်သွားလေသည်။

သူ့အသိစိတ်ပင်လယ်တစ်ခုလုံး ဗြောင်းဆန်နေခဲ့ပြီ။ ခေါင်းဟာလည်း တဆစ်ဆစ် ကိုက်လာနေခဲ့သည်။ သူ့ဝိဥာဉ်ဟာလည်း ထိုဝဲဂယက်ဆွဲအားကြောင့် ခန္ဓာကိုယ်ထဲမှ အတင်းအကြပ် ဆွဲထုတ်ခံနေရလေသည်။

ကျင့်ကြံခြင်းလမ်းကြောင်းကို စလျှောက်လှမ်းသည့် အချိန်မှစ၍ ယခုအချိန်ထိ ယခုကဲ့သို့ လုံးဝ ကူကယ်ရာမဲ့ရသည့် အခြေအနေမျိုးနှင့် တစ်ခါမှမကြုံဖူးချေ။ အန္တရာယ်တစ်ခုခုနှင့် ကြုံရတိုင်း သူ့တွင် ထိုအန္တရာယ်ကို မည်ကဲ့သို့ ဖြေရှင်းရမည် ဆိုသည်နှင့် ပက်သက်၍ သူ့တွင် နည်းလမ်း တစ်ခုမဟုတ် တစ်ခု ရှိစမြဲ၌ပင်။

သို့ရာတွင် ယခုတစ်ကြိမ်၌ သူဘာမှ မတတ်နိုင်ခဲ့ပေ။

ခရုပတ်လမ်းကြောင်း၏ ဆွဲအားအတိုင်း မျောပါနေသည့်အခါ သူ့အသိစိတ်တစ်ခုလုံး ဗြောင်းဆန်ကုန်လေသည်။ သူ့အသိစိတ် ပင်လယ်သည် အလျင်အမြန် ခမ်းခြောက်လာနေခဲ့သည်။ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည့်အခါတွင်လည်း အရိုး၊ အသွေးအသားများ ဖြည်းဖြည်းချင်း စုတ်ဖြဲခံနေရသည်ကို တွေ့ရှိလိုက်ရသည်။

လွတ်နိုးနိုးဖြင့် သူတော်စင်ချီရော၊ စိတ်စွမ်းအင်ကိုပါသုံး၍ ခုခံလိုက်သော်ငြား အချည်းနှီးသည်။ အဆုံးမဲ့ သဲနွံထဲသို့ ရောက်သွားသည့်နှယ် ရုန်းလေလေ ပိုနစ်လေလေ အဖြစ်ဖြင့်သာ ကြုံနေရ၏။

အသက်ဆယ်ရှိုက်စာအတွင်း ရန်ကိုင်၏ အသိစိတ်ပင်လယ် တစ်ခုလုံး ခမ်းခြောက်သွားခဲ့သည်။ ဝိဥာဉ် ဒဏ်ရာရသွားသည့် အတွက်ကြောင်း ရန်ကိုင် ခေါင်းတစ်ခုလုံး နှစ်ခြမ်းကွဲတော့မလို ခံစားလာရသည်။

ထိုစဉ် ခုနှစ်ရောင်ခြယ်ကြာပန်းသည် အရေးပါသော ကဏ္ဍမှ ပါဝင်လာခဲ့လေသည်။ ရန်ကိုင်၏ အသိစိတ်ပင်လယ် ခမ်းခြောက်သွားသည့်အခါ ဝိဥာဉ်ကြာပန်းသည် သူ့ဝိဥာဉ်ကို ချက်ချင်း အားပြန်ဖြည့်ပေးပြီး ထိခိုက်သွားသည့် နေရာများကို ပြန်လည် ကုသပေးလေသည်။

ဝိဥာဉ်ကြာပန်း၏ အကူအညီကြောင့် ခေါင်းကိုက်သည့် ဝေဒနာ အနည်းငယ် သက်သာလာခဲ့ရသည်။

ထိုအခါမှပင် ခရုပတ်လမ်းကြောင်းထဲ၌ သူ့ခန္ဓာကိုယ်နှင့် ဝိဥာဉ်အား ဖျက်စီးနေသည့် နောက်ထပ် စွမ်းအားတစ်ရပ် ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်လေသည်။

လေဟာနယ်စွမ်းအားပင်…

ထိုစွမ်းအားကြောင့် ရန်ကိုင်သည် လေဟာနယ်တာအိုနှင့် ပက်သက်၍ ရုတ်တရက် ဥာဏ်အလင်းပွင့်သွားခဲ့သည်။

ဘာမှစဉ်းစားမနေတော့ဘဲ နာကျင်မှုကို တောင့်ခံရင်း ရန်ကိုင်သည် ဈာန်ဝင်စားသည့် အခြေအနေထဲ နစ်မြောသွားလိုက်လေသည်။ ဥာဏ်အလင်းပွင့်ရာမှ ချက်ချင်းဆိုသလို အကျိုးကျေးဇူးအချို့ကို ရန်ကိုင် ရရှိလိုက်သည်။

ထို့နောက်တွင် ရန်ကိုင်သည် နည်းနည်းလေးမှ ခုခံမနေတော့ဘဲ ခရုပတ်လမ်းကြောင်းအား သူ့ခန္ဓာကိုယ်နှင့် ဝိဥာဉ်ကို ဝဲဂယက်ထဲသို့ ဆွဲခေါ်သွားခွင့် ပြုလိုက်လေ၏။ ရုတ်တရက် သူ့မြင်ကွင်းထဲ မတူညီသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

လက်ရှိတွင် သူ့ဝိဥာဉ်သည် ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရပြီး ကျယ်ပြောလှသော နေရာကြီးတစ်ခုအနှံ့ ပျံ့နှံ့ရောက်ရှိသွားသလို၊။

သူ့ခန္ဓာကိုယ်သည် ခရုပတ်လမ်းကြောင်း၏ အလယ်ဗဟို၍ ရှိနေသည်ကို တွေ့နေရသည်။ တလက်လက် တောက်ပနေသော လေဟာနယ်သလင်းကျောက်များကိုလည်း မြင်နေရသည်။ သူ့အား လှမ်းလှမ်းအော်ခေါ်နေသော ရွှယ့်ယွယ်ကိုလည်း တွေ့နေရသည်။

အလွန်ကိုမှ မှင်သက်ဖွယ်ကောင်းလှသော သူမ၏ မျက်နှာလှလှလေးသည် ယခုအချိန်တွင် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။ မျက်လုံးလေးများမှာလည်း တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေလျက် မျက်နှာလေးမှာလည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေခဲ့လေသည်။

ကောင်းကင်စိတ်အာရုံဖြင့် သူမအား ဆက်သွယ်ကြည့်သော်ငြား သူ့အား လုံးဝ သတိထားမိသည့်ပုံမပေါ်။ သူ့အား ဆက်၍သာ အော်ခေါ်နေခဲ့သည်။

ထိုအခြင်းအရာကိုမြင်သော် သူ့ဝိဥာဉ်သည် ခန္ဓာကိုယ် အပြင်ဘက်သို့ တကယ်ကြီး ထွက်မသွားမှန်း သိလိုက်သည်။ သူ့ဝိဥာဉ်နှင့် လေဟာနယ်စွမ်းအင်သည် တစ်ခုနှင့်တစ်ခု ပဲ့တင်သွားသလို ဖြစ်သွားသည့်အတွက်ကြောင့် ဟင်းလင်းပြင်၏ အမြင်မှ ပတ်ဝန်းကျင် တစ်ခုလုံးကို မြင်နေရခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိ အခြေအနေအရ ရွှယ့်ယွယ်ကို သွား၍ ဆက်သွယ်နိုင်လိမ့်မည် မဟုတ်ချေ။

အခြားရွေးချယ်စရာ မရှိတော့သည်နှင့် ရန်ကိုင်လည်း သူ့အာရုံကို ခရုပတ်လမ်းကြောင်းဆီသို့ လှည့်ရတော့သည်။

လက်ရှိ အနေအထားဖြင့် ရန်ကိုင်သည် ပိုပို၍ မြင်လာရသလို ပိုပြီးတော့လည်း ထိုးထွင်းနားလည်လာနိုင်ခဲ့သည်။

ခဏအကြာတွင် သူ့ကိုယ်ပိုင်လေဟာနယ်စွမ်းအားကို သိပ်သည်း၍ ခရုပတ်လမ်းကြောင်းတစ်လျှောက် စေလွှတ်လိုက်၏။

ချက်ချင်းဆိုသလို သူကြုံနေရသည့် ဖိအားမှာ အကြီးအကျယ် လျော့ကျသွားခဲ့လေသည်။ လက်ရှိဖိအားမှာ သူခုခံနိုင်သည့် အနေအထားသို့ ရောက်လာခဲ့လေပြီ။

ရန်ကိုင် နားလည်သွားခဲ့သည်။

ဤဝဲဂယက်စွမ်းအားမှာ သူနားလည်ထားသော လေဟာနယ်စွမ်းအားထက် အဆပေါင်းများစွာ ပိုမို ရှုပ်ထွေးသော နက်နဲဆန်းကြယ်သည့် လေဟာနယ်စွမ်းအားတစ်ရပ် ဖြစ်ပေသည်။ အဆင့်ချင်း အလွန်ကွာခြားမှုကြောင့်သာ သူ့ခုခံမှုအားလုံး အချည်းနှီး ဖြစ်ခဲ့ရပြီး နာကျင်မှုကိုသာ ခံစားခဲ့ရခြင်း ဖြစ်သည်။

ခရုပတ်လမ်းကြောင်းအတိုင်း လိုက်၍ ၎င်း၏ ဆန်ကြယ်မှုများကို ထိုးထွင်းနားလည်နိုင်မှာသာလျှင် လေဟာနယ် စွမ်းအားအပေါ် သူ့ကျွမ်းကျင်မှုကို မြှင့်တင်နိုင်ပေလိမ့်မည်။ ဤသည်မှာ သမုဒ္ဒရာထဲမှ လွတ်မြောက်ရန်အတွက် သမုဒ္ဒရာရေကို သောက်သည်နှင့် တူပေသည်။ လုံးဝကို မဖြစ်နိုင်သည့် ကိစ္စကြီး တစ်ခုပင်။ သို့သော် ယခုမှစတင်ချင်းသာ ဖြစ်သော်လည်း အတော်လေး အဆင်ပြေနေခဲ့သည်။ သူသာ ဤအတိုင်း ဆက်လုပ်သွားလျှင် ဥာဏ်အလင်းပွင့်ပြီး ဝဲဂယက်၏ ဆွဲအားမှ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေသည်။

ထိုအချက်ကိုနားလည်လိုက်သော် ရန်ကိုင်သည် တုန့်ဆိုင်းမနေတော့ဘဲ လေဟာနယ်စွမ်းအားကို ခရုပတ် လမ်းကြောင်း လှည့်ပတ်နေသည့်အတိုင်း လှည့်ပတ်ကြည့်ရန် ကြိုးစားကြည့်လိုက်လေသည်။ ဤသည်မှာ အလွန်ကိုမှ ခက်ခဲသည့်အလုပ်တစ်ခု ဖြစ်သည်။

သူ့ခန္ဓာကိုယ်ထက် မရေမတွက်နိုင်သော အက်ကြောင်းများ စတင် ဖြစ်ပေါ်လာပြီး ရွှေရောင်သွေးများသည် ထိုအက်ရာများမှ အပြင်သို့ စီးထွက်လာခဲ့လေသည်။ သို့သော် ဟင်းလင်းပြင်ထဲသို့ မျောထွက်မသွားဘဲ သက်ရှိတစ်ကောင်နှယ် တွန့်လိမ်တွန့်လိမ် လုပ်ရင်း သူ့ဒဏ်ရာများကို ပြန်လည် ကုသပေးနေခဲ့သည်။

ဤအချိန်တွင် ရန်ကိုင်၏ အားကောင်းသော ခန္ဓာကိုယ်သည် အရေးပါသည့် ကဏ္ဍမှ ပါဝင်လာခဲ့သည်။ အားကောင်းသော သူ့ခန္ဓာကိုယ်ကြောင့် သာမန်ကျင့်ကြံသူတစ်ဦး တောင့်ခံနိုင်သည့် အချိန်ထက်ပို၍ တောင့်ခံနိုင်လာသည်။

အချိန်သည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးနေခဲ့သည်။ ရန်ကိုင်သည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မေ့လျော့ထားလျက် အံ့ဩဖွယ်ရာ ကမ္ဘာကြီးထဲ အပြည့်အဝ နစ်မြောနေခဲ့လေသည်။

သူ့ဆီမှ ဖြာထွက်နေသော လေဟာနယ်စွမ်းအားသည် အားနည်းသွားခြင်းမရှိဘဲ တစထက်တစ ပို၍ အားကောင်းလာရာ ခရုပတ်လမ်းကြောင်း၏ လှုပ်ရှားမှုများနှင့်လည်း တိုင်ပင် ကိုက်လာခဲ့လေသည်။

ရန်ကိုင်၏ ခန္ဓာကိုယ်နှင့်ဝိဥာဉ်သည် ဖိအားကို သိပ်ပြီး မခံစားရတော့ချေ။ သူ့လေဟာနယ်စွမ်းအားနှင့် ခရုပတ် လမ်းကြောင်း၏ စွမ်းအားမှာ စတင် ထပ်တူညီလာပြီ ဖြစ်သည့်အတွက် ဝဲဂယက်၏စွမ်းအားမှာ သူ့အပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိတော့ချေ။

နောက်ဆုံးတွင် စွမ်းအားနှစ်ခုသည် အပြည်အဝ ထပ်တူညီသွားခဲ့လေသည်။

ထိုသို့ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင် တစ်ခုလုံး ပဲ့တင်ထပ်သွားသလို ဖြစ်သွားခဲ့သည်။

သူ့ကိုယ်တိုင်သည် ဧရာမခရုပတ်ကြီး၏ အစိတ်အပိုင်း တစ်ခုဖြစ်သလို ရန်ကိုင် ခံစားလိုက်ရသည်။

ရန်ကိုင်နှင့် ခရုပတ်လမ်းကြောင်း၏ ပေါင်းစပ်ထားသည့် လေဟာနယ်စွမ်းအား၏ ထူးဆန်းသော လွှမ်းမိုးမှုအောက်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်သလင်းကျောက်များ တဖုန်းဖုန်း ပေါက်ကွဲထွက်ကုန်လေသည်။

ပေါက်ကွဲထွက်သွားလေသာ လေဟာနယ် သလင်းကျောက်များသည် ဟင်းလင်းပြင်အား မပျက်စီးသွားစေဘဲ သန့်စင်သော စွမ်းအင်တစ်မျိုးအဖြစ်သာ ပြောင်းလဲသွားပြီး ခရုပတ်လမ်းကြောင်း၏ အလယ်ဗဟိုဆီသို့ စီးဝင်သွားလေသည်။

ထိုစွမ်းအင်သည် မရေမတွက်နိုင်သော အနက်ရောင် မျဉ်းကြောင်းလေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူတော်စင်သလင်းကျောက်များ ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသော အနက်ရောင်စွမ်းအင်တန်းလေးများသည် ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

လေဟာနယ်သလင်းကျောက်များ မရှိတော့ချိန် ဟင်းလင်းပြင်တစ်ခုလုံး ရုတ်ချည်း မှောင်အတိ ကျသွားခဲ့သည်။ တစ်ချိန်တည်းတွင် ခရုပတ်လမ်းကြောင်း၏ ဆွဲအားမှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအခါမှသာ အချိန်အတော်ကြာအောင် မလှုပ်မယှတ် ဖြစ်နေသော ရန်ကိုင်သည် သူ့ခန္ဓာကိုယ်ကို စတင် စစ်ဆေးခွင့် ရလာခဲ့သည်။ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်မိသွားခဲ့သည်။

သူ့ခန္ဓာကိုယ်သည် အနည်းငယ် ထူးဆန်းနေကြောင်း တွေ့ရှိလိုက်ရသည်။ အနက်ရောင်မျဉ်းကြောင်းများသည် သူ့ခန္ဓာကိုယ်ထက် လူးလွန့်သွားလာနေခဲ့သည်။ အနက်ရောင်မျဉ်းကြောင်းများ ပေါ်လာသည့်အခါ ထိုအနက်ရောင် မျဉ်းကြောင်းများ ရှိနေသည့်နေရာရှိ သူ့အသွေးအသားတို့သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ အနက်ရောင် မျဉ်းကြောင်းများ ပျောက်ကွယ်သွားသည့်အခါ သူ့အသွေးအသားတို့ ပြန်ပေါ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်သည် အကြောင်းအရင်းမရှိ မပျောက်ကွယ်သွားသင့်ပေ။ ထို့ကြောင့် ဤကဲ့သို့ ဖြစ်ရခြင်းမှာ ရန်ကိုင်၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော အလွန် အားကောင်းသည့် လေဟာနယ်စွမ်းအင်များကြောင့် ဖြစ်ပေသည်။ လေဟာနယ်စွမ်းအင်ကြောင့် ဟင်းလင်းပြင်ပင် ပုံတွန့်ကာ သူ့ကောင်းကင်စိတ်အာရုံသည်ပင် သူ့ခန္ဓာကိုယ်၏ အစစ်အမှန် အခြေအနေကို မစူးစမ်းနိုင်တော့ချေ။

လောလောဆယ်တော့ ထိုအဖြစ်အပျက်နှင့် ပက်သက်၍ ဘာမှ မလုပ်နိုင်သေးချေ။ အသစ်ရထားသည့် စွမ်းအားနှင့် အကျွမ်းတဝင် ဖြစ်အောင် လုပ်ပြီးမှသာ သူ့ခန္ဓာကိုယ် အခြေအနေကို ပြန်လည် တည်ငြိမ်သွားအောင် လုပ်နိုင်မည့်ပုံပင်။

သို့သော် သူ့ခန္ဓာကိုယ် မည်သို့ပင် ထူးဆန်းနေစေကာမူ၊ ရန်ကိုင်စိတ်ထဲ အလွန်ကိုမှ ပျော်မြူးနေခဲ့သည်။ အမျိုးမျိုးသော မတော်တဆ အဖြစ်အပျက်များကြောင့် ရန်ကိုင်သည် ခရုပတ် လမ်းကြောင်း၏ စွမ်းအားနှင့် ထောင်နှင့်ချီသော လေဟာနယ် သလင်းကျောက်များကို စုပ်ယူမိလိုက်သည်။ ထို့အတွက်ကြောင့် လေဟာနယ်တာအိုအပေါ် သူ့နားလည်မှုသည် မယုံနိုင်စရာ အဆင့်တစ်ခုသို့ ရောက်သွားခဲ့ရလေသည်။

ရန်ကိုင်သည် ဘာတွေ ပြောင်းလဲသွားသလဲ ဆိုသည်ကို သေချာလေ့လာနေခဲ့သည်။ လေ့လာနေရင်း လေဟာနယ်တာအို အပေါ် သူ့ယခင်သဘောပေါက်မှုသည် မည်မျှ အပေါ်ယံ ဆန်ကြောင်းကိုလည်း နားလည်လာနိုင်ခဲ့လေသည်။ သူသာ လေဟာနယ်တာအိုအပေါ် နားလည်သဘောပေါက်မှုကို ဆက်၍ အဆင့်မြှင့်တင်နိုင်မည်ဆိုလျှင် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော တိုက်ကွက်များအား ထုတ်ဖော်နိုင်မည် ဆိုသည်ကိုလည်း နားလည်သဘောပေါက်လာခဲ့ရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၆၉)

ကံမကောင်းစွာဖြင့် ဤအချိန်သည် ထိုအရာအတွက် အကောင်းဆုံး အချိန်မဟုတ်သေးချေ။ သူ့တွင် ရတနာသိုက်ကြီး တစ်ခုအတွက် သော့များ ရှိနေသလို ရန်ကိုင် ခံစားနေရသည်။ ရတနာသိုက်ကြီးမှာ သူ့ခန္ဓာကိုယ် ဖြစ်ပေသည်။ သို့သော်လည်း လောလောဆယ်၌ သူ့တွင် ထိုရတနာသိုက်ကို စစ်ဆေးကြည့်ရန် အချိန် ရှိမနေခဲ့ပေ။

ထို့ကြောင့် ပတ်ဝန်းကျင်ကို ပြန်အာရုံစိုက်လိုက်သည်။ သူ့နာမည်ကို စိုးရိမ်တကြီးဖြင့် အဆက်မပြတ် အော်ခေါ်နေသော လူတစ်ယောက် ရှိနေသေးသည်ကို ရန်ကိုင် မမေ့ချေ။ သို့သော် လှည့်ပတ်ကြည့်လိုက်သော်ငြား ရွှယ့်ယွယ်၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်သည့်တိုင် ဘာကိုမှ မတွေ့ရချေ။

သူဘယ်ရောက်သွားတာလဲ ရန်ကိုင် မျက်မှောင်ကြုတ်နေသည်။ သူဒုက္ခရောက်နေတုန်း ရွှယ့်ယွယ် သူ့အား ပစ်သွားသည်ဟုတော့ မထင်။ ရွှယ့်ယွယ်အကြောင်း သိပ်မသိသော်ငြား ရွှယ့်ယွယ်နှင့် ပြောဆိုဆက်ခံဖူးသည့် ခဏတာအရ သူမသည် ထိုကဲ့သို့လူတစ်ဦး မဟုတ်မှန်း ပြောနိုင်ပေသည်။

ထို့အပြင် သူသာမရှိလျှင် ရွှယ့်ယွယ်သည် ဤဟင်းလင်းပြင်ထဲ ခေါင်းမပါသည့် ယင်ကောင်တစ်ကောင်နှယ် ဖြစ်နေပေလိမ့်မည်။ နှစ်ထောင်နှင့်ချီကြာအောင် ပတ်သွားနေလျှင်ပင် ဤဟင်းလင်းပြင်မှ လွတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမဘာသာ ထွက်သွားသည်မှာတော့ မဖြစ်နိုင်လောက်။

သူအန္တရာယ်တစ်ခုခု ကြုံနေရလို့လား ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် ရင်ထိတ်သွားခဲ့သည်။ သို့သော်ငြား ဤဟင်းလင်းပြင်ထဲ မည်သို့သော အန္တရာယ်များ ရှိနိုင်မည်နည်း။ သူတို့ လာရာလမ်းတစ်လျှောက်တွင်ပင် မည်သည့် အန္တရာယ်နှင့်မှ မကြုံခဲ့ရပေ။

စဉ်းစားသော်လည်း စဉ်းစားမရသည်နှင့် လိုက်ရှာကြည့်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

ခြေတစ်လှမ်းနှင့် ရန်ကိုင်သည် မိုင်တစ်ရာအကွာသို့ ရောက်သွားခဲ့သည်။

ယခင်က မိုင်တစ်ရာလောက်ကို သွားလိုလျှင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီးမှာသာ သွားနိုင်သည်။ ရုတ်ချည်း တည်နေရာခုန်ကျော်သွားနိုင်သော်ငြား သွားနိုင်သည့် အကွာအဝေးမှာ ဆယ်မိုင်လောက်သာ။ သို့သော်လည်း ယခုတွင်မူ ခြေတစ်လှမ်းဖြင့် မိုင်တစ်ရာသို့ သွားနိုင်လေပြီ။

ရန်ကိုင်သည် ရွှယ့်ယွယ်ကိုရှာရင်း အသစ်နားလည်ထားသည့် လေဟာနယ်စွမ်းအင်ကို အသားကျအောင် လေ့ကျင့်နေလေသည်။ ရွှယ့်ယွယ် အနေဖြင့် ထွက်သွားသည်ဆိုလျှင်ပင် အရမ်း ဝေးဝေးကြီးတော့ ထွက်မသွားနိုင်လောက်။ အဆုံးမဲ့အမှောင်ထုသာ ရှိနေသော ဤနေရာ၌ မည်သည့် နေရာဆီကိုများ ရွှယ့်ယွယ် သွားနိုင်မည်နည်း။

ထို့ကြောင့် ရန်ကိုင်သည် အနီးအနားဝန်းကျင်ကို ရှာဖွေရာတွင်သာ အာရုံစိုက်ထားခဲ့သည်။

သူထင်ထားသည့်အတိုင်းပင်၊ ရွှယ့်ယွယ်သည် အနီးနား၌သာ ရှိနေခဲ့သည်။ အမွှေးတိုင်တစ်ဝက်စာ ကြာပြီးနောက်တွင် ရွှယ့်ယွယ်ကို ရန်ကိုင် တွေ့သွားလေသည်။

သို့သော်လည်း လက်ရှိ ရွှယ့်ယွယ်၏ အခြေအနေမှာ သိပ်မကောင်းလှ၊ အတော်လေး ဆိုးဆိုးရွားရွား ဖြစ်နေသည်။ ဆံပင်တစ်ခုလုံး ဖရိုဖရဲဖြစ်၊ နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျရင် မမောမပန်း ပြေးလွှားနေခဲ့၏။

ရွှယ့်ယွယ်နောက်သို့ လိုက်နေသည်မှာ မီတာသုံးဆယ် အရှည်ရှိသည့် ပင်လယ်ဖျံနှင့်တူသော မွန်းစတားသားရဲ တစ်ကောင်ဖြစ်သည်။ ထိုမွန်းစတားသားရဲသည် အော်ဟစ်သံပြုလျက် ရွှယ့်ယွယ်နောက်သို့ အလျင်မလိုဟန်ဖြင့် ပြေးလိုက်နေခဲ့လေသည်။ မွန်းစတားသားရဲပုံစံက ရွှယ့်ယွယ်ကို ဖမ်းလိုလျှင် အလွယ်လေး ဖမ်းမိနေလောက်လေပြီ။

ထိုမွန်းစတားသားရဲကို မြင်လိုက်သည့်အချိန်မှာပဲ ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့လေသည်။

ထိုမွန်းစတားသားရဲဆီမှ လေဟာနယ်စွမ်းအင်လှိုင်းများကို သူခံစားလိုက်ရသည်။

မွန်စတားသားရဲ၏ လှုပ်ရှားမှုတိုင်းသည် လေဟာနယ်နှင့် ပဲ့တင်ထပ်နေခဲ့သည်။ မွန်းစတားသားရဲမှာ အိပဲ့အိပဲ့ဖြင့်သာ လှုပ်ရှားနေသော်ငြား လေဟာနယ်သည် ၎င်းအား အရှေ့သို့ တွန်းတွန်းပို့နေသဖြင့် အသည်းအသန် ထွက်ပြေးနေသော ရွှယ့်ယွယ်နောက်သို့ အေးအေးဆေးဆေး လိုက်နေနိုင်ခဲ့လေသည်။

တစ်နည်းဆိုရသော် ထိုမွန်းစတားသားရဲသည် ရွှယ့်ယွယ်အား ကြောင်မှ ကြွက်အား ဆော့သလို ဆော့ကစားနေခြင်း ဖြစ်သည်။

ရန်ကိုင်မှ ရွှယ့်ယွယ်ကို မြင်လိုက်သည့်အချိန်မှာပင် မွန်းစတားသားရဲသည် ၎င်း၏ ပါးစပ်ကိုဟ၍ စွမ်းအင်တစ်ခုကို ပစ်ထုတ်လိုက်လေသည်။

ထိုစွမ်းအင်သည် ထက်ရှသော ဓါးသွားတစ်ချောင်းအဖြစ်သို့ အလျင်အမြန် သိပ်သည်းသွားပြီး ရွှယ့်ယွယ်ဆီသို့ တိုးဝင်သွားလေ၏။

နီးကပ်လာနေသော သေမင်းအငွေ့အသက်ကို ခံစားမိသော် ရွှယ့်ယွယ်မျက်နှာ သွေးဆုတ်ဖြူလျော်သွားလေသည်။ ချက်ချင်းပဲ သွေးတစ်ပွက်အန်ထုတ်၍ သူမ၏ ဝိဥာဉ်သားရဲဖြစ်သော ရှဲ့ကျီကို ဆင့်ခေါ်လိုက်လေသည်။ ရှဲ့ကျီသည် ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်အမွှေးများ ဖုံးလွှမ်းနေပြီး နဖူးထက်တွင် ဦးချိုတစ်ချောင်း ပေါက်နေသည့် သားရဲတစ်ကောင် ဖြစ်သည်။ ပေါ်လာသည်နှင့် ဟိန်းဟောက်အော်မြည်၍ ဓါးသွားဆီ ပြေးဝင်သွားလေသည်။

ရွှယ့်ယွယ်၏ ဝိဥာဉ်သားရဲဖြစ်သော ရှဲ့ကျီသည် ရွှယ့်ယွယ်နှင့် ခွန်အားချင်း ယှဉ်နိုင်ပေသည်။ ထို့ကြောင့် သာမန်တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူများအဖို့ ထိုဝိဥာဉ်သားရဲ၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။

သို့သော်လည်း ထိုရှဲ့ကျီသားရဲသည် ဓါးချက်ကြောင့် နှစ်ပိုင်းပြတ်ထွက်သွားခဲ့ရလေသည်။ အော်ဟစ်မြည်တမ်းရင်း ရှဲ့ကျီပုံရိပ် ပျောက်ကွယ်သွားခဲ့လေသည်။

သားရဲသေသွားသည့်အတွက် ပိုင်ရှင်ဖြစ်သော ရွှယ့်ယွယ်လည်း တန်ပြန်ရိုက်ချက်ကို ခံစားလိုက်ရသည်။ မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားပြီး သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးသွားကာ ပြေးနေသည့် အရှိန်မှာလည်း သိသိသာသာ လျော့ကျသွားခဲ့၏။ မွန်းစတားသားရဲ၏လက်မှ လွတ်တော့မည် မဟုတ်မှန်း သိလိုက်သည့်အခါ ရွှယ့်ယွယ်၏ မျက်ဝန်းလေးများ ညိုးကျသွားခဲ့လေသည်။

ထိုစဉ်မှာပင် ပုံရိပ်တစ်ခု သူမရှေ့သို့ ရောက်လာပြီး သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

ခက်ခက်ခဲခဲနှင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ ရန်ကိုင် မျက်နှာကို တွေ့လိုက်ရလေသည်။ ရန်ကိုင်၏ မျက်နှာသည် အမှောင်ထုထဲတွင်ပင် သူမ၏ မှောင်မိုက်နေသော လမ်းကြောင်းကို လမ်းပြပေးမည့် မီးရှူးတန်ဆောင်နှယ် လင်းလက်တောက်ပနေခဲ့၏။

“နင်နောက်ဆုံးတော့ ရောက်လာပြီပေါ့” ရွှယ့်ယွယ်က အားတင်းပြုံးရင်း ပြောလိုက်သည်။

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ရွှယ့်ယွယ်၏ ခန္ဓာကိုယ်ကို သူတော်စင်ချီသုံး၍ စစ်ဆေးကြည့်လိုက်လေသည်။ စစ်ဆေးပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရွှယ့်ယွယ်၏ အခြေအနေမှာ အတော်လေး ဆိုးရွားနေသည်။ သူမ ကိုယ်ထဲတွင် မည်သည့် သူတော်စင်ချီမှ ရှိမနေတော့။ သွေးကြောများလည်း ထိခိုက်ထားကြသည်။ သူသာ နောက်ထပ် တစ်နာရီလောက်ကြာသည့်တိုင် ရောက်မလာခဲ့ပါက၊ မွန်းစတားသားရဲမှ မသတ်လျှင်ပင် ရွှယ့်ယွယ်သည် အားကုန်ပြီး သူမဘာသာ သေသွားပေလိမ့်မည်။

“နင်ဒီကောင်ကို ဘယ်လိုသွားရန်စတာလဲ” ရန်ကိုင်က ဟင်းလင်းပြင်ထဲ ဝဲနေသော မွန်းစတားသားရဲကိုကြည့်ရင်း မေးလိုက်လေသည်။

“ငါသွားရန်စတာမဟုတ်ဘူး။ သူ့ဘာသာပေါ်လာတာ” ရွှယ့်ယွယ်သည် ရန်ကိုင်ရင်ခွင်ထဲမှီရင်း ပြန်ပြောလိုက်သည် “နင်ဟိုနေရာထဲ ရောက်ပြီး ရက်နည်းနည်းလောက် ကြာတာနဲ့ သူပေါ်လာတာ။ နင့်ကြောင့် ရောက်လာတာနဲ့တူတယ်။ ပေါ်လာတာနဲ့ နင့်ဆီ ပြေးဝင်လာတာပဲ။ ငါလည်း နင်နှောင့်ယှတ်ခံရမှာ စိုးတာနဲ့…”

“သူ့ကို မျှားခေါ်သွားတယ်ပေါ့” ရန်ကိုင်က ငုံ့ကြည့်လိုက်၏။

ရွှယ့်ယွယ်က ခေါင်းညိတ်ပြလိုက်ည်။

ရန်ကိုင် သက်ပြင်းချလိုက်လေသည်။ သူ့ရင်ထဲလည်း နွေးထွေးမိသွားခဲ့သည်။

“နင်ခန္ဓာကိုယ်က… ဘာဖြစ်သွားတာလဲ” နောက်ဆုံး ရန်ကိုင်၏ ပုံမှန်မဟုတ်သည့် အခြေအနေကို သတိပြုမိလိုက်သည့် အချိန်တွင် ရွှယ့်ယွယ်က အလန့်တကြား ထအော်လေသည်။ ရန်ကိုင် ကိုယ်ပေါ် မြွေလိမ်မြွေကောက်နှယ် သွားလာနေသော အနက်ရောင်မျဉ်းကြောင်းများကြောင့် ရန်ကိုင် တစ်ခုခု ဖြစ်နေသည်ဟု ရွှယ့်ယွယ် အထင်မှားသွားခဲ့လေသည်။

“စိတ်ပူမနေနဲ့။ ဘာမှမဖြစ်ဘူး။ ငါ့စွမ်းအားတွေကို မထိန်းချုပ်နိုင်သေးလို့ အခုလိုဖြစ်နေတာ။ ငါသာ အဲ့ဒါတွေကို သန့်စင်လိုက်ရင် ဘာမှဖြစ်တော့မှာ မဟုတ်ဘူး” ရန်ကိုင်က ရွှယ့်ယွယ်၏ ကျောပြင်ကိုပုတ်ရင်း ပြန်ပြောလိုက်သည် “ငါ့အတွက် စိတ်ပူမနေနဲ့။ အခု စိတ်ပူရမှာ ဟိုသားရဲကိုပဲ”

ပြောပြီးသည်နှင့် သူ့ရှေ့ရှိ မွန်းစတားသားရဲကို အလေးအနက် အမူအရာဖြင့် ကြည့်လိုက်လေသည်။

ရွှယ့်ယွယ်၏ အမူအရာ ပြောင်းလဲသွားပြီး တိုးတိုးလေး ပြောလိုက်လေသည် “သတိထားဦး။ အဲ့သားရဲက တော်တော်လေး အားကောင်းတယ်။ တန်ခိုးရှင်ဘုရင်အဆင့်ထက် အားမနည်းဘူး။ ပြီးတော့ လေဟာနယ်တာအိုကိုလည်း ကျွမ်းကျင်သေးတယ်။ ငါထင်တာသာ မမှားရင်း အဲ့သားရဲက…”

“လေဟာနယ်သားရဲမလား” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် “ငါသိတယ်”

ဤတစ်ကြိမ် ကမ္ဘာပျက်ထဲသို့ ဝင်လာခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဤလေဟာနယ်သားရဲကြောင့် ဖြစ်ပေသည်။

သို့သော်လည်း လေဟာနယ်သားရဲတစ်ကောင်ကို ဤအခြေအနေမျိုးတွင် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လေဟာနယ်တာအိုကို ကျွမ်းကျင်ပြီး ဟင်းလင်းပြင်ထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်မှတော့ လေဟာနယ်သားရဲမှလွဲ၍ ဘာများဖြစ်နိုင်‌ဦးမည်နည်း။ ထို့ကြောင့် ဤကဲ့သို့သော သားရဲမျိုးကို တစ်ခါမှ မမြင်ဖူးသည့်တိုင် ချက်ချင်း မျက်မှန်းတန်းမိခြင်း ဖြစ်သည်။

“နင်သိရင်ပြီးရော” ရွှယ့်ယွယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ရန်ကိုင်ရင်ခွင်ထဲ သက်သောင့်သက်သာဖြစ်အောင် နေလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည် “ကျန်တဲ့ကိစ္စကို နင်ပဲ ဆက်တာဝန်ယူလိုက်တော့။ ငါနားတော့မယ်။ ငါ့အသက်ကို နင့်လက်ထဲ အပ်ထားလိုက်ပြီနော်”

ပြောပြီးသည်နှင့် နည်းစနစ်တစ်ခုခုကို အသက်သွင်းလိုက်ရာ ချက်ချင်း သတိမေ့သွားခဲ့လေသည်။

ရွှယ့်ယွယ်သည် မီးစာကုန်နေသည့် ဆီမီးအိမ်တစ်လုံးကဲ့သို့ ဖြစ်နေလေပြီ။ ထို့ကြောင့် သူမ၏ ဒဏ်ရာများကို ချက်ချင်း ကုသရန် လိုအပ်သည်။ ရွှယ့်ယွယ် အသက်သွင်းလိုက်သည့် နည်းစနစ်သည် သူမအား အိပ်စက်ခြင်း အခြေအနေသို့ ရောက်သွားစေပြီး သူမ၏ စွမ်းအင်အားလုံးကို ခန္ဓာကိုယ်အား ကုသရာတွင်သာ အသုံးပြုနိုင်စေအောင် ကူညီပေးနိုင်၏။

“နင်ငါ့ကို အဲ့လောက်တောင် ယုံတာလား” ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်လေသည် “အဲ့လိုဆိုမှတော့ ငါကလည်း နင်စိတ်ပျက်အောင်လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ”

ပြောပြီးသည်နှင့် ရွှယ့်ယွယ်အား ကျေားပိုးလိုက်ကာ သူတော်စင်ချီဖြင့် သူမအား ကာကွယ်ပေးလိုက်လေသည်။ သူမည်ကဲ့သို့ လှုပ်ရှားလှုပ်ရှား၊ ရွှယ့်ယွယ် ပြုတ်မကျအောင် လုပ်ပြီးနောက်တွင် မွန်းစတားသားရဲဆီသို့ အာရုံ လှည့်လိုက်လေသည်။

ရန်ကိုင် ပေါ်လာသည့် အချိန်မှစ၍ မွန်းစတားသားရဲ တိတ်နေခဲ့သည်။

မွန်းစတားသားရဲ၏ မျက်စိလေးနှစ်လုံးသည် အရသာရှိသော အစားအစာတစ်ခုကို ကြည့်နေသည့်နှယ် ရန်ကိုင်အား မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။

မွန်းစတားသားရဲသည် လေဟာနယ်စွမ်းအားကို မွေးရာပါ ကျွမ်းကျင်ထားသည့်လူတစ်ဦး ဖြစ်သည်။ ရန်ကိုင်သည် ခရုပတ် လမ်းကြောင်းဆီမှ စွမ်းအားများကို စုပ်ယူလိုက်သည့်အတွက် လေဟာနယ်တာအိုအပေါ် သူ့နားလည်မှုသည် အဆပေါင်းများစွာ မြင့်မားလာခဲ့ရသည်။ မွန်းစတားသားရဲ ပေါ်လာရခြင်းမှာ ရန်ကိုင် စုပ်ယူလိုက်သည့် လေဟာနယ်စွမ်းအားများသည် သူ့ကိုယ်ထဲမှ ထိန်းမနိုင်သိမ်းမရ စီးထွက်နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

မွန်းစတားသားရဲနှင့် ရန်ကိုင်သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် စိုက်ကြည့်နေခဲ့သည်။

“လာစမ်း” အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရန်ကိုင်က မွန်းစတားသားရဲကို လက်ယပ်ခေါ်လိုက်လောသည် “ငါက မင်းရဲ့ အမြူတေကို လိုချင်တယ်။ မင်းက ငါ့ခန္ဓာကိုယ်ကို လိုချင်တယ်။ ဘယ်သူက ဘယ်သူ့ဟာကို ရမလဲ ကြည့်ရတာပေါ့”

ရန်ကိုင် ပြောသည်ကို နားလည်မလည် မသိရသော်လည်း၊ တစ်ဖက်လူ သူ့အား ရန်စနေမှန်းကိုတော့ မွန်းစတားသားရဲ ကျိန်းသေ သိပေသည်။ ထို့ကြောင့် အကျယ်ကြီးအော်ာဟစ်လျက် ရန်ကိုင်ဆီသို့ အနက်ရောင်စွမ်းအင်လုံးများစွာ တစ်ပြိုင်တည်း ပစ်လွှတ်လိုက်လေသည်။

အနက်ရောင်စွမ်းအင်လုံးများမှာ အလွန်တရာကိုမှ မြန်ဆန်လှပေသည်။ မွန်းစတားသားရဲသည် လေဟာနယ်စွမ်းအင်ကို ပေါင်းစပ်၍ အသုံးပြုထားသည့် အတွက် အနက်ရောင်အလုံးများသည် တည်နေရာကို ခုန်ကျော်ကာ ရန်ကိုင်ဆီသို့ တစ်မုဟုတ်ချည်း ရောက်ရှိလာခဲ့လေသည်။

ထိုတိုက်ခိုက်မှုများထဲ ပါဝင်သော စွမ်းအားမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်၏။

သို့သော် ရန်ကိုင်သည် ထိုတိုက်ခိုက်မှုကို မရှောင်ဘဲ လေဟာနယ်ဓါးသွားများကို ပြန်လည်ပစ်လွှတ်ကာ တစ်ဖက်လူက တိုက်ခိုက်မှုကို ဟန့်တားလိုက်လေသည်။

လေဟာနယ်ဓါးသွားများသည် ရန်ကိုင်၏ ဝှက်ဖဲတစ်ခု ဖြစ်ပေသည်။ ခရုပတ်လမ်းကြောင်း၏ စွမ်အားကို စုပ်ယူပြီးနောက် လေဟာနယ်ဓါးသွား၏ စွမ်းအားမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့ရလေသည်။

အရွှယ်အစားမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း အဖျက်စွမ်းအားနှင့် တည်ငြိမ်မှုမှာ ယခင်ထက် အများကြီး ပိုမို အားကောင်းလာခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၇၀)

လေဟာနယ်ဓါးသွားများသည် လေဟာနယ်သားရဲ၏ ဟင်းလင်းပြင်ပစ်ချက်များနှင့် သွားထိပ်တိုက်တွေ့လေသည်။

ဟင်းလင်းပြင်တစ်ခုလုံး တဝုန်းဝုန်းမြည်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။ ရန်ကိုင် ရှေ့ရှေ့တည့်ရှိ ဆယ်မီတာပတ်လည် ဟင်းလင်းပြင်သည်လည်း မှန်တစ်ချပ်နှယ် တစ်စစီ ကွဲကြေသွားပြီး ပရမ်းပတာ စွမ်းအင်လှိုင်းတို့သည် ထိုနေရာအတွင်းမှ ဖြာထွက်လာခဲ့လေသည်။

ပြိုကျသွားသော ဟင်းလင်းပြင်အတွင်းမှ လေဟာနယ်သားရဲသည် ရုတ်တရက် ခုန်ထွက်လာပြီး ရန်ကိုင်ပေါ်သို့ ခုန်အုပ်ရန် ကြိုးစားလေသည်။ ရန်ကိုင် သတိလက်လွတ် ဖြစ်နေစဉ် လေဟာနယ်သားရဲသည် ရန်ကိုင်၏ အနီးကပ်ဆီသို့ တိုးကပ်လာနိုင်ခဲ့၏။

ကံကောင်းစွာဖြင့် ရန်ကိုင်သည်လည်း ယခုကဲ့သို့ ဖြစ်မည်မှန်း ကြိုသိထားသည့်အလား၊ ပျာယာခတ်သွားခြင်းမရှိဘဲ ခြေထောက်ကို အနည်းငယ်ရွေ့လျက်သာ ခန္ဓာကိုယ်တစ်ခုလုံးကို လေဟာနယ်စွမ်းအားဖြင့် လွှမ်းခြုံ၍ အလျင်အမြန် ရှောင်တိမ်းလိုက်လေသည်။

လေဟာနယ်သားရဲလည်း ရန်ကိုင်အား ကိုက်ချလိုက်လေသည်။

သို့ရာတွင် ရန်ကိုင်ကို မကိုက်မိသွားဘဲ ရန်ကိုင်၏ ပုံရိပ်ကိုသာ ကိုက်မိသွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် လေဟာနယ်သားရဲ၏ ခေါင်းပေါ်တွင် တစ္ဆေ၊သရဲတစ်ကောင်နှယ် ပြန်ပေါ်လာပြီး အားအပြည့်ဖြင့် လေဟာနယ်သားရဲ၏ခေါင်းကို ထိုးချလိုက်လေသည်။

ဘုန်း…

လက်သီးချက်ကြောင့် လေဟာနယ်သားရဲတစ်ကိုယ်လုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။

သို့သော်လည်း ရန်ကိုင်သည် ကျေနပ်သွားခြင်း မရှိဘဲ မျက်မှောင်ကြုတ်၍သာ ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်ရင်း ရပ်နေရာမှာ အလျင်စလို ပြန်ဆုတ်လိုက်၏။ သူပြန်ဆုတ်ပြီးပြီးချင်းမှာပင် တစ်စစီ ဖြစ်သွားသင့်သော လေဟာနယ်သားရဲသည် ပါးစပ်ကြီးဟလျက် ရန်ကိုင် ရှိနေခဲ့သည့်နေရာ၏ နောက်ဘက်တွင် ပြန်ပေါ်လာလေသည်။

ရန်ကိုင် တစ်စစီဖြစ်အောင် လုပ်လိုက်သော လေဟာနယ်သားရဲသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေခဲ့သည်။

လူတစ်ဦးနှင့်သားရဲတစ်ကောင်သည် အလွန်တရာကိုမှ လျင်မြန်စွာ လှုပ်ရှားနေနိုင်ကြရာ သူတို့ အသုံးပြုနေကြသည့် လေဟာနယ်စွမ်းအားသည် တစ်ဖက်လူ၏ အမြင်အာရုံကိုပင် လွှမ်းမိုးနိုင်သည့် အဆင့်ထိသို့ ရောက်ရှိနေခဲ့ကြသည်။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် မီတာတစ်ထောင်အကွာခန့်တွင် ပြန်ပေါ်လာခဲ့လေသည်။ လေဟာနယ်သားရဲသည်လည်း မလှုပ်ရှားတော့ဘဲ ရပ်လိုက်ကာ ရန်ကိုင်၏ တည်နေရာကို လိုက်ရှာလေသည်။ ခဏအကြာ၌ သူ့အကြည့်သည် ရန်ကိုင်ဆီ၌ ရပ်တန့်သွားခဲ့သည်။

ယခုတိုက်ပွဲမှ သူတို့ပြိုင်ဘက်မှာ ပေါ့သေးသေးပြိုင်ဘက် တစ်ဦး မဟုတ်မှန်း နှစ်ဦးစလုံး နားလည်သွားခဲ့ကြသည်။

“အဲ့လိုဆိုမှတော့…” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးရင်း ရေရွတ်လိုက်လေသည် “ငါ့ကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့”

ပြောပြီးသည့်နောက် သူ့လက်ကို ဝှေ့ရမ်းလိုက်လေသည်။

ချက်ချင်းဆိုသလို ကျောက်တုံးရုပ်သေးရုပ်နှင့် မီးငှက်တို့ သူ့ဘေးတွင် ရုတ်တရက် ပေါ်လာကြလေသည်။

ကျောက်တုံးရုပ်သေးရုပ်သည် အနက်ရောင်တုတ်ကို ပခုံးထက် ထမ်းရင်း ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေသည်။ လျို့ယန်ကမူ ပေါ်လာသည်နှင့် ရန်ကိုင်ဘက်သို့လှည့်၍ “သခင် ဘာများ အမိန့်ပေးစရာရှိလို့ပါလဲ”

“အဲ့ကောင်ကိုသတ်” ရန်ကိုင်က မီတာတစ်ထောင်အကွာ၌ ရှိနေသော လေဟာနယ်သားရဲကို လက်ညိုးထိုးလိုက်လေသည်။

လျို့ယန်သည် လေဟာနယ်သားရဲကို အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် မျက်လုံးမှေးစဉ်းလျက် ပြန်ပြောလိုက်၏ “အရမ်းအားကောင်းတယ်”

ရန်ကိုင်က ရယ်မောလျက် “အားကောင်းလို့ပေါ့။ မဟုတ်ရင် နင်တို့ကို ဘာလို့ ခေါ်နေဦးမှာလဲ။ ငါတစ်ယောက်တည်းနဲ့တင် ကိစ္စ ပြတ်နေပြီ။ ဒီကောင်က လေဟာနယ်စွမ်းအင်ကိုလည်း တော်တော် ကျွမ်းတယ်။ ဒါကြောင့် နင်တို့ကို ခေါ်လိုက်တာ”

“ကောင်းပါပြီသခင်” လျို့ယန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် လျှပ်စီးတန်းများ တဖျက်ဖျက် လက်နေသော အနီရောင်နှင့် ခရမ်းရောင်တို့‌ ရောယှတ်နေသည့် မီးဘောလုံးတစ်လုံး သူမလက်ဝါးထက်တွင် ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် အားကောင်းသော အဖျက်စွမ်းအင်တို့သည် ထိုမီးဘောလုံးဆီမှ ဖြာထွက်လာခဲ့လေ၏။

“အင်း” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ခေါင်းညိတ်ပြီးနောက် လေဟာနယ်သားရဲဆီသို့ နောက်တစ်ကြိမ် ပြေးဝင်သွားလေသည်။ ရှောင်ရှောင်နှင့် လျှို့ယန်ကိုမူ ဘာမှညွှန်ကြားနေစရာမလိုချေ။ သူတို့ကြား ဝိဥာဉ်ချင်း ချိတ်ဆက်ထားသည့်အတွက် ကိုယ်စီကိုယ်စီ၏ အတွေးများကို အချင်းချင်းကြား ပြန်လှည် မျှဝေနိုင်ပေသည်။ ထို့ကြောင့် ရန်ကိုင်မှ လှုပ်ရှားလိုက်သည်နှင့် လျို့ယန်သည်လည်း မီးဘောလုံးတစ်လုံးအသွင်အဖြစ်သို့‌ ပြောင်း၍ ရန်ကိုင်နောက်မှ ပြေးလိုက်သွားလေသည်။

ရှောင်ရှောင်ကမူ ကျောက်ဘီလုံးအသွင်သို့ ပြောင်းကာ နောက်ဆုံးမှ ဖြည်းဖြည်းချင်း လိုက်လာခဲ့သည်။

လေဟာနယ်သားရဲသည် အတော်လေး အသိဥာဏ် မြင့်မားသည်ဟု ပြော၍ရသည်။ ရန်ကိုင်တွင် နောက်ထပ် အကူ နှစ်ယောက် ပေါ်လာသည်ကိုမြင်သော် သူ၏ သေးသွယ်သွယ် မျက်လုံးလေးထဲ လူသားဆန်သော သင်္ကာမကင်း အရိပ်ယောင်တို့ ဖြတ်ပြေးသွားလေသည်။

ရန်ကိုင်နှင့်လျို့ယန်တို့ သူ့ဆီ ပြိုင်တူ ပြေးလာနေသည်ကို မြင်သည့်အခါ ချက်ချင်း သူ့အောက်ဘက်ရှိ ဟင်းလင်းပြင်ထဲသို့ ငါးတစ်ကောင်နှယ် ဒိုင်ပင်ထိုးဆင်းသွားလေသည်။

သူ့ပတ်လည်ရှိ ဟင်းလင်းပြင် ပြောင်းလဲသွားသည်ကို မြင်သော် ရန်ကိုင်၏ မျက်လုံးထဲ အကြည့်တစ်ချက် ဖြတ်ပြေးသွားပြီး နောက်ဆုံးမှ လိုက်လာသော ရှောင်ရှောင်အား ဘာလုပ်ရမလဲ အလျင်အမြန် ညွှန်ကြားလိုက်လေသည်။

ရှောင်ရှောင်သည်လည်း တုန့်ဆိုင်းမနေဘဲ မာန်သွင်းအော်ဟစ်၍ အနက်ရောင်တုတ်ချောင်းကို ဝှေ့ရမ်းကာ သူ့ဘယ်ဘက်ကို ရိုက်ချလိုက်လေသည်။

ရှောင်ရှောင်မှ လွှဲရမ်းလိုက်သည့် အနက်ရောင် တုတ်ချောင်းသည် ဟင်းလင်းပြင်ကို ကွဲကြေသွားအောင် လုပ်နိုင်စွမ်းရှိပေသည်။ ရှောင်ရှောင်မှ အနက်ရောင်တုတ်ချောင်းကို လွှမ်းရမ်းရိုက်ချလိုက်သည့် အချိန်မှာပဲ သူလွှဲရမ်းလိုက်သည့် လမ်းကြောင်းတွင် လေဟာနယ်သားရဲ၏ ဦးခေါင်း ထွက်ပေါ်လာခဲ့လေသည်။

လေဟာနယ်သားရဲသည် ရှောင်ရှောင်ကို အရင်တိုက်ခိုက်ရန် စီစဉ်ထားသည့်ပုံပင်။ သို့ရာတွင် သူ့အစီအစဉ်ကို ရန်ကိုင်မှ အလွယ်တကူ သိသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဤမျှ နီးကပ်နေလေရာ လေဟာနယ်သားရဲ အနေဖြင့် ဟင်းလင်းပြင်စွမ်းအင်ကို အသုံးပြုနိုင်လျှင်ပင် ရှောင်ရှောင်၏ ရိုက်ချက်ကို ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ချေ။

ထိုရိုက်ချက်သာ ထိမှန်ခံလိုက်ရလျှင် လေဟာနယ်သားရဲ ကျိန်းသေ ကြီးကြီးမားမား ဒဏ်ရာရသွားပေလိမ့်မည်။ လေဟာနယ်သားရဲ၏ ခွန်အားသည် တန်ခိုးရှင်ဘုရင်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သည့်တိုင် ရှောင်ရှောင်၏ အစွမ်းကုန် ရိုက်ချက်သည် လျှော့တွက်သင့်သည့် အရာမျိုးမဟုတ်။

အသားများ တစ်စစီ ပေါက်ကွဲထွက်လာမည့် မြင်ကွင်းကို ရန်ကိုင် စောင့်မျှော်နေခဲ့လေသည်။

သို့သော်လည်း ရန်ကိုင် မှင်သက်သွားရသည်မှာ အလွန်ကိုမှ အနီးကပ်ကြီး ဖြစ်နေသည့်တိုင် လေဟာနယ်သားရဲမှ ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်နိုင်ပြီး ရှောင်ရှောင်၏ ရိုက်ချက်ကို ဝဲကတော့တစ်ခု ဖန်တီး၍ ရှောင်သွားလိုက်နိုင်သည့်အချက်ပင်။

အနက်ရောင်တုတ်သည် ဝဲကတော့နှင့်တကွ လေဟာနယ်သားရဲ၏ ခန္ဓာကိုယ်ကို သွားရောက် ထိမှန်လေသည်။ သွေးစိမ်းရှင်ရှင် ပန်းထွက်လာခဲ့ပြီး လေဟာနယ်သားရဲလည်း အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

ယခု လေဟာနယ်သားရဲ၏ ခေါင်းနှင့်ခန္ဓာကိုယ် ဆက်နေသည့် နေရာတွင် အရိုးထိနက်သည့် ဒဏ်ရာကြီးတစ်ခု ရှိနေခဲ့သည်။

သို့သော် အဆုံးတွင် ရှောင်ရှောင်၏ အနီးကပ်ရိုက်ချက်အား ဒဏ်ရာကြီးကြီးမားမား မရဘဲ ရှောင်တိမ်းလိုက်နိုင်ခဲ့သည်မှာတော့ တကယ် ချီးကျူးစရာကောင်းသည်ဟု ပြောရမည်။

“ဒီလောက်လွယ်မှာ မဟုတ်မှန်း ငါသိနေတယ်” ရန်ကိုင်က အံကြိတ်၍ ရေရွတ်လိုက်သည်။ ချက်ချင်းပဲ လျို့ယန်အား လေဟာနယ်စွမ်းအင်ဖြင့် ရစ်ပတ်၍ လေဟာနယ်သားရဲရှေ့သို့ တည်နေရာခုန်ကူးသွားလိုက်လေသည်။

ရန်ကိုင်နှင့်လျို့ယန်သည် လေဟာနယ်သားရဲ ဒဏ်ရာရနေသည်ကို အခွင့်ကောင်းယူကာ တစ်ဖက်ပြိုင်ဘက်အား အနားပင်မပေးဘဲ တိုက်ခိုက်လိုက်ကြလေသည်။

ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များအား လေဟာနယ် စွမ်းအားနှင့် ပေါင်းစပ်၍ ဧရာမပိုက်ကွန်ကြီးတစ်ခုဖြစ်အောင် ဖန်တီးလိုက်သည်။ လေဟာနယ်သားရဲအား ပြေးပေါက် မရှိအောင် ပိတ်ထားလိုက်ပြီးနောက်တွင် လေဟာနယ်ဓါးသွားများကို အဆက်မပြတ် ပစ်လွှတ်လိုက်လေသည်။

လျို့ယန်၏ တိုက်ခိုက်မှုမှာတော့ ရိုးရှင်းပေသည်။ မည်သည့် ပကာဿနမှ မပါသော လျှပ်စီးတန်းတို့ ပေါင်းစပ်နေသည့် ပွင့်ချပ်မီးတောက်မုန်တိုင်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။ ပွင့်ချပ် တစ်ခုချင်းစီတိုင်းထဲတွင် အဖျက်စွမ်းအားပြင်းထန်သော မီးတောက်နှင့်မိုးကြိုးစွမ်းအင်တို့ ကိန်းအောင်းပါဝင်နေခဲ့၏။ ပွင့်ချပ်တစ်ချပ်နှင့် ထိသွားတိုင်း ထိသွားသည့် လေဟာနယ် သားရဲ၏ ခန္ဓာကိုယ်ပေါ်တွင် မီးကျွမ်းရာများ ထွက်ပေါ်လာခဲ့၏။ ထို့အပြင် အားကောင်းလှသည့် မိုးကြိုးဓါတ်ကြောင့် ၎င်း၏ ခန္ဓာကိုယ်မှာလည်း ဓါတ်လိုက်သလို တုန်ရီနေခဲ့လေသည်။

လေဟာနယ်သားရဲလည်း ပြေးပေါက်ပိတ်နေသဖြင့် ထိုတိုက်ခိုက်မှုများကို နာကျင်စွာဖြင့် ပြန်လည် ခုခံနေရုံသာ တတ်နိုင်ခဲ့လေသည်။

ရန်ကိုင်နှင့် လျို့ယန်မှ လေဟာနယ်သားရဲအား လှုပ်မရအောင် ထိန်းချုပ်သည်ကို အခွင့်ကောင်းယူ၍ ရှောင်ရှောင်သည် ၎င်း၏ အနက်ရောင်တုတ်ကြီးကို ဝှေ့ရမ်းကာ ပြေးဝင်လာခဲ့လေသည်။

နီးကပ်လာနေသော အနက်ရောင်တုတ်ကို မြင်လိုက်သည့် အခိုက်တွင် လေဟာနယ်သားရဲ၏ မျက်လုံး ကြောက်လန့်သည့် အရိပ်ယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်နှင့်လျို့ယန်တို့ အသုံးပြုသည့် တိုက်ကွက်များကို သူမကြောက်သော်ငြား မည်သည့် အလှတရားမှ မပါဘဲ အလွန်ကိုမှ ရိုးရှင်းသည့် ထိုအနက်ရောင်တုတ်၏ ရိုက်ချက်ကိုမူ သူအလွန် ကြောက်ပေသည်။ သူ့လေဟာနယ်စွမ်းအင်ဖြင့် ဖန်တီးထားသော အကာအကွယ်ပင် ထိုအနက်ရောင်တုတ်ရိုက်ချက်ကို အပြည့်အဝ မတားဆီးနိုင်ခဲ့ချေ။

လေဟာနယ်သားရဲသည် မာန်ဖီအော်ဟစ်၍ ရန်ကိုင်နှင့် လျို့ယန်တို့အား လေဟာနယ်စွမ်းအင်များဖြင့် ပြန်လည် ပစ်လွှတ်တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းတွင် လေဟာနယ်စွမ်းအင်ကို သုံး၍ ၎င်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ အကာအကွယ်တစ်ခု ဖန်တီးလိုက်လေသည်။

အနက်ရောင်တုတ်သည် ၎င်း၏ အကာအကွယ်ပေါ် ကျဆင်းလာခဲ့လေသည်။

ထို့နောက်တွင်မူ အရိုးကျိုးသံများနှင့်အတူ လေဟာနယ် သားရဲ၏ အရှိန်အဝါ အတော်လေး လျော့ကျသွားခဲ့လေသည်။

အချိန်တိုအတွင်း အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံလိုက်ရသည့် အတွက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်ပေသည်။ ရန်ကိုင်တို့ သုံးယောက်ပေါင်းကို သူတစ်ယောက်တည်းဖြင့် မည်သို့မှ မရင်ဆိုင်နိုင်မှန်းသိသော် ထွက်ပြေးရန် စတင် ကြိုးစားတော့လေသည်။

ထို့ကြောင့် လေဟာနယ်စွမ်းအင်ကိုသုံး၍ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို စတင် နှောင့်ယှတ်တော့လေ၏။

ဟင်းလင်းပြင်တစ်ခုလုံး မတည်မငြိမ် ဖြစ်လာသည့် အတွက် ရန်ကိုင်၏ ရွှေရောင်သွေးမျှင်များသည်လည်း တည်တည်ငြိမ်ငြိမ် ရှိမနေနိုင်တော့ဘဲ ဟာကွက်များနှင့်အတူ မကြာမီ ပိုက်ကွန်ထက်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့ရလေသည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လေဟာနယ်သားရဲသည် အဝိုင်းခံထားရာမှ ထွက်ပြေးတော့လေသည်။

“ပြေးချင်တာလား” ရန်ကိုင်က နှာခေါင်းရှုံ့လျက် လိုက်တော့မည်အပြု၊ လေဟာနယ်သားရဲသည် ၎င်း၏ ယခင် နည်းလမ်းအတိုင်း ဟင်းလင်းပြင်ထဲသို့ ဒိုင်ပင်ထိုးဆင်းပြီး သူ့မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး လေဟာနယ်စွမ်းအင်ကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေသည်။ သို့သော် သူမည်သို့ပင် စစ်ဆေးစေကာမူ လေဟာနယ်သားရဲ၏ အရိပ်အယောင်ကို ရှာမတွေ့ခဲ့ပေ “ဒီကောင် လွတ်သွားတာလား”

လေဟာနယ်သားရဲသည် ဤဟင်းလင်းပြင်ထဲမှ ထွက်ပြေးသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းအား ရန်ကိုင် မည်သို့မှ ရှာမတွေ့တော့ခြင်း ဖြစ်သည်။

ရန်ကိုင်သည် ရှောင်ရှောင်နှင့်လျို့ယန်ကိုခေါ်၍ လေဟာနယ် သားရဲ ထွက်ပြေးသွားသည့်ဘက်ဆီသို့ ချက်ချင်း ပျံသန်းသွား၏။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ဟင်းလင်းပြင်အား ဆွဲဖြဲလိုက်လေသည်။

လေဟာနယ်အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာလေသည်။ ရန်ကိုင်သည် ထိုအက်ကွဲကြောင်းထဲသို့ ချက်ချင်း ခုန်ဝင်သွားလေသည်။

ချက်ချင်းဆိုသလို ကမ္ဘာပျက်ထဲသို့ ရန်ကိုင် ပြန်ရောက်လာခဲ့၏။

ကမ္ဘာပျက်ထဲသို့ ရောက်ပြီးသည်နှင့် လေဟာနယ်သားရဲကို လှည့်ပတ်ရှာတော့လေသည်။ ထိုသားရဲကို မြန်မြန် မရှာနိုင်လျှင် ထိုကောင် ကျိန်းသေ လွတ်သွားတော့ပေမည်။

ရုတ်တရက် လေဟာနယ်သားရဲ၏ ဟိန်းသံကို ကြားလိုက်ရ၏။ ယခင်နှင့်မတူသည်ကား လေဟာနယ်သားရဲ၏ ဟိန်းသံထဲ ကြောက်ရွံ့ရိပ်တို့ အထင်သား ပါဝင်နေခြင်း ဖြစ်သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးပြူးသွားခဲ့ရလေသည်။

သူနှင့် မလှမ်းမရှိ ကောင်းကင်တစ်ခွင်ကို အနက်ရောင် ကားချပ်ကြီးတစ်ခုမှ လွှမ်းခြုံထားခဲ့သည်။ ထိုအနက်ရောင် ကားချပ်ပေါ်တွင် တွန့်လိမ်လှုပ်ရှားနေသော မရေမတွက်နိုင်သည့် မျက်နှာများ ရှိနေခဲ့၏။ အနက်ရောင်ကားချပ်ထက်တွင် စုဝေးနေသော ယင်ဝိဥာဉ်များနှင့် ဆင်တူသည့် ထိုအနက်ရောင် မျက်နှာများဆီမှ အေးစက်ချောက်ခြားဖွယ်ရာ အရှိန်အဝါတို့ ဖြာထွက်နေခဲ့၏။

ထိုအနက်ရောင်ကားချပ်ကြီး၏ အလွန်၍ လေဟာနယ်သားရဲ၏ ဝိုးတဝါးတား ပုံရိပ်ကို ရန်ကိုင် လှမ်းမြင်နေရ၏။ လက်ရှိတွင် လေဟာနယ်သားရဲသည် ယင်ဝိဥာဉ်များ ဝိုင်းထားသည်ကို ခံနေရသည်။

ယင်ဝိဥာဉ်များ၏ ဝိုက်ဝန်းကိုက်ခဲမှုကြောင့် လေဟာနယ် သားရဲ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကျုံ့ဝင်လာပြီး ၎င်း၏ အသက်ဓါတ်မှာလည်း အားနည်းသည်ထက် အားနည်းလာခဲ့၏။ သူမည်သို့ပင် ကြိုးစားရုန်းကန်နေစေကာမူ ယင်ဝိဥာဉ်များလက်မှ မလွတ်မြောက်နိုင် ဖြစ်နေခဲ့လေသည်။

“ဟဲဟဲဟဲ…” ရုတ်တရက် ထူးထူးဆန်းဆန်း ရယ်သံတစ်သံ အနီးနားမှ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး သူတော်စင်ချီကို ချက်ချင်း တိတ်တဆိတ် လှည့်ပတ်၍ ရယ်သံကြားရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ထိုနေရာတွင် အမှောင်ထုဖြင့် လွှမ်းခြုံထားသော ပုံရိပ်တစ်ခု ရပ်နေခဲ့သည်။ ထိုအမှောင်ထုထွင်းမှ အေးစက်စက် မျက်လုံး တစ်စုံသည် ရန်ကိုင်အား စိုက်ကြည့်လို့ နေခဲ့၏။

“ခင်ဗျားပဲ” ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့လေသည်။

All Chapters