အခန်း (၁၇၇၁-၁၇၇၅)
Vol. 71 Ch. 1771-1775
အပိုင်း (၁၇၇၁)
တစ်ကိုယ်လုံး အနက်ရောင်ဖြင့် လွှမ်းခြုံနေသော ထိုလူသည် ကမ္ဘာပျက် ဝင်ပေါက်တွင် သူ့အား စိုက်ကြည့်နေသော တန်ခိုးရှင် ဘုရင်အဆင့် ကျင့်ကြံသူမှန်း ရန်ကိုင် တန်းသိလိုက်သည်။
နီကွမ်း ကိုယ်တိုင်ကလည်း ထိုလူသည် အလွန် အန္တရာယ် များသည့်အတွက် သွားရန်မစသင့်ကြောင်း ပြောခဲ့သည်။
သို့ရာတွင် တိုက်တိုက်ဆိုင်ဆိုင် ဤနေရာတွင်မှ ထိုလူနှင့် လာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ လေဟာနယ်သားရဲကို ပိတ်လှောင်ထားသည့် အနက်ရောင်ကားချပ်သည် ထိုလူကြီး၏ မှော်ရတနာ ဖြစ်ပေသည်။
မှော်ရတနာ၏ ပုံစံကိုကြည့်ရသလောက် ထိုမှော်ရတနာကို ဖန်တီးအဆင့်မြှင့်ရန်အတွက် သက်ရှိများစွာကို စတေးပစ်ဖို့ လိုအပ်သည့်ပုံပင်။ မှော်ရတနာကို ကြည့်ရုံနှင့်ပင် ပိုင်ရှင်သည် လူပေါင်းများစွာကို သတ်ဖြတ်လာသည့် ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိနိုင်ပေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
လက်ရှိ အခြေအနေတွင် ရန်ကိုင်အတွက် အလေး သာမနေခဲ့ပေ။ သူ့လက်ရှိခွန်အားအရ ထိုလူကို ကြောက်နေစရာ မလိုအပ်သော်လည်း လေဟာနယ်သားရဲသည် ထိုလူ၏ လက်ထဲ၌ ရှိနေခဲ့သည်။
လေဟာနယ်သားရဲကို ခက်ခက်ခဲခဲ ဒဏ်ရာရအောင် လုပ်ပြီးမှ သူစိုက်ပျိုးထားသည့် အသီးအပွင့်ကို အခြား တစ်ဦးမှ ရိတ်သိမ်းသွားမည့် အဖြစ်မျိုးကို ရန်ကိုင် လုံးဝ ရပ်မကြည့်နိုင်ပေ။
သို့သော်လည်း လေဟာနယ်သားရဲ၏ အမြူတေကို တစ်ဖက်လူ၏ လက်ထဲမှ သွားလုယူဖို့ကလည်း သိပ်ပြီး မသင့်တော်ပြန်။
ဤတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူကို သူမကြောက်ချေ။ စိတ်ရှိလျှင် လွတ်အောင်ပင် ထွက်ပြေးနိုင်သည်။ သို့သော်လည်း ထွက်ပြေးနိုင်ရုံနှင့် တစ်ဖက်လူ၏ မှော်ရတနာကို ချိုးဖျက်ပြီး လေဟာနယ်သားရဲကို လုယူနိုင်လိမ့်မည်ဟု မဆိုလိုချေ။ သူသာ မှော်ရတနာဆီသို့ မဆင်မခြင် ပြေးဝင်သွားလျှင် လေဟာနယ် သားရဲ သွားသည့်လမ်းနောက်သို့ လိုက်သွားရပေလိမ့်မည်။
ယခု သူဘာလုပ်ရတော့မည်နည်း။
ထိုလူကို ဒေါသမထွက်စေဘဲ လေဟာနယ်သားရဲ၏ အမြူတေကို မည်ကဲ့သို့ရအောင် လုပ်ရမည်နည်း။ ရန်ကိုင် ခေါင်းခြောက်အောင် စဉ်းစားတော့လေသည်။ သို့သော် အဖြေကား ထွက်မလာခဲ့။
“ဟဲဟဲဟဲ…” ရန်ကိုင် ခေါင်းခြောက်မတတ် ဖြစ်နေစဉ်မှာပဲ အမှောင်ထုထဲ ဖုံးကွယ်နေသော လူကြီးက နောက်တစ်ကြိမ် ထပ်မံ ရယ်မောလိုက်ပြန်လေသည်။ ထို့နောက် စကားစပြောလိုက်၏ “ရန်ကောင်လေး၊ မင်းက မိန်းကလေးတွေနဲ့ တကယ် ကံစပ်တာပဲကွ။ ဒီလို အခြေအနေမျိုးမှာတောင် အလှလေး တစ်ယောက်က မင်းကို ဖက်ထားသေးတယ်။ ငါမင်းကံကိုတောင် မနာလိုချင်လာပြီ”
ထိုလူကြီး၏ စကားကိုကြားလိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။
တစ်ဖက်လူ ပြောသွားသည့်ပုံသည် သူ့အား သိနေသည့် ပုံစံမျိုးပင်… သို့သော် သူမှတ်မိသလောက် ထိုကဲ့သို့သော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူကို သူတစ်ခါမှ မမြင်ဖူးခဲ့ချေ။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအများကြီးနှင့် မတွေ့ဖူးသော်လည်း တွေ့ဖူးသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတိုင်းကိုတော့ သူသေချာမှတ်မိပေသည်။ သူတွေ့ဖူးသည့် လူများထဲ ထိုလူကြီးနှင့်တူသည့်လူ တစ်ဦးမှ မပါချေ။
ရန်ကိုင်သည် တစ်ဖက်လူအား တည်ငြိမ်စွာ ပြန်၍ စိုက်ကြည့်လိုက်ပြီး မေးလိုက်လေသည် “စီနီယာ ကျုပ်ကို သိတာလား”
“သိတာပေါ့။ ဘာလဲ၊ မင်းဒီလူအိုကြီးကို မေ့သွားတာလား” တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသည်က ပြန်မေးလိုက်လေသည်။
တစ်ဖက်လူသည် သူ့အား တိုက်ခိုက်မည့်ပုံ မပေါ်သဖြင့် ရန်ကိုင်လည်း ဘာမှ တွေးပူမနေတော့ဘဲ ခဏလောက် စဉ်းစားပြီးနောက် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည် “အားတော့နာပါရဲ့စီနီယာ၊ ဂျူနီယာ စီနီယာကို တကယ် မမှတ်မိဘူး။ အဆင်ပြေရင် စီနီယာ မျက်နှာပြလို့ ရမလား”
“မင်းငါ့ကို မမှတ်မိတာလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ အရင်တစ်ကြိမ်တုန်းကနဲ့စာရင် ငါ့ပုံစံက အရမ်း ပြောင်းလဲသွားတာကိုး” တစ်ဖက်လူသည် ရန်ကိုင်၏ စကားကို ရန်စသည်ဟု မမှတ်ယူဘဲ ခေါင်းညိတ်၍ “ကဲ၊ သေချာကြည့်ကြည့်”
ပြောပြီးသည်နှင့် သူ့မျက်နှာကို လွှမ်းခြုံထားသည့် အနက်ရောင်ချီကို ဖယ်ရှားပေးလိုက်လေသည်။
“အန်” ရန်ကိုင် အံ့အားသင့်သွားပြီး ထိုလူကြီးကို သေချာ စိုက်ကြည့်နေလိုက်၏။ ခဏအကြာမှပဲ အံ့အားသင့်နေသည့် လေသံဖြင့် “စီနီယာကွေ့ဇူ၊ ခင်ဗျားလား”
ထိုတန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်သည် ရန်ကိုင် ကြယ်စီရင်စုထဲသို့ ဝင်လာစဉ် ပထမဆုံး တွေ့ခဲ့ရသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နေသည်။ ထိုလူသည် ကွေ့ဇူဟုခေါ်ပြီး လွင့်မျောတိုက်ထဲ နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေခဲ့သူ ဖြစ်သည်။
ကွေ့ဇူသည် ကြယ်များ ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသော ဝဲကတော့ကြီးမှတစ်ဆင့် လွင့်မျောတိုက်ကြီးထဲသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။ ထိုနေရာတွင် နှစ်နှစ်ထောင်ခန့်ကြာအောင် ပိတ်မိနေပြီးနောက်တွင် သူတော်စင်ဘုရင်အဆင့်မှ တန်ခိုးရှင်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့လေသည်။
သို့သော်လည်း… သူသည် ထိုလွင့်မျောတိုက်ကြီးတွင် နှစ်နှစ်ထောင်နီးပါးကို တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရလေသည်။ ရန်ကိုင်တို့ ရောက်သွားသည့်အချိန်တွင် ကွေ့ဇူသည် ထိုနေရာမှ လွတ်မြောက်နိုင်မည့် ဟင်းလင်းပြင်အစီအရင်ကို တည်ဆောက်နေဆဲ ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူ့အစီအစဉ် မအောင်မြင်ခဲ့ချေ။
နောက်ဆုံးတွင် ထိုနေရာမှ လွတ်မြောက်နိုင်ဖို့ရာ ရန်ကိုင်၏ လေဟာနယ်တာအိုအပေါ် နားလည်မှုကို အားကိုးခဲ့ရလေသည်။
စုစုပေါင်း လူခုနှစ်ယောက် ထိုနေရာမှ လွတ်မြောက်ခဲ့သည်။ သူနှင့်ကွေ့ဇူအပြင်၊ ယွဲ့ရှီ ဆရာတပည့်သုံးယောက်၊ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်း၏ ခေါင်းဆောင် အောင်းအို၏ သားဖြစ်သူ ရှန်းတုနှင့်တကွ ပီယဟုသော အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။
ထိုအဖြစ်အပျက်များသည် ကြယ်စီရင်စုထဲသို့ သူဝင်လာလာချင်း ကြုံတွေ့ရသည့် အဖြစ်အပျက်များ ဖြစ်သည့် အတွက်ကြောင့် ယခုထိတိုင် ရန်ကိုင် မမေ့သေးချေ။
သူတို့ စတွေ့စဉ်က ကွေ့ဇူသည် တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။ သူ့အား ဤနေရာ၌ နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကွေ့ဇူသည် ရက်စက်ကြမ်းကြုတ်သည့် လူတစ်ဦး ဖြစ်သော်ငြား ကျေးဇူးတရားနှင့် ရန်ငြိုးရန်စကို ခွဲခြားတတ်သည့် လူတစ်ဦးလည်း ဖြစ်သည်။ ရန်ကိုင်မှ သူ့အသက်ကို ကယ်ပေးခဲ့သည့် အတွက် လွင့်မျောတိုက်ကြီးမှ လွတ်လာပြီးနောက် ရန်ကိုင်ကို မသတ်သည့်အပြင် ကြယ်ဧကရာဇ် တံဆိပ်ပြားကိုပင် သူ့အား လက်ဆောင် ပေးခဲ့သေးသည်။
ထိုကြယ်ဧကရာဇ်တံဆိပ်ပြားသာ မရှိလျှင် ရန်ကိုင် အနေဖြင့် လော့ဟိုင်ကို မည်သို့မှ သတ်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် တစ်ဖက်လူသည် ကွေ့ဇူမှန်း သိပြီးနောက် ရန်ကိုင် အတော်လေး စိတ်သက်သာရာရသွားသည့်အပြင် ပျော်ပင် ပျော်မိသွားသေးသည်။
“ဟုတ်တယ် ငါပဲ” ကွေ့ဇူသည်လည်း ရယ်ရယ်မောမောဖြင့် ပြန်ပြောလေသည်။ ရန်ကိုင်အား အထက်အောက်အစုံအဆန် တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် မှတ်ချက်ပေးလိုက်၏ “မင်းက တကယ် တော်တဲ့ကောင်ပါလားကွ။ မတွေ့တာ ဘယ်လောက်မှ မရှိလိုက်တာနဲ့ တန်ခိုးရှင်တတိယအဆင့်ကို ရောက်နေတော့တာပဲ။ ငါတို့ စတွေ့တုန်းက မင်း သူတော်စင် အဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား”
“သူတော်စင် ဒုတိယအဆင့်” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် “စီနီယာကွေ့ဇူက မှတ်ဥာဏ်ကောင်းတာပဲ”
ကွေ့ဇူက ခေါင်းညိတ်လျက် “ကြည့်ရတာ ငါတို့ လမ်းခွဲသွားတဲ့ နောက်ပိုင်း မင်းတော်တော်လေး ကံကောင်းခဲ့တယ်နဲ့တူတယ်။ မဟုတ်ရင် ဒီလောက် အချိန်လေးနဲ့ ဒီအဆင့်ကို ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
“စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည် “စီနီယာကော ဘယ်လိုနေလဲ”
“ငါကလား… ကောင်းပါတယ်။ မင်းလောက်တော့ မဟုတ်ဘူးပေါ့” ကွေ့ဇူက ရန်ကိုင်က ကျောပေါ်တွင် အိပ်နေသော ရွှယ့်ယွယ်အား အဓိပ္ပါယ်ပါပါကြည့်ရင်း အရွှန်းဖောက်လိုက်သည်။
ရန်ကိုင်က ရယ်၍သာ “ဒါက တိုက်ဆိုင်တာ စီနီယာရဲ့”
ခဏလောက် စဉ်းစားပြီးနောက်တွင် ရန်ကိုင်က ရုတ်တရက် မေးလိုက်လေသည် “ဒါနဲ့ စီနီယာ လက်စားပြန်ချေပြီးသွားပြီလား”
လွင့်မျောတိုက်ကြီးမှ လွတ်သွားသည်နှင့် အတိတ်ရန်ကြွေးကို သွားပြန်ဆပ်မည်ဟု ကွေ့ဇူ ပြောခဲ့ဖူးသည်။ လွင့်မျောတိုက်ကြီးထဲ မပိတ်မိစဉ်က လူတစ်ဦး၏ ထောင်ချောက်ဆင်ခြင်း ခံခဲ့ရသည်။ သို့သော် တစ်ဖက်လူမှာ သူ့ထက် အများကြီး ပိုအားကောင်းနေသည့် အတွက်ကြောင့် ဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ပြီးနောက်တွင် အတိတ် ရန်ကြွေးကို ကျိန်းသေ ပြန်ဆပ်မည်ဟု ကွေ့ဇူ ပြောခဲ့သည်။
ယခု လွင့်မျောတိုက်ကြီးမှ ကွေ့ဇူ လွတ်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့လေပြီ။
ထိုစကားကိုကြားသည့်အခါ ကွေ့ဇူမျက်နှာ မှုန်ကုတ်သွာပြီး အသံ တိတ်သွားခဲ့လေသည်။ ခဏကြာမှသာ ခေါင်းတခါခါဖြင့် “အဲ့ရန်ကြွေးကို သွားတောင်းဖို့က မလွယ်ဘူးကွ။ မင်းဘာလို့ လာမေးနေတာလဲ။ ဘာလဲ၊ ငါ့ကို ကူပြီး ငါ့ရန်ကြွေးကို ဆပ်ပေးချင်လို့လား”
“စီနီယာ နောက်နေတာလား” ရန်ကိုင်က အလျင်အမြန် လက်ဝှေ့ရမ်း၍ “ဂျူနီယာခွန်အားက နိမ့်နိမ့်လေးပဲရှိတာ ဘယ်လိုလုပ်ပြီး စီနီယာကို ကူညီပေးနိုင်မှာလဲ။ ဂျူနီယာ ဝင်ပါလိုက်လို့ အကူအညီမဖြစ်ဘဲ ဝန်ထုပ်ဝန်ပိုး ပြန်ဖြစ်နေရင် စီနီယာကို ဒုက္ခပြန်ပေးသလိုတောင် ဖြစ်သွားဦးမယ်”
ရန်ကိုင် အနေဖြင့် အလျင်စလို သဘောမတူရဲချေ။ ကွေ့ဇူနှင့် ရင်းနှီးသော်လည်း ထိုကဲ့သို့သော ကိစ္စမျိုးသည် အလျင်စလို ဆုံးဖြတ်လို့ကောင်းသည့် ကိစ္စမျိုး မဟုတ်ချေ။
“ဟားဟား၊ ဒီလောက်ကြီးလည်း ဖြစ်မနေစမ်းပါနဲ့ကွာ။ ငါနောက်နေရုံသက်သက်ပါ” ကွေ့ဇူက ရယ်ရယ်မောမောဖြင့် “ဒါပေမယ့် မင်းကိုယ်မင်း အရမ်း နှိမ့်ချနေသလိုပဲ။ ဒီလို လေဟာနယ်သားရဲကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တာ မင်းခွန်းအားက မင်းပြောသလောက် နိမ့်ကျစရာအကြောင်းတော့ မရှိဘူး”
ရန်ကိုင် ခေါင်းသာ ကုတ်လိုက်သည်။
သူတို့ စကားပြောနေစဉ်အတောအတွင်း လေဟာနယ် သားရဲမှာ ယင်ဝိဥာဉ်များ၏လက်မှ လွတ်အောင် အသည်းအသန် ရုန်းကန်နေခဲ့သည်။ သို့သော် သူမည်မျှပင် ရုန်းကန်နေစေကာမူ အနက်ရောင်ကားချပ်မှု မလွတ်မြောက်နိုင်ခဲ့ချေ။
ယခု လေဟာနယ်သားရဲများ၏ အော်မြည်သံများမှာ တဖြည်းဖြည်း တိုးညင်းလာပြီး ၎င်း၏ ရုန်းကန်မှုများမှာလည်း ယခင်ကလောက် အားမပါတော့ချေ။
မကြာမီ လေဟာနယ်သားရဲ ဆက်၍ မရုန်းနိုင်တော့ဘဲ ယင်ဝိဥာဉ်များ၏ ဝါးမြိုခြင်းကိုသာ ခံလိုက်ရတော့သည်။
ကွေ့ဇူမှ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင် ကားချပ်သည် အနက်ရောင်အလံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။
ထိုအနက်ရောင်အလံကို မြင်လိုက်သည်နှင့် ရန်ကိုင် ချက်ချင်း မှတ်မိသွားခဲ့သည်။
လွင့်မျောတိုက်ကြီးတွင် ဤအနက်ရောင်အလံကို ကွေ့ဇူ သုံးခဲ့ဖူးပေသည်။ သို့သော် ထိုစဉ်က အနက်ရောင်အလံ၏ စွမ်းအားမှာ ဤမျှလောက် အားကောင်းခြင်း မရှိခဲ့ချေ။ သူတို့ လမ်းခွဲသွားသည့် အတောအတွင်း ကွေ့ဇူသည် ဤမှော်ရတနာကို အဆင့်မြင့်တင်ရန်အတွက် အသက်များစွာကို စတေးခဲ့သည့်ပုံပင်။
အနက်ရောင်အလံ ပြန်ရောက်လာသည့်အခါ ရှုံ့တွနေသော လေဟာနယ်သားရဲ၏ အလောင်းခန္ဓာကိုယ်သာ ကျန်ရစ်ခဲ့သည်။ လေအဝှေ့တွင် လက်ကျန်အသားစအားလုံး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရိုးဖြူဖြူကြီးများသာ ကျန်ရစ်ခဲ့၏။
မကြာမီ အရိုးဖြူများပင် တစ်စစီ ကြွေမွပျက်စီးကုန်ပြီး လက်သီးဆုပ်အရွယ် အလုံးလေးတစ်လုံးသာ ကျန်ရစ်ခဲ့လေသည်။
ထိုအလုံးလေးကို မြင်သည့်အခိုက် ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့လေသည်။
ကွေ့ဇူက ရယ်ရယ်မောမောဖြင့် အလုံးလေးကို ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေ၏ “လိုချင်ရင်ပြောလေကွာ၊ ဘာတွေ တုန့်ဆိုင်းနေတာလဲ”
ရန်ကိုင်လည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အလုံးလေးကို လှမ်းဖမ်းပြီး စစ်ဆေးကြည့်လိုက်လေသည်။ ဤမွန်းစတား အမြူတေထဲတွင် ပါဝင်သော စွမ်းအားသည် အပြင်ဘက်သို့ နည်းနည်းလေးမှပင် စိမ့်ထွက်မနေခဲ့ချေ။ တပြုံးပြုံးနှင့် ကွေ့ဇူဘက်သို့လှည့်၍ “စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်”
“အစကတည်းက မင်းဟာပဲကို” ကွေ့ဇူက ဂရုမစိုက်ဟန်ဖြင့် “မင်းလေဟာနယ်တာအိုမှာ ကျွမ်းကျင်မှန်း ငါသိပြီးသား။ ဒီတော့ ငါဒါကို ယူလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒါနဲ့ဆို မင်းလေဟာနယ်တာအိုကို ပိုပြီး နားလည်တတ်ကျွမ်းလာနိုင်တယ်မလား”
ရန်ကိုင်က ဘာကိုမှဖုံးကွယ်မနေဘဲ ခေါင်းညိတ်၍ “ဟုတ်တယ်။ အခုတစ်ကြိမ် ကျုပ်ဒီကိုလာတာ ဒါကြောင့်ပဲ။ အခုတော့ ကျုပ်လိုချင်တာ ရသွားပြီ”
“မင်းက တကယ်ရဲတဲ့ကောင်ပဲကွ။ ဒီလို နေရာကိုတောင် ဝင်လာရဲတယ်” ကွေ့ဇူက ရန်ကိုင်အား တအံ့တဩကြည့်ရင်း “မင်းလိုချင်တာ ရသွားပြီဆိုတော့ ငါလိုချင်တာရအောင် ကူညီပေးလို့ရပြီပေါ့”
“စီနီယာ ဘာအကူအညီလိုတာလဲ။ ဒီဂျူနီယာ ကူညီနိုင်တာ ရှိရင် ကူညီပေးပါ့မယ်” မွန်းစတားသားရဲ၏ အမြူတေကို သိမ်းထားလိုက်ပြီးနောက် ရန်ကိုင်က ကွေ့ဇူဘက်သို့လှည့်၍ အလေးအနက်အမူအရာဖြင့် ပြောလိုက်လေသည်။
ကွေ့ဇူသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း ရန်ကိုင်အပေါ်တော့ အတော်လေး ကောင်းပေသည်။ ထို့ကြောင့် သူ့ဘက်ကလည်း ပြန်၍ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရပေမည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၇၂)
ထို့အပြင် ကွေ့ဇူသည် နီကွမ်းကပင် သတိထားရသည်အထိ အားကောင်းသော ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် သူနှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ထားခြင်းမှာ မဆိုးသည့် အစီအစဉ်တစ်ခု ဖြစ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျ သူ့အနေဖြင့် ကွေ့ဇူဆီမှ အကူအညီ ယူရသည့် အခါမျိုးလည်း ရှိလာကောင်း ရှိလာနိုင်သည် မဟုတ်လော။
“မင်းစွမ်းအားကိုသုံးပြီး စူးစမ်းချင်တဲ့ နေရာကောင်းတစ်ခု ငါရှာတွေ့ထားတယ်” ကွေ့ဇူက ခဏလောက် စဉ်းစားပြီးနောက် “အဲ့နေရာကို ငါဘာသာ တစ်ယောက်တည်းတော့ မဝင်ရဲဘူး။ ဒါပေမယ့် မင်းပါလာမယ်ဆိုရင်တော့ အဆင်ပြေတယ်”
ကွေ့ဇူသည် ပြတ်သားသည့်လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သဘောတူညီချက် ရလိုက်သည့်နောက် ရှေ့မှ ဦးဆောင်လေ၏။
ရွှယ့်ယွယ် သူ့ကျောပေါ် လှဲရ ပိုအဆင်ပြေအောင် အနည်းငယ် ပြင်ဆင်ပေးပြီးနောက်တွင် ရန်ကိုင်သည် ကွေ့ဇူနောက်သို့ အလျင်အမြန် လိုက်သွားလေသည်။
အတူသွား၊ စကားပြောရင်းမှ... ကွေ့ဇူသည် သူ့အား ဝင်ပေါက်တွင် တွေ့လိုက်သည့်အချိန်မှစ၍ ဤနေရာသို့ ဝင်လာပြီးကတည်းက သူ့အား တောက်လျှောက် လိုက်ရှာနေကြောင်း ရန်ကိုင် သိလိုက်ရသည်။ ကမ္ဘာပျက်သည် ဟင်းလင်းပြင်အက်ကြောင်းများနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်သည်။ ဤသို့သော နေရာမျိုးတွင် လေဟာနယ်တာအိုကို ကျွမ်းကျင်ပိုင်နိုင်သည့်လူသာ လုံလုံခြုံခြုံ သွားနိုင်ပေလိမ့်မည်။
ထို့အပြင် ရန်ကိုင်သည် လေဟာနယ်တာအိုကို တတ်ကျွမ်းထားကြောင်း ကွေ့ဇူ သိထားခဲ့သည်။
အစကမူ နီကွမ်းနှင့်လော့လန်တို့ဆီမှ ရန်ကိုင်အား လုယူရန် စီစဉ်ထားခြင်းဖြစ်သည်။ ရန်ကိုင်အား ခေါ်ပြီး ကမ္ဘာပျက်ကို အတူ လေ့လာမည်ပေါ့။ သို့သော်လည်း ဤနေရာသို့ ဝင်လာပြီးနောက် ရန်ကိုင်အား ခြေရာခံမရတော့ချေ။ ထို့ကြောင့် သဲလွန်စအချို့ကို သုံးပြီးတော့သာ ရန်ကိုင်နောက်သို့ လိုက်ရတော့၏။
သို့သော် ထိုသို့လိုက်နေရင်းမှ ရန်ကိုင်နှင့် ပက်သက်သည့် သဲလွန်စအားလုံး ရုတ်တရက် ပျောက်သွားခဲ့သည်။
ယခု ရန်ကိုင် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပြေးထွက်လာသည့်အခါမှပဲ ရန်ကိုင်၏ သဲလွန်စကို ကွေ့ဇူ ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
“ကြည့်ရတာ စီနီယာနဲ့ ကျုပ်က ရေစက်ပါတယ်နဲ့တူတယ်” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်သည်။
ဟင်းလင်းပြင်သည် ကမ္ဘာပျက်ကြီး တစ်ခုလုံးနှင့် ဆက်စပ်နေသည်။ သို့သော်လည်း လေဟာနယ်သားရဲ ထွက်ပြေးသွားသည့်ဘက်သည် တိုက်တိုက်ဆိုင်ဆိုင်ကို ကွေ့ဇူ ရှိနေသည့်ဘက် ဖြစ်နေခဲ့သည်။ ရန်ကိုင်လည်း လေဟာနယ် သားရဲကို လုံးဝ အလွတ်မပေးဘဲ လက်မလျှော့တမ်း လိုက်ဖမ်း၏။
“ငါလည်း တကယ်ကို အံ့ဩနေတာ။ မင်းနဲ့ တွေ့ရဖို့ လမ်းမမြင်တော့ဘူးလို့တောင် ထင်နေတာ။ ရုတ်တရက်ကြီး ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး” ကွေ့ဇူသည် သူ့ကိုယ်သူ အနက်ရောင်ချီဖြင့် ပြန်လွှမ်းခြုံလိုက်လေသည်။
“ဒါနဲ့၊ စီနီယာက ကျုပ်ကို ဘယ်ခေါ်သွားမှာလဲ”
“ဆေးတောင်ကြားတစ်ခုပဲ” ကွေ့ဇူသည် ရှေ့မှ ပျံသန်းနေရင်း နောက်လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည် “အဲ့နားက ဖြတ်သွားမိတုန်းက အဲ့နေရာမှာ ရှားပါးဆေးပင်တွေ အများကြီး ပေါက်နေတာ တွေ့လိုက်တယ်။ ဒါပေမယ့် အဲ့နေရာတစ်ခုလုံးက ဟင်းလင်းပြင်အက်ကြောင်းတွေနဲ့ ပြည့်နေတော့ ငါလည်း အထဲ သိပ်မဝင်ရဲဘူး။ အပြင်ပိုင်းမှာ ပေါက်နေတဲ့ ဥာဏ်အလင်းပွင့်ပန်း အချို့ ခူးပြီးတော့ပဲ ပြန်ထွက်လာလိုက်ရတယ်”
“ဥာဏ်အလင်းပွင့်ပန်း” ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့လေသည်။
ဥာဏ်အလင်းပွင့်ပန်းများသည် တန်ခိုးရှင်အလယ်အလတ်အဆင့် ဆေးပင်များသာ ဖြစ်သော်ငြား ဤကြယ်စီရင်စုကြီးထဲတွင် မရှိတော့သည်မှာ အတော်လေးကို ကြာနေခဲ့လေပြီ။ အကြောင်းမှာ လက်ရှိ လောကနိယာမများသည် ထိုဥာဏ်အလင်းပွင့်ပန်းများ ပေါက်ရောက်နိုင်မည့် နေရာဒေသကို မဖန်တီးပေးနိုင်တော့သောကြောင့် ဖြစ်ပေသည်။
ကံကောင်းစွာဖြင့် ကမ္ဘာပျက်ကြီးသည် ဥာဏ်အလင်းပွင့်ပန်းများ ပေါက်ရောက်နိုင်သည့် နေရာတစ်ခု ဖြစ်နေခဲ့သည်။ ဥာဏ်အလင်းပွင့်ပန်းများသည် တိုက်ရိုက် စားသုံးသည်ဖြစ်စေ၊ ဆေးလုံးအဖြစ် ဖော်စပ်ပြီးမှ သောက်သုံးသည်ဖြစ်စေ ကျင့်ကြံသူများ၏ ခွန်အားနှင့် စိတ်အခြေအနေကို တိုးတက်အောင် ကူညီပေးနိုင်ပေသည်။
ထို့ကြောင့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသော ကွေ့ဇူသည်ပင် ဆေးတောင်ကြားကို အလွန် စိတ်ဝင်စားနေရခြင်း ဖြစ်သည်။
“ဟုတ်တယ်။ ဥာဏ်အလင်းပွင့်ပန်းတွေတင် မဟုတ်ဘူး၊ အခြား ရှားပါးရတနာတွေလည်း အများကြီး ရှိသေးတယ်။ အချို့ ဆေးပင်တွေဆို ငါနာမည်တောင် မခေါ်တတ်ဘူး။ ငါသာ အဲ့ကနေ လုံလောက်တဲ့ အကျိုးအမြတ်ရနိုင်မယ်ဆိုရင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်ဖို့ ကြိုးစားလို့ရပြီ” ကွေ့ဇူသည် မျှော်လင့်ချက်တို့ ပြည့်နှက်နေသည့် အသံဖြင့် ပြောလိုက်သည်။
နီကွမ်း သူ့အား သတိထားနေသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ ကွေ့ဇူသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူများထဲတွင်ပင် အတော်လေး အဆင့်မြင့်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်ကိုး။
“အဲ့နေရာက ထွက်လာပြီးတာနဲ့ ငါမင်းကို လိုက်ရှာတော့တာပဲ။ ဆေးတောင်ကြားထဲကို လုံလုံခြုံခြုံနဲ့ ဝင်နိုင်မယ့်လူကို ပြောဆိုရင် မင်းတစ်ယောက်ပဲ ရှိလိမ့်မယ်။ ငါအရမ်းကြီး မမျှော်လင့်ထားခဲ့ဘူး… ဒါပေမယ့် ကံက သိပ်မဆိုးတော့လည်း တိုက်တိုက်ဆိုင်ဆိုင် ဒီမှာမှ မင်းနဲ့ လာတွေ့တယ်”
“အဲ့နေရာက ဦးလေးနီပြောတဲ့ ဆေးတောင်ကြား ဖြစ်လိမ့်မယ်”
ကွေ့ဇူစကား ဆုံးသွားသည့်နှင့် တစ်ပြိုင်နက် ရန်ကိုင် နောက်ဘက်မှ ရွှယ့်ယွယ်၏ အသံ ထွက်လာခဲ့သည်။
ရွှယ့်ယွယ်၏ အသံမှာ ဖျော့တော့တော့နှင့် အားနည်းနေသေးသည့်ပုံ ပေါက်သော်လည်း ယခင်ကကလောက် အခြေအနေ မဆိုးတော့ချေ။
“နင်နိုးလာပြီးလား” ရန်ကိုင်သည် အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ရွှယ့်ယွယ်၏ မျက်နှာသည် ယခင်ကကဲ့သို့ ဖြူဖတ်ဖြူလျော် ဖြစ်မနေတော့ဘဲ အတော်လေး စိုစိုပြည်ပြည် ပြန်ဖြစ်နေသည်ကို တွေ့ရှိလိုက်ရလသည်။ သူမ၏ ကုသရေး နည်းစနစ်သည် အတော်လေး ကောင်းမွန်သည့်ပုံပင်။
“အင်း၊ အားလုံးက ဝိုးတိုးဝါးတားတွေ ဖြစ်နေတယ်ဆိုပေမယ့် ငါအဆင်ပြေတယ်လို့တော့ ထင်တာပဲ” ရွှယ့်ယွယ်က ခေါင်းညိတ်လိုက်သည်။ သို့သော် ရန်ကိုင်ကျောပေါ်မှ ဆင်းမည့် အရိပ်ယောင်မပြ။ ထို့အစား ရန်ကိုင်ကိုပင် ပို၍ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သေးသည်။ ထို့နောက် ကွေ့ဇူအား သင်္ကာမကင်း အမူအရာဖြင့်ကြည့်လျက် ရန်ကိုင် နားနားသို့ကပ်ကာ တိုးတိုးလေး မေးလိုက်လေသည် “ရန်ကိုင်၊ အဲ့စီနီယာက…”
“စီနီယာကွေ့ဇူပဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “စိတ်မပူနဲ့၊ စီနီယာကွေ့ဇူနဲ့ငါက မိတ်ဟောင်းဆွေဟောင်းတွေ”
“ဟဲဟဲ…” ကွေ့ဇူက ရယ်မောလျက် “ကောင်မလေး၊ နင်တကယ်ကို ကောင်းကောင်း မစဉ်းစားနိုင်သေးတာပဲ။ ငါသာ တိုက်ခိုက်ချင်ရင် နင်အခုအချိန်ထိ အသက်ရှင်နေဦးမယ် ထင်လား။ စိတ်မပူနဲ့၊ နင့်ကောင်လေးနဲ့ငါက အသိအကျွမ်းတွေဆိုတော့ နင်ကလည်း ငါ့ရဲ့ အသိအကျွမ်းတစ်ယောက်လို့ ယူဆလို့ရတယ်။ ဒီလူအိုကြီး နင့်ကို တိုက်ခိုက်မှာမဟုတ်ဘူး”
‘ကောင်လေး’ ဆိုသော စကားကို ကြားလိုက်သည့်အခါ ရွှယ့်ယွယ်မျက်နှာ ပန်းရောင်သန်းသွားခဲ့လေသည်။ သို့သော် မကြာမီ ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏ “စီနီယာက အရမ်း ကြင်နာတတ်တာပဲ။ ကံမကောင်းစွာနဲ့၊ ဂျူနီယာက ဒဏ်ရာရနေတော့ စီနိယာကို ကောင်းကောင်း မနှုတ်ဆက်နိုင်ဘူး ဖြစ်သွားတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ စီနီယာ”
“ဘာမှမဖြစ်ဘူး” ကွေ့ဇူက ဂရုမစိုက်ဟန်ဖြင့် ရွှယ့်ယွယ်အား နက်နက်နဲနဲ တစ်ချက်စိုက်ကြည့်ပြီးနောက် မေးလိုက်လေသည် “ကောင်မလေး၊ နင်က ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက ရွှယ့်ယွယ်လား”
ရွှယ့်ယွယ် မျက်နှာပျက်သွား၏။ သို့သော် ချက်ချင်းပဲ မျက်နှာ အမူအရာကို ပြန်ထိန်းလိုက်ပြီး ခေါင်းညိတ်လိုက်လေသည် “စီနီယာ ဘယ်လိုသိသွားတာလဲ”
ရွှယ့်ယွယ်သည် မှော်ရတနာတစ်ခုကိုသုံးပြီး ရုပ်ရည်ကို ပြောင်းလဲထားသဖြင့် သူမ၏ ပုံစံသည် မွေးရာပါရုပ်ရည်နှင့် အတော်လေးကို ကွားခြား၏။ ထို့အပြင် ထိုမှော်ရတနာကို ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက ပန်းပဲဝိဇ္ဇာကြီးမှ သွန်းလုပ်ပေးထားခြင်း ဖြစ်သည့်အတွက် တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်တစ်ဦးသာ မဟုတ်လျှင် ကွာခြားချက်ကို မြင်နိုင်စရာအကြောင်း မရှိချေ။
ထို့ကြောင့် တစ်ချက်တည်းဖြင့် သူမ မည်သူမှန်း ကွေ့ဇူ မည်ကဲ့သို့ သိသွားသလဲ ဆိုသည်ကို ရွှယ့်ယွယ် နားမလည်နိုင် ဖြစ်နေခဲ့လေသည်။
“ငါက အရူးမှမဟုတ်တာ” ကွေ့ဇူက ရယ်မောလျက် “ကမ္ဘာပျက်ထဲကို ဝင်လာတဲ့လူ နည်းနည်းပဲရှိတာ။ နင်ဝတ်ထားတဲ့ အဝတ်အစားတွေက ရွှယ့်ယွယ်နဲ့ တစ်ပုံစံတည်းပဲ။ ပြီးတော့ အခုလေးတင်ပဲ ဦးလေးနီလို့ နင်ပြောလိုက်တာ မဟုတ်ဘူးလား။ ဒီလောက်တောင် ထင်ရှားနေတာတောင်မှ နင်ဘယ်သူမှန်းမသိရင် ငါအသက်ရှင်လာခဲ့တာ အလကား ဖြစ်သွားမှာပေါ့” ကွေ့ဇူက ပြောလိုက်သည်။
“အဲ့လိုကိုး” ရွှယ့်ယွယ် ခေါင်းညိတ်လိုက်သည်။ ကွေ့ဇူ သိသွားရခြင်းမှ သူ့ခွန်အား မြင်းမားလွန်းသည့် အတွက်ကြောင့် မဟုတ်ဘဲ သူမဘက်ကကို ချို့ယွင်းချက်များစွာ ထုတ်ပြမိလိုက်သည့် အတွက်ကြောင့်မှန်း ရွှယ့်ယွယ် နားလည်သွားခဲ့လေသည်။
“စီနီယာ၊ ရွှယ့်ယွယ်က သူမိန်းကလေးတစ်ယောက် ဖြစ်တယ်ဆိုတာကို အခြားသူတွေကို မသိစေချင်ဘူး။ စီနီယာ ဒါကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ သိမ်းဆည်းထားပေးမယ်လို့ ကျုပ်မျှော်လင့်ပါတယ်” ရန်ကိုင်က ပြောလိုက်သည် “စီနီယာလည်း သိတာပဲ၊ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့က မဟာအင်အားစုကြီး တစ်ခုလေ။ ဒီအကြောင်းသာ ပျံ့သွားခဲ့ရင်…”
“ငါက ပါးစပ်ဖွာတဲ့လူ မဟုတ်ပါဘူးဟ” ကွေ့ဇူက ရယ်မောလျက် “ပြီးတော့ သူယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ ငါနဲ့ ဘာမှ ဆိုင်တာမှ မဟုတ်တာ”
“စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်” ရွှယ့်ယွယ်က သူမ၏ နှုတ်ခမ်းလေးကိုကိုက်လျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် နားနားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်လေသည် “ငါ့အရင်ပုံစံကို ပြန်ပြောင်းလိုက်ရင် ကောင်းမယ်။ မဟုတ်ရင် အခြားလူ တစ်ယောက်နဲ့ ထပ်တွေ့ရင် ငါဘယ်သူမှန်း သိသွားဦးမယ်”
“နင်အဲ့လိုတွေးတတ်တာ အကောင်းဆုံးပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ရွှယ့်ယွယ်သည် သူမ၏ ရင်ဘတ်ပေါ်ရှိ တစ်ခုခုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ရာ ချက်ချင်းဆိုသလို သူမပုံစံသည် ယခင် ယောကျာ်းလေး ပုံစံအဖြစ်သို့ ပြန်ပြောင်းသွားခဲ့လေသည်။
“ကောင်မလေး၊ နင်ခုဏတုန်းက ဘာပြောလိုက်တာလဲ။ နင်တို့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းကလည်း ဆေးတောင်ကြားအကြောင်း သိနေတာလား” ကွေ့ဇူက မေးလိုက်၏။
“ဟုတ်တယ်” ရွှယ့်ယွယ်က ခေါင်းညိတ်၍ “ကျွန်မတို့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက အဲ့နေရာအကြောင်း သိထားတာ ကြာနေပြီ။ ကမ္ဘာပျက်ကြီးထဲ ဝင်လာတိုင်း ကျွန်မတို့ အဖွဲ့အစည်းကလူတွေက အဲ့နေရာကိုပဲ သွားကြတာ။ ဒါပေမယ့် အဲ့နေရာတစ်ခုလုံးက ဟင်းလင်းပြင်အက်ကွဲကြောင်းတွေနဲ့ ပြည့်နေတော့ ဘယ်သူမှ အတွင်းထဲကို အရမ်း မဝင်ရဲကြဘူး။ အခုတစ်ကြိမ် ကျွန်မတို့ ဝင်လာတာကလည်း အဲ့နေရာကို သွားဖို့ပဲ။ ဒါပေမယ့် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာအုပ်နဲ့ သွားတွေ့လို့ ဦးလေးနီတို့နဲ့ လမ်းကွဲသွားတာ”
“ကြည့်ရတာက အဲ့နေရာက လျှို့ဝှက်ချက် မဟုတ်တဲ့ပုံပဲ” ကွေ့ဇူက စိတ်ပျက်သွားသည့်လေသံဖြင့် “ယန်ကောင်လေးရေ၊ ငါတို့ အရှိန်တင်ဖို့လိုပြီဟေ့။ အခြားသူတွေသာ အရင်ရောက်ရင် ငါတို့ ကုန်းကောက်စရာ ဘာမှမကျန်ဘဲ ဖြစ်သွားလိမ့်မယ်။ လာခဲ့၊ ငါမင်းကို သယ်သွားမယ်”
ပြောပြီးသည်နှင့် ကွေ့ဇူသည် လက်ကွက်များဖန်တီး၍ သူ၏ ဝိဥာဉ်တစ်သောင်းအလံကို ဆင့်ခေါ်လိုက်လေသည်။ ဝိဥာဉ်တစ်သောင်းအလံသည် သူတို့သုံးဦးအား ရစ်ပတ်၍ အနက်ရောင်အလင်းတန်းအသွင်သို့ပြောင်းကာ သူတို့ ယခင် သွားနေသည့် အမြန်နှုန်းထက် နှစ်ဆမကပိုမြန်သည့် နှုန်းဖြင့် ပျံသန်းထွက်သွားလေသည်။
ကွေ့ဇူမှ ဆေးတောင်ကြားကို ရှာတွေ့ခဲ့သည်မှာ မတော်တဆသာ ဖြစ်သည်။ ကွေ့ဇူသည် ကမ္ဘာပျက်ထဲသို့ ဦးတည်ချက် ရေရေရာရာ မရှိဘဲ ဝင်လာခဲ့ခြင်း ဖြစ်သည်။ အခြားသူများမှ ကမ္ဘာပျက်ထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ ခွန်အားကို တိုးတက်အောင် လုပ်ပေးနိုင်သည့် အဖိုးတန်ရတနာများစွာ ရှိသည်ဟု ပြောသည့်အတွက်ကြောင့်သာ လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပျက်ထဲ ဝင်လာပြီး ရန်ကိုင်အား ခြေရာခံလိုက်ရင်းမှ ဆေးတောင်ကြားအား အမှတ်မထင် တွေ့သွားခဲ့ရသည်။
ကံမကောင်းစွာဖြင့် ဟင်းလင်းပြင်အက်ကွဲများကြောင့် ဆေးတောင်ကြားထဲသို့ မဝင်နိုင်ခဲ့ဘဲ အပြင်ဘက်တွင် ရှိနေသော ဆေးပင်အချို့ကို ခူးပြီးတော့သာ ပြန်ထွက်လာခဲ့ရသည်။
ယခု ရန်ကိုင် ရှိနေပြီ ဖြစ်သည့်အတွက် ဆေးတောင်ကြား အတွင်းထဲသို့ဝင်ပြီး အဖိုးတန်ဆေးပင်များကို ခူးဆွတ်ပစ်ချင်သည့် စိတ်များ သူ့စိတ်ထဲ တဖွားဖွား ဖြစ်ပေါ်လာနေတော့သည်။
ဆေးတောင်ကြားသည် သူနှင့်ရန်ကိုင် တွေ့သည့် နေရာနှင့် သိပ်မဝေးချေ။ သို့သော် နီးလည်းမနီးပေ။ တစ်ရက်ခန့် အချိန်ယူ ပျံသန်းပြီးနောက်တွင် ဆေးတောင်ကြားဆီသို့ ရောက်လာခဲ့သည်။
ရောက်သည့်အခါ ကွေ့ဇူသည် သူ၏ ဝိဥာဉ်တစ်သောင်း အလံကို ပြန်ရုတ်သိမ်းလိုက်လေသည်။
သို့သော်လည်း ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် ကွေ့ဇူမျက်နှာ မှုန်ကုတ်သွားပြီး အေးစက်စက် လေသံဖြင့် ရေရွတ်လိုက်၏ “ငါထင်ထားတဲ့အတိုင်းပဲ၊ လူတွေအများကြီးပဲ”
ပတ်ပတ်လည် မိုင်တစ်ရာဝန်းကျင်အတွင်းတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများစွာ ရှိနေသည်ကို ကွေ့ဇူ အာရုံခံမိလိုက်ရသည်။ သူမသိသည်မှာ ထိုလူများသည် ဤနေရာအကြောင်းကို အစကတည်းက သိထားပြီး ရောက်လာခြင်းလား၊ ထိုသို့မဟုတ်ဘဲ သူ့ကဲ့သို့ မတော်တဆ ရှာတွေ့သွားပြီးမှ ရောက်လာခြင်းလား ဆိုသည်ကိုပင်။
ရန်ကိုင်လည်း ဝေ့ကြည့်လိုက်သည့်အခိုက်တွင် ခရမ်းကြယ်မှ ဂိုဏ်းချုပ်နှင့် သူ့သား အတွဲကို တွေ့လိုက်ရလေသည်။ ထိုနှစ်ဦးသည် လွင်တီးခေါင်းပြင် တောင်ကုန်းတစ်ဖက်ခြမ်းတွင် နေရာယူထားကြသည်။
သူတို့နှစ်ဦးအပြင်၊ ရန်ကိုင်တို့အား အကွက်ဆင်ခဲ့သည် ရှုဝေလည်း ရှိနေခဲ့သည်။ ခုန်ဖသည်ပင် ရှိနေခဲ့သည်။
သို့သော်လည်း နှစ်ယောက်စလုံးမှာ အတော်လေး ဖရိုဖရဲ ဖြစ်နေခဲ့ကြသည်။ ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများလက်မှ အသက်မသေအောင် မနည်းထွက်ပြေးလာခဲ့ရသည့်ပုံပင်။
“ရွှယ့်ယွယ်” သူတို့နှင့် မလှမ်းမကမ်းဆီမှ စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေသည့် ဝမ်းသာတကြီး အော်ခေါ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ သူတို့ဆီသို့ အလျင်စလို ပြေးလာနေသော နီကွမ်းကို တွေ့လိုက်ရလေသည်။ သူ့နောက်တွင်မူ လော့လန် ရှိနေခဲ့၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၇၃)
“ဦးလေးနီ” ရန်ကိုင်၏ ကျောဘက်ဆီမှ အံ့အားသင့်တကြီး အော်ခေါ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ဤကဲ့သို့သော နေရာမျိုးတွင် ရင်းနှီးနေသည့် မျက်နှာများကို ပြန်တွေ့ရသည့်အရာလောက် ကောင်းသည့်အရာမရှိချေ။ ရန်ကိုင်နှင့်အတူ ရှိနေချိန်တွင် စိတ်အေးအေးသာသာဖြင့် နေနိုင်သော်လည်း နီကွမ်း အဆင်ပြေမပြေကိုတော့ တွေးကာ စိတ်ပူနေရပေသည်။ ထို့ကြောင့် နီကွမ်း အဆင်ပြေပြေနှင့် ရှိနေသည်ကို မြင်လိုက်ရသည့်အခါ ရွှယ့်ယွယ် ပျော်သွားခဲ့ခြင်း ဖြစ်သည်။
“ဘာဖြစ်သွားတာလဲ” နီကွမ်းသည် အရမ်းကြီး တိုးမလာဘဲ ကွေ့ဇူအား သတိတကြည့်ကြည့်ဖြင့် စောင့်ကြည့်ရင်း ရန်ကိုင်တို့နှင့် ဆယ်မီတာအကွာတွင် ရပ်ကာ မေးလိုက်သည်။
ရန်ကိုင်နှင့် ရွှယ့်ယွယ်အား ကွေ့ဇူမှ ဖမ်းထားသည်ဟု နီကွမ်း ထင်နေခြင်း ဖြစ်သည်။
နီကွမ်း ထိုသို့တွေးသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ ကွေ့ဇူပုံစံသည် ရက်စက်ကြမ်းကြုတ်သည့် လူဆိုး တစ်ယောက်နှင့် တူနေသည်ကိုး။ ထို့ကြောင့် တွေးတတ်သူတိုင်း ထိုကဲ့သို့ တွေးမိမည်သာ။
“စိတ်မပူနဲ့ ဦးလေးနီ၊ ကျုပ်ဒဏ်ရာက ပါးပါးလေးပဲ။ ဘာမှစိုးရိမ်စရာမရှိဘူး” ရွှယ့်ယွယ်သည် ရန်ကိုင်ကျောပေါ်မှ ဆင်းရင်း ပြန်ပြောလိုက်သည်။
ထိုအခါမှ နီကွမ်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ရန်ကိုင်နှင့် ရွှယ့်ယွယ်အား တစ်ချက် ကြည့်ပြီးနောက် ကွေ့ဇူဘက်သို့လှည့်၍ စိုက်ကြည့်လိုက်၏။ ခဏကြာပြီးနောက်တွင် လက်သီးဆုပ်က “ဒီက မိတ်ဆွေက…”
ကွေ့ဇူသည် ရွှယ့်ယွယ်နှင့်အတူ ရှိနေခြင်း ဖြစ်သည့်အတွက် အနည်းဆုံး သူမည်သူမှန်း မေးကြည့်ရန် လိုအပ်ပေသည်။
ကွေ့ဇူက ရယ်မော၍သာ လက်ကို ဝှေ့ရမ်းလျက် “ငါဘယ်သူလဲ မင်းသိစရာမလိုဘူး။ ငါမင်းတို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ မင်းဂျူနီယာကိုသာ ပြန်ခေါ်သွားလိုက်တော့။ ငါ့ကို လာအာရုံစိုက်မနေနဲ့”
ကွေ့ဇူ၏ စကားပြောပုံသည် အနည်းငယ် ရိုင်းပြသည့်ပုံစံ ပေါက်နေသဖြင့် ဘေးတွင် ရပ်နေသော ရန်ကိုင်သည် နှာခေါင်းကိုသာ ပွတ်မိလိုက်လေသည်။
ကွေ့ဇူ၏စကားကြောင့် နီကွမ်းမျက်နှာ မှုန်ကုတ်ကုတ် ဖြစ်သွားခဲ့သည်။
သူသည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ အဆင့်မြင့် အကြီးအကဲတစ်ဦး ဖြစ်သည်။ သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်သူများဆိုလျှင် သူ့အပေါ် လေးလေးစားစားဖြင့် ဆက်ဆံရပြီး ကျင့်ကြံခြင်းအဆင့် တူသူများလျှင်ပင် ကျိလုန်မှလွဲ၍ သူ့အပေါ် ရိုင်းပြစွာ မဆက်ဆံရဲချေ။ ထို့ကြောင့် ကွေ့ဇူ၏ ပြောဆိုပုံအပေါ် နီကွမ်း ဒေါသထွက်သွားခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်လူက ယဉ်ကျေးနေခြင်း မရှိသဖြင့် နီကွမ်းလည်း ကောင်းကောင်းမွန်မွန် ပြောမနေတော့ဘဲ အေးစက်စက် လေသံဖြင့် ရွှယ့်ယွယ်အား ပြောလိုက်လေတော့သည် “လာခဲ့။ သွားမယ်”
ရွှယ့်ယွယ်သည် ပါးစပ်ဟ၍ တစ်ခုခု ပြောချင်နေသော်လည်း အဆုံးတွင် မည်သည့်စကားမှ ထွက်မလာခဲ့ချေ။ ရန်ကိုင်အား တစ်ချက်ကြည့်၍သာ “သတိထားနော်” ဟုပြောလျက် နီကွမ်း နောက်သို့ လိုက်သွားလေသည်။
ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်၍ “နင်လည်း ဂရုစိုက်ဦး”
ကွေ့ဇူအား ကူညီပေးရဦးမည် ဖြစ်သည့်အတွက် ရွှယ့်ယွယ် နောက်သို့ လိုက်သွား၍မဖြစ်ချေ။
ရန်ကိုင် လိုက်မလာသည်ကိုမြင်သော် လော့လန်က အံ့အားသင့်နေသည့် လေသံဖြင့် “ရန်ကိုင်၊ နင်မလာဘူးလား”
ရန်ကိုင်က ခေါင်းခါ၍ အားတုံ့အားနာဖြင့် “ကျုပ် ဒီစီနီယာနဲ့ လုပ်စရာရှိသေးတယ် စီနီယာလော့။ အရင် သဘောတူညီချက်အတိုင်း မလုပ်နိုင်တော့တာ တောင်းပန်ပါတယ်ဗျာ။ နောက်ကျမှပဲ အခွင့်ရေးရရင် စီနီယာလော့ကို ကောင်းကောင်း ပြန်အကြွေးဆပ်ပါ့မယ်”
“ဒါက…” လော့လန်က ပြုံးလျက် “ဘာမှမဖြစ်ပါဘူး။ ငါလည်း အစကတည်းက သေချာမှ မပြင်ဆင်လာခဲ့တာ။ အဲ့စီနီယာကိုပဲ ကူညီပေးလိုက်ပါ။ ကံကောင်းပါစေ”
လော့လန်သည် အခြေအနေကို သိတတ် နားလည်သည့်လူ တစ်ဦး ဖြစ်သည့်အတွက် ရန်ကိုင်အား သွားတွန်းအားပေးမနေခဲ့ပေ။
“ကောင်လေး၊ ကျားအရေခွံယူဖို့ ကြိုးစားရင် ကျားကိုက်ခံရတတ်တယ်နော်။ မင်းသေချာစဉ်းစားဦး” နီကွမ်းအား ရန်ကိုင်အား ခက်ထန်စွာ စိုက်ကြည့်ရင်း သတိပေးလိုက်လေသည်။
“ကျုပ်သိပါတယ် စီနီယာ။ အခုလို သတိပေးတဲ့အတွက် ကျေးဇူးပါပဲ” ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။
ဘေးနားတွင် ရပ်နေသော ကွေ့ဇူကမူ ရယ်သာ ရယ်နေခဲ့သည်။
နီကွမ်းသည် လော့လန်အား ခေါင်းညိတ်ပြလိုက်ပြီး ရွှယ့်ယွယ်ကိုခေါ်ကာ သူတို့ ယခင်နေနေသည့် နေရာဆီသို့ ပြန်သွားလေသည်။ သွားနေရင်း ရွှယ့်ယွယ်အား သူတို့ လမ်းကွဲသွားသည့်နောက်ပိုင်း ဘာတွေများ ဖြစ်သွားသလဲဟု မေးကြည့်လေ၏။ ရွှယ့်ယွယ်သည် အကြောင်းစုံကို ပြောမပြဘဲ သူနှင့်ရန်ကိုင်သည် ပုံရိပ်ယောင်ဟင်းလင်းပြင်လိပ်ပြာများ လက်မှ အသည်းအသန် လွတ်မြောက်အောင် ထွက်ပြေးလာပြီးနောက် ထိုစီနီယာနှင့် သွားတိုးသည်ဟုသာ ပြောပြခဲ့သည်။
ဟင်းလင်းပြင်ထဲ ဖြစ်ပျက်သွားသည့် အကြောင်းအရာကိုတော့ ပြောမပြခဲ့ချေ။
“သူ့နာမည်က ကွေ့ဇူလား” နီကွမ်းက မျက်မှောင်ကြုတ်၍ “ငါဘာလို့ သူ့နာမည်ကို တစ်ခါမှ မကြားဖူးတာလဲ”
“ကျွန်မလည်း မကြားဖူးဘူး” လော့လန်က ခေါင်းခါလိုက်၏။
“ထူးဆန်းတယ်။ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် တစ်ယောက်က အခုလို လူမသိသူမသိ မဖြစ်သင့်ဘူး။ သူ့လို လူတစ်ယောက်ဆိုရင် ပိုလို့တောင် မဖြစ်သင့်ဘူး။ သူ့ဘာသာ တစ်ယောက်တည်း အပြင်လောကကြီးနဲ့ ခွဲထွက်ပြီး သီးခြား နေထိုင်နေတာကြောင့်များလား..” ကွေ့ဇူဟူသော နာမည်အား ဘာကြောင့် တစ်ခါမှ မကြားဖူးရလဲ ဆိုသည်ကို နီကွမ်း နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ဦးလေးနီ၊ အခု ဒီက အခြေအနေ ဘယ်လိုရှိလဲ” ရွှယ့်ယွယ်က ပါးနပ်စွာ ခေါင်းစဉ်ပြောင်းလိုက်လေသည်။
“သိပ်မကောင်းဘူး” နီကွမ်းက တစ်ခုဘက်သို့ လှမ်းကြည့်ရင်း “အဲ့ခွေးသူတောင်းစား ခုန်ဖက ငါနဲ့လော့လန်နောက်ကို တောက်လျှောက် လိုက်လာတာ။ ရောက်တာနဲ့ ဟိုခွေးသူတောင်းစား ရွှယ့်ဝေကိုပါ လှမ်းခေါ်လိုက်တယ်။ ပိုဆိုးတာက ငါတို့ မရောက်ခင် ကျိလုန်တို့အဖွဲ့က ကြိုရောက်ပြီး ခွေးအိုကြီး မန်ထုန်ဆိုတဲ့လူနဲ့ တပူးတွဲတွဲ အတူရှိနေတာပဲ”
“မန်ထုန်” ရွှယ့်ယွယ်လည်း မျက်မှောင်ကြုတ်ပြီး နီကွမ်း ကြည့်သည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်လုံးမှေးမှေး၊ အရပ်ပုပုနှင့် သူခိုးတစ်ယောက်နှယ် တောင်ကြည့်မြောက်ကြည့် ကြည့်နေသော လူအိုကြီးတစ်ဦးကို တွေ့လိုက်ရလေသည်။
ထိုလူအိုကြီးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ပထမအဆင့်သာ ဖြစ်သော်လည်း ပထမအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦး ဖြစ်သည်။
မန်ထုန်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်ကတည်းက ရောက်ရှိနေသည်ဟု ပြောကြသည်။ သို့ရာတွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ တက်ရောက်ပြီးနောက်ပိုင်း နောက်တစ်ဆင့်သို့ ထပ်မတက်နိုင်တော့ချေ။
မန်ထုန်သည် မည်သည့် အင်အားစုနှင့်မှ ပူးပေါင်းထားခြင်း မရှိသည့် တစ်ကိုယ်တည်းသမားတစ်ဦး ဖြစ်သည်။ သူမည်သည့် နေရာကလာလဲ မည်သူမှ မသိကြပေ။
အားကောင်းသည့် ကျောထောက်နောက်ခံမရှိသည့် ကျင့်ကြံသူတစ်ဦးအဖို့ မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းရန်မှာ တကယ်ကို မလွယ်ကူချေ။ အကြောင်းမှာ သူတို့အား သင်ကြားပေးမည့်သူ တစ်ယောက်မှ မရှိသည့်အတွက် ကျင့်ကြံနေရင်း လမ်းကြောင်းမှားလျှောက်ကာ အဆင့်တစ်ဆို့ခြင်း အခြေအနေများနှင့် ကြုံတွေ့ရနိုင်သည့်အတွက် ဖြစ်သည်။
ထို့အပြင် အားကောင်းသော နောက်ခံမရှိလျှင် ရရှိနိုင်မည့် အရင်းအမြစ်ပမာဏမှာလည်း နည်းပါးသွားပေလိမ့်မည်။ တစ်ကိုယ်တည်း ကျင့်ကြံသူများအဖို့ ကျင့်ကြံဖို့အတွက် အရင်းအမြစ်များ လိုအပ်လျှင်ကိုယ်တိုင် လိုက်ရှာဖွေရသည်။ ထို့အတွက်ကြောင့် အချိန်အများကြီး ကုန်ပေသည်။
ထိုအကြောင်းကြောင်းပင် တစ်ကိုယ်တော် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ သိပ်ပြီး မမြင့်မားရခြင်း ဖြစ်သည်။ တန်ခိုးရှင်အဆင့်သို့ ရောက်လျှင်ပင် အတော်လေး ချီးကျူးစရာ ကောင်းနေလေပြီ။
သို့သော် မန်ထုန်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး အနေဖြင့် ဤအဆင့်သို့ ရောက်နိုင်သည်ကိုကြည့်လျှင် သူ့ကံမှာ အတော်လေး ကောင်းသည်ဟု ပြော၍ရသည်။ သူ၏ ဇွဲလုံ့လ၊ အရည်အချင်းနှင့်ပါ ထပ်ပေါင်းလိုက်သော် ဤနေ့ဤအဆင့်သို့ ရောက်ရှိလာနိုင်ခဲ့လေသည်။
ထို့ကြောင့် မန်ထုန်၏ ကျင့်ကြံခြင်းသည် ကြယ်စီရင်စုထဲတွင် ထိပ်ဆုံးအဆင့်ထဲ မပါဝင်သော်ငြား အတော်လေး လူသိများ ကျော်ကြားနေရခြင်း ဖြစ်သည်။
အင်အားစုကြီးများ၏ နောက်ခံမရှိသော ကျင့်ကြံသူများသည် မန်ထုန်အား စံနမူနာယူကာ ကြိုးစားကြသည်။
ခရမ်းကြယ်၊ ဓါးအဖွဲ့အစည်း၊ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း… စသော ကြယ်စီရင်စုကြီး၏ အင်အားစုကြီးများသည် မန်ထုန်အား သူတို့၏ အင်အားစုထဲသို့ ဖိတ်ခေါ်ခဲ့ဖူးကြသည်။ သို့သော်လည် မန်ထုန်သည် အားလုံး၏ ကမ်းလှမ်းချက်ကို ငြင်းပယ်၍ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးအဖြစ်သာ ဆက်နေခဲ့သည်။ သူ့တွင် တပည့်များပင် မရှိချေ။
ထို့အပြင် မန်ထုန်သည် ခိုးဆိုးလုယက်ဓါးပြတိုက်သည့် အလုပ်မျိုးလည်း မလုပ်သည့်အပြင် မည်သည့် အင်အားစုကိုမှလည်း သွားရန်မစဘဲ သူ့ဘာသာ အေးအေးချမ်းချမ်း နေပေသည်။
ထို့ကြောင့် တစ်ခါတစ်ခါ နီကွမ်းပင်လျှင် မန်ထုန်၏ ဘဝကို အားကျမိ၏။ သို့သော် သူသာ အရာအားလုံးကို စွန်ပစ်ပြီး မန်ထုန်ကဲ့သို့ နေမည်ဆိုလျှင် သူ့ဘဝကို သူပျော်လိမ့်မည် မဟုတ်ချေ။
ယခုတစ်ကြိမ် ကမ္ဘာပျက်ကြီးထဲသို့ ဝင်လာသည့် ကျင့်ကြံသူများထဲ မန်ထုန်လည်း ပါပေသည်။ ဆေးဥယျာဉ်ရှိနေသည့် နေရာသို့ မြေပုံမပါဘဲ လာနိုင်ခဲ့သည်ကို ကြည့်ရင် သူ့ကံ အတော်လေး ကောင်းနေသေးမှန်း ပြောနိုင်ပေသည်။
မန်ထုန်နှင့် ကွေ့ဇူတို့ပါက ထည့်ရေတွက်ကြည့်လိုက်လျှင် ဤနေရာသို့ ရောက်နေသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ စုစုပေါင်း ခုနှစ်ယောက် ရှိနေခဲ့လေပြီ။
ဤပမာဏသည် ကမ္ဘာပျက်ထဲသို့ ဝင်လာသည့် ကျင့်ကြံသူ စုစုပေါင်း၏ ခြောက်ဆယ်ရာခိုင်နှုန်းခန့် ရှိပေသည်။ ကံမကောင်း အကြောင်းမလှဘဲ သေသွားသည့်လူများကို ဖယ်ထုတ်လိုက်မည် ဆိုပါက လက်ရှိပမာဏသည် အသက်ရှင်ကျန်ရစ်နေသေးသည့် လူစုစုပေါင်း၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်လောက်ပင် ရှိပေသည်။
“အပြင်ဘက်က ဆေးပင်တွေကို ဝေစုခွဲပြီးသွားပြီ” နီကွမ်းက သူ့ရှေ့ရှိ တောင်ကြားအားကြည့်ရင်း ပြောလိုက်သည်။
“ဝေစုခွဲပြီးသွားပြီလား” ရွှယ့်ယွယ်က အံ့အားသင့်သွားသည့် လေသံဖြင့် “အခြေအနေ ဘယ်လိုရှိလဲ”
နီကွမ်းက ပြုံးလျက် “မဆိုးဘူး။ သိပ်မများပေမယ့် ဆေးပင်တိုင်းက ရှားပါးရတနာတွေချည်းပဲ”
သူတို့နှစ်ဦး စကားပြောနေစဉ် လော့လန်သည် သူမလည်း မျိုးမျိုးမြတ်မြတ် ရထားသည့်အလား သူမ၏ သိုလှောင်လက်စွပ်ကို ပွတ်သပ်လိုက်လေသည်။
“အခု အထဲက ဆေးပင်တွေပဲ ကျန်တော့တယ်။ ဒါပေမယ့် အခုချက်ချင်းကြီး အထဲဝင်လို့မရသေးဘူး” နီကွမ်းက ဆက်ပြောလိုက်သည်။
သူမရှေ့ရှိ တောင်ကြားကို လှမ်းကြည့်လိုက်ရာ တောင်ကြား တစ်ခုလုံးအား တလက်လက် တောက်ပနေသော ခုနှစ်ရောင်ခြယ် အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်ကို ရွှယ့်ယွယ် တွေ့ရှိလိုက်ရလေသည်။ ခုနှစ်ရောင်ခြယ်အလင်းသည် လှသာ လှသော်ငြား ထိုအလင်းတန်းဆီမှ အလွန် ကြောက်မက်ဖွယ် ကောင်းသော အန္တရာယ်အငွေ့အသက်ကို ရွှယ့်ယွယ် ခံစားနေရ၏။
“ခုနှစ်ရောင်ခြယ်အလင်း” ရွှယ့်ယွယ်သည် မျက်စိပျက် မျက်နှာပျက်ဖြင့် ထိုနာမည်ကို ရေရွတ်လိုက်လေသည်။
“ဟုတ်တယ်” နီကွမ်းက ခေါင်းညိတ်၍ “အဲ့ဒါက နတ်ငှက်ဖြစ်တဲ့ ခုနှစ်ရောင်ခြယ်ဒေါင်းရဲ့ ခုနှစ်ရောင်ခြယ်အလင်းပဲ။ အဲ့အလင်းကို ဘာအကာအကွယ်နဲ့မှ ကာလို့မရဘူး။ ထိတာနဲ့ တစ်ခါတည်း အငွေ့ပျံပြီး သေပြီပဲ”
“ဒါဆို အထဲကို ဘယ်လိုလုပ်ဝင်နိုင်တော့မှာလဲ” လော့လန်က စိုးရိမ်နေသည့် လေသံဖြင့် ဝင်မေးလေသည်။ နီကွမ်းနောက်သို့ တစ်ချိန်ကုန် လိုက်လာခဲ့သော်ငြား ထိုအကြောင်းကိုတော့ သူမ မသိသေးချေ။
ခုနှစ်ရောင်ခြယ်ဒေါင်းနှင့် ခုနှစ်ရောင်ခြယ်အလင်းကို သူမ ကြားဖူးသည်မှာ ပထမဆုံးဖြစ်သည်။ နီကွမ်းပင်လျှင် ထိုအလင်းကို အလွန်ကြောက်နေလေရာ သူမဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။
“စောင့်ရမှာပေါ့” နီကွမ်းက ပြန်ပြောလိုက်သည် “ဒီအလင်းက ခုနှစ်ရောင်ခြယ်ဒေါင်း အသက်ရှုထုတ်တဲ့အချိန်မှာ ထွက်လာတာ။ သူအသက်ပြန်ရှုသွင်းတဲ့အချိန်ကျရင် အဲ့အလင်း ပျောက်သွားလိမ့်မယ်။ အဲ့အချိန်ကျ ငါတို့ တောင်ကြားထဲ ဝင်လို့ရပြီ။ တောင်ကြားထဲမှာ ဟင်းလင်းပြင်အက်ကွဲကြောင်းတွေ အများကြီးလို့ အန္တရာယ်များတယ်ဆိုပေမယ့် အဲ့အက်ကွဲကြောင်းတွေက ငါတို့အတွက် အကာအကွယ်တွေပဲ။ ခုနှစ်ရောင်ခြယ်ဒေါင်း အသက်ပြန်ရှုထုတ်တဲ့အချိန်ကျရင် အဲ့ထဲက အက်ကွဲကြောင်းတစ်ခုခုရှာပြီး ဝင်ပုန်းနေ…”
နီကွမ်း ရှင်းပြသည်ကို ကြားပြီးမှပဲ လော့လန် နားလည်သွားတော့သည်။
ရှင်းပြနေစဉ်အတောအတွင်း နီကွမ်းသည် ရုတ်တရက် မျက်မှောင်ကြုတ်၍ ရွှယ့်ယွယ်အား စိုက်ကြည့်လိုက်လေသည်။
“ဘာဖြစ်လို့လဲ” ရွှယ့်ယွယ်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
နီကွမ်းသည် ဘာမှပြန်မပြောဘဲ ရွှယ့်ယွယ်၏ နဖူးကိုသာ စိုက်ကြည့်နေသည်။ ခဏအကြာ၍ အေးစက်စက် လေသံဖြင့် ထအော်ပြောလေသည် “ယုတ်ညံ့လိုက်တာ”
ပြောပြီးသည့်နောက် သူ့လက်ချောင်ထိပ်တွင် သူတော်စင်ချီကို သိပ်သည်း၍ ရွှယ့်ယွယ်၏ နဖူးပေါ် ဖိချလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၇၄)
နီကွမ်းက ရုတ်တရက် တိုက်ခိုက်လိုက်သော်လည်း ရွှယ့်ယွယ်ကမူ တုတ်တုတ်မျှမလှုပ်။ နီကွမ်း သူမအား ထိခိုက်အောင် လုပ်မည်မဟုတ်မှန်း ရွှယ့်ယွယ် သိနေသည်။ ဦးလေးနီတွင် ထိုကဲ့သို့ လုပ်ရသည့် အကြောင်းအရင်း ရှိသည်ဟုလည်း ယုံကြည်နေ၏။
ရွှစ်…
ရွှယ့်ယွယ်နဖူးတစ်ဝိုက် လေပြင်းတစ်ချက် တိုက်သွား၏။ ချက်ချင်းဆိုသလို အနက်ရောင်ချီအမျှင်တန်းတစ်ခုသည် ရွှယ့်ယွယ်၏ ဆံပင်ဆီမှ ပေါ်လာပြီး ခေါင်းပေါ်၌ ခဏကြာအောင် ဝဲနေပြီးနောက်တွင် ကွေ့ဇူရှိနေရာဆီသို့ လေးကိုင်းမှ လွှတ်လိုက်သည့် မြှားတစ်စင်းနှယ် ပျံထွက်သွားလေသည်။
အနက်ရောင်ချီ ပြေးထွက်သွားသည့်နှုန်းမှာ မြန်လွန်းသဖြင့် နီကွမ်းပင် တားချိန် မရလိုက်ပေ။
အနက်ရောင်ချီကို ဘာမှန်း သေသေချာချာ မမြင်လိုက်ရသော်ငြား ထိုအရာသည် တွန့်လိမ်နေသော မျက်နှာနှင့် လူပုံစံခန္ဓာကိုယ်ရှိသော ယင်ဝိဥာဉ်တစ်ကောင်နှင့် ဆင်တူမှန်းတော့ တွေ့လိုက်ရသည်။ ယင်ဝိဥာဉ်သည် ရွှယ့်ယွယ်၏ ဆံပင်ထဲတွင် ပုန်းနေခြင်း ဖြစ်သည်။ ယင်ဝိဥာဉ်၏ အရောင်မှာ အနက်ရောင်ဖြစ်သလို ရွှယ့်ယွယ်၏ ဆံပင်မှာလည်း အနက်ရောင် ဖြစ်သည့်အတွက် ယင်ဝိဥာဉ်မှ ၎င်း၏ အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်ထားလိုက်သည့်အခါ နီကွမ်းလည်း ချက်ချင်းကြီး သတိမပြုမိလိုက်တော့ပေ။
သူသတိပြုမိလိုက်ချိန်မှာမူ အခါနှောင်းနေခဲ့လေပြီ။
အနက်ရောင်ချီသည် ကွေ့ဇူဆီသို့ ပြန်ရောက်သွားခဲ့သည်။ ကွေ့ဇူသည် အနက်ရောင်ချီကို ပါးစပ်ဟကာ မျိုချလိုက်ပြီးနောက် ထရယ်တော့လေသည်။
“ခင်ဗျား ဒီလိုလုပ်တာ မရှက်ဘူးလား” နီကွမ်းသည် ကွေ့ဇူအား စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် အော်မေးလိုက်လေသည်။
“ငါဘယ်လိုလုပ်လုပ်၊ ဘယ်သူမှ လာဝေဖန်နေစရာ မလိုဘူး”
နီကွမ်းသည် မှုန်ကုတ်ကုတ် မျက်နှာထားဖြင့် ကွေ့ဇူအား အချိန်အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် လက်ဝှေ့ရမ်း၍ “အခုတော့ မဖြစ်သေးလို့ပေါ့။ ဒါပေမယ့် နောက်နေ့ကျရင် ဒီအကြွေးကို ခင်ဗျားနဲ့ ကျိန်းသေ ပြန်ရှင်းမယ်”
သူ့စိတ်ထဲ မကျေမနပ် ဖြစ်မိသော်လည်း ယခုအချိန်သည် တိုက်ခိုက်လို့ကောင်းသည့် အချိန်မဟုတ်။ ကျိလုန်သည် အဝေးမှ သူတို့အား ကျားချောင်းချောင်း ချောင်းနေသည်။ သူတို့သာ တိုက်ခိုက်လျှင် အချောင် အမြတ်ထုတ်သွားမည့်လူမှာ ကျိလုန်သာ ဖြစ်သည်။
ထို့အပြင် ကွေ့ဇူသည် ရွှယ့်ယွယ်အား ထိခိုက်အောင် မလုပ်ခဲ့။ သူတို့ ပြောနေသည့် အကြောင်းအရာများကိုသာ ခိုးနားထောင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် နီကွမ်းသည် မကျေနပ်သော်လည်း ကြိတ်၍သာ သည်းခံနေလိုက်လေသည်။
“ရန်ကောင်လေး၊ သူတို့ပြောတာ ကြားလား” ကွေ့ဇူက ရန်ကိုင်အား မေးလိုက်သည်။
“ကြားတယ်” ရန်ကိုင်က အံ့အားသင့်နေဟန်ဖြင့် “စီနီယာ၊ အဲ့ဒါကို ဘယ်ကတည်းက ရွှယ့်ယွယ်ပေါ် တင်လိုက်တာလဲ”
သူရွှယ့်ယွယ်ကို တောက်လျှောက် သယ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် နီကွမ်း အနက်ရောင်ချီအား ရွှယ့်ယွယ် ဆံပင်ပေါ် တင်လိုက်သည်ကို လုံးဝ မမြင်လိုက်ရပေ။
“လေဟာနယ်သားရဲအမြူတေကို မင်းဆီ ပေးတုန်းကလေ” ကွေ့ဇူက မော်ကြွားဟန်ဖြင့်ပြုံးလျက် “ဘာလဲ၊ မင်းက ငါ့ကို မကျေနပ်ဘူးလား”
“မဟုတ်ပါဘူး” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “စီနီယာက ရှေ့ရေးကို ကြိုမြင်တတ်တာပဲလို့ တွေးမိလို့ပါ”
ကွေ့ဇူက ရယ်မောလျက် “ငါ့ကို သိပ်ပြီး မြှောက်မနေနဲ့။ ငါ့လို တစ်ကိုယ်တည်းသမားတွေအတွက်င တစ်ခုခု မလုပ်ခင် အကုန် သေချာ ကြိုပြင်ထားမှ တော်ကာရာကျတာ။ အခု၊ သူတို့ပြောတာ ကြားပြီးပြီဆိုတော့ ငါမင်းကို အားကိုးလိုက်တော့မယ်နော်”
“ကျုပ် အကောင်းဆုံး ကြိုးစားပေးမယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ဆေးတောင်ကြား အပြင်ဘက်တွင် ငြိမ်သက်တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ နီကွမ်းနှင့် ကျိလုန်တို့သည် ဤနေရာအကြောင်း ကြိုသိထားကြသော်လည်း ခုန်ဖ၊ ရှုဝေနှင့် မန်ထုန်တို့မှာတော့ ဤနေရာအကြောင်း မသိထားကြ။ သို့သော် နီကွမ်းနှင့် ကျိလုန်တို့ ငြိမ်နေသည်ကို ကြည့်ရင်း သူတို့လည်း ငြိမ်နေကြလေသည်။
ရှုဝေသည် ရန်ကိုင်အား မကြာခဏဆိုသလို လှည့်လှည့်ကြည့်နေသည်။ ရန်ကိုင်နှင့် ရွှယ့်ယွယ် ပုံရိပ်ယောင် ဟင်းလင်းပြင်လိပ်ပြာအုပ်ကြီးလက်မှ မည်ကဲ့သို့ လွတ်မြောက်လာနိုင်ခဲ့သလဲ ဆိုသည်ကို မတွေးတတ် ဖြစ်နေသည့်ပုံပင်။ ထိုဂျူနီယာနှစ်ယောက်အား ငါးစာအဖြစ် အသုံးချခဲ့စဉ်က ထိုဂျူနီယာနှစ်ဦး သေပြီဟုသာ သူတွေးခဲ့သည်။
ယခုအချိန်ထိ အသက်ရှင်နေသေးလိမ့်မည်ဟုတော့ မထင်ထားခဲ့။
သို့သော် ကွေ့ဇူနှင့် အတူရောက်လာသည်ကို မြင်ပြီးနောက် ကွေ့ဇူကြောင့် ရန်ကိုင်နှင့်ရွှယ့်ယွယ်တို့ ပုံရိပ်ယောင်ဟင်းလင်းပြင် လိပ်ပြာများလက်မှ လွတ်လာခြင်း ဖြစ်မည်ဟု ကောက်ချက်ချလိုက်လေသည်။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။
တစ်နာရီခန့် ကြာပြီးနောက် တောင်ကြားအတွင်းမှ အသံတစ်သံ ထွက်လာခဲ့သည်။ ထိုအသံသည် သားရဲကြီးတစ်ကောင် အသက် ရှုသွင်းလိုက်သည့် အသံနှင့် တူ၏။
အသံမှာ ဗုံတီးသံများနှင့် မိုးချုန်းသံများ ရောယှတ်ထားသည့်နှယ့် မြူးကြွကြွ၊ ခပ်အုတ်အုတ် ဖြစ်နေ၏။
ထိုအသံကို ကြားလိုက်သည့်အခိုက် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး၏ အမူအရာ လေးနက်တည်ကြည်သွားကြ၏။
နီကွမ်း၊ လော့လန်၊ ကျိလုန်နှင့် လူအချို့မှာမူ စိတ်လှုပ်ရှားလာကြပြီး အချိန်မရွေး လှုပ်ရှားနိုင်ရန်အတွက် သူတို့၏ သူတော်စင်ချီကို စုစည်းထားလိုက်ကြလေသည်။
ခဏအကြာ၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ ငြိမ်းချမ်းနေသော တောင်ကြားတစ်ခုလုံး လေပြင်းများ တိုက်ခတ်လာခဲ့သည်။ အသက်ရှူသွင်းနေသည့် အသံမှာလည်း ပို၍ ကျယ်လောင်လာလေသည်။
အသက်ရှုသွင်းသံ ထွက်ပေါ်လာသည့် အချိန်မှစ၍ တောင်ကြားတစ်ခုလုံးအား လွှမ်းခြုံထားသော ခုနှစ်ရောင်ခြယ် အလင်းသည် ဒီရေကျသွားသည့်နှယ် တောင်ကြား အတွင်းပိုင်းထဲသို့ တဖြည်းဖြည်း ပြန်ဆုတ်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း တောင်ကြားတစ်ခုလုံး၏ မြင်ကွင်း အားလုံးရှေ့ အထင်းသား ထွက်ပေါ်လာခဲ့လေသည်။
ရွှစ်… ရွှစ်… ရွှစ်…
တစ်ချိန်တည်းတွင် နီကွမ်း၊ လော့လန်နှင့် ကျိလုန်တို့သည် လေးကိုင်းမှ လွှတ်လိုက်သည့် မြှားများနှယ် တဖြည်းဖြည်း ပြန်ဆုတ်သွားနေသော ခုနှစ်ရောင်ခြယ်အလင်းနောက်သို့ လျင်မြန်စွာ ပြေးလိုက်သွားကြလေသည်။
နီကွမ်းတို့ လှုပ်ရှားသည်ကိုမြင်သော်၊ အခြေအနေကို စောင့်ကြည့်နေသော ခုန်ဖ၊ ရှုဝေနှင့် မန်ထုန်တို့သည်လည်း ငြိမ်မနေတော့ဘဲ အလင်းတန်းများအသွင်သို့ပြောင်း၍ လမ်းကြောင်း အသီးသီးဆီသို့ ပြေးထွက်သွားကြလေသည်။
ကွေ့ဇူသည် အော်ရယ်မောပြီး ဝိဥာဉ်တစ်သောင်းအလံဖြင့် ရန်ကိုင်အား ရစ်ပတ်၍ တောင်ကြားထဲသို့ ပြေးဝင်သွားလေသည်။
ကွေ့ဇူ၏ ကျင့်ကြံခြင်းမှာ အလွန်ကိုမှ မြင့်မားလှကာ ဤနေရာရှိ လူများထဲတွင် နီကွမ်းနှင့် ကျိလုန်လောက်သာ သူ့အား ယှဉ်နိုင်၏။ ထို့ကြောင့် သူပျံသန်းသည့်နှုန်းမှာလည်း အလွန်ကိုမှ မြန်ဆန်ပေသည်။ မျက်တောင်တစ်ခတ်အတွင်း၌ပင် ကွေ့ဇူသည် ဆယ်မိုင်ကျော်အကွာသို့ ရောက်သွားခဲ့သည်။
တောင်ကြားထဲတွင် မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများ ရှိနေခဲ့သည်။ အချို့မှာ အလွန်ကိုမှ ကြီးမားလှပြီး အချို့မှာတော့ သေးသေးလေးများသာ ဖြစ်ကာ အကုန်လုံးသည် နေရာအနှံ့တွင် ပြန့်ကျဲတည်ရှိနေကြသည်။ ထိုအက်ကြောင်းများသည် ဟင်းလင်းပြင်တစ်လျှောက် ဘယ်တော့မှ ပြန်လည်ပြုပြင်၍ မရသည့် အမာရွတ်များနှယ် တည်ရှိနေကြသည်။
ဟင်းလင်းပြင်အက်ကြောင်းများစွာကို မျက်လုံးဖြင့် မမြင်နိုင်ပေ။ အချို့ ဟင်းလင်းပြင်အက်ကြောင်းများကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံ၍ရသော်လည်း အချို့ကိုတော့ မရပေ။
နီကွမ်းနှင့် ကျိလုန်တို့ နှစ်ယောက်စလုံးသည် ဟင်းလင်းပြင် အက်ကွဲကြောင်းများအား အာရုံခံနိုင်သည့် မှော်ရတနာများကို သယ်ဆောင်ရင်း ပျံသန်းနေကြသည်။ အက်ကြောင်းများကို အာရုံခံမိလိုက်သည်နှင့် ချက်ချင်း ဦးတည်ချက်လမ်းကြောင်း ပြောင်းလိုက်ကြ၏။
ဤအဖြစ်အပျက်အတွက် ကြိုမပြင်လာကြသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှာမူ သူတို့၏ ကောင်းကင်စိတ်အာရုံအား ကျယ်နိုင်သမျှကျယ်အောင် ဖြန့်ကျက်ရင်း ဟင်းလင်းပြင်အက်ကြောင်းများကို ဝင်မတိုးမိအောင် အတတ်နိုင်ဆုံး ကြိုးစားနေကြရလေသည်။
အသက်ဆယ်ရှိုက်စာ ကြာပြီးနောက်တွင် အကုန်လုံး သူ့အရှိန်နှင့်သူ ဖြစ်ကုန်ကြလေပြီ။ အကုန်လုံးမှာ တောင်ကြားထဲသို့ တစ်ချိန်တည်းနီးပါး ပြေးဝင်လာကြခြင်း ဖြစ်သော်လည်း နီကွမ်းနှင့် ကျိလုန်သည် ပြောစရာမလိုအောင်ပင် ရှေ့ဆုံးတွင် ရှိနေခဲ့လေသည်။
ကွေ့ဇူ၏ အရှိန်မှာတော့ ပြောစမှတ်တွင်ရလောက်အောင်ကို အားလုံးထက် ပိုမို မြန်ဆန်နေခဲ့သည်။
ရန်ကိုင်မှ လမ်းပြပေးနေသည့်အတွက် ဟင်းလင်းပြင် အက်ကွဲကြောင်းများကို စိတ်ပူစရာမလိုတော့လေရာ စိတ်ရှိတိုင်း ပျံသန်းနိုင်သည့်အတွက်ကြောင့် အချိန်တိုအတွင်း နီကွမ်းနှင့် ကျိလုန်တို့ကို ကျော်တက်ကာ နောက်ကောက်ချနိုင်ခဲ့လေသည်။
“ဒီခွေးကောင်ကတော့ကွာ” သူ့အား ကျော်တက်သွားသော ကွေ့ဇူကိုကြည့်ရင်း နီကွမ်း ကျိန်ဆဲတော့လေသည်။
ကြယ်စီရင်စုထဲ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သော ဆေးပင်များကို ခူးဆွတ်နိုင်ဖို့အရေး နီကွမ်းသည် ကမ္ဘာပျက်ကြီး ပွင့်လာမည့်အချိန်ကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပျက်ကြီးပွင့်တိုင်း ဤဆေးဥယျာဉ်တွင်းမှ ရှားပါးဆေးပင်များစွာကို ခူးဆွတ်နိုင်ခဲ့ကြသည်။ မြန်မြန် သွားနိုင်သည့် လူများသည် ဆေးပင်များများကို ပိုရလေ့ ရှိကြပေသည်။
သူ့အတွက် အကြီးမားဆုံး ပြိုင်ဘက်သည် ကျိလုန် ဖြစ်လိမ့်မည်ဟု ထင်ထားသော်ငြား ဘယ်ကမှန်းမသိ ပေါ်လာသော ကွေ့ဇူသည် သူ့အား နောက်ကောက်ချသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“အဲ့အရူး သေချင်နေတာလား” ကျိလုန်နှင့်အတူ လိုက်ပါလာသော ကျိတုန်က မှင်သက်နေသော အမူအရာဖြင့် “ဒီလောက် မြန်မြန် သွားနေတာ ဟင်းလင်းပြင်အက်ကွဲကြောင်းနဲ့ သွားတိုးမှာ မကြောက်ဘူးလား မသိဘူး”
“သူများကို သွားစိတ်ပူမနေနဲ့” ကျိလုန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “သူသေချင်နေရင် သေပါစေ”
“ဟုတ်ကဲ့” ကျိတုန်က ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် မြန်မြန် သွားခြင်းသည် ကောင်းသည့်ရလဒ်ကို မဖြစ်ပေါ်စေဘဲ ဘေးဒုက္ခနှင့်ပင် တွေ့နိုင်ပေသည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် ကျိတုန် စိတ်အေးသွား၏။
နီကွမ်းကမူ ခေါင်းခါရင်း သက်ပြင်းချလျက် “ရွှယ့်ယွယ်၊ အဲ့ကောင်လေးတော့ ဒုက္ခရောက်တော့မယ်။ ကွေ့ဇူဆိုတဲ့လူ ဒီနေရာ ဘယ်လောက်အန္တရာယ်များမှန်းမသိလို့ ဒီလောက် မြန်မြန် သွားနေတာ။ ဟင်းလင်းပြင်အက်ကွဲကြောင်း တစ်ခုခုနဲ့ သွားတိုးလို့ကတော့ ဒီကောင်တွေ သေပြီ”
“ဖြစ်နိုင်ပါ့မလား” ရွှယ့်ယွယ်က ခေါင်းခါလိုက်သည်။ ရန်ကိုင်နှင့်ကွေ့ဇူ ဘာကြောင့် ဤမျှ မြန်မြန် သွားနိုင်ရသလဲ သူတို့ သိပေသည်။ သို့သော် ရှင်းပြမနေခဲ့ချေ။
လော့လန်သည်သာသက်ပြင်းချလိုက်သည်။
ရန်ကိုင်သာ သူတို့နှင့်အတူ ရှိနေလျှင် သူတို့၏ အခြေအနေမှာ ပိုမို ကောင်းမွန်းနေလိမ့်မည် ဖြစ်သော်ငြား ရန်ကိုင်မှာ သူတို့နှင့်အတူ ရှိမနေခဲ့ချေ။
…
“ငါတို့ရောက်ပြီ” ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဆယ်မိုင်ပတ်လည်အတွင်း လူရှိမရှိ စစ်ဆေးကြည့်ပြီးနောက်တွင် ကွေ့ဇူ အရှိန်လျှော့လိုက်လေသည်။
“ဟန်၊ ဆေးနံ့ရတယ်” ရန်ကိုင်က ရုတ်တရက် နှာခေါင်း တရှုံ့ရှုံ့လုပ်ရင်း ပြောလိုက်သည်။
“ဟဲဟဲ၊ ဝင်လာလာချင်းပဲရှိသေးတယ်၊ ဆေးပင်က စတွေ့နေပြီ” ရယ်ရယ်မောမောဖြင့် ပြောပြီးနောက်တွင် ရုတ်တရက် ကွေ့ဇူ၏ အမူအရာ လေးနက်သွားခဲ့လေသည် “ရန်ကောင်လေး၊ ငါကြိုပြောထားမယ်။ ဒီမှာ ရသမျှ အကုန်လုံးက တစ်ယောက်တစ်ဝက်ပဲ။ ငါ့ကျင့်ကြံခြင်းက ပိုမြင့်လို့ဆိုပြီး ငါပိုမယူဘူး။ မင်းလည်း အတူတူပဲ။ ဘယ်လိုထင်လဲ”
“စီနီယာပြောတဲ့အတိုင်းပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
ဤနေရာတွင် ကွေ့ဇူသည် သူ့အပေါ် မှီခိုရသည်။ သို့သော် သူမရှိဘဲ ကွေ့ဇူတစ်ယောက်တည်း မလှုပ်ရှားနိုင်ခြင်း မဟုတ်။ လှုပ်ရှားနိုင်ပေသည်။ တစ်ခုသာ… သူ့ဘာသာ လှုပ်ရှားလျှင် ကွေ့ဇူ၏ အရှိန်သည် အတော်လေး နှေးကွေးသွားပေလိမ့်မည်။
ထို့ကြောင့် တစ်ယောက်တစ်ဝက် ခွဲယူမည်ဟုသော ကမ်းလှမ်းချက်သည် သူ့အတွက်ပင် အနည်းငယ် နစ်နာ၏။ ထို့သို့ ဖြစ်လေရာ ရန်ကိုင် အနေဖြင့် ဘာကြောင့်များ သဘောမတူဘဲ နေရဦးမည်နည်း။
ပြောပြီးသည့်နောက်တွင် ဆေးနံ့ရှိရာဆီသို့ ရန်ကိုင် ပြေးထွက်သွားလေသည်။ ကွေ့ဇူကမူ အနောက်မှ လိုက်လာ၏။
အသက် ဆယ်ရှိုက်စာ ကြာပြီးနောက်တွင် လူအရပ် တစ်ဝက်စာခန့်ရှိသော သစ်ပင်တစ်ပင်ရှေ့သို့ ရောက်လာကြ၏။ သစ်ပင်၏ သစ်ကိုင်းများမှာ ကျိုးတိုးကျဲတဲ ဖြစ်နေပြီး အရွက်များမှာ ထုချွန်ပုံစံ ဖြစ်နေကြသည်။
သစ်ကိုင်းများပေါ်တွင် အရောင်အနည်းငယ် တောက်နေသော လက်သီးဆုပ်အရွယ် ခရမ်းရောင်အသီးလေးလုံး သီးနေခဲ့သည်။ အသီးမှာ သလင်းကျောက်နှယ် ကြည်လင်နေလေရာ အတွင်းသားများကိုပင် လှမ်းမြင်နေရသည်။
အသီးတစ်ဝိုက်တွင် မှင်သက်ဖွယ်ရာကောင်းသော အရှိန်အဝါတစ်ရပ် ရှိနေ၏။ ထိုအရှိန်အဝါကြောင့် အသီးများမှာ အပင်တစ်ပင်လုံးမှ သီးခြား ခွဲထွက်နေသလို ဖြစ်နေကာ၊ မြင်လိုက်သူ၏ မြင်ကွင်းထဲ ထင်းခနဲ ရှင်းခနဲ ဖြစ်နေလေ၏။
ကွေ့ဇူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ချီဖြင့် လွှမ်းခြုံထားသော်ငြား အသီးကို ကြည့်နေသည့် စူးရှလှသော သူ့အကြည့်ကို ဖုံးကွယ်ရန် ခက်ခဲပေသည်။
ထိုအချက်ကို ကြည့်ရုံနှင့်ပင် ထိုအသီးလေးလုံး မည်မျှ ထူးခြားမှန်း သိနိုင်ပေသည်။
“နီဗားနားသီးတွေ” သေချာကြည့်ကြည့်နေပြီးနောက် ဘာအသီးမှန်း ရန်ကိုင် သိသွားခဲ့သည်။
“နီဗားနားသီးတွေလား” ကွေ့ဇူ မျက်ခုံးပင့်သွားပြီး အံ့အားသင့်နေသည့် လေသံဖြင့် “မဟာနီဗားနားဆေးလုံးကို ဖော်စပ်တဲ့နေရာမှာသုံးတဲ့ နီဗားနားသီးတွေလား”
နီဗားနားသီးနှင့် ထိုအသီးကိုသုံး၍ ဖော်စပ်သည့် ဆေးလုံးအကြောင်းကို ကွေ့ဇူ သိပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၇၅)
“ဟုတ်တယ်၊ အဲ့အသီးတွေပဲ” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် “ဒီအသီးတွေက ကောင်းကင်လမ်းစဉ်က ဓါတ်သဘာဝတွေကို စုစည်းပြီး ဖြစ်ပေါ်လာတဲ့အသီးတွေ။ တစ်ခါတစ်ခါ မှည့်ဖို့ကို အရမ်းကြာတယ်။ ပတ်ဝန်းကျင် အဆင်မပြေရင်လည်း မပေါက်နိုင်ပြန်ဘူး။ ဒါပေမယ့် မှည့်သွားပြီဆိုရင်တော့ အစိမ်းလိုက်ပဲစားစား… ဆေးဖော်စပ်ပြီးမှပဲ စားစား အရမ်း ကျင့်ကြံသူတွေအတွက် အကျိုးရှိတယ်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေအတွက်တောင် အရမ်း တန်ဖိုးရှိတယ်။ စီနီယာ၊ ဒီတစ်ကြိမ်တော့ ကျုပ်တို့ ထောပြီ”
“ဟဲဟဲဟဲ… ကောင်လေး မင်းက ဆေးပင်တွေအကြောင်း တော်တော် သိပါလားကွ” ကွေ့ဇူက ရယ်ရယ်မောမောဖြင့် ပြန်ပြောလေသည်။
“နည်းနည်းလောက်ပဲ သိတာပါ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြော၏။
“အင်း၊ လေးလုံးရှိတာဆိုတော့ တစ်ယောက် နှစ်လုံးစီပေါ့” ပြောပြီးနောက် အသီးကို လှမ်းခူးရန် လုပ်လိုက်လေသည်။
“မခူးနဲ့ဦး” ရန်ကိုင်က လှမ်းတားလိုက်၏။
“ဘာလို့လဲ” ကွေ့ဇူက သင်္ကာမကင်း အမူအရာဖြင့် ပြန်မေးလေသည်။
“စီနီယာ ခူးလိုက်တာ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ခူးပြီး သေချာမသိမ်းထားရင် ဆေးအာနိသင်တွေက တဖြည်းဖြည်း လျော့ကျသွားကုန်လိမ့်မယ်” ရန်ကိုင်က သတိပေးလိုက်လေသည်။
“ဟန်၊ ဒါဆို ဘယ်လိုသိမ်းရမှာလဲ” ကွေ့ဇူက ပြန်မေးလိုက်သည်။ ရှေးဟောင်းဆေးပင်များအားး ထူးခြားသော နည်းလမ်းများဖြင့် သိမ်းဆည်းရသည်ကို ကွေ့ဇူသိသည်။ မဟုတ်လျှင် ဆေးအာနိသင်မှာ တဖြည်းဖြည်း စိမ့်ထွက်သွားပေလိမ့်မည်။ နီဗားနားသီးမှာလည်း ထိုကဲ့သို့သော အသီးမျိုး ဖြစ်သည့်အတွက်ကြောင့် ၎င်းအား သိမ်းဆည်းရန်အတွက် ထူးခြားသည့်နည်းလမ်းတစ်မျိုး လိုအပ်သည်မှာ အထူးအဆန်းတော့မဟုတ်။ ရန်ကိုင် ပြောသည့် လေသံမှာ နီဗားနားသီးအား သိမ်းဆည်းရမည့်ပုံစံကို သိထားသည့်ပုံစံပင်။ ထို့ကြောင့် ကွေ့ဇူလည်း မဆိုင်းမတွ မေးလိုက်လေသည်။
“ရိုးရိုးလေးပဲ။ သတ္တုဓါတ်ပါတဲ့ ပစ္စည်းတစ်ခုထဲ ထည့်သိမ်းထားလိုက်ရုံပဲ” ရန်ကိုင်က ရှင်းပြလိုက်သည် “စီနီယာကြည့်ကြည့်၊ ဒီသစ်ပင်ပေါက်နေတဲ့ နေရာမှာ သတ္တုဓါတ်တွေ သိပ်သည်းနေတာတွေ့တယ်မလား။ အဲ့ဒါ ဒီအပင်အောက်မှာ သတ္တုတွင်း တစ်ခုခု ရှိနေလို့ပဲ။ အသီးကို သိမ်းဖို့ဆိုရင်လည်း အပင်ပေါက်တဲ့နေရာလိုမျိုး၊ သတ္တုဓါတ် သိပ်သည်းတဲ့နေရာမှာ သိမ်းတာ အကောင်းဆုံးပဲ”
“အဲ့လိုကိုး” ကွေ့ဇူ ခေါင်းညိတ်လိုက်၏။
နီဗားနားအသီးအား သတ္တုပစ္စည်းတစ်ခုခုထဲ ထည့်သိမ်းရသည်မှာ သိပ်ပြီး မထူးဆန်းသော်ငြား အပင် ပေါက်ရန်အတွက် သတ္တုတွင်းရှိသည့် မြေကို လိုအပ်သည်မှာတော့ အနည်းငယ် ထူးဆန်းပေသည်။
ကွေ့ဇူသည် ထိုအကြောင်းကို များများစားစား တွေးမနေဘဲ သိုလှောင်လက်စွပ်ထဲမှ သွေးနီရောင်သေတ္တာတစ်လုံးကို ထုတ်၍သာ ရန်ကိုင်ဘက်သို့ လှည့်မေးလိုက်၏ “ဒါဆို အဆင်ပြေလား”
“အို… ရွှေနီကနေ လုပ်ထားတဲ့သေတ္တာပဲ။ မဆိုးဘူး။ ဒါနဲ့ဆို နှစ်တစ်ထောင်လောက် ဆေးအာနိသင်ကို စိမ့်မထွက်အောင် သိမ်းထားလို့ရပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“ဒါဆို ငါခူးပြီနော်” ပြောပြီးသည့်နောက် ကွေ့ဇူသည် အသီးနှစ်လုံးကို ခူးလိုက်ပြီး သေတ္တာထဲသို့ သေသေချာချာ ထည့်သိမ်းလိုက်လေသည်။
ရန်ကိုင်သည်လည်း အသီးနှစ်လုံးကို ခူးလိုက်သည်။ သူ့တွင် ကွေ့ဇူကဲ့သို့ ရွှေနီဖြင့်လုပ်ထားသည့် သေတ္တာ မရှိသော်လည်း သတ္တုဓါတ်ပါသည့် သေတ္တာတော့ ရှိပေသည်။
နီဗားအသီးလေးလုံးအား ခူးပြီးနောက် ရန်ကိုင်တို့နှစ်ဦး ပျော်ရွှင်စွာ ရှေ့ဆက်သွားကြလေသည်။
ဆေးတောင်ကြားသည် မည်မျှ ကျယ်သလဲ မည်သူမှ မသိသော်ငြား အလွန်ကျယ်မှန်းတော့ လူတိုင်း သိသည်။ ထို့ကြောင့် အချိန်အတော်ကြာအောင် သွားပြီးသည့်တိုင် မည်သူနှင့်မှ ရန်ကိုင်တို့ မတိုးခဲ့ပေ။
ထို့အပြင် ဤနေရာ၌ ဆေးပင်များကို ရှာရသည်မှာလည်း အလွန် လွယ်ကူပေသည်။ ဆေးပင်များ ပေါက်နေသည်မှာ နှစ်နှင့်ချီနေပြီ ဖြစ်သည့်အတွက်ကြောင့် ဆေးအာနိသင်မှာ အတော်လေး သိပ်သည်းနေပြီဟု ပြော၍ရသည်။ ထို့ကြောင့် ဆေးနံ့မှာလည်း အတော်လေး သင်းပေသည်။ ဆေးနံ့ရသည့် လမ်းကြောင်းအတိုင်းသာ လိုက်သွားလိုက်မည်ဆိုလျှင် အဖိုးတန် ဆေးပင်တစ်ခုခုကို တွေ့နိုင်ပေသည်။
နာရီဝက်ကြာပြီးနောက် ဆေးနံ့ရသည့် လမ်းကြောင်းအတိုင်း လိုက်လာလိုက်ရာ လက်ဝါးအရွယ်အစားရှိသော ပန်းပွင့်တစ်ပွင့် ရှေ့သို့ ရန်ကိုင်တို့ ရောက်လာကြလေသည်။
ပန်းပင်သည် သာမန်ဆိုလျှင် မျက်စိရှမ်းသွားနိုင်သည့် ချောင်တစ်ခုတွင် ပေါက်နေခြင်း ဖြစ်သည့်အတွက် ပန်းပင်မှ ထွက်နေသည့် ဆေးနံ့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်တို့လည်း ဤပန်းပင်ကို ရှာတွေ့နိုင်မည် မဟုတ်ချေ။
“နတ်ဆိုးချွေအိုင်းရစ်ပန်းပဲ” ပန်းပင်ကို မြင်လိုက်သည်နှင့် ရန်ကိုင်နှင့်ကွေ့ဇူတို့ နှစ်ဦးစလုံး ထိုပန်းပင် ဘာပန်းပင်မှန်း ချက်ချင်း တန်းသိလိုက်ကြလေသည် “တကယ်ကြီး နတ်ဆိုးချွေ အိုင်းရစ်ပန်းပဲကွ။ ကျွတ်… ငါတကယ် ကံကောင်းနေတာပါလားကွ”
“စီနီယာအတွက် ဂုဏ်ယူပါတယ်။ ဒီနတ်ဆိုးချွေအိုင်းရစ်ပန်းက အနည်းဆုံး နှစ်နှစ်ထောင်ရှိနေပြီ။ ဒါကိုသုံးပြီး နတ်ဆိုးချွေဆေးလုံးကိုသာ ဖော်စပ်လိုက်မယ်ဆိုရင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတိုင်း သရေယိုရမယ့် ဆေးလုံးတစ်လုံး ဖြစ်လာမှာ” ရန်ကိုင်က ပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။
ကွေ့ဇူက ရန်ကိုင်အားကြည့်ရင်း ပြောလိုက်လေသည် “ဒါက ငါ့အတွက် အရမ်း အသုံးဝင်တာဆိုတော့ ငါယူလိုက်မယ်။ နောက်တွေ့တဲ့ဟာကိုမင်းယူ၊ ဘာပဲတွေ့တွေ့ကွာ။ ဘယ်လိုလဲ၊ အဆင်ပြေလား”
“ရတယ်၊ ကိစ္စမရှိဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။
နတ်ဆိုးချွေအိုင်းရစ်ပန်း၏ အဓိက အာနိသင်မှာ ကိုယ်တွင်းနတ်ဆိုးများကို ချေဖျက်ပေးနိုင်ခြင်း ဖြစ်သည်။ ကျင့်ကြံသူများ ကျင့်ကြံနေစဉ်တွင်ဖြစ်စေ၊ နောက်တစ်ဆင့်သို့ ချိုးဖျက်နေချိန် ဖြစ်စေ၊ ကိုယ်တွင်းနတ်ဆိုးများ ပေါ်လာလေ့ ရှိပေသည်။ ထိုကိုယ်တွင်းနတ်ဆိုးများသည် ကျင့်ကြံသူ တစ်ဦး၏ စိတ်နှလုံးထဲ ကိန်းအောင်းနေသော မကောင်းသည့် ခံစားချက်များ ဖြစ်ကြသည်။
ဥပမာပြောရသော်၊ ကြီးနိုင်ငယ်ညင်း လုပ်ခံနေရသည့် အားနည်းသည့်လူတစ်ဦးကို မြင်သော်ငြား ဝင်မကူညီဘဲ ရပ်ကြည့်နေခဲ့ခြင်းအပေါ် လိပ်ပြာမလုံသည့်စိတ် ခံစားခဲ့ရသည် ဆိုပါစို့၊ ထိုစိတ်သည် နောင်တစ်ချိန်တွင် မိမိ၏ ကိုယ်တွင်းနတ်ဆိုး ဖြစ်လာနိုင်ပေသည်။
တရားမျှတမှုဟူသော ဆောင်ပုဒ်အား လက်ကိုင်ဆွဲထားလျက်နှင့် အားနည့်လူဘက်မှ တရားမျှတမှု မရှာပေးနိုင်ခဲ့မှုသည် ကိုယ်တွင်းနတ်ဆိုး ဖြစ်လာနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
ကိုယ်ချစ်ရသည့် လူတစ်ဦး သေရတော့မည်ကို မကယ်လိုက်နိုင်သည်မှာလည်း ကိုယ်တွင်းနတ်ဆိုး ဖြစ်လာနိုင်သည့် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်ပေသည်။
ကိုယ်တွင်းနတ်ဆိုးသည် တစ်နည်းဆိုရသော် ကျင့်ကြံသူ တစ်ယောက်၏ စိတ်ထဲ နှစ်ကာလရှာကြည်သည့်တိုင် ပျောက်ပျက်သွားခြင်းသည့် နောင်တတရားများနှင့် မကောင်းသည့် စိတ်ခံစားချက်များ ဖြစ်သည်။
ကိုယ်တွင်းနတ်ဆိုးများသည် အလွန်ကိုမှ အန္တရာယ် များပေသည်။ ပုံမှန်အားဖြင့် ကိုယ်တွင်းနတ်ဆိုးများသည် ကျင့်ကြံသူတစ်ဦး၏ နေ့စဉ်ဘဝအပေါ် သက်ရောက်မှု မရှိသော်လည်း ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ကိုယ်တွင်းနတ်ဆိုးများ၏ အန္တရာယ်မှာ မိုမို ကြီးမားလာတော့သည်။ အထူးသဖြင့် အဆင့် တစ်ဆင့်မှ နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနေချိန် ဖြစ်သည်။ အဆင့်ချိုးဖျက်နေစဉ်အတွင်း ကိုယ်တွင်းနတ်ဆိုး၏ စွမ်းအားမှာ အလွန်ကိုမှ မြင့်မားလာလေ့ရှိသည်။ ထိုကိုယ်တွင်း နတ်ဆိုးကိုသာ မဖိနှိပ်နိုင်ပါက အဆင့်ချိုးဖျက်ခြင်းဖြစ်စဉ် ကျရှုံးပြီး နောက်ဆက်တွဲ ဆိုးကျိုးများကိုပင် ပြန်လည် ရင်ဆိုင်ရနိုင်၏။ ကံဆိုးလျှင် အသက်ပင် သေနိုင်ပေသည်။
ထို့ကြောင့် အဆင့်မြင့် ကျင့်ကြံသူများသည် အဆင့်ကြီး နောက်တစ်ဆင့်သို့ မချိုးဖျက်မှီ ပြင်ဆင်မှုများစွာ ပြုလုပ်ကြခြင်း ဖြစ်သည်။ ကိုယ်တွင်းနတ်ဆိုးများကို ဖြေရှင်းရာတွင် ဆေးလုံးများ သောက်သုံးခြင်းသည် အလွယ်ကူဆုံး နည်းလမ်းဖြစ်သည်။
နတ်ဆိုးချွေအိုင်းရစ်ပန်းမှ ဖော်စပ်ထားသော နတ်ဆိုးချွေ ဆေးလုံးသည် ကိုယ်တွင်းနတ်ဆိုးများကို ဖိနှိပ်နိုင်သည့် အကောင်းဆုံး ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ နတ်ဆိုးချွေ အိုင်းရစ်ပန်းသည် ဆေးလုံးအဖြစ် မဖော်စပ်ဘဲ တိုက်ရိုက် စားသုံးမည် ဆိုလျှင်ပင် အလွန် အကျိုးများသည့် ပန်းတစ်ပွင့် ဖြစ်သည်။
ကွေ့ဇူသည် လက်ရှိတွင် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။ သူသာ တန်ခိုးရှင်ဘုရင် တတိယ အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားပါက အခက်အခဲများ ကြုံလာရနိုင်သည်။ သူ့ဘဝသည် ပန်းမွေ့ရာရွှေကော်ဇောပေါ် လျှောက်ရသည့် ဘဝမျိုးမဟုတ်၊ သူ့တွင် လက်တုန့် မပြန်ရသေးသည့် ရန်ကြွေးများလည်း ရှိနေသေးသည်။ ထို့ကြောင့် သူအဆင့်တက်ရန် ကြိုးစားသည့်အခါ ပေါ်လာမည့် ကိုယ်တွင်းနတ်ဆိုး၏ စွမ်းအားမှာ အတော်လေးကို မြင့်မားပေလိမ်မ့ည်။ ဤလောကကြီးတွင် ထိုကဲ့သို့သော အားကောင်းသည့် ကိုယ်တွင်းနတ်ဆိုးအား နတ်ဆိုးချွေ အိုင်းရစ်ပန်းအားသုံး၍ ဖိနှိပ်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။
ထို့ကြောင့် ကွေ့ဇူ ထိုကဲ့သို့ ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
ရန်ကိုင်ကလည်း ငြင်းမနေခဲ့ပေ။
ကွေ့ဇူသည် နတ်ဆိုးချွေအိုင်းရစ်ပန်းအား အဖိုးတန်ရတနာ တစ်ခုအဖြစ် သဘောထားနေသော်လည်း ရန်ကိုင်ကမူ ထိုပန်းကို ဂရုစိုက်မနေခဲ့။
အထက်စကြာဝဠာဂိုဏ်းရှိ နှစ်တစ်သောင်းအမွှေးနံ့သာသည် ကိုယ်တွင်းနတ်ဆိုးများကို ဖြေရှင်းပေးနိုင်ပေသည်။ ထိုအမွှေးနံ့သာမှာ နတ်ဆိုးချွေဆေးလုံးထက်ပင် ပိုအစွမ်းထက်သေး၏။ ထို့ကြောင့် တစ်နည်းဆိုရသော် နတ်ဆိုးချွေ အိုင်းရစ်ပန်းသည် ရန်ကိုင်အတွက် အသုံးမဝင်ချေ။
“ငါဒီကျေးဇူးကို မမေ့ပါဘူးကွာ” ကွေ့ဇူက အလေးအနက် အမူအရာဖြင့် ပြောလိုက်ပြီးနောက် နတ်ဆိုးချွေအိုင်းရစ်ပန်းကို သိမ်းလိုက်လေသည်။ ပန်းကို ခူးရာတွင်လည်း ရန်ကိုင်အား ပန်းကို သိမ်းထားရမည့် နည်းလမ်းကို မေးပြီးမှ ခူးလေသည်။
ကွေ့ဇူမှ နတ်ဆိုးချွေအိုင်းရစ်ပန်းကို ခူးပြီးနောက် ရန်ကိုင်က ရုတ်တရက် မျက်မှောင်ကြုတ်၍ တိုးတိုးလေး မေးလိုက်လေသည် “စီနီယာ၊ တစ်ခုခု ကြားလိုက်လား”
ကွေ့ဇူ ကြောင်သွားပြီး ချက်ချင်း နားစွင့်ကြည့်လိုက်၏။
ခဏအကြာတွင်၊ နှစ်ယောက်စလုံး၏ အလန့်တကြား အမူအရာဖြင့် ထအော်ကြလေသည် “မကောင်းတော့ဘူး။ ဒါ ခုနှစ်ရောင်ခြယ်အလင်းပဲ”
အသက်ရှူထုတ်သည့် အသံနှင့်အတူ ဆေးတောင်ကြားသည် အနည်းငယ် တုန်ခါလာခဲ့သည်။ တုန်ခါသံများ ထွက်ပေါ်လာရာဆီ လှမ်းကြည့်မည့်ဆိုပါက ခုနှစ်ရောင်ခြယ်အလင်းသည် ဒီရေလှိုင်းနှယ် အဘက်ဘက်သို့ ပျံ့နှံ့လာနေသည်ကို မြင်တွေ့ရပေလိမ့်မည်။
“မြန်မြန် အနီးဆုံး ဟင်းလင်းပြင်အက်ကြောင်းကိုရှာ” ကွေ့ဇူက ရန်ကိုင်အား ကြည့်၍ ပြောလိုက်လေသည်။
သူတို့အနီးတွင် ဟင်းလင်းပြင်အက်ကြောင်းများစွာ ရှိနေသော်ငြား အကုန်လုံး မြင်နိုင်သည့် အရာများမဟုတ်ချေ။ ထို့ကြောင့် ကွေ့ဇူအနေဖြင့် ရန်ကိုင်ကိုသာ အားကိုးရတော့၏။
ခုနှစ်ရောင်အလင်းသည် ကျင့်ကြံသူတစ်ဦး၏ ဝိဥာဉ်ရော၊ ခန္ဓာကိုယ်ကိုပါက အငွေ့ဖြစ်သွားအောင် လုပ်ပစ်နိုင်ပေသည်။ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ဖြစ်သော ကွေ့ဇူပင်လျှင် ထိုခုနှစ်ရောင်ခြယ်အလင်းနှင့်အတွေ့တွင် ဘာမှ မတတ်နိုင်ပေ။
ထိုခုနှစ်ရောင်ခြယ်အလင်းအောက်မှ လွတ်မြောက်လိုလျှင် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲ ဝင်ပုန်းရမည့် နည်းလမ်းသာ ရှိသည်။
“ဒီမှာ” ရန်ကိုင်သည် ပျာယာခတ်မသွားဘဲ လမ်းကြောင်း တစ်ခုကိုသာ ညွှန်ပြပြီး ထိုနေရာသို့ ပြေးထွက်သွားလေသည်။
ကွေ့ဇူလည်း ရန်ကိုင်နောက်မှ အမြန် လိုက်သွားခဲ့သည်။
ခဏအကြာတွင် နှစ်ဦးသာ လေထဲရှိ တစ်နေရာတွင် ရပ်နေခဲ့ကြသည်။
“ဒီနေရာမှာ တကယ်ကြီး ဟင်းလင်းပြင်အက်ကြောင်း ရှိတာလား” တဖြည်းဖြည်း တိုးဝင်လာနေသည့် ခုနှစ်ရောင်ခြယ် အလင်းကိုကြည့်ရင်း ကွေ့ဇူက မေးလိုက်သည်။ ခုနှစ်ရောင် အလင်းသည် တစ်ခဏအတွင်း သူတို့ ရှိနေသည့် နေရာအား လွှမ်းခြုံသွားတော့မည် ဖြစ်သည့်အတွက် ကွေ့ဇူလည်း မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။
“တကယ်ရှိတာ” ရန်ကိုင်က ပြုံးလျက် “စီနီယာ စိတ်ပူမနေနဲ့။ ဂျူနီယာ ကိုယ့်အသက်နဲ့တော့ လောင်းကစားမလုပ်ပါဘူး။ ဒီအက်ကွဲကြောင်းက တော်တော်လေး ရှည်တယ်”
ရန်ကိုင်၏ ယုံကြည်ချက်အပြည့်ဖြင့် ပြောနေသဖြင့် ကွေ့ဇူလည်း ရန်ကိုင်ကို ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်၏။
မကြာမီ ခုနှစ်ရောင်ခြယ်အလင်း သူတို့အား ဖြတ်ကျော်သွားလေသည်။
ရန်ကိုင်မှ သတိပေးထားသည့်တိုင် ထိုကြောက်မက်ဖွယ်ရာ အလင်း သူတို့အား ဖြတ်သွားချိန် ကွေ့ဇူ နဖူးထက်မှ ချွေးသီးများ မိုးသီးမိုးပေါက်နှယ် စီးကျလာခဲ့လေသည်။
တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးချိန်မှစ၍ ဤမျှ သူ့အား ကြောက်လန့်အောင် လုပ်နိုင်သည့်အရာနှင့် မတွေ့ဖူးသေးချေ။
တိတ်ဆိတ်မှု ကြီးစိုးသွားခဲ့သည်။
ခုနှစ်ရောင်ခြယ်အလင်းသည် သူတို့ ရှိနေသည့် နေရာကို ကျော်ဖြတ်လာပြီးနောက် ဆေးတောင်ကြား၏ လက်ကျန်နေရာ တစ်ခုလုံးအား အလွန် လျင်မြန်သည့် အမြန်နှုန်းဖြင့် ဆက်လက် ပျံ့နှံ့သွားလေသည်။
ရန်ကိုင်နှင့် ကွေ့ဇူတို့ ရှိနေသည့်တွင် ခုနှစ်ရောင်ခြယ် အလင်းတို့ဖြင့် ပြည့်မနေသည့် ဆယ်မီတာအရှည်ရှိသော နေရာကွက် တစ်ခုရှိနေခဲ့သည်။ ခုနှစ်ရောင်ခြယ်အလင်းသည် ထိုနေရာကွက်ရှေ့သို့ ရောက်သည်နှင့် အဆုံးမဲ့ချောက်နက် တစ်ခုထဲသို့ စီးဝင်သွားသည့်နှယ် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။
ယခုမှပဲ ကွေ့ဇူ သက်ပြင်းချနိုင်တော့သည်။
ရန်ကိုင် ပြောသည့်အတိုင်းပင်။ ဤနေရာ၌ တကယ်ကြီး ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ရှိနေခဲ့သည်။ ဘေးနားတွင် ရပ်နေသည့်တွင်သာ ထိုအက်ကွဲကြောင်းကို ကွေ့ဇူ အာရုံမခံနိုင်ခဲ့ချေ။ သို့သော်လည်း ပျောက်ကွယ်သွားသော ခုနှစ်ရောင်ခြယ်အလင်းသည် ထိုအက်ကွဲကြောင်း၏ တည်ရှိမှုကို သက်သေပြပေးနေခဲ့သည်။
ရန်ကိုင်အားကြည့်ရင်း ကွေ့ဇူ မျက်ဝန်းထဲ ရှုပ်ထွေးသည့် အလင်းရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။
သူသည်လည်း လေဟာနယ်တာအိုကို လေ့လာဖူးသည့်အတွက် လေဟာနယ်တာအိုကို ကျွမ်းကျင်ရန် မည်မျှ ခက်ခဲကြောင်း နားလည်ပေသည်။ နှစ်နှစ်ထောင်ကျော် လေ့လာခဲ့သည့်တိုင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မကျွမ်းကျင်သည်ကို ကြည့်ရင် သိနိုင်ပေသည်။ သို့ရာတွင် ရန်ကိုင်ကမူ သူ့လောက်မှ မကျင့်ကြံရသေးသည့်တိုင် လေဟာနယ်တာအိုကို ဤမျှ အဆင့်မြင့်မြင့် နားလည်နေ၏။ လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ ပါရမီကိုကြည့်ရင်း ကွေ့ဇူ သူ့ကိုယ်သူ နိမ့်ကျသလိုပင် ခံစားသွားရလေသည်။
ထို့အပြင် သူတို့ စတွေ့စဉ်က ရန်ကိုင်သည် သူတော်စင် ပထမအဆင့်သာ ရှိသေးသော်လည်း ယခု နောက်တစ်ကြိမ် ပြန်တွေ့သည့်အခါ ထိုကောင်လေးသည် တန်ခိုးရှင်တတိယ အဆင့်သို့ ရောက်နေခဲ့လေပြီ။ ရန်ကိုင်၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ အလွန်ကိုမှ မြန်လွန်းပေသည်။
မနှောင်းသောအနာဂတ်အတွင်း ရန်ကိုင်သည် ကြယ်စီရင်စုထဲ အထွန်းတောက်ဆုံးသော ပါရမီရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု ကွေ့ဇူ တွေးလိုက်လေသည်။