ငါ့ကိုယ်ငါ ကြည့်နေရတဲ့အတိုင်းပဲ
Vol. 6 Ch. 531
ပိုင်ရှောင်ချန်းမှာ ဖြေးညင်းစွာဖြင့် ဟီရတစ် ကိုမော့ကြည့်လိုက်ပြီး မေးလိုက်သည်။
" ငါ့အဖွဲ့ထဲကကောင်ကို မင်းကဘာလို့ သတ်ဖို့ကြိးစားနေတာလဲ။ "
သူသည် ရွှေရောင် ချပ်ဝတ်တန်ဆာကြီးကိုဆင်မြန်းထားသည့်အတွက် အလွန် အံ့သြဖွယ်ရာကောင်းနေသည်။
ဟီရတစ် မှာ ပိုင်ရှောင်ချန်းကိုကြည့်ရင်း မျက်လုံးအိမ်များပင် ကျဥ်းမြောင်းသွားရတော့သည်။ ပိုင်ရှောင်ချန်း၏နောက်ရှိ ကျင့်ကြံသူအယောက်ငါးထောင်ကျော်ကြောင့်သာမက သူပြသခဲ့သည့် လျင်မြန်လှသော အမြန်နှုန်းကြီးနှင့် ဝှက်ဖဲကို အလွယ်တကူ ဖျက်စီးခဲ့သည့် အချင်းအရာကြီးကြောင့် ဟီရတစ်၏ စိတ်နှလုံးထဲတွင် တုန်ခါမှု လှိုင်းများပင် ရိုက်ခတ်နေရတော့သည်။
သူမြင်နေရသည်များကို မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ ဟီရတစ် သည် ရှင်းကုန်ကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့် များအနက် အဆင့်နှစ်နေရာတွင် ရှိသည်ဖြစ်ပြီး ပိုင်ရှောင်ချန်းမှာ အဆင့်တစ်ဆယ် နေရာတွင်သာ ရှိသည် မဟုတ်ပါလော။ နှစ်အနည်းငယ်အတွင်း ဤကဲ့သို့ များစွာပြောင်းလဲသွားမှုကြီးကြောင့် ဟီရတစ် မှာ အလွန်အမင်း အံ့အားသင့်နေရပြီဖြစ်သည်။
အသက်ရှူကြိမ် အနည်းငယ်မျှ ကြာပြီးနောက် ဟီရတစ် က အံကြိတ်ကာ ဆိုလိုက်သည်။
" သူက ငါ့ဆီက အဲဒီဝိညာဥကြို ခိုးယူသှားတာကှ။ "
" အဓိပ္ပါယ်မရှိတာ။ " နတ်ဆရာက ပြန်အော်ပြောလိုက်သည်။
" မင်းကမှ ငါ့ဆီကနေ လုယူဖို့ ကြိုးစားနေတာလေ။ ခေါင်းဆောင်လေးရေ။ အဲဒီဝိညာဥ်ကို ကျွန်တော်အရင်မြင်တာပါ။ ခေါင်းဆောင်လေးကို လက်ဆောင်ပေးဖို့တောင် ကျွန်တော်က တွေးနေတာဗျ။ "
ထိုသို့ဆိုကာ သူ၏အလံထဲမှ ဝိညာဥ်တစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏စိတ်နှလုံးထဲတွင် ခံစားနေရသည့် နာကျင်မှုကြီးကို ချုပ်တည်းကာ ပိုင်ရှောင်ချန်းကို ပေးလိုက်တော့သည်။
" မင်း "
ဟီရတစ် မှာ အေးစက်နေသည့် မျက်ဝန်းများဖြင့် ကြိမ်းဝါးလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ ခေါင်းခဲနေရပြီဖြစ်သည်။ မည်သူက မည်သူ့ထံမှ ခိုးယူသည်ကို သေချာဆုံးဖြတ်ရန်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် ယင်ယန်ဝိညာဥ်အဆင့်ရှိသော ဝိညာဥ်တစ်ခုအတွက် ထိုနှစ်ယောက်မှာ ရန်ဖြစ်နေရသည်ကိုကြည့်၍ သူက သက်ပြင်းသာချနိုင်တော့သည်။
" ဒီလို ဝိညာဥ်မျိုးလေးအတွက် ရန်တွေဖြစ်နေရတာ တန်ရောတန်လို့လားကွ "
ပိုင်ရှောင်ချန်းက ထိုသို့ဆိုကာ လက်ကိုခါယမ်းလိုက်ပြီး သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်သောအခါ ယင်ယန်ဝိညာဥ်အဆင့်ရှိသော ဝိညာဥ်အကောင်တစ်ရာကျော် ပျံထွက်လာသည်။
နတ်ဆရာနှင့် ဟီရတစ် မှာထိုမြင်ကွင်းကြောင့် အသားများပင် တုန်ရီသွားရပြီး အသက်ရှူသံများပင် မြန်လာရတော့သည်။
" အ...အများကြီးပါလား။ "
" ဘုရား ဘုရား "
သူတို့၏ အမူအရာများကြောင့် ပိုင်ရှောင်ချန်းမှာ ကျေနပ်သွားသည်။ ထို့နောက် မပြုံးချင်ပြုံးချင်လုပ်ကာ ဆုံးမသည့်လေသံဖြင့် ဆိုလိုက်လေသည်။
" မင်းတို့က တစ်ဂိုဏ်းထဲသားချင်း ရောင်းရင်းတွေလေ။ ဒီလို ရန်ဖြစ်နေတာ ဘာအဓိပ္ပါယ်ရှိလဲ။ ဝိညာဥ်လေးတစ်ကောင်ထဲကိုကွာ။ ဒီမှာ ဒီဝိညာဥ်အကောင် တစ်ရာကို မင်းတို့ တစ်ယောက်တစ်ဝက်ခွဲယူလိုက်ကြ။ "
နတ်ဆရာမှာ အော်ဟစ်လိုက်ပြီး ဝိညာဥ်များကို စတင်ဖမ်းယူလိုက်တော့သည်။ သူသည် ဝိညာဥ်တစ်ကောင်ထဲနှင့်ပင် အရူးအမူးဖြစ်ရလောက်အောင် မွဲတေနေသည် ဖြစ်၍ ယခုသူ၏ရှေ့တွင်ဝဲပျံနေသည့် ပမာဏကြီးကြောင့် မည်သည့်နည်းနှင့်မျှ ထိန်းမနိုင်တော့ချေ။ အကောင်ရေ တစ်ဝက်တိတိကို ယူပြီးနောက် အခြားတစ်ဝက်ကို သူက လောဘများဖြင့်ကြည့်နေသေးပါသော်လည်း မထိရဲပေ။ ပိုင်ရှောင်ချန်းနားသို့ ပြေးသွားပြီး သူက ဆိုလိုက်သည်။
" နောက်ဆုံးတော့ ခေါင်းဆောင်လေးကို ရှာတွေ့ခဲ့ပြီဗျာ။ "
သူ၏ စကားသံထဲတွင် ငိုကြွေးသံအနည်းငယ်ပင် ပါလာတော့သည်။
" ကျွန်တော်တို့ အတူမရှိတုံး ကျွန်တော့်အခြေအနေတွေဆိုးရွားပုံကို ပြောပြရင် ခေါင်းဆောင်လေး ယုံမှာတောင်မဟုတ်ပါဘူးဗျာ။ "
သူ၏ ပုံစံအရ သူသည် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ပိုင်ရှောင်ချန်းနှင့် မခွာတန်း နေတော့မည်ဟု ဆုံးဖြတ်ထားပုံရသည်။
ဤအချိန်တွင် ပိုင်ရှောင်ချန်း၏ စစ်သားအယောက်ငါးထောင်မှာ သူတို့ကိုဝန်းရံထားပြီး ဖြစ်သည်။
" အေးပါ ရပါပြီ။ "
သူက မျက်မှောက်ကြုတ်ကာ ဆိုလိုက်သည်။
" မင်းငါ့ကိုထားသွားတုံးက ဒီလိုမျိုး အမူအရာ မဟုတ်ပါဘူး။ ထားပါ ငါက အငြိုးအတေးမထားတတ်တဲ့လူဆိုတော့ မင်းကိုငါ့ရဲ့နောက်လိုက် ဖြစ်ခွင့်ပေးပါ့မယ်။ "
ထိုသို့ဆိုကာ သူက ထွက်ခွာရန်ပြင်လိုက်သည်။
နတ်ဆရာမှာ စိတ်နှလုံး လှုပ်ရှားသွားပြီး ပိုင်ရှောင်ချန်း၏ နောက်သို့ ချက်ချင်းပြေးလိုက်သွားသည်။ ဤအချိန်တွင်မူ ပိုင်ရှောင်ချန်း အပေါ်ထားသည့် သူ၏လေးစားကြည်ညိုမှုများမှာ မြစ်ကြီးတစ်စင်းကဲ့သို့ ဒလဟောစီးဆင်းနေပြီဖြစ်သည်။ ကုံမြို့တော်တွင် ရှိခဲ့စဥ်က ပိုင်ရှောင်ချန်း နာမည်ကျော်ကြားလာရခြင်းမှာ ကံကောင်း၍သာဖြစ်သည်ဟု သူက ယုံကြည်ခဲ့သည်။ သို့သော် မြေရိုင်းဒေသထဲတွင်မူ စစ်ဦးစီးမှူး တစ်ယောက် ဖြစ်နေပြီဖြစ်သဖြင့် နတ်ဆရာမှာ အလွန်အမင်း အံ့အားသင့်နေရပြီဖြစ်သည်။ သူ၏တစ်ဘဝလုံးစာ ပိုင်ရှောင်ချန်းကို စွန့်ခွာမသွားရန်ပင် သစ္စာဆိုလိုက်ပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ လူများထဲတွင် စုန့်ချွဲကိုမြင်လိုက်ရသောအခါ သူက သတိကြီးကြီး ထားလိုက်တော့သည်။ ကုံမြို့တော်တွင် ရှိခဲ့စဥ်က ပိုင်ရှောင်ချန်း နောက်သို့ ပထမဆုံးပြန်လိုက်ခဲ့သည့်သူမှာ နတ်ဆရာဖြစ်ခဲ့သဖြင့် သူသည် မယုံကြည်နိုင်လောက်အောင် အကျိုးထူးများ ခံစားခဲ့ရသည်။ သို့သော် ယခုတွင်မူ သူက ဒုတိယမြောက်လူဖြစ်နေသဖြင့် စုန့်ချွဲကို သူ၏အဓိက ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်တော့သည်။
ဟီရတစ် က သူ့ကိုမည်သူမျှ အဖက်မလုပ်သည်ကို သိလိုက်ရသောအခါ အသားများတဆတ်ဆတ် တုန်လာတော့သည်။ လေထဲတွင် ဝဲပျံနေသည့် ဝိညာဥ်များကြောင့် ပို၍ပင်ဆိုးနေတော့သည်။ သူ၏ မိမိကိုယ်ကို တန်ဖိုးထားမှုကြီးကို အလွန်အမင်း စော်ကားရာ ကျပေသည်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဝိညာဥ်များကို လျစ်လျှူရှုကာ ပိုင်ရှောင်ချန်းဘက်သို့ လှည့်လိုက်သည်။
" ပိုင်ရှောင်ချန်း " သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ချက်ချင်းပင် ပိုင်ရှောင်ချန်း၏ တပ်သား အယောက်ငါးထောင်မှာ သူ့ကို အေးစက်စက်အကြည့်များဖြင့် ဝိုင်း၍ကြည့်လိုက်ကြတော့သည်။ ဟီရတစ် မှာ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲရိုက်ခံလိုက်ရသကဲ့သို့ တောင့်သွားသော်လည်း အံကြိတ်ကာ ဆက်ပြောလိုက်သည်။
" ငါ မဟာတံတိုင်းမြို့တော်မှာ တပ်သားတစ်ယောက်အဖြစ် စာရင်းပေးချင်တယ်။ "
ဟီရတစ် ၏မျက်ဝန်းထဲရှိ တောက်ပနေသည့် ပြတ်သားမှုများကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ လွန်ခဲ့သည့်နှစ်များစွာက မဟာတံတိုင်း၏ ဘေးဘက်တံခါးပေါက်မှ ထွက်ခွာရန် ပြင်နေသည့် သူ့ကို ပိုင်လင်းတစ်ယောက် တည်ကြည်မှုအပြည့်ဖြင့် သြဝါဒခြွေခဲ့သည်များကို ပြန်၍အမှတ်ရသွားတော့သည်။
ထိုစဥ်က သူသည် ဂိုဏ်းအတွက် သွေးမြေကျအောင်ပင် ထမ်းဆောင်လိုသည့်အလား စိတ်ဓာတ်ပြင်းထန်ခဲ့သဖြင့် ပြန်တွေးမိလိုက်သောအခါ သက်ပြင်းသာချနိုင်တော့သည်။
" အဲဒီတော့ " သူက စိတ်ထဲတွင် ကြိတ်၍ ကျေနပ်နေတော့သည်။
" ကြည့်ရတာ ဟီရတစ် နဲ့ငါက ပုံစံတူတူပဲ။ ငါတို့နှစ်ယောက်လုံးက တရားမျှတမှုနဲ့ မှန်ကန်ဖြောင့်မတ်မှုအတွက် ကိုယ်ကျိုးစွန့်ဖို့ အဆင်သင့်ဖြစ်နေတဲ့ လူမျိုးပဲ။ "
သူ၏ စိတ်နှလုံးမှာ ပျော့ပြောင်းလာသော်လည်း သူ၏အကြည့်များမှာ ပို၍စူးရှလာတော့သည်။
ထိုနေ့က ပိုင်လင်း၏ ပုံစံကို ပြန်တွေးရင်း သူက မေးငေါ့ကာ လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ ရွှေရောင်တဖိတ်ဖိတ် တောက်ပနေသည့် ချပ်ဝတ်တန်ဆာကြီးနှင့် တောက်ပစွာ လင်းလက်နေသည့် မျက်ဝန်းများဖြင့် သူက ဟီရတစ် ကို သေချာစိုက်ကြည့်လိုက်သည်။
" မင်းတကယ်ပဲ အရေခွံဆုတ်တပ်ထဲကို ဝင်ချင်တာလား။ "
သူက ပိုင်လင်း၏လေသံအတိုင်း အတတ်နိုင်ဆုံးတူအောင်ကြိုးစားကာ မေးလိုက်သည်။ သူ၏ လေသံမှာ မရွှင်မပျဖြစ်နေပါသော်လည်း မငြင်းဆန်နိုင်သည့် ဖိအားကြီးတစ်မျိုးပါဝင်နေသည်။ ထိုအသံကို ကြားလိုက်ရသူတိုင်း အတွင်းစိတ်ထဲတွင် တုန်ရီသွားရမည်သာဖြစ်သည်။
ထိုအခါ ဟီရတစ် က ချက်ချင်းပင် ကျယ်လောင်စွာပြန်ဖြေလိုက်သည်။
" ကျွန်တော် "
သို့သော် သူ၏စကားမဆုံးခင်မှာပင် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများက ပို၍လင်းလက်စွာ တောက်ပလာသည်။
" မင်းအဖြေမပေးခင် သေချာစဥ်းစားနော်။ " သူက တည်ကြည်သောလေသံဖြင့် စကားဖြတ်ပြောလိုက်သော်လည်း သူ၏စကားသံများမှာ မိုးခြိမ်းသံများအလား ပဲ့တင်ထပ်နေဆဲပင်။
ဟီရတစ် မှာ အသက်ရှူသံများပင် အနည်းငယ် မြန်လာပြီး အံကိုကြိတ်ကာ ဖြေလိုက်တော့သည်။
" ကျွန်တော် တကယ် စာရင်းပေးချင်တာပါ။ "
" မင်းက ဟိုးအရင်တုံးက ငါနဲ့ တစ်ပုံစံထဲပဲ။ ကောင်းပြီလေ။ အရေခွံဆုတ်တပ်ရဲ့ တပ်ရင်းအမှတ်သုံးက စစ်ဦးစီးမှူး တစ်ယောက်အနေနဲ့ ငါအလိုရှိတဲ့လူတိုင်းကို စစ်တပ်ထဲ ခေါ်ခွင့်ရှိတယ်။ အခုကစပြီး မင်းက ငါ့တပ်သားတွေထဲက တစ်ယောက်ဖြစ်သွားပြီ။ "
ထိုသို့ဆိုကာ သူက အင်္ကျီလက်ကို ခါယမ်းလိုက်သည်။
" မင်း ငါးနှစ်တိတိ တာဝန်ထမ်းဆောင်ရမယ်။ မင်းတစ်နှစ်လစာက ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ရခဲ့တဲ့လစာထက် နှစ်ဆပိုရမယ်။ အခြားဆုလာဒ်တွေကိုတော့ တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေကိုသုံးပြီး ရယူနိုင်မယ်။ "
" ပြီးတော့ မင်းသာ စစ်ဦးစီးမှူး တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ တိုက်ပွဲစွမ်းဆောင်မှုရမှတ် အလုံအလောက်ရှိပြီဆိုရင် မင်းကြိုက်တဲ့လူတိုင်းကို အရေခွံဆုတ်တပ်ထဲကို ခေါ်လို့ရပြီ။ "
ထို့သိုရှင်းပြလိုက်ပြီး သူက ဟီရတစ် ကို အဓိပ္ပါယ် ပါပါကြည့်လိုက်သည်။ သူစစ်တပ်ထဲသို့ အသွင်းခံခဲ့ရစဥ်က ပုံစံအတိုင်း ဟီရတစ် ကတစ်ပုံစံထဲဖြစ်နေသည်ကိုကြည့်၍ ကျေနပ်နေတော့သည်။
" ငါလည်း အဲဒီတုံးက သူပုံစံအတိုင်းပဲ နေမှာ။ "
သူက စိတ်ထဲတွင် တွေးလိုက်သည်။
" အားအပြည့် မာန်အပြည့်နဲ့။ အထူးခြားဆုံး လက်ရွေးစင်တစ်ယောက် ဖြစ်ခဲ့တာပေါ့ကွာ။ "
ထို့နောက် သူ၏ အမှတ်တရများထဲတွင် မျောလွင့်နေသည်ကို ပြန်လည် ချုပ်တည်းလိုက်ပြီး တပ်ရင်းအမှတ်သုံးကို အဝေးသို့ ဦးဆောင်သွားတော့သည်။
လမ်းတစ်လျှောက်တွင် စစ်တပ်တစ်ခုလုံးမှာ ကမ္ဘာမြို့တော် သို့သွားခဲ့တုံးကထက်ပင် ပို၍လျင်မြန်သော အမြန်နှုန်းဖြင့် သွားနေကြသည်။ ပိုင်လင်းမှာ တတ်နိုင် သမျှ အမြန်ဆုံးပြန်လာရန် အမိန့်ပေးထားသည် မဟုတ်ပါလော။ ထို့ကြောင့် ရက်အနည်းငယ်အတွင်းတွင် တံတိုင်းကြီးကို လှမ်းမြင်လိုက်ရတော့သည်။ ချက်ချင်းပင် မိန်းမပျိုတစ်ဦး၏ မျက်နှာပုံစံရှိသည့် ကြောက်မက်ဖွယ် သွေးရောင်တိမ်တိုက်ကြီးတစ်ခုကို တံတိုင်း၏ အခြားတစ်ဖက်တွင် မြင်တွေ့လိုက်ရသည်။
သူမသည် အလွန်လှပပါသော်လည်း အလွန်တရာ တည်ကြည်နေပြီး သူမကိုယ်သူမ အခြားသက်ရှိများ၏ အပေါ်တွင်ရှိကြောင်း သတ်မှတ်ထားသည့် ပုံစံပေါ်နေသည်။ သူမမှာ အထက်ကောင်းကင်ကြီးနှင့် တစ်ခုထဲဖြစ်နေသည့်ပုံစံပေါ်နေပြီး နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ် အခိုးအငွေ့များကို ထုတ်လွှတ်နေသည်။
ထိုမိန်းမပျိုမှာ မဟာတံတိုင်းကြီး၏ သေမိန့်ကျစာရင်းထဲတွင် နံပါတ်တစ်နေရာကို ယူထားသော သခင်မလေး ဟုန်ချိန် ဖြစ်သည်။
သခင်မလေးဟုန်ချိန် နှင့် တိုက်ခိုက်နေသူမှာ မျက်စိသုံးလုံးပါသော ချိန်ဟဲ့ထျန်ဖြစ်သည်။ သူတို့၏တိုက်ပွဲကြောင့် ပေါက်ကွဲသံများနှင့် ထစ်ချုန်းသံများစွာတို့မှာ အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေကြသည်။ ထိုစဥ် မြေပြင်ပေါ်တွင် အဆုံးမဲ့လောက်အောင် များပြားလှသော လူ့ဘီလူးကြီးများနှင့်တကွ ဝိညာဥ်ကျင့်ကြံသူများနှင့် အောက်လမ်းဆရာများကို မြင်နိုင်သည် ။
မန္တန်အစီအရင်ဒိုင်းကာကြီးမှာ တံတိုင်းကြီးကို ကာကွယ်ပေးနေပါသော်လည်း တံတိုင်းအခြားဖက်ရှိ တိုက်ပွဲကြီး၏ တုန်ခါမှုများကို အနည်းငယ် ခံစားမိနိုင်သေးသည်။ ကြောက်မက်ဖွယ် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသည်မှာ အသေအချာပင်။
အကာအကွယ် ဒိုင်းကာကြီးက တုန်ရီနေပြီး စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများမှာ မန္တန်အစီအရင်များအလိုက် စုဝေးသွားကြပြီး တန်ပြန်တိုက်ကွက်များ တရစပ် ထုတ်နေကြသည်။ စစ်ပွဲသုံး ဘီးတပ်ရထားများနှင့် မှော်အမြှောက်များမှ အလင်းတန်းများ ပျံထွက်လာကြပြီး တိုက်ပွဲကြီးထဲတွင် အကြီးအကျယ် ဖျက်စီးနေကြတော့သည်။
မျက်လုံးကြီးမှာလည်း တိုက်ပွဲထဲတွင် ပါဝင်နေသည်။ မြေရိုင်းတပ်သားများမှာ စုစည်းမိသွားကြပြီး ပြန်းထန်သော တိုက်စစ်တစ်ခုဆင်လာတိုင်း သူတို့မှာ တံတိုင်းကြီးဆီသို့ မရောက်မီ ချေမှုန်းခံလိုက်ရသည်သာ ဖြစ်သည်။
တံတိုင်းကြီးမှ ခပ်လှမ်းလှမ်းနေရာတစ်ခုတွင် ဧရာမလေပွေကြီး သုံးခုရှိပြီး ထိုလေပွေများထဲမှ မရေမတွက်နိုင်သော လူ့ဘီလူးများစွာ ပေါ်ထွက်လာနေသည်။
သို့သော် ဝိညာဥ်များမှာ တစ်ကောင်တစ်လေပင် မပါကြပေ။
မြေရိုင်းဒေသမှာ ဝိညာဥ်စုစည်း ဆေးလုံးများကို တုံ့ပြန်နိုင်မည့် နည်းလမ်းကို မတီထွင်ရသေးသဖြင့် လူ့ဘီလူးများစွာ ပါဝင်သည့် စစ်တပ်ကြီးများကိုသာ အားကိုးနေရသည်။
ဖြစ်ပျက်နေသည်များကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ စစ်ဦးစီးမှူး တစ်ယောက်ဖြစ်နေသည့်အတွက် ရန်သူကိုကြောက်လန့်နေ၍မရသဖြင့် အံကြိတ်ကာ အော်ဟစ်လိုက်သည်။
“ အမှတ်သုံးတပ်ရင်း။ တံတိုင်းကြီးဆီကို ချက်ချင်း ချီတက်ကြ။ "
ပိုင်ရှောင်ချန်းက အော်ဟစ်ကာ တပ်ရင်းအမှတ်သုံးကို ဦးဆောင်သွားသောအခါ နတ်ဆရာနှင့် ဟီရတစ် မှာလည်း ရင်တထိတ်ထိတ်နှင့် လိုက်ပါသွားတော့သည်။ နတ်ဆရာ၏ မျက်လုံးများမှာ ပန်းကန်ပြားကဲ့သို့ ပြူးကျယ်နေပြီး ဒူးများပင် တုန်နေသည်။ ဤနေရာ၏ အန္တရာယ်ကြီးမားလှပုံကို မြင်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းနောက်သို့ လိုက်ရန် သစ္စာဆိုခဲ့မိသည်ကို သူကနောင်တများပင် ရလာတော့သည်။ သို့သော် သူထွက်ခွာချင်လျှင်တောင် ပိုင်ရှောင်ချန်းက ခွင့်ပြုမည်မဟုတ်သည်ကို သူကသိသောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်တော့သည်။
ဟီရတစ် မှာမူ အသက်ရှူသံများမြန်နေပြီး မျက်ဝန်းထဲတွင် အားမာန်များတောက်လောက်နေတော့သည်။ တိုက်ပွဲကြီးထဲတွင် ဝင်ရောက်တိုက်ခိုက်ရတော့မည့် ခံစားချက်ကြောင့် သူ၏သွေးများမှာ ဆူပွက်လာသည့်အလားပင်။
ပိုင်ရှောင်ချန်းမှာ ခဏအကြာတွင် သူ၏တပ်သားများကို ဘေးဖက်တံခါးမှ ခေါ်ဆောင်သွားတော့သည်။ ထို့နောက် သူတို့မှာ မဟာတံတိုင်းမြို့တော်ထဲသို့ ရောက်ရှိသွားပြီဖြစ်ပြီး တံတိုင်းကြီးဆီသို့ ချီတက်နေတော့သည်။
ဤတိုက်ပွဲတွင် ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်ပေါ်နေသည်။ မြေရိုင်းတပ်ဖွဲ့များက အမုန်း ဝိညာဥ်များကို အသုံးမပြုသဖြင့် စစ်တပ်ငါးတပ်၏ ဝိညာဥ်စုစည်း ဆေးလုံးများမှာ အသုံးမဝင်ဖြစ်နေရသည်။ ထို့အပြင် ပေါက်ကွဲနေသည့် ဆေးပေါင်းဖိုများမှာလည်း အတိုင်းအတာတစ်ခုထိသာ အသုံးပြုနိုင်သည်ဖြစ်ပြီး ဤတိုက်ပွဲကြီးမှာ ကြီးမားလွန်းလှသည့်အတွက် ထိုဆေးပေါင်းဖိုများမှာ ထိရောက်မှုအများကြီး မပေးစွမ်းနိုင်ပေ။
သို့သော် ဧရာမ ဆေးပေါင်းဖိုကြီးများမှာ မဟာတံတိုင်းမြို့တော်ထဲတွင် ပိုင်ရှောင်ချန်း၏ ပင်မစွမ်းအားများဖြစ်နေသေးသည်။ ဝိညာဥ်များစုဆောင်းခြင်းကြောင့် သူကအလုပ်ရှုပ်နေခဲ့ရပါသော်လည်း သူ၏ဆေးပေါင်းဖိုများနှင့် ပတ်သတ်သည့် အလုပ်များကို သူကမရပ်တန့်ခဲ့ပေ။ ထို့ကြောင့် ဤတိုက်ပွဲတွင် ပိတ်လှောင်ထားသည့် ဆေးပေါင်းဖိုအချို့ပေါ်လာသည်မှာ သဘာဝကျပေသည်။
ပေါက်ကွဲသံများနှင့်အတူ သနားစဖွယ်အော်ဟစ်သံများ ထွက်ပေါ်လာကြသည်။ သို့သော်လည်း ဆေးပေါင်းဖို ပမာဏမှာ အနည်းငယ်သာရှိသဖြင့် လျင်မြန်စွာပင် ကုန်သွားရတော့သည်။
မြေရိုင်းဒေသမှာ ဤတိုက်စစ်အတွက် သေချာပြင်ဆင်ခဲ့သည်။ လေပွေသုံးခုထဲမှ လူ့ဘီလူးများစွာ ပေါ်ထွက်လာနေကြသည့်အတွက် မျိုးနွယ်စုပေါင်း တစ်ရာကျော် ပါဝင်နေသည်မှာ ထင်ရှားပေသည်။
တိုက်ခိုက်နေသည့် လူ့ဘီလူးကြီးများမှာ အကောင်ရေ တစ်သန်းအထက် ရှိပေသည်။ လူ့ဘီလူးများစွာမှာ မန္တန်အစီအရင် ဒိုင်းကာကြီးကို ချိုးဖျက်ရန် သူတို့ကိုယ်သူတို့ဖောက်ခွဲဖို့ရာ တွန်ဆုတ်မနေကြပေ။