← Chapters

အခန်း (၁၇၈၁-၁၇၈၅)

Vol. 72 Ch. 1781-1785

အခန်း (၁၇၈၁-၁၇၈၅)

Vol. 72 Ch. 1781-1785

အပိုင်း (၁၇၈၁)

ကျိလုန်နှင့် ကျိတုန် စကားပြောနေသည့်အချိန်တွင် ရန်ကိုင်သည် ဆေးရနံ့ သိပ်သည်းနှုန်းပေါ် အခြေခံပြီး ဆေးပင်၏ တည်နေရာကို မှန်းဆပြီးနေလေပြီ။

ဆေးတောင်ကြားထဲတွင် အချိန်အတော်ကြာအောင် နေထားပြီး အမျိုးမျိုးသော ဆေးပင်များကို စုဆောင်ထားပြီးပြီ ဖြစ်သဖြင့် ဤကိစ္စမှာ သူ့အတွက် သိပ်မခက်ချေ။ ထို့အပြင် ရန်ကိုင်သည် ဆေးပင်များနှင့် ပက်သက်လျှင် အတွေ့အကြုံရှိသည့် ဆေးပညာရှင်တစ်ဦးလည်း ဖြစ်နေသည်။

ကံကောင်းစွာဖြင့် ထိုဆေးပင်များသည် သူနှင့် အနီးဆုံးတွင် ရှိနေ၏။ ကျိတုန်နှင့် ရှုဝေတို့အတွက်မူ ကံမကောင်းစွာဖြင့် ဆေးပင်ဆီသို့ သူတို့ သွားသည့်လမ်းကြောင်း၌ ဟင်းလင်းပြင် အက်ကွဲကြောင်းများစွာ ရှိနေခဲ့လေသည်။ ရန်ကိုင်မှ ဆေးပင်ဆီသို့ အလွယ်တကူ တန်းသွား၍ ရသော်လည်း ကျိလုန်နှင့် ရှုဝေကမူ ဟင်းလင်းပြင်အက်ကြောင်းများကို ဖြတ်ကျော်ရင်း အလုပ်ရှုပ်ရဦးပေမည်။

ထိုသို့ တွေးလိုက်မိသည့်အခါ ရန်ကိုင်သည် အရှိန်ထပ်၍ တင်လေသည်။

ရုတ်တရက် ရန်ကိုင်က နှာခေါင်းတစ်ချက်ရှုံ့လျက် အံ့အားသင့်နေသည့် လေသံဖြင့် “တစ်မျိုးတည်း မဟုတ်ပါလား”

သူသွားနေသည့် ဘက်တွင် ဆေးပင် တစ်မျိုးတည်းမက ရှိနေကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် အစောပိုင်းက ဆေးရနံ့ကို သိသိသာသာ အမျိုးအစား မခွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

လှမ်းကြည့်လိုက်သည့်အခါ တောင်းကုန်း တစ်ဖက်တစ်ချပ်၌ ခရမ်းပြာရောင်ရှိသော ပန်းငါးပွင့် ပွင့်လန်းနေသည်ကို တွေ့လိုက်ရ၏။ ပန်းတစ်ပွင့်စီတိုင်းသည် ကလေးလက်ဝါးအရွယ် ရှိပြီး ပွင့်ချပ်ကိုးချပ် ကိုယ်စီ ရှိကြသည်။

ပန်းငါးပွင့်နောက်တွင်တော့ ဧရာမသားရဲကြီး၏ ပါးစပ်ပေါက်တစ်ခုအလား ထင်မှတ်ရသော ဧရာမ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီး ရှိနေခဲ့သည်။

“အဲ့ဒါတွေက…” ရန်ကိုင် မျက်လံးမှေးစဉ်းသွား၏။ ထို့နောက် ချက်ချင်း ထအော်လေသည် “ဥာဏ်အလင်းပွင့်ပန်းတွေ”

ထိုပန်းများသည် ကွေ့ဇူပြောသည့် ဥာဏ်အလင်းပွင့်ပန်းများ ဖြစ်ကြပေသည်။

ကွေ့ဇူသည် ခြေချော်ပြီး ဆေးတောင်ကြားဆီသို့ ရောက်လာကာ ဆေးတောင်ကြား၏ အပြင်ဘက်ပိုင်းတွင် ပေါက်နေသော ဥာဏ်အလင်းပွင့်အချို့ကို ခူးနိုင်ခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ဤနေရာ မည်မျှ အဖိုးတန်ကြောင်း ကွေ့ဇူ သဘောပေါက်သွားခဲ့ရသည်။ သို့သော် ဟင်းလင်းပြင် အက်ကွဲကြောင်းများကြောင့် တောင်ကြား အတွင်းပိုင်းကို သူတစ်ယောက်တည်း မစူးစမ်းရဲခဲ့ပေ။ သို့ပင်လျှင် ဥာဏ်အလင်းပွင့်ပန်းများ ရလိုက်သည့်အပေါ် သူအတော်လေး ကျေနပ်ခဲ့ရသည်။ ဥာဏ်အလင်းပွင့်ပန်းများသည် သိုင်းတာအိုနှင့် ကောင်းကင်လမ်းစဉ်ကို နားလည်သဘောပေါက်အောင် ဆင်ခြင်ရာတွင် ကူညီပေးနိုင်သည် မဟုတ်လော။ ထိုဆေးပင်များသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ အတွက်ပင် အလွန်အဖိုးတန်သည့် ရတနာများ ဖြစ်ကြသည်။

ပန်းပွင့်ပေါ်ရှိ ပွင့်ချပ်တစ်ချပ်ပင်လျှင် အလွန် အကျိုးထူး၏။

ဥာဏ်အလင်းပွင့်ပန်းများသည့် သက်တမ်းအပေါ် မူတည်၍ ပုံစံအမျိုးမျိုး ကွဲပြားသွားကြသည်။ နှစ်သုံးရာ မပြည့်သေးခင်ထိ ဥာဏ်အလင်းပွင့်ပန်းများသည် လုံးဝ အပွင့်မပွင့်ကြချေ။ စစချင်း ပွင့်သည့်အခါ ပွင့်ချပ်သုံးချပ်နှင့် ပွင့်၏။ နှစ်တစ်ရာကြာတိုင်း ကြာတိုင်း ပွင့်ချပ်တစ်ချပ်စီ တိုးလာ၏။

ပွင့်ချပ်ကိုးချပ်သည် အမြင့်ဆုံးဖြစ်သည်။ ပွင့်ချပ်ကိုးချပ်ပါသည့် ဥာဏ်အလင်းပွင့်ပန်းသည် အနည်းဆုံး နှစ်ကိုးရာ သက်တမ်းရှိပေသည်။

ပွင့်ချပ်ကိုးချပ် ပေါ်လာပြီးနောက်တွင် ပွင့်ချပ်များ ထပ်တိုးမလာတော့ဘဲ အရောင်သာ တဖြည်းဖြည်းချင်း ပြောင်းလဲတော့၏။

ဥာဏ်အလင်းပွင့်ပန်းများ၏ မူလအရောင်သည် အဖြူရောင် ဖြစ်သည်။ ထိုမှတစ်ဆင့် အနီတောက်ရောင်၊ သွေးနီရောင်နှင့် နောက်ဆုံး ခရမ်းရောင်သို့ ပြောင်းလဲကြ၏။

တစ်ကြိမ်တစ်ကြိမ် ပြောင်းလဲရန်အတွက် နှစ်ပေါင်းများစွာ ကြာပြီး ပွင့်ချပ်တစ်ချပ် တိုးလာဖို့ထက်ကို ပိုခက်ပေသည်။

လက်ရှိ ရန်ကိုင်ရှေ့တွင် ရှိနေသော ဥာဏ်အလင်းပွင့်ပန်း ငါးပွင့်သည် ခရမ်းရောင်ဖြစ်နေလေပြီ။ တစ်နည်းဆိုရသော် ထိုဥာဏ်အလင်းပွင့်ပန်းများ၏ သက်တမ်းသည် အနည်းဆုံး နှစ်သုံးထောင်ခန့် ရှိနေပြီဟု ပြော၍ရပေသည်။

ဤကဲ့သို့သော ရတနာမျိုးတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက်ပင် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး ဖြစ်သည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ထိုပန်းငါးပွင့်ကို ရလိုက်နိုင်မည်ဆိုလျှင် သူ့အနာဂတ်ကျင့်ကြံခြင်း အတွက် အရင်းအမြစ်များ မရှိမည်ကို စိတ်ပူစရာ မလိုတော့ချေ။ တံခါးပိတ်ကျင့်စဉ်ဝင်နေစဉ်အတွင်း ပွင့်ချပ်တစ်ချပ်စီကို သင့်တင့်သည့် အချိန်တိုင်း စားသုံးပေးလျှင် သူ့ကျင့်ကြံခြင်းသည် တဖြည်းဖြည်း တိုးတက်လာပေလိမ့်မည်။

ထို့ကြောင့် ထိုဥာဏ်အလင်းပွင့်ပန်း ငါးပွင့်ကို တွေ့လိုက်ရသည့်အခိုက် ရွှေပုံကြီးနှင့် တိုးပြီမှန်း ရန်ကိုင် သိလိုက်သည်။

ရန်ကိုင် လက်ရှိ စုဆောင်းရရှိထားသည့် ရတနာများအနက် နီဗားနားသီးနှစ်လုံးသည်သာ ဥာဏ်အလင်းပွင့်ပန်းနှင့် တန်ဖိုးချင်း ယှဉ်နိုင်၏။

ထိုပန်းများကိုကြည့်ရင်း ရန်ကိုင်သွေးများ ဆူပွက်လာ၏။ ချက်ချင်းပဲ အရှိန်တင်ကာ တောင်ပေါ်သို့ ပြေးတက်တော့၏။

သို့သော်လည်း သူလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခေါင်းထဲ အချက်ပေး ခေါင်းလောင်သံတို့ဖြင့် ဆူဝေသွား၏။ တစ်ချိန်တည်းတွင်း ခရမ်းရောင်အလင်းတန်း တစ်ခုသည် အရာအားလုံးကို ထိုးဖောက်လုမတတ် အရှိန်အဟုန်ဖြင့် သူ့ဆီသို့ တိုးဝင်လာနေသည်ကို လှမ်းမြင်လိုက်ရ၏။

ဤတိုက်ခိုက်မှုသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး၏ တိုက်ခိုက်မှုဖြစ်သည်။ ထို့အပြင် ရိုးရိုး တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူပင် မဟုတ်ဘဲ အလွန်ကို အားကောင်းသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ကျိလုန်…

သူ့အား မည်သူတိုက်ခိုက်လိုက်မှန်း ရန်ကိုင် တန်းသိလိုက်၏။

ကျိလုန်နှင့် ကျိတုန်သည် အထူးကျင့်စဉ်တစ်ခုဖြစ်သော ခရမ်းချီထာဝရမြစ်ကျင့်စဉ်ဟူသော ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားကြောင့် ရွှယ့်ယွယ်ဆီမှ သိခဲ့ရသည်။ ထိုကျင့်စဉ်သည် ကျိလုန် မိသားစု၏ မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာသော ဘိုးဘွားပိုင် အမွေအနှစ်တစ်ခုဟု ပြော၍ရပြီး ကြယ်စီရင်စုထဲ အလွန်နာမည်ကျော်ကြားသော ကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။ ကျိလုန် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် တက်လာနိုင်ခြင်းမှာ ထိုကျင့်စဉ်ကြောင့်လည်း ပါပေသည်။

သာမန် အခြေအနေမျိုးတွင် ကျိလုန်ကဲ့သို့သော ပညာရှင်မျိုးသည် ရန်ကိုင်ကဲ့သို့ ဂျူနီယာ တစ်ဦးအား အလစ်ချောင်း တိုက်ခိုက်ပြီး သူ့မျက်နှာပျက်ရမည့် အလုပ်မျိုး လုပ်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်ကို သတ်ချင်လျှင်ပင် ပွင့်ပွင့်လင်းလင်းသာ လုပ်ပေလိမ့်မည်။

သို့သော်လည်း လက်ရှိ အခြေအနေမျိုးတွင်တော့ မဟုတ်။ ကျိလုန်သည် တောင်စောင်းပေါ်ရှိ ပန်းပွင့်ငါးပွင့် မည်မျှ အဖိုးတန်ကြောင်းကို သိနေသည်။ ထိုပန်းပွင့်များသည် သူ့အား တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ချိုးဖျက်နိုင်အောင်ပင် ကူညီပေးနိုင်သည်။ ထိုသို့ဖြစ်လေရာ သူမျက်နှာပျက်ရမည်ကို ဘာကြောင့်များ ဂရုစိုက်နေဦးမည်နည်း။

ရန်ကိုင်သည် ဥာဏ်အလင်းပွင့်ပန်းနှင့် အနီးဆုံးလူဖြစ်သည်။ သူသာ နှေးနေခဲ့လျှင် ထိုပန်းငါးပွင့်ကို ရန်ကိုင် လက်ဦးသွားပေတော့မည်။ ရှုဝေကိုတော့ စိတ်မပူ။ ရှုဝေသည် အားလုံးထဲတွင် နောက်အရောက်ဆုံးဖြစ်ပြီး ပန်းပွင့်များနှင့် ငါးမိုင်မကပင် ကွာနေသေးသည်။

ထို့ကြောင့် တစ်ချက်ကလေးမှပင် တွေဝေမနေဘဲ မျက်နှာပျက်လျှင်ပျက်ဟု‌ တွေးလျက် ရန်ကိုင်အား အလစ်ချောင်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သာမန်အတိုင်း တိုက်လိုက်ခြင်းသာ ဖြစ်သော်လည်း တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုသည် ရန်ကိုင်ကဲ့သို့ တန်ခိုးရှင်အဆင့် ဂျူနီယာတစ်ဦး ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။

တိုက်ခိုက်ပြီးနောက်တွင် ကျိလုန်သည် ရန်ကိုင်အား တစ်ချက်ကလေးပင် လှည့်မကြည့်တော့ဘဲ ပန်းငါးပွင့်ဆီသို့သာ အရှိန်ကုန်တင်ကာ ပြေးလေသည်။ ရန်ကိုင် သေသေရှင်ရှင် သူဂရုမစိုက်ချေ။ သူဂရုစိုက်သည်မှာ ပန်းငါးပွင့်သာဖြစ်သည်။

ရန်ကိုင်သည် မာန်သွင်းအော်ဟစ်၍ ရာပေါင်းများစွာသော ရွှေရောင်သွေးမျှင်များကို ဆင့်ခေါ်ကာ သူ့ရှေ့၌ ဒိုင်းတစ်ခုအဖြစ် သိပ်သည်းစေလိုက်သည်။ တစ်ချိန်တည်းတွင်း သူတော်စင်ချီကို အဆုံးစွန်ထိ လှည့်ပတ်၍ သူ့ဆီ တိုးဝင်လာနေသော တိုက်ခိုက်မှုဆီ လက်သီးချက်ပေါင်းများစွာ ထိုးချလိုက်လေသည်။

ဘုန်း… ဘုန်း… ဘုန်း…

ရန်ကိုင် လက်သီးချက်များကြောင့် ခရမ်းရောင်အလင်း၏ အရောင်အဝါမှာ အနည်းငယ် နိမ့်ကျသွားစေခဲ့သည်။

နောက်ဆုံး ရွှေရောင်ဒိုင်းကို လာတိုက်မိသည့်အခိုက်တွင် ခရမ်းရောင်အလင်း၏ အရောင်မှာ လျင်မြန်စွာ ထိုးကျသွားလေတော့၏။ ရွှေရောင်ဒိုင်းတစ်ခုလုံးလည်း ပေါက်ကွဲထွက်သွားခဲ့လေသည်။ သို့ရာတွင် ခရမ်းရောင် အလင်းမှာ ပျက်စီးသွားခြင်း မရှိသေးဘဲ ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်လာ၏။

ရန်ကိုင် တစ်ကိုယ်လုံး လွင့်ပျံထွက်သွားပြီး သူ့မျက်နှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့သည်။

ဒဏ်ရာ ကြီးကြီးမားမား မရလိုက်သော်လည်း အနည်းငယ်တော့ ဒဏ်ရာရသွားသေး၏။ ဥာဏ်အလင်းပွင့်ပန်း ဆီသို့ အမြန် ပြေးသွားနေသော ကျိလုန်ကိုကြည့်ရင်း ရန်ကိုင် မျက်နှာထက် အံ့အားသင့်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။

တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူနှင့် တိုက်ဖူးသည်မှာ သူ့အတွက် ပထမဆုံးမဟုတ်။ လော့ဟိုင်နှင့်လည်း ပြန်လည်ယှဉ်ပြိုင် တိုက်ခိုက်ဖူးပေသည်။

သို့သော် ကျိလုန်ဆီမှ ခံစားရသည့် ဖိအားသည် လော့ဟိုင်ဆီမှ ခံစားရသည့် ဖိအားထက် အများကြီး ပိုအားကောင်းပေသည်။

ကျိလုန်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေသူတစ်ဦး ဖြစ်ရပေမည်။ အခွင့်အရေး တစ်ခုခုနှင့်သာ ကြုံရလျှင် တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။

ခရမ်းကြယ်၏ ဂိုဏ်းချုပ်ဆိုသည့်အတိုင်းပင်…

“ဟန်” ကျိလုန်သည် ဥာဏ်အလင်းပွင့်ပန်းများဆီ ပြေးနေရင်း ရုတ်တရက် ရပ်လိုက်ပြီး မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ရန်ကိုင် သူ့တိုက်ခိုက်မှုကို တားဆီးလိုက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သာမန်အတိုင်း တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်သော်လည်း သူ့တိုက်ခိုက်မှုသည် သာမန်တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦး ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။

ဒီကောင်လေးက… ထူးဆန်းတယ်

ရန်ကိုင်နေရာတွင် သူ့သားသာဆိုလျှင် ယခုအချိန်လောက်ဆို ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလောက်ပေပြီ။ သို့သော်လည်း ရန်ကိုင်ကမူ မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားရုံသာ ဖြစ်သွားပြီး ဘာဒဏ်ရာကြီးကြီးမားမားမှ မရခဲ့ပေ။

ဒီကောင်က ငါ့သားထက်တောင် ပိုသန်မာတာလား။ ကြယ်စီရင်စုထဲမှာ သူ့လိုလူ ဘယ်တုန်းက ပေါ်လာတာလဲ။ ဒီကောင်က ဂူအောင်းကျင့်နေတဲ့ မွန်းစတားအိုကြီး တစ်ဦးဦးရဲ့ တပည့်တစ်ယောက်လား

ထိုအခိုက် ကျိလုန်၏ ခေါင်းထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့၏။ ရန်ကိုင်အား ကြည့်နေသည့် ကျိလုန်၏ အကြည့်မှာလည်း တဖြည်းဖြည်း လေးနက်လာခဲ့လေသည်။

ရုတ်တရက် ဆေးတောင်ကြားတွင်းမှ အသက်ရှူထုတ်သံ ထွက်ပေါ်လာခဲ့လေသည်။

“အဖေ” ကျိလုန် နောက်မှ လိုက်လာသော ကျိတုန်သည် ကြောက်လန့်နေသည့် အမူအရာဖြင့် လှမ်းအော်ဟစ်လိုက်၏။

ခုနှစ်ရောင်ခြယ်အလင်း လာနေလေပြီ။

ယခင်အကြိမ်များက ခုနှစ်ရောင်ခြယ်အလင်း ထွက်ပေါ်လာသည့် အမြန်နှုန်းအရ သူတို့သာ ပုန်းစရာနေရာ တစ်ခုခု မြန်မြန် မရှာနိုင်လျှင် ငါးပါးမှောက်ကုန်ပေလိမ့်မည်။ ထို့ကြောင့် ကျိတုန် ထိတ်လန့်သွားခဲ့ခြင်း ဖြစ်သည်။

လောလောဆယ်၌ ကျိလုန်သည် ဥာဏ်အလင်းပွင့်ပန်းနှင့် မီတာတစ်ထောင်ပင် မကွာတော့ချေ။ ရန်ကိုင်ထက်ပင် ဥာဏ်အလင်းပွင့်ပန်းများနှင့် ပိုနီးနေသေး၏။

သို့သော်လည်း ထိုအကွာအဝေးသည် နည်းနည်း လှမ်းနေသေးသည်ဟု ပြောရမည်။ တစ်ခဏတာ တွေဝေနေပြီးနောက်တွင် ကျိလုန်သည် မစွန့်စားတော့ဘဲ အနားရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုနောက်တွင် အမြန် ဝင်ပုန်းလိုက်လေသည်။

ဥာဏ်အလင်းပွင့်ပန်းဆီသို့ ပြေးလာနေသော ရှုဝေသည်လည်း ရပ်လိုက်ပြီး ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုရှာကာ ထိုနောက်တွင် အလျင်အမြန် ပြေးပုန်းလေသည်။

ရန်ကိုင်သည်လည်း ထိုအတိုင်းပင်။

ကံကောင်းစွာဖြင့် ဤနေရာတစ်ဝိုက်၌ ဟင်းလင်းပြင် အက်ကွဲကြောင်းများစွာ ရှိနေခဲ့သည်။ မဟုတ်လျှင် ဥာဏ်အလင်းပွင့်ပန်းဆီသို့ မရောက်ရောက်အောင် ပြေးသွားပြီး ဧရာမဟင်းလင်းပြင်အက်ကွဲကြောင်းကြီး နောက်တွင် သွားပုန်ရပေလိမ့်မည်။

လက်ရှိတွင် သုံးယောက်စလုံးသည် တစ်ယောက်နှင့် တစ်ယောက်ဆီမှ တူညီသော အကွားအဝေး၌ ငြိမ်သက်စွာ ရပ်နေကြလေသည်။ ခုနှစ်ရောင်ခြယ်အလင်းသည် တောင်ကြား တစ်ခုလုံးအား တိတ်တဆိတ် လွှမ်းခြုံသွားခဲ့သည်။

တိုးလျလျ အသက်ရှူသံမှတစ်ပါး လောကကြီးတစ်ခုလုံးသည် ပကတိ တိတ်ဆိတ်နေခဲ့လေသည်။

ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ရှုဝေနှင့် ကျိလုန် ရှိနေသည့်နေရာအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ ထို့နောက် တင်ပလင်ခွေထိုင်ကာ ကုသရေး ဆေးလုံးတစ်လုံး ထုတ်သောက်လိုက်လေသည်။

ကျိလုန်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း သူ့ကိုယ်ထဲရှိ သူတော်စင်ချီများ ကသောင်းကနင်း ဖြစ်သွားခဲ့ရ၏။ ထို့ကြောင့် ပြန်လည် တည်ငြိမ်သွားအောင် အမြန် ပြန်လုပ်ရန် လိုအပ်ပေသည်။

ကံကောင်းစွာဖြင့် ဤကိစ္စမှာ သိပ်မခက်ချေ။ အသက်ရှုရှိုက်စာ အချိန်အနည်းငယ်အတွင်း ရန်ကိုင်၏ အခြေအနေ ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။ ယခု ကုသရေးဆေးလုံး၏ ဆေးအာနိသင် အသက်ဝင်လာသည့် အချိန်ကို စောင့်ရန်သာ ရှိတော့သည်။

ကျိလုန်သည် မှုန်ကုတ်ကုတ် မျက်နှာထားဖြင့် ဥာဏ်အလင်းပွင့်ပန်း ငါးပွင့်ကိုသာ မီးတောက်မတတ် စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း သူ့နောက်တွင် ရှိနေသော ကျိတုန်မှာမူ လှောင်ပြုံးပြုံးလျက် ရန်ကိုင်အား အထင်တသေးဖြင့် စိုက်ကြည့်နေလေ၏။

ရှုဝေကမူ ဥာဏ်နီဥာဏ်နက် ထုတ်နေသည့်အလား ဟိုကြည့်လိုက်၊ ဒီကြည့်လိုက် လုပ်နေခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၈၂)

“ဟဲဟဲဟဲ…” အကုန်လုံး ဟင်းလင်းပြင်အက်ကွဲကြောင်း အသီးသီးစီထဲ၌ ပုန်းအောင်းနေရချိန်တွင် ရန်ကိုင်သည် ရုတ်တရက်ကြီး ထရယ်လေသည်။

“ကောင်လေး၊ မင်းဘာရယ်နေတာလဲ” ကျိလုန်က မျက်မှောင်ကြုတ်၍ ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်၏။

ရန်ကိုင်ကမူ တစ်ချက်သာ ပြန်စောင်းကြည့်လိုက်ပြီး မသိချင်ယောင်သာ ဆောင်နေလိုက်လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ကျိလုန် မျက်လုံး မှေးစဉ်းသွားပြီး သူ့မျက်လုံးထဲ အေးစက်စက် အရိပ်ယောင်တို့ ဖြတ်ပြေးသွားလေ၏။

တန်ခိုးရှင်တစ်ယောက်ကများ သူ့အား မသိချင်ယောင် ဆောင်ရဲသည်။ ကောင်းကင်နှင့်မြေပြင် မည်မျှ ကွာခြားလဲ ထိုကောင် မသိရော့လေသလား။

သူ့စိတ်ထဲ မကျေမနပ် ဖြစ်သွားသော်လည်း ဘာမှ ပြန်မပြောဘဲ တိတ်၍သာ နေလိုက်လေသည်။ သို့သော်လည်း သူ့သားကမူ ရန်ကိုင်၏ လုပ်ရပ်ကို ကြည့်မနေနိုင်ခဲ့။ ထို့ကြောင့် ချက်ချင်းပဲ ထအော်ပြောလေသည် “ဟေ့ကောင်၊ ငါ့အဖေ မေးနေတယ်လေ။ မင်းနားပင်းနေတာလား”

ရန်ကိုင်သည် ကျိတုန်ကို စောင်းကြည့်လိုက်ပြီး သူ့နားအား ကလော်သည့်ပုံစံ လုပ်ပြရင်း ပြန်လည်ထေ့ငေါ့ပြောဆိုလိုက်၏ “သူမေးတိုင်းက ဖြေရအောင် သူက ဘာမို့လို့လဲ။ မင်းလည်း အခုလို ငါ့ကို လာပြောနေရအောင် မင်းကကော ဘာမို့လို့လဲ”

ရန်ကိုင်သည် ကျိလုန်အား မသိသလို၊ ကျိတုန်ကိုလည်း မသိချေ။ သူတို့ကြား၌ ရန်ငြိုးရန်စလည်း မရှိချေ။ သို့တိုင် ကျိလုန်သည် သူ့အား အလစ်ချောင်း တိုက်ခိုက်ခဲ့၏။ သူ့နေရာ၌ သာမန် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးသာဆိုလျှင် နှစ်ခါပြန် သေနေပြီးလောက်ပေပြီ။

တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ဖြစ်လင့်ကစား ကိုယ့်မျက်နှာကိုမှမထောက် သူ့ကဲ့သို့ ဂျူနီယာတစ်ဦးကို အလစ်ချောင်း တိုက်ခိုက်ခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ကျိလုန်တို့သားအဖအား အတော်လေး မကျေမနပ် ဖြစ်သွားခဲ့၏။ ထို့ကြောင့်ပင် ထိုသားအဖနှစ်ယောက်အား နည်းနည်းလေးမှ သောက်ဂရုစိုက်မနေတော့ခြင်း ဖြစ်သည်။

ရန်ကိုင်၏ စကားကိုကြားသည့်အခါ ကျိလုန် စိတ်ထဲ ဒေါသမီးတောက်တို့ ဝုန်းခနဲ ထတောက်သွားခဲ့၏။ သို့သော် ချက်ချင်းပဲ သူ့ဒေါသကို ပြန်ထိန်းလိုက်လေသည်။ သူ့သားကမူ ငြိမ်ခံမနေနိုင်ဘဲ ဒေါသတကြီး ပြန်အော်ပြောလေသည် “မင်းတော့ သေပြီ။ မင်းလောက်ရူးတဲ့လူမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး။ မင်းစောင့်နေ၊ ခုနှစ်ရောင်ခြယ်အလင်း ပြန်ဆုတ်သွားတာနဲ့ ငါကိုယ်တိုင် မင်းအသက်ကို လာယူမယ်”

“မင်းနာမည်က ကျိတုန်မလား” ရန်ကိုင်က အထင်တသေးဖြင့် မျက်လုံးမှေးစဉ်းလျက် ပြန်ပြောလိုက်လေသည် “မင်းကြားဖူးလားတော့ မသိဘူး”

“ဘာကြားဖူးတာလဲ” ကျိတုန်က လှောင်ပြုံးပြုံးလျက် ပြန်မေးလိုက်လေသည်။

“ဟောင်လွန်းတဲ့ခွေး… လူမလေးတဲ့။ မင်းတို့လို ခွေးတွေက ဟောင်ပဲဟောင်တတ်တာ၊ ကိုက်တတ်တာ မဟုတ်ဘူး။ ဟောင်လွန်းလို့လည်း ဖိနပ်နဲ့ ကောက်ပေါက်ခံရပေါင်း မနည်းဘူး။ အဲ့ဒါကိုလည်း မမှတ်ကြဘူး” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် လှောင်ပြောင်စကား ပြောလိုက်၏။

“ခွေးကောင်၊ မင်းငါ့ကို ဆဲတာလား” ရန်ကိုင်သည် အရူးတစ်ပိုင်းနှယ် ရယ်မောရင်း ဆက်၍ လှောင်ပြောင်လိုက်၏ “မင်းမကျေနပ်ရင် လာကိုက်လေ။ ငါဒီမှာ ရပ်နေတယ်။ မကျေနပ်ရင် လာကိုက်လို့ရတယ်နော်။ မင်းဟောင်ရုံပဲ ဟောင်တတ်တာ မဟုတ်ဘူးဆိုရင် ငါ့ကို လာကိုက်လေ”

ကျိတုန်မှာ ဒေါသထွက်လွန်းသဖြင့် သူ့ရင်ဘတ်မှာ ဖားပြုပ်ကြီး အသက်ရှူသွင်းရှုထုတ် လုပ်နေသလို ဖြစ်နေခဲ့လေသည်။

သူသည် ခရမ်းကြယ်၏ သခင်လေးတစ်ဦး ဖြစ်သည်။ မွေးကတည်းက မြင့်မားသောပါရမီကြောင့် အများတကာ၏ ချီးကျူးခြင်း ခံခဲ့ရသူ ဖြစ်သည်။ မည်သည့် နေရာကိုသွားသွား အားလုံးသည် သူ့အား လေးစားသမှုဖြင့် ဆက်ဆံကြသည်။ မည်သူမှ သူ့အား ဤကဲ့သို့ မစော်ကားခဲ့ပေ။ ဤသည်မှာ သူဘဝတွင် ရန်စစော်ကားခံရသည့် ပထမဆုံးအကြိမ် ဖြစ်၏။

ပုံမှန်သာဆိုလျှင် ယခုလိုအပြောခံရပါက ရန်ကိုင်အား ပြေးတိုက်ခိုက်ပြီးနေလောက်ပြီ ဖြစ်သော်လည်း ခုနှစ်ရောင်ခြယ် အလင်းသည် တံတိုင်းတစ်ခုနှယ် ကာဆီးထားသဖြင့် အလွန် ဒေါသထွက်နေသော်ငြား အံကြိတ်၍ သည်းခံထားရုံသာ တတ်နိုင်ခဲ့လေသည်။

ကျိတုန်သည် ရန်ကိုင်အား အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့် အကြည့်ဖြင့် စိုက်ကြည့်နေ၏။ အကြည့်နှင့်သာ လူသတ်နိုင်လျှင် ကျိတုန် အကြည့်ကြောင့် ရန်ကိုင် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေလောက်ပေပြီ။

“သောက်ရူး” ကျိတုန်ပုံစံကို ကြည့်ရင်း ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ထပ်မံ လှောင်ပြောင်လိုက်ပြန်သည်။

“မင်းစောင့်နေ၊ ခုနှစ်ရောင်ခြယ်အလင်း ပြန်ဆုတ်သွားတာနဲ့ မင်းရဲ့ ခွေးအသက်ကို ငါကျိန်းသေ လာယူပေးမယ်” ကျိတုန်က ဒေါသတကြီး အော်ပြောလိုက်သည်။

“ထပ်ဟောင်နေတာလား” ရန်ကိုင်က သွားကြီးဖြီးလျက် မေးလိုက်လေသည်။

ကျိတုန်မှာ အနာပေါ် တုတ်ကျသွားသည့်နှယ် ဆွေ့ဆွေ့ခုန်သွားလေ၏။ ပြန်ပြောတော့မည်အပြု ကျိလုန်က သူ့အား စိုက်ကြည့်လျက် ခပ်ပြတ်ပြတ် ပြောလိုက်လေသည် “မင်းဘာလို့ ပြန်ပြောနေသေးတာလဲ။ နာရီဝက်နေရင် သူက သေရတော့မှာ။ လူသေတစ်ယောက်နဲ့ စကားပြိုင်လုနေလို့ မင်းအတွက် ဘာအကျိုးရှိမှာမို့လို့လဲ”

ကျိတုန် အနည်းငယ် ထိတ်လန့်သွားခဲ့၏။ သူ့အပြုအမူအပေါ် သူ့အဖေ မကျေမနပ် ဖြစ်နေပြီမှန်း ကျိတုန် နားလည်လိုက်သည်။ ချက်ချင်းပဲ ခေါင်းညိတ်၍ ဘာမှဆက်မပြောတော့ဘဲ တိတ်တိတ်နေလိုက်တော့လေသည်။

“ဟားဟားဟားဟား” အခြားတစ်ဖက်တွင် ရှိနေသော ရှုဝေက အကျယ်ကြီး အော်ရယ်မောလျက် လက်ခုပ်တီးကာ “စိတ်ဝင်စားစရာပဲ။ ကောင်လေး၊ မင်းက တကယ် ရယ်ရတာပဲကွ။ ငါမင်းကိုတောင် စိတ်ဝင်စားချင်လာပြီ”

သူသည် ရန်ကိုင်မှ ကျိတုန်အား အထက်စီးမှ ဖိကာ လှောင်ပြောင်ပြောဆိုနေသည်ကို တစ်ချိန်လုံး စောင့်ကြည့်နေခြင်း ဖြစ်သည်။ ကျိလုန်နှင့် ကျိတုန်ကိုပင် သွားရန်စရဲသည့် ရန်ကိုင်ကို ကြည့်ရင်း ဒီကောင် ခေါင်းများ ထိထားလေသလားဟုပင် ရှုဝေစိတ်ထဲ အလိုလို တွေးမိလိုက်၏။

ခုနှစ်ရောင်ခြယ်အလင်း ပျောက်ကွယ်သွားသည်နှင့် ကျိတုန်နှင့် ကျိလုန်မှ သူ့အား လိုက်သတ်တော့မည်ကို သူမသိလေသလော။

ထိုကောင်သည် တကယ်ကို ပြဿနာလိုက်ရှာနေခြင်း ဖြစ်သည်။ သူသာ ဒေါသကို မျိုသိပ်ပြီး ခုနှစ်ရောင်ခြယ်အလင်း ပျောက်သွားသည်နှင့် ထွက်ပြေးလျှင် လွတ်ကောင်း လွတ်နိုင်သော်လည်း ယခုမူ…

ရှုဝေသည် ရန်ကိုင်အား လူတစ်ယောက်အား ကြည့်သလို ကြည့်လိုက်လေသည်။

“မင်းနဲ့ငါ ပူးပေါင်းကြမလား” ရှုဝေက ပြုံးလျက် အကြံပေးလိုက်လေသည်။

“ခင်ဗျားနဲ့ ပူးပေါင်းဖို့” ရန်ကိုင်က ရှုဝေးအား နှုတ်ခမ်းကြီး မဲ့ကြည့်လျက် “စိတ်မဝင်စားဘူး။ ခင်ဗျား ဒီသခင်လေးကို အကွက်ချသွားတာကိုတောင် ကျုပ်မေ့သေးတာ မဟုတ်ဘူး”

“ကောင်လေး၊ မင်းယဉ်ယဉ်ကျေးလေး မပြောတတ်ဘူးလား” ရန်ကိုင်မှ သူ့နှင့်စကားပြောစဉ် သူ့ကိုယ်သူ သခင်လေးဟု ခေါ်ဝေါ်နေသည်ကို ကြားသည့်အခါ ရှုဝေ၏ အမူအရာ အေးစက်သွားခဲ့လေသည်။ ထိုစကားသည် သူ့အား စော်ကားလိုက်ခြင်း ဖြစ်သည်။

“ခင်ဗျားလို လူမျိုးကို ဘာလို့ လေးစားနေရမှာလဲ” ရန်ကိုင်က လှောင်ပြောင်လိုက်၏။

ရန်ကိုင်နှင့် ရှုဝေ အချင်းများနေကြသည်ကို ကြည့်ရင်း ကျိတုန် ကြိတ်ရယ်တော့လေသည်။ ရန်ကိုင် တကယ်ကြီးများ ခေါင်းမကောင်းလေသလားဟုပင် တွေးမိသွားခဲ့သည်။ အဖွဲ့ သုံးဖွဲ့ထဲတွင် ရန်ကိုင်သည် အားအနည်းဆုံး ဖြစ်သည်။ သို့သော် နှိမ့်နှိမ့်ချချနေရန် မကြိုးစားဘဲ ကျန်နှစ်ဖွဲ့အား လိုက်၍ ရန်စနေသည်။ သူ့ခွန်အားဖြင့် ထိုကဲ့သို့ လုပ်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်း ဖြစ်သည်ကို မသိလေသလော။

သူ့ကဲ့သို့ တွေ့ရာပျားအုံ လိုက်တုတ်နှင့် ထိုးနေသည့် လူတစ်ယောက် မည်ကဲ့သို့များ တန်ခိုးရှင်တတိယအဆင့် ပညာရှင် တစ်ဦး ဖြစ်လာသလဲ ဆိုသည်ကို ကျိတုန် မတွေးတတ်အောင် ဖြစ်နေခဲ့၏။

“အကြီးအကဲရှု၊ အဲ့ကောင်က ခင်ဗျားကို အထင်သေးနေတာ” ကျိတုန်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

ရှုဝေသည် မျက်မှောင်သာကြုတ်လိုက်ပြီး ကျိတုန်၏ စကားကို လျစ်လျုရှုထားလိုက်လေသည်။ ကျိလုန်သည် အားအကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် ကျိလုန်နှင့် ပြဿနာ မတက်စေရန် ကျိတုန်အား ပြန်ပြောမနေခဲ့ချေ။

သို့သော်လည်း ဥာဏ်အလင်းပွင့်ပန်းများကို လိုချင်လျှင်တော့ သူ့ခွန်အား တစ်ခုတည်းဖြင့် လုံလောက်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သည် အရူးတစ်ယောက်နှယ် လုပ်နေသော်လည်း ကျိလုန်၏ တိုက်ခိုက်မှုကို ဘာမှမဖြစ်ဘဲ ခုခံလိုက်နိုင်သည်ကို ကြည့်လျှင် သူမည်မျှ အားကောင်းကြောင်း မြင်တွေ့နိုင်ပေသည်။ ထိုကောင်လေးသာ ကျိလုန်အား အချိန် ခဏလောက် ဆွဲထားပေးနိုင်လျှင် သူ့အနေဖြင့် ဥာဏ်အလင်းပွင့်ပန်းများကို သွားခူးနိုင်ပေလိမ့်မည်။

ကျိလုန်ကို အနိုင်ယူမနိုင်သော်လည်း ကျိလုန်လက်မှ ထွက်မပြေးနိုင်ဟုတော့ မဆိုလိုချေ။

“တော်ပြီ။ ငါ့ကိုယ်ငါအဆင့်နှိမ့်ပြီး မင်းနဲ့ ပြိုင်ဖြစ်မနေတော့ဘူး” ရှုဝေက သဘောထားကြီးဟန်ဖြင့် လက်ကို ဝှေ့ရမ်းလျက် ရန်ကိုင်အားကြည့်ကာ ဆက်ပြောလိုက်၏ “တကယ်တမ်း ပြောရရင် ငါနဲ့မင်းကြားက ရန်ငြိုးက ဒီလောက်မှ မဟုတ်တာ။ အဲ့တုန်းက ဖြစ်သွားတာကလည်း နားလည်မှုလွဲရုံ သက်သက်ပဲလေ”

“နားလည်မှုလွဲတာ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အဲ့ဒါဆို တော်တော်ကြီး နားလည်မှုလွဲသွားတာပေါ့နော်”

ရှုဝေသည် မျက်မှောင်ကြုတ်၍ “ကောင်လေး၊ ဒီနေရာမှာ လူတွေသေတာ ပုံမှန်ပဲဟာကို မင်က ဘာတွေ အထူးအဆန်း လုပ်နေတာလဲ။ ဟုတ်ပြီကွာ၊ ငါသွားမှားသွားတယ်ပဲထားလိုက်။ မင်းမကျေနပ်သေးရင် ငါမင်းကို အလျော် ပြန်ပေးမယ်ကွာ”

ထိုသို့ပြောပြီးနောက် မည်သို့ ပြန်အလျော်ပေးမည်ကို မပြောဘဲ ဆက်၍ ပြောလိုက်လေသည် “ဒါပေမယ့် အဲ့ကိစ္စကို ခဏထားလိုက်ဦး။ အခု ငါတို့ ပူးပေါင်းကြရအောင်၊ မင်းဘယ်လို ထင်လဲ”

“ဘယ်လို ပူးပေါင်းမှာလဲ” ရန်ကိုင်က သူ့ခန္ဓာကိုယ်ထဲရှိ ဆေးအာနိသင်များကို စုပ်ယူရင်း ပြန်မေးလိုက်၏။

“ရိုးရိုးလေးပဲ။ မင်းနဲ့ငါပေါင်းပြီး ခရမ်းကြယ်က နှစ်ယောက်ကို တိုက်ခိုက်မယ်။ ဒီဥာဏ်အလင်းပွင့်ပန်းတွေ ဘယ်လောက် အဖိုးတန်လဲ မင်းလည်း သိတာပဲ။ ငါတို့သာ မပူးပေါင်းရင် အဲ့ပန်းတွေကို ဘယ်လိုမှ ယူနိုင်မှာ မဟုတ်ဘူး” ရှုဝေက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

ရန်ကိုင်သည် မျက်ခုံးပင့်လျက် ရှုဝေ၏ ကမ်းလှမ်းချက်ကို စဉ်းစားနေဟန် လုပ်ပြလိုက်လေသည်။

အခြားတစ်ဖက်တွင် ရှိနေသော ကျိလုန်သည် ရှုဝေအား ကြည့်လျက် ပြောလိုက်လေသည် “ရှုဝေ၊ မင်းကိုယ်မင်း တယ်အထင်ကြီးနေတာပါလားကွ။ အဲ့ကောင်လေးနဲ့ ပူးပေါင်းလိုက်တာနဲ့ ငါ့လက်က ဥာဏ်အလင်းပွင့်ပန်းတွေကို လုယူနိုင်ပြီလို့ မင်းတကယ် ထင်နေတာလား”

ရှုဝေက ရယ်မောလျက် “စမ်းကြည့်မှာပဲ သိရမှာပေါ့။ ဒီမှာ ဥာဏ်အလင်းပွင့်ငါးပွင့် ရှိတယ်။ ဒါပေမယ့် ဒီရှုက အကုန် လိုချင်နေတာ။ အသက်ကို လောင်းကြေးထပ်ရမယ်ဆိုရင်တောင် အဲ့ပန်းတွေက လောင်းကြေးထပ်သင့်တဲ့ ပန်းမျိုးတွေ”

“အဲ့လိုဆိုမှတော့ မင်းနဲ့အဲ့ကောင်လေး အဲ့ပန်းတွေကို ငါ့လက်ကနေ ဘယ်လိုလုမလဲ ကြည့်ရသေးတာပေါ့” ကျိလုန်သည် ရှုဝေနှင့် ရန်ကိုင် ပူးပေါင်းသွားမည်ကို ဂရုမစိုက်သည့်အလား၊ ပြောပြီးနောက် မျက်လုံးပိတ်သွားခဲ့လေသည်။

“ကောင်လေး၊ မင်းစဉ်းစားပြီးသွားပြီလား” ရှုဝေက ရန်ကိုင်ကို လှမ်းမေးလိုက်လေသည် “သေချာကြည့်ကြည့်၊ ဒီမှာ ဆေးပင်တွေ အများကြီးပဲ။ ဥာဏ်အလင်းပွင့်ပန်းတွေအပြင်ကို ကောင်းကင်သန္ဓေမြက်တွေလည်း ရှိသေးတယ်။ ကောင်းကင်သန္ဓေမြက် ဘယ်လောက် အဖိုးတန်လဲ မင်းသိလား။ အဲ့ဒါ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးကို ဖော်စပ်ရာမှာသုံးတဲ့ အဓိက ဆေးအမယ်ပဲ။ မင်းသာ အဲ့ဆေးလုံးကို ရနိုင်ရင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့က လွယ်ကူသွားပြီ။ အဲ့ဒါတင် မဟုတ်သေးဘူး။ နှလုံးရှာကြာပန်းတွေလည်း ရှိသေးတယ်။ အဲ့ဒါတွေက စိတ်ကို ငြိမ်အေးသွားအောင် လုပ်နိုင်တဲ့ အဖိုးတန် ရတနာတွေပဲ။ အသက်ငယ်ငယ်လေးနဲ့ ဒီအဆင့်ထိ ရောက်လာတာ မင်းစိတ်အခြေအနေကို ပိုပြီး တည်ငြိမ်အောင် လုပ်ဖို့လိုတယ်။ နှလုံးရှာကြာပန်းက အဲ့လိုလုပ်ဖို့အတွက် အကောင်းဆုံးပဲ။ ငါတို့သာ အောင်မြင်သွားရင်း ငါဥာဏ်အလင်းပွင့်ပန်းတွေကိုပဲ ယူမယ်။ ကျန်တဲ့ ဆေးပင်တွေ အကုန်လုံးကို မင်းယူလို့ရတယ်။ ဒီလောက်ဆို အဆင်ပြေလား”

“အဆင်ပြေတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆို သဘောတူတယ်ပေါ့” ရှုဝေ ပြုံးသွား၏။

ရန်ကိုင် ခေါင်းခါလိုက်၏။

ရှုဝေ မျက်နှာပျက်သွားပြီး ဒေါသတကြီး ထအော်လေသည် “ကောင်လေး၊ မင်းငါ့ကို အရူး လာလုပ်နေတာလား”

ရန်ကိုင်က ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည် “ခွေးအိုကြီး၊ ဒီသခင်လေးကို အရူးမှတ်နေတာလား။ ခင်ဗျားရဲ့ သကာရေလောင်းထားတဲ့ စကားလုံးတွေ ခင်ဗျားအစား ကျုပ်ကို အသေခံခိုင်းဖို့ပဲဆိုတာ ကျုပ်မသိဘူး ထင်နေတာလား။ ခင်ဗျားလောက် တုံးတဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး”

ပြောပြီးနောက် ရန်ကိုင်သည် ခေါင်းကိုခါ၊ သက်ပြင်းချရင်း အထင်သေးသည့်ပုံစံ လုပ်ပြလိုက်လေသည်။

ရန်ကိုင်ကဲ့သို့ ဂျူနီယာတစ်ဦး၏ လှောင်ပြောင်းခြင်း ခံလိုက်ရသည့်အတွက် ရှုဝေမျက်နှာသည် သံပုရာသီး ကိုက်လိုက်ရသည့်နှယ် ဆူပုတ်သွားခဲ့လေသည်။ လက်ရှိတွင် သူသည်လည်း ကျိတုန်ကဲ့သို့ပင်၊ ရန်ကိုင်အား အသားပြား ဖြစ်အောင် ပြေးရိုက်ချင်နေခဲ့လေပြီ။

ယခု ကျိတုန် ရယ်ရမည့်အလှည့်ပင် “အကြီးအကဲရှု၊ ဒီကောင်က ခေါင်းကောင်းတာ မဟုတ်ဘူး။ ခင်ဗျား သူနဲ့ လေကုန်ခံမနေရင် ပိုကောင်းလိမ့်မယ်”

“မင်းလာဟောင်ပြန်ပြီလား” ရန်ကိုင်က ကျိတုန်အား စိုက်ကြည့်လျက် လျှာစောင်းထက်စွာ ရန်စလိုက်ပြန်သည် “သွားမပါတဲ့ခွေးတွေက တကယ်ကို ပြောလို့မရပါလား။ အားနေ သူတို့ပါးစပ်ကို နေရာတကာမှာ လိုက်သရမ်းဖို့ပဲသိတယ်။ ငါသာ မင်းအဖေဆို မျိုးရိုးမညစ်အောင် မွေးလာကတည်းက လည်ပင်းညစ်သတ်လိုက်ပြီ။ ဒါပေမယ့် မင်းအခုထိ အသက် ရှင်နေသေးပုံထောက်ရင် မင်းအဖေလည်း မင်းလို့ သောက်ရူး တစ်ယောက်ပဲနဲ့တူတယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၈၃)

ကျိတုန် မျက်နှာထက်ရှိအပြုံး ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေ၏။ မျက်လုံး ပိတ်ထားသည့် ကျိလုန်သည်လည်း ရုတ်တရက် မျက်လုံး ဖွင့်လာပြီး ရန်ကိုင်အား မမှိတ်မသုံ စိုက်ကြည့်လာခဲ့လေသည်။

သူ့စိတ်သည် အတော်လေးကို ရင့်ကျက်နေပြီ ဖြစ်သော်ငြား ရန်ကိုင်စကားကြောင့် ဒေါသမထွက်ဘဲ မနေနိုင်အောင်တော့ ဖြစ်သွားခဲ့၏။ ခုနှစ်ရောင်ခြယ်အလင်းသည် စိတ်စွမ်းအင်ကိုပါ တိုက်စားပစ်နိုင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဝိဥာဉ်ပညာရပ် တစ်ခုခုကိုသုံးပြီး ရန်ကိုင်အား တစ်သက်လုံး ပါးစပ်မဟနိုင်တော့အောင် အရူးတစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်လေပြီ။

သို့သော်လည်း လက်ရှိအနေအထားအရ သူ့စိတ်ထဲ ရန်ကိုင်အား အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ပစ်နေချင်လျှင်ပင် အံကြိတ်၍ သည်းခံနေရုံသာ တတ်နိုင်၏။

“ငါကျိတုန် ကျိန်ဆိုတယ်။ ဒီလောကကြီးမှာ အရက်စက်ဆုံး နည်းလမ်းနဲ့ မင်းကို နှိပ်စက်ပေးမယ်လို့” ကျိတုန်သည် အံကို တင်းတင်းကြိတ်ရင်း သွားကြားထဲမှထွက်သည့် လေသံဖြင့် ပြောလိုက်သည်။

သူလုံးဝ ဒေါသပုန် ထသွားလေပြီ။ ရန်ကိုင်၏ သုံးကြိမ်တိုင်တိုင် ရန်စစော်ကားခြင်းကို ခံခဲ့ရသည့်အပြင် သူ့အဖေပါ အဆစ် ဆွဲထည့်ခံလိုက်ရသေးသည်။ မည်သို့များ သူဒေါသမထွက်ဘဲ နေတော့မည်နည်း။ သူ့စိတ်ထဲ ရန်ကိုင်အား အစိမ်းလိုက်ဝါးစားပစ်ချင်စိတ်များပင် ထွက်ပေါ်လာ၏။

“ကြောက်လိုက်တာကွာ” ရန်ကိုင်က ကျိတုန်အား လှောင်ပြုံးပြုံးလျက် ကြောက်ရွံ့နေဟန် လုပ်ပြလျက် “ဒါပေမယ့် ခွေးပေါက်လေးရေ၊ ကျိန်တယ်ဆိုတာ ပြောလို့ရတိုင်း ပြောလို့ကောင်းတဲ့ စကားတစ်ခွန်း မဟုတ်ဘူးကွ‌ေ။ မင်းကျိန်တဲ့ မလုပ်နိုင်ရင် ကောင်းကင်က အပြစ်ပေးတာ ခံရမှာနော်”

ကျိုတုန်သည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ ရန်ကိုင်အား စူးရဲစွာသာ စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်နှင့် စကားပြိုင်လုနေ၍ သူနိုင်မည် မဟုတ်မှန်း သုံးကြိမ်သုံးခါတိတိ ခံစားရပြီးနောက် ကျိတုန် သိသွား၏။ သူသည် ထိုနယ်ပယ်၌ အတွေ့အကြုံမရှိချေ။ ရန်ကိုင်၏ ရန်စခြင်း ခံရပြီးနောက်တွင် သူ့မျက်နှာကြီးတစ်ခုလုံး ချီးမှန်ထားသလို ဖြစ်နေခဲ့လေ၏။

ဘေးဘက်တွင် ရှိနေသော ကျိလုန်မှာမူ မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျိတုန်သည် ဒေါသစိတ် ဖုံးလွှမ်းနေသည့်အတွက် ရန်ကိုင် ဘာပြောသွားလဲ ဆိုသည်ကို သေချာ သဘောမပေါက်သော်လည်း သူကတော့ သေချာ သဘောပေါက်လိုက်ပေသည်။ ရန်ကိုင်၏ စကားသည် ကျိတုန်နှင့် အဓိပ္ပါပယ်မရှိ ပြိုင်ငြင်းဆိုနေဟန် ပေါက်သော်လည်း တကယ်တော့ ထိုသို့မဟုတ်ချေ။ သေချာသာ စဉ်းစားကြည့်လျှင် ရန်ကိုင်သည် ကျိတုန်အပေါ် တကယ်ကို ရက်ရက်စက်စက် လုပ်နေခြင်း ဖြစ်သ်ည။

ကျိတုန်သည်သာ သူကျိန်ဆိုသည့်အတိုင်း မလုပ်နိုင်လျှင် ရန်ကိုင်၏ တည်ရှိမှုသည် ကျိတုန်၏ စိတ်ထဲ ကိုယ်တွင်းနတ်ဆိုး သဖွယ် ဖြစ်လာပေလိမ့်မည်။

ကျိတုန်သည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီကာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနေသူ တစ်ဦး ဖြစ်သည်။ ယခုတစ်ကြိမ် အဆင့်ချိုးဖျက်မည့် ဖြစ်စဉ်သည် အလွန်ကိုမှ အရေးကြီးပေသည်။ ကိုယ်တွင်းနတ်ဆိုးသာ ကျိတုန်၏ အဆင့်ချိုးဖျက်ခြင်း ဖြစ်စဉ်ကို လာနှောင့်ယှတ်မည်ဆိုပါက အဆင့်ချိုးဖျက်ခြင်းဖြစ်စဉ် ကျရှုံးသွားနိုင်ပြီး ကံဆိုးလျှင် အသက်ပါ ပျောက်သွားနိုင်ပေသည်။

ထို့ကြောင့် ရန်ကိုင်၏ စကားကိုကြားသည့်အခါ ရန်ကိုင် မည်ကဲ့သို့သော လူစားမျိုးမှန်း သဘောပေါက်သွားခဲ့သည်။

ထိုကောင်လေးသည် လုံးဝကို အရူးတစ်ယောက် မဟုတ်ချေ။ သူနားမလည်သည်မှ ထိုသို့မဟုတ်လျှင်… ဘာကြောင့်များ သူနှင့်ရှုဝေအား တမင်သက်သက် လိုက်ရန်စနေရသနည်း။ သူဘာလုပ်ချင်နေသနည်း။

သူနှင့်ရှုဝေလက်မှ တကယ်ကို ထွက်ပြေးနိုင်သည်ဟု ယုံကြည်နေလေသလော။ မည်သည့်အရာကများ သူ့အား ထိုသို့သော ယုံကြည်ချက် ပေးစွမ်းထားလေသနည်း။ သူ့ဘဝ၌ အဖြစ်အပျက်များစွာကို ကြုံတွေ့ရဖူးသည့်တိုင် ရန်ကိုင် ဘာတွေးနေလဲဆိုသည်ကို လုံးဝ မမှန်းတတ်ချေ။

သို့သော် လက်ရှိ အခြေအနေအရ သူ့အနေဖြင့် ထိုကောင်လေးကို လုံးဝ လွှတ်ပေးလိုက်၍ မဖြစ်တော့ချေ။ ထိုကောင်လေးသာ အသက်ရှင်နေလျှင် သူ့သား၏ ကိုယ်တွင်း နတ်ဆိုးဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ကျိတုန် ဆက်လက် တိုးတက်နိုင်ဖို့ရာ.. သူသေကို သေရပေမည်။

ခုနှစ်ရောင်ခြယ်အလင်း ပျောက်ကွယ်သွားသည်နှင့် ရန်ကိုင်အား ဖိနှိပ်ထားပြီး သူ့သား သတ်နိုင်အောင် ကူညီပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုကောင်လေး ဆက်၍ အသက်ရှင်နေလို့ မဖြစ်ချေ။ ရန်ကိုင်ကို သတ်ပြီးမှသာ ရှုဝေဆီမှ ဥာဏ်အလင်းပွင့်ပန်းများကို သွားပြန်လုပေမည်။

သူ့ခွန်အားအပေါ် ကျိလုန် ယုံကြည်ချက်ရှိပေသည်။ သူ့ခွန်အားဖြင့် ရန်ကိုင်ကို ဖိနှိပ်ဖို့ရာ ဘာမှမခက်ဟု ကျိလုန် ယုံကြည်နေ၏။

“ကောင်လေး” ရှုဝေက စိတ်မရှည်သည့် လေသံဖြင့် ထပ်အော်ပြောလေသည် “ငါမင်းကို နောက်ဆုံးအကြိမ် ထပ်မေးမယ်။ မင်းငါနဲ့ ပူးပေါင်းမှာလား၊ မပူးပေါင်းဘူးလား”

“ထွက်သွားစမ်းဗျာ။ နားငြီးတယ်” ရန်ကိုင်က ရှုဝေဘက်သို့ လှည့်၍ အထင်တသေးဖြင့် “ခင်ဗျားက ဘာအကူအညီ ပေးနိုင်မှာ မို့လို့ ကျုပ်က ခင်ဗျားနဲ့ ပူးပေါင်းရမှာလဲ”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်” ရှုဝေသည် ရန်ကိုင်အား ကြည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်၏ “အဲ့လိုဆိုမှတော့ မင်းဘယ်လိုသေမလဲ ဒီလူအိုကြီး ကြည့်ရသေးတာပေါ့”

ရန်ကိုင် သေလိမ့်မည်ဟု ရှုဝေ အပြည့်အဝ ယုံကြည်နေသည်။ သူမလှုပ်ရှားလျှင်ပင် ကျိလုန်သည် ရန်ကိုင်အား မရရအောင် လိုက်သတ်ပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်အား ခေါ်ရန် ကြိုးစားမနေတော့ဘဲ ကျားနှစ်ကောင် ကိုက်နေသည်ကို ထိုင်ကြည့်နေရန်သာ ဆုံးဖြတ်လိုက်လေသည်။

“ကျုပ်ကိစ္စကို ခင်ဗျား လာစိတ်ပူနေစရာ မလိုဘူး” ရန်ကိုင်က မဲ့ပြုံးပြုံးလျက် ပြောလိုက်သည်။ ထို့နောက် ရန်ကိုင်သည် လည်ပင်းကိုချိုး၊ ပခုံးကို ဟိုလှည့်ဒီလှည့်လုပ်လျက် အကြောလျှော့လိုက်၏။ ပြီးသွားသည့်နောက်တွင် ကျိလုန်နှင့် ရှုဝေတို့အား တစ်ချက်ကြည့်လိုက်ပြီး ရေရွတ်လိုက်လေ၏ “အချိန်ပြည့်တော့မှာပဲ။ ဒီသခင်လေး ခင်ဗျားတို့နဲ့ အချိန် ဆက်ဖြုန်းနေလို့ မဖြစ်တော့ဘူး”

ရန်ကိုင်သည် တစ်ခုခု လုပ်တော့မည့်ပုံစံမျိုးပင်။ ကျန်သုံးယောက်သည် ရန်ကိုင် ဘာလုပ်ချင်နေလဲ မသိသဖြင့် သူ့အား မမှိတ်မသုံ စိုက်ကြည့်နေကြလေသည်။

သို့သော်လည်း ချက်ချင်းဆိုသလို သုံးယောက်စလုံး မယုံကြည်နိုင်ဟန်များဖြင့် မျက်လုံးပြူးကုန်ကြလေသည်။

ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့် ရှေ့သို့ တစ်လှမ်းချင်း တိုးလိုက်၏။ မကြာမီ၊ ဟင်းလင်းပြင်အက်ကြောင်းမှ ကာကွယ်ပေးထာသည့် စက်ကွင်း အစွန်ဖျားသို့ ရောက်လာ၏။ သူသာ ရှေ့နည်းနည်းဆက်တိုးလျှင် ခုနှစ်ရောင်ခြယ်အလင်းထဲ ရောက်သွားပေလိမ့်မည်။

“ဘာဖြစ်လို့လဲ။ မင်းသေမယ်မှန်း ကြိုသိလို့ ကိုယ့်ကိုယ်ကို သက်သေချင်နေတာလား” ကျိတုန်က လှောင်ပြောင်လိုက်၏။

အခြား ဖြစ်နိုင်ချေတစ်ခုကိုမှ မတွေးတတ်။ သူ့စိတ်ထဲ ထိုဖြစ်နိုင်ချေတစ်ခုကိုသာ စဉ်းစားမိ၏။

ရန်ကိုင်သည် ကျိတုန်အား တစ်ချက်သာ ကြည့်လိုက်ပြီး မသိကျေကျွံပြုလျက် ရှေ့သို့ နောက်တစ်လှမ်း တိုးလိုက်သည်။

“ဟားဟား” ရန်ကိုင် လုပ်ရပ်ကိုကြည့်ရင်း ကျိတုန် ထရယ်တော့လေသည်။ သို့သော်လည်း သူ့ရယ်သံသည် ရုတ်တရက် တစ်ဝက်တစ်ပျက်၌ ရပ်တန့်သွားလေသည်။ သူ့အကြည့်အောက်တွင် ရန်ကိုင်သည် ထိုနေရာတွင် ဘယ်သောအခါကမှ မရှိခဲ့သည့်အလား ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

“သူဘယ်ရောက်သွားတာလဲ” ကျိတုန် ကြောင်သွားခဲ့သည်။ သို့သော်လည်း ချက်ချင်းဆိုသလို အနီးတစ်နေရာ၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

ကျိတုန် အလန့်တကြား ထအော်လေ၏။

ပြန်ပေါ်လာသည့်လူသည် အခြား မဟုတ်ဘဲ ယခုလေးတင် ပျောက်ကွယ်သွားခဲ့သော ရန်ကိုင် ဖြစ်နေခဲ့သည်။ ယခု ရန်ကိုင်သည် ခုနှစ်ရောင်ခြယ်အလင်းရန်မှ ကင်းဝေးသည့် အခြား လုံခြုံသည့် တစ်နေရာသို့ ရောက်နေခဲ့လေပြီ။ သူပြန်ပေါ်လာသည့် နေရာသည် ဥာဏ်အလင်းပွင့်ပန်းငါးပွင့် ပေါက်နေသော ဟင်းလင်းပြင် အက်ကွဲကြောင်းနောက်တွင် ဖြစ်သည်။

ကျိလုန်သည် တစ်ခုခုကို နားလည်သွားသည့်အလား သူ့မျက်ဝန်းထဲ အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။

“လေဟာနယ်စွမ်းအား” ရှုဝေသည် ရန်ကိုင်အား လက်ညိုးတထိုးထိုး လုပ်ရင်း အလန့်တကြား အော်ပြောလေသည် “ကောင်လေး၊ မင်းလေဟာနယ်စွမ်းအားကို ကျွမ်းကျင်တာလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ရှုဝေသည် တစ္ဆေ၊ သရဲတစ်ကောင်ကို မြင်လိုက်ရသလို ဖြစ်နေလေသည်။

“လေဟာနယ်စွမ်းအား” ကျိတုန်သည် စစချင် ကြောင်သွားသော်ငြား ချက်ချင်း ရှုဝေ ဘာကိုပြောနေမှန်း နားလည်သွားခဲ့သည်။

လေဟာနယ်စွမ်းအားသည် အလွန်ကိုမှ ဆန်းကြယ်သည်။ နက်နဲသည်၊ နားလည်ဖို့လည်း အလွန်ကိုမှ ခက်ခဲသည်။ ကြယ်စီရင်စုထဲ ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိသော်ငြား လေဟာနယ်စွမ်းအင်ကို တတ်ကျွမ်းထားသည့်လူမှာတော့ တစ်ထောင်ပင် မပြည့်ချေ။

ထိုတစ်ထောင်ပင် မပြည့်တတ်သော လူများထဲတွင် ဘယ်လောက်လောက်ကများ လေဟာနယ်စွမ်းအင်ကို ဤမျှ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်လို့နည်း။

အသေအချာ မသိသော်လည်း ရန်ကိုင်ကဲ့သို့ လေဟာနယ် စွမ်းအင်ကို အဆင့်မြင့်မြင့် အသုံးပြုနိုင်သည့် လူအရေအတွက်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များထက်ပင် နည်းလိမ့်မည်မှန်းတော့ သိနေသည်။

ခရမ်းကြယ်တွင်လည်း လေဟာနယ်စွမ်းအားကို အသုံးပြုနိုင်သည့် ပညာရှင် အနည်းငယ် ရှိပေသည်။ သို့သော် မည်သူမှ ရန်ကိုင် လုပ်သွားပြသလိုမျိုး မလုပ်နိုင်ကြချေ။

ခရမ်းကြယ်တွင် ရှိသော လေဟာနယ်စွမ်းအားကို တတ်ကျွမ်းထားသည့် ပညာရှင်များသည် ဟင်းလင်းပြင် အစီအရင်များအား မည်ကဲ့သို့ ပြင်ဆင်ရမလဲ ဆိုသည်ကိုသာ သိကြပြီး အခြား ဘာမှမလုပ်တတ်ကြချေ။ မီတာတစ်ထောင်အား ခြေတစ်လှမ်းဖြင့် ခုတ်ကျော်သွားဖို့ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

သို့တိုင် ခရမ်းကြယ်ပေါ်ရှိ သူတို့၏ အဆင့်အတန်းမှာ အလွန်ကိုမှ မြင့်မားကြကာ ဧည့်အကြီးအကဲများထက်ပင် ပို၍ အဆင့်အတန်း မြင့်ကြလေသည်။

ထိုလူများကိုလည်း ခရမ်းကြယ်မှ အလွန် တန်ဖိုးထားကြ၏။ သို့သော်လည်း ဤလူငယ်လေးနှင့် ယှဉ်လိုက်သော် အမှိုက်သာသာ ဖြစ်ကုန်ကြလေသည်။

ရန်ကိုင်သည် လေဟာနယ်စွမ်းအား၌ ဆရာတစ်ဆူဟု ပြောရလျှင် ခရမ်းကြယ်ရှိ ပညာရှင်များသည် လေဟာနယ် စွမ်းအင်ကို စသင်ယူတုန်းသာ ရှိသေးသည့် ပညာသင်အဆင့်များသာ ဖြစ်ကြသည်။

လေဟာနယ်စွမ်းအားကို ဤမျှ အဆင့်မြင့်မြင့် တတ်ကျွမ်းထားရအောင် ထိုလူငယ်လေး မည်သို့သော အခွင့်အလမ်းနှင့်များ ကြုံခဲ့ရလို့နည်း။ ကျိတုန်စိတ်ထဲ ရန်ကိုင်အား အလွန်ကိုမှ မနာလိုအားကျမိနေခဲ့သည်။

သူသည် ခရမ်းကြယ်၏ သခင်လေးတစ်ဦးဖြစ်ကာ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ သူ့ကကော ဘာကြောင့် လေဟာနယ်စွမ်းအားကို မကျွမ်းကျင်ရသနည်း။

ကျိတုန် လက်သီးတင်းတင်း ဆုပ်လိုက်သည်။

“အဲ့လိုကိုး” ကျိတုန် မျက်နှာထက်ရှိ ယုံကြည်ချက်ရှိသည့် အမူအရာသည် အလွန်အမင်း တည်ကြည်လေးနက်သည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားလေသည် “ဒီတော့ မင်းအားကိုးနေတာ ဒီဟာကိုး။ မင်းအော်ကျယ်အော်ကျယ် လုပ်နေရဲတာ မထူးဆန်းတော့ပါဘူး”

ရန်ကိုင်သည် အဓိပ္ပါယ်ပါပါသာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။

သူလေဟာနယ်စွမ်းအားအား အသုံးပြုတတ်သည်ကို လူအများကြီး မသိထားကြချေ။ သို့သော်လည်း ဥာဏ်အလင်းပွင့်ပန်းများနှင့် ကြုံလာရသော် ရန်ကိုင်လည်း မတတ်သာဘဲ သူ့ဝှက်ဖဲကို ထုတ်ဖော်ရတော့လေသည်။

ဥာဏ်အလင်းပွင့်ပန်းများသည် အလွန်ကိုမှ ရှားပါးလှကာ ခရမ်းရောင်ရှိသည့် ပန်းများဆိုလျှင် ပို၍ပင် ရှားသေး၏။ ထိုပန်းပွင့်ငါးပွင့်၏ သက်တမ်းသည် အလွန်ကိုမှ မြင့်မားသည်။ သူသာ ယခုတစ်ကြိမ် လွဲသွားခဲ့လျှင် နောက်ဘယ်အခါမှ ထိုကဲ့သို့သော ဆေးပင်များကို ပြန်တွေ့လိမ့်မည်မှန်း မပြောနိုင်ချေ။

ထို့ကြောင့် သူ့ဝှက်ဖဲကို ထုတ်ပြရန် ရန်ကိုင် ဆုံးဖြတ်လိုက်လေသည်။

“ကောင်လေး၊ မင်းနာမည်က ရန်ကိုင်မလား” ကျိလုန်သည် သူ့သားထက် ပို၍ ရင့်ကျက်ပေသည်။ ထို့ကြောင့် ရန်ကိုင် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားကြောင်း သိပြီးနောက် သူ့သားကဲ့သို့ အရမ်းကြီး တအံ့တဩ ဖြစ်မနေဘဲ အလျင်အမြန် သူ့အမူအရာကို ပြန်ထိန်းလိုက်နိုင်သည်။

ယခင်က ရန်ကိုင်ကို သိပ်အရေးမစိုက်ခဲ့သော်လည်း ရွှယ့်ယွယ် ရန်ကိုင်၏ နာမည်အား ခေါ်လိုက်သည်ကို ကြားဖူးသည်။ ထို့ကြောင့် ရန်ကိုင်၏ နာမည်ကို သိနေခြင်း ဖြစ်သည်။

“ဟုတ်တယ်။ ဘာဖြစ်လို့လဲ” ရန်ကိုင်သည် ကျိလုန်အား အရေးမစိုက်ဟန်ဖြင့် ပြန်ကြည့်လိုက်သည်၊။

ကျိလုန်သည် ရန်ကိုင်၏ အပြုအမူကြောင့် ဒေါသထွက်သွားခြင်း မရှိဘဲ ပုံမှန်လေသံဖြင့်သာ ပြန်ပြောလိုက်၏ “စောစောက မင်းကို တိုက်ခိုက်လိုက်တာ ဒီဘုရင်ရဲ့ အမှားပဲ”

“အဖေ…” ကျိတုန်သည် အထိတ်လန့်ဖြင့် ကျိလုန်အား လှည့်ကြည့်လိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၈၄)

သူ့အဖေသည် ကြယ်စီရင်စုကြီးထဲရှိ မဟာအင်အားစုကြီး တစ်ခုဖြစ်သော ခရမ်းကြယ် အဖွဲ့အစည်း၏ ဂိုဏ်ချုပ်ဖြစ်ကာ ကြယ်စီရင်စုကြီးထဲရှိ အားအကောင်းဆုံး လူများအနက် တစ်ဦး အပါအဝင်ဖြစ်သည်။ သို့တိုင် သူ့ကဲ့သို့ လူတစ်ယောက်သည် သူ့အား အဆက်မပြတ် ရန်စထားသည့် ဂျူနီယာလေး တစ်ဦးကို သွားတောင်းပန်နေသည်။ ကျိတုန် သူ့နားကြားမှားသလားဟုပင် ထင်မိသွားသည်။

“မင်းပါးစပ်ပိတ်ထား” ကျိတုန်က အော်ငေါက်လိုက်သော် ကျိတုန်လည်း ဘာမှ ထပ်မပြောရဲတော့ဘဲ ငြိမ်ကုတ်သွားလေ၏။

“ခင်ဗျားက တောင်းပန်နေတာလား” ရန်ကိုင်က ပြုံးဖြီးလိုက်သည်။

ကျိလုန်က မျက်မှောင်ကြုတ်၍ “မင်းက အဲ့နည်းလမ်းနဲ့ဆိုမှတော့ အဲ့လိုပဲပေါ့”

“ခင်ဗျားက တောင်းပန်နေတာဆိုမှတော့ ကျုပ်ကလည်း အင်တင်တင်နဲ့ပဲ လက်ခံပေးရမှာပေါ့”

အင်တင်တင်နဲ့…

ကျိတုန် သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။

ခရမ်းကြယ်၏ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် တောင်းပန်သည်ကိုပင် ထိုကောင်သည် နည်းနည်းလေးမှ ကျေးဇူးမတင်ဘဲ လက်မခံချင်သလိုလိုပင် လုပ်နေသေးသည်။ ထိုကောင် ဘာကောင်မျိုးနည်း။ ခရမ်းကြယ်မှ ဂိုဏ်းချုပ်ကြီး၏ တောင်းပန်ခြင်း ခံရသည်မှ မည်မျှပင် ဂုဏ်ရှိလိုက်သည်ကို သူမသိလေသလော။

“ဒါပေမယ့်… ခင်ဗျား ဘာပြောချင်နေတာလဲ” ရန်ကိုင်သည် ကျိတုန်၏ အကြည့်ကို လျစ်လျူရှဒ၍ ကျိလုန်အား အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်လေသည်။

ဤကဲ့သို့သော တောင်းပန်မှုမျိုးသည် ပြောချင်တိုင်း ပြောလို့ရသည့် တောင်းပန်မှုမျိုးပင်။ ထို့ကြောင့် ကျိလုန် သူ့အား အမှန်တကယ် တောင်းပန်နေသည်ဟု မထင်မိ။ သို့သော်လည်း ကျိလုန်၏ သဘောထားကြောင့် သူ့စိတ်ထဲ သင်္ကာမကင်း ဖြစ်မိလာ၏။

သူ့စကားကြောင့် ကျိတုန်စိတ်ထဲ ကိုယ်တွင်းနတ်ဆိုး ဖြစ်လာမည်ကို ကျိလုန် မသိဟု သူမထင်သလို ကျိလုန်သည် သူ့ရန်စထားသည်ကို သဘောထားကြီးကြီးနှင့် ခွင့်လွှတ်ပေးလောက်သည်အထိ သဘောထားကြီးလိမ့်မည်ဟုလည်း မထင်ချေ။

ခရမ်းကြယ်၏ ဂိုဏ်းချုပ်သည် လျှော့တွက်သင့်သည့် လူတစ်ယောက် မဟုတ်ချေ။

“ငါ့မှာ အခြား ဘာရည်ရွယ်ချက်မှ မရှိဘူး။ မင်း ခရမ်းကြယ်ထဲ ဝင်ချင်လားလို့ မေးချင်ရုံပဲ” ကျိလုန်က ရန်ကိုင်အား ကြည့်ကာ ဖိတ်ခေါ်လိုက်လေသည်။

“ခရမ်းကြယ်ထဲဝင်ဖို့” ရန်ကိုင် ရယ်လိုက်သည်။

“ဟုတ်တယ်။ မင်းကျင့်ကြံခြင်းက တန်ခိုးရှင်ဘုရင်အဆင့်ကို မရောက်သေးပေမယ့် မင်းပြသွားတဲ့ စွမ်းရည်ပေါ် မူတည်ပြီး ငါမင်းကို ဧည့်အကြီးအကဲရာထူး ပေးလို့ရတယ်”

“ဧည့်အကြီးအကဲ” ထိုစကားကို ကြားသည့်အခါ ကျိတုန် ဆက်၍ တိတ်မနေနိုင်တော့ပေ။

ခရမ်းကြယ်၏ ဧည့်အကြီးအကဲရာထူးသည် အခြား တွေ့ကရာ ဂိုဏ်းတစ်ဂိုဏ်း၏ ဧည့်အကြီးအကဲ ရာထူးနှင့် လုံးဝ မတူချေ။ ထိုရာထူးသည် အလွန်ကိုမှ အဆင့်အတန်း မြင့်မားပြီး မြင့်မားသော ခွန်အားကိုလည်း ကိုယ်စားပြုပေသည်။

လက်ရှိတွင် ခရမ်းကြယ်၌ ဧည့်အကြီးအကဲ ခုနှစ်ဦးရှိပြီး ခုနှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ ခရမ်းကြယ်တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ မရောက်သေးသည့် ဧည့်အကြီးအကဲ တစ်ဦးမှ မရှိချေ။

သို့သော်လည်း ခရမ်းကြယ်၏ ဂိုဏ်းချုပ်သည် တန်ခိုးရှင်အဆင့် လူငယ်လေးတစ်ဦးအား ဧည့်အကြီးအကဲ ရာထူးပေး၍ ခရမ်းကြယ်သို့ ဖိတ်ခေါ်နေသည်။ ဤအကြောင်းသာ သတင်းပြန့်သွားခဲ့လျှင် ကြယ်စီရင်စုကြီးထဲ ပွတ်လောရိုက်ပေဦးမည်။

“ဧည့်အကြီးအကဲ” ရန်ကိုင်သည် လုံးဝ စိတ်မဝင်စားသည့် အလား ရယ်မောလျက် “မလိုပါဘူး၊ ကျေးဇူးပါပဲ။ ကျုပ်က တစ်ယောက်တည်း နေရတာကို သဘောကျတယ်။ အချုပ်အနှောင်တွေနဲ့ မနေတတ်ဘူး။ ဒီတော့ ခင်ဗျားရဲ့ ဧည့်အကြီးအကဲရာထူးကို ငြင်းပယ်ပါရစေ”

ဒီကောင် သောက်ရူးလား ကျိတုန်သည် ရန်ကိုင်အား အရူးတစ်ယောက်နှယ် ကြည့်လိုက်သည်။ ဧည့်အကြီးအကဲ ရာထူးသည် မည်မျှ အဆင့်မြင့်ကြောင်းကို သူမသိလေသလော။ မည်သို့မှ ထိုရာထူးကို နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ ငြင်းဆိုနိုင်ရသနည်း။

ကျိတုန်စိတ်ထဲ အတွေးပေါင်း သောင်းခြောက်နှင့် ပြည့်နေသည်။

“ဧည့်အကြီးအကဲရာထူးက မင်းလွတ်လပ်မှုကို မချုပ်နှောင်နိုင်ဘူးလေ။ ဧည့်အကြီးအကဲတွေက သူ့ဘာသာ လွတ်လွတ်လပ်လပ် နေနိုင်ကြတာပဲ။ မိတ်ဆွေလေးက ငါ့ကမ်းလှမ်းချက်ကို နားလည်မှု လွဲသွား…” ကျိလုန်က စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။

သူပြောလို့ မပြီးသေးခင်မှာပင် ရန်ကိုင်က ဖြတ်ပြောလိုက်၏ “ဆက်ရှင်းပြနေစရာမလိုဘူး။ ဧည့်အကြီးအကဲရာထူးက ဘယ်လိုမှန်း ကျုပ်သိတယ်။ ကျုပ်ဘယ်အင်အားစုထဲကိုမှ မဝင်ချင်ရုံသက်သက်ပဲ”

ကျိလုန်သည် မျက်လုံးမှေးစဉ်းလျက် ယဲ့ယဲ့လေးပြုံးရင်း ပြောလိုက်သည် “မိတ်ဆွေလေး၊ မင်းငါ့ကမ်းလှမ်းချက်ကို နည်းနည်းလေးမှ ထပ်မစဉ်းစားတော့ဘူးလား”

“ခင်ဗျား ဆက်ပြောနေလည်း အပိုပဲ” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်သည်။

ကျိလုန် မျက်နှာပျက်သွား၏။

“ဟားဟား၊ ကောင်လေး မင်းငြင်းတာမှန်တယ်ကွ” ရှုဝေက ကျိလုန် မျက်နှာပျက်သွားသည်ကိုကြည့်ရင်း ရယ်မောလျက် “သူပြောတာကို နားထောင်လိုက်ရင် မင်းအနာဂတ် ကောင်းတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းပုံစံကို ငါကြိုက်တယ်။ ဒါကြောင့် စွန့်ပစ်တွင်းမြေဆီ ငါမင်းကို ဖိတ်ခေါ်ချင်တယ်။ ဒီကောင်ကို ရန်စလိုက်ပြီဆိုတော့ ကြယ်စီရင်စုထဲမှာ ဆက်နေဖို့ မင်းအတွက် အတော်လေး ခဲယဉ်သွားပြီ.။ ဒါပေမယ့် ငါတို့ စွန့်ပစ်တွင်းမြေက ဘယ်အင်အားစုကိုမှ မကြောက်တဲ့ အင်အားစု တစ်ခုပဲ။ မင်းသာ ငါတို့အဖွဲ့ထဲ ဝင်မယ်ဆိုရင် ဘာပြဿနာမှ မရှိစေရဘူးလို့ ငါအာမခံတယ်”

“ခင်ဗျားလည်း လျှာကြောရှည်တာပဲ” ရန်ကိုင်က ရှုဝေဘက်သို့လှည့်၍ “ခွေးအိုကြီးတွေ၊ ခင်ဗျားတို့ ဘာလုပ်ချင်နေလဲ ကျုပ်မသိဘူး ထင်နေတာလား။ ဒီလို အပေါစား လှည့်ကွက်လေးနဲ့ ကျုပ်ကို‌ လှည့်စားလို့ရမယ်လို့ ခင်ဗျားတို့ တကယ်ကြီး ထင်နေတာတော့ မဟုတ်ပါဘူးနော်”

ထိုစကား ထွက်လာသည့်အခါ ကျိလုန်ရော၊ ရှုဝေပါ မျက်နှာအမူအရာ ပြောင်းသွားကြလေသည်။ သူတို့ အကြံကို ရန်ကိုင် သိနေလိမ့်မည် မထင်ထားကြချေ။

ရှုဝေနှင့် ရန်ကိုင်သည် မိတ်ဆွေများ မဟုတ်ကြဘဲ ရန်သူများ ဖြစ်ကြသော်လည်း ရန်ကိုင်မှ သူတို့ လိုချင်သည့် ရတနာနားသို့ ရောက်နေသည်ကို မြင်သော် သူ့တို့စိတ်ထဲ ဂနာမငြိမ် ဖြစ်လာ၏။ ထို့ကြောင့် အတိုင်းအဖောက်ညီညီနှင့် ထိုခွေးအိုကြီး နှစ်ဦးသည် ရန်ကိုင်အား ခုနှစ်ရောင်ခြယ်အလင်း ပြန်ဆုတ်သွားသည့် အချိန်ထိ အချိန်ဆွဲထားရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

သူတို့လှည့်ကွက် ဖော်ခံလိုက်ရပြီမှန်း သိသွားပြီးနောက် ကျိလုန်က အေးစက်စက် အမူအရာဖြင့်‌ ပြောလိုက်လေသည် “တော်လွန်းတိုင်းလည်း မကောင်းဘူး ကောင်လေးရဲ့။ လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားလို့ ဒီဘုရင်လက်က လွတ်မယ်ထင်နေရင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေကို မင်း အရမ်း အထင်သေးလွန်းရာ ကျသွားပြီ။ ပြီးတော့ ဒီဘုရင်က တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေထဲမှာတော့ ထိပ်တန်း အဆင့်ထဲ ပါတယ်။ လေဟာနယ်စွမ်းအား တတ်ထားရုံနဲ့ ဒီဘုရင်လက်က လွတ်မယ် ထင်နေလား။ ဒီဘုရင် မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်။ အဲ့ဥာဏ်အလင်းပွင့်ပန်းတွေကို ခူးပြီး ဒီဘုရင်ကို လာပေး။ အဲ့ဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်”

လှည့်ကွက်သုံးမရတော့သဖြင့် အကြမ်းနည်းဖြင့်သာ ရန်ကိုင်ကို ခြိမ်းခြောက်တော့လေသည်။

“ဟားဟားဟား” ရန်ကိုင်က ရယ်မောလျက် “တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတွေက အရမ်း‌ ကြောက်ဖို့ကောင်းတာလား။ ခင်ဗျားရဲ့ ကြမ်းလှပါတယ်ဆိုတဲ့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေကို ကျုပ်သတ်လာခဲ့တာ တစ်ယောက် မကတော့ဘူး ဆိုတာ ခင်ဗျား သိထားသင့်တယ်”

“အရူးကောင်” ကျိတုန် ရေရွတ်လိုက်သည်။

သူ့ကဲ့သို့ ပါရမီရှင်ပင် တန်ခိုးရှင်ဘုအဆင့် ကျင့်ကြံသူများကို ယှဉ်မတိုက်နိုင်ချေ။ အပြန်အလှန် အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် သူ့အသက်ကို အလွယ်တကူ ချွေယူသွားနိုင်ပေသည်။

တန်ခိုးရှင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကြားတွင် အလွန်တရာကြီးမားလှသော ကွာခြားချက်ကြီး ရှိနေသည်။ ထို့ကြောင့် ရန်ကိုင် မဟုတ်တုတ်က စကားများ လျှောက်ပြောနေသည်ဟု တွေးသွားမိခြင်း ဖြစ်သည်။

သို့သော်လည်း ရန်ကိုင်သည် အမှန်ကို ပြောနေခြင်း ဖြစ်သည် ဆိုသည်ကိုတော့ ကျိတုန် မသိခဲ့ပေ။ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူဖြစ်သော လော့ဟိုင်အား ကြယ်ဧရာဇ် တံဆိပ်ပြား၏ အကူအညီဖြင့် သတ်ပစ်ခဲ့ဖူးပေသည်။ ထို့အပြင် ကုကျန်းရှင်ကိုကူညီ၍ တန်ခိုးရှင်ဘုရင် ပထမအဆင့် တစ်ဦးကိုလည်း သတ်ပစ်ခဲ့ဖူး၏။

ကျိတုန်သာ ထိုအကြောင်းကို သိလျှင် စိတ်ဓါတ်ဒုံးဒုံး ကျသွားမလားတောင်မသိ။

“မေ့လိုက်တော့။ ကျုပ်မှာ ခင်ဗျားတို့ကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး” ရန်ကိုင်သည် မှုန်ကုတ်ကုတ်နှင့် တစ်ဖက်သို့ လှည့်လိုက်သည်။ ရှုဝေ၊ ကျိတုန်တို့နှင့် စကားပြောနေခဲ့သော်ငြား အချိန်ကို အမြဲမပြတ် သတိထားနေခဲ့သည်။

ခုနှစ်ရောင်ခြယ်အလင်း ပြန်မဆုတ်ခင် အမွှေးတိုင် တစ်ချောင်းစာသာ ကျန်ပေတော့သည်။ ထိုအချိန်သည် ဥာဏ်အလင်းပွင့်ပန်းများကို ခူးရန် လုံလောက်သည်ထက်ပင် ပိုပေသည်။

“ဝိုး၊ မွှေးလိုက်တဲ့ဆေးရနံ့” ရန်ကိုင်သည် သူ့ရှေ့တွင် ရှိနေသော ပန်းငါးပွင့်၏ အနံ့ အလွန်မှကို သင်းပျံ့မွှေးကြိုင်သည့် အလား၊ ဆေးရနံ့ထဲ ရစ်မူးသွားသည့် ပုံစံမျိုး လုပ်ပြသည်။ ထိုသို့ လုပ်ပြရင်းမှ အသံကျယ်ကျယ်ဖြင့်လည်း အော်ပြောလိုက်၏ “ဥာဏ်အလင်းပွင့်ပန်း ဆိုတဲ့အတိုင်းပါလား။ ဆေးအာနိသင်ကတော့ ထိပ်တန်းပဲ။ အနံ့လေး ရှုလိုက်တာနဲ့တင် ငါ့အဆင့်တစ်ဆို့ အတားအဆီး ပျောက်သွားတော့မလိုပဲ”

ပြောပြီး ခေါင်းကိုကုတ်ကာ ကိုးယိုးကားကား ဖြစ်နေသည့် ပုံစံမျိုး လုပ်ပြလိုက်သည်။

ရန်ကိုင် လုပ်နေသည့် ပုံစံသည် သူ့ဆေးပင် မည်မျှကောင်းကြောင်း ဖော်ညွှန်းနေသည့် ဆေးပင်ရောင်းသူ တစ်ဦးနှင့် ဘာမှမခြားချေ။ သို့တိုင် ရန်ကိုင်လုပ်ပုံကိုကြည့်ရင်း ကျိတုန် မျက်လုံးများ နီရဲလာခဲ့လေသည်။

ဆေးနံ့ တစ်ချက် ရှူလိုက်ရုံဖြင့် အဆင့်တစ်ဆို့အတားအဆီး လျော့ပါးသွားသည်လား။

ရန်ကိုင်သည် သူ့ကဲ့သို့ပင် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ယခု… ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်နေလေပြီ။

ကျိတုန်မှတော့ ရန်ကိုင်အား မီတာတစ်ထောင်အကွာမှ ဘာမှ မလုပ်နိုင်ဘဲ ရပ်ကြည့်နေရုံသာ တတ်နိုင်၏။ ဆေးအာနိသင် မည်မျှ ကောင်းကြောင်း လုပ်ပြနေသည့် ရန်ကိုင်ပုံစံကိုကြည့်ရင် ကျိတုန်စိတ်ထဲ ရန်ကိုင်ဆီသို့ ပြေးသွားပြီး သူ့မျက်နှာအား တစ်ချက်ပြီးတစ်ချက် ဆင့်ကာ ထိုးပစ်ချင်စိတ်များ ပေါက်လာခဲ့၏။

“မဖြစ်ဘူး။ မဖြစ်ဘူး။ ဒီနေရာမှာ အဆင့်ချိုးဖျက်တာ ကိုယ့်သေကြောင်းကိုယ်ကြံတာနဲ့ အတူတူပဲ။ လုံခြုံတဲ့နေရာ တွေ့ထဲအထိ ဒီခံစားချက်ကို ဖိနှိပ်ထားမှမဖြစ်မယ်” ရန်ကိုင်က ထပ်မံ အော်ပြောလိုက်ပြန်သည်။

ကျိတုန် သွေးအန်ချင်နေလေပြီ။

သူအလွန်ကိုမှ လိုချင်တောင့်တနေသည့် အခွင့်အရေးသည် ရန်ကိုင်ရှေ့တွင် ရောက်နေသော်လည်း ရန်ကိုင်သည် ထိုအခွင့်အရေးကို ရုတ်တရက် ဖိနှိပ်ထားပစ်လိုက်သည်။ သူ့စိတ်ထဲ မည်သို့ ခံစားရမည်ကို တွေးကြည့်နိုင်ပေသည်။

ဤကမ္ဘာကြီးထဲတွင် ရန်ကိုင်နှင့် လာတွေ့သည်မှာ သူ့ဘဝ၏ အဆိုးရွားဆုံး အိမ်မက်ဆိုး ဖြစ်ပေသည်။ ရန်ကိုင် မသေသေးသရွေ့ သူ့အနေဖြင့် ကောင်းကောင်း ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။

“ကောင်လေး၊ မင်းတော်သင့်ပြီ” သူ့သား အခြေအနေကို သတိပြုမိသော် ကျိလုန်လည်း မနေနိုင်တော့ဘဲ ဝင်တားရလေ၏။

“ဟဲဟဲ…” ရန်ကိုင်သည် ကျိတုန်အား လှည့်ကြည့်ရင်း ရယ်မောလိုက်ပြီးနောက် ပန်းပင်ရှေ့သို့ ပြန်လှည့်လိုက်၏။ ထို့နောက် အဝတ်ဗလာ မိန်းမလှလေးတစ်ဦးရှေ့ ရောက်နေသည့် တဏှာရူးတစ်ယောက်နှယ့် သရေတမြောင်းမြောင်းနှင့် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း၊ ပန်းပွင့်ဆီသို့ လက်လှမ်းလိုက်၏။

ထို့နောက် ပန်းပွင့်အား အမြစ်မှတစ်ခါတည်း ဆွဲနှုတ်လိုက်၏။

ပုံမှန်အားဖြင့် အဖိုးတန်ဆေးပင်များကိုခူးလျှင် သုံး၍ရသော အပိုင်းများကိုသာ ခူးလေ့ရှိပြီး အမြစ်များကို ချန်ထားခဲ့လေ့ ရှိသည်။ ထိုနည်းဖြင့် ဆေးပင်မှာ အခူးခံလိုက်ရသော်ငြား အမြစ် ရှိသေးသည့်အတွက် အချိန်တစ်ခုကြာလျှင် ပြန်ပေါက်လာနိုင်၏။

ဆေးပညာရှင်များသည် ဆေးပင်များကို ခူးရာတွင် ထိုနည်းလမ်းအတိုင်း ခူးကြပေသည်။

သို့သော်လည်း ရန်ကိုင်သည် ကျိလုန်နှင့် ရှုဝေတို့အတွက် ရစရာတစ်ခုမှ မကျန်ရလေအောင် အမြစ်ကိုပါ ဆွဲနှုတ်ပစ်ခဲ့သည်။

“ဒီတော့ ဒါက ဒဏ္ဏာရီလာ ဥာဏ်အလင်းပွင့်ပန်းပေါ့။ မဆိုးဘူး၊ မဆိုးဘူး။ ပွင့်ချပ်ကိုးချပ်၊ ခရမ်းရောင်၊ အနည်းဆုံး နှစ်သုံးထောင်ပဲ။ ဒီသက်တမ်းနဲ့ဆို ငါသာ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်သွားတာနဲ့ ငါ့ကို ကောင်းကောင်း အကူအညီပေးနိုင်မှာပဲ။ ငါ့အတွက် မသုံးရင်တောင် ပစ္စည်းကောင်တွေနဲ့ လဲလှယ်လို့ ရသေးတယ်” ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထုတ်ယူပြီး ဆေးပင်ကို ထိုထဲ သေသေချာချာ ထည့်သိမ်းထားလိုက်လေသည်။

ရန်ကိုင်သည် ကျိလုန်နှင့် ရှုဝေတို့ သေသေချာချာမြင်ပြီး သရေကျစေနိုင်ရန်အတွက် ဖြည်းဖြည်းချင်း လုပ်ပြနေသည်။

ရန်ကိုင် လုပ်ပြနေသည်ကိုကြည့်ရင်း တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးစလုံး ရင်ထဲအသည်းထဲမှ သွေးယိုစီးကျနေရလေပြီ။

ထိုခွေးသူတောင်းစားသည် တမင်သက်သက် လုပ်နေခြင်း ဖြစ်သည်။

ရှုဝေနှင့် ကျိလုန်တို့ နှစ်ဦးစလုံး ထိုကဲ့သို့ တွေးမိလိုက်ကြသည့် တ်စချိန်တည်းတွင် နှစ်ဦးစလုံး၏ ရန်ကိုင်အပေါ် အမုန်းတရားမှာလည်း ပိုမို ကြီးထွားလာခဲ့လေသည်။

သူတို့ ဖြစ်နေသည့်ပုံစံမှာ ရက်ပေါင်းများစွာ မစားရ၊ မသောက်ရသေးသော လူနှစ်ယောက် အစားအသောက်မျိုးစုံ ခင်းကျင်ထားသော စားပွဲဝိုင်းကြီးရှေ့ ရောက်လာသော်ငြား သွားမစားနိုင်ဘဲ အခြားတစ်ယောက် စားနေသည်ကို သရေ တမြောင်းမြောင်းနှင့် ထိုင်ကြည့်နေရသည့်ပုံစံမျိုးဖြစ်သည်။

ရန်ကိုင်သည် အစားအသောက်မည်မျှကောင်းကြောင်း ကြွားလုံးထုတ်ရင်း မြိန်ရေရှက်ရေဖြင့် စားပွဲပေါ်၌ ထိုင်စားပြနေသော လူဖြစ်ပြီး ကျိလုန်နှင့် ရှုဝေတို့မှာတော့ သရေတမြောင်းမြောင်း၊ ဗိုက်ဟောင်းလောင်းဖြင့် ထိုင်ကြည့်နေရသည့်လူများ ဖြစ်ကြပေသည်။

“ကဲ ငါ့ရဲ ဒုတိယပန်လေး၊ လာစမ်း…” ရန်ကိုင်သည် သူ့ဘာသာ ရေရွတ်ရင်း ဒုတိယပန်းတစ်ပွင့်ကို ခူးကာ ကျောက်စိမ်း သေတ္တာအသစ်တစ်လုံးထဲ ထည့်သိမ်းလိုက်သည်။

ရန်ကိုင်သည် ပန်းများကို ခူးသည့်အခါး အနှေးပြကွက် ရိုက်နေသည့်အလား ဖြည်းဖြည်းချင်းကို ခူးပြနေသည်။

ဆက်မကြည်နိုင်တော့သည့်အဆုံးတွင် ကျိလုန်သည် အသက်ပြင်းပြင်း ရှူသွင်းလျက် မျက်လုံး ပိတ်ထားလိုက်တော့၏။

“မမြင်လျှင် စိတ်မဆင်းရဲ” ဆိုသည့်အတိုင်း မမြင်ရလေအောင် မျက်လုံးကိုသာ ပိတ်ထားလိုက်လေတော့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၈၅)

ရန်ကိုင်၏ အရှက်မရှိသည့် နည်းလမ်းများအပေါ် ကျိလုန် ဆက်၍ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် မျက်လုံးပိတ်၍သာ သူနှင့် မီတာတစ်ထောင်အကွာတွင် ဖြစ်ပျက်နေသော မြင်ကွင်းများကို မမြင်ချင်ယောင် ဆောင်နေလိုက်တော့သည်။

သို့သော်လည်း ရန်ကိုင်ကတော့ အလွတ်ပေးမည့်ဟန်မပေါ်။

ကျိလုန် မျက်လုံးပိတ်သွားသည်ကို မြင်သော် အသံဖြင့် ဆက်၍ နှိပ်စက်လေသည် “အို၊ ဒီဥာဏ်အလင်းပွင့်ပန်းက အရင်းနှစ်ပွင့်လောက် သိပ်မကြီးရတာလဲ။ ပွင့်ချပ်ကလည်းသေး၊ အရောင်ကလည်း မှိန်။ဒါ အာသာရမပြည့်လို့ ဖြစ်ရမယ်။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။ မရှိတာထက်စာရင်တော့ ပိုကောင်းတာပေါ့”

ကျိလုန်၏ ခန္ဓာကိုယ် တစ်ချက်တုန်သွားပြီး သူတော်စင်ချီ အလိုလျောက် ပေါက်ကွဲထွက်လာလုမတတ် ဖြစ်သွားခဲ့သည်။

ရန်ကိုင်ကြောင့် ကြိတ်မနိုင်ခဲမရ ဖြစ်လာသည့်အလား ရှုဝေမှာတော့ နဖူးကြီးများထောင်နေခဲ့လေသည်။

သို့သော်လည်း ကျိလုန်ကဲ့သို့ မျက်လုံးပိတ်ထားမည့်အစား ရန်ကိုင် သူ့အတွက် အရိုးအကြွင်းအကျန်လေးများ ချန်ခဲ့မလား ဟူသော မျှော်လင့်ချက်နှင့် ခေါင်းမာမာဖြင့် ဆက်၍ ကြည့်နေခဲ့သည်။

နောက်ဆုံး တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။

ထိုကောင်လေးသည် ပန်းပွင့်များကို ခူးရာတွင် ဘာကိုမှ မချန်ခဲ့ဘဲ အမြစ်ပါမကျန် ဆွဲနှုတ်ဆက်သွားသည်ကို တွေ့လိုက်ရ၏။

သူ့အနေဖြင့် ထိုဥာဏ်အလင်းပွင့်ပန်းများကို ရနိုင်တော့မည် မဟုတ်မှန်း သိလိုက်သည့်နောက်တွင် ရှုဝေသည် သက်ပြင်း အမောကြီးတစ်ချက်ချလျက် ကျိလုန် အတိုင်း မျက်လုံး ပိတ်ထားလိုက်လေတော့သည်။

ထိုစဉ်…

“မဟုတ်ဘူး” ရန်ကိုင်၏ အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ဘာများဖြစ်သလဲ သိချင်စိတ်ကြောင့် ယခုလေးတင် မျက်လုံးပိတ်သွားသော ရှုဝေ မျက်လုံး ပြန်ဖွင့်ကြည့်လာသည်။ ကျိလုန်သည်ပင် သိချင်စိတ်ကို မထိန်းနိုင်ဘဲ မျက်လုံး ဖွင့်ကြည့်မိသည်။

သူတို့အား စောင့်ကြိုနေသည်မှာတော့ ရန်ကိုင်မှ ပျော်ရွှင်စွာရယ်မောရင်း တတိယမြောက်ပန်းပွင့်ကို ကျောက်စိမ်း သေတ္တာတစ်လုံးထဲသို့ ထည့်နေသည့် မြင်ကွင်းပင်။ “တော်လေးလို့၊ ငါသေတ္တာ မှားထည့်မိတော့မလို့။ ကျွတ်…မှားသာထည့်မိရင် ဆေးအာနိသင် အကုန်ကုန်မှာ”

ရှုဝေသည် ပါးစပ်ဟ၍ စိတ်ရှိတိုင်း ကျိန်ဆဲပစ်လိုက်ချင်သော်ငြား ထိုစိတ်ကို အလျင်အမြန် ပြန်လည် ချုပ်တည်းထားလိုက်နိုင်သည်။

ထို့နောက် လေးပွင့်မြောက်၊ ငါးပွင့်မြောက်…

ရန်ကိုင်သည် တောသားမြို့ရောက်သည့် ပုံစံမျိုး လုပ်နေခဲ့သည်။ ပန်းတစ်ပွင့် ခူးပြီးတိုင်း ခူးလိုက်သည့် ပန်းပွင့်၏ အသေးစိတ်ကို အသံကျယ်ကျယ်ဖြင့် အားလုံးကြားအောင် အော်ပြောပြသည်။ သူ၏ အလွန်အမင်း ဖော်ကြူးထားသော ချီးကျူးစကားများ၊ ရှည်လျားလှသော ရှင်းလင်းချက်များသည် ရှုဝေနှင့် ကျိလုန်တို့၏ နားထဲဝယ် ငှက်ဆိုးထိုးသံနှယ် ခါးသီးစူးရှလွန်းနေခဲ့၏။ ထိုစကားလုံးများသည် သူတို့၏ နှလုံးကို လာစိုက်နေသည့် စူးချွန်းများနှယ် ဖြစ်နေသည့်အတွက် ရှုဝေနှင့် ကျိလုန်မှာ အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်နေခဲ့လေသည်။

ရန်ကိုင် ဆေးပင်ငါးပင်စလုံးကို ခူးပြီးသွားတော့မှပဲ ရှုဝေနှင့် ကျိလုန်တို့ နားအေး၊ ပါးအေးဖြင့် နေနိုင်တော့သည်။ နှိပ်စက်ခံနေရသည့် ဘဝကြီးမှ လွတ်မြောက်လာရသည့် ခံစားချက်သည် သူတို့အတွက် အတော်လေးကို ကောင်းမွန်နေခဲ့လေ၏။

“တကယ်ကို အချီကြီး မြတ်လိုက်တာပဲ” ရန်ကိုင်သည် သူ့သိုလှောင်လက်စွပ်ကို ပုတ်ပြရင်း ပြုံးလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ရှုဝေက ညစ်ကျယ်ကျယ် ပြုံးလျက် “မင်းမပျော်ခင် အဲ့ဆေးပင်တွေကို အရင် သယ်သွားနိုင်အောင်လုပ်ဦး”

ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်ပြီး မီတာ တစ်ထောင်အား တစ်ခဏအတွင်း သွားနိုင်သော်လည်း ရန်ကိုင်သည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ သူနှင့်ကျိလုန်တို့ နှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ကြားရှိ ခွန်အား ကွာခြားချက်သည် အလွန်ကိုမှ ကြီးမားသည်။ သူ့အနေဖြင့် ရန်ကိုင်အား အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ ကျိလုန်လည်း အတူတူပင် ဖြစ်လိမ့်မည်မှန်း သေချာသည်။

ခုနှစ်ရောင်ခြယ်အလင်း ပျောက်ကွယ်သွားသည်နှင့် သူနှင့် ကျိလုန်တို့ နှစ်ဦးစလုံး ရန်ကိုင်ကို တစ်ပြိုင်တည်း တိုက်ခိုက်ပေမည်။

ထိုအခါမှ ဥာဏ်အလင့်ပွင့်ပန်းများ၏ ပိုင်ရှင် အစစ်အမှန် ထွက်ပေါ်လာပေလိမ့်မည်။

လောလောဆယ်တော့… ထိုကောင်လေးသည် ဆေးပင်များကို သယ်သာ သယ်ထားခြင်း ဖြစ်ပြီး ပိုင်ဆိုင်ရခြင်း မရှိသေးပေ။

“သယ်သွားရဖိုလာ။ ခင်ဗျားတို့ ကြည့်နေစမ်းပါ” ထိုသို့ ပြန်ပြောလိုက်ပြီးနောက်တွင် ရန်ကိုင်သည် ခါးကိုမတ်လျက် မလှမ်းမကမ်း တစ်နေရာသို့ လှမ်းကြည့်၍ အကျယ်ကြီး အော်ရယ်မောလိုက်လေသည် “အင်း၊ ဒီနှလုံးရှာကြာပန်းတွေကလည်း အဖိုးတန်ရတနာတွေပဲ။ ငါထားခဲ့လိုမဖြစ်ဘူး”

ဤနေရာ၌ ဘာကြောင့်များ ဟင်းလင်းပြင်အက်ကွဲကြောင်း အများကြီးရှိနေရသလို အဖိုးတန်ဆေးပင်များစွာလဲ ရှိနေရသလဲ ဆိုသည်ကို ရန်ကိုင် မသိချေ။

သူတို့ သုံးဖွဲ့ ရောက်လာသည့်အချိန်တွင် ဤနေရာ၌ ဥာဏ်အလင်းပွင့်ပန်းများအပြင်၊ နှလုံးရှာကြာပန်းနှင့် ကောင်းကင်သန္ဓေမြက်ပင်များပါ ပေါက်နေသည်ကို တွေ့ခဲ့ရသည်။

သို့သော်လည်း အားလုံး၏ အာရုံသည် ဥာဏ်အလင်းပွင့်ပန်း ဆီသို့သာ ရောက်နေသဖြင့် နှလုံးရှာကြာပန်းနှင့် ကောင်းကင်သန္ဓေမြက်အပေါ် အာရုံမစိုက်ဖြစ်ခဲ့ကြပေ။

သို့သော်လည်း ယခုတွင် ဥာဏ်အလင်းပွင့်ပန်းများသည် ရန်ကိုင်၏ အိတ်ကပ်ထဲသို့ ရောက်သွားပြီ ဖြစ်သည့်အတွက် အကုန်လုံး၏ အာရုံသည် နှလုံးရှာကြာပန်းနှင့် ကောင်းကင်သန္ဓေ မြက်ဆီသို့ တစ်ဖန် ပြန်ရောက်လာခဲ့လေသည်။

ကံကောင်းစွာာဖြင့်၊ နှလုံးရှာကြာပန်းသည် ဥာဏ်အလင်းပွင့်ပန်းများကဲ့သို့ ဟင်းလင်းပြင်အက်ကြောင်း တစ်ခုနောက်တွင် ပေါက်နေကြသည်။ ကောင်းကင်သန္ဓေမြက်သည်သာ ခုနှစ်ရောင်ခြယ်အလင်း ရှိသည့် နေရာတွင် ပေါက်နေခြင်း ဖြစ်သည်။

ရန်ကိုင် စကားကိုကြားသည့်အခါ ရှုဝေ ရင်ထိတ်သွားခဲ့၏။

နှလုံးရှာကြာပန်းသည်လည်း ထိုကောင်လေး၏ လက်မှ လွတ်မည်မဟုတ်မှန်း သိလိုက်သည့်နောက် ရှုဝေ မျက်နှာကြီး ပုပ်သိုးသိုး ဖြစ်သွားလေသည်။

ရှုဝေ ကြောက်နေသည့်အတိုင်း ဖြစ်လာခဲ့လေပြီ။ ပြောပြီးသည်နှင့် ရန်ကိုင်သည် ဟင်းလင်းပြင်ကို ခုန်ကူး၍ နှလုံးရှာကြာပန်း ပေါက်နေသည့် နေရာဆီသို့ တိုက်ရိုက် ရောက်လာခဲ့သည်။

ကျိလုန်သည် ရန်ကိုင် မည်ကဲ့သို့ ရွေ့သွားလဲ ဆိုသည်နှင့် ပက်သက်၍ သဲလွန်စအချို့ ရှာချင်နေသည့်အလား ရန်ကိုင်အား သေချာ စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း အလျင်အမြန်ပဲ လက်လျှော့လိုက်လေသည်။ လေဟာနယ်စွမ်းအားသည် သူလေ့လာနိုင်သည့် စွမ်းအားမျိုး မဟုတ်မှန်း သိလိုက်သည့်ပုံပင်။

ရန်ကိုင်အား ထူးဆန်းသော စွမ်းအင်တစ်မျိုးမှ လွှမ်းခြုံပြီးနောက် ရပ်နေရာမှ ရုတ်တရက် ပျောက်သွားသည်ကို ကျိလုန် တွေ့ရှိလိုက်ရသည်။ ရန်ကိုင် ပြန်ပေါ်လာသည့်အခါ ထိုထူးဆန်းသော စွမ်းအားမှာ ပျောက်ကွယ်သွားခဲ့လေပြီ။

လေဟာနယ်စွမ်းအားက ဒီလောက်တောင် ကောင်းတာလား ကျိလုန် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရန်ကိုင်အား သတ်ချင်စိတ်မှာလည်း ပိုမို အားကောင်းလာခဲ့လေသည်။ ရန်ကိုင်သည် သူ့သား ကျိတုန်စိတ်ထဲ ကိုယ်တွင်းနတ်ဆိုး ဖြစ်လာအောင် လုပ်ခဲ့သည်ကို ထည့်မပြောလျှင်ပင် သူ့အား ရန်စထားသည့် အချက်နှင့်ပင် ထိုကောင်ကို သတ်ရန် လုံလောက်နေပေပြီ။ ထို့ကောင်ကိုသာ အသက်ရှင်ခွင့်ပေးပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်အောင် လွှတ်ထားပေးလိုက်ပါက အနာဂတ်တွင် ခရမ်းကြယ်အတွက် ပြဿနာကြီးကြီးမားမားတစ်ခု ဖြစ်လာနိုင်ပေသည်။

လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်… မည်မျှ ကြောက်မက်ဖွယ်ကောင်းမလဲ ဆိုသည်ကို ကျိလုန် တွေးပင် မတွေးရဲချေ။

အန္တရာယ်ပန်းသည် ဖူးပွင့်စ ပြုနေလေပြီ။

“ဟယ်လို”

ကျိလုန် အတွေးရေယာဉ်ကြောထဲ နစ်မျောနေစဉ် ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် သူ့အား လှမ်းပြောင်လေသည်။

နှလုံးရှာကြာပန်းများသည် ကျိလုန်နှင့်ကျိတုန် ရှိနေသည့် နေရာနှင့် မီတာလေးဆယ်လောက်သာ ဝေးသဖြင့် လက်ရှိတွင် ရန်ကိုင်သည် ကျိလုန်တို့နှင့် အတော်လေး နီးနီးကပ်ကပ်တွင် ရှိနေခဲ့လေသည်။

“ကောင်လေး၊ အခုတော့ မင်းစိတ်ကြိုက် လုပ်ထားဦးပေါ့။ ပြီးတော့မှ ငါမင်းကို ကောင်းကောင်း နှိပ်စက်ပေးမယ်” ကျိတုန်သည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း အံကြိတ်၍ ပြောလိုက်လေသည်။

အကြိမ်များစွာ အရှက်ခွဲခံရပြီးနောက်တွင် ကျိတုန် ကောင်းကောင်း မစဉ်းစားမတွေးတောနိုင်တော့ဘဲ ရန်ကိုင်အား ခြိမ်းခြောက်ဆဲရေးရုံသာ လုပ်နိုင်တော့လေသည်။

“ဟားဟား” ရန်ကိုင်က ကျိတုန်၏ စကားအပေါ် အကျယ်ကြီးသာ အော်ရယ်မောပြလိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်လျက် နှလုံးရှာကြားပန်းများကို စခူးလေ၏။

ကျိလုန်နှင့် ရှုဝေတို့အား စိတ်သက်သာရာ ရသွားစေသည်မှာ ရန်ကိုင်သည် ပထမအကြိမ်ကကဲ့သို့ သူတို့အား အသံဖြင့်ဖြစ်စေ၊ ကိုယ်အမူအရာဖြင့် ဖြစ်စေ နှိပ်စက်ခြင်း မပြုတော့ခြင်းပင်။ သူ့ဘာသာ ဆေးပင်များကိုသာ အေးအေးဆေးဆေး ထိုင်ခူးနေ၏။

ခဏအကြာတွင် နှလုံးရှာကြာပန်းအချို့လည်း ရန်ကိုင်၏ အိပ်ကပ်ထဲသို့ ရောက်သွားကုန်လေသည်။

“ဟားဟား၊ ကောင်းကင်သန္ဓေမြက်တွေကို လက်လျှော့လိုက်တော့မလို့လား ကောင်လေး” ရှုဝေသည် အော်ရယ်မောရင်း ရန်ကိုင်အား လှမ်းလှောင်လိုက်သည်။ အစောပိုင်းက ရန်ကိုင်ကြောင့် တစ်ချိန်လုံး စိတ်ညစ်နေရပြီး နောက်ဆုံးတွင် ရန်ကိုင်အား ပြန်လည် လှောင်ပြောင်နိုင်မည့် အခွင့်အရေးတစ်ခု တွေ့ခဲ့လေပြီ။ ရန်ကိုင်အား လှောင်ပြုံးပြုံးကာ စိုက်ကြည့်ရင်း “မင်းအရည်အချင်းက ဒီလောက်ပဲ ရှိတာလား။ မင်းမှာ အရည်အချင်းရှိရင် ဟိုကောင်းကင်သန္ဓေပန်းတွေကိုလည်း သွားခူးပြလေ”

ဥာဏ်အလင်းပွင့်ပန်းဖြစ်စေ၊ နှလုံးရှာကြာပန်းဖြစ်စေ၊ နှစ်ခုစလုံးသည် ခုနှစ်ရောင်ခြယ်အလင်းမရှိသည့် နေရာတွင် ပေါက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်သည် လေဟာနယ်စွမ်းအားအပေါ် အားကိုး၍ ထိုဆေးပင်နှစ်မျိုးကို အလွယ်တကူ ခူးဆွတ်နိုင်ပေသည်။

သို့သော် ကောင်းကင်သန္ဓေမြက်မှာတော့ မတူ။ ထိုမြက်ပင်များသည် ခုနှစ်ရောင်ခြယ်အလင်း ရှိသည့်နေရာ၌ ပေါက်နေခြင်း ဖြစ်သည်။ ရန်ကိုင်သည် အံ့အားသင့်ဖွယ် ပါရမီကို ပိုင်ဆိုင်ထားလျှင်ပင် ထိုဆေးပင်များကို ခူးနိုင်လိမ့်မည် မဟုတ်ချေ။

ရှုဝေသည် ရန်ကိုင်အား စိတ်မညစ်ညစ်အောင် တမင်သက်သက် လိုက်ရန်စနေခြင်း ဖြစ်သည်။

ကျိလုန်က ယဲ့ယဲ့လေးပြုံးလျက် ဝင်ပြောလိုက်သည် “သူလို့လူက ဒီလောက်ပဲ တတ်နိုင်မှာပေါ့။ ဘယ်လိုလုပ်ပြီး အဲ့လောက်အထိ လုပ်နိုင်ပါ့မလဲ ရောင်းရင်းရှုရဲ့”

“သူလုပ်နိုင်ရင် ဒီသခင်လေး ကိုယ့်သွေးကြောတွေကို ချက်ချင်း ဖျက်စီးပစ်ပေးလိုက်မယ်” ကျိတုန်သည် ပို၍ ရဲရဲဝံ့ဝံ့ပင် ပြောချလိုက်သည်။

ကျိတုန် ပြောသည်ကိုကြားသော ကျိလုန် မျက်မှောင် ကြုတ်သွားခဲ့သည်။ သူ့သားသည် အကြောင်းအရင်းမရှိ ပြဿနာကို မီးမောင်းထိုးရှာနေသည်ကို ခံစားလိုက်ရသည်။ ရန်ကိုင်အား လှောင်ပြောင်သည်မှာ ကိစ္စမရှိသော်လည်း သူသွေးကြောကို ဖျက်စီးပစ်ပြမည် ဆိုသည်မှာတော့ တော်ရုံမဟုတ်တော့ပေ။

ထိုစကားလုံးများသည် ဘယ်တော့မှ ပြောချင်တိုင်း ပြောသင့်သည့် စကားမျိုးမဟုတ်။

သို့သော်လည်း ရန်ကိုင်လည်း လုပ်နိုင်မည် မဟုတ်သည့် အတွက် ကျိလုန်သည် ကျိတုန်အား သွားအပြစ်တင်မနေခဲ့ပေ။

သုံးယောက်စလုံး၏ ရန်ကိုင်၏ ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့် မျက်နှာကို မြင်ချင်စိတ်ဖြင့် ဝိုင်းလှောင်ပြောင်နေကြလေသည်။

ရန်ကိုင်ကမူ အေးအေးဆေးဆေးသာရပ်၍ ရှုဝေ၊ ကျိတုန်နှင့် ကျိလုန်တို့ကိုကြည့်ရင်း ရယ်သွမ်းသွေးလျက် “ခင်ဗျားတို့က တကယ်ကို သင်ခန်းစား မရတာပဲ။ ကြည့်ရတာ ကျုပ်သက်ညှာလွန်းရာ ကျသွားတယ်နဲ့တူတယ်”

နှလုံးရှာကြာပန်းများကို ခူးသည့်အချိန်၌ ရန်ကိုင်သည် သူတို့အား ထပ်၍ ရန်မစတော့ချေ။ သူတို့အား ရန်စနေ၍လည်း သူ့အတွက် ဘာမှ အကျိုးရှိသည်မဟုတ်။ ထို့ကြောင့် ရန်ကိုင်သည် သူ့ဘာသာ အေးအေးဆေးဆေး ဆေးပင်များကိုသာ ခူးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုလူများသည် အေးအေးဆေးဆေး မနေဘဲ သူ့အား ထပ်လာရန်စနေသည်ကို မြင်သော် သူ့အနေဖြင့် ထိုလူများကို သင်ခန်းစာကောင်းကောင်း ထပ်ပေးရန် လိုလာပြီမှန်း ရန်ကိုင် နားလည်လိုက်လေသည်။

“မင်းပြောချင်သလိုသာပြော။ ဒါပေမယ့် အဲ့ဆေးပင်တွေကို မင်းမခူးနိုင်တဲ့အချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူး” ရှုဝေက အော်ပြောလိုက်လေသည်။

“ကျုပ်ခူးနိုင်ရင်ကော” ရန်ကိုင်က ရှုဝေအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ ပြန်မေးလိုက်သည်။

ရှုဝေ ကြောင်သွားပြီးနောက် ချက်ချင်း ထရယ်ကာ “ရူးလိုက်တဲ့ကောင်။ အဲ့ဒါဆို လုပ်ပြလေ။ မင်းအဲ့ဆေးပင်တွေကို ဘယ်လိုခူးမလဲ ဒီလူအိုကြီး ထိုင်ကြည့်နေမယ်”

ရန်ကိုင်က အထင်အမြင် တသေးဖြင့် “ခွေးအိုကြီး၊ ခင်ဗျား ကျုပ်ကို အဲ့ဆေးပင်တွေ ခူးစေချင်ရင် ခင်ဗျားဘက်က တစ်ခုခုတော့ ပြန်ပေးရမှာပေါ့။ မပေးဘဲနဲ့ ဘာလို့ ကျုပ်က သွားခူးရမှာလဲ။ ဆေးပင်တွေက ခုနှစ်ရောင်ခြယ်အလင်းထဲမှာ ရှိနေတာ။ အဲ့ဒါမျိုးက အလကားလုပ်ပေးလို့ ရတာမျိုး မဟုတ်ဘူး”

ရှုဝေးက လှောင်ပြုံးပြုံးလျက် ပြောလိုက်၏ “မင်းယူနိုင်ရင် ငါမင်းကို အဖိုးလို့ ခေါ်မယ်ကွာ”

ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ရှုဝေသည် ဤကဲ့သို့ အလောင်းအစား လုပ်ပြီးတော့ပင် သူ့အား ရန်စလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့။ ထိုခွေးအိုကြီးသည် သူ့အား အသွေးထဲ အသားထဲက မုန်းနေခြင်း ဖြစ်သည်။ သူသာ ခုနှစ်ရောင်ခြယ် အလင်းထဲသို့ ရောက်နေသော ကောင်းကင်သန္ဓေမြက်များကို သွားခူးလျှင် ကျိန်းသေ သေလိမ့်မည်ဟု ထင်နေလားပင်မသိ။

မှင်သက်နေရာမှ အသိပြန်ဝင်လာပြီးနောက်တွင် ရန်ကိုင်က ရယ်သွမ်းသွေးလျက် ရှုဝေအားကြည့်ကာ “ခင်ဗျား ပြောတောနော်”

“ဟုတ်တယ်။ ငါပြောတာ။ မင်းလုပ်နိုင်ရင် လုပ်ပြလိုက်” ရှုဝေက အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်၏။

All Chapters