အခန်း (၁၇၈၆-၁၇၉၀)
Vol. 72 Ch. 1786-1790
အပိုင်း (၁၇၈၆)
“ရတယ်လေ။ အဲ့ဒါဆို ကျုပ်သွားခူးမယ်။ ကျုပ်ခူးနိုင်မှ ဖိုးဖိုးလို့ ခေါ်ဖို့မမေ့နဲ့နော်” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြောလိုက်ပြီးနောက် ရုတ်တရက် ပျောက်သွားကာ ကောင်းကင်သန္ဓေမြက်နှင့် အနီးဆုံး ဟင်းလင်းပြင်အက်ကြောင်း တစ်ခုနောက်တွင် ပြန်ပေါ်လာခဲ့လေသည်။
ထိုဟင်းလင်းပြင်အက်ကြောင်းသည် ကောင်းကင်သန္ဓေမြက်နှင့် မီတာနှစ်ဆယ် မရှိတတ်ရှိတတ် အကွာတွင် ရှိနေသည်။
ရှုဝေ၊ ကျိလုန်နှင့် ကျိတုန်တို့သည် ရန်ကိုင်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြလေသည်။ ရန်ကိုင် အောင်မြင်လိမ့်မည်ဟု မည်သူမှ ယုံကြည်မနေကြ။
ခဏလောက် စဉ်းစားနောက်ပြီးတွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ ရွှေရောင်သွေးမျှင်တစ်မျှင်ကို ထုတ်လွှတ်လိုက်၏။ ခုနှစ်ရောင်ခြယ်အလင်း၏ စွမ်းအားကို လူကိုယ်တိုင် တစ်ခါမှ မစမ်းဖူးချေ။ နီကွမ်း ပြောသဖြင့်သာ ကြားဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ရွှေရောင်သွေးမျှင်သည် ခုနှစ်ရောင်ခြယ်အလင်း၏ စွမ်းအားကို ခံနိုင်မခံနိုင် သူမသိ။
ရန်ကိုင်သည် ရွှေရောင်သွေးမျှင်ကို သေချာထိန်းချုပ်၍ ခုနှစ်ရောင်ခြယ်အလင်းထဲသို့ ပို့လွှတ်လိုက်သည်။ သို့သော်လည်း ချက်ချင်းဆိုသလို ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့၏။ အကြောင်းမှာ ခုနှစ်ရောင်အလင်းကို ထိမိလိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရောင်သွေးမျှင် စတင် အရည်ပျော်လာသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ပြဿနမှာ ထိုမျှနှင့်ပင် အပြီးမပြတ်သေးဘဲ တိုက်စားသည့် စွမ်းအားသည် ရွှေရောင်သွေးမျှင်အား လျင်မြန်စွာ တိုက်စားရင်းမှ ရန်ကိုင်ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာခဲ့လေသည်။
ရန်ကိုင်လည်း ထိတ်ထိတ်လန့်လန့်နှင့် ရွှေရောင်သွေးမျှင်အား သူ့ဆီမှ အလျင်အမြန် ဖြတ်ထုတ်ပစ်လိုက်လေသည်။ ရန်ကိုင် အတော်လေး ထိတ်လန့်သွားခဲ့ရလေပြီ။ ခုနှစ်ရောင်ခြယ်အလင်းသည် ကောလဟာလများထဲ ပြောသည့် အတိုင်း တကယ်ကို အစွမ်းထက်လွန်းပေသည်။
ရန်ကိုင်၏ ရွှေရောင်သွေးမျှင်များသည် သန့်စင်သည့် ရွှေရောင်သွေးစက်များမှ ဖန်တီးထားခြင်း ဖြစ်သည်။ ရွှေရောင်သွေးမျှင်များကို စတင် ဖန်တီးခဲ့သည့် အချိန်မှစ၍ ယခု အချိန်ထိ ရည်ရွယ်ချက်ရှိရှိနှင့် ဖောက်ခွဲပစ်ခဲ့သည့် သွေးမျှင်များမှ လွဲကာ ပျက်စီးသွားသည့် သွေးမျှင်ဟူ၍ မရှိသေးပေ။ သို့သော် ယခုမူ ခုနှစ်ရောင်ခြယ်အလင်းကြောင်း သူ့ရွှေရောင်သွေးမျှင်တစ်မျှင် ပျက်စီးသွားခဲ့ရလေပြီ။
ခုနှစ်ရောင်ခြယ်အလင်းသည် အကာအကွယ်မှန်သမျှကို ထိုးဖောက်နိုင်ပြီး ရုပ်ဝတ္ထုခန္ဓာကိုယ်များကို တိုက်စားနိုင်စွမ်း ရှိသလို သက်ရှိတစ်ဦး၏ ဝိဥာဉ်ကိုလည်း ဖျက်စီးပစ်နိုင်စွမ်း ရှိပေသည်။ ထို့အချက်သည် ရန်ကိုင်၏ ရွှေရောင်သွေးမျှင်ကို ဘာမှလှုပ်မရအောင် ချုပ်ထားသလို ဖြစ်နေ၏။
ရန်ကိုင် လေ့လာရသလောက် အသွေးအသားရှိသည် သက်ရှိတစ်ဦး ဖြစ်နေပါက ခုနှစ်ရောင်ခြယ်အလင်းတန်းနှင့် သွားထိတွေ့မိလျှင် ကျိန်းသေ တိုက်စားခြင်း ခံရပေလိမ့်မည်။
ရန်ကိုင်အား စောင့်ကြည့်နေကြသည့် ရှုဝေနှင့် ကျိလုန်တို့မှာလည်း အတော်လေး ထိတ်လန့်သွားခဲ့ကြသည်။
ဤသည်မှာ ခုနှစ်ရောင်ခြယ်အလင်း၏ စွမ်းအားကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ တစ်ကြိမ်မြင်ပြီးရုံနှင့် သူတို့သာ ခုနှစ်ရောင်ခြယ်အလင်းနှင့် သွားထိမိပါက ခုနှစ်ရောင်ခြယ်အလင်း၏ တိုက်စားမှုကို ကျိန်းသေ တောင့်ခံနိုင်လိမ့်မည် မဟုတ်မှန်း သိလိုက်ကြသည်။
သို့သော်လည်း မကြာမီတွင်၊ ရှုဝေသည် အကျယ်ကြီး အော်ရယ်မောလျက် ထအော်ပြောလိုက်လေသည် “ကောင်လေး၊ မင်းဒီလောက်ပဲ တတ်နိုင်တာလား။ လုပ်ပြစမ်းပါဦးကွ”
ရန်ကိုင်သည် ရှုဝေအား လှမ်းကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။
အစောပိုင်းက ရွှေရောင်သွေးမျှင်ကို အသုံးပြုလိုက်ခြင်းမှာ ကောဟဟာလများ တကယ်မှန်သလား စမ်းသပ်ချင်သည့် အတွက်ကြောင့်ဖြစ်သည်။ ယခု အဖြေရပြီ ဖြစ်သဖြင့် ထပ်၍ စမ်းသပ်နေစရာ မလိုတော့ချေ။
ကောင်းကင်သန္ဓေမြက်ကို မည်ကဲ့သို့ ခူးမလဲ ဆိုသည်နှင့် ပက်သက်၍ အစောကြီးကတည်းက ရန်ကိုင် စဉ်းစားပြီးသားပင်။ ကောင်းကင်သန္ဓေမြက်သည် အလွန်ကိုမှ အဖိုးတန်သဖြင့် ရန်ကိုင် အနေဖြင့် ထိုဆေးပင်များကို ဤအတိုင်း ထားခဲ့ရန် လုံးဝ မစဉ်းစားခဲ့ပေ။ ရှုဝေနှင့် ကျိလုန်တို့လက်ထဲ ထည့်လိုက်ဖို့ ဆိုလျှင်တော့ ပို၍ပင် မဖြစ်နိုင်သေး။
ရှုဝေ၏ လှောင်ပြောင်အော်ဟစ်သံကို လျစ်လျူရှုလျက် ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။
ထို့နောက် လက်ဝှေ့ရမ်း၍ ကြောင်တောင်တောင် ဂေါက်တောက်တောက် ပုံစံပေါက်နေသည့် ကျောက်တုံးလေး တစ်တုံးကို ထုတ်လိုက်သည်။ ကျောက်တုံးရုပ်သေးရုပ် နံပါတ်နှစ်ပင်။
ဒုတိယကျောက်တုံးရုပ်သေးရုပ်သည် ရန်ကိုင်၏ ဝိဥာဉ်ကိုယ်ပွား နေမည့် လက်ခံကောင် ဖြစ်သည်။ ဤကျောက်တုံးရုပ်သေးရုပ် မွေးဖွားလာစဉ်က သာမန် သက်ရှိတစ်ယောက်၏ အသိဥာဏ်ကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် အသိစိတ်ရှိနေသော်ငြား ကိုယ့်ဘာသာ မလှုပ်ရှားနိုင်ခဲ့။ တစ်နည်းဆိုရသော် ဦးနှောက် သေနေခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်သည် ထိုကျောက်တုံး ရုပ်သေးရုပ်ကို သူ့ဝိဥာဉ်ကိုယ်ပွား၏ လက်ခံကောင်အဖြစ် အသုံးပြုခဲ့သည်။
မွေးဖွားစဉ်က ရွှေရောင်သွေးစက်အများကြီး တိုက်ကျွေးခဲ့သည့်အတွက် ဤကျောက်တုံးရုပ်သေးရုပ်၏ အရောင်သည် ရှောင်ရှောင်နှင့်သိပ်မတူဘဲ ရွှေရောင်ဖြစ်နေ၏။
ဤရွှေရောင်ကျောက်တုံးကို မသုံးဘဲ သိမ်းထားသည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ ရန်သူများနှင့် တိုက်ခိုက်နေသည့် အခါ မီးငှက်နှင့် ကျောက်တုံးရုပ်သေးရုပ်ကိုသော စေလွှတ်ပြီး ရွှေရောင်ကျောက်တုံးကိုတော့ အမြဲတစေ လျှို့ဝှက်ချက်တစ်ခု အနေဖြင့် သိမ်းဆည်းထားခဲ့သည်။
ယခုအချိန်သည် ရွှေရောင်ကျောက်တုံးအား အသုံးပြုရမည့် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။
ရှောင်ရှောင်ကိုတော့ မခေါ်ထုတ်ရဲပေ။ ရှောင်ရှောင်သည် သူ၏ အကြီးမားဆုံး အကူအညီများထဲမှ တစ်ခုခု ဖြစ်သည်။ ရှောင်ရှောင်သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူရင်ကျိုးရပေလိမ့်မည်။
ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည် အသွေးအသားဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်သည့်အတွက် ခုနှစ်ရောင်ခြယ်အလင်း၏ တိုက်စားခြင်း ခံရလိမ့်မည် မဟုတ်ဟု ရန်ကိုင် ထင်မိသည်။ ထို့ကြောင့် ရွှေရောင်ကျောက်တုံးတွင် ကိုယ်ပိုင် အသိဥာဏ်လည်း မရှိသည့်အတွက် ကျောက်တုံး ရုပ်သေးရုပ်မှ သူ့စိတ်စွမ်းအင်အား တိုက်စားမည်ကို စိတ်ပူစရာ မလိုချေ။ ရန်ကိုင် စိတ်ပူနေသည်မှာ ခုနှစ်ရောင်ခြယ်အလင်းသည် သူ့ဝိဥာဉ်ကိုယ်ပွားကို တိုက်စားနိုင်သလား၊ မတိုက်စားနိုင်ဘူးလား ဆိုသည်ကိုပင် ဖြစ်သည်။
ရွှေရောင်ကျောက်တုံးကို လှုပ်ရှားခိုင်းရန်အတွက် ရန်ကိုင်သည် သူ့အသိစိတ်ပင်လယ်ထဲ အမြဲနေခိုင်းထားသော ဝိဥာဉ်ကိုယ်ပွားကို ရွှေရောင်ကျောက်တုံးထဲသို့ ထည့်သွင်းရန် လိုအပ်သည်။ သို့မှသာ ရွှေရောင်ကျောက်တုံးကို တိုက်ရိုက် ထိန်းချုပ်နိုင်ပေလိမ့်မည်။
ခုနှစ်ရောင်ခြယ်အလင်းသည် ရွှေရောင်ကျောက်တုံးထဲ ရှိနေသော သူ့ဝိဥာဉ်ကိုယ်ပွားအား ဖျက်စီးပစ်နိုင်မပစ်နိုင် အဖြေ ရှာကြည့်ရပေမည်။ သို့သော် အဖြေရှာနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ စမ်းကြည့်ခြင်းဖြစ်သည့်အတွက် ရန်ကိုင်လည်း စိတ်ကို ခိုင်ခိုင်ထား၍ ရွှေရောင်ကျောက်တုံး၏ ခေါင်းကို လက်ဖြင့် ထိလိုက်လေသည်။
သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ဝိဥာဉ်ကိုယ်ပွားသည် ရွှေရောင်ကျောက်တုံးထဲသို့ ချက်ချင်း ရောက်ရှိသွားပြီး အရောင်အဆင်းကင်းမဲ့သော ရွှေရောင်ကျောက်တုံး၏ မျက်လုံးများမှာ လျင်မြန်စွာ စတင်တောက်ပလာခဲ့လေသည်။
သူ့အသိစိတ် နှစ်ပိုင်းကွဲထွက်သွားသလို ရန်ကိုင် ခံစားလိုက်ရ၏။ ယခု သူကိုယ်တိုင်မှလည်း ပတ်ဝန်းကျင်ကို မြင်နိုင်၊ ခံစားနိုင်သလို ရွှေရောင်ကျောက်တုံး၏ အမြင်မှလည်း ပတ်ဝန်းကျင်ကို မြင်နိုင်၊ ကြားနိုင်လေပြီ။ တကယ်ကို ထူးဆန်းသည့် ခံစားချက်တစ်မျိုးပင်။
ရွှေရောင်ကျောက်တုံးထဲ ရောက်ပြီးနောက်တွင် ရန်ကိုင်သည် ဝိဥာဉ်ကိုယ်ပွား၏ ခြေလက်များကို လှုပ်ရှားကြည့်ခိုင်းလိုက်သည်။
“အဲ့ဒါ ဘာကြီးလဲ” ကျိတုန်သည် ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်အား မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေ၏။
ထိုကဲ့သို့ ထူးဆန်းသည့် တည်ရှိမှုမျိုး သူတစ်ခါမှ မမြင်ဖူးချေ။ ထိုအရာသည် ရုပ်သေးရုပ်တစ်ခုထက် သက်ရှိတစ်ကောင်နှင့် ပိုတူ၏။ သို့သော် သက်ရှိများကဲ့သို့ အသက်ရှိသည့်ပုံမပေါ်။ တကယ်ကို ထူးဆန်းလှသည့် တည်ရှိမှုတစ်ခုပင်။
ရွှေရောင်ကျောက်တုံးမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် အရမ်းကြီး အားမကောင်းသော်လည်း ထိုကျောက်တုံးသည် သူတစ်ခါမှ မြင်ဖူးသည့် အရာမျိုးမဟုတ်။ ထို့ကြောင့် အဖြေကို သိလိုသိငြား သူ့အဖေဘက်သို့ လှည့်လိုက်သည်။
သူ့အဖေတွင် အဖြေရှိလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူ့အဖေလည်း မသိ ဖြစ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ကျိလုန်က ပြောလိုက်သည် “အဖေလည်း အဲ့ဒါဘာမှန်း မသိဘူး”
ကျိတုန် ကြောင်သွား၏။
ဒီလောကကြီးမှာ အဖေမသိတဲ့ တည်ရှိမှုတွေလည်း ရှိသေးတာလား ကျိတုန်သည် တစ်ခုခု သိလိုသိငြား ရှုဝေဆီသို့ အကြည့်လှည့်လိုက်ပြန်သော်လည်း ရှုဝေသည်လည်း ခေါင်းရှုပ်နေသည့် အမူအရာဖြင့် ရွှေရောင်ကျောက်တုံးအား မျက်မှောင်ကြီးကြုတ်ကာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရှုဝေလည်း မသိချေ။
ရန်ကိုင်ဆိုသည့်ကောင် ထိုအရာကို မည်သည့်နေရာမှ ရလာလို့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးပင် ထိုအရာ ဘာမှန်း ဘာကြောင့် မသိရသနည်း။
သို့သော်လည်း ချက်ချင်းဆိုသလို ကျိတုန် ရင်ထိတ်သွားပြီး အလိုလို တိုးတိုးလေး ရေရွတ်မိလိုက်လေ၏ “အဲ့ဒါက…”
ရွှေရောင်ကျောက်တုံး ဘာမှန်းမသိသော်လည်း ၎င်းတွင် အသွေးအသားမရှိမှန်းတော့ သူပြောနိုင်သည်။ ထို့ကြောင့် ခုနှစ်ရောင်ခြယ်အလင်းထဲ ဝင်ဖို့ ပြဿနာမရှိချေ။ ထိုနည်းဖြင့်သာ ဆိုလျှင် ကောင်းကင်သန္ဓေမြက်များကို ရန်ကိုင် တကယ်ကြီး ရသွားနိုင်ပေတော့သည်။
ထိုအချက်ကို နားလည်လိုက်သော် ကျိတုန် မျက်နှာပျက်သွား၏။ ရန်ကိုင်သာ ကောင်းကင်သန္ဓေမြက်ကို ယူပြနိုင်လျှင် သူ့သွေးကြောများကို ဖျက်စီးပစ်ပြမည်ဟု ပြောခဲ့သည်ကို ပြန်အမှတ်ရလိုက်သည့်အခါ ပို၍ပင် မျက်စိပျက် မျက်နှာပျက် ဖြစ်သွားသည်။ ရှုဝေ မျက်နှာကြီးသည် လက်ရှိတွင် ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေပြီ။
ကျိတုန်သည် သူ့သွေးကြောကို ဖျက်စီးပစ်ပြမည်ဟု ပြောခဲ့ချိန် သူသည်လည်း ရန်ကိုင်ကို အဖိုးဟု ခေါ်မည်ဟု ပြောခဲ့သည်။ ရန်ကိုင်သာ ကောင်းကင်သန္ဓေမြက်ကို တကယ်ကြီး ရနိုင်ခဲ့လျှင်…
ငါ့လခွမ်း၊ ခုနှစ်ရောင်အလင်းက ဘာလို့ အခုထိ ပြန်မဆုတ်သေးတာလဲ။ မြန်မြန် ပြန်ဆုတ်ပါတော့ဟ ရှုဝေသည် စိတ်ထဲမှကြိတ်၍ အော်ဟစ်နေခဲ့လေသည်။ လူသုံးယောက်၏ မမှိတ်မသုံ အကြည့်အောက်တွင် ရန်ကိုင်သည် ရွှေရောင်ကျောက်တုံးကို ထိန်းချုပ်၍ ခုနှစ်ရောင်ခြယ်အလင်းထဲသို့ ဝင်လိုက်လေသည်။
ခုနှစ်ရောင်ခြယ်အလင်းထဲသို့ ခြေချလိုက်သည်နှင့် သူ့ပေါ်သို့ တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး၏ နယ်ပယ်နှင့် အပြိုင်ဆိုင်ဖြစ်သည့် ကီလိုဂရမ်သိန်းနှင့်ချီမက လေးသော ကျောက်တုံးကြီးတစ်တုံး ဖိထားသည့်နှယ် ပြင်းထန်သော ဖိအားတစ်ရပ် ကျဆင်းလာခဲ့၏။ ခုနှစ်ရောင်ခြယ်အလင်းကြောင့် ပတ်ပတ်လည် ဟင်းလင်းပြင် တစ်ခုလုံးသည် အလွန်ကိုမှ စေးပျစ်သိပ်သည်းသွားသဖြင့် ခြေတစ်လှမ်း လှမ်းရန်ပင် အလွန်ကို ခက်ခဲလာခဲ့ရတော့သည်။
ကံကောင်းစွာဖြင့် ခုနှစ်ရောင်ခြယ်အလင်းသည် သူ့ဝိဥာဉ်ကိုယ်ပွားကို တိုက်စားနိုင်ခဲ့ခြင်း မရှိချေ။
ထို့ကြောင့် ရန်ကိုင် အလွန် ပျော်သွားခဲ့သည်။ ခုနှစ်ရောင်ခြယ် အလင်းသည် ရုပ်ဝတ္ထုခန္ဓာမှန်သမျှကို တိုက်စားနိုင်သော်လည်း အသွေးအသားမဟုတ်သည် ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကိုတော့ တိုက်စားနိုင်ခဲ့ခြင်း မရှိပေ။
ယခု သူမခူးနိုင်သည့် ဆေးပင်များတွေ့လျှင် ရွှေရောင်ကျောက်တုံးကို သွားခူးခိုင်းလို့ ရပေပြီ။ ထိုအချက်ကို စိတ်ထဲမှတ်ထားလိုက်ပြီးနောက် ရန်ကိုင်သည် ရွှေရောင်ကျောက်တုံးကို ရှေ့ဆက်သွားခိုင်းလိုက်၏။
သူ့ဝိဥာဉ်ကိုယ်ပွားသည် သူ၏ စိတ်ဆန္ဒနှင့် ကျင့်ကြံခြင်းအပေါ် သူနားလည်ထားသည့် ထိုးထွင်းသိမြင်မှု အားလုံးကို နားလည်ထားသည်။ ရွှေရောင်ကျောက်တုံးသည် အရမ်းကြီး အားမကောင်းသော်လည်း လေဟာနယ်စွမ်းအားကို သုံးနိုင်ပေသေးသည်။
လေဟာနယ်စွမ်းအားကို ထုတ်သုံးလိုက်သည့်အခိုက်တွင် ရွှေရောင်ကျောက်တုံး ခံစားနေရသည့် ဖိအားသည် ကြီးကြီးမားမား လျော့ကျသွားပြီး သူ့အမြန်နှုန်းမှာလည်း သိသိသာသာ လျင်မြန်လာခဲ့လေသည်။
ဤသို့ဖြင့် ရွှေရောင်ကျောက်တုံးသည် နှစ်ဆယ်မီတာဆိုသော အကွာအဝေးအား အလျင်အမြန် ဖြတ်ကျော်သွားခဲ့လေ၏။
ထိုအခြင်းအရာကိုကြည့်ရင်း ရှုဝေမျက်နှာ ဒယ်အိုးဖင်နှယ် မဲမှောင်သွားခဲ့လေသည်။
လက်ကျန် ကောင်းကင်သန္ဓေမြက်များသည်လည်း ရန်ကိုင်၏ လက်အောက်မှ လွတ်မြောက်နိုင်တော့မည်မှန် မဟုတ်မှန်း ယခု ရှုဝေ သိသွားခဲ့လေပြီ။ သို့သော်လည်း ထိုအရာမှာ သိပ်ကိစ္စမရှိ။ အဓိက ပြဿနာမှာ သူပြောထားသည့် စကားများပင်။
သို့သော်လည်း ရန်ကိုင်ကဲ့သို့ ဂျူနီယာတစ်ဦးကို ဘာကြောင့်များ အဖိုးဟု ခေါ်ရမည်နည်း။ သူသာ ထိုကဲ့သို့ ခေါ်လိုက်လျှင် လူရှေ့သူရှေ့ ဘယ်တော့မှ မျက်နှာ ပြနိုင်တော့မည် မဟုတ်ဘဲ သူ့တစ်ဘဝလုံးကို စွန့်ပစ်တွင်းနက်ထဲ ပုန်းပြီးတော့သာ ကုန်ဆုံးရပေလိမ့်မည်။
သို့ရာတွင် သူသာ မခေါ်လျှင် ရန်ကိုင်၏ ကောင်းကောင်း လှောင်ပြောင်ခြင်းကို ခံရပေတော့မည်။ ထိုကောင် မည်မျှ လျှာစောင်းထက်မှန်းကို ရှုဝေ ကောင်းကောင်း သိပေသည်။ ရှုဝေ ခေါင်းကိုက်ချင်လာမိနေလေပြီ။
အသက်ဆယ်ရှိုက်စာ ကြာပြီးနောက်တွင် ရွှေရောင်ကျောက်တုံးသည် ကောင်းကင်သန္ဓေမြက်ရှေ့သို့ ရောက်လာခဲ့လေသည်။ ကျောက်တုံးရုပ်သေးရုပ်၏ လက်မှာ ကြီးပြီး ထူးထူးကြီး ဖြစ်သော်လည်း ရန်ကိုင်၏ အသေးစိတ် ထိန်းချုပ်မှုအောက်တွင် ကောင်းကင်သန္ဓေမြက်ကို အောင်အောင်မြင်မြင် ခူးဆွတ်နိုင်ခဲ့လေသည်။ ခူးပြီးသည်နှင့် ရွှေရောင်ကျောက်တုံးသည် ရန်ကိုင် ထိုင်နေသည့် နေရာဆီသို့ ပြန်လျှောက်လာခဲ့သည်။
ရွှေရောင်ကျောက်တုံး ပြန်ရောက်လာသည့်အခါ ရန်ကိုင်သည် ကောင်းကင်သန္ဓေမြက်များကို ယူလိုက်ပြီး ကြိုပြင်ဆင်ထားသည့် သေတ္တာတစ်လုံးထဲ ထည့်သိမ်းလိုက်သည်။ ထို့နောက် သူ့ဝိဥာဉ်ကိုယ်ပွားနှင့် ရွှေရောင်ကျောက်တုံးကို ပြန်သိမ်းထားလိုက်၏။
ကိစ္စအဝဝ ပြီးစီးသွားသည့်နောက်တွင် ချက်ချင်း ရှုဝေဘက်သို့ လှည့်လိုက်လေသည်။
ရှုဝေကမူ သူ့အကြည့်ကို ရှောင်သွားခဲ့၏။
“ဘာလဲ။ ရှုံးတာကို ဝန်ခံရမှာ ကြောက်နေတာလား။ ခင်ဗျားပဲ ကျုပ်ကို အဖိုးလို့ ခေါ်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား” ရန်ကိုင်က စတင် လှောင်ပြောင်လေသည်။
ရှုဝေသည် ရှက်ရှက်နှင့် ဒေါသထွက်လာခဲ့တော့လေသည်။ မင်းပါးစပ်ကို ချက်ချင်းပိတ်ရင်ပိတ်… မပိတ်ရင် ငါလာတိုက်ခိုက်မှာဟု ပြောလိုသည့်အလား ခက်ထန်သည့် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်လာခဲ့လေသည်။
သူမပြော၍လည်း ရန်ကိုင် ဘာမှလုပ်နိုင်မည် မဟုတ်မှန်း သိသဖြင့် အရှက်မရှိဘဲ ပြောသည့်အတိုင်း မလုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။
ရန်ကိုင်သည် ကျိတုန်ဘက်သို့လှည့်၍ “မင်းရော၊ မင်းလည်း မင်းသွေးကြောကို ဖျက်စီးပစ်ပြမယ်လို့ ပြောခဲ့တယ်မလား”
ကျိတုန်က ဒေါသတကြီး ပြန်အော်ပြောလေသည် “မင်းက ဘာမို့လို့လဲ။ မင်းကဘာမို့လို့ ဒီသခင်လေးကိုများ သွေးကြောတွေ ဖျက်စီးပစ်ဖို့ လာမေးရဲတာလဲ”
ရန်ကိုင်က မေးစေ့ကိုပွတ်ရင်း နှုတ်ခမ်းကိုမဲ့၊ ပြုံးဖြီးလျက် “စကားတွေဆိုတာ လေပဲ၊ ချီးလောက်တောင် အသုံးမဝင်ဘူး”
ကျိလုန်က အေးစက်စက် အမူအရာဖြင့် “ကောင်လေး၊ ဒီလူအိုကြီး အကြံပေးလိုက်မယ်။ ကိုယ့်အကြောင်းကိုယ်သိ၊ နှိမ့်နှိမ့်ချချလေးလည်းနေ၊ မဟုတ်ရင် နောက်ပိုင်း မင်းကောင်းကောင်း ခံစားသွားရလိမ့်မယ်”
“ကိုယ်အကြောင်းကိုယ်သိရမယ်၊ နှိမ့်နှိမ့်ချချနေရမယ်” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားတို့လို့ အမှိုက်တွေကို လေးစားရမယ်လို့ ပြောနေတာလား”
“ကောင်လေး၊ မင်းစကားကိုကြည့်ပြော၊ ဒီခုနှစ်ရောင်ခြယ် အလင်းက မကြာခင် ပြတ်ဆုတ်သွားတော့မယ်ဆိုတာ မမေ့နဲ့ဦး။ ပြန်ဆုတ်သွားတာနဲ့ မင်းသေပြီပဲ” ကျိလုန်က ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၈၇)
“ဟုတ်တယ်။ ခုနှစ်ရောင်ခြယ်အလင်း ပြန်မဆုတ်ခင် လိမ်လိမ်မာမာလေး မင်းခူထားတဲ့ ဆေးပင်တွေ အားလုံးကို မြေကြီးပေါ် ပစ်ချလိုက်။ ပြီးတော့ ငါတို့ကို ဦးညွှတ်၊ ထိုင်ကန်တော့ပြီး မင်းအမှားတွေကို ဝန်ခံမယ်ဆိုရင် ဒီလူအိုကြီး မင်းအသက်ကို ချမ်းသာပေးမယ်” ရှုဝေကလည်း အော်ပြောလိုက်လေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးစလုံးသည် ယခုတစ်ကြိမ်တွင် ရန်ကိုင်ကြောင့် အတော်လေး မျက်နှာ ပျက်ခဲ့ရသည်။ ထို့ကြောင့် နှစ်ယောက်စလုံး ရန်ကိုင်အား ခါးခါးသီးသီး မုန်းတီးနေခဲ့ကြလေသည်။ ကံကောင်းစွာဖြင့် ခုနှစ်ရောင်ခြယ်အလင်းသည် မကြာခင် ပြန်ဆုတ်တော့ပေမည်။ နာရီဝက်ကြာအောင် ရန်ကိုင် ပြောသမျှ ခံလာရပြီးနောက်တွင် ရန်ကိုင်အား လက်စားပြန်ချေနိုင်မည့် အခွင့်အရေး ရောက်ရှိလာပေတော့မည်။
ခုနှစ်ရောင်ခြယ်အလင်း ပျောက်ကွယ်သွားသည်နှင့် ရန်ကိုင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားလည်း ကိစ္စမရှိချေ။ သူတို့၏ နယ်ပယ်နှင့် ရန်ကိုင်အား ပစ်မှတ်ထားလိုက်လျှင် သူမည်သို့မှ ပြေးလွတ်နိုင်လိမ့်မည် မဟုတ်။
ရန်ကိုင်အား ဖမ်းမိသွားသည်နှင့် သူတို့ ရင်ထဲ မြိုသိပ်ထားရသည့် အမုန်းတရားများကို ဖွင့်ထုတ်နိုင်မည် ဖြစ်သလို ရန်ကိုင် ခူးထားသည့် ဆေးပင်အားလုံးကိုလည်း ရနိုင်ပေလိမ့်မည်။
နှစ်ဦးစလုံးသည် ထိုအခိုက်အတန့်ကို ကြိတ်၍ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
“ခင်ဗျားတို့ နိုင်ပြီလို့ ထင်နေတာလား” ရန်ကိုင်သည် နည်းနည်းလေးမှ ထိတ်လန့်သွားဟန်မရှိဘဲ ကျိလုန်နှင့် ရှုဝေအား အထင်အမြင်တသေးနှင့်ပင် ပြန်၍ စိုက်ကြည့်လိုက်သေးသည်။
ရန်ကိုင်၏ မြောက်ကြွကြွ အမူအရာကိုမြင်သော် ကျိလုန် မျက်မှောင်ကြုတ်သွား၏။ ရန်ကိုင်တွင် ဝှက်ဖဲ တစ်ခုခုများ ရှိနေသေးသလား အလိုလို တွေးမိသွားလေသည်။
“ကောင်လေး၊ မင်းဘာကြံနေတာလဲ။ ပြောတဲ့အတိုင်း မြန်မြန်လုပ်နော်။ မဟုတ်ရင် နောက်ကျမှ နောင်တမရနဲ့” ရှုဝေက လှမ်းအော်ပြောလိုက်သည်။
“ရယ်စရာကောင်းလိုက်တာကွာ။ ဒီလောက်ကြီးမှာ ခင်ဗျားလောက်ရူးတဲ့လူ ရှိလိမ့်မယ်လို့ ကျုပ်တကယ်ကို မထင်ထားဘူး” ရန်ကိုင်က အော်ရယ်မောရင်း ပြန်အော်ပြောလိုက်ပြီးနောက် ရုတ်တရက် ပျင်းရိလာသည့် လေသံဖြင့် “တော်ပြီ။ ခင်ဗျားတို့နဲ့ ဆက်မကစားတော့ဘူး။ ခုနှစ်ရောင်ခြယ်အလင်းက ပြန်ဆုတ်တော့မှာ။ ခုနှစ်ရောင်ခြယ် အလင်းက ပြန်ဆုတ်တော့မှာဆိုတော့ ကျုပ်အရင် သွားထားနှင့်တော့မယ်။ အားလုံး ပျော်ပျော်ကြီး စောင့်လိုက်ကြပါဦးနော်”
ပြောပြီးသည်နှင့် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ နှုတ်ဆက်လိုက်၏။
“ကြိုသွားဖို့” ကျိလုန် မျက်မှောင်ကြုတ်သွား၏။ တစ်ချိန်တည်းတွင် ထိတ်လန့်ဖွယ်ရာ ဖြစ်နိုင်ချေတစ်ခုကိုလည်း အလိုလို စဉ်းစားမိသွား၏။
သူတွေးလို့ မပြီးသေးခင်မှာပင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားလေသည်။ ရန်ကိုင်သည် သူ့နောက်ဘက်တွင် ရှိနေသော ဟင်းလင်းပြင် အက်ကြောင်းထဲသို့ ခုန်ဝင်ပြီး ပျောက်ကွယ်သွားသည်ကို သူမြင်လိုက်ရသည်။ ထိုကောင်သည် တကယ်ကြီး ဟင်းလင်းပြင် အက်ကြောင်းထဲသို့ ဝင်သွားခဲ့သည်။
ကျိလုန် သက်ပြင်းတစ်ချက် ရှိုက်မိသွား၏။
ရှုဝေသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။ တစ်ခုခု ပြောချင်နေသော်လည်း မည်သည့် စကားလုံးမှ ထွက်မလာနိုင်ခဲ့။ သူ့မျက်နှာထက်ရှိ ထိတ်လန့်နေသည့် အမူအရာသည် ကျိလုန်အောက် မလျော့ကျချေ။
“သူ… သူ…သူ…” ကျိတုန်သည်လည်း ရန်ကိုင် ထွက်သွားသည့်ဘက်သို့ လက်ညိုးထိုးရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် တသူသူ ထိုင်လုပ်နေခဲ့သည်။
“ရောင်းရင်းရှု၊ ကျိလုန်က အသက်ပြင်းပြင်း ရှုသွင်း၍ မှုန်ကုတ်ကုတ် အမူအရာဖြင့် “ကြည့်ရတာ ဒီကောင့် လေဟာနယ် စွမ်းအားအပေါ် ကျွမ်းကျင်မှုကို ကျုပ်တို့ အထင်သေးလိုက် မိပြီနဲ့တူတယ်”
ရှုဝေက ခေါင်းညိတ်၍ အလေးအနက် အမူအရာဖြင့် “ဟင်းလင်းပြင် အက်ကြောင်းထဲ ဝင်သွားရဲမှတော့ ဒီကောင် လေဟာနယ်စွမ်းအားကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားလို့ နေမှာပေါ့”
“ရောင်းရင်းရှု၊ မင်းလည်း သိလောက်မယ် ထင်ပါတယ်။ လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားတဲ့ လူတစ်ယောက် ဘယ်လောက် ကြောက်ဖို့ကောင်းလဲ ဆိုတာကိုလေ။ အခုနေတော့ ကိစ္စမရှိသေးပေမယ့် သူသာ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်သွားခဲ့ရင်…”
“အဲ့လို မဖြစ်စေရဘူး။ ဒီလူအိုကြီး သူ့ကို လုံးဝ အသက်ရှင်ခွင့် မပေးနိုင်ဘူး” ရှုဝေက မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြောလိုက်၏။
ကျိလုန်က ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်၍ “အဲ့လိုဆိုမှတော့ ငါတို့ကြားက ရန်ငြိုးတွေကို အရင် ဘေးဖယ်ပြီး ပူးပေါင်းကြတာပေါ့။ ကမ္ဘာပျက်ထဲက မထွက်ရသေးခင် ဒီဘုရင် သူ့ကို လိုက်ရှာပြီး သတ်ပစ်ဖို့ ကြိုးစားမယ်”
ရန်ကိုင်၏ အနာဂတ်အလားအလာ မည်မျှ မြင့်မားကြောင်း နှစ်ယောက်စလုံး သိထားကြသည်။ ထို့ကြောင့် ရန်ကိုင်အား ဆက်လက် အားကောင်းလာခွင့် နည်းနည်းလေးမှ မပေးရဲဘဲ ကမ္ဘာပျက်ထဲတွင် ရန်ကိုင်အား တစ်ခါတည်း သတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။
ထိုစဉ် ယခုအချိန်ထိ စိတ်မငြိမ်သေးသော ကျိတုန်က ရှုဝေနောက်ကို လိုက်ညိုးထိုးရင်း ရုတ်တရက် ထအော်၏ “သူ၊သူ…”
ကျိလုန် ကြောင်သွားပြီး ရှုဝေဘက်သို့ လှည့်ကြည့်လိုက်ရာ ချက်ချင်း မျက်လုံးမှေးစဉ်းသွားပြီး လှမ်းသတိပေးလိုက်လေ၏ “သတိထား”
ကျိလုန် အော်သံကို ကြားသည်နှင့် ရှုဝေလည်း လျင်မြန်စွာ တုန့်ပြန်လိုက်လေသည်။ သို့သော်လည်း နောက်မလှည့်ရသေးခင်မှာပင် သူအလွန်ကိုမှ ရွံရှာရသည့် ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရလေ၏ “ဟားဟားလေး၊ ငါ့မြေးလေ၊ မင်းကို သင်ခန်းစာပေးဖို့ ဒီဖိုးဖိုး လာပြီကွ”
ရန်ကိုင်ပင်…
ရှုဝေ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားလေသည်။ ရန်ကိုင်သည် သူ့နောက်တွင် ရှိနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ထွက်လာပြီး သူ့အား အလစ်ချောင်း တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ပြင်းထန်သော လေစွမ်းအားနှင့်အတူ ချစ်ချစ်တောက် ပူလောင်သော စွမ်းအားတစ်ရပ်သည် ကျောဘက်မှ သူ့အား လာရောက် ထိမှန်လေသည်။ ရှုဝေသည် ဒေါသတကြီး အော်ဟစ်လျက် သူတော်စင်ချီကို သိပ်သည်းကာ သူ့ကျောဘက်၌ အကာအကွယ်တစ်ခု ဖန်တီးလိုက်၏။ တစ်ချိန်တည်းတွင် အလျင်အမြန် နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ့တုန့်ပြန်မှုမှာ မြန်သော်လည်း ရန်ကိုင်မှာ သူ့ထက်ပို၍ မြန်နေခဲ့သည်။
သူ့သူတော်စင်ချီ သိပ်သည်းပြီးပြီးချင်းမှာပင် လက်သီးချက် တစ်ချက် သူ့ကျောပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ထိုလက်သီးချက်ကြောင့် သူဖန်တီးထားသည့် သူတော်စင်ချီ အကာအကွယ် တစ်စစီ ပျက်စီးသွားလုမတတ် ဖြစ်သွားခဲ့၏။
ကံကောင်းစွာဖြင့် သူ့ကျင့်ကြံခြင်းမှာ ရန်ကိုင်ထက် အများကြီး ပိုမြင့်နေခဲ့၏။ ထို့ကြောင့်သာ မဟုတ်လျှင် ထိုလက်သီးချက် တစ်ချက်တည်းဖြင့် အသားစင်းကော ဘဝသို့ ရောက်သွားရလောက်ပေပြီ။
သို့တိုင် လက်သီးချက်ကို ခုခံဖို့ မလွယ်ခဲ့ချေ။ သွေးများ လည်ချောင်းတစ်လျှောက် ပျို့တက်လာသလို ခံစားလိုက်ရပြီး မျက်နှာမှာလည်း အနည်းငယ် နီမြန်သွားခဲ့သည်။ ခန္ဓာကိုယ်မှာလည်း ဒယီးဒယိုင်ဖြင့် ရှေ့သို့ ယိုင်သွားခဲ့၏။
ပိုဆိုသည်ကား သူ့ရှေ့တွင် လူတိုင်း ကြောက်လန့်သည့် ခုနှစ်ရောင်ခြယ်အလင်း ရှိနေခြင်း ဖြစ်သည်။
“မကောင်းတော့ဘူး” ရှုဝေ ကြောက်လန့်တကြား ဖြစ်သွားပြီး ချွေးအေးတို့ သူ့နဖူးထက်မှ တတောက်တောက် စီးကျလာလေ၏။ ချက်ချင်းပဲ နယ်ပယ်ကို ဖြန့်ကျက်၍ လျှာကိုကိုက်ကာ သွေးအဆီအနှစ်၏ စွမ်းအားကို ထုတ်ဖော်လျက် မြေပြင်ထက် ခြေကို မြဲအောင် ရပ်ချလိုက်လေသည်။
ချက်ချင်းဆိုသလို သူ့တစ်ကိုယ်လုံး မြေကြီးထဲသို့ ဒူးနား ရောက်သည်အထိ ကျွံ့ဝင်သွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ရှေ့သို့ ထပ်၍ ယိုင်မနေတော့ပေ။
ရှဲ… ရှဲ…
တရှဲရှဲ မည်သံနှင့်အတူ… ရှုဝေ ကြောက်လန့်ရသည့် အဖြစ်အပျက် တစ်ခု ဖြစ်လာခဲ့သည်။
သူ့တုန့်ပြန်မှုမှာ မနှေးသလို သူ့လှုပ်ရှားမှု အားလုံးမှာလည်း အဆင်ပြေနေသော်လည်း၊ ရှေ့သို့ ယိုင်သွားသည့် အရှိန်အား အပြည့်အဝ မတားလိုက်နိုင်ခဲ့ပေ။ အကျိုးဆက် အနေဖြင့် သူ့လက်မောင်း တစ်ဖက်သည် ခုနှစ်ရောင်ခြယ်အလင်းထဲသို့ ရောက်သွားခဲ့ရလေသည်။
သူ့လက်မောင်းတစ်ဖက်လုံး အလွန် နာကျင်လာသည်ကို သတိပြုမိလိုက်သည့်အခိုက် ငုံ့ကြည့်လိုက်ရာ လက်မောင်းပေါ်ရှိ အသွေးအသားများသည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် တိုက်စားခံနေရသည်ကို တွေ့လိုက်ရလေသည်။
အခြေအနေမှာ ထိုမျှနှင့်ပင် အဆုံးမသတ်သေးချေ။ သူ့နောက်တွင် ရပ်နေသော ရန်ကိုင်သည် သူ့အား နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်နေလေပြီ။
ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သည့်အခိုက် ရှုဝေ ဒေါသပုန်ထသွားပြီး အံကြိတ်ကာ အော်ဟစ်တော့၏ “ခွေးကောင်လေး၊ ဒီလူအိုကြီးကို လာအထင်မသေးနဲ့ကွ”
ပြောပြီးသည့်နောက် သူ့ခန္ဓာကိုယ် တစ်ခုလုံး တလက်လက် တောက်ပလာပြီး ဘုန်းဆိုသော မြည်သံနှင့်အတူ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ အဘက်ဘက်သို့ ပျံ့နှံ့သွားလေ၏။
ရှုဝေသည် သွေးရူးသွေးတန်းဖြစ်ကာ စွမ်းအားကုန်သုံး၍ တိုက်ခိုက်နေပြီမှန်း သိလိုက်သည့်နောက်တွင် ရန်ကိုင်၏ အမူအရာ ရုတ်တရက် လေးနက်တည်ကြည်သွားခဲ့လေသည်။ ရှုဝေအား တိုက်ခိုက်ရန် ပြင်နေသည်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အလျင်အမြန် ပြန်ဆုတ်ရင်း ရွှေရောင်သွေးမျှင်ကိုသုံး၍ သူ့ရှေ့၌ ရွှေရောင်ဒိုင်းတစ်ခု အလျင်အမြန် ဖန်တီးလိုက်လေ၏။
ထန်… ထန်… ထန်… ထန်…
သတ္တုချင်း ထိခတ်သံများနှင့်အတူ ရန်ကိုင်၏ ရွှေရောင်ဒိုင်း တုန်ခါလာခဲ့သည်။
ခြေလှမ်းအနည်းသာ ဝေးတော့သော သူ့ရှေ့ရှိ ရှုဝေကိုကြည့်ရင်း ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် ဆက်မတိုက်တော့ဘဲ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ပြန်ခုန်ဝင်သွားခဲ့လေသည်။
ဟင်းလင်းပြင်ထဲသို့ သူ့ပုံရိပ် ဝင်သွားခါနီးတွင် အေးစက်စက် စကားလုံးအချို့ ကျိလုန်နှင့် ကျိတုန်၏ နားထဲသို့ ရောက်ရှိလာခဲ့သည် “အခုကနေစပြီး ခင်ဗျားတို့ အထီးမကျန်ရအောင် ကျုပ်ဟင်းလင်းပြင်ထဲမှာ ပုန်းပြီး ခင်ဗျားတို့ကို တောက်လျှောက် အဖော်ပြုပေးနေမယ်”
ထိုစကားကိုကြားသည့်အခါ ကျိတုန် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။ ချက်ချင်း ပျာတီးပျာယာဖြင့် သူ့နောက်ဘက်ရှိ ဟင်းလင်းပြင်အက်ကြောင်းကို မျက်လုံးကြီး ပြူးလျက် လှည့်ကြည့်လိုက်လေသည်။
ရန်ကိုင် ရုတ်တရက် ပေါ်လာပြီး သူ့အား သတ်ရန် ကြိုးစားမည်ကို လန့်နေခြင်း ဖြစ်သည်။ ရန်ကိုင်၏ တည်ရှိမှုသည် သူ့အတွက် အိမ်မက်ဆိုးတစ်ခုသဖွယ် ဖြစ်လာခဲ့လေပြီ။
“အား” အခြားတစ်ဖက်ဆီမှ ရှုဝေ၏ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ လက်ရှိတွင် ခုနှစ်ရောင်ခြယ်အလင်း၏ ရှုဝေ၏ လက်မောင်းတစ်ဝက်ကို တိုက်စားပြီး၍ သူ့ပခုံးဆီသို့ လျင်မြန်စွာ ဆက်လက် ဦးတည်နေခဲ့လေသည်။
ရှုဝေသည် အံကိုကြိတ်၍ သူတော်စင်ချီဖြင့် ခုနှစ်ရောင်ခြယ်အလင်းအား ရှေ့ဆက်မတိုးနိုင်အောင် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့ကြိုးစားမှုအားလုံး အချည်းနှီးပင်။
အခြေအနေ ပိုဆိုးလာသည်ကိုမြင်သော် ရှုဝေသည် သူ့လက်မောင်းအား ပခုံးရင်းမှနေ၍ ဖြတ်ချပစ်လိုက်တော့သည်။ သွေးစိမ်းရှင်ရှင်နှင့်အတူ လက်မောင်းတစ်ဖက်လုံး မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။
နာကျင်မှုကြောင့် ရှုဝေမျက်နှာ စက္ကူဖြူတစ်ရွက်နှယ် ဖြူတက်သွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ဒယီးဒယိုင် ဖြစ်သွားခဲ့၏။ သူတော်စင်ချီကိုသုံး၍ သွေးတိတ်အောင် အမြန် လုပ်ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ ကုသရေးဆေးလုံးအချို့ကို အလျင်အမြန် ထုတ်သောက်လိုက်လေသည်။
သို့သော်လည်း ဆေးအာနိသင်ကို ချက်ချင်း မသန့်စင်ရဲသေးဘဲ သူ့နောက်ဘက်ရှိ ဟင်းလင်းပြင် အက်ကြောင်းကိုသာ ကျိတုန်ကဲ့သို့ အထိတ်တလန့်ဖြင့် စိုက်ကြည့်နေ၏။
ရန်ကိုင်၏ အလစ်ချောင်းတိုက်ခိုက်မှုသည် ရှုဝေကို မသတ်နိုင်ခဲ့သော်လည်း သူ့လက်တစ်ဖက်ကို ဆုံးရှုံးသွားအောင်တော့ လုပ်နိုင်ခဲ့ပေသည်။
ရှုဝေနှင့် ကျိတုန်တို့ နှစ်ဦးစလုံး အတော်လေးကိုမှ ရင်တုန်ထိတ်လန့်နေကြသည်။ နှစ်ယောက်စလုံးသည် အသက်ပင် ကောင်းကောင်း မရှူရဲကြဘဲ ဟင်းလင်းပြင်အက်ကြောင်းကိုသာ မမှိတ်မသုံ စိုက်ကြည့်နေကြလေသည်။
ကျိလုန်ပင်လျှင် စိတ်အေးလက်အေး မနေရဲဘဲ သူ့နောက်ဘက်ရှိ ဟင်းလင်းပြင်အက်ကြောင်းအား ကောင်းကင် စိတ်အာရုံဖြင့် အဆက်မပြတ် စောင့်ကြည့်နေ၏။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။
တောင်ကြားထဲမှ အသက်ရှူသွင်းသံ ထွက်လာသည့်နောက် ခုနှစ်ရောင်ခြယ်အလင်းသည် ဒီရေလှိုင်းလုံးနှယ် ပြန်ဆုတ်သွား၏။ ကျိတုန်သည် သေဘေးမှ လွတ်လာသည့် လူတစ်ဦးနှယ် အမောတကော အသက်ရှူရင်း ဟင်းလင်းပြင်အက်ကြောင်းမှ ခပ်ဝေးဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားလေသည်။
ရှုဝေသည်လည်း အတူတူပင်။
နှစ်ယောက်စလုံး၏ အဖြစ်မှာ မြွေကိုက်ခံရပြီးနောက် ကြိုးကိုမြင်လျှင် လန့်လာသည့် အဖြစ်မျိုး ပေါက်နေခဲ့သည်။ ဟင်းလင်းပြင်အက်ကြောင်းကို ကြည့်လိုက်မိတိုင်း ဟင်းလင်းပြင် အက်ကြောင်းကို မမြင်ဘဲ သူ့အား ခုန်ထွက်လာပြီး တိုက်ခိုက်မည့် ရန်ကိုင်ကိုသာ မြင်နေရသည်။
သို့သော်လည်း ခုနှစ်ရောင်ခြယ်အလင်း ပြန်ဆုတ်သွား၍ ချောင်းမြောင်းတိုက်ခိုက်မည့်လူ မရှိတော့လျှင်ပင် ရှုဝေ၏ ဒုက္ခမှာ အဆုံးမသတ်သေးချေ။
ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ရှုဝေသည့် အဝေးတွင် ရပ်နေသော ကျိလုန်အား သတိ တကြည့်ကြည့်ဖြင့် ကြည့်နေ၏။ အချိန်မရွေး ထွက်ပြေးနိုင်ရန်အတွက် သူတော်စင်ချီကိုလည်း သိပ်သည်းထား၏။
ရန်ကိုင်အား အမြစ်ဖြတ်သုတ်သင်မည်ဟု ကျိလုန်နှင့် သဘောတူညီချက် လုပ်ခဲ့သော်လည်း စွန့်ပစ်တွင်းနက်နှင့် ခရမ်းကြယ် အဖွဲ့အစည်းနှစ်ခုကြား မည်သို့သော အမုန်းတရားများ ရှိနေကြောင်း ရှုဝေ ကောင်းကောင်း သိသည်။ သူတို့ကြားရှိ အဆင့်အတန်းနှင့် ခွန်အားကွားခြားချက်မှာလည်း အလွန်ကိုမှ ကြီးမား၏။
ကျိလုန်သည် သူ့အား တိုက်ခိုက်မည်ဆိုလျှင် ရှုဝေ ဒုက္ခကောင်းကောင်း ရောက်ပေလိမ့်မည်။
အကောင်းအတိုင်း ရှိနေသေးလျှင် ထွက်ပြေးနိုင်သော်ငြား လက်ရှိ အခြေအနေနှင့်ကတော့… မဖြစ်နိုင်လုနီးပါးပင်။
“ရောင်းရင်းရှု၊ မင်းထွက်မပြေးရင် ကောင်းလိမ့်မယ်” ကျိလုန်က ရှုဝေအားကြည့်၍ “ဒီဘုရင်ရဲ့ ခရမ်းချီထာဝရမြစ် ကျင့်စဉ်အကြောင်းကို မင်းလည်းသိတာပဲ။ မင်းအခု အခြေအနေနဲ့ ငါ့လက်ကနေ လွတ်နိုင်မယ် ထင်လို့လား”
သူကြောက်လန့်နေသည့်အရာ တကယ်ကြီး ဖြစ်လာခဲ့လေပြီ။
ကျိလုန်သည် အနာပေါ် ဆားထပ်ဖြူးနေခဲ့သည်။ သူ့အား လုံးဝ လွတ်မြောက်ခွင့် မပေးခဲ့ချေ။ သူသာ ထွက်ပြေးရန် ကြိုးစားလျှင် ကျိလုန်သည် သူ့အား တိုက်ခိုက်ပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၈၈)
“ရောင်းရင်းကျိ၊ ဘာလို့ အခုလို လုပ်ချင်ရတာလဲ” ရှုဝေက အားတင်းပြုံးလျက် “ဒီရှုက အစကတည်းက ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်တာ။ ခင်ဗျားသာ သတ်ချင်ရင် ဒီရှု ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဟိုကောင်လေးက အက်ကြောင်းတွေထဲမှာ ပုန်းပြီး ကျုပ်တို့နောက်ကို တောက်လျှောက် လိုက်နေမယ်လို့ ပြောသွားတာကိုလည်း မေ့မထားနဲ့ဦး။ သခင်လေးတုန်က တန်ခိုးရှင်တတိယအဆင့်ပဲ ရှိသေးတာ။ ဟိုကောင်သာ အလစ်ချောင်းတိုက်ခိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ရောင်းရင်းကျိ တွေးထားသင့်တယ်”
“ငါသိတယ်။ အဲ့ကောင် အလစ်ချောင်းတိုက်ရင် ငါသိမှာပဲ” ကျိလုန်က ထူးမခြားနားဟန်ဖြင့် “အဲ့ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ”
“ရောင်းရင်းကျိ သေချာကြီး ပြောနိုင်လို့လား” ရှုဝေက ခေါင်းခါလျက် “ဒီလူအိုကြီးသာ ရှိနေသေးရင် အဲ့ကောင်က ကျုပ်ကိုပါ အာရုံစိုက်နေရဦးမှာ။ အဲ့ဒါဆို အကုန်လုံး ပိုပြီး လုံခြုံသွားနိုင်တယ် မဟုတ်ဘူးလား”
ကျိုလုန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏကြာအောင် စဉ်းစားနေပြီးနောက် မျက်ခုံးလေးပင့်၍ “ရောင်းရင်းရှုပြောတာ အမှန်ပဲ”
ရှုဝေ ကြိတ်၍ သက်ပြင်းတ်စချက် ချလိုက်သည်။
“ဒါပေမယ့်… ရောင်းရင်းရှု၊ ခင်ဗျား အခု အခြေအနေနဲ့ သူ့ကို အာရုံဆွဲထားနိုင်တယ် ဆိုရင်တောင်မှ ဘယ်လောက် ဆွဲထားနိုင်မှာ မို့လို့လဲ။ အဲ့ဒါထက် ဒီအခွင့်အရေးကိုသုံးပြီး ခင်ဗျားလက်မှာ သေသွားတဲ့ ခရမ်းကြယ်က ကျင့်ကြံသူတွေအတွက် ဒီဘုရင် ပိုပြီး လက်စားချေချင်နေတယ်” ကျိလုန်၏ မျက်လုံးထဲ သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေးသွားလေသည်။
ယခုလေးတင် စိတ်အေးသွားသော ရှုဝေ တစ်ဖန် စိတ်ပူလာရပြန်သည်။ ရန်ကိုင်အား စိတ်ထဲတွင်လည်း အဆက်မပြတ် ကျိန်ဆဲနေတော့လေသည်။ ရန်ကိုင်၏ အလစ်ချောင်း တိုက်ခိုက်မှုကြောင့်သာ မဟုတ်လျှင် သူ့ဘဝ ဤအခြအနေသို့ ရောက်သွားခဲ့ရလိမ့်မည် မဟုတ်ပေ။
ကျိလုန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ရောင်းရင်းရှု၊ ဒီဘုရင် ခင်ဗျားကို အခွင့်အရေး မပေးဘူး မပြောနဲ့။ ဒီဘုရင် အခု ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ်။ ပထမတစ်ခုက ခင်ဗျားကို ဒီဘုရင်သတ်မယ်။ သေဆုံးခြင်းက ပြဿနာ အားလုံးရဲ့ အဆုံးသတ်ပဲ”
ရှုဝေက နှုတ်ခမ်းကိုက်၍ ထပ်မေးလိုက်သည် “ဒုတိယတစ်ခုကကော”
“ခင်ဗျားရဲ့ ဝိဥာဉ်အမှတ်အသားကို ကျုပ်ဆီပေး” ကျိလုန်က လက်နောက်ပစ်ရင်း ရှုဝေအား စိုက်ကြည့်ကာ ပြောလိုက်သည် “ခင်ဗျားလည်း အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ပဲ။ ဒီလို အခြေအနေမျိုးမှာ ဘယ်လို ရွေးချယ်မှုမျိုးကို လုပ်သင့်လဲ သိလောက်မှာပေါ့”
“ကျုပ်ဝိဥာဉ်အမှတ်အသားကို ပေးရမယ်” ရှုဝေ မျက်နှာ အေးစက်သွားပြီး ချက်ချင်းပဲ ကျိလုန်ကိုပင် တိုက်ခိုက်ချင်လာ၏။ သို့သော်လည်း ထိုသို့လုပ်လိုက်၍ ဖြစ်လာမည့် အကျိုးဆက်ကို ပြန်တွေးလိုက်မိသော် တိုက်ခိုက်ချင်သည့်စိတ်ကို အတင်းအကြပ် ဖိနှိပ်လိုက်လေသည်။
သူသာ ဝိဥာဉ်အမှတ်အသားကို ပေးလိုက်လျှင် နောက်ပိုင်း ကျိလုန်၏ အမိန့်များကို တသဝေမသိမ်း နာခံရတော့မည်။ မဟုတ်ရင် ကျိလုန်သည် သူ့ဘဝကို အတွေးတစ်ချက်နှင့် ဇာတ်သိမ်းပေးလိုက်ပေလိမ့်မည်။
သို့သော်လည်း သူငြင်းလျှင်လည်း သေရပေလိမ့်မည်။
ကျိလုန်သည် သူ့အား ရန်ကိုင်ထက်ပင် ပို၍ ရွံရှာမုန်းတီးနေကြောင်း ရှုဝေ အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရ၏။
ရန်ကိုင်သည် သူ့အား လှောင်ပြောင်သည်၊ လှည့်စားသည်။ အလစ်ချောင်း တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ခရမ်းကြယ် တစ်ခုလုံး၏ လူအများ လေးစားခံရသောည ဂိုဏ်းချုပ်ကြီးသည် တကယ်ကို အရှက်မရှိ အနာပေါ် ဆားထပ်ဖြူးနေခဲ့လေသည်။
“အချိန်မရှိဘူး။ ခင်ဗျား မြန်မြန် ဆုံးဖြတ်။ ဒီဘုရင်က စိတ်သိပ်ရှည်တတ်တာ မဟုတ်ဘူးနော် ရောင်းရင်းရှု” ကျိုလုန်သည် မတိုးမကျယ်လေသံဖြင့်သာ ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ့လေသံသည် ရှုဝေ၏ နားထဲ မိုးချိန်းသံတမျှ ကျယ်လောင်နေခဲ့လေသည်။
ရှုဝေ အတော်လေး ဝေခွဲရ ခက်နေခဲ့သည်။ နောက်ဆုံးတွင် အံကြိတ်၍ ပြောလိုက်လေသည် “ကောင်းပြီလေ။ ဒီလူအိုကြီးရဲ့ ဝိဥာဉ်အမှတ်အသားကို ခင်ဗျားဆီပေးမယ်။ ဒါပေမယ့် ရောင်းရင်းကျိ ဒီလူအိုကြီးကို အရမ်း ခက်ခဲအောင် မလုပ်ဖို့ ဒီလူအိုကြီး မျှော်လင့်ပါတယ်”
ကျိလုန်က ကျေနပ်စွာ ခေါင်းညိတ်၍ ပြောလိုက်လေသည် “ဒီဘုရင်က ခင်ဗျားကို အရှက်ရအောင် လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျား ဝိဥာဉ်အမှတ်အသားကို ယူထားမယ့်လူက ဒီဘုရင် မဟုတ်ဘူး။ ဒီဘုရင်ရဲ့ သားပဲ”
“ဘယ်လို၊ ကျိတုန်လား” ရှုဝေက ဒေါသထွက်နေသည့် အမူအရာဖြင့် ကျိတုန်အား လှမ်းကြည့်လိုက်လေသည်။
ထိုစကားကို ကြားလိုက်ချိန် ကျိတုန်သည်လည်း ကြောင်သွားခဲ့သည်။ သို့သော်လည်း ချက်ချင်းပဲ ဝမ်းသာအားရ အမူအရာဖြင့် သူ့အဖေဘက်သို့ လှည့်ကြည့်လိုက်လေသည်။
သူသည် ခရမ်းကြယ်၏ သခင်လေးဖြစ်ပြီး တန်ခိုးရှင်ဘုရင် အဆင့်အချို့ကို ခိုင်းစေနိုင်သည့် အခွင့်အရေး ရှိလျှင်ပင် ထိုစွမ်းအားမှာ သူ့အတွက် အကန့်အသတ်နှင့် ရှိပေသည်။ တကယ်တော့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံးသည် အဆင့်အတန်း မြင့်မားကြသည့် လူချည်းများသာ မဟုတ်လော။
ကျိတုန် အနေဖြင့် ထိုပညာရှင်ဆီမှ တစ်ခုခု လိုအပ်တိုင်း သူတို့၏ အကျိုးဆောင်ခအတွက် နက်နက်နဲနဲ ပြန်ပေးဆပ်ရ၏။
ယခု သူ့တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်မည့် အခွင့်အရေး ရှိလာခဲ့လေပြီ။ စိုင်ကော်၍ ချုံပေါ်ရောက်သည့်အဖြစ်မျိုးကို မကြိုက်သည့်လူ မည်သူများ ရှိမည်နည်း။
ရှုဝေ၏ ဒေါသထွက်နေသည့် အမူအရာကိုမြင်သော် ကျိတုန် မျက်နှာပျက်သွားပြီး ရှုဝေအား စိုက်ကြည့်လျက် “ဘာလဲ။ ဒီသခင်လေးက ခင်ဗျားရဲ့ ဝိဥာဉ်အမှတ်အသားကို ယူထားဖို့ မထိုက်တန်ဘူးလို့ အကြီးအကဲရှု ထင်နေတာလား။ အဲ့ဒါဆို ဒီသခင်လေး မယူတော့ဘူး။ အခြား တစ်ယောက်ရဲ့ စိတ်ဆန္ဒ မပါဘဲ အတင်းအကြပ် ဖိအားပေးတာမျိုး ဒီသခင်လေး မလုပ်ချင်ဘူး”
ကျိတုန်သည် ရိုးသားဖြောင့်မတ်သည့် ပုံစံမျိုး လုပ်နေသော်ငြား သူ့အဓိပ္ပါယ် ရှုဝေ မသိဘဲ ဘယ်နေမည်နည်း။
လက်ရှိတွင် ရှုဝေသည် စဉ်းတီတုံးပေါ် ရောက်နေသည့် ငါးတစ်ကောင်နှင့် ဘာမှမခြားချေ။ တစ်ဖက်လူ ချမ်းသာပေးမှ သူ့ဘဝ ချမ်းသာရာရပေလိမ့်မည်။ ထို့ကြောင့် အခြေအနေသည် သူ့အတွက် မကောင်းမွန်မှန်း သိသော်လည်း မလုပ်လို့လည်း မဖြစ်ချေ။
ခဏလောက် စဉ်းစားပြီးနောက် ရှုဝေက အားတင်းပြုံး၍ “သခင်လေး နားလည်မှုလွဲနေပြီနဲ့တူတယ်။ သခင်လေးက လူကြားထဲ နဂါးတစ်ကောင်ပဲ။ အနာဂတ်မှာ သခင်လေးက ဒီလူအိုကြီးထက် ပိုမြင့်တဲ့အဆင့်ဆီ တက်လှမ်းနိုင်မှာကို ဒီလူအိုကြီးက ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး အတွေးမျိုး ရှိပါ့မလဲ။ သခင်လေးဆီ ခစားရတာတောင် ဒီလူအိုကြီးအတွက် ဂုဏ်ရှိနေပြီ”
“အင်း ဟုတ်တယ်… ခင်ဗျားပြောတာ အမှန်ပဲ” ရန်ကိုင်ကျေးဇူးကြောင့် စိတ်နှလုံး တိမ်ဖုံးခဲ့ရသည်မှာ ယခုမှပဲ ပျောက်သွားတော့သည်။ လက်ရှိတွင် ကျိတုန် အလွန်ကိုမှ ပျော်ရွှင်နေခဲ့သည်။ ရန်ကိုင်ကိုသာ နောက်တစ်ကြိမ် ပြန်တွေ့လျှင် ရှုဝေဖြင့် ရန်ကိုင်ကို သတ်ပစ်မည်ဟု စိတ်ထဲ ကြွေးကြော်လိုက်၏။
ရှုဝေသည် ခုနှစ်ရောင်ခြယ်အလင်းကြောင့် လက်တစ်ဖက် ပြတ်နေသော်လည်း တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦး၏ ခွန်အားကို သွားအထင်သေး၍မရချေ။ သူသာ ကောင်းကောင်း အားဖြည့်ထားလျှင် အားကောင်းသည့် ပညာရှင်တစ်ယောက် ဖြစ်နေပေလိမ့်ဦးမည်။
“ရောင်းရှင်းရှု… မြန်မြန် လုပ်တော့ရင်ကောင်းမယ်” ကျိလုန်က တွန်အားပေးလိုက်သည်။
ရှုဝေမှာ ဆန္ဒမရှိသော်လည်း သူ့ဝိဥာဉ်အမှတ်အသားကို သိမ်းသည်းစေလျက် ကျိတုန်ဆီသို့ ပေးလိုက်လေသည်။ ကျိတုန်သည် ရှုဝေ လုပ်သမျှကို သေချာ ရပ်ကြည့်နေသည်။ ရှုဝေသာ တစ်ခုခု လှည့်စားရန် ကြိုးစားသည်နှင့် ကျိလုန်သည် သူ့အား ကျိန်းသေ တိုက်ခိုက်ပေလိမ့်မည်။
ဝိဥာဉ်အမှတ်အသား လွှဲပခြင်းဖြစ်စဉ် ပြီးသွားသည့် နောက်တွင် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသလို ရှုဝေ ခံစားလိုက်ရသည်။ ယခုအချိန်မှစ၍ သူသည် စွန့်ပစ်တွင်းနက်၏ အကြီးအကဲတစ်ဦး မဟုတ်တော့။ သူသည် ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိတော့သော ကျွန်တစ်ယောက် ဖြစ်လာခဲ့လေပြီ။
ထိုအကြောင်းကို စဉ်းစားနေစဉ် သူ့အသိစိတ်ပင်လယ် တစ်ခုလုံး မီးမြိုက်လိုက်သလို ခံစားလိုက်ရသည်။ ခေါင်းမှာလည်း နှစ်ခြမ်းကွဲထွက်တော့မည့်နှယ် အလွန်ကိုမှ ထိုးကိုက်လာခဲ့၏။
သူသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ထိုကဲ့သို့သော နာကျင်မှုကိုတော့ မတောင့်ခံနိုင်ပေ။
ချက်ချင်း လဲကျသွားပြီး ခေါင်းကိုကိုင်ကာ မြေကြီးပေါ်တွင် နာကျင်စွာ လူးလှိမ့်အော်ဟစ်တော့လေသည်။
ဘာတွေဖြစ်နေလဲ ချက်ချင်း နားလည်သွားလိုက်သည့်နောက် အံကြိတ်၍ အော်မေးလိုက်လေသည် “သခင်လေး၊ ခင်ဗျား ဘာလို့…”
“အင်း… တကယ်ကို အလုပ်ဖြစ်တာပဲကွ” ကျိတုန်သည် နည်းနည်းလေးမှ သနားကြင်နာစိတ်မရှိသည့် အမူအရာဖြင့် မြေကြီးပေါ်တွင် နာကျင်စွာ အော်ဟစ်နေသော ရှုဝေအား ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် သူယခုလေးတင် ရလိုက်သော ဝိဥာဉ်အမှတ်အသားအား ထပ်၍ ဖိအား ပေးလိုက်လေသည်။
ရှုဝေ၏ အော်ဟစ်သံမှာ ပိုမို ကျယ်လောင်လာခဲ့သည်။ နာကျင်စွာ အော်ဟစ်နေရင်းမှ “သခင်လေး၊ ရပ်ပါတော့။ မဟုတ်ရင် ဒီလူအိုကြီးရဲ့ ဝိဥာဉ် ပျက်စီးသွားတော့မယ်”
“ဒီလူအိုကြီး” ကျိတုန်၏ မျက်လုံးများ အေးစက်သွားပြီး “ဘယ်သူရှေ့မှာမို့လို့ ခင်ဗျားကိုယ်ခင်ဗျား ဒီလူအိုကြီးလို့ လာခေါ်နေတာလဲ။ ခင်ဗျားကို ဘယ်သူက အဲ့လို ခေါ်ခွင့် ပေးလို့လဲ”
“အား၊ ဒီအစေခံအိုကြီး မှားပါတယ်။ ကျေးဇူးပြုပြီး မြန်မြန် ရပ်လိုက်ပါတော့ သခင်လေး”
“ဟားဟားဟား၊ ခင်ဗျားက တော်သားပဲ။ ကြည့်ရတာ ကျုပ်ခွေးကောင်းကောင်း တစ်ကောင်တော့ ရလိုက်ပြီနဲ့ တူတယ်” ကျိတုန်က အော်ရယ်မောလိုက်ရင်း ညစ်ကျယ်ကျယ် ပြုံးလိုက်၏။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးကို နှိပ်စက်ရသည်မှာ တကယ်ကို ပျော်ဖို့ကောင်းပေသည်။
ရန်ကိုင်သည် သူ့အား မကိုက်တတ်ဘဲ ဟောင်တတ်သည့် ခွေးဟုသာ အဆက်မပြတ် လှောင်ပြောင်ခဲ့သည်။ ယခု ရန်ကိုင်ကြောင့် မျိုသိပ်ထားခဲ့ရသည့် သူ့ဒေါသအားလုံးကို ရှုဝေပေါ် ဖွင့်ထုတ်နေခြင်း ဖြစ်သည်။
“တော်လောက်ပြီ။ အခုလို ဖြစ်သွားရင်တောင် အကြီးအကဲရှုက မင်းရဲ့ စီနီယာတစ်ယောက် ဖြစ်နေတုန်းပဲ။ နောက်ပိုင်း သူ့ကို အခုလို လျှောက်မလုပ်နဲ့” ကျိလုန်က သူ့သားကို ထူးမခြားနားဟန်ဖြင့် ကြည့်၍ အမိန့်ပေးလိုက်လေသည်။
“ဟုတ်ကဲ့” ကျိတုန်လည်း ရှုဝေအား နှိပ်စက်နေသည်ကို ချက်ချင်း ရပ်တန့်လိုက်လေသည်။
ထိုအခါမှ သူ့အသိစိတ်ပင်လယ်ထဲ ခံစားနေရသည့် အလွန်ကိုမှ ပြင်းထန်သော နာကျင်မှု ပျောက်ကွယ်သွားခဲ့သည်။ သို့တိုင် ချက်ချင်း ပြန်မထနိုင်သေးဘဲ မြေပြင်ပေါ်တွင် အတော်ကြာအောင် လဲနေပြီးမှ နောက်ဆုံး မနည်းအားစိုက်၍ ထလာနိုင်ခဲ့သည်။ ရပ်နိုင်ပြီးနောက် သူ့မျက်လုံးထဲ ဖြတ်ပြေးသွားသည့် အမုန်းတရားများကို ကျိတုန် မြင်သွားမည် စိုးသည့်အတွက် ချက်ချင်း ခေါင်းငုံ့လိုက်၏။
အစောပိုင်းက သူသည် စွန့်ပစ်တွင်းနက်၏ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုမူ သူ့ဝိဥာဉ် အမှတ်အသားသည် အခြားတစ်ဦး၏ လက်ထဲတွင် ရှိနေခဲ့သည်။ ဂျူနီယာတစ်ဦး၏ စိတ်ရှိတိုင်း အရှက်ခွဲနှိပ်စက်ခြင်းကို ခံရပြီးနောက် ရှုဝေ မရှက်ဘဲ ဘယ်နေမည်နည်း။
သို့သော်လည်း လူဆိုသည်မှာ အခြေအနေ အချိန်အခါကိုလိုက်၍ ဦးညွှတ်သင့်လျှင် ဦးညွတ်တတ်ရသည်။ ရှုဝေသည်လည်း တစ်ဖက်လူအား မုန်းတီးသည့် အကြည့်ဖြင့် ပြောင်ပြောင်တင်းတင်း သွားကြည့်ရလောက်သည်အထိ မမိုက်မဲသေးချေ။
ယခုနေတော့ အနာဂတ်တွက် ကျိလုန်နှင့် သူ့ခွေးသားကို လက်စားပြန်ချေနိုင်ဖို့အတွက် အခွင့်အရေးတစ်ခုကို ရလိုရငြား သူတို့ လုပ်သမျှတော့ ငြိမ်ခံနေရပေဦးမည်။
“ကျုပ်လုပ်ခဲ့တာကို အကြီးအကဲ မကြိုက်တာရှိလား။ အခု ဒီဿခင်လေးက ဒီဟာ ဘယ်လောက် အသုံးဝင်လဲ စမ်းသပ်ကြည့်နေတာ။ တကယ်တော့ ဒီသခင်လေးက အခုမှ ပထမဆုံးအကြိမ် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ဝိဥာဉ်အမှတ်အသားကို ထိန်းချုပ်ဖူးတာလေ” ကျိတုန်သည် ရှုဝေအား စိုက်ကြည့်ရင်း ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်သည်။
“ကျုပ်မလုပ်ရဲပါဘူး” ရှုဝေက သက်ပြင်းရှိုက်လျက် ခေါင်းကိုငုံ့ကာ ပြန်ပြောလိုက်သည် “သခင်လေး ဒီအစေခံအိုကြီးကို နာမည်တပ်ပြီး ခေါ်လို့ရပါတယ်။ သခင်လေးရှေ့မှာ ဒီအစေခံအိုကြီး ကိုယ့်ကိုယ်ကို အကြီးအကဲ တစ်ယောက်လို့ မခေါ်ရဲပါဘူး။ အခု ဖြစ်သွားတာကိုလည်း ဒီအစေခံအိုကြီး စိတ်ထဲမထားပါဘူး”
“ကောင်းတယ်” ကျိတုန်က ကျေနပ်စွာခေါင်းညိတ်၍ “ဒီသခင်လေးနောက်လိုက်ပြီး ကျုပ်ကို ကောင်းကောင်း ကာကွယ်ပေး။ ကျုပ်အားကောင်းလာရင် ခင်ဗျား အတွက်လည်း အမြတ်ပဲ”
“ဟုတ်ကဲ့ပါ” ရှုဝေက လေးလေးစားစား ခေါင်းညိတ်လိုက်၏။
“ဒါနဲ့။ ဆေးတောင်ကြားထဲကို ဝင်လာပြီးတဲ့နောက်ပိုင်း ခင်ဗျာ ဘာတွေ ရလိုက်လဲ။ အကုန်ထုတ်လိုက်၊ ဒီသခင်လေး တစ်ချက် စစ်ဆေးကြည့်ရအောင်” ကျိတုန်သည် တစ်ခုခုကို စဉ်းစားမိသွားသည့်နောက် အပြုံးကြီးပြုံးလျက် အမိန့်ပေးလိုက်၏။
ရှုဝေမျက်နှာ မဲ့သွားခဲ့သည်။ နှလုံးသွေး ယိုစီးကျနေသော်ငြား နည်းနည်းလေးမှ မခုခံရဲသည့်အတွက် သိုလှောင်လက်စွပ်ကို ချွတ်၍ ဖားဖားယားယားပြုံးရင်း ကျိတုန်အား ပေးလိုက်လေသည် “ဒီလူအိုကြီးရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံး ဒီသိုလှောင်လက်စွပ်ထဲမှာ ရှိပါတယ်။ ကြည့်ကြည့်လိုက်ပါ သခင်လေး။ သခင်လေး လိုချင်တာရှိရင်လည်း ယူလို့ရပါတယ်”
သူဤကဲ့သို့လုပ်မှ ရပေမည်။ သူ့အသက်ကိုပင် သူမပိုင်တော့ရာ သူ့ပိုင်ဆိုင်မှုများသည်လည်း မည်သို့များ သူ့ပိုင်ဆိုင်မှု ဖြစ်နိုင်တော့မည်နည်း။
ကျိတုန်သည် ယဉ်ကျေးမနေဘဲ သိုလှောင်လက်စွပ်ကို ယူပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ခဏအကြာ၌ အပြုံးကြီးပြုံးလျက် ရှုဝေ၏ သိုလှောင်လက်စွပ်ထဲမှ အဖိုးတန်ပစ္စည်းအားလုံးကို ထုတ်ယူသွားလေသည်။
ကျိတုန် ယူသွားသည်မှာ ရှုဝေ ဆေးတောင်ကြားထဲ ရလာသည့် ရတနာများအပြင် သူ့တစ်ဘဝလုံး စုဆောင်းထားခဲ့သည့် ရတနာများပါ ပါပေသည်။
စွန့်ပစ်တွင်းနက်သည် မကောင်းမှုလုပ်ရပ် မှန်သမျှကို ကျူးလွန်သည့် လူများ စုဝေးသည့် နေရာတစ်ခုဖြစ်သည်။ အကြီးအကဲတစ်ဦး ဖြစ်သည့်အလျောက် ရှုဝေသည် လူပေါင်း များစွာကို သတ်ဖြတ်ပြီး ဓါးပြတိုက်ခဲ့ဖူးသည်။ ထို့ကြောင့် သူ့သိုလှောင်လက်စွပ်ထဲ ပစ္စည်းကောင်းများစွာ ရှိနေရခြင်း ဖြစ်သည်။
ထိုပစ္စည်းတစ်ခုချင်းစီသည် အလွန်ကိုမှ တန်ဖိုးကြီးသဖြင့် ကျိတုန်လည်း အကြည့်မလွှဲနိုင်ဘဲ တွေ့သမျှ အကုန်ယူလေ၏။
သူ့အနှစ်နှစ်အလလ စုဆောင်းလာခဲ့ရသည့် အဖိုးတန် ရတနာများကို ကျိတုန်မှ တစ်ခုပြီးတစ်ခု သူ့အိတ်ကပ်ထဲသို့ ထိုးထည့်နေသည်ကိုရင်း ရှုဝေရင်ထဲ သွေးမျက်ရည်ကျနေရ၏။ သို့သော်လည်း နည်းနည်းလေးမှ မကျေနပ်ဟန် မပြဘဲရဲ အားတင်းပြုံး၍သာ ရပ်ကြည့်နေရလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၈၉)
“ဟန်…” ကျိုတုန်သည် ရုတ်တရက် အံ့အားသင့်နေသည့် အသံဖြင့် ကျိတုန်၏ သိုလှောင်လက်စွပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုတံဆိပ်ပြားကို သစ်သားမဟုတ်၊ သတ္တုမဟုတ်သည့် ပစ္စည်း တစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုအရာဘာမှန်း ကျိတုန် မပြောနိုင်ခဲ့။ တံဆိပ်ပြားသည် အနက်ရောင်ရှိပြီး မျက်နှာပြင်ထက် ‘ဧကရာဇ်’ ဟူသော စကားလုံးကို ထိုးထွင်းထားလေသည်။
ဆန်းကြယ်နက်နဲသည့် အရှိန်အဝါတစ်ရပ်သည် တံဆိပ်ပြားဆီမှ ဖြာထွက်နေခဲ့လေသည်။ တံဆိပ်ပြားကို စိုက်ကြည့်လိုက်ချိန် သူ့ဝိဥာဉ်သည်ပင် ထိုအရှိန်အဝါထဲသို့ နစ်မြောသွားသလို ခံစားလိုက်ရသည်။
“ကြယ်ဧကရာဇ်တံဆိပ်ပြား” တံဆိပ်ပြားကို မြင်သည်နှင့် ဘာတံဆိပ်ပြားမှန်း ကျိလုန် ချက်ချင်း တန်းသိလိုက်လေသည်။ ကျိတုန်လက်မှ တံဆိပ်ပြားကို လှမ်းယူလိုက်ပြီး မီတောက်မတတ် အကြည့်ဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တံဆိပ်ပြားကို သေချာ စစ်ဆေးကြည့်လေသည်။
ဤအရာသည် ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ခု ဖြစ်သည်။
ကြယ်ဧကရာဇ်တံဆိပ်ပြားသည် မဟာဧကရာဇ်ကိုယ်တိုင် ဖန်တီးခဲ့သည့် အရာများဖြစ်ပြီး ကြယ်စီရင်စုကြီးထဲ ဒဏ္ဏာရီလာ တည်ရှိမှုများ ဖြစ်ကြသည်။ ဤတံဆိပ်ပြားသည် လူအနည်းငယ်သာ မြင်ဖူသည့် တံဆိပ်ပြားလည်း ဖြစ်ပေသည်။ သို့သော်လည်း ခရမ်းကြယ်၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည့် အလျောက် ကျိတုန်သည် ကြယ်တံဆိပ်ပြားအကြောင်းကို ကောင်းကောင်း သိပေသည်။
ခရမ်းကြယ်တွင်လည်း ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ခု ရှိပေသည်။ ထိုတံဆိပ်ပြားကို တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် ဖြစ်သော ခရမ်းကြယ်၏ မဟာအကြီးအကဲမှ သိမ်းထား၏။ မဟာအကြီးအကဲသည် ကြယ်ဧကရာဇ်တံဆိပ်ပြားမှ ဖြာထွက်နေသည့် နက်နဲဆန်းကြယ်သော အရှိန်အဝါကိုသုံး၍ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအို၏ နက်နဲဆန်းကြယ်မှုများကို ပိုမို ထိုးထွင်းသိမြင်လာအောင် ကျင့်ကြံနေခြင်း ဖြစ်သည်။
“သုံးပြီးသား ကြယ်တံဆိပ်ပြားပဲ…” စစ်ဆေးကြည့်ပြီးနောက် ဤကြယ်ဧကရာဇ်တံဆိပ်ပြားသည် သုံးပြီးသား တံဆိပ်ပြားတစ်ခု ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် ကျိလုန် အနည်းငယ် စိတ်ဝင်စားမှု လျော့ကျသွားခဲ့သည်။
ကြယ်ဧကရာဇ်တံဆိပ်ပြား စုစုပေါင်းကိုးခုရှိပြီး တစ်ခုချင်းစီထဲ အံ့မခန်းစွမ်းရည် တစ်ခုစီ ပါဝင်သည်။ မဟာဧကရာဇ် မည်မျှအားကောင်းကြောင်း မည်သူမှမသိ။ သို့သော်လည်း မဟာဧကရာဇ်၏ နတ်ဘုရားစွမ်းရည်နှင့်သာ ဆိုပါက ကျိလုန်နှင့် သူ့သားကို သတ်ဖို့သည် ထမင်းစား ရေသောက်နှယ် လွယ်ကူနေလိမ့်မည်ဟုတော့ ရှုဝေ အတပ် ပြောနိုင်ပေသည်။
တံဆိပ်ပြား၏ စွမ်းရည်သာ ရှိနေသေးလျှင် သူ့ဝိဥာဉ် အမှတ်အသားကို ပေးမည့်အစား ထိုစွမ်းရည်ကိုသုံးပြီး ကျိလုန်နှင့် သူ့သားကို သတ်ပစ်လိုက်ပေသည်။
“အဖေ၊ ဒီကြယ်ဧကရာဇ်တံဆိပ်ပြားထဲမှာ လျှို့ဝှက်ချက်ကြီး တစ်ခုရှိနေတယ်ဆို၊ အဲ့ဒါ အမှန်ပဲလား” ကျိတုန်သည် ကျိလုန် လက်ထဲရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားကိုကြည့်ရင်း မေးလိုက်၏။ ခရမ်းကြယ်၏ သခင်လေး ဖြစ်သော်လည်း ဤသည်မှာ သူ့အနေဖြင့် ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ခုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ယနေ့မတိုင်ခင်အထိ၊ ကြယ်ဧကရာဇ် တံဆိပ်ပြားနှင့် ပက်သက်သည့် မှတ်တမ်းများကိုသာ ဖတ်ခဲ့ရပြီး အပြင်မှာတော့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“ကောလဟာလတွေကတော့ အဲ့အတိုင်း ပြောကြတာပဲ။ တကယ် မဟုတ်မဟုတ်တော့ ငါလည်းမသိဘူး” ကျိလုန်က ပြန်ပြောလိုက်သည် “ရှိတယ်ဆိုရင် အဲ့လျှို့ဝှက်ချက်က ကြယ်ဧကရာဇ် တံဆိပ်ပြား တစ်ခုနှစ်ခုလောက် ရှိရုံနဲ့ ထုတ်ဖော်နိုင်မယ့် လျှို့ဝှက်ချက်မျိုးမဟုတ်ဘူး။ တံဆိပ်ပြား ကိုးခုစလုံးကို စုနိုင်မှပဲ ရလိမ့်မယ်”
“ကိုးခုစလုံးကိုစုဖို့” ကျိလုန် ကြောင်သွားခဲ့၏။ ထို့နောက် ထရယ်မောလျက် “အဲ့ဒါကတော့ ဘယ်သူမှ မလုပ်နိုင်လောက်ဘူး။ တံဆိပ်ပြား ကိုးခုစလုံးက ကြယ်စီရင်စုထဲမှာ ပျံ့နေတာ။ ဘယ်သူတွေဆီ ရောက်နေမှန်းမသိဘူး။ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းမှာ တစ်ခုရှိတယ်ဆိုတာကိုတော့ သားသိတယ်…”
“ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းတင် မဟုတ်ဘူး။ ဓါးအဖွဲ့အစည်းမှာလည်း ရှိတယ်”
“ဓါးအဖွဲ့အစည်းမှာလည်း ရှိတာလား” ကျိတုန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဓါးအဖွဲ့အစည်းကို သွားအထင်မသေးနဲ့။ သူတို့က အဖွဲ့အစည်းသုံးခုထဲမှာ အားအနည်းဆုံး ဆိုပေမယ့် မဟာဧကရာဇ် အသက်ရှင်တုန်းက ငါတို့ အင်အားစုသုံးခုစလုံးကို မဟာဧကရာဇ်ကို အကူအညီ နည်းနည်းပေးနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် မဟာဧကရာဇ်က ငါတို့အားလုံးကို တံဆိပ်ပြား တစ်ခုစီ ပြန်ချီးမြင့်ပေးခဲ့တယ်။ ခရမ်းကြယ်၊ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်း၊ ဓါးအဖွဲ့အစည်း အကုန်လုံးမှာ ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ခုစီ ရှိတယ်”
“အဲ့လို ဖြစ်ခဲ့တာလား” ကျိတုန် ထိတ်လန့်နေခဲ့သည်။ ရှုဝေပင်လျှင် မှင်သက်နေခဲ့သည်။ ရှုဝေသည် စွန့်ပစ်တွင်းနက်၏ အကြီးအကဲတစ်ဦး ဖြစ်သော်လည်း ထိုအကြောင်းနှင့် ပက်သက်၍ ဘာမှမသိပေ။
“အဲ့ဒါတွေက ဖြစ်သွားတာကြာပြီ” ကျိလုန်က သက်ပြင်းချလျက် “လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်းမှာ ငါတို့ ပိုင်တဲ့ တံဆိပ်ပြားတွေအကုန်လုံးကို သုံးပြီးသွားကုန်ပြီ။ အဲ့တံဆိပ်ပြားတွေကြောင့်သာ မဟုတ်ရင် ငါတို့ အင်အားစု သုံးခုစလုံး အခုအချိန်ထိ ရှင်သန်နေဦးမှာ မဟုတ်ဘူး။ အင်အားစုတွေရဲ့ အနိမ့်အမြင်က တက်လိုက်ကျလိုက် ဖြစ်နေတဲ့ ဒီရေလိုပဲ။ ဘာမှ မတည်မြဲဘူး။ ဒီတော့ အင်အားစုကြီးတွေ ဆိုပေမယ့် အချိန်မရွေး ပျက်စီးနိုင်တယ်။ ဒီလောကကြီးမှာ ဆက်ပြီး ရှင်သန်ချင်တယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးမှပဲ ရလိမ့်မယ်။ အဲ့ဒါကို မြဲမြဲမှတ်ထား”
“ဟုတ်ကဲ့ပါအဖေ။ သားသေချာ မှတ်ထားပါ့မယ်” ကျိတုန်က လေးလေးစားစား ခေါင်းညိတ်လိုက်သည်။ အပြင်ရောက်သည်နှင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ မရောက်မချင်း တံခါးပိတ်ကျင့်စဉ် ဝင်ရမည်ဟုလည်း စိတ်ဆုံးဖြတ်လိုက်လေသည်။ သူသာ မဟာဧကရာဇ် ရောက်သည့်အဆင့်သို့သာ ရောက်နိုင်မည်ဆိုလျှင် တစ်နေ့ကျလျှင် သူသည် ကြယ်စီရင်စုကြီး၏ ဒဏ္ဏာရီအသစ် တစ်ခု ဖြစ်လာနိုင်ပြီး မဟာဧကရာဇ်၏ အမွေကိုလည်း ဆက်ခံနိုင်ပေလိမ့်မည်။ ထိုသို့သာဆိုလျှင် မည်မျှပင် ခမ်းနားလိုက်မည်နည်း။
သူ့သားကို သင်ပြပေးနေရင်း ကျိလုန်သည် ကြယ်ဧကရာဇ် တံဆိပ်ပြားကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်၏။ ကြယ်ဧကရာဇ်တံဆိပ်ပြားသည် သုံးပြီးသား ဖြစ်သော်လည်း အလွန် အဖိုးတန်နေဆဲပင်။
ကျိတုန်သည်လည်း ရှုဝေ၏ သိုလှောင်လက်စွပ်ကို ပြန်ပေးလိုက်၏။ သို့သော် လက်စွမ်ထဲရှိ အဖိုးတန်ပစ္စည်း အားလုံးမှာတော့ သူယူထားလိုက်လို့ ကုန်သွားလေပြီ။ သိုလှောင်လက်စွပ်ကို ပြန်စစ်ဆေးလိုက်ချိန် စိတ်ညစ်လွန်းသဖြင့် ရှုဝေ သွေးပင် အန်ချင်သွားခဲ့သည်။
“သွားကြရအောင်၊ ပတ်ဝန်းကျင်က ဟင်းလင်းပြင် အက်ကွဲကြောင်းတွေကို ဂရုစိုက်၊ ဟိုကောင် ဒီနားထဲက တစ်ခုခုမှာ ပုန်းနေပြီး ငါတို့ကို အလစ်ချောင်းတိုက်ဖို့ အခွင့်ရေးရှာရင် ရှာနေမှာ” ကျိလုန်သည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
ကျိတုန်သည်လည်း အလျင်အမြန် လိုက်သွား၏။ ရှုဝေကမူ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် နောက်ဆုံးမှ လိုက်လာခဲ့သည်။
ရန်ကိုင်သည် ဟင်းလင်းပြင်ထဲ လွတ်လပ်စွာ လျှောက်သွားနေ၏။
ရှုဝေအား တိုက်ခိုက်ပြီးနောက်တွင် အလွန်ကိုမှ လုံခြုံသော ဟင်းလင်းပြင်ထဲသို့ ပြန်လာပြီး လေဟာနယ်သလင်းကျောက်များကို စတင် ရှာဖွေတော့သည်။
သူပြောခဲ့သည့် စကားများသည် တစ်ဖက်လူအား ကြောက်အောင် ခြောက်ချင်၍ သက်သက်သာ ဖြစ်ပြီး တကယ်တော့ လုပ်မည်မဟုတ်ချေ။ ထိုကောင်တွေကို တိုက်ခိုက်ရန် ချောင်းမြောင်းပြီး သူ့အဖိုးတန် အချိန်လေးများကိုလည်း မဖြုန်းတီးပစ်နိုင်ပါချေ။ ပထမတစ်ကြိမ် အောင်မြင်ခြင်းသည် သူအကန့်အသတ် ဖြစ်သွားလေပြီ။ ယခု ရန်သူများသည် သူ့အား သတိထားနေပြီ ဖြစ်သည့်အတွက် နောက်တစ်ကြိမ် သွားတိုက်ခိုက်လည်း အောင်မြင်နိုင်တော့မည် မဟုတ်။
ပထမတစ်ကြိမ်၌ ကျိတုန်အား မတိုက်ခိုက်ခဲ့ခြင်းမှာ ကျိလုန် ရှိနေသည့် အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျိတုန်အစား ရှုဝေအား ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ရှုဝေအား မသတ်နိုင်ခဲ့သော်ငြား လက်တစ်ဖက်ပြတ်အောင်တော့ လုပ်နိုင်ခဲ့ပေသည်။
ရန်ကိုင် တွေးထားသည်မှာ ရှုဝေသာ လက်ပြတ်သွားခဲ့လျှင် သူ့ခွန်အား အတော်လေးကို ဆုံးရှုံးသွားပေလိမ့်မည်။ ထိုအခါ ကျိလုန်သည် သူ့အား လုံးဝ အလွတ်ပေးမည် မဟုတ်ဘဲ နေရာတွင်ပင် တစ်ခါတည်း တန်းသတ်ပစ်လိမ့်မည် ဟူ၍ပင်။
ရန်ကိုင် ထင်မထားသည်မှာတော့ ကျိလုန်သည် ရှုဝေအား မသတ်ဘဲ သူ့သား၏ ကျွန်ဖြစ်အောင် လုပ်လိုက်လိမ့်မည် ဟူသော အချက်ပင်။
ခုနှစ်ရောင်ခြယ်အလင်း ပြန်ဆုတ်သွားပြီးပြီးချင်း ဖြစ်သည့်အတွက် ဆေးတောင်ကြားထဲ ရတနာရှာရန် အချိန် အများကြီး ရပေသေးသည်။ ထို့ကြောင့် ရန်ကိုင်သည် ဟင်းလင်းပြင်ထဲ လက်ဖက်ရည်ခွက်တစ်ဝက်စာကြာအောင် ခေါက်တုန့်ခေါက်ပြန် လုပ်နေပြီးနောက် ကြုံရာ ဟင်းလင်းပြင် အက်ကြောင်းတစ်ခုမှ ဆေးတောင်ကြားသို့ ပြန်လာခဲ့လေသည်။
ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်။ ခွေးတစ်ကောင် ကြောင်တစ်မြီးမှမရှိ။ ထို့ကြောင့် ရန်ကိုင်သည် စိတ်အား တက်ကြွစွာဖြင့် အဖိုးတန်ဆေးပင်များကို စတင် ရှာဖွေတော့သည်။
နာရီဝက်ကြာပြီးနောက်တွင် ဟင်းလင်းပြင်ထဲသို့ ပြန်ဝင်လာ၏။
ထိုအတိုင်း လုပ်နေလိုက်ရာ မကြာမီအချိန်အတွင်း ရန်ကိုင် အကျိုးအမြတ်များစွာ ရလာလေတော့သည်။
တစ်ချိန်တည်းတွင် အချိန်မည်မျှ ကုန်သွားသလဲ ဆိုသည်ကိုလည်း သတိထားနေသည်။
ဝင်မလာခင်က၊ ကမ္ဘာပျက်ထဲတွင် အများဆုံး တစ်လသာ နေနိုင်သည်ဟု နီကွမ်းမှ သူ့အား ပြောခဲ့သည်။ ထိုအချိန်အတွင်း ကြယ်စီရင်စုထဲသို့ ပြန်လာရပေလိမ့်မည်။ မဟုတ်လျှင် အကျိုးဆက်မှာ အလွန်ကိုမှ ပြင်းထန်ပေလိမ့်မည်။
အကြောင်းမှာ ဤနေရာရှိ ရှေးခေတ်အရှိန်အဝါမှာ အလွန်ကိုမှ သိပ်သည်းသည့်အတွက် ယနေ့ခေတ် ကျင့်ကြံသူများအဖို့ ဤနေရာ၌ အကြာကြီးရှိနေရန် မသင့်တောချေ။ သူတို့သာ အကြာကြီး ဆက်နေမည်ဆိုလျှင် ဤနေရာရှိ လောကနိယာမများ၏ ဖိနှိပ်ခြင်း၊ ငြင်းဆန်ခြင်း ခံရပေလိမ့်မည်။
ချင်းတုန်အား အရိပ်ကြယ်၏ လောကနိယာမများမှ ငြင်းဆန်သလိုပင်။ ကမ္ဘာတစ်ခု၏ အပြစ်ပေးမှုများသည် သာမန် ကျင့်ကြံသူများ အချိန်အကြာကြီး ခုခံနိုင်သည့် အရာမျိုး မဟုတ်ပေ။
သို့သော်လည်း သူတွက်ထားသလောက် ကမ္ဘာပျက်ကြီးထဲသို့ သူဝင်လာသည်မှာ ဆယ့်တစ်ရက်၊ ဆယ့်နှစ်ရက်လောက်သာ ရှိပေသေးသည်။ ထို့ကြောင့် ဝင်ပေါက်သို့ ပြန်စရာမလိုသေး။ နောက်ထပ် ဆယ်ရက်လောက် ဆက်စူးစမ်းရှာဖွေလို့ ရပေသေးသည်။
ထို့ကြောင့် ဆေးတောင်ကြားထဲ စိတ်အေးအေးဖြင့် လျှောက်ပတ်နေသေး၏။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့လေသည်။
အချိန်ကြာလာသည်နှင့် ဆေးတောင်ကြားထဲ ရှာတွေ့နိုင်သည့် ဆေးပင်အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ ဤသို့ ဖြစ်သည်မှာ အထူးအဆန်းတော့လည်း မဟုတ်။ ဆေးတောင်ကြားကြီး မည်မျှပင် ကျယ်ပါစေ အကန့်အသတ်နှင့် ရှိနေဆဲ။ ဤနေရာသို့ ဝင်လာသူ အရေအတွက်မှာ သိပ်မများသော်ငြား ရက်ပေါင်းများစွာ အဆက်မပြတ် ရှာနေသည့် အတွက် ပစ္စည်းကောင်း အများစုမှာ သူတို့ အိတ်ကပ်ထဲ ရောက်ကုန်လေပြီ။
လေဟာနယ်သလင်းကျောက်များကို ရန်ကိုင် ရှာဖွေနိုင်သည့် နှုန်းပင် သိသိသာသာ လျော့နည်းလာခဲ့သည်။
ယနေ့တွင် ရန်ကိုင်သည် ဟင်းလင်းပြင်ထဲ နေ့ဝက်ကြာအောင် အချိန်ဖြုန်းခဲ့သော်လည်း စုစုပေါင်းမှ လေဟာနယ်သလင်းကျောက် သုံးတုံးနှင့် အနည်းငယ် အဖိုးတန်သည့် ဆေးပင်တစ်ပင်သာ ရလိုက်လေသည်။
ဝင်လာလာချင်းနေ့ကနှင့် ယှဉ်လိုက်လျှင် အလွန်ကိုမှ နည်းသွားသည်ဟု ပြောရမည်။
“ကွေ့ဇူနဲ့ ပြန်တွေ့ဖို့ အချိန်ရောက်ပြီ” ရန်ကိုင်သည် ရပ်၍ ဆေးပင်ကို သိုလှောင်လက်စွပ်ထဲထည့်ရင်း ရေရွတ်လိုက်သည်။
ယခု နည်းနည်းလောက်သာ ရှာနိုင်တော့သည့်အတွက် ကွေ့ဇူနှင့်အတူပေါင်းပြီး ရှာရှာမရှာရှာ ကိစ္စမရှိတော့ချေ။ အတူ ပူးပေါင်းပြီးသာ ရှာမည်ဆိုလျှင် လိုအပ်လျှင် တစ်ဦးကိုတစ်ဦး အကူအညီ ပေးနိုင်ပေသည်။
ထိုအကြောင်းကို တွေးလိုက်မိသည့်နောက် ကွေ့ဇူ ချန်ထားပေးခဲ့သည့် အမှတ်အသားထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်လေသည်။
ခဏကြောင်အောင် ရပ်စောင့်ကြည့်နေသော်ငြား ကွေ့ဇူ၏ အရိပ်အယောင်ကိုမတွေ့ရ။ ကွေ့ဇူသည် သူနှင့် မိုင်တစ်ထောင် အတွင်းတွင် ရှိမနေသည့်ပုံပင်။
ရန်ကိုင်သည် အလျင်မလိုသေးဘဲ နေရာပြောင်း၍သာ ဆက်စမ်းကြည့်လိုက်သည်။ သို့သော်လည်း ထိုစဉ် ဆေးတောင်ကြားတွင်မှ တဝုန်းဝုန်း မြည်သံများ ထွက်ပေါ်လာ၏။
ထိုအသံကိုကြားကြားချင် ခုနှစ်ရောင်ခြယ်အလင်း ပြန်ထွက်လာမည်ဟု စဉ်းစားမိလိုက်သော်လည်း သေချာ နားထောင်ကြည့်လိုက်သည့်အခါမှ တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ရသည်။
ခုနှစ်ရောင်ခြယ်အလင်း ထွက်ပေါ်လာသည့် အချိန်သည် စည်းစနစ်ကျသည်။ သူ့ထွက်လာချိန်နှင့် ပြန်ဆုတ်သွားချိန်သည် အချိန်အတိုင်းအတာတစ်ခု ကွာခြားသည်။ ယခု သူတွက်ချက်ရသလောက် ခုနှစ်ရောင်ခြယ်အလင်း ပေါ်လာဖို့ လက်ဖက်ရည်တစ်ခွက်စာလောက် လိုနေပေသေးသည်။
ထိုမျှသာလျှင် မဟုတ်ဘဲ အသံမှာလည်း တစ်ခုခု ကွဲပြားနေသည်။
ယခုအသံသည် အသက်ရှူသံနှင့် မတူဘဲ သားရဲ တစ်ကောင်မှ ၎င်း၏ တောင်ပံများကို ခတ်နေသည့် အသံနှင့် ပိုတူ၏။
ထိုသို့ စဉ်းစားမိလိုက်သည့်နောက်တွင် ရန်ကိုင်၏ အမူအရာ ရုတ်ချည်းပြောင်းလဲသွားပြီး အသံ ထွက်ပေါ်လာရာ ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ထိုစဉ် စူးရှသည့် အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအော်သံသည် ကြောင်တစ်ကောင်၏ အော်သံနှင့် တူသော်ငြား ကြောင်အော်သံထက် အဆပေါင်းများစွာ ပိုကျယ်ပေသည်။ ထိုအော်သံကြောင့် ရန်ကိုင်၏ အသိစိတ်ပင်လယ်ပင် လှုပ်ခါသွား၏။
အသံထွက်ပေါ်လာပြီးသည်နှင့် ချက်ချင်းဆိုသလို ကောင်းကင်တစ်ဝက်လောက်ကို ခုနှစ်ရောင်ခြယ်အလင်းတို့မှ လွှမ်းခြုံသွားလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၉၀)
“ဘာတွေဖြစ်နေတာလဲ” ရန်ကိုင်သည် တုန်ရီနေသည့် မျက်လုံးအစုံဖြင့် မိုးကုတ်စက်ဝိုင်းအား လှမ်းကြည့်နေသည်။
ထိုနေရာသည် ခုနှစ်ရောင်ခြယ်အလင်း ပေါ်လာခါနီးတိုင်း အသံထွက်လာလေ့ရှိသော နတ်ငှက်နေသည့်နေရာ ဖြစ်ပေသည်။
ခုနှစ်ရောင်ခြယ်နတ်ငှက် မည်မျှ သန်မာသလဲ ဆိုသည်ကို ရန်ကိုင် အမြဲသိချင်မိသည်။ သို့သော်လည်း ယခုအချိန်ထိတိုင် သဲလွန်စမရသေးပ။
သို့ရာတွင် ခုနှစ်ရောင်ခြယ်အလင်း၏ စွမ်းအားအပေါ် မူတည်၍ ချင့်တွက်ကြည့်ရသလောက် နတ်ငှက်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးလောက် အားကောင်းပေသည်။ တကယ့်တကယ် ထို့ထက်ပင် ပို၍ အားကောင်းနိုင်သေးသည်။
ခုနှစ်ရောင်ခြယ်နတ်ငှက် မည်သို့မည်ပုံ ရှိသည်ကို သိချင်မိသော်လည်း သွားမကြည့်ရဲခဲ့ချေ။ သို့သော်လည်း ယခုမူ ခုနှစ်ရောင်ခြယ်နတ်ငှက်နှင့် ပက်သက်၍ တစ်ခုခု ပြောင်းလဲသွားသည့်ပုံပင်။
အရူးတစ်ကောင်ကောင် အဲ့ကောင်ကို သွားရန်စတာလား
ထိုကဲ့သို့ ဖြစ်လိမ့်မည်ဟု ရန်ကိုင် တွေးလိုက်သည်။ ခုနှစ်ရောင်ခြယ်ဒေါင်းကို သွားရန်စသည့် မည်သူမဆို မြုပ်စရာ နေရာပင် မရှိဘဲ သေရပေလိမ့်မည်။
“မဟုတ်ဘူး။ မဟုတ်သေးဘူး” ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ဆေးတောင်ကြား အတွင်းပိုင်းမှ ထွက်ပေါ်လာသော အဖြစ်အပျက်များသည် သိသာသော်ငြား တိုက်ပွဲဖြစ်နေသည့် အရိပ်အယောင် နည်းနည်းလေးမှ မရှိပေ။ ခုနှစ်ရောင်ခြယ်ဒေါင်းကို တစ်ယောက်ယောက် သွားရန်စသည်မှာ မဖြစ်နိုင်ပေ။ ကောင်းကင်တစ်ခွင်အား အလင်းရောင်တစ်ခုမှ ဖုံးလွှမ်းသွားသည့်အခိုက် ဧရာမပုံရိပ်ကြီးတစ်ခုသည် မြေပြင်မှ ပျံတက်လာကာ ခုနှစ်ရောင်အလင်းအဖြစ်သို့ ရောစပ်သွားပြီး အဝေးတစ်နေရာသို့ ပျံထွက်သွားလေသည်။
“ပျံထွက်သွားတာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။ ချက်ချင်းဆိုသလို ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့လေသည်။
ခုနှစ်ရောင်ခြယ်အလင်း ပိုင်ဆိုင်ထားသည့် နေရာတွင် အလွန်ကိုမှ အဖိုးတန်သည့် ရတနာများ ရှိနေလိမ်မည့်မှာ မေးစရာမလိုသည့် မေးခွန်းတစ်ခု ဖြစ်သည်။ တစ်နည်းဆိုရသော် ဆေးတောင်ကြားထဲရှိ အဖိုးအတန်ဆုံး ရတနာများသည် ခုနှစ်ရောင်ခြယ်ဒေါင်း ရှိနေသည့်နေရာတွင် ရှိနေခြင်း ဖြစ်သည်။
ခုနှစ်ရောင်ခြယ်ဒေါင်း ထွက်သွားပြီ ဖြစ်သည့်အတွက် ယခု အချိန်သည် သူ့အသိုက်ကို သွားရှာရန် အကောင်းဆုံး အချိန်တစ်ခု ဖြစ်လာခဲ့လေပြီ။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် ဆေးတောင်ကြား အတွင်းပိုင်းထဲသို့ သွားချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာ၏။ ခဏကြာ တွေဝေတုန့်ဆိုင်းနေပြီးနောက် အံကြိတ်၍ အတွင်းပိုင်းထဲသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
တစ်ချိန်တည်းတွင် ဆေးတောင်ကြားထဲရှိ တစ်နေရာ၌ ကျိလုန်သည် ပျံထွက်သွားသည့် ခုနှစ်ရောင်အလင်းတန်းကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “အချိန်ရောက်လာပြီ။ ငါတို့ ဒီလောက် ကံကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ ဆယ်ရက်ပဲ ရှိသေးတယ်။ ဆယ်ရက်နဲ့ နတ်ငှက်ထွက်သွားတယ်။ ကောင်းကင်က ငါတို့အပေါ် ကောင်းချီးပေးနေတာပဲကွ”
ကျိတုန်သည် အမြဲတစေ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေတတ်သော်ငြား ယခုမူ သူလည်း မတည်ငြိမ်နိုင်တော့ချေ။
ရှုဝေကမူ နားမလည်နိုင် ဖြစ်နေလေသည်။
သို့သော်လည်း ကျိတုန်က ချက်ချင်း နားလည်သွားဟန်ဖြင့် မေးလိုက်၏ “ဒါတို့ သားတို့ အင်မော်တယ်သစ်ပင်ကို ယူလို့ရပြီပေါ့”
“အင်မော်တယ်သစ်ပင်” ရှုဝေ မျက်လုံးပြူးသွားပြီး ကျိတုန်အား အံ့ဩတကြီး စိုက်ကြည့်ရင်း ထိတ်လန့်နေသည့် အမူအရာဖြင့် “သခင်လေး၊ အင်မော်တယ်သစ်ပင်လို့ ပြောလိုက်တာလား”
အင်မော်တယ်သစ်ပင်အကြောင်းတော့ သူလည်း သိပေသည်။ သို့သော် ကောလဟာလများထဲတွင်သာ ကြားဖူးခြင်းဖြစ်ပြီး တကယ် ရှိမရှိကိုတော့ သေချာမသိပေ။
သို့သော်လည်း ယခု ကျိတုန်သည် အင်မော်သစ်ပင် ဟူသော စကားလုံးအား ပြောသွားသည်ကို သူသေချာကြားလိုက်သည်။
သူသိထားသည့် သတင်းအချက်အလက်များနှင့် ပေါင်းစပ်ကြည့်လိုက်သော် နတ်ငှက် အသိုက်လုပ်ထားသည့် နေရာတွင် အင်မော်တယ်သစ်ပင်တစ်ပင် ပေါက်နေကြောင်း ကောက်ချက်ချလိုက်နိုင်၏။
“အဲ့ဒါ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ” ကျိတုန်သည် ရှုဝေအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ယခု အပျော်လွန်သွားသည့်အတွက် သတင်းအချက်အလက် အချို့ကို မတော်တဆ ထုတ်ဖော်မိလိုက်သည်။ သို့သော် ကိစ္စမရှိချေ။ သူတို့ သုံးယောက်သည် အတူသွားရမည် ဖြစ်လေရာ ကျိတုန်မှ ထုတ်မပြောလျှင်ပင် ရှုဝေသည် နောက်ဆုံး၌ သူ့ဘာသာ သိလာပေလိမ့်မည်။
ရှုဝေသည် ကျိတုန်အား ကြည့်သာကြည့်လိုက်ပြီး ဘာမှ ထပ်မမေးမခဲ့ပေ။
“အင်မော်တယ်သစ်ပင်ကို ယူနိုင်မလားတော့ မသိဘူး။ ဒါပေမယ့် လက်လွှတ်သင့်တဲ့ အခွင့်အရေး လုံးဝ မဟုတ်ဘူး” ကျိလုန်က အသက်ပြင်းပြင်းရှူသွင်း၍ “သွားကြရအောင်။ ငါထင်တာသာမှန်ရင် အခြားသူတွေလည်း သွားနေလောက်ပြီ”
“အဲ့ဒါဆို သူတို့ သေချင်နေလို့ပေါ့” ကျိတုန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
အင်မော်တယ်သစ်ပင်သည် ခရမ်းကြယ်သာ သန့်စင်ရန် ထိုက်တန်သော ကောင်းကင်ဆန့်ကျင်ရတနာတစ်ပါး ဖြစ်သည်။ သူနှင့် သူအဖေသာ ထိုရတနာကို ရယူရန် ထိုက်တန်သည်။ အင်မော်တယ်သစ်ပင်ကို သန့်စင်ပြီးနောက်တွင် သူတို့ သားအဖသည် ဖျက်စီးမရနိုင်သော မသေမျိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ အချိန်တစ်ခုအရောက်တွင် သိုင်းတာအို၏ အထွဋ်အထိပ်သို့ ရောက်အောင် ကျင့်ကြံပြီး ကြယ်စီရင်စုကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်ပေလိမ့်မည်။ မည်မျှပင် ကောင်းလိုက်မည်နည်း။
သူတို့၏ အနာဂတ်တက်လမ်းကို တားဆီးချင်သည့် လူမှန်သမျှ သေရပေမည်။
အခြားတစ်နေရာတွင် နီကွမ်းနှင့် ရွှယ့်ယွယ်သည်လည်း နတ်ငှက်၏ အသိုက်ဆီသို့ ပျံသန်းသွားနေကြသည်။
“ဦးလေးနီ၊ ခုနှစ်ရောင်ဒေါင်းပြန်လာဖို့ ဘယ်လောက် ကြာမှာလဲ” ရွှယ့်ယွယ်သည် နီကွမ်းနောက်သို့လိုက်ရင်း မေးလိုက်လေသည်။
“ငါလည်းမသိဘူး” နီကွမ်းက ခေါင်းခါလိုက်သည် “နတ်ငှက်က သူ့အသိုက်ကနေ ရံဖန်ရံခါ ထွက်ထွက်သွားလေ့ ရှိတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာ ထွက်သွားမလဲ ဆိုတာကတော့ သူ့အပေါ်ပဲ မူတည်တယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီလို အခွင့်အရေးမျိုးဆိုတာ တစ်သက်မှာတောင် တစ်ကြိမ်ရနိုင်တဲ့ အခွင့်အရေးမဟုတ်ဘူး။ အင်မော်တယ်သစ်ပင်ကို မရနိုင်ရင်တောင် အင်မော်တယ်ရေစင်ကိုတော့ ရအောင်ယူရမယ်”
“ကျိလုန်လည်း ပေါ်လာမှာလား” ရွှယ့်ယွယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“သူမလာဘဲ ဘယ်နေပါ့မလဲ။ ငါတို့တောင် အင်မော်တယ် ရေစင်ကို ယူဖို့ ပြင်ဆင်ထားတာ သူကကော မပြင်ဆင်ဘဲ ဘယ်လာမလဲ။ ဒါပေမယ့် ဘယ်သူ ဘယ်လောက် ရမလဲ ဆိုတာကတော့ ကိုယ့်အရည်အချင်းပေါ် မူတည်သွားပြီ။ အဲ့အခါကျရင် ငါနင့်ကို ဂရုစိုက်ဖို့ အချိန်သိပ်ရှိမှာမဟုတ်ဘူး။ ကိုယ့်ဘာသာ ကြည့်ကြပ်ပြီးတော့သာနေ”
“ကျွန်တော် နားလည်ပါတယ် ဦးလေးနီ။ စိတ်ချထားလိုက်ပါ” ရွှယ့်ယွယ်က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ထိုကောင်ကော ပေါ်လာမလား။ ထိုကောင်နှင့်သာ ပူးပေါင်းနိုင်လျှင် သူတို့၏ အောင်မြင်နိုင်ချေ ပိုမြင့်သွားပေလိမ့်မည်။
နီကွမ်းနှင့် ရွှယ့်ယွယ်တို့ ရှိနေသည့် နေရာမှာ မိုင်နှစ်သောင်း အကွာတွင် ကွေ့ဇူသည် တစ်ကိုယ်လုံးကို အနက်ရောင်ချီဖြင့် လွှမ်းခြုံထားလျက် နတ်ငှက်အသိုက်ဆီသို့ သွားနေခဲ့လေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ပြုံးဖြီးဖြီးဖြင့် ရေရွတ်လိုက်သည် “တစ်ချက်သွားကြရတာပေါ့။ ရန်ကောင်လေးလည်း ကျိန်းသေ မလာဘဲ မနေလောက်ဘူး။ ဒီက ရတနာတွေကလည်း နည်းနည်းလာပြီဆိုတော့ သူနဲ့ ပြန်တွေ့ဖို့ လုပ်တာ အကောင်းဆုံးပဲ”
တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူသုံးဦးသည် နတ်ငှက်၏ အသိုက်ရှိရာဆီသို့ အလျင်အမြန် ပြေးသွားနေကြ၏။ အခြားသော တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူများသည်လည်း ဤရတနာအမဲလိုက်ပွဲတွင် ပါဝင်ရန်အတွက် နတ်ငှက်၏ အသိုက်ရှိရာဆီသို့ အပြေး သွားနေကြလေသည်။
လူအများစုသည် အင်မော်တယ်သစ်ပင်နှင့် အင်မော်တယ် နတ်ရေစင်အကြောင်း မသိသော်လည်း သူတို့၏ အတွေးမှာ ရန်ကိုင်နှင့် အတူတူပင်။ နတ်ငှက် နားနေသည့် နေရာ ဖြစ်သည့် အတွက် ထိုနေရာတွင် အဖိုးတန်ရတနာများစွာ ကျိန်းသေ ရှိနေပေလိမ့်မည်။ ရုတ်တရက် ဆေးတောင်ကြားထဲရှိ နေရာ အသီးသီး၌ ရှိနေကြသော လူများသည် နေရာ တစ်ခုတည်းသို့ စုဝေးလာကုန်ကြလေသည်။
ဆေးတောင်ကြားအလယ်တွင် မည်သည့် သစ်ပင်၊ ပေါင်းပင်၊ မြက်ပင်မှ ပေါက်ရောက်ခြင်းမရှိသည့် နေရာကွက်လပ်ကြီးတစ်ခု ရှိနေခဲ့၏။ ထိုနေရာတွင် စိမ်းဖန့်ရောင် အရွက်များနှင့် တစ်မီတာ အရှည်ရှိသော အပင်တစ်ပင် ရှိနေခဲ့သည်။
ထိုအပင်ပေါက်လေးသည် လေတိုက်ရုံနှင့် လဲသွားတော့မည်ဟန် ပေါက်နေသော်လည်း ၎င်း၏ ပင်စည်နှင့် အရွက်များထဲတွင် အတောမသတ်နိုင်သော အသက်စွမ်းအင်များ ပါဝင်နေသည့်ပုံပင်။ ထိုအသက်စွမ်းအင်သည် အလွန်ကိုမှ အားကောင်းလွန်းသည့်အတွက် အပင်ပတ်လည်တွင် အစိမ်းရောင် ရောင်စဉ်စက်ဝန်း တစ်ခုပင် ဖြစ်နေခဲ့သည်။
အပင်ပေါ်တွင် အရွက် ခုနှစ်ရွက်သာ ရှိနေခဲ့သည်။ အရွက် အချို့ပေါ်တွင် အရက်စက်လေးများ ရှိနေခဲ့သည်။ ထိုအရည်စက်များသည် လုံးဝန်းပြီး အပြင်အနာအဆာကင်းကာ နို့နှစ်ရောင်သန်းနေခဲ့သည်။ ထို့အပြင် ထိုအရည်စက်များဆီမှ လန်းဆန်းသစ်လွင်သည့် မွှေးရနံ့အချို့ကိုလည်း ထုတ်လွှတ်နေ၏။
စုစုပေါင်း အရည်စက်သုံးစက်သာ ရှိပေသည်။
ထိုအရည်စက်များသည် အင်မော်တယ်ရေစင်ဟု နာမည်ကျော်ကြားသော် အင်မော်တယ်သစ်ပင်၏ အရွက်များပေါ်တွင်သာ ဖြစ်ပေါ်သည့် အင်မော်တယ်ရေစင်များ ဖြစ်ကြသည်။ ထိုအရည်စက်များသည် သေခါနီး လူတစ်ဦးကို ပြန်ရှင်စေနိုင်သည်အထိ ဆန်းကြယ်သော အာနိသင်ကို ပိုင်ဆိုင်ထား၏။ မသေသေးသလို ခန္ဓာကိုယ်လည်း ကြီးကြီးမားမား ထိခိုက်ထားခြင်း မရှိပါက အင်မော်တယ်ရေစင် တစ်စက်လောက်ကို သောက်လိုက်ရုံဖြင့် အကောင်းအတိုင်း ပြန်ဖြစ်သွားနိုင်ပေသည်။
နတ်ရေစင်သုံးမျိုးအနက် အင်မော်တယ်ရေစင်သည် အသက်ကယ် ရတနာတစ်ခုဖြစ်သည့်အတွက် အဖိုးအတန်ဆုံး ရတနာဟု ပြော၍ရသည်။
ရုတ်တရက် ပုံရိပ်တစ်ခုသည် မိုးကုတ်စက်ဝိုင်းအောက်မှ ပေါ်လာပြီး ဘာမှမရှိသည့် မြေကွက်လပ်ပေါ်၌ ခြေချလိုက်၏။ ထိုလူသည်၊ အခြားမဟုတ်၊ မန်ထုန်သာ ဖြစ်လေသည်။
“ဘယ်သူမှ မရောက်သေးပါလား” ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူတစ်ယောက်တည်းသာ ရောက်သေးကြောင်း တွေ့လိုက်ရသည်။ ပျော်သွားပြီး သူ့မျက်လုံး သေးသေးဖြင့် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ပြီးနောက် အဆံဒးတွင် မလှမ်းမကမ်း၌ ရှိနေသော အင်မော်တယ်သစ်ပင် ဆီသို့ အကြည့်ရောက်သွားလေသည်။
“ဘာပါလိမ့်” မန်ထုန်သည် အင်မော်တယ်သစ်ပင်ကို အံ့ဩတကြီး စိုက်ကြည့်နေသည်။
အင်မော်တယ်သစ်ပင်မှန်း မသိသော်လည်း ဤအပင်ပေါက်လေး မည်မျှ ထူးခြားကြောင်း ပြောနိုင်သည်။ အပင်ပေါက်လေး ကိုယ်တိုင်သည် အဖိုးတန်ရတနာတစ်ခု ဖြစ်ရုံမက ၎င်း၏ အရွက်များနှင့် အရည်စက်များသည်ပင် အဖိုးတန် ရတနာများ ဖြစ်ကြသည်။
“ငါ့လခွမ်း ဘာလို့ ခုနှစ်ရောင်ခြယ်အလင်းနဲ့ ကာနေတာလဲ” မန်ထုန် ဒေါသတကြီး ကျိန်ဆဲသွားလိုက်သည်။
နတ်ငှက်ထွက်သွားပြီးနောက်တွင် မန်ထုန်သည် ပထမဆုံး ရောက်လာခဲ့သည်။ သို့သော် အင်မော်တယ်သစ်ပင်ကို ဗဟိုပြု၍ ဆယ်မီတာ ပတ်ပတ်လည်အား ခုနှစ်ရောင်အလင်း အမိုးခုံးဖြင့် လွှမ်းခြုံထားခဲ့လေသည်။
အင်မော်တယ်သစ်ပင်ကို လိုချင်သည့်လူ မှန်သမျှ ထိုခုနှစ်ရောင်ခြယ်အလင်း အကာအကွယ်ကို အရင် ဖြတ်သွားရပေမည်။
သူ့အသက်နှင့် အလောင်းအစား မလုပ်ရဲသည့်အတွက် မန်ထုန်အဖို့ ထိုနေရာတွင် စိတ်ပေါက်ပေါက်ဖြင့် ရပ်နေရုံသာ တတ်နိုင်ခဲ့လေသည်။
ဝှစ်… ဝှဏ်… လေတိုးသံ ကြားလိုက်သည့်အခိုက်တွင် တစ်ယောက်ယောက် ရောက်လာနေပြီမှန်း မန်ထုန် သိလိုက်၏။ လှည့်ကြည့်လိုက်ရာ အလင်းတန်းသုံးခု သူ့ဆီသို့ ပျံသန်းလာနေကြောင်း တွေ့လိုက်ရသည်။ နောက်ဆုံးတွင် ကျိလုန်၊ ကျိတုန်နှင့် ရှုဝေတို့ သူ့ရှေ့ ပေါ်လာခဲ့လေသည်။
မန်ထုန် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းပဲ ကျိလုန်တို့ အဖွဲ့နှင့် အကွာအဝေးတစ်ခု ခြားလိုက်၏။ ခဏအကြာတွင် သူ့အကြည့်သည် ရှုဝေ၏ ပြတ်နေသော လက်ဆီသို့ ရောက်သွားခဲ့၏။
ရှုဝေ ဘာကြောင့် လက်ပြတ်သွားသလဲ၊ ရှုဝေသည် ကျိလုန်တို့နှင့် ဘာကြောင့် အတူရှိနေမှန်း သူမသိသော်လည်း သူသည် ထိုအဖွဲ့၏ ပြိုင်ဘက် မဟုတ်မှန်းကိုတော့ သိပေသည်။
သူ့အနေဖြင့် ထိုကောင်းချီးပေး အခွင့်အရေးကို လွဲရတော့မည်ပုံပင်။ ခုနှစ်ရောင်အလင်းကိုသာ စိတ်ရှိလက်ရှိ ကြိတ်၍ ကျိန်ဆဲပစ်လိုက်တော့၏။
ထိုခုနှစ်ရောင်ခြယ်အလင်းကြောင်းသာ မဟုတ်လျှင် သူ့အနေဖြင့် ဤနေရာတွင် ငေးကြောင် ရပ်နေရမည့်အစား အပင်ပေါက်ကို သွားခူးလိုက်နိုင်နေလေပြီ။
“ဘယ်လိုတောင် ကောင်းချီးပေး အခွင့်အရေးလဲလို့” မြေပြင်ပေါ်သို့ ဆင်းလာပြီးနောက် ကျိလုန်၏ မျက်လုံးအစုံ တဖျက်ဖျက် တောက်ပသွားခဲ့လေသည်။
ဤနေရာသို့ မန်ထုန် တစ်ဦးတည်းသာ ရောက်ဦးမည်ဟု မထင်ထားခဲ့ချေ။ မန်ထုန်၏ အမူအရာအရ သူဘာလုပ်လို့ လုပ်ရမှန်း မသိသည့်ပုံပင်။
မန်ထုန် တစ်ယောက်တည်းသာ ရောက်သေးသည့်အတွက် ကျိလုန်သည် အချိန်ဖြုန်းမနေတော့ဘဲ အင်မော်တယ်သစ်ပင်ဆီသို့ ချက်ချင်း ချဉ်းကပ်သွားလေသည်။
“ရောင်းရင်းကျိက မြန်သားပဲ” ထိုစဉ်မှာပင် ကျိတုန် မျက်မှောင်ကြုတ်သွားရမည့် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ လှမ်းကြည့်လိုက်ရာ ရွှယ့်ယွယ်နှင့် နီကွမ်းကို တွေ့လိုက်ရလေသည်။
“ရောင်းရင်းနီလည်း မနှေးပါဘူး” ကျိလုန်က နှာခေါင်းရှုံ့လိုက်သည်။ သူ့ရင်ထဲ အလွန်ကိုမှ စိတ်ပျက်နေမိ၏။ နီကွမ်းသာ နည်းနည်းလောက် နောက်ကျနေခဲ့လျှင် ဤရတနာကို သူတစ်ယောက်တည်း ယူနိုင်ပေလိမ်မည်။ ယခုမူ…