← Chapters

အခန်း (၁၇၉၁-၁၇၉၅)

Vol. 72 Ch. 1791-1795

အခန်း (၁၇၉၁-၁၇၉၅)

Vol. 72 Ch. 1791-1795

အပိုင်း (၁၇၉၁)

“ဒါပေမယ့် ရောင်းရင်းကျိကိုတော့ ကျုပ်မမှီသေးပါဘူးလေ” ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်ပြီးနောက်တွင် နီကွမ်းသည် ပတ်ဝန်းကို လှည့်ပတ်ကြည့်လိုက်ရင်း အခြေအနေကို တစ်ချက် အကဲခတ်ကြည့်လိုက်သည် “လူအများကြီး မရောက်သေးဘူး ဆိုတော့ ခင်ဗျားနဲ့ကျုပ်ပဲ ဘယ်လိုဝေစုခွဲမလဲ ဆုံးဖြတ်ကြတာပေါ့။ သုံးစက်မှာ ကျုပ်တို့နှစ်ယောက် တစ်ယောက်တစ်စက်စီ ယူမယ်။ နောက်ဆုံး တစ်စက်ကိုတော့…”

နီကွမ်း ပြောလို့မပြီးသေးခင်မှာပင် အသံတစ်သံ ထွက်ပေါ်လာ၏ “အို၊ ဒါက အင်မော်တယ်ရေစင်နဲ့ နာမည်ကျော် အင်မော်တယ်သစ်ပင်ပေါ့။ ဟဲဟဲဟဲ၊ ကြည့်ရတာ ဒီလူအိုကြီး အခုထိ ကံကောင်းနေသေးတယ်နဲ့တူတယ်။ နောက်ဆုံး တစ်စက်ကို ဒီလူအိုကြီးယူမယ်”

ထိုစကားသံ ဆုံးသွားသည်နှင့် အနက်ရောင်ချီတိမ်တိုက်ကြီး တစ်ခု ပျံသန်းရောက်ရှိလာခဲ့လေသည်။ ရောက်လာသည့် ကွေ့ဇူကို ကြည့်ရင်း နီကွမ်းနှင့် ကျိလုန်တို့၏ အမူအရာ လေးနက်သွားကြ၏။

ကျိလုန်သည် ရပ်လျက် နီကွမ်းနှင့်ကျိလုန်အား အကြည့်ရင်းဆုံးရင်း ရယ်မောလျက် မေးလိုက်လေသည် “မင်းတို့ နှစ်ယောက် ဘာကန့်ကွက်စရာမှ မရှိဘူးမလား”

နီကွမ်းနှင့်ကျိလုန်သည် တစ်ခုခု ဆွေးနွေးချင်နေသည့်အလား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သို့သော် မကြာမီ ကျိလုန်က ခေါင်းညိတ်၍ “ခင်ဗျားရဲ့ ကျင့်ကြံခြင်းနဲ့ဆိုရင်တော့ ကျုပ်တို့ရဲ့ တန်းတူဆက်ဆံခံရဖို့ လုံလောက်ပါတယ်။ ဒီတော့ တတိယအစက်ကို ခင်ဗျား ယူလိုက်ပေါ့”

“ငါလည်း ဘာကန့်ကွက်စရာမှမရှိဘူး” နီကွမ်းက ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။

“အဲ့လိုဆိုမှတော့… ကျုပ်တို့ စကြတာပေါ့” ကွေ့ဇူက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ကြလေသည်။

နီကွမ်းနှင့်ကျိလုန်သည် ကွေ့ဇူ၏ ခွန်အားကြောင့် သူ့အား ပါဝင်ခွင့်ပေးလိုက်ရသော်လည်း ကွေ့ဇူ ကိုယ်တိုင်သည်လည်း အင်မော်တယ်ရေစက်ကို မည်ကဲ့သို့ စုဆောင်းရမလဲ မသိပါချေ။ ထို့ကြောင့် အလျင်မလိုသေးဘဲ နီကွမ်းနှင့် ကျိလုန်တို့ လုပ်နေသည်ကို စောင့်ကြည့်ပြီးမှသာ လုပ်ရန် ဆုံးဖြတ်လိုက်၏။

အခြား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများလည်း ခဏနေအတွင်း ရောက်လာမည်ကို သိထားသည့် ကျိလုန်သည် အချိန်ကုန်ခံ စောင့်ဆိုင်းမနေတော့ဘဲ ချက်ချင်း လှုပ်ရှားလေ၏။

သူ့လက်ကို ဝှေ့ရမ်းလျက် ကျိလုန်သည် ဧရာမ ကြေးရောင် မြွေတစ်ကောင်ကို ထုတ်ယူလိုက်ပြီး ထိုမြွေထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်လေသည်။ ခဏအကြာတွင် မြွေကြီး၏ မျက်လုံး နှစ်လုံး ပွင့်လာခဲ့သည်။

“ရုပ်သေးရုပ်လား” ကွေ့ဇူ မျက်လုံးမှေးစဉ်းသွားခဲ့လေသည်။ အင်မော်တယ်ရေစင်ကို ကျိလုန် မည်ကဲ့သို့ ယူရန် လုပ်ထားသလဲ ဆိုသည်ကိုလည်း ချက်ချင်း နားလည်သွားခဲ့သည်။ ဤရုပ်သေးရုပ်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်သဖြင့် ခုနှစ်ရောင်ခြယ်အလင်းကို ကြောက်စရာမလိုပေ။

သို့သော်လည်း… အင်မော်တယ်ရေစင်ကို ယူဖို့ရာ ဤမျှ လွယ်ကူပါ့မလား။ ကွေ့ဇူသည် စိတ်ထဲ မယုံသင်္ကာ ဖြစ်လင့်ကစား မျက်နှာအမူအရာကို တည်ငြိမ်အောင်ထားရင်း နီကွမ်းဘက်သို့ အကြည့်လှည့်လိုက်၏။

နီကွမ်းသည်လည်း ရုပ်သေးရုပ်တစ်ရုပ် ထုတ်လိုက်လေသည်။ သူ့ရုပ်သေးရုပ်သည် လူသားပုံစံ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သည်။ ပေါ်လာပြီးသည်နှင့် ရုပ်သေးရုပ် နှစ်ရုပ်စလုံးသည် အင်မော်တယ် သစ်ပင်ဆီသို့ ပြေးဝင်သွားကြလေသည်။

ခဏအကြာတွင် ရုပ်သေးရုပ်နှစ်ရုပ်စလုံး ခုနှစ်ရောင်ခြယ် အလင်းဆီသို့ ရောက်ရှိလာကြသည်။ ခုနှစ်ရောင်ခြယ်အလင်းဆီသို့ ရောက်သည်နှင့် နွံအိုင်ထဲသို့ ရောက်သွားသည့်အလား သူတို့၏ အရှိန်မှာ ရုတ်ချည်း ထိုးကျသွားခဲ့လေသည်။

တကျွီကျွီ မြည်သံများဟာလည်း ရုပ်သေးရုပ် နှစ်ခုလုံးဆီမှ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ အလွန်ပြင်းထန်သည့် ဖိအားကြောင့် လှုပ်ရှားဖို့ရာပင် အနိုင်နိုင် ဖြစ်နေသည့်ပုံပင်။

နီကွမ်းနှင့် ကျိလုန်တို့၏ အမူအရာ ပြောင်းလဲသွားခဲ့ကြ၏။

ကြိုတင်ပြင်ဆင်ထားသည့် အနေဖြင့် ရုပ်သေးရုပ်များကို ယူလာခဲ့ကြသော်လည်း ခုနှစ်ရောင်ခြယ်အလင်း၏ စွမ်းအားကို အထင်သေးထားမိသည့်ပုံပင်။ အသွေးအသားမရှိသည့် ရုပ်သေးရုပ်များသည် ခုနှစ်ရောင်ခြယ်အလင်း၏ တိုက်စားခြင်းကို မခံရနိုင်သော်ငြား ၎င်း၏ ဖိအားအောက်မှတော့ မလွတ်မြောက်နိုင်ပေ။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ခုနှစ်ရောင်ခြယ် အလင်း၏ ဖိအားကြောင့် ရုပ်သေးရုပ်နှစ်ရုပ်စလုံး အမှုန် ဖြစ်သွားကြပေလိမ့်မည်။

ထိုအချက်ကို နားလည်လိုက်သော် ကျိလုန်သည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေရဲတော့ဘဲ မြွေရုပ်အား အထဲ မြန်မြန်ဝင်ရန် တွန်းအားပေးရတော့သည်။

ချက်ချင်းဆိုသလို မြွေကြီး၏ အရှိန်မှာ မြင့်တက်လာပြီး ခက်ခက်ခဲခဲ ကြိုးစားပြီးနောက်တွင် အင်မော်တယ်သစ်ပင်ဆီသို့ ရောက်ရှိလာနိုင်ခဲ့လေသည်။

တစ်ချိန်တည်းတွင် နီကွမ်း၏ ရုပ်သေးရုပ်သည်လည်း အင်မော်တယ်သစ်ပင်ရှေ့သို့ ရောက်လာခဲ့သည်။

နီကွမ်းနင့် ကျိလုန်တို့ နှစ်ဦးစလုံး၏ မျက်လုံးများ အရှိန်တညီးညီး တောက်လောင်နေသည့် မီးတောက်မီးလျှံများနှယ် လောင်မြိုက်လာခဲ့ကြသည်။ နှစ်ယောက်စလုံးသည် သူတို့၏ ရုပ်သေးရုပ်များကို တစ်ပြေးညီ ညွှန်ကြားလိုက်ကြသည်။

ဧရာမမြွေကြီးသည် အင်မော်တယ်သစ်ပင်အား ရစ်ပတ်၍ ဆွဲနှုတ်ရန် ကြိုးစားတော့လေသည်။

လူသားပုံစံရုပ်သေးရုပ်မှာမူ သစ်ပင်၏ အမြစ်များကို ဆုပ်ကိုင်ကာ ဆွဲနှုတ်ရန် ကြိုးစား၏။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးစလုံးသည် အင်မော်တယ်သစ်ပင်ကို ဆွဲနှုတ်ရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။

ရုပ်သေးရုပ်နှစ်ရုပ်သည် အတိုင်အဖောက်ညီညီ လှုပ်ရှားနေကြခြင်း မဟုတ်သည့်အတွက် တစ်ခု၏ လှုပ်ရှားမှုသည် အခြားတစ်ခုကို အဟန့်အတားဖြစ်အောင် သွားလုပ်နေသလို ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် သူတို့၏ ခွန်အားအပြည့်ကို မထုတ်သုံးနိုင်တော့သည့်အပြင် တကျွီကျွီ မြည်သံများဟာလည်း ပိုပို၍ ထွက်ပေါ်လာရတော့သည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ကွေ့ဇူ မျက်လုံးပြူးကာ မကျေမနပ် ဖြစ်သွားလေသည်။

အင်မော်တယ်ရေစင် သုံးစက်အနက်တွင် တစ်စက်အား သူ့ကို ပေးမည်ဟု ကတိပေးခဲ့သော်လည်း နီကွမ်းနှင့် ကျိလုန်သည် သူ့အား ဘာမှမပြောဘဲ ရွေဥ ဥပေးနေသည့် ငန်းကိုပါ တစ်ခါတည်း သတ်ရန် လုပ်နေသည်ကို မြင်သည့်အခါ ကွေ့ဇူ အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်သွားရလေသည်။

သို့ရာတွင် မကြာမီ ကွေ့ဇူ လှောင်ပြုံးပြုံးတော့လေ၏။ နီကွမ်းနှင့် ကျိလုန်တို့၏ ရုပ်သေးရုပ်များသည် အတူ ပူးပေါင်း လုပ်ဆောင်ခြင်း မရှိဘဲ တစ်ဦးတစ်ဦး ကန့်လန့်တိုက်သလို လုပ်နေကြသည့်အတွက် သူတို့၏ ကြိုးစားမှုသည် အင်မော်တယ် သစ်ပင်အား ဘာဆိုဘာမှ မဖြစ်စေနိုင်ခဲ့ချေ။

“ရောင်းရင်းနီ၊ မင်းရုပ်သေးရုပ်ကို အရင်ရပ်သင့်တယ်” ကျိလုန်က ရုတ်တရက် အော်ပြောလိုက်လေသည် “မင်းရပ်လိုက်မယ်ဆို ဒီဘုရင် မင်းကို မျှမျှတတ ဝေစုခွဲပေးမယ်လို့ ကတိပေးတယ်”

ပြောနေရင်း ကျိလုန်သည် မြွေရုပ်သေးရုပ်အား အင်မော်တယ် သစ်ပင်ကို နှုတ်ရန် ဆက်ညွှန်ကြားလိုက်သည်။

နီကွမ်းက လှောင်ပြုံးပြုံး၍သာ “ဘာလို့ ရောင်းရင်းကျိရဲ့ ရုပ်သေးရုပ်ကို အရင် မရပ်ခိုင်းတာလဲ။ ဒီလူအိုကြီးသာ အင်မော်တယ်သစ်ပင်ကိုရရင် ရောင်းရင်ကျိကိုလည်း မျှမျှတတ ဝေစုခွဲပေးမယ်လို့ ကတိပေးတယ်”

နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် မယုံကြည်ပေ။ ထို့ကြောင့် လက်မလျှော့တမ်း အင်မော်တယ်သစ်ပင်ကို နှုတ်နိုင်ရေးသာ ကြိုးစားနေကြသည်။

ထိုစဉ် ကြယ်တာရာအက်ကြောင်းမှ ခုန်ဖ ရောက်လာခဲ့သည်။ သူ့ရှေ့ရှိ အခြေအနေကိုမြင်သော် ကြောင်သွားခဲ့၏။ သို့သော်လည်း ရှုဝေကို သတိပြုမိလိုက်သည့်အခိုက် ပြုံးဖြီးဖြီးလုပ်ရင်း ရှုဝေနှင့် သွားရောက်ပူးပေါင်းရန် လုပ်လိုက်လေသည်။

သို့သော်လည်း သူနည်းနည်းလောက်ပဲ လှုပ်ပြီးသည့်အချိန်၌ ရှုဝေမှသူ့အား တိတ်တဆိတ် ခေါင်းခါပြနေသည်ကို တွေ့လိုက်ရ၏။

ခုန်ဖသည် ချက်ချင်း ရပ်လိုက်ပြီး ရှုဝေအား သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်တွင် ရှုဝေ ဘေး၌ ရပ်နေသော ကျိတုန်အား အလေးအနက် အမူအရာဖြင့် ကြည့်လိုက်၏။

ရှုဝေသည် လက်တစ်ဖက် ပြတ်နေပြီး ဘာကြောင့်မှန်း မသိရသော အကြောင်းအရင်းကြောင့် ခရမ်းကြယ်မှ ကျင့်ကြံသူနှင့် အတူ ရပ်နေကြောင်း တွေ့ရှိလိုက်ရသည်။

အခြေအနေကို အသေးစိတ် မသိရသေးခင် အလျင်စလို လှဒပ်ရှား၍ မဖြစ်ချေ။ ထို့ကြောင့် ခုန်ဖသည် ရှုဝေဆီသို့ မသွားတော့ဘဲ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မန်ထုန်ဆီသို့သာ ပျံသန်းသွားလေသည် “ရောင်းရင်းရန်၊ ဘာတွေ ဖြစ်နေတာလဲ ကျုပ်ကို တစ်ချက်လောက် ပြောပြလို့ရမလား”

မန်ထုန်သည် ခုန်ဖအား တစ်ချက်ကြည့်လိုက်ပြီး သူသိထားသမျှ အကြောင်းအရာအားလုံးကို အသေးစိတ် ရှင်းပြလိုက်လေသည်။

မန်ထုန်သည် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး စွန့်ပစ်ကုန်းမြေ၊ ကြယ်တာရာအက်ကြောင်းတို့နှင့် ဘာရန်ငြိုးရန်စမှ မရှိပေ။ တစ်ခါတစ်လေ အရင်းအမြစ်များ လိုအပ်သည့်အခါ ထိုအင်အားစုနှစ်ခုနှင့် စီးပွားရေးလုပ်သည့် အခါများပင် ရှိတတ်သေးသည်။

“အဲ့ဒါက ဒဏ္ဏာရီလာ အင်မော်တယ်သစ်ပင်နဲ့ အင်မော်တယ်ရေစင်တွေပေါ့” ခုန်ဖသည် တုန်တုန်ရီရီဖြင့် အင်မော်တယ်သစ်ပင်အား လောဘမီးတောက်တို့ အငွေ့ငွေ့ လောင်မြိုက်နေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

“အခုအချိန်မှာ ရောင်းရင်းခုန် စိတ်ငြိမ်ငြိမ်ထားတာ အကောင်းဆုံးပဲ။ ဒီမှာ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် သုံးယောက်တောင် ရှိနေတာ။ ရောင်းရင်းခုန်သာ မဆင်မခြင် သွားလုပ်လိုက်ရင် အကျိုးဆက်က ကောင်းမှာ မဟုတ်ဘူး” မန်ထုန်က ပြုံးလျက် သတိပေးလိုက်လေသည်။

ထိုစကားကို ကြားသည့်အခါ ပျော်နေသည့် ခုန်ဖ၏စိတ်လေး ချက်ချင်း အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရလေသည်။ ခေါင်းညိတ်၍ “ရောင်းရင်းမန်ပြောတာ အမှန်ပဲ။ ဒါပေမယ့်… အခု ကြည့်ရသလောက် ဘယ်သူမှ အလွယ်တကူ အောင်မြင်မဲ့ပုံ မပေါ်ဘူး”

“အဲ့ဒါက အခွင့်အရေးလေ” မန်ထုန်က လေသံတိုးတိုးဖြင့် “ကျုပ်တို့ စောင့်ရမယ်။ အကုန်လုံး ပရမ်းပတာတွေ ဖြစ်လာရင် ကျုပ်တို့အတွက် အခွင့်အရေးတစ်ခုလောက် ရချင်ရမှာပေါ့”

ခုန်ဖလည်း ခေါင်းတညိတ်ညိတ်ဖြင့် ချက်ချင်း တိတ်တိတ်နေလိုက်လေသည်။

ကျိတုန်သည် သူ့အဖေနှင့် ယှဉ်ပြိုင်နေသည့် နီကွမ်းကို ကြည့်ရင်း မျက်နှာကြီး တဖြည်းဖြည်း မှုန်ကုတ်လာခဲ့သည်။ နီကွမ်းကြောင့်သာ မဟုတ်လျှင် သူ့အဖေ အင်မော်တယ်သစ်ပင်ကို ရလောက်ပြီဟု ထင်နေခဲ့သည်။ နီကွမ်းကြောင့်သာ ယခုအချိန်ထိ အင်မော်တယ်သစ်ပင်ကို သူ့အဖေ မရသေးခြင်း ဖြစ်သည်။

ရုတ်တရက် မလှမ်းမကမ်းတွင် ရပ်နေသော ရွှယ့်ယွယ်ကို လှမ်းမြင်လိုက်သည့်နောက် သူ့ခေါင်းထဲ အကြံတစ်ခု ပေါ်လာခဲ့၏။

“ရှုဝေ” ကျိတုန်သည် ကောင်းကင်စိတ်အာရုံဖြင့် ရှုဝေကို လှမ်းခေါ်လိုက်သည်။

“သခင်လေး ဘာအမိန့်ပေးချင်လို့ပါလဲ” ရှုဝေ၏ ခန္ဓာကိုယ် တစ်ချက် တုန်သွားပြီး ချက်ချင်းပဲ ပြန်ထူးလိုက်သည်။

“ရွှယ့်ယွယ်ကို တွေ့တယ်မလား”

“အစေခံအိုကြီး တွေ့ပါတယ်”

“ကောင်းတယ်။ သူ့ကို သွားသတ်” ကျိတုန်က အမိန့်ပေးလိုက်၏။

“ဘယ်လို” ရှုဝေ၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည် “သူ့… သူ့ကို သတ်ဖို့။ ဒါပေမယ့် သခင်လေး၊ သူက…”

ရှုဝေသည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ အနာဂတ် ဆက်ခံသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ရှုဝေကဲ့သို့ လူတစ်ဦးပင် ရွှယ့်ယွယ်အား အလွယ်တကူ မတိုက်ခိုက်ရဲပေ။ မဟုတ်လျှင် စွန့်ပစ်ကုန်းမြေ၏ ဠာနချုပ်ထဲ ပုန်းအောင်းနေလျှင် ခေါင်းဆောင် အိုင်းအောင်သည် နည်းလမ်းတစ်ခုခုရှာပြီး သူ့အား မရရအောင် ရေကုန်ရေခမ်း လိုက်သတ်ပေလိမ့်မယ်။

“ဘာဖြစ်လို့လဲ။ ခင်ဗျား ဒီသခင်လေးရဲ့ အမိန့်ကို မနာခံတာလား” ကျိတုန် မျက်နှာပျက်သွားလေသည်။

“အစေခံအိုကြီး မလုပ်ရဲပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်လေး” ရှုဝေသည် ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ချက်ချင်းပဲ သူ့အမှားကို ဝန်ခံလိုက်လေသည်။

“ကောင်းတယ်” ကျိတုန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “ကျုပ်က သူ့ကို သတ်ဖို့ ပြောနေတာမဟုတ်ဘူး။ ပြီးတော့ သူ့လိုလူတစ်ယောက်ကိုလည်း ခင်ဗျား သတ်ချင်ရင်တောင် သတ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်ပြောချင်တာက သူ့ကို သွားတိုက်ခိုက်ဖို့ပဲ”

ထိုစကားကိုကြားသည့်အခါ ရှုဝေ ရုတ်တရက် နားလည်သွား၏ “သခင်လေး ပြောချင်တာက… ရွှယ့်ယွယ်ကို တိုက်ခိုက်ပြီး နီကွမ်း အာရုံမစိုက်နိုင်အောင် လုပ်ဖို့လား”

“ဟုတ်တယ်” ကျိတုန် ခေါင်းညိတ်လိုက်သည်။

“အစေခံအိုကြီး နားလည်ပါပြီ” ရှုဝေ တည်ငြိမ်သွားခဲ့သည်။ ရွှယ့်ယွယ်အား သတ်စရာ မလိုသရွေ့ ကိစ္စမရှိချေ။

“ကောင်းပြီ၊ သွားပေတော့” ကျိတုန်က စိတ်မရှည်ဟန်ဖြင့် တိုက်တွန်းလိုက်သည်။

ရွှယ့်ယွယ်သည် ချက်ချင်းပဲ ရွှယ့်ယွယ်ဘက်သို့ လှည့်၍ စကားတစ်ခွန်းပင် မပြောဘဲ သူ့နယ်ပယ်ကို ဖြန့်ကျက်လိုက်၏။

ယခုကဲ့သို့ အချိန်မျိုးတွင် သူ့အား တစ်ယောက်ယောက်မှ တိုက်ခိုက်လာလိမ့်မည်ဟု ရွှယ့်ယွယ် မထင်ထားခဲ့ချေ။ အလစ်အငိုက် မိသွားသည့်အတွက် ရွှယ့်ယွယ်လည်း ရှုဝေ၏ နယ်ပယ်စက်ကွင်းထဲသို့ ရောက်သွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၉၂)

ရှုဝေသည် ရွှယ့်ယွယ်အား အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်နိုင်ခဲ့သော်လည်း ရွှယ့်ယွယ်၏ တုန့်ပြန်မှုကလည်း မြန်ပေသည်။ တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်သည်နှင့် ချက်ချင်းပဲ သူတော်စင်ချီကို လှည့်ပတ်၍ ကျောက်စိမ်းကဲ့သို့ မှော်ရတနာတစ်ခုကို ဆင့်ခေါ်ကာ သူမ ကိုယ်ပတ်ပတ်လည်တွင် အလင်းအကာအရံတစ်ခုကို ဖန်တီးလိုက်လေသည်။

အလင်းအကာအရံ ပေါ်လာသည်နှင့် ရှုဝေ၏ နယ်ပယ်ဆီမှ သူမ ခံစားနေရသည့် ဖိအားသည် သိသိသာသာ လျော့ကျသွား၏။

သူမလက်ထဲရှိ ကျောက်စိမ်းပြားသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ နယ်ပယ်စွမ်းအားကို လျှော့ချပေးနိုင်သော မှော်ရတနာ တစ်ခု ဖြစ်သည်။ ကုကျန်းရှင် ထုတ်သုံးခဲ့သော ပင်လယ်ခြားနတ်ကြေးမုံနှင့် အတူတူပင်။

ဤကဲ့သို့သော မှော်ရတနာများသည် သာမန်လူများ ပိုင်ဆိုင်နိုင်သည့် မှော်ရတနာများ မဟုတ်ချေ။ ထိုမှော်ရတနာများမှာ အလွန်ကိုမှ ဖန်တီးရခက်ခဲပြီး ဖန်တီးရန် အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာလည်း အလွန်ကို ရှားပါးဈေးကြီးလှသည်။ ထို့ကြောင့် သာမန် ကျင့်ကြံသူများအဖို့ ဤကဲ့သို့သော မှော်ရတနာမျိုးကို မည်သို့မှ မတတ်နိုင်ကြပေ။

သို့ရာတွင် ကုကျန်းရှင်နှင့် ရွှယ့်ယွယ်တို့ ကဲ့သို့သော လူများအဖို့ ထိုကဲ့သို့သော မှော်ရတနာတစ်ခု၊ နှစ်ခုလောက်ကို ပိုင်ဆိုင်ထားသည်မှာတော့ အထူးအဆန်း မဟုတ်ချေ။

တကယ်တော့ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများအဖို့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရာတွင် ကြုံရသည့် အကြီးမားဆုံးသော အတားအဆီး သူတို့ရှီသည် တစ်ဖက်လူ၏ နယ်ပယ်ဖြင့် ဖိနှိပ်ခံလိုက်ရခြင်းပင်။ ထို့ကြောင့် နယ်ပယ်စွမ်းအားကိုသာ လျှော့ချပစ်နိုင်သရွေ့ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက်နိုင်ချေ ပိုများပေသည်။

ဤကဲ့သို့သော မှော်ရတနာများသည် သူတို့အတွက် အသက်ကယ် ရတနာများ ဖြစ်ကြပေသည်။

ကျောက်စိမ်းပြား ထွက်လာသည်နှင့် ရွှယ့်ယွယ် ရင်ဆိုင်နေရသည့် ဖိအား အကြီးအကျယ် လျော့ကျသွားခဲ့သည်။ ထို့ကြောင့် ချက်ချင်းပဲ ခါးကိုမတ်ကာ ပြန်ရပ်လိုက်နိုင်ပြီး သူမအား တိုက်ခိုက်လိုက်သည့်လူကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

“ရှုဝေ” ရွှယ့်ယွယ်က အံ့အားသင့်နေသည့် လေသံဖြင့် အော်ဟစ်လိုက်သည်။ ယခုအချိန်မျိုးတွင် ရှုဝေသည် ဘာကြောင့် သူမအား လာတိုက်ခိုက်မှန်းကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

သူမအား တိုက်ခိုက်၍ သူ့အတွက် ဘာအကျိုးမှရှိသည် မဟုတ်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကို အပြစ် ပြုမိသွားရုံသာ ရှိပေလိမ့်မည်။

ရှုဝေ ခေါင်းမကောင်းတော့လေသလား။

“တတိယသခင်လေး၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ” ရှုဝေမှာ မလုပ်ချင်သော်လည်း ကျိတုန်က အမိန့်ပေးထားသဖြင့် လုပ်နေရပေသည်။ သူ့နယ်ပယ်ဖြင့် ရွှယ့်ယွယ်အား မဖိနှိပ်နိုင်မှန်း သိလိုက်သော် လူကိုယ်တိုင် လှုပ်ရှားတော့လေသည်။ လက်ကို ဝှေ့ရမ်း၍ ဓါးမြှောင်းတစ်ချောင်းကို ထုတ်ကာ ထိုဓါးမြှောင်ထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်လေသည်။

“သွားလိုက်စမ်း” ရှုဝေသည် လက်ကောက်ဝတ်ကို လှုပ်ခါ၍ သူ့လက်ထဲရှိ ဓါးမြှောင်အား ရွှယ့်ယွယ်ဆီသို့ လှမ်းပစ်လိုက်လေသည်။

ရွှယ့်ယွယ်၏မျက်နှာ ဖြူလျော်သွား၏။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို သူမ လုံးဝ ထိပ်တိုက်မရင်ဆိုင်ရဲချေ။ ထို့ကြောင့် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ အလျင်စလို တိမ်းရှောင်လိုက်လေသည်။ တစ်ချိန်တည်းတွင် လက်ကောက်ကို ဆင့်ခေါ်၍ တစ်ကွင်းမှ နှစ်ကွင်း၊ နှစ်ကွင်းမှ လေးကွင်း၊ လေးကွင်းမှ ရှစ်ကွင်း…

ချက်ချင်းဆိုသလို ကောင်းကင်တစ်ပြင်လုံး သူမ၏ လက်ကောက်များဖြင့် ပြည့်နှက်သွားလေတော့သည်။ လက်ကောက်များမှာ များလွန်းစသဖြင့် မည်သည့်အရာက အစစ်၊ မည်သည့်အရာကအတု အလွန် ခွဲရခက်နေလေတော့သည်။

မရေမတွက်နိုင်သော လက်ကောက်များသည် ရွှယ့်ယွယ်ကို မထိုးဖောက်နိုင်သော အကာအကွယ်တစ်ခုနှယ် ဟာပေါက်မရှိ ဝန်းရံထားခဲ့လေသည်။

ထင်… ထင်… ထင်…

သတ္တုချင်း ထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ လက်ကောက်များမှာ တစ်ကွင်းပြီးတစ်ကွင်း ဖျက်စီးခံနေရသလို ဓါးမြှောင်၏ စွမ်းအားမှာလည်း ဖြည်းဖြည်းချင်း လျော့နည်းနေ၏။

“ရှုဝေ၊ မင်းသေချင်နေတာလား” ရွှယ့်ယွယ် တိုက်ခိုက်ခံနေရသည်ကို သတိပြုမိသော် နီကွမ်း ဒေါသပုန်ထသွားခဲ့လေသည်။

ရှုဝေသည်လည်း အလွန်ကိုမှ စိတ်ညစ်နေခဲ့သည်။

ဤကိစ္စကြီးသာ ပြီးသွားခဲ့လျှင် သူပြဿနာကောင်းကောင်း တက်ပြီမှန်း သိနေသည်။

“ရောင်းရင်းနီ၊ ငါကမ်းလှမ်းထားတာ အကျုံးဝင်နေတုန်းပဲနော်။ မင်းသေချာစဉ်းစား” ကျိလုန်သည် အောင်မြင်မှသူ့လက်တွင်းသို့ ရောက်နေသည့် ပုံစံဖြင့် မေးလိုက်၏။

ရှုဝေဘာကြောင့် ရွှယ့်ယွယ်အား တိုက်ခိုက်ရသလဲ ဆိုသည်ကို အခြားသူများ သိမည်မဟုတ်သော်လည်း ကျိလုန်ကတော့ သူ့သား လက်ချက်ဖြစ်ကြောင်း ကောင်းကောင်း သိနေသည်။ ကျိတုန်သည်သာ ရှုဝေကို အမိန်ပေးစေခိုင်းနိုင်စွမ်း ရှိပေသည်။

ကျိတုန်၏ စဉ်းစားတွေးခေါ်တတ်ပုံအပေါ် ကျိလွန် အလွန်ကိုမှ အားရကျေနပ်မိသွားသည်။

လူသားရုပ်သေးရုပ်ကို ထိန်းချုပ်ရင်း အင်မော်တယ်သစ်ပင်ကို နှုတ်ရန် ကြိုးစားနေသည့် နီကွမ်းသည် ရွှယ့်ယွယ်၏ အခြေအနေကို သတိပြုမိသော် မျက်နှာပျက်သွားခဲ့လေသည်။ မကြာမီ အံကြိတ်၍ အော်ပြောလိုက်လေ၏ “ငါမရင် မင်းလည်း ရဖို့ မစဉ်းစားနဲ့”

“မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ” ထိုစကားကို ကြားသည့်အခါ ကျိလုန်၏ အမူအရာ ပြောင်းလဲသွားလေသည်။

နီကွမ်းသည် ပြန်မဖြေဘဲ အလုပ်ဖြင့်သာ လက်တွေ့ပြလိုက်၏။ လူသားရုပ်သေးရုပ်သည် အင်မော်တယ် သစ်ပင်ကို လွှတ်လိုက်ပြီး မြွေရုပ်သေးရုပ်ကို ပြေးဝင် တိုက်ခိုက်လေသည်။

မြွေကြီး တိုက်ခိုက်ခံလိုက်ရသည့် နေရာမှ အက်သံများနှင့်အတူ မီးပွားများ လွင့်စင်ထွက်လာခဲ့လေသည်။

“နီကွမ်း” ကျိလုန် ဒေါသတကြီး ထအော်လေသည်။ ခုနှစ်ရောင်ခြယ်အလင်းကြောင့် အစကတည်းက မတည်မငြိမ် ဖြစ်နေသည်ဆိုပါက နီကွမ်း၏ လူသားရုပ်သေးရုပ်ကပါ ထပ်မံ တိုက်ခိုက်လာသည့်အတွက် မြွေရုပ်သေးရုပ်အဖို့ အလွန်ကိုမှ ဖိအားများသွားခဲ့ရလေသည်။ ယခုဆိုလျှင် မြွေရုပ်သေးရုပ်သည် ပျက်စီးတော့မည့် အရိပ်အယောင်များပင် ပြနေခဲ့လေသည်။

“ဟားဟားဟား” နီကွမ်း ထရယ်လေသည်။ မြွေရုပ်သေးရုပ် တိုက်ခိုက်ခံလိုက်ရချိန်ကို အခွင့်ကောင်းယူလျက် လူသားပုံစံ ရုပ်သေးရုပ်သည် အင်မော်တယ်သစ်ပင်၏ အရွက်တစ်ရွက်ကို ဖမ်းကိုင်၍ ဆောင့်ဆွဲချလိုက်လေသည်။

ပြီးသည်နှင့် နောက်လှည့်မကြည့်တမ်း ပြေးထွက်လာခဲ့၏။

သို့သော်လည်း ခုနှစ်ရောင်ခြယ်အလင်းစက်ခုံး အတွင်းမှ ပြန်ထွက်လာနေစဉ် လူသားရုပ်သေးရုပ်၏ ခန္ဓာကိုယ်မှ အက်သံများ အဆက်မပြတ် ထွက်ပေါ်လာနေပြီး ပစ္စည်း အပိုင်းအစချို့ အောက်သို့ ပြုတ်ကျခဲ့လေသည်။

ရုပ်သေးရုပ်မှာ အကန့်အသတ်သို့ ရောက်နေခဲ့လေပြီ။

၎င်း၏ အရှိန်မှာ တဖြည်းဖြည်း နှေးသည်ထက် နှေးလာပြီး အချိန်မရွေး ပျက်စီးတော့မည့် အရိပ်အယောင်များ ပြလာခဲ့သည်။

ကျိလုန်၏ ရုပ်သေးရုပ်သည်လည်း ထူးမခြားနားပင်။ နီကွမ်း ရုပ်သေးရုပ်၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည့်အတွက် မြွေကြီး၏ ခန္ဓာကိုယ်မှာ ချို့ဝင်သွားပြီး ယခင်ကကဲ့သို့ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ပေ။ အချို့အစိတ်အပိုင်းများဆိုလျှင် မြေပေါ်သို့ပင် ပြုတ်ကျကုန်လေပြီ။

ထိုအခြင်းအရာကိုမြင်သော် အင်မော်တယ်သစ်ပင်ကို ရအောင် ယူနိုင်တော့မည် မဟုတ်မှန်း ကျိလုန် သဘောပေါက်လိုက်၏။ ထို့ကြောင့် မြွေကြီးအား သစ်ရွက်တစ်ရွက်ကို ခူးခိုင်းပြီးတော့သာ အပြင်သို့ ပြန်ထွက်လာခိုင်းလိုက်တော့၏။

အဆုံးတွင် ရုပ်သေးရုပ်နှစ်ရုပ်သည် အင်မော်တယ်သစ်ပင်ဆီမှ အရွက်တစ်ရွက်စီနှင့် အင်မော်တယ်ရေစင် တစ်စက်စီကို ရရှိနိုင်ခဲ့၏။

နီကွမ်းနှင့် ကျိလုန်သည် ချက်ချင်းပဲ သူတို့၏ ရုပ်သေးရုပ်ဆီ ပြေးသွားကြ၏။

ကွေ့ဇူသာ ရုတ်တရက် သူတို့၏ ရုပ်သေးရုပ်များကို ကြားဝင် ဖြတ်လုယူသွားလျှင် သူတို့ကြိုးစားထားသမျှအားလုံး သဲထဲ ရေသွန် ဖြစ်ကုန်ပေလိမ့်မည်။

တစ်ဖက်မှာတော့ ရွှယ့်ယွယ်၏ အခြေအနေမှာ ပိုပို၍ ဆိုးရွားလာနေခဲ့သည်။ နီကွမ်းသည် မကြာခင် ရတော့မည့် အင်မော်တယ်သစ်ရွက်နှင့် အင်မော်တယ်ရေစင်တစ်စက်ကို လက်မလွှတ်နိုင်သည့်အတွက် ရွှယ့်ယွယ်အား ခဏလောက် လွှတ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။

ရွှယ့်ယွယ်၏ နောက်ခံကြောင့် ရှုဝေ အနေဖြင့် ရွှယ့်ယွယ်ကို သတ်နိုင်လိမ့်မည် မဟုတ်ဟု နီကွမ်း ယုံကြည်နေမိသည်။

ထို့အပြင် ရွှယ့်ယွယ်သည်လည်း ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ တတိယသခင်လေး ဆိုသည့် ဂုဏ်ပုဒ်အတိုင်း လုပ်ပြသွားနိုင်ခဲ့သည်။ အားကောင်းသော မှော်ရတနာများ၊ အမျိုးမျိုးသော လျှို့ဝှက်နည်းစနစ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ သူမ၏ ဝိသေသမွန်းစတားဝိဥာဉ်ဖြစ်သော ရှဲ့ကျီကိုပင်် ဆင့်ခေါ်လိုက်သည်။ သို့သော်လည်း အဆင့်ကြီး နှစ်ဆင့်ကြားရှိ ကွာခြားမှုသည် ထိုမျှလောက်သော အရာများဖြင့် ဖြတ်ကျော်နိုင်သည့် အရာမျိုးမဟုတ်ချေ။

“ကောင်လေး၊ မင်းခွန်အားကိုသုံးပြီး အားနည်းတဲ့လူကို အနိုင်ကျင့်တာ မရှက်ဘူးလား” ဘေးတွင် ငြိမ်သက်စွာ ရပ်စောင့်ကြည့်နေသော ကွေ့ဇူက ရုတ်တရက် နှာခေါင်းရှုံ့လျက် ရှုဝေအား လှမ်းရိုက်ချလိုက်လေသည်။

မရေမတွက်နိုင်သော ယင်ဝိဥာဉ်များသည် ဧရာမလက်ဝါးကြီး တစ်ဖက်အဖြစ်သို့ သိပ်သည်းသွားပြီး ချောက်ခြားဖွယ်ကောင်းစွာ အော်မြည်ရင်း ရှုဝေခေါင်းပေါ်သို့ ကျဆင်းလာခဲ့လေသည်။

ကွေ့ဇူ ရုတ်တရက် တိုက်ခိုက်လိုက်သည်ကို မြင်သော် ရှုဝေ လိပ်ပြာလွင့်မတတ် ဖြစ်သွားခဲ့သည်။ ကြောက်လန့်တကြား အော်ဟစ်ရင်း ရွှယ့်ယွယ်အား တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ပြီး အကာအကွယ် မှော်ရတနာများကို အလျင်အမြန် ထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။

ဘုန်း…

ရွှယ့်ယွယ်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အနက်ရောင် လက်ဝါးသည် တစ်ချက်လောက် တုန်ခါသွားခဲ့၏။ သို့သော်လည်း မကြာမီ မူလအရှိန်အတိုင်း အောက်သို့ ဆက်လက် ကျဆင်းလာပြီး ပစ်မှတ်ကို လွှမ်းခြုံသွားခဲ့လေသည်။

မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး ရှုဝေလည်း သနားစဖွယ် အော်ဟစ်လိုက်ရသည်။ ဧရာမလက်ဝါးကြီး ပျောက်ကွယ်သွားသည့်အခါ ရွှယ့်ယွယ်သည် ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် နှုတ်ခမ်းမှ သွေးတတောက်တောက် စီးကျလျက် ရပ်နေခဲ့သည်။

တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်နှင့် ပထမအဆင့်သည် အလွန်ကို ကွာခြားပေသည်။

တစ်ကြိမ်တိုက်ခိုက်ပြီးနောက်တွင် ကွေ့ဇူ ရပ်လိုက်၏။ သူသည် ရှုဝေထက် အားကောင်းသော်လည်း တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖို့ရာ မလွယ်ကူချေ။ ထို့အပြင် သူ့အား ရှုဝေကို သတ်ရမည့် ကိစ္စထက် ပိုအရေးကြီးသည့် ကိစ္စများ စောင့်ကြိုနေသေးသည်။ သူ့တွင် ရှုဝေကို လိုက်သတ်နေရန် အချိန်မရှိချေ။

သူဝင်ပါလိုက်ရခြင်းမှာ ရန်ကိုင်ကြောင့်သာ ဖြစ်သည်။

သူ့အမြင်တွင်၊ ရွှယ့်ယွယ်သည် ရန်ကိုင်၏ မိန်းကလေး ဖြစ်သည်။ အထက်စကြာဝဠာဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦး အနေဖြင့် ဂိုဏ်းချုပ်ကတော် အနိုင်ကျင့်ခံနေရသည်ကို သူ့အနေဖြင့် မည်ကဲ့သို့ ရပ်ကြည့်နေနိုင်မည်နည်း။ သူသာ မသိချင်ယောင် ဆောင်နေခဲ့လျှင် နောက်ပိုင်း ရန်ကိုင်က မေးလာခဲ့သည်ရှိသော် မည်သို့ ပြန်ဖြေရမည်နည်း။

“မင်းနောက်ထပ် ထပ်တိုက်ရဲထပ်တိုက်ကြည့်၊ ငါမင်းကို လာသတ်မယ်” ကွေ့ဇူသည် ရှုဝေအား ကြမ်းကြုတ်စွာ စိုက်ကြည့်ရင်း ရာဇသံပေးလိုက်၏။

ရှုဝေ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။

ရွှယ့်ယွယ်သည် အမောတကော အသက်ရှူရင်း ကွေ့ဇူအား လှမ်း၍ ခေါင်းညိတ်ပြလိုက်သည်။ ကျိတုန်ကမူ ကွေ့ဇူ ဝင်ရှုပ်ခဲ့သည့်အပေါ် ဒေါသလည်းထွက်၊ နားလည် မလည်နိုင် ဖြစ်နေခဲ့လေသည်။ ကွေ့ဇူ ဘာကြောင့် ရွှယ့်ယွယ်အား ဝင်ကူညီရသလဲ ဆိုသည်ကို သူလုံးဝ နားမလည်နိုင် ဖြစ်နေ၏။

ထိုအချိန်အတောအတွင်း နီကွမ်းနှင့် ကျိလုန်မှာတော့ သူတို့၏ ရုပ်သေးရုပ်များ ပြန်ယူလာသည့် အင်မော်တယ်သစ်ရွက်နှင့် အင်မော်တယ်ရေစင်ကို ရယူပြီးနေကြကုန်လေပြီ။ နှစ်ဦးစလုံးသည် ထိုရတနာများကို အသင့်ကြိုယူလာသည့် သေတ္တာမျာထဲသို့ အလျင်စလို ထည့်သိမ်းလိုက်ကြလေသည်။ ထိုအခါမှသာ နှစ်ယောက်စလုံး သက်ပြင်းချနိုင်တော့သည်။

မည်သို့ပင်ဖြစ်စေ၊ အနည်းဆုံး အင်မော်တယ်သစ်ရွက် တစ်ရွက်နှင့် အင်မော်တယ်ရေစင် တစ်စက် ရလိုက်သည့်အတွက် ကမ္ဘာပျက်ထဲသို့ လာရသည့်ခရီး ထိုက်တန်သွားပြီဟု ပြော၍ရသည်။ အင်မော်တယ်သစ်ပင်ကိုတော့…

နှစ်ယောက်စလုံး၏ ရုပ်သေးရုပ်များမှာ ပျက်စီးသွားပြီ ဖြစ်သည့်အတွက် သူတို့တွင် ခုနှစ်ရောင်ခြယ်အလင်းထဲသို့ ဝင်နိုင်မည့် အခြားနည်းလမ်း မရှိတော့ချေ။

“ရန်ကိုင်၊ ငါဒီမှာ” ကွေ့ဇူသည် တစ်ခုခုကို အာရုံခံမိသည့်အလား ရုတ်တရက် တစ်ဖက်သို့ လှည့်လိုက်၏။

ထိုစကားကို ကြားသည့်အခါ ရွှယ့်ယွယ်သည် ပျော်ရွှင်စွာ ပြုံးလျက် ကွေ့ဇူ ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ အလင်းတန်းတစ်ခု ပျံသန်းလာနေကြောင်း တွေ့လိုက်ရလေသည်။ ထိုအလင်းတန်းဆီမှ သူမ ရင်းနှီးနေသည့် အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်လေသည်။

ရောက်လာသည့်နောက်တွင် ဤနေရာသို့ ရောက်နေသည့် လူအရေအတွက်ကြောင့် ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။

သိသိချင်း အလျင်အမြန် ပြေးလာခဲ့သည့်တိုင် နောက်ကျနေခဲ့ပေသေးသည်။

ရွှယ့်ယွယ်အား ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် ကွေ့ဇူဆီသို့သွားကာ လေသံတိုးတိုးဖြင့် မေးလိုက်လေသည် “မဟာအကြီးအကဲ၊ ကျုပ်နောက်ကျသွားလား”

“အင်း၊ နည်းနည်းပေါ့” ကွေ့ဇူက ခေါင်းညိတ်လျက် “ဒါပေမယ့် ကိစ္စမရှိဘူး။ အဓိက ရတနာက ရှိနေတုန်းပဲ။ အခုထိ အဲ့ဒါကို ဘယ်သူမှ ယူလို့ မရသေးဘူး၊ ဟားဟားဟား”

ထိုစကားကိုကြားည့်အခါ ရန်ကိုင်၏ အနားတွင် ပေါက်နေသော အပင်လေးကို လှမ်းကြည့်လိုက်လေသည်။ သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် ထိတ်လန့်အံ့အားသင့်သွား၏။

ထိုလေတိုက်လျှင် လဲတော့မည့်နှယ် ထင်ရသော အပင်ပေါက်လေးဆီမှ အလွန်ကိုမှ အားကောင်းလှသော အသက်စွမ်းအင်များ ဖြာထွက်နေသည်ကို သူခံစားလိုက်ရ၏။ အရွက်တစ်ရွက်ပေါ်ရှိ အရည်စက်ဆိုလျှင်လည်း အလွန်ကိုမှ အဖိုးတန်သော ရတနာတစ်ပါး ဖြစ်နေသည်။

“အင်မော်တယ်သစ်ပင်နဲ့ အင်မော်တယ်ရေစင်လား” ရန်ကိုင်က အလန့်တကား မေးလိုက်သည်။

“အို၊ မင်းသိတယ်လား” ကွေ့ဇူ အံ့အားသင့်သွားသည်။

သူပင်လျှင် နီကွမ်းနှင့် ကျိလုန်တို့ ပြောနေသည့် အတွက်ကြောင့် သိနေခြင်း ဖြစ်သည်။ မြင်မြင်ချင်း ထိုအပင်သည် အင်မော်တယ်သစ်ပင်ဖြစ်မှန်း မသိခဲ့ပေ။ ရန်ကိုင်ကမူ မြင်ရုံဖြင့် အင်မော်တယ်သစ်ပင်မှန်း ချက်ချင်း တန်းသိလိုက်သည်။

“သိတာပေါ့။ ဒီလောကကြီးမှာ ဒီလောက်များတဲ့ အသက်စွမ်းအင်ရှိတဲ့အပင် ဘယ်အပင်ရှိလို့လဲ။ အင်မော်တယ်သစ်ပင်ပဲ ရှိတာဟာကြီးကို” ရန်ကိုင်က ဝမ်းသာအားရလေသံဖြင့် “တကယ်ကြီး အင်မော်တယ်သစ်ပင်ကြီးပဲ။ နတ်ငှက် သူ့အသိုက်ကို ဒီမှာ လာဆောက်ထားတာ မအံ့ဩတော့ပါဘူးလေ…”

အင်မော်တယ်သစ်ပင်သည် ရန်ကိုင်၏ ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းထက်ပင် ပိုအဆင့်မြင့်သည့် မဟာရတနာတစ်ပါး ဖြစ်သည်။ ဝိဥာဉ်ကြာပန်းသည် ဝိဥာဉ်ကို အားဖြည့်ပေးနိုင်သော်ငြား အင်မော်တယ်သစ်ပင်ကမူ ကျင့်ကြံသူတစ်ဦးအား မပျက်စီးနိုင်သော မသေမျိုး ခန္ဓာကိုယ်ကို ပေးစွမ်းနိုင်ပေသည်။ မည်သည့်အရာက ပိုအဖိုးတန်သလဲ မြင်တတ်သူတိုင်း သိနိုင်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၉၃)

“ဟုတ်တယ်။ ဒါက အင်မော်တယ်သစ်ပင်ပဲ။ အဲ့သစ်ရွက်ပေါ်က အရည်စက်က အင်မော်တယ်ရေစင်ပဲ။ အစက သုံးစက်ရှိတာ။ ကျိလုန်နဲ့ နီကွမ်းက တစ်ယောက် တစ်စက်စီ ယူသွားလို့ တစ်စက်ပဲ ကျန်တော့တယ်။ တစ်ယောက်ကို တစ်စက်စီ ယူမယ်လို့ ငါတို့ သုံးယောက် သဘောတူပြီးသား။ ခုနှစ်ရောင်ခြယ် အလင်းကို ဖြတ်ပြီး ယူရမယ့်နည်းလမ်း မသိလို့သာ ငါအခုထိ မယူနိုင်သေးတာ။ ရန်ကိုင်၊ မင်းမှာ အဲ့အင်မော်တယ်ရေစင်ကို သွားယူလို့ရမယ့် နည်းလမ်းလေးဘာလေးများ မရှိဘူးလား”

ရန်ကိုင်သည် တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးသော်ငြား သူ့အိတ်ကပ်ထဲတွင် သိုလှောင်ထားသည့် နည်းလမ်းများသည် ကွေ့ဇူပင် ဩချရလောက်သည်အထိ များပြားလှသည်။ ထို့ကြောင့် ယခုကဲ့သို့ သူအကြံအိုက်နေရသည့် အချိန်မျိုးတွင် ရန်ကိုင်ဆီမှ အကူအညီ တောင်းကြည့်ခြင်း ဖြစ်ပေသည်။

ရန်ကိုင်တွင် တကယ်ကို နည်းလမ်း ရှိပေသည်။ သူကိုယ်တိုင် စမ်းသပ်ပြီးသား နည်းလမ်းတစ်ခုပင်။ ထိုနည်းလမ်းကို သုံး၍ပင် ကောင်းကင်သန္ဓေမြက်ကို ခုနှစ်ရောင်ခြယ်အလင်း ရှိနေလျက်နှင့် ခူးခဲ့သေးသည်။ ကျောက်တုံးရုပ်သေးရုပ်သည် ခုနှစ်ရောင်ခြယ် အလင်းထဲ တိုက်စားခံရခြင်းမရှိဘဲ ရွေ့လျားသွားလာနိုင်ပေသည်။

ကွေ့ဇူက မေးလာသည့်အခါ ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် “ရှိတာပေါ့”

“မြန်မြန်၊ သူ့ကိုတား။ ငါတို့ သူ့ကို ယူခွင့်ပေးလို့ မဖြစ်ဘူး” ရန်ကိုင်ကိုကြည့်ရင်း ကျိလုန်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်တော့လေသည်။ ရန်ကိုင် ပေါ်လာသည်ကို မြင်ကတည်းက ကျိလုန် အလွန်ကိုမှ စိတ်ညစ်သွားခြင်း ဖြစ်သည်။ ယခု ရန်ကိုင်သည် ကွေ့ဇူနှင့် စကားတပြောပြော လုပ်နေသည်ကိုမြင်သော် အခြေအနေ မကောင်းတော့မှန်း ချက်ချင်း နားလည်လိုက်လေသည်။

သူနှင့်နီကွမ်း သယ်လာသည့် ရုပ်သေးရုပ်များမှာ ပျက်စီးသွားပြီ ဖြစ်သည့်အတွက် ထပ်အသုံးပြု၍မရတော့။ ထို့ကြောင့် သူတို့အနေဖြင့် ခုနှစ်ရောင်ခြယ်အလင်းကို ဖြတ်၍ မရတော့ချိန် ရန်ကိုင် ယခင်က အသုံးပြုခဲ့သော ရွှေရောင်ကျောက်တုံးလူသားသည် ခုနှစ်ရောင်ခြယ်အလင်းကို ဖြတ်ကျော်၍ အင်မော်တယ်သစ်ပင်ကို ယူနိုင်သည့် အဓိက သော့ချက် ဖြစ်လာခဲ့သည်။

ထို့ကြောင့် ရန်ကိုင် လှုပ်ရှားတော့မည်ကို မြင်သော် ကျိလုန် ဆက်၍ ငြိမ်မနေနိုင်တော့ဘဲ နီကွမ်းဘက်သို့လှည့်၍ “ရောင်းရင်းနီ၊ ငါတို့ ရန်ငြိုးတွေကို ယာယီကြေအေးပြီး ပူးပေါင်းကြရအောင်၊ အဲ့ကောင်လေး လက်ထဲမှာ ခုနှစ်ရောင်ခြယ်အလင်းကို ခုခံနိုင်တဲ့ ရှားပါးရတနာတစ်ခုရှိတယ်”

“ဘယ်လို” နီကွမ်းသည် ရန်ကိုင်အား တအံ့တဩဖြင့် လှည့်ကြည့်လိုက်သည်။

ရန်ကိုင်နှင့် သိပ်မရင်းနှီးသော်ငြား ရက်အတော်ကြာအောင် ရန်ကိုင်နှင့်အတူ ခရီးသွားခဲ့ဖူးပေသည်။ ထိုအတောအတွင်း ရန်ကိုင်နှင့် ပက်သက်၍ မည်သည့် အထူးတလည် ထူးခြားသည့် အရာကိုမှ မမြင်တွေ့ခဲ့ရ။ ယခု ကျိလုန်၏ အဆောတလျင် အော်ဟစ်နေသံကိုကြားသော် နီကွမ်း အံ့အားသင့်မိသွားသည်။ ရန်ကိုင်တွင် ခုနှစ်ရောင်ခြယ်အလင်းကို ခုခံနိုင်သည့် မည်သို့သော ရတနာများ ရှိနေသလဲဟုလည်း အတွေးများမိသွားသည်။

သူနှင့်ကျိလုန်သည် ဤကိစ္စတစ်ခုတည်းအတွက် အထူးတလည် ပြုလုပ်ထားသော ရုပ်သေးရုပ်များကို ယူလာခဲ့ကြ၏။ ထိုရုပ်သေးရုပ်များသည် သူတို့၏နောက်ခံ မဟာအင်အားစုကြီးများပင် တစ်ရုပ်လောက်သာ ဖန်တီးနိုင်သော ရုပ်သေးရုပ်များ ဖြစ်ကြ၏။

သို့ရာတွင် ထိုရုပ်သေးရုပ်နှစ်ရုပ်ပင်လျှင် ခုနှစ်ရောင်ခြယ် အလင်းထဲ အချိန်အကြာကြီး မနေနိုင်ချေ။ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည့် အတွက်ကြောင့် ပျက်စီးသွားခဲ့ကြသည်ဟု ပြော၍ရသော်လည်း အဓိက ပြဿနာမှာ ခုနှစ်ရောင်ခြယ်အလင်း၏ ဖိအားကြောင့် ဖြစ်ပေသည်။

ခုနှစ်ရောင်ခြယ်အလင်း၏ ဖိအားသည် အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ရန်ကိုင် လက်ထဲ၌ရှိသော ရှားပါးရတနာသည် သူတို့၏ ရုပ်သေးရုပ် နှစ်ရုပ်ထက်ပင် ပို၍ အားကောင်းလေသလော။

“ရောင်းရင်းနီ၊ မင်းလိုချင်နေတဲ့ ရတနာ အခြားလူလက်ထဲ ရောက်သွားမှာကို မြင်ချင်နေတာလား။ မမြင်ချင်ဘူးဆိုရင် ငါနဲ့ ပူးပေါင်းပြီး အဲ့ကောင်ဆီက ရတနာကို သွားလုကြမယ်။ ပြီးရင် အဲ့ရတနာကိုသုံးပြီး အင်မော်တယ်သစ်ပင်ကို နှုတ်လို့ရပြီ။ အင်မော်တယ်သစ်ပင်ကို ရရင် ငါတို့ တစ်ယောက်တစ်ဝက် ခွဲယူတာပေါ့” ကျိလုန်သည် အဆောတလျင် လှမ်းအော်ပြော၏။

နီကွမ်း မျက်မှောင်ကြုတ်သွားပြီး ရွှယ့်ယွယ်ကို လှမ်းကြည့်လိုက်လေသည်။

ရွှယ့်ယွယ်ကမူ အလေးအနက် အမူအရာဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါပြနေသည်။

နီကွမ်းက ချက်ချင်းပဲ ခေါင်းခါ၍ “ရောင်းရင်းနီ၊ မင်းကမ်းလှမ်းချက်က သိပ်အဆင်မပြေဘူး။ ဒီတော့ ဒီနီ သဘောမတူတာ နားလည်ပေးပါ”

“အရူး” ကျိလုန် ဒေါသပုန်ထသွားခဲ့သည်။ လက်ရှိ အခြေအနေအရ သူ့အနေဖြင့် အင်မော်တယ်သစ်ပင်ကို လိုချင်လျှင် ရန်ကိုင်လက်ထဲရှိ ရတနာကို အားကိုးရုံသာ ရှိတော့သည်။ သို့ရာတွင် ရန်ကိုင်သည် ကွေ့ဇူနှင့် ပူးပေါင်းထားသည်။ ကွေ့ဇူသည် သူ့ကဲ့သို့ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် နီကွမ်းအား တစ်ဖက်လှည့်နှင့် မျှားခေါ်ပြီး ကွေ့ဇူနှင့် ပေးတွေ့ပေးရန် ကြံနေခြင်း ဖြစ်သည်။ သို့သော်လည်း နီကွမ်းက သဘောမတူခဲ့ပေ။

ဤအတိုင်းသာ ဆက်သွားနေလျှင် သူသည်လည်း အင်မော်တယ်သစ်ပင်အား ရနိုင်မည့် အခွင့်အရေးကို လုံးဝ လက်လွှတ်လိုက်ရလိမ့်မည်ကို မသိလေသလော။

နတ်ငှက် သူ့အသိုက်မှ ထွက်သွားသည်မှာ တကယ်ကို ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ဤအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရလျှင် အင်မော်တယ်သစ်ပင်သည် သူတို့၏ လက်ခုပ်ထဲမှ ပြန်ခုန်ထွက်သွားလိမ့်မည်ဖြစ်ကာ သူ့အနေဖြင့် မဖျက်စီးနိုင်သော မသေမျိုးခန္ဓာကိုယ်ကို ဘယ်တော့မှ ရရှိနိုင်တော့လိမ့်မည် မဟုတ်ချေ။

ကျိလုန်သည် မီးခဲဖင်ခုထိုင်နေရသလို စိတ်ဂနာမငြိမ် ဖြစ်လာခဲ့လေသည်။

“ဟဲဟဲဟဲ…” ကွေ့ဇူက ညစ်ကျယ်ကျယ် ရယ်သွမ်းသွေးလျက် “မင်းက ခရမ်းကြယ်ရဲ့ ဂိုဏ်းချုပ်လား။ မျက်နှာဖုံးကြည့်ပြီး အတွင်းစိတ်ကို ခန့်မှန်းလို့မရဘူးတဲ့။ မင်းစရိုက်ကို ငါတော်တော် ရွံ့သွားပြီ။ ငါ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို နှောင့်ယှတ်ချင်တယ် ဆိုရင်တော့ ဒီလူအိုကြီးကို မင်းအရင် ကျော်ဖြတ်ဖို့ လိုလိမ့်မယ်”

ပြောပြီးသည်နှင့် ကွေ့ဇူ၏ ခန္ဓာကိုယ်ဆီမှ ဆွဲဆွဲငင်ငင် အော်မြည်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအော်သံကြောင့် အကုန်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့၏။ သူ့လက်ကို ဝှေ့ရမ်း၍ ကွေ့ဇူသည် ဝိဥာဉ်တစ်သောင်းအလံကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် အလံအား ဧရာမတစ္ဆေမျက်နှာကြီး အဖြစ်သို့ ပြောင်းလဲကာ သူ့ခေါင်းထက်တွင် ဝဲနေစေလိုက်လေသည်။

တစ္ဆေမျက်နှာကြီးသည် အလွန်ကိုမှ အေးစက်လွန်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေပြီး ပါးစပ်ကိုလည်း ဖွင့်လိုက်ပိတ်လိုက် လုပ်နေခဲ့သည်။ ပါးစပ်တစ်ချက် ဟသွားတိုင်း ပေါ်လာသည့် ပါးစပ်ထဲရှိ ပိန်းပိန်းပိတ် မှောင်မိုက်နေသော အမှောင်ထုကြီးသည် မြင်ရသူများကို ကျောချမ်းသွားစေနိုင်၏။

ကျိလုန် မျက်နှာ မှုန်ကုတ်သွားခဲ့လေသည်။

“ဦးလေးနီ၊ ကျုပ်တို့ ရန်ကိုင်ကို ကူညီပေးသင့်တယ်နော်” ရွှယ့်ယွယ်က ပြောလိုက်သည်။

နီကွမ်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သို့သော်လည်း မကြာမီ ခေါင်းညိတ်၍ သူ့သူတော်စင်ချီဖြင့် ရွှယ့်ယွယ်ကို ရစ်ပတ်ကာ ရန်ကိုင်နှင့် ကွေ့ဇူဘေးသို့ ပျံသန်းသွားလေသည်။

ကမ္ဘာပျက်ထဲ ဝင်မလာစဉ်က ကွေ့ဇူ၏ အရှိန်အဝါကြောင့် ကွေ့ဇူသည် ရက်စက်ကြမ်းကြုတ်ပြီး ပြဿနာများသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု နီကွမ်း ပြောခဲ့သည်။ သို့သော် အစောပိုင်းက ရွှယ့်ယွယ် တိုက်ခိုက်ခံနေရသည့် အချိန်တွင် ကွေ့ဇူသည် ရွှယ့်ယွယ်အား ဝင်ရောက် ကူညီပေးခဲ့သည်။ ထို့ကြောင့် ရွှယ့်ယွယ် ပြောလာသည့်အခါ နီကွမ်းသည် ရန်ကိုင် ဘက်မှ ရပ်တည်ပေးရန် သဘောတူလိုက်ခြင်း ဖြစ်၏။

ရန်ကိုင်နှင့် ရွှယ့်ယွယ် မည်ကဲ့သို့ ပက်သက်သလဲ ဆိုသည်ကို မသိသော်ငြား ရွှယ့်ယွယ်က ပြောလာသဖြင့် သူမအနေဖြင့် ရန်ကိုင်ကို ထောက်ပံ့ပေးချင်နေသည်မှာ သိသာလှသည်။

မြေပြင်ပေါ်သို့ ဆင်းပြီးနောက်တွင် နီကွမ်းသည် ကွေ့ဇူကို ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။ ကွေ့ဇူကမူ ပြန်၍သာ ရယ်ပြလိုက်လေသည်။

ကျိလုန်မျက်နှာ အရုပ်ဆိုးသွားခဲ့လေသည်။

ကွေ့ဇူနှင့်နီကွမ်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေရင်း ကျိလုန်စိတ်ထဲ တုန်လှုပ်မိလာခဲ့လေသည်။

မမျှော်လင့်ထားသည့် အဖြစ်အပျက် တစ်ခုခုသာ ဖြစ်မလာခဲ့လျှင် ယခုတစ်ကြိမ် အင်မော်တယ်သစ်ပင်ကို သူလုံးဝ လက်လွှတ်လိုက်ရတော့မည်မှန်း ကျိလုန် နားလည်လိုက်သည်။ တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူနှစ်ဦးက မဟာမိတ် ဖွဲ့ထားမှဖြင့် သူမည်ကဲ့သို့ တားဆီးနိုင်တော့မည်နည်း။

သို့သော်လည်း ဘာမှမလုပ်ဘဲနှင့်တော့ လက်မလျှော့နိုင်ပေ။

ကျိလုန်သည် အလျင်အမြန် စိတ်ကို တည်ငြိမ်လုပ်ပြီး ရှုဝေကို ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်လေသည်။ ကျိလုန်၏ စကားကိုကြားသည့်အခါ ရှုဝေသည် ခေါင်းမော့၍ ခပ်လှမ်းလှမ်း၌ ရပ်နေသော ခုန်ဖကို လှမ်းခေါ်လိုက်သည် “ရောင်းရင်းခုန်၊ ဒီကို လာပါဦး”

ခုန်ဖ မျက်လုံးမှေးစဉ်းသွားပြီး ကျိလုန်အား စိုးရိမ်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။

ရှုဝေက ရယ်သွမ်းသွေး၍ “ရောင်းရင်းခုန်ရာ၊ စိတ်မပူနေဘဲ လာသာလာစမ်းပါ။ ဒီရှု ခင်ဗျားကို ဘာမှ ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး”

ခုန်ဖသည် ခဏလောက် စဉ်းစားပြီးနောက် ရှုဝေဆီသို့ အလျင်အမြန် လမ်းလျှောက်သွားလေသည်။

ရှုဝေသည် မန်ထုတ်ဘက်သို့ လှည့်လိုက်လေသည်။

သူဘာမှမပြောရသေးခင်မှာပင် မန်ထုန်က အဓိပ္ပါယ်ပါပါ ပြုံးလျက် “ဒီမန် အရင်သွားလိုက်ပါဦးမယ်။ နောက်ပိုင်း အခွင့်အရေးရမှ ပြန်တွေ့ကြတာပေါ့”

ပြောပြီးသည်နှင့် နောက်ပင် လှည့်မကြည့်တော့ဘဲ ခြေကုန်သုတ်ပြေးတော့လေသည်။

ဤပြဿနာ အရှုပ်အထွေးထဲ သူမဝင်ပါလိုချေ။ နှစ်ဖွဲ့ကြားရှိ အခြေအနေမှာ အတော်လေး တင်းမာနေသည်။ မန်ထုန်သည် မည်သူ့ အကူအညီမှမပါဘဲ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပျက်ထဲသို့လည်း အခွင့်အလမ်းများ ရှာဖွေရန်အလို့ငှာ ရောက်လာခြင်း ဖြစ်သည်။ သို့ဖြစ်လေရာ ဤသူ့အတွက် ဘာအကျိုးမှမရှိသည့် တိုက်ပွဲထဲ ဝင်ပါရန် မန်ထုန် စိတ်မဝင်စားချေ။

ထို့ကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး ချက်ချင်း လှည့်ထွက်လာခဲ့လေသည်။

သူသည် ပထမဆုံးရောက်လာခဲ့သူ ဖြစ်သလို ပထမဦးဆုံး ပြန်ထွက်သွားသူလည်း ဖြစ်သည်။ လက်ရှိ မြင်ရသလောက် မန်ထုန်သည် အလွန်ကိုမှ သတိကြီးသူတစ်ဦး ဖြစ်သည်။ သူတန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်သည်မှာ ကံကြောင့် သက်သက်ဟု သွားပြော၍ မရတော့ချေ။ သူ၏ သတိကြီးမှုကလည်း တစ်ထောင့်တစ်နေရာမှ ကျိန်းသေ ပါဝင်နေပေလိမ့်မည်။

“ငကြောက်” လှည့်ထွက်သွားသော မန်ထုန်ကို ကြည့်ရင်း ကျိလုန်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။

မန်ထုန် ထွက်သွားပြီ ဖြစ်သဖြင့် ကျိလုန်ဘက်တွင် ရှုဝေနှင့် ခုန်ဖသာ ရှိတော့သည်။ တစ်ဖက်တွင်မူ တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူနှစ်ဦး ရှိနေသည်။ သူ့ဘက်တွင် တန်ခိုးရှင်ဘုရင် အဆင့် ကျင်ကြံသူတစ်ဦး အပိုရှိနေသော်လည်း တစ်ဖက်အဖွဲ့ထက် ပိုသာသည်ဟု ကျိလုန် မပြောရဲချေ။

အကုန်လုံးသည် ရန်ကိုင်ပေါ်တွင်သာ မူတည်နေသည်။ ရန်ကိုင်ကိုဖမ်းပြီး သူ့ရတနာကိုသာ လုယူနိုင်မည်ဆိုလျှင် အောင်မြင်မှုသည် သူ့လက်ထဲသို့ ရောက်လာပေလိမ့်မည်။

“စိတ်ဝင်စားစရာပဲ” ကျိလုန်၏ အပြုအမူကိုမြင်သော် ကွေ့ဇူက သုန်မှုန်စွာပြုံးလျက် “ရန်ကိုင်၊ လွတ်လွတ်လပ်လပ်သာ လုပ်။ ငါရှိနေသရွေ့ ဘယ်သူမှ မင်းဆံပင်တစ်ချောင်းကိုတောင် ထိလို့ မရစေရဘူး”

“ရန်ကိုင်၊ စိတ်မပူနဲ့။ ဦးလေးနီလည်း ကူညီပေးလိမ့်မယ်” ရွှယ့်ယွယ်က ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ နီကွမ်းက ခေါင်းညိတ်ပြလိုက်၏။

ရွှယ့်ယွယ်က ပြောပြီးသွားပြီ ဖြစ်လေရာ နီကွမ်း အနေဖြင့် မည်သို့များ ငြင်းနိုင်တော့မည်နည်း။ ထိုသို့ သဘောတူလိုက်စဉ် ရန်ကိုင်နှင့် ရွှယ့်ယွယ်သည် အတော်လေး ရင်းနှီးပါလားဟုလည်း စိတ်ထဲ ကြိတ်၍ တွေးလိုက်လေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ရွှယ့်ယွယ် အနေဖြင့် ရန်ကိုင်အား ဘာကြောင့်များ သွား၍ ကူညီပေးနေမည်နည်း။

“အဲ့ဒါဆိုရင် ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရတော့မှာပေါ့” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြောပြီးနောက် ရွှေရောင် ကျောက်တုံးကို ဆင့်ခေါ်လိုက်လေသည်။

ရွှေရောင်ကျောက်တုံး ပေါ်လာသည်နှင့် လူတိုင်း၏ အာရုံသည် ရွှေရောင်ကျောက်တုံးဆီသို့ ရောက်လာခဲ့လေသည်။

ကျိလုန်၊ ကျိတုန်နှင့် ရှုဝေသည် ရွှေရောင်ကျောက်တုံးကို တစ်ကြိမ် မြင်ဖူးထားသဖြင့် ရန်ကိုင်သည် ဤရွှေရောင်ကျောက်တုံးကို သုံး၍ အင်မော်တယ်သစ်ပင်ကို ယူရန် ကြိုးစားလိမ့်မည်မှန်း ကျိန်းသေ သိနေသည်။ သို့ရာတွင် ကွေ့ဇူနှင့် အခြားသူများအတွက်တော့ ယခုမှသာ ရွှေရောင်ကျောက်တုံးကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။

အကုန်လုံး အနည်းငယ် အံ့အားသင့်သွားခဲ့ကြလေသည်။ ထိုကျောက်တုံးရုပ်သေးရုပ်၏ ဇာတ်မြစ်ကို မည်သူမှ မသိကြပေ။

ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်ချလိုက်သည် သူ့ဝိဥာဉ်ကိုယ်ပွားကို ရွှေရောင်ကျောက်တုံးထဲသို့ ပို့လိုက်သည်။ ထို့နောက်‌ ရွှေရောင်ကျောက်တုံးကို ထိန်းချုပ်၍ အင်မော်တယ် သစ်ပင်ဆီသို့ လျှောက်သွားစေလိုက်သည်။

“အိမ်မက်မက်နေလိုက်” ကျိလုန်က ဒေါသတကြီး အော်ဟစ်ရင်း နယ်ပယ်စွမ်းအားကို ထုတ်လွှတ်ကာ ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည်။

“ဟားဟားဟား၊ ရောင်းရင်းကျိ၊ ငါတို့ လက်ရည် ဖလှယ်ကြည့်ကြမလား” နီကွမ်းက ရယ်မောလျက် ရှေ့သို့ တစ်လှမ်း တိုးလိုက်လေသည်။

ဘုန်း…

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ ဖိအား ထိပ်တိုက်တွေ့သွားချိန် ပတ်ပတ်လည် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး မြေပြင်များ အက်ကွဲကုန်ကြသည်။

နှစ်ယောက်စလုံး၏ ခန္ဓာကိုယ် အသီးသီးဟာလည်း အနည်းငယ် တုန်ရီသွားခဲ့ကြလေသည်။

ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှုသည် သရေရလာဒ်ဖြင့်သာ အဆုံးသတ်သွားခဲ့သည်။

နီကွမ်း၏ မျက်လုံးများ တိုက်ခိုက်လိုစိတ်ဖြင့် တလက်လက် တောက်ပလာနေချိန် ကျိလုန်က အံကြိတ်၍ အော်ပြောလေ၏ “နီကွမ်း၊ အပြင်လူတစ်ယောက် အင်မော်တယ်သစ်ပင်ကို ယူသွားတာ မင်းထိုင်ကြည့်ခနေချင်တာလား။ အခု ငါနဲ့ ပူးပေါင်းလိုက်ရင် နောက်မကျသေးဘူးနော်”

နီကွမ်းက နှုတ်ခမ်းကို တွန့်ကွေးလျက် “မင်းနဲ့ ပူးပေါင်းဖို့။ လျှောက်ပြောမနေစမ်းနဲ့ကွာ။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက အင်မော်တယ်သစ်ပင်ကို မရနိုင်ရင် မင်းတို့ ခရမ်းကြယ်ကလည်း ရဖို့မစဉ်းစားနဲ့”

“ကောင်းပြီ၊ မင်းငါ့ကို တွန်းအားပေးလိုက်တာပဲ” ကျိလုန် ဒေါသထွက်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ခရမ်းရောင်အလင်းဖြင့် တောက်ပလာခဲ့လေသည်။ ခရမ်းရောင်အလင်းမှာ သိပ်သည်းလွန်းသဖြင့် လက်ဖြင့် သွားထိလို့ ရလုနီးပါးပင် ဖြစ်နေခဲ့သည်။ တစ်ချိန်တည်းတွင် လှိုင်းရိုက်သံကဲ့သို့ တဝုန်းဝုန်း အသံများ ကျိလုန်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။

“ခရမ်းချီထာဝမြစ်ကျင့်စဉ်” ကျိလုန်သည် သူနှင့် အမှန်အကန် တိုက်တော့မည်မှန်း နားလည်လိုက်သည့်အခိုက် နီကွမ်း မျက်နှာ ပျက်သွားခဲ့သည်။ ထို့သို့ဖြစ်သည့်အတွက် နီကွမ်းလည်း သူ့ခွန်အားကို ထိန်ချန်မထားရဲတော့ဘဲ သူ့ကျင့်စဉ်ကို စတင် လှည့်ပတ်လိုက်လေသည်။ ကြီးကျယ်ခမ်းနားသော ရွှေရောင် အရှိန်အဝါတစ်ရပ်သည် နီကွမ်းဆီမှ စတင် ဖြာထွက်လာခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ နယ်ပယ် အချင်းချင်း ထိပ်တိုက်တွေ့ကြသည့်အခါ… ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်အားလုံး ကသောင်းကနင်း ဖြစ်ကုန်ကြသည်။

ကျိလုန်သည် မာန်သွင်းအော်ဟစ်၍ ခရမ်းရောင်အလင်းတန်း တစ်ခုအသွင်သို့ ပြောင်းကာ နီကွမ်းဆီသို့ ပြေးဝင်သွားလေသည်။

နီကွမ်းသည်လည်း မာန်သွင်းအော်ဟစ်ရင်း ရွှေရောင်အလင်းတန်း တစ်ခုအသွင်သို့ပြောင်းလျက် ကျိလုန်ဆီ ပြေးဝင်သွားလေသည်။

ခရမ်းရောင်နှင့် ရွှေရောင်အလင်းတို့ တိုက်ပွဲကြားဝယ်… လောကကြီးတစ်ခုလုံး လှုပ်ခါလာခဲ့သည်။ အာကာယံ ကောင်းကင်တစ်ခုလုံး သူတော်စင်ချီ ပေါက်ကွဲမှုများဖြင့် ပြည့်နှက်နေတော့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၉၄)

ကျိလုန်နှင့် နီကွမ်းကြားတိုက်ပွဲ စတင်ခဲ့လေပြီ။

ထိုမိုးမြေတစ်ခွင် တုန်လှုပ်စေသည့် တိုက်ပွဲကြီးကိုကြည့်ရင်း ရှုဝေနှင့် ခုန်ဖတို့ နှစ်ဦးစလုံး သူတို့ကိုယ်သူတို့ အလွန် အားနည်းသွားသလို ခံစားလိုက်ရသည်။

တန်ခိုးရှင်ဘုရင်အဆင့်ပင် ဖြစ်လင့်ကစား သူတို့သည် ပထမအဆင့်များသာ ဖြစ်ကြသည်။ ယနေ့တွင် ကံကောင်းထောက်မစွာဖြင့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကြား ကျင့်ကြံသူနှစ်ဦး၏ မီးကုန်ယမ်းကုန် တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မြင်ခွင့်ရခဲ့လေသည်။

နီကွမ်းနှင့် ကျိလုန်တို့ နှစ်ဦးစလုံးသည် အလွန်ကိုမှ အားကောင်းကြသည်။ ထိုသို့ဆိုလျှင် သူတို့နှင့် အဆင့်တူဖြစ်သော ကွေ့ဇူဆိုလျှင်ကော ဘယ်လိုနေမည်နည်း။

နှစ်ယောက်စလုံး ထိုကဲ့သို့တွေးရင်း ကွေ့ဇူဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

ကွေ့ဇူသည် သူတို့အား လာမတိုက်ခိုက်သေးဘဲ ရန်ကိုင်ကိုသာ ရပ်စောင့်ပြီး ကာကွယ်ပေးနေခဲ့သည်။ လက်ရှိတွင် အရေးကြီးဆုံးမှာ ရှုဝေနှင့် ခုန်ဖကို အနိုင်ယူရန် မဟုတ်ဘဲ ရန်ကိုင်ကို လုံခြုံစွာ ကာကွယ်ပေးထားနိုင်ရန်သာ ဖြစ်ကြောင်း ကွေ့ဇူ ကောင်းကောင်း နားလည်ထားသည်။ ထိုနှစ်ယောက်သာ လာပြဿနာ မရှာသရွေ့ ကွေ့ဇူကလည်း သူတို့အား သွားတိုက်ခိုက်မည် မဟုတ်ချေ။

သို့ရာတွင် ရှုဝေ၏ အသက်သည် သူ့လက်ထဲတွင် ရှိမနေဘဲ ကျိတုန် လက်ထဲတွင် ရှိနေသည် ဆိုသည်ကိုတော့ ကွေ့ဇူ မသိခဲ့ပေ။

သူ့အဖေနှင့် နီကွမ်း တိုက်ခိုက်နေကြသည်ကို မြင်သော် ကျိတုန်လည်း တိုက်ပွဲထဲ ဝင်ပါချင်လာသည်။ ထို့ကြောင့် ကွေ့ဇူကို တိုက်ခိုက်ရန် ရှုဝေအား ချက်ချင်း အမိန့်ပေးလိုက်လေသည်။

ထိုစကားကို ကြားလိုက်သည့်အခိုက်တွင် ရှုဝေ မျက်နှာကြီးသည် သံပရာသီး ကိုက်လိုက်ရသည့်နှယ် ရှုံ့မဲ့သွားပြီး ကျိတုန်အား စိတ်ထဲမှနေ၍ မိုးမွှန်အောင် ကျိန်ဆဲတော့လေသည်။

သို့သော်ငြား သူ့ဝိဥာဉ်အမှတ်အသားသည် ကျိတုန် လက်ထဲ ရောက်နေသည့်အတွက် မငြင်းရဲဘဲ သူ့မိတ်ဆွေဟောင်းကြီးကို သူ့ပြဿနာအိုးထဲ ဆွဲခေါ်ရန်သာ စည်းရုံးတော့လေသည်။ စိတ်ကို တည်ငြိမ်အောင်လုပ်၍ ခပ်မြန်မြန် စဉ်းစားပြီးနောက် ရှုဝေသည် ခုန်ဖနားနားသို့ ကပ်ပြောလိုက်သည် “ရောင်းရင်းခုန်၊ အခုအချိန်က ငါတို့အတွက် အခွင့်အရေးပဲ’

ခုန်ဖ မျက်မှောင်ကြုတ်သွားခဲ့၏ “ရောင်းရင်းရှု… မင်းဘာပြောချင်နေတာလဲ။ ဟိုကောင်ကို သွားတိုက်ခိုက်ဖို့ ပြောနေတာလား”

“ဟုတ်တယ်”

“မင်းသေချင်နေလို့လား။ သူဘေးနားမှာရပ်နေတဲ့ မွန်းစတားအိုကြီးကို မင်းမမြင်တာလား။ မင်နဲ့ငါ ပေါင်းရင်တောင် သူ့ပြိုင်ဘက် မဟုတ်ဘူးနော်” ခုန်ဖက ပြန်ပြောလိုက်သည်။

“မင်းကလည်း၊ စွန့်စားရဲမှ မင်းဖြစ်တာကွ။ သူကို ကြောက်ပြီး ဒီအတိုင်း ရပ်ကြည့်နေလို့ ဘာဖြစ်မှာလဲ။ အခု မင်းရောငါရော တန်ခိုးရှင်ဘုရင်ပထမအဆင့်တွေ ဖြစ်နေကြပြီ။ ငါတို့မှာ နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ အခွင့်အရေး ဘယ်လောက် ရှိတယ်လို့ မင်းထင်လဲ။ ငါတော့ မထင်ဘူး။ ဒါပေမယ့် ဒီအင်မော်တယ် သစ်ပင်ကတော့ ငါတို့ကို နောက်တစ်ဆင့် ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်တယ်။ ငါတို့သာ ဒီတစ်ကြိမ် အခွင့်အရေးကို လက်လွှတ်လိုက်ရင် ဒီလို အခွင့်အရေးမျိုး နောက်တစ်ကြိမ် ပြန်ရတော့မှာ မဟုတ်ဘူး။ ငါတို့ အသက်ကို စွန့်စားရတော့ကော ဘာဖြစ်လဲ။ နောက်တစ်ဆင့် ချိုးဖျက်နိုင်မယ့် အခွင့်အရေးအတွက် ငါတို့ အသက်ကို စွန့်စားရတာ မတန်လို့လား” ရှုဝေသည် ခုန်ဖအား စကားလုံးပေါင်းများစွာဖြင့် စည်းရုံးရန် ကြိုးစားလေသည်။ သူတစ်ယောက်တည်းသာ ကွေ့ဇူအား သွားရင်ဆိုင်လျှင် တစ်ခါတည်း နောက်ဘဝကူသွားလိမ့်မည်မှန်း သိထားသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ရှုဝေ ပြောသည်ကိုကြားပြီးနောက် ခုန်ဖ၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့၏။

ထိုအခြင်းအရာကို မြင်သည့်အခါ သံကို ပူတုန်း ခပ်ပြင်းပြင်းလေး ထပ်ထုရန် ရှုဝေ ကြိုးစားလိုက်လေသည် “အဲ့လူအိုကြီးကို တိုက်ရိုက်ကြီး သွားတိုက်စရာ မလိုဘူးကွာ။ အာရုံဆွဲထားဖို့ပဲ လိုအပ်တာ။ တစ်ယောက်က အာရုံဆွဲထား၊ တစ်ယောက်က အဲ့ကောင်လေးကို သွားတိုက်ခိုက်မယ်။ ငါတို့သာ အဲ့ကောင်လေးကို ဖမ်းနိုင်ရင် အဲ့လူအိုကြီးလည်း ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူး”

“အဲ့လိုဆိုပေမယ့်…” ခုန်ဖ တုန့်ဆိုင်းနေသေးသည်။

“ငါအဲ့လူအိုကြီးကို အချိန်ဆွဲထားပေးမယ်။ မင်း အဲ့ကောင်လေးကို သွားတိုက်၊ ဘယ်လိုလဲ” သူ့အတွက် ရွေးစရာ မရှိသဖြင့် ရှုဝေသည် ပို၍ အန္တရာယ်များသည့် တာဝန်ကို ယူရန် ဆုံးဖြတ်လိုက်လေသည်။

ခုန်ဖ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့သည်။ ရှုဝေအား အံ့ဩတကြီးကြည့်လျက် စိတ်ပါလာသည့် လေသံဖြင့် “ရောင်းရင်းရှု၊ မင်း…”

ရှုဝေသည် လုပ်ရဲကိုင်ရဲသည့် လူတစ်ဦး မဟုတ်မှန်း ခုန်ဖ သိသည်။ ထို့ကြောင့် ရှုဝေသည် သူ့ဘက်မှစပြီး စွန့်စားရန် လုပ်နေသည်ကို မြင်သည့်အခါ ခုန်ဖ အံ့အားသင့်သွားခဲ့ခြင်း ဖြစ်သည်။

ရှုဝေက ရယ်သာရယ်လျက် “ရောင်းရင်းခုန်၊ မင်းအောင်မြင်သွားရင် ငါ့ကိုလည်း မမေ့နဲ့နော်”

“ဒါပေါ့” နောက်ဆုံးတွင် ခုန်ဖ သဘောတူလိုက်လေသည် “ရောင်းရင်းရှု၊ မင်းဘက်က ဒီလောက်တောင် လုပ်ပေးနေတာ ဆိုတော့ ငါဘယ်ငြင်းလို့ ဖြစ်ပါတော့မလဲ။ ကောင်းပြီလေ။ လုပ်ကြတာပေါ့။ ငါအောင်မြင်သွားရင် အင်မော်တယ်သစ်ပင်ကို တစ်ယောက်တစ်ဝက် အညီအမျှ ခွဲယူကြမယ်”

“အင်း” ရှုဝေ ပျော်သွားခဲ့လေသည်။

သဘောတူညီချက် ရပြီးနောက်တွင် တုန့်ဆိုင်းမနေတော့ဘဲ သူတော်စင်ချီကို လှည့်ပတ်၍ ရန်ကိုင်အား လှမ်းကြည့်လိုက်ကြ၏။

“ဟဲဟဲဟဲ…” ကွေ့ဇူက ထူးဆန်းစွာပြုံးလျက် “မင်းတို့ ဆက်မစောင့်နိုင်ကြတော့ဘူးပေါ့။ လာစမ်းပါ… ငါလည်း ရပ်နေရတာ ပျင်းနေတာနဲ့အတော်ပဲ”

ပြောပြီးသည်နှင့် ကွေ့ဇူခေါင်းပေါ်ရှိ တစ္ဆေခေါင်းသည် ရုတ်တရက် အော်မြည်လျက် ပါးစပ်ကြီးကိုဟကာ ခုန်ဖနှင့် ရှုဝေအား ကိုက်ချလိုက်လေသည်။

ရှုဝေနှင့်ခုန်ဖသည် သူတို့၏ မှော်ရတနာအသီးသီးကို ထုတ်၍ တစ္ဆေခေါင်းကို တန်ပြန်တိုက်ခိုက်ရင်း ရှောင်တိမ်းလိုက်ကြ၏။

ကွေ့ဇူသည် အလျင်မလိုဘဲ သူ့လက်ကို အသာအယာ ဝှေ့ရမ်းလိုက်၏။ တစ္ဆေခေါင်းသည် ရုတ်တရက် ခေါင်းနှစ်ခြမ်းအဖြစ် ကွဲထွက်သွားလေသည်။ ကွဲထွက်သွားသည့် ခေါင်းနှစ်ခြမ်းသည် တွန့်လိမ်လာပြီး အနည်းငယ် ပိုသေးသည့် တစ္ဆေခေါင်းနှစ်ခေါင်း အဖြစ်သို့ ပြောင်းလဲကာ သူတို့၏ ပစ်မှတ် အသီးသီးနောက်သို့ လိုက်လေ၏။

ရှုဝေနှင့် ခုန်ဖတို့ နှစ်ဦးစလုံး မျက်နှာပျက်သွားခဲ့ကြ၏။ ယခုမှပဲ ကွေ့ဇူကို သူတို့ အထင်သေးမိနေသေးမှန်း နားလည်လိုက်ကြသည်။ ဤနည်းဖြင့်သာဆိုလျှင် ရန်ကိုင်နားသို့ ကပ်ရန် မဆိုထားနှင့် ထိုတစ္ဆေခေါင်းလက်မှ လွတ်အောင်ပင် မနည်း ထွက်ပြေးရပေလိမ့်မည်။

ချက်ချင်းဆိုသလို နတ်ငှက်၏ အသိုက်သည် ကောင်းကင်ထက်ရော၊ မြေပြင်ထက်တွင်ပါ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စည်ကားသိုက်မြိုက်လာခဲ့လေသည်။

ရန်ကိုင်ကမူ ရွှယ့်ယွယ်နှင့် ကွေ့ဇူတို့၏ ကာကွယ်ပေးမှုအောက်၌ ရွှေရောင်ကျောက်တုံးကို ထိန်းချုပ်ရင်း ခုနှစ်ရောင်ခြယ်အလင်းထဲသို့ ရှေ့ဆက်သွားနေခဲ့သည်။

မကြာမီ အင်မော်တယ်သစ်ပင်ရှေ့သို့ ရောက်လာခဲ့လေသည်။

ရွှေရောင်ကျောက်တုံးမှတစ်ဆင့် အင်မော်တယ်သစ်ပင်ကို ရန်ကိုင် အနီးကပ် မြင်တွေ့ခွင့် ရလိုက်လေပြီ။ အနီး ရောက်မှပဲ အင်မော်တယ်သစ်ပင်ထဲရှိ အသက်စွမ်းအင် မည်မျှ ကြွယ်ဝကြောင်း သေသေချာချာ သိရတော့သည်။

အင်မော်တယ်သစ်ပင်နှင့် ပက်သက်သည့် ကောလဟာလများ အကြောင်း သူကြားဖူးပေသည်။ အင်မော်တယ်သစ်ပင်သည် အချိန်မြစ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်သော ရှေးဟောင်းရတနာတစ်ပါး ဖြစ်သည်။ ယခု ထိုရတနာကို အနီးကပ် မြင်ခဲ့ရလေပြီ။

ဤရတနာသည် လူတစ်ဦးအား ဖျက်စီးမရနိုင်သော မသေမျိုး ခန္ဓာကိုယ်ကို ပေးစွမ်းနိုင်ပေသည်။ သူ၏ ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းထက်ပင် ပိုအသုံးဝင်သော ရတနာသည် ယခု သူ့ရှေ့သို့ ရောက်နေခဲ့လေပြီ။

ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့သည်။ နောက်ဆုံး မငြိမ်မသက်ဖြစ်လာသည့် သူ့စိတ်ကို အတင်းအကြပ် ဖိနှိပ်၍ ရွှေရောင်ကျောက်တုံးကို ထိန်းချုပ်ကာ အင်မော်တယ်သစ်ပင်ကို ဖြည်းဖြည်းချင်း ဆွဲနှုတ်လေသည်။

ကျောက်တုံးရုပ်သေးရုပ်၏ လက်နှစ်ဖက်သည် အင်မော်တယ်သစ်ပင်၏ အမြစ်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ အနည်းငယ် အားထည့်ကာ အပေါ်သို့ ဖြည်းဖြည်းချင်း စဆွဲတင်လေသည်။

ရန်ကိုင် အံ့အားသင့်သွားရသည်မှာ အင်မော်တယ်သစ်ပင်သည် နည်းနည်းလေးမှ လှုပ်မသွားသည့် အချက်ပင်။ ဤအပင်ပေါက်လေးသည် မြေကြီးပေါ်တွင် နှုတ်မရအောင် အမြစ်တွယ်နေခဲ့သည်။

ထို့ကြောင့် အားပိုစိုက်ကာ နှုတ်ကြည့်လိုက်သည်။

သို့သော် ဘာမှမထူး။

ဤအပင်ပေါက်လေးကို မနှုတ်နိုင်ဟု မယုံကြည်သည့် အတွက် ရန်ကိုင်သည် အားထပ်တိုး၍ နှုတ်ကြည့်ပြန်သည်။

ထိုအတိုင်း အကြိမ်အနည်းငယ်လောက် လုပ်ကြည့်သော်ငြား ရန်ကိုင်သည်သာ ပို၍ အံ့အားသင့်ထိတ်လန့်လာခဲ့ရသည်။

ရွှေရောင်ကျောက်တုံးသည် သတ္တုရိုင်းများစွာကို မဝါးမြိုခဲ့ရသည့် အတွက် သူ့ခွန်အားမှာ အရမ်းကြီး တိုးတက်လာခဲ့ခြင်း မရှိသော်ငြား ကျောက်တုံးရုပ်သေးရုပ်တစ်ရုပ် ဖြစ်သည်နှင့်အညီ မွေးရာပါစွမ်းအားနှင့်အတူ မွေးဖွားလာခဲ့သည်။ သို့ရာတွင် ရန်ကိုင်သည် ရွှေရောင်ကျောက်တုံးကို ထိန်းချုပ်၍ အားကုန်သုံးကာ ဆွဲနှုတ်သည့်တိုင် အင်မော်တယ်သစ်ပင်မှာမူ လှုပ်ပင်လှုပ်မသွားခဲ့ပေ။

ရန်ကိုင် ပို၍ ထိတ်လန့်သွားရသည်မှာ သူမည်မျှပင် အားသုံး၍ ဆွဲနှုတ်နေပါစေ အင်မော်တယ်သစ်ပင်မှာ စိုးစဉ်းမျှပင် ထိခိုက်သွားမှု မရှိခြင်းပင်။ အခြား သစ်ပင်တစ်ပင်သာဆိုလျှင် ဆုပ်ကိုင်ထားသည့်အားကြောင့် တစ်စစီ ဖြစ်နေလောက်ပေပြီ။

နီကွမ်းနှင့် ကျိလုန်တို့၏ ရုပ်သေးရုပ် မအောင်မြင်ရခြင်းမှာ သူတို့ အချင်းချင်း အပြန်အလှန် နှောင့်ယှတ်နေသည့် အတွက်ကြောင့် မဟုတ်ဘဲ အင်မော်တယ်သစ်ပင်ကို ဆွဲနှုတ်ရန် ခွန်အား အလုံအလောက် မရှိခြင်းကြောင့်သာ ဖြစ်သည်။

ထိုအချိန်က သူတို့ အတူတူ ပေါင်းပြီး အင်မော်တယ်သစ်ပင်ကို ဆွဲနှုတ်ခဲ့မည် ဆိုလျှင်ပင် နှုတ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဒါတောင် မရသေးတာလား” ရန်ကိုင်သည် သူ့ဘာသာ ရေရွတ်လိုက်၏။ ခဏအကြာတွင် သူ့လက်ကို ဝှေ့ရမ်း၍ ရှောင်ရှောင်ကို ဆင့်ခေါ်လိုက်လေသည်။

ကျောက်တုံးရုပ်သေးရုပ် တစ်ရုပ်နှင့်မရလျှင် နှစ်ရုပ်နှင့် စမ်းပေမည်။ စွန့်စားရမည်မှာ မှန်သော်လည်း ရမည့် အကျိုးအမြတ်သည် စွန့်စားရလောက်အောင်ကို သရေကျစရာ ကောင်းလွန်းနေသည်။

ထို့အပြင် ရှောင်ရှောင်သည် မရေမတွက်နိုင်သော သတ္တုများစွာကို ဝါးမြိုထားသဖြင့် ရွှေရောင်ကျောက်တုံးထက် အများကြီး ပိုသန်မာပေသည်။

ရှောင်ရှောင်ပေါ်လာသည်နှင့် ရန်ကိုင်ဆီမှ ညွှန်ကြားချက်များ ရလိုက်သည်။ ထို့နောက် ချက်ချင်းပဲ အင်မော်တယ်သစ်ပင်ဆီသို့ ပြေးသွားလေသည်။

မကြာမီ ခုနှစ်ရောင်ခြယ်အလင်းထဲသို့ ရောက်လာခဲ့သည်။

ခုနှစ်ရောင်ခြယ်အလင်းသည် ရှောင်ရှောင်အား အဘက်ဘက်မှ ဖိနှိပ်လာခဲ့သည်။ သို့သော်လည်း ရှောင်ရှောင်သည် တစ်ချက်တောင် ဖြုံမသွားဘဲ ထူးဆန်းသည့် စွမ်းအင်တစ်မျိုးကို ပြန်ထုတ်လွှတ်၍ ခုနှစ်ရောင်ခြယ်အလင်း၏ ဖိအားကို လုံးဝ ချေဖျက်ပစ်လိုက်လေသည်။

တစ်ချက်လောက်သာ ရပ်သွားပြီးနောက် ခုနှစ်ရောင်ခြယ် အလင်းအား လုံးဝ မမှုသည့်နှယ် ရှေ့ဆက်ပြေးသွားလေသည်။

“ဒါ… ဒါက နိယာမစွမ်းအားလား” ရန်ကိုင် အံ့အားသင့်သွား၏။ သူ့ဝိဥာဉ်ကိုယ်ပွားသည် ရွှေရောင်ကျောက်တုံးကို ထိန်းချုပ်ထားသော်လည်း သူ့ကိုယ်ပိုင် အာရုံခံနိုင်စွမ်းအပေါ် သက်ရောက်မှုမရှိချေ။ ထို့ကြောင့် ရှောင်ရှောင်တစ်ဝိုက် ဖြစ်ပျက်သွားသည့် ပြောင်းလဲမှုများကို သေချာ အာရုံခံမိလိုက်ပေသည်။

ယခု ရှောင်ရှောင်ဆီမှ ထွက်ပေါ်လာသော ထူးဆန်းသည့် စွမ်းအားမှာ လောကနိယာမစွမ်းအားနှင့် တူပေသည်။

လောကနိယာမစွမ်းအားကို ရန်ကိုင် ကောင်းစွာ သိနေရခြင်းမှာ သူကိုယ်တိုင်သည် ကြယ်သခင်တစ်ဦး ဖြစ်ပြီး ထိုလောကနိယာမစွမ်းအားနှင့် အကြိမ်ပေါင်းများစွာ ထိတွေ့ဖူးသည့်အတွက်ကြောင့် ဖြစ်ပေသည်။ ရှောင်ရှောင်၏ ခန္ဓာကိုယ်ဆီမှ လာသည့် နိယာမစွမ်းအားသည် အလွန်ကို အားနည်းသော်လည်း လောကနိယာမ စွမ်းအား ဖြစ်သည်မှာတော့ လုံးဝကို သေချာပေသည်။

ရှောင်ရှောင် ဘယ်ကတည်းက ဒီစွမ်းအားကို သုံးတတ်သွားတာလဲ ရန်ကိုင် မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်၏။ ကျောက်တုံးရုပ်သေးရုပ်မှာ ဥာဏ်ရည် မြင့်မားခြင်း မရှိသည့်အတွက် ရှောင်ရှောင် အနေဖြင့် နိယာမစွမ်းအားကို သူ့ဘာသာ နားလည်သွားစရာအကြောင်း မရှိချေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ပြင်ပရင်းမြစ် တစ်ခုခုဆီမှ ရလိုက်ခြင်းကြောင့်သာ ဖြစ်ရပေမည်။

ထိုသို့ဆိုလျှင် ဘယ်အချိန်က ထိုကဲ့သို့ ဖြစ်သွားရသနည်း။

ပြန်စဉ်းစားကြည့်လိုက်သည့်နောက် အဖြစ်အပျက်တစ်ခုကို ရန်ကိုင် ပြန်သတိရသွားခဲ့သည်။

သတ္တုကြယ်ပေါ်တွင် ရှိစဉ်က ရှောင်ရှောင်သည် ထိုကြယ်၏ လက်ကျန် အမြူတေများကို စုပ်ယူပြီး အိပ်မောကျသွားခဲ့သည်။ ထိုစဉ်က ရန်ကိုင် တွေးခဲ့သည်မှာ ရှောင်ရှောင်သာ ပြန်နိုးလာခဲ့လျှင် ပိုသန်မာလိမ့်မည်ပေါ့။

သို့သော် ရှောင်ရှောင် ပြန်နိုးလာသည့်အခါတွင် ဘာမှ ပြောင်းလဲသွားခြင်း မရှိသဖြင့် ရန်ကိုင်ပင် အနည်းငယ် စိတ်ပျက်သွားခဲ့ရသေးသည်။

ယခုမှပဲ ရှောင်ရှောင်နှင့် ပက်သက်၍ ဘာပြောင်းလဲသွားမှန်း ရန်ကိုင် နားလည်သွားတော့သည်။

သတ္တုကြယ်၏ လက်ကျန် ကြယ်အမြူတေအချို့ကို ဝါးမြိုပြီးနောက်တွင် ရှောင်ရှောင်သည် နိယာမစွမ်းအား အနည်းအကျဉ်းကို အသုံးပြုတတ်လာခဲ့သည်။ သူသုံးနိုင်သည့် စွမ်းအားမှာ အတော်လေးကို အားနည်းနေသော်လည်း ခုနှစ်ရောင်ခြယ်အလင်းကို ချေဖျက်အတွက်တော့ လုံလောက်ပေသည်။

နိယာမစွမ်းအားသည် အလွန်ကိုမှ နက်နဲဆန်းကြယ်သည့် စွမ်းအားတစ်ရပ် ဖြစ်သည်။

ရန်ကိုင် အတွေးများနေစဉ် ရှောင်ရှောင်သည် ရွှေရောင်ကျောက်တုံးဘေးသို့ ရောက်လာပြီး အင်မော်တယ်သစ်ပင်ကို အမြစ်မှကိုင်ကာ ဆွဲနှုတ်လေသည်။

ထို့နောက်တွင် မာန်သွင်းအော်ဟစ်သံနှင့်အတူ ရှောင်ရှောင်၏ မျက်လုံးလေးနှစ်လုံး မှေးစဉ်းသွားခဲ့သည်။ သူအတော်လေး အားစိုက်နေရသည့်ပုံပင်။

ဂျွတ်….

မြေအောက်ထဲမှ တစ်ခုခုကျိုးသွားသည့်အသံ ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်မတိုင်ခင်အထိ မလှုပ်မယှတ် ရှိနေသော အင်မော်တယ်သစ်ပင်သည် နောက်ဆုံးတွင် မြေပြင်ထက်မှ စတင် ကြွတက်လာလေတော့သည်။ ထို့အတွက်ကြောင့် အင်မော်တယ်သစ်ပင် တစ်ဝိုက်တွင် ရှိနေသော မြေပြင်ဟာလည်း စတင် အက်ကွဲလာရတော့၏။

အင်မော်တယ်သစ်ပင် ဆွဲနှုတ်ခံရသည့်အခါ ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်ကုန်ကြလေသည်။

“ဒါက…” ကွေ့ဇူသည် ခုန်ဖနှင့် ရှုဝေအား ဆက်မတိုက်တော့ဘဲ သူ့ပတ်လည်တစ်ဝိုက် ဖြစ်ပျက်နေသော ပြောင်းလဲမှုများကို အာရုံစိုက်လိုက်သည်။ သူ့ကောင်းကင်စိတ်အာရုံ လွှမ်းခြုံနိုင်သော အကွာအဝေး အတွင်းရှိ မိုးမြေစွမ်းအင်အားလုံး အင်မော်တယ်သစ်ပင်ဆီသို့ စီးဝင်နေကြောင်း သတိပြုမိလိုက်သည့်အခိုက်တွက် ကွေ့ဇူ၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့လေသည်။ တစ်ခဏအတွင်း ဆေးတောင်ကြားထဲရှိ မိုးမြေစွမ်းအင်သည် အကြီးအကျယ် လျော့ကျသွားခဲ့လေသည်။

ဤအတိုင်းသာ ဆက်သွားနေလျှင် နောင်အနာဂတ်တွင် ဤနေရာ၌ မည်သည့်ဆေးပင်မှ ပေါက်နိုင်တော့လိမ့်မည် မဟုတ်ပေ။

“အင်မော်တယ်သစ်ပင်က ဆေးတောင်ကြား တစ်ခုလုံးရဲ့ ရှင်သန်နိုင်စွမ်းနဲ့ တကယ်ကြီး ဆက်စပ်နေတာပဲ” ထိုအချက်ကို နားလည်သွားသည့်အခိုက် ကွေ့ဇူ မျက်လုံးပြူးသွားခဲ့သည်။

ထိုစဉ် မိုးကုတ်စက်ဝိုင်းဆီမှ ရုတ်တရက် ထွက်ပေါ်လာသည့် ဒေါသသံတို့ စွက်ဖက်နေသော စူးရှသည့် ငှက်အော်သံကြောင့် ကွေ့ဇူမျက်နှာ ဖြူလျော်သွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၉၅)

မိုးကုတ်စက်ဝိုင်းအောက်ဆီမှ အရောင်ခုနှစ်ရောင်ပါသော ဧရာမဝိုးတိုးဝါးတား ပုံရိပ်ကြီးတစ်ခုသည် ဆေးတောင်ကြားဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်။

“မကောင်းတော့ဘူး” ကွေ့ဇူက လှမ်းသတိပေးလိုက်သည်။ ရှုဝေနှင့် ခုန်ဖအား စနောက်မနေတော့ဘဲ အားကုန်သုံး၍ တန်ခိုးရှင်ဘုရင်ပထမအဆင့် နှစ်ဦးအား တွန်းထုတ်ကာ ရန်ကိုင်ကို လှမ်းအော်ပြောလိုက်လေသည် “ရန်ကိုင်၊ နတ်ငှက် ပြန်လာနေပြီ။ မြန်မြန် လုပ်တော့”

ကွေ့ဇူပင် သတိပေးနေစရာမလိုချေ။ မိုးချိန်းသံတမျှ ကျယ်လောင်သော ငှက်အော်သံကို ကြားလိုက်ကတည်းက နတ်ငှက် ပြန်လာနေပြီမှန်း ရန်ကိုင် သဘောပေါက်လိုက်သည်။

ရန်ကိုင်မျက်နှာသည်လည်း အလွန်တရာကိုမှ လေးနက်တည်ကြည်နေခဲ့လေသည်။

နတ်ငှက်တွင် မည်သို့သော စွမ်းရည်များ ရှိသလဲ ဆိုသည်ကို သူမသိသော်လည်း နတ်ငှက်သည် အင်မော်တယ်သစ်ပင်တစ်ဝိုက် ဖြစ်ပျက်နေသော ပြောင်းလဲမှုများကို ကျိန်းသေ အာရုံခံနိုင်သည်။ အင်မော်တယ်သစ်ပင်ကို တစ်ယောက်ယောက်မှ တစ်ခုခု လုပ်နေပြီမှန်း သဘောပေါက်လိုက်သည်နှင့် ချက်ချင်းပဲ ပြန်လာတော့သည်။ နတ်ငှက် ပြန်မရောက်ခင် အကုန်လုံး ဤနေရာမှ လွတ်အောင် ထွက်ပြေးကြရပေမည်။

တင်ပလင်ခွေထိုင်လျက်သား အနေအထားဖြင့် ရွှေရောင်ကျောက်တုံးကို အားကုန်သုံးထိန်းချုပ်ရင်း ရန်ကိုင်သည် ရှောင်ရှောင်ကို ညွှန်ကြားလိုက်လေသည်။

ရန်ကိုင် စိတ်ပူနေသည်ကို ရှောင်ရှောင် သတိပြုမိသည်။ ထို့ကြောင့် မာန်သွင်းအော်ဟစ်၍ ဧရာမကျောက်ဘီလူးကြီး အသွင်သို့ ပြောင်းလဲပစ်လိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ရှောင်ရှောင်၏ ခန္ဓာကိုယ်သည် ယခင်ထက် လေးဆ ကြီးလာခဲ့သည်။

ဤသည်မှာ ရှောင်ရှောင်၏ အကန့်အသတ် မဟုတ်သော်ငြား သူထုတ်သုံးနိုင်သည့်စွမ်းအားမှာတော့ သိသိသာသာကို တိုးတက်လာခဲ့၏။ ယခု အင်မော်တယ်သစ်ပင်သည် ယခင်ထက် ပိုမြန်သည့် နှုန်းဖြင့် ဆွဲနှုတ်ခံနေရလေပြီ။

ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ နတ်ငှက် လာနေသည့် ဘက်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်၏။ သို့ရာတွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့မျက်နှာ ဖြူလျော်သွားခဲ့ရလေသည်။

ခုနှစ်ရောင်ခြယ်အလင်းသည် သူတို့နှင့် မိုင်တစ်ရာလောက်သာ ကွာတော့၏။ ထိုအကွာအဝေးသည် နတ်ငှက်အဖို့ တောင်ပံ နှစ်ချက်ခတ်ရုံဖြင့် ရောက်လာနိုင်သည့် အကွာအဝေး ဖြစ်၏။

လက်ရှိတွင် ရန်ကိုင်သည်သာ မဟုတ်ဘဲ အကုန်လုံး ထိတ်လန့်တုန်လှုပ်နေကြလေပြီ။

နီကွမ်းနှင့် ကျိလုန်သည်လည်း ဆက်မတိုက်တော့ဘဲ ချက်ချင်း တိုက်ပွဲ ရပ်လိုက်ကြသည်။ နီကွမ်းသည် ရွှယ့်ယွယ်ကို သူတော်စင်ချီဖြင့် ရစ်ပတ်၍ နတ်ငှက်လာနေသည့် ဘက်နှင့် ဆန့်ကျက်ဘက်သို့ ထွက်ပြေးလေသည်။ ရွှယ့်ယွယ်သည် ဆွဲခေါ်သွားမခံရခင် ရန်ကိုင်အာ အသံအကျယ်ကြီး လှမ်းအော်ဟစ် သတိပေးလိုက်လေသည်။

ကျိလုန်သည်လည်း ဆက်မနေရဲတော့ဘဲ သူ့သားကိုခေါ်ကာ လျင်မြန်စွာ ထွက်ပြေးလေသည်။

“ရောင်းရင်းခုန်ရေ၊ ပြေးပေတော့” ရှုဝေသည်လည်း ရင်တထိတ်ထိတ် ဖြစ်နေခဲ့သည်။ လက်ကွက်များစွာ ဖန်တီး၍ လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက်သည့်နောက် ရှုဝေ၏ ခန္ဓာကိုယ် တလက်လက် တောက်ပလာပြီး မည်သူ့ထက်မဆို မြန်ဆန်သည့် အမြန်နှုန်းဖြင့် ပြေးထွက်သွားလေသည်။

ခုန်ဖသည်လည်း သူ့နောက်မှ အနီးကပ် လိုက်လာခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်အုပ်သည် ကြောက်လန့်နေသော ခွေးပေါက်လေးများနှယ် အမြီးကုတ်ကာ ထွက်ပြေးနေခဲ့ကြသည်။

ချက်ချင်းဆိုသလို အင်မော်တယ်သစ်ပင် အနီးတစ်ဝိုက်တွင် မည်သူမှ မကျန်ရစ်တော့ဘဲ ကွေ့ဇူနှင့် ရန်ကိုင်သာ ကျန်ရစ်တော့၏။

ကွေ့ဇူပင်လျှင် ပျံသန်းလာနေသည့် နတ်ငှက်ကိုကြည့်ရင်း ကျောပြင်တစ်ခုလုံး ချွေးစိုရွဲလာခဲ့သည်။ ခြေထောက်များဟာလည်း တုန်တုန်ရီရီ ဖြစ်လာခဲ့၏။

“မဟာအကြီးအကဲ၊ ခင်ဗျား အရင် ပြေးနှင့်” ရန်ကိုင်က စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။

“မင်းရှိနေသေးတာ ငါထွက်သွားလို့ ဖြစ်မလားဟ” ကွေ့ဇူ အနေဖြင့် ကိုယ်လွတ်ရုန်း ထွက်မပြေးနိုင်ပေ။ ကွေ့ဇူ၏ စကားကို ကြားသည့်အခါ သူ့အား အထက်စကြာဝဠာဂိုဏ်းထဲသို့ ဖိတ်ခေါ်လိုက်ခြင်းမှာ မှန်ကန်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ရန်ကိုင် တွေးမိသွားခဲ့လေသည်။

သိထားဖို့လိုသည်မှာ ယခုလို အချိန်မျိုးတွင် ထွက်မသွားသေးသည်မှာ ကွေ့ဇူအတွက် အလွန်ကိုမှ အန္တရာယ် များသည်ကိုပင်။

ဤကဲ့သို့သော အချိန်မျိုးတွင်မှပဲ လူတစ်ဦး၏ အတွင်းစိတ်ကို မြင်နိုင်သည်ဆိုသည်မှာ တကယ် အမှန်ပေသည်။

“ကျုပ်ဘာသာ ထွက်ပြေးလို့လွတ်တယ်။ မဟာအကြီးအကဲ ကျုပ်ကို စိတ်ပူနေစရာ မလိုဘူး” ရန်ကိုင်က အလျင်အမြန် ပြန်ပြောလိုက်သည်။

ရန်ကိုင် စကားကြောင့် ကွေ့ဇူ ကြောင်သွားခဲ့လေသည်။ ပြီးမှသာ ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို ပြောနေကြောင်း ကွေ့ဇူ နားလည်သွားခဲ့သည်။ ထို့အခါ ခေါင်းမာမနေတော့ဘဲ အလေးအနက် လေသံဖြင့် “အဲ့ဒါဆို မင်းသတိထားဦးနော်။ ငါအရင်သွားနှင့်တော့မယ်”

ပြောပြီးသည်နှင့် သူ့ကိုယ်သူ ဝိဥာဉ်တစ်သောင်းအလံဖြင့် ရစ်ပတ်၍ အနက်ရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ထွက်ပြေးတော့လေသည်။

ထိုအချိန်အတောအတွင်း နတ်ငှက်သည် ခရီးတစ်ဝက်လောက်ကို ရောက်နေခဲ့လေပြီဖြစ်ကာ ရန်ကိုင်ဆီသို့ ရောက်ရန် နောက်ထပ် အသက်တစ်ရှိုက်စာလောက်သာ လိုတော့သည်။ ထိုမျှ နီးကပ်လာသည့်နောက်တွင် နတ်ငှက်၏ပုံစံကို ရန်ကိုင် သေချာ မြင်တွေ့လိုက်ရတော့သည်။

နတ်ငှက်သည် ရောင်စံတောင်ပံများကို ပိုင်ဆိုင်ထားသည့် ဧရာမဒေါင်းကြီးတစ်ကောင် ဖြစ်သည်။ ဒဏ္ဏာရီလာဖီးနစ်များမှ လွဲ၍ ဤလောကကြီးထဲ ဤနတ်ငှက်ထက် ပိုလှသည့် ငှက်မျိုး မရှိတော့လောက်ဟုပင် ရန်ကိုင် တွေးမိသွားခဲ့သည်။

သို့သော်လည်း ထိုအလှတရားကို အားကောင်းလှသည့် ၎င်း၏ သတ်ဖြတ်လိုစိတ်မှ အပြည့်အဝ လွှမ်းမိုးထားခဲ့လေသည်။

နောက်တစ်ကြိမ် အော်မြည်ပြီးနောက်တွင် နတ်ငှက်သည် ခုနှစ်ရောင်အလင်းကို စုစည်းလျက် ရန်ကိုင်ဆီသို့ လှမ်းပစ်လိုက်၏။

ရန်ကိုင်သည် ထိုင်ရာမှထခုန်ကာ ရှေ့သို့ ပြေးထွက်သွား၏။

တစ်ချိန်တည်းတွင် ရှောင်ရှောင်နှင့် ရွှေရောင်ကျောက်တုံးသည်လည်း အင်မော်တယ်သစ်ပင်ကို နှုတ်လို့ ပြီးသွားခဲ့လေသည်။

အင်မော်တယ်သစ်ပင် နှုတ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ဆေးတောင်ကြားတစ်ခုလုံးထဲရှိ အရှိန်အဝါသည် စတင်၍ ပရမ်းပတာ ဖြစ်လာတော့လေသည်။ ရှောင်ရှောင်သည် ရွှေရောင်ကျောက်တုံးကို လက်တစ်ဖက်ဖြင့်ကိုင်၊ ကျန်လက်တစ်ဖက်ဖြင့် အင်မော်တယ်သစ်ပင်ကိုကိုင်၍ ရန်ကိုင်ဆီသို့ ပြေးလာလေသည်။

အနီသို့ ရောက်သည်နှင့် ရန်ကိုင်သည် ကျောက်တုံးရုပ်သေးရုပ် နှစ်ရုပ်စလုံးကို ကမ္ဘာငယ်လေးထဲသို့ ဆွဲထည့်လိုက်၏။ ထို့နောက် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်လေသည်။

ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ရန်ကိုင်လည်း ချက်ချင်းပဲ အထဲသို့ ခုန်ဝင်သွားလေသည်။

ခုနှစ်ရောင်ခြယ်အလင်းသည် ရန်ကိုင် ယခင်ရှိနေခဲ့သည် နေရာကို လွှမ်းခြုံသွားခဲ့လေသည်။ အသစ် ဖြစ်ပေါ်လာသည့် ဟင်းလင်းပြင်အက်ကြောင်းကိုပါ လွှမ်းခြုံသွားခဲ့သော်လည်း ရန်ကိုင်ကတော့ ထိုနေရာတွင် ရှိမနေတော့ပေ။

ထိုအချက်ကို သတိပြုမိလိုက်သော် နတ်ငှက်သည် ၎င်း၏ ခန္ဓာကိုယ်ကြီးဖြင့် ဟင်းလင်းပြင်အက်ကြောင်းဆီသို့ ထိုးဆင်းလာလေသည်။

ဟင်းလင်းပြင်ထဲသို့ ရောက်လာပြီးနောက်တွင် အကြောက် မပြေသေးသည့် အမူရာဖြင့် ရန်ကိုင် ဖြည်းဖြည်းချင်း အသက် ရှူထုတ်လိုက်သည်။

တစ်စက္ကန့်လောက်သာ နောက်ကျသွားခဲ့လျှင် နတ်ငှက်၏ တိုက်ခိုက်မှု သူ့အား လာမှန်လောက်ပေပြီ။ ကံကောင်းစွာဖြင့် ရှောင်ရှောင်သည် သူမျှော်လင့်ထားသည့်အတိုင်း အင်မော်တယ် သစ်ပင်ကို အောင်မြင်စွာ ဆွဲနှုတ်နိုင်ခဲ့သည်။

အင်မော်တယ်သစ်ပင်အကြောင်း တွေးလိုက်သည်နှင့် ရန်ကိုင်၏ သွေးများ ဆူပွက်လာရပြန်လေသည်။

အဲ့လို ရတနာကြီးက ဒီလိုနဲ့ ငါ့လက်ထဲ ရောက်လာတာလား

ကမ္ဘာပျက်သို့ လာသည့်ခရီးသည် သူ့အတွက် အလွန်ကိုမှ အကျိုးများလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ မူလ ရည်ရွယ်ချက်မှာ လေဟာနယ်သားရဲတစ်ကောင်ကို ရှာပြီး ထိုမွန်းစတားသားရဲ၏ မွန်းစတားအမြူတေကို ရယူရန် ဖြစ်သော်ငြား နောက်ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များကြောင့် မထင်မှတ်ထားလောက်အောင် အကျိုးများသွားရလိမ့်မည်ဟု သူမည်ကဲ့သို့ ထင်ထားခဲ့ပါမည်နည်း။

အဖိုးတန်ဆေးပင်များဖြစ်စေ၊ အင်မော်တယ်သစ်ပင်များ ဖြစ်စေ၊ ထိုအရာအားလုံးသည် သူရလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိသည့် အဖိုးတန်ရတနာများ ဖြစ်ပေသည်။

ရန်ကိုင် သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင် လုပ်နေရသည်။

ထိုစဉ် သူ့နောက်ဘက်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင် လိပ်ပြာလွင့်လုမတတ် ဖြစ်သွားခဲ့လေသည်။

သူယခုလေးတင် ထွက်ပြေးလာခဲ့သော ဟင်းလင်းပြင် အက်ကြောင်းဝတွင် ဧရာမလက်သည်းကြီးတစ်ချောင်း တစ်နေခဲ့၏။ ထိုလက်သည်းသည် ခုနှစ်ရောင်ခြယ်ဒေါင်း၏ လက်သည်း ဖြစ်သည်မှာ ယုံမှားသံသယရှိစရာ မလိုချေ။

ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ငါပုန်းနေတဲ့ နေရာကိုတောင် ရှာနိုင်တယ်ပေါ့ ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။

ပထမတစ်ချောင်း ပြီးသည်နှင့်၊ နောက်တစ်ချောင်း ထပ်လာပြန်သည်။

လက်သည်နှစ်ချောင်းမှ ဟင်းလင်းပြင်အက်ကြောင်းကို စတင်၍ ဖြည်းဖြည်းချင်း ဆွဲချဲ့တော့သည်။ မကြာမီ ရန်ကိုင် ဖန်တီးထားသည့် ဟင်းလင်းပြင်အက်ကြောင်းသည် ယခင်ထက် အများကြီး ပိုမို ကြီးမားလာခဲ့လေသည်။

ဟင်းလင်းပြင်အက်ကြောင်းမှတစ်ဆင့် တစ်ဖက် အပြင်ဘက်ကို ရန်ကိုင် လှမ်းမြင်နေရသည်။ သို့သော် ရှင်းရှင်းလင်းလင်းတော့ မမြင်ရချေ။

ရုတ်တရက် အက်ကြောင်းဝမှ နတ်ငှက်၏ ခေါင်းကြီး ပြူထွက်လာပြီး နီရဲတောက်နေသည့် မျက်လုံးများဖြင့် ရန်ကိုင်အား စိုက်ကြည့်လာလေသည်။ ထိုအကြည့်ထဲ ငြိမ်းသတ်မရအောင် ပြင်းထန်လှသော အမုန်းမီးတောက်တို့ လောင်မြိုက်နေခဲ့သည်။

ထို့နောက်တွင် နတ်ငှက်သည် ပါးစပ်ကိုဟ၍ စူးစူးရှရှ အော်မြည်လိုက်ပြီးနောက် ခုနှစ်ရောင်ခြယ်အလင်းတစ်ခု သိပ်သည်းကာ ပစ်လွှတ်လိုက်လေသည်။

“ငါ့လခွမ်း” ရန်ကိုင် သေမတတ် ကြောက်လန့်သွားခဲ့သည်။ သူမည်သို့များ ဆက်နေရဲတော့မည်နည်း။ နတ်ငှက်သည် နီကွမ်းနှင့် ကျိလုန်တို့ပင် သွားရန်စရဲသည့် သက်ရှိမဟုတ်။ ရန်ကိုင်သည် သူ့ကိုယ်သူ ပါရမီရှင်တစ်ဦးဟု မှတ်ယူထားသော်ငြား သူ့ခွန်အားသည် ထိုပညာရှင်နှစ်ဦးကို ယှဉ်နိုင်ရန် မလုံလောက်သေးမှန်း နားလည်ထားသည်။ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် သူ့အတွက် ထွက်ပြေးခြင်းသည်သာ အသက်ရှင်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။

သူလှုပ်ရှားလိုက်သည်နှင့် ခုနှစ်ရောင်ခြယ်အလင်းတန်းသည် နတ်ငှက်၏ ပါးစပ်ဆီမှ ကြောက်မခန်းလိလိ အမြန်နှုန်းဖြင့် ဟင်းလင်းပြင် အတွင်းပိုင်းထဲသို့ တိုးဝင်လာလေ၏။

အလင်းတန်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင် မတည်မငြိမ် ဖြစ်ကုန်လေသည်။

“ဟန်” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ခုနှစ်ရောင်ခြယ်အလင်းတန်းကို အချိန်မှီ ရှောင်ရှားလိုက်နိုင်ခဲ့သည့် အတွက် မည်သည့် ဒဏ်ရာမှ မရလိုက်သော်ငြား ခုနှစ်ရောင်ခြယ် အလင်းတန်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် မတည်မငြိမ် ဖြစ်လာပြီး ပြိုကျတော့မည့် အရိပ်အယောင်များပင် ပြလာသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။

ဤတွေ့ရှိမှုကြောင့် ရန်ကိုင် ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲသွားခဲ့လေသည်။

နတ်ငှက်တွင် ဤကဲ့သို့သော နည်းလမ်းတစ်ခု ရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။

မကြာမီ နောက်ထပ် ခုနှစ်ရောင်ခြယ်အလင်းတန်းတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။ ရန်ကိုင်သည် နတ်ငှက်၏လက်မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သော်လည်း နတ်ငှက်မှာမူ အလျှော့မပေးဘဲ ဟင်းလင်းပြင်ထဲထိပါလိုက်၍ ရန်ကိုင်အား အမဲလိုက်နေခဲ့သည်။ နောက်ထပ် အလင်းတန်းတစ်ခု ထပ်မံ ထွက်ပေါ်လာသည့်အခါ ပတ်ဝန်းကျင် ဟင်းလင်းပြင်သည် ပို၍ မတည်မငြိမ် ဖြစ်လာလေသည်။

“ဒီကောင်… ဟင်းလင်းပြင်တစ်ခုလုံးကို ဖျက်စီးပြီး ငါ့ကို အပြင်ထွက်လာအောင် လုပ်နေတာလား” ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သည့်နောက် ရန်ကိုင် အလွန်ကိုမှ စိတ်ညစ်သွား၏။

သူထင်သည့်အတိုင်းသာဆိုလျှင် သူ့အခြေအနေသည် အလွန်ကိုမှ ဆိုးရွားသွားလေပြီ.

အင်မော်တယ်သစ်ပင်ကို ရပြီးနောက် ဟင်းလင်းပြင်ထဲ ပုန်းနေလိုက်လျှင် နတ်ငှက်လက်မှ လွတ်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား လက်တွေ့သည် သူထင်ထားသလို ဖြစ်မနေခဲ့ချေ။

တတိယမြောက်အလင်းတန်းတစ်ခု ထပ်မံ တိုးဝင်လာပြန်၏။

လေးခုမြောက်…

နတ်ငှက်သည် နည်းနည်းလေးမှ ပင်ပန်းနွမ်းနယ်ခြင်း မရှိသည့်အလား ဟင်းလင်းပြင်ထဲသို့ အလင်းတန်းများကို တစ်ခုပြီး တစ်ခု ပစ်လွှတ်နေခဲ့သည်။

ကိုးခုမြောက်အလင်းတန်းကို ပစ်လွှတ်ပြီးနောက်တွင် နတ်ငှက် တစ်ကိုယ်စာ အကျယ်ရှိသော ဧရာမအက်ကွဲကြောင်းကြီး တစ်ခု ဖြစ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ပတ်ပတ်လည် ဟင်းလင်းပြင်တစ်ခုလုံးလည်း ပြိုကျပျက်စီးတော့လေ၏။ ဟင်းလင်းပြင်စွမ်းအားမှာလည်း အလွန်ကိုမှ ပရမ်းပတာ ဖြစ်လာခဲ့ပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းလေးများသည် အလယ်ဗဟိုနေရာဆီသို့ သွားစုဝေးကြကုန်လေ၏။

ထိုဟင်းလင်းပြင်အက်ကွဲကြောင်းလေးများသာ လုံးဝ သိပ်သည်းသွားခဲ့မည်ဆိုပါက ဤဟင်းလင်းပြင်ကြီးသည် အပြီးတိုင် ပျောက်ကွယ်သွားပေလိမ့်မည်။ ရန်ကိုင်သည်လည်း ဟင်းလင်းပြင်ထဲ ကြားညပ်ကာ အသက်ပျောက်ရပေလိမ့်မည်။

ရန်ကိုင်စိတ်ထဲ ကြိတ်၍ ကျိန်ဆဲမိလိုက်သည်။ ဘာမှ စဉ်းစားမနေတော့ဘဲ နတ်ငှက် ဖွင့်ထားသည့် အပေါက်မှ ထွက်ပြေးတော့လေ၏။ ယခု ဤနေရာမှ ထွက်ပြေးလိုပါက ရွေးချယ်စရာ အချို့သာ ရှိတော့သည်။

သူလာခဲ့သည့် နေရာ သို့မဟုတ် အခြား တစ်နေရာမှ ကမ္ဘာပျက်ထဲသို့ ပြန်သွားနိုင်သည်။ သို့သော်လည်း ထိုနည်းလမ်းသည် မလုံခြုံချေ။ နတ်ငှက်သာ သူ့အား အာရုံခံမိသွားခဲ့လျှင် ရေကုန်ရေခမ်း လိုက်သတ်ပေလိမ့်မည်။

ထို့ကြောင့် နတ်ငှက် ဖန်တီးလိုက်သည့် ဟင်းလင်းပြင် အက်ကြောင်းသည် လုံခြုံသည့် နေရာတစ်ခုခုဆီသို့ ရောက်ပါစေဟုသာ ရန်ကိုင် ဆုတောင်းနေရတော့သည်။

လေဟာနယ်ထဲ လမ်းပျောက်မည်ကို သူစိတ်မပူ။ ထို့ကြောင့် ဤအက်ကွဲကြောင်းသည် မည်သည့်နေရာနှင့် ဆက်နေပါစေ၊ ကမ္ဘာပျက်နှင့် ဆက်မနေဖို့သာ အဓိက ဖြစ်သည်။

ခဏအကြာတွင် အက်ကြောင်းဆီသို့ ရောက်လာပြီး ထိုထဲသို့ ခုန်ဝင်သွားလေသည်။

သူ့ပုံရိပ် ပျောက်ကွယ်သွားပြီးနောက်တွင် နတ်ငှက်သည် ရန်ကိုင် ထွက်သွားသည့်ဘက်သို့ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး သူ့ခေါင်းနှင့် လက်သည်းများကို ဟင်းလင်းပြင်ထဲမှ ပြန်ထုတ်လိုက်သည်။

All Chapters