အခန်း (၁၇၉၆-၁၈၀၀)
Vol. 72 Ch. 1796-1800
အပိုင်း (၁၇၉၆)
နတ်ငှက်ရှေ့ရှိ ဟင်းလင်းပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ရုတ်တရက် အတွင်းပိုင်းသို့ စုပြုံပြိုကျလေ၏။ ထို့နောက်တွင် အတွင်းပိုင်းထဲသို့ စုဝင်ပျက်စီးသွားသော ဟင်းလင်းပြင်သည် ပျက်စီးပေါက်ကွဲထွက်လာခဲ့လေရာ ကမ္ဘာပျက်ထဲရှိ ဟင်းလင်းပြင်တစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်တော့လေသည်။
သို့သော်လည်း ပေါက်ကွဲထွက်ပြီးနောက်တွင် ဟင်းလင်းပြင် အက်ကြောင်းသည် ပျောက်ကွယ်သွားခြင်းမရှိဘဲ ထွင်းဖောက်မြင်ရသော ဖန်သားထုကြီးနှင့်တူသည့် ဧရာမ ဝဲကတော့ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ဤဝဲကတော့ရှေ့ ရပ်ကြည့်နေမည်ဆိုလျှင် ဝဲကတော့၏ တစ်ဖက်ခြမ်းကို လှမ်းမြင်နိုင်ပေလိမ့်မည်။
ရန်ကိုင်သည် အနည်းငယ် ရီဝေဝေနှင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စူးစမ်းကြည့်နေခဲ့သည်။
ရန်ကိုင်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် နတ်ငှက်သည် စူးရှစွာ အော်မြည်လျက် ဝဲကတော့ထဲသို့ ချက်ချင်း ခုန်ဝင်လာခဲ့လေသည်။ ခဏအကြာတွင် နတ်ငှက်သည် ဝဲကတော့၏ တစ်ဖက်ခြမ်း၌ ပြန်ပေါ်လာခဲ့၏။
ကမ္ဘာပျက်ထဲမှ ထွက်လာချိန် နတ်ငှက်ဆီမှ ဖြာထွက်နေသည့် မွန်းစတားဆန်သည့် အရှိန်အဝါသည်လည်း ပျောက်ကွယ်သွားခဲ့၏။
အစောပိုင်းက ထွက်ပြေးသွားသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများလည်း တစ်ဦးပြီးတစ်ဦး ပြန်ပေါ်လာကုန်ကြလေ၏။ အကုန်လုံးသည် ဝဲကတော့ရှေ့တွင်ရပ်ကာ ဝဲကတော့၏ တစ်ဖက်ခြမ်းကို ထူးဆန်းသော အမူအရာများဖြင့် စိုက်ကြည့်နေကြလေသည်။
ဝဲကတော့၏ တစ်ဖက်ခြမ်းတွင်… ရန်ကိုင်သည် နတ်ငှက် လိုက်သဖြင့် အစွမ်းကုန်သုံးကာ နောက်လှည့်မကြည့်စမ်း အသည်းအသန် ထွက်ပြေးနေခဲ့လေသည်။ ရန်ကိုင်နှင့် နတ်ငှက် လက်ရှိ ရောက်ရှိနေသော နေရာသည် သူအတော်လေး ရင်းနှီးကျွမ်းဝင်နေသည့် နေရာတစ်ခု ဖြစ်ပေသည်။
“ကြယ်စီရင်စုကြီးလား” နီကွမ်းသည် သူနှင့် အခြား ပညာရှင်များ ကမ္ဘာပျက်ထဲသို့ ဝင်လာခဲ့သည့် နေရာကို ကြည့်ရင်း မျက်ခုံးပင့်ကာ ရေရွတ်လိုက်၏။
“ဘယ်လိုလုပ်ပြီး ဒီပြန်ရောက်လာတာလဲ” ကွေ့ဇူသည်လည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။
ကျိလုန်ကမူ တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် အတွေးနက်နေ၏။ သို့သော်လည်း ခပ်မြန်မြန်ပဲ ဆုံးဖြတ်ချက် ချလိုက်ပြီး ကျိတုန်အား သူတော်စင်ချီဖြင့် ရစ်ပတ်၍ ဝဲကတော့ထဲသို့ ခုန်ဝင်သွားလေသည်။
ရှုဝေသည်လည်း ကျိတုန်တို့နောက်မှ အလျင်အမြန် လိုက်သွားလေသည်။
ကြယ်စီရင်စုထဲသို့ ပြန်ရောက်သည်နှင့် ထိုသုံးယောက်သည် ရန်ကိုင်နောက်သို့ တိတ်တိတ်လေး လိုက်ကြလေသည်။ ကျိလုန်သည် အင်မော်တယ်သစ်ပင်ကို ယခုထိ လက်မလျှော့နိုင်သေးချေ။ သူတို့သာ ရန်ကိုင်ကို ဖမ်းနိုင်လျှင် အင်မော်တယ်သစ်ပင်ကို လုယူနိုင်လိမ့်မည်ဟု ယုံကြည်နေပုံ ရသည်။
“ဦးလေးနီ၊ သွားကြရအောင်” ရွှယ့်ယွယ်သည် နီကွမ်းကို အဆောတလျင် တိုက်တွန်းလိုက်လေသည်။
နီကွမ်းက ခေါင်းညိတ်၍ “ကြည့်ရသလောက် ဒီဝဲကတော့ရဲ့ အခြားတစ်ဖက်က ကြယ်စီရင်စုကြီးပဲ။ ဒီမှာလည်း ဘာအဖိုးတန်တာမှ သိပ်မကျန်တော့ဘူးဆိုတော့ သွားကြတာပေါ့”
ပြောပြီးသည့်နောက် ကွေ့ဇူဘက်သို့ လှည့်၍ “ရောင်းရင်း၊ ခင်းဗျားကော ဘယ်လို…”
ကွေ့ဇူက နှာခေါင်းရှုံ့လျက် “ကျုပ်ဂိုဏ်းချုပ် အလိုက်ခံနေရတာကို ကျုပ်က ရပ်ကြည့်နေလို့ ဖြစ်မလား။ လိုက်သွားရမှာပေါ့”
“အင်း။ ဒါဆို ဒီနီလည်း ခင်ဗျားနဲ့ လိုက်ခဲ့ပေးမယ်”
ပြောပြီးသည်နှင့် သုံးဦးစလုံး ဝဲကတော့ထဲသို့ ခုန်ဝင်သွားကြလေသည်။
နောက်ဆုံး ကျန်ရစ်ခဲ့သည့် ခုန်ဖသည်လည်း ခဏလောက် အတွေးနက်နေပြီးနောက် အလျင်စလို လိုက်သွားလေသည်။
နီကွမ်း ပြောသလိုပင် ဤနေရာ၌ အဖိုးတန်ရတနာ များများစားစား သိပ်မကျန်ရစ်တော့။ ထို့ကြောင့် ဆက်နေ၍လည်း ဘာမှ ထူးလာတော့မည် မဟုတ်။ သို့ရာတွင် ရန်ကိုင်နောက်သို့သာ လိုက်မည်ဆိုပါက အခပ်မသင့်ဘဲ ကံကောင်းလျှင် အကျိုးအမြတ်များ ရနိုင်ပေသည်။
ခဏအကြာတွင် အကုန်လုံး ပျောက်ကွယ်သွားကုန်ကြလေ၏။
မကြာမီ ပုံရိပ်တစ်ခုသည် ဝဲကတော့အနား၌ ခိုးကြောင်ခိုးဝှက် အမူအရာနှင့် ပေါ်လာ၏။ ထိုလူသည် မန်ထုန်မှလွဲ၍ အခြား မဟုတ်ချေ။
သူမည်သည့်နေရာတွင် ပုန်းနေမှန်း မည်သူမှ မသိကြ။ ဤနေရာရှိ အခြေအနေ တည်ငြိမ်သွားသည့်အတွက်ကြောင့် လာပြန်စုံစမ်းကြည့်ခြင်း ဖြစ်သည်။
ရွှစ်…ရွှစ်…
လေတိုးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လေတိုးသံသည် တဖြည်းဖြည်း ပို၍ ကျယ်လောင်လာခဲ့လေသည်။ တစ်ယောက်ယောက် ချဉ်းကပ်လာနေသည့်ပုံပင်။
“ဒီမှာ အခြားတစ်ယောက် ရှိနေသေးတာလား” မန်ထုန် မျက်မှောင်ကြုတ်သွားပြီး အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်၏။ ခဏအကြာတွင် လှပသောပုံရိပ်တစ်ခု သူ့ရှေ့၌ ပေါ်လာခဲ့လေသည်။
ထိုလူကို မြင်ပြီးနောက်တွင် မန်ထုန်သည် ယဲ့ယဲ့လေး ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။
“ဟန်၊ ရောင်းရင်းမန်ပါလား” ရောက်လာသည့်လူကလည်း မန်ထုန်ကို သိပေသည်။
“ဟုတ်တယ်။ အကြီးအကဲလော့” မန်ထုန်က ပြန်နှုတ်ဆက်လိုက်၏။ ရောက်လာသည့်လူမှာ ဓါးအဖွဲ့အစည်းမှ လော့လန်မှလွဲ၍ အခြား မဟုတ်ချေ။ သူတို့ နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးသော်လည်း အနည်းဆုံး တစ်ကြိမ်နှစ်ကြိမ်လောက်တော့ တွေ့ဖူးပေသည်။ မန်ထုန်သည် မည်သည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှင့်မှ ရန်ငြိုးရန်စ မရှိသည့် လူတစ်ဦး ဖြစ်သည်။
“ဒီမှာ ဘာတွေဖြစ်သွားတာလဲ။ ခုဏတုန်းက နတ်ငှက်ကို ကျွန်မ တွေ့လိုက်သလားလို့” လော့လန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ နတ်ငှက် အသိုက်မှ ထွက်သွားသည်ကို သူမ မြင်လိုက်ပေသည်။ ကံမကောင်းစွာဖြင့် ထိုအချိန်တွင် သူမသည် အဝေးသို့ ရောက်နေခဲ့သည်။ အလျင်မှီအောင် ပြန်ပြေးလာခဲ့သော်ငြား သူမ ရောက်လာသည့် အချိန်တွင် တစ်ယောက်မှ မရှိတော့သဖြင့် ဘာတွေဖြစ်ပျက်သွားလို့ ဖြစ်ပျက်သွားမှန်းမသိ ဖြစ်သွားခဲ့ရလေသည်။
“ပြောရရင်တော့ အရှည်ကြီးပဲ” မန်ထုန်က မဲ့ပြုံးပြုံးလျက် “ဒါပေမယ့် အခု ဒီနေရာကနေ ထွက်သွားလို့ရနေပြီ။ အကြီးအကဲလော့ အရင် သွားချင်လား”
လော့လန် အံ့အားသင့်သွားပြီး မန်ထုန် နောက်ဘက်ရှိ ဝဲကတော့ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ခဏလောက် စည်းစားပြီးနောက် မေးကြည့်လိုက်လေ၏ “ဒီဝဲကတော့ကနေ သွားရမှာလား”
“ဟုတ်တယ်။ အကုန်လုံး ထွက်သွားကုန်ကြပြီ။ ခင်ဗျားနဲ့ ကျုပ်ပဲ ကျန်တော့တာ။ ကျုပ်လည်း အခုပဲ သွားတော့မလို့” မန်ထုန်က ခေါင်းညိတ်လိုက်သည်။
“အကုန်လုံး ထွက်သွားပြီလား” လော့လန် အံ့အားသင့်သွား၏။ သို့သော် ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်၍ “အဲ့လိုဆိုမှတော့ ကျွန်မလည်း သွားရတော့တာပေါ့”
“အင်း” မန်ထုန်က ပြုံးလျက် ဝဲကတော့ထဲသို့ အရင် ဝင်သွားလိုက်လေသည်။
ကမ္ဘာပျက်ကြီးထဲမှ ထွက်လာပြီး ကြယ်စီရင်စုထဲသို့ ပြန်ရောက်လာသည့် အခါမှသာ မန်ထုန်သည် အကြောင်းစုံကို လော့လန်အား ရှင်းပြလိုက်လေသည်။
အင်မော်တယ်သစ်ပင်သည် ရန်ကိုင်လက်ထဲသို့ ရောက်သွားကြောင်း ကြားလိုက်သည့်နောက်တွင် လော့လန် အလွန်ကိုမှ အံ့အားသင့်သွားခဲ့လေသည်။
ပညာရှင်များစွာ ရှိနေလျက်နှင့်၊ အထူးသဖြင့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ပညာရှင်များပင် ရှိနေသည့်တိုင်၊ အင်မော်တယ်သစ်ပင်သည် ရန်ကိုင်၏ လက်ထဲသို့ ရောက်သွားခဲ့သေးသည်။ ရန်ကိုင်သည် တကယ်ကို ကံကောင်းပါလားဟု လော့လန် တွေးမိသွားလေသည်။
သို့သော်လည်း နတ်ငှက်သည် အင်မော်တယ်သစ်ပင်ကို အလွယ်တကူ လက်မလျှော့ခဲ့ပေ။ ကြယ်စီရင်စုထဲသို့ပင် လိုက်ကာ ရန်ကိုင်အား လိုက်ဖမ်းနေခဲ့လေသည်။ လက်ရှိ ရန်ကိုင်၏ အခြေအနေသည် အတော့်ကိုမှ ဆိုးရွားနေခဲ့လေသည်။
“အဲ့လိုတွေ ဖြစ်သွားတာပဲ” ရှင်းပြပြီးနောက်တွင် မန်ထုန် တိတ်ဆိတ်သွားခဲ့လေသည်။
လော့လန်သည် အဝေးဆီသို့ စိုးရိမ်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ နတ်ငှက်လက်မှ ရန်ကိုင် အသက်ရှင်လျက် လွတ်နိုင်မလွတ်နိုင် သူမ မသေချာပေ။ ရန်ကိုင်သည် ကမ္ဘာပျက်ကြီးထဲတွင် သူမအား ကူညီပေးခဲ့သည်။ ထို့အပြင် ကုကျန်းရှင်သည်လည်း ရန်ကိုင်နှင့် မိတ်ဆွေ ဖွဲ့ချင်နေသည်။ ထို့ကြောင့် ရန်ကိုင် တစ်ခုခု ဖြစ်သွားမည်ကို သူမ မမြင်ချင်ပေ။
သို့သော်လည်း လက်ရှိ အဖြစ်အပျက်သည် သူမပင် ဘာမှ မတတ်နိုင်သည့် အခြေအနေသို့ ရောက်နေခဲ့သည်။ ရန်ကိုင် ဒုက္ခရောက်နေသည့်တိုင် ဘာမှ မကူညီနိုင်သည့်အပေါ် လော့လန် အလွန်ကိုမှ စွမ်းအားမဲ့သလို ခံစားလိုက်ရသည်။
“အကြီးအကဲလော့၊ ကျုပ်အရင်သွားတော့မယ်နော်။ ကံဆုံရင် ပြန်တွေ့ကြတာပေါ့” မန်ထုန်သည် အလွန်ကိုမှ သတိကြီး၏။ အင်မော်တယ်သစ်ပင်သည် အလွန်ကိုမှ အဖိုးတန်သော်လည်း ထိုသစ်ပင်သည် သူနှင့်ကံစပ်သည်ဟု မထင်။ ထို့ကြောင့် အခြားသူများကဲ့သို့ ရန်ကိုင်နောက်သို့ ပြေးလိုက်မသွားခဲ့ပေ။ ထို့အစား သူ့နေထိုင်သည့် နေရာဆီသို့ ပြန်ရန်သာ ဆုံးဖြတ်ခဲ့လေသည်။
ယခုတစ်ကြိမ် ကမ္ဘာပျက်ထဲသို့ လာရင်းမှ အကျိုးများစွာကို ရရှိခဲ့လေသည်။ ထိုပမာဏသည် သူ့အတွက် အချိန် အတော်ကြာအောင် တံခါးပိတ်ကျင့်စဉ်ဝင်ရန် လုံလောက်၏။ ကံကောင်းစွာဖြင့် တံခါးပိတ်ကျင့်စဉ်ဝင်သော်ငြား အဆင့်မချိုးဖျက်နိုင်ခဲ့လျှင်ပင် သူ့ခွန်အားသည် သိသိသာသာ တိုးတက်လာပေလိမ့်ဦးမည်။
“အခုလို ရှင်းပြပေးတဲ့အတွက် ရောင်းရင်းမန်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ရောင်းရင်းမန်ရဲ့ခရီး အဆင်ပြေပါစေ” ကျိတုန်က ပြန်ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်” မန်ထုန်သည် လက်သီးဆုပ်၍ နှုတ်ဆက်ပြီးနောက် လှည့်ထွက်လာခဲ့လေသည်။
မန်ထုန် ထွက်သွားပြီးနောက် လော့လန်သည် သက်ပြင်း တစ်ချက် ချလိုက်လေသည်။ သို့ရာတွင် ရန်ကိုင်နောက်သို့ လိုက်ရန် မကြိုးစားဘဲ အဝတ်အစားများကို အနည်းငယ် ပြင်ဝတ်ကာ မိုးပြာသစ်ပင်ကြယ်ဆီသို့ ထွက်လာခဲ့လေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင်သည် ကြယ်စီရင်စုထဲ အသည်းအသန် ထွက်ပြေးနေခဲ့သည်။ ခုနှစ်ရောင်ခြယ်ဒေါင်းသည် လေအလျင်ဖြင့် သူ့နောက်သို့ မမောတမ်း လိုက်နေခဲ့သည်။
နတ်ငှက် မည်မျှ အားကောင်းသလဲ ဆိုသည်ကို သူမသိသော်ငြား သူ့နောက်သို့ ဇွဲနပဲကြီးစွာ လိုက်နေနိုင်ပုံကို ထောက်ရှုကြည့်လျှင် နတ်ငှက်၏ ခွန်အားသည် အနည်းဆုံး တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးအောက် နိမ့်ကျခြင်း မရှိချေ။
အကြောင်းမှာ လေဟာနယ်စွမ်းအားကို သုံးပြီး သွားနေသည့် သူ့အလျင်သည် အလွန်တရာကိုမှ မြန်ဆန်ပေသည်။ သို့ပင်လျှင် နတ်ငှက်လက်မှ ပြေးမလွတ်နိုင်ခဲ့ပေ။
တောင်ပံတစ်ခတ်ရုံဖြင့် နတ်ငှက်သည် မိုင်ပေါင်းများစွာကို ခုန်ကျော်သွားနိုင်ပေသည်။ ထိုအခြင်းအရာကိုကြည့်ရင်း စိတ်ဓါတ် ကျလွန်းသဖြင့် ရန်ကိုင် သွေးပင်အန်ချင်သွားခဲ့သည်။
ရန်ကိုင်သည် သူ့မိသားစုကို သတ်သွားသည့်အလား နတ်ငှက်သည် အမုန်းတရားကြီးမားစွာဖြင့် ရန်ကိုင်နောက်သို့ လက်မလျှော့တမ်း လိုက်နေသည်။ သူတို့ နှစ်ဦးကြားရှိ အကွာအဝေးသည် ဝေးသွားလိုက်၊ နီးသွားလိုက် ဖြစ်နေပြီး လုံးဝကြီး နီးကပ်သွားခြင်း၊ ဝေးသွားခြင်းတော့ မရှိပေ။
လက်ရှိတွင် ရန်ကိုင် အကြောက်နေရဆုံးမှာ နတ်ငှက်မှ မကြာမကြာ ပစ်လွှတ်နေသည့် ခုနှစ်ရောင်ခြယ်အလင်းတန်းများပင် ဖြစ်သည်။ ခုနှစ်ရောင်ခြယ် အလင်းတန်း လာနေပြီမှန်း သိလိုက်သည်နှင့် အတတ်နိုင်ဆုံး ကြိုးစားရှောင်တိမ်းရတော့၏။ ထိုအလင်းတန်းနှင့် နည်းနည်းလေးမှ သွားထိလိုက်၍ မဖြစ်ချေ။
အားကောင်းသော သက်ရှိတစ်ကောင် လိုက်သဖြင့် ထွက်ပြေးနေရသည့် သူ့အဖြစ်ကိုကြည့်ရင်း အတိတ်မှတ်ဥာဏ်များကို ရန်ကိုင် ပြန်အမှတ်ရသွားခဲ့သည်။
ယခင်တစ်ကြိမ်ကလည်း လော့ဟိုင်လိုက်သဖြင့် တောင်စိမ်းကြယ်မှ ကြယ်စီရင်ကြီးထဲ နှစ်ဝက်ကြာအောင် ထွက်ပြေးခဲ့ရသည်။ နောက်ဆုံး လှိုင်းနီကြယ်သို့ ရောက်ပြီး ကမ္ဘာငယ်လေးထဲသို့ ဝင်ပုန်းလိုက်သည့်အခါမှသာ လော့ဟိုင် သူ့အား လုံးဝ မျက်ခြေပြတ်သွားခဲ့ခြင်း ဖြစ်သည်။
ယခု နတ်ငှက်သည်လည်း လော့ဟိုင်အတိုင်း သူ့နောက်သို့ လိုက်နေပြန်သည်။ သို့သော် နတ်ငှက်သည် လော့ဟိုင်ထက် အဆပေါင်းများစွာ ပိုအားကောင်းပေသည်။
ကမ္ဘာပျက်ထဲသွားရင် လေဟာနယ်တာအိုအပေါ် ထိုးထွင်းသိမြင်မှု အဆများစွာ တိုးတက်လာနိုင်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ယခုတစ်ကြိမ် သူလုံးဝကို ကံဆိုးမိုးမှောင်ကျလေပြီ။
လေဟာနယ်စွမ်းအားကို သုံးပြီး ခုနှစ်ရောင်ခြယ်အလင်းကို ထပ်ခါထပ်ခါ ရှောင်နေရပြီးနောက် သူ့အခြေအနေသည် ပို၍ အန္တရာယ်များလာခဲ့လေသည်။
မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့သည့်တိုင် တစ်ချက်မှ မထိသည့်အတွက် နတ်ငှက်လည်း ဒေါသထွက်လာခဲ့သည်။
နောက်ဆုံးတွင် နတ်ငှက်သည် အလင်းတန်းများဖြင့် ဆက်ပစ်မနေတော့ဘဲ ငှက်မွှေးတောင်များဖြင့်သာ ရန်ကိုင်အား ပစ်တော့လေသည်။
ငှက်မွှေးတောင် တိုက်ခိုက်မှုသည် ရှောင်ရခက်သလို ကာကွယ်ရလည်း ခက်ပေသည်။
ကမ္ဘာပျက်ထဲတွင် ဖန်တီးခဲ့သည့် အကောင်းနှစ်ဆယ်ခန့် ရှိသော သွေးသားရဲများစွာမှာ သူ့ကိုယ်သူ ကာကွယ်ရာတွင် သုံးရင်း ပျက်စီးသွားကုန်ကြလေပြီ။
သွေးသားရဲတစ်ကောင်သည် ရွှေရောင်သွေးမျှင်တစ်မျှင်ကို ကိုယ်စားပြု၏။ ထို့ကြောင့် သွေးသားရဲတစ်ကောင် ပျက်စီးသွားခြင်းသည် ရွှေရောင်သွေးမျှင်တစ်မျှင် ပျက်စီးသွားခြင်းကို ဆိုလိုပေသည်။
ပျက်စီးဆုံးရှုံးမှုများကို ပြန်တွေးကြည့်လိုက်သည့်အခါ ရန်ကိုင် နှလုံးသွေးယိုစီးကျချင်သလိုပင် ဖြစ်သွားသည်။
ရွှစ်…
တစ်ခုခု တိုးဝင်လာသည့် အသံကြောင့် ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သို့ရာတွင် ပုံမှန်အတိုင်း ရှောင်ရန်ပြင်နေစဉ်မှာပဲ၊ ယခုတစ်ကြိမ် နတ်ငှက်၏ တိုက်ခိုက်မှုသည် အနည်းငယ် ကွာခြားနေကြောင်း သတိပြုမိလိုက်လေသည်။ ယခုတစ်ကြိမ် တိုက်ခိုက်မှုသည် ပိုမြန်နေရုံမက ပို၍လည်း အားကောင်းပေသည်။
နည်းနည်းလေးမှ သတိမထားဘဲ မနေရဲသဖြင့် ရန်ကိုင်သည် အလျင်အမြန် နောက်လှည့်၍ လက်နှစ်ဖက်ကို တွန်းထုတ်လိုက်၏။
သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်သည် ရုတ်ချည်း တွန့်လိမ်လာခဲ့ပြီး ဧရာမစက်ဝိုင်းပုံ ဟင်းလင်းပြင်အက်ကြောင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ဟင်းလင်းပြင် အက်ကြောင်း ပေါ်လာလာချင်းမှာပင် အလင်းတန်းသည် အက်ကြောင်းကို လာရောက်ထိမှန်လေသည်။
ဘုန်း…
သူ့ရင်ဘတ်အား ဧရာမတူကြီးတစ်ချောင်းမှ လာဆောင့်ရိုက်သလို ရန်ကိုင် ခံစားလိုက်ရ၏။ ဒုက္ခသည် ထိုမျှနှင့်ပင် မရပ်တန့်သေးချေ။ နတ်ငှက်၏ တိုက်ခိုက်မှုသည် ယခုလေးတင် သူဖန်တီးထားသည့် ဟင်းလင်းပြင်အက်ကြောင်းကို ထိုးဖောက်ဖျက်စီးလျက် သူ့ရင်ဘတ် တည့်တည့်သို့ လာရောက် ထိမှန်လေသည်။
ရင်ဘတ်တစ်ခုလုံး နာကျင်လာပြီး တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မလို ရန်ကိုင် ခံစားလိုက်ရသည်။ အသားထဲ ထိုးဖောက်သွားသည့် အလင်းတန်းကြောင့် သူ့ရင်ဘတ်မှ ရွှေရောင်သွေးများ ယိုစီးကျလာခဲ့လေသည်။ သူ့အရှိန်အဝါမှာလည်း သိသိသာသာကို အားနည်သွားခဲ့ရသည်။
လာရောက်ထိမှန်သည့် အလင်းတန်း၏ အရှိန်ကြောင့်ပါ သူ့ခန္ဓာကိုယ်သည်လည်း ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်ထွက်သွားလေတော့သည်။
လေထဲ ကျွမ်းပစ်နေစဉ်အတွင်း ငုံ့ကြည့်လိုက်ရာ သူ့ရင်ဘတ်ရှိ ဒဏ်ရာကို မြင်ပြီးနောက် ချွေးသီးများ ရန်ကိုင်နဖူးထက် ဝေ့သီလာတော့သည်။
သူခံစားမိလိုက်သည့်အတိုင်း သူ့ရင်ဘတ်ထဲသို့ တစ်ခုခု စိုက်ဝင်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် နတ်ငှက်၏ တိုက်ခိုက်မှုသည် သူ့နှလုံးအား လွဲချော်သွားပြီး သူ့ခန္ဓာကိုယ် ညာဘက်ခြမ်းကိုသာ ထိမှန်သွားခဲ့၏။ ထိုဒဏ်ရာမျိုးသည် သေလောက်အောင် ပြင်းထန်ခြင်း မရှိသော်လည်း ရန်ကိုင်ကဲ့သို့ လူတစ်ဦးအတွက်ပင် အတော်လေး ပြင်ထန်းသည့် ဒဏ်ရာတစ်ခုတော့ ဖြစ်နေဆဲ.
ရွှစ်… ရွှစ်…
နောက်ထပ် အသံများ ထွက်ပေါ်လာသဖြင့် မော့ကြည့်လိုက်ရာ ခုနှစ်ရောင်ခြယ်ဒေါင်းသည် သူ့ဆီသို့ အနီးကပ် ပျံသန်းလာပြီး ၎င်း၏ ငှက်မွှေးတောင်များဖြင့် ပစ်ရန် ပြင်နေသည်ကို တွေ့ရှိလိုက်ရလေသည်။
ထိုငှက်မွှေးတောင်များသည် နတ်ငှက်၏ အစစ်အမှန် ငှက်မွှေးများ ဖြစ်ကြပြီး ငှက်မွှေးတောင် တစ်ချောင်းချင်းစီသည် နတ်ငှက်၏ သွေးအဆီအနှစ်အချို့ကို ပိုင်ဆိုင်ထားပေသည်။ ပုံမှန်အားဖြင့် နတ်ငှက်သည် နောက်ဆုံးဝှက်ဖဲ အနေဖြင့်သာ ၎င်း၏ ငှက်မွှေးတောင်များကို ထုတ်သုံးလေ့ရှိသည်။
ထိုအချက်ကို ကြည့်ရုံဖြင့် နတ်ငှက်သည် ရန်ကိုင်အား မည်မျှ သတ်ချင်နေသလဲ ဆိုသည်ကို မြင်တွေ့နိုင်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၉၇)
ရန်ကိုင်၏ ရင်ဘတ်ကို ဖောက်ဝင်သွားသည်မှာ နတ်ငှက်၏ ငှက်မွှေး ဖြစ်ပေသည်။
ထိုအချက်ကို သိလိုက်သည့်နောက်တွင် ရန်ကိုင်၏ အမူအရာ အလွန်ကိုမှ လေးနက်သွားခဲ့သည်။ သူတော်စင်ချီကို လှည့်ပတ်၍ ဒဏ်ရာကို အတင်းအကြပ် ဖိနှိပ်ထားရင်း ရွှေရှောင်သွေးမျှင်များကို သုံး၍ သူ့ကျောဘက်၌ ရွှေရောင်ဒိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
တစ်ချိန်တည်းတွင် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးခန္ဓာ ကျင့်စဉ်ကိုလည်း အသက်သွင်းလိုက်လေသည်။
ချက်ချင်းဆိုသလို ရန်ကိုင်တစ်ကိုယ်လုံး ရောင်စဉ်ငါးသွယ်ဖြင့် တောက်ပလာပြီး မရေမတွက်နိုင်သော ဓါးချီမျှင်လေးများသည် သူ့ခန္ဓာအား စတင် လှည့်ပတ်လာကြလေသည်။
သူ့ခန္ဓာကိုယ်သည် ငှက်မွှေးတစ်ချောင်းကိုပင် မခုခံနိုင်ခဲ့သည်ကို ယခု နတ်ငှက်သည် ငှက်မွှေးများစွာဖြင့် သူ့အား ပစ်ရန် လုပ်နေခဲ့သည်။ ရန်ကိုင် အနေဖြင့် မည်သို့များ သူ့စွမ်းအားကို ထိန်ချန်ထားရဲဦးမည်နည်း။ ရန်ကိုင်သည် သိထားသမျှ၊ တတ်ထားသမျှ နည်းလမ်းအားလုံးကိုသုံး၍ သူ့ကိုယ်သူ ကာကွယ်ထားလိုက်လေသည်။
ပြင်ဆင်ပြီးပြီးချင်းမှာပင် ဟင်းလင်းပြင်အား ထိုးခွဲသွားသည့် အသံကို ရန်ကိုင် ကြားလိုက်ရသည်။
လက်ရှိ ရန်ကိုင်၏ အခြေအနေသည် လှိုင်းထန်နေသည့် ပင်လယ်ပြင်ထဲ ယိမ်းထိုးနေသော အချိန်မရွေး နစ်မြုပ်သွားနိုင်သည့် လှေကလေးတစ်စင်း၏ ဘဝနှင့်ပင် တူနေပေသည်။ နတ်ငှက်၏ တိုက်ခိုက်မှုကြောင့် သူ့အနေဖြင့် အချိန်မရွေး အသက်ပျောက်သွားနိုင်သည့် အခြေအနေသို့ ရောက်နေ၏။
ရန်ကိုင်သည် သူ့ကိုယ်သူ အကာအကွယ်ပေါင်းစုံဖြင့် ကာကွယ်ထားရင်း နတ်ငှက်၏ တိုက်ခိုက်မှုကို ရှောင်နိုင်သမျှ ရှောင်တိမ်းနေခဲ့သည်။
ရွှစ်… ရွှစ်… ရွှစ်…
တိုက်ခိုက်မှုများစွာသည် သူ့အား ဖြတ်ကျော်သွားခဲ့သည်။ အချို့ကို အပြည့်အဝ ရှောင်တိမ်းလိုက်နိုင်သော်လည်း အချို့မှာမူ သူ့အား ပွတ်ထိသွားခဲ့သေးသည်။ အကျိုးဆက် အနေဖြင့် သူ့ခန္ဓာကိုယ်အား လွှမ်းခြုံထားသော ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီ၏ အရောင်မှာ လျင်မြန်စွာ မှိန်ကျလာခဲ့ရလေသည်။
ထိုအဖြစ်အပျက်အားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ငှက်မွှေးအားလုံးကို ရှောင်ပြီးချိန် ရန်ကိုင်မှာ မောလွန်းသဖြင့် လဲပင်လဲကျချင်သွားခဲ့သည်။
ဘုန်း… ထိုစဉ်မှာပင် သူ့ဆီသို့ လျင်မြန်စွာ တိုးဝင်လာနေသော ခုနှစ်ရောင်ခြယ်အလင်းတစ်ခုကို ရန်ကိုင် လှမ်းမြင်လိုက်ရလေသည်။
ခုနှစ်ရောင်ခြယ်အလင်းတန်းပင်… ထိုအလင်းတန်းကို မြင်လိုက်သည်နှင့် ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။ ထိုအလင်းတန်းကို သူမရှောင်နိုင်တော့ချေ။ ယခုလေးတင် နတ်ငှက်၏ ငှက်မွှေးတောင် တိုက်ခိုက်မှုများကို ကာကွယ်ရန် ခွန်အားများစွာ သုံးစွဲခဲ့ရသည်။ ရှောင်းပြီးပြီးချင်း အသက်ပင် မရှူနိုင်သေးခင်မှာပဲ နတ်ငှက်က ထပ်မံ တိုက်ခိုက်လာခဲ့ရာ သူ့အနေဖြင့် မည်သို့များ ရှောင်နိုင်တော့မည်နည်း။
နည်းလမ်းမရှိတော့သည့်အဆုံး ရန်ကိုင်လည်း ကမ္ဘာငယ်လေးထဲ ဝင်ပြေးရတော့လေသည်။ ခုနှစ်ရောင်ခြယ် အလင်းသည် ကမ္ဘာငယ်လေးကို လွှမ်းခြုံသွားခဲ့လေသည်။ ခုနှစ်ရောင်ခြယ်အလင်းသည် အလွန်ကိုမှ အားကောင်းသော်ငြား ဧကရာဇ်မှော်ရတနာကိုတော့ ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။ အလင်းတန်းကြောင့် ကမ္ဘာငယ်လေးသည် ထိခိုက်သွားခြင်း မရှိဘဲ လေးကိုင်းမှ လွတ်ထွက်သွားသည် မြှားတစ်စင်းကဲ့သို့သာ အဝေးသို့ လွင့်စင်ထွက်သွားလေသည်။
ရန်ကိုင်အား လိုက်ဖမ်းနေသည့် နတ်ငှက်သည်လည်း ရန်ကိုင်အား ရုတ်တရက် မျက်ချေပြတ်သွားသဖြင့် ကြောင်တောင်တောင် ဖြစ်သွားလေသည်။
ယခင်က ရန်ကိုင် မည်သို့ပင် ထွက်ပြေးနေစေကာမူ ရန်ကိုင်ကို ခြေရာကောက်ကာ သူ့ကို လိုက်ဖမ်းနိုင်ခဲ့သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်ကို လုံးဝ မျက်ခြေပြတ်သွားခဲ့ရလေသည်။
သို့ရာတွင် နတ်ငှက်သည် နတ်ငှက်သာ ဖြစ်နေဆဲ။ မြင့်မားသော ဥာဏ်ရည်ကို ပိုင်ဆိုင်ထားသည့်အတွက် ကမ္ဘာငယ်လေးအကြောင်း မသိသော်လည်း ရန်ကိုင် ရုတ်တရက် ပျောက်ကွယ်သွားရခြင်းသည် ကမ္ဘာငယ်လေးနှင့် တစ်ခုခု ပက်သက်နေမှန်းတော့ သိနေ၏။
ထို့ကြောင့် စူးရှစွာအော်မြည်လျက် အလွန် လျင်မြန်သည့် နှုန်းဖြင့် ပျံသန်း၍ ကမ္ဘာငယ်လေးနောက်သို့ ပြေးလိုက်လေသည်။
ရန်ကိုင်ကလည်း မည်သို့များ ကမ္ဘာငယ်လေးထဲငြိမ်ပြီး ပုန်းနေနိုင်မည်နည်း။ ကမ္ဘာငယ်လေးထဲဝင်ပြီး ခုနှစ်ရောင်ခြယ်အလင်းကို ရှောင်ပြီးသည်နှင့် ချက်ချင်း ပြန်ထွက်လာကာ ဧကရာဇ်မှော်ရတနာကို ကောက်ယူပြီး ထွက်ပြေးလေသည်။
အရူးလုပ်ခံလိုက်ရသည့်အတွက် နတ်ငှက် အလွန်ကိုမှ ဒေါသထွက်သွားခဲ့သည်။ ဒေါသမည်မျှ ထွက်နေသလဲဆိုလျှင် ၎င်းကိုယ်ပေါ်ရှိ အမွှေးတောင်များပင် ထိုးထိုးထောင်ထောင် ဖြစ်လာခဲ့လေသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်သွားခဲ့သည်။
ကြယ်စီရင်ထဲတွင် ထူးခြားဆန်းကြယ်သည့် စွမ်းအားတစ်ရပ် ရုတ်တရက် စုဝေးလာခဲ့လေသည်။ ထိုစွမ်းအားသည် ဧရာမ အလေးတုံးကြီးနှယ် နတ်ငှက်ပေါ်သို့ ဖိချလာခဲ့သည်။ အနီးအနား၌ ရှိနေသော ရန်ကိုင်မှာမူ စိုးစဉ်းမျှပင် သက်ရောက်ခံရခြင်း မရှိပေ။
ထိုထူးခြားသော စွမ်းအားသည် အလွန်တရာကိုမှ မြန်ဆန်သောနှုန်းဖြင့် မြင့်တက်လာနေခဲ့သည်။
အသက်ဆယ်ရှိုက်စာအတွင်း နတ်ငှက်ခေါင်းထက်တွင် ခရမ်းရောင်လျှပ်ပန်းလျှပ်နွယ်တို့ဖြင့် တဖျက်ဖျက် လက်နေသော မိုးကြိုးတိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ထိုတိမ်တိုက်သည် နတ်ငှက်ခေါင်းပေါ်တွင် အရိပ်တစ်ခုနှယ် ဝဲနေခဲ့၏။ နတ်ငှက် မည်သို့ပင် ရှောင်တိမ်းပျံသန်းနေပါစေ ထိုတိမ်တိုက်လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ပထမဆုံးအကြိမ်အဖြစ် နတ်ငှက် စတင် ကြောက်ရွံ့လာပြီး စူးရှစွာ အော်မြည်လိုက်လေသည်။
သူ့နောက်ဘက်တွင် ဘာတွေဖြစ်နေမှန်း မသိသော်ငြား တစ်ခုခု မှားယွင်းနေမှန်းတော့ ရန်ကိုင် သိနေခဲ့သည်။ ကံမကောင်းစွာဖြင့် သူ့တွင် နောက်ပြန်လှည့်ကြည့်ရန် အချိန် ရှိမနေခဲ့ပေ။ ရသမျှအချိန်ကို နတ်ငှက်လက်မှ လွတ်အောင် ထွက်ပြေးရာတွင်သာ အသုံးချနေခဲ့ရသည်။
ဂျုန်း…
မိုးချုန်းသံတစ်သံ ကြယ်စီရင်စုထဲ မြည်ဟည်းသွားခဲ့သည်။ ထိုမိုးချုန်းသံကြောင့် ရန်ကိုင် ဝိဥာဉ် တုန်ခါသွားခဲ့ပြီး သူ့မျက်နှာလည်း သွေးဆုတ်ဖြူလျော်သွားကာ သွေးတစ်ပွက် ထိုးအန်ချလိုက်ရလေသည်။
နတ်ငှက်ပေါ်သို့ ခရမ်းရောင်မိုးကြိုးတစ်စင်း ကျလာခဲ့သည်။
အသားမီးကျွမ်းနှံ့နှင့်အတူ ခုနှစ်ရောင်ခြယ်ဒေါင်း တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့လေသည်။ ၎င်း၏ ငှက်မွှေးတောင်များစွာဟာလည်း မိုးကြိုးပစ်ချက်ကြောင့် ကျွတ်ကျကုန်လေသည်။
ရန်ကိုင်နောက်သို့ လိုက်နေသည့် အမြန်နှုန်းမှာလည်း သိသိသာသာ လျော့ကျသွားခဲ့လေသည်။
ဂျုန်း…
နောက်ထပ် မိုးကြိုးတစ်စင်း ထပ်ကျလာပြန်လေသည်။
ယခုတစ်ကြိမ်တွင်တော့ နတ်ငှက် စူးစူးဝါးဝါး ထအော်တော့လေသည်။ ၎င်း၏ တောင်ပံများကို အရူးအမူး ခတ်နေသည့်တိုင် ဒုတိယမိုးကြိုးကိုလည်း မခုခံနိုင်ခဲ့ပေ။
ဂျုန်း…
တတိယမိုးကြိုး ထပ်ကျလာပြန်၏။
ရန်ကိုင်သည် မိုင်ထောင်ပေါင်းများစွာ အကွာသို့ ထွက်ပြေးလာပြီး နတ်ငှက် သူ့နောက် မလိုက်နိုင်တော့ဘူးဟု ထင်သည့်အခါမှပဲ နောက်သို့ လှည့်ကြည့်လေသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် အလွန် ပျော်သွားခဲ့လေသည်။
သူ့နောက်သို့ ဇွဲနပဲကြီးစွာ လိုက်နေသော နတ်ငှက်သည် ယခုမူ ကြောက်မက်ဖွယ်ရာ ကောင်းကင်မိုးကြိုးကြောင့် ဒုက္ခလှလှနှင့် တွေ့နေသည်ကို တွေ့လိုက်ရသည်။
“အဆင့်ချိုးဖျက်နေတာလား” နတ်ငှက်၏ ခေါင်းပေါ်ရှိ မိုးကြိုးတိမ်တိုက်သည် ကျင့်ကြံသူများ အဆင့်တက်ရာတွင် ဖြစ်ပေါ်လာသည့် မိုးကြိုးတိမ်တိုက်နှင့် ဆင်တူသည့်အတွက် ထိုမြင်ကွင်းကို မြင်မြင်ချင်း နတ်ငှက် အဆင့်တက်ရန် ကြိုးစားနေသည်ဟု ရန်ကိုင် ထင်မိသွားခဲ့သည်။
“မဟုတ်သေးဘူး” သို့သော်လည်း ချက်ချင်းပဲ ထိုခန့်မှန်းချက်ကို ငြင်းပယ်လိုက်လေသည်။
နတ်ငှက်သည် အလွန်တရာကိုမှ အားကောင်းနေလေပြီ။ ၎င်း၏ အဆင့်မှာလည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် မြင့်နေလောက်၏။ ထို့ကြောင့် သူ့အတွက် နောက်တစ်ကြိမ် အဆင့်ချိုးဖျက်ဖို့သည် ဤမျှလောက် မရိုးရှင်းသင့်ပေ။ နောက်ထပ် နှစ်ထောင်နှင့်ချီပြီး ကြာသွားလျှင်ပင် နတ်ငှက် နောက်တစ်ဆင့်သို့ ထပ်မတက်နိုင်လောက်ပေ။ ထို့ကြောင့် ယခုလို အချိန်မျိုးတွင် နောက်တစ်ဆင့်ကို ချိုးဖျက်သည်မှာ သိပ်ပြီး ယုတ္တိမရှိလှ။
ထို့အပြင် နတ်ငှက်၏ အရှိန်အဝါဟာလည်း ပိုမို အားကောင်းလာနေခြင်း မရှိဘဲ ပိုပို၍ပင် အားနည်းလာနေ၏။
ခဏလောက် စဉ်းစားပြီးနောက် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိပြီး သည်းလှိုက်အူလှိုက် ထရယ်မောတော့လေသည်။ အစောပိုင်းက ခံစားနေခဲ့ရသည့် ကူကယ်ရာမှု၊ စိတ်ဓါတ်ကျမှု တို့မှာလည်း နေလာနှင်းပျောက်သလို ပျောက်ကွယ်သွားကုန်ကြလေသည်။
“ဒီကောင်ကို ကြယ်စီရင်စုကြီးရဲ့ နိယာမတွေက ငြင်းပယ်နေတာပဲ ဖြစ်ရမယ်” မိုးကြိုးပစ်ချခံနေရသည့် နတ်ငှက်ကို ကြည့်ရင်း ရန်ကိုင် ကောက်ချက်ချလိုက်လေသည်။
လောကနိယာမများသည် နက်နဲဆန်းကြယ်သည့် ထူးခြားသော စွမ်းအားတစ်မျိုးဖြစ်သည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် နိယာမစွမ်းအားကို ထိတွေ့နိုင်ခြင်း မရှိကြပေ။ ကြယ်သခင်တစ်ဦး ဖြစ်လာသည့် အခါမှသာ နိယာမစွမ်းအားကို စတင် ထိတွေ့နိုင်ကြပေသည်။ သို့သော်လည်း ကိုယ်နှင့်ဆိုင်သည့် ကြယ်၏ နိယာမများကိုသာ ထိတွေ့နိုင်ပြီး နည်းနည်းပါးပါး အသုံးချနိုင်ခြင်းသာ ရှိသည်။ သို့ရာတွင် ထိုအနည်းငယ်သည်ပင် အသုံးပြုသူများကို အလွန်အဆင်ပြေအောင် ကူညီပေးပေသည်။
လောကနိယာမများသည် သူတို့ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ မကိုက်ညီသည့် တည်ရှိမှုမှန်သမျှကို ငြင်းပယ်ပေသည်။
ဥပမာပြရသော် အရိပ်ကြယ်၏ လောကနိယာမများမှ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို ငြင်းပယ်ပစ်သလိုပင်။
ချင်းတုန်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးနောက် အရိပ်ကြယ်ဆီသို့ ပြန်လာခဲ့လေသည်။ အရိပ်ကြယ်ပေါ်တွင် အားအကောင်းဆုံး ကျင့်ကြံသူ ဖြစ်လာပြီဟု ထင်ခဲ့သော်လည်း အရိပ်ကြယ်၏ လောကနိယာမများမှ သူ့အား ငြင်းပယ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ အရိပ်ကြယ်တွင် နေနေစဉ်တွင်း မကြာခဏ ကောင်းကင်မိုးကြိုးများ ပစ်ချခံရသလို မြေမီးတောက်များ မကြာခဏ လာရောက် လောင်မြိုက်နေသည့်အတွက် တစ်ခါမှ ကောင်းကောင်း မကျင့်ကြံနိုင်ခဲ့ပေ။
ထို့အပြင် ထိုငြင်းပယ်သည့် စွမ်းအားများမှာ အချိန် ကြာလာသည်နှင့် ပိုပို၍ အားကောင်းလာသဖြင့် ချင်းတုန်သည်သာ အရိပ်ကြယ်မှ အချိန်မှီ မထွက်ခွာနိုင်ခဲ့လျှင် အရိပ်ကြယ်တွင်ပင် တစ်ခါတည်း သေသွားခဲ့ရပေလိမ့်မည်။
နောက်ဆုံး သူ့အား အရိပ်ကြယ်ပေါ်မှ ခေါ်သွားပေးရန် ရန်ကိုင်ဆီ လာအပူကပ်ရတော့လေသည်။
နတ်ငှက်သည်လည်း ချင်းတုန်ကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။
နတ်ငှက်သည် ကြယ်စီရင်စုကြီးထဲမှ မဟုတ်ချေ။ ၎င်း၏ တည်ရှိမှုသည် ကြယ်စီရင်စုကြီး၏ နိယာမများကို ဆန့်ကျင်နေ၏။ ထို့ကြောင့် ကြယ်စီရင်စုကြီး၏ လောကနိယာမများသည် နတ်ငှက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြခြင်း ဖြစ်သည်။ ခရမ်းရောင်းမိုးကြိုးများသည် နတ်ငှက်အား ကြယ်စီရင်စုထဲမှ မောင်းထုတ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
နတ်ငှက်သည် ထိုစွမ်းအားကို ယာယီလောက်တော့ ခုခံနိုင်လိမ့်မည် ဖြစ်သော်ငြား အမြဲတမ်းတော့ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
အကြောင်းမှာ နတ်ငှက်ကို မောင်းထုတ်ရန် ကြိုးစားနေသည့် စွမ်းအားမှာ အချိန်ကြာလာသည်နှင့် ပိုပို၍ အားကောင်းလာမည် ဖြစ်သည့်အတွက်ကြောင့် ဖြစ်ပေသည်။ လက်ရှိ နတ်ငှက် ကြုံနေရသည့် နိယာမစွမ်းအားသည် ကမ္ဘာတစ်ခု၏ စွမ်းအား မဟုတ်ဘဲ ကြယ်စီရင်စုကြီးတစ်ခုလုံး၏ နိယာမစွမ်းအား ဖြစ်သည်။ ထို့ကြောင့် သူကြုံနေရသည့် မိုးကြိုးစွမ်းအားမှာ ချင်းတုန် ကြုံခဲ့ရသည့် မိုးကြိုးစွမ်းအားထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်ဟု ပြော၍ရသည်။
လက်ရှိ နတ်ငှက်ကြုံနေရသည့် ပြဿနာသည် ကြယ်စီရင်စုကြီး၏ လောကနိယာမများမှ နတ်ငှက်ကို မောင်းထုတ်ရန် ကြိုးစားရာမှ ဖြစ်လာသည်ဟု အတပ် မပြောနိုင်သော်လည်း သူ့ခန့်မှန်းချက်အပေါ် အနည်းဆုံး ရှစ်ဆယ်ရာခိုင်းနှုန်းတော့ သေချာပေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့၏။
သူ့နောက်သို့ ဆက်လိုက်မည့် နတ်ငှက် မရှိတော့သည့် အတွက် ရန်ကိုင် အေးအေးလူလူ ဖြစ်သွားခဲ့သည်။ ဟင်းလင်းပြင်ထဲ ရပ်ရင်း ကုသရေးဆေးလုံးအချို့ကို ထုတ်သောက်ပြီး နတ်ငှက် မိုးကြိုးပစ်ချခံနေရသည်ကို ရပ်ကြည့်နေလေသည်။
ခရမ်းရောင်မိုးကြိုးများသည် နတ်ငှက်ပေါ်သို့ တစ်စင်းပြီးတစ်စင်း ပစ်ချနေခဲ့သည်။ နတ်ငှက် မည်သို့ ရှောင်ရှောင်၊ မည်သို့ပင် ကာကာ၊ မိုးကြိုးများမှာ မထိထိအောင် ပစ်ချမြဲ ပစ်ချနေဆဲ။
အကြိမ်ရေတော်တော်များများ အပစ်ခံရပြီးနောက် နတ်ငှက် စတင် စိုးရိမ်လာတော့သည်။
ခရမ်းရောင်မိုးကြိုးများသည် ပိုပို၍ အားကောင်းလာသည်ကို သတိပြုမိသည့်ပုံပင်။ လက်ရှိအချိန်တွင်တော့ ထိုမိုးကြိုးများကို ခုခံနိုင်ဦးမည် ဖြစ်သော်လည်း ဤအတိုင်းသာ ဆက်သွားနေဦးမည် ဆိုလျှင်တော့ နတ်ငှက် ဤနေရာတွင် သေနိုင်ချေ များပေသည်။
အင်မော်တယ်သစ်ပင်သည် အဖိုးတန်သော်လည်း ၎င်း၏ အသက်လောက်တော့ အဖိုးမတန်ချေ။ နောက်ထပ် ခရမ်းရောင် မိုးကြိုးတစ်စင်းကို ခုခံပြီးနောက် နတ်ငှက်သည် နည်းနည်းလေးမှ ဆက်မနေရဲတော့ဘဲ ချက်ချင်း လှည့်ပျံပြေးတော့လေသည်။
အသက်ရှင်လိုလျှင် သူ့အသိုက်ဆီသို့ ပြန်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သိသွားသည့်ပုံပင်။
“ဟေး၊ နတ်ငှက် ပြန်လာနေပြီ’ အလင်းတန်းနှစ်ခုသည် ပျံသန်းလာနေခဲ့သည်။ ထိုအလင်းတန်း နှစ်ခုမှာ ရှုဝေနှင့် ကျိတုန်ကို သယ်လာသည့် ကျိလုန်တို့ပဲ ဖြစ်ကြလေသည်။
နတ်ငှက် ပျံသန်းလာနေသည်ကို မြင်သည့်အခါ ကျိတုန်က အလန့်တကြား အော်မေးလိုက်လေသည် “ဟိုကောင် အသတ်ခံလိုက်ရတာလား”
ကျိလုန်သည် ပြန်မဖြေဘဲ နတ်ငှက်ခေါင်းပေါ်ရှိ ခရမ်းရောင် မိုးကြိုးတိမ်တိုက်ကိုသာ အာရုံစိုက်နေခဲ့သည်။ ထိုမိုးကြိုးတိမ်တိုက်ထဲ ကိန်းအောင်းနေသည့် အဖျက်စွမ်းအားကို ခံစားမိလိုက်သော် သူ့မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားပြီး နတ်ငှက်နှင့် သွားမတိုးမိစေအောင် ချက်ချင်း လမ်းကြောင်း ပြောင်းလိုက်လေသည်။
သို့ရာတွင် နတ်ငှက်မှာ အလွန်ကိုမှ ဒေါသထွက်နေလေရာ ကျိလုန်အား မည်ကဲ့သို့များ လွှတ်ပေးနိုင်မည်နည်း။
၎င်း၏ နှုတ်သီးကိုဟလျက် ခုနှစ်ရောင်ခြယ်အလင်းတန်း တစ်ခုကို ကျိလုန်တို့ဆီ ပစ်လွှတ်လိုက်လေသည်။
ထိုအလင်းတန်းကို မြင်လိုက်သည့်အခိုက် ကျိတုန်မျက်နှာ စက္ကူဖြူတစ်ရွက်နှယ် ဖြူစွတ်သွားပြီး ကြောက်လန့်တကြား ထအော်ပါတော့သည်။
ကျိလုန်နှင့် ရှုဝေသည် သူတို့၏ ကိုယ်ပိုင်နည်းလမ်း အသီးသီးကိုသုံး၍ ထိုတိုက်ခိုက်မှုကို အလျင်အမြန် ရှောင်တိမ်းလိုက်လေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး ထိုတိုက်ခိုက်မှုကို ရှောင်ပြီးချိန်တွင်တော့ နတ်ငှက်သည် သူတို့ကိုကျော်ပြီး မိုင်တစ်ထောင်အကွာသို့ ရောက်နေခဲ့လေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၉၈)
“နတ်ငှက်ကဘာလို့…” နတ်ငှက်သည် ဘာကြောင့် ခွေးလေခွေးလွင့်တစ်ကောင်နှယ် ထွက်ပြေးနေမှန်းကို ရှုဝေ နားမလည်နိုင် ဖြစ်နေခဲ့သည်။
“အဆင့်ချိုးဖျက်နေတာနဲ့တူတယ်” ကျိလုန်က ပြောလိုက်၏။
ကျိလုန် ဗဟုသုတ မကြွယ်ဝခြင်းမဟုတ်။ လောကနိယာမ၊ နိယာမစွမ်းအားနှင့် ပက်သက်သည့် အကြောင်းများကို မသိခြင်းသာ။ သိသာသိခဲ့လျှင် ထိုကဲ့သို့ ပြောလိမ့်မည် မဟုတ်ပေ။
“ဟိုကိုကြည့်” ကျိတုန်သည် တစ်ခုခုကို ရှာတွေ့သွားသည့်နှယ် အလန့်တကြား လှမ်းအော်ပြောလေသည် “ဟိုခွေးသူတောင်းစားလေး အခုထိ မသေသေးဘူး”
သူတို့နှင့် မိုင်ထောင်ပေါင်းများစွာအကွာခန့်တွင် အလင်းတစ်ခု ဖျက်ခနဲ လင်းသွားခဲ့သည်။ ဝေးလွန်းသဖြင့် သေချာ မမြင်လိုက်ရသော်လည်း ထိုအလင်းမှာ ရန်ကိုင် ဖြစ်သည်ကို ကျိတုန် အတပ် ပြောနိုင်လေသည်။ ဤအချိန် ဤနေရာမျိုးတွင် ထိုနေရာ၌ ရှိနေသူသည် ရန်ကိုင်မှလွဲ၍ မည်သူများ ဖြစ်နိုင်ဦးမည်နည်း။
“သူမသေသေးတာ ပိုကောင်းတယ်” ကျိလုန်၏ မျက်လုံး တဖျက်ဖျက် တောက်ပလာပြီး “ကောင်းကင်က ငါတို့ဘက်မှာ ရှိနေသေးတယ်နဲ့တူတယ်”
ရန်ကိုင် နတ်ငှက်ကြောင့် သေသွားပြီး အင်မော်တယ်သစ်ပင်အား နတ်ငှက်မှ ပြန်ယူသွားမည်ကို ကျိလုန် အတော်လေး စိတ်ပူနေမိသည်။ ထို့ကြောင့် ရန်ကိုင် အကောင်းအတိုင်း ရှိနေသေးသည်ကို မြင်လိုက်သည့်အခါ သူ့စိတ်ထဲ အတော်လေး ပျော်သွားမိလေသည်။
အင်မော်တယ်သစ်ပင်သည် ရန်ကိုင်လက်ထဲတွင်သာ ရှိနေသေးသဖြင့် သူ့တွင် အင်မော်တယ်သစ်ပင်ကို ရနိုင်ချေ ရှိပေသေးသည်။
ရန်ကိုင် အသက်ရှင်နေမှန်း သိလိုက်သည်နှင့် ကျိလုန်သည် နည်းနည်းလေးမှ နှောင့်နှေးမနေတော့ဘဲ ကျိတုန်ကို သူတော်စင်ချီဖြင့် ရစ်ပတ်၍ ရန်ကိုင်နောက်သို့ အလျင်အမြန် ပြေးလိုက်လေတော့သည်။
နီကွမ်းနှင့် ကွေ့ဇူတို့ သုံးဦးသည်လည်း အသိုက်ဆီသို့ ပြန်ပြေးနေသော နတ်ငှက်နှင့် သွားတိုးခဲ့ပေသည်။ နတ်ငှက်မှ ပြန်ပြေးနေရင်း ခုနှစ်ရောင်ခြယ်အလင်းတန်းများနှင့် ပစ်လွှတ်သွားသည့်အတွက် နီကွမ်းတို့ အသည်းအသန် ရှောင်တိမ်းလိုက်ရသေးသည်။
“နတ်ငှက် ပြန်သွားပြီဆိုတော့… ရန်ကိုင်…” နတ်ငှက်၏ ခုနှစ်ရောင်ခြယ်အလင်းတန်းကို ရှောင်တိမ်းပြီးနောက်တွင်… ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသွားကာ ရွှယ့်ယွယ်၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။
သူမသည် မိန်းမတစ်ဦး ဖြစ်နေဆဲ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကြယ်သေပေါ်တွင် သူမတစ်ကိုယ်လုံး ရန်ကိုင်၏ ထိကိုင်ခြင်း ခံခဲ့ရသည့်အတွက် ရန်ကိုင်အား ခါးခါးသီးသီး မုန်းတီးခဲ့သော်လည်း ထိုသည်မှာ သူမအား ယောကျာ်းတစ်ဦးမှ ထိုကဲ့သို့ ထိကိုင်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်၏ ပုံရိပ်သည် သူမစိတ်ထဲ စွဲစွဲမြဲမြဲ အမြစ်တွယ်နေခဲ့လေသည်။ နောက်ပိုင်း ယင်နေကြာရေစင်ကြောင့် သတိမေ့သွားပြီး သေမင်းနှင့် လက်တစ်လှမ်းအကွာသို့ ရောက်နေချိန် ရန်ကိုင်သည် ဆေးတစ်လုံးကို ဖော်စပ်ကာ သူမ အသက်ကို ကယ်တင်ပေးခဲ့ပေသည်။
ထိုစဉ်က ရန်ကိုင်အား သူမလက်အောက်သို့ခေါ်ကာ သူမ ဘေးတွင် ခေါ်ထားချင်မိသော်လည်း ရန်ကိုင်မှ သူမ၏ ကမ်းလှမ်းချမ်းကို ငြင်းပယ်လိုက်သဖြင့် ရွှယ့်ယွယ် အတော်လေး ဒေါသထွက်ခဲ့ရလေသည်။
ထိုသို့ဖြင့် နှစ်ပေါင်းများစွာကြာသွားခဲ့သော်လည်း ရွှယ့်ယွယ်သည် ရန်ကိုင်ကို တစ်ခါမှ မမေ့နိုင်ခဲ့ပေ။
သို့သော်လည်း သူမတွင် သူမ၏ အဆင့်အတန်းနှင့် မာနတရား ဆိုသည်မှာ ရှိသေးသည်။ ထို့ကြောင့် သာမန် မိန်းကလေးများကဲ့သို့ ရန်ကိုင်နား သွားကပ်၍ မဖြစ်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဆက်ခံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများထက် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ တိုးတက်ရေးကို ရှေ့တန်းတင်ထားရန် လိုအပ်သည်။ သူမ၏ ဖြစ်ချင်စိတ်၊ ပျော်ရွှင်ချင်စိတ်များသည် ရေပြင်ပေါ် ထင်ဟန်နေသည့် လရိပ်နှယ် ပုံရိပ်ယောင်များသာ ဖြစ်ကြသည်။
ဧကရာဇ်ဥယျာဉ်ထဲတွင် ရန်ကိုင်အား ဒုတိယအကြိမ် ပြန်တွေ့ခဲ့ရသည့်အတွက် ရွှယ့်ယွယ် အလွန်ကို ပျော်ခဲ့သည်။ ရန်ကိုင်နှင့် စကားကောင်းကောင်း ပြောချင်ခဲ့သော်လည်း ရန်ကိုင်သည် ရှန်ချင်းလော့နှင့် ပလူးပလဲ လုပ်နေသည်ကို မြင်သည့်အခါ သူမ၏ ဒေါသစိတ်ကို ထိန်းမရတော့ချေ။
သူမတို့၏ ဒုတိယအကြိမ် ပြန်တွေ့ဆုံမှုသည် ကောင်းသော အဆုံးသတ်ခြင်းနှင့် အဆုံးမသတ်ခဲ့ပေ။
ဖြစ်ပျက်သွားသည့် အကြောင်းများ ပြန်တွေးပြီးနောက် ရွှယ့်ယွယ် အလွန်ကိုမှ နောင်တရမိကာ တဇွတ်ထိုးနိုင်သည့် သူမကိုယ်သူမ အပြစ်တင်မိ၏။ နောက်တစ်ခါ ရန်ကိုင်နှင့် ပြန်တွေ့လျှင် သူနှင့် စကားကောင်းကောင်း ပြောရမည်ဟုလည်း စိတ်ထဲ တေးထားလိုက်လေသည်။
သို့သော်လည်း ဤကျယ်ပြောလွန်းလှသော ကြယ်စီရင်စုကြီးထဲ ရန်ကိုင်နှင့် နောက်တစ်ကြိမ် ပြန်တွေ့ဖို့သည် အလွန်တရာကိုမှ ခက်ခဲလှကြောင်းကိုတော့ သူမစိတ်ထဲ ကောင်းစွာ သိနေခဲ့သည်။
ကံကောင်းစွာဖြင့် ကောင်းကင်၏ စောင်မမှုကြောင့် ရန်ကိုင်နှင့် တတိယအကြိမ်မြောက် ထပ်တွေ့ခွင့်ရခဲ့သည်။
ကမ္ဘာပျက်ကြီး၏ အပြင်ဘက်ဝင်ပေါက်တွင် ရန်ကိုင်ကို တွေ့လိုက်စဉ်က ရွှယ့်ယွယ် သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်ခဲ့သည်။
သူမသည် ကံတရားဆိုသော အရာကို ယုံကြည်တတ်သည့် တုံးအအ မိန်းကလေးတစ်ဦး မဟုတ်သော်လည်း ထိုအဖြစ်အပျက် နောက်ပိုင်း ကံတရားကို စတင် ယုံကြည်လာမိတော့သည်။
ကမ္ဘာပျက်ထဲတွင် သေရေးရှင်ရေးနှင့် ကြုံရသည့်အခါ ရွှယ့်ယွယ်သည် အားလုံးကို လွှတ်ချလိုက်ပြီး အရှက်မရှိသည့် နည်းလမ်းကိုသုံး၍ ရန်ကိုင်ကို ခါးဆီး ခံခိုင်းလိုက်လေသည်။ ထိုကြောင့်ပင် သူမ၏ဆန္ဒကိုလည်း ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့ရသည်။
သူမပြောခဲ့သည်မှာ… သူမ၏ တောင်းဆိုချက်မှာ ရှိရှင်း၏… ဤလောကကြီးထဲ သူမအား မိန်းမတစ်ယောက်ကဲ့သို့ ဆက်ဆံပြီး မိန်းမတစ်ယောက် ဖြစ်ရခြင်း၏ ပျော်ရွှင်မှုကို ခံစားနိုင်အောင် လုပ်ပေးနိုင်လျှင် ကျေနပ်ပြီ ဟူ၍ပင်။
သို့သော်လည်း ယခုမူ… ထိုလူမှာ သေသွားလောက်ပေပြီ။
ရွှယ့်ယွယ် ထိုအချက်ကို လက်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် သွေးမရှိသည့်နှယ် ဖြူလျော်နေသည့် မျက်နှာဖြင့် မိုကြိုးပစ်ခံလိုက်ရသည့်နှယ် ငူငူကြီး ရပ်နေခဲ့လေသည်။
“ရန်ကောင်လေးက မသေသေးဘူး” ကွေ့ဇူက သူ့ရှေ့တည့်တည့်ကို လှမ်းကြည့်ရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည် “ကျိလုန် ကြည့်ရတာ တစ်ယောက်ယောက်နောက် လိုက်နေတဲ့ပုံပဲ။ ဒီလိုအချိန်မျိုးမှာ ဒီကောင် မနားတမ်း လိုက်စရာဆိုလို့ ရန်ကိုင် တစ်ယောက်ပဲ ရှိတယ်။ ငါတို့လည်း သူ့နောက် မြန်မြန်လိုက်ရမယ်။ ကျိလုန်သာ မှီသွားရင် ရန်ကိုင် ဘာမှပြန်လုပ်နိုင်မှာ မဟုတ်ဘူး”
ကွေ့ဇူ စကားကို ကြားသည့်အခါ ရွှယ့်ယွယ်၏ ခန္ဓာကိုယ်လေး တုန်ရီသွားပြီး ချက်ချင်းပဲ နီကွမ်းကို လှမ်းအော်တော့၏ “ဦးလေးနီ”
နီကွမ်းသည် ဘာမှပြန်မပြောဘဲ ရွှယ့်ယွယ်ကို သူတော်စင်ချီဖြင့် ရစ်ပတ်၍ ကွေ့ဇူနှင့်အတူ ရန်ကိုင်နောက်သို့ လိုက်လေသည်။
ခဏကြာအောင် ပျံသန်းနေပြီးနောက် နီကွမ်းက ရုတ်တရက် ပြောလိုက်သည် “တတိသခင်လေး ရန်ကိုင်နဲ့ ရင်းနှီးတာ လက်ခံလို့ ရတယ်။ ဒါပေမယ့် အရမ်းကြီး နီးကပ်လို့ မဖြစ်ဘူးနော်။ သခင်လေး ဘယ်လိုတာဝန်ကို ယူထားရလဲ သခင်လေး အသိဆုံးပဲ”
ရွှယ့်ယွယ်နှင့် ပက်သက်သည့် ပြဿနာကို သူကျိန်းသေ တွေ့လိုက်ပေသည်။ ကမ္ဘာပျက်ထဲ ရောက်သည့်အချိန်မှစ၍ ယခု အချိန်ထိ ရွှယ့်ယွယ်သည် ယခင်ရွှယ့်ယွယ်နှင့် နည်းနည်းလေးမှ မတူ။ ထို့ကြောင့် ရန်ကိုင်နှင့်ရွှယ့်ယွယ်ကြား ကိစ္စတစ်ခုခု ရှိနေမှန်း နီကွမ်း ချက်ချင်း သဘောပေါက်လိုက်တော့၏။
ထိုစကားကို ကြားသည့်အခါ ရွှယ့်ယွယ်မျက်နှာ တောင့်တင်းသွားခဲ့သည်။ သို့သော် မကြာခင် ခေါင်းညိတ်၍ “ကျုပ်သိတယ် ဦးလေးနီ”
သို့သော်လည်း ထိုအချိန်တွင် ကွေ့ဇူက ရယ်မောလျက် ကြားဖြတ်ပြောလိုက်လေသည် “ယောကျာ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ကြိုက်တာပဲကို၊ သူယူထားတဲ့ တာဝန်နဲ့က ဘာဆိုင်လို့လဲ။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ လုပ်ပုံကိုင်ပုံတွေက တကယ်ကို အထူးအဆန်းပဲ”
နီကွမ်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ကွေ့ဇူအား အံ့အားသင့်တကြီး လှည့်ကြည့်လိုက်လေသည်။
“မင်းဘာလာကြည့်နေတာလဲ။ ဒီကောင်မလေးက မိန်းကလေးမှန်း ငါသိထားပြီးသာ။ မင်းလည်း သိပြီးသားပဲမလား” ကွေ့ဇူက နှာခေါင်းရှုံးလျက် “အဲ့ဒါကိုများ လာပြီး မသိချင်ယောင် ဆောင်နေသေးတယ်”
ကမ္ဘာပျက်ထဲသို့ နီကွမ်းအား ရွှယ့်ယွယ်ကို ခေါ်လာခွင့် ပေးသည်ကို ကြည့်လျှင် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း နီကွမ်းအပေါ် မည်မျှ ယုံကြည်သလဲ ဆိုသည်ကို ပြသနေသည်။ နီကွမ်းသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် ကုန်သွယ်ရေးအဖွဲ့အစည်း၏ ထိပ်တန်း လျှို့ဝှက်ချက်များကို သိခွင့်ရှိသူတစ်ဦးလည်း ဖြစ်သည်။
ထို့ကြောင့် သူသတင်းဖွလိုက်သလို ဖြစ်သွားမည်ကို ကွေ့ဇူ စိတ်မပူချေ။
ကွေ့ဇူ မျှော်လင့်ထားသလိုပင် ရွှယ့်ယွယ် မိန်းကလေးတစ်ဦး ဖြစ်ကြောင်းကို ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ လူအချို့သာသိပြီး နီကွမ်းသည် ထိုလူအနည်းငယ်အနက် တစ်ဦး အပါအဝင် ဖြစ်ပေသည်။
နီကွမ်းနှင့် အိုင်းအောင်သည် ငယ်စဉ်ကတည်းက သိလာသည့် သူငယ်ချင်းများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်များအတွင်း နှစ်ဦးစလုံးသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့ကြသည်။ ရှင်းရှင်းပြောရလျှင် မဟာအကြီးအကဲများ မပါပါက နီကွမ်းသည် အိုင်းအောင်အောက်သာ တစ်ဆင့်နိမ့်တော့ပြီး ကျန်လူအားလုံးထက် ပိုမြင့်မားသည့် အဆင့်အတန်းတွင် ရှိနေသည်ဟု ပြော၍ရသည်။
“ခင်ဗျား ဘယ်လိုသိတာလဲ” နီကွမ်း ထိတ်လန့်သွားခဲ့သည်။
“ဘာတွေ ဒီလောက် ခက်ခက်ခဲခဲ ဖြစ်နေတာလဲ” ကွေ့ဇူက နှာခေါင်းရှုံ့လျက် “သူမိန်းကလေး ဖြစ်တာကိုတင်မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်ကလည်း ထူးခြားတယ်ဆိုတာကို ဒီလူအိုကြီး သိပြီးသား။ ဘာခန္ဓာကိုယ်မှန်း မသိပေမယ့် သူ့ခန္ဓာကိုယ် တစ်ခုခု ထူးခြားနေလို့ပဲ သူမိန်းကလေး ဖြစ်တယ်ဆိုတာကို မင်းတို့ အသည်းအသန် လိုက်ဖုံးနေတာမလား။ ကဲ၊ ငါခန့်မှန်းကြည့်မယ်။ အဲ့လိုလုပ်ရတဲ့ ခန္ဓာကိုယ်မျိုး… နှစ်ခုရှိတယ်။ မဟာဆေးမီးဖို ခန္ဓာကိုယ်နဲ့ နဂါးခြင်ဆီဖီးနစ်ခန္ဓာကိုယ်ပဲ။ ဒါပေမယ့် သူ့ရုပ်ကို ကြည့်လိုက်၊ သူရဲကောင်းဆန်တဲ့ပုံ မပေါက်ဘူး။ ကလူတူတူ ညတူတူဘက် ပိုသွားတယ်။ ဒီတော့ ဘာရှိသေးလဲ။ သူ့ခန္ဓာကိုယ်က နဂါးခြင်းဆီဖီးနစ်ခန္ဓာကိုယ်ပဲပေါ့… ကျွတ်… ဒီလို ခန္ဓာကိုယ်မျိုးက နှစ်တစ်သောင်း နေရင်တောင် တစ်ခါ တွေ့ရတာ မဟုတ်ဘူး”
နီကွမ်း အလွန်ကို ထိတ်လန့်သွားခဲ့လေသည်။ သူ့ရှေ့ရှိ တစ္ဆေအိုကြီးသည် ဤမျှ အမြင်စူးရှလိမ့်မည် မထင်ထားခဲ့။ သဲလွန်စလေးအချို့ကို ကြည့်ရုံနှင့်ပင် ရွှယ့်ယွယ်၏ ခန္ဓာကိုယ်ကို ချက်ကျလက်ကျ ဖော်ထုတ်ပြသွားနိုင်ခဲ့သည်။
ရွှယ့်ယွယ်သည်လည်း ကွေ့ဇူအား အံ့အားသင့်တကြီး ကြည့်နေမိသည်။ ကွေ့ဇူသည် ဤအကြောင်းအရာများကို ရန်ကိုင် ပြောပြလို့ သိထားသည်ဟုမထင်။ ရန်ကိုင်သည် ပါးစပ်ဖွာသည့် လူတစ်ဦး မဟုတ်ချေ။
“ခင်ဗျား….” နီကွမ်း ပါးစပ်ဟလိုက်သည်။
“စိတ်အေးအေးထားစမ်းပါ” ကွေ့ဇူက ပြုံးလျက် နီကွမ်း၏ ပခုံးကို အသာအယာပုတ်လိုက်လေသည်။
နီကွမ်းသည် ကွေ့ဇူ သူ့ပခုံးကို လာပုတ်ပုတ်ချင်း သတိချပ်မိလိုက်သော်ငြား ကွေ့ဇူသည် သဘောရိုးဖြင့်သာ လာပုတ်ကြောင်း သိပြီးနောက် ဘာမှပြန်ပြောမနေတော့။
“ဒီကောင်မလေးကို ငါဘာမှမလုပ်ဘူး စိတ်မပူနဲ့… သူက ငါတို့ဂိုဏ်းချုပ်ရဲ့ မိန်းကလေးပဲဟာကိူ။ ဟဲဟဲဟဲ… ကြည့်ရတာ မကြာခင် ငါတို့အားလုံး တစ်မိသားစုတည်း ဖြစ်လာလိမ့်မယ်နဲ့ တူတယ်။ ဒါပေမယ့် ဂိုဏ်းချုပ်က တကယ် ကံကောင်းတာပဲ။ သူတို့ နှစ်ယောက်ရဲ့ ယင်နဲ့ယန်နဲ့ကိုသာ ပေါင်းစပ်လိုက်ရင် သူ့ခွန်အားက အကြီးအကျယ် တိုးတက်သွားမှာ” ကွေ့ဇူက ညစ်ကျယ်ကျယ် ရယ်မောလိုက်လေသည်။
“စီနီယာ” ရှက်လွန်းသဖြင့် ရွှယ့်ယွယ်၏ မျက်နှာကြီး နီတက်လာခဲ့လေသည်။ ချက်ချင်းပဲ ကွေ့ဇူအား ဒေါသတကြီး စိုက်ကြည့်လိုက်လေ၏။
နီကွမ်း ခေါင်းတစ်ခုလုံး ချာချာလည်သွားခဲ့သည်။ ကွေ့ဇူ ပြောနေသည်ကို လိုက်မမှီနိုင်တော့သည့်အဆုံး ရွှယ့်ယွယ်ဘက်သို့ လှည့်၍သာ အကူအညီ လှမ်းတောင်းရတော့သည်။ ရွှယ့်ယွယ်ကမူ ဘာမှ ပြန်မပြောရဲခဲ့ဘဲ ခေါင်းသာ ငုံ့လိုက်လေသည်။
“ဟူး…” နီကွမ်း သက်ပြင်းအမောကြီး ချလိုက်၏ “ယွဲ့အာ၊ ဒီကိစ္စကို နင့်အဖေ သိမသွားစေနဲ့နော်၊ မဟုတ်ရင် သူကျိန်းသေ ပေါက်ကွဲမှာ။ နင့်ဦးလေးနီမှာ မိန်းမလည်းမရှိဘူး၊ ကလေးလည်း မရှိဘူး။ နင်က ငါ့အတွက် သမီးတစ်ယောက်လိုပဲ။ ဒီကိစ္စကို… ငါကိုယ်တိုင်ပဲ နင့်အဖေကို အခွင့်အရေးတစ်ခုခုရှာပြီး ပြောလိုက်မယ်”
“ကျေးဇူးတင်ပါတယ် ဦးလေးနီ” ရွှယ့်ယွယ်က နှုတ်ခမ်လေး ကိုက်လျက် တိုးတိုးလေး ပြန်ပြောလိုက်လေသည်။
“ငါ့ကို ကျေးဇူးမတင်နဲ့ဦး… နင့်အဖေရဲ့စိတ်နဲ့ ဒီကိစ္စက… တော်တော်လေးတော့ ခက်လိမ့်မယ်” နီကွမ်းက သက်ပြင်းချ၍ ကွေ့ဇူအား စူးရဲစွာစိုက်ကြည့်ရင်း “ခင်ဗျားက အသက်ကြီးပြီး တကယ်ကို အရှက်မရှိတာပဲ။ ဂျူနီယာတစ်ယောက်ရှေ့မှာ ဒီလို စကားတွေလာပြောတာ နည်းနည်းလေးမှ မရှက်ဘူးလား”
“ဟဲဟဲ” ကွေ့ဇူသည် ညစ်ကျယ်ကျယ်သာ ပြုံးလိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့ပေ။
“ဒါပေမယ့်…” နီကွမ်းက ကွေ့ဇူအား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်၍ “ခင်ဗျား ခုနတုန်းက အဲ့ကောင်လေးကို ဂိုဏ်းချုပ်လို့ ခေါ်လိုက်တယ်နော်။ ခင်ဗျားတို့ ဘယ်ဂိုဏ်းကလဲ။ ကျုပ်ဘာလို့ ခင်ဗျားတို့ ဂိုဏ်းအကြောင်း တစ်ခါမှ မကြားဖူးရတာလဲ”
နီကွမ်း ထင်သည်မှာ ကွေ့ဇူကဲ့သို့ အားကောင်းသည့် ကျင့်ကြံသူတစ်ဦးသည့်အတွက် လူမသိသူမိ ဖြစ်မနေသင့်ချေ။ သူတို့ရှိသည့် ဂိုဏ်းသည်လည်း ထိုနည်းတူပင်။
သို့သော် ကွေ့ဇူကို သူတစ်ခါမှ မတွေ့ဖူးသလို ကွေ့ဇူ၏ နာမည်ကိုလည်း တစ်ခါမှ မကြားဖူးချေ။
“ဟုတ်တယ်။ သူက ငါ့ဂိုဏ်းချုပ်ပဲ။ ဒါပေမယ့် ကမ္ဘာပျက်ထဲရောက်မှ သူ့ဂိုဏ်းထဲ ဝင်ခဲ့တာဆိုတော့ ငါလည်း သူ့ဂိုဏ်းအကြောင်း မသိဘူး”
နီကွမ်းသည် ကွေ့ဇူအား မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း အံ့ဩတကြီး ပြန်မေးလိုက်လေသည် “ကမ္ဘာပျက်ထဲရောက်မှ ဝင်လိုက်တာ။ အဲ့ကောင်လေးက ဘာတွေနဲ့ ဆွဲဆောင်လိုက်လို့ ခင်ဗျားလို့ လူတစ်ယောက်တောင် သူ့ဂိုဏ်းထဲ ဝင်ချင်သွားတာလဲ”
ရန်ကိုင်၏ ဂိုဏ်းနှင့်ပက်သက်၍ တစ်ခုခု ကျိန်းသေ ထူးခြားနေရပေလိမ့်မည်။ ထို့ကြောင့်သာမဟုတ်လျှင် ဘာကြောင့်များ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ ဖိတ်ခေါ်နိုင်မည်နည်း။ ကွေ့ဇူကဲ့သို့ လူမျိုးကိုပင် ဖိတ်ခေါ်နိုင်ရအောင် ရန်ကိုင်၏ဂိုဏ်း ဘာတွေများ ထူးခြားနေသလဲ နီကွမ်း တကယ် သိချင်နေမိသည်။
“ဟဲဟဲဟဲ” ကွေ့ဇူသည် ဘာမှပြန်မပြောဘဲ ညစ်ကျယ်ကျယ်သာ ရယ်နေခဲ့သည်။
ငါသာ ဂိုဏ်းထဲမှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် သုံးယောက် ရှိတယ်လို့ ပြောလိုရင် မင်နှလုံးခုန်တောင် ရပ်သွားဦးမယ်။ ဒီကိစ္စက ငါလျှောက်ပြောသင့်တဲ့ ကိစ္စ မဟုတ်ဘူး
“ထားလိုက်တော့” နီကွမ်းက စိတ်မဝင်စားတော့ဟန်ဖြင့် လက်ဝှေ့ရမ်း၍ “ခင်ဗျား မပြောချင်လည်း မပြောနဲ့တော့။ ဒါပေမယ့် ခင်ဗျားကိုတောင် ဆွဲခေါ်နိုင်တယ်ဆိုတော့ အဲ့ကောင်လေးရဲ့ဂိုဏ်းက ပေါ့သေးသေး မဟုတ်မှာတော့ သေချာတယ်။ သူ့စရိုက်ကော၊ အရည်အချင်းကောကလည်း မဆိုးဘူး။ ရွှယ့်ယွယ် လူရွေးမှန်တယ်လို့ ပြောရမယ်။ မဆိုးဘူး၊ သူတကယ် ရွှယ့်ယွယ်နဲ့ လိုက်တယ်”
ထိုစကားကို ကြားသည့်အခါ ရွှယ့်ယွယ် ချိုသာစွာ ပြုံးလိုက်လေသည်။ ထိုအခြင်းအရာကို မြင်သည့်အခါ နီကွမ်း ထပ်၍ သက်ပြင်းချမိလိုက်ပြန်သည်။ ရွှယ့်ယွယ်သည် ပါးနပ်သည့် မိန်းကလေးတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် နီကွမ်း၏ အပြုအမူကို မြင်သည်နှင့် အချစ်ဆိပ်တက်နေသော မိန်းကလေး တစ်ဦးပုံစံ ဆက်လုပ်မနေတော့ဘဲ သူမ၏ ပုံစံကို ချက်ချင်း ပြန်ပြင်လိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၉၉)
ရန်ကိုင်သည် ကြယ်စီရင်စုထဲ အသည်းအသန် ထွက်ပြေးနေခဲ့သည်။ နတ်ငှက်သည် ကြယ်စီရင်စုကြီး၏ လောကနိယာမများကြောင့် ထွက်ပြေးသွားခဲ့ပြီ ဖြစ်သော်ငြား သူ့ဒုက္ခမှာ အဆုံးမသတ်သေးမှန်း ရန်ကိုင် သိနေသည်။
အကြောင်းမှာ သူ့နောက်မှ လိုက်လာနေသည့် ခရမ်းရောင် အလင်းတန်းကြောင့်ပင် ဖြစ်သည်။
ကျိလုန်ပင်…
သူ့နောက်သို့ လိုက်လာနေသည့် ခရမ်းရောင်အလင်းတန်း မည်သူဖြစ်သည်ကို တွေးနေစရာမလို။ ကျိလုန်မှလွဲ၍ အခြားသူ မဖြစ်နိုင်။ ဤမျှ ထင်းနေသည့် ခရမ်းရောင်အလင်းသည် ခရမ်းချီထာဝရမြစ်ကျင့်စဉ်ကို ကျင့်ကြံထားသည့် ကျိလုန်မှလွဲ၍ မည်သူများ ဖြစ်နိုင်ဦးမည်နည်း။
ကျိလုန် ဖြစ်သည်ဆိုပါက ကျိလုန်နှင့်အတူ ရှုဝေလည်း ရှိနေပေလိမ့်မည်။
အထွဋ်အထိပ်အခြေအနေ၌ ရှိနေခဲ့လျှင် သူ့လက်ရှိ ခွန်အားအရ တန်ခိုးရှင်ဘုရင်ပထမအဆင့်လောက်ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပေသည်။ သို့သော် ကျိလုန်ကဲ့သို့သော ပညာရှင်ကိုမူကား… မဖြစ်နိုင်လှပေ။
ထို့အပြင် နတ်ငှက်လိုက်ခံရစဉ်က ထွက်ပြေးရန်အတွက် လေဟာနယ်စွမ်းအားကို အလွန်အကျွံ အသုံးပြုခဲ့ရသည်။ နတ်ငှက်၏ ငှက်မွှေးကြောင့် ဒဏ်ရာလည်းရသေးသည်။ ဒဏ်ရာလည်းရ၊ မောလည်းမော အခြေအနေမျိုးတွင် ကျိလုန်လက်မှ ထွက်ပြေးရသည်မှာ သူ့အတွက် အတော်လေး ခက်ခဲနေခဲ့သည်။ လေဟာနယ်စွမ်းအားကို ထပ်တလဲလဲ အသုံးပြုလာခဲ့ရပြီးနောက်တွင် ထပ်၍ အသုံးပြုနေရသည်မှာ သူ့အတွက် အလွန်ကိုမှ ပင်ပန်းလှပေသည်။
ထို့အပြင် လေဟာနယ်စွမ်အားကို ထုတ်သုံးလျှင်ပင် သူ့အနေဖြင့် မိုင်အနည်းငယ်ခန့်ကိုသာ ခုန်ကျော် သွားနိုင်၏။ ထိုအကွာအဝေးလောက်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ဖြစ်သော ကျိလုန်အတွက် ဘာမှမပြောပလောက်ချေ။ ကျိလုန်သည် လေဟာနယ်စွမ်းအားကို မသုံးနိုင်လျှင်ပင် သူ့ခွန်အားဖြင့် ထိုမျှလောက်သော အကွာအဝေးကို တစ်ခဏအတွင်း ဖြတ်ကျော်သွားလာနိုင်ပေသည်။
နောက်ဆုံး မရတော့သည့်အဆုံး ရန်ကိုင်သည် လေမိုးကြိုးတောင်ပံကိုဖွင့်ကာ အရှိန်တင်လေသည်။ ထို့နောက် ကြယ်လွန်းပျံကိုထုတ်၍ ကြယ်လွန်းပျံပေါ်တွင် ထိုင်၍သာ ထွက်ပြေးတော့သည်။
လေမိုးကြိုးသံတို့ ရန်ကိုင်၏ ကျောဘက်ဆီမှ တဖျက်ဖျက် ပေါက်ကွဲထွက်လာပြီးနောက် လေစွမ်းအား၊ မိုးကြိုးစွမ်းအားတို့ဖြင့် ဖွဲ့စည်းထားသော တောင်ပံတစ်ဖက်ချင်းစီသည် ရန်ကိုင်၏ ကျောဘက်တွင် အသီးသီး ထွက်ပေါ်လာခဲ့လေသည်။ ထိုတောင်ပံနှစ်ခု ထွက်ပေါ်လာသည်နှင့် ရန်ကိုင်၏ အရှိန်မှာ သိသိသာသာ မြင့်တက်သွားခဲ့သည်။
နောက်တစ်ချက် ပြန်လှည့်စစ်ဆေးကြည့်ပြီးနောက် သူ့လက်ရှိ အမြန်နှုန်းသည် ကျိလုန်၏ အမြန်နှုန်းနှင့် တူညီလုနီးပါး ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင် အနည်းငယ် စိတ်အေးသွားခဲ့ရလေသည်။ ဤနှုန်းအတိုင်းသာ ဆက်သွားမည်ဆိုပါက ကျိလုန် အနေဖြင့် သူ့အား အချိန်တိုအတွင်း လိုက်မှီလာနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအချိန်အတွင်း ရထားသည့် ဒဏ်ရာများကို ပြန်ကုစားပြီး အားပြန်ဖြည့်ထားနိုင်သည်။
သို့ရာတွင် မည်သည့်နေရာသို့ ထွက်ပြေးရမလဲ ဆိုသည်ကိုတော့ မရွေးရသေးပေ။
ကျိလုန်သည် အင်မော်တယ်သစ်ပင်ကို အလွန်လိုချင်နေသည့် အတွက် လွယ်လွယ်နှင့်တော့ လက်လျှော့လိမ့်မည်မဟုတ်။ ထို့ကြောင့် လုံးဝ လွတ်မြောက်မည့် နေရာတစ်ခုကို ရှာမှ ဖြစ်ပေလိမ့်မည်။
ကြယ်စီရင်စုထဲ သူရင်းနှီးသည့်နေရာဆို၍ အရိပ်ကြယ်နှင့် ထုန်းရွှမ်လောကကြီးသာ ရှိသည်။ သို့ရာတွင် ထိုနေရာနှစ်ခုမှာ လက်ရှိ သူရှိနေသည့်နေရာနှင့် အလွန် ဝေးလွန်းသည်။ လက်ရှိ အမြန်နှုန်းဖြင့် သွားလျှင်ပင် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ခန့် ကြာမှ ရောက်ပေလိမ့်မည်။ ထို့အပြင် ထိုနှစ်ရာနှစ်ခုလုံးစလုံးသည် ထွက်ပြေးလို့ကောင်းသည့် နေရာများမဟုတ်။
ကျိလုန်ကိုသာ ထိုနေရာနှစ်ခုဆီ ခေါ်သွားခဲ့လျှင် သူ့လက်ချက်ဖြင့် ထိုနေရာနှစ်ခုစလုံး ပျက်စီးရပေလိမ့်မည်။ ထိုနေရာနှစ်ခုလည်း သွားလို့အဆင်မပြေပြန်သော် ရန်ကိုင် အနေဖြင့် မည်သည့် နေရာသို့ သွားရမည်နည်း။
ရန်ကိုင် ရုတ်တရက် လမ်းပျောက်ချင်သလို ဖြစ်သွားသည်။
ကြယ်စီရင်စုထဲ နှစ်ပေါင်းများစွာကြာအောင် နေခဲ့သော်ငြား သူရောက်ဖူးသည့်နေရာမှာ အတော်လေး နည်းနေခဲ့သည်။ ယခု သေရေးရှင်ရေးနှင့် ကြုံလာသည့်အခါ မည်သည့်နေရာသို့ သွားလို့ သွားရမှန်းမသိ ဖြစ်ကုန်လေသည်။
သို့သော်ငြား လက်လျှော့လိုက်၍ မဖြစ်သေးသဖြင့် ရန်ကိုင်သည် သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲသို့ အလျင်အမြန် ပို့လွှတ်ကာ ထွက်ပြေးလို့ကောင်းမည့်နေရာတစ်ခု အမြန် လိုက်ရှာလေသည်။
သူ့အသိစိတ်ပင်လယ်၏ ကောင်းကင်ထက်တွင် ကြယ်စင်လေးများ တလက်လက် တောက်ပနေခဲ့သည်။ ထိုကောင်ကင်းပြင်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသန့်စင်ခဲ့သော ကြယ်စီရင်စုကြီးတစ်ခုလုံး၏ အသေးစားပုံစံ ကြယ်မြေပုံတစ်ခု ဖြစ်ပေသည်။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ကြယ်မြေပုံထဲ လျင်မြန်စွာ သွားလာနေခဲ့သည်။ ကံမကောင်းစွာဖြင့် တွေ့လိုက်သည့် နေရာတိုင်း ပုန်းလို့ကောင်းသည့်နေရာတစ်ခု ဟုတ်မနေခဲ့ပေ။
ကြိုးစားပမ်းစားဖြင့် လိုက်ရှာနေခဲ့သည့်တိုင် အချိန် အတန်ကြာသည်အထိ ရှာမတွေ့ခဲ့ချေ။ ရုတ်တရက် နေရာတစ်ခုကို မြင်ပြီးနောက် ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့လေသည် “ငါအဲ့ကို သွားလို့ရတာပဲ။ မေ့နေလိုက်တာ”
အစိုးရိမ်လွန်ပြီး သူထွက်ပြေး ပုန်းရှောင်နိုင်သည့် နေရာတစ်ခု ရှိနေသည်ကို ရန်ကိုင် မစဉ်းစားမိလိုက် ဖြစ်သွားခဲ့သည်။ သူသာ ထိုနေရာသို့ ထွက်ပြေးမည်ဆိုလျှင် ကျိလုန်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။ ကျိလုန် မဆိုထားနှင့် ကြယ်စီရင်စုကြီးထဲ လူလုံးထွက်ပြလေ့မရှိသော မွန်းစတားအိုကြီးများ လာလျှင်ပင် ဘာမှတတ်နိုင်လိမ့်မည် မဟုတ်။
ထိုနေရာသည် လက်ရှိ သူ့အခြေအနေအတွက် အလုံခြုံဆုံး နေရာတစ်ခု ဖြစ်ပေသည်။
ထို့အပြင် သူရလာသည့် အကျိုးအမြတ်များကိုလည်း ထိုနေရာတွင် နေကာ ထိုင်အသုံးချနိုင်သည်။ အခွင့်တိုက်ဆိုင်၍ ကံအကျိုးပေးခဲ့လျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ပင် ချိုးဖျက်နိုင်ပေလိမ့်ဦးမည်။
ရန်ကိုင် တန်ခိုးရှင်ဘုရင်အဆင့်သို့ မချိုးဖျက်သေးသည်မှာ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ထိုးထွင်းသိမြင်မှု မလုံလောက်သေးဟု ခံစားရသည့်အတွက်ကြောင့် ဖြစ်သည်။ သူ့ခန္ဓာကိုယ်နှင့် ဝိဥာဉ်စွမ်းအားသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ရှိသင့်ရှိထိုက်သည်ထက်ကို အများကြီး ကျော်လွန်နေခဲ့လေပြီ။
သူသာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ပါက ကျိလုန်တို့ကို ကြောက်နေစရာ လိုတော့လိမ့်မည် မဟုတ်ချေ။
“ဟုတ်တယ်။ အဲ့ကိုပဲ သွားတော့မယ်” ထိုကဲ့သို့ ရေရွတ်လိုက်ပြီးနောက် အသိစိတ်ပင်လယ်ထဲမှ ရန်ကိုင် ပြန်ထွက်လာခဲ့လိုက်သည်။
ရုတ်တရက် ရန်ကိုင် မျက်လုံး ပြန်ဖွင့်လာခဲ့သည်။ သူ့နောက်သို့ အသည်းအသန် လိုက်နေသော ကျိလုန်တို့အား လှမ်းကြည့်လိုက်ပြီးနောက် ညစ်ကျယ်ကျယ်ပြုံးလျက် “လိုက်စမ်းပါ။ မင်းတို့ လိုက်နိုင်တုန်း လိုက်ထားပေါ့။ ငါ့အလှည့်ကျမှ မင်းတို့ ပြန်မပြေးကြနဲ့”
ပြောပြီးသည်နှင့် သူတော်စင်ချီကို အဆုံးစွန်ထိလှည့်ပတ်လိုက်ရာ ကြယ်လွန်းပျံ၏ အရှိန်သည် ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။
“ဒီခွေးကောင်တော့” ရုတ်တရက် အရှိန်မြန်သွားသော ရန်ကိုင်ကိုကြည့်ရင်း ကျိတုန် ကျိန်ဆဲတော့လေသည် “ဒီကောင် ဘယ်လိုပညာရပ်တွေ သုံးနေလို့ ဒီလောက်တောင် မြန်နေတာလဲ”
ကျိလုန်၏ အမူအရာသည်လည်း မှုန်ကုတ်ကုတ် ဖြစ်နေခဲ့သည်။
အစကတော့ နတ်ငှက်သာ မရှိတော့လျှင် ရန်ကိုင်ကို ဖမ်းဖို့ဆိုသည်မှာ သူ့အတွက် အလွယ်လေး ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သူမထင်ထားခဲ့သည်မှာ ဤမျှကြာအောင် လိုက်ဖမ်းနေသည့်တိုင် ရန်ကိုင်အနီးသို့ မကပ်နိုင်သည်ကိုပင်။ ရန်ကိုင်၏ အမြန်နှုန်းသည် သူ့အမြန်နှုန်းနီးနီး ရှိနေခဲ့သည်။
“ဒီကောင် လျှို့ဝှက်ပညာရပ်တစ်ခုခု ထုတ်သုံးထားတာပဲ ဖြစ်ရမယ်။ ဒါပေမယ့် သခင်လေး စိတ်ပူနေစရာ မလိုဘူး။ သူမှာ အဲ့ပညာရပ်ကိုသုံးဖို့ သူတော်စင်ချီ မရှိတော့ရင် သူ့အရှိန် ကျိန်းသေ ထိုးကျသွားလိမ့်မယ်။ အဲ့အခါကျ စီနီယဦကျိအတွက် သူ့ကိုဖမ်းဖို့ အလွယ်လေး ဖြစ်သွားပြီ” ကျိတုန် ဒေါသထွက်လာသည်ကို မြင်သော် ရှုဝေက ချက်ချင်း ဝင်ပြောလိုက်သည်။
ကျိတုန် ဒေါသထွက်ထွက်၊ မထွက်ထွက် သူဂရုမစိုက်ပေ။ သူလန့်နေသည်မှာ ကျိတုန်သည် ဒေါသထွက်လာပြီး ဒေါသ ဖွင့်ထုတ်စရာမရှိလျှင် သူ့ဒေါသများကို ရန်ကိုင်အစား သူ့အပေါ်သို့ ပုံချလာမည်ကိုပင်။ ထို့ကြောင့် ကျိတုန် ဒေါသထွက်လာသည်ကို မြင်သည်နှင့် ကျိတုန် စိတ်ငြိမ်အောင် စကားဝင်ပြောလိုက်ခြင်း ဖြစ်သည်။
ကျိတုန် ဒေါသထွက်ပြီး သူအနှိပ်စက်ခံရမည့်အဖြစ်မျိုး ရှုဝေ အဖြစ်မခံနိုင်ပေ။ သူ့ဘာသာ အေးအေးဆေးဆေးသာ နေချင်သည်။
ကျိတုန်မှ ရုတ်တရက် သူ့အား စောင်းကြည့်လာသဖြင့် ရှုဝေ ရင်ခုန်သွား၏။ သူ့သခင်လေး ဘာတွေးနေလဲ မသိသော်ငြား အတတ်နိုင်ဆုံး ပြုံးနိုင်အောင်ပြုံးလျက် အသက်မပါသည့် ရယ်သံဖြင့် ရယ်ပြလိုက်လေသည်။
“သူလျှို့ဝှက်ပညာရပ်တစ်ခုခု ထုတ်သုံးထာတာ သေချာလား။ အချိန်တန်ရင် သူ့လျှို့ဝှက်ပညာရပ်ကို ဆက်သုံးလို့ မရတော့ဘူး ဆိုတာကော သေချာလား” ကျိတုန်က မေးလိုက်လေသည်။
“အဲ့ဒါက…” ရှုဝေ ပြောစရာစကားမဲ့သွားခဲ့သည်။
ငါသိမလားဟ။ ခုဏက မင်းပဲ ပြောနေတာ မဟုတ်ဘူးလား။ မင်းပြောတဲ့အတိုင်း လိုက်ပြောရုံပဲကို ဘာကို ငါ့ကို လာမဲနေတာလဲ။ သောက်သုံးမကျတဲ့ဝက်ရဲ့
ရှုဝေသည် စိတ်ထဲမှနေ၍ ကျိတုန်အား ပြစ်ပြစ်ခါခါ ကျိန်ဆဲပစ်လေသည်။ သို့သော်လည်း မကျေနပ်သည့် အမူအရာတော့ နည်းနည်းလေးမှ လုပ်မပြရဲ။ မဟုတ်လျှင် အနှိပ်စက်ခံနေရပေဦးမည်။
“အမှိုက်ကောင်” ကျိတုန်သည် ဒေါသထွက်ထွက်နှင့် ဆဲဆိုလိုက်ပြီး ရှုဝေဆီမှ အကြည့်ပြောင်းလိုက်လေသည်။
ရှုဝေက ခါးသီးစွာပြုံးရင်း ခေါင်းညိတ်လျက် “ဟုတ်ပါတယ်။ ဒီလူအိုကြီး အသုံးမဝင်ပါဘူး”
ဒီခွေးကောင်ကို တစ်နေ့ ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ် အပြင်ဘက်တွင်သာ နာနာခံခံ လုပ်ပြနေသော်လည်း စိတ်ထဲတွင်တော့ ရှုဝေသည် ကျိတုန်အား ရက်စက်စွာ ကြိမ်းမောင်းပြောဆိုနေခဲ့လေသည်။
သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း ကျိလုန်သည် ရှေ့သို့သာ ကြည့်နေခဲ့သည်။
သူ့ကောင်းကင်စိတ်အာရုံသည် ကျိတုန်နှင့် ရှုဝေထက် ပိုအားကောင်းသလို သူသည် နှစ်ဦးစလုံးထက်လည်း ပို၍ အမြင် စူးရှပေသည်။ မိုင်ပေါင်းထောင်နှင့်ချီ ဝေးနေသော်လည်း ရန်ကိုင်၏ အခြေအနေကို သူလှမ်းမြင်နေရပေသည်။
ရှုဝေ ပြောသလိုပင် ရန်ကိုင်သည် လျှို့ဝှက်ပညာရပ် တစ်ခုခုကို ထုတ်သုံးထားခဲ့ပေသည်။ သို့သော်လည်း ကြည့်ရသလောက် ထိုပညာရပ်သည် သူတော်စင်ချီ အရမ်း စားသည့်ပုံမပေါ်။ ထို့ကြောင့် ရှုဝေ ပြောသလို သူတော်စင်ချီ ကုန်ဆုံးရှုံးပြီး ရန်ကိုင် ဆက်မပြေးနိုင်တော့မည်မှာ သိပ်၍ မဖြစ်နိုင်ပေ။
နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ကျိလုန် ပို၍ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထင်ထားသလိုပင် နီကွမ်းနှင့် အနက်ရောင် တစ္ဆေကောင်သည်လည်း သူ့နောက်သို့ လိုက်နေခဲ့ကြသည်။
သူသာ ဆက်နှောင့်နှေးနေခဲ့လျှင် အခွင့်အရေးကို ဆုံးရှုံးရပေလိမ့်မည်။ ရန်ကိုင်သာ ထိုနှစ်ဦးနှင့် ပေါင်းသွားခဲ့လျှင် ကျိလုန်အတွက် အလွန်ကိုမှ ပြဿနာ များတော့ပေမည်။
ထိုအချက်ကို နားလည်လိုက်သည့်နောက်တွင် ကျိလုန်သည် တုန့်ဆိုင်းမနေတော့ဘဲ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့ရှေ့၌ ကြယ်လွန်းပျံကဲ့သို့သော မှော်ရတနာတစ်ခု ပေါ်လာခဲ့သည်။
“ဒါက…” ကျိတုန်သည် ထိုမှော်ရတနာကို မြင်ပြီးနောက် မျက်လုံးတောက်ပသွားခဲ့သည်။
ရှုဝေကမူ ထိုကြယ်လွန်းပျံကို မြင်ပြီး မျက်မှောင်ကြုတ်သွား၏။ ထိုအရာသည် မည်သို့သော မှော်ရတနာ ဖြစ်မှန်းကို သူအမျိုးအစား မခွဲနိုင်ခဲ့ပေ။
ရန်ကိုင်သာ ရှိနေလျှင်တော့ အံ့အားသင့်သွားပေလိမ့်မည်။
ဤကြယ်လွန်းပျံသည် အထက်စကြာဝဠာဂိုဏ်း၌ရှိသော ငါမန်းပျံကြယ်လွန်းယာဉ်နှင့် အလွန် ဆင်တူသည့် အတွက်ကြောင့်ပင် ဖြစ်သည်။
တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောအပြင် ကြယ်လွန်းပျံပုံစံ ရှိသော ကြယ်သင်္ဘောအသေးစားလေး တစ်စင်းကိုလည်း ယန်ယန် တည်ဆောက်ခဲ့သေးသည်။
“ဒါက မဟာဧကရာဇ်ဆီကနေ ရခဲ့တဲ့ နည်းလမ်းနဲ့ ငါတို့ ဘိုးဘေးတွေ ဖန်တီးခဲ့တဲ့ ဟင်းလင်းပြင်ခွဲလွန်းပျံပဲ။ ဒါပေမယ့် သူတို့ နည်းလမ်းက အကန့်အသတ်နဲ့ရှိတော့ ဒီတစ်ခုပဲ ဖန်တီးနိုင်ခဲ့တယ်။ ဒါတောင် ဒီယာဉ်ပျံမှာ ချို့ယွင်းချက်တွေ ရှိနေတုန်းပဲ။ ဒါပေမယ့် ကိစ္စမရှိဘူး။ ဒီလောက်နဲ့်ဆို ဟိုကောင်ကို လိုက်လို့ရပြီ။ မြန်မြန် တက်ကြ”
ပြောပြီးသည့်နောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ဟင်းလင်းပြင်ခွဲလွန်းပျံသည် တဖြည်းဖြည်း အရွယ်အစား ကြီးမားလာခဲ့လေသည်။
တံခါးပွင့်လာပြီးနောက်တွင် သုံးယောက်စလုံး အထဲသို့ ဝင်သွားကြလေသည်။
အထဲသို့ ဝင်လာပြီးနောက် ရှုပ်ထွေးဆန်းကြယ်သည့် အစီအရင်များစွာကို ကျိတုန်နှင့် ရှုဝေတို့ မြင်တွေ့လိုက်ကြ၏။ ထိုအစီအရင်များအတွင်း ထည့်သွင်းထားသော အဆင့်မြင့် သူတော်စင်သလင်းကျောက်များစွာကိုလည်း တွေ့လိုက်ရသည်။
“ရှုဝေ၊ အစီအရင်ကို မင်းတာဝန်ယူလိုက်” ကျိလုန်သည် နေရာတစ်နေရာကို ညွှန်ပြပြီး ရှုဝေကို အမိန့်ပေးလိက်လေသည်။
“ဒီအစေခံ အဲ့နေရာကို ဘယ်လိုတာဝန်ယူရမလဲ စီနီယာကျိလုန် တစ်ချက်လောက် ပြောပြပေးလို့ရမလား”
“အစီအရင်ပေါ်ထိုင်ပြီး မင်းသူတော်စင်ချီကို အဲ့ထဲ့ ထည့်လိုက်” ကျိလုန်က ရှင်းပြလိုက်လေသည်။
“အစေခံအိုကြီး နားလည်ပါပြီ” ရှုဝေသည် အစီအရင်ပေါ်၌ အလျင်အမြန် ထိုင်ချကာ သူတော်စင်ချီကို အစီအရင်ထဲသို့ စတင် ထည့်သွင်းလေသည်။ သို့သော်လည်း သူတော်စင်ချီ ထည့်သွင်းပြီးပြီးချင်း ရှုဝေ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
အစီအရင်မှ သူ့သူတော်စင်ချီကို ဆွဲယူနေသည့်နှုန်းသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းနေသည့် အတွက်ကြောင့် ဖြစ်သည်။
အစီအရင်မှ ချက်ချင်း ထရပ်ပစ်လိုက်ချင်သော်လည်း ကျိလုန်၏ အကြည့်စူးစူးကြောင့် မထရဲဘဲ ပြန်ထိုင်နေခဲ့ရသည်။
နဂါးသည် နဂါးပေါက်ကို မွေးသလို ဖီးနစ်ငှက်သည်လည်း ဖီးနစ်ငှက်ကို မွေး၏။ ထိုနည်းတူစွာ ကြွက်အဖေသည်လည်း ကျိန်းသေ ကြွက်ပေါက်ကိုသာ မွေးပေလိမ့်မည်။
အဖေနှင့်သား နှစ်ဦးစလုံး တစ်ယောက်မှ မကောင်းချေ။ ရှုဝေစိတ်ထဲ ကြိတ်၍ ညည်းတွားနေခဲ့လေသည်။
ထို့ကြောင့် ဤဟင်းလင်းပြင်ခွဲလွန်းပျံ၌ ချို့ယွင်းချက် ရှိသည်ဟု ကျိလုန် ပြောခဲ့ခြင်းပေကိုး။ ဤမှော်ရတနာသည် ပျံသန်းရန်အတွက် ကျင့်ကြံသူဆီမှ သူတော်စင်ချီကို ထုတ်ယူရန် လိုအပ်ပေသည်။ သို့သော် သူတော်စင်ချီ ထုတ်ယူသည့်နှုန်းမှာ အလွန်ကိုမှ မြင့်မားလှသဖြင့် သာမန်ကျင့်ကြံသူများ လုံးဝ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ ရှုဝေကဲ့သို့သော တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူပင်လျှင် အချိန်အကြာကြီး တောင့်ခံရမည် ဆိုပါက တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“တုန်၊ မင်းဒီမှာလာထိုင်” ကျိလုန်သည် နောက်ထပ် အစီအရင် တစ်ခုကို ညွှန်ပြပြီး ကျိတုန်ကို ပြောလိုက်သည်။
“ဟုတ်ကဲ့ အဖေ” ကျိတုန်သည် ချက်ချင်းပဲ ကျိလုန်ပြောသည့် အစီအရင်တွင် သွားထိုင်လေသည်။
ကျိလုန်သည် တတိယမြောက်အစီအရင်၌ သွားထိုင်၏။
အကုန်လုံး အသီးသီး ထိုင်ပြီးနောက်တွင် ဟင်းလင်းပြင်ခွဲလွန်းပျံထဲရှိ အစီအရင်များ အသက်ဝင်လာလေသည်။
ဤလွန်းပျံ၏ အမြန်နှုန်းသည် ကျိလုန်၏ အမြန်နှုန်းထက် အများကြီး ပိုမြန်လေသည်။
“ဟားဟား၊ မင်းဘယ်လိုပြေးမလဲ ကြည့်ရသေးတာပေါ့ ကောင်လေး” ကျိတုန်သည် ရူးသွပ်စွာ အော်ရယ်မောလိုက်သည်။ အစီအရင်ပေါ်တွင်ထိုင်ပြီး သူတော်စင်ချီကို အစီအရင်ထဲသို့ ထည့်သွင်းပြီးနောက်တွင် သူကိုယ်တိုင်သည် ဟင်းလင်းပြင်ခွဲ လွန်းပျံနှင့် ဆက်သွယ်သွားသလို ခံစားလိုက်ရလေသည်။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင်၏ တည်နေရာနှင့် အခြေအနေကို အသေးစိတ် မြင်လာနိုင်ခဲ့လေသည်။ ဤနည်းဖြင့် အသည်းအသန် ထွက်ပြေးနေရသော ရန်ကိုင်၏ ပုံစံကို မြင်နေရသည့်အတွက် ကျိတုန် အလွန်ကိုမှ ကျေနပ်နေမိခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁800)
ဆေးတောင်ကြားထဲ ရှိစဉ်က ရန်ကိုင် လှောင်ချင်တိုင်း လှောင်နေသည်ကို ကြိတ်မှိတ်ကာ သည်းခံခဲ့ရသည်။ သူ့ဒေါသကို မည်သို့မှ မဖွင့်ထုတ်နိုင်ခဲ့။ ခုနှစ်ရောင်ခြယ်အလင်းသည် ဧရာမ တံတိုင်းကြီးနှယ် ရန်ကိုင်အား ကာကွယ်ပေးထားခဲ့သည်။
သို့သော် ဒေါသဆိုသည်မှာ ဝိုင်ကဲ့ပင်… သက်တမ်းကြာလေ အရသာ ပိုပြင်းလေပင်…
လက်ရှိ ကျိတုန်၏ ဒေါသသည်မှာ ထိုကဲ့သို့ ဖြစ်နေသည်။ သူ့စိတ်ထဲ ရန်ကိုင်အား အစိမ်းလိုက် ဝါးစားပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်နေခဲ့သည်။
ဟင်းလင်းပြင်ခွဲလွန်းပျံထဲ ထိုင်ရင်း ရန်ကိုင်အား မိသွားသည်နှင့် မည်ကဲ့သို့ နှိပ်စက်လျှင် ကောင်းမလဲ ထိုင်၍ပင် စဉ်းစားနေခဲ့လေပြီ။ ရန်ကိုင်အား နှိပ်စက်ရမည် ဆိုသည့်အကြောင်း စဉ်းစားလိုက်ရုံဖြင့် သူ့စိတ်ထဲ အလွန်ကိုမှ နှစ်ထောင်းအားရ ဖြစ်မိသည်။ ထို့အကြောင်းကို တွေးရင်း ထိုင်ရယ်နေတော့လေသည်။
ကျိတုန်၏ ရယ်သံကို ကြားလိုက်ရချိန် ရှုဝေ ကြက်သီးမွှေးညင်း ထသွားခဲ့သည်။ အရူးကောင်ကျိတုန် ဘာကြောင့် ရုတ်တရက်ကြီး ထရယ်နေသလဲ ဆိုသည်ကို သူမသိသော်ငြား သွားမမေးရဲသည့်အတွက် အစီအရင်ထဲသို့ သူတော်စင်ချီ ထည့်သွင်းရာတွင်သာ အာရုံစိုက်ထားခဲ့လေသည်။
“ငါ့လခွမ်း၊ ဘာကြီးလဲဟ” မိုင်တစ်ထောင်အကွာတွင် ရောက်နေသော ရန်ကိုင်သည် သူ့နောက်မှ လိုက်လာနေသည့် ပုံမှန်မဟုတ်သည့် အရာတစ်ခုကို သတိပြုမိလိုက်လေသည်။
ဟင်းလင်းပြင်ခွဲလွန်းပျံအကြောင်းကို မသိသော်လည်း သူ့နောက်သို့ လိုက်နေသည့်လူသည် ခရမ်းချီထာဝမြစ်ကျင့်စဉ်ကို မသုံးတော့ဘဲ အခြားအရာတစ်ခုကိုသုံး၍ သူ့နောက်သို့ လိုက်နေမှန်းတော့ ပြောနိုင်သည်။ ထို့အပြင် သူတို့ကြားရှိ အကွာအဝေးမှာလည်း တဖြည်းဖြည်း နီးကပ်လာနေခဲ့သည်။
အသက်ဆယ်ရှိုက်စာအတွင်း ရန်ကိုင်နှင့် ကျိလုန်တို့ကြား မိုင်တစ်ထောင်လောက်သာ ကွာတော့လေသည်။
ဤအတိုင်းသာ ဆက်သွားနေလျှင် အမွှေးတိုင်တစ်ချောင်းစာ အချိန်တွင်း သူ့ကို ဖမ်းမိသွားပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင် အကြံသစ်တစ်ခု ထပ်မံ စဉ်းစားရတော့သည်။
ဤအတိုင်းသာဆိုလျှင် လေဟာနယ်စွမ်းအားကို ထပ်သုံးရတော့မည့်ပုံပင်။ သို့သော် လေဟာနယ်စွမ်းအားသည် သုံးလို့မကုန်သည့် အရာမျိုးမဟုတ်။ သုံးပြီးလျှင် အားပြန်ဖြည့်ရသည်။
ယခုပင်လျှင် နတ်ငှက်လက်မှ ထွက်ပြေးရင်း သုံးခဲ့သည့် လေဟာနယ်စွမ်းအားကို ပြန်ဖြည့်နေရတုန်းပင်။
သို့သော်လည်း ကျိလုန် သူ့အား လိုက်မှီလာတော့မည် ဖြစ်သဖြင့် ရန်ကိုင်လည်း ဤအတိုင်း ထိုင်နေ၍ မဖြစ်တော့ပေ။ အံကြိတ်၍ လေဟာနယ်သလင်းကျောက် တစ်တုံးကိုထုတ်ကာ ထိုထဲမှ စွမ်းအင်ကို စုပ်ယူတော့လေသည်။
ဤလေဟာနယ်သလင်းကျောက်သည် ကမ္ဘာပျက်ထဲရှိ ဟင်းလင်းပြင်ထဲမှ ရလာသည့် လေဟာနယ်သလင်းကျောက် ဖြစ်သည့်အတွက် အရည်အသွေးမှာ ဤကြယ်စီရင်စုထဲရှိ လေဟာနယ်သလင်းကျောက်များထက် အများကြီး ပိုသာပေသည်။
သန့်စင်နက်နဲသည့် စွမ်းအင်စီးကြောင်းတစ်ခုသည် ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့လေသည်။
သုံးကုန်သွားပြီဖြစ်သော လေဟာနယ်စွမ်းအားသည် အလွန်ကိုမှ လျင်မြန်သည့်နှုန်းဖြင့် ပြန်ပြည့်လာခဲ့လေ၏။
“ငါနဲ့ လာပြိုင်ပြေးချင်နေတာလား၊ ဖုန်ရှုလိုက်” နတ်ငှက်၏ ငှက်မွှေးကြောင့် ရထားသည့် သူ့ရင်ဘတ်ရှိ ဒဏ်ရာမှလွဲ၍ ရန်ကိုင်၏ အခြေအနေသည် အကောင်းပကတိပင်။ ထို့ကြောင့် လေဟာနယ်စွမ်းအားကို ပြန်ဖြည့်ပြီးသည်နှင့် ချက်ချင်းပဲ လေဟာနယ် ခုန်ကူးတော့လေသည်။ ရန်ကိုင်၏ ပုံရိပ်သည် ချက်ချင်းဆိုသလို မိုင်ရာပေါင်းများစွာအကွာသို့ ရောက်သွားခဲ့သည်။
ထိုအနည်းအတိုင်း အကြိမ်အနည်းငယ်လောက် ထပ်ခုန်လိုက်ရာ ရန်ကိုင်နှင့် ကျိလုန်တို့သည် တဖြည်းဖြည်း ပြန်လည် ဝေးကွာလာခဲ့လေသည်။
“ဘယ်လို” ဟင်းလင်းပြင်ခွဲလွန်းပျံထဲ ထိုင်ရင်း ရန်ကိုင်အား မည်ကဲ့သို့ နှိပ်စက်လျှင်ကောင်းမလဲ တွေးနေသော ကျိတုန်သည် ရုတ်တရက် မြန်တက်လာသော ရန်ကိုင်၏ အမြန်နှုန်းကြောင့် အလွန်ထိတ်လန့်မိသွားကာ သူ့လျှာသူပြန်ကိုက်မိလုမတတ်ပင် ဖြစ်သွားခဲ့လေသည်။
“ဟင်းလင်းပြင်ခွဲလွန်းပျံနဲ့တောင် သူ့နောက် မလိုက်နိုင်ဘူးလား” ကျိလုန်သည်လည်း ထိတ်လန့်နေခဲ့သည်။
ဤဟင်းလင်းပြင်ခွဲလွန်းပျံအား တည်ဆောက်သည့် နည်းလမ်းကို ကြယ်တာရာကောင်းကင်မဟာဧကရာဇ်ဆီမှ သူတို့၏ ဘိုးဘေးများက ရရှိခဲ့ခြင်း ဖြစ်သည်။ တည်ဆောက်နည်းလမ်းသည် ဤကြယ်လွန်းပျံကို တည်ဆောက်ရန်အတွက် မလုံလောက်သော်ငြား မဟာဧကရာဇ်၏ အမွေအနှစ်များထဲမှ တစ်ခုဖြစ်သည်နှင့်အညီ ဤကြယ်လွန်းပျံသည် အတော်လေး အဆင့်မြင့်သည်ဟု ပြော၍ရသည်။
ကြယ်စီရင်စုကြီးတစ်ခုလုံးတွင်ပင် ဤဟင်းလင်းပြင်ခွဲ လွန်းပျံထက် ပိုမြန်သည့် မှော်ရတနာမရှိဟု ကျိလုန် လောင်းကြေးထပ်ရဲပေသည်။ သို့သော်လည်း အမှန်တရားသည် သူ့ပါးအား ဆတ်ခနဲမြည်အောင် ရိုက်သွားခဲ့သည်။
လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသော ရန်ကိုင်နောက်သို့ ဟင်းလင်းပြင်ခွဲလွန်းပျံကို သုံးပြီး လိုက်သည့်အခါ ရန်ကိုင်၏ ခြေဖျားကိုပင် မမှီလိုက်ဘဲ ဖုန်သာ ရှုလိုက်ရလေသည်။
ဖုန်ပင် မရှုနိုင်ပေ။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ အလွန် ခြားလွန်းနေသည်။
“ဒီကောင့်ကို မြန်မြန်သတ်မှရမယ်။ မဟုတ်ရင် နောင်ကျ ပြဿနာ အကြီးကြီး တက်လိမ့်မယ်” ကျိလုန်စိတ်ထဲ ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့နောက်တွင် ရှုဝေအား လှမ်းအော်ပြောလိုက်လေသည် “ရှုဝေ၊ မင်းဘာတွေ လုပ်နေတာလဲ. မင်းခွန်အားကုန်ကို အခုထိ မသုံးသေးတာလား”
ထိုစကားကို ကြားသည့်အခိုက် ရှုဝေမျက်နှာသည် သံပုရာသီး ကိုက်လိုက်ရသည့်နှယ် ရှုံ့မဲ့သွားခဲ့လေသည်။
အစီအရင်ပေါ်တွင် ထိုင်နေရသည်ကပင် သူတော်စင်ချီများ ရေကာတာကျိုးပေါက်သလို ဆွဲယူခံနေရသဖြင့် သေတော့မတတ် ဖြစ်နေခဲ့လေရာ ယခု အားကုန်သုံးပါဟု ပြောလာသည့်နောက် သူမည်ကဲ့သို့များ ဆက်အသက်ရှင်ရပါတော့မည်နည်း။ ဘာကြောင့်များ သူ့အား တစ်ခါတည်း မသတ်လိုက်ကြသနည်း။
“ရှုဝေ၊ ဒီတော့ ဒီတစ်ချိန်လုံး ခင်ဗျားခွန်အားကို ထိန်ချန်ထားတာပေါ့။ ခင်ဗျား သေချင်နေတာလား” ကျိတုန်သည် ရှုဝေအား ဒေါသတကြီး ထအော်လေသည်။
“တောင်းပန်ပါတယ်၊ သခင်လေးရယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဒီအစေခံအိုကြီး အခုချက်ချင်း လုပ်လိုက်ပါ့မယ်” ကျိတုန် မျက်လုံးထဲရှိ အကြည့်ကိုမြင်သော် ရှုဝေတစ်ကိုယ်လုံး ချွေးစေပျံသွားခဲ့သည်။ သူသာ ဆက်နှောင့်နှေးနေခဲ့လျှင် သူ့အသက် ပါတော့မည်မှန်း သိနေသည်။
ထိုခွေးသူတောင်းစားလေးသည် အကျိုးသင့်ကြောင်းသင့် ပြောလို့ရသူတစ်ဦး မဟုတ်ပေ။
ချက်ချင်းဆိုသလို ဟင်းလင်းပြင်ခွဲလွန်းပျံ၏ အမြန်နှုန်း ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။
“မြန်လိုက်တာ။ ဒီတစ်ကြိမ် ဟိုခွေးကောင်လေး ဘယ်လို ပြေးမလဲ ကြည့်ရသေးတာပေါ့” ကျိတုန်က အော်ရယ်မောလိုက်၏။
မိုင်ပေါင်းထောင်နှင့်ချီ အကွာတွင် ရှိနေသော ရန်ကိုင်လည်း ထိုအချက်ကို သတိပြုမိပေသည်။ မျက်မှောင်ကြုတ်လျက် “အဲ့ဒါကလည်း အရှိန်တင်လို့ ရတယ်ပေါ့။ စိတ်ဝင်စားစရာပဲ။ နေပါဦး၊ အဲ့ဒါကို ဘာလို့ မြင်ဖူးနေသလို ခံစားနေရတာလဲ… ဟုတ်တယ်၊ ယန်ယန် တည်ဆောက်ထားတဲ့ ကြယ်သင်္ဘော အသေးစားလေးပဲ”
ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူမသိခဲ့သည့်ကား ကျိလုန်တို့ စီးနေသည့် ဟင်းလင်းပြင်ခွဲလွန်းပျံ တည်ဆောက်သည့် နည်းလမ်းသည် ယန်ယန်ဆီမှ အခြေခံလာသည် ဆိုသောအချက်ပင်။
သို့သော်လည်း ဤကြယ်လွန်းပျံသည် ယန်ယန်ကိုယ်တိုင် တည်ဆောက်ထားသည့် ငါးမန်ပျံကြယ်လွန်းပျံကို မမှီချေ။ ယန်ယန် တည်ဆောက်ထားသည့် ငါးမန်ပျံကြယ်လွန်းပျံသည်သာ ဟင်းလင်းပြင်ကို ထိုးခွဲသွားနိုင်သည့် အစစ်အမှန် ဟင်းလင်းပြင်ခွဲ ကြယ်လွန်းပျံ ဖြစ်ပေသည်။
ဤသို့ဖြင့် ကြယ်စီရင်စုထဲ ပြေးတမ်းလိုက်တမ်း ကစားပွဲ စတင်ခဲ့လေသည်။
အချိန်ကြာလာသည်နှင့် ရန်ကိုင်ရထားသည့် ဒဏ်ရာများဟာလည်း တဖြည်းဖြည်း ကောင်းမွန်လာခဲ့သည်။
ရန်ကိုင်၏ ခန္ဓာကိုယ်သည် အလွန်ကိုမှ အားကောင်းသလို ရွှေရောင်သွေးစက်သည် ပြန်လည်ကုစားနိုင်စွမ်းကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် ရန်ကိုင် ဘာမှမလုပ်ဘဲ နေလျှင်ပင် သူ့ဒဏ်ရာများသည် သူ့အလိုလို ပြန်ကောင်းလာပေလိမ့်မည်။
ဒဏ်ရာများ ပျောက်ကင်းသွားပြီးနောက်တွင် ရန်ကိုင်ပို၍ စိတ်အေးသွားခဲ့လေသည်။ ယခင်လို ပြေးမနေတော့ဘဲ ကြယ်လွန်းပျံကို သုံး၍သာ ပျံသန်းနေတော့သည်။ ဟင်းလင်းပြင်ခွဲ လွန်းပျံ သူနှင့် နီးလာသည့်အခါမှ လေဟာနယ်စွမ်းအားကို သုံး၍ တည်နေရာခုန်ကျော်သည်။ ထို့နောက် ကြယ်လွန်းပျံကို ပြန်သုံး၏။ ကျိလုန်နှင့် သူ့ကြားအကွာအဝေး ပြန်နီးလာခဲ့လျှင် လေဟာနယ် စွမ်းအားကို ပြန်သုံးသည်။
ရန်ကိုင်အား မိခါနီးတိုင်း ရန်ကိုင်၏ အရှိန် ရုတ်တရက် မြင့်တက်လာသည့် အတွက်ကြောင့် သူ့အား လိုက်ဖမ်းနေသည့် ကျိလုန်နှင့် ကျိတုန်တို့ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်ကုန်ကြလေသည်။
ရက်ပေါင်းများစွာကြာအောင် မနားတမ်း လိုက်ဖမ်းနေပြီးနောက် သားအဖနှစ်ယောက် နဖူးထက် သွေးကြောကြီးများ တထောင်ထောင် ဖြစ်နေကုန်ကြလေပြီ.
ရှုဝေကမူ အသက်ရှိတယ်ဆိုရုံဟုသာ ပြောရတော့မည်။
အချိန်အတော်ကြာမှပဲ အစီအရင်မှ ထုတ်ယူနေသည်မှာ သူ့သူတော်စင်ချီ မဟုတ်ဘဲ သူအသက်စွမ်းအင် ဖြစ်နေကြောင်း ရှုဝေ တွေ့ရှိလိုက်ရသည်။
ကျင့်ကြံသူတစ်ဦး၏ အသက်စွမ်းအင်သည် ကြယ်တစ်လုံး၏ အမြူတေနှင့် အတူတူပင်။ ကုန်ဆုံးသွားသော အသက်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့ရာ အလွန်ကိုမှ ခက်ခဲပေသည်။
ရှုဝေမှာ အစောကြီးကတည်းက လက်လျှော့ချင်နေခြင်း ဖြစ်သည်။ ကျိလုန်မှာ ခိုင်းထားသည့် အတွက်ကြောင့်သာ မလုပ်ချင်သော်ငြား လုပ်နေရခြင်းဖြစ်သည်။ ထို့ကြောင့် ဆေးလုံးများ သောက်၍ ဆုံးရှုံးမှုများကို ပြန်လည်ဖာထေးရင်း အံကြိတ်ကာ မသေအောင် မနည်းတောင့်ခံနေခဲ့ရသည်။
လက်ရှိ ရှုဝေသည် ကျန်းမာသန်စွမ်းသည့် သက်လတ်ပိုင်း လူတစ်ဦးနှင့် မတူတော့ဘဲ အာဟာရပြည့်ဝစွာ မစားသုံးရသည့် ဆံဖြူလူအိုကြီး တစ်ဦးနှင့်ပင် တူနေတော့သည်။
သူ့ကဲ့သို့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသည် ဤမျှ စုတ်ပြတ်သည့် ဘဝသို့ တစ်နေ့နေ့တွင် ရောက်ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ဤအဖြစ်အပျက်ကြောင့် ကျိလုန်နှင့် သူ့သားကို ရှုဝေ အလွန်ကိုမှ မျက်မုန်းကျိုးလာခဲ့သည်။ သို့ပင်လျှင် ကျိတုန်သည် သူ့အား မကျေနပ်သေးဘဲ လာရောက် ဆူငေါက်နေသေး၏။
ကျိတုန် အမြင်အရ ဟင်းလင်းပြင်ခွဲလွန်းပျံ ရန်ကိုင်အား မမှီရခြင်းမှာ ရှုဝေ အသုံးမကျသည့်အတွက် ဖြစ်သည်။ ရှုဝေ အားနည်းနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်ကို ဖမ်းပြီး ခရမ်းကြယ်သို့ ပြန်နေရလောက်ပေပြီ။
“ရှုဝေ၊ ဒါကိုယူလိုက်” ကျိလုန်သည် သိုလှောင်လက်စွပ်ထဲမှ ရုတ်တရက် ဆေးလုံးတစ်လုံးကိုထုတ်၍ ရှုဝေကို ပစ်ပေးလိုက်၏။
ရှုဝေသည် မျက်လုံးအနိုင်နိုင်ဖွင့်ရင်း အားနည်းဖျော့တော့သည့် လေသံဖြင့် မေးလိုက်လေသည် “ဘာဆေးလုံးလဲ”
ဆေးလုံးသည် အနီရောင်ရှိပြီ အားကောင်းသည့် သွေးအရှိန်အဝါတို့ ဖြာထွက်နေ၏။ ဆေးလုံး၏ အရှိန်အဝါမှာ အော်ဂလီဆန်ချင်စရာကောင်းလှပေသည်။ ထို့ကြောင့် ဆေးလုံးကို ချက်ချင်း တန်းမသောက်ရဲခဲ့။ လက်ရှိ သူ့အခြေအနေသည် မီးစားကုန်နေသည့် မီးအိမ်ဘဝသို့ ရောက်နေခဲ့လေပြီ ဖြစ်လေရာ မတော်တဆမှု မှန်သမျှသည် သူ့အသက်ကို ချွေယူသွားနိုင်၏။
“သောက်ဆိုသောက်လိုက်၊ အပိုတွေ မေးမနေနဲ့” ကျိတုန်က အော်ပြောလိုက်လေသည်။ သို့သော် ဆေးလုံးကို မြင်လိုက်ချိန် သူ့မျက်လုံးထဲ ဖော်ပြမရသည့် တုန့်ဆိုင်းမှုတို့ ဖြတ်ပြေးသွား၏။
ရှုဝေသည်လည်း ကျိတုန်၏ အကြည့် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် ဆေးလုံးသည် အဖိုးတန်သည့် ဆေးလုံး တစ်ခုခု မဟုတ်မှန်း ချက်ချင်း သဘောပေါက်လိုက်၏။
“သွေးဘုရင်ဆေးလုံး” ကျိလုန်က အလျင်အမြန် ပြန်ဖြေလိုက်လေသည်။
ထိုစကားကို ကြားလိုက်သည်နှင့် ရှုဝေ မျက်လုံးပြူးသွားပြီး ကျိလုန်လက်ထဲမှ သွေးဘုရင်ဆေးလုံးကို ချက်ချင်း လှမ်းယူ၍ သူ့ပါးစပ်ထဲသို့ ကောက်ထည့်လိုက်လေသည်။
တစ်ချိန်တည်းတွင် မီးစာကုန်၊ ပိန်လှီခြောက်သွေ့နေပြီ ဖြစ်သော ရှုဝေ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း ပြန်လည် ပြည့်တင်းလာခဲ့လေသည်။
ခြောက်ကပ်ကပ် ဖြစ်နေသော အသားအရေသည် သွေးနီရောင် ပြန်သမ်းလာပြီး အဖြူရောင် ဆံပင်များမှာလည်း သိသာသော အမြန်နှုန်းဖြင့် အနက်ရောင် ပြန်ပြောင်းလာခဲ့၏။
“ဟားဟား” ရှုဝေသည် အသက်ရာပေါင်းများစွာ ပြန်ငယ်သွားသည့်နှယ် အားပါးတရ အော်ဟစ်ရယ်မောလိုက်သည်။
“အခုလို ကူညီပေးတဲ့အတွက် စီနီယာကျိလုန်ကို ရှုဝေ အရမ်း ကျေးဇူးတင်ပါတယ်။ စိတ်ချထားလိုက်ပါ စီနီယာနဲ့သခင်လေး၊ ဒီအစေခံအိုကြီး အစွမ်းကုန် ထုတ်သုံးပေးပါ့မယ်” ထိုသို့ ပြောလိုက်ပြီးနောက်တွင် ရှုဝေသည် အစီအရင်ထဲသို့ သူတော်စင်ချီကို စတင် ထည့်သွင်းလေသည်။
ကျိလုန်သည် ကျေနပ်သွားသည့်အလား ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။
သွေးဘုရင်ဆေးလုံးသည် ခရမ်းကြယ်ရှိ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်သာ ဖော်စပ်နိုင်သော တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးတစ်လုံး ဖြစ်သည်။ ခရမ်းကြယ်၏ ဂိုဏ်းချုပ်ဖြစ်သော သူပင်လျှင် ထိုဆေးလုံးမျိုး နှစ်လုံးသာ ရခဲ့ဖူးသည်။ တစ်လုံးမှာ သုံးလိုက်လို့ ကုန်သွားပြီ ဖြစ်သဖြင့် ဤတစ်လုံးသာ ကျန်တော့၏။
ဤဆေးလုံး၏ အစွမ်းသည် ဒဏ္ဏာရီလာ အင်မော်တယ် ရေစင်နှင့် မယှဉ်ပြိုင်နိုင်သော်လည်း အလွန်ကိုမှ အံ့အားသင့်ဖွယ် ကောင်းသည့် ရတနာတစ်မျိုး ဖြစ်နေဆဲ။ သေခါနီး ဖြစ်နေသော ရှုဝေ အကောင်းအတိုင်း ပြန်ဖြစ်လာသည်ကို ကြည့်လျှင် သိနိုင်ပေသည်။
လက်ရှိ အခြေအနေကြောင့်သာ မဟုတ်လျှင် ကျိလုန် အနေဖြင့် ထိုဆေးလုံးကို ထုတ်သုံးလိမ့်မည် မဟုတ်။
သို့သော်လည်း ရှုဝေသည် ဟင်းလင်းပြင်ခွဲလွန်းပျံကို အသက်သွင်းဖို့ရာ မရှိမဖြစ်လိုအပ်သော စွမ်းအင် အရင်းအမြစ် ဖြစ်နေသည့်အတွက် ရှုဝေ မသေသွားဖို့အရေး ကျိုလုန် အနေဖြင့် ထိုဆေးလုံးကို ထုတ်သုံးဖို့သာ ရှိတော့လေသည်။
သွေးဘုရင်ဆေးလုံးဖြင့်သာ ဆိုပါက ရှုဝေ နည်းနည်းလောက် ထပ်ခံလိမ့်မည်ဟု ကျိလုန် ထင်သည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်ကို ဖမ်းနိုင်ခဲ့မည်ဆိုလျှင် ယခုထက်မက အဆပေါင်းများစွာ ရင်လိုက်ရလျှင်ပင် ထိုက်တန်ပေသည်။
“ရှုဝေ၊ မင်းစွမ်းနိုင်သမျှလုပ်ကွာ။ ဒီကိစ္စသာ အောင်မြင်သွားရင် မင်းရဲ့ ဝိဥာဉ်အမှတ်အသားကို ပြန်ပေးမယ်” ကျိလုန်က ပြောလိုက်သည်။
ထိုစကားကိုကြားသည့်အခါ ရှုဝေ၏ ခန္ဓာကိုယ် တစ်ချက် တုန်တက်သွားလေသည်။ ချက်ချင်းပဲ ခေါင်းညိတ်ကာ ပိုမို အားစိုက်ကြိုးစားတော့လေသည်။
သူသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား လက်ရှိတွင် ကောင်စုတ်လေး ကျိတုန်၏ အခိုင်းအစေ ကျွန်တစ်ယောက် ဖြစ်နေခဲ့သည်။ သို့သော်လည်း ကျိလုန်၏ စကားသည် သူ့အား မျှော်လင့်ချက် ပေးလာခဲ့သည်။ ထို့ကြောင့် ရှုဝေသည် ရန်ကိုင်အား အမှီလိုက်နိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးစားအားထုတ်တော့လေသည်။