ကြီးကြီးမားမား တစ်ခုခု ဖြစ်လာလေပြီ
Vol. 6 Ch. 533
တိုက်ပွဲ၏ အခြေအနေတစ်ခုလုံး ပြောင်းလဲသွားခဲ့လေပြီ။ အဆုံးမဲ့ ဝိညာဥ်လှိုင်းလုံးကြီးက မြေရိုင်းဒေသ လူ့ဘီလူးကြီးများကို နောက်သို့ တွန်းထုတ်ရင်း တိုက်ခိုက်လွှမ်းမိုးနေလေရာ မချိတင်ကဲအော်ဟစ်သံများ၊ ပြင်းထန်သော ထစ်ခြုန်းသံများ ကောင်းကင်နှင့်မြေပြင်တစ်ဝှမ်း ပြည့်နှက်နေတော့သည်။
မြေပြင်မှာ သွေးချောင်းစီးနေပြီး ကောင်းကင်တစ်ခွင် မည်းမှောင်နေတော့သည်။ မသေခင် အခိုက်အတန့်တွင် မုန်းတီးခြင်းများနှင့် အမျက်ဒေါသများပြည့်နေေသာ အကြည့်များစွာက ပိုင်ရှောင်ချန်းပေါ် ကျရောက်လာလေရာ ပိုင်ရှောင်ချန်း၏ အမူအရာမှာ ခါတိုင်းထက် မအီမသာဖြစ်လာတော့သည်။
သူမှားသွားသည့်အလား အမှန်အကန် ခံစားလိုက်ရလေသည်။ သူ၏ ဝိညာဥ်စုစည်းဆေးလုံးများကြောင့် ဖြစ်စေ ၊ ပေါက်ကွဲတတ်သော ဆေးပေါင်းဖိုများကြောင့် ဖြစ်စေ လူအများ သူ့ကို မုန်းတီးနာကျည်းမည်မှာ ယုတ္တိရှိသည်။ သို့သော် ယခုဖြစ်ပျက်နေသောအရာမှာ သူနှင့် မည်သို့မျှမဆိုင်ပေ။ အမှန်တွင် သူ့သက်သေခံလည်ဆွဲတွင် တိုက်ပွဲစွမ်းဆောင်မှုရမှတ်များ တိုးပွားလာသည့် သက်သေတစ်စုံတရာပင် မရှိချေ။
" ဘာတိုက်ပွဲစွမ်းဆောင်မှုရမှတ်မှ မရဘူး။ ပြီးတော့ ငါက ကြားက ခံနေရတဲ့သူလေ။ တစ်ခုခုတော့ ထူးဆန်းတယ် "
ထိုအခြေအနေနှင့်ပတ်သက်၍ ပိုပြီးထိတ်လန့်လာလေလေ သူသည် တစ်နည်းနည်းဖြင့် အလိမ်ခံရသည့်အလား ခံစားရလေလေ ဖြစ်ေနတော့သည်။
သို့သော် သူသည် ပူပန်သောကများဖြင့် ထိတ်ထိတ်ပျာပျာဖြစ်နေပြီး မြေရိုင်းဒေသမှာ လုံးဝနင်းခြေခံရတော့မည်ဆဲဆဲဖြစ်နေချိန် တစ်ခုနှင့်တစ်ခု အတန်ငယ် ဝေးကွာသော လေပွေကြီးသုံးခုသည် တောက်ပစွာ လင်းလက်လာပြီး ဂျိန်းခနဲ ထစ်ခြုန်းသံများ ထွက်ပေါ်လာတော့သည်။
ထို့နောက် လက်ချောင်းကိုးချောင်းနှင့် မည်းနက်နေသော မီတာသုံးထောင်အရှည် ဧရာမလက်ကြီးက ဘယ်ဘက်အစွန်ဆုံး လေပွေကြီးထံမှ ဆန့်ထွက်လာလေသည်။ လက်ကြီးက အနီးနားရှိ လူ့ဘီလူးကြီးအား လျှပ်တပြက် ဖမ်းဆွဲလိုက်ပြီးနောက် ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ပေါ့ပါးသည့်အလား စစ်တပ်ငါးဖွဲ့ထံ ပစ်ပေါက်လိုက်လေသည်။
အော်ဟစ်နေသော ဘီလူးကြီးသည် အလင်းတန်းအသွင် စစ်တပ်ငါးဖွဲ့ထံ တဟုန်ထိုးပြေးဝင်လာပြီးနောက် အစွမ်းထက်တိုက်ကွက်တစ်ခုဖန်တီးရင်း ပေါက်ကွဲသွားတော့သည်။ တခဏကြာသော် လက်ကြီးက နောက်ထပ်ဘီလူးတစ်ကောင်ကို ဖမ်းဆွဲပြီး စစ်မြေပြင်ကို ဖြတ်၍ တူညီသော ပုံစံအတိုင်း ပစ်ပေါက်လိုက်ပြန်သည်။
ဤမျှနှင့် မပြီးသေး။ နောက်ထပ် မည်းနက်နေသော လက်ချောင်းကိုးချောင်းလက်ကြီးက ညာဖက် အစွန်ဆုံး လေပွေကြီးမှ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ဧရာမခေါင်းကြီးက အလယ်တည့်တည့်လေပွေကြီးအတွင်းမှ ထိုးထွက်လာသည်။
ခေါင်းကြီး၌ မျက်နှာပေါ်တွင် မျက်လုံးများမရှိသော်လည်း သွေးရောင်ပါးစပ်ကြီးနှင့် နဖူးမှ ထိုးထွက်နေသည့် ရှည်လျားသော အနက်ရောင်ဦးချိုကြီးတစ်ခုရှိသည်။ ကြည့်ရသည်မှာ ၄င်းက မကောင်းဆိုးဝါးသရဲတစ်ကောင်အလားပင်။
အချိန်အနည်းငယ်ကြာသော် သရဲကြီးက ဟိန်းဟောက်လိုက်ရာ ကောင်းကင်တုန်ခါ၍ မြေပြင်တွင် ငလျင်လှုပ်သွားတော့သည်။
ဂါးးးးးးးးးး
အခြားအသံများကို ဖိနှိပ်၍ စစ်မြေပြင်တစ်ဝှမ်းတွင် တစ်ခုတည်းသောအသံဖြစ်သည်အထိ အသံလှိုင်းတစ်ခု လိပ်တက်လာကာ သူ့လမ်းကြောင်းရှိ အရာရာတိုင်းအား ဖျက်စီးပစ်သွားတော့သည်။ အသံလှိုင်းကြီးပေါ်ထွက်လာစဥ် လူ့ဘီလူကြီးများတပ်ဆုတ်ခြင်းမှ ရပ်လိုက်ကြပြီး စစ်တပ်ငါးဖွဲ့ထံသို့ လေမုန်တိုင်းကြီးတစ်ခုအလား ပြေးလွှားချီတက်လာကြလေသည်။
အဝေးမှ လေပွေကြီးသုံးခုမှာ ဧရာမဘီလူးကြီး၏ခေါင်းနှင့်လက်များထွက်လာရာနေရာဖြစ်သော တခြားကမ္ဘာတစ်ခုကို ဦးတည်နေသည့် ပြတင်းပေါက်များနီးပါးပင်။
ပို၍ သတိပြုစရာမှာ သရဲကြီး၏ အော်သံက ချက်ချင်းပင် ချီတက်လာနေသော ဝိညာဥ်လှိုင်းလုံးကြီးအား ကွက်လပ်ကြီးတစ်ခုဖြစ်သွားစေတော့သည်။
ပိုင်လင်း၊ စစ်သေနာပတိချုပ်များ နှင့် ချိန်ဟဲ့ထျန်တို့အားလုံး တုန်လှုပ်သွားကြလေသည်။ ဤရုတ်တရက် အဖြစ်ပျက်တစ်ခုတည်းက မြေရိုင်းဒေသကို တိုက်ပွဲတွင် အသာစီးပြန်ရစေရန် လုံလောက်သည်သာမက သူတို့သည် ဤစစ်ပွဲအတွက် ပြင်ဆင်လာမှန်း သိသာလေသည်။
ဝိညာဥ်လှိုင်းကြီး မထင်မှတ်ထားဘဲ ပေါ်ပေါက်လာခြင်းသည် အကြီးအကျယ် ထိခိုက်သွားခဲ့သော်လည်း သူတို့မှာ သိသာစွာပင် ဆင့်ခေါ်ရန် ဝှက်ဖဲတစ်ခုရှိနေသည်။ ဤသည်မှာ သတိပေးချက် တစ်စုံတရာမရှိပဲ စစ်မြေပြင်ပေါ်ရှိ အခြားနေရာများတွင် ပြတင်းပေါက်သဖွယ် လေပွေကြီးများ ရာပေါင်းများစွာ ပေါ်လာသောအခါ သိသာလာတော့သည်။
ဟိန်းဟောက်သံများနှင့်အတူ ပိုမိုများပြားသော လက်များ ၊ ခေါင်းများ ထိုးထွက်လာရာ သူတို့၏ နှလုံးသားများ ကိုင်လှုပ်ခံရသကဲ့သို့ လူ့ဘီလူးကြီးများ၏ မျက်လုံးများမှာ ရူးသွပ်ခြင်းများဖြင့် လင်းလက်သွားတော့သည်။ နောက်ပြန်ဆုတ်မည့်အစား အားလုံးက အဆုတ်ကွဲလုမတတ် တစ်ခဲနက် ကြွေးကြော်ပြီးနောက် သူတို့၏ဘေးကင်းလုံခြုံမှုကိုပင် လုံးဝအရေးမထားတော့သည့်အလား စစ်တပ်ငါးဖွဲ့ထံ ချီတက်လာကြတော့သည်။
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် တင်းမာခက်ထန်သော အမူအရာတစ်ခုကို မြင်ရလေသည်။ သိသာစွာပင် မြေရိုင်းဒေသသည် ဤတိုက်ပွဲအတွက် အလွန်ပြင်ဆင်လာခဲ့သည်။ သို့သော်လည်း ထိုကိစ္စကို ယခု စဥ်းစားရန် အချိန်မရှိသောကြောင့် ပိုင်ရှောင်ချန်းက သူ၏ညာဘက်ကို ရှေ့သို့ဆန့်၍ အော်ဟစ်လိုက်သည်။ " အမှတ်သုံးတပ်ဖွဲ့။ မဟာတံတိုင်းရဲ့ မှော်အမြောက်တွေကို ထိန်းချုပ်။ အဲဒီ မကောင်းဆိုးဝါးသရဲတွေကို တစစီ ဖောက်ကွဲပစ်ကြဟေ့"
တပ်သားများသည် ချက်ချင်း သူ၏ အမိန့်များအတိုင်း လုပ်ရန် တပ်ဖြန့်လိုက်ကြ၏။
ဤအခိုက်အတန့်တွင် စစ်မြေပြင်အခြေအနေမှာ ယခင်ထက်ပို၍ မတည်မငြိမ်ဖြစ်လာတော့သည်။
မချိတင်ကဲအော်ဟစ်သံများနှင့်အတူ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ဒေါသတကြီးဟိန်းဟောက်သံများက လေထဲတွင် ပြည့်နေတော့သည်။ နှစ်ဖက်လုံး ထိုးစစ်ဆင်လိုက်၊ တိုက်စစ်ဆင်လိုက် တိုက်ခိုက်နေကြသောကြောင့် မန္တန်အစီအရင်အကာအကွယ်ကြီးမှာ ပုံပျက်ရှုံ့တွနေတော့သည်။
မြေရိုင်းဒေသက မဟာတံတိုင်းတပ်ဖွဲ့ထက် အရေအတွက် သာလွန်သော်လည်း အမုန်းဝိညာဥ်များနှင့် မန္တန်အစီအရင်အကာကွယ်ကြီးကြောင့် ကြီးမားသောတန်ဖိုးများပေးဆပ်နေရသည့်တိုင် မဟာတံတိုင်းတပ်ဖွဲ့က တစ်ပန်းသာနေသည်။
မြေရိုင်းဒေသ လူ့ဘီလူးများမှာ ရူးခါနေကြပြီး သူတို့၏ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် ဗျူဟာမှာ မဟာတံတိုင်းတပ်များနှင့်ရင်ဆိုင်ရန်အတွက် မဖြစ်နိုင်သလောက်ပင်။
စစ်မြေပြင်ကြီးမှာ တိုက်ပွဲဝင်စစ်သည်များစွာ သေဆုံးသွားသည့်အချိန်တိုင်း သွေးများပန်းထွက်နေလေရာ ဧရာမအသားကြိတ်စက်ကြီးတစ်ခုအလားဖြစ်နေသည်။
မည်မျှ ခါးသီးလိုက်ပါသနည်း။
ညနေခင်းပင်ရောက်နေပြီဖြစ်သည်။ ချိန်ဟဲ့ထျန်နှင့် သခင်မဟုန်ချိန်က စစ်မြေပြင်အတွက် အနည်းငယ်မျှ အာရုံစိုက်ချိန်မရသည့် လက်ဖျားခါလောက်သောတိုက်ပွဲကြီး ဆင်နွှဲနေကြဆဲ။
ပိုင်ရှောင်ချန်း၏ တပ်ဖွဲ့ထဲမှ တစ်ဝက်မှာ စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ပြီး တစ်ဝက်မှာ တံတိုင်းပေါ်တွင် ရှိနေလေသည်။ သို့သော် သူတို့အားလုံးမှာ စိတ်အားထက်သန်စွာ တိုက်ခိုက်နေကြ၏။ ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်နေသော်လည်း စစ်မြေပြင်ပေါ်သို့ ပစ်လွှတ်နေသော မှော်အမြောက်များ၏ ပေါက်ကွဲမှုများကို မြင်သောအခါ တိုက်ပွဲတွင် အမှန်တကယ်ပါဝင်ရန် သူ့အတွက် အချိန်ကျလာပြီဖြစ်ကြောင်း သိလိုက်လေသည်။
သို့သော်လည်း သူ့မျက်လုံးများ ရဲရဲနီလာပြီး ကျင့်ကြံသူတပ်ဖွဲ့ကြီးနှင့် တံတိုင်းပေါ်မှ ခုန်ချလိုက်သောအခါ အောက်ဖက်ရှိ မြေကြီးမှာ တသိမ့်သိမ့်တုန်လှုပ်သွားတော့သည်။
တချိန်တည်းမှာပင် နားကွဲလုမတတ် ထစ်ခြုန်းသံကြီးက လေထဲတွင် ပြည့်နှက်သွားပြီး အားပြင်းသော လေမုန်တိုင်းတစ်ခု ဆောင့်တိုက်သွားလေသည်။
မကောင်းဆိုးဝါးသရဲကြီး ထုတ်လွှတ်ခဲ့သည့် အသံလှိုင်းများထက် များစွာ သာလွန်သော အသံများက မြေပြင်ကိုဖြတ်၍ ရိုက်ခတ်သွားသဖြင့် တောင်တန်းများ ပြိုကျပျက်စီး၍ သစ်ပင်များ ပြိုလဲကုန်တော့သည်။
ဝုန်းးးး
လူ့ဘီလူးကြီးများ နှင့် စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများ နှစ်ဖက်လုံး သွေးများအန်သွားကြသည်။ သူတို့ကိုဝင်ဆောင့်နေသည့် အသံများက လုံးဝ နားကွဲလုမတတ်ပင်။
ပိုင်ရှောင်ချန်း၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားကာ မိုးကုတ်စက်ဝန်းကို လှမ်းကြည့်လိုက်ရာ ယခင်က အနက်ရောင်အလင်းတိုင်ကြီးတစ်ခုသာ မိုးကောင်းကင်ထဲ ထိုးတက်နေခဲ့သည့် နေရာတွင် အလင်းတိုင်နှစ်တိုင်ရှိနေလေပြီ။
ဒုတိယအလင်းတိုင်ကြီးပေါ်ထွက်လာရာ စွမ်းအားပြင်းလှိုင်းဂယက်များစွာ လေကိုခွင်း၍ ပျံနှံ့လာတော့သည်။
တိုက်ပွဲနှစ်ဖက်လုံးသည် အဆုံးစွန်ထိ အံ့သြတုန်လှုပ်သွားကြ၏။
" နောက်ထပ်အလင်းတိုင်ပေါ်လာတယ် "
" ဘ....ဘာ..တွေ ဖြစ်နေတာတုံး "
" ဘာဖြစ်သွားတာလဲ " တိုက်ပွဲဝင်စစ်သည်များအားလုံး၏ အမူအရာများ ပျက်သွားပြီး ပိုင်ရှောင်ချန်းမှာ စိုးရိမ်သောကများဖြင့် ရင်တုန်လာတော့သည်။ မည်သို့မျှ သူ မလုပ်နိုင်ခင် တတိယမြောက် အလင်းတိုင်ကြီး ထွက်ပေါ်ပြန်လာသဖြင့် နောက်ထပ် နားကွဲလုမတတ် ဟိန်းဟောက်သံကြီးက လေကို ခွင်း၍ထွက်လာရာ လူ့ဘီလူးများ ၊ ကျင့်ကြံသူများ၏ ပါးစပ်များမှ သွေးများ ပန်းထွက်သွားတော့သည်။
လူတိုင်းမှာ အလွန်အမင်းအံ့အားသင့်သွားကြသဖြင့် အလန့်တကြားမအော်ပဲ မနေနိုင်တော့ပေ။
လေထဲတွင် ချိန်ဟဲ့ထျန်၏ မျက်နှာမှာ ရှုံ့တွသွားပြီး သခင်မဟုန်ချိန်သည်လည်း ထိုနည်းတူပင်။ သူတို့နှစ်ယောက်လုံး တိုက်ခိုက်နေရာမှ ချက်ချင်း ရပ်တန့်လိုက်ကာ နောက်ဆုတ်လိုက်ကြပြီး အလင်းတိုင်များရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
" ဘာဖြစ်သွားတာလဲ "
သို့သော် ဤမျှနှင့် မပြီးသေး။ လူတိုင်း အံ့သြထိတ်လန့်ကာ ကြည့်နေကြစဥ် နောက်ထပ် ထစ်ခြုန်းသံများ ပဲ့တင်ထပ်လာပြီးနောက် လေးတိုင်၊ ငါးတိုင်။
စုစုပေါင်း ရှစ်ခုမြောက် အလင်းတိုင်ကြီးကြောင့် ပေါက်ကွဲသံများက မြေကြီးကို တရစပ် တုန်လှုပ်သွားစေသည်။
အရာရာတိုင်းမှာ ပြင်းထန်စွာ တုန်ခါနေပြီး ကောင်းကင်ကြီးပင်လျှင် စုတ်ပြဲသွားတော့မည့်ပုံပေါ်နေတော့သည်။ မဟာတံတိုင်းနှင့် အလင်းတိုင်ကြီးများ အစပြုရာ တွင်းနက်ကြီးေဘးမှ တောင်တန်းများကို ပြောစရာပင်မလိုတော့။ အရာခပ်သိမ်းနီးပါး ပြားနေအောင် နင်းခြေခံလိုက်ရပြီး ဖုန်မှုန့်များသာဖြစ်သွားလေသည်။
ဖြစ်ပေါ်နေသည့် ပြင်းထန်သော ဖြစ်ရပ်များက လူများစွာကို မတ်တပ်ရပ်နေရန်ပင် ခက်ခဲသွားစေသည်။ သူတို့၏ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်များမှ သွေးများစီးကျလာပြီး မချိတင်ကဲအော်သံများ အဆက်မပြတ်ထွက်ပေါ်လာတော့သည်။ လူ့ဘီလူးကြီးနှင့် မဟာတံတိုင်းကျင့်ကြံသူ တချို့မှာ အလွန်ဆိုးဝါးစွာ ထိခိုက်သွားကြသည်။ တချို့မှာ ကျင့်ကြံခြင်းအခြေခံများ မတည်မငြိမ်ဖြစ်လာကာ ပွဲချင်းပြီးသေသွားကြတော့သည်။
မန္တန်အစီအရင်အကာအကွယ်မှာ အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားပြီး မဟာတံတိုင်းကြီးတွင် အက်ကြောင်းများထလာသောကြောင့် ပိုင်ရှောင်ချန်းမှာ အံ့သြတုန်လှုပ်သွားရတော့သည်။
" ဒါ....ဒါ......"
မယုံကြည်နိုင်ဖွယ် ထစ်ခြုန်းသံများ ကောင်းကင်နှင့် မြေပြင်တစ်ဝှမ်း ပြည့်နှက်သွားစဥ် ပို၍များပြားသော အလင်းတိုင်ကြီးများ ပေါ်လာလေသည်။
ခြောက်တိုင်၊ ခုနစ်တိုင်၊ ရှစ်တိုင်။ အံသြဖွယ်ကောင်းစွာ စုစုပေါင်း အနက်ရောင်အလင်းတိုင်ရှစ်တိုင် ပေါ်ထွက်လာလေရာ အားလုံးပေါင်း ကိုးတိုင်ဖြစ်သွားတော့သည်။
အလင်းတိုင်ကိုးတိုင်သည် ကောင်းကင်ဘုံနှင့် သက်ရှိအရာအားလုံးကို တွန်းထုတ်ပစ်နိုင်သော မန္တန်အစီအရင်ကြီးတစ်ခုကို ဖန်တီးရင်း ကောင်းကင်ဘုံအထိ ထိုးတက်သွားလေသည်။
ချိန်ဟဲ့ထျန်မှာ သူ၏ရင်ခုန်သံများကို ထိန်းချုပ်၍မရအောင် ဖြစ်နေပြီး သခင်မဟုန်ချိန်၏ မျက်လုံးများမှာ ပြူးထွက်နေတော့သည်။ အောက်ဖက်တွင် လူ့ဘီလူးများနှင့် ကျင့်ကြံသူများ၏ ဒွါရကိုးပေါက်မှ သွေးများစီးကျနေပြီး လှုပ်ရှားမှုကင်းမဲ့ကာ ရပ်လျက် ကြက်သေသေနေကြတော့သည်။
ပိုင်ရှောင်ချန်းမှာလည်း ထိုနည်းတူ သွေးများစီးကျနေပြီး အနက်ရောင်အလင်းတိုင်ကိုးတိုင်ကို ကြည့်ကာ သူ၏ နှလုံးသားတွင် မကောင်းသော အာရုံတစ်ခု ရလိုက်လေသည်။
" ကြီးကြီးမားမား တစ်ခုခု ဖြစ်နေပြီ "