← Chapters

နတ်ဝိညာဥ်နှင့်ပတ်သက်သည့် သတင်းသစ်

Vol. 6 Ch. 534

နတ်ဝိညာဥ်နှင့်ပတ်သက်သည့် သတင်းသစ်

Vol. 6 Ch. 534

ထိုအလင်းတိုင် ကိုးတိုင် အတူတကွပေါ်ပေါက်လာသည့် အချိန်မှာပင် ချိန်ဟဲ့ထျန်နှင့် သခင်မ ဟုန်ချိန် တို့နှစ်ယောက်စလုံးမှာ သတင်းလွှင့်သည့် ကျောက်စိမ်းပေလွှာများကို ထုတ်ယူလိုက်ကြသည်။ သူတို့နှစ်ယောက် စလုံးမှာ အခြားသောအဖွဲ့များက ပေးပို့နေသည့် သတင်းများကို အသီးသီး ရရှိနေကြသည်။

သူတို့၏ မျက်နှာများတွင် အကဲခတ်၍ မရနိုင်သော အမူအရာများ ပေါ်ထွက်လာကြပြီး နှစ်ယောက်စလုံးမှာ အသက်ရှူ မြန်လာကြတော့သည်။ အဆုံးတွင် သူတို့က တစ်ယောက်မျက်လုံးထဲ တစ်ယောက်စိုက်ကြည့်လိုက်ကြပြီး စိတ်အာရုံထဲတွင် စကားပြောလိုက်ကြတော့သည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်း သူတို့နှစ်ယောက်မှာ သဘောတူညီချက် တစ်ခု ရရှိသွားပြီး ချိန်ဟဲ့ထျန်က လက်ကို ဝှေ့ယမ်းကာ အောက်ဘက်ရှိ သူ၏စစ်တပ်ကို အော်ပြောလိုက်သည်။

" စစ်တပ်ငါးတပ်။ နောက်ပြန်ဆုတ်ကြဟေ့။ "

တချိန်ထဲမှာပင် သခင်မဟုန်ချိန် ၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး မြေရိုင်းဒေသ၏ တပ်ဖွဲ့များကိုကြည့်ကာ အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်သည်။

" မြင့်မြတ်သန့်စင်တဲ့ လူသားတို့။ နောက်ပြန်ဆုတ်ကြ။ "

သူတို့နှစ်ယောက်စလုံးမှာ တူညီသော အမိန့်တစ်ခုထဲကို ချမှတ်လိုက်သည်ဖြစ်ရာ တိုက်ပွဲမှာ ဆက်မဖြစ်နိုင်တော့ချေ။ စစ်ပွဲကြီးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ မြေရိုင်းဒေသမှ လူ့ဘီလူးများမှာ ကြောင်အမ်းအမ်းနှင့် ဆုတ်ခွာသွားကြပြီး တချိန်ထဲမှာပင် အလင်းတိုင်ကိုးတိုင်ကြောင့် အံ့အားသင့်နေကြတော့သည်။

မဟာတံတိုင်းတပ်ဖွဲ့များမှာလည်း တစ်ပုံစံထဲ ပြုမူနေကြသည်။ ကျင့်ကြံသူများ၏ နှလုံးသားများထဲတွင် များစွာသော ယူဆချက်များ ပေါ်ထွက်လာကြပြီး နတ်အဆင့် ကျင့်ကြံသူနှစ်ယောက်က တိုက်ပွဲကိုရပ်စဲလိုက်ရသည့် အကြောင်းအရင်းကို တွေးတောနေကြသည်။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ထိုအလင်းတိုင်ကိုးတိုင်နှင့် ဆက်စပ်နေမည်မှာတော့ အသေအချာပင်။

ပိုင်လင်းနှင့် အခြားစစ်သေနာပတိချုပ်များက တပ်များကို ထိန်းချုပ်ကာ မဟာတံတိုင်းကြီးဆီသို့ ပြန်လည်တပ်ဆုတ်သွားသောအခါ မြေရိုင်းဒေသ၏ စစ်တပ်များမှာလည်း ညနေခင်း၏ အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ချိန်ဟဲ့ထျန်မှာမူ တဖြည်ဖြည်း မှေးမှိန်သွားပြီး နာရီပေါင်းများစွာ ပျောက်ကွယ်သွားတော့သည်။ ဧရာမ စေတီတော်ကြီးထဲတွင် သူပြန်ပေါ်လာသောအခါ ညဥ့်နက်နေပြီဖြစ်သည်။ သူ ပထမဆုံး လုပ်လိုက်သည့် အရာမှာ ပိုင်လင်းနှင့် စစ်တပ်ငါးတပ်မှ အခြားစစ်သေနာပတိချုပ်များကို ဆင့်ခေါ်ကာ အစည်းအဝေးတစ်ခု စတင်လိုက်ခြင်းပင်ဖြစ်သည်။

ထိုအချိန်တွင် စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများမှာ သူတို့၏ သက်ဆိုင်ရာ မြို့စောင့်တပ်များဆီသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ သူ၏ အမှတ်သုံးတပ်ရင်းနှင့်အတူ အဝေးတစ်နေရာရှိ ကောင်းကင်ယံထဲသို့ မြင့်တက်နေသည့် အလင်းတိုင်ကိုးတိုင်ကို လှမ်းကြည့်နေကြသည်။ ညအချိန်ရောက်နေပြီ ဖြစ်ပြီး ထိုအလင်းတန်းများမှာ အနက်ရောင်ရှိနေပါသော်လည်း အလင်းရောင်ဖျော့ဖျော့လေးတစ်ခု ထုတ်လွှင့်နေသဖြင့် ၎င်းတို့ကို အတိုင်းသာမြင်နေရသည်။

ပိုင်ရှောင်ချန်း၏ နှလုံးသားတွင် မအီမလည်ခံစားချက်ကြီးမှာ ဆက်လက်မြင့်တက်လာတော့သည်။

" ဘာတွေများ ဖြစ်နေတာတုံး "

သူက စိုးရိမ်တကြီး တွေးနေတော့သည်။

“ တခြား အလင်းတန်းတွေတော့ ငါမသိဘူး။ ဒါပေမဲ့ ပထမဆုံးအလင်းတန်းကတော့ ဝိညာဥ်တွေ ငါယူတာများလို့ဖြစ်လာတဲ့ နောက်ကွယ်က အကျိုးဆက်တွေကြောင့် ပေါ်ပေါက်လာတာ။ "

" ကြည့်ရတာ တစ်ယောက်ယောက်ကများ ငါမြင်ခဲ့တဲ့ ဝိညာဥ်ကြီးကို ရန်စမိတာများလား။ ဒါမှမဟုတ် သင်္ချိုင်းဂူထဲမှာများ တစ်ခုခု ဖြစ်သွားတာများလား။ "

ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းကို ပို၍တွေးတောလေ အခြားလူတစ်ယောက်က တစ်ခုခု လုပ်မိလိုက်သည်ဟု ပို၍ ယုံကြည်လာလေလေဖြစ်သည်။ မဟာတံတိုင်းကြီး နှင့် မြေရိုင်းဒေသနှစ်ခုစလုံးမှာ ထို သင်္ချိုင်းဂူကြီးကို လေ့လာရန် လူပေါင်းများစွာကို စေလွှတ်ခဲ့သည် မဟုတ်ပါလော။

" အဲဒီဝိညာဥ်ကြီး လွတ်သွားတာဆို ဘယ်လိုလုပ်မလဲ။ ငါ့နောက်ကို လိုက်နေရင်ရော ဘယ်လိုလုပ်မလဲ။ "

ထိုသို့သော အတွေးများကြောင့် သူက စိုးရိမ်တကြီးဖြင့် နှုတ်ခမ်းများကို ကိုက်နေရတော့သည်။ ဘေးဘီဝဲယာကို အထိတ်တလန့် ကြည့်လိုက်ပြီး ထိုကြောက်မက်ဖွယ်ကောင်းသောဝိညာဥ်ကြီးကို ပြန်တွေးမိလိုက်ပြီး သူ့ကိုယ်သူ ဘေးကင်းမှုမရှိသည့်အလား ခံစားနေရတော့သည်။

" ငါဘာလုပ်ရပါ့မလဲ ။ ငါအတွေးတွေ မှားနေတာပဲ ဖြစ်ပါစေ။ "

ယခုတွင်မူ သူသည် ငိုမဲ့မဲ့ ဖြစ်နေပြီး စိတ်ထဲတွင် ဝမ်းနည်းပူဆွေးနေရတော့သည်။

ချိန်ဟဲ့ထျန်နှင့် အခြားစစ်သေနာပတိချုပ်များ၏ အစည်းအဝေးမှာ နှစ်နာရီမျှသာ ကြာလိုက်သည်။ ထိုအစည်းအဝေးပြီးသောအခါ စစ်သေနာပတိချုပ်များက စေတီတော်ကြီးထဲမှ ပျံထွက်လာကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် တောက်ပနေသည့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များမှာ ဖုံးကွယ်၍မရနိုင်ပေ။

ပိုင်လင်းက အရေခွံဆုတ်တပ်သို့ ပြန်ရောက်သွားသောအခါ အရုဏ်တက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ သူပထမဆုံး လုပ်လိုက်သည့်အရာမှာ စစ်ဦးစီးမှူး များထံသို့ အမိန့်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

" စစ်ဦးစီးမှူး အားလုံး အစည်းအဝေးထိုင်ဖို့ ငါ့နေအိမ်ကို အခုချက်ချင်း လာခဲ့ပါ။ "

ပိုင်ရှောင်ချန်းမှာ တစ်ခဏမျှ တွေဝေသွားပြီးနောက် အသက်ပြင်းပြင်းရှူကာ ပိုင်လင်း၏ နေအိမ်ဖြစ်သည့် ခေါင်းတလားကြီးနှင့်တူသော နေအိမ်ကြီးဆီသို့ ပျံသန်းသွားတော့သည်။ မကြာမီ သူသည် အရေခွံဆုတ်တပ်၏ အခြား စစ်ဦးစီးမှူး များကို မြင်တွေ့လိုက်ရသည်။ သူတို့၏ မျက်နှာများမှာ ထိုင်းမှိုင်းနေသော်လည်း သိလိုစိတ်ပြင်းပြနေသည့် အမူအရာများ ဖုံးလွှမ်းနေကြသည်။ လက်များယှက်ကာ အပြန်အလှန် နှုတ်ဆက်လိုက်ကြပြီးနောက် ထိုအုပ်စုမှာ ပိုင်လင်း၏ နေအိမ်ထဲသို့ ပျံသန်းသွားသည်။

ပင်မခန်းမကြီးထဲတွင် ပိုင်ရှောင်ချန်းနှင့် အခြား စစ်ဦးစီးမှူး ရှစ်ယောက်မှာ ပိုင်လင်းရှေ့တွင်ရပ်ကာ တရိုတသေ လက်ယှက်နေကြသည်။

" ကိစ္စအကြီးကြီးေတာ့ ဖြစ်နေပြီ။ "

ပိုင်လင်း၏ မျက်ဝန်းများမှာ လျှက်စီးများလက်နေသည့်အလား တောက်ပနေသည်။ လူတိုင်းမှာ စိတ်ထဲတွင် တုန်ရီနေကြတော့သည်။

ဤအချိန်တွင် ပိုင်ရှောင်ချန်းမှာ ပိုင်လင်းသည် သင်္ချိုင်းဂူကြီးတစ်ခုထဲမှ လွတ်မြောက်သွားခဲ့သည့် ဝိညာဥ်ကြီးတစ်ကောင် အကြောင်းပြောတော့မည်ဟု ထင်မှတ်ထားသဖြင့် သူ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်နေတော့သည်။

မည်သူမှ မေးခွန်းမထုတ်နိုင်ကြခင် ပိုင်လင်းက စိတ်လှုပ်ရှားစွာ ထပ်ပြောလိုက်သည်။

" နတ် ဝိညာဥ်တစ်ခုရဲ့ တည်နေရာ ပေါ်ထွက်လာတာကွ။ "

ထိုစကားကြောင့် ပိုင်ရှောင်ချန်းမှလွဲ၍ အခြား စစ်ဦးစီးမှူး များအားလုံးမှာ ကြက်သေသေသွားကြတော့သည်။

" နတ်ဝိညာဥ်တစ်ခု "

" နတ် ဝိညာဥ်တစ်ခုရဲ့ တည်နေရာပေါ်ထွက်လာတာ ငါ လုံးဝ မယုံနိုင်ဘူး။ "

" ဒီမဟာတံတိုင်းကြီးမှာ ငါတာဝန်ကျတာ နှစ်နဲ့ချီနေပြီ။ နတ်ဝိညာဥ်တွေကို ပုံပြင်တွေအဖြစ်နဲ့ပဲ ငါကြားဖူးခဲ့တာ။ တစ်ကောင်တစ်လေကိုတောင် ငါ့မျက်လုံးနဲ့ တပ်အပ်မမြင်ဖူးခဲ့ဘူး။ "

အခြား စစ်ဦးစီးမှူး အားလုံးမှာ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း နတ်ဝိညာဥ်တစ်ကောင်၏ တန်ဖိုးမှာ အလွန် သရေယိုစရာကောင်းနေသေးသည်။

ပိုင်ရှောင်ချန်းမှာ အဆုံးတွင် အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။ သူသည် နတ်ဝိညာဥ်များ၏ ပုံပန်းသွင်ပြင်ကို သိသဖြင့် ကျဥ်းကြီးထဲတွင် သူကြုံတွေ့ခဲ့ရသည့် ဝိညာဥ်ကြီးမှာ နတ်ဝိညာဥ်မဟုတ်ကြောင်းကို သိသည်။ ထိုမိစ္ဆာဝိညာဥ်ကြီး မပေါ်ပေါက်လာသေးသ၍ ပိုင်ရှောင်ချန်းမှာ စိတ်ပူမည်မဟုတ်။ ထို့အပြင် သူသည် ယခုတွင် မဟာတံတိုင်းကြီး၏ အကြောင်းကို ထုံးလိုချေရေလိုနှောက် သိနေပြီ ဖြစ်သဖြင့် နတ်ဝိညာဥ်များမှာ အင်မတန် ရှားပါးသည်ကိုလည်း သိထားပြီးဖြစ်သည်။

နတ်ဝိညာဥ်တစ်ခုကို နတ်သားရဲဝိညာဥ်တစ်စုံနှင့် လဲလှယ်၍ ရသည်။ ပြောင်းပြန်ဆိုသလို နတ်သားရဲဝိညာဥ် ငါးခုပါသည့်တစ်စုံကိုလည်း နတ်ဝိညာဥ်တစ်ခုနှင့် လဲလှယ်၍ ရသည်။ သို့သော် ထိုသို့လဲလှယ်မည့်လူမှာ မရှိသလောက်ရှားပါးမည်သာ ဖြစ်သည်။

နတ် ဝိညာဥ်များမှာ အလွန့်အလွန်ရှားပါးလှသည် မဟုတ်ပါလော။

နတ်ဝိညာဥ်တစ်ခုကို ပိုင်ဆိုင်ထားသည့် လူတိုင်းမှာ ထိုအကြောင်းကို သေချာလျှို့ဝှက်ထားပြီး အခြားလိုအပ်သည့် ဝိညာဥ်လေးခုကို ရှာဖွေရမည်ဖြစ်သည်။ ထိုကိစ္စအကြောင်း သတင်းများသာ ပျံ့နှံ့သွားပါက အကျိုးဆက်များမှာ အလွန်အန္တရာယ်များမည် ဖြစ်သည်။ ယနေ့အထိဆိုလျှင် ကောင်းကင်တံတား ကျွန်းပေါ်ရှိ ကောင်းကင်ဧကရာဇ် တစ်ယောက်သာ ထိုသို့ စုဆောင်းခဲ့ဖူးသည်။

ကောင်းကင်ဧကရာဇ်မှာ နတ်ဝိညာဥ်များကို အသုံးပြုကာ ယင်ယန်ဝိညာဥ်အဆင့်သို့ တက်လှမ်းလာမည့် နောက်ထပ်တစ်ယောက်ကို ထပ်၍မမြင်လိုသည် ဟုပင် ကောလာဟလများအရ သိရသည်။ ထိုအကြောင်းမှာ ကောလာဟလသာ ဖြစ်သော်လည်း ကောင်းကင်ဧကရာဇ် ကသာ ထိုသို့ဖြစ်ရပ်မျိုးကို တားဆီးလိုပါက သူ့အနေနှင့် ထိုလမ်းစဥ်သို့လျှောက်နေသူများကို ကွက်မျက်ရန်မှာ ရိုးရှင်းသော ကိစ္စတစ်ခုပင် ဖြစ်သည်။

ထိုသို့ ပုံကြီးချဲ့ထားကြသည့် ဇာတ်လမ်းများကြောင့် လူအများမှာ မည်သည်ကို ယုံကြည်ရမည်မှန်းမသိလောက်အောင် ဖြစ်နေရတော့သည်။

ပိုင်ရှောင်ချန်းကမူ ထိုအကြောင်းကို အများကြီး မတွေးပေ။ သူ အလေးထားဆုံးသော အရာမှာ သူ၏ သနားဖွယ်ရာ အသက်လေးပင်ဖြစ်သည်။ အခြား စစ်ဦးစီးမှူး များ၏ မျက်နှာများပေါ်ရှိ အမူအရာများကို တွေ့လိုက်ရသော အခါ သူ့ကိုယ်သူ ဂုဏ်ယူမိနေတော့သည်။

" နတ်ဝိညာဥ်လေး တစ်ကောင်ပဲမလား။ ဘာများ ရေးကြီးခွင်ကျယ်ရှိလို့လဲ။ ငါ့ထည့်စရာအိတ်ထဲမှာဆို နှစ်ခုတောင်ရှိတာကို။ "

သူက စိတ်ထဲတွင်သာ ထိုသို့ တွေးနေပါသော်လည်း သူ၏မျက်နှာပေါ်တွင်မူ ရူးသွပ်မှုအပေါင်းဖြင့် လိုချင်တပ်မက်မှုများ ပြည့်နှက်နေသည့် အမူအရာသာ ပေါ်နေသည်။

ပိုင်လင်းကမူ သူ၏စကားများအား ထိုသို့တုံ့ပြန်နေကြသည်ကိုကြည့်၍ အလွန်အားရနေတော့သည်။ ချိန်ဟဲ့ထျန်က စစ်သေနာပတိချုပ်များကို သတင်းပေးခဲ့စဥ်ကလည်း ဤသို့ပင် သူ အံ့အားသင့်ခဲ့ရသည်။ သို့သော် သူအံ့အားသင့်ရသည့် အကြောင်းအရင်းမှာ ဝိညာဥ်၏တန်ဖိုးကြောင့် မဟုတ်ပဲ ချိန်ဟဲ့ထျန်ဆက်ပြောခဲ့သည့် အခြားသတင်းအချက်အလက်များကြောင့် ဖြစ်သည်။

ပထမအစတွင် ပိုင်လင်းသည် ထိုအချက်အလက်များကို စစ်ဦးစီးမှူး များထံသို့ ဖွင့်ဟရန် တွန့်ဆုတ်နေခဲ့သည်။ သို့သော် အခြားသော စစ်သေနာပတိချုပ်များက သူတို့၏ စစ်ဦးစီးမှူး များကို ပြန်ပြောပြမည်မှာ သေချာသလောက်ရှိနေသည်ဖြစ်ပြီး ထိုနတ် ဝိညာဥ်ကို ရယူရမည့် ပြိုင်ပွဲတွင် အနိုင်ရရန် အကူအညီလိုအပ်မည်ဖြစ်၍ ပြောပြရန် ဆုံးဖြတ်လိုက်သည်။

" နတ်ဝိညာဥ် ငါးခုပါတဲ့တစ်စုံက ကျင့်ကြံသူတစ်ယောက်ကို ကောင်းကင်တာအို ယင်ယန်ဝိညာဥ်တစ်ခု ဖန်တီးပေးနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုဝိညာဥ်တွေကို ပိုင်ဆိုင်ထားခြင်းရဲ့ အကျိုးကျေးဇူးက အဲဒီတစ်ခုထဲ မဟုတ်ဘူး။ နောက်ထပ်တစ်ခုက ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတွေကို နတ်အဆင့်ကိုတက်လှမ်းတဲ့နေရာမှာ အောင်မြင်မှု ရာခိုင်နှုန်း ပိုများစေတယ်။ "

" နတ်ဝိညာဥ် တစ်ခုထဲနဲ့တင်အောင်မြင်မှုရာခိုင်နှုန်းကို တိုးတက်အောင် လုပ်လို့ရတယ်။ တစ်စုံလုံးသာရလို့ကတော့ အကောင်းဆုံးပေါ့ကွာ။ "

ပိုင်ရှောင်ချန်းမှာ စိတ်မဝင်စားသော်လည်း အခြား စစ်ဦးစီးမှူး များမှာ မျက်လုံးများ ကျွတ်ကျလုမတတ် ဖြစ်နေကြသည်။ သူတို့၏ ပင့်သက်ရှိုက်သံများအရ ဤသတင်းကြောင့် သူတို့ အလွန်အမင်းအံ့အားသင့်သွားရသည်မှာ အသေအချာပင်။

" နတ်အဆင့်ကို တက်လှမ်းတဲ့နေရာမှာ အောင်မြင်မှု ရာခိုင်နှုန်းကို မြှင့်တင်ပေးနိုင်တယ်တဲ့လား။ "

" နတ်ဝိညာဥ်တွေက ဒီလောက်တန်ဖိုးကြီးတာ ငါ လုံးဝ မယုံနိုင်ဘူး "

ပိုင်လင်းမှာ ထိုအုပ်စုကို တိတ်ဆိတ်စွာ လှမ်းကြည့်ပြီး သူတို့၏ အမူအရာများကိုအသေးစိတ် အကဲခတ်နေတော့သည်။ စစ်ဦးစီးမှူး ကိုးယောက်ထဲတွင် ပိုင်ရှောင်ချန်းမှလွဲ၍ အခြားသုံးယောက်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ အခြားနှစ်ယောက်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ကျန်လေးယောက်မှာ အလွန်အမင်း အံ့သြနေကြသည်။

ပိုင်ရှောင်ချန်း၏ မျက်နှာမှာ တည်ကြည်နေသည်။ ပိုင်လင်း၏ အမြင်တွင် သူပြောလိုက်သည့် သတင်းမှာ ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိရန် ကြိုပမ်းနေသည့် ပိုင်ရှောင်ချန်းအတွက် စိတ်ဝင်စားစရာတစ်ခုမဟုတ်ကြောင်းကို သိလိုက်သည်။ သူ၏ အမူအရာမှာ ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်နေကြပြီဖြစ်သော အခြား စစ်ဦးစီးမှူး များ၏ အမူအရာများနှင့် ကွဲလွဲနေသည်မှာ အထင်အရှားပင်။

ပိုင်ရှောင်ချန်း၏ ထိုတည်ကြည်မှုများက သူ့ထံတွင် နတ် ဝိညာဥ်နှစ်ခုရှိသည့် အချက်ကြောင့်သာဖြစ်သည်။

" ဗိုက်ပြည့်နေသောလူက ငတ်နေသောလူ၏ ခံစားချက်များကို နားလည်မည်မဟုတ် " ဟူသည့် ဆိုးရိုစကားပင် ရှိသေးသည်မဟုတ်ပါလော။

ပိုင်လင်းက သူ့အားစိုက်ကြည့်နေကြောင်းကို သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။ ထို့နောက် သူက အခြား စစ်ဦးစီးမှူး များကို အဓိပ္ပါယ် ပါပါကြည့်လိုက်ပြီး အဆုံးတွင် လက်ယှက်ကာ ပိုင်လင်းကို ဦးညွှတ်အရိုအသေးပေးလိုက်သည်။

" စစ်သေနာပတိချုပ်ကြီးရေ။ ဒါ အခွင့်ကောင်းတစ်ခုပဲ။ စစ်သေနာပတိချုပ်ကြီးသာ အဲဒီဝိညာဥ်ကို ရယူနိုင်ရင် နတ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ပိုများသွားမှာပဲ။ "

ပိုင်ရှောင်ချန်း၏ စကားကြောင့် အခြား စစ်ဦးစီးမှူး များမှာ သတိပြန်လည်လာတော့သည်။ ယခုအချိန် သူတို့က နတ်ဝိညာဥ်တစ်ကောင် ရရှိလာသည့်တိုင် နတ်အဆင့်နှင့် ဝေးကွာလွန်းနေကြသည့်အတွက် မည်သို့မျှ ထူးမည်မဟုတ်ပေ။ တစ်ကောင် ရရှိခဲ့လျှင်တောင် ထိုသတင်းများ ပျံ့နှံ့သွားမည်သာ ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်တက်ရန် အနီးစပ်ဆုံးလူမှာ သူတို့၏ ရှေ့တွင်ရပ်နေသည့် စစ်သေနာပတိချုပ်ကြီး ပိုင်လင်းဖြစ်သည်။ စိတ်လှုပ်ရှားနေကြသည့် စစ်ဦးစီးမှူး များက သူ၏မျက်ဝန်းမှာ အေးစက်စွာတောက်ပနေသည်ကို မြင်လိုက်ရပြီး ပိုင်ရှောင်ချန်း၏ စကားများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ သူတို့ကို လက်ရှိအခြေအနေအား သတိပေးနေခြင်းဖြစ်ကြောင်း ရိပ်မိသွားကြတော့သည်။

သူတို့သည် နတ်ဝိညာဥ် တစ်ကောင်နှင့်ပတ်သတ်သည့် အံ့အားသင့်ဖွယ် သတင်းကြီးကြောင့်သာ ဤသို့ ပျာယာခတ်နေရသည်။ သို့မဟုတ်ပါက ဤကဲ့သို့ သတိပေးစရာပင် လိုမည်မဟုတ်။ ပိုင်လင်း၏ မျက်ဝန်းထဲရှိ အေးစက်စက်အကြည့်များကို မြင်လိုက်ရသောအခါ ပျာယာခတ်နေကြသည့် စစ်ဦးစီးမှူး များမှာ ပိုင်ရှောင်ချန်းကို ကျေးဇူးတင်သွားကြတော့သည်။

ထို စစ်ဦးစီးမှူး လေးယောက်မှာ ပိုင်ရှောင်ချန်းကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြတော့သည်။ တစ်ယောက်မှာ ပိုင်လင်းဘက်သို့ လက်ယှက်ကာ ဦးညွှတ်လိုက်တော့သည်။

" စစ်သေနာပတိချုပ်။ အဲဒီ ဝိညာဥ်က ဘယ်နေရာမှာများလဲဗျ။ "

All Chapters