← Chapters

အခန်း (၁၈၀၁-၁၈၀၅)

Vol. 73 Ch. 1801-1805

အခန်း (၁၈၀၁-၁၈၀၅)

Vol. 73 Ch. 1801-1805

အပိုင်း (၁၈၀၁)

“သူတို့တွေ ဘယ်ရောက်သွားကြတာလဲ” နီကွမ်း၊ ကွေ့ဇူနှင့် ရွှယ့်ယွယ်တို့သည် ကြယ်စီရင်စုထဲရပ်ရင်း ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေခဲ့ကြသည်။

လွန်ခဲ့သော ဆယ်ငါးမိနစ်ခန့်က… ကျိလုန်နှင့် ရှုဝေတို့ကို သူတို့ မျက်ခြေပျက်သွားခဲ့သည်။ ထိုစဉ်က ကျိလုန်တို့ ထွက်ပြေးနေသည့်ဘက်မှ မှော်ရတနာအလင်းတစ်ချက် လက်သွားသည် လှမ်းမြင်လိုက်ရသည်။ ပြီးသည်နှင့် ကျိလုန်တို့အား မျက်ခြေပြတ်သွားခဲ့လေသည်။

“ဘာသုံးလိုက်လို့ သူတို့အရှိန် ဒီလောက်တောင် မြန်သွားတာလဲ” ရွှယ့်ယွယ်သည် မီးခဲပေါ် ဖင်ခုထိုင်နေရသည့်နှယ် စိတ်ဂနာမငြိမ် ဖြစ်နေခဲ့သည်။ ကျိလုန်တို့အပေါ် အားကိုးပြီး ရန်ကိုင်နောက်သို့ လိုက်နေရသည် ဆိုပါမှ ကျိလုန်တို့အား မျက်ခြေပြတ်သွားခဲ့လေရာ ရန်ကိုင်နောက်သို့ မည်သို့များ လိုက်ရပါတော့မည်နည်း။

ရန်ကိုင်သည် အင်မော်တယ်သစ်ပင်ကို ပိုင်ဆိုင်ထားသည့် အတွက် မရေမတွက်နိုင်သော ပြဿနာပေါင်းစုံတို့သည် သူ့ဆီသို့ မုချ ရောက်ရှိလာပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်အား တစ်ယောက်တည်း လွှတ်ထားရမည့်အရေးအပေါ် သူမ စိတ်မအေးနိုင်။ သူမသာ ရှိနေခဲ့လျှင် ရန်ကိုင်အား နည်းနည်းပါးပါးတော့ ကူညီပေးနိုင်မည်ဟု တွေးနေခဲ့သည်။

“ဟင်းလင်းပြင်ခွဲလွန်းပျံပဲ ဖြစ်ရမယ်” နီကွမ်းက ရုတ်တရက် ကောက်ပြောလိုက်သည် “ခရမ်းကြယ်မှာ တကယ်ကြီး ဟင်းလင်းပြင်ခွဲလွန်းပျံ ရှိနေတာပဲ။ ကောလကာဟာလတွေက လျှောက်ပြောတာတွေတို့ ငါထင်နေတာ၊ တကယ်ကြီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး”

“ဟင်းလင်းပြင်ခွဲလွန်းပျံ၊ အဲ့ဒါ ဘာမို့လို့လဲ” ကွေ့ဇူက မေးလိုက်သည်။

“အဲ့ဒါ ဘာမို့လို့လဲ ဟုတ်လား။ အဲ့ဒါက မဟာဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့တာဟာလေ” နီကွမ်းက ကွေ့ဇူဘက်သို့လှည့်၍ ပြောလိုက်၏။

“မဟာဧကရာဇ်ရဲ့ ရတနာတစ်ခုလား” ကွေ့ဇူ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

“အဲ့လိုမျိုးတော့လည်း မဟုတ်ဘူး” ခဏလောက် စဉ်းစားပြီးနောက် နီကွမ်းက ပြန်ရှင်းပြလိုက်လေသည် “လွန်းပျံကို တည်ဆောက်တဲ့ နည်းလမ်းကိုပဲ မဟာဧကရာဇ်က ပေးခဲ့တာ။ လွန်းပျံကို ပေးခဲ့တာ မဟုတ်ဘူး။ မဟာဧကရာဇ်ပေးတဲ့ နည်းလမ်းကိုသုံးပြီး ခရမ်းကြယ်က ပန်းပဲပညာရှင်တွေက အဲ့လွန်းပျံကို သူတို့ဘာသာ တည်ဆောက်လိုက်တာ”

“အဲ့လိုပြောစမ်းပါကွာ။ မင်းပြောတာကြားပြီး ငါ့မှာ လန့်တောင်လန့်သွားတယ်” ကွေ့ဇူက စိုးရိမ်စိတ်မပြေသေးသည့် လေသံဖြင့် ပြောလိုက်သည်။

မဟာဧကရာဇ်ကိုယ်တိုင် ပေးခဲ့သည့် ရတနာသာ ဆိုလျှင်တော့ ကြယ်စီရင်စုကြီးထဲရှိ မည်သူကမှ ထိုလွန်းပျံ၏ အမြန်နှုန်းကို လိုက်မှီလိုက်မည့် မဟုတ်ချေ။ သို့ရာတွင် တည်ဆောက်သည့် နည်းလမ်းသက်သက်ပဲ ဆိုရင်တော့ ထိုမျှလောက် ကြောက်စရာမကောင်းတော့။

“အဲ့လိုဆိုရင်တောင် ဟင်းလင်းပြင်ခွဲလွန်းပျံက ကြယ်စီရင်စုထဲမှာ အမြန်ဆုံး မှော်ရတနာ ဖြစ်နေတုန်းပဲ။ အခု ငါတို့ သူတို့ကို မျက်ခြေပြတ်သွားပြီ။ ဘယ်လို ဆက်လုပ်ကြမလဲ” နီကွမ်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ကြယ်စီရင်စုကြီးသည် အလွန်ကိုမှ ကျယ်ပြောပြီး ရန်ကိုင်နှင့် ကျိလုန်တို့ မည်သည့် အရပ်သို့ ထွက်ပြေးသွားသလဲ ဆိုသည်ကို ကော်ငးကင်သာ သိပေလိမ့်မည်။

လမ်းကြောင်းလေး နည်းနည်း ပြောင်းလိုက်ရုံဖြင့် ဦးတည်ရာဘက် လုံးဝ ပြောင်းလဲသွားနိုင်ပေသည်။

“ဟဲဟဲ။ စိတ်မပူနဲ့။ ဒီလူအိုကြီးမှာ နည်းလမ်းရှိတယ်။ ငါကြိုပြင်ဆင်ထားပြီးသား” ကွေ့ဇူက ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။

“အို၊ မင်းမှာ နည်းလမ်းရှိတာလား” နီကွမ်းသည် ကွေ့ဇူအား အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

“ဟုတ်တယ်… ခဏစောင့်” ပြောပြီးသည့်နောက်တွင် ကွေ့ဇူသည် သူ၏ လက်စွဲတော် ဝိဥာဉ်တစ်သောင်းအလံကို ဆင့်ခေါ်ကာ လက်ကွက်များစွာ ဖန်တီးလိုက်လေသည်။ ခဏအကြာတွင် သူ့ရှေ့ရှိ ဝိဥာဉ်တစ်သောင်းအလံကို စိုက်ကြည့်ရင်း လေသံမာမာဖြင့်‌ အော်ပြောလိုက်လေ၏ “သွား”

ဝိဥာဉ်တစ်သောင်းအလံသည် ရုတ်တရက် လှုပ်ခါလာပြီး လမ်းကြောင်းတစ်ဖက်ဆီသို့ ပြေးထွက်သွားလေသည်။

“ငါ့နောက်လိုက်ခဲ့ကြ” ကွေ့ဇူသည် လက်ဝှေ့ရမ်းပြရင်း ဝိဥာဉ်တစ်သောင်းအလံ ထွက်သွားသည့်ဘက်သို့ ပျံသန်းသွား၏။

နီကွမ်းသည်လည်း ရွှယ့်ယွယ်နှင့်အတူ ကွေ့ဇူနောက်မှ လိုက်သွားလေသည်။

သူတို့ ထွက်သွားပြီး မကြာခင်မှာပင်… ကြယ်စီရင်စုထဲ ဝိုးတဝါးတား ပုံရိပ်တစ်ခုသည် ခိုးကြောင်ခိုးဝှက် ပေါ်လာခဲ့၏။ ထိုအကြည်ရောင် ပြောင်းလဲနေသော ပုံရိပ်သည် သူ၏ အရှိန်အဝါကို အပြည့်အဝ ဖိနှိပ်ထားသဖြင့် အနီးကပ်သာ မဟုတ်လျှင် ထိုပုံရိပ်၏ တည်ရှိမှုကို လုံးဝ သတိပြုမိလိမ့်မည် မဟုတ်ချေ။

ထိုလူသည် ကြယ်တာရာအက်ကြောင်း အဖွဲ့အစည်း၏ အကြီးအကဲခုန်ဖမှလွဲ၍ အခြား မဟုတ်ပေ။

ခုန်ဖသည် ကွေ့ဇူတို့အဖွဲ့ ယခင် ရှိခဲ့သည့် နေရာတွင်ပင် ရပ်တန့်လိုက်ပြီး ကွေ့ဇူတို့ ထွက်သွားသည့် ဘက်ဆီသို့ တုန့်ဆိုင်း တွေဝေနေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

သူဆက်လိုက်သင့်လား… မလိုက်သင့်ဘူးလား။

တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံခြင်းဖြင့် သူတို့နောက် လိုက်သွားခြင်းသည် သူ့အား ပြဿနာများစွာကို ဖြစ်စေနိုင်သည်။

မလိုက်လျှင်လည်း အင်မော်တယ်သစ်ပင်ကြီး သူ့ရှေ့တွင် ရှိနေသည်ကို မလိုက်ရကောင်းလားဟု တွေးလျက် စားဝင် အိပ်ပျော်နိုင်လိမ့်မည် မဟုတ်။

ခဏကြာအောင် စဉ်းစားပြီးနောက်တွင် အံကြိတ်၍ ကွေ့ဇူတို့နောက်သို့ ဆက်လိုက်လေသည်။

အင်မော်တယ်သစ်ပင်၏ ဆွဲဆောင်မှုကို ခုန်ဖ လုံးဝ တောင့်မခံနိုင်ခဲ့။ ကျိလုန်တို့နှင့် ကွေဇူတို့အဖွဲ့ အချင်းချင်း တိုက်ခိုက်နေစဉ်အတောအတွင်း သူ့အနေဖြင့် ကံကောင်းပြီး ငါးဝင်မျှားနိုင်ပါစေဟုသာ ဆုတောင်းနေရုံ ရှိတော့သည်။

သိုင်းတာအိုနှင့် အဆုံးမဲ့သလို ကြယ်စီရင်စုကြီးသည်လည်း ထိုနည်းတူပင်။

ကျိလုန်ုတို့အဖွဲ့သည် ရန်ကိုင်နောက်သို့ နောက်ထပ် ငါးလကြာသည်အထိတိုင်အောင် ဆက်လိုက်နေခဲ့သည်။

ရန်ကိုင်ကမူ ကျိလုန်တို့အဖွဲ့အား ကျီစယ်လိုက်၊ နောက်ပြောင်လိုက်လုပ်ရင်း ရှေ့ဆုံးမှ အေးအေးလူလူ ထွက်ပြေးနေခဲ့သည်။ သူ့ပုံမှန်အခြေအနေသို့ ပြန်ရောက်နေသည်မှာ ကြာခဲ့လေပြီ။ ထို့အတွက်ကြောင့် ကျိလုန်တို့လက်မှ ထွက်ပြေးဖို့ဆိုသည်မှာ သူ့အတွက် အတော်လေး လွယ်ကူနေခဲ့သည်။

သို့ရာတွင် ထိုကဲ့သို့ မလုပ်ခဲ့ပေ။

သူ့နောက်သို့ ဤမျှ မဆုတ်မနစ် လိုက်ခဲ့ပြီးမှဖြင့် သူ့ဘက်ကလည်း လက်ဆောင် ကောင်းကောင်လေး တစ်ခုလောက် ပြန်မပေးလျှင် ရိုင်းရာကျသွားပေလိမ့်မည်။ ထို့ကြောင့် အေးအေးလူလူသာ ပျံသန်းနေ၏။ ဟင်းလင်းပြင်ခွဲလွန်းပျံ၏ အရှိန် နှေးသွားသည်ကို သတိပြုမိလျှင် သူ့အရှိန်ကိုလည်း နှေးချလိုက်သည်။ ထိုနည်းဖြင့် ကျိလုန်တို့သည် ရန်ကိုင်နောက်သို့ မျက်ခြေမပြတ်ဘဲ တောက်လျှောက် လိုက်နိုင်ခဲ့လေသည်။

ဟင်းလင်းပြင်ခွဲလွန်းပျံထဲတွင် ရှိနေသော ကျိလုန်ုနှင့် သူ့သားမှာမူ ဘီလူး သံပုရာသီး ကိုက်ထားရသည့်နှယ် ဖြစ်နေကုန်ကြလေပြီ။

ငါးလကြာသည့်တိုင်အောင် လိုက်နေသည့်တိုင် ရန်ကိုင်အား တစ်ကြိမ်ကလေးပင် မမှီခဲ့ချေ။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူ တစ်ဦး မည်သို့များ ဤမျှကြာအောင် အားမကုန်ဘဲ ပြေးနိုင်သလဲ ဆိုသည့်အပေါ် ကျိလုန် မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့သည်။

ရန်ကိုင်သည် သူတို့အား ကြိုးရှည်ရှည်ဖြင့် ဆွဲလှန်ထားသလို တစ်နေရာရာသို့ မျှားခေါ်သွားသည်ကို ကျိလုန် အစောကြီးကတည်းက သတိပြုမိပေသည်။

သို့သော်လည်း အင်မော်တယ်သစ်ပင်ကို လက်လျှော့ရမည့် အကြောင်း တွေးလိုက်ရုံဖြင့် ကျိလုန် လက်မလျှော့နိုင်တော့။ ဤမျှကြာအောင် လိုက်ပြီးမှဖြင့် ဘာကြောင့်များ လမ်းတစ်ဝက် ရောက်မှ လက်လျှော့လိုက်ရမည်နည်း။ လက်မလျှော့နိုင်ပေ။

ထို့ကြောင့် အံကြိတ်၍ ရန်ကိုင်နောက်သို့ ဆက်လိုက်ခဲ့သည်။

သွေးဘုရင်ဆေးလုံးကို သောက်ထားသည့်တိုင် ရှုဝေမှာတော့ အရိုးပေါ်အရေတင်ဖြစ်ကာ မျက်ဖြူဆိုက်နေခဲ့လေပြီ။ လက်ရှိ သူ့အခြေအနေသည် ယခင်တစ်ကြိမ်ကထက်ပင် ပိုဆိုးနေသေးသည်။ ပုံမှန်ကဲ့သို့ ခါးကိုပင် မတ်မတ်ထားကာ မထိုင်နိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး အစီအရင်အပေါ်သို့ ငိုက်ကျနေခဲ့၏။ လက်ရှိ ရှုဝေသည် အချိန်မရွေး အသက် ပျောက်သွားနိုင်သော မီးစာကုန်ရေးခမ်းဘဝသို့ ရောက်နေခဲ့လေပြီ။

ကျိတုန်သည် ရှုဝေအား ခဏခဏ လှမ်းအော်ဆူနေသော်ငြား ရှုဝေကတော့ ကျိတုန် ဘာပြောပြော ဂရုမစိုက်နိုင်တော့။

ရှုဝေနေရာ၌ သာမန်ကျင့်ကြံသူတစ်ဦးသာဆိုပါက စွမ်းအင် ကုန်ခမ်း၍ သေသွားသည်မှာ ကြာလောက်ပေပြီ။ ရှုဝ ဖြစ်နေသည့် အတွက်ကြောင့်သာ ယခုအချိန်ထိ အသက်မသေရုံ ထိန်းထားနိုင်သေးခြင်း ဖြစ်သည်။

သို့သော်လည်း ဤအဖြစ်အပျက်ပြီးနောက်ပိုင်း ရှုဝေ အနေဖြင့် နောက်ထပ် အကြာကြီး အသက်ရှင်နိုင်တော့လိမ့်မည် မဟုတ်။

ကွေ့ဇူသည် သူ့လျှို့ဝှက်နည်းစနစ်ကိုသုံး၍ ရန်ကိုင်နောက်သို့ ခြေရာခံလိုက်နေခဲ့သည်။ ခုန်ဖသည် မည်သူမှ သတိမထားမိအောင် နောက်ဆုံးမှ ခိုးကြောင်ခိုးဝှက် လိုက်လာနေခဲ့သည်။

“ဒီလောက်တောင် ကြာနေတာ ရန်ကိုင် အသက်ရှင်သေးတာကော သေချာရဲ့လား တစ္ဆေအိုကြီး။ ကျိလုန် သူ့ကို ဖမ်းမိသွားတာတော့ မဟုတ်ဘူးမလား” နီကွမ်းသည် ကွေ့ဇူနောက်မှလိုက်ရင်း မေးလိုက်လေသည်။

“စိတ်မပူနဲ့။ ရန်ကောင်လေးက အဆင်ပြေပြေနဲ့ ရှိနေသေးတယ်။ ကမ္ဘာပျက်ထဲမှာတုန်းက ငါ့ဝိဥာဉ်တစ်သောင်း အလံထဲက ဒုခေါင်းဆောင်ရဲ့ဝိဥာဉ်ကို သူ့ကိုယ်ပေါ် တင်ပေးလိုက်တယ်။ သူသာ သေသွားရင် အဲ့ဝိဥာဉ်လည်း ပျက်စီးသွားမှာ။ အခု အဲ့ဝိဥာဉ်နဲ့ ငါ့ကြားက ဆက်သွယ်မှုကို သုံးပြီး သူ့နောက်ကို လိုက်နေတာ”

“မင်းက အဲ့လိုပြောမှတော့ ဆက်လိုက်ကြတာပေါ့” နီကွမ်းသည် ပြောနေရင်း ရွှယ့်ယွယ်ကို လှမ်းကြည့်လိုက်သည်။ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်ကို မြင်သော် သူ့စိတ်ထဲ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်သွားခဲ့လေသည်။

ဤကိစ္စသာ ရွှယ့်ယွယ် သို့မဟုတ် အင်မော်တယ်သစ်ပင်နှင့် ပက်သက်မနေခဲ့လျှင် ရန်ကိုင်နောက်သို့ ဆက်မလိုက်တော့ဘဲ အစောကြီးကတည်းက ပြန်လှည့်သွားခဲ့လေပြီ။

သူ့တစ်သက် လူတစ်ယောက်နောက်သို့ ဤမျှကြာအောင် လိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်ခါက သူပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ရန်သူလက်မှ ထွက်ပြေးခဲ့ရသည့် အခါတုန်းကပင် တစ်လလောက်သာ ထွက်ပြေးလိုက်ရပြီး အိုင်းအောင်သည် သူ့လူများကိုခေါ်ကာ သူ့အား လာကယ်ခဲ့သည်။

ထိုအဖြစ်အပျက်သည် လွန်ခဲ့သေည့် နှစ်တစ်ထောင်ကျော်က ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်ထိ သေသေချာချာ မှတ်မိနေဆဲ။

“အန်” နီကွမ်း သူ့အတိတ်အကြောင်း ပြန်စဉ်းစားနေစဉ် ကွေ့ဇူ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။

“ဘာဖြစ်လို့လဲ”

ကွေ့ဇူက နီကွမ်းဘက်သို့ အံ့ဩတကြီး အမူအရာဖြင့် လှည့်မေးလိုက်လေသည် “ငါ့ဒုဝိဥာဉ်… ပျောက်ကွယ်သွားပြီ”

“ဘယ်လို” နီကွမ်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ထိုစကားကို ကြားသည့်အခါ ရွှယ့်ယွယ် မျက်နှာ ဖြူလျော်သွားပြီး သတိလစ်ခါနီး ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်သာ အသက်ရှင်နေသေးလျှင် ရန်ကိုင်၏ ကိုယ်ပေါ်တွင် ရှိနေသော ဒုဝိဥာဉ်နှင့် ဆက်သွယ်ချက်ကို သုံး၍ ဝိဥာဉ်တစ်သောင်းအလံမှတစ်ဆင့် ရန်ကိုင်အား ခြေရာခံနိုင်သည်ဟု ကွေ့ဇူ ပြောခဲ့သည်။ သို့သော်လည်း ယခု ဒုဝိဥာဉ်ပျောက်ကွယ်သွားခဲ့သည် ဖြစ်သဖြင့် ရန်ကိုင်များ…

ရွှယ့်ယွယ် ဆက်မတွေးရဲတော့။ တွေးလိုက်ရုံဖြင့် သတိလစ်လုမတတ် ဖြစ်ချင်သွားသည်။ မျက်ထောင့်များ နီရဲလာပြီး မျက်ရည်စများသည် မျက်ဝန်းတစ်ဝိုက် ဝေ့သီလာခဲ့လေသည်။

“မင်းသေချာလား” နီကွမ်းက လှမ်းအော်မေးလိုက်သည်။

“နေပါဦး” ကွေ့ဇူသည် ရုတ်တရက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ရင်း တွေးတွေးဆဆ အမူအရာဖြင့် “ဒီနေရာကို ငါဘာလို့ ရင်းနှီးနေသလို ခံစားနေရတာလဲ”

“မင်းရင်းနှီးနေတာ အခုကိစ္စနဲ့ ဘာဆိုင်လို့လဲကွ” နီကွမ်းသည် ရွှယ့်ယွယ်အား မျက်စလှမ်းပစ်ပြရင်း ကွေ့ဇူအား အဆောတလျင် တိုက်တွန်းလိုက်လေသည်။

“အာ” ကွေ့ဇူက ရုတ်တရက် မှိတ်မိသွားသည့် အမူအရာဖြင့် ရယ်မောလျက် “ငါမှတ်မိပြီ။ ငါမှတ်မိပြီ။ ငါတို့ အဲ့နေရာကို ရောက်နေတာပဲ”

“မင်းမေး-ိုးလိုက်” ပုံမှန်အားဖြင့် စကားကြမ်းကြမ်းတမ်းတမ်း မပြောတတ်တော့ နီကွမ်းသည် ကွေ့ဇူ၏လုပ်ပုံကိုမြင်ပြီး ထဆဲတော့လေသည်။ ဒီလောက် အချက်ပြနေသည်ကိုပင်မမြင်၊ သူပြောချင်ရာကို ပြောနေသည်။

ကွေ့ဇူသည် နီကွမ်း ဆဲသည်ကို လုံးဝ ဂရုမစိုက်ဘဲ အဓိပ္ပါယ်ပါပါ ပြုံး၍သာ ရွှယ့်ယွယ်ကို ပြောလိုက်လေသည် “ကောင်မလေး၊ စိတ်ပူမနေနဲ့၊ ရန်ကောင်လေး မသေသေးဘူး”

“ဒါပေမယ့် ဒုခေါင်းဆောင်ဝိဥာဉ် ပျောက်သွားပြီလို့ ရှင်အခုပဲ ပြောလိုက်တာ…” ရွှယ့်ယွယ်သည် ကွေ့ဇူအား မယုံကြည်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။

“ဟုတ်တယ်။ ငါပြောခဲ့တယ်။ ဒါပေမယ့် ရန်ကောင်လေး သေသွားတယ်လို့ ငါမပြောဘူးလေ။ ငါ့ဒုခေါင်းဆောင် ဝိဥာဉ် ပျောက်သွားတယ်လို့ပဲ ပြောလိုက်တာလေ” ကွေ့ဇူက ရယ်မောလျက် “ခုဏတုန်းက ငါလည်း စိုးရိမ်နေတော့ သေချာ ရှင်းအောင် မပြောလိုက်မိဘူး ဖြစ်သွားတယ်။ ငါ့ဒုခေါင်းဆောင်ဝိဥာဉ် ပျောက်သွားတာ ဟုတ်တယ်။ ဒါပေမယ့် ဖျက်စီးခံလိုက်ရတာ မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ… ဒီလူအိုကြီးက ကမ္ဘာပျက်ထဲမှာ ရှိနေတယ်ထား၊ အဲ့လိုဆို ဒီကြယ်စီရင်စုထဲမှာ ရှိနေတဲ့ ငါ့ရဲ့ ဒုခေါင်းဆောင်ဝိဥာဉ်ကို အာရုံခံလို့ မရတော့သလိုပဲ။ အခုလည်း အဲ့လို ဖြစ်နေတာ။ နားလည်ပြီလား”

“မင်းဘာပြောချင်နေတာလဲ” နီကွမ်းသည် ကွေ့ဇူအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

“ဟားဟား၊ ရန်ကောင်လေး မသေသေးဘူးလို့သာ သိထားလိုက်။ သူအခု ဘယ်မှာလဲ ငါသိသွားပြီ” ကွေ့ဇူက ရယ်မောလျက် ဝိဥာဉ်တစ်သောင်းအလံကို ပြန်သိမ်းလိုက်၏. ထို့နောက် နီကွမ်းတို့အား လက်ယပ်ပြကာ “ကျိလုန်တို့ ဘယ်လို ဖြစ်နေလဲ သွားကြရအောင်။ အဲ့ခွေးအိုကြီး စိတ်ဓါတ်ကျလွန်းလို့ သွေးအန်ချင်နေမှာ ငါပြောရဲတယ်”

“မင်းဘယ်လိုသိတာလဲ” နီကွမ်း ကွေ့ဇူကို မယုံရဲသေးချေ။ ဤတစ္ဆေအိုကြီးသည် တကယ်ကို ယုံးစားထိုက်သည့် လူမဟုတ်ဟု သူ့စိတ်ထဲ ခံစားနေရသည်။ ရန်ကိုင်ဂိုဏ်းတွင် ဤကဲ့သို့သော မဟာအကြီးအကဲတစ်ဦး ရှိခြင်းသည် ကောင်းခြင်းလား၊ ဆိုးခြင်းလား သူမပြောတတ်တော့ပေ။

“ဟဲဟဲ၊ စောင့်သာကြည့်နေစမ်းပါ”

ဤသို့ဖြင့် ခဏအကြာတွင် ကွေ့ဇူတို့သုံးဦး ထိုနေရာမှ ထွက်ခွာလာကြလေသည်။

တစ်နာရီကြာပြီးနောက်တွင်… နီကွမ်းသည် သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်နေသော သုံးဦးသားအား မျက်မှောင်ကြုတ်၍ ကြည့်လိုက်လေသည်။

အလယ်တွင် ရပ်နေသော လူသည် ကျိလုန်ဖြစ်ပေသည်။

နီကွမ်းနှင့် ကွေ့ဇူတို့၏ အရှိန်အဝါကို သတိပြုမိသော် ကျိလုန်သည် သူတို့ဘက်သို့ အေးစက်စက် အကြည့်ဖြင့် လှည့်ကြည့်လာခဲ့လေသည်။

ကျိလုန် မျက်နှာကိုမြင်ပြီးနောက်တွင် နီကွမ်းက သည်းလှိုက်အူလှိုက် ရယ်မော၍ “တကယ်ကြီး ဒီကောင် စိတ်ဓါတ် မိုးထိုးကျနေတာပဲဟ”

“ငါပြောသားပဲ” ကွေ့ဇူက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးဖြီးလိုက်လေသည်။

“သူစိတ်ဓါတ်ကျနေမယ်မှန်း မင်းဘယ်လိုသိတာလဲ” နီကွမ်း တကယ်ကို သိချင်မိသွားသည်။

“ရန်ကိုင်ကို မမှီလို့ပေါ့ဟ။ ငါးလလုံးလုံး လိုက်ဖမ်းနေရတဲ့လူကို ရုတ်တရက်ကြီး မျက်ခြေပြတ်သွားရင် မင်းကော ဘယ်လိုခံစားရမလဲ။ စဉ်းစားကြည့်စမ်း” ကွေ့ဇူက ပြန်မေးလိုက်သည်။

နီကွမ်း မျက်မှောင်ကြုတ်၍ စစဉ်းစားလေသည်။ ခဏအကြာ၌ အသက်ပြင်းချလျက် “တကယ်ကို ကြိတ်မနိုင်ခဲမရ ဖြစ်နေမှာ။ ဟုတ်တယ်… အဲ့ထက်တောင် ဆိုးနေနိုင်တယ်။ အထူးသဖြင့် ရန်ကိုင်က တန်ခိုးရှင်အဆင့်လေးပဲ ရှိသေးတာကို ထည့်တွက်ရင်ပေါ့။ ငါသာ သူ့နေရာမှာဆို ရှက်လွန်းကို ကိုယ့်ကိုယ်ကို သက်သေပစ်လိုက်ပြီ”

ပြောပြီးသည်နှင့် နောက်တစ်ကြိမ် အားပါးတရ ထပ်၍ အော်ရယ်မောပြန်လေသည်။

“ဒါပေမယ့် နေပါဦး၊ ရန်ကိုင် ပျောက်သွားတာမှန်း မင်းဘယ်လိုသိတာလဲ” နီကွမ်းသည် ထိုအချက်ကို ရုတ်တရက် သတိပြုမိလိုက်ပြီး ကွေ့ဇူကို မေးလိုက်လေသည်။

“ဘာလို့လဲဆိုတော့… ငါအရင်က ဒီမှာ နေဖူးတယ်လေ။ ဒီမှာ နှစ်နှစ်ထောင်ကြာအောင်တောင် နေခဲ့တာ။ ဒါကြောင့်ပဲ ဒီနေရာကို မြင်လိုက်တာနဲ့ ရန်ကောင်းလေး ပျောက်သွားပြီမှန်း သိလိုက်တာ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၀၂)

နီကွမ်းသည် ကွေ့ဇူအား အရူးတစ်ယောက်နှယ်ကြည့်လျက် “ဒီနေရာမှာ နှစ်နှစ်ထောင်တောင် နေခဲ့တာ။ ဒီနေရာ ဘာတွေ ဒီလောက်တောင်ကောင်းလို့ မင်းဒီမှာ နှစ်(၂၀၀၀)တောင် နေခဲ့တာလဲ”

ပြောရင်းဆိုရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်ငြား မည်သည့် ထူးဆန်းသည့် အရာကိုမှ မတွေ့ရသဖြင့် နီကွမ်း နားမလည်နိုင် ဖြစ်သွားခဲ့သည်။

“နေချင်လို့ နေတယ်များ ထင်နေလား။ ထွက်သွားလို့မရ နေတာကွ” ကွေ့ဇူက ရုတ်တရက် မှုန်ကုတ်ကုတ်ဖြင့် “ငါဒီမှာ နှစ်(၂၀၀၀)တောင် ပိတ်မိနေခဲ့တာကွ။ မင်းသိလား၊ ဘယ်ကိုမှ သွားလို့မရဘဲ နေရာကျဉ်းကျဉ်းလေးထဲမှာ နှစ်(၂၀၀၀)လောက် ပိတ်ခံထားရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ။ သေတာထက်ကို ဆိုးတယ်ကွ…ငါလခွမ်း၊ ပြန်တွေးလိုက်ရုံနဲ့တင် သေချင်စိတ်ပေါက်တယ်”

ကွေ့ဇူ၏ စကားကိုကြားသည့်အခါ နီကွမ်း၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည် “မင်းဒီမှာ နှစ်(၂၀၀၀)တောင် ပိတ်မိနေတာလား။ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ရောက်နေတာတောင် မင်းနာမည်ကို ဘာလို့ မကြားဖူးလဲ မှတ်နေတာ… လတ်စသတ်တော့ ဒါကြောင့်ကိုး။ ဒီတော့ မင်းဒီက လွတ်လာတာ မကြာသေးဘူးပေါ့”

“ဟုတ်တယ်။ ရန်ကောင်လေးရဲ့ အကူအညီနဲ့ လွတ်လာတာ။ မဟုတ်ရင် ဒီလူအိုကြီး အဲ့မှာ အခုအချိန်ထိ ပိတ်မိနေဦးမှာ”

“မင်းဘယ်လိုလုပ်ပြီး ဒီမှာ ပိတ်မိသွားတာလဲ” နီကွမ်းက နားမလည်နိုင်ဟန်ဖြင့် “ဒီနေရာကြည့်ရတာ ဘာမှ ဒီလောက် အန္တရာယ်မများပါဘူး”

“ဒီနေရာက သေမင်းချောက်နက်ကြီးလား” ထိုစဉ် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရင်းမှ ရွှယ့်ယွယ်သည် ကွေ့ဇူအား ဖြတ်မေးလိုက်လေသည်။

“ကောင်မလေးက မဆိုးဘူးပဲ” ကွေ့ဇူက ပြုံးဖြီးလျက် “ဟုတ်တယ်။ ဒါသေမင်းချောက်နက်ပဲ”

“ဘယ်လို။ တကယ်ကြီး သေမင်းချောက်နက်လား” နီကွမ်း၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည် “ဒါဆို ဒီနေရာက ကြယ်စီရင်စုကြီးရဲ့ အန္တရာယ်အများဆုံးလို့ ကျော်ကြားတဲ့ နေရာပေါ့”

“ဘာလဲ။ အခုမှ ကြောက်နေတာလား” ကွေ့ဇူက ပြန်၍ လှောင်ပြောင်လိုက်လေသည်။

“မကြောက်ရမလားဟ။ တန်ခိုးရှင်ဘုရင်အဆင့်တွေတောင် ဒီမှာ သေနိုင်တဲ့ဟာကို”

“ဟဲဟဲ။ ကောလဟာလတွေက အမှန်ပဲ။ ပုံမှန်ဆိုရင်တော့ ဒီနေရာက အန္တရာယ်မများဘူး။ တော်တော်လေး ငြိမ်းချမ်းတယ်လို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် ပရမ်းပတာ ဝဲကတော့ ပေါက်ကွဲထွက်လာပြီး အထဲကို စုပ်ခံလိုက်ရမယ် ဆိုရင်တော့ မင်းသွားပြီပဲ” ကွေ့ဇူက လှောင်ပြုံးပြုံးလျက် “ငါတုန်းက ရန်သူတစ်ယောက်လက်နေ ထွက်ပြေးလာရင်း အဲ့ဝဲကတော့တစ်ခုထဲ ပါသွားလိုက်တာ… တစ်ခါတည်းကို ဒီနေရာမှာ ပိတ်မိသွားတော့တာပဲ။ ကံကောင်းလို့ မသေတယ်”

“မင်းမသေတာကို ကျေးဇူးတင်” နီကွမ်း ထိတ်လန့်သွားခဲ့၏။

“ဟုတ်တယ်။ ကံကောင်းသွားတယ် ပြောရမယ်။ အဲ့ဝဲကတော့ထဲ ပါသွားပြီး နေရာတစ်ခုမှာ နှစ်နှစ်ထောင်လောက် ပိတ်မိသွားတာ။ ကံကောင်းပြီး ရန်ကိုင်နဲ့ သွားတွေ့လို့၊ မဟုတ်ရင် အခုအချိန်ထိ ပြန်ထွက်လာနိုင်ဦးမှာ မဟုတ်ဘူး” ကွေ့ဇူက အသက်ပြင်းပြင်းရှူသွင်းလျက် ပြောပြလိုက်လေသည်။

ထိုနေရာမှ ထွက်လာပြီးနောက်တွင် သူတို့နှစ်ဦး တစ်ခါမှ ပြန်မတွေ့ဖြစ်ကြတော့ဘဲ ကမ္ဘာပျက် ပွင့်သည့်အခါမှသာ နောက်တစ်ကြိမ် ပြန်ဆုံကြခြင်း ဖြစ်သည်။

“စီနီယာပြောချင်တာက၊ ရန်ကိုင်…”

“ဟုတ်တယ်။ ရန်ကိုင် အရင်တုန်းက ဒီလူအိုကြီး ပိတ်မိနေတဲ့ နေရာဆီ ထွက်ပြေးသွားတာ” ကွေ့ဇူက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။

ထိုစကားကို ကြားသည့်အခါ ရွှယ့်ယွယ် မျက်နှာလေး ဖြူလျော်သွားခဲ့လေသည်။

“စိတ်ပူမနေနဲ့။ သူဘာကို ကျွမ်းကျင်လဲဆိုတာ နင်မေ့နေတာလား။ ငါပိတ်မိနေတုန်းက သူပဲငါ့ကို အဲ့နေရာကနေ ခေါ်ထုတ်လာခဲ့ပေးတာ။ အခုဆို သူ့အတွက် အဲ့နေရာကို ဝင်ထွက်ဖို့က ထမင်းစားရေသောက်လို လွယ်ကူနေပြီ. နင်သူ့ကို စိတ်ပူနေစရာ မလိုဘူး။ ပြီးတော့ သူအထဲ ရောက်သွားပြီ ဆိုတာနဲ့ ဟိုခွေးအိုကြီးကျိလုန် သူ့ကို ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ရပ်ကြည့်နေရုံပဲ တတ်နိုင်တော့မှာ။ အဆင်ပြေတဲ့တစ်နေ့ သူ့ဘာသာ ပြန်ထွက်လာလိမ့်မယ်”

“ဒီမှာ စောင့်နေတာ… အန္တရာယ်မများဘူးလား” နီကွမ်းက စိုးရိမ်တကြီး မေးလိုက်သည်။ လက်ရှိအချိန်တွင် သေမင်းချောက်နက်သည် အတော်လေးကို တိတ်ဆိတ်နေသော်ငြား ပရမ်းပတာဝဲကတော့များသာ ထွက်ပေါ်လာခဲ့လျှင် အကုန်လုံး ဒုက္ခရောက်သွားနိုင်ပေ၏။

“ဘာတွေ ဒီလောက်တောင် ကြောက်နေတာလဲ။ ပရမ်းပတာ ဝဲကတော့တွေက အားနေတိုင်း ပေါ်လာနေတဲ့ဟာတွေ မဟုတ်ပါဘူးဟ” ကွေ့ဇူက ပြန်ပြောလိုက်သည်။

“အဲ့လိုဆိုမှတော့ စောင့်ကြတာပေါ့။ ဒါပေမယ့် ငါအရင် ပြောထားလိုက်မယ်။ ငါ့မှာ အဖွဲ့အစည်းဆီပြန်ပြီး လုပ်ရမယ့် ကိစ္စတွေ အများကြီးရှိသေးတယ်။ ဒီတော့ ငါအကြာကြီး စောင့်နိုင်မှာမဟုတ်ဘူး။ အများဆုံး နှစ်လပဲ စောင့်လို့ရမယ်” နီကွမ်းသည် ရွှယ့်ယွယ်အား မသိမသာလှမ်းကြည့်ရင်း ပြောလိုက်လေသည်။

ကွေ့ဇူကို ပြောနေသယောင် ထင်ရသော်ငြား အမှန် တကယ်တွင်တော့ ရွှယ့်ယွယ်ကို ပြောနေခြင်း ဖြစ်ပေသည်။

ယခု ရန်ကိုင်သည် လိပ်ခွံထဲ ပုန်းနေသကဲ့သို့ ဤနေရာတွင် ပုန်းအောင်းနေသဖြင့် ဘာအန္တရာယ်မှမရှိတော့ချေ။ ထို့ကြောင့် ရွှယ့်ယွယ်အနေဖြင့် ရန်ကိုင်ကို တစ်ယောက်တည်း လွှတ်ထားလည်း စိတ်ပူနေစရာ မလိုတော့ချေ။

“မင်းလုပ်ချင်သလိုသာလုပ်။ ဒီလူအိုကြီးကတော့ ရန်ကောင်လေး ထွက်လာတဲ့အထိ စောင့်နေမှာ” ကွေ့ဇူက ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်လေသည်။

စကားတပြောပြောနှင့် သူတို့ သုံးဦးသည် ကျိလုန်တို့ အဖွဲ့နှင့် မလှမ်းမကမ်း အကွာသို့ ရောက်လာခဲ့လေသည်။

နီကွမ်းနှင့်ကွေ့ဇူတို့ ရောက်လာသည့်အခါ ကျိလုန် အလွန်ကိုမှ စိတ်ညစ်သွားခဲ့သည်။ ထို့ကြောင့် သွား၍ပင် နှုတ်မဆက်ခဲ့ဘဲ အေးစက်စက် အမူအရာဖြင့်သာ ရပ်နေ၏။

နီကွမ်းသည်လည်း ကျိလုန်အား သွားနှုတ်မဆက်ခဲ့ပေ။ နှစ်ဦးစလုံးသည် ကမ္ဘာပျက်တည်းတွင် ကတည်းက ရန်ဘက်များ ဖြစ်ခဲ့ခြင်း ဖြစ်လေရာ ယခုမှပဲ တစ်ဦးကိုတစ်ဦး ဖော်ဖော်ရွေရွေဖြင့် နှုတ်ဆက်နေစရာ အကြောင်းမရှိချေ။ အဖွဲ့နှစ်ဖွဲ့သည် ကိုယ့်ဘာသာ အသီးသီး ရပ်နေကြလေသည်။

…

ဟင်းလင်းကို ဖြတ်ကျော်ပြီးနောက်တွင် လွင့်မျောတိုက်ကြီးဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။

ဤနေရာသည် ကြယ်စီရင်စုထဲတွင် သူပထမဆုံး ရောက်ဖူးခဲ့သည့် နေရာဖြစ်သလို ကွေ့ဇူနှင့် တွေ့ခဲ့သည့် နေရာလည်း ဖြစ်သည်။ ဤနေရာသည်ပင် သူ့အား သူ့ခွန်အားသည် ကြယ်စီရင်စုကြီးထဲရှိ ပညာရှင်များနှင့် ယှဉ်လိုက်သော် မည်မျှ သေးနုပ်ကြောင်းကို ပြသခဲ့သည့် နေရာလည်း ဖြစ်ပေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက်တွင် သူသည် ဤနေရာသို့ တစ်ဖန်ပြန်ရောက်လာခဲ့လေပြီ။ လွင့်မျောတိုက်ကြီးထက်တွင် ရပ်ရင်း ရန်ကိုင်သည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

သူ့ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ မရောက်သေးသော်လည်း လက်ရှိရန်ကိုင်သည် အားနည်းသည့် ကျင့်ကြံသူတစ်ဦး မဟုတ်တော့ပေ.

ယခင်က သူတော်စင်များ၏ အလွယ်တကူ ဖမ်းဆီးခြင်း ခံခဲ့ရသော်လည်း ယခုမူ သူ့လက်တစ်ချက် အဝှေ့နှင့် သူတော်စင် စစ်တပ်ကြီးကို ဖျက်စီးပစ်နိုင်နေလေပြီ။

လွင့်မျောတိုက်ကြီးသည် ရန်ကိုင် ထင်ထားသကဲ့သို့ပင် ကျိလုန်လက်မှ ထွက်ပြေးရန်အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပေသည်။

ဤနေရာက မထွက်သွားခင်က ရန်ကိုင်သည် သူ၏ ကောင်းကင်စိတ်အာရုံ အမျှင်တန်းတစ်ခုကို ဤနေရာ၌ ချန်ရစ်ခဲ့၏။ ထို့ကြောင့် ထိုကောင်းကင်စိတ်အာရုံအမျှင်တန်း အတိုင်း ဟင်းလင်းပြင်ကို ခုန်ကျော်လာလိုက်ရာ သေမင်းချောက်နက်မှ လွင့်မျောတိုက်ကြီးဆီသို့ အတားအဆီးမရှိ ရောက်လာနိုင်ခဲ့လေသည်။

ယခုမှပဲ စိတ်အေးလက်အေး နေနိုင်တော့သည်။

လွင့်မျောတိုက်ကြီး မည်ကဲ့သို့ ဖြစ်လာမှန်းသူမသိ။ ဤနေရာသည် မိုင်နှစ်သိန်းသုံးသိန်းလောက်သာ ကျယ်၏။ သို့ရာတွင် မိုးမြေစွမ်းအင်နှင့် အဖိုးတန်ရတနာများ ထွက်ရှိမှုမှာတော့ ထိပ်တန်းစားရင်းထဲ ဝင်ပေသည်။

ထိုစဉ်က ဤနေရာသို့ရောက်ပြီး တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များစွာကို ရန်ကိုင် ရလိုက်သေးသည်။

လွင့်မျောတိုက်ကြီးသို့ ဒုတိယအကြိမ် ပြန်ရောက်လာပြီးနောက် ဤနေရာရှိ အရှိန်အဝါသည် ယခင်ထက် ပိုမို အားကောင်းနေကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် ဤနေရာ မည်သို့များ ဖြစ်တည်လာပြီး မည်ကဲ့သို့ ဆက်လက် တည်ရှိနေနိုင်လဲ ဆိုသည့်အပေါ် ရန်ကိုင် အတွေးများမိသွား၏။

ရှင်းရှင်းပြောရလျှင် လွင့်မျောတိုက်ကြီးသည် ကြယ်အသေးစား တစ်လုံးဟုပင် ပြော၍ရသည်။ သူ့တွင် ကိုယ်ပိုင် လောကနိယာမများနှင့် ကြယ်အမြူတေရှိသည်။ အချိန်အလုံအလောက်သာ ရလျှင် လွင့်မျောတိုက်ကြီးသည် နောင်အနာဂတ်တွင် ထိပ်တန်းကျင့်ကြံရေးကြယ်တစ်လုံး ဖြစ်လာနိုင်ပေသည်။

ကြယ်စီရင်စုကြီးထဲရှိ အခြားသော ကြယ်များသည်လည်း ဤကဲ့သို့ ဖြစ်လာခြင်းပေလော။

ရန်ကိုင် လျှောက်တွေးနေမိသည်။

“ဟားဟားဟား၊ နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာပြီပေါ့” ရုတ်တရက် အောက်ဘက်မှ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေသည့် ရယ်မောသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး အောက်ဘက်သို့ အံ့ဩတကြီး ငုံ့ကြည့်လိုက်လေသည်။ လွင့်မျောတိုက်ကြီးတွင် အခြားလူများ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မျက်နှာကို မြင်လိုက်တော့မှပဲ ထိုလူ မည်သူမှန်း ရန်ကိုင် ရုတ်တရက် မှတ်မိသွားခဲ့သည်။

ထိုလူသည် လူကွေ့ချန်ပင်။ ရန်ကိုင် လုံးဝကို မေ့လျော့နေသည့် နာမည်တစ်ခု ဖြစ်ပေသည်။

ဤလူသည် ခရမ်းကြယ်မှ ဖြစ်သည်။ ကြယ်စီရင်စုထဲသို့ ဝင်လာစဉ်က ရန်ကိုင်သည် ခရမ်းကြယ်မှ ကျင့်ကြံသူများ၏ ဖမ်းဆီးခြင်း ခံရပြီး သူတို့၏ ကြယ်သင်္ဘောထဲတွင် အကျဉ်းချခံခဲ့ရသည်။ ထိုစဉ်က ခရမ်းကြယ် ကြယ်သင်္ဘောကို ဦးစီးနေသည့်လူမှာ လူကွေ့ချန်ဖြစ်ပြီး ရန်ကိုင်၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်ခဲ့သူမှာလည်း လူကွေ့ချန်သာ ဖြစ်ပေသည်။

ထိုစဉ်က လူကွေ့ချန်သည် ယွဲ့ရှီကဲ့သို့ပင် သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ထိုစဉ်က ရန်ကိုင်၏ အနေအထားအရ သူတော်စင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံခြင်း ဆိုသည်မှာ သူလုံးဝကို မကျော်လွှားနိုင်သည့် တောင်တစ်လုံး ဖြစ်သည်။ ထို့ကြောင့် လူကွေ့ချန် သူ့အား ချိတ်ပိတ်ထားသည့် ချိတ်စည်းကို မြင်သည့်တိုင် ဘာမှ မတတ်နိုင်ခဲ့ပေ။

ထိုအချိန်က ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်း နှစ်ခုမှ ကျင့်ကြံသူစုစုပေါင်း အယောက်တစ်ရာကျော် ဤနေရာသို့ ရောက်လာခဲ့သည်။ သို့သော်လည်း ကွေ့ဇူ၏ ဟင်းလင်းပြင် အစီအရင် စမ်းသပ်မှုအတွက် မရေမတွက်နိုင်သောလူများစွာ သေသွားခဲ့ပြီး အနည်းငယ်သာ အသက်ရှင်ကျန်ရစ်ခဲ့လေ၏။

နောက်ဆုံးတွင် ရန်ကိုင်သည် ယွဲ့ရှီ၊ သူမ၏ တပည့်များ၊ ကွေ့ဇူနှင့် အခြားလူအချို့ကိုခေါ်ကာ လွင့်မျောတိုက်ကြီးမှ ထွက်လာနိုင်ခဲ့လေသည်။ ကွေ့ဇူကိုတော့ သူနှင့်အတူ ခေါ်မလာခဲ့ဘဲ ဤနေရာတွင် တစ်ယောက်တည်း ချန်ထားရစ်ခဲ့၏။

ယခု နှစ်ပေါင်းများစွာကြာပြီးနောက် မိတ်ဆွေဟောင်းကြီးကို တစ်ဖန်ပြန်တွေ့ရလေပြီ။

လူကွေ့ချန်သာ သူ့ဘာသာ ထွက်မလာခဲ့လျှင် ဤနေရာတွင် သူရှိနေကြောင်းကို ရန်ကိုင် မှတ်ပင် မှိတ်မိလိမ့်မည် မဟုတ်။

“ရောင်းရင်း၊ မင်းလည်း ပရမ်းပတာဝဲကတော့ ဆွဲခေါ်ခံလိုက်ရတာလား” နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်ထဲ နေရလာခဲ့ရသည့် အတွက်ကြောင့်လားမသိ၊ အပြင်လူတစ်ယောက် ရောက်လာသည်ကိုမြင်သော် လူကွေ့ချန်သည် အားတက်သရောဖြင့် စကားလာပြောလေသည်။ သို့သော်လည်း စကားပြောပြီးနောက် မျက်မှောင်ကြုတ်သွားပြီး ရန်ကိုင်ကို သေချာစိုက်ကြည့်နေတော့၏။ ခဏအကြာတွင် သူ့မျက်လုံးများ တဖျက်ဖျက် တောက်ပလာခဲ့ပြီး ရန်ကိုင်အား လက်ညိုးထိုးလျက် “မင်းပဲ၊ ဟုတ်တယ် မင်းပဲ”

သူလည်း ရန်ကိုင်ကို မှတ်မိသွားလေပြီ။

ရန်ကိုင်သည် ကွေ့ဇူတို့ကိုခေါ်ပြီး သူ့တစ်ယောက်တည်းကို ဤနေရာတွင် ချန်ထားခဲ့သူ ဖြစ်သည်။ ထိုစဉ်က ရက်အတော် ကြာသည်အထိ ရန်ကိုင်အား ရက်ပေါင်းများစွာ ကျိန်ဆဲခဲ့သည်။ ယခု သူအလွန်မုန်းရသည့် လူကို နောက်တစ်ကြိမ် ပြန်မြင်သည့် အခါ လူကွေ့ချန် ဒေါသထွက်လာခဲ့လေသည်။

“ဟားဟား” ရန်ကိုင်က ခပ်ဖွဖွလေးပြုံးလျက် လူကွေ့ချန်ကို တစ်ချက် စစ်ဆေးကြည့်လိုက်လေသည်။ မတွေ့ရသည်မှာ ကြာပြီးနောက်တွင် လူကွေ့ချန်သည် တန်ခိုးရှင်ဒုတိယအဆင့်သို့ပင် ရောက်နေခဲ့လေသည်။

နှစ်အနည်းငယ်လေးအတွင်း ဤမျှ မြန်မြန် အဆင့်တက်နိုင်ရခြင်းမှာ လွင့်မျောတိုက်ကြီး၏ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်နှင့် ဤနေရာရှိ အဖိုးတန်ဆေးပင်များကြောင့် ဖြစ်ပေသည်။

ကွေ့ဇူသည်လည်း ဤနေရာတွင် နှစ်နှစ်ထောင်ကြာအောင် နေပြီးနောက်တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်လာခဲ့သည်။ လွင့်မျောတိုက်ကြီးသည် ကျင့်ကြံသူအားလုံးအတွက် သုခဘုံ တစ်ခုပင် မဟုတ်လေလော။

“ဟုတ်တယ်၊ မင်းပဲဆိုတာ သေချာတယ်” ရုတ်တရက် လူကွေ့ချန်သည် ဒေါသထွက်နေရာမှ ပျော်သွားပြီး “ဟားဟား၊ ကောင်းကင်က ငါ့ဘက်မှာ ရှိနေသေးတာပဲကွ။ တစ်နေ့ မင်းဒီကို ပြန်ရောက်လာမယ်လို့ ငါတကယ် မထင်ထားဘူး”

ပြောပြီးသွားသည်နှင့် သူ့မျက်နှာသည် ရုတ်ချည်း ခက်ထန်လာခဲ့လေသည်။ သူတော်စင်ချီကို အရူးအမူလှည့်ပတ်၍ ရန်ကိုင်ဆီသို့ ပြေးဝင်လာရင်း အော်ပြောလိုက်သည် “ကောင်လေး၊ ဒီဘုရင်ကို ဒီကနေ ထုတ်ပေးစမ်း၊ မဟုတ်ရင် မင်းသေပြီသာမှတ်”

“ဒီဘုရင်” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ထို့နောက် ပြန်၍ လှောင်ပြောင်လိုက်လေသည် “ကျုပ်ရှေ့မှာ ခင်ဗျားကိုယ်ခင်ဗျား ဒီဘုရင်လို့ သုံးရဲတယ်ဟုတ်လား”

“ကောင်လေး၊ မင်းက မိုးကောင်ကင် ဘယ်လောက်မြင့်လဲ မသိသေးတာပဲကိုး။ အဲ့လိုမှတော့ ဒီဘုရင်ကိုယ်တိုင် မင်းကို သင်ပြပေးရတာပေါ့” ရန်ကိုင် သူ့အား မျက်လုံးထဲ မထည့်သည်ကို မြင်သော် လူကွေ့ချန် ဒေါသပုန်ထသွားလေသည်။ ချက်ချင်းပဲ လက်ကိုဆန့်ထုတ်၍ ရန်ကိုင်အား ဖမ်းရန် လုပ်တော့၏။

ရန်ကိုင်ကမူ နည်းနည်းလေးမှ မရှောင်ဘဲ လူကွေ့ချန် သူ့ဆီသို့ ပျံသန်းလာနေသည်ကိုသာ မတ်တပ်ရပ်၍ ကြည့်နေ၏။

ရန်ကိုင်၏ အကြည့်ကို မြင်ပြီးနောက် လူကွေ့ချန်စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်လေသည်။ သိုတစ်ကောင်မှ အိပ်နေသည့် ကျားအား သွားတိုက်ရန် ကြိုးစားနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သို့သော်လည်း မြှားမှာ လေးကိုင်းမှ လွှတ်ပြီးသား ဖြစ်နေပြီ ဖြစ်သည့်အတွက် ပြန်ယူ၍ မရတော့။ ထို့ကြောင့် ထိုခံစားချက်ကို ဘေးဖယ်၍ ရန်ကိုင့် ပခုံးကိုသာ လှမ်းကိုင်လိုက်သည်။

ငါ့ရှေ့မှာများ ဆရာကြီးယောင် လာဆောင်ချင်သေးတယ် ရန်ကိုင်အား အလွယ်တကူ ဖမ်းလိုက်နိုင်သည်ကို မြင်သော် လူကွေ့ချန် ပျော်သွားခဲ့လေသည်။

အောင်မြင်သွားပြီဟု ထင်လိုက်သည့်နောက် လူကွေ့ချန်က အေးစက်စက် လေသံဖြင့် အော်ပြောလိုက်သည် “မင်းမသေချင်ရင် ငြိမ်ငြိမ်နေ။ မင်းတစ်ချက်လောက် လှုပ်လိုက်တာနဲ့ ငါမင်းအသက်ကို ချွေယူပစ်လိုက်မှာ…”

“ထွက်သွားစမ်း” ရန်ကိုင်မှ သူ့အား နည်းနည်းလေးမှ ဂရုမစိုက်သည်ကိုမြင်သော် လူကွေ့ချန် ဒေါသထွက်သွားပြီး သူတော်စင်ချီကို ရုတ်တရက် လှည့်ပိတ်မိလိုက်သည်။

သို့သော်လည်း ရန်ကိုင်ဆီသို့ သူပို့လွှတ်လိုက်သည့် သူတော်စင်ချီသည် ပင်လယ်ထဲသို့ ကျသွားသည့် ကျောက်တုံး တစ်တုံးနှယ် အစအနရှာမရအောင် ပျောက်ကွယ်သွားကြောင်း တွေ့ရှိလိုက်ရသည့်နောက် လူကွေ့ချန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက်တွင် အလွန်ကိုမှ ပြင်းထန်သည့် တွန်ကန်အားတစ်ရပ်သည် ရန်ကိုင်၏ ခန္ဓာကိုယ်မှတစ်ဆင့် သူ့လက်မောင်တစ်လျှောက် စီးဝင်လာပြီး သူ့ကိုယ်တွင်းအင်္ဂါများကို ဝင်ရောက် ဖျက်စီးလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၀၃)

လျှပ်စီးတန်းနှင့် ပစ်ခံလိုက်ရသည့်အလား လူကွေ့ချန်သည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် မြေပြင်ပေါ်သို့ သွေးအပွက်ပွက် အန်ထွက်ရင်း လွင့်စင်ထွက်သွားခဲ့လေသည်။

မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ ကျလာပြီးနောက်တွင် အလျင်အမြန် ပြန်ကုန်းထလာပြီး ရန်ကိုင်အား ကြောက်လန့်တကြား မော့ကြည့်လျက် တုန်တုန်ရီရီဖြင့် ပြောလိုက်လေသည် “မင်း… မင်း မဖြစ်နိုင်ဘူး”

စစချင်း ရန်ကိုင်၏ ကျင့်ကြံခြင်းကို မစစ်ဆေးခဲ့ခြင်းမှာ ရန်ကိုင်သည် သူ့လောက် အားကောင်းလိမ့်မည်ဟု မထင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ သူတို့ ပထမဆုံးအကြိမ် စတွေ့စဉ်က ရန်ကိုင်သည် သူတော်စင် ငချွတ်လေး တစ်ယောက်သာ ဖြစ်သေးသည်။ ယခင်နှစ်များအတွင် သူသည် မိုးမြေစွမ်းအင် အလွန်သိပ်သည်းသော ဤနေရာတွင် ကျင့်ကြံနေခဲ့ရုံမက မြောက်များလှစွာသော အဖိုးတန် အရင်းအမြစ်များကိုလည်း သုံးစွဲခွင့်ရခဲ့သည်။ ထို့ကြောင့် နှစ်အနည်းငယ်အတွင်း တန်ခိုးရှင်ဒုတိယအဆင့်သို့ ရောက်ခဲ့ရလေသည်။ ထိုနှုန်းသည် အလွန်ကိုမှ မြန်လွန်းနေသည်ဟု ထင်သည့်အတွက် လက်ရှိသူသည် ရန်ကိုင်ထက် ယခင်ကကဲ့သို့ပင် အဆပေါင်းများစွာ အားကောင်းနေလိမ့်ဦးမည်ဟု ထင်ခဲ့သည်။

သို့ရာတွင် ရန်ကိုင်၏ တန်ပြန်တိုက်ခိုက်ခြင်း ခံရပြီးနောက် သူအမှားကြီး မှားနေကြောင်း တွေ့ရှိလိုက်ရလေသည်။

ဤကောင်လေး၏ သူတော်စင်ချီသည် အလွန်ကိုမှ သိပ်သည်းသန့်စင်လွန်းနေသည်။ တန်ခိုးရှင်ဒုတိယအဆင့်သို့ ရောက်နေသော သူ့သူတော်စင်ချီသည် ထိုကောင်လေး၏ သူတော်စင်ချီနှင့် တွေ့လိုက်ရသည့်အခါ လမင်းရှေ့ ရောက်နေသော ပိုးစုန်းကြူးနှယ် ဖြစ်သွားခဲ့သည်။

ဒီကောင် တန်ခိုးရှင်ဘုရင်အဆင့်တောင် ရောက်နေပြီလား ယခု ခံလိုက်ရပြီးမှပဲ ရန်ကိုင်၏ ကျင့်ကြံခြင်းကို ကောင်းကင်စိတ်အာရုံသုံး၍ စစ်ဆေးကြည့်တော့သည်။

“တန်ခိုးရှင်တတိယအဆင့်လား” ရန်ကိုင်၏ ကျင့်ကြံခြင်းကို သိလိုက်ရပြီးနောက် လူကွေ့ချန် မြေကြီးပေါ် ဖင်ထိုင်လျက် လဲကျသွားလေသည်။ ထိုနော့ စိတ်နှင့်ကိုယ် အသိစိတ် မကပ်တော့သည့်ပုံစံဖြင့် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဟူ၍သာ ထပ်ခါတလဲလဲ ရေရွတ်နေတော့လေသည်။

လက်တွေ့ အမှန်တရားကို သူလုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ထိုကောင်လေးသည် သူတော်စင်အဆင့်မှ တန်ခိုးရှင်တတိယ အဆင့်သို့ ရောက်နေခဲ့သည်။ ဤမျှ မြန်သည့် အမြန်နှုန်းဖြင့် ကျင့်ကြံနေရအောင် ထိုကောင်လေး လူရော ဟုတ်မှ ဟုတ်ပါလေရဲ့လား။

ထိုသို့မဟုတ်ဘဲ ဤနေရာကြီးတွင်ပဲ အချိန်သည် နှေးကျသွားခြင်း။ ဤနေရာတွင် ဆယ်နှစ်သည် အပြင်ဘက်၌ နှစ်တစ်ရာလောက်များ ရှိနေလေသလား။ ထို့ကြောင့်သာ မဟုတ်လျှင် နှစ်အနည်းငယ်လေးအတွင်း ထိုကောင်လေး၏ ကျင့်ကြံခြင်းသည် ဘာကြောင့်များ တန်ခိုးရှင် တတိယအဆင့်ထိပင် ရောက်လာရသနည်း။

လူကွေ့ချန်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့သည်။

လူကွေ့ချန်၏ စိတ်နှင့်လူနှင့် မကပ်နေသည့် အမူအရာကို မြင်သော် ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြောလိုက်လေ၏ “တကယ့်သောက်ရူး”

လူကွေ့ချန်သည် ခရမ်းကြယ်တွင် ရာထူးသိပ်မမြင်သည့် အတွက် သူသိထားသည့် သတင်းအချက်အလက်မှာလည်း အတော်လေးကို နည်းပါးပေသည်။ တကယ်တော့ ရန်ကိုင်သာလျှင် မဟုတ်၊ ကုကျန်းရှင်နှင့် ကျိတုန်တို့၏ ကျင့်ကြံနှုန်းမှာလည်း ရန်ကိုင်ကဲ့သို့ပင်။

သို့သော်လည်း ယှဉ်ကြည့်မည်ဆိုလျှင်တော့ ရန်ကိုင်က ပိုသာပေသည်။ ထိုလူများသည် သူတို့၏ နောက်ခံ အင်အားစုကြီးမှ အခွင့်သင့် ရှာပေးထားသော အရင်းအမြစ်များကို အလွယ်တကူ အသုံးချကာ စိတ်အေးအေးဖြင့် ကျင့်ကြံနိုင်ကြသော်လည်း ရန်ကိုင်မှာမူ သူကျင့်ကြံရန်အတွက် လိုအပ်သော အရင်းအမြစ်များကို သူကိုယ်တိုင် ရှာဖွေရသည်။ ထို့အပြင် ရန်ကိုင်ကို သင်ကြားပြသပေးမည့်ဆရာ မရှိ။ ထို့ကြောင့် အင်အားစုကြီးများမှ သခင်လေး ဆိုသူများပင် သူ့နှင့်မယှဉ်နိုင်ဟု ရန်ကိုင် ယုံကြည်သည်။ ကျင့်ကြံခြင်း လမ်းကြောင်းကို သူ့ဘာသာ လျှောက်လှမ်းရသည့်အတွက် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအို အပေါ် ရန်ကိုင်၏ ထိုးထွင်းနားလည်မှုမှာလည်း အဆင့်တူများထက် ပို၍ သိပ်သည်းနက်နဲပေသည်။

ရန်ကိုင်က နှုတ်ခမ်းကိုတွန့်ကွေးလျက် “အရင်တုန်းက ခင်ဗျားကို မသတ်လိုက်မိတာ နည်းနည်းတောင် နောင်တရချင်သွားပြီ”

ထိုအခါမှပဲ လူကွေ့ချန် ငေးကြောင်နေရာမှ အသိပြန်ဝင်လာခဲ့လေပြီ။ အေးစက်စက် အမူအရာဖြင့် “မင်းဘာလိုချင်တာလဲ”

ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူ့ထက် ပိုမြင့်နေကော ဘာအရေးနည်း။ အဆင့်လေး တစ်လောက်သာ ကွာခြားရုံသာ ရှိသည်။ ထိုမျှလောက် ကွာခြားရုံဖြင့် ရန်ကိုင် သူ့ကို သတ်နိုင်မည်နည်း။ သူသည်လည်း ခေသူမဟုတ်။ မနိုင်လျှင် ထွက်ပြေးနိုင်ပေသည်။ ထို့သို့ တွေးမိပြီးနောက် ကြောက်စိတ် ဝင်မနေတော့ဘဲ ရန်ကိုင်အား လေသံမာမာဖြင့် ပြန်မေးလိုက်လေသည်။

“ခင်ဗျား အရှိန်အဝါကိုကြည့်ရတာ ရတနာအားကိုးပြီး အဆင့်တက်ထားတဲ့ အရှိန်အဝါပဲ။ အဲ့ဒါကြောင့် ခင်ဗျားရဲ့ သူတော်စင်ချီက ဒီလောက် စုတ်ညံ့နေတာ။ ဆေးပင်တွေကို အစိမ်းလိုက် စားတာ ခင်ဗျားကိုယ်ခင်ဗျား အဆိပ်ပြန်ခတ်နေတယ် ဆိုတာ မသိဘူးလား။ ဆေးအဆိပ်တွေက ခင်ဗျားကိုယ်ထဲ တဖြည်းဖြည်း စုလာမှာ”

ရန်ကိုင်၏ စကားကိုကြားပြီးနောက် လူကွေ့ချန်၏ မျက်လုံးထဲ ထိတ်လန့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။ ရန်ကိုင် ပြောသည်မှာ အမှန် ဖြစ်ပေသည်။

လွင့်မျောတိုက်ကြီးတွင် ပိတ်မိနေစဉ် အတောအတွင်း သူ့တွင် ကျင့်ကြံရုံမှအပ အခြား ဘာမှလုပ်စရာ မရှိပေ။ အစပိုင်းတွင်တော့ လွတ်လိုလွတ်ငြား ထွက်ပေါက်တစ်ခုခု ရှိမရှိ လိုက်ရှာကြည့်သော်ငြား နောက်ဆုံး ရှာမရသည့်အဆုံး လက်လျှော့လိုက်လေသည်။ ကွေ့ဇူ ကဲသို့သော လူမျိုးပင် ဤနေရာ၌ နှစ်နှစ်ထောင်ခန့် ပိတ်မိနေခဲ့လေရာ သူလိုလူက ဘာများ လုပ်နိုင်ဦးမည်နည်း။

ထိုသို့တွေးပြီးနောက် ထွက်ပေါက်ရှာမနေတော့ဘဲ သူ့ကျင့်ကြံခြင်းကို မြှင့်တင်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ သူ့ကျင့်ကြံခြင်းသာ လုံလောက်အောင် မြင့်မားခဲ့လျှင် ဤနေရာရှိ ဟင်းလင်းပြင်ကို ထိုးခွဲပြီး ထွက်သွားကောင်း ထွက်သွားနိုင်၏။

သူ့ခွန်အားကို တိုးမြှင့်ဖို့ရာ ဤနေရာရှိ ဆေးပင်များကို အသုံးချရန် ဆုံးဖြတ်ခဲ့လေသည်။

သို့သော် သူသည် ဆေးပညာရှင်တစ်ဦး မဟုတ်သည့်အတွက် ဆေးပင်များကိုသုံးကာ ဆေးလုံးမဖော်စပ်တတ်။ ထို့ကြောင့် မွန်းစတားသားရဲများကဲ့သို့ ဆေးပင်များကို အစိမ်းလိုက် ဝါးစားရန်သာ ဆုံးဖြတ်လိုက်သည်။

ဤနည်းလမ်းသည် တကယ်ကို အကျိုးရှိခဲ့ပြီး သူ့ကျင့်ကြံခြင်းကို အချိန်တိုအတွင်း မြင့်တက်စေခဲ့သည်။ သို့ရာတွင် ဘေးထွက်ဆိုးကျိုးအနေဖြင့် ဆေးအဆိပ်များသည် သူ့ကိုယ်ထဲ တဖြည်းဖြည်း ပုံထပ်လာလေတော့သည်။ အစပိုင်းတွင် သိပ်ကိစ္စမရှိသော်လည်း နောက်ပိုင်း သူတော်စင်ချီကို လှည့်ပတ်သည့် အခါတိုင်း သူ့သွေးကြောများ နာကျင်လာသည်ကို သတိပြုမိခဲ့သည်။

ဆေးအဆိပ်များ စုပြုံလာခြင်းကြောင့် ဘာဖြစ်မည်မှန်း သူမပြောနိုင်သော်လည်း ဤကိစ္စသည် အချိန်ဆွဲထားသင့်သည့် ကိစ္စတစ်ခု မဟုတ်မှန်းတော့ သူသိသည်။

ယခု သူ့အခြေအနေကို ရန်ကိုင်မှ ထုတ်ပြောပြလာသည်ကို ကြားသည့်အခါ လူကွေ့ချန်၏ မျက်လုံးများ တောက်ပလာခဲ့လေသည် “ငါ့အခြေအနေကို ပြောနိုင်တယ်ဆိုတော့ မင်းမှာ ငါ့ကို ကုပေးနိုင်တဲ့နည်းလမ်း ရှိတယ်ပေါ့”

“ရှိတော့ ဘာဖြစ်လို့လဲ” ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။

“ငါ့ကိုသင်ပေး”

“ဟားဟား” ရန်ကိုင်က ရယ်မောလျက် “ခင်ဗျား ရူးနေတာလား။ ခင်ဗျားနဲ့ကျုပ်ကြားက ရန်ကြွေးကိုတောင် ရှင်းရသေးတာ မဟုတ်ဘူး။ အဲ့ဒါကိုတောင် ခင်ဗျားအသက်ကို ကယ်ဖို့နည်းလမ်းကို ကျုပ်က သင်ပေးရဦးမယ်ပေါ့”

ခရမ်းကြယ်မှ ကျင့်ကြံသူများ၏ ဖမ်းဆီးခြင်း ခံရပြီး ကြယ်သင်္ဘောထဲ လောင်စာအဖြစ် အသုံးပြုခံရစဉ်က သူသေမလို ဖြစ်ခဲ့ရပေသည်။ ထိုအဖြစ်အပျက်ကို ရန်ကိုင် ဘယ်တော့မှ မေ့မည် မဟုတ်ပေ။

“ဖြစ်သွားတာ နှစ်တွေဒီလောက်ကြာပြီ။ အဲ့ကိစ္စကို မင်းအခုထိ မမေ့သေးတာလား။ ဒီလောက် ကြာပြီနေပဲဟာကို… ဘာလို့ အခုထိ စိတ်ထဲထားနေရသေးတာလဲ။ ပြီးတော့ အဲ့တုန်းက မင်းသေသွားတာမှ မဟုတ်တာ။ ငါ့ကိုသာ ဒီကိစ္စ ဖြေရှင်းနိုင်မယ့် နည်းလမ်းသင်ပေးလိုက်ရင် မင်းအတွက်လည်း အကျိုးရှိမှာပဲကို” လူကွေ့ချန်က စိုးရိမ်တကြီး ပြန်ပြောလိုက်လေသည်။

ရန်ကိုင်က နှာခေါင်းရှုံ့၍ မျက်မှောင်ကြုတ်လျက် “ခင်ဗျားရဲ့ သိုလှောင်လက်စွပ်ကော။ ဒီမှာ နေတာကြာပြီဆိုတော့ ခင်ဗျားဆီမှာ ဆေးပင်တွေ အများကြီးရှိမှာပေါ့၊ ဟုတ်တယ်မလား”

“ဘာသိုလှောင်လက်စွပ်လဲ။ ဘာသိုလှောင်လက်စွပ်မှ မရှိဘူး” လူကွေ့ချန်က ပြန်ပြောလေသည် “အဲ့ကွေ့ဇူ မထွက်သွားခင် အကုန်လုံးရဲ့ သိုလှောင်လက်စွပ်တွေ ယူသွားတာကို မင်းမမှတ်မိတော့တာလား”

“အာ… ဟုတ်သားပဲ။ အဲ့ဒါကို ကျုပ်မေ့သွားတယ်” လေဟာနယ်အစီအရင်ကို ပြုလုပ်ရန်အတွက် ကွေ့ဇူသည် အကုန်လုံး၏ သိုလှောင်လက်စွပ်များကို ယူသွားခဲ့ကြောင်း ယခုမှပဲ ရန်ကိုင် ပြန်သတိရတော့သည်။ သို့ရာတွင် သူ့နည်းလမ်းမှာ အောင်မြင်ခြင်း မရှိခဲ့ပေ။

“သိုလှောင်လက်စွပ် မရှိမှတော့ ဆေးပင်တွေကို တစ်နေရာရာမှာ ဝှက်ထားမှာပေါ့၊ ဟုတ်တယ်မလား” ရန်ကိုင်က လူကွေ့ချန်ကို ကြည့်လျက် မေးလိုက်သည်။

“မင်းဘာလိုချင်နေတာလဲ” လူကွေ့ချန် မျက်နှာပျက်သွားခဲ့၏။ ရန်ကိုင်အား ဓါးပြတစ်ယောက်ကို ကြည့်သလို စိုက်ကြည့်ရင်း “ငါပြောလိုက်မယ်။ ဆေးပင်တွေ အကုန်လုံးကို ငါဖွက်ထားတာ အမှန်ပဲ။ အရမ်းကို လုံခြုံတဲ့ နေရာမှာ ငါဖွက်ထားတယ်။ ငါအကူအညီ မပါဘဲနဲ့ မင်းဘယ်လောက်ရှာရှာ ရှာလို့တွေ့မှာ မဟုတ်ဘူး”

“ဘာတွေ ဒီလောက် စိတ်ပူနေတာလဲ” ရန်ကိုင်က ရယ်သွမ်းသွေး၍ “ကျုပ်မှန်းကြည့်မယ်။ ဒီနေရာမှာ နေစရာဆိုလို့ ကွေ့ဇူနေတဲ့ တစ်နေရာပဲရှိတယ်။ ခင်ဗျားလည်း ဒီတစ်ချိန်လုံး အဲ့မှာပဲ နေခဲ့မှာ။ ဒီတော့ ဆေးပင်တွေက…”

လူကွေ့ချန်သည် လုံးဝ ထိတ်လန့်သွားခြင်းမရှိဘဲ ရန်ကိုင်အား လှောင်ပြုံးပြုံးလျက်ပင် ကြည့်နေလိုက်သေးသည်။

“အဲ့မှာ ဘယ်ရှိပါ့မလဲ” ရန်ကိုင်က ဆက်ပြောလိုက်သည်။

လူကွေ့ချန် မျက်နှာထက်ရှိအပြုံး ပျောက်ကွယ်သွား၏။

“ဥာဏ်များတဲ့ ယုန်တွေမှာ အမြဲတမ်း တွင်းသုံးတွင်းရှိတယ်။ ခင်ဗျာလည်း ခင်ဗျားရဲ့ ဆေးပင်တွေ အကုန်လုံးကို ဘယ်လိုမှ တစ်နေရာတည်းမှာ စုပြုံထားမှာ မဟုတ်ဘူး” ရန်ကိုင်က ရယ်မော၍ ပြောလိုက်၏။

“ဟန့်၊ မင်းကိုယ်မင်း တော်တယ် ထင်နေတာလား။ ငါဖွက်ထားတယ်ဆိုတာကို မင်းသိတော့ရော ဘာဖြစ်လဲ။ ဒီနေရာက အကျယ်ကြီး ငါ့အကူအညီမပါဘဲ မင်းဘာသာမင်း ရှာနိုင်တယ်ထင်ရင် သွားရှာလိုက်။ ငါကြည့်နေလိုက်မယ်။ ငါပြောလိုက်မယ်။ ဒီတိုက်ကြီးပေါ်မှာ ရှိတဲ့ ဆေးပင်တွေ အကုန်လုံး ငါခူးလို့ ကုန်သွားပြီ။ ဘာမှ ထပ်မကျန်တော့ဘူး” လူကွေ့ချန်က ရှင်းပြလိုက်သည် “ပြီးတော့ မင်းလည်း ဒီမှာ နေခဲ့ဖူးတာဆိုတော့ ဒီမှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်တွေ ဘယ်လောက်တောင်များလဲ သိမှာပေါ့။ အဲ့ဆေးပင်တွေကို အခု ငါ့လက်ရှိ ကျင့်ကြံခြင်းနဲ့ စားလို့ အဆင်မပြေသေးလို့ သိမ်းထားတယ်။ မင်းသာ ငါ့ကို ကူညီပေးမယ်ဆိုရင် အဲ့ဆေးပင်တွေ အကုန်လုံး မင်းအပိုင်ပဲ”

“ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်နေတာလား” ရန်ကိုင်သည် လူကွေ့ချန်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်၍ “ထားလိုက်၊ ခင်ဗျားနဲ့ လေကုန်မခံတော့ဘူး။ ဆေးပင်တွေကို မရလိုက်တာ နှမြောစရာဆိုပေမယ့် ခင်ဗျားက မပေးချင်မှတော့… သေလိုက်ပေတော့ပေါ့”

လွင့်မျောတိုက်ကြီးတွင် တကယ်ကို ဆေးပင်ကောင်းများစွာ ရှိပေသည်။ ရန်ကိုင်အနေဖြင့် ထိုဆေးပင်များအား မရလိုက်သည့်အပေါ် နှာမြေတသ ဖြစ်မိသော်လည်း လူကွေ့ချန်၏ ပုံစံကိုမြင်ပြီးနောက် ဆေးပင်များကို အဆုံးရှုံး ခံလိုက်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

ထိုဆေးပင်များကို မရလျှင်ပင် ကိစ္စမရှိ။ ကမ္ဘာပျက်ကြီးထဲရှိ ဆေးတောင်ကြားမှ ရလာသည့် ဆေးပင်များနှင့်ပင် သူ့အနာဂတ် အတွက် အတော်လေး ဖူလုံသွားပြီဟု ပြော၍ရသည်။ လွင့်မျောတိုက်ကြီးပေါ်ရှိ ဆေးပင်များသည် အချိုပေါ် သကာ ထပ်လောင်းရုံသာ။

သူ့စကားသံ ဆုံးသွားသည်နှင့် ရန်ကိုင်သည် ရွှေရောင်သွေးမျှင်နှစ်ချောင်းကိုထုတ်လိုက်၏။ ထိုသွေးမျှင်နှစ်မျှင်သည် ထူးဆန်းသော သွေးသားရဲနှစ်ကောင် အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။

ထိုသွေးသားရဲသည် အမြီးသရဖူမြွေနှင့် ကြယ်ဘုရင်လိပ်တို့ပဲ ဖြစ်ကြလေသည်။ မွန်းစတားသားရဲနှစ်ကောင်သည် အဆင့်ကိုး မွန်းစတားသားရဲများ ဖြစ်ကြသည်။

သွေးသားရဲအဖြစ်သို့ ပြောင်းသွားပြီးနောက်တွင် သူတို့၏ ခွန်အားမှာ ယခင်ကလောက် မြင့်မားခြင်း မရှိတော့သော်လည်း ခိုင်မာကျစ်လစ်သည့် အခြေခံကိုတော့ ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် လူကွေ့ချန်ကဲ့သို့သော တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးကို ကိုယ်တွယ်ဖို့ ပြဿနာမရှိပေ။

ပေါ်လာသည်နှင့် သွေးသားရဲနှစ်ကောင်သည် လူကွေ့ချန်ဆီသို့ ပြေးဝင်သွားလေသည်။

“ဘာကြီးတွေလဲ” လူကွေ့ချန်သည် သွေးသားရဲနှစ်ကောင်ကို အံ့ဩတကြီး ကြည့်နေသည်။ ထိုသွေးသားရဲနှစ်ကောင် ဘာမှန်း သူမပြောနိုင်။ နောက်ဆုံးတွင် ရန်ကိုင်ဘက်သို့လှည့်၍ “ကောင်လေး၊ မင်းတကယ်ကြီး ငါ့ကို သတ်ချင်နေတာလား။ ငါ့ကို သတ်လိုက်ရင် တိုက်ကြီးပေါ်က ဆေးပင်တွေကို မင်းရတော့မှာ မဟုတ်ဘူးနော်”

“မရလည်းနေပေါ့၊ ဘာဖြစ်လဲ” ရန်ကိုင်က ဂရုမစိုက်ဟန်ဖြင့် ရယ်မော၍သာ ပြန်ပြောလိုက်သည်။

လူကွေ့ချန် ထိတ်လန့်လာခဲ့လေပြီ။ ဆေးပင်များဖြင့် ရန်ကိုင်အား ခြိမ်းခြောက်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း မှန်းချက်နှင့်နှမ်းထွက် မကိုက် ဖြစ်နေခဲ့သည်။ ယခု သူ့အသက်ကယ် ဝှက်ဖဲမှာ အသုံးမဝင်တော့လေပြီ။ သွေးသားရဲဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို ခံစားမိရသလောက် တစ်ကောင်ကိုပင်လျှင် သူမနိုင်။ နှစ်ကောင်ပေါင်းဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။

“သူရဲကောင်လေး၊ ကျေးဇူးပြုပြီး နေပါဦး။ ငါ့မှာတစ်ခုခု ပြောစရာရှိတယ်” သွေးသားရဲနှစ်ကောင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း လူကွေ့ချန်က လှမ်းအော်ပြောလိုက်လေသည် “အဲ့ဒါတွေကို မင်းကို ပေးပါမယ်ကွာ။ ကျေးဇူးပြုပြီး ငါ့အသက်ကိုပဲ ချမ်းသာပေးပါနော်”

“အခုမှ လာပြောနေလို့ ဘာထူးတော့မှာပဲ၊ သတ်ပစ်လိုက်” ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။

သွေးသားရဲနှစ်ကောင်သည် လူကွေ့ချန်၏ ဘယ်နှင့် ညာဘက် အသီးသီးဆီမှ ပြေးဝင်သွားကြလေသည်။ ပြေးပေါက်ပိတ်ပြီမှန်း သိလိုက်သော် လူကွေ့ချန် ကြောက်လန့်တကြား ထအော်လေပြာလေ၏ “မင်းငါ့ကိုမသတ်ရင် ငါမင်းကို ဒီတိုက်ကြီးနဲ့ ပက်သက်တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ပြောပြလို့ရတယ်။ အဲ့ဒါနဲ့သာဆိုရင် မင်းရဲ့ အနာဂတ်က အကန့်အသတ် မဲ့သွားပြီ”

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး သွေးသားရဲနှစ်ကောင်ကို ရပ်ထားရန် အမိန့်ပေးလိုက်လေသည်။

ရန်ကိုင်မှ ရပ်ခိုင်းလိုက်ချိန်တွင် အမြီးသရဖူမြွေ၏ အစွယ်သည် လူကွေ့ချန်နှင့် တစ်မီတာပင် မကွာတော့ပေ။ ကြယ်ဘုရင်လိပ်၏ အမြီးမှာလည်း သူ့အား လွှဲရိုက်တော့မလို လုပ်နေခြင်း ဖြစ်သည်။ အလျင်အမြန် လမ်းကြောင်း ပြောင်းလိုက်သည့် အတွက်ကြောင့်သာ လူကွေ့ချန်၏ခေါင်း အသားစများ ဖြစ်မသွားခြင်း ဖြစ်သည်။

ဖြတ်တိုက်သွားသည့် လေအေးကြောင့် လူကွေ့ချန်၏ နဖူးထက်မှ ချွေးအေးများ တတောက်တောက် ကျဆင်းလာခဲ့၏။ ယခုလေးတင် သေမင်းခံတွင်းမှ ကပ်သီသီလေး လွတ်လာခဲ့ခြင်း ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၀၄)

သေမင်းလက်မှ ကပ်သီးလေ လွတ်လာပြီးနောက် သူ့တစ်ကိုယ်လုံး အားမရှိတော့သလို လူကွေ့ချန် ခံစားလိုက်ရ၏။ တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲနေသည့်အတွက် သူ့ဘာသာ အေးအေးလူလူ တိုက်ခတ်နေသော လေးညင်းသည် သူ့အတွက် အရိုးခိုက်မတတ် အေးစက်လွန်းနေခဲ့လေသည်။

“လိမ်ရဲလိမ်ကြည့်နော်၊ ခင်ဗျား ကိုယ့်ကိုယ်ကို သက်သေချင်စိတ် ပေါက်သွားအောင် ကျုပ်ပေးလိုက်မှာ” ရန်ကိုင်က လူကွေ့ချန်က စိုက်ကြည့်ရင်း “ပြောပေတော့၊ ခင်ဗျား ခုဏတုန်းက ပြောတဲ့ လျှို့ဝှက်ချက်ကဘာလဲ”

လူကွေ့ချန်သည် ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် တံတွေးတစ်လုတ် မျိုချလိုက်ရင်း ရန်ကိုင်ဘက်သို့လှည့်၍ တောင်းဆိုလိုက်လေသည် “ဒီသားရဲနှစ်ကောင်ကို အရင် ဖယ်ပေးလို့ရမလား…”

သူ့အား စိုက်ကြည့်နေသည့် သွေးနီရောင်မျက်လုံး နှစ်စုံကို ကြည့်ရင်း လူကွေ့ချန် ရင်တဒိန်းဒိန်း ခုန်နေခဲ့သည်။ စကားပင် ကောင်းကောင်း မပြောနိုင်တော့။ ကြောက်စိတ်သည်သာ သူ့စိတ် တစ်ခုလုံးကို ကြီးစိုးနေခဲ့၏။

ရန်ကိုင်က နှာခေါင်းရှုံ့လျက် သွေးသားရဲနှစ်ကောင်ကို ရွှေရောင်သွေးမျှင်အဖြစ်သို့ ပြန်ပြောင်းလဲလိုက်လေသည်။

ထိုအခါမှပဲ လူကွေ့ချန် သူ့နဖူးထက် ဝေ့သီနေသော ချွေးအေးများကို သုတ်နိုင်တော့သည်။ သို့သော်လည်း ရန်ကိုင်၏ စိတ်မရှည်သည့် အမူအရာကိုမြင်သော် အလျင်အမြန် ပြောလိုက်လေသည် “ဒီလျှို့ဝှက်ချက်ကို ပြောပြပေးရင် ငါ့ကို တကယ် မသတ်မှာ သေချာလား”

“ခင်ဗျား အသက်က ဘာအဖိုးတန်လို့လဲ။ ခင်ဗျားကို လွှတ်ပေးလိုက်လို့လည်း ကျုပ်အတွက် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ခင်‌ဗျား အသက်ရှင်ချင်တယ်ဆိုရင် ခင်ဗျားပြောမယ့် လျှို့ဝှက်ချက်က တကယ် အဖိုးတန်ဖို့လိုတယ်။ မဟုတ်ရင်တော့ ခင်ဗျား သိရမှာပေါ့… ကျုပ်ဘာလုပ်မလဲဆိုတာ”

“ကောင်းပြီ” လူကွေ့ချန်၏ ခန္ဓာကိုယ် တုန်သွားခဲ့သည် “ဒီဘုရင်… အဟွတ်အဟွတ်… မင်းဒီလျှို့ဝှက်ချက်ကို တကယ် စိတ်ဝင်စားမယ်လို့ ငါ့အသက်နဲ့ အာမခံရဲတယ်”

“အချိန်ဖြုန်းမနေနဲ့။ ပြောစရာရှိတာ မြန်မြန်ပြော။ ကျုပ်စိတ်သိပ်ရှည်တော့တာ မဟုတ်ဘူး”

“ပြောပါ့မယ်… ပြောပါ့မယ်…” လူကွေ့ချန်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ပြီးနောက် စပြောလိုက်လေသည် “ဒီတိုက်ကြီးမှာ အမြူတေ ရှိတယ်လို့ပြောရင် မင်းယုံမှာလား”

“အမြူတေ” ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့ပြီး အလျင်အမြန်ပဲ ပြန်မေးလိုက်လေသည် “ခင်‌ဗျား ဘယ်လိုသိတာလဲ”

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက၊ ငါတံခါးပိတ်ကျင့်ကြံနေတဲ့ တစ်ရက်မှာ ဒီတိုက်ကြီးရဲ့ မိုးမြေစွမ်းအင် အရှိန်အဝါတွေ လှုပ်ခတ်သွားတယ်။ ပြီးတော့ မြေအောက်ထဲကနေ ခေါ်သံတစ်မျိုး ထွက်လာတယ်။ ခေါ်သံက အရမ်း မသိသာဘူး။ ငါလည်း ရတနာတစ်ခု ပေါ်လာတယ်ထင်ပြီး ကောင်းကင်စိတ်အာရုံနဲ့ သွားစစ်ဆေးကြည့်တာပေါ့။ ဒါပေမယ့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်တာနဲ့ အဲ့အားကဆွဲလို့ ငါ့ကောင်းကင်စိတ်အာရုံ ပါသွားရော။ ငါလည်း မခုခံနိုင်လို့ ဒီအတိုင်း လိုက်သွားလိုက်တာ နောက်ဆုံး တလက်လက် တောက်ပနေတဲ့ အလင်းတစ်ခုကို မြင်လိုက်ရတယ်။ အဲ့အလင်းက မွေးခါစ ကလေးတစ်ယောက်လိုပဲ။ အလင်းနဲ့ ဆက်သွယ်ကြည့်ဖို့ လုပ်လိုက်သေးတယ်။ ဒါပေမယ့် အဲ့အလင်းက ငါ့ကို ပြန်မောင်းထုတ်လိုက်တယ်။ အစတုန်းကတော့ အဲ့ဒါဘာမှန်း မသိဘူး။ ဒါပေမယ့် စဉ်းစားကြည့်လိုက်တော့ ဒီတိုက်ကြီးရဲ့ အမြူတေ ဖြစ်မယ်လို့ တွေးမိသွားတယ်။ ငါ့ခန့်မှန်းချက် သက်သက်ပဲဆိုတော့ တပ်အပ်ကြီးတော့ မပြောရဲဘူး”

ပြောပြီးသည့်နောက် ရန်ကိုင်အား စိုးရိမ်တကြီး ကြည့်လိုက်လေသည်။

“အမြူတေ၊ ဟားဟား၊ ကြည့်ရတာ တကယ်ကြီး ကြယ်အမြူတေ ဖြစ်နေတဲ့ပုံပဲ” ရန်ကိုင် ပျော်ရွှင်စွာ အော်ရယ်မောလိုက်လေသည်။

လွင့်မျောတိုက်ကြီးတွင် စရောက်စဉ်က သူ့ကောင်းကင်စိတ်အာရုံကိုသုံး၍ ဟင်းလင်းပြင်ထဲ လျှောက်သွားခဲ့ဖူးသည်။ ထိုသို့ သွားရင်းမှ သူ့ကောင်းကင် စိတ်အာရုံ အမျှင်တန်းတစ်ခုသည် မြေအောက်ထဲတွင် အလွန်တောက်ပသော စွမ်းအင်လုံးကြီးတစ်ခု ရှိနေသည်ကို အမှတ်မထင် တွေ့ရှိခဲ့ရလေသည်။ ထိုစဉ်က ထိုအရာဘာမှန်း ရန်ကိုင် မသိခဲ့။

သူ့ခွန်အားမှာလည်း သိပ်မမြင့်သည့်အတွက် သေချာ သွားမစစ်ဆေးရဲခဲ့ပေ။ ထို့ကြောင့် လိုရမယ်ရ ကောင်းကင်စိတ်အာရုံ အမျှင်တန်းတစ်ခုကို ထိုနေရာတွင် ချန်ထားရစ်ခဲ့လေသည်။

ယခုတစ်ကြိမ်၌ ထိုကောင်းကင်စိတ်အာရုံ အမျှင်တန်းကို အားကိုးပြီးတော့ပင် လွင့်မျောတိုက်ကြီးဆီသို့ လမ်းမပျောက်ဘဲ ရန်ကိုင် ပြန်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

လူကွေ့ချန် ပြောသည်ကို ကြားပြီးနောက် ထိုစဉ်က သူတွေ့ရှိခဲ့သည့်အရာမှာ ဤတိုက်ကြီး၏ အမြူတေဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သွားသည်။

လွင့်မျောတိုက်ကြီးသာ ကြယ်လေးတစ်လုံး ဖြစ်ခဲ့လျှင် လူကွေ့ချန်နှင့် သူတွေ့ခဲ့သည့်အရာသည် ဤကြယ်၏ ကြယ်အမြူတေ ဖြစ်ပေလိမ့်မည်။

သူတွေ့ခဲ့စဉ်က ကြယ်အမြူတေသည် စတင် ဖြစ်တည်နေဆဲ အချိန်တွင် ဖြစ်ပြီး လူကွေ့ချန် တွေ့ခဲ့သည်မှာတော့ အမှန်တကယ် မွေးဖွားလာခဲ့ပြီ ဖြစ်သော ကြယ်အမြူတေ ဖြစ်ပေသည်။

လွင့်မျောတိုက်ကြီးကိုသာ ဤအတိုင်းထားလိုက်ပါက နောင်အနာဂတ်တွင် ဤနေရာသည် ကျင့်ကြံရေးကြယ်တစ်လုံး ကျိန်းသေ ဖြစ်လာပေလိမ့်မည်။

“သူရဲကောင်းလေး၊ငါ…” ရန်ကိုင် သူ့အား မည်သို့ ဆက်လုပ်မည်ဟု စီစဉ်ထားလဲ ဆိုသည်ကို မသိရသေးသည့် အတွက် လူကွေ့ချန် ရင်တမမ ဖြစ်နေခဲ့သည်။

“အဲ့မှာရပ်နေ၊ နည်းနည်းလေးမှ မလှုပ်နဲ့။ ကျုပ်အမိန့်မပါဘဲ လှုပ်လိုက်တာနဲ့ ခင်ဗျား သေပြီသာမှတ်” ပြောပြီးသည်နှင့် ရန်ကိုင်သည် သူချန်ထားခဲ့သည့် ကောင်းကင်စိတ်အာရုံ အမျှင်တန်း ရှိသည့် နေရာကို သွားစစ်ဆေးကြည့်ရန် ပြင်လိုက်လေသည်။ မသွားခင် လူကွေ့ချန်ဆီ သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးကာ ပြောလိုက်၏ “ခင်ဗျား စုထားတဲ့ ဆေးပင်တွေအကုန်လုံးကို အဲ့ထဲ ထည့်ထားလိုက်”

ပြောပြီးသည်နှင့် သူ့ပုံရိပ် ပျောက်ကွယ်သွားခဲ့လေသည်။

လူကွေ့ချန်သည် ရန်ကိုင် ပေးသွားသည့် သိုလှောင်လက်စွပ်ကို လက်ထဲကိုင်ရင်း ရန်ကိုင် ပျောက်သွားသော နေရာကို ငေးကြောင်ကြည့်နေလေသည်။ အချိန်အတော် ကြာသွားသည့်အခါမှ အသိပြန်ဝင်လာပြီး အကြောက် မပြယ်သေးသည့် အမူအရာဖြင့် သူ့နဖူးထက်ရှိ ချွေးများကို သုတ်လိုက်၏။

ရန်ကိုင် မည်ကဲ့သို့ ထွက်သွားသလဲ ဆိုသည်ကို မသိသော်ငြား ရန်ကိုင်နှင့် သူ့ကြားရှိ ကွာခြားချက်သည် သူထင်ထားသည်ထက် ပိုကြီးမားနေ‌မှန်း သိလိုက်ရသည်။ ရန်ကိုင်အား ပြန်တိုက်ခိုက်ခဲ့ရန် ကြိုးစားခဲ့သည်မှာ တကယ်ကို ရယ်စရာကောင်းပေသည်။

အချိန်အတော်ကြာအောင် ငြိမ်သက်နေပြီးနောက် လူကွေ့ချန်သည် တစ်ခုသောဘက်သို့စတင် ပျံသန်းသွားလေသည်။ ရန်ကိုင် ပြောသွားသည့်အတိုင်း သူစုထားသည့် ဆေးပင်များကို သိုလှောင်လက်စွပ်ထဲသို့ ထည့်ရန် လုပ်နေခြင်း ဖြစ်သည်။

ထိုဆေးပင်များမှာ အဖိုးတန်သော်လည်း သူ့အသက်လောက်တော့ အဖိုးမတန်ချေ။ လက်ရှိတွင် ရန်ကိုင်၏ လက်သီးသည် သူ့ထက် ပိုကြီးနေသည့်အတွက် ရန်ကိုင် ပြောသမျှကို နာခံရုံသာ တတ်နိုင်ပေသည်။

အတော်လေး ကြိုးစားပြီးနောက် သူသွားချင်နေသည့် နေရာဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။

ဤနေရာသည် မြေမျက်နှာမှ မိုင်တစ်သောင်းအကွာခန့်တွင် ရှိနေပြီး ဟောင်းပေါက်လောင်းနှယ် ဖြစ်နေသော နေရာလပ်ကြီး တစ်ခု ဖြစ်ပေသည်။

ဤနေရာတစ်ခုလုံး၏ အလယ်ဗဟိုတွင် သိမ်မွေ့သည့် အလင်းကို ထုတ်လွှတ်နေသော ဧရာမအလင်းလုံးကြီးတစ်လုံး ရှိနေခဲ့သည်။ ထိုအလင်းလုံးကြီးသည် ရန်ကိုင် ဟိုးယခင်က တွေ့ခဲ့သည့် အလင်းလုံးသာ ဖြစ်လေသည်။

သို့သော်လည်း အလင်းလုံး၏ အရွယ်အစားမှာ သူယခင်တစ်ကြိမ် တွေ့ခဲ့စဉ်ကထက် အနည်းငယ် ပိုသေးနေခဲ့သည်။ ရန်ကိုင် ရောက်လာသည့်အခါ အလင်းလုံးသည် သူ့အား ဤနေရာတွင် မရှိစေချင်သည့်နှယ် အလင်းလုံးဆီမှ ပြင်းထန်သော တွန်းကန်အားတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။

သို့သော်လည်း ရန်ကိုင်ကမူ မလှုပ်မယှတ်သာ ရှိနေခဲ့သည်။

အလင်းလုံးကို အနီးကပ် စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် ပျော်သွားခဲ့လေသည် “တကယ်ကြီး ကြယ်အမြူတေပဲ”

အရိပ်ကြယ်၏ ကြယ်အမြူတေကို သန့်စင်ခဲ့ဖူးသည့်အတွက် သူ့ရှေ့ရှိအရာသည် ကြယ်အမြူတေဖြစ်မှန်း ပြောနိုင်ခဲ့သည်။

အရိပ်ကြယ်၏ ကြယ်အမြူတေနှင့် ဤကြယ်အမြူတေကြား ကွားခြားချက်ကြီးတစ်ခု ရှိနေသော်လည်း တူညီချက်များလည်း ရှိပေသည်။ ဤကြယ်အရင်းအမြစ်ထဲ ကိန်းအောင်းနေသည့် စွမ်းအားသည် သာမန်လူသားများ မခုခံနိုင်သည့် အတိုင်းအတာထိ အားကောင်းလှပေသည်။

“ဟားဟား၊ ငါချန်ထားခဲ့ဟာက ဒီဟာနဲ့ လုံးဝ ပေါင်းသွားတယ်ဆိုတော့ ဒီဟာက ငါ့အပိုင် ဖြစ်သွားပြီပေါ့” ခဏကြာအောင် စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့လေသည်။

ဤနေရာတွင် ဘာတွေဖြစ်သွားလဲ မသိရသော်လည်း သူချန်ထားခဲ့သည့် ကောင်းကင်စိတ်အာရုံသည် ဤအရာနှင့် ပေါင်းစပ်နေခဲ့သည်။ ဆိုလိုသည်ကား ဤကြယ်အမြူတေသည် သူ့အမှတ်အသားရှိနေသည့် ကြယ်အမြူတေ ဖြစ်သွားလေပြီ။

လုံလောက်အောင် အားကောင်းသည့်တိုင် ကြယ်အမြူတေမှ သူ့အား တွန်းမထုတ်နိုင်သည်မှာ အထူးအဆန်း မဟုတ်တော့ပေ။ စိတ်လှုပ်ရှားလွန်းသည့်အတွက် သူ့အသားများပင် တုန်လာခဲ့သည်။

ကြယ်အမြူတေတွင် သူ့အမှတ်အသား ရှိနေပြီ ဖြစ်သည့်အတွက် သန့်စင်ဖို့ လွယ်သွားလေပြီ။ သူသာ သန့်စင်နိုင်လျှင် ဤလွင့်မျောတိုက်ကြီး၏ ကြယ်သခင် ဖြစ်လာလိမ့်မည်။

သူသည် အရိပ်ကြယ်၏ ကြယ်သခင် ဖြစ်နေလေပြီ။ ထို့ကြောင့် ဤနေရာ၏ ကြယ်သခင်ပါ ထပ်ဖြစ်လာမည် ဆိုပါက သူသည် ကြယ်နှစ်လုံး၏ ကြယ်သခင် ဖြစ်လာပေလိမ့်မည်။

ကြယ်စီရင်စုကြီး၏ သမိုင်းတစ်လျှောက် ကြယ်နှစ်လုံး၏ ကြယ်သခင်ဖြစ်ဖူးသူ တစ်ယောက်မှ မရှိချေ။ တန်ခိုးရှင်ဘုရင် တတိယအဆင့်များပင် ကြယ်နှစ်လုံးကို မသန့်စင်နိုင်ကြချေ။

ထိုအတွေးများ ခေါင်းထဲပေါ်လာသည့်နောက် ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့သည်။ အထူးသဖြင့် ကြယ်သခင် ဖြစ်လာမည့် အကျိုးကျေးဇူးကို တွေးလိုက်မိသည့်နောက်တွင် ဖြစ်ပေသည်။ ကြယ်သခင်နှင့် ကျင့်ကြံရေးကြယ်သည် ဆိုးတူ၊ ကောင်းဖက်များ ဖြစ်ကြသည်။ ကြယ်သခင် မကောင်းလျှင် ထိုကြယ်လည်း ဒုက္ခရောက်ရပေလိမ့်မည်။ ကျင့်ကြံရေးကြယ် သာယာဝပြောလျှင် ကြယ်သခင်လည်း အကျိုးကျေးဇူးများစွာ ရရှိပေလိမ့်မည်။

လွင့်မျောတိုက်ကြီးသည် မွေးဖွားသည်မှာ မကြာသေးသော အလွန်သေးသည့် ကျင့်ကြံရေးကြယ်တစ်လုံးဖြစ်ပြီး ဆက်လက် တိုးတက်နိုင်ချေ အများကြီး ရှိပေသေးသည်။ ရန်ကိုင်သည် ဤကြယ်၏ ကြယ်အမြူတေကို သန့်စင်လိုက်လျှင် လွင့်မျောတိုက်ကြီး တိုးတက်လာသည်နှင့် သူသည်လည်း အကျိုးအမြတ် မျိုးမျိုးမြတ်မြတ် ရပေလိမ့်မည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် သူ့ရှေ့ရှိ ကြယ်အမြူတေအား သန့်စင်ပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။

သို့ရာတွင် ကောင်းကင်စိတ်အာရုံဖြင့် ကြယ်အမြူတေကို ဆက်သွယ်ကြည့်လိုက်သည့်နောက် ကြယ်အမြူတေသည် သူ့အား လုံးဝ ပြန်မတုန့်ပြန်သည်ကို တွေ့ရှိလိုက်ရသည်။ စဉ်းစားကြည့်လိုက်ပြီးနောက်မှပဲ ရန်ကိုင် စိတ်အေးသွားသည်။ ဤကြယ်အမြူတေ ဖြစ်လာသည်မှာ မကြာသေးချေ။ မွေးကာစ ကလေး တစ်ဦး၏ အသိစိတ်သာ ရှိသေးလေရာ သူဆက်သွယ်သည်ကို မတုန့်ပြန်သည်မှာ အထူးအဆန်း မဟုတ်ချေ။

“အရင် သန့်စင်ပြီးမှပဲ ဆက်သွယ်ကြည့်ဖို့လုပ်ရမယ်” ထိုသို့ ရေရွတ်ပြီးနောက် တင်ပလင်ခွေထိုင်ချလိုက်ပြီး လက်ကွက်များ ဖန်တီးလိုက်လေသည်။ မကြာမီ သန့်စင်သော စိတ်စွမ်းအင်တို့ သူ့ခန္ဓာကိုယ်မှ စီးထွက်လာခဲ့လေသည်။

မျက်စိဖြင့်ပင် မြင်နိုင်သော စိတ်စွမ်းအင်များသည် ရန်ကိုင်၏ တဖြည်းဖြည်း စုစည်းလျက် ရန်ကိုင်၏ ပုံစံသို့ ပြောင်းလဲသွား၏။

ဤသည်မှာ ရန်ကိုင်၏ နာမ်ဝိဥာဉ် ဖြစ်ပေသည်။

သူသာ ကြယ်အမြူတေကို သန့်စင်ချင်လျှင် ထိုအရာနှင့် သူ့နာမ်ဝိဥာဉ်ကို အရင် ပေါင်းစပ်ရပေမည်။ ထို့ကြောင့်ပင် ကြယ်များကို သန့်စင်ရသည်မှာ အန္တရာယ်များခြင်း ဖြစ်သည်။ သတိတစ်ချက် လွတ်သွားသည်နှင့် မိမိ၏ဝိဥာဉ် တစ်ခါတည်း ပျက်စီးသွားနိုင်ပေသည်။

တန်ခိုးရှင်ဘုရင်တတိယအဆင့် ပညာရှင်များပင်လျှင် အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပါက မကြိုးစားရဲကြပေ။ဓ ထိုအကြောင်းကြောင့်ပင် ဤကြယ်စီရင်စုထဲ ကြယ်သခင်များ ရှားပါးနေရခြင်း ဖြစ်သည်။

လွင့်မျောတိုက်ကြီး၏ ကြယ်အမြူတေ ဖြစ်တည်လာသည်မှာ သိပ်မကြာသေးသည့်အတွက် အရမ်းကြီး အားမကောင်းသည့် အတွက်ကြောင့်သာ မဟုတ်လျှင်၊ သူ့ကောင်းကင်စိတ်အာရုံလည်း ကြယ်အမြူတေနှင့် ပေါင်းစပ်နေပြီးသာ ဖြစ်သည့်အတွက်ကြောင့် မဟုတ်လျှင် ရန်ကိုင်လည်း စမ်းသပ်ရဲလိမ့်မည် မဟုတ်ပေ။

ယခုတစ်ကြိမ်သည် အရိပ်ကြယ်၏ ကြယ်အမြူတေကို သန့်စင်စဉ်ကနှင့် မတူပေ။ ထိုစဉ်က သူ့အား ကူညီပေးမည့် ယန်ယန် ရှိသည်။ ထို့ကြောင့် ဘာအန္တရာယ်မှမရှိခဲ့။ သို့ရာတွင် ယခုတစ်ကြိမ်၌ သူ့အား ကူညီပေးမည့်လူ မည်သူမှမရှိ။ အားကိုးစရာဆို၍ သူကိုယ်တိုင်သာရှိသည်။

ကံကောင်းစွာဖြင့် ကြယ်သန့်စင်ခြင်း ပညာရပ်ကို ပိုင်ဆိုင်ထားသည့်အတွက် ရန်ကိုင်သည် သူ့ကိုယ်သူ အတော်လေး ယုံကြည်ချက် ရှိနေသည်။

ရန်ကိုင်၏ နာမည်ဝိဥာဉ်သည် ရှေ့တည့်တည့်တွင် ရှိနေသော ကြယ်အမြူတေဆီသို့ ပြေးဝင်သွားလေသည်။ လမ်းတစ်လျှောက် မည်သည့် အတားအဆီးနှင့်မှ မကြုံရ။ သူ့ဝိဥာဉ်တစ်ခုလုံး ရေပူစမ်းထဲ ရောက်သွားသလိုသာ ခံစားလိုက်ရသဖြင့် ရန်ကိုင် အလွန်ကိုမှ သက်သောင့်သက်သာ ဖြစ်သလို ခံစားလိုက်ရလေသည်။

ဤသည်မှာ ကြယ်အမြူတေမှ သူ့အား မငြင်းဆန်သည့် လက္ခဏာ ဖြစ်ပေသည်။

အကုန်လုံး အစီအစဉ် ဖြစ်သွားသည့်ပုံပင်။

ထို့နောက်တွင် ရန်ကိုင်သည် ကြယ်သန့်စင်ခြင်း ပညာရပ်ကို စတင် အသုံးပြုတော့လေသည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေပြီးနောက် ကြယ်အမြူတေ၏ အလင်းရောင် စတင် ပြောင်းလဲလာခဲ့လေသည်။

သန့်စင်သည့်နည်းလမ်းမှာ ရိုးရှင်းပေသည်။ သူ့နာမ်ဝိဥာဉ်သည် ကြယ်အမြူတေနှင့် သဘောတူညီချက် ရလိုက်ပြီ ဆိုသည်နှင့် လက်ကွက်များဖန်တီး၍ ကြယ်အမြူတေ၏ စွမ််းအားအချို့ကို သူ့ကိုယ်ထဲသို့ ဆွဲယူရန်သာ ရှိတော့သည်။

ကြယ်အမြူတေ၏ စွမ်းအင်သည် သူ့ခန္ဓာကိုယ်နှင့် သင့်တင့်လျောက်ပတ် ဖြစ်သွားပြီဆိုပါက ကြယ်အမြူတေ သန့်စင်ခြင်းဖြစ်စဉ် ပြီးဆုံးသွားပြီး ရန်ကိုင်သည်လည်း ဤလွင့်မျောတိုက်ကြီး၏ ကြယ်သခင် ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ကြယ်အမြူတေ၏ စွမ်းအင်ကို သူ့ကိုယ်ထဲသို့ ဆွဲယူလိုက်သည့် အခိုက်မှာပင် ရန်ကိုင်ကိုယ်ထဲမှ ကွဲပြားသည့် စွမ်းအားတစ်ရပ် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုစွမ်းအားသည် လွင့်မျောတိုက်ကြီး၏ အမြူတေစွမ်းအားထက် အဆပေါင်းများစွာ ပိုအားကောင်းပေသည်။

ထိုစွမ်းအား၏ ကြားဝင်နှောင့်ယှတ်မှုကြောင့် လွင့်မျောတိုက်ကြီး၏ သိမ်မွေ့သော စွမ်းအားသည် ရုတ်ချည်း ပရမ်းပတာဖြစ်ကာ ရန်ကိုင်၏ ထိန်းချုပ်မှုမှ လွတ်ထွက်သွားတော့လေ၏။

“မဟုတ်ဘူး” ရန်ကိုင် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့နာမ်ဝိဥာဉ်ကို ချက်ချင်း ပြန်ဆွဲယူလိုက်လေသည်။

အဟွတ်… တစ််ချိန်တည်းတွင် သွေးတစ်ပွက် ထိုးအန်ချလိုက်ရ၏။ မျက်နှာ တစ်ပြင်လုံးဟာလည်း သွေးမရှိတော့သည့်အလား ဖြူလျော်သွားခဲ့လေသည်။

ခဏကြာသွားသည့်အခါမှပဲ သူ့ကိုယ်ထဲရှိ ကသောင်းကနင်း ဖြစ်နေသော သူတော်စင်ချီကို ပြန်ငြိမ်အောင် လုပ်လိုက်နိုင်၏။

သူ့ရှေ့ရှိ ကြယ်အမြူတေကိုကြည့်ရင်း ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်လေသည် “ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၀၅)

လွင့်မျောတိုက်ကြီး၏ ကြယ်အမြူတေကို သန့်စင်ခြင်းသည် အတော်လေးကို ချောမွေ့စွာ စတင်ခဲ့သည်။ နောက်ဆုံး ပြီးခါနီးအထိပင်။ ရန်ကိုင်သာ ကြယ်အမြူတေ၏ စွမ်းအင်ကို သူ့ကိုယ်ထဲသို့ စုပ်ယူလိုက်နိုင်သည်နှင့် သူသည် ဤအမြူတေ၏ ပိုင်ရှင်သစ် ဖြစ်လာပေတော့မည်။ သို့ရာတွင် ထိုအဆင့်သို့ ရောက်သည့်အခါမှပင် သူ့ကြိုးစားမှုအားလုံး ပျက်စီးသွားရသည်။

ရန်ကိုင်သည် သူ့ကိုယ်သူ ပျာယာခတ်သွားမစေဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ်ထား၍ အစောပိုင်းက အဖြစ်အပျက်ကို သေချာ ပြန်စဉ်းစားကြည့်လိုက်သည် “ကြယ်အမြူတေနှစ်ခုရဲ့ စွမ်းအားတွေက ခန္ဓာကိုယ်တစ်ခုတည်းမှာ အတူရှိလို့ မရတာလား”

အစောပိုင်းက လွင့်မျောတိုက်ကြီး ကြယ်အမြူတေ၏ စွမ်းအင်ကို သူ့ကိုယ်ထဲသို့ ဆွဲယူခါနီးတွင် အရိပ်ကြယ် အမြူတေ၏ စွမ်းအင်သည် ကိုယ့်အသိုက်ထဲသို့ အခြားငှက် ဝင်လာမည်ကို လက်မခံသည့် ငှက်တစ်ကောင်နှယ် ဝင်ရောက် တားဆီးလေသည်။

ထို့ကြောင့်ပင် အကျိုးဆက်အနေဖြင့် ရန်ကိုင် ဒဏ်ရာ ရသွားခဲ့ရခြင်း ဖြစ်သည်။

“အမြူတေစွမ်းအားက ကြယ်တစ်လုံးရဲ့ လောကနိယာမတွေကနေ ဆင်းသက်လာတာ။ ကြယ်တစ်လုံးမှာ လောကနိယာ တစ်မျိုးစီပဲ ရှိတာဆိုတော့ လူတစ်ယောက်တည်း မှာလည်း…”

“တစ်ခုပဲ ရှိနိုင်တာပေါ့။ ငါက အရိပ်ကြယ်ရဲ့ အမြူတေကို သန့်စင်ထားတာဆိုတော့ ငါ့ကိုယ်က အရိပ်ကြယ်ရဲ့ လောကနိယာမတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့်ပဲ အခြားကြယ်တစ်လုံးရဲ့ လောကနိယာမတွေနဲ့ ငါ့ခန္ဓာကိုယ်ကို ထပ်မချိတ်နိုင်တာ ဖြစ်ရမယ်။ ဟုတ်တယ်၊ အဲ့လိုပဲ ဖြစ်ရမယ်”

သေချာစဉ်းစားပြီးနောက်တွင် လက်ရှိ အခြေအနေနှင့် ပက်သက်ပြီး ရန်ကိုင် အဖြေရှာတွေ့သွားခဲ့သည်။ သူ့အထင် သက်သက်သာ ဖြစ်သော်လည်း ကျိန်းသေ အမှန်တရားနှင့် နီးစပ်လိမ့်မည်ဟု ယုံကြည်နေသည်။

အရိပ်ကြယ်၏ ကြယ်အမြူတေကို သန့်စင်ထားသည့် အတွက်ကြောင့် သူ့ခန္ဓာကိုယ်သည် နောက်ထပ် ကြယ်အမြူတေ၏ စွမ်းအားကို လက်မခံနိုင်တော့ခြင်း ဖြစ်သည်။

ဤသဘောတရားအရဆိုလျှင် ကြယ်စီရင်စုကြီး၏ သမိုင်းတစ်လျှောက် ကြယ်နှစ်လုံး၏ ကြယ်သခင် မရှိခဲ့ခြင်းမှာ ယခင်ခေတ်က တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ လုံလောက်အောင် အားမကောင်းသည့် အတွက်ကြောင့် မဟုတ်ဘဲ နိယာမစွမ်းအားကိုက နှစ်ခုအတူ မတည်ရှိနိုင်ခြင်းကြောင့် ဖြစ်၏။

ထိုအချက်ကို နားလည်သွားလိုက်သည့်အခိုက် ရန်ကိုင် စိတ်ဓါတ်ကျချင်မိသွားလေသည်။ သူ့လက်ရှိ အခြေအနေသည် စားသောက်ဖွယ်ရာမျိုးစုံဖြင့် ပြည့်နေသော စားပွဲဝိုင်းရှေ့သို့ ရောက်နေသော်လည်း သွားမစားနိုင်သည့် ဆာလောင်နေသော လူတစ်ယောက်နှင့်ပင် တူနေသေးသည်။

ဤမဟာအခွင့်အရေးကြီးကို သူတကယ်ကြီး လက်လွှတ်လိုက်ရတော့မည်လား။

လွင့်မျောတိုက်ကြီး၏ ကြယ်အမြူတေသည် မွေးဖွားခါစ ဖြစ်သည့်အတွက် သန့်စင်ရ လွယ်ကူသည့် အချက်ကို ထည့်မတွက်လျှင်ပင် ဤကြယ်အမြူတေသည် သူ့ဝိဥာဉ် အရှိန်အဝါနှင့် အပြည့်အဝ ပေါင်းစပ်နေပြီ ဖြစ်သည့်အတွက် ဤအမြူတေကို သန့်စင်ရန် လိုအပ်သည့် လိုအပ်ချက်အားလုံးကို သူပြည့်မှီနေလေပြီ။ ဤသည်မှာ တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်ပင် မတွေ့နိုင်လောက်အောင် ရှားပါးလွန်းလှသော ရှားမှရှားသည့် အခွင့်အရေးတစ်ရပ် ဖြစ်သည်။ ထို့အတွက်ကြောင့် သူ့ရှေ့ရှိ ကြယ်အမြူတေအား ဤအတိုင်း လက်လွှတ်လိုက်ရမည့် အပေါ် ရန်ကိုင် လက်မခံနိုင် ဖြစ်နေခဲ့၏။

သို့ရာတွင် ခန္ဓာကိုယ်တစ်ခုသည် ကြယ်အမြူတေ တစ်ခုကိုသာ သန့်စင်နိုင်လေသည်။ အရိပ်ကြယ်၏ အမြူတေကို သန့်စင်ပြီးနေလေရာ သူ့အနေဖြင့် ဤကြယ်အမြူတေကို မည်သို့များ ထပ်၍ သန့်စင်နိုင်ဦးမည်နည်း။

ရန်ကိုင်သည် ကြယ်အမြူတေရှေ့တွင် ထိုင်လျက် ဒဏ်ရာများကို ပြန်ကုစားရင်း လွင့်မျောတိုက်ကြီး၏ ကြယ်အမြူတေကို မည်ကဲ့သို့ သန်စင်လျှင်ကောင်းမလဲ ခေါင်းခြောက်အောင် ထိုင်စဉ်းစားတော့လေသည်။

အချိန်အကြာကြီး ထိုင်တွေးနေသည့်တိုင် အဖြေတစ်ခုမှ စဉ်းစားမရခဲ့ပေ။

ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည့်အလား သူ့မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။ တွေးလေ တွေးလေ၊ ထိုအချက်မှာ ပိုဖြစ်နိုင်သည်ဟု ထင်မိလာလေပင်။

“ငါဘယ်လိုလုပ်ပြီး အဲ့ဒါကို လုံးဝ မေ့နေရတာလဲ” ရန်ကိုင် သူ့ခေါင်းကို ပြန်ပုတ်လိုက်၏။

ထို့နောက်တွင် ချက်ချင်းပဲ ကျောက်တုံးရုပ်သေးရုပ်နှင့် မီးငှက်ကို ဆင့်ခေါ်လိုက်လေသည်။

“သခင်‌ ဘာများ အမိန့်ပေးစရာရှိလို့ပါလဲ” လျို့ယန်သည်‌ ပေါ်လာသည်နှင့် သူမ၏ ပုံမှန်အေးစက်စက် လေသံဖြင့် မေးလိုက်၏။

“မင်းတို့ နှစ်ယောက်ထဲက ဘယ်သူ အဲ့ဒါကို ဝါးမြိုနိုင်လဲ။ နှစ်ယောက်စလုံး မြိုနိုင်တယ်ဆိုရင်တော့ တစ်ယောက်တစ်ဝက် ခွဲပြီးတော့သာ သွားဝါးမြိုလိုက်” ရန်ကိုင်က သူ့ရှေ့ရှိ ကြယ်အမြူတေကို ညွှန်ပြရင်း ပြောလိုက်သည်။

ရှောင်ရှောင်နှင့် လျှို့ယန်သည် သူ့၏ အကြီးမားဆုံး အထောက်အကူများ ဖြစ်ကြပြီး နှစ်ယောက်စလုံးသည် တန်ခိုးရှင်ဘုရင်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော ခွန်အားကို ပိုင်ဆိုင်ထားပေသည်။ ထို့ကြောင့် သူတို့သာ ဤကြယ်အမြူတေကို ဝါးမြိုနိုင်လျှင် သူတို့၏ခွန်အား သိသိသာသာ တိုးတက်လာပေလိမ့်မည်။

သူမသန့်စင်နိုင်မှဖြင့် သူ့အကူ နှစ်ယောက်ကို ပေးစမ်းကြည့်ရပေမည်။ သူတို့သာ အောင်မြင်နိုင်လျှင် သူ့အတွက်လည်း အကျိုးရှိပေသည်။

ရန်ကိုင် စကားကိုကြားပြီးနောက် လျို့ယန်သည် ကြယ်အမြူတေဆီသို့ လှမ်းကြည့်လိုက်လေသည်။ ကြည့်နေရင်း သူမ၏ မျက်ဝန်းထဲ ထိတ်လန့်ရိပ်တို့ ဖြတ်ပြေးသွား၏။ ထို့နောက် ခေါင်းခါလျက် “ရမယ်လို့မထင်ဘူး သခင်။ ကျွန်မသာ အဲ့ဒါကို သွားဝါးမြိုရင် အဲ့ပတ်လည်မှာ ဖြာထွက်နေတဲ့ စွမ်းအားကြောင့်ပဲ ပြန်သေသွားလိမ့်မယ်”

“အဲ့စွမ်းအားက နိယာမစွမ်းအားပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

လျို့ယန်သည် မှော်ရတနာစိတ်ဝိဥာဉ်ဖြစ်သည့်အတွက် ကြယ်အမြူတေ ဘာမှန်းမသိ။ သို့သော်လည်း သူမ၏ မသိစိတ်မှာတော့ အလွန်ကိုမှ စူးရှပေသည်။ ကြယ်အမြူတေ ဘာမှန်း မသိသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအရာသည် သူမအား ကောင်းကောင်း အန္တရာယ်ပေးနိုင်ကြောင်း ပြောနိုင်၏။

နိယာမစွမ်းအားသည် နက်နဲပြီး ဆန်းကြယ်၏။ ထိုစွမ်းအားတို့ဖြင့် ပြည့်နှက်နေသည့် အရာတစ်ခုကို လျို့ယန် မည်သို့များ မဆင်မခြင် သွားစုပ်ယူရဲမည်နည်း။

လျို့ယန်ပင်လျှင် ရှောင်ရှောင်သည်လည်း ထိုအတိုင်းပင်။ ပုံမှန်အတိုင်း တုံးအအသာဖြစ်သော ရှောင်ရှောင်သည် လျှို့ယန်ကဲ့သို့ စကားပြန်မပြောနိုင်သော်ငြား ကြယ်အမြူတေကို ကြည့်သာကြည့်နေပြီး နည်းနည်းလေးမှ မလှုပ်သည့် သူ့ပုံစံကို ကြည့်လျှင် သူလည်း ဘာမှမတတ်နိုင်ကြောင်း ပြောနိုင်သည်။

သူတတ်နိုင်သည့်အရာသာဆိုလျှင် ရန်ကိုင်မှ ပြောလိုက်သည်နှင့်‌ ရှောင်ရှောင် ချက်ချင်း ပြေးထွက်သွားပြီး သွားဝါးမြိုပစ်ပေလိမ့်မည်။ ယခုကဲ့သို့ ဘာမလှုပ်ဘဲ ရပ်သာ ကြည့်နေသည်ကို ကြည့်လျှင် သူသည်လည်း မတတ်နိုင်သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

သတ္တုကြယ်၏ အမြူတေစွမ်းအားကို ရှောင်ရှောင် ဝါးမြိုနိုင်ခဲ့ခြင်းမှာ ထိုသတ္တုကြယ်မှာ ကြယ်သေတစ်လုံး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ဖြစ်သလို အမြူတေစွမ်းအားမှာလည်း လက်ကျန် စွမ်းအင်အချို့သာ ဖြစ်သည့်အတွက်ကြော်င့ ဖြစ်ပေသည်။ သို့သော်လည်း လွင့်မျောတိုက်ကြီး၏ အမြူတေသည် အကောင်းပကတိ ရှိနေသေးသော အမြူတေဖြစ်သည်။ မွေးဖွားခါစ အမြူတေတစ်ခု ဖြစ်သော်လည်း ရှောင်ရှောင် သွားဝါးမြိုနိုင်သည့် အရာတစ်ခုတော့ မဟုတ်ပေ။

နှစ်ယောက်စလုံး ဘာမှတ်မတတ်နိုင်သည်ကိုမြင်သော် ရန်ကိုင်လည်း သွားတွန်းအားပေးမနေခဲ့ပေ “မင်းတို့ မတတ်နိုင်မှတော့ ထားလိုက်ပေါ့”

ပြောပြီးသည့်နောက် သူ့လက်ကို ဝှေ့ရမ်းလျက် ရှောင်ရှောင်နှင့် လျို့ယန်ကို ပြန်ရုတ်သိမ်းလိုက်၏။

ထို့နောက် ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ကို ထုတ်လိုက်သည်။

ရှောင်ရှောင်နှင့် လျို့ယန်တို့ မလုပ်နိုင်သော်လည်း ရန်ကိုင် အရမ်းကြီး စိတ်မပူသေးပေ။ သူ့တွင် ရွှေရောင်ကျောက်တုံး ရှိနေသေးသည်။ ရှောင်ရှောင်နှင့်လျို့ယန်တို့ကို အရင် ခေါ်ထုတ်လိုက်ခြင်းမှာ သူတို့ကိုယ်သူတို့ တိုးတက်အောင် လုပ်နိုင်မည့် အခွင့်အရေးတစ်ခု ပေးချင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

သို့ရာတွင် သူတို့လည်း ဘာမှမတတ်နိုင်သည့်အတွက် ရန်ကိုင်လည်း ရွှေရောင်ကျောက်တုံးကိုသာ ခေါ်ထုတ်ရတော့၏။

သူ့ခန္ဓာကိုယ် မတတ်နိုင်လျှင်ပင် ဘာအရေးနည်း။ နောက်ထပ် ခန္ဓာကိုယ်တစ်ခု သုံးလိုက်ရုံပင်။

ဝိဥာဉ်ကိုယ်ပွား ဝင်နေထိုင်သည့် ရွှေရောင်ကျောက်တုံးသည် သူ၏ ခန္ဓာကိုယ်အသစ်တစ်ခု ဖြစ်ပေသည်။ ရွှေရောင်ကျောက်တုံးသည် သူ့ဝိဥာဉ်အမှတ်အသား အပြည့်အဝ ပေါင်းစပ်နေပြီဖြစ်သော ကြယ်အမြူတေကို သန့်စင်ရန်အတွက် လုံးဝ ပြည့်စုံသည့် ခန္ဓာကို်တ်စခု ဖြစ်သည်။

အပြင်သို့ ရောက်လာပြီးနောက်တွင် ရွှေရောင်ကျောက်တုံး၏ မှိုင်းတိုင်းတိုင်း မျက်လုံးများသည် ချက်ချင်း တောက်ပလာခဲ့၏။

ရန်ကိုင်သည် ရွှေရောင်ကျောက်တုံးကို ထိန်းချုပ်၍ ယခင်နည်းလမ်းအတိုင်း ကြယ်သန့်စင်ခြင်း ပညာရပ်ကို သုံးကာ ကြယ်အမြူတေကို သန့်စင်ရန် ကြိုးစားလေသည်။

ရန်ကိုင်၏ အမူအရာမှာမူ အတော်လေးကို လေးနက်တည်ကြည်နေခဲ့သည်။

ရွှေရောင်ကျောက်တုံးကို သုံးသည့်နည်းလမ်းသည် အလုပ် ဖြစ်လောက်မည်ဟု ထင်မိသော်လည်း ထိုအရာမှာ သူ့အထင် သက်သက်သာ ရှိသေးသည်။ လက်တွေ့ မစမ်းသပ်ရသေး။ ရွှေရောင်ကျောက်တုံးပါ မလုပ်နိုင်လျှင်တော့ မစားရသည့် သူ့ရှေ့ရှိ အမဲတုံးအား လက်လျှော့ရုံသာ ရှိတော့သည်။

သူကိုယ်တိုင် မရနိုင်တော့လျှင် သူ့မိတ်ဆွေများ၊ ဆွေမျိုးများကို ခေါ်ကာ ကြိုးစားကြည့်ရမည်။ ဤအခွင့်အရေးကြီးကို သူ့အတွက် လက်လျှော့လိုက်ရလျှင်ပင် အခြား သူများရမရ စမ်းကြည့်ပေဦးမည်။ သို့သော်လည်း ဤအမြူတေကို သန့်စင်နိုင်ရန်အတွက် သူတို့သည်လည်း လုံလောက်အောင် အားကောင်းနေရန် လိုအပ်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ရွှေရောင်ကျောက်တုံးကို သေချာအာရုံစိုက်နေသည့် ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။ ထို့နောက် ဝမ်းသာအားရ ထရယ်မောတော့လေ၏။

လက်ရှိတွင်… ကြယ်အမြူတေ၏ စွမ်းအားသည် ရွှေရောင်ကျောက်တုံး၏ ခန္ဓာကိုယ်ထဲသို့ သိမ်မွေ့ညင်သာသော နှုန်းဖြင့် အဆီးအတားမရှိ စီးဝင်နေခဲ့လေသည်။

အလုပ်ဖြစ်တယ်

သူ့အထင် မှတ်နေခဲ့သည်။ သူ့ခန္ဓာကိုယ် ကြယ်အမြူတေကို မသန့်စင်နိုင်ခြင်းမှာ သူသည် အရိပ်ကြယ်၏ ကြယ်အမြူတေကို သန့်စင်ထားပြီးသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ခန္ဓာကိုယ် တစ်ခုတည်းတွင် နိယာမစွမ်းအားနှစ်မျိုး အတူမရှိနိုင်ပေ။ ထို့ကြောင့် သူ့အနေဖြင့် လွင့်မျောတိုက်ကြီး၏ ကြယ်အမြူတေကို သန့်စင်လိုလျှင် ခန္ဓာကိုယ်အသစ်တစ်ခု ရှာရုံသာ ရှိတော့သည်။

ရွှေရောင်ကျောက်တုံးကို ထိန်းချုပ်နေသည့်လူမှာ သူ့ဝိဥာဉ်ကိုယ်ပွား ဖြစ်သည့်အတွက် ရွှေရောင်ကျောက်တုံး လွင့်မျောတိုက်ကြီး၏ ကြယ်သခင် ဖြစ်လာခြင်းသည် သူကိုယ်တိုင် လွင့်မျောတိုက်ကြီး၏ ကြယ်သခင် ဖြစ်လာသည်နှင့် တူပေသည်။

နည်းနည်းလေး ကွဲသွားသော်လည်း ရန်ကိုင်သည် ကြယ်နှစ်လုံး၏ ကြယ်သခင် ဖြစ်နေဆဲ။

ကျွတ်… ကျွတ်… ဤအကြောင်းသာ သတင်းပျံ့သွားခဲ့လျှင် ကြယ်စီရင်စုကြီး တစ်ခုလုံး ဂယက်ထကုန်ပေတော့မည်။

ရန်ကိုင် အတော်လေး ပျော်နေခဲ့သည်။ သို့သော်လည်း နည်းနည်းလေးမှ သတိမလွတ်ရဲသည့်အတွက် ချက်ချင်းပဲ ရွှေရောင်ကျောက်တုံးကို သေချာ ပြန်အာရုံစိုက်လိုက်လေသည်။

အကုန်လုံးသည် ချောချောမွေ့မွေ့နှင့် သွားနေခဲ့သည်။ အမြူတွေစွမ်းအား အတိုင်းအတာတစ်ခုထိ ရွှေရောင်ကျောက်တုံး ထဲသို့ ရောက်သွားသည့်အခါမှသာ ကြယ်အမြူတေသန့်စင်ခြင်း ဖြစ်စဉ် ပြီးဆုံးပေလိမ့်မည်။

သို့သော်လည်း လက်ရှိနှုန်းထားအရ… အတော်လေး ကြာမည့်ပုံပင်။

ကြည့်နေရင်း ရန်ကိုင် အားမလိုအားမရ ဖြ်စလာခဲ့သည်။

ဤနှုန်းအတိုင်းအရဆိုလျှင် ရွှေရောင်ကျောက်တုံး အနေဖြင့် လွင့်မျောတိုက်ကြီး၏ ကြယ်အမြူတေကို သန့်စင်ပြီးရန် အနည်းဆုံး တစ်လမှ နှစ်လလောက် ကြာပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင်ကိုယ်တိုင် အရိပ်ကြယ်၏ ကြယ်အမြူတေကို သန့်စင်ခဲ့စဉ်က မျက်စိတစ်မှိတ်လောက်သာ ကြာခဲ့ပေသည်။

သို့ရာတွင် ထိုစဉ်က ယန်ယန်မှ သူ့ကိုယ်ထဲသို့ ကြယ်အမြူတေကို တိုက်ရိုက် ထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်မှတော့ ကြယ်အမြူတေကို ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စုပ်ယူနေရခြင်း ဖြစ်သည်။ ဖြစ်စဉ်နှစ်ခုသည် လုံးဝ မတူချေ။

“အားယားနေတုန်း ဆေးပဲ ထိုင်ဖော်စပ်ရတာပေါ့” ထိုင်စောင့်နေခြင်းသည် အချိန်ဖြုန်းနေခြင်းသာ ဖြစ်မည့်အတွက် အားယားနေတုန်း ဆေးဖော်စပ်ရန် ဆုံးဖြတ်လိုက်လေသည်။ ထို့ကြောင့် မတ်တပ်ရပ်၍ လေဟာနယ်စွမ်းအားကိုသုံးကာ ထိုနေရာမှ ပြန်ထွက်လာခဲ့လိုက်သည်။

ရွှေရောင်ကျောက်တုံးကို ဆက်အာရုံစိုက်နေစရာ မလိုတော့ပေ။ ဤအတိုင်း လွှတ်ထားလိုက်လည်း အဆင်ပြေပေသည်။ အားလုံးသည် သူ့ဘာသာ တဖြည်းဖြည်းချင်း ပြီးဆုံးသွားပေလိမ့်မည်။ ထိုအချိန်အတောအတွင်း စိတ်ဝိဥာဉ်ဆေးလုံးအချို့ ဖော်စပ်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်၏။

သူ့ကျင့်ကြံခြင်းသည် တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေခဲ့လေပြီ။ ကမ္ဘာပျက်ကြီးတွင်ကတည်းက တန်ခိုးရှင် ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည့် အခွင့်အရေးနှင့် ကြုံခဲ့ရသော်ငြား ထိုစဉ်က အခြအနေသည် သူ့အတွက် အဆင့်ချိုးဖျက်ရန် အန္တရာယ် များသည့်အတွက် နောက်တစ်ဆင့်သို့ ချိုးဖျက်ချင်စိတ်ကို ချိုးနှိပ်ထားခဲ့သည်။

ကမ္ဘာပျက်ကြီးနှင့် မတူသည်မျာ လွင့်မျောတိုက်ကြီးသည် အလွန်ကိုမှ ငြိမ်းချမ်းသည့် နေရာတစ်ခု ဖြစ်သည်။ ဤနေရာရှိ လောကနိယာမများမှာလည်း ပြည့်စုံ၏။ ထို့ကြောင့် သူ့အတွက် ဤနေရာတွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကိစ္စမရှိပေ။ ဆေးဖော်စပ်ခြင်းသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်မည့် ဖြစ်စဉ်ကို အသက်ဝင်လာစေနိုင်ပေသည်။

ခဏအကြာတွင် လွင်းမျောတိုက်ကြီးပေါ်တွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ စစ်ဆေးကြည့်ပြီးနောက် တစ်ခုသောဘက်သို့ ပျံသန်းသွားလေ၏။

ခဏအကြာတွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။

ရန်ကိုင် ရုတ်တရက်ကြီး ပေါ်လာသည်ကို မြင်လိုက်သည့် အခိုက် လူကွေ့ချန် ထိတ်လန့်သွားခဲ့၏။ သို့ရာတွင် ဖားယားစွာ ပြုံးလျက် ချက်ချင်းပဲ ရန်ကိုင်ဆီသို့ ပြေးသွားကာ သိုလှောင်လက်စွပ်ကို ပေးလိုက်လေသည် “ငါစုဆောင်းထားတဲ့ ဆေးပင်တွေအကုန်လုံး ဒီထဲမှာရှိပါတယ် သူရဲကောင်လေး။ တစ်ချက် ကြည့်ကြည့်ပါဦး”

ရန်ကိုင်၏ ခွန်အားကို မြင်ပြီးနောက် လူကွေ့ချန် လုံးဝကို ငြိမ်ကုတ်သွားလေတော့သည်။ နည်းနည်းလေးမှ မနာမခံ မလုပ်ရဲတော့ပေ။

အင်း၊ မဆိုးဘူးပဲ” သိုလှောင်လက်စွပ်ကို စစ်ဆေးပြီးနောက် ရန်ကိုင်က လူကွေ့ချန်အား ပြုံးကာကြည့်လျက် “ခင်ဗျား ရထားတာ တော်တော်များပါလား”

“ဟဲဟဲ…” လူကွေ့ချန်က ခြောက်ကပ်ကပ်ပြုံးလျက် “ဒီမှာနေတုန်း ကျင့်ကြံဖို့ကလွဲပြီး အခြား ဘာမှလုပ်စရာမှ မရှိတာ။ ဒီတော့ နည်းနည်းပျင်လာရင် လျှောက်ပတ်သွားနေတာ”

“ခင်ဗျား တွေ့တဲ့ ဆေးပင်တိုင်းကို ခူးခဲ့တာလား”

“သူရဲကောင်လေးပြောတာ အမှန်ပဲ”

“သောက်ရူး” ရန်ကိုင်က ထဆဲလေသည်။

“အန်” လူကွေ့ချန် ကြောင်သွားခဲ့သည်။

“တကယ် သောက်ရူး” ရန်ကိုင်က မှုန်ကုတ်ကုတ်ပြီး “တန်ခိုးရှင်အဆင့်ကို ရောက်ပြီးတာတောင် ဆေးပင်တိုင်းကို ခူးချင်တိုင်း ခူလို့ မဖြစ်ဘူးဆိုတာကို ခင်ဗျား မသိတာလား။ ကောင်းကောင်းသာ မသိမ်းထားရင် ဆေးအာနိသင်တွေက ခဏလေးနဲ့ စိမ့်ထွက်သွားမှာ။ ဒီဆေးပင်တွေကိုပဲကြည့်၊ တစ်ဝက်လောက်က ခြောက်ကပ်ကပ် ဖြစ်နေပြီ။ အဲ့ဒါတွေကို အခု ဘယ်လိုသုံးတော့မှာလဲ။ အဲ့ဒါကြောင့် ခင်ဗျားကို သောက်ရူးလို့ ပြောတာ”

ရန်ကိုင် တကယ်ကို ဒေါသထွက်နေခဲ့သည်။

လူကွေ့ချန် ပြောသည့်အတိုင်း တကယ်ကို ဆေးပင်အများကြီး ရှိပြီး တော်တော်များများမှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များ ဖြစ်ကြသည်။ သို့သော်လည်း ထိုဆေးပင်များကို ကောင်းကောင်း မသိမ်းဆည်းထားသည့်အတွက် ဆေးအာနိသင်မှာ စိမ့်ထွက်ကုန်ကြလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့် ဆေးပညာရှင်တိုင်း ဒေါသထွက်မိလိမ့်မည်သာ။

လူကွေ့ချန်မှာ ဆူပူအော်ငေါက်ခံနေရသော်လည်း ပြန်မပြောရဲဘဲ အားတင်း၍သာ ပြုံနေခဲ့ရသည်။

လူကွေ့ချန်ကို ပြစ်တင်နေ၍လည်း ဘာမှထူးလာမည် မဟုတ်မှန်း သိလိုက်သည့်နောက် ရန်ကိုင် သက်ပြင်းသာ ချလိုက်တော့၏။ လူကွေ့ချန်၌ သိုလှောင်လက်စွပ်တစ်ကွင်းသာ ရှိနေခဲ့လျှင် ဆေးအာနိသင်မှာ စိမ့်ထွက်လိမ့်မည် မဟုတ်ဖြစ်သော်ငြား ဤမျှလောက်တော့ ဆိုးလိမ့်မည် မဟုတ်။ သို့သော်လည်း ကွေ့ဇူက အားလုံး၏ သိုလှောင်လက်စွပ်များကို ယူသွားခဲ့သည်။

ဤကိစ္စတွင် ကွေ့ဇူ၏ အပြစ်လည်း မကင်းပေ။

All Chapters