အခန်း (၁၈၀၆-၁၈၁၀)
Vol. 73 Ch. 1806-1810
အပိုင်း (၁၈၀၆)
ဆေးပင်အချို့၏ အာနိသင်မှာ အကြီးအကျယ် လျော့ကျသွားခဲ့သော်လည်း သုံးလို့ရသေးသည့် ဆေးပင်အများကြီး ကျန်ရှိနေပေသေးသည်။
“ခင်ဗျား ဘာမှ မချန်ထားပါဘူးနော်” ရန်ကိုင်သည် လူကွေ့ချန်အား စိုက်ကြည့်၍ မေးလိုက်သည်။
“မချန်ထားဘူး။ တကယ်ပြောတာ” လူကွေ့ချန် သူ့လက်ကို ကမန်းကတန်း ဝှေ့ရမ်း၍ ပြန်ပြောလိုက်သည်။ ရန်ကိုင်၏ ခွန်အားကို မြင်ပြီးနောက် လူကွေ့ချန်အနေဖြင့် ရန်ကိုင်အား မည်သို့များ လှည့်စားရဲတော့မည်နည်း။ လူကွေ့ချန်သည် သူသာ တစ်ခုခု ဖုံးကွယ်ထားခဲ့သည်ရှိသော် ကောင်းကင်မိုးကြိုး ပစ်ချခံရပါစေဟု အလျင်အမြန် ကျိန်ဆိုလိုက်လေသည်။
“ကောင်းပြီ၊ ခင်ဗျား ထွက်သွားလို့ရပြီ” ရန်ကိုင်က လက်ဝှေ့ရမ်း၍ ပြောလိုက်သည်။
သို့သော်လည်း လူကွေ့ချန်သည် ထွက်မသွားသေးဘဲ ရန်ကိုင်အား တုန့်ဆိုင်းတုန့်ဆိုင်း အမူအရာဖြင့် ကြည့်နေခဲ့၏။
“ဘာရှိသေးလို့လဲ”
“သူရဲကောင်လေး… အဲ့အမြူတေ…”
“အဲ့ဒါ ခင်ဗျားသိသင့်တာ မို့လို့လား” ရန်ကိုင် မျက်နှာ မှုန်ကုတ်သွားပြီး ချက်ချင်းပဲ သူ့နဖူးတည့်တည့်မှ အားကောင်းသည့် စိတ်စွမ်းအင်တို့ ဖြာထွက်လာခဲ့လေသည်။
ထိုစွမ်းအင်သည် လူကွေ့ချန်၏ အသိစိတ်ပင်လယ် အတားအဆီးများကို တရစပ် ချိုးဖောက်သွားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် သူ့ခေါင်းတစ်ခုလုံး ကွဲထွက်တော့မလို လူကွေ့ချန် ခံစားလိုက်ရလေသည်။ နောက်သို့ ယိုင်ထွက်သွားပြီး မျက်နှာတစ်ပြင်လုံး သေမရှိတော့သည့်နှယ် ဖြူလျော်သွားခဲ့လေသည်။
တစ်ကြိမ် ခံလိုက်ရပြီးနောက် သူထင်ထားသည့်အတိုင်း ရန်ကိုင်နှင့် သူ့ကြား အလွန်ကိုမှ ကွာခြားချက်ကြီးမားကြောင်း လူကွေ့ချန် နားလည်သွားခဲ့သည်။ ရန်ကိုင်သာ သူ့အား သတ်ချင်နေလျှင် အတွေးတစ်ချက်နှင့်ပင် သတ်ပစ်နိုင်ပေသည်။
မော့ကြည့်လိုက်သည့်အခါ ရန်ကိုင်ကို မတွေ့ရတော့။ ရန်ကိုင် ဘယ်အချိန်ကတည်းက ထွက်သွာလို့ ထွက်သွားမှန်းမသိလိုက်။
မဲ့ပြုံးပြုံးလျက် အလျင်အမြန် တင်ပလင်ခွေထိုင်ကာ ရန်ကိုင်ကြောင့် ရလိုက်သည့် ဒဏ်ရာများကို ပြန်ကုစားတော့၏။
လွင့်မျောတိုက်ကြီးပေါ်ရှိ ရေများဖြင့် ဝိုင်းရံထားသော လှပသည့် တောင်တစ်လုံးပေါ်တွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။
“ဒီနေရာရှုခင်းက မဆိုးဘူးပဲ” ထိုသို့ ရေရွတ်ပြီးနောက် သွေးသားရဲအချို့ကိုလွှတ်ကာ ပတ်ပတ်လည်ကို စောင့်ကြပ်ခိုင်းလိုက်၏။
လူကွေ့ချန်သည် ဤတိုက်ကြီးပေါ်တွင် ရှိသည့် တစ်ဦးတည်းသောလူ ဖြစ်သော်လည်း ထိုသကောင့်သားသည် အထူအပါးနားမလည် အရေးကြီးသည့်အချိန်မှ သူ့အား လာနှောင့်ယှတ်လျှင် ပြဿနာ တက်ရော့မည်။ ထို့ကြောင့် လိုရမယ်ရ သွေးသားရဲအချို့အားထုတ်ကာ ဤပတ်လည်ကို စောင့်ကြပ်ထားခိုင်းလိုက်၏။
ထို့နောက်တွင် ခရမ်းမူလ ဆေးမီးဖိုကိုထုတ်ကာ သိုလှောင်လက်စွပ်ထဲ ဆေးပင်များ လှန်လှောရှာတော့၏။
“ဘယ်ဆေးလုံး ဖော်စပ်ရင်ကောင်းမလဲ” ယခုတစ်ကြိမ် ဆေးဖော်စပ်ခြင်းသည် အဆင့်တက်ခြင်းဖြစ်စဉ်ကို အသက်သွင်းရန် အတွက် သက်သက်သာ ဖြစ်သည့်အတွက်ကြောင့် မည်သည့်ဆေးလုံးကို ဖော်စပ်ဖော်စပ် ကိစ္စမရှိပေ။ အရေးကြီးသည်မှာ ဆေးဖော်စပ်ခြင်းကိုသုံးပြီး သူ့စိတ်အခြေအနေကို ထိန်းညှိရန်သာ ဖြစ်သည်။
“နေခရမ်းမြက်၊ ရွက်တစ်ရာကြာပန်း… အို၊ သန့်စင်နှလုံးသားသီးတောင် ရှိပါလား။ ဒါတွေနဲ့ဆို ဥာဏ်အလင်းပွင့်ဆေးလုံး ဖော်စပ်လို့ရပြီ။ ဒီဆေးလုံးက ငါအဆင့်ချိုးဖျက်ပြီးတာနဲ့ ကျင့်ကြံခြင်းအခြေခံကို ကျစ်လစ်သွားအောင် လုပ်လို့ရတာဆိုတော့ ဒီဆေးလုံးကိုပဲ ဖော်စပ်လိုက်တော့မယ်” ရန်ကိုင် ဆုံးဖြတ်ချက်ချလိုက်၏။
ဥာဏ်အလင်းပွင့်ဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးအမယ်အားလုံး ရှိနေသဖြင့် ထိုဆေးလုံးကို ဖော်စပ်ရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။
ရန်ကိုင်သည် ဆေးအမယ်များကိုထုတ်ကာ သူ့ဘေးတွင် သေချာစီထားလိုက်သည်။ ထို့နောက် ခရမ်းမူလ ဆေးမီးဖိုပေါ် လက်တင်လိုက်၏။
တေဇာဓါတ်စိတ်စွမ်းအင်တို့သည် သူ့လက်မှတစ်ဆင့် မီးဖိုထဲသို့ စီးဝင်လာတော့လေသည်။ တဖြည်းဖြည်းနှင့် မီးဖိုမှာ စတင် ပူနွေးလာခဲ့သည်။
ထို့နောက် ဆေးပင်များကို မီးဖိုထဲသို့ အစီအစဉ်တကျ ထည့်ကာ အပူချိန်ကို ချိန်ညှိ၍ စတင် သန့်စင်လေသည်။
လက်ကွက်များကို ဖန်တီးရင်း ဆေးမီးဖိုထဲ အစီအရင်များ တစ်ခုပြီးတစ်ခု ဖန်တီးလေသည်။ အစီအရင်များသည် အလွန်ကိုမှ လျင်မြန်သည့်နှုန်းဖြင့် တစ်ခုပြီးတစ်ခု ဖြစ်ပေါ် ပျောက်ကွယ်နေ၏။ တဖြည်းဖြည်းနှင့် ရန်ကိုင်သည် ပတ်ဝန်းကျင်ကို သတိမမူမိတော့ဘဲ ဆေးဖော်စပ်ရာတွင်သာ အာရုံလုံးလုံး ရောက်ရှိသွားတော့သည်။
စိတ်ဝိဥာဉ်ဆေးလုံးတစ်လုံးကို ဖော်စပ်ရသည်မှာ အလွန်ကိုမှ လက်ပေါက်ကပ်သည်။ ထိုဆေးလုံးမျိုးကို သာမန် ဆေးလုံးများကဲ့သို့ ဆေးအရည်များကို ပေါင်းစပ်သိပ်သည်းပြီး အစီအရင်များ ခင်းကျင်းပေးလိုက်ရုံဖြင့် ဖော်စပ်၍ မရပေ။
စိတ်ဝိဥာဉ်ဆေးလုံးတစ်လုံးကို ဖော်စပ်ရန်အတွက် မီးပူအချိန်ကို ကောင်းကောင်း ချိန်ညှိတတ်ရန် လိုအပ်သည်။ အစီအရင်များကိုလည်း အချိန်သင့်အခါသင့် သုံးပေးရသည်။ အဆင့်တစ်ဆင့်ချင်းစီတိုင်းကို အမှားအယွင်းကင်စွာ လုပ်ဆောင်ရန်လည်း လိုအပ်သည်။ တစ်ခုလောက်သာ မှားယွင်းသွားခဲ့ခြင်း ဆေးလုံးဖော်စပ်ခြင်းဖြစ်စဉ် ကျရှုံးသွားပေလိမ့်မည်။ အမှားမှားအယွင်းယွင်းဖြင့် ကံကောင်းထောက်မ၍ ဆေးလုံးကို ဖော်စပ်နိုင်ခဲ့လျှင်ပင် ရရှိလာသည့် ဆေးလုံးသည် ဆေးအာနိသင်ပြည့်ဝသည့် ဆေးလုံး ဖြစ်တော့လိမ့်မည် မဟုတ်ချေ။
ဆေးဖော်စပ်ရာတွင် စိတ်အာရုံကို ဆေးဖော်စပ်ခြင်း၌သာ အပြည့်အဝ နစ်မြုပ်ထားရန် လိုအပ်ပေသည်။
တေဇောဓါတ်အသိစိတ်ပင်လယ်ကြောင့် ဆေးလုံးများကို ဖော်စပ်ရန်အတွက် ရန်ကိုင်လိုအပ်သည် အချိန်နှင့် စွမ်းအင်သည် အခြား ဆေးပညာရှင်များ လိုအပ်သည်ထက် ပိုနည်းသွားရသည်။
ဝိဥာဉ်ကြာပန်း၏ အားဖြည့်ပေးမှုကြောင့် သူ့စိတ်စွမ်းအင်မှာ အလွန်ကိုမှ အားကောင်းနေသည့်အတွက် ရန်ကိုင်သည် တေဇောဓါတ်စိတ်စွမ်းအင်ကို ဆေးဖော်စပ်ရာတွင် စိတ်စွမ်းအင် ကုန်ခမ်းသွားမည်ကို စိတ်ပူစရာမလိုဘဲ စိတ်အေးအေးဖြင့် သုံးနိုင်ပေသည်။
အချိန်ကြာလာသည်နှင့် ဆေးမီးဖိုထဲရှိ အမျိုးမျိုးသော ဆေးရည်များသည် အတူတကွပေါင်းစပ်၍ အသွင်တစ်မျိုးသို့ ပြောင်းလဲသွားကုန်ကြလေသည်။
သင်းပျံ့ပျံ့ ဆေးရနံ့တစ်ခုသည် ဆေးမီးဖိုထဲမှ စတင် ပျံ့လွင့်လာခဲ့သည်။ ဆေးလုံးစတင် ဖြစ်ပေါ်လာပြီဆိုသည့် လက္ခဏာပင်။
ထိုအဆင့်သို့ ရောက်လာသည့်အခါ ရန်ကိုင်၏ အမူအရာ ပို၍ တည်ကြည်လေးနက်လာခဲ့လေသည်။ ချက်ချင်းပဲ လက်ဝှေ့ရမ်း၍ အစောင့်အဖြစ်ထားထားသော သွေးသားရဲတစ်ကောင်ကို လှမ်းဆွဲယူလိုက်သည်။ ထိုသွေးသားရဲသည် ရွှေရောင်သွေးမျှင်သို့ ပြန်လည်ပြောင်းလဲသွားကာ ရန်ကိုင်ဆီသို့ ပြန်ရောက်လာခဲ့၏။
ရွှေရောင်သွေးမျှင်သည် မီးတောက်တစ်ခုနှယ် ရန်ကိုင်၏ လက်ညိုးထက် ကခုန်နေခဲ့သည်။
ထိုသို့ကခုန်နေရင်းမှ ရွှေရောင်သွေးမျှင်ထဲမှ အနီရောင် မြူခိုးများ စိမ့်ထွက်လာခဲ့လေသည်။ သွေးမျှင် အရောင်မှာလည်း တဖြည်းဖြည်းနှင့် ရွှေရောင်သို့ ပြန်ပြောင်းလာခဲ့သည်။
အနီရောင်မြူခိုးထဲတွင် ဟိန်းဟောက်နေသည့် သားရဲတစ်ကောင် ရှိနေသည်ကို လှမ်းမြင်နိုင်ပေသည်။ တဖြည်းဖြည်းနှင့် အနီရောင်မြူခိုးများသည် သားရဲတစ်ကောင် ပုံစံသို့ ပြောင်းလဲသွားခဲ့လေသည်။
“ပြဿနာမရှာနဲ့။ အခုအချိန် မင်းကို ဆေးဖော်စပ်ဖို့အတွက် သုံးတာ မင်းအတွက် အကောင်းဆုံး လုပ်ပေးတာပဲ” ရန်ကိုင်က ထိုအနီရောင်မြူခိုးကို ပြုံးလျက် လှမ်းဖမ်းယူလိုက်သည်။
သို့ရာတွင် သားရဲမှာတော့ ငြိမ်မသွားရုံမက ပို၍ပင် ရုန်းကန်သောင်းကျန်းလာလေသည်။
ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ အနီရောင်မြူခိုးကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်၏။
ဆေးလုံးတစ်လုံးသည် စိတ်ဝိဥာဉ်ရှိသည့်အခါမှသာ စိတ်ဝိဥာဉ်ဆေးလုံး ဖြစ်လာနိုင်သည်ဟု အစစ်အမှန်ဆေးပညာကျမ်းထဲ ရေးသား၏။
ထိုစာကြောင်းကို ဖတ်ဖတ်ချင်း ရန်ကိုင် နားမလည်ခဲ့။ သေချာ ထိုင်တွေးတောပြီးမှပဲ အဓိပ္ပါယ်ကို နားလည်နိုင်ခဲ့သည်။
ဆေးလုံးတစ်လုံး အနေဖြင့် သူ့ဘာသာ စိတ်ဝိဥာဉ်တစ်ခု ရှိလာနိုင်ရန်အတွက် အချိန်အကြာကြီး လိုအပ်သလို သင့်တင့်သည့် ပတ်ဝန်းကျင်ကိုလည်း လိုအပ်ပေသည်။ ဆေးလုံးတစ်လုံးအား အလွန်ကိုမှ စိတ်ဝိဥာဉ်စွမ်းအင် ပေါကြွယ်ဝသော နေရာတွင် နှစ်ထောင်ပေါင်းများစွာကြာအောင် ထားထားလိုက်မည်ဆိုပါက တစ်နေ့နေ့တွင် ထိုဆေးလုံး၌ ဆေးလုံးဝိဥာဉ် ဖြစ်ပေါ်လာပေလိမ့်မည်။
သို့ရာတွင် မည်သူမှ စိတ်ဝိဥာဉ်ဆေးလုံးတစ်လုံး ရရန်အတွက် ထိုမျှကြာအောင် ထိုင်မစောင့်နိုင်ကြပေ။ ထို့အတွက်ကြောင့် စိတ်ဝိဥာဉ်ဆေးလုံးတစ်လုံးကို ရလိုလျှင် ဆေးဖော်စပ်နေစဉ် အတွင်း ဆေးလုံးထဲသို့ စိတ်ဝိဥာဉ်တစ်ခုခု ပေါင်းစပ်ပေးရန် လိုအပ်လာ၏။
ထိုသို့လုပ်နိုင်ရန်အတွက် အရိုးရှင်းဆုံး နည်းလမ်းသည် မွန်းစတားအမြူတေကို ဆေးလုံးဝိဥာဉ်အဖြစ် အသုံးချခြင်းပင်။
မွန်းစတားအမြူတေထဲတွင် ဆေးလုံးဝိဥာဉ်အဖြစ် အသုံးပြုနိုင်သော မွန်းစတားသားရဲ၏ စိတ်စွမ်းအင်အဆီအနှစ် ရှိနေသည်။
ရန်ကိုင်တွင် အဆင့်မြင့်မွန်းစတားသားရဲ အမြူတေများ မရှိသော်လည်း သွေးသားရဲများတော့ ရှိပေသည်။ သွေးသားရဲများကို ဆေးလုံးဝိဥာဉ်အဖြစ် အသုံးပြုနိုင်၏။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးတွင် ဆေးလုံးဝိဥာဉ်သည် မရှိမဖြစ်ပင်။ ရန်ကိုင်တွင်လည်း ဆေးလုံးဝိဥာဉ်အဖြစ်သုံးရန် သွေးသားရဲများသာ ရှိနေသည်။ ထို့ကြောင့် ရန်ကိုင်၏ သွေးသားရဲများမှာ တစ်နေ့ထက်တစ်နေ့ လျော့နည်းလာရတော့သည်။ သို့ရာတွင် ဥာဏ်အလင်းပွင့် ဆေးလုံးနှင့် ယှဉ်လိုက်သော် သွေးသားရဲများကို ဆုံးရှုံးရသည်မှာ ထိုက်တန်ပေသည်။
သွေးမြူသည် ဆေးမီးဖိုထဲ ရောက်နေသည့်တိုင် အပြင်းအထန် ရုန်းကန်နေသေးသည်။
“သောင်းကျန်ချင်တယ်ပေါ့” ရန်ကိုင်သည် မှုန်ကုန်ကုန် အမူအရာဖြင့် လက်ကွက်များ ဖန်တီး၍ ချက်ချင်း သွေးမြူကို ဖိနှိပ်လိုက်လေသည်။
အဆင့်ကိုးသားရဲတစ်ကောင်၏ ဝိဥာဉ်ဆိုသည့်အတိုင်းပင်၊ ထိုသွေးမြူကို ဖိနှိပ်ရန်အတွက် ရန်ကိုင် အတော်လေး အချိန် ယူလိုက်ရလေသည်။
ဆေးရနံ့မှာ ပိုပို၍ သင်းကြိုင်လာခဲ့လေည်။
တစ်ချိန်တည်းတွင် သူ့ကိုယ်ထဲရှိ သူတော်စင်ချီသည် စတင်၍ မတည်မငြိမ် ဖြစ်လာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။
“အချိန်ရောက်တော့မှာပါလား” ဤကဲ့သို့ ဖြစ်ရခြင်းသည် အဆင့်တက်ဖြစ်စဉ် အသက်ဝင်လာတော့မည် ဖြစ်သည့်အတွက် ဖြစ်ပေသည်။
သို့ရာတွင် ဆေးလုံးမှာလည်း ပေါ်လာတော့မည် ဖြစ်သဖြင့် ဆေးဖော်စပ်ခြင်းကို လက်မလျှော့လိုက်နိုင်။ လက်ကွက်များ ဖန်တီး၍ ရန်ကိုင်သည် အစစ်အမှန်ဆေးပညာကျမ်းထဲတွင် ရေးသားထားသည့် ဆေးသိပ်သည်းခြင်း နည်းစနစ်ကို အသက်သွင်းလိုက်လေသည်။
ဆေးမီးဖိုသည် စတင်၍ ပြင်းပြင်ထန်ထန် တုန်ခါလာသည်။ နောက်ဆုံး ရန်ကိုင် လက်ကွက်စည်းအခုတစ်ရာ ဖန်တီးပြီးတော့မှပဲ ငြိမ်သက်သွား၏။ ထို့နောက်တွင် ကလန် ဆိုသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“ဟူး” ရန်ကိုင်သည် ဆေးမီးဖိုကို သူ့လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ချက်ချင်းဆိုသလို ဆေးမီးဖိုထဲမှ အလင်းတန်းသုံးခု ထွက်ပေါ်လာပြီး အရပ်မျက်နှာ သုံးခုဆီသို့ ပျံထွက်သွားကြလေသည်။
“ပြေးချင်တာလား” ရန်ကိုင်က အော်ရယ်မောရင်း ထွက်ပြေးသွားသည့် ဆေးလုံးသုံးကို အလျင်အမြန်ဖမ်းကာ အသင့် ပြင်ထားသည့် ဆေးပုလင်းထဲ ကောက်ထည့်လိုက်လေသည်။
ဆေးလုံးတစ်စုံစာဖြင့် ဆေးလုံးသုံးလုံး ဖော်စပ်နိုင်ခဲ့သည်။ တကယ်ကို ပြောင်မြောက်သည့် စွမ်းရည်တစ်မျိုးပင်။
ကြယ်စီရင်စုထဲရှိ နာမည်ကျော် ဆေးပညာရှင်များပင်လျှင် ဆေးတစ်စုံစာတည်းဖြင့် ဆေးလုံးသုံးလုံးရအောင် မဖော်စပ်နိုင်ပေ။ ဆေးလုံးတစ်လုံး ရဖို့ရာပင် အနိုင်နိုင် ကြိုးစားရသည်။
သို့သော်လည်း ရန်ကိုင်ကမူ ဆေးလုံး တစ်စုံစာတည်းဖြင့် ဆေးလုံးသုံးလုံးရအောင် ဖော်စပ်ပြသွားလေသည်။
အစစ်အမှန်ဆေးပညာကျမ်းထဲ မှတ်တမ်းတင်ထားသော နည်းလမ်းသည် တကယ်ကို အံ့ဩဖို့ကောင်းပေသည်။
ရှေးခေတ်အချိန်များတွင်တော့ ယခုကဲ့သို့ ဖော်စပ်ပြနိုင်သည့် ဆေးပညာရှင်များ ရှိခဲ့လိမ့်မည် ဖြစ်သော်လည်း ထိုနည်းလမ်းများသည် အချိန် ရေစီးကြောင်းထဲ နစ်မြုပ် ပျောက်ကွယ်သွားခဲ့သည့်အတွက် လက်ရှိ အခြေအနေအရ ထိုကဲ့သို့ ဖော်စပ်နိုင်သည့် နည်းလမ်းများ မရှိတော့ချေ။ ယနေ့ခေတ် နည်းစနစ်များသည် ဆေးတစ်စုံစာလျှင် ဆေးလုံး တစ်လုံးသာ ဖော်စပ်နိုင်အောင် လုပ်ပေးနိုင်တော့သည်။
ဂျုန်း… ဂျုန်း…
ကောင်းကင်ထက် မိုးချိန်းသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
မော့ကြည့်လိုက်သည့်အခိုက် သူ့ခေါင်းထက် အနက်ရောင် တိမ်စိုင်တိမ်တိုက်များ စုဝေးနေသည်ကို တွေ့လိုက်ရသည်။ ထိုအနက်ရောင် တိမ်တိုက်ဆီမှ လွင့်မျောတိုက်ကြီး တစ်ခုလုံးကို အမြစ်ဖြတ်ပစ်နိုင်သည့် အဖျက်စွမ်းအားတို့ ဖြာထွက်နေခဲ့၏။
ဤသည်မှာ အစသာ ရှိသေးသည်။ တိမ်တိုက်၏ထုထည် ကြီးမားလာသည်နှင့် အဖျက်စွမ်းအင် အရှိန်အဝါမှာလည်း ပိုပို၍ အားကောင်းလာခဲ့လေသည်။
ရန်ကိုင်၏ အမူအရာ တည်ကြည်သွားခဲ့သည်။ တန်ခိုးရှင်အဆင့်မှ တန်ခိုးရှင်ဘုရင်အဆင့်သို့ တက်ရောက်ရန် သူဖြတ်ကျော်ရမည့် မိုးမြေကောင်းချီသည် ယခင်အခါများနှင့် အတော်လေး ကွဲပြားနေသည်။
တိမ်တိုက်များအား ခဏကြာအောင် မော့ကြည့်နေပြီးနောက် ရန်ကိုင်သည် သူတော်စင်သလင်းကျောက်များကို ထုတ်ကာ ထုချေပစ်လေသည်။
သူတော်စင်သလင်းကျောက်များ ပေါက်ကွဲသွားသည်နှင့် ၎င်းတို့ထဲတွင် ကိန်းအောင်နေသော စွမ်းအင်များ အပြင်ဘက်သို့ ပျံ့လွင့်လာကုန်ကြသည်။ ချက်ချင်းဆိုသလို ရန်ကိုင် ရှိနေသည့် အနီးတစ်ဝိုက်ဝန်းကျင်တစ်ခုလုံး သိပ်သည်းလှသည့် စွမ်းအင်များဖြင့် ပြည့်နှက်သွားတော့သည်။
ယခုတစ်ကြိမ် အဆင့်တက်ဖြစ်စဉ်အတွက် အလွန်များပြားသော မိုးမြေစွမ်းအင်ကို လိုအပ်ပေသည်။ လွင့်မျောတိုက်ကြီးမှာ မိုးမြေစွမ်းအင်သိပ်သည်းကြွယ်ဝသည့် နေရာတစ်ခုဖြစ်သော်လည်း ရန်ကိုင်သည် ဤပတ်ဝန်းကျင်ကို ပို၍ မိုးမြေစွမ်းအင်များဖြင့် သိပ်သည်းသွားအောင် သူတော်စင် သလင်းကျောက်များကို အသုံးပြုခဲ့လေသည်။
သို့ရာတွင် ရန်ကိုင်သည် ထိုမျှနှင့် မရပ်သေး။ လက်ကို ဝှေ့ရမ်းလျက် နက်နဲဆန်းကြယ်သည့် စွမ်းအင်တို့ ကိန်းအောင်းနေသော ခြောက်ထောင့်ပုံ သလင်းကျောက်များကို ထုတ်ကာ သူ့ပတ်ပတ်လည်တွင် စက်ဝိုင်းပုံ စီလိုက်သည်။
ထိုအရာများသည် ရာနှင့်ချီသော နယ်ပယ်ကျောက်တုံးများ ဖြစ်ကြပေသည်။
သူ့တွင်ရှိသော နယ်ပယ်ကျောက်တုံးများအနက် များစွာကို သူ့မိတ်ဆွေဆွေမျိုးများဆီ ပေးခဲ့သော်ငြား သူ့အတွက်လည်း ချန်ထားခဲ့ပေသည်။ ယခု တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်တော့မည် ဖြစ်သည့်အတွက် ထိုနယ်ပယ်ကျောက်တုံးများကို အသုံးချချိန် ရောက်လာခဲ့လေပြီ။
အဆင့်ချိုးဖျက်နေစဉ်အတွင်း နယ်ပယ်ကျောက်တုံးများမှ နယ်ပယ်စွမ်းအင်ကို စုပ်ယူခြင်းသည် နယ်ပယ်အပေါ် ပို၍ ကောင်းမွန်စွာ ထိုးထွင်းသိမြင်နိုင်လိမ့်မည်ဟု ရန်ကိုင် တွေးမိ၏။ ထို့ကြောင့် ထိုကဲ့သို့ လုပ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက်တွင် သွေးသားရဲအားလုံးကို ထုတ်လိုက်သည်။ ရှောင်ရှောင်နှင့် လျို့ယန်ကိုပါ ခေါ်ထုတ်လိုက်လေသည် “မိုင်းသုံးဆယ်ပတ်လည်ကို သွားစောင့်ကြပ်ထား။ တစ်ယောက်မှ ဝင်လာမစေနဲ့။ ဝင်လာတဲ့လူတိုင်းကို သတ်ပစ်လိုက်”
ရန်ကိုင်သည် လူကွေ့ချန်အတွက် ဤကဲ့သို့ ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ ထိုခွေးသူတောင်းစားသာ သူအဆင့်ချိုးဖျက်နေချိန် လာနှောင့်ယှတ်ပါက အကျိုးဆက်မှာ မတွေးရဲစရာပင်။
သွေးသားရဲအားလုံးနှင့် ရှောင်ရှောင်သည် အလျိုလျို ထွက်သွားကြပြီး လျို့ယန် တစ်ယောသာ ကျန်ခဲ့သည်။ လျို့ယန်သည် ကောင်းကင်ပေါ်ရှိ အနက်ရောင် တိမ်တိုက်ကို ကြောက်ကြောက်လန့်လန့်ဖြင့် တစ်ချက် လှမ်းကြည့်ပြီးနောက် အခြားသူများကဲ့သို့ ထွက်သွားလေသည်။
ယခုတစ်ကြိမ် မိုးမြေကောင်းချီ မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း သူမ သိနေသည်။ သူမ၏ ခွန်အားနှင့်ပင် ထိုစွမ်းအားကို အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၀၇)
“ဘာတွေဖြစ်နေတာလဲ။ ဒီနေရာကြီး ဖျက်စီးခံရတော့မှာလား” လူကွေ့ချန်သည် ရန်ကိုင် အဆင့်ချိုးဖျက်နေသည့် နေရာဆီသို့ အပြေးအလွှားသွားရင်း ရေရွတ်လိုက်သည်။
ဒဏ်ရာများမှ သက်သာရုံတင်ရှိသေး လူကွေ့ချန်သည် လွင့်မျောတိုက်ကြီး၏ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ရုတ်ချည်း မျက်လုံးပွင့်လာခဲ့ရသည်။ အနက်ရောင်တိမ်တိုက်များ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး မိုးချိန်းသံများသည် စစ်ဗုံမြည်ဟည်းနေသည့်နှယ် တဂျုန်းဂျုန်း မြည်ဟည်းနေ၏။ မြေပြင်တစ်ခုလုံးသည်လည်း ထိုဖိအားအောက်ဝယ် အဆက်မပြတ် တုန်ခါနေခဲ့လေသည်။
ဘာဖြစ်နေလို့ ဖြစ်နေမှန်းမသိသဖြင့် လူကွေ့ချန်လည်း တစ်ခုခု သိရလေအောင် ဤတိမ်တိုက်များကို ဖြစ်ပေါ်လာစေသည့် ဇာတ်မြစ်ကိုသာ လိုက်ရှာရတော့လေသည်။
ကောင်းကင်ထက်ရှိ တိမ်တိုက်ထုကြီး၏ အရွယ်အစားမှာ တဖြည်းဖြည်း ကြီးမားလာနေခဲ့ပြီး မိုးကြိုးလျှပ်စီးတို့သည် နဂါးများ အားကာယံထက် ခေါက်တုန့်ခေါက်ပြန် သွားလာနေသည့်နှယ် တဖျက်ဖျက် လက်နေခဲ့ကြသည်။
တကယ်ကို ကြောက်မက်ဖွယ်ရာ မြင်ကွင်းပင်…
မိုင်ပေါင်းရာနှင့်ချီအောင် ပျံသန်းလာပြီးနောက် ရုတ်တရက် အနီရောင်တောက်နေသည့် မွန်းစတားသားရဲတစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။
ထိုမွန်းစတားသားရဲကို မြင်လိုက်သည်နှင့် လူကွေ့ချန်၏ ခြေလှမ်းတို့ တုန့်ခနဲ ရပ်တန့်သွားခဲ့လေသည်။ နည်းနည်းလေးမှ ရှေ့ဆက်တိုးမသွားရဲတော့။ သူသာ ရှေ့ဆက်တိုးလျှင် ထိုမွန်းစတားသားရဲ၏ တိုက်ခိုက်ခြင်း ခံရလိမ့်မည်မှန်း ကျိန်းသေ သိနေသည်။
ထိုမွန်းစတားသားရဲသည် ရန်ကိုင်၏ မွန်းစတားသားရဲများ ဖြစ်ကြသည်။ ထို့ကြောင့် နည်းနည်းပါးပါး စဉ်းစားကြည့်ပြီးနောက် လက်ရှိ လွင့်မျောတိုက်ကြီး ဤသို့ ဖြစ်နေရခြင်းမှာ ရန်ကိုင်ကြောင့်မှန်း ချက်ချင်း ဆက်စပ်မိသွားလေသည်။
ရန်ကိုင် ကြယ်အမြူတေကို သန့်စင်လိုက်လို့များ လွင့်မျောတိုက်ကြီး ဤကဲ့သို့ ဖြစ်လာရခြင်းလား။ လူကွေ့ချန် လျှောက်တွေးကြည့်လိုက်သည်။ သို့ရာတွင် သေချာရေရာသည့် အဖြေကား ထွက်မလား။
ချက်ချင်းပဲ လေပေါ် မြင့်မြင့်သို့ ပျံတက်သွားပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
ရန်ကိုင်ကို လှမ်းမြင်လိုက်ရလေပြီ။ မိုင်သုံးဆယ်လောက် ကွာနေသည့်တိုင် သူ့ကျင့်ကြံခြင်းကြောင့် ရန်ကိုင် ပုံရိပ်ကို လူကွေ့ချန်း လှမ်းမြင်နေရသည်။
“ဒါ… ဒါအဆင့်ချိုးဖျက်လို့ ဖြစ်လာတာလား” လူကွေ့ချန် တုန်တုန်ရီရီဖြင့် အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
ရန်ကိုင်သည် လက်ရှိတွင် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူသာ အဆင့် ချိုးဖျက်သွားခဲ့လျှင်… တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
တန်ခိုးရှင်ဘုရင်အဆင့်… ထိုစကားကို စဉ်းစားမိလိုက်သည်နှင့် လူကွေ့ချန် အလွန်ကိုမှ ထိတ်လန့်သွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားခဲ့သည်။
တန်ခိုးရှင်ဘုရင်အဆင့်… ထိုအဆင့်သည် ကြယ်စီရင်စုကြီး၏ အထွဋ်အထိပ်ပညာရှင်များ ရှိနေသည့် အဆင့်ဖြစ်သည်။ တစ်သက်နှင့်တစ်ကိုယ် တစ်ယောက်ယောက် တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်နေသည်ကို မျက်စိတပ်အပ် မြင်ရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။ သူ မြင်ချင်တိုင်း လျှောက်မြင်နေခြင်း မဟုတ်မှန်း သေချာသွားအောင် လျှာကို ကိုက်ကြည့်လိုက်သည်။ နာကျင်မှုကို ခံစားမိလိုက်မှပဲ သူအိမ်မက်မက်နေခြင်း မဟုတ်မှန်း သေချာသွားခဲ့လေသည်။
လွန်ခဲ့သော နှစ်များစွာက သူ့အတွက် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံခြင်းသည် မည်သို့မှ မရောက်ရှိနိုင်သော အဆင့်တစ်ခု ဖြစ်ခဲ့သည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ အကြည့် တစ်ချက်သည် သူ့အား ဤလောကကြီးမှ ပျောက်ကွယ်သွားအောင် လုပ်ပစ်နိုင်ပေသည်။
ယနေ့ထိတိုင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် လူကွေ့ချန် အလွန်ကြောက်ရသည့် လူများ ဖြစ်နေဆဲ။
သူ့ခွန်အား မြင့်မားလာသည်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို လူကွေ့ချန် ကောင်းကောင်း နားလည်လာခဲ့လေသည်။
ဒီကောင်က အခုမှ ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒါတောင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်တော့မယ်။ အရင်တုန်းက ငါလက်နဲ့ဖိသရင်တောင် သေမယ့်ကောင်က အခု…
အတိတ်သည် အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။ သို့ရာတွင် အတိတ်ကို သူသေချာမှတ်မိနေသေးသည်။
ဤကောင်လေးသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့လျှင် သူသည် ကြယ်စီရင်စုကြီးထဲ အသက်အငယ်ဆုံး တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
လူကွေ့ချန်သည် လျှာကိုကိုက်၍ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ပြန်ဆင်းကာ တင်ပလင်ခွေ ထိုင်ချလိုက်သည်။
တစ်ယောက်ယောက်မှ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနေသည်ကို ဤမျှ အနီးကပ် မြင်ခွင့်ရဖို့သည် တကယ်ကို မလွယ်ကူသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် အခွင့်အရေးရတုန်း အမိအရ ဆုပ်ကိုင်ထားရပေမည်။ သူသာ ရန်ကိုင်၏ အဆင့်တက်ခြင်း ဖြစ်စဉ်မှ တစ်ခုခုကို နားလည်နိုင်ခဲ့လျှင် သူ့ကျင့်ကြံခြင်း ခရီးလမ်းသည် ပိုမို ချောမွေ့လာပေလိမ့်မည်။
အနက်ရောင်တိမ်တိုက်များထဲရှိ စွမ်းအင်သည် တဖြည်းဖြည်း အားကောင်းသည်ထက် အားကောင်းလာနေခဲ့သည်။ နောက်ဆုံး အကန့်အသတ်တစ်ခုသို့ ရောက်သွားချိန် ဂျုန်းဆိုသော မြည်သံနှင့်အတူ အနက်ရောင်တိမ်တိုက်များတွင်းမှ မိုးကြိုးတစ်စင်းသည် နဂါးတစ်ကောင် ခုန်ဆင်းလာသည့်နှယ် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့လေသည်။
ထိုမိုးကြိုး ရန်ကိုင်ဆီသို့ ရောက်ရှိချိန် ထွက်ပေါ်လာသည့် ရိုက်ခတ်အားကြောင့် လွင့်မျောတိုက်ကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။
“ဒါ…” ထိုမြင်ကွင်းကိုကြည့်ရင်း လူကွေ့ချန် တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည် “ကြောက်ဖို့ကောင်းလိုက်တာ”
ကျင့်ကြံသူတစ်ဦး အဆင့်ကြီးတစ်ဆင့် ချိုးဖျက်တိုင်း မိုးမြေကောင်းချီးနှင့် ကြုံရသည်။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့်အညီ လူကွေ့ချန်သည်လည်း မိုးမြေကောင်းချီကို တစ်ကြိမ်မက ကြုံခဲ့ဖူးပေသည်။ လွန်ခဲ့သော နှစ်သုံးဆယ်ခန့်ကပင် သူသည် မိုးမြေကောင်းချီးကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ်ပြီး တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် သူကြုံခဲ့ရသည့် မိုးမြေကောင်းချီး၏ စွမ်းအား အကုန်လုံးပေါင်းသည် ယခု ပစ်ချသွားသည့် မိုးကြိုးတစ်စင်းစာလောက်ပင် မရှိချေ။
ဤသည်မှာ ပထမဆုံး မိုးကြိုးသာ ရှိသေးပြီး နောက်ထပ် မိုးကြိုးများ တစ်စင်းပြီးတစ်စင်း ရောက်လာပေဦးမည်။
“ငါသာဆိုရင် အဲ့မိုးကြိုးနဲ့ အသက်ရှင်နိုင်ပါ့မလား” ထိုမိုးကြိုးကိုကြည့်ရင်း လူကွေ့ချန် သူ့ကိုယ်သူ ရန်ကိုင် နေရာ၌ နေကြည့်လိုက်သည်။ သူသာ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးနှင့် ရင်ဆိုင်ရလျှင် ဘာလုပ်မိမလဲ တွေးကြည့်သည်။
အဖြေကား ရှင်း၏။
ဘာမှပင် လုပ်စရာမလို။ ထိုမိုးကြိုးတစ်ချက်နှင့်ပင် သူတန်းအသက်ပျောက်သွားပေလိမ့်မည်။ ကံကောင်း၍ အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင်ပင် နောက်လာမည့် မိုးကြိုးအောက်၌ ကျိန်းသေ သေပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက်တွင် လူကွေ့ချန်၏ အရှိန်အဝါ ရုတ်ချည်း မတည်မငြိမ် ဖြစ်လာခဲ့လေသည်။ ယုံကြည်ချက် အပြည့်ဖြင့် လျှောက်လှမ်းလာခဲ့သော သူ့သိုင်းတာအို လမ်းစဉ်သည် ရန်ကိုင်၏ မိုးမြေကောင်းချီးကို မြင်ပြီးနောက်တွင် စတင် ယိမ်းယိုပြိုလဲစ ပြုလာခဲ့၏။
ဂျုန်း…
နောက်ထပ် မိုးကြိုးတစ်စင်း ထပ်ကျလာခဲ့သည်။ ထိုမိုးကြိုးသည် ရန်ကိုင်ပေါ်သို့သာ ပစ်ချခြင်း ဖြစ်သော်လည်း ထိုးမိုးကြိုးတစ်ကြိမ် ပစ်ချလိုက်တိုင်း လူကွေ့ချန်၏ သိုင်းတာအိုမှာ ပိုပို၍ ယိုင်နဲ့လာခဲ့ရလေသည်။
ရုတ်တရက် လူကွေ့ချန် သွေးထိုးအန်လေသည်။ ထို့နောက် သူ့အရှိန်အဝါသည် လေလျော့သွားသည့် ပူးပေါင်းတစ်လုံးနှယ် ရုတ်ချည်း ထိုးကျသွားခဲ့သည်။
ကျင့်ကြံခြင်းမှာလည်း တန်ခိုးရှင်ဒုတိယအဆင့်မှ ပထမအဆင့်၊ ထိုမှတစ်ဆင့် သူတော်စင်ဘုရင် တတိယအဆင့်…
နောက်ဆုံး သူတော်စင်ဘုရင်ဒုတိယအဆင့်ထိ ထိုးကျသွားခဲ့လေသည်။
ကိုယ့်သေလမ်း မရှာလျှင် မသေရမည့် အရေးကို ဘာကြောင့်များ ကိုယ့်သေလမ်းကိုယ် လိုက်ရှာကြရသနည်း။
ရန်ကိုင်၏ မိုးမြေကောင်းချီးကိုကြည့်ပြီး အကျိုးအမြတ်အချို့ ရယူလိုသည့် လူကွေ့ချန်၏ အစီအစဉ်မှာ အမှားအယွင်း မရှိခဲ့ပေ။ သို့ရာတွင် သူမသိသည်မှာ ရန်ကိုင်၏ မိုးမြေကောင်းချီးသည် သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ မိုးမြေကောင်းချီထက် အဆပေါင်းများစွာ ပိုအားကောင်းသည်ကိုပင်။
ယခုတစ်ကြိမ် ထွက်ပေါ်လာသည့် မိုးမြေကောင်းချီးသည် ရန်ကိုင်ကိုယ်တိုင်ပင် ပြန်ကြောက်နေရသည့် မိုးမြေကောင်းချီး ဖြစ်လေရာ လူကွေ့ချန်ကဲ့သို့ လူတစ်ယောက်က မည်သို့များ မလန့်ဘဲ နေမည်နည်း။
လူကွေ့ချန်သည် သူ့ကိုယ်သူ ပါရမီရှင်တစ်ဦးဟု တွေးထားခဲ့သည်မှာ အမှားကြီးတစ်ဦး ဖြစ်သည်။ သူ့ကျင့်ကြံခြင်း တန်ခိုးရှင်ဒုတိယအဆင့်သို့ ရောက်နေရခြင်းမှာ ဆေးပင်များ၏ အကူအညီကြောင့် ဆိုသည်ကို သူမသိလေသရော။ သူ့ကဲ့သို့ လူတစ်ဦးမှ သူ့ကိုယ်သူ ရန်ကိုင်လို လူတစ်ယောက်ဟု မှတ်ယူလိုက်သည်မှာ သူလုပ်လိုက်သည့် အကြီးမားဆုံးအမှား ဖြစ်သည်။
ကျင့်ကြံခြင်းလမ်းကြောင်းသည် အတားအဆီးများဖြင့် ပြည့်နေသည်။ အဆင့်တက်တိုင်း တက်တိုင်း ကြုံရသည့် အတားအဆီးများမှာ ပိုမို များပြားလက်ခဲလာသည်။ လူကွေ့ချန်သည် သူရှေ့ဆက်လျှောက်လှမ်းရမည့် သိုင်းတာအိုအပေါ် မေးခွန်းထုတ်ခဲ့သည်။ ပြန်လည် သုံးသပ်ခြင်း မရှိ။ ရန်ကိုင် နေရာတွင် သူသာ ဖြစ်ခဲ့လျှင်ဟုတွေးလျက် တဖြည်းဖြည်း စိတ်အားငယ်လာခဲ့သည်။ ဤသို့ဖြင့် သူအနှစ်နှစ် အလလ တည်ဆောက်လာခဲ့ရသော သိုင်းတာအိုသည် သူ၏ သိမ်ငယ်စိတ်ကြောင့် ယိမ်းယိုင်ပြိုနဲ့လာခဲ့ရလေသည်။
သူ့ကျင့်ကြံခြင်း အဆင့် ထိုးကျသွားခြင်းသည် သူ့အသက်ကို ကယ်တင်လိုက်သည်ဟု ပြောရမည်။ သူသာ သူ့ကိုယ်သူဆက်ပြီး မေးခွန်းထုတ်နေကာ သိမ်ငယ်စိတ်ဟာလည်း ကြီးမားသည်ထက် ကြီးမားလာခဲ့မည်ဆိုလျှင် သိုင်းတာအိုလမ်းစဉ် ပျက်စီးသွားခြင်းမှ ဘေးထွက်ဆိုးကျိုးသည် သူ့အသက်ကိုပင် ချွေယူသွားနိုင်သည်။
လူကွေ့ချန်သည် သူ့ကျင့်ကြံခြင်း လျော့ကျသွားသည့်အပေါ် ဂရုပင်မစိုက်နိုင်တော့ဘဲ ငေးကြောင်ကြောင်ဖြင့်သာ ရှေ့တည့်တည့်သို့ ငေးကြောင်ကြည့်နေခဲ့လေသည်။ သူ့မျက်လုံးများသည် စိတ်အားတက်ကြွမှု မရှိတော့သည့် လူတစ်ဦး၏ မျက်လုံးကဲ့သို့ မှိုင်းတိုင်းတိုင်း ဖြစ်နေခဲ့လေသည်။
တစ်ချိန်တည်းတွင်… လွင့်မျောတိုက်ကြီး၏ အပြင်ဘက်ရှိ သေမင်းချောက်နက်ထဲတွင်…
ရန်ကိုင် ပျောက်သွားသည်မှာ မကြာသေးသော်လည်း ကျိလုန်နှင့် သူ့သားမှာတော့ စိတ်မရှည် ဖြစ်နေခဲ့လေပြီ။ ကွေ့ဇူကမူ အေးအေးဆေးဆေးဖြင့်သာ ရှိနေသည်။
ကွေ့ဇူမှာ ရန်ကိုင် လုံခြုံပါသည်ဟု အထပ်ထပ်အခါခါ ပြောထားသော်လည်း ရွှယ့်ယွယ်မှတော့ စိတ်မအေးနိုင်။ ကွေ့ဇူနားသို့ကပ်၍ တိုးတိုးလေး မေးလိုက်လေသည် “စီနီယာ၊ ရန်ကိုင် ထွက်သွားတာ ဆယ်ရက်တောင် ရှိတော့မယ်။ ဘာလို့ အခုထိ ဘာလှုပ်ရှားမှုမှ မတွေ့ရသေးတာလဲ”
“အဲ့ဒါဆို နင်က ဘာမြင်ချင်နေတာလဲ” ကွေ့ဇူက ရွှယ့်ယွယ်ဘက်သို့လှည့်၍ “သူ့ရှိနေတဲ့နေရာက သူ့အတွက် လုံခြုံနေပြီးသား။ အဲ့ဒါကို နင်က သူ့ကို အပြင်ထွက်လာစေချင်နေတာလား”
“အဲ့လိုမဟုတ်ပါဘူး” ရွှယ့်ယွယ်က သူမလက်ကို ကမန်းကတန်း ဝှေ့ရမ်းလျက် “သူလုံခြုံနေရင် အဆင်ပြေပါတယ်။ ကျွန်မစိတ်ထဲ သူတစ်ခုခု…”
“စိတ်ကိုငြိမ်ငြိမ်ထား၊ ဘာမှ တွေးပူမနေနဲ့။ ဒီလူအိုကြီး ကိုယ်တိုင် ပြောပြီးသားလေ။ အဲ့နေရာက ဒီလူအိုကြီးကို နှစ်ထောင်နဲ့ချီပြီး ပိတ်နိုင်ခဲ့ပေမယ့် ရန်ကိုင်က အဲ့ထဲကနေ ထွက်လာနိုင်ခဲ့တယ်လို့။ သူသာ ထွက်လာချင်လျှင် သူ့ဘာသာ ထွက်လာလိမ့်မယ်။ စိတ်မပူနဲ့၊ သူထွက်လာရင် နင့်သူ့ကို ဘယ်လောက် စိတ်ပူနေကြောင်း ငါပြောပြပေးလိုက်မယ်”
“စီနီယာ…” ရွှယ့်ယွယ် ရှက်သွေးဖြာသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ခြေဆောင့်တော့လေသည်။
“ငါအကြာကြီး စောင့်လို့မရဘူး” ဘေးနားတွင် ရပ်နေသော နီကွမ်းက မျက်မှောင်ကြုတ်၍ “ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ဟေး၊ တစ္ဆေအိုကြီး၊ ငါမရှိရင် အဲ့ကျိလုန်ကို မင်းတစ်ယောက်တည်း တိုက်နိုင်လား”
“မင်ငါ့ကို လာအထင်သေးနေတာလား” ကွေ့ဇူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ကျိလုန်က ငါ့အတွက် ဘာကောင်မှ မဟုတ်ဘူးကွ”
“မင်ကျိလုန်ကို ထိန်းထားနိုင်ရင်တောင် ရှုဝေနဲ့ ခုန်ဖ ရှိသေးတယ်။ အဲ့နှစ်ယောက်က ရန်ကိုင်ကို လိုက်ဖမ်းမှာ။ အဲ့အချိန်ကျ မင်းဘာလုပ်မှာလဲ”
ကွေ့ဇူ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထိုကိစ္စကို သူစိတ်ပူနေခြင်း ဖြစ်သည်။
နီကွမ်း ထွက်သွားပြီး၊ ရန်ကိုင် ထွက်လာခဲ့လျှင် ကျိလုန်ဘက်၌ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူသုံးဦး ရှိနေလိမ့်မည်ဖြစ်ပြီး သူကတော့ တစ်ယောက်တည်း ဖြစ်သည်။ သူ့အနေဖြင့် ကျိလုန်ကို ထိန်းထားနိုင်သော်လည်း ရှုဝေနှင့် ခုန်ဖ ရှိနေသေးသည်။ ရှုဝေသည် အလွန် အားနည်းနေပြီ ဖြစ်သည့် အတွက်ကြောင့် သူ့အား ထည့်မတွက်လျှင်ပင် ခုန်ဖ ရှိသေးသည်။ ရန်ကိုင်သည် ခုန်ဖကို သူ့ဘာသာ ကိုင်တွယ်နိုင်မည်နည်း။
ခုန်ဖသည် လက်ရှိတွင် ကျိလုန်ဘက်၌ ရပ်နေခဲ့သည်။ ကျိလုန် မည်သို့သော အကျိုးအမြတ်ပေး၍ ဆွယ်ထားသလဲ ဆိုသည်ကို ကောင်းကင်သာ သိပေလိမ့်မည်။
ထိုအကြောင်းတွေးရင်း ကွေ့ဇူ ခေါင်းကိုက်ချင်လာသည်။
ကွေ့ဇူ မျှော်လင့်သည်မှာတော့ ရန်ကိုင် အနေဖြင့် ထိုထဲတွင် ဆက်ပုန်းနေဖို့ပင်။ ကျိလုန် အနေရာတွင် တစ်သက်လုံး ထိုင်စောင့်နေလိမ့်မည်ဟု ကွေ့ဇူ မယုံကြည်ပေ။ ခရမ်းကြယ်၏ ဂိုဏ်းချုပ်တစ်ယောက်တွင် မည်သို့များ ထိုမျှ အချိန်အများကြီး ရှိနိုင်မည်နည်း။
“ဟန်” နီကွမ်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏ “အဲ့ဒါက…”
“တစ်ခုခု ပုံမှန်မဟုတ်သလိုပဲ။ ဘာတွေ ဖြစ်နေတာလဲ” ကွေ့ဇူလည်း ရေရွတ်လိုက်သည်။
ကျိလုန်၊ ရှုဝေနှင့် ခုန်ဖတို့သည်လည်း ထိုပုံမှန်မဟုတ်သည့် အချက်ကို သတိပြုမိသွားခဲ့သည်။ သုံးယောက်သည် ဟင်းလင်းပြင်ထဲရှိ တွန့်လိမ်လျက် အားကောင်းသည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်နေသော တစ်ခုသော နေရာကို စိုက်ကြည့်လိုက်ကြလေသည်။
“ဘာဖြစ်နေတာလဲ” နီကွမ်းသည် ဇဝေဇဝါ အမူအရာဖြင့် ကွေ့ဇူဘက်သို့ လှည့်မေးလိုက်သည်။
“ဘာလို့ ငါ့ကို လာမေးနေတာလဲ။ ငါလည်း သိမှမသိတာ” ကွေ့ဇူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ လွင့်မျောတိုက်ကြီးပေါ်တွင် နှစ်ပေါင်း နှစ်ထောင်ကျော်အောင် ပိတ်မိနေခဲ့သည့်တိုင် လက်ရှိ အခြေအနေနှင့် ပက်သက်၍ ဘာမှ မပြောနိုင်ခဲ့ပေ။
“ပရမ်းပတာဝဲကတော့ ဖြစ်လာနေတာလား” ရွှယ့်ယွယ်က ဝင်မေးလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခိုက် ကွေ့ဇူကော၊ နီကွမ်းကော တုန်ရီသွားခဲ့ကြလေသည်။
ပရမ်းပတာ ဝဲကတော့သည် ဝင်သွားလို့ကောင်းသည့် နေရာတစ်ခုမဟုတ်ချေ။ ပရမ်းပတာဝဲကတော့သာ ဖြစ်လာလျှင် သူတို့ အကုန်လုံး ထွက်ပြေးမှ ရပေလိမ့်မည်။ ကွေ့ဇူသည် ပရမ်းပတာဝဲကတော့ထဲ ပါသွားပြီး လွင့်မျောတိုက်ကြီးပေါ်သို့ တစ်ကြိမ် ရောက်သွားခဲ့ဖူသည်။ သို့သော် တစ်ကြိမ်သာ။ ထိုနေရာသို့ သူလုံးဝ နောက်တစ်ကြိမ် ပြန်မရောက်ချင်တော့ချေ။ ထို့အပြင် ကံသာမကောင်းလျှင် လွင့်မျောတိုက်ကြီးဆီသို့ပင် ရောက်လိုက်မည် မဟုတ်ဘဲ ပရမ်းပတာဝဲကတော့ထဲ၌ပင် တစ်စစီဖြစ်အောင် ဆုတ်ဖြဲခြင်း ခံရပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၀၈)
“ကြည့်” ရွှယ့်ယွယ်က ရုတ်တရက် လက်ညိုးထိုး၍ “အထဲကို လှမ်းမြင်နေရတယ်”
မှိတ်တုတ်မှိတ်တုတ် ပေါ်နေသော အက်ကြောင်းများမှ တစ်ဆင့် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ရပ်ကို အကုန်လုံး မြင်လိုက်ရလေသည်။
“အထဲကို ဘယ်လိုလုပ်ပြီး လှမ်းမြင်နေရတာလဲဟ” ကွေ့ဇူ သူ့လျှာသူ ပြန်ကိုက်လုမတတ် ဖြစ်သွားခဲ့သည်။ အက်ကြောင်းများသည် အလွန်ကိုမှ သေးငယ်ပြီး မတည်မငြိမ် ဖြစ်နေသော်လည်း လွင့်မျောတိုက်ကြီးနှင့် ဆင်တူသည့် မြင်ကွင်းကိုတော့ ကွေ့ဇူ လှမ်းမြင်နေရပေသည်။
“ရန်ကိုင် ဝင်သွားတာ အဲ့နေရာလား” ရွှယ့်ယွယ်က မေးလိုက်၏။
“ဟုတ်တယ်။ ငါထင်ထာ မမှားရင်ပေါ့။ ဒါပေမယ့်…နေပါဦး၊ မင်းတို့ တစ်ခုခု ကြားလိုက်လား” ကွေ့ဇူသည် နားစွင့်နေသည့် အမူအရာဖြင့် နီကွမ်းနှင့်ရွှယ့်ယွယ်ဘက်သို့လှည့်၍ မေးလိုက်သည်။
ရွှယ့်ယွယ်က ခေါင်းခါပြ၏။ သို့ရာတွင် နီကွမ်းက နားစွင့်ကြည့်ရင်း ခေါင်းညိတ်၍ “ကြားတယ်… မိုးချိန်းသံလိုလို အသံမျိုးပဲ။ ပြီးတော့ အဲ့ကလာနေတဲ့ အရှိန်အဝါက… ၊ မဟုတ်မှလွဲရော အဲ့ကောင် အဆင့်တက်ဖို့ လုပ်နေတာလား”
“ဒီလို ဖြစ်နေတာ သူအဆင့်တက်တာကြောင့်လို့ မင်းပြောချင်နေတာလား” ကွေ့ဇူ၏ အမူအရာ ပြောင်းလဲသွားသည်။
“မဟုတ်လို့လား” နီကွမ်းက ပြန်မေးလိုက်သည်။
“ဟုတ်တယ်ထင်ရပေမယ့် အဲ့နေရာက သီးသန့် ကမ္ဘာတစ်ခုကြီး။ ရန်ကိုင် အဆင့်တက်နေတယ် ဆိုရင်တောင် သူအဆင့်တက်တဲ့ ဖြစ်စဉ်က လေဟာနယ်ကိုကျော်ပြီး ဒီနေရာထိ ရောက်လာနိုင်တာက ဖြစ်နိုင်ပါ့မလား” ကွေ့ဇူက မယုံကြည်နိုင်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။
ပြောသာပြောလိုက်သော်ငြား ယခု ဖြစ်စဉ်သည် ရန်ကိုင်ကြောင့် ဖြစ်သည်ဟု ယုံကြည်နေမိသည်။ အခြားသူများ ဤကဲ့သို့ဖြစ်အောင် မလုပ်နိုင်လျှင်ပင် ရန်ကိုင်ကတော့ မလုပ်နိုင်ဟု မဆိုလိုပေ။
“အဲ့လိုသာဆိုရင်တော့ အဲ့ကောင် ပြဿနာ တက်ပြီ” နီကွမ်းက အလျင်အမြန် ပြန်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ” ရွှယ့်ယွယ်၏ မျက်နှာလှလှလေး ရုတ်ချည်း ဖြူဖတ်ဖြူလျော် ဖြစ်သွားလေသည်။
“အရှိန်အဝါက အရမ်း ပြင်းလွန်းနေတယ်။ လေဟာနယ်ကို ကျော်ပြီးတော့တောင် ရောက်လာနိုင်တယဆိုတော့ ကျိန်းသေ ပေါ့သေးသေးတော့ ဟုတ်မှာမဟုတ်ဘူး။ သူတောင့်ခံနိုင်မလား၊ ဘယ်သူမှ မပြောနိုင်ဘူး” နီကွမ်းက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
အဆင့်တက်ရာမှ ဖြစ်ပေါ်လာသော မိုးမြေကောင်းချီးကို မတောင့်ခံနိုင်လျှင် ဆိုးရွားသော အကျိုးဆက်များကို ရင်ဆိုင်ရနိုင်၏။ သို့ရာတွင် တန်ခိုးရှင်ဘုရင်အဆင့်အား ချိုးဖျက်ရင်း ဖြစ်ပေါ်လာသည့် မိုးမြေကောင်းချီးကို မတောင့်ခံနိုင်လျှင်တော့ ဒုက္ခိတ ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် သေဖို့သာ ရှိပေသည်။ အခြားရလဒ် မရှိပေ။
ယခုအခြေအနေအရ ရန်ကိုင် သေဖို့သည် ပို၍ ရာခိုင်နှုန်း များနေပေသည်။
နီကွမ်းနှင့် ကွေ့ဇူတို့ စကားပြောနေကြစဉ် ကျိလုန်၊ ရှုဝေနှင့် ခုန်ဖတို့သည်လည်း စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည့် နေရာဆီသို့ လက်ညိုးထိုး၍ စကားပြောနေခဲ့ကြသည်။ ကျိလုန်၏ မှုန်ကုတ်ကုတ် မျက်နှာသည် တဖြည်းဖြည်းနှင့် ပြိုတော့မည့်မိုးနှယ် ဖြစ်လာခဲ့လေသည်။
ရန်ကိုင် အဆင့်တက်သွားမည်ကို သူစိတ်မပူချေ။ ရန်ကိုင် အဆင့်တက်သွားလျှင်ပင် ဘာအရေးနည်း။ အများဆုံးမှ တန်ခိုးရှင်ဘုရင် ပထမအဆင့်သာ ရှိပေဦးမည်။ တန်ခိုးရှင်ဘုရင် ပထမအဆင့်တစ်ဦးကို သူကြောက်ရမည်လား။ တန်ခိုးရှင်ဘုရင် ပထမအဆင့်တစ်ဦးကို ကြောက်သဖြင့် ထွက်ပြေးရလျှင် သူ့ရာဇဝင် ရိုင်းသွားရပေလိမ့်မည်။
သို့ရာတွင် သူစိတ်ပူနေသည့်အရာတော့ ရှိသည်။ အင်မော်တယ်သစ်ပင်အား မရနိုင်တော့မည်ကိုပင်။
“ခွေးကောင်ကွာ” ရန်ကိုင် အောင်မြင်ပါစေဟု ဆုတောင်ရင်း ကျိလုန်သည် ရန်ကိုင်အား လှမ်း၍ ကျိန်ဆဲနေလေသည်။
အလျင်မပြတ် စိမ့်ထွက်လာနေသည့် စွမ်းအင်များကို ကြည့်ရင်း အကုန်လုံးသည် ရင်တမမဖြင့် ရန်ကိုင် အဆင့်တက်နေသည်ကို စောင့်ဆိုင်းနေခဲ့ကြလေသည်။
တစ်ရက်ခန့် ကြာသည့်အခါမှသာ ကသောင်းကနင်း ဖြစ်နေသော ဟင်းလင်းပြင် ပြန်လည် တည်ငြိမ်သွားခဲ့ပြီး မိုးချိန်းသံတို့မှာလည်း တိုးလျှိုပျောက်ကွယ်သွားခဲ့ရလေသည်။
“သူအောင်မြင်သွားတာလား” ရွှယ့်ယွယ်သည် မီးခဲဖု ဖင်ခုထိုင်နေရသည့်နှယ် အလွန်ကိုမှ စိတ်ဂနာမငြိမ် ဖြစ်နေခဲ့သည်။ ဖြစ်သာဖြစ်နိုင်လျှင် လွင့်မျောတိုက်ကြီးဆီသို့ ပြေးသွားပြီး အခြေအနေ မည်သို့ရှိသလဲ ပြေးကြည့်လိုက်ချင်မိသည့် အထိပင်။
သို့ရာတွင် ထိုသို့ မလုပ်နိုင်သဖြင့် ရင်တမမဖြင့်သာ ရပ်စောင့်နေခဲ့ရလေသည်။ ရန်ကိုင်၏ အဆင့်တက်ခြင်း ဖြစ်စဉ်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူတို့ ရှိနေသည့် နေရာမှ ရန်ကိုင်၏ အခြေအနေကို လှမ်းမမြင်ရသည့်အတွက် ရန်ကိုင် အောင်မြင်သွားလား၊ ရှုံးနိမ့်သွားသလား ဆိုသည်ကို မပြောနိုင် ဖြစ်နေခဲ့ကြသည်။
လွင့်မျောတိုက်ကြီးပေါ်ရှိ ရန်ကိုင် ရှိနေခဲ့သည့် နေရာတွင် တွင်ပေါက်ကြီးတစ်ခု ရှိနေခဲ့သည်။ ယခင်က တည်ရှိခဲ့သော သာယာလှပသည့် ရှုခင်းအားလုံးမှာ မိုးကြိုးဒဏ်ချက်ကြောင့် ပျက်စီးသွားကုန်ကြလေပြီ။ စိမ်းစိမ်းစိုစိုရှိနေသည့် ဘာရှုခင်းမှ မရှိလေတော့။ မီးကျွမ်းထားသည့် လွင်းတီးခေါင်မြေကြီးသာ ရှိတော့သည်။ သင်းပျံမွှေးကြိုင်သည့် ပန်းရနံ့တို့ဟာလည်း မီးကျွမ်းနံ့တို့၏ အစားထိုးခြင်း ခံလိုက်ရကုန်လေပြီ။
ကျင်းပေါက်အလယ်တွင်တော့ မီးကျွမ်းထားသည့် ပုံရိပ်တစ်ခု ထိုင်နေခဲ့သည်။ ထိုလူသည် ရန်ကိုင်မှလွဲ၍ မည်သူများ ဖြစ်နိုင်ဦးမည်နည်း။
“နည်းနည်းလောက်တောင် မညှာဘူးကွာ” ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း ညည်းတွားလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ညက်ညက်ကြေအောင် ထုထောင်းထားခံရသည့်အလား ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေခဲ့လေသည်။ လက်ချောင်းလေး တစ်ချောင်းပင် လှုပ်မရ။ နည်းနည်းလေး လှုပ်လိုက်သည်နှင့် တစ်ကိုယ်လုံး မီးပြင်းပြင်းနှင့် ကင်ခံလိုက်ရသည့်နှယ် အလွန်ကိုမှ ပူလောင်နာကျင်လာသည်။
တန်ခိုးရှင်ဘုရင်အဆင့်သို့ တက်ရာတွင် ကြုံရသည့် မိုးမြေကောင်းချီးသည် သူထင်ထားသည်ထက်ကို ပိုမို ပြင်းထန်နေခဲ့သည်။
သူ့အတွက် အဆင့်ကြီးတစ်ဆင့် ချိုးဖျက်ဖိုးအရေးသည် သေမင်းနှင့်စစ်ခင်းနေရသလားဟုပင် ထင်မှတ်ရသည်။ တစ်ခါမှ အေးအေးဆေးဆေးဖြင့် အဆင့်ချိုးဖျက်သွားနိုင်သည့် အခါဟူ၍ မရှိ။ အကြိမ်တိုင်းအား သေကောင်ပေါင်းလဲ ရုန်းကန်ပြီးမှသာ ဖြတ်ကျော်နိုင်ခဲ့၏။
ယခုတစ်ကြိမ် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရာ၌လည်း မိုးမြေကောင်းချီးကို ဖြတ်ကျော်နိုင်ရန်အတွက် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာ ကျင့်စဉ်ကိုသာမက နဂါးအသွင်းပြောင်းလဲခြင်း ကျင့်စဉ်ကိုပါ ထုတ်သုံးခဲ့ရလေသည်။
လောလောဆယ်တွင် နဂါးအသွင်ပြောင်းလဲခြင်းကျင့်စဉ်ကို ပြန်မရုတ်သိမ်းရသေးသည့်အတွက် သူ့ညာဘက်လက်မောင်း တစ်ခုလုံး အကြေးခွံများဖြင့် ဖုံးနေပြီး လက်ချောင်းများမှာလည်း နဂါးလက်သည်းကဲ့သို့ ချွန်ထက်နေခဲ့သည်။ သို့ရာတွင် မိုးမြေကောင်းချီကို ရင်ဆိုင်ထားရသည့်အတွက် သူ့လက်မောင်း တစ်ခုလုံး သွေးချင်းနီနေပြီး ကြွေးခွံများမှာလည်း စုတ်ပြဲထွက်ကုန်နေလေ၏။
သေကောင်ပေါင်းလဲ ဖြစ်နေသော်လည်း လက်ရှိ သူ့အခြေအနေကို ဆန်းစစ်ပြီးနောက် ရန်ကိုင် အပြုံးကြီး ပြုံးဖြီးသွားလေသည်။
တန်ခိုးရှင်ဘုရင်အဆင့်… နောက်ဆုံးတွင် ဤအဆင့်သို့ သူရောက်ခဲ့လေပြီ။
သူ့ကိုယ်ထဲ တလှိုက်လှိုက် ထနေသော စွမ်းအင်သစ်နှင့် ထပ်မံထိုးထွင်းနားလည်လာသော တစ်မူကွဲပြားသည့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို ခံစားမိလိုက်သည့်နောက် ယခုကဲ့သို့ သေအံ့ဆဲဆဲ ဖြစ်ရသည်မှာ ထိုက်တန်သည်ဟု တွေးမိသွားလေသည်။
တန်ခိုးရှင်အဆင့်မှ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်သွားသည်မှာ ကမ္ဘာသစ်တစ်ခုကို ရောက်လာလိုက်သလိုပင်။
ခေတ္တ အနားယူပြီးနောက်၊ နာကျင်မှုကို တောင့်ခံရင်း ခက်ခက်ခဲခဲ ကုန်းထ၍ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများကို လက်တစ်ဆုပ်စာ နှိုက်ယူလိုက်သည်။ ထို့နောက် ပါးစပ်ထဲ ထည့်ကာ တခွပ်ခွပ်မြည်အောင် ဝါးစားတော့၏။
ပြီးသည့်နောက်၌… သူ့ဒန်တန်၊ ခန္ဓာကိုယ်နှင့် ဝိဥာဉ်အား အာရုံစိုက်ကာ စတင် ချိတ်ဆက်တော့လေသည်။
ဤအချိန်သည် ကျင့်ကြံခြင်းကို တည်ငြိမ်အောင်လုပ်ရန် အကောင်းဆုံး အချိန်ဖြစ်သည့်အလျောက် ရန်ကိုင်သည်လည်း လက်ရှိအချိန်အား နည်းနည်းလေးမှ အလဟဿ မဖြစ်လိုပေ။
နဂါးကြေးခွံများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်အလင်းတို့ဖြင့် တလက်လက် တောက်ပလာခဲ့သည်။ ဆိုးဆိုးရွားရွား ထိခိုက်ထားသော ဒဏ်ရာများသည် ရွှေရောင်သွေး၏ ပြန်လည် ကုစားမှုအောက်တွင် လျင်မြန်စွာ သက်သာပျောက်ကင်းလာကြလေသည်။
သူ့ကိုယ်မှ ဖြာထွက်နေသော ရွှေရောင်အလင်းသည် အချိန်ကြာလာသည့်အလျောက် ပိုမို တောက်ပလာခဲ့သည်။ နောက်ဆုံး ရန်ကိုင် မတ်တပ်ရပ်လိုက်သည့် အချိန်တွင် သူ့ဆီမှ ဖြာထွက်နေသည့် ရွှေရောင်အလင်းကြောင့် သူ့ခန္ဓာကိုယ်ကိုပင် မမြင်နိုင်တေ့ပေ။
ရွှေရောင်သွေးစက်၏ စွမ်းအင်သည် ယခင်ထက် အဆပေါင်းများစွာ ပိုမို အားကောင်းလာခဲ့လေပြီ။
တစ်ရက်ကြာပြီးနောက် ရွှေရောင်အလင်းများ ပျောက်ကွယ်သွားပြီး ရန်ကိုင်၏ပုံရိပ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
ခန္ဓာကိုယ်ကို တစ်ချက်တွန့်ကာ ကိုယ်ပေါ်တွင် ကပ်နေသော သွေးခြောက်များကို ဖယ်ရှားလိုက်ပြီးနောက် ရန်ကိုင်သည် တစ်ခုခုကို သတိရသွားကာ သိုလှောင်လက်စွပ်ထဲ လိုက်ရှာတော့၏။ ထို့နောက်တွင် ပုလင်းလေးတစ်ပုလင်းကို ထုတ်ကာ ပုလင်းထဲရှိ ဆေးလုံးကို လက်ဝါးပေါ်သို့ သွန်ချလိုက်၏။
ဥာဏ်အလင်းပွင့်ဆေးလုံးပင်…
ဤဆေးလုံးသည် သူဖော်စပ်ခဲ့သည့် ဥာဏ်အလင်းပွင့်ဆေးလုံး သုံးလုံး ဖြစ်ပေသည်။
သုံးလုံးအနက် တစ်လုံးတွင် ဆေးသွေးကြောပါပြီး ကျန်နှစ်လုံးတွင်တော့ ဆေးသွေးကြောမပါချေ။ သို့ရာတွင် ထိုဆေးလုံးနှစ်လုံးစလုံးသည် အဆင့်မြင့် ဆေးလုံးများချည်း ဖြစ်ကြပေသည်။
“မင်းကိုရွေးမယ်” ရန်ကိုင်သည် ဆေးသွေးကြောပါသည့် ဆေးလုံးကို ကောက်ယူ၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ချက်ချင်းပဲ တင်ပလင်ခွေထိုင်ကာ ဆေးအာနိသင် ရှိနေတုန်း ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ထိုးထွင်းသိမြင်နားလည်အောင် စတင် ကြိုးစားတော့သည်။ ဥာဏ်အလင်းပွင့်ဆေးလုံးကို သောက်ပြီးနောက်တွင် ရန်ကိုင်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ကောင်းကင်လမ်းစဉ်နှင့် ပဲ့တင်ထပ်နေသလို ဖြစ်လာခဲ့လေသည်။
လဝက်ကြာပြီးနောက် ရန်ကိုင် ရုတ်တရက် မျက်လုံးပွင့်လာပြီး အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်၏။
သူ့မျက်လုံးများသည် သာမန်သေမျိုးတစ်ဦး၏ မျက်လုံးနှယ် ကြည်လင်ကာ တည်ငြိမ်နေသည်။ တဝုန်းဝုန်း ဖြစ်နေသော သူတော်စင်ချီ အရှိန်အဝါပင်လျှင် လုံးဝကို တည်ငြိမ်နေခဲ့လေပြီ။
“မဆိုးဘူးပဲ။ ငါ့ကျင့်ကြံခြင်းက တည်ငြိမ်သွားတဲ့အဆင့်ကို မရောက်သေးပေမယ့် အဲ့အဆင့်ရောက်ဖို့ သိပ်မလိုတော့ဘူး။ နောက်ထပ် နည်းနည်းလောက် ထပ်ကျင့်ကြံလိုက်ရင် အဲ့အဆင့်ကို ရောက်ပြီ” ထိုသို့ ရေရွတ်ပြီးနောက် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံနှင့်အတူ ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ရပ်ကို ဖြန့်ကျက်လိုက်လေသည်။
ရုတ်ချည်းဆိုသလို သူ့အား ဗဟိုပြုထားသော မီတာတစ်ထောင် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံး မရေမတွက်နိုင်သော အက်ကွဲကြောင်းလေးများဖြင့် ပြည့်နှက်လာခဲ့လေသည်။
ဤသည်မှာ ရန်ကိုင်၏ နယ်ပယ်ပင် ဖြစ်သည်။
တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးနောက်တွင် ရန်ကိုင်၏ ရှီသည် နယ်ပယ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားခဲ့လေသည်။ သူ့ရှီစွမ်းအင်သည် လေဟာနယ်စွမ်းအင်းအပေါ် အခြေခံထားသည့် အတွက် ရန်ကိုင်၏ နယ်ပယ်သည်လည်း လေဟာနယ်စွမ်အားဖြင့် ပြည့်နှက်နေသည့် နယ်ပယ်တစ်ခု ဖြစ်လာရသည်။
ဤနယ်ပယ်ထဲတွင် သူသည် အရှင်သခင် ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် တန်ခိုးရှင်အဆင့် ပညာရှင်များ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များကို ပြန်မတိုက်နိုင်ကြခြင်း ဖြစ်သည်။ တန်ခိုးရှင်အဆင့် ပညာရှင်များသည် ရှီစွမ်းအင်ကိုသုံး၍ ပြိုင်ဘက် ကျင့်ကြံသူများကို ဖိနှိပ်နိုင်သော်လည်း တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများကမူ နယ်ပယ်ကိုသုံးကာ ပတ်ဝန်းကျင်ကို တိုက်ရိုက် ကြီးစိုးချယ်လှယ်နိုင်ပေသည်။
အတွေးတစ်ချက်နှင့် နယ်ပယ်ကို ပြန်သိမ်းလိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ပျံတက်လိုက်ကာ သွေးသားရဲများ၊ ရှောင်ရှောင်နှင့် လျို့ယန်တို့ကို ပြန်ခေါ်လိုက်လေသည်။
ခဏအကြာတွင် သွေးသားရဲများ ပြန်ရောက်လာကြပြီး သွေးရောင်သွေးများအဖြစ်သို့ ပြောင်းကာ သူ့ကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားကြသည်။ ရှောင်ရှောင်သည်လည်း နာခံစွာဖြင့် ကမ္ဘာငယ်လေးထဲသို့ ပြန်ဝင်သွားလေသည်။ လျို့ယန်ကမူ အထဲသို့ မဝင်သေးဘဲ ရန်ကိုင်အား တစ်ချက် လေ့လာကြည့်နေလိုက်၏ “တန်ခိုးရှင်ဘုရင်အဆင့်ကို တက်ရောက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် သခင်”
“ဟဲဟဲ၊ ကံကောင်းသွားလို့ပါ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “နင်စိတ်ပူမနေနဲ့။ နင့်ခွန်အားကို တိုးတက်အောင် လုပ်နိုင်မယ့် နည်းလမ်းတ်စခုခု ငါကျိန်းသေ ရှာပေးမယ်”
လျို့ယန်က တောက်ပစွာပြုံးလျက် ဦးညွှတ်ကာ “ကျေးဇူးအများကြီးတင်ပါတယ် သခင်”
မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်သည်နှင့်အညီ၊ လျို့ယန်သည် ပန်းပဲမီးဖိုအား သူမ၏ ခန္ဓာကိုယ်ထဲသို့ရောက်အောင် သန့်စင်ပစ်လိုက်နိုင်သော်ငြား၊ ကောင်းကင်မိုးကြိုးမီးတောက်ကဲ့သို့ အရာမျိုးကို မစုပ်ယူနိုင်သရွေ့ သူမခွန်အား ထပ်မံ တိုးတက်လာဖို့ရာ အလွန်ကိုမှ ခက်ခဲပေသည်။
သို့သော်လည်း ရန်ကိုင်မှ သူမ၏ ခွန်အားကို တိုးတက်အောင် လုပ်နိုင်မည့် နည်းလမ်း ရှာပေးမည်ဟု ပြောလာသောကြောင့် လျို့ယန် ပျော်သွားခဲ့ရလေသည်။ ရန်ကိုင်တွင် နေမီးလျှံအမြူတေ ရှိနေသေးသည်ကို သူမ သိနေသည်။ နေမီးတောက်များကိုသာ ထပ်မံ စုပ်ယူနိုင်မည်ဆိုပါက သူမ၏ခွန်အား ထပ်မံ တိုးတက်လာနိုင်ပေလိမ့်မည်။
“ကဲ၊ ပြန်ပေတော့။ ငါနေမီးလျှံအမြူတေကို ဘယ်နားမှာထားလဲ သိတယ်မလား။ နင်လိုချင်သလောက် သွားယူ။ အရမ်းကြီးလည်း စုပ်ယူမနေနဲ့။ တော်ကြာ အခြေမခိုင်ဘဲ ဒုက္ခရောက်နေဦးမယ်”
“ဟုတ်ကဲ့” လျို့ယန်သည် ပျော်ရွှင်စွာပြုံးလျက် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့လေသည်။ ခဏအကြာတွင် ကမ္ဘာငယ်လေးထဲ ပြန်ပေါ်လာပြီး နေမီးလျှံအမြူတေရှိသည့် နေရာဆီသို့ ချက်ချင်း ပြေးသွားလေ၏။
ထို့နောက်တွင် ရန်ကိုင်သည် မျက်မျောင်ကြုတ်၍ မိုင်းအနည်ငယ်ခန့် အကွာဆီသို့ ခုန်ကျော်သွားလေသည်။
လူကွေ့ချန်သည် သွေးဆုတ်ဖြူလျော်နေသည့် အမူအရာဖြင့် ထိုနေရာတွင် ထိုင်နေဆဲပင်။ ရန်ကိုင် ရောက်လာသည်ကို မြင်သည့်အခါ မဲ့ပြုံးပြုံးလျက် ခေါင်းမော့ကြည့်လာသည်။
“တကယ်ကို မိုက်တဲ့ကောင်” ရန်ကိုင် ခေါင်းခါရမ်းမိလိုက်သည်။ လူကွေ့ချန် ဘာကြောင့် ဤသို့ ဖြစ်နေမှန်း သူသိပေသည်။ ရန်ကိုင်သည် အဆင့်ချိုးဖျက်ရာတွင် အာရုံစိုက်နေခဲ့သော်လည်း ပတ်ဝန်းကျင်ကို လုံးဝကြီး လျစ်လျူရှုထားသည်တော့ မဟုတ်။ ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ် စောင့်ကြည့်နေပေသည်။
ထို့ကြောင့် သူ့မိုးမြေကောင်းချီကိုမြင်ပြီး လူကွေ့ချန် ယုံကြည်ချက် ပျက်စီးကာ သေခါနီး ဖြစ်သွားသည်ကို ရန်ကိုင် အကုန် မြင်နေရပေသည်။
ကျင့်ကြံသူတစ်ဦးအတွက်၊ ရုပ်ခန္ဓာ ဒဏ်ရာရသည်ဖြစ်စေ၊ စိတ်ခန္ဓာ ဒဏ်ရာရသည်ဖြစ်စေ၊ ပြန်လည် ကုသနိုင်သည့် နည်းလမ်း တစ်ခုမဟုတ်တစ်ခု ရှိစမြဲပင်။ သို့သော်လည်း မိမိကိုယ်တိုင် တည်ဆောက်ထားသည့် သိုင်းတာအိုနှလုံးသား ပျက်စီးသွားခဲ့လျှင်တော့ မဟာဧကရာဇ် ဆင်းကယ်လျှင်ပင် ရတော့လိမ့်မည် မဟုတ်ချေ။
ကိုယ့်ကိုယ်ကို မယုံကြည်နိုင်တော့မှဖြင့် ဆူးညွှန့်ခလုတ်တို့ဖြင့် ပြည့်နေသော သိုင်းခရီးလမ်းကို မည်သို့များ ဆက်လျှောက်လှမ်းနိုင်တော့မည်နည်း။ ထို့ကြောင့် သိုင်းခရီးလမ်းကို ဆက်လျှောက်လှမ်းလိုလျှင် ပျက်စီးသွားသည့် ယုံကြည်ချက်ကို ပြန်လည် တည်ဆောက်ဖို့သာ ရှိတော့သည်။
ရန်ကိုင်နှင့် လူကွေ့ချန်သည် ရင်းနှီးသူများမဟုတ်ကြ။ သူတို့ နှစ်ဦးကြား ရန်ငြိုးရန်စများပင် ရှိသေးသည်။ သူနှင့် ရန်ငြိုးရန်စ ရှိသည့် သူစိမ်းလူတစ်ဦးကို မသတ်သည်ကပင် ကျေးဇူးတင်သင့်နေပြီ ဖြစ်လေရာ ရန်ကိုင် အနေဖြင့် ဘာကြောင့်များ လူကွေ့ချန်အား သွား၍ နှစ်သိမ့်စကား ပြောပေးနေရဦးမည်နည်း။
ထို့ကြောင့် တစ်ချက်ကြည့်ပြီးနောက်တွင် လျစ်လျူသာ ရှုထားလိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် လွင့်မျောတိုက်ကြီး၏ အတွင်းပိုင်းဆီသို့ ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်လိုက်၏။
ရွှေရောင်ကျောက်တုံး ကြယ်အမြူတေအား သန့်စင်ရာတွင် မည်မျှ ခရီးပေါက်နေပြီလဲ သိချင်နေမိသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၀၉)
ရွှေရောင်ကျောက်တုံး ကြယ်အမြူတေအား သန့်စင်နေသည့် အပေါ် ရန်ကိုင် အလွန်ကိုမှ အရေးစိုက်နေခဲ့ရသည်။ အကြောင်းမှာ ရွှေရောင်ကျောက်တုံးသာ အောင်မြင်သွားခဲ့လျှင် သူသည် ကြယ်စီရင်စုကြီး၏ သမိုင်းတစ်လျှောက် ကြယ်နှစ်လုံးကို သန့်စင်နိုင်သည့် ပထမဆုံး ကြယ်သခင် ဖြစ်လာမည့် အတွက်ကြောင့်ပင် ဖြစ်သည်။
ထိုဂုဏ်ပုဒ်ကို သူဂရုမစိုက်သော်လည်း ရလာမည့် အကျိုးအမြတ်များကိုတော့ ဂရုစိုက်ပေသည်။
တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးနောက်တွင် အရိပ်ကြယ်နှင့် သူ့ကြားရှိ ဆက်သွယ်ချက် ပိုမို အားကောင်းလာသည်ကို သေချာ ခံစားလိုက်ရသည်။ ထို့အပြင် သူ့ကျင့်ကြံခြင်း တိုးတက်လာသည်နှင့်အမျှ အရိပ်ကြယ်သည်လည်း တိုးတက်လာပေလိမ့်မည်။ ယခု သူတန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည့်အတွက် အရိပ်ကြယ်သည်လည်း တစ်မျိုးတစ်ဖုံ တိုးတက်လာသင့်ပေသည်။ မည်ကဲ့သို့ တိုးတက်ပြောင်းလဲသွားသလဲ ဆိုသည်ကိုတော့ အရိပ်ကြယ်သို့ ပြန်ပြီး စစ်ဆေးကြည့်မှသာ သိရပေလိမ့်မည်။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရွှေရောင်ကျောက်တုံး၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း စစ်ဆေးကြည့်ပြီးပြီးချင်းမှာပင် ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်းပဲ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ ထို့နောက် အောက်ဘက်၌ ရှိနေသော လွင့်မျောတိုက်ကြီးကို ငုံ့ကြည့်လိုက်၏။
“ဘာတွေ ဖြစ်သွားတာလဲ” လွင့်မျောတိုက်ကြီးကို ကြည့်ရင်း ရန်ကိုင် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
လက်ရှိ အခြေအနေသည် သူလုံးဝ မထင်ထားသည့် အခြေအနေတစ်ရပ် ဖြစ်သည်။ ယုတ်စွဆုံး စိတ်ပင် မကူးဖူးသည့် အခြေအနေတစ်ရပ်ဟု ပြောရမည်။ ရန်ကိုင် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေရသည်မှာ ရွှေရောင်ကျောက်တုံး လွင့်မျောတိုက်ကြီး၏ ကြယ်အမြူတေကို သန့်စင်သည်မှာ မအောင်မြင်သည့် အတွက်ကြောင့် မဟုတ်။ အောင်မြင်ပေသည်။ ရွှေရောင်ကျောက်တုံးသည် သူအဆင့်ချိုးဖျက်နေသည့် အချိန်အတွင်း ကြယ်အမြူတေကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပေသည်။ သူ၏ အရှိန်အဝါမှာလည်း ယခင်ကနှင့် မတူတော့ဘဲ မိုးထိမတတ် မြင့်မားနေခဲ့လေပြီ။
သူအလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေရခြင်းမှာ ရွှေရောင်ကျောက်တုံးသည် ကြယ်အမြူတေကို သန့်စင်ပြီးသည်နှင့် ယခင်ကကဲ့သို့ တသီးတခြား မတည်ရှိနေတော့ဘဲ လွင့်မျောတိုက်ကြီးနှင့် အပြည့်အဝ ပေါင်းစည်းသွားသည့် အတွက်ကြောင့်ပင် ဖြစ်သည်။
လက်ရှိ အပေါ်စီးမှ စီးကြည့်လိုက်သည့်အခါ၊ လွင့်မျောတိုက်ကြီး၏ တစ်ဖက်ခြမ်းတွင် မျက်နှာတစ်ခု စတင် ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ဘေးနှစ်ဖက်ခြမ်းဆီမှ လက်နှစ်ချောင်းလည်း ထွက်နေခဲ့သည်။ အဆုံးပိုင်းတွင် ခြေထောက်နှင့် တူသော လက်တံနှစ်ခု ရှိနေခဲ့သည်။
လက်ရှိ လွင့်မျောတိုက်ကြီးသည် ဟင်းလင်းပြင်ထဲတွင် အိပ်နေသော ဘီလူကြီးတစ်ကောင်နှင့်ပင် တူနေပေသည်။
အမျိုးမျိုးသော မြင်ကွင်းများကို မြင်ဖူးခဲ့ပါသော်လည်း ဤမြင်ကွင်းကို မြင်ပြီးနောက်တွင် ရန်ကိုင်၏ နဖူးထက်မှ ချွေးအေးများ တတောက်တောက် စီးကျလာခဲ့လေသည်။
တကယ်ကြီး ဘာတွေ ဖြစ်နေတာလဲ
ရန်ကိုင် လုံးဝ မစဉ်းစားတတ်တော့။ လက်ရှိ ဖြစ်ရပ်သည် သူနားလည်နိုင်သည့် အကန့်အသတ်ကို လုံးဝ ကျော်လွန်နေခဲ့သည်။
အသက်ပြင်းပြင်းရှုသွင်း၍ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် မျက်လုံးပိတ်ကာ ရွှေရောင်ကျောက်တုံး၏ အခြေအနေကို နောက်တစ်ကြိမ် သေချာ ထပ်စစ်ဆေးကြည့်လေ၏။
ရွှေရောင်ကျောက်တုံးသည် မြေအောက်ထဲတွင် ရှိနေသေးပြီး ဘာမှ ပြောင်းလဲသွားခြင်း မရှိဘဲ ယခင်ပုံစံ အတိုင်းသာ ရှိနေသေး၏။ သို့သော်လည်း လွင့်မျောတိုက်ကြီးနှင့် ပေါင်းစပ်သွားသည့် အတွက် လွင့်မျောတိုက်ကြီးသည် ရွှေရောင်ကျောက်တုံး၏ ပုံစံအတိုင်း ပြောင်းလဲနေခဲ့လေသည်။
“ဒါ ကျောက်တုံးရုပ်သေးရုပ်တွေရဲ့ မွေးရာပါစွမ်းရည်လား။ တိုက်ကြီးတစ်ခုလုံးကို ဝါးမြိုပြီး သန့်စင်ပစ်ချင်တာပေါ့” ရန်ကိုင်သည် ထိုမြင်ကွင်းကိုကြည့်ရင်း သေချာစဉ်းစားနေသည်။
လွင့်မျောတိုက်ကြီးသည် အခြားသော ကျင့်ကြံရေးကြယ်များကဲ့သို့ ကြီးမားခြင်းမရှိသော်လည်း ၎င်း၏ အချင်းသည် အနည်းဆုံး မိုင်သုံးသိန်းခန့် ရှိပေသည်။ ရွှေရောင်ကျောက်တုံးသာ ဤတိုက်ကြီးတစ်ခုလုံးကို သန့်စင်ပစ်လိုက်မည်ဆိုပါက နောက်ပိုင်းတွင် သူသည် မတ်တပ်ရပ်နေရုံဖြင့် ကောင်းကင်ယံကိုပင် ခေါင်းသွားထိနေမည့် ဧရာမဘီလူကြီး ဖြစ်လာပေလိမ့်မည်။
ဤကဲ့သို့သော ကျောက်ဘီလူးသည် မတိုက်ခိုက်ဘဲနှင့်ပင် ၎င်းတို့၏ ကြီးမားသော ခန္ဓာကိုယ်ဖြင့် တစ်ဖက်ရန်သူအား ဖိအားပေးနိုင်ပေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် ဤမျှကြီးမားလှသော ကျောက်ဘီလူးနှင့် ရင်ဆိုင်ရမည်ဆိုပါက ထွက်ပြေးရုံသာ တတ်နိုင်ကြပေလိမ့်မည်။
တောင်တစ်လုံးထက်ပင် ကြီးမားသည့် လက်သီးချက် အမြည်းခံလိုက်ရသည့်လူအဖို့ အသက်ကော ရှင်နိုင်ပါဦးမည်လား။ ရန်ကိုင် တွေးကြည့်မိသွားသည်။
“ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး” လက်ရှိ အဖြစ်အပျက် အားလုံးသည် သူ့အတွက် အိပ်မက်တစ်ခုလိုပင်။ သို့သော်လည်း ပျော်တော့ ပျော်နေမိပေသည်။
ရွှေရောင်ကျောက်တုံးကို ထိန်းချုပ်ထားသည်မှာ သူ့ဝိဥာဉ်ကိုယ်ပွား ဖြစ်သည်။ ရွှေရောင်ကျောက်တုံးသည် ဤကဲ့သို့ လုပ်ရန် ရွေးချယ်လိုက်သည်မှာ သူ့ကိုယ်သူ အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက်တွင် ရန်ကိုင်သည် ရွှေရောင်ကျောက်တုံးများ အောင်မြင်သွားလေမလား ဟူသော မျှော်လင့်ချက်ဖြင့် ထိုင်စောင့်နေလေသည်။
ဘုန်း… ဘုန်း… ဘုန်း…
တိုက်ကြီးတစ်ခုလုံး တဝုန်းဝုန်း မြည်သံများနှင့်အတူ စတင် တုန်ခါလာခဲ့လေသည်။ လှုပ်ခတ်နေသော မြေပြင်နှင့်အတူ ဘီလူးကြီးတစ်ကောင်၏ နှလုံး ခုန်နေသည့်နှယ် တဒုတ်ဒုတ် မြည်သံတို့ မြေအောက်ထဲမှ စည်းချက်ညီညီ ထွက်ပေါ်လာခဲ့သည်။
နှလုံးခုန်သံနှင့်အတူ၊ မြေထုများဟာလည်း ပျက်စီးကုန်ကာ ဟင်းလင်းပြင်ထဲသို့ လွင့်စင်သွားကုန်ကြလေသည်။ မြေအောက် အတွင်းပိုင်းထိ နက်သော မရေမတွက်နိုင်သော အက်ကွဲကြောင်းများလည်း တိုက်ကြီးအနှံ့ ထွက်ပေါ်လာခဲ့လေသည်။ တိုက်ကြီးတစ်ခုလုံးသည် အဆုံးသတ်သို့ ရောက်နေသည့်နှယ်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် စိတ်ပူမိသွားသည်။ သို့သော် သေချာစဉ်းစားကြည့်လိုက်ပြီးနောက် စိတ်အေးသွားခဲ့သည်။ ရွှေရောင်ကျောက်တုံးသည် တိုက်ကြီးပေါ်မှ အသုံးမဝင်သည့် အညစ်အကြေးများကို ဖယ်ထုတ်နေခြင်း ဖြစ်ရပေမည်။
အသုံးဝင်သည့် အရာများကိုတော့ ရွှေရောင်ကျောက်တုံးမှ ယူထားပြီး ဝါးမြိုကာ သန့်စင်ပစ်နေ၏။
ဤမျှကြီးမားသည့် တိုက်ကြီးတစ်ခုလုံးကို သန့်စင်ဖို့သည် တကယ်ကို မဖြစ်နိုင်သည့်ကိစ္စတစ်ခု ဖြစ်သည်။ သို့သော်လည်း မွေးရာပါသတ္တုများကို ဝါးမြိုကာ သန့်စင်ပစ်နိုင်သော ရန်ကိုင်၏ ကျောက်တုံးရုပ်သေးရုပ်သည် ဤမဖြစ်နိုင်သော ကိစ္စကို အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။ ပုံမှန်အားဖြင့်တော့ လုပ်နိုင်လိမ့်မည် မဟုတ်။ လွင့်မျောတိုက်ကြီး၏ ကြယ်သခင် ဖြစ်နေသည့် အတွက်ကြောင့်သာ လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒုတ်… ဒုတ်…
နှလုံးခုန်သံကဲ့သို့သော အသံသည် ဆက်လက်၍ ထွက်ပေါ်လာနေခဲ့သည်။ တိုက်ကြီးတစ်ခုလုံးသည် အလွန် လျင်မြန်သောနှုန်းဖြင့် အက်ကွဲပျက်စီးလာနေခဲ့သည်။ တိုက်ကြီး တစ်ခုလုံး၏ အရွယ်အစားသည် လျင်မြန်စွာ သေးငယ်လာနေခဲ့ပြီး ထိုးထွက်နေသော ဦးခေါင်းနှင့် ခြေလက်များမှာ ပိုပို၍ သိသာ ထင်ရှားလာခဲ့လေသည်။
ဤနှုန်းဖြင့်သာဆိုပါက ရွှေရောင်ကျောက်တုံးအနေဖြင့် တိုက်ကြီးတစ်ခုလုံးကို အပြီးသတ်သန့်စင်နိုင်ရန် အနည်းဆုံး တစ်လ၊ နှစ်လလောက် အချိန်ယူရပေလိမ့်မည်။
ကောင်းကင်ပေါ်တွင်ဝဲ၍ ဖြစ်စဉ်တစ်ခုလုံး အဆင်ဆင်ပြေပြေ ရှိနေကြောင်း ရက်အတော်ကြာအောင် စောင့်ကြည့်ပြီးတော့မှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ သူလုပ်နိုင်သည့်အရာ ဘာမှ ရှိမနေသဖြင့် ရန်ကိုင်သည် ကမ္ဘာငယ်လေးကို ထုတ်ကာ ထိုထဲသို့ ဝင်သွားလိုက်လေသည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် လျို့ယန်ကို တွေ့သွားလေသည်။ လောလောဆယ်၌ လျို့ယန်သည် တံခါးပိတ်ကျင့်စဉ် ဝင်နေခဲ့၏။ ကြောက်မက်ဖွယ်ရာ အပူဓါတ်တို့သည် သူမဆီမှ အဆက်မပြတ် ဖြာထွက်နေခဲ့လေသည်။
သူ့ခွင့်ပြုချက်ကို ရပြီးနောက်တွင် နေမီးလျှံကို ချက်ချင်း သွားစုပ်ယူခဲ့သည့်ပုံပင်။ လက်ရှိ သူမ၏ ခွန်အားဖြင့် နေမီးလျှံ၏ မီးတောက်စလေးကို သန့်စင်ဖို့သည်ပင် အတော်လေး ခက်ခဲ၏။ သို့သော် အောင်မြင်သွားခဲ့လျှင်တော့ သူမ၏ခွန်အား ကျိန်းသေ တိုးတက်လာပေလိမ့်မည်။
ရန်ကိုင်သည် သူမအား သွားမခေါ်ဘဲ သိုလှောင်လက်ထဲမှ အင်မော်တယ်သစ်ပင်ကိုသာ ထုတ်ယူလိုက်လေသည်။
ဤတစ်မီတာအရှည်ရှိသော သစ်ပင်လေးတွင် အစိမ်းရောင် အရွက်အနည်းငယ်သာရှိပြီး အရွက်တစ်ရွက်၏ ထိပ်ဖျားတွင်မူ နို့နှစ်ရောင်အရည်စက်လေးတစ်စက် ဟီးလေးခိုနေခဲ့လေသည်။
အင်မော်တယ်ရေစက်ပင်… ဤအရာသည် သေခါနီး လူတစ်ဦးကို အကောင်းအတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးနိုင်သော နတ်ရေစက်ပင် ဖြစ်သည်။
ရန်ကိုင်သည် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်ကာ ထိုရေစက်ကို သေချာသိမ်းထားလိုက်လေသည်။
အင်မော်တယ်သစ်ပင်ကြီး တစ်ခုလုံးသည် တကယ်ကို ရတနာတစ်ပါးပင်။ အရွက်အနည်းငယ်သာရှိပြီး အရွယ်အစား သေးသော်လည်း ၎င်းဆီမှ ဖြာထွက်နေသော အသက်စွမ်းအင်မှာတော့ ကြောက်မခန်းလိလိပင်။ အင်မော်တယ်သစ်ပင်ကိုသာ သန့်စင်နိုင်မည်ဆိုပါက မဖျက်စီးနိုင်သော အကြွင်းမဲ့အင်မော်တယ်ခန္ဓာကိုယ်ကို ရရှိနိုင်လိမ့်မည်ဟု ကောလဟာလများက ဆိုကြ၏။
တန်ခိုးရှင်ဘုရင်တတိယအဆင့်တစ်ဦး၏ ပျမ်းမျှသက်တမ်းသည် ထောင်ဂဏန်းခန့်ရှိသည်။ အသက်ရှည်ဖို့ အရေးကို ဦးစားပေးမည်ဆိုလျှင်တော့ သောင်းဂဏန်းခန့်အထိ ရှည်နိုင်ပေသည်။ သို့ရာတွင် အကန့်အသတ်နှင့်တော့ ရှိနေဆဲ။
သို့သော်လည်း အင်မော်တယ်သစ်ပင်ကို သန့်စင်နိုင်မည်ဆိုပါက ကျင့်ကြံသူတစ်ဦးသည် မသေမျိုးတစ်ယောက် ဖြစ်လာပေလိမ့်မည်… ထိုအကြောင်း စဉ်းစားမိလိုက်ရုံဖြင့် ရန်ကိုင်၏သွေးများ ဆူပွက်လာရသည်။
အင်မော်တယ်သစ်ပင်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရန်ကိုင်၏ အမူအရာ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့လေသည်။ အင်မော်တယ်သစ်ပင်ကို ရထားသော်ငြား အင်မော်တယ်သစ်ပင်အား မည်ကဲ့သို့ သန့်စင်ရမလဲ ဆိုသည်ကို သူမသိပေ။
အင်မော်တယ်သစ်ပင်သည် သူ့တွင် ရှိနေသော ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းထက်ပင် ပိုအဖိုးတန်သည့် ဒဏ္ဏာရီလာ ရတနာတစ်ပါး ဖြစ်သည်။ သို့ရာတွင် သူ့အနေဖြင့် ဤရတနာကို မည်ကဲ့သို့ အသုံးပြုရမည်နည်း။
အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး သူ့ရှေ့ ရောက်နေသော်ငြား ထိုရတနာကို မည်ကဲ့သို့ အသုံးပြုရမှန်း မသိသဖြင့် ထိုင်ကြည့်နေရုံသာ တတ်နိုင်သော ရန်ကိုင်၏ ဘဝသည် အတော်လေးတော့ သနားစရာကောင်းနေခဲ့ပေသည်။
ရန်ကိုင်သည် ယခင်နည်းလမ်းများအတိုင်း ကောင်းကင်စိတ်အာရုံကိုသုံး၍ အင်မော်တယ်သစ်ပင်ကို သူ့အသိစိတ်ပင်လယ်ထဲသို့ ပို့နိုင်မလား စမ်းကြည့်လိုက်သည်။ ဤနည်းလမ်းသည် ဝိဥာဉ်ကြာပန်းကို ရယူစဉ်က သုံးခဲ့သည့် နည်းလမ်းဖြစ်သည်။ မအောင်မြင်လျှင်ပင် သူ့အတွက် အကျိုးယုတ်စရာ ဘာမှမရှိသည့်အတွက် အနည်းဆုံး ကြိုးစားကြည့်ဖို့ ထိုက်တန်ပေသည်။
သို့သော်ငြား သူမည်သို့ပင် ကြိုးစားနေစေကာမူ အင်မော်တယ်သစ်ပင်သည် နည်းနည်းလေးမှ မတုန့်ပြန်ချေ။ စိတ်စွမ်းအင်နှင့် မရသည့်အခါ၊ သူတော်စင်ချီကို အသုံးပြုကြည့်၏။ သူတော်စင်ချီလည်း ဘာမှမထူးပြန်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ရန်ကိုင်သည် စိတ်ဓါတ်ကျကျဖြင့် အင်မော်တယ်သစ်ပင်ရှေ့တွင် ရပ်နေလေ၏။ စဉ်းစားမိသမျှ နည်းလမ်းအားလုံးကို အသုံးပြုခဲ့သော်လည်း အင်မော်တယ်သစ်ပင်ကို လုံးဝ မသန့်စင်နိုင်ခဲ့ပေ။
သွားကိုက်စားလို့ကလည်း အဆင်မပြေ။ အင်မော်တယ် သစ်ပင်ကို စားလိုက်လို့ သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်မှဖြင့်…
“မရမှတော့ ဘာတတ်နိုင်မှာလဲ။ ပြန်ရောက်တော့မှပဲ ယန်ယန်ကို သွားမေးရတော့မှာပေါ့။ ယန်ယန်က ငါ့ထက် အများကြီး ပိုဗဟုသုတ ကြွယ်ဝတာဆိုတော့ သူ့မှာ အဖြေ တစ်ခုခုတော့ ရှိလောက်မှာပါ” ပြောရင်းဆိုရင်း နေရာတစ်ခုရှာ အင်မော်တယ်သစ်ပင်ကို ထိုနေရာတွင် စိုက်ထားလိုက်လေသည်။
အင်မော်တယ်သစ်ပင်သည် အလွန်ကိုမှ အသက်စွမ်းအင် ကြွယ်ဝသည့် အပင်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် အင်မော်တယ် သစ်ပင်ကို ဤနေရာတွင် လာစိုက်သည့်အတွက် အပင် သေသွားမည့် ကိစ္စအပေါ် ရန်ကိုင် စိတ်မပူချေ။ ကြယ်သေပေါ်တွင် သွားစိုက်လျှင်ပင် အင်မော်တယ်သစ်ပင်သည် သေသွားသည့် သစ်ပင်မျိုး မဟုတ်ပေ။
အင်မော်တယ်သစ်ပင်ကို စိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာငယ်လေးသည် ယခင်ထက် ပိုမို စိုစိုပြေပြေ ရှိလာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ကမ္ဘာငယ်လေးထဲရှိ သစ်ပင်အားလုံးသည် သိပ်သည်းကြွယ်ဝသော အာဟာရဓါတ်ကို ရရှိလိုက်သည့်အလား လျင်မြန်စွာ ကြီးထွားလာကြကုန်လေသည်။
ကမ္ဘာငယ်လေးသည်ပင် အကျိုးအမြတ် တစ်ခုခုကို ရလိုက်သည့်အလား ယခင်ထက်ပို၍ ပြီးပြည့်စုံလာခဲ့သည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် မျက်ခုံးပင့်သွားပြီး ချက်ချင်းပဲ ကမ္ဘာပျက်ထဲမှ ရလာသည့် ဆေးပင်များကိုထုတ်ကာ အင်မော်တယ်သစ်ပင်ဘေးတွင် စိုက်လိုက်လေသည်။
ချက်ချင်းဆိုသလို ဆေးပင်အားလုံး ကမ္ဘာငယ်လေး၏ မြေပြင်နှင့် အသားကျသွားပြီး စိုပြေသစ်လွင်သော အရှိန်အဝါအား ထုတ်လွှတ်လာကြ၏။ ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် အလွန်ကိုမှ ဝမ်းသာသွားခဲ့လေသည်။
“ဒီလိုသာဆိုရင် အင်မော်တယ်သစ်ပင်ဘေးမှာ ဆေးဥယျာဉ် တစ်ခုလောက် လုပ်လို့ရပြီ” ရန်ကိုင် ရေရွတ်လိုက်၏။
ကမ္ဘာပျက်ထဲတွင် ဆေးပင်များ ပေါကြွယ်ဝနေရခြင်းမှာ အင်မော်တယ်သစ်ပင်၏ ကျေးဇူးကြောင့် ဖြစ်သည်။ အင်မော်တယ် သစ်ပင်မှ ထုတ်လွှတ်ပေးသည် အသက်စွမ်းအင်ကြောင့် ထိုအဖိုးတန်ဆေးပင်အားလုံးသည် လျင်မြန်စွာ ကြီးထွားလာနိုင်ကြ၏။
ထို့ကြောင့် ယခု အင်မော်တယ်သစ်ပင်ကို ကမ္ဘာငယ်လေးထဲ စိုက်လိုက်သည့် အခါတွင်လည်း ကမ္ဘာငယ်လေးထဲ သစ်ပင်များ စိုစိုပြေပြေ ရှိလာပြီး အခြားနေရာတွင် စိုက်ပျိုးထားသည့် ဆေးပင်များထက် ပို၍ လျင်မြန်စွာ ကြီးထွားလာနိုင်ရခြင်း ဖြစ်သည်။ ရန်ကိုင်သာ သေချာဂရုစိုက်လျှင် ကမ္ဘာငယ်လေးထဲ ဆေးတောင်ကြားတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။
အင်မော်တယ်သစ်ပင်၏ အစွမ်းကို သိသွားသော ရန်ကိုင်သည် လူကွေ့ချန် ပေးထားသည့် ဆေးပင်များထဲမှ ခြောက်သွေ့နေသည့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များကို ထုတ်ကာ အင်မော်တယ် သစ်ပင်ဘေးတွင် စိုက်လိုက်၏။ ရက်အနည်းငယ်ကြာပြီးနောက် ထိုဆေးပင်အားလုံး ယခင်အတိုင်း စိုစိုပြေပြေ ပြန်ဖြစ်လာကြသည်။
အခြားနေရာတွင်သာ ဆိုပါက ထိုဆေးပင်အားလုံး မည်သို့မှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ ဆေးပင်များကို ခူးထားသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သည့်အတွက် ဆေးအာနိသင်များစွာလည်း လေထဲ လွင့်ပျံကုန်ကြလေပြီ။ သို့သော်လည်း အင်မော်တယ်သစ်ပင်သည် ၎င်းတို့၏ ကုန်ဆုံးသွားသော ဆေးအာနိသင်များကို ပြန်လည် ဖြည့်တင်းပေးနိုင်ခဲ့သည်။
အင်မော်တယ်သစ်ပင်ကို မသန့်စင်နိုင်ခဲ့သည့်တိုင် ဤတွေ့ရှိမှုကြောင့် ရန်ကိုင် အတော်လေး ကျေနပ်မိနေသည်။
ချက်ချင်းပဲ ရန်ကိုင်သည် သူ့တွင်ရှိသော ဆေးပင်အားလုံးကို ကမ္ဘာငယ်လေးထဲ စတင် စိုက်ပျိုးတော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၁၀)
တစ်လကြာပြီးနောက်တွင်… ရန်ကိုင်သည် သူ့ရှေ့ရှိ ဆေးခင်းကြီးကိုကြည့်ရင်း ပြုံးနေခဲ့သည်။ ဆေးခင်း၏ အလယ်တွင် အင်မော်တယ်သစ်ပင်ကို စိုက်ပျိုးထားပြီး အမျိုးမျိုးသော ဆေးပင်များကိုပင် အင်မော်တယ်သစ်ပင်၏ ပတ်ပတ်လည်တွင် စိုက်ပျိုးထားခဲ့လေသည်။
မည်သည့်ဆေးပင် ဖြစ်နေစေကာမူ၊ ညိုးလျော်နေသည့် ဆေးပင်ဖြစ်စေ၊ ခြောက်သွေ့နေသည့် ဆေးပင်ဖြစ်စေ၊ ဆေးပင် အကုန်လုံးသည် အင်မော်တယ်သစ်ပင်၏ အားဖြည့်ပေးမှုကို ရရှိပြီးနောက်တွင် သိပ်သည်းကြွယ်ဝသော အသက်စွမ်းအင်တို့ဖြင့် ဝေဖြာလာခဲ့လေပြီ။
ဆေးခင်း၏ အကျယ်သည် အချင်းဝက် မိုင်တစ်ရာခန့် ရှိပေသည်။
“နောက်ပိုင်းကျရင် ဆေးပင်တွေရတာနဲ့ ဒီမှာ လာစိုက်ထားလို့ ရမယ်။ လိုအပ်တော့မှပဲ ခူးပြီးသုံးလိုက်မယ်။ အင်း… အဲ့နည်းလမ်းမဆိုးဘူး။ ဒီအတိုင်းဆိုရင် ဆေးပင်တွေရဲ့ ဆေးအာနိသင်တွေ လျော့သွားမှာကို လုံးဝ စိတ်ပူနေစရာ မလိုတော့ဘူး” ရန်ကိုင်က ပြုံးဖြီးလျက် ရေရွတ်နေ၏။
ဆေးပင်အားလုံးကို စိုက်ပျိုးပြီးနောက်တွင် သူတော်စင် သလင်းကျောက်များစွာကို ထုတ်ကာ ချေမွပစ်လိုက်သည်။ ချက်ချင်းဆိုသလို ဆေးခင်းအနီးတစ်ဝိုက်ရှိ မိုးမြေစွမ်းအင်သည် ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။
အင်မော်တယ်သစ်ပင်သည် ဆေးပင်များကို လျင်မြန်စွာ ကြီးထွားလာအောင် လုပ်ပေးနိုင်သော်လည်း ဆေးပင်များအဖို့ ကြီးထွားရှင်သန်ဖို့ရာ သူတော်စင်ချီကိုလည်း လိုအပ်ပေသည်။ ဤအတိုင်းသာဆိုလျှင် သူ့အနေဖြင့် နောက်ပိုင်း သူတော်စင် သလင်းကျောက် အများကြီး လိုလာတော့မည်ပုံပင်။
ဆေးခင်းကိစ္စပြီးနောက်တွင် ရန်ကိုင်သည် လွင့်မျောတိုက်ကြီးဘက်သို့ ပြန်၍ အာရုံလှည့်လိုက်သည်။
ဆေးခင်းကို ပြင်ဆင်နေစဉ် အတောအတွင်း ရန်ကိုင်သည် ရွှေရောင်ကျောက်တုံး၏ အခြေအနေကို အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်သည်။ ကိစ္စအားလုံး အဆင်ပြေချောမွေ့စွာ ရှိနေသဖြင့် ရန်ကိုင်လည်း ဆေးခင်ကိစ္စကိုသာ ပြန်၍ အာရုံစိုက်ထား၏။ ယခုဆိုလျှင် လွင့်မျောတိုက်ကြီး တစ်ခုလုံးသည် မူလအရွယ်အစား၏ တစ်ဝက်လောက်သာ ရှိတော့သည်။
သို့ရာတွင် သန့်စင်သည့်ဖြစ်စဉ်သည် နောက်ပိုင်းသို့ ရောက်လာသည်နှင့် ပို၍ ခက်ခဲလာသည့်ပုံပင်။ ထို့ကြောင့် ရွှေရောင်ကျောက်တုံးအဖို့ တိုက်ကြီးတစ်ခုလုံးကို အပြီးသတ် သန့်စင်နိုင်ရန် မည်မျှအထိ ကြာမည်လဲ ရန်ကိုင်လည်း မပြောတော့နိုင် ဖြစ်လာခဲ့ရသည်။
လွင့်မျောတိုက်ကြီးကို တစ်ချက် စစ်ဆေးကြည့်ပြီးနောက်တွင် ရန်ကိုင်သည် ဆေးခင်းရှေ့တွင် ထိုင်ချလိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ အလုံးလေးတစ်လုံးကို ထုတ်ယူလိုက်၏။
လေဟာနယ်သားရဲ၏ အမြူတေပင်…
လေဟာနယ်သားရဲများသည် လေဟာနယ်စွမ်းအင်ကို မွေးရာပါတတ်ကျွမ်းထားကြသည့် ရှေးဟောင်းသားရဲများ ဖြစ်ကြသည့်အတွက် သူတို့၏ မွန်းစတားအမြူတေသည် ရန်ကိုင်ကဲသို့ လေဟာနယ်တာအိုကို ကျင့်ကြံသူများအတွက် အလွန်ကိုမှ အသုံးဝင်ပေသည်။
ကမ္ဘာပျက်ကြီးထဲတွင်၊ ရန်ကိုင်သည် သန့်စင်သည့် လေဟာနယ်သလင်းကျောက်များမှ ဖြစ်ပေါ်လာသော ခရုပတ် လမ်းကြောင်းကို သန့်စင်ပြီး လေဟာနယ်တာအို၏ တံခါးသစ် တစ်ချပ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုသူသာ ဤမွန်းစတား အမြူတေထဲရှိ နက်နဲဆန်းကြယ်မှုများကိုပါ ထပ်မံ စုပ်ယူနိုင်ဦးမည် ဆိုပါက လေဟာနယ်တာအိုအပေါ် သူ၏ တတ်ကျွမ်းမှုသည် အဆင့်တစ်ခုထိသို့ ရောက်သွားပေလိမ့်မည်။
အမြူတေကို ထုတ်ပြီးနောက် ဆေးမီးဖိုကိုပါ ထပ်မံ ထုတ်ယူလိုက်သည်။ မွန်းစတားအမြူတေ၏ အဆီအနှစ်အား အပြည့်အဝ စုပ်ယူနိုင်ရန်အတွက် ဤမွန်းစတားအမြူတေကို ဆေးလုံးအပစ် ပြောင်းလဲပစ်ရန် ရန်ကိုင် ကြံနေခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် အစစ်အမှန်ဆေးပညာကျမ်းထဲ လေဟာနယ်သားရဲ၏ အမြူတေအား ပင်မဆေးအမယ်အဖြစ် အသုံးပြုထားသော ဆေးညွှန်းတစ်ခု ရှိနေခဲ့သည်။ အခြားသော အရန်ဆေးအမယ်အားလုံးသည်လည်း သူ့တွင် ရှိနေပြီ ဖြစ်သည့်အတွက် ရန်ကိုင်သည် ဆေးလုံးကို စတင် ဖော်စပ်တော့လေသည်။
ဤသို့ဖြင့် နှစ်လကြာသွားခဲ့လေ၏။
ရန်ကိုင်သည် လွင့်မျောတိုက်ကြီးပေါ်တွင် အေးအေးဆေးဆေး လုပ်ချင်ရာလုပ်ကောင်းနေစဉ် အပြင်ဘက်တွင် ရှိနေသော ကွေ့ဇူတို့မှာတော့ မျက်မှောင်တကြုတ်ကြုတ် ဖြစ်နေခဲ့လေပြီ။
ရန်ကိုင် အဆင့်ချိုးဖျက်ရာမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွားခဲ့သည်မှာ သုံးလခန့်ပင် ရှိနေခဲ့ပြီ ဖြစ်သော်လည်း ရန်ကိုင်ကမူ သေမင်းချောက်နက်ထဲမှ ယခုထိ ထွက်မလာသေးချေ။
အဆင့်တက်ဖြစ်စဉ် ကျရှုံးပြီး မိုးမြေကောင်းချီကြောင့် သေသွားသည့် အတွက်ကြောင့်များ ယခုအချိန်ထိ အပြင်သို့ ထွက်မလာနိုင်ခြင်း ဖြစ်လေမလား။
ကွေ့ဇူစိတ်ထဲ အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်နေသည်။ အထက်စကြာဝဠာဂိုဏ်း၏ ဆေးပညာရှင်ကြီးများဆီမှ အကူအညီ တောင်းနိုင်ရန်အတွက် အထက်စကြာဝဠာဂိုဏ်းထဲသို့ ဝင်မည်ဟု ရန်ကိုင်ဆီ ပြောခဲ့သည်။ အထက်စကြာဝဠာဂိုဏ်း မည်သည့်နေရာ၌ ရှိနေသလဲ ဆိုသည်ကို ရန်ကိုင် သူ့အား ပြောပြမသွားခဲ့။ ထို့ကြောင့် ရန်ကိုင်သာ ရုတ်တရက်ကြီး သေသွားခဲ့လျှင် သူ့အနေဖြင့် အထက်စကြာဝဠာဂိုဏ်းအား မည်ကဲ့သို့ ရှာရတော့မည်နည်း။
နီကွမ်းနှင့် ရွှယ့်ယွယ်တို့မှာတော့ လွန်ခဲ့သော နှစ်လခန့် ကတည်းက ထွက်သွားခဲ့လေပြီ။
နီကွမ်းတွင် လုပ်စရာကိစ္စအများကြီး ရှိနေသေးသည်။ ထို့ကြောင့် ဤနေရာတွင် တစ်ချိန်လုံး ထိုင်စောင့်ဖို့ မဖြစ်နိုင်ပေ။ ရွှယ့်ယွယ်ကမူ ဆက်စောင့်ချင်သော်လည်း နီကွမ်းသည် သူမအား တစ်ယောက်တည်း မထားခဲ့ရဲပေ။ ထို့ကြောင့် သူပြန်သည်နှင့် ရွှယ့်ယွယ်ကိုပါ တစ်ခါတည်း ခေါ်သွားခဲ့လေသည်။
“မင်းအသက်ရှင်နေသေးရင်လည်း တစ်ချက်လောက်တော့ လာပြောပါဦးကွာ။ စောင့်နေရတဲ့လူက ရင်မောနေပြီကွ” ကွေ့ဇူသည် မှုန်ကုတ်ကုတ် အမူအရာဖြင့် ရေရွတ်လိုက်၏။ ဖြစ်သာဖြစ်လိုက်လျှင် လွင့်မျောတိုက်ကြီးဆီသို့သာ ပြေးသွားပြီး သွားကြည့်ချင်မိလိုက်သည်။
ကျိလုန်တို့ အဖွဲ့ကမူ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေ၏။ သို့ရာတွင် သူတို့၏ မျက်နှာများမှာ ချီးမှန်ထားသည့်နှယ် ဖြစ်နေကုန်ကြလေပြီ။
သူတို့သည်လည်း ရန်ကိုင်သည် မိုးမြေကောင်းချီး၏ စွမ်းအားကြောင့် သေသွားခြင်းဖြစ်သည်ဟု ထင်နေကြခြင်း ဖြစ်သည်။ ရန်ကိုင် သေသည်ရှင်သည်ကို ဂရုမစိုက်သော်ငြား သူတို့ ဂရုစိုက်သည့် အင်မော်တယ်သစ်ပင်သည် ရန်ကိုင်နှင့်အတူ ရှိနေလေသည်။
“အဲ့ခွေးကောင်ကွာ” ကျိတုန်လည်း ဆဲရေးတော့သည်။
“ရောင်းရင်းကျိ၊ ရောင်းရင်ရှု၊ ဒီခုန် အရင်သွားနှင့်တော့မယ်” ခဏလောက် စဉ်းစားပြီးနောက်တွင် ခုန်ဖသည် ရှုဝေနှင့် ကျိတုန်ု့တို့အား လှမ်းပြောလိုက်သည်။
စောင့်ရသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သည့်အတွက် သူဆက်ပြီး မစောင့်နိုင်တော့ပေ။
ရှုဝေသည် ခုန်ဖအားကြည့်ရင်း ပါစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်လည်း ချက်ချင်းပဲ သူ့ပါးစပ်ကို ပြန်ပိတ်ထားလိုက်၏။ ဟင်းလင်းပြင်ခွဲလွန်းပျံကြောင့် အသက်စွမ်းအင် အကုန်လုံးနီးပါး ဆုံးရှုံးသွားခဲ့ရကာ သေလုနီးပါး ဖြစ်ခဲ့ရသည်။ လအနည်းငယ် ကြာသွားပြီးသည့်တိုင် ဆုံးရှုံးသွားသည့် စွမ်းအင်များကို ပြန်လည့် မဖြည့်တင်းနိုင်သေးပေ။
ရှုဝေက ဘာမှမပြောသဖြင့် ကျိလုန်ကလည်း ဘာမှမပြောဘဲ နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်လေသည်။
ခုန်ဖသည် သူတို့၏ အပြုအမူပေါ် စိတ်ထဲမထားဘဲ ကြယ်လွန်းပျံကိုထုတ်ကာ ထွက်သွားရန် ပြင်လိုက်လေသည်။
သို့သော် ထိုအခါမှပဲ ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့လေသည်။
ပုံမှန်အားဖြင့် အလွန်ကိုမှ တိတ်ဆိတ်သော ကြယ်တာရာကောင်းကင်ထဲ ပုံမှန်မဟုတ်သည့် စွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ခုန်ဖ၏ ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး စွမ်းအင်လှိုင်းများ ထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်၏။
ထိုစွမ်းအင်သည် တဖြည်းဖြည်း အားကောင်းသည်ထက် အားကောင်းလာပြီးနောက်တွင်… အသက်သုံးရှိုက်စာ အကြာ၌ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာနေသည့် နေရာ၌ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာခဲ့၏။
“သောက်ကျိုးနည်း… ပရမ်းပတာဝဲကတော့လား” ခုန်ဖ ထိတ်လန့်သွားခဲ့သလို အခြားသူအားလုံးလည်း ရင်ထိတ်သွားခဲ့ကြလေသည်။ အားအကောင်းဆုံး ဖြစ်ကြသော ကွေ့ဇူနှင့် ကျိလုန်တို့ပင် သူတော်စင်ချီကို လှည့်ပတ်၍ ထွက်ပြေးရန် လုပ်ကြတော့၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ဝဲကတော့ထဲမှ ပုံရိပ်တစ်ခု ထွက်လာခဲ့လေသည်။
“အန်” ကျိတုန်သည် ထိုပုံရိပ်ကို သေချာ စိုက်ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ ထအော်လေသည် “အဖေ၊ သူထွက်လာပြီ။ ဟိုခွေးသူတောင်းစားလေး ထွက်လာပြီ”
ဝဲကတော့ထဲမှ ထွက်လာသည့်လူသည် ရန်ကိုင်မှလွဲ အခြားသူ မဟုတ်ပေ။
ချက်ချင်းဆိုသလို မီးတောက်မတတ် အကြည့်ပေါင်းများစွာသည် ရန်ကိုင်ပေါ်သို့ စုပြုံရောက်ရှိလာခဲ့လေသည်။
“ဟူး၊ မင်မသေသေးဘူးပဲ” ရန်ကိုင်ကို မြင်လိုက်တော့မှပဲ ကွေ့ဇူ စိတ်သက်သာရာ ရသွားပြီး ရယ်မောနိုင်တော့လေသည်။
“ထွက်လာပြီဆိုမှတော့ သေလိုက်ပေတော့” ကျိုလုန်သည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးပြောဆိုရင်း ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည် “အင်မော်တယ်သစ်ပင်ဆိုတာ မင်းလိုလူမျိုး ပိုင်ဆိုင်သင့်တဲ့ ရတနာ မဟုတ်ဘူးကွ”
“ငါ့ဂိုဏ်းချုပ်ကို တိုက်ခိုက်ချင်တာလား။ မင်းကို ခွင့်ပြုတယ်လို့ ငါပြောလားကွ” ကွေ့ဇူသည် အနက်ရောင် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလျက် ရန်ကိုင်ရှေ့တွင် ရပ်လိုက်လေသည်။ စူးစူးဝါးဝါး အော်မြည်သံများနှင့်အတူ ဝိဥာဉ်တစ်သောင်းအလံ ထွက်ပေါ်လာပြီး ထူးဆန်းသော စွမ်းအင်တစ်မျိုးသည် ကျိလုန်၏ ဝိဥာဉ်ဆီသို့ ဦးတည် တိုးဝင်သွားလေသည်။
“မဟုတ်တရုတ် လှည့်ကွက်လေး” ကျိလုန်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် ခရမ်းရောင်အလင်းသည် ပို၍ တောက်ပလာခဲ့လေသည်။
ကွေ့ဇူ၏ အနက်ရောင်ချီသည် ကျိလုန်၏ ခရမ်းရောင်ချီနှင့် တွေ့ပြီးနောက် နောက်သို့ ပြန်တွန်းထုတ်ခံလိုက်ရ၏။
“ဟဲဟဲ… မင်းက ဒီလူအိုကြီးကို အထင်သေးနေတာပဲ” ကွေ့ဇူသည် ချက်ချင်းပဲ ဝိဥာဉ်တစ်သောင်းအလံကား အနက်ရောင် ပိတ်ကားတစ်ခုအဖြစ်ပြောင်းကာ ကျိလုန်အား ရစ်ပတ်လိုက်လေသည်။
“ဘာလဲဟ” ယခုတစ်ကြိမ်တွင်တော့ ကျိလုန် တကယ်ကို အံ့အားသင့်သွားခဲ့လေသည်။ ကွေ့ဇူနှင့် တစ်ခါမှ မတိုက်ဖူးသဖြင့် ကွေ့ဇူသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်မှန်း သိသော်လည်း သူ့ထက် အားနည်သည်ဟုသာ ထင်ခဲ့သည်။ ယခု တိုက်ခိုက်လိုက်သည့် အခါမှပဲ ကွေ့ဇူသည် နီကွမ်းထက်ပင် ပို၍ ရင်ဆိုင်ရခက်သည့် လူတစ်ဦးမှန်း နားလည်သွားခဲ့ရလေသည်။
“ယန်ကောင်လေး၊ မြန်မြန်ပြေး” အနက်ရောင်မြူခိုးထဲမှ ကွေ့ဇူ၏အသံ ထွက်ပေါ်လာခဲ့လေသည် “ငါသူတို့ကို အချိန် ဆွဲထားတုန်း မင်းလွတ်အောင် ပြေးထားနှင့်”
“ဟဲဟဲ… ကြည့်ကြည့်ရဦးမှာပေါ့” ဝဲကတော့ထဲမှ ထွက်လာပြီးနောက်တွင်… ပတ်ဝန်းကျင် အခြေအနေကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းပဲ နားလည်သွားခဲ့လေသည်။ သို့သော် နည်းနည်းလေးမှမမှုဘဲ ရပ်နေမြဲသာ ရပ်နေခဲ့သည်။
“ပြေးချင်တာလား” ကျိတုန်က သူ့လက်ကို ဝှေ့ရမ်း၍ “ရှုဝေ၊ အဲ့ကောင်ကို သွားသတ်စမ်း”
ရှုဝေသည် သူ့ကိုယ်သူ အသက်ရှင်နေသေးအောင် မနည်း လုပ်နေရသော်လည်း သူသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ။ ဆင်ပိန်ကျွဲလောက်ရှိ ဆိုသည့်အတိုင်း သူမည်သို့ပင် ဖြစ်နေပါစေ၊ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများသည် အထင်သေးသင့်သည့် လူများ မဟုတ်ကြပေ။
ရှုဝေမှာ အမိန့်ကို မနာခံရဲဘဲ မနေရဲသည့်အတွက် ကျိတုန်မှ အမိန့်ပေးလိုက်သည်နှင့် ချက်ချင်းပဲ အော်ဟစ်ကြုံးဝါး၍ ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည် “ခွေးကောင်လေး၊ မင်းကြောင့်သာမဟုတ်ရင် ငါအခုလို ဖြစ်နေမှာမဟုတ်ဘူး။ သေလိုက်ပေတော့”
ယခုကဲ့သို့ ကျိတုန်၏ ကျွန်ဖြစ်နေရခြင်းမှာ ရန်ကိုင်၏ ကျေးဇူးကြောင့် ဖြစ်ပေသည်။ ရန်ကိုင်မှ သူ့အား အလစ်ချောင်း တိုက်ခိုက်ခဲ့သည့်အတွက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ကျိလုန်လက်မှ ထွက်မပြေးနိုင်တော့ဘဲ သူ့ဝိဥာဉ်အမှတ်အသားကို ကျိတုန် လက်ထဲသို့ ထည့်ပေးလိုက်ရခြင်း ဖြစ်သည်။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် အလွန်ကိုမှ မာနကြီး မောက်မာသူများ ဖြစ်ကြလေရာ အခြားတစ်ယောက်၏ ကျွန် မည်သို့များ ဖြစ်ခံချင်ကြမည်နည်း။ အထူးသဖြင့် သူ့ထက်ပင် ပို၍ အဆင့်နိမ့်သော တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ဆိုလျှင် ပို၍ပင် ဆိုးသေး၏။
တန်ခိုးရှင်ဘုရင်အဆင့်၏ တိုက်ခိုက်မှုအောက်တွင် ပတ်ပတ်လည် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါလာခဲ့လေသည်။
ရှုဝေသည် ရန်ကိုင်အား တစ်ချက်တည်းဖြင့် အသေသတ်ရန် စဉ်းစားထားခြင်း ဖြစ်သည်။
ကျိတုန်နှင့် ကျိတုန်တို့သည် အင်မော်တယ်သစ်ပင်ကိုသာ လိုချင်ခြင်းဖြစ်ပြီး ရန်ကိုင် သေသေရှင်ရှင် ဂရုမစိုက်ချေ။ ဤကောင်လေးကို သတ်ပြီးနောက် သူ့သိုလှောင်လက်စွပ်ထဲမှ အင်မော်တယ်သစ်ပင်ကို ယူလိုက်ရုံပင်။
ရှုဝေ၏ ခန္ဓာကိုယ်သည် နေအသေးစားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်ဆီသို့ ပြေးဝင်တိုက်လေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ကျိတုန်၏ မျက်လုံး မှေးစဉ်းသွားပြီး ထိတ်လန့်ရိပ်တို့ သူ့မျက်လုံးထဲ ဖြတ်ပြေးသွား၏။ တစ်ချိန်လုံး သူစိတ်ရှိသလို ရှုဝေအား နှိပ်စက်နေခဲ့ခြင်း ဖြစ်သည်။ ရှုဝေသည် သူ့အား နည်းနည်းလေးမှ ခွန်းတုန့်မပြန်ရဲခဲ့ပေ။ ထို့ကြောင့် တဖြည်းဖြည်းနှင့် တန်ခိုးရှင်ဘုရင်အဆင့်များသည် ဘာမှ မဟုတ်ပါလေလားဟု ကျိတုန် တွေးမိလာခဲ့သည်။
သို့သော်လည်း ယခု ရှုဝေ၏ ခွန်အားပြည့် တိုက်ခိုက်မှုကို မြင်ပြီးနောက် သူအထင် မှားနေပြီမှန်း ကျိတုန် နားလည်လိုက်၏။ ရှုဝေ၏ ယခု တိုက်ကွက်သည် သူ့အား ဆယ်ခါမက သတ်ပစ်ရန် လုံလောက်ပေသည်။
“အဲ့ခွေးကောင်တော့သေပြီ” ကျိတုန်စိတ်ထဲ ကြိတ်၍ ပျော်သွားသည်။
ရန်ကိုင်အား ရှင်းပစ်ပြီးလျှင် သူ့ပြိုင်ဘက်ဆို၍ ရွှယ့်ယွယ်နှင့် ကုကျန်းရှင်လောက်သာ ကျန်တော့မည်။ ထိုနှစ်ယောက်ကိုသာ ထပ်မံ ဖိနှိပ်နိုင်မည်ဆိုလျှင် သူသည် ကြယ်စီရင်စုကြီးထဲရှိ လက်ရှိ လူငယ်မျိုးဆက်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
ထိုအတွေး ခေါင်းထဲပေါ်လာသည့်နောက် ကျိတုန် ပြုံးဖြီးဖြီး ဖြစ်သွးခဲ့သည်။
“လျှို့ဝှက်နည်းစနစ်…လွင့်စင်လိုက်စမ်း” ရှုဝေ၏ ကမ္ဘာပျက်တိုက်ကွက်နှင့် ရင်ဆိုင်နေရသည့်တိုင် ရန်ကိုင်သည် နည်းနည်းလေးမှ ထိတ်လန့်ကြောက်ရွံ့သွားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ထိုစကားလုံးများကို ရေရွတ်ရင်း ရှုဝေ တည့်တည့်ဆီသို့ သူ့လက်ကို ဆန့်ထုတ်လိုက်၏။
ရန်ကိုင် လက်ဝါးထက်ရှိ စွမ်းအင်လှိုင်းများသည် တစ်ခဏအတွင်း အလွန်ကိုမှ အားကောင်းလာခဲ့လေသည်။ သူ့မြင်ကွင်းထဲရှိ အရာအားလုံး၊ အလင်းသည်ပင် ရန်ကိုင်၏ လက်ဝါးပေါ်ရှိ စွမ်းအင်များမှ ဝါးမြိုသွားသလို ရှုဝေ ရုတ်တရက် ခံစားလိုက်ရလေသည်။
“ဘာကြီးလဲ” ရှုဝေ အလန့်တကြား ထအော်လေ၏။
သူ၏ ခွန်အားအပြည့် တိုက်ကွက်သည် ရန်ကိုင်အား ဘာမှ မလုပ်နိုင်သေးခင်မှာပင် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။ ရှုဝေသည် ငေးကြောင်ကြောင်ဖြင့်သာ သူ့ရှေ့ရှိ မြင်ကွင်းအား မျက်လုံးကျွတ်ထွက်လုမတတ် ပြူးကြည့်နေလေ၏။
ဘာတွေဖြစ်သွားလဲ သူလုံဂဝ မသိလိုက်ပေ။ သူ၏ ခွန်အားအပြည့် တိုက်ကွက်ဖြင့် တိုက်ခိုက်ခံလိုက်ရသည့်တိုင် ရန်ကိုင်သည် ဘာမှဖြစ်မသွားဘဲ အကောင်းအတိုင်းသာ ရှိနေ၏။ ဆံပင်လေးတစ်ပင်ပင် ကျွတ်မသွားခဲ့ပေ။ သူ့တိုက်ခိုက်မှုသည် အခြားသော ဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်သွားသည့်အလား။