← Chapters

အခန်း (၁၈၁၁-၁၈၁၅)

Vol. 73 Ch. 1811-1815

အခန်း (၁၈၁၁-၁၈၁၅)

Vol. 73 Ch. 1811-1815

အပိုင်း (၁၈၁၁)

သူ၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည့်တိုင် ဘာမှ ဖြစ်မသွားသော ရန်ကိုင်ကိုကြည့်ရင်း ရှုဝေ၏ နဖူးထက် ချွေးအေးများ ကျဆင်းလာခဲ့လေသည်။

ရန်ကိုင်သည် လွယ်ကူသည့် ပြိုင်ဘက်တစ်ယောက် မဟုတ်ဟု သူ့မသိစိတ်က ပြောနေခဲ့သည်။ ကမ္ဘာပျက်ထဲတွင် ရှိစဉ်ကတည်းက ကျိလုန်၏ တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့သည်ကို ကြည့်လျှင် ထိုအချက်ကို သိနိုင်ပေသည်။

ယခုအခါတွင်လည်း ဤကောင်လေးသည် သူ့တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်ပြသွားခဲ့သည်။

ရှုဝေသည် ကောင်းကင်စိတ်အာရုံဖြင့် ရန်ကိုင်အား လှမ်း၍ စစ်ဆေးကြည့်လိုက်လေသည်။ စစ်ဆေးပြီးချင်းချင်းမှာပင် သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေ၏ “မင်း… မင်းတကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့် ရောက်သွားတာပဲ”

“ဘာ” ရန်ကိုင်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေသော ကျိတုန်မျက်နှာ ရုတ်ချည်း သွေးဆုတ် ဖြူလျော်သွားခဲ့လေသည်။

တန်ခိုးရှင်ဘုရင်အဆင့်… အဲ့ခွေးသူတောင်းစားက တကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့် ရောက်သွားတာလား။ ရွှယ့်ယွယ်နဲ့ ကုကျန်းရှင်တောင် မရောက်သေးတာကို သူက အရင်ရောက်သွားတာလား

ရန်ကိုင်သည် ကြယ်စီရင်စုကြီး၏ နာမည်ကျော် လူငယ်ကြယ်ပွင့် သုံးဦးကို နောက်ကောက်ချခဲ့လေပြီ။ ရွှယ့်ယွယ်နှင့် ကုကျန်းရှင်ကို ကျော်တက်ပြီး ကြယ်စီရင်စုကြီး၏ လူငယ်မျိုးဆက်၏ လူငယ်ခေါင်းဆောင် ဖြစ်လာလိုသော ကျိတုန်၏ အိပ်မက်သည် ရယ်စရာ ဖြစ်ခဲ့ရလေပြီ။

သူ့ရှေ့ရှိခွေးကောင်သည် သူငယ်စဉ်ကတည်းက ဖြစ်ချင်ခဲ့သော အရာကို အရင်းပြီးမြောက်အောင် လုပ်သွားခဲ့သည်။

ချီးပဲ ဘာကြောင့် သူမဟုတ်ဘဲ ထိုခွေးသူတောင်းစားက တန်ခိုးရှင်ဘုရင်အဆင့်သို့ အရင် ရောက်သွားရသည်။ ကျိတုန် အလွန်ကိုမှ မနာလိုမရှုစိမ့် ဖြစ်လာခဲ့လေသည်။ ထို့ကြောင့် ချက်ချင်းပဲ ရှုဝေအား ဒေါသတကြီး အော်ပြောလိုက်လေသည် “ရှုဝေ၊ မင်းဘာတွေ ကြောင်ကြည့်နေတာလဲ။ အဲ့ကောင်ကို သွားမသတ်သေးဘူးလား”

ကျိတုန်၏ အော်သံကိုကြားမှပဲ ရှုဝေလည်း အသိပြန်ဝင်လာခဲ့၏။ သူ့အမူအရာသည် ယခင်ကကဲ့သို့ ပေါ့ပျက်ပျက် မဟုတ်တော့ဘဲ အလွန်ကိုမှ တည်ကြည်လေးနက်နေ၏ “ကောင်လေး၊ မင်းက ဒီလူအိုကြီး တွေ့ခဲ့ဖူးတဲ့ လူတွေထဲမှာ ပါရမီအရှိဆုံးပဲ။ ဖြစ်နိုင်ရင် မင်းနဲ့တောင် မိတ်ဆွေ ဖြစ်ချင်သေးတယ်။ ဒါပေမယ့် သခင်လေးက အမိန့်ပေးလာမှတော့ မင်းဒီနေ့ သေဖို့ကလွဲပြီး အခြားမရှိတော့ဘူး”

“သောက်ပိုတွေ တော်လိုက်တော့ရင်ကောင်းမယ်” ရန်ကိုင်သည် ရှုဝေအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။

ရှုဝေက အေးစက်စက် လေသံဖြင့် “တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်တာနဲ့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ဖို့တောင် မကြိုးစားဘဲ ပြေးထွက်လာပြီး ကိုယ့်သေလမ်းကို လာရှာတယ် ဆိုမှတော့ ဒီနေ့ တန်ခိုးရှင်ဘုရင်အဆင့်ဆိုတာ ဘာလဲ ဒီလူအိုကြီး မင်းကို ပြပေးရသေးတာပေါ့”

သူ့စကားသံဆုံးသွားသည်နှင့် ရှုဝေသည် သူ့နယ်ပယ်ဖြင့် ရန်ကိုင်အား လွှမ်းခြုံပစ်လိုက်လေသည်။

ရှုဝေသည် အထက်စီးဟန်ပန်ဖြင့် ပြုံးလျက် ရန်ကိုင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလေသည် “ဒီနယ်ပယ်ထဲမှာ ဒီလူအိုကြီးက အရှင်သခင်ပဲ။ မင်းသေလိုက်ပေတော့”

“ခင်ဗျား တစ်ယောက်မှာပဲ နယ်ပယ် ရှိတယ် ထင်နေတာလား” ရန်ကိုင်က နှာခေါင်းရှုံ့လျက် သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။

မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် ရန်ကိုင်၏ လက်ချောင်းထိပ်၌ စုဝေးလာခဲ့လေသည်။ ရန်ကိုင် လက်ဖျောက် ခတ်လိုက်သည့်အခိုက်… ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျသွားသလား ထင်မှတ်ရ၏။

လက်ဖျောက်ခတ်သံ ထွက်ပေါ်လာသည်နှင့် ရှုဝေသည် ပြင်းပြင်းထန်ထန် ထိခိုက်ခံလိုက်ရသည့်အလား အိုမင်းနေသော သူ့မျက်နှာသော ယခင်ထက် ပို၍ အိုစာသွားခဲ့လေသည်။ သွေးဆုတ်ဖြူလျော်နေသော မျက်နှာဖြင့် အလန့်တကြား ထအော်ပြောလေ၏ “ဘယ်လိုလုပ်ပြီး အခုလေးတင် ဖွဲ့စည်းထားတဲ့ မင်းနယ်ပယ်က ဒီလူအိုကြီး နှစ်တစ်ရာလောက် အဆင့်မြှင့်တင်ထားတဲ့ နယ်ပယ်ထက် ပိုကောင်းနေရတာလဲ။ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး”

လက်ရှိ အမှန်တရားကို မယုံကြည်ချင်သည့်အလား အဆုတ်ပေါက်မတတ် ထအော်လေသည်။

“အသက်ကြီးတိုင်းသာ ပိုအားကောင်းနေမယ်ဆိုရင် ဒီလောကကြီးမှာ ပါရမီရှင်တွေ ရှိတော့မှာ မဟုတ်ဘူး။ ခွေးအိုကြီး… ခင်ဗျားရဲ့ ကံတရားကို လက်ခံလိုက်ပေတော့” ရန်ကိုင်မှ သူ့လက်ကို ဝှေ့ရမ်းလိုက်သည်နှင့် သူ့အား လွှမ်းခြုံထားသော ရှုဝေ၏နယ်ပယ် ချက်ချင်း ပျက်စီးသွားခဲ့လေ၏။ ထို့နောက် သူ့နယ်ပယ်သည် ရှုဝေအား တစ်ဖန်ပြန်လည် လွှမ်းခြုံသွားခဲ့လေသည်။

“လရောင်ဓါးသွား” ရန်ကိုင်မှ သူ့လက်ကို ဝှေ့ရမ်းချလိုက်ရာ လခြမ်းကွေးပုံစံရှိသော လေဟာနယ်ဓါးသွားတစ်စင်း ရှုဝေဆီသို့ တိုးဝင်သွားလေသည်။

ဤဓါးသွားသည် ရန်ကိုင်၏ လေဟာနယ်ဓါးသွားပုံစံသစ် ဖြစ်ပေသည်။ ဓါးသွားပုံစံမှာ ယခင်နှင့် အတူတူသာ ဖြစ်သော်ငြား အဖျက်စွမ်းအင်နှင့် ကျစ်လစ်သိပ်သည်းသည့် အပိုင်းမှာတော့ ယခင်ထက် အများကြီး ပိုသာသွားခဲ့လေပြီ။

လခြမ်းကွေးဓါးသွား များစွာသည် ရှုဝေးဆီသို့ အဘက်ဘက်မှ တိုးဝင်လာခဲ့လေသည်။

ထိုဓါးသွားများကို မြင်ပြီးနောက် ရှုဝေ သေလုမတတ် ကြောက်လန့်သွားခဲ့သည်။ ထို့ကြောင့် နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ လျှာကိုကိုက်ကာ သွေးအဆီအနှစ်ကိုသုံး၍ ထွက်ပြေးရန် ကြိုးစားတော့သည်။

ရန်ကိုင်ကမူ အေးစက်စက် အမူအရာဖြင့်သာ ပြုံးနေ၏။ ရုတ်ချည်းဆိုသလို သူ့နယ်ပယ်စွမ်းအားသည် လှိုင်းလုံးများနှယ် ရှုဝေဆီသို့ တရစပ်တိုးဝင်သွားလေသည်။

ချက်ချင်းဆိုသလို သူ့ကိုယ်ပေါ်သို့ တောင်တစ်လုံး ပြုတ်ကျလာသလို ရှုဝေ ခံစားလိုက်ရသည်။ သူတော်စင်ချီကို အသည်းအသန် လှည့်ပတ်ရင်း လခြမ်းကွေးဓါးများကို ရှောင်ရင်း ထွက်ပြေးတော့မည်အပြု ရန်ကိုင်သည် ရုတ်တရက် ပါးစပ်ဟ၍ အော်ဟစ်လိုက်လေသည်။

ဟင်းလင်းပြင်ဟိန်းဟောက်သံ…

ဤစွမ်းရည်သည် လေဟာနယ်သားရဲ၏ မွန်းစတားအမြူတေကို သန့်စင်ပြီးနောက် ရရှိလာသည့် စွမ်းရည် တစ်ရပ် ဖြစ်ပေသည်။ လောလောဆယ်အနေဖြင့် ထိုစွမ်းရည်ကို တစ်ရာရာခိုင်နှုန်း အသုံးမချနိုင်သေးသော်လည်း လက်ရှိ သူအသုံးပြုနိုင်သည့် အတိုင်းအတာသည့် ရှုဝေအား အဟန့်အတား ဖြစ်အောင် လုပ်ရန်အတွက် လုံလောက်ပေသည်။

ထိုအော်သံကြောင့် ထွက်ပြေးရန် ကြိုးစားနေသော ရှုဝေ ရုတ်တရက် တန့်သွားခဲ့သည်။ သူအသိပြန်ဝင်လာသည့် အချိန်၌ လခြမ်းကွေးဓါးသွားများသည် သူ့ဆီသို့ ရောက်နေခဲ့လေပြီ။

“မဟုတ်ဘူး” ရှုဝေ သွေးပျက်လုမတတ် ထအော်လေသည်။

ရှုဝေ၏ အော်သံသည် လခြမ်းကွေးဓါးသွားများ၏ တိုက်ခိုက်မှုအောက်တွင် တိုးလျှိုပျောက်ကွယ်သွားခဲ့ရလေသည်။ ဟင်းလင်းပြင်ဓါးချက်ကြောင့် ကိုယ်တွင်းအင်္ဂါများ သူ့ကိုယ်ထဲမှ အတွဲလိုက် အတွဲလိုက် ပြုတ်ကျလာခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်က ခေါင်းညိတ်လိုက်၏ “မဆိုဘူး”

သူနားလည်ထားသည့် ပညာရပ်အသစ်များနှင့် လက်ရှိ သူ့ခွန်အားအတိုင်းအတာကို စစ်ဆေးကြည့်ချင်သည့်အတွက် ရှုဝေနှင့် တိုက်ခိုက်ရာတွင် သူအသစ် တတ်ကျွမ်းထားသော ပညာရပ်အားလုံးနီးပါးကို အသုံးပြုခဲ့ပေသည်။

ယခု သူထုတ်သုံးသွားသည့် ပညာရပ်အားလုံးသည် မကြာသေးခင်ကမှ သူတတ်မြောက်ထားသော ပညာရပ်များ ဖြစ်ကြသည်။

ထိုတိုက်ကွက်သုံးကွက်ဖြင့် ရှုဝေကဲ့သို့ ဝါရင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး အသက် ပျောက်သွားခဲ့ရလေပြီ။

လေဟာနယ်ပညာရပ်များသည် အားကောင်းသလို ကာကွယ်ရလည်း ခက်ခဲသည်။ ထိုမြင်ကွင်းကို လှမ်းကြည့်နေသော ကျိတုန် အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေသည်။

ရှုဝေသည် တိုက်ကွက်အနည်းငယ်အတွင်း ရန်ကိုင်လက်၌ အသတ်ခံလိုက်ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ ရှုဝေသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ မဟုတ်လေလော။ ဘာကြောင့် အလွယ်တကူ အသတ်ခံလိုက်ရသနည်း။ ရန်ကိုင်သည် တန်ခိုးရှင် ဘုရင်အဆင့်သို့ လောလောလတ်လတ်ကမှ ချိုးဖျက်ထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်ကိုပင် ရှုဝေ ဘာကြောင့် မနိုင်ရသနည်း။

ဟင်းလင်းပြင်ခွဲလွန်းပျံကြောင့် သူ့စွမ်းအင်တွေ အများကြီး ဆုံးရှုံးထားလို့ အဲ့ခွေးကောင် ရှုဝေကို အလွယ်လေး သတ်လိုက်နိုင်တာ ဖြစ်ရမယ် ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ကျိတုန် စိတ်အေးသွားခဲ့လေသည်။ ရန်ကိုင်သည် အရမ်းကြီး မသန်မာသရွေ့ သူအဆင်ပြေပေသည်။

“ပြေးချင်တာလား။ ငါ့နယ်ပယ်ထဲကို ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရတဲ့ မင်းအိမ်တံခါးများ မှတ်နေလား” ရန်ကိုင်သည် ဟင်းလင်းပြင်ထဲရှိ တစ်နေရာအား လှမ်းကြည့်၍ စိတ်စွမ်းအင်ဖြင့် လှမ်းပစ်လိုက်လေသည်။

ခဏအကြာတွင် ဗဟလာဖြစ်နေသော ထိုနေရာ၍ ကြောက်လန့်တုန်လှုပ်နေသော ပုံရိပ်တစ်ခု ပေါ်လာခဲ့လေသည်။ ထိုလူမှာ အခြားမဟုတ်၊ ခုန်ဖပင် ဖြစ်လေသည်။

ရှုဝေ ရန်ကိုင်အား တိုက်ခိုက်နေစဉ်တွင် ခုန်ဖသည် သူ့ကိုယ်သူ ဖုန်းကွယ်၍ ရန်ကိုင်နားသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သည်။ အခွင့်အရေးသာ ရလျှင် ရန်ကိုင်၏ သိုလှောင်လက်စွပ်ကို လုယူပြီး ထွက်ပြေးမည့် အကြံနှင့် ဖြစ်သည်။

ခုန်ဖသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူသည် ကွေဇူနှင့် ကျိတုန်တို့လောက် မသန်မာပေ။ ထို့ကြောင့် အင်မော်တယ်သစ်ပင်ကို ထိုနှစ်ဦးလက်မှ ရလိုလျှင် ဥာဏ်နီဥာဏ်နက်များဖို့ လိုလာသည်။ ရှုဝေ ရန်ကိုင်အား သွားတိုက်ခိုက်ခြင်းသည် သူ့အတွက် အင်မော်တယ်သစ်ပင်ကို ရယူနိုင်မည့် အခွင့်အရေးတစ်ရပ် ဖြစ်လာခဲ့သည်။

သို့သော်လည်း သူနှင့် နှစ်ပေါင်းများစွာ သိလာခဲ့သော ရှုဝေသည် ရန်ကိုင်၏ တိုက်ကွက်သုံးကွက်အောက်၌ အလွယ်တကူ အသက်ပျောက်သွားလိမ့်မည်ဟု သူမည်သို့ ထင်ထားပါမည်နည်း။

ရှုဝေ သေသွားသည်ကို မြင်သော် ခုန်ဖလည်း အလွန်ကိုမှ ကြောက်လန့်သွားပြီး ချက်ချင်း ပြန်ဆုတ်ရန် ကြိုးစားလေသည်။ သို့သော်လည်း သူ့နယ်ပယ်ထဲတွင် ရှိနေသည့် မည်သည့်အရာမှ သူ့အာရုံခံစက်ကွင်းအောက်မှ မလွတ်မြောက်နိုင်ချေ။ ထို့ကြောင့် ခုန်ဖ ရှိနေသည်ကိုလည်း ရန်ကိုင် သတိပြုမိခဲ့သည်။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုနှင့် ကြုံရပြီးနောက် ခုန်ဖ ပို၍ ထိတ်လန့်သွားခဲ့သည်။

ထိုတိုက်ခိုက်မှုမှတစ်ဆင့် ရန်ကိုင်၏ စိတ်စွမ်းအင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ခုန်ဖ နားလည်သွားခဲ့၏။ ထိုစိတ်စွမ်းအင်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ခါစ ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်သည့်သည့် စိတ်စွမ်းအင်မျိုး မဟုတ်ပေ။ ရန်ကိုင်၏ စိတ်စွမ်းအင်သည် အနည်းငယ် ဝါရင့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် ပညာရှင်များသာ ပိုင်ဆိုင်နိုင်သည့် စိတ်စွမ်းအင်မျိုး ဖြစ်သည်။

ထို့ကြောင့် ခုန်ဖ မလှုပ်ရဲတော့ဘဲ ရန်ကိုင်၏ နယ်ပယ်ထဲ ကြောက်ကြောက်လန့်လန့်ဖြင့် ရပ်နေရတော့၏။ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်တွင် ခုန်ဖက ပြောလိုက်လေသည် “မိတ်ဆွေလေးရယ်၊ ငါမင်းကို တစ်ချက်ကလေးတောင် မတိုက်ခိုက်ခဲ့ဘူးလေကွာ။ ဘာလို့ ငါ့ကို မလွှတ်ပေးတာလဲ။ ငါလုံးဝ ဒီကိစ္စမှာ ဝင်မပါဘူးလို့ ကတိလည်း ပေးတယ်ကွာ”

“မတိုက်ခိုက်တာတော့ ဟုတ်ပါတယ်” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဒါပေမယ့် ဘာလို့ ကျုပ်နား ခိုးကြောင်ခိုးဝှက်နဲ့ ရောက်လာတာလဲ”

သိပြီးသားကို လာမေးနေသေးတယ်။ ဒီခွေးကောင်ကတော့ကွာ ခုန်ဖသည် စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲလိုက်လေသည်။ သို့သော်လည်း မည်ကဲ့သို့ ပြန်ဖြေလို့ ဖြေရမှန်းမသိသဖြင့် မဲ့ပြုံးပြုံး၍သာ “ခုမတိုင်ခင်တုန်းကတော့ မိတ်ဆွေလေးပေါ် ဒီလူအိုကြီး မကောင်းတဲ့စိတ်အချို့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မိတ်ဆွေလေးရဲ့ စွမ်းအားကို မြင်လိုက်တော့ ဒီလူအိုကြီး တတ်နိုင်တာ ဘာမှ မရှိတော့ဘူး ဆိုတာ သိသွားတယ်။ အဲ့လိုဆိုမှတော့… မိတ်ဆွေလေး ဘာလို့…”

“လာပြီးမှတော့ ထွက်သွားဖို့ မစဉ်းစားတော့နဲ့” ရန်ကိုင်သည် ခုန်ဖအား ပြီးအောင်ပြောခွင့်မပေးဘဲ အေးစက်စက် လေသံဖြင့် ဖြတ်ပြောလိုက်လေသည်။ ထို့နောက် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေသည့် အကြည့်ဖြင့် “ခင်ဗျားက ကျုပ်အပေါ် မကောင်းကြံဖို့ စဉ်းစားရဲမှတော့ တန်ရာတန်ကြေး တစ်ခုတော့ ပြန်ပေးဆပ်ရမှာပေါ့”

ရန်ကိုင်၏ စကားကိုကြားသော် ခုန်ဖ မျက်မှောင်ကြုတ်သွားပြီး ဒေါသ စထွက်လာခဲ့လေသည် “ဒီလူအိုကြီးက ဒီကိစ္စကို အေးအေးဆေးဆေးနဲ့ ပြီးသွားစေချင်တာလေ။ မိတ်ဆွေလေးက ဘာလို့ သတ်မယ်ဖြတ်မယ်ချည်းပဲ လုပ်ချင်နေတာလဲ”

“အခုမှ သူတော်ကောင်းယောင် လာဆောင်မနေနဲ့တော့။ နောက်ကျသွားပြီ။ ဒီနေ့ ခင်ဗျား သေကိုသေရမယ်”

“မင်းလို့ ဂျူနီယာကများ” ခုန်ဖ ဒေါသပုန်ထသွား၏။ သူ့ဘက်မှ ခြေတစ်လှမ်း နောက်ဆုတ်ပေးခဲ့ပါသော်လည်း ရန်ကိုင်သည် နည်းနည်းလေးမှ အလျှော့မပေးဘဲ သူ့ကိုပင် လာ၍ ရန်စနေသည်။

ရန်ကိုင်သည် တိုက်ကွက်သုံးကွက်တည်းဖြင့် ရှုဝေကို သတ်နိုင်ခဲ့သော်လည်း၊ ရှုဝေသည် မီးစာကုန်ရေခမ်း ဘဝသို့ ရောက်နေသည့် အတွက်ကြောင့်သာ ထိုကဲ့သို့ အလွယ်တကူ သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရှုဝေသာ အကောင်းအတိုင်း ရှိနေလျှင် ရန်ကိုင်အနေဖြင့် သူ့အား အလွယ်တကူ မသတ်နိုင်လောက်ပေ။

ခုန်ဖ၏ အခြေအနေသည် ရှုဝေနှင့်မတူ။ ခုန်ဖသည် မည်သည့် ဒဏ်ရာမှ မရထားသေးသည့် တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ယခုလေးတင် တန်ခိုးရှင်ဘုရင် အဆင့် ချိုးဖျက်ထားသည်ကို သူ့အား သတ်မည် လုပ်နေသည်။ ထိုကောင်လေး သူ့အဆင့်သူ မသိလေသလော။

“ကျုပ်လို့ ဂျူနီယာက ဘာဖြစ်လဲ။ ခင်ဗျားပြောတာကို ယမမင်းဆီ ရောက်တော့မှပဲ ဆက်ပြောလိုက်တော့” ပြောပြီးသည်နှင့် ရန်ကိုင်သည် သူ့နယ်ပယ်စွမ်းအားကို ချက်ချင်း တိုးမြှင့်လိုက်လေသည်။

ပတ်ပတ်လည် ဟင်းလင်းတစ်ပြိုင်တစ်ဝိုက်တွင် မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကွဲကြောင်းလေးများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏ အရှိန်အဝါ ပေါက်ကွဲထွက်လာခဲ့လေသည်။

“တန်ခိုးရှင်ဘုရင်ပထမအဆင့်ရဲ့ အထွဋ်အထိပ်၊ မဖြစ်နိုင်ဘူး” ခုန်ဖ သွေးပျက်မတတ် ထအော်လေသည်။ ထိုသို့ အော်ဟစ်ရင်း သူ့လျှာသူ ပြန်ကိုက်လုမတတ်ပင် ဖြစ်သွားခဲ့သေးသည်။

ရှုဝေနှင့် တိုက်ခိုက်ရာတွင် ရန်ကိုင်သည် သူ့အရှိန်အဝါကို မထုတ်လွှတ်ခဲ့သည့်အတွက် ရန်ကိုင် မည်မျှ အားကောင်းသလဲ ဆိုသည်ကို ရှုဝေ မပြောနိုင်ခဲ့ချေ။ သို့ရာတွင် ယခု ရန်ကိုင်၏ အရှိန်အဝါကို ခံစားမိလိုက်သည့်နောက် အံ့ဩမှုကြောင့် ခုန်ဖ မျက်လုံးပြူးသွားခဲ့ရလေသည်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးပြီးချင်း မည်သို့များ တန်ခိုးရှင်ဘုရင်ပထမအဆင့်၏ အထွဋ်အထိပ်သို့ ရောက်သွားနိုင်ရသနည်း။

ပုံမှန်အားဖြင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးသည့် ကျင့်ကြံသူတစ်ဦးအနေဖြင့် တန်ခိုးရှင်ဘုရင် ပထမအဆင့်၏ အထွဋ်အထိပ်သို့ရောက်ရန် အနည်းဆုံး နှစ်တစ်ရာလောက် ကြိုးစားရပေသည်။ ထိုအမြန်နှုန်းသည် ပါရမီရှင်တစ်ဦး၏ အမြန်နှုန်း ဖြစ်သည်။ သာမန် ကျင့်ကြံသူများဆိုလျှင်တော့ ထိုအဆင့်သို့ရောက်ရန် နှစ်နှင့်ချီကာ ကြိုးစားရပေသည်။

သူနှင့် ရှုဝေသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ပြီးနောက် ကျင့်ကြံခြင်းကို တည်ငြိမ်အောင် နှစ်တစ်ရာလောက် အချိန် ယူခဲ့ရသည်။ နောက်ထပ် နှစ်သုံးရာလောက် ကြိုးစားပြီးမှသာ တန်ခိုးရှင်ဘုရင် ပထမအဆင့် အထွဋ်အထိပ်သို့ ရောက်နိုင်ခဲ့၏။

ထိုကောင်လေး သေမင်းချောက်နက်ထဲ ပျောက်သွားသည်မှာ လအနည်းငယ်သာ ရှိသေးသည်။ ထိုလအနည်းငယ်အတွင်း ဤအဆင့်သို့ရောက်အောင် သူမည်သို့များ ကျင့်ကြံခဲ့သနည်း။

သူတစ်ဘဝလုံး ကြိုးစားပမ်းစား ကျင့်ကြံခဲ့ရသည်မှာ တကယ်ကို အချည်းနှီးပါလားဟု ခုန်ဖ ရုတ်တရက် တွေးမိသွားလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၁၂)

သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း ကျိတုန် မှင်သက်နေသည်။ ရန်ကိုင်၏ တိုက်ကွက်အောက်၌ ခုန်ဖ အလဲလဲ အပြိုပြို ဖြစ်နေခဲ့၏။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် အလွန်ကိုမှ အားကောင်းကြောင်း လက်ခံလိုက်ရတော့လေသည်။

ခုန်ဖသည် ရန်ကိုင်၏ အပြတ်အသတ် ဖိနှိပ်ခြင်း ခံနေခဲ့ရသည်။ တိုက်ပွဲချိန် ကြာလာသည့်နောက်တွင် ခုန်ဖသည် နည်းနည်းလေးမျှပင် ပြန်မတိုက်နိုင်တော့ဘဲ အောက်စည်းမှသာ ခုခံနေရတော့လေ၏။

ခုန်ဖ၏ လှုပ်ရှားမှုများသည် ပုံမှန်နှင့်မတူဘဲ အနည်းငယ် နှေးကွေးနေသည်ကို ကျိတုန် မြင်နေရသည်။ ရန်ကိုင့် နယ်ပယ်၏ ဖိနှိပ်မှုကြောင့် ထိုသို့ ဖြစ်နေရခြင်း ဖြစ်သည်။ နှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင်ပထမအဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေသူများ ဖြစ်ကြသော်လည်း ခုန်ဖ၏ နယ်ပယ်သည် ရန်ကိုင်၏ နယ်ပယ်ကို မယှဉ်နိုင်သဖြင့် ဆက်သာ တိုက်နေလျှင် ကျိန်းသေ ခုန်ဖ ရှုံးနိမ့်ပေလိမ့်မည်။

ထိုအချက်ကို နားလည်လိုက်သည့်အခါ ကျိတုန် စိတ်လေးလံသွားခဲ့လေသည်။

ရှုဝေမှာ ရန်ကိုင် သတ်လို့ သေသွားခဲ့လေပြီ။ ယခု ခုန်ဖပါ သေသွားဦးမည်ဆိုလျှင်တော့ ရန်ကိုင်၏ နောက်ပစ်မှတ်သည် သူဖြစ်လာပေတော့မည်။

သူ့အဖေသည် တစ္ဆေအိုကြီးကို တိုက်ခိုက်ရင်း အလုပ်ရှုပ်နေသည့်အတွက် သူ့ကို လာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ငါ့ဘာလုပ်သင့်လဲ ကျိတုန် စတင် စိတ်ပူလာခဲ့သည်။

ထိုစဉ် ရန်ကိုင် ထွက်လာသည့် ဝဲကတော့ထဲမှ ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာခဲ့လေသည်။ ထိုလူသည် ပေါ်လာပြီးသည်နှင့် အော်ပြောလိုက်လေ၏ “သူရဲကောင်းလေး စောင့်ပါဦး။ ငါလမ်းရှာမတွေ့လို့။ ငါဘယ်လမ်း… ငါအပြင်ရောက်လာတား။ ဟားဟားဟား၊ နောက်ဆုံးတော့ ငါလူကွေ့ချန် ကြယ်စီရင်စုထဲ ပြန်လာနိုင်ပြီကွ”

လူကွေ့ချန်သည် ပတ်ဝန်းကျင် အခြေအနေကို သတိမပြုမိဘဲ လွင့်မျောတိုက်ကြီးမှ လွတ်လာနိုင်ခဲ့သည့်အတွက် စိတ်ရှိလက်ရှိ ပျော်နေခဲ့လေသည်။

ဒီကောင် ဘာကောင်လဲ။ ဘယ်ကနေ ရောက်လာတာလဲ ရုတ်တရက် ပေါ်လာသော လူကွေ့ချန်ကို ကြည့်ရင်း ကျိတုန် မျက်မှောင်ကြုတ်သွားခဲ့သည်။ လူကွေ့ချန်ကို မြင်မြင်ချင်း သူ့စိတ်ထဲ ထိုလူကို မြင်ဖူးနေသလို ခံစားလိုက်ရသည်။ သို့သော် မည်သည့်နေရာတွင် မြင်ဖူးခဲ့မှန်း မမှတ်မိချေ။

“ဘာပဲဖြစ်ဖြစ်၊ အဲ့ကောင်ကို အရင်ဖမ်းရတော့ပေါ့။ ဟိုခွေးသူတောင်းစားနဲ့ အတူတူ ထွက်လာတယ်ဆိုမှတော့ သူ့လူပဲ ဖြစ်ရမယ်” ထိုသို့ ရေရွတ်ပြီးနောက်တွင် ကျိတုန်သည် လူကွေ့ချန်ဆီသို့ ပျံသန်းသွားပြီး လူကွေ့ချန်၏ လည်ကုတ်ကို ဖမ်းဆွဲကာ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “မလှုပ်နဲ့။ လှုပ်တာနဲ့ မင်းသေပြီပဲ”

လူကွေ့ချန် အံ့အားသင့်သွားပြီး ချက်ချင်းပဲ ကျောပြင် တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲသွားခဲ့လေသည်။ နည်းနည်းလေမှ မလှုပ်ရဲဘဲ ခေါင်းညိတ်၍သာ “မလှုပ်ပါဘူး။ မလှုပ်ပါဘူး။ ဒီက ရောင်းရင်း၊ ကျုပ်မှာ ပြောစရာရှိလို့ အရမ်းကြီး အလျင်စလို မလုပ်လို့ရမလား”

ပြောရင်း လူကွေ့ချန်သည် ကျိတုန်အား လှမ်းကြည့်လိုက်၏။

သို့သော်လည်း ကျိတုန်ကို မြင်လိုက်သည်နှင့် လူကွေ့ချန်၏ မျက်လုံးများ တဖျက်ဖျက် တောက်ပလာခဲ့လေသည် “သခင်လေးလား။ တကယ်ကြီး သခင်လေးလား”

“ဘာသခင်လေးလဲ” ကျိတုန် ကြောင်သွားခဲ့ပြီး လူကွေ့ချန်ကို အလိုလို လွှတ်ပေးမိလိုက်လေသည် “မင်းဘယ်သူလဲ”

“သခင်လေး” လူကွေ့ချန်သည် ချက်ချင်း ဒူးထောက်လိုက်ပြီး ကျိတုန်၏ ပေါင်ကိုဖက်ကာ မျက်ရည်ရွဲလဲဖြင့် ပြောလိုက်လေသည် “သခင်လေး၊ ဒီလက်အောက်ငယ်သားက လူကွေ့ချန်ပါ။ ခရမ်းကြယ်က လူကွေ့ချန်ပါ။ ဟိုတစ်ခါတုန်းက ကံကောင်းပြီး ဒီလက်အောက်ငယ်သား သခင်လေးနဲ့ တစ်ကြိမ် တွေ့ခွင့်ရပြီး သခင်လေးဆီက ညွှန်ကြားပြသမှုအချို့ ရရှိခဲ့ပါတယ်။ သခင်လေး မေ့သွားပြီလား”

“လူကွေ့ချန်” ကျိတုန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုနာမည်ကို ရင်းနှီးနေသလို ခံစားနေရသည်။ သို့သော် မည်သို့ပင် စဉ်းစားစဉ်းစား လုံးဝ မမှတ်မိခဲ့ပေ။ သို့ရာတွင် လူကွေ့ချန် ပျော်နေသည့်ပုံသည် နည်းနည်းလေးမှ ဟန်ဆောင်နေသည့်ပုံ မပေါက်သဖြင့် ကျိတုန်လည်း လူကွေ့ချန် အမှန်ပြောနေခြင်း ဟုတ်မဟုတ် မခွဲခြားနိုင် ဖြစ်နခဲ့သည်။ ခဏကြာအောင် မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီးနောက်တွင် ကျိတုန်က ရုတ်တရက် ကောက်မေးလိုက်လေသည် “မင်းက လူမိသားစုက ဆိုတော့ လူလီရဲ့ မျိုးဆက်လား”

“ဟုတ်ပါတယ်။ အဲ့လူမိသားစုကပါပဲ” ကျိတုန် သူ့အား မှတ်မိသွားသည်ကို မြင်သော် လူကွေ့ချန် ပြောသွားလေသည် “ခရမ်းကြယ်ကလူတွေကို နောက်ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူးလို့ ဒီလက်အောက်ငယ်သား ထင်နေတာ။ ဒါပေမယ့် ဟိုအစုတ်အပြတ်နေရာက လွတ်လာလာချင်း ဒီလက်အောက်ငယ်သား ပထမဦးဆုံး တွေ့လိုက်ရတဲ့လူက သခင်လေး ဖြစ်နေမယ်လို့ မထင်ထားဘူး”

“မင်းကိုး” ကျိတုန် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ့မျက်နှာ အမူအရာတော့ ပုပ်သိုးသိုးဖြင့်သာ ရှိနေဆဲ “ထပြီးပြော။ မင်းသေသွားခဲ့တာ ကြာပြီးမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အခုထိ အသက်ရှင်နေသေးတာလဲ”

“အဟင့်ဟင့်…” လူကြီးတစ်ယောက် ဖြစ်နေသော်လည်း လူကွေ့ချန်သည် ကလေးတစ်ယောက်နှယ် ငိုနေခဲ့လေသည် “ဒီကိစ္စက… ပြောရရင် အရှည်ကြီးပဲ သခင်လေး”

“လိုရင်းကိုပြော” လက်ရှိ ရန်ကိုင်လက်မှ မည်ကဲ့သို့ လွတ်အောင် လုပ်ရမလဲ နည်းလမ်းရှာနေရသဖြင့် လူကွေ့ချန် စီကာပတ်ကုံး ထိုင်ပြောပြနေမည့် ဇာတ်လမ်းကို နားထောင်ဖို့ရာ သူ့တွင် အချိန်မရှိပေ။

လူကွေ့ချန်လည်း ချက်ချင်းပဲ အဓိက အချက်များကိုသာ ရှင်းပြလိုက်လေသည်။

“အဲ့လိုလား” လူကွေ့ချန် ပြောပြသည်ကို နားထောင်ပြီးနောက် ကျိတုန်က ခေါင်းညိတ်၍ “အရင်နှစ်တွေက မင်းအတွက် တော်တော်လေး ခက်ခဲခဲ့မှာပေါ့”

“လုံးဝ မခက်ခဲပါဘူး။ သခင်လေးကို မြင်ရတာနဲ့တင် အကုန်လုံး ထိုက်တန်နေပါပြီ” လူကွေ့ချန်က အားတင်းပြုံး၍ ပြောလိုက်လေသည်။ နှစ်ပေါင်းများစွာကြာအောင် ကြိုးစားပြီးနောက် သခင်လေး သူ့အား အသိအမှတ်ပြုအောင် လုပ်နိုင်ခဲ့ပြီဟု တွေးမိသွားလေသည်။

လူကွေ့ချန် လုပ်ပုံအပေါ် ကျိတုန် အတော်လေး ရွံ့ရှာမိသော်လည်း သွားတော့ အပြစ်ဆိုမနေခဲ့ပေ။ သူ့တွင် ထိုသို့ လုပ်နေရန် အချိန်မရှိ။

“ဒါနဲ့သခင်လေး၊ အဲ့လွင့်မျောတိုက်ကြီးရဲ့ ကြယ်အမြူတေကို လူငယ်လေးတစ်ယောက်က သန့်စင်သွားတယ်။ သခင်လေးသာ သူ့ကို ဖမ်းနိုင်ရင်…”

“ဘယ်လို” ကျိတုန်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည် “အဲ့ကောင် ဒီနေရာက ကြယ်အမြူတေကို သန့်စင်လိုက်တာလား”

“အင်း… ကိုယ်တိုင်တော့ မမြင်လိုက်ရပေမယ့် သူသန့်စင်လိုက်တာတော့ လုံးဝ သေချာတယ်။ အဲ့ကောင်လေး….” ပြောနေရင်း လူကွေ့ချန်သည် ဘေးပတ်ပတ်လည်အား လှည့်ပတ်ကြည့်လိုက်လေသည်။ မကြာမီ ခုန်ဖနှင့် တိုက်ခိုက်နေသော ရန်ကိုင်ကို တွေ့သွားသည်။

တစ်ခုခု ပြောတော့ဖို့ ပြင်နေစဉ်မှာပင် လူကွေ့ချန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။

အကြောင်းမှာ ခုန်ဖသည် ရန်ကိုင်နှင့် တိုက်ခိုက်ရာတွင် ခွက်ခွက်လဲလဲအောင် ခံနေရသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ရန်ကိုင် ပတ်ပတ်လည်တွင် ရွှေရောင်သွေးမျှင်များစွာ ပျံဝဲနေပြီး ထိုရွှေရောင်သွေးမျှင်များသည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ခုန်ဖအား အဘက်ဘက်မှ တိုက်ခိုက်နေခဲ့သည်။

“မိတ်ဆွေလေး၊ ရပ်လိုက်ကြရင် မကောင်းဘူးလား။ ဒီလူအိုကြီး ရှုံးနိမ့်ကြောင်း ဝန်ခံပါတယ်ကွာ” ခုန်ဖသည် သူ့ဆီသို့ တိုးဝင်လာနေသည့် ရွှေရောင်သွေးမျှင်၏ တိုက်ခိုက်မှုများကို ခုခံရင်း အော်ပြောလိုက်လေသည်။

“ရှုံးပါပြီလို့ ဝန်ခံတိုင်းသာ အဆင်ပြေမယ်ဆိုရင် ဘယ်သူမှ ကျင့်ကြံနေကြတော့မှာ မဟုတ်ဘူး” ခုန်ဖ၏ စကားသည် ရန်ကိုင်၏ ယတိပြတ် ဆုံးဖြတ်ထားသော စိတ်ကို နည်းနည်းလေးမှ ယိမ်းယိုင်သွားအောင် မလုပ်နိုင်ခဲ့ပေ။ ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်းချလိုက်လေသည် “လခြမ်းကွေးဓါးသွား”

ရွှစ်…

တစ်မီတာအရှည်ရှိသော လခြမ်းကွေးဓါးသွားသည် ခုန်ဖဆီသို့ ဒေါင်လိုက်အတိုင်း တိုးဝင်သွားခဲ့လေသည်။

ခုန်ဖ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်းပဲ လက်ကွက်များစွာကို ကပျာကယာ ဖန်တီးလိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး တလက်လက် တောက်ပလာပြီး ရှေးဟောင်းခေါင်းလောင်းတစ်လုံး သူ့ကိုယ်ထဲမှ ထွက်ပေါ်လာခဲ့၏။ ထိုခေါင်းလောင်းသည် ပေါ်လာပြီးသည်နှင့် ခုန်ဖတစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ဒေါင်…

နားပင်မတတ် ကျယ်လောင်လှသော ခေါင်းလောင်းသံကြီး ထွက်ပေါ်လာခဲ့သည်။ အားလှိုင်းများဟာလည်း အဘက်ဘက်သို့ ပျံ့လွင့်လာခဲ့လေသည်။

လခြမ်းကွေးဓါးသွားသည် ခေါင်းလောင်းအား ထိုးဖောက်နိုင်ခြင်း မရှိဘဲ လက်တစ်ချောင်းစာ အနက်ရှိသော ခြစ်ရာထင်အောင်သာ လုပ်နိုင်ခဲ့လေသည်။

ထိုအခြင်းအရာကို မြင်မှပဲ ခုန်ဖ သက်ပြင်းချနိုင်၏။

သူ့ဧကရာဇ်ခေါင်းလောင်းသည် လျှောက်ပတ်သွားရင်းမှ ရရှိခဲ့သည့် ရတနာတစ်ခုဖြစ်သည်။ ထိုအရာသည် တန်ခိုးရှင်ဘုရင် အဆင့် အကာအကွယ်မှော်ရတနာတစ်ခုဖြစ်ပြီး သူရင်ဆိုင်ခဲ့ရသည့် မည်သည့်ရန်သူမှ ချိုးဖျက်နိုင်ခြင်း မရှိသေးသည့် ရတနာတစ်ခုဆိုလည်း မှန်ပေသည်။

ဤဧကရာဇ်ခေါင်းလောင်းသာ ရှိနေလျှင် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် အချိန်အတန်ကြာအောင် ခုခံနိုင်လိမ့်မည်ဟု ခုန်ဖ ယုံကြည်ပေသည်။

ရန်ကိုင်၏ တိုက်ခိုက်မှု သူ့ခေါင်းလောင်းအေား ထိုးဖောက်နိုင်ခြင်း မရှိသည်ကို မြင်သော် ခုန်ဖ အနည်းငယ် ယုံကြည်ချက် ပြန်ရှိလာခဲ့လေသည် “မိတ်ဆွေလေးက ဒီလူအိုကြီးကို ဘာလို့ ဒီလောက် သတ်ချင်နေရတာလဲ။ ငါတို့ အခွင့်သင့်ပြီး တစ်ကြိမ်လောက်ပဲ တွေ့ခဲ့ရတာလေ။ ဘာလို့ အေးအေးချမ်းချမ်းနဲ့ ကိုယ့်လမ်းကိုယ်မသွားကြတာလဲ”

“သောက်ပိုတွေ လာပြောမနေနဲ့” ရန်ကိုင်က ပြောင်းလဲခြင်း မရှိသည့်အမူအရာဖြင့် သူ့လက်ကို ထပ်တလဲလဲ ဝှေ့ရမ်း၍ “လိပ်ခွံထဲမှာ ပုန်းနေရင် လုံခြုံပြီလို့ ထင်နေမှတော့ ခင်ဗျား လိပ်ခွံကို ကျုပ်ခွဲပေးရတာပေါ့”

ရွှစ်… ရွှစ်… ရွှစ်…

လခြမ်းကွေးဓါးသွားများစွာတို့သည် ခုန်ဖဆီသို့ တစ်စင်းပြီး တစ်စင်း တိုးဝင်လာခဲ့လေသည်။ ထိုဓါးသွားများကို ကြည့်ရင်း ခုန်ဖ၏ အမူအရာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်းပဲ သူတော်စင်ချီကို အစွမ်းကုန် လှည့်ပတ်ကာ ဧကရာဇ်ခေါင်းလောင်းထဲသို့ ထည့်သွင်းလိုက်လေသည်။

ခေါင်းလောင်းသံမှာ ပိုမိုကျယ်လောင်လာပြီး ခေါင်းလောင်း၏ အရောင်အဝါမှာလည်း ပိုမို တောက်ပလာခဲ့သည်။

ဒေါင်… ဒေါင်… ဒေါင်… ဒေါင်…

တရစပ်တိုးဝင်လာနေသော လခြမ်းကွေးဓါးသွားများကြောင့် ခေါင်းလောင် အဆက်မပြတ် တုန်ခါနေခဲ့သည်။

ခရက်…

နောက်ဆုံးတွင်… သူအလွန်ကိုမှ မကြားချင်သည့် အသံ တစ်သံကို ခုန်ဖ ကြားလိုက်ရလေသည်။ ကြည့်ကြည့်လိုက်သည့် အခါ ဧကရာဇ်ခေါင်းလောင်းမျက်နှာပြင်ပေါ်တွင် အက်ရာတစ်ခု ထွက်ပေါ်လာသည်ကို တွေ့ရှိလိုက်ရလေသည်။

ထိုအက်ကြောင်းသည် မျက်နှာတစ်လျှောက် စတင် ပျံ့နှံ့လာခဲ့သည်။ မကြာမီတွင် ခေါင်းလောင်း၏ မျက်နှာပြင် တစ်ခုလုံး အပေါက်ပရပွဖြင့် ဖြစ်ကုန်လေသည်။

နောက်ဆုံး ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ ဧကရာဇ်ခေါင်းလောင်း ပျက်စီးသွားခဲ့လေသည်။

“မိတ်ဆွေလေး၊ ကျေးဇူးပြုပြီး ဒီလူအိုကြီးအသက်ကို ချမ်းသာပေးပါကွာ” ခုန်ဖသည် ဖြူဖတ်ဖြူလျော်ဖြင့် အသနားခံ တောင်းဆိုလိုက်လေသည်။

“သေလိုက်ပေတော့” ရန်ကိုင်ကတော့ သွေးအေးအေးပင်။ နည်းနည်းလေးမှာ မျက်နှာတွန့်သွားခြင်း မရှိဘဲ ရွှေရောင်သွေးမျှင်များကို စုပေါင်း၍ ရွှေရောင်ဓါးတစ်ချောင်း ဖန်တီးကာ ခုန်ဖဆီသို့ ပစ်ထည့်လိုက်လေသည်။ ထိုဓါးနှင့်အတူ လခြမ်းကွေးဓါးသွားများကိုပါ ပစ်ထည့်လိုက်လေသည်။

မကြာမီ ခုန်ဖ၏ ခန္ဓာကိုယ် တောင့်တောင့်ကြီး ဖြစ်သွား၏။

ငုံ့ကြည့်လိုက်သည့်အခါ သူ့ရင်ဘတ်တွင် အပေါက်တစ်ပေါက် ရှိနေသည်ကို တွေ့လိုက်ရလေသည်။ အသက်စွမ်းအင်သည် သူ့ကိုယ်ထဲမှ လျင်မြန်စွာ စိမ့်ထွက်လာနေခဲ့ပြီး မကြာမီတွင် သူ့လောကတစ်ခုလုံး အမှောင်ကျသွားခဲ့လေသည်။

“ဒီ… လူအိုကြီး…” စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ခုန်ဖ၏ အရှိန်အဝါ အပြီးတိုင် ချုပ်ငြိမ်းသွားခဲ့လေသည်။

ရန်ကိုင်သည် ဧကရာဇ်ခေါင်းလောင်းနှင့်တကွ ခုန်ဖ၏ သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်သည်။

“မင်းအလှည့်ပဲ” ခုန်ဖအား သတ်ပြီးသည်နှင့် ရန်ကိုင်သည် ကျိတုန်ဘက်သို့ လှည့်လိုက်လေသည်။ သူ့လက်ကို ဝှေ့ရမ်း၍ လခြမ်းကွေးဓါးသွားတစ်စင်းကို ကျိတုန်ဆီသို့ လှမ်းပစ်လိုက်၏။

ရန်ကိုင် သူ့ဆီသို့ လှည့်လာသည်ကို မြင်သည့်အခါ ကျိတုန် တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ လခြမ်းကွေးဓါးသွားသည် သိပ်အားမကောင်းဟန် ထင်ရသော်လည်း သူခုခံနိုင်သည့် အရာ မဟုတ်မှန်း ကျိတုန် သိနေသည်။ ထိုအရာသည် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုဖြစ်သည်။

ဘာမှစဉ်းစားမနေတော့ဘဲ ကျိတုန်သည် လူကွေ့ချန်ကို လည်ကုတ်မှဆွဲင လခြမ်းကွေးဓါးသွားဆီသို့ ပစ်ထည့်လိုက်၏။

“သခင်လေး၊ ခင်ဗျား…” လူကွေ့ချန်သည် ကျိတုန်ကို နောက်တစ်ကြိမ် ပြန်တွေ့ရသည့်အတွက် ပျော်ကော်နေတုန်းပင် ရှိနေသေးသည်။ ယခုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ သူအသိဝင်လာသည့် အချိန်တွင် လုံးဝ နောက်ကျနေခဲ့လေပြီ.

ပြင်းထန်သည့် ဖိအားတစ်ရပ်သည် သူ့ခန္ဓာကိုယ်ကို လာရောက်ထိမှန်လေသည်။ ထိုစွမ်းအားနှင့်အတွေ့တွင် လူကွေ့ချန် တစ်ကိုယ်လုံး ဘုန်းခနဲ ပေါက်ကွဲထွက်သွား၏။ အသံတစ်ချက်ပင် မထွက်လိုက်နိုင်ခဲ့။

“မင်းတကယ် ရက်စက်တာပဲ” ရန်ကိုင်သည် ကျိတုန်အား လှောင်ပြုံးပြုံးကာ စိုက်ကြည့်လိုက်သည်။

ကျိတုန်သည် ဤနည်းလမ်းကိုဖြင့် သူ့တိုက်ခိုက်မှုကို တားဆီသွားလိမ့်မည်ဟု ရန်ကိုင်လည်း မထင်ထားခဲ့ပေ။

ဤခရမ်းကြယ်၏ သခင်လေးသည် တကယ်ကိုး အတွင်းထဲထိ လောက်တက်နေသည့် သတ္တဝါဖြစ်သည်။

လူကွေ့ချန်သည် သူ့အား အနည်းငယ် အသုံးဝင်သော သတင်းအချက်အလက်များ ပေးခဲ့သည့်အတွက် ရန်ကိုင်သည် လူကွေ့ချန်၏ အသက်ကို ချမ်းသာပေးခဲ့ပေသည်။ သူ့နောက်သို့ လိုက်လာသည်ကိုပင် ဘာမှမပြော။

သို့သော်လည်း သူ့ဘာသာ လွင့်မျောတိုက်ကြီးထဲတွင် ခဏကြာအောင် ဆက်နေလိုက်လျှင် အသက်ရှင်လိမ့်ဦးမည် ဖြစ်သော်လည်း ရန်ကိုင်နောက်သို့ လိုက်လာခဲ့သည့်အတွက် သေမင်းနှင့် စောစောစီးစီး ပြေးတွေ့သွားရသည်။

“ဒါပေမယ့် ဘယ်လိုလုပ်လုပ် မင်းသေရဦးမှာပဲ” ရန်ကိုင်က ရယ်မောရင်း ပြောလိုက်၏။

“မင်းဘာလုပ်ချင်နေတာလဲ” ကျိတုန် ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် မကြောက်ချင်ယောင်ဆောင်လျက် ပြန်အော်ပြောလေသည် “ကောင်လေး၊ တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်လာရုံနဲ့ မင်းလုပ်ချင်တိုင်း လုပ်လို့ရပြီ ထင်နေတာလား။ ငါက ခရမ်းကြယ်ရဲ့ သခင်လေးကွ။ မင်းငါ့ကို သတ်လို့မရဘူး”

“ခရမ်းကြယ်ရဲ့ သခင်လေးဖြစ်တော့ရာ ဘာဖြစ်လဲ။ ခရမ်းကြယ်ရဲ့ သခင်လေးကို ဘယ်သူမှ သတ်လို့ မရဘူးလို့ မင်းအဖေက ပြောထားလို့လား။ သောက်ရူး၊ မင်းလိုကောင် အခုအချိန်ထိ ဘယ်လို အသက်ရှင်နေတာလဲ ငါတကယ် မစဉ်းစားတတ်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်၏။

“မင်းတကယ်ကြီး ငါ့ကို သတ်ချင်နေတာလား” ရန်ကိုင် သူ့အား တကယ် သတ်ချင်နေမှန်းသိလိုက်သော် ကျိတုန် အလွန်ကို ထိတ်လန့်သွားခဲ့လေသည်။ “ငါ့ကိုသတ်ရင် ဘာဖြစ်မလဲ မင်းမသိတာလား။ ခရမ်းကြယ်က မင်းကို ရေဆုံးမြေဆုံးအထိ အမဲလိုက်မှာနော်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၁၃)

“အို၊ ငါအရမ်းကို ကြောက်နေပါပြီနော်” ရန်ကိုင်သည် ပါးစပ်ကြီးဖဲ၊ မျက်လုံးကြီး ပြူးပြလျက် မျက်ခွက် ပြောင်ပြလေ၏။ ထို့နောက် သူ့မျက်နှာသည် ချက်ချင်း တည်ကြည်သွားပြီး “အဲ့တော့ ငါက ဘာလုပ်ပေးရမှာလဲ။ မင်းတို့ ခရမ်းကြယ်က ကောင်တွေ တစ်ကောင်လာရင် တစ်ကောင်သတ်မယ်၊ နှစ်ကောင်လာရင် နှစ်ကောင်သတ်ပစ်မယ်။ မင်းတို့ ဘယ်နှစ်ကောင် လာနိုင်မလဲ။ လာနိုင်သလောက်ကို ငါသတ်ပစ်ပေးမယ်”

ပြောပြီးသည့်နောက် ရန်ကိုင်သည် သွားကိုဖြီးလျက် ရက်စက်စွာ ပြုံးပြလိုက်လေသည်။

ရန်ကိုင်၏ အေးစက်စက် အကြည့်ကြောင့် ကျိတုန် တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ ရန်ကိုင် သူ့အား တကယ်ကြီး သတ်တော့မည်ကို မြင်သော် ချက်ချင်း ထအော်တော့လေသည် “အဖေ၊ သားကိုကယ်ပါဦး”

ရန်ကိုင်အား သွားမတိုက်ခိုက်ရဲပေ။ သူသည် တန်ခိုးရှင် တတိယအဆင့်သာ ရှိသေးပြီး ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် အဆင့် ဖြစ်နေလေပြီ။

ကျိတုန်ကိုကြည့်ရင်း ရွှယ့်ယွယ်၊ ကုကျန်းရှင်နှင့် အခြားသော ကြယ်စီရင်စုကြီး၏ လူငယ်ကြယ်ပွင့်များကို ရန်ကိုင် ပြန်စဉ်းစားမိသွားသည်။ ထိုလူများသည် ကျိတုန်နှင့် ယှဉ်လိုက်လျှင် အများကြီး ပိုပြီး သတ္တိရှိပေသည်။ ကုကျန်းရှင်သည် လီမင်ဟိုင်၏ အလစ်ချောင်း တိုက်ခိုက်ခံရစဉ်က နည်းနည်းလေးမှပင် ကြောက်ရွံ့မနေဘဲ သတ္တိရှိရှိဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။

ရွှယ့်ယွယ်သာဆိုလျှင်လည်း ထိုကဲ့သို့သာ လုပ်လိမ့်မည်ဟု ရန်ကိုင် ထင်မိသည်။

တန်ခိုးရှင်ဘုရင်အဆင့်နှင့် ရင်ဆိုင်ရတော့ကော ဘာအရေးနည်း။ မဟာအင်အားစုကြီးများ၏ တယုတယ ပျိုးထောင်လာခြင်းခံရသော ပါရမီရှင်အားလုံးသည် အဆင့် ကျော်ပြီး တိုက်ခိုက်နိုင်သူများ ဖြစ်ကြသည်။ အဆင့်တစ်ဆင့် ပိုမြင့်သည့် ရန်သူနှင့် ရင်ဆိုင်ရမည်ကို ကြောက်နေလျှင် ဘာကြောင့်များ ဆက်ကျင့်ကြံနေရသေးသနည်း။

ကိုယ့်ထက်အားနည်းသည့်လူနှင့် အဆင့်တူများကိုသာ တိုက်ခိုက်ရဲသည့်လူသည် မည်သို့မှ သိုင်းတာအို၏ အထွဋ်အထိပ်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

ကျိတုန်သည် သူ့ကိုယ်သူ လူငယ်ပါရမီရှင်ဟု ခေါ်ဆိုရန် မထိုက်တန်ချေ။ ရန်ကိုင်မှ ခုန်ဖနှင့် ရှုဝေတို့အား သတ်လိုက်သည်ကို မြင်သော် အလွန်ကိုမှ ကြောက်သွား၏။ ရန်ကိုင်အား နည်းနည်းလေးပင် ပြန်မတိုက်ရဲတော့ဘဲ သူ့အဖေကိုသာ လှမ်းအကူအညီ တောင်းတော့လေသည်။

“ကောင်လေး၊ မင်းငါ့သားရဲ့ ဆံပင်တစ်မွှေးကို ထိရဲရင် ငါမင်းတို့ တစ်ဆွေလုံးတစ်မျိုးလုံးကို သတ်ပစ်မှာ” သူ့သား၏ အော်ဟစ် အကူအညီတောင်းသံကိုကြားသော် အဝေးတွင် ရှိနေသော ကျိလုန်သည် ဒေါသတကြီး လှမ်းအော်လေသည်။ သို့သော်လည်း မကြာမီတွင် သူ့အော်သံသည် ပေါက်ကွဲသံများကြား တိုးဝင်‌ ပျောက်ကွယ်သွားခဲ့လေသည်။

သူ့သားကို မကယ်ချင်သည်မဟုတ်၊ ကွေ့ဇူ၏ ဝိဥာဉ်တစ်သောင်းအလံထဲ ပိတ်မိနေသဖြင့်အတွက် ကျိတုန်ဆီသို့ မလာနိုင်သေးခြင်းသာ ဖြစ်ပေသည်။

“တကယ်ကြီး” ရန်ကိုင်သည် ကျိတုန်အား မဲ့ပြုံးပြုံးလျက် လှမ်းကြည့်လိုက်ပြီးနောက် ကျိတုန်ဆီသို့ စွမ်းအင်လှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်လေသည်။

သူ့ခေါင်းအား လေပြင်းဖြတ်တိုက်သွားသည်ကို ကျိတုန် ခံစားလိုက်ရလေသည်။

ငါသေသွားတာလား ကျိတုန်ခေါင်းထဲ အတွေးပေါင်းစုံ ထွက်ပေါ်လာခဲ့လေသည်။ သို့သော် စစ်ဆေးကြည့်ပြီးနောက် သူဘာမှ မဖြစ်သည်သေးမှန်း တွေ့ရှိလိုက်ရသည်။ သူ့ခေါင်းသည်သာ အနည်းငယ် ထူးဆန်းနေသလို ဖြစ်နေခြင်း ဖြစ်သည်။

ခေါင်းအား လက်ဖြင့် ထိကြည့်လိုက်သည့်အခါမှပဲ ဘာတွေ ဖြစ်နေမှန်း ကျိတုန် နားလည်သွားခဲ့လေသည် “အား၊ ငါ့ဆံပင်တွေ”

ယခင်ရှိနေကျ သူ့ဆံပင်ရှည်ကြီး မရှိတော့ချေ။ ထို့အစား သူ့ခေါင်းတစ်ခေါင်းလုံး ပြောင်နေခဲ့၏။ ရန်ကိုင်သည် သူ့ဆံပင်ကို ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

ကျိတုန်သည် ရွှယ်ယွယ်ကဲ့သို့ မြင်သူတိုင်း ငေးရလောက်အောင် ချောမောခြင်းမရှိသော်ငြား သူ့ဟာနှင့်သူတော့ အတော်လေး ကြည့်ကောင်းသည့် လူတစ်ဦး ဖြစ်သည်။ ခရမ်းရောင်ဆံပင်ရှည်နှင့် သူ့မျက်နှာသည် အတော့်ကိုမှ ပနံသင့်လှသည်။ ကျိတုန် ကိုယ်တိုင်သည်လည်း သူ၏ ဘိုးဘေးအမွေဖြစ်သော ခရမ်းရောင်ဆံပင်အပေါ် အလွန် ဂုဏ်ယူပေသည်။

သို့သော်လည်း ယခုမူ ရန်ကိုင်ကျေးဇူးကြောင့် ကတုံးဘဝသို့ ရောက်သွားခဲ့လေပြီ။ သူ့ရင်ထဲလည်း အလွန်ကိုမှ ကြောက်လန့် တုန်လှုပ်နေမိ၏။

ရန်ကိုင်၏ သာမန်ကာလျှံကာ လက်အဝှေ့တစ်ချက်သည် သူ့ဆံပင်ကို အသာလေး ဖြတ်တောက်သွားခဲ့သည်။ သူ့အနေဖြင့် ဘာမှ ပြန်မလုပ်နိုင်ခဲ့။ ဆိုလိုသည်မှာ ရန်ကိုင်သာ သူ့ခေါင်းကို ဖြတ်ချင်လျှင် ယခုဆိုအချိန်လောက်ဆို သူ ခေါင်းနှင့်ကိုယ် အိုးစားကွဲနေလောက်ပေပြီ။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ကျိတုန်၏မျက်နှာ သွေးမရှိတော့မတတ် ဖြူလျော်သွားလေသည်။

“ကဲ အခု သူ့ဆံပင်ကို ကျုပ်ဖြတ်ပစ်လိုက်ပြီ။ ခင်ဗျား ဘာလုပ်မှာလဲ” ရန်ကိုင်က ကျိလုန်ဘက်သို့လှည့်၍ ပြောလိုက်၏။

ဝိဥာဉ်တစ်သောင်းအလံထဲတွင် ပိတ်မိနေသော ကျိလုန် တိတ်သွားခဲ့လေသည်။ ရှက်သွားခြင်း ဖြစ်ရပေမည်။ သို့သော်လည်း ကွေ့ဇူက အကျယ်ကြီး အော်ရယ်မောလျက် “အဲ့ခရမ်းရောင် ဆံပင်တွေကို အစကတည်းက ငါကြည့်မရတာ။ မင်းဖြတ်လိုက်တာ တကယ် ကောင်းတယ်”

“ကောင်လေး” ကျိလုန်၏ အသံ ထွက်လာခဲ့သည် “မင်းသာ ငါ့သားကိုလွှတ်ပေးရင် ငါအခုအချက်ချင်း ပြတ်ဆုတ်ပေးမယ်။ မင်းကို လုံးဝ ပြဿနာ ထပ်မရှာတော့ဘူး။ ကြယ်စီရင်စုကြီးက အကျယ်ကြီးပဲ၊ တစ်နေ့နေ့ မင်းငါတို့ခရမ်းကြယ်ရဲ့ အကူအညီကို လိုလာတဲ့ အခါလည်း ရှိနိုင်တာပဲ။ အဲ့အခါကျ မင်းရဲ့ တောင်းဆိုချက်သာ အရမ်းကြီး မလွန်ကဲရင် မင်းဘာပဲ တောင်းဆိုတောင်းဆို ငါသဘောတူပေးမယ်”

“ခင်ဗျား ပြောတာ တကယ် မဆိုးဘူး” ရန်ကိုင်က ရယ်မောလျက် “ခရမ်းကြယ်ကို ကျုပ်အတွက် တစ်ခုခု လုပ်ခိုင်းနိုင်တာ ကျုပ်အတွက် တကယ် ဂုဏ်ရှိစရာပဲ”

“ဟုတ်တယ်။ အသေအချာပဲ” ကျိတုန်က ကြက်အစကောက်သည့် အဆက်မပြတ် ခေါင်းညိတ်၍ “မင်းသာ ငါ့ကိုမသတ်ရင် အားလုံး ဆွေးနွေးလို့ရတယ်။ ငါခရမ်းကြယ်ရဲ့ ခေါင်းဆောင် ဖြစ်လာတဲ့အခါကျရင် ငါတို့ နှစ်ယောက် ကျိန်းသေ မိတ်ဆွေတွေ ဖြစ်လာနိုင်တယ်”

ထိုသို့ပြောနေစဉ် သူ့မျက်ဝန်းထဲ ဒေါသရိပ်တို့ ဖျက်ခနဲ ဖြတ်ပြေးသွားခဲ့လေသည်။

“ဒီတော့ မင်းသဘောတူလား” ကျိလုန်က မေးလိုက်သည်။

“တူရမှာပေါ့။ ဘာလို့ မတူရမှာလဲ။ စီနီယာကျိလုန်က အရမ်းကို အားကောင်းတဲ့လူတစ်ယောက်ပဲ။ ကျုပ်ဂိုဏ်းရဲ့ မဟာမအကြီးအကဲက စီနီယာနဲ့ ယှဉ်တိုက်နိုင်တယ် ဆိုပေမယ့် စီနီယာကို သတ်နိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူး။ ဒီတော့ အချင်းချင်း တိုက်ခိုက်နေမယ့်အစား ငြိမ်ငြိမ်ချမ်းချမ်းနဲ့ ဖြေရှင်းလိုက်နိုင်တာ အကောင်းဆုံးပဲပေါ့”

“မင်းက စဉ်းစားတတ်သားပဲ” ကျိလုန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ရန်ကိုင် ပြောသလိုပင် ကွေ့ဇူသည် ကျိလုန်အား ဝိဥာဉ်တစ်သောင်းအလံထဲ ယာယီ ပိတ်လှောင်ထားနိုင်သော်လည်း သူ့အား သတ်နိုင်လိမ့်မည် မဟုတ်ချေ။ နှစ်ယောက်စလုံးသည် တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့်များ ဖြစ်ကြပြီး ခွန်အားမှာလည်း အတူတူလောက်သာ ရှိကြသည်။ ထို့ကြောင့် ကွေ့ဇူ အနေဖြင့် ကျိလုန်အား သတ်နိုင်သည်ဆိုလျှင်ပင် ကြီးကြီးမားမား တစ်ခုခု မပေးဆပ်ဘဲ ထိုသို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့ရာတွင် ကွေ့ဇူကတော့ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် ရန်ကိုင်ကို ကောင်းမွန်စွာ ဆက်ဆံနေသော်လည်း ကြင်နာတတ်သူတစ်ယောက်တော့ မဟုတ်ပေ။ အပြန်အလှန် အနေဖြင့် ကွေ့ဇူသည် ရက်စက်သည့်လူတစ်ဦး ဖြစ်သည်။ ရန်ကိုင်နှင့် ကျိလုန်ကြားရှိ ကိစ္စသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြီးဆုံးသွားနိုင်မည့် ကိစ္စမဟုတ်မှန်း သူသိနေသည်။ ထို့အပြင် ကျိလုန်၏ ကမ်းလှမ်းချက်ကို သဘောတူလိုက်၍လည်း ရန်ကိုင် အတွက် ဘာအကျိုးကျေးဇူးမှ ရှိလာနိုင်သည်မဟုတ်။

ပါးစပ်နှင့်လုပ်သည့် သဘောတူညီချက်များသည် ဘယ်တော့မှ အကျုံးမဝင်ချေ။ ကျိလုန်သည် ရန်ကိုင်၏ မည်သည့် တောင်းဆိုချက်ကိုမဆို ဖြည့်ဆည်းပေးမည်ဟု ပြောနေသော်ငြား ရန်ကိုင်သာ သူပြောသည့်အတိုင်း ခရမ်းကြယ်သို့သွာပြီး အကူအညီတောင်းလျှင် အကူအညီ မရသည့်ပြင် ခရမ်းကြယ်မှ ပညာရှင်များ၏ ဝိုင်းတိုက်ခိုက်ခြင်းကိုပင် ခံရပေလိမ့်မည်။

ရန်ကိုင်ကြောင့် ကျိလုန်နှင့် သူ့သားသည် အလွန်ကိုမှ မျက်နှာပျက်ခဲ့ရသည်။ ထို့အပြင် ရန်ကိုင်တွင် သူတို့နှစ်ဦး အသည်းအသန် လိုချင်နေသည့် အင်မော်တယ်သစ်ပင် ရှိနေသည်။

သို့ရာတွင် ယခုကိစ္စနှင့် ပက်သက်၍ သူလည်း ဘာမှ မစဉ်းစားတတ်။ ထို့ကြောင့် ရန်ကိုင်ကို ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

“ဟုတ်တာပေါ့။ ကျုပ်က တကယ် စဉ်းစားတတ်တာပေါ့၊ ဟားဟားဟား” ရန်ကိုင်က ရယ်ရယ်မောမောနှင့် နှာခေါင်းကို ပွတ်၍ ရှက်ရွံ့နေသည့် အမူအရာဖြင့် ပြောလိုက်လေသည် “ပြောရရင်၊ ကျုပ်စီနီယာဆီက အကူအညီတောင်းချင်တာ တစ်ခု ရှိတယ်။ စီနီယာမငြင်းဖို့ မျှော်လင့်ပါတယ်”

ရန်ကိုင် စကားကိုကြားသည့်အခါ ကျိလုန် မျက်နှာမဲ့သွားခဲ့လေသည်။ သူယခု ပြောလိုက်သည့် စကားသည် အခြေအနေ မဟန်တော့သည့် အတွက်ကြောင့်သာ ပြောလိုက်ခြင်း ဖြစ်ပြီး တကယ်ပြောနေခြင်း မဟုတ်ပေ။ ခေါင်းရှိသူတိုင်း စဉ်းစားတတ်ပေသည်။ သို့သော်လည်း ရန်ကိုင်ကမူ သူပြောသည့် စကားကို အတည်ယူကာ သူ့ဆီက အကူအညီတောင်းရန် လုပ်နေသည်။

သူ့စိတ်ထဲ မကျေမနပ် ဖြစ်သွားမိသော်လည်း စိတ်ရှည်ရှည်ဖြင့် ပြန်ပြောလိုက်လေသည် “ပြော။ ငါကျိလုန် လုပ်နိုင်တာဆိုရင် ကျိန်းသေ လုပ်ပေးမယ်”

သူ့သားကို ခေါ်သွားနိုင်လျှင် အားလုံး အဆင်ပြေပြီ။ သူ့သားကို ခေါ်သွားနိုင်လျှင် ထိုကောင်ကို ဝရမ်းထုတ်ဖမ်းခိုင်း၍ ရပေပြီ။ သူတို့ကို လာရန်စရလျှင် မည်သို့သော အကျိုးဆက်ကို ရင်ဆိုင်ရမည်လဲ ဆိုသည်ကို သိသွားအောင် ကောင်းကောင်း လုပ်ပေးရပေမည်။

“ရိုးရိုးလေးပဲ ဘာမှမခက်ပါဘူး” ရန်ကိုင်က ပြုံးလျက် “ဂျူနီယာ တောင်းဆိုချင်တာက စီနီယာ သေပေးဖို့ပါပဲ”

“ဟူးးးးး” ဝိဥာဉ်တစ်သောင်းအလံထဲတွင် ရှိနေသော ကွေ့ဇူ အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။ အဆက်မပြတ် အော်မြည်နေသော ယင်ဝိဥာဉ်များပင် တိတ်သွားခဲ့ကြသည်။

ကျိလုန်သည်လည်း မုန်တိုင်းမလာခင် လေပြေသွေးသည့်နှယ် တိတ်သွားခဲ့လေသည်။

ထိုမြင်ကွင်းကို ကြည့်နေသည့် ကျိတုန်မှာတော့ လုံးဝကို ပါးစပ် အဟောင်းသား ဖြစ်နေခဲ့လေသည်။ ရန်ကိုင်သည် သူ့အဖေကို ဤကဲ့သို့ သွားရန်စလိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့ပေ။

သူကောင်းကောင်း မစဉ်းစားနိုင်သေးခင်မှာပင် ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့ဘေးတွင် ပြန်ပေါ်လာကာ သူ့လည်ကုတ်အား ဖမ်းဆွဲလိုက်သည်ကို တွေ့လိုက်ရလေသည်။

ကျိတုန်လည်း ကြောက်ကြောက်လန့်လန်ဖြင့် သူတော်စင်ချီကို လှည့်ပတ်၍ ထွက်ပြေးရန် ကြိုးစားလိုက်သော်ငြား အချည်းနှီးသည်သာ။ သူမည့်သို့ပင် ကြိုးစားစေကာမူ ရန်ကိုင်၏လက်သည် ပြုတ်တူကြီးနှယ် သူ့လည်ကုတ်အား မြဲနေအောင် ဆုပ်ကိုင်ထားခဲ့သည်။

“ဟူး…” ရန်ကိုင်က သက်ပြင်းတစ်ချက်ချလျက် “ကြည့်ရတာ စီနီယာကျိလုန်က လေပဲရှိတဲ့လူနဲ့ တူတယ်။ စီနီယာကျိလုန်က ကတိ မတည်မှတော့ ဂျူနီယာလည်း မူလအစီအစဉ်အတိုင်းပဲ သွားရတော့မှာပေါ့”

“မင်းငါ့သားရဲကို ထိရဲထိကြည့်၊ ဒီလူအိုကြီး မင်းကို တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်” ကျိလုန် ဒေါသတကြီး ထအော်လေသည်။

ရန်ကိုင်သည် နားနားလက်ကိုကပ်ကာ နားစွင်ဟန် လုပ်ပြလျက် ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်သည် “ခုဏတုန်းကပဲ ခင်ဗျား အဲ့စကားမျိုး ပြောလိုက်တာ မဟုတ်ဘူးလား။ ဒါပေမယ့် ကျုပ်အကောင်းကြီး ရှိနေတုန်းပဲနော်။ ခွေးအိုကြီး၊ ခင်ဗျား ဟောင်ပဲ ဟောင်တတ်တာလား။ နည်းနည်းလေးမှ မကိုက်တတ်ဘူးလား။ ကျုပ်တကယ် သိချင်နေပြီ… ကျုပ်သူ့ကို သတ်လိုက်ရင် ခင်ဗျား ဘယ်လိုလုပ်မလဲ ဆိုတာကို”

သူပြန်ပြောလိုက်သဖြင့် ရန်ကိုင် ဒေါသထွက်သွားပြီး ကျိတုန်အား သတ်လိုက်မည်ကို စိုးရွိမ်သည့်အတွက် ကျိလုန်သည် တိတ်သာ တိတ်နေခဲ့လေသည်။

ရန်ကိုင်နှင့် စကားပြိုင်လုနေ၍ သူသာ နစ်နာမည်မှန်း ကျိလုန် ကောင်းကောင်း သိနေသည်။

ခရက်…

ရုတ်တရက် ကျိလုန်၏ လည်ကုတ်ဆီမှ အရိုးကျိုးသံတို့ ထွက်ပေါ်လာခဲ့သည်။ ကျိလုန်သည် ရန်ကိုင်၏ လက်မှ လွတ်အောင် အသည်းအသန် ရုန်းနေခဲ့သော်လည်း သူတော်စင်ချီ မသုံးနိုင်သည့် သူ့ဘဝသည် လုံးဝကို ကူကယ်ရာ မဲ့နေခဲ့လေသည်။

ရန်ကိုင်သည် ကျိတုန်အားကြည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “တကယ်တမ်း ပြောရရင် ခင်ဗျားတို့ နှစ်ယောက်နဲ့ ကျုပ်နဲ့ ဘာရန်ငြိုးမှ ရှိတာ မဟုတ်ဘူး။ ခင်ဗျားတို့သာ ကျုပ်ကို လာပြဿနာမရှာရင် အခုအချိန်လောက်ဆို အကုန်လုံး ကိုယ်အိမ်ကိုယ် အေးအေးချမ်းချမ်းနဲ့ ပြန်လို့ရနေပြီ။ ဒါပေမယ့် ခင်ဗျာတို့က ကျုပ်ကို မရရအောင် လိုက်သတ်တယ်။ အခုတော့ ဘာဖြစ်လဲ။ ခင်ဗျားတို့ပဲ ဒုက္ခရောက်တယ် မဟုတ်ဘူးလား။ ဒီတော့ မသေခင် သေချာမှတ်သွား။ နောက်ဘဝရခဲ့ရင် အခုလိုမျိုး နေရာတကာ လူစောက်မြင်ကတ်အောင် မနေနဲ့။ နှိမ့်နှိမ့်ချချလေး နေ။ အဲ့ဒါမှ သောက်သက်ရှည်ရှည် နေနိုင်မှာ။ ကဲသွားပေတော့”

ပြောပြီးသည်နှင့် ရန်ကိုင်သည် ကျိလုန်၏ လည်ကုတ်ကို အားစိုက်၍ ညစ်ချလိုက်လေသည်။

ကျိတုန်၏ခေါင်း ဘေးသို့ စောင်းကျသွားခဲ့ပြီး ရုန်းကန်နေသော သူ့ခြေလက်တို့မှာလည်း ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။

ခရမ်းကြယ်၏ သခင်လေး သေသွားခဲ့လေပြီ။

ထိုအခြင်းအရာကို မြင်လိုက်သော် ကွေ့ဇူ ကိုယ့်လျှာကိုယ် ပြန်ကိုက်လုမတတ် ဖြစ်သွားခဲ့သည်။

ရန်ကိုင် ကျိတုန်ကို တကယ်ကြီး သတ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်သည် ကျိတုန်အား ဓါးစားခံအဖြစ် သုံး၍ ထွက်ပြေးလျှင်ပြေး မပြေးလျှင် ကျိလုန်ဆီမှ တစ်ခုခု ညစ်ထုတ်ရန် ကြိုးစားလိမ့်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ ကျိတုန်ကို သတ်လိမ့်မည်ဟုတော့ တစ်ခါမှ မတွေးမိခဲ့ပေ။

မကောင်းတော့ဘူး ကွေ့ဇူ ရင်ထိတ်သွားခဲ့သည်။

သူ့သား သေသွားသည်ကိုမြင်သော် ကျိလုန် အလွန်ကိုမှ ဒေါသပုန်ထသွားခဲ့လေသည်။

တွေးမိရုံလေးတင်ရှိသေး၊ ကွေ့ဇူ၏ မျက်လုံးထဲ ထိတ်လန့်ရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ မူလက ပိန်းပိန်းပိတ် မှောင်မိုက်နေခဲ့သော ဝိဥာဉ်တစ်သောင်းအလံ၏ မျက်နှာပြင်သည် ထောင်ပေါင်းများစွာသော ခရမ်းရောင်အလင်းတန်းများကြောင့် လင်းထိန်လာပြီး စတင် ပေါက်ပြဲလာခဲ့လေသည်။ ထိုအလင်းတန်းများထဲ အလွန်ကိုမှ ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေခဲ့ပေသည်။

ဘုန်း…

ဝိဥာဉ်တစ်သောင်းအလံ၏ မျက်နှာပြင်ထက် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့ပြီး ထိုအပေါက်ထဲမှ ကျိလုန် ခုန်ထွက်လာခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည် “ကောင်လေး၊ မင်းအသက်ကိုပေးစမ်း”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၁၄)

ရှိရှိသမျှ အားကုန်သုံး၍ ကွေ့ဇူ၏ ချုပ်လှောင်ထားမှုမှ ရုန်းထွက်လာပြီးနောက်တွင် ကျိလုန်သည် ဥက္ကာပျံတစ်စင်းနှယ် ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည်။

“ရန်ကောင်လေး၊ မြန်မြန် ပြေးတော့” ကွေ့ဇူသည် ဝိဥာဉ်တစ်သောင်းအလံကို ပြန်သိမ်းပြီး ကျိလုန်နောက်သို့ အမြန် ပြေးလိုက်ရင်း ရန်ကိုင်အား လှမ်းအော်ပြောလိုက်လေသည်။

သို့သော်လည်း ရန်ကိုင်သည် နီးကပ်လာနေသော အန္တရာယ်ကို သတိမမူသည့်အလား ကျိလုန်ကိုသာ အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ထို့နောက်တွင် မာန်သွင်းအော်ဟစ်၍ သူတော်စင်ချီကို အစွမ်းကုန် လှည့်ပတ်လိုက်လေသည်။ သူ့တစ်ကိုယ်လုံး ရောင်စဉ်ငါးသွယ်ဖြင့် တလက်လက် တောက်ပလာခဲ့ပြီး တစ်ချိန်တည်းတွင် ညာဘက်လက်မောင်းတစ်ခုလုံးဟာလည်း ရွှေရောင်ကြေးခွံများဖြင့် ဖုံးလွှမ်းလာခဲ့သည်။ လက်သည်းများသည်လည်း နဂါးလက်သည်းအသွင်သို့ ပြောင်းလဲသွားကုန်လေသည်။

ထို့နောက်တွင် ရှိသမျှ စွမ်းအင်အားလုံးကို ညာဘက် လက်သီးထိပ်တွင် စုစည်းလျက် သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာနေသော ခရမ်းရောင်အလင်းတန်းအား ထိုးချလိုက်လေသည်။ ဘုန်းဆိုသော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတို့သည် ရန်ကိုင်နှင့် ကျိလုန်ကို ဗဟိုပြု၍ မိုင်ထောင်ပေါင်းများစွာသို့ ပျံ့နှံ့သွားခဲ့လေသည်။

ရန်ကိုင်သည် သွေးအပွက်ပွက်အန်ထုတ်ရင် နောက်ပြန် လွင့်ထွက်သွားခဲ့လေသည်။ ကျိလုန်မှာမူ နောက်သို့ တစ်လှမ်းပင် မဆုတ်လိုက်ရသော်လည်း သူ့မျက်နှာတစ်ပြင်လုံးသည် စက္ကူဖြူ တစ်ရွက်နှယ် ဖြူလျော်နေခဲ့ပြီး သွေးစီးကြောင်းတစ်ခုသည် နှုတ်ခမ်းထောင့်မှ အောက်သို့ ဖြည်းဖြည်းချင်း စီးကျနေခဲ့လေသည်။

ခွေးကောင်လေး… ကျိလုန်စိတ်ထဲ အလွန်ကိုမှ အံ့အားသင့်နေမိသည်။

သူသည် ဝါရင့်တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သလို ကြယ်စီရင်စုထဲ အစွမ်းထက်ဆုံး ကျင့်စဉ်တစ်ခုဖြစ်သည့် ထာဝရမြစ်ခရမ်းချီကျင့်စဉ်ကို ကျင့်ကြံထားသူတစ်ဦးလည်း ဖြစ်သည်။ တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူများထဲတွင် သူနှင့် ယှဉ်ပြိုင်နိုင်သည့်လူ အတော်လေး နည်းပါးပေသည်။ တန်ခိုးရှင်ဘုရင် ပထမအဆင့်များ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ယခုလေးတင် ချိုးဖျက်ဝင်ရောက်ထားသော ဤကောင်လေးသည် သူ့နှင့် ထိပ်တိုက် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်။

ရှုဝေနှင့် ခုန်ဖကဲ့သို့သော ပညာရှင်များပင် အစောပိုင်းက သူ့လက်သီးစာ မိသွားခဲ့လျှင် မသေလျှင်ပင် အရိုးအသွင်သွင် ကျိုးသွားကြရပေလိမ့်မည်။

ဒီကောင်က ဘယ်က‌ ရောက်လာတာလဲ။ သူ့ကို ဘယ်သူ သင်ပေးနေတာလဲ

ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ချင်းချင်း၌ပင် ကျိလုန်အား ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခဲ့သည်။ သူသာ တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်သွားခဲ့လျှင် ကြယ်စီရင်စုထဲ၌ မည်သူကများ သူ့အား ယှဉ်ပြိုင်နိုင်ဦးမည်နည်း။

ထိုအကြောင်းကို တွေးလိုက်မိသည့်နောက် ရန်ကိုင်အား သတ်ချင်သည့်စိတ်ဟာလည်း ပို၍ အားကောင်းလာခဲ့လေသည်။ ရန်ကိုင်သာ ယနေ့မသေလျှင် သူမည်သို့မျှ စိတ်အေးလက်အေး နေနိုင်တော့မည် မဟုတ်ပေ။

ရုတ်တရက် ကျိလုန်နောက်ဘက်မှ စူးစူးဝါးဝါး အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ကွေ့ဇူ သူ့အား လိုက်မှီလာပြီမှန်း ကျိလုန် သိလိုက်သည်။ ချက်ချင်းပဲ ခရမ်းရောင် အလင်းတန်းတစ်ခုကို လှည့်ပစ်လိုက်လေသည်။

ခရမ်းချီအလင်းတန်းပင်… ထိုပညာရပ်သည် ခရမ်းချီထာဝရမြစ်ကျင့်စဉ်ထဲတွင် ပါဝင်သော ပညာရပ်တစ်ခု ဖြစ်ပေသည်။ ခရမ်းချီအလင်းတန်းတစ်ခုကို သိပ်သည်းနိုင်ရန် အတွက် နှစ်ပေါင်းနှစ်ရာခန့်လောက် အချိန်ယူရပြီး ကျိလုန်တွင်ပင် ထိုသို့သော အလင်းတန်း သုံးခုသာရှိပေသည်။

သို့သော်လည်း ကွေ့ဇူအား ဖိအားပေးနိုင်ရန်အတွက် ထိုအရာကို ချက်ချင်း အသုံးပြုခဲ့ပေသည်။

ခရမ်းရောင်အလင်းတန်းထဲ ကိန်းအောင်းနေသည့် စွမ်းအားကို ခံစားမိလိုက်သည်နှင့် ကွေ့ဇူ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ နည်းနည်းလေးမှ အထင်မသေးရဲသဖြင့် ချက်ချင်းပဲ ဝိဥာဉ်တစ်သောင်းအလံကို ထုတ်ကာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်လေသည်။

သို့သော်လည်း ခရမ်းရောင်အလင်းတန်းသည် ဝိဥာဉ်တစ်သောင်းအလံ၏ အကာအကွယ်ကိုပင် ဖောက်ထွက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ကွေ့ဇူ အချိန်ယူပြီး စုဆောင်းလာခဲ့ရသည့် ယင်ဝိဥာဉ်များစွာတို့ အငွေ့ပျံ့ပျောက်ကွယ်ကုန်ကြလေသည်။

ထိုအခြင်းအရာကို ကြည့်ရင်း ကွေ့ဇူ ရင်နာမိသွားသည်။ သို့သော်လည်း ထိုကိစ္စအပေါ် ဝမ်းနည်းနေချိန်မရှိသဖြင့် ဝိဥာဉ်တစ်သောင်းအလံဖြင့်သာ ခရမ်းချီအလင်းတန်းကို တားထားရင်း ရန်ကိုင်ဆီသို့ ပြေးသွားလေသည်။

ရန်ကိုင်နားသို့ ရောက်သည်နှင့် ကွေ့ဇူက စိုးရိမ်တကြီး မေးလိုက်လေသည် “မင်းမသေသေးဘူးမလား”

ရန်ကိုင်သည် သူ့ရင်ဘတ်ကို လက်ဖြင့် ဖိအားလျက် ချောင်းဆိုးရင်းမှ မဲ့ပြုံးပြုံးကာ ပြန်ပြောလိုက်လေသည် “ခင်ဗျား ဘယ်လိုထင်လဲ”

“မင်းမသေသေးရင် အဆင်ပြေတယ်။ ငါ့လခွမ်း… မင်းတကယ် လူကို လန့်သေအောင် လုပ်နေတာပဲ” ရန်ကိုင် မသေသေကြောင်း သိလိုက်မှပဲ ကွေ့ဇူ အတော်လေး စိတ်သက်သာရာရသွားခဲ့သည်။ ရန်ကိုင်၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးပြီးနောက်တွင် ထိတ်လန့်ရိပ်တို့ ကွေ့ဇူ၏ မျက်နှာထက် တစထက်တစ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်၏ ဒဏ်ရာရအခြေအနေသည် အရမ်းကြီး မပြင်းထန်ကြောင်း တွေ့ရှိလိုက်ရသည်။ ရန်ကိုင်၏ အရှိန်အဝါနှင့် အသက်စွမ်းအင်သည် တည်ငြိမ်အားကောင်းနေဆဲ။ အသားအရေမှာလည်း သူထင်ထားသလို ဖြူစွတ်မနေဘဲ နီမြန်းမြန်း ဖြစ်နေ၏။ ထိုအခြင်းအရာကိုကြည့်ရင်း ကွေ့ဇူ တံတွေးတစ်လုတ် မျိုချမိလိုက်လေသည်။

ဒီကောင် တကယ် မွန်းစတားပဲ။ ခုနက ဒီကောင် ထုတ်သုံးသွားတဲ့ ငါးရောင်ခြယ်ချီနဲ့ နဂါးလက်သည်းတွေက ဘာတွေလဲ

နဂါးလက်သည်းကို ကျိလုန်စိတ်ထဲ စွဲစွဲမြဲမြဲ မှတ်မိနေခဲ့သည်။ သူပင်လျှင် ထိုနဂါးလက်သည်းဆီမှ ထိတ်လန့်ဖွယ်ရာ ဖိအားတစ်ရပ်ကို ခံစားလိုက်ရသည်။

နဂါးဖိအား… ဟုတ်တယ် နဂါးဖိအားပဲ ဖြစ်ရမယ် ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခါ ကွေ့ဇူ အလွန်ကိုမှ အံ့အားသင့်သွားခဲ့သည်။

သို့ရာတွင် ထိုအကြောင်းများကို ဆက်စဉ်းစားမနေဘဲ လက်ရှိ ကိစ္စအပေါ်ကိုသာ ချက်ချင်း ပြန်အာရုံစိုက်လိုက်လေသည် “ကောင်လေး၊ ဆက်တိုက်မှာလား၊ ပြေးမှာလား။ မင်းပြော… မင်းပြောတဲ့ အတိုင်း ငါလုပ်မှာ”

“ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရမှာပေါ့” ရန်ကိုင်သည် နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးများကိုသုတ်၍ ပြန်ပြောလိုက်လေသည်။

“ကောင်းပြီလေ” ကွေ့ဇူက မျက်လုံးမှေးစဉ်းလျက် “အဲ့လိုဆိုမှတော့ ဒီလူအိုကြီးလည်း မင်းလုပ်တဲ့အတိုင်းပဲ လိုက်လုပ်ရတော့ပေါ့။ ဟိုနေရာက စထွက်လာတဲ့ နေ့ကနေ ဒီနေ့ထိ တန်ခိုးရှင်ဘုရင်အဆင့်တွေနဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးသေးဘူး။ ဒါပေမယ့် ပထမဆုံး တိုက်ခိုက်ရတဲ့ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်က သူ့လို အရေးကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ဟားဟားဟား”

ပြောနေရင်း ကွေ့ဇူ၏ ခန္ဓာကိုယ်ဆီမှ အားကောင်းသော တိုက်ခိုက်လိုစိတ်တို့ ထွက်ပေါ်လာခဲ့လေသည်။

ကျိလုန်သည် ရန်ကိုင်နှင့် ကွေ့ဇူတို့အား နောက်ဆုတ်သွားအောင် လုပ်ပြီးနောက်တွင် ချက်ချင်း ဆက်မတိုက်ခဲ့ဘဲ ပန်းကန်လုံးတစ်လုံးနှင့် ဆင်တူသော မှော်ရတနာတစ်ခုကိုသာ ထုတ်ယူလိုက်လေသည်။

ပန်းကန်လုံးဆီမှ သိမ်မွေ့သည့် အလင်းရောင်တို့ ထွက်ပေါ်လာပြီး ကျိတုန်၏ အလောင်းကို လွှမ်းခြုံသွားခဲ့၏။ ထို့နောက်တွင် ကျိလုန်သည် အလေးအနက် အမူအရာဖြင့် လက်ကွက်များစွာ ဖန်တီး၍ ပန်းကန်လုံးအပေါ်သို့ သူ့လက်နှစ်ဖက်ကို ဖိချလိုက်လေသည်။

ကျိတုန်၏ အလောင်းထဲမှ တစ်ခုခု ထွက်ပေါ်လာပြီး ပန်းကန်လုံးထဲသို့ ရောက်သွားခဲ့လေသည်။ မကြာမီတွင် ပန်းကန်လုံးထဲ ကျိတုန်နှင့် ဆင်တူသည့် ပုံရိပ်ယောင်ပုံရိပ် တစ်ခု ပေါ်လာခဲ့လေသည်။

အစပိုင်းတွင် ထိုပုံရိပ်သည် လေတိုက်လျှင်ပင် လွင့်ပါသွားတော့မလို ဖြစ်သော်လည်း ကျိလုန်မှ အဆက်မပြတ် အားဖြည့်ပေးနေသည်နှင့် ထိုပုံရိပ်သည် တဖြည်းဖြည်း ပို၍ သိသာထင်ရှားလာခဲ့လေသည်။

ဝေဝါးနေသာ မျက်လုံးများသည် တဖြည်းဖြည်းနှင့် ကြည်လင်လာခဲ့လေသည်။ နောက်ဆုံး ကျိတုန်မှ သွေးအဆီအနှစ် တစ်စက်ကို ထွေးထုတ်လိုက်သည့်အခါ ကျိတုန်၏ပုံရိပ် စတင် အသက်ဝင်လာခဲ့လေသည်။

“အဖေ၊ သားအတွက် အဲ့ခွေးသူတောင်းစားကိုသတ်ပြီး လက်စားပြန်ချေပေးပါ” ကျိတုန်သည် ပန်းကန်လုံးထဲနေရင်း သနားစဖွယ် အော်ပြောလိုက်လေသည်။ သို့ရာတွင် လက်ရှိသူသည် ဝိဥာဉ်သာ ဖြစ်နေသည့်အတွက် မည်သည့် မျက်ရည်မှ ကျမလာခဲ့ပေ။

“အမှိုက်ကောင်” ကျိလုန်က ဒေါသထွက်ထွက်နှင့် ပြန်အော်ပြောလိုက်သည်။ သို့သော် မကြာမီ စိတ်ပျော့သွားပြီး ခေါင်းညိတ်၍ “စိတ်မပူနနဲ့။ မင်းအဖေ မင်းအတွက် လက်စား ပြန်ချေပေးမယ်။ အခုတော့ ဒီဝိဥာဉ်ထိန်းပန်းကန်လုံးထဲမှာပဲ ခဏနေလိုက်ဦး။ ခရမ်းကြယ်ပြန်ရောက်မှပဲ မင်းခန္ဓာကိုယ်အသစ် ပြန်ရအောင် နည်းလမ်းရှာပေးမယ်”

“ဟုတ်ကဲ့” ကျိတုန် ပျော်သွားပြီး ချက်ချင်းပဲ ပန်းကန်လုံးထဲသို့ ပြန်ဝင်သွားလေသည်။

ကျိလုန်သည် ပန်းကန်လုံးကို သေချာ ပြန်သိမ်းလိုက်ပြီးနောက် ရန်ကိုင်ဆီသို့ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လာခဲ့သည်။

မည်သည့်နည်းလမ်းကို သုံးပါရစေ ဤကောင်လေး သေကို သေရပေမည်။ သူဒဏ်ရာကြီးကြီးမားမား ရမည်ဆိုလျှင်ပင် ထိုကောင်လေးကိုတော့ ရအောင် သတ်ရပေမည်။ မသတ်နိုင်လျှင် သူတို့ ခရမ်းကြယ်အတွက် အိမ်မက်ဆိုးကြီးတစ်ခု ဖြစ်လာနိုင်၏။

“ခရမ်းကြယ်မြစ်” ကျိလုန်မှ ထိုသို့ အော်ဟစ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်အလင်းအားလုံးသည် ခရမ်းရောင် ဓါးတစ်ချောင်းအဖြစ်သို့ စုစည်းသွားခဲ့လေသည်။

ခရမ်းရောင်ဓါးကို ကိုင်ဆွဲ၍ လေပေါ်သို့ ပျံတက်သွားပြီးနောက် ကျိလုန်သည် ရန်ကိုင်အား အေးစက်စက် လေသံဖြင့် လှမ်းအော်ပြောလိုက်လေသည် “ကောင်လေး၊ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး”

“ခင်ဗျားပါးစပ်ကို ဟောင်ဖို့ပဲ တတ်တာလား။ ကျုပ်ဒီမှာ ရှိနေသေးတယ်။ ခင်ဗျားမှာ အရည်အချင်းရှိရင် လာသတ်လိုက်။ သောက်ပိုတွေပဲ ပြောမနေနဲ့” ရန်ကိုင်ကလည်း အကြောက်အလန့်ကင်းကင်းဖြင့် ပြန်ပြောလေသည်။

ကျိလုန်သည် စကားတစ်ခွန်းမှ ပြန်ပြောမနေဘဲ ဓါးသွားတစ်လျှောက် သူ့လက်ကို ပွတ်ဆွဲချလိုက်သည်။ ချက်ချင်းဆိုသလို ဓါးအလင်းသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။ ထို့နောက် ကျိလုန်သည် မိုင်ပေါင်းများစွာ အကွာအဝေးတစ်ခုကို တစ်မုဟုတ်ချည်း ဖြတ်ကျော်လျက် ရန်ကိုင်အား ပြေးဝင်တိုက်ခိုက်လေသည်။

“ပျောက်ကွယ်လိုက်စမ်း” ရန်ကိုင်သည် သူ့လက်ကို ရှေ့တည့်တည့်ကို ဆန့်ထုတ်၍ ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ဆွဲဆုပ်လိုက်၏။ ချက်ချင်းဆိုသလို သူ့ရှေ့ရှိ ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျသွားပြီး အနက်ရောင်တွင်းနက်တစ်ခုသည် ထိုနေရာ၌ ရုတ်တရက် ဖြစ်ပေါ်လာခဲ့လေသည်။

ကျိလုန်သည် မိုင်ကုန်တင်ကာ ပြေးဝင်လာသည့်အတွက် အနက်ရောင်တွင်းနက်နှင့် ဝင်တိုက်လုမတတ် ဖြစ်သွားခဲ့သည်။ သို့ရာတွင် နောက်ဆုံး အခိုက်အတန့်၌ ကပ်သီလေး ရှောင်တိမ်းနိုင်ခဲ့လေသည်။

“လခြမ်းကွေးဓါးသွား” ချက်ချင်းဆိုသလို ရန်ကိုင်သည် လခြမ်းကွေးဓါးသွားများစွာကို ကျိလုန်ဆီသို့ တရစပ် ပစ်လွှတ်လိုက်ပြန်သည်။

ဤတစ်ကြိမ် တိုက်ခိုက်မှုလည်း ကျိလုန် ထပ်ရှောင်ရပြန်လေသည်။ ဟင်းလင်းပြင်စွမ်းအားနှင့် ဖွဲ့စည်းထားသည့် ဓါးသွားများကို သွားပြီး ထိပ်တိုက် မရင်ဆိုင်ရဲချေ။ ထိုဓါးသွားများကို သွားထိလို့ သူတစ်ခုခု ဖြစ်မဖြစ် မည်သူမှ မပြောနိုင်ချေ။

တိုက်ခိုက်နေရင်းမှ ရန်ကိုင်က လှမ်းလှောင်ပြောင်လိုက်၏ “ခွေးအိုကြီး၊ ပြောတော့ ကျုပ်အသက်ကို ယူမယ်ဆို။ အခု ဘယ်လိုတွေ ဖြစ်နေတာလဲ။ ကျုပ်အနားတောင် မကပ်နိုင်ပါဘူး။ ဒီလို ပုံစံနဲ့ ကျုပ်အသက်ကို ဘယ်လိုယူမှာလဲ။ ခင်ဗျားက တကယ့် လေပေါပဲ”

ကွေ့ဇူသည် ထိုမြင်ကွင်းကို ရင်တထိတ်ထိတ်ဖြင့် ဘေးမှ ကြည့်နေခဲ့သည်။ တစ်ချိန်တည်းတွင် လူငယ်မျိုးဆက်မှ ပါရမီရှင်များသည် လူကြီးမျိုးဆက်များကို အစားထိုးသွားပါလား ဟုလည်း ကြိတ်တွေးနေလေသည်။

သူသည် တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦးဖြစ်သည့်အတွက် ကြယ်စီရင်စုထဲ သူကြောက်ရသည့်လူဆိုလို့ အနည်းငယ်သာ ရှိသည်။ သို့သော်လည်း ရန်ကိုင်ကဲ့သို့ ပုံမှန်မဟုတ်လောက်အောင်ကို အားကောင်းလွန်းလှသော လူမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးချေ။ ကျိလုန်နေရာ၌ သူဆိုလျှင်ပင် သက်သာနေလိမ့်မည် မဟုတ်ချေ။

“ခရမ်းချီ မြင့်တက်စမ်း” ကျိလုန်က ရုတ်တရက် အော်ဟစ်လိုက်ရာ သူ့ကိုယ်မှ ဖြာထွက်နေသည့် ခရမ်းချီ၏ သိပ်သည်းဆသည် ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။ ထိုသို့ ပြင်ဆင်ပြီးနောက်တွင် ကျိလုန်သည် ရန်ကိုင်၏ တိုက်ကွက်များကို မရှောင်တိမ်းတော့ဘဲ ခရမ်းရောင်ဓါးကို ဝှေ့ရမ်းလျက် တိုးဝင်လာသမျှ လခြမ်းကွေးဓါးသွားများကို ရိုက်ထုတ်လေ၏။

ဤဓါးသည် တကယ်ကို အားကောင်းလွန်းလှသည်။ ထိုဓါးထဲတွင် ကျိလုန်၏ အဆုံးမရှိဒေါသတို့သည်သာ မဟုတ်ဘဲ သိုင်းတာအိုအပေါ် သူ့နားလည်မှုများလည်း ပါဝင်နေခဲ့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ကွေ့ဇူ မျက်လုံးပြူးနေလေသည်။

ဘာမှထပ်မတွေးနေတော့ဘဲ ဝိဥာဉ်တစ်သောင်းအလံဖြင့် ရန်ကိုင်နှင့် သူကိုယ်တိုင်ကို လွှမ်းခြုံလိုက်လေသည်။

ဘုန်း… ဘုန်း… ဘုန်း…

ကျိလုန်၏ ဓါးချက်အောက်တွက် လခြမ်းကွေးဓါးသွားများ တစ်စင်းပြီးတစ်စင်း ပြတ်တောက်ကုန်လေသည်။ ကွေ့ဇူ၏ ဝိဥာဉ်တစ်သောင်းအလံပင် ထိုဓါးစွမ်းအားကို မခုခံနိုင်ပေ။

ကျိလုန်၏ တိုက်ခိုက်မှုသည် ရန်ကိုင်၏ ဦးခေါင်းကို နှစ်ခြမ်းခွဲတော့မည့်အလား သူ့ခေါင်းတည့်တည့်သို့ ကျရောက်လာခဲ့သည်။

ရန်ကိုင်သည် ကွေ့ဇူကိုဆွဲကာ လေဟာနယ်စွမ်းအားကို အသက်သွင်းလိုက်သည်။ ချက်ချင်း ရပ်နေရာမှ ပျောက်ကွယ်သွားပြီး ကျိလုန်နောက်တွင် ပြန်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်၏လက်ထဲ နဂါးစိမ်းဓါး ထွက်ပေါ်လာခဲ့သည်။ ဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်းပြီး လွှမ်းရမ်းချလိုက်သည့်အခိုက် အစိမ်းရောင်နဂါးတစ်ကောင် ထွက်ပေါ်လာပြီး ကျိလုန်ဆီသို့ တိုးဝင်သွားလေသည်။

ကွေ့ဇူသည်လည်း လှုပ်ရှားလိုက်သည်။ လက်သီးကို တင်းတင်းဆုပ်၍ မာန်သွင်းအော်ဟစ်ကာ ထိုးချလိုက်သည်။ ဧရာမယင်တစ္ဆေခေါင်းကြီးတစ်လုံး ထွက်ပေါ်လာပြီး ရန်ကိုင်၏ နဂါးစိမ်းဓါးနှင့်အတူ ကျိလုန်၏ ကျောပြင်သို့ တိုးဝင်သွားလေ၏။

ကျိလုန်ကလည်း ခေသူမဟုတ်။ ရန်ကိုင်နှင့် ကွေ့ဇူတို့ ရုတ်တရက် ပျောက်သွားသည်နှင့် နောက်ဘာဆက်ဖြစ်မလဲ ချက်ချင်း သိလိုက်သည်။ ထို့ကြောင့် နည်းနည်းလေးမှ နှောင့်နှေးမနေဘဲ ခရမ်းရောင်ဓါးကို ချက်ချင်း နောက်သို့ ပိုင်းချလိုက်လေသည်။

ခရမ်းရောင်ဓါးသည် နဂါးစိမ်းနှင့် တစ္ဆေခေါင်းကို သွားရောက် ထိမှန်လေသည်။

ထိုဓါးချက်ကြောင့် ရန်ကိုင်၏ နဂါးစိမ်း နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။ ကွေ့ဇူ၏ တစ္ဆေခေါင်းမှာတော့ တစ်ခါတည်း နှစ်ပိုင်းပြတ်ထွက်သွားခဲ့လေသည်။

ရန်ကိုင်နှင့်ကွေ့ဇူ၏ ပူးပေါင်းတိုက်ခိုက်မှုကို တစ်ချက်တည်း ချေဖျက်ပစ်လိုက်နိုင်သော်ငြား ကွေ့ဇူအတွက်လည်း မသက်သာ။ သူ့မျက်နှာသည် ချက်ချင်း ဖြူလျော်သွားခဲ့ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၁၅)

ကျိလုန်၏ အရှိန်အဝါ ကျသွားသည်ကို မြင်သော် ရန်ကိုင်နှင့် ကွေ့ဇူတို့ နှစ်ဦးစလုံး တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ ဤအချိန်သည် ကျိလုန်ကို တိုက်ခိုက်ရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။

မရေမတွက်နိုင်သော လခြမ်းကွေးဓါးသွားများနှင့် ယင်ဝိဥာဉ်များသည် ကျိလုန်ရှိနေရာဆီသို့ တိုးဝင်သွားလေသည်။

မျက်စိကျိန်းမတတ် အလင်းတန်းများနှင့်အတူ နားပင်းမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်နေကြသော ရန်ကိုင်နှင့် ကွေ့ဇူတို့၏ အမူအရာ တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့လေသည်။

မကြာမီ အားလှိုင်းများ ပျောက်ကွယ်သွားခဲ့ပြီး ကျိလုန် ပြန်ထွက်ပေါ်လာခဲ့သည်။

ခရမ်းကြယ်ဂိုဏ်းချုပ်၏ မျက်နှာသည် ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့သည်။ တစ်ကိုယ်လုံးမှာလည်း ဖိုသီဖတ်သီ ဖြစ်နေ၏။ အသက်အန္တရာယ်မူကား ဘာမှစိုးရိမ်စရာမရှိ။ မည်သည့် အချိန်ကတည်းကမသိ၊ သူ့ကိုယ်ပေါ်တွင် ခရမ်းနီရောင် ကိုယ်ကြယ်ဝတ်စုံတစ်ခု ရှိနေခဲ့လေသည်။

ရန်ကိုင်နှင့် ကွေ့ဇူတို့၏ နှစ်ယောက်ပေါင်း တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည်ကိုကြည့်လျှင် ထိုခရမ်းနီရောင်ကိုယ်ကြပ်ဝတ်စုံသည် အနည်းဆုံး တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် မှော်ရတနာ တစ်ခု ဖြစ်ရပေလိမ့်မည်။

ဤအဆင့်ရှိ မှော်ရတနာများသည် ကြယ်စီရင်စုကြီးထဲ၌ပင် အလွန်ရှားပါးသော ရတနာများ ဖြစ်ကြသည်။ ဥပမာပြရသော် ခုန်ဖ အသုံးပြုသွားသည့် ဧကရာဇ်ခေါင်းလောင်းသည် ကျိလုန်၏ ကိုယ်ကြပ်ဝတ်စုံနှင့် ယှဉ်လိုက်သော် အတော်လေးကိုမှ တန်ဖိုးနည်းသွား၏။

ကျိလုန်အား ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် မလုပ်နိုင်ခဲ့သော်လည်း ရန်ကိုင်နှင့်ကွေ့ဇူ၏ တိုက်ခိုက်မှုသည် ခရမ်းနီရောင်ကိုယ်ကြပ်ဝတ်စုံအား အက်ရာများစွာ ပေါ်သွားအောင်တော့ လုပ်နိုင်ခဲ့ပေသည်။ အက်ကြောင်းရာများကို ကြည့်ရင်း ကျိလုန်၏ မျက်နှာကြီး မှုန်ကုတ်သွားခဲ့သည်။

ခရမ်းရောင်တိုက်ပွဲဝတ်စုံသည် ခရမ်းကြယ်၏ ဂိုဏ်းချုပ် အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သော မှော်ရတနာတစ်ခု ဖြစ်ပေသည်။ မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့ရာတွင် ဘာမှ မဖြစ်ခဲ့သော်လည်း သူ့လက်ထဲသို့ အရောက်တွင် ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရလေပြီ။

ဤမှော်ရတနာသည် ရှေးခေတ်အခါက ကျန်ရစ်ခဲ့သည့် မှော်ရတနာတစ်ခုဖြစ်သည့်အတွက် ယနေ့ခေတ် ပန်းပဲပညာရှင်များထဲဝယ် ဤမှော်ရတနာကို ပြန်ပြင်နိုင်သည့် ပညာရှင် မရှိသလောက်ကို ရှားပေးသည်။ ထို့အပြင် မှော်ရတနာကို ပြန်ပြင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများမှာလည်း ကြယ်စီရင်စုထဲမှ ပျောက်ကွယ်သွားပြီဖြစ်သော ပစ္စည်းများ ဖြစ်ကြသည်။

သို့သော်လည်း ဤတစ်ကြိမ် တိုက်ခိုက်မှုကို ခံရပြီးနောက် ဒေါသကြောင့် စုံလုံးကန်းနေရာမှ ကျိလုန် အမြင်မှန် ရသွားခဲ့သည်။ အစောပိုင်းက သူ့သား အသတ်ခံလိုက်ရသည့်အတွက် ဒေါသကြောင့် စုံလုံးကန်းသလို ဖြစ်သွားပြီး မဆင်မခြင် ရန်ကိုင်အား ပြေးတိုက်ခိုက်ခဲ့သည်။ ယခုမှပဲ သူ့ရန်သူများကို အထင်သေးမိသွားကြောင်း ကျိလုန် သေချာ နားလည်သွားခဲ့ရသည်။

သူတစ်ယောက်တည်း၏ ခွန်အားဖြင့် ရန်ကိုင်ကို သတ်နိုင်လိမ့်မည် မဟုတ်မှန်းကိုလည်း သိလိုက်သည်။

ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားသည့် လူတစ်ဦးဖြစ်သည်။ သူသာ ထွက်ပြေးချင်လျှင် ကြိုက်သည့်အချိန် ထွက်ပြေးလို့ ရပေသည်။ ထိုအပြင် သူနှင့်ကွေ့ဇူ၏ ပူးပေါင်း တိုက်ခိုက်မှုသည် ကျိလုန်ကိုပင် ပြန်လည် ဖိနှိပ်ထားနိုင်၏။ ကျိလုန်သာ အမှားတစ်ခုခု လုပ်လိုက်မိလျှင် ဤနေရာတွင်ပင် ပွဲချင်းပြီး သေသွားနိုင်ပေသည်။

ထို့ကြောင့် ပြန်ဆုတ်လျှင်ကောင်းမလားဆိုသည့် အတွေး ကျိလုန်ခေါင်းထဲ ထွက်ပေါ်လာခဲ့သည်။

နောင်မှ သူ့သားအတွက် လက်စားပြန်ချေ၍လည်း ကိစ္စ မရှိပေ။ သူ့သားဝိဥာဉ်ကို ဝိဥာဉ်ထိန်းပန်းကန်လုံးထဲ ထည့်သိမ်းထားပြီးသွားပြီ ဖြစ်သည့်အတွက် သူသာ လိုအပ်သည့် ပစ္စည်းများကို ရှာနိုင်လျှင် သူ့သားအတွက် ခန္ဓာကိုယ်အသစ်တစ်ခု ပြန်တည်ဆောက်ပေးနိုင်ပေလိမ့်မည်။ ထိုကိစ္စပြီးမှပဲ ခရမ်းကြယ်၏ အင်အားကိုသုံးကာ ရန်ကိုင်ကို သတ်လျှင်လည်း နောက်မကျသေးချေ။

ထိုအချက်ကို နားလည်လိုက်သော် ကျိလုန်သည် အသက်ပြင်းပြင်းရှူသွင်း၍ အေးစက်စက် လေသံဖြင့် ပြောလိုက်၏ “နောက်တစ်ကြိမ် ပြန်တွေ့တဲ့အချိန်ကျ မင်းအခုလိုမျိုး မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့”

“ထွက်ပြေးချင်တာလား” ကွေ့ဇူ၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည် “အိမ်မက်မက်နေလိုက်”

ပြောပြီးသည်နှင့် ဝိဥာဉ်တစ်သောင်းအလံမှ စူးစူးဝါးဝါး အော်မြည်သံများ ထွက်ပေါ်လာပြီး အလံတစ်ခုလုံး အနက်ရောင် လိုက်ကာတစ်ခုအဖြစ်သို့ ပြောင်း၍ ကျိလုန်ဆီသို့ တိုးဝင်သွားလေ၏။

“ငါထွက်ပြေးချင်ရင် မင်းတို့ ဘယ်ကောင်မှ မတားနိုင်ဘူးကွ” ကျိလုန်သည် မျက်နှာသေဖြင့် လက်ကွက်များကို ဖန်တီးလိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းရောင်အလင်းဖြင့် တလက်လက် တောက်ပလာပြီး ဝိဥာဉ်တစ်သောင်းအလံ၏ ထိုးဖောက်ဖြတ်ကျော်ကာ ကြယ်စီရင်စုထဲသို့ ပျံသန်းသွားလေသည်။

ကျိလန် ထွက်သွားသည့်ဘက်ကို ကြည့်နေရင်း ရန်ကိုင်၏ နှုတ်ခမ်းအစုံ တွန့်ကွေးသွားခဲ့လေသည်။

“ရန်ကိုင်၊ သူထွက်ပြေးတော့မယ်။ မြန်မြန်လိုက်” ရန်ကိုင် တုတ်တုတ်မျှ မလှုပ်သည်ကိုမြင်သော် ကွေ့ဇူ ရုတ်တရက် စိုးရိမ်လာခဲ့လေသည် “သူသာလွတ်သွားရင် ပြဿနာပေါင်း သောင်းခြောက်ထောင် တက်မှာနော်”

“သူအခြားဘက်ကို ထွက်ပြေးရင် ကျုပ်သူ့နောက်ကို လိုက်ရင် လိုက်နေရဦးမှာ။ ဒါပေမယ့် အဲ့ဘက်ကို ထွက်ပြေးတယ် ဆိုမှတော့… ကျုပ်တို့ လိုက်စရာမလိုတော့ဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“မင်းဘာပြောချင်တာလဲ” ကွေ့ဇူ နားမလည်နိုင် ဖြစ်သွားသည်။ သို့သော် နောက်မြင်လိုက်သည့် မြင်ကွင်းကြောင့် ကွေ့ဇူ မျက်လုံးပြူးသွားခဲ့လေသည်။

ကြယ်စီရင်စုကြီးထဲရှိ တစ်နေရာမှ ဧရာမလက်ဝါးကြီး တစ်ခုသည် ဗြုန်းစားကြီး ဆိုင်းမဆင့်ဗုံမဆင့် ထွက်ပေါ်လာ၏။ လက်ကြီးထွက်ပေါ်လာသည့် နေရာသည် လွင့်မျောတိုက်ကြီး ရှိနေသည့်ဘက်မှ ဖြစ်ပေသည်။

လက်ဝါးကြီးသည် အိမ်တစ်လုံးစာမျှ ကြီးမားကာ လက်ဝါးရိုက်ချက်မှာ သာမန် ရိုက်ချက်တစ်ချက်သာ ဖြစ်သော်ငြား ထိုလက်ဝါးချက်ထဲတွင် ကွေ့ဇူပင် နားမလည်နိုင်သော ထူးဆန်သည့် အရှိန်အဝါတစ်ရပ် ပါဝင်နေခဲ့ပေသည်။ တစ်နည်းဆိုရသော် ထိုစွမ်းအားမှာ တန်ခိုးရှင်ဘုရင်အဆင့်ကို ကျော်လွန်နေသည့် စွမ်းအား ဖြစ်ပေသည်။

လက်ဝါးသည် အတော်လေးကို နှေးကွေးဟန် ထင်ရသော်ငြား ရိုက်ချက်ထဲတွင် ပါဝင်နေသော စွမ်းအားသည် ပြင်းလွန်းသဖြင့် လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည်ပင် တွန့်ခါသွားလေသည်။

ကျိလုန်သည်လည်း အလွန်ကိုမှ ထိတ်လန့်နေခဲ့သည်။ ဒဏ်ရာရထားသဖြင့် ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် ဤလက်ဝါးကြီးသည် ရုတ်တရက်ကြီး ပေါ်လာပြီး သူ့လာတားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

လက်ဝါးချက်ထဲ ပါဝင်သော စွမ်းအားကို ခံစားမိသော် ကျိလုန်လည်း နည်းနည်းလေးမှ အထင်မသေးရဲတော့ဘဲ သူတော်စင်ချီကို အရူးအမူးလှည့်ပတ်၍ နယ်ပယ်စက်ကွင်းကိုပါ ထုတ်လွှတ်လိုက်လေသည်။

သို့ရာတွင် သူထုတ်လွှတ်လိုက်သည့် နယ်ပယ်သည် ဖန်သားတစ်ချပ်နှယ် တစ်စစီ ပျက်စီးသွားခဲ့သည် လက်ဝါးကြီးသည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် သူ့ဆီသို့ ဆက်လက် တိုးဝင်လာခဲ့လေသည်။

ကျိလုန်မှာ ကြောက်လွန်းသဖြင့် လိပ်ပြာလွင့်လုမတတ်ပင် ဖြစ်သွားခဲ့သည်။ ချက်ချင်းပဲ ကိုယ်ကြပ်ဝတ်စုံထဲသို့ သူတော်စင်ချီကို ရသလောက် ပို့လွှတ်လိုက်လေသည်။ ထိုအခါ သူ့တစ်ကိုယ်လုံး ခရမ်းနီရောင်ဖြင့် တလက်လက် တောက်ပလာခဲ့၏။ ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ သူ့ကိုယ်ပတ်ပတ်လည်အား သူတော်စင်ချီဖြင့် ထပ်မံ ကာရံထားလိုက်သေး၏။

ဘုန်း..

ဧရာမလက်ဝါးကြီးသည် ကျိလုန်အား ဂေါက်သီးရိုက်သလို လွင့်စင်ထွက်သွားအောင် ရိုက်ချလိုက်လေသည်။

ပြင်ထန်လွန်းသည့် ရိုက်အားကြောင့် ကျိလုန် သွေးအပွက်ပွက် အန်ထွက်သွားခဲ့ရသည်။ အသားများ စုတ်ပြဲထွက်ကုန်ပြီး ကိုယ်တွင်းအင်္ဂါအားလုံး အထက်အောက်ပြောင်းပြန်လှန်သလို ခံစားလိုက်ရ၏။

“ရှစ်…” ကွေ့ဇူ လေးအေးတစ်ရှိုက် ရှူသွင်းလိုက်သည်။ လက်ဝါးရိုက်ချက်မှာ အလွန်ကြောက်စရာကောင်းလိမ့်မည်မှန်း သိသော်လည်း ကျိလုန် ဖြစ်သွားပုံကို မြင်ပြီးနောက်တွင် လက်ဝါးချက်၏ စွမ်းအားကို အထင်သေးမိနေသေးမှန်း နားလည်လိုက်၏။

ထိုလက်ဝါးချက်သည် အလွန်ကိုမှ အားကောင်းလွန်းလှပေသည်။

လက်ဝါးပင် ဤမျှ ကြီးမားနေလျှင် ခန္ဓာကိုယ်ဆိုလျှင် မည်မျှပင် ကြီးမားလိုက်မည်နည်း။ မည်သို့သော သတ္တဝါကများ ဤမျှ ကြီးမားသော လက်ကို ပိုင်ဆိုင်ထားရလေသနည်း။

သို့သော်လည်း ဆုံးအောင်ပင် မတွေးရသေးခင်မှာပင် လက်ဝါးကြီး၏ ပိုင်ရှင်ကို တွေ့လိုက်ရလေသည်။

ကွေ့ဇူသည် လက်ဝါးပိုင်ရှင်ကို ခဏကြာအောင် ငေးကြောင်ကြည့်နေပြီးနောက် မှင်သက်နေသည့် အမူအရာဖြင့် ရန်ကိုင်ဘက်သို့ လှည့်မေးလိုက်လေသည် “ဒါ မင်းညီအစ်ကိုလား၊ ဒါမှမဟုတ် မင်းသားလား”

လက်ဝါးပိုင်ရှင်သည် မီတာသုံးရာမက မြင့်မားသော ကျောက်ဘီလူးကြီးတစ်ကောင် ဖြစ်သည်။ သို့ရာတွင် ကျောက်ဘီးလူး၏ မျက်နှာသည် ရန်ကိုင် မျက်နှာနှင့် အတော့်ကို ဆင်တူနေသည်။

“အဲ့လို မနောက်ရဘူးလေ မဟာအကြီးအကဲ” ရန်ကိုင် မျက်နှာမဲ့သွားခဲ့လေသည်။

“အဲ့ဒါဆို ဒါဘာကြီးလဲ” ကွေ့ဇူ ရူးတော့မည့်နှယ် ခံစားနေရသနည်း။ ဤကျောက်ဘီးလူအကြောင်း မသိသော်ငြား ကျောက်ဘီလူကြီးသည် ရန်ကိုင်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေလိမ့်မည်မှန်းတော့ ကျိန်းသေ သိနေသည်။ လွန်ခဲ့သည့် လပိုင်းက ကျိလုန်လက်မှ ထွက်ပြေးနေစဉ်က ရန်ကိုင်တွင် ဤကျောက်ဘီးလူကြီး မရှိသည်မှာ သေချာသည်။ ရှိသာရှိနေလျှင် ကျိလုန်လက်မှ ထွက်ပြေးနေမည် မဟုတ်ဘဲ ကျိလုန်ကို ပြန်၍ တိုက်ခိုက်ပေလိမ့်မည်။

“ကျုပ်ရဲ့ ကိုယ်ပွားလေ” ရန်ကိုင်က အသံအက်အက်ဖြင့် ပြန်ပြောလိုက်သည်။

“ကိုယ်ပွား” ကွေ့ဇူ မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ ထိတ်လန့်သွားသည့် အမူအရာဖြင့် “ဆေးတောင်ကြားမှာတုန်းက မင်းသုံးသွားတဲ့ နည်းလမ်းလား။ မင်းကိုယ်ပွားက ဒီလောက်တောင် အားကောင်းတာလား”

ရန်ကိုင်နဲ့ ဆင်တူတယ် မှတ်နေတာ။ လတ်စသတ်တော့ သူ့ကိုယ်ပွား ဖြစ်နေတာကိုး… ဒါပေမယ့်။ အရင်က သူ့ကိုယ်ပွားက ဒီလိုဟုတ်လို့လား ကိုယ်ပွားပညာရပ်များအကြောင်း ကွေ့ဇူ ကြားဖူးပေသည်။ ကိုယ်ပွားသည် သခင်နှင့် ရုပ်တူပြီး သခင်၏ အမိန့်ကို နာခံကြသည်။ သို့သော် သူတို့တွင် ကိုယ်ပိုင် အသိစိတ် ရှိပေသည်။

သို့ရာတွင် ရန်ကိုင်၏ ကိုယ်ပွားသည် အများနှင့်မတူ တစ်မူ ထူးခြားနေခဲ့သည်။

“ရန်ကိုင်…” ကွေ့ဇူသည် ရုတ်တရက် မီးတောက်မတတ် အကြည့်ဖြင့် ရန်ကိုင်အား လှည့်ကြည့်လာခဲ့သည်။

“အဲ့ကောင်ကို သတ်ပြီးတဲ့အထိစောင့်” ကွေ့ဇူ ဘာပြောချင်နေလဲ ဆိုသည်ကို ကြိုသိထာသည့်အလား ရန်ကိုင်က ဖြတ်ပြောလိုက်၏။

“ရတယ်” ကွေ့ဇူ ခေါင်းညိတ်ပြလိုက်သည်။

သွေးအပွက်ပွက် ထိုးအန်နေသော ကျိလုန်ကို ကြည့်ရင်း သတ်ဖြတ်လိုစိတ်တို့ ရန်ကိုင်ဆီမှ ဟုန်းခနဲ ပေါက်ကွဲထွက်လာ၏။

သူ့ကိုယ်ပွား၏ ရိုက်ချက်ကို ခံလိုက်ရပြီးနောက်တွင် ကျိလုန်၏ ခရမ်းနီရောင်ကိုယ်ကြပ်ဝတ်စုံ တစ်စစီ ဖြစ်သွားခဲ့ရလေသည်။ တန်ခိုးရှင်ဘုရင်အလယ်အလတ်အဆင့် မှော်ရတနာတစ်ခုပင် ဖြစ်လင့်ကစား၊ ရန်ကိုင်နှင့် ကွေ့ဇူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ထားခဲ့ရသည်။ ယခု ရန်ကိုင့် ကိုယ်ပွား၏ ရိုက်ချက်ပါ ထပ်ခံလိုက်ရသည့်အခါ ဆက်ပြီး မတောင့်ခံနိုင်တော့ဘဲ တစစ်စီ ဖြစ်ကုန်လေတော့သည်။

ရန်ကိုင်၏ ကိုယ်ပွားသည် လွင့်မျောတိုက်ကြီးတစ်ခုလုံးကို ဝါးမြိုကာ သန့်စင်ထားခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ရန်ကိုင့် ကိုယ်ပွား၏ ရိုက်ချက်သည် တိုက်ကြီးတစ်ခုလုံး၏ ရိုက်ချက်နှင့် ညီပေသည်။

ကျင့်ကြံသူတစ်ဦး မည်မျှပင် အားကောင်းစေကာမူ မိုင်နှစ်သိန်း၊ သုံးသိန်းကျယ်သော တိုက်ကြီးတစ်လုံး ဝင်ဆောင့်သည်ကို မည်သို့များ ခံနိုင်မည်နည်း။

ထိုအကြမ်းသက်သက် ခွန်အားကို နိယာမစွမ်းအားနှင့်ပါ ထပ်ပေါင်း အားဖြည့်ပေးထားလိုက်သည့်အခါ လက်ဝါးကြီး၏ ရိုက်ချက်သည် ကျောက်တုံးရုပ်သေးရုပ်ကလန်အနွယ်ဝင် ဖြစ်သော ရှောင်ရှောင်ပင်လျှင် မယှဉ်နိုင်သည့် စွမ်းအားတစ်ရပ် ဖြစ်လာ၏။

နေရာတွင်ပင် တစ်ခါတည်း ပွဲချင်းပြီး မသေသွားရခြင်းမှာ ကျိလုန်၏ မြင့်မားလှသည့် ခွန်အားကြောင့် ဖြစ်သည်။ သို့သော် လက်ရှိသူသည် မီးစာကုန်ရေခမ်း ဖြစ်နေခဲ့လေပြီ။

သို့တိုင် ရန်ကိုင် သတိမပေါ့ရဲသေး။ ကျိလုန်သည် ဝါရင့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် သူ့တွင် ဝှက်ဖဲတစ်ခုခု ရှိနေနိုင်ပေသေးသည်။ ထို့ကြောင့် လိုရမယ်ရ ရှောင်ရှောင်နှင့် လျို့ယန်တို့ကိုပါ ခေါ်ထုတ်လိုက်လေသည်။

“သူ့ကိုသတ်” ရန်ကိုင်သည် ကျိလုန်ကို လက်ညိုးထိုး၍ အမိန့်ပေးလိုက်လေသည်။ ရန်ကိုင်၏ အမိန့်ရသည်နှင့် ကျောက်တုံးရုပ်သေးရုပ်နှင့် မီးငှက်တို့ နှစ်ဦးစလုံး ကျိလုန်ဆီသို့ တစ်ဟုန်ထိုးစ ပြေးဝင်သွားကြသည်။

ပြေးနေရင်း ရှောင်ရှောင်သည် ကျောက်ဘီးလူး အသွင်သို့ ပြောင်းလဲလိုက်လေသည်။ ရန်ကိုင်၏ ကိုယ်ပွားနှင့် ယှဉ်လိုက်သော် အဖေနှင့်သားကဲ့သို့ ဖြစ်နေခဲ့သည်။

လျို့ယန်ကမူ မီးငှက်အသွင်သို့ ပြန်ပြောင်းလိုက်လေ၏။ ရန်ကိုင်၏ ကိုယ်ပွားသည်လည်း ကျိလုန်ဆီသို့ ပြေးဝင်သွားသည်။ သို့ရာတွင် ရန်ကိုင့် ကိုယ်ပွား၏ ခန္ဓာကိုယ်မှာ ကြီးလွန်းနေသဖြင့် လျင်လျင်မြန်မြန် လှုပ်ရှားရသည့် ကိစ္စများအတွက် သိပ်အဆင်မပြေချေ။ ထို့ကြောင့် သူ့ကိုယ်ပွားကို အစောကြီး ကတည်းက မခေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ သူ့ကိုယ်ပွား အားကောင်းသည်မှာ မှန်သော်ငြား ခန္ဓာကိုယ်ကြီးလွန်းသဖြင့် အထနှေးပေသည်။

ထို့အတွက်ကြောင့်ပင် ရန်ကိုင်သည် သူ့ကိုယ်ပွားကို ဟင်းလင်းပြင်ထဲ ပုန်းခိုင်စေကာ အလစ်ချောင်းတိုက်နိုင်မည့် အခွင့်အရေးတစ်ခုကို စောင့်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။ ကျိလုန်သည် သူထောင်ထားသည့် ထောင်ချောက် တည့်တည့်ဆီသို့ ပြေးထွက်သွားလိမ်မည်ဟုတော့ မထင်ထားခဲ့ချေ။ ကျိလုန်၏ ဆိုးရွားလှသည့် ကံကိုပင် ရန်ကိုင် သနားမိသွားသည်။

ကျိလုန်သာ အခြားတစ်ဖက်သို့ ထွက်ပြေးသွားလျှင် ရန်ကိုင် အနေဖြင့် သူ့အား လိုက်သတ်နိုင်လိမ့်မည် ဖြစ်သော်လည်း လုံးဝကို လွယ်ကူလိမ့်မည်တော့ မဟုတ်ချေ။

မျက်တောင်တစ်ခတ်အတွင်း ရှောင်ရှောင်နှင့် လျို့ယန်သည် ကျိလုန် ခေါင်းပေါ်သို့ ရောက်လာခဲ့လေသည်။ ရှောင်ရှောင်သည် အနက်ရောင်တုတ်ကို ဆုပ်ကိုင်၍ အောက်သို့ ရိုက်ချလိုက်သည်။ တစ်ချိန်တည်းတွင် လျို့ယန်သည် နှုတ်သီးကိုဟ၍ မိုးကြိုးလျှပ်စီးတို့ ရောယှတ်နေသော မီးတောက်များကို မှုတ်ထုတ်လိုက်လေသည်။

ကျိလုန် မျက်လုံးထဲ တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

ရန်ကိုင် ထင်ထားသကဲ့သို့ပင် အကြိမ်များစွာ တိုက်ခိုက်ခံရပြီးနောက် ကျိလုန်သည် ခရီးဆုံးသို့ ရောက်နေသည့် မြှားတစ်စင်းနှယ် ဖြစ်နေခဲ့လေပြီ။ လက်ရှိ ကျိလုန်အား သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးပင် သတ်နိုင်၏။ ရှောင်ရှောင်၊ လျို့ယန်၊ ရန်ကိုင်၊ ကွေ့ဇူနှင့် ထူးဆန်းသော ကျောက်ဘီလူးကြီးတို့ ပေါင်းတိုက်ခိုက်မည် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

All Chapters