အခန်း (၁၈၂၁-၁၈၂၅)
Vol. 73 Ch. 1821-1825
အပိုင်း (၁၈၂၁)
တန်ခိုးရှင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ သတိပေးချက်ကို ရပြီးနောက်တွင် လူငယ်လေး၏ လေသံ ပြောင်းသွားခဲ့သည်။ ယခင်ကလို မမောက်မာရဲတော့ဘဲ လေသံကိုနှိမ့်၍ မေးလိုက်၏ “ရောင်းရင်းရဲ့ နာမည်ကို သိလို့ရမလား”
သူပြောသွားပြီးပြီးချင်းမှာပင် သူ့ရှေ့၌ လူတစ်ဦး ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။ ထိုလူသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့်လူပင် ဖြစ်သည်။ ထိုလူ၏ မျက်နှာသည် လူငယ်လေး၏ မျက်နှာနှင့် ကပ်လုနီးပါးပင် ဖြစ်နေခဲ့သည်။ ရန်ကိုင်၏ အကြည့်အောက်တွင် လူငယ်လေး ပျာယာခတ်သွားပြီး ချက်ချင်း အကြည့် လွှဲလိုက်လေသည်။
“မင်းဘယ်သူလဲ။ ဘယ်ကနေ ရောက်လာတာလဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် မေးလိုက်လေသည်။
အနက်ဝတ်များထဲ နှစ်ယောက်သည်သာ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ကျန်အားလုံးသည် သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ထိုမျှလောက်သာရှိသော ကျင့်ကြံသူများကို ရန်ကိုင် ဂရုစိုက်နေစရာမလိုချေ။
သူသိချင်သည်မှာ ထိုလူများ၏ နောက်ခံနှင့် ထုန်းရွှမ်လောကကြီးသို့ မည်သို့ ရောက်လာသလဲဆိုသည်ကိုပင်။
ရန်ကိုင် သူတို့ရှေ့သို့ မည်သို့ရောက်လာမှန်းကိုပင် အနက်ဝတ်လူနှစ်ဦး မတွေ့လိုက်ရချေ။ ထို့အချက်ကြောင့် ရန်ကိုင်သည် သူတို့ ထင်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းကြောင်း သဘောပေါက်လိုက်၏။ နှစ်ယောက်စလုံး ကြောက်ရွံ့မှုကြောင့် ရင်တဒိန်းဒိန်း ခုန်သွားခဲ့လေလည်။ သတ္တိပိုရှိသည့်တစ်ယောက်က ပြုံးလျက် “ကျုပ်တို့က စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းကပါ သခင်လေး။ သူက စိတ်ဝိဥာဉ် ဝါးမြိုခြင်းဂိုဏ်းရဲ့ သခင်လေး မူချန်ဖုန်းပါ”
ရန်ကိုင် ပြောသည်ကို ပြန်ဖြေရင်း လူငယ်လေးကို လက်ညိုးထိုးကာ တစ်ခါတည်း မိတ်ဆက်ပေးလိုက်လေသည်။
သူ့ပုံစံသည် သခင်လေးတစ်ယောက် ရှိသင့်သည့် ပုံစံနှင့် မကိုက်ညီမှန်း သိလိုက်သော် မူချန်ဖုန်းသည် သူ့ရင်ဘတ်ကို အနည်းငယ် ကော့လိုက်လေသည်။ တစ်ချိန်တည်းတွင် အများရှေ့၌ လူပျက်တစ်ယောက် မဖြစ်ရလေအောင် သူ့ကိုယ်သူ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
“စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်း” ရန်ကိုင်က မျက်မှောင်ကြုတ်၍ ကွေ့ဇူဘက်သို့ လှည့်လိုက်သည်။
“တစ်ခါမှ မကြားဖူးဘူး။ သူတို့ အဲ့လောက် မကျော်ကြားလို့နဲ့ တူတယ်” ကွေ့ဇူက ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။
ကွေ့ဇူ၏ မှတ်ချက်ကို ကြားလိုက်သည့်အခိုက်တွင် မူချန်ဖုန်းနှင့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူနှစ်ဦး အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ သို့သော်လည်း ပြန်မလှန်နိုင်သည့် အခြေအနေ ဖြစ်သည်မို့ ကြိတ်၍သာ သည်းခံနေလိုက်၏။
“ဒီအစီအရင်ကို မင်းတို့ လုပ်တာလား” ရန်ကိုင်က သူ့နောက်ဘက်ရှိ ခြောက်ထောင့်ပုံစံ အစီအရင်ကို လက်ညိုးထိုး၍ မေးလိုက်လေသည်။
“ဟုတ်ပါတယ်…” အစောပိုင်းက ရန်ကိုင့်အမေးကို ပြန်ဖြေခဲ့သော တန်ခိုးရှင်အဆင့် ကျင့်ကြံသူက နဖူးထက်ရှိ ချွေးများကိုသုတ်၍ အလျင်အမြန် ပြန်ဖြေလိုက်လေသည် “ဒီပိကျုန်က အချိန်ကောအားကော စိုက်ထုတ်ပြီး ဒီအစီအရင်ကို ဖန်တီးထားခဲ့တာပါ”
“ကောင်းတယ်” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “မင်းလုပ်တာဆိုတော့..”
“ညီငယ်လေး” ရန်ကိုင် နောက်ဘာပြောတော့မလဲ ကြိုသိနေသည့်အလား တန်ခိုးရှင်အဆင့် ကျင့်ကြံသူက ကြောက်ကြောက်လန့်လန့်ဖြင့် ကြားဖြတ်ပြောလိုက်လေသည် “ညီငယ်လေး၊ ဒီတိုက်ကြီးပေါ်မှာ ဒီအစီအရင်တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ ဂိုဏ်းချုပ်ဦးဆောင်တဲ့ တပည့်တွေက တိုက်ကြီး အနှံ့မှာ ရှိနေတာ။ ညီငယ်လေး သေချာစဉ်းစားနော်”
“တစ်ခုထက်မက ရှိနေတာလား” ရန်ကိုင်မျက်နှာ ဒေါသကြောင့် မည်းမှောင်သွားခဲ့လေသည်။ ဒေါသပုန်ထထနှင့် ပြုံးရင်း ပြန်ပြောလိုက်လေသည် “ဒီတိုက်ကြီးရဲ့ မိုးမြေစွမ်းအင် ဘာလို့ နည်းနည်းလာနေလဲလို့ စဉ်းစားနေတာ။ လတ်စသတ်တော့ မင်းတို့ကြောင့် ဖြစ်နေတာကိုး။ ကောင်းတယ်၊ ကောင်းတယ်”
တန်ခိုးရှင်အဆင့် ကျင့်ကြံသူက ရှက်ရှက်ဖြင့် ပြုံးလျက် “အဲ့လိုပြောလို့မရဘူးလေ ညီငယ်လေးရဲ့။ ဒီတိုက်ကြီးပေါ်မှာ ရှိတဲ့ လူတွေရဲ့ ကျင့်ကြံခြင်းက အရမ်းနိမ့်တာ။ သူတို့ကို ဒီမိုးမြေစွမ်အင်နဲ့ ဒီအတိုင်း ကျင့်ကြံခိုင်းလိုက်မယ်ဆိုရင်တောင် သူတို့ရဲ့ ကျင့်ကြံခြင်းက ဒီလောက် မြင့်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့သာ ဒီမိုးမြေစွမ်းအင်တွေကို စုပ်ယူလိုက်ရင်တော့ မတူတော့ဘူး။ ငါတို့ဂိုဏ်းချုပ်က တန်ခိုးရှင်ဘုရင်အဆင့် ရောက်နေပြီ။ သူသာ ဒီမိုးမြေစွမ်းအင်တွေကို စုပ်ယူလိုက်ရင် သူ့အတွက် အရမ်းအကျိုးရှိမှာ။ ဒီတိုက်ကြီးရဲ့ အမြူတေကိုပါ ထပ်ပြီး သန့်စင်လိုက်နိုင်မယ်ဆိုရင် ဒီတိုက်ကြီးတစ်ခုလုံးတောင် ပြန်လည် ရှင်သန်လာဦးမယ်။ ညီငယ်လေး၊ မင်းက အားကောင်းတဲ့ လူတစ်ယောက်ပဲ။ အဲ့အချက်ကို နားလည်မှာပေါ့”
တန်ခိုးရှင်အဆင့် ကျင့်ကြံသူသည် သူတို့ဂိုဏ်းချုပ်မှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်းကို ရန်ကိုင် သိသွားအောင် ထည့်ပြောပြလိုက်သည်။
ထိုစကားကို ကြားသည့်နောက်တွင် ရန်ကိုင် ပို၍ ဒေါသပုန်ထသွားလေသည် “မင်းတို့က ကြယ်အမြူတေကိုပါ သန့်စင်ချင်နေတာလား”
“ဟုတ်တာပေါ့” မူချန်ဖုန်းက ခေါင်းမော့ရင်ကော့၍ “ငါ့အဖေက ဂိုဏ်းရဲ့ လက်ရွေးစင်တွေခေါ်ပြီး အမြူတေဆီ သွားတာ ကြာနေပြီ။ အခုလောက်ဆို အမြူတေကိုတောင် သန့်စင်နေလောက်ပြီ”
သူ့အဖေသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ပြန်သတိရလိုက်သည့်နောက်တွင် မူချန်ဖုန်း ယုံကြည်ချက် ပြန်ရှိလာခဲ့သည်။
သူ့အဖေ နောက်ခံကို သိပြီးနောက်တွင် ထိုနှစ်ဦး သူ့အား မသတ်ရဲတော့ဘူးဟု မူချန်ဖုန်း ထင်နေခဲ့သည်။ ရန်ကိုင်နှင့်ကွေ့ဇူတို့ အကြောင်း မူချန်ဖုန်း မသိချေ။ သို့ရာတွင် သူ့ထင်သည်မှာ ခေါင်းရှိသည့်လူတိုင်း တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူကို ရန်စချင်လိမ့်မည် မဟုတ်ကြောင်းပင်။ သူအမြင်အရ သူ့အဖေသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ထိုနှစ်ယောက်အတွက် ဤကိစ္စမှ လက်ရှောင်နေလိုက်ခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်။
သို့ရာတွင် ထိုစကားကို ပြောပြီးနောက် ရန်ကိုင်သည် ပိုမို ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်ဖြင့် သူ့အား စိုက်ကြည့်နေသည်ကို တွေ့ရှိလိုက်ရသည်။ ပြန်ရခါစ ယုံကြည်ချက်လေး ချက်ချင်း ပျက်စီးသွားပြီး မူချန်ဖုန်းသည် ချက်ချင်းကို အလန့်တကြား ထအော်လေသည် “မင်းဘာလုပ်ချင်နေတာလဲ”
ရန်ကိုင်က မိစ္ဆာဆန်ဆန်ပြုံးလျက် “မင်းကို သတ်ရုံကလွဲပြီး ဘာလုပ်နိုင်ဦးမှာလဲ”
သူ့စကားသံ ဆုံးသွားသည်နှင့် အနက်ရောင်ဝတ်ရုံဝတ် စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းသားအားလုံး တိုက်ခိုက်ခံလိုက်ရ၏။ ရွှစ်… ရွှစ်… မြည်သံအချို့ ထွက်ပေါ်လာပြီးနောက် တစ်ဦးပြီး တစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။ အော်ချိန်ပင် မရလိုက်။ အကုန်လုံးသည် ဘာဖြစ်လို့ ဖြစ်သွားမှန်းပင် မသိဘဲ အသတ်ခံလိုက်ကြရလေသည်။
“အား” မူချန်ဖုန်း ကြောက်လန့်တကြား ထအော်လေသည်။ တဖုန်းဖုန်း လဲကျသွားသွားအောင် အလောင်းများကို မျက်လုံး အပြူးသားဖြင့် စိုက်ကြည့်ရင်း ရန်ကိုင်အား လက်ညိုးထိုး၍ အော်ပြောလိုက်လေသည် “မင်း… မင်းဘယ်လိုတောင်… မင်း ငါတို့ စိတ်ဝိဥာဉ်ဂိုဏ်းနဲ့ ရန်သူ ဖြစ်ချင်တာလား”
“ရန်သူ ဖြစ်ရမှာ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့။ မင်းတို့ကောင်တွေက ငါ့ရန်သူ ဖြစ်ဖို့ မထိုက်တန်သေးဘူး။ ဒါပေမယ့် မင်းတို့က ငါ့နယ်မြေမှာ လာသောင်းကျန်းတယ်ဆိုမှတော့ ပြန်ထွက်သွားဖို့ လုံးဝ မစဉ်းစားတော့နဲ့”
စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းသည် ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်များကို စုပ်ယူပစ်ပြီး တိုက်ကြီးပေါ်ရှိ ကျင့်ကြံသူ အားလုံးကို ကျွန်ပြုထားသည့်အပြင် ကြယ်အမြူတေကိုပါ လိုချင်နေသည်။ ရန်ကိုင် ဒေါသမထွက်ဘဲ ဘယ်နေမည်နည်း။
ကြယ်အမြူတေကို စီနီယာမမလေးက သန့်စင်ထားတာဆိုတော့ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်း ရသွားမှာကို စိတ်ပူနေစရာ မလိုဘူး။ ဒါပေမယ့် ဒီကောင်တွေ မဆင်မခြင် လုပ်လို့ စီနီယာမမလေး ဒဏ်ရာရသွားလောက်တယ်
“မင်း…မင်း… ငါ့အဖေက တန်ခိုးရှင်ဘုရင်အဆင့်နော်။ မင်းငါ့ကို တိုက်ခိုက်ရဲတာလား” မူချန်ဖုန်းသည် ကြောက်လန့်တကြား အော်ဟစ်ခြိမ်းခြောက်လိုက်လေသည်။ သူ့အဖေသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ပြောပြလိုက်လျှင် တစ်ဖက်လူ ကြောက်သွားပြီး ဤကိစ္စမှ လက်ရှောင်သွားလိမ့်မည်ဟု ထင်ထားသော်ငြား အထင်နှင့် လက်တွေ့သည် မှန်းချက်နှင့်နှမ်းထွက်မကိုက် ဖြစ်နေခဲ့သည်။ သူ့အဖေသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ပြောလိုက်သည့်တိုင် ထိုလူငယ်လေးသည် နည်းနည်းလေးမှ ဂရုမစိုက်။
“တန်ခိုးရှင်ဘုရင်အဆင့်၊ အဲ့ဒါဘာဖြစ်လဲ။ တန်ခိုးရှင်ဘုရင်အဆင့်တွေကို ငါသတ်လာတာ တစ်ယောက် မကတော့ဘူး။ အခုလည်း မင်းကို သတ်ပြီးတာနဲ့ မင်းရဲ့ အဖေကိုပါ သွားထပ်သတ်ဦးမှာ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် မူချန်ဖုန်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။
မူချန်ဖုန်းမှာ ကြောက်ကြောက်နှင့် နောက်သို့ဆုတ်ရင်း ဖင်ထိုင်လျက် လဲကျသွားလေသည်။ တစ်ချိန်တည်းတွင် ညီစို့စို့အနံ့ သူ့ပေါင်းကြားဆီမှ ထွက်လာခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။ ဤကောင်လေးသည် ကြောက်လွန်းသဖြင့် သေးပါ ပါချလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ခဏလောက် စဉ်းစားပြီးနောက်တွင် သူ့လက်ကို ဝှေ့ရမ်း၍ လူငယ်လေး၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်ပစ်လိုက်သည်။ ထို့နောက် ကောင်းကင်တိမ်တိုက်စံအိမ်၏ တပည့်များဘက်သို့ လှည့်၍ “ငါသူ့ကို မင်းတို့အတွက် ထားပေးလိုက်မယ်။ မင်းတို့ လုပ်ချင်သလိုသာလုပ်။ သတ်ပစ်လည်း ရတယ်”
အစီအရင်ကို ထိန်းချုပ်နေသော ကျင့်ကြံသူများသည် ရန်ကိုင်နှင့် ကွေ့ဇူတို့ ပေါ်လာကတည်းက လုပ်လက်စ အလုပ်များကို ရပ်ပြီး အခြေအနေကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ ရန်ကိုင်မှ သူတို့ နည်းနည်းလေးပင် ပြန်မလှန်နိုင်သော အနက်ဝတ်လူများအား လက်တစ်ချက် ဝှေ့ရမ်းကာ သတ်ပစ်လိုက်သည်ကို မြင်ပြီးနောက် အကုန်လုံး အလွန်ကိုမှ အံ့အားသင့်သွားခဲ့ကြလေသည်။
ရန်ကိုင်အား ပန်းချီကားများထဲတွင် မြင်ဖူးသော လူများသည် ရန်ကိုင်ကို မြင်လိုက်သည်နှင့် သူဘယ်သူမှန်း တန်းသိလိုက်ကြ၏။
ရန်ကိုင်၏ စကားကို ကြားလိုက်သည့်အခါ၊ ရပ်ကြည့်နေသော လူအုပ်ကြီးသည် ချက်ချင်းပဲ မူချန်ဖုန်းဘက်သို့ လှည့်ကြည့်လာ၏။ ထို့နောက် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူ့ဆီသို့ ပြေးဝင်သွားကြလေသည်။
“မင်း… မင်းတို့ ခွေးကောင်တွေ…” မူချန်ဖုန်းသည် ရန်ကိုင်ကို ကြောက်သော်လည်း ထိုလူများကိုတော့ မကြောက်ချေ။ သူ့ဆီသို့ ပြေးဝင်လာနေသော လူအုပ်ကြီးကို မြင်သော် ချက်ချင်းပဲ အော်ဟစ်ခြိမ်းခြောက်လိုက်လေသည် “မင်တို့ ငါ့ဆံပင် တစ်ချောင်းကို ထိရဲထိကြည့်၊ ငါမင်းတို့ကို မသေမချင်း နှိပ်စက်ပစ်မှာ”
လူအုပ်ကြီးသည် တစ်ချက်သာ ရပ်သွားပြီး ချက်ချင်းပဲ မူချန်ဖုန်းဆီသို့ ပို၍ မြန်မြန် ပြေးလာကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း မူချန်ဖုန်း၏ ပုံရိပ်သည် လူအုပ်ကြီးထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
အကုန်လုံးသည် သူတို့ရင်ထဲ ချုပ်တည်းထားခဲ့ရသော အမုန်းတရားတို့ကို မူချန်ဖုန်းအား စိတ်ရှိလက်ရှိ ထိုးကြိတ်ကန်ကျောက်ရင်း ဖွင့်ထုတ်လေသည်။ အကုန်လုံးသည် သဘောတူညီချက် ရထားသည့်အလား၊ သူတော်စင်ချီကို လုံးဝ မသုံးဘဲ ကာယခွန်အားသက်သက်ကိုသာ အသုံးပြုခဲ့သည်။ ဤနည်းဖြင့် မူချန်ဖုန်းသည် ချက်ချင်း သေသွားလိမ့်မည် မဟုတ်ဘဲ ပိုမိုရှည်ကြာသော နာကျင်မှုကို ခံစားရပေလိမ့်မည်။
“ခွေးကောင်၊ မင်းဘယ်လိုတောင် ငါတို့ ဂိုဏ်းချုပ်ကို သတ်ရဲတာလဲ”
“ခုနှစ်ယောက်မြောက် အကြီးအကဲ အတွက်ပဲကွ”
“ခွေးမသား၊ ဒါ ငါ့စီနီယာအစ်မလျိုကို သတ်သွားတဲ့အတွက်ပဲ။ စီနီယာအစ်မလျို၊ အခု အေးစက် အိပ်စက်လို့ရပါပြီ။ စီနီယာအစ်မအတွက် ဒီခွေးကောင်ကို ကျုပ်ပြန်လက်စားချေပေးနေပါပြီ”
“ဖယ်စမ်း၊ ဖယ်စမ်း၊ ငါလည်း ဒီခွေးသူတောင်းစားကို တစ်ချက်လောက် တီးရအောင်”
ချက်ချင်းဆိုသလို မူချန်ဖုန်း ရှိနေသည့် နေရာတစ်ခုလုံး ဖုန်အလိမ်းလိမ်း ထသွား၏။ တစ်ချိန်တည်းတွင် မူချန်ဖုန်း၏ နာကျင်စွာ အော်ဟစ်ညည်းတွားသံတို့မှာလည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။
သို့သော် ခဏကြာပြီးနောက် မူချန်ဖုန်း၏ အော်သံသည် တဖြည်းဖြည်း အားနည်းလာခဲ့ပြီး အဆုံးတွင် လုံးဝ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
“ရှင်က… တော်ဝင်သခင်ရန်လား၊ တကယ်ကြီး တော်ဝင်သခင်ရန်လား” ထိုမြင်ကွင်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေစဉ် မိန်းကလေးတစ်ဦး၏ အသံကို ရန်ကိုင် ကြားလိုက်ရလေသည်။
လှဉ့်ကြည့်လိုက်ရာ မူချန်ဖုန်းမှ ဖမ်းဆီးအရှက်ခွဲခဲ့သည့် မိန်းကလေး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူမ၏ မျက်နှာ တစ်ပြင်လုံး ရွံ့များဖြင့် ပေကျံနေ၏။ အဝတ်အစားမှာလည်း စုတ်စုတ်ပြတ်ပြတ် ဖြစ်နေ၏။ သို့ရာတွင် သူမ၏ အချိုးအစား ကျနသော ကိုယ်လုံးကိုယ်ပေါက်ကိုတော့ မြင်တွေ့နေရပေသည်။
“နင်ငါ့ကိုသိတာလား” ရန်ကိုင်က အံ့အားသင့်တကြီး ပြန်မေးလိုက်သည်။
“တကယ်ကြီး တော်ဝင်သခင်ရန်ပဲ” မိန်းကလေး၏ မျက်နှာ ပန်းနီရောင်သန်းသွားပြီး ရန်ကိုင်အား ငေးကြောင် ကြည့်နေတော့၏။ မကြာမီ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့် အလား သူမ၏ မျက်ဝန်းထဲ မျက်ရည်များ ဝေ့သီလာခဲ့လေသည်။ ထို့နောက် ချက်ချင်း ဒူးထောက်ချကာ “တောင်းဆိုပါတယ် တော်ဝင်သခင်ရန်၊ ကျေးဇူးပြုပြီး ဒီကမ္ဘာပေါ်က ကျင့်ကြံသူတွေ အတွက် တရားမျှတမှု ပြန်ရှာပေးပါဦး”
“ထပြီးပြော” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ချက်ချင်းပဲ အမျိုးသမီးအား မတ်တပ်ရပ်နိုင်အောင် ထူမပေးလိုက်သည်။ မိန်းမငယ်လေးလည်း သူမအား စွမ်းအားတစ်မျိုးမှ ဒူးမထောက်အောင် လုပ်လာသည်ကို တွေ့ရှိလိုက်ရသည်။
“မငိုနဲ့” ပြောလိုက်သည့်တိုင် မိန်းကလေးမှာတော့ အငို မတိတ်နိုင်သေး။ ရန်ကိုင်အား ကြည့်ရင်း တောက်လျှောက်သာ ငိုယိုနေခဲ့သည်။ အငိုတိတ်တော့မည် လုပ်လိုက်တိုင်း နောက်ထပ် မျက်ရည်များကမှ ထပ်ကျလာပြန်သည်။
တဖြည်းဖြည်းနှင့် မျက်ရည်များကြောင့် သူမ မျက်နှာပေါ်ရှိ ရွံ့များပင် ကွာကျကုန်လေသည်။ ရွံ့များ မရှိတော့သည့်နောက် သူမ၏ ပကတိ မျက်နှာလေး ထွက်ပေါ်လာခဲ့သည်။
ဤမိန်းကလေးသည် တကယ်ကို လှပသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ မူချန်ဖုန်းသည် သောက်ကျင့်မကောင်းသည့် လူတစ်ဦး ဖြစ်သော်လည်း မိန်းကလေးများကို ရွေးချယ်ရာတွင် တကယ် တော်သည့် လူတစ်ယောက်ဟုတော့ ပြောရမည်။
“ငါရှိနေတယ်လေ။ ငိုမနေနဲ့ ပြောစရာရှိတာတွေကိုသာ ပြောလိုက်” ရန်ကိုင်က သက်ပြင်းချ၍ နှစ်သိမ့်ပေးလိုက်သည်။
“ဟုတ်ကဲ့” မိန်းကလေးသည် မျက်ခမ်းထောင့်ရှိ မျက်ရည်များကို သုတ်လိုက်၏။ စိတ်လှုပ်ရှားမှုကြောင့် သူမ၏ မြင့်မားထည်ဝါသော တောင်မို့မို့အစုံသည် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေသည်။ နောက်ဆုံး တည်ငြိမ်အောင် လုပ်ပြီးမှပဲ စပြောပြလိုက်၏ “စီနီယာရန် တစ်ယောက်ပဲ ဒီလောကကြီးကို ကယ်တင်နိုင်တော့မှာ။ ဒါကြောင့် စိတ်သဘောထား ကြီးမားစွာနဲ့ ကျွန်မတို့နေတဲ့ ကမ္ဘာကြီးကို ကယ်တင်ပေးဖို့ စီနီယာရန်ကို ကျွန်မ အနူးအညွတ် တောင်းဆိုပါတယ်”
“ဒီလောကကြီးကို ကယ်တင်ပေးဖို့ စီနီယာရန်ကို အနူးအညွတ် တောင်းဆိုပါတယ်” ရုတ်ချည်း လူအုပ်ကြီးသည်လည်း ပြိုင်တူအော်ဟစ် တောင်းဆိုလိုက်ကြ၏။
ရန်ကိုင်လည်း လှည့်ကြည့်လိုက်ရာ ကောင်းကင်တိမ်တိုက် စံအိမ်၏ ထောင်ပေါင်းများစွာသော တပည့်များအားလုံး သူ့အား အသနားခံသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရှိလိုက်ရလေသည်။
မူချန်ဖုန်းမှာတော့ လူထောင်ပေါင်းများစွာ၏ ဝိုင်းကြိတ်ခြင်း ခံလိုက်ရပြီးနောက် လူရုပ်ပင် မပေါက်တော့ဘဲ သွေးအိုင်ထဲ လဲရင်း တမလွန်ဘဝသို့ ကူးတို့ခမလိုဘဲ ကူးပြောင်းသွားခဲ့လေပြီ။
ရန်ကိုင်သည် ရှက်ရှက်ဖြင့် နှာခေါင်းကိုပွတ်လျက် “အဲ့လိုမျိုးတွေ လုပ်နေစရာမလိုပါဘူး။ ဒါပေမယ့် ငါက အခုမှ ပြန်ရောက်တာဆိုတော့ ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိသေးဘူး။ မင်တို့ ငါ့ကို အသေးစိတ် ရှင်းပြပါလား။ အခု ဘာတွေဖြစ်နေတာလဲ။ အဲ့လူတွေ ဘယ်တုန်းက ရောက်လာတာလဲ ဆိုတာကို”
“ကျွန်မ ဖြေပေးမယ်။ ထုန်းရွှမ်လောကကြီးကို အဲ့လူတွေ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရောက်လာတ…” မိန်းမငယ်လေးက ဖြည်းဖြည်းချင်း စရှင်းပြလိုက်သည်။ ပြန်ရှင်းပြနေစဉ် အတွင်း အတိတ်က ချောက်ခြားဖွယ်ရာ အကြောင်းအရာများကို ပြန်သတိရသွားသည့်အလား သူမ၏ မျက်လုံးထဲ ကြောက်လန့်ရိပ်၊ ထိတ်လန့်တုန်လှုပ်ရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၂၂)
တစ်နာရီအကြာ၌ ရန်ကိုင်နှင့် ကွေ့ဇူတို့ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
တဖြည်းဖြည်း သေးငယ်ပျောက်ကွယ်သွားသော ရန်ကိုင်နှင့် ကွေ့ဇူကိုကြည့်ရင်း၊ မိန်းမငယ်လေး အလွန်ကိုမှ စိတ်ဓါတ် တက်ကြွလာခဲ့သည်။
ငါတို့ ရင်ဆိုင်နေရတဲ့ ကပ်ဘေးကြီး အဆုံးသတ်တော့မယ် ရန်ကိုင်အား တစ်ခါမှ မတွေ့ဖူးသော်လည်း ပထမဆုံးအကြိမ် တွေ့ပြီးသည့်နောက်တွင် ရန်ကိုင်အပေါ် အပြည့်အဝ ယုံကြည်သွားခဲ့လေသည်။
“အဲ့ကောင်မလေး ပြောတဲ့ပုံအတိုင်းဆိုရင် စိတ်ဝိဥာဉ် ဝါးမြိုခြင်းဂိုဏ်းက တကယ် ရက်စက်တဲ့ဂိုဏ်းပဲကွ” ကွေ့ဇူက တွေးတွေးဆဆဖြင့် ပြောလိုက်သည် “တိုက်ကြီးတစ်ခုလုံးရဲ့ မိုးမြေစွမ်းအင်ကို စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက် အဖြစ် ပြောင်းလဲပစ်တဲ့ နည်းလမ်းကတော့ တကယ်မိုက်တယ်။ ငါတောင် တကယ် အံ့ဩသွားတယ်”
“ဟုတ်တော့ ဟုတ်ပေမယ့် အဲ့နည်းလမ်းက ကျင့်ကြံရေးကြယ်တွေကို ထိခိုက်စေတယ်လေ” ရန်ကိုင်သည် အရွယ်အစား တူညီသော စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်များနှင့် ဆော့ကစားရင်း ပြန်ပြောလိုက်သည်။
ဤစိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်များကို မူချန်ဖုန်း၏ သိုလှောင်လက်စွပ်ထဲမှ ရလာခဲ့ခြင်း ဖြစ်သည်။
ထိုသလင်းကျောက်များအနက် တစ်တုံးသည် အပြီးသတ် သန့်စင်ရခြင်း မရှိသေးသည့် သလင်းကျောက် ဖြစ်ပြီး ကျန်သလင်းကျောက်အားလုံးမှာတော့ အကောင်းပကတိများ ဖြစ်ကြသည်။
ဤစိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်ထဲတွင် ရှိနေသော စွမ်းအင်အားလုံးသည် ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်များ ဖြစ်ကြပေသည်။
ကောင်းကင်တိမ်တိုက်စံအိမ်မှ မိန်းကလေး ပြောပုံအရ စိတ်ဝိဥာဉ် ဝါးမြိုခြင်းဂိုဏ်းသည် လွန်ခဲ့သော တစ်နှစ်ခန့်က ရောက်လာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ခန့်က ထုန်းရွှမ်လောကကြီးသို့ ကြယ်သင်္ဘောတစ်စင်း ရောက်လာခဲ့သည်။ မကြာခင်တွင် စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်း ရုတ်တရက် ထွက်ပေါ်လာပြီး ထုန်းရွှမ်လောကကြီးရှိ ကျင့်ကြံသူများကို ကျွန်ဇာတ်သွင်းကာ သူတို့ ခင်းကျင်းထားသည့် အစီအရင်ကို ထိန်းချုပ်ခိုင်းကြ၏။
သူတို့အား ပြန်လည် ခုခံသည့်လူအားလုံးကို ချွင်းချက်မရှိ သတ်ပစ်ခဲ့သည်။
တစ်နှစ်အတွင်း ထုန်းရွှမ်လောကကြီးပေါ်ရှိ အားကောင်းစု မိသားစုပေါင်းများစွာ သုတ်သင်ရှင်းလင်းခံလိုက်ရ၏။
ကောင်းကင်တိမ်တိုက်စံအိမ်သည်လည်း အကျအဆုံးများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး တပည့် တစ်ထောင်လောက်သာ အသက်ရှင်ကျန်ရစ်နိုင်ခဲ့၏။
“စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းအကြောင်းကို အကြီးအကဲ တကယ်ကြီး တစ်ခါမှ မကြားဖူးတားလား” ရန်ကိုင်က ကွေ့ဇူကို ကြည့်၍ မေးလိုက်သည်။
ကွေ့ဇူက ခေါင်းညိတ်၍ “မင်းလည်းသိတာပဲ။ ငါက ဟိုနေရာမှာ နှစ်နှစ်ထောင်လောက်ကြာအောင် ပိတ်မိနေခဲ့တာလေ။ ရှင်းရှင်းပြောရရင် ကြယ်စီရင်စုကြီးအကြောင်း အရမ်းကြီး သိပ်မသိဘူး။ ဒါပေမယ့် ငါတို့မှာ မေးလို့ရတဲ့ လူတစ်ယောက် ရှိတယ်လေ။ မင်းမေ့နေတာလား”
“ဟိုကောင်ကို ပြောတာလား” ကွေ့ဇူ ဘာပြောချင်နေလဲ ဆိုသည်ကို နားလည်သွားသည့်အလား ရန်ကိုင်သည် ချက်ချင်းပဲ ဝိဥာဉ်ထိန်းပန်းကန်လုံးကိုထုတ်ကာ ကောင်းကင်စိတ်အာရုံဖြင့် အော်ခေါ်လိုက်လေသည် “ထွက်လာခဲ့”
ချက်ချင်းဆိုသလို ကျိတုန်၏ ဝိဥာဉ် ထွက်ပေါ်လာပြီး ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် ချက်ချင်းပဲ ပြုံးလျက် “ရောင်းရင်းရန်၊ ငါဘာလုပ်ပေးရမှာလဲ။ ငါတို့ ခရမ်းကြယ်ကိုတောင် ရောက်နေပြီလား”
“ခရမ်းကြယ်မှာ မဟုတ်ဘူး။ ငါ့မှာ မင်းကို မေးစရာရှိလို့”
“မေးပါ ရောင်းရင်းရန်၊ ငါသိသမျှ ပြောပြပေးပါ့မယ်” ကျိတုန်သည် စိတ်သက်သာရာ ရသွားသည့်အလား သူ့နဖူးကို ပွတ်လိုက်လေသည်။
“စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းကို မင်းကြားဖူးလား”
“စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်း” ထိုနာမည်ကို ကြားလိုက်သည်နှင့် ကျိတုန်၏ မျက်နှာထက် ကြောက်ရွံ့ရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။
“မင်းသိတယ်ပေါ့” ကျိတုန်၏ အမူအရာကို မြင်လိုက်သည်နှင့် ဤကောင်သည် စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းအကြောင်း သိနေမှန်း ရန်ကိုင်ချက်ချင်း သဘောပေါက်သွားခဲ့သည်။
“သိတယ်။ ဘာဖြစ်လို့လဲ။ ရောင်းရင်းရန် စိတ်ဝိဥာဉ် ဝါးမြိုခြင်းဂိုဏ်းက တစ်ယောက်ယောက်နဲ့ သွားတိုးလို့လား” ကျိတုန်က ရန်ကိုင်အား မယုံသင်္ကာဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ အခုလေးတင် စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းက လူတစ်အုပ်နဲ့ တိုးလာတာ။ ဒီကောင်တွေက စိတ်ဝိဥာဉ်ဝါးမြိုခြင်း အစီအရင်ကို ခင်းပြီး စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်တွေ သန့်စင်နေတာ” ရန်ကိုင်သည် စိတ်ဝိဥာဉ်ဝါးမြိုခြင်း သလင်းကျောက် တစ်တုံးကို ထုတ်ပြ၍ “ဒီဟာပဲ”
“စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်” ကျိတုန်၏ မျက်နှာထက် လိုချင်တပ်မက်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့၏။ စိတ်ဝိဥာဉ်ဝါးမြိုခြင်း သလင်းကျောက် ပေါ်လာသည်နှင့် ကျိလုန်၏ မျက်လုံးသည် သလင်းကျောက်ပေါ်တွင် ကော်ကပ်သလို ကပ်နေပြီး သူ့မျက်နှာတစ်ပြင်လုံး လောဘရိပ်တို့ဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။ သို့သော်လည်း မကြာမီတွင် သူ့၌ ခန္ဓာကိုယ် မရှိသည့်အကြောင်းကို ပြန်ရသတိလိုက်ရပြီး စိတ်ဓါတ်ကျကျဖြင့် ခေါင်းစိုက်ကျသွားခဲ့လေသည်။
“စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းအကြောင်း ငါ့ကိုပြောပြ။ မင်းဘာလို့ အဲ့ဂိုဏ်းကို ကြောက်နေတာလဲ” ရန်ကိုင်သည် စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်ကို ပြန်သိမ်းထားလိုက်ပြီး မေးလိုက်လေသည်။
“တကယ်တမ်း ပြောရရင် စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းကို ငါတစ်မှ မတွေ့ဖူးဘူး။ မှတ်တမ်းတွေမှာပဲ သူတို့အကြောင်း ဖတ်ဖူးတာ။ မှတ်တမ်းတွေအရတော့ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းက ကောင်းကင်ဝံပုလွေကြယ်လို့ ခေါ်တဲ့ ကြယ်တစ်လုံးပေါ်မှာ ရုတ်တရက် ပေါ်လာတာတဲ့။ သူတို့ရဲ့ ခွန်အား မြင့်တက်တဲ့ နှုန်းက အရမ်းမြန်တော့ ချက်ချင်းပဲ ကြယ်စီရင်စုထဲက အင်အားစုတွေ သူတို့ကို သတိပြုမိသွားကြတယ်။ ဆယ်စုနှစ် တစ်ခုအတွင်းမှာပဲ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းကနေ ပညာရှင်တွေ အများကြီး ပေါ်ထွက်ခဲ့တယ်။ တန်ခိုးရှင်ဘုရင်အဆင့်တွေဆိုရင်လည်း အများကြီးပဲ။ ဂိုဏ်းတစ်ဂိုဏ်းအနေနဲ့ အဲ့လောက်မြန်မြန် အဆင့်မြင့် ပညာရှင်တွေကို မွေးထုတ်ပေးနိုင်တာ သူတို့ဂိုဏ်းက ပထမဆုံးပဲ”
“အဲ့ဒါကြောင့်ပဲ မဟာအင်အားစုကြီးသုံးခုက စိတ်ဝိဥာဉ် ဝါးမြိုခြင်းဂိုဏ်းကို စတင် စုံစမ်းကြယ်တော့တယ်။ မကြာခင်မှာပဲ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းက ရောင်ရင်းရန်ပြောတဲ့ စိတ်ဝိဥာဉ် ဝါးမြိုခြင်း အစီအရင်တွေ ခင်းကျင်းပြီး စိတ်ဝိဥာဉ်ဝါးမြိုခြင်း သလင်းကျောက်တွေ သန့်စင်တဲ့နည်းလမ်းကို တစ်နေရာရာကနေ ရလာမှန်း တွေ့လိုက်ရတယ်။ သူတို့ ဂိုဏ်းကနေ တစ်နှစ်အတွင်း ပညာရှင်တွေ အများကြီး ပေါ်ထွက်လာရတဲ့ အကြောင်းအရင်း စိတ်ဝိဥာဉ်ဝါးမြိုခြင်း သလင်းကျောက်တွေကြောင့်မှန်းလည်း သိလိုက်ရတယ်”
“အဲ့အတိုင်းပဲ ဆက်သွားနေရင် အဆင်ပြေသေးတယ်။ ဒါပေမယ် သူတို့ တိုးတက်လာဖို့အတွက် ကောင်းကင်ဝံပုလွေကြယ်က ထိခိုက်လာရတာပဲ။ စိတ်ဝိဥာဉ် ဝါးမြိုခြင်းဂိုဏ်း ပေါ်လာပြီး ရာစုနှစ်ဝက်အတွင်းမှာပဲ ကောင်းကင်ဝံပုလွေကြယ်ရဲ့ မိုးမြေစွမ်းအင်က အဆပေါင်းများစွာ ထိုးကျသွားခဲ့တယ်။ အဲ့အခါမှပဲ ကြယ်စီရင်စုထဲက မဟာအင်အားစုကြီးသုံးခု ဒီကိစ္စ ဘယ်လောက် ပြဿနာများမှန်း နားလည်သွားတော့တယ်။ ကျင့်ကြံရေးကြယ်တွေဆိုတာ ကြယ်စီရင်စုထဲမှာ များများစားစား ရှိတာမဟုတ်ဘူး။ ရှိတဲ့ ကြယ်တိုင်းကလည်း ကျင့်ကြံသူတွေအတွက် အရမ်း အဖိုးတန်တာချည်းပဲ။ ဒီတော့ စိတ်ဝိဥာဉ်ဝါမြိုခြင်းဂိုဏ်းက အဖိုးတန်ကြယ်တွေကို ဖျက်စီးပစ်နေတာကို သူတို့ ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေနိုင်မှာလဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် ကောင်းကင်ဝံပုလွေကြယ် ကျိန်းသေ ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့် ဆွေးနွေးပွဲတစ်ခု ကျင်းပပြီး အဲ့ဆွေးနွေးပွဲမှာပဲ မဟာအင်အားစုကြီး သုံးခုက စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်”
“အဲ့တိုက်ပွဲမှာ စိတ်ဝိဥာဉ်မှာ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်း ပျက်စီးသွားရပေမယ့် မဟာအင်အားစုကြီးသုံးခုကလည်း ပညာရှင်တွေ အများကြီး ဆုံးရှုံးလိုက်ရတယ်။ ကြယ်စီရင်စုထဲမှာ ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ မဟာအင်အားစုကြီးသုံးခုနဲ့ ယှဉ်နိုင်တဲ့ အင်အားစုတစ်ခု ပေါ်လာတာ ပထမဆုံးပဲ။ အဲ့တိုက်ပွဲပြီးသွားတဲ့ နောက်ပိုင်း စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းလည်း ကြယ်စီရင်စုထဲက အပြီးတိုင် ပျောက်ကွယ်သွားရော။ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်း လုံးဝ ပျောက်ကွယ်သွားပြီလို့ ငါထင်နေတာ၊ အခုအချိန်ထိ ရှိနေဦးမယ်လို့ မထင်ထားဘူး”
“မဟာအင်အားစုကြီးသုံးခု ပူးပေါင်း တိုက်ခိုက်ခဲ့တာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည် “သူတို့ ပူးပေါင်းတာ စိတ်ဝိဥာဉ် ဝါးမြိုခြင်းဂိုဏ်း ကောင်းကင်ဝံပုလွေကြယ်ကို ဖျက်စီးမှာ ကြောက်လို့ မဟုတ်ဘူးမလား။ သူတို့မှာ အခြား အကြောင်းအရင်း တစ်ခု ကျိန်းသေ ရှိလိမ့်မယ်”
ကျိတုန်သည် ရှက်ရှက်နှင့်ပြုံးလျက် “ရောင်းရင်းရန် ပြောတာ အမှန်ပဲ။ အင်အားစုတိုင်းက ကျင့်ကြံသူတွေကို တစ်ခဏအတွင်း အားကောင်းလာစေနိုင်တဲ့ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းရဲ့ နည်းလမ်းတွေကို လိုချင်နေတာ။ ဒါပေမယ့် ငါသိသလောက်တော့… အင်အားစုကြီးသုံးခုက စိတ်ဝိဥာဉ် ဝါးမြိုခြင်းဂိုဏ်းကို ဖျက်စီးလိုက်နိုင်ပေမယ့် စိတ်ဝိဥာဉ်ဝါးမြိုခြင်း အစီအရင် ခင်းကျင်းတဲ့ နည်းလမ်းကို လုံးဝ မရလိုက်ဘူး”
“ဘာလို့လဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“အဲ့ဒါတော့ ငါလည်းမသိဘူး။ ငါလည်း မှတ်တမ်းတွေက ပြောထားသလောက်ပဲ သိရတာ” ကျိတုန်က မျက်မှောင်ကြုတ်၍ စိုးရိမ်နေသည့် အမူအရာဖြင့် “စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်း ပြန်လာတာ သတင်းဆိုးပဲ။ ဒါနဲ့ ရောင်းရင်းရန် ငါတို့အခု ဘယ်ရောက်နေတာလဲ။ အဲ့အဖြစ်အပျက်နောက်ပိုင်း စိတ်ဝိဥာဉ် ဝါးမြိုခြင်းဂိုဏ်းက လူတိုင်းရဲ့ ဘုံရန်သူ ဖြစ်သွားတာ။ လူရှေ့သူရှေ့မှာ သူတို့ ပေါ်လာရဲမှာ မဟုတ်ဘူး”
“ဒါငါ့မွေးရပ်မြေပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည် “ဒီနေရာကို အပြင်လူတွေ ရောက်မလာတာ တော်တော် ကြာနေပြီ။ ဒါကြောင့်ပဲ လူမရှိမှန်းသိလို့ သူတို့တွေကို ဒီကို ရောက်လာပြီး စိတ်ဝိဥာဉ်ဝါးမြိုခြင်း အစီအရင်တွေ လာခင်းတာ”
“အဲ့လိုကိုး။ ဒီကောင်တွေကို တွေ့ထားတယ်ဆိုမှတော့ မင်းသူတို့ကို မြန်မြန် ရှင်းပစ်သင့်တယ် ရောင်းရင်းရန်၊ အချိန် ဆွဲနေရင် ပြဿနာ အကြီးကြီးတက်လိမ့်မယ်။ ဒါပေမယ့် ဒီနေရာရဲ့ မိုးမြေစွမ်းအင်အရတော့ မင်းမွေးရပ်မြေမှာ ပညာရှင်တွေ မရှိလောက်ဘူး။ မင်းသာ ငါ့ကို ခရမ်းကြယ်ဆီ ခေါ်သွားပေးမယ် ဆိုရင် ခရမ်းကြယ်က ပညာရှင်တွေကို စေလွှတ်ပြီး… ဟေး၊ဟေး ရောင်းရင်းရန်၊ ငါ့ကို ပြီးအောင် ပြောခွင့်ပေးဦးလေ။..”
ရန်ကိုင်သည် ဝိဥာဉ်ထိန်းပန်းကန်လုံးကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်ပြီး ကွေ့ဇူဘက်သို့လှည့်၍ “အကြီးအကဲကိုပဲ ကျုပ်ဒုက္ခပေးရတော့မှာ”
“ပြောစရာရှိရင် ပြောနော ဂိုဏ်းချုပ်၊ အားနာမနေနဲ့” ကွေ့ဇူက ရယ်သွမ်းသွေး၍ ပြောလိုက်သည်။
“စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းမှာ လူတွေအများကြီးပဲ။ ဟိုမိန်းကလေး ပြောတဲ့ပုံအရဆို ဒီကောင်တွေက တိုက်ကြီး တစ်ခုလုံးပေါ်မှာ အစီအရင်တွေ လိုက်ခင်းနေတာ။ ဒါကြောင့် သူတို့ကို သွားရှင်းပစ်ပေးပါလားလို့ အကြီးအကဲကို အကူအညီတောင်းမလို့”
“ကိစ္စမရှိဘူး” ကွေ့ဇူက ရယ်မောလျက် “ဒီကောင်တွေကို ရှာဖို့က ဘာမှမခက်ဘူး။ မိုးမြေစွမ်းအင်တွေ စီးဆင်းနေတဲ့ လမ်းကြောင်းအတိုင်း လိုက်သွားလိုက်ရုံပဲ။ ပြီးတော့ ငါလည်း သူတို့ရဲ့ စိတ်ဝိဥာဉ်ဝါးမြိုခြင်းအစီအရင်ကို စိတ်ဝင်စားနေတာ။ မင်းမူချန်ဖုန်းကို တန်းမသတ်ခိုင်းလိုက်သင့်ဘူး။ ဒီကောင့်ကို အရှင်ထားပြီး စစ်မေးလိုက်သင့်တာ”
“စိတ်ဝိဥာဉ်ဝါးမြိုခြင်းအစီအရင်က လေ့လာလို့တော့ ရတယ်။ သုံးလို့တော့ မဖြစ်ဘူး”
“အဲ့ဒါတော့ ငါသိတာပေါ့။ ငါလည်း ကြယ်စီရင်စုကြီးရဲ့ ဘုံရန်သူ ဖြစ်မလာချင်ပါဘူး။ ဂိုဏ်းချုပ် အဲ့ကိစ္စကို စိတ်ပူမနေနဲ့။ ခဏနေရင် ဒီလူအိုကြီး ပြန်လာခဲ့မယ်။ ဒါနဲ့ ဂိုဏ်းချုပ်ကို ဘယ်မှာ လာရှာရမှာလဲ”
“ဘုံကိုးခုထွတ်မြတ်နယ်မြေဆီကိုသာ လာခဲ့လိုက်” ရန်ကိုင်က ပြောလိုက်သည် “မသိရင်၊ တွေ့တဲ့လူကိုမေးလိုက်၊ အဲ့နေရာ ဘယ်မှာလဲ သူတို့သိတယ်”
“ကောင်းပြီ။ ဒါဆို ဒီလူအိုကြီး သွားတော့မယ်” လူအိုကြီးက ရယ်မော၍ ဝိဥာဉ်တစ်သောင်းအလံဖြင့် သူ့ကို ရစ်ပတ်ကာ ပျံထွက်သွားလေသည်။
ကွေ့ဇူ ထွက်သွားပြီးနောက်တွင် ရန်ကိုင်သည် လေမိုးကြိုးတောင်ပံများကိုထုတ်၍ ပျံထွက်သွားလေသည်။
ထုန်းရွှမ်လောကကြီး ဤသို့သော ကပ်ဘေးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့ချေ။ စိတ်ဝိဥာဉ် ဝါးမြိုဂိုဏ်း၏ ဂိုဏ်းသားများကို ကွေ့ဇူမှ ရှင်းပစ်လိုက်မည် ဖြစ်သဖြင့် သူစိတ်ပူနေစရာ မလိုတော့ချေ။ အမြူတေဆီသို့ သွားရန်သာ လိုတော့သည်။
သူ့အဖေက ကြယ်အမြူတေကို သန့်စင်ဖို့ လုပ်နေတာဆိုတော့ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းချုပ်က ကြယ်အမြူတေဆီမှာပဲ ဖြစ်ရမယ်
ကြယ်အမြူတေက ကြယ်တစ်လုံးရဲ့ အတွင်းပိုင်းမှာပဲ ရှိနေတတ်တာ။ အဲ့နေရာကို ရောက်ဖို့က လွယ်တာ မဟုတ်ဘူး။ ကြယ်အမြူတေရဲ့ နိယာမစွမ်းအားကို ခုခံဖို့ကလည်း လွယ်တာ မဟုတ်ဘူး။ တန်ခိုးရှင်ဘုရင်တတိယအဆင့်တွေလောက်ပဲ ခုခံနိုင်တာ။ ထုန်းရွှမ်လောကကြီးရဲ့ ကြယ်အမြူတေကို စီနီယာမမလေးက သန့်စင်ထားတယ်ဆိုပေမယ့် သူ့က ဒီမှာ ရှိမနေတော့ ကြယ်အမြူတေဆီ ရောက်ဖို့က သိပ်မခက်တော့ဘူး
သူအထင်သာမှန်လျှင် ယခုအချိန်လောက်ဆို စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းချုပ် ကြယ်အမြူတေဆီ ရောက်နေလောက်ပေပြီ။
ခဏကြာအောင် ပျံသန်းပြီးနောက်တွင် ရန်ကိုင်သည် သင့်လျော်သည့် နေရာတစ်ခု၌ ဆင်းလိုက်သည်။ ထို့နောက် ရှောင်ရှောင်ကိုထုတ်ကာ သူကိုယ်တိုင်က ကမ္ဘာငယ်လေးထဲသို့ ဝင်သွား၏။ ရှောင်ရှောင်သည် ကမ္ဘာငယ်လေးကို သယ်ကာ အလွန်လျင်မြန်သောနှုန်းဖြင့် ကြယ်အမြူတေဆီသို့ ထိုးဆင်းသွားလေသည်။
နာရီဝက်ကြာပြီးနောက် ကြယ်အမြူတေဆီသို့ ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်သည် အလွန်ကိုမှ ပူပြင်းနေပြီး ပွက်ပွက်ဆူနေသော ချော်ရည်များဖြင့် ပြည့်နေ၏။ မိုးမြေစွမ်းအင်ဆိုလျှင်လည်း အလွန်ပြင်းထန်သော အပူဆိပ်များဖြင့် ပြည့်နေခဲ့လေသည်။
ခပ်လှမ်းလှမ်းတစ်နေရာဆီမှ လူအရိပ်အယောင်များ ရှိနေသည်ကို ရန်ကိုင် အာရုံခံမိလိုက်၏။
ထိုချက်ကို တွေ့ရှိလိုက်သည့်နောက် ကမ္ဘာငယ်လေးထဲမှ ချက်ချင်း ထွက်လာခဲ့လေသည်။ ထိုလူများ ပြောနေသည်ကို နားထောင်ပြီးနောက် ရန်ကိုင်၏ အမူအရာ ခက်ထန်သွားပြီး ချက်ချင်းပဲ ထိုလူများရှိရာဆီသို့ ပြေးထွက်သွားလေသည်။
ရန်ကိုင် ရပ်နေရာမှ မိုင်တစ်ရာအကွာခန့်တွင် သက်လတ်ပိုင်း လူကြီးတစ်ဦး လက်နောက်ပစ်ရပ်နေခဲ့သည်။ တန်ခိုးရှင်တတိယ အဆင့် ကျင့်ကြံသူငါးဦးသည် သူ့ဘေးတွင် ရပ်နေခဲ့လေသည်။ သက်လတ်ပိုင်းလူကြီးသည် ရှေ့တည့်တည့်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
သူ့ရှေ့တွင် တလက်လက် တောက်ပနေသော စွမ်းအင်လုံးလေးတစ်လုံး ရှိနေခဲ့သည်။ စွမ်းအင်လုံး၏ မျက်နှာပြင်ထက်တွင်မူကာ သိသာထင်ရှားသော မျက်နှာတစ်ခု ရှိနေခဲ့လေသည်။ ထိုမျက်နှာထက်တွင် မျက်နှာတစ်ခု ရှိနေပြီး နဖူးထက်တွင် အပြာရောင်သလင်းကျောက် တစ်တုံးရှိနေခဲ့၏။ မျက်လုံးများမှာ စိမ့်စမ်းရေနှယ် ကြည်လင်ရှင်းသန့်နေခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၂၃)
ထိုအရာသည် ရှနင်းချန်၏ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘဲ ဝိဥာဉ်စွမ်းအင် သက်သက်ဖြင့် ဖွဲ့စည်းထားသော ဝိဥာဉ်ကိုယ်ပွား တစ်ခုသာ ဖြစ်သည်။ လက်ရှိတွင် ရှနင်းချန်၏ မျက်လုံးထဲ စိုးရိမ်မှု၊ ကူကယ်ရာမဲ့မှုနှင့် သိပ်မသိသာသော ဒေါသရိပ်တို့ကို မြင်တွေ့ရနေလေသည်။
သက်လတ်ပိုင်းလူကြီးနှင့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည် အရာအားလုံးသည် သူ့တို့ လက်ခုပ်ထဲတွင် ရှိနေသည့်အလား တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေကြသည်။
နှစ်ဖက်စလုံးသည် ထိုပုံစံအတိုင်း တစ်ဖက်ကိုတစ်ဖက် စိုက်ကြည့်နေခဲ့ကြသည်။
အချိန်အတော်ကြာသွားပြီးနောက်တွင် သက်လတ်ပိုင်း လူကြီးက ပြောလိုက်လေသည် “ဒီဘုရင်စောင့်နေတာ တော်တော် ကြာနေပြီ။ မိန်းကလေးရှ… မင်းစဉ်းစားပြီးသွားပြီလား”
ရှနင်းချန်က မျက်မှောင်ကြုတ်၍ “နည်းနည်းလောက် ထပ်စောင့်လို့ မရဘူးလား။ ဒီကိစ္စက အရမ်း အရေးကြီးတော့ ကျွန်မတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ ဂျူနီယာမောင်လေးနဲ့ အရင်တိုင်ပင်မှ ဖြစ်မယ်။ ဒါပေမယ့် ပြဿနာက ကျွန်မ ဂျူနီယာမောင်လေးနဲ့ ဆက်သွယ်လို့ မရတာပဲ”
သက်လတ်ပိုင်းလူကြီးက အေးစက်စက် လေသံဖြင့် “မိန်းကလေးရှ၊ မင်းငါ့ကို နောက်နေတာလား။ ငယ်ငယ်လေးနဲ့ ကြယ်အမြူတေကို ငယ်ငယ်လေးနဲ့ သန့်စင်နိုင်တဲ့ မင်းရဲ့ ပါရမီကို လေးစားလို့ ငါမင်းကို တွန်းအားမပေးခဲ့တာ။ ဒါပေမယ့် မင်းအခုလို ပြောနေတာ အကြိမ်ပေါင်းများစွာရှိနေပြီ။ ဒီဘုရင်ကို အရူး မှတ်နေတာလား။ လူတိုင်းက ပြဿနာ တစ်ခုခုနဲ့ ကြုံရရင် သူတို့ရဲ့ အကြီးအကဲတွေနဲ့ပဲ ပြန်ဆွေးနွေးကြတာ။ မင်းကျမှ ဂျူနီယာမောင်လေးနဲ့ ပြန်ဆွေးနွေးရမယ်တဲ့။ မင်းတကယ်ကို မနောက်တတ်ဘူးပဲ”
“ဒါပေမယ့်…” ရှနင်းချန်က ရေရွတ်လိုက်၏။ ဆရာကျင့်ကြံခြင်းက ငါ့ထက်တောင်နိမ့်တာ ဂျူနီယာမောင်လေးကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ
“ဒါပေမယ့်တွေ လုပ်မနေနဲ့” သက်လတ်ပိုင်းလူကြီးက စိတ်မရှည်ဟန်ဖြင့် ဖြတ်ပြောလိုက်သည် “နင့်ဘက်က အကြောင်းပြချက်တွေ ပေးနေမှတော့ ဒီဘုရင်လည်း မိုးမြေစွမ်းအင်အကုန်လုံးကို စုပ်ယူပြီး ဒီကြယ်တစ်ခုလုံးကို ကြယ်သေဖြစ်သွားအောင်ပဲ လုပ်ရတော့မှာပေါ့။ မိုးမြေစွမ်းအင်တွေ မရှိတော့ရင် မိန်းကလေး ကြယ်အမြူတေကို ဘယ်လောက် ကြာအောင် ဆက်ထိန်းထားနိုင်မလဲ ဒီဘုရင် ကြည့်ချင်သေးတယ်။ ဒီကြယ်တစ်ခုလုံး ကြယ်သေဖြစ်သွားရင်ကော မိန်းကလေး ဒီကြယ်ကို ပြန်ရှင်လာအောင် ဘယ်လိုလုပ်မှာလဲ။ ဒီကြယ်ပေါ်မှာ သက်ရှိပေါင်း သန်းနဲ့ချီပြီး ရှိနေတာနော်။ မိုးမြေစွမ်းအင်သာ မရှိတော့ရင် သူတို့အကုန်လုံး သေကုန်ကြမှာ”
“နေပါဦး” ရှနင်းချန်၏ မျက်လုံးထဲ ကြောက်ရွံ့ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။
ထိုအခြင်းအရာကိုမြင်သော် သက်လတ်ပိုင်းလူကြီး လှောင်ပြုံးပြုံးလိုက်လေသည်။
ရှနင်းချန်နှင့် အချိန်အကြားကြီး စကားမပြောရသေးသော်ငြား သူမနှင့် စကားပြောရသလောက် ရှနင်းချန်သည် ကြင်နာသည့် လူတစ်ဦးမှန်း သိလိုက်လေသည်။ ဤကြယ်ကြီးတစ်ခုလုံး ကြယ်သေ ဖြစ်သွားမည်ကို သူမ လုံးဝ မြင်ချင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဤနည်းဖြင့် သူမအား အကြပ်ကိုင် ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
မဟုတ်လျှင် သူမ၏ ခန္ဓာကိုယ်အစစ်ကို ရှာမတွေ့သရွေ့ ဤကြယ်အမြူတေကို ရနိုင်လိမ့်မည် မဟုတ်ချေ။
သက်လတ်ပိုင်းလူကြီးအနေဖြင့် ရှနင်းချန်၏ ခန္ဓာကိုယ်ကို မည်သို့များ ရှာတွေ့နိုင်မည်နည်း။ သူမ၏ ဝိဥာဉ်အမျှင်တန်းတစ်ခု ဤနေရာသို့ ရောက်လာရခြင်းမှာ ထုန်းရွှမ်လောကကြီးနှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည့် အတွက်ကြောင့် ဖြစ်ပေသည်။ သူ့တွင် သူမ၏ ကောင်းကင်စိတ်အာရုံနောက်သို့ တောက်လျှောက် လိုက်သွားနိုင်သည့် ကောင်းကင်စိတ်အာရုံမျိုး မရှိသရွေ့ ရှနင်းချန်၏ ခန္ဓာကိုယ် ရှိနေသည့်နေရာကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။
ရှနင်းချန်၏ အလွန်စိတ်ဓါတ်ကျနေသည့် ပုံစံကို မြင်ပြီး သူ့အစီအစဉ် အောင်မြင်သွားပြီမှန်း သက်လတ်ပိုင်းလူကြီး သိလိုက်သည်။
နင့်လို စိတ်ဓါတ်ပျော့ညံ့တဲ့ မိန်းကလေးတစ်ယောက်က ဒီဘုရင်နဲ့ ဘယ်လိုလုပ်ပြီး လာပြိုင်ချင်နေတာလဲ
သက်လတ်ပိုင်းလူကြီးသည် သံအား ပူတုန်း ထုရိုက်ရန် ကြိုးစားလိုက်သည် “မိန်းကလေးရှ၊ နင်သာ ဒီကြယ်အမြူတေကို လက်လွှတ်လိုက်လို့ ဒီဘုရင်သာ ကြယ်သခင် ဖြစ်လာခဲ့ရင် ဒီဘုရင်လည်း ဒီကြယ်ကို ကျိန်းသေ ဂရုစိုက်ရတော့မှာ”
“ဒါပေမယ့်… ဒီကြယ်ရဲ့ မိုမြေစွမ်းအင်ကို ရှင်ပဲ စုပ်ယူပစ်နေတာ မဟုတ်ဘူးလား” စိတ်ဝိဥာဉ်ဝါးမြိုခြင်း အစီအရင် မည်မျှ ဆိုးရွားကြောင်း ရှနင်းချန် မသိသေးချေ။ ထို့ကြောင့် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ယခုအချိန်ထိတိုင် မသိသေးခြင်း ဖြစ်သည်။
“ပြန်မဆောက်ခင် အရင်ဖျက်စီးပစ်တာလေ” သက်လတ်ပိုင်းလူကြီးက ပြုံးလျက် “ဘာလို့ အဲ့လို လုပ်ရလဲ ဆိုတာကိုတော့ ဒီဘုရင် မပြောနိုင်ဘူး။ မိန်းကလေးရှ သိဖို့ လိုတာက မိန်းကလေးရှသာ ဒီဘုရင်ကို ကြယ်အမြူတေ လွှဲပေးမယ်ဆိုရင် ဒီဘုရင် ဒီကြယ်ကို တိုးတက်လာအောင် ကျိန်းသေ ပြန်လုပ်ပေးမယ် ဆိုတာပဲ”
“တကယ်လား” ရှနင်းချန် ရေရွတ်လိုက်သည်။ သူမသည် စိတ်ထားနူးညံ့သူတစ်ဦး ဖြစ်သော်လည်း တုံးအသည့် လူတစ်ယောက်တော့ မဟုတ်ချေ။ သက်လတ်ပိုင်းလူကြီးသည် ယုံစားလို့ကောင်းသည့် လူတစ်ဦး မဟုတ်မှန်း သိနေသည်။ သို့ရာတွင် တစ်ဖက်လူသည် သူမ၏ အားနည်းချက်ကို ချုပ်ကိုင်၍ ခြိမ်းခြောက်နေခဲ့သည်။
ငါသာ ကြယ်အမြူတေကို လက်မလွှတ်ရင် မိုးမြေစွမ်းအင်တွေ အကုန်လုံးကို သူစုပ်ယူပစ်တော့မှာ။ အဲ့လိုသာ ဖြစ်သွားရင် ထုန်းရွှမ်လောကကြီးတစ်ခုလုံး ကြယ်သေ ဖြစ်သွားပြီပဲ
ထုန်းရွှမ်လောကကြီး၏ ကြယ်သခင် ဖြစ်လာသည့် အချိန်မှစ၍ ဤကြယ်ပေါ်တွင် သက်ရှိပေါင်း ဘီလျံနှင့်ချီပြီး ရှိနေကြောင်း ခံစားလိုက်ရသည်။ ကြယ်ကြီးတစ်ခုလုံး၏ အခြေအနေကို ခံစားသိနိုင်လေရာ ကြယ်ကြီးတစ်ခုလုံးသည် အေးစက်ခြောက်သွေ့၍ အသက်ကင်းမဲ့သော ဂြိုလ်တစ်လုံး အဖြစ် ပြောင်းလဲသွားမည်ကို သူမ မည်ကဲ့သို့ ထိုင်ကြည့်နေနိုင်မည်နည်း။
ဤကိစ္စနှင့်ပက်သက်၍ ဘာလုပ်လို့လုပ်ရမှန်း ရှနင်းချန် မသိတော့ချေ။ လက်ရှိတွင် သူမစိတ်ထဲ အတွေးတစ်ခုသာ ပဲ့တင် ထပ်နေခဲ့သည် ဂျူနီယာမောင်လေး နင်ဘယ်ရောက်နေတာလဲ။ နင်သာ ငါ့နေရာမှာဆိုရင်ကော ဘာလုပ်မှာလဲ
“စီနီယာမမလေး၊ အဲ့ခွေးကောင်ရဲ့ ပေါက်တတ်ကရ စကားတွေကို သွားမယုံနဲ့” ရုတ်တရက် ကြယ်အတွင်းပိုင်းမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရှနင်းချန် ချက်ချင်း ခေါင်းမော့ကြည့်လိုက်သည်။ စစချင်း သူမများ နားကြားလွဲနေသလားဟု ထင်မိလိုက်သေးသည်။ သို့သော် သူမဆီသို့ လမ်းလျှောက်လာနေသည့် ပုံရိပ်ကို မြင်လိုက်ပြီးနောက် ရှနင်းချန်၏ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။
ရှနင်းချန်သည် အချိန်မရွေး ငိုချတော့မလို ဖြစ်နေခဲ့သည်။
သက်လတ်ပိုင်းလူကြီးနှင့် ဆွေးနွေးနေရသည်မှာ သူမအတွက် အလွန်ကိုမှ ပင်ပန်းလှသည်။ သို့ရာတွင် လက်လျှော့လိုက်၍လည်း မဖြစ်ပြန်။ သူမသာ လက်လျှော့လိုက်လျှင် သက်လတ်ပိုင်းလူကြီးသည် ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို ဖျက်စီးပစ်ပေလိမ့်မည်။ ထို့ကြောင့် တတ်နိုင်သလောက် အချိန်ဆွဲနိုင်သမျှ ဆွဲခဲ့သည်။ ထိုအကြောင်းကြောင့်ပင် အားကိုးရာဖြစ်သော ရန်ကိုင်ကို မြင်လိုက်သည့်အခိုက် စိတ်ဒုံးဒုံးချလိုက်နိုင်ကာ သူမ တစ်ကိုယ်လုံး လဲပြိုသွားတော့မလို ခံစားလိုက်ရခြင်းပင်။ ရန်ကိုင်ကို မြင်လိုက်တော့မှာပဲ သူမစိတ်ထဲရှိ ဝန်ထုပ်ဝန်ပိုးကြီး လျောကျသွားသလို ခံစားလိုက်ရတော့သည်။
“ဂျူနီယာမောင်လေး” ရှနင်းချန်က နှုတ်ခမ်းလေးကွေးလျက် လှမ်းအော်ခေါ်လိုက်လေသည်။
“စီနီယာအစ်မ၊ မငို့နဲ့” ရန်ကိုင်၏ ပုံရိပ်သည် ချက်ချင်းပဲ ရှနင်းချန်၏ ဝိဥာဉ်ကိုယ်ပွားဘေးနားတွင် ပြန်ပေါ်လာခဲ့လေသည်။ ထို့နောက် ပြုံးလျက် ချက်ချင်း နှစ်သိမ့်ပေးလိုက်လေသည် “ဘာမှမဖြစ်တော့ဘူး။ ကျွန်တော်ရောက်နေပြီ။ ဒီကိစ္စကို ကျွန်တော့် တာဝန်သာထားလိုက်”
ရန်ကိုင်သည် ရှနင်းချန်အား ကလေးတစ်ယောက်အား နှစ်သိမ့်ပေးသလို နှစ်သိမ့်ပေးနေခဲ့သည်။ ထိုသို့ နှစ်သိမ့်ပေးနေရင်း သူမခေါင်းအား ပုတ်မိမတတ်ပင် ဖြစ်သွားခဲ့လေသည်။ ရှနင်းချန်သည် နာခံစွာ ခေါင်းညိတ်လိုက်လေသည်။
“ဒီမှာ တစ်ခုခုဖြစ်နေမှန်း သတိပြုမိလို့ ရောက်လာတာလား” တစ်ချက်ကြည့်ရုံဖြင့် ဘာဖြစ်နေမှန်း ရန်ကိုင် ချက်ချင်း နားလည်သွား၏။ သူသာ ဆန္ဒရှိလျှင် သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းကိုလည်း အရိပ်ကြယ်ဆီသို့ ပြန်ပို့နိုင်ပေသည်။ “ဝိဥာဉ်ကို ဒီလောက် အဝေးကြီး ပို့ထားတာ သိပ်အဆင်မပြေဘူး။ ထိခိုက်သွားနိုင်တယ်။ မြန်မြန် ပြန်ပေတော့။ ဂိုဏ်းက လူတွေကိုလည်း ကျွန်တော် မကြာခင် ပြန်လာမှာလို့ စိတ်မပူဖို့ ပြောထားလိုက်ဦး”
“အင်း၊ ဂျူနီယာမောင်လေး၊ သတိထားဦးနော်။ အဲ့လူတွေက…”
“ကျွန်တော်သိတယ်။ စိတ်ပူမနေနဲ့။ ဒီကောင်တွေက လူရှေ့သူရှေ့ မျက်နှာထွက်မပြရဲတဲ့ အမှိုက်တစ်သိုက်သက်သက်ပဲ” ရန်ကိုင်က ပြောလိုက်သည်။
ထိုစကားကိုကြားသည့်အခါ ရှနင်းချန် ချိုသာစွာ ပြုံးလိုက်၏။ ထို့နောက် လက်ကွက်များ ပြုလုပ်လိုက်သည့်နောက် သူမ၏ ဝိဥာဉ်ပုံရိပ်သည် တဖြည်းဖြည်း ဝေဝါး ပျောက်ကွယ်လာခဲ့လေသည်။
သို့သော်လည်း လုံးဝ မပျောက်ကွယ်သွားခင်တွင် ရှနင်းချန်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်အလား အလျင်စလို လှမ်းပြောလိုက်လေသည် “ဒါနဲ့ ဂျူနီယာမောင်လေး၊ ယန်ယန်၊ သူ…”
“ယန်ယန် ဘာဖြစ်လို့လဲ” ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း ရှနင်းချန် သူ့ရှေ့မှ ပျောက်ကွယ်သွားခဲ့လေပြီ။
“ယန်ယန် ဘာဖြစ်သွားတာလဲ” ရန်ကိုင် စိုးရိမ်တကြီး ရေရွတ်လိုက်သည်။ ယန်ယန် မည်သူမှ ရှနင်းချန် သိလိမ့်မည် မဟုတ်သော်လည်း သူကတော့ သိပေသည်။ ယန်ယန်သည် ဧကရာဇ်ဥယျာဉ်ထဲမှ ပြန်ရောက်ကတည်းက အိပ်စက်နေခြင်း ဖြစ်သည်။ ယခု သူမ အိပ်စက်နေသည်မှာ ဆယ်စုနှစ် တစ်ခုစာလောက် ရှိနေလေပြီ။ ယခု ရှနင်းချန်သည် ယန်ယန် အကြောင်း ရုတ်တရက် စကားစလာခဲ့သည်။ သို့သော် စကားကို ဆုံးအောင် ပြောမသွားသဖြင့် ရန်ကိုင်မှာ ထိုင်မရထမရ ဘဝမျိုး ရောက်သွားခဲ့ရလေသည်။
“ငါပြန်ရောက်မှ ကောင်းကောင်း သင်ခန်းစားပေးရမယ်” သူ့အား ဤကဲ့သို့ စိတ်ပူအောင် လုပ်သွားသော ရှနင်းချန်ကို ကောင်းကောင်း သင်ခန်းစားပေးရမည်ဟု ရန်ကိုင်သည် စိတ်ထဲမှ ပြောလိုက်လေသည်။
“ကောင်လေး၊ မင်းဘယ်လိုတောင် ဒီဘုရင်ကို အမှိုက်လို့ ပြောရဲတာလဲ” သက်လတ်ပိုင်းလူကြီးနှင့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည် ရန်ကိုင် ပေါ်လာသည့် အချိန်မှစ၍ သူ့အား သတိကြီးကြီးဖြင့် စိုက်ကြည့်နေကြခြင်း ဖြစ်သည်။ သို့ရာတွင် အစောပိုင်းက ရန်ကိုင် ပြောလိုက်သည့် စကားကြောင့် အကုန်လုံး ဒေါသထွက်သွားခဲ့ကြလေသည်။
ထို့အပြင် ရန်ကိုင်သည် သူတို့အား ကြယ်အမြူတေကိုပါ မရအောင် လုပ်သွားခဲ့သည်။ သက်လတ်ပိုင်းလူကြီး ဒေါသ မထွက်ဘဲ ဘယ်နေနိုင်တော့မည်နည်း။
ရန်ကိုင်က သက်လတ်ပိုင်းလူကြီးဘက်သို့ ဖြည်းဖြည်းချင်း လှည့်၍ လှောင်ပြုံးပြုံးကာ ပြောလိုက်လေသည် “ကျုပ်ပြောတာ ဘာမှားလို့လဲ။ ခင်ဗျားတို့က အမှိုက်တွေပဲဟာကို။ ဒီလောက် အသက်ကြီးနေပြီ။ ယောကျာ်းကြီးတွေ အများကြီးပေါင်းပြီး မိန်းကလေးတစ်ယောက်ကို ဖိအားပေးအနိုင်ကျင့်ရတယ်လို့။ ခင်ဗျားတို့ မရှက်တတ်ဘူးလား။ အမှိုက်လို့ ခေါ်တာတောင် အမှိုက် သိက္ခာကျဦးမယ်”
သက်လတ်ပိုင်းလူကြီး၏ မျက်လုံးထဲ သတ်ဖြတ်လိုစိတ်တို့ ချက်ချင်း ပြည့်နှက်လာခဲ့လေသည်။
“ဒီကြယ်တစ်ခုလုံးကို ကြယ်သေဖြစ်အောင် လုပ်မယ်လို့ ဘယ်သူပြောလိုက်တာလဲ။ ခင်ဗျားတို့ အခု ထွက်လာမယ်ဆိုရင် ကျုပ်မသတ်ဘူးလို့ ကတိပေးတယ်” ရန်ကိုင်သည် သူ့ရှေ့ရှိ လူများကို စိုက်ကြည့်၍ ပြောလိုက်လေသည်။
“ကောင်လေး၊ ခွန်အားလေး နည်းနည်းလောက် မြင့်တာနဲ့ စိတ်ကြိုက် သောင်းကျန်လို့ရပြီလို့ ထင်မနေနဲ့။ မင်းက ရေတွင်းထဲက ဖားသူငယ်သာသာပဲ ရှိသေးတယ်။ ဒီလောက် ငယ်ငယ်လေးနဲ့ တန်ခိုးရှင်ဘုရင်အဆင့် ရောက်ထားတာကိုကြည့်ရင် မင်းက ပါရမီရှင်တစ်ယောက်လို့ ပြောလို့ရတယ်။ မင်းဒီဘုရင် လက်အောက်ထဲ ဝင်ချင်လား။ ဒီဘုရင်မှာ မင်းခွန်အားကို မြန်မြန် တိုးတက်အောင် လုပ်ပေးနိုင်တဲ့ ကျင်စဉ်တစ်ခုရှိတယ်” သက်လတ်ပိုင်းလူကြီးသည် လက်နောက်ပစ်လျက် အထက်စီးလေသံဖြင့် ပြောလိုက်သည်။
“ဘယ်လို၊ ဒီကောင်လေးက တန်ခိုးရှင်ဘုရင်အဆင့်လား”
“သူကလေ”
“မဖြစ်နိုင်ဘူး”
သက်လတ်ပိုင်းလူကြီးနောက်တွင် ရပ်နေသော လူအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။ အကုန်လုံးသည် မျက်လုံးအပြူးသားဖြင့် ရန်ကိုင်အား ကြောက်လန့်တကြား စိုက်ကြည့်လာကြတော့သည်။ အစောပိုင်းက ကောင်းကင်စိတ်အာရုံကို သုံး၍ ရန်ကိုင်၏ ကျင့်ကြံခြင်းကို စူးစမ်းကြည့်သော်လည်း စူးစမ်းမရခဲ့ချေ။ ရန်ကိုင်သည် မှော်ရတနာ တစ်ခုခုအားကိုး၍ သူ့ကျင့်ကြံခြင်းကို အခြားသူမှ စစ်ဆေးမရအောင် လုပ်ထားသည်ဟု ထင်ခဲ့သည်။ ရန်ကိုင်သည် သူတို့ထက်ပင် သန်မာသည့်လူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ မည်သို့များ ထင်ထားခဲ့ပါမည်နည်း။
ဒါပေမယ့်… တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေထဲမှာ ဒီလောက် ငယ်တဲ့လူရှိလို့လား
ရန်ကိုင်က ရယ်သွမ်းသွေးလျက် အထင်တသေးဖြင့် ပြန်ပြောလိုက်လေသည် “ခင်ဗျားတို့ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းက လူတွေက တကယ်ကို သောက်ရူးတွေပဲ။ ခင်ဗျားတို့ဂိုဏ်း ဖျက်စီးခံလိုက်ရတာ နည်းတောင်နည်းသေးတယ်”
ထိုစကားကို ကြားလိုက်သည့်အခိုက် သက်လတ်ပိုင်းလူကြီး၏ မျက်လုံး ချက်ချင်း မှေးစဉ်းသွားခဲ့လေသည် “ငါတို့ စိတ်ဝိဥာဉ် ဝါးမြိုခြင်းဂိုဏ်းကမှန်း သိနေတာတောင် ဒီလို မောက်မာရဲရအောင် မင်းက သတ္တိရှိနေတယ်ပေါ့”
သက်လတ်ပိုင်းလူကြီး၏ နောက်တွင် ရှိနေသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည် ရန်ကိုင်မှ သူတို့၏ လျှို့ဝှက်ချက်အား သိထားကြောင့် သိလိုက်ရသည့်အခါ ကြောက်ကြောက်လန့်လန့် ဖြစ်ကုန်ကြလေသည်။
“ရှိတယ်လေ… အဲ့တော့ဘာဖြစ်လဲ။ ခင်ဗျား မကျေနပ်ရင် ကျုပ်ကို လာကိုက်လေ” ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်သည် “မကိုက်ရဲဘူးဆိုရင် ကျုပ်သတ္တိလေး နည်းနည်းလောက် ခင်ဗျားကို ချေးပေးရမလား”
သက်လတ်ပိုင်းလူကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ဒေါသကြောင့် တုန်ရီလာခဲ့သည်။ သို့သော် မလှုပ်ရှားသေးခဲ့။ ရန်ကိုင်သည် သူ့ကဲ့သို့ပင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးမှန်း အစောကြီးကတည်းက သတိပြုမိသားပင်။ ထို့ကြောင့် သူ့လက်ရှိ ခွန်အားဖြင့် ရန်ကိုင်အား သတ်နိုင်မသတ်နိုင်အပေါ် မသေချာ။ ထိုအကြောင်းကြောင့်ပင် ရန်ကိုင်အား ချက်ချင်း မတိုက်ခိုက်သေးခြင်း ဖြစ်သည်။
သို့ရာတွင် ဤလျှို့ဝှက်ချက်ကို ပေါက်ကြားသွားစေ၍တော့ မဖြစ်ချေ။ မဟုတ်လျှင် ကြယ်စီရင်စုထဲရှိ ကျင့်ကြံသူပေါင်းများစွာ သူတို့အား အမဲလိုက်ကြပေလိမ့်မည်။
သက်လတ်ပိုင်းလူကြီး ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားခဲ့လေသည်။
သက်လတ်ပိုင်းလူကြီး တုန့်ဆိုင်းနေသည်ကို မြင်သော် ရန်ကိုင်သည် မီးထဲ လောင်စာ ထပ်ထည့်ပေးလိုက်လေသည် “ဒါနဲ့ ဒီကိုလာရင်းနဲ့ ခင်ဗျားတို့ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းက လူအချို့ကို ကျုပ်သတ်ခဲ့သေးတယ်။ တိုက်တိုက်ဆိုင်တိုင် ကျုပ်သတ်လိုက်တဲ့ တစ်ယောက်က ခင်ဗျားတို့ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းရဲ့ သခင်လေး ဖြစ်နေတယ်ဗျာ။ သူ့နာမည် ဘာပါလိမ့်။ အာ… ဟုတ်တယ်.. မူချန်ဖုန်း။ မူချန်ဖုန်းက ခင်ဗျားသားမလား ဂိုဏ်းချုပ်မူဝူ”
မူဝူ၏ ခန္ဓာကိုယ် တုန်ရီလာပြီး မျက်လုံးများဟာလည်း တစ်မုဟုတ်ချည်း သွေးရောင်ရဲတက်လာခဲ့လေသည် “မင်းချန်ဖုန်းကို သတ်ခဲ့တယ်ပေါ့”
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျုပ်ပြောတာ မှားသွားလို့” ရန်ကိုင်က တောင်းတောင်းပန်ပန်ဖြင့် “ကျုပ်သူ့ကို မသတ်ခဲ့ဘူး။ နည်းနည်းပါးပါးပဲ တီးပေးလိုက်တာ။ တကယ်တော့ သူသေသွားရတဲ့ အကြောင်းအရင်းက ကောင်းကင်တိမ်တိုက် စံအိမ်က လူအုပ်ကြီး ဝိုင်းထိုးတာကြောင့်ပဲ။ ခင်ဗျားဗျာ… ကိုယ်တိုင် မတွေ့လိုက်လို့။ လူအုပ်ကြီး ဝိုင်းတီးတာ ဒီကောင် လူရုပ်တောင် မပေါက်တော့ဘူး။ အော်လိုက်တာလည်း နားထောင်ငြီးတယ်။ နောက်ဆုံး ဘယ်လောက်တောင် အကြိတ်ခံလိုက်ရလဲ မသိဘူး… အလောင်းတောင် အကောင်းအတိုင်း မရှိတော့ဘူး။ တကယ် သနားစရာပဲ၊ ကျွတ်ကျွတ်ကျွတ်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၂၄)
“ခွေးသူတောင်းစား၊ ငါမင်းကိုသတ်မယ်” မူဝူသည် ဒေါတကြီး အော်ဟစ်ရင်း နယ်ပယ်စက်ကွင်းကို ဖြန့်ကျက်ချလိုက်သည်။ တစ်ချိန်တည်းတွင် ရပ်နေရာမှာ ရုတ်တရက် ပျောက်သွားပြီး ရန်ကိုင်ခေါင်းထက်တွင် ပြန်ပေါ်လာခဲ့လေသည်။
ကောင်းကင်တိမ်တိုက်စံအိမ်မှ လူများအကြောင်း သူသိပေသည်။ ထိုလူများ၏ ခွန်အားလောက်ဖြင့် သူတော်စင်ဘုရင် အဆင့်သို့ ရောက်နေသော သူ့သားကို လုံးဝ သတ်နိုင်လိမ့်မည် မဟုတ်ချေ။ သူ့ရှေ့ရှိ ဤခွေးသူတောင်းစားသာ မကူညီလျှင်ပေါ့။ သူ့သားကို သေအောင်လုပ်သွားသည့် အဓိက တရားခံသည် သူ့ရှေ့ရှိကောင် ဖြစ်သည်။
သူ့သားကို သေအောင်လုပ်သွားသူအား မည်သို့မှ အရှင် မထားနိုင်ချေ။ ရန်ကိုင်အား လန့်နေရသည်ဆိုလျှင် ကြောက်သည်ဟုတော့ မဆိုလိုပေ။
ရန်ကိုင် ခေါင်းပေါ်သို့ ရောက်သည်နှင့် မိုဝူသည် လက်နှစ်ဖက်ကို ပူးကပ်၍ ရန်ကိုင် ခေါင်းတည့်တည့်သို့ ချိန်လိုက်သည်။ ထို့နောက် ကြက်ခြေခတ်ပုံစံ အလင်းတန်း တစ်ခုသည် ရန်ကိုင်ခေါင်းတည့်တည့်သို့ တိုးဝင်သွားလေသည်။
“အဲ့ဒါပဲလား” ရန်ကိုင်ကမူ သူ့ဆီသို့ တိုးဝင်လာနေသော ကြက်ခြေခတ်အလင်းတန်းအား မကြောက်မရွံ့ဖြင့် ပြန်၍ ခနဲ့လိုက်သည်။
မူဝူ လှုပ်ရှားသွားသည့် ပုံစံကို မြင်ပြီးကတည်းက သူရွေ့မည့် အကွက်များကို ရန်ကိုင် ကြိုမြင်ပြီးနေလေပြီ။ မိုဝူသည် တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား သူ၏ တိုက်ပွဲစွမ်းရည်သည် ရန်ကိုင် ရင်ဆိုင်ခဲ့ဖူးသည် မည်သည့် တန်ခိုးရှင်ဘုရင်အဆင့်ထက်မဆို နိမ့်ကျပေသည်။
ထိုသို့ဖြစ်ရခြင်းမှာ သူ့သူတော်စင်ချီ မသန့်စင်ခြင်းကြောင့် ဖြစ်သလို နယ်ပယ်စွမ်းအားသည် လုံလောက်အောင် အားမကောင်းခြင်းကြောင့်လည်း ဖြစ်ပေသည်။
မိုဝူ ထိုသို့ ဖြစ်သည်မှာ အထူးအဆန်းတော့မဟုတ်။ စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်ကို အားကိုးပြီး အလျင်အမြန် အဆင့်တက်လာသူတစ်ဦး၏ ခွန်အားသည် မည်သို့များ မြင့်မားနိုင်ပါ့မည်နည်း။ သူသည် အလွယ်လမ်း လိုက်ခဲ့သည့်အတွက် သူ့တိုက်ပွဲစွမ်းရည်သည် ရှိသင့်သလောက် မရှိတော့ချေ။ ဤသည်မှာ အခြေမခိုင်ခြင်းအတွက် ပြန်လည် ပေးဆပ်ရသည့် တန်ဖိုးတစ်ခုပင်။
ထို့အတွက်ကြောင့် စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းသားများသည် ကျင့်ကြံခြင်းအဆင့် မြင့်ချင်မြင့်လိမ့်မည် ဖြစ်သော်လည်း သူတို့၏ တကယ့် တိုက်ပွဲစွမ်းရည်သည် အဆင့်တူ ကျင့်ကြံသူတိုင်းထက် နိမ့်ကျပေသည်။ မိုဝူအတွက်လည်း အတူတူပင်။
သူပစ်လွှတ်လိုက်သည့် ကြက်ခြေခတ်အလင်းတန်းသည် အလွန်ကိုမှ အားကောင်းသည်ဟု ထင်ရသော်ငြား ရန်ကိုင် အတွက်တော့ ဘာမှမဟုတ်ချေ။
ရန်ကိုင်သည် ခြေကိုကွေးလျက် မြင်းပုံစံဟန်ပြင်ကာ တိုးဝင်လာသည့်နေသည့် ကြက်ခြေခတ်အလင်းတန်းကို သူ့လက်သီးဖြင့် နှုတ်ဆက်ပေးလိုက်သည်။
ရန်ကိုင်၏ လက်သီးချက်သည် ကြက်ခြေခတ်၏ အလယ် တည့်တည့်သို့ သွားထိမှန်လေသည်။
ခရက်… ကျိုးကြေပျက်စီးသွားသည့် အသံတစ်သံ မူဝူနားထဲ ထွက်ပေါ်လာခဲ့လေသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မူဝူ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားပြီး သူ့မျက်နှာ တစ်ပြင်လုံး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။
ရန်ကိုင်၏ လက်သီးချက်သည် ကြက်ခြေခတ်အလင်းတန်းကို ဖျက်စီးပစ်သွားရုံမက မူဝူ ဖြန့်ကျက်ထားသည့် နယ်ပယ်စက်ကွင်းကိုပင် တစ်စစီဖြစ်သွားစေခဲ့သည်။
အားကောင်းလိုက်တာ ရန်ကိုင်သည် သူယှဉ်နိုင်သည့် လူတစ်ဦး မဟုတ်မှန်း မူဝူ ချက်ချင်း နားလည်သွားလိုက်သည်။
ထိုအကြောင်း တွေးနေရုံမှာပင် ရန်ကိုင်၏ လက်သီးချက်သည် သူဖန်တီးထားသည့် အကာအရံအားလုံးကို ဖြတ်ကျော်၍ သူ့ရင်ဘတ် တည့်တည့်သို့ လာရောက်ထိမှန်လေသည်။
အဟွန်… သွေးအပွက်ပွက် အန်ထွက်ရင်း မူဝူသည် လေထဲ ကျွမ်းပစ်သွားခဲ့လေသည်။
“ဘာဖြစ်သွားတာလဲ”
“ဂိုဏ်းချုပ် တကယ်ကြီး တစ်ချက်တည်းနဲ့…”
“မဖြစ်နိုင်ဘူး။ ငါအမြင်မှားနေတာပဲ ဖြစ်ရမယ်”
သူတို့ဂိုဏ်းချုပ် လက်သီးတစ်ချက်ကြောင့် လွင့်ထွက်သွားသည်ကို ကြည့်ရင်း စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်း၏ တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံး အထိတ်ထိတ်အလန့်လန့် ဖြစ်ကုန်ကြလေသည်။ အကုန်လုံးသည် သူတို့များ အမြင်တွေ မှားနေသလားဟု ထင်မှတ်လျက် မျက်လုံးကို လက်ဖြင့်ပွတ်ကာ သေချာအောင် ထပ်ကြည့်ကြလေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ကြယ်စီရင်စုကြီး၏ ထိပ်တန်းအဆင့် ပညာရှင်များကို ကိုယ်စားပြုပေသည်။ သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရှိနေသော သူတို့၏ ဂိုဏ်းချုပ်သည် လူငယ်လေးနှင့် တိုက်ရုံတင်ရှိသေး၊ လက်သီးတစ်ချက်ကြောင့် လွင့်စင်ထွက်သွားခဲ့ရသည်ကို ကြည့်ရင်း အကုန်လုံး မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
မူဝူသည်လည်း အလွန်ကိုမှ ထိတ်လန့်နေခဲ့လေသည်။ လက်သီးတစ်ချက်သည် သူ့ရင်ထဲ လောင်မြိုက်နေသော ဒေါသ မီးတောက်တို့အား တစ်မုဟုတ်ချည်း ငြိမ်းသွားစေခဲ့သေည်။ ထို့ကြောင့် ဆက်တိုက်တော့ရန်ပင် မစဉ်းစားဘဲ ရန်ကိုင်လက်မှ မည်ကဲ့သို့ ထွက်ပြေးလျှင်ကောင်းမှန်း စတင် စဉ်းစားတော့၏။
သို့သော်လည်း… ကောင်းကောင်းပင် မစဉ်းစားရသေးခင်မှာပင် အလင်းတစ်ချက် လက်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။ ထို့နောက်တွင် သူအလွန်ကိုမှ ကြောက်လန့်နေရသည့်လူသည် သူ့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
“နတ်ဆိုးမျက်လုံး” ထိုသို့ ရေရွတ်လိုက်သည်နှင့် ရန်ကိုင်၏ ဘယ်ဘက်မျက်ဆံသည် ဝိုင်းနေရာမှာ ဒေါင်လိုက်မျဉ်းတစ်ကြောင်း ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက်တွင် ခမ်းနား ကြီးကျယ်သော ရွှေရောင်အလင်းတန်းတို့ မူဝူပေါ်သို့ စီးမိုး ကျဆင်းလာခဲ့လေသည်။
ရွှေရောင်အလင်းတန်းနှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် မူဝူ သတိလစ်သွားခဲ့၏။ သူ့မျက်လုံးထဲ ဘာကိုမှ မမြင်ရတော့ဘဲ ကောင်းကင်ထက်တွင်ဝဲကာ သူ့အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေသော ကြောက်မက်ဖွယ်ရာ မျက်လုံးကြီး တစ်လုံးကိုသာ မြင်နေရတော့သည်။ ထိုမျက်လုံးကြီးကိုကြည့်ရင်း မုဝူစိတ်ထဲ အလွန်ကိုမှ တုန်လှုပ်သွားပြီး သူ့တစ်ကိုယ်လုံး လှုပ်မရအောင်ကို တောင့်တင်းသွားခဲ့လေသည်။
ရန်ကိုင်သည် မူဝူ သတိလစ်သွားသည်ကို အခွင့်ကောင်းယူ၍ မူဝူ၏ ဒန်တန်တည့်တည့်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ ရန်ကိုင်၏ သူတော်စင်ချီသည် မူဝူ၏ သွေးကြောများတစ်လျှောက် စီးဆင်းသွားပြီး သူ့ခန္ဓာကိုယ်နှင့်တကွ သွေးကြောများကို ချက်ချင်း ဖျက်စီးပစ်လေသည်။
မူဝူဆီမှ ဖြာထွက်နေသော တန်ခိုးရှင်ဘုရင်အဆင့် အရှိန်အဝါသည် ရုတ်ချည်း အားနည်းလာခဲ့လေသည်။
အသက်သုံးရှိုက်စာအတွင်း မူဝူ၏ ကျင့်ကြံခြင်း ပျက်စီးသွားခဲ့လေသည်။ ဘုန်း… မူဝူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ငါးသေတစ်ကောင်နှင့် ထိုးကျသွားခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းမှ ကျင့်ကြံသူများ အလိုလို တံတွေးတစ်လုတ် မျိုချမိလိုက်ကြသည်။ ဖြစ်ပျက်သွားသည့် အရာအားလုံးသည် အလွန်ကိုမှ မြန်ဆန်နေခဲ့သည်။ တိုက်ပွဲစသည့်အချိန်မှစ၍ သူတို့ဂိုဏ်းချုပ်၏ ကျင့်ကြံခြင်း ပျက်စီးသွားသည့် အချိန်ထိ အကုန်လုံးသည် ငေးကြောင်ကြောင် ဖြစ်နေကြဆဲ။
ယခုမှသာ သူတို့ အခြေအနေကို နားလည်လိုက်ကြ၏။ အကုန်လုံးသည် မူဝူဘေးတွင် ရပ်နေသော ရန်ကိုင်အား နတ်ဆိုး တစ်ကောင်နှယ် လှမ်းကြည့်လိုက်ကြလေသည်။ ရန်ကိုင်သည် သူတို့အတွက် ကြောက်စရာကောင်းသည့် နတ်ဆိုးတစ်ကောင်ပင်။
ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းကိုတောင် အသက်သုံးရှိုက်စာနဲ့ ပျက်စီးသွားတာ… ငါတို့ကို သတ်ဖို့ဆိုရင် အသက်တစ်ရှိုက်စာတောင် ကြာပါ့မလား
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် အသက်ဝင်နေဆဲ။ ရန်ကိုင်သည် သူ့ဘေးတွင် လဲနေသော မူဝူကို ဆွဲမြောက်၍ မူဝူ၏ မျက်လုံးအား သူ့မျက်လုံးနှင့် အကြည့်ချင်း ဆုံစေလိုက်သည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကိုသုံး၍ ပြောလိုက်လေသည် “မင်းမသေချင်ရင် စိတ်ဝိဥာဉ်ဝါးမြိုခြင်းအစီအရင်ကို ခင်းကျင်တဲ့ နည်းလမ်း ပြောပြစမ်း”
ခြောက်ထောင့်ပုံအစီအရင်ကို တွေ့ခဲ့သော်လည်း မည်သည့် သဲလွန်စကိုမှ ရှာမရခဲ့ချေ။ သူသည် အစီအရင်ပညာတွင် ကျွမ်းကျင်သူ တစ်ဦး မဟုတ်သဖြင့် အစီအရင်အား ခင်းကျင်းသည့် နည်းလမ်းကို သိလိုလျှင် မူဝူကို စစ်ဆေးမှ ရပေလိမ့်မည်။
မူဝူသည် စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် အတွက် အစီအရင်အား ခင်းကျင်းသည့် နည်းလမ်းကို ကျိန်းသေ သိပေလိမ့်မည်။
ကျင့်ကြံခြင်း ပျက်စီးနေပြီဖြစ်သော မူဝူသည် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး၏ စွမ်းအားကို မည်သို့များ ခုခံနိုင်ပါ့မည်နည်း။ ရန်ကိုင့် ကောင်းကင်စိတ်အာရုံ၏ ဖိနှိပ်မှုအောက်တွင် မူဝူ၏ မျက်လုံးထဲ အသိစိတ်ကင်းမဲ့နေသည့် အကြည့်တို့ ထွက်ပေါ်လာပြီး အလိုလို စကားပြောလိုက်လေသည် “စိတ်ဝိဥာဉ်ဝါးမြိုခြင်းအစီအရင်ကို အဲ့လူကြီးမင်းက ငါတို့ မူမိသားစုဆီ ပေးခဲ့တာ။ အစီအရင် ခင်းကျင်းတဲ့ နည်းလမ်းကို ဘယ်သူ့ကိုမှ ပြန်မပြောရဘူးလို့ အဲ့လူကြီးမင်းက ပြောထားတယ်”
“လူကြီးမင်း” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သလို့ အံလည်း အံ့ဩသွားမိသည်။ သူသည်ချင်သည်မှာ စိတ်ဝိဥာဉ်ဝါးမြိုခြင်း အစီအရင်ကို ခင်းကျင်းသည့် နည်းလမ်းလေးသာ။ ထိုနည်းလမ်းကို ရလျှင် ယန်ယန်ဆီ ယူသွားပြီး သူတို့ အသုံးပြုရအောင် ပြန်လည် အဆင့်မြှင့်ခိုင်းမည့် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ သို့သော်လည်း ဤကိစ္စတွင် ထူးခြားဆန်းကြယ်သော လူကြီးမင်း ဆိုသည့် လူတစ်ဦးပါ ပါဝင်ပက်သက်နေလိမ့်မည်ဟု သူမည်သို့များ ထင်ထားပါမည်နည်း။
ကြည့်ရတာ ဒီကိစ္စနဲ့ ပက်သက်ပြီး လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေတယ်နဲ့တူတယ် ရန်ကိုင် တွေးလိုက်သည်။
ရုတ်တရက် သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်၏။
ထိုစဉ် မူဝူ၏ အသက်မဲ့သလို ဖြစ်နေသော မျက်လုံးထဲ အသိစိတ်ကပ်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာပြီး အကျယ်ကြီး ထအော်လေသည် “လူကြီးမင်း၊ ကျုပ်ကို ကယ်ပါဦး”
ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့၏။ ချက်ချင်းပဲ မူဝူဆီမှ ပြန်ဆုတ်တော့မည်အပြု၊ မူဝူ၏ မျက်လုံးဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။
“ချီးပဲ…” ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။ မူဝူအား လွင့်ပစ်လိုက်ပြီး ချက်ချင်းပဲ မျက်လုံးပိတ်ကာ သူ့အသိစိတ် ပင်လယ်ကို အာရုံစိုက်လိုက်လေသည်။ သူ့အသိစိတ်ပင်လယ်ထဲ ပုံမှန်မဟုတ်သည့် စွမ်းအင်လုံးတစ်လုံး ရောက်နေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။
ထိုစွမ်းအင်လုံးသည် သူ့အသိစိတ်ပင်လယ်ထက် လွင့်မျောရင်း တွန့်လိမ်လျက် ပုံစံပြောင်းလဲနေခဲ့သည်။ ဤစွမ်းအင်လုံး၏ အရှိန်အဝါသည် မူဝူ၏ အရှိန်အဝါနှင့် လုံးဝ မတူပေ။ စွမ်းအင်လုံးမှာ အရမ်း အားမကောင်းသော်လည်း ထိုစွမ်းအင်လုံးဆီမှ အလွန်ကြီးမားသည့် အန္တရာယ်ကို ရန်ကိုင် ခံစားနေရသည်။
“ဝိဥာဉ်ကြာပန်း၊ မင်းမှာ တကယ်ကြီး ဝိဥာဉ်ကြာပန်း ရှိနေတာပဲ” ခြောက်ကပ်ကပ် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အသံသည် ယောကျာ်းတစ်ဦး၏ အသံ ဖြစ်သော်လည်း တစ်ဖက်လူ၏ အသက်ကိုတော့ ရန်ကိုင် မပြောနိုင်ခဲ့ပေ။ ထို့နောက်တွင် စွမ်းအင်လုံးသည် တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးအဖြစ်သို့ ပြောင်းလဲဿွားခဲ့၏။
သို့ရာတွင် သူ့မျက်နှာမှာ ဝေဝါးဝါးသာ ဖြစ်နေသေးသည်။
လက်ရှိတွင် ထိုလူကြီး၏အာရုံသည် ရန်ကိုင့် အသိစိတ်ပင်လယ်ထဲရှိ ခုနှစ်ရောင်ခြယ်ကျွန်းပေါ်သို့ ရောက်ရှိနေခဲ့သည်။
“မင်းရဲ့ ဝိဥာဉ်ကြာပန်းက ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းတောင် ဖြစ်နေပြီပဲကွ။ နောက်ဆုံးအဆင့် မဟာဝိဥာဉ်ကြာပန်းအဆင့်ကို ရောက်ဖို့ တစ်ဆင့်လေးပဲ လိုတော့တယ်။ တယ်ဟုတ်ပါလား။ ငါတကယ်ကို အံ့အားသင့်သွားပြီ၊ ဒီလိုနေရာလေးမှာ ဒီလောက် အဖိုးတန်တဲ့ ရတနာတစ်ခုရှိနေမယ်လို့ မထင်ထားဘူး။ ဒီဘုရင် ဒီကိုလာလိုက်တာ တကယ် မှန်သွားတယ်”
ထိုလူသည် ရန်ကိုင်ကို လုံးဝ ဂရုမစိုက်၊ ဝိဥာဉ်ကြာပန်းကိုသာ အာရုံစိုက်နေခဲ့သည်။
သူ့ပုံရိပ်သည် ရုတ်တရက် တုန်တက်သွားပြီး ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းဆီမှ အသိစိတ်ပင်လယ်၏ ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ ထို့နောက် ပို၍ ရူးသွပ်နေသည့် လေသံဖြင့် “ကြယ်မြေပုံ၊ ကြယ်စီရင်စုကြီး တစ်ခုလုံးရဲ့ ကြယ်မြေပုံ။ ဟားဟားဟား… ငါကတယ်ကို ကံကောင်းနေတာပဲကွ။ ဖိနပ်စီးပြီး ဖိနပ်ဖျောက်လို့ လိုက်ရှာနေလိုက်ရတယ်တဲ့ကွာ… ကျွတ်ကျွတ်”
“လူကြီးမင်း… ခင်ဗျား ဘယ်သူလဲ။ ခင်ဗျားက မူဝူ မဟုတ်ဘူးမလား” ရန်ကိုင်သည် ထိုလူကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ မေးလိုက်သည်။ ထိုလူဆီမှ အန္တရာယ်ကအကြီးကြီးကို ခံစားနေမိသော်လည်း ဤနေရာသည် သူ့အသိစိတ်ပင်လယ်ဖြစ်သည်။ ဤနေရာတွင် သူသည် အရှင်သခင် ဖြစ်သည်။ ထို့ကြောင့် ဘာမှကြောက်နေစရာမလို။
ထိုအခါမှပဲ လူကြီးသည် ရန်ကိုင်အား စိုက်ကြည့်လာခဲ့သည်။
လူကြီး၏ အကြည့်အောက်တွင် သူ့ကိုယ်သူ နဂါးရှေ့ ရောက်နေသော ပုရွတ်ဆိတ်တစ်ကောင်နှယ် ရန်ကိုင် ခံစားလိုက်ရ၏။
ရန်ကိုင် အလွန်ကို တုန်လှုပ်သွားခဲ့သည်။
ရန်ကိုင်သည် ဤအဆင့်သို့ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ပြီးမှ ရောက်ရှိလာခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် သူ့ထက် အားကောင်းသည့် ရန်သူများနှင့် ရင်ဆိုင်ရလျှင်ပင် ထိတ်လန့်တုန်လှုပ်ခြင်းမရှိချေ။ လက်ရှိသူသည် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦးသည်။ တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူများပင် သူ့အား ဤကဲ့သို့သော ခံစားချက်မျိုး မပေးနိုင်။
ဒါပေမယ့် ဒီလူက…
ရန်ကိုင်သည် စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “လူကြီးမင်းက မူဝူ ပြောနေတဲ့ တစ်ယောက်လား”
တစ်ဖက်လူသည် မျက်လုံးပင့်လျက် ရိသဲ့သဲ့ပြုံးရင်း “ကောင်လေး၊ မင်းလို့ ပါရမီရှင်တစ်ယောက် ဒီကြယ်စီရင်စုထဲမှာ ရှိနေလိမ့်မယ်လို့ ဒီဘုရင် တကယ် မထင်ထားဘူး။ ဟုတ်တယ်။ ဒီဘုရင်က မူဝူပြောတဲ့တစ်ယောက်ပဲ’
“ဒီတော့ မူဝူကို စိတ်ဝိဥာဉ်ဝါးမြိုခြင်းအစီအရင် မပြောခိုင်းအောင် လုပ်ထားတာ လူကြီးမင်းပေါ့။ သူသာ အဲ့လျှို့ဝှက်ချက်ကို ပြောဖို့လုပ်ရင် လူကြီးမင်း ပေါ်လာပြီး တားမယ်ပေါ့၊ ဟုတ်တယ်မလား”
“မင်းတော်တယ်၊ ကောင်လေး”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ ခဏအကြာတွင် ရုတ်တရက် ခေါင်းမော့၍ ပြုံးကာ မေးလိုက်လေသည် “စီနီယာကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား။ အင်းဆက်ဧကရာဇ်လို့ ခေါ်တဲ့လူကို… စီနီယာ ကြားဖူးလား”
ထိုစကားကို ကြားလိုက်သည့်အခိုက် ထိုလူ၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ အံ့အားသင့်နေသည့် အမူအရာဖြင့် ရန်ကိုင်အား ပြန်ပြောလိုက်လေသည် “မင်းလိုကောင်က အင်းဆက်ဧကရာဇ်လို ပုဂ္ဂိုလ်ကို သိတယ်လား။ ကြည့်ရတာ မင်းမှာ ငါမသိသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသေးတယ်နဲ့ တူတယ်”
“ဟဲဟဲ၊ ကျုပ်နားလည်သွားပြီ။ ဒီတော့ ခင်ဗျားကလည်း အဲ့နေရာကပေါ့”
“မင်းကြယ်တာရာအစုအဝေးကို သိတယ်လား” ထိုလူသည် ရန်ကိုင်အား ပို၍ အံ့အားသင့်နေသည့် အမူအရာဖြင့် စိုက်ကြည့်၍ “မင်းဘယ်သူလဲ”
ယခုမှပဲ ထိုလူကြီးသည် ရန်ကိုင်အား စတင် အရေးစိုက်လာတော့၏။
“ဒီတော့ အဲ့နေရာကို ကြယ်တာရာအစုအဝေးလို့ ခေါ်တာပေါ့…” ရန်ကိုင် သဘောပေါက်သွားလေပြီ။ တစ်ချိန်တည်းတွင် သူ့မျက်နှာထက် လိုချင်ပြင်းပြသည့် အမူအရာတို့ ထွက်ပေါ်လာခဲ့လေသည်။
“မင်းမသိဘူးလား” ထိုလူ မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင်သည် အင်းဆက်ဧကရာဇ်အကြောင်းတော့သိပြီး ထိုနေရာအကြောင်း ဘာကြောင့် မသိရသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။ ရန်ကိုင်ကြောင့် သူ့ကိုယ်သူ အံ့ဩတကြီး ဖြစ်သွားရသည့်အပေါ် အနည်းငယ် စိတ်ပျက်မိသွားခဲ့လေရာ ချက်ချင်းပဲ လက်ကို ဝှေ့ရမ်း၍ ခြိမ်းခြောက်လိုက်လေသည် “ကောင်လေး၊ မင်းဘယ်သူပဲဖြစ်ဖြစ်၊ ငါဂရုစိုက်ဘူး။ ဒါပေမယ့် ဆရာအင်းဆက်ဧကရာဇ်နဲ့ ဒီဘုရင်ကို တွေ့သွားတယ်ဆိုမှတော့ ငါမင်းကို လွှတ်ပေးလို့ မဖြစ်တော့ဘူး။ မင်းအတွက် ရွေးချယ်စရာ လမ်းနှစ်လမ်းရှိမယ်။ သေရင်သေ၊ မသေရင် ဒီဘုရင်ဆီ အညံ့ခံလိုက်။ မင်းရဲ့ ဝိဥာဉ်ကြာပန်းကို ပေးရင် ဒီဘုရင်မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၂၅)
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ” ရန်ကိုင်က လက်သီးဆုပ်၍ အသာအယာ ဦးညွှတ်ကာ ပြောလိုက်သည်။ ထို့နောက် မျက်လုံးမှေးစဉ်း၍ တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်၍ ပြောလိုက်၏ “ဒါပေမယ့်… ကျုပ်သေရမှာကြောက်တယ်။ စီနီယာဆီလည်း အညံ့မခံချင်ဘူး”
“မင်းသေချင်နေတာလား” လူကြီး၏ မျက်နှာ မည်းမှောင်သွားပြီး သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့၏။
ထိုလူသည် ရန်ကိုင်အား ဒေါသတကြီး အော်ဟစ်လိုက်သော်ငြား တိုက်တော့ မတိုက်ခဲ့ချေ။ ရန်ကိုင်အား စူးရဲစွာသာ စိုက်ကြည့်နေခဲ့၏။
ရန်ကိုင်က ရုတ်တရက် ထရယ်မောလျက် “စီနီယာ သတ်နိုင်ရင် လာသတ်လိုက်လေ”
ရန်ကိုင်သည် သေရမည်ကို လုံးဝမကြောက်သည့် လူတစ်ဦးကဲ့သို့ လုပ်နေသည်။ ရန်ကိုင်၏ စကားကြောင့် လူကြီး၏ မျက်နှာ မည်းမှောင်သွားခဲ့လေသည်။
“ဘာဖြစ်လို့လဲ။ ကျုပ်ကို မသတ်ရဲလို့လား… အဲ့လိုတော့ မဟုတ်လောက်ဘူး။ မသတ်နိုင်တာမလား” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ပြန်မေးလိုက်သည်။ သို့ရာတွင် လူကြီးမှာတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်စိုက်ကြည့်နေခဲ့သည်။
ရန်ကိုင်က ထပ်၍ ပြောလိုက်ပြန်သည် “စီနီယာ လူကိုယ်တိုင် ရောက်နေတာဆိုတော့ ကျုပ်ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ စီနီယာ ဘယ်လောက် အားကောင်းလဲမသိပေမယ့် ကျုပ်လို လူတစ်ယောက်က စီနီယာသာ တိုက်ခိုက်ရင် ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်မှန်းတော့ သိတယ်။ ဒါပေမယ့် ဘာမှမဟုတ်တဲ့ ဝိဥာဉ် အမျှင်တန်းလေး တစ်ခုနဲ့ ကျုပ်ကို အညံ့ခံဖို့ ပြောနေတာက သိပ်ယုတ္တိမရှိဘူးလားလို့။ ပြီးတော့ ဒီနေရာက ကျုပ်ရဲ့ အသိစိတ်ပင်လယ်။ ဒီနေရာမှာ ကျုပ်က အရှင်သခင်ပဲ။ အဲ့ဒါကို ကျုပ်က မတိုက်ခိုက်ဘဲနဲ့ အညံ့ခံရမယ်ဆိုတော့ စီနီယာ ကျုပ်ကို အရူးမှတ်နေတာလား”
ပြောပြီးသည်နှင့် တည်ငြိမ်နေသော ပင်လယ်ပြင်သည် ရုတ်ချည်း လှိုင်းထန်လာပြီး ရေဆင်နှာမောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ မိစ္ဆာနဂါးတစ်ကောင် အိပ်စက်နေရာမှ နိုးထလာသည့်နှယ် အသိစိတ်ပင်လယ်တစ်ခုလုံး သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။
လူကြီးသည် အသက်ပြင်းပြင်းရှူသွင်းလျက် ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ခေါင်းညိတ်၍ “မင်းက တကယ် မဆိုးဘူးပဲ။ မင်းသိသွားပြီဆိုတော့ ဒီဘုရင်လည်း ဘာပြောနိုင်မှတော့မှာလဲ။ ဒါပေမယ့် မင်းကိုယ်မင်း ဂရုစိုက်ထားရင် ကောင်းမယ်။ ငါလာမရှာခင် မသေစေနဲ့ဦး”
ပြောပြီးသည်နှင့် လက်ကွက်များ ရုတ်တရက် ဖန်တီးလိုက်ရာ သူ့ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့လေသည်။
“ထွက်သွားချင်တာလား” ရန်ကိုင်က ဒေါသတကြီး အော်ပြောလိုက်လေသည် “ကျုပ်အသိစိတ်ပင်လယ်ထဲကို ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်ရအောင် ခင်ဗျားရဲ့ အိမ်တံခါးများ မှတ်နေလား”
ရုတ်ချည်း ရန်ကိုင်၏ အသိစိတ်ပင်လယ်တစ်ခုလုံး ရွှေရောင်လင်းထိန်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထွက်ပြေးရန်လုပ်နေသော စီနီယာဆိုသူအား လွှမ်းခြုံသွားခဲ့လေသည်။
ပြန်ဆုတ်ရန် ကြိုးစားနေသော စီနီယာဆိုသူသည် ရွှေရောင်အလင်းတန်း၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့်အလား လုံးဝ လှုပ်မရတော့ချေ။
ထိုလူသည် မျက်မှောင်ကြုတ်၍ သင်္ကာမကင်း လေသံဖြင့် ရေရွတ်လိုက်လေသည် “ဘာစွမ်းအားကြီးလဲ။ ထူးဆန်းလိုက်တာ။ ငါ့ဝိဥာဉ်မျှင်ကိုတောင် တားနိုင်တယ်”
ရုတ်တရက် သူ့ခန္ဓာကိုယ် တစ်ချက် တုန်တက်သွားရာ ရန်ကိုင်၏ ရွှေရောင်အလင်းတန်း လွင့်ပြယ်သွားကုန်ကြလေသည်။ ထို့နောက်တွင် လူကြီးသည် လှည့်မကြည်တမ်း ပြန်ဆုတ်သွား၏။ ရန်ကိုင်လည်း သူ့အား အမှီမလိုက်နိုင်ခဲ့ချေ။
ဝေါင်း… ဝေါင်း… ထိုစဉ် ရန်ကိုင့် အသိစိတ်ပင်လယ်၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသော မိစ္ဆာနဂါးများစွာသည် ထိုလူအား အဘက်ဘက်မှ ဝိုင်းရံတိုက်ခိုက်ကြလေသည်။
စီနီယာဆိုသည့်လူလည်း အလွန်ကိုမှ တည်ကြည်လေးနက်သွား၏။ ချက်ချင်းပဲ သူ့လက်ချောင်းအား ရှေ့တည့်တည့်သို့ ရေပြင်ညီမျဉ်း ဖြတ်ဆွဲချလိုက်ရာ သူ့ဝိဥာဉ် ပတ်လည်၌ ထွင်းဖောက်မြင်နိုင်သော အကာအရံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဘုန်း… ဘုန်း…
မိစ္ဆာနဂါးများသည် အကာအရံအား ပြေးဝင်ဆောင့်လေ၏။ တန်ပြန်ရိုက်ချက်ကြောင့် ရန်ကိုင်၏ အသိစိတ်ပင်လယ် တုန်ခါသွားပြီး ရန်ကိုင့် ဝိဥာဉ်မှာလည်း အလွန်ကိုမှ အားနည်းသွားခဲ့ရသည်။
ထိပ်တိုက်ရင်ဆိုင်ကြရာတွင် ရန်ကိုင်သာလျှင် မဟုတ်ဘဲ သူ့ရန်သူလည်း ဒဏ်ရာရသွားခဲ့လေသည်။
နှစ်ဖက်စလုံးသည် ဒဏ်ရာကိုယ်စီ ရသွားခဲ့ကြသည်။ ရန်ကိုင် အသုံးပြုလိုက်သည့် စွမ်းအားမှာ သာမန် ဝိဥာဉ်စွမ်းအား မဟုတ်ဘဲ တေဇောဓါတ်အသိစိတ်ပင်လယ်၏ စွမ်းအားဖြစ်သည်။ ရန်ကိုင်၏ တိုက်ခိုက်မှုသည် သူ့ရန်သူအား သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိသော်ငြား တေဇောဓါတ်စိတ်စွမ်းအင်၏ အပူဓါတ်သည် သူ့ဝိဥာဉ်အား မီးပြင်းဖိုထဲ ရောက်နေသလို ခံစားသွားရအောင် လုပ်နိုင်ပေသည်။
အကြိမ်များစွာ ခုခံနေပြီးနောက်တွင် ထိုပုံရိပ်သည် အချိန်မရွေး ပျက်စီးသွားတော့မည့်အလား မှိန်ဖျော့လာခဲ့၏။ ထို့အပြင် ချစ်ချစ်တောက် ပူလောင်သော စွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း တိုက်စားနေခဲ့လေသည်။
“မင်းတကယ် တော်သွားပြီ ကောင်းလေး” ထိုလူသည် ရန်ကိုင်အား ဒေါသတကြီးစိုက်ကြည့်ရင်း အံကြိတ်ကာ လှမ်းပြောလိုက်လေသည် “ဘာမဟုတ်တဲ့ ပုရွက်ဆိတ် တစ်ကောင်ကများ ဒီဘုရင်ရဲ့ ဝိဥာဉ်ကို ထိခိုက်အောင် လုပ်ရဲတယ်။ ဒီနေ့အကြွေးကို ငါမှတ်ထားမယ်။ ပြန်တွေ့တဲ့အခါ မင်းအခုလို လုပ်နိုင်ပါစေလို့ ဆုတောင်းထားပေတော့”
ပြောပြီးသည်နှင့် လက်ကွက်များ ထပ်မံ ဖန်တီးလိုက်ရာ သူ့ပုံရိပ်သည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေသည်။
သို့သော်လည်း ထိုပုံရိပ်ပျောက်ကွယ်မသွားခင် သူ့အသိစိတ်ပင်လယ်ထဲ ချိတ်စည်းတစ်ခု ချန်ထားရစ်ခဲ့သည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။
အသက်သုံးရှိုက်စာကြာပြီးနောက်တွင် သူ့အသိစိတ်ပင်လယ် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။
ရန်ကိုင်သည် အသိစိတ်ပင်လယ်တစ်ခုလုံကို အာရုံခံကြည့်ရင်း မတ်တပ်ရပ်နေခဲ့သည်။ ဆန်းကြယ်သောလူမှာ ကျိန်းသေ ထွက်သွားခဲ့လေပြီ။ သူ့အရှိန်အဝါကို ရန်ကိုင်လုံးဝ မခံစားမိတော့ပေ။
ဒါပေမယ့် သူထွက်မသွားခင် ထားခဲ့တဲ့စည်းက ဘယ်နားမှာလဲ
သူ့စိတ်ထဲ အလွန်ကိုမှ စွမ်းအားမဲ့သလို ခံစားလိုက်ရသည်။ တစ်ဖက်လူသည် သူ့အသိစိတ်ပင်လယ်ထဲဝင်ပြီး လုပ်ချင်သလို လုပ်သွားသည်ကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲ အလွန်ကိုမှ မသက်မသာဖြစ်နေခဲ့ရသည်။
ဝိဥာဉ်အမျှင်တန်းလေး တစ်ခုလောက်က တကယ်ဆို ဘာမှ မလုပ်နိုင်သင့်ဘူး။ ဒါပေမယ့် ဒီလူကတော့ သူ့ဝိဥာဉ်အမျှင်တန်းနဲ့ ငါ့အသိစိတ်ပင်လယ်ထဲ စိတ်ကြိုက် ဝင်ထွက်သွားတယ်။ တန်ခိုးရှင်ဘုရင်တတိယအဆင့်တောင် အဲ့လို မလုပ်နိုင်လောက်ဘူး။ အဲ့လူက ယန်ယန်၊ အင်းဆက်ဧကရာဇ်တို့နဲ့ အဆင့်တူများ ဖြစ်နေမလား
ရန်ကိုင် အတပ်ပြောနိုင်သည့်တစ်ချက်မှာ ထိုလူသည် ယန်ယန်နှင့် အင်းဆက်ဧကရာဇ်တို့ လာသည့်နေရာမှာ လာသည် ဆိုသောအချက်ပင်။ ထို့အပြင် ထိုနေရာကို ကြယ်တာရာအစုအဝေးဟု ခေါ်သည်ဟုလည်း သိထားသေးသည်။ ထိုနေရာသည် ကြယ်စီရင်စုကြီးထက် တစ်ဆင့် ပိုမြင့်သည့် နေရာတစ်ခု ဖြစ်ပေသည်။
လက်ရှိ ရန်ကိုင် အတွေးများနေရသည့် အကြောင်းအရင်း နှစ်ခုရှိသည်။ ထိုလူသည် သူ့အသိစိတ်ပင်လယ်ထဲသို့ ဝင်လာပြီး ဝိဥာဉ်ကြာပန်းကို မြင်သည့်အခိုက် အလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့သည်။ သို့ရာတွင် ကြယ်မြေပုံကို မြင်လိုက်သည့်နောက် ဝိဥာဉ်ကြာပန်းကို မြင်သည်ကထက်ပင် ပို၍ စိတ်လှုပ်ရှားသွားခဲ့သေးသည်။
ကြယ်မြေပုံက ဘာတွေ ဒီလောက် ထူးခြားနေလို့လဲ ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့သည်။
သူသည် ကြယ်မြေပုံကို ရကတည်းက မြေပုံတစ်ခု အဖြစ်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဒါပေမယ့် ဟိုလူကြည့်ရတာ ကြယ်မြေပုံကို ခုနှစ်ရောင်ခြယ်ကြာပန်းထက်တောင် ပိုလိုချင်နေသေးတယ်။ ကြယ်မြေပုံနဲ့ ပက်သက်ပြီး ငါမသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေသေးတာလား
ဒုတိယတစ်ချက်မှာ ဝိဥာဉ်ကြာပန်း ဖြစ်သည်။
ထိုလူသည် ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းအား မဟာဝိဥာဉ်ကြာပန်းသို့ ရောက်ရန် တစ်ဆင့်သာ လိုတော့သည်ဟု ပြောသွားခဲ့သည်။ ဆိုလိုသည်ကား ဝိဥာဉ်ကြာပန်းသည် နောက်တစ်ဆင့်သို့ ထပ်၍ ဆင့်ကဲပြောင်းလဲနိုင်ပေသေးသည်။
ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းသည် ဝိဥာဉ်ကြာပန်း၏ နောက်ဆုံးပုံစံ ဖြစ်နေသည်ဟု အမြဲထင်ခဲ့သည်။ ယနေ့မှပဲ ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းသည် နောက်ဆုံးပုံစံ မဟုတ်သေးမှန်း သိလိုက်ရသည်။ ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်း အထက်တွင် မဟာဝိဥာဉ်ကြာပန်းဟူသော ပုံစံတစ်ခု ထပ်ရှိနေပေသေးသည်။
ဝိဥာဉ်ကြာပန်းကြောင့် ရန်ကိုင် အကျိုးကျေးဇူးများစွာ ရရှိခဲ့ရသည်။ သူ့ဝိဥာဉ် အလွန်ကိုမှ အားကောင်းနေရခြင်းမှာ ဝိဥာဉ်ကြာပန်း၏ ကျေးဇူးကြောင့် ဖြစ်သည်။ သူ့ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင်ပထမအဆင့်သာ ဖြစ်သော်လည်း သူ့စိတ်စွမ်းအင်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့်များ၏ စိတ်စွမ်းအင်အောက် နိမ့်ကျခြင်းမရှိချေ။
ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းသည် ရန်ကိုင်အား အကူအညီများစွာ ပေးခဲ့သည်။ ၎င်းသည်သာ နောက်တစ်ဆင့် ဖြစ်သော မဟာဝိဥာဉ်ကြာပန်းအဖြစ်သို့ ထပ်မံ ဆင့်ကဲပြောင်းလဲနိုင်ဦးမည် ဆိုပါက… ထိုအကြောင်း တွေးလိုက်ရုံဖြင့် ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေသည်။
စီနီယာဆိုသူနှင့် စကားပြောပြီးနောက် အကြောင်းအရာ အသစ်များစွာကို ရန်ကိုင် သိလိုက်ရသည်။ ထို့ကြောင့် ထိုအကြောင်းများတွေးရင်း အတွေးရေယာဉ်ကြောထဲ နစ်မြောနေခဲ့ရာ အချိန်အတော်ကြာသည်အထိတိုင် အသိ ပြန်ဝင်မလာနိုင်ခဲ့ပေ။
ဆယ့်ငါးမိနစ်ကြာပြီးနောက်တွင် ရန်ကိုင်သည် ထိုခေါင်းရှုပ်စရာ အတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်၏။ ထို့နောက် အသိစိတ်ပင်လယ်ထဲမှ ပြင်ပလောကကြီးဆီသို့ ပြန်ထွက်လာခဲ့လေသည်။
သူ့ဘေးတွင် မလှုပ်မယှတ် ထိုင်နေသော ဖြူလျော်လျော် ဖြစ်နေသည့် မူဝူအား လှည့်ကြည့်လိုက်သည်။ ကျင့်ကြံခြင်း ဖျက်စီးခံလိုက်ရသည့်နောက်တွင် မူဝူ၏ အသက်စွမ်းအင်သည် သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။
တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံးမှာတော့ ကြောက်ကြောက်လန့်လန့်ဖြင့်သာ ရပ်ကြည့်နေကြသည်။ ရန်ကိုင်မှ မူဝူ၏ ကျင့်ကြံခြင်းကို ချွေးတစ်စက်ပင် မထွက်ဘဲ ဖျက်စီးပြသွားသည်ကိုမြင်သော် အကုန်လုံး အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့သွားခဲ့လေသည်။ ရန်ကိုင် ရပ်နေလျှင်ပင် သူတို့ ထွက်မပြေးရဲကြ။ ရန်ကိုင်အား ဒေါသထွက်အောင် လုပ်မိပြီး အသတ်ခံရမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
ရန်ကိုင် သူတို့ဘက်သို့ လှည့်ကြည့်လာသည့်အခိုက် တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံး အလွန်ကိုမှ ထိတ်လန့် ကြောက်ရွံ့သွားခဲ့ကြလေသည်။ အကုန်လုံးသည် ငိုနေသည့် ရုပ်ထက်ပင် ပို၍ အရုပ်ဆိုးလှသည့် အပြုံးများဖြင့် အားတင်း၍ ပြုံးပြလိုက်ကြသည်။
“သူရဲကောင်လေးရယ်၊ ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါကွာ။ ငါတို့က မူဝူ တွန်းအားပေးလို့ မတတ်နိုင်တာနဲ့ လုပ်ရတာပါ။ အခု ငါတို့ လုပ်ရပ်တွေအတွက် နောင်တရနေပါပြီ။ ကျေးဇူးပြုပြီး သူရဲကောင်လေး ငါတို့အသက်ကို တစ်ကြိမ်လောက် ချမ်းသာပေးပါကွာ။ သူရဲကောင်းလေး ဘာပဲအမိန့်ပေးပေး၊ ငါတို့ နာခံပါမယ်” အုပ်ထဲမှ တစ်ယောက်က ရန်ကိုင်အား ချက်ချင်းပဲ အသနားခံလိုက်လေသည်။
တစ်ယောက်က စလိုက်သည်နှင့် အခြားလူများလည်း ချက်ချင်း အသနားခံကြတော့လေသည်။ အကုန်လုံးသည် သူတို့၏ အပြစ်ကို မူဝူအပေါ်သို့သာ လွှဲချခဲ့ကြသည်။
အဟွတ်…
ထိုမြင်ကွင်းကိုကြည့်ရင်း အလွန် အားနည်းနေပြီဖြစ်သော မူဝူ သွေးထိုးအန်လေသည်။ ထို့နောက် ထိုင်နေရင်းနှင့်ပင် တစ်ခါတည်း အသက်ပျောက်သွားခဲ့လေသည်။
ရန်ကိုင်သည် ထိုလူအားလုံးကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ စီနီယာဆိုသူကြောင့် စိတ်မကြည်မလင် ဖြစ်နေပါသည်ဆိုပါက ထိုလူများ၏ အနှစ်မပါသည့် သကာရေလောင်း ဟန်ဆောင်စကားကို ထပ်ကြားလိုက်ရသည့် အခိုက် ရန်ကိုင် ပို၍ ဒေါသထွက်သွားပြီး ချက်ချင်းပဲ ရွှေရောင်သွေးမျှင်များကိုထုတ်၍ ထိုလူများ၏ အသက်ကို ချွေယူပစ်လိုက်လေသည်။
ထို့နောက် သူတို့၏ သိုလှောင်လက်စွပ်အားလုံးကို သိမ်းဆည်းလိုက်သည်။ သူတို့၏ သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက် အတုံးတစ်ရာနီးပါး ရန်ကိုင် ရခဲ့သည်။
ထိုစိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်အားလုံးကို ကြယ်အမြူတေဘေးတွင် ချထားလိုက်ပြီး လက်ကွက်များ ဖန်တီး၍ သလင်းကျောက်များဆီသို့ လက်ညိုးထိုးလိုက်၏။
ဘုန်း…
စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်များ ပေါက်ကွဲသွားသည်နှင့် မိုးမြေစွမ်းအင်များ ဒီရေလှိုင်းလုံးနှယ် ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ပျံ့ထွက်သွားလေသည်။
ထိုသလင်းကျောက်များထဲရှိ စွမ်းအင်သည် အစကတည်းက ထုန်းရွှမ်လောကကြီး၏ အပိုင်ဖြစ်သည်။ ရန်ကိုင်သည် ပိုင်ရှင်ထံသို့ ပြန်ပေးနေခြင်းသာ ဖြစ်သည်။ မကြာမီတွင် သူ့မွေးရပ်မြေ၏ မိုးမြေစွမ်းအင်သည် ပြန်လည် ကောင်းမွန်လာပေလိမ့်မည်။
လုပ်စရာကိစ္စအားလုံး လုပ်ပြီးနောက် ရှောင်ရှောင်ကို ခေါ်ကာ သူကိုယ်တိုင်က ကမ္ဘာငယ်လေးထဲသို့ ဝင်သွားလိုက်လေသည်။
တစ်ချိန်တည်းတွင် ထုန်းရွှမ်လောကကြီးမှ မိုင်းပေါင်း ဘီလျီနှင့်ချီပြီး ဝေးကွာသော ကြယ်တစ်လုံးပေါ်တွင် လူကြီး တစ်ဦးသည် မိုးမြေစွမ်းအင်ကြွယ်ဝသော တောင်ကြား တစ်ခုအတွင်း၌ တင်ပလင်ခွေ ထိုင်နေခဲ့လေသည်။ ထိုလူကြီး တစ်ကိုယ်လုံး လောကကြီးတစ်ခုလုံးနှင့် ပေါင်းစပ်နေသည့် အလား၊ တန်ခိုးရှင်ဘုရင်တတိယအဆင့်တစ်ဦးပင်လျှင် မျက်လုံးနှင့် တပ်အပ် မမြင်ရလျှင် သူ့အား သတိပြုမိလိမ့်မည် မဟုတ်ချေ။
လိပ်ပြားများသည် သူ့နားတစ်ဝိုက် ပျံသန်းနေခဲ့သည်။ ငှက်တစ်ကောင်သည် သူ့ခေါင်းထက်တွင် နားနေပြီး သူ့ဆံပင်အား နှုတ်သီးဖြင့် ဖြီးသပ်ပေးနေခဲ့သည်။
ထိုလူ၏ သိုင်းတာအိုအပေါ် ထိုးထွင်းနားလည်မှုသည် ကြယ်စီရင်စုကြီးတစ်ခုလုံးထက် သာလွန်နေခဲ့လေသည်။ တန်ခိုးရှင်ဘုရင်တတိယအဆင့်များသာ ဤအခြင်းအရာကို မြင်လိုက်လျှင် ချက်ချင်းပဲ သူ့အား ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်မလားပင်မသိ။
ရုတ်တရက် ထိုလူ၏ ခန္ဓာကိုယ် တုန်တက်သွားပြီး ပိတ်နေသော မျက်လုံးနှစ်လုံး ရုတ်ချည်း ပွင့်လာခဲ့လေသည်။
ခဏအကြာတွင် အဝေးတစ်နေရာဆီမှ အလင်းတန်းတစ်ခု သူ့ဆီသို့ ပျံသန်းရောက်ရှိလာပြီး သူ့ကိုယ်ထဲသို့ ဝင်သွားခဲ့၏။
ထိုလူသည် မျက်လုံးပိတ်၍ သူ့ကိုယ်ထဲသို့ ဝင်သွားသော အလင်းတန်းကို သေချာခံစားနေခဲ့သည်။ ခဏအကြာတွင် အလန့်တကြား ထအော်လေသည် “ခုနှစ်ရောင်ခြယ်ကြာပန်း၊ ကြယ်မြေပုံ၊ အဲ့ရတနာနှစ်ခုစလုံးက လူတစ်ယောက်တည်းဆီမှာ ရှိနေတာလား။ ဒီကောင့်ကံက ကောင်းလှချည်လား။ ဒါပေမယ့် ဒီကောင်က ဒီဘုရင်ရဲ့ ဝိဥာဉ်ကို ထိခိုက်အောင် လုပ်ရဲတယ် ဆိုမှတော့ အသက်ရှင်ဖို့ မျှော်လင့်မနေသင့်တော့ဘူး။ ဒါပေမယ့် ဒီကောင်ကို ခဏလောက် လွှတ်ထားလိုက်ဦးမယ်။ ငါ့ရဲ့ ဝိဥာဉ်ရှာ အမှတ်အသားရှိနေတာပဲ. ဒီကောင် ဘယ်ပြေးပြေး လွတ်မှာမှ မဟုတ်တာ”
ပြောပြီးသည်နှင့် ထိုင်ရာမှ ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ ခဏကြာအောင် ရပ်နေပြီးနောက် သူ့ဘာသာ ရေရွတ်လိုက်၏ “ရာစုနှစ်တစ်ခုလောက် ကြာတာတောင် ဘာအားကောင်းတဲ့ စွမ်းအင်မှ မခံစားရသေးဘူးဆိုတော့ ဒီကြယ်စီရင်ကြီးမှာ ကာကွယ်သူ တကယ်မရှိတာနဲ့တူတယ်။ အဲ့လိုဆိုမှတော့ ဒီကြယ်စီရင်စုကြီးက ဒီဘုရင်အားကောင်းလာဖို့ ခြေနင်းကျောက်တုံး တစ်တုံး ဖြစ်လာရတော့မှာပေါ့”
ပြောပြီးသည်နှင့် သူ့မျက်နှာထက် အေးစက်စက် အပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံး ထူးဆန်းစွာ မြေကြီးထဲသို့ လျှိုဝင်သွားခဲ့လေသည်။
ခဏအကြာတွင် ဂြိုလ်အတွင်းပိုင်းသို့ ရောက်လာပြီး မကြာမီ ကြယ်အမြူတေရှေ့သို့ ရောက်လာခဲ့လေသည်။
ထိုလူကြီးသည် ကြယ်အမြူတေရှေ့တွင်ရပ်ရင်း လက်ကွက်များစွာ ဖန်တီးလိုက်သည်။ ရုတ်တရက်ဆိုသလို ကြယ်တစ်ခုလုံး၏ မိုးမြေစွမ်းအင်များသည် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ကြယ်အမြူတေဆီသို့ စီးဝင်ကာ ထိုမှတစ်ဆင့် ထိုလူကြီး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့လေသည်။
ကျင့်ကြံရေးကြယ်ပေါ်တွင် နေထိုင်သော လူအားလုံး တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း သတိပြုမိလိုက်ကြသည်။ ကြယ်ကြီး တစ်ခုလုံး၏ မိုးမြေစွမ်းအင်သည် မဖြစ်စဖူး အလွန်ကိုမှ လျင်မြန်သည့်နှုန်းဖြင့် ကျဆင်းလာနေခဲ့သည်။