အခန်း (၁၈၂၆-၁၈၃၀)
Vol. 74 Ch. 1826-1830
အပိုင်း (၁၈၂၆)
ထုန်းရွှမ်လောကကြီးတွင် ပါရမီရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့သော ကျင့်ကြံရေးသုခဘုံဟုခေါ်သည့် နေရာတစ်နေရာ ရှိပေသည်။ ထိုနေရာသည် တောင်ထွတ်ကိုးလုံးဖြင့် ဝန်းရံထားပြီး ထုန်းရွှမ်လောကကြီး၏ အရှင်သခင်အဖြစ် အများက မှတ်ယူထားကြသော ဘုံကိုးခုထွတ်မြတ်နယ်မြေသာ ဖြစ်လေသည်။
သို့သော်လည်း နှစ်ပေါင်းများစွာခန့်က ဘုံကိုးခုထွတ်မြတ် နယ်မြေမှ ကျင့်ကြံသူအားလုံး ထုန်းရွှမ်လောကကြီးမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့ မည်သည့် နေရာသို့ ထွက်သွားမှန်း မည်သူမှ မသိကြ။
သို့ရာတွင် ကောလဟာလများက ပြောသည်မှာတော့ သူတို့ကို ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်မှ ကြယ်စီရင်စုထဲသို့ ခေါ်သွားသည်ဟု ပြောကြသည်။ အချို့ကလည်း သူတို့သည် အလွန် အားကောင်းသည့် ရန်သူတစ်ဦးကို သွားရန်စမိပြီး ဂိုဏ်းလုံးကျွတ် သုတ်သင်ခံလိုက်ရသည်ဟု ပြောကြသည်။ ဘုံးကိုခုထွတ်မြတ်နယ်မြေတစ်ခုလုံး ပျောက်ကွယ်သွားသည့် ကိစ္စနှင့် ပက်သက်၍ ကောလဟာလအမျိုးမျိုး ထွက်နေကြသော်ငြား တကယ့် အကြောင်းအရင်းကိုတော့ မည်သူမှ မသိကြပေ။
ကောလဟာလများ မည်သို့ပင် ဖြစ်နေပါစေ လက်ရှိ ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ပိုင်ရှင်မရှိတော့သည့် နယ်မြေ ဖြစ်နေခဲ့လေပြီ။
ထိုအခါ ထိုနေရာသည် ဂိုဏ်းပေါင်းများစွာနှင့် မိသားစုကြီးများစွာ၏ ပစ်မှတ်ဖြစ်လာရတော့သည်။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တပည့်များ ပျောက်ကွယ်သွားပြီးနောက် နယ်မြေပိုင်စိုးရေးနှင့် ပက်သက်ပြီး တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ကြရသည်။ အဆုံးတွင် ထိုနေရာသည် လင်းယုဟောင်နှင့် ရီကျန်းခိုင်ဟုခေါ်သော ကျင့်ကြံသူနှစ်ဦး၏ လက်ထဲသို့ ရောက်သွားခဲ့လေသည်။
ထိုနှစ်ဦးသည် မည်သည့် အဖွဲ့အစည်းထဲကိုမှ ဝင်ထားခြင်း မရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသည်။ သိုင်းလောကရေးရာ ကိစ္စများကိုလည်း စိတ်ဝင်စားခြင်း မရှိပေ။ သူတို့ စိတ်ဝင်စားသည်မှာ ဝိုင်အရက်ဖြစ်ပြီး သူတို့၏ ရည်ရွယ်ချက်မှာ တိုက်ကြီးတစ်ခုလုံးကို လှည့်ပတ်၍ အမျိုးမျိုးသော အစားအစာများနှင့် လှပဆန်းကြယ်သော ရှုခင်းများ၏ အလှကို ခံစားဖို့သာ ဖြစ်သည်။
သို့သော်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေအား ဖြတ်သွားစဉ် ထိုနေရာ၏ မိုးမြေစွမ်းအင်သိပ်သည်းကြွယ်ဝမှုကို ခံစားမိပြီးနောက် ထိုနေရာကို ဝင်အပိုင်သိမ်းလိုက်ကြလေသည်။
နှစ်ဦးစလုံးသည် သူတော်စင်တတိယအဆင့်များ ဖြစ်ကြသည့် အတွက် မည်သည့်ဂိုဏ်း၊ မိသားစုမှ သူတို့အား တားဆီးနိုင်ခဲ့ခြင်း မရှိပေ။ ထုန်းရွှမ်လောကကြီး၏ ထိပ်သီး ပညာရှင်အားလုံးသည် ရန်ကိုင်နှင့်အတူ ကြယ်စီရင်စုထဲသို့ ထွက်သွားခဲ့ကြလေပြီ။ ဤနည်းဖြင့် ထိုနေရာသည် သူတို့နှစ်ဦး စံစားရာနေရာ ဖြစ်လာခဲ့သည်။
လက်ရှိတွင် ထိုနှစ်ဦးသည် တောင်ထွတ်ကိုးလုံးအနက် တစ်လုံးပေါ်ရှိ စံအိမ်တစ်ခုထဲတွင် မျက်နှာချင်းဆိုင်ထိုင်၍ လက်ဖက်ရည်သောက်ရင်း တာအိုအကြောင်း ဆွေးနွေးနေကြ၏။
ဘေးနားတွင်မူ သူတို့အား အရောင်တလက်လက် ထနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည့် မိန်းမလှလေးများစွာ ရှိနေခဲ့သည်။ မိန်းကလေးနှစ်ဦးသည် ထိုနှစ်ဦး ခရီးသွားရင်းမှ တွေ့ပြီး ခေါ်လာခဲ့ကြသည့်လူများ ဖြစ်သလို မိသားစုများ ဖျက်စီးခံလိုက်ရသဖြင့် ကယ်တင်လာခဲ့သည့် လူများလည်း ဖြစ်ကြပေသည်။ အကုန်လုံးသည် အိုးမဲ့အိမ်မဲ့များဖြစ်သလို တစ်ကိုယ်တည်း ဤရက်စက်ကြမ်းကြုတ်သော လောကကြီးအလယ် ရပ်တည်ရန် ခက်ခဲသော လူများလည်း ဖြစ်ကြပေသည်။
နှစ်ဦးစလုံးသည် အလွန်ကိုမှ လွတ်လပ်ပေါ့ပါးသူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပြိုင်ဆိုင်ခြင်း မရှိကြသလို ရုပ်လည်း ချောကြသည်။ ထုန်းရွှမ်းလောကကြီးတွင် အားအကောင်းဆုံးလူများ ဖြစ်ကြသည့်တိုင် တစ်ဖက်သားအပေါ် ကြင်ကြင်နာနာဖြင့် ဆက်ဆံသည်။ ထို့ကြောင့် ထိုမိန်းကလေးများသည် ထိုနှစ်ဦးကို အလွန် လေးစားကြလေသည်။
လက်ရှိတွင် ထိုနှစ်ဦးသည် မျက်နှာချင်းဆိုင်ထိုင်ရင် တရုတ် စစ်တုရင် ထိုးနေခဲ့ကြသည်။
“ရောင်းရင်းရီ၊ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက အဖွဲ့သား သုံးထောင်လောက်ရှိတဲ့ အသပြာဂိုဏ်း ပျက်စီးသွားတယ်တဲ့။ မင်းရော အဲ့သတင်းကြားလိုက်သေးလား။ တိုက်ပွဲမှာ သေသွားတဲ့ လူတွေနဲ့ လွတ်သွားတဲ့ လူတွေကလွဲလို့ ကျန်တဲ့လူတွေ အကုန်လုံး ကျွန်ပြုခံလိုက်ရတယ်တဲ့။ ဒီအပြင်လူတွေ တကယ် သောင်းကျန်းနေကြတာပဲ” လင်းယုဟောင်သည် ကျားကွက်ခုံပေါ် ကျားစေ့တစ်စေ့ ချလိုက်လေသည်။
ရီကျန်းခိုင်းသည် ကျားစေ့တစ်စေ့ကို ကောက်ယူလိုက်သည်။ သို့သော် ချက်ချင်း မချသေးဘဲ ခေါင်းမော့၍ လင်းယုဟောင်ကို ကြည့်ကာ ပြောလိုက်လေသည် “ရောင်းရင်းလင်က အဲ့ကောင်တွေကို သွားသမချင်နေတာလား”
လင်းယုဟောင်က ရယ်မောလိုက်ပြီး ခေါက်ယပ်တောင်ကို ဖွင့်လျက် ယပ်ခပ်ရင်း ပြန်ပြောလိုက်လေသည် “ငါတို့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာတုန်းက ငါတို့ ကျိန်းဆိုခဲ့တာကို မှတ်မိသေးလား။ ငါတို့သည် လွတ်လပ်မှုကိုသာ ရှာဖွေလိုပြီး မည်သူ့ကိုမှ မသတ်၊ သတ်ခဲ့ပါက ကောင်းကင်မိုးကြိုး ပစ်ချခံရပါစေသား ဆိုပြီးတော့လေ။ အခု လူတွေ အများကြီး သေနေကြရတယ်… ဒါပေမယ့် အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ”
“ရောင်းရင်းလင်းက အဲ့လိုတွေးတာလား” ရီကျန်းခိုင်သည် လင်းယုဟောင်အား ယဲ့ယဲ့လေးပြုံးကြည့်ရင်း ပြန်ပြောလိုက်၏ “ငါတော့ အဲ့လိုမဟုတ်ဘူးလို့ ထင်တာပဲ။ ဒီရက်ပိုင်း ရောင်းရင်းလင်းကို ကြည့်ရတာ တော်တော်လေး စိတ်ပျက်နေသလိုပဲ။ မင်းရဲ့ ကျားကွက်ချတဲ့ ပုံစံတွေတောင် အရင်နဲ့ မတူတော့ဘူး”
လင်းယုဟောင်သည် ကျားကွက်ကို ငုံ့ကြည့်လိုက်ပြီးနောက် ရှက်ရှက်ဖြင့် ရယ်မောလိုက်လေသည် “ဟားဟား၊ တကယ် ဟုတ်နေတာပါလား။ ငါနောက်ဆုံး ရွေ့လိုက်တဲ့အကွက်ကို တကယ်ကို မှားနေတာပဲ”
“ရောင်းရင်းလင်း အကွက်မှားရွေးလိုက်တာ မဟုတ်ဘူး… ရောင်းရင်းလင်းရဲ့ စိတ်ကကို သတ်ဖြတ်လိုစိတ်နဲ့ ပြည့်နေတာ” ပြောပြီးသည်နှင့် ရီကျန်းခိုင်သည် အလေးအနက် အမူအရာဖြင့် ကျားစေ့ကို ချလိုက်လေသည်။ ထိုအခါ ကျားကွက်ပေါ်ရှိ အခြေအနေသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။ တည်ငြိမ်နေသော ပတ်ဝန်းကျင်သည် ရုတ်ချည်း သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်လာခဲ့သည်။ အေးစက်စက် သတ်ဖြတ်လိုစိတ်တို့သည် ကျားကွက်ပေါ်မှ ခုန်ထွက်ကာ အထက်အာကာယံဆီသို့ပင် ပျံတက်သွားလေတော့မလား ထင်မှတ်ရသည်။
လင်းယုဟောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ထို့နောက် တည်ငြိမ်ငြိမ်ဖြင့် မှတ်ချက် ပြန်ပေးလိုက်လေသည် “ရောင်းရင်းရီ၊ အဲ့ဒါကလည်း မဆိုးလောက်ဘူးနော်”
ရီကျန်းခိုင်က ရယ်မောလျက် “သွေးသောက်ညီအစ်ကိုတွေ ဆိုတဲ့အတိုင်းပဲ။ ငါတို့ တွေးတာချင်းတောင် တူနေတယ်”
လင်းယုဟောင်က သက်ပြင်းချလျက် “အရင်တုန်းက မင်းနဲ့ငါ နှစ်ယောက်စလုံး လွတ်လွတ်လပ်လပ် နေထိုင်ဖို့ပဲ ဂရုစိုက်ခဲ့တယ်။ အခြားသူတွေ သေသေရှင်ရှင် လုံးဝ ဂရုမစိုက်ဘူး။ ဒီမိန်းကလေးတွေတောင်…”
လင်းယုဟောင်သည် သူ့ဘေးတွင် ရပ်နေသော မိန်းကလေးများကို အပြစ်မကင်းဟန်ဖြင့် ကြည့်လျက် “ငါလုံးဝ မထားခဲ့ရက်လို့ ခေါ်လာခဲ့တာ။ ငါတစ်ဘဝလုံး နီးပါးကို လွတ်လွတ်လပ်လပ် နေထိုင်းရင်းနဲ့ပဲ ဖြတ်သန်းလာခဲ့တယ်။ တစ်ခါတစ်လေတော့ တွေးမိသား… ဒီလို နေနေရတာ တကယ်ကော ကောင်းရဲ့လားလို့”
“အရိုမျိုးနွယ်စု သောင်းကျန်းတုန်းကလည်း ငါတို့လုံးဝ ဝင်မကူညီခဲ့ဘူး။ ဒါပေမယ့် အဲ့တုန်းက လူသားမျိုးနွယ်စု၊ မွန်းစတားမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စုနဲ့ ဘုံကိုးခုထွတ်မြတ် နယ်မြေတို့ ရှိနေတာ ကံကောင်းသွားတယ်။ သူတို့ကြောင့်သာ မဟုတ်ရင် မင်းနဲ့ငါလည်း အခုလိုမျိုး လွတ်လွတ်လပ်လပ် နေနိုင်နေမှာ မဟုတ်ဘူး။ ငါတို့အရိုးတွေအကုန်လုံး အရိုးမျိုးနွယ်စု ဝါးမြိုသွားလို့ ကုန်နေလောက်ပြီ။ အခုလိုမျိုး ဘယ်လိုလုပ်ပြီး လက်ဖက်ရည် အေးအေးဆေးဆေး ထိုင်သောက်နိုင်ဦးပါ့မလဲ”
“မင်းပြောတာမှန်တယ်” ရီကျန်းခိုင်က ခေါင်းညိတ်၍ “ဒီရီလည်း အဲ့အတိုင်းပဲ တွေးနေတာ။ အရင်းတုန်းကသာ… ငါတို့ အရိုးမျိုးနွယ်စုနဲ့ တိုက်ပွဲမှာ ဝင်တိုက်ခဲ့ရင်… ငါတို့ သေသွားခဲ့ရမယ် ဆိုရင်တောင် လိပ်ပြာလုံလုံနဲ့ သေလို့ရတယ်”
“အဲ့အကြောင်း ပြန်တွေးလိုက်တိုင်း ငါ့စိတ်ထဲ မသက်မသာ ဖြစ်လာတယ်။ သူတို့ အသက်တွေ စတေးပြီးမှ ရလာတဲ့ ငြိမ်းချမ်းမှုကို ငါတို့က ဘာမှမလုပ်ဘဲ အလကား ထိုင်ခံစားနေတယ်… အဲ့အကြောင်းတွေးလိုက်မိတိုင်း ငါ့ကိုယ်ငါ လိပ်ပြာမလုံသလို ခံစားရတယ်”
ရီကျန်းခိုင်က မျက်လုံးမှေးစဉ်းလျက် “အခု ငါတို့မှာ အခွင့်အရေး ရှိလာပြီ။ အရင် တော်ဝင်သခင် လုပ်သွားတဲ့ လမ်းစဉ်းအတိုင်း ရောင်းရင်းလင်း ငါနဲ့ လိုက်လုပ်ချင်လား”
“လုပ်ရမှာပေါ့” လင်းယုဟောင်က မတ်တပ်ရပ်လျက် “ဒီတိုက်ကြီးက ငါ့ကိုမွေးပြီး ပျိုးထောင်ပေးခဲ့တာ။ အခု တိုက်ကြီး အန္တရာယ်ထဲ ရောက်နေတာကို ငါဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေနိုင်ပါ့မလဲ။ မင်းနဲ့ငါက ဒီလောကကြီးမှာ အားအကောင်းဆုံး ကျင့်ကြံသူတွေ။ ငါတို့သာ မလှုပ်ရှားရင် ဒီကောင်တွေကို ဘယ်သူ လာရှင်းတော့မှာလဲ”
“ပြောတာကောင်းတယ်” ရီကျန်းခိုင်က လက်ခုပ်တီးရင်း မတ်တပ်ရပ်လိုက်ပြီး “ရောင်းရင်းလင်းက ဆုံးဖြတ်ပြီးမှတော့ ဒီရီလည်း ငါ့အသက်ကို လောင်းကြေးထပ်ပြီး ဒီတိုက်ပွဲမှာ ဝင်ပါရတော့မှာပေါ့”
“မင်းတို့ နှစ်ယောက်တည်းနဲ့လား” ရုတ်တရက် အထင်သေး နှိမ့်ချသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့၏ စိတ်ထဲရှိ ယခုလေးတင် လောင်မြိုက်လာခဲ့သော အများအကျိုးအတွက် သယ်ပိုးချင်သည့် အမှန်တရား မီးတောက်လေးသည် ရေးအေးနှင့် လောင်းချခံလိုက်ရသည့်နှယ် ချက်ချင်း ငြိမ်းသွားခဲ့လေသည်။ သူတို့၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်းပြ လှည့်ပတ်ကြည့်ကာ အော်မေးလိုက်လေသည် “ဘယ်သူလဲ”
သူတို့ စကားသံ ဆုံးသွားသည်နှင့် လူငယ်လေးတစ်ဦး ဘယ်ကမှန်းမသိ ပေါ်လာပြီး လေထုကား လှေကားထစ်သဖွယ် အသုံးချလျက် သူတို့ဆီသို့ တစ်လှမ်းချင်း လှမ်းလာနေသည်ကို တွေ့လိုက်ရလေသည်။
ရီကျန်းခိုင်နှင့် လင်းယုဟောင်တို့သည် ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထိုလူငယ်လေးကို စစ်ဆေးကြည့်လိုက်သည်။ သို့ရာတွင် သူတို့၏ ကောင်းကင်စိတ်အာရုံသည် ပင်လယ်ထဲသို့ ကျသွားသော ခဲတစ်လုံးနှယ် ဖြစ်သွားသည်ကို ခံစားမိလိုက်သည့်နောက် နှစ်ဦးစလုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့၏။
ပိုအရေးကြီးသည့်အချက်မှာ လူငယ်လေးဆီမှ မည်သည့် စွမ်းအင်အရှိန်အဝါကိုမှ မခံစားရခြင်းပင်။ ထိုလူငယ်လေးသည် သာမန်သေမျိုး တစ်ဦးနှင့်ပင် တူနေသေးသည်။
သို့ရာတွင် ဤလူငယ်လေးသည် လုံးဝကို သာမန်မဟုတ်မှန်း နှစ်ဦးစလုံး သိနေခဲ့သည်။ လူငယ်လေး၏ ကျင့်ကြံခြင်းမှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်နေသည့် အတွက်ကြောင့်သာ ဤကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။
“မင်းက ဒီတိုက်ကြီးပေါ်မှာ လာသောင်းကျန်းနေတဲ့ အပြင်လူလား” ရီကျန်းခိုင်က အော်မေးလိုက်သည်။ တစ်ချိန်တည်းတွင် လင်းယုဟောင်ကို မျက်စပစ်ပြလိုက်၏။ နှစ်ယောက်စလုံးသည် အချိန်မရွေး တိုက်ခိုက်နိုင်ရန်အတွက် သူတို့၏ သူတော်စင်ချီကို တိတ်တဆိတ် လှည့်ပတ်ထားလိုက်ကြသည်။
ရန်ကိုင်ကမူ သူတို့နှစ်ဦးကို နည်းနည်းမျှပင် ဂရုမစိုက်။ သူ့ဘာသာ အထဲသို့ လမ်းလျှောက်ဝင်သွားပြီး ကျောက်စားပွဲ၌ ထိုင်ချလိုက်သည်။ ထို့နောက် ကြောင်တောင်တောင် ဖြစ်နေသော မိန်းကလေးအား လက်ယပ်ခေါ်ကာ ပြုံးလျက် ပြောလိုက်၏ “မိန်းကလေး၊ ငါ့အတွက် ရေနွေးကြမ်းတစ်ခွက်လောက် ငှဲ့ပေးလို့ ရမလား။ ငါအခုလေးတင် လူတစ်ယောက်နဲ့ တိုက်ခိုက်လာတာ၊ တော်တော် ရေဆာနေလို့”
သို့သော်လည်း ထိုမိန်းကလေးသည် ထိတ်လန့်နေရာမှ အသိ ပြန်မဝင်လာသေးသည့်အလား တုတ်တုတ်မျှမလှုပ်။
ထိုမိန်းကလေးများ၏ အမြင်တွင် လင်းယုဟောင်နှင် ရီကျန်းခိုင်သည် အတုမရှိ ပြိုင်ဘက်ကင်း စွမ်းအားရှင်များ ဖြစ်ကြသည်။ သို့သော်လည်း ရန်ကိုင်နှင့် တွေ့လိုက်သည့် အခိုက်တွင် ထိုနှစ်ဦးသည် သူတို့ အလွန် ကြောက်နေရသည့် လူများနှင့် တွေးလိုက်ရသည့်အလား ချွေးအေးများ နဖူးထက် တရစပ် စီးကျလာလေတော့သည်။
ရန်ကိုင် ဘာတွေများ ဒီလောက် ကြောက်စရာ ကောင်းနေတာလဲဟု ထိုမိန်းကလေး တွေးမိသွားသည်။ သူမ အမြင်တွင် ရန်ကိုင်သည် သာမန်လူတစ်ယောက်နှင့် ဘာမှ မကွဲပြားချေ။
သို့သော်လည်း ရီကျန်းခိုင်ပြောသည်ကို ကြားပြီးနောက် မိန်းကလေးက အံကြိတ်၍ ပြန်ပြောလိုက်လေသည် “ဒါက သခင်လေးတွေအတွက် ပြင်ဆင်ထားတဲ့ ရေနွေးကြမ်းပဲ။ ဘာလို့ ရှင်လို့ လူဆိုးတစ်ယောက်ကို တိုက်ရမှာလဲ”
“လူဆိုး” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ သူ့ကိုယ်သူ လက်ညိုးထိုး၍ ပြန်မေးလိုက်လေသည် “ငါက… ငါက ဘယ်မှာ လူဆိုးရုပ်နဲ့ တူနေလို့လဲ”
“ရှင်က ဒီတိုက်ကြီးပေါ်က လူတွေကိုသတ်ပြီး ကျွန်ပြုနေတဲ့ အပြင်လူတစ်ယောက်ပဲ။ အဲ့လို လူတစ်ယောက်က လူဆိုး မဟုတ်လို့ ဘာဖြစ်ရမှာလဲ။ လူကော်ငးလား” မိန်းမငယ်လေးသည် တကယ်ကို မသိတတ်နားမလည်သေးချေ။ ရန်ကိုင်အား နည်းနည်းလေးမှပင် မျက်နှာသာမပေးဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောချလိုက်၏။
သူမသာလျှင်မဟုတ်၊ ကျန်မိန်းကလေးများသည်လည်း ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်နေကြလေသည်။
ထိုကဲ့သို့ အကြည့်ခံနေရသည့်အပေါ် ရန်ကိုင် အလွန်ကိုမှ မသက်မသာ ဖြစ်မိပေသည်။ နှာခေါင်းအား ရှက်ရှက်ဖြင့်ပွတ်၍ ပြောလိုက်သည် “ငါအပြင်လူပါလို့ ဘယ်တုန်းက ပြောလိုက်လို့လဲ။ နင်တို့ သခင်လေးတွေက ပြောလိုက်တာနဲ့ နင်တို့က ယုံကြတာလား”
“သခင်လေးက အမြဲတမ်း မှန်တယ်” မိန်းကလေးက ခါးကိုဆန့်၊ ရင်ကိုကော့၍ ပြန်ပြောလိုက်လေသည်။
ရန်ကိုင်သည် ရီကျန်းခိုင်အား စောင့်ကြည့်လျက် ထရယ်တော့လေသည်။
ရီကျန်းခိုင်းမှာတော့ သံပုရာသီး ကိုက်ထားရသည့်နှယ် မျက်နှာကြီး ဆူပုပ်ုပ် ဖြစ်နေခဲ့သည်။ ရန်ကိုင် ဒေါသထွက်သွားမည် စိုးသဖြင့် ချက်ချင်းပဲ ထိုမိန်းကလေးကို ပြောလိုက်လေသည် “လင်းအာ၊ မရိုင်းရဘူးလေ။ သူ့ကို လက်ဖက်ရည်ငှဲ့ပေးလိုက်”
ရီကျန်းခိုင်က အမိန့်ပေးလာသဖြင့် လင်းအာဆို့သည့် မိန်းကလေးလည်း ဘာမှမတတ်နိုင်တော့ဘဲ အင်တင်တင်ဖြင့် ရန်ကိုင်ဆီသို့ လျှောက်သွားပြီး သူ့အတွက် ရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးလိုက်ရလေသည်။ ထို့နောက် ဒေါသတကြီး ခြေဆောင့်၍ ပြန်ဆုတ်သွားလေ၏။
“ကျေးဇူးပဲ” ကျေးဇူးတင်စကား ပြောပြီးနောက် ရန်ကိုင်သည် ခွက်ကိုကိုင်၍ တစ်ကျိုက်တည်း မော့ချလိုက်၏ “ရေးနွေးကြမ်း အရသာက မဆိုးရုံတမယ်လောက်ပဲရှိတယ်”
“မဆိုးရုံတမယ်” လင်းယုဟောင်၏ နဖူးပေါ်ရှိ သွေးကြောကြီးများ ရုတ်ချည်း ထောင်တက်လာခဲ့လေသည် “ဒါဘယ်လို ရေနွေးကြမ်းမျိုးလဲဆိုတာကော မင်းသိလို့လား”
“မသိဘူးလေ” ရန်ကိုင်က ခေါင်းခါပြလိုက်သည်။
လင်းယုဟောင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ ရှင်းပြလိုက်လေသည် “ဒီလက်ဖက်ရည် နာမည်က အသူရိန်နေမင်းရဲ့ နှင်းဖြူပဲ။ ဘယ်ပိုက်ဆံနဲ့ ဝယ်လို့ရမဘူး။ နှစ်တစ်ရာလောက်ပဲ တစ်ခါ၊ နှစ်ခါလောက်ပဲ ထုတ်လုပ်လို့ရတယ်။ ပြီးတော့ ဒီရေနွေးကြမ်းကို ဖော်စပ်ကို သုံးတဲ့ရဲ့ စစ်မှန်တဲ့ သန့်စင်ရေပဲ။ အဲ့ဒါကိုတောင် မင်းက မဆိုးရုံးတမယ် ဟုတ်…”
“ဟုတ်ပါပြီ. ဟုတ်ပါပြီ” ရဣ်ကိုင်က လက်ဝှေ့ရမ်း၍ ဖြတ်ပြောလိုက်လေသည် “ရေးနွေးကြမ်းပဲဟာကို။ ပြီးရင် သောက်လိုက်ရမှာပဲ မဟုတ်ဘူးလား။ ဘာတွေ ဒီလောက် ချီးကျူးနေရတာလဲ။ သောက်ပြီးတာနဲ့ ဗိုက်ထဲ ရောက်သွားမယ့် ရေပဲကို”
“မင်း…” ရန်ကိုင့် စကားကြောင်း လင်းယုဟောင် လေသလုမတတ် ဒေါသထွက်သွားခဲ့လေသည်။
ရီကျန်းခိုင်းကလည်း ပြောလိုက်၏ “ရောင်းရင်းလင်း၊ ဒီကောင့်ကို ရှင်းပြမနေနဲ့။ ဒီကောင်က ဒီလို အနှစ်သာရတွေကို သိတဲ့လူမျိုးမဟုတ်ဘူး။ ရုပ်ကြည့်ရုံနဲ့တင်သိတယ်”
“ဟန့်” လင်းယုဟောင်သည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
“အနှစ်သာရကို သိတော့ ဘာထူးမှာမို့လို့လဲ” ရန်ကိုင်က ပြန်ပြောလေသည် “အနှစ်သာရက စားလို့ရလို့လား။ အဲ့အနှစ်သာရဆိုတဲ့ဟာကိုသုံးပြီး အခြားလူတွေကိုကော သတ်လို့ ရလို့လား။ သတ်လို့ရရင် အဲ့အနှစ်သာရကိုကိုင်ပြီး သွားသတ်လေ။ တိုက်ကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်နေတာ။ ဘာလို့ မင်းတို့ နှစ်ယောက် အဲ့အနှစ်သာရဆိုတဲ့ဟာကိုကိုင်ပြီး ကျူးကျော်သူတွေကို သွားမသတ်ကြတာလဲ”
ရန်ကိုင့် စကားကိုကြားသည့်အခါ လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့ ရှက်သွားလေသည်။ သို့သော်လည်း လင်းယုဟောင်သည် အောက်ကျမခံ ပြန်ပြောလိုက်သေးသည် “မင်းငါ့ကို လာပြောနေစရာမလိုဘူး။ ရောင်းရင်းရီနဲ့ ငါက အခုပဲ အဲ့ကောင်တွေကို သွားသင်ခန်းစာပေးဖို့ လုပ်နေတာ”
“ထားလိုက်တော့” ရန်ကိုင်က အော်ရယ်မောလျက် “မင်းတို့ သွားလည်း ဘာမှထူးမှာမဟုတ်ဘူး။ ဒီအဆင့်လောက်နဲ့သွားရင် ဟိုက တစ်ချက်လောက်နဲ့ တစ်ခါတည်း တန်းအသက်ထွက်သွားလိမ့်မယ်”
“မင်းဘယ်လိုတောင် ငါတို့ကို အရှက်ခွဲရဲတာလဲ” လင်းယုဟောင် ဒေါသပုန်ထသွားခဲ့သည်။ ချက်ချင်းပဲ ထူးဆန်သည့် လက်ကွက်များ ဖန်တီး၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည် “မင်းဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်တော့ဘူး။ ငါတို့ကို လာရန်စရဲတယ်ဆိုမှတော့ အကျိုးဆက်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်တော့။ ပန်းခူးလက်ချောင်း”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၂၇)
ရန်ကိုင်မှ သူတို့အား အလကားသက်သက် လာအရှက်ခွဲနေသည်ကို လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့ သည်းမခံနိုင်ကြပေ။
ပန်းချွေလက်ချောင်းသည် လင်းယုဟောင်ကိုယ်တိုင် တီထွင်ထားသည့် ပညာရပ်တစ်ခု ဖြစ်၏။ ဤပညာရပ်သည် လူတစ်ယောက်အား သွေးမထွက်စေဘဲ အသေသတ်နိုင်သည့် ပညာရပ်တစ်ခု ဖြစ်ပေသည်။
မိုးမြေစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ပန်းတစ်ပွင့်သည် လင်းယုဟောင်၏ လက်ညိုးမှ ထွက်ပေါ်လာပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။
ရီကျန်းခိုင်ကမူ မတိုက်သေးဘဲ ရန်ကိုင်ကို သေချာ စိုက်ကြည့်နေခဲ့သည်။ လင်းယုဟောင်၏ တိုက်ကွက်သည် ရန်ကိုင်ကို ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ဟု သူ့စိတ်ထဲ ခံစားနေရသည်။
သို့ဖြစ်လျှင် ရန်ကိုင်၏ တုန့်ပြန်ပုံကိုကြည့်၍ ရန်ကိုင့်ခွန်အား မည်ရွေ့မည်မျှ ရှိသည်ဆိုသည်ကို အနည်းဆုံးတော့ ခန့်မှန်းနိုင်၏။
သို့ရာတွင် မကြာခင်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လင်းယုဟောင် လုံးဝကို မျက်လုံးပြူးသွားခဲ့ရလေသည်။
ရန်ကိုင်သည် လှုပ်ပင်မလုပ်။ လေလေးတစ်ချက်သာ မှုတ်ထုတ်လိုက်သည်။ လင်းယုဟောင် စွမ်းအားကုန်သုံး၍ တိုက်ခိုက်လိုက်သော တိုက်ခိုက်မှုသည် ရန်ကိုင်၏ လေမှုတ် တစ်ချက်ကြောင့် လမ်းတစ်ဝက်၌ပင် ပျက်စီးသွားခဲ့ရလေသည်။
လင်းယုဟောင်သည်လည်း ကြက်သေသေသွားခဲ့လေသည်။ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ရီကျန်းခိုင်ဘက်သို့ အလိုလို လှည့်ကြည့်မိလိုက်သည်။
တစ်ဖက်လူသည် သူ့အားအကောင်းဆုံး ပညာရပ်အား လေတစ်ချက်မှုတ်ကာ ဖျက်စီးပြသွားခဲ့သည်။ ထိုအချက်ကို ကြည့်ရုံနှင့်ပင် ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူတို့ လုံးဝ မယှဉ်နိုင်သည့် အဆင့်သို့ ရောက်နေပြီမှန်း သိနိုင်ပေသည်။ ဤကောင်လေးနှင့် သူတို့နှစ်ဦးသည် ကျင့်ကြံခြင်းအဆင့် ကွာခြားရုံလေး သက်သက်ပင် မဟုတ်တော့ချေ။
“တိုက်ကွက်ကတော့ မဆိုးဘူး” ရန်ကိုင်က ရယ်မော၍ “ဒါပေမယ့် အားရှိမနေဘူး။ မင်းကျင့်ကြံခြင်းက အရမ်း နိမ့်လွန်းနေတယ်။ ပညာရပ်ဘယ်လောက် ကောင်းကောင်း ကျင့်ကြံခြင်း မမြင့်လို့ကတော့ ဘာမှ ထူးမှာ မဟုတ်ဘူး”
ရန်ကိုင်၏စကားသည် သူတို့အပေါ် စော်ကားသလို ဖြစ်နေသော်ငြား သူပြောနေသည်မှာ တကယ်ကို အမှန်ဖြစ်၏။
ကျင့်ကြံခြင်းတွင် ဘယ်သူ အရင်စကျင့်ကြံသလဲ ဆိုသည်မှာ အရေးမကြီးဘဲ မည်သူက ကျင့်ကြံခြင်းအဆင့် ပိုမြင့်မားလဲ ဆိုသည်ကသာ အရေးပါပေသည်။ ရန်ကိုင်သည် သူတို့ထက် ငယ်သော်ငြား သူ့ခွန်အားသည် ထိုကဲ့သို့ ပြောနိုင်ရန် လုံလောက်၏။
ပြောပြီးသည့်နောက်တွင် ရန်ကိုင် မျက်နှာ သုန်မှုန်သွားခဲ့၏ “ခင်ဗျားတို့နှစ်ယောက် လောကကြီးတစ်ခုလုံး ဘာတွေ ဖြစ်နေလဲ ဆိုတာကို ဂရုမစိုက်ဘဲ ဒီမှာပုန်းပြီး ရေနွေးကြမ်းသောက်၊ တာအိုအကြောင်း ဆွေးနွေးနေတာ ခင်ဗျားတို့စိတ်ထဲ တကယ်ကော လွတ်လပ်ရဲ့လား”
လင်းယုဟောင်နှင့် ရီကျန်းခိုင်သည် လိပ်ပြာမလုံသည့် အမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရန်ကိုင်က လှောင်ပြုံးပြုံး၍ ဆက်ပြောလိုက်လေသည် “ခင်ဗျားတို့ တကယ်ကြီး စိတ်အေးလက်အေး ဖြစ်နေတယ်ဆိုရင် ကျုပ်ပြောတာကို မေ့လိုက်လို့ရတယ်။ ဒါပေမယ့် ဖြစ်မယ်လို့တော့ကျုပ်မထင်ပါဘူး။ ဒီလောကကြီးကနေ ထွက်ပြေးချင်နေတယ်ဆိုပြီး ဘာလို့ ဒီလောကကြီးကို ဂရုစိုက်နေသေးတာလဲ။ ဘာမှမဟုတ်တာတွေအတွက် ဘာလို့ ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်နေကြတာလဲ။ တကယ်ကို ရယ်စရာပဲ။ လုပ်ရင်ရင် တစ်ဘဝလုံး တောတောင်ထဲဝင်ပြီးသာ သွားနေလိုက်။ အဲ့လို မလုပ်ချင်ဘူးဆိုရင်လဲ သေမျိုးလောကထဲ သွားပြီး သေမျိုးတွေရဲ့ ဘဝအကြောင်းကို ခံစားလို့ရတယ်။ သိုင်းတာအိုလမ်းစဉ်မှာ ကိုယ့်နှလုံးသားက လွတ်လွတ်လပ်လပ်နဲ့ အေးချမ်းနေဖို့လိုတယ်။ ယုံကြည်ချက်လည်း ဘယ်တော့မှ ယိမ်းယိုင်သွားလို့မဖြစ်ဘူး။ စွန့်စားနိုင်ဖို့လည်း လိုတယ်။ အရာရာကို အရှုံးအမြတ်ပဲ လိုက်တွေးနေမယ်ဆိုရင် ဒီတစ်သက်လုံး ခင်ဗျားတို့ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူး”
“လွတ်လွတ်လပ်လပ်နဲ့ အေးချမ်းနေဖို့လိုတယ်” လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့ နှစ်ဦးစလုံး အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အတွေးနက်နေသည့် အမူအရာ သူတို့နှစ်ဦး၏ မျက်နှာထက် ထွက်ပေါ်လာခဲ့သည်။ နှစ်ဦးစလုံး၏ မျက်နှာ အမူအရာသည် အချိန်နှင့်အမျှ ပြောင်းလြနေ၏။ တစ်ခုခုကို နားလည်သဘောပေါက်ရန် ကြိုးစားနေသည့်အလား သူတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားလိုက်၊ စိတ်ရှုပ်သွားလိုက် ဖြစ်နေခဲ့ကြလေသည်။
ထိုနှစ်ယောက်ကိုကြည့်ရင်း ရန်ကိုင် ရယ်လိုက်သည်။ ထို့နောက် လင်းအာဆိုသော မိန်းကလေးကို လက်ယပ်ခေါ်လိုက်၏ “မိန်းကလေး ရေနွေးကြမ်း နောက်တစ်ခွက်လောက် ထပ်ထည့်ပေးပါဦး။ မျက်နှာကြီး ဆူပုပ်ပုပ် လုပ်မနေနဲ့လေ။ ဒေါသထွက်တယ်ဆိုတာ မကောင်းဘူး”
လင်းအာသည် နှုတ်ခမ်းကိုကိုက်လျက် လက်ဖက်ရည်အိုးကို သူမ၏ အသက်တမျှ တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ရန်ကိုင်ကိုလည်း စူးရဲစွာ ပြန်စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင် ရှက်ရှက်ဖြင့် နှာခေါင်းသာ ပွတ်လိုက်သည်။
ထိုစဉ် လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့သည် ရုတ်တရက် မာန်သွင်းအော်ဟစ်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ သူတို့၏ အော်ဟစ်သံတို့နှင့်အတူ လေပြင်းများ၊ တိမ်တိုက်များ ထွက်ပေါ်လာခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ဘုံကိုးခုထွတ်မြတ်နယ်မြေတစ်ခုလုံး မိုးကြိုးတိမ်တိုက်များ၏ လွှမ်းခြုံသွားခြင်း ခံလိုက်ရလေသည်။
“အို၊ သူတို့ အဆင့်တက်သွားတော့မှာပဲ” ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း ရေရါတ်လိုက်သည်။
သူစကားလေး နည်းနည်းပါးပါးကြောင့် ထိုနှစ်ဦး နောက်တစ်ဆင့်သို့ ရောက်သွားလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။ သူ့စကားလေး နည်းနည်းလောက်နဲ့ အဆင့် တက်သွားသည်ကို ကြည့်လျှင် ထိုနှစ်ဦးသည် အတော်လေး ပါရမီရှိသည်ဟု ပြောနိုင်၏။ ထုန်းရွှမ်လောကကြီး၏ ကျဲပါးသော မိုးမြေစွမ်းအင်ကြောင့်သာ နောက်တစ်ဆင့်သို့ မတက်နိုင်ခြင်း ဖြစ်သည်။
ကောင်းကင်ပေါ်သို့ ပျံတက်လာပြီးနောက် လင်းယုဟောင်နှင့် ရီကျန်းခိုင်သည် ချက်ချင်း လူချင်းခွဲလိုက်ပြီး မိုးမြေကောင်းချီး အသီးသီးကို ရင်ဆိုင်ကြရန် ပြင်လိုက်လေသည်။
“သခင်လေးနှစ်ယောက်ကို ရှင်ဘာလုပ်လိုက်တာလဲ” လင်းအာသည် ငိုတော့မည့်မျက်နှာဖြင့် ရန်ကိုင်ဆီသို့ ပြေးလာပြီး အကျယ်ကြီး အော်မေးလိုက်လေသည်။
အခြားမိန်းကလေးများသည်လည်း ဒေါသတကြီး အမူအရာများဖြင့် ချက်ချင်းပဲ ရန်ကိုင်ကို ဝိုင်းလိုက်ကြလေသည်။ သူတို့၏ ရုပ်များသည် လင်းယုဟောင်နှင့် ရီကျန်းခိုင်သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် ရန်ကိုင်အား အသေတီးတော့မည့် ရုပ်များပင်။
“ငါဘာလုပ်လိုက်လို့လဲ။ ဘာမှမလုပ်ပါဘူး။ နင်တို့လည်း မြင်တာပဲ” ရန်ကိုင်က ပြန်ပြောလိုက်လေသည် “ငါသူတို့နဲ့ စကားလေး နည်းနည်းပါးပါးလောက် ပြောနေတာပဲရှိတာလေ”
“ဒါဆို သူတို့ ဘာလို့ ဒီလို ဖြစ်သွားတာလဲ” လင်းအာသည် တကယ်ကို ငိုခါနီး ဖြစ်နေခဲ့သည်။
“စိတ်ပူမနေနဲ့။ သူတို့ ပြန်ဆင်းလာရင် ပိုပြီး အားကောင်းလာကြမှာ” ရန်ကိုင်က ရှင်းပြလိုက်သည်။
“နင်ပြောတာကို ယုံမယ့်လူကိုပဲ သွားပြောပြနေလိုက်။ ခွေးကောင်၊ ညီမတို့၊ ဒီကောင့်ကို တီးကြရအောင်” မျက်နှာ ဝိုင်းဝိုင်းနှင့် မိန်းကလေးတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်လေသည်။
သူမ ပြောပြီးသည်နှင့် မိန်းကလေးအားလုံးသည် လက်သီး ကျစ်ကျစ်ဆုပ်၍ ရန်ကိုင်အား ဝိုင်းထားကြလေသည်။
“ဟန်၊ သူဘယ်ရောက်သွားတာလဲ” ချက်ချင်းဆိုသလို လင်းအာ၏ အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ အစောပိုင်းက ထိုင်ခုံပေါ်တွင် ထိုင်ခုံနေခဲ့သော ရန်ကိုင်သည် ရုတ်တရက်ကြီး ပျောက်ခြင်းမလှ ပျောက်သွားခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့၏ လက်သီးချက်များသည် ရန်ကိုင်ကို မထိုးမိဘဲ လေကိုသာ ထိုးမိလိုက်လေသည်။
“သူက… သရဲလား” မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးက ဖြူဖတ်ဖြူလျော် အမူအရာဖြင့် ပြောလိုက်သည်။
သူမ စကားကိုကြားလိုက်သည့်အခိုက် မိန်းကလေးအားလုံး ဖြူဖတ်ဖြူလျော်ဖြစ်ကာ တုန်ရီကုန်ကြလေသည်။
တောင်ထွတ်ကိုးလုံးအနက် တစ်လုံးပေါ်၌… ရန်ကိုင်သည် သက်ပြင်းတစ်ချက် ချလိုက်လေသည် “အခုခေတ် မိန်းကလေးတွေက တကယ်ကို ဘာမှမကြောက်ကြတာပါလား”
ထိုမိန်းကလေးများ၏ ကျင့်ကြံခြင်းမှာ မမြင့်လှသော်ငြား လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့အား ကာကွယ်ပေးချင်စိတ် မှာတော့ တကယ်ကို ပြင်းထန်ပေသည်။ ထိုလူများနှင့်အတွေ့တွင် ရန်ကိုင်လည်း တကယ်ကို ကူကယ်ရာမဲ့ရသည်။ သူသာ ထိုနေရာ၌ ဆက်နေလျှင် လူအုပ်ကြီး ပိသွားပေတော့မည်။ ထို့ကြောင့် ထွက်လာခဲ့လိုက်ခြင်း ဖြစ်သည်။
ကောင်းကင်ထက်၌ လူနှစ်ဦးသည် လေထဲဝဲလျက် မိုးမြေကောင်းချီးစွမ်းအားကို ရင်ဆိုင်နေခဲ့ကြသည်။
အချိန်အတော်ကြာသွားပြီးနောက်တွင် ဘုံကိုးခုထွတ်မြတ် နယ်မြေရှိ အနက်ရောင်တိမ်တိုက်များမှာ တဖြည်းဖြည်း လွင့်စင်ကျဲပါးကာ ပျောက်ကွယ်သွားခဲ့ကြလေသည်။
လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့ ချက်ချင်း ပြန်ဆင်းလာကြ၏။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ထရယ်ကြလေသည်။
နှစ်ယောက်စလုံးသည် သူတော်စင်အဆင့်မှ သူတော်စင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်ကြလေပြီ။
“သခင်လေးတို့ အဆင်ပြေရဲ့လား” လင်းအာနှင့် အခြား မိန်းကလေးများသည် လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့ဆီ စိုးရိမ်တကြီး ပြေးလာကြလေသည်။
“ငါဆို့ အဆင်ပြေပါတယ်။ ဒါနဲ့ ဟိုရောင်းရင်းကော” လှည့်ပတ်ကြည့်လိုက်သော်လည်း ရန်ကိုင်ကို မတွေ့သဖြင့် လင်းယုဟောင်က မေးလိုက်လေသည်။
“အဲ့သရဲကို ကျွန်မတို့ မောင်းထုတ်ပစ်လိုက်ပြီ” လင်းအာက သူမ၏ လက်သီးကို ဝှေ့ရမ်း၍ အခိုင်အမာ ပြောဆိုလိုက်သည်။
“သရဲ…” ရီကျန်းခိုင် မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။ ရန်ကိုင် မည်မျှ သန်မာမှန်းကို မသိသော်လည်း လင်းယုဟောင်နှင့် သူ့အား စကားလုံးအနည်းငယ်ဖြင့် အဆင့်တက်သွားအောင် လုပ်ပေးနိုင်သည်ကို ကြည့်လျှင် ရန်ကိုင်သည် သူတို့ မော်သာ ကြည့်ရမည့် အဆင့်တွင် ရှိနေသူတစ်ဦးဖြစ်မှန်း သိနိုင်ပေသည်။ သူတို့ အဆင့်ချိုးဖျက်ပြီးသွားသည့်တိုင် သူတို့ကိုယ်သူတို့ ရန်ကိုင်နှင့် သွားမယှဉ်ရဲသေးပေ။
ထိုကဲ့သို့သော ပညာရှင်တစ်ဦးကို ထိုမိန်းကလေးများက သရဲဟု ပြောနေသည်။
“နင်တို့ တကယ်ကြီး သူ့ကို မောင်းထုတ်လိုက်တာလား” လင်းယုဟောင် စိတ်ပျက်သွားခဲ့သည်။
“ကျွန်မတို့ မှားသွားလို့လားဟင်” လင်းအာက ရင်တထိတ်ထိတ်နှင့် ပြန်မေးလေသည်။
“မမှားဘူး။ မမှားဘူး” ရီကျန်းခိုင်က အလျင်စလို လက်ဝှေ့ရမ်း၍ “ဒီကိစ္စက နင်တို့နဲ့ မဆိုင်ဘူး။ နင်တို့…”
ရီကျန်းခိုင်သည် ဆုံးအောင်ပင် မပြောရသေးခင်မှာပဲ ရုတ်တရက် ရပ်သွားခဲ့သည်။ နားကိုစွင့်ကာ သေချာ နားထောင်နေ၏။ ရုတ်တရက် ဝမ်းသာနေသည့် အမူအရာ သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့သည်။ လင်းယုဟောင်ဆီသို့ လှမ်းကြည့်လိုက်ရာ လင်းယုဟောင်သည်လည်း သူ့ကဲ့သို့ ပျော်နေကြောင်း တွေ့လိုက်ရလေသည်။
“နင်တို့ ဒီမှာခဏစောင့်နေဦး။ ငါတို့ ခဏကြာရင် ပြန်လာခဲ့မယ်” ပြောပြီးသည်နှင့် လင်းယုဟောင်သည် ရီကျန်းခိုင်နှင့်အတူ တစ်နေရာသို့ ထွက်သွားလေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ရန်ကိုင် ရှိနေသည့် တောင်ထွတ်ဆီသို့ ရောက်လာခဲ့သည်။ ရန်ကိုင်ကို မြင်လိုက်သည့် အခါ နှစ်ဦးစလုံး ချက်ချင်း လက်သီးဆုပ်ကာ ပြောလိုက်လေသည် “အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အစောပိုင်းက ဖြစ်ခဲ့တာတွေအတွက် စီနီယာ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ရန်ကိုင် အသက်ဘယ်လောက်လဲ ဆိုသည်ကို မသိရသေးသော်ငြား ရန်ကိုင်သည် သူတို့ထက် သန်မာသည့် ကျင့်ကြံသူဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် ကိုယ့်ထက် ပိုအားကောင်းသည့်လူအား စီနီယာဟု ခေါ်သည်မှာ သဘာဝသာ ဖြစ်သည်။
“စီနီယာလား” ရန်ကိုင်က နှာခေါင်းကိုပွတ်လျက် ရယ်သွမ်းသွေးလျက် “ကျုပ်ကို စီနီယာလို့ ခေါ်နေစရာ မလိုပါဘူး။ ကျုပ်က အခုမှ ငယ်ငယ်လေးပဲ ရှိသေးတယ်။ ပြီးတော့ ခင်ဗျားတို့ အဆင့်တက်သွားတာ ခင်ဗျားတို့ကြောင့်ပဲလေ။ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး”
လင်းယုဟောင်နှင့် ရီကျန်းခိုင်သာ တိုက်ကြီးကို ကာကွယ်ရန် မကြိုးစားဘဲ ဆက်ပြီးတော့သာ ရေနွေးကြမ်းလေးသောက်ရင်း ကျားထိုင်တိုးနေဦးမည်ဆိုပါက ရန်ကိုင်လည်း သူတို့ နှစ်ဦးကို လုံးဝ လျစ်လျုရှုထားမိပေလိမ့်မည်။
အစကမူ ထိုနှစ်ဦးကို ဘုံကိုးခုထွတ်မြတ်နယ်မြေမှ မောင်းထုတ်ဖို့ လုပ်ထားခြင်း ဖြစ်သည်။ ဘုံကိုးခုထွတ်မြတ် နယ်မြေသည် သူ့အပိုင်ဖြစ်သည်။ ထို့အပြင် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်တစ်ခုကို ဤနေရာ၌ ခင်းကျင်းရန် စဉ်းစားထားသည်။ ထို့ကြောင့် ဤနေရာတွင် အခြားတစ်ယောက် ရှိနေမည်ကို သူမမြင်ချေ။ သို့သော်လည်း ထိုနှစ်ဦးသည် စိတ်ကောင်းရှိသည့်လူများမှန်း သိလိုက်သည့်နောက် နောက်ထပ် အကြံဥာဏ်တစ်ခုကို ရန်ကိုင် စဉ်းစားမိသွားသည်။
လင်းယုဟောင်သည် ရီကျန်းခိုင်ဘက်သို့ လှည့်ကြည့်ပြီးနောက် ရန်ကိုင်ဘက်သို့ ပြန်လှည့်ကာ မေးလိုက်၏ “အဲ့ဒါဆို… ဒီက မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ”
“ရန်ကိုင်”
“ရန်ကိုင်” ရီကျန်းခိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည် “ဒီနာမည်ကို ငါတစ်နေရာရာမှာ ကြားဖူးနေသလိုပဲ… ဘယ်မှာ ကြားဖူးတာပါလိမ့်မယ်”
“လူကြီးမင်း။ ခင်ဗျားက…” လင်းယုဟောင်ကမူ ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်ရင်း “အဲ့တစ်ယောက်တော့…”
ရန်ကိုင်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“တကယ်ကြီး အဲ့တစ်ယောက်လား” လင်းယုဟောင် လုံးဝကို မှင်သက်သွားခဲ့လေသည်။
“ရောင်ဂရင်းလငင်း…” ရီကျန်းခိုင်သည် လင်းယုဟောင် ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ရန်ကိုင်ဆိုသည့် နာမည်ကို မည်သည့်နေရာတွင် ကြားဖူးမှန်း ယခုထိ မစဉ်းစားမိသေးပေ။
“ရောင်းရင်းရီက တကယ် မေ့တတ်တာပဲ” လင်းယုဟောင်က ခါးသက်စွာပြုံးလျက် “အခုပဲ တော်ဝင်သခင် လမ်းစဉ်အတိုင်း လိုက်ကြမယ်လို့ ပြောနေခဲ့တာ မဟုတ်ဘူးလား။ တကယ့် တော်ဝင်သခင်က ကျုပ်တို့ရှေ့ ရောက်နေပြီလေ။ ရောင်းရင်းရီ အခုထိ မမှတ်မိသေးတာလား”
ရီကျန်းခိုင်က အသံတုန်တုန်ရီရီဖြင့် “တော်ဝင်သခင်…. မင်းက တော်ဝင်သခင်လား”
ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်သည် ထုန်းရွှမ်လောကကြီးတွင် မဟာနတ်ဆိုးနတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင်။ သူသည် ဒဏ္ဏာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
လူပေါင်းများစွာသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်ကို သိကြသော်လည်း သူ့နာမည်ကိုတော့ မသိကြပေ။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် လူပေါင်း များစွာသည် မဟာနတ်ဆိုးနတ်ဘုရားကို မေ့သွားကြလေပြီ။ ထိုနည်းတူစွာ ရန်ကိုင်၏ နာမည်ကိုလည်း လူတော်တော်များများ မေ့သွားကုန်ကြလေပြီ.
ရီကျန်းခိုင်သည် ရန်ကိုင်၏ နာမည်ကို အတော်ကြာသည်အထိ မမှိတ်မိခဲ့ချေ။ လီမင်ဟိုင် ပြောလိုက်သည့်အခါမှပဲ မှတ်မိတော့သည်။
ချက်ချင်းဆိုသလို သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ချွေးအေးတို့ သူ့နဖူးထက် ဝေ့သီလာခဲ့လေသည်။ ချက်ချင်းပဲ လက်သီးဆုပ်၍ တောင်းပန်လိုက်လေသည် “တော်ဝင်သခင်ရန် ဖြစ်နေတာကိုး။ ကျုပ်တို့ မမှတ်မိလိုက်တာကို တော်ဝင်သခင်ရန်ကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”
လင်းယုဟောင်ကလည်း တောင်းပန်လိုက်လေသည် “တော်ဝင်သခင် ပြန်ရောက်လာပြီဆိုတော့ ရောင်းရင်းရီနဲ့ကျုပ် ဒီကနေ ချက်ချင်း ထွက်သွားပေးပါမယ်။ ဒီနေရာမှ နေထိုင်မိတဲ့ အပေါ် တော်ဝင်သခင် ကျုပ်တို့ကို အပြစ်မမြင်ဖို့ တောင်းဆိုပါတယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၂၈)
အကြောင်းမကြား အသိမပေးဘဲ အခြားတစ်ဦးကို နေရာတွင် ပိုင်စိုးပိုင်နက် ဝင်နေခြင်းသည် တရားမဝင်သည့် ကိစ္စတစ်ရပ် ဖြစ်၏။ ဘုံကိုးခုထွတ်မြတ်နယ်မြေသည် နှစ်ပေါင်းများစွာကြာ ပိုင်ရှင်မဲ့နေခဲ့သော်လည်း ထိုနေရာသည် သူတို့ ဝင်နေချင်တိုင်း နေလို့ရသည့် နေရာတစ်ခု မဟုတ်ချေ။ ရန်ကိုင်သာ သူတို့ အပေါ် မေးခွန်းထုတ်လာခဲ့လျှင် နှစ်ပြားမတန်အောင် ပြန်၍ ပေးဆပ်နေရပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင် မည်သူမှန်း သိလိုက်သည့်နောက်တွင် ဤနေရာမှ ချက်ချင်း ထွက်သွားရန် လင်းယုဟောင် ဆုံးဖြတ်လိုက်ခြင်းပင်။
“ဘာလို့လဲ။ ခင်ဗျားတို့ ထွက်သွားစရာ မလိုပါဘူး” ရန်ကိုင်က ရယ်မော၍ ပြောလိုက်သည်။
သို့သော်လည်း လင်းယုဟောင်မှာတော့ ရန်ကိုင်၏ ရယ်သံကို ကြားလိုက်သည်နှင့် ချက်ချင်း ကြောက်ကြောက်လန့်လန့် ဖြစ်သွားပြီး အသည်းအသန် ပြန်ရှင်းပြလိုက်လေသည် “တော်ဝင်သခင်ရန်၊ တော်ဝင်သခင် ထုန်းရွှမ်လောကကြီးမှာ ရှိနေသေးမှန်း မသိလို့ ကျုပ်နဲ့ ရောင်းရင်းရီ ဒီမှာ နေလိုက်မိတာပါ။ တော်ဝင်သခင် ဒီကနေ ထွက်သွားပြီလို့…”
“ရှင်းပြနေစရာမလိုဘူး။ ကျုပ်ခင်ဗျားတို့ကို ပြဿနာ ရှာနေတာ မဟုတ်ဘူး” ရန်ကိုင်က ဖြတ်ပြောလိုက်လေသည် “ခင်ဗျားတို့ ဒီနေရာကိုကြိုက်ရင် စိတ်ကြိုက်နေလို့ရတယ်”
“စိတ်ကြိုက်နေလို့ရတယ်” ယခုတစ်ကြိမ်တွင်တော့ နှစ်ယောက်စလုံး မှင်သက်သွားခဲ့လေသည်။ ရန်ကိုင် ဘာတွေ ကြံလို့ကြံနေမှန်း သူတို့ လုံးဝ မစဉ်းစားတတ်တော့ချေ။
“ဟုတ်တယ်။ ခင်ဗျားတို့ စိတ်ကြိုက်နေလို့ရတယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည် “ဒါပေမယ့် ခင်ဗျားဘက်က တစ်ခုတော့ ပြန်လုပ်ပေးရမယ်”
လင်းယုဟောင် တိတ်သွားခဲ့သည်။ ခဏအကြာ၍ သတိကြီးကြီးထား၍ ပြန်မေးလိုက်လေသည် “ကျုပ်တို့ဘက်က ဘာလုပ်ပေးရမလဲဆိုတာကို တော်ဝင်သခင်ရန် တစ်ချက်လောက် ပြောပြပေးလို့ရမလား”
“ဘာမှဒီလောက်မဟုတ်ဘူး။ အရမ်းကြီး စိတ်ပူမနေနဲ့” ရန်ကိုင်က ပြုံးလျက် “ခင်ဗျားတို့ လုပ်ဖို့လိုတာက ဒီနေရာကို စောင့်ကြည့်ပေးဖို့ပဲ။ အခြားလူတွေ ဒီနေရာကို ဝင်မလာအောင် တားပေးရမှာ။ ကျုပ်ဒီမှာ အစီအရင်တစ်ခု ခင်းကျင်းမလို့။ ခင်ဗျားတို့ တာဝန်က အဲ့အစီအရင်ကို စောင့်ကြပ်ပေးဖို့ပဲ”
“အဲ့လောက်ပဲလား” ရီကျန်းခိုင် အလွန်ကိုမှ အံ့အားသင့်သွားခဲ့သည်။
“ဟုတ်တယ်။ အဲ့လောက်ပဲ” ရန်ကိုင်က ခေါင်းညိတ်၍ “ခင်ဗျားတို့ မလုပ်ချင်လည်း ကိစ္စမရှိဘူးနော်။ ကျုပ်ဘယ်သူ့ကိုမှ တွန်းအားမပေးဘူး။ ခင်ဗျားတို့ မလုပ်ချင်ရင် အခြားတစ်ယောက် သွားရှာလို့ရတယ်”
လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်စလုံး ဆုံးဖြတ်ရ ခက်နေ၏။
ရန်ကိုင်သည် ထိုကိစ္စအား အေးအေးဆေးဆေးပုံစံဖြင့် ရှင်းပြသွားသော်လည်း ဤအစီအရင်သည် အလွန်ကိုမှ အရေးကြီးသည့် အစီအရင်တစ်ခုမှန်း သေချာပေသည်။ သူတို့သာ ထိုအစီအရင်ကို မစောင့်ကြပ်နိုင်ခဲ့လျှင် ရန်ကိုင်၏ အမျက်ဒဏ်ကို ခံရနိုင်သည်။ ရန်ကိုင် ပြသွားသည့်ခွန်အားအရ သူပေးမည့် အပြစ်ဒဏ်သည် သူတို့ ခံနိုင်သည့် ပြစ်ဒဏ်မျိုး မဟုတ်ချေ။
နှစ်ယောက်စလုံး ကောင်းကင်စိတ်အာရုံဖြင့် အချင်းချင်း ဆွေးနွေးတိုင်ပင်နေခဲ့ကြသည်။ သို့ရာတွင် အဖြေကား ထွက်မလာခဲ့။
“ကြည့်ရတာ ခင်ဗျားတို့ သိပ်မလုပ်ချင်တဲ့ပုံပဲ။ အဲ့ဒါဆို ထားလိုက်တော့။ အခြားတစ်ယောက်ပဲ သွားရှာလိုက်တော့မယ်။ ကျင့်ကြံခြင်းနိမ့်လည်း ကိစ္စမရှိဘူး။ ကျုပ်ကနေ မှော်ရတနာတွေ၊ ဆေးလုံးတွေ၊ ကျင့်စဉ်တွေ ပေးထားမှာပဲကို။ အဲ့လောက်ဆိုရင် ဒီနေရာကို စောင့်ကြပ်လို့ရနေပြီ” ပြောပြီးသည့်နောက် ရန်ကိုင်သည် ထွက်သွားရန် လုပ်လိုက်လေသည်။
“နေပါဦး” လင်းယုဟောင်က အလျင်စလို လှမ်းတား၍ “တော်ဝင်သခင်ရန်၊ နေပါဦး၊ ကျုပ်တို့ ဆုံးဖြတ်ပြီးပါပြီ”
“တကယ်လား” ရန်ကိုင်က လှည့်ကြည့်လိုက်သည်။
“ဟုတ်တယ်” ရီကျန်းခိုင်က အလျင်အမြန် ခေါင်းညိတ်၍ “အရင်တုန်းက တော်ဝင်သခင်က မျိုးနွယ်စုသုံးခုကို ဦးဆောင်ပြီး တိုက်ကြီးကို ပြင်ပရန်သူတွေလက်ထဲကနေ ကာကွယ်ပေးခဲ့ပေမယ့် ကျုပ်တို့က ဘာမှမလုပ်ခဲ့ဘူး။ ကျုပ်တို့ကျင့်ကြံခြင်းက နိမ့်ကျနေပေမယ့် အခုလည်း တော်ဝင်သခင်ရန်ဆီကနေ အကူအညီ ရခဲ့ပြန်သေးတယ်။ ကျုပ်တို့ဘဝတွေကို ဒီလိုဘဝမျိုးမှာပဲ ဆက်ပြီး အချိန် မဖြုန်းချင်တော့ဘူး။ ဒီတိုက်ကြီးရဲ့ ငြိမ်းချမ်းရေးအတွက် တတ်စွမ်းသလောက် ကူညီပေးချင်တယ်”
“တော်ဝင်သခင် ဘယ်လို အစီအရင်အကြောင်းကို ပြောနေလဲ မသိပေမယ့် တော်ဝင်သခင်ကိုယ်တိုင် ခင်းကျင်းထားတဲ့ အစီအရင် ဆိုမှတော့ ဒီတိုက်ကြီးရဲ့ လုံခြုံရေးအတွက် အရေးပါမှာတော့ သေချာတယ်။ ဒီတော့ အဲ့အစီအရင်ကို စောင့်ကြပ်ပေးရမှာက ကျုပ်တို့ တာဝန်ပဲပေါ့” လင်းယုဟောင်က ပြောလိုက်လေသည်။
“ခင်ဗျားတို့ မလုပ်ချင်ရင် အတင်းလုပ်နေစရာ မလိုပါဘူး” ရန်ကိုင်က ခေါင်းကိုပွတ်၍ “အခြားသူတွေကို တွန်းအားပေးရတာမျိုး ကျုပ်မကြိုက်ဘူး။ အစီအရင်ကို ကာကွယ်မယ်ဆို တောက်လျှောက် ကာကွယ်ပေးနေရာမှာ။ အဲ့ဒါမျိုးက တော်တော် ပျင်းစရာကောင်းတာ။ ကာကွယ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ခင်ဗျားတို့တင် မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ မျိုးဆက်တွေပါ ဆက်ပြီး ကာကွယ်ပေးနေရမှာ”
“အဲ့ဒါက သိပ်ခက်ခဲတယ်လို့ မထင်ပါဘူး” ရီကျန်းခိုင်က ဂုဏ်ယူစွာဖြင့် “ရောင်းရင်းလင်းနဲ့ ကျုပ်က လူတွေ အုတ်အုတ်ကျက်ကျက်နဲ့ နေရတာမျိုး မကြိုက်ဘူး။ အေးအေးဆေးဆေး နေရတာမျိုးကိုပဲ ကြိုက်တာ။ တော်ဝင်နယ်မြေက လှလည်းလှတယ်။ မိုးမြေစွမ်းအင်လည်း ကြွယ်ဝတယ်။ ဒီနေရာမှာ နေပြီး အစီအရင်ကို ကာကွယ်ပေးရတာ ဘယ်လိုလုပ်ပြီး ပျင်းစရာ ဖြစ်မှာလဲ”
“ရောင်းရင်းရီပြောတာ အမှန်ပဲ” လင်းယုဟောင်က ခေါင်းညိတ်၍ “ဒီကိစ္စက အရမ်း အရေးကြီးမှာ သေချာတယ်။ တော်ဝင်သခင် စိတ်ထဲ ရွေးပြီးသားလူ မရှိသေးဘူးဆိုရင် ကျုပ်တို့ နှစ်ယောက်ကို ရွေးလို့ရပါတယ်”
“ဒါပေမယ့် ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းက နည်းနည်း နိမ့်နေတယ်” ရန်ကိုင်က မေးစေ့ကိုပွတ်၍ ပြောလိုက်သည်။
“ကျုပ်တို့က အဲ့လောက် အသက်မကြီးသေးဘူးလေ။ ပြီးတော့ ကျုပ်တို့က သူတော်စင်အဆင့်ကို ကျော်ဖြတ်ပြီးနေပြီ။ ဆက်ပြီးတော့သာ ကျင့်ကြံနေမယ်ဆိုရင် ကျုပ်တို့ရဲ့ ခွန်အားက ပိုပြီး မြင့်တက်လာနေမှာ” လင်းယုဟောင်က ပြောလိုက်လေသည်။
ခဏကြာအောင် စဉ်းစားပြီးနောက်တွင် ရန်ကိုင်က သက်ပြင်းချ၍ “ခင်ဗျားတို့က အဲ့လောက် လုပ်ချင်နေမှတော့ ဒီတာဝန်ကို ခင်ဗျားတို့ဆီပဲ ပေးခဲ့ရတော့မှာပေါ့။ ဒီကိစ္စကို ခင်ဗျားတို့ ပေါ့ပြက်ပြက် သဘောထားလို့ မရဘူးနော်။ ကျုပ်ခင်းသွားတဲ့ အစီအရင်ကို ခင်ဗျားတို့ သေချာကာကွယ်မှ အဆင်ပြေမှာ”
“တော်ဝင်သခင် စိတ်ချထားလိုက်ပါ။ ကျုပ်တို့ အသက်ရှင်နေသရွေ့ ဘယ်အပြင်လူမှ ဒီနေရာကို ခြေမချနိုင်စေရပါဘူး။ ဝင်လာတဲ့လူတိုင်းကို ခြေငါးလှမ်း ကျော်လာတာနဲ့ တစ်ခါတည်း သတ်ပစ်လိုက်ပါ့မယ်” လင်းယုဟောင်က ပြန်ပြောလိုက်သည်။
“ကောင်းတယ်။ အဲ့လို စိတ်ဓါတ်မျိုးကိုမှ ကျုပ်ကြိုက်တာ။ ဒါဆိုရင် တော်ဝင်နယ်မြေကို ခင်ဗျားတို့လက်ထဲပဲ အပ်ထားခဲ့လိုက်တော့မယ်။ သေချာ ဂရုစိုက်ထားနော်”
ထိုစကားကို ကြားသည့်အခါ လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့ ပျော်သွားခဲ့သည်။ ချက်ချင်းပဲ အပြုံးကြီးပြုံးလျက် “ဟိုတော်ဝင်သခင် ပြောခဲ့တဲ့ ဆေးလုံးတွေ၊ ကျင့်စဉ်တွေကလေ…”
“ပြီးတော့ မှော်ရတနာတွေ.. အဟွတ်.. အဟွတ်…” လင်းယုဟောင်က ရှက်ရှက်ဖြင့် ချောင်းဟန့်လိုက်သည်။
“ခင်ဗျားတို့အတွက် သင့်တော့်လောက်မယ့်ဟာတွေ ရှာပေးမယ်” ပြောပြီးသည်နှင့် ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို လှန်လှောရှာဖွေတော့လေသည်။
သူ့သိုလှောင်လက်စွပ်ထဲတွင် ရန်သူများကို သတ်ပြီး ရလာသည့် ပစ္စည်းများစွာ ရှိနေပေသည်။ ထို့ကြောင့် လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့အတွက် ပစ္စည်းများစွာ ရှိနေခဲ့သည်။ ခဏကြာအောင် ရှာပြီးနောက်တွင် သူတော်စင်ဘုရင်အဆင့် မှော်ရတနာများနှင့် ဆေးလုံးများစွာကို ထုတ်ပေးလိုက်သည်။ ကျင့်စဉ်နှစ်မျိုးနှင့် အခြား သင့်တော်သည့် ပညာရပ်များကိုလည်း သင်ပေးလိုက်ပေသေးသည်။
လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့သည် သူတို့ တစ်ဘဝလုံး သူတော်စင်အဆင့် မှော်ရတနာများနှင့် ဆေးလုံးများကို တစ်ခါမှ မမြင်ဖူးချေ။ ထို့ကြောင့် ရန်ကိုင် ပေးလာသည့် ပစ္စည်းများကို မြင်ပြီးနောက် အလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့ကြလေသည်။
ရန်ကိုင်သည် သူတို့အတွက် တံခါးအသစ်တစ်ချပ်အား ဖွင့်ပေးလိုက်သလိုပင်။
ပျော်နေပြီးနောက်တွင် ရီကျန်းခိုင်သည် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ချက်ချင်းပဲ အလေးအနက် လေသံဖြင့် ပြောလိုက်သည် “ဒါနဲ့ တော်ဝင်သခင်ရန် ဒီမှာ မရှိတုန်းက ထုန်းရွှမ်လောကကြီးမှာ ကိစ္စတွေအများကြီး ဖြစ်သွားတယ်။ အပြင်လူတွေ ရောက်လာပြီး သောင်းကျန်းနေတာ အခုထိပဲ။ တော်ဝင်သခင်ရန် သူတို့ကို ရှင်းပစ်မလားမသိဘူး”
“အဲ့ကိစ္စနဲ့ ပက်သက်ပြီး စိတ်ပူမနေနဲ့။ သူတို့ ခေါင်းဆောင်ကို ကျုပ်ရှင်းပစ်လိုက်ပြီ။ ကျန်တဲ့ အမှိုက်တွေကိုလည်း ကျုပ်မိတ်ဆွေ လိုက်ရှင်းနေတယ်။ မကြာခင် ထုန်းရွှမ်လောကကြီး အရင်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
ရန်ကိုင် ပြောသည်ကိုကြားလိုက်သည့်အခါ လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့ အလွန် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
အပြင်လူများ မည်မျှအားကောင်းသည်ကို မသိကြသော်ငြား ထုန်းရွှမ်လောကကြီးရှိ မည်သည့် အင်အားစုကိုမဆို ကျွန်ပြုနိုင်သည်ကို ကြည့်လျှင် သူတို့၏ ခွန်အားကို ခန့်မှန်းကြည့်နိုင်ပေသည်။ သို့ရာတွင် ထိုကဲ့သို့သော အားကောင်းသည့် အစုအဖွဲ့တစ်ခု၏ ခေါင်းဆောင်သည် ရန်ကိုင်၏ လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ရလေပြီ.
ရန်ကိုင်၏ ခွန်အားသည် အလွန် မြင့်မားသည့် အဆင့်တွင် ရှိနေကြောင်း နှစ်ဦးစလုံး နားလည်သွားခဲ့သည်။
“ခင်ဗျားတို့ နှစ်ယောက်က အဆင့်တက်ထားခါစဆိုတော့ ခင်ဗျားတို့ မေးချင်တဲ့ မေးခွန်းတွေရှိရင် ကျုပ်ကို မေးလို့ရတယ်။ ကျုပ်ရှင်းပြပေးမယ်” ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းရန် အလျင်မလိုသေးသည့်အတွက် ရန်ကိုင်သည် လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့အား ပိုမို အားကောင်းလာအောင် ကူညီပေးရန် ဆုံးဖြတ်လိုက်လေသည်။
လင်းယုဟောင် အံ့အားသင့်သွားခဲ့သည်။ ချက်ချင်းပဲ ပြန်၍ မေးလိုက်လေသည် “ကျုပ်တို့ အခု ဘယ်အဆင့်မှာ ရောက်နေလဲ တော်ဝင်သခင် ရှင်းပြပေးလို့ရမလား။ သူတော်စင်အဆင့်ကို ကျော်လာပြီမှန်း သိပေမယ့် ဘယ်အဆင့်ရောက်လို့ ရောက်နေမှန်း အခုထိ မသိသေးဘူး”
“ထုန်းရွှမ်းလောကကြီးရဲ့ မိုးမြေစွမ်းအင် ကန့်သတ်ချက်ကြောင့် သူတော်စင်အဆင့်က လူတိုင်း အမြင့်ဆုံး ရောက်နိုင်တဲ့ အဆင့်တစ်ခုလို ဖြစ်နေတာ။ ဒါကြောင့် ကျန်တဲ့အဆင့်တွေကို ခင်ဗျားတို့ မသိတာ အထူးအဆန်းတော့ မဟုတ်ဘူး။ ခင်ဗျားတို့ အခုရောက်နေတဲ့ အဆင့်က သူတော်စင်ဘုရင်အဆင့်ပဲ၊ သူတော်စင်အဆင့် အပေါ်က အဆင့်ပေါ့”
“သူတော်စင်အဆင့်အပေါ်က အဆင့်လား” နှစ်ယောက်စလုံး မှင်သက်သွားခဲ့ကြသည်။
ရန်ကိုင်သည် လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့အား ကျင့်ကြံခြင်းအဆင့်များနှင့် ပက်သက်သည့် အကြောင်းအရာများနှင့် ကျင့်ကြံရာတွင် ဂရုစိုက်သင့်သည့် အကြောင်းအရာများကို နာရီအနည်းငယ်ကြာအောင် နေ့ဝက်ကြာအောင် သင်ကြားပေးခဲ့လေသည်။
နေ့ဝက်ကြာသည့်မှပဲ သူတို့၏ ကျင့်ကြံခြင်းကို အရင် တည်ငြိမ်သွားအောင် လုပ်ရန် ပြောလိုက်၏။ ထိုအချိန်အတွင်း ရန်ကိုင်သည် ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းရန်အတွက် သင့်လျော်သည့် နေရာတစ်ခုကို စတင် ရှာဖွေတော့လေသည်။
ဆယ်ရက်ကြာပြီးနောက်တွင် တော်ဝင်နယ်မြေထဲ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းလို့ ပြီးသွားခဲ့၏။ သူတော်စင်ချီကို ထည့်သွင်းလိုက်သည့်နောက်တွင် အစီအရင်သည် တလက်လက် တောက်ပလာပြီး စတင် အသက်ဝင်လာခဲ့လေသည်။
“တကယ်ကြီး မိုးပြာသစ်ပင်ကြယ်ဆီ ရောက်တာပဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည် “ကမ္ဘာပျက်ထဲက လေဟာနယ် သလင်းကျောက်တွေက တကယ်ကို ပိုအဆင့်မြင့်တာပဲ”
မိုးပြာသစ်ပင်ကြယ်ဆီ လှမ်းချိတ်ဆက်လိုက်နိုင်ခြင်းမှာ ကမ္ဘာပျက်ထဲမှ သယ်လာသည့် လေဟာနယ်သလင်းကျောက်များ ကြောင့် ဖြစ်ပေသည်။ သာမန် လေဟာနယ်သလင်းကျောက်များ ဖြင့်သာ ဆိုလျှင် ယခုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“ဒါက ဟင်းလင်းပြင်အစီအရင်လား” ကွေ့ဇူသည် ရန်ကိုင်ဘေးတွင် တစ္ဆေတစ်ကောင်နှယ် ပေါ်လာပြီး အစီအရင်အား မယုံကြည်နိုင်စွာစိုက်ကြည့်ရင်း မေးလိုက်လေသည်။
“ဟုတ်တယ်။ လေဟာနယ်အစီအရင်ပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ကွေ့ဇူ ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ရောက်နေသည်မှာ အတော် ကြာနေခဲ့လေပြီ။ ရန်ကိုင် အလုပ် ရှုပ်နေသည့် အတွက်ကြောင့်သာ ထွက်မလာသေးခြင်း ဖြစ်သည်။
ဟင်းလင်းပြင်အစီအရင်အား လှည့်ပတ်ကြည့်ပြီးနောက် ကွေ့ဇူက ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးလိုက်လေသည် “တကယ် အံ့ဩစရာပဲ။ ငါဒါမျိုးကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး။ လွင့်မျောတိုက်ကြီးမှာ နှစ်နှစ်ထောင်လောက် ပိတ်မိနေခဲ့တာလည်း ငါ့ထိုက်ငါ့ကံပါပဲလေ။ ဒါနဲ့၊ ဒါက ဘယ်ကို ဆက်သွယ်ထားတာလဲ”
“မိုးပြာသစ်ပင်ကြယ်”
“ဘယ်လို…” ကွေ့ဇူ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့၏ “မင်းပြောတာ… ဟိုဓါးအဖွဲ့အစည်းက ပိုင်တဲ့ မိုးပြာသစ်ပင်ကြယ်ကို ပြောတာလား”
“ဟုတ်တယ်”
“ငါတို့က အဲ့ကြယ်နဲ့ မိုင်းသန်ရာနဲ့ချီပြီး ဝေးတာလေ။ ဒီအစီအရင် တစ်ခုတည်းနဲ့…”
“ဒီတစ်ခုတည်း မဟုတ်ဘူး။ ကြားထဲမှာ အခြား အစီအရင်တွေလည်း ရှိသေးတယ်။ အဲ့ဒါကြောင့် အဲ့အထိ ဆက်သွယ်နိုင်တာ” ရန်ကိုင်က ရှင်းပြလိုက်သည်။
မိုးပြာသစ်ပင်ကြယ်နှင့် ဤနေရာသည် မိုင်ပေါင်း ဘီလျီနှင့်ချီကာ ခြား၏။ သူ့ကျင့်ကြံခြင်းနှင့် ပျံသန်းသွားလျှင်ပင် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရနိုင်ပေသည်။ သို့သော် ဤအစီအရင် အကူအညီဖြင့်သာဆိုပါက တစ်ခဏအတွင်း ထိုနေရာသို့ အရောက်သွားနိုင်ပေသည်။
“ကျုပ်ဟာထားပါဦး။ အကြီးအကဲ ကိစ္စကော ဘယ်လိုနေလဲ” ရန်ကိုင်က မေးလိုက်သည်။
“အကုန် သေသွားပြီ” ကွေ့ဇူက ပြုံးဖြီးဖြီးဖြင့် “သူတို့ရဲ့ တန်ခိုးရှင်အဆင့်မြင့် ကြယ်သင်္ဘောနဲ့ စိတ်ဝိဥာဉ်ဝါးမြိုခြင်း သလင်းကျောက်တွေပါ အကုန်မလာလိုက်တယ်”
“အဲ့စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်တွေ ဘယ်မှာလဲ” ရန်ကိုင်က အပြုံးကြီးပြုံးလျက် မေးလိုက်သည်။
ကွေ့ဇူက ချက်ချင်း နောက်ဆုတ်၍ ပြန်ပြောလိုက်၏ “မင်းဘာလုပ်ချင်နေတာလဲ။ အဲ့ဒါတွေက ငါဟာတွေနော်။ မင်းက ဂိုဏ်းချုပ်ဆိုရင်တောင် အဲ့လိုတော့ လုပ်လို့မရဘူးလေ”
“အကြီးအကဲကလည်း၊ ဘာတွေ ဒီလောက် ဖြစ်နေတာလဲ။ စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်ထဲက စွမ်းအင်တွေက ဒီတိုက်ကြီးရဲ့ ဟာတွေပဲကို၊ ပြီးတော့ အဲ့သလင်းကျောက်တွေက အကြီးအကဲအတွက် ဒီလောက်ကြီး အသုံးဝင်တာ မဟုတ်တာ။ အကြီးအရဲ့ရဲ့ ခွန်အားကို တိုးတက်အောင် လုပ်ပေးနိုင်တယ် ဆိုရင်တောင် အလျင်စလို အဆင့်တက်ပြီး ကျင့်ကြံခြင်းအခြေခံ မတည်မငြိမ် ဖြစ်သွားမှာမျိုး အကြီးအကဲ ဖြစ်ချင်လို့လား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၂၇)
အချိန်အတော်ကြာအောင် ထိုင်တောင်းနေပြီးနောက် သူ့စီနီယာမမလေးအား တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအချို့ ထပ်ဖော်စပ်ခိုင်းမည်ဟု ပြောလိုက်တော့မှပဲ ကွေ့ဇူ သဘောတူတော့၏။
သူ့စီနီယာမမလေးသည် တန်ခိုးရှင်အဆင့်ဆေးလုံးများကို အလွယ်တကူ ဖော်စပ်နိုင်သည်ကို ကွေ့ဇူ မည်သို့ သိပါမည်နည်း။ သူမ၏ မွေးရာပါ ပါရမီနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ဆေးလုံးများကို အခြား ဆေးပညာရှင်များကဲ့သို့ အရမ်းကြီး အားစိုက်ထုတ်ရခြင်း မရှိဘဲ ဖော်စပ်နိုင်ပေသည်။ ရှနင်းချန်သာ ဤအကြောင်းကို သိသွားခဲ့လျှင် ရန်ကိုင်သည် ကလိမ်ကျသည့် လူတစ်ယောက်ဟု ကျိန်းသေ ပြောပေလိမ့်မည်။
ကွေ့ဇူသည် စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက် အတုံး လေးဆယ်၊ ငါးဆယ်ခန့် ပြန်ယူလာခဲ့သည်။ ရန်ကိုင်သည် ထိုသလင်းကျောက်အားလုံးကို ချေမွပစ်ပြီး သလင်းကျောက်ထဲ ပါဝင်သော စွမ်းအင်များကို ထုန်းရွှမ်လောကကြီးဆီသို့ ပြန်လည် ရောက်ရှိသွားစေခဲ့သည်။
ထုန်းရွှမ်လောကကြီးသည် ကြယ်စီရင်စုကြီးနှင့် ဆက်နေပြီ ဖြစ်သည့်အတွက် ကြယ်များဆီမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနိုင်နေလေပြီ။ ကြယ်သခင် ဖြစ်သော ရှနင်းချန်၏ ခွန်အားမှာလည်း အဆက်မပြတ် တိုးတက်လာနေသည့်အတွက် ထုန်းရွှမ်လောကကြီးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျိန်းသေ ပြန်လည် သာယာဝပြောလာပေလိမ့်မည်။
ထို့နောက်တွင် ရန်ကိုင်သည် လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့အား ခေါ်ကာ ဖြတ်သန်းရေးတံဆိပ်ပြား တစ်ခုစီ ပေးခဲ့သည်။ ထုန်းရွှမ်လောကကြီးတစ်ခု အန္တရာယ်တစ်ခုခုနှင့် ထပ်ကြုံရလျှင် ထိုတံဆိပ်ပြားဖြင့် အစီအရင်ကို အသက်သွင်းပြီး မိုးပြာသစ်ပင်ကြယ်သို့ သွားသတင်းပို့ရန် မှာကြားလိုက်သည်။
ထိုနှစ်ယောက်၏ ခွန်အားမှာ သိပ်မြင့်မားခြင်း မရှိသေးသည့် အတွက် ရန်ကိုင်သည် သွေးသားရဲတစ်ကောင်ကို လိုရမယ်ရ ချန်ထားရစ်ခဲ့သည်။ သံမဏိမီးတောက်တစ္ဆေပင့်ကူပင် ဖြစ်သည်။ သေပြီးနောက်တွင် ပင့်ကူမှာ ယခင်လောက် အားကောင်းခြင်း မရှိတော့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့်အောက်တွင်တော့ ပြိုင်ဘက်ကင်းနေပေသေးသည်။ တန်ခိုးရှင်ဘုရင်အဆင့်နှင့် တွေ့လျှင် ခဏလောက်တော့ တောင့်ခံနိုင်ပေလိမ့်မည်။
သံမဏိမီးတောက်တစ္ဆေပင့်ကူကို ထားခဲ့ပြီးတော့မှပဲ ရန်ကိုင် စိတ်အေးနိုင်တော့သည်။
အရိပ်ကြယ်မှ ထွက်လာပြီးနောက်တွင် လမ်းတစ်လျှောက်ရှိ ကြယ်များပေါ်၌ အစီအရင်များ ခင်းကျင်းခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းကျလျှင် အရိပ်ကြယ်မှ ကြယ်စီရင်ထဲလာဖို့ အလွန်ကိုမှ လွယ်ကူသွားခဲ့လေပြီ။
ဤသည်မှာ အစသာ ရှိပေသေးသည်။ ရန်ကိုင်၏ အစီအစဉ်သည် အရိပ်ကြယ်အား သာယာဝပြောသည့် ကျင့်ကြံရေးကြယ်တိုင်းနှင့် ချိတ်ဆက်ထားနိုင်ရန် ဖြစ်ပေသည်။
သို့သော်လည်း ထိုကိစ္စမှာ အလွန်ကိုမှ အချိန်ကုန် လူပင်ပန်းပေသည်။ ထို့အပြင် လေဟာနယ်သလင်းကျောက် များစွာလည်း လိုအပ်သေး၏။
လင်းယုဟောင်နှင့် ရီကျန်းခိုင်တို့သည် ရန်ကိုင်တို့အား လေးလေးစားစားဖြင့် လိုက်ပို့ပေးသည်။
မိုးပြာသစ်ပင်ကြယ်၊ အမွှာငါးမန်းကျွန်း၊ ရန်ကိုင်၏ နန်းတော်…
ဟဲကျောင်နှင့် ဟဲမြောင်သည် နန်းတော် အတွင်းပိုင်းထဲ၌ မျက်နှာချင်းဆိုင်ကာ တင်ပလင်ခွေထိုင် ကျင့်ကြံနေခဲ့ကြသည်။ သူတို့ ကျင့်နေသည့် ကျင့်စဉ် မည်မျှ အဆင့်မြင့်ကြောင်းကို ညီအစ်မနှစ်ဦး မသိကြသေးချေ။ တစ်ခုနှင့်တစ်ခု ထိပ်ကပ်နေသော လက်ဝါးနှစ်ဖက်စီမှ သူတော်စင်ချီတို့သည် ညီအစ်မနှစ်ဦးစလုံး၏ ခန္ဓာကိုယ်တစ်လျှောက် အဆက်မပြတ် လှည့်ပတ်နေခဲ့သည်။ တစ်ချိန်တည်းတွင် အပြင်ဘက်မှ မိုးမြေစွမ်းအင်များသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ တရစပ် စီးဝင်နေခဲ့လေသည်။
ခန်းမထဲ လေတိုက်ခတ်နေခြင်း မရှိသော်လည်း သူတို့၏ ဆံပင်များမှာတော့ အလိုလို လွင့်ပျံနေခဲ့လေသည်။
ထိုအချိန်သည် အဓိကခန်းမဆီမှ အစီအရင်သည် တဖျက်ဖျက် တောက်ပလာခဲ့လေသည်။
ဟဲမြောင်နှင့် ဟဲကျောင်တို့ ချက်ချင်း လန့်နိုးလာ၏။ ပြီးသည်နှင့် အစီအရင်ဆီသို့ တန်းပြေးသွားလေသည်။
“အရိပ်ကြယ်က ထပ်ရောက်လာတား” ဟဲကျောင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ ရန်ကိုင် လော့လန်နှင့် ထွက်သွားသည့် အချိန်မှစ၍ အရိပ်ကြယ်ရှိ အထက်စကြာဝဠာဂိုဏ်းမှ ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြသည်။ အကုန်လုံးသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့်များ ဖြစ်ကြပြီး တစ်ယောက်ဆိုလျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ပင် ရောက်နေသေး၏။ ထိုအခါမှ သူမတို့ ဝင်ထားသည့်ဂိုဏ်း မည်မျှ အင်အားကြီးမားကြောင်း ညီအစ်မနှစ်ဦး နားလည်သွားတော့သည်။ ထို့ကြောင့် အစီအရင် ယခုတစ်ကြိမ် အသက်ဝင်လာသည့်အခါ အထက်စကြာဝဠာဂိုဏ်းများ လူများ ထပ်ရောက်လာလားဟု တွေးမိလိုက်ခြင်း ဖြစ်သည်။
သူမ၏ အသံဆုံးသွားသည်နှင့် အစီအရင်ထဲ ပုံရိပ်နှစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ အလင်းရောင်များ လုံးဝ ပျောက်ကွယ်သွားပြီးနောက်တွင် ဟဲကျောင်နှင့် ဟဲမြောင်၏ မြင်ကွင်းထဲ ရန်ကိုင်နှင့် ကွေ့ဇူတို့ ပေါ်လာခဲ့လေသည်။
“အစ်ကိုရန်လား” ဟဲမြောင်က ဝမ်းသာစွာဖြင့် ပြောလိုက်၏။
ဟဲကျောင်သည် ဟဲမြောင်၏ ခေါင်းကို ခေါက်၍ ဆူလိုက်လေသည် “ဂိုဏ်းချုပ်လို့ပြော”
ဟဲမြောင်ကတော့ လျှာလေးတစ်လစ်တစ်လစ်သာ ထုတ်ပြနေ၏။
ညီအစ်နှစ်ဦးစလုံး ရန်ကိုင်ဆီသို့ လျှောက်လာပြီး လေးလေးစားစား ဦးညွှတ်နှုတ်ဆက်လိုက်လေသည် “ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
“နင်တို့ တာဝန်ကျနေတာလား” ရန်ကိုင်က ပြုံးလျက် မေးလိုက်၏။
“ဟုတ်ပါတယ်” ဟဲကျောင်က ပြန်ဖြေလိုက်သည်။
“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
ယခုမှပဲ ခေါင်းရီဝေဝေ ဖြစ်နေရာမှ ကွေ့ဇူ ပြန်သက်သာလာ၏ “တကယ်ကို အဆင်မပြေဘူး။ ငါ့တစ်ကိုယ်လုံး လေဟာနယ်ထဲ ရောက်သွားတော့မလိုပဲ”
အလွန်ဝေးကွာသည့် ခရီးကို ဖြတ်သန်းလာရခြင်းသည် ကွေ့ဇူအတွက်ပင် အလွန်ကိုမှ မသက်မသာ ဖြစ်လှသည်။ အားနည်းသည့် ကျင့်ကြံသူများဆိုလျှင်တော့ ပြန်သက်သာဖို့ရာ အတော်လေး အချိန်ယူကြရပေလိမ့်မည်။
ရန်ကိုင် သန့်စင်ထားသည့် ဖြတ်သန်းရေးတံဆိပ်ပြား မပါဘဲ ဟင်းလင်းပြင်အစီအရင်ထဲ ဝင်လာသည့် မည်သူမဆို မိုးပြာသစ်ပင်ကြယ်သို့ ရောက်လာလိမ့်မည် မဟုတ်ဘဲ ဟင်းလင်းပြင်ထဲရှိ တစ်နေရာရာသို့သာ ရောက်သွားပေလိမ့်မည်။
“သူက…” ဟဲကျောင်သည် ကွေ့ဇူအား မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ကွေ့ဇူ၏ အရှိန်အဝါသည် သူမအား တကယ်ကို မသက်မသာဖြစ်စေ၊ တစ်ချက်ကြည့်ရုံဖြင့် ကွေ့ဇူသည် လူကောင်း တစ်ယောက် မဟုတ်မှန်း ပြောနိုင်ပေသည်။ ဤကဲ့သို့ လူတစ်ယောက်နှင့် ရန်ကိုင်ဘာကြောင့် ခရီး အတူသွားနေသလဲ ဆိုသည်ကို ဟဲကျောင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ဟဲဟဲ၊ ဒီမိန်းကလေးနှစ်ယောက် မင်းဂိုဏ်းရဲ့ တပည့်တွေလား” ရန်ကိုင် မရှင်းပြရသေးခင်မှာပဲ ကွေ့ဇူက မေးလိုက်လေသည်။
“ဟဲကျောင်၊ ဟဲမြောင်နဲ့ သူတို့ဆရာ ယွဲ့ရှီက အထက်စကြာဝဠာဂိုဏ်းရဲ့ တပည့်တွေ ဖြစ်နေကြပြီ” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်ပြီးနောက် ဟဲကျောင်နှင့် ဟဲမြောင်ကို ခေါ်ကာ ပြောလိုက်လေသည် “နင်တို့ရဲ့ မဟာအကြီးအကဲကို လာနှုတ်ဆက်လိုက်ဦး”
“မဟာအကြီးအကဲလား” ဟဲကျောင်နှင့် ဟဲမြောင်တို့ နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့လေသည်။ မကောင်းဆိုးရွားဆန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဤလူအိုကြီးသည် သူတို့ဂိုဏ်း၏ မဟာအကြီးအကဲ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့ရာတွင် ရန်ကိုင်ကိုယ်တိုင်က ပြောနေသဖြင့် မှားစရာ အကြောင်းမရှိချေ။ ချက်ချင်းပဲ ဦးညွှတ်၍ ကွေ့ဇူကို နှုတ်ဆက်လိုက်လေသည် “တပည့်တို့ မဟာအကြီးအကဲကို နှုတ်ဆက်ပါတယ်”
“ဟားဟားဟား” ကွေ့ဇူသည် အရူးတစ်ယောက်နှယ် ထရယ်လေသည်။ အကြီးအကဲတစ်ယောက်သဖွယ် လေးလေးစားစား ဆက်ဆံခံနေရသည်ကို အလွယ် ကျေနပ်နေသည့်ပုံပင်။ တပြုံးပြုံးဖြင့် လက်မြှောက်၍ “ရတယ်၊ ရတယ်၊ ဦးမညွှတ်တော့နဲ့။ နင်တို့ မိန်းကလေးတွေက တကယ် တော်တာပဲ။ ကဲ၊ ငါတို့ ပထမဆုံးအကြိမ် တွေ့တာဆိုတော့ ဒီလူအိုကြီးက နင်တို့ကို လက်ဆောင်အချို့ ပေးရတာပေါ့”
“အန်” ဟဲကျောင်နှင့် ဟဲမြောင်တို့ အံ့အားသင့်သွားခဲ့သည်။ တွေ့တွေ့ချင် သူတို့အား လက်ဆောင်ပေးသည့် လူမျိုးနှင့် တစ်ခါမှ မကြုံဖူးသည့်အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်ဘက်သို့ လှည့်ကာ ရန်ကိုင်၏ အထင်အမြင်ကို လှမ်းမေးလိုက်လေသည်။
ရန်ကိုင်သည်လည်း ကွေ့ဇူအား ထူးထူးဆန်းဆန်းဖြင့် ကြည့်နေခဲ့သည်။ ကွေ့ဇူသည် အချိန်အတော်ကြာအောင် တစ်ယောက်တည်း ဖြစ်နေခဲ့ရသည့်အတွက် ရုတ်တရက်ကြီး အထက်စကြာဝဠာဂိုဏ်း၏ မဟာအကြီးအကဲ ဖြစ်လာပြီး တပည့်ပေါင်းများစွာ၏ လေးစားခြင်း ခံရသည့်အခါ အတော်လေး စိတ်ကျေနပ် ဝမ်းသာသွားခဲ့လေသည်။ ထို့ကြောင့်သာ ဤသို့ ဖြစ်နေရခြင်းဖြစ်မည်ဟု ရန်ကိုင် တွေးလိုက်သည်။
ထို့ကြောင့်သာ မဟုတ်လျှင် ဂိုဏ်းတပည့်နှစ်ဦးအား တွေ့တွေ့ချင်း ဘာကြောင့်များ လက်ဆောင် ပေးမည်နည်း။
မည်သည့်ဂိုဏ်း၏ မဟာအကြီးအကဲမှ ထိုသို့မလုပ်။
မဟာအကြီးအကဲအားလုံးသည် ဂိုဏ်းတစ်ဂိုဏ်း၏ ပြယုဂ်ဟု ပြော၍ရသည်။ ထိုလူများကို တပည့်များအား လေးစားအားကျကြသည်။ ဂိုဏ်းအား လုံလုံလောက်လောက် အကျိုးဆောင်ထားသည့် လူများနှင့် ထူးချွန်သော ပါရမီကို ပိုင်ဆိုင်ထားသည့် လူများသည်သာ မဟာအကြီးအကဲများနှင့် တွေ့ခွင့်ရကြသည်။ လက်ဆောင်ပစ္စည်းများ ရဖို့ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
ဤကဲ့သို့ ပြုမူလိုက်သည့်အတွက် ကွေ့ဇူသည် သဘောမနောကောင်းသည့် လူတစ်ယောက်ပုံစံ ပေါက်သွားသော်ငြား မဟာအကြီးအကဲတစ်ဦး၏ ဂုဏ်အရှိန်အဝါကိုတော့ စွန့်လွှတ်လိုက်ရပေသည်။
သို့သော်လည်း ပြဿနာမရှိချေ။ ဤအရာသည် သူ့အတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်လေရာ ရန်ကိုင်က ဘာကြောင့်များ ဝင်တားရမည်နည်း။ ပြုံးလျက် “မဟာအကြီးအကဲက လက်ဆောင် ပေးနေတယ်လေ။ သွားယူလိုက်ကြ”
ဟဲကျောင်နှင့် ဟဲမြောင်တို့ နှစ်ဦးစလုံးသည် ချက်ချင်းပဲ ပျော်ရွှင်စွာ ကျေးဇူးတင်စားဆိုလိုက်လေသည် “မဟာအကြီးအကဲကို ကျေးဇူးအများကြီးတင်ပါတယ်”
“အင်း” ကွေ့ဇူကပြုံးလျက် သို့လှောင်လက်စွပ်ထဲမှာ ကြေးနီ သော့ခလောက်ပုံစံ မှော်ရတနာနှစ်ခုကို ထုတ်ပေးလိုက်၏။ ထို့နောက် စရှင်းပြလိုက်လေသည် “ဒါတွေက အမွှာမှော်ရတနာပဲ။ ဒါတွေကို တိုက်တဲ့နေရာမှ သုံးလို့မရဘူး။ ကျင့်ကြံရာမှာပဲ သုံးလို့ရတယ်။ ဒါကိုသုံးပြီး ကျင့်ကြံရင် ပိုပြီး မြန်လိမ့်မယ်။ တစ်ယောက်ကို တစ်ခုစီ သန့်စင်ထားလိုက်ကြ။ နောက်ပိုင်း နှစ်ယောက် အတူတူ ကျင့်ကြံလို့ နှစ်စိတ်တစ်ကိုယ် အဆင့်ကို ရောက်သွားခဲ့ရင် နင်တို့ရဲ့ ကျင့်ကြံနှုန်း အခုထက် နှစ်ဆလောက် ပိုမြန်လာလိမ့်မယ်”
“မဟာအကြီးအကဲက တကယ် ရက်ရောတာပဲ” ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ ထိုမှော်ရတနာသည် သိပ်အဆင့်မမြင့်လှသော်လည်း တန်ခိုးရှင်အလယ်အလတ် အဆင့်တော့ ဖြစ်နေသေးသည်။ ကျင့်ကြံခြင်းကို လျင်မြန်စွာ တိုးတက်အောင် ကူညီပေးနိုင်သည့် မှော်ရတနာများမှာ အလွန်ကိုမှ ရှားပါးပေသည်။ ထို့အပြင် ကွေ့ဇူ ယခု ထုတ်လိုက်သည့် မှော်ရတနာသည် ဟဲကျောင်နှင့် ဟဲမြောင်တို့အတွက် လုံးဝကို ကွက်တိ ဖြစ်နေခဲ့သည်။
ကွေ့ဇူသည် အားကောင်းသော ပညာရှင်တစ်ဦးပုံစံအတိုင်း ပြုံးသာပြုံးလျက် ဘာမှပြန်မပြောခဲ့ချေ။
ဟဲကျောင်နှင့်ဟဲမြောင်သည် ထိုသော့ခလောက်နှစ်ခုကို ဝမ်းသာစွာ လက်ခံလိုက်ကြလေသည်။
“နင်တို့ ဆရာကို လာတွေ့ခိုင်းလိုက်ဦး။ ငါသူ့ကို မေးစရာရှိလို့” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကွေ့ဇူနှင့်အတူ ခန်းမထဲမှ ထွက်လာခဲ့လေသည်။
ခဏအကြာတွင် ယွဲ့ရှီ ရောက်လာခဲ့သည်။ ကွေ့ဇူ အကြောင်းကို ဟဲကျောင်နှင့် ဟဲမြောင်တို့ဆီမှ ကြားထားပြီးသွားပြီ ဖြစ်သဖြင့် ကွေ့ဇူကို မြင်လိုက်ချိန် ဟဲကျောင်နှင့် ဟဲမြောင်တို့ကဲ့သို့ အံ့အားသင့်မနေဘဲ လေးလေးစားစားဖြင့်သာ ဦးညွှတ်လိုက်လေသည်။
“ဂိုဏ်းချုပ်ရဲ့ခရီး အဆင်ပြေပါရဲ့လား”
“အဆင်ပြေပါတယ်။ ကျုပ်မရှိတုန်း ဘာတွေ ဖြစ်သွားသေးလဲ။ လာပြဿနာ ရှာကြတဲ့လူတွေ ရှိလား” ရန်ကိုင်က ရေနွေးကြမ်းတစ်ငုံ သောက်ရင်း မေးလိုက်သည်။
“မရှိပါဘူး ဂိုဏ်းချုပ်။ အမွှားငါးမန်းကျွန်းက စီနီယာ လော့လန်ရဲ့ ကာကွယ်ပေးမှုအောက်မှာ ရှိနေကြောင်းကို မိုးပြာသစ်ပင်ကြယ်မှာ ရှိတဲ့လူတွေ အကုန်လုံး သိထားပါတယ်။ ဒါကြောင့် ဘယ်သူမှ လာပြဿနာ မရှာရဲကြပါဘူး။ ကျွန်းပေါ်က လူတွေလည်း ပြဿနာ မရှာဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ နေနေကြပါတယ်။ သူတို့ပေးရမယ့် အခွန်တွေကိုလည်း လတိုင်း ပေးကြပါတယ်”
“အဲ့ဒါကောင်းတယ်။ အထက်စကြာဝဠာဂိုဏ်းက ဘယ်သူတွေ ရောက်လာသေးလဲ”
“အခုပဲ ဂိုဏ်းချုပ်ကို အဲ့အကြောင်း ပြောတော့မလို့ပါ” ယွဲ့ရှီက ပြုံးလျက် “ရောက်လာတဲ့ လူတွေတော့ အများကြီးပါပဲ။ သူတို့ရဲ့ နာမည်တွေကို တပည့် ရေးမှတ်ထားပါတယ်။ ဂိုဏ်းချုပ် ကိုယ်တိုင် တစ်ချက် ကြည့်ကြည့်ပါဦး”
ပြောပြီးသည်နှင့် ရန်ကိုင်အား သားရေချပ်တစ်ချပ် ပေးလိုက်လေသည်။
သားရေချပ်ကို လှန်လှောကြည့်လိုက်ပြီးနောက် ချင်းတုန်၊ ရန်ရှုကျု၊ လင်းယုရောင်၊ ချူဟန်းရီ၊ မူယုနှင့် အခြားသူများ၏ နာမည်များ ရေးထိုးထားကြောင့် တွေ့လိုက်ရသည်။ တန်ခိုးရှင် ဘုရင်အဆင့်သို့ ရောက်နေသည့် ချင်းတုန်မှလွဲ၍ အကုန်လုံးသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ပညာရှင်များ ဖြစ်ကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းပေသည်။ မိုးပြာသစ်ပင်ကြယ်၏ လောကနိယာမများကို အသုံးချကာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားလိုခြင်း ဖြစ်သည်။
“ဟန်၊ အကြီးအကဲချုပ်လည်း ရောက်လာတာလား” ရီရှီယွင်၏ နာမည်ကို တွေ့လိုက်ရသဖြင့် ရန်ကိုင် အံ့အားသင့်သွား၏။ ယန်ယန်ကို ကာကွယ်ပေးချင်သည့် အတွက် သူမ နိုးလာသည့်အခါမှပဲ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားမည်ဟု ရီရှီယွင် ပြောခဲ့သည်။ မဟာဧကရာဇ် နိုးမလာသေးခင် အချိန်ထိ ရီရှီယွင်သည် အထက်စကြာဝဠာဂိုဏ်းမှ ခြေတစ်လှမ်းမှ မခွာခဲ့ချေ။
သူဒီကို ရောက်လာတယ်ဆိုတော့ ဖြစ်နိုင်တာက…
စဉ်းစားကြည့်ပြီးနောက် ရန်ကိုင် မှင်သက်သွားခဲ့လေသည်။ ချက်ချင်းပဲ ယွဲ့ရှီဘက်သို့ အလျင်စလို လှည့်မေးလိုက်လေ၏ “အကြီးအကဲချုပ် ဘယ်တုန်းက ရောက်လာတာလဲ”
“လွန်ခဲ့တဲ့ သုံးလတုန်းက ရောက်လာခဲ့တာပါ”
“သူအခုဘယ်မှာလဲသိလား”
သို့ရာတွင် ယွဲ့ရှီက ရှက်ရှက်ဖြင့်သာ ပြန်ဖြေလိုက်၏ “ကျောင်းသခင်ချင်း တစ်ယောက် မိုးပြာသစ်ပင်ကြယ်ဆီ တန်ခိုးရှင်ဘုရင်အဆင့် အကြောင်း ဆွေးနွေးဖို့ ရောက်နေတာကိုပဲ သိထားပါတယ်။ အခြားသူတွေ ဘယ်ရောက်နေလဲဆိုတော့ကိုတော့… တပည့် မသိတာ ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်။ ရောက်လာတဲ့ လူတိုင်းက တံခါးပိတ်ကျင့်စဉ်ဝင်ဖို့ လျှို့ဝှက်တဲ့နေရာတစ်ခု ရှာဖို့ဆိုပြီးတော့ပဲ ပြောပြီး ထွက်သွားကြတာဆိုတော့…”
“ကျုပ်ခင်ဗျားကို အပြစ်တင်နေတာမဟုတ်ဘူး။ စိတ်ပူမနေနဲ့” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ရီရှီယွင်နှင့် အခြားသူများသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် တံခါးပိတ်ကျင့်စဉ်ဝင်ရန်အတွက် လျှို့ဝှက်သည့် နေရာတစ်ခုကို ကျိန်းသေ ရှာကြပေလိမ့်မည်။ မိုးပြာသစ်ပင်ကြယ်သည် အလွန်ကိုမှ ကျယ်ပြောလေရာ လုံခြုံသည့်နေရာတစ်ခုကို အလွယ်တကူ ရှာနိုင်ပေသည်။ သူတို့ မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို ယွဲ့ရှီ မည်သို့များ သိနိုင်ပါမည်နည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၃၀)
မိုးပြာသစ်ပင်ကြယ်ဆီသို့ ရီရှီယွင် ရောက်လာသည့် ကိစ္စနှင့် ပက်သက်၍ ရန်ကိုင် အလွန်ကိုမှ အံ့အားသင့်နေခဲ့လေသည်။
ရီရှီယွင်ဘာကြောင့်များ ရောက်လာခြင်းဖြစ်မလဲ သေချာ စဉ်းစားတော့လေသည်။ ရန်ကိုင် အတွေးထဲ နစ်မျောနေသည်ကို မြင်သော် ကွေ့ဇူနှင့် ယွဲ့ရှီသည်လည်း တိတ်တိတ်သာ နေလိုက်၏။
ခဏအကြာတွင် ရန်ကိုင်က ထရပ်၍ ကွေ့ဇူအား ပြောလိုက်သည် “မဟာအကြီးအကဲ၊ ဂိုဏ်းဆီ ပြန်ကြရအောင်”
“အဲ့စကားကို ငါစောင့်နေတာကြာပြီ” ကွေ့ဇူက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ သူဝင်ရောက်ခဲ့သည့် ဂိုဏ်း မည်သို့မည်ပုံ ရှိမလဲ ဆိုသည်ကို ကွေ့ဇူ အတော်လေး သိချင်နေမိသည်။ ဤအချိန်သည် သူ့ဂုဏ်သတင်းနှင့် ပုံရိပ်ကို တည်ဆောက်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်ပေသည်။
လူထောင်ပေါင်းများစွာ၏ လေးစားအားကျခံရခြင်းသည် မည်ကဲ့သို့နေမလဲ ကွေ့ဇူ အတော်လေး သိချင်နေမိသည်။
“ဂိုဏ်ချုပ်၊ စီနီယာလော့လန် ဒီကို တစ်ခေါက် လာသွားပါတယ်။ ဂိုဏ်းချုပ် ပြန်လာလို့ အားလို့ရှိရင် သူ့ဆီ လာလည်ပါဦးလို့လည်း ပြောသွားပါတယ်” ရန်ကိုင် သွားတော့မည်ကို မြင်သော် ယွဲ့ရှီက အလျင်အမြန် ပြောလိုက်၏။
“ထားလိုက်ဦး။ လော့လန်မှာ ဘာအရေးကြီးကိစ္စမှာ ရှိတာ မဟုတ်ဘူး” ခဏလောက် စဉ်းစားပြီးနောက် ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်၏ “ကျုပ်အားတော့မှပဲ လာတွေ့မယ်လို့ ပြောလိုက်”
လော့လန်သည် သူမအား ကမ္ဘာပျက်ထဲတွင် ကူညီပေးခဲ့သည့် အတွက် ရန်ကိုင်အား ကျေးဇူးတင်လိုခြင်း ဖြစ်သည်။ ရန်ကိုင်၏ လေဟာနယ်အမှတ်အသားကြောင့်သာ မဟုတ်လျှင် လော့လန် အနေဖြင့် ကမ္ဘာပျက်ထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်လိမ့်မည် မဟုတ်ချေ။
လော့လန် မည်မျှ ရလိုက်သလဲ မသိသော်ငြား အတော်လေး ရလိုက်သည်မှာတော့ သေချာပေသည်။
“ဟုတ်ကဲ့။ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတို့ရဲ့ခရီး သာယာဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ယွဲ့ရှီက နှုတ်ဆက်လိုက်သည်။
“အင်း၊ နင်လည်း အလုပ်ကြိုးစားတာပဲ။ ရော့၊ နင့်အတွက် လက်ဆောင်” ကွေ့ဇူသည် ပြောရင်းဆိုရင်း တစ်ခုခုကို လှမ်းပစ်ပေးလိုက်လေသည်။ ဘာမှန်း သေချာမသိလိုက်သော်ငြား မှော်ရတနာတစ်ခု ဖြစ်လောက်ဟု ရန်ကိုင် ထင်သည်။
ယွဲ့ရှီက အလျင်အမြန် ကျေးဇူးတင်စကားဆိုလိုက်၏ “လက်ဆောင်အတွက် မဟာအကြီးအကဲကို ကျေးဇူးအများကြီး တင်ပါတယ်”
မကြာမီ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင် ခင်းကျင်းထားသည့် အခန်းထဲသို့ ရန်ကိုင်တို့ ပြန်ရောက်လာခဲ့၏။ ဟဲမြောင်နှင့် ဟဲကျောင်တို့၏ လေးစားအားကျသည့် အကြည့် အောက်မှာပင် ရန်ကိုင်နှင့် ကွေ့ဇူတို့သည် အစီအရင်ကို အသက် သွင်းကာ အရိပ်ကြယ်သို့ ပြန်လာခဲ့လိုက်ကြလေသည်။
“ငါ့ကံက တော်တော်ဆိုးနေတာပဲ။ မင်းနောက် လိုက်နေရတာ တစ်ချက်ကလေးကို နားရတယ်မရှိဘူး။ ခေါင်းတွေလည်း ချာချာလည်ကုန်ပြီ” မိုင်ပေါင်းဘီလျံနှင့်ချီသော အကွာအဝေးအား ဟင်းလင်းပြင်အစီအရင်ဖြင့် တစ်ခေါက်ပြီးတစ်ခေါက် ဖြတ်ကျော်ရသည်မှာ တကယ်ကို စိတ်ညစ်ဖို့ကောင်းလှပေသည်။
ရန်ကိုင်ကမူ ပြုံးဖြီးဖြီးသာ လုပ်နေခဲ့သည်။
မိုးပြာသစ်ပင်ကြယ်၏ ဟင်းလင်းပြင်အစီအရင်သည် ရန်ကိုင် ရှာတွေ့ခဲ့သည့် သတ္တုကြယ်နှင့် ဆက်သွယ်ထားသဖြင့် ရန်ကိုင် အနေဖြင့် အရိပ်ကြယ်သို့ ပြန်လိုလျှင် သတ္တုကြယ်သို့ အရင် ပြန်ရပေမည်။
သတ္တုကြယ်သို့ ရောက်လာပြီးနောက်တွင် ရန်ကိုင်သည် တပည့်များကို သွားမနှောင့်ယှတ်ဘဲ အခြေအနေ မည်သို့ရှိသလဲ သိရအောင် ကောင်းကင်စိတ်အာရုံကို တိတ်တဆိတ် ဖြန့်ကျက်လိုက်၏။ အားလုံး အဆင်ပြေပြေနှင့် ရှိနေကြောင်း တွေ့လိုက်ရပြီးနောက် ဟင်းလင်းပြင်အစီအရင်ကို ထပ်မံ အသက်သွင်းလိုက်လေသည်။
အကြိမ်ပေါင်းများစွာ တည်နေရာ ခုန်ကျော်ပြီးနောက် အထက်စကြာဝဠာဂိုဏ်း၏ အဓိက မြေကွက်လပ်တွင် ပြန်ပေါ်လာခဲ့ကြသည်။ ကွေ့ဇူမှာတော့ ဟင်းလင်းပြင်အစီအရင်ကို အကြိမ်ပေါင်းများစွာ တောက်လျှောက် အသုံးပြုထားရသည့် အတွက် သူ့မျက်နှာတစ်ပြင်လုံး ဖြူလျော်နေပြီး ခန္ဓာကိုယ်မှာလည်း တုန်တုန်ရီရီ ဖြစ်နေခဲ့လေသည်။
သူသည် ရန်ကိုင်ကဲ့သို့ လေဟာနယ်စွမ်းအားကို ကျင့်ကြံထားသူ မဟုတ်သဖြင့် ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုရသည်မှာ ရန်ကိုင်လောက် အဆင်ပြေမနေခဲ့ချေ။
သူ့ကျင့်ကြံခြင်း အလွန် မြင့်မားသည့် အတွက်ကြောင့်သာ သတိလစ်မသွားသေးခြင်း ဖြစ်သည်။ ရန်ကိုင် ပေါ်လာသည်ကို မြင်သည့်အခါ မြေကွက်လပ်တွင် တာဝန်ကျနေသော တပည့်များက ဝမ်းသာစွာ အော်ပြောလိုက်လေသည် “ဂိုဏ်းချုပ်ပြန်လာပြီ။ ဂိုဏ်းချုပ် ပြန်လာပြီ”
ချက်ချင်းပဲ အုပ်ထဲမှ တစ်ယောက်သည် အနားတွင် ချိတ်ဆွဲထားသော ခေါင်းလောင်းဆီသို့ ပြေးသွားပြီး တီးလေသည်။
ဒေါင်… ဒေါင်… ဒေါင်… ဒေါင်…
ခေါင်းလောင်းသံသည် အထက်စကြာဝဠာဂိုဏ်း၏ တောင်ထွတ် ရှစ်ဆယ့်တစ်လုံးအနှံ့ ပျံ့နှံ့သွားခဲ့လေသည်။
ချက်ချင်းဆိုသလို ဂိုဏ်းတစ်ခုလုံး လှုပ်ရှားတက်ကြွလာပြီး တောင်ထွတ်များဆီမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု မြေကွက်လပ်ဆီသို့ ပျံသန်းလာခဲ့ကြလေသည်။
ရန်ကိုင်၏ အူကြောင်ကြောင် ဖြစ်နေသည့် အမူအရာကို မြင်သော် တာဝန်ကျနေသည့် တပည့်က အလျင်အမြန်ပဲ ရှင်းပြလိုက်၏ “ဂိုဏ်းချုပ်ပြန်လာရင် အခုလို လုပ်ဖို့ ဂိုဏ်းချုပ် ကတော်နှစ်ယောက်က အမိန့်ထုတ်ထားလို့ပါ”
“အဲ့လိုကိုး” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ရေခဲတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ သူ့အကြည့်မှာ လုံးဝကို ညင်သာသိမ်မွေ့နေပြီး အပြုံးတစ်ပွင့်ဟာလည်း နှုတ်ခမ်းများထက် ရှိနေခဲ့လေသည်။
ရေခဲတောင်ထွတ်ဆီမှ ပြေးလာနေသည့် စုယန်ကို သူလှမ်းမြင်နေရပေသည်။
ဆေးလုံးတောင်ထွတ်ဆီမှလည်း ရှနင်းချန်သည် သူ့ဆီသို့ အပြေးလာနေခဲ့၏။
အခြားတောင်ထွတ်များလည်း အတူတူပင်။
“တပည့်တွေ အမျးကြီးပါလား” ပတ်ပတ်လည်အား လှည့်ပတ်ကြည့်ရင်း ကွေ့ဇူက ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။ တစ်ချိန်တည်းတွင် တပည့်များ ကြောက်မသွားစေရန်အတွက် သူ့ဆီမှ ဖြာထွက်နေသည့် မိစ္ဆာအရှိန်အဝါကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့လေသည်။
မကြာမီ နှင်းဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လှပကျော့ရှင်းသည့် ပုံရိပ်တစ်ခု ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့၏။ ထိုသူသည် စုယန်သာ ဖြစ်လေသည်။
မကြာမီ ရှနင်းချန်လည်း ရောက်လာခဲ့လေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ကွေ့ဇူက အဓိပ္ပါယ်ပါပါ ပြုံးလျက် ရေရွတ်လေသည် “ကောင်လေး၊ မင်းကံက အချစ်နဲ့ ပက်သက်လာရင် တယ်ကောင်းတာပါလားကွ…”
ပြောနေရင်း သူ့စိတ်ထဲလည်း အလွန်ကိုမှ အံ့အားသင့်နေမိ၏။ ထိုမိန်းကလေးနှစ်ဦစလုံးသည် လှရုံတင်သာ မဟုတ်ဘဲ ပါရမီရှင်များ ဖြစ်ကြောင်းကိုလည်း ပြောနိုင်ပေသည်။
ထို့အပြင် နှစ်ဦးစလုံးသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အဖြူရောင်ဝတ်စုံနှင့် မိန်းကလေး၏ အရှိန်အဝါသည် သာမန် တန်ခိုးရှင်တတိယအဆင့်များထက်ကို အများကြီး ပိုမိုသာလွန်နေပေသည်။ သူမဆီမှ ဖြာထွက်နေသည့် အေးစက်စက် အရှိန်အဝါသည် သူ့သူတော်စင်ချီကို လွှမ်းမိုးနိုင်၏။
အစိမ်းရောင်မိန်းကလေးသည် ထိုကဲ့သို့သော ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေခြင်း မရှိသော်လည်း သူမကိုယ်ထဲ ကိန်းအောင်းနေသည့် စွမ်းအားမှာလည်း လျှော့တွက်၍ မရသည့် အထဲ ပါပေသည်။
ဤဂိုဏ်းသည်… သူထင်ထားသည်ထက် ပိုကြီးသလို ပို၍လည်း အားကောင်းနေခဲ့၏။ ဂိုဏ်းထဲ ဝင်လိုက်ရသည့် အတွက် အနည်းငယ်ပင် ဂုဏ်ယူချင်လာသည်။
တကယ်တော့ သူသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ပေလော။ ဂိုဏ်းထဲတွင် တန်ခိုးရှင်ဘုရင် အဆင့် ဆေးပညာရှင်အများကြီး ရှိသည်ဟူသော မက်မောပေး၍ ရန်ကိုင်သည် သူ့အား ဂိုဏ်းထဲဝင်အောင် ဆွဲခေါ်ခဲ့သည်။ အကယ်၌ ရန်ကိုင်၏ ဂိုဏ်းသည်သာ တစ်ဂိုဏ်းလုံး အားနည်းသူများနှင့် ပြည့်နေလျှင် သူ့အတွက် နေရန် သိပ်အဆင်ပြေလိမ့်မည် မဟုတ်ပေ။
“ကောင်စုတ်လေး၊ နောက်ဆုံးတော့ ပြန်လာဖို့ သတိရပြီပေါ့” အနီးနားဆီမှ အော်ဟစ်သံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ဂိုဏ်းထဲတွင် ရန်ကိုင်အား ဤကဲ့သို့ ပြောရဲသည့်လူတစ်ဦးသာ ရှိသည်။
ရန်ကိုင်က ရယ်ရယ်မောမောဖြင့် အသံကြားရာဘက်သို့ လှည့်၍ “အဖေ”
ရန်ရင်ဖုန်း၏ မျက်နှာသည် ပန်းဆီရောင် သန်းနေခဲ့လေသည်။ သူ့သားကို ဆူပူအော်ငေါက်နေသော်ငြား သူ့မျက်နှာထက်ရှိ စိတ်သက်သာရာရသွားသည့် အမူအရာမှာတော့ အထင်းသားပင်။ ရန်ကိုင် ကြယ်စီရင်စုထဲ ထွက်သွားသည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့လေပြီ။ ထိုအတောအတွင်း သူနှင့် ပက်သက်သည့် ဘာသတင်းမှ မကြားရ။ သူ့သား ဘယ်လိုဖြစ်နေမလဲ၊ အဆင်ရော ပြေနေပါ့မလား၊ တွေးပူနေရသည်။ ထို့ကြောင့် ယခု သူ့သား အကောင်းအတိုင်း ရှိနေသေးသည်ကို တွေ့လိုက်ရသည့်အခါမှ ရင်ထဲရှိ အလုံးကြီး ကျသွားခဲ့ခြင်း ဖြစ်သည်။
“အဲ့ပုံစံကြီး လုပ်မစမ်းနဲ့။ ရှင့်သားက ဒီလောက် ကြီးနေပြီ။ ဘာတွေဒီလောက် ဖြစ်နေတာလဲ” တုန်စုကျက ရန်ရင်ဖုန်းအား စိုက်ကြည့်၍ “ဒီကိစ္စတွေတောင် မကိုင်တွယ်နိုင်ဘဲနဲ့ ရှင့်ကိုယ်ရှင် အဖေလို့ ခေါ်ရဲသေးတယ်”
ရန်ရင်ဖုန်းက ရှက်ရှက်ဖြင့်ပြုံးလျက် “ဗေဒင်ဟောတဲ့ လူအိုကြီး တစ်ဦးက ပြောထားတယ်။ ငါ့က အသက်ကြီးလာမှ ထွန်းတောက်မယ့်လူတဲ့။ အခု ငါထွန်းတောက်မယ့်အချိန် မရောက်သေးလို့ အခုလို ဖြစ်နေတာ။ အဲ့အချိန်သာ ရောက်လာရင် တစ်ချက်တည်းနဲ့ အမြင့်ကို ခုန်ပျံတက်သွားမှာ။ ပြီးတာနဲ့…”
တုန်စုကျုသည် ရန်ရင်ဖုန်းအား နည်းနည်းလေးမှ မယုံဟန်ဖြင့် မျက်လုံးမှေးစဉ်းလျက် စိုက်ကြည့်လိုက်လေသည်။
တုန်စုန်ကျု၏ အကြည့်ကြောင့် ရန်ရင်ဖုန်းလည်း ပြောလက်စ စကားများကို တစ်ခါတည်း ရပ်တန့်ပစ်လိုက်ရပြီး ရန်ကိုင် ဘက်သို့သာ ခါးသက်သက်ပြုံးရင်း လှည့်ကြည့်လိုက်လေသည်။
ရန်ကိုင် ရောက်လာပြီးနောက် မြေကွက်လပ်ကြီးသည် အလွန်ကိုမှ သက်ဝင်လှုပ်ရှားလာခဲ့သည်။
“တစ်ဂိုဏ်းလုံးက ဒီလောက် စည်းလုံးနေတာဆိုတော့ နောင်ရေးအတွက် တကယ်ကို စိတ်ပူစရာမလိုတော့ဘူး။ ဒီလူအိုကြီး တကယ်ကို စိတ်အေးသွားပြီ” ကွေ့ဇူက ရုတ်တရက် ဝင်ပြောလိုက်လေသည်။ တောက်လျှောက် လျစ်လျုရှုထားခံရသဖြင့် အခြားသူများ သူ့အား သတိပြုမိလာအောင် အကြိမ် အနည်းငယ်လောက် ချောင်းဟန့်ပြလိုက်လေသည်။
သူသာ ဂိုဏ်းဆီသို့ ရောက်လာလျှင် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နေသော သူ့ကျင့်ကြံခြင်းကြောင့် တပည့်ပေါင်းများစွာသည် သူ့အား လေးစားအားကျစွာဖြင့် ကြိုဆိုကြလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အထင်နှင့် လက်တွေ့သည် တက်တက်စင်အောင် လွဲမှားနေခဲ့သည်။ သူကျော်ကြားရမည့် အခွင့်အရေးကို ရန်ကိုင်မှ လုယူသွားခဲ့သဖြင့် ကွေ့ဇူ အတော်လေး အကြပ်ရိုက်နေခဲ့ရလေသည်။
“ရန်ကိုင်၊ ဒါက…” လင်းတိုင်ရှုသည် ကွေ့ဇူအား သံသယအကြည့်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
လင်းတိုင်ရှုသည် သူတော်စင်ဘုရင်တတိယအဆင့်သို့ ရောက်နေလေပြီ။ ထုန်းရွှမ်လောကကြီးမှ ကျင့်ကြံသူအားလုံး ကြယ်စီရင်စုထဲသို့ ရောက်လာပြီးနောက် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြပေသည်။ သို့သော်လည်း လက်ရှိ သူတို့၏ တိုးတက်လာသော ကျင့်ကြံခြင်းနှင့်ပင် ကွေ့ဇူ၏ ကျင့်ကြံခြင်းကို အာရုံမခံနိုင်သေးချေ။
“အို၊ အားလုံးကို မိတ်ဆက်ပေးဖို့ မေ့နေတာ။ ဒါက စီနီယာကွေ့ဇူပဲ။ အခုအချိန်ကစပြီး အထက်စကြာဝဠာဂိုဏ်းရဲ့ မဟာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လိမ့်မယ်” ရန်ကိုင်က ကွေ့ဇူကို ညွှန်ပြရင်း အားလုံးကြားအောင် အော်ပြောပြလိုက်၏။
“မဟာအကြီးအကဲလား” လူအုပ်ကြီးတစ်ခုလုံး ချက်ချင်းပဲ အံ့အားသင့်နေသည့် အကြည့်များဖြင့် ကွေ့ဇူအား စိုက်ကြည့်လာခဲ့ကြလေသည်။
ရီရှီယွင်ကဲ့သို့ အားကောင်းသည့် လူပင် ဂိုဏ်း၏ အကြီးအကဲချုပ်သာ ဖြစ်သေးသည်။ ဂိုဏ်းသည် လတ်တလောမှ တည်ထောင်ထားခြင်း ဖြစ်သည့်အတွက် လောလောဆယ်၌ ဂိုဏ်းတွင် မဟာအကြီးအကဲ မရှိသေးချေ။ ယခု ရုတ်တရက်ကြီး မဟာအကြီးအကဲတစ်ဦး ပေါ်လာသည့်အခါ အကုန်လုံး အံ့အားသင့်ကုန်ကြသည်မှာ သဘာဝသာ ဖြစ်ပေသည်။
အံ့ဩနေပြီးနောက် အကုန်လုံး ကွေ့ဇူ၏ ကျင့်ကြံခြင်းကို စတင် ခန့်မှန်းကုန်ကြလေသည်။
မဟာအကြီးအကဲတစ်ဦးသည် ထိုက်သင့်သည့် ခွန်အားကို ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။ အနည်းဆုံး အကြီးအကဲချုပ်ထက် သန်မာရပေမည်။ အကြီးအကဲချုပ်သည် တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်တွင် ရပ်တည်နေသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် မဟာအကြီးအကဲသည်…
တန်ခိုးရှင်ဘုရင်အဆင့် အကုန်လုံး ရင်တုန်သွားကြသည်။
“မဟာအကြီးအကဲက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးပဲ။ ကြယ်စီရင်စုထဲမှာတောင် သူက ထိပ်တန်းအဆင့် ပညာရှင်တွေထဲဝင်တယ်။ သူလို လူတစ်ဦးကို လက်ခံခွင့်ရတာ ငါတို့ဂိုဏ်းအတွက် တကယ် ကံကောင်းတာလို့ ပြောလို့ရတယ်” ရန်ကိုင် ပြောသည့်စကားကို ကြာပြီးနောက် လူအုပ်ကြီးတစ်ခုလုံး တိတ်ကျသွားပြီး အကုန်လုံးသည် အံ့အားသင့်နေသည့် အကြည့်များဖြင့် ကွေ့ဇူအား စိုက်ကြည့်လာခဲ့ကြလေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူပင်လျှင် မဟုတ်ဘဲ ဒုတိယအဆင့်သို့ပင် ရောက်နေသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည်…
အရိပ်ကြယ်သည် တစ်ကိုယ်လုံး သီးခြား ခွဲထွက်နေသည့် ကြယ်တစ်လုံး မဟုတ်တော့ချေ။ အပြင်လောကကြီးသို့ ထွက်သွားပြီးသည့် ကျင့်ကြံသူများ ပြန်သယ်လာသည့် သတင်းများကြောင့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဘာကိုကိုယ်စားပြုသလဲ ဆိုသည်ကို တပည့်များအားလုံး နားလည်နေကြလေပြီ။
တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူသည် ကြယ်စီရင်စုထဲပင်လျှပ် ထိပ်ဆုံး၌ ရပ်တည်နိုင်သော ကျင့်ကြံသူ ဖြစ်သည်။ တံခါးတွင်းပိတ်ကျင့်စဉ်ဝင်နေကြသည့် မွန်းစတားအိုကြီးများမှလွဲ၍ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူများသည် ကြယ်စီရင်စုထဲ အမြင့်မားဆုံးသော အာဏာနှင့် စွမ်းအားကို ကိုင်ဆောင်ထားသူများ ဖြစ်ကြသည်။
သူတို့ဂိုဏ်းသည် ထိုကဲ့သို့သော ပညာရှင်တစ်ဦးကို တကယ်ကြီး ဖိတ်ခေါ်နိုင်ခဲ့သည်။
တပည့်များအားလုံး အချိန်အတော်ကြာသည်အထိ အသိ ပြန်မဝင်လာနိုင်ခဲ့ကြချေ။
“ဟားဟား၊ ဂိုဏ်းချုပ်က အရမ်း မြှောက်ပြောနေတာပဲ။ ဂိုဏ်းထဲ ဝင်ခွင့်ရတာ ဒီလူအိုကြီးရဲ့ ကံကောင်းမှုကြောင့်လို့တောင် ပြောလို့ရတယ်” တပည့်များ၏ တုန်ပြန်မှုကိုကြည့်ရင်း ကွေ့ဇူ အလွန် ကျေနပ်နေခဲ့လေသည်။ တပည့်များ အထင်ကြီးသွားအောင် လုပ်ချင်သလို သူ့ကိုယ်သူလည်း အတတ်နိုင်ဆုံး နှိမ့်ချရန် ကြိုးစားနေခဲ့သည်။ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်၏ ခွန်အားကို တပည့်များ သိသွားစေရန်အတွက် သူ့အရှိန်အဝါကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပြလိုက်လေသည်။ ထိုနောက် ပြုံး၍ “ဒီလူအိုကြီးက အထက်စကြာဝဠာဂိုဏ်းရဲ့ မဟာအကြီးအကဲ ဖြစ်လာပြီဆိုတော့ အခုကနေစပြီး ဂိုဏ်းနဲ့ သေအတူရှင်မကွာ ရှိသွားမယ်လို့ ကတိပေးတယ်။ ဂိုဏ်းကို ဒုက္ခပေးချင်တဲ့ လူတွေ ပေါ်လာရင် ဒီလူအိုကြီး ထိပ်ဆုံးက ရင်ဆိုင်ပေးမယ်။ ဒါပေမယ့် ဒီလူအိုကြီးက တစ်ယောက်တည်းပဲရှိတာဆိုတော့ ငါ့ခွန်အားကလည်း အကန့်အသတ်နဲ့ပဲ ရှိလိမ့်မယ်။ ဒါကြောင့် ဂိုဏ်းအနေနဲ့ တကယ် တိုးတက်ဖို့ဆိုရင် အကုန်လုံး ပူးပေါင်း ပါဝင်ပေးမှ ရလိမ့်မယ်။ ဂိုဏ်းသားအားလုံး တိုးတက်လာမှပဲ တစ်ဂိုဏ်းလုံးရဲ့ ခွန်အားလည်း တိုးတက်လာမှာ”