အခန်း (၁၈၃၁-၁၈၃၅)
Vol. 74 Ch. 1831-1835
အပိုင်း (၁၈၃၁)
သူ့ခဗျာ အားတက်သရောဖြင့် ပြောလိုက်သော်လည်း သူပြောပြီးချိန် လူအုပ်ကြီးတစ်ခုလုံး တိတ်နေသဖြင့် ကွေ့ဇူ ရှက်သွားခဲ့လေသည်။ မြေကွက်လပ်ထဲတွင် ရှိနေသော သောင်းနှင့်ချီသည့် တပည့်များသည် မိုးကြိုးပစ်ခံထားရသည့် အလား ကွေ့ဇူကိုသာ ကြောင်ကြည့်နေကြလေသည်။
ရန်ကိုင်ဆီသို့ အကူအညီ ရလိုရငြား လှည့်ကြည့်လိုက်သည့် အခါတွင် ထိုကောင်လေးသည် စုယန်နှင့်ရှနင်းချန်တို့ ပန်းလေးနှစ်ပွင့်၏ ခါးကိုဖက်လျက် ရယ်ရယ်မောမောနှင့် စကားပြောနေကြောင်း တွေ့လိုက်ရသည်။ သူ့ကိုမူ လုံးဝ လျစ်လျူရှုထားခဲ့လေသည်။
ခွေးကောင်လေး။ လိုနေပါတယ်ဆိုမှ သောက်ခွေးက စမူလာကြောင်နေတယ် ကွေ့ဇူ စိတ်ထဲ ကြိတ်ဆဲတော့လေသည်။
သို့သော်လည်း ချက်ချင်းဆိုသလို လူအုပ်ကြီးတစ်ခုလုံး ရုတ်တရက် ထအော်ဟစ်လေသည်။
“မဟာအကြီးအကဲပြောတာ အမှန်ပဲ။ ကျုပ်တို့ မဟာအကြီးအကဲ စိတ်မပျက်စေရအောင် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”
“မဟာအကြီးအကဲနဲ့ အတူတူ ချီတက်နောက်ဆုတ်ကြမယ်။ ဂိုဏ်းနဲ့လည်း သေအတူရှင်မကွာ ရှိနေကြမယ်။ ဒါမှာ ငါတို့ မဟာအကြီးအကဲကွ”
“မဟာအကြီးအကဲနဲ့ ဂိုဏ်းချုပ်တို့ စိတ်ချထားလိုက်။ ကျုပ်တို့ဂိုဏ်း ကြယ်စီရင်စုကြီးနဲ့ နံပါတ်တစ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာအောင် ကျိန်းသေ ကြိုးစားပေးမယ်”
ကွေ့ဇူ၏ စကားသည် အထက်စကြာဝဠာဂိုဏ်းသားများ၏ သွေးများကို ဆူပွက်သွားစေခဲ့လေသည်။ ထိုအခြင်းအရာကို မြင်မှပဲ ကွေ့ဇူ သက်ပြင်းချနိုင်ခဲ့သည်။ သူ့စိတ်ထဲ ရှင်းပြမရသည့် ခံစားချက် တစ်မျိုးကိုလည်း ခံစားမိနေခဲ့သည်။ ပြောပြရသော် ရုပ်ဆိုးသည့် ယောင်းမမှ ခမည်းခမက်နှင့် ပထမဆုံးအကြိမ် လာတွေ့ပြီး ခမည်းခမက်၏ ခွင့်ပြုချက်ကို ရလိုက်သည့် ခံစားချက်မျိုးပင်…
တကယ်ကို ဖိအားများတာပဲ. ငါက တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ယောက်လေ။ ဒီကို အခြားသူတွေ လေးစားတာခံရဖို့ ရောက်လာရုံလေးတင် မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးရတာလဲ
ချက်ချင်းပဲ သူ့ကိုယ်သူ အားကောင်းသည့် ပညာရှင်တစ်ဦး ပုံစံဖြစ်အောင် ဟန်ထုတ်၍ ပြုံးကာ ပြောလိုက်လေသည် “ဒီနေ့ မင်းတို့နဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ… ဒါပေမယ့် မင်းတို့အတွက် ဘာလက်ဆောင်မှ ပြင်ဆင်မလာခဲ့ဘူး။ ဒါကြောင့် အဲ့အစား နောက်သုံးရက်တိတိကို ငါနားလည်ထားတဲ့ သိုင်းတာအိုအပေါ် ထိုးထွင်းသိမြင်မှုတွေကို ပြောပြပေးမယ်။ အဲ့အချိန်အတွင်း ကျင့်ကြံခြင်းနဲ့ ပက်သက်ပြီး မင်းတို့ နားမလည်တဲ့ မေးခွန်းတွေရှိရင် မေးလို့ရတယ်။ ဒီလူအိုကြီး အကုန် ပြန်ဖြေပေးမယ်”
ကွေ့ဇူ၏ စကားဆုံးသွားသည်နှင့် လူအုပ်ကြီးဆီမှ ဝမ်းသာတကြီး အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့လေသည်။ အကုန်လုံးသည် အလွန်ကိုမှ စိတ်လှုပ်ရှားနေကြသော်လည်း အတတ်နိုင်ဆုံး သူတို့စိတ်ကို တည်ငြိမ်အောင်ထား၍ ချက်ချင်းပဲ တင်ပလင်ခွေထိုင်ကာ ကွေ့ဇူ ပြောပြမည်ကို သေချာ အာရုံစိုက်နားထောင်ရန် ပြင်လိုက်ကြလေသည်။
တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ သင်ခန်းစာကို နားထောင်ခွင့်ရဖို့သည် အလွန်ကို ရှားပါးသည့် အခွင့်အရေးတစ်ရပ် ဖြစ်သည်။ ကျင့်ကြံသူတိုင်းသည် ကျင့်ကြံရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရသည်။ သိုင်းပညာရပ်များကို ကျင့်ကြံနေရာတွင်ဖြစ်ဖြစ်၊ မှော်ရတနာများကို သန့်စင်ရာတွင် ဖြစ်ဖြစ် အခက်အခဲ တစ်ခုမဟုတ် တစ်ခုနှင့် ကြုံလေ့ရှိကြသည်။ ထိုကဲ့သို့ အခက်အခဲများနှင့် ကြုံရသည့်အခါ သူတို့အား လမ်းညွှန်ပြသပေးမည့် ဆရာတစ်ဦး ရှိနေခဲ့လျှင် အချိန်ကုန် လူပင်ပန်း သက်သာပေသည်။
ယခု သူတို့ရှေ့တွင် သူ့ကိုယ်ပိုင် အတွေ့အကြုံကို ရှင်းပြပြီး သူတို့၏ မေးခွန်းများကို ဖြေကြားပေးမည့် တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေခဲ့သည်။ ဤသည်မှာ တစ်သက်တွင် တစ်ကြိမ်ပင် ရခဲလှသည့် အခွင့်အရေးတစ်ရပ် ဖြစ်လေရာ တပည့်များ စိတ်မလှုပ်ရှားဘဲ ဘယ်နေမည်နည်း။
တပည့်အားလုံး အလွန်ကိုမှ စိတ်လှုပ်ရှားနေကြသည်ကို မြင်သော် ကွေ့ဇူလည်း အလွန်ကိုမှ ကျေနပ်သွားခဲ့သည်။ ချက်ချင်းပဲ လည်ချောင်းရှင်း၍ စတင် ရှင်းပြတော့လေသည်။ ကွေ့ဇူမှ သင်ခန်းစားကို စတင်လိုက်သည်နှင့် ဆူညံနေသည့် မြေကွက်လပ်ကြီး တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့လေသည်။
“မတွေ့ရတာကြာလို့ စီနီယာအစ်မတို့ နှစ်ယောက်ကို ဒီဂျူနီယာမောင်လေး အရမ်း လွမ်းနေတာ။ ဒါကြောင့် အခြား တိတ်ဆိတ်တဲ့ တစ်နေရာသွားပြီး စကား ပြောကြရအောင်နော်” ကွေ့ဇူ အဆင်ပြေသွားသည်ကို မြင်သော် ရန်ကိုင်သည် စုယန်နှင့် ရှနင်းချန်၏လက်ကိုကိုက်၍ ထိုနေရာမှ အရှက်မရှိ လမ်းလျှောက်ထွက်လာခဲ့လေသည်။
“ဂျူနီယာမောင်လေး” စုယန်၏ မျက်နှာလေး နီမြန်းသွားခဲ့လေသည် “အချိန်တွေ အများကြီး ရှိသေးတာပဲ၊ နောက်မှ ပြောကြရင် မကောင်းဘူးလား။ မဟာအကြီးအကဲက သုံးရက်ပဲ သင်ခန်းစာပို့ချပေးမှ၊ ဒီလို အခွင့်အရေးမျိုးက လိုချင်တိုင်း ရနိုင်တာမဟုတ်ဘူး။ သွားနားထောင်ပြီးမှပဲ ငါတို့ စကားပြောကြမယ်”
“ဟုတ်တယ်။ ငါလည်း သွားနားထောင်ချင်တယ်…” ရှနင်းချန်ကလည်း ဝင်ပြောလိုက်လေသည်။
“စိတ်မပူနဲ့ စီနီယာအစ်မတို့။ စီနီယာအစ်မတို့ နားထောင်ချင်ရင် နောက်နေ့ ကျုပ်ကိုယ်တိုင် မဟာအကြီးအကဲကို သွားပြောပေးမယ်” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်လေသည်။
ရန်ကိုင်၏ စကားကို ကြားလိုက်သည့်အချိန်တွင် အားတက်သရောဖြင့် စင်ပေါ်၌ ရှင်းပြနေသော ကွေ့ဇူ စင်ပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့လေသည်။ ချက်ချင်းပဲ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လာခဲ့လေသည်။ ထိုစမူကြောင်ကောင်သည် သူ့အား သူ့မိန်းမနှစ်ယောက် စိတ်ကျေနပ်စေရန်အတွက် အသုံးချနေခဲ့သည်။ တကယ်ကို အရှက်မရှိသည့်ကောင်ပင်။
“ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ခိုင်းလို့ ဖြစ်မှာလဲ။ သူက မဟာအကြီးအကဲလေ…” ရှနင်းချန်က ပြန်ပြောလိုက်သည်။
“စီနီယာမမလေး စိတ်ပူနေစရာ မလိုဘူး” ရန်ကိုင်သည် ကွေ့ဇူအား အကြည့်စူးစူးကို မသိကျေးကျွံပြုလျက် ရယ်မောရင်း ပြန်ပြောလိုက်၏ “မဟာအကြီးအကဲက စီနီယာမမလေးကို ဆေးဖော်စပ်ပေးဖို့ အကူအညီ တောင်းချင်နေတာ။ ဒါကြောင့် သူလာတဲ့အချိန်က သူ့ကို ပြောပြလို့ခိုင်းလို့ရတယ်”
“မဟာအကြီးအကဲက ဆေးဖော်စပ်ချင်နေတာလား” ရှနင်းချန် ကွေ့ဇူအား လှမ်းကြည့်လိုက်လေသည်။
ရှနင်းချန်သည် ရန်ကိုင်ပြောသည့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်မှန်း သိသွားသော် ကွေ့ဇူ အလွန်ကိုမှ ထိတ်လန့်သွားခဲ့သည်။ သူ့စီနီယာမမလေးသည် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု ရန်ကိုင် ပြောခဲ့ဖူးသည်။ ထို့အပြင် ဤမိန်းကလေးဆီမှ ဆေးနံ့များကို ရနေသည်။ ဤဆေးနံ့မျိုးသည် ဆေးလုံးများနှင့် အမြဲတစေ ထိတွေ့နေသည့် လူများတွင်သာ ရတတ်သည့် အနံ့မျိုး ဖြစ်ပေသည်။
တကယ်ကြီး သူလား
ထိုအကြောင်းကို စဉ်းစားမိလိုက်သည့် အခိုက်တွင် ကွေ့ဇူလည်း အားတင်းပြုံး၍ ခေါင်းညိတ်ပြလိုက်ရလေသည်။
“ကြည့်၊ မဟာအကြီးအကဲ သဘောတူနေပြီ” ရန်ကိုင်က သံကိုပူတုန်း ဝင်ထုလိုက်လေသည်။ အခွင့်အရေး ရလိုက်သည့်နောက် ချက်ချင်းပဲ စုယန်နှင့် ရှနင်းချန်ကိုဆွဲကာ ထိုနေရာမှ ပြေးထွက်လာခဲ့လေသည်။ မိန်းကလေးနှစ်ဦးမှာတော့ ရှက်လွန်းသဖြင့် ခေါင်းကိုသာ ငုံထားကြလေသည်။
လမ်းတစ်ဝက်အရောက်တွင် ရှနင်းချန်သည် တစ်ခုခုကို ရသွားသည့်အလား ပြောလိုက်လေသည် “ဒါနဲ့ ဂျူနီယာမောင်လေး၊ ယန်ယန်…”
“သိတယ်” ရန်ကိုင်က ဖြတ်ပြောလိုက်သည်။
အထက်စကြာဝဠာဂိုဏ်းသို့ ပြန်ရောက်လာစဉ်က ယန်ယန်၏ ကောင်းကင်စိတ်အာရုံ သူ့အား လာရောက်စစ်ဆေးပြီး ချက်ချင်း ပြန်ဆုတ်သွားသည်ကို သတိပြုမိလိုက်သည်။ ထို့အဖြစ်အပျက်မှ ယန်ယန် နိုးနေပြီမှန်း ရန်ကိုင် ချက်ချင်း သဘောပေါက်လိုက်၏။
ဒဏ္ဏာရီလာကြယ်တာရာကောင်းကင် မဟာဧကရာဇ် ပြန်လည် နိုးထလာခဲ့လေပြီ။
သို့ရာတွင် ယန်ယန်နှင့် စကားပြောရန် အချိန်မရှိသေးချေ။ စုယန်၊ ရှနင်းချန်တို့နှင့် လုပ်စရာရှိပေသေးသည်။ ယန်ယန်နှင့်က နောက်မှပြောလည်း ရ၏။
…
ငါးရက်ကြာပြီးနောက်… ပန်းတစ်ရာထောင်ထွတ်…
ရန်ကိုင်သည် တောင်တက်လမ်းအတိုင်း တက်လာခဲ့သည်။ သို့သော်လည်း တောင်ထိပ်သို့ အရောက်တွင် မိန်းကလေးတစ်ဦး သူ့ဆီသို့ ရုတ်တရက် ပျံသန်းလာပြီး ခန္ဓာကိုယ်ကို တစ်ပတ်လည် လှည့်ကာ ကန်ချလိုက်လေသည်။
ရန်ကိုင် မျက်နှာ ချက်ချင်းတည်သွားပြီး ချက်ချင်းပဲ ညာဘက်လက်မောင်းကို မြှောက်ကာ ကာလိုက်လေသည်။
ဘုန်း…
တောင်နှစ်လုံး အရှိန်ပြင်ပြင်းဖြင့် ဝင်တိုက်ကြသည့်နှယ် ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် ခြေထောက်အောက်ရှိ မြေပြင်သည် အလွန် ပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရသည့်အလား ချက်ချင်း ကျွံဝင်သွားပြီး ပတ်ပတ်လည်အနှံ့ အက်ရာများ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်အား တိုက်ခိုက်လိုက်သည့် မိန်းကလေးမှာတော့ အော်ဟစ်ရင်း လွင့်ထွက်သွားလေသည်။
သို့သော်လည်း ချက်ချင်း လေထဲ တစ်ပတ်လည်လှည့်၍ ဟန်ချက် ပြန်ထိန်းကာ မြေပြင်ပေါ်သို့ ဆင်းလိုက်သည်။ ပြီးသည်နှင့် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်ရင်း သူမ၏ ခြေထောက်ကို အဆက်မပြတ် ပွတ်သပ်၍ အော်ပြောလိုက်လေသည် “ဂိုဏ်းချုပ်ဦးလေးရဲ့ ခန္ဓာကိုယ်က သံနဲ့လုပ်ထားတာလား။ ဘာလို့ ဒီလောက် မာနေရတာလဲ”
အထွန့်တက်နေရင်း မျက်ရည်စလေးများ သူမ၏ မျက်ခမ်းစီမှ စီးကျလာခဲ့လေသည်။
“အရူးမလေး” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလေသည် “တွေ့တာနဲ့ ဘာလို့ ငါ့ကို လိုက်ချဖို့ချည်း လုပ်နေတာလဲ။ နင့်ခန္ဓာကိုယ် ခွန်အားကို အဲ့လောက်တောင် ယုံကြည်တာလား”
“ဟွန့်” မိန်းကလေးက နှာခေါင်းရှုံ့လျက် ခေါင်းမော့ရင်ကော့ကာ ပြန်ပြောလိုက်၏ “အကြီးအကဲချုပ်က ပြောတယ်၊ ကျွန်မမှာ ခွန်အားကို တစ်ဟုန်ထိုး မြှင့်ပေးနိုင်တဲ့ တိုက်တန်ခွန်အားခန္ဓာကိုယ် ရှိတယ်တဲ့။ ပြီးတော့ ဂိုဏ်းတူဒေါ်လေး ယန်ယန်ကလည်း ကျွန်မက ထူးချွန်မယ့် လူတစ်ယောက်လို့ ပြောထားတယ်။ ဒါပေမယ့် သူတို့အားလုံး လိမ်နေတာပဲ ဖြစ်ရမယ်။ အရိပ်ကောင်းကင်ဆေးလုံးတွေ အများကြီး သောက်ထားတာတောင် အခုထိ ဂိုဏ်းချုပ်ဦးလေးကို မနိုင်သေးဘူး”
“ဟားဟား။ သူတို့ လိမ်နေတာ မဟုတ်ဘူး။ နင့်ကိုယ်ကကို အရမ်း ငယ်နေသေးတာ။ နင်သာ ငါ့အရွယ်ရောက်ရင်…”
“ဂိုဏ်းချုပ်ဦးလေးကို အနိုင်ယူနိုင်မှာလား” မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလိုက်လေသည်။
“မနိုင်ပါဘူး။ နင်က ကြီးလာနေတယ်ဆိုပေမယ့် ငါကလည်း ကြီးလာနေတာပဲလေ။ နင်အားကောင်းလာနေသလို ငါကလည်း အားကောင်းလာနေမှာ။ ဒါပေမယ့် နေပါဦး… နင်ဘာလို့ ငါ့ကို ဒီလောက်တောင် အနိုင်ယူချင်နေတာလဲ” ရန်ကိုင်က မိန်းကလေးအား အံ့ဩတကြီး စိုက်ကြည့်၍ ပြန်မေးလိုက်၏။
ဤမိန်းကလေးသည် ဟွမ်ကျန်းမှ မွေးစားခဲ့သည့် လင်းယွင်အာပဲ ဖြစ်လေသည်။
အချိန်ကြာလာသည်နှင့် လင်းယွင်အာ၏ ကာယခွန်အားသည် ပိုပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ သူမ၏ ခန္ဓာကိုယ် သေးသေးလေးထဲ ကိန်းအောင်းနေသော စွမ်းအားသည် တန်ခိုးရှင် အဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားနှင့် အဆင့်တူတွင်ရှိ၏။ သူမသာ သူတော်စင်ချီကိုပါ ထပ်သုံးမည်ဆိုလျှင် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများကို အလွယ်တကူ တိုက်ခိုက်နိုင်လာပေလိမ့်မည်။
တကယ်ကို ထူးဆန်းတဲ့ ကောင်မလေး။ အခုဆိုရင်တောင် သူ့အသက်က (၁၆)နှစ် ပြည့်ဦးမှာ မဟုတ်သေးဘူး။ ဒါတောင် ဒီလောက် အားကောင်းနေပြီ။ ကြီးလာရင် ဘယ်လောက်တောင် အားမကောင်းမလဲမသိဘူး နောင်တစ်ချိန်တွင် သူမသည် ကြယ်စီရင်စုကြီး၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ကို ရန်ကိုင် မြင်ယောင်မိနေလေပြီ။
ရန်ကိုင်၏ မေးခွန်းကိုကြားသော် လင်းယွင်အာသည် မဆိုင်းမတွ ပြန်ဖြေလိုက်လေသည် “ယွင်အာသာ ဂိုဏ်းချုပ်ဦးလေးကို အနိုင်ယူနိုင်ရင် ပိုသန်မာအောင် လုပ်နိုင်တဲ့ နေရာတစ်ခုကို ခေါ်သွားပေးမယ်လို့ ဂိုဏ်းတူဒေါ်လေး ယန်ယန်က ပြောထားတယ်”
“ဟားဟား…” ပန်းတစ်ရာစံအိမ်ရှေ့တွင် ဇိမ်ပြေနပြေနှင့် ရေနွေးကြမ်း ထိုင်နေသော ယန်ယန်ကို ကြည့်ရင်း ရန်ကိုင်၏ နှုတ်ခမ်း မဲ့သွားခဲ့လေသည်။
နိုးလာပြီးနောက်တွင် ယန်ယန်၏ အရှိန်အဝါသည် ယခင်နှင့်မတူ လုံးဝကို ပြောင်းလဲသွားခဲ့သည်။ ယန်ယန်ကို ကြည့်လိုက်တိုင်း အပြောင်းလဲကြီး ပြောင်းလဲသွားသည့် လူတစ်ဦးအား ကြည့်နေရသလို ခံစားရသဖြင့် ရန်ကိုင်လည်း မျက်မှောင် ကြုတ်မိသွားခဲ့လေသည်။
“နင်ငါ့ကို လာမတွေ့တော့ဘဲ ပထမကောင်းကင်နန်းတော်မှာပဲ တစ်ချိန်လုံး ပျော်နေတော့မယ်လို့ ငါထင်နေတာ” ယန်ယန်က လက်ဖက်ရည်ခွက်ကိုချ၍ ရန်ကိုင်အား အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်လေသည် “ဒီရက်အတောအတွင်း တော်တော်လေး ပျော်ခဲ့တာပေါ့၊ ဟုတ်တယ်မလား”
“ပုံမှန်ပါပဲ” ပုံမှန်ဆိုလျှင် ရှက်တတ်သူ တစ်ယောက် မဟုတ်သော်လည်း လက်ရှိတွင်တော့ ရန်ကိုင်၏ ပါးနှစ်ဖက်သည် အနည်းငယ် နီမြန်းနေခဲ့လေသည်။ ယန်ယန်၏ ဘေးကို လှမ်းကြည့်လိုက်သည့်အခိုက်တွင် ကွေ့ဇူကို တွေ့လိုက်ရသဖြင့် အံ့အားသင့်တကြီး မေးလိုက်မိလေသည် “မဟာအကြီးအကဲလည်း ဒီရောက်နေတာလား။ တကယ် တိုက်ဆိုင်တာပဲ”
“ဟဲဟဲ…” ကွေ့ဇူသည် အောင့်သက်သက်ဖြင့်သာ ပြုံးလိုက်လေသည်။
တကယ်တော့ ရောက်လာကတည်းက ကွေ့ဇူကို သတိထားမိခဲ့ခြင်း ဖြစ်သည်။ ကွေ့ဇူပုံကို ကြည့်ရသလောက်တော့ ယန်ယန်၏ ပညာပေးခြင်း ခံထားရသည့်ပုံပင်။ သူရပ်နေသည့်ပုံကို ကြည့်လျှင် သိသာသည်။ ကွေ့ဇူသည် သူ့အရှိန်အဝါကို နည်းနည်းလေးမှ ထုတ်မပြရဲ၊ လည်ပင်းကို ကျုံ့လျက် ယန်ယန်နောက်တွင် တလေးတစားဖြင့် ရပ်နေခဲ့သည်။ ထိုပုံစံသည် ဆရာကြောက်သည့် တပည့်တစ်ဦး၏ ပုံစံမျိုး ဖြစ်ပေသည်။
“ဒါ နင်အသစ်ခေါ်ထားတဲ့ မဟာအကြီးအကဲလား” ယန်ယန်က ရန်ကိုင်ကို လက်ညိုးထိုး၍ မေးလိုက်လေသည်။
“ဟုတ်တယ်။ စီနီယာကွေ့ဇူက တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ဦးပဲ။ ဒါကြောင့်ပဲ သူ့ကို မဟာအကြီးအကဲ ရာထူး ပေးထားတာ” ရန်ကိုင်သည် ပန်းတစ်ရာစံအိမ်ဆီသို့ လမ်းလျှောက်သွားရင်း ပြောလိုက်လေသည်။ ထို့နောက် ယန်ယန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။
လင်းယွင်အာသည် ရန်ကိုင်နောက်မှ လိုက်လာပြီး ရန်ကိုင့် ခွက်ထဲသို့ ရေငှဲ့ပေးလိုက်လေသည်။
လင်းယွင်အာသည် ကွေ့ဇူနှင့် မတူညီစွာ ယန်ယန်ရှေ့၌ အလွန်ကိုမှ လွတ်လပ်ပေါ့ပါးနေခဲ့သည်။ ကွေ့ဇူမှာတော့ ကြောင်ကို ကြောက်နေသည့် ကြွက်တစ်ကောင်နှယ် ဖြစ်နေ၏။
“ကျင့်ကြံခြင်းက ဘာမှဒီလောက် မြင့်တာလည်း မဟုတ်ဘဲနဲ့ ကိုယ့်အဆင့်ကိုယ်မသိ… ဒီဘုရင်မကို ဆရာ လာလုပ်ချင်နေတယ်” ယန်ယန်က နှာခေါင်းရှုံ့လိုက်၏။
ယန်ယန်၏ စကားကို ကြားလိုက်သည့်အခိုက် ကွေ့ဇူ တုန်တက်သွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။
သူထင်ထားသလိုပင် ကွေ့ဇူသည် ယန်ယန်၏ သင်ခန်းစာပေးခြင်း ခံလိုက်ရလေပြီ။ သို့သော်လည်း ကွေ့ဇူ တကယ်ကြီး ဘာလုပ်ခဲ့သလဲ ဆိုသည်ကိုတော့ ရန်ကိုင် အတော်လေး သိချင်မိသွားသည်။
ကွေ့ဇူအား အားတင်းကာ ဖျစ်ညစ်ပြုံး၍ ပြောလိုက်လေသည် “ဒီလူအိုကြီးက အခုမှ မဟာအကြီးအကဲ ရာထူးကို ရဖူးတာ ဆိုတော့ အနည်းငယ် ဘဝမြင့်ပြီး အမြင်ရှမ်းသွားခဲ့လသို စီနီယာကို ရန်စမိသလို ဖြစ်သွားခဲ့တာပါ။ စီနီယာ အနေနဲ့ ကိုယ့်ကိုယ်ကို ဒီလူအိုကြီး အဆင့်ကို နှိမ့်ချနေစရာ မလိုပါဘူး။ ကျေးဇူးပြုပြီး သဘောထား ကြီးကြီးနဲ့ပဲ ဒီလူအိုကြီးရဲ့ မသင့်လျော်တဲ့ အပြုအမူကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
“ဒီဘုရင်မက ငါ့ကိုယ်ငါကို နင့်အဆင့်ထိ နှိမ့်ချစရာလား” ယန်ယန်သည် ကွေ့ဖူအား ပြုံးလျက်စိုက်ကြည့်၍ “မနေ့ကပဲ ကျင့်ကြံခြင်းနဲ့ ပက်သက်တဲ့ ဒီဘုရင်မရဲ့ မေးခွန်းကို ဖြေပေးမယ်လို့ နင်ပြောခဲ့တာ မဟုတ်ဘူးလား။ အဲ့အတွက်တောင် ဒီဘုရင်မ နင့်ကို ကျေးဇူး မတင်ရသေးဘူးနော်။ တကယ်တော့ ဒီဘုရင်မမှာလည်း နင့်ကို မေးချင်နေတာတွေရှိတယ်။ မဟာအကြီးအကဲများ ဖြေပေးနိုင်မလားမသိဘူး”
“စီနီယာ မနောက်ပါနဲ့လား…” ကွေ့ဇူ ငိုချတော့မတတ် ဖ ြစ်နေလေပြီ “စီနီယာကို သာမန် တပည့်တစ်ယောက်လို့ ထင်လိုက်မိလို့ ဒီလူအိုကြီး အဲ့လို လုပ်ခဲ့မိတာပါ။ အဲ့ဒါကြောင့်ပဲ…”
“မဟာအကြီးအကဲ၊ ခင်ဗျား သူ့ကို ကျင့်ကြံခြင်းနဲ့ ပက်သက်ပြီး သွားသင်ပြပေးတာတော့ မဟုတ်ပါဘူးနော်” ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်နေလေပြီ။
ကွေ့ဇူကမူ အလွန်ကိုမှ စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်လေသည်။
ရန်ကိုင်သည် အတတ်နိုင်ဆုံး မရယ်မိအောင် ထိန်းထားရင်း ရေနွေးကြမ်းတစ်ခွက်ကို အလျင်စလို မော့သောက်လိုက်လေသည်။ သို့ရာတွင် သူ့ပခုံးမှာတော့ ရယ်ချင်စိတ်ကို မနည်း အောင့်အည်းနေရသည့်အလား တဆတ်ဆတ် တုန်ခါနေခဲ့လေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၃၂)
ကွေ့ဇူ အလွန်ကိုမှ စိတ်ညစ်နေခဲ့သည်။
သုံးရက်ကြာအောင် သင်ကြားပို့ချပြီးနောက်တွင် အထက်စကြာဝဠာဂိုဏ်းထဲရှိ သူ့ပုံရိပ်သည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ အချိန်ခဏလေးအတွင်း တပည့်များ၏ ထောက်ခံမှုကို ရရှိခဲ့သလို အထက်စကြာဝဠာဂိုဏ်းနှင့်လည်း အသားကျသွားနိုင်သဖြင့် ကွေ့ဇူ အတော်လေး ဂုဏ်ယူပျော်ရွှင်နေခဲ့၏။
မနေ့က ကွေ့ဇူသည် ဂိုဏ်းနှင့် ရင်းနှီးအောင် လုပ်ရင်း အထက်စကြာဝဠာဂိုဏ်းထဲ လျှောက်ပတ်ကြည့်ခဲ့သည်။
အထက်စကြာဝဠာဂိုဏ်းတွင် တောင်ထွတ်ပေါင်း (၈၁)လုံးရှိပြီး တောင်ထွတ်တိုင်းသည် လှပ၍ မိုးမြေစွမ်းအင်ဖြင့် ကြွယ်ဝကြသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ကွေ့ဇူ အလွန်ကိုမှ ကျေနပ်မိသွားခဲ့သည်။
အထက်စကြာဝဠာဂိုဏ်းအား ကာကွယ်ပေးထားသော နေမီးလျှံလက်စွပ်သုံးကွက်ကို မြင်ပြီးနောက် ကွေ့ဇူ အလွန်ကိုမှ ထိတ်လန့်အံ့အားသင့်သွားခဲ့ရလေသည်။ သူပင်လျှင် မဝင်ရဲရအောင် မည်သို့သော အစီအရင် ပညာရှင်ကများ ဤမျှ ကြီးကျယ်ခမ်းနားသော အစီအရင်အား ခင်းကျင်းခဲ့သလဲ ဆိုသည့်အပေါ် ကွေ့ဇူ အတွေးများမိသွားခဲ့သည်။
ထိုသို့ လျှောက်ပတ်သွားနေရင်းမှ ပန်းတစ်ရာတောင်ထွတ်ရှေ့သို့ ရောက်လာခဲ့လေသည်။
ထိုအချိန်သည် ယန်ယန် မျက်လုံးပိတ်ပြီး အိပ်နေသည့် အချိန်ဖြစ်သည်။ သို့သော်လည်း ယန်ယန်သည် ကျင့်စဉ် တစ်ခုခုကို ကျင့်ကြံနေသည်ဟု ကွေ့ဇူ ထင်သွားခဲ့သည်။ ယန်ယန် မျက်လုံး ပွင့်လာသည်ကို မြင်သည့်အခါ ကွေ့ဇူသည် အားကောင်းသည့် ပညာရှင်တစ်ဦး၏ ဟိတ်ဟန်ထုတ်လျက် ယန်ယန်အား မည်သို့မည်ပုံ ကျင့်ကြံရမည် ဆိုသည်နှင့် ပက်သက်၍ သွားရောက် ညွှန်ကြားပြသလေ၏။ ယန်ယန်မှ သူ့အား ကျေးဇူးတင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ကျေးဇူးတင်သံတော့ မကြားရဘဲ ယန်ယန်၏ ရယ်သံလေးကိုသာ ကြားလိုက်ရလေသည်။
သို့သော်လည်း ထိုရယ်သံကို ကြားလိုက်သည့်အခိုက် သူ့တစ်ကိုယ်လုံး ကမ္ဘာပျက်မိုးကြိုးထဲ ရောက်သွားသည့်အလား သူ့ခေါင်းတစ်ခုလုံး အိုးထိန်းစက်ပမာ ချာချာလည်ထွက်သွားခဲ့၏။
ကွေ့ဇူ စိတ်ထဲ ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ ထိုရယ်သံကိုသာ အဖန်တလဲလဲ ကြားယောင်နေတော့၏။ ယနေ့ မနက်မှသာ ထိုရယ်သံ ရပ်တန့်သွားခဲ့ပြီး ကွေ့ဇူလည်း မိန်းမောနေရာမှ ပြန်အသိဝင်လာနိုင်ခဲ့ရသည်။
ထိုမှ ဖြစ်ပျက်ပြီးမှဖြင့် သူ့အခြေအနေကို ကွေ့ဇူ နားမလည်ဘဲ ဘယ်နေတော့မည်နည်း။ သံပြားကို အမှတ်မထင် သွားကန်မိလိုက်ပြီမှန်း ကွေ့ဇူ နားလည်လိုက်သည်။ ယန်ယန်၏ မှင်သက်ဖွယ်ရာ နည်းလမ်းများကို မြင်ပြီးနောက် သူမရှေ့တွင် ကွေ့ဇူ လုံးဝ မမောက်မာရဲတော့ဘဲ ကြောင်ရှေ့ရောက်သည့် ကြွက်ပေါက်လေး တစ်ကောင်ကဲ့သို့သာ ငြိမ်ကုတ်နေတော့၏။
ယခုအချိန်ထိတိုင် ယန်ယန်၏ ကျင့်ကြံခြင်းကို သူမ မစဉ်းစားတတ်သေးချေ။
ရယ်သံလေးတစ်ချက်သည် သူ့အား တစ်ရက်ကြာအောင် မိန်းမောသွားစေခဲ့သည်။ ဤအရာသည် တန်ခိုးရှင်ဘုရင်တတိယ အဆင့် တစ်ဦးပင် လုပ်နိုင်သည့်အရာမျိုးမဟုတ်။ ကိုယ်တိုင်သာ မကြုံလိုက်ရလျှင် လုံးဝကို ယုံနိုင်မည်မဟုတ်။
သူကျိန်းသေ ပြောနိုင်သည်မှာတော့ ယန်ယန်၏ ကျင့်ကြံခြင်းသည် သူ့ထက် အများကြီးကို သာလွန်သည် ဆိုသည်ကိုပင်။ အကြောင်းမှာ သူမည်သို့ပင် ကြိုးစားလေ့လာကြည့်ပါစေ ယန်ယန်၏ ကျင့်ကြံခြင်းကို မမြင်နိုင်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သူမအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး၍ မရအောင် ကာကွယ်ထားသည့် မှော်ရတနာလည်း မရှိချေ။ သူမ၏ ကျင့်ကြံခြင်းကို သူမမြင်နိုင်အောင် တမင်သက်သက် ဖုံးကွယ်ထားခြင်းလည်း မဟုတ်။
ဒီမိန်းမက ဘယ်သူလဲ။ ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းတယ်
ခွေးကောင်ရန်ကောင်လေး… ပြောတော့ သူတို့ဂိုဏ်းမှာ ဘာအားကောင်းတဲ့လူမှ မရှိဘူးတဲ့… အစောကြီးကတည်းက ကြိုသိထားခဲ့ရင်ကွာ… ယခုတော့ မိကျောင်းမင်းရှေ့ ရေခင်းပြရန် ကြိုးစားရင်း အရှက်ဗြန်းဗြန်း ကွဲခဲ့ရလေပြီ။
သူပြောခဲ့သည့် စကားများကို ပြန်စဉ်းစားမိလိုက်ချိန်တွင် ကွေ့ဇူမှာ ရှက်လွန်းသဖြင့် တွင်းတစ်တွင်း တူပြီးတော့သော ပြေးပုန်းပစ်ချင်စိတ်များ ပေါက်လာတော့သည်။
သူ့ပုံစံမှာ လမ်းမလျှောက်တတ်သည့် ကလေးတစ်ဦးမှ အရွယ်ရောက်လူကြီးတစ်ဦးအား မည်ကဲ့သို့ တိုက်ခိုက်ရမလဲ ဆိုသည်ကို သင်ပေးမည်ဟု ပြောနေသည့် ပုံစံနှင့်ပင် တူနေ၏။
တကယ် ကြောက်စရာကောင်းသည့် ဂိုဏ်းပင်။ ဂိုဏ်းထဲတွင် ရန်ကိုင်ကဲ့သို့ မွန်းစတားတစ်ကောင်သာလျှင် ရှိနေခြင်း မဟုတ်ဘဲ ကြောက်စရာကောင်းသည် ဝတ်ရုံဖြူမိန်းကလေးနှင့် အသက် ငယ်ငယ်လေးဖြင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့် ဆေးပညာရှင်တစ်ဦးလည်း ရှိနေသည်။ ကြောက်စရာအကောင်းဆုံးမှာ ယခု သူ့ရှေ့တွင် ရပ်နေသည့် အမျိုးသမီးပင် ဖြစ်ပေသည်။
ငါ မွန်းစတားအသိုက်ထဲ ရောက်လာတာများလားကွာ ကွေ့ဇူစိတ်ထဲ ကြိတ်၍ ညည်းတွားနေခဲ့လေသည်။
“ဂိုဏ်းချုပ်၊ ဒီလူအိုကြီး ကူညီချင်စိတ်နဲ့ လုပ်တာမှန်း မင်းသိပါတယ်။ ကျေးဇူးပြုပြီး ငါ့အတွက် ကူပြောပေးပါဦးကွာ” ယန်ယန် မပျော်မရွှင် ဖြစ်နေသည်ကိုမြင်သော် ကွေ့ဇူသည် ရန်ကိုင်အား လှမ်းအကူအညီ တောင်းလိုက်လေသည်။
ရန်ကိုင်က အသာအယာ ချောင်းဟန့်၍ ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်လေ၏ “ယန်ယန်၊ စီနီယာကွေ့ဇူက စေတနာနဲ့ လုပ်ခဲ့တာဆိုတော့ ဒီတစ်ကြိမ်လောက်တော့ ခွင့်လွှတ်ပေးလိုက်ပါလား”
ကွေ့ဇူက ခေါင်းညိတ်၍ “ဒီလူအိုကြီး တကယ်ကို စေတနာနဲ့ ကူညီပေးခဲ့တာပါ။ ကျေးဇူးပြုပြီး အပြစ်မမြင်ပါနဲ့ စီနီယာ”
ယန်ယန်သည် နှာခေါင်းရှုံ့လိုက်သော်လည်း သူမ၏ အမူအရာမှာတော့ သိသိသာသာကို ပြေလျော့သွားခဲ့လေသည်။
ရန်ကိုင်က ပြုံးလျက် “နင်တောက်လျှောက် အိပ်ပျော်နေတော့ ငါတို့အချင်းချင်း မတွေ့ဖြစ်တာ ဆယ်နှစ်တောင် မကတော့ဘူး။ အခုမှ တွေ့ခွင့်ရတာကို နိုးလာတာနဲ့ နင်က စိတ်ကောက်ဖို့ချည်းပဲ”
“ဘယ်သူက စိတ်ကောက်နေလို့လဲ” ယန်ယန်သည် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် ပြန်စိုက်ကြည့်လိုက်၏။
ရန်ကိုင်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် နှာခေါင်းကိုပွတ်၍ “နင့်ကြည့်ရတာ တော်တော် စိတ်ပျက်နေသလိုပဲ. အရင်ကနဲ့ နည်းနည်းလေးမှ မတူတော့ဘူး”
ဘေးနားတွင်ရှိသော ကွေ့ဇူက ဒေါသတကြီး ဝင်ပြောလိုက်၏ “အဲ့ဒါ မင်းမဟုတ်လို့လေ။ မင်းက ဟိုပန်းလေးတွေနဲ့ပဲ ပျော်နေပြီး ဒီက စီနီယာကို တစ်ယောက်တည်း ပစ်ထားတာကိုး”
ပြောပြီးမှပဲ သူစကားမှားသွားပြီမှန်း ကွေ့ဇူ နားလည်လိုက်သည်။ ယန်ယန်ကို စိတ်ကျေနပ်စေရန် ရည်ရွယ်ချက်ဖြင့် ဝင်ပြောလိုက်သော်လည်း သူ့စကားသည် တစ်ဖက်လူအား ကောင်းရာရောက်မသွားစေရုံမက ဆိုးရာသို့ပင် ရောက်သွားစေခဲ့သည်။
သူထင်သည့်အတိုင်းပင် ယန်ယန်သည် သူ့အား စိုက်ကြည့်လာခဲ့လေသည်။
မဟုတ်ဘူး…
ကွေ့ဇူ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို မျက်ဖြူဆိုက်ကာ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့လေသည်။
“ဘာလို့လဲ” ရန်ကိုင်က ခါးသက်စွာပြုံးလိုက်သည်။ ကွေ့ဇူ၏ ဝိဥာဉ်သည် ယန်ယန်ကြောင့် အိမ်မက်ဆိုးသဖွယ် ဆိုးရွားသည် နှိပ်စက်မှုကို ခံစားနေရကြောင်း သူမြင်ပေသည်။
“ဒါက သေးသေးလေးပဲ ရှိသေးတယ်။ ဘာမှ စိတ်ပူနေစရာ မလိုဘူး” ယန်ယန်က ပြန်ပြောလိုက်သည် “ပြီးတော့ ငါအခုလို လုပ်တာ သူ့အတွက် မကောင်းတာလည်း မဟုတ်ဘူး။ လူတိုင်းက ဒီဘုရင်မရဲ့ ကောင်းကင်စိတ်အာရုံနဲ့ ဖိနှိပ်ခံရတဲ့ အခွင့်အရေးမျိုး ရနိုင်တယ်လို့ နင်ထင်လို့လား”
“သူ့အတွက် ကောင်းတယ်ဆိုမှတော့ ထားလိုက်ပေါ့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်၏ “နင်နိုးလာတဲ့ နောက်ပိုင်း တစ်မျိုး ပြောင်းလဲသွားသလိုပဲ”
“နင်အရင်ကသိခဲ့တဲ့ တစ်ယောက်က ဒီဘုရင်မရဲ့ ဝိဥာဉ်ကိုယ်ပွားလေ။ အခု နင်မြင်နေရတာက ဒီဘုရင်မရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပဲ။ ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ” ယန်ယန်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ ယန်ယန်၏ ဘာကိုမှအရေးမစိုက်သည့် ပုံစံသည် သူ့နားသို လူမလာချင်အောင် လုပ်နေသလိုမျိုး ဖြစ်နေသည်။ ထို့ကြောင့် ရန်ကိုင်လည်း နေရထိုင်ရာ အတော်လေး မသက်မသာ ဖြစ်လာခဲ့သည်။ နောက်ဆုံး စကားဆက်ပြောရန် စိတ်မဝင်စားတော့သဖြင့် ရေနွေးကြမ်းကိုသာ ထိုင်သောက်နေတော့၏။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ယန်ယန်က ရုတ်တရက် မေးလိုက်လေသည် “နင်တော်တော်လေး တိုးတက်လာတာပဲ။ တန်ခိုးရှင်ဘုရင်အဆင့်ကို ဒီလောက် အချိန်တိုတိုလေးနဲ့ ရောက်မယ်လို့ ငါတကယ် မထင်ထားဘူး။ နင့်အရည်အချင်းနဲ့ဆို… ဒီကြယ်စီရင်စုကြီးကို တကယ် ကာကွယ်ပေးနိုင်လောက်တယ်”
“ငါကလား” ရန်ကိုင်က သူ့ကိုယ်သူ လက်ညိုးထိုး၍ အားတင်းပြုံးလျက် “ကြယ်စီရင်ကြီးက အကျယ်ကြီးပဲ။ အဲ့နေရာကြီး တစ်ခုလုံးကို ကာကွယ်ဖို့ စိတ်မဝင်စားဘူး။ ငါက ငါ့မိတ်ဆွေနဲ့ မိသားစုဝင်တွေကို ကာကွယ်ပေးချင်ရုံပဲ”
“နင်အဲ့လိုပဲတွေးနေရင် မှားသွားပြီ” ယန်ယန်က အလေးအနက်အမူအရာဖြင့် စိုက်ကြည့်၍ “ငါဘာလို့ ဒီကြယ်စီရင်စုထဲကို ရောက်လာလဲသိလား”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ယန်ယန်သည် လျှို့ဝှက်ချက်ကြီးတစ်ခုကို ထုတ်ပြောတော့မည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။ သို့သော် ခေါင်းခါ၍ “နင်တစ်ခါမှမှ ငါ့ကို မပြောဖူးတာ။ ငါဘယ်လိုလုပ်ပြီး သိမှာလဲ။ ဒါပေမယ့် ငါထင်တာ မမှားရင် အင်းဆက်ဧကရာဇ်နဲ့ ပက်သက်နေလိမ့်မယ်”
ဤကြယ်စီရင်စုထဲတွင် အင်းဆက်ဧကရာဇ်နှင့် ယှဉ်နိုင်သူဆို၍ ယန်ယန် တစ်ယောက်သာ ရှိသည်။ လွန်ခဲ့ နှစ်ပေါင်းတစ်သောင်းခန့် တိုက်ပွဲတွင် နှစ်ယောက်စလုံး အသီးသီး အထိနာသွားခဲ့ကြသည်။ ကြယ်ပေါင်းများစွာ ပျက်စီးခဲ့ပြီး ကြယ်စီရင်စုထဲ သေမင်းဇုံဟူသော ဧကရာဇ်ဖိအားဖြင့် ပြည့်နေသည့် နေရာတစ်ခုလည်း ထွက်ပေါ်လာခဲ့ရသည်။
ထို့ကြောင့် ယန်ယန် ထိုးမေးခွန်းကို မေးလာသည့်အခါ ရန်ကိုင့်ခေါင်းထဲ ချက်ချင်း အင်းဆက်ဧကရာဇ်ကို စဉ်းစားမိလိုက်၏။
“ဟုတ်တယ်။ ငါလာတာ အင်းဆက်ဧကရာဇ်နဲ့ဆိုင်တယ်။ ဒါဆို အင်းဆက်ဧကရာဇ် ဘာလို့လာလဲဆိုတာကော နင်သိလား” ယန်ယန်က ဆက်မေးလိုက်သည်။
ဒီတစ်ကြိမ်တော့ ရန်ကိုင် မသိတော့ချေ။
ယန်ယန်က ရှင်းပြလိုက်၏ “လောကနိယာမတွေကို ဝါးမြိုဖို့ ရောက်လာခဲ့တာပဲ။ သူသာ အောင်မြင်သွားခဲ့ရင် ဒီကြယ်စီရင်စုထဲက ကျင့်ကြံရေးကြယ်တွေ အကုန်လုံး ကြယ်သေတွေ အဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်။ ဒါကြောင့် ငါသူ့ကို လိုက်ဖမ်းခဲ့တာပဲ”
“သူဘာလို့ လောကနိယာမတွေကို ဝါးမြိုချင်တာလဲ” ရန်ကိုင်က ထိတ်လန့်အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။
“ဧကရာဇ်တာအိုဆိုတာ လောကနိယာမတွေကို ထိန်းချုပ်နိုင်ဖို့ လေ့ကျင့်ရတာ။ လောကနိယာမတွေကို ထိန်းချုပ်နိုင်မှာပဲ ဧကရာဇ်ဖြစ်လာနိုင်မှာ” ယန်ယန်က ရှင်းပြလိုက်လေသည် “ဒါပေမယ့် နိယာမစွမ်းအားကို ထိန်းချုပ်နိုင်ဖို့က မလွယ်ဘူး။ လောကနိယာမစွမ်းအားကို ထိန်းချုပ်နိုင်ဖို့ဆိုတာ ဧကရာဇ် ဖြစ်လာရုံနဲ့ ရလာနိုင်တာမျိုးမဟုတ်ဘူး။ ကိုယ့်ဘာသာ ကောင်းကင်လမ်းစဉ်ကို နက်နက်နဲနဲ ဆင်ခြင်ပြီးတော့မှပဲ ရလာနိုင်တာ။ ဒါပေမယ့် အဲ့နည်းလမ်းက အချိန်အရမ်းကြာတယ်။ ဒီတော့ လူတွေက အလွယ်နည်းလမ်းကို လိုက်လာကြတယ်”
ရန်ကိုင် အံ့ဩတကြီး ပြန်မေးလိုက်၏ “ကြယ်အမြူတေကို သန့်စင်တာလား”
အရိပ်ကြယ်၏ ကြယ်အမြူတေကို သန့်စင်ပြီးနောက်တွင် အရိပ်ကြယ်၏ လောကနိယာမများအား ရေးတေးတေးလေး ခံစားမိလာသည်ကို ရန်ကိုင် ခံစားရမိသည်။ ထို့ကြောင့်ပင် ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
“ဟုတ်တယ်” ယန်ယန်က ခေါင်းညိတ်၍ “ဒါပေမယ့် အင်းဆက်ဧကရာဇ် လုပ်ချင်တာ အဲ့ဒါ မဟုတ်ဘူး။ သူက ကြယ်အမြူတေကို ဝါးမြိုပစ်ချင်နေတာ။ အမြူတေကို ဝါးမျိုပြီး ကျင့်ကြံရေးကြယ်တွေရဲ့ နိယာမစွမ်းအားတွေကို သူ့ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲပစ်ချင်နေတာ။ အဲ့ဒါ သူသုံးချင်နေသည့် အလွယ်နည်းပဲ”
ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင် တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွဲလာခဲ့လေသည်။
အင်းဆက်ဧကရာဇ်သာ အောင်မြင်သွားခဲ့လျှင် ကြယ်စီရင်စုထဲရှိ ကျင့်ကြံရေးကြယ်ပေါင်းများစွာ ပျက်စီးသွားရပေလိမ့်မည်။ ကြယ်စီရင်စုကြီးတစ်ခုလုံးပင် ပျက်စီးသွားနိုင်ပေသည်။
“ဒီလောကကြီးထဲမှာ ဒီကြယ်စီရင်စု တစ်ခုတည်းရှိတာ မဟုတ်ဘူး။ ကြယ်စီရင်စုတွေ အများကြီးရှိတယ်။ ကြယ်စီရင်စုကြားမှာလည်း တစ်ခုနဲ့တစ်ခုကို ခြားထားတဲ့ အကာအရံတွေရှိတယ်။ အဲ့အကာရံတွေက ဧကရာဇ်တစ်ပါး အတွက်တောင် ချိုးဖျက်ဖို့ ခက်ခဲလွန်းတဲ့ အကာအရံတွေပဲ။ ဒါကြောင့်ပဲ ဒီကြယ်စီရင်စု အပြင်က အကြောင်းတွေကို နင်တို့ ဘာမှမသိကြတာ” ယန်ယန်က ရန်ကိုင်၏ ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာကို လျစ်လျုရှု၍ ဆက်ပြောလိုက်လေသည် “လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါနေတဲ့နေရာမှာ ဧကရာဇ်တစ်ပါးရှိခဲ့ဖူးတယ်။ မထင်မှတ်ဘဲ သူက အခုငါပြောနေတဲ့ နည်းလမ်းကို ရှာတွေ့သွားတယ်။ အဲ့ဒါနဲ့ သူလည်း သူ့ကောင်းကင်စိတ်အာရုံနဲ့ ကြယ်စီရင်စုတွေကို ကာကွယ်ပေးထားတဲ့ အကာအရံကို ချိုးဖျက်ပြီး ကြယ်စီရင်စုတွေရဲ့ လောကနိယာမတွေကို လိုက်ဝါးမြိုရော။ သူ့ကြောင့်ပဲ နှစ်တစ်ရာလေးအတွင်းမှာ ကြယ်စီရင်စုပေါင်း ဆယ့်ကိုးခု ပျက်စီးသွားခဲ့ရတယ်။ အဲ့ကြယ်စီရင်စု (၁၉)ခု စလုံးက အခု နင်နေနေတဲ့ ကြယ်စီရင်စုကြီးထက် အများကြီး ပိုအားကောင်းတဲ့ ကြယ်စီရင်စုတွေချည်းပဲ”
ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။
“ကြယ်စီရင်စုတွေဆိုတာ ကျင့်ကြံသူတွေအတွက် အခြေခံ အုတ်မြစ်ပဲ. ကြယ်စီရင်စုတွေ ပျက်စီးသွားတယ်ဆိုတာက ဒီကျင့်ကြံခြင်းလောကကြီးအတွက် အရမ်း အရေးကြီးတဲ့ ပြဿနာ တစ်ရပ်ပဲ။ နောက်ဆုံး ထိပ်တန်း ပညာရှင် ဆယ်းပါးစလုံး ဒီပြဿနာ ဘယ်လောက်ကြီးလဲ နားလည်သွားတယ်။ ဒါကြောင့် သူတို့စုပေါင်းပြီး စည်းမျဉ်းတစ်ခု ထုတ်ခဲ့တယ်။ ဘယ်ကျင့်ကြံသူမှ ဒီနည်းလမ်းကို ထပ်မသုံးရတော့ဘူး… သုံးတာ တွေ့ခဲ့ရင် ချွင်းချက်မရှိ သတ်ပစ်မယ်လို့ အမိန့်ထုတ်ခဲ့တယ်။ သူတို့ နည်းလမ်းက အတော်လေး အလုပ်ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ပြဿနာကိုတော့ လုံးဝ အမြစ်မဖြတ်နိုင်ခဲ့ဘူး။ စွန့်စားရဲတဲ့လူတွေက တစ်ယောက်မဟုတ်တစ်ယောက် ပေါ်လာနေဆဲပဲ။ အင်းဆက်ဧကရာဇ်တွေလို လူမျိုးပေါ့။ ဒါကြောင့်ပဲ ငါဒီကို ရောက်လာခဲ့ရတာ”
“ဒီကိစ္စက… တော်တော်လေး ကြီးမားလွန်းနေတယ်။ ဒီကိစ္စကို ခဏထားပြီး နောက်မှ ဆက်ပြောကြရအောင်” ပြောပြီးသည်နှင့် ရန်ကိုင်သည် နဖူးမှချွေးများကိုသုတ်၍ ထရပ်ရန် ပြင်လိုက်လေသည်။
ယန်ယန် ပါးစပ်ထဲမှ နောက်ထွက်လာမည့် စကားလုံးများနှင့် ပက်သက်၍ သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရနေသည်။
သို့သော်လည်း သူလုံးဝ မထနိုင်သည်ကို တွေ့လိုက်ရသည်။ အားတစ်ရပ်သည် သူ့အား လုံးဝ ထမရအောင် ဖိထားခဲ့သည်။
ယန်ယန်သည် ရန်ကိုင်ကို ကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ပြောလေသည် “ကြယ်စီရင်စုတိုင်းမှာ ကာကွယ်သူဆိုတာ ရှိတယ်။ ဒီနည်းလမ်းက ကျူးကျော်လာတဲ့ လူတွေရန်ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ကြယ်စီရင်စုကြီးရဲ့ အမြင့်ဆုံး ကျင့်ကြံခြင်းထက် ပိုမြင့်တဲ့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက် အဲ့ကြယ်စီရင်စုထဲကို ချိုးဖျက်ဝင်လာပြီဆိုရင် ပထမဆုံး သတိပြုမိမှာက ကာကွယ်သူတွေပဲ။ ဒါပေမယ့် နင်တို့ ကြယ်စီရင်စုရဲ့ ကာကွယ်သူက ပျောက်နေတာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ။ သူအသက်ရှင်မရှင် ဘယ်သူမှ မသိကြဘူး။ ဒါကြောင့်ပဲ ငါ့ကို သူ့ကိုယ်စား လွှတ်လိုက်တာ။ နင်ရဲ့ ကမ္ဘာငယ်လေးကလည်း သူသုံးခဲ့တဲ့ပစ္စည်းပဲ”
ယန်ယန်သည် ရန်ကိုင်အား ပြုံးဖြီးဖြီးဖြင့် စိုက်ကြည့်၍ “ငါ့မှာလည်း ငါကာကွယ်နေတဲ့ ကြယ်စီရင်စုရှိတယ်။ ငါအဲ့ကနေ ထွက်လာခဲ့တာ အရမ်းကြာနေပြီ။ အခု ပြန်နိုးလာပြီဆိုတော့ ငါဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ အခုကနေစပြီး နင့်ကိုယ်နင် အားကိုးမှပဲ ရတော့မယ်။ ပြီးတော့ နင်က အဲ့လူရဲ့ ကမ္ဘာငယ်လေးကို ရထားတာဆိုတော့ သူ့အမွေကို ဆက်ခံပြီး ဒီကြယ်စီရင်စုကြီးရဲ့ ကာကွယ်လူ ဖြစ်လာသင့်တယ်။ နင့်မိတ်ဆွေနဲ့ မိသားစုတွေ အကုန်လုံး ဒီမှာ နေနေကြတာ။ နင်မလုပ်ချင်ရင်တောင် မလုပ်လို့မရဘူး”
“တစ်နေ့ ဒီကြယ်စီရင်စုကို တစ်ယောက်ယောက်က ကျူးကျော်လာလို့ နင်မခုခံနိုင်ခဲ့ရင် နင့်ကိုယ်နင်ပဲ အပြစ်တင်ရမှာ။ နင့်မိတ်ဆွေ၊ မိသားစုဝင်တွေကို လုံခြုံအောင် ထားချင်တယ်ဆိုရင် ကြိုးစားကျင့်ကြံမှပဲ အဆင်ပြေလိမ့်မယ်။ နင့်ကျင့်ကြံခြင်းသာ ငါ့အဆင့်ကို ရောက်လာပြီဆိုတော့ ဒီကြယ်စီရင်စုကြီးကို ကာကွယ်ဖို့ ဘာပြဿနာမှာ မရှိတော့ဘူး”
ပြောပြီးသည့်နောက်တွင် ယန်ယန်သည် ရန်ကိုင်အား လုံးဝ လျစ်လျူရှု၍ ရေနွေးကြမ်းတစ်ခွက် မော့ချလိုက်လေသည်။
ရန်ကိုင်အား ထမရအောင် ချုပ်နှောင်ထားသည့် စွမ်းအားမှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။ သို့ရာတွင် ရန်ကိုင်သည် ချက်ချင်း ထထွက်မသွားဘဲ ထိုနေရာတွင် ထိုင်၍သာ ယန်ယန် ပြောသွားသည့် အကြောင်းအရာများကို သေချာ ပြန်စဉ်းစားနေခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၃၃)
ဧကရာဇ်တာအို၊ များစွာသော ကြယ်စီရင်စုများ၊ နိယာမစွမ်းအားများ၊ ကာကွယ်သူများ…
ထိုအသစ်သော အကြောင်းများကိုတွေးရင်း ရန်ကိုင်သည် တွေးရေယာဉ်ကြောထဲသို့ နစ်မြောသွားခဲ့လေသည်။
ယန်ယန်၏ စကားလုံးများသည် ရန်ကိုင့်အတွက် တံခါးသစ် တစ်ချပ်ကို ပွင့်သွားလိုက်စေသလိုပင်… ထိုတံခါးပေါက်ဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်မှာ စူးသော်လည်း တံခါးပေါက်နောက်ဘက်ရှိ ကမ္ဘာကြီးသည် စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နေသည်။
“နင်ပြောသလိုဆို ဒီကြယ်စီရင်စုရဲ့ ကာကွယ်သူ ပျောက်နေတာ နှစ်တစ်သောင်းကျော်လောက် ရှိနေပြီပေါ့၊ ဟုတ်တယ်မလား။ အဲ့လိုဆို ဒီကြယ်စီရင်စုကြီးက အဆီတဝင်းဝင်း အသားတုံးကြီး ဖြစ်နေရမှာလဲ။ အဲ့ဒါကို အင်းဆက်ဧကရာဇ်က ဘာလို့ စောစောမလာဘဲ အကြာကြီးနေမှ ရောက်လာတာလဲ” ရန်ကိုင်က ယန်ယန်ကို ပြန်မေးလိုက်သည်။
ယန်ယန်က ယဲ့ယဲ့လေးရယ်မောလျက် “ကြယ်စီရင်စုတွေရဲ့ အကာအကွယ်တွေကို ချိုးဖျက်ဖို့ လွယ်တယ် ထင်နေတာလား။ ငါနေတဲ့ နေရာက ထိပ်တန်း ဆယ်ယောက်တောင် အဲ့အကာအကွယ်ကို စိတ်ရှိသလို မချိုးဖျက်ရဲဘူး။ အဲ့အကာအရံကို ချိုးဖျက်ဖို့ဆိုရင် ကြီးကြီးမားမား တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်မှ ရလိမ့်မယ်”
ပြောပြီးသည့်နောက် ယန်ယန်သည် တစ်ခုခုကို တွေးမိသွားဟန်ရကာ မျက်မှောင်ကြုတ်လိုက်လေသည်။
ခဏကြာတိတ်နေပြီးနောက် ဆက်၍ပြောလိုက်သည် “ရှင်းရှင်းပြောရရင် ပြန်ပေးဆပ်ရမယ့် တန်ဖိုးက လူတိုင်း တတ်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ နိယာမစွမ်းအားကို အာရုံခံနိုင်မှတော့ ဘာလို့ အချိန်ကုန်ခံ အပင်ပန်းခံပြီး ကြယ်အမြူတေကို လိုက်ဝါးမြိုနေဦးမှာလဲ။ ဆက်ပြီး ကျင့်ကြံနေလည်း ဘာမှ ထူးလာတော့မှ မဟုတ်တဲ့ လူတွေပဲ ဒီနည်းလမ်းကို ရွေးချယ်ကြတာ။ နင်သိထားဖို့က ကိုယ့်မြေခံ မဟုတ်တဲ့ ကြယ်စီရင်တစ်ခုထဲကို ဝင်သွားမယ်ဆိုရင် ကျင့်ကြံခြင်း အဆင့်က သိသိသာသာ လျော့ကျသွားမယ်ဆိုတာပဲ။ ဘယ်ပညာရှင်မှ ဒါမျိုး အဖြစ်မခံဘူး”
“သူတို့ ကျင့်ကြံခြင်း လျှောကျသွားမှာကိုတောင် စွန့်စားပြီး ကြယ်အမြူတေကို သန့်စင်ကြတယ်ပေါ့” ရန်ကိုင် အံ့အားသင့်သွား၏။
ကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့်အညီ ကျင့်ကြံခြင်းအဆင့် လျှောကျသွားရခြင်းမှာ မည်မျှ ခံစားရခက်ကြောင်း ကောင်းကောင်း နားလည်ပေသည်။ သူသာ ရုတ်တရက် တန်ခိုးရှင် သို့မဟုတ် သူတော်စင်ဘုရင်အဆင့်သို့ ပြန်ရောက်သွားပါက လုံးဝကို ဖြေမဆည်နိုင် ဖြစ်သွားမည်မှာ ကျိန်းသေပေသည်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုးသည် နာလန်ထူနိုင်သည့် ကိစ္စမျိုးမဟုတ်ချေ။ တစ်ခါတည်း သိုင်းခရီးလမ်း တန်းပြီး အဆုံးသတ်သွားနိုင်သည့် ကိစ္စမျိုး ဖြစ်သည်။
“ဟုတ်တာပေါ့” ယန်ယန်က မျက်ခုံးပင့်လျက် “နင်မှ အဲ့အဆင့်ကို မရောက်ဖူးသေးတာ၊ နိယာစွမ်းအားတွေ ဘယ်လောက် မက်လောက်စရာကောင်းလဲ နင်ဘယ်သိမလဲ။ ကျင့်ကြံခြင်းအဆင့် လျှောကျသွားရင် ပြန်ကျင့်ကြံယူလို့ ရပေမယ့် နိယာမစွမ်းအားကို ကျွမ်းကျင်ဖို့က အဲ့လောက် မလွယ်ဘူး။ နင်က ကြယ်သခင်တစ်ယောက်ဆိုတော့ နိယာမစွမ်းအားကို ခံစားဖူးမှာပေါ့ ဟုတ်တယ်မလား။ အဲ့ဒါက ကြယ်သခင်တွေပဲ ရနိုင်တဲ့ အထူး အခွင့်အရေးပဲ။ နင်သာ ကံကောင်းပြီး အဲ့နေရာကို ရောက်သွားနိုင်ခဲ့ရင် နင့်ကို သူတို့ အဖွဲ့အစည်းထဲ ခေါ်ချင်နေတဲ့ လူတွေ အများကြီး ရှိနေမှာ”
“အဲ့နေရာကို ကြယ်တာရာအစုအဝေးလို့ ခေါ်တာလား” ရန်ကိုင်က မျက်လုံးမှေးစဉ်းလျက် ပြန်မေးလိုက်သည်။
ယန်ယန် ကြောင်သွားခဲ့လေ၏ “နင်ဘယ်လိုလုပ်ပြီး သိနေတာလဲ။ ငါနင့်ကို တစ်ခါမှ မပြောပြဖူးပါဘူး”
ပြောပြီးသည့်နောက် သူမ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည် “နင်ဘယ်သူနဲ့ တွေ့လာတာလဲ”
ရန်ကိုင်က ခါးသက်စွာပြုံးလျက် “လူတစ်ယောက်နဲ့ တွေ့ခဲ့တာ။ သူ့ကိုယ်သူ ကြယ်တာရာအစုအဝေးလို့ ပြောတဲ့ လူတစ်ယောက်နဲ့”
ရန်ကိုင်သည် စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းနှင့် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို အသေးစိတ် ပြန်ရှင်းပြလိုက်လေသည်။
ရန်ကိုင် ပြောသည်ကို နားထောင်ပြီးနောက် ယန်ယန်က အေးစက်စက် အမူအရာဖြင့် “ငါထင်တဲ့အတိုင်းပဲ၊ အခြားလူတွေ ရောက်လာသေးတာပဲ။ သူတို့ ဘာလို့ ဒီလောက်တောင် သေချင်နေကြတာလဲ မသိဘူး။ စိတ်ဝိဥာဉ်ဝါးမြိုခြင်း သလင်းကျောက်တွေဆိုတာ အရမ်း ရက်စက်လွန်းလို့ ကြယ်တာရာအစုအဝေးထဲမှာတောင် တားမြစ်ထားကြတာ။ အဲ့သလင်းကျောက် လုပ်တဲ့နည်းလမ်းတွေ အကုန်လုံးကို ဖျက်စီးပစ်ရင်ပစ်၊ မပစ်ရင် ချိတ်ပိတ်ထားပစ်လိုက်ကြတာချည်းပဲ။ ကြည့်ရတာက သလင်းကျောက် လုပ်တဲ့ နည်းလမ်းတွေကို ရထားတဲ့ လူတွေ ရှိနေသေးတယ်နဲ့တူတယ်”
“အဲ့စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်တွေက တော်တော်လေး ကောင်းပေမယ့် ဒီလောက်တော့ အစွမ်း မထက်လောက်ဘူးမလား” ရန်ကိုင်က မေးကြည့်လိုက်သည် “စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်သုံးပြီး ကျင့်ကြံတာက ပုံမှန်ထက် ပိုမြန်တယ်ဆိုပေမယ့် ငါစိတ်ဝိဥာဉ်ဝါးမြိုခြင်း သလင်းကျောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ တိုက်ခိုက်ကြည့်တုန်းက အဲ့လူက တန်ခိုးရှင်ဘုရင်အဆင့်ကိုသာ ရောက်နေတာ၊ ပုံမှန် တန်ခိုးရှင်ဘုရင်အဆင့်တွေထက်တောင် အားနည်းနေသေးတယ်”
“အဲ့လူက စေတနာနဲ့ စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက် လုပ်တဲ့နည်းလမ်းကို ပေးလိုက်တယ်လို့ ထင်လို့လား” ယန်ယန်က မဲ့ပြုံးပြုံးလျက် “ထင်မနေနဲ့။ အဲ့လူက ဒီနည်းလမ်းကိုသုံးပြီး ဒီကြယ်စီရင်ထဲက ကာကွယ်သူ လှုပ်ရှားမရှား စမ်းကြည့်တာ။ ဒီမှာ ကာကွယ်သူ ရှိမရှိ မသိသေးဘဲနဲ့ သူမဆင်မခြင် လှုပ်ရှားရဲမှာ မဟုတ်ဘူး။ စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းဆိုတာ သူထောင်ထားတဲ့ ပွန်းရုပ်သက်သက်ပဲ”
ရန်ကိုင် ကြောင်သွားခဲ့လေသည် “စိတ်ဝိဥာဉ်ဝါးမြိုခြင်းဂိုဏ်းက လွန်ခဲ့တဲ့ နှစ်တစ်ရာက ပေါ်လာတာဆိုတော့ အဲ့လူက လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက ရောက်လာတာပေါ့။ အဲ့လူ ဒီလောက်ကြာအောင်တောင် ပုန်းနေတာလား”
“သူ့သက်တမ်းနဲ့ ယှဉ်လိုက်ရင် နှစ်တစ်ရာဆိုတာ ဘာမှ မဟုတ်တော့ဘူး”
“ဟုတ်သားပဲ။ နင်တစ်ခါ အိပ်သွားတာတောင် နှစ်တစ်သောင်းလောက် ကြာသွားတာပဲ…” နှစ်တစ်ရာသည် ယန်ယန် အိပ်စက်နေသည့် အချိန်နှင့် ယှဉ်လိုက်လျှင် ဘာမှ မဟုတ်တော့မှန်း ရန်ကိုင် တွေးမိသွားသည်။
“နင့်အသိစိတ်ပင်လယ် အတားအဆီးကို ဖွင့်လိုက်။ အဲ့လူ ချန်ထားတဲ့ အမှတ်အသားကို ငါဝင်ရှာကြည့်မယ်။ ဖြစ်နိုင်ရင် ငါထွက်မသွားခင် အဲ့လူကို တစ်ခါတည်း ရှင်းပစ်ခဲ့လိုက်မယ်။ ဒါ ငါမထွက်သွားခင် နင့်အတွက် ပေးခဲ့တဲ့ လက်ဆောင်လို့ သဘောထားလိုက်”
“ကောင်းပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ချက်ချင်းပဲ သူ့အသိစိတ်ပင်လယ် အတားအဆီးများကို ဖြေလျော့လိုက်လေသည်။
ချက်ချင်းဆိုသလို ရန်ကိုင် အသိစိတ်ပင်လယ်ထဲတွင် ယန်ယန်၏ နာမ်ဝိဥာဉ် ထွက်ပေါ်လာခဲ့လေသည်။
လှည့်ပတ်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်၍ “နင့်ဝိဥာဉ်က သာမန်ကျင့်ကြံသူတွေထက် အများကြီး ပိုသန်မာတာပဲ။ တန်ခိုးရှင် ဘုရင် တတိယအဆင့်တွေနဲ့တောင် ယှဉ်လို့ရတယ်။ ပြီးတော့ နင့်မှာ တေဇောဓါတ်အသိစိတ်ပင်လယ်လည်း ရှိနေသေးတယ်၊ နေပါဦး… ဝိဥာဉ်ကြာပန်းလား… ခုနှစ်ရောင်တောင်”
ယန်ယန်သည် သူမ၏ ပါးစပ်လေးကို လက်ဖြင့် အလန့်တကြားအုပ်ရင်း တအံ့တဩဆိုလိုက်လေသည် “နင့်မှာ တကယ်ကြီး ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း ရှိနေတာပဲ”
ဤသည်မှာ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ သူမ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းကို မြင်လိုက်သည့်အခိုက် သူမ အတော်လေး အံ့အားသင့်သွားခဲ့ရလေသည်။
“အဲ့ဒါက အရမ်း အဖိုးတန်တာလား။ ဘာလို့ ဒါကို မြင်တဲ့လူတိုင်း နင်လိုမျိုး ဖြစ်သွားကြတာလဲ” ရန်ကိုင်က နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်သည်။ ကြယ်စီရင်စုထဲ ခိုးဝင်လာပြီး ပုန်းနေသည့် ပညာရှင်သည်လည်း ဝိဥာဉ်ကြာပန်းကို မြင်လိုက်စဉ်က ယန်ယန်ကဲ့သို့ပင် အလွန်ကိုမှ အံ့ဩသွား၏။
“အဖိုးတန်တာ ဟုတ်လား” ယန်ယန်က ရန်ကိုင်ကို ကြည့်၍ “ရိုးရိုး အဖိုးတန်တာမဟုတ်ဘူး။ အဖိုးမဖြတ်နိုင်လောက်အောင်ကို တန်ဖိုးကြီးတာ။ နင်ကပိုင်ရှင်ပဲ။ ဒီဝိဥာဉ်ကြာပန်း ဘယ်လောက် အဖိုးတန်လဲ နင်အသိဆုံး ဖြစ်မှာပေါ့။ ငါဘာတွေ ပြောနေရဦးမှာလဲ”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“နင့်စိတ်စွမ်းအင် အရမ်း အားကောင်းနေတာ ဒါကြောင့် ဖြစ်နေတာကိုး။ ပြီးတော့ ရိုးရိုးကြာပန်းတောင် မဟုတ်ဘူး။ ခုနှစ်ရောင်ခြယ်ပုံစံတောင် ရောက်နေတဲ့ ဝိဥာဉ်ကြာပန်းကြီး။ နင်တကယ် ကံကောင်းတာပဲ” ယန်ယန်က ရန်ကိုင်အား အားကျစွာ စိုက်ကြည့်ရင်း ပြောလိုက်လေသည် “ကြယ်တာရာအစုအဝေး ထဲမှာတောင် ဝိဥာဉ်ကြာပန်းက ဒဏ္ဏာရီလာ ရတနာတစ်ပါးပဲ။ လူနည်းနည်းလောက်ပဲ အဲ့ဒါကို မြင်ဖူးတာ။ တစ်နေ့ နင်အဲ့ဒီကို ရောက်သွားရင် ဒီဝိဥာဉ်ကြာပန်းကို လုံးဝ ထုတ်မပြမိစေနဲ့။ မဟုတ်ရင် ပြဿနာ အကြီးကြီး တက်သွားလိမ့်မယ်”
“ငါသိတယ်။ ငါနဲ့အနီးကပ်ဆုံး လူတွေပဲ ငါ့မှာ ဒီဝိဥာဉ်ကြာပန်း ရှိမှန်း သိတာ” ရန်ကိုင် ခေါင်းညိတ်လိုက်၏။
ထိုစကားကိုကြားသည့်အခါ ယန်ယန်၏ မျက်လုံးထဲ ထူးဆန်းသည့် အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သို့သော် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ပြီး ယခင်အတိုင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည် “အဲ့ဒါနဲ့တင် မရသေးဘူး။ အခြားသူတွေ နင့်အသိစိတ်ပင်လယ်ကို ဝင်စစ်ဆေးလို့မရအောင် နင်ကျင့်ကြံဖို့အတွက် ကျင့်စဉ်တစ်ခု ပေးခဲ့မယ်။ လိုရမယ်ရ စည်းပါ ခတ်ထားလိုက်မယ်။ အဲ့နှစ်ခုနဲ့ဆို ငါနဲ့အဆင့်တူလောက် မဟုတ်ရင် နင့်အသိစိတ်ပင်လယ်ထဲ အတင်းအကြပ် ဖောက်ဝင်လာနိုင်တော့မှာ မဟုတ်ဘူး”
“ကျေးဇူးပဲ” ရန်ကိုင် ပျော်ရျွင်စွာပြုံးလိုက်သည်။
ယန်ယန်သည် ခေါင်းညိတ်လိုက်ပြီး နောက်တစ်ဖန် လှည့်ပတ်ကြည့်ပြန်လောက်သည်။ နောက်ဆုံးတွင် သူမ၏ အကြည့်သည် ကြယ်ရောင်စုံများဖြင့် လင်းလက်နေသော ကောင်းကင်ယံဆီသို့ ရောက်သွားခဲ့၏။ ထို့နောက် မှင်သက်နေသည့် အမူအရာဖြင့် “ကြယ်မြေပုံကြီးလား”
“အဲ့ဒါကို ကြယ်စီရင်စုထဲ ဝင်လာတုန်းက မတော်တဆ ရခဲ့တာ” ရန်ကိုင်သည် ယန်ယန်၏ အမူအရာကို သေချာ လေ့လာရင်း ရှင်းပြလိုက်လေသည်။
ယန်ယန်၏ အမူအရာသည် အတော်လေး ထူးဆန်းနေသည်။ ကြယ်မြေပုံကို မြင်လိုက်သည့်အခိုက် သူမ၏ တည်တည်ငြိမ်ငြိမ် မျက်နှာထက် အဖိုးတန်သည့် တစ်ခုတစ်ခုကို ဆုံးရှုံးလိုက်ရသည့် အလား ဝမ်းနည်းရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။
ဘာတွေ ဖြစ်လို့ဖြစ်နေမှန်း ရန်ကိုင် မသိတော့။ ဟိုကြွက်သူခိုးကြီး ကြယ်မြေပုံကို မြင်လိုက်စဉ်က ယန်ယန်နှင့် မတူစွာ အလွန်ကိုမှ စိတ်လှုပ်ရှားခဲ့သည်။ သို့ရာတွင် ယန်ယန်က ဘာကြောင့် ဤသို့ ဖြစ်နေရသနည်း။
“ကြယ်မြေပုံက ဒီရောက်နေတာပဲ” ယန်ယန်သည် မျက်လုံးပိတ်၍ မလှုပ်မယှတ် ရပ်နေလိုက်သည်။
ရန်ကိုင်လည်း စိတ်ရှည်ရှည်ဖြင့်သာ ရပ်စောင့်နေ၏။
အချိန်အတော်ကြာပြီးနောက်မှ ယန်ယန် မျက်လုံး ပြန်ပွင့်လာခဲ့သည်။ ထို့နောက် သက်ပြင်းချ၍ “ရန်ကိုင်၊ ကြည့်ရတာ နင်ဒီကြယ်စီရင်စုရဲ့ ကာကွယ်သူလုပ်ဖို့ ကံကြမ္မာ ပါလာတယ်နဲ့တူတယ်”
ရန်ကိုင် မျက်မှောင်ကြုတ်၍ “မနောက်နဲ့လေ။ ငါ့ခွန်းအားလေးနဲ့ ဒီကြယ်စီရင်စုကြီးရဲ့ ကာကွယ်သူ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ နင်နေတဲ့ ကြယ်တာရာအစုအဝေးမှာ ဘယ်လို ပညာရှင်တွေရှိလဲ မသိပေမယ့် အခု ငါ့လက်ရှိခွန်အားနဲ့ သူတို့ရဲ့ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်တာတော့ သေချာတယ်”
“နင်မလုပ်ချင်ရင်တောင် လုပ်ရမှာပဲ။ ကြယ်မြေပုံက နင့်ဆီမှာ ရှိနေပြီ။ ကြယ်မြေပုံဆိုတာ ကြယ်စီရင်စုရဲ့ ကာကွယ်သူတွေပဲ ပိုင်ဆိုင်နိုင်ကြတာ” ယန်ယန်က ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။
“နင်ဘာပြောချင်နေတာလဲ”
ယန်ယန်က တီးတိုးရေရွတ်လိုက်၏ “ကျင့်ကြံရေးကြယ်တွေမှာ ကြယ်အမြူတေဆိုတာ ရှိတာ။ အဲ့ကြယ်အမြူတေကို သန့်စင်နိုင်ရင် ကြယ်သခင် ဖြစ်လာတယ်။ တစ်နည်းပြောရရင် ကြယ်သခင်ဆိုတာ အဲ့ကျင့်ကြံရေးကြယ်ရဲ့ ကာကွယ်သူလို့ပြောတာပဲ။ ကြယ်စီရင်စုတွေလည်း အဲ့အတိုင်းပဲ။ သူတို့မှာ ကိုယ်ပိုင် အမြူတေဆိုပြီးရှိတယ်။ အဲ့အမြူတေက ဒီကြယ်မြေပုံပဲ”
ပြောပြီးနောက် ကောင်းကင်ပေါ်သို့ ညွှန်ပြ၍ “ကြယ်မြေပုံ အမြူတေကို သန့်စင်လိုက်မှပဲ ကြယ်စီရင်စုတစ်ခုရဲ့ ကာကွယ်သူ ဖြစ်လာခွင့်ရှိတာ။ အခု ဒီကြယ်မြေပုံ နင့်အပိုင် ဖြစ်နေပြီ ဆိုမှတော့ နင်ကာကွယ်သူ မဖြစ်ချင်လို့ ရဦးမယ်ထင်လား”
ရန်ကိုင် ကြောင်သွားခဲ့လေသည် “ဒါကြီးက ကြယ်စီရင်စု တစ်ခုလုံးရဲ့ ကြယ်အမြူတေလား။ နင်ငါ့ကို နောက်နေတာ မဟုတ်ပါဘူးနော်။ ငါဒါကို လမ်းကြောင်းရှာဖို့အတွက်ပဲ သုံးခဲ့တာ။ အခြားဘာအတွက်မှ သုံးခဲ့တာမဟုတ်ဘူး”
ယန်ယန်သည် ရန်ကိုင်အား အလေးအနက် အမူအရာဖြင့်သာ ပြန်စိုက်ကြည့်နေခဲ့သည်။
“တကယ်ကြီးလား” ရန်ကိုင့် အမူအရာ မဆိုသလောက်လေး ပြောင်းသွား၏။
“ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဘာလို့ နောက်နေရမှာလဲ။ ကောင်းကင်လမ်းစဉ်က နင့်ကို ဒီလို ဖြစ်လာအောင် တမင်တကာ လမ်းဖောက်ပေးနေသလိုပဲ” ယန်ယန်က စိတ်ခံစားချက် ရောပြွမ်းစွာဖြင့် ပြောလိုက်၏ “နင့်မှာ ကြယ်မြေပုံလည်း ရှိနေတယ်။ အဲ့လူရဲ့ ကမ္ဘာငယ်လေးလည်း ရှိနေတယ်။ ပြီးတော့ ဟင်းလင်းပြင်တာအိုကိုလည်း ကျင့်ကြံထားသေးတယ်။ မသိရင် သူ့အမွေကို ဆက်ခံထားတဲ့အတိုင်းပဲ။ ကြယ်မြေပုံရဲ့ တကယ့် အသုံးဝင်ပုံကို နင်ဘာလို့ ရှာမတွေ့သေးလဲ ဆိုတာကတော့ နင့်ကျင့်ကြံခြင်းက နိမ့်နေသေးလိုပဲ။ နင်သာ ငါ့လိုမျိုး အားကောင်းလာခဲ့ရင် ဒီကြယ်မြေပုံ ဘယ်လောက် အသုံးဝင်လဲ ဆိုတာ နင်သိလာလိမ့်မယ်။ ဒါက မရေမတွက်နိုင်တဲ့ လူတွေ လိုချင်နေပေမယ့် မရနိုင်တဲ့ ရတနာတစ်ခုပဲ”
“နင်ပြောတဲ့လူက ဒီကြယ်စီရင်စုရဲ့ အရင်ကာကွယ်သူမလား”
“ဟုတ်တယ်”
“သူအခု ဘယ်မှလဲ”
“မသိဘူး။ သူပျောက်သွားတဲ့ နှစ်ပေါင်း ထောင်နဲ့ချီနေပြီ။ အခု ကြယ်မြေပုံက နင့်လက်ထဲမှာဆိုတော့ သူဘယ်ရောက်နေတယ်လို့ နင်ထင်လဲ” ယန်ယန်က ပြန်မေးလိုက်သည်။
“သေသွားတာလား”
“မသိဘူး” ယန်ယန်က စိတ်ပေါက်ပေါက်ဖြင့် ပြန်ပြောလိုက်၏ “သူက အားယားနေရင် ဟင်းလင်းပြင်ထဲပဲ လျှောက်သွားနေတာ။ အဲ့ဟင်းလင်းပြင်ထဲ ပိတ်မိသွားသလားမှ မသိတာ။ နည်းတောင်နည်းသေးတယ်၊ အားနေ ကိုယ့်သေလမ်း ကိုယ်ရှာနေတာကိုး”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၃၄)
ယန်ယန် ဟန်ဆောင်ပြီး ဝမ်းနည်းနေပြခြင်းမဟုတ်၊ တကယ် ဝမ်းနည်းနေခြင်း ဖြစ်သည်။ သူမ၏ ဝိဥာဉ်ဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းပင် ကြယ်မြေပုံကို မြင်လိုက်သည့်အခိုက်တွင် အနည်းငယ် မတည်မငြိမ် ဖြစ်သွားခဲ့သည်ကို ကြည့်လျှင် သိနိုင်၏။
ယန်ယန်နှင့် ကမ္ဘာငယ်လေး၏ ပိုင်ရှင်ဟောင်းကြား မည်သို့သော ဆက်ဆံရေးများ ရှိနေသလဲ ရန်ကိုင် အတွေး များမိသွား၏။
“သူ့အကြောင်းထားလိုက်တော့။ အခု သူသေပြီမှန်း ငါသိသွားပြီဆိုတော့ သူ့အကြောင်း ထိုင်တွေးနေလို့လည်း ဘာမှ ထူးလာမှမဟုတ်ဘူး။ နင့်အသိစိတ်ပင်လယ်ထဲမှာ အမှတ်အသား ချန်ထားခဲ့တဲ့ လူကိစ္စကို အရင်ရှင်းကြတာပေါ့” ပြောပြီးသည်နှင့် ယန်ယန်သည် တင်ပလင်ခွေထိုင်ချလျက် လက်ကွက်များစွာ ဖန်တီးလိုက်လေသည်။
သေးငယ်သော ကောင်းကင်စိတ်အာရုံ အမျှင်တန်းတစ်ခုသည် သူမ၏ လက်ချောင်းထိပ်မှ ထွက်ပေါ်လာပြီး မြွေတစ်ကောင် အဖြစ်သို့ ပြောင်းကာ အသိစိတ်ပင်လယ်ထဲသို့ ထိုးဆင်းသွား၏။
ရန်ကိုင်ကမူ ဘေးကနေသာ ရပ်ကြည့်နေခဲ့သည်။
သူ့အသိစိတ်ပင်လယ်သည် အစပိုင်းတွင် တည်ငြိမ်နေခဲ့သော်ငြား၏ ယန်ယန်၏မြွေ ထိုးဆင်းသွားပြီး မကြာခင်မှာပင် တစ်ခုသောနေရာဆီမှ ရေများ စတင် ဆူပွက်လာပြီး ရေပူပေါင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
လှမ်းကြည့်လိုက်သည့်အခါ ပူးပေါင်းများ ထွက်ပေါ်လာသည့် နေရာတွင် သုံးမြောင့်ပုံ အမှတ်အသားတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။ ယန်ယန်၏ မြွေသည် ထိုအမှတ်အသားနား ကူးခတ်နေ၏။ တဖြည်းဖြည်းနှင့် သုံးမြောင့်ပုံ အမှတ်အသားသည် ပိုပို၍ ထင်ရှားလာခဲ့သည်။ သုံးမြောင့်ပုံ အမှတ်အသား အပြည့်အဝ ပေါ်လာသည့်အခါ ယန်ယန်သည် သူ့မြွေကို ပြန်ခေါ်လိုက်လေသည်။
ပြီးနောက်တွင် ယန်ယန်က ရှင်းပြလိုက်သည် “ဒါက အရိုးရှင်းဆုံး ဝိဥာဉ်ခြေရာခံ အမှတ်အသားပဲ။ ဒါပေမယ့် အရိုးရှင်းဆုံး ဖြစ်နေရင်တောင် နင့်ကျင့်ကြံခြင်းအဆင့်နဲ့ အဲ့ဒါကို ရှာနိုင်မှာမဟုတ်သလို ဖျက်စီးပစ်နိုင်မှာလည်း မဟုတ်ဘူး”
“နင်မဖျက်စီးပစ်လိုက်ဘူးလား”
“ဟင့်အင်း” ယန်ယန်က ဖြည်းဖြည်းချင်းထရင်း ပြောလိုက်သည်။
ရန်ကိုင်က တွေးတွေးဆဆဖြင့် ကြည့်လျက် “ဘာဖြစ်လို့လဲ… မဟုတ်မှလွဲရော နင်သူ့ကို မျှားခေါ်ချင်နေတာလား”
“ဟုတ်တယ်” ယန်ယန်က အေးစက်စွာပြုံးလျက် “နှစ်တစ်သောင်းလောက် ကြာသွားတော့ ဒီလူတွေ နောက်တစ်ကြိမ် ပြန်သောင်းကျန်းချင်လာပြီနဲ့တူတယ်။ ဒီတစ်ကြိမ် မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးပစ်ရမယ်။ ကြယ်တာရာအစုအဝေးကို ပြန်ရောက်ရင် ဒီကို ကျူးကျော်ရဲတဲ့ လူမှန်သမျှရဲ့ခေါင်းကို ကြယ်တာဂိတ်ပေါက်မှာ ချိတ်ထားပစ်လိုက်မယ်။ အဲ့ဒါမှ နောက်တစ်ခါ စိတ်ထင်တိုင်း လွယ်လွယ်နဲ့ မလုပ်ရဲကြမှာ”
ရန်ကိုင်သည် သူ့နဖူးထက် ဘာမှရှိမနေသော ချွေးများကို တိတ်တဆိတ်သုတ်လိုက်လေသည်။ ကြယ်စီရင်စုထဲ ခိုးဝင်လာသည့် လူအတွက်ပင် စိတ်မကောင်း ဖြစ်ချင်မိသွား၏။ သို့သော် အလျင်အမြန်ပဲ ပြန်ပြောလိုက်လေသည် “နင်လုပ်ချင်တာသာလုပ်၊ ငါနင့်အစီအစဉ်အတိုင်း လိုက်လုပ်ပေးမယ်”
“နင်ဘာမှလုပ်စရာမလိုဘူး။ သူ့ဘာသာ နင့်ဆီ ရောက်လာလိမ့်မယ်။ ပုံမှန်အတိုင်းပဲနေနေ၊ ငါနင့်ကို စောင့်ကြည့်နေမယ်” ပြောပြီးနောက်တွင် ယန်ယန်သည် လက်ချောင်းထိပ်၌ အလင်းလုံးလေးတစ်လုံးကို စုစည်းလျက် ရန်ကိုင်၏ နာမ်ဝိဥာဉ်ဆီသို့ ပစ်လွှတ်လိုက်၏ “ဒါက နင့်အသိစိတ်ပင်လယ်ကို အခြားသူတွေ စစ်ဆေးလို့မရအောင် ကာကွယ်ပေးနိုင်တဲ့ ကျင့်စဉ်တစ်မျိုးပဲ။ သေချာ ကျင့်ကြံထားလိုက်”
ရန်ကိုင်သည် ခေါင်းညိတ်လျက် မျက်လုံးပိတ်ကာ ထိုကျင့်စဉ်ကို လေ့လာကြည့်လိုက်သည်။
ထိုအခြင်းအရာကိုမြင်သော် ယန်ယန်လည်း ဘာမှ ဆက်ပြောမနေတော့ဘဲ ရန်ကိုင်၏ အသိစိတ်ပင်လယ် ပတ်လည်၌ အကာအရံများစွာ ဖန်တီးလိုက်လေသည်။ ပြီးနောက်တွင် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲမှ ပြန်ထွက်လာခဲ့သည်။
တစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့၏။ သူ့မျက်လုံးများထဲ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်တို့ အထင်အရှား ထွက်ပေါ်နေခဲ့သည်။
ယန်ယန်နှင့် လင်းယွင်အာတို့သည် ပန်းတစ်ရာတောင်ထွတ်မှ ထွက်သွားကြလေပြီ. သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည့်အခိုက် ထိုနှစ်ဦးကို အာရုံခံမရတော့ချေ။
ကွေ့ဇူသူသည် အလေးအနက် အမူအရာဖြင့် တစ်ခုခု အကြောင်း ထိုင်စဉ်းစားနေခဲ့လေသည်။
“အကြီးအကဲ” ရန်ကိုင်က နှုတ်ဆက်လိုက်သည်။
ထိုအခါမှပဲ ကွေ့ဇူ အတွေးနက်နေရာမှာ အသိ ပြန်ဝင်လာခဲ့သည်။ ချက်ချင်းပဲ ရန်ကိုင်ကို စိုက်ကြည့်၍ မေးလိုက်၏ “ဂိုဏ်းချုပ်… အဲ့စီနီယာက… ဘယ်သူလဲ။ သူဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ။ သူ့ရှေ့ရောက်ရင် ငါ့ကိုယ်ငါ သုံးနှစ်သားတစ်ယောက် ဖြစ်သွားသလိုပဲ”
ကွေ့ဇူ အလွန်ကို ထိတ်လန့်နေခဲ့သည်။
တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်လာပြီးနောက် ကြယ်စီရင်စုထဲ သူလုံးဝကို ကြောက်ရမည့် လူတစ်ဦးမှ မရှိတော့ဟု ထင်ခဲ့သည်။ သို့ရာတွင် အထက်စကြာဝဠာဂိုဏ်းသို့ ရောက်ပြီး ယန်ယန်နှင့် တွေ့လိုက်ပြီးနောက် ဤလောကကြီးတွင် သူလုံးဝ ပြန်မလှန်နိုင်သည့်လူများ ရှိနေသေးပါလားဟု တွေးမိလာရ၏။
ယန်ယန် ကျေးဇူးကြောင့် အကျိုးအမြတ်အချို့ ရလိုက်သော်ငြား တစ်ဖက်လူရှေ့ သုံးနှစ်သားကလေးတစ်ဦးနှယ် ဘာဆိုဘာမှ ပြန်မလုပ်နိုင်သည့် ဘဝကို ကွေ့ဇူ လက်မခံနိုင်ပေ။
“သူက ကြယ်တာရာကောင်းကင်မဟာဧကရာဇ်လို့ ပြောရင် ခင်ဗျား ယုံမှာလား” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
ကွေဇူပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။
“ဟားဟားဟား… မဟာအကြီးအကဲက တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးအချို့ လိုချင်နေတာမလား။ ဆေးတောင်ထွတ်ဆီသွားပြီး ကျုပ်စီနိယာမမလေးကို အကူအညီတောင်းလိုက်လေ။ သူဖော်စပ်ပေးလိမ့်မယ်” ရယ်ရယ်မောမောနှင့်ပြောရင်း ရန်ကိုင်သည် ထိုင်ရာမှထကာ ထွက်ခွာသွားလေသည်။
ကွေ့ဇူကမူ ထိုနေရာတွင် အချိန်အတော်ကြာအောင် ငြိမ်သက်စွာ ထိုင်နေခဲ့လေသည်။
အချိန်အတော်ကြာသွားမှပဲ စားပွဲခုံကို လက်သီးဖြင့်ထု၍ ထအော်တော့လေသည် “ခွေးကောင်လေး၊ ဒီလူအိုကြီးကို လာနောက်ရဲတယ်။ မဟာဧကရာဇ်က ဒဏ္ဏာရီလာ သက်သက်ပဲ ရှိတော့တာကို ဘယ်လိုလုပ်ပြီး ဒီမှာ ပေါ်လာမှာလဲ။ ပြီးတော့၊ သူက… မိန်းမတစ်ယောက်၊ ငါ့ကို နှပ်ချချင်တိုင်း နှပ်ချလို့ရအောင် သုံးနှစ်သားကလေးများ မှတ်နေလားမသိဘူး။ ထားလိုက်တော့။ အခု လောလောဆယ် ဆေးလုံးတွေရဖို့က ပိုအရေးကြီးတယ်”
ယန်ယန် မည်သူပင် ဖြစ်စေကာမူ သူမသည် သူသွားရန်စနိုင်သည့် လူတစ်ယောက် မဟုတ်ချေ။ နှစ်ကြိမ် ခံလိုက်ရပြီးနောက်တွင် ကွေ့ဇူ လုံးဝ မှတ်သွားခဲ့လေပြီ။
သိုင်းတာအိုသည် အဆုံးမဲ့၏… လူတစ်ဦး အနေဖြင့် သူ့ကိုယ်သူ အမြဲတစေ တိုးတက်အောင် ကြိုစားနေရပေမည်။
ရန်ကိုင်သည် ပထမကောင်းကင်နန်းတော်ထဲတွင် တင်ပလင်ခွေထိုင်ကာ မျက်လုံးပိတ်ထားခဲ့သည်။
သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက် အရိပ်ကြယ်၏ အရှိန်အဝါထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်၏။ သူသာဆန္ဒရှိလျှင် အရိပ်ကြယ်ပေါ်ရှိ မည်သည့်နေရာတွင်မဆို လေနှင့်မိုးကို ဆင့်ခေါ်နိုင်ပေသည်။
သူနှင့်အရိပ်ကြယ် တစ်သားတည်းအဖြစ်သို့ ပေါင်းစပ်သွားသလားဟုပင် ထင်ရသည်။
ယခင်က ရေးတေးတေးလေး ဖြစ်နေခဲ့သော မိုးမြေစွမ်းအင်သည် ယခုအခါ ပို၍ ရှင်းလင်းလာခဲ့သည်။ သူထိန်းချုပ်နိုင်သည့် အရိပ်ကြယ်၏ စွမ်းအားမှာလည်း ပို၍ အားကောင်းလာခဲ့လေသည်။
“ငါတန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်သွားတာကြောင့်လား” ရန်ကိုင်က ရေရွတ်လိုက်သည် “ဟုတ်လောက်တယ်။ တန်ခိုးရှင် ဘုရင်အဆင့်နဲ့ တန်ခိုးရှင်အဆင့်က လုံးဝ တူတာ မဟုတ်ဘူး။ ငါ့ခွန်အား တိုးတက်လာတာနဲ့ ဆက်ပြီးတော့ ပြောင်းလဲနေဦးမှာပဲ။ လောကနိယာစွမ်းအားတွေကလည်း နည်းနည်း ပြောင်းလဲသွားပါလာတားဟ”
ပုံမှန်မဟုတ်သည့် အခြင်းအရာတစ်ခုကို ရန်ကိုင် ချက်ချင်း သတိပြုမိလိုက်သဖြင့် ချက်ချင်းပဲ သွားစစ်ဆေးကြည့်လိုက်၏။ အချိန်အတော်ကြာသွားပြီးနောက် အံ့အားသင့်နေသည့် အမူအရာဖြင့် “လောကနိယာမစွမ်းအားတွေက အကောင်းအတိုင်း ပြန်ဖြစ်သွားတာလား။ ဘာလို့ ဒီလိုတွေ ဖြစ်သွားတာလဲ… ငါတန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်သွားလို့များလား… ဟုတ်တယ်။ အဲ့ဒါကြောင့်ပဲ ဖြစ်ရမယ်။ ယန်ယန်နှင့် အင်းဆက်ဧကရာဇ် တိုက်ပွဲကြောင့် ပရမ်းပတာ ဖြစ်သွားတဲ့ လောကနိယာမတွေက ငါတန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်လာလို့ အရင်အတိုင်း ပြန်ပြောင်းလဲသွားတာ ဖြစ်ရမယ်။ ငါအရိပ်ကြယ်ကို ရောက်ကတည်းက အရိပ်ကြယ်က တစ်ခါမှ ငါ့ကို မဆန့်ကျင်နေဘူး။ မဟုတ်သေးဘူး… ငါက ကြယ်သခင်မို့လို့ ငါ့ကို မဆန့်ကျင်တာ ဖြစ်နိုင်တယ်။ ဒါကို အတည်ယူလို့မရဘူး။ ဟုတ်သားပဲ… မဟာအကြီးအကဲနဲ့ စမ်းကြည့်လို့ရတာပဲ”
ထိုသို့ တွေးမိလိုက်သည့်နောက် ချက်ချင်းပဲ ကွေ့ဇူကို ရှာကြည့်လိုက်လေသည်။
လောလောဆယ်၌ အရိပ်ကြယ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးသာရှိသည်။ ကွေ့ဇူနှင့်သူပင်။ ရန်ကိုင်သည် အရိပ်ကြယ်၏ ကြယ်သခင်ဖြစ်သည့်အတွက် အရိပ်ကြယ်မှ သူ့အား မငြင်းဆန်သည်မှာ သဘာဝသာ ဖြစ်သည်။ ထို့နောက် သူ့အထင် မှန်မမှန် သိရအောင် ကွေ့ဇူနှင့် အတည်ပြုရန်သာ ရှိတော့သည်။
လက်ရှိတွင် ဆေးနံ့တို့ သင်းကြိုင်နေသည့် ဆေးတောင်ထွတ်ပေါ်ရှိ နန်းတော်ကြီး တစ်လုံးထဲတွင်…
ကွေ့ဇူသည် တင်ပလင်ခွေထိုင်၍ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် သူထိုးထွင်းနာလးည်သိမြင်ခဲ့သည်များကို သေချာ ရှင်းပြနေခဲ့လေသည်။
စုယန်သည် နှစ်တစ်သောင်းရေခဲကျောက်စိမ်းထက်တွင် တင်ပလင်ခွေထိုင်လျက် ကွေ့ဇူနှင့် မျက်နှာချင်းဆိုင် အနေအထား၌ ထိုင်နားထောင်နေခဲ့သည်။
ရှနင်းချန်သည် သူမဘေးတွင်ထိုင်ကာ ဆေးဖော်စပ်နေရင်း ကွေ့ဇူ ရှင်းပြသည်ကို နားစိုက်ထောင်နေခဲ့သည်။
ထွတ်မြတ်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်ကြောင့် ဆေးဖော်စပ်ခြင်းသည် သူမအတွက် ထမင်းစားရေသောက်နှယ် လွယ်ကူလှသည်။ ထို့ကြောင့် ကွေ့ဇူ ရှင်းပြသည်ကိုလည်း နားထောင်၊ အာရုံမပျက်ဘဲ ဆေးဖော်စပ်သည့် အလုပ်ကိုလည်း တစ်ပြိုင်တည်း လုပ်နေနိုင်ခြင်း ဖြစ်သည်။
အချိန်တစ်ခု ကြာသွားသည်နှင့် ဆေးလုံးတစ်လုံး ထွက်ထွက်လာခဲ့သည်။ ရှနင်းချန်သည် ထိုဆေးလုံးကို အသင့် ပြင်ထားသည့် ကျောက်စိမ်းပုလင်းထဲ ထည့်လိုက်၏။
ထိုအခြင်းအရာကို မြင်တိုင်း ကွေ့ဇူ ပိုပို၍ စိတ်ဓါတ် တက်ကြွလာခဲ့လေသည်။ ရုတ်တရက် ကွေ့ဇူသည် မျက်မှောင်ကြုတ်၍ ဘေးပတ်ပတ်လည်အား သင်္ကာမကင်း အမူအရာဖြင့် လှည့်ပတ်ကြည့်လိုက်လေသည်။ အစောပိုင်းက တစ်ယောက်ယောက် သူ့အား စိုက်ကြည့်နေသလို ခံစားလိုက်ရ၏။
ထိုခံစားချက်ကို ခံစားမိလိုက်ချိန် ယန်ယန်မှ သူ့အား ကြည့်နေသလာဟးဟု ထင်ကာ ရင်ထိတ်သွားခဲ့ရလေသည်။ လက်ရှိ သူသိထားသလောက် ကိုယ်ထင်မပြဘဲ သူအား အဝေးမှ စောင့်ကြည့်နိုင်သည့် လူဆို၍ ယန်ယန်တစ်ဦးသာ ရှိပေသည်။
ထို့ကြောင့် ကွေ့ဇူသည် နည်းနည်းလေးမှ မဆင်မခြင် မလုပ်ရဲခဲ့ဘဲ သူ့အတွေ့အကြုံများကို သေချာ အသေးစိတ် ရှင်းပြပေးလိုက်လေသည်။ သေချာကြည့်လျက် သူ့နဖူးထက် ချွေးသီးလေးများ ဝေ့သီနေသည်ကိုပင် မြင်တွေ့နိုင်၏။
ကံကောင်းစွာဖြင့် ထိုခံစားချက်သည် ခဏအကြာ၌ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအခါမှပဲ ကွေ့ဇူ သက်ပြင်း ချနိုင်တော့သည်။
“တကယ်ကြီး မငြင်းပယ်ဘူးပဲ” ရန်ကိုင်က ပျော်ရွှင်စွာ ရေရါတ်လိုက်သည်။ လောကနိယာမများကို ထိန်းချုပ်၍ ကွေ့ဇူအပေါ် အနည်းငယ် ဖိအားပေးကြည့်လိုက်သော်လည်း ထိုစွမ်းအားသည် ကွေ့ဇူ၏ တည်ရှိမှုကို မငြင်းပယ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
မိုးမြေစွမ်းအင်များ ပြန်လည်ကောင်းမွန်သွားခြင်းသည် အရိပ်ကြယ်၏ တိုးတက်ရေးအတွက် အကွက်ကြီးကြီးတစ်ခု ချလိုက်သလိုပင် ဖြစ်လေသည်။
လောကနိယာမများ၏ ဖိနှီပ်မှုမရှိတော့သည့်အတွက် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် အခြား ကြယ်များသို့ သွားစရာ မလိုတော့ချေ။ တစ်ချိန်တည်းတွင် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများ အနေဖြင့်လည်း အရိပ်ကြယ်တွင် နေနိုင်လာပေတော့မည်။
ဤအကြောင်းကို မိုးပြာသစ်ပင်ကြယ်ဆီ သတင်းပို့ပြီး ရီရှီယွင်၊ ချင်းတုန်နှင့် အခြားသူများ သိအောင် လုပ်ပေးရပေမည်။
သူအဆင့်တက်သွားသည့်အတွက် အရိပ်ကြယ်၏ လောကနိယာမများမှာ ပြန်ကောင်းဿွားခဲ့သော်လည်း ကမ္ဘာငယ်လေး၏ လောကနိယာမများမှာတော့ မပြည့်မစုံ ဖြစ်နေဆဲပင်။ ထိုအချက်နှင့်ပက်သက်၍ ရန်ကိုင်လည်း အတော်လေး ကူကယ်ရာမဲ့ရသည်။
သို့သော်လည်း ဤသည်မှာ ယခင်ကြယ်ကာကွယ်သူမှ ထားရစ်ခဲ့သည့် ကမ္ဘာငယ်လေးတစ်ခု ဖြစ်သည့်အတွက် ရန်ကိုင် အနေဖြင့် ၎င်း၏ လျှို့ဝှက်ချက်အားလုံးကို မထုတ်ဖော်နိုင်သေးသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။
နောက်ခြောက်လစလုံး ရန်ကိုင်သည် အရိပ်ကြယ်တွင်သာ နေခဲ့သည်။
တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ပြီးပြီးချင်းမှာပင် သူ့ဝိဥာဉ်ကိုယ်ပွားက လွင့်မျောတိုက်ကြီးကို သန့်စင်ခဲ့သည့် အတွက် သူ့ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင် ပထမအဆင့်၏ အထွဋ်အထိပ်သို့ အလျင်အမြန် မြင့်တက်လာခဲ့ရသည်။ ထိုတစ်ဟုန်ထိုး တိုးမြင့်လာသည့် ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင်ပင် မလုပ်ရသေးချေ။
ထို့ကြောင့် နောက်ခြောက်လစလုံး ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင်လုပ်ရင်း ယန်ယန် ပေးထားသည့် ပညာရပ်ကို ကျင့်ကြံနေလိုက်သည်။
နှစ်ဝက်ကြာပြီးနောက်တွင် ထိုပညာရပ်၏ အသေးစား ပြီးမြောက်ခြင်းအဆင့်သို့ ရန်ကိုင် ရောက်ရှိသွားခဲ့၏။ ယခုဆိုလျှင် သူ့အသိစိတ်ပင်လယ်တစ်ခုလုံးကို မမြင်နိုင်သော အကာအရံကြီး တစ်ခုမှ လွှမ်းခြုံထားနေခဲ့လေပြီ။ သူ့လက်ရှိ ကျင့်ကြံခြင်းအရ ကြယ်စီရင်စုထဲ သူ့အသိစိတ်ပင်လယ်ထဲသို့ ထိုးဖောက် ဝင်ရောက်နိုင်သည့်လူ တစ်ဦးမှ မရှိလောက်ပေ။
ယနေ့တွင် ရန်ကိုင်သည် သူ့မိဘများကို အဖော်လုပ် အချိန်ဖြုန်းပေးနေခဲ့လေသည်။ စုယန်နှင့် ရှနင်းချန်တို့လည်း ရှိနေခဲ့သည်။ မိန်းကလေးနှစ်ဦးစလုံး၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင် အဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေခဲ့ပြီး တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်ခါနီး ဖြစ်နေခဲ့ကြသည်။
ထို့ကြောင့် ရန်ကိုင်သည် သူတို့ အလျင်စလို နောက်တစ်ဆင့် ရောက်မသွားစေရန်အတွက် မိန်းကလေးနှစ်ဦးအား တံခါးပိတ် ကျင့်စဉ်ဝင်နေရာမှ ဆွဲခေါ်ထုတ်လာခဲ့သည်။
သူတို့သားမှာ လူအများကြားမှနဂါးဖြစ်သလို ချွေးမနှစ်ဦးမှာလည်း အလှလေးများ ဖြစ်ကြသဖြင့် ရန်ရင်ဖုန်းနှင့် တုန်စုကျုတို့ အလွန်ကိုမှ ဂုဏ်ယူကျေနပ်နေခဲ့ကြသည်။ တုန်စုကျုသည် ရန်ကိုင်အား မင်္ဂလာပွဲ မြန်မြန် စီစဉ်ရန်ပင် တိုက်တွန်းနေခဲ့သဖြင့် စုယန်နှင့် ရှနင်းချန်တို့ ရှက်လည်းလည်း၊ စိတ်လည်း လှုပ်ရှားသွားခဲ့ကြရလေသည်။
ရုတ်တရက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ပြီးနောက်တွင် သူ့အမူအရာ ရုတ်ချည်း လေးနက်သွားပြီး ချက်ချင်းပဲ သူ့အမေဘက်သို့ လှည့်၍ ပြောလိုက်၏ “အမေ၊ အဖေ၊ ဒီမှာ ခဏစောင့်ဦးနော်။ ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်”
ပြောပြီးသည်နှင့် စုယန်နှင့် ရှနင်းချန်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ မိန်းကလေးနှစ်ဦးစလုံးကလည်း ကိုယ်စီ ခေါင်းညိတ်ပြလိုက်ကြသည်။ ချက်ချင်းပဲ ရန်ကိုင်ပုံရိပ် ပျောက်ကွယ်သွားခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၃၅)
အရိပ်ကြယ်၏ အဆုံးမဲ့သမုဒ္ဒရာပြင်ထက်တွင် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ဦး လေထဲဝဲလျက် ရပ်နေခဲ့သည်။
သက်လတ်ပိုင်းလူကြီးသည် မျက်လုံးကိုပိတ်လျက် လေးကို တဝကြီး ရှူသွင်းလိုက်သည်။
“မိုးမြေစွမ်းအင်က တော်တော် သိပ်သည်းတာပဲ။ နိယာမတွေက မပြည့်စုံပေမယ့် ဒီလောက်က အဆင်ပြေတယ်။ မဆိုးဘူး… အဝေးကြီး လာပြီးမှတော့ ခဏလောက် အရင် အားပြန်ဖြည့်ရတာပေါ့” ထိုသို့ပြောပြီးနောက်တွင် သက်လတ်ပိုင်း လူကြီးသည် လက်ကွက်များစွာကို စတင် ဖန်တီးတော့လေသည်။
ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်သည် တွင်းနက်ကြီးတစ်ခုနှယ် အနီးအနားပတ်လည်ရှိ မိုးမြေစွမ်းအင်များကို အရူးအမူး စတင် စုပ်ယူတော့လေသည်။
တည်ငြိမ်နေသော ပင်လယ်ပြင်သည် ရုတ်ချည်း လှိုင်းထန်လာပြီး လေပြင်းများလည်း စတင် တိုက်ခတ်လာ၏။
ပျောက်ကွယ်သွားသော မိုးမြေစွမ်းအင်နှင့်အတူ တစ်စုံတစ်ခုပါ ပျောက်ကွယ်နေခဲ့လေသည်… နိယာမများပင်။ ထိုအဖြစ်အပျက်ကြောင့် မိုင်တစ်သိန်းပတ်လည်အတွင်း ရှိနေသည့် ကျင့်ကြံသူအားလုံး တစ်ခုခု မှားယွင်းနေမှန်း စတင် သတိပြုမိလာခဲ့ကြလေသည်။
ဧရာမကျွန်းကြီးတစ်ကျွန်းပေါ်တွင် တည်ရှိသော ပင်လယ်ကျောင်းတော်၏ ဠာနချုပ်တွင်… ရှဟူသည် အခြားသော အဆင့်မြင့် အရာရှိများနှင့် အကြောင်းအရာတစ်ခုအကြောင်း ဆွေးနွေးနေခဲ့သည်။ ထိုစဉ် သူတို့လည်း ပတ်ဝန်းကျင်နှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်ပြီး သက်လတ်ပိုင်းလူကြီး ရှိနေရာဆီသို့ ခေါင်းမော့၍ လှမ်းကြည့်လိုက်ကြလေသည်။
“ကျောင်းသခင်၊ ဘာဖြစ်တာလဲ” ဒုကျောင်းသခင်က မေးလိုက်သည်။
ရှဟူ ပြန်မဖြေခဲ့၊ သို့ရာတွင် သူ့အမူအရာမှာတော့ တဖြည်းဖြည်း တည်ကြည်သထက် တည်ကြည်လာခဲ့သည်။ ခဏအကြာတွင် ထရပ်၍ ပြောလိုက်သည် “ကြည့်ရတာ တစ်ယောက်ယောက် လာပြဿနာရှာနေတယ်နဲ့ တူတယ်။ ငါသွားကြည့်လိုက်ဦးမယ်”
ပြောပြီးသည့်နောက်တွင် လျှပ်စီးတန်းတစ်ခုနှယ် ခန်းမထဲမှ ရုတ်ချည်း ထွက်ခွာသွားလေသည်။
ပင်လယ်ပြင်အောက်ရှိ ပင်လယ်နတ်ဘုရားနန်းတော်ထဲတွင်… ပင်လယ်ကလန် မိန်းကလေးများသည် တူရိတန်ဆာပလာများကို ကိုင်စွဲကာ တီးမှုဖျော်ဖြေနေခဲ့ကြသည်။
ရုတ်တရက် ပင်လယ်နတ်ဘုရားနန်းတော် ပတ်လည်ရှိ ရေပြင်သည် ကသောင်းကနင်း ဖြစ်လာပြီး မြေပြင်သည်လည်း ငလျင် လှုပ်နေသည့်နှယ် ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့၏။ စားသောက်ပွဲ၏ ခေါင်းကြီးပိုင်းနေရာတွင် ထိုင်နေသော ပင်လယ်နတ်ဘုရားနန်းတော်၏ ဘုရင်ဖြစ်သည့် လဲ့ခုန်သည် ခေါင်းမော့ကာ ကြည့်လိုက်လေသည်။ သူ့မျက်လုံးထဲ အလင်းတစ်ချက် လက်သွားပြီးနောက် မကြာမီတွင် သူ့မျက်လုံးထဲ လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူတို့ နှစ်ဦးကြား မိုင်ပေါင်း တစ်သောင်းမက ကွာခြားနေသော်လည်း ထိုပုံရိပ်သည် လဲ့ခုန်ကို သတိပြုမိသည့်ပုံပင်။ အောက်ကို အထင်အမြင်တသေးဖြင့် ပြန်၍ ငုံ့ကြည့်လာခဲ့လေသည်။
ထိုလူ၏ လုပ်ရပ်ကြောင့် လဲ့ခုန် ဒေါသပုန်ထသွား၏။ ချက်ချင်းပဲ သူ့နန်းတော်မှနေ၍ ဒေါသတကြီး ထအော်လေသည် “ဘယ်ကောင် ငါ့အဆုံးမဲ့သမုဒ္ဒရာမှာ လာသောင်းကျန်းတာလဲကွ။ ငါ့ရှေ့လာပြီး ချက်ချင်း မင်းအပြစ်တွေကို ဝန်ခံမယ်ဆိုရင် ဒီဘုရင် မင်းအသက်ကို ချမ်းသာပေးနိုင်တယ်”
ထိုစကားသံသည် ရေထုကြီးကို ကျော်ဖြတ်လျက် သက်လတ်ပိုင်းလူကြီး၏ နားထဲသို့ တစ်မုဟုတ်ချည်း ရောက်ရှိသွားခဲ့လေသည်။
မိုးမြေစွမ်းအင်ကို အရူးအမူး စုပ်ယူနေသော သက်လတ်ပိုင်းလူကြီးသည် ထိုစကားကို ကြားသည့်အခါ လဲ့ခုန်အား အေးစက်စက်အကြည့်ဖြင့် ပြန်စိုက်ကြည့်၍ အော်ပြောလိုက်လေ၏ “သေးနုပ်တဲ့ကောင်ကများ ဒီစီနီယာကို ရိုင်းရိုင်းစိုင်းစိုင်း လာပြောတယ်။ ဒီကိုလာခဲ့စမ်း”
ပြောပြီးသည်နှင့် သူ့လက်အား ဝှေ့ရမ်းချလိုက်လေသည်။
သူ့လက်အဝှေ့နှင့်အတူ မယုံနိုင်အောင် ကျယ်ပြန့်လှသော ပင်လယ်ရေထုသည် ရုတ်ချည်း နှစ်ပိုင်းကွဲထွက်သွားလေသည်။ အပေါ်မှ စီးကြည့်မည်ဆိုလျှင် ပင်လယ်ပြင်ထဲတွင် ပင်လယ်အောက်ခြေထိကို လှမ်းမြင်နေရသည့် လျှိုမြောင် ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရပေလိမ့်မည်။
ကွဲထွက်သွားသော ပင်လယ်ရေပြင်နှင့်အတူ ပင်လယ်နတ်ဘုရားနန်းတော်သည်လည်း သက်လတ်ပိုင်းလူကြီး၏ မြင်ကွင်းထဲ ရုပ်လုံးပေါ်လာခဲ့လေသည်။
“အန်” လဲ့ခုန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ပင်လယ်နတ်ဘုရားကလန် ကျင့်စဉ်၏ အကူအညီဖြင့် သက်လတ်ပိုင်းလူကြီးကို ရေအောက်မှ လှမ်းမြင်နိုင်ခဲ့သော်ငြား သက်လတ်ပိုင်းလူကြီး၏ လက်အဝှေ့တစ်ချက်သည် အဆုံးမဲ့ သမုဒ္ဒရာကို နှစ်ပိုင်းကွဲထွက်သွားစေလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။
ထိုစွမ်းအားသည် လဲ့ခုန် နားလည်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေပေသည်။
တန်ခိုးရှင်ဘုရင်အဆင့်လား… မဖြစ်နိုင်ဘူး။ တန်ခိုးရှင် ဘုရင်အဆင့်တောင် ဒီလို မလုပ်နိုင်ဘူး
ပင်လယ်ကလန်မိန်းကလေးများသည် ကြောက်လန့်တကြား အော်ဟစ်ရင်း ထွက်ပြေးတော့လေသည်။ သို့ရာတွင် လျှို့မြောင်၏ အဖျားကို သွားထိမိလိုက်သည့် အချိန်မှာပဲ သူတို့ တစ်ကိုယ်လုံး သွေးမြူများ အဖြစ်သို့ ပေါက်ကွဲထွက်ကုန်ကြလေသည်။
ပင်လယ်ကလန်မှ ပညာရှင်များသည် ကောင်းကင်ထက်၌ နတ်ဘုရားတစ်ပါးနှယ် ရပ်နေသော သက်လတ်ပိုင်းလူကြီးအား ကြောက်ရွံ့တုန်လှုပ်စွာ မော့ကြည့်လိုက်ကြသည်။
“ငါမင်းကို လာလို့ပြောနေတာ မကြာဘူးလား။ ငါနောက်တစ်ခွန်း ထပ်ပြောမှာ မဟုတ်ဘူးနော်” သက်လတ်ပိုင်းလူကြီးသည် စိတ်မရှည်တော့သည့်အလား နှာခေါင်းရှုံ့လျက် သူ့လက်ကို လဲ့ခုန်ဘက်သို့ ဆန့်ထုတ်လိုက်၏။
သက်လတ်ပိုင်းလူကြီး၏လက် သူ့အား ချိန်လာသည်ကို မြင်သော် လဲ့ခုန်တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲသွား၏။ သက်လတ်ပိုင်းလူကြီး၏ လှုပ်ရှားမှုမှာ နှေးကွေးသော်ငြား လဲ့ခုန်မှာတော့ လုံးဝကို ခုခံနိုင်ခြင်း မရှိခဲ့ပေ။
အဟွတ်…
လဲ့ခုန် ရုတ်တရက် သွေးတစ်ပွက် ထိုးအန်လိုက်ရပြီး သူ့ခန္ဓာကိုယ်သည် မမြင်နိုင်သည့် အားတစ်ရပ်၏ ဆွဲယူသွားခြင်း ခံလိုက်ရသည့်အလား သက်လတ်ပိုင်းလူကြီးဆီသို့ အလျင်အမြန် ပျံတက်သွားခဲ့လေသည်။
“နန်းတော်သခင်” ပင်လယ်ကလန်သားအားလုံး အလန့်တကြား ထအော်ကြလေသည်။ သို့သော် မည်သူမှ မဆင်မခြင် မလှုပ်ရှားရဲခဲ့။
လဲ့ခုန်သည် ပင်လယ်နတ်ဘုရားနန်းတော်တွင် အားအကောင်းဆုံးဖြစ်သည်။ သူပင်လျှင် ထိုလူ၏ အလွယ်တကူ ဖမ်းဆီးခြင်း ခံလိုက်ရလေရာ သူတို့ ဝင်ပါတော့ကော ဘာထူးမည်နည်း။ ကိုယ့်သေတွင်း ကိုယ်တူးသလိုသာ ဖြစ်ပေလိမ့်မည်။
သက်လတ်ပိုင်းလူကြီး မည်သူမှန်းမသိကြ။ သို့ရာတွင် သူ့ကျင့်ကြံခြင်းမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်တွင် ရောက်နေမှန်းတော့ သိကြသည်။
တစ်ခဏအတွင်း လဲ့ခုန်သည် မိုင်ပေါင်းသောင်းနှင့်ချီ အကွာအဝေးကို ဖြတ်ကျော်၍ သက်လတ်ပိုင်းလူကြီးရှေ့သို့ ရောက်လာခဲ့လေသည်။
“ဒူးထောက်စမ်း” သက်လတ်ပိုင်းလူကြီးသည် လဲ့ခုန်အား ကြည့်ပင်မကြည့်ဘဲ အမိန့်ပေးလိုက်လေသည်။
သက်လတ်ပိုင်းလူကြီး မည်သည့် စွမ်းအားကိုမှ သုံးလိုက်သည်ဟု လဲ့ခုန် မခံစားရ။ သို့ရာတွင် သူ့စကားလုံးများသည် သူ့နားထဲ မိုးချိန်းသံနှယ် ပဲ့တင်ထပ်သွားခဲ့သည်။ ထိုစကားလုံးများထဲ သူ့အား နာခံအောင် လုပ်နေသည့် စွမ်းအားတစ်ရပ် ပါနေသလိုပင်။ သူ့ဒူးများသည် ချက်ချင်း ပျော့ခွေကျသွားပြီး သက်လတ်ပိုင်းလူကြီး အမိန့် ပေးသည့်အတိုင်း ဒူးထောက်လုမတတ် ဖြစ်သွားခဲ့လေသည်။
သို့ရာတွင် ချက်ချင်းဆိုသလို လဲ့ခုန်၏ မျက်လုံးများ ရဲတက်လာပြီး ဒေါသတကြီး ပြန်အော်ဟစ်လေသည် “ဒီဘုရင်လို ပင်လယ်နတ်ဘုရားနန်းတော်ရဲ့ ဘုရင်က ဘာလို့ မင်းကို ဒူးထောက်ရမှာလဲ”
တစ်ချိန်တည်းတွင် လဲ့ခုန်၏ ခန္ဓာကိုယ်ဆီမှ အဖြူရောင် အလင်းတို့ ပေါက်ကြွထွက်လာခဲ့လေသည်။ သို့ရာတွင် ကြီးစွာသော ဖိအားကြောင့် သူ့ခန္ဓာကိုယ်ထက် အက်ရာများ ထွက်ပေါ်လာပြီး ထိုအက်ရာများမှတစ်ဆင့် သွေးများ ယိုစီးကျလာခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးသည် လဲ့ခုန်အား တစ်ချက်သာ စောင့်ငဲ့ကြည့်၍ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည် “ငါလုပ်ဆိုလုပ်လိုက်”
“ဒီဘုရင်သေရင်တောင် ဒူးမထောက်ဘူးကွ” လဲ့ခုန်၏ နဖူးထက် သွေးကြောကြီးများ ထောင်ထွက်လာခဲ့လေသည်။
ဘုန်း.. ဘုန်း…
လဲ့ခုန်၏ ခြေထောက်များသည် ဒူးရင်းအထိ ပေါက်ကွဲထွက်သွားကုန်ကြလေသည်။ အလွန်ကိုမှ ပြင်းထန်သည့် နာကျင်မှုကြောင့် လဲခုန် အံကြိတ်မိလိုက်သည်။ သို့ရာတွင် ထိုသို့ ဖြစ်နေလင့်ကစား အကျယ်ကြီး အော်ရယ်မောလျက် “ဒီဘုရင်မှာ ဒူးခေါင်းမရှိတော့ဘူး။ မင်းငါ့ကို ဘယ်လို ဒူးထောက်အောင် လုပ်ဦးမှာလဲ”
ထိုစကားကိုကြားသည့်အခါ သက်လတ်ပိုင်းလူကြီး၏ အမူအရာ စတင် ပြောင်းလဲသွားခဲ့လေသည် “မင်းက တကယ် ခေါင်းမာတဲ့ကောင်ပဲကွ။ ရတယ်လေ၊ အဲ့လိုဆိုမှတော့ ငါလည်း မင်းကို မသတ်သေးဘူးပေါ့။ ပြီးမှ သင်ခန်းစားစာ ကောင်းကောင်း ပေးမယ်”
ပြောပြီးသည်နောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ပူးပေါင်းကဲ့သို့ ပစ္စည်းတစ်ခု ထွက်ပေါ်လာပြီး လဲ့ခုန်ကို လွှမ်းခြုံသွားခဲ့လေသည်။ လဲ့ခုန် အနေဖြင့် အသည်းအသန် ရုန်းကန်ပါသော်လည်း မည်သို့မှ မလွတ်မြောက်ခဲ့ပါချေ။
ဘယ်အချိန်ကတည်းကမှန်းမသိ ရောက်နေသော ရှဟူတို့ အဖွဲ့သည် ထိုမြင်ကွင်းကို မြင်ပြီးနောက် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။
လဲ့ခုန် မည်မျှ အားကောင်းမှန်း ပင်လယ်ကျောင်းတော်မှ လူများ သိကြသည်။ နှစ်ပေါင်းများစွာကြာအောင် အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်လာသည့် အင်အားစုများ ဖြစ်သည်နှင့်အညီ တစ်ဖွဲ့အကြောင်းတစ်ဖွဲ့ ကောင်းကောင်း သိကြပေသည်။
လဲ့ခုန်သည် ပင်လယ်ကျောင်းတော်အတွက် အကြီးမားဆုံး၊ အန္တရာယ်အများဆုံး ရန်သူတစ်ဦးဖြစ်သည်။ ရှဟူပင်လျှင် ပင်လယ်ထဲ၌ လဲ့ခုန်ကို သတ်နိုင်မည်ဟု ယုံကြည်ချက် မရှိပေ။
သို့ရာတွင် ယခုမူ ပင်လယ်ကလန်၏ ခေါင်းဆောင်သည် သက်လတ်ပိုင်းလူကြီးရှေ့မှောက်နှယ် မွေးခါစကလေးတစ်ဦးနှယ် ခွန်အားမဲ့နေခဲ့ရလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရှဟူတို့ အလွန်ကိုမှ ချောက်ခြားသွားခဲ့ကြသည်။
“ပြန်ဆုတ်ကြ” တစ်ခုခု မှားယွင်းနေမှန်း သိလိုက်သော် ရှဟူသည် သူ့လူများကို ချက်ချင်း အမိန့်ပေးလိုက်လေသည်။
လဲခုန်အား ဤမျှ အလွယ်တကူ အနိုင်ယူနိုင်သည့်လူသည် သူတို့ သွားရန်စသင့်သည့်လူမျိုး မဟုတ်ချေ။
“လာပြီးမှတော့ ဘာလို့ ထွက်သွားချင်နေသေးတာလဲ” သက်လတ်ပိုင်းလူကြီးက လှောင်ပြုံးပြုံးလျက် “ဒီစီနီယာက ကြယ်အမြူတေစွမ်းအား နည်းနည်းလောက်ကို စုပ်ယူချင်ရုံပဲ။ မင်းတို့ဘာသာ အေးအေးဆေးဆေး နေနေရင် ငါကလည်း လွှတ်ထားပေးလိုက်မလို့။ ဒါပေမယ့် မင်းတို့က ကိုယ့်သေလမ်း ကိုယ်ရှာချင်မှတော့ ဒီစီနီယာလည်း မင်းတို့ သွားချင်တဲ့လမ်းဆီ ပို့ပေးရတာပေါ့”
ပြောပြီးသည်နှင့် ရှဟူတို့အဖွဲ့ ရပ်နေသည့်ဘက်သို့ သူ့လက်ကို ဝှေ့ရမ်းလိုက်လေသည်။
မိုးမြေစွမ်းအင်သည် လျင်မြန်စွာ စုဝေးလာပြီး လက်ဝါးကြီး တစ်ဖက်သို့ ပြောင်းလဲသွားကာ ရှဟူတို့ အဖွဲ့ဆီ ကျဆင်းလာခဲ့လေ၏။
တဖြည်းဖြည်း နီးကပ်လာနေသော သေခြင်းတရား အငွေ့အသက်ကို ခံစားမိလိုက်သော် ရှဟူ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သူတို့ဆီသို့ စီးမိုကျဆင်းလာလေသည် ကောင်းကင်တစ်ခုလုံးအား ဖုံးအုပ်တော့မည့်နှယ် ကြီးမားလာသော လက်ဝါးကြီးကို ကြည့်ရင် အကုန်လုံး စိတ်ဓါတ်လုံးလုံးကျသွား၏။
ဒီလူ ဘယ်သူလဲ သေခြင်းတရားသည် သူနှင့် လက်တစ်ကမ်းပင် မလိုတော့ကြောင်း ရှဟူ သိနေသည်။ သို့ရာတွင် ဤမျှ အားကောင်းလှသည့် ကျင့်ကြံသူတစ်ဦး မည်သည့်နေရာမှ ရောက်လာသလဲ ဆိုသည်နှင့် ပက်သက်၍ ရှဟူ လုံးဝ နားမလည်နိုင်သေးပေ။
အရိပ်ကြယ်ကြီးတစ်ခုလုံး ကပ်ဘေးဆိုက်တော့မည်လား။ ထိုအခိုက် သူ့စိတ်ထဲ ရန်ကိုင်ကို စဉ်းစားမိသွားသည်။
ထိုကောင်လေး… တစ်ယောက်လောက်သာ ဤသက်လတ်ပိုင်း လူကြီးကို ထိန်းနိုင်လောက်သည်။ သို့ရာတွင် ချက်ချင်းပဲ ထိုအတွေးကို ဖယ်ထုတ်ပစ်လိုက်လေသည်။ ထိုကောင်လေးသည် အားကောင်းသော်လည်း သူတို့ရှေ့ရှိ သက်လတ်ပိုင်းလူကြီးနှင့် ယှဉ်လိုက်လျှင် အတော်လေး လိုအပ်နေပေသေးသည်။
လက်ဝါးကြီးသည် ချက်ချင်းဆိုသလို ရှဟူတို့ ခေါင်းပေါ်သို့ ရောက်လာခဲ့လေသည်။ လက်ဝါးဆီမှ ထွက်ပေါ်နေသည့် ဖိအား သက်သက်နှင့်ပင် ကျင့်ကြံခြင်းအဆင့်နိမ့်သည့် ကျင့်ကြသူများ ပေါက်ကွဲထွက်ကုန်ကြလေသည်။
အားအကောင်းဆုံးသော် ရှဟူ၏ ခန္ဓာကိုယ်သည်ပင်လျှင် အက်ကြောင်းများ ထလာခဲ့သည်။
“ပျက်စီးလိုက်စမ်း” ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုစကားလုံးထဲ အကြွင်းမဲ့စွမ်းအားတို့ ကိန်းအောင်းပါဝင်နေသည့်အလား… စကားသံနှင့်အတူ မိုးမြေစွမ်းအင်များ ရုတ်တရက် ပရမ်းပတာ ဖြစ်လာပြီး ရှဟူတို့ အဖွဲ့ပေါ်သို့ ကျလာနေသည့် လက်ဝါးသည်လည်း ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။
“အို” ယခုမှပဲ သက်လတ်ပိုင်လူကြီး၏ ဘာကိုမှ အရေးမစိုက်သည့် မျက်နှာထက် စိတ်ဝင်စားရိပ်တို့ ထွက်ပေါ်လာ၏။ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းပဲ ပြုံးဖြီးလျက် “မင်းပဲကိုး.. ဟားဟားဟား၊ ငါတောင် လာမရှာရသေးဘူး၊ မင်းက ကိုယ်တိုင် ရောက်လာတယ်ပေါ့။ ကောင်းတယ်၊ မင်းကိုယ်တိုင် ရောက်လာမှတော့ ဒီစီနီယာအတွက် အချိန်ကုန် သက်သာသွားတာပေါ့”
ရန်ကိုင်သည် တစ်စစီ ပြန့်ကျဲနေသည့် အသားစများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ လဲ့ခုန်၏ အခြေအနေကို မြင်ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် “ကြည့်ရတာ ငါလာတာ နောက်ကျသွားတဲ့ပုံပဲ”
“ရန်ကိုင်” ရှဟူက စိတ်လှုပ်တကြီး လှမ်းခေါ်လေသည်။
“ဂိုဏ်းချုပ်ရန်” လဲ့ခုန်သည်လည်း ရန်ကိုင်အား ရေပူးပေါင်းထဲမှ ချိနဲ့စွာ လှမ်းပြုံးပြလိုက်သည်။