အခန်း (၁၈၃၆-၁၈၄၀)
Vol. 74 Ch. 1836-1840
အပိုင်း (၁၈၃၆)
ရန်ကိုင်ကို မြင်လိုက်သည့်နောက် ရှဟူ အလွန်ကိုမှ ဝမ်းသာသွားခဲ့သလို တစ်ချိန်တည်းတွင် စိုးရိမ်သွားခဲ့လေသည်။
ထို့ကြောင့် စိုးရိမ်တကြီး လှမ်းအော်ပြောလိုက်၏ “ရန်ကိုင်၊ မြန်မြန် ထွက်သွားပေတော့။ ဒီလူက မင်းယှဉ်နိုင်တဲ့လူ မဟုတ်ဘူး”
“စိတ်ပူမနေနဲ့ လူအိုကြီးရှ” ရန်ကိုင်က ပြုံးလျက် “ကျုပ်ရောက်လာတယ် ဆိုမှတော့ ပြင်ဆင်ထားပြီးလို့ပေါ့။ ပြီးတော့ သူက ကျုပ်ဆီလာတာ။ ခင်ဗျားတို့က မဆီမဆိုင် ခံလိုက်ရတာ။ ခင်ဗျားတို့ အခုလိုဖြစ်ရတာ ကျုပ်ကြောင့်လို့ ပြောလို့ရတယ်”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို အသာအယာ ဝှေ့ရမ်းလိုက်လေသည်။
မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် ရှဟူနှင့် ပင်လယ်ကျောင်းတော်မှ ပညာရှင်များကို လွှမ်းခြုံသွားခဲ့၏။ ထို့နောက်တွင် ရှဟူတို့အဖြွ့သည် မိုင်တစ်သောင်းအကွာသို့ ရောက်နေခဲ့ကြလေသည်။ လဲခုန်ကို ပိတ်လှောင်ထားသည့် ရေပူပေါင်းသည်လည်း ပေါက်ထွက်သွားခဲ့သည်။
လဲခုန် အသိပြန်ဝင်လာချိန်တွင် ပင်လယ်နတ်ဘုရား နန်းတော်သို့ လုံလုံခြုံခြုံ ပြန်ရောက်နေကြောင်း တွေ့လိုက်ရ၏။
“နန်းတော်သခင်” ပင်လယ်နတ်ဘုရားနန်းတော်၏ ပညာရှင်များ ပျော်ရွှင်သွားကြပြီး ချက်ချင်းပဲ သူတို့၏ ကုသရေး ဆေးလုံးများကိုထုတ်ကာ လဲ့ခုန်အား ပေးလိုက်ကြလေသည်။
“ကြယ်သခင်လား၊ မင်းက ဒီကြယ်ရဲ့ အမြူတေကို သန့်စင်ထားတာလား” သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။
ကြယ်သခင်မဟုတ်လျှင် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံခြင်းဖြင့် ဤကဲ့သို့ လုပ်နိုင်ဖို့ရာ လုံးဝ မဖြစ်နိုင်ချေ။ ထို့အပြင် ရန်ကိုင် သူ့လက်ကို ဝှေ့ရမ်းလိုက်ချိန်တွင် ဤကြယ်၏ လောကနိယာမအချို့ လှုပ်ခတ်သွားသည်ကို သက်လတ်ပိုင်းလူကြီး ခံစားမိလိုက်ရသည်။
“ဘယ်လို၊ ဂိုဏ်းချုပ်ရန်က အရိပ်ကြယ်ရဲ့ ကြယ်သခင်လား” အဝေးမှ စောင့်ကြည့်နေကြသည် ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်မှလူများ သက်လတ်ပိုင်းလူကြီး၏ စကားကို ကြားလိုက်ချိန် ထိတ်လန့်တုန်လှုပ်၊ စိတ်လှုပ်ရှားသွားခဲ့ကြလေသည်။
အထူးသဖြင့် လဲ့ခုန်ပင်… ရန်ကိုင်သည် အရိပ်ကြယ်၏ ကြယ်သခင်ဖြစ်ကြောင်း သိသွားပြီးနောက် သူ့မျက်လုံးထဲ မျှော်လင့်ချက်အရိပ်ယောင်တို့ တဖျက်ဖျက် တောက်ပလာခဲ့၏။
ရန်ကိုင်သာ ကြယ်သခင်ဆိုလျှင် ဤကြယ်ပေါ်တွင် သက်လတ်ပိုင်းလူကြီးကို ယှဉ်တိုက်နိုင်လောက်ပေသည်။
“ကောင်လေး၊ ဒီစီနီယာမင်းကို ပြောနေတယ်လေ။ မင်းနားပင်းနေတာလား” ရန်ကိုင် သူ့အား အဖက်မလုပ်သည်ကို မြင်သော် သက်လတ်ပိုင်းလူကြီး မျက်နှာပျက်သွားခဲ့သည်။
သူမှ အရင်စကားပြောသည်ကိုပင် ဘာမှမဟုတ်သည့် တန်ခိုးရှင်ဘုရင်အဆင့်လေး တစ်ယောက်သည် သူ့အား လုံးဝ လျစ်လျူရှုထားရဲသည်။ ထို့ကြောင့် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်မိသွားသည်။
သူအော်ဟစ်လိုက်မှပဲ ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့် သူ့ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။ ထို့နောက် သူ့နားအား လက်ချောင်းဖြင့် ကလော်ရင်း “ခင်ဗျား ဘာပြောလိုက်တာလဲ။ လေတော်တော် တိုက်နေတော့ ကျုပ်သေချာမကြားလိုက်လို့။ နောက်တစ်ခေါက် ထပ်ပြောလို့ရလား”
ထိုမြင်ကွင်းကိုကြည့်ရင်း ရှဟူ၊ လဲ့ခုန်တို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြလေသည်။
မိုင်တစ်သောင်းအကွာ၌ ရှိနေသည့် လူများပင် သက်လတ်ပိုင်း လူကြီး၏ စကားကိုကြားရလေရာ သက်လတ်ပိုင်းလူကြီးနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော ရန်ကိုင်က မည်သို့သော အကြောင်းကြောင့်များ မကြားရဘဲ နေမည်နည်း။ တစ်ဖက်လူအား ပြောင်ပြောင်တင်းတင်း သွားရန်စနေခြင်းသာ ဖြစ်သည်။
“မင်းက တကယ် မောက်မာတာပဲကောင်လေး” သက်လတ်ပိုင်းလူကြီးက လှောင်ပြုံးပြုံးလျက် “ငါ့ကို ဒေါသထွက်အောင် လုပ်ချင်တဲ့ မင်းအကြံအစည် တကယ် အလုပ်ဖြစ်တယ်ကွ။ အခု မင်းလွယ်လွယ်နဲ့ သေရတော့မှာ မဟုတ်ဘူး”
“ကျုပ်သေမသေတော့ မသိဘူး။ ဒါပေမယ့် ခင်ဗျားကတော့ စောစောစီးစီးကို သေရတော့မှာ” ရန်ကိုင်သည် သူ့ထက် အလွန်ကိုမှ အားကောင်းသည့် ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသည့်တိုင် နည်းနည်းလေးမှ ကြောက်ရွံ့နေခြင်း မရှိခဲ့ပေ။
“မင်းသတ္တိကိုတော့ ငါလေးစားတယ်။ ဒါပေမယ့် သတ္တိရှိပြီး ခွန်အားမရှိရင် ဘာမှမထူးခြားဘူးကွ” သက်လတ်ပိုင်းလူကြီးသည် သူ့လက်ညိုးကို ဖြည်းဖြည်းချင်း လှုပ်ခါလျက် “ကောင်လေး၊ ဝိဥာဉ်ကြာပန်းနဲ့ ကြယ်မြေပုံကိုပေးလိုက်။ အဲ့ဒါဆို မင်းအလောင်းကို အကောင်းအတိုင်း ချန်ထားပေးမယ်။ ငါပြောတဲ့ အတိုင်း မလုပ်ဘူးဆိုရင်တောင် ဒီလောကကြီးမှာ အရက်စက်ဆုံး နှိပ်စက်မှုက ဘာလဲဆိုတာ မင်းသိအောင် လုပ်ပေးလိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”
“လိုချင်တာလား။ လိုချင်ရင် လာယူလေ။ ရပ်ပြီးတော့ပဲ ပြောမနေနဲ့” ရန်ကိုင်က ပြန်၍ လှောင်ပြောင်လိုက်၏။
“သောက်ရူး” သက်လတ်ပိုင်းလူကြီး စိတ်မရှည်တော့ချေ။ ရန်ကိုင်သည် သူပြောသည့်အတိုင်း လုပ်မည့်လမ်းစ မမြင်သော် သက်လတ်ပိုင်းလူကြီးသည် နှာခေါင်းရှုံ့လျက် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ သူ့ကောင်းကင်စိတ်အာရုံဖြင့် ထိုးဖောက်ရန် ကြိုးစားလိုက်လေသည်။
ဝိဥာဉ်ကြာပန်းဖြစ်စေ၊ ကြယ်မြေပုံဖြစ်စေ၊ နှစ်ခုစလုံးသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုပစ္စည်းနှစ်ခုကို ယူလိုလျှင် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ကျူးကျော်မှသာ ရပေလိမ့်မည်။
ဘုန်း…
သက်လတ်ပိုင်းလူကြီး၏ ကောင်းကင်စိတ်အာရုံ ဝင်ရောက်လာချိန် ရန်ကိုင် အသိစိတ်ပင်လယ်ထဲရှိ အကာအရံများ တလက်လက် တောက်ပလာပြီး သက်လတ်ပိုင်းလူကြီး၏ ကောင်းကင်စိတ်အာရုံကို တားဆီးသွားခဲ့လေသည်။
“ဘာဖြစ်တာလဲ” သက်လတ်ပိုင်းလူကြီး အံ့အားသင့်သွား၏။
သူ့ခွန်အားဖြင့် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲမှ ဝိဥာဉ်ကြာပန်းနှင့် ကြယ်မြေပုံကို လုယူဖို့မခက်ဟု ထင်ထားသော်ငြား ထိုကောင်လေး၏ အသိစိတ်ပင်လယ်ထဲတွင် အားကောင်းသည့် အကာအရံတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ကောင်လေး မင်းက တကယ်ကို လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာပဲ” သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်အား ကြမ်းကြုတ်စွာ စိုက်ကြည့်ရင်း “ဒီလိုဆိုမှတော့လည်း မင်းကို ဖမ်းပြီးတော့မှပဲ စစ်ဆေးကြည့်ရတော့မှာပေါ့”
ပြောပြီးသည်နှင့် သူ့လက်ကို ရန်ကိုင် တည့်တည့်တည်သို့ ဆန့်ထုတ်လိုက်သည်။
ရန်ကိုင် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ရုတ်ချည်း အေးခဲသွားပြီး မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် ရန်ကိုင်ကို သက်လတ်ပိုင်းလူကြီးဆီသို့ ဆွဲခေါ်သွားလေသည်။
မလှုပ်နိုင်တော့မှန်းသိသော် အရိပ်ကြယ်၏ နိယာမစွမ်းအားကို သုံး၍ သူ့အား ချုပ်နှောင်ထားသော စွမ်းအားကို ဖယ်ရှားပစ်၏။ ထို့နောက် လေဟာနယ်စွမ်းအားကိုသုံးကာ အခြားတစ်နေရာသို့ တည်နေရာ ခုန်ကူးသွားလေသည်။
“ဘာတွေ ဒီလောက်လောနေတာလဲ။ ခင်ဗျားပြိုင်ဘက်က ကျုပ်မဟုတ်ဘူး” ပြန်ပေါ်လာသည့် အချိန်တွင် ရန်ကိုင်သည် မီတာတစ်ထောင်အကွာသို့ ရောက်နေခဲ့လေပြီ။ ထို့နောက် လှောင်ပြုံးပြုံးလျက် သက်လတ်ပိုင်းလူကြီးကို စိုက်ကြည့်လိုက်၏။
“အပိုတွေလာပြောမနေနဲ့။ မင်းတောင် ငါ့ကို မတိုက်နိုင်ရင် ဘယ်သူကများ ဒီစီနီယာကို လာတိုက်နိုင်ဦးမှာလဲ” သက်လတ်ပိုင်း လူကြီးကမူ မကြောက်မရွံ့ပင်။
“နင့်ပြိုင်ဘက်ကငါပဲ” ရုတ်တရက် ဟင်းလင်းပြင် ဘက်ပေါင်းစုံဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ထိုအသံကို ကြားလိုက်သည့်အခိုက် သက်လတ်ပိုင်းလူကြီး၏ အမူအရာ ပထမဆုံးအကြိမ်အဖြစ် တည်ကြည်သွားခဲ့လေသည် “ဘယ်သူလဲ”
ကောင်းကင်ယံထက် တစ်နေရာဆီမှ တည်ငြိမ်နေသော ရေကန်ထဲသို့ ခဲတစ်လုံးကျသွားသည့်နှယ် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ထိုလှိုင်းတွန်းများ၏ အလယ်ဗဟိုဆီမှ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး လမ်းလျှောက်ထွက်လာခဲ့လေသည်။ အမျိုးသမီး ဘေးတွင်မူ အသက် ဆယ့်ငါး၊ ဆယ့်ခြောက်လောက်သာ ရှိမည် ထင်ရသော မိန်းကလေးတစ်ဦး လိုက်ပါလာခဲ့သည်။ မိန်းကလေးသည် ဆံပင်အား ကျစ်ဆံမြီးကျစ်ထားပြီး အတော်လေးကို ချစ်စဖွယ်ကောင်းပေသည်။
ပေါ်လာသည်နှင့် မိန်းကလေးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လေသည်။ ထို့နောက် သူမ၏ အကြည့်သည် ရန်ကိုင်ဆီသို့ ရောက်သွားခဲ့သည်။ ချက်ချင်းပဲ ပြုံးလျက် လက်ဝှေ့ရမ်းပြလေသည် “ဂိုဏ်းချုပ်ဦးလေး”
“ယွင်အာ၊ ဒီကိုလာခဲ့” ရန်ကိုင်က လှမ်းခေါ်လိုက်သည်။
လင်းယွင်အာသည် ယန်ယန်အား လှမ်းကြည့်လိုက်သည်။ ယန်ယန် ခေါင်းညိတ်ပြသည်ကို မြင်သော် ချက်ချင်း ရန်ကိုင်ဆီသို့ ပြေးထွက်သွားလေသည်။
“ဂိုဏ်းချုပ်ဦးလေးကို မတွေ့ရတာ နှစ်ဝက်လောက်တောင် ရှိပြီ။ ယွင်အာ ဂိုဏ်းချုပ်ဦးလေးကို အရမ်း လွမ်းနေတာ” လင်းယွင်အာသည် သူမ မည်သို့သော အခြေအနေထဲသို့ ရောက်နေကြောင်းကိုပင်မသိ၊ ရန်ကိုင်နားသို့ ရောက်သည်နှင့် ကလေးဆိုးလေးတစ်ဦးနှယ် ပြုမူတော့လေသည်။
“ဦးလေးလည်း ယွင်အာကိုလွမ်းနေတာ… မဟုတ်သေးပါဘူး။ ငါဘယ်တုန်းက နင့်ဦးလေး ဖြစ်သွားတာလဲ” ရန်ကိုင်သည် လင်းယွင်အာကိ မကျေမနပ်ဖြင့်ကြည့်လျက် “နင်ငါ့ကို အစ်ကိုလို့ ခေါ်ရမှာ။ ဦးလေးလို့ ခေါ်ရလောက်တဲ့အထိ ငါအသက်မကြီးသေးဘူး”
“ဟဲဟဲ၊ ဂိုဏ်းချုပ်အစ်ကိုလို့ ခေါ်ရင် ဆရာဒေါ်လေး ယန်ယန်ကို ဘယ်လိုခေါ်ရမှာလဲ” လင်းယွင်အား ရန်ကိုင်အား ပြုံးဖြီးဖြီးဖြင့် စိုက်ကြည့်ရင်း ပြန်မေးလိုက်၏။
“မေ့လိုက်တော့။ ဦးလေးလို့ပဲခေါ်တော့” ရန်ကိုင်သည် သူ့နဖူးထက်ရှိ ချွေးများကို သုတ်လိုက်လေသည်။
အဝေးမှ လှမ်းကြည့်နေကြသည့် ရှဟူနှင့် လဲ့ခုန်တို့မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း အလွန်ကိုမှ အံ့အားသင့်နေခဲ့ကြသည်။ ဘာတွေ ဖြစ်လို့ဖြစ်နေကြမှန်း နားမလည်နိုင်တော့။ ရန်ကိုင်နှင့် လင်းယွင်အာသည် ဤအခြေအနေကို နည်းနည်းလေးမှ အလေးမထားလေသလော။ ထို့အပြင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးကကော မည်သူနည်း။
အရိပ်ကြယ်တွင် ဘာတွေများ ဖြစ်နေလေသနည်း။ မကြာခင်ကပဲ အရိပ်ကြယ်တွင် နှစ်တစ်သောင်းကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး စပေါ်လာခဲ့သည်။ ထို့နောက် ယနေ့တွင်၊ တန်ခိုးရှင်ဘုရင်အဆင့် ထက်ပို ပို၍ ကြောက်မက်ဖွယ်ကောင်းလှသော ကျင့်ကြံသူတစ်ဦး ထပ်ပေါ်လာပြန်သည်။
“ဂိုဏ်းချုပ်ဦးလေး အဲ့လူဆိုကြီးကို မနိုင်ဘူးလား” လင်းယွင်အာသည် ကောင်းကင်ထက်တွင် ဝဲနေသော သက်လတ်ပိုင်းလူကြီးကို ကြည့်ရင်း မေးလိုက်သည်။
“ဦးလေးက သူ့ပြိုင်ဘက်မဟုတ်ဘူး” ရန်ကိုင်သည် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်လေသည်။ လက်ရှိ အချိန်ထိပင် သက်လတ်ပိုင်းလူကြီး၏ ခွန်အားအတိုင်းအဆကို မခန့်မှန်းတတ်သေးပေ။ သူသည် အရိပ်ကြယ်၏ ကြယ်သခင် ဖြစ်နေသည်ဆိုလျှင်ပင် ထိုလူကြီးနှင့် တကယ်တမ်း တိုက်ခိုက်ရမည်ဆိုပါက သေမည့်လူသည် သူသာ ဖြစ်ပေလိမ့်မည်။
ဤကြယ်စီရင်စုထဲတွင် ထိုလူကြီးကို အနိုင်ယူနိုင်သည့် လူဆို၍ ယန်ယန်တစ်ဦးသာ ရှိသည်။
ယန်ယန်ကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲ ပို၍ အားကောင်းလာချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။
“ကိစ္စမရှိဘူး။ ဆရာဒေါ်လေးယန်ယန် အဲ့လူဆိုကြီးကို ရှင်းပစ်လိမ့်မယ်။ ယွင်အာလည်း ကြိုးစားကျင့်ကြံနေတယ်။ နောက်ပိုင်း ယွင်အာ အားကောင်းလာတဲ့တစ်နေ့ ဂိုဏ်းချုပ်ဦးလေးကို ပြန်ကာကွယ်ပေးမယ်” လင်းယွင်အာသည် သူမ၏ ရင်ဘတ်ကိုပုတ်ရင် ဝံ့ကြွားစွာ ပြောလိုက်လေသည်။
“ဟားဟား… အဲ့ဒါဆို ယွင်အာ အားကောင်းလာမယ့် အချိန်ကို စောင့်ရမှာပေါ့” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်၏။
ယန်ယန် ပေါ်လာသည်ကို မြင်လိုက်သည့်အခိုက် သက်လတ်ပိုင်းလူကြီး၏ အမူအရာ လေးနက်သွားခဲ့လေသည်။ ဘာကြောင့်မှန်းမသိ အနက်ရောင်ဝတ် အမျိုးသမီးဆီမှ အလွန်ကိုမှ အန္တရာယ်များသည် အငွေ့အသက်တို့ကို ရနေခဲ့သည်။
ယန်ယန်ကမူ သက်လတ်ပိုင်းလူကြီးအား ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်နေခဲ့လေသည်။
သက်လတ်ပိုင်းလူကြီး ချွေးစေးပျံလာခဲ့သည်။ စိတ်တည်ငြိမ်သွားအောင် အသက်ပြင်းပြင်းတစ်ချက် အရင် ရှူသွင်းလိုက်သည်။ နောက်မှ လက်သီးဆုပ်၍ မေးလိုက်၏ “ဒီက စီနီယာရဲ့ နာမည်ကို တစ်ချက်လောက် ပြောပြပေးလို့ရမလား”
“အဲ့ဒါ နင့်ကိစ္စမဟုတ်ဘူး” ယန်ယန်သည် သက်လတ်ပိုင်း လူကြီး၏ ဝတ်ရုံကို စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်ကြုတ်၍ “နင်က ကြယ်ကြွေဂိုဏ်းကလား”
ထိုစကားကို ကြားလိုက်သည့် အခိုက် သက်လတ်ပိုင်းလူကြီး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ယန်ယန်အား မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း “ငါ့ဂိုဏ်းကို သိနေတာလား။ ဒီတော့ ခင်ဗျားကလည်း ကြယ်တာရာအစုအဝေးထဲကပဲပေါ့။ မဟုတ်မှလွဲရော ခင်ဗျားက ဒီကြယ်စီရင်စုကြီးရဲ့…”
“မဟုတ်ဘူး” ယန်ယန်သည် သက်လတ်ပိုင်းလူကြီးအား စကားဆုံးအောင် ပြောခွင့်မပေးဘဲ ဖြတ်ပြောလိုက်လေသည် “နင်ဘက်က လေးလေးစားစား ပြောနေလို့ ဒီဘုရင်မ နင့်ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ မတိုက်တော့ဘဲနဲ့ အညံ့ခံလိုက်။ ဒီဘုရင်မ အားနည်းတဲ့လူတွေကို အနိုင်မကျင့်ချင်ဘူး”
“မတိုက်ဘဲနဲ့ အညံ့ခံရမယ်” သက်လတ်ပိုင်းလူကြီးသည် ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား “ခင်ဗျား ဘယ်သူဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး။ ဒါပေမယ့် ခင်ဗျားက ဒီကြယ်စီရင်စုကြီးရဲ့ ကာကွယ်သူမဟုတ်မှတော့ ခင်ဗျားနဲ့ မဆိုင်တဲ့ကိစ္စ ဝင်မစွက်ဖက်ဖို့ အကြံပေးလိုက်မယ်။ ဒီဝူရှန်ဖုန်း ဘဝမှာ တစ်ခုခုကို လိုချင်ပြီဆိုရင် မရဘူးဆိုတာမရှိဘူး”
“ဟုတ်လား… အဲ့ဒါဆိုရင် ဒီနေ့က နင့်သမိုင်းမှာ အမည်းစက် တစ်ခု ဖြစ်လာတော့မှာပေါ့။ စမ်းကြည့်လိုက်လေ… ဒီဘုရင်မ နင်လိုချင်တာကို မရအောင် တားပြမယ်” ယန်ယန်သည် သက်လတ်ပိုင်းလူကြီးအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။
“ခင်ဗျားက ကြယ်ကြွေဂိုဏ်းကို ဆန့်ကျင်ချင်နေတာလား” ဝူရှန်ဖုန်းက အံကြိတ်၍ ပြန်ပြောလိုက်လေသည်။
“ကြယ်ကြွေဂိုဏ်းက ဘာမို့လို့လဲ။ ခွေးအိုကြီး ယုဟဲလင်တောင် ဒီဘုရင်မကို ဒါမျိုး လာမပြောရဲဘူး၊ အခုလို ပြောရအောင် နင်က ဘာမို့လို့လဲ။ ကြယ်ကြွေဂိုဏ်းလေးနဲ့ ဒီဘုရင်မကို ချောက်လို့ရမယ်လို့ ထင်နေတာလား၊ ရယ်စရာကောင်းလိုက်တာ” ယန်ယန်က ပြန်၍ လှောင်ပြောင်လိုက်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၃၇)
ဝူရှန်ဖုန်း မျက်လုံးပြူးသွားခဲ့လေသည် “နင်ငါတို့ ဂိုဏ်းချုပ်ကို သိနေတာလား”
ယန်ယန် ပြောသွားသည့် ယုဟဲလင်သည် ကြယ်ကြွေဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ပေသည်။ ယန်ယန်မှ သူတို့ဂိုဏ်းချုပ်အား အထင်တသေးဖြင့် ပြောနေသည်ကိုမြင်သော် ဝူရှန်ဖုန်း စတင် ထိတ်လန့်လာခဲ့လေသည်။ ထိုမိန်းမ၏ အဆင့်အတန်းနှင့် ကျင့်ကြံခြင်းသည် အမှန်တကယ်ကို အလွန် မြင့်မားရပေမည်။ သူသွားရန်စနိုင်သည့် လူမျိုး မဟုတ်လောက်ချေ။
ထိုအချက်ကို နားလည်လိုက်သည့်အခိုက် ဝူရှန်ဖုန်း စတင် ကြောက်ရွံ့လာပြီး ချွေးစေးများ ပျံလာခဲ့လေသည်။
“နင့်မှာ အသက်သုံးရှိုက်စာ အချိန်ရမယ်။ နင့်ကိုယ်တိုင်ပဲ ငါကျေနပ်လောက်မယ့် အဖြေကိုပေးမလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် တောင်းရမလား” ယန်ယန်က ပြောလိုက်၏။
“တစ်”
ယန်ယန်မှ စတင်လိုက်သည်နှင့် နှစ်ဖက်ကြားရှိ အခြေအနေ တင်းမာလာခဲ့လေသည်။ ဝူရှန်ဖုန်းလည်း စတင် ထိတ်လန့် တုန်လှုပ်လာခဲ့လေသည် “နေဦး၊ ငါ့မှာ ပြောစရာရှိတယ်”
“နှစ်…” ယန်ယန်ကတော့ ရေမြဲသာဆက်ရေနေခဲ့သည်။
“အရမ်း လွန်းမလာနဲ့နော်။ ကြယ်ကြွေဂိုဏ်းက အားမနည်းဘူး။ နင်ငါ့ထက် သန်မာတယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ဒီကြယ်စီရင်စုထဲမှာ ကာကွယ်သူ မရှိမှန်း ငါသိပြီးသား။ ဘာလို့ အကြောင်းမရှိ ငါ့ကိစ္စထဲ ဝင်ပါချင်နေရတာလဲ”
“သုံး” ထိုသို့ ရေရွတ်ပြီးနောက်တွင် ယန်ယန်သည် ဝူရှန်ဖုန်းရှေ့၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။
ဖြန်း…
ဘာဖြစ်လို့ ဖြစ်သွားမှန်း မည်သူမှမသိကြ။ ပါးရိုက်လိုက်သံနှင့် အတူ ဝူရှန်ဖုန်း လွင့်ပျံထွက်သွားခဲ့လေသည်။ သူ့ပါးတစ်ခြမ်းလုံးမှာလည်း လုံးဝကို ဖူးရောင်ကားထွက်သွားခဲ့၏။
“နင်ငါ့ကိုရိုက်ရဲတယ်လား” ဝူရှန်ဖုန်းသည် ဒေါသတကြီး ထလိုအော်လေသည်။
ဖြန်း…
မတ်တပ်ပြန်ရပ်နိုင်ရုံတင်ရှိသေး… ဝူရှန်ဖုန်း ထပ်မံ လွင့်ထွက်သွားပြန်လေသည်။
“ခွေးမ၊ ငါနင့်ကို ကြောက်မယ်ထင်နေတာလား။ နင်မိန်းမ ဖြစ်နေလို့ ငါညှာနေတာ…”
ဖြန်း…
“တော်လောက်ပြီနော်”
ဖြန်း…
“ငါ့ကို ရိုက်ချင်တိုင်း ရိုက်လို့ရတယ်လို့ ထင်နေတာလား”
ဖြန်း…
“မိန်းကလေး၊ တိုက်ခိုက်ရင် တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိသင့်တယ်လေ”
ဖြန်း…
“စီနီယာ၊ ခွင့်လွှတ်ပေးပါဗျာ”
ဖြန်း…
“အဟင့်အဟင့်… ကျုပ်မှားပါတယ် စီနီယာ၊ ကျုပ်အမှားတွေကို ဝန်ခံပါတယ်။ ကျုပ်တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ရပ်လိုက်တော့ပါနော်…”
ထိုမြင်ကွင်းကို ကြည့်နေကြသည့် ရှဟူ၊ လဲ့ဟုန်နှင့် အခြားသူအားလုံး မှင်သက်ကုန်ကြလေသည်။ ရန်ကိုင်နှင့် လင်းယွင်အာပင် ထိုမြင်ကွင်းကိုကြည့်ရင်း ကြက်သေသေကုန်ကြ၏။
ယခုလေးတင် သူ့ကိုယ်သူ တစ်မိုးအောက်နံပါတ်တစ် ပုံစံလုပ်နေသော ဝူရှန်ဖုန်းသည် ယန်ယန်ရှေ့တွင် ကျားရှေ့ မှောက်လျက်လဲသည့် ယုန်သူငယ်နှယ် လုံးဝကို ကူကယ်ရာမဲ့နေခဲ့၏။ ယန်ယန်မှ ပါးတစ်ချက်ပြီးတစ်ချက် ဆင့်ရိုက်နေသည်ကို တစ်ချက်ကလေးပင် မခုခံနိုင်ခဲ့ပေ။
တဖြန်းဖြန်း မြည်သံများနှင့် ဝူရှန်ဖုန်း၏ ငိုယိုတောင်းပန်သံများကို နားထောင်ရင်း အကုန်လုံးစိတ်ထဲ ရှင်းပြရခက်သည့် ခံစားချက်များ ထွက်ပေါ်လာခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်က တံတွေးတစ်လုတ် မျိချုလိုက်လေသည် “ယွင်အာ၊ နင့်ဆရာဒေါ်လေး စိတ်ညစ်နေတာလား”
“ဟုတ်တယ်” ယွင်အာသည် ကြက်အစာကောက်သည့်နှယ် ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ ထို့နောက် အနည်းငယ် ကြောက်လန့်နေသည့် အမူအရာဖြင့် “အခုနောက်ပိုင်း ဆရာဒေါ်လေးရဲ့ မျက်နှာက အမြဲ မှုန်ကုတ်ကုတ်နဲ့ ”
“ဒီလူတော့ ကံဆိုးတာပဲ” ရန်ကိုင် သက်ပြင်းချလိုက်လေသည်။
ယန်ယန်၏ ရိုက်ချက်များကြောင့် ဝူရှန်ဖုန်း၏မျက်နှာ တစ်ပြင်လုံး ဝက်ခေါင်းနှယ် ဖူးရောင်ကိုင်းနေခဲ့လေပြီ။ ယခင်က ရှိခဲ့ဖူးသော ဆရာကြီးဟိတ်ဟန်များလည်း နည်းနည်းလေးမှ မရှိတော့ဘဲ ယန်ယန်ရှေ့တွင် ခေါင်းကိုငိုက်ငိုက်စိုက်ကျ၍ နာခံစွာ ရပ်နေခဲ့၏။
ယန်ယန်သည် ဝူရှန်ဖုန်းအား ငုံ့ကြည့်၍ ပြောလိုက်၏ “ပုံမှန်အတိုင်းဆို ကြယ်တာရာအစုအဝေးရဲ့ စည်းမျဉ်းကို ချိုးဖျက်တဲ့ ပြစ်ဒဏ်က သေဒဏ်ပဲ”
ထိုစကားကို ကြားလိုက်သည့်အခါ ဝူရှန်ဖုန်း၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရီသွားခဲ့လေသည်။ ယန်ယန်အား ကြောက်ရွံ့တုန်လှုပ်စွာ မော့ကြည့်ရင်း ငိုတော့မည့် လေသံဖြင့် အလျင်စလို တောင်းပန်လိုက်လေသည် “ကျေးဇူးပြုပြီး… ညှာတာပေးပါ စီနီယာရယ်။ ကျုပ်အခုလို ပထမဆုံးအကြိမ် လုပ်မိတာပါ။ နောက်တစ်ကြိမ် မရှိစေရတော့ဘူးလို့ အာမခံပါတယ်။ ကျုပ်အသက်ကို ဒီတစ်ကြိမ်လောက်ပဲ ချမ်းသာပေးပါ စီနီယာ”
“ဟွန့်” ယန်ယန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏ “ငါသာ သတ်ချင်ရင် နင်အခုအချိန်ထိ အသက်ရှင်နေဦးမယ်ထင်လား။ နင့်ကို မသတ်ပေမယ့် အပြစ်တော့ ပေးရမယ်။ နင့်အပြစ်တွေအတွက် ကြယ်တာရာဂိတ်ကို နှစ်သုံးထောင်တိတိ စောင့်ကြပ်ရမယ်”
“နှစ်သုံး… သုံးထောင်တောင်” ဝူရှန်ဖုန်း ထိတ်လန့်သွားခဲ့၏။
ကြက်တာရာဂိတ်ပေါက်ကို စောင့်ကြပ်ရသည့် တာဝန်သည် အလွန်ကိုမှ စိတ်ညစ်စရာကောင်းလှပေသည်။ ကြယ်တာရာဂိတ်ကို ကာကွယ်ထားသည့် အကာအရံကြောင့် ထိုနေရာတွင် ကျင့်ကြံလို့လည်း မရပေ။ သူသာ ထိုနေရာတွင် နှစ်သုံးထောင်ကြာအောင် နေရမည်ဆိုပါက သူ့အနာဂတ် တက်လမ်း မည်သို့များ ရှိပါတော့မည်နည်း။
“နင်မလုပ်ချင်လို့လား” ယန်ယန်က ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
“မဟုတ်ပါဘူး” ဝူရှန်ဖုန်းက အလျင်အမြန် ခေါင်းခါ၍ “စီနီယာရဲ့ ဆုံးဖြတ်ချက်အပေါ် ဒီဂျူနီယာ ကျေနပ်ပါတယ်”
“နင်ဘာတွေးနေလဲ ဒီဘုရင်မ မသိဘူး ထင်နေလို့လား” ယန်ယန်က လှောင်ပြုံးပြုံးလျက် “ကြယ်တာရာအစုအဝေးကို ပြန်ရောက်တာနဲ့ ခွေးအိုကြီး ယုဟဲလင်းကို လာကယ်ခိုင်းမလို့လား။ တတ်နိုင်ရင် စမ်းလိုက်လေ။ သူလာရဲရင် သူ့ကိုပါ နင်နဲ့အတူ ကြယ်တာရာဂိတ်ကို နှစ်သုံးထောင် စောင့်ခိုင်းလိုက်မယ်”
ဝူရှန်ဖုန်း မျက်လုံးပြူးသွားပြီး ယန်ယန်အား ကြောက်လန့်တကြား စိုက်ကြည့်ရင်း လေသံအက်အက်ဖြင့် လှမ်းပြောလိုက်လေသည် “စီနီယာက ဘယ်သူ… ဘယ်သူ…”
သူ့တို့ဂိုဏ်းချုပ် ယုဟဲလင်းသည် ကြယ်တာရာအစုအဝေး ထဲ၌ပင် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် ဤအမျိုးသမီးသည် လုံးဝကို ဂရုမစိုက်ခြင်းမရှိချေ။
ကြယ်တာရာအစုအဝေးထဲတွင် လက်တစ်ဆုပ်လောက်သာ လူများသည်သာ ဤကဲ့သို့ လုပ်နိုင်စွမ်း ရှိကြပေသည်။ လုပ်နိုင်သည့် လူအရေအတွက်မှာ ငါးဆယ်ထက်မပို၊ ထိပ်တန်း ပညာရှင်ဆယ်ဦး မပါလျှင်ပင် ကျန်လူအားလုံးသည် ဧကရာဇ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
“ဒီဘုရင် ဘယ်သူလဲဟုတ်လား” ယန်ယန်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် နန်းတော်ကဲ့သို့သော မှော်ရတနာ တစ်ခုကို ဆင့်ခေါ်လိုက်လေသည်။ ထို့နောက် ဝူရှန်ဖုန်း နောက်ဆုံး အကြိမ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြီးနောက် ပြောလိုက်၏ “ဝင်တော့”
ဝူရှန်ဖုန်းအား မမြင်နိုင်သော စွမ်းအားတစ်ရပ်မှ လွှမ်းခြုံသွားပြီးနောက် သူ့ခန္ဓာကိုယ်သည် နန်းတော်ကဲ့သို့သော မှော်ရတနာဆီသို့ အလိုလို မျောပါသွားလေသည်။
“ဧကရာဇ်ဥယျာဉ်” နန်းတော်ကဲ့သို့သော မှော်ရတနာကို မြင်လိုက်သည့်အခါ ဝူရှန်ဖုန်းက အလန့်တကြား ထအော်ပြောလေသည် “စီနီယာက…”
သို့ရာတွင် ပြောလို့မပြီးသေးခင်မှာပင် မှော်ရတနာထဲသို့ ရောက်သွားလေသည်။
ယန်ယန် ဆင့်ခေါ်လိုက်သည့် နန်းတော်ကဲ့သို့သော မှော်ရတနာသည် အထက်စကြာဝဠာဂိုဏ်း အထက်တွင် နှစ်ပေါင်းများစွာ မျောလွင့်နေခဲ့သော ဧကရာဇ်ဥယျာဉ်မှလွဲ၍ အခြား မဟုတ်ပါချေ။ ယန်ယန်မှ နိုးလာပြီးနောက် ဧကရာဇ်ဥယျာဉ်ကို ပြန်သိမ်းထားလိုက်ခြင်း ဖြစ်လောက်၏။
ဝူရှန်ဖုန်းသည် အပြတ်အသတ် အနိုင်ယူခံလိုက်ရသည်။ သို့ရာတွင် ရှဟူနှင့် လဲ့ခုန်တို့မှာတော့ ရှေ့တက်သွားပြီး ကျေးဇူးတင်စကား သွားမပြောရဲခဲ့။ မူလနေရာတွင်သည် အလွန်ကိုမှ တည်ကြည်လေးနက်သည့် အမူအရာများဖြင့် ရပ်နေခဲ့ကြသည်။ ဤအမျိုးသမီးသည် သူတို့ နားလည်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေသည့် ပညာရှင်တစ်ဦးဖြစ်မှန်း အကုန်လုံး သိနေကြသည်။
ယနေ့တိုက်ပွဲသည် အရိပ်ကြယ်သမိုင်းတွင် ထင်ကျန်ရစ်မည့် တိုက်ပွဲတစ်ခု ဖြစ်လာပေတော့မည်။
ရန်ကိုင်သည် လေထဲဝဲလျက် ယန်ယန်ကို စိုက်ကြည့်နေ၏။ ယန်ယန် လုပ်ပြသွားသည်များကိုကြည့်ရင်း သူ့ကိုယ်သူ ယန်ယန်၏ အရိပ်စလေးကို မြင်ရရန်အတွက်ပင် လည်ကိုဆန့်ပြီး ငေးကြည့်ရသလို ခံစားလာရသည်။ ထိုခံစားချက်ကြောင့် ရန်ကိုင် စိတ်ထဲ အလွန်ကိုမှ မသက်မသာဖြစ်လာရသည်။
ယန်ယန်ကမူ စကားမပြောဘဲ ကောင်းကင်ထက်၌ ဝဲ၍သာ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့သည်။
အချိန်အတော်ကြာသွားသည့်နောက်မှပဲ ပြောလိုက်၏ “ငါသွားရတော့မယ်”
“ကြယ်တာရာအစုအဝေးကိုလား” ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“ဟုတ်တယ်” ယန်ယန်က ခေါင်းညိတ်လိုက်၏ “ငါ့မှာ ငါကာကွယ်ရမယ့် ကြယ်စီရင်စု ရှိနေသေးတယ်။ ငါအဲ့ကို မရောက်ဖြစ်တာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ။ အခု အဲ့နေရာ ဘယ်လိုတွေ ဖြစ်နေပြီလဲတောင် မသိဘူး။ ဒီလောက် ကြာသွားတဲ့နောက်ပိုင်း တစ်ယောက်ယောက် ကျူးကျော်တာတောင် ဖြစ်နိုင်တယ်”
ရန်ကိုင် ခေါင်းညိတ်လိုက်၏။
“နင်ကြယ်တာရာအစုအဝေးထဲ သွားချင်ရင် ကြယ်ဧကရာဇ် တံဆိပ်ပြားကိုးခုကို စုဖို့လိုလိမ့်မယ်။ ငါဒီကို ရောက်လာတုန်းက ဒီကြယ်စီရင်စုနဲ့ ကြယ်တာရာဂိတ်ပေါက်ကို ဖြန်သန်းလာလို့ မရအောင် ချိတ်ပိတ်ပစ်ခဲ့တယ်။ ကြယ်ဧကရာဇ်တံဆိပ်ပြား ကိုးခုနဲ့မှ ချိတ်ပိတ်ထားတဲ့စည်းကို ဖွင့်နိုင်လိမ့်မယ်။ နင့်မိသားစုတွေ၊ မိတ်ဆွေကို လုံခြုံအောင် ထားချင်တယ်ဆိုရင် ပိုအားကောင်းလာအောင် ကြိုးစား။ မဟုတ်ရင် ဝူရှန်ဖုန်းလိုလူ နောက်တစ်ယောက် ပေါ်လာရင် သူတို့ အကုန်လုံး ဒုက္ခ ရောက်ရလိမ့်မယ်” ပြောပြီးသည့်နောက်တွင် ယန်ယန်သည် ရန်ကိုင်ဆီသို့ အလင်းလုံးလေးတစ်လုံး ပစ်လွှတ်လိုက်၏ “ဒီထဲမှာ ချိတ်ပိတ်ထားတဲ့စည်းကို ဖွင့်ရမယ့်နည်းလမ်းပါတယ်။ နင်သွားမသွားကတော့ နင့်အပေါ်ပဲ မူတည်တယ်”
အလင်းလုံးလေးသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။
ယန်ယန်မှ သူမလက်ကို ဝှေ့ရမ်းလိုက်သည့်အခါ ရန်ကိုင် ဘေးနားတွင်ရပ်နေသော လင်းယွင်အား ရုတ်တရက် သူမဘေးသို့ ရောက်လာခဲ့လေသည်။
“ယွင်အာက ပါရမီပါတယ်။ သူ့ခန္ဓာကိုယ် တည်ဆောက်ပုံက ငါ့မိတ်ဆွေဟောင်းကြီးတစ်ယောက်ရဲ့ ကျင့်စဉ်ကို ကျင့်ဖို့ ကွက်တိပဲ။ ဒါကြောင့် သူ့ကိုပါ ငါနဲ့အတူ ခေါ်သွားမယ်” ယန်ယန်သည် ရန်ကိုင်အား နောက်ဆုံးတစ်ကြိမ် ကြည့်ပြီးနောက် ရုတ်တရက် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
“ကြယ်တာရာအစုအဝေးမှာ နင့်ကို ပြန်တွေ့ဖို့ မျှော်လင့်တယ်” ယန်ယန်၏အသံ ပဲ့တင်ထပ်ကျန်ရစ်ခဲ့လေသည်။
ရန်ကိုင်သည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား အဆုံးတွင် သက်ပြင်းသာ ချလိုက်လေ၏။
အဆုံးမဲ့သမုဒ္ဒရာသည် တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့လေပြီ။
အချိန်အတော်ကြာသွားပြီးနောက် ရှဟူနှင့် လဲ့ခုန်သည် ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့သည်။ အနားသို့ ရောက်သော် ရှဟူက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည် “ရန်ကိုင်၊ အဲ့စီနီယာက…”
“ကျုပ်ကိုမမေးနဲ့။ ကျုပ်ဘာမှ ပြောမှာမဟုတ်ဘူး။ ခင်ဗျားတို့လည်း အဲ့အကြောင်းကို တစ်ခါတည်း ခေါင်းထဲကနေ ထုတ်ပစ်လိုက်တော့” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်၏။
“အင်း” မမေးသင့်သည့် အကြောင်းရာကို သွားမမေးရမှန်း သိထားသည့်အတွက် ရှဟူ ခေါင်းညိတ်လိုက်၏။
ရန်ကိုင်သည် လဲ့ခုန်ကိုကြည့်၍ “နန်းတော်သခင်လဲ့ အားရင်း အထက်စကြာဝဠာဂိုဏ်းဆီသွားပြီး ကျုပ်စီနီယာမမလေးကို ကောင်းကင်ဝါဆေးလုံးကို ဖော်စပ်ပေးဖို့ သွားပြောလို့ရတယ်။ အဲ့ဆေးလုံးနဲ့ဆို ပြတ်သွားတဲ့ စီနီယာရဲ့ ခြေထောက် ပြန်ကောင်းလာလိမ့်မယ်”
လဲ့ခုန် ချက်ချင်း ပျော်သွားပြီး ကျေးဇူးတင်စွာဖြင့် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည် “ကြယ်သခင်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျုပ်တို့ ပင်လယ်နတ်ဘုရား နန်းတော်က ဆရာကြယ်သခင်နဲ့ အလုပ်ဆက်တွဲလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”
ယခင်က ရန်ကိုင်သည် ကြယ်သခင်တစ်ယောက်မှန်း မသိခဲ့။ ယခု သိသွားခဲ့ရလေပြီ. ထို့အပြင် ရန်ကိုင်သည် သူ့အား ကောင်းကင်ဝါဆေးလုံးကဲ့သို့သော အဖိုးတန်ဆေးလုံးကိုပင် လက်ဆောင်ပေးသေးသည်။ ထို့ကြောင့် လဲခုန်လည်း နည်းနည်းလေးမှ ပေါ့ပေါ့တန်တန် မနေရဲဘဲ ချက်ချင်းပဲ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ရှဟူ၏ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန် ပြောလိုက်လေသည် “ပင်လယ်ကျောင်းတော်လည်း အတူတူပါပဲ။ နောက်ပိုင်း ကြယ်သခင် အမိန့်ပေးလာခဲ့တာ ရှိခဲ့ရင် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးပါ့မယ်”
“အင်း” ရန်ကိုင်သည် ခေါင်းညိတ်လိုက်ပြီး မျက်လုံး ပိတ်ချလိုက်လေသည်။
ယန်ယန်သည် လင်းယွင်အာတို့ အရိပ်ကြယ်တို့ တဖြည်းဖြည်း ထွက်သွားနေသည်ကို သူခံစားမိနေသည်။ သူတို့ မည်သည့် နေရာသို့ သွားနေမှန်း သူမသိ၊ သူတို့ သွားမည့် နောက်ဆုံး နေရာသည် လျှို့ဝှက်ဆန်းကြယ်သော ကြယ်တာရာအစုအဝေး ဖြစ်မှန်းသာ သိသည်။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက်တွင် ယန်ယန်နှင့် လင်းယွင်အာတို့၏ အရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။ နှစ်ယောက်စလုံး အရိပ်ကြယ်မှ ထွက်သွားပြီး ကြယ်စီရင်စုထဲသို့ ရောက်သွားကြလေပြီ။
မျက်လုံးပြန်ဖွင့်လိုက်ပြီးနောက် ရှခုန်နှင့် လဲ့ခုန်တို့အား လက်ဝှေ့ရမ်းပြလိုက်ပြီး သူသည်လည်း အထက်စကြာဝဠာဂိုဏ်းသို့ ပြန်လာခဲ့လေသည်။
ခဏအကြာတွင် အထက်စကြာဝဠာဂိုဏ်း၏ ပထမကောင်းကင်နန်းတော်ဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ အခန်းထဲသို့ ဝင်လိုက်ပြီး တင်ပလင်ခွေထိုင်ချလိုက်လေသည်။
ယန်ယန်မှ ဝူရှန်ဖုန်းအား သင်ခန်းစာ ပေးသွားသည့် တိုက်ပွဲကို အဆုံးမဲ့သမုဒ္ဒရာရှိ အင်အားစုကြီး အချို့သာ သိကြသည်။ သို့ရာတွင် ရန်ကိုင်မှ ထိုအကြောင်းကို ခေါင်းထဲမှ အပြီးအပိုင် ထုတ်ပစ်ရန် ပြောထားသည့်အတွက် ရှဟူနှင့် လဲ့ခုန်တို့သည်လည်း သူ့လူများကို ထိုအကြောင်း လျှောက်မပြောရန် တင်းတင်းကြပ်ကြပ် အမိန့်ပေးထားကြလေသည်။ ဤသို့ဖြင့် ထိုဒဏ္ဏာရီလာတွင်မည့် အဖြစ်အပျက်တစ်ခုလုံးသည် တစ်ခဏအတွင်း သဲလွန်စမကျန် သမိုင်းကြောင်းထဲမှ ပျောက်ကွယ်သွားခဲ့ပြီး အနည်းအကျဉ်းသည်သာ ရှေးဟောင်းမှတ်တမ်းများထဲ ကျန်ရစ်တော့၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၃၈)
“ဂိုဏ်းချုပ် တံခါးပိတ်ကျင့်စဉ်ဝင်နေတာကနေ အခုထိ ထွက်မလာသေးဘူးလား” ပန်းတစ်ရာတောင်ထွတ်ပေါ်၌၊ ရီရှီယွင်သည် ဇိမ်ပြေမနေပြေ လက်ဖက်ရည်သောက်ရင်း ဝူရီကို မေးလိုက်သည်။
ရီရှီယွင်သည် ဂိုဏ်းသို့ လွန်ခဲ့သည့် သုံးလခန့်က ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ အားလုံး မျှော်လင့်ထားသည့် အတိုင်း သူမသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်တက်ရောက်နိုင်ခဲ့ပေသည်။
သူမသည် အရိပ်ကြယ်ပေါ်တွင် အားအကောင်းဆုံး ပညာရှင် ဖြစ်ခဲ့သည်။ အရိပ်ကြယ်၏ နိယာမများကြောင့် တန်ခိုးရှင်အဆင့်၌ နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေခဲ့ရသည်။ တန်ခိုးရှင်ဘုရင် အဆင့်၏ နယ်ပယ်နှင့် ပက်သက်သည့် အသိအမြင်များကို ယခင်ကတည်းက ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်သော်လည်း ယန်ယန်ကြောင့် ရန်ကိုင် ကြယ်စီရင်စုထဲသို့ ထွက်သွားသည့် အခါတွင်ပင် အထက်စကြာဝဠာဂိုဏ်း၌ နေခဲ့ရန်သာ ဆုံးဖြတ်ခဲ့သည်။
ဝူရီသည်လည်း တန်ခိုးရှင်အဆင့်သို့ လွန်ခဲ့သော တစ်လခန့်က တက်ရောက်နိုင်ခဲ့သည်။ ဤရက်များအတွင် ကျင့်ကြံခြင်းနှင့် ပက်သက်၍ ရီရှီယွင်ဆီမှ လာရောက် နည်းနာနေခြင်း ဖြစ်သည်။
ရီရှီယွင်၏ အမေးကိုကြားသော် ချက်ချင်းပဲ ပြန်ဖြေလိုက်၏ “ဟုတ်ကဲ့။ ဂိုဏ်းချုပ် အခုထိ ထွက်မလာသေးပါဘူး။ ပထမကောင်းကင်နန်းတော်မှာပဲ တံခါးပိတ်ကျင်စဉ်ဝင်နေသေးပါတယ်”
“ဂိုဏ်းချုပ် တစ်ခုခု ဖြစ်သွားလို့လား” ဝူရီက စိုးရိမ်တကြီး မေးလိုက်သည်။
“ဘာမှတော့ မဖြစ်ပါဘူး။ မိုးမြေစွမ်းအင်တွေ ဂိုဏ်းချုပ် နေနေတဲ့ နေရာဆီ စီးသွားနေလို့ တစ်ချက် မေးကြည့်တာ။ ကြည့်ရတာ ဂိုဏ်းချုပ် အဆင့်ချိုးဖျက်တော့မယ့်ပုံပဲ” တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြောနေသော်လည်း စိတ်ထဲတွင်မူ အတော်လေး အံ့အားသင့်နေခဲ့၏။
ရန်ကိုင် တန်ခိုးရှင်ဘုရင်ပထမအဆင့်သို့ ရောက်သည်မှာ ဘယ်လောက်များ ကြာသေးလို့နည်း။ တစ်နှစ်၊ နှစ်နှစ်လောက်သာ ရှိသေး၏။ ထိုမျှသာ ကြာသေးသော်လည်း ယခုမူ နောက်တစ်ဆင့်သို့ ထပ်မံ ချိုးဖျက်ဝင်ရောက်ရန် လုပ်နေပြန်လေပြီ။
“ငါသွားကြည့်လိုက်ဦးမယ်” ပြောပြီးသည်နှင့် ရီရှီယွင် ပျောက်ကွယ်သွားခဲ့လေသည်။
တစ္ဆေပုံစံအရိပ်တစ်ခုသည် ပထမကောင်းကင်နန်းတော် အပြင်ဘက်တွင် ရောက်နေခဲ့လေသည်။ ထိုလူကို မြင်သည့်အခါ ရီရှီယွင်က အနားသို့ လျှောက်သွား၍ နှုတ်ဆက်လိုက်လေသည် “စီနီယာအစ်ကိုလည်း ရောက်နေတာလား”
ကွေ့ဇူက ပြုံးလျက် “ဟုတ်တယ်။ ဂျူနီယာညီမရီလည်း ရောက်လာတာလား”
သူတို့ နှစ်ဦး စသိသည်မှာ သိပ်မကြာသေးသော်လည်း နှစ်ယောက်စလုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်အပြင် အထက်စကြာဂိုဏ်း၏ အကြီးအကဲများ ဖြစ်ကြသည့်အတွက် တစ်ယောက်ကိုတစ်ယောက် စီနီယာအစ်ကို၊ ဂျူနီယာညီမဟု ခေါ်သည်မှာ သဘာဝသာ ဖြစ်ပေသည်။ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက်တွင် ရီရှီယွင်သည် အကြီးအကဲချုပ်မှ မဟာအကြီးအကဲအဖြစ်သို့ ရာထူးတိုးသွားခဲ့လေသည်။
နှစ်ယောက်စလုံးသည် ရာထူး အတူတူ ဖြစ်သွားကြလေပြီ။
“ကြည့်ရတာ ဂိုဏ်းချုပ် အဆင့်ချိုးဖျက်ဖို့ ကြိုးစားနေတာနဲ့ တူတယ်။ ဒါပေမယ့် စီနီယာအစ်ကိုပြောတော့ ဂိုဏ်းချုပ်က မကြာသေးခင်ကမှ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ထားတာဆို။ သူဘာလို့ ဒီလောက်မြန်မြန် နောက်တစ်ဆင့်တက်ဖို့ ကြိုးစားနေတာလဲ”
“ဘယ်သူသိမှာလဲ” ကွေ့ဇူက ပခုံးတွန့်လျက် “ငါလည်း ဒီကောင်လေး… အဟွတ်၊ ဂိုဏ်းချုပ်ကို လုံးဝ နားမလည်နိုင်ဘူး”
ရီရှီယွင်က မျက်မှောင်ကြုတ်၍ “ဂိုဏ်းချုပ်က ပါရီမီရှင် ဆိုပေမယ့် ဒီလောက်မြန်မြန် တစ်ဆင့်ပြီးတစ်ဆင့် ချိုးဖျက်နေတာ ကျင့်ကြံခြင်း မတည်မငြိမ်ဖြစ်မှာ မကြောက်ဘူးလား”
ရီရှီယွင် ရန်ကိုင်အား စိတ်ပူမိသွားလေသည်။
အောက်ပိုင်း ကျင့်ကြံခြင်းအဆင့်များတွင် တစ်ခဏအတွင်း တစ်ဆင့်ပြီးတစ်ဆင့် ချိုးဖျက်သည်မှာ ကိစ္စမရှိသော်လည်း တန်ခိုးရှင်ဘုရင်အဆင့်တွင် ထိုကဲ့သို့ လာလုပ်ရင် ပြဿနာ တက်သွားနိုင်ပေသည်။ အားကောင်းလာချင်လျှင် ဖြည်းဖြည်းချင်း လုပ်မှသာ ရနိုင်ပြီး လော၍ မရပါချေ။
ကြယ်စီရင်စုတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူပေါင်း များစွာ သိုင်းတာအို၏ ပိုမိုနက်နဲသော သဘောတရားများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသဖြင့် နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ခြင်း မရှိကြချေ။ ရန်ကိုင်သည် ထိုလူများနှင့် မတူသော်ငြား သူအဆင့်တက်သည့်နှုန်းသည် အရမ်းကို မြန်လွန်းနေသဖြင့် ရီရှီယွင် စိတ်ပူမိသွားခဲ့လေသည်။
ကွေ့ဇူက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်လေသည် “ဂိုဏ်းချုပ်က ကျင့်ကြံခြင်းအဆင့်မြှင့်ဖို့အတွက်နဲ့ သူ့အုတ်မြစ်ကို ထိခိုက်ခံမယ့်လူမျိုးမဟုတ်ဘူး။ သူအခုလို အဆင့်တက်ဖို့ လုပ်နေတယ်ဆိုကတည်းက နောက်တစ်ဆင့်အတွက် အဆင့်သင် ဖြစ်နေပြီလို့ ထင်နေလို့ပဲ။ ငါဂိုဏ်းချုပ်အကြောင်း ကောင်းကောင်း သိတယ်။ ပြီးတော့ အခုကိစ္စက ဂိုဏ်းချုပ်ကိုယ်တိုင်ပဲ ရင်ဆိုင်လို့ ရမယ့်ကိစ္စ၊ ငါတို့ စိတ်ပူနေလည်း အပိုပဲ”
“စီနီယာအစ်ကိုပြောတာလည်း မှန်တာပဲ” ရီရှီယွင်သည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ ဘာမှထပ်မပြောတော့ဘဲ ပထမကောင်းကင်နန်းတော်ကိုသာ လှမ်းကြည့်လိုက်၏။
မိုးမြေစွမ်းအင်များစွာ ပထမကောင်းကင်နန်းတော် ပတ်လည်တွင် စုဝေးနေကြပေသည်။ အဆင့်သေး တစ်ဆင့် ချိုးဖျက်ခြင်းသည် မိုးမြေကောင်းချီးကို မဖြစ်သော်လည်း တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး အဆင့်တက်သည်ကို ကြည့်ရသည်မှာ တကယ် စိတ်လှုပ်ရှားစရာကောင်းလှပေသည်။
အထက်စကြာဝဠာဂိုဏ်းထဲတွင် ရှိနေသော တပည့်များလည်း ဂိုဏ်းထဲရှိ မိုးမြေစွမ်းအင်တစ်မျိုးတစ်ဖုံ ပြောင်းလဲနေသည်ကို သတိပြုမိလိုက်ကြသည်။ မကြာမီတွင် ရန်ကိုင်၏ မိတ်ဆွေများနှင့် မိသားစုဝင်များအားလုံး ရီရှီယွင်နှင့် ကွေ့ဇူတို့နားသို့ ရောက်လာကြလေသည်။
ပထမကောင်းကင်နန်းတော်ထဲသို့ စီးဝင်သွားသော မိုးမြေစွမ်းအင်များသည် အဆုံးမဲ့တွင်းနက်ကြီးတစ်ခု၏ ဝါးမြိုခြင်း ခံလိုက်ရသည့်အလား သဲလွန်စမကျန် ပျောက်ကွယ်နေခဲ့၏။
နေ့တစ်ဝက်ခန့် ကြာပြီးနောက်တွင် ရန်ကိုင်၏ အော်ဟစ်ကြုံးဝါးသံနှင့်အတူ ကွေ့ဇူ၏ အရှိန်အဝါထက်ပင် ပိုမို အားကောင်းသည့် အရှိန်အဝါတစ်ရပ် ပထမကောင်းကင် နန်းတော်ထဲမှ ပေါက်ကွဲထွက်လာခဲ့လေသည်။
နန်းတော်အပြင်ဘက်တွင် ရပ်နေသူများအားလုံး ဒူးညွတ်ကျလုမတတ် ဖြစ်သွားကုန်ကြလေသည်။ သို့ရာတွင် အရှိန်အဝါမှာ ပေါ်လာပြီးသည်နှင့် အလျင်အမြန်ပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။
ကွေ့ဇူက တပြုံးပြုံးဖြင့် “စွမ်းအားကို ဒီလို လွယ်လွယ်ထုတ်၊ လွယ်လွယ်ပြန်သိမ်းနိုင်တယ်ဆိုတော့ ငါတို့ အလကား စိတ်ပူနေတာနဲ့ တူတယ်”
ရီရှီယွင်လည်း စိတ်သက်သာရာ ရသွားခဲ့လေသည်။ သို့ရာတွင် လုံးဝကြီး မယုံကြည်နိုင်သေးပေ “ဂိုဏ်းချုပ် ထွက်လာပြီးမှ ပြောကြတာပေါ့”
ထိုအချိန်တွင် ပထမကောင်းကင်နန်းတော်၏ တံခါးများ ပွင့်သွားပြီး ရန်ကိုင် အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့လေသည်။
ရီရှီယွင်နှင့် ကွေ့ဇူသည် ချက်ချင်းပဲ သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်၏ အခြေအနေကို စစ်ဆေးကြည့်လေသည်။
ခဏအကြာ၌ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်ကြသည်။
ရန်ကိုင်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် လုံးဝကို တည်ငြိမ်ပေသည်။ မြန်မြန် အဆင့်ချိုးဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာလေ့ရှိသည့် မတည်မငြိမ်မှုမျိုး လုံးဝ မတွေ့ရ။ သေချာအောင် စစ်ဆေးပြီးမှပဲ နှစ်ယောက်စလုံး လုံးဝ စိတ်အေးသွားနိုင်ခဲ့လေသည်။
“လူတွေအများကြီးပါလား” လူအုပ်ကြီးကို မြင်ပြီးနောက် ရန်ကိုင်က အံ့ဩတကြီးဖြင့် ပြောလိုက်၏။ ထို့နောက် လက်သီးဆုပ်၍ “အနှောင့်အယှတ် ဖြစ်သွားခဲ့ရင် အားနာပါတယ်ဗျာ။ ကျုပ်လည်း ကျင့်ကြံနေရင်းနဲ့ ရုတ်တရက်ကြီး အဆင့်ကောက်တက်သွားသလို ဖြစ်သွားလို့ပါ”
ရုတ်တရက်ကြီး အဆင့်ကောက်တတ်သွားတာ…
အကုန်လုံး ရန်ကိုင်အား မဲ့ကြည့်ကြည့်လိုက်ကြသည်။
ဤနေရာတွင် ရှိနေသော ကျင့်ကြံသူ အများစုသည် တန်ခိုးရှင်ဘုရင်အဆင့်များ ဖြစ်ကြပြီး အနည်းငယ်သည်သာ တန်ခိုးရှင်အဆင့်များ ဖြစ်ကြသော်လည်း အကုန်လုံးသည် တန်ခိုးရှင်ဘုရင်တစ်ဦး၏ စွမ်းအားကို ကောင်းကောင်း နားလည်ထားကြပေသည်။ တန်ခိုးရှင်ဘုရင် ဖြစ်လာပြီးနောက် နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် မည်မျှ ခက်ခဲကြောင်း သူတို့ အားလုံး သိထားကြပြီးသားပင်။ ထို့ကြောင့် ရန်ကိုင်၏ စကားသည် သူတို့အား အနည်းငယ် မချိမခံသာ ဖြစ်သွားစေခဲ့လေသည်။
“ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်” ကွေ့ဇူက အော်ရယ်မောလျက် “ဂိုဏ်းချုပ်ရဲ့ အရည်အချင်းကိုတော့ ဒီအကြီးအကဲ ပါးစပ် အဟောင်းသား ဖြစ်ရုံပဲ တတ်နိုင်တော့တယ်”
“ဂိုဏ်းချုပ်၊ ဘာလို့ ရုတ်တရက်ကြီး နောက်တစ်ဆင့် ထပ်တက်တာလဲ” ရီရှီယွင်က မေးလိုက်လေသည်။
“ဘာကြောင့်မှတော့ မဟုတ်ပါဘူး။ အစကတည်းက ကျုပ်က တန်ခိုးရှင်ဘုရင်ပထမအဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်နေတာ။ ဒီရက်ပိုင်း အရေးကြီးတာ တစ်ခုခုကို ထပ်နားလည်သွားလို့ တစ်ခါတည်း တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကို ရောက်သွားခဲ့တာ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။
ဤအဆင့်ချိုးဖျက်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ယန်ယန်နှင့် ဝူရှန်ဖုန်းတို့၏ စွမ်းအားကို မြင်ပြီး တဝုန်းဝုန်း ထကြွသောင်းကျန်းလာသည့် အားကောင်းလာလိုသော ပြင်းပြသည့် သူ့စိတ်ဆန္ဒကြောင့် ဖြစ်ပေသည်။ တန်ခိုးရှင်ဘုရင် အဆင့်သည် သိုင်းတာအို၏ အထွဋ်အထိပ်မဟုတ်မှန်း အစောကြီး ကတည်းက သိပြီးသား ဖြစ်သော်လည်း ထိုအကြောင်းနှင့် ပက်သက်၍ အရမ်းကြီး မစဉ်းစားခဲ့ချေ။ သို့သော်လည်း ဝူရှန်ဖုန်းနှင့် ကြုံရပြီးနောက်တွင် ပိုမို အားကောင်းလာဖို့အရေး ရန်ကိုင် အလွန်ကိုမှ စိတ်အားထက်သန်လာခဲ့လေသည်။
တစ်လကြာအောင် တင်ပလင်ခွေထိုင်ကျင့်ကြံကာ ဝူရှန်ဖုန်း ပေးခဲ့သည့် ဖိအားအကြောင်း ပြန်စဉ်းစားနေရင်းမှ နောက်ဆုံးတွင် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ တက်ရောက်သွားနိုင်ခဲ့လေသည်။
လင်းယုဟောင်နှင့် ရီကျန်းခိုင်ကို ပြောခဲ့သလိုပင် ကျင့်ကြံသူတစ်ဦးသည် ကိုယ်လျှောက်လှမ်းရမည့် လမ်းကြောင့်အပေါ် သေချာနားလည်သဘောပေါက်ပြီး မမှိတ်မသုံ ယုံကြည်ထားမှသာ ရှေ့သို့ ဆက်လျှောက်နိုင်ပေလိမ့်မည်။
သူ့စိတ်ထဲ တဝဲဝဲလည်လည် ဖြစ်နေသော မေးခွန်းများကို ရှင်းထုတ်ပစ်ပြီးနောက်တွင် သူ့ကျင့်ကြံခြင်းသည် ပိုမြင့်သော နောက်တစ်ဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
“အကုန်လုံး ပြန်လို့ရပါပြီ။ ဒီမှာ အားလုံး အဆင်ပြေပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“အကြီးအကဲနှစ်ယောက် မပြန်နဲ့ဦး။ ကျုပ်ခင်ဗျားတို့နဲ့ ဆွေးနွေးစရာလေးရှိလို့” ရန်ကိုင်က ပြောလိုက်သည်။
ကွေ့ဇူနှင့် ရီရှီယွင်တို့ ရန်ကိုင်အား ပြန်လှည့်ကြည့်လိုက်၏။
“ကျုပ်ခင်ဗျားတို့ကို ပြစရာရှိတယ်။ တစ်ချက် ကြည့်ကြည့်လိုက်” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ရီရှီယွင်နှင့် ကွေ့ဇူဆီသို့ ညွှန်လိုက်လေသည်။
သူ့လက်ထိပ်မှ အလုံးလေးတစ်လုံးနှစ်လုံး ထွက်ပေါ်လာပြီး ကွေ့ဇူနှင့် ရီရှီယွင်တို့၏ နဖူးထဲသို့ စိမ့်ဝင်သွားလေသည်။ မကြာမီ သူတို့ခေါင်းထဲ သလင်းအချက်အလက်အသစ်များစွာ ဝင်ရောက်လာခဲ့လေသည်။
ခဏအကြာတွင် ကွေ့ဇူ၏ ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး မျက်လုံး ရုတ်တရက်ကြီး ပွင့်လာကာ အံ့အားသင့်တကြီး ပြောလိုက်လေသည် “ကြယ်တာရာစုအဝေးလား၊ ကြယ်စီရင်စုထက် ပိုမြင့်တဲ့ နယ်မြေလား။ အဲ့စီနီယာက တကယ်ကြီး ကြယ်တာရာကောင်းကင်မဟာဧကရာဇ်ပေါ့”
ယခုမှပဲ ယန်ယန်သည် ဒဏ္ဏာရီလာ ကြယ်တာရာကောင်းကင် မဟာဧကရာဇ်မှန်း ကွေ့ဇူ နားလည်သွားတော့လေသည်။
ရီရှီယွင်မှတော့ ကွေ့ဇူလောက် အံ့အားသင့်နေခြင်း မရှိခဲ့ပေ။ ယန်ယန်သည် ကြယ်တာရာကောင်းကင်မဟာဧကရာဇ်မှန်း အစကတည်းက သိပြီးသားပင်။ သို့သော်လည်း အခြားသော အကြောင်းအရာများနှင့် ပက်သက်၍မူ မျက်မှောင်ကြုတ်၍ မေးကြည့်လိုက်လေသည် “သခင်မ ချန်ထားခဲ့တဲ့ နည်းလမ်းနဲ့ဆို ဂိုဏ်ချုပ်အနေနဲ့ ကြယ်တာရာအစုအဝေးဆီသွားဖို့ တံဆိပ်ပြား ကိုးခုစလုံး လိုလိမ့်မယ်။ ပြီးတော့ ဟင်းလင်းပြင်လိုဏ်ခေါင်းကို ဖွင့်ဖို့ တန်ခိုးရှင်ဘုရင်တတိယအဆင့် ခြောက်ယောက်လည်း လိုဦးမယ်။ ဂိုဏ်းချုပ်… ကြယ်တာရာအစုအဝေးထဲ သွားဖို့ လုပ်နေတာလား”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်”
“သခင်မ ပြောသွားတဲ့ ကာကွယ်သူကိစ္စကြောင့်လား” ရီရှီယွင်က မေးလိုက်လေသည်။
“အဲ့ဒါကြောင့်ချည်း မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါ၍ စဉ်းစားရင် ပြန်ပြောလိုက်သည် “ကျင့်ကြံသူတိုင်းက အားကောင်းလာချင်တဲ့ လူချည်းပဲ။ ကျုပ်အတွက်လည်း အတူတူပဲ။ အဲ့ဒါကြောင့် သွားချင်နေတာ”
ရီရှီယွင်၏ မျက်လုံးထဲ နက်နဲသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။
ရန်ကိုင်က ပြုံးလျက် “ကိုယ်လက်ရှိ ရောက်နေတဲ့ အဆင့်နဲ့ ကျေနပ်နေရင် အဲ့အဆင့်မှာပဲ အဆုံးသတ်သွားရလိမ့်မယ်။ ကျုပ်သာ ဒီမှာ ဆက်နေရင် တန်ခိုးရှင်ဘုရင်တတိယအဆင့်ကို အနှေးနဲ့အမြန်ကတော့ ရောက်မှာပဲ။ ဒါပေမယ့် အဲ့အဆင့်ထိပဲ ရောက်နိုင်မှာ။ အဲ့ထက် ပိုပြီး ရောက်နိုင်မှာမဟုတ်ဘူး။ တစ်နေ့ ဝူရှန်ဖုန်းလိုလူမျိုး နောက်တစ်ယောက် ပေါ်လာခဲ့ရင် ငါတို့အကုန်လုံး သူ့လက်အောက် ရောက်သွားရလိမ့်မယ်”
ရန်ကိုင်သည်သာ အားလေးကောင်းလာရုံနှင့် ကျေနပ်တတ်သူ ဆိုပါက ကြယ်စီရင်စုထဲသို့ လာခဲ့မည်မဟုတ်ဘဲ ဗဟိုမြို့တော် သို့မဟုတ် ထုန်းရွှမ်လောကကြီးတွင်သာ နေခဲ့ပေလိမ့်မည်။ လက်ရှိ အထက်စကြာဝဠာဂိုဏ်းဆိုသည်မှာလည်း ရှိလာခဲ့လိမ့်မည် မဟုတ်ပေ။
“ဒါပေမယ့် ဟင်းလင်းပြင်လိုဏ်ခေါင်းကို ဖွင့်ဖို့က မလွယ်ဘူး” ကွေ့ဇူက မျက်မှောင်ကြုတ်၍ “အခု ဂိုဏ်းချုပ်အတွက် တံဆိပ်ပြားကိုးခုစုဖို့ ဘာပြသနာမှမရှိဘူး။ တကယ့် ပြဿနာက တန်ခိုးရှင်ဘုရင်တတိယအဆင့် ခြောက်ယာက်ပဲ… အဲ့ခြောက်ယောက်ကို ရှာဖို့က တကယ် မလွယ်ဘူး။ ကြယ်စီရင်စုကြီး တစ်ခုလုံးကို ထည့်စဉ်းစားမယ်ဆိုရင်တောင် အဲ့လို ခြောက်ယောက်ရှိနိုင်ဖို့က မသေချာဘူး။ ရှိရင်တောင် အကုန်လုံးက လူမြင်ကွင်းကနေ ပျောက်ခြင်းမလှ ပျောက်နေကြတာ”
“ရှာမရရင် ကိုယ်ကိုယ်တိုင် ကြိုးစားရမှာပေါ့” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ကွေ့ဇူပခုံးကိုပုတ်၍ “အကြီးအကဲကို အားကိုးနေမယ်နော်”
“ငါ့ကို” ကွေ့ဇူက ကမန်းကတန်း လက်ဝှေ့ရမ်း၍ “ငါ့အကြောင်းငါ ကောင်းကောင်းသိတယ်။ တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်နိုင်မယ်မှန်း သိပေမယ့် ဒီလောက် မြန်မြန်ကြီးတော့ ရောက်နိုင်မှာမဟုတ်ဘူး။ ရောက်ဖို့ နှစ်တွေအများကြီးကြာဦးမှာ”
“ဆယ်နှစ်၊ ဆယ်နှစ်အတွင်း အကြီးအကဲ တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်အောင်လုပ်ရမယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “အကြီးအကဲ အဆင့်တက်နိုင်ဖို့အတွက် စီနီယာမမလေးက ဆေးလုံးတွေနဲ့ တတ်နိုင်သလောက် ကူညီပေးလိမ့်မယ်။ ဒါပေမယ့် အကြီးအကဲ မဆင်မခြင် အဆင့်တက်လို့လည်း မဖြစ်သေးဘူးနော်”
“ဆယ်နှစ်…” ကွေ့ဇူ မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏအကြာ၌ ခေါင်းညိတ်၍ “ကောင်းပြီလေ။ နောက်ဆယ်နှစ် အတွင်း ဒီလူအိုကြီး တန်ခိုးရှင်ဘုရင်တတိယအဆင့်ကို ချိုးဖျက်နိုင်အောင် ကြိုးစားပေးမယ်”
ရန်ကိုင်က ရီရှီယွင်ဘက်သို့လှည့်၍ “ခင်ဗျားလည်း အတူတူပဲ။ ခင်ဗျားသာ နောက်ဆယ်နှစ်အတွင်း တန်ခိုးရှင်ဘုရင်တတိယ အဆင့်ကို ရောက်နိုင်ရင် ကျုပ်နဲ့အတူ ကြယ်တာရာအစုအဝေးဆီ လိုက်လို့ရလိမ့်မယ်”
“ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်” ရီရှီယွင်က ခါးသက်စွာပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။ ပြောသာ ပြောလိုက်ရသော်လည်း တကယ် လုပ်နိုင်ဖို့ကတော့ မသေချာချေ။ မကြာသေးခင်ကမှ တန်ခိုးရှင်ပထမအဆင့်သို့ ချိုးဖျက်ထားခြင်း ဖြစ်လေရာ နောက်ဆယ်နှစ်အတွင်း မည်သို့များ အဆင့် နှစ်ဆင့်ကို ထပ်တက်နိုင်ပါမည်နည်း။ ရန်ကိုင်ကဲ့သို့ မွန်းစတားကောင်သာ လုပ်နိုင်ပေလိမ့်မည်။
“ငါတို့မှာ သုံးယောက်ရှိတယ်ဆိုရင်တောင် နောက်ထပ် သုံးယောက် လိုနေသေးတယ်” ကွေ့ဇူက ပြောလိုက်သည်။
“အလျင်မလိုသေးဘူးလေ။ ကြယ်ဧကရာဇ်တံဆိပ်ပြားတွေ သွားယူနေရင်း လိုက်ရှာလို့ရတယ်” ရန်ကိုင်က ပြုံးပြုံးဖြင့် ပြောလိုက်ပြီးနောက် “နောက်ရက်နည်းနည်းကြာရင် ကျုပ်ဂိုဏ်းကနေ ထွက်သွားဦးမယ်။ အကြီးအကဲတို့နှစ်ဦးဆီကိုပဲ ဂိုဏ်းကို အပ်ထားခဲ့လိုက်မယ်နော်”
“ဂိုဏ်းချုပ် စိတ်ထားချလိုက်။ ကျွန်မတို့နှစ်ဦး ရှိနေရင် ဘယ်အရူးမျက်ကန်းမှ ဒီနေရာမှာ လာသောင်းကျန်းရဲမှာ မဟုတ်ဘူး” ရီရှီယွင်က ပြုံးလျက် ပြောလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၃၉)
ကောင်းကင်ခရမ်းကြယ်သည် ကြယ်စီရင်စုကြီး၏ မဟာ အင်အားစုများအနက် တစ်ခုအပါအဝင်ဖြစ်သော ခရမ်းကြယ်၏ ပင်မကြယ် ဖြစ်ပေသည်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ရေလကြယ်၊ ဓါးအဖွဲ့အစည်း၏ ဓါးကြယ်တ်ို့နှင့် ပူးတွဲ၍ ကြယ်စီရင်စုကြီး၏ ထိပ်တန်းကြယ်သုံးလုံးအဖြစ် တည်ရှိနေကြလေသည်။ ထိုကြယ်များသည် မိုးမြေစွမ်းအင်သာ ကြွယ်ဝခြင်းမဟုတ်ဘဲ ထွက်ရှိသည့် သဘာဝ အရင်းအမြစ်များလည်း ပေါကြွယ်ဝသဖြင့် ကြယ်ပေါ်တွင် နေထိုင်ကြသော ကျင့်ကြံသူများ၏ ယေဘုယျ ခွန်အားမှာ အခြားကြယ်များတွင် နေထိုင်သူများထက် ပိုမြင့်ကြလေသည်။
ကျင့်ကြံရေးကြယ်များကို အဆင့်ခွဲလို့ရမည်ဆိုလျှင် ထုန်းရွှမ်လောကကြီးသည် ကြယ်အားလုံး၏ အောက်ဆုံးတွင် ရှိနေပေလိမ့်မည်။ အရိပ်ကြယ်သည် အလယ်နေရာတွင် ရှိနေမည်ဖြစ်ကာ ထိုကြယ်သုံးလုံးမှာတော့ ထိပ်ဆုံးတွင် ရှိနေကြပေလိမ့်မည်။
ခရမ်းကြယ်မြို့တော်သည် အလွန်ကိုမှ ကျယ်ဝန်းပြီး ကြီးကျယ်ခမ်းနားသော အဆောက်အဦးများစွာကို ပိုင်ဆိုင်ထား၏။ မြို့တစ်ခုလုံး ကျယ်ပြောလှသော တစ်ခုနှင့်တစ်ခု ယှတ်ဖြာနေသည့်လမ်းများ၊ ပစ္စည်းအမျိုးမျိုးကို ရောင်းချနေကြသော ဆိုင်တန်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤနေရာသည် ခရမ်းကြယ်၏ ဠာနချုပ် ဖြစ်ပေသည်။ ခရမ်းကြယ်ကျင့်ကြံသူတိုင်းအတွက် ဤမြို့သည် သူတို့၏ ဂုဏ်ကျက်သရေကို ကိုယ်စားပြုပေသည်။
ခရမ်းကြယ်မြို့သည် မြေကမ္ဘာချီကြောမကြီး တစ်ခုပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည့်အတွက် မြို့၏ မိုးမြေစွမ်းအင်သည် အခြားသော မြို့များထက် ပိုမို သိပ်သည်းကြွယ်ဝပေသည်။ မြို့တစ်ခုလုံးတွင် အတွင်းမြို့သည် မိုးမြေစွမ်းအင် အသိပ်သည်းဆုံး နေရာတစ်ခု ဖြစ်သည်။ သို့ရာတွင် လူတိုင်း ထိုနေရာသို့ ဝင်ခွင့် မရကြချေ။
ယနေ့တွင် အလင်းတန်းတစ်ခုသည် ခရမ်းကြယ်မြို့သို့ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့ပြီး မြို့နှင့် မီတာတစ်ထောင်အကွာ၌ ရပ်တန့်သွားခဲ့လေသည်။ အလင်းတန်း ပျောက်သွားပြီးနောက် လူငယ်လေးတစ်ဦး ပေါ်လာခဲ့လေသည်။ ထိုလူသည် ရန်ကိုင်မှလွဲ၍ အခြား မဟုတ်ချေ။
အထက်စကြာဝဠာဂိုဏ်းမှစ၍ ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်များစွာကိုသုံး၍ ခရီးနှင်လာလိုက်ရာ နှစ်ဝက်ကြာပြီးမှ ကောင်းကင်ခရမ်းကြယ်သို့ ရောက်လာနိုင်ခဲ့လေသည်။
ဤနေရာသို့ လာရသည့် သူ့ရည်ရွယ်ချက်မှာ ရှင်းရှင်းလေးပင်… ကြယ်ဧကရာဇ်တံဆိပ်ပြားကို ယူရန် ဖြစ်ပေသည်။
ကြယ်ဧကရာဇ်တံဆိပ်ပြားတင် မဟုတ်ဘဲ အခြား အဖိုးတန် ပစ္စည်းများပါ ရနိုင်ဦးမည် ဆိုပါက သူဘက်က ကျေကျေနပ်နပ်ကြီး လက်ခံပေးပေမည်။ ကြယ်ဧကရာဇ်တံဆိပ်ပြား ရှိနေသည့် နေရာသည် အဖိုးတန်ရတနာများကို သိုလှောင်ထားသည့် ရတနာ ဂိုဒေါင်ဖြစ်သည့်အတွက် ထိုနေရာတွင် အခြားသော အဖိုးတန် ရတနာများလည်း ရှိနေဦးမည်မှာ သေချာပေသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူ့ရှေ့ရှိ မြို့အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ မြို့အရွယ်အစားသည် အတော်လေးကို ကြီးမားလှသည်။ ဤကဲ့သို့သော မြို့မျိုးကို မဟာအင်အားစုကြီး တစ်ခုသာ တည်ဆောက်နိုင်ပေလိမ့်မည်။
မြို့နံရံများသည် မီတာ သုံးရာကျော်မြင့်မားပြီး ခရမ်းရောင် တောက်နေခဲ့သည်။ မြို့နံရံများကို မည်သည့် ပစ္စည်းဖြင့် ဆောက်လုပ်ထားမှန်း မသိရသော်လည်း ၎င်းတို့ဆီမှ အားကောင်းသော အကာအကွယ်တစ်ခု၏ အရှိန်အဝါမျိုးကို ခံစားနေရ၏။
မြို့နံရံသည် ခရမ်းကြယ်မြို့၏ အကာအကွယ်အစီအရင်နှင့် ချိတ်ဆက်ထားသည့် ပုံစံမျိုးပင်။ တစ်ယောက်ယောက်သာ ဤနေရာ၌ ပြဿနာ လာရှာလျှင် ခရမ်းကြယ်မြို့သည် ထိုအစီအရင်ကို အသက်သွင်းလိုက်ကြပေလိမ့်မည်။ သို့ရာတွင် မည်သူကများ ခရမ်းကြယ်မြို့၌ လာပြဿနာ ရှာရဲမည်နည်း။
“ဒါက ခရမ်းကြယ်မြို့လား” ရန်ကိုင်သည် မျက်လုံးမှေးစဉ်း၍ ရှေ့သို့ လှမ်းကြည့်လိုက်သည်။
ထို့သို့ ရေရွတ်လိုက်ပြီးပြီးချင်းမှာပဲ မတိုးမကျယ် အသံတစ်သံကို ကြားလိုက်ရလေသည် “ဟုတ်ပါတယ် သခင်လေးရန်။ ဒါက ငါတို့ ခရမ်းကြယ်ရဲ့ ဠာနချုပ်တည်ရှိတဲ့ ခရမ်းကြယ်မြို့ပါပဲ။ သခင်လေးရန်က တကယ် ပြတ်သားတာပဲနော်။ ဘယ်လောက်မှတောင် မကြာသေးဘူး ဒီကိုတောင် ရောက်နေပြီ”
အသံပိုင်ရှင်မှာ အခြားမဟုတ်၊ ကျိတုန်သာ ဖြစ်သည်။
ခရမ်းကြယ်၏ ဠာနချုပ်ဆီသို့ တစ်ကိုယ်တော် ဝင်လာရဲခြင်းမှာ သူ့ခွန်အားအပေါ် အလွန် ယုံကြည်နေသည့် အတွက်ကြောင့်သာလျှင် မဟုတ်ဘဲ ခရမ်းကြယ်နှင့် ပက်သက်သည့် သတင်းအချက်အလက်များကို ပေးနေသည့် ကျိတုန်ကဲ့သို့ လူမျိုးလည်း ရှိနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သူသာ သေချာသတိထား လှုပ်ရှားလျှင် ခရမ်းကြယ်၏ ရတနာဂိုဒေါင်ထဲသို့ အဆင်ပြေပြေ ဝင်နိုင်ပေလိမ့်မည်။
သို့သော်လည်း ကျိတုန်၏ စရိုက်အရ ထိုကောင် တစ်ခုခု ကြံနေသည်မှာလည်း ဖြစ်နိုင်ပေသည်။
ကျိတုန်နှင့် ကြိမ်ဖန်များစွာ ဆက်ဆံပြီးနောက်တွင် ဤကောင်၏ အရည်အချင်းနှင့် ရွှယ်ယွယ်တို့နှင့် ပြိုင်နိုင်သော်ငြား သူ့သိုင်းတာအိုမှာတော့ အလွန်ကိုမှ အားနည်းနေသေး၏။ လက်ရှိတွင် ကျိတုန်သည် သူ့ယခင်ကကဲ့သို့ နည်းနည်းလေးမှ မောက်မာခြင်းမရှိတော့။ သူအသက်ရှင်နိုင်ဖို့အား ရန်ကိုင်အား တတ်နိုင်သည့်ဘက်မှ ဖားယားနေခဲ့လေသည်။
“ငါသိပြီ။ ဒီကောင်းကင်ပေါ် ကြယ်သင်္ဘောတွေ အကုန်လုံးကို ခရမ်းကြယ်က ပိုင်တာလား” ရန်ကိုင်က ကောင်းကင်ပေါ်တွင် ပျံဝဲနေသော နှစ်ဆယ်၊ သုံးဆယ်လောက်ရှိမည့် ကြယ်သင်္ဘောများကို ကြည့်ရင်း ပြောလိုက်သည်။
“အများစုကတော့ ဟုတ်ပါတယ်” ကျိတုန်က ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောလိုက်သည် “သခင်လေးရန် မြင်နေတာ အပေါ်ယံလေးပဲ ရှိသေးတယ်။ ကျုပ်တို့ ခရမ်းကြယ်ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကြယ်စီရင်စုကြီးတစ်ခုလုံးထိ ရောက်တယ်။ အဲ့ကြယ်သင်္ဘောတွေထဲမှာ အခြား အင်အားစုကြီးတွေက ကုန်သွယ်ဖို့အတွက် ပို့ထားတဲ့ ကြယ်သင်္ဘောတွေ အများကြီး ပါတယ်”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည် “မင်းအရှိန်အဝါကို ဖုံးကွယ်ထားလိုက်၊ ငါအထဲဝင်တော့မယ်”
“ဟုတ်ကဲ့ပါ သခင်လေးရန်” ကျိတုန်သည် ချက်ချင်းပဲ ဝိဥာဉ်ထိန်းပန်းကန်လုံးထဲတွင် ဝင်ပုန်းနေလိုက်လေသည်။
ရန်ကိုင်သည် အောက်သို့ဆင်းကာ မြို့ဝင်ဂိတ်ပေါက်သို့ လမ်းလျှောက်သွားလိုက်သည်။ ဂိတ်ပေါက်သည် ဝင်လာသမျှ လူတိုင်းအား ဝါမြိုပစ်မည့် သားရဲကြီးတစ်ကောင်၏ ပါးစပ်ပေါက်ကြီးနှင့်ပင် တူပေသည်။ ဤနေရာသို့ စရောက်သည့် ကျင့်ကြံသူတိုင်း မြို့အားမြင်ပြီးနောက် အနည်းနှင့်အများ ရှိန်သွားကြပေလိမ့်မည်။
ဂိတ်ပေါက်ဝတွင် မြို့ထဲသို့ ဝင်ရန်အတွက် တန်းစီနေကြသည့် ကျင့်ကြံသူများစွာ ရှိကြပေသည်။
ရန်ကိုင်သည် သိပ်ပြီး လူထဲ ထင်းမနေချင်သည့်အတွက် အများနည်းတူ လူတန်းကြီးနောက်၌ သွားတန်းစီလိုက်သည်။
လူတိုင်းသည် သူတော်စင်သလင်းကျောက်အချို့ကို ပေးချေပြီး မြို့ထဲသို့ ဝင်နိုင်ကြပေသည်။
ရုတ်တရက် မကျေမနပ်အော်ပြောသံတစ်သံ ထွက်ပေါ်လာခဲ့၏ “ဆရာ၊ သူ့ကျတော့ သူတော်စင်သလင်းကျောက် အတုံးတစ်ရာပဲယူပြီး ဘာလို့ ကျုပ်ကျမှ အတုံးတစ်ထောင် လာတောင်းနေတာလဲ။ ခင်ဗျား စည်းမျဉ်းတွေကို ဖောက်ဖျက်နေတာလား”
“စည်းမျဉ်းတွေလား” လှောင်ပြောင်သံနှင့်အတူ “မင်းအဖေ ဂိတ်စောင့်ကိုယ်တိုင်က စည်းမျဉ်းပဲ။ မင်းပေးချင်ရင်ပေး၊ မပေးချင်ရင် ထွက်သွားလိုက်”
“ခင်ဗျား…” အစောပိုင်းက စကားပြောလိုက်သည့် ကျင့်ကြံသူ ဒေါသထွက်သွားခဲ့လေသည် “ခင်ဗျားတို့ ခရမ်းကြယ်က ကျင့်ကြံသူတွေ အကုန်လုံးက ဒီလိုပဲ အားနည်းတဲ့လူတွေကို အနိုင်ကျင့်ကြတာလား”
တန်းစီနေသည့် ကျင့်ကြံသူများမှာလည်း ဂိတ်စောင့်၏ လုပ်ရပ်အပေါ် မကျေမနပ် ဖြစ်နေကြသော်ငြား သူတို့ နေရာ မဟုတ်သည့်အတွက် တိတ်နေရန်သာ ရွေးချယ်လိုက်က၏။
ရန်ကိုင်သည် မျက်ခုံးပင့်လျက် လှမ်းကြည့်လိုက်ရာ ဂိတ်စောင့်နှင့် ငြင်းခုံနေသည့်လူမှာ အသက်သုံးဆယ်လောက် ရှိမည့် သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်စိတ်အာရုံနှင့် စစ်ဆေး ကြည့်လိုက်သည့်အခါ ထိုလူသည် သူတောစ်င်ဘုရင် ဒုတိယ အဆင့်သာ ရှိသေးကြောင်း တွေ့ရှိလိုက်ရလေသည်။ သူ့ကဲ့သို့ လူတစ်ဦးသည် သူတော်စင်သလင်းကျောက် အတုံး တစ်ထောင်အတွက်နှင့် ဘာကြောင့်များ ဂိတ်စောင့်နှင့် သွားငြင်းခုံရန်ဖြစ်နေသလဲ ဆိုသည်မှာတော့ တကယ်ကို စဉ်းစားစရာပင်။
ထိုလူ သိပ်အခြေအနေ မဟန်တော့မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်လေသည်။
“အနိုင်ကျင့်တာ” ရုတ်တရက် အသက်ပိုကြီးသည့် လူတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။ အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ ဘေးဘက်တွင် ထိုင်နေသော လူအိုကြီး တစ်ဦးဆီမှ လာခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ လူအိုကြီးသည် လှောင်ပြုံးပြုံးလျက် ထိုင်နေရာမှ ထရပ်၍ လမ်းလျှောက်လိုက်သက်သည်။ အင်္ကျီလက်စများကို လိပ်တင်နေရင်း လမ်းလျှောက်နေလိုက်ရာ သူ့ခြေထောက်အောက်ရှိ မြေပြင် ခြေတစ်လှမ်းချင်းစီတိုင်း၌ တုန်ခါလာခဲ့လေသည်။
တန်ခိုးရှင်တတိယအဆင့် ရန်ကိုင် မျက်ခုံးပင့်လိုက်၏။ ခရမ်းကြယ်၏ ဠာနချုပ်မြို့တော် ဆိုသည့်အတိုင်းပင်… ဂိတ်ပေါက်ကိုပင် တန်ခိုးရှင်တတိယအဆင့်တစ်ဦး၏ စောင့်ကြပ်နေ၏။
လူအိုကြီးသည် သက်လတ်ပိုင်းလူကြီးအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း အကျယ်ကြီး အော်ပြောလိုက်လေသည် “မင်းငါ့တို့ကို အနိုင်ကျင့်တယ်လို့ ပြောတယ်နော်။ အခု အနိုင်ကျင့်တာ ဘာလဲဆိုတာ ဒီလူအိုကြီး မင်းကို ပြပေးမယ်”
သူ့အသံ ဆုံးသွားသည်နှင့် လူအိုကြီးသည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး သက်လတ်ပိုင်းလူကြီးရှေ့တွင် ပြန်ပေါ်လာလေသည်။ သက်လတ်ပိုင်းလူကြီး၏ ကြောက်လန့်နေသည့် အကြည့်အောက်တွင် လူအိုကြီးသည် သူ့လက်ကို ဆန့်ထုတ်လိုက်၏။
သက်လတ်ပိုင်းလူကြီးမှာ သူတော်စင်ဘုရင်ဒုတိယအဆင့်သာ ရှိသေးရာ တန်ခိုးရှင်တတိယအဆင့်၏ တိုက်ခိုက်မှုကို မည်သို့များ ခုခံနိုင်ပါမည်နည်း။ အသည်းအသန် ပြန်ုဆုတ်ရန် ကြိုးစားလိုက်သော်ငြား အားကောင်းလာသည့် ဆွဲအားတစ်ရပ်သည် လူအိုကြီး၏ လက်မှ ထွက်ပေါ်လာပြီး သက်လတ်ပိုင်းလူကြီးကို လှုပ်မရအောင် ချုပ်သွားခဲ့လေသည်။ ထို့နောက်တွင် စွမ်းအင်စီးကြောင်းတစ်ခုသည် သက်လတ်ပိုင်း လူကြီး၏ ဦးခေါင်းဆီမှ လူအိုကြီး၏ ခြောက်ကပ်ကပ် ဖြစ်နေသော လက်ထဲသို့ စီးဝင်သွားခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ဂိတ်ပေါက်ဝတွင် ရပ်နေသော လူများ နောက်သို့ အလိုလို ဆုတ်မိသွားကြသည်။
“တောင်းပန်ပါတယ် စီနီယာ။ ကျုပ်ပေးရမည့် သူတော်စင် သလင်းကျောက်ကို ချက်ချင်း ပေးပါ့မယ်” သက်လတ်ပိုင်းလူကြီးက အလျင်စလို တောင်းပန်လိုက်လေသည်။
“အခုမှ နောင်တရတာလား။ ဘာလို့ အစောကြီးကတည်းက နောင်တမရတာလဲ” သက်လတ်ပိုင်းလူကြီးမှာ တောင်းပန်နေသော်ငြား လူအိုကြီးကတော့ လွှတ်မပေးခဲ့ချေ။
အသက်သုံးရှိုက်စာ ကြာပြီးနောက်တွင် သက်လတ်ပိုင်းလူကြီးသည် အလွန်ကိုမှ အိုမင်းကာ မြေပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားခဲ့လေသည်။ သူ့ဆီမှ မည်သည့် အသက်စွမ်းအင်မှ ဖြာထွက်နေခြင်း မရှိတော့ချေ။ လူအိုကြီးမှာမူ ယခင်ထက် အနည်းငယ် ပို၍ စိုစိုပြေပြေ ရှိလာခဲ့လေသည်။
ထိုအဖြစ်အပျက်ကိုကြည့်ရင်း ဂိတ်ပေါက်ဝရှိ လူအားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြလေသည်။
သက်လတ်ပိုင်းလူကြီး သေသွားပြီးနောက် လူအိုကြီးသည် သူယခင်ထိုင်နေသည့် နေရာ၌ ဘာမှဖြစ်မသွားသည့်အလား မျက်လုံးပိတ်ကာ သွားပြန်ထိုင်နေလေသည်။
“ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲမင်” ဂိတ်ပေါက်သည် လူအိုကြီးအား ဦးညွှတ်လိုက်ပြီးနောက် လူအုပ်ကြီးဘက်သို့ ပြန်လှည်၍ “ဒီလူက ငါတို့ ခရမ်းကြယ်မြို့ထဲကို ဝင်ဖို့လုပ်နေတဲ့ ရန်သူဘက်က သူလျှိုပဲ။ အခု ငါတို့ အကြီးအကဲမင်က သူ့ကို ရှင်းထုတ်လိုက်ပြီး။ သူ့အလောင်းကို ယူသွားပြီး မြို့ပြင်မှ သွားလွှင့်ပစ်လိုက်”
ဂိတ်စောင့်၏စကား ဆုံးသွားသည်နှင့် ကျင့်ကြံသူနှစ်ဦး ထွက်လာပြီး အလောင်းအား သယ်ထုတ်သွားလေသည်။
ဂိတ်စောင့်သည် ကြွက်ကို လိပ်ဖြစ်အောင် ပြောနေမှန်း လူတိုင်းသိကြသော်ငြား မည်သူမှ ပြန်မပြောရဲခဲ့ကြပေ။
“ပတ်ဝန်းကျင်က မှောင်နေပြီ။ ဒါပေမယ့် မြို့ထဲ ဝင်မရသေးတဲ့ လူတွေက အများကြီးပဲ။ ငါတို့ ဂိတ်ပေါက်က နေဝင်တာနဲ့ ပိတ်တော့မှာ။ နေဝင်ရင် အပြင်မှာ ဘာတွေ ဖြစ်တတ်လဲ မင်းတို့ သိတယ်မလား…” ဂိတ်စောင့်သည် လူအုပ်ကြီးအား ထပ်ပြောလိုက်ပြန်သည်။
ထိုစကားကို ကြားလိုက်သည့်အခိုက် အပြင်ဘက်တွင် တန်းစီနေကြသော ကျင့်ကြံသူများ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ချက်ချင်းပဲ ပေးရမည့် သူတော်စင်သလင်းကျောက်များကိုပေးကာ မြို့ထဲသို့ အလျင်အမြန် ဝင်သွားကြလေသည်။
ဂိတ်စောင့်သည် သူတော်စင်သလင်းကျောက်များကို သတ်မှတ်ထားသည့် ဈေးနှုန်းတစ်ခုအတိုင်း မတောင်းဘဲ သူတောင်းချင်သလို တောင်းနေခဲ့လေသည်။ မိန်းမလှလေးများ ဖြစ်လျှင် ဖွန်ကြောင်းရင်း အလကားဝင်ခွင့်ပေးသည်များလည်း ရှိ၏။ သူကြည့်မရသည့် လူများဆိုလျှင်တော့ သူတော်စင် သလင်းကျောက်အများကြီး တောင်းပေသည်။ သို့ရာတွင် မည်သူမှ သွားအထွန့်မတက်ရဲခဲ့ပေ။
မကြာမီ ရန်ကိုင် အလှည့်သို့ ရောက်လာခဲ့သည်။
ဂိတ်စောင့်သည် ရန်ကိုင်အား ကြည့်၍ ပြောလိုက်၏ “ငါးထောင်”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤပမာဏသည် တောင်းသွားသည့်အထဲတွင် အများဆုံး ဖြစ်ပေသည်။ မကျေမနပ် ဖြစ်သွားသည့်တိုင် အုံ့အုံကျက်ကျက် ဖြစ်အောင် မလုပ်ချင်သည့် အတွက် တောင်းသည့်အတိုင်း သူတော်စင်သလင်းကျောက် ငါးထောင် ထုတ်ပေးလိုက်လေသည်။
ရန်ကိုင်မှ သူတော်စင်သလင်းကျောက်ငါးထောင်ကို နည်းနည်းလေးမှ အထွန့်မတက်ဘဲ ထုတ်ပေးလာသည့်အတွက် ဂိတ်စောင့်လည်း အံ့အားသင့်သွားခဲ့လေသည်။
ဂိတ်စောင့်သည် ရန်ကိုင် လက်ထဲသို့ တံဆိပ်ပြားတစ်ခုကို ထည့်ပေးလိုက်ပြီး အဓိပ္ပါယ်ပါပါပြုံးလျက် “ရောင်းရင်း၊ ငါးထောင်ဆိုတာ ဝင်ခွင့်အတွက်ပဲ ရှိသေးတယ်။ မြို့ထဲမှာ နေချင်တယ်ဆိုရင် နောက်ထပ် တစ်သောင်းပေးဖို့လိုဦးမယ်”
“ဟုတ်…” ရန်ကိုင် ထရယ်တော့လေသည်။ ဤဂိတ်စောင့်သည် ဦးနှောက်များ ကောင်းမှကောင်းသေးရဲ့လား မသိ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၄၀)
“ရီစရာပါလို့လား” ဂိတ်စောင့်သည် ရန်ကိုင်အား ပြုံးလျက် မေးလိုက်သည်။
“မင်းငါ့ကို လာနောက်နေတာလား” ရန်ကိုင်က မျက်လုံးမှေးစဉ်း၍ တစ်ဖက်လူအား အကြောက်အလန့်မရှိ ပြန်စိုက်ကြည့်လိုက်သည်။
ငါးထောင်၊ တစ်သောင်း… ဤပမာဏသည် ရန်ကိုင်အတွက် ဘာမှမပြောပလောက်ချေ။ အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့်အတွက်ကြောင့် သူ့သိုလှောင်လက်စွပ်ထဲတွင် သူတော်စင်သလင်းကျောက် အနည်းဆုံး သန်းတစ်ရာလောက် ရှိပေသည်။
သို့သော်လည်း တစ်ဖက်လူသည် တစ်ထွာပေးလို့ တစ်ကိုက် လိုချင်လာနေသည်။
“ငါမင်းကို နောက်နေတယ် ထင်နေတာလား။ ကောင်လေး၊ မင်းလည်း ငါတို့ ခရမ်းကြယ်မြို့ထဲမှာ သူလျိုဝင်လုပ်ဖို့ ရန်သူက လွှတ်လိုက်တာမလား” ဂိတ်စောင့်သည် အေးစက်စက် အမူအရာဖြင့် တံဆိပ်ပြားကို မြှောက်လိုက် ပြန်ဖမ်းလိုက်လုပ်ရင်း ရန်ကိုင်အား ခြိမ်းခြောက်လိုက်လေသည်။
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် မြို့ပြင်ဘက်တွင် စောင့်နေသော ကျင့်ကြံသူများ၏ အမူအရာ ပြောင်းလဲသွားခဲ့၏။
သက်လတ်ပိုင်းလူကြီး ဘာဖြစ်သွားလဲ သူတို့အားလုံး သိပြီးသားပင်။ ယခုလည်း ဤဝတ်ကောင်းစားလှ ဝတ်စားထားသည့် လူငယ်လေးတစ်ဦးသည် သက်လတ်ပိုင်း လူကြီး၏ ခြေလှမ်းအတိုင်း လိုက်ရတော့ပေမည်။
“ပါးစပ်ရှိတိုင်း လူတစ်ယောက်ကို စွပ်စွဲချင်သလိုမျိုး စွပ်စွဲနေတော့တာပါလား” နှစ်ဦးသားကြား တင်းမာလာနေစဉ် ရုတ်တရက် တစ်ယောက်ယောက်သည် ရန်ကိုင်အား ဘေးသို့ တွန်းဖယ်၍ အလျင်စလို ဝင်ပြောလိုက်လေသည် “အဲ့လို မဟုတ်ပါဘူးရှင့်။ သူက ကျွန်မတို့ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ မြို့ပြင်မှာ ကျွန်မတို့နဲ့အတူ ကိစ္စအချို့ လုပ်နေတာပါ”
ထိုစကားသံထွက်လာသည်နှင့် ဂိတ်စောင့် အံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင်ပင်လျှင် အံ့အားသင့်သွား၏။
မျက်မှောင်ကြုတ်၍ ကြည့်လိုက်ရာ အမျိုးသမီးတစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူ့အား ကျောပေးထားသဖြင့် မျက်နှာကိုတော့ သေချာမမြင်ရချေ။ အမျိုးသမီးသည် သူမ၏ ပိတုန်းရာ ဆံပင်ရှည်ကို ဆံထုံးဖြစ်အောင် ထုံးထားပြီး ဖြူဖွေးသည့် လည်တိုင်ကျော့ကျော့ကို လှစ်ဟာထားသည်။ ဝတ်ထားသည့် ဝတ်ရုံရှည်သာ သေးကျဉ်သောခါးနှင့် အချိုးအစားကျနလှသော ကိုယ်လုံးကိုယ်ပေါက်ကို အထင်အရှား ပေါ်လွင်နေစေခဲ့သည်။
တစ်ယောက်ယောက် သူ့အတွက် ဝင်ပြောပေးခြင်းလား။
“ခေါင်းဆောင်” နောက်ဘက်မှ ပျာယာခတ်နေသည့် စိုးရိမ်တကြီး အော်ခေါ်သံတို့ ထွက်ပေါ်လာခဲ့သည်။ တစ်ယောက်ဆိုလျှင် ရှေ့သို့ ပြေးထွက်လာပြီး “သူက…”
“ပါးစပ်ပိတ်ထား” အမျိုးသမီးသည် ပြောတော့မည့်လူ ဘက်သို့ လှည့်အော်ပြောလိုက်လေသည်။
သူမမှ အော်လိုက်သည်နှင့် ထိုလူ ချက်ချင်း တိတ်သွားခဲ့၏။ သို့ရာတွင် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့၏။ အခြားသော လူများသည်လည်း ရန်ကိုင်အား မနှစ်မြို့စွာ ကြည့်လာကြသည်။
“ကျွန်မတို့ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းက ခဏခဏအပြင်ထွက်ပြီး ကုန်ပစ္စည်းတွေ ဖလှယ်ရတာကို လူကြီးမင်းလည်း သိတာပဲ။ ဒီကောင်လေးက ဘယ်လိုလုပ်ပြီး သူလျှို ဖြစ်နိုင်မှာလဲ။ သူက နည်းနည်း သွေးဆူလွယ်လို လူကြီးမင်းကို မတော်တဆ ရန်စမိလိုက်သလို ဖြစ်သွားတာပါ။ ဒီလက်ဆောင်လေးက လူကြီးမင်းရဲ့ စိတ်ကို ကျေနပ်စေနိုင်မယ်လို့ ရို့မုန် မျှော်လင့်ပါတယ်” ပြောပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲမှ အိတ်တစ်လုံး ထုတ်ကာ ဂိတ်စောင့်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ကလေး… ထိုစကားကို ကြားလိုက်သည့်အခိုက်တွင် ရန်ကိုင် သူ့နှာခေါင်းသူ ပြန်ပွတ်မိလိုက်လေသည်။
အစောင့်သည် အိတ်၏ အလေးကို သိရအောင် မကြည့်လိုက်ပြီးနောက် ပြုံးဖြီးလျက် “လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းလား၊ ငါကြားဖူးတယ်။ ငါထင်သာ မမှားရင် ခင်ဗျားရင် လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဟွာရို့မုန်မလား”
အမျိုးသမီးက ပြုံးလျက် “ကျွန်မရဲ့ နာမည်ကိုပါ လူကြီးမင်း သိနေလိမ့်မယ်လို့ မထင်ထားပါဘူး။ ဟုတ်ပါတယ်၊ ကျွန်မက ဟွာရို့မုန်ပါ”
“ရတယ်လေ” ဂိတ်စောင့်သည် ဟွာရို့မုန်အား မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်ရင်း “ခေါင်းဆောင်ဟွာ ကိုယ်တိုင် ဝင်ပြောပေးနေမှတော့ ကျုပ်လက်ခံပေးရတာပေါ့”
“ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်း” ဟွာမုန့်ရုန်က ပြန်ပြောလိုက်သည်။
“ဒါပေမယ့်…” ရုတ်တရက် အစောင့်သည် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည်ရင်း ဆက်ပြောလိုက်၏ “ခေါင်းဆောင်ဟွာသာ ကျုပ်ပြောတဲ့ အခြေအနေနှစ်ရပ်ကို သဘောတူပေးနိုင်မယ်ဆိုရင် ဒီကိစ္စကို ဒီမှာတင် ကျုပ်အဆုံးသတ်ပေးလိုက်မယ်။ မဟုတ်ရင်တော့… ဟန့်”
ဟွာရိုမုန့်က ပြုံးလျက် “ကျေးဇူးပြုပြီး ပြောကြည့်ပေးပါ လူကြီးမင်း”
“ဒီကောင့်အကြည့်ကို ကျုပ်မကြိုက်ဘူး။ ခုနတုန်းက ကျုပ်ကို ပြန်ပြောခဲ့တာအတွက်လည်း ဒီကောင် တောင်းပန်ရမယ်” ပြောပြီးနောက် ဟွာရို့မုန်ဘက်သို့လှည့်၍ ညစ်ကျယ်ကျယ်ပြုံးကာ “ဒုတိယအနေနဲ့ ခေါင်းဆောင်ဟွာက ခရီးဝေးက ပြန်လာတာမလား။ ဒီကိစ္စ ပြီးတာနဲ့ ကျုပ်လည်း အားနေတာနဲ့ အတူတူပဲ၊ ခေါင်းဆောင်ဟွာကို ကျုပ်နဲ့အတူ ညစာ လိုက်စားစေချင်တယ်။ ခေါင်းဆောင်ဟွာ လက်ခံချင်မလား မသိဘူး။ မြို့အရှေ့ပိုင်းက လွတ်လပ်ခြင်းစားသောက်ဆိုင်ဆို ဘယ်လိုလဲ”
သူသည် တစ်ဖက်လူ၏ သဘောထားကို မေးနေသလို လုပ်ပြနေသော်လည်း ဟွာရို့မုန်သာ ငြင်းလိုက်လျှင် သူကျိန်းသေ ဒေါသထွက်သွားပေလိမ့်မည်။
ဟွာရို့မုန်က အောင့်သက်သက်ပြုံးလျက် “ဒီကိစ္စက… နောက်နေ့မှ ဆွေးနွေးလို့ မရဘူးလား။ ဒီကောင်လေးကို အရင် တောင်းပန်ခိုင်းလိုက်မယ်လေ”
ပြောပြီးသည့်နောက် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်၏။
ယခုမှပဲ သူမမျက်နှာကို ရန်ကိုင် မြင်ရတော့သည်။
ဟွာမုန့်ရိုသည် အလွန်တရာကိုမှ ချောမောလှသူတစ်ဦး မဟုတ်သော်လည်း အတော်လေးကိုတော့ လှပနေဆဲ။ သူမဆီမှ ရင့်ကျက်ပြီး ယုံကြည်ချက်ရှိသည့် အရှိန်အဝါကို မြင်နေရသည်။
လက်ရှိတွင် ဟွာမုန့်ရိုသည်သာ သူ့အား မျက်စပစ်နေခြင်း မဟုတ်ဘဲ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်း၏ အခြား အဖွဲ့သားများသည်လည်း ရန်ကိုင်အား သူတို့ခေါင်းဆောင် ခင်းထားသည့် လမ်းကြောင်းအတိုင်း လိုက်စေချင်သည့်အလား စူးရဲစွာ စိုက်ကြည့်နေကြလေသည်။
ရန်ကိုင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။
မြို့ထဲ ဝင်လာလာချင်းမှာပင် ဤသို့သော ကိစ္စနှင့် ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့ရာတွင် ဟွာရိုမုန့်ကိုတော့ အပြစ်မတင်ခဲ့ချေ။ သူမသည် စေတနာဖြင့် ဝင်ကူညီပေးခဲ့ခြင်းသာ ဖြစ်သည်။
ခဏလောက် စဉ်းစားနေပြီးနောက်တွင် ရန်ကိုင်သည် ဟွာမုန့်ရိုအား လက်သီးဆုပ်ပြ၍ “အခုလို ကူညီပေးတဲ့အတွက် ခေါင်းဆောင် ဟွာကို ကျေးဇူးတင်ပါတယ်”
ဟွာရိုမုန့် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမစိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရုတ်တရက် ရလာခဲ့သည်။
သူမ ထင်သည့်အတိုင်းပင် ရန်ကိုင်က ဆက်ပြောလိုက်၏ “ဒီကိစ္စက ကျုပ်ကြောင့်ဖြစ်တာ၊ ခေါင်းဆောင်ဟွာ ဝင်ပါစရာ မလိုပါဘူး။ ကျုပ်ကိစ္စကို ကျုပ်ပဲ ကြည့်ကိုင်တွယ်လိုက်မယ်။ ခေါင်းဆောင်ဟွာ နောက်ဆုတ်နေလိုက်ပါ”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဂိတ်စောင့်ဘက်သို့ လှည့်၍ ပြုံးလျက် “မင်းငါ့ကို တောင်းပန်စေချင်တာလား”
“ခေါင်းဆောင်ဟွာ ဒါဘာသဘောလဲ။ ဒီကောင်က ခင်ဗျားတို့ လမ်းကြောင်ငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းက မဟုတ်ဘူးလား။ ခေါင်းဆောင်ဟွာ ကျုပ်ကို လာလှည့်စားဖို့ ကြိုးစားနေတာလား။ ဒီလိုလုပ်ရင် ဘယ်လိုအကျိုးဆက်နဲ့ ရင်ဆိုင်ရမလဲ ခေါင်းဆောင်ဟွာ သိတယ်နော်” ဂိတ်စောင့်သည် ရန်ကိုင်အား လုံးဝ မျက်လုံးထဲမထည့်ဘဲ ဟွာရို့မုန်ဘက်သို့သာ လှည့်၍ ပြောလိုက်လေသည်။
စေတာနဖြင့် ဝင်ကူညီပေးလိုက်သော်လည်း တစ်ဖက်လူသည် သူမ၏ စေတနာကို လက်မခံဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယခု သူမ ပြဿနာ တက်လေပြီ။ နဖူးထက်ရှိ ချွေးအေးများကို အလျင်မြန် သုတ်လိုက်ရင်း ကမန်းကတန်း လက်ဝှေ့ရမ်း၍ “လူကြီးမင်း၊ ကျွန်မ ရှင်းပြပါရစေ၊ ဒီကောင်လေးက…”
“ဘာမှရှင်းပြနေစရာ မလိုတော့ဘူး ခေါင်းဆောင်ကွာ၊ ခင်ဗျားတော့ ပြဿနာ အကြီးကြီးတက်ပြီ။ ကျုပ်ကို ရှင်းပြချက် ကောင်းကောင်း မပေးနိုင်ရင် ဒီအပြစ်ကနေ လွတ်ဖို့ မစဉ်းစားတော့နဲ့” ဂိတ်စောင့်သည် ဟွာရိုမန်အား နည်းနည်းလေးမှ မျက်နှာသာမပေးဘဲ ဖိပြောလိုက်လေသည်။
“ဟုတ်တယ်။ ဘာမှရှင်းပြနေစရာမလိုဘူး” ထိုသို့ ပြောပြီးနောက် ရန်ကိုင်သည် ရှေ့သို့လှမ်း၍ ဂိတ်စောင့်အား ရိုက်ချလိုက်လေသည်။
ဖုန်း…
ဂိတ်စောင့် တစ်ကိုယ်လုံး လေထဲ ကျွမ်းပစ်သွားခဲ့လေသည်။ ပါးစပ်ထဲရှိ သွားတစ်ဝက်လောက်လည်း ကျွတ်ထွက်သွားခဲ့၏။
“ဒီလောက်ဆို လုံလောက်ပြီလား” ရန်ကိုင်က အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်၏။
“ဟန်” ဟိုရို့မုန် ကြော်ငသွားခဲ့သည်။ ယခုတစ်ကြိမ်တော့ သူမ ပြဿနာ အကြီးကြီး တက်ပြီမှန်း သူမ၏ မသိစိတ်က ပြောနေခဲ့သည်။
“မင်း… မင်းငါ့ကိုရိုက်ရဲတယ်” ဂိတ်စောင့်သည် မြေပြင်မှ ကမန်းကမတန်း ပြန်ထလာပြီးနောက် သူ့ပါးကို လက်ဖြင့်အုပ်၍ လှမ်းအော်ပြောလိုက်လေသည် “ခရမ်းကြယ်မြို့ရဲ့ ဂိတ်စောင့်ကိုတောင် ရိုက်ရဲတယ်။ မင်းတကယ်…”
ပြောလို့မပြီးသေးခင်မှာပဲ ရန်ကိုင်သည် လေထဲ နောက်တစ်ကြိမ် ထပ်ဝှေ့ရမ်းလိုက်လေသည်။
ဂိတ်စောင့် နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်လေ၏။ ယခုတစ်ကြိမ်တွင်တော့ ကျန်ရှိနေသော သွားအားလုံးပါ ကျွတ်ထွက်ကုန်လေသည်။
“ရိုင်းလိုက်တာ” တစ်ချိန်လုံး မျက်လုံးပိတ်ထိုင်နေသော အကြီးအကဲမင် နောက်ဆုံးတွင် လှုပ်ရှားလာခဲ့လေသည်။ လေထဲသို့ ခုန်တက်လာပြီး ရန်ကိုင်ပေါ်သို့ သိမ်းငှက်တစ်ကောင်နှယ် ခုန်အုပ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ဆီမှ ရှီစွမ်းအင်တို့ ပေါက်ကွဲထွက်လာပြီး ရန်ကိုင်အား ဖိနှိပ်ရန် ကြိုးစား၏။
ထိုဖိအားအောက်တွင် ဟွာရို့မုန်နှင့် လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကျင့်ကြံသူအားလုံး ဒူးများ ညွတ်ကုန်ကာ သူတော်စင်ချီလည်း ပရမ်းပတာ ဖြစ်ကုန်ကြ၏။ အားအနည်းဆုံးနှစ်ယောက်ဆိုရင် သွေပင် အန်ထွက်ကုန်ကြ၏။
“ခရမ်းကြယ်မြို့မှာ ငါ့လူကို တိုက်ခိုက်ရဲရဲအောင် မင်းဒီလူအိုကြီးကို မရှိသလို သဘောထားနေတာလား” အကြမင်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်ပြောလိုက်သည်။
“ခင်ဗျားက ဘာမို့လို့ သောက်ဂရု ဂရုစိုက်နေရမှာလဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်က ပြဿနာ မရှာချင်ပေမယ့် ခင်ဗျားတို့ လာတွန်းအားပေးနေမှတော့ ပြဿနာရှာတယ်ဆိုတာ ဘာလဲ ပြပေးရသေးတာပေါ့”
ပြောပြီးသည်နှင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ဘုန်း…
လက်ဝါးချင်းတွေ့သွားသည့်အချိန် အားကောင်းသည့် ပေါက်ကွဲလှိုင်းတို့ ဖြာထွက်လာခဲ့လေသည်။ တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်ထဲ ပါဝင်နေသည့် အားကို သိပြီးနောက်တွင် မီးတောက်နှယ် လောင်မြိုက်နေသည့် ဒေါသများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုတို့သည်သာ အစားထိုး ဝင်ရောက်လာခဲ့လေသည်။
ခရက်..
အရိုးကျိုး၊ သွေးပွက်ပွက် အန်ထွက်ရင်း အကြီးအကဲမင်သည် ကျိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်ထွက်သွားခဲ့လေသည်။
ဟူး…
ထိုမြင်ကွင်းကိုကြည့်ရင် မြို့ဝင်ဂိတ်ပေါက်ရှိ လူအားလုံး သက်ပြင်းရှိုက်လိုက်ကြသည်။
ရန်ကိုင်သည် ရှေ့က သက်လတ်ပိုင်းလူကြီး၏ လမ်းစဉ်အတိုင်း သွားရတော့မည်ဟု ထင်ထားခဲ့သော်လည်း တကယ် ခံလိုက်ရသည့်လူမှာ ဂိတ်စောင့်နှင့် အကြီးအကဲမင်သာ ဖြစ်နေခဲ့လေသည်။
အကြီးအကဲမင်သည် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ဘဲ လက်ဝါးတစ်ချက်နှင့် မသေမရှင်ဘဝသို့ ရောက်သွားခဲ့ရသည်။
အကုန်လုံး ရန်ကိုင်အား အလန့်တကြား စိုက်ကြည့်လာ၏။
အကြီးအကဲမင်သည် ရာထူး သိပ်မြင့်သူ မဟုတ်သော်ငြား ခရမ်းကြယ်ကဲ့သို့သော အဖွဲ့အစည်းတွင် ဤသို့သော ရာထူးအား ရယူထားနိုင်သည်ကို ကြည့်လျှင် သူ့ကျင့်ကြံခြင်းသည် အနည်းဆုံး တန်ခိုးရှင်တတိယအဆင့်ဖြစ်ကြောင်း သိနိုင်ပေသည်။
ဤကဲ့သို့သော တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူ တစ်ဦး၏ လူငယ်လေး၏ လက်ဝါးတစ်ချက်ကြောင့် တစ်ခါတည်း မသေမရှင်ဘဝသို့ ရောက်သွားခဲ့ရသည်။ ဤလူငယ်လေး မည်မျှပင် အားကောင်းလိုက်လေသနည်း။ ဤကောင်လေးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးများ ဖြစ်နေမလား။
လူတိုင်း၏စိတ်ထဲ အတွေးများစွာ ထွက်ပေါ်လာခဲ့သည်။
တကယ်တော့ တန်ခိုးရှင်ဘုရင်အဆင့်များသည် ကြယ်စီရင်စုကြီးထဲတွင် အားအကောင်းလူများ ဖြစ်ကြသည်ကိုး။ ခရမ်းကြယ်ကဲ့သို့သော အဖွဲ့အစည်းပင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးကို အကြောင်းမဲ့ သွားရန်စလိမ့်မည် မဟုတ်ပေ။
အကုန်လုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခြင်း ဖြစ်သွားဖြင့် မည်သူမှ အလျင်မှီအောင် လိုက်မတွေးနိုင် ဖြစ်နေခဲ့လေသည်။ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့ ခေါင်းဆောင်ဟွာသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ကြသည်။
ဂိတ်စောင့် အတီးခံလိုက်ရသည့် အချိန်ကတည်းက မြို့ဂိတ်ပေါက်ဆီမှ အစောင့်များစွာ ထွက်လာခဲ့ကြလေသည်။ ထိုအစောင့်များသည် အကြီးအကဲမင်နှင့်အတူ ရန်ကိုင်အား ဖမ်းရန် စီစဉ်ထားသော်ငြား အကြီးအကဲမင်သည် ရန်ကိုင်၏ သာမန် လက်ဝါးတစ်ချက်ကြောင့် မသေရုံတမယ် ဖြစ်သွားသည်ကို မြင်ပြီးနောက် အကုန်လုံး ရှေ့သို့ ဆက်မတိုးရဲကြတော့ချေ။ မူလနေရာတွင်သာ ရပ်၍ ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် စိုက်ကြည့်နေကြ၏။
ရန်ကိုင်ကမူ ဂိတ်စောင့်အား သူယခင်ပေးထားသည့် သူတော်စင်သလင်းကျောက် အတုံးငါးထောင်နှင့် ဟွာရိုမုန့်၏ အိတ်ကိုယူ၍ “မင်းတို့က ငါပေးတဲ့ သလင်းကျောက် ငါးထောင်ကို မလိုချင်မှတော့ ငါကလည်း ပြန်ယူရတာပေါ့။ ခေါင်းဆောင်ဟွာ၊ ဒီမှာ ခင်ဗျားဟာ”
ပြောပြီးနောက် အိတ်ကို ဟွာရိုမုန့်ဆီသို့ ပစ်ပေးလိုက်၏။ ဟွာရိုမုန်သည်လည်း အိတ်ကို အလိုလို လှမ်းဖမ်းလိုက်၏။